ရှာမှရှားတဲ့အလှူ
အသံဖိုင်ခေါင်းစဉ်= ဦးပေါက်ကျော်+ဒေါ်စီတို့၏ သင်္ကန်းကပ်အလှူရေစက်ချတရားတော်
စာအုပ်ခေါင်းစဥ်= ရှာမှရှားတဲ့အလှူ
ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး အမရပူရမြို့၌
ဟောကြားတော်မူသော တရားတော်
ရှာမှရှားတဲ့အလှူ
ဟောကြားသည့်နေ့
(၁-၁၀-၅၅)
ဆရာသမားကို သင်္ကန်းကပ်တယ်၊ ဒီသင်္ကန်းကို မောင်ပေါက်ကျော်တို့ မစီတို့က ဘာဖြစ်လို့ ကပ်ချင်ရတာတုံး၊ မေးလိုက်တဲ့အခါကျလို့ရှိရင်ဖြင့်၊ ဪ တပည့်တော်တို့ သည်၊ ကောင်းမှုတို့၏ စိုက်ပျိုးရာ လယ်ယာမြေကောင်းသဖွယ် လျှောက်ရှာနေတာပါဘုရား။
နိဗ္ဗာန်ရမည်ဟုယုံကြည်၍ လှူဒါန်းပါ
အခုအရှင်ဘုရားတည်း ဟူသော ဆရာသမားတည်းဟူ သော လယ်မြေကို တွေ့ရတဲ့ အတွက်၊ တပည့်တော်တို့သည် ဒီသံဃာ (၁၀၀)ကျော်၊ ဆရာသမားကို သင်္ကန်း တိစီဝရိတ် ကပ်တဲ့ စေတနာဟာ၊ လယ်မြေကောင်းကို စိုက်လို့ ရှိရင်ဖြင့်၊ အလိုရှိတဲ့ တပည့်တော်တို့၏ မအိုမသေ အမြဲနေတဲ့ နိဗ္ဗာန် ချမ်းသာကြီးကို ရလိမ့်မယ်ဟု၊ မုချ ယုံကြည်သောကြောင့် ဤသင်္ကန်းကို လှူဒါန်း ပါသည်လို့ စိတ်ထဲမှာ ဆုံးဖြတ်ချက်ချ ရမယ် (မှန်ပါ့)။
ဒါက တစ်နံပါတ်၊ ယုံကြည်တာ တစ်နံပါတ်ရှိသေးတယ် (မှန်ပါ့)၊ ယုံကြည်သဒ္ဓါ ရှိလို့ ရှိရင်ဖြင့် ပညာ နောက်ကလိုက် တယ်လို့ ဆိုတာမှတ်ထားကြပါ။
ပညာကနောက်ကလိုက်ပါ
ပညာဘယ်လိုလိုက်ရမလဲလို့ မေးလို့ရှိရင်၊ အခု ဒကာ ဒကာမတွေသည် အခုခန္ဓာကိုယ်ကို ဝိပဿနာဉာဏ်နဲ့ ကြည့်လိုက်ပါလို့ ဆိုတာ ပြောရတယ်(မှန်ပါ့)။
ဝိပဿနာဉာဏ်နဲ့ ကြည့် လိုက်တဲ့ အခါကျတော့ ခန္ဓာကိုယ်ကြီး အခုထိုင်ပြီး သကာလ နေကြငြား သော်လည်း၊ ဟိုဘက်စောင်းရ၊ ဒီဘက်ပြောင်းရဆိုတာ အားလုံးဒကာ ဒကာမတွေဟာ မငြင်းသာအောင်ဘဲ တွေ့ရတယ်။
ဪ ဒါဘာပါလိမ့်မတုံးဆိုတော့၊ ကာယိကဒုက္ခ၊ ကိုယ်၏ဒုက္ခ၊ စိတ်ကလည်း မခံသာမှု ဆိုတဲ့ စေတသိကဒုက္ခ၊ အဲဒီကာယိကဒုက္ခ၊ စေတသိကဒုက္ခကြီးက၊ တပည့်တော်တို့ အလှူပေးပြီး သကာလနေငြားသော်လည်း ဒီဒုက္ခကြီးက တွန်းလှန်ပယ်ဖျက်လို့မရပါဘူးဘုရား၊ ကာယိကဒုက္ခ၊ စေတသိက ဒုက္ခတွေတွန်းလှန်ပယ်ဖျက်လို့ရကြရဲ့လား(မရပါဘုရား)။
ဘယ်နေရာမှာနေနေ မလွတ်ဘူး
အလှူပေးနေငြားသော်လည်း မရပါဘူး၊ အလှူပေး နေငြားသော်လည်း မရပါဘူး၊ အဲဒီ ကာယိကဒုက္ခ၊ စေတသိက ဒုက္ခ၊ ဒဏ်ချက်တွေကို မစီနှင့်တကွ မောင်ပေါက်ကျော်တို့ အမြဲခံနေရတယ်(မှန်ပါ)၊ အမြဲခံရတယ်။
ဘယ်နေရာမှာနေနေ မလွတ်ဘူး၊ (၃၁)ဘုံထဲမှာဖြင့် မစီတို့ ဒကာသိုက်တို့၊ မောင်ပေါက်ကျော်တို့ နေချင်တဲ့နေရာ နေပေါ့၊ ဒုက္ခကပါနေတာပဲ၊ ဒီဒုက္ခကပါနေတယ်။
ဒုက္ခသစ္စာလို့ဆိုရမယ်
ကောင်းပြီ ဒါက ခဏ ခဏ ပြောင်းလဲပြီး သကာလ နေရတဲ့ ဒုက္ခတွေ၊ ဟုတ်တယ် အဲဒီ ဒုက္ခသည် ကားလို့ဆိုလို့ ရှိရင်ဖြင့် ဒုက္ခသစ္စာလို့ဆိုရမယ်(မှန်ပါ့)၊ ဒုက္ခသစ္စာလို့ ဆိုရတော့၊ ဒီဒုက္ခသစ္စာကြီး သည်ကား ခွဲမရ ခွာမရ ညနေက ပြောသလို့တစ်ထမ်းတည်းထမ်း၊ တစ်ဦးတည်း ပိုးနေရာက တစ်ပြောင်းတည်း ပြောင်းနေရတဲ့ဥစ္စာ၊ ဘယ်အချိန်က အားကြ သတုံးလို့မေးတဲ့ အခါကျလို့ရှိရင် ဘယ်အချိန်မှ မအားဘူး ဆိုတာ အဖြေထွက်လာမယ်(မှန်ပါ့)။
ဒါဖြင့် ဒကာသိုက်တို့၏ခန္ဓာကိုယ်ကြီးသည်၊ ဘယ် အချိန်မှ မအားအောင် ပြောင်းလဲပြီး သကာလ နေရတယ်ဆို သဖြင့် ဒုက္ခသစ္စာမှတစ်ပါး ဘာမှ မရှိပါလားဆိုတာ ဆုံးဖြတ် ချက်ချပါ(မှန်ပါ့)၊ ဒုက္ခသစ္စာမှတစ်ပါး ဘာမှမရှိဘူးဆိုတာ ဆုံးဖြတ်ချက်ချကြပါ (မှန်ပါ့ဘုရား)။
ခဏ ခဏပျက်လို့
အဲဒီကဲ့သို့ ဒုက္ခသစ္စာမှတစ်ပါး ဘာမှမရှိတဲ့အပေါ်မှာ၊ ဒီခန္ဓာကြီးသည်ကား ဆိုလို့ရှိရင်ဖြင့်၊ အမျိုးမျိုးသော အစာ အဟာရ အမျိုးမျိုးသော ဥတုရာသီ၊ အမျိုးမျိုးသော အထည် အလိပ်၊ ဒါတွေနဲ့ ပြုပြင်နေရတာ ခိုင်လို့လား၊ မခိုင်လို့လား၊ ပျက်လို့လားလို့ မေးလို့ရှိရင် ခဏခဏပျက်လို့၊ ခဏခဏ အစားထိုးရတယ်၊ အဓိပ္ပါယ်ကို မရောက်ဘူးလား (ရောက်ပါတယ်ဘုရား)။
ဒါဖြင့် ခဏခဏပျက်လို့ ခဏခဏအစားထိုးနေရလို့ ရှိရင်ဖြင့် ဒီသံသရာအတွင်းမှာ ပျက်တိုင်း အစားထိုးနေရမည့် အလုပ်မှ တစ်ပါး၊ မောင်ပေါက်ကျော်တို့ ဒကာသိုက်တို့ ဘာရှိသေးသလဲ (ဘာမှမရှိပါဘုရား)၊ ဘာမှ မရှိဘူးနော် မစီ ဘာမှမရှိဘူး။
ဪ တို့အလုပ်ဟာ ဘာပါလိမ့်မတုံးလို့ သေသေ ချာချာ ဉာဏ်နဲ့ ဝေဖန်ကြည့်လိုက်တဲ့ အခါကျတော့မှ ပျက်ပြီး အစားထိုး၊ အစားထိုးတာတွေပျက်၊ ပျက်ပြီးတော့ အစားထိုး၊ ထိုးပြီး သကာလ ထိုးထား တာတွေက ပျက်၊ ပျက်ပြန်တော့ အစားထိုး၊ ကျုပ်တို့မှာ ဒီအလုပ်မှတစ်ပါး အခြားအလုပ်များ ရှိသေးရဲ့ လား (မရှိပါဘူး)။
ဖြစ်ဒုက္ခ ပျက်ဒုက္ခ
ပျက်တာလည်း ဒုက္ခ၊ အစားထိုးတာလည်း (ဒုက္ခ ပါဘုရား)၊ အစားထိုးတာလည်း ပျက်ဖို့ ထိုးရတာ၊ အဲဒါကြောင့် ဖြစ်ဒုက္ခ ပျက်ဒုက္ခဆိုတာ ခန္ဓာကိုယ်ကို အခုဉာဏ်နဲ့ကြည့်စမ်းပါ။
အခုဉာဏ်နဲ့ကြည့်ပြီးသကာလနေတော့ ဖြစ်ဒုက္ခ၊ ပျက်ဒုက္ခမှတစ်ပါး ဘာများရှိသေးသလဲ (ဘာမှ မရှိပါဘူး)။
ဪ ဒါဖြင့် လူ့ဘဝရကြတယ်၊ နတ်ဘဝရကြ တယ်၊ ဗြဟ္မာဘဝရကြတယ်လို့ ၊ ဒကာ ဒကာမတွေက ဘဝတွေနဲ့ပတ်သက်ပြီး စကားသာပြောကြတာ၊ လူနတ်ဗြဟ္မာ ဆိုင်းဘုတ်မှာသာ လူနတ်ဗြဟ္မာထားလိုက်တယ်၊ ဖြစ်ဒုက္ခ ပျက်ဒုက္ခကတော့ ဘယ်သူမှ မထူးကြဘူး (မှန်ပါ့)။
လူရယ် နတ်ရယ်လို့ ဆိုင်းဘုတ်သာဆွဲထားတာ
လူရယ်၊ နတ်ရယ်၊ ဗြဟ္မာရယ်လို့တော့ ဆိုင်းဘုတ် ကလေးတော့ ဆွဲထားတာတော့ ထူးတယ် ပေါ့ဗျာ (မထူးပါ ဘူး)၊ အတွင်းထဲမှာ ကြည့်လိုက်တော့ ဖြစ်ဒုက္ခ ပျက်ဒုက္ခမှ တစ်ပါး ဘာရှိသေးသလဲ (မရှိပါဘူး)။
အဲဒါဖြင့် (၃၁)ဘုံတွင် နေလေသမျှ၊ ကြုံလေသမျှ၊ ဆုံလေသမျှဆိုလို့ရှိရင်ဖြင့် ဒုက္ခမှတစ်ပါး ကြုံစရာမရှိဘူးဆိုတဲ့ အဓိပ္ပါယ်ဟာ သေချာပါတယ် (သေချာပါတယ်)။
အဲဒီတော့ ခဏခဏဖြစ်၊ ခဏခဏပျက်၊ အခုသီလယူ ပြီးတဲ့ စိတ်ကလေး အကုန်ပျက်ပြီ (မှန်ပါ့)၊ တရားနာတဲ့ စိတ်နဲ့ တရားနာနေတယ်။
တရားနာတဲ့စိတ်
တရားနာတဲ့စိတ်ကလည်း အခု စဉ်းစားကြည့်ပြန်တော့၊ နာခဲ့တဲ့ စိတ်ကလေးပျက်လို့ အခုအသစ်စိတ်နဲ့ တရားနာနေရ တယ်ဆိုတာလည်း၊ ခင်ဗျားတို့အမှန်သိပြီးသားဖြစ်ပါတယ်။
အဲဒီလိုအမှန်သိပြီးသားဖြစ်ပြီးနေတော့ စိတ်မှာလည်း အစားထိုးပြီး တရားနာနေတယ် ရုပ်ကကော (အစားထိုးပြီး တရားနာနေပါတယ်)၊ အစားထိုးပြီးတရားနာနေတယ်။
အစားထိုးပြီးတရားနာ
အစားထိုးပြီး ရေစက်ချ၊ အစားထိုး၍ တရားနာ၊ အမလေး ဒကာ ဒကာမတို့ ခဏတောင်မှ မခိုင်ပါလား (မခိုင်းပါဘုရား)၊ မခိုင်တာသည် ပျက်တယ်၊ ပျက်တာဘာသစ္စာ ပါလိမ့် (ဒုက္ခသစ္စာပါ ဘုရား)။
ဪ ဒါဖြင့် ဒုက္ခသစ္စာကြီး ပျက်ဖြစ်ကြီးဆိုတဲ့ ဒုက္ခသစ္စာကြီး တပည့်တော်တို့ အမှန်မြင်တဲ့ ဉာဏ်နဲ့ အမှန်မြင်တဲ့ ဝိပဿနာမဂ်ဉာဏ်ဖြင့် တပည့်တော်တို့ သည် ဒီဝဋ်ကြီး ကျွတ်ချင်လွန်းလို့ ဒီသင်္ကန်းကပ်ပြီး၊ ဒီသံဃာ (၁၀၀)ကျော်တို့ အား လက်ဖက်ခြောက်တို့ ဆပ်ပြာတို့ အမျိုးမျိုး ပေါ့လေ၊ သုံးဆောင်ဖို့ ဒါတွေလှူဒါန်းခြင်းဟာ ဒုက္ခကျွတ်ချင်လို့ ဒုက္ခရွံ၊ လွန်းလို့၊ ဒုက္ခမုန်းလွန်းလို့ ဖြစ်ပျက်ကြီး ဆိုတဲ့ဥစ္စာ၊ ဘယ်တော့ မှ မအားရအောင်ပျက်၊ ဘယ်တော့မှ မအားရအောင် အစားထိုး နေရတော့၊ ဝဋ်ကောင် သက်သက်မှန်း သိခြင်းကြောင့် ဝဋ်ဒုက္ခမှ ကျွတ်ချင်တဲ့ဉာဏ်နဲ့ ဆရာအား သင်္ကန်းကပ်ပါသည် လို့ ဆုံးဖြတ်ချက်ချ (တင်ပါ့)။
ဘာမှမရချင်ဘူး ဝဋ်ပဲကျွတ်ချင်တယ်
ဝဋ်ကျွတ်ချင်လို့၊ ဘာရချင်လို့တုံး၊ ဘာမှ မရချင်ဘူး၊ ဝဋ်ပဲကျွတ်ချင်တယ်၊ ဒါပဲ ဆုံးဖြတ်ချက် ချ၊ ဘာရချင်လို့တုံးလို့ မေးလို့ရှိရင်၊ ဘာမှ မရချင်ဘူး ဝဋ်ပဲကျွတ်ချင်တာ သက်သက်ပဲ။
မောင်ပေါက်ကျော်၊ မစီ ဝဋ်ကကော ကိုယ်တိုင်မြင်တာ လား (မှန်ပါ့)၊ အစားထိုး လာခဲ့ကြတာလည်း၊ ဘယ်လောက် လာခဲ့ကြပြီလဲ (ကြာပါပြီ ဘုရား)၊ အစားထိုးရတိုင်း ထိုးရတိုင်း၊ ပျက်နေလို့ချည့်မှတစ်ပါး ဘာမှပြောစရာမရှိဘူး (မှန်ပါ့)။
ဒါကြောင့် ပျက်လိုက်၊ အစားထိုးလိုက်၊ ပျက်လိုက် အစားထိုးလိုက်၊ ပျက်လိုက် အစားထိုးလိုက် ဆိုတော့၊ အစားထိုး လို့ ဒကာသိုက်တို့ ဒေါ်ရွှေတို့က အစားထိုးလို့ ရှိရင်ပြီး ရောဟေ့လို့ အောက်မေ့မယ်၊ အစားထိုးတာက ပျက်ဖို့ကပါပြီးသကာလ သွားတော့ အစားထိုးပြီး ပျက်တယ် (မှန်ပါ့ ဘုရား)၊ ထိုးပြီး ပျက်ပဲ။
ပျက်စရာနဲ့အစားထိုးတော့ပျက်ပြန်တယ်
သူ့မှာလည်း ဒုက္ခတွေပါတာကတစ်မျိုး ဇရာ၊ မရဏ နှိပ်စက်တာကတစ်မျိုး (တင်ပါ့)၊ ဤကဲ့သို့ အစားထိုးတာရော၊ ပျက်စရာနဲ့ အစားထိုးလိုက်တော့ ပျက်ပြန်တာပဲ။
ပျက်ပြန်တော့ နောက်တစ်ခါ အစားထိုးပြန်တော့ ပျက်ဖို့ရာက ပါသွားတယ်၊ ဒါဖြင့် ခင်ဗျားတို့မှာ ယာယီမပျက် ချင်လည်း၊ အပျက်ပါနေသောကြောင့် ပျက်ဒုက္ခပဲ။
ပျက်သွားတာလည်း ပျက်စီးခြင်းဒုက္ခပဲဆိုတော့ ဘုရားက ဒုက္ခမေဟိ သမ္ဘတိ ဒုက္ခံတိဋ္ဌတိ ဝေတိစ၊ နာညတြ ဒုက္ခာ သမ္ဘောတိ၊ နာညံဒုက္ခာနိရုဇ္ဇတိလို့ ဘုရားက ဟောတယ်၊ ဒုက္ခမေဝ-ဒုက္ခတရားသည်သာ၊ သမ္ဘောတိ – မင်းတို့ သန္တာန်၌ြ ဖစ် ၏၊ ဪ ဒုက္ခရောက်မှာပဲဖြစ်တာပဲ၊ ဒုက္ခံ တိဋ္ဌတိတဲ့ ဒုက္ခမေဝ- ဒုက္ခတရားသည်သာ တိဋ္ဌတိ- ခဏလေးတည်တာပဲကွ၊ ဒုက္ခတည် နေတာကွတဲ့။
ဒုက္ခဖြစ်၍ ဒုက္ခပျက်တာပဲရှိတယ်
ဒုက္ခမေဝ- ဒုက္ခတရားသည်သာလျှင် နိရုဇ္ဈတိ- ချုပ်သွား တယ်၊ ချုပ်သွားတာ ဘယ်သူတုံး ဆိုတော့ ဒုက္ခချုပ်သွားတာ၊ နာညတြ ဒုက္ခာသမ္ဘောတိ၊ ဒုက္ခာ- ဒုက္ခကို၊ အညတြ-ကျဉ်ထား၍ သမ္ဘောတိ- ဖြစ်တဲ့တရားဟာ မင်းတို့ရှာချင်သလို ရှာကွ၊ မင်းတို့ ခန္ဓာကိုယ်ထဲမှာ ဒုက္ခမှတစ်ပါး ဖြစ်နေတဲ့ တရားမရှိပါဘူးတဲ့။
နာညံဒုက္ခာ နိရုဇ္ဇတိ၊ ဒုက္ခာ- ဒုက္ခကို အညတြ-ကျဉ်ထား ၍ နိရုဇ္ဈတိ-ချုပ်သော တရားသည် နတ္တိ- မရှိပါဘူး၊ ဒုက္ခချုပ်တာ ပဲရှိတယ်။
ဒါဖြင့် ဒုက္ခဖြစ်တာနဲ့ ဒုက္ခချုပ်တာ၊ ခင်ဗျားတို့ သန္တာန် မှာ၊ ဒါနဲ့ပဲနေရတော့ ဒါဖြင့် ဒီဟာကြီး ကိုဖြင့် ဖြစ်တာ လည်းဒုက္ခ၊ ပျက်တာလည်း ဒုက္ခ ဆိုရင်ဖြင့် ဒကာသိုက်တို့ မောင်ပေါက်ကျော်တို့ ဘယ်မှာသာလျှင် အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်၊ မကျွတ်ချင်စရာ ဘယ်မှာရှိမလဲ (မရှိပါ ဘုရား)။
ဆရာကပေးတဲ့အသိဉာဏ်
အဲဒီတော့ ဒီအသိဉာဏ်ကလေးသည် ကားဆိုလို့ရှိရင် ဆရာသမားပေးတဲ့အသိဉာဏ်၊ ခင်ဗျားတို့ကိုယ်တိုင် ယုံကြည်ပြီး သကာလ နာပါများလို့ရတဲ့၊ ဪ ဒုက္ခဖြစ်ပြီး ဒုက္ခပျက် နေတာ မှတစ်ပါး၊ ဘာမှမရှိဘူးဆိုတဲ့ အသိဉာဏ်ကလေး၊ ဒါကလေးသည် ဒုက္ခမြင်တဲ့ဉာဏ် ဖြစ်လေ သောကြောင့် မဂ်ဉာဏ်ကလေး၊ ဝိပဿနာမဂ်ဉာဏ် ကလေးလို့ မစီတို့ မှတ်ရမယ် (တင်ပါ့)။
ဝိပဿနာမဂ်ဉာဏ်နော်၊ အဲဒိတော့ ဝိပဿနာ မဂ်ဉာဏ်ဆိုလို့ရှိရင်ဖြင့် ဒီမဂ်ဉာဏ်ဟာ ဘာကိုမြင်သတုံး ဆိုတော့ ဖြစ်ဒုက္ခ ပျက်ဒုက္ခကို မြင်တယ်၊ မောင်ပေါက်ကျော် ဘာမြင်သလဲ (ဖြစ်ဒုက္ခ ပျက်ဒုက္ခကို မြင်ပါတယ် ဘုရား)။
နောက်ဘဝများ ဘာဖြစ်ချင်သေးသတုံး
ဖြစ်ဒုက္ခ ပျက်ဒုက္ခကို မြင်တော့၊ မင်းတို့ ပေါ့၊ နောက်ဘဝများ၊ ဘာဖြစ်ချင်သေးသတုံး မေးလို့ရှိရင် ပယ်လိုက် ကြပြီ၊ ဖြစ်တာ ဒုက္ခလည်း သိပြီကော မဟုတ်ဘူးလား (ဟုတ်ပါတယ်)။
နောက်ဘဝဘာဖြစ်ချင်သေးသတုံး ဆိုတော့၊ ဘာဖြစ် ချင်သေးသတုံး ဆိုတာလည်း လာရတော့မှာပဲ၊ အဲဒီတော့ ဘာမှ မဖြစ်ချင်၊ ဘာမှ မပျက်ချင်ပြောလို့ရှိရင်၊ အဖြစ်အပျက် လွတ်တဲ့နေရာ သာလျှင်၊ ဒုက္ခသိမ်း၍ ငြိမ်းတဲ့နေရာလို့ ဆုံးဖြတ် ချက် ချလိုက်ပါတော့၊ အဖြစ်အပျက် မရှိတဲ့ နေရာသည်သာလျှင် ဒုက္ခသိမ်း၍ ငြိမ်းတဲ့နေရာရှင်းပြီလား (ရှင်းပါပြီ)။
လူ့ခန္ဓာကြီးရတယ်
ခင်ဗျားတို့ အခု လူခန္ဓာလို့ သမုတိသစ္စာနယ်က နေတဲ့ လူခန္ဓာကြီးရတယ်၊ လူခန္ဓာကြီး ရတော့ လူလို့သာ ဆိုင်းဘုတ်ဆွဲ ပြီးသကာလ နေတာ အတွင်းမှာ အဖြစ်ဒုက္ခနဲ့ အပျက်ဒုက္ခမှ တစ်ပါး ပိုက်ဆံရှိတဲ့ လူကော၊ မရှိတဲ့ လူကော၊ အလတ်စားရော အမွဲရောထူးကြသေးရဲ့လား (မထူးပါဘူး ဘုရား)။
ဖြစ်ဒုက္ခပျက်ဒုက္ခမှတစ်ပါး (မရှိပါဘူး)၊ ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သဗ္ဗေသင်္ခါရာ ဒုက္ခာ ကို ဟောထားလျက်သားပဲ (တင်ပါ့)၊ သဗ္ဗေ သင်္ခါရာ ဒုက္ခက အလုံးစုံ ဒုက္ခသာ ရှိတယ်ကွ (မှန်ပါ့)။
မင်းတို့က ကြံဖန်ပြီး တောင်းမနေနဲ့ (မှန်ပါ့)၊ အကောင်းရွေးမနေနဲ့ မောင်ပေါက်ကျော် ကျေနပ်ပလား (ကျေနပ်ပါပြီ)၊ မစီတို့က အကောင်းများ ရွေးချင်နေလား (မရွေးချင်ပါဘူး)၊ ရှိကော ရှိရဲ့လား (မရှိပါဘူး)။
(၃၁)ဘုံထဲမှာ အကောင်းဆိုလို့မရ
အကောင်း ရွေးချင်လို့ ရှိရင်ဖြင့်တဲ့ အယုတ်တမာ တရား ဝင်လာလို့သာ (၃၁)ဘုံထဲမှာ အကောင်း ရွေးမှာပေါ့ (မှန်ပါ့)၊ အမှန်တရားဆိုတဲ့ ဝိပဿနာမဂ်ဉာဏ်သာ ဝင်လို့ရှိရင် (၃၁)ဘုံထဲမှာ အကောင်းဆိုလို့ မြူမှမရှိဘူးလို့ မှတ်လိုက်ပါ (တင်ပါ့)။
ဒါကြောင့် (၃၁)ဘုံမှာ ဖြစ်ဒုက္ခ၊ ပျက်ဒုက္ခဆိုတဲ့ ဒုက္ခသစ္စာချည့်ပဲ၊ အဲဒါဉာဏ်နဲ့မြင်ပြီး သကာလ အခုလှေခါးက တက်လာတဲ့ရုပ်နာမ်တွေ ဘာမှ ရှာမတွေ့ဘဲနဲ့ အသစ်နဲ့ အသစ် ဒုက္ခကြီးနဲ့ ထိုင်နေရတာ (တင်ပါ့)။
အသစ်ဒုက္ခကြီးကလည်း၊ ခဏခဏပဲ ပျက်နေတယ် ဆိုတာတော့ အခုဉာဏ်နဲ့ ကြည့်လိုက်တော့၊ ဒီဒုက္ခဝဋ်မှ ကျွတ်ချင်လွန်းလို့၊ ဒီဆရာသမားကို ဒီသံဃာတွေကို လှူတန်းတဲ့ သဘောပဲဆိုတော့ ဒုက္ခမြင်လို့ ဒုက္ခကြောက်လို့ ဒုက္ခံလို့ လှူတဲ့ အလှူလို့ ဆုံးဖြတ်ချက်ချ (မှန်လှပါ ဘုရား)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
အခုမြင်တဲ့ဉာဏ်ကပို့စေသတည်း
မစီ ဘာလုပ်ဖို့ လှူတဲ့အလှူလဲ (ဒုက္ခရောက် လို့ပါ)၊ ဒုက္ခံလို့၊ ဒုက္ခရွံမုန်းပြီး၊ ဒုက္ခ ကြောက်လွန်းလို့၊ ဒုက္ခ ကျွတ်လွတ်တဲ့ နေရာဌာနကို တပည့်တော်အခုမြင်တဲ့ဉာဏ်က ပို့ပါစေသား၊ ပို့စေသတည်း။
ခင်ဗျားတို့က ဆုမတောင်းပါနဲ့၊ ဒုက္ခမြင်တဲ့ဉာဏ်ကိုက ခင်ဗျားတို့ ဆုမတောင်းလည်းပို့မှာပဲ (ပို့မှာပါ ဘုရား)၊ ဒါကြောင့် ခင်ဗျားတို့ လှူတဲ့အလှူ သည်၊ ဒုက္ခမြင်တဲ့ဉာဏ်နဲ့ လှူတဲ့အလှူဖြစ်လေ သောကြောင့် ဝိပဿနာမဂ်ဉာဏ်နဲ့၊ လှူတဲ့ အလှူဖြစ်လေသောကြောင့် အရိယာအလှူ (တင်ပါ့)။
အရိယာတို့၏အလှူ
ကဲ မခြုံ၊ ဘယ်သူ့အလှူတုံး (အရိယာ အလှူ ပါ)၊ အရိယာတို့၏အလှူ၊ အရိယာတို့၏ အလှူဖြင့် ဘယ်ဝဋ်မှ မလာတော့ဘူး၊ ဝိပါကဝဋ်၊ ကိလေသဝဋ်၊ ကမ္မဝဋ်ဆိုတဲ့ ဝဋ် (၃)ပါးကျွတ်တဲ့ အလှူလို့၊ မစီ သေသေချာချာ မှတ်ရမယ် (မှန်လှပါ ဘုရား)။
ဝဋ် (၃)ပါးကျွတ်တဲ့အလှူအတန်းရှိမှ ရခဲတာကို ဒကာသိုက်ရ၊ ဒီအလှူမျိုးက (တင်ပါ့)၊ လှူရခဲပါတယ်တဲ့ ဝဋ်သုံးပါးကျွတ်တဲ့ အလှူ၊ ကောင်းပြီ ဒါဖြင့် ဝဋ် (၃)ပါးက ဒုက္ခသစ္စာ၊ ကျွတ်ချင်တဲ့ ဉာဏ်က မဂ္ဂသစ္စာ (မှန်ပါ့)။
မဂ္ဂသစ္စာနဲ့လှူတဲ့အလှူ
ဪ ဒါဖြင့် ဒီဉာဏ်ဦးစီးပြီး လှူတော့ကို မဂ္ဂသစ္စာ နဲ့လှူတဲ့ အလှူဖြစ်လေသောကြောင့် ခင်ဗျားတို့ နိဗ္ဗာနံမဂ္ဂတိဂ ဝေတီတိမဂ္ဂါ နိဗ္ဗာနံဂစ္ဆတီတိမါဆိုသဖြင့် ခင်ဗျားတို့ အခုမြင်တဲ့ ဉာဏ်ကလေး ဒီဉာဏ်နဲ့ အလှူဖြစ်လေသောကြောင့် ခင်ဗျားတို့ အလှူသည် ဒုက္ခခပ်သိမ်း ကင်းငြိမ်းတဲ့ နိဗ္ဗာန်မှ တစ်ပါး၊ ဘယ်မှသူ ရွက်ဆောင်၍ မသွားတော့ဘူးလို့ သေသေ ချာချာ ယုံကြည်လိုက်ပါ (မှန်ပါ့)။
ဒုက္ခငြိမ်းချင်တဲ့အလှူမို့ အဖိုးတန်တယ်
သေသေချာချာ ယုံကြည်လိုက်ပါ၊ ဒုက္ခငြိမ်းချင်တဲ့ အလှူ ကိုဗျ (မှန်လှပါ ဘုရား)၊ တယ်အဖိုးတန် ပါလား (တန်ပါ တယ်)။
အဲဒီတော့ကာ၊ ဝိပဿနာဉာဏ် မဂ်ဉာဏ်ဦးစီးပြီး သကာလ လှူတဲ့အလှူဖြစ်လေ သောကြောင့်၊ ဉာဏ်သည် မဂ္ဂသစ္စာ (မှန်ပါ့)၊ အဲဒီမဂ္ဂသစ္စာနဲ့ ဒုက္ခဖြတ်တာသည် ခင်ဗျားတို့ ဉာဏ်မိုလို့ ဖြတ်လို့ရတာ။
အခြားသဘောနဲ့ ပြတ်ပါတယ်ဆိုတာ မဟုတ်ပါဘူး၊ ဉာဏ်နဲ့မြင်လိုက်တော့မှ ပြတ်တာ၊ ဉာဏ်နဲ့မြင်လိုက်တော့မှ ပြတ်ပြီးသကာလ လာတော့၊ ကြည့်စမ်းပါလား၊ လှေခါးက ဆရာ ဘုန်းကြီးကို သင်္ကန်းကပ်မလို့ တက်လာတာ တောင်မှ စိတ်တွေဟာ ဒုက္ခရောက်ပြီး သကာလ၊ အခု အစားထိုးကြီးနဲ့ သင်္ကန်းကပ်နေရတယ်ဆိုတာ ကိုပေါက်ကျော် လွဲရဲ့ လား (မလွဲပါ ဘုရား)။
မလွဲတော့ မင်းတို့သည် ဒါကြီးမှ ဒီသေခါနီးဘဝမှာ ခဏခဏသေတဲ့ဘဝကိုမှ မကျွတ်ချင်လို့ရှိရင် မင်းတို့လောက် အတာ၊ မင်းတို့လောက်ရူးတာ ဒကာသိုက် မရှိတော့ဘူး (မရှိတော့ပါ ဘုရား)။
နောက်ဖြစ်ချင်ရင် သေချင်သေးလို့
နေ့တိုင်းဖြစ် အခါခါ သေလာတာ ချည့်ပဲဥစ္စာ၊ နောက်များ ဘာဖြစ်ချင်တယ်ဆိုရင် သေချင်သေးလို့မှ တစ်ပါး၊ ဘာမှ ဆရာဘုန်းကြီးဟောစရာမရှိဘူး (မှန်ပါ့)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ)။
ဒါဖြင့် မောင်ပေါက်ကျော် အသေလွတ်နေရာကို ရောက်ပါရစေဆိုတဲ့ဥစ္စာ၊ အသေမြင်တဲ့ ပုဂ္ဂိုလ်က အသေလွတ် ကိုကြိုက်တယ်၊ အသေမမြင်တဲ့ ပုဂ္ဂိုလ်က အသေလွတ်ကြိုက် တယ်ဆိုတာ၊ အလကားပြောတာ (မှန်ပါ့)၊ အလကား ပြောတာ။
ဝဋ်ကျွတ်ချင်တဲ့အလှူ မပါတာများတယ်
ဒါကြောင့် အလှူပေါင်း တစ်ထောင်၊ အလှူပေါင်း တစ်သိန်းမှာ ခင်ဗျားတို့ ဝဋ်ကျွတ်ချင်တဲ့ အလှူ မပါဘူးလို့ ဆရာဘုန်းကြီးပြောတာ အသေအချာမှတ် (မပါပါဘူး ဘုရား)။
ခင်ဗျားတို့နောက်က လှူခဲ့တန်းခဲ့တာတွေပေါ့ဗျာ၊ အလှူပေါင်းတစ်ထောင်၊ အလှူပေါင်း တစ်သောင်းမှာ ယခုလို ခန္ဓာကြီး ဉာဏ်ရောက်ပြီး၊ ဟောဒီလိုတွေ့ရတဲ့ ဝိပါကဝဋ်၊ ဖြစ်ဒုက္ခ ပျက်ဒုက္ခဆိုတဲ့ ဒုက္ခဝဋ်ကြီးမှ ယခုတပည့်တော်မြင်တဲ့ ဉာဏ်နဲ့ ယခုကျွတ်ချင်လို့ ယခုလှူတာပါ ဘုရား၊ အဲဒီဝဋ်ကျွတ်ချင် လို့ သင်္ကန်းကပ်တာဆိုတော့ ခင်ဗျားတို့ ဉာဏ်ဦးစီးတဲ့အလှူ ဆိုတာ မသေချာဘူးလား (သေချာပါတယ်)။
ဒါဖြင့် ဒီဉာဏ်သည် ကားလို့ဆိုလို့ရှိရင်၊ မဂ္ဂပစ္စယောလို့ မှတ်လိုက် (တင်ပါ့)၊ မောင်ပေါက်ကျော်၊ မဂ္ဂပစ္စယော (မှန်ပါ့)၊ မစီ ဘာတဲ့လဲ (မဂ္ဂပစ္စယောပါ ဘုရား)။
ဝဋ်ထဲကထွက်မြောက်အောင် သူကပို့ပေးမယ်
မဂ္ဂပစ္စယော- ဝဋ်မှ ထွက်မြောက်ကြောင်းဖြစ်အောင် ကျေးဇူးပြုမှာပဲ၊ ဟော မဂ္ဂပစ္စယော- ဝဋ်မှ ထွက်မြောက် ကြောင်းဖြစ်အောင် ရွက်ဆောင်မယ်၊ ခင်ဗျားတို့ အခုဝိပဿနာ ဉာဏ်လေး ဦးစီးပြီး လှူတဲ့ အလှူက ဝဋ်ထဲက ထွက်မြောက်အောင် သူပို့ပေးပါမယ်တဲ့ (တင်ပါ့)။
ခင်ဗျားတို့မှာရှိတဲ့ ဝိပဿနာဉာဏ် ကလေးက၊ ခင်ဗျားတို့ ရှုတဲ့ ဝိပဿနာဉာဏ် ကလေးက၊ ဝဋ်ထဲက ထွက်မြောက်အောင် သူပို့ပေးပါမယ်လို့ တာဝန်ယူပါတယ် (တင်ပါ့)။
ဘာဖြစ်လို့ တာဝန်ယူသလဲလို့ ဆရာဘုန်းကြီးက ဘာဖြစ်လို့ ပရမတ်က တာဝန် ယူသတုံးလို့ မေးတဲ့အခါကျလို့ ရှိရင်ဖြင့်တဲ့ ခင်ဗျားတို့စဉ်းစားကြည့်ပါ၊ ငရဲရောက် အကြောင်းတွေ ကြောင့် ပို့ပေးပါလို့ ခိုင်းရသလား၊ အကုသိုလ်ကံတွေက ပို့လိုက်တာလား (အကုသိုလ်ကံတွေက ပို့လိုက်တာပါ)။
ခင်ဗျားတို့ ပို့ပေးပါလို့ခိုင်းလို့လား (မခိုင်းပါဘူး)၊ သူ့ကို သူ့ဝမ်းထဲကိန်းနေတဲ့၊ ဒီအကုသိုလ် ဝမ်းထဲ ကိန်းနေတာ၊ ဒီအကုသိုလ်ကပဲ ပို့လိုက်တာ (မှန်ပါ့)။
ဝဋ်ကျွတ်တဲ့နိဗ္ဗာန်ပဲပို့မယ်
အခုမဂ္ဂပစ္စယော ဆိုတဲ့ ဖြစ်ဒုက္ခ ပျက်ဒုက္ခ မြင်နေတဲ့ ဉာဏ်ကလည်း ထွက်မြောက်ကြောင်း တရား ဖြစ်လေသော ကြောင့် ဝဋ်မှထွက်မြောက်ကြောင်း တရားဝမ်းထဲ ကိန်းနေသောကြောင့်၊ ဟေ့ မင်းဘယ်ပို့ပေးလို့ ခိုင်းဖို့ လိုသေးသလား (မလိုပါဘူး)၊ ဝဋ်ကျွတ်တဲ့ နိဗ္ဗာန်ပဲပို့မယ် (တင်ပါ့)။
အကုသိုလ်လုပ်တော့ ဆုမတောင်းဘဲနဲ့ အကုသိုလ်က ပို့လိုက်သလို၊ ဒီမှာလည်း ဒုက္ခသစ္စာကို ဖြစ်ဒုက္ခ ပျက်ဒုက္ခကြီး ကို မြင်နေတဲ့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ လှူတဲ့အလှူက မြင်တဲ့ဉာဏ်ကလေးက ဝမ်းထဲမှာ ကိန်းပြီးနေသောကြောင့် သူက မဂ္ဂပစ္စယော ဖြစ်သွားတယ် (တင်ပါ့)၊ သဘောကျ ပလား (ကျပါပြီ)။
မောင်မင်းကြီးက ဘယ်များပို့မှာတုံး
မဂ္ဂပစ္စယော ဆိုတော့ ဒီဝဋ်မှ ထွက်မြောက်ရာကိုသာ လျှင် သူကပို့တတ်တဲ့ တရား (တင်ပါ့)၊ အဲဒီတော့ ကိလေသ ဝဋ်၊ ကမ္မဝဋ်၊ ဝိပါကဝဋ်ဆိုတော့ ဝဋ်သုံးပါးမှ ကျွတ်ရာလွတ်ရာ ကို ပို့တတ်တဲ့ တရား၊ အခုဝမ်းထဲမှာရှိနေ သောကြောင့် မောင်မင်းကြီး ဘယ်ပို့မှာတုံးလို့ မေးမနေနဲ့ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။
‘‘ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂါ၊’’
ဘိက္ခဝေ-ရဟန်းတို့ အယံမဂ္ဂါ၊ မင်းတို့ ဖြစ်ဒုက္ခ ပျက်ဒုက္ခတို့ကို မြင်တဲ့မဂ်သည်၊ ဧကာယနော တစ်ကြောင်းတည်းနှင့် နိဗ္ဗာန်ပို့၏ (မှန်ပါ့)၊ မဟောဘူးလား (ဟောပါတယ်)။
အဲဒါ ဒီလောက်သေချာ နေတော့၊ ဪ တို့ ဆရာဘုန်းကြီးက အခုလမ်းပြနေတယ်၊ တို့အလှူသည်ကား ဆိုရင်၊ သူများအလှူ (၁၀)သိန်းကုန်လှူတဲ့ အလှူတွေနဲ့တောင် မတူသေးပါလား။
(၁၀)သိန်းကုန်က အခြားကုသိုလ်တွေ သိန်းပေါင်း (၁၀)၊ သိန်းပေါင်း (၂၀)တွေမှာ အကုသိုလ်က ပါနေတာ၊ ဝိတက် တွေကပါမယ်၊ ခန္ဓာဉာဏ်ရောက်က မပါဘူး။
ကုန်ကူးတစ်မျိုး
မပါတော့ ဟိုဥစ္စာက ပိုင်းခြားကုန်ကူးတစ်မျိုးလို့ မှတ်လိုက်တာပေါ့၊ မဏ္ဍပ်ကြီး ဆောက်ပြီး သကာလ ဘဝကို တောင့်တပြီး လှူတဲ့ အတွက် မစီ ကုန်ကူးတစ်မျိုးပဲ (တစ်မျိုး ပါ ဘုရား)။
ပွဲရုံကြီး ခင်ဗျားတို့အိမ်မှာ ဆောက်ထားကြတာပဲ၊ ဒါကုန်ကူးတာတစ်မျိုးပဲ (ကုန်ကူးတာတစ်မျိုးပါ)၊ ဟိုမဏ္ဍပ် ကြီးဆောက်ပြီး ကူးတာကော (ကုန်ကူးတာတစ်မျိုးပါ)၊ ကုန်ကူးတာ တစ်မျိုးပဲ ဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ)။
အဲဒါတွေ ကုန်ကူးတစ်မျိုးဆိုတဲ့ဥစ္စာ၊ ဒါဝမ်းမြောက် လို့ရှိရင်ကွာ လူခန္ဓာအဖြစ်မှ နတ်ခန္ဓာအဖြစ်နဲ့ ရအောင်လို့ ကုန်ကူးလိုက်တာ (မှန်ပါ့)၊ လူခန္ဓာအဖြစ်မှ ဗြဟ္မာခန္ဓာ အဖြစ်ကြီး ရအောင်လို့ ကုန်ကူးလိုက်တာ (မှန်ပါ့)။
တဏှာခိုင်းတဲ့အလုပ်
ဤကဲ့သို့ကုန်ကူးတဲ့အလုပ်ဖြစ်လေသောကြောင့်၊ အဲဒါ သည်ကားလို့ဆိုလို့ရှိရင်ဖြင့် ဉာဏ် အလုပ်လား လိုချင်လို့လုပ်တဲ့ အလုပ်ဖြစ်လေသောကြောင့်၊ တဏှာအလုပ်လားဆိုတာ မေးကြည့်ပါအုံး (တဏှာအလုပ်ပါ)။
အမယ်လေး ဒါလှူတာတဲ့၊ တဏှာခိုင်းတဲ့ အလုပ် လုပ်ပေးတယ်၊ လှူတယ်လို့လည်း လုပ်သေးရဲ့၊ ခင်ဗျားတို့ မုသားဖြစ်တယ် (မှန်ပါ့)၊ သေသေချာချာ ဖြစ်တယ်၊ သေသေချာချာ ဖြစ်တာပေါ့၊ ခိုင်းတာက တဏှာနော် (မှန်ပါ့)။
လှူတာလုပ်ပြီးဖိတ်တယ်
ခိုင်းတာက တဏှာက ခိုင်းတဲ့ဥစ္စာ၊ ခင်ဗျားတို့က ဖိတ်တာ လှူတာလုပ်ပြီး ဖိတ်တယ် (မှန်ပါ့)၊ မောင်ပေါက်ကျော် ရူးများရူးသလားကွ (မှန်ပါ့)၊ မရူးဘူးလား (ရူးပါတယ် ဘုရား)၊ မစီရေ ရူးတဲ့ပုံများ ကိုတော့ မပြောပါနဲ့တော့ (မှန်ပါ့)။
ဆေးကုလို့မရတဲ့အရူးမျိုး
အေး ရူးလိုက်တာက၊ တန်းကြီးထဲကပေါ့ဗျာ၊ အရူးတန်းအကြီးထဲကကျနေတာ၊ ဆေးကုလို့မပျောက်တဲ့ အရူးမျိုးထဲက ဖြစ်နေတယ် (မှန်ပါ့)၊ အဲဒီတော့ကို တဏှာခိုင်း
တာလည်း လုပ်သေးရဲ့၊ အလှူ ကြွပါလို့လည်း ဖိတ်သေးရဲ့၊ သာဓုခေါ် ရအောင်လို့ ဖိတ်လိုက် သေးတယ်၊ အတူတကွတရား နာရအောင်လည်း ဖိတ်လိုက်သေးတယ်ဆိုတော့၊ ခိုင်းတဲ့အလုပ် က ကုန်ကူးအလုပ် (မှန်လှပါ ဘုရား)။
ရမ်းတောင်းမှန်းတောင်း
နိဗ္ဗာန်ဆိုတာက၊ ခင်ဗျားတို့က၊ ခင်ဗျားတို့လည်း ရောက်ဖူးတာ မဟုတ်ဘူး (မရောက်ဘူးပါ ဘုရား)၊ မရောက် ဘူးတဲ့ဟာ၊ ဆရာသမားကလည်း နိဗ္ဗာန်တောင်းလိုက်၊ နိဗ္ဗာန် တောင်းလိုက် ဆိုလို့သာ တောင်းတာ (မှန်ပါ့)။
အဲဒီတော့ ခင်ဗျားတို့သည် ရမ်းတောင်းမှန်းတောင်း (မှန်ပါ့)၊ ရမ်းတောင်းမှန်းတောင်း ဆိုသဖြင့် ခင်ဗျားတို့ဟာ၊ ရမှာလည်းမဟုတ် (မှန်ပါ့)၊ ဟုတ်ဘူးလား။
ဒီဒုက္ခကြီးကျွတ်ချင်လို့ ဆိုတော့ဖြင့်၊ ဒီဒုက္ခကို ကိုယ်တိုင် မမြင်လား (မြင်ပါတယ်)၊ ဒါဖြင့် ဒုက္ခကျွတ်တာကို ဘာခေါ်ကြမလဲ၊ နိဗ္ဗာန် (နိဗ္ဗာန်ပါ ဘုရား)၊ ဒါဖြင့် ဒုက္ခတော့ အမြင်သားပေါ့ဗျာ (မှန်ပါ့)။
အဲဒီတော့ ပုထုဇဉ်ဉာဏ်နဲ့တော့ နိဗ္ဗာန်မမြင်ဘူးတဲ့၊ မှန်းဆပြီးသာ သူပြောနေတာ၊ ဒုက္ခ ကျွတ်ရပါလို၏ ဆိုမှ ကိုယ့်ဒုက္ခ ကိုယ်မြင်လို့ ကျွတ်ချင်တာ သေချာတယ် (သေချာပါ တယ်)၊ သေချာကြတော့ ဒါနိဗ္ဗာန် ရတာပဲမဟုတ်လား၊ (ရပါတယ်)။
ဉာဏ်ကဒုက္ခကျွတ်ချင်တယ်
ဒါဖြင့် ဒီဖြစ်ဒုက္ခ ပျက်ဒုက္ခကြီးမှ တပည့်တော်တို့သည် သင်္ကန်းကပ်တယ်၊ သံဃာတွေကို ဆွမ်း အလှူအတန်း လှူတဲ့ အလှူသည် ဒုက္ခကြီးမှ ကျွတ်ခြင်း လွတ်ခြင်းကို တပည့်တော် တို့သည် တကယ်မြင်လို့ ကျွတ်အောင် လွတ်အောင် လုပ်တဲ့ ဉာဏ်နဲ့ စွန့်ခြင်း၊ ကြဲခြင်း၊ ပေးကမ်းခြင်း ဖြစ်ပါတယ်ဘုရား ဆိုတော့ ဘာတောင့်တသေးသလဲ (ဘာမှမတောင့်တပါ ဘုရား)။
ဒါဖြင့် ဒုက္ခကျွတ်ချင်တာတစ်ခုဆိုတော့၊ ဒါဉာဏ်စခန်း သက်သက်ပဲ (မှန်ပါ့)၊ တဏှာ နည်းနည်းမှ မပါဘူး (မပါပါဘူး)၊ မပါဘူး၊ မပါဘူး။
တဏှာကဒုက္ခပေးတယ်
တဏှာနည်းနည်းမှ မပါဘူး၊ ဒုက္ခကျွတ်ချင်တာ၊ တဏှာကတော့ ဒုက္ခပေးသမားကို (မှန်လှပါ)၊ ဉာဏ် ကတော့ ကျွတ်ချင်သမား (မှန်ပါ့)။
ဒါဖြင့် ဒုက္ခကျွတ်ချင်တဲ့ အလှူပွဲဖြစ်လေ သောကြောင့် မစီတို့ မောင်ပေါက်ကျော်တို့ အားကြီး အဖိုးတန်တယ် (မှန်ပါ့ ဘုရား)၊ အားကြီးအဖိုးတန်သွားပြီ၊ မင်းတို့ကတော့ သားရှင်ပြု တုန်းကတော့ ဘယ်လောက်ကုန်ခဲ့တယ်ဆိုတာကို ငါသာဓုမခေါ်ပါဘူး၊ မစီ သာဓုမခေါ်လို့ ဝမ်းနည်းသလား (မနည်းပါဘူး)။
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မသိ မလိမ္မာသေးခင်က မှားပြီး သကာလ ထားတဲ့ အပြစ်တွေကတော့ မောင်ပေါက်ကျော် မနည်းလှဘူး (မနည်းပါ ဘုရား)၊ မနည်း ဘူးနော် (မနည်းပါ ဘုရား)။
အဲဒါကြောင့် ယခုတော့ဖြင့် ဖြစ်ဒုက္ခ ပျက်ဒုက္ခကြီး၊ ကာယိကဒုက္ခစေတသိက ဒုက္ခကြီး၊ နောက် လာလတ္တံ့ဖြစ်တဲ့ ဇာတိဒုက္ခကြီး၊ ဇရာဒုက္ခကြီး၊ ဗျာဓိဒုက္ခကြီး၊ မရဏဒုက္ခကြီး ညနေက ဟောတဲ့အတိုင်း သူသေကောင်ထမ်းတဲ့အလုပ်ကြီး (မှန်ပါ့)။
ညနေက သူသေကောင် ထမ်းရတယ် ဆိုတာ၊ မစီတို့ ကြားလိုက်တယ် (ကြားပါတယ် ဘုရား)၊ မောင်ပေါက်ကျော် လည်း ကြားလိုက်တယ် (ကြားပါတယ် ဘုရား)။
မိုက်တာကပါလိုက်သေးတယ်
အေး အဲဒါကြီးကိုမှ ဆုတောင်းသွားယူတဲ့ပုဂ္ဂိုလ် ဟာ အရူးနဲ့အမိုက်နှစ်ခုစလုံး စုံလို့ဖြစ်လိမ့်မယ် (စုံလို့ပါ ဘုရား)။ အရူးချည့်သက်သက်လည်း သွားမတောင်းဘူး (မှန်ပါ့)၊ မိုက်တာကလည်း ပါလိုက်သေးတယ် (ပါပါတယ် ဘုရား)။
ဒါဖြင့် ဒွန်းစဏ္ဍာ၊ သုဘရာဇာအဖြစ် ဆုတောင်း ယူတာ မစီရဲ့၊ ရှက်စရာ ကောင်းတယ်၊ ငွေလည်း ကုန်သေး တယ်။ မသာလည်းထမ်းရသေးတယ်၊ မောင်ပေါက်ကျော် ဘာဖြစ်ကြတာလဲ (အရူးထတာပါ ဘုရား)။
အရူးထတာ၊ ဒေါ်ရွှေ ဘာဖြစ်နေသလဲ (အရူးမိုက် ပြနေတာပါ ဘုရား)၊ ရူးမိုက်ဖြစ်နေတာ၊ အဲဒါကတော့ ယခုလို ဆရာကောင်း၊ သမားကောင်းနဲ့ ကြုံမှသာလျှင် အရူးမှန်းသိ အမိုက်မှန်း သိတာဗျာ။
အလောင်းပြောင်းထမ်းတာ
အမလေး၊ နို့မို့လို့ရှိရင် ခင်ဗျားတို့က ကျုပ်တို့တော့ ပူစရာမရှိဘူးတဲ့၊ နောက်ဘဝဆိုရင် ကောင်းစားဖို့သာရှိတယ်၊ သူကောင်းစားတာက မသာတုံးကြီး (မသာတုံးကြီးပါ ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။
သူကောင်းစားတာ ဘာပါလိမ့် (မသာတုံးကြီးပါ)၊
အလောင်းပြောင်းထမ်းတာ၊ မစီ ထမ်းချင်သေးသလား (မထမ်းချင်ပါဘူး ဘုရား)၊ ရှက်ကြပါတော့ဗျာ၊ မောင်ပေါက်ကျော်ကော (တင်ပါ့)၊ ရှက်ကြပါတော့၊ ကြောက်လည်းကြောက် ပါတော့ဗျာ။
မသာကြီးများထမ်းချင်သေးသလား
မသာကြီးများ ထမ်းချင်သေးသလားလို့ မေးတဲ့အခါမေး ကြည့်၊ မမေးဘူးလား (မေးပါတယ် ဘုရား)၊ နတ်ခန္ဓာဆိုတာ က၊ လူခန္ဓာထက်ကြီးတယ်။ အဲဒီတော့ လူခန္ဓာထက် ကြီးတယ် ဆိုတော့၊ ခင်ဗျားတို့ နတ်ပြည် ရောက်သွားတော့ ဘာထမ်းရမှာ တုံး (နတ်ခန္ဓာထမ်းရမှာပါ ဘုရား)။
နတ်ခန္ဓာဆိုတော့ မသာသေးလား၊ မသာကြီးလား (မသာကြီးပါ ဘုရား)၊ တော်လောက်ပြီ ထင်တယ်၊ ရိပ်မိ ပလား (ရိပ်မိပါပြီ)၊ တော်လောက်ပြီထင်တယ် မစီရ (မှန်ပါ့)၊ တော်လောက်ပါပြီ၊ ခင်ဗျားတို့က ဂုဏ်မယူပါနဲ့တော့ (မှန်ပါ့)။
ဂုဏ်မယူပါနဲ့တော့
ဂုဏ်မယူပါနဲ့တော့ မသာကြီးများဖြစ်ချင်သေးသလား (မဖြစ်ချင်ပါဘူး)၊ ဗြဟ္မာဆိုတော့ကို၊ ခုနကပြောတဲ့ ဒီကနေ ကျောက်ဆည်လောက်ရှိပါတယ်၊ ဆိုတာပေါ့ဗျာ သူ့ခန္ဓာကိုယ်ကြီး၊ တစ်ယောက် တစ်ယောက် ခန္ဓာကိုယ်ကြီး၊ အဲ ဗြဟ္မာ ဖြစ်ချင်တော့ ဗြဟ္မာ ခန္ဓာကိုယ်ကြီး ကလည်း အသုဘပဲ မဟုတ်လား (မှန်ပါ့)။
အသုဘကြီးဖြစ်ပြီးသကာလ၊ အသုဘ ဒုက္ခသစ္စာကြီး မဟုတ်လား၊ အဲဒီ အသုဘ ဒုက္ခသစ္စာကြီးနဲ့ ထမ်းရမှာတော့ တပည့်တော်တို့ ကြောက်လွန်းလို့ ဘုရား (မှန်ပါ့)။
ဉာဏ်နဲ့ခန္ဓာကိုယ်ကြည့်
မသာထမ်းဘဝမှ လွတ်အောင်၊ ဒုက္ခကြီးတည်းဟူသော၊ ခန္ဓာဝန်ကြီးထမ်းရတဲ့ဘဝမှ ကျွတ်အောင်၊ လွတ်အောင်လို့၊ ယခုကဲ့သို့ သင်္ကန်းကပ်ပြီးသကာလ၊ ကျွတ်လို လွတ်လိုသော၊ ဉာဏ်နဲ့ကို၊ တကယ်ကပ်တာပါ ဘုရားလို့ ဆိုတာ ဉာဏ်နဲ့ကို၊ ခန္ဓာကိုယ်ကြည့်လိုက်ပါ (မှန်ပါ့)။
ကြည့်လိုက်တဲ့အခါကျတော့၊ ခန္ဓာကိုယ်ထဲကြည့်စမ်း၊ အသုဘတွေ၊ ကျင်ကြီးရှိရဲ့လားလို့၊ ခင်ဗျားတို့ ဝမ်းပိုက်ထဲမေးရင် ဘယ်နှယ်ဖြေကြမလဲ (ရှိပါတယ် ဘုရား)။
ကျင်ငယ်ရှိရဲ့လား (ရှိပါတယ် ဘုရား) သွေး၊ ပြည်၊ သလိပ်တွေကော (ရှိပါတယ် ဘုရား) အမယ် ဒါကြီး ထမ်းပြီး ဒီကျောင်းပေါ်တက်လာခဲ့ကြတာပေါ့ (တင်ပါ့)၊ ဒါကြီးထမ်းပြီး ဒီကျောင်းပေါ် တက်လာခဲ့ကြတယ်၊ ဪ ခင်ဗျားတို့သည် ကားလို့ဆိုရင် ကျောင်းကတော့ အသက်မရှိလို့သာ နိဗ္ဗာန်ကတော့ဖြင့်၊ ဒီလိုလူလက်မခံဘူး (လက်မခံပါ ဘုရား)၊ အသုဘကိုးဗျ (မှန်ပါ့)၊ အသုဘကိုး၊ ဒုက္ခသစ္စာကိုး၊ လက်ခံပါ့မလား (လက်မခံပါ ဘုရား)။
ဒါကြောင့် နိဗ္ဗာန်ကို ခင်ဗျားတို့က သေသေချာချာ မှတ်ပါ၊ ခန္ဓာဇာတ်သိမ်းပုံ ဇာတ်သိမ်းချက် (မှန်လှပါ)၊ အသုဘ ခန္ဓာကြီးပါသွားလို့ တော်ပါ့မလား (မတော်ပါဘူး)။
နိဗ္ဗာန်မှာ ဘာခန္ဓာမှမရှိဘူး
ဒါကြောင့် နိဗ္ဗာန် ဘာခန္ဓာရှိသတုံးလို့၊ ဒကာသိုက်က မေးမေး၊ မောင်ပေါက်ကျော်က မေးမေး၊ ဒေါ်ရွှေတို့က မေးမေး၊ မစီတို့က မေးမေး၊ မေးချင်တာကမေး၊ ဘာခန္ဓာမှမရှိဘူး မှတ်ပါ (မှန်ပါ့)၊ ရှိရင် အသုဘရှိနေဦးမှာပဲ (မှန်ပါ့)။
အသုဘရှိရင် မသာထမ်းဘဝက ကျွတ်ပြီလို့ ဆိုလို့ ရလား (မရပါ ဘုရား) အဲဒါကြောင့် တပည့်တော်တို့ ဘုရား၊ ယခု ဆရာ ကောင်းသမားကောင်းလမ်းညွှန်တဲ့အတွက် ဤကျွတ်ခြင်း လွတ်ခြင်းကိုဖြင့်၊ မုချကျက်သရေမင်္ဂလာ မရှိတဲ့ အသုဘခန္ဓာ၊ ဒုက္ခသစ္စာကြီးဖြင့် ကျွတ်လို လွတ်လိုသော ဆန္ဒပြင်းပြပြီး၊ သူ့ကိုရွံ့ လွန်းလို့၊ ဟော ဒါကြီးကိုဖြင့် အခုချလို့ရှိ ရင်ဖြင့်၊ အခုသည်ဉာဏ်နဲ့ အခုချလို့ရလို့ရှိရင်ဖြင့်၊ အခုချချင် တဲ့ဉာဏ်နဲ့၊ ဆရာသမား သင်္ကန်းကပ်ပါတယ် ဘုရားလို့ပြောင်း လိုက်။
အခုချလို့ရှိရင် အခုဖြတ်ကြည့် ဟုတ်ဖူးလား (မှန်ပါ့)၊ သို့သော်လည်းတဲ့ အခုချချင်လို့ရှိရင် အခုချချင်တဲ့ ဉာဏ်နဲ့ပဲ လှူပါတယ်ဆိုတော့ ချမရတာက ခင်ဗျားတို့။
ဝိပါကဝဋ်ကောင်
ဘာဖြစ်လို့ ချမရသေးသတုံးဆိုတော့ ဝိပါကဝဋ်ကောင်၊ ဝဋ်မကျွတ်သေးဘူး (ဝဋ်မကျွတ် သေးပါ ဘုရား)၊ သဘော ကျပလား (ကျပါပြီ)။
ဘာကောင်တုံး ခင်ဗျားတို့ (ဝိပါကဝဋ်ကောင်ပါ)၊ ဝဋ်ကောင် ဝဋ်မကျွတ်သေးတော့၊ ဘာနဲ့တူနေသတုံး ဆိုတော့၊ နေ့လည်ကဘဲ ပုံရိုင်းရိုင်းနဲ့ နှိုင်းလိုက်တယ် (မှန်ပါ့)။
ခွေးတွေဟာလည်ပင်းပြတ်လောက်အောင် အနာကြီး ပေါက်နေတယ်။ ခင်ဗျားကာ ကြည့်လိုက်တော့၊ မောင်ပေါက်ကျော် တို့ကကြည့်လိုက်တော့ မစီတို့ ဒေါ်ရွှေတို့ကကြည့်လိုက်တဲ့ အခါကျတော့၊ ဒီခွေးသေလည်းမသေနိုင်ဘူး ဝဋ်ကြီးလိုက်တာ။
အသုဘကြီးနဲ့အထမ်းသမား
အနာနဲ့သူနဲ့ ခွဲမရရှာပဲကိုး (မှန်ပါ့)၊ ခွေးနဲ့အနာနဲ့ ခွဲရရဲ့ လား (မရပါဘူး)၊ လူမှာကတော့ အသုဘကြီးနဲ့ အထမ်း သမားနဲ့ခွဲရသလား (မရပါဘူး)၊ ခွေးအနာကြီး လိုပဲ ဝဋ်ကြီးနေလိုက်တာ ခင်ဗျားတို့မှာ၊ ရိပ်မိပလား (ရိပ်မိပါပြီ)။
မောင်ပေါက်ကျော်၊ မင်းဘဝကသေးသလား (မသေးပါ ဘုရား)၊ မသေးဘူးကွ၊ ခွေးအနာသာ မင်းတို့က မြင်နေတာ၊ ခွေးအနာသာမြင်နေတာ မစီတို့လူစုက လူနာ အပြစ်မသိဘူး၊ အပြစ်မြင်ပြီလား (မြင်ပါပြီ)။
ထမ်းထားတာကလည်း သုဘလား၊ အသုဘလား (အသုဘပါ)၊ အသုဘမှာလည်း (၉၆)ပါးသော အနာတွေက ပေါက်လျက်ပဲမို့လား (ပေါက်လျက်ပါပဲ)၊ အမယ်လေး ဆိုးလှ ချည်လားဗျာ။
နိဗ္ဗာန်ကဒါမျိုးလက်မခံ
အဲဒီတော့ နိဗ္ဗာန်က ဒါမျိုးလက်ခံပါ့မလား (လက်မခံပါဘူး)၊ အသုဘခန္ဓာကိုယ် ဒုက္ခခန္ဓာကိုယ် မောင်ပေါက်စီ၊ လက်မခံဘူးကွ (မှန်ပါ့)။
အဲဒါကြောင့် တပည့်တော်တို့ဘုရား၊ ဒါကြီး၊ လက်ရှိပြီး ဟာဖြင့်၊ အတော်အရုပ်ဆိုးလို့ အတော်အကျည်းတန်နေပါပြီ၊ အဲဒါကြီးကို အသုဘခန္ဓာနဲ့ ဒုက္ခသစ္စာကြီးကိုဖြင့်၊ ကိုယ်တိုင်ပဲ အခုကိုယ့်ကိုယ် ကိုယ်မြင်ပါပြီ။
အသုဘနဲ့ ဒုက္ခသစ္စာသာရှိတယ်ဆိုတာ ပြန်ကြည့်လိုက် စမ်း၊ အသုဘနှင့် ဒုက္ခသစ္စာမှ တစ်ပါးဘာရှိသလဲ (ဘာမှ မရှိပါဘူး)၊ ကျင်ကြီးအိမ်ထဲ ဉာဏ်နဲ့သွားကြည့်လိုက် ဉာဏ်နဲ့ ကြည့်လိုက် ကျင်ကြီးပဲ ရှိတယ်။
ကျင်ငယ်အိမ်နားခန္ဓာထဲ ပြန်ကြည့်လိုက်စမ်း (ကျင်ငယ်ပဲရှိတယ်)၊ သလိပ်အိမ်ထဲ သွားကြည့်စမ်း (သလိပ်ပဲရှိပါတယ်)၊ သလိပ်ရှိတာပဲ၊ သွေးအိမ်ထဲမှသွားကြည့် (သွေးပဲရှိပါတယ်)၊ သွေးပဲရှိတာပဲ။ နှာခေါင်းထဲသွားကြည့်၊ နှပ်ပဲရှိတာပဲ၊ ပါးစပ်ထဲသွားကြည့် တံတွေးပဲရှိတာပဲ၊ မဟုတ်ဘူးလား (ဟုတ်ပါတယ်)။
တင့်တယ်တဲ့သုဘမပါဘူး
ဘယ်ဟာသည် သုဘဆိုတဲ့ တင့်တယ်တာပါရဲ့ လား (မပါပါ ဘုရား)၊ မပါတော့ ဒီအသုဘကြီးနဲ့ နေရတာနဲ့ အကြည့် မှားပါပြီ၊ ကြောက်လည်း ကြောက်လှပါပြီ၊ ဒီအထဲကပဲ တစ်နာရီ တစ်မိနစ်၊ တစ်စက္ကန့်မှ မသာလောင်း သေနေတာ ကလဲ ရပ်ကဲ့လား (မရပ်ပါ ဘုရား)။
ရုပ်နာမ်သေနေတာကကော (မရပ်ပါ) တော်တော် ကြာ မစီတစ်ယောက်သေပြန်ပြီ၊ ဟိုက မစီသည်ထိုင်တဲ့ ဆီပါရဲ့ လား (မပါပါဘူး)။
အင်း-ခုနက ဒီ မစီတစ်ယောက်ဘာဖြစ်သွားသတုံးမေး လို့ရှိရင် သေပြီဘုရာ့၊ မောက်ပေါက်ကျော် တစ်ယောက် ဘာဖြစ်သွားသလဲ (သေသွားပါတယ်)၊ အနိစ္စရောက်တယ်၊ သဘောကျပလား (ကျပါတယ်)။
ဒီထက်ကြီးတဲ့ဒုက္ခမရှိဘူး
အဲဒါတွေ အသေလည်းမပြတ် အသုဘကလည်း တရစပ်၊ အသေမပြတ်၊ အသုဘ တရစပ် ဆိုတဲ့ ဒုက္ခထက်ကြီး တာများ၊ ခင်ဗျားတို့ ခွဲလို့လည်းမရဘူး၊ ခွာလို့လည်းမရဘူး၊ ထမ်းလည်း ထမ်းရသေးတယ် ဆိုတော့၊ ဒီထက်ကြီးတဲ့ ဒုက္ခ ရှာကြစမ်းပါဦး၊ ပေါ်ကြပလား (ပေါ်ပါပြီ)။
ဒီထက်ကြီးတဲ့ဒုက္ခများရှိသေးသလား (မရှိပါဘူး) အမယ်လေး ဒါတွေကို ဒကာ ဒကာမတွေက ဖော်ပြောလိုက်တော့ မှ၊ ကိုယ်ဉာဏ်ထဲရောက်သွားတော့မှ၊ ဟုတ်ပါလား ဆိုတဲ့ ဉာဏ်မလာ ဘူးလား (လာပါတယ် ဘုရား)။
အဲဒီဉာဏ်ကလေးနဲ့မှ ခင်ဗျားတို့၊ အသုဘနဲ့ ဒုက္ခသစ္စာ မြင်တယ်၊ အဲဒီအသုဘ ဒုက္ခသစ္စာကြီးနဲ့ ဘယ်တော့မှ မတွဲပါရစေနဲ့၊ ဘယ်တော့မှ မဆက်ပါရစေနဲ့၊ ဉာဏ်နဲ့ဆုံးဖြတ်ချက်ချ (မှန်ပါ့)။
အတော်အရေးကြီးတယ်နော်၊ အင်မတန်အရေးကြီး လို့ပြောနေတယ်၊ မောင်ပေါက်ကျော် ဒီအရေးမသေးဘူးနော် (မသေးပါ ဘုရား)၊ မသေးဘူး၊ မသေးဘူး။
ဒုက္ခလွတ်ချင်တဲ့ဉာဏ်နဲ့လုပ်
မင်းတို့တစ်သံသရာလုံး မျက်စိလည်ပြီး၊ မှောက်မှားပြီး၊ ချောက်ကျလာခဲ့တာ မစီ၊ အခုဖြောင့်ပေးနေတာ (မှန်ပါ့)၊
ဖြောင့်ပေးနေတာ၊ ဒုက္ခလွတ်ချင်တဲ့ဉာဏ်နဲ့ လုပ်လို့ရှိရင်ဖြင့်၊ ဒီဉာဏ်သည် ကျွတ်ရာလွတ်ရာမှ တစ်ပါး၊ ဘယ်မှကျေးဇူး မပြုဘူးဆိုတာ ဘုရားက မဂ္ဂပစ္စယောဟေ့၊ ထွက်မြောက်ရာကိုသာ ကျေးဇူးပြုတယ် ဆိုတော့ ဘယ်လောက်ရှင်းသလဲ ကျေနပ် ပလား (ကျေနပ်ပါပြီ)။
ဒါဖြင့် ဒီသံသရာကြီးကို ဒုက္ခသစ္စာ အသုဘခန္ဓာ (မှန်ပါ့)၊ ဒုက္ခသစ္စာ အသုဘခန္ဓာကြီးနဲ့၊ မတွဲချင်၊ မဆက် ချင်လို့ ဒီသင်္ကန်းကို ဆရာသမားကို ကပ်ပါ (မှန်ပါ့)။
ဒုက္ခသစ္စာ အသုဘခန္ဓာနဲ့ခွဲလို့၊ စွန့်လိုတဲ့ဉာဏ်နဲ့၊ လှူတဲ့ သင်္ကန်းပါဆိုတာ သေသေချာချာ ပြောင်းပါ။ မောင်ပေါက်ကျော် ပြောင်းပြီးပြီလား (ပြောင်းပြီးပါပြီ)။
ဒုက္ခသစ္စာ အသုဘခန္ဓာနဲ့တွဲပိုက်မှုကို လုံးဝရွံလွန်းလို့၊ မုန်းလွန်းလို့ ဒီသင်္ကန်းကို ဆရာသမားအား၊ ရွံတဲ့ဉာဏ်နဲ့ ကပ်ပါ တယ်ဘုရား၊ လွတ်ပါစေသား ဆိုပြီးတော့၊ ရွံတဲ့ဉာဏ်နဲ့ ကပ်ခြင်း လှူခြင်းဖြစ်ပါသည်လို့ မစီ ပြောင်းပေးပါ။
သေသေချာချာပြောင်းနော် ယီးတီးယားတားမပြောင်း နဲ့၊ သေသေချာချာပြောင်းမှ မောင်ပေါက်ကျော်ကော၊ သေသေ ချာချာပြောင်းမှ၊ ဟန်လေးပန်လေးမလုပ်နဲ့ကွ (မှန်ပါ့ ဘုရား)။
ငွေဖလားနဲ့ ငွေခရားနဲ့
မင်းတို့မဏ္ဍပ်ထဲမှာ တစ်ယောက်က ငွေဖလားနဲ့၊ တစ်ယောက်က ငွေခရားနဲ့ ကိုင်တဲ့ အခါမျိုး မဟုတ်ဘူး ဒီဥစ္စာက၊ တကယ့် ခန္ဓာငါးပါးပေါ် မှာမှ၊ ဟိုဟာက ဟန်ရေစက်ချတွေ၊ ဟုတ်ဘူးလား (မှန်ပါ့)၊ ဒါတွေက အလကားဟာတွေ (မှန်ပါ့)။
တကယ်တန်းဆိုတော့ ဉာဏ်ရောက်တာမဟုတ်ဘူး၊ အလကား တစ်ယောက်လည်း ငွေဖလားကြီးနဲ့၊ ရေခရားနဲ့၊ ဟိုဘက် တစ်ယောက်ကလည်း ငွေဖလားနဲ့ရေခရားနဲ့။
အံမယ်၊ မစီတို့ ဒါတွေက အလကားဟာတွေနော် (မှန်ပါ့)၊ ဒီအထဲမှာ ဟန်က လုပ်ချင် သေးတာကိုး၊ ဟန်ပါမနေ ဘူးလား (ပါနေပါတယ်)။
ဟန်ပါနေရင် ဉာဏ်မပါဘူး
အဲဒီတော့ ဟန်ပါနေကတည်းကိုက၊ ဉာဏ်မပါဘူး ဆိုတာပါပဲ (မပါပါဘူး)၊ သေချာပလား (သေချာပါ တယ်)၊ အလကားလုပ်နေတာ (မှန်ပါ့)၊ အလကားလုပ်တာ၊ အလကားလုပ်တာ။
ကဲ ဒါဖြင့် နေရာကျပလား (ကျပါပြီ)၊ ဒါဖြင့် ခင်ဗျားတို့ ဒုက္ခသစ္စာနဲ့ အသုဘခန္ဓာကြီးကို တကယ်ကျွတ်လိုတဲ့ ဉာဏ်ပေါ်ပလား (ပေါ်ပါပြီ)၊ ဉာဏ်ပေါ်လို့ ရှိရင်ဖြင့်၊ ခင်ဗျားတို့သည် ဝိပဿနာဉာဏ် ဦးစီး၍ ဝိဝဋဒါန၊ သေသေ ချာချာဖြစ်တယ်။
ဝိပဿနာဦးစီးပေးလိုက်တဲ့အတွက်ကြောင့် ဝိဝဋဒါန၊ မစီ၊ သေသေချာချာဖြစ်တယ်၊ ရှင်းပြီလား (ရှင်းပါပြီ)။
ဒါဖြင့် ခန္ဓာကြီးပြန်ကြည့်ပါဦးကွ၊ သူကိုချစ်စရာ၊ ခင်စရာ ကြင်နာစရာ၊ တစ်ပဲသားများရှိရဲ့လား (မရှိပါ ဘုရား)။
ဪ ဒါဖြင့်မရှိတော့ ဒီခန္ဓာကြီး၊ အသုဘဒုက္ခသစ္စာကြီးဖြစ် ပြီးသကာလ ပျက်နေ သောကြောင့် သူ့ကိုကျွတ်လို လွတ်လိုတဲ့ ဉာဏ်ပေါ်ပလား (ပေါ်ပါပြီ)။
အဲဒီကျွတ်လိုလွတ်လိုတဲ့ ဉာဏ်ပေါ်တဲ့အချိန်မှာ၊ မင်းသင်္ကန်းကပ်ရမယ်၊ ပေါ်ပလား မောင်ပေါက်ကျော် (ပေါ်ပါပြီ)၊ မစီကော (ပေါ်ပါပြီ)၊ ကဲ မောင်ပေါက်ကျော် လာ၊ ကပ်လှည့်။
တပည့် တော်တို့ လှူဒါန်းသော ကုသိုလ်ကံ သည်၊ အသုဘခန္ဓာ ဒုက္ခသစ္စာကြီး၊ မြင်သော ဉာဏ်ဖြင့် ကျွတ်လို လွတ်လိုတဲ့စိတ် ပြင်းပြသည်ဖြစ်၍ ဒုက္ခဝဋ်မှ၊ ကျွက်လိမ့် မည်ဟု၊ ဧကန် ယုံကြည်သော သဒ္ဓါဖြင့်လည်းကောင်း၊ ဧကန်မြင်သော ပညာဖြင့် လည်းကောင်း၊ လှူဒါန်းပါသည် အရှင်ဘုရား၊ ကဲ ကပ်။
လှူပုံတန်းပုံကိုပြောပြမယ်
ရေစက်မချခင် အလှူရှင်ဒကာ ဒကာမတွေကို လှူပုံ တန်းပုံကို ပြောပြမယ်ဆိုတာ နားထောင်ကြဖို့ပါ။
ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် သာဝတ္ထိပြည် ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးပြီး သကာလ နေတယ်၊ အဲဒီအချိန်မှာ ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလာန် အမှူးရှိတဲ့ ပုဂ္ဂိုလ်တွေက နကုလမာတာတို့ဆီမှာ သွားပြီး သကာလ ဆွမ်း၊ သင်္ကန်းအစရှိသည်တို့ကို အလှူခံ သွားကြတယ်။
အလှူခံသွားကြတဲ့အခါကျတော့ ဘုရားသခင်ကိုယ်တော် ကြီးက တရားစချင်တာနဲ့၊ ဇေတဝန်ကျောင်းမှာ ကျန်ရစ်တဲ့ ရဟန်းတွေကို မေးတယ်။
ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလာန်တို့ ဘယ်များကြွကြ သတုံးကွ၊ ဝေလုကန်ရေကြည်မှာ နကုလမာတာတို့ နကုလပီ တာတို့ ဆွမ်းအနုမောဒနာပြုတယ်၊ အဲဒီကြွသွားကြတယ်ဘုရားလို့ လျှောက်တဲ့ အခါကျတော့ ဒါဖြင့်ကွာ သူတို့ ကြွသွားတဲ့ အခါကျ တော့ သူတော်ကောင်းတွေ ဖြစ်ကြတယ်။
ဘယ်လိုအကျိုးများခံစားရမှာလဲ
ဟိုကလှူတဲ့ ပုဂ္ဂိုလ်များကလည်း စေတနာသဒ္ဓါတရား ကောင်းကြတယ်၊ အဲဒီတော့ သူတို့ဘယ်လိုများ အကျိုး အာနိသင်များ ခံစားရမှာပါလိမ့်မလဲလို့ ရဟန်းတွေ မေးလိုက်တယ်။
ရဟန်းတွေက အရှင်ဘုရားတဲ့ အရှင်ဘုရားပြောမှ ဟောမှ သိရမည့် ပုဂ္ဂိုလ်တွေ ဖြစ်တဲ့ အတွက် တပည့်တော်များ ဖြင့်သည် အကျိုးပေးကို ဘယ်လောက်ထိအောင် အကျိုးပေး မယ်လို့ မလျှောက်နိုင်၊ မထားနိုင်ဖြစ်ပြီး သကာလ နေပါတယ်လို့ ဘုရား ပြန်လျှောက်တယ်။
ဘုရားကတာဝန်ယူလိုက်တယ်
အေး ဒါဖြင့် ငါပဲ မင်းတို့ သိလောက်အောင် ဟောကြား၊ မှာကြားဆုံးမပေးမယ်လို့ ဘုရားရှင် ကိုယ်တော်မြတ်ကြီးက တာဝန်ယူလိုက်တယ်။
ကိုင်း ကွာ ငါဟောတော့မယ်တဲ့၊ အလှူပေး ပုဂ္ဂိုလ်မှာ အင်္ဂါ (၃)ပါးဟေ့၊ အလှူခံပုဂ္ဂိုလ်မှာ အင်္ဂါ (၃)ပါးဟေ့၊ အလှူပေး ပုဂ္ဂိုလ်မှာ မောင်ပေါက်ကျော် ဘယ်နှပါးလဲ (အင်္ဂါ (၃)ပါးပါ ဘုရား)၊ အလှူခံပုဂ္ဂိုလ်ဘက် ကကော (အင်္ဂါ (၃)ပါးပါ)၊ အင်္ဂါ (၃)ပါး မစီ မှတ်မိပြီ။
အလှူပေးပုဂ္ဂိုလ်
ကိုင်း ဒါဖြင့် အလှူပေး ပုဂ္ဂိုလ်က စပြီး သကာလ ငါတရားဟောမယ် ဆိုပြီး ဘုရားက ဟောလိုက်တယ်၊ မလှူမိရှေး ဖို့ကာလက ပုဗ္ဗစေတနာလည်း ရာဂ၊ ဒေါသ၊ မောဟ၊ မခြံရံခြင်း တစ်ပါး၊ ပုဗ္ဗစေတနာမှာလည်း ရှေးဦးစွာဖြစ်တဲ့ စေတနာမှာလည်း၊ ဉာဏ်နဲ့ယှဉ်ပြီးသကာလ၊ ဪ ဆရာသမား အရှင်ဘုရား အနေကဇာတင်ပြီး သကာလ တရားဓမ္မတွေ နှလုံးသွင်းပြီးသကာလ နေခြင်းကြောင့် ရှေးဦးစွာ စေတနာလည်း အင်မတန်ကောင်းတယ်ဆိုတာလည်း၊ မင်းတို့ ဘက်က တစ်ခုလုံလောက်ပြီ။
နက်ဖြန်ကျပြန်တော့လည်း သံဃာတွေထိုက်တန်တဲ့ လှူဒါန်းပြီးသကာလ ဆွမ်းကွမ်းတွေ ကပ်ကြမှာက၊ အဲဒီအချိန် မှာလည်း၊ မုဉ္စစေတနာလို့ ခေါ်တဲ့ လှူဆဲ စေတနာလို့ ခေါ်သည်။
အဲဒီစေတနာအချိန်မှာဖြင့် ရာဂဒေါသမောဟတွေ အောင်ပွဲ ယူလို့ အောင်စဲပါလားလို့ မင်းတို့ အကြင်လင်မယားက အောက်မေ့ ကြရမယ်။ ဪ ရာဂ၊ ဒေါသ၊ မောဟတွေ ချည်းပဲ အညစ်အကြေးတွေ (မှန်ပါ့)။
ဝိပဿနာဉာဏ်နဲ့သိ
ဒီအလှူကို သိတတ်တဲ့ ကမ္မဿကတဉာဏ်၊ ဝိပဿနာ ဉာဏ်တွေနဲ့ သိလေသောကြောင့်၊ ရာဂ၊ ဒေါသ၊ မောဟ၊ ချုပ်ငြိမ်းတဲ့ အလှူဖြစ်အောင် မင်းတို့က နက်ဖြန်လည်း နှလုံးသွင်းရမယ်။
ဒီနေ့လည်း နက်ဖြန်လှူရတော့မယ်ဆိုပြီး သကာလ ကောင်းကောင်းမွန်မွန် နှလုံးသွင်းကြပါလို့ ဆိုတဲ့အဓိပ္ပါယ်သက် ရောက်တယ်။
ဒီနေ့ည ဝိပဿနာအားထုတ်ကြ၊ မမေ့မလျှော့ အားထုတ်ကြ၊ နက်ဖြန်လှူတဲ့ အခိုက်အတန့်မှာ ရာဂ၊ ဒေါသ၊ မောဟတည်းဟူသော အညစ်အကြေးတရားတွေကို တို့သည် လှူတာဟာ၊ အောင်ပွဲ ယူတာပါလား။
သူတို့နိုင်နင်းတဲ့ အောင်ပွဲယူတာပါလား၊ နက်ဖြန်လည်း ဝမ်းသာကြရမယ်။
အောင်ပွဲယူပြီး ဝမ်းသာရမယ်
နောက်လူတွေနဲ့ သံဃာတွေဆွမ်းတွေ၊ ဘာတွေကျွေး ပြီးသည့် အခြားမဲ့၌လည်း အင်း ကိလေသာ ရန်သူတွေကို အောင်ပွဲ ယူပြီးလေပြီ ဆိုပြီး သကာလ ဝမ်းသာကြရမယ်။
ဒါဖြင့် မလှူမီကလည်း၊ ကိလေသာရန်သူ အောင်ပွဲယူရ မှာကြောင့် ဝမ်းသာပေါ့ကွာ၊ လှူခိုက်အချိန်မှာလည်း ကိလေသာရန်သူ အောင်ပွဲယူရတဲ့အတွက်လည်း၊ နိုင်ပေပြီ ဆိုပြီး သကာလ ဝမ်းသာကြပါလို့ သတိပေးတယ်။
လှူပြီးတဲ့အခါမှလည်းကိလေသာ ရန်သူအောင်ပွဲယူပြီး လေပြီလို့ မင်းတို့ အကြင် လင်မယားက ဝမ်းမြောက်ရမယ် ဆိုတော့ ဝမ်းမြောက်စရာ အချက် (၃)ချက်ပါသွားတယ်။
ဒီတစ်ခါအနိုင်ယူပြီ
မလှူမီ ဝမ်းသာမှု၊ ကိလေသာရန်သူ အောင်ပွဲယူလို့ ဝမ်းသာမှု၊ တစ်နံပါတ်၊ လှူဆဲမို့ အခိုက်အတန့်လည်း ကိလေသာ ရန်သူအောင်ပွဲယူရတဲ့အတွက် အင်း ဘဝသံသရာများ အရှုံးချည်း ပေးလာခဲ့ ရတာ၊ ဒီတစ်ခါ ဆရာကောင်း သမားကောင်း အကူအညီနဲ့၊ ရာဂ၊ ဒေါသ၊ မောဟတည်း ဟူသော အညစ်အကြေးတွေ အနိုင်ယူရလေပြီ၊ မင်းတို့ ဝိပဿနာဉာဏ် နဲ့ ချေမှုန်းပစ်လိုက်ပြီ။
လှူဒါန်းပေးကမ်းတဲ့ ကမ္မဿကတဉာဏ်နဲ့ ချေမှုန်းပစ် လိုက်ပြီ ဆိုပြီး သကာလ လှူတဲ့ အခိုက်အတန့်မှာလည်း ဝမ်းသာ နေရမယ်၊ လှူပြီးတဲ့အခါကျလို့ရှိရင် ကိလေသာ ရန်သူတွေ ဒီတစ်ခါဖြင့် ဘဝသံသရာက အရှုံးပေးလာခဲ့တာတွေ၊ ဒီတစ်ခါဖြင့် မရှုံးဘဲနဲ့ အောင်ပွဲယူပြီး လေပြီဖြစ်လေ သောကြောင့် မင်းတို့ အကြင် လင်မယားက ဝမ်းသာရမယ်ဆိုတော့ မင်းတို့ဘက်က (၃)ချက် ဝမ်းသာရမယ်။
အလှူခံပုဂ္ဂိုလ်တွေ ဘက်ကတော့ ငါတို့လဲဆရာသမား ဖြစ်နေတဲ့ အတွက် သံဃာတွေလည်း ဆုံးမပြီး သကာလ၊ သွားမယ်တဲ့ နက်ဖြန်လှူကြတန်းကြ ပေးကြကမ်းကြတဲ့ အချိန် မှာ ဘုရားထဲမှာပဲ လှူမယ်၊ တမယ်ပြောထားတော့ လှူမည့် တန်းမည့် အချိန်မှာ သံဃာတွေ နှလုံးသွင်းမှုကို ငါပြောထားမယ်။
သံဃာဘက်ကလည်း အင်္ဂါ (၃)ပါးရှိ ရမယ်တဲ့၊ အလှူခံဘက်ကလည်း (၃)ပါး၊ (၃)ပါးက ဘာပါလိမ့်မတုံး ဆိုလို့ရှိရင်ဖြင့် ရာဂ၊ ဒေါသ၊ မောဟ၊ ချုပ်ငြိမ်းတဲ့ ပုဂ္ဂိုလ်ဖြစ်ခဲ့ သော်လည်း ကောင်းတယ်။
အလှူခံပုဂ္ဂိုလ်
သို့သော် အလှူခံဆဲမှာ ရာဂ၊ ဒေါသ၊ မောဟကင်း အောင် ဝိပဿနာ အလုပ်ကြီး လုပ်နေပြန်လို့ ရှိရင်လည်း အရိယာ မျိုးစေ့လှူတာပဲ၊ အောက်မေ့ရမယ် အလှူခံပုဂ္ဂိုလ်ကလည်း ရာဂ၊ ဒေါသ မောဟကင်းတဲ့ ပုဂ္ဂိုလ်အဖြစ်နဲ့ ကျင့်ခြင်းနဲ့လည်း ကြုံရမယ်နော်။
ရာဂကင်းအောင် ကျင့်ဆဲပုဂ္ဂိုလ် ဖြစ်ရမယ်၊ ဒေါသကင်း အောင် ကျင့်ဆဲ ပုဂ္ဂိုလ်ဖြစ်ရမယ်၊ မောဟကင်းအောင် ကျင့်ဆဲ ပုဂ္ဂိုလ်ဖြစ်ရတဲ့ အခိုက်အတန့်မှာ မင်းတို့ကလှူရမယ်ဆိုတော့ အလှူခံ ပုဂ္ဂိုလ်ကလည်း ရာဂကင်းအောင်ကျင့်ဆဲပေါ့၊ ဒေါသ၊ ကင်းအောင် ကျင့်ဆဲပုဂ္ဂိုလ်ဖြစ်ရမယ်၊ မောဟကင်းအောင် ကျင့်ဆဲ ပုဂ္ဂိုလ်ဖြစ်ရမယ်။
အဲဒီကျင့်ဆဲပုဂ္ဂိုလ်တွေလှူရလို့၊ ရှိရင်လည်း မစီတို့က အဖိုးတန်မယ်၊ ဒီအဖိုးတန်မှုဟာတော့ ဆရာသမားက နက်ဖြန် သံဃာတွေ ဆုံးမပြီး သကာလ ဒီစိတ်ကို မွေးကြပါ။
ကိုယ့်ခန္ဓာကြီးကို ဝိပဿနာရှုပြီး သကာလနေဆဲအချော် အတန့်မှာ၊ မင်းတို့က လှူဘွယ် တန်းဘွယ်တွေ ကပ်တဲ့ အခါကျတော့ သူတို့မှာ ကျင့်ဆဲအဖြစ်နဲ့ ကြုံနေတဲ့အခါ ကပ်လိုက်ရတာ ဖြစ်လေသောကြောင့် ရာဂကင်းတဲ့ ပုဂ္ဂိုလ်လှူရတဲ့ ၊ အလှူပေး ပုဂ္ဂိုလ်ဖြစ်သွားတယ်။
ဒေါသကင်းတဲ့ပုဂ္ဂိုလ်
ဒေါသကင်းတဲ့ ပုဂ္ဂိုလ်လှူရတဲ့အတွက် အလှူပေးပုဂ္ဂိုလ် မှာလည်း စင်ကြယ်တဲ့ ပုဂ္ဂိုလ်တွေကို လှူဒါန်းရတဲ့ အခြေအနေတွေ ရောက်သွားတယ်။
မောဟကင်းအောင် ကျင့်နေတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်နေသော ကြောင့်လည်း လှူတဲ့ပုဂ္ဂိုလ်မှာ အလွန့်အလွန် ကျေးဇူးများတယ် ဆိုတာမှတ်ရမယ်။
အလှူခံပုဂ္ဂိုလ်ဘက်ကလည်း ရာဂကင်းအောင် ကျင့်ဆဲ အချိန်နဲ့ကြုံအောင် ငါကပဲ ရွက်ဆောင်ပေးပါ့မယ်နော်။
ဒေါသကင်းအောင် ကျင့်ဆဲပုဂ္ဂိုလ်ဖြစ်အောင်လည်း ငါကပဲ သံဃာတွေကို အကြောင်း ကြားပြီး ရွက်ဆောင်ပေးမယ်။
မောဟကင်းအောင် ကျင့်ဆဲဖြစ်အောင် သံဃာတွေကို ငါက ပဲတိုက်တွန်းပေးပါ့မယ်။
အဲ ထိုကဲ့သို့ အလှူခံပုဂ္ဂိုလ်ဘက်ကလည်း ရာဂ ကင်းအောင် ကျင့်ဆဲ၊ ဒေါသကင်းအောင် ကျင့်ဆဲ၊ မောဟ ကင်းအောင် ကျင့်ဆဲ၊ ဒီလိုအချိန်မှာ၊ ဒီလိုစေတနာသုံးတန်ပြတ် ထမ်းတဲ့ ဒကာ ဒကာမတွေရဲ့ အလှူသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဘုရားက အင်မတန်အကျိုးပေးသန်တယ်ဟေ့လို့ ပြောလိုက် တယ်နော်။
ဘုရားက အကျိုးပေးသန်တယ်လို့ခေါ်တယ်
ဘယ်မှာ အကျိုးပေးသန်သလဲလို့ဆိုတဲ့အခါကျတော့၊ သူတို့ အကျိုးပေးဟာကွာ ဘယ်လောက် ထိအောင် အကျိုးပေး မယ်ဆိုတာ ငါဘုရားသခင်ကိုယ်တော်မြတ်ကြီး မင်းတို့ကို ပြောပြမယ်၊ ဟောပြတယ်၊ မင်းတို့နားထောင်ဆိုပြီး သကာလ ဘုရားက ပြောပြတယ်၊ ဟောပြတယ်။
ဘယ်လိုဟောပြသတုံး ဆိုတဲ့အခါ အလှူပေးပုဂ္ဂိုလ် ဘက်ကလည်း –
၁။ ပုဗ္ဗ စေတနာမှာလည်း ကိလေသာရန်သူအောင်ပွဲယူလို့
၂။ မုဉ္စစေတနာလှူတဲ့ အခိုက်အတန့်မှာ ကိလေသာ ရန်သူအောင်ပွဲယူလို့။
၃။ ပရ စေတနာအဆင့်မှာလည်း ကိလေသာရန်သူ အောင်ပွဲယူပြီးပြီလို့၊ စိတ်ထဲက ထားပြီး သကာလ လှူတဲ့ပုဂ္ဂိုလ် လည်းဖြစ်မယ်။
သမုဒ္ဒရာရေ-ဥပမာ
အလှူခံပုဂ္ဂိုလ် ရဟန်းတွေဘက်ကလည်း၊ ရာဂ ကင်းအောင် ကျင့်စဲအချိန်၊ ဒေါသ ကင်းအောင် ကျင့်စဲအချိန်၊ မောဟကင်းအောင် ကျင့်စဲအချိန်မှာ မင်းတို့ လှူလိုက်ရလို့ရှိရင် မင်းတို့ ဘက်က သုံးပါးကလည်းညီ၊ အလှူခံပုဂ္ဂိုလ်ဘက် ကလည်း ညီမယ်ဆိုလို့ရှိရင် ကွာတဲ့ မဟာသမုဒ္ဒရာ ရေကြီးဟာ အင်မတန် များပြားပါတယ်။
ရဟန်းတို့ အဲဒါ မင်းတို့သာမှတ်ကြပေတော့၊ ခွက်နဲ့ ချင်မယ်ဆိုလို့ရှိရင်၊ မဟာသမုဒ္ဒရာ ရေမှာ ခွက်ပေါင်း ဘယ်လောက်ရှိ မတုံးဆိုရင် မင်းတို့ ဘယ်နှယ့်ဖြေကြမတုံး တပည့်တော်တို့ မဖြေတတ်ပါဘူး ဘုရား။
ခွက်ပေါင်းဘယ်လောက်ရမလဲလို့ မေးလို့ ရှိရင် အများကြီးရမယ်သာ ဖြေနိုင်စရာ အကြောင်း ရှိပါတယ်ဆိုတော့ သမုဒ္ဒရာရေခွက်နဲ့ ချင်ရင် ခွက်အများကြီးသာရမယ် ဆိုကာ ပြောနိုင်မှာပဲ၊ ဘယ်လောက် ရတယ်လို့တော့မပြောနိုင်ဘူး။
သမုဒ္ဒရာရေ၊ ရေတွက်လို့မရ
အဘယ့်ကြောင့်ဆိုသော် သမုဒ္ဒရာရေ အင်မတန်များ သောကြောင့်ဆိုတာ မင်းတို့ သိကြမှာပါပဲ။ အဲဒီသမုဒ္ဒရာရေခွက် နဲ့ မရေတွက်နိုင်အောင် များပြားလှစွာသော ခွက်တွေသာ ရလိမ့်မယ်ဆိုတဲ့ အဓိပ္ပါယ်မျိုးသာ ပြောဆိုနိုင်တဲ့အတွက်၊
မစီတို့ မောင်ပေါက်ကျော်တို့က အင်း- တို့အလှူသည်ကားလို့ဆိုရင် များများကြီး အကျိုးပေးမှသာ ဘုရားဟောပါကလားလို့ သမုဒ္ဒရာရေ၊ ရေတွက်လို့မရသလို ခုနကပြောခဲ့တဲ့ အလှူခံ ပုဂ္ဂိုလ်ကသုံးပါး၊ လှူတဲ့ပုဂ္ဂိုလ်က အင်္ဂါသုံးပါးနဲ့ ညီညွတ်ပြီး လှူတဲ့ အလှူဟာ အများကြီးရလိမ့်မယ်လို့ ငါဘုရားဟော တယ်တဲ့။
လှူတဲ့ဒီအချိန်မှာဖြင့် ကိုယ့်ခန္ဓာကို ဝိပဿနာရှုပြီး သကာလ၊ နေစဲအခိုက်အတန့်မှာ လျူရသည်ဖြစ်လေ သောကြောင့် ရာဂကင်းအောင် ကျင့်ဆဲပုဂ္ဂိုလ်လို့ ဆိုလိုက်တယ်ကွ၊ ဒေါသ ကင်းအောင် ကျင့်ဆဲပုဂ္ဂိုလ်လို့ ဆိုလိုက်တယ်ကွ၊ မောဟ ကင်းအောင် ကျင့်ဆဲပုဂ္ဂိုလ်လို့ ဆိုလိုက်တယ်။
မနှိုင်းယှဉ်နိုင်တဲ့ အကျိုးပေးမယ်
ဒါကြောင့် အလှူပေးပုဂ္ဂိုလ်ကလည်း အင်္ဂါ (၃) ပါးနဲ့ ညီပြီး၊ အလှူခံပုဂ္ဂိုလ်ကလည်း အင်္ဂါ (၃)ပါးနဲ့ညီလို့ရှိရင် မနှိုင်းယှဉ်နိုင်တဲ့ အကျိုးပေးမယ်။
သမုဒ္ဒရာရေ၊ ခွက်ပေါင်းမည်မျှရတယ်ဆိုတာ မရေ တွက်နိုင်သလို၊ ခွက်အများကြီးသာ ရမယ်လို့ ဆုံးဖြတ်ချက်ချနိုင် သလို ဒီအလှူသည်ကားဆိုရင် မကြုံဘူးတဲ့အလှူ။ အကျိုး အင်မတန် များမည့် အလှူပဲဆိုတဲ့ဥစ္စာ၊ မင်းတို့အလှူရှင် ဒကာ ဒကာမတွေက ဪ ဒီအလှူသည်ကား၊ တယ်ထူးခြား ပါကလား ဆိုတာ မစီမှတ်ထားရမယ်နော်။
ကိုယ့်ဘက်က ဘယ်နှစ်ခုတုံး (သုံးခုပါ) ကိုယ့်ဘက် က (၃)ခု ရဟန်းတွေဘက်ကကော (သုံးခုပါ)။
ရဟန်းတွေဘက်ကို ဘုန်းကြီးတာဝန်ထား
ရဟန်းတွေဘက်က (၃)ခုက ဘုန်းကြီး တာဝန်ယူပြီး၊ နှလုံးသွင်းခိုင်းမယ်နော်၊ မင်းတို့ ဘက်ကတော့ အခု ဆရာသမား သင်ထားတဲ့အတိုင်း၊ နှလုံးသွင်းမှုမြဲကြပါစေ ဆိုတာ ကို ငါက ယနေ့ည သတိပေးလိုက်တယ်နော် (မှန်ပါ့)။
အဲဒီတော့ ဒီအင်္ဂါ (၃)ပါး၊ အလှူပေးပုဂ္ဂိုလ်ဘက်က အင်္ဂါ (၃)ပါး၊ အလှူခံပုဂ္ဂိုလ်ဘက်က အင်္ဂါ (၃)ပါး၊ ညီညွတ်ပြီး သကာလ လှူတဲ့ အလှူဟာ မင်းတို့ ဘယ်အခါမှ မလှူဘူး သေးဘူး။
တော်အောင်နဲ့သာ ပြီးပြီး သကာလ လာကြတယ်နော်၊ အဲဒီတော့ ဒီတစ်ခါ အလှူသည်ကားဆိုရင်၊ ဘေးက သိန်းကုန်၊ သောင်းကုန် လှူဒါတွေထက် ပိုမိုပြီး သကာလ ကျေးဇူးများလိမ့် မယ်လို့ မင်းတို့ အလှူရှင်များက၊ အင်း ဆရာကောင်း ကပ်မိတဲ့ အတွက်၊ အင်း ရဟန်းဘက်က လိုတာတွေကို ရှေးက တို့ကမသိခဲ့ဘူး။
တို့ဘက်က လိုတာတွေလည်း မသိခဲ့ဘူးဆိုတော့ အခုကိုယ်ဘက်က အလှူပေး ပုဂ္ဂိုလ် ဘက်က လိုတာများကို ဆရာသမားတစ်ဦးက၊ ဒီနေ့ည နှလုံးသွင်းထားရမယ်ဆိုသဖြင့် မင်းတို့ သိထားနှင့်ပြီ။
အရိယာမျိုးစေ့ကိုလှူတဲ့အလှူ
အလှူခံပုဂ္ဂိုလ်ဘက်ကလည်း၊ ရာဂကင်းအောင် ကျင့်ဆဲ ဖြစ်အောင်၊ ဒေါသကင်းမှု ကျင့်ဆဲဖြစ်အောင် မောဟကင်းမှု ကျင့်ဆဲဖြစ်အောင်၊ ဒါကိုလည်း ငါက နက်ဖြန်ဆုံးမသွန်သင်လို့ ရှိရင် ဒီသံဃာတွေဟာ နှလုံးသွင်းကြလိမ့်မယ်။
နှလုံးသွင်းကြတော့ အရိယာမျိုးစေ့ကိုလှူတဲ့ အလှူဖြစ် တယ်လို့ မောင်ပေါက်ကျော် မစီတို့က မှတ်ရမယ်နော်။
သားရှင်ပြုတုန်းက အလှူနဲ့ မတူဘူး
ဒါက ကိုယ့်ဘက်က (၃)ပါးအလှူခံပုဂ္ဂိုလ်ဘက် ကလည်း (၃)ပါးဆိုတော့၊ မနှိုင်းယှဉ်နိုင်တဲ့ အကျိုးကိုပေးနိုင် တယ်လို့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်၊ နကုလမာတာတို့ အလှူပွဲကြီးမှာ ဒီတရားကို ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဟောသည်ဖြစ်လေ သောကြောင့်၊ ဪ တို့သည်ကားလို့ ဆိုရင် ဒီနေ့ ဒီကာလတို့ ဆရာသမားဆီ၊ ဤကဲ့သို့ လာလုပ်ရတာ သည် ရှေးကသားရှင်ပြုတုန်းကနဲ့၊ ခြားနားနေပါပေါ့လား ဆိုတာ မစီပေါ်လာလိမ့်မယ်။
ကိုယ့်ဘက်က (၃)ပါးကလည်း အရေးကြီး တယ်နော်၊ ခုနက ရဟန်းတွေဘက်က သုံးပါဆို တာ မပါဘူးကွ၊ မောင်ပေါက်ကျော် ပါပါ့မလား (မပါပါဘူး)၊ မပါဘူးတဲ့၊ ဘာပြုလို့လဲဆိုတော့။
ဖြစ်ပျက်နေတာ နှလုံးသွင်းပါ
အခုတော့ ဆရာသမားက အလှူခံပုဂ္ဂိုလ်ဘက်က လည်း ကိုယ်တော်တို့ ဒီအချိန်အတွင်းမှာ ခန္ဓာကိုယ်ကြီး၊ အနိစ္စ ရောက်ပုံတွေ ခဏနှလုံးသွင်းပါ၊ မောဟကင်းအောင်လည်း၊ ခန္ဓာကိုယ်ကြီး ခဏ ခဏ ဖြစ်ပျက်နေတာကိုလည်း နှလုံးသွင်းပါ။
နှလုံးသွင်းပြီး အလှူခံပါ ဆိုလိုက်သဖြင့် မင်းတို့ အရိယာမျိုးစေ့ကို လှူရတဲ့အခြေအနေ မရောက်လားကွာ (ရောက်ပါတယ်)၊ အရိယာမျိုးစေ့ကို လှူရတဲ့အခြေအနေကို ရောက် သောကြောင့်၊ ဪဒါက အံ့ဩစရာပဲ၊ ဒီနေရာ ဒီလိုလုပ်မှ ဒီအဓိပ္ပါယ်က မစီရောက်မှာကိုး (မှန်ပါ့)။
ဟိုမဏ္ဍပ်ပေါ်တင်တက်ပြီးသကာလ သူကလည်း တမှောင့် ငါကလည်းတမှောင့် ဆရာလုပ်လို့ လွယ်ပါ့မလား (မလွယ်ပါ ဘုရား)၊ မလွယ်တော့ မင်းတို့ဘက်က အင်္ဂါ (၃)ပါး ညီညွတ်ထားစေကာမူဆရာတွေဘက်က၊ အလှူခံဘက် က မညီညွတ်ပြန်လို့ရှိရင်လည်း၊ မနှိုင်းယှဉ်နိုင်တဲ့ အကျိုး မပေးပြန်ဘူးနော်။
မနှိုင်းယှဉ်နိုင်တဲ့အကျိုးပေးမည့်အလှူ
အဲဒါကြောင့် အခုဘဝ၌ ဤအလှူ သည်ကားလို့ဆိုရင်ဖြင့် မင်းတို့အကြင်လင်မယားမှာ ကိုယ့်ဘက်ကလည်း ညီညွတ် အောင်လုပ်နိုင်ခြင်း အလှူခံပုဂ္ဂိုလ်ဘက်ကလည်း ညီညွတ် အောင် လုပ်ဖို့ကိုတော့၊ ငါကပဲတာဝန်ယူပြီးသကာလ လုပ်ခိုင်း ရလို့ရှိရင်ဖြင့် မနှိုင်းယှဉ်နိုင်တဲ့ အကျိုးပေးမည့် အလှူကြီးဟာ ဖြစ်ရတော့မယ်။
နိဗ္ဗာန်ချမ်းသာ ဆိုတဲ့ မနှိုင်းယှဉ်နိုင်တဲ့ ချမ်းသာကြီး လည်းရအောင် လှူတဲ့ အလှူပွဲကြီး ဖြစ်ရတော့မယ် ဆိုတာ ယနေ့ သေသေချာချာ မှတ်ထားပါ။ သဘောကျပလား (ကျပါပြီ)။
ရှာမှရှားတဲ့အလှူ
ကောင်းပြီ ဒါဖြင့် ဒီအလှူမျိုးသည်ကားဆိုလို့ရှိရင်ဖြင့် မောင်ပေါက်ကျော် ရှာမှ ရှားနေ တော့မှာ၊ မင်းတို့ဘက်က လွယ်တယ်ထားဦးတော့၊ သံဃာတွေဘက်က လွယ်ဖို့ရာလည်း လွယ်ကြပါ့မလား (မလွယ်ပါ ဘုရား)။
ဒီဘက်က ဆရာတစ်ယောက်တည်းကနေ ဩဇာနဲ့ ပေးပြီးသကာလ ဒီလို လုပ်ခိုင်းမှ ရမှာပေါ့၊ သူတစ်လူ၊ ငါတစ်မင်းနဲ့နေတဲ့ ပုဂ္ဂိုလ်တွေကို ဒီလိုညီညွတ်အောင် ဖြစ်ဖို့ရာလည်း မစီ လွယ်ပါ့မလား မလွယ်ပါဘူး၊
အဲဒီတော့ တစ်ဘက်က လုံးလုံးချို့ပြီ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)၊ များသောအားဖြင့် တစ်ဘက်က လုံးလုံး ချို့တယ်၊ သံဃာဘက်က ချို့တယ်လို့လည်း ဖြစ်ရမယ်ကွ၊
မင်းတို့နားမလည်မှုဆိုရင် မင်းတို့ဘက်က ချို့တာပဲ။ သို့သော် မင်းတို့ဟာ မဆုံးအောင် လှူခဲ့ တန်းခဲ့ တယ်၊ ကိုယ့်ဘက် ကလည်း ဟန်မရ၊ ဟိုဘက်ကလည်း ဟန်မရ၊ အလှူခံပုဂ္ဂိုလ် ဘက်ကလည်း ဟန်မရ၊ အလှူပေး ပုဂ္ဂိုလ်ဘက်ကလည်း ဟန်မရ ဆိုတော့၊ အင်း ဒါသည် ကားလို့ ဆိုလို့ရှိရင်ဖြင့် အကျိုးပေး ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဒါကျတော့ မဟောဘူးနော်။
သိပ်များလိမ့်မယ်လို့ မဟောဘူး၊ အခုပြေတာက လှူတဲ့ပုဂ္ဂိုလ်ဘက်ကလည်း အင်္ဂါ (၃)ပါးညီပြီး၊ အလှူခံ ပုဂ္ဂိုလ်ဘက်ကလည်း အင်္ဂါ (၃)ပါးညီညွတ်ရင် မနှိုင်းယှဉ်တဲ့ အကျိုးကို ပေးမယ်နော်။
အလွန်ကြီးကျယ်တဲ့အကျိုးပေးမယ်
ဘာနဲ့မှ နှိုင်းယှဉ်လို့မရတဲ့ အကျိုးပေး သမုဒ္ဒရာရေခွက် နဲ့ ခြင်လို့ရှိရင် ခွက်ပေါင်းများစွာ ရလိမ့်မယ်လို့ ဆိုရသည် သကဲ့သို့၊ အကျိုးများစွာရလိမ့်မယ်လို့ ဟောနိုင်တယ်တဲ့။ ဘယ်လောက် ပေးလိမ့်မယ်လို့ ကန့်သတ်မဟောနိုင်ဘူး ဆိုတော့ အလွန်ကြီးကျယ်တဲ့ အကျိုး ပေးမယ်လို့ ဘုရားမဟော ဘူးလား (ဟောပါတယ်)။
ပစ္စည်းကုန်ဘောမကုန်တာ လိုရင်းမဟုတ်
အဲဒီတော့ ဒီအလှူပွဲသည် သာမည အလှူလို့ဆိုလို့ မရတော့ဘူး၊ အလွန်အကြောင်း ညီညွတ်တဲ့ အသိဉာဏ်ဦးစီးပြီး သကာလ နှစ်ဘက် ညီညွတ်အောင်လုပ်ရတဲ့ အလှူပွဲကြီးပဲ လို့ဆိုသဖြင့် ခင်ဗျားတို့ ပစ္စည်းကုန်တာမကုန်တာက လိုရင်း မဟုတ်ဘူး၊ အင်္ဂါမြောက်တာက လိုရင်း ဖြစ်နေ သောကြောင့် အလွန့်အလွန် ကြီးကျယ် ခမ်းနားတဲ့ အကျိုးပေးရမယ် ဆိုတာကို ယနေ့က စပြီး ဆုံးဖြတ်ချက်ချပါ။
နှစ်ဘက်အကြောင်း ညီညွတ်ဖို့လိုသည်
ဒါ ဘယ်လောက်အဖိုးတန်သလဲ (တန်ပါတယ် ဘုရား)၊ အဘိုးတန်တယ်တဲ့ဒီ၊ ရေစက်ချ တွေလည်း၊ ဒါမပါသေး ပါဘူး၊ ခုဟာ နောက်ကိုလည်း ဘာအလုပ်၊ လုပ်လုပ်ကိုယ်ဘက် ကလည်း ညီညွတ်အောင် ဆရာတွေဘက်ကလည်း ညီညွတ်အောင် လုပ်ဖို့အရေးဟာ၊ ကိုယ့်ဘက်က ညီညွတ်အောင်၊ လုပ်ရုံနဲ့ မပြီးသေးဘူး၊ အလှူခံဘက်ကညီညွတ်အောင်၊ လုပ်ဖို့ကလည်း မစီ အရေးကြီးသေးတယ်။
အဲဒါဆိုတော့ တော်တော်လေးသတိထားမှုနှင့် တကွ သိမှုရှိတဲ့ ပုဂ္ဂိုလ်တွေမှလည်း၊ မောင်ပေါက်ကျော်ရဲ့ ဒါဟာ လုပ်ဖြစ်မှာပေါ့ကွာ။
ဒီအတိုင်းတင့်ပဲ၊ သင်္ကန်းကပ်ပြီး ဒီအတိုင်း အလှူခံပြီး ပြန်သွားတဲ့ အဓိပ္ပါယ်မျိုး ဆိုလို့ ရှိရင်ဖြင့်တဲ့၊ ခုနကပြောတဲ့ အကျိုးပေးမျိုးရနိုင်ပါ့မလား (မရနိုင်ပါဘူး)၊ တစ်ဘက်ချို့ ပြီနော်။
အဲဒီတော့များသောအားဖြင့် တိုတိုပြောကြပါစို့ဆိုတော့၊ နှစ်ဘက်ချို့ အလှူတွေက များနေတယ် မစီ ဒါကဲ့ရဲ့ တာ မဟုတ်ဘူးနော်၊ နှစ်ဘက်ချို့တွေက မောင်ပေါက်ကျော် မများလား (များပါတယ် ဘုရား)။
ဝမ်းမြောက်စရာကောင်းတဲ့အလှူ
အဲဒါဖြင့် အခုအလှူကတော့ဖြင့် နှစ်ဘက်ကောင်း ဖြစ်မည့် အလှူဖြစ်လေသောကြောင့်၊ မနှိုင်းယှဉ်နိုင်တဲ့ အကျိုးပေးမယ်၊ ကျေးဇူးကြီးကို တို့ သည်ကားဆိုလို့ရှိရင် ကိုယ်ပိုင် ကိုယ်တိုင် အဖြစ်နဲ့ ရရပေတော့မယ်ဆိုတာဟာ အင်မတန်မှ ဝမ်းမြောက်စရာ ကောင်းတဲ့ အလှူပဲဆိုတာကို ဒီတရားနာတဲ့ ပုဂ္ဂိုလ်တွေ အကုန်မှတ်ရမယ် (မှန်ပါတယ်)။
မှတ်တော့ အလှူပေးပုဂ္ဂိုလ်တွေဘက်က ဘယ်နှစ်ပါး တဲ့ (သုံးပါးပါ) အလှူခံပုဂ္ဂိုလ် ဘက်ကကော (သုံးပါးပါ) အဲဒီ (၃)ပါး ညီညွတ်မှ အကျိုးပေးသန်တယ်ဆိုတာ အသေ အချာမှတ်ပါ။
တစ်ဘက်ချို့နေရင် အကျိုးပေးလျော့တယ်
တစ်ဘက်ဘက်ချို့နေရင် အကျိုးလျော့တယ်လို့မှတ်ပါ။ ရှင်းပလား (ရှင်းပါပြီ)၊ တယ် အဖိုးတန်သွားပြီကွာ။
ကဲ ရေစက်ချမယ်၊ ရေစက်ချတဲ့အခါလည်း တရား ပါသွားလို့ နားထောင်ကြ၊ ရှေ့ပိုင်းက တရားပြောလိုက်ပြီ စိတ်ထက်သန်အောင် ပြောလိုက်ပြီ။
ရေစက်ချတရားတော်
ဘန္တေ – အရှင်ဘုရား၊ မယံ – အကျွန်ုပ်တို့သည်၊ ရာဂါဒီဟိ ရာဂအစရှိသော ဧကာဒသဂ္ဂီဟိ- (၁၁)ပါးသော မီးတို့ဖြင့်၊ ပရီပီဠိတံ-လွန်ကဲ ညှင်းဆဲနှိပ်စက်၍ နေထသော၊ ဒီဒကာ ဒကမတွေ ဘာဖြစ်နေပါ လိမ့် ဆိုလို့ရှိရင်ဖြင့် (၁၁) မီးလောင်နေတယ်လို့မှတ်ရမယ်။
မင်းတို့မှာ ရာဂမီး၊ ဒေါသမီး၊ မောဟမီး၊ သောက၊ ပရိဒေဝ၊ ဒုက္ခ။ ဒေါမနဿမီး၊ ဇာတိ၊ ဇရာ ဗျာတိမရဏမီး၊ ပေါင်းလိုက်တဲ့အခါ (၁၁) မီးလောင်နေတယ်၊ အလှူပေးပုဂ္ဂိုလ် တွေ ဘာဖြစ်နေပါလိမ့်မတုံး ဆိုတော့ ကိုယ့်ဟာကိုယ် စဉ်းစားလိုက်။
ဪ လောဘမီးတွေကလည်း တို့နေ့တိုင်းလောင် နေပါတယ်၊ ဒေါသမီးတွေကလည်း နေ့တိုင်းလောင်နေတယ်၊ မောဟမီးကလည်း နေ့တိုင်းလောင်နေတယ်၊ သောကဆိုတာ စိုးရိမ်မှုကလည်း နေ့တိုင်းလောင်နေတယ်၊ ပရိဒေဝဆိုတဲ့ မချိမဆန့်ဖြစ်ပြီးသကာလ နေတာတွေ ကလည်း နေ့တိုင်းလိုလို တွေ့ပြီးနေရတာ။
ဒုက္ခမီးဆိုတဲ့ ကိုယ်ပေါ်ကာယိကဒုက္ခတွေ၊ ကိုယ်ပေါ် ထင်ရတဲ့ နေပူခံ၊ မိုးရွာခံတင်ရ တွယ်ရ၊ ကာယိကဒုက္ခမီး စေတသိက ဒုက္ခမီး၊ စိတ်ထဲကတော့ မကျေမနပ်တွေဖြစ်တဲ့ ဟာတွေ အများကြီးပါတယ်။
မီး (၁၁) မီးငြိမ်းအောင်လို့လှူပါတယ်
သောကပရိဒေဝမီး၊ ဒုက္ခဒေါမနဿမီး၊ ဥပါယာသမီး၊ ဇာတိမီးဆိုတာလည်း လောင်လျက်၊ ဇရာမီး ဆိုတာလည်း ဒီရေစက်ချမှာလောင်လျက်၊ ဗျာဓိမီး မရဏမီးတွေက လည်း လောင်လျက် ဖြစ်ပြီး သကာလ နေသောကြောင့်၊ ဪ တို့သည်ကားလို့ဆိုလို့ရှိရင်ဖြင့် (၁၁)မီး လောင်တဲ့ အထဲမှာ၊ ဆရာသမားတွေ ကယ်တင်ရမှာပါလား၊ (၁၁) မီးတွေ ကို ငြိမ်းအောင်လို့ တို့အလှူ၊ လှူမှာပါလားလို့ နှလုံးသွင်းလိုက်။
(၁၁) မီးငြိမ်းချင်လို့၊ (၁၁)မီးအလောင်ဓာတ်ကို ငြိမ်း သတ်ချင်လို့၊ (၁၁) မီးအလောင် ဓာတ်တွေကို အမြစ်ဖြတ်ချင်လို့ လှူတဲ့ အလှူလို့အောက်မေ့ကြရမယ်။
(၁၁)မီးဇာတ်သိမ်းချင်လို့ လှူတဲ့အလှူ
ဘာအလှူပါလိမ့်ကွာ (ဆယ်တစ်မီးငြိမ်းချမ်းလို့)၊ ဆယ့်တစ်မီးလောင်စာတွေကို ငြိမ်းသတ်ချင်လို့ လှူတဲ့ အလှူ (၁၁)မီး ဇာတ်သိမ်းချင်လို့ လှူတဲ့အလှူ သေသေချာချာ
ဆုံးဖြတ်ချက်ချပါ။
ဒါကြောင့် သံသာရဘယံ – ချားရဟတ်ပမာ ချာချာ ပတ်၍ တဖြစ်တည်းဖြစ်၍နေသော သံသရာဘေးကြီးကို၊ ဪ သံသရာဘေးကြီးကလည်း ကြောက်စရာကောင်း လိုက်တာ (မှန်ပါ့)။
သံသရာဘေးသင့်နေတယ်
(၁၁)မီးလောင်နေတဲ့ခန္ဓာကြီးဟာ၊ သံသရာဘေးသင့် နေသေးတယ်ဆိုတာလည်း ဆုံးဖြတ်ချက်ချပါ။
သံသရာဘေးက ဘာတုံးဆိုတော့၊ အခုပဋိသန္ဓေနေ တာသည်၊ တော်ကြာ ပဋိသန္ဓေနေပြီး အိုလာသည်၊ တော်ကြာ နာလာသည် တော်ကြာသေလာသည်။
တော်ကြာသေတာက တော်ကြာဝဋ်မကျွတ်သေးရင် ပဋိသန္ဓေပြန်မနေရဘူးလား (နေရပါတယ်)၊ ပဋိသန္ဓေ ပြန်နေရတော့ အိုနာသေကမလာဘူးလား (လာပါတယ်)။
သေပြီးပြီးတော့ ဘယ်ဆက်သွားသလဲ ပဋိသန္ဓေ ဆက်ပြီးတော့၊ သံသရာကြီးဟာ ဒီလိုလည်နေတာပါလား၊ အဝိုင်းကြီး လည်နေတာပါလားလို့ မှတ်ကြရမယ်။
အဲဒါကြောင့် သံသာရဘယံ သံသရာရထား၊ ချား ရဟတ်ပမာ ချာချာပတ်၍ တဖြစ်လည်း ဖြစ်၍ နေတဲ့ သံသရာ ဘေးကြီးကို၊ အတိဘီတာ အလွန်တရာကြောက်ကြပါကုန် သည်ဖြစ်၍ မင်းတို့အခုအချိန် ကြောက်ပစ်လိုက်ပါတဲ့။
သံသရာဘေးမသင့်ပါရစေနဲ့တော့
ဒီဘေးကြီးသင့်နေတာဖြင့် နောက်ကို မသင့်ပါရစေနဲ့ တော့၊ ဒီအလှူဒါနနဲ့ ဒီဝိပဿနာကပဲ ဒီသံသရာ စက်ရဟတ်ကြီးကို ဝိပဿနာဉာဏ်၊ မဂ်ဉာဏ်နဲ့ပဲ၊ ငါတို့သည် ဖြတ်ပါတော့မယ်၊ ဒီဟာကြီး ကြောက်စရာကောင်းလွန်းလို့ စိတ်ထဲမှာ ကြောက်တဲ့ စိတ်ကလေးပေါ်လာရမယ်နော်။
သံသရာကြီး လည်နေတာကွာ၊ သေလိုက်၊ ပဋိသန္ဓေ နေလိုက်၊ အိုလိုက်၊ နာလိုက်၊ သေလိုက် ပဋိသန္ဓေနေလိုက် ဆိုတော့ ဒီအဝိုင်းကြီး လှည့်နေတာပါလား၊ အဲဒီအဝိုင်းကြီးပေါ်၌ မလှည့်ချင်လို့ လှူတဲ့အလှူ ပေါ့ဗျာ၊ ရိပ်မိကြပလား (ရိပ်မိ ပါပြီ)။
အဝိုင်းမပြေးချင်လို့ လှူတဲ့အလှူ
အဝိုင်းပြေးမပေးချင်လို့ လှူတဲ့အလှူကြီး အဝိုင်းကြီး ကြောက်လွန်းလို့ နောက်ဘဝ မပြေးချင်လို့ လှူတဲ့အလှူကြီး ရိပ်မိကြပလား (ရိပ်မိပါပြီ)၊ (၁၁)မီးသိမ်းချင်လို့ လှူတဲ့ အလှူကွ။
သံသရာအဝိုင်းကြီးမှာ မပြေးချင်လို့ လှူတဲ့အလှူကွ၊ သဘောကျကြပလား (ကျပါပြီ)၊ မှတ်ထားကြပါ။
သံသာရဘယံ- သံသရာတရား ချားရဟတ်မှာ ချာချာပတ်၍ တစ်ဖြစ်ထည်းဖြစ်၍ နေတဲ့ သံသရာဘေးကြီးကို ဘီတာ- ကြောက်ကြပါကုန်သည်ဖြစ်၍ (၁၁) မီးလောင်တာလည်း ကြောက်လှပါသည် ဘုရား၊ ဒါကြီးလွတ်လိုလို့လှူပါသည် ဘုရား။
မောလွန်းလို့ မပြေးပါရစေနဲ့
သံသရာအဝိုင်းပြေးကြီးမှလည်း မောလွန်းလို့မပြေးပါရ စေနဲ့တော့၊ ဒီသံသရာအဝိုင်းပြေးမှ ပြတ်ချင်လွန်းလို့၊ လှူတဲ့ အလှူပါဘုရားလို့ အခုနှလုံးသွင်းလိုက်။
သံသရာဘေး (၁၁) မီးလောင်တာ၌ ငြိမ်းသတ်ချင်လို့ လှူပါတယ်ဘုရား၊ သံသရာ အဝိုင်းပြေးမှ လည်းကျွတ်လွတ်ချင် လို့၊ အပြေးဇာတ်သတ်ချင်လို့ အပြေးဇာတ် ရပ်ချင် သတ်ချင် လို့ လှူတဲ့အလှူပါဘုရား၊ အဲဒီလို နှလုံးသွင်းကြ။
အဲဒီတော့ သံသာရဘယံ-သံသရာအဝိုင်း ချားရဟတ်ပေါ် မှာ ချာချာပတ်၍ အကြိမ်ကြိမ် ဖြစ်၍ နေသော သံသရာဘေးကြီးကို တပည့်တော်တို့ ဘိတာ- အလွန်တရာ ကြောက်ကြပါကုန်သည် ဖြစ်၍ တတော- အလုံးစုံသံသရာဝဲဂရက်မှ မုတ္တာ-ကင်းလွတ် ရကုန်သည် ဖြစ်၍ နိဗ္ဗာနံ- (၁၁)မီးတို့၏ ငြိမ်းရာ သံသရာ အဝိုင်း ကြီးမှ ဇာတ်သိမ်းရာဖြစ်တဲ့ နိဗ္ဗာန် ချမ်းသာ မြတ်ကြီးကို။
အဝိုင်းပြေးမှစခန်းသတ်ရာနိဗ္ဗာန်
နိဗ္ဗာန်ဆိုတာက ဘာပါလိမ့်မလဲဆိုတော့ (၁၁)မီးငြိမ်း ၍ သိမ်းတာနိဗ္ဗာန်၊ အဝိုင်းပြေးမှ စခန်းသတ်ရာနိဗ္ဗာန်၊ နိဗ္ဗာန် ဆိုတာ ဘာပါလိမ့်မလဲဆိုရင် (၁၁)မီးငြိမ်းရာ နိဗ္ဗာန်၊ သံသရာ အဝိုင်း ပြေးမှုကြီးမှ မပြေးရဘဲနဲ့ ကျွတ်လွတ် သွားတာသည် နိဗ္ဗာန်။
သံသရာအဝိုင်းပြေးဆိုတာသည် နေ့စဉ်ပဲ အိုလိုက်၊ နာလိုက်၊ သေလိုက် ဆက်ပြီး ပဋိသန္ဓေ နေလိုက်ဆိုတော့ ပဋိသန္ဓေနေပြီးသား၊ အိုနာသေမူက လာပြန်၊ အိုနာသေလာ တော့နောက် ပဋိသန္ဓေက ဆက်လာ ပြန်တော့ ထွက်ပေါက် မရှိအောင်ဘဲ အဝိုင်းနဲ့ပြေးနေရတဲ့အဖြစ်ကြီးမှလည်း တပည့်တော် တို့ ကျွတ်လို လွတ်လိုလို့ ဒီသံဃာတွေကို ဒီဆွမ်းတွေ ဒီထိုက်တန်တဲ့ ဝတ္ထုတွေ လှူခြင်းဖြစ်ပါသည်။
ကြောက်လွန်းလို့လှူတဲ့အလှူ
ဒါကြီး (၁၁)မီးငြိမ်းချင်တာကလည်း ဧကန်ပါပဲဘုရား၊ အဝိုင်းပြေးမှလည်း မုချ၊ လွတ်ချင် ကျွတ်ချင်တာလည်း ဧကန် ပါပဲဘုရား၊ ဒီနှစ်ခုကြောက်လွန်းလို့၊ ရွံလွန်းလို့ မုန်းလွန်းလို့ တပည့်တော်တို့ လှူတဲ့အလှူပါဘုရားလို့ အလှူရှင်တွေ စိတ်ပြောင်းလိုက်ပါ။
နိဗ္ဗာနံ- (၁၁)မီးတို့၏ငြိမ်းရာကို ရည်စူး၍ပြရာဖြစ်သော နိဗ္ဗာန်ချမ်းသာမြတ်ကြီးကို သစ္ဆိကရဏတ္ထာယ- မကြာမတင် ဆောလျင် ကူးမြောက် မျက်မှောက်ပြုပါရခြင်းအကျိုးငှာ တပည့်တော်တို့။
မြန်မြန်နိဗ္ဗာန်ရောက်ချင်ပါတယ်
မြန်မြန် နိဗ္ဗာန်ရောက်ချင်ပါတယ် ဘုရား (၁၁)မီးလည်း မြန်မြန်သိမ်း၊ အဝိုင်းပြေးလည်း မြန်မြန်ရပ်၊ အဲဒါကိုသာ အဓိက ထားပါတယ်ဘုရားဆိုတော့၊ ဪ (၁၁)မီးငြိမ်းရာ နိဗ္ဗာန်၊ အဝိုင်းပြေးမှ ကျွတ်ရာသည် နိဗ္ဗာန်၊ အင်း ဒီနိဗ္ဗာန်ကြီးကို သာတပည့်တော်တို့ ဘာမှ မလိုချင်ဘူး ဘုရား၊ ဒါပဲလိုချင် ပါတယ်၊ ဝဋ်ကျွတ်ချင်တာရယ်၊ မီးငြိမ်းချင်တာရယ် ဒါပဲလိုချင်လို့ ဒါကိုသာ ပြင်းပြတဲ့ ဆန္ဒနဲ့ တပည့်တော်တို့ လှူခြင်း၊ တန်းခြင်း၊ ပေးခြင်း၊ ကမ်းခြင်း ဖြစ်ပါတယ်ဘုရား။
မီးငြိမ်းတဲ့အလှူ ဝဋ်ပြတ်တဲ့အလှူ
ဒါကြောင့် ကိလေသာရန်သူ အောင်ပွဲယူနေတာ ဒီပစ္စည်းကိလေသာတွေ မခင်တွယ်ဘဲနဲ့၊ အဝိဇ္ဇာတဏှာတွေ ကို တိုက်ထုတ်ပြီးသကာလ လှူတဲ့အလှူဖြစ်လေ သောကြောင့်၊
ဪ တို့အလှူသည် မီးငြိမ်းတဲ့အလှူ၊ ဝဋ်ပြတ်မည့်အလှူ ပါလားဆိုတဲ့ဥစ္စာ သေသေချာချာ မှတ်ရမယ်။
နိဗ္ဗာနံ- ဒုက္ခခပ်သိမ်းကင်းငြိမ်းရာဖြစ်သော နိဗ္ဗာန်ချမ်း သာမြတ်ကြီးကို (ဝါ) ဝဋ်တကာတို့၏ ကျွတ်ရာဖြစ်တဲ့ နိဗ္ဗာန် မြတ်ကြီးကို သစ္ဆိကရဏတ္ထာယ- မကြာမတင်ဆောလျင် ကူးမြောက် အထောက် ရ၍ မျက်မှောက်ပြုပါရခြင်း အကျိုးငှာ၊ ဉာဏစက္ခုနာ- ဉာဏ်ပညာစက္ခုဖြင့်၊ ဂဝေသန္တာ- ရှာမှီး သည်ရှိသော် ဘိက္ခဝေ- သံသရာဘေးဘယာတွေးဆ၊ ရှုမျှော်လေ့ရှိကြကုန်သော သူတော်ကောင်း အပေါင်းတို့ ပုညံ-မင်းတို့ ပြုတဲ့ ကောင်းမှုကုသိုလ်ဟူသမျှသည်၊ သုခံ- နိဗ္ဗာန်မြတ်ကြီးကို ဧကန်ရောက်မှာ ဆိုတာကို သေသေချာချာ ယုံကြည်လိုက်ပါ။
အလှူက သာမညအလှူမဟုတ်
အဘယ့်ကြောင့် ဆရာသမားတွေ ယုံကြည်မှုကို တိုက် တွန်းရပါသတုံးလို့ မေးခွန်း ထုတ်ခဲ့သည် ရှိသော်၊ ဒီဒကာ ဒကာမတွေ လှူတာက သာမညအလှူမှမဟုတ်ဘဲ၊ ရာဂ၊ ဒေါသ၊ မောဟာ ကင်းချင်လို့လှူတဲ့ အလှူ၊ ရာဂ၊ ဒေါသ၊ မောဟ ငြိမ်းတဲ့ပုဂ္ဂိုလ်ကို လှူတဲ့အလှူ၊ ငြိမ်းအောင် ကျင့်နေတဲ့ ပုဂ္ဂိုလ်ကို လှူတဲ့အလှူတွေ ဖြစ်လေသောကြောင့် မုချ တို့သည် ဒုက္ခပြတ် ရာ (၁၁)မီးသိမ်း၍ ငြိမ်းလိမ့်မယ် ဆိုတာ သေသေ ချာချာ ယုံကြည်တဲ့ ကမ္မဿကတဉာဏ်နဲ့အလှူ၊ ဝိပဿနာ ဉာဏ်နဲ့ လှူတဲ့ အလှူဖြစ်လေ သောကြောင့် မငြိမ်းမရှိပါဘူး ဆိုတာ ဆုံးဖြတ်ချက်ချပါ။
သစ္ဆိကရဏတ္ထာယ-မကြာမတင်ဆောလျင် ကူးမြောက် မျက်မှောက်ပြုပါရခြင်းအကျိုးငှာ၊ ဉာဏစက္ခုနာ- ဉာဏ်ပညာ စက္ခုဖြင့်၊ ဂဝေသန္တာ-ရှာမှီးကြကုန်သည်ရှိသော်၊ ဘိက္ခဝေ- သံသရာဘေး တွေးဆရှုမျှော်လေ့ရှိကြကုန်သော သူတော်ကောင်းအပေါင်းတို့၊ ပုညံ- ကောင်းမှုကုသိုလ်ဟူသမျှသည်။ သုခံ-နိဗ္ဗာန် ချမ်းသာမြတ်ကြီးကို၊ ဇနေတိ-ဖြစ်စေတတ်၏။
နိဗ္ဗာန်ချမ်းသာကိုပေးနိုင်တယ်
ဣတိ-ဤသို့၊ ဝုတ္တံ့- သုံးလူ့ဆရာစောသတ္တာသည် ကောင်းစွာ ဟောကြားတဲ့ စကားရပ်ကို၊ မနသိကတွာ- ကောင်း စွာ နှလုံးနှစ်ခြိုက် ကြိုက်နှစ်သက်ကြပါကုန်သည်ဖြစ်၍၊ ဪ နိဗ္ဗာန် ချမ်းသာကို တကယ်ပေးစေနိုင်တယ်လို့ ဘုရားက ဟောသောကြောင့် တကယ်ရမယ်ဆိုရင်၊ တကယ် ယုံကြည် လိုက်စမ်းပါ၊ တကယ်ယုံကြည်လိုက်စမ်းပါ (မှန်လှပါ ဘုရား)။
ဣမာနိပိဏ္ဍပါတ-ခါဒနီယ ဘောဇနီယာဒီနိ-ဤဆွမ်း ခဲ ဘွယ်ဘောဇဉ် ချိုချဉ် အရသာကို လည်းကောင်း၊ ဗုဒ္ဓရူပံ-ဘုရား သခင်ကိုယ်တော်မြတ်ကြီးနဲ့ အလားတူဖြစ်တဲ့ ဘုရားရုပ်ပွားတော် မြတ်ကြီးကို၊ နာနာပုဂ္ဂလာနံ-တည်သောဂ္ဂိုလ်တို့သည် အထူးသော ပုဂ္ဂိုလ်တို့၏၊ အတ္တာယ ရှိခိုး ပူဇော်ဖူးမြော် ကန်တော့ရန် အလို့ငှာ၊ တိဋေယျာမ-တပည့်တော်တို့ တည်ဆောက်ကိုးကွယ် ပါ၏ အရှင်ဘုရား၊ ရုပ်ပွားကြီး လှူဒါန်းပါ၏ အရှင်ဘုရား။
လယ်မြေကောင်း၌ မျိုးစေ့စိုက်ခြင်း
အထ-ထို့ပြင်မှ တစ်ပါး၊ ဤမာနိ-ပိဏ္ဍပါတ ခါဒနိယ ဘောဇနိယာဒီနိ၊ ဤဆွမ်းခဲဘွယ် ဘောဇဉ်ချိုချဉ် အရသာတို့ကို သံဃဿ-အာရာမိက,သံယိကဖြစ်တဲ့ သံဃာ၊ ယောဂီပုဂ္ဂိုလ်တို့ တရားဓမ္မအားထုတ်တဲ့ ပုဂ္ဂိုလ်အား သီလရှင်အား၊ ဒေမ-အရိယာ နွယ်တွေ ရည်မှန်း၍ တပည့်တော်တို့ကာ အရိယာတည်း ဟူသော လယ်မြေကောင်း၌ စေတနာတည်းဟူသော မျိုးစေ့ကို စိုက်ခြင်း အားဖြင့် လှူဒါန်းပါ၏ အရှင်ဘုရား။
နိဗ္ဗာန်ကူးမြောက်မျက်မှောက်ပြုရပါလို၏
ဘန္တေ- အရှင်ဘုရား၊ မယံ-အကျွန်ုပ်တို့သည်၊ ဣပိနာ ဒါနပုညန-ဤကဲ့သို့ တည်ထား ကိုးကွယ်ရသော ဥဒ္ဒိဿစေတီ ဥဒ္ဒိဿ ကိုယ်တော်ကြီးကို တည်ထား ကိုးကွယ်လှူရတဲ့ အကျိုးဆက်ကြောင့် လည်းကောင်း၊ အကြောင်းကြောင့် လည်းကောင်း၊ ပိဏ္ဍပါတခါ ဒနိယဘောဇနိယ အစရှိသည်တို့ကို လှူရ တန်းရ ပေးရကမ်းရတဲ့ ကုသိုလ်ကံ စေတနာ တို့ကြောင့် လည်းကောင်း၊ မယံ- တပည့်တော် တပည့်တော်မတို့သည် အဇာတိ- ပဋိသန္ဓေ မနေရာ စင်စစ်ဖြစ်သော၊ အဇရံ- မအိုရာစင်စစ်ဖြစ်သော၊ အမတံ- မသေရာစင်စစ်ဖြစ်သော၊ သီဝံ- ဇာတိဇရာ ဗျာတိမရဏ စသည်ထောင်သောင်းဘေးအပေါင်းတို့၏ ကောင်းကောင်းကြီး ငြိမ်းရာဖြစ်သော နိဗ္ဗာန်မြတ်ကြီးကို၊ ဣစ္ဆတဝရေန-အလိုရှိအပ် တောင့်တအပ်သော ဆုမြတ် အပေါင်းဖြင့် (ဝါ) ဆုမြတ်အပေါင်း နှင့် သစ္ဆိကရေယျာမ- မငြို မငြင်စောလျင်ကူးမြောက် မျက်မှောက် ပြုရပါလို၏ အရှင်ဘုရား။
နိဗ္ဗာန်မျက်မှောက်ပြုရပါလို၏
ဒီတရားကိုဝေရတဲ့ အတွက် လှူဒါန်း ပေးကမ်းရတဲ့ အတွက် တပည့်တော်တို့၏ ရာဂ၊ ဒေါသ၊ မောဟ ငြိမ်းအောင် ကျင့်နေတဲ့ ဝိပဿနာမဂ်ဉာဏ်သည် စင်စစ်နိဗ္ဗာန်ကို မျက်မှောက် ပြုရပါလို၏ အရှင်ဘုရား။
ဘန္တေ-အရှင်ဘုရား၊ ဣမဿ-ဤကောင်းမှုကံ၏။ ဘာဂံ-အဖို့ကို ဂုဏဝိသိဋ္ဌတရာနံ- ဂုဏ်ကျေးဇူး အားဖြင့် အထူးကြီးမားလှပေကုန်သော၊ မာတာပီတုနဉ္စ- မိခင်ဘခင်တို့ အား လည်းကောင်း၊ အာစရိယနဉ္စ- ဆရာသမားတို့အား လည်းကောင်း၊ ဣမာသဒ္ဓပရိသာနံ- ယခုအစည်းအဝေးသို့ ရောက်လာ ကြကုန်သော ပရိသတ်တို့အား လည်းကောင်း၊ အဝသေသာနံ- ကြွင်းကျန်ကြကုန်သော၊ ဧကတိသဘဝေ- သုံးဆယ့်တစ်ဘုံ၌၊ စရန္တာနံ-ကျင်လည်ပြေးသွား၍ နေကြလေ ကုန်သော၊ သဗ္ဗသတ္တာနဉ္စ- အလုံးစုံသော သတ္တဝါအပေါင်းတို့ အား၊ ဘာဇေယျာမ-ရေစက်သွန်းချ အမျှပေးဝေပါကုန်၏
အညီအမျှရကြသည်ဖြစ်ပါစေ
တေသတ္တာ- ထိုသတ္တဝါ အပေါင်းတို့ သည်၊ အမှေဟိ- အကျွန်ုပ်တို့နှင့် သမံ-ထပ်တူထပ်မျှ၊ ပုညဘာဂံ- ကုသိုလ် အစုကောင်းမှု အဖို့ကို၊ လဘိတွာ-အညီအမျှရကြသည်ဖြစ်၍၊ သုခိတာ- ကိုယ်စိတ်နှစ်ဖြာ ချမ်းချမ်းသာသာ ရှိကြကုန်သည်။ မုဒိတာ-ပီတိမောက်လွှမ်း၍ ဝမ်းမြောက်သော စိတ်ရှိကြကုန် သည်၊ ဘဝန္တု- ဖြစ်ကြပါစေကုန်သတည်း၊ ကဲ အမျှဝေ။