283

ဖြစ်ပျက်သာ မြင်အောင်ကြည့်ပါ

အသံဖိုင်ခေါင်းစဉ်= ငါဟူသောသက္ကာယဒိဋ္ဌိဖြုတ်ရန် (ရှင်ခေမက-ဥပမာပြ တရားတော်)

စာအုပ်ခေါင်းစဉ်= ဖြစ်ပျက်သာ မြင်အောင်ကြည့်ပါ

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့၌ ဟောကြားတော်မူခဲ့သောတရားတော်

ဖြစ်ပျက်သာ မြင်အောင်ကြည့်ပါ

(ဒိဋ္ဌုပါဒါန်)

(၂၅-၁-၆၀)

ပုထုဇဉ်ရဟန်းကြီးပေါင်း (၆၀) ရှိတယ်လို့ ရှေးဦးစွာ မှတ်ထားရမယ်၊ ပုထုဇဉ်ရဟန်းကြီးပေါင်း (၆၀) ရှိတယ်။ နှစ်ဂါ ဝုတ်လောက်ရှိတဲ့နေရာမှာ ရှင်ခေမက ဆိုတာက တစ်ပါးတည်း သွားပြီး တောကျောင်းမှာ နေတယ်။ ကောသမ္ဘီပြည်နဲ့ နှစ်ဂါဝုတ် လောက်ဝေးတဲ့နေရာမှာ ရှင်ခေမက, က တောကျောင်းမှာ တစ်ပါးတည်း သွားနေတယ်။

အနာဂါမ် ရှင်ခေမက

အဲဒီမှာနေတဲ့ ပုဂ္ဂိုလ်က အနာဂါမ်ပုဂ္ဂိုလ်လို့ မှတ်ရမယ်၊ တစ်ပါးတည်းနေတဲ့ ပုဂ္ဂိုလ်က အနာဂါမ်ပုဂ္ဂိုလ်လို့ မှတ်ထားပါ (မှန်ပါ့)၊ အဲတော့ (၆၀) သော ရဟန်းကြီးတွေက ဝါလည်းကြီး တယ်၊ အသက်အရွယ်တွေလည်း ကြီးကြတယ်၊ ပုထုဇဉ်ရဟန်း ကြီးတွေဖြစ်ပြီး သကာလ နေတယ်။

အဲဒီတော့ ရှင်ခေမက ဆိုတာက သူ့ကျောင်းနားမှာ ဇီးပင်တွေက များတော့ ဇီးတောကျောင်းလို့ ခေါ်တယ်၊ အဲဒီ ဇီးတောကျောင်းမှာ ရှင်ခေမက က သီတင်းသုံးပြီး သကာလ နေတယ်၊ ရှင်ခေမက အနာဂါမ်လို့ မှတ်ထားလိုက်တာပေါ့ (မှန်ပါ့)။

ရဟန်းကြီး (၆၀)

မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး သက္ကာယဒိဋ္ဌိ ခွာမှုကိုဖြင့် သောတာပန်တည်အောင် ဟောနိုင်မှု၊ ပြော နိုင်မှုမှာ ဖြင့် အင်မတန်ပဲ ထူးခြားတဲ့ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ပဲ ဖြစ်ပါ တယ်။

အဲဒါနဲ့ ရဟန်းကြီးတွေက စိတ်ကူးကြတယ်၊ ရှင်ခေမက ဆီသွားပြီး သကာလ တို့ရဟန်းကြီး (၆၀) သွားပြီး တရားနာလို့ ရှိရင်လည်း အင်မတန် ကောင်းမှာပဲ (မှန်ပါ့)။ သောတာပန် တည်မယ်။

ဇီးတောကျောင်း

သကဒါဂါမ်၊ အနာဂါမ် ရဟန္တာဖြစ်ဖို့ရာ ဆိုတော့ သော တာပန် တည်ပြီးလို့ရှိရင်ဖြင့် ဓမ္မက ဆောင်သွားတာနဲ့ အထူးအား ထုတ်ရတယ်လို့ မဟုတ်တော့ဘူး။ ဓမ္မက ရွက်ဆောင်သွားတော့ တာပဲ၊ တို့သွားရမှာလည်း သူ့ကျောင်းကလေးက ဇီးတော ကျောင်းဆိုတော့ တစ်ပါးတည်းနေတဲ့ကျောင်း ဖြစ်လေသောကြောင့် ကျဉ်းကျဉ်းလေး၊ ကျဉ်းကျဉ်းလေး တို့က သူဟောတဲ့ တရားကိုနာချင်လို့ သူ့မေးမြန်း ပြန်လို့ရှိရင်လည်း ထိုင်စရာ မရှိ၊ နေစရာ မရှိ၊ အဲဒီလို စိတ်ကူး ဖြစ်နေတာနဲ့ ရဟန်းကြီး (၆၀)ထဲမှာ ဒါသက ဆိုတဲ့ ရဟန်းတစ်ပါး ရှိတယ်။ သွားနိုင်၊ လာနိုင်တဲ့ ဒါသက ဆိုတဲ့ ရဟန်းတစ်ပါးက ဒကာကြွယ် ရှိတယ်လို့ မှတ်ထားလိုက်တာပေါ့ (မှန်ပါ့)။

ရှင်ဒါသကကို လွှတ်လိုက်တယ်

အဲဒီ ဒါသက ဆိုတဲ့ ရဟန်းကို လွှတ်ပြီး သကာလ ငါတို့ ရှေးဦးစွာ စကားစ ရအောင် မေးဦးမှပဲလို့ ဆိုပြီး သကာလ အမေး ခိုင်းလိုက်တယ်၊ အဲဒါနဲ့ပဲ နှစ်ဂါဝုတ် လောက်ရှိတဲ့ခရီး ကောသမ္ဘီပြည်က နေပြီး ဒါသက ဆိုတဲ့ သွားနိုင်၊ လာနိုင်တဲ့ ရဟန်းကို ရှင်ခေမက သီတင်းသုံးနေတဲ့ ဇီးတောကျောင်းကို လွှတ်လိုက် ပါတယ်။

ကျန်းမာချမ်းသာပါရဲ့လားဘုရား

ဘယ်လိုလွှတ်လိုက်သတုံးလို့ မေးတဲ့အခါကျတော့ အရှင်ဘုရား၊ ရဟန်း(၆၀)က အရှင်ဘုရား ကျန်းမာပါရဲ့လား၊ချမ်းသာပါရဲ့လား၊ သွားပြီး သကာလ မေးချေကွလို့ အမေးခိုင်း လိုက်တယ်၊ ဒီလိုမေးတဲ့ အချိန်မှာ ရှင်ခေမက အနာဂါမ်ပုဂ္ဂိုလ်က မမာမကျန်း ဖြစ်နေတာနဲ့ ၊ သွားမေးတဲ့ ဒါသက ကိုပြောလိုက် ဟယ်၊ ငါ့ရှင် ငါ့ဝေဒနာက မသက်သာဘူး၊ ရှေ့သာတိုးနေတယ်။

နောက်မဆုတ်ဘူးလို့ ဒီလိုပြောလိုက် ဆိုလိုက်တဲ့အခါကျတော့ ငါဆိုတာလေးက ပါသွားတယ် (မှန်ပါ့)။ သို့သော် အနာဂါမ်ပဲ (မှန်ပါ)။

အနာဂါမ်တော့ အနာဂါမ်ပဲ၊ ငါဆိုတာကတော့ ပါသွား တယ်၊ ပါတာက ဒကာ ဒကာမတွေက မှတ်လိုက်ပါ၊ မသုံးမဖြစ် လို့ လို့မှတ်ပါ၊ ဒိဋ္ဌိငါတော့ မရှိပါဘူးလို့ မှတ်ပါ၊ မာန ငါရှိတယ် လို့မှတ်ပါ၊ ဘယ်လိုမှတ်ကြမတုံး (မာန ငါရှိပါတယ် ဘုရား)။ ဒိဋ္ဌိကတော့ (မရှိပါဘူး ဘုရား)။

ရောဂါဝေဒနာ မသက်သာဘူး

အဲဒီတင် သူက ငါဝေဒနာဟာကွာ၊ ရှေ့သာ တိုးနေ တယ်၊ နောက်သို့ မဆုတ်ဘူးကွ၊ အဲဒီလိုပဲ ရဟန်းကြီး(၆၀) မင်းပြန်ပြီး ပြောလိုက်တာပေါ့ ခိုင်းလိုတဲ့ ဒါသက က, နှစ်ဂါ ဝုတ်ရှိတဲ့ ခရီးကလာပြီး၊ နှစ်ဂါဝုတ်ရှိတဲ့ ခရီးကိုပြန်ပြီး သကာလ ရဟန်းကြီးတွေ သွားလျှောက်တယ်၊ အရှင်ဘုရား၊ ခေမက ဆိုတဲ့ ရဟန်းကတော့ဖြင့် ရောဂါဝေဒနာလည်း ဖြစ်နေတယ်ဘုရား၊ အဲဒါ ရောဂါဝေဒနာလည်း မသက်သာဘူး၊ ရှေ့သာတိုးနေတယ်၊ နောက်သို့မဆုတ်ဘူး၊ ငါ့ဝေဒနာဟာ ဤအတိုင်းပဲလို့ ပြောလိုက် တယ်ဘုရား။ ။

ဒါနဲ့ ရဟန်းကြီးတွေက တရားကလည်း နာချင်တော့ ရဟန်းကြီးတွေက ဒါသက မင်းတစ်ခေါက် သွားပါဦးကွာ ဆိုတော့ တစ်ခေါက်ပြန်လာပြီနော်။ တစ်ခေါက် သွားချေပါဦးကွာ၊ ရူပက္ခန္ဓာ၊ ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာဆိုတဲ့ ခန္ဓာငါးပါးကို ငါ၊ ငါ့ဥစ္စာလို့များ စွဲနေသေးသ လားလို့ ဒါသက မင်းရှင်ခေမက သွားမေးချေဦးကွာဆိုပြီး လွှတ် လိုက်ကြပြန်တယ်။

ငါ၊ ငါ့ဥစ္စာလို့ စွဲသေးသလားဘုရား

လွှတ်လိုက်ကြတဲ့အခါကျလို့ရှိရင် ဒါသကဆိုတဲ့ ရဟန်း က နှစ်ခေါက်ပြည့်အောင် သွားရပြန်တယ် (မှန်ပါ့)၊ ဒါဖြင့် ရှင်ခေမက ဇီးတောကျောင်း ရောက်သွားတဲ့အခါမှာ အရှင်ဘုရား၊ တပည့်တော် ရဟန်းကြီး (၆၀)က လွှတ်လိုက်ပြန်ပါတယ်ဘုရား၊

အေး ဘာကိစ္စတုံး၊

ခန္ဓာငါးပါး ရှိပါတယ်ဘုရား၊ ခန္ဓာငါးပါးကို ငါ၊ ငါ့ဥစ္စာလို့များ အရှင်ဘုရား စွဲနေပါသလားလို့ မေးလိုက်ပါ တယ်၊

ကွာ ရဟန်းကြီးတွေ လျှောက်လိုက်ပါ၊ ငါ၊ ငါ့ဥစ္စာတော့ ဖြင့် မစွဲပါဘူးဆိုတဲ့အကြောင်း မင်းပြန်ပြီး သကာလ လျှောက်ချေ ဆိုပြီး သကာလ ၊ ဒါသက လွှတ်လိုက်တယ်၊ လွှတ်လိုက်တော့ ဒါသက,က ရဟန်းကြီး(၆၀)ရှိရာ ကောသမ္ဘီပြည်သွားပြီး သကာ လ အရှင်ဘုရား ရှင်ခေမက ကတော့ ဝေဒနာတော့ဖြစ်တာပဲ ဘုရား၊ ဖြစ်ပင်ဖြစ်ငြားသော်လည်း ငါ၊ ငါ့ဥစ္စာ၊ ဒီလိုအစွဲတော့ မရှိဘူးလို့ ပြောပါတယ်ဘုရားလို့ အလျှောက်ခိုင်းလိုက်တယ် (မှန်ပါ့)။

ငါ၊ ငါ့ဥစ္စာ မရှိတော့ဘူး

ဒါနဲ့ ဒါသက,က လျှောက်လိုက်တော့ ရဟန်းကြီးတွေ က ကျေနပ်တယ်။ အင်း ဒါဖြင့် ငါ၊ ငါ့ဥစ္စာ ပြုတ်ပြီဆိုတဲ့ အဓိပ္ပါယ် ယူလိုက်တယ် (မှန်ပါ့)။

အဲတော့ ဒါဘယ်သူက ဖြေတာတုံး ဆိုတော့ ဒကာကြွယ်၊ ဒကာသစ်တို့၊ ဒကာအုန်းတို့ သိရောပေါ့ (မှန်ပါ့)၊ အနာဂါမ်က ဖြေလိုက်တော့ (မှန်ပါ့)၊ ငါ၊ ငါ့ဥစ္စာတော့ မရှိပါဘူး၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။ ။

ငါ၊ ငါ့ဥစ္စာဖြုတ်ဖို့ အရေးကြီးတယ်

ဒါဖြင့် အာလုံး ဒကာ ဒကာမတို့၊ ကျုပ်တို့မှာ ဘာအရေး ကြီးနေတုံးဆိုလို့ ရှိရင်ဖြင့် ငါ၊ ငါ့ဥစ္စာပြုတ်ဖို့ရာအရေးဟာ အလွန်အရေးကြီးပါတယ် (မှန်ပါ့) ငါ၊ ငါ့ ဥစ္စာပြုတ်ဖို့အရေး ဟာ အလွန် အရေးကြီးပါတယ်၊ တခြားသောအရေးထက် ကြီး တယ်လို့ အားလုံး ဒကာ ဒကာမတွေ လေးစားစွာနဲ့ မှတ်ပါ (မှန်ပါ့)။

ငါ၊ ငါ့ဥစ္စာပြုတ်ဖို့ဆိုတာ အတ္တနဲ့ အတ္တနိယဆိုတာ အတ္တ က ငါ၊ အတ္တနိယက ငါ့ဥစ္စာ၊ သဘော ကျပလား (ကျပါပြီ ဘုရား)။ ရုပ်နာမ်ကို ငါထင်တယ်၊ ခြေ၊ လက်၊ နား၊ နှာခေါင်း၊ ဆံပင်၊ အဝတ်အစားတွေ ငါ့ဥစ္စာ ထင်တယ်၊ အပြောသာပြောတာ၊ အပြစ်မရှိဘူးနော်၊ ထင်တဲ့ ဒိဋ္ဌိကိုဆိုတာ (မှန်ပါ့)။

အနာဂါမ်တည်တဲ့ ပုဂ္ဂိုလ်

အဲတော့ အခု အနာဂါမ်တည်တဲ့ ပုဂ္ဂိုလ်က သူကတဲ့ ငါ့ ဝေဒနာ ရှေ့သို့တက်နေတယ်၊ နောက်တော့ မဆုတ်ဘူးဆိုတာ ပြောတာ၊ သို့သော် ရဟန်းကြီးတွေက အရှင်ဒါသက ဒုတိယ အကြိမ် ပြန်အမေးခိုင်းတဲ့ အခါကျတော့ အရှင်ဘုရား၊ ခန္ဓာငါးပါး ရှိတယ်၊ ငါ၊ ငါ့ဥစ္စာလို့များ စွဲနေပါသေး သလားလို့ မေးလိုက်တဲ့ အခါကျတော့ ဒါသက ကို ရှင်ခေမက အနာဂါမ်ကငါ၊ ငါ့ဥစ္စာတော့ မရှိပါဘူးကွာလို့ ရဟန်းကြီးတွေ သွားလျှောက်လိုက်ပါ ဆိုတော့ ဒါသက နှစ်ခေါက်ပြန်ပြီး သကာလ ငါ၊ ငါ့ဥစ္စာမရှိတဲ့ အကြောင်း သွားလျှောက်တယ်။

သွားလျှောက်တော့ ရဟန်းကြီးတွေက ဪ ငါ၊ ငါ့ ဥစ္စာပြုတ်တဲ့ သောတာပန် ပုဂ္ဂိုလ်ပဲလို့ ဆိုဟာ သူတို့အကဲခတ်မိ ကြတယ် (မှန်ပါ့)။

သောတာပန်ဆိုတာ ဘာပါလိမ့်

အဲဒါကြောင့် သောတာပန်ဆိုတာ ဘာပါလိမ့်မလဲဆိုတာ မေးတဲ့အခါ ချိုပေါက်တယ်လို့ အောက်မေ့မနေနဲ့ (မှန်လှပါ ဘုရား)၊ ရုပ်နာမ်ဓမ္မတွေ ရှိတဲ့အနက်က ငါ၊ ငါ့ဥစ္စာတော့ မဟုတ် ဘူး၊ ရုပ်နာမ်ဓမ္မသာ ဟုတ်တယ်၊ ဖြစ်ပျက်သာ ဟုတ်တယ်၊ ဒုက္ခသစ္စာသာ ဟုတ်တယ်လို့ ဉာဏ်ထဲမှာ ပိုင်ပိုင်နိုင်နိုင် သိသွားလို့ရှိရင် ဒါ သောတာပန်ပဲ (မှန်ပါ့)။ သဘောကျပလား (ကျပါပြီ ဘုရား)။ ။

ရုပ်နာမ်ဓမ္မသာရှိတယ်၊ ဖြစ်ပျက်သာရှိတယ်၊ ဒုက္ခသစ္စာ သာရှိတယ်လို့ ဆုံးဖြတ်ချက် ချထားပြီးသား၊ အပြောတော့ဖြင့် မပြော မဖြစ်လို့ပြောတာ၊ အထင်ကဖြင့် တကယ်မရှိပါဘူး၊ ဒါ တွေဟာ ရုပ်နာမ်သာ ရှိပါတယ်၊ ဖြစ်ပျက်သာ ရှိပါတယ်၊ ဒုက္ခ သစ္စာသာ ရှိပါတယ်လို့ ဉာဏ်ထဲမှာ အတိအကျ ဆုံးဖြတ်ချက် ချပြီးလို့ရှိရင် ဒကာကြွယ်တို့၊ ဒကာသစ်တို့၊ ဒကာအုန်းတို့ ဒါ သောတာပန်၏ ဉာဏ်ပဲ (မှန်ပါ့)။

အပြောတော့ ပြောကြမှာပဲနော်၊ မပြောမဖြစ်လို့ ပြော တယ်လို့ မှတ်ရမယ်၊ ဘုရားတောင်မှ ငါ့သပိတ် ယူခဲ့စမ်း အာနန္ဒာ၊ ငါ့သင်္ကန်းကြီး ခင်းလိုက်ကွာ အာနန္ဒာတော့ ခိုင်းသေးတာပဲ (မှန်ပါ့)၊ မခိုင်းရဘူးလား (ခိုင်းပါတယ် ဘုရား)။

ငါ၊ ငါ့ဥစ္စာပြုတ်နည်း

အဲတော့ အပြောငါက လိုရင်းမဟုတ်ပါဘူး၊ အထင် ငါက လိုရင်းပါ၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ အဲဒီတော့ ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေမှာ ဒီဝတ္ထုကို အသာလေး ဘေးချိတ်ထားပြီး ခဏချိတ်ထားပြီး၊ ကိုယ့်ဟာကိုယ် ငါ၊ ငါ့ဥစ္စာ ဖြုတ်နည်းကို ဆရာဘုန်းကြီးက ပြောမယ်။

ဒါလေး အထူးဂရုစိုက်ပြီး သကာလ ဪ ဒီဥစ္စာဟာ အတော်အရေးကြီးတဲ့ အချက်ပါလား၊ သောတာပန်တည်တဲ့ ၊ ပုဂ္ဂိုလ်မှာ ငါ၊ ငါ့ဥစ္စာပြုတ်ရင် သောတာပန် တည်တာပဲ ဆိုတာ ဒကာ ဒကာမတွေ အတိအကျ ဆုံးဖြတ်ချက် ချပါ (မှန်ပါ့)။

ငါ၊ ငါ့ဥစ္စာပြုတ်ရင် သောတာပန်တည်တယ်

သောတာပန်တည်တယ်ဆိုတာ ငါ၊ ငါ့ဥစ္စာပြုတ်တာသာ မှတ်ပေတော့ (မှန်ပါ့)၊ သောတာပန် တည်တယ်ဆိုတာ ဘာပါလိမ့် (ငါ၊ ငါ့ ဥစ္စာ ပြုတ်တာပါ ဘုရား)။

အပြောဘယ်လိုပဲ ကျန်နေနေ ဒကာ ဒကာမတို့ မစိုးရိမ် – ပါနဲ့နော်၊ သို့သော် ဒါမလာခင်လေး ဒကာ ဒကာမတွေက မှတ်စရာက ဒိဋ္ဌိငါ၊ မာနငါ၊ ဒီလို ငါက နှစ်မျိုးရှိတယ်၊ ဒိဋ္ဌိ နဲ့ ငါဆိုတာကလည်း ဒိဋ္ဌိပါပဲ၊ မာနကလည်း ငါပဲ၊ အဲတော့ ဒိဋ္ဌိ ငါသာပြုတ်တယ်၊ အနာဂါမ်များမှာ မာနငါကျန်တယ်လို့ မှတ်ထားရမယ် (မှန်လှပါ ဘုရား)၊ ဒိဋ္ဌိငါကတော့ (ပြုတ်ပါတယ် ဘုရား)။

သံသရာခရီးကြီး ပြတ်သွားပြီ

အဲတော့ ဒကာ ဒကာမတို့ ကျုပ်တို့ဟာကျုပ်တို့ သူများ ပြုတာ ကြားရသဖြင့်လည်း ဪ တော်ပါပေတယ်၊ အပါယ် လေးပါး တံခါးပိတ်တဲ့ ဒိဋ္ဌိပြုတ်ပါပေတယ်၊ သံသရာခရီးကြီး ကိုဖြင့် အင်း အများကြီး ပြတ်သွားပါပေါ့လားလို့ မဆိုထိုက် ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

ဒိဋ္ဌိပြုတ်လို့ရှိရင် ဒကာ ဒကာမတို့ မဟာဝဂ္ဂသံယုတ် ပါဠိတော်မှာ ဘယ်လိုများ လာတယ်ဆိုတဲ့ ဥစ္စာ အင်မတန် အားကျစရာ၊ အားတက်စရာ၊ ဝမ်းမြောက်စရာ၊ ကိုယ့်ကိုယ်ကို အား ကိုးစရာ၊ ကိုယ့်အတွက် ဝမ်းမြောက်စရာ၊ ဒကာကြွယ်၊ ဒကာသစ်တို့လို အင်မတန်ကောင်းတယ် (မှန်လှပါ ဘုရား)။

အလျား၊ အနံ၊ အနက်၊ ယူဇနာ (၅၀) ရေကန်

ယူဇနာ(၅၀)ရှိတဲ့၊ ယူဇနာ (၅၀)စတုရန်းပတ်လည် ရှိတဲ့ ရေကန်ကြီးထဲမှာ အနက်ကလည်း (၅၀)ပဲ ဒကာသစ် ထား ပါတော့ (မှန်ပါ့)။ ရေကို နှုတ်ခမ်းနဲ့ညီအောင် ရှိပါ စေ (မှန်ပါ)။

ရေမှုန်(၇)ခု

အဲတော့ မြက်ကလေးနဲ့၊ သမန်းမြက်ကလေး အဖျား ကလေးနဲ့ သွားတို့လိုက်၊ ကုန်းပေါ် သွားခါလိုက် (၇)ခါ ခါလိုက်တော့ ရေမှုန်ကလေး(၇)ခုတော့ဖြင့် ဒကာကွယ်ရေ၊ ကုန်းပေါ် ရောက်မှာပေါ့ ဗျာ (ရောက်ပါတယ် ဘုရား)။

သို့သော် အနက်ယူဇနာ (၅၀)ရှိတဲ့ ရေနဲ့ ယူဇနာပတ် လည်(၅၀) အညီအမျှရှိတဲ့ရေနဲ့ နှိုင်းချိန်လိုက်ရင် (၇)မှုန်အပေါ် ရောက်သွားတာ မပြောပလောက်ပါဘူး (မှန်ပါ့)။ ကျန်တာက အများကြီး ပိုနေတယ် (မှန်လှပါ ဘုရား)။ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ဒါဖြင့် အပြင်ဘက်က ရေသည် မပြောပလောက်၊ အတွင်းကျန်တဲ့ရေသည် အလွန် များပြားတယ်၊ ဆိုထိုက်ပလား (ဆိုထိုက်ပါတယ် ဘုရား)။ ။

အလွန်ကျေးဇူးများ သိစေချင်လို့

ဒီမှာလည်း ယနေ့ ဒကာ ဒကာမတွေ ဟောရမည့်ဥစ္စာ၊ ငါ၊ ငါ့ဥစ္စာ ပြုတ်လို့ရှိရင်ဖြင့် အလွန်ကျေးဇူးများတာ သိစေချင် လို့ မဟာဝဂ္ဂသံယုတ်ပါဠိတော် ထုတ်လာတာ (မှန်ပါ့)။

ဒကာ ဒကာမတွေမှာ ခေါင်းပြတ်၊ လည်ပြတ်၊ အပါယ် ထဲမှာ နှစ်ပေါင်းများစွာနေ၊ သူများ ပါးစပ်ထဲမှာ သေရ၊ ကြေရ လမ်းဆုံးရ၊ လမ်းဆုံးတဲ့ ဒုက္ခပေါင်းဟာတဲ့ ငါ၊ ငါ့ဥစ္စာပြုတ်တဲ့ ပုဂ္ဂိုလ်ဟာ ဒကာ ဒကာမတို့၊ ကန်ထဲမှာရှိတဲ့ ရေမှုန်လေးတွေ၊ သမန်းမြက်ဖျားမှာပါတဲ့ ရေမှုန်လေး တွေနှင့်အမျှ ဆိုတော့ ရေမှုန် ကလေးတွေ နည်းသလား (မနည်းပါဘူး ဘုရား)။

ငါ၊ ငါ့ဥစ္စာပြုတ်တဲ့ပုဂ္ဂိုလ်

ရေကန်ထဲမှာလေ၊ သမန်းမြက်နဲ့ တို့ တို့ ခါမယ်ဆို ကုန်နိုင်စရာရှိရဲ့လား (မရှိပါဘူး ဘုရား)။ အဲဒီရေကန်ထဲမှာရှိတဲ့ ရေမှုန်နှင့်အမျှ ဒုက္ခတွေဟာ ငါ၊ ငါ့ဥစ္စာပြုတ်တဲ့ ပုဂ္ဂိုလ်မှာ နောက် လွတ်သွားတယ်။ ကုန်းပေါ်မှာ ခါလိုက်တဲ့ (၇)ခု အမှုန်ကလေး အတွက်ပဲ ဒုက္ခကျန်တော့တယ် (မှန်လှပါ ဘုရား)။

မရေတွက်နိုင်တဲ့ ဒုက္ခတွေ သိမ်းသွားပြီ ဆိုထိုက်ပလား (ဆိုထိုက်ပါပြီ ဘုရား)၊ မရေတွက် နိုင်တဲ့ ဒုက္ခတွေဟာ သိမ်း ဆည်းပျောက်ပျက်သွားပြီ၊ အဟောသိကံဖြစ်သွားပြီလို့ မဆိုနိုင် ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)၊ ရေတွက်နိုင်တဲ့ (၇)ခါ ဒုက္ခလောက်ပဲ ကျန်တော့တယ်။

ဒုက္ခအနန္တပြုတ်တယ်

ဒါဖြင့် ငါး၊ ငါ့ဥစ္စာပြုတ်ဖို့ဟာ သူတစ်ခါ ပြုတ်လိုက်တယ် ဆိုရင် ဒုက္ခပေါင်း မရေတွက်နိုင်တဲ့ အနန္တ ပြုတ်တယ် ဆိုတာ ဘုရားဥပမာပြလိုက်တယ် (မှန်လှပါ ဘုရား)၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။

ဒီအရေးဟာ အကြီးဆုံးအရေး

ဒါဖြင့် ဒကာ ဒကာမတို့ ငါ၊ ငါ့ဥစ္စာပြုတ်ဖို့ အရေးဟာ က သားရေး၊ သမီးရေး၊ စီးပွားရေး၊ နိုင်ငံရေး အလုံးစုံသော အရေးတွေထက် ကြီးတယ်မှတ်ပါ (မှန်ပါ ဘုရား)၊ ဒီ အရေးဟာ အကြီးဆုံးပဲလို့ ဆုံးဖြတ်ချက်ချပါ နော် (မှန်ပါ့ ဘုရား)။

သားရေး၊ သမီးရေး၊ စီးပွားရေး၊ အလုံးစုံသောအရေး၊ အခု အမေ မမာလို့ ကြေးနန်း ရောက်တာတွေ၊ အခု အင်မတန် ချစ်လှစွာသော သားလေးမမာလို့ အင်း အမြန်လာခဲ့ပါဆိုတာတွေ၊ ဒါတွေ အသာထားလိုက်စမ်းပါ၊ အရေးမကြီးပါနဲ့ ၊ ဒီ ငါနဲ့ ငါ့ဥစ္စာလေး ပြုတ်ဖို့ရာ အရေးကိုသာ အကြီးဆုံး ထားလိုက် (မှန်လှပါ ဘုရား)။

ဒါပြုတ်လိုက်လို့ရှိရင်ဖြင့် ကုန်းပေါ်မှာ ခါတဲ့ (၇)ခါ ဒုက္ခသာ ကျန်တော့တယ်၊ ရေကန်ထဲမှာရှိတဲ့ သမန်း မြက်ဖျားပါတဲ့ ရေမှုန်ထက်သာတဲ့ အမှုန်များစွာသော ဒုက္ခတွေ ချုပ်ငြိမ်း၊ ရုပ်သိမ်းသွားပြီ ဆိုတော့ ဒီအရေးဟာ ကျုပ်တို့ အရေးတကြီး ခမ်းခြောက်အောင် လုပ်ရမည့်အရေး ဆိုတာ ဒကာကြွယ်၊ ဒကာသစ် တို့၊ ဒကာအုန်းတို့ မှတ်မိပေါ့ (မှန်ပါ့)၊ အရေးမကြီးဘူးလား (ကြီးပါတယ် ဘုရား)။

ဉာဏ်ချိန်ခွင်နဲ့ ချိန်တဲ့စကား

ဒါ ဘယ်ဉာဏ်နဲ့ ချိန်တာတုံးလို့ ဒကာ ဒကာမတွေက မေးတော့ ဘုရားသဗ္ဗညုတ ဉာဏ်တော် တည်း ဟူသော ချိန်ခွင်နဲ့ ချိန်ကြည့်တာ (မှန်လှပါ ဘုရား)၊ သဗ္ဗညုတ ဉာဏ်တော်တည်း ဟူသော ချိန်ခွင်နဲ့ ချိန်ကြည့် လိုက်တော့ကို အင်မတန် သိကြား လိမ္မာတဲ့ ကိုယ်တော်ကြီး၊ အသိမှာ သူ့ထက် သိတဲ့ ပုဂ္ဂိုလ်မရှိဘူး၊ အမြင့်ဆုံးသိ၊ တန်းကုန်သိ၊ အသိဆုံးသိတဲ့ ကိုယ်တော်ကြီး၊ ဉာဏ်ချိန်ခွင်နဲ့ ချိန်တဲ့ စကားဖြစ်လေသောကြောင့် ကျုပ်တို့ မယုံ မရှိနဲ့တော့၊ အင်မတန် မှန်ပြီလို့ ဆုံးဖြတ်ချက်ချ (မှန်လှပါ ဘုရား)။

အရေးအကြီးဆုံးအလုပ်

ဒုက္ခပေါင်း အနန္တ၊ ငါ၊ ငါ့ဥစ္စာသာပြုတ်ရင် ဒုက္ခပေါင်း ဘယ့်နှယ်နေတုန်း (ပြုတ်ပါတယ် ဘုရား)၊ ပြုတ်သွားပြီ၊ ဪ ဒါဖြင့် ဒကာ၊ ဒကာမတို့ ငါ၊ ငါ့ဥစ္စာလေး ပြတ်သွားခြင်းကြောင့် ဒုက္ခအနန္တ ပြုတ်သွားတာဟာ အင်မတန်မှ ကျုပ်တို့သည် ဖြုတ်ချင်စရာ ကောင်းပါလား၊ ငါ၊ ငါ့ဥစ္စာ နှစ်လုံး ဖြုတ်ဖို့ရာဟာ အင်မတန် အရေးကြီးတဲ့ အလုပ်တစ်ခုပါလားလို့ ဆိုပြီး အကြီးဆုံး အလုပ်ထဲ သူ့သွင်းထားရမယ် (မှန်လှပါ ဘုရား)။

ဘယ်အကုသိုလ်မဆို ငါ၊ ငါ့ဥစ္စာက လာတာ

ဘာ့ကြောင့် တုံးလို့ မေးတဲ့ အခါကျတော့ ဘယ် အကုသိုလ်မဆို ဒကာ ဒကာမတွေ လေးစားစွာနဲ့ မှတ်လိုက်ပါ၊ ငါကလာတာ၊ ငါ့ဥစ္စာက လာတာချည်းပဲ (မှန်လှပါ ဘုရား)။ လာချင်တဲ့ အကုသိုလ်လာ ဒကာ ဒကာမတို့ ဘယ်က လာတယ် ထင်တုံး (ငါ၊ ငါ့ဥစ္စာက လာတာပါ ဘုရား)။

ငါက ရင်လည်း လာရမယ်၊ ငါ့ဥစ္စာက ရင်လည်း (လာရမှာပါ ဘုရား)၊ ငါ့ဘာမှတ်လို့တုံးဆိုတဲ့ ဥစ္စာလည်း ငါက လာတာပဲ၊ ငါ့ပစ္စည်း မထိနဲ့၊ ငါ့ သားမထိနဲ့၊ ငါ့အလျင် မကျူး လွန်နဲ့ အစရှိသည် ဥစ္စာ၊ ငါ့ဥစ္စာက လာတာ (မှန်လှပါ ဘုရား)။

အကုသိုလ်ဟူသမျှဤဒိဋ္ဌိ (၂) ပါးက

ဒါဖြင့် အကုသိုလ်ဟူသမျှ အစလက်သည်ကဖြင့် ငါဆို တဲ့ ဒိဋ္ဌိ၊ ငါ့ဥစ္စာဆိုတဲ့ ဒိဋ္ဌိ၊ ဤဒိဋ္ဌိနှစ်ပါးက လာတာပဲ (မှန်ပါ ဘုရား)။ ဒါဖြင့် အကုသိုလ် ရေသောက်မြစ်တစ်ခု ပြတ်သွား တယ်ဆိုရင် လွဲပါ့မလား (မလွဲပါဘူး ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့၊ ငါ၊ ငါ့ဥစ္စာနှစ်ခု ပြုတ်သွား လို့ရှိရင်ဖြင့် ယူဇနာ (၅၀)ပတ်လည်ရှိတဲ့ ရေကန်ကြီး၊ အနက် ကလည်း (၅၀)၊ ဒီအထဲမှာရှိတဲ့ ရေမှုန်တွေဟာ နည်းသလား ဗျာ (မနည်းပါဘူး ဘုရား)။ အဲဒီဒုက္ခတွေဟာ ငါ၊ ငါ့ဥစ္စာ တစ်လုံးပြုတ်တာနဲ့ အကုန်ပြုတ်ရတယ် (မှန်လှပါ ဘုရား)။

ဆိုတော့ ဘုရားသဗ္ဗညုတ ဉာဏ်တော် ချိန်ခွင်ကြီးနဲ့ ချိန်ပြီးပြောတာ ဖြစ်နေသောကြောင့် လည်းကောင်း၊ ဟာ ကြီးကျယ် လှချည်လား၊ ငါ၊ ငါ့ဥစ္စာဖြုတ်ဖို့ရာက အလွယ်လေး၊ အမြတ်အစွန်းတွေ ထွက်လိုက်တာက အများကြီးလို့ ဒီလိုလည်း မချိန်နဲ့၊ အကုသိုလ်ဟူသမျှ ငါ၊ ငါ့ဥစ္စာက လာတာ (မှန်လှပါ ဘုရား)။ သဘောကျပလား (ကျပါပြီ ဘုရား)။

ငါ၊ ငါ့ဥစ္စာက လာတာချည်းပဲ

အကုသိုလ်ဟူသမျှ (ငါ၊ ငါ့ဥစ္စာက လာတာပါ ဘုရား)။ ငါ၊ ငါ့ဥစ္စာက လာတာချည်းပဲလို့ ဒကာကြွယ်၊ ဒကာသစ်၊ ဒကာအုန်း တို့ မှတ်စရာပေါ့ ဗျာ (မှန်ပါ ဘုရား)။ စဉ်းစားကြည့်စမ်း၊ စဉ်းစားကြည့်စမ်း၊ ကိုယ့်အိမ်၊ ကိုယ့်ယာ ရောက်သွားတယ်ဆိုလို့ ရှိရင်ဖြင့် ကိုယ့်အိမ် ဆိုလို့ရှိရင်ပဲတဲ့၊ ကိုယ်ပြုပြင်မှ ဆိုတဲ့ ဒုက္ခတွေ က တစ်ခါတည်း လာတာပဲ (မှန်ပါ့)။

ကိုယ့်အိမ်ကျရင် ကိုယ်တံမြက်စည်းလှဲချင်တယ်၊ ကိုယ်ပဲ မကောင်းတာတွေ အကုန် ပြောချင်တယ်၊ သာယာပြန် လည်း ကိုယ်ပဲ သာယာချင်တယ်၊ ကိုယ့်အိမ်ရယ်လို့ ဖြစ်သွား တော့ ကိုယ်နဲ့ ငါနဲ့က အတူတူကိုဗျ၊ အဲဒါတွေ လာလိုက်တော့ သူက ပေးတဲ့ဒုက္ခတွေ နည်းသလားဗျာ (မနည်းပါဘူး ဘုရား)။

ပြီးတော့ ကိုယ့်အိမ်၊ ကိုယ့်ယာကို တကယ်လို့ အဝေးက ပဲ မီးသံကြားပြန်လည်း သူများအိမ် အတွက် စိုးရိမ်တာလား၊ ကိုယ့်အိမ် အတွက် စိုးရိမ်တာလား (ကိုယ့်အိမ်အတွက် စိုးရိမ် တာပါ ဘုရား)၊ ကိုယ့်အိမ်အတွက် စိုးရိမ်တာလား၊ ကိုယ့်အတွက် စိုးရိမ်တာလား (ကိုယ့်အတွက် စိုးရိမ်တာပါ ဘုရား)၊ ဒါဖြင့် ကိုယ့်အိမ်နဲ့ ကိုယ်နဲ့ ဟာ လုံးနေတော့တာပဲ၊ မလုံးဘူးလားဗျာ (လုံးပါတယ် ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတွေ ဘယ်က ထိတ်ထိတ်၊ ဘယ်က လန့်လန့်၊ ဘယ်လို ဒေါသဖြစ်ရ ဖြစ်ရ၊ ဘယ်လိုပဲ သံသယရှိရ ရှိရ၊ ငါ၊ ငါ့ဥစ္စာနှစ်ခုက လာတာချည်းမှတ်ပါ (မှန်ပါ့)။ သဘောကျပလား (ကျပြီ ဘုရား)။

သက္ကာယဒိဋ္ဌိကြောင့် အပါယ်သွားတာ

ဒါဖြင့် အပါယ်သွားခြင်း အကြောင်းဟာဖြင့် ဒကာ ဒကာ မတို့ ကျန်တဲ့ လောဘ၊ ဒေါသ၊ မောဟကြောင့် သွားသည် မဟုတ်။ သက္ကာယဒိဋ္ဌိ ဆိုတဲ့ ငါ၊ ငါ့ဥစ္စာကြောင့်သွားတာ (မှန်ပါ)။

ဒါကြောင့် လောဘ၊ ဒေါသ၊ မောဟကြောင့်သွားတယ် ဆိုတဲ့ဥစ္စာဟာ လောဘ၊ ဒေါသ၊ မောဒထဲမှာမှ ခေါင်းဆောင် အကြီးဆုံး ရှာပြန်တော့ အပါယ်ပို့တဲ့ နေရာမှာဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒိဋ္ဌိ အဆိုးဆုံးပဲ (မှန်ပါ့ ဘုရား)။ ငါ၊ ငါ့ဥစ္စာက အပို့ဆုံးပဲ။

သံသရာလည်တဲ့ နေရာမှာကော (ငါ၊ ငါ့ဥစ္စာပါပဲ ဘုရား)၊ တစ်ခါ စဉ်းစားကြည့်ဦး၊ ဆေးကု မရတဲ့ အနာပေါက် တာများလည်း မိစ္ဆာဒိဋ္ဌိတွေ ဖြစ်သွားတာလည်း သူပဲ လက်သည် မကျဘူးလား (ကျပါတယ် ဘုရား)၊ ဘုရားအဆူဆူနှင့် ပွင့်လို့ မကျွတ်တဲ့ မိစ္ဆာဒိဋ္ဌိဟာလည်း ဒီသက္ကာယဒိဋ္ဌိက ကြီးထွား လာတာတွေမှတစ်ပါး ဘာများဆိုစရာ ရှိသေးတုံး (မရှိပါ ဘုရား)။

ဒီပြင်ဟာကို မလုပ်ချင်နေပါ

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဒိပြင် ဟာကို မလုပ်ရချင် နေပါစေ၊ မကိုင်ရချင် နေပါစေ၊ ငါ၊ ငါ့ဥစ္စာ ဖြုတ်တဲ့နည်းလေးဖြင့် လေးစားစွာနဲ့ ဒကာကြွယ်တို့၊ ဒကာသစ် တို့၊ ဒကာအုန်းတို့ လိုက်ဖြစ်အောင် လိုက်ပါ (မှန်လှပါ ဘုရား)။

ဒီငါ၊ ငါ့ဥစ္စာကလည်း ဘယ်မှာမှီနေသတုံးလို့ မေးဖို့ လိုတော့ ဒကာ ဒကာမတို့ ငါ၊ ငါ့ဥစ္စာ ဆိုတဲ့ဥစ္စာ၊ ဒိဋ္ဌိဝိပ္ပလ္လာသ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။ ငါ၊ ငါ့ဥစ္စာဆိုတာ ဘာပါလိမ့် (ဒိဋ္ဌိဝိပ္ပလ္လာသပါ ဘုရား)။

ဒိဋ္ဌိဝိပ္ပလ္လာသ၊ ကောင်းပြီ ဒိဋ္ဌိဖြစ်ပြန်၊ ဒိဋ္ဌိဝိပ္ပလ္လာသလည်း ဖြစ်ပြန်ဆိုတော့ ဒိဋ္ဌိဝိပ္ပလ္လာသကို ဒိဋ္ဌိနဲ့ ဖောက်ပြန်နေတာကို သမ္မာဒိဋ္ဌိမသွင်းရင်တော့ဖြင့် တည်ပါတော့မလား (မတည် ပါဘူးဘု ရား)။ မိစ္ဆာဒိဋ္ဌိ ကြောင့် ဖောက်ပြန်နေတာကို သမ္မာဒိဋ္ဌိ မသွင်းရင်တော့ (မတည်ပါဘူး ဘုရား)။

သမ္မာဒိဋ္ဌိ အကူအညီယူပါ

ဒိဋ္ဌိဝိပ္ပလ္လာသ ဆိုတဲ့ဥစ္စာ မိစ္ဆာဒိဋ္ဌိ၊ မိစ္ဆာဒိဋ္ဌိကို သမ္မာဒိဋ္ဌိနဲ့ ဆရာဘုန်းကြီး အကူအညီပြီး၊ သမ္မာဒိဋ္ဌိနဲ့ ဒကာ ဒကာမတွေ အမှန်အကန် မြင်လိုက်လို့ရှိရင်ဖြင့် ဒိဋ္ဌိဝိပ္ပလ္လာသ၊ ပြုတ်ရတော့မယ် (မှန်လှပါ ဘုရား)။ မပြုတ်ပါနဲ့ဆိုလို့ ရပါ့ မလား (မရပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီဒိဋ္ဌိက နင်သွားတဲ့လို့ ဖြုတ်ရ မှာလား၊ အမြင်တည့်ပေးရုံပဲလားဆိုတာ ယနေ့ စဉ်းစားကြည့် (တည့်ပေးရုံပါ ဘုရား)။ အမြင်တည့်ပေးရုံပဲ ဆိုတော့ ဒကာကြွယ် ရေ ဒီဥစ္စာ မဖြုတ်တတ်ရင်လည်း ခက်တယ်။ ဖြုတ်တတ်ရင် လည်း အလွယ်လေးပဲဆိုတဲ့ အဓိပ္ပါယ် ရှင်းပါတယ် (ရှင်းပါ တယ် ဘုရား)။

မဖြုတ်တတ်ရင်လည်း (ခက်ပါတယ် ဘုရား)။ ဖြုတ် တတ်ရင်တော့လည်း (အလွယ်လေးပါ ဘုရား)။ အလွယ်လေး ပဲဆိုတဲ့ အဓိပ္ပါယ်က ရှင်းသွားတော့ ဒကာ ဒကာမတို့ ဒိဋ္ဌိကြီးရင် ဒိဋ္ဌုပါဒါန် ဖြစ်ပါတယ် (မှန်ပါ့ ဘုရား)။ ဒိဋ္ဌိကြီးရင် (ဒိဋ္ဌုပါဒါန် ဖြစ်ပါတယ် ဘုရား)။ ဒိဋ္ဌုပါဒါန် ဖြစ်လို့ရှိရင်ဖြင့် ဥပါဒါနပစ္စယာ ကမ္မဘဝေါ မသွားဘူးလား (သွားပါတယ် ဘုရား)။

ဒိဋ္ဌိကြီးလာတော့ ဒိဋ္ဌုပါဒါန်ဖြစ်တယ်

ဒိဋ္ဌိကြီးလာတော့ ဘာဖြစ်သတဲ့တုံး (ဒိဋ္ဌုပါဒါန် ဖြစ် ပါတယ် ဘုရား)။ ဒိဋ္ဌိကြီးလာတော့ ဒိဋ္ဌုပါဒါန်၊ သဘောကျပလား(ကျပါပြီ ဘုရား)။

ပထမတော့ ငါ၊ ငါ့ဥစ္စာ၊ ပထမတော့ ဒီလောက် တင်ထားသေးတယ်။ တော်တော်ကြာကျတော့ ငါ့ကိုယ်ငါ အထင်အကြီးဆုံး၊ မလာဘူးလား (လာပါတယ် ဘုရား)။ ငါ့ဥစ္စာကို ငါအထင်အကြီးဆုံး ဆိုတာ (လာပါ တယ် ဘုရား)။

ဒိဋ္ဌိက ဘာဖြစ်လာတုံး (ဒိဋ္ဌုပါဒါန်ဖြစ်လာတယ် ဘုရား)။ ဒိဋ္ဌုပါဒါန်ဖြစ်လာတော့ ဒိဋ္ဌိနဲ့ ဒိဋ္ဌုပါဒါန်နဲ့ဟာ အကြီး အငယ်ပဲ ထူးတယ် (မှန်လှပါ ဘုရား)။

ဒါဖြင့် အကြီးအငယ်ပဲ ထူးတော့ ဒိဋ္ဌုပါဒါန် ဆိုတော့ ဥပါဒါန်ဘက် လှည့်မသွားဘူးလား (လှည့်သွားပါတယ် ဘုရား)။ လှည့်သွားတော့ ဥပါဒါန ပစ္စယာ (ကမ္မဘဝေါပါ ဘုရား)။ ကမ္မဘဝေါ၊ ကံကိုမြောက်သွားတယ် (မှန်လှပါ)။

ဒိဋ္ဌိကလာတဲ့ ကံတွေ

ကံမမြောက်ဘူးလား (မြောက်ပါတယ် ဘုရား)။ ကမ္မ ဘဝပစ္စယာ (ဇာတိပါ ဘုရား)။ ဟော ဇာတိလာတယ်၊ ဒကာ ဒကာမတို့၊ ဒိဋ္ဌိမပြုတ်တော့ ကံလာတယ်။ ကံလာတော့ (ဇာတိ လာပါတယ် ဘုရား)။ ဇာတိလာတော့ ဒိဋ္ဌိကလာတဲ့ ဇာတိ ဆိုလို့ ရှိရင်ဖြင့် ဒကာကြွယ်၊ ဒကာသစ်တို့က စဉ်းစား အပါယ်ဇာတိပဲ လာရမယ် (မှန်လှပါ ဘုရား)။ ဘယ်ဇာတိလာရမတုံး (အပါယ်ဇာတိ လာရမှာပါ ဘုရား)။ ။

နတ်ကို ဘုရားမှတ်လို့ ကိုးကွယ်တယ်

အပါယ်ဇာတိပဲ လာရမယ်ဆိုတာ ရှင်းလင်းနေတော့ ဪ-ဒိဋ္ဌိကြီးရင် ဒိဋ္ဌုပါဒါန်ပါလား၊ ဥပါဒါန ပစ္စယာ ကမ္မ ဘဝေါ ဆိုရင်ဖြင့် ဒိဋ္ဌိနဲ့ ပတ်သက်တဲ့ ကံတွေ အကုန်လုပ်တော့ မယ် (မှန်လှပါ ဘုရား)။ မလုပ်ပေဘူးလား (လုပ်ပါတယ် ဘုရား)။ ဘယ်ကံတွေ လုပ်မတုံးဆိုတော့ နတ်ကိုလည်း ဘုရား မှတ်လို့ ကိုးကွယ်မည့်ကံတွေ မလာပေဘူးလား (လာပါတယ် ဘုရား)။

အင်း ဓာတ်ရိုက်တာတွေ အစရှိသည်တို့ကိုလည်း တကယ်ယုံကြည်ပြီး သကာလ တကယ် စွဲလမ်းတာလည်း ဒိဋ္ဌုပါဒါန်ပါပဲ (မှန်လှပါ ဘုရား)။ သဘောကျပလား (ကျပါပြီ ဘုရား)။

ရေကန်တူးလိုက်မှ အကျိုးပေးတယ်တဲ့

အဲဒီကဲ့သို့ ဒိဋ္ဌိကြီးလာပြီဆိုမှဖြင့် ဒိဋ္ဌုပါဒါန် တစ်ခါ တည်း ဘုရားပဲ အမျိုးမျိုး၊ ဒီသစ်ပင်စိုက်မှ အကျိုးပေးတယ်ဆို တဲ့ ဒိဋ္ဌုပါဒါန်၊ ဒီရေကန်လေး တူးလိုက်မှ အကျိုးပေးတယ်ဆိုတဲ့ ဒိဋ္ဌုပါဒါန် မလာဘူးလား (လာပါတယ် ဘုရား)။ ဒီထောင့် သွားပြီး ဘာလေး လုပ်လိုက်လို့ အင်း အကျိုးပေး လာတယ် ဆိုတာကော ဒါဘာတွေပါလိမ့်ဗျာ (ဒိဋ္ဌုပါဒါန်ပါ ဘုရား)။ ဒိဋ္ဌုပါဒါန်တွေက မလာဘူးလား (လာပါတယ် ဘုရား)။

အဲဒီ ဥပါဒါန်တွေကြောင့် ကမ္မဘဝေါဆိုတဲ့ ဒိဋ္ဌိနဲ့ပတ် သက်ပြီးလာတဲ့ ဒိဋ္ဌိက လောဘ၊ လောဘနဲ့ ပတ်သက်တဲ့ ကံတွေက သဟဇာတအဖြစ်နဲ့ ပါမလာဘူးလား (ပါလာပါ တယ် ဘုရား)။

ကြွက်တို့၊ မြွေတို့ဖြစ်တယ်

အဲဒီကံတွေက လာတော့ လောဘကံ၊ လောဘနဲ့ ဒိဋ္ဌိနဲ့ တွဲနေတဲ့ ကံလို့ဆိုရင် လွဲပါ့မလား (မလွဲပါဘူး ဘုရား)။ အဲဒီ ကံတွေလာတော့ ကမ္မဘဝ ပစ္စယာ ဇာတိ၊

ဒါကြောင့် ဥစ္စာစွဲသွားလို့ ကြွက်ဖြစ်တယ်၊ ဥစ္စာစွဲသွားလို့ မြွေဖြစ်တယ်၊ ဥစ္စာစွဲသွား လို့ ဥစ္စာစောင့်ဖြစ်တယ်။ ဒိဋ္ဌုပါဒါန်ကလာတာ (မှန်လှပါ ဘုရား)။ ဘာကလာတာ (ဒိဋ္ဌုပါဒါန်က လာပါတယ် ဘုရား)။

ဒကာ ဒကာမတို့ ဒိဋ္ဌုပါဒါန်၊ ဥပါဒါနပစ္စယာ ဘာတုံး (ကမ္မဘဝေါပါ ဘုရား)။ ကမ္မဘဝဆိုတော့ တစ်ခါတည်း မြွေ ဖြစ်တဲ့ကံ၊ ကြွက်ဖြစ်တဲ့ကံ၊ ဥစ္စာစောင့်ဖြစ်တဲ့ကံတွေ ပေါ်နေ တယ်။ သေတော့ ကမ္မဘဝ ပစ္စယာ ဇာတိဆိုတော့ ဟောဒီမှာ မြွေဖြစ်လာတယ်၊ မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား)။

ဟောဒီမှာ ကြွက်ဖြစ်လာတယ်၊ ဟောဒီမှာ ဥစ္စာစောင့်ဖြစ်လာ တယ်ဆိုရင်ကော (မလွဲပါ ဘုရား)။

မဖြစ်နိုင်တဲ့ တိရစ္ဆာန်မရှိ

အင်း ဒါဖြင့် ဒကာ ဒကာမတို့ တိရစ္ဆာန်မျိုးစုံ အကုန်စုံ ပြီး သကာလ မဖြစ်နိုင်တဲ့ တိရစ္ဆာန်မရှိ၊ မရောက်နိုင်တဲ့ အပါယ် မရှိတာသည်၊ လက်သည်ရှာ ဘာပါလိမ့် (ဒိဋ္ဌုပါဒါန်ပါ ဘုရား)။ သဘော ကျကြပလား (ကျပါပြီ ဘုရား)။ဘယ်ဟာပါလိမ့် ဒကာ ဒကာမတို့ (ဒိဋ္ဌုပါဒါန်ပါ ဘုရား)။ ဒိဋ္ဌုပါဒါန် ဆိုတာ ကောင်းကောင်း ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဪ ဒါဖြင့် ဒိဋ္ဌုပါဒါန်ဟာ မသေးပါလားဆိုတာ ဒကာ၊ ဒကာမတွေ ပေါ်လာတယ်။ မပေါ်လာဘူးလား (ပေါ်ပါတယ် ဘုရား)။

ဒိဋ္ဌုပါဒါန်နော် (မှန်ပါ့)။ ခင်ဗျားတို့က ဒိဋ္ဌိသာမညသာ အောက်မေ့နေတယ်၊ အခု သီလဗ္ဗတုပါဒါန်၊ ဒိဋ္ဌုပါဒါန်၊ အတ္တဝါဒုပါဒါန် ဆိုတဲ့ ဥစ္စာတွေ ဥပါဒါန်ချည်းပဲ ဘုရားကဟောတော့ ဒကာ ဒကာမတို့ ဒိဋ္ဌုပါဒါန်ကြောင့် အခုကြည့်စမ်း ကမ္မဘဝ ဖြစ်လာတယ်၊ ကမ္မဘဝဆိုတော့ ဒိဋ္ဌိတည်း ဟူသော အကြောင်းနဲ့ ပတ်သက်ပြီး မဟုတ်တဲ့ စေတနာတွေ မလာဘူးလား (လာပါ တယ် ဘုရား)။

ဒီစေတနာတွေကြောင့် ဒကာ ဒကာမတို့ ဇာတိဆိုတဲ့ ကြွက်ဖြစ်ရတယ်၊ မြွေဖြစ်ရတယ်၊ ဥစ္စာစောင့် ဖြစ်ရတယ်။ စပါးကြီးမြွေ ဖြစ်ရတယ်။ အစရှိသည်နဲ့ ဒကာ ဒကာမတွေ၊ ဒီဇာတိတွေဟာ လက်သည်ရှာ ဒကာအုန်း ဘယ်ကလာတာတုံး (ဒိဋ္ဌုပါဒါန်က လာတာပါ ဘုရား)။

ဒါဖြင့် ဒကာ၊ ဒကာမတို့ အိမ်တစ်အိမ်မှာ ကြွက်တွေ မောင်းမရအောင် ဒီအိမ်ချည်းပဲ ပြန်တက်နေတယ် (မှန်လှပါ ဘုရား)။ ဘာတွေတုံးလို့ မေးလို့ရှိရင် ငါ့အိမ် သူတို့က ဒိပြင်အိမ် မောင်းလို့ကို မရဘူး (မရပါ ဘုရား)။

ဒိဋ္ဌုပါဒါန်က ဖြစ်တာချည်းပဲ

မတတ်သာလို့ ရိုက်ထုတ်ရင်ပြေးမယ်၊ ပြီးတော့ ညပြန် လာမယ် (မှန်လှပါ)၊ ဘာတုံးဗျ ဒီဥစ္စာ (ဒိဋ္ဌဥပါဒါန်ပါ ဘုရား)။ ဒိဋ္ဌဥပါဒါန် ဗျ၊ ဒီအိမ်သားတွေက ဖြစ်သွားတာ၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ ဒီအိမ်ပေါ် အိမ်မြှောင်တွေ ဘယ်သူတင်တာတုံးလို့ မေးလို့ရှိရင်လည်း ဒိဋ္ဌုပါဒါန်က ဖြစ်တာတွေ (မှန်ပါ့)။

ဒိဋ္ဌုပါဒါန်ကြောင့် ကိုယ့်အိမ်ပေါ်မှာဖြစ်နေတဲ့ သတ္တဝါ လေးတွေဟာ ရေတွက်နိုင်ကြရဲ့လား (မရေတွက်နိုင်ပါဘူး ဘုရား)၊ အဲဒါ စဉ်းစားစမ်း၊ စဉ်းစားစမ်း။ ဘယ်သူက လာတယ် လို့ ဆိုကြမလဲ၊ အရင်အိမ်ရှင်၊ နောက်အိမ်ရှင်၊ အိမ်ရှင်ပေါင်းက လည်း ရေတွက်နိုင်ကြရဲ့လား (မရေတွက်နိုင်ပါ ဘုရား)။

မရေတွက်နိုင်တော့ ဒီအိမ်မှာ အိမ်မြှောင်တွေ၊ ကြွက်တွေ တစ်ခါတည်း အမျိုးမျိုး အဖုံဖုံ၊ ပင့်ကူတွေ မောင်းလို့မရ၊ နှင်လို့ မရ၊ ဒကာအုန်း ရှိ၊ မရှိ (ရှိပါတယ် ဘုရား)၊ အဲဒါ ဘာတွေထင် ကြတုံး (ဒိဋ္ဌုပါဒါန်ပါ ဘုရား)။ ဒကာ ဒကာမတို့ ဧကန်သူတို့ က ဒိဋ္ဌုပါဒါန်က ဖြစ်တာချည်းပဲလို့ ဆုံးဖြတ်ချက် ချပါ (မှန်ပါ့)။ သဘောကျပလား (ကျပါပြီ ဘုရား)။

အိမ်မြှောင်တွေ မောင်းချလည်း ပြန်လာတာပဲ

ဒိဋ္ဌုပါဒါန် မဆိုးဘူးလားဗျာ၊ မယုံရင် ဒကာသစ်တို့ အိမ်မှာရှိတဲ့ ကြွက်တွေ မောင်းကြည့် ညပြန်မလာဘူး ဆိုတော့ ဘုန်းကြီး ဆိုရောပေါ့ ဗျာ (မှန်ပါ့ ဘုရား)၊ အိမ်မြှောင်တွေမောင်း ချ ပြန်မလာဘူးလား (လာပါတယ် ဘုရား)၊ ကပ်မိကပ်ရာ ဒီအိမ်ကတော့ မခွာဘူးကွ။ ကပ်မယ်ဆိုတဲ့ဥစ္စာ လှည့်ပြီး မကပ် ပေဘူးလား (ကပ်ပါတယ် ဘုရား)၊ အဲဒါ ဘာထင်ကြသတုံး (ဒိဋ္ဌုပါဒါန်ကပါ ဘုရား)။

ဒါဖြင့် ဒီအိမ်မှာ အရင်လူတွေကသော် လည်းကောင်း၊ ရှေးက လူပေါင်းများစွာက သော်လည်းကောင်း၊ ဥပါဒါန်နဲ့ ကပ်နေတာ ဆိုလို့ရှိရင် လွဲပါ့မလား (မလွဲပါဘူး ဘုရား)၊ ကဲ ဒီတိရစ္ဆာန် တွေ ဖြစ်တာဟာ ဘယ်ကလာတုံး ဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။ ဘယ်ကလာတာတုံး (ဒိဋ္ဌုပါဒါန်က လာတာပါ ဘုရား)။ ။

ဒိဋ္ဌုပါဒါန်က လာတာဆိုတော့ ဒကာအုန်းတို့၊ ဒကာ ကြွယ်တို့ ဪ ဒိဋ္ဌုပါဒါန် တယ်ကြီးကျယ် ပါလား၊ မကြီး ကျယ်ဘူးလား (ကြီးကျယ်ပါတယ် ဘုရား)၊ ခွေးပိန်ကလေး တွေများ ဒီအိမ်မှာ ကပ်နေလိုက်တာ မကျွေးဘဲနေလည်း မခွာဘူး (မှန်လှပါ ဘုရား)၊ ဘာဖြစ်လို့ မခွာပါလိမ့်ဆိုတော့ ငါ့အိမ်၊ ငါ့ရာလို့ ထင်နေတယ် (မှန်လှပါ ဘုရား)။

နောက် ဒိဋ္ဌုပါဒါန်ကို ကျေးဇူးပြုတာ

ဘာပါလိမ့်မတုံး၊ ဒိဋ္ဌိ ဥပါဒါန်က နောက်ဘဝက ဥပါဒါန်က ဒီဘဝမှာလည်း သူစွဲလျက်ပဲ၊ ဥပနိဿယ ပစ္စယော ကိုဗျ၊ အရင် လူဖြစ်တုန်းက ဒိဋ္ဌုပါဒါန်က အခုတိရစ္ဆာန်ဖြစ်တော့ လည်း ဒိဋ္ဌုပါဒါန် ကျေးဇူးပြုလျက်ပဲ၊ အရင်လူတုန်းက ဒိဋ္ဌုပါဒါန်ကနေပြီး၊ ယခု တိရစ္ဆာန်ဖြစ်တဲ့အခါလည်း ဒီအိမ်က နှင်ချ လို့ မောင်းချလို့ မသွားဘူး (မှန်ပါ)။

မသွားတာ ဘာ့ကြောင့်ပါလိမ့်မတုံးဆိုတော့ အရင် ဒိဋ္ဌ ပါဒါန်က နောက်ဒိဋ္ဌုပါဒါန်ကို ကျေးဇူး ပြုနေတာ (မှန်လှပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ ဒါဖြင့် ဒကာ ဒကာမတို့ ဒိဋ္ဌုပါဒါန် လောက် ကြောက်စရာ ကောင်းတာများ ဒကာကြွယ် ရှိသေးရဲ့ လား (မရှိပါဘူး ဘုရား)။ မရောက်နိုင်တဲ့ အပါယ်လို့ကော (မရှိပါ ဘုရား)။

ဒါဖြင့် ဒုက္ခတွေ ဘယ်လောက်တုံးဆိုရင် ဘယ့်နှယ် ဆိုကြမတုံး (မရေတွက်နိုင်ပါဘူး ဘုရား)။ ဒါဖြင့် ခုနက ပြော ခဲ့တဲ့ (၅၀)ယူဇနာ ပတ်လည်ရှိတဲ့ ရေမှုန်နှင့်အမျှ ဒုက္ခတွေဟာ ဒိဋ္ဌိသာ ဖြုတ်ကြည့် စမ်းပါ။ ဒီတိရစ္ဆာန်တွေရော၊ ဒီအပါယ်တွေရော ပျောက်၊ မပျောက် (ပျောက်ပါတယ် ဘုရား)။

အပါယ်ရောက်ဖို့ အားအပေးဆုံး

ဒါဖြင့် ဒကာ ဒကာမတို့ ဒိဋ္ဌိဟာ အထက်ဆုံးပဲ (မှန် လှပါ ဘုရား)။ အပါယ်ရောက်တဲ့နေရာမှာ အားအပေးဆုံးပဲ (မှန်ပါ)။ ဆိုထိုက်ပလား (ဆိုထိုက်ပါပြီ ဘုရား)။

“သဟာဝဿ ဒဿန သမ္ပဒါယ တယာသု ဓမ္မာ ဇဟိတာ ဘဝန္တိ”

ဪ ဒုက္ခချုပ်တဲ့ နိဗ္ဗာန်မြင်လိုက်မှပဲ အဲဒီဒိဋ္ဌိကွာတော့ တယ်ကွာ (မှန်ပါ့ ဘုရား)။

ဒီဒိဋ္ဌိ ကွာတော့မှပဲ ‘‘စတူဟာပါယေဟိ စ ဝိပ္ပမုတ္တော’’ ဆိုပြီး အပါယ်လေးပါးမှ ငရဲ၊ တိရစ္ဆာန်၊ အိမ်မြှောင် အစရှိသည်တို့ ပေါ့ ဗျာ၊ အပါယ်လေးပါးမှ လွတ်တော့တယ် ဆိုတာကြည့်စမ်း ဒကာ ဒကာမတို့၊ ဒိဋ္ဌိကြောင့် လွတ်တာ သူဟောထားတာ (မှန်ပါ့)။

“သဟာဝဿ ဒဿန သမ္ပဒါယ တယာဿုဓမ္မာ ဇဟိတွာ ဘဝန္တိ” ဆိုတဲ့ဥစ္စာ သုတ္တနိပါတ် ပရိတ်ကြီးပါဠိတော် များ ဒကာကြွယ် မလာဘူးလားဗျာ။ အဲဒါ ဒိပြင် တရားဖြတ်တာလား ဒိဋ္ဌိပြုတ် သွားလို့ ဒါတွေ ပြုတ်တယ်လို့ ပြောတာလား (ဒိဋ္ဌိပြုတ်သွားလို့ပါ ဘုရား)။ ဒကာ ဒကာမတို့ အရေး အကြီးဆုံးအချက်ဖြင့် ပေါ်ပါပြီ (မှန်ပါ့ ဘုရား)။ ဒိဋ္ဌိပြုတ်ဖို့ အရေးကြီးတယ်။

ဇာမဏီငှက်မျိုးလို့ ပြောချင်နေတယ်

ဒကာ ဒကာမတို့ ယနေ့ အင်မတန် မင်္ဂလာ ရှိတဲ့နေ့လို့ အောက်မေ့ကြပါ (မှန်လှပါ ဘုရား)။ ကျုပ်တို့ သန္တာန်မှာ ခင်ဗျား တို့ ဒိဋ္ဌိသန်ပုံများတော့ မပြောနဲ့တော့ ဒီမြန်မာလူမျိုးဖြစ်တာတောင်မှ အင်း ဇာမဏီငှက်မျိုးလို့ ပြောချင်ပြောနေမှာ (မှန်ပါ)။ အမွေးတစ်ပင် အထိမခံဘူးဟေ့ (မှန်လှပါ ဘုရား)။

အောင်မယ် ဒါတွေက ဒိဋ္ဌုပါဒါန်တွေ (မှန်ပါ)။ တစ်ပင်တည်း မှာ ဒိဋ္ဌိရှိနေတာ (မှန်ပါ)။

တစ်ပင်တည်းမှာ ဘာတုံး (ဒိဋ္ဌိရှိနေတာပါ ဘုရား)။ နှစ်ပင်ကျတော့ အောင်မလေး တစ်ကိုယ်လုံးကို ပြန့်လို့ပါလား (မှန်လှပါ ဘုရား)။

ဒိဋ္ဌိတွေ ပြန့်နေလိုက်တာ ဒကာ ဒကာမတို့ နည်းသ လား (မနည်းပါဘူး ဘုရား)၊ မနည်းဘူးတဲ့၊ အင်း နောက်က နေ ကြည့်လည်း အကြည့်မခံနိုင်ဘူး (မှန်ပါ့)၊ နောက်ကျော ကဟာလည်း ငါပဲ၊ ရှေ့ကနေကြည့်ပြန်လည်း (ငါပါ ဘုရား)၊

အမြင်မတော်တဲ့ ပုဂ္ဂိုလ်က ကိုယ့်ကို မျက်စောင်းထိုးကြမယ်၊ ကြည့်ကြမယ်ဆိုလို့ရှိရင် ဘယ်နေရာကြည့်တာ ခံနိုင်တုံး (မခံနိုင်ပါ ဘုရား)။

ဒကာကြွယ် ဘယ်နေရာကြည့်တာ ခံနိုင်တုံး (မခံနိုင် ပါ ဘုရား)။ ဒကာကြွယ် ဘယ်နေရာ ကြည့်တာ ခံနိုင်သတုံး၊ ရှေ့ကကြည့်လည်း (မခံနိုင်ပါ ဘုရား)၊ ဘေးကကြည့်လည်း (မခံနိုင်ပါ ဘုရား)၊ နောက်ကကြည့်ကော (မခံနိုင်ပါ ဘုရား)၊ အထက်က ကြည့်ကော (မခံနိုင်ပါ ဘုရား)၊ အောက်ကနေ ကြည့်ကော (မခံနိုင်ပါ ဘုရား)၊ မခံနိုင်တာ ဘာဖြစ်လို့တုံး၊ တစ်ခုလုံး ဥပါဒါန်စွဲ (မှန်လှပါ ဘုရား)။

တစ်ကိုယ်လုံးမှာ ဒိဋ္ဌိက စွဲနေတယ်

တစ်ကိုယ်လုံးမှာ အပ်ချစရာ မရှိဘူး၊ ဒိဋ္ဌိကစွဲထားလိုက် တာ (မှန်လှပါ ဘုရား)၊ နည်းသလားဗျာ (မနည်းပါ ဘုရား)။ ဒါဖြင့် ဒိဋ္ဌုပါဒါန်သည် ဒကာ ဒကာမတို့ တစ်ကိုယ်လုံးမှာ ဆံပင် ပေါင်း သုံးကုဋေခြောက်သန်း ရှိတာမှာလည်း ဒိဋ္ဌိက သုံးကုဋေ ခြောက်သန်းရှိတယ် (မှန်လှပါ ဘုရား)။ မရှိဘူးလား (ရှိပါ တယ် ဘုရား)။

ကဲ ဒါဖြင့် ကိုးရာသော အကြောတို့မှာလည်း အကုန်ရှိ နေတာပဲ၊ သုံးရာသော အရိုးမှာကော (ရှိပါတယ် ဘုရား)၊ ဘယ်အရိုး ကြည့်လိုက် ကြည့်လိုက် ဒါ ငါ့ အရိုးလေးပဲ အစရှိ သည်နဲ့ ဒိဋ္ဌိ ဘယ်လောက် ကျယ်ပြန့်တယ် ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဒီဥစ္စာတွေဟာလည်း ဘယ်ဟာထိထိ၊ ဘယ်ဟာ ကြည့်တာ ခံနိုင်တဲ့ (ဘယ်ဟာမှ မခံနိုင်ပါဘူး ဘုရား)။ ဒါဖြင့် ဒိဋ္ဌိ ဘယ်လောက်များသတုံးလို့ မေးရင် ဘယ့်နှယ်ပြောမတုံး (မရေတွက် နိုင်ပါဘူး ဘုရား)။

မရေမတွက်နိုင်အောင်များတော့ ဒိဋ္ဌုပါဒါန်ဖြစ်ပြီး၊ ဒိဋ္ဌုပါဒါန ပစ္စယာ ကမ္မဘဝေါ (မှန်ပါ)။ ကမ္မဘဝ ပစ္စယာ (ဇာတိပါ ဘုရား)။ ဇာတိဆိုတော့ ဒိဋ္ဌိက တစ်ကိုယ်လုံးမှာ သုံးကုဋေ ခြောက်သန်းသော ဆံပင်တို့မှာလည်း ရှိ၊ ကိုးသောင်း ကိုးထောင်သော အမွေးတို့မှာလည်း အမွေး တစ်ပင်ထိ မခံနိုင်ဘူးဆိုတော့၊ ကိုးသောင်းကိုးထောင်တောင် အမွေးလေးတွေက ရှိတယ်၊ အဲဒါ တစ်ပင်အကျွတ်မခံနိုင်ဘူးဆိုတော့ ဒိဋ္ဌိပေါင်း ဘယ်လောက် ဆိုကြမတုံး (မရေတွက်နိုင်ပါ ဘူး ဘုရား)။ ကိုးသောင်းကိုးထောင်ပဲ ဆိုကြပါစို့ (မှန်လှပါ ဘုရား)။

အနတ္တတွေကို အတ္တဖြစ်နေတယ်

ဒကာ ဒကာမတို့ ကိုးသောင်းကိုးထောင်ဟာ အကုန် အနတ္တတွေကို အကုန်အတ္တဖြစ်နေတာဗျ (မှန်ပါ့)၊ သုံးဆယ့်နှစ်ချောင်းသော သူတို့မှာလည်း ဒကာ ဒကာမတို့ ဘယ်အချောင်း မှ အပြုတ် မခံနိုင်ဘူး၊ ဘယ်အချောင်းမှ နာတာ ကျဉ်တာကို လည်း (မခံနိုင်ပါဘူး ဘုရား)၊ ဘယ်အချောင်းမှ သူတစ်ပါးကို လည်း အလကားသက်သက် မပေးနိုင်ဘူး (မှန်ပါ့)၊ မဆိုးဘူး လား (ဆိုးပါတယ်)၊ အင်း ဒိဋ္ဌုပါဒါန် ဘယ်လောက်များ သလဲ (များပါတယ်)။ သဘောကျပလား (ကျပါပြီ ဘုရား)။

ကဲ ဒကာ ဒကာမတို့ ဒိဋ္ဌိ၊ ဒိဋ္ဌိဆိုတော့ အပေါ်ယံပြော တော့ ဒကာအုန်း နည်းနည်းလေး (မှန်ပါ့)၊ အခုတော့ ရှေ့က ကြည့် မခံနိုင်၊ နောက်ကကြည့် မခံနိုင်၊ ဘေးကကြည့် မခံနိုင်၊ အောက်က ကြည့် မခံနိုင်၊ အထက်ကကြည့် မခံနိုင်၊ မခံနိုင်တာ ဟူသ၍သည်ကားလို့ဆိုရင် ငါဟာချည်းမို့ မခံနိုင်တာပဲ (မှန်လှ ပါ ဘုရား)၊ သဘောကျီပလား (ကျပါပြီ ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ ငါ့ဟာဆိုတဲ့ဥစ္စာတောင် မှ ငါ့ကြည့်လည်း မခံနိုင်ဘူး၊ ငါ့ထိလည်း (မခံနိုင်ပါဘူး ဘုရား)။ ဟာ သွားပြီကောဗျ၊ ငါ့ဟာကလည်း နည်းသလား (မနည်းပါ ဘုရား)။ ငါ့ဟာက မြေကြီးမှာ မြေကြီးတစ်မှုန်ဆိုလို့ ရှိရင်ဖြင့် မရေမတွက်နိုင်အောင်ပဲ အမှုန်တွေ များတယ်၊ ဟုတ်လား (တင်ပါ့ ဘုရား)။

အဲဒီ မြေမှုန်ကလေးတခုကိုလည်း တစ်မှုန် အထိမခံ နိုင်တာလည်း ငါ့ဟာရှိနေတာပဲ (မှန်လှပါ)၊ ဒါဖြင့် ဒိဋ္ဌိဘယ် လောက်ကျယ်တယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ အပါယ်ရောက်ကြောင်းဟာ သူ့ကြောင့်ပဲဆိုတာ သိလို့ ဘုရားက သူ့အရင်ဖြုတ်က (မှန်ပါ့)။ ဒါကြောင့်

“သတ္တိယာ ဝိယ သြမဋ္ဌော

ဒယှမာနောဝ မတ္ထကေ။

သက္ကာယဒိဋ္ဌိ ပဟာနာယ

သဘောဘိက္ခူ ပရိဗ္ဗဇေ”

ဘုရားအဆူဆူက ဒါ ဟောရရှာတယ်။

ရင်ဝ လှံစူးတာ ဖြေးဖြေးမှ နှုတ်ချင်နုတ်ကွာတဲ့၊ သူ့အရင် နှုတ်ပစ်တဲ့။ သက္ကာယဒိဋ္ဌိ အရင်နှုတ်၊ ဦးခေါင်း မီးလောင်တာ ဖြေးဖြေးမှ ငြိမ်းချင်ငြိမ်းကွာ၊ ဒကာ ဒကာမတို့ သက္ကာယဒိဋ္ဌိကို (အရင် ဖြုတ်ရမှာပါ ဘုရား)။

များလွန်းလို့ အကျိုးပေးမှာ ဆိုးဝါးလို့

ဘာဖြစ်လို့ သူ့ ဒီလောက်တောင် အရင်အရေးကြီးရ ပါလိမ့်မတုံးဆိုလို့ရှိရင်ဖြင့် များလွန်းလို့၊ အကျိုးပေးမှာ ဆိုးဝါးလွန်းလို့ ၊ ဆိုထိုက်၊ မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ တိရစ္ဆာန်တွေ ငရဲရောက်နေတာတွေ (ဒိဋ္ဌုပါဒါန်ကြောင့်ပါ ဘုရား)။

ပြိတ္တာတွေ အိမ်နားရစ်သီပြီး နေတာတွေ (ဒိဋ္ဌုပါဒါန် ကြောင့်ပါ ဘုရား)။ ဒိဋ္ဌုပါဒါန်ကြောင့်ပဲ ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။ ။

ကိုင်း ဘဝများစွာ တစ်ခါတည်း ဒီအိမ်မှာချည်းလာပြီး သကာလ ဒီလင်၊ ဒီသားကို လုပ်ကျွေး နေတာတွေကော (ဒိဋ္ဌ ပါဒါန်ပါ ဘုရား)၊ ဒီသားသမီးကို လုပ်ကျွေးနေနိုင်တာတွေကော (ဒိဋ္ဌုပါဒါန်ပါ ဘုရား)။ ငါမှ မကျွေး ဘယ်သူ့ကျွေးမတုံး၊ ဘယ်သူက ပြောနေတာတွေတုံး (ဒိဋ္ဌုပါဒါန်ကပါ ဘုရား)။

ငါ့ဟာတွေ ငါမှမကျွေး ဘယ်သူ့ကျွေးမတုံး၊ ဟော ငါရယ်၊ ငါ့ ဟာရယ် လုံးပြီး သကာလ ၊ တစ်ခါတည်း ဒကာ၊ ဒကာမတွေမှာ ဖြစ်နေလိုက်တာ၊ တစ်ခါတည်း မဂ်လမ်း၊ ဖိုလ် လမ်းကို ရှာခွင့် မပေးအောင် ပိတ်ထားတာလည်း ဘယ်သူတုံး (ဒိဋ္ဌုပါဒါန်ပါ ဘုရား)။

ငါလည်း ရှိနေပြန်တယ်၊ ငါ့ဟာတွေလည်း ငါမွေးထား ပြန်တယ်၊ ငါ့ဟာ ငါ မွေးထားတာမှ ငါမကျွေးလို့ရှိရင်ဖြင့် ငါခွေး ဖြစ်ချည်ရဲ့၊ မဆိုဘူးလား (ဆိုပါတယ် ဘုရား)။ ခွေးဖြစ်မှာက ဒကာ ဒကာမတို့ အနီးလေးနော် (မှန်လှပါ ဘုရား)။ အပါယ်က ဒိထက်ဝေးတယ်၊ ခွေးဖြစ်ရင် ကံကောင်းတယ် အောက်မေ့ (မှန်လှပါ ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။ ။

အဲတော့ ဒကာကြွယ်တို့ကလည်း မင်းဟာကွာ၊ လူစိတ် ကလေးများ ပေါက်စမ်းပါ၊ ကိုယ့်သား၊ ကိုယ့်သမီး အမှတ်တရ ထားစမ်းပါ၊ အောင်မယ် ဒကာကြွယ်ကလည်း သက္ကာယဒိဋ္ဌိတော့ အဟောကောင်းဗျ (မှန်လှပါ ဘုရား)။ ရိပ်မိပလား (ရိပ် မိပါပြီ ဘုရား)။

အပါယ်သွားရမှာ

ကိုယ့်သား၊ ကိုယ့်သမီးရယ်လို့များ အမှတ်ကလေးများ ထားစမ်းပါဦးကွ။ ဒီလို အမှတ်မထားလို့ရှိရင် လူ့တိရစ္ဆာန်ဖြစ်နေ ရော့မယ်၊ အင်း သူတိရစ္ဆာန် ဖြစ်တယ် ဆိုတာ တော်တော် သေး တယ် (မှန်ပါ့)။ အပါယ်သွားရမှာ၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ သက္ကာယဒိဋ္ဌိဟာ ဒိပြင်တရား ထက် အရေးကြီးတယ်ဆိုပြီး ဘုရားက ရင်ဝလှံစူး၊ ဦးခေါင်းမီးလောင်တာထက် ပိုမိုပြီး သကာလ သူ့နုတ်ပယ်ရမယ်ဆိုတာ ဟော သင့်၊ မဟောသင့် (ဟာသင့်ပါတယ် ဘုရား)။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒကာကြွယ်ကလည်း (၆၀) ကျော်ပြီ။ ဒီသမီးနဲ့၊ ဒီသားနဲ့ ဒီမြေးနဲ့ ကို နှုတ်၏ စောင်မခြင်း၊ ကိုယ်၏ စောင်မခြင်း၊ ငယ်တုံး ကလည်း ဆောင်မခဲ့ပါပြီ၊ ထမ်းပိုးလည်း ကျွေးခဲ့ပါပြီ၊ စိတ်ပူ၊ ကိုယ်ပူ တွေနဲ့ လုပ်ခဲ့ပါပြီ၊ တော်ပါ တော့၊ ရပ်ပါတော့ဆိုတော့ ဒိဋ္ဌုပါဒါန်က ရှိနေတယ် (မှန်လှပါ ဘုရား)၊ မရပ်နိုင်ဘူးဘုရာ့။

ကိုယ့်ဟာကို မျက်လုံးလည်း မကောင်းဘူး၊ အားလည်း မကောင်းဘူး၊ မကောင်းပေမယ့်လည်း ဆောင်မပြီး သကာလ လူကြီး ဆိုတာထိုင်ပြီး သကာလ ၊ ဒိဋ္ဌုပါဒါန်နဲ့နေလည်း တော်သေး တယ်၊ ဒီလိုဖြစ်နေကြတာ (မှန်လှပါ)။ အိမ်က နှင်ထုတ်လို့မရတာ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။ ဘာစွဲနေလို့တုံး (ဒိဋ္ဌုပါဒါန် စွဲနေလို့ပါ ဘုရား)။

ငါမရှိ ခက်လိမ့်မယ်လို့ လုပ်မနေနဲ့

ဪ ငါ့အိမ်၊ ငါမရှိ ကျီးနဲ့ဖုတ်ဖုတ် ဖြစ်ချည်ရဲ့၊ ဘယ့်နှယ်တုံးဗျ၊ ဒိဋ္ဌုပါဒါန်လေ၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။ ဪ ငါများမရှိ ခက်ရဲ့ ကိုး။ ဪ ငါရှိနေသေး လို့ တော်-တော်သေးရဲ့ ၊ ငါမရှိရင် ဘာတုံး (ခက်ချေရဲ့ ပါ ဘုရား)။

ဪ ငါမရှိပါဘူး၊ စိတ်သာချပါ၊ တော်ကြာ ငါတည်း ဟူသော ဒိဋ္ဌိစွဲတာနဲ့ ငါမရှိပါဘူး၊ စိတ်သာ ချနေ ဒကာ ဒကာမတို့၊ ငါမရှိခက်ပါလိမ့်မယ်လို့ လုပ်မနေနဲ့ ၊ ခက်မည့်သူက နောက်မှ ကိုယ်က အရင်ခက်မှာ (မှန်ပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒကာ ဒကာမတို့ ဒီအိမ်ကလူတွေဟာ ဒီအသက် ဒီအရွယ်ကျအောင် ဒီသား၊ သမီး၊ ဒီမြေး၊ ဒီမြစ်၊ ဒီအိမ်၊ ဒီရာ၊ ဒီမြေနားက မခွာနိုင်တာတွေ ဒကာကြွယ် စဉ်းစားစမ်း (ဒိဋ္ဌုပါဒါန်ပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ ဘယ် သူ့ကြောင့်တုံး (ဒိဋ္ဌုပါဒါန်ကြောင့်ပါ ဘုရား)။

မိဘများ ခေါင်းချသွားတာတဲ့

တချို့များ ဒကာ ဒကာမတို့ အိမ်မှာ အမိုးလည်း မရှိဘူး၊ အကာလည်း မရှိဘူး၊ ချတွေ ဘာတွေက စားလို့၊ မိုးရွာ၊ ဟိုနေရာ ထီးဆောင်းခို၊ ဒီနေရာ ထီးဆောင်းခို၊ ရွှေ့ ပါတော့လားလို့၊ အို က မိဘများ ခေါင်းချသွားတာတဲ့၊ ဒိဋ္ဌုပါဒါန်က မလာဘူးလား (လာပါတယ် ဘုရား)။

ဘယ်လောက်များ ဆိုးတယ် ဆိုတာ၊ ကောင်းလို့ ခင်တာ လား၊ မကောင်းဘဲနဲ့ကော (ခင်ပါတယ် ဘုရား)။ မကောင်း လည်း ဒီနေရာ စွဲလမ်းတာပဲနော် (မှန်လှပါ ဘုရား)။ ကောင်း လည်း (စွဲလမ်းပါတယ် ဘုရား)။ ဘယ်သူပါလိမ့် (ဒိဋ္ဌုပါဒါန် ပါ ဘုရား)။ ဒိဋ္ဌုပါဒါန်ဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒီတိုက်ကျမှ အကျိုးပေးတယ်တဲ့

ကိုင်း ဒါဖြင့် ဒီတိုက်ကလေး ကျမှ အကျိုးပေးတယ်၊ ဒီနေရာလေး ရွှေ့မိမှပဲ နေရာကျတယ်၊ ဒီနေရာတော့ ဘယ်လောက် ပေးပေး မရောင်းဘူး၊ ဘာတုံးဗျ (ဒိဋ္ဌုပါဒါန်ပါ ဘုရား)။ အမယ်လေး ကြောက်စရာကြီးပါလား (မှန်လှပါ ဘုရား)။

သေလည်း ဒီနေရာပေါ့ ဗျာ (မှန်လှပါ ဘုရား)။ အင်း နောက်တစ်ခါ ပြန်ဖြစ်တော့ကော (ဒီနေရာပါ ဘုရား)။ နောက်တစ်ခါ ဒီနေရာပြန်ဖြစ်တော့ အရင်လူတော့ မဖြစ်တော့ဘူး (မှန်လှပါ ဘုရား)၊ အိမ်မြှောင်တို့၊ ကြွက်တို့ပဲ ဖြစ်တော့မယ်။ သဘောကျပလား (ကျပါပြီ ဘုရား)၊ ဘယ်သူက ဖြစ်စေတာတုံး (ဒိဋ္ဌုပါဒါန်က ဖြစ်စေတာပါ ဘုရား)။ ။

ကိုင်း ဒါဖြင့် ဒကာ၊ ဒကာမတို့ ဘာလုပ်ကြမတုံး (ဒိဋ္ဌုပါဒါန် ပြုတ်ရမှာပါ ဘုရား)၊ ဒိဋ္ဌုပါဒါန် ဖြုတ်ရလိမ့်မယ်နော် (မှန်လှပါ ဘုရား)။

အခု ဒကာ ဒကာမတွေမှာ အိုလည်း မအား၊ နာလည်း မအား၊ သေလည်း မအား၊ သေခါနီးလည်း မအားဘူး (မှန်လှ ပါ)။ အိုတာ မအားတာက ဒကာ ဒကာမတို့ သိတဲ့အတိုင်းတဲ့ အိုပေမယ့်လည်း ကိုယ်၏ ဆောင်မခြင်း၊ နှုတ်၏ ဆောင်မခြင်း မပါဘူးလား (ပါပါတယ် ဘုရား)၊ ဒိဋ္ဌုပါဒါန် ဘယ်လောက် ကြီးကျယ်တယ်ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

သေခါနီး ကိုယ်သေမှာ အရေးမကြီးဘူး၊ ငါရှိတုန်းကို သွားပြီးတော့ တောင်းချေ၊ ငါမရှိ နင်ခက်လိမ့်မယ်၊ အမလေး ဒိဋ္ဌုပါဒါန်ဟ (မှန်လှပါ ဘုရား)။ ဗျာတိဒုက္ခသစ္စာ ရောက်နေ တာကို ဒုက္ခသစ္စာပါလားလို့ နှလုံးသွင်းခိုင်းသလား၊ ငါမရှိ ခက် လိမ့်မယ်လို့ ပြောခိုင်းသလား (ငါမရှိ ခက်လိမ့်မယ်လို့ ပြောပါတယ် ဘုရား)။ အမယ်လေး ကြောက်စရာကြီးပါလား ဒကာ ဒကာမတို့ (မှန်လှပါ ဘုရား)။

သေခါနီး မှာတမ်းရေးတယ်

ဘယ်သူက အပြောခိုင်းတာတုံး (ဒိဋ္ဌုပါဒါန်ကပါ ဘုရား)။ အဲဒါ သေခါနီးမှာ မှာတမ်းများ ရေးနေလိုက်သေးတယ်၊ ဘယ်သူက အရေးခိုင်းတာပါလိမ့် (ဒိဋ္ဌုပါဒါန်ကပါ ဘုရား)။

ဘယ်သူ့ဆီမှာ ဘယ်လောက်ရှိတယ်၊ ဘယ်ဝါဆီမှာ ဘယ်လောက်ရှိတယ်၊ ဘယ်မှာ နှင့်အမျိုးရှိတယ် အစရှိသည်နဲ့ လူကြီးပီပီ ဒိဋ္ဌုပါဒါန်တွေက လာလိုက်တဲ့ဖြစ်ခြင်း နည်းသလား (မနည်းပါဘူး ဘုရား)။

ဆွေတွေ မျိုးတွေ ပြတ်ကုန်လိမ့်မယ်၊ ရစရာ ယူစရာတွေ ဟာ ခက်ကုန်လိမ့်မယ်ဆိုပြီး၊ သေခါနီးလည်း ဒိဋ္ဌုပါဒါန်သာ လာတာပဲ (မှန်လှပါ ဘုရား)။ အင်း ဗျာဓိ ပိ ဒုက္ခံ၊ မရဏံပိ ဒုက္ခ ဆိုပြီး ဒုက္ခသစ္စာကြီးများ နှလုံးသွင်းမလား အောက်မေ့ တယ် မဟုတ်သေးဘူး၊ ငါမရှိ အကုန် ခက်ကုန် လိမ့်မယ်၊ နင်တို့ မသိတာတွေ တစ်ပုံကြီး ကျန်နေသေးတယ်၊ ကဲ ရေးကြ၊ မှတ်ကြဟ၊ ဘာခိုင်းတာတုံး ဒါ (ဒိဋ္ဌုပါဒါန် ခိုင်းတာပါ ဘုရား)။ ဟုတ်မှဟုတ်ပါ့မလား (ဟုတ်ပါတယ် ဘုရား)၊ ကြောက်စရာ မကောင်းဘူးလား (ကောင်းပါတယ် ဘုရား)။

ဒါဖြင့် သေခါနီးမှာ အရင်တုန်းက လုပ်ခဲ့တာတွေ၊ ဒိဋ္ဌုပါဒါန်တွေ အားမရတာနဲ့ သေခါနီး ဖြည့်စွက်ယူသွားပြီး၊ မပြန် လမ်းသွားမယ်လို့ လုပ်လိုက်သေးတယ် (မှန်လှပါ ဘုရား)။ ဒီ အဓိပ္ပါယ် မရောက်ဘူးလား၊ ရောက်သလား (ရောက်ပါတယ် ဘုရား)။ ဒါ နှိမ့်ချပြောတာမဟုတ်ဘူး၊ ဒိဋ္ဌုပါဒါန် ဆိုတာကို ပြောတာ (မှန်လှပါ ဘုရား)။

အကုသိုလ်တွေ အသာထားစမ်းပါ

ဒကာကြွယ် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။ ဘယ် လောက်ဆိုးတုံး (ဆိုးပါတယ် ဘုရား)။ ဒါဖြင့် ဒိပြင် အကုသိုလ် တွေ အသာထားစမ်းပါဦး။ ဒိဋ္ဌုပါဒါန်အရင်ဖြုတ်ကြပါစို့ (မှန်လှပါ ဘုရား)။ ဒကာကြွယ် ဘာလုပ်ရမတုံး (ဒိဋ္ဌုပါဒါန် အရင်ဖြုတ်ရမှာပါ ဘုရား)။

ဒိဋ္ဌုပါဒါန် အရင်ဖြုတ်လိုက်တော့ ဒကာ ဒကာမတို့ အပါယ်လေးပါးလွတ်တယ်ဆိုတော့ တော်တော် နေရာကျနေပြီ မဟုတ်လားဗျာ (ကျပါပြီ ဘုရား)။ ကဲ ဒါဖြင့် အလုပ်တကာ အလုပ်ထဲမှာ အရေးအကြီးဆုံး အလုပ် ယနေ့စပြောပါတယ်ဆိုတာ ဒကာ၊ ဒကာမတွေ သိကြပါပြီ (မှန်လှပါ ဘုရား)။

ဘာအရင်လုပ်ရမှာတုံး (ဒိဋ္ဌုပါဒါန် အရင်လုပ်ရမှာပါ ဘုရား)။ ဘုန်းကြီး၏ သဘော၊ ဘုရား၏ စိတ်ထား နှစ်ခုစလုံး ရှင်းပြပါမယ် ဒကာ ဒကာမတို့ (မှန်ပါ့)။

ဒိဋ္ဌိကို ရှေ့ထားဖြုတ်ပါ

ဒိဋ္ဌိအရင်ဖြုတ်ပြီး လှူတာ သာကောင်းတယ် (မှန်လှပါ ဘုရား)။ ဒိဋ္ဌိကို ရှေ့ထားဖြုတ်၊ ပြီးတော့မှ အလှူအတန်းတွေ လုပ်၊ အင်မတန်ကောင်းတယ် (မှန်ပါ့ ဘုရား)။

နို့မဟုတ် ဒိဋ္ဌိပါတဲ့ အလှူ ဆိုလို့ရှိရင်ဖြင့် တစ်ခါတည်း ဒကာ ဒကာမတို့ မဂ်ဖိုလ်တားချ လိုက်တာ၊ သုဂတိတော့ မတားဘူး။ တစ်နေ့က တစ်ခါပြောတယ်မဟုတ်လား (ပြောပါတယ် ဘုရား)။ ဒိဋ္ဌိပါတဲ့သူဟာ မဂ်ဖိုလ်ကျတော့ ရရဲ့လား (မရောက်ပါ ဘုရား)။ အင်း သုဂတိတော့ (ရောက်ပါတယ် ဘုရား)။

ဒိဋ္ဌိသတ္တိ၊ သဘောကျပလား (ကျပါပြီ ဘုရား)။ ကဲ ဒိဋ္ဌိပြုတ်ပြီးတဲ့ အခါကျလို့ရှိရင်ဖြင့် နတ်ရွာ သုဂတိလည်း မတား ဘူး၊ နိဗ္ဗာန်ကော (မတားပါဘူး ဘုရား)၊ ဒါဖြင့် သူ့ရှေ့ ထား လုပ်ရမှာလား၊ နောက်ထားလုပ်ရမှာလား (ရှေ့ထားလုပ်ရမှာ ပါ ဘုရား)။

အဲတော့ ဒကာကြွယ်တို့၊ ဪ အရေးကြီးတယ် ဆိုတာ ပေါ်လာတယ် (မှန်လှပါ ဘုရား)၊ မပေါ်လာဘူးလား (ပေါ်ပါ တယ် ဘုရား)။

ဒိဋ္ဌိဘယ်မှာစွဲသတုံး

ကဲ ဒါဖြင့် ဒိဋ္ဌိဘယ်နေရာစွဲသတုံးလို့ မေးဖို့ မလိုဘူး လား (လိုပါတယ် ဘုရား)။ အို ဒိဋ္ဌိစွဲတာ ဒကာ ဒကာမတို့ ခန္ဓာငါးပါးမှာစွဲတယ်၊ ဘယ်မှာစွဲသတုံး (ခန္ဓာငါးပါးမှာ စွဲပါတယ် ဘုရား)။ အဲဒီ ခန္ဓာငါးပါးမှာ စွဲတယ် (မှန်လှပါ ဘုရား)။

ခန္ဓာငါးပါး ဘယ်လိုများ စွဲသတုံးလို့ဆိုရင်ဖြင့် ငါ့ မကြည့်နဲ့ လာပြီဗျ၊ ငါ့မကြည့်နဲ့ဆိုတော့ သူ့အဆင်း ရုပ်ကို “ငါ” လုပ်ထားတာ (မှန်လှပါ ဘုရား)။ ငါ့မကြည့်နဲ့ ဆိုတော့ ဟိုက ဒကာ ဒကာမတို့ အူ၊ အသည်းကြည့်တာလား၊ အဆင်းကြည့်တာလား (အဆင်းကြည့်တာပါ ဘုရား)။

ရုပ်ကို ငါစွဲတယ်

ဖြူတာဖြင့် ဖြူတဲ့ အသားအရေ အဆင်းပေါ့ဗျာ (မှန်ပါ့)။ ညိုတာဖြင့် ညိုတဲ့ အသားအရေ အဆင်း မကြည့်ကြဘူးလား (ကြည့်ပါတယ် ဘုရား)။ အဲဒီအဆင်းရုပ်ကို ဒကာ ဒကာမတွေက ငါ့မကြည့်စမ်းနဲ့ ဆိုတာ အဆင်းရုပ်ကို ငါလုပ်ပစ်လိုက်တာ (မှန်လှပါ ဘုရား)။

ရူပက္ခန္ဓာ ဘာလုပ်လိုက်ပါလိမ့် (ငါလုပ်လိုက်ပါတယ် ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ အဲတော့ ဒါဖြင့် ရူပက္ခန္ဓာကိုလည်း ဒိဋ္ဌိက စွဲတာပဲ၊ ရူပက္ခန္ဓာဆိုတဲ့ အဆင်းရုပ်ကို ဒကာ ဒကာမတို့က အဆင်းရုပ်လို့လည်း မသိ၊ အနိစ္စလို့လည်း မသိ၊ ဒုက္ခသစ္စာလို့လည်း မသိသေးသ၍ ကာလပတ်လုံးဖြင့် ဒီ “ငါ”က မခွာဘူး (မှန်လှပါ ဘုရား)၊ သဘောကျပြီနော် (ကျပါ ပြီဘုရာ)။

ကဲ တစ်ခါသွားပါဦး၊ ဝေဒနာ၊ ဝေဒနာဆိုတော့ ဒကာ ကြွယ်တို့ ထမင်းလေးဘာလေး စားကောင်းတဲ့အခါကျတော့၊ အင်း ဝမ်းသာရဲ့ လားလို့ မေးရင် ဘယ့်နှယ်ပြောကြမတုံး (ဝမ်းသာ ပါတယ် ဘုရား)။

ဝေဒနာကို ငါခွဲတယ်

ဒကာသစ်ကော စားကောင်းတဲ့အခါ (ဝမ်းသာပါတယ် ဘုရား)။ ဘာဖြစ်လို့တုံး၊ ငါစား ကောင်းလို့ ဟေ့၊ ဝမ်းပဲသာရ သေးတယ်၊ တစ်နေ့ကလိုတော့ ငါအခက်ကြီးကွ၊ တစ်နေ့ကတော့ ဘာစားစား ခါးနေတာပဲ၊ အခုတော့ဖြင့် ငါ ဘာစားစား ချိုလာပြီဟေ့၊ အင်း ဝေဒနာကို ဘာစွဲ လိုက်ပြန်တုံး (ငါ စွဲတာပါ ဘုရား)၊ ငါစားကောင်းလာပြန်တယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အေး ငါမပြောရင် ခက်လိမ့်မယ်၊ ငါမပြောရင် ခက် လိမ့်မယ်၊ ဒီကလေးတွေက ကိုယ့်ဟာ သူ့ဟာရယ်လို့ သိတာ မဟုတ်ဘူး၊ ဟော အခု ငါပြောလိုက်လို့ တော် တော်သေးတယ် ဆိုတော့ မှတ်ထားတာလေး မှတ်ထားတဲ့ သညာလေး သူပြော လိုက်တော့ တည့်မသွားဘူးလား (တည့်သွားပါတယ် ဘုရား)။

သညာကို ငါစွဲတယ်

အဲဒါက သညာကို “ငါ” ထင်လိုက်တာ (မှန်ပါ)။ ငါ မပြောရင် အလွဲပေးလိုက်မှာ၊ သူကတော့ မှတ်ထားတယ်၊ မှတ် ထားတော့ ဟိုကလေးက အလွဲပေးသေးရဲ့ လား (မပေးပါဘူး ဘုရား)။ မပေးဘူး၊ လူကြီးက “ငါ” မှတ်ထားတာကိုးဗျ၊

အဲဒါကြောင့် ငါမရှိ ခက်မယ်ဆိုတာ ဒါပြောတာ (မှန်လှပါ ဘုရား)။ အင်း သညာကို ငါစွဲနေတာ (မှန်လှပါ ဘုရား)။ သဘောကျ ပလား (ကျပါပြီ ဘုရား)။

ဒီဆိုင်မှာ သူတို့သာ ပစ်ထားလိုက်မယ်ဆိုရင်ဖြင့် ဒီအဖိုးနဲ့ ဒီစာနဲ့ ကပ်ထားတာတောင်မှ တည့်အောင် မရောင်းနိုင်ဘူး။ ငါများမရှိ ဘယ်နှယ်လုပ်မတုံး။ အခုကြည့်စမ်း သူတို့ဆွဲရမ်းပြီး ပေးလိုက်တာ အလွဲကြီး၊ ငါရှိလို့ ပြင်ပေးလိုက်လို့သာ တော် သွားသေးတယ် ဆိုတော့ ကိုယ်မှတ်ထား တာလေးကို ငါထင်နေ တာ (မှန်လှပါ ဘုရား)၊ သညာကို ဘာထင်နေတုံး (ငါထင် နေပါတယ် ဘုရား)။

စေတနာကို ငါစွဲတယ်

စေတနာကို ငါထင်တဲ့နေရာက ဒကာ ဒကာမတို့ အများ ကြီးရှိပါသေးတယ်တဲ့၊ စေတနာ ငါထင်တာက စေတနာဗျ။ အဲဒါ ငါသွားချင်ပြန်ပြီဆိုတော့ စေတနာကို ငါ မစွဲဘူးလား (စွဲပါတယ် ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အဲတော့ကို ဒကာ ဒကာမတို့ ငါဝမ်းသာလိုက်တာ၊ ငါ ဝမ်းနည်းလိုက်တာ၊ မပြောကြဘူးလား (ပြောပါတယ် ဘုရား)။ ငါဝမ်းနည်းတယ်၊ နင်တို့အတွက် ငါဝမ်းနည်းတယ်၊ အမယ်လေး ဒေါမနဿကို ငါစွဲပြန်တယ် (မှန်ပါ)။ နင်တို့အတွက် ကွယ်ရာ ကနေ ကြည့်တဲ့အခါကျတော့ ငါဝမ်းသာပါတယ် ဆိုတော့ ဝမ်းသာတာက လောဘ၊ လောဘစိတ်ကို ငါစွဲလိုက်ပြန်ပြီ၊ ဆိုတော့ ခန္ဓာငါးပါးကို ဘာချည်း စွဲနေတာတုံး (ငါချည်း စွဲနေပါတယ် ဘုရား)။

ငါမပြုတ်သ၍ ငါ့ဥစ္စာမပြုတ်

ငါချည်းစွဲနေတော့ ခန္ဓာငါးပါးနဲ့ ရှာထားတဲ့ ပစ္စည်းတွေ ကျတော့ ငါ့ဥစ္စာဖြစ်လာတယ် (မှန်လှပါ ဘုရား)၊ ခန္ဓာငါးပါး ငါစွဲလိုက်တော့ သူရှာထားတဲ့ ပစ္စည်းတွေကျတော့ (ငါ့ဥစ္စာ ဖြစ် ပါတယ် ဘုရား)။ အဲတော့ ငါမပြုတ်သ၍ ဥစ္စာ ပြုတ်ပါ့မလား (မပြုတ်ပါဘူးဘုရာ)။ အဲဒါကို ဒကာ၊ ဒကာမတွေက ငါ မဟုတ်၊ ငါ့ဥစ္စာမဟုတ်ဆိုပြီး သကာလ ဉာဏ်ထဲမှာ ရှင်းထား ရမယ် (မှန်လှပါ ဘုရား)။ စွန့်ရမယ်လို့ မဆိုပါဘူး (မှန်လှပါ)။

သုညတဖြစ်အောင် ကြည့်ပါ

ငါမဟုတ်၊ ငါ့ဥစ္စာ မဟုတ်လို့ သိထားရမယ် (မှန်လှပါ ဘုရာ)။ အဲဒါကို ဒကာ၊ ဒကာမတို့ သုညတဖြစ်အောင် ကြည့် ထားပါလို့ မောဃရာဇရဟန်း ဟောထားတဲ့နေရာ အင်မတန် ထင်ရှားပါတယ် (မှန်လှပါ ဘုရား)၊ သဘောကျပလား (ကျပါ ပြီ ဘုရား)။

‘‘သုညတော လောကံ အဝေက္ခဿု မောဃရာဇ သဒါသတော၊ အတ္တာနု ဒိဋ္ဌိံ ဥဟစ္စ ဧဝံ မစ္စုတရောသိယာ ဧဝံလောကံ အဝေက္ခန္တံ၊ မစ္စုရာဇာ နပဿတိ’’ (သုတ္တနိပါတ်,၄၄၈)

ဆိုပြီး သုတ္တနိပါတ် ပါဠိတော်များမှာ သေချာဟောထား တယ် (မှန်လှပါ)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ငါ၊ ငါ့ဥစ္စာ ပြုတ်မှသာ လျှင် ဒိဋ္ဌိက ပြုတ်မယ် (မှန်လှပါ ဘုရား)။ ဒိဋ္ဌိပြုတ်မှ ဒိဋ္ဌုပါဒါန် က ဘယ့်နှယ်တုံး (ပြုတ်မှာပါ ဘုရား)။ ဒါဖြင့် အဲဒီ ငါ၊ ငါ့ဥစ္စာ ကို ငါ၊ ငါ့ဥစ္စာမဟုတ် ဆိုတဲ့ သုညတဖြစ်အောင် လုပ်လိုက်ပါ (မှန်လှပါ ဘုရား)။ သဘောကျပလား (ကျပါပြီ ဘုရား)။

သုညတဖြစ်အောင် လုပ်ပါ

ဒါဖြင့် သုညကဖြစ်အောင်လုပ်ပါလို့ဆိုတော့ ဒကာ ဒကာမတို့ ရုပ်နာမ်ကွဲရုံနဲ့ ဒကာအုန်း မပြီးသေးဘူး (မှန်လှပါ ဘုရား)။ ဉာတပရိညာနဲ့ မပြီးသေးဘူး၊ ဖြစ်ပျက်တာကို မြင်မှသာလျှင်တဲ့ တိရဏပရိညာဆိုတဲ့ ဖြစ်ပျက်တာကို မြင်မှသာလျှင် ဪ ငါ၊ ငါ့ဥစ္စာမဟုတ်လို့ ဖြစ်ပြီးပျက်တာကို (မှန်လှပါ ဘုရား)။

ငါ၊ ငါ့ဥစ္စာ မဟုတ်လို့ (ဖြစ်ပြီးပျက်တာပါ ဘုရား)။ အဲဒီ ဖြစ်ပျက်မြင်မှ သာလျှင် သူ့ဟာက တိရဏပရိညာနဲ့ ငါ၊ ငါ့ဥစ္စာဆိုတဲ့ အတ္တနဲ့ အတ္တနိယပြုတ်တယ် (မှန်လှပါ ဘုရား)။ သဘောကျပလား (ကျပါပြီ ဘုရား)။

ဖြစ်ပျက်မြင်အောင်ကြည့်လို့ရှိရင် ငါ၊ ငါ့ဥစ္စာ ဘယ်နှယ်နေတုံး (ပြုတ်ပါတယ် ဘုရား)။ အဲဒါကြောင့် ဒကာ ဒကာမတို့ ဝေဒနာကြိုက်တဲ့ပုဂ္ဂိုလ် ဖြစ်ပျက်၊ စိတ်ကလေးတွေပေါ်လာရင် (ဖြစ်ပျက် ရှုရမှာပါ ဘုရား)။ အင်း ငါ၊ ငါ့ဥစ္စာချည်း အဖြုတ် ခိုင်းတာ (မှန်လှပါ ဘုရား)။ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒီက သုညတဖြစ်မှ နိဗ္ဗာန်ရောက်မှာ

အင်း ရုပ်ကလေးတွေ ပေါ်လာလည်း (ဖြစ်ပျက် ရှုရမှာပါ ဘုရား)။ ဘာအဖြုတ်ခိုင်းတာတုံး (ငါ၊ ငါ့ဥစ္စာ အဖြုတ်ခိုင်းတာပါ ဘုရား)။ အဲဒါ ဘာဖြစ်လို့ အဖြုတ်ခိုင်းတာ တုံးလို့ မေးတဲ့အခါကျတော့ ငါ၊ ငါ့ဥစ္စာ ဖြုတ်လိုက်လို့ရှိရင် သုညတဓမ္မ ဖြစ်သွားပြီ (မှန်လှပါ ဘုရား)။

သုညတဓမ္မဆိုတာ ငါမှလည်း ဆိတ်သုဉ်းတယ်၊ ငါ့ဥစ္စာ မှလည်း (ဆိတ်သုဉ်းပါတယ် ဘုရား)။ အဲဒါ ဘာခေါ်ကြမတုံး (သုညတ ဓမ္မပါ ဘုရား)။

ဒါကြောင့် ‘‘သုညတော လောကံ အဝိက္ခဿု၊ သဘောကျပလား (ကျပါပြီ ဘုရား)။ သုညတော- ဒီက သုညတဖြစ်မှ ဟိုသုညတ နိဗ္ဗာန်ရောက်မှာဗျ (မှန်လှပါ ဘုရား)။

ရုပ်နာမ်က သုညတဖြစ်မှ

ရုပ်နာမ်က သုညတဖြစ်ပါမှ နိဗ္ဗာန်တည်းဟူသော သုညတ နိဗ္ဗာန်ရောက်မယ် (မှန်လှပါ ဘုရား)။ ဒီက သုညတမဖြစ်ရင် ဟိုက သုညတနိဗ္ဗာန် ရောက်ချင်လို့ (မရပါဘူး ဘုရား)။

ဪ ဒီလိုအဆက်ပါလားဆိုတာလည်း ယနေ့ ရိပ်မိရမယ် (မှန်ပါ ဘုရား)။

ရုပ်နာမ်က သုညတ မဖြစ်ခဲ့သော် နိဗ္ဗာန်သုညတကို (မရပါဘူး ဘုရား)၊ ကိုမရနိုင်ဘူး (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ဒါဖြင့် ဒကာ ဒကာမတို့ အင်မတန် အရေးကြီးပေါ့ဆိုတာ သဘောပါပလား (ပါပါပြီ ဘုရား)။

ကြိုက်တာတစ်ခုခု ဖြစ်ပျက်ရှု

ဒါဖြင့် ရုပ်ပေါ်လည်း ဖြစ်ပျက်ရှုရလိမ့်မယ်၊ ဝေဒနာပေါ် ရင်လည်း (ဖြစ်ပျက်ရှုရမှာပါ ဘုရား)၊ သညာပေါ်ကော (ဖြစ် ပျက်ရှုရမှာပါ ဘုရား)။ အင်း စိတ်တွေပေါ်ရင်ကော (ဖြစ်ပျက် ရှုရမှာပါ ဘုရား)။ အဲ ကြိုက်တာတစ်ခုခုရှု၊ အကုန်သူနဲ့ အတူ တကွ ဖြစ်ပျက် ဖြစ်ကြမှာပဲ (မှန်လှပါ ဘုရား)။

ဒါကြောင့် ပဉ္စက္ခန္ဓာအနိစ္စ ဆိုတော့ တစ်ခုအနိစ္စဖြစ်ရင် ကျန်တာ အနိစ္စပဲ ၊ သဘောကျပလား (ကျပါပြီ ဘုရား)။ ဒါဖြင့် ဒကာ၊ ဒကာမတို့ တစ်ခုခုဖြင့် စိတ်ကြိုက်ရင် စိတ်ချည်းဖြစ်ပျက်ရှုကြ (မှန်လှပါ ဘုရား)။ ဝေဒနာကြိုက်ရင် (ဝေဒနာရှုပါ ဘုရား)။

ဖြစ်ပျက်မြင်ရင် ဒုက္ခသစ္စာမြင်ပြီ

ဘာမှ တပည့်တော် မရှုချင်ဘူးဘုရား၊ ပေါ်လေသ၍ ဒုက္ခသစ္စာချည်း ရှုမယ် ဆိုရင်လည်း ဖြစ်ပျက်မြင်ရင် ဒုက္ခသစ္စာ မြင်တာပဲ (မှန်လှပါ ဘုရား)။ အဲဒီကဲ့သို့ ရှုလို့ရှိရင်ဖြင့် ငါ၊ ငါ့ဥစ္စာ မှ မဆိတ်သုဉ်း သေးဘူးလား၊ ဆိတ်သုဉ်းလို့ရှိရင် ဒါသုညတ၊ မဖြစ်သေးဘူးလား (ဖြစ်ပါတယ် ဘုရား)။

အဲတော့ အဲဒီ သုညတ မြင်လို့ရှိရင် ဟို သုညတ နိဗ္ဗာန် ရောက်ဖို့ရာ အလွယ်ပဲ (မှန်ပါ့ ဘုရား)။ ရောက်နိုင်တာပဲ (မှန်လှ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။ ဒါဖြင့် ဒီက သုညတ မဖြစ်ရင် ဟိုက သုညတ နိဗ္ဗာန်ကို (မရောက်ပါဘူး ဘုရား)။ လေးစားစွာနဲ့ ဒါဟာ သုညတဖြစ်အောင် ရုပ်နာမ်ကို သုညတ ဖြစ်အောင် လုပ်မှဖြစ်မယ်ဆိုတာဖြင့် ထမင်းမစားရတာ အရေးမကြီးဘူး။ ဒီ သုညတ ဖြစ်ဖို့ အရေးကြီးတယ် (မှန်လှပါ ဘုရား)။ ထမင်းက ငါးရက်မစားသေး၊ မသေသေးဘူး၊ သဘောကျပလား (ကျပါပြီ ဘုရား)။

သုညတဖြစ်မှ ငရဲအိုးသိမ်းတာ

သုညတ မဖြစ်သေးလို့ရှိရင်ဖြင့် ငရဲအိုးမသိမ်းတာက ခက်တယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။ သုညတ ဖြစ်တဲ့ တစ်နေ့ကျတော့ ငရဲအိုး အကုန်သိမ်းတာပဲ (မှန်ပါ ဘုရား)။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ကြိုးစားကြပါ၊ ဖြစ်ပျက်မြင်အောင် (မှန်လှပါ ဘုရား)။ ကဲ ဒါဖြင့် ဝတ္ထုကို ပြန်ဆက်ကြစို့၊ ဒါသက ပြန်ပြီး သကာလ မေးတယ်၊ အရှင်ဘုရား ခန္ဓာငါးပါးကို အရှင်ဘုရား စွဲနေပါသလားလို့ ရဟန်းကြီးတွေက အရှင်ဘုရားကို အမေးခိုင်းပါတယ်ဘုရား။

ရှင်ခေမက က အနာဂါမ်

ဒါနဲ့ ရှင်ခေမက က အနာဂါမ်ကိုးဗျ၊ အနာဂါမ်ဆိုတော့ ဒိဋ္ဌိဖြုတ်ပြီးသား မနေဘူးလား (နေပါတယ် ဘုရား)။ ကွာတဲ့ ခန္ဓာငါးပါးတော့ ရှိပါတယ်တဲ့၊ နိဗ္ဗာန်မရသေးတော့ ခန္ဓာငါးပါးက ရှိတာပဲ (မှန်လှပါ)။

အခုလည်း နိဗ္ဗာန်မရသေးတော့ ခန္ဓာငါး ငါးက မရှိဘူး လား (ရှိပါတယ် ဘုရား)။ သို့သော် ခန္ဓာငါးပါးကို တစ်ပါးပါး ကိုမှ ငါ၊ ငါ့ဥစ္စာတော့ မစွဲပါဘူးလို့ ရဟန်းတွေလျှောက်ချေ။

သူ ဒိဋ္ဌိပြုတ်ပြီးပြီ ပြောလိုက်တယ် (မှန်လှပါ ဘုရား)။ သဘောကျပလား (ကျပါပြီ ဘုရား)။ ဒီဒိဋ္ဌိဖြုတ်ပြီးပြီ လို့ပြောတော့ ဒါသက က ပြန်သွားတယ်၊ နှစ်ခေါက်ရှိပြီနော် (မှန်လှ ပါ ဘုရား)။

အရှင်ဘုရား တပည့်တော် ရှင်ခေမက ဆီက ပြန်ခဲ့ပါ တယ်ဘုရား။ ရုပ်နာမ်ခန္ဓာငါးပါးတော့ ရှိပါတယ်လို့ သူပြောပါ တယ်။ သို့သော် တစ်ပါးပါးကိုမှ ငါ၊ ငါ့ဥစ္စာတော့ မစွဲဘူးလို့ မှာလိုက်ပါတယ် ဘုရားလို့ ဆိုတော့ ခုနက လူမမာ မေးပြန်တာက တစ်ခေါက်။ ငါ၊ ငါ့ဥစ္စာရှိသလားလို့ ပြန်ပြောတာကို တစ်ခေါက် ဆိုတော့ ဒကာသစ် နှစ်ခေါက်ရှိပြီ (မှန်လှပါ ဘုရား)။

တရားနာချင်လို့

ဒါနဲ့ ရဟန်းကြီးတွေက သုံးခေါက်စေ့အောင် အမေးခိုင်း တယ်။ ဒါသက သွားဦးလေကွာ၊ တရားနာချင် လို့နော် (မှန်လှ ပါ ဘုရား)။ အဲဒီတင် ဒီနေရာလေးမှာ ဒါသက မသွားခင်၊ ဒကာ ဒကာမ တွေက မှတ်လိုက်ပါ။ ဟိုက ရှင်ခေမက ကရုပ်နာမ်၊ ခန္ဓာ ငါးပါးရှိပါတယ်။ တစ်ခုသောတရားမှာ ငါ၊ ငါ့ဥစ္စာလို့ သူမစွဲပါဘူး (တင်ပါ့ ဘုရား)။

ဒါဖြင့် ရုပ်နာမ်ခန္ဓာ ရှိတာတွေကို ငါ၊ ငါ့ဥစ္စာ လို့ မစွဲရဘူးလို့ ဟောတာပဲဆိုပြီး၊ ဒါမှာ ရဟန်းကြီး(၆၀)က ဒါသက ပြောတဲ့စကားယူပြီး သကာလ ဒကာကြွယ် အားထုတ် လိုက်တယ် (မှန်လှပါ)။ သူတို့လည်း သောတာပန်တည်ကြ တယ်။ ဒကာ ဒကာမတွေ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

နဂိုက ပုထုဇဉ်တွေနော် (မှန်ပါ ဘုရား)။ ဒီ ရှင်ခေမက က ရုပ်နာမ်ဓမ္မကို ငါ၊ ငါ့ဥစ္စာ မစွဲဘူးလို့ ပြောချေလို့ ဒါသက ကို ခိုင်းလိုက်တာနဲ့ ဒါသက ပြောတဲ့အတိုင်း ရုပ်နာမ်မွေ့ကို ငါ၊ ငါ့ ဥစ္စာ မစွဲအောင် ကျင့်ရမယ်တဲ့ ဆိုပြီး ကျင့်လိုက်တာနဲ့ပဲ ဟိုမှာ လည်း ဖြစ်ပျက်တွေမြင်၊ ဖြစ်ပျက်တွေမုန်းပေါ့ ဗျာ (မှန်လှပါ ဘုရား)။

ရဟန်းကြီး(၆၀) သောတာပန်တည်တယ်

ဖြစ်ပျက်တွေ ဒုက္ခသစ္စာမြင်ပြီး ဆုံးသွားတဲ့အခါကျတော့ ဟိုမှာလည်း ရဟန်းကြီး(၆၀) သောတာပန် တည်ကြတယ် (မှန်လှပါ ဘုရား)။ ကြည့်စမ်း ဒကာ ဒကာမတို့ ဘယ်တရား နာရတုံးဆိုတာကော ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ငါ၊ ငါ့ဥစ္စာဖြုတ်တဲ့တရား နာရတာနဲ့ သောတာပန်တည် သွားတယ် (မှန်လှပါ ဘုရား)။ သဘောကျပလား (ကျပါပြီ ဘုရား)။ ဘာလှူလို့ ဘာဖြစ် ဟုတ်သေးရဲ့ လား (မဟုတ်ပါဘူး ဘုရား)။ ရုပ်နာမ် ခန္ဓာငါးပါးကို ဟိုက ငါ၊ ငါ့ဥစ္စာ မစွဲပါဘူးလို့ ပြောတာနဲ့ ရဟန်းကြီးတွေကလည်း ဒါသက ပြောတဲ့အတိုင်း ငါ၊ ငါ့ဥစ္စာ မစွဲပါဘူးလို့ ရှင်ခေမက က ပြောလိုက်တဲ့အတိုင်း သူတို့ ကျင့်ကြံ လိုက်တာနဲ့ ဘာဖြစ်သတုံး (သောတာပန် ဖြစ်ပါတယ် ဘုရား)။ သောတာပန်ဖြစ်ချင်ရင် ငါ၊ ငါ့ဥစ္စာပြုတ်ရင် ဖြစ်တာပဲ (မှန်လှပါ ဘုရား)။ သေချာပလား (သေချာပါတယ် ဘုရား)။

သောတာပန်ဖြစ်ချင်ရင် ငါ၊ ငါ့ဥစ္စာဖြုတ်

သောတာပန်ဖြစ်ချင်ရင် (ငါ၊ ငါ့ဥစ္စာဖြုတ်ရမှာပါ ဘုရား)။ ဒါဖြုတ်လိုက်လို့ရှိရင်ဖြင့် သောတာပန် အလုပ်ဟာ ဒါပဲ ရှိတယ် (မှန်လှပါ ဘုရား)။ အဲဒီမှာ ရဟန်းကြီး(၆၀)သည် ဒကာအုန်းရေ၊ တရား သွားနာတာ မဟုတ်ဘူးနော် (မှန်လှပါ ဘုရား)။

ဟိုက တရားတစ်ဆင့်ယူလာတဲ့ဆီကမှ တစ်ဆင့် နာယူ တာနဲ့ သောတာပန်ဖြစ်တယ် (မှန်လှပါ ဘုရား)။ မနာရဘဲနဲ့ လည်း သောတာပန်မဖြစ်နိုင်ဘူး၊ ရိပ်မိပြီနော်။ မဖြစ်နိုင်ပါဘူး (မဖြစ်နိုင်ပါဘူး ဘုရား)။ ရိပ်မိပြီနော် (မှန်လှပါ ဘုရား)။

ဒါနဲ့ ရဟန်းကြီးတွေက သူတို့လည်း သောတာပန် တည်တာ သိကြတယ်။ ကိုယ်လည်း ဟန်ကျပြီ၊ သို့သော်လည်း အင်မတန် အဟောကောင်းတဲ့ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက် ငါတို့ ကြွပါ ပင့်ရာမှာလည်း သူက မမာဘူး၊ သူ့ဆီ တို့သွားပြီး တရား နာရမှာလည်း သူ့ကျောင်းက ကျဉ်းကျဉ်း ကလေး တို့ကလည်း ဝါကြီးတယ် ဆိုပြီး သကာလ ဒါသက ပဲ တတိယ အကြိမ် ပြန် လွှတ်မယ်ဆိုပြီး၊ ဒကာသစ် ပြန်လွှတ်တယ် (မှန်ပါ့ ဘုရား)။

အရှင်ဘုရား၊ ရဟန္တာဖြစ်ပြီလား

ဒါသက သွားချေဦးကွာ၊ ရှင်ခေမက ဆီသွားလိုက်ပါ ဦး၊ နှစ်ဂါဝုတ်ရှိတဲ့ခရီး၊ သွားမေးချေ စမ်းပါဦးကွ၊ ရုပ်နာမ်ဓမ္မ တွေကို ငါ၊ ငါ့ဥစ္စာတော့ မစွဲဘူးလို့ ပြောတယ်။ ငါ၊ ငါ့ဥစ္စာလို့ မစွဲဘူးလို့ ပြောလို့ရှိရင်ဖြင့် အရှင်ဘုရားဟာ ရဟန္တာဖြစ်ပလား လို့မေးခဲ့၊ အကွက်ကျကျမေးတာ ဒကာ ဒကာမတို့ (မှန်လှပါ ဘုရား)။

ဒါ ရဟန်းကြီးတွေက အမေးခိုင်းတယ်နော် (မှန်လှပါ ဘုရား)။ ဒါနဲ့ အရှင်ဒါသက က ဒကာအုန်း သွားရပြန်တာပေါ့ ၊ ဗျာ၊ သုံးခေါက်ရှိသွားပြီ (မှန်လှပါ ဘုရား)။

အရှင်ဘုရား ရဟန်းကြီးတွေက လွှတ်လိုက်ပြန်တယ် ဘုရား။ အရှင်ဘုရားက ရုပ်နာမ်ဓမ္မကို၊ ခန္ဓာငါးပါးကို ငါ၊ ငါ့ ဥစ္စာလို့ မစွဲဘူးလို့ အရှင်ဘုရားပြောလိုက်တာကို တပည့်တော်က ပြန်ပြောတော့ ရဟန်းကြီးတွေက အခုတစ်ဆင့် မှာလိုက်ပါတယ် ဘုရာ။ အရှင်ဘုရား ငါ၊ ငါ့ဥစ္စာလို့ မစွဲတော့ဘူးဆိုရင် အရှင် ဘုရား ရဟန္တာလားလို့ အမေးခိုင်းပါတယ်။

ငါလိုလို ထင်နေသေးတယ်

ဟိုက မမာလျက်နဲ့ ဒကာအုန်း ဖြေနေရတာဗျ (မှန်ပါ ဘုရား)။ ဒါသက မင်းလည်း ပြန်သွား ရတာတွေလည်း သုံးခေါက်ရှိပြီတဲ့ သို့သော်လည်း သွားပြောလိုက်ပါဦး၊ ရုပ်နာမ် ဓမ္မတွေတော့ဖြင့် ငါလိုလိုတော့ ထင်နေသေးတယ်တဲ့၊ ငါအစစ် လို့တော့ မထင်တော့ဘူး (မှန်ပါ့)၊ နှစ်ချက် ဖြေလိုက်တယ်။ ဒီတစ်ခါ (မှန်လှပါဘု ရာ)။ ဒါသတိထား နားထောင်ပါ။ ဒါလိုရင်း (မှန်ပါ့)။

ဒိဋ္ဌိငါတော့ ပြုတ်ပြီ

ရုပ်နာမ်ဓမ္မတို့ကို ငါလိုလိုတော့ ထင်နေသေးတယ်။ ငါ တကယ်ဖြစ်လို့ကတော့ မယူတော့ဘူး ဆိုတော့ ဒိဋ္ဌိငါတော့ပြုတ် ပြီး၊ မာန ငါ ကျန်နေသေးတယ် ပြောလိုက်တယ်၊ ရိပ်မိပလား၊ ဘာတဲ့တုံး (ဒိဋ္ဌိငါ ပြုတ်ပါပြီ ဘုရား)။

ဣမေသု ပဉ္စသု ဥပါဒါနက္ခန္ဓေသု

ဤငါးပါးသော ဥပါဒါနက္ခန္ဓာတို့၌ အဓိကတံ- ငါလိုလို တော့ ထင်နေပါသေးတယ်တဲ့။ အဟံပနာသမိ- ငါဟူ၍ကား၊ န သမနုပဿတိ -မရှိဘူးတဲ့။ ငါလိုလိုတော့ ထင်နေသေးတယ်။ ငါလို့ တော့လည်း မရှိတော့ပါဘူး (မှန်ပါ)။ ဒီအဓိပ္ပါယ် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ငါလိုလိုထင်နေတဲ့ အထင်ကလေးကတော့ ကျန်သေး တယ်တဲ့ (မှန်လှပါ ဘုရား)။ ငါအစစ်လား ဆိုတော့လည်း ဒီလိုတော့ မရှိတော့ဘူး (မှန်လှပါ ဘုရား)။ ရိပ်မိပလား (ရိပ်မိပါ ပြီ ဘုရား)။ ဒါဖြင့် ငါလိုလိုတော့ ထင်ယောင် ရှိပါသေးတယ်တဲ့။ ငါအစစ်တော့ဖြင့် မဟုတ်တော့ဘူးလို့ ရဟန်းကြီးတွေ သွားလျှောက်ကွာတဲ့ (မှန်လှပါ ဘုရား)။ သဘောကျပလား (ကျပါ ပြီ ဘုရား)။

ဒါဖြင့် သူဟာ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် တည်လို့ သူက အနာဂါမ်ရဟန်းလို့ စောစောက ပြောထားတယ် (မှန်လှပါ ဘုရား)။ ခေမက က အနာဂါမ် ရဟန်းက ဖြေလိုက် တာ ငါ ရုပ်နာမ်ခန္ဓာငါးပါးကို ငါလိုလိုတော့ ထင်နေသေးတယ်တဲ့၊ ငါအစစ်လို့တော့ဖြင့် မရှုတော့ပါဘူး၊ မမှတ်တော့ပါဘူး၊ မမှတ်တော့ပါဘူးလို့ ဖြေလိုက်တာ၊ အဲဒါ သွားလျှောက်ချေကွာ (မှန်လှပါ ဘုရား)။ သဘောကျပလား (ကျပါပြီ ဘုရား)။

အဲတော့ သူပြောလိုက်တဲ့ စိတ်ထားသဘောထား၊ အနာဂါမ်က ပြောလိုက်တဲ့ စိတ်ထား သဘောထား၊ ဒကာကြွယ် သိပလား (သိပါပြီ ဘုရား)။ ရုပ်နာမ်ဓမ္မကို သူဘယ်လိုထင်သေး တုံး (ငါလိုလို ထင်ပါတယ် ဘုရား)။ ငါတကယ်ဟုတ်တယ် လို့တော့ (မထင်ပါဘူး ဘုရား)။

မာန ငါကျန်သေးတယ်

ငါတကယ်ဟုတ်တယ်လို့တော့ မယူဘူးတဲ့။ ငါလိုလို တော့ ထင်နေသေးတယ် (မှန်လှပါ ဘုရား)။ သဘောကျပလား (ကျပါပြီ ဘုရား)။ ဒါဖြင့် ဒီအဓိပ္ပါယ် ရှင်းစမ်းပါ ဒကာ ဒကာမတွေ ဘာတုံး။ မာန ငါကျန်သေးတယ်၊ ဒိဋ္ဌိငါ (မကျန်တော့ပါ ဘူး ဘုရား)။ ဒိဋ္ဌိ ငါမကျန်တော့ဘူး (မှန်လှပါ ဘုရား)။ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီအဓိပ္ပါယ်လေးဟာက အနာဂါမ်က ဖြေတာဖြစ်သောကြောင့် ခင်ဗျားတို့ လေးစားစွာ မှတ်ရမယ် (မှန်လှပါ ဘုရား)။ မာနငါက ဘာတဲ့တုံး ကျန်တယ် (မှန်ပါ ဘုရား)။ ဒိဋ္ဌိငါကတော့ (ပြုတ်ပါပြီ ဘုရား)။ ဒိဋ္ဌိငါကတော့ ပြုတ်သွားပြီ၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အပါယ်ကျတဲ့မာန မဟုတ်ဘူး

ဒါဖြင့် ဒကာ ဒကာမတို့ ဪ မာနငါနဲ့ ဒိဋ္ဌိငါသည် ဘယ်သူက ထက်ပါလိမ့်မလဲလို့မေးတော့ မာနက ပိုထက်တယ် (မှန်ပါ ဘုရား)။ ဒိဋ္ဌိက အောက်မဂ်က ဖြတ်ချလိုက်တာ (မှန်လှပါ ဘုရား)။ မာနက ဖြတ်နိုင်ရဲ့လား (မဖြတ်နိုင်ပါ ဘုရား)။ အောက်မဂ် သုံးပါးကိုက မဖြတ်နိုင်ဘူး (မှန်ပါ့)။ မာန က သာမဆိုးဘူးလား (ဆိုးပါတယ် ဘုရား)။ အဲ ဆိုးပင်ဆိုးငြား သော်လည်း အဲဒီ မာနက အပါယ်ကျတဲ့ မာနမဟုတ်ဘူး (မှန် ပါ ဘုရား)။ ဒိဋ္ဌိကြောင့်သာ အပါယ်ကျတယ် (မှန်လှပါ ဘုရား)။ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အပါယ်လေးပါး တံခါးပိတ်ပြီ

အင်း ဒါဖြင့် ဒကာ ဒကာမတို့ စဉ်းစားပါတဲ့၊ ဒိဋ္ဌိငါ အရင်ဖြုတ်လိုက်လို့ ရှိရင့် မာနငါဟာ ကျန်ပင် ကျန်ငြား သော် လည်း အပါယ်လေးပါး တံခါးပိတ်ပြီး သကာလ နေလို့ စိုးရိမ်စရာ ဒီလောက်မရှိဘူး (မှန်လှပါ ဘုရား)။

သို့သော် သူ့မှာတော့ဖြင့် ရဟန်းကြီးတွေက ရဟန္တာ လားလို့မေးလို့ သူဟာ ရဟန္တာ မဟုတ်ပါဘူးလို့ ဖြေလိုက်တယ် (မှန်လှပါ ဘုရား)။ ရှင်ခေမက ရဟန္တာလားလို့ ဒါသက အမေး မခိုင်းဘူးလား (မေးခိုင်းပါတယ် ဘုရား)။

သူတော့ ရဟန္တာမဟုတ်ပါဘူးတဲ့။ မဟုတ်ပေမယ့် ခန္ဓာ ငါးပါးအပေါ်မှာတော့ ငါလိုလိုတော့ ထင်နေသေးတယ်တဲ့၊ ငါ အစစ်ဖြစ်တယ်လို့တော့ သူ့ မရှိတော့ပါဘူး။ မယူတော့ပါဘူး။ ငါလိုလိုတော့ ဘာတုံး (ရှိပါတယ် ဘုရား)။ ငါအစစ်ပဲလို့တော့လည်း (မယူပါဘူး ဘုရား)။

အဲတော့ ငါလိုလို အထင်သာရှိပါတော့တယ်၊ ဒကာ ဒကာမကို ငါအစစ်ပဲလို့ဆိုတာတော့ မရှိဘူးဆိုတော့ ဒိဋ္ဌိတော့ ပြုတ်တယ်၊ မာနတော့ (မပြုတ်သေးပါဘူးဘု ရား)။ မာန ကျန်သေးတယ်လို့ သူပြောလိုက်တယ် (မှန်လှပါ ဘုရား)။ ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား)။

ဒိဋ္ဌိအရင်ဖြုတ်စေချင်တယ်

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မာနကျန်တာ ကို ဘုန်းကြီးက ဒါလောက် အပြစ် မဆိုဘူး၊ ဒိဋ္ဌိအရင်ပြုတ်စေ ချင်တယ်ဆိုတာ ဒီဝတ္ထု ရှင်ခေမက တို့ဝတ္ထုထောက်သဖြင့် ဒကာအုန်း အရေးမကြီးဘူးလား (ကြီးပါတယ် ဘုရား)။

အပါယ်လေးပါးတာက မာနက ချတာလား၊ ဒိဋ္ဌိက ချတာလား (ဒိဋ္ဌိက ချတာပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။ ဒကာ ဒကာမတို့ ဒိဋ္ဌိဖြုတ်ဖို့ အရေးဟာ အင်မတန် အရေးမကြီးဘူးလား (ကြီးပါတယ် ဘုရား)။

မမေးနဲ့တော့ ဖြစ်ပျက်သာ မြင်အောင်ကြည့်

ဒိဋ္ဌိဖြုတ်ဖို့အရေးဟာ တပည့်တော်တို့ ဘယ်လိုဖြုတ်ရ မှာတုံးလို့ မမေးနဲ့ တော့ ဖြစ်ပျက်သာ မြင်အောင်ကြည့် (မှန်လှ ပါ ဘုရား)။ စိတ်ဖြစ်ပျက်မြင်ရင်လည်း ဒိဋ္ဌိပြုတ်တာပဲ (မှန်လှပါ ဘုရား)။ ဝေဒနာဖြစ်ပျက်မြင်ရင်လည်း (ဒိဋ္ဌိပြုတ်ပါတယ် ဘုရား)။

မြင်ဆိုတာက မီးလေးလင်းလာလိုက်၊ သေသွားလိုက် ဒီအမြင်မျိုး မဟုတ်ဘူး (မှန်လှပါ ဘုရား)။ အင်း အခုဖြစ်တဲ့ တရား အခုမရှိရင် ပြီးတာပဲ (မှန်လှပါ ဘုရား)။ စိတ်ကလေးဟာ လည်း အခုဖြစ်တယ်၊ အခုမရှိဘူး (မှန်ပါ ဘုရား)။

ဉာဏ်နဲ့သာ ဖြိုင်ဖြိုင်သိပေးပါ

ဝေဒနာလေးဟာလည်း (အခုဖြစ်၊ အခုမရှိပါ ဘုရား)။ မရှိဘူးဆိုတော့ ဉာဏ်နဲ့သိနေပြီးတာပဲ (မှန်လှပါဘရား)။ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား) ဉာဏ်နဲ့သာ ဖြိုင်ဖြိုင်သိပေးပါ၊ ဒကာ ဒကာမတို့၊ ဒါ ဒိဋ္ဌိပြုတ်နေတာပဲ (မှန်လှပါ ဘုရား)၊ ရှင်း ပလား (ရှင်းပါပြီ ဘုရား)။

ဒိဋ္ဌိပြုတ်ဖို့ရာအရေးဟာ ခဲယဉ်းသလား (မခဲယဉ်းပါ ဘုရား)။ ဒါဖြင့် အပါယ်တံခါး ဒိဋ္ဌိမပြုတ်ရင် ပွင့်တယ် (မှန်လှပါ ဘုရား)။ ဒိဋ္ဌိပြုတ်တဲ့ ပုဂ္ဂိုလ် အပါယ်တံခါးပိတ်တယ် (မှန်ပါ)။ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒကာ ဒကာမတို့ ဒိဋ္ဌိဟာ ရှေးဦးစွာ အရေးကြီးတယ်လို့ ခဏခဏ သတိပေးတာလည်း ဒကာသစ် ရိပ်မိပြီ (ရိပ်မိပါပြီ ဘုရား)။ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

အရှင်ဘုရားသည် ရဟန္တာလား

ကဲ အခု အဖြေက ဘယ်လိုထွက်လာတုံးလို့ မေးတဲ့ အခါကျတော့ ဒါသက အမေးခိုင်းတယ် ရဟန်းကြီးတွေက သုံးခေါက်မြောက် (မှန်ပါ့)။ အရှင်ဘုရား ငါ၊ ငါ့ဥစ္စာလို့ မစွဲလို့ ရှိရင် ရှင်ခေမက အရှင်ဘုရားသည် ရဟန္တာလားလို့ မေးလိုက် တယ် (မှန်လှပါ ဘုရား)။ မေးလိုက်တော့ ငါရဟန္တာမဟုတ်ဘူး၊ ဘယ်သူကဖြေတာတုံး (ရှင်ခေမက ဖြေတာပါ ဘုရား)။

ရှင်ခေမက က ငါရဟန္တာမဟုတ်ဘူးတဲ့၊ ရဟန္တာ တော့ မဟုတ်ပါဘူးတဲ့။ သို့သော်လည်း ခန္ဓာငါးပါးကိုတဲ့ ငါလိုလိုတော့ ထင်တော့ ထင်တယ်တဲ့၊ ငါအစစ်ဖြစ်တယ်လို့တော့ ငါမယူ တော့ဘူး (မှန်လှပါ ဘုရား)။ သဘောကျပလား (ကျပါပြီ ဘုရား)။

ငါလိုလိုတော့ (ထင်ပါတယ် ဘုရား)။ အစစ်ငါပဲလို့ တော့ (မထင်ပါဘူး ဘုရား)။ အစစ်ငါပဲလို့ တော့ မယူဘူးဆို တော့ ဒိဋ္ဌိပြုတ်တယ်၊ မာန(ကျန်ပါတယ် ဘုရား)။ အဲဒါ ဖြေလိုက်တာ အဲတော့ ဒါသက က ပြန်သွားတယ် (မှန်ပါ ဘုရား)။

အရှင်ဘုရားတဲ့၊ ရဟန်းကြီးတွေက ခိုင်းတဲ့အတိုင်း တပည့်တော် သွားမေးပါတယ်၊ အရှင်ဘုရား ငါ၊ ငါ့ဥစ္စာပြုတ်လို့ ရှိရင် ရဟန္တာလားလို့ မေးတော့ သူရဟန္တာ မဟုတ်ဘူးလို့ပဲ တာဝန် ခံပါတယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ရဟန္တာတော့ မဟုတ်ဘူးတဲ့

အဲတော့ ရဟန္တာမဟုတ်ဘူး ဆိုတာ တာဝန်ခံတာ သိလိုက်သဖြင့် ဒကာ ဒကာမတို့ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်ဖြစ်တယ်လို့ သူပြောတာ (မှန်လှပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်တော့ သူဖြစ်ပါ တယ်တဲ့။ သို့သော် ရဟန္တာတော့ မဟုတ်ဘူးတဲ့ (မှန်လှပါ ဘုရား)။ အခု သူကျန် နေ လည် သူရှင်းမပြဘူးလား (ပြပါတယ် ဘုရား)။

ခန္ဓာငါးပါး ကြည့်လိုက်တဲ့အခါ ငါလိုလိုတော့ ထင်နေ သေးတာပဲ (မှန်လှပါ ဘုရား)။ ငါအစစ်လားလို့ ရှုလိုက်တဲ့အခါ ကျတော့လည်း ငါအစစ်လို့ တော့ ဒီဟာတော့ မထင်တော့ဘူး (မှန်လှပါ ဘုရား)။

ဒိဋ္ဌိငါပြုတ်တယ်၊ မာနငါကျန်တယ်

ငါအစစ်တော့ မဟုတ်ဘူးတဲ့၊ ဒါ အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ ဒုက္ခသစ္စာပဲ ဆိုတာတော့ သူသိတယ် (မှန်လှပါ ဘုရား)။ ငါလိုလို အထင်ကလေး ကလည်း (ရှိပါတယ် ဘုရား)။ ကျန်နေသေး တယ်ဆို တော့ ဒကာကြွယ် စဉ်းစားစမ်း၊ ဘာ ငါကျန်နေတာ တုံး (မာနငါပါ ဘုရား)။ မာနငါ ကျန်တယ်၊ ဒိဋ္ဌိငါ ပြုတ်တယ်။

ဒါဖြင့် ဒိဋ္ဌိငါနဲ့ မာနငါ ထူးသလား (ထူးပါတယ် ဘုရား)။ ရုပ်နာမ်ဓမ္မတွေကို ငါ အစစ်ထင်ရင် ဒိဋ္ဌိ၊ ငါလိုလို ထင်ယောင် ထင်မှားလေးလောက် ပြောနေတာကတော့ မာန (မှန်ပါ ဘုရား)။ ကိစ္စမရှိဘူး (မှန်ပါ ဘုရား)။ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါနဲ့ ရှင်ဒါသက ဒကာသစ် ပြန်သွားပြန်တယ် (မှန်ပါ)၊ ခြောက်ခေါက်ရှိသွားပြီ (မှန်ပါ)။ ပြန်သွားပြီး ရဟန်း ကြီးတွေက မေးလိုက်တယ်၊ ဟေ့ မင်းပြန်ခဲ့ပလား၊ ပြန်ခဲ့ပါပြီ ဘုရား။ ဘယ့်နှယ်ဖြေတုံးကွ၊ သူဟာတဲ့ ငါ၊ ငါ့ဥစ္စာ မဟုတ်ဘူး ဆိုခြင်းကြောင့် အရှင်ဘုရား ရဟန္တာလားလို့ မေးပါတယ်။ အရှင် ဘုရားများ မေးခိုင်းတဲ့အတိုင်း ငါရဟန္တာတော့ မဟုတ်ဘူးလို့ အတိအလင်း တာဝန်ခံတယ်ဘုရား၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ရဟန္တာတော့ မဟုတ်ဘူးတဲ့ (မှန်ပါ)။ သို့သော် ခန္ဓာ ငါးပါး ငါရှုကြည့်တဲ့အခါကျလို့ရှိရင်ဖြင့်တဲ့ ငါလိုလို အထင် ကလေးကတော့ ကျန်သေးတယ်။ တကယ်တန်း ငါလားလို့ ဆိုပြီး ဉာဏ်နဲ့ ကြည့်လိုက်တဲ့ အခါကျတော့ ဖြစ်ပျက်ဒုက္ခသစ္စာပဲ မြင်တယ်တဲ့၊ ငါမဟုတ်မှန်း သေသေချာချာ သိတယ် (မှန်ပါ ဘုရား)။

အထင်ငါသာ ရှိတော့တယ်တဲ့၊ အစွဲငါ မရှိဘူး (မှန်ပါ)။ သဘောကျပလား (ကျပါပြီ ဘုရား)။ အထင် ငါတော့(ရှိပါတယ် ဘုရား)။ အစွဲဒိဋ္ဌိ ဥပါဒါန် ငါတော့ (မရှိပါဘူး ဘုရား)။ မရှိဘူးဆိုတာ သူကိုယ်တိုင် မဖြေဘူးလား (ဖြေပါတယ် ဘုရား)။

မာနငါက အပါယ်မရောက်

အဲဒီတင်မှ ဒကာ ဒကာမတို့ ဪ ငါကျန်တိုင်း အပါယ်ရောက်တယ်လို့ အောက်မေ့မနေကြနဲ့ (မှန်လှပါ ဘုရား)။ မာနငါ ကျန်တာကတော့ အပါယ် မရောက်တော့ဘူး (မှန်လှပါ ဘုရား)။ ဒိဋ္ဌိ အထင်ငါသာ ကျန်မှာစိုးရိမ်ရတယ်ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။ အားလုံးကျေနပ် ပလား (ကျေနပ်ပါပြီ ဘုရား)။

နောက် နက်ဖြန်ကျလို့ရှိရင် မေးတဲ့ပုဂ္ဂိုလ်ရော၊ ဖြေတဲ့ပုဂ္ဂိုလ်ရော ဒကာ ဒကာမတို့ အထက် ကဟာတွေ ဖြုတ်ပြီးတော့ ရဟန္တာ ဖြစ်လိမ့်ဦးမယ် (မှန်လှပါ ဘုရား)။

ယနေ့တော့ နာရီစေ့သွားပြီ၊ နက်ဖြန်မှဆက်နာ-

သာဓု သာဓု သာဓု ပါဘုရား။