278

ငရဲမျိုးစေ့ အရင်ဖြုတ်ပါ(သက္ကာယဒိဋ္ဌိ)

အသံဖိုင်ခေါင်းစဉ်= ဝိသာခနှင့် ဓမ္မဒိန္နာအမေးအဖြေ အမှတ်(၂)

စာအုပ်ခေါင်းစဉ်= ငရဲမျိုးစေ့ အရင်ဖြုတ်ပါ(သက္ကာယဒိဋ္ဌိ)

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့၌ ဟောကြားတော်မူသော တရားတော်

ငရဲမျိုးစေ့ အရင်ဖြုတ်ပါ

(သက္ကာယဒိဋ္ဌိ)

ဟောကြားသည့်နေ့

(၁၂-၁၂-၆၁)

စူဠဝေဒလ္လသုတ်ဆိုတာ၊ စူဠက ငယ်တယ်၊ ဝေဒလ္လ က ပုစ္ဆာ ပြဿနာတွေ မေးတဲ့သုတ်။ ဒါဘယ်သူ့အကြောင်းရင်းခံပြီး သကာလ ဘုရားဟောပါလိမ့်မလဲ?။

ဘုရားက ဟောတာ မဟုတ်ဘူး၊ သူတို့ အကြင်လင်မယာ က အခြေအတင်လုပ်တယ်။ နောက်မှ ဘုရားက ထောက်ခံချက် ပေးတယ်။ ဘုရားဟောသွားဖြစ်တယ်လို့မှတ်ရမယ်။

ဝိသာခနဲ့ ဓမ္မဒိန္နာ

ဓမ္မဒိန္ဒာ,က ခင်ပွန်းမ၊ သူဌေးပဲ။ ဝိသာခ,က သူ အိမ်ထောင်ကျကြတယ်။ ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် ဗိမ္ဗိသာရမင်းကြီးတို့ နေတဲ့နေရာ ကြွလာတဲ့အခါမှာ ဗိမ္မိသာ၊ မင်းကြီးနှင့်တကွ ဝိသာခ,တို့ တရားနာရလို့ တရားအားထုတ်လို့ သောတာပန်တည်ကြတယ်။

ဝိသာခ,က သောတာပန်တည်တယ်၊ သူ့မိန်းမ,မပါဘူး ဒီအချိန်မှာ နောင်တစ်ကြိမ် သွားနာတယ်။ သကဒါဂါမ် တည် တယ်။ နောက်တစ်ကြိမ်သွားနာပြီး အားထုတ်ခဲ့တယ်။ အနာဂါမ် တည်ခဲ့တယ်။

အနာဂါမ်တည်တဲ့ပုဂ္ဂိုလ်

အနာဂါမ်တည်တော့ န အာဂစ္ဆတီတိ၊ အနာဂါမီ ဆိုတော့ ကာမဘုံ၊ ကာမအာရုံ မရှိတော့ဘူးလို့ မောင်သစ်တို့ မှတ်ရ ကာမ အာရုံမရှိတော့ဘူး။

ကာမဆိုတာ ဒီလူ့ပြည်မှာရှိတဲ့ အာရုံမျိုးကို ဘယ် မခင်တွယ်တော့ဘူး၊ ကာမရာဂ အနုသယတွေ၊ သူပယ်ရတယ်။

သူ့ကျန်တာကတော့ ဘဝရာဂ အနုသယပဲ သူကျန်ရစ် တော့၊ ရူပ၊ အရူပ ခင်တွယ်တဲ့ တဏှာပဲကျန်တော့တယ်။ ကာမဘုံ မှာဖြင့် ဘယ်လိုအာရုံတွေနဲ့ တွေ့တွေ့ သူ,မသာယာတော့ဘူး။ အနာဂါမ် တည်သွားလို့ရှိရင် မှတ်ထားကြပါ။

ဘယ်လိုဝတ်ထားတဲ့ပစ္စည်း၊ ဘယ်လိုချော၊ ဘယ်လိုလှ၊ ဘယ်လိုဖြစ်ဖြစ် ကာမအာရုံတွေ တော့ဖြင့် ဥပေက္ခာထားနိုင်ပြီ ဆိုတာ မှတ်ထားရမယ်။

ဒါနဲ့ တစ်နေ့သ၌ အနာဂါမ် မတည်ခင် သကဒါဂါမ်နဲ့ ဘုရားထံသွားပြီး အနာဂါမ် တည်လာတဲ့ အခါမှာ ခါတိုင်းတော့ သူ့ဒကာမ,က သူလာတဲ့အခါကိုကြည့်တယ်။ အဝေးကြီးကမျှော် ကြည့်တယ်။ သူတို့ချင်း အကြင်လင်မယားဖြစ်တဲ့အတွက် ဟိုကြည့်ဒီကြည် ဣန္ဒြေက မရဘူး။

အနာဂါမ် တည်လာတဲ့အခါကျတော့ ဟိုကြည့်ဒီကြည့် ၊ ဣန္ဒြေတွေက အကုန်သိမ်းပြီး သကာလ ခပ်စိုက်စိုက်နဲ့ ဝိပဿနာ သာ နှလုံးသွင်းပြီး သကာလ လာတော့ မိန်းမက အိမ်ပေါ်ကနေပြီး အဝေးကြီးမှာနေတဲ့ ပုဂ္ဂိုလ်ကို အကဲခတ်လိုက်တယ်။

ဒီနေ့ဘာများဖြစ်လာပါလိမ့်

ဒီနေ့ဘာများဖြစ်လာပါလိမ့်မတုံး၊ ဣန္ဒြေ သိပ်ရတယ်။ သို့မဟုတ် အလိုမကျတဲ့ သဘောမျိုးလား ဆိုတာ အကဲမခတ်တတ် တာနဲ့ သူအိမ်ပေါ်ကဆင်းပြီး သကာလ ၊ သူ့ခင်ပွန်းသည် အိမ်နား ရောက်တဲ့အခါ သူလက်ကို ခါတိုင်းတော့ ဆွဲပြီးတော့ အိမ်ပေါ် တက်ကြတယ်။

ဒီအခါ လက်ပေးတဲ့အခါမှာ ဟိုက လက်ကိုမဆွဲဘူး၊ ဘာပြုလို့ မဆွဲသတုံးဆိုတော့ ခုနက ပြောခဲ့တယ်၊ ကာမအာရုံမရှိ လို့ဆိုတာ မှတ်ထားကြပါ။

လူ့ပြည်မှာရှိတဲ့ အာရုံတွေ သိမ်းပြီးလို့၊ ဦးသံဒိုင် မှတ်ရ လိမ့်မယ် (မှတ်ပါတယ် ဘုရား)။ ဘယ်လိုကြောင့်ပါလိမ့် (လူ့ပြည်မှာရှိတဲ့ အာရုံတွေ သိမ်းပြီလို့ပါ ဘုရား)၊ သိမ်းပြီးပြီ။

သူက နေသာနေရတာ၊ လူ့ဘုံနဲ့ ထိုက်တန်တာ မရှိတော့ ဘူး၊ သူရထားတဲ့မဂ်က သုံးမဂ် ရှိပြီနော် (မှန်ပါ)။

သုံးမဂ်ဖြစ်နေတော့ ကာမဘုံနဲ့ ထိုက်တန်တဲ့မဂ်ကို ရထား တာ မဟုတ်ဘူးတဲ့။ ရူပ၊ အရူပနဲ့ သွားဖို့မဂ်ကို ရ,ထားတာ။ သို့သော် သူက အားထုတ်လိုက်တဲ့အတွက် သုံးမဂ်ရသွားတယ်လို့ မှတ်ထားရမယ်။

အတွေးအခေါ် များကုန်တယ်

ဒါကြောင့် လက်ထိုးပေးတဲ့အခါမှာ လက်ကိုဆွဲပြီး ခါတိုင်းလို့ အိမ်ပေါ်မတက်ဘူး။ မတက်တော့ နဂိုက အကဲခတ် ထားတာကလည်း ဣန္ဒြေ္ဒရရ။ အခုအခါ ဒီလို လက်ကိုပေးလိုက် တဲ့အခါ ကျတော့ လည်း အိမ်ပေါ်လက်ဆွဲပြီး မတက်တဲ့အတွက် ဒကာမတို့ ထုံးစံအတိုင်း ဘာများ ဖြစ်လာပါလိမ့်မတုံး ဆိုတာ အတွေးအခေါ် များကုန်တယ်။

နောက် အိမ်ပေါ်ရောက်ရင် စကားပြောလိမ့်မယ်လို့ အထင်ရောက်ပြီး သကာလ ထမင်း အတူတူ စားလိမ့်မယ်လို့ အထင် ရောက်တဲ့အခါလည်း ထမင်းအတူတူ မစား။

နောက် ညအိပ်ရာခန်းရောက်တဲ့အခါကျလို့ရှိရင်လည်း အတူတူပဲ ဖြစ်လိမ့်မယ်လို့ အောက်မေ့တဲ့ အခါ သူ့ဟာသူ လွတ်လပ်တဲ့ နေရာမှာ ခင်းပြီး သကာလ အိပ်တယ်။

ဒကာမ အကဲခတ်သိပ်ခက်နေတယ် ဆိုတာ ဦးသံဒိုင် မှတ်ရလိမ့်မယ်။ စင်စစ်တော့ တရားနော် (မှန်ပါ)။ ကာမအာရုံ တွေ လုံးဝမရှိလို့ သဘောကျကြပလား (ကျပါပြီ ဘုရား)။

ကာမဘုံ ပယ်စွန့်ပြီးသားတရား

န အာဂစ္ဆတီတိ အနာဂါမီ။ အနာဂါမ်မြင်၊ အနာဂါမ်တည် ပြီးသား ပုဂ္ဂိုလ်သည် န အာဂစ္ဆတိ၊ ကာမဘုံ၌ မလာဘူး၊ သူက ရ,ထားတာကတော့ ကာမဘုံနဲ့ ထိုက်တန်တဲ့ တရားကို မဟုတ်ဘူး။ သူ ရ,ထားတာက ကာမဘုံပယ်စွန့်ပြီးသား တရားကို ရ,ထားတယ်။

ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြား၊ သားမယား အာရုံ အကုန် ချုပ်ငြိမ်းတဲ့မဂ် ရ, ထားတယ်လို့ ဆုံးဖြတ်ချက်ချပါ။

သူ့မှာ ဘာအပြစ်ရှိလို့တုံး

ဒါနဲ့ ဒကာမဟာ မနက်မိုးလင်းပဲ ပြောလိမ့်မယ် ထင်ပါရဲ့ ဆိုပြီး စောင့်နေတဲ့အခါ မနက်မိုးလင်းလည်းမပြော၊ ဒါနဲ့သူ ငိုကာ၊ ရယ်ကာနဲ့ သွားပြီး သူ့မှာဘာအပြစ်ရှိသတုံး ဆိုတဲ့ အမေးမျိုးသွား မေးလိုက်တယ်။

ဘာမှအပြစ်မရှိပါဘူးဆိုပြီး စကားပြောလိုက်တယ်၊ သင့် အား ငါ့မှာလည်း ကုဋေ(၄၀)ရှိတယ်၊ သင်က ပါလာတာလည်း ကုဋေ(၄၀)ရှိတယ်။

ဒီကုဋေ(၈၀)ကို အမကြီး အဖြစ်နဲ့ လည်းကောင်း၊ နှမ အဖြစ်နဲ့ လည်းကောင်း၊ အမေအဖြစ်နဲ့ လည်းကောင်း၊ ငါ့ကို ကျွေးချင်တာနဲ့ ကျွေး၊ စားနေတော့မယ်။ ဒီပစ္စည်း သင်အလိုရှိသလို သုံးတော့ ဆိုတော့ ကာမရာဂ ကုန်သွားပြီး အကုန်လွှဲလိုက်တဲ့ အဓိပ္ပာယ်။

အိမ်ထောင်ပြုချင်ရင် ခွင့်ပြုပါတယ်

နောက်တစ်ခါ ပြောပြန်တာက တကယ်လို့ ဒီလိုမှမပြု ချင်ဘူးဆိုလို့ရှိရင်လဲ နောက်အိမ်ထောင် အစရှိသည်ဖြင့် တည်ထောင်ချင်လို့ရှိရင် ခွင့်ပြုပါတယ်။

ဒီပစ္စည်းနဲ့ ဟိုဟာတွေယူကွာ ခွင့်ပြုတယ် ဆိုတော့ ကာမ ရာဂ အာရုံတွေ ကုန်တယ်ဆိုတာ ဦးသံဒိုင် မပေါ်သေးဘူးလား (ပေါ်ပါတယ်)၊ ပေါ်သွားပြီ (မှန်ပါ့)။

မဂ်သတ္တိထူးခြားပုံ

မဂ်သတ္တိကြီး ဘယ်လောက်ထူးတယ်ဆိုတဲ့ဥစ္စာ ကိလေသာ ကုန်လို့လားလို့ မေးတော့ ကာမကိလေသာ သာကုန်ပါတယ်။ တခြား ကိလေသာ ကျန်သေးတယ်လို့ မှတ်ရမယ်။

ဒါကြောင့် ကြိုးစားကြပါ၊ ကြိုးစားကြပါလို့ တိုက်တွန်း တာ၊ ဖြစ်ပျက် လုပ်နေတယ်၊ ဖြစ်ပျက် လုပ်နေသလောက် ကိလေသာ ပါးတာပဲ။ ဖြစ်ပျက် မုန်းနေတယ်။ မုန်းတာက ပိုပါးတယ်၊ ဖြစ်ပျက်ဆုံး လို့ရှိရင် ဆုံးသလောက် ပိုပါးတယ်။ အချည်းနှီးတော့ ဖြင့် ဘယ်တော့မှ မဖြစ်ဘူးဆိုတာ သေသေချာချာ မှတ်ပါ (မှန်ပါ)။

ဒီရန်သူတွေကိုတော့ဖြင့် ဝိပဿနာမဂ် ကလည်း နိုင်တာပဲ။ လောကုတ္တရာမဂ် ကတော့ဖြင့် ပိုနိုင်တယ်။ ဒီအလုပ်မှတစ်ပါး အားထားရာမရှိ , ဒါကြောင့် ဒီအလုပ်သည် ခင်ဗျားတို့ အိုဘေး၊ နာဘေး၊ သေဘေး တားတဲ့ အလုပ်ထဲမှာဖြင့် ဒီအလုပ်မှတစ်ပါး ရှင်းရှင်း လင်းလင်း ပျောက်တဲ့ဆေး မရှိဘူး ဆိုတာကို တရားပွဲတစ်ပွဲလုံး က ဆုံးဖြတ်ချက်ချရမယ် (မှန်ပါ)။

ဒီအလုပ်မှတစ်ပါး ကိုးစားရာ၊ အားထားရာ မရှိဘူးဆိုတာ လည်း ဆုံးဖြတ်ချက်ချပါ (မှန်ပါ)။

သောတာပန်တည်တယ်ဆိုရင် အပါယ်ပဋိစ္စသမုပ္ပါဒ် ဖြတ်တယ်။ သကဒါဂါမ် တည်တယ်ဆိုရင် ယုတ်ယင်းတဲ့ ကာမ ဘုံကဖြစ်တဲ့ လောဘ ဒေါသတွေ ပါးသွားတာပဲ။

အနာဂါမ်တည်တယ်ဆိုရင် ကာမဘုံမှာရှိတဲ့ လောဘ၊ ဒေါသ၊ မောဟ ကုန်သွားတာပဲဆိုတော့ မောင်သစ် မလုပ်ထိုက် ဘူးလား (လုပ်ထိုက်ပါတယ် ဘုရား)။ ဒါတွေကြောင့် ဆင်းရဲ နေကြတာကိုးဗျ (မှန်ပါ)။

ဒါတွေကြောင့် ဆင်းရဲနေကြတာ၊ ဆင်းရဲကြောင်းကို သေသေချာချာ ဒါတွေ သမုဒယသစ္စာ ရှိနေရင် ဒုက္ခသစ္စာက လာဦးမှာပဲ။

အဲဒါတွေသိပြီးသားဖြစ်နေတော့ ဪ ဒီအလုပ်မှ တစ်ပါး တို့ ကယ်မည့် ကူမည့်လူတော့ မရှိပါကလား ဆိုတာကို ဆုံးဖြတ်ချက်ချပြီး မှတ်ရမယ်။

ယုတ်စွအဆုံး ဝိပဿနာမဂ်တောင် အတော်ခရီးပေါက် တယ်ဆိုတာ မှတ်လိုက်စမ်းပါ။

ကိုင်း ဒါနဲ့ပဲ အိမ်ထောင်ပြုချင်လည်းပြုတော့၊ ခွင့် ကောင်းကောင်းပြုပါတယ်ဆိုပြီး ပြောလိုက်တော့၊ ဪ ဒါဖြင့် ရိပ်မိသွားတယ်။

ဘယ့်နှယ်ကြောင့် ဒီအကြောင်းပြောတယ်ဆိုတာ ရိပ်မိ သွားတော့ လောကုတ္တရာတရား ရလို့လို့ တွေးလိုက်တယ်။

ဒါဖြင့် လောကုတ္တရာတရားကို ယောက်ျားသာ ရနိုင် သလား၊ မိန်းမများကော မရနိုင်ဘူးလား၊ ဒကာမက လှမ်းမေး လိုက်တယ်။

ယောက်ျား မိန်းမ,မရွေးဘူး ရနိုင်တယ်

ဟာ ဒါကတော့ အားထုတ်တဲ့လူ မှန်လို့ရှိရင် ယောက်ျား၊ မိန်းမ မရွေးပါဘူး၊ ဒီမဂ်နဲ့ ဖိုလ်နဲ့ဆိုတာ ရနိုင်တာချည်းပဲ ပြော လိုက်တယ်။

သူလည်း ဒီအလုပ် လုပ်ချင်တယ်၊ သူလည်း ဒီအလုပ် လုပ်ချင်တယ် ဖြစ်ပြီးလာတော့၊ ဟာ ဒီလိုလုပ်ချင်တယ်ဆိုလို့ ရှိရင်ဖြင့် ဒီအကြောင်း သူကမျှော်လင့်နေတာ၊ ဒီအသံထွက်လာ တယ် ဆိုတော့ သိပ်ဝမ်းသာတယ် ဆိုပြီး သကာလ ဗိမ္ဗိသာရမင်းဆီ သွားပြီး မနေ့ကပြောသလို ရွှေထမ်းစင် သွားငှားတယ်။

ဘိက္ခုနီမ ဝတ်တယ်

ဘုရားကျောင်းတော်သွားဖို့ ကိုလည်း လမ်းရှင်းပေးရန် ရှင်ဘုရင်ဆီမှာပဲ ခွင့်ယူပြီး သကာလ ရှင်ဘုရင်က လမ်းရှင်းပေးဖို့ ရန်က ငါ့တာဝန်ပါကွာ၊ ရွှေထမ်းစင်ကိုလည်း မင်းယူသွားကွာ ဆိုပြီး ပေးလိုက်တော့ ရွှေထမ်းစင်နဲ့ ထမ်းပြီး ဘိက္ခုနီမ ကျောင်း သွားကြတယ်။

သွားပြီး သကာလ ဟိုက ဘိက္ခုနီမတွေက စစ်ဆေးသေး တာပေါ့ ၊ အကြင်လင်မယား မမျှလို့ ဒီလိုဖြစ်လာတာလား၊ သို့ မဟုတ် မျှကြပါရဲ့လားလို့ မေးတဲ့အခါကျတော့ ယောက်ျားက သဒ္ဓါသက်သက်ပါ၊ ဒီဥစ္စာ ဘာမှမပါပါဘူးလို့ ပြောလိုက်တယ်။

အဲဒီအခါကျမှ ဘိက္ခုနီမတွေက သုံးဆယ့်နှစ်ကောဋ္ဌာသ နှလုံးသွင်းပေးတယ်။ (၃၂)ကောဋ္ဌာသ ဆိုပြီး သကာလ (၃၂) ကောဋ္ဌာသ နှလုံးသွင်းခိုင်းတယ်၊ နှလုံးသွင်းပြီး ခေါင်းရိတ်။

တောထဲသွားကျင့်တယ်

ခေါင်းရိတ်ပြီး သကာလ ဘိက္ခုနီမကို အဝတ်လဲပေးတယ်။ လဲပေးလိုက်တော့ သူက အင်မတန်ချော၊ အင်မတန်လှတဲ့ ပုဂ္ဂိုလ် လည်းဖြစ်ပြန်၊ ပစ္စည်းကလည်း ရှိပြန်၊ မိတ်ဆွေ သင်္ဂဟကလည်း ပေါပြန် ဆိုတော့ ဆွမ်းခံသွားပြန်လည်း မအားရ၊ ကျောင်းနေ လည်း ဧည့်သည်က မပြတ်၊ လှူဒါန်းပေးကမ်းတာတွေကလည်း များလွန်းလို့၊ ဒါကြောင့် ဒီအလုပ် လုပ်လာတာ မဟုတ်ဘူး ဒီဟာတွေက အန္တရာယ်တွေပဲ ဆိုပြီး သကာလ ဘိက္ခုနီမ ဆရာကြီး တောင်းပန်ပြီး သကာလ တောထဲသွားတယ်။

ရဟန္တာမဖြစ်တယ်

မြို့ကြီးပြကြီးနဲ့ ဝေးတဲ့ တောထဲသွားလိုက်တယ်၊ တော ထဲသွားလို့ (၇)ရက် ရှိတဲ့ အခါကျလို့ရှိရင် ဖြစ်ပျက်တွေမြင်၊ ဖြစ် ပျက်တွေမုန်း၊ ဖြစ်ပျက်ဆုံး ဆိုတာ လေးခါလောက်ဖြစ်တော့ ရဟန္တာမ ဖြစ်တယ်။ (၇)ရက်နဲ့ပဲ ပြန်လာခဲ့တယ်။ ပြန်လာတော့ ဝိသာခသူဌေးက ဒကာမများဆိုတာ ဖြစ်လွယ်၊ ပျက်လွယ်တယ်။ အိမ်ပဲ ပြန်လွမ်းလို့ ပြန်လာတယ်ထင်ပါရဲ့။

(၇)ရက်တည်းနဲ့ ပြန်လာတယ်၊ အဝေးလည်းသွားသေး တယ်၊ အခုပြန်လာတယ်၊ တရားရလာတာ သူလည်းမသိဘူး။

မသိတော့ ပြန်လာတဲ့အခါကျတော့ သူ့စိတ်ထဲမှာ ဒီအိမ် ပြန်လာလို့ရှိရင် ခက်ချေသေးရဲ့၊ မတော် ဘိက္ခုနီမ လူထွက် ဖြစ်နေ ရင် မလွယ်ဘူး၊ ရှက်စရာကြီး၊ အနယ်နယ်က သိပြီးသား၊ သွားဦး မှ ဖြစ်မယ်။

သွားဦးမှဖြစ်မယ် ဆိုပြီး ဘိက္ခုနီမ ကျောင်းကိုသွားလိုက် တယ်။ သွားနေတဲ့အခါ ပညာရှိတို့ သဘောက မပျော်မွေ့လို့ ပြန်လာသလား ဆိုပြီး မေးရမှာလည်း ပညာရှိသဘော မရောက် ဘူး။

ပစ္စည်းဥစ္စာတွေငဲ့လို့ ပြန်လာသလားလို့ မေးရမှာလည်း ပညာရှိသဘော မရောက်ဘူး။

ပညာရှိ သဘောနဲ့ မေးတယ်

ဒါဖြင့် ပညာရှိသဘောနဲ့ မေးမှပဲဆိုပြီး ပုစ္ဆာ စီစဉ်လိုက်ပါ တယ်။ သူက အနာဂါမ်ဆိုတော့ စီစဉ်တတ်ပြီးသား ဖြစ်နေတယ်။

ဒါနဲ့မေးလိုက်တယ်။ သက္ကာယ၊ သက္ကာယဆိုတာ ရှင်ဓမ္မဒိန္နာ ဘာခေါ်ပါသတုံးလို့ မေးလိုက်တယ်။ သက္ကာယတင် မေးတယ်။ ဒိဋ္ဌိမပါသေးဘူး။

သက္ကာယဆိုတာ ဘာကိုခေါ်သတုံး

အဲဒီတင် ဟိုက ဖြေလိုက်ပါတယ်။ သက္ကာယ ဆိုတာ ဥပါဒါနက္ခန္ဓာဆိုတဲ့ ခန္ဓာငါးပါးကို ဆိုပါတယ်။ လောကီခန္ဓာ ငါးပါးကို ဆိုပါတယ်။

အဲဒီ ခန္ဓာငါးပါး ပြောစမ်းပါဦးဆိုတော့ ရူပုပါဒါနက္ခန္ဓာ၊ ဝေဒနုပါဒါနက္ခန္ဓာ၊ သညုပါဒါနက္ခန္ဓာ၊ သင်္ခါရုပါဒါနက္ခန္ဓာ၊ ဝိညာဏပါဒါနက္ခန္ဓာ ဆိုတဲ့ လက်ရှိခန္ဓာငါးပါးကို ဆိုပါတယ်လို့ သူက ဖြေလိုက်တယ်။

မယုံသေးဘူး ဟိုက ဖြေတော့တာပဲ၊ ပင်ငြား သော်လည်း ဒါ စာသိနဲ့ ဖြေနေရင်လည်း ခက်သားပဲ။ စာသိ လည်း သူကမကြိုက်ဘူး၊ ဉာဏ်သိကိုကြိုက်တယ်။ စာကျက် ထားရတာကိုး။ ကိုယ်ရင်ကလေးက အစ စာကျက်ထားရင် ရပါ တယ်။

ဒါနဲ့ သူ့စိတ်ထဲ မကျေနပ်တာနဲ့၊ ဪ သာဓု၊ သာဓု၊ သက္ကာယတော့ဖြင့် ဖြေတတ်ပြီ ဆိုတော့၊ သူဖြေတတ်တာ အရေး မကြီးပါဘူး၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက အရေးကြီးပါတယ်။

သက္ကာယဆိုတာ ခန္ဓာငါးပါးသာမှတ်ပါ

ဘုန်းကြီးတို့ ဒကာ ဒကာမတွေက သက္ကာယဆိုတဲ့ဥစ္စာ အခု ခန္ဓာငါးပါးသာ မှတ်လိုက်ပါ။

အခုရှိနေတဲ့ ခန္ဓာငါးပါးကို ဘာခေါ်ကြမယ် (သက္ကာယ ပါ ဘုရား)၊ သက္ကာယလို့သာ ခေါ်လိုက်ပါတော့။

ကောင်းပြီ အခု ခန္ဓာငါးပါးဟာ သက္ကာယဆိုတော့ ဒကာ ဒကာမတွေလည်း သိပါပြီ။

‘‘သန္တာ ကာယော သက္ကာယော၊’’ သန္တာ-ပရမတ္ထဖြင့် ထင်ရှားရှိနေသော၊ ကာယော-ရုပ်နာမ် အစုအပေါင်းသည်၊ သက္ကာယော-ထင်ရှားရှိနေတဲ့ ရုပ်နာမ်အစု အပေါင်းကို သက္ကာယလို့ ခေါ်ပါသည်။

သာဓု၊ သာဓု၊ သက္ကာယသိလို့ ဝမ်းမြောက်တယ်၊ သူ့ ခင်ပွန်းသည်က သက္ကာယတော့ သိပြီ၊ သက္ကာယဖြစ်ကြောင်းလေး ပြောစမ်းပါဦးလို့မေးတယ်။ သက္ကာယတော့ သိပြီတဲ့၊ သက္ကာယ ဖြစ်ကြောင်းလေး ပြောစမ်းပါဦး။

သက္ကာယဖြစ်ကြောင်း ပြောစမ်းပါဦး

အို သက္ကာယဖြစ်ကြောင်းဆိုတာ တခြားမဟုတ်ပါဘူး တဲ့ သက္ကာယဆိုတဲ့ဥစ္စာ၊ ဆုတောင်း တဏှာက လာတာပါ။

‘‘ယာယံတရာ ပေါနောဗ္ဘဝိကာ နန္ဒီရာဂသဟဂတာ တတြတတြာဘိနန္ဒိနီ၊

သေယျထိဒံ ကာမတဏှာ ဘဝတဏှာ ဝိဘဝတဏှာ။

ဒါကို ဟိုကပြောလိုက်တယ်။ သက္ကာယဖြစ်ကြောင်းဆို တဲ့ ရုပ်နာမ်ဖြစ်ကြောင်းဟာ တဏှာက လာတာပါ၊ ဒါဟာ သက္ကာယဖြစ်ကြောင်းဟာ တခြားအကြောင်း မရှိပါဘူး၊ တဏှာက လာတာပါ။

ဒကာ ဒကာမတို့ ခန္ဓာကိုယ်ကြီးက သက္ကာယနော်၊ သူ ဘယ်ကလာတာလဲ (တဏှာက လာတာ)။ တဏှာကလာတာ၊ ဟုတ်တယ်။

တဏှာသည် သက္ကာယဖြစ်ကြောင်း

ဒီတဏှာ ဘယ်ကလာတာတုံးလို့ မေးတဲ့အခါ ဒီတဏှာ သည်ကားလို့ ဆိုလို့ရှိရင် သက္ကာယခန္ဓာ ဖြစ်ကြောင်း ဆိုတဲ့ဥစ္စာ သူဖြေလိုက်တယ်။ ဓမ္မဒိန္နာ ရဟန္တာမက ဖြေလိုက်တယ်။ ဟုတ်တယ်တဲ့။။

သူဖြေပေမယ့် ကိုယ့်ဉာဏ်ထဲ သဘောကျဖို့ ဒီ ဒကာ၊ ဒကာမတွေက လိုတယ်။ ဒီလို လိုတဲ့အခါကျတော့ စဉ်းစားကြည့် တာပေါ့တဲ့။ တဏှာ၊ ဥပါဒါန်၊ ကံ မရှိဘဲနဲ့ ခန္ဓာမပေါ် ပါဘူး (မပေါ်ပါ ဘုရား)။ တဏှာ၊ ဥပါဒါန်၊ ကံမရှိဘဲနဲ့ (ခန္ဓာမပေါ်ပါဘူး ဘုရား)။

ဒါဖြင့် ဒီအထဲမှာ ကံဆိုတာသည် ဥပါဒါန်လက်အောက် က၊ ဥပါဒါန်ဆိုတာလည်း တဏှာ လက်အောက်က ဪ သူ လက်သည်ပဲ၊ တဏှာ၊ ဥပါဒါန်၊ ကံတို့ကြောင့် ခန္ဓာပေါ်လာတာ ဆိုတော့ အရင်းကျကျရှာလိုက်တော့ တဏှာပဲတွေ့တယ်။ တဏှာမသေသရွေ့ ခန္ဓာရှိနေမယ်။

အရင်းကျကျရှာတော့ (တဏှာပဲ တွေ့ပါတယ် ဘုရား)။ ဒါဖြင့် ဒီတဏှာမသေသရွေ့၊ ခင်ဗျားတို့မှာ သက္ကာယခန္ဓာကြီးက ရှိနေမှာပဲ (ရှိနေမှာပါ)။ ဒီတဏှာမသေသရွေ့ (သက္ကာယခန္ဓာ ကြီးဟာ ရှိနေမှာပါ ဘုရား)။ သက္ကာယခန္ဓာကြီးဟာ ရှိနေလိမ့်မယ် ဆိုတာ မှတ်ထားပါနော်။

ဒီခန္ဓာကြီး ရှိလို့ရှိရင်ဖြင့် အိုဘေး၊ နာဘေး၊ သေဘေးဟာ ဖြင့် သူ့အထဲက ပါပြီးသား ဖြစ်နေတယ်၊ မပါဘူးလား (ပါပါ တယ်)။ အိုတတ်တဲ့ တရားက သူ့အထဲ ဇရာကပါတယ်၊ နာတတ် တဲ့ တရားတွေကဖြင့် သူ့အထဲအပြည့်ပါတယ်၊ သေတတ်တဲ့ တရားတွေက ဓာတ်လေးပါးတွေက သူ့မှာ ပါတယ်။ မပါဘူးလား (ပါပါတယ်)။။

ဒါ ဘယ်သူတည်ထောင်လိုက်တာတုံး၊ ဘယ်သူကဖြစ်စေ တာတုံးလို့ မေးတော့ ဘယ့်နှယ် ဖြေကြမလဲ (တဏှာက ဖြစ်စေတာ)။ တဏှာကဖြစ်စေတယ်တဲ့၊ ဟုတ်သားပဲ။

ဘဝဖြစ်စေတတ်တဲ့ တဏှာ

ဒကာ ဒကာမတွေ ခန္ဓာကိုယ်ကြီးဟာ ဘယ်သူကဖြစ်စေ တယ်ဆိုတာ ဘုံဘဝ တပ်မက်တယ် ဆိုတဲ့ တဏှာက ဖြစ်စေတာ။ ဘဝတပ်မက်တဲ့ တဏှာက ဖြစ်စေတာ၊ ရှင်းပလား (ရှင်းပါပြီ)။

ဘယ်သူကဖြစ်စေတာလဲ (တဏှာကဖြစ်စေတာပါ)။ အေး ဘဝဖြစ်စေတတ်တဲ့ တဏှာက ဖြစ်စေတယ်။ တဏှာက ဖြစ်တော့ ခင်ဗျားတို့ အခု တရားနာတဲ့ ပုဂ္ဂိုလ်တွေရော၊ ဘယ်လို များ နေကြရသတုံးဆိုတော့ မပြောပါနဲ့တော့ဘုရား။ အိုဘေး၊ နာဘေး၊ သေဘေးတွေနဲ့ မင်းဘေး၊ စိုးဘေး၊ သူခိုးဘေးတွေနဲ့ အကုန်အဝိုင်းခံနေရတယ်။ သက္ကာယက ဝိုင်းကြတာ။။

ဒီသက္ကာယထဲမှာ ဒါတွေ အပြည့်အစုံရှိတယ်လို့ ဆုံးဖြတ် ချက်ချပါ။ သက္ကာယထဲမှာ (ဒါတွေ အပြည့်အစုံ ရှိပါတယ် ဘုရား)။ အိုဘေး၊ နာဘေး၊ သေဘေး၊ မင်းဘေး၊ စိုးဘေး၊ သူခိုးဘေး၊ အဲဒီတော့ မှတ်ထားလိုက်ကြပါ။ အညံ့ရှိလို့ ယင်အုံတယ် (မှန်ပါ့)။

အညှီရှိလို့ ယင်အုံတာ

ဘယ်လိုမှတ်ကြမလဲ (အညှီရှိလို့ ယင်အုံတာပါ ဘုရား)။ သက္ကာယရှိလို့ ခုနက ဆေးတွေရတာ (မှန်ပါ့)၊ သက္ကာယ သာ မရှိဘူးဆိုရင် (ဘေးတွေ မလာပါ ဘုရား)။ ဘေးမလာဘူး ဆိုတာ သေချာကြပလား (သေချာပါတယ် ဘုရား)။

သက္ကာယရှိပြီး သကာလ နေတော့ ခင်ဗျားတို့ လေတိုက် ပြန်လည်း လေဘေးသင့်တယ်၊ နေပူပြန်တော့ (နေပူဘေး သင့် ပါတယ်)။ အင်း အပူဘေးသင့်တာပဲ၊ အေးပြန်တော့ကော အေးဘေးသင့်တာပဲ ဆိုတဲ့ ဥစ္စာ၊ သက္ကာယရှိနေလို့ ဖြစ်ရတာ၊ ရှင်းပလား (ရှင်းပါပြီ)။

ကောင်းပြီ၊ ဒီသက္ကာယကို သူဖြစ်စေတဲ့တရားက အယုတ္တမာ တရားဖြစ်နေတော့၊ အယုတ္တမာ အထည်ပဲပေါ်တာပဲ (ပေါ်ပါ တယ် ဘုရား)။ ဘယ်လိုမှတ်ကြမလဲ (အယုတ္တမာ အထည်ပဲ ပေါ် ပါတယ်)။ ဒါပဲ ပေါ်ရမယ်။

သူဖြစ်စေတဲ့ အကြောင်းက တဏှာကိုး၊ တဏှာက ဖြစ် စေတယ်ဆိုတော့ သူတို့က အယုတ္တမာတရား (မှန်ပါ့)၊ အယုတ္တမာ တရားဖြစ်နေတော့ကို ခင်ဗျားတို့မှတ်လိုက်၊ အယုတ္တမာ အကျိုးပေးပဲ သူကဖန်ဆင်းတတ်တယ် (မှန်ပါ့)။ လုပ်တတ်တယ်၊ ကျေးဇူး ပြုတ်ကတ်တယ်။ သဘောပါပလား (ပါပါပြီ)။

တဏှာမချုပ်သရွေ့ သက္ကာယမချုပ်

ဪ ဒါဖြင့် သူမချုပ်သရွေ့ သက္ကာယမချုပ်ဘူး (မှန်ပါ့)၊ တဏှာမချုပ်သရွေ့ (သက္ကာယ မချုပ်ပါ ဘုရား)။

ဒါကြောင့် ခင်ဗျားတို့ အလုပ်လုပ်ကြပါ၊ အလုပ်လုပ်ကြ ပါဆိုတာက သက္ကာယအပြစ် မြင်လို့ရှိရင်ဖြင့် သက္ကာယဖြစ်ကြောင်းဟာ ခင်ဗျားတို့ သန္တာန်မှာ ဝမ်းထဲမှာ နောက်က ဖြစ်ကြောင်းတော့ မချုပ်ဘူးထား၊ အခု ဝမ်းထဲရှိတဲ့ သမုဒယကတော့ ဖြစ်ပျက်မြင်တဲ့ဉာဏ်က ချုပ်စေတာပဲ (မှန်ပါ့)။

တဒင်္ဂအားဖြင့် ချုပ်စေတာပဲ၊ ချုပ်စေတော့ကို ဪ ဒါဖြင့် ဒီဟာ အားကိုးရာပါလား၊ အားထားရာ ပါလားလို့၊ သက္ကာယ ဖြစ်တဲ့ ခန္ဓာကြီး၏ ဖြစ်ပျက်ဒုက္ခသစ္စာကို မြင်လို့ရှိရင်ဖြင့် တို့သည် ကားလို့ ဆိုလို့ရှိရင်ဖြင့် သက္ကာယနယ်က လွန်မြောက်မှာပဲ။ ရှင်းပလား (ရှင်းပါပြီ)။။

သစ္စာဖွဲ့ရင် ဒုက္ခသစ္စာ

သက္ကာယနယ်က လွန်မြောက်ချင်လို့ရှိရင် သက္ကာယ ဆိုတာ နာမည်သက္ကာယ၊ သစ္စာဖွဲ့ရင် ဒုက္ခသစ္စာ၊ ရှင်းပြီလား (ရှင်းပါပြီ)။ ဒီဒုက္ခသစ္စာကို မြင်လို့ရှိရင်ဖြင့်တဲ့၊ ခင်ဗျားတို့ သမုဒယသစ္စာဟာ ပါးရမှာပါပဲ။ မပါးရပေဘူးလား (ပါပါတယ်)။

အဲ သမုဒယသစ္စာ ပါးတယ်ဆိုရင်ဖြင့် ခင်ဗျားတို့ ဘာမှ မပူနဲ့၊ ဒုက္ခနည်းသွားတော့မှာပဲ (မှန်ပါ့ ဘုရား)၊ ခင်ဗျားတို့ ဒိပြင် ဟာ မကြည့်ပါနဲ့၊ တစ်ယောက်ကိုတစ်ယောက် အလွန်ခင်လို့ရှိရင်၊ ဟိုတစ်ယောက်မှာ အကြောင်းထူးတစ်ခု၊ မလျော်တာတွေ့လို့ရှိရင် သူထိခိုက်တယ်၊ မထိခိုက်ဘူးလား (ထိခိုက်ပါတယ် ဘုရား)။

ဒါ အလွန်ခင်လို့ရှိရင် အလွန်ထိခိုက်တာပဲ၊ နည်းနည်းခင် လို့ရှိရင် (နည်းနည်းထိခိုက်တာပဲ)။ အလတ်စားခင်ရင် (အလတ်စားထိခိုက်ပါတယ်)။ အဲဒီထဲက ဪ သက္ကာယဖြစ်ကြောင်း၊ သမုဒယသစ္စာကြောင့်။ ဟိုမှာ သက္ကာယက ဖောက်ပြန် လို့ရှိရင် သမုဒယကလည်း အမျိုးမျိုး၊ တဏှာ၊ ဥပါဒါန်၊ ကံ၊ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ မလာဘူးလား (လာပါ တယ်)။

အဲဒါ ဘယ်ကလာတာတုံးလို့ မေးလို့ရှိရင်ဖြင့် သက္ကာယ ရှိလို့ သက္ကာယဖြစ်ကြောင်းကို ခင်ဗျားတို့ ကလည်း မပယ်နိုင်တဲ့ အတွက် သက္ကာယမှာ ဖောက်ပြန်သွားတဲ့အခါ ခင်ဗျားတို့မှာ တဏှာ တင်မကဘူး၊ သောက၊ ပရိဒေဝတွေပါလာတော့တာပဲ (မှန်ပါ)၊ မလာဘူးလား (လာပါတယ်)။ ဒါသဘောကျပလား (ကျပါပြီ)။

ကောင်းပြီ၊ ဒါဖြင့် သက္ကာယဖြစ်ကြောင်းတော့ သိပြီ ဆိုတော့ ဝိသာခ,က ကျေနပ်ပါတယ်တဲ့၊ သူကလည်း သိပြီးသားကိုး။

နောက် ဆက်မေးပြန်တယ်။ ဓမ္မဒိန္နာ သက္ကာယချုပ်ရာ ပြောစမ်းပါ။

သက္ကာယချုပ်ကြောင်း ပြောစမ်းပါ

အိုး သက္ကာယချုပ်ဆိုတာ တခြားမဟုတ်ပါဘူး၊ ဒီအထည် ကြီး လိုရင်းမဟုတ်ပါဘူး။ သူ့ဒကာမက ရှင်းတယ်၊ တဏှာချုပ် ရင် ချုပ်တာပါပဲ။ တဏှာချုပ်ရင် သက္ကာယ (ချုပ်ပါတယ်)။

ဒါဖြင့် ဒကာ ဒကာမတွေ၊ သူမချုပ်သရွေ့ ခန္ဓာမချုပ်ဘူး (မှန်ပါ)။ သူချုပ်ရင် (ခန္ဓာချုပ်ပါတယ် ဘုရား)။ ခန္ဓာချုပ်တယ် ဆိုတော့ ဪ သူ လက်သည်ပါလား၊ အိုဘေး၊ နာဘေး၊ သေဘေး တည်ထောင်တဲ့ သမုဒယချုပ်လိုက်လို့ရှိရင် သက္ကာယပါ ပြုတ်သွားတဲ့အတွက် အိုဘေး၊ နာဘေး၊ သေဘေးပါ ပျောက်တယ် (မှန်ပါ)။

သမုဒယချုပ်လို့ ဒုက္ခချုပ်တာ

ကိုင်း-တိုတိုမှတ်လိုက်တော့ သမုဒယချုပ်လို့ ဒုက္ခချုပ် တာပါ (မှန်ပါ)၊ ဘယ်နှယ်ဆိုကြမယ် (သမုဒယ ချုပ်လို့ ဒုက္ခ ချုပ်တာပါ)။

ကောင်းပြီ၊ ဒါဖြင့် အဲဒီဟာလေး မှတ်လိုက်စမ်းပါ။

တဏှာနိရောဓော နိဗ္ဗာနံ-

ဆိုတာ ပေါ်လာတယ်၊ တဏှာ နိရောဓော နိဗ္ဗာနံ ဆိုတာ ပေါ်လာတယ် (မှန်ပါ)၊ တဏှာချုပ်ရင် (ခန္ဓာက ချုပ်ပါတယ် ဘုရား)၊ ခန္ဓာက ချုပ်သွားတယ်။

တစ်နည်း ခန္ဓာရှိပါစေ၊ ဘုရားမှာ ခန္ဓာကြီးနဲ့ တရား လည်ဟောနေတယ်၊ မဟောဘူးလား (ဟောပါတယ်)။ သို့သော် တဏှာချုပ်တဲ့အတွက် သူသည် ကိလေသာချုပ်ငြိမ်းတဲ့ နိဗ္ဗာန် သူရောက်နေပြီ (မှန်ပါ)။

ကိလေသမာရ်

ခန္ဓာချုပ်ငြိမ်းတဲ့ နိဗ္ဗာန်တော့ သူမရောက်သေးဘူး၊ ရှင်းပြီ လား (ရှင်းပါပြီ)။ ကိလေသာ ချုပ်ငြိမ်းတဲ့ နိဗ္ဗာန်တော့ (ရောက် နေပါပြီ ဘုရား)။ ခန္ဓာချုပ်ငြိမ်းတဲ့ နိဗ္ဗာန်တော့ (မရောက်သေးပါ ဘုရား)။

ဒါကိုသာ မှတ်ကြပါတဲ့၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီး သည် ကိလေသမာရ်ကိုသာ အောင်၍ ခန္ဓာမာရ် မအောင်သေးဘူး။ ပရိနိဗ္ဗာန်မစံရသေးတော့ ကိလေသမာရ်တော့ (အောင်ပါတယ် ဘုရား)။ အောင်ပြီ၊ ဗောဓိပင်နဲ့ ရွှေပလ္လင်ကတည်းက အောင်ခဲ့ပြီ၊ အဲဒီမှာ မဂ်လေးတန်နဲ့ ဖြတ်ချတယ်။

ခန္ဓမာရ်ကတော့ သူ့ကို ဆွမ်းကျွေးရတယ်၊ တော်ကြာ ကျောက်မောင်းဆင်ချမည့်လူနဲ့၊ အဆဲခံရတာနဲ့ မရှိဘူးလား (ရှိပါတယ်)။ ဘုရားမှာ လေနာထလို့ ထန်းလျက်ရည်အိုးတွေနဲ့ ပုဏ္ဏားတွေက လှူရတဲ့ကိစ္စတွေ မရှိဘူးလား ရှိပါတယ်။

အဲဒါဘယ့်နှယ်ကြောင့်တုံးလို့မေးရင် မောင်သစ်ဘယ့်နှယ် ဖြေမလဲ (ခန္ဓမာရ် မအောင်သေးလို့ပါ) ဦးသံဒိုင် ဘယ့်နှယ် မလဲ (ခန္ဓမာရ် မအောင်သေးလို့ပါ)။

မာရ်ငါးပါးကို အောင်တော်မူတယ်

အဲဒီတော့ ခင်ဗျားတို့က မသိတဲ့ပုဂ္ဂိုလ်တွေက ဘုရားမာရ် ငါးပါးအောင်တာပဲဆိုတော့၊ မသေခင်အောင်တဲ့မာရ်နဲ့၊ သေမှ အောင်တဲ့မာရ်နဲ့ မကွဲဘဲဖြစ်နေတယ်။

ဒေဝပုတ္တမာရ်

မသေခင်အောင်တဲ့မာရ်နဲ့ (သေမှအောင်တဲ့မာရ်) ၊ သေမှ အောင်တဲ့မာရ်နဲ့ ၊ ခန္ဓမာရ်နဲ့ ၊ မစ္စုမာရ်ကို ပရိနိဗ္ဗာန်စံပြီးမှ အောင် တယ်၊ ကျန်တဲ့ ကိလေသမာရ်နဲ့ ဒေဝပုတ္တမာရ်တို့ မာရ်နတ်ကြီး နိုင်တဲ့ မာရ်တွေတော့ အောင်ပါတယ်။ အဲဒါတွေတော့ အောင်ပါတယ်တဲ့။

အဘိသင်္ခါရမာရ် ဆိုတော့ ဖြစ်လိုက်ပျက်လိုက်၊ ဖြစ်လိုက် ပျက်လိုက် သူတားမရဘူး၊ သူ့ခန္ဓာမှာ (မရပါ ဘုရား)၊ မရဘူး၊ အဲဒီမာရ်တွေတော့ သူမနိုင်သေးဘူး၊ ရှင်းပလား (ရှင်းပါပြီ)။

အဲ ဒါဖြင့် ခန္ဓမာရ်ရယ်၊ မစ္စုမာရ်ရယ်၊ အဘိသင်္ခါရ ပြုပြင် နေရတဲ့မာရ်ကို သူအောင်ပြီလား (မအောင်သေးပါ ဘုရား)။ ဒါဖြင့် နှစ်ပါးတင်အောင်တာ၊ သုံးပါးကျန်တယ်။

ဒါဖြင့် မာရ်ငါးပါးအောင်တော်မူသော ဘုရားလို့ဆိုတာ၊ သက်တော်ထင်ရှားရှိတုန်းလား၊ မရှိမှလားဆိုရင် ဘယ့်နှယ်ဖြေမ လဲ (မရှိလှပါ ဘုရား)။ မရှိမှ ငါးပါးစလုံးအောင်တယ်။

ရှိတော့ နှစ်ပါးတည်း၊ ကိလေသမာရ်နဲ့ ဒေဝပုတ္တမာရ်ပဲ အောင်တယ်နော် (မှန်ပါ)။ ကိလေသမာရ်နဲ့ ဒေဝပုတ္တမာရ်တို့ကို အောင်တယ်၊ သဘောကျပလား (ကျပါပြီ)။။

အဲဒါ ဘုန်းကြီးက ဟောတာ၊ မန္တလေးမှာ ဟောတော့ ပိုက်ကျုံးက ကိုဘိုးချစ်ကို ဦးသံဒိုင် သိလား မသိဘူး (သိပါ တယ်)၊ ဟာ မာရ်ငါးပါးအောင်တယ် ဆိုတာ၊ စာအုပ်တွေက အကုန် ရေးနေတာ၊ ဘုန်းကြီးက ဒါ မအောင်ပြန်ဘူးတဲ့၊ သူ့စိတ် ကန့်လန့်ဖြစ်နေပြီ။

အဲဒီတော့ စာအုပ်က ရှင်းနေတာကို ဘုန်းကြီးပြောတာကို သူမရှင်းဘူး၊ အဲဒါနဲ့ကို သူခက်နေတယ်၊ မယူတတ်ဘဲကိုး (မှန်ပါ)။

ခန္ဓမာရ်

ခန္ဓမာရ် အောင်လို့ရှိရင် သူ့ခန္ဓာကြီး သူဖြစ်ချင်သလို ဖြစ်ရ မှာပေါ့၊ လေနာ၊ ရင်နာ ထရပါ့မလား (မထရပါဘူး)၊ လေနာကော (မထရပါဘူး)၊ မထရဘူး။

မစ္စုမာရ်

မစ္စုမာရ်ဆိုတာ သေမင်းသူနိုင်ပြီလား (မနိုင်သေးပါ ဘူး)။ သေတတ်တဲ့တရားတွေ သူမနိုင်သေးလို့ မစ္စုမာရ်လည်း မအောင်သေးဘူး။

အဘိသင်္ခါရမာရ်

အဘိသင်္ခါရဆိုတာ ပြုပြင်နေရသေးတော့ သူ့ခန္ဓာ၊ ဆွမ်း အချိန်မှန်မှန် ကျွေးရတယ်၊ ရေလေးကို ချိုးပေးရတယ်၊ ရေနွေး လိုတဲ့အခါ ရေနွေး၊ ရေအေးလိုတဲ့အခါ ရေအေး၊ ပြုပြင်နေရသေး တာပဲ။

အဲဒီမာရ်တွေကို မအောင်သေးဘူးဆိုတာ၊ ကိုဘိုးချစ်က မကျေနပ်ဘူး၊ ခက်လိုက်တာမှ (မှန်ပါ)။

ပရိနိဗ္ဗာန်စံရင်တော့ကွာ၊ ငါးခုစလုံးပေါ့လို့၊ မစုံသေးရင် တော့ ဒီနှစ်ခုပဲ အောင်နိုင်သေးတယ်၊ ကျန်တဲ့ဥစ္စာ သူ့မှာ ဒီဝဋ် မကျွတ်သေးဘူးဆိုတာကို ကျက်ထားတဲ့ ဘုရားရှိခိုးနဲ့ပဲ မကျေနပ်ဘဲ ဖြစ်နေတော့ မတတ်နိုင်ဘူး။

ကိုင်း ဒါဖြင့်၊ သက္ကာယရှိနေသေးလို့ရှိရင်ဖြင့်တဲ့ ဒီမာရ် သုံးခုကျန်မှာပဲ၊ မဂ်လေးတန်တော့ ဘုရားရပြီးသား၊ ကိလေသ မာရ်ကို သူအောင်တယ်၊ ဒေဝပုတ္တမာရ်ကို သူအောင်တယ်၊ အောင် ပါတယ်တဲ့၊ ဒါက ဘာမှငြင်းစရာမလိုပါဘူး၊ ကဲ ဒါဖြင့် သဘောကျပြီလား (ကျပါပြီ)။

သက္ကာယချုပ်ကြောင်း

သက္ကာယချုပ်ကြောင်း အကျင့်ပြောစမ်းပါ၊ ခုနက သက္ကာယချုပ်ရာ ဆိုတော့ အခု တဏှာ ချုပ်ရင်ပြီးတာပဲ။ တဏှာချုပ်လို့ ရှိရင်ဖြင့် ဒီသယဟာ နောက်သက္ကာယ လာစရာလိုသေး သလား (မလိုပါဘူး ဘုရား)၊ မလိုတော့ဘူး။

ခန္ဓာရှိလျက်နဲ့ နိဗ္ဗာန်စံပြီ

တဏှာချုပ်ရင် နောက်သက္ကာယ လာစရာမရှိတော့ ခန္ဓာ ရှိလျက်နဲ့ ကိုယ်တော်ကြီး နိဗ္ဗာန်စံပြီလို့ ပြောလိုက်တယ်။

ခန္ဓာရှိငြားသော်လည်း နိဗ္ဗာန်ရောက်ပြီ၊ အာရုံပြုသော အားဖြင့်ရောက်တယ်။ သဘော ကျပြီလား (ကျပါပြီ)။ အာရုံပြု သောအားဖြင့် (ရောက်ပါတယ်)၊ အာရုံပြုသောအားဖြင့် ရောက် တယ်တဲ့။

ရောက်ပုံကို ဒကာ၊ ဒကာမတွေ ရှင်းပြပါဦးမယ်။ အာရုံ ပြုသောအားဖြင့်ရောက်တယ်ဆိုတာ၊ အခုလို တရားနာတာတွေက ဘုရားရှေ့မှာအများကြီး။ သူက သစ္စာလေးပါးတရား ဟောနေလို့ ရှိရင် ဒကာ၊ ဒကာမတွေမှာ ရှူ ရှိုက်၊ ရှူ ရှိုက်ဆိုတာ လူတိုင်း ရှိတယ်။

ရှူနေတုန်းလည်း အားစိုက်နေတယ်၊ ရှိုက်နေတုန်းလည်း အားစိုက်နေတယ်၊ ဒီအချိန်မှာ တရားမနာနိုင်ဘူး၊ ရှူရှိုက်တဲ့ကြား ထဲမှာ သူနိဗ္ဗာန်အာရုံပြုနေတယ်။

နိဗ္ဗာန်အာရုံပြုနိုင်တယ်

ဘယ်လောက်မြန်သလဲ၊ ရှူရှိုက်တဲ့ကြားထဲမှာ (နိဗ္ဗာန် အာရုံပြုနေတယ်)၊ နိဗ္ဗာန် အာရုံပြုနိုင်တယ် ဆိုတော့ ဪ သူ ခန္ဓာပင်ရှိငြားသော်လည်း နိဗ္ဗာန်ကိုတော့ သူရောက်နေပြီ။

ခန္ဓမာရ်သာ မအောင်သေးတာ နိဗ္ဗာန်တော့ (ရောက်နေ ပါပြီ)။ ရောက်နေပြီ၊ အာရုံပြုသော အားဖြင့် ရောက်နေပြီ။

သူက နည်းနည်းမှ အပင်ပန်းခံတာ မဟုတ်ဘူး၊ ဘုန်းကြီး တို့ကော၊ ခင်ဗျားတို့ကော၊ ရှူရှိုက်နေလည်း တောက်လျှောက် ပြောပြီပဲ၊ သူကတော့ မရဘူး၊ သူ့ဟာ အလကား အဖြစ်မခံနိုင်ဘူး၊ အဖြစ်မခံနိုင်ဘူးတဲ့။

ရှူတဲ့ ရှိုက်တဲ့ကြားမှာ ငါ တရားနဲ့မကွာနိုင်ဘူးကွာ၊ ရှု တုန်းမှာ မကွာနိုင်၊ ကြားထဲမှာ ငါဟောမယ် ဆိုပြီး ဟောလို့ရတယ်။

ဒီကြားထဲ ဘာလုပ်နေတုံးလို့ ကိုယ်တော်ကြီးမေးတော့ ဖြစ်ပျက်အာရုံပြုပြီး၊ ဖျတ်ဆို နိဗ္ဗာန်ဘက်ကူးသွားတယ်၊ သူလည်း ဖြစ်ပျက်ကစရတယ်၊ မှတ်မိကြပလား (မှတ်မိပါပြီ)။

နိဗ္ဗာန်တွေ့ချင်ရင် ဘယ်ကစရမလဲ

နိဗ္ဗာန်တွေ့ချင်လို့ရှိရင် ဘယ်ကစရမလဲ (ဖြစ်ပျက်က စရပါမယ် ဘုရား)၊ ဖြစ်ပျက် စရမှာပဲ၊ ဖြစ်ပျက်မြင်ပြီးတော့မှ မဂ်။ ဖြစ်ပျက်မြင်ပြီးတော့မှ ဖိုလ်က နိဗ္ဗာန်ကိုး၊ ရှင်းပလား (ရှင်းပါပြီ)။

ကောင်းပြီ၊ ဒါဖြင့် သဘောအားဖြင့်လည်း အတော်နား လည်ပါပြီတဲ့၊ သက္ကာယချုပ်ရာ အကျင့်လည်း ပြောစမ်းပါဦး၊ ရှင်ဓမ္မဒိန္နရ လို့ ဝိသာခ,က မေးတယ်။

အို မဂ္ဂင်ရှစ်ပါးပေါ့လို့ ဖြေလိုက်တယ်။ အဲဒီတော့ကို မဂ္ဂင်ရှစ်ပါးဟာ၊ သက္ကာယချုပ်ကြောင်း အကျင့်ဆိုတာ ဒကာ ဒကာမတွေ စွဲစွဲမြဲမြဲမှတ်ထားပါ (မှန်ပါ့)။ ခန္ဓာချုပ်ကြောင်း အကျင့်ပြောတာ၊ သဘောကျပလား (ကျပါပြီ)။

တစ်မဂ်ရပြီသားပုဂ္ဂိုလ်

မဂ္ဂင်ရှစ်ပါးနဲ့ ဖြစ်ပျက်ရှုနေတဲ့ဥစ္စာ၊ ဖြစ်ပျက်ရှုရင် မဂ္ဂင် ရှစ်ပါးနဲ့ ငါးပါးလာရမှာပဲ။ လောကုတ္တရာနဲ့ ရှုရင်ရှစ်ပါးလာရမှာ ပဲ၊ တစ်မဂ်ရပြီးသား ပုဂ္ဂိုလ်က ရှုလို့ရှိရင် ရှစ်ပါးနဲ့ ရှု။

တစ်မဂ်မှ မရသေးတဲ့ပုဂ္ဂိုလ်ကရှုရင် ငါးပါးနဲ့ရှု၊ သဘော ကျပလား (ကျပါပြီ)၊ တစ်မဂ်ရပြီးသား ပုဂ္ဂိုလ်ကရှုရင် (ရှစ်ပါး နဲ့ ရှုရမှာပါ ဘုရား)။ ရှစ်ပါးနဲ့ ဖြစ်ပျက်ကိုရှု။

တစ်မဂ်မှ မရသေးတဲ့ ပုဂ္ဂိုလ်

တစ်မဂ်မှ မရသေးတဲ့ ပုဂ္ဂိုလ်ကရှုရင် (ငါးပါးနဲ့ရှုရမယ်)၊ ငါးပါးနဲ့ရှုတယ်ဆိုတာ မှတ်ထား လိုက်တော့၊ ဪ ငါးပါးလည်း မဂ္ဂင်ပဲ၊ ရှစ်ပါးလည်း မဂ္ဂင်ပဲ။ သဘောကျပလား (ကျပါပြီ)။

အဲဒီတော့ ခင်ဗျားတို့လုပ်နေတဲ့ ဥစ္စာလည်း မဂ္ဂင်ပါပဲ။ မရသေးတဲ့ ပုဂ္ဂိုလ်အတွက်၊ ရပြီးသား ပုဂ္ဂိုလ် အတွက်မှာလည်း (မဂ္ဂင်ပါပဲ)။ ငါးပါးနဲ့ ရှစ်ပါးပဲကွာတယ် (မှန်ပါ)။

ရှစ်ပါးသမားက ဘာတိုးလာသလဲဆိုတော့ ခင်ဗျားတို့ သိပြီးသားဖြစ်နေတဲ့ သီလမဂ္ဂင် သုံးပါး တိုးလာတယ်။

သီလက ထွက်ဝင်ဖြစ်နေလို့

ငါးပါးသမားက သီလက ထွက်ဝင်ဖြစ်နေလို့၊ သမ္မာဝါစာ ဝင်လို့ရှိရင် သမ္မာကမ္မန္တ မဝင်လာ၊ သမ္မာကမ္မန္တက ဝင်လာလို့ရှိရင် သမ္မာအာဇီဝက မဝင်လာ၊ ဒါကြောင့် ခင်ဗျားတို့မှာကတော့ ငါးပါး နဲ့ ရှုနေရတယ်လို့ မှတ်ပါ။ သဘောကျပလား (ကျပါပြီ)။

ငါးပါးနဲ့ (ရှုနေရပါတယ်)၊ ရှုနေရပေမယ့် မဂ္ဂင်ပဲ။ ဘာကြောင့် မဂ္ဂင်ခေါ်ရသတုံး၊ ခင်ဗျားတို့ ရှုနေရင် အို ကိလေသာ တဒင်္ဂ သတ်နိုင်တယ် (မှန်ပါ ဘုရား)၊ ကိလေသာကို (တဒင်္ဂ သတ်နိုင်ပါတယ် ဘုရား)၊ တဒင်္ဂ ခင်ဗျားတို့ သတ်နိုင်တဲ့ အတွက်ကြောင့် မဂ္ဂင်ပဲ။

အေး ဒါဖြင့် ငါတို့လုပ်နေတဲ့ အလုပ်ဟာ ဘုရားလည်း ရှိမခိုးဘဲနဲ့၊ ဆွမ်းလည်းမကျွေးဘဲနဲ့၊ ဘာဆုမှလည်း မတောင်းဘဲနဲ့ ငါတို့ဖြစ်ပျက်ရှုနေတာဟာ နိဗ္ဗာန်ရောက်ကြောင်းလို့ မှတ်လိုက်ပါ (မှန်လှပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ)။

ဘာမှမလုပ်ဘဲနဲ့ ဒါဟာ ဖြစ်ပျက်မြင်နေတာနဲ့ ဘာရောက် ကြောင်းဖြစ်သွားသလဲ (နိဗ္ဗာန်ရောက်ကြောင်း ဖြစ်သွားပါတယ်)။

နိဗ္ဗာန်ရောက်ကြောင်း အကျင့်ပြောစမ်းပါ

ဝိသာခ, က, မေးလို့ ဓမ္မဒိန္ဒာက ဖြေတယ်။ သဘောကျပ လား (ကျပါပြီ)၊ နိဗ္ဗာန် ရောက်ကြောင်း အကျင့် ပြောစမ်းပါဦး ဆိုတော့ အို မဂ္ဂင်ရှစ်ပါးပေါ့ ဝိသာခရဲ့ လို့ သေသေချာချာ ဖြေတာ၊ နောက် ဘုရားက ထောက်ခံချက်ပေးမယ်။

ဘုရားက ထောက်ခံချက်ပေးမယ်၊ အဲဒါကြောင့် ဒီအလုပ် ကိုဖြင့် နိဗ္ဗာန်ရောက်ချင်တဲ့ ပုဂ္ဂိုလ်မှာဖြင့် ဒီအလုပ်မပါဘဲနဲ့ ရောက် လိမ့်မယ်လို့ မည်သူတစ်ဦးတစ်ယောက်မှ မယူကြနဲ့လို့ ဆရာ သမားက အတိအလင်း ဆုံးမတယ် (မှန်ပါ့ ဘုရား)၊ ဒီဟာတော့ ပါရမယ် (မှန်ပါ့)၊ ဒါတော့ (ပါရပါမယ် ဘုရား)၊ ဒါတော့ မပါ မဖြစ်ဘူး။

မဂ္ဂင်ရှစ်ပါး မပါရင်မဖြစ်

ဒါတော့ မပါမဖြစ်ဘူး၊ ဘယ်လိုပဲ ဒါန၊ သီလတွေက အကျိုးပေးပြီး သကာလ နေသည်ထားဦး၊ ဝင်ခါနည်းတော့ သူပါ ရမယ်၊ မပါရင်တော့ (မဖြစ်ဘူး)၊ မဖြစ်ဘူးဆိုတာကို အသေအချာ မှတ်ပါ။

အခုကြည့်စမ်း၊ ဝိသာခ,က လည်း အနာဂါမ်၊ အမေးခံရ တဲ့ ဓမ္မဒိန္ဒာ သူ့ခင်ပွန်းမကလည်း ဘိက္ခုနီမက ရဟန္တာ၊ ဘယ်သူ က ဖြေတာတုံးမေးတော့ (ရဟန္တာက ဖြေပါတယ်)။ ရဟန္တာက ဖြေတာ။ အနာဂါမ်လုပ်တဲ့ ပုဂ္ဂိုလ်ကတော့ သာဓု၊ သာဓု၊ သာဓု ခေါ်တယ်။

သူက သိပြီးသားပဲ၊ ဪ မဂ္ဂင်ရှစ်ပါးမှတစ်ပါး၊ နိဗ္ဗာန် ရောက်ကြောင်း တရားမရှိဘူးဆိုပြီး သာဓု ခေါ်လိုက်တယ်။ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ဟာ ဆရာနဲ့ မတွေ့ခင်တုန်းကတော့ အခုလို ကိုယ်ကြည်ညိုလေးစားတဲ့ ဆရာသမားနဲ့ မတွေ့ခင်၊ နားက မထောင်ခင်တုန်းကတော့ကို ခင်ဗျားတို့ အမျိုးမျိုးနဲ့ နိဗ္ဗာန် သွား လိမ့်မယ်လို့ အောက်မေ့ကြတယ် (အောက်မေ့ပါတယ် ဘုရား)။

သူဟာ အစစ်ပဲဆိုတာ ဆုံးဖြတ်ချက်ချပါ။ မဂ္ဂင်ရှစ်ပါး ဟာ (နိဗ္ဗာန်ရောက်ကြောင်းပါ ဘုရား)၊ နိဗ္ဗာန်ရောက်ကြောင်း အစစ်လို့မှတ်ပါ။

မဂ္ဂင်၏ အထောက်အပံ့တွေ

ဒိပြင်ဟာတွေကောဘုရား၊ ဒါန၊ သီလတွေ တပည့်တော် တို့ လုပ်နေတဲ့ ဝေယျာဝစ္စတွေ။ အို မဂ္ဂင်၏ အထောက်အပံ့တွေ ပေါ့၊ ရှင်းပြီလား (ရှင်းပါပြီ)၊ ဘယ်လိုဆိုကြမယ် (မဂ္ဂင်၏ အထောက်အပံ့ တွေပါ ဘုရား)။

မဂ္ဂင်၏ အထောက်အပံ့ သူတို့ကပေးတော့ ကျုပ်တို့ မှာတဲ့ မဂ္ဂင်ဟောတတ်တဲ့ ဆရာနဲ့တွေ့ပြီး၊ မဂ္ဂင်အလုပ် လုပ်တတ် တဲ့ ဉာဏ်တွေရတာပေါ့ (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။။

ဘုရားကိုယ်တော်တိုင် ဟောထားတာ

အေး ဒါကြောင့် တစ်နေ့ကလည်း နှစ်ပစ္စည်း ပြောတယ်၊ သူက ဥပနိဿယကွ၊ မဂ္ဂင်က မဂ္ဂပစ္စယောကွ၊ သူက ဥပနိဿယ ပစ္စယောကွ၊ ရှင်းပလား (ရှင်းပါပြီ)။

ဒါန၊ သီလ၊ သမထတွေက ဘာတဲ့ (ဥပနိဿယပစ္စ ယော)၊ မဂ္ဂင်ရှစ်ပါးကတော့ (မဂ္ဂပစ္စယော)၊ အဲ ဘုရားကိုယ် တော်တိုင်က နှစ်ပစ္စည်းဟောထားတယ်။

ဘုရားက ဘယ်နှပစ္စည်းဟောထားသလဲ (နှစ်ပစ္စည်း ဟောထားပါတယ် ဘုရား)၊ နိဗ္ဗာန်ရောက် နှစ်ပစ္စည်းဟောထား တယ်။ ဥပနိဿယ ပစ္စယောလည်း ပါရမယ်ကွ၊ မဂ္ဂပစ္စယော မပါရင်လည်း (မဖြစ်ပါ ဘုရား)၊ မဖြစ်ဘူးကွ၊ မပြီးဘူးကွ။

သူများပါးစပ် လမ်းဆုံးမနေနဲ့

ဒီလိုဟောထားတယ်ဆိုတော့ ခင်ဗျားတို့က ဒီလိုပါလား ဆိုတာ ကိုယ့်ဉာဏ်နဲ့ကိုယ် ဆုံးဖြတ်ချက်ချ၊ သူများပါးစပ် လမ်းဆုံး မနေနဲ့ (မှန်ပါ့)။

အခု နိဗ္ဗာန်ရောက်ကြောင်းအကျင့် ပြောစမ်းပါဆိုတော့ ဝိသာခ,က မေးလို့ ဓမ္မဒိန္ဒာ,က ဖြေလိုက်တာ၊ သမ္မာဒိဋ္ဌိ အစရှိသော မဂ္ဂင်ရှစ်ပါးပဲ၊ ရှင်းကြပလား (ရှင်းပါပြီ)။

ဒါဖြင့် နိဗ္ဗာန်ရောက်ကြောင်းတရား ဘယ်နှစ်ပါးရှိသလဲ (ရှစ်ပါးရှိပါတယ်)။ ရှစ်ပါးရှိတယ်ဆိုတာ သေသေချာချာ မှတ်ပါ။

သီလ၊ သမာဓိ၊ ပညာ

ရှစ်ပါးဟာ ဘာတုံး ဆိုတော့ သီလ၊ သမာဓိ၊ ပညာ, ခွဲလိုက်ပြန်တော့ ရှစ်ပါးဟာ ဘာတုံး (သီလ၊ သမာဓိ၊ ပညာ)၊ သီလ၊ သမာဓိ၊ ပညာကို ဆိုပါတယ်။ ရှစ်ပါးကို ပုံလိုက်လို့ရှိရင် နောက်တော့ ပုံပြပါမယ်။ ခုတော့ သူ့နည်းနဲ့၊ သူ့အဖြေက အဲဒါက နောက်ဆုံးပိတ်လောက်မှ သူကမေးတာ၊ အခုအချိန်မှာ သူ့ကို ရှင်းရှင်းလင်းလင်း မပြောသေးပါဘူး။

အခုတော့ ဒီရှစ်ပါးကို သုံးပုံ ပုံလိုက်လို့ရှိရင်ဖြင့် သီလ၊ သမာဓိ၊ ပညာပဲ ဖြစ်တယ်။ ရှင်းပလား (ရှင်းပါပြီ)။ ရှစ်ပါး သုံးပုံ ပုံလိုက်ရင် (သီလ၊ သမာဓိ၊ ပညာ)၊ သီလ၊ သမာဓိ၊ ပညာဆိုတာ ဖြစ်သွားတယ်။

ခေါင်းဆောင်က ပညာ

ဒါကြောင့် သီလလည်း နိဗ္ဗာန်ရောက်ကြောင်းဆိုတာ ဟောတယ်။ သမာဓိလည်း (နိဗ္ဗာန် ရောက်ကြောင်းပါ ဘုရား)၊ အဲ ပညာကော (နိဗ္ဗာန်ရောက်ကြောင်းပါ ဘုရား)။ သို့သော် ခေါင်းဆောင် အကြီးဆုံးကတော့ ပညာပဲ (မှန်ပါ့)။ ရှင်းပြီ (ရှင်း ပါပြီ)။

ခေါင်းဆောင်ကတော့ (ပညာပါ ဘုရား)၊ ပညာပဲလို့ သေသေချာချာ မှတ်ထားပါ။

ဒါဖြင့် ယနေ့ည ဒကာ ဒကာမတွေမှတ်ရတာက သက္ကာယလည်း သိပြီ၊ သက္ကာယ ဖြစ်ကြောင်း လည်း (သိပါပြီ)။ သက္ကာယချုပ်ကြောင်းလည်း (သိပါပြီ)၊ ချုပ်ရာအကျင့်ကော (သိပါပြီ)၊ သိပြီတဲ့၊ လေးခုသိသွားပြီ။

ဓမ္မဒိန္နာ,က ဖြေလို့ ဝိသာခ,က မေးလို့၊ ဒီဥစ္စာဟာဖြင့် တရားမှန်လို့ ဆုံးဖြတ်ချက်ချ (မှန်လှပါ ဘုရား)။

အဖြေသမားက ရဟန္တာ

အမေးသမားက အနာဂါမ်၊ အဖြေသမားက ရဟန္တာ ဆိုတော့ တိမ်းစရာ စောင်းစရာ ရှိသေးသလား (မရှိပါ ဘုရား)။ ကိုယ်တွေ့၊ သူတို့ကိုယ်တွေ့ ၊ သာဓုခေါ်နိုင်တဲ့ ပုဂ္ဂိုလ်ကလည်း သူ့ကိုယ်တွေ့ကိုခေါ်တာ၊ ပြောတဲ့ ပုဂ္ဂိုလ်ကလည်း သူ့ကိုယ်တွေ့ကို ပြောတာ။

ဒါကြောင့် ဒါ တိမ်းစရာ၊ စောင်းစရာမရှိတဲ့ တရားလို့ သေချာမှတ်ပါ (မှန်ပါ့)၊ သဘောပါပလား (ပါပါပြီ ဘုရား)။

ဥပါဒါနက္ခန္ဓာ ပြောစမ်းပါဦး

ဒါနဲ့ ဝိသာခက မကျေနပ်သေးဘူး၊ သူ့စိတ်ထဲမှာ မကျေ နပ်သေးဘူး၊ ဒါလောက်နဲ့ဆိုလို့ရှိရင် ဒိပြင်ပုစ္ဆာ မေးဦးမှပဲ၊ ဥပါဒါနက္ခန္ဓာ ပြောစမ်းပါဦး၊ သူထပ်မေးတယ်။

ဥပါဒါနက္ခန္ဓာဆိုတာ အခုလက်ရှိဖြစ်တဲ့ ဥပါဒါန်တရားတို့ ၏ အာရုံဖြစ်တဲ့ ခန္ဓာပေါ့လို့ သူဖြေလိုက်တယ်။ ဒါဖြင့် ရှင်ဓမ္မဒိန္န မေးပါရစေ။

ဥပါဒါန်နဲ့ ခန္ဓာနဲ့ဟာ တခြားစီလား၊ ဒီလိုလာပြန်တယ်၊ ဥပါဒါန်နဲ့ ခန္ဓာနဲ့ဟာ (တခြားစီလား) ဆိုတာ ကတော့ ဥပါဒါ နက္ခန္ဓာပဲ (မှန်ပါ့)၊ ဥပါဒါန်နဲ့ ခန္ဓာနဲ့ဟာ တခြားစီလား သို့မဟုတ် အတူတူ ပဲလား၊ ဒါလေး ရှင်းပေးပါ။ ဥပါဒါနံနဲ့ ခန္ဓာနဲ့ဟာ တခြားစီလား

ဥပါဒါန်နဲ့ ခန္ဓာနဲ့ဟာ တခြားစီလား၊ သို့မဟုတ် အတူတူ ပဲလား၊ အတူတူလည်း မဟုတ်ဘူး၊ တခြားစီလည်း မဟုတ်ဘူး၊ ရိပ်မိကြပလား (ရိပ်မိပါပြီ)။ အတူတူလည်း (မဟုတ်ပါဘူး)၊ တခြားစီလည်း (မဟုတ်ပါဘူး)၊ မဟုတ်ပါဘူး။

အတူတူဆိုရင်လည်း ရောနေမှာပဲ၊ တခြားစီလား ဆိုလို့ရှိ ရင်လည်း မဟုတ်ဘူးတဲ့၊ ဆိုတော့ ဒီအဖြေဟာ တော်တော်မခက် ဘူးလား (ခက်ပါတယ်)။ အတူတူလား မေးပြန်တော့၊ အတူတူ လည်းမဟုတ်ဘူး၊ တခြားစီလား မေးပြန်တော့ (မဟုတ်ပါဘူး)၊ တခြားစီလည်း မဟုတ်ဘူး။

ဆိုတော့ ဒီနေရာ ဒကာ ဒကာမတွေ ရှင်းဖို့ရန် ကြားဝင်ရ တယ်။ မဝင်ရင် မဖြစ်ပါဘူးတဲ့။။

ဥပါဒါနက္ခန္ဓာလို့ ဆိုထားတော့၊ သက္ကာယဟာ ဥပါဒါနက္ခန္ဓာပဲ။ အဲဒီ ဥပါဒါနက္ခန္ဓာမှာ ခင်ဗျားတို့ ခန္ဓာက သူ့ဟာသူနေ၊ သဘောကျပလား (ကျပါပြီ)။

ခန္ဓာက ဥပမာ သား၊ မယား၊ ခန္ဓာက သူ့ဟာသူနေ ၊ ဒီတော့ ဥပါဒါန်မရှိတဲ့ ပုဂ္ဂိုလ်ဆိုတော့ သူက သက္ကာယသာဖြစ် တယ်။ ဥပါဒါန်၏ အာရုံသာ ဖြစ်တယ်။ ဥပါဒါနက္ခန္ဓာ မဖြစ်ဘူး (မှန်လှပါ ဘုရား)။

အတူတူလား

ဒီကနေပြီး ဥပါဒါန်ကသွားပြီး ငြိမှ ဥပါဒါနက္ခန္ဓာ။ ဒါဖြင့် ဥပါဒါန် နဲ့ ခန္ဓာ ဆိုတာ အတူတူလားလို့ မေးတဲ့အခါကျလို့ရှိရင် နဂိုက ဒီတရားက တဏှာ၊ ဟိုတရားက ကျန်တဲ့ နာမက္ခန္ဓာ လေးပါး၊ ဒီခန္ဓာငါးပါး ရိပ်မိပလား (ရိပ်မိပါပြီ)။

ရူပက္ခန္ဓာနှင့်တကွ ခန္ဓာငါးပါးကိုး၊ ဟိုဘက်က ခန္ဓာငါးပါး၊ ဒီဘက်က တဏှာ၊ နှစ်ခုကြားထဲမှာ ဆက်မိမှ ဥပါဒါနက္ခန္ဓာ၊ မဆက်မိလို့ရှိရင် ဒါ ဥပါဒါနက္ခန္ဓာလို့ သွားမဆိုနဲ့တဲ့ (မှန်ပါ့)။ သဘောကျပလား (ကျပါပြီ)။။

အာရုံနဲ့ အာရမ္မဏိက

မဆက်မိရင် (ဥပါဒါနက္ခန္ဓာ မဟုတ်ပါဘူး၊ ဒါဖြင့် တခြားစီလားလို့ မေးလိုက်တဲ့ အခါကျတော့ လည်းတဲ့၊ တခြားစီ လည်း မဟုတ်ဘူးတဲ့၊ တွဲနေတယ်။ အာရုံနဲ့ အာရမ္မဏိက အားဖြင့် စပ်နေတယ်။ ရှင်းပြီနော် (ရှင်းပါပြီ)။

အာရုံနဲ့ အာရမ္မဏိကော (စပ်နေပါတယ်)၊ ဒီက အာရမ္မဏိက ဒီဝမ်းထဲက ဥပါဒါန်က အာရုံ၊ အာရုံ၊ အာရမ္မဏိကအားဖြင့် ဆက်တယ်။ တခြားစီလားလို့မေးတဲ့အခါကျတော့ ဆက်နေတယ် တဲ့။

တူသလားလို့ မေးတဲ့အခါကျတော့လည်း မတူဘူး၊ ဒီက တဏှာကို၊ ဒီက တဏှာကကြွင်းတဲ့ ရုပ်နာမ်ဆိုတော့ တခြားစီ မနေဘူးလား။

ဥပါဒါနက္ခန္ဓာ ဘယ်အချိန်ဖြစ်သတုံး

ကိုင်း-ဒါဖြင့် ဘယ်အချိန်မှ ဥပါဒါနက္ခန္ဓာ ဖြစ်သတုံးလို့ မေးဖို့မလိုဘူးလား (လိုပါတယ်)။

ဥပါဒါန်မပြုတ်တဲ့ ပုဂ္ဂိုလ်မှာ (ဝါ) တဏှာမပြုတ်တဲ့ ပုဂ္ဂိုလ်မှာ မိမိခန္ဓာကို ခြင်ကောင်း ယင်ကောင် ကိုက်စားတာတောင် မကျေနပ်ဘူး (မှန်ပါ့)၊ ဆက်နေတယ်။ မဆက်ဘူးလား (ဆက်ပါတယ်)။

ဘာဖြစ်လို့လဲ၊ ခြင်ကောင်၊ ယင်ကောင်တွေက သွေးတွေ စုပ်တာကို ခင်ဗျားတို့က နေပြီး သကာလ မောင်းရ၊ ရှင်းရသလဲလို့ မေးလို့ရှိရင်ဖြင့်တဲ့၊ ဒီတဏှာက ဒီခန္ဓာနဲ့ ဆက်သွယ်နေပါတယ် (မှန်ပါ့)။

ဆက်သွယ်နေတော့ ခြင်နဲ့ ခန္ဓာနဲ့ ဆက်သွယ်ပြီး သကာလ နေတော့၊ ခြင်နဲ့ခန္ဓာ ထိလို့ရှိရင် မခံနိုင်ဘူးဆိုကတည်းက ခြင်ကောင် က ဒီအထဲသွားနေပြီ၊ ခန္ဓာထဲ မသွားဘူးလား (သွားပါတယ်)။ ဒါဖြင့် ဒီခန္ဓာကို ဥပါဒါနက္ခန္ဓာ၊ ဥပါဒါန်တို့၏ တည်ရာခန္ဓာ၊ သဘောပါပလား (ပါပါတယ်)။

ဥပါဒါန်တို့၏ တည်ရာခန္ဓာ

ဘာတဲ့တုံး (ဥပါဒါန်တို့၏ တည်ရာခန္ဓာပါ ဘုရား)၊ ဥပါဒါန်တို့၏ တည်ရာခန္ဓာဆိုတာ သေချာပလား (သေချာပါပြီ)၊ ဒါဖြင့် ဥပါဒါန်နဲ့ ခန္ဓာနဲ့ဟာသည်တဲ့၊ ရောတဲ့ ပုဂ္ဂိုလ်လည်းရှိ တယ်၊ မရောတဲ့ ပုဂ္ဂိုလ်လည်းရှိတယ် (ရှိပါတယ် ဘုရား)။

အရိယာတွေကျတော့ (မရောပါဘူး ဘုရား)၊ မရောဘူး တဲ့။ ဘုရား၊ ရဟန္တာတို့ကျတော့ မရောတော့ဘူး၊ ခန္ဓာသာဆိုတာ ဥပါဒါနက္ခန္ဓာလို့ သွားမဆိုနဲ့၊ ခန္ဓာပဲ (မှန်ပါ့ ဘုရား)။ ရှင်းပလား

(ရှင်းပါပြီ ဘုရား)။

မှတ်ချက်။ ။အဘိဓမ္မာအလို ဥပါဒါနက္ခန္ဓာ သည် ဥပါဒါန်တရားတို့ကအာရုံပြုနိုင်သည့် လောကီစိတ် (၈၁)ပါး စေတသိက် (၅၂)ပါး ရုပ်(၂၈)ပါး တို့ကို အရကောက်ရပါသည်။

ဥပါဒါန်နဲ့သွားပြီး ငြိနေတယ်

ခင်ဗျားတို့၊ ကျုပ်တို့ကျတော့ အထိမခံ ရွှေပန်းကန်ဖြစ် နေတော့ ဥပါဒါန်နဲ့သွားပြီး ငြိနေတယ်၊ ဒီအထဲမှာရှိတဲ့ တဏှာ ဥပါဒါန်နဲ့ သွားမငြိဘူးလား (ငြိပါတယ် ဘုရား)။

ငြိတဲ့အခါကျတော့ ငြိတယ်၊ မငြိတယ် ဘာမျှမလုပ်နဲ့၊ သူမမာလို့ရှိရင် စိတ်ပျက်ပြီ။ သူမာလို့ရှိရင် (ဝမ်းသာပါတယ်)။ ဒါဆက်နေတယ် (မှန်ပါ့ ဘုရား)။။

ဝမ်းသာတဲ့ စိတ်နဲ့လည်း သူဆက်တယ်၊ ဝမ်းနည်းတဲ့ စိတ်နဲ့ ကော (ဆက်ပါတယ်)။ ဒါဘာဖြစ်လို့တုံးဆိုတော့ ဥပါဒါန်နဲ့ သွားငြိနေလို့၊ သဘောပါပလား (ပါပါပြီ ဘုရား)။

ဒါဖြင့် ဥပါဒါန်နဲ့ ခန္ဓာနဲ့ဟာ တခြားစီလားလို့ မေးရမှာ လည်း အာရုံပြုတဲ့ ပုဂ္ဂိုလ်ကျတော့ ဆက်နေတယ်၊ မပယ်သေးတဲ့ ပုဂ္ဂိုလ်က (ဆက်နေတယ်)။ ဆက်နေတယ် ဆိုတယ်။

ခန္ဓာနဲ့စပ်နေတယ်

ဒါဖြင့် ဥပါဒါန်နဲ့ ခန္ဓာနဲ့ဟာ စပ်နေတယ်လို့ အဓိပ္ပာယ် ကော မရဘူးလား (ရပါတယ် ဘုရား)၊ အာရုံ၊ အာရမ္မဏိကနှင့် စပ်ပါတယ်။ အတူတော့ နေသလားလို့ မေးပြန်တော့ အတူမနေဘူး။

အတူမနေတာက တခြားမှမဟုတ်ဘဲပဲ။ စွဲလမ်းတဲ့တဏှာ ကတစ်မျိုး၊ ခန္ဓာက တစ်မျိုး (မှန်ပါ့)၊ သဘောက တူကြရဲ့ လား (မတူပါ ဘုရား)။

သဘောကတော့ မတူဘူးတဲ့။ အကြောင်းအကျိုးကတော့ ဆက်နေတယ်၊

ဒါကြောင့် သဘောမတူတာ ထောက်လိုက်လို့ရှိရင် ခင်ဗျားတို့သည် အတူတူလားလို့ မေးတော့လည်း သဘောမတူ တော့လည်း မတူဘူး (မတူပါ ဘုရား)။

တခြားစီလားလို့မေးတော့၊ တခြားစီလည်း မဟုတ်ဘူးတဲ့၊ ငြိနေတဲ့ပုဂ္ဂိုလ်မှာ တခြားစီလည်း မဟုတ်ဘူး၊ ရှင်းပလား (ရှင်းပါပြီ)။ ငြိတဲ့ပုဂ္ဂိုလ်မှာ (တခြားစီ မဟုတ်ပါဘူး)။

တူလည်းမတူဘူး

အတူတူလားလို့ မေးပြန်တော့လည်း တူလည်းမတူဘူး၊ ဒီကကျန်တဲ့ ရုပ်နာမ်၊ ဒီကတဏှာ (မှန်ပါ့)၊ တဏှာဥပါဒါန်ပေါ့ နော်။ ဆိုတော့-ဒီလို ဓမ္မဒိန္နာက ဖြေလိုက်တဲ့အခါကျတော့၊

ဪ- ဥပါဒါန်နဲ့ ခန္ဓာဟာ တခြားစီလား၊ အတူတူလားလို့ မေးတဲ့အခါ တခြားစီလည်း မဆိုနဲ့၊ အတူတူလို့လည်း (မဆိုပါ ဘုရား)။

တခြားစီလည်း မဟုတ်ဘူး

မဆိုဘူးတဲ့၊ ငြိနေတဲ့ ပုဂ္ဂိုလ်ကျတော့ကိုတဲ့ တခြားစီမဟုတ် ပြန်ဘူး၊ သဘောကျပလား (တင်ပါ့)။ ငြိနေတဲ့ပုဂ္ဂိုလ်မှာ (တခြားစီမဟုတ်ပါဘူး)။ အတူတူလားဆိုတော့ ဒီဘက်က ရုပ်နာမ်က တစ်မျိုး၊ ဒီ ဘက် ရုပ်နာမ်က တစ်မျိုးဖြစ်နေတယ်။ ဒီကတဏှာ၊ ဟိုကတဏှာ ကင်းတဲ့ရုပ်၊ တဏှာ မပါတဲ့ရုပ် (မှန်ပါ့)။ တဏှာမပါတဲ့ ရုပ်နာမ်၊ ရှင်းပလား (ရှင်းပါပြီ)။

ကောင်းပြီ၊ ဒါဖြင့် – ဥပါဒါန်နဲ့ ခန္ဓာနဲ့ဟာ တခြားစီလည်း မဟုတ်ဘူး၊ အတူတူလည်းမဟုတ်ဘူး (မဟုတ်ပါ ဘုရား)၊ ဒါဖြင့် ပြေပြီလား (ပြေပါပြီ)၊ သဘောကျသွားပြီ။

သက္ကာယဒိဋ္ဌိပြောစမ်းပါဦး

ကဲ- သဘောကျသွားတော့ကိုတဲ့၊ ရှေ့ဆက်မေးတယ်။ ရှင်ဓမ္မဒိန္နတဲ့၊ သက္ကာယဒိဋ္ဌိ ပြောစမ်းပါဦးလို့ မေးတယ်။

အကြားအမြင်မရှိတဲ့ ပုဂ္ဂိုလ်

သက္ကာယဒိဋ္ဌိ ပြောစမ်းပါဦး၊ ဪ -ဒါဖြင့် သက္ကာယဒိဋ္ဌိ ဆိုတာ ဒီလိုပါ၊ အကြားအမြင် မရှိတဲ့ ပုဂ္ဂိုလ်၊ အရိယာတို့၏ စကား မနာဘူးတဲ့ ပုဂ္ဂိုလ်များမှာ မနေ့က ပြောခဲ့သလို ရုပ်ကို ငါထင်ပါ တယ်။ ဝေဒနာကို ငါထင်ပါတယ်။ သညာကို (ငါထင်ပါတယ်)။ သင်္ခါရကို (ငါထင်ပါ တယ်)။ ဝိညာဏ်ကို (ငါထင်ပါတယ်)၊ အဲဒါ သက္ကာယဒိဋ္ဌိပါပဲ တဲ့။ အကြားအမြင် မရှိတဲ့ ပုဂ္ဂိုလ်မှာ ဖြစ်ပါတယ်။

အကြားအမြင်ရှိတဲ့ပုဂ္ဂိုလ်

အကြားအမြင်ရှိတဲ့ ပုဂ္ဂိုလ်ကျတော့ သက္ကာယသာ ဖြစ်ပါ တယ်။ ဒိဋ္ဌိမဖြစ်ပါဘူး၊ ရှင်းပလား (ရှင်းပါပြီ)။ အကြားအမြင် မရှိတဲ့ ပုဂ္ဂိုလ်ဖြင့် (သက္ကာယဒိဋ္ဌိဖြစ်ပါတယ်)။ သက္ကာယနဲ့ ဒိဋ္ဌိနဲ့ ရောနေတယ် (ရောနေပါတယ်)။

ဒါက သက္ကာယ၊ ဒီထဲက ဒိဋ္ဌိက ဒီထဲသွားရှုပ်တယ်၊ မရှုပ် ဘူးလား (ရှုပ်ပါတယ်)။

ကောင်းပြီ၊ ဒါဖြင့် အကြားအမြင်မရှိတဲ့ ပုဂ္ဂိုလ်ကျတော့ ကိုတဲ့ ရုပ်ကို ငါ၊ ဝေဒနာကို ငါ၊ သညာကို ငါ၊ သင်္ခါရကို ငါ၊ ဝိညာဏ်ကို ငါလို့ယူလိုက်တဲ့အတွက် သက္ကာယဒိဋ္ဌိ ဖြစ်ပါတယ် (မှန်ပါ့)။ သဘောပါပလား (ပါပါပြီ)။

ဒါဖြင့် သက္ကာယဒိဋ္ဌိဆိုတဲ့ ဥစ္စာသည် သက္ကာယထဲမှာ ဒိဋ္ဌိ ဝင်ရှုပ်တဲ့ ပုဂ္ဂိုလ်ကို ဆိုတာပါ (မှန်ပါ့ ဘုရား)။

အကြားအမြင်မရှိတဲ့ ပုဂ္ဂိုလ်များမှာ သက္ကာယဆိုတဲ့ ခန္ဓာ ထဲမှာ ဒိဋ္ဌိကဝင်ပြီး သကာလ အုပ်ချုပ်နေတယ်။ ရှင်းပလား (ရှင်းပါပြီ)။ သက္ကာယဆိုတဲ့ လောကီခန္ဓာထဲမှာ (ဒိဋ္ဌိကဝင်ရှုပ် နေတယ်)။ ဒိဋ္ဌိက ဝင်ရှုပ်နေတယ်။

ဒါက ဘယ်လိုပုဂ္ဂိုလ်တုံးလို့မေးတော့ ဘယ့်နှယ်ဖြေကြ မလဲ (အကြားအမြင် မရှိတဲ့ ပုဂ္ဂိုလ်ပါ ဘုရား)။ ဒါဖြင့် အကြားအမြင်မရှိတဲ့ ပုဂ္ဂိုလ်မို့ ဝင်ရှုပ်နိုင်တာပဲ (မှန်ပါ့ ဘုရား)။

ဒါဖြင့် တရားမနာရတဲ့ ပုဂ္ဂိုလ်အတွက်မှာ သက္ကာယဒိဋ္ဌိ ပြုတ်ဖို့ အတွက် အတော်ခဲယဉ်းပါတယ် (ခဲယဉ်းပါတယ်)။ အကြားအမြင်မှမရှိတော့ (အတော်ခဲယဉ်းပါတယ်)။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သောတာပန် တည်ခြင်းအကြောင်း

ဒါကြောင့် သောတာပန် တည်ခြင်းအကြောင်းမှာ

(၁) သူတော်ကောင်းနဲ့ ပေါင်းရမယ်ကွ၊

(၂) တရားနာရမယ်ကွ၊

တစ်ခါတည်းပါလာတယ် (ပါလာပါတယ် ဘုရား)။

သပ္ပုရိသ သံသေဝေါ ဟိ ဘန္တေ သောတာပတ္တိယင်္ဂ၊

သဒ္ဓမ္မဿဝနံ သောတာပတ္တိယင်္ဂ၊

ယောနိသော မနသိကာရော သောတာပတ္တိယင်္ဂ၊

ဓမ္မာနုဓမ္မပဋိပတ္တိ သောတာပတ္တိယင်္ဂံ။

သောတာပန်ဖြစ်ချင်ရင် ဒီလေးခုတော့ စုဆောင်းပါ။

ရှေးဦးစွာ သူတော်ကောင်းနဲ့ပေါင်းရမယ်။ ပြီးရင် တရားနာ ရမယ်၊ ပြီးတော့မှ ဘာလုပ်ရမလဲ (တရားနာရပါမယ်)။ တရားနာ ရမယ်တဲ့၊ ပြီးတော့မှ (၃) နှလုံးသွင်းမှန်အောင်လုပ်ရမယ်။

တရားနာတော့ နှလုံးသွင်းက မှန်လာပြီ၊ နှလုံးသွင်းမှန် တော့မှ (၄) မှန်တဲ့အတိုင်းကျင့်ပါ။

ဒီလေးချက် မညီလို့ရှိရင် ငါဘုရားသခင်ကိုယ်တော်မြတ် ကြီးက သောတာပန် တည်လိမ့်မယ် လို့ မည်သူ့မျှ မဟောဘူး၊ ဟောနိုင်မလား (မဟောနိုင်ပါ ဘုရား)။ မဟောနိုင်ဘူးဆိုတာ သေချာကြပလား။

အကြားအမြင်မရှိတဲ့ ပုဂ္ဂိုလ်

ဒါဖြင့် ဘုရားကလည်း ဟောပါတယ်။ သက္ကာယဒိဋ္ဌိ သက္ကာယဒိဋ္ဌိဆိုတာ ဘာတုံးလို့၊ ခုနက ဝိသာခါ က မေးတော့ ဓမ္မဒိန္နာက အကြားအမြင်မရှိတဲ့ ပုဂ္ဂိုလ်မှာ ရုပ်ကို-

ရူပံ အတ္တတော၊ သမနုပဿတိ။

ဝေဒနံ အတ္တတော၊ သမနုပဿတိ။

ရုပ်ကို ငါထင်ပါတယ်၊ ဝေဒနာ ငါထင်ပါတယ်၊ သညာ ငါထင်ပါတယ်၊ သင်္ခါရ ငါထင်ပါတယ်။ ဝိညာဏ်ကို ငါထင်ပါ တယ်။ ဒါ-အကြားအမြင်မရှိတဲ့ ပုဂ္ဂိုလ်မှာ သက္ကာယဒိဋ္ဌိ ဝင်နေ တယ်။။

သက္ကာယထဲမှာ ဒိဋ္ဌိဝင်နေတယ်၊ သက္ကာယထဲမှာ (ဒိဋ္ဌိ ဝင်နေပါတယ်၊ ဘယ်ပုဂ္ဂိုလ်မျိုးလဲ (အကြားအမြင် မရှိတဲ့ပုဂ္ဂိုလ်)။ ဒါ အကြားအမြင်မရှိတဲ့ ပုဂ္ဂိုလ်။

အကြားအမြင်ဟာ ဘယ်ကလာသတုံး

ဒါနဲ့ အကြားအမြင်ဟာ ဘယ်ကလာသတုံးမေးတော့၊ တရားနာလို့ လာတယ်။ ရှင်းပလား (ရှင်းပါပြီ)၊ အကြားအမြင်ဟာ ဘယ်ကလာသလဲ (တရားနာလို့ပါ ဘုရား)။ အဲ-တရားနာမှု။

ဒီတရားနာမှုကလည်း ဘယ်သူ့ဆည်းကပ်ရမှာတုံး ဆိုတော့ (သူတော်ကောင်းကို ဆည်းကပ်ရမှာပါ)။ သူတော်ကောင်းကို ဆည်းကပ်မှ၊ ပေါ်ပလား (ပေါ်ပါပြီ)။

ဒါဖြင့် အကြားအမြင်မရှိတာသည် ဘယ့်နှယ်ကြောင့်တုံး လို့ မေးလို့ရှိရင်ဖြင့် တရားမနာလို့၊ ပေါ်ကြပလား (ပေါ်ပါပြီ)၊ အကြားအမြင်မရှိတာသည် (တရားမနာလို့ပါ ဘုရား)။

အကျင့်က မပါပြန်ရင် သောတာပန် မတည်နိုင်

တရားဘယ့်နှယ်ကြောင့် မနာသတုံး မေးပြန်တော့ (သူတော်ကောင်းကို မဆည်းကပ်လို့ပါ ဘုရား)။ ဒါ ဘယ်နည်းနဲ့မှ သောတာပန် မတည်နိုင်ဘူး (မတည်နိုင်ပါ ဘုရား)၊ သဘောပါ ပလား (ပါပါပြီ ဘုရား)။

ဘယ်နည်းနဲ့မျှ ငါဘုရားသခင် ကိုယ်တော်မြတ်ကြီးက သောတာပန် တည်လိမ့်မယ်လို့ ငါမဟောပါဘူးကွာတဲ့၊ ဒီလေးခု မစုံဘဲနဲ့တော့ မရပါဘူး (မှန်ပါ့)။

တစ်ခါ (၁) သူတော်ကောင်းနဲ့ လည်း ပေါင်းရဲ့ ၊ (၂) အကြားအမြင်လည်း ရှိရဲ့၊ (၃) အကျင့်က မပါပြန်လည်း ဓမ္မာနု ဓမ္မပဋိပတ္တိ မပါပြန်လဲ မရဘူးကွတဲ့၊ ရှင်းပလား (ရှင်းပါပြီ)။

ဒီလေးချက်တော့ ညီရမယ်

(၁) သူတော်ကောင်းလည်း ပေါင်းပါရဲ့၊

(၂) တရားလည်း နာပါရဲ့၊

(၃) နှလုံးသွင်းလည်း မှန်ပါရဲ့။

(၄) ဓမ္မာနုဓမ္မပဋိပတ္တိအလုပ်ကို မလုပ်ပြန်ဘူး၊ ဖြစ်ပျက်နဲ့ မဂ်နဲ့ ကိုက်အောင်မလုပ်ဘူး။ ဒီပုဂ္ဂိုလ်လည်း သောတာပန် မတည်ဘူးကွ၊ ရိပ်မိကြပါ လား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဒီလေးချက်တော့ဖြင့် ဦးသံဒိုင် ညီရမယ် (ညီရပါ မယ် ဘုရား)။ မညီရင်တော်ပါ့မလား (မတော်ပါ ဘုရား)၊ ဘယ် နည်းနှင့်မျှ မရဘူးမှတ် (မှန်ပါ့)၊ သဘောပါကြပလား (ပါပါ ပြီ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဓမ္မဒိန္ဒာက ဖြေလိုက်တယ်၊ အကြား အမြင်မရှိတဲ့ ပုဂ္ဂိုလ်မှာ သက္ကာယဒိဋ္ဌိ ဖြစ်ပါတယ်။ အကြားအမြင် ရှိတဲ့ ပုဂ္ဂိုလ်မှာ သက္ကာယဒိဋ္ဌိ မဖြစ်ပါဘူး (မှန်ပါ့)။ ဆိုတော့ နှစ်ခု ပြီးမသွားဘူးလား (ပြီးသွားပါတယ်)။

အကြားအမြင်မရှိတဲ့ ပုဂ္ဂိုလ်မှာ (သက္ကာယဒိဋ္ဌိဖြစ်ပါ တယ်)။ အကြားအမြင်ရှိတဲ့ပုဂ္ဂိုလ်မှာ (သက္ကာယဒိဋ္ဌိ မဖြစ်ပါ ဘုရား)။ သက္ကာယဒိဋ္ဌိ မဖြစ်ပါဘူး။ ဪ-သူ့ဟာသူ နေတာပဲ။ ဒါက သက္ကာယပဲ။ ဒါ ငါမဟုတ်ဘူးလို့ သိထားလို့ရှိရင် ဒိဋ္ဌိမဖြစ် တော့ဘူး။ ဒိဋ္ဌိဖြစ်သေးရဲ့လား (မဖြစ်တော့ပါ ဘုရား)။

ကောင်းပြီတဲ့ အမြစ်သာမပြုတ်တာ၊ မဖြစ်ထိုက်တာ မဖြစ်တော့ဘူး။ ဒါကြောင့် သက္ကာယဒိဋ္ဌိ ပြုတ်ဖို့ရာ အရေးဟာက သူကတော့ ငရဲမျိုးစေ့ဆိုတာကိုလည်း နေ့တိုင်းပြောနေတယ်၊ မပြောဘူးလား (ပြောပါတယ်)။

ငရဲမျိုးစေ့အစစ်

သက္ကာယဒိဋ္ဌိသည် ဘာပါလိမ့်မလဲ (ငရဲမျိုးစေ့ပါ)၊ ငရဲ မျိုးစေ့အစစ်၊ ငရဲမျိုးစေ့ အစစ်ပါပဲတဲ့၊ သက္ကာယဒိဋ္ဌိဟာ လောဘ ထက် ကြောက်စရာ ကောင်းတယ်။ မောဟထက် (ကြောက်စရာ ကောင်းပါတယ်)။ ဣဿာ၊ မစ္ဆရိယထက် (ကြောက်စရာ ကောင်းပါတယ်)။

သူပြုတ်သွားပြန်လို့ရှိရင်လည်းတဲ့၊ လောဘက လေးပိုင်း တစ်ပိုင်းကုန်ပြီ။ ဒေါသကကော (လေးပိုင်းတစ်ပိုင်းကုန် ပါတယ်)၊ မောဟကကော(လေးပိုင်းတစ်ပိုင်း ကုန်ပါတယ်)။ လေးပိုင်းတစ်ပိုင်း ကုန်ပြီတဲ့။။

ဣဿာ မစ္ဆရိယတွေလည်း ကုန်ပြန်ပြီ (မှန်ပါ့)။ ဒိဋ္ဌိက ခေါင်းဆောင်ခဲ့လို့ ဒါတွေကျန်နေတာ၊ ဒိဋ္ဌိက ခေါင်းမဆောင်ရင် (မကျန်ပါ ဘုရား)။ မကျန်ဘူးဆိုတော့၊ ဪ- ဒါဖြင့် ငရဲမျိုးစေ့ ပဲဆိုတာ ပေါ်သွားပြီ။

သူတို့ကျန်နေရင် လောဘကကော အကုန်ကျန်တာပဲ ဒေါသကကော (အကုန်ကျန်ပါတယ်)။ မောဟကော (ကျန်ပါ တယ်)။ ဣဿာ မစ္ဆရိယတွေကော (ကျန်ပါတယ် ဘုရား)၊ အကုန် ကျန်တာပဲ။

သက္ကာယဒိဋ္ဌိမပြုတ်ရင်

ဒိဋ္ဌိမပြုတ်လို့ရှိရင် သူ့အဖော်တွေ အကုန်ကျန်နေတယ် သူ့အဖော်တွေ အကုန်ကျန်နေတယ် ဆိုကတည်းက ရန်သူဟူသ၍ ကျုပ်တို့မှာ ဘယ်သူ့မျှ မနိုင်သေးဘူး (မှန်ပါ့)။ ဆိုနိုင်ကြပလာ (ဆိုနိုင်ပါပြီ ဘုရား)။ ရန်သူဟူသရွေ့ (အကုန်ကျန်ပါတယ်)

သက္ကာယဒိဋ္ဌိကို ပြုတ်သွားတဲ့ ပုဂ္ဂိုလ်ကျတော့လည်း သူ တွဲဖက်တွေ ဟူသရွေ့ အကုန် ပြုတ်တာပဲ။ ဒါဖြင့် သူတစ်လုံးဖြုတ် လိုက်လို့ တွဲဖက်ဖြုတ်နိုင်တယ် ဆိုကတည်းက သူဟာ ခေါင်းဆောင်ပဲ။ ရိပ်မိပလား (ရိပ်မိပါပြီ)။

အပါယ်သွားဖို့ သူကခေါင်းဆောင်

အပါယ်သွားဖို့တရားမှာဖြင့် (ခေါင်းဆောင်ပါ)၊ ခေါင်း ဆောင်ပဲဆိုတာ ကျေကျေနပ်နပ် သဘော ကျပလား (ကျပါပြီ)။ ခင်ဗျားတို့ အပါယ်ကြောက်လို့ရှိရင် ဒီပြင်လောဘလည်း မလျှော့ ချင်နေ၊ ဒေါသလည်း မလျှော့ချင်နေ၊ မောဟလည်း (မလျှော့ချင် နေ)၊ ဣသာမစ္ဆရိယလည်း မလျှော့ချင်နေ။ သူ့ကိုသာ အရင်ဖြုတ်၊ ရှင်းပလား (ရှင်းပါပြီ)။

သူ့အရင်ဖြုတ်ပါ

သူ့အရင်ဖြုတ်နေလို့ရှိရင်ဖြင့် ခင်ဗျားတို့ ဟိုဟာတွေဟာ သူပြုတ်တဲ့နောက်ကျတော့ ဟိုဟာ အတွဲလိုက်ပါပြီ၊ သဘောကျ ပလား (ကျပါပြီ)။ ဒါဖြင့် ဟိုဟာတွေ ကြောက်ရမှာလား၊ သူ့ ကြောက်ရ မှာလား (သူ့ကြောက်ရမှာပါ ဘုရား)။

အဲဒါကြောင့်တဲ့ ခင်ဗျားတို့ လှူတဲ့ တန်းတဲ့နေရာမှာ သူက ဗွေဖောက်တယ်၊ သဘောကျပလား (ကျပါပြီ)။

သီလ၊ သမာဓိသမားတွေ ဖျတ်ဆို ဗြဟ္မာပြည် ပို့လိုက် တယ်။ ခဏတစ်ဖြုတ်၊ တော်ကြာ သူက ဆွဲချတယ်၊ ဘယ်သူပါလိမ့် (သက္ကာယဒိဋ္ဌိပါ)၊ ဒါဖြင့် သူ့ဖြုတ်လိုက်တဲ့အခါကို၊ ဟိုဟာတွေ မပြန်လမ်း၊ အထက်တက် သွားတယ် (မှန်ပါ့)။

သူ့မဖြုတ်လိုက်လို့ ရှိရင် ယာယီသာ တက်ရတယ်၊ သဘောပါပလား (ပါပါပြီ)၊ သူ့မဖြုတ်ရင် (ယာယီသာ တက်ရ ပါတယ် ဘုရား)။ ယာယီသာ တက်ရတယ်၊ တကယ်တမ်းတော့ ဖြင့် အမြဲနေလို့ (မရပါဘူး)၊ မရဘူး ဆိုတာ ဘယ်သူ့သတ္တိပါလိမ့် (သက္ကာယဒိဋ္ဌိ သတ္တိပါ ဘုရား)၊ သက္ကာယဒိဋ္ဌိ သတ္တိဆိုတာ ရဲရဲ မှတ် (မှန်ပါ့)။

ကြောက်စရာ အကောင်းဆုံး

ဒါဖြင့် ဒကာ၊ ဒကာမတွေ၊ အေး -သက္ကာယဒိဋ္ဌိလောက် ကြောက်စရာ ကောင်းတဲ့ဥစ္စာ မရှိဘူး (မရှိပါ ဘုရား)။

မနေ့ကပြောခဲ့တယ်၊ သက္ကာယဒိဋ္ဌိသာ ရှိလို့ရှိရင် အမေ သတ်ဖို့ရာ အလွယ်လေး၊ အဖေသတ်ဖို့ (လွယ်ပါတယ် ဘုရား)။ အင်း ဘုရား သွေးစိမ်းတည်အောင်လုပ်ဖို့ (လွယ်ပါတယ် ဘုရား)။

ဪ- ဒါဖြင့် သူသည် သူတစ်လုံးပြုတ်လို့ရှိရင်လည်း ပဉ္စာနန္တရိယကံတွေ ပြုတ်တယ် (မှန်ပါ့)၊ သူပြုတ်ပြီးသား ပုဂ္ဂိုလ် ကျတော့ ပဉ္စာနန္တရိယကံ လုပ်ပါဆိုလို့ မလုပ်တော့ဘူး၊ ကိုင်းဘယ်လောက် ကြောက်စရာကောင်းသတုံး၊ ပေါ်ပလား (ပါပြီ)။

ဒါဖြင့် သက္ကာယဒိဋ္ဌိနဲ့ ပဉ္စာနန္တရိယကံ ဘယ်ဟာ သာ ကြောက်စရာ ကောင်းသလဲ (သက္ကာယဒိဋ္ဌိက သာပြီး ကြောက် စရာကောင်းပါတယ်)။ သက္ကာယဒိဋ္ဌိ၊ သူရှိမှ ဟိုဟာလုပ်ဖြစ် တယ် (လုပ်ဖြစ်ပါတယ်)၊ သူမရှိလို့ရှိရင် (မလုပ်ဖြစ်ပါ ဘုရား)။ မလုပ်ဖြစ်ဘူးဆိုသဖြင့် ခင်ဗျားတို့ ကျုပ်ဖြင့် ပဉ္စာနန္တရိယကံ အကြောက်ဆုံးပဲလို့ ညည်းချင် ညည်းကြလိမ့်မယ်၊ မညည်းပါနဲ့။

ဒိဋ္ဌိကိုကြောက်ပါ

မညည်းနဲ့ ဒိဋ္ဌိကိုကြောက်ပါ၊ သူပြုတ်ရင် ဟိုဟာပြုတ် တယ်၊ မပြုတ်ရင် (ဟိုဟာမပြုတ်ပါ ဘုရား)၊ သဘောပါကြ ပလား (ပါပါပြီ)။ ဒါဖြင့် ခင်ဗျားတို့ ကြောက်နေတာက တခြား၊ ကြောက်စရာက တခြားဖြစ်နေတယ် (မှန်ပါ့)။

ကျုပ်က အကုသိုလ်ဖြစ်မှာ သိပ်ကြောက်တယ်။ အို- အကုသိုလ်ဖြစ်ချင်ဖြစ်၊ မဖြစ်ချင်နေ၊ ဒီ အချို့ အမှားကလေးတွေကို သာဖြုတ်လိုက်၊ ပင်မဖြုတ်လိုက်လို့ရှိရင် ဟိုအကုသိုလ်တွေဟာ အကုန်ပြုတ်တယ်၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဒီရုပ် ငါထင်မှု၊ ဝေဒနာ ငါထင်မှု၊ သညာ ငါထင်မှု၊ ဒီ ငါထင်မှုတစ်လုံး ဖြုတ်လိုက်လို့ရှိရင် ကျန်တဲ့ အကုသိုလ် ဘာမျှ ကြောက်မနေနဲ့တော့ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် အရေးအကြီးဆုံးဟာ ယနေ့ညမှာ ပြောတာဟာ ဘာပါလိမ့်မလဲလို့ မေးတော့ အခု နိဂုံးချုပ် တော့မယ်နော်၊ အချိန် နာရီက နီးနေပြီ၊ ဒီပြင့် အကုသိုလ်ဘာမျှမကြောက်နဲ့၊ သူခေါင်းဆောင် မှ ဖြစ်တာ (မှန်ပါ့ ဘုရား)။

သူ့ခေါင်းဆောင်ပြီး ပို့တာ

တခြားသော အကုသိုလ်တွေ (သူခေါင်းဆောင်မှ ဖြစ်ပါ ဝယ်)။ အားလုံး သူခေါင်းဆောင်လို့ ရှိရင်ဖြင့် ငရဲကြီးရှစ်ထပ်၊ ရဲငယ် တစ်ရာ့နှစ်ဆယ်ဟာ သူခေါင်းဆောင်ပြီး ပို့တာ၊ သဘောပါလား (ပါပါပြီ)။

ငရဲကြီး(၈)ထပ်၊ ငရဲငယ်(၁၂၀)ကို (သူခေါင်းဆောင် တာပါ)။ သူခေါင်းဆောင်ပို့တာ၊ ကဲ-ခေါင်းဆောင် ဖြုတ်လိုက်ပါ (မှန်ပါ့)။ ခေါင်းဆောင်လည်း မတင်နဲ့၊ ရုပ်လည်း ငါမထင်နဲ့၊ ဒါ-အနိစ္စတရားပဲ၊ မြင်အောင်လည်းကြည့်ပါ (မှန်ပါ့)။

ဝေဒနာလည်း ငါမထင်နဲ့၊ ဘယ်တစ်ခုမှ ငါမထင်ပါနဲ့၊ အလုံးစုံ အကုန်အနိစ္စ ချည့်ပဲ၊ အနတ္တချည့်ပဲ၊ ဟုတ်သားပဲ။ ကိုယ့် ရှေ့တင်ပဲ၊ မဖြစ်ပါနဲ့ ဆိုလို့မရ မပျက်ပါနဲ့ဆိုလည်းမရ (မှန်ပါ့)။

အနိစ္စ၊ ဒုက္ခ၊ အနတ္တတွေ။ ဒါတွေဟာ ဒုက္ခသစ္စာတွေပဲ။ ဒီလိုသာ ဉာဏ်နဲ့ ရှနေလို့ရှိရင် ဒီသက္ကာယကို ရှုနေတဲ့အတွက် ဒိဋ္ဌိက အလိုလိုပယ်တယ်။

ဘာကြောင့်တုံးဆိုတော့ သက္ကာယကို အမှန်မြင်တဲ့ သမ္မာဒိဋ္ဌိက ဝင်လာတယ်။ ဒါကြောင့် မိစ္ဆာဒိဋ္ဌိက ပြေးတယ်၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

သက္ကာယကို အမှန်မြင်တဲ့ သမ္မာဒိဋ္ဌိ အမြင်ကဝင်လာ လို့ သက္ကာယဒိဋ္ဌိက ပြေးတယ်၊ သဘောကျပလား (ကျပါပြီ)။

ဪ- ဒါဖြင့် သူ့ ဆေးနဲ့သူ ကုမှရတယ်၊ သူ့ဆေးနဲ့ သူ ကုမှ (ရမှာပါ ဘုရား)။ မိစ္ဆာဒိဋ္ဌိကို သမ္မာဒိဋ္ဌိ နဲ့ သတ်မှရတယ်။ မိစ္ဆာဒိဋ္ဌိကို (သမ္မာဒိဋ္ဌိနဲ့သတ်မှ ရမှာ၊ ဘုရား)။ အင်း-ဒိပြင်ဟာနဲ့ ခင်ဗျားတို့ ဟို ဒါနကလေးနဲ့ သွားတ်နေလို့မရဘူး (မရပါ ဘုရား)။။

သီလကလေးနဲ့ သွားသတ်လို့ (မရပါ ဘုရား)။ သူ့ဆေး နဲ့သူမှ ရတယ်။ သဘောကျပလား (ကျပါပြီ)။။

ကဲ-ဒါဖြင့် ဝမ်းလျှောနေတဲ့သူ လျက်ဆားသွားလျက်လို့ ရှိရင် တည့်ပါ့ မလား (မတည့်ပါ ဘုရား)။ သာပြီးလျှောလိမ့် မယ် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။ သူ့ဆေးမဟုတ်ဘဲကိုး။

အင်း-သွေးဆေးတွေ၊ ဘာတွေ၊ မငန်တဲ့ သွေးဆေးတွေ၊ အဖန်များတဲ့ဆေးတွေ၊ လေလိုက်ဆေး၊ ဒါကျွေးလိုက်ပြန်တော့ သူဆေးနဲ့သူပျောက်မှာပဲ (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)။

ဆေးမလွဲစေနဲ့ ခင်ဗျားတို့

ဒါဖြင့် – ဆေးမလွဲစေနဲ့ ခင်ဗျားတို့၊ ဆေးမလွဲစေနဲ့၊ ငါ သမထနဲ့ သက္ကာယဒိဋ္ဌိ သတ်မယ် ဆိုလို့မရဘူး (မရပါ ဘုရား)၊ သီလနဲ့ သမထနဲ့ (မရပါဘူး)၊ မရဘူးတဲ့။

မရသေးတော့၊ ဒါနသမားဟာလည်း ဒါနအရှိန်ကုန်ရင် အပါယ်သွားမှာပဲ (မှန်ပါ့)၊ သီလသမား ဟာလည်း သီလအရှိန် အစော်ကုန်ပြီ ဆိုရင် (အပါယ်သွားမှာပဲ)၊ သမထသမားဟာ လည်း သမထ အရှိန်အစော်ကုန်ရင် (အပါယ်သွားမှာပါ ဘုရား)။

ဘာကြောင့်တုံးဆိုတော့ သူခေါင်းဆောင်ကိုမှ မသတ်တာ (မှန်လှပါ ဘုရား)။ ဒါဖြင့် သူ့ဆေးနဲ့ သူ မသုံးတတ်သရွေ့ ကာလ ပတ်လုံး ခင်ဗျားတို့မှာဖြင့် အခက်ကြီးပဲ (အခက်ကြီးပါ ဘုရား)။

ဒိဋ္ဌိကို ဘာနဲ့သတ်ကြမလဲ

ကိုင်း-ဒါဖြင့် သက္ကာယဒိဋ္ဌိကို ဘာနဲ့သတ်ကြမလဲ (သမ္မာဒိဋ္ဌိနဲ့ သတ်ရပါမယ်)။ အဲ-သမ္မာဒိဋ္ဌိနဲ့၊ သမ္မာက မှန်ကန်တာ၊ ဒိဋ္ဌိက မြင်တာ၊ အရှိကိုမြင်တာ။

ဖြစ်ပျက်ရှိလို့ ဖြစ်ပျက်ကို သိလိုက်တာ၊ ဖြစ်ပျက်ရှိလို့ ဖြစ်ပျက်ကို သိလိုက်တာ ဆိုတော့ အရှိနဲ့ အသိနဲ့ ကိုက်တယ် (ကိုက်ပါတယ် ဘုရား)။ အဲဒီ အသိဟာ သမ္မာဒိဋ္ဌိ။

အရှိနဲ့အသိ ကိုက်အောင်လုပ်ပါ

ဒီက အရှိနဲ့ ဝမ်းထဲ အသိနဲ့ (ကိုက်ပါတယ်)။ ကိုက် သွားလို့ရှိရင်ဖြင့် ဒီအသိလေး ဘာဆိုကြမယ် (သမ္မာဒိဋ္ဌိပါ)။ ကဲ သမ္မာဒိဋ္ဌိဖြစ်ရင် မိစ္ဆာဒိဋ္ဌိပြေးပြီ (ပြေးပါပြီ)။ မပြေးသေးဘူးလား (ပြေးပါတယ် ဘုရား)။

မိစ္ဆာဒိဋ္ဌိ ပြေးကတည်းကိုက ဒါနကိုလုပ်ပါ၊ သီလလည်း ဆောက်တည် (မှန်ပါ့)၊ သမထ ဝိပဿနာ တွေလည်း ကြိုးစား၊ ဘာကြောင့်လည်းဆိုတော့ တက်သွား၊ ပြန်မလာတော့ဘူး (မှန်ပါ့)။ သူပါသွားလို့ ရှိရင်တော့ သိပ်မကြာဘူး၊ သူပါသွားရင်တော့ (သိပ်မကြာပါဘူး)၊ သဘောကျပလား (ကျပါပြီ)။

သက္ကာယဒိဋ္ဌိ အရင်ဖြုတ်ပါ

အရေးအကြီးဆုံးအချက် ဘယ်ဟာတုံးဆိုတာ တရား တွေမှာ နာတဲ့အခါ နာနေကြတယ်၊ တစ်နံပါတ် သူ့ပြုတ်ဖို့ အရေးကြီးတယ် (မှန်ပါ့ ဘုရား)။ တစ်နံပါတ်က ဘာဖြစ် မလဲ (သူ့ပြုတ်ဖို့ အရေးကြီးပါတယ်)။ သူ့ပြုတ်ဖို့ အရေးကြီးတာပဲ။

ဒါကြောင့် ခင်ဗျားတို့ ဒါန၊ သီလ နောက်ထားဦးဟေ့ သူ့အရင်လုပ်ဦးလို့ ဆရာဘုန်းကြီးက ပြောတာ (မှန်ပါ့)။

ဒါန၊ သီလ နောက်မှလုပ်ပါကွ၊ သူ့အရင်လုပ်၊ မင်းကို ဟိုဟာမလုပ်ရဘူးလို့ မပြောဘူး၊ တက်သွားတာ၊ ပြန်ကျတာ မကြိုက်လို့ (မှန်ပါ့)၊ မပြောထိုက်ဘူးလား ပြောလိုက်ပါတယ်။

ဒါဖြင့် ဒကာ၊ ဒကာမတို့၊ ဝိပဿနာခြံရံတဲ့ ဒါန၊ သီလမှ ဘုရားကြိုက်တယ်ဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ်)။ ဝိပဿနာခြံရံတဲ့ (ဒါန၊ သီလမှ ဘုရားကြိုက်ပါတယ် ဘုရား)။

ဒီဒါခုတစ်ခုပဲ မြတ်တယ်

ဒိပြင် ဒါန၊ ဒါနက ရှစ်မျိုးရှိတယ်။ ဒိပြင်ဟာ မမြတ်ဘူး ကွတဲ့ (မှန်ပါ့)၊ ဒါတစ်ခုပဲ မြတ်တယ်။

ဒါနရှစ်မျိုး ငါဟောခဲ့မယ်တဲ့၊ အင်္ဂုတ္တိုရ်မှာ အသေအချာ လာတယ်။ အဲဒီတော့ သက္ကာယဒိဋ္ဌိ အရင်ဖြုတ်ခိုင်းတယ်၊ ပေါ်ပ လား (ပေါ်ပါပြီ)

ဒါဖြင့် ဒါန၊ သီလ၊ သမထနဲ့ သက္ကာယဒိဋ္ဌိ ဖြုတ်ဖို့သည် ဘယ်သူ့ ရှေ့ထားမှ ကျုပ်တို့သည် အလုပ်စဉ်တည့်မလဲ လို့ မေးရင် ဘယ့်နှယ်ဖြေမလဲ (သက္ကာယဒိဋ္ဌိ အရင်ဖြုတ်ဖို့ ရှေ့ ထား ရပါမယ်)။

သက္ကာယဒိဋ္ဌိ ဖြုတ်ဖို့ရာရှေ့ထား (မှန်ပါ့)။ ပြီးတော့မှ ခင်ဗျားတို့ လုပ်ချင်တဲ့အလုပ်တွေ အကုန်လုပ် (မှန်ပါ့ ဘုရား)။ ရှင်းပြီလား (ရှင်းပါပြီ)။

ဒါဖြင့်-သက္ကာယဒိဋ္ဌိ ဆိုတာက မသိလို့ဖြစ်တာ၊ မဟုတ် ဘူးလား၊ မသိလို့ဖြစ်ပြီး သကာလ အခုန လှူကြ တမ်းကြ ပေးကြ ကမ်းကြတာ မသိအလှူ သွားဖြစ်နေတာ (မှန်ပါ့)။ ဘယ့်နှယ် ဖြစ်သွားလဲ (မသိအလှူ သွားဖြစ်ပါတယ်)။

ရှေ့နောက်ကလေး ခွဲပေးပါ

မသိအလှူသွားဖြစ်တော့ မသိလို့ လုပ်သလို သွားဖြစ်နေ တယ်။ သဘောကျပလား (ကျပါပြီ)။ ဒါဖြင့် ရှေ့နောက်ကလေး ခွဲပေးပါ။ ဘယ်လိုခွဲကြမယ် (ရှေ့ နောက်ခွဲပေးရပါမယ်)။ ဘာ အရင် ထားမလဲ (ဒိဋ္ဌိဖြုတ်ဖို့ အရင်ထားရပါမယ်)။

သူ့ကို ရှေ့ထားလုပ်ရမယ်။ သူ့ကို ရှေ့ထားလုပ်လို့ ကိုယ့် – စိတ်ထဲမှာ ရှင်းပြီဆိုတော့မှ ဒါန၊ သီလ၊ သမထကို ကြိုက်တာလုပ် (မှန်ပါ့)၊ မလုပ်ကောင်းဘူး မဟုတ်ဘူး။

ဒီ လောကီဥပမာ ပြမယ်ဆိုလို့ရှိရင်ဖြင့် ငှက်တစ်ကောင်ကို အဆိပ်လူးတဲ့ မြားနဲ့ ပစ်လိုက်တယ်နော်၊ အဆိပ်လူးတဲ့ မြားနဲ့ ပစ်လိုက်တဲ့အခါ ငှက်လည်းသေလောက်အောင် မမှန်ဘူး၊ ပွတ်ရုံ ကလေး ပွတ်သွားတယ်၊ သွေးထွက်ရုံကလေး ပွတ်သွားတယ်။

အဆိပ်မပျံ့ခင် ပျံနိုင်တယ်

ဒါဖြင့် ဒီငှက်ဟာ ပျံတော့ ပျံဦးမှာပဲ၊ သို့သော်လည်းတဲ့ အဆိပ်မပျယ်ခင်ပဲ ပျံနိုင်တယ်၊ ရှင်းပလား (ရှင်းပါပြီ)။ အဆိပ် ပျံ့သွားတဲ့ တစ်နေ့ကျတော့ (သေသွားမှာပဲ)။

ဘာပြုလို့တုံးတဲ့ အဆိပ်က သူ့အထဲမှာ သွေးထွက်အောင် ပါသွားပြီ (မှန်ပါ့)။ သူမပျံ့သေး လို့သာ ဒီငှက်ဟာ လန့်ပျံ ပျံတာ (မှန်ပါ့)၊ မဟုတ်ဘူးလား (ဟုတ်ပါတယ်)။

အဆိပ်ပျံ့တဲ့ တစ်နေ့ကျတော့ လန့်ပျံဇာတ်သိမ်းရမယ် (မှန်ပါ့)။ သူအောက်ကို ဝုန်းခနဲကျမယ်။

ထို့အတူပဲတဲ့၊ သက္ကာယဒိဋ္ဌိ ပါသွားတဲ့ ဒါနရှင်၊ သီလရှင် တွေဟာလည်း သူဟာ အဆိပ် မပျံ့သေးခင် ပျံတက်သွားတာ၊ ရှင်း ပလား (ရှင်းပါပြီ)။ အဲ-သူသာ အဆိပ်ပျံ့ပြီး တစ်နေ့ကျတော့ ပြန်ကျလာတာပဲဆိုတာ သဘောကျပလား (ကျပါပြီ)။

တော်ကြာ အပါယ်ကျပြန်တယ်

ဒါကြောင့်-

“ဥက္ခိတ္တာ ပုညတေဇေန ကာမရူပ ဂတိံဂတာ

ဘဝဂ္ဂတမ္ဗသမ္ပတ္တာ ပုနာဂစ္ဆန္တိ ဒုဂ္ဂတိံ”

ဆိုပြီးတော့ ဒါတွေရေး ကြတယ်။ မရေးသင့်ဘူးလား (ရေးသင့်ပါတယ် ဘုရား)။ ကောင်းမှု ကုသိုလ်လည်း တင်နိုင်ကြပါတယ်ကွာ။ ဉာဏ်က ဗြဟ္မာပြည် ရောက်ပါစေတဲ့၊ တော်ကြာ အပါယ်ပြန်ကျတာပဲဟေ့၊ ဒုဂ္ဂတိံ ပြန်ကျတာပဲ။

ဘာပြုလို့တုံးဆိုတော့ သူ အဆိပ်ပျံ့တယ်။ တက်စ ကတည်းက သူသည် လန့်တက် တက်သွားတာ၊ အဆိပ်မပျံ့ခင် ပေါ့ လေ့၊ အဆိပ်မပျံ့ခင်တော့ဖြင့် ဒါန၊ သီလ တန်ခိုးကြောင့် ကောင်းကင်မှာ နေမှာပဲ (မှန်ပါ့)။

ရှေ့နောက်ခွဲပြီးလုပ်ပါ

လိုက်လာတဲ့ ဒိဋ္ဌိက သူကြီးကျယ်လာတဲ့ တစ်နေ့ကျတော့၊ ဟိုမှာ ငါ့သားနဲ့ ၊ ငါ့မယားနဲ့၊ ငါ့ဥယျာဉ်နဲ့၊ ငါတွေ ရှုပ်လာရင် ပြန်ကျတော့မယ်၊ မကျပေဘူးလား (ကျပါတယ် ဘုရား)။

ဒါဖြင့်-ခင်ဗျားတို့ ရှေ့နောက်ခွဲပြီးလုပ်ဆိုတဲ့ အဓိပ္ပာယ် ကော ရှင်းပြီလား (ရှင်းပါပြီ)။ သဘောပါပလား (ပါပါပြီ)။

ကဲ-ယနေ့ ဒီတင်နားပါဦး။

သာဓု သာဓု သာဓု။