280

အမြင်မတူသရွေ့ ရန်ချည့်ပွားနေမှာပဲ (သောတာပန်အမြင်)

အသံဖိုင်ခေါင်းစဉ်= သောတာပန်အင်္ဂါ(၇)ပါး

စာအုပ်ခေါင်းစဉ်= အမြင်မတူသရွေ့ ရန်ချည့်ပွားနေမှာပဲ (သောတာပန်အမြင်)

မှတ်ချက်။ ။အသံမကြည်ပါ။

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့၌ ဟောကြားတော်မူသော တရားတော်

အမြင်မတူသရွေ့ ရန်ချည့်ပွားနေမှာပဲ

(သောတာပန်အမြင်)

ဟောကြားသည့်နေ့

(၁-၁၁-၅၅)

ဒီနေ့ဟောရမည့် တရားသည် ဒကာ ဒကာမတို့ သောတာပန်တည်တဲ့ ပုဂ္ဂိုလ်များမှာ ဤ(၇)ချက်ရှိရမယ် (မှန်ပါ ဘုရား)၊ သောတာပန်တည်တဲ့ ပုဂ္ဂိုလ်များမှာ ယခု ဟောလတ္တံ့ (၇)ချက် ရှိရမယ် (မှန်ပါ ဘုရား)။

အဲ့ဒီ (၇)ချက်နဲ့ ပြည့်စုံခဲ့လို့ရှိရင် ဘယ်သူ့မှ မေးနေစရာ မလိုတော့ဘူး၊ ကိုယ့်ဟာကိုယ် သောတာပန် တည်ကြောင်း ကိုယ်ကိုယ်တိုင် ကောင်းကောင်းသိတယ်ဆိုတဲ့ ဥစ္စာ ဟောလိမ့် မယ် (မှန်လှပါ ဘုရား)။

ကောသမ္ဘီပြည်မှ သီတင်းသုံးနေတယ်

ဘယ်နေရာမှာ အကြောင်းပြုပြီး သကာလ ဟောပါလိမ့် မလဲလို့ဆိုလို့ရှိရင်ဖြင့် မြတ်စွာဘုရား သခင် ကိုယ်တော်မြတ်ကြီး ကောသမ္ဘီပြည်မှာ သီတင်းသုံးနေတုန်း၊ ကောသမ္ဘီ ပြည်မှာ ရဟန်းနှစ်ဖက်က ကွဲပြီး အချင်းများပြီး သကာလ တစ်ယောက် နဲ့ တစ်ယောက် စကားများ၊ ငြင်းခုန်ကြ၊ တစ်ယောက် မျက်နှာ တစ်ယောက် မကြည့်နိုင်လောက်အောင်ပဲ နှစ်ဖက်က ကွဲပြီး သကာလ ရန်ပွဲကြီးဆင်နေကြတယ် (မှန်လှပါ ဘုရား)။

ရန်ပွဲကြီးဆင်နေတယ်

အဲ့ဒီကဲ့သို့ ရန်ပွဲကြီး ဆင်ပြီး သကာလ နေတဲ့အခါမှာ တခြား ရဟန်းတွေကလည်း ရှိပြီး သကာလ နေတော့ အမျိုးမျိုး အခြားရဟန်းတွေက အရှင်ဘုရားတို့ ဒီလိုသာသနာဘောင်မှာ တစ်ယောက်နဲ့ တစ်ယောက် စကားများ၊ တစ်ယောက်နဲ့ တစ်ယောက် မျက်နှာ မကြည့် နိုင်လောက်အောင် တစ်ယောက် တစ်ယောက်သည်ကားလို့ ဆိုလို့ ရှိရင်ဖြင့် ပြုံးခြင်း ရွှင်ခြင်းမှ မပြုနိုင်ကြလို့ ရှိရင်ဖြင့် တစ်ယောက် မသိတာ တစ်ယောက်ကမေး၊ တစ်ယောက်က ဖြေဖို့ အရေး ဘယ်နည်းနဲ့မှ ထွက်ရပ်လမ်းကို ကူညီဖို့ အရေးဟာ ဝေးသာ ဝေးတော့တယ် (မှန်ပါ ဘုရား)။

တစ်ယောက်မျက်နှာ တစ်ယောက်မကြည့်နိုင်

ဒါကြောင့် အရှင်ဘုရားတို့ သည် ဤကဲ့သို့ တစ်ယောက် မျက်နှာ တစ်ယောက် မကြည့်နိုင်ခြင်း၊ စကားလက်ဆုံ မကျခြင်း၊ နှုတ်လှံပြန် ထိုးပြီး သကာလ နင်တစ်ခွန်း၊ ငါတစ်ခွန်းနဲ့ ပြောခြင်း၊ အလုပ်တွေကို အရှင်ဘုရားများ လျော့ကြပါလို့ အခြားရဟန်းတွေက ဆိုကြတယ် (မှန်လှပါ ဘုရား)။

ထိုသို့ပင်ဆိုကြငြားသော်လည်း၊ အခြားရဟန်းတွေ ဘယ်လိုပင် ပြောငြားသော်လည်း တစ်ဖက်ကလည်း ဒေါသနဲ့၊ တစ်ဖက်ကလည်း ဒေါသနဲ့ဆိုတော့ ဖြေဖျောက်လို့ မရနိုင်အောင် ဖြစ်နေတယ် (မှန်ပါ ဘုရား)။

ဘုရားထံသွားပြီးလျှောက်တယ်

အဲ့ဒီကဲ့သို့ ဖြေဖျောက်လို့ မရနိုင်အောင် ဖြစ်နေတော့ တစ်ပါးသော ရဟန်းက ဘုရားထံ သွားပြီး သကာလ လျှောက် တယ်။ အခြား ရဟန်းတစ်ပါးက၊ အဲ့ဒီတော့ ဘုရားသခင် ကိုယ်တော် မြတ်ကြီးကို အကျိုးအကြောင်း လျှောက်ထားတယ်။ ရဟန်းတွေဖြင့် နှစ်ဖက် ပုတ်ခတ်လျက် ကွဲပြီး သကာလ နင်နင်၊ ငါ- ငါနဲ့ ဆိုတဲ့ စကားတွေဖြင့် အကြမ်းပတမ်းတွေသုံးပြီး သကာလ တစ်ယောက် မျက်နှာ တစ်ယောက်မကြည့်နိုင်၊ မပြုံး နိုင်၊ မရွှင်နိုင်ကြ၊ တစ်ဖက်နဲ့တစ်ဖက် ဒေါသမာန်မာန ထားပြီး အချင်း များနေကြပါတယ်ဘုရားလို့ သွားလျှောက်တယ် (မှန်ပါ ဘုရား)။

အဲ့ဒီကဲ့သို့ သွားလျှောက်တဲ့အခါကျတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် ကားလို့ ဆိုရင် သိတော့ သိပြီးတာပဲ။ သိပြီးသားပင် ဖြစ်ငြား သော်လည်း၊ လာပြီး တိုင်ကြားပြန်တော့ ခေါ်ချေကွာ နှစ်ဖက်သော ရဟန်းများ ခေါ်ချေပေါ့လို့ ဆိုပြီးတော့၊ ငါ့ အမိန့်နဲ့ ခေါ်ခဲ့လို့ ဆိုတာ၊ အမိန့် တံဆိပ် ရိုက်ပြီး သကာလ ပေးလိုက်သလို ဘုရားအမိန့်တော် မှာလိုက်တယ် (မှန်ပါ ဘုရား)။

နှစ်ဘက်စလုံးကို ခေါ်တယ်

ဒါနဲ့ နှစ်ဖက်သော ကြားက ရဟန်းက၊ လာလျှောက်တဲ့ – ရဟန်းကပဲ အရှင်ဘုရားတို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက နှစ်ဖက်စလုံး ရဟန်းတွေ ကြွကြပါဦးဆိုတဲ့ အကြောင်းကို ဘုရားက အမိန့်ရှိလိုက်ပါတယ် (မှန်ပါ ဘုရား)။

ဒါကြောင့် အရှင်ဘုရားတို့သည့် ကြွတော်မူကြပါဆိုတော့ ဘုရား အမိန့်တော်နဲ့ ဆိုတော့ နှစ်ဖက်သော ရဟန်းတို့ သည် ဘယ်သူမှ အမိန့်အာဏာ ဖီဆန်ပြီး သကာလ မနေဘဲနဲ့ နှစ်ဖက်သော ရဟန်းတို့ လိုက်ကြရတယ် (မှန်ပါ ဘုရား)။

ထိုကဲ့သို့ လိုက်ကြတဲ့ အခါကျတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မင်းတို့ ဘယ်လို ဖြစ်ကြသတုံး၊ ဘယ်လိုများ ဘယ်အကြောင်းကြောင့် ဤကဲ့သို့ တစ်ယောက် တစ်ယောက် စကားများပြီး သကာလ တစ်ယောက်မျက်နှာ တစ်ယောက် မကြည့်နိုင်၊ တစ်ယောက်မေးတာ တစ်ယောက်မပြောနိုင်တဲ့ အခြေအနေ ရောက်ပြီး သကာလ နေကြပါလိမ့်မလဲ။

သံသရာမှ လွတ်ရေးမရှိကြတော့ဘူး

ဒီလိုသာရောက်ပြီး သကာလ နေကြမယ်ဆိုလို့ ရှိရင် မင်းတို့ သည် သီလ၊ သမာဓိ၊ ပညာ ဆိုတဲ့ အလုပ်စခန်းများဖြင့် မင်းတို့ တက်လှမ်းဖို့ အရေးဟာ မရှိနိုင်တော့ဘူး (မှန်ပါ ဘုရား)၊

‘‘သံသာရဝဋ္ဋဒုက္ခတော မောစနတ္ထာယ’’- သံသရာမှ ထွက်မြောက်ဖို့ ရဟန်းလုပ်လာတာ၊ သံသရာမှ ထွက်မြောက်ဖို့ အရေးကို မင်းတို့မှာ မရှိတော့ဘူး (မှန်ပါ ဘုရား)။

သာရဏီယတရား(၆)ပါး

ဒါကြောင့် မင်းတို့ သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဒီအကျင့် ကို ကျင့်မှသာလျှင် မင်းတို့ သည် ကောင်းမှာပဲဆိုပြီး သာရဏီယတရား- အောက်မေ့အပ်တဲ့တရား (၆)ပါးကို ရှေးဦးစွာစပြီး ဆုံးမ တယ် (မှန်ပါ ဘုရား)။

၁။ မေတ္တာရှေးရှုတဲ့ကာယကံ

မင်းတို့မှတ်ထားကြတဲ့၊ မျက်ကွယ်၌ ဖြစ်စေ၊ မျက်မှောက် ၌ဖြစ်စေ၊ ကာယကံဖြင့် မေတ္တာ ကာယကံကိုဖြင့် ကြိုးစားကြပါကွာ၊ သူ့ပစ္စည်း သူမေ့သွားခဲ့တယ်၊ မေ့သွားလို့ရှိရင် ကာယကံ နဲ့ ကောက်သိမ်းလို့၊ သူလာတယ်ဆိုရင် ကာယကံနဲ့ အထည် အလိပ်တွေခင်းလို့ ကြီးတဲ့ ပုဂ္ဂိုလ် ကြီးတဲ့ ပုဂ္ဂိုလ်အလျှောက်၊ ငယ်တဲ့ ပုဂ္ဂိုလ် ငယ်တဲ့ ပုဂ္ဂိုလ်အလျှောက် ဒီနေရာထိုင်ပါ။ ဒီနေရာ ကြွပါဆိုပြီး သကာလ ကိုယ်က နေရာထိုင်ခင်းကို ကိုယ်ထိလက်ရောက်အားဖြင့်ပေး။

အဲ့ဒီကဲ့သို့ မနောကာယကံပေါ့ဗျာနော် (မှန်ပါ ဘုရား)၊ အဲ့ဒီကဲ့သို့တဲ့ မေတ္တာရှေးရှုတဲ့ ကာယကံ၊ မေတ္တာရှေ့ ထားထားပြီး သကာလ ကာယကံနဲ့ လုပ်ကြပါကွာ (မှန်ပါ ဘုရား)။

ဒါမှသာလျှင် မင်းတို့ တစ်ယောက် တစ်ယောက်မျက်နှာ ကြည့်နိုင်ပြီး သကာလ၊ တစ်ယောက်တစ်ယောက် နှုတ်လုံပြန်၊ မထိုးဘဲနဲ့ သီလ၊ သိက္ခာ၊ သမာဓိ၊ ပညာ စခန်းကို တက်လှမ်း နိုင်လိမ့်မယ်ဆိုပြီး မေတ္တာ ကာယကံ အရင်ဟောလိုက်တယ် (မှန်ပါ ဘုရား)။

၂။ မေတ္တာဝစီကံ

နောက်ကျလာပြန်တော့ မေတ္တာဝစီကံဆိုတာလည်း ရှိသေးတယ်၊ ဟေ့ မေတ္တာဝစီကံ ဆိုတဲ့ ဥစ္စာသည် မင်းတို့ တစ်ပါး တစ်ပါး နေကြငြား သော်လည်း ဪ ကျန်းမာ ကြပါစေ၊ ချမ်းသာကြပါစေလို့ မေတ္တာ ဝစီကံအားဖြင့် ပို့လို့ အကြောင်းတိုက်ဆိုင်လို့ မေး ပြန်လို့ ရှိရင်လည်း ကျန်းမာပါရဲ့လား၊ ချမ်းသာပါရဲ့လား၊ သူ့မျက်ကွယ်၌ ဖြစ်စေ၊ မျက်မှောက်၌ ဖြစ်စေ၊ ဒီ ဝစီကံ သည်ကား လို့ ဆိုလို့ရှိရင် မေတ္တာရှေ့ထားပြီး သကာလ တစ်ယောက် တစ်ယောက် မေးကြ မြန်းကြ၊ ကျန်းမာမှု ကို မေးကြ မြန်းကြ မေတ္တာပို့ကြ။

အဲ့ဒီကဲ့သို့ နေကြပါမူကား အဓိသီလ၊ သိက္ခာ၊ သမာဓိ ပညာဆိုတဲ့ မင်းတို့ သံသရာဝဋ်မှာ ထွက်မြောက်ကြောင်းဖြစ်တဲ့ တရားကြီးဟာ အထမြောက်နိုင်ပါတယ်။ ဒါကြောင့် မေတ္တာ ဝစီကံလည်း ထားကြကွ (မှန်ပါ ဘုရား)၊ ဘုရားက နှစ်ချက်ရှိပြီး ဆုံးမတာ (မှန်ပါ ဘုရား)။

၃။ မေတ္တာမနောကံ

နောက်ကျတော့ မေတ္တာ မနောကံ ဆိုတာလည်း မင်းတို့ က ထားကြပါကွာတဲ့ မနောထဲ ကလည်း အားလုံးသော ပုဂ္ဂိုလ် တို့သည်ကားလို့ဆိုလို့ ရှိရင်ဖြင့် သံသရာဝဋ်ထဲက ထွက်မြောက်ပြီး သကာလ ဒုက္ခ ခပ်သိမ်း ကင်းငြိမ်းဖို့ အရေးကို မေတ္တာမနော ထဲကလည်း မင်းတို့အားလုံးအပေါ်မှာ စိတ်ထားမှသာလျှင် သီလ၊ သိက္ခာ၊ သမာဓိနဲ့ တက်ရမည့်၊ ပညာနဲ့ တက်ရမည့် နိဗ္ဗာန်ဆိုတဲ့ စခန်းကြီးကို မင်းတို့ သည် မေတ္တာမနောကံ မရှိဘဲနဲ့လည်း မတတ်နိုင်ဘူးကွ (မှန်ပါ ဘုရား)၊ သုံးချက်ရှိ ပြီ (မှန်ပါ ဘုရား)။

၄။ ဝေငှဘုန်းပေးသုံးဆောင်ပါ

နောက်ကျလာတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး က တစ်ခါဟောလိုက်တယ်၊ မင်းတို့ သည် တစ်ယောက်သော ပုဂ္ဂိုလ်က ဆွမ်း၊ ကွမ်း ရလာတယ်၊ ရလာတယ် ဆိုလို့ရှိရင်ဖြင့် လေးပါး၊ ငါးပါး၊ ဆယ်ပါးဆိုသလို နေကြတဲ့အခါ ကျလို့ ရှိရင် သူလာမှ ဘုန်းပေးဝေငှပြီး သကာလ နည်းသည် ဖြစ်စေ၊ များသည်ဖြစ်စေ၊ ဝေဖန်တိကပြုပြီး သကာလ မှ ဘုန်းပေး သုံးဆောင်ကြလို့ ရှိရင်လည်း မင်းတို့ သည်တဲ့ ခုနကပြောခဲတဲ့ အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာဆိုတဲ့ သုံးခုနဲ့မှ သုံးထစ်သော လှေခါးနဲ့မှ နိဗ္ဗာန် တက်ရမယ့် ဥစ္စာကို ခုငါပြောတဲ့အတိုင်း ဝေဖန်ဘုန်းပေး သုံးဆောင် နိုင်တဲ့ အခြေအနေ ရှိလို့ရှိရင်လည်း မင်းတို့သည် လှေခါးသုံးခုက တက်ပြီး သကာလ နိဗ္ဗာန်ဆိုတဲ့ အောင်ပန်းကြီးကို ဆွတ်လှမ်းနိုင်လိမ့်မယ်လို့ ဟောလိုက်တယ် (မှန်ပါ ဘုရား)၊ ဝေဖန်စားရမယ် (မှန်ပါ ဘုရား)။

၅။ ကိုယ့်သီလကို မကျိုးမပေါက်အောင်ထိန်းပါ

နောက်ကျလာတော့ တစ်ခါ ငါးခုမြောက်တစ်ခါဟော လိုက်ပြန်တယ်၊ မင်းတို့ သည်ကားလို့ ဆိုလို့ ရှိရင်ဖြင့်တဲ့ တစ်ယောက် တစ်ယောက်တည့်မှုအရေးဟာ ဘယ်လိုပါလိမ့် မလဲလို့ တွေးနေစရာ မလိုပါဘူးကွာတဲ့၊ သူကလည်း သီလကို မကျိုးမပေါက် မပျောက် မရှရအောင်၊ ကိုယ်ကလည်း ဆောက်တည်၊ ဟိုပုဂ္ဂိုလ်ကလည်း သီလကို မကျိုးလည်း မကျိုး ရအောင် မပေါက်လည်း မပေါက်ရအောင်၊ ပျောက်လည်း မပျောက်၊ မရှလည်း မရှရအောင် ပေါ့ဗျာ (မှန်ပါ ဘုရား)။

အဲ့ဒီကဲ့သို့ မင်းတို့သည် ဟိုဖက်ကလည်း ဒီလိုဆောက် တည်လို့၊ ဒီဖက်ကလည်း ဆောက်တည် တစ်ယောက်နဲ့ တစ် ယောက် ကိုယ့်သီလ ကိုယ်မကျိုး၊ မပေါက်၊ မပျောက်၊ မရှရ အောင်၊ ငဲ့နေကြပြန်လို့ ရှိရင်လည်း မင်းတို့ အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာဆိုတဲ့ သုံးထစ်သော လှေခါးနဲ့ နိဗ္ဗာန်ကို ဆွတ်လှမ်း ရမယ့် ဥစ္စာ သီလချင်းညီမျှလိုရှိရင်လည်း မင်းတို့ ဘယ်နည်းနဲ့မှ အခုပြောတဲ့ နှုတ်လှံပြန်ထိုးခြင်း၊ တစ်ယောက်နဲ့တစ်ယောက် မျက်နှာမကြည့်ချင်ခြင်း၊ မျက်နှာ မဆုံနိုင်ခြင်း ဆိုတဲ့ အလုပ်တွေဟာ မဖြစ်နိုင်ပါဘူးကွာတဲ့၊ နိဗ္ဗာန် တက်လှမ်းနိုင်ပါတယ် (မှန်ပါ ဘုရား)။

၅။ နိဗ္ဗာန်မြင်တဲ့အမြင်အတူတူ

ဒီထက် အရေးကြီးတဲ့အချက်ကို ငါပြောရလို့ ရှိရင်ဖြင့် သောတာပတ္တိမဂ် ဆိုတဲ့ နိဗ္ဗာန် မြင်တဲ့ အမြင် အတူတူ တစ်ခါ တည်း အကုန်ရကြလို့ရှိရင်လည်း မင်းတို့သည်ကားလို့ဆိုလို့ ရှိရင်ဖြင့်တဲ့ ဘာမှ တစ်ယောက်တစ်ခွန်းစကားပြောစရာလည်း မရှိ၊ တစ်ယောက်မျက်နှာ တစ်ယောက် မကြည့်နိုင်စရာ လည်း မရှိဘူး၊ တစ်ခါတည်း သင့်သင့်မြတ်မြတ်နဲ့ ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာ ရိုရိုသေသေ ကိုင်းကိုင်း ရှိုင်းရှိုင်း အလုပ်ကြီး ဟာ သောတာပန် တစ်တန်းတည်း ဖြစ်သွားပြန်လို့ ရှိရင်လည်း ဒါပြီးသွားတာပါပဲကွာ (မှန်ပါ ဘုရား)။

ဒါကြောင့် ဒီ(၆)ချက်ကို မင်းတို့သည် သာရဏီယဆိုတဲ့ စောင့်ရှောက်အပ်တဲ့ ဝတ္တရား တွေဟာ ဒီ(၆)ချက်နဲ့ ပြည့်စုံအောင် မင်းတို့နေဖို့အရေးဟာ မင်းတို့အရေးလို့ မှတ်ပါလို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟောလိုက်တယ် (မှန်ပါ ဘုရား)။

ဒီ(၆)ချက်နဲ့ နေရင်သင့်မြတ်တယ်

ဒီ(၆)ချက်နဲ့နေရင် သင့်မြတ်တယ် ပေါ့ဗျာ (မှန်ပါ ဘုရား)၊ တစ်ယောက်နဲ့ တစ်ယောက် စကားမများ၊ နှုတ်လုံပြန် ထိုးခြင်း အလုပ် မရှိဘဲ၊ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နိုင်တဲ့ အခြေအနေ ရောက်ကြမယ် (မှန်ပါ ဘုရား)၊ အဲ့ဒါ ရောက်ပါလိမ့်မယ်တဲ့ (မှန်ပါ ဘုရား)။

ပြီးတော့မှ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဆက်လက်ပြီး သကာလ ဘယ်လို ဟောလိုက်သတုံး ဆိုတော့ အကယ်၍တဲ့ မင်းတို့ခုနက (၆)ချက်မြောက်ဖြစ်တဲ့ သမ္မာဒိဋ္ဌိ အမြင် (ဝါ) သောတာပန်၏ အမြင်ပေါ့ဗျာ (မှန်ပါ ဘုရား)၊ သမ္မာဒိဋ္ဌိမဂ္ဂင်။

သောတာပန်တို့၏ ဆင်ခြင်မှု(၇)မျိုး

အဲ့ဒီသမ္မာဒိဋ္ဌိဆိုတဲ့ မဂ္ဂင်အမြင်နဲ့ ပြည့်စုံခဲ့လို့ ရှိရင်လည်း မင်းတို့ ကိုယ့်ဟာကိုယ် ဆင်ခြင်ပါတယ်ကွတဲ့၊ ဆင်ခြင်လုံး၊ သောတပန်တို့၏ ဆင်ခြင်လုံး(၇)မျိုးတောင်ရှိပါတယ်ကွာတဲ့၊

အဲ့ဒီလိုဆိုတော့ သာလို့ပင် မင်းတို့သည်ကားလို့ ဆိုလို့ရှိရင် ညီညွတ်မှု၊ တစ်ယောက် တစ်ယောက် မေတ္တာထားမှု၊ ကရုဏာ ထားမှုတွေ သောတာပန် ဖြစ်လာလို့ရှိရင်ဖြင့် ဒီ(၇)ချက်နဲ့ ပြည့်စုံ တာအမှန်ပါပဲကွာ (မှန်ပါ ဘုရား)။

အဲ့ဒီတော့ မတည့်ဘူး၊ မျက်နှာမကြည့်နိုင်ဘူး၊ နှုတ်လှံ ပြန်ထိုးမှု မရှိတော့ဘူးဆိုတာ အသေအချာ မှတ်ပါ (မှန်ပါ ဘုရား)။

သောတာပန်ဖြစ်တဲ့အခါ

ဒါဖြင့် သောတာပန်အစစ်ဖြစ်မှ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ခုနက တစ်ယောက် တစ်ယောက် မျက်နှာမကြည့်နိုင် မှု။ တစ်ယောက် တစ်ယောက် နှုတ်အားဖြင့်လည်း တစ်ယောက် တစ်ခွန်း ပြောဆိုမှု၊ ဒါတွေမရှိတော့ဘူးတဲ့၊ ဒါတွေ အကုန်လုံလောက်ပြီး သကာလ သောတာပန် ဖြစ်တဲ့ အခါကျလို့ရှိဖြင့် အင်မတန်မှ ညီညွတ်ရေးသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် မစည်းရုံး ငြား သော်လည်း အယူသီလ တူမျှသည်ဖြစ်လေ သောကြောင့် ညီညွတ် စည်းရုံးပြီးသား ဒကာစိန်တို့ ဒကာသိုက်တို့ ရောက်ပါ လိမ့်မယ် (မှန်ပါ ဘုရား)။

ငါအပါယ်လွတ်ပြီး စိတ်ချရပြီ

ဒါကို မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟောလို့ သောတာပန်ဖြစ်တဲ့ ပုဂ္ဂိုလ်များ ကျတော့ကွာတဲ့ (၇)ချက် ဆင်ခြင်မှု ရှိပါတယ်တဲ့၊ မင်းတို့ အဲ့ဒီရောက်အောင် ကြိုးစားပါ မှန်ပါဘုရား၊ ဆိုပြီး သကာလ ဘုရားသခင် ကိုယ်တော်မြတ်ကြီး သောတာပန် ဖြစ်ပြီးတဲ့ ပုဂ္ဂိုလ်များမှာ မိမိသောတပန် ဖြစ်တယ်၊ မဖြစ်ဘူး ဆိုတာ ကိုယ့်ဟာကိုယ် ဝေဖန်နိုင်တဲ့ ဉာဏ်(၇)မျိုး ကို ငါသေသေချာချာ ဟောခဲ့မယ် ဆိုပြီး သကာလ ကောသမ္ဘီသုတ်မှာ သေသေချာချာ ဟောခဲ့သည် ဖြစ်လေသောကြောင့် အားလုံး ဒကာ ဒကာမတွေလည်း အင်း ကိုယ်လုပ်နေတဲ့ ဝိပဿနာအလုပ်ကြီးဟာဖြင့် ငြိမ်းအေး တဲ့ နိဗ္ဗာန်ကြီးအာရုံပြုနိုင်ပြီ ဆိုပြီး သကာလ ကိုယ့်ဟာကိုယ် သောတာပန် အစရှိသည်တို့ ထင်ပြီး သကာလ နေကြလို့ရှိရင် အခုဟောလတ္တံ့၊ ပြောလတ္တံ့ ဖြစ်တဲ့ (၇)ချက်နဲ့ ကိုယ်တိုင် ဝေဖန်လို့ ညီညွတ်ခဲ့သည်ရှိသော် သူတစ်ပါး မေးမနေနဲ့ (မှန်ပါ ဘုရား)။

ကိုယ့်ဟာကိုယ် လုံလောက်ပြီး သကာလ ငါဖြင့် အပါယ် လေးပါးမှ လွတ်ပြီ၊ စိတ်ချရပြီဟေ့ ဆိုပြီး ဝမ်းမြောက်နေရုံပဲ (မှန်ပါ ဘုရား)။

ဒီလမ်းစဉ်အတိုင်းကြိုးစားကြပါ

အကယ်၍ အခုဟောလတ္တံ့ ဖြစ်တဲ့ (၇)ချက်နဲ့ မညီညွတ် သေးလို့ရှိရင်လည်း ဟာ ညီညွတ်အောင် ဒီလမ်းကိုဖြင့် ဆရာဘုန်းကြီး ဟောထားတဲ့ ဝိပဿနာလမ်းစဉ်၊ ဘုရားဟော ထားတဲ့ ဝိပဿနာ လမ်းစဉ်ကို ဆရာဘုန်းကြီး ဟောတာပဲ၊ ဒီလမ်းစဉ်အတိုင်း တက်ပြီး သကာလ ကြိုးစားပါ သော်ကော ဆိုပြီး၊ ကြိုးစားလိုက်မယ်ဆိုလို့ရှိရင်လည်း ဒီ(၇)ချက်ဟာ သောတာပန် တည်သွားလို့ ရှိရင် ဒီ(၇)ချက်ဟာ ပေါ်လာမှာပဲ (မှန်ပါ ဘုရား)။

ဒါကြောင့် ဒကာ ဒကာမတွေ ဒီအချက်ဟာ သိဖို့ကောင်း တဲ့ အချက်ပဲဆိုတာဖြင့် သေသေချာချာ မှတ်ကြပါ (မှန်လှပါ ဘုရား)၊ အဲ့ဒါသည် မနေ့ကလည်း ခင်ဗျားတို့ ဪ မတင်လှက ဒါလေးကို အကျဉ်းချုပ်အားဖြင့် သူကုသိုလ် ဖြစ် ရိုက်ပြီး သကာလ ဒကာ ဒကာမတွေ ပြထားတယ်၊ စာရွက် ကလေးတွေ ဝေထားတယ်မို့လား (မှန်ပါ ဘုရား)။

အထူးသဖြင့် ဝမ်းသာဖို့

အဲ့ဒါလေးတွေနဲ့ ခု ဟောလတ္တံ့ ဖြစ်တဲ့ ဥစ္စာနဲ့ခင်ဗျားတို့ ခန္ဓာကိုယ်ထဲမှာ ဖြစ်စဉ်နဲ့ ကိုက်ကြည့် လိုက်တာပေါ့ဗျာ (မှန်ပါ ဘုရား)၊ ကိုက်ကြည့်လိုက်တဲ့ အခါကျလို့ရှိရင်ဖြင့်တဲ့ ခင်ဗျားတို့သည် ဝမ်းသာစရာ ရှိလို့ရှိရင်လည်း အထူးသဖြင့် ဝမ်းသာဖို့ပဲ (မှန်ပါ ဘုရား)။

ဝမ်းသာစရာ နည်းနေလို့ ရှိရင်လည်း ဝမ်းသာစရာများ အောင် အပါယ်လေးပါး စိတ်ချ ရအောင် ဒီဟာနဲ့ ညီညွတ် အောင် လုပ်ပါသော်ကော ဆိုတဲ့ ဥစ္စာ ဒကာစိန်တို့ ဒကာသိုက် တို့ တိုးတက်လုပ်ဖို့ ပေါ့ဗျာ (လုပ်မှာပါ ဘုရား)၊ ဟုတ်ပြီလား။

သောတာပန်တို့၏ ဆင်ခြင်မှု(၁)

အဲ့ဒီတော့ ဒကာ ဒကာမတို့ စပြီး သကာလ သောတာ ပန် ဖြစ်တဲ့ ပုဂ္ဂိုလ်၏ ဆင်ခြင်မှု တစ်နံပါတ်ကို စဟောမယ် (မှန်လှပါ ဘုရား)၊ သောတာပန်ဖြစ်တဲ့ ပုဂ္ဂိုလ်၏ ဆင်ခြင်မှု တစ်နံပါတ် စ,ဟောမယ် (မှန်လှပါ ဘုရား)။

တစ်နံပါတ်က ဘာတုံးဆိုတော့ သောတာပန်သည် ကိလေသာ (၁၀)ပါး ရှိတဲ့ အနက်က (၃)ပါးသာ ပယ်နိုင်သေး တယ် (မှန်ပါ ဘုရား)၊ ကျန်တဲ့ (၇)ပါးတွေက ကျန်မနေပေ ဘူးလား (ကျန်နေပါတယ် ဘုရား)။

အဲ့ဒါကတော့ အကြောင်းကိစ္စရှိတယ်လို့ ကျန်တဲ့ (၇) ချက်နဲ့ တိုက်ဆိုင်တဲ့ အာရုံတွေ တွေ့ပြီ ဆိုမှဖြင့် လွန်ကြူးမှု အလုပ်တွေတော့ လုပ်တော့ လုပ်သေးတာပဲ (မှန်လှပါ ဘုရား)၊ လုပ်သေးတာပဲတဲ့။

ထကြွ သောင်းကျန်းတဲ့ ဖရိယုဋ္ဌာန ကိလေသာဆိုတာ ကျန်တဲ့ (၇)ချက် ထကြွ သောင်းကျန်း လာတာလို့ မှတ်လိုက်စမ်း ပါ (မှန်ပါ ဘုရား)၊ ဟုတ်ပြီလား။

ဒေါသမပယ်သေးဘူး၊ လာသေးတာပဲ

ဒေါသ၊ သူမှ မပယ်သေးဘဲ လာသေးတာပေါ့ (မှန်ပါ ဘုရား)၊ မာန၊ သောတာပတ္တိမဂ်ကမှ မပယ်နိုင်သေးတော့ကို ပုထုဇဉ်လောက်သာ မကြီးတယ် လာတော့ လာသေး တာပဲ (မှန်ပါ ဘုရား)၊ ဟုတ်ပြီလား (မှန်ပါ ဘုရား)။

စိတ်ပျံ့လွင့်တာတွေလာသေးတာပဲ

အဲ့ဒီကဲ့သို့ ဥဒ္ဓစ္စ ပျံ့လွင့်တာတွေ လာသေးတာပဲ။ သောတာပန်လည်း လာတာပဲ၊ လာပင်လာငြား သော်လည်းတဲ့ ယခုတစ်နံပါတ်မှာ ဟောရမှာက လာပြီးသည့် အခြားမဲ့၌ ဪ ဒါသည်ကားလို့ ဆိုရင် ငါသည် သောတာပတ္တိမဂ် အမြင်နဲ့တော့ဖြင့် ငါသည် ပြည့်စုံတော့ နေတာပဲ။

ထိုသို့ပင် ပြည့်စုံငြားသော်လည်း၊ မပယ်နိုင်သေးတဲ့ ကိလေသာတွေက ထကြွ သောင်းကျန်း လာသေးတာကိုးလို့ ကိုယ့်ဟာကိုယ် သိသည် (မှန်လှပါ ဘုရား)၊ ထကြွသောင်း ကျန်းပြီး သကာလ လာသေးတယ် ဆိုတော့ ဪ ဒါ မပယ်သေးလို့ ထကြွ သောင်းကျန်းပြီး သကာလ လာတဲ့ ကိလေသာတွေပဲလို့ ဆိုတော့ ကိလေသာဖြစ်ပြီး၊ ပြီးချင်း တစ်ခါတည်း အသိဆိုတဲ့ ဉာဏ်ကလေး နောက်က လိုက်လာ တယ် (မှန်ပါ ဘုရား)။

ကိလေသာ တာရှည်ကြီး သွားသေးရဲ့ လား (မသွားပါ ဘူး ဘုရား)၊ တစ်ခါတည်း အသိဉာဏ်က နေပြီး သကာလ ဒေါမနဿ လာမယ် ဆိုလို့ရှိရင်လည်း ဒေါမနဿက နောက်က အဝိဇ္ဇာ၊ သင်္ခါရ၊ ဝိညာဏ်၊ နာမ်ရုပ် မလိုက်ရအောင် ဖြတ်ချ လိုက်တယ် (မှန်ပါ ဘုရား)၊ အသိလေးနဲ့ ဖြတ်ချလိုက် တယ် (မှန်ပါ ဘုရား)။

မာနလာရင်ချက်ချင်း သိလိုက်တယ်

မာနလာလို့ရှိရင်လည်း ထို့အတူပဲတဲ့ မာနဆိုတာ တဏှာ နဲ့ တွဲနေတဲ့အတွက် ဒီဥပါဒါန်တို့၊ ဘဝတို့၊ ဇာတိတို့၊ ဇရာတို့ မလာသည့် တိုင်အောင်ပဲ မာနနောက်က နေပြီး သကာလ အင်း မပယ် သေးတဲ့ မာနလာသေးသကိုးလို့ ချက်ချင်းသိလိုက်တာ (မှန်ပါ ဘုရား)။

ထိုကဲ့သို့ သိလိုက်တော့ နောက်ဆက်တွဲ ပဋိစ္စသမုပ္ပါဒ် ကြီး လည်ရသေးရဲ့လား (မလည် ရပါဘူး ဘုရား)၊ မလည် ရတော့ဘူးနော်၊ ဥဒ္ဓစ္စ – စိတ်ပျံ့လွင့်နေတယ်၊ ပျံ့လွင့်ပြီး ဟိုရောက် ဒီရောက် ရောက်နေချင်သလို ရောက်ပြီး သကာလ၊ နေတဲ့ ပျံ့လွင့်မှုတွေ ရှိသေးတာပဲတဲ့ (ရှိပါတယ် ဘုရား)။

ရှိပင်ရှိငြားသော်လည်း သူ့စိတ်ထဲမှာ ဪ ဒါ မိမိမဂ်က မပယ်နိုင်သေးဘဲကိုး၊ မပယ်နိုင်သေးလို့ ပေါ်လာတာ ကိုးဆိုပြီး ပေါ်ပေါ်ပြီးချင်းပဲ နောက်ကတစ်ခါတည်းသူ ဥဒ္ဓစ္စ ကိုးဆိုပြီး သိတဲ့ စိတ်ကလေးနောက်ကလိုက်တယ် (လိုက်ပါ တယ် ဘုရား)။

ထိုကဲ့သို့ လိုက်ပြီး သကာလ သွားတော့လိုက်တဲ့နောက်က ပုထုဇဉ်များတော့ တစ်နေ့လုံးပင် နေငြားသော်လည်း ဒါဖြတ်တောက်တဲ့ အသိမပါဘူး (မပါပါဘူး ဘုရား)။

ပေါ်တိုင်း ပေါ်တိုင်း သိပေးတယ်

သောတာပန်တည်ပြီးသား ပုဂ္ဂိုလ်များကျတော့ ဒီဟာတွေ ပေါ်တိုင်း ပေါ်တိုင်း မာန လာလည်းသိ၊ ဒေါသလာလည်းသိ၊ ဟုတ်လား (မှန်ပါ ဘုရား)။

အဲ့ဒီကဲ့သို့ ဥဒ္ဓစ္စလာလည်းသိ၊ သိလုံးကလေးတွေ နောက် က ချုပ်ချုပ်သွားတယ် (မှန်ပါ ဘုရား)၊ သိလုံးကလေးတွေ နောက်က ချုပ်ချုပ် သွားတယ် ဒကာ ဒကာမတို့ (မှန်လှပါ ဘုရား)။

အဲ့ဒီကဲ့သို့ သိလုံးကလေးတွေ နောက်က ချုပ်ချုပ်၊ ချုပ်ချုပ်ပြီး သကာလ၊ သွားလိုက်တော့ နောက်က အချုပ်အခြာလေး ပါလာတယ်။ ပါလာတဲ့ အတွက် တောက်လျှောက်ကြီး ပဋိစ္စသမုပ္ပါဒ်ကြီးဟာ လည်နိုင်သေးရဲ့ လား (မလည်နိုင်ပါ ဘူး ဘုရား)။

အင်း ဒါဖြင့် သိလုံးကလေးဆိုတာ ပဋိစ္စသမုပ္ပါဒ် ရပ်တဲ့ သဘောပါလား (မှန်လှပါ ဘုရား)၊ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ပဋိစ္စသမုပ္ပါဒ်ရပ်သွားတယ်

အဲ့ဒီကဲ့သို့ ပဋိစ္စသမုပ္ပါဒ်ရပ်ပြီး သကာလ သွားတော့ အင်း ဒါဖြင့် ပဋိစ္စသမုပ္ပါဒ်က ဘယ်လိုပင် အပါယ်ဇာတိ တွေ ဆောင်ချင်ငြား သော်လည်း ဆောင်နိုင်သေးရဲ့ လား (မဆောင်နိုင်ပါဘူး ဘုရား)။

ဒါကြောင့် သောတာပန် ပုဂ္ဂိုလ်များ အပါယ်လွတ်တယ် ဆိုတာ ပဋိစ္စသမုပ္ပါဒ် ပြတ်-ပြတ်၊ ပြတ်-ပြတ်ပြီး ထွက်သွားလို့ သာလျှင် ဤဟာတွေသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် အပါယ်ကျ ကြောင်းတွေ၊ ပြတ် ပြတ်၊ ပြတ်ပြတ်ပြီး သကာလ သွားတော့တယ်ဆိုတာ၊ ပုထုဇဉ်တို့လို ဒေါသ တာရှည်၊ မာန တာရှည်ပျံ့လွင့်ပြီး သကာလ နေတာကြီး တာရှည်၊ ဒီလိုလာ သေးရဲ့လား (မလာပါဘူး ဘုရား)။

နောက်ကအသိလိုက်တယ်

မလာတော့ဘူးတဲ့ တစ်ခါတည်း နောက် အထိန်းအအုပ် ကလေးဆိုတဲ့ အသိကလေး တွေဟာ နောက်ကတစ်ခါတည်း လိုက်တယ်၊ လွန်ကျူးတာတော့ လွန်ကျူးတာပဲ (မှန်ပါ ဘုရား)။

လွန်ကျူးပြီး သကာလ၊ ဪ မပယ်နိုင်သေးလို့ဖြစ် တာကိုးလို့ သိသိ သိသိပြီး သကာလ၊ လိုက်တယ် အဲ့ဒီကဲ့သို့ အသိလိုက်တော့ ဒကာစိန်တို့ ဒကာသိုက်တို့က စဉ်းစား စရာ တယ်ကောင်း (မှန်လှပါ ဘုရား)။

အင်း ပုထုဇဉ်အမိုက်အမှားတွေ ကျလာပြီဆိုမှဖြင့် ဘယ်နည်းနဲ့မဆို ဒီဥစ္စာတွေ နောက်က အသိ မလိုက်ဘဲနဲ့ ထပ်ပြီးတောင်၊ မာနအသံတွေ ထွက်လိုက်မယ်၊ ထပ်ပြီး ဒေါသတွေနဲ့ ပြောလိုက်မယ်။ ဒီလိုဟာတွေ လာသေးတယ် (လာပါတယ် ဘုရား)။

အထိန်းအအုပ် ပါတာချည့်ပဲ

သောတာပန်တည်ပြီး သောတာပတ္တိမဂ်နဲ့ နိဗ္ဗာန်မြင်ပြီး သား ပုဂ္ဂိုလ်(ဝါ) သောတာပန် တည်ပြီးသား ပုဂ္ဂိုလ် များမှာတော့ ဖြင့် ဒကာ ဒကာမတို့ ဘယ်တော့မှ နောက်က အထိန်းအအုပ် ဆိုတာ မပါတဲ့အခါ မရှိဘူးတဲ့ အထိန်းအအုပ်ကလေး ပါတာချည့်ပဲတဲ့ (မှန်လှပါ ဘုရား)။

အင်း လွန်သွားပြီ၊ လွန်သွားပြီ ဆိုကတည်းက သူ့ဟာ ဉာဏ်သတိ ဝင်မလာဘူးလား (ဝင်လာပါတယ် ဘုရား)၊ ဝင်လာကတည်းက ရှေ့ဆက်သေးရဲ့ လား (မဆက်ပါဘူး ဘုရား)။

အေး လွန်သွားပြီ၊ လွန်သွားပြီ ဆိုပြီး သကာလ သတိကလေးနဲ့ နောက်က ချုပ်ချုပ်၊ ပညာကလေးနဲ့ နောက်က အုပ်အုပ်ပြီး သကာလ နေလေ့ရှိတဲ့ ဥစ္စာ ပုထုဇဉ်များမှာ ဒီလိုမရှိ ဘူးကွတဲ့ ဘုရားက (မှန်ပါ ဘုရား)၊ သောတာပန် တည်ပြီး သား ပုဂ္ဂိုလ်မှသာလျှင် ဤအထိန်းအအုပ် အချုပ်ဆိုတ ဲ့ဥစ္စာ သူတို့ ဖျတ်ခနဲ ဖျတ်ခနဲ လိုက်လာတယ် (မှန်လှပါ ဘုရား)။

လွန်ပြီးသားကို ချက်ချင်းပြန်သိတယ်

ဒါကြောင့် တစ်နံပါတ် အင်္ဂါမှာဖြင့် လွန်ပြီးသားကို ချက်ချင်း ပြန်သိခြင်းဟာလည်း သောတာပန် တည်ပြီးသား ပုဂ္ဂိုလ်၏ ဆင်ခြင်မှုပါပဲ (မှန်လှပါ ဘုရား)၊ ပြန်ဆင်ခြင် လိုက်တာပဲ၊ လွန်သွားပြီလို့ ဆင်ခြင်လိုက်တာ (မှန်လှပါ ဘုရား)၊ တစ်နံပါတ် သဘောကျသွားပြီလား (ကျပါပြီ ဘုရား)။

ပုထုဇဉ်လို့ အရှည်ကြီး သွားသေးရဲ့ လား (မသွားပါဘူး ဘုရား)၊ အဲ့ဒီတော့ ပဋိစ္စသမုပ္ပါဒ် ပြတ်သွားတာ မထင်ရှားဘူးလား (ထင်ရှားပါတယ် ဘုရား)။

အေး ဒါကြောင့် တစ်နံပါတ် အင်္ဂါသည်တဲ့ မပါယ် နိုင်သေးတဲ့ ကိလေသာ ထကြွ သောင်းကျန်းပြီး သကာလ စာလို သုံးတော့ ပရိယုဋ္ဌာန ကိလေသာတွေ ထကြွ သောင်းကျန်းတာ ကိုလည်း မသိတယ်လို့မရှိဘူးတဲ့၊ သိတာချည့်ပဲ (မှန်ပါ ဘုရား)။

သိလုံးကလေးနောက်ကလိုက်လာတယ်

အသိနောက်က လိုက်လိုက်ပြီး သကာလ လွန်သွားတာပဲ၊ သိလိုက်တာပဲ (မှန်ပါ ဘုရား)၊ အဲ့ဒီကဲ့သို့ သိလုံးကလေး နောက်က လိုက်လိုက် လိုက်လိုက် လာခြင်းသည်ပင်လျှင် သောတာပန်၊ နိဗ္ဗာန် အာရုံပြုပြီးသား ပုဂ္ဂိုလ်၊ သစ္စာလေးပါး သိပြီး သား ပုဂ္ဂိုလ်မို့ သာလျှင် ဒီအထိန်းတို့ အအုပ်တို့ အချုပ်တို့ဆိုတဲ့ သတိပညာနောက်က လိုက်တာတဲ့ (မှန်လှပါ ဘုရား)။

တခြားသော ပုထုဇဉ်တို့မှာ ဒါနဲ့ လုံးဝမဆက်ဆံပါဘူး ကွာတဲ့၊ သူတို့ မလိုက်ပါဘူးကွတဲ့ (မှန်ပါ ဘုရား)၊ တစ်သက် လုံးတောင် မလိုက်တဲ့ ပုဂ္ဂိုလ်ရှိသေး (ရှိပါတယ် ဘုရား)၊ တမိုက်တည်း မိုက်ပြီး တပြောတည်း ပြောပြီး တစ်သက်လုံး မကျေဘူး ဆိုတဲ့ ဒေါသတွေကော ရှိသေးသလား (ရှိပါတယ် ဘုရား)။

ပုထုဇဉ်မှာအထိမ်းအချုပ်မပါ

တစ်သက်လုံး တို့မာနမချနိုင်ဘူးဆိုတာတွေကော (ရှိပါတယ် ဘုရား)၊ အဲ့ဒါတွေ ကတော့ဖြင့် ပုထုဇဉ်တို့၏ သဘောတဲ့ နောက်က အထိန်း၊ အအုပ်၊ အချုပ်ဆိုတာ ဒကာ စိန် ဒကာသိုက် ပါရဲ့လား (မပါပါဘူး ဘုရား)၊ အဲ့ဒါပုထုဇဉ် (မှန်ပါ ဘုရား)။

သောတာပန် တည်ပြီးသား ပုဂ္ဂိုလ်ကတော့ အထိန်း အအုပ် အချုပ်မှားပြီး မှားပြီ-မှားပြီ ဆိုပြီး တစ်ခါတည်း သိသိ သိသိပြီး သကာလ ရပ်ရပ်ပစ်တဲ့သဘော (မှန်ပါ ဘုရား)၊ ဒီလို ကွာခြားတယ် (ကွာခြားပါတယ် ဘုရား)၊

အဲ့ဒါသည် တစ်နံပါတ် သောတာပန် ပုဂ္ဂိုလ်၏ ဆင်ခြင်မှု ပင်တည်းလို့ ဆိုတာမှတ်ပါ (မှန်ပါ ဘုရား)။

သောတာပန်ပုဂ္ဂိုလ်တို့၏ အင်္ဂါ(၂)

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ နှစ်နံပါတ် ဟောတော့ မယ် (မှန်ပါ ဘုရား)၊ သောတာပန် ပုဂ္ဂိုလ်မှာ နှစ်နံပါတ် အင်္ဂါလည်း ပြည့်စုံရမယ်တဲ့ (မှန်ပါ ဘုရား)၊

နှစ်နံပါတ် အင်္ဂါက ဘာပါလိမ့် မလဲလို့ ဒကာ ဒကာမတွေ မေးလို့ ရှိရင်ဖြင့် ပြောစရာ ဆိုစရာရှိလို့ မာနသဘောနဲ့ ပြောလိုက် ဆိုလိုက် မှားလိုက်တွေတော့ ကိုယ်မဂ်နဲ့ မပယ်သေးတော့ ဒကာစိန်၊ ဒကာသိုက်တို့ ရှိသေးတာပဲ (ရှိပါတယ် ဘုရား)၊ ထကြွ သောင်းကျန်း လာသေးတာပဲ (မှန်ပါ ဘုရား)။

ထိုသို့ပင် ထကြွသောင်းကျန်းလာငြား သော်လည်း တစ်ခါ တည်း ငြိမ်းအောင် လုပ်ပစ် လိုက်တယ် (မှန်ပါ ဘုရား)၊ ဒီကိလေသာကို နောက်ထပ် မပေါ်အောင် ရှုပစ်လိုက်တယ် (မှန်ပါ ဘုရား)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ ငြိမ်းအေးအောင်လုပ်၊ ဟုတ်ပြီလား၊ ငြိမ်းအေးအောင် လုပ်ပစ်လိုက်တယ် (မှန်လှပါ ဘုရား)၊ ကိလေသာကို တစ်ခါ တည်း မရှိအောင် လုပ်ပစ်လိုက်တယ် (မှန်ပါ ဘုရား)။

လွန်သွားတဲ့ ကိလေသာငြိမ်းအောင်လုပ်တယ်

သူက တစ်ခါတည်း နောက်ထပ် မပေါ် ရအောင်ပေါ့ဗျာ (မှန်ပါ ဘုရား)၊ တစ်ခါတည်း လွန်သွားတဲ့ ကိလေသာ လေးတွေ သည်ကားလို့ဆိုရင် နောက်ထပ် မပေါ်ရအောင် တစ်ခါတည်း ဝိပဿနာခွင် အလုပ်ခွင် တစ်ခါတည်း ဝင်လိုက် တယ်တဲ့၊ နောက်ထပ် မဝင်လာရအောင်၊

မှားပြီး မှားပြီး မှားတာ အချေးဆပ်ဦးမှပဲဆိုတဲ့ သဘောမျိုးလို တစ်ခါတည်း ဒကာမ တွေသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဒါဖြင့် ငြိမ်းအောင်လုပ်မှ ဟုတ်ပြီလား၊ ဒီကိလေသာဖြင့် မပေါ်အောင် လုပ်မယ်ဟ၊ ငြိမ်းအေးအောင် လုပ်မဟ၊ ဒီကိလေသာမပေါ်အောင် လုပ်မယ် ဟ ဆိုတဲ့ လွန်သွားတဲ့ အချက်တွေတောင်မှ နောက်ထပ် မပေါ်အောင် ငြိမ်းအောင် မရှိအောင် တစ်ခါတည်း လုပ်လိုက်ပါ တယ် (မှန်လှပါ ဘုရား)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဖြစ်ပျက်ရှုပြီး၊ ချုပ်ပျောက်သွားအောင်လုပ်တယ်

အေး ဒါဖြင့် ဒုတိယအချက်ဟာဖြင့် လွန်သွားတဲ့ ကိလေသာတောင်မှ နောက်ထပ် မပေါ်အောင်၊ ငြိမ်းအောင်၊ မပေါ်လာအောင် ကိလေသာကို ချုပ်ပျောက် သွားအောင် ဒကာ ဒကာမတွေ သည်တဲ့ တစ်ခု တစ်ခုသော အာရုံနဲ့ ဖြစ်ပျက်ရှု ပြီး သကာလ မင်းရန်သူပဲ၊ မင်းမလာရအောင် ဆိုပြီး ငြိမ်းအောင်၊ အေးအောင် ချက်ချင်း လုပ်ပစ်တယ် (မှန်လှပါ ဘုရား)။

အဲ့ဒါ သော တာပန် ပုဂ္ဂိုလ်၏ နှစ် နံ ပါတ် အင်္ဂါလို့ဆုံးဖြတ် ချက်ချပါ (မှန်လှပါ ဘုရား)၊ ဟုတ်ပြီလား။

ကိုင်း ဒါဖြင့် သောတာပန် ပုဂ္ဂိုလ်မှာ ဒီနှစ်ချက် ညီညွတ်ရမယ်ဆိုတာလည်း သိပြီးကြပြီး (သိပါပြီ ဘုရား)။

သောတာပန်ပုဂ္ဂိုလ်၏ ဆင်ခြင်မှု(၃)

သုံးနံပါတ်ဟောမယ် ဒကာ ဒကာမတို့၊ သုံးနံပါတ်ဟော တော့မယ်တဲ့ (မှန်ပါ ဘုရား)၊ အဲ့ဒီ သုံးနံပါတ်က ဘာလဲ လို့ မေးတဲ့ အခါကျတော့၊ မိမိက သောတာပန် တည်ပြီးသား (မှန်ပါ ဘုရား)၊ သမ္မာဒိဋ္ဌိဉာဏ် အမြင်နဲ့ ပြည့်စုံပြီးသား၊ သစ္စာလေးပါး ထင်မြင်ပြီးသားပေါ့ (မှန်ပါ ဘုရား)။

အဲ့ဒီကဲ့သို့ သောတာပန်ဖြစ်၍ သစ္စာလေးပါး ထင်မြင်ပြီး သား ပုဂ္ဂိုလ်သည်တဲ့ သူ့စိတ်ထဲ ဆင်ခြင်တယ် (မှန်ပါ ဘုရား)၊ ဪ မိမိဟာဖြင့် သောတာပန် ခရီးသို့ ပေါက် ရောက်လာခဲ့ပေပြီ။ ဟို သောတာပန်တွေလည်း ဒီအတိုင်း နေမှာပဲ မိမိသောတာပန်လည်း ဒီအတိုင်းပဲ (မှန်ပါ ဘုရား)။

သို့သော် တခြားသော သာသနာတော်မှာတော့ ဒီလို သောတာပန်စခန်း၊ အရိယာသို့ တက်လှမ်းနိုင်တဲ့ သဘောတွေ၊ နည်းလမ်းတွေ၊ စည်းကမ်းတွေ၊ ဪ ဘယ်နည်းနဲ့မှ မရှိဘူးလို့ သူ့စိတ်ထဲတွေးလုံး ပေါ်လာတယ် (မှန်လှပါ ဘုရား)။

အခြားသောသာသနာမှာ ရဟန္တာမရှိ

တစ်ပါးသော သာသနာတော်မှာဖြင့် သောတာပန် သကဒါဂါမ်၊ အနာဂါမ် ရဟန္တာ ဆိုတာ တွေဟာ ဘယ်နည်းနဲ့မှ မရှိဘူး (မှန်ပါ ဘုရား)၊ ဆိုတဲ့ ဥစ္စာ သူ့ဟာသူကိုပဲ ဆုံးဖြတ် ချက်ချပြီး သိလာတယ် (မှန်ပါ ဘုရား)။

ဒါကြောင့် တစ်နေ့က ဥပါလိဒကာကြီး သောတာပန် တည်ပြီးရင်ပဲ၊ တိတ္တိတွေ ဆွမ်းမလောင်း တော့ဘူး၊ မထင်ရှား ဘူးလား (ထင်ရှားပါတယ် ဘုရား)။

အင်း ဒါတွေကို လှူဒါန်းပေးကမ်းပြီး သကာလ နေသဖြင့် တို့မှာလည်း ထွက်ရပ်လမ်း မဟုတ်ဘူး၊ သူတို့ကလည်း ထွက်ရပ်လမ်း သဘော မရှိဘူး (မှန်ပါ ဘုရား)၊ ဆိုပြီး သကာလ သောတာပန် တည်ပြီးတဲ့နေ့ပဲ၊ နေ့တိုင်း ဆွမ်းလောင်း နေတဲ့ တတ္ထိပေါင်း တစ်ထောင့်ကိုးရာ ကိုပင်လျှင် ဆွမ်းအုပ်တွေ အကုန် ပိတ်ပစ်လိုက်တယ် (မှန်ပါ ဘုရား)။

အရိယာ၊ ဒီသောတာပန် စခန်းကို တက်လှမ်းဖို့ အရေး အားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေ၊ သောတာပန် တည်ပြီးသား ပုဂ္ဂိုလ် အရိယာ သံဃာတွေ ဟုတ်လား၊ အဲ့ဒါတွေ ကျတော့ ဝင်စေ၊ ထွက်စေ ဆွမ်းခံစေ ဆိုပြီး သကာလ တံခါးမှူးတွေမှာထား တယ် (မှန်ပါ ဘုရား)။

တစ်ပါးသော သာသနာမှာ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် မရှိတာ ကောင်းကောင်း သိတဲ့အတွက် (မှန်ပါ ဘုရား)၊ ဘုရားက မလောင်းနဲ့ဆိုလို မလောင်းတာ မဟုတ်ဘူး၊ သူ့ဟာသူ သိပြီး သကာလ တစ်ပါးသော သာသနာတော် မှာဖြင့် ထွက်ရပ်လမ်း၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် တည်ခြင်း၏ အကြောင်းမုချမရှိဘူးဆိုတာ ကိုယ်တိုင်သိဖြစ်သွား ခြင်းကြောင့်၊ မလောင်းတော့တာပဲ (မှန်ပါ ဘုရား)။

သောတာပန်ခရီးသို့ ပေါက်ရောက်ပြီး

ဒီမှာလည်း ဒကာ ဒကာမတွေ အင်း တို့လုပ်နေတဲ့ အလုပ်ဟာဖြင့် သောတာပန်ခရီးသို့ ပေါက်ရောက်ပြီး သကာလ လာခဲ့ပြီလို့ ရောက်တဲ့ ပုဂ္ဂိုလ်လည်း ဒီလိုဆင်ခြင်ပါတယ် (မှန်လှပါ ဘုရား)။

နိဗ္ဗာန်ကိုမြင်နိုင်တဲ့နည်းလမ်းမရှိ

ထိုကဲ့သို့ ဆင်ခြင်တော့ တစ်ပါးသော သာသနာတော်မှာ ဖြင့် ဤကဲ့သို့သော အလုပ်မျိုး၊ ဤကဲ့သို့သော ထွက်ရပ်လမ်း အလုပ်မျိုး၊ ဤကဲ့သို့ ဝိပဿနာရှုပြီး သကာလ၊ ဉာဏ်စဉ်နဲ့ တက်ပြီး သကာလ ဒုက္ခပိုင်းခြားပြီး၊ နိဗ္ဗာန်ကို မြင်နိုင်တဲ့နည်းလမ်း သောတာပန် စခန်းတော့ဖြင့် မုချမရှိဘူး၊ တစ်ပါးသော သာသနာမှာ (မှန်လှပါ ဘုရား)၊ ဒီလို့ကို ဆင်ခြင်မိသွား တယ် (မှန်လှပါ ဘုရား)။

ဘယ်နှစ်ချက် ရှိသွားပြီတုံး (သုံးချက်ရှိသွားပါ ပြီ ဘုရား)၊ သုံးချက်ရှိသွားပြီ ဒကာ ဒကာမတို့၊ သုံးချက်ရှိ သွားပါပြီ။

ဒါ သောတာပန် ပုဂ္ဂိုလ်၏ ဆင်ခြင်မှု၊ ပုထုဇဉ်များမှာ တော့ ဒီဆင်ခြင်မှုမရှိဘူးတဲ့၊ ဘယ်သူ လာလာကွာတဲ့၊ ဟုတ်လား ထိုက်တန် သလောက်တော့ ပေးလိုက်၊ ကျွေးလိုက်၊ ကမ်းလိုက် တာပေါ့ကွာ၊ သူတို့ဟာ သူတို့ကွယ်ရာ ရောက်မှ ဘာလုပ်လုပ် ပေါ့ပေါ့ကွာ၊ ကိုယ့်သဒ္ဓါတရားတော့ အပျက်မခံပါနဲ့ဆိုတဲ့ သဘောမျိုး လာတတ်တယ် (လာတတ်ပါတယ် ဘုရား)။

စဉ်းစားဆင်ခြင်တဲ့ ဉာဏ်ပါလာတယ်

သောတာပန်တည်ပြီးသား ပုဂ္ဂိုလ်ကတော့ တစ်ပါးသော သာသနာအရိယာ မရှိဘူးဆိုတာ ဆုံးဖြတ်ချက် ချတဲ့အတွက် တစ်ပါးသော သာသနာကို အားပေးမှု ကူညီမှု မရှိတော့ဘူး (မှန်ပါ ဘုရား)၊ ဒီလို ကွာသွားတယ်၊ မကွာဘူးလား ဒကာ ဒကာမတို့ (ကွာပါတယ် ဘုရား)၊ မထူးခြား ဘူးလား (ထူးခြားပါတယ် ဘုရား)။

ဘယ်နှယ့်ကြောင့် ထူးခြားသတုံးဆိုတော့ ပုထုဇဉ်နဲ့ အကွာကြီး ကွာလို့ အထူးကြီးထူးပြီး၊ အခြားကြီး ခြားနားတယ် ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ပုထုဇဉ်လို့ ယောင်ယောင်ယမ်းယမ်း ဒီလိုလုပ်သေး ရဲ့ လား (မလုပ်ပါဘူး ဘုရား)၊ အင်း ဒါကြောင့် သူတို့မှာတော့ အဲ့ဒီကဲ့သို့ စဉ်းစားဆင်ခြင်တဲ့ တတိယဉာဏ်ပါ လာတယ် (မှန်ပါ ဘုရား)၊ သောတာပန် ပုဂ္ဂိုလ်မှာနော် (မှန် ပါ ဘုရား)၊

စဉ်းစားဆင်ခြင်တဲ့ တတိယဉာဏ် ပါလာတယ် ဆိုတာ သဘောကျပြီလား (ကျပါပြီ ဘုရား)။

သောတာပန်ပုဂ္ဂိုလ်၏ စိတ်ထား (၄)

အေး ဒါဖြင့် ကိုယ့်ဟာကိုယ် စစ်ဆေးဖို့ သုံးချက်ဖြင့် ပြီးသွားပြီ (မှန်လှပါ ဘုရား)၊ ကဲ ဒါဖြင့် ဒကာ ဒကာမ တို့ (၇)ချက်တောင် ရှိတော့ကိုတဲ့ လေးချက်မြောက်ကို ဟောဖို့ အစဉ် ရောက်လာတယ် (မှန်လှပါ ဘုရား)။

လေးချက်မြောက်က ဘာပါလိမ့်မလဲလို့ မေးဖို့လိုတယ် (မှန်ပါ ဘုရား)၊ လေးချက် မြောက်က ဒကာ ဒကာမတို့ ဥပမာမယ် ကိုယ့်မှာမပယ်နိုင်သေးတဲ့ ကိလေသာတွေ ရှိတော့ ပြောမှား ဆိုမှားတွေ လာတာပေါ့ဗျာ၊ ပြောမှား ဆိုမှားတွေ လာတယ် (မှန်ပါ ဘုရား)။

အပြစ်ကို ဖြေဖျောက်ဖို့ စိတ်ချက်ချင်းပေါ်တယ်

လာလို့ရှိရင်ဖြင့်၊ အင်း ဒါလွန်သွားပြီ၊ လွန်သွားပြီ၊ လွန်သွားပြီဆိုပြီး သကာလ ဒါအပြစ်တော့ သင့်သွားပြီ၊ ဒီအပြစ် ကို ဖြင့် ငါသည် သိကြားလိမ္မာတဲ့ ပုဂ္ဂိုလ်ဆီသွားပြီး သကာလ ဖြေဖျောက်မှပဲ ဆိုတဲ့ ပုဂ္ဂိုလ်ဆီသွားပြီး သကာလ ဖြေဖျောက်မှပဲဆိုတဲ့ စိတ်ချက်ချင်း ပေါ်လာတယ် (မှန်လှပါ ဘုရား)။

ရဟန်းဖြစ်ခဲ့လို့ရှိရင် ဒေသနာသွားကြားမယ် (မှန်ပါ ဘုရား)၊ ဘယ်လောက်ပဲဝေးဝေး၊ တစ်ယူဇာနာပဲ ဝေးဝေး၊ ဒီအပြစ် သင့်ပြီးရင် ချက်ချင်း ပြေးကာပဲ (မှန်လှပါ ဘုရား)၊ သိသိချင်း တစ်ခါတည်း အပြစ်တော့ သင့်သွားပြီ၊ သင့်သွားပြီ ဒီဥစ္စာ ဖြေဖျောက်မှာပဲဆိုပြီး သကာလ ဒီကနေပြီး ကျောက် ဆည်လောက်မှာ ရဟန်းရှိနေတယ်၊ ဒီဖက် ရဟန်းမရှိဘူး ဆိုပြီးတော့ ဟိုမှာ သွားပြီး ဒေသနာကြားတယ်၊ ပပျောက်သွားအောင် (မှန်ပါ ဘုရား)။

တစ်ခါတည်းကို ဆေးကုပစ်လိုက်တယ်၊ ချက်ချင်းပေါက်၊ ချက်ချင်း ပျောက်အောင်၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ချက်ချင်း အနာပေါက်၊ ချက်ချင်းပျောက်အောင် တစ်ခါ တည်း ကုသပြီး သကာလ၊အရေးတကြီး လုပ်တဲ့ အလေ့ရှိပါတယ် (မှန်လှပါ ဘုရား)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒီ လူသောတာပန်တွေ ကျလာတော့ ဒီလိုကျတော့ ကုသစရာက၊ ရဟန်းတွေကဲ့သို့ နှစ်ပါး ဒေသနာကြားမှု အလုပ်က လူမှာတော့မရှိဘူး (မရှိပါဘူး ဘုရား)။

ဝိပဿနာအလုပ်နဲ့ ဖြေဖျောက်ပစ်တယ်

ထိုကဲ့သို့ မရှိတဲ့အတွက် ကိုင်း ဒီနေ့တော့ဖြင့် မှားပြီး မှားတဲ့အလုံးတွေ တယ်များတယ်၊ အမှားတွေ အချေးဆပ်မှပဲ။ ဒီအမှားတွေ အကုန် ဒီနေ့တော့ဖြင့် တစ်ချက်မှားတယ်၊ နှစ်ချက် မှားတယ်၊ ကဲ တစ်နာရီ မှားတယ်၊ နှစ်နာရီ ဝိပဿနာ အလုပ်နဲ့ လုပ်ပစ်လိုက်တယ်၊ ဒီနေ့တော့ကွာ ဘယ်နည်းနဲ့မှ အလျော့ မပေးဘူးဟေ့၊ အမှားတွေ ဟူသရွေ့၊ အကုန်ဖျောက်ပစ်မယ် ဟေ့ဆိုပြီး အလုပ်ခွင် ပြန်ဝင်လာပြီး၊ ခါတိုင်းထက် ကြိုးစား ပစ်လိုက်တာ (မှန်လှပါ ဘုရား)။

ဒါကတော့ လူပုဂ္ဂိုလ်တွေမှာတော့ ဒါပဲ သူ့ကုစရာ၊ သစရာက ရှိသကိုးဗျ (မှန်လှပါ ဘုရား)၊ အနာပေါက်လို့ နော် (မှန်လှပါ ဘုရား)၊ ခုနက အကုသိုလ် အနာကြီးပေါက် လို့ပေါ့ဗျာ (မှန်လှပါ ဘုရား)၊ ချက်ချင်းကုတယ်ဆိုတာ ကော သဘောကျပြီလား (ကျပါပြီ ဘုရား)။

ကိုယ့်အလုပ်ကိုယ်လုပ်လေ့ရှိတယ်

အေး ချက်ချင်းမှားပြီး သကာလ၊ ချက်ချင်းလွန်ကုန် ပြီ၊ လွန်ကုန်ပြီ- လွန်ကုန်ပြီ- လွန်ကုန်ပြီ၊ ဒီလိုနေလို့ မဖြစ်ဘူး၊ ကိုယ့်နေရာ ကိုယ်သွားမှပဲ (မှန်ပါ ဘုရား)၊ ကိုယ့်အလုပ် ကိုယ်လုပ်မှပဲ ဒါတွေသာလျှင် ဖြေဖျောက်ဖို့ အရေး၊ ရှိတော့ တယ်ဆိုတဲ့ ဥစ္စာကို ချက်ချင်း သတိရပြီး၊ ချက်ချင်း ဖြေဖျောက်တဲ့ နေရာကို လွတ်မြောက်တဲ့ နေရာကို ဒီနေရာ အကုသိုလ် ဖြစ်တယ်၊ ဟိုနေရာသွားပြီး သကာလ၊ ကိုယ့်အလုပ် ကိုယ်လုပ် ပါတော့မယ်ဆိုပြီး ချက်ချင်း ပြေးတော့တာပဲ (မှန်ပါ ဘုရား)။

ပြေးပြီး သကာလ ကိုယ့်အလုပ် ကိုယ်ပဲ တွင်တွင်ကြီး လုပ်လေ့ရှိပါတယ် (မှန်လှပါ ဘုရား)၊ ဒါက ဘယ်နံပါတ်လဲ (လေးနံပါတ်ပါ ဘုရား)။

လေးနံပါတ်ကို ဥပမာနဲ့ တစ်ကွ ပြလိုက်ဦးမယ်၊ လေးနံပါတ် ဥပမာနဲ့ တကွ ဘုရားက သေချာအောင်လို့ ပြောပြန်တယ် (မှန်လှပါ ဘုရား)။

လသားကလေးငယ်၊ ဥပမာ

နှစ်လသား၊ သုံးလသား ကလေးလေးဆိုလို့ရှိရင် ကိုယ့် ဟာကိုယ် မစောင်းနိုင်သေးတော့ ပက်လက် ကလေးရင်လဲ ဖြစ်တတ်တယ်၊ တစ်နည်းအားဖြင့်လည်း သူတစ်ပါးက ပွေ့ချီလို့ ခြေထောက် ကလေးနဲ့ ဟိုသွား ဒီသွား သွားတတ်သပေါ့ ဗျာ (မှန်လှပါ ဘုရား)၊ သူတစ်ပါးက ပွေလို့။

အဲ့ဒီတော့၊ မီးခဲကလေး နင်းမိတယ်၊ လက်ကလေးနဲ့ မီးခဲကလေး ယောင်ကိုင်မိမယ် ဆိုရင်ဖြင့် အသားက နုနုကို အလောင်က မြန်သောကြောင့် ချက်ချင်း နောက်ပြန်ဆုတ်တယ် (မှန်ပါ ဘုရား)၊ ခြေထောက်ကလေးနဲ့ နင်းမိလည်း ချက်ချင်း နောက်ပြန်ဆုတ်တယ် (မှန်လှပါ ဘုရား)။

ခြေထောက်ကလေးနဲ့ နင်းမိလည်း ချက်ချင်း နောက်ပြန် ဆုတ်တယ် (မှန်လှပါ ဘုရား)၊ ခြေထောက်နဲ့ ထိလည်း ခြေထောက်ပြန်ဆုတ်တယ် လက်နဲ့ ကိုင်မိရင်တော့ (နောက်ပြန် ဆုတ်ပါတယ် ဘုရား)၊ ချက်ချင်း ဆုတ်တယ်။

ချက်ချင်းနောက်ပြန်ဆုတ်တာချည့်ပဲ

အဲ့ဒီလိုပဲ ဟေ့တဲ့၊ စတုတ္ထ အချက်ဟာ ချက်ချင်း နောက် ပြန်ဆုတ်တာချည့်ပဲတဲ့ (မှန်လှပါ ဘုရား)၊ အကုသိုလ်ဖြစ် တယ်ဆိုလို့ရှိရင်ဖြင့်တဲ့ တော်ပြီ တော်ပြီ တော်ပြီ၊ တန်ပြီ တန်ပြီ တန်ပြီ ဆိုပြီး ကလေး ကလေး ပြန်ဆုတ်သလို အမြန်ဆုံး နည်းနဲ့ ဆုတ်သလို၊ သောတာပတ္တိမဂ် အမြင်နဲ့ နိဗ္ဗာန်ကို စူးစိုက်ပြီးသား၊ ပုဂ္ဂိုလ်များမှာ ချက်ချင်းသာ နောက်ပြန်ဆုတ်တော့တယ်၊ အမှားဖက်ကို နောက်ထပ်မလိုက်တော့ပါဘူး (မှန်လှပါ ဘုရား)၊ ဟုတ်ပြီလား။

နောက်မလုပ်ပါဘူးဆိုတဲ့ စိတ်

နောက်လည်း မလုပ်ပါဘူးဆိုတဲ့ စိတ်နဲ့ ဆုံးဖြတ်ချက် ချပြီး သကာလ အလုပ်ခွင်သာဝင်ပြီး သကာလ ပြေပျောက်အောင် လုပ်ပစ်လိုက်တာပဲ (မှန်လှပါ ဘုရား)၊ မှားထားတာ တွေ ပြေပျောက်အောင် လုပ်လိုက်တော့တယ် (မှန်ပါ ဘုရား)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)၊ ဥပမာနဲ့တကွ လေးနံပါတ်က ပြတယ် (ပြပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)၊ လွန်ကျူးတဲ့ ကိလေသာကို ချက်ချင်း ကုသ ချင်တဲ့စိတ် ချက်ချင်းပေါ်လို့ ချက်ချင်းပဲ အလုပ်ခွင်ဝင်ပြီး သကာလ၊ ဝေဒနာ ကြိုက်တဲ့ ပုဂ္ဂိုလ်ဟာ ဝေဒနာရှု၊ စိတ်ကြိုက် တဲ့ ပုဂ္ဂိုလ်ဟာ စိတ်ရှု၊ ရုပ်ကြိုက်တဲ့ ပုဂ္ဂိုလ်ဟာ ရုပ်ရှု (မှန်ပါ ဘုရား)။

ငါးနံပါတ်ပြောမယ်၊ သောတာပန်တည်ပြီးသားပုဂ္ဂိုလ်၊ များမှာတဲ့ ငါးနံပါတ်က ဘာပါလိမ့်မလဲလို့ ဒကာ ဒကာမတွေ စဉ်းစားပြီး သကာလ နားထောင်ကြ (မှန်ပါ ဘုရား)။

သောတာပန်တည်ပြီးသား ပုဂ္ဂိုလ်၏ စိတ်(၅)

သောတာပန်တည်ပြီးသား ပုဂ္ဂိုလ်မှာတဲ့ ဆွေတွေမျိုးတွေ မိတ်ဆွေသင်္ဂဟတွေ ကတော့ ရှိလျက်ပဲတဲ့ (ရှိပါတယ် ဘုရား)၊ ရှိတော့ မိတ်ဆွေ သင်္ဂဟတွေက အမှုလုပ်ဖို့ရာ လာခဲ့စမ်းပါ၊ ကိစ္စရှိလို့၊ မင်္ဂလာအခမ်းအနားရှိလို့၊ ကိစ္စရှိလို့၊ အသုဘကိစ္စရှိလို့၊ ဧည့်သည်စောင်သည် ကျွေးစရာ မွေးစရာရှိလို့၊ မနိုင်ဝန်မို့ ကူစမ်းပါ၊ ချက်စရာ ပြုတ်စရာတွေလည်း ရှုပ်လို့၊ သွားပြီး သကာလ၊ ကူချင်တဲ့ စိတ်လည်း သောတာပန် ပုဂ္ဂိုလ်မှာ အင်မတန်မှ များပါတယ် (မှန်လှပါ ဘုရား)။

သီလ၊ သမာဓိ၊ ပညာကို အပျက်မခံ

များပင် များငြားသော်လည်း ဟိုအိမ်မှာလုပ်ရမယ့် အလုပ်သည်၊ အကုသိုလ် များမယ် ဆိုလို့ရှိရင်ဖြင့်တဲ့ သူ့စိတ်ထဲ မှာ ကူသာ ကူရတယ်၊ အကုသိုလ်ဖြစ်မယ့် အလုပ်ကျတော့ သူသည် သီလ ပျက်မှာလည်းစိုး၊ သမာဓိ ပျက်မှာလည်းစိုး၊ သူ့ပညာ ပျက်မှာလည်း စိုးတဲ့အတွက်တဲ့ ကူလည်း ကူတယ်၊ သီလ၊ သမာဓိ ပညာကိုလည်း အပျက်ခံပြီးတော့ ဘယ်တော့မှ မလုပ်ဘူးတဲ့ (မှန်လှပါ ဘုရား)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ကူလည်းကူညီပါတယ်

မကူမညီဘဲလည်း မရှိပါဘူးတဲ့ (မှန်ပါ ဘုရား)၊ ကူလည်း ကူညီပါတယ်တဲ့ ဒကာ ဒကာမတို့ (မှန်လှပါ ဘုရား)၊ ကူညီပြီးသည့် အခြားမဲ့၌လည်း ကူညီရင်း မတ္တနဲ့ ကိုယ့်သီလ၊ ကိုယ့်သမာဓိ၊ ကိုယ့်ပညာ ကိုဖြင့် ဒကာ ဒကာမတို့ ဘယ်နည်းနဲ့မှ ဒီသောတာပန် တည်ပြီးသား ပုဂ္ဂိုလ်က သီလပျက် ခံ၍ သူ့ကူညီမယ်၊ သမာဓိပျက်ခံ၍ ကူညီမယ်၊ဟုတ်ပြီလား (မှန်ပါ ဘုရား)၊ ပညာ ပျက်ခံ၍ သူ့ကူညီမယ် ဆိုတဲ့ စိတ် သဘောမရှိဘူး (မှန်ပါ ဘုရား)။

သီလ သမာဓိ ပညာိကိုသာ ပိုမိုပြီး သကာလ ငဲ့တော့တယ် (မှန်ပါ ဘုရား)၊ သဘော ကျပြီလား (ကျပါပြီ ဘုရား)၊ ဝတ္တရားအတိုင်းတော့ ကူလိုက် ညီလိုက်တာပဲ၊ သူခိုးလာတဲ့ပစ္စည်းကို ပင်လျှင် မတရားသဖြင့် ခံရတော့မယ် ဆိုလို့ရှိ ရင်ဖြင့် မခံနိုင်ဘူးပဲ (မှန်လှပါ ဘုရား)၊ ဟုတ်ပြီလား။

ဘယ်လောက်ပဲချစ်ချစ် သီလအပျက်မခံဘူး

ဘယ်လောက်ပဲ ချစ်လို့၊ ဘယ်လောက်ပဲ ရင်းနှီးပြီး သကာလ၊ ဘယ်လောက်ပဲ ကျေးဇူး များများ၊ ကိုယ့်သီလ ပျက် ပြီး၊ မုသား အဖြစ်တော့ မခံနိုင်ဘူး (မှန်ပါ ဘုရား)၊ ကိုယ့် သမာဓိ ပျက်ကော (မခံနိုင်ပါဘူး ဘုရား)၊ ကိုယ့်ပညာပျက် ကော (မခံနိုင်ပါဘူး ဘုရား)။

အဲ့ဒီကဲ့သို့ သီလ၊ သမာဓိ၊ ပညာကို အမြဲငဲ့ကွက်ပြီး သကာလ၊ ကူညီမှုရှိပါတယ် (မှန်ပါ ဘုရား)၊ ကူတော့ ကူညီ တာပဲ (မှန်ပါ ဘုရား)၊ ကိစ္စကြီးငယ်ရှိရင် သွားကူညီ၊ ဆောင်ရွက် လိုက်တာပဲ (မှန်ပါ ဘုရား)။

အဖိုးတန်ပစ္စည်း၊ အထိမခံဘူး

သို့သော် ကိုယ့်အဖိုးတန် ပစ္စည်းဖြစ်တဲ့ သီလ၊ သမာဓိ ပညာကိုတော့ဖြင့် ဘယ်နည်းနဲ့မှ သူသည် အထိမခံဘူး (အထိမခံပါ ဘုရား)၊ သူ့ဟာဆင်ခြင်လျက်ပေါ့ဗျာ။ သီလ ထိမှာလား၊ သမာဓိ ထိမှာလား၊ ပညာ ထိမှာလား အဲ့ဒီထိမယ် ဆိုလို့ ရှိရင်ဖြင့် မလုပ်တော့ဘူး (မှန်ပါ ဘုရား)၊ မလုပ်တော့ဘူး၊ မလုပ်တော့ဘူး၊ ဆင်ခြင်တယ်ဆိုတာ မပေါ်သွားသေးဘူးလား (ပေါ်ပါတယ် ဘုရား)။

ကိုယ့်ထိမှာကို ကိုယ်သိတာ ဆိုတာ ဆင်ခြင်လို့ပေါ့ဗျာ (မှန်လှပါ ဘုရား)၊ အဲ ဆင်ခြင်လို့ သိတော့ ထိမယ့် အလုပ်ဖြင့် မလုပ်တော့ဘူး (မှန်ပါ ဘုရား)။

မလွဲသာလို့ဆိုတာမရှိဘူး

သီလထိမယ်၊ သမာဓိထိမယ်၊ ပညာထိမယ် ဆိုရင်ဖြင့် မလွဲသာလို့ လုပ်လိုက်ရတယ်၊ ပုထုဇဉ်များ ကဲ့သို့ မဟုတ်ပါဘူး (မှန်ပါ ဘုရား)၊ ကျုပ်ဖြင့် မုသားကလေး အနည်းငယ် ပါသွားတယ်၊ မလွဲသာပဲကိုး၊ ဟိုက မလွှဲသာမရှိဘူး၊ မလွှဲသာ မရှိဘူး၊ မပြောဘူးပဲ (မှန်ပါ ဘုရား)။

မပြောဘူးပဲ၊ ရှောင်မယ်ပဲ၊ ဘယ်နည်းနဲ့မှ ဓားဂုတ်ပေါ် ဝဲပြီး သကာလ ခိုင်းစေကာမူ၊ ဘယ်နည်းနဲ့မှ သူသည်ကား လို့ဆိုလို့ ရှိရင်ဖြင့်တဲ့ သီလ သမာဓိ ပညာကိုဖြင့် ဒကာသိုက် ရေ၊ ဒကာစိန်ရေ အပျက် မခံဘူးတဲ့ (မှန်ပါ ဘုရား)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

လောကီဥပမာ ပြလိုက်ရမယ် ဆိုလို့ရှိရင်ဖြင့်တဲ့ ဒီငါးနံပါတ် မှာ ဘုရားက၊ ဘယ်လို ပြလိုက်သတုံး ဆိုတော့၊ နွားမကြီး၊ ဥပမာ နဲ့ ပြတယ် (မှန်ပါ ဘုရား)၊ နွားမကြီးသည်တဲ့ သူ့နွားငယ် ကလေး မွေးစပေါက် ရှိတယ် (မှန်ပါ ဘုရား)။

နွားမကြီးဥပမာ

သူ့နွားရှင်က သူ့ကြိုးကလေးနဲ့ ဆွဲလာပြီး သကာလ မြက်ပေါတဲ့ နေရာချီပြီး သကာလ ထားတယ် (မှန်ပါ ဘုရား)။ သူ့သားကလေးလည်း လိုက်လာတာပဲ (မှန်ပါ ဘုရား)၊ လိုက်လာ ပေမယ့် မြက်လည်းစားလျက်ပဲ၊ သူ့သား၏ ပျောက်မှု ရှမှု အန္တရာယ်တွေ့မှုကိုလည်း အမြဲ စောင့်ရှောက်ပြီး ကြည့်နေ တာပဲ (မှန်ပါ ဘုရား)၊ မြက်စားလည်း မပျက်ပါဘူးတဲ့ (မှန်ပါ ဘုရား)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

အစာကိုလည်း စားတယ်၊ သားလည်း ကြည့်တယ်

သူ့သားသမီး ငဲ့ကွက်မှုကော (မပျက်ပါဘူး ဘုရား)၊ ဒါဖြင့် အစာလည်းစား၊ သားလည်း ကြည့် (မှန်ပါ ဘုရား)၊ ဒီအလုပ် လုပ်လေ့ ရှိတယ် (မှန်ပါ ဘုရား)။

ထို့အတူပဲတဲ့ သောတာပန် ပုဂ္ဂိုလ်များမှာ ဒကာ ဒကာမ တို့ သေသေချာချာသာ မှတ်ပါတော့ ဘယ်နည်းနဲ့မှ သူတစ်ပါး ကိစ္စကို ကူညီရငြား သော်လည်း၊ ကိုယ့်ကိုယ်ကို ဆိုတဲ့ ကိုယ့် သားနဲ့ တူတဲ့ ကိုယ့်ကိုယ်ကိုဖြင့်ဟုတ်ပြီလား (မှန်ပါ ဘုရား)၊ ကိုယ့်မှာရှိတဲ့ သီလ၊ ကိုယ့်မှာရှိတဲ့ သမာဓိ၊ ကိုယ့်မှာရှိတဲ့ ပညာတို့ကိုဖြင့် ဘယ်နည်းနဲ့မှ အထိအခိုက်မခံနိုင်ဘူး (မှန်လှပါ ဘုရား)။

ဆင်ခြင်မှုရှိလို့ အလုပ်လုပ်နိုင်တာ

ကူတော့ကူမှာပဲ (မှန်လှပါ ဘုရား)၊ ထိမယ့်အလုပ် ကိုဖြင့် အထိမခံဘူး၊ ကူတော့ ကူညီပါတယ်။ ဝိုင်းဝန်းပါတယ်၊

ဆောင်ရွက်ပေးပါတယ်။ ထိုသို့ပင် ရွက်ဆောင်ပေးငြားသော် လည်း နွားမကြီးသည် မြက်စားငြားသော်လည်း နွားငယ်ကြည့်မှု မလွတ်သလို၊ သောတာပန်ပုဂ္ဂိုလ်သည် သောတာပတ္တိ မဂ်ဉာဏ် နဲ့ သစ္စာလေးပါးကို သိပြီးသား ပုဂ္ဂိုလ်သည် ဤကဲ့သို့သော နှစ်ဖက်ကြည့် အလုပ်ကို အမြဲတမ်း လုပ်လေ့ ရှိတာသည် သောတာပန်ပုဂ္ဂိုလ်၏ ဆင်ခြင်မှုရှိလို့ ဒီအလုပ်လုပ်နိုင်တာ (မှန်လှပါ ဘုရား)၊ ရှင်းပြီးလား (ရှင်းပါပြီ ဘုရား)။

ဒါက နံပါတ်ဘယ်လောက်ပါလိမ့် (ငါးနံပါတ်ပါ ဘုရား)၊ ရှင်းကြပြီလား ဒကာ ဒကာမတို့ (ရှင်းပါပြီ ဘုရား)၊ သောတာပန်ပုဂ္ဂိုလ်များလေ (မှန်ပါ ဘုရား)။

ဒါကြောင့် ခင်ဗျားတို့ ပရိတ်ကြီးထဲမှာ ကိုးချလိုက်ရင် (ပါဠိတော်ကိုးကား) သိတယ် ဒကာသိုက်။

‘‘ကိဉ္စာပိ သော ကမ္မံ ကရောတိ ပါပကံ

ကာယေန ဝါစာ ဥဒ စေတသာ ဝါ

အဘဗ္ဗသော တဿပဋိစ္ဆာဒါယ၊

အဘဗ္ဗတာ ဒိဋ္ဌပဒဿ ဝုတ္တာ၊

ဣဒမ္ပိ သံဃေရတနံ ပဏီတံ၊

ဧတေန သစ္စေန သုဝတ္ထိ ဟောတု။’’

မလာဘူးလား (လာပါတယ် ဘုရား)။

‘‘ကိဉ္စာပိ သော ကမ္မကရောတိ ပါပကံ’’ တဲ့ သောတာပန် ပုဂ္ဂိုလ်ဟာတဲ့ သူမပယ်သေးတဲ့ အလုပ်တွေကိုတော့ လုပ်တာပါ ပဲ (မှန်ပါ ဘုရား)။

ဖုံးဖိထားမယ်ဆိုတာ မရှိဘူး

သို့သော်လည်း-သူသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဒီအလုပ် ကို ဖုံးဖိပြီး သကာလ ထားမယ်လို့ ဘယ်တော့မှ မရှိဘူး (မှန်ပါ ဘုရား)။

တစ်ခါတည်းပေါ်လွင် ထင်ရှားပြီး သကာလ သူသည် ကားလို့ဆိုလို့ရှိရင်ဖြင့် သူ့ကိုယ်သူ ငဲ့ပြီး သကာလ မြန်မြန်ပဲ ကုခြင်း သခြင်း၊ ဆင်ခြင်ခြင်း၊ ချက်ချင်းလုပ်ပစ်တာပဲ (မှန်ပါ ဘုရား)။

ကာယကံ၊ ဝစီကံ၊ မနောကံ မှားထားလို့ရှိရင် ကာယကံ လည်း ဖုံးဖိ၍ မထားဘူးတဲ့ (မှန်ပါ ဘုရား)၊ ပြောလိုက်တာ ပဲ၊ ကျုပ်မှားပြီ၊ ဝစီကံဖြင့်လည်း မှားသွားတယ်၊ ကျုပ်မှားပြီ ချက်ချင်း လာတာပဲတဲ့၊ မနောကံ မှားပြန်ရင်ကော (ချက်ချင်း လာပါတယ် ဘုရား)။

အဲ ဒါ ကျုပ်မှားပြီ ကျုပ်မနောကိုက ကျုပ်မှားတယ် ဆိုတာလည်း ကိုယ့်ဟာကိုယ် သိပြီး သကာလ၊ ဖုံးဖိမထားဘူး တဲ့ (မှန်ပါ ဘုရား)။

အဲ့ဒီ ဖုံးဖိမထားဘူး ဆိုကလည်းကိုက ဒကာ ဒကာမတို့ သိလောက်ပါပြီတဲ့၊ ခုနက လျှို့ဝှက်ပြီး သကာလ လုပ်မယ်ဆိုတဲ့ သဘောတွေ အကုသိုလ်ကို ဆိတ်ကွယ်ရာ၌ လုပ်ဦးမယ်။ လုပ်ပြီးသည့် အခြားမဲ့၌ ဖုံးဖိထားမယ် ဆိုတာဘယ်တော့မှ မရှိပါဘူး (မှန်ပါ ဘုရား)။

သီလ၊ သမာဓိကို အထိမခံဘူး

ကြည့်လျက်ပဲတဲ့ ဒကာ ဒကာမတို့ သူတစ်ပါး အလုပ် လည်း လုပ်လျက်ပဲ၊ လောကီ စီးပွားဥစ္စာ ရတနာလည်း ရှာလျက်ပဲ (မှန်ပါ ဘုရား)၊ သီလ၊ သမာဓိ၊ ပညာကိုလည်း အထိမခံဘူး၊ ရောင်းလျက်၊ ဝယ်လျက်၊ သွားလျက်၊ လာလျက်၊ စားလျက်၊ သောက်လျက်၊ သားနဲ့ သမီးနဲ့ ခင်ပွန်းနဲ့ နေလျက်ပါ ပဲတဲ့ (မှန်ပါ ဘုရား)။

သို့သော် သီလ၊ သမာဓိ၊ ပညာ ဒါတွေတော့ဖြင့် အဖျက် မခံဘူးတဲ့၊ ဒါတွေ မထိမည့် အလုပ် ကိုတော့ဖြင့် သားနဲ့ သမီးနဲ့ ဆွေနဲ့၊ မျိုးနဲ့ ရောင်းလျက် ဝယ်လျက်တော့ လုပ်မှာပါပဲ (မှန်ပါ ဘုရား)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

သို့သော် ငဲ့လုံးက မများဘူးလား (များပါတယ် ဘုရား)၊ အေး ဒါကြောင့် နွားမကြီးသည် ခုနက ပြောခဲ့ တယ်၊ အစာကိုလည်းစားလျက်ပါပဲ၊ သဘောကျရဲ့လား (မှန်ပါ ဘုရား)၊ နွားကလေးကော (ကြည့်လျက်ပါ ဘုရား)၊ အင်း သူ့အလုပ်ကနှစ်ဖက်ပါလား (နှစ်ဖက်ပါ ဘုရား)။

ရောင်းဝယ်နေလျက်ပါပဲ

ဒီမှာလဲ သောတာပန်တည်ပြီးသား ပုဂ္ဂိုလ်များမှာ ရောင်းလျက်၊ ဝယ်လျက်၊ သားလင် ခင်ပွန်းနဲ့ နေလျက် ဟုတ်ပြီလား။ သို့သော်လည်းတဲ့ ကိစ္စမရှိဘူးတဲ့ သူ့မှာ သူ့သီလ၊ သိက္ခာ၊ သမာဓိ၊ ပညာတို့ကိုဖြင့် အမြဲငဲ့ပြီး ဒါတော့ဖြင့် အသက် အသေခံမယ်၊ အထိမခံဘူးဆိုတာပါသတဲ့၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)၊ တော်တော် အရေးကြီးတယ်ဆိုတာ ပေါ်လာ ပြီလား ဒကာ ဒကာမတို့ (ပေါ်လာပါပြီ ဘုရား)။

အင်မတန်မှ အရေးကြီးတယ်၊ သောတာပန်ပုဂ္ဂိုလ်တွေ ဟာ ဒါမဆင်ခြင်ဘဲကို မနေဘူးတဲ့၊ ဆင်ခြင်တဲ့ အလုပ်ချည့်ပဲ၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)၊ နေရာကျပြီနော်။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ နောက်နံပါတ် တက်ကြဦးစို့၊ ဘာနံပါတ်လည်း ဒကာသိုက်ရေ (ခြောက် နံပါတ်ပါ ဘုရား)၊ ခြောက်နံပါတ် တက်ရမယ်။ ခြောက်နံပါတ် တက်ရမယ်၊ ဒကာ ဒကာမတို့ ခြောက်နံပါတ် တက်ရတော့မယ်။

သောတာပန်တည်ပြီးသား ပုဂ္ဂိုလ်(၆)

အဲ့ဒီ ခြောက်နံပါတ်က ဘာပါလိမ့်မလဲလို့ မေးခွင့်ကြုံ လာတယ် (မှန်လှပါ ဘုရား)၊ ခြောက်နံပါတ်က ဘာပါလိမ့် မလဲလို့ ဆိုတော့ သောတာပန် တည်တဲ့ ပုဂ္ဂိုလ်များမှာ “အား” အင်မတန်မှ ပြည့်စုံပါတယ် (မှန်လှပါ ဘုရား)၊ ဉာဏ်အား ပေါ့ဗျာ (မှန်လှပါ ဘုရား)၊ ဉာဏ်အား အင်မတန်မှ ပြည့်စုံ ဘယ်တဲ့။ ဉာဏ်အားပြည့်စုံတယ်။

သောတာပန် တည်ပြီးသား၊ ငါသည်ကားလို့ဆိုလို့ရှိရင် တဲ့ သူတစ်ပါးလည်း ဉာဏ်အားနဲ့ ပြည့်စုံတာပဲ၊ ငါလည်း သောတာပန်တည်လို့ ဉာဏ်အားနဲ့ ပြည့်စုံတာပဲလို့ သူဟာသူ သိတယ် (မှန်ပါ ဘုရား)၊ သောတာပန် ဆိုရင် အတူတူပဲလို့ သူသိတယ် (မှန်ပါ ဘုရား)။

သိတဲ့အခါကျလို့ရှိရင်ဖြင့် သူ့စိတ်ထဲမှာ သောတာပန် တည်ပြီးသား ပုဂ္ဂိုလ်များမှာ ဘယ်အားနဲ့ သူသည် အလုပ်လုပ်လေ့ ရှိသတုံး ဆိုတော့ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောတော်မူတဲ့ တရားပေါ့ဗျာ (မှန်ပါ ဘုရား)။

သောတာပန်တို့၏ တရားနာမှု

အဲ့ဒီတရားတွေများ နာပြီး သကာလ နေရတော့မယ်ဆို လို့ရှိရင် ရိုရိုသေသေ မှတ်မှတ်သားသား၊ လေးလေးစားစား ဘယ်မှ စိတ်မသွားရအောင် ဒကာ ဒကာမတို့ အလွန် ဂရုစိုက်လေ့ ရှိတယ် (မှန်ပါ ဘုရား)။

သောတာပတ္တိမဂ်ဉာဏ်နဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်များကနော် သောတာပန်တည်တဲ့ ပုဂ္ဂိုလ်များ၊ ဒကာ ဒကာမတို့ အသေအချာ မှတ်စမ်းပါ (မှန်ပါ ဘုရား)။

သောတာပန်တည်တဲ့ ပုဂ္ဂိုလ်များ၏ တရားနာမှုနဲ့ တခြား သော ပုထုဇဉ်တို့၏ တရားနာမှုထက် အများကြီး ခြားနားတယ် (ခြားနားပါ ဘုရား)။

သဒ္ဓါလည်းပို့၊ လေးစားတာလည်းပို

သောတာပန်တည်တဲ့ ပုဂ္ဂိုလ်က သောတာပတ္တိမဂ်ဉာဏ် အမြင်နဲ့ သစ္စာလေးပါးကို သိပြီး သကာလ ထားတဲ့ပုဂ္ဂိုလ်ဖြစ် လေသောကြောင့် ဘုရားဟောတော်မူတဲ့ တရားတွေ နာတယ် ဆိုလို့ရှိရင် ရိုရိုသေသေ သဒ္ဓါလည်းပိုသတဲ့ (မှန်လှပါ ဘုရား)၊ မှတ်သားတာလည်း ပိုသတဲ့၊ ဟုတ်ပြီလား၊ လေးစား တာလည်း (ပိုပါတယ် ဘုရား)။

တစ်ခါတည်းတဲ့ သူ့စိတ်ထဲမှာ အင်း မတွေ့စဖူး အတွေ့ထူး၊ မကြုံစဖူး ကြုံရ၊ နေရာ ကျလိုက်တာ၊ နေရာကျလိုက်တာ ဘုရားဟောတော်မူတဲ့ တရားလေးတွေ၊ တရားတော်တွေ များကြားရပြီ ဆိုမှဖြင့် တစ်ခါတည်း ဘယ်ဟာနဲ့မှ မတူဘူး၊

လေးစားတာ ရိုရိုသေသေ ကိုင်းကိုင်းညွတ်ညွတ်၊ လေးလေး စားစားဆိုတဲ့ စိတ်တွေဟာတဲ့ ပုထုဇဉ်တို့လို စိတ်က တခြား ပြေးခြင်း၊ ဧည့်သည်လာလို့ထပြီး ခေါ်ချင်ခြင်း၊ မတတ်သာလို့ လက်တို့ပြီး၊ စကားပြောချင်ခြင်း ဒါတွေမလာဘူးတဲ့ (မှန်ပါ ဘုရား)။

တစ်ခါတည်း လေးလေးစားစားနဲ့ ကြိုးကြိုးစားစား သဘောတွေသာလျှင် တစ်ခါတည်း သူ့စိတ်ထဲမှာ တရားတော် ကို ရိုသေမယ်၊ လေးစားမယ်၊ လုပ်ပါ့ မယ်ဆိုတဲ့ သဘောတွေ ဟာဖြင့် ဒါဟာ သောတာပန် ပုဂ္ဂိုလ်၊ သောတာပန်တည်ပြီးသား ပုဂ္ဂိုလ်မှာတဲ့ ဒီအရေးဟာ ဒီသစ္စာလေးပါး မြင်ပြီးတဲ့ အတွက် လေးစားမှု ရိုသေမှုမှတ်သားမှုတွေဟာ၊ စိတ်တခြားသို့မသွားမှု တွေဟာ တရားနာတိုင်း နာတိုင်း သူများနဲ့ မတူဘူးတဲ့ (မှန်ပါ ဘုရား)။

ဒါ သောတာပန်ပုဂ္ဂိုလ်တို့၏ တရားနာမှုဆိုတာ ရိပ်မိပြီ လား (ရိပ်မိပါပြီ ဘုရား)။

ပုထုဇဉ်တို့၏ တရားနာမှု

အဲ့ဒါ ပုထုဇဉ်ကျတော့ ဒီလိုမဟုတ်ပါဘူးတဲ့ တရားနာ ရင်းပေမယ့် စိတ်က ဟိုရောက်သွား၊ ဒီရောက်သွား၊ မမြင်ဘူး လား၊ ဟို ကိုရင်လေး တစ်ပါးမှာ ကြည့်ပါလား (မှန်ပါ ဘုရား)။

သူ့ဆရာနဲ့ နေရင်း မတ္တနဲ့ပဲ၊ စိတ်ကူးလိုက်တာ နွားဝယ်၊ ဆိတ်ဝယ်၊ ဟုတ်လား ဈေးလေးရောင်း၊ လူထွက်ပြီး သကာလ သားမယားနဲ့ အိမ်ထောင်ကျ၊ လှည်းတွေမောင်း မောင်းပြီး သကာလ၊ သူ့မိန်းမက၊ မိန်းမနှင့် သားသမီးတွေရ၊ စိတ်ကူး လိုက်တာတွေကိုးဗျ (မှန်ပါ ဘုရား)။

အဲ့ဒီမှာ ကလေးလေး လှည်းပေါ်က လိမ့်ကျလို့ သူ့မိန်းမရိုက်တော့၊ ဟိုး ရှေးထိုင်တဲ့ ကိုယ်တော်ကြီးတောင် ရိုက်မိသေး၊ စိတ်ကူးရှည်နေတယ်၊ တရားတော့ ဂရုမစိုက်တဲ့ သဘော မသေချာဘူးလား (သေချာပါတယ် ဘုရား)။

အေး ဒါကြောင့် သောတာပန်များ ကျလာတော့ ဒီလိုမရှိတော့ဘူး (မှန်ပါ ဘုရား)၊ တစ်ခါတည်း မြတ်စွာ ဘုရားတရားတော်ဆိုရင် ရိုရိုသေသေ လေးလေးစားစား ကိုင်းကိုင်း ညွတ်ညွတ် ဟုတ်ပြီလား (မှန်ပါ ဘုရား)။

သောတာပန်က လေးစားမှုပို

ဤကဲ့သို့သော လေးစားမှုကြီးတွေ၊ ကိုင်းညွတ်မှုကြီးတွေ၊ မှတ်သားမှုကြီးတွေ၊ ဘယ်မှ စိတ်မသွားရအောင် ထိမ်းထားမှု ကြီးတွေ၊ ဒကာသိုက်တို့၊ ဒကာစိန်တို့ ပိုလာတယ် (ပိုလာ ပါတယ် ဘုရား)၊ ဒါ သောတာပန် တည်တဲ့ ပုဂ္ဂိုလ်၏ ဤအချိုး၊ ဤအင်္ဂါတွေဟာ ပြည့်စုံ ပါတယ်တဲ့၊ ဒကာ ဒကာမတို့ (မှန်ပါ ဘုရား)။ မထူးခြားဘူးလားဗျာ (ထူးခြားပါတယ် ဘုရား)။

ဒါကြောင့် ခင်ဗျားတို့ ပရိတ်ကြီး ပါဠိတော်မှာလည်း

“ယထိန္ဒခီလော ပထဝိဿိတော သိယာ၊

စတုဗ္ဘိဝါတေဟိ အသမ္ပကမ္မိယော၊

တထူပမံ သပ္ပရိသံ ဝဒါမိ။

ယော အရိယ သစ္စာနိ အဝေစ္စ ပဿတီ”

ကျောက်ထီးတန်တု သူ့ကိုယ့် ကိုယ်ပဲတဲ့ တရားမှတစ်ပါး ဘယ်မှမသွားဘူး၊ ကျောက်ထီးတန် တု ကဲ့သို့ တခါတည်း တရား အပေါ်မှာ လေးစားပြီး စိုက် ထားတာ ဘယ်အာရုံနဲ့ တိုက်တိုက် မရဘူးဆိုပါလား (မှန်ပါ ဘုရား)။

အသမ္ပကမ္မိယော တဲ့ တုန်လှုပ်ခြင်းလဲ မရှိဘူးတဲ့ (မှန်ပါ ဘုရား)၊ တစ်ခါတည်း တရားနာ နေရလို့ ရှိရင်ဖြင့် သူ့စိတ်ထဲမှာ လေးလေးစားစား ကိုင်းကိုင်းညွတ်ညွတ် နေတာပဲ တဲ့ (မှန်ပါ ဘုရား)။

သာမညကြည်ညိုတာမဟုတ်ဘူး

‘‘တထူပမံ သပ္ပုရိသံ ဝဒါမိ၊ ယော အရိယ သစ္စာနိ’’ သစ္စာလေးပါး သူသိပြီးသားမို့ (မှန်ပါ ဘုရား)၊ ကြည်ညို လိုက်တာလည်း အဝေစ္စပဿတိ တဲ့ ဒကာ ဒကာမတို့ သာမည ကြည်ညိုတာ မဟုတ်ဘူးတဲ့ တစ်ခါတည်း ထိုးထိုးထွင်းထွင်း နှိုက်နှိုက်ချွတ်ချွတ်ကို ဒီတရားတော်၌ ကြည်ညို ပြီး သကာလ အဝေစ္စပဿတိ ဆိုတဲ့ဥစ္စာနော် (မှန်ပါ ဘုရား)။

ဤကဲ့သို့ ကျောက်ထီးတန်တု မတိမ်းမယိုင်တဲ့ ခန္ဓာကိုယ် နဲ့ ယုံယုံကြည်ကြည်ကြီး လေးလေးစားစားကြီးနဲ့ သောတာပန် ပုဂ္ဂိုလ်၏ တရားနာမှုမှာ ဤကဲ့သို့ ထူးခြားပါတယ် (မှန်ပါ ဘုရား)၊ ပုထုဇဉ်တို့နဲ့ ဒါလုံးဝမဆက်ဆံပါဘူး (မှန်ပါ ဘုရား)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။ အင်မတန် မထူးခြားဘူးလား (ထူးခြားပါတယ် ဘုရား)။

အေး ဒါကြောင့် ဒကာ ဒကာမတို့ အင်မတန်မှ အဖိုးတန်တယ်၊ သောတာပန်တည်ပြီးမှ သာလျှင် စိတ်ချရတယ် ဆိုတဲ့ ဥစ္စာကျောက်ထီးကဲ့သို့ မယိမ်းမယိုင်တော့ဘူး (မှန်ပါ ဘုရား)။

ယုံကြည်မှုဟာ အင်မတန်များပြား

ဘုရား၊ တရား၊ သံဃာ ဆိုတဲ့ တရားတော်တွေ အပေါ်၌ လည်း၊ အဝေစ္စပဿတိ – ဆိုတဲ့ အတိုင်း ယုံကြည်မှုဟာ အင်မတန် များပြားတာ (မှန်ပါ ဘုရား)၊ ဘယ်နည်းနဲ့မှ နောက်ဆုတ်လို့ကို မရတော့ဘူး (မှန်ပါ ဘုရား)။

သေချင်ရင် သေပါစေကွာ၊ ဒါနဲ့သေရင်အေးတာပဲ (မှန်ပါ ဘုရား)၊ မစားရတာ မဝတ်ရတာ ဒါတွေ ဂရုမစိုက် နိုင်တော့ဘူး (မှန်ပါ ဘုရား)၊ ဆိုတဲ့ သဘောနဲ့ ဒီအချိန်နဲ့ ဒီနာရီဖြင့် ဒီတရား အားထုတ်မယ်၊ ဒီတရားနာမယ် ဆိုပြီး သကာလ လေးလေးစားစားကြီး ကျောက်ထီးကဲ့သို့ ကျောက်ထီး တန်တု တစ်ခါတည်း ခိုင်မြဲမှုကြီးရှိတာ (မှန်ပါ ဘုရား)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

အဝေစ္စပဿတို့ ကိုဗျ၊ သက်သက်ကို လှိုက်လှိုက်လှဲလှဲကို ကြည်ညိုတာ (မှန်ပါ ဘုရား)၊ ဒီတရားတော်ကို အဲ့ဒါ သည် သောတာပန်ပုဂ္ဂိုလ်တို့၏ အလုပ်ပါ၊ ဆင်ခြင်မှု အလုပ်ပါ (မှန်ပါ ဘုရား)၊ ပုထုဇဉ်တို့နဲ့ မဆက်ဆံပါဘူး (မဆက်ဆံပါ ဘုရား)။

သောတာပန်တို့၏ အင်္ဂါ(၇)ပါး

ဒကာသိုက်ရေ ဘယ်နှစ်ချက်ရှိသွားပြီတုံး (ခြောက် ချက်ရှိသွားပါပြီ ဘုရား)၊ ခြောက်ချက် ရှိသွားပြီ ဒကာ ဒကာမတို့။

ခုနှစ်ချက် ဒကာ ဒကာမတို့ ဟောမယ်နော် (မှန်ပါ ဘုရား)၊ ခုနှစ်ချက်၊ ခုနှစ်ချက်ကတော့ ဘာပါလိမ့်မလဲလို့ ဒကာ ဒကာမတွေ မေးခဲ့လို့ရှိရင် မြတ်စွာဘုရား တရားတော် နာနေကြတဲ့ အခါကျလို့ရှိရင် ပါဠိလေး ကြားရပြန်လို့ရှိရင် ပါဠိသဘော လေး သိပြန်လို့ ရှိရင်လည်း အို စိတ်ထဲမှာ ကြည်ညိုလိုက် တာ၊ လေးစားလိုက်တာ၊ ဝမ်းမြောက်လိုက်တာ (မှန်ပါ ဘုရား)။

အနက်လေး သိပြန်တော့လည်း အနက်ကလေး သိရတဲ့ အတွက် ကြည်ညိုလိုက်တာ၊ လေးစားလိုက်တာ၊ ဝမ်းမြောက် လိုက်တာ၊ အဓိပ္ပါယ်ကလေးသိရပြန်တော့လည်း ထို့အတူပဲတဲ့။ ကြည်ညိုလိုက်တာ၊ လေးစားလိုက်၊ ဝမ်းမြောက်လိုက်တာ (မှန်ပါ ဘုရား)။

ဒီဝမ်းမြောက်မှုတွေဟာ တစ်ခါတည်း ဘယ်အချိန်မဆို ပြောချင်၊ ဆိုချင်၊ သူတစ်ပါး ပြောချင်၊ ကိုယ်ကိုယ်တိုင်လည်း ဝမ်းမြောက်၊ သူတစ်ပါး သိစေချင်၊ ကိုယ်ကိုယ်တိုင်လည်း ဝမ်းမြောက်၊ အို ဒါတွေက လှိုင်ကြိုင်ပြီး သကာလ ခန္ဓာထဲမှာ မြိုင်နေအောင် ပေါ်တာပဲ (မှန်ပါ ဘုရား)။

ဒကာစိန်ရေ (မှန်ပါ ဘုရား)၊ သောတာပန်တည်ပြီး သားပုဂ္ဂိုလ်များ ပါဠိသိရ၊ အနက်သိရ၊ အဓိပ္ပာယ် သိရပြီဆိုမှဖြင့် ဝမ်းမြောက်လို့ မဆုံးဘူး (မှန်ပါ ဘုရား)။

ဝမ်းမြောက်လို့မဆုံးဘူး

ကိုယ်ကိုယ်တိုင်လည်း ဝမ်းမြောက်လို့ မဆုံးဘူး၊ သူတစ်ပါးကိုလည်း သိစေချင်တဲ့ ဆန္ဒတွေ ပြင်းပြပြီး လာလိုက် တာလည်းမဆုံးဘူး (မဆုံးပါ ဘုရား)၊ ဘယ်သူဖြင့် နာစေ ချင်လိုက်တာ၊ ဘယ်သူ ဒီတရားလေး ပြောချင်လိုက်တာ၊ ဒါလေး လက်ဆောင် ပေးချင်လိုက်တာ (မှန်ပါ ဘုရား)၊ အစရှိသည်နဲ့ ကိုယ်ကိုယ်တိုင်လည်း ဝမ်းမြောက်လို့မဆုံး၊ ချစ်ခင်လေးမြတ်တဲ့ ပုဂ္ဂိုလ်တွေကို ငဲ့ပြီး သကာလ သိစေချင်၊ မှတ်စေချင်၊ ကျင့်စေချင်၊ ကြံစေချင်၊ အို ဒါတွေကလည်း လှိုင်နေတာပဲတဲ့ (မှန်ပါ ဘုရား)။

ဒါတွေကို တစ်ခါတည်း မြိုင်မြိုင်ကြီး ဖြစ်နေတာပဲတဲ့ (မှန်ပါ ဘုရား)၊ ဘယ်နည်းနဲ့မှ သူ့စိတ်ထဲမှာ ဝမ်းမြောက်မှုကိုပဲ နောက်ဆုတ်လို့ မရအောင် ဒီလိုပြင်းပြပြီး သကာလ လာတယ် (မှန်ပါ ဘုရား)၊ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။

ဘာ့ကြောင့် ဝမ်းမြောက်သလဲ

ဒါဖြင့် သောတာပန်ပုဂ္ဂိုလ် သည်ကားလို့ဆိုလို့ရှိရင်ဖြင့် တဲ့ ဘာကြောင့် ဝမ်းမြောက် သလဲလို့ သူ့စိတ်ထဲမှာ မေးလိုက် တဲ့အခါကျလို့ရှိရင်ဖြင့်တဲ့ ဘဝသံသရာ တစ်ခါမှ မကြုံစဖူး အကြုံ ထူးပြီး သကာလ သိမှုကြီးကို မြိုင်မြိုင်ဆိုင်ဆိုင်ကြီး ရတဲ့အတွက် (မှန်ပါ ဘုရား)။

အဲ့ဒီတော့ သောတာပန် ပုဂ္ဂိုလ်သည်ကားလို့ ဆိုလို့ရှိရင် ဖြင့် (၇)ခုမြောက်ဖြစ်တဲ့ ဝမ်းမြောက်မှု အကြီးအကျယ်ဟာ လည်း တရားနာလို့ သိတဲ့အချိန်မှာ အနက်သိ၊ ပါဠိသိ၊ အဓိပ္ပာယ် သိပြီး သကာလ အလွန်မှလည်း ဝမ်းမြောက်မှုရှိတယ် (မှန်ပါ ဘုရား)။

ကိလေသာငြိမ်းနေတယ် (မှန်ပါ ဘုရား)၊ ငြိမ်းနေခြင်း ကြောင့်လည်း ဝမ်းမြောက် နိုင်တာကိုးဗျ (မှန်ပါ ဘုရား)၊ အဲ့ဒါတွေ အင်မတန်မှ ပြည့်စုံပါတယ်တဲ့ (မှန်ပါ ဘုရား)။

ဒါကြောင့် ဒကာ ဒကာမတို့ ဒီ(၇)ချက်နဲ့ ပြည့်စုံမှုသည် လည်း ပုထုဇဉ်တို့နဲ့ မဆက်ဆံ ဘူးတဲ့ (မှန်ပါ ဘုရား)၊

သောတာပန်ပုဂ္ဂိုလ်မှသာလျှင် ဒီဝမ်းမြောက်မှုရှိနိုင်တယ် (မှန်ပါ ဘုရား)၊ ပုထုဇဉ်ဖြစ်ခဲ့လို့ ရှိရင်ဖြင့် တရားတော့ နာခဲ့ တာပဲ၊ ပါဠိလေးလဲ သိလိုက်ပါတယ်။ ဒီပါဠိတွေတို့ ရပြီးသားပါကွာ၊ ဝမ်းမမြောက်နိုင်ဘူး (မှန်ပါ ဘုရား)။

ဒီအနက်လည်း တို့ ကကြားဖူးပါတယ်ကွာ။ ဒီအဓိပ္ပာယ် တော့ ထပ်နေပြီဟေ့၊ အံမယ် ဝမ်းမမြောက် နိုင်ဘူး (မှန်ပါ ဘုရား)၊ ဝမ်းမမြောက်နိုင်ဘူး။ သောတာပန် မဟုတ်တဲ့ ပုဂ္ဂိုလ်ကတော့ အခုပြောတာတွေ တစ်ခါတည်း ဆင်ခြင်တွေ တိုးလာတာပဲ (မှန်ပါ ဘုရား)။

ကောင်းအောင် စားပြီးရင်း စားချင်ရင်း

ဝမ်းမြောက်နိုင်ရဲ့လား (မမြောက်နိုင်ပါ ဘုရား)။ ဟိုကတော့ ဘယ်လိုပဲ ထပ်ပြန်တလဲလဲ ကြားရ၊ ကြားရ၊ ဘုရားဟော ပါဠိတော်တွေ၊ ဘုရားဟောတဲ့ အနက်တွေ၊ ဘုရားဟော တဲ့ အဓိပ္ပါယ်တွေ ကြားရမယ် ဆိုလို့ရှိရင်ဖြင့် သူ့မှာတော့ တစ်ခါတည်း ကောင်းတာစားပြီးရင်း ကောင်းတာစားချင်ရင်း ဆိုသလိုပဲ တစ်ခါတည်းတဲ့ ဆာလောင်မွတ်သိပ်နေတဲ့ ပုဂ္ဂိုလ် ဟာ ကောင်းတာ စားရတဲ့အခါ အထူးတလည် ဝမ်းမြောက်မှု၊ ကြီးပြီး သကာလ လာသလို၊ ဒီတရားတွေကို နာနိုင်မှုရှိတာ သည် ခုနက ပြောခဲ့တဲ့ အချက်မျိုးလို တို့ သိပြီး သားဆိုတဲ့ အဓိပ္ပာယ်မျိုး မလာဘူး၊ လာသေးရဲ့ လား (မလာပါဘူး ဘုရား)။

အဲ့ဒီကဲ့သို့ ထူးထူးခြားခြားကြီး ဆင်ခြင်မှုတွေ မများလား (များပါတယ် ဘုရား)၊ အဲ့ဒါ ပုထုဇဉ်နဲ့ မကွာလား (ကွာပါတယ် ဘုရား)။

ပုထုဇဉ်နဲ့ ခြားနားမှု

အဲ့ဒါ သောတာပန်တည်တဲ့ ပုဂ္ဂိုလ်များမှာ ပုထုဇဉ်နဲ့ ခြားနားမှုသည်ကားလို့ ဆိုလို့ ရှိရင်ဖြင့်တဲ့ တရားနာတာလည်း ခြားနားတာပဲ၊ တရားနာပြီး ဝမ်းမြောက် နေတာလည်း (ခြားနားပါတယ် ဘုရား)၊ ခြားနားပါတယ် ဆိုတဲ့ဥစ္စာ ဒကာ ဒကာမ တို့ ဒါ(၇)ချက်မြောက်မှာဖြင့် ခြားနားမှု အထူးအခြားပါပဲ ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ဘာပြုလို့ ဒီလောက်တောင် ခြားနားရပါသတုံးလို့ဆို တော့မှ ဒကာ ဒကာမတွေ ခါတိုင်းသိပြီးသား –

‘‘သဟာဝဿ ဒဿန သမ္ပဒါယ၊

တယဿု ဓမ္မာ ဇဟိတာ ဘဝန္တိ။

သက္ကာယိဒိဋ္ဌိ၊ ဝိစိကိစ္ဆိတဉ္စ၊

သီလဗ္ဗတံ ဝါပိ ယဒတ္ထိ ကိဉ္စိ။

စတူဟပါယေဟိ စ ဝိပ္ပမုတ္တော၊

ဆစ္စာဘိဌာနာနိ အဘဗ္ဗ ကာတုံ’’ လို့ မလာဘူးလား (လာပါတယ် ဘုရား)။

အေး ဒါ ပရိတ်ကြီး သုတ္တနိပါတ် ပါဠိတော်က လာတာ (မှန်ပါ ဘုရား)၊ ဝမ်းမြောက်မှာပဲတဲ့၊ သူ့မှာတော့ ဘယ်နှယ့်ကြောင့် ဝမ်းမြောက်ရသတုံးဆိုတော့ ကိလေသဝဋ် က လည်း ကျွတ်သွားတယ် (မှန်ပါ ဘုရား)။

ဒိဋ္ဌိ ဝိစိကိစ္ဆာ။ နွားတို့၏ အကျင့်၊ ခွေးတို့၏အကျင့် ဆိုတဲ့ သီလဗ္ဗတပရာမာသ ဆိုတဲ့ ဒိဋ္ဌိရယ်ဗျာ (မှန်ပါ ဘုရား)၊ ဝိစိကိစ္ဆာရယ်ဗျာ (မှန်ပါ ဘုရား)၊ သီလဗ္ဗတ ပရာမာသ ဆိုတဲ့ နွားတို့၏အကျင့် ခွေးတို့၏အကျင့် ဆိုတဲ့ ဒိဋ္ဌိရယ် (မှန်ပါ ဘုရား)။

ကိလေသဝဋ်ကကျွတ်သွားလို့

အဲ့ဒီ ကိလေသာ (၃)ခုက၊ ကိလေသဝဋ်က ကျွတ်သွား ခြင်းကြောင့် သာလို့ပင် ဝမ်းမြောက်တာကိုး (မှန်ပါ ဘုရား)။ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ပြီးတော့ကို ဒကာ ဒကာမတို့ စတူဟာပါယေဟိစ ဝိပ္ပမုတ္တောလို့ ဆိုသဖြင့် အပါယ် လေးပါးတည်း ဟူသော ဟုတ်ပြီလား ဝိပါကဝဋ်ကကော လွတ်မသွားဘူးလား (လွတ်သွား ပါတယ် ဘုရား)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ခုနက ကိလေသဝဋ်လွတ်တာလည်း သောတာပန်ဖြစ် သောကြောင့်ကိုဗျ (မှန်ပါ ဘုရား)၊ ကိလေသာဆိုတာ ခုနက ဒိဋ္ဌိ ဝိစိကိစ္ဆာ သီလဗ္ဗတပရာမာသ (၃)ခုက ကိလေသာ ခေါ်တယ် (မှန်ပါ ဘုရား)။

ဝိပါကဝဋ်က ကျွတ်သွားလို့

အဲဒီ ကိလေသာဝဋ်ကလည်းကျွတ်၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ အပါယ်လေးပါး တည်းဟူသော ဝိပါက ဝဋ်ကြီးကကော (ကျွတ်ပါတယ် ဘုရား)။

အေး ကမ္မဝဋ်ဆိုတာက ဒကာ ဒကာမတို့ သောတာပန် တည်ပြီးသား ပုဂ္ဂိုလ်များမှာ ပဉ္စာနန္တရိယကံ လည်း မဖြစ်ဘူး (မှန်ပါ ဘုရား)၊ ပစ္စန္တရစ် ဇနပုဒ်- မိစ္ဆာ ဒိဋ္ဌိ အမျိုးတွေကော (မဖြစ်ပါ ဘုရား)၊ အေး သောတာပန် မတည်နိုင်တဲ့ နေရာဌာနတွေကော (မဖြစ်တော့ပါ ဘုရား)၊ မဖြစ်တော့ ဘူးတဲ့။

အဲဒီကဲ့သို့ ဒီ ပဉ္စာနန္တရိယ ကံလည်း မကျင့် (မှန်ပါ ဘုရား)၊ ပဉ္စာနန္တရိယကံ ဆိုတာကလည်း ကျွတ်သွားပြီ၊ နို့မဟုတ် ရင် ပုထုဇဉ်ဖြစ်တော့ ဒီဘဝမှာ သူတော်ကောင်း၊ နောက်ဘဝ မှာ အမေသတ်ပြီး အမွေလုချင် လုမှာ (မှန်ပါ ဘုရား)။

အဲ့ဒီတော့ သောတာပန်တည်တဲ့ ပုဂ္ဂိုလ်ကျတော့ ဒီလို ဟာတွေက ရှိသေးရဲ့လား (မရှိတော့ပါ ဘုရား)၊ အဲ့ ပဉ္စာနန္တရိယကံ တည်းဟူသော ကမ္မဝဋ်၊ (၆)ဌာန အကျိုးပေး မယ့်ကံတွေကော (မရှိတော့ပါ ဘုရား)၊ အဲဒီ ကမ္မဝဋ်မှ လည်း ကျွတ်၏ (မှန်ပါ ဘုရား)။

သောတာပန်တည်အောင်လုပ်ထိုက်တယ်

ဒါကြောင့် ဒကာ ဒကာမတို့ သောတာပန်တည်အောင် ဟာလုပ်ထိုက်တယ်၊ လုပ်ကောင်းတယ် ဆိုတာ သဘောကျပြီ လား (သဘောကျပါပြီ ဘုရား)။

ကိလေသာ (၃)ခုမှလည်းကျွတ် (မှန်ပါ ဘုရား)၊ ကမ္မဝဋ်ဆိုတဲ့ ခုနက ပဉ္စာနန္တရိယကံအစ၊ မဖြစ်ကောင်းတဲ့ နေရာ (၆)ဌာနပို့တဲ့ ကံတွေကော (လွတ်သွားပါတယ် ဘုရား)၊ လွတ်သွားတော့ ကမ္မဝဋ်မှလည်း မကျွတ်ဘူးလား (ကျွတ်ပါတယ် ဘုရား)၊ အပါယ်လေးပါး ရောက်ရမယ့် ဝိပါက အကျိုးပေးဆိုတဲ့ ဝဋ်ကြီးကတော့ (လွတ်ပါတယ် ဘုရား)။

အဲဒီကဲ့သို့ ကျွတ်သောကြောင့် သူ့မှာ ခုနကပြောခဲ့တဲ့ အင်္ဂါ (၇)ချက်နဲ့ သောတာပန်မှာ မပြည့်စုံ မရှိဘူး (မှန်ပါ ဘုရား)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် သောတာပန် ပုဂ္ဂိုလ်သည်ကားလို့ ဆိုရင်ဖြင့် သောတာပတ္တိမဂ် ဆိုတဲ့ တရားနဲ့ နိဗ္ဗာန်ကိုမြင်၊ ဒုက္ခပိုင်းခြား နိဗ္ဗာန်မြင်လို့ ရှိသည်နဲ့ တစ်ပြိုင်နက်တည်း ကိလေသာဝဋ်ကော (ကျွတ်ပါတယ် ဘုရား)၊ (၃)ခုနော် (မှန်ပါ ဘုရား)၊ ကမ္မဝဋ်ကော (ကျွတ်ပါတယ် ဘုရား)၊ ဝိပါကဝဋ်ကော (ကျွတ်ပါတယ် ဘုရား)၊ ကျွတ်တယ်တဲ့ ကျွတ်တယ်။

လူပင်ဖြစ်ငြားသော်လည်း သံဃာပဲတဲ့

အဲဒီကဲ့သို့ ကျွတ်သောကြောင့် သူဟာ ခင်ဗျားတို့တည် ပြီးသား ပုဂ္ဂိုလ်မှာ ဣဒမ္ပိသံဃေ လို့ ဘုရားက ဟောလိုက်တဲ့ အတွက် လူပင်ဖြစ်ငြားသော်လည်း သံဃာပဲကွတဲ့ (မှန်ပါ ဘုရား)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

သံဃာပဲ၊ ဘိက္ခုပဲတဲ့၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ ရဟန်းပဲတဲ့ (မှန်ပါ ဘုရား)။ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။

ရဟန်းမခံဘဲနဲ့ ရဟန်းဖြစ်တယ်

အင်း ဒါကြောင့် တို့ သည် ကားလို့ဆိုလို့ရှိရင်ဖြင့် ဒီအလုပ်ကို ရဟန်းမခံဘဲနဲ့ ရဟန်းဖြစ် ဆိုတာလည်း ဒါတွေ ပါလား (မှန်လှပါ ဘုရား)၊ ဘုရားကလည်း ဣဒမ္ပိသံဃေ လို့ဟောထားတယ် (မှန်ပါ ဘုရား)၊ အင်း သံဃာထဲ ဝင်ရပါလား ဟုတ်ပြီလား (မှန်ပါ ဘုရား)။

အမြတ်ဆုံးရတနာဖြစ်သွားတယ်

သံဃာထဲဝင်တော့မှ ခင်ဗျားတို့သည် ရတနာဖြစ်လာ တယ်ဆိုတော့ ဘုရားကလည်း ဣဒမ္ပိ သံဃေရတနံ ပဏီတံ တစ်ခါတည်း သောတာပန် ရတနာဖြစ်ပြီး သကာလ သံဃာ ရတနာ ဖြစ်သွားတော့ အမြတ်ဆုံး ရတနာ ဖြစ်သွားတယ်လို့ မဟောဘူးလား (ဟောပါတယ် ဘုရား)။

အဲဒီကဲ့သို့ ဟောထားတာ ကျုပ်တို့ ခင်ဗျားတို့သည် ကားလို့ဆိုလို့ရှိရင်ဖြင့် ဒီ(၇)ချက်နဲ့ ညီမှုကိုဖြင့် ညီအောင် ခုနက ဝိပဿနာ လမ်းစဉ်အတိုင်းတက် (မှန်ပါ ဘုရား)၊ ဟုတ်ပြီလား (မှန်ပါ ဘုရား)။

ဖြစ်ပျက်ကို ရှုဗျာ (မှန်ပါ ဘုရား)၊ ဖြစ်ပျက်ကို မုန်းဗျာ (မှန်ပါ ဘုရား)၊ ဖြစ်ပျက်မှ ကျွတ်ချင် လွတ်ချင်ဗျာ (မှန်ပါ ဘုရား)၊ ပြီးတော့မှ ဖြစ်ပျက်တွေဟာ ဒုက္ခတွေ ပါလားလို့ ပိုင်းခြားဗျာ (မှန်ပါ ဘုရား)၊ ပိုင်းခြား ပြီးရင်ဖြင့် ပိုင်းခြားရင်း မတ္တနဲ့ နိရောဓ မျက်မှောက်ပြုလို့၊ ခုနက ဒိဋ္ဌိဝိစိကိစ္ဆာ သီလဗ္ဗတပရာမာသ တွေက မသေလား (သေပါတယ် ဘုရား)။

အေး သေသွားတဲ့ အခါကျတော့ အပါယ်လေးပါး တည်းဟူသော ဝိပါကဝဋ်တွေလည်း ကျွတ်လို့ ဟုတ်ပြီလား၊ ကမ္မဝဋ်တွေကော (ကျွတ်ပါတယ် ဘုရား)၊ အဲဒီကဲ့သို့ ကျွတ်သွား ကတည်းကိုက ကျုပ်တို့ သည်ကားလို့ဆိုရင်ဖြင့် နိရောဓကို မျက်မှောက်ပြုနေပြီ ဆိုတော့ ကိလေသာ နိရောဓ ဟာလည်း အဲဒီမှာ သေချာတယ် (မှန်ပါ ဘုရား)။

ကိလေသာနိရောဓတင် မကပါနဲ့ ကမ္မနိရောဓလည်း ပါလိုက်သေးတယ် (မှန်ပါ ဘုရား)။ ဝိပါကနိရောဓကော (ပါပါတယ် ဘုရား)။

အဲဒီကဲ့သို့ ပါသည်ဖြစ်လေသောကြောင့်တဲ့ ကျုပ်တို့ ဒီသောတာပန်ဟာဖြင့် မတည် တည်အောင်ကို လုပ်မှသာလျှင် ကျုပ်တို့သည် စိတ်ချလက်ချ နေခွင့်ရမယ်တဲ့၊ နို့မဟုတ်ရင်ဖြင့် ခင်ဗျားတို့ ကျောက်ထီးတန်တု အလေးပြု လောက်တယ်လို့ ခုနက ပါဠိတော်က သောတာပန် တည်မှ ယထိန္ဒခီလော လာတာကိုး (မှန်ပါ ဘုရား)။

နို့မဟုတ်ရင် ဝါဂွမ်းဖြစ်မယ်

ခင်ဗျားတို့ နို့မဟုတ်ရင် ဝါဂွမ်း ဖြစ်မယ် (မှန်ပါ ဘုရား)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)၊ ကျောက်တိုင် ဖြစ်တာက သောတာပန်တည်မှ (မှန်ပါ ဘုရား)၊ ကျောက် တိုင် မဖြစ်သရွေ့ ကာလပတ်လုံး ဝါဂွမ်း (မှန်ပါ ဘုရား)။

ဝါဂွမ်းဆိုတော့ တောင်လေလာမြောက်၊ မြောက်လေ လာရင် (တောင်ပါ ဘုရား)၊ အရှေ့လေ လာရင် (အနောက်ပါ ဘုရား)၊ အနောက်လေ လာတော့ (အရှေ့ပါ ဘုရား)၊ အောက်လေ လာပြန်တော့ (အထက်ပါ ဘုရား)၊ အထက်လေ လာပြန်တော့ (အောက်ပါ ဘုရား)။

ဘယ်မှာ ကိုယ့်သဘော ကိုယ့်နေရာ ရွေးနိုင်သေးရဲ့ လား (မရွေးနိုင်ပါဘူး ဘုရား)၊ အင်း လောကဓံ လေတိုက် သလောက် သွားရမှာပဲ (မှန်ပါ ဘုရား)။

ကိုယ့်နေရာ အမြဲတမ်းရယ်လို့ ရှိသလား (မရှိပါဘူး ဘုရား)၊ ကျင်ကြီးပုံလည်း ကိုယ့်နေရာပဲ နွားချေးပုံကော (ကိုယ် နေရာပါ ဘုရား)၊ ဪ နွားချေပိုထိုးဖြစ်တော့ ဒကာ ဒကာမတို့ နွားချေး ပိုးထိုးဟာ ကိုယ့်နေရာဖြစ်တာပေါ့ (မှန်ပါ ဘုရား)။

ဥပရိမိဖုရားကြီး

ဥပရိ-မိဖုရားကြီးဟာ ကြည့်ပါလား၊ မိဖုရားကြီးကနေ ပြီး နွားချေးပုံ သူ့နေရာဖြစ်နေတယ် (မှန်ပါ ဘုရား)။ ဦးတိဿကြီး သည်ကား လို့ဆိုရင် ရဟန်း အဖြစ်ကနေပြီး၊ ဟိုသင်္ကန်းပေါ် သွားပြီး၊ သူ့နေရာ သန်းသွားဖြစ်နေတယ် (မှန်ပါ ဘုရား)၊ မထူးခြားဘူးလား (ထူးခြားပါယ် ဘုရား)။

အဲဒီတော့ သောတာပန် မတည်သေးသ၍ ကာလပတ် လုံး ဝါဂွမ်းဆိုင်လိုပဲ ခင်ဗျားတို့ ခန္ဓာကြီးဟာ လောကဓံ လေတိုက် လို့ကံတွေ လွင့်သလို ကိုထွန်းအောင် (မှန်ပါ့ ဘုရား)၊ မရောက်နိုင်တဲ့ နေရာ မရှိသေးပါဘူး (မရှိသေးပါ ဘုရား)၊ မကောင်းတဲ့ နေရာ ဟူသ၍ ရောက်နိုင်တာချည့်ပဲ (ရောက်နိုင်ပါတယ် ဘုရား)။

ဒါကြောင့် သောတာပန်မတည်သေးရင်ဖြင့် အမေသတ် နိုင်သေးတယ် ခင်ဗျားတို့ (မှန်ပါ ဘုရား)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

အဲဒီလောက်တောင် ခင်ဗျားတို့ ကျုပ်တို့ သည် ဆိုး စရာတွေကို သောတာပန် တည်ပြီးသား ပုဂ္ဂိုလ် ဒီ(၇)ချက်နဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်ဆိုရင်ဖြင့် အမေသတ်တဲ့ ပဉ္စာနန္တရိယကံ တွေကော မဖြစ်ထိုက်တဲ့ (၆) ဌာနတွေကော အကုန်ကျွတ်၍၊ လွတ်၍တဲ့ ကိစ္စပြီး ပါတယ် (မှန်ပါ ဘုရား)။

ဒါကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ရဟန်းတို့ မင်းတို့ငြင်းခုံပြီး သကာလ နေကြတာသည် ဤကဲ့သို့ သောတာပန် အင်္ဂါနဲ့ မပြည်စုံသေးသ၍ ကာလပတ်လုံးဖြင့် မင်းတို့သည် ညီညွတ်ရေး အစစ် မဖြစ်နိုင်ဘူး (မှန်ပါ ဘုရား)။

ဒါကြောင့် အားလုံး ညီညွတ်ရအောင် တစ်ယောက် တစ်ယောက် မျက်စိမျက်နှာကြည့် နိုင်ကြရအောင်၊ တစ်ယောက် တစ်ယောက်သည်ကားလို့ဆိုရင် စကားစမြည်လဲ မျက်နှာချင်း ဆိုင်ပြီး ပြောနိုင်တဲ့ အခြေအနေ ရောက်အောင်

(၁)မေတ္တာကာယကံ

(၂)မေတ္တာဝစီကံ

(၃)မေတ္တာမနောကံ၊

(၄)ရတဲ့ပစ္စည်း ဝေဖန်ပြီး သကာလ သုံးဆောင်မှု၊

(၅)သီလ မကျိုးမပေါက် မပျောက် မကြားတာတူမှု (မှန်ပါ ဘုရား)။

(၆) သောတာပတ္တိမဂ်နဲ့ သစ္စာလေးပါးတစ်ပြိုင်တည်း မြင်မှု

(၇) ချက်သည် (၆)ချက်မြောက်ဖြစ်တဲ့ သောတာပန် တည်တဲ့ သစ္စာလေးပါး တစ်ပြိုင်တည်း မင်းတို့ အကုန်မြင်ကြပြီ ဆိုမှဖြင့် ခုနက ငြင်းခုန်မှု၊ တစ်ယောက် တစ်ယောက် မျက်နှာ မကြည့်နိုင်မှု၊ တစ်ယောက်တစ်ယောက်သည် ကားလို့ဆိုလို့ရှိ ရင် နှုတ်လှံပြန်ထိုးမှု၊ နင်တစ်ခွန်း ငါတစ်ခွန်း ပြောမှုတွေပေါ့ ဗျာ (မှန်ပါ ဘုရား)။ မှ အဲဒါတွေ အကုန်ငြိမ်းပြီး သကာလ ညီမျှရေးဖြစ်ရမှာဖြင့် ဟောဒီ (၇)ခုမြောက်ဟာ သောတာပန်တည်တဲ့ (၇)ခုမြောက်ဟာဖြင့် ဒကာ ဒကာမတွေ အရေးအကြီးဆုံး အချက်လို့ မှတ်ပါ (မှန်ပါ ဘုရား)။

ဒါဖြင့် ဘယ်သူ့နဲ့မှ မမုန်းချင်ဘူး၊ ဘယ်သူနဲ့မှ မချစ်ချင် ဘူး၊ အလုံးစုံတို့ နဲ့ပဲ သင့်မြတ်ပြီး သကာလ၊ ရိုးရိုးသင့်မြတ်ပြီး သကာလ၊ စိတ်ချမ်းသာလက်ချမ်းသာနဲ့ နေချင်ရင် သောတာပန် ဖြစ်အောင် လုပ်ပါမှ အကုန်အယူ သီလတူမျှကြမယ် (မှန်လှပါ ဘုရား)။

နို့ မဟုတ်ရင် အမေနဲ့သားပေမယ့် ယနေ့တည့်ပေမယ့် မနက်ဖြန် ရုံးရောက်မယ် (ရောက်ပါမယ် ဘုရား)၊ မရောက် ပေဘူးလား (ရောက်ပါတယ် ဘုရား)၊ သောတာပန်မတည် သေးတော့လေ (မှန်ပါ ဘုရား)၊ အဖေနဲ့သားနဲ့လည်း မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား)။

အဲ့ဒီတော့ ယခုအခါမှာဖြင့် ဘယ်သူနဲ့ ဘယ်သူ တည့်တယ်ဆိုတာ မသေချာတာမှန်၏ (မှန်ပါ ဘုရား)၊ အကြင်လင်မယားပေမယ့် တော်တော်ကြာ ကွဲချင်ကွဲသွားမယ် (မှန်ပါဘုရာ)၊ သားနဲ့ အမေနဲ့ကော (ကွဲနိုင်ပါတယ် ဘုရား)။ သမီးနဲ့ အမေနဲ့ ကော (ကွဲနိုင်ပါတယ် ဘုရား)။

အမြင်မတူသရွေ့ ရန်ပွားနေမှာပဲ

ခုနက အမြင်မတူသေးဘူး၊ နိဗ္ဗာန်အမြင် မတူသေးဘူး၊ သစ္စာလေးပါး အမြင်မတူသေးဘူး (မှန်ပါ ဘုရား)၊ အဲ ဒီကဲ့သို့ အမြင်မတူသ၍ ကာလပတ်လုံးဖြင့် ကိုယ့် အမြင် သူ့ အမြင်နဲ့ ပြားပြီး သကာလ ရန်ချည်ပွားနေမှာပဲ ဆိုတာ ဆုံးဖြတ်ချက်ချပါ (မှန်လှပါ ဘုရား)၊ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။

ကဲ ဒါဖြင့် သေတာပန်ဖြစ်ပြီးမှ ဆင်ခြင်မှု (၇)မျိုးကို ကိုယ်တိုင် ဆင်ခြင်ပြီး သကာလ၊ ကိုယ်တိုင်မရောက်သေးတဲ့ ပုဂ္ဂိုလ်က ရောက်အောင်လုပ် (မှန်ပါ ဘုရား)၊ ရောက်ပြီး သား ပုဂ္ဂိုလ် ကလည်း ဝမ်းမြောက်ပြီးကာလ အထက် တက်အောင်လုပ်ပါ (မှန်ပါ ဘုရား)၊

ဒါကို အများကြီး တိုက်တွန်းတယ် (မှန်ပါ ဘုရား)။

ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။