275

နိဗ္ဗာန်အရောက်ပို့မည့်ဂါထာတော်

အသံဖိုင်ခေါင်းစဉ်= လုပ်ငန်းအစနှင့်အဆုံးကိုပြသည့်တရားတော်

စာအုပ်ခေါင်းစဉ်= “နိဗ္ဗာန်အရောက်ပို့မည့်ဂါထာတော်” (အနိစ္စာဝတသင်္ခါရာ)

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့၌ ဟောကြားတော်မူသောတရားတော်

“နိဗ္ဗာန်အရောက်ပို့မည့်ဂါထာတော်”

(အနိစ္စာဝတသင်္ခါရာ)

ဟောကြားသည့်နေ့

(၂-၉-၆၁)

ကဲ တရားနှလုံးသွင်းကြ၊ ဒီနေ့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ပရိနိဗ္ဗာန်စံတဲ့အချိန်မှာ ဘုရားရှိတုန်း ကတည်းက ဟောထားခဲ့တဲ့ တရား၊ နောက် သိကြားမင်းက ဘုရား ပရိနိဗ္ဗာန် စံကာနီး ကျတော့ ဘုရားပရိနိဗ္ဗာန် စံတဲ့အချိန် မှာပဲ သူရွတ်ပါတယ်နော် (မှန်ပါ့)၊ ဘာတုံးလို့ မေးတဲ့ အခါကျတော့ ဒကာ ဒကာမတို့ ကိုယ်ရပြီးသား ဂါထာလို့ မှတ်ရလိမ့်မယ်နော် (မှန်ပါ့ ဘုရား)၊ ဘာတုံးဆိုတော့-

‘‘အနိစ္စာ ဝတ သင်္ခါရာ၊ ဥပ္ပါဒဝယ ဓမ္မိနော။

ဥပ္ပဇ္ဈိတွာ နိရုဇ္ဈန္တိ၊ တေသံ ဝူပသမော သုခေါ။’’

ဆိုတာ သိကြားမင်းက ဘုရားပရိနိဗ္ဗာန်စံလို့ ရွတ်တဲ့ ဂါထာ (မှန်ပါ့ ဘုရား)။

အစအဆုံးအလုပ်ဂါထာ

အဲဒါ ဒကာ ဒကာမတွေ ဘာဂါထာပါလိမ့်မလဲလို့ မသိမှာစိုးတဲ့အတွက် အလုပ်အစနဲ့ အလုပ်အဆုံးကို ပြတဲ့ ဂါထာလို့ မှတ်ပါ (မှန်ပါ့ ဘုရား)။

ဘာပြပါလိမ့် (အလုပ်အစနဲ့ အလုပ်အဆုံးပြတဲ့ ဂါထာပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေကို ဝိပဿနာဉာဏ်၊ မဂ်ဉာဏ်ပြမှာပဲ (မှန်လှပါ)။

ဝိပဿနာဉာဏ်နဲ့ မဂ်ဉာဏ်ကိုပဲ ပြမှာဖြစ်နေတော့ ဪ ဒို့ အလုပ်သမားတွေ အတွက်မှာဖြင့် ဒီဂါထာရပြီး ဒီဂါထာအတိုင်း အလုပ်-လုပ်ရလို့ ရှိရင်ဖြင့် ဒို့သည်လိုရာခရီး အပြီးတိုင် ရောက်မှာပဲဆိုတာကို ဘုန်းကြီးတို့ ဒကာ ဒကာမတွေက မှတ်ထားဖို့ပါပဲ (မှန်ပါ့)။

အနိစ္စာဝတသင်္ခါရာ

ကိုင်း ဒါဖြင့် ပြောကြပါစို့၊ သူ့ဂါထာ ‘‘အနိစ္စာဝတ သင်္ခါရာ’’။

ဝတ=စင်စစ်ဧကန် အမှန်ပြောရမှာဖြင့်၊ သင်္ခါရာ= မင်းတို့သန္တာန်၌ အခုမှပေါ်လာတဲ့ တရားတွေသည်၊ အနိစ္စာ= ပျက်မှာချည့်ပဲ (မှန်လှပါ)။

မင်းတို့သန္တာန်ပေါ်လာမည့် တရားဟူသ၍ ဘာတဲ့ (ပျက်မှာချည့်ပါ ဘုရား)။

ဉာဏ်ကလေးနဲ့ စောင့်ပြီး ပေါ်တာကြည့်

ဒါဖြင့် ဒကာ ဒကာမတွေက ဉာဏ်ကလေးနဲ့ စောင့်ပြီး သကာလ ပေါ်တာကြည့်နေဖို့ အရေးကြီးတယ် (မှန်ပါ့)၊ ဉာဏ်ကလေးနဲ့စောင့်ပြီး ပေါ်တာကြည့် နေတော့ ပေါ်တဲ့တရားသည် ဝတဧကန္တနစင်စစ်အားဖြင့်၊ စင်စစ်တော့ကွာတဲ့ အနိစ္စမှာ သူလမ်းဆုံးလိမ့်မယ် တဲ့ (မှန်ပါ့)။

ပေါ်တဲ့တရားကလေး ဘယ်လမ်းဆုံးမယ် (အနိစ္စမှာ လမ်းဆုံးပါမယ် ဘုရား)။

အဲဒါဘုရားက မသိမှာစိုးလို့ သင်္ခါရာမင်းတို့သန္တာန် ၌ အခုမှ ပေါ်လာတဲ့တရားတွေသည်၊ ဝတစင်စစ်၊ အနိစ္စာ ဖြစ်ပြီး၍ ပျက်ကြလေကုန်၏ (မှန်ပါ့)၊ ဪ ဒို့သန္တာန်မှာဖြင့် ဘယ်ဓမ္မပေါ်လာလာ ဖြစ်ပြီးပျက်မှာပဲ ဖြစ်ပြီးပျက်မှာပဲ ဆိုပြီး ဒကာ ဒကာမတွေက စောင့်ကြည့်နေဖို့ အရေးကြီးတယ် (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတွေ အရေးကြီးတာက ဘာပါလိမ့် (စောင့်ပြီးကြည့်နေဖို့ အရေးကြီးပါတယ် ဘုရား)။

ဪ ဝိပဿနာ အလုပ်ဆိုတာ ဘာပါလိမ့် မတုံးလို့ အောက်မေ့နေတယ် ဒကာ ဒကာမတွေ ဉာဏ်နဲ့ စောင့်ကြည့်ဖို့ပဲ (မှန်ပါ့ ဘုရား)။

ဉာဏ်နဲ့ စောင့်ကြည့်တာဝိပဿနာ

ဝိပဿနာအလုပ်ဆိုတာ (ဉာဏ်နဲ့စောင့်ကြည့်ဖို့ ပါ ဘုရား)၊ ဉာဏ်နဲ့စောင့်ကြည့်ပြီး သကာလ ဒကာ ဒကာမ တွေက ခန္ဓာကြည့်ပါတဲ့၊ တခြားလဲ မကြည့်နဲ့နော် (မှန်ပါ့ ဘုရား)။

ခန္ဓာကြည့်ဆိုတော့ ဝေဒနာကြည့်တဲ့ ပုဂ္ဂိုလ်က ဝေဒနာက္ခန္ဓာပဲကြည့် (မှန်ပါ့)၊ ဝိညာဏ်ဆိုတဲ့ စိတ်ကြည့် မည့် ပုဂ္ဂိုလ်က စိတ်ကိုပဲ ကြည့်ရလိမ့်မယ် (မှန်ပါ့)၊ ဒိပြင် တရားကို မကြည့်ပါနဲ့။

အဲဒီ တရားကို ဘုရားသခင် ကိုယ်တော်မြတ်ကြီး ကရော၊ သိကြားမင်းက ပရိနိဗ္ဗာန်စံတဲ့ ဘုရားကို ဒီဂါထာနဲ့ ပူဇော်တာ ထောက်လိုက်တော့၊ သင်္ခါရာ- အခုမှ ပေါ်လာတဲ့ သင်္ခါရ တရားတွေသည်၊ ဝတ-စင်စစ်၊ အနိစ္စာ -မမြဲကြကုန် (ဝါ) ပျက်စီးကြကုန်၏ဆိုတော့ မင်းတို့ သန္တာန်မှာကွာတဲ့ တရားတွေ ရှည်ရှည်ရှာမနေပါနဲ့၊ ပေါ်လာတဲ့ တရားပျက်တာ ကိုသာ ကြည့်နေပါတဲ့ (မှန်ပါ့)။

ပေါ်လာတဲ့တရား (ပျက်တာကိုသာ ကြည့်နေ ရပါမယ် ဘုရား)။

ပေါ်လာတဲ့တရား၊ ပျက်တာကိုသာကြည့်

ပေါ်တာပျက်တာ၊ ပေါ်တာပျက်တာပဲ ကြည့်ပါလို့ ဆိုတာ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မှတ်ထားပါ (မှန်ပါ့ ဘုရား)၊ ဪ ဘုရားရှိစဉ်အခါတုန်းကလဲ ဟောထားတယ် (မှန်ပါ့)၊ ဘုရား ပရိနိဗ္ဗာန် စံတော့လဲ ဪ ဒီကိုယ်တော်ကြီး ဘာဖြစ်ပါလိမ့်မတုံး ဆိုတာ မအောက်မေ့ပါနဲ့တဲ့၊ ပြောတာသာ ပရိနိဗ္ဗာန်စံတာပါ၊ စင်စစ် သင်္ခါရ ချုပ်တာ (မှန်ပါ့)။

စင်စစ်ဘာပါလိမ့် (သင်္ခါရချုပ်တာပါ ဘုရား)၊ ဪ ဒါဖြင့် ဒကာ ဒကာမတွေလဲ မိုးပေါ် ကျတာလား တဲ့၊ အကြောင်း တရားတွေကြောင့် ဖြစ်ပေါ်လာကြတဲ့ သင်္ခါရတရားတွေလို အခု တရားနာနေတဲ့ ဒကာ ဒကာမတွေ နဲ့ တရားဟောတဲ့ ပုဂ္ဂိုလ်ဟာ ဘယ်သူမှ မိုးပေါ်ကျမရှိဘူး၊နော် (မှန်ပါ့)၊ အကြောင်းတရားကြောင့် ဖြစ်ပေါ်လာတဲ့ သင်္ခါရချည့် မှတ်လိုက်ပါ (မှန်ပါ့)။

အကြောင်းတရားကြောင့် ဖြစ်ပေါ်လာတဲ့။ (သင်္ခါရတရားချည့်ပါ ဘုရား)။

အဲဒါကိုတဲ့ သေသေချာချာပြောမယ်၊ စင်စစ်အားဖြင့် ကွာ အနိစ္စပါပဲ (မှန်ပါ့)။

ဖြစ်ပေါ်လာတဲ့တရားကသင်္ခါရ

ဖြစ်ပေါ်လာတဲ့တရားက သင်္ခါရ (မှန်ပါ့)၊ သူဆုံးသွားတဲ့ အခါကျတော့ အနိစ္စ (မှန်ပါ့)၊ ဒါဖြင့် “အနိစ္စဝတ သင်္ခါရာ” သဘောကျပလား (ကျပါပြီ)။

ဒကာကြွယ် ဘာတဲ့ (အနိစ္စာဝတသင်္ခါရာပါ ဘုရား)၊ အဲ ကိုယ်ရပြီးသား ဂါထာဖြစ်နေတော့ ဪ ဒို့သန္တာန်မှာ ဒီဥစ္စာပဲရှိတယ်ဆိုတာကို သိကြားကလဲ ရွတ်၊ ဘုရားကလဲ သက်တော် ထင်ရှားရှိစဉ် အခါတုန်းက ဟောပြီး သကာလ ထားတော့ ဒီဥစ္စာက ရှေ့ပိုင်းက ဝိပဿနာ ဉာဏ်ပြတာ (မှန်ပါ့)၊ နောက်ပိုင်းက နိဗ္ဗာန်ပြတာ။ (မှန်လှပါ)၊ ရှေ့ပိုင်းက (ဝိပဿနာဉာဏ်ပြပါတယ် ဘုရား)၊ နောက်ပိုင်းက (နိဗ္ဗာန်ပြပါတယ် ဘုရား)၊

နိဗ္ဗာန်ပြမယ်ဆိုတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဪ ဝိပဿနာအလုပ်ဆိုတာ တခြားလား အောက်မေ့နေတာပဲ၊ ရှေ့ပိုင်းက အနိစ္စနဲ့ သင်္ခါရ၊ သင်္ခါရနဲ့ အနိစ္စ၊ ဒို့မြင်အောင် ကြည့်ဖို့ပဲ (မှန်လှပါ ဘုရား)။

သင်္ခါရနဲ့ အနိစ္စမြင်အောင်ကြည့်

သင်္ခါရနဲ့ အနိစ္စ (မြင်အောင်ကြည့်ဖို့ပါ ဘုရား)၊ ဒါဖြင့် ဦးလှဘူး နေရာကျပြီ (ကျပါပြီ)၊ နေရာကျပြီ၊ ဥပမာ ဒကာ ဒကာမတွေ ကိုယ့်လက်မောင်းကလေးကိုပဲ လက်သည်းကလေးနဲ့ နည်းနည်းခြစ်ကြည့်၊ ဘယ်ဘက် လက်မောင်းကလေးတန်းပြီး သကာလ ညာဘက်လက်သည်း ကလေးနဲ့ ခြစ်လိုက်တာပေါ့ဗျာ (မှန်ပါ့)၊ ခြစ်လိုက်တဲ့ အခါကျတော့ ဪ ဒီပေါ်လာတာကလေး ဘာခေါ် ကြမယ် (ဝေဒနာပါ ဘုရား)၊ ပေါ်လာတဲ့ တရားကလေး ဟာလေ (သင်္ခါရတရားပါ ဘုရား)။

အင်း ဒကာသစ်ရေ၊ ပေါ်လာတဲ့တရား၊ သင်္ခါရ တရားဟုတ်ပြီ (မှန်ပါ့)၊ ဒီဖောဋ္ဌဗ္ဗာရုံဆိုတဲ့ လက်သည်း နဲ့ မထိဘဲနဲ့ ပေါ်ပါ့မလား (မပေါ်ပါ ဘုရား)၊ ဒါဖြင့် လက်သည်းပြုပြင်လို့ ပေါ်လာတဲ့ ဝေဒနာသင်္ခါရ (မှန်ပါ့)။

လက်သည်းပြုပြင်လို့ပေါ်လာတဲ့ (ဝေဒနာ သင်္ခါရပါ ဘုရား)၊ ဒါ မှတ်ထားလိုက်တော့ ဪ ပြုပြင်လို့ ပေါ်လာတာ သင်္ခါရ (မှန်ပါ့)။

ဒကာကြွယ် ဘယ့်နှယ်မှတ်မတုံး (ပြုပြင်လို့ ပေါ်လာတာသင်္ခါရပါ ဘုရား)။

ပြုပြင်လို့ပေါ်လာတာ သင်္ခါရဆိုတော့ ခင်ဗျားတို့ ဒကာ ဒကာမတွေမှာလဲ ခန္ဓာကိုယ်ထဲမှာ အခုလို လေထိလို့ လေကပြုပြင်လို့ ပေါ်လာတဲ့ အေးတဲ့ဝေဒနာ (မှန်ပါ့)၊ နေကပြုပြင်လို့ ပေါ်လာတဲ့ ပူတဲ့ဝေဒနာ (မှန်လှပါ ဘုရား)၊ ကိုယ်ပေါ်မှာ ပေါ်လာတာ ကလေးတွေပေါ့ဗျာ (မှန်ပါ့)။

အဲဒါကလေးတွေဟာ ပြုပြင်လို့ ပေါ်လာသော ကြောင့် သင်္ခါရလို့မှတ်လိုက် (မှန်လှပါ)၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။

ပြုပြင်လို့ပေါ်လာတဲ့ တရားကသင်္ခါရ

ပြုပြင်လို့ ပေါ်လာသောကြောင့် (သင်္ခါရပါ ဘုရား)၊ ဒီနေ့ တရား အထူးဂရုစိုက်ပါ။ ဒကာ ဒကာမတို့ (မှန်လှပါ)၊ အလုပ်တရားကို နှစ်ရက် ဆက်ပြောတယ်လို့ မှတ်ရမယ်နော် (မှန်လှပါ ဘုရား)။

ကဲ ဒကာသစ်ကပဲ စဉ်းစား၊ ဦးမာတင်တို့က စဉ်းစားလက်သည်းတည်းဟူသော ဖောဋ္ဌဗ္ဗာရုံ ဆိုတဲ့ တရားနဲ့ မထိခိုက်လို့ရှိရင် မပြုပြင်ရင် ဝေဒနာသင်္ခါရပေါ်ပါ့မလား (မပေါ်ပါ ဘုရား)။

ဒါဖြင့် ပေါ်လာတဲ့တရား ဘာကလေးဖြစ်ဖြစ် ဒကာ ဒကာမတို့ နာတာကလေးဖြစ်ဖြစ် ဒါ ဘာတရားလို့ ခေါ်ကြမလဲ (သင်္ခါရတရားပါ ဘုရား)၊ အို အလိုလို ပေါ်တာလား၊ ဒကာ ဒကာမတို့ ပြုပြင်လိုက်လို့ ပေါ်တာလား (ပြုပြင်လိုက်လို့ပေါ် တာပါ ဘုရား)။

အဲ နေက ပြုပြင်-ပြုပြင်၊ လေက ပြုပြင်-ပြုပြင် ခုနင်ကပြောတဲ့ လက်သည်းတွေကိုပဲ ပြုပြင်-ပြုပြင်၊ အစားက ပြုပြင်-ပြုပြင် အစားကြောင့်လဲ ဝမ်းနာလာတာ အရှိသားပဲ (ရှိပါတယ် ဘုရား)၊ ဒါကျတော့ အာဟာရက ပြုပြင်တဲ့ သင်္ခါရ (မှန်ပါ့)၊ ခုနင်က နေပူကြောင့်ဖြစ်လာတဲ့ ခန္ဓာ ကိုယ်ထဲ စပ်တယ်ဆိုတာတွေကျတော့ ခုနင်က ပြုပြင်တဲ့ သင်္ခါရ (မှန်ပါ့ ဘုရား)ဆိုတော့ ခန္ဓာကိုယ်ထဲမှာက ဘာတွေများ စုပုံနေသတုံးလို့ မေးတဲ့အခါ သင်္ခါရတွေချည့် စုပုံနေတယ် (မှန်လှပါ)။

ခန္ဓာကိုယ်ထဲ သင်္ခါရတွေခုပုံနေ ချိန် ဘယ်လိုမှတ်ကြမယ် (သင်္ခါရတွေချည့် စုပုံ နေပါတယ် ဘုရား)၊ အို ဒကာ ဒကာမတို့ သင်္ခါရတွေ ချည့် စုပုံနေတယ်လို့ သိလိုက်တာသည်ကားလို့ ဆိုလို့ ရှိရင်ဖြင့် မနေ့က ပြောတဲ့တရားနဲ့ တစ်ထပ်တည်းသာမှတ် ဪ ယောက်ျား၊ မိန်းမဆိုတာ အပြောကိုး (မှန်ပါ့)။ စုနေတာတွေကတော့ (သင်္ခါရပါ ဘုရား)။

စုနေတာတွေကတော့ ဘာမှမတွေးကြနဲ့၊ ဒကာ ဒကာမတို့ သူများပြုပြင်လို့ ပေါ်နေတဲ့ သင်္ခါရတွေပဲ (မှန်ပါ့)၊ သူများပြုပြင်လို့ ပေါ်နေတဲ့ (သင်္ခါရတွေပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဥပမာမယ် ငြုတ်သီးကလေး လျှာပေါ် တင်လိုက်တယ်၊ စပ်တဲ့ ဝေဒနာကလေး ပေါ်လာတယ် (မှန်ပါ့)၊ ငြုတ်သီးကပြုပြင်လို့ ပေါ်လာတာ (မှန်ပါ့)၊ – ရေအေးကလေး သောက်လိုက်တယ်၊ လျှာပေါ်မှာ အေးသွား တယ်၊ သွားကလေးတွေ ကျင်သွားတယ် (မှန်ပါ့)၊ ရေတည်းဟူသော တရားက ပြုပြင်လိုက်လို့ ပေါ်လာတဲ့ ကျင်တဲ့ဝေဒနာ၊ စပ်တဲ့ဝေဒနာ မလာဘူးလား (လာပါ တယ် ဘုရား)၊ အဲဒါတွေ ဝေဒနာက္ခန္ဓာပေါ့ဗျ (မှန်ပါ့)၊ ဒီဝေဒနာက္ခန္ဓာတွေကို ဘာတရားလို့ ခေါ်ကြမယ် (သင်္ခါရတရားပါ ဘုရား)။

ဟာ ဒါဖြင့် ဒကာ ဒကာမတို့ သင်္ခါရတရားတွေ စုနေတာကိုး (မှန်ပါ့ ဘုရား)၊ ယောက်ျား မိန်းမဆိုတာ ပေါင်းပြီးတော့ ခေါ်လိုက်တာ (မှန်ပါ့)၊ စင်စစ်တော့ ဘာတွေ စုနေတာတုံး (သင်္ခါရ တရားတွေ စုနေတာပါ ဘုရား)။

သင်္ခါရတရားတွေ စုနေတယ် ဆိုတော့ ဒကာသစ်တို့ ဦးမာတင်တို့ ခန္ဓာကိုယ်ထဲမှာ ဘာမှမရှိဘူး (မှန်ပါ့)၊ သင်္ခါရ အစုပဲရှိတယ် (မှန်ပါ့)၊ ဘာတွေများ ရှိသတုံး (သင်္ခါရအစုပဲရှိပါတယ် ဘုရား)။

သင်္ခါရအစုပဲရှိတယ်ဆိုတာ မှတ်ထားလိုက်တော့မှ ဪ ဒါ ဘာလုပ်တာပါလိမ့်မတုံး၊ ဆရာဘုန်းကြီး ဘယ့်နှယ်ကြောင့် သေသေချာချာ ဟောနေပါလိမ့်မတုံး ဆိုတော့ ဪ ယောက်ျား၊ မိန်းမ နဂိုမရှိတာ ပေါ်အောင်ပြောနေတာ (မှန်ပါ့)။

ယောက်ျား မိန်းမ မရှိဘူး

ဘယ်လိုဆိုကြမလဲ (ယောက်ျား-မိန်းမ နဂိုက မရှိတာပေါ်အောင် ပြောနေတာပါ ဘုရား)၊ ဒါဖြင့် ဘာတွေ ရှိသတုံး (သင်္ခါရအစုတွေ ရှိပါတယ် ဘုရား)။

ဪ ယောက်ျား-မိန်းမ မရှိဘူး၊ ယောက်ျားမိန်းမဟာ စုပေါင်းပြီး ခေါ်တဲ့ ပညတ် (မှန်ပါ့)၊ ရှိတဲ့ ပရမတ်ကကော သင်္ခါရ (မှန်ပါ့)။

ရှိတဲ့ ပရမတ်ကတော့ (သင်္ခါရပါ ဘုရား)၊ သင်္ခါရ လို့မှတ်ထားလိုက်စမ်းပါ (မှန်ပါ့)၊ ဒါဖြင့် သင်္ခါရာ- သင်္ခါရ တရားတို့သည်ဆိုတော့ ဒို့ခန္ဓာကြီး ဆိုနေတာ ပါကလား (မှန်ပါ့ ဘုရား)။

ဉာဏ်ကခန္ဓာလှည့်လိုက်ပါ

ဘာဆိုနေတာတုံး (တပည့်တော်တို့ခန္ဓာကြီး ဆိုနေတာပါ)၊ ဒီခန္ဓာကြီးဆိုနေတာ (မှန်ပါ့)။

ဒီခန္ဓာကြီးဆိုနေတာ ဒကာ ဒကာမတို့ (မှန်ပါ့)၊ ဉာဏ်က ခန္ဓာလှည့်လိုက်ပါ (မှန်ပါ့)။

အင်း သင်္ခါရာ= သင်္ခါရ တရားတို့သည်လို့ ဘုရား ကပဲ ဟောဟော၊ ဆရာဘုန်းကြီးကပဲ ဘုရား၏ တရား ဟောဟော၊ အင်း ဒါဘယ်သ ူ့ဆိုနေတာပါလိမ့် (ဒီခန္ဓာကြီးဆိုနေတာပါ ဘုရား)၊ ဒီခန္ဓာကြီးဆိုတာ (မှန်ပါ့)၊ အခု တရားနာနေတဲ့ ခန္ဓာကြီးဆိုနေတာ (မှန်ပါ့)၊ ရှင်းပြီးနော် (ရှင်းပါပြီ)။

ဝတ=စင်စစ်ဧကန် အမှန်ပြောရမှာဖြင့် တဲ့ ဘုရားက ငါအမှန်ပြောရမှာဖြင့်ကွာတဲ့ အနိစ္စာ=အနိစ္စ လမ်းဆုံးကြကုန်၏တဲ့ (မှန်ပါ့)။

သင်္ခါရတွေအနိစ္စလမ်းဆုံးတယ်

ဪ မင်းတို့ ပေါ်လာတဲ့ သင်္ခါရတွေဟာ စင်စစ် ဘယ်လမ်းဆုံးသတဲ့လဲ (အနိစ္စ လမ်းဆုံးပါတယ် ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတွေ ခန္ဓာဉာဏ် လှည့်လိုက်တဲ့ အခါကျတော့ သင်္ခါရတွေ့လိုက်၊ အနိစ္စတွေ့ – လိုက်၊ ဒါပဲရှိမယ် (မှန်ပါ့)၊ ဒိပြင် ဘာရှိသေးသတုံး (ဘာမှမရှိပါ ဘုရား)။

ဘာတွေများ တွေ့ကြသလဲ (သင်္ခါရတွေ့လိုက်၊ အနိစ္စတွေ့လိုက်ပါ ဘုရား)။

ရုပ်လဲ မတွေ့ဘူး၊ နာမလဲမတွေ့ဘူး ဒကာသစ်ရေ (မှန်ပါ့ ဘုရား)၊ ဘာတွေများ တွေ့သလဲ (သင်္ခါရ နဲ့ အနိစ္စပဲတွေ့ပါတယ် ဘုရား)။

ပါဠိတော်နဲ့ကော ကိုက်ကဲ့လား (ကိုက်ပါတယ်)၊ ကြည့် “အနိစ္စာ ဝတ သင်္ခါရာ” ဒါသံယုတ် ပါဠိတော်နော် (မှန်ပါ့ ဘုရား)၊ သံယုတ်ပါဠိတော်မှာ သိကြားက ဘုရားပရိနိဗ္ဗာန်စံတော့ ဘုရား ပရိနိဗ္ဗာန်စံတာ မဟုတ်ပါဘူး၊ သင်္ခါရတရား အနိစ္စလမ်းဆုံးတာပါ (မှန်ပါ့ ဘုရား)။

ပရိနိဗ္ဗာန်စံတယ်လို့ပြောတာ

လောကပြောတော့ ပရိနိဗ္ဗာန်စံတယ်လို့ ပြောကြတာ ပါတဲ့ စင်စစ်တော့ သင်္ခါရတွေ အနိစ္စလမ်း လမ်းဆုံးကြတာပါ (မှန်ပါ့ ဘုရား)။

ဒကာကြွယ် ရှင်းသွားပြီ (ရှင်းပါပြီ)၊ သင်္ခါရ တရားတွေဟာ (အနိစ္စလမ်းဆုံးတာပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ဘာဖြစ်ချင်တယ်ဆိုတာ သင်္ခါရ ပေါ်ချင်တာဆိုတာပဲ (မှန်ပါ့)၊ တပည့်တော် လူဖြစ်ချင် ပါတယ်ဘုရား ဆိုတော့ ဘာပေါ်ချင်တာတုံး (သင်္ခါရ ပေါ်ချင်တာပါ ဘုရား)၊ နတ်ဖြစ်ချင်ပါတယ် ဆိုတာကော (သင်္ခါရပေါ်ချင်တာပါ ဘုရား)။

ဪ ခင်ဗျားတို့ အနိစ္စဆိုတဲ့ဥစ္စာ ခင်ဗျားတို့ သင်္ခါရပေါ်ချင် ခင်ဗျား သချင်သေးလို့ပေါ့ (မှန်ပါ့)၊ အနိစ္စရောက်ချင်သေးလို့ပေါ့ (မှန်ပါ့)၊ ဒီပြင် ဘာပြော စရာရှိသေးသတုံး (မရှိပါ ဘုရား)။

ဪ ဒီတော့ “အနိစ္စာဝတ သင်္ခါရာ” ကို အခု ၁၅-မိနစ်လောက် ပြောလိုက်တော့ ဪ ဒို့လူဖြစ်ချင်၊ နတ်ဖြစ်ချင်၊ ပေးကမ်းလှူဒါန်းပြီး လူဖြစ်ချင်၊ နတ်ဖြစ်ချင်တာ ဟာ ပေါ်ချင်တာကိုး၊ ပေါ်ချင် သေဦးမှာပဲ (မှန်ပါ့ ဘုရား)။

ပေါ်ချင်ရင်ဖြင့် (သေဦးမှာပါ)၊ သေဦးမှာပဲ ဆိုတဲ့ဥစ္စာက ဒကာကြွယ် အထူးထင်ရှားနေတယ် (ထင်ရှားပါတယ် ဘုရား)၊ ဒကာ ဒကာမတို့ အထူးမထင်ရှား ဘူးလား (ထင်ရှားပါတယ် ဘုရား)။

ဘာမှမဖြစ်ချင်နဲ့နော်

ဪ ဒါကြောင့် ဘုန်းကြီးတို့ ဆရာကောင်း၊ သမားကောင်းတွေက ဒကာသစ်၊ ဦးမာတင်တို့ ဒကာကြွယ် ဘာမှ မဖြစ်စေချင်နဲ့နော်လို့ သတိပေးလိုက်တာများ ရိပ်မိဖို့ သိပ်ကောင်းတယ် (မှန်ပါ့)၊ ဘာမှ မဖြစ်ချင်ပါနဲ့လို့ သတိ ပေးလိုက်တယ် (မှန်ပါ့ ဘုရား)။

ဘာစိုးရိမ်တာပါလိမ့် (သင်္ခါရဖြစ်မှာ စိုးရိမ် တာပါ ဘုရား)၊ သင်္ခါရမဖြစ်ချင်နဲ့ (မှန်ပါ့)၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။

ဘာစိုးရိမ်တာပါလိမ့် (သင်္ခါရဖြစ်မှာစိုးရိမ်တာပါ ဘုရား)၊ မဟုတ်ဘူးတဲ့၊ သင်္ခါရဖြစ်ရင် ခင်ဗျားတို့ အနိစ္စလမ်း ဆုံးလိမ့်မယ် (မှန်ပါ့)၊ ဒီအနိစ္စစိုးရိမ်လို့ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ ဒီစကား ရှင်းရှင်းကလေး မှတ်ပါဦး၊ ဦးမာတင်တို့ (မှန်ပါ့ ဘုရား)၊ ခင်ဗျားတို့က လူဖြစ်ချင်တယ်ဆိုတော့ သင်္ခါရဖြစ်ချင်တယ် (မှန်ပါ့)။ နတ်ဖြစ်ချင်တယ်ဆိုတော့ (သင်္ခါရဖြစ်ချင်တာပါ)၊ ဗြဟ္မာ ဖြစ်ချင်တယ် (သင်္ခါရဖြစ်ချင်တာပါ)၊ ဒီသား၊ ဒီသမီး နဲ့ မခွဲဘဲ ဖြစ်ချင်တယ် (သင်္ခါရဖြစ်ချင်တာပါ ဘုရား)။

ဪ မဖြစ်ချင်ကြပါနဲ့လို့ ဆရာဘုန်းကြီး ကရော ဘုရားကရော ကန့်ကွက်တယ် (မှန်ပါ့)၊ ဦးလှဘူး ဘာ့ကြောင့် ကန့်ကွက်တယ်ထင်သတုံးဗျ (အနိစ္စ လမ်းဆုံးမှာ စိုးလို့ပါ ဘုရား)၊ မင်းတို့ မျက်ရည် ကျလိမ့် မယ် (မှန်ပါ့ ဘုရား)။

မင်းတို့ မျက်ရည်ကျလိမ့်မယ်၊ အနိစ္စရောက်တော့ မင်းတို့ မျက်ရည်ကျလိမ့်မယ် (မှန်ပါ့)၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။

အနိစ္စရောက်တော့ (မျက်ရည်ကျရမှာပါ)၊ အဲ မျက်ရည်ကျရမှာ စိုးရိမ်လို့ မဖြစ်ချင်မှ မပျက်မှာကိုးဗျ (မှန်ပါ့)၊ ဖြစ်ချင်ရင် ဒကာသစ်ရေ (ပျက်မှာပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

သင်္ခါရဇာတ်သိမ်းရာရောက်ရပါလို၏

ဒါဖြင့် အားလုံး ဒကာ ဒကာမတို့ ဘာလှူလှူ ဘာတန်းတန်း၊ ဘာပေးပေး၊ ဘာကမ်းကမ်း၊ သင်္ခါရတို့ ချုပ်ရာ ရောက်ရပါလို၏ (မှန်ပါ့)၊ သင်္ခါရဇာတ်သိမ်းရာ (ရောက်ရပါလို၏)။

သင်္ခါရဇာတ်သိမ်းရာ ရောက်ရပါလို၏ ဆိုတော့ သင်္ခါရဇာတ်သိမ်းလို့ရှိရင်ဖြင့် အသင်္ခတ ဖြစ်ရတယ် (မှန်ပါ့ ဘုရား)၊ အသင်္ခတနိဗ္ဗာန် ရောက်သွားတယ် (မှန်ပါ့ ဘုရား)။

ဒါ့ကြောင့် ဒကာ ဒကာမတွေက သင်္ခါရကို မလိုချင် ပါနဲ့ အသင်္ခတကို ရအောင်ယူပါ (မှန်ပါ့ ဘုရား)။

ဒါ့ကြောင့် ဒကာ ဒကာမတွေက သင်္ခါရကို မလိုချင် ပါနဲ့ အသင်္ခတကို ရအောင်ယူပါ (မှန်ပါ့ ဘုရား)။

သင်္ခါရကို (မလိုချင်ပါနဲ့)၊ အသင်္ခတကို (ရအောင်ယူပါ ဘုရား)။

ဒါဖြင့် အားလုံး ဒကာ ဒကာမတွေ ဖြစ်နေတာက သူ့ဟာက အဖြစ်သာကြိုက်နေတာကိုးဗျ (မှန်ပါ့)၊ အဖြစ်နောက်က အနိစ္စလိုက်လာတယ်ဆိုတာ ဒကာကြွယ်တို့ က နည်းနည်းမှ မစဉ်းစားတော့ ဒီဆွမ်း၊ ဒီကွမ်းကြောင့် နတ်ဖြစ်ချင်တယ်လို့ဆိုတော့ နတ်ဖြစ်ပါပြီဆိုတော့ ဖြစ်ပေါ်လာတာကို ဒကာသစ်က ဘာဆိုမတုံး (သင်္ခါရပါ ဘုရား)။

ဒါဖြင့် နတ်ဖြစ်ချင်ရင် နတ်ပြည်သေမှာပဲ (မှန်ပါ့)၊ ဗြဟ္မာဖြစ်ချင် (ဗြဟ္မာပြည်သေရမှာပါ ဘုရား)။

သူများပါးစပ်လမ်းဆုံး

ဪ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မသိသေး တော့လဲ သူများပါးစပ်လမ်းဆုံးပြီး မင်း- နတ်ဖြစ်ရင် မကောင်း ဘူးလားကွာ (မှန်ပါ့)၊ မင်း- ဗြဟ္မာဖြစ်ရင် မကောင်း ဘူးလား (မှန်ပါ့)၊ အဲဒီတော့ မင်း-ဗြဟ္မာ့ပြည် ဆုတောင်း၊ နတ်ပြည် ဆုတောင်းလို့ ဆိုတော့ ပြောတဲ့ပုဂ္ဂိုလ်ကလဲ ပြော ရက်ပါပေတယ် (မှန်ပါ့)၊

ခင်ဗျားတို့ကလဲ ယောင်ပြီး လိုက်ရက်ပါပေမယ် (မှန်ပါ့)၊ ဆိုထိုက် မဆိုထိုက် (ဆိုထိုက်ပါတယ်)၊ သူတို့ ဘာကို အဖြစ်ခိုင်းတာတုံး မေးတော့ သင်္ခါရ အဖြစ်ခိုင်းတာ (မှန်ပါ့)၊ ဘာကို ဆုတောင်းခိုင်း တာတုံး (သင်္ခါရဆုတောင်းခိုင်းတာပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ရွတ်ကြည့်ပါ၊ “အနိစ္စာ ဝတ သင်္ခါရာ” (မှန်ပါ့)၊ သင်္ခါရာ= ပြုပြင်လို့ပေါ်လာတဲ့ သင်္ခါရတရားတို့ သည်၊ ဝတ= စင်စစ်၊ အနိစ္စာ= ပျက်ကြကုန်၏ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ အပျက်ဆုတောင်းယူဟေ့ ဆိုရင်လဲ တောင်းယူတာပဲ (မှန်ပါ့)၊ အပျက်ဆုတောင်းပါ ဆိုတော့ တောင်းမှာပဲ (မှန်ပါ)၊ အပျက် ဆုတောင်းယူပါ ဆိုတော့ (တောင်းယူပါတယ်)၊ အဖြစ်ရှိရင် အပျက်က (ရှိပါ တယ် ဘုရား)။

အဲဒီတော့ ထည့်ပြီး သကာလ ခင်ဗျားတို့ကလဲ မစဉ်းစား၊ ခေါင်းဆောင် လုပ်တဲ့ ပုဂ္ဂိုလ်ကလဲ မပြောတော့ကို ခင်ဗျားတို့က အစကလေး ပြထားပြီး သကာလ ဒကာ ဒကာမ တို့ အဆုံးမပြတဲ့ အတွက် ခင်ဗျားတို့ ကျုပ်တို့မှာ ကိုယ်ကျိုး နည်းရတယ် (မှန်ပါ့)၊ ကိုယ်ကျိုးမနည်းဘူးလား (နည်းပါတယ် ဘုရား)။

သူက ဘာပြသတုံး အစကလေးပြတယ် (မှန်ပါ့)၊ အစကလေးပြထားတော့ ဒီအစကလေးက ဒီအတိုင်း နေမှာလား ပျက်ဦးမှာလား (ပျက်ဦးမှာပါ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ ဒီလိုဆုတောင်းတဲ့ ပုဂ္ဂိုလ်ဟာ ဘာနဲ့တူသတုံးလို့ မေးဖို့လိုလာတယ် (လိုပါတယ်)၊ ဒကာကြွယ်မလိုလားဗျာ (လိုပါတယ် ဘုရား)။

ပျားရည်သုတ်ထားတဲ့ သင်ခန်းသွား

သင်ဓုန်းသွားပေါ် သင်ဓုန်းထက်လောက်အောင် သွေး (မှန်ပါ့)၊ သွေးပြီး သကာလ ဦးလှဘူး ပျားရည် ကလေး သုတ်ထား (မှန်ပါ့)၊ ဟောဟို ပျားရည်ကလေး ဟာ မင်းအရသာရှိတယ် ဆိုပြီး လူမိုက်က သွားလျက်မယ် (မှန်ပါ့)၊ ချိုတာနဲ့ လျှာပြတ်တာနဲ့ လျှာပြတ်တာနဲ့ ဒကာသစ် ဘယ်သူက နစ်နာမယ် ထင်သတုံး (လျှာပြတ်တာက နစ်နာပါတယ် ဘုရား)။

အဲ ခင်ဗျားတို့က ချိုတာသာမြင်တယ်၊ လျှာပြတ် မှာ မမြင်ဘူး (မမြင်ပါ)၊ တယ်လဲ ဆိုးပါကလား (ဆိုးပါတယ် ဘုရား)။

ချိုတာသာမြင်တယ် (လျှာပြတ်မှာ မမြင်ပါ)၊ အဲ ခင်ဗျားတို့ ဘာဖြစ်ချင်၊ ညာဖြစ်ချင်ဆိုတာကိုပဲ မြင်တယ် (မှန်ပါ့)၊ အနိစ္စ (မမြင်ပါ)၊ လျှာပြတ်တာနဲ့တူတဲ့ အနိစ္စကို မမြင်ဘူး (မှန်ပါ့ ဘုရား)။

အဲဒီမှာ ခင်ဗျားတို့ တစ်သံသရာလုံး ကိုယ်ကျိုး နည်းခဲ့တာ (မှန်ပါ့)၊ သင်္ခါရကို ကြိုက်လို့ အနိစ္စကို ခင်ဗျားတို့ မမြင်တဲ့နောက်ဆုံးပိတ်ကျတော့ မတွေ့ချင်ဘဲ တွေ့ရတယ် (တွေ့ရပါတယ်)၊ မနစ်နာဘူးလား (နစ်နာပါတယ် ဘုရား)။

လူပျိုကြီးလုပ်နေမယ်ဆိုရင်

ဒါဖြင့် လောကီဥပမာနဲ့ ရှင်းအောင် ပြောကြပါစို့ ဆိုတော့ ဒကာကြွယ်ရေ ဒကာကြွယ်-လူပျိုကြီး လုပ်နေတယ် ထားတော့ (မှန်ပါ့)၊ လူပျိုကြီးသာ လုပ်နေမယ်ဆို ဒကာကြွယ် ဘယ်သူနဲ့ ခွဲစရာများ ရှိသေးသတုံး (မရှိပါ)၊ သားနဲ့ ခွဲစရာကော (မရှိပါ)၊ သမီးနဲ့ ခွဲစရာ (မရှိပါ)၊ မြေးနဲ့ခွဲစရာ (မရှိပါ)၊ ခင်ပွန်းနဲ့ ခွဲစရာ (မရှိပါ ဘုရား)။

အခုတော့ ဘယ့်နှယ်ဖြစ်နေသတုံး ဆိုတော့ ဖြစ်မှု အလိုရှိတဲ့ အတွက် ပျက်မှုတွေ့ရလိမ့်မယ် (တွေ့ရမှာပါ) နောက်ဆုံးပိတ်တစ်နေ့ သားနဲ့လဲ ခွဲရမယ် (မှန်ပါ့)၊ သမီးနဲ့ကော (ခွဲရမှာပါ)၊ ခင်ပွန်းမ နဲ့ကော (ခွဲရမှာ ပါ ဘုရား)။

အို သင်္ခါရအလိုရှိတဲ့ပုဂ္ဂိုလ်ဟာ အနိစ္စခွဲခန်း တော့ (တွေ့ရမှာပါ ဘုရား)၊ ငြင်းလို့ရပါ့မလား (မရပါ ဘုရား)။

အဲဒါ ခင်ဗျားတို့က သင်္ခါရကြိုက်နေလို့ အနိစ္စ မျက်ရည်ဟာ အလိုလိုပေါ်လာတယ် (ပေါ်လာပါ တယ် ဘုရား)။

သင်္ခါရကြိုက်ရင် (အနိစ္စမျက်ရည် အလိုလို ပေါ်လာပါတယ် ဘုရား)၊ အနိစ္စမျက်ရည်ရတယ် (ရပါ တယ် ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ သင်ဓုန်းသွားပေါ်မှာရှိတဲ့ ပျားရည်ကလေး ဦးမာတင်တို့ လျက်မိတာနဲ့ပဲ ပျားရည်ချို ကလေး သင်္ခါရမြင်တာနဲ့ လျှာပြတ်တဲ့ကိစ္စက မသက်သာဘူး (မှန်ပါ့ ဘုရား)၊ သက်သာ သေးရဲ့လား (မသက်သာ ပါ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက သင်္ခါရနယ်က လွတ်မှ မင်းတို့ ချမ်းသာမယ်တဲ့ (မှန်ပါ့)၊ ပေါ်ချင်တာ၊ ပျက်ချင်တာ၊ မင်းတို့လွတ်မှ အသင်္ခတဆိုတဲ့ နိဗ္ဗာန်၊ မပြုပြင်ဘဲနဲ့ တည်တံ့တဲ့ နိဗ္ဗာန် ရမယ်လို့ ပြောတာ ခင်ဗျားတို့က သင်္ခါရတွေချည့် ဆုတောင်းနေတော့ (မှန်ပါ့)၊ သဘော ကျပလား (ကျပါပြီ ဘုရား)။

သင်္ခါရတွေချည့်ပဲ ဆုတောင်းယူနေတော့ အနိစ္စနဲ့ ချည့်ပဲမျက်ရည်ကျနေတယ် (ကျပါတယ် ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဘာနဲ့ မျက်ရည်ကျသလဲ (အနိစ္စနဲ့ချည့် မျက်ရည်ကျပါတယ် ဘုရား)၊ အို ဘာဆုတောင်း မိလို့တုံး (သင်္ခါရ ဆုတောင်းမိလို့ပါ ဘုရား)။

ဖြစ်မှဖြစ်ရပလေ၊ သင်ဓုန်းသွားပေါ်မှာရှိတဲ့ ပျားရည်လျက်မိတာနဲ့ လျှာပြတ်တဲ့ဒုက္ခနဲ့ လမ်းဆုံး ရတယ် (မှန်ပါ့)၊ ချိုတာက နည်းနည်း၊ လျှာပြတ်တာက နာတယ်၊ နာချက်က ပြင်းထန်တယ် (မှန်ပါ့)၊ ဘယ်လောက်ဆိုးသတုံး (ဆိုးပါတယ် ဘုရား)၊ ပေါ်ကြ ပလား (ပေါ်ပါပြီ ဘုရား)။

သင်္ခါရကြိုက်မိလို့

ကဲ အခု ဒကာသစ်တို့လဲ အိမ်ထောင်ပြု၊ ဒကာကြွယ်တို့လဲ အိမ်ထောင်ပြုတော့ ချိုတာနဲ့ ပူဆွေး သောက၊ မျက်ရည်ကျရတာနဲ့ ဒကာကြွယ် ဘယ်ဟာက များသတုံး (ပူဆွေးသောကမျက်ရည် ကျရတာက များပါတယ် ဘုရား)။

အဲဒါနဂိုက ဘာကြိုက်မိလိုပါလိမ့် (သင်္ခါရ ကြိုက်မိလို့ပါ ဘုရား)၊ ဪ ရှိမှတော်မည်ဆိုတဲ့ သင်္ခါရ ကြိုက်မိလို့ (မှန်ပါ့)။

ရှိမှတော်မည်ဆိုတဲ့ (သင်္ခါရကြိုက်မိလို့ပါ ဘုရား)၊ သင်္ခါရ ကြိုက်မိလို့ ယခုအခါမှာ ဘာအမြတ်တွေ ထွက်နေသတုံး ဆိုတော့ ရင်ထုရတာ၊ မျက်ရည်ကျရတာ ဟုတ်လား (မှန်ပါ့)၊ စိုးရိမ်ရတာ ဒါတွေပဲ ခင်ဗျားတို့ အမြတ်ထွက်တယ် (မှန်ပါ့)။

အမြတ်ထွက်တော့ အဲဒီရင်ထုစိုးရိမ်တွေက ပဋိစ္စ သမုပ္ပါဒ်တန်းလိုက်တော့ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသ၊ အဝိဇ္ဇာ၊ သင်္ခါရဆိုပြီး တစ်ခါတည်း သံသရာ ခရီးသည်ဖြစ်သွားတယ် (မှန်ပါ့ ဘုရား)။

သံသရာခရီးသည်ဖြစ်ချင်လို့ ဖြစ်ရတာလားလို့ မေးတော့ ဒကာ ဒကာမတို့ ဘာသဘော ကျမိလို့ပါလိမ့် (သင်္ခါရသဘောကျမိလို့ပါ ဘုရား)။

သင်္ခါရသဘောကျမိတော့ အနိစ္စနဲ့က ခွဲလို့ရသေးရဲ့ လား (မရပါ ဘုရား)။

မရတော့ ဒကာသစ်တို့ ကလဲ ဉာဏ်မပါတော့ သောက ပရိဒေဝ၊ ဒုက္ခ, ဒေါမနဿတွေက ငြိမ်းသေးသလား (မငြိမ်းပါ ဘုရား)၊ မငြိမ်းတော့ နောက်ဘဝ ပဋိစ္စသမုပ္ပါဒ် ကြီးနဲ့ မကြုံရဘူးလား (ကြုံရပါတယ်)၊ နောက်ဘဝခန္ဓာတွေ မရဘူးလား (ရပါတယ် ဘုရား)။

အဲဒါ ဘာသဘောကျမိလို့ပါလိမ့် (သင်္ခါရ သဘောကျမိလို့ပါ ဘုရား)၊ ဒကာကြွယ် သင်္ခါရ နှိပ်စက်တာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဉာဏ်နားနဲ့ထောင်စမ်းပါ

အားလုံး ဒကာ ဒကာမတွေ ဉာဏ်နားနဲ့ထောင်စမ်း ပါ (မှန်ပါ့)၊ ဪ ဒို့မှာ သင်္ခါရနှိပ်စက်လို့ မျက်ရည် ထွက်ရတာပါလား (မှန်ပါ့)။

ဘယ်လိုဆို ကြမယ် (သင်္ခါရ နှိပ်စက်လို့ မျက်ရည် ထွက်ရတာပါ ဘုရား) ခင်ဗျားတို့က နဂိုက ဘာ သဘောကျသတုံး (သင်္ခါရ သဘောကျတယ် ဘုရား)။

သင်္ခါရဆိုတာ အသစ်ပေါ်မှု၊ အသစ်တွေ့မှုကို သဘောကျတယ် (ကျပါတယ် ဘုရား)၊ သဘောကျတဲ့ အတွက် နောက်ဆုံးပိတ်အသစ်ပေါ်ရင် အသစ်ပျက်တာ ပဲ (မှန်ပါ့)။

ပျက်တော့ ဒကာသစ်တို့ က ဒီအတိုင်းနေလို့ ဖြစ်သလားတဲ့၊ စိတ်သောကဗျာပါဒတွေများ ရသလား (စိတ်သောက ဗျာပါဒတွေများရပါတယ် ဘုရား) အင်း ဘာလမ်းဆုံးသွားပါလိမ့် (အနိစ္စ လမ်းဆုံးသွားပါတယ် ဘုရား)။

ဘယ့်နှယ့်ကြောင့် ခင်ဗျားတို့ အနိစ္စလမ်းဆုံးကြီးဟာ တွေ့ရပါလိမ့် (သင်္ခါရသဘောကျလို့ပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ဟာ သင်္ခါရနယ်ထဲကို က မထွက်ချင်လို့ အသင်္ခတနဲ့လဲဝေး (မှန်ပါ့) အနိစ္စနဲ့တော့ နီး (မှန်ပါ့)၊ သွားပြီကိုးဗျ (မှန်ပါ့ ဘုရား)။

အသင်္ခတနဲ့တော့ဝေးပါတယ်

အသင်္ခတဆိုတဲ့ တရားနဲ့တော့ (ဝေးပါတယ် ဘုရား) အနိစ္စနဲ့တော့ (နီးပါတယ် ဘုရား) ဒါဖြင့် မျက်ရည်နဲ့သာ နီး၍ နိဗ္ဗာန်နဲ့ဝေးတယ် (မှန်ပါ့ ဘုရား)။

ဘယ်နှယ့်ဆိုကြမယ် (မျက်ရည်နဲ့သာနီး၍ နိဗ္ဗာန်နဲ့ဝေးပါတယ် ဘုရား) အံမာလေး ခင်ဗျားတို့ဖြစ် ချက်က ဆိုးလှချည့် (ဆိုးပါတယ် ဘုရား)။

မျက်ရည်နဲ့တော့ (နီးပါတယ် ဘုရား) နိဗ္ဗာန်နဲ့ တော့ (ဝေးပါတယ် ဘုရား)။

ဟာ သွားပြီ ဒကာကြွယ် (မှန်လှပါ့)၊ သွားပြီ သွားပြီ ဒါ ဘာသဘောကျမိတာတုံး ဆိုတာ ကောင်းကောင်း ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊ ဘာသဘောကျတာတုံး (သင်္ခါရ သဘောကျတာပါ ဘုရား)။

မျက်ရည်အမြတ်ထွက်လာတယ်

အင်း သူနဲ့အတူ နေရကောင်းနိုးနိုး၊ နတ်ဖြစ်ရ ကောင်းနိုးနိုး၊ ဗြဟ္မာဖြစ်ရကောင်းနိုးနိုး၊ သားကလေး ထွန်း ကားလာ ကောင်းနိုးနိုး၊ သမီးကလေးထွန်းကားလာကောင်း နိုးနိုးဆိုတဲ့ သင်္ခါရ သဘော ကျလိုက်တာ ဘာတွေ အမြတ် ထွက်သတုံး (မျက်ရည် အမြတ်ထွက်ပါတယ်) မျက်ရည် အမြတ်ထွက်လာတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ) အသင်္ခတနိဗ္ဗာန်နဲ့တော့ (ဝေးပါတယ် ဘုရား)။

ဒကာကြွယ် ဒီနေ့တရားပေါ်ပလား (ပေါ်ပါပြီ ဘုရား) ဘာသဘောကျလို့တုံး (သင်္ခါရံ သဘောကျလို့ ပါ) သင်္ခါရ သဘောကျမိတော့ ဘာအမြတ်ထွက်သတဲ့တုံး (မျက်ရည် အမြတ်ထွက်ပါတယ် ဘုရား) အံမာလေး မျက်ရည်တော့ အမြတ်မလိုချင်ပါနဲ့ဗျာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အခု ဒကာ ဒကာမတွေမှာ အားလုံးပဲ အသေးအကြီး ကိုယ့်မျက်ရည် ကလေးနဲ့ ကိုယ် နေကြရတယ် (မှန်ပါ့) အင်း ဘာသဘောကျလို့ မျက်ရည်တွေ အမြတ်ထွက် နေကြပါလိမ့် (သင်္ခါရ သဘောကျလို့ပါ ဘုရား)။

အင်း တည်ထောင်မိတဲ့ သင်္ခါရ (မှန်ပါ့) ကိုယ်ခန္ဓာ တည်ထောင်မိတဲ့ သင်္ခါရ (မှန်ပါ့)၊ ကိုယ့်ခန္ဓာ ပေါ်လာတဲ့သင်္ခါရ၊ ကိုယ့်ခန္ဓာကပွားလာတဲ့ သင်္ခါရကလေး တွေကြောင့် ဒါကလေးတွေက သင်္ခါရ ဆိုတာ အနိစ္စလမ်းဆုံး တယ် (မှန်ပါ့)၊ ဒကာ ဒကာမတွေက သင်္ခါရသာ သဘောကျတယ်၊ အနိစ္စ ကျရင် မျက်ရည်ထွက်လာပြီ (မှန်ပါ့)။

ပျားရည်သာသူမြင်တယ်

ဒါကြောင့် ဒကာ ဒကာမတွေ မျက်ရည်ထွက်တာများ သနားစရာမရှိဘူး (မှန်ပါ့)၊ သူဟာ ပျားရည်သာ သဘောကျတယ်၊ လျှာပြတ်မှာမသိလို့ (မှန်ပါ့)။

ပျားရည်လျှက်ကာ သင်ဓုန်းအသွားမှာ ပျားရည် သုတ်ထားတာတွေကို ပျားရည်သာ သူမြင်၍ လျှာပြတ်မည့် သင်ဓုန်းဓား ထက်တာကို သူမသိဘူး (မသိပါ ဘုရား)။

အဲဒါကြောင့် သူလျှာပြတ်တဲ့ မျက်ရည်ထွက်နေတာ (မှန်ပါ့)၊ မထွက်ရဘူးလား (ထွက်ရပါတယ် ဘုရား)။

ကိုင်း ဒကာ ဒကာမတွေ ရှေ့-တပည့်တော်တို့ ကောင်းစားမှာလားဘုရား၊ မကောင်းစားမှာ လားဘုရာ့ လို့ ဘာမှ ဗေဒင်မမေးနဲ့ (မှန်ပါ့)၊ သင်္ခါရသဘောကျရင် မျက်ရည်ထွက်မယ်ဆိုတာမှတ် (မှန်ပါ့)။

သင်္ခါရသဘောကျရင် (မျက်ရည်ထွက်မှာပါ ဘုရား)၊ သဘောပါကြပလား (ပါ-ပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာသစ် ရှေ့-သင်္ခါရနယ်က ထွက်မှကောင်းမယ် (မှန်ပါ့)၊ ဘယ်နယ်က ထွက်ရမလဲ (သင်္ခါရနယ်က ထွက်ရပါမယ် ဘုရား)။

ဒါက နားထောင်နေကျ ဒကာ ဒကာမတွေမှ ဒီသဘောကိုပေါက်တယ် (မှန်ပါ့)၊ ဒါ ဝိပဿနာ ဉာဏ်နေရာတွေ (မှန်ပါ့)၊ ဒိပြင် အခုမှလာတဲ့ ဒကာ ဒကာမတွေဆိုရင် မလွယ်ဘူး (မလွယ်ပါ ဘုရား)၊ လွယ်ပါ့မလား (မလွယ်ပါ ဘုရား)။

နိဗ္ဗာန်ရောက်အောင်ပို့မည့်ဂါထာ

ကဲ ဒါဖြင့် ဒီဥစ္စာနိဗ္ဗာန်ရောက်ပါလိမ့်မယ် ဒကာ ဒကာမတို့ (မှန်ပါ့)၊ ဒါ နိဗ္ဗာန်ရောက်ပါလိမ့်မယ် တဲ့၊ ဒီဂါထာကိုက ဦးမာတင် နိဗ္ဗာန်ရောက်အောင် ပို့မည့်ဂါထာ (မှန်ပါ့ ဘုရား)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဒကာ ဒကာမ တွေမှာ ဘယ်သူနှိပ်စက်နေသတုံးလို့ မေးလို့ရှိရင် သင်္ခါရ နှိပ်စက်နေတာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ သင်္ခါရနှိပ်စက်နေတယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ)။

သင်္ခါရကိုတော့ ခင်ဗျားတို့က အကြိုက်ဖြစ်နေတော့ ဒီသင်္ခါရကလဲ စင်စစ်ဘုရားက အနိစ္စ လမ်းဆုံးမယ်တဲ့ (မှန်ပါ့ ဘုရား)။

နတ်ခန္ဓာရချင်ရင်

သင်္ခါရဘယ်လမ်းဆုံးသလဲ (အနိစ္စလမ်း ဆုံးပါတယ် ဘုရား)၊ ဒါဖြင့် လူ့ခန္ဓာရချင်လို့ရှိရင် လူသေ သေရပါလို၏ (မှန်ပါ့)၊ နတ်ခန္ဓာရချင်ရင် (နတ်သေ-သေရပါ လို၏) ဒီတွင် မရပ်နဲ့ဦး၊ နတ်သေ-သေ၊ နတ်ပူ-ပူပြီး နတ်ရူး- ရူးရပါလို၏တောင် ပါသေးတယ် (ပါ, ပါတယ် ဘုရား)၊ မပါဘူးလား (ပါ, ပါတယ် ဘုရား)။

လူရူး ရူးရတာ အားမရလို့ နတ်ပြည်မှာ ခင်ဗျား တို့က အဲဒီမှာ အရူးပွဲခံနေတာ (မှန်ပါ့)၊ ဒီအဓိပ္ပါယ်မရ ဘူးလား (ရပါတယ် ဘုရား)။

အဲဒါခင်ဗျားတို့ မှားချက်သန်ထားတာတွေ ဒကာကြွယ် ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

လူ့ပြည် မသာပို့ရထားဖြင့် အလောင်းမြေပေါ်ထပ် နေပြီ၊ နတ်ပြည်မသာ မမြှုပ်ရသေးဘူး (မှန်ပါ့)၊ အံမာလေး ဖြစ်ရလေ (မှန်ပါ့)။

ဒကာသစ် ဘာတဲ့တုံး (နတ်မသာ မမြှုပ်ရ သေးပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ)၊ ဝီရိယ အစိုက်နည်းတာ၊ ဟိုမှာသုံးဂါဝုတ်လောက်ရှိတဲ့ ခန္ဓာကြီး မြှုပ်ရဦးမယ် (မှန်ပါ့)၊ တပည့်တော် ကြိုးစားမယ် (မှန်ပါ့ ဘုရား)၊ ကောင်းကြသေးရဲ့လား (မကောင်းပါ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ)။

အံမာလေး ဒကာ ဒကာမတွေ သင်္ခါရ သဘော ကျတာ သင်္ခါရ၏ ဆိုးဝါးပုံ ရှေးဦးစွာ ဒကာကြွယ် ရှင်းပြနေ တယ် (မှန်ပါ့)။

ဒကာသစ် သင်္ခါရအကြောင်း သိပလား (သိပါပြီ ဘုရား)၊ ဖြစ်ပေါ်လာတာဟူသ၍ (သင်္ခါရပါ ဘုရား)။

ခင်ဗျားတို့က ဖြစ်ချင်တဲ့ တဏှာမသေးတော့ ဖြစ်ဖို့ ရာပဲကြိုးစားနေကြတယ် (မှန်ပါ့)၊ သဘော ကျပလား (ကျပါပြီ ဘုရား)။

သင်္ခါရကြီးလေ ခက်လေပဲ

ဒါ့ကြောင့် ဘုန်းကြီးက တစ်ခါတစ်ခါ ဟောရတယ်၊ ဒကာ ဒကာမတို့ သင်္ခါရကြီးလေ ခက်လေပဲ (မှန်ပါ့)။

သင်္ခါရကြီးလေ (ခက်လေပါ ဘုရား)၊ ဥပမာ ရှေးကဘုန်းကြီးတို့ အင်္ဂလိပ်မင်း လက်ထက်တုန်းက ငွေဒင်္ဂါးတွေ ရှိကြတယ်၊ လူတိုင်း သိပါတယ်နော် (မှန်ပါ ဘုရား)။

ဒီတစ်ကျပ်နဲ့ ဥပမာ ဒကာသစ် ရင်ဘတ်ကို တစ်ယောက်သော ပုဂ္ဂိုလ်က ပေါက်လိုက်တယ်၊ တစ်ဆယ် ထုပ်နဲ့ ပေါက်လိုက်တာနဲ့ ဘယ်သူနာပါ့မလဲ (တစ်ဆယ်ထုပ်က နာပါတယ် ဘုရား)၊ ဘာဖြစ်လို့တုံး ဟိုက သင်္ခါရများတယ် (မှန်ပါ့)၊ တစ်ကျပ်က (နည်းပါတယ် ဘုရား)။

ခင်ဗျားတို့က ဘာကြိုက် သလဲ ဆိုတော့ လူခန္ဓာထက် နတ်ခန္ဓာက သုံးဂါဝုတ်ဆိုတော့ နတ်ခန္ဓာက ကြီးတယ် (ကြီးပါတယ် ဘုရား)။

အဲဒီတော့ အထုပ်ကြီးနဲ့ ပေါက်တာကို ရင်ဘတ်ကို ပက်လက်လဲသေတာမှ ကြိုက်တယ် (ကြိုက်ပါတယ် ဘုရား)၊ ဖြစ်မှဖြစ်ရပလေ၊ ပေါ်ပလား ဒကာ ဒကာမတို့ (ပေါ်ပါပြီ)။

ဒါဖြင့် အခု ကုန်ကူးနေကြတာ ဒကာကြွယ် များများ မြတ်တာကြိုက်သလား၊ နည်းနည်းပဲ ကြိုက်သလား (များများမြတ်တာ ကြိုက်ပါတယ် ဘုရား)၊ အံမာလေး နောက်ပြန်လှည့်သေချင်တာကိုး (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ဘာဖြစ်ချင်တဲ့ (နောက်ပြန်လှည့် သေချင်တာပါ ဘုရား)၊ အထုပ်ကြီးမှန်ပြီးတော့ (မှန်ပါ့)။ ရှင်းပလား (ရှင်းပါပြီ)။

ရက်ကွဲပက်လက်သေချင်လို့လား

ပျောက်ကြည့်စမ်းပါ ဒကာသစ်ရေ တစ်ကျပ် ပျောက်တာနဲ့ တစ်သောင်းပျောက်တာ ဘယ်သူက ထိခိုက် သတုံး (တစ်သောင်း ပျောက်တာက ထိခိုက်ပါတယ် ဘုရား)။

ဒါ အထုပ်ကြီးမှန်တာဗျ (မှန်ပါ့)၊ သို့သော် ခင်ဗျားက ဘယ်ဟာ လိုက်ရှာသတုံး (အထုပ်ကြီးမှန် တာလိုက်ရှာပါတယ် ဘုရား)၊ ဘာဖြစ်လို့ တုံး၊ ရင်ကွဲ ပက်လက်သေချင်လို့လား (မှန်ပါ့)၊ ဒီအဓိပ္ပါယ်ပဲ မရဘူးလား ရသလား (ရပါတယ် ဘုရား)။

ဉာဏ်နဲ့စဉ်းစားဗျ (မှန်ပါ့)၊ ဉာဏ်နဲ့စဉ်းစားမှ ဒကာ ဒကာမတို့ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)၊ ဒါဖြင့် သင်္ခါရကြီး လေဘာတုံး၊ နှိပ်စက်လေပဲ (မှန်ပါ့)။

သင်္ခါရကြီးလေ (နှိပ်စက်လေပါ ဘုရား)၊ ဒါဖြင့် ဒကာကြွယ်ရေ ဒကာကြွယ်တို့ သင်္ခါရကြီးတာ ကောင်း သလား သင်္ခါရချုပ်တာကောင်းသလား (သင်္ခါရ ချုပ်တာ ကောင်းပါတယ် ဘုရား)။

ဒကာကြွယ်တို့ ရက်ကန်းစင်တွေတိုးတာကတော့ ဘာလုပ်တာတုံးဗျ (သင်္ခါရကြီးအောင်ပါ ဘုရား)။

သင်္ခါရကြီးအောင် ဪ တပည့်တော် ရိုးရိုး မသေချင်ဘူး ဘုရား၊ နောက်ပြန်ပြီး သကာလ လဲသေချင် တယ် (မှန်ပါ့)၊ ဒီအဓိပ္ပါယ် မရဘူးလား ရသလား (ရပါတယ် ဘုရား)၊ အတော်ဆိုးတာဗျ (ဆိုးပါတယ် ဘုရား)။

သင်္ခါရနဲ့ ပတ်သက်လို့ ဒီအဓိပ္ပါယ်ကို ရှင်းမှ ဒကာသစ်ရ၊ သူဟာ အသေဆိုးပါလား (မှန်ပါ့ ဘုရား)။

အထုပ်ကြီးမှန်တာကိုးဗျ (မှန်ပါ့)၊ ပေါ်ကြ ပလား (ပေါ်ပါပြီ ဘုရား)။

သင်္ခါရများရင် နှိပ်စက်တာများတယ်

ဒါဖြင့် ဒကာကြွယ် ကြီးချင်သေးသလား တော်လောက်ပလား (တော်လောက်ပါပြီ ဘုရား)၊ တော်လောက်ပြီ (မှန်ပါ့)၊ ဒီထက်ကြီးရင်ဖြင့် အရိုးတောင် ရှာတွေ့မှာ မဟုတ်ဘူး (မှန်ပါ့)၊ အတော်ဆိုး နေပြီ ဆိုတာ ပေါ်လာကြပလား (ပေါ်လာပါပြီ ဘုရား)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ သားတစ်ယောက် နှစ်ယောက်မွေးဖွားရတာ ပြုစုရတာနဲ့ ကိုယ့်တစ်ယောက် ပြုစု ရတာနဲ့ ဘယ်သူက သက်သာသတုံး (ကိုယ့်တစ်ယောက် ပြုစုရတာက သက်သာပါတယ် ဘုရား)၊ ဟိုဘက်က သင်္ခါရတွေ များသကိုးဗျ (များပါတယ် ဘုရား)။

သင်္ခါရတွေ များတော့ နှိပ်စက်တာများလို့ သားသမီး များတဲ့ လူမှာ အမေသွားကြည့်ပါ လူရုပ်မပီဘူး (မှန်ပါ့)၊ ပီသေးရဲ့ လား (မပီပါ ဘုရား)၊ ဘာဖြစ်လို့တုံး သင်္ခါရတွေနှိပ်စက်ထားလို့ (မှန်ပါ့)၊ ဖြစ်ပေါ်လာတာတွေ က (သင်္ခါရတွေပါ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

မျက်ရည်အမြတ်ထွက်မယ်

ကောင်းပြီ ဒါဖြင့် အဖြစ်ကို သဘောကျလို့ရှိရင် ဖြင့် အပျက်ကျတော့ မျက်ရည် အမြတ် ထွက်မယ် ဆိုတာ ပေါ်လာကြပလား (ပေါ်လာပါပြီ ဘုရား)။

အပျက်ကျတော့ (မျက်ရည်အမြတ်ထွက်မှာပါ ဘုရား)၊ မျက်ရည်အမြတ်ထွက်ပြီး သကာလ အပါယ်လေးပါး အညွန့် ပေါက်မယ် (မှန်ပါ့)။

အံမာလေး လွန်လှချည်လား ဒကာ ဒကာမတို့ အမြတ်ကလဲ မျက်ရည်တဲ့ (မှန်ပါ့)၊ အညွန့် ပေါက်လာတာ အပါယ်လေးပါး ရောက်မယ် (ရောက်ပါမယ် ဘုရား)။

ဒါဖြင့် ဒကာသစ် ဘယ်ဟာကြိုက်သတုံး (ဘယ်ဟာမှမကြိုက်ပါ ဘုရား)၊ ဘယ်ဟာမှ မကြိုက်ဘူး ဆိုရင် သင်္ခါရ ရှောင်ရလိမ့်မယ် (ရှောင်ရပါမယ် ဘုရား)။

ဒါ့ကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးကတော့ သင်္ခါရနယ်မှ လွတ်ကင်းတဲ့ အသင်္ခတ နယ်သွားတဲ့ (မှန်ပါ့)၊ မဆိုဘူးလား ဆိုသလား (ဆိုပါတယ် ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒီဂါထာကို အလုပ်ထဲကြပါစို့

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဒီဂါထာကို အလုပ် ထဲစကြပါစို့ (မှန်ပါ့)။

ဒကာ ဒကာမတို့ သန္တာန်မှာ စားချင်တဲ့စိတ်ကလေး ပေါ်လာတယ် ဘာခေါ်ကြမလဲ (သင်္ခါရပါ ဘုရား)၊ သင်္ခါရ (မှန်ပါ့)။

စားချင်တဲ့စိတ်ပေါ်လာတာ စားစရာကြောင့် ပေါ် လာတာ (မှန်ပါ့)၊ စားချိန်ရောက်လာလို့ ဟိုမှာ ထမင်းတွေ၊ ဟင်းတွေ အနံ့နံလာလို့ စားချင်တဲ့စိတ် ပေါ်လာတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် စားချင်တဲ့စိတ်ကလေး ဘာခေါ်ကြမယ် (သင်္ခါရပါ ဘုရား)၊ သင်္ခါရတရား ဘယ်မှာ လမ်းဆုံးမလဲ (အနိစ္စ လမ်းဆုံးရပါမယ် ဘုရား)။

ဟုတ်မှ ဟုတ်ပါ့မလားဆိုတော့ ဝတစင်စစ်ကွ (မှန်ပါ့)၊ အနိစ္စဝတကိုးဗျ (မှန်ပါ့)၊ သင်္ခါရာ= သင်္ခါရ တရားတို့သည်၊ ဝတ=စင်စစ်၊ အနိစ္စာ=ဖြစ်ပြီး ပျက်တာပဲကွ တဲ့ (မှန်ပါ့)၊ ဆိုတော့ ဒကာ ဒကာမတို့ သင်္ခါရ တရား ဟာဖြစ်ပြီး ဘာတဲ့ (အနိစ္စလမ်းဆုံးပါတယ် ဘုရား)။

မပျက်သေးတဲ့ တရားရှိသေးသလားလို့ မေးတော့ စင်စစ်ကွလို့ ဘုရားက ဆက်လိုက်တယ် (မှန်ပါ့)၊ သဘောပါပလား (ပါ, ပါပြီ ဘုရား)။

အဲဒီ အနိစ္စသင်္ခါရတရားပျက်ပြီ၊ သင်္ခါရတရား ကလေး ပျက်တယ်၊ ပျက်တယ် ဆိုတာ ခင်ဗျားတို့ က နောက်ကနေလိုက်ပေး (မှန်ပါ့ ဘုရား)။

ဒါဖြင့် သင်္ခါရတရားပျက်တာသည် ဒကာ ဒကာမတို့ ခန္ဓာပျက်တာပဲ (မှန်ပါ့)။

ခန္ဓာပျက်တာကို ဉာဏ်နဲ့လိုက်ပါ

သင်္ခါရတရား ပျက်တာသည် (ခန္ဓာပျက်တာပါ)။ အဲဒါ ခန္ဓာပျက်တာကို ခင်ဗျားတို့က ဉာဏ်နဲ့လိုက် (မှန်ပါ့)၊ ဉာဏ်နဲ့လိုက်ပါ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ လိုက်-လိုက်တော့ သင်္ခါရက ဖြစ်တာ၊ အနိစ္စက ပျက်တာ ဆိုတော့ ဒါကြောင့် ဆရာဘုန်းကြီးက ဖြစ်ပျက်ရှု ပေး (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဘာအရှုခိုင်းနေတာတုံး (ဖြစ်ပျက်ရှုခိုင်းတာ ပါ ဘုရား)၊ ဒါ-သင်္ခါရနဲ့ အနိစ္စအရှုခိုင်းတာ (မှန်ပါ့)။

ဘာ့ကြောင့်တုံးလို့ မေးတဲ့အခါကျတော့ ဝတ စင်စစ်၊ ဒီနှစ်ခု ရှိတယ်ကွတဲ့ (မှန်ပါ့)၊ သင်္ခါရ တရားဟာ ဧကန်ပျက်တာပဲ ရှိတယ်လို့ ဆိုတော့ ယားတဲ့နေရာလေး ခုနင်က ပေါ်လာတယ်၊ ပိုးကောင် ကလေးတက်လို့ (မှန်ပါ့)၊ ပိုးကောင်ကလေးတည်း ဟူသော တရားက ပြုပြင်လိုက်လို့ ယားတဲ့ သင်္ခါရပေါ်လာတယ် (မှန်ပါ့)။ မပေါ်ဘူးလား (ပေါ်လာပါတယ် ဘုရား)။

အဲဒီ ယားတာကလေးဟာ တော်တော်ကြာ ပျောက်သွားတယ် (မှန်ပါ့)၊ အဲဒီ ပျောက်သွား တာက ဘာခေါ်ကြမယ် (အနိစ္စပါ ဘုရား)၊ ယားတာက (သင်္ခါရပါ ဘုရား)၊ ပြောင်းပြန်ပါလား (မှန်ပါ့)။

ဪ ခင်ဗျားတို့ သန္တာန် ဒီဝေဒနာကို ဝေဒနာ က္ခန္ဓာကောင်ကြီးလို့ ဆိုထားတော့ ဒီဝေဒနာ ပေါ်ပြီး ဒီဝေဒနာ ပျက်သွားတာပဲ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

သင်္ခါရတရားစင်စစ်ပျက်တယ်

ဒီဝေဒနာ ပေါ်ပြီ (ဒီဝေဒနာ ပျက်သွားပါတယ် ဘုရား)၊ ဒီဝေဒနာပဲ ပျက်သွားတယ် ဆိုတော့ ဘုရားက ပျက်မှ ပျက်ပါ့မလား ဆိုတော့ ဒကာကြွယ် သူ့ပါဠိ တရားကိုက ဝတ ပါပါတယ် (မှန်ပါ့)၊ ဝတ ဆိုတာဘာလဲ (စင်စစ်ပါ ဘုရား)၊ စင်စစ်တဲ့ (မှန်ပါ့)၊ စင်စစ်ပျက်တယ်ကွ (မှန်ပါ့)၊ ငါဘယ်နည်းနဲ့မှ ဒီဥစ္စာကို လျှော့ဈေးမဟော နိုင်ဘူး (မှန်ပါ့)။

သင်္ခါရတရားပျက်တယ် (မှန်ပါ့)၊ စင်စစ် ပျက်တယ် သဘောပါပလား (ပါ, ပါပြီ ဘုရား)။

ဒါဖြင့် ဘာကလေးပေါ်လာ ပေါ်တာသင်္ခါရ၊ ပျက်တာအနိစ္စ (မှန်ပါ့)၊ ပေါ်တာ (သင်္ခါရ)၊ ပျက်တာ (အနိစ္စပါ ဘုရား)။

ဖြစ်ပျက်နယ်မှ လွတ်ရပါလို၏

ဒါဖြင့် ဘယ်ဆုမှ မတောင်းကြနဲ့တဲ့ ဒကာ ဒကာမတို့ (မှန်ပါ့)၊ သင်္ခါရနယ်အတွင်းမှ လွတ်ကင်း ရပါလို၏ လို့သာ တောင်း (မှန်ပါ့)၊ သဘောကျပလား (ကျပါ ပြီ)၊ ဘယ်လိုတောင်းကြမတုံး (သင်္ခါရ နယ်တွင်းက လွတ်ရပါလို၏ ဘုရား)။

ဒါဖြင့် ဖြစ်ပျက်နယ်မှ လွတ်ရပါလို၏ (မှန်ပါ့)၊ ဒါမှ နိဗ္ဗာန်ဗျ (မှန်ပါ့)။

ဖြစ်ပျက်ဒုက္ခမှ ကျွတ်ရပါလို၏ဆိုမှ ဘာတုံး (နိဗ္ဗာန်ပါ ဘုရား)၊ နိဗ္ဗာန်ပဲဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

ဪ ဒါဖြင့် ယနေ့တရားမှာ နိဗ္ဗာန်ရောက် အောင်ဖြင့် ဒကာ ဒကာမတို့ ဉာဏ်တက်- တက်တော့မှပဲ ဆိုတာ အောက်မေ့ပါ (မှန်ပါ့ ဘုရား)။

ကဲ ဒါဖြင့် ပေါ်လာတဲ့တရားကလေး သင်္ခါရ၊ ဝေဒနာပေါ်လဲ သင်္ခါရ၊ စိတ်ပေါ်လဲ သင်္ခါရပူတဲ့ ရုပ်ကလေး ပေါ်တာလဲ (သင်္ခါရပါ ဘုရား)၊ အေးတဲ့ရုပ်ကလေးပေါ် တာလဲ (သင်္ခါရပါ ဘုရား)၊ အေး ဒါလဲ အေးတာကလေး ပေါ်ပြီး တစ်ခါတာ ပျောက်ဦးမှာပဲ (မှန်ပါ့)၊ ပူတာကလေး ပေါ်ပြီး တော့ကော (ပူတာ ပျောက်ဦးမှာပါ ဘုရား)၊ ပူရုပ် ပျောက်ဦးမှာပဲ (မှန်ပါ့)။

ဒါဖြင့် သင်္ခါရတရား ဘယ်မှာလမ်းဆုံးသတုံး (အနိစ္စလမ်းဆုံးပါတယ် ဘုရား)။

ဪ ဒါကြောင့် ဘုရားသခင်ကိုယ်တော်မြတ် ကြီးက အနိစ္စာဝတသင်္ခါရာ (မှန်ပါ့)၊ ဒကာကြွယ် ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဥပ္ပါဒဝယဓမ္မိနော

အဲဒါ မင်းတို့ မသိမှာလဲ ငါက သိပ်စိုးရိမ်တယ်ကွာ တဲ့၊ စင်စစ်တော့ ငါဟောချင်တာက ဥပ္ပါဒနဲ့ ဝယပါပဲ တဲ့ (မှန်ပါ့)၊ ဖြစ်ပျက်ရှိပါတယ် (မှန်ပါ့)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

“ဥပ္ပါဒဝယ ဓမ္မိနော’’ ဥပ္ပါဒဝယ ဓမ္မိနော= ခုနင်က နှစ်ခုပြောရလို့ရှိရင် ဥပ္ပါဒနဲ့ ဝယပဲရှိတယ် (မှန်ပါ့)၊ ဖြစ်ပျက် ရှိပါတယ်ကွာတဲ့ (မှန်ပါ့)၊ ဒီပါဠိကလာတာပဲ (မှန်ပါ့ ဘုရား)။

ဖြစ်ပျက်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ)၊ ဒီသံယုတ် ပါဠိတော်ကလာတာ (မှန်ပါ့ ဘုရား)။

ဒကာကြွယ် ရွတ်ကြည့်စမ်းပါလား၊ “အနိစ္စာဝတ သင်္ခါရာ” ပြီးတော့ ဘာကို ဘုရားက ဆက် ဟောသတုံး (ဥပ္ပါဒဝယ ဓမ္မိနောပါ ဘုရား)။

အဲ ဓမ္မိနော-တရားသဘောကို ပြောရလို့ရှိရင် တဲ့၊ မင်းတို့ သန္တာန်ဖြစ်တဲ့ တရားသဘောတွေ ငါပြောရလို့ ရှိရင် ဥပ္ပါဒနဲ့ ဝယပဲရှိတယ် (မှန်ပါ့)၊ မြန်မာလို ပြန်လိုက်တော့ ဘယ့်နှယ်ဖြစ်နေသလဲ (ဖြစ်ပျက်ပဲ ရှိပါတယ် ဘုရား)။

ဖြစ်ပျက်ပဲရှိတယ်တဲ့ ယောက်ျား၊ မိန်းမ မပါပါဘူးတဲ့ (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ ဘာသာပါသတုံး (ဖြစ်ပျက်ပဲ ပါ, ပါတယ် ဘုရား)၊ ယောက်ျား၊ မိန်းမ (မပါ, ပါ)၊ ပုဂ္ဂိုလ် သတ္တဝါ (မပါ, ပါ ဘုရား)။

သက္ကာယဒိဋ္ဌိပြုတ်ပြီ

အင်း ဒါဖြင့်မနေ့ကတရားအတိုင်းပဲ ဒကာကြွယ်ရေ သက္ကာယဒိဋ္ဌိပြုတ်ပြီ (မှန်ပါ့ ဘုရား)။

ပြုတ်ပြီ၊ သက္ကာယဒိဋ္ဌိ သေသေချာချာပြုတ်ပြီ ဦးမာတင် (မှန်ပါ့)၊ တရားသဘောပြောရမှာဖြင့် ဘာရှိသတဲ့တုံး (ဖြစ်ပျက်ပဲရှိပါတယ် ဘုရား)။

အဲ ပါဠိလိုတော့ ဥပ္ပါဒနဲ့ ဝယ (မှန်ပါ့)။ မြန်မာလို ပြန်လိုက်တော့ (ဖြစ်ပျက်ပါ)၊ ဖြစ်တာနဲ့ ပျက်တာပဲရှိတယ် (မှန်ပါ ဘုရား)။

ကဲ ဒကာကြွယ် မှန်ပလားဗျာ (မှန်ပါပြီ)၊ ဒါဖြင့် ဒီအထဲမှာ ယောက်ျားတွေပါသေးသလား၊ မိန်းမတွေ ပါသေးသလားလို့ မေးကြလို့ရှိရင် အခေါ် သာ ပါ, ပါတယ်ဘုရား၊ အရှိကတော့ ဖြစ်ပျက်ချည့် ပါပဲ (မှန်ပါ့ ဘုရား)။

အခေါ်ကတော့ (ပါ, ပါတယ်)၊ အရှိကတော့ (ဖြစ်ပျက်ချည့်ပါ ဘုရား)။

အရှိကတော့ ဖြစ်ပျက်ချည့်ပဲဆိုတာဖြင့် ဒိပါဠိတော် နဲ့လဲကျေနပ်ပါတော့၊ ခင်ဗျားတို့ဖြစ်စဉ်နဲ့လဲ အမှန်မြင်လို့ရှိ ရင်ဖြင့် သော် ဒါပဲရှိတယ်လို့ ဆုံးဖြတ်ချက်ချပါတော့ (မှန်ပါ့)၊ ဆိုထိုက်ပလား (ဆိုထိုက်ပါပြီ ဘုရား)။

ဥပ္ပဇ္ဈိတွာ၊ နိရုဇ္ဈန္တိ

ဒါမှာရှိတာကတော့ဖြင့် ဖြစ်ပျက်ရှိတာပဲ ဆိုပြီး သကာလ ဘုရားက သေချာသည်ထက် သေချာအောင် ဆိုပြီး ဒကာကြွယ် ထပ်ပြန်တယ်နော် (မှန်ပါ့)၊ ဥပ္ပဇ္ဈိတွာ= ဖြစ် ပေါ်ပြီး၍၊ နိရုဇ္ဈန္တိ= ချုပ်ကြကုန်၏တဲ့ (မှန်ပါ့)၊ မင်းတို့ သန္တာန်မှာ ဖြစ်ပြီးချုပ်မှာသာ ရှိပါတယ်ကွာတဲ့ (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ ခင်ဗျားတို့သန္တာန်မှာ (ဖြစ်ပြီး ချုပ်တာသာရှိပါတယ် ဘုရား)။

ဖြစ်ပြီးချုပ်တာသာရှိတယ်

ဆံပင်ကြည့်လိုက်ပြန်လဲ ဖြစ်ပြီးချုပ်မှာပဲ။ (မှန်ပါ့)၊ မျက်လုံးကြည့်လိုက်ပြန်လဲ (ဖြစ်ပြီး ချုပ်မှာပဲ)။

ဝေဒနာတွေကြည့်လိုက်ပြန်လဲ (ဖြစ်ပြီးချုပ်မှာပါ) စိတ်တွေကြည့်လိုက်ပြန်လဲ (ဖြစ်ပြီးချုပ်မှာပါ)၊ ရုပ်တွေ ကြည့်လိုက်ပြန်ကော (ဖြစ်ပြီးချုပ်မှာပါ ဘုရား)။

ဪ ဒကာ ဒကာမတို့ ခင်ဗျားတို့ သန္တာန်မှာ ဘာအမြဲတမ်းရှိပါလိမ့် (ဖြစ်ပြီးချုပ်တာ ရှိပါတယ် ဘုရား)။

ဖြစ်ပြီးချုပ်တာပဲ (မှန်ပါ့)၊ ဒါဖြင့် ဒီလိုလုပ်ကြ ဆိုတော့ ခင်ဗျားတို့ စိတ်နာအောင် ပြောကြစို့နော် (မှန်ပါ့ ဘုရား)။

တပည့်တော်တို့ ခန္ဓာကိုယ်ထဲမှာ မွေးသေပဲရှိတယ် ဘုရား (မှန်ပါ့)၊ မသာပေါ်လာတာနဲ့ မသာ ဖြစ်တာနဲ့ ဒါပဲရှိတယ် (မှန်ပါ့ ဘုရား)။

မသာပေါ်တာနဲ့ မသာဖြစ်တာ

ဘယ့်နှယ်ဆိုကြမလဲ (မသာပေါ်လာတာနဲ့ မသာဖြစ်တာပဲ ရှိတယ်)၊ ခန္ဓာကိုယ် တစ်ကိုယ် လုံးမှာ ဒါပဲရှိ တယ် (မှန်ပါ့)၊ ဖြစ်ပေါ်လာတာက မသာပေါ်လာတာ (မှန်ပါ့)၊ ပျက်သွားတာက မသာဖြစ်တာ (မှန်ပါ့။ ဘုရား)။

ဒါဖြင့် ခန္ဓာကိုယ်ထဲ မသာပေါ်တာရယ် ဟုတ်လား၊ ဒကာ ဒကာမတို့ မသာဖြစ်တာရယ် (ဒါပဲ ရှိပါတယ်)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

မသာဖြစ်ဖို့ ပေါ်လာတာရယ်၊ နောက်မသာဖြစ်သွား တာရယ်၊ ဒါပဲရှိတယ် (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ ဘာပဲရှိပါလိမ့် (မသာဖြစ်ဖို့ ပေါ်လာတာရယ်၊ မသာဖြစ်သွားတာရယ်၊ ဒါပဲရှိပါတယ် ဘုရား)။

မသာဖြစ်ဖို ပေါ်လာတာက သင်္ခါရ၊ မသာဖြစ်သွား တာက (အနိစ္စပါ၊ ဒါပဲရှိတယ် (မှန်ပါ့ ဘုရား)။

ဒါ့ကြောင့် ခင်ဗျားတို့ ခန္ဓာကိုယ်၊ ကျုပ်တို့ခန္ဓာကိုယ် ထဲမှာဖြင့် ဒကာ ဒကာမတို့ ဖြစ်ဒုက္ခ ပျက်ဒုက္ခသာ ရှိပါတယ် (မှန်ပါ့)၊ ဒီလိုရှုပေး (မှန်ပါ့ ဘုရား)။

ဝိပဿနာရှုလို့ရှိရင် ဖြစ်ပျက်ပဲ၊ အင်း ဒါဖြစ်တာ လဲ ဒုက္ခပဲ၊ ပျက်တာလဲ ဒုက္ခပဲ၊ ဒါဖြင့် ပြိုင်ပြိုင်ရှုပေး (မှန်ပါ့)၊ ခန္ဓာကိုယ်ထဲမှာ ဘာပဲပေါ်လာလာ၊ ဝေဒနာပေါ်လဲ ဖြစ်ဒုက္ခ ပျက်ဒုက္ခပဲ (မှန်ပါ့)၊ စိတ်ကလေး ပေါ်လာလဲ (ဖြစ်ဒုက္ခ၊ ပျက်ဒုက္ခပါပဲ)၊ အဲဒီလိုရှုပေး ရှုပေး (မှန်ပါ့ ဘုရား)။

အနိစ္စနဲ့ သင်္ခါရပဲရှိတယ်

အဲဒီလို ရှုပြီး သကာလ ဒကာကြွယ်ရေ ဉာဏ်ထဲမှာ ဖြင့် ဖြစ်တာတွေ ပျက်တာတွေ အနိစ္စနဲ့ သင်္ခါရပဲရှိတယ်၊ ဥပ္ပါဒနဲ့ ဝယပဲရှိတယ်၊ ဒါစကားသာ ထပ်ပြောနေတာ ဒကာသစ် တစ်မျိုးတည်းပဲ (မှန်ပါ့)၊ ဥပ္ပဇ္ဈိတွာ-ဖြစ်ကုန်ပြီး၍၊ နိရုဇ္ဈန္တိချုပ်ကြကုန်၏။ ဒါလဲ ထူးသေးရဲ့လား (မထူးပါ)။ ဖြစ်ပြီး ချုပ်တာပဲကွတဲ့ (မှန်ပါ့ ဘုရား)။

ဒါက ဒကာ ဒကာမတို့ အခုပြောခဲ့တာက “အနိစ္စာ ဝတ သင်္ခါရာ” ဆိုတာလဲ ဝိပဿနာ ဉာဏ်ဟောတာပဲ (မှန်ပါ့)၊ “ဥဒဝယ ဓမ္မိနော’’ဆိုတာကော (ဝိပဿနာဉာဏ် ဟောတာပါ ဘုရား)၊ “ဥပ္ပဇ္ဈိတွာ နိရုဇ္ဈန္တိ” ဆိုတာကော (ဝိပဿနာဉာဏ်ဟောတာပါပဲ)၊ အင်း ဖြစ်ပျက် ချည့် ဆက်ဟောတယ် (မှန်ပါ့ ဘုရား)။

ဘုရားဘာတွေ ချည့်ဟောပါလိမ့် (ဖြစ်ပျက်တွေ ချည့်ဟောပါတယ်)၊ အို ဒကာ ဒကာမတွေ နေရာကျ လိုက်တာ ဒို့သည်ကားလို့ ဆိုလို့ရှိရင် တရားရှာနေကြတာ ကြာလိုက်တာ၊ ဒီဂါထာ ဒို့လဲ ရသားပဲ၊ အခု မရသေးတဲ့ ပုဂ္ဂိုလ်လဲရပြီ၊ တို့သန္တာန်မှာ ဘယ်အချိန်ကြည့်ကြည့် ဖြစ်ပျက် တွေ့ရမှာပဲတဲ့ (မှန်ပါ့ ဘုရား)။

ဒို့သန္တာန်မှာ ဘယ်အချိန်ကြည့်ကြည့် (ဖြစ်ပျက်တွေ့ရမှာပါ ဘုရား)၊ ဖြစ်ပျက်တွေ့တော့ ဖြစ်ပျက်က ဖြစ်ပျက်၊ တွေ့တာကမဂ် (မှန်ပါ့ ဘုရား)။

ဝိပဿနာမဂ်ဉာဏ်

ဖြစ်ပျက်က (ဖြစ်ပျက်ပါ)၊ တွေ့တာက (မဂ်ပါ)၊ ကဲ ဒကာသစ် နေရာကျပြီ (ကျပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဖြစ်ပျက်ကဖြစ်ပျက်၊ တွေ့တာ က မဂ်ဆိုတော့ ဒါဘာဉာဏ်တွေတုံး မေးလို့ရှိရင်ဖြင့် ဒီမဂ် ဟာ ဝိပဿနာမဂ်ဉာဏ် (မှန်ပါ့ ဘုရား)။

ဒီမဂ်ဘယ့်နှယ်ဆိုကြမလဲ (ဝိပဿနာမဂ်ဉာဏ်ပါ)။ ဖြစ်ပျက်နဲ့တွေ့တဲ့မဂ်သည် ဘာဉာဏ်ပါလိမ့် (ဝိပဿနာ မဂ်ဉာဏ်ပါ ဘုရား)။

ကိုင်း ဒါဖြင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဟောပြန်တယ် (မှန်ပါ့)၊ ဒကာကြွယ် ဒီဂါထာ ရတယ်နော် (ရပါတယ်)၊ ဥပ္ပဇ္ဈိတွာ နိရုဇ္ဈန္တိ ကျအောင် ဖြစ်ပျက်ချည့် လို့ဟောတယ် (မှန်ပါ့ ဘုရား)။

တေသံ ဝူပသမော သုခေါ

ကဲ ရှေ့ဆက်စမ်းပါ ဒကာကြွယ်ရ ဘာတဲ့ (သံဝူပသမော သုခေါပါ ဘုရား)၊ အေး တေသံ ဝူပသမော သုခေါ (မှန်ပါ့)။

တေသံ- ဆိုတာ ဒကာ ဒကာမတို့ ရှင်းပြမယ်၊ တေသံ =ခုနင်က ဖြစ်ပျက်နှစ်ခုတို့၏ တေသံ ဆိုတာ ဒီဖြစ်ပျက်နှစ်ခု ထပ်နေတာ (မှန်ပါ့)၊ ဝူပသမော= ချုပ်ငြိမ်းသောနိဗ္ဗာန် သည်၊ သူတို့နှစ်ခု မရှိတာဟာ နိဗ္ဗာန်ပဲ (မှန်ပါ့)၊ သုခေါ= ချမ်းသာ၏ တဲ့ ဒကာ ဒကာမတို့၊

သူတို့ နှစ်ခုချုပ်ငြိမ်းမှ ခင်ဗျားတို့မှာ ချမ်းသာတဲ့မဂ်ရမယ် (မှန်ပါ့)၊ သူတို့နှစ်ခု မချုပ်ငြိမ်းသေးရင် (မရသေးပါ ဘုရား)။

ဪ ဒါဖြင့် တို့ဖြစ်ပျက်ဆုံးအောင်လိုက်ဆိုတာ ဒီဂါထာက လာတာ (မှန်ပါ့)၊ တေသံ= ထိုဖြစ်ပျက် နှစ်ပါး တို့၏ ဟုတ်လား (မှန်ပါ့)၊ ဝူပသမော= ချုပ်ဆုံးသော နိဗ္ဗာန်သည်၊ သုခေါ= ချမ်းသာ၏ တဲ့ (မှန်ပါ့ ဘုရား)။ သဘောကျပလား (ကျပါပြီ ဘုရား)။

ဖြစ်ပျက်ချုပ်ဆုံးရင် နိဗ္ဗာန်၊ ကဲ ဒါဖြင့်“တေသံ ဝူပသမော သုခေါ်’’ဆိုလိုတာက နိဗ္ဗာန်ကို ဟောတာ (မှန်ပါ့)၊ ဖြစ်ပျက် ချုပ်ဆုံးရင် ဘာတဲ့တုံး (နိဗ္ဗာန်ပါ ဘုရား)။

တေသံ= ထိုဖြစ်ပျက်နှစ်ပါးတို့၏ ဝူပသမော= ချုပ်ဆုံး သွားခြင်းသည်၊ သုခေါ= ချမ်းသာ၏ ခင်ဗျားတို့စိတ်ထဲမှာ ချမ်းသာပြီး (မှန်ပါ့ ဘုရား)၊ ချုပ်ဆုံးသွားတာက နိဗ္ဗာန်ပါ ပဲ (မှန်ပါ့ ဘုရား)။

တေသံ= ထိုအဖြစ်အပျက်နှစ်ပါးတို့၏ ဝူပသမော= ချုပ်ဆုံးရာ နိဗ္ဗာန်သည်၊ သုခေါ= ချမ်းသာအစစ်ပဲ (မှန်ပါ့)။ သဘောကျပလား (ကျပါပြီ)။

ဖြစ်ပျက်ဆုံးအောင်ရှု

ဒါဖြင့် ခင်ဗျားတို့ ဝိပဿနာ ရှုတဲ့ပုဂ္ဂိုလ်မှာ ဖြစ်ပျက်မြင်အောင်ရှု (မှန်ပါ့)၊ ဒါ့ကြောင့် ကြားဉာဏ် ကလေးကျတော့ ဖြစ်ပျက်မုန်းအောင်ရှု (မှန်လှပါ ဘုရား)။

နောက် တတိယဉာဏ်တော့ ဒကာသစ်ဘာတဲ့ (ဖြစ်ပျက်ဆုံးအောင်ရှုရပါမယ် ဘုရား)။

အဲဒါ ဘယ်ကလာသတုံး မေးတော့မှ ပါဠိ ရွတ်စမ်းပါ ဒကာကြွယ်ရာ (သံဝူပသမော သုခေါ)၊ ရှင်းပလား (ရှင်းပါပြီ)၊ တေသံ= ထိုဖြစ်ပျက်နှစ်ပါးတို့၏ ဝူပသမော= ချုပ်ဆုံးခြင်းသည်၊ ချုပ်ဆုံးရာ ဖြစ်တဲ့ နိဗ္ဗာန်သည်၊ သုခေါ= ချမ်းသာတယ် (မှန်ပါ့)၊ ဒါနိဗ္ဗာန်ပဲကွ တဲ့၊ နိဗ္ဗာန်ဆိုတာ တခြားမဟုတ်ဘူး တဲ့ (မှန်ပါ့)။ ဒကာ ဒကာမတို့ ဖြစ်ပျက်ဆုံးတာဘာတဲ့ (နိဗ္ဗာန်ပါ ဘုရား)၊ အင်း ဒကာကြွယ် ဘယ်ပါဠိတော်က လာပါလိမ့် (တေသံ ဝူပသမော သုခေါပါ ဘုရား)။

ဒါဖြင့် ဒီနေ့ဒီဂါထာတစ်ခုတည်းနဲ့ ရှေ့ပိုင်းက “အနိစ္စာ ဝတသင်္ခါရာ”ကို မြင်အောင်ကြည့်နိုင်လဲ ဝိပဿနာဉာဏ်ပဲ (မှန်ပါ့)၊ “ဥပ္ပါဒဝယဓမ္မိနော” ကြည့်ရင်လဲ (ဝိပဿ နာဉာဏ်ပါ ဘုရား)၊ “ဥပ္ပဇ္ဈိတွာ နိရုဇ္ဈန္တိ” ကြည့်ရင်လဲ (ဝိပဿနာဉာဏ်ပါ ဘုရား)၊

ဒါတွေက ဘုရားက မြဲအောင် လျှောက်ပြနေတာ (မှန်ပါ့ ဘုရား)၊ စင်စစ်တော့ ဖြစ်ပျက် ချည့် ကြည့် ဖြစ်ပျက်ချည့် ကြည့်ပြောနေတာ (မှန်ပါ့)။

ဖြစ်ပျက်ကြည့်ပါလို့ (၃) ခါ ထပ်ပြောတယ်

ဘာအကြည့်ခိုင်းတာပါလိမ့် (ဖြစ်ပျက်ကြည့်ခိုင်း တာပါ ဘုရား)၊ ဖြစ်ပျက်ကြည့်- ဖြစ်ပျက်ကြည့်- ဖြစ်ပျက်ကြည့် လို့ သုံးခါ ပြောနေတာ (မှန်ပါ့)။

ဒကာကြွယ် ဘယ်နှစ်ခါပြောသလဲ (သုံးခါပြော ပါတယ် ဘုရား)၊ “အနိစ္စာ ဝတ သင်္ခါရာ” တုန်းက တစ်ခါပြောခဲ့ တယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။

(၁) “အနိစ္စာဝတသင်္ခါရာ” တုန်းကလဲ (တစ်ခါပြောခဲ့ပါတယ် ဘုရား)။

(၂) “ဥပ္ပါဒဝယ ဓမ္မိနော’’ တုန်းကလဲ (တစ်ခါပြောခဲ့ပါတယ် ဘုရား)။

(၃) “ဥပ္ပဇ္ဈိတွာ နိရုဇ္ဈန္တိ” ကျတော့လဲ (တစ်ခါ ပြောခဲ့ပါတယ် ဘုရား)။

အဲဒါဖြစ်ပျက်ချည့် မင်းတို့ ကြည့်ပေးပါကွာ၊ ကြည့် ပေးပါဆိုတာကို သုံးခါထပ်ပြောတယ် (မှန်လှပါ)။

ဒကာကြွယ် ဘယ်နှစ်ခါပြောပါလိမ့် (သုံးခါ ထပ်ပြောပါတယ် ဘုရား)။

မသေမချင်းရှုရမှာလား

သုံးခါ ထပ်ပြောတော့ ကျုပ်တို့ကလဲ ဒါလောက်ဆို ဟာ ဒါဖြင့် `တပည့်တော်တို့ ဝိပဿနာ ဉာဏ်တော့ဖြင့် ဘုရားဖြစ်ပျက်မြင်ရင် ဝိပဿနာ ဉာဏ်ကိုက်ပြီဘုရာ့ (မှန်ပါ့ ဘုရား)၊ ဝိပဿနာဉာဏ် ရပြီဘုရာ့၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

အဲဒီတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ကဲ ဝိပဿနာဉာဏ်တော့ မင်းရပြီ၊ ဝိပဿနာဉာဏ် အဆုံး ဝိပဿနာဉာဏ် ဘယ်တော့ ပြီးတယ်ဆိုတာ ငါပြောဦး မယ် တဲ့ (မှန်ပါ့)၊ ဝိပဿနာကိစ္စဟာ မသေမချင်း ရှုနေရမှာ မဟုတ်ပါဘူး (မှန်ပါ့ ဘုရား)။

ဝိပဿနာကိစ္စဟာ (မသေမချင်းရှုရမှာပါ ဘုရား)၊ မသေမချင်းရှုနေရမှာ မဟုတ်ပါဘူးကွာတဲ့ (မှန်ပါ့)၊ မင်းတို့ ဝိပဿနာပြီးတာကို မသိဘဲ နေမှာစိုးလို့ တေသံ =ထိုဖြစ်ပျက်နှစ်ပါးတို့၏ ဝူပသမော= ချုပ်သွားခြင်း၊ သည်၊ သုခေါ- နိဗ္ဗာန်ပဲတဲ့ (မှန်လှပါ)။

မင်းတို့ ဒါချုပ်အောင်ရှုနိုင်ရင် ဘာတဲ့တုံး။ (နိဗ္ဗာန်ပါ ဘုရား)။

ဝိပဿနာဉာဏ်ကိုရှေ့ထားပြီးလုပ်

ဒါဖြင့် ဒီဂါထာသည် ဒကာ ဒကာမတို့ ဖြစ်ပျက် ဆိုတဲ့ ဝိပဿနာဉာဏ်ကိုလဲ ရှေ့ထားပြီး လုပ်ကြ လို့ ပြောတာ (မှန်ပါ့)၊ နိဗ္ဗာန်မြင်တဲ့ ဉာဏ် နောက်လာလိမ့် မယ်လို့လဲ ပြောတာ (မှန်ပါ့)။

ဒါဖြင့် ဒကာ ဒကာမတို့ ဘယ်နှစ်ဉာဏ်ဟောပါလိမ့် (သုံးဉာဏ်ဟောပါတယ် ဘုရား)။

အဲ သုံးဉာဏ်ဆိုလဲ ဟုတ်တယ်၊ တိုတိုပြောရင် နှစ်ဉာဏ်တည်းလဲဟုတ်တယ် (မှန်ပါ့)။

နောက်ကမဂ်ဉာဏ်

နှစ်ဉာဏ်တည်းလဲ (ဟုတ်ပါတယ် ဘုရား)၊ ရှေ့က ဝိပဿနာဉာဏ် (မှန်ပါ့)၊ နောက်က (မဂ်ဉာဏ်ပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ တစ်ခေါက်ပြန်ပြော ပါဦးမယ်တဲ့၊ နာရီနည်းနည်း ကျန်နေတယ်၊ “အနိစ္စာဝတသင်္ခါရာ’’ ဒါ ဘာအကြည့်ခိုင်းပါလိမ့် (ဖြစ်ပျက်အကြည့်ခိုင်း တာပါ ဘုရား)။

ဒကာကြွယ် ဒီပါဠိက ဘာအကြည့်ခိုင်းတာတုံး (ဖြစ်ပျက်ကြည့်ခိုင်းတာပါ ဘုရား)၊ သင်္ခါရတရား ပျက်တတ်တယ်လို့ ကြည့်ပေး (မှန်ပါ့)။

သင်္ခါရတရား (ပျက်တတ်တယ်လို့ ကြည့်ပေးရ ပါ့မယ် ဘုရား)၊ အဲ ဒါခင်ဗျားတို့ရှေ့တွင် ပေးရမှာနော် (မှန်ပါ့)၊ ပေါ်လာတာ သင်္ခါရ၊ ပျက်တာ အနိစ္စ (မှန်ပါ့)၊ ဒကာကြွယ် ဒီအတိုင်းပဲ မဟုတ်လား (မှန်ပါ့)၊ ကိုယ့်ဉာဏ်ထဲ ကြည့်လိုက်ရင် ဒါတွေ့မှာပဲ (မှန်ပါ့)။

ကဲ တစ်ခါ သွားပါဦးတဲ့ ဒကာသစ်ရေ (မှန်ပါ့)၊ ဘုရားကဘာဟောပြန်ပါလိမ့်။ “ဥပ္ပါဒဝယ ဓမ္မိနော” တဲ့ (မှန်ပါ့)၊ ဒီဟာတွေ ဟောတော့ကွာ တဲ့၊ ဖြစ်ပြီး ပျက်တာပါပဲဆိုတာ ထပ်ပြောတယ် (မှန်ပါ့ ဘုရား)။ သဘောကျပလား (ကျပါပြီ)။

ဓမ္မိနော တရားသဘောကို ပြောရမှာဖြင့် တဲ့ ဥပ္ပါဒနဲ့ ဝယပဲရှိတယ် ဖြစ်တာပျက်တာပဲရှိတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။

တစ်ခါထပ်ပြောပြန်တယ် ဘုရားက “ဥပ္ပဇ္ဈိတွာ – နိရုဇ္ဈန္တိတဲ့၊ ဥပ္ပဇ္ဈိတွားဖြစ်ပြီး၍၊ နိရုဇ္ဈန္တိ- ချုပ်ကုန်၏ တဲ့၊ ဖြစ်ပျက်ပဲရှိတယ် (မှန်လှပါ)။

ဖြစ်ပျက်ကိုကြပ်ကြပ်ကြည့်ပေးပါ

တစ်ခါအဲဒီလို ကြည့်ကြည့်- ကြည့်ကြည့် ပေးပါတဲ့၊ ဖြစ်ပျက်ကို ကြပ်ကြပ်ကြည့်ပေးပါလို့ မဟောဘူးလား (ဟောပါတယ် ဘုရား)။

ဘာကြည့် ကြည့် -ကြည့် ကြည့် ပေးရမလဲ (ဖြစ်ပျက်ကို ကြည့်ကြည့်ပေးရပါမယ် ဘုရား)။

ကဲ ဒကာ ဒကာမတို့ ဖြစ်ပျက်လာတဲ့ ပါဠိတော် – ရှင်းပလား (ရှင်းပါပြီ)။

မဟာပရိနိဗ္ဗာန်သုတ် ကိုယ်တော်မြတ်ကြီးက ပရိနိဗ္ဗာန်စံပြီး သိကြားကရွတ်တာ (မှန်ပါ့)၊ ကိုယ်တော် မြတ်ကြီးရှိတုန်းက ကိုယ်တော်တိုင်ဟောခဲ့တာ (မှန်ပါ့)။

အဲဒါသိကြားက အတုခိုးပြီးတော့ ကိုယ်တော်မြတ် ကြီး ပရိနိဗ္ဗာန်စံတာ မဟုတ်ပါဘူးတဲ့၊ သင်္ခါရတရားတို့ အနိစ္စ တရားတို့ ကုန်သွားတာပါတဲ့ (မှန်ပါ့)။

သင်္ခါရတရား အနိစ္စတရား ကုန်သွားတာ၊ အဲဒါ ဘာခေါ်ကြမယ် (နိဗ္ဗာန်)၊ သဘောကျပလား (ကျပါပြီ)။

သင်္ခါရနဲ့ အနိစ္စကုန်သွားရင် (နိဗ္ဗာန်ပါ ဘုရား)၊ သဘောပါကြပလား (ပါ-ပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ သင်္ခါရနဲ့ အနိစ္စကို ဆက်တွေ့ နေသေးတယ်ဘုရာ့ (မှန်ပါ့)၊ အဲဒါ ဝိပဿနာဉာဏ် လုပ်တုန်းလို့မှတ် (မှန်ပါ့)။

သင်္ခါရတွေ အနိစ္စတွေပဲ ဖြစ်ပျက်တွေပဲ တွေ့နေ သေးတယ်ဘုရာ့ ဆိုရင်ဖြင့် ဒကာ ဒကာမတွေ ဘာဉာဏ်ရနေပါလိမ့် (ဝိပဿနာဉာဏ်ရနေပါတယ် ဘုရား)။

သင်္ခါရဆုံးတော့ အသင်္ခတတွေ့

ဟာ တပည့်တော် ကြည့်တာဘုရား၊ ကြည့်ရင်း မတ္တနဲ့ ဒါတွေရှာမတွေ့ဘူးဘုရာ့ (မှန်ပါ့)၊ ရှာမတွေ့တော့ဘူး။

ဒီ သင်္ခါရ အနိစ္စတွေ ဒကာကြွယ်ဘာတဲ့ (ရှာမတွေ့ပါ ဘုရား)၊ ရှာမတွေ့တော့ သင်္ခါရတွေဆုံးပြီ (မှန်ပါ့)၊ သင်္ခါရအနိစ္စတွေ (ဆုံးပါပြီ ဘုရား)။

ဒါဖြင့် ဒီနေရာ ထူးထူးခြားခြား ကလေးမှတ်၊ သင်္ခါရ ဆုံးတော့ အသင်္ခတတွေ့တယ် (မှန်ပါ့ ဘုရား)။

အနိစ္စဆုံးတော့ နိစ္စနိဗ္ဗာန်တွေ့

သင်္ခါရဆုံးတော့ (အသင်္ခတဓရဲ့ ပါတယ် ဘုရား)၊ အနိစ္စဆုံးတော့ နိစ္စနိဗ္ဗာန်တွေ့တယ် (မှန်ပါ့)၊ ရှင်းရဲ့လား ရှင်းရဲ့ လား (မှန်ပါ့)။

သင်္ခါရဆုံးတော့ ဘာတွေ့ သလဲ (အသင်္ခတ တွေ့ပါတယ်)၊ အနိစ္စဆုံးတော့ (နိစ္စနိဗ္ဗာန် တွေ့ပါတယ်)၊ နိစ္စနိဗ္ဗာန်တွေ့တော့ ဒီဘက်မှာ နိဗ္ဗာန်လာတွေ့တယ် (မှန်ပါ့ ဘုရား)။

ဆုံးအောင်လိုက်တဲ့ပုဂ္ဂိုလ် ဒီနိဗ္ဗာန်လာတွေ့တယ် (မှန်ပါ့)၊ အသင်္ခတနိစ္စ နိဗ္ဗာန် တွေ့တယ် (မှန်ပါ့ ဘုရား)။

အသင်္ခတဆိုတာ ဘယ်သူမှမပြုပြင်ဘဲနဲ့ ပေါ်နေ တာ (မှန်ပါ့)၊ ပြီးတော့လည်း ခိုင်မြဲ လိုက်တာလည်း လွန် လို့ ဆိုတော့ မပြုပြင်ဘဲနဲ့ ခိုင်မြဲတဲ့ နိဗ္ဗာန် တွေ့တယ် (မှန်ပါ့)၊ သင်္ခါရဆုံးအောင် လိုက်ကြ (မှန်ပါ့)၊ တော်တော် သဘောပါတယ်နော် (ပါ, ပါတယ် ဘုရား)။

အသင်္ခတနိဗ္ဗာန်

သင်္ခါရ ဆုံးအောင် လိုက်ရင် ဘာတွေ့မယ်။ (နိဗ္ဗာန်တွေ့ပါမယ် ဘုရား)၊ အသင်္ခတ နိစ္စနိဗ္ဗာန် (မှန်ပါ့)။

ကြည့်လေ သင်္ခါရဆုံးသွားတော့အသင်္ခတဘက်တွေ့ ပြီ (မှန်ပါ့)၊ အနိစ္စကဆုံးသွားပြီး တွေ့တဲ့အခါမှာ ဘာတွေ့သလဲ (နိဗ္ဗာန်တွေ့ပါတယ်)၊ ဒါဖြင့် အသင်္ခတ နိစ္စနိဗ္ဗာန်တွေ့တယ် (မှန်ပါ့)၊ ရှင်းကြပလား (ရှင်း ပါပြီ ဘုရား)။

ဘာတွေ့ပါလိမ့် (အသင်္ခတ နိစ္စနိဗ္ဗာန် ပါတယ် ဘုရား)။

နိဗ္ဗာန်သည်ဘယ်မှာရှိသတုံး

ဒါဖြင့် ဒကာသစ်တို့ ဒီလိုနေလို့ မတော်ဘူး (မှန်ပါ့)၊ နိဗ္ဗာန်သည် ဒကာ ဒကာမတို့ ဘယ်မှာ ရှိသတုံး ဆိုတော့ သင်္ခါရအဆုံး အနိစ္စအဆုံးမှာရှိတယ် (မှန်ပါ့)။

ဪ နိဗ္ဗာန်ဟာ ဘယ်မှာရှိပါလိမ့် (သင်္ခါရ အဆုံး အနိစ္စအဆုံးမှာရှိပါတယ် ဘုရား)။

မှတ်မိပြီ ဒကာကြွယ်ရေ (မှတ်မိပါပြီ)၊ ဦးလှဘူး ဘယ်မှာရှိသတုံး (သင်္ခါရအဆုံး အနိစ္စ အဆုံးမှာရှိပါ တယ်)၊ ဦးမာတင် ဘယ်မှာရှိသတုံး (သင်္ခါရအဆုံး အနိစ္စ အဆုံးမှာရှိပါတယ် ဘုရား)။

ဪ ဟုတ်ပြီ၊ ဟုတ်ပြီ ဒကာ ဒကာမတို့ ဒါဖြင့် သင်္ခါရနဲ့ အနိစ္စဆုံးတော့ ဖြစ်ပျက်မှု မတွေ့သေးတဲ့ ပုဂ္ဂိုလ် ဘယ်တော့မှ နိဗ္ဗာန်မရဘူး (မရပါ ဘုရား)၊ သူ့တွေ့ပြီးမှ နိဗ္ဗာန်တွေ့ရမယ် (မှန်ပါ့)။

ရွံ့မုန်းလို့ဆုံးတဲ့အခါ နိဗ္ဗာန်တွေ့မယ်

သင်္ခါရနဲ့ အနိစ္စကို တွေ့ပြီးလို့ တော်တော်ကြာလို့ သူ့ကို ရွံမုန်းလို့ ဆုံးတဲ့အခါကျတော့မှ အသင်္ခတနဲ့ နိစ္စနိဗ္ဗာန် တွေ့မယ် (တွေ့ပါတယ် ဘုရား)။

ဒါဖြင့် ဝိပဿနာဉာဏ်မပါဘဲနဲ့ မဂ်ဉာဏ်မြင်တဲ့ နိဗ္ဗာန် ဘယ်တော့မှ မရဘူး (မရပါ ဘုရား)။

ဝိပဿနာဉာဏ် အမြင်မရှင်းဘဲနဲ့ (မဂ်ဉာဏ် မြင်တဲ့ နိဗ္ဗာန်မရပါ)၊ နိဗ္ဗာန်မြင်တဲ့ မဂ်ဉာဏ်ကို (မရပါ ဘုရား)။

မရနိုင်ဘူးဆိုတဲ့ဥစ္စာ ကဲ အားလုံး ဒကာ ဒကာမ တွေပဲ ဆုံးဖြတ်ချက်ချ၊ ဒါ ဆုတောင်းသမားမှ တွေ့မှာမလား အလုပ်သမားမှ တွေ့မှာလား (အလုပ်သမားမှ တွေ့မှာပါ ဘုရား)။

ဆုတောင်းသမားနဲ့ နဲနဲမှမဆိုင်

ဒကာကြွယ် ပေါ်ပြီဗျာ (ပေါ်ပါပြီ ဘုရား)၊ ဆုတောင်းသမားနဲ့ နည်းနည်းမှမဆိုင်ဘူး (မှန်ပါ့)။

သူက အလုပ်သမားမှ ရှေးဦးစွာ ဘာတွေချည့် တွေ့နေရမတုံး ဒကာ ဒကာမတို့ စဉ်းစားကြည့်စမ်း (သင်္ခါရအနိစ္စတွေ့နေရပါမယ် ဘုရား)။

အဲ သင်္ခါရ အနိစ္စ၊ ဥပ္ပါဒဝယ ဥပ္ပဇ္ဇိတွာ နိရုဇ္ဈန္တိ ဒါပဲတွေ့ရမယ် (မှန်ပါ့)၊ ဒီပြင်ဘာတွေ့စရာ ရှိသေး သတုံး (ဘာမှမရှိပါ ဘုရား)။

ဒီသုံးခုကို ဒကာသစ်ပေါင်းချင်တိုင်းပေါင်း ဖြစ်ပျက်ပဲ (မှန်ပါ့)၊ ဒီသုံးခုဟာ ဖြစ်ပျက် ထပ်ဆိုနေတာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဖြစ်ပျက်တွေ့တဲ့ဉာဏ် ဘာဉာဏ်ခေါ်ကြမလဲ၊ (ဝိပဿနာဉာဏ်ပါ ဘုရား)။

ဖြစ်ပျက်အဆုံးနိဗ္ဗာန်တွေ့တယ်

ဟာ တပည့်တော်ဖြင့် အဖြစ်လဲ မတွေ့တော့ ဘူး၊ အပျက်လဲ မတွေ့တော့ဘူးဘုရာ့၊ ခန္ဓာကိုယ် မရှိတော့ဘူး (မှန်ပါ့)၊ ဘာတွေ့သွားသတုံး (နိရောဓနိဗ္ဗာန်တွေ့ ပါတယ် ဘုရား)။

နိဗ္ဗာန်တွေ့ တယ် (မှန်ပါ့)၊ သင်္ခါရအဆုံး တွေ့တယ် (မှန်ပါ့)၊ အနိစ္စအဆုံး (တွေ့ပါတယ် ဘုရား)။

ဒါဖြင့် ဒီဥစ္စာ ဒကာ ဒကာမတို့ နိဗ္ဗာန်ဘယ်မှာ ရှိသတုံးလို့ သူများကမေးလို့ရှိရင် အို သင်္ခါရ အဆုံးမှာ ရှိပါတယ် (မှန်ပါ့)၊ အနိစ္စအဆုံးမှာ (ရှိပါတယ် ဘုရား)။

ဪ ဒါဖြင့် နိဗ္ဗာန်ဟာ ရှိတဲ့တရားလား၊ မရှိတဲ့။ တရားလား (ရှိတဲ့တရားပါ ဘုရား)။

ရှိတဲ့တရားဘယ့်နှယ့်ကြောင့် ဒီဒကာ ဒကာမတွေ မတွေ့ကြမရောက်ကြပါလိမ့်မတုံးဆိုတော့ အို သူက သင်္ခါရနဲ့ အနိစ္စကို မတွေ့သေးဘူး (မှန်ပါ့)။

မတွေ့သေးတော့ သင်္ခါရအဆုံး အနိစ္စအဆုံးဆိုတဲ့ ဥစ္စာ လမ်းစမှမတွေ့ဘဲနဲ့ ဦးမာတင် လမ်းဆုံးတွေ့ချင်လို့ (မရပါ ဘုရား)၊ ဖြစ်နိုင်စရာရှိသေးရဲ့လား (မရှိပါ – ဘုရား)။

ဖြစ်ပျက်တွေ့ရင်မပူနဲ့တော့

ဒါကြောင့် အားလုံး အရင်းအချာတွေပြောရတယ်၊ ဒကာ ဒကာမတို့ (မှန်ပါ့)၊ ဖြစ်ပျက်တွေ့ရင် မပူနဲ့တော့ဟေ့ (မှန်ပါ့)။ ဘာတဲ့တုံး (ဖြစ်ပျက်တွေ့ရင်မပူနဲ့)၊ မင်းသင်္ခါရ တွေ့ပြီ အနိစ္စတွေ့ပြီ (မှန်ပါ့)၊ မင်းအဲဒီအတိုင်းသာ ဉာဏ်က မေးလိုက်သွား (မှန်ပါ့)၊ ဖြစ်ပျက်ပဲ ပေပြီးရှုနေ (မှန်ပါ့)။

ပေရှုနေရင် ဖြစ်ပျက်တွေဟာ ကြာတော့ မုန်းလာ တယ်၊ မလိုချင်အောင်ဖြစ်လာတယ်ဆိုတာ လာဦးမှာပဲ (လာမှာပါ ဘုရား)၊ ဉာဏ်ကမရင့်ပေဘူးလား (ရင့်ပါ တယ် ဘုရား)၊ ရင့်တော့ သူဘာဖြစ် သွားသတုံး (ဆုံး သွားပါမယ် ဘုရား)။

ဆုံးသွားတော့ သင်္ခါရလဲ ဆုံးသွားရော ဘာတွေ့ သတုံး (နိဗ္ဗာန်တွေ့သွားပါတယ်)၊ အသင်္ခတ နိဗ္ဗာန် (မှန်ပါ)။

အနိစ္စအဆုံးမှာနိဗ္ဗာန်

အနိစ္စဆုံးသွားတော့ ဘာတွေ့သတုံး (အသင်္ခတနိဗ္ဗာန် တွေ့ပါတယ်)၊ အဲ သူတို့ အဆုံးမှာနေတာဗျ (မှန်ပါ့)။

နိဗ္ဗာန်ဟာ ဒကာကြွယ် သင်္ခါရ၏အဆုံးမှာ နေတယ် ဗျ (မှန်ပါ့)၊ အနိစ္စ၏အဆုံးမှာ (နိဗ္ဗာန် နေပါတယ် ဘုရား)။

ဒါဖြင့် ဒကာသစ်တို့၊ ဦးမာတင်တို့ စဉ်းစား ဪ ဒီနှစ်ခုမတွေ့သေးတဲ့ ပုဂ္ဂိုလ်များ နိဗ္ဗာန်ဟာ ဝေးပါသေးရဲ့ (မှန်ပါ့)၊ ဆုံးဖြတ်ချက်ချပါ ယနေ့တရားပွဲမှာ (မှန်ပါ့)။

သင်္ခါရနဲ့ အနိစ္စမှ မတွေ့သေးတဲ့ပုဂ္ဂိုလ်ဖြင့် နိဗ္ဗာန်ဟာ (ဝေးပါသေးတယ် ဘုရား)။

ကဲ တိုတိုပြောကြစို့ ဖြစ်ပျက်မှ မတွေ့သေးတဲ့ ပုဂ္ဂိုလ်ဖြင့် (နိဗ္ဗာန်ဟာဝေးပါသေးတယ် ဘုရား)။

ဒကာကြွယ် နိဗ္ဗာန်မရောက်ဘူးဗျ (မှန်ပါ့)၊ ဦးမာတင် ဆုံးဖြတ်ချက်ချ (မှန်ပါ့ ဘုရား)။

ဖြစ်ပျက်မှမတွေ့တဲ့ ပုဂ္ဂိုလ်ဖြင့် နိဗ္ဗာန်ဘယ့်နှယ်တုံး (ဝေးပါတယ်)၊ ဘယ်တော့မှ မရောက်ဘူးလို့ ဆုံးဖြတ် ချက်ချ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒီဂါထာအကြောင်းကို ဒကာသစ် ကောင်း ကောင်း ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒီဂါထာကို လူတိုင်းကျက်ထားပါ

ဒါဖြင့် ခင်ဗျားတို့ မေးပြီးတဲ့ဒီဂါထာ လူတိုင်းလဲ ရအောင်ကျက်ထားပါ (မှန်ပါ့)၊ ကိုယ့် အလုပ်စဉ်လဲ ဖြစ်ပါတယ်နော် (မှန်ပါ့ ဘုရား)။

ကဲ ဒါဖြင့် ဘုန်းကြီးက ဒီရှေ့ကရွတ်ပြမယ်၊

ဟောဒါက ဝိပဿနာဉာဏ်၊ ဟောဒါကမဂ်ဉာဏ်လို့ ခင်ဗျား တို့ရွေးနိုင်ရမယ် (မှန်ပါ့ ဘုရား)။

ကဲ ဒါဖြင့် “အနိစ္စာဝတသင်္ခါရာ”ကို မြင်ရင် ဒါမြင်ရင် ဘာဉာဏ်ကြမလဲ (ဝိပဿနာဉာဏ်ပါ ဘုရား)။

“ဥပ္ပါဒဝယ ဓမ္မိနော’’ တဲ့၊ ဖြစ်တာနဲ့ ပျက်တာကို မြင်ရင်ကော (ဝိပဿနာဉာဏ်ပါ ဘုရား)။

“ဥပ္ပဇ္ဈိတွာ နိရုဇ္ဈန္တိ’’ တဲ့၊ ဖြစ်ပြီးချုပ်တာ မြင်ရင်ကော (ဝိပဿနာဉာဏ်ပါ ဘုရား)။

ချမ်းသာအစစ်နိဗ္ဗာန်

ဪ ဝိပဿနာဉာဏ် ဖြစ်ပျက်ဟောနေတာ ပါဠိလိုကိုး (မှန်ပါ့)၊ သေချာပလား (သေချာပါပြီ ဘုရား)။

‘‘တေသံ ဝူပသမော သုခေါ” ဆိုတော့ ဘယ်ဉာဏ် ပြတာတုံး (မဂ်ဉာဏ်ပြတာပါ ဘုရား)။

တေသံ= ထိုဖြစ်ပျက်နှစ်ပါးတို့၏၊ ဝူပသမော= ဖြစ်ခြင်း ကုန်ခြင်းသည် (ဝါ) ချုပ်ရာ ကုန်ရာ ဖြစ်တဲ့ နိဗ္ဗာန်သည်။ သုခေါ= နိဗ္ဗာန်ပဲတဲ့ (မှန်ပါ့)၊ (ဝါ) ချမ်းသာအစစ်ပဲ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် နောက်ပါဠိက နိဗ္ဗာန်ပြတာ (မှန်ပါ့)။ အရင်ပါဠိ သုံးခုက ဝိပဿနာဉာဏ်ပြတာ (မှန်ပါ့ ဘုရား)။

ဝိပဿနာရှုမှ နိဗ္ဗာန်ရမယ်

ဒါဖြင့် ဝိပဿနာရှုမှ နိဗ္ဗာန်ရမယ် (မှန်ပါ့)၊ ဝိပဿနာမရှုရင် (နိဗ္ဗာန်မရပါ ဘုရား)။

အဲဒါဘုန်းကြီးက ပြောတာလား ဘုရားကဟောတာ လား (ဘုရားကဟောတာပါ ဘုရား)၊ သေချာပလား (သေချာပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဝိပဿနာဉာဏ် ရှေ့သွား လို့ရှိရင် မဂ်ဉာဏ်ဆိုတဲ့ နိဗ္ဗာန်မြင်တဲ့ မဂ်ဉာဏ်ဟာ ဧကန် ရပါတယ် (မှန်ပါ့ ဘုရား)၊ ဒကာကြွယ် သေချာပလား (သေချာပါပြီ ဘုရား)။

ကိုင်း ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။