274

ခန္ဓာထဲမှာတရားရှိတယ် စောင့်ပြီးကြည့်စမ်းပါ

မှတ်ချက်။ ။စာအုပ်ရက်စွဲနှင့် ရှိသည့် အသံဖိုင် မကိုက်ညီပါ။

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့၌ ဟောကြားတော်မူသောတရားတော်

“ခန္ဓာထဲမှာတရားရှိတယ်”

စောင့်ပြီးကြည့်စမ်းပါ

(စိတ္တာနုပဿနာ)

(၈-၁၂-၆၁)

အားလုံး ဒကာ ဒကာမတွေ တရားကို နှလုံးသွင်းကြ – ပါလို့ သတိပေးလိုက်ပါတယ်၊ တရားနှလုံးသွင်း ဆိုတာက မိမိတို့၏ ခန္ဓာကိုယ်ထဲမှာ တရားရှိတယ် (မှန်ပါ)။

ဘယ်မှာ တရားရှိပါလိမ့် (မိမိတို့ ခန္ဓာထဲမှာ ရှိပါတယ် ဘုရား)၊ မိမိတို့ ခန္ဓာထဲမှာရှိတယ်လို့ သေသေ ချာချာ မှတ်ထားကြပါ။

ခန္ဓာကြီးကိုစောင့်ပြီးကြည့်စမ်းပါ

တရားရှာ ခန္ဓာထဲမှာ တွေ့ရမယ်ဆိုတဲ့အတိုင်း ခန္ဓာ ထဲမှာ ကြည့်ပါလို့ သတိပေးလိုက်တယ် (မှန်ပါ့)။

အဲဒီတော့ ဒီခန္ဓာကြီးကို စောင့်ပြီး ကြည့်စမ်းပါလို့ လဲ သတိပေးပြန်တယ်နော် (မှန်ပါ)။

ဦးခင်မောင် ဘယ်လိုကြည့်ရမလဲ (စောင့်ပြီး ကြည့်ရပါမယ် ဘုရား)၊ စောင့်ပြီး ကြည့် ရမယ်လို့ ဒကာ ဒကာမတွေ သေသေချာချာ မှတ်ပါ (မှန်ပါ့)၊ စောင့်ပြီး သကာလ အသက်ကလေး မှန်မှန် ရှူပြီးတော့ ကြည့်ပါ (မှန်ပါ)၊ အသက်ကလေး မှန်မှန်ရှူပြီး သကာလ ကြည့်တော့ အာရုံတွေက တိုက်ချင်ရာက တိုက်လိမ့်မယ်ဆိုတာ မှတ်ထား ရမယ် (မှန်ပါ)။

အာရုံတွေက တိုက်ချင်ရာက တိုက်တော့ ဖျတ်ခနဲ မျက်လုံး ဖွင့်လိုက်တယ်ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတွေမှတ်၊ ထားပါ၊ ဧည့်သည်ဖြစ်တဲ့ မြင်စိတ်ပေါ်တယ်လို့ မနေ့ကပြော တာ မှတ်မိကြတယ် မဟုတ်လား (မှန်ပါ)။

မျက်လုံးဖွင့်လိုက်တဲ့အခါကျတော့ ဘယ်စိတ်ပေါ် လာသတုံး (မြင်စိတ်ပေါ်လာပါတယ်)၊ ဧည့်သည်ဖြစ်တဲ့ မြင်စိတ် ပေါ်လာတယ် (မှန်ပါ)။

မြင်စိတ်ဟာ ပစ္စုပ္ပန်စိတ်

ကောင်းပြီ၊ ဒီဧည့်သည်ဖြစ်တဲ့ မြင်စိတ်ဟာ အိမ်က ပါလာတာလား၊ ယခုမှ ဒီနားရောက်မှ ဒီအဆင်းနဲ့တွေ့လို့ ယခုမှ ပေါ်လာတာလား မေးရင် ဘယ့်နှယ်ဖြေကြမလဲ (ယခုမှပေါ်လာတာပါ ဘုရား)၊ ဒါဖြင့် ပစ္စုပ္ပန်စိတ်ပဲ ဆိုတာ မှတ်လိုက်တာပေါ့ (မှန်ပါ)။

အဲဒါကြောင့် ဘဒ္ဒေကရတ္တသုတ်မှာ လာထားတာက ပစ္စုပ္ပန်တည့်တည့် ရှုကြပါ ဆိုတာကို ရှင်းပြပါတယ်။

အဲဒီတော့ ဒကာ ဒကာမတွေ သန္တာန်၌ မျက်လုံး ကလေးဖွင့်လိုက်ရင် မြင်စိတ်ပေါ်တယ်၊ မြင်စိတ် ပေါ် သည်နဲ့ တစ်ပြိုင်နက်တည်း စောင့်နေတဲ့ သတိ၊ သမာဓိ၊ ပညာက ဒကာ ဒကာမတွေ ချက်ချင်း လိုက်ပါ၊

ဪ မြင်စိတ်ကလေးပေါ်ပြီး မြင်စိတ်ကလေး မရှိဘူးဆိုတာ ချက်ချင်း လိုက်ပါ၊ သဘော ကျကြပလား (ကျပါပြီ)။

အလုပ်သင်နေတယ်လို့မှတ်ပါ

ဒါ အလုပ်သင်နေတယ်လို့ သေသေချာချာ မှတ်ပါ (မှန်ပါ့)၊ မျက်လုံးဖွင့်လိုက်တော့ ဘာစိတ် ပေါ် သတုံး (မြင်စိတ် ပေါ်ပါတယ် ဘုရား)၊ မြင်စိတ်ပေါ်တာကလေးကို ဦးခင်မောင်တို့လူစုက ဒီအတိုင်း မနေလိုက်ပါနဲ့၊ စောင့်နေတဲ့ သတိ၊ ပညာက လိုက်-လိုက်ပါ၊

လိုက်-လိုက်တဲ့ အခါကျတော့ ရှိသေးရဲ့လား (မရှိပါ ဘုရား)၊ မရှိတော့ “စက္ခု ဝိညာဏံ အနိစ္စံ” ဆိုတဲ့ အတိုင်း မြင်စိတ်ကလေးကို ဖြစ်ပြီး ပျက်တဲ့ ဓမ္မကလေးရယ်လို့ စောင့်နေတဲ့ တရားက မမြင်ပေ ဘူးလား (မြင်ပါတယ်)၊

စောင့်နေတဲ့ တရားအမြင်တော့ ငါမြင်၊ သူမြင်လားလို့ မေးတဲ့အခါကျတော့ ငါမြင်၊ သူမြင်ဆို တာ မဟုတ်ပါဘူး၊ မြင်စိတ် ကလေးက မြင်ပြီး သကာလ မြင်စိတ်ကလေးက မမြင်ဘဲနဲ့ ချုပ်သွားတယ် ဆိုတာ ဒကာ – ဒကာမတွေ မှတ်လိုက်တာပေါ့ (မှန်ပါ)။

မြင်စိတ်ကဖြစ်ပျက်၊ ရှုတာကမဂ်

အဲဒီကဲ့သို့ ရှုလိုက်တဲ့ အခါကျတော့ မြင်စိတ်က ဖြစ်ပျက်၊ ရှုတာက မဂ်ဆိုတာလည်း ဒကာ ဒကာမတွေ မှတ်မိကြပါလိမ့်မယ်နော် (မှန်ပါ)။

မြင်စိတ်က ဘာလဲ (ဖြစ်ပျက်ပါ ဘုရား)၊ ရှုတာ က (မဂ်ပါ ဘုရား)၊ ရှုတာက ဝိပဿနာ ဖြစ်နေတော့ ဒီဟာ မလာဘူး၊ ဒကာ ဒကာမတွေက စောင့်ကြည့်နေပြီး ပေါ်တဲ့ ဓမ္မကို မလိုက်တော့ ပါဘူးလို့ ဒကာ ဒကာမတွေက ခပ်ပေပေနဲ့ နေကြမယ် ဆိုလို့ရှိရင်ဖြင့် မြင်ရင် လိုချင်တယ်ဆို တာ မလာဘူးလား (လာပါတယ်)၊ စွဲလမ်းတယ်ဆိုတဲ့ ဥစ္စာကော (လာပါတယ်)၊ ဒါဖြင့် တဏှာ၊ ဥပါဒါန်က မလာပေဘူးလား (လာပါတယ် ဘုရား)။

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မြင်စိတ် ကလေးကို ပထမရှူမူ၊ ရှိုက်မှုနဲ့သာ စိုက်ပြီး သကာလ ကြည့်နေတုန်း ဖျက်ခနဲ မြင်စိတ် ကလေးပေါ်ရင် မြင်စိတ် နောက်ကို တစ်ခါတည်း စောင့်နေတဲ့ ဓမ္မတွေက ချက်ချင်း လိုက်-လိုက်ပါ၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

လိုချင်တယ်၊ စွဲလမ်းတယ် အားထုတ်တယ်

အကယ်၍ မလိုက်ဖြစ်တော့ပါဘူးဆိုရင်ဖြင့် မြင်တာ ကို လိုချင်တယ်၊ စွဲလမ်းတယ်၊ အားထုတ်တယ် ဆိုတဲ့ အနာဂတ် အကြောင်းသုံးခု တစ်ခါတည်းပေါ်လာတယ်လို့ မှတ်စမ်းပါနော် (မှန်ပါ)။

ဘာ ပေါ်လာပါလိမ့် (အနာဂတ်အကြောင်း သုံးခု တစ်ခါတည်း ပေါ်လာပါတယ်)၊ အနာဂတ် အကြောင်း သုံးခုပေါ်လာလို့ရှိရင် အနာဂတ်အကျိုးသုံးခုဆိုတဲ့ ဇာတိ၊ ဇရာ၊ မရဏ ဒုက္ခသစ္စာ သုံးခု လာမလား၊ မလာဘူးလား (လာပါတယ် ဘုရား)၊ လာမယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ပေါ်ရာကို အနိစ္စရှုပါ

အဲဒါကြောင့် ဒကာ ဒကာမတွေ စောင့်ပြီး သကာလ ပေါ်ရာကို အနိစ္စရှုပါ၊ (ဝါ) ဖြစ်ပျက်ရှုပါ ဆိုတဲ့ဥစ္စာ ဘာကို ခိုင်းတာတုံး မေးတဲ့အခါကျတော့ ဦးခင်မောင် မှတ်လိုက်စမ်း ပါ၊ အခုရှေ့က ပြထားတဲ့ တဏှာ၊ ဥပါဒါန်၊ ကံတွေ ဖြတ်နေတာလို့ မှတ်လိုက် (မှန်ပါ)။

ဘယ်လိုမှတ်ကြမယ် (တဏှာ၊ ဥပါဒါန်၊ ကံ ဖြတ်နေတာပါ ဘုရား)၊ တဏှာ၊ ဥပါဒါန်၊ ကံတွေ ဖြတ်လိုက် တော့ အကြောင်းသုံးခု ဖြတ်လိုက်တဲ့ အတွက် ဇာတိ၊ ဇရာ၊ မရဏဆိုတဲ့ အနာဂတ်ဘဝ အကျိုးသုံးခုလာရဲ့လား (မလာပါ ဘုရား)၊ ဒါဟာ စောင့်ပြီး ရှုလို့နော် (မှန်ပါ)။

စောင့်ပြီးမရှုတဲ့ပုဂ္ဂိုလ်

ဒါဖြင့် စောင့်ပြီး မရှုတဲ့ ပုဂ္ဂိုလ်များ အတွက်မှာဖြင့် ဪ ဘာများ ဖြစ်ရှာမှာပါလိမ့်မလဲလို့ ဒကာ ဒကာမတွေက မေးလို့ရှိရင် မြင်တဲ့စိတ်၊ ဖြစ်ပျက် မရှုတဲ့ အတွက် လိုချင်တယ်၊ စွဲလမ်းတယ်၊ မရ ရအောင် အားထုတ် မယ်ဆိုတဲ့ တရား သုံးခု မလာပေဘူးလား (လာပါတယ်) ဒါ အနာဂတ်အကြောင်း မဟုတ်ဘူးလား (မှန်ပါ)၊

အနာဂတ်အကြောင်းဆိုတာ အခုအကြောင်းတော့ လုပ်ထားတာပဲ၊ သေသည်၏ အခြားမဲ့၌ ဇာတိ၊ ဇရာ၊ မရဏမလာပေ ဘူးလား (လာပါတယ်)၊ ဇာတိ၊ ဇရာ၊ မရဏဟာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ)၊

အဲဒီ ဒုက္ခသစ္စာတွေ လာမှာစိုးလို့ ဘုန်းကြီးက ဒကာ ဒကာမတွေ မြင်စိတ်ပေါ်လာ လို့ ရှိရင် မြင်စိတ်ကို ဖြစ်ပျက်ရှုပါ၊ ဧည့်သည်စိတ် ကလေးပါ။ ငါမြင်၊ သူမြင် မဟုတ်ပါဘူး၊ အခုမှ အာရုံဒွါရ တိုက်ဆိုင်လို့ ပေါ်လာတာပါ။

အဲဒီ အာရုံဒွါရ တိုက်ဆိုင်လို့ ပေါ်လာတာ ကလေးကို ခင်ဗျားတို့ ငါလည်းမထင်ပါနဲ့၊ သူလည်း မထင်ပါ နဲ့၊ အနိစ္စကလေးလို့ မထင်-ထင်အောင်လိုက်ပါ၊ အနိစ္စမို့ အနိစ္စလို့သိအောင် လုပ်ပါလို့ ဆိုတာဟာ အလုပ်သင်တာပဲ လို့ ဒကာ ဒကာမတွေ မှတ်လိုက်စမ်းပါ (မှန်ပါ)။

မြင်ရင်၊ မြင်စိတ်ဖြစ်ပျက်ရှု

ဒါဟာ အလုပ်သင်နေတာနော် ဒကာ ဒကာမတို့ (မှန်ပါ)၊ မြင်ရင် မြင်စိတ်ကုလေး ဘာလုပ် ရမလဲ (ဖြစ် ပျက် ရှုရပါမယ်)၊ မရှုရင် ဘယ်သူ လိုက်လာမယ် (တဏှာ၊ ဥပါဒါန်၊ ကံ လိုက်လာပါမယ်)၊ သေသည်၏ အခြားမဲ့၌ ဘာတွေများ အမွေရမလဲလို့ မေးလို့ရှိရင် ဇာတိ၊ ဇရာ၊ မရဏရမယ် (မှန်ပါ)။

ဘာတွေရမယ်ထင်သတုံး (ဇာတိ၊ ဇရာ၊ မရဏ ရပါတယ်)။

ဪ ဒါဖြင့် ဒကာ ဒကာမတို့ မြင်ရုံကလေးပဲ ဘာအပြစ်ရှိသတုံးလို့ ဒီစကားမျိုးကို မသုံးလိုက် ပါနဲ့လို့ ဒကာသစ်တို့ကို သတိပေးလိုက်ပါတယ် (မှန်ပါ)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒီစိတ်ကလေးဟာ ဧည့်သည်လား၊ အိမ်သည် လားဆိုတော့ ယခု ဒီရောက်မှ ပေါ်တာပဲ ဆိုကြပါစို့ (မှန်ပါ)၊ ဒါဖြင့် ဧည့်သည်စိတ်ကလေး ဘာလုပ်ရမယ် (ဖြစ်ပျက်ပဲ ရှုရမှာပါ ဘုရား)၊ ထိုင်ရင်းမတ္တနဲ့၊ စောင့်နေရင်း မတ္တနဲ့ ဟိုက ဒုန်းခနဲ ဒိုင်းခနဲ အသံလေးက ကြားပြန်တယ် ဆိုတာက ဒကာ ဒကာမတို့ ဘာစိတ်ပေါ်သတုံး (ကြား စိတ်ပေါ်ပါတယ် ဘုရား)၊ ကြားစိတ်ပေါ်လို့ ဪ ကြား ရတာ လန့်သွားတယ်ဆိုတော့ ဒေါသ၊ သောက၊ ပရိဒေဝ၊ ဒုက္ခ ဒေါမနဿ အဝိဇ္ဇာ မလိုက်ပေဘူးလား (လိုက်ပါ တယ် ဘုရား)။

ကြားရင်ကြားစိတ်ဖြစ်ပျက်ရှု

ဒါ ဘယ့်နှယ်ကြောင့် ပါလိမ့်မတုံးလို့ မေးတဲ့အခါကျ တော့ ကြားစိတ် ကလေးလာလည်း ဒကာ ဒကာမတွေ စောင့် ပြီး ရှုပါ ဆိုတာကို မရှုလိုက်မိတဲ့အတွက် ဒီကနေပြီး ဒေါသ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ အဝိဇ္ဇာကျအောင် ပဋိစ္စသမုပ္ပါဒ် အဆုံးက ဆက်မလာဘူးလား (ဆက်လာပါတယ်)၊

ဆက်လာတော့ကို ဒါလည်း အနာဂတ် အကြောင်း ဖြစ်ထိုက်၊ မဖြစ်ထိုက် (ဖြစ်ထိုက်ပါတယ် ဘုရား)၊ အဝိဇ္ဇာ သင်္ခါရပြီးတော့ ဝိညာဏ် မလာပေဘူးလား (လာပါတယ်)၊ ဝိညာဏ်ဆိုတော့ ပဋိသန္ဓေ လာခဲ့သော် ဒကာ ဒကာမတို့ ဇာတိထဲက ဇရာ ဗျာဓိသွားတဲ့ ပုဂ္ဂိုလ်ပဲ။ ကျုပ်တို့အပါအဝင် မဖြစ်ပေဘူးလား (ဖြစ်ပါတယ်)။

အဲဒါ စိုးရိမ်တဲ့အတွက် ဒကာ ဒကာမတွေ ဒါကလေး ဟာ အိမ်သည်လား၊ ဧည့်သည်လား စဉ်းစားစမ်းပါ၊ ကြားစိတ် ကလေးဟာ (ဧည့်သည်ပါ ဘုရား)၊ အခုမှ ပေါ်လာတဲ့ ဧည့်သည်ကလေး ဆိုတာကော ကျေနပ်ပလား (ကျေနပ်ပါပြီ)။

ဉာဏ်ကနုံ့တယ်၊ ဒိဋ္ဌိကများတယ်ဆိုရင်

ကောင်းပြီ၊ ဒါကို ဆရာဘုန်းကြီးသည် ဒီဒကာ ဒကာမတွေကို ဘာ့ကြောင့် စိတ္တာနုပဿနာ သင်ရပါသလဲလို့ ဦးခင်မောင် မေးဖို့မလိုဘူးလား (လိုပါတယ်)၊ ဒကာ ဒကာမတို့ ယခု ဘာဟော နေပါလိမ့် (စိတ္တာနုပဿနာ ဟောပါတယ် ဘုရား)၊ စိတ္တာနုပဿနာကို မနေ့ကစပြီး ယနေ့ ဆက် ဟောပြန်တယ် ဆိုတာ ဒကာ ဒကာမတွေက သိထားတော့မှ

စိတ္တာနုပဿနာကို သမ္မောဟအဋ္ဌကထာ စသည်တို့မှာ ဉာဏ်က လည်း နုံ့ကြတယ်၊ ဒိဋ္ဌိကလည်း များကြတယ်။ ငါ့စိတ်လို့ ထင်တယ်၊ ငါကြားတယ်လို့ ဒီဥစ္စာထင်လို့ရှိရင် ဒိဋ္ဌိမဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)၊ ငါမြင်တယ်ဆိုရင်ကော (ဒိဋ္ဌိပါ ဘုရား)၊

အဲဒီတော့ ဉာဏ်နုံ့တဲ့ ပုဂ္ဂိုလ်တွေ လည်း ဖြစ်ပြန်တယ်၊ စိတ်ပေါ်မှာလည်း ဒိဋ္ဌိများတဲ့ပုဂ္ဂိုလ်များ ဖြစ်လေသောကြောင့် အပါယ်လေးပါး သွားမှာ အင်မတန်မှ နီးကပ်တဲ့ တရားဖြစ်နေ သောကြောင့် ဒကာ ဒကာမတို့ စိတ္တာနုပဿနာကို အရင်ရှုပါ (မှန်ပါ)၊ သဘောပါကြ ပလား (ပါ, ပါပြီ)။

စိတ္တာနုပဿနာ

ဘာရှုရမလဲ (စိတ္တာနုပဿနာကို အရင်ရှုရပါ မယ် ဘုရား)၊ စိတ္တာနုပဿနာကို အရင်ရှုတော့ ဒိဋ္ဌိအပြုတ် မြန်တယ်လို့ ဒကာ ဒကာမတွေက မှတ်ထားစမ်းပါ (မှန်ပါ)။

ဒီလို မှတ်ထားလိုက်တော့ ဘုန်းကြီးတို့ ဒကာ ဒကာမ တွေ့၌ ဪ ဒိဋ္ဌိတည်းဟူသော အနှောင်အဖွဲ့ ကြောင့် အပါယ် ရောက်နေတဲ့ဥစ္စာဖြင့် တို့ဝိပဿနာ ရှုတာ ဘာပါလိမ့် မတုံးလို့ မေးမနေနဲ့၊ ဒိဋ္ဌိ သတ်နေတာလို့ မှတ်ပါ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ကဲ ဒါဖြင့် စိတ်နှစ်စိတ် ပြီးသွားပြီနော် (မှန်ပါ)၊ ဧည့်သည်နှစ်ခု ပြီးသွားပြီ (မှန်ပါ)၊

နံတဲ့စိတ်ဖြစ်ပျက်ရှု

အနံ့ကလေး တစ်ခုနံလာတယ်၊ လူတွေထဲမှာ နေကြတဲ့အတွက် နံတော့ နှာခေါင်းထဲမှာ နံစိတ်ကလေး မပေါ်ပေဘူးလား (ပေါ်ပါတယ်)၊

ချက်ချင်းလိုက်ပြီး ဖြစ်ပျက်ရှုရင် ရှုပါ ဒကာ ဒကာမတို့နော် (မှန်ပါ)၊ မရှုလို့ရှိရင် ဘယ်သူက နံတယ်၊ ဘယ်ဝါက နံတယ် ဆိုလို့ရှိရင် ဒေါသ သောက ပရိဒေဝ မလိုက်ပေဘူးလား (လိုက်ပါတယ် ဘုရား)။

လိုက်လို့ရှိရင် အဝိဇ္ဇာ ပါမလာဘူးလား (ပါလာ ပါတယ်)၊ အဝိဇ္ဇာပစ္စယာသင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ နဲ့ အနာဂတ် ဘဝတွေ မလာပေဘူးလား (လာပါတယ်) ဒါကြောင့် နံတဲ့စိတ်ကလေး နှာခေါင်းထဲ ဧည့်သည်စိတ် ကလေးပေါ်လည်း ဘာလုပ်ရမယ် (ဖြစ်ပျက်ရှုရပါမယ်) ဖြစ်ပျက်ရှုလိုက်တဲ့ အခါကျတော့ ဒီက ဒုက္ခဒေါမနဿတွေ ဒကာ ဒကာမတွေ မသေပေဘူးလား (သေပါတယ် ဘုရား)၊

ဖြစ်ပျက်ရှုလိုက်တဲ့အခါကျတော့ နောက်က လာမည့် ဒုက္ခ ဒေါမနဿ သောက ပရိဒေဝ အဝိဇ္ဇာ သင်္ခါရတွေ မသေကြပေဘူးလား (သေပါတယ် ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ ဒီစိတ်တွေပေါ်လာ ရင် နံစိတ်ပေါ်လည်း ဖြစ်ပျက်ရှုပါဆိုတာ သဘောကျပလား (ကျပါပြီ)၊ ဘာဖြစ်လို့ သဘောကျသတုံးလို့ မေးတဲ့ အခါကျတော့မှ အနာဂတ် အကြောင်းတွေ ပြတ်လို့၊ အနာဂတ် အကျိုးတွေ မပေါ်တာပါဘုရားလို့ဆိုတာ ခင်ဗျားတို့ အကျိုး ခံစားရတာပဲ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အနာဂတ်အကြောင်းတွေ ဖြစ်သွားသတုံး (ပြတ်သွားပါတယ်)။ ဒါဖြင့် အနာဂတ်အကျိုးတွေ ဘယ့်နှယ် နေသတုံး (မပေါ်ပါ ဘုရား)၊ ဒါဖြင့် ဒကာ ဒကာမတွေ တို့ ဒီဟာသည် အဝိဇ္ဇာသင်္ခါရတွေ ဆက်နေတဲ့ တရားပဲ ဆိုရင်ကော လွဲပါ့မလား (မလွဲပါ ဘုရား)။

နောက်ခန္ဓာအစဉ်ပြတ်အောင်ရှုတာ

ဒါကြောင့် ဝိပဿနာဆိုတာသည် နောက်ခန္ဓာ အစဉ်ပြတ်သွားအောင် ရှုတာပါပဲဆိုတာ ရိပ်မိကြပလား (ရိပ်မိပါပြီ)၊ နောက်ခန္ဓာအစဉ်ပြတ်သွားအောင် ရှုတော့ နောက်ခန္ဓာအစဉ်ဟာ ဘာသစ္စာပါလိမ့် (ဒုက္ခသစ္စာပါ) ဪ ဝိပဿနာရှုတဲ့ပုဂ္ဂိုလ်များ ဒုက္ခပြတ်ပါလား ဆိုတာ တစ်ပွဲလုံး မှတ်ရလိမ့်မယ် (မှန်ပါ)။

ကောင်းပြီ၊ ဒါဖြင့် လျှာပေါ်မှာ ကိုယ့်တံတွေးကလေး မျို၊ ကိုယ့်သလိပ်ပဲ ကိုယ်မျိုမျို စားစား စိတ်ကလေးတွေ မပေါ် ဘူးလား (ပေါ်ပါတယ် ဘုရား)၊ ရှေးက ပေါ်တာလား၊ အခုမှ ပေါ်တာလား (အခုမှ ပေါ်တာပါ)၊ ဒါဖြင့် ပစ္စုပ္ပန်စိတ်ပဲ၊ အဲဒီ ပစ္စုပ္ပန်စိတ်ကို ဒကာ ဒကာမတွေက ဖြစ်ပျက်ပဲဆိုတဲ့ အနိစ္စကို ရှုဖြစ်အောင်ရှုပါ၊ မရှုလို့ရှိရင်ဖြင့် စားရတာ ကောင်းရင် တဏှာ ဥပါဒါန် ကံလိုက်ပါလိမ့်မယ်၊ သဘောကျပလား (ကျပါပြီ)၊

စားရတာ မကောင်းဘူးလို့ ခင်ဗျားတို့ထင်လို့ရှိရင် ဒေါသ သောက ပရိဒေဝကော (လိုက်ပါတယ် ဘုရား)၊ စားတဲ့စိတ်ကလေး ပေါ်မှန်းမှ မသိလို့ရှိရင် အဝိဇ္ဇာသင်္ခါရ လိုက်တယ် (မှန်ပါ)။

ဒိဋ္ဌိသတ်ပြီးရင်သောတာပန်တည်နိုင်

ဒါဖြင့် ပဋိစ္စသမုပ္ပါဒ်တွေချည်း ဆက်လိုက်နေတော့ ဒကာ ဒကာမတို့ အကြောင်းတွေချည်း ဆက်လိုက် နေတဲ့ အတွက် အကျိုးဒုက္ခတွေ မရပေဘူးလား (ရပါတယ်) အဲဒါဟာ ဘုရားဟောနည်း အတိုင်း ဘုန်းကြီးက စိတ္တာ နုပဿနာ အရှုခိုင်းနေတာဟာ ဒိဋ္ဌိသတ်နိုင်လို့၊ ဒိဋ္ဌိသတ်ပြီး ရင် သောတာပန် တည်နိုင်တယ်လို့ မှတ်ပါ (မှန်ပါ)၊ ဆက်လက်ပြီး ကျန်တဲ့ တဏှာမာနတွေ သတ်နိုင်ပြန်လို့ ရှိရင်လည်း သကဒါဂါမ်၊ အနာဂါမ် ရဟန္တာ ဖြစ်နိုင်တယ်လို့မှတ်ပါ (မှန်ပါ)၊

ဒါကြောင့် သောတာပန် အရင်တည်နိုင်အောင်လို့ စိတ္တာနုပဿနာကို စပြီးဟောနေပါတယ်၊ ရှင်းကြ ပလား (ရှင်းပါပြီ ဘုရား)။

စိတ္တာနုပဿနာဘာ့ကြောင့်ဟောရပါလိမ့်

ဘယ့်နှယ်ကြောင့် စိတ္တာနုပဿနာဟောရပါလိမ့် မတုံးဆိုတော့ ဒါ ငါ စားတယ်ဆိုတော့ ဒကာ ဒကာမတွေ စားစိတ်က စားတာကို ခင်ဗျားတို့က ငါ စားကောင်းလိုက် တာလို့ မထင်ဘူးလား (ထင်ပါတယ်)၊ ဒါဖြင့် စားစိတ် ပေါ်မှာ ဒိဋ္ဌိပါ-မပါ (ပါ, ပါတယ် ဘုရား)။

ငါ စားကောင်းလို့၊ ငါ့သားကလေး၊ ငါ့သမီးလေး လည်း ငါ ကျွေးချင်လိုက်တာ ဆိုတော့ အတ္တနိယ- မလာ ပေဘူးလား (လာပါတယ်)၊ အဲ အတ္တလာလို့ရှိရင် အတ္တနိယ လာမှာစိုးတဲ့အတွက် ဘုရားသခင် ကိုယ်တော်မြတ် ကြီးက စိတ္တာနုပဿနာ အရှုခိုင်းပါတယ်ဆိုတာကော ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

ယားနာတဲ့စိတ်

ကိုင်း ခန္ဓာကိုယ်မှာ ယားတယ်၊ နာတယ် ဆို တော့ ဒကာ ဒကာမတို့ ဒီယားတဲ့စိတ်ဟာ အိမ်က ပါလာတာ လား၊ ဒီကျမှ ပေါ်လာတာလားဆိုရင် ဘယ့်နှယ်ဖြေမလဲ (ဒီကျမှ ပေါ်တာပါ)၊ ဒါဖြင့် ပစ္စုပ္ပန် ယားနာတဲ့စိတ်-ဒုက္ခသဟ ဂုဏ် ကာယဝိညာဏ်စိတ်ပဲ (မှန်ပါ)၊ သေချာပလား (သေချာပါပြီ)။

အဲဒါပေါ်ရာကို လိုက်ပါဆိုတော့ ဒကာသစ်တို့က ဖြစ်ဖြစ်၊ ဦးခင်မောင်တို့ကဖြစ်ဖြစ် လိုက်ပြီးရှုလိုက်တဲ့အခါ ကျတော့ ဖြစ်ပျက်နဲ့ မဂ်ဟာ တန်းမသွားဘူးလား (တန်းသွားပါတယ်)၊ အကယ်၍ မရှုတော့ပါဘူး ဆိုတော့ နာတာကို မခံချင်စိတ်လာတဲ့အခါကျတော့ ဒေါသ သောက ပရိဒေဝ ဒုက္ခ ဒေါမဿ နောက်က လိုက်မလား၊ မလိုက်ဘူးလား (လိုက်ပါတယ်)၊

လိုက်ပြန်လို့ရှိရင်လည်း အဝိဇ္ဇာ သင်္ခါရနဲ့တကွ တွဲပြီး သကာလ အနာဂတ်အကျိုးတွေ ကိုယ်ပိုင် မရပေဘူးလား၊ ရမလား (ရပါတယ်)၊ အဲဒါ လိုက်မှာ စိုးတဲ့အတွက် ဒကာ ဒကာမတွေ နောက်ဒုက္ခတွေ ဖြစ်နေ တယ်ဆိုတာကော ကျေကျေနပ်နပ် သဘောကျပလား (ကျပါပြီ)။

ဘာဖြစ်နေတာတုံး (နောက်ဒုက္ခဖြစ်နေတာ ပါ)၊ ခင်ဗျားတို့ ရပြီးသားဒုက္ခကို မမြင်တဲ့ပုဂ္ဂိုလ်ဟာ နောက် ဒုက္ခ ဘယ်တော့မှ မဖြတ်နိုင်ဘူး၊ ရှင်းပလား (ရှင်းပါပြီ)။

ယခုဒုက္ခမြင်မှ နောက်ဒုက္ခဖြတ်နိုင်တယ်

ရ ပြီးသား ဒုက္ခ မမြင်တဲ့ ပုဂ္ဂိုလ်များဟာ (နောက်ဒုက္ခကို မဖြတ်နိုင်ပါဘူး)၊ ဟော ဖြစ်ပျက်ဟာ ဒုက္ခသစ္စာလို့ မှတ်ထားပါ (မှန်ပါ)။

ဖြစ်ပျက်ဟူသရွေ့ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ)၊ အဲဒီတော့ ခင်ဗျားတို့ ခန္ဓာကိုယ်ထဲမှာလည်း ဖြစ်ပြီး ပျက်တဲ့ ဓမ္မမှတစ်ပါး ဘာရှိသေးတုံး (ဘာမှမရှိပါ ဘုရား)၊ ဘာမှ မရှိတော့ တစ်ကိုယ်လုံး ဘာသစ္စာဖွဲ့ မတုံး (ဒုက္ခသစ္စာ ဖွဲ့ပါမယ်)၊ အဲ တစ်ကိုယ်လုံး ဒုက္ခသစ္စာကြီးကို ဉာဏ် တစ်ခါတည်း လှည့်ထား၊ ပေါ်ရာ ဒုက္ခသစ္စာချည်းပဲ မှတ်ထား (မှန်ပါ)။

တစ်ဘဝနဲ့ ကိစ္စပြီးနိုင်တဲ့တရား

ပေါ်တဲ့ ဓမ္မဟူသရွေ့ ဘယ့်နှယ် ဆိုကြမလဲ (ဒုက္ခသစ္စာ ချည်းပါ ဘုရား)၊ အဲ ဒုက္ခသစ္စာကို ဒုက္ခသစ္စာ မှန်းနောက်က ဝိပဿနာ ရှုလိုက်တော့ ပေါ်မလာဘူးလား (ပေါ်လာပါတယ်)၊ အဲဒါ ရှုတဲ့မဂ် ပေါ်လာတာပဲ၊ မဂ်ပေါ် လာတော့ မဂ်သည် ဘာလုပ်ပါလိမ့်မတုံးဆိုတော့ ဒကာ ဒကာမတို့ အနာဂတ် အကြောင်းတွေလည်း ဖြတ်သောကြောင့် အနာဂတ်အကျိုးတွေ လာသေးရဲ့ လား (မလာပါ ဘုရား)၊

အဲဒီကျအောင် ဒကာ ဒကာမတွေ ရှုပါ၊ ဒါဟာ တစ်ဘဝနဲ့ကိစ္စပြီးနိုင်တဲ့ တရားဆိုတာကော ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

တစ်ဘဝနဲ့ ကိစ္စပြီးနိုင်တဲ့တရား ခင်ဗျားတို့ ဒုက္ခကို တာရှည်ခံချင်သလား၊ ဒီဘဝတွင်ပဲ ကိစ္စ တုံးသွားရင် မကောင်းလားဗျာ (ကောင်းပါတယ် ဘုရား)၊

အဲဒါ မကြိုးစားရင်တော့ မရဘူးဆိုတာကော ရိပ်မိကြပလား။ (ရိပ်မိပါပြီ)၊ ကြိုးစားကြပါဆိုတာ ဘုန်းကြီးက ဒီကနေပြီး လေးလေးနက်နက်ပဲ ခင်ဗျားတို့ကို တိုက်တွန်းနှိုးဆော်ပြီး သကာလ ကိုယ့် အရေး ကိုယ်သိကြပါဆိုတာကို လည်း သေသေချာချာပြောပေးနေတယ်ဆိုတာ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ချမ်းသာတဲ့စိတ်

ကောင်းပြီ၊ ဒါဖြင့် ကိုယ်ပေါ်မှာ တစ်ခါတလေကျ တော့ လေကလေးကတိုက်၊ မီးကလေး လှုံတဲ့အခါကျတော့ ကောင်းတဲ့ စိတ်ကလေး၊ ချမ်းသာတဲ့ စိတ်ကလေး မပေါ်ဘူး လား (ပေါ်ပါတယ်)၊

ပေါ်သည်နဲ့ တစ်ပြိုင်နက်တည်း ချမ်းသာတဲ့ စိတ်ကလေးဟာ ချမ်းသာလိုက်တာ၊ သဘောကျ လိုက်တာ၊ နှစ်သက်လိုက်တာ မီးဖိုနားတိုးရဦးမယ်ဆိုတဲ့ သဘောမျိုးဆိုလို့ရှိရင် တဏှာ၊ ဥပါဒါန် ကံမလာ ပေဘူးလား (လာပါတယ်)၊ အဲဒီ အနာဂတ် အကြောင်းတွေ လာမှာစိုးတဲ့အတွက် ဦးခင်မောင် သုခစိတ်ကလေး လာရင် လည်း ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ်)၊ သုခစိတ်က ဖြစ်ပျက် ရှုတာက မဂ် (မှန်ပါ)။

သစ္စာနှစ်ခုကိုဖြတ်ပေးနေတာ

ဒီလို သံသရာပြတ်သွားမယ် ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတွေ ဒီဘက်က ပေါ်လာတာ သမုဒယသစ္စာ ကလေး ရှိသေးရဲ့လား (မရှိပါ ဘုရား)၊ သူက လုပ်မှ ဖြစ်မည့် နောက် ဇာတိ၊ ဇရာ၊ မရဏ ဒုက္ခသစ္စာကော (မရှိပါ ဘုရား)၊

မရှိတော့ ဒကာ ဒကာမတို့၊ သစ္စာနှစ်ခု သမုဒယနဲ့ – ဒုက္ခကို ခင်ဗျားတို့ ဖြတ်ပေးနေတဲ့ အလုပ်ဆိုတာ သေသေ ချာချာ မှတ်ပါ (မှန်ပါ)၊ ဒီသုံးခုက သမုဒယသစ္စာ၊ နောက်လာမှာက (ဒုက္ခသစ္စာပါ)၊ ယခုတွေ့နေတာ မရှုရင် နောက်ဆက်လာမှာက ဘာဆိုကြမယ် (ဒုက္ခသစ္စာပါ)၊ မရှုရင် ဆက်လာမယ် ဆိုတာ မသေချာဘူးလား၊ (သေချာပါတယ်)၊ တဏှာ၊ ဥပါဒါန် ကံမလာပေဘူးလား လာပါတယ်၊ အဲဒါက ဘာသစ္စာတုံး (သမုဒယသစ္စာပါ)၊ သေသည်၏ အခြားမဲ့၌ ဇာတိ၊ ဇရာ၊ မရဏ မလာပေဘူးလား (လာပါတယ်)၊ အဲဒါ တွေက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ)၊ ဒါဖြင့် ဝိပဿနာရှု တဲ့ပုဂ္ဂိုလ် များမှာ သမုဒယသစ္စာနဲ့ ဒုက္ခသစ္စာပြတ်တယ် (မှန်ပါ)။

ဝိပဿနာရှုရင် ဘာပြတ်ပါလိမ့်

ဦးခင်မောင် ဘာပြတ်ပါလိမ့် (သမုဒယသစ္စာ နဲ့ ဒုက္ခသစ္စာပြတ်ပါတယ်)။

နောက်က ဒကာ ဒကာမတွေ သေသေချာချာ မမြင် မြင်အောင် ပြနေတယ်၊ ဒီရှုလိုက်သည်နဲ့ တစ်ပြိုင်နက်တည်း တဏှာ၊ ဥပါဒါန်၊ ကံဆိုတဲ့ သမုဒယ သုံးခုဟာ လာသေးရဲ့ လား (မလာပါ ဘုရား)၊ သမုဒယ ဆိုတာ ဒုက္ခဖြစ်ကြောင်း သုံးခု မလာတော့ ဖြစ်ကျိုး သုံးခုဆိုတဲ့ ဇာတိ၊ ဇရာ၊ မရဏ ကော လာသေးရဲ့လား (မလာပါ ဘုရား)။

ဪ ဒါဖြင့် တို့ကို စိတ္တာနုပဿနာ ပေးထား တာသည်ကားလို့ဆိုရင်ဖြင့် သမုဒယနဲ့ ဒုက္ခချုပ်အောင် လုပ်တာပါလား ဆိုတာကော ပေါ်လာကြပလား (ပေါ်လာ ပါပြီ)၊ ဒါဖြင့်ရင် လုပ်ဖြစ်အောင် လုပ်ပါလို့ အားလုံးကို တိုက်တွန်းရတယ်နော် (မှန်ပါ)၊ မလုပ်ဖြစ်ရင် ဒကာသစ် ဖြစ်ကို မဖြစ်ဘူး (မှန်ပါ)၊ ရှင်းကြပလား (ရှင်းပါပြီ)။

အတွင်းဧည့်သည်စိတ်

ကောင်းပြီ၊ ဒါဖြင့် အပြင်ဧည့်သည် ခြောက်ဦး ပြီးသွား ပြီ (မှန်ပါ)၊ အတွင်းဧည့်သည်စိတ် ငါးခုရှိတယ် ဆိုတာ လည်း ရှင်းပြပါမယ်၊ အတွင်းဧည့်သည်က တစ်ခါတလေတောင် မဟုတ်ပါဘူး၊ လောဘဟာ များများ ပေါ်တတ်ပါ တယ်၊ အဲဒီလောဘကလေး ပေါ်လာလို့ ရှိရင်လည်း ဒကာ ဒကာမတွေ ဘာလုပ်ကြမယ် (ဖြစ်ပျက်ရှုရပါမယ်)၊

ဖြစ်ပျက်ရှုလိုက်လို့ရှိရင် လောဘဟာ လောဘအတိုင်းချုပ် သွားပြီးတော့ တဏှာချုပ်သွားတော့ ဥပါဒါန် ကံတွေ လာသေးရဲ့ လား (မလာပါ ဘုရား)၊ မလာတော့ အနာဂတ် အကြောင်းတွေ ဘယ့်နှယ်နေသတုံး (ချုပ်ပါတယ်)၊ အနာဂတ်အကြောင်းချုပ်တော့ အနာဂတ် အကျိုးတွေကော လာနိုင်သေးရဲ့လား (မလာနိုင်ပါ ဘုရား)။

ဪ ဒါဖြင့် တို့ လောဘ လာလည်း ဖြစ်ပျက် ရှုဖို့ပဲဆိုပြီး သကာလ “ သရာဂစိတ္တံ သရာဂစိတ္တန္တိ ပဇာနာတိ” လုပ်ရမှာပေါ့ဗျာ (မှန်ပါ)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒေါသစိတ်လား ဖြစ်ပျက်လား?

အကယ်၍ အကြောင်း မညီညွတ်တဲ့အခါကျတော့ ခန္ဓာကိုယ်ထဲမှာ ဒေါသကလေး ပေါ်လာတဲ့အခါကော မရှိဘူးလား (ရှိပါတယ် ဘုရား)၊ အဲဒါကလေး ဦးခင်မောင် သတိထားပြီး သကာလ စိုက်ပြီးရှုလိုက်တာပေါ့ (မှန်ပါ)၊

ဒေါသစိတ်ကလေး ရှုလိုက်တော့ ဒေါသလား ဖြစ်ပျက်လား (ဖြစ်ပျက်ပါ ဘုရား)၊ ရှုတာက (မဂ်ပါ ဘုရား)၊ ဒီလို ဆိုတော့ ပရိဒေဝနောက် ချုပ် မချုပ် (ချုပ်ပါတယ် ဘုရား)။ ချုပ်ခြင်းကြောင့် ဒကာ ဒကာမတို့ နောက်ဘဝဆိုတဲ့ အဝိဇ္ဇာ သင်္ခါရ ပေါ်သေးရဲ့လား (မပေါ်ပါ ဘုရား)။

ဪ ဒါဖြင့် မဂ်တစ်ခုသည် ငါတို့ကို ကယ်မည့် ယူမည့် တရားပဲဆိုတော့ သေချာပလား (သေ ချာပါပြီ)။

မဂ်သည် ကယ်မည့်ယူမည့်တရား

မဂ်တစ်ခုဟာ ဘာပါလိမ့် (ကယ်မည့် ယူမည့် တရားပါ ဘုရား)၊ အဲဒီတော့ ကယ်မည့် ယူမည့် တရားကို ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မလုပ်ဖြစ်ကြဘူးဆိုရင် ခင်ဗျားတို့ ကယ်မည့် ယူမည့် တရားမရှိတဲ့ ပုဂ္ဂိုလ်တွေပဲ (မှန်ပါ)၊

ရေထဲနစ်နေတဲ့ ပုဂ္ဂိုလ်ဟာ လှေကလည်း မလာ၊ သင်္ဘောကလည်း မလာ၊ ကူပြီး ဆယ်မည့် သူကလည်း မပါ ဆိုတော့ ဒီရေနစ်သမားလောက် ကံဆိုးတာ ရှိသေးရဲ့ လား (မရှိပါ ဘုရား)၊

ဘာ့ကြောင့်တုံးလို့ မေးတဲ့အခါကျတော့ ဒကာ ဒကာမတွေ ရေထဲနစ်နေတဲ့ ပုဂ္ဂိုလ်ဖြစ်နေတော့ ကယ်မည့်ယူမည့်သူ ပေါ်သေးရဲ့လား (မပေါ်ပါ ဘုရား)၊ ခင်ဗျား တို့မှာလည်း ကံက ပစ်ချလိုက်တဲ့ အခါကျတော့ အခု တဏှာ ရေထဲမှာ မျောနေကြတယ်၊ တဏှာခိုင်းတာ အကုန်လုပ်နေ ကြတယ် (မှန်ပါ)၊ သဘောကျပါလား (ကျပါပြီ)။

တဏှာရေထဲ မျောနေကြတယ်

ခင်ဗျားတို့ ကံပစ်ချလိုက်တာက ဘယ်ရေထဲမှာ ပစ်ချ လိုက်ပါလိမ့် (တဏှာရေထဲမှာပါ)၊ တဏှာရေထဲမှာ ခင်ဗျားတို့ တောင်ရောက်သွား၊ မြောက်ရောက်သွား၊ ဘာဖြစ်လို့ သွားတာတုံး၊ လိုချင်၊ ရချင်ကြလို့ မြောက်က လူက တောင် သွားတာကော (လိုချင်၊ ရချင်လို့ပါ)၊ အရှေ့ကလူက အနောက် သွားတာကော (လိုချင်၊ ရချင်လို့ပါ)၊ အနောက်ကလူက အရှေ့သွားတာကော (လိုချင်၊ ရချင်လို့ပါ)၊ ဘယ်ထဲမှာ မျောနေသတုံး (တဏှာထဲ မျောနေပါတယ် ဘုရား)။

ဪ ကံက ပစ်ချလိုက်တာ ဒကာ ဒကာမတို့ တဏှာရေထဲ မျောနေတော့ တဏှာဆိုတာ ကာမဘဝ၊ ကာမောဃပဲ၊ ဩယဆိုတာ ဝဲပဲ၊ ဒီတော့ တဏှာရေကလည် ပါများလေလေ နောက်ဆုံးပိတ် ကျတော့ တစ်ခါတည်း မြုပ်သွားတာပဲ၊ ဩဃကိုး ဦးခင်မောင် (မှန်ပါ)။

ကာမောဃဆိုတော့ ဒကာ ဒကာမတွေ မြုပ် မသွားပေဘူးလား (မြုပ်သွားပါတယ်)၊ သေသည်၏ အခြားမဲ့၌ တဏှာရေထဲ မျောပြီးနေတဲ့ ပုဂ္ဂိုလ်ဟာ၊ လုပ်ရင်း ကိုင်ရင်း သေတဲ့ပုဂ္ဂိုလ်ဟာ အားလုံး ဒီဘက်က ဒကာ ဒကာမ တွေမြုပ်ဖို့ရာ အကြောင်း မသေချာဘူးလား (သေချာပါ တယ်)၊ ဒါ ဘယ့်နှယ်ကြောင့်တုံး လူက မျောနေတာကိုး ဗျ။ သေတော့ မမြုပ်ပေဘူးလား (မြုပ်ပါတယ် ဘုရား)။

ဝိပဿနာမဂ်သည် ကယ်ယူမည့်တရား

အဲဒီတော့ ခင်ဗျားတို့ တဏှာရေက ပစ်ချလိုက်တာ၊ တဏှာရေထဲမှာ၊ ဝဲသြဃထဲမှာ လည်စေပြီး သကာလ နောက် ဆုံးပိတ် မြုပ်စေတဲ့ တရားကို ကယ်မည့် ယူမည့်သူ ယနေ့ တွေ့ပြီမလား (တွေ့ပါပြီ ဘုရား)၊ ဟောဒီ ဝိပဿနာ ရှုတဲ့ မဂ်ဟာ ကယ်မည့်ယူမည့်သူပဲ (မှန်ပါ)၊ သဘော ပါကြပြီလား (ပါ, ပါပြီ)။

အဲဒီတော့ ခင်ဗျားတို့မှာ ဘုန်းကြီးက သတိပေးနေ တယ်၊ ဦးခင်မောင်တို့ ဒကာသစ်တို့ ခင်ဗျားတို့ကယ်မည့် မည့်သူကို ဘုန်းကြီးပေးထားတယ်၊ ခင်ဗျားတို့က အဲဒါကယ် မည့် ယူမည့်သူကို ရန်သူထင်နေလို့ရှိရင် ခင်ဗျားတို့လှည့် လည်ပြီး သကာလ မြုပ်ပါလိမ့်မယ်လို့ ပြောရတယ် ၊ (မှန်ပါ)၊ ဝဲထဲလည်ပြီး သကာလ မြုပ်သွားလိမ့်မယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

အဲဒါကြောင့် တရားတစ်ပွဲလုံး ဒကာ ဒကာမတွေ လေးလေးနက်နက် သတိပေးနေပါတယ်၊ ခင်ဗျားတို့ ကံက ပစ်ချလိုက်တာက လုပ်စားရမည့်ဘဝ၊ ရှာစားရမည့်ဘဝထဲ ရောက်နေကြတယ်၊ တဏှာရေထဲ လည်နေရတယ်၊ မလည် ရဘူးလား (လည်ရပါတယ်)။

လည်တော့ သူလည် သလောက်သာ ကျုပ်တို့က လိုက်နေတော့ ခင်ဗျားတို့မှာ လည်နေတဲ့ ဥစ္စာ ကယ်မည့် ယူမည့် သူတည်းဟူသော မဂ္ဂင်ဖောင်ကြီးကိုလည်း ခင်ဗျားတို့က ကိုယ်တိုင်လည်း မလုပ်တတ်၊ လုပ်ပေးတဲ့ ပုဂ္ဂိုလ်က လုပ်ပေးပြန်တော့လည်း ကိုယ်တိုင်ဖောင်ကို မဆင်ဘဲနဲ့ ခင်ဗျားတို့က နေလိုက်မယ်ဆိုလို့ရှိရင် လည်ပြီး မြုပ်ပါလိမ့်မယ်၊ ဒီဒကာ ဒကာမတွေဆိုရင် လွဲပါ့မလား (မလွဲပါ ဘုရား)၊ သဘောပါကြပလား (ပါ, ပါပြီ ဘုရား)။

မဂ္ဂင်ရှစ်ပါးသည် ကယ်ယူမည့်တရား

ဒါဖြင့် ဒကာ ဒကာမတွေ ယခု ကယ်မည့် ယူမည့် တရားဆိုတာ သဘောပါကြပလား (ပါ, ပါပြီ)၊ ဘယ် တရား ပါလိမ့် (မဂ်တရားပါ ဘုရား)၊ မဂ်တရားဆိုတော့ ရှုတဲ့ မဂ္ဂင်တရားသည် မဂ္ဂင်ငါးပါး၊ မဂ္ဂင်ရှစ်ပါးသည် ဒကာ ဒကာမတို့ကို ကယ်မည့် ယူမည့်တရား (မှန်ပါ)။

ခင်ဗျားတို့ သေလမ်းကို သားက တားနိုင်ရဲ့လား (မတားနိုင်ပါ ဘုရား)၊ သမီးကကော (မတားနိုင်ပါ ဘုရား)၊ အပါယ်သွားတာကိုကော သားက၊ သမီးက ပစ္စည်း က (မတားနိုင်ပါ ဘုရား)၊ ဒါဖြင့် ဟိုဟာတွေဟာ ကယ်မည့်ယူမည့်လူ မဟုတ်ဘူးဆိုတာ သေချာပလား (သေချာပါပြီ)။

ဟောဒီ မဂ္ဂင်ကတော့ တစ်ခါတည်း ခင်ဗျားတို့ ယခု လည်နေတဲ့ ဝဲသြဃကြီးဆိုတဲ့ ကာမောဃကြီးကိုလည်း ဦးခင်မောင် လာခွင့်ပေးသေးရဲ့လား (မပေးပါ ဘုရား)၊ တဏှာ လာခွင့် ပေးသေးရဲ့လား (မပေးပါ ဘုရား)၊ အဲဒီတော့ ဝဲသြဃကိုလည်း မလည်အောင် သူလုပ်ပေးနေတယ် မဂ္ဂင်က (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)၊

နောက် သေသည်၏ အခြားမဲ့၌ မြုပ်ဖို့ရာဆိုတာကော သူက မကန့် ကွက်ဘူးလား (ကန့်ကွက်ပါတယ်)၊ ဒါဖြင့် ဒကာ ဒကာမတို့အားကိုးရာ အစစ်သည် မဂ္ဂင်ဖြစ်တာပဲ (မှန်ပါ)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

အားကိုးရာ အစစ်ကဘာတုံး

အားကိုးရာအစစ်က ဘာတုံး (မဂ္ဂင်ပါ ဘုရား)၊ မဂ္ဂင်ပဲရှိတော့တယ် ဒကာ ဒကာမတို့၊ တခြားသော တရားက ဖြင့် အားကိုးရာ ဒါလောက် မဟုတ်ဘူးဆိုတာကော ယနေ့ ရှင်းရှင်းလင်းလင်း သဘောကျပလား (ကျပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဒေါသလာလည်း ဖြစ်ပျက်ရှုပါနော် (မှန်ပါ)၊ စိတ်ထဲမှာ သံသယ ကလေး ရှိနေရင်လည်း ဘုရားကို ဘုရားမှ ဟုတ်ရဲ့လား၊ တရားကို တရားမှ ဟုတ်ရဲ့လား၊ သံဃာကို သံဃာမှ ဟုတ်ရဲ့လား ဆိုတဲ့ သံသယ ဝိစိကိစ္ဆာ လာရင်လည်း ဘာလုပ်ကြမယ် (ဖြစ် ပျက်ရှုရပါမယ်)၊ မရှုလို့ ရှိရင် သံသယ ဝိစိကိစ္ဆာ ဆိုတာ ဦးခင်မောင် အဝိဇ္ဇာပဲ၊

မှတ်ချက်။ ဝိစိကိစ္ဆာသမ္ပယုတ်စိတ်သည် မောဟမူစိတ်ဖြစ်သည်ကို ရည်ရွယ်၍ဆိုသည်။

ဒီတော့ အဝိဇ္ဇာပစ္စယာ (သင်္ခါ ရပါ ဘုရား)၊ သင်္ခါရပစ္စယာ (ဝိညာဏံပါ)၊ အဲ ဒုတိယဘဝ ကူးမသွားပေဘူးလား (ကူးသွားပါတယ်)။

သံသယဖြစ်တဲ့စိတ်

ဒါကြောင့် ဝိစိကိစ္ဆာဆိုတဲ့ မောဟ လာရင်လည်း ဘယ့်နှယ်လုပ်ကြမလဲ (ဖြစ်ပျက်ရှုရပါမယ်)၊ အဲ သံသယဖြစ်တဲ့ စိတ်ကလေး ဝမ်းထဲပေါ်လာလည်း အနိစ္စပဲ လို့သာ ရှု (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)၊

ပျံ့လွင့်တဲ့စိတ်ကလေးလာရင်လဲ (အနိစ္စပဲ ရှုရပါ မယ်)၊ အနိစ္စလို့ပဲ၊ ဖြစ်ပျက်လို့ပဲ ရှုပါဆိုတော့ ဒကာ ဒကာမ တို့၊ သမောဟစိတ္တံ သမောဟ စိတ္တန္တိ ပဇာနာတိ၊ ဝိက္ခိတ္တစိတ္တံ ဝိက္ခိတ္တစိတ္တန္တိ ပဇာနာတိ ဆိုတဲ့အတိုင်း စိတ္တာနုပဿနာမှာ အဖိုးတန်သွားတော့တယ် ဆိုတာ သေချာပလား (သေချာပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတို့ အတွင်းဧည့်သည်လည်း ရှုတတ်ပလားလို့ မေးလိုက်ပါတယ် (ရူတတ်ပါပြီ)။

မေတ္တာပို့တဲ့စိတ်

ကဲ ဒါဖြင့် အလောဘဆိုတဲ့ မလိုချင်တဲ့ စိတ် လာရင်လည်း မလိုချင်ရုံနဲ့ ရပ်မနေပါနဲ့၊ မလိုချင်တဲ့စိတ်လာ ရင် ဘာလုပ်ရမယ် (ဖြစ်ပျက်ရှုရပါမယ်)၊ မေတ္တာပို့တဲ့ အဒေါသစိတ် ကလေး လာရင်လည်း နောက်ဆုံးပိတ် ဘာလုပ် ရမလဲ (ဖြစ်ပျက်ရှုရပါမယ်)၊ အဒေါသစိတ်လည်း ဖြစ်ပျက် ရှုပါ ဆိုသဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့သန္တာန်မှာ ပေါ်ရာစိတ်ကိုပဲ ဖြစ်ပျက်ရှုရပါလိမ့်မယ် (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဘယ်ဟာ ရှုကြမလဲ (ပေါ်ရာစိတ်ကို ဖြစ်ပျက် ရှုရပါမယ်)၊ ပေါ် ရာစိတ်ကို ဖြစ်ပျက် ရှုရပါမယ် ဆိုတာ သေချာပလား (သေချာပါပြီ)။

သက်စောင့်စိတ်

ဘာမှ မရှိတော့ဘူး၊ အလောဘ အဒေါသလည်း မရှိ တော့ဘူးဆိုရင် ဒကာ ဒကာမတို့ ခင်ဗျားတို့မှာ သက်စောင့် စိတ်ကလေး ရှိပါတယ်လို့ မှတ်လိုက်စမ်းပါ၊ ဘာရှိသတဲ့ (သက်စောင့်စိတ် ရှိပါတယ်)၊ သက်စောင့် စိတ်ကလေး ရှိ တယ်တဲ့၊ ခင်ဗျားတို့ ဗုန်းခနဲ ဗိုင်းခနဲလဲပြီး သေရအောင် ခင်ဗျားတို့ကို စောင့်နေတဲ့ လေကလေး အပြင်ဘက် ထုတ်တဲ့ စိတ်ကော မရှိဘူးလား (ရှိပါတယ်)၊ လေကလေး အတွင်းပြန်ရှိုက်တဲ့ စိတ်ကော (ရှိပါတယ်)၊ အဲဒီ စိတ်နှစ်ခုကို ဒကာ ဒကာမတို့ သက်စောင့် စိတ်လို့ မှတ်လိုက် စမ်းပါ (မှန်ပါ)၊ အိမ်သည်စိတ်လို့လဲ မနေ့က ပြောခဲ့တယ် မဟုတ်လား (မှန်ပါ)။

အဲဒါကလေး ထွက်စိတ်ပေါ်လာရင် ထွက်အောင် လုပ်တဲ့စိတ်ကလေးကို ရင်ထဲမှန်းပြီး သကာလ ဪ သူပေါ်လို့ လေထွက်လာတာပဲ ဆိုပြီး သကာလ သူ့ကိုမှန်းပြီး တော့ ဒကာ ဒကာမတွေက ဖြစ်ပျက်ရှုပေးပါ (မှန်ပါ)။ သဘောကျပလား (ကျပါပြီ ဘုရား)၊ ဖြစ်ပျက်ရှုပေးလိုက် တော့ ထွက်စိတ်က ဖြစ်ပျက်၊ ရှုတာက မဂ်သွားဖြစ်တာပဲ (မှန်ပါ)။

အသက်ရှူစိတ်၊ ရှိုက်စိတ်

ဝင်အောင်ရှိုက်တဲ့ စိတ်ကလေး လာပြန်တော့လည်း ပစ်မထားလိုက်ပါနဲ့၊ ဒီစိတ်ကလေး ကိုလည်း ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ်)၊ ဖြစ်ပျက် ရှုလိုက်တဲ့ အခါကျလို့ရှိရင် ဖြင့် ဝင်စိတ်က ဖြစ်ပျက်၊ ရှုတာက မဂ်ဆိုတော့ ပဋိစ္စသမုပ္ပါဒ် ကြီးဟာ လာသေးရဲ့လား (မလာပါ ဘုရား)။

အဲဒီတော့ အခု ပြောခဲ့တာလဲ တော်တော်စုံပါပြီ၊ ဒကာ ဒကာမတွေ သန္တာန်လည်း ပေါ်ရာ စိတ်ကို အကုန်သာဖြစ် ပျက်ရှုပါတော့ဆိုတာဖြင့် ကျေကျေနပ်နပ် သဘောကျပလား (ကျပါပြီ) ဒါဖြင့် နည်းပေး နေတာလို့ မှတ်လိုက်စမ်း ပါနော် (မှန်ပါ)။

ဘာပေးနေတာပါလိမ့် (နည်းပေးနေတာပါ ဘုရား)၊ စိတ္တာနုပဿနာ နည်းပေးနေတာဆိုတာ သေချာကြ ပလား (သေချာပါပြီ)။

အားကျေးဇူးများပါလိမ့်

ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့၊ ဒီစိတ္တာနုပဿနာ ဘာကျေးဇူးများ ပါလိမ့်မတုံးဆိုတော့ ဒါတွေက အနိစ္စတရား၊ ရှေ့ပိုင်းက ဖြစ်ပျက်ချည်းပဲဆိုတော့ အနိစ္စလား -နိစ္စလား (အနိစ္စပါ ဘုရား)၊ ဒါဖြင့် နိစ္စဒိဋ္ဌိ ဆိုတာ ကွာသွားတယ် (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)။

နိစ္စဒိဋ္ဌိ ကွာသွားပြီဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ အတ္တိ ဒိဋ္ဌိကော မကွာဘူးလား (ကွာပါတယ် ဘုရား)။ ငါ-ငါဥစ္စာလို့ထင်သေးရဲ့လား (မထင်ပါ ဘုရား)၊ အဲ နိစ္စဒိဋ္ဌိတို့၊ အတ္တဒိဋ္ဌိတို့ဆိုတဲ့ ဒိဋ္ဌိတွေ အကုန် ပြုတ်လို့ရှိ ရင်ဖြင့် သောတာပန် တည်တယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ)။

ဒိဋ္ဌိပြုတ်ရင် (သောတာပန်တည်ပါတယ် ဘုရား)၊ သောတာပန်တည်ချင်ရင် ဒိဋ္ဌိကို အရင် စဖြုတ် ရမယ်ဆိုတာ သေသေချာချာ မှတ်ပါ (မှန်ပါ)။

သောတာပန်တည်ချင်ရင် ဒိဋ္ဌိကို အရင်စပြီး (ဖြုတ်ရပါမယ် ဘုရား)။

စိတ္တာနုပဿနာကြပ်ကြပ်ရှု

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ယနေ့ကစပြီး မှတ်တာပေါ့။ စိတ္တာနုပဿနာ ကြပ်ကြပ်ရှုကြ၊ စိတ်မှာ ဒိဋ္ဌိ စွဲနေတာ ပြုတ်သွားရင် သောတာပန် တည်နိုင်အောင်လို့နော် (မှန်ပါ)၊ သောတာပန် မတည်သေးဘဲနဲ့ သကဒါဂါမ်၊ အနာဂါမ် တည်ချင်လို့ကော (မဖြစ်နိုင်ပါ ဘုရား)၊

ကျော်တက်လို့ ရပါ့မလား (မရပါ ဘုရား)၊ မရဘူးဆိုတာ သေချာပလား (သေချာပါပြီ)။

အဲဒါကြောင့် သောတာပန်တည်ချင်ရင် ဒိဋ္ဌိဖြုတ်ပါ။ ဒိဋ္ဌိပြုတ်အောင် စိတ္တာနုပဿနာရှုပါ၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

သောတာပန်တည်ချင်ရင် ဒိဋ္ဌိဖြုတ်

သောတာပန် တည်ချင်ရင် (ဒိဋ္ဌိဖြုတ်ရပါမယ်)၊ အပါယ်လေးပါး လွတ်ချင်ရင် (ဒိဋ္ဌိဖြုတ် ရပါမယ်)၊ ရပ်ပြစ် ရှစ်ပါးလွတ်ချင်ရင် (ဒိဋ္ဌိဖြုတ်ရပါမယ်)၊ ဒိဋ္ဌိဖြုတ်ချင်ရင် (စိတ္တာနုပဿနာရှုပါ)။

စိတ္တာနုပဿနာ ရှုပါဆိုတော့ ရှင်သာရိပုတ္တရာ ဟော ထားတာကလေး ဒကာ ဒကာမတွေကို ယနေ့ ထူးထူးလည် လည်ပြောပေးရမယ် (မှန်ပါ)၊ ထူးထူးလည်လည် ပြောတော့ ဦးခင်မောင် သေသေချာချာ မှတ်ပါ။

ဒကာ ဒကာမတွေ သူများဝမ်းထဲမှာ ကိုယ့်ဆိုင်ပေါ် လာငြားသော်လည်း ဝယ်ချင်တာလား၊ ဈေးစုံစမ်း တာလား၊ ဒါကို အကဲခတ်ဖို့ အတော်မခက်ဘူးလား (ခက်ပါ တယ်)၊ တကယ် ဝယ်ချင်လို့လား၊ ဈေးစုံစမ်းတာလား၊ ကောင်းအောင် ပြောနေတဲ့ စကားလား ဆိုတာ အကဲခတ်ရင် အတော် ခက်ပါလိမ့်မယ် (မှန်ပါ ဘုရား)။

လူတစ်ယောက် ကိုယ့်ဆိုင်လာပြီ ဆိုတော့ သူ့စိတ် ကို အကဲခတ်ဖို့ ဘယ်နှယ်နေကြသတုံး (ခဲယဉ်းပါတယ် ဘုရား)။

ရှင်သာရိပုတ္တရာဟောပါတယ်

ဒါကြောင့် သူတစ်ပါးစိတ်ကို အကဲခတ်ရတာ အင်မတန် ခက်တယ်လို့ ရှင်သာရိပုတ္တရာက ဟောပါတယ်၊ ကိုယ့်စိတ်ကို အကဲခတ်ပါတဲ့ (မှန်ပါ)။

ဒကာ ဒကာမတို့ ဘာတဲ့တုံး (ကိုယ့်စိတ်ကို အကဲခတ်ရပါမယ်)၊ သူများစိတ် အကဲခတ် ရတာကတော့ မှန်ဖို့ မလွယ်ပါဘူး၊ ရှင်းကြပလား (ရှင်းပါပြီ)၊ သူများ စိတ် အကဲခတ်ရတာကတော့ မမှန်နိုင်ဘူးပေါ့၊ ကိုယ်က အဘိညာဉ်မှ မရဘဲကိုး (မှန်ပါ)။

ဒါဖြင့် ဘယ်ဟာ အကဲခတ်ရမတုံး (ကိုယ့်စိတ် ကို အကဲခတ်ရပါမယ်)။

ဒါဖြင့် ကိုယ့်စိတ်ကို အကဲခတ်ပါဆိုတဲ့ စကား ကလေးတစ်လုံး မှတ်ထားကြပါ (မှန်ပါ)။

စိတ္တာနုပဿနာဆိုတာ ဘာပါလိမ့်မတုံး မေးလို့ရှိရင် ကိုယ့်စိတ်ကို အကဲခတ်တာလို့ မှတ်လိုက် ကြပါ (မှန်ပါ)။

ကိုယ့်စိတ်ကို ကိုယ်အကဲခတ်ပါ

ဒါကို မမေ့စေနဲ့၊ ကိုယ့်စိတ်ကို ကိုယ်အကဲခတ်ပါ (မှန်ပါ)။

ဒကာ ဒကာမတို့ သူများ အကဲခတ်ရမှာလား၊ ကိုယ့် စိတ်ကို ကိုယ် အကဲခတ်ရမှာလား (ကိုယ့်စိတ်ကို ကိုယ် အကဲခတ်ရမှာပါ)၊ ကိုယ်စိတ်ကို ကိုယ်အကဲခတ်တော့ လွဲ များသွားဦးမှာလား ဒကာ ဒကာမတို့ (မလွဲပါ ဘုရား)၊ တည့်ပြီ၊ ဒီကျတော့ ကိုယ့်စိတ်ကိုယ် အကဲခတ်ရင် သေသေ ချာချာ တည့်တယ် (မှန်ပါ)၊ သဘောပါပလား (ပါ- ပါပြီ)။

လိုချင်တဲ့ စိတ်ကလေးလာတယ်ဆိုရင် လိုချင်တဲ့စိတ် ကလေး ရှိ-မရှိသာ အကဲခတ်။ ဘယ့်နှယ် ပြောမယ် ထင် သတုံး (မရှိပါ ဘုရား)၊ ဒါဖြင့် မရှိတာက အနိစ္စ၊ အကဲ ခတ်တာက မဂ္ဂပဲ (မှန်ပါ)။

အကဲခတ်တာကမဂ္ဂ

မရှိတာက (အနိစ္စပါ ဘုရား)။ အကဲခတ်တာက (မဂ္ဂပါ ဘုရား)။

ဪ ဒါဖြင့် ဒီပစ္စည်းရလို့ရှိရင် တို့သေပျော် – ပြီလို့ အောက်မေ့ပါ (မှန်ပါ)။

ဦးခင်မောင် သူများစိတ် အကဲခတ်ရတာကတော့ အကဲခတ်ခက်တယ်၊ မမှန်နိုင်ဘူး၊ ကိုယ့်စိတ်ကို အကဲခတ် လိုက်တဲ့အခါကျတော့ ဘယ့်နှယ် နေကြသလဲ (မှန်ပါတယ် ဘုရား)၊

မှန်တာက ဘယ်လိုမှန်သတုံးမေးတော့ စားချင် တဲ့စိတ်ကလေး ဖျတ်ခနဲ ပေါ်လာတယ်၊ ထမင်းဆာတဲ့ စိတ် ကလေး ပေါ်လာတယ်၊ ဒီက ဘုန်းကြီးက ဒကာ ဒကာမတွေ ကို ဘုရားဟော အတိုင်း သင်ထားတယ်၊ ဒီစိတ်ကလေး အကဲခတ် လိုက်စမ်းပါ ဆိုတော့ အကဲခတ်တဲ့ မဂ်ပေါ် နေတော့၊ ဒီစိတ်က ရှိဦးမှာလား (မရှိပါ ဘုရား)၊

မရှိတော့ မရှိတာက ဘယ်လိုဆိုမလဲ (အနိစ္စပါ) ၊ အကဲခတ်တာက (မဂ္ဂပါ ဘုရား)၊ အကဲခတ် ခံရတာက အနိစ္စ၊ အကဲခတ် တဲ့ဉာဏ်က မဂ္ဂ (မှန်လှပါ ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ)။

အကဲခတ်တာကနောက်စိတ်

အဲဒီတော့ အခု တစ်လုံးတည်း ပေးလိုက်ပါတယ်။ ရှင်သာရိပုတ္တရာ ဟောတဲ့ ဘုရားဟောကို ပေါ်လွင်အောင် ဘုန်းကြီးက တစ်ဆင့် နည်းပေးပါတယ်၊ စိတ္တာနုပဿနာ ဆို တာ ဘာပါလိမ့်မတုံးလို့ မမေးနဲ့၊ ကိုယ့်စိတ်ကို ကိုယ်အကဲ ခတ်တာ ရှင်းပလား (ရှင်းပါပြီ)၊ ဒါဖြင့် မူလ ပေါ်တာက ရှေ့စိတ်၊ အကဲခတ်တာက နောက်စိတ် (မှန်ပါ)။

စိတ်ဟာ နှစ်စိတ် ပြိုင်ပေါ်ကောင်းသလားလို့မေးရင် ဘယ့်နှယ်ပြောမတုံး (မပေါ်ကောင်းပါ ဘုရား)၊ မဖြစ်ကောင်းတော့ တစ်စိတ်ချုပ်ပြီးမှ တစ်စိတ်ကချုပ်ရတယ်၊ ဒါလည်း စိတ်ပါပဲ (မှန်ပါ)။

ဒါလည်း ဘာခေါ်ကြမလဲ (စိတ်ပါပဲ ဘုရား)၊ စိတ်ပါပဲဆိုတာ ကျေနပ်ပလား (ကျေနပ်ပါပြီ)၊

ကောင်းပြီ၊ ဒါဖြင့် စိတ္တာနုပဿနာ ဆိုတာ ကိုယ့်စိတ်ကို ကိုယ် အကဲခတ်တာ (မှန်ပါ)၊ ၁-နံပါတ် ကိုယ့်စိတ်ကို၊ ၂-နံပါတ်နဲ့ အကဲခတ်ပါ (မှန်ပါ)၊ ဒါဖြင့် ၁-က အနိစ္စ၊ အကဲခတ်တဲ့ ၂-က မဂ္ဂပဲ (မှန်ပါ)။

၁-က (အနိစ္စပါ)၊ အကဲခတ်တာက (မဂ္ဂပါ ဘုရား)။

ကာမစိတ်

ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတွေ သန္တာန်မှာ ပေါ်မယ့် စိတ်တွေက သိပ်လည်း မများပါဘူးလို့ ပြောထားခဲ့ ပါတယ်၊ ဦးခင်မောင်တို့ ဒကာသစ်တို့ ကာမစိတ် ၅၄ ပါး ဆိုတာ ကြားဖူးကြမှာပေါ့ (ကြားဖူးပါတယ်)၊

အဲဒီ ကာမစိတ် ၅၄-ခု ထဲမှာပဲ ဒကာ ဒကာမတို့ ဘုရား ရဟန္တာများသာ ဖြစ်တဲ့စိတ်ကို မဟာကြိယာစိတ် ၈-ခုနဲ့ ဟသိတုပ္ပါဒ်စိတ် ဆိုတာ ရှိတယ်၊ အဲဒီ ၉-ခုကို ပြန်ပြီး နုတ်လိုက်စမ်းပါ။ ( ၅၄- ၉ = ၄၅) ၄၅-ပါးပဲ ကျန်တယ်၊

ခင်ဗျားတို့ သန္တာန်မှာ သေသေချာချာ သာမှတ်၊ ကာမစိတ်ထဲက ၄၅-ပါးပဲ ပေါ်လိမ့်မယ်၊ လောဘ ပေါ်မယ်၊ ဒေါသပေါ်မယ်၊ မောဟ ပေါ်မယ်၊ မြင်စိတ်ပေါ်မယ်၊ ကြားစိတ်ပေါ်မယ် (မှန်ပါ)၊ ခင်ဗျားတို့ အကဲခတ်ရမည့်စိတ် ဘယ်လောက်ပါလိမ့်မတုံး ဆိုတာကော သေချာပလား (သေချာပါပြီ)၊ ဘယ်လောက် ပါလိမ့် (၄၅-ပါးပါ ဘုရား)၊ အဲဒီ ၄၅-ပါးလှည့် ပေါ်နေမှာပဲ (မှန်ပါ)၊ အဲဒါ ပေါ်တိုင်း ပေါ်တိုင်းသာ ရှိ-မရှိ အကဲခတ် (မှန်ပါ)။

ဒါဖြင့် ပေါ်တဲ့စိတ်ဟာ အကဲခတ်တဲ့စိတ် လာရင် အားလုံး တရားနာတဲ့ ဒကာ ဒကာမတွေ ပေါ်တဲ့စိတ် ရှိသေး ရဲ့လား (မရှိပါ ဘုရား)၊ အကဲခတ်တာက နောက်မှ အကဲ ခတ်ရမှာကိုး (မှန်ပါ)၊ နောက်မှ အကဲခတ်ရမှာ ဧကန် ဖြစ်ပြီး သကာလ နေတော့ ရှေ့ပေါ်တဲ့စိတ်က ချုပ်ပြီးမှ နောက်မှ အကဲခတ်တဲ့ စိတ်က လာရတာကိုးဗျ (မှန်ပါ)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ရှေ့စိတ်ကအနိစ္စ၊ နောက်စိတ်ကမဂ္ဂ

ဒါဖြင့် ရှေ့စိတ်က အနိစ္စ၊ အကဲခတ်တဲ့ စိတ်က (မဂ္ဂပါ ဘုရား)၊ အဲဒီ မဂ္ဂကတော့ဖြင့် ဒကာ ဒကာမတွေ နောက် ကိလေသာတွေ အဆက်ခံသေးရဲ့ လား (မခံပါ ဘုရား)၊ မခံလို့ရှိရင် အနာဂတ် အကြောင်းတွေ ဘယ့်နှယ်နေ သတုံး (ပြတ်ပါတယ် ဘုရား)၊ အနာဂတ် အကြောင်းတွေ ပြတ်တယ် ဆိုတော့ အနာဂတ်အကျိုးတွေလာသေးရဲ့ လား (မလာပါ ဘုရား)၊ ဒါကြောင့် စိတ္တာနုပဿနာ ဆိုတာ ကိုယ့်စိတ်ကို ကိုယ်အကဲခတ်တာဆိုပါသည်။ ရှင်းကြ ပလား (ရှင်းပါပြီ ဘုရား)။

ကိုယ့်စိတ်ကို ကိုယ်အကဲခတ်လိုက်တော့ ဒကာသစ် တို့၊ ဦးခင်မောင်တို့က စဉ်းစားကြည့်၊ ရှိတာတွေ့သလား၊ မရှိတာတွေ့သလား (မရှိတာတွေ့ပါတယ်) ၊ မရှိတာကို ဘာခေါ်ကြမယ် (အနိစ္စပါ)၊ အကဲခတ်တဲ့စိတ်က (မဂ္ဂပါ ဘုရား)၊ အဲ အကဲသာခတ်နေကြပါ၊ ကိုယ့်စိတ် ကိုယ်သာ နောက်စိတ်နဲ့ အကဲခတ်နေမယ်ဆိုရင် လောကီ မဂ်ရနေတယ် မှတ်ပါ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကိုယ့်စိတ်ကို အကဲခတ်ရင်မဂ်ရတယ်

ဝိပဿနာမဂ် ရတယ် ဆိုတာ ဘာပါလိမ့် ဒကာ ဒကာမတို့ (ကိုယ့်စိတ်ကို ကိုယ်အကဲခတ် တာပါ)၊ ကိုယ့် စိတ်ကို အကဲခတ်တဲ့ ပုဂ္ဂိုလ်ဟာဖြင့် မဂ်ရတာပဲ (မှန်ပါ)။

ဒါဖြင့် မဂ်ရဖို့အရေးဟာ ဆုတောင်းနေရုံ ဆုတောင်း ရမှာလား၊ အကဲခတ်ရမှာလား (အကဲခတ် နေရမှာပါ ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ)။

ဒီနေ့ ဒီတစ်လုံးကို တိုးပေးလိုက်သဖြင့် တပည့်တော် တို့ စိတ္တာနုပဿနာကို မရှုတတ် သေးပါဘူး ဘုရားလို့ တစ်ပွဲ လုံး ပြန်လျှောက်စရာ အကြောင်း ကုန်သွားပြီ (မှန်ပါ)။ ဘာ့ကြောင့် ကုန်သွားသတုံး မေးလို့ရှိရင် ခုနင်က ၄၅-စိတ် ရှိတဲ့ အနက်က တစ်ခုခုက လှည့်ပေါ်နေမှာပဲ၊ အဲဒီ ပေါ်တဲ့ စိတ်ကို ရှိ-မရှိ အကဲခတ်ရုံပဲဆိုတာ ရှင်းကြပလား (ရှင်း ပါပြီ ဘုရား)၊

ရှိ-မရှိ အကဲခတ်တဲ့ အခါကျတော့ မရှိတာက အနိစ္စ၊ အကဲခတ်တဲ့စိတ်က (မဂ္ဂပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့မှာ အကဲခတ်များတဲ့ ပုဂ္ဂိုလ်ဟာ မဂ်ရမှာပဲ (မှန်ပါ)၊ အကဲမခတ်တဲ့ပုဂ္ဂိုလ်ဟာ (မဂ် မရပါ ဘုရား)။

အဲဒီတော့ သတိထားပညာနဲ့ ကြည့်တဲ့ပုဂ္ဂိုလ်ကျ တော့ မဂ်ရနိုင်တယ်၊ သတိထားပညာနဲ့ ကြည့်တဲ့ ပုဂ္ဂိုလ် ဆို တာ အကဲခတ်တဲ့ ပုဂ္ဂိုလ်ကို ဆိုတာပါ (မှန်ပါ)၊ ရှင်းကြ ပလား (ရှင်းပါပြီ ဘုရား)။

သစ္စာထဲသွင်းကြပါစို့

ကဲ ဒါဖြင့် သစ္စာထဲသွင်းကြပါစို့ ဦးခင်မောင် တို့၊ ဒကာသစ်တို့နော် (မှန်ပါ)၊ သစ္စာထဲ သွင်းလိုက်တော့ ကိုယ့်စိတ်ကို ကိုယ်အကဲခတ်ပါ ဆိုသဖြင့် စိတ်ကလဲ ကာမစိတ်ထဲမှာ ၄၅-ပါးပဲ ပေါ်နိုင်တယ်၊ ဒီပြင်ဟာတွေက ဘုရား ရဟန္တာ သန္တာန်မှာသာဖြစ်လို့ ကိုယ့်ထံမှာ မပေါ်လို့၊ အကဲ ခတ်စရာ လိုသေးသလား (မလိုပါ ဘုရား)၊

ဒါဖြင့် ကိုယ် သန္တာန်ပေါ်တဲ့ ခုနင်က ပြောတဲ့ ၄၅-စိတ်ကလေးဟာလှည့်ပြီး မပေါ်ပေဘူးလား (ပေါ်ပါတယ်)။

ပေါ်တဲ့အခါကျလို့ရှိရင် ဒီစိတ်ကလေးကို ဒကာ ဒကာမတွေက ပေါ်တိုင်း ပေါ်တိုင်း အကဲခတ်မယ် ဆိုလို့ ရှိရင်ဖြင့် ကြာတော့ အကဲခတ်ပါများတော့ ဪ ဒီဥစ္စာသည် စိတ်ကလေး ဒုက္ခရောက်တာကို အကြည့်ခိုင်းတာ ပါကလား ဆိုတာ ပေါ်လာလိမ့်မယ် (မှန်ပါ ဘုရား)။

စိတ်ကလေးဒုက္ခရောက်သွားတယ်

ပထမပေါ်တဲ့ စိတ်ကလေးဟာ ဘာဖြစ်သွားပါလိမ့် (ဒုက္ခရောက်သွားပါတယ်)၊ ဒါဖြင့် ပထမပေါ်တဲ့စိတ် ကလေးဟာ ဒုက္ခရောက်တာကို ဒုက္ခရောက် -မရောက် အကဲ ခတ်ခိုင်းတာပဲ (မှန်ပါ)။

ဒုက္ခသစ္စာ ဟုတ်-မဟုတ် အကဲခတ်ခိုင်းတော့ ဒကာ ဒကာမတို့ ဒုက္ခသစ္စာ ဟုတ်-မဟုတ် ကြည့်စမ်း၊ ကိုယ့်သန္တာန် ပေါ်လာတယ်ဆိုရင် မျက်လုံးထဲပေါ်တဲ့စိတ်ဖြစ်ဖြစ်၊ ဝမ်းထဲ မှာ ဟဒယဝတ္ထု ပေါ် ပေါ်တဲ့စိတ်ဖြစ်ဖြစ်၊ နားထဲမှာ ပေါ်တဲ့ စိတ်ဖြစ်ဖြစ် ဒီနေရာကနေပြီး ဟိုနေရာ ရွေ့ သေးသလား၊ ဒီနေရာမှာပဲ သေသွားကြသလား (ဒီနေရာမှာပဲ သေသွားကြပါတယ်)၊ ဒီနေရာမှာပဲ သေသွားတော့ သေမလို့ ပေါ်တာရယ်၊ သေတာရယ် နှစ်ခု မတွေ့ရပေဘူးလား (တွေ့ ရပါတယ်)၊ နှစ်ခုတွေ့ရတော့ သေမလို့ ပေါ်တာလည်း ဒုက္ခသစ္စာ၊ သေသွားတာကော (ဒုက္ခသစ္စာပါ)။

ကိုယ့်ဒုက္ခအကဲခတ်ခိုင်းတာ ဒါဖြင့် ခင်ဗျားတို့ကို အကဲခတ်ခိုင်းတော့ ကိုယ့်ဒုက္ခ ကို ကိုယ် အကဲခတ် ခိုင်းတာပါလား ဆိုတာ နောက်တော့ ဉာဏ် ထက်လာလိမ့်မယ် (မှန်ပါ)၊ ရှင်းပလား (ရှင်းပါ ပြီ ဘုရား)။

ဘာကိုအကဲခတ် ခိုင်းပါလိမ့် (ကိုယ့်ဒုက္ခကို ကိုယ် အကဲခတ်ခိုင်းပါတယ် ဘုရား)၊ ကိုယ့်ဒုက္ခကို ကိုယ် အကဲခတ်ခိုင်းတာ နဂိုကတော့ ကိုယ့်မှာ ပစ္စည်းကလေးရ တယ်၊ သားကလေး သမီးကလေး တွေက လုံလောက်နေတဲ့ အခါကျလို့ ရှိရင်ဖြင့် ကိုယ့်မှာ ဒုက္ခမရှိဘူး ထင်လိုက်တယ် (မှန်ပါ)၊ ကိုယ့်စိတ်ကို ကိုယ်အကဲခတ်လိုက်တဲ့ အခါကျတော့ ခဏ ခဏကိုယ်သေနေတာတွေ မတွေ့ရဘူးလား (တွေ့ ရပါတယ်)၊

ဒါဖြင့် ကိုယ်သေနေတာတွေ ကိုယ်တွေ့ရတဲ့အတွက် ဒကာ ဒကာမတို့ ဖြစ်ပေါ်လာတာလည်း ဒီစိတ်ကလေး ဟာလည်း ဒီစိတ်ကလေးဟာ သေမလို့ပေါ် လာတာ (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)၊ အကဲခတ်လိုက်တော့ သေသွားတာကော မတွေ့ရဘူးလား (တွေ့ရပါတယ်)၊ ဒါဖြင့် ပေါ်ကတည်းက သူဟာ ဒုက္ခ သစ္စာ ၊ ပျက်သွားတော့ကော (ဒုက္ခသစ္စာပါပဲ)၊ အဲ ကိုယ့်စိတ်ကို ကိုယ် အကဲခတ် လိုက်တဲ့ အခါကျတော့ ကိုယ့် ဒုက္ခကိုယ် သိတယ်ဆိုပြီး ဉာဏ်တက် လာပါလိမ့်မယ် (မှန်ပါ)၊ အနိစ္စမဟုတ်တော့ဘူး၊ ဒုက္ခသစ္စာထဲ ရောက်သွားပြီ (မှန်ပါ)။

အကဲခတ်တာကမဂ္ဂသစ္စာ

အကဲခတ်ပါ များတော့ ဘယ်အထဲရောက်ပါလိမ့် (ဒုက္ခသစ္စာထဲရောက်ပါတယ် ဘုရား)၊ ဒါဖြင့် အကဲခတ် ခံရတာက ဒုက္ခသစ္စာ၊ အကဲခတ်တာက (မဂ္ဂသစ္စာပါ)။

ဪ မဂ်တွေဖြစ်နေတဲ့ ပုဂ္ဂိုလ်ဆိုတော့ ဒီထဲမှာ အပါယ်လေးပါး သွားရမည့် တရားတွေဟာ ပေါ်နိုင် သေးရဲ့လား (မပေါ်နိုင်ပါ ဘုရား)၊ ဒါဖြင့် အပါယ်လေး ပါးတွေကော ကျုပ်တို့အတွက် ပြုတ်မသွား ပေဘူးလား (ပြုတ်သွားပါတယ်)၊ ဒီတော့ အပါယ်လေးပါး လွတ်ချင်လို့ ရှိရင် ကိုယ့်စိတ်ကို အကဲခတ်ပါ၊ ဒုက္ခသစ္စာလား၊ သုခသစ္စာ လားလို့ အကဲခတ်ပါ (မှန်ပါ)၊ ဦးခင်မောင် ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒီနေ့ အလုပ်တရားချည့်ပဲ ပြောနေတယ် ဆိုတာ ဒကာ ဒကာမတွေ ကျေကျေနပ်နပ် သဘောကျပလား (ကျပါပြီ)၊ ကိုယ့်စိတ်ကို ကိုယ်အကဲခတ်ပါ ဆိုတော့ ကိုယ့်စိတ် ဆိုတာ ကိုယ်သေတာ အကဲခတ်ခိုင်းတာ (မှန်ပါ)။

ကိုယ်သေတာအကဲခတ်ခိုင်းတာ

ဘာကို အကဲခတ်ခိုင်းပါလိမ့် (ကိုယ်သေတာ ကိုယ်အကဲခတ်ခိုင်းပါတယ် ဘုရား)၊ ကိုယ်သေတာကို ကိုယ် အကဲခတ်ခိုင်းတာပါ၊

ခင်ဗျားတို့က မသေဘူး ထင်နေလို့နော် (မှန်ပါ)၊ ကျုပ်ကတော့ ဗေဒင်မေးထားတာပါ။ ၅၀-ကျော်မှ သေမယ်၊ ၇၅-နှစ်နေရလိမ့်မယ် စသည်နဲ့ အဲဒါတွေ ယုံမနေနဲ့ အဲဒါတွေကို မယုံပါနဲ့၊ ဒကာ ဒကာမ တွေက ဒီကိုယ့်စိတ်ကလေး ခဏကလေးပေါ်လာပြီး အခု ချုပ်သွားတာသည်ကားလို့ဆိုရင် ကိုယ်သေတာလို့ မှတ်ပါ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကိုယ့်စိတ် အခုပေါ်ပြီး အခုချုပ်သွားတာကို ဘာဆို ကြမလဲ (ကိုယ်သေတာပါ ဘုရား)၊ ကဲ နောက်စိတ်သာ မလာဘူးဆိုရင် ဦးခင်မောင် ကိုယ်သေတာ ဟုတ် မဟုတ် (ဟုတ်ပါတယ် ဘုရား)၊ အကဲခတ်တဲ့စိတ် မလာတော့ပါဘူးလို့ ဒကာ ဒကာမတွေများ စိတ်စဉ်ပျက် သွားရင် ဘယ့်နှယ် ဆိုကြမလဲ (သေပါတယ် ဘုရား)၊ ဒါဖြင့် ဒီတစ်စိတ်က သေပြီးနောက် တစ်စိတ်ပေါ်လို့ ရှင်နေတာပေါ့ဗျ (မှန်ပါ)၊ ဒီတစ်စိတ်ပေါ်ပြီး နောက် တစ်စိတ်ရှုတဲ့စိတ် မလာရင် (သေပါတယ် ဘုရား)။

ကိုယ့်အသေဟာ ဒုက္ခသစ္စာ

ဒါဖြင့် ကိုယ့်အသေဟာ ဘာသစ္စာ (ဒုက္ခသစ္စာ ပါ)၊ ရှေ့ကသေတာက မွေးပြီးသေလိုက်၊ မွေးပြီးသေလိုက် က- ဘာသစ္စာ (ဒုက္ခသစ္စာပါ)၊ အဲဒါကို မြင်အောင် ကြည့်တဲ့ဉာဏ်က (မဂ္ဂသစ္စာပါ)၊ ဒါဖြင့် သစ္စာကို မြင်အောင် အကြည့်ခိုင်းတာလို့ လည်း မှတ်လိုက်စမ်းပါ (မှန်ပါ)။

ဘာအရှုခိုင်းပါလိမ့် (သစ္စာကို မြင်အောင် အရှုခိုင်းပါတယ်)။

ဒီနေ့တရားဟာ ဒကာ ဒကာမတို့ အလုပ်ခွင်မှာ အကောင်းဆုံးလို့ မှတ်စမ်းပါ (မှန်ပါ)၊ အလုပ် လုပ်တဲ့ ပုဂ္ဂိုလ်မှာဖြင့် အကောင်းဆုံးလို့ ဒကာ ဒကာမတွေ မှတ်စမ်းပါ (မှန်ပါ)။

ဖြစ်ပျက်ဆိုတာဒုက္ခသစ္စာ

ဖြစ်ပျက်ဆိုတာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ)။ သူများ ဒုက္ခသစ္စာလား ၊ မိမိ ဒုက္ခသစ္စာလား (မိမိဒုက္ခ သစ္စာပါ ဘုရား)၊ အဲဒီလို သိလာတဲ့အခါကျတော့ ကိုယ့်စိတ် ကလေးနဲ့ အသက်ရှင်နေတာ ဒီစိတ်ကလေးဟာ ဖြစ်ပြီး ပျက်သွားတဲ့ ဒုက္ခသစ္စာတဲ့၊ ဒီကဲ့သို့ သိပြီး သကာလ သွားတဲ့ အခါကျလို့ ရှိရင် ဪ အဖြစ်ကလည်း ဒုက္ခသစ္စာ၊ အပျက်ကလဲ (ဒုက္ခသစ္စာပါ)၊ အကဲခတ်တဲ့စိတ်က ဘာသစ္စာတုံး (မဂ္ဂသစ္စာပါ)။

ဒုက္ခသိလို့ မဂ္ဂဖြစ်တာ

အကဲခတ်တဲ့စိတ်က မဂ္ဂသစ္စာတဲ့၊ ဘာ့ကြောင့်တုံး ဆိုလို့ရှိရင် ဒုက္ခသိလို့ သူ မဂ္ဂဖြစ်တာ (မှန်ပါ)။

ဦးခင်မောင် ဘာသိလို့ ဘာဖြစ်တာပါလိမ့် (ဒုက္ခသိလို့ မဂ္ဂဖြစ်တာပါ)၊ ဒုက္ခသိလို့ မဂ္ဂဖြစ်တာ ဆိုတော့ ဒကာ ဒကာမတွေ ဝမ်းထဲမှာ ဒီမဂ္ဂသစ္စာက ဒုတိယစိတ် မလာဘူးလား (လာပါတယ်)၊ ဒီမဂ္ဂသစ္စာလာဖို့ရာ ခင်ဗျားတို့ ဘုရားရှိခိုးတာလည်း ဝဋ်ဘဝတိုတိုနဲ့ မဂ်ဖိုလ်ရ ရပါလို၏ဆိုတာ သူ ဝမ်းထဲ ရောက်ရပါလို၏ ပြောတာပဲ (မှန်ပါ)၊ သဘောကျပါလား (ကျပါပြီ)၊

အလှူပေး နေတာလည်း ထို့အတူပဲ၊ ဝဋ်ဘဝတိုတိုနဲ့ မဂ်ဖိုလ်ရ ရရပါလို ၏ဆိုတော့ ဒီမဂ် ဝမ်းထဲရောက် ရပါလို၏ ဆိုတာပဲ (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)၊

အဲ ဟိုဟာတွေကတော့ဖြင့် ခင်ဗျားတို့ ဆရာကောင်း သမားကောင်း နဲ့တွေ့ဖို့ စသည်ဖြင့် အကူအညီ ပေးရတယ်၊ အကူအညီ ပေးတော့ အခု ခင်ဗျားတို့ ဒီဉာဏ်မရဘူးလား (ရပါတယ်)၊ ရတဲ့ အခါကျတော့ အစစ်ရကဖြင့် ကိုယ်တိုင်ရှုမှ ကိုယ်တိုင်မဂ်ရမယ် (မှန်ပါ)။

ကိုယ်တိုင်ရှုမှ (ကိုယ်ပိုင်မဂ်ရမယ်)၊ ဒါဖြင့် မဂ်ရချင်ရင် ရှုကြ (မှန်ပါ)၊

ကိုယ်တိုင်ရှုမှ ကိုယ်ပိုင်မဂ်ရမယ်

မဂ်ရချင်ရင် ဘာလုပ်ကြမလဲ (ရှုကြရပါမယ်)၊ မရှုရင် ရလိမ့်မယ်လို့ ဘယ်အခါကာလမှ ဒကာ ဒကာမတွေ က စိတ်မဥပါဒ်ပါနဲ့၊ ရနိုင်ပါ့မလား (မရနိုင်ပါ ဘုရား)၊ ဒုက္ခသစ္စာမှ မဖြစ်ဘဲနဲ့ မဂ္ဂသစ္စာ ဝမ်းထဲဝင်လာပါ့မလား (မလာပါ ဘုရား)၊ မဝင်နိုင်ဘူးဆိုတာ သေချာပလား (သေချာပါပြီ)။

အဲဒီတော့ ဒကာ ဒကာမတို့ မဂ်ပုဂ္ဂိုလ် ဆိုတာ ဝမ်းထဲ မှာ ဒီမဂ်ရောက်လာတာ (မှန်ပါ)၊ ဖိုလ်ပုဂ္ဂိုလ် ဆိုတာလည်း ဒီမဂ်ပြီး ဖိုလ်ဝင်လာလို့ ဖိုလ်ပုဂ္ဂိုလ် ဖြစ်လာတာပဲ (မှန်ပါ)၊ ရှုတဲ့ပုဂ္ဂိုလ်မှ ဝင်လာတယ် ဆိုတာ သေချာပလား (သေချာပါပြီ)၊ မရှုတဲ့ ပုဂ္ဂိုလ်ဝမ်းထဲရောက်ပါ့ မလား (မရောက်ပါ ဘုရား)။

မဂ်ဝမ်းထဲရောက်အောင်လုပ်

အဲဒီတော့ မဂ်ပုဂ္ဂိုလ် ဖြစ်ချင်ရင်လည်း မဂ်ဝမ်းထဲ ရောက်အောင်လုပ်ပါ၊ ဖိုလ်ပုဂ္ဂိုလ် ဖြစ်ချင်ရင်ကော (ဖိုလ် ဝမ်းထဲရောက်အောင်လုပ်ရပါမယ်)၊ မဂ်ရောက်ရင် ဖိုလ်ရောက်မှာလည်း ဧကန်ပါပဲ၊ ဘာမှ သံသယမရှိပါနဲ့၊ ရှင်း ပလား (ရှင်းပါပြီ)။

ဒါဖြင့် ဖြစ်ပျက်ဟာ ဘာသစ္စာ (ဒုက္ခသစ္စာပါ)။ – ရှုတဲ့ဉာဏ်က (မဂ္ဂသစ္စာပါ)၊ အကဲခတ်တဲ့ ဉာဏ် (မဂ္ဂသစ္စာပါ)၊ ဝမ်းထဲ မရောက်သေးဘူး၊ ရောက်ပလား (ရောက်ပါပြီ)၊ အဲဒီမဂ်သည် ငါးပါးက ရှစ်ပါး ဖြစ်သွားတဲ့ တစ်နေ့မှာ သောတာပန် အစစ်ဖြစ်တာပဲ (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် မဂ်ရဖို့အရေးဟာ ဒကာ ဒကာမတို့ အကဲ ခတ်တဲ့ အရေးပါလား (မှန်ပါ)၊ ဘယ်သူ့ကို အကဲခတ် ရမှာပါလိမ့် (ကိုယ့်စိတ်ကို ကိုယ်အကဲခတ်ရမှာပါ)။

ကိုယ့်စိတ်ကို ကိုယ်အကဲခတ်ရင် မဂ်ရနိုင်ပါတယ် ဒကာ ဒကာမတို့ (မှန်ပါ)၊ ဘာကြောင့် မဂ်ရသတုံးလို့ ဆရာဘုန်းကြီး ထပ်ပြီး ရှင်းရပြန်သတုံးလို့ မေးတဲ့ အခါကျတော့ ပထမဒီဥစ္စာက မိမိစိတ်၊ ဒါလည်း မိမိစိတ်ပဲဆိုတော့ နှစ်စိတ်က ပြိုင်ပြီး ပေါ်ကောင်းရဲ့လား (မပေါ်ကောင်း ပါ ဘုရား)၊

ဒါဖြင့် ဒီစိတ်ချုပ်ပြီးမှ ဒီရှုတဲ့စိတ် မပေါ်ပေဘူးလား (ပေါ်ပါတယ်)၊ ဒီတော့ အရှုခံရတဲ့စိတ်သည် ဒကာ ဒကာမတို့၊ ဒုက္ခရောက်တာမှ ဟုတ်ကဲ့လား (ဟုတ်ပါတယ် ဘုရား)၊ ဒါဖြင့် အရှုခံရတဲ့စိတ်က ဖြစ်ဒုက္ခ၊ ပျက်ဒုက္ခနဲ့ ချုပ်သွားလေရဲ့ (မှန်ပါ)၊ သူ့ကို ဘာသစ္စာ တုံး (ဒုက္ခသစ္စာပါ ဘုရား)၊ ရှုတဲ့ဉာဏ်က ဘာဆိုကြမလဲ (မဂ္ဂသစ္စာပါ ဘုရား)။

သံသရာပြတ်တယ်ဆိုတာ

အဲဒီတော့ ဒါရဖို့ အရေးကြီးနေပြီပဲ၊ သံသရာပြတ် တယ်ဆိုတာ မဂ်က သူ့ဟာသူ ဖြတ်သွားမှာပဲ၊ ခင်ဗျားတို့က ဖြတ်ပါဆိုရုံနဲ့ ဖြတ်မှာမဟုတ်ဘူး (မှန်ပါ)၊ သဘောကျ ပလား (ကျပါပြီ)။

ဒါဖြင့် အကဲခတ်ခံရမည့် စိတ်ပေါင်းက ဘယ် လောက်တဲ့ ဒကာ ဒကာမတို့ (၄၅-ပါး) အဲ ပုထုဇဉ်မှာ ဒီ ၄၅-ပါးပဲ လာမယ်၊ ဒါတောင် တိဟိတ်မှ ၄၅-ပါးလာမှာနော်၊ ဒွိဟိတ်ဆိုရင် ၄၅-ပါးမရှိဘူး (မှန်ပါ)၊ ဒွိဟိတ်ဆို ရင် ၃၇-လောက်သာ ရှိတယ် (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

တိဟိတ်မှ ဝိပဿနာရှုနိုင်

ဝိပဿနာရှုတဲ့ ပုဂ္ဂိုလ်ဆိုရင် တိဟိတ်မှာပဲ ဖြစ်နိုင်လို့ ၄၅-ပါးလို့ ဘုန်းကြီးက ပြောလိုက် ပါတယ်၊ အဲဒီတော့ ကိုယ့် သန္တာန် ၄၅-ပါးထဲက လာတာကို နောက်က မဂ္ဂင်ငါးပါးနဲ့ အကဲသာ ခတ်နေရင်ဖြင့် ဒကာ ဒကာမတို့ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ဟာ အိမ်ပေါ်တွင်လည်း ရနိုင်ပါတယ်၊ ဟင်းချက် ရင်းလည်း ရနိုင်ပါတယ်၊ ထမင်း ချက်ရင်းလည်း ရနိုင်ပါတယ်၊ အပ်ချုပ်ရင်းလည်း ရနိုင်ပါတယ်၊ ရောင်းရင်း ဝယ်ရင်းလည်း ရနိုင်ပါတယ်ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

အကဲသာ ခတ်နေပါ၊ ဘယ်စိတ်ပေါ် လာတယ် ဆိုရင် လည်း အကဲခတ်နေပါ၊ ရှိသေးသလား၊ မရှိတော့ဘူးလား ဆိုတာ အကဲခတ်ပါ၊ နောက်က ဒကာ ဒကာမတွေ ရှိ-မရှိ အကဲခတ်နော် (မှန်ပါ)၊ ၁-ကို ၂-နဲ့ အကဲခတ်ပါ (မှန်ပါ)။

ဘယ်လိုမှတ်ကြမယ် (၁-ကို ၂-နဲ့အကဲခတ်ပါ)၊ ၁-ကို ၂-နဲ့ အကဲခတ်တော့ ၁-က မရှိဘူး ပြောတော့ ၂-က မရှိမှန်း သိတာပါပဲ (မှန်ပါ)။

၁-က (မရှိဘူးပြောပါတယ်)၊ ၂-က (မရှိ မှန်းသိပါတယ်)။

ဒါဖြင့် မရှိတာက ဒုက္ခသစ္စာ၊ ဖြစ်ဒုက္ခ၊ ပျက်ဒုက္ခမို့ ရှိသေးရဲ့ လား (မရှိပါ ဘုရား)၊ မရှိတာက ဒုက္ခသစ္စာ၊ အကဲခတ်တာက (မဂ္ဂသစ္စာပါ)။

ဒါဖြင့် မဂ်ရတာသည် ဒကာ ဒကာမတို့၊ အကဲမခတ် တဲ့ ပုဂ္ဂိုလ်မှာ ရသလား ၊ အကဲခတ်တဲ့ ပုဂ္ဂိုလ်မှာ ရသလား (အကဲခတ်တဲ့ ပုဂ္ဂိုလ်မှာ ရပါတယ်)။

ဒါဖြင့် ကျေနပ်ပြီ ဒကာ ဒကာမတို့၊ ဒီဟာအလုပ် တရားပေးပြီးပြီ၊ အဲဒီတော့ ဟိုဝတ္ထုကို ပြန်ပြီး ဆက်ကြပါစို့ ဆိုတော့ ဒကာ ဒကာမတွေ ဒီအထဲသွင်းရမှာပဲ၊ ဦးခင်မောင် တို့၊ ဒကာသစ်တို့ (မှန်ပါ)။

ဝစ္ဆ ပရိဗိုဇ်ကမေးတယ်

၁-နံပါတ် ဝစ္ဆပရိဗိုဇ်က မေးလိုက်ပါတယ် ဒကာ ဒကာမတို့ ပထမနေ့ကဟာလည်း ပြန်ပြောပါတယ်၊ ဒီနေ့ ဝတ္ထု သိမ်းမလို့၊ ရှင်ကြီးဂေါတမတဲ့၊ လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ နိဗ္ဗာန် ရနိုင်ပါ့မလားလို့ ဝစ္ဆ ပရိဗိုဇ်က မမေးလား ဦးခင်မောင် (မေးပါတယ် ဘုရား)။

၁။ လူ့သံယောဇဉ်မစွန့်ဘဲနဲ့၊ နိဗ္ဗာန်ရနိုင်မလား

ဒကာ ဒကာမတွေ ဘယ့်နှယ်မေးပါလိမ့် (လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ နိဗ္ဗာန် ရနိုင်ပါ့မလားတဲ့)၊ ဘုရားက ဘယ့်နှယ်ဖြေပါလိမ့် (မရနိုင်ဘူးလို့ ဖြေပါ တယ်)၊

ဘယ်မှာရနိုင်မတုံး ဒကာ ဒကာမတို့၊ ဒီစိတ်ကလေး ကို ဒီကနေပြီး သကာလ ကိုယ့်စိတ် ကလေးကို၊ ကိုယ့်ခန္ဓာ ကလေးကို ကိုယ်ခင်မယ်၊ ကိုယ်စွဲလမ်းမယ်၊ ကိုယ်အားထုတ် မယ်ဆိုရင် ရနိုင်ပါ့မလား (မရနိုင်ပါ ဘုရား)။

ဒါက လူ၊ လူဆိုတာက ခန္ဓာငါးပါးကို လူခေါ်တာပဲ၊ သဘောကျကြပလား (ကျပါပြီ)၊ အဲဒီတော့ ခန္ဓာငါးပါး ကို လူခေါ်တော့ ဒါဟာ ဝိညာဏက္ခန္ဓာဆိုတာ မသေချာ ဘူးလား (သေချာပါတယ်)၊ အဲဒါကို ခင်မယ်၊ စွဲလမ်း မယ်၊ အားထုတ်နေမယ် ဆိုလို့ရှိရင် လူသာ လူ့သံယောဇဉ် သုံးခု စွန့်သေးရဲ့ လား (မစွန့်ပါ ဘုရား)၊ မစွန့်တော့ မဂ်ရနိုင်ပါမလား (မရနိုင်ပါ ဘုရား)၊ မရနိုင်ဘူးတဲ့၊ ကံလာလို့ ရှိရင် ဇာတိ၊ ဇရာ မရဏသာရမယ်၊ မဂ်တော့ မရဘူး (မှန်ပါ့)။

ဇာတိ၊ ဇရာ၊ မရဏသာ ရမယ်

လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ နေကြလို့ရှိရင် ဒကာ ဒကာမတို့ ဘာရမလဲ၊ ဇာတိ၊ ဇရာ မရဏကော (ရပါမယ် ဘုရား)။

ကြည့် ရှင်းပြတယ်၊ ဒါကလူ၊ ကိုယ့်ခန္ဓာကို ကိုယ်ခင်တယ်၊ ကိုယ်စွဲလမ်းတယ်၊ ကိုယ်အားထုတ်တယ် ဆိုလို့ရှိရင် သံယောဇဉ်ဟာ သုံးခုမလာဘူးလား (လာပါတယ်)၊ ရှင်းပြီးနော် (ရှင်းပါပြီ)။

လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ နိဗ္ဗာန်ရပါ့မလား ဆိုတော့ မရဘူး၊ ဇာတိ၊ ဇရာ၊ မရဏသာရမယ် (မှန်ပါ)၊ နိဗ္ဗာန်တော့ (မရနိုင်ပါ ဘုရား)၊ သဘောပါကြပလား (ပါပါပြီ)၊ ကဲ အခု အမြင်အားဖြင့်ကော သေချာကြ ပလား (သေချာပါပြီ)။

နိဗ္ဗာန်တော့မရ

ဒါဟာ ကိုယ်ခန္ဓာ၊ ဟောဒါက ဒကာ ဒကာမတွေ၏ ခန္ဓာ၊ ကိုယ်ခန္ဓာအတူတူပဲ (မှန်ပါ)၊ သမုတိသစ္စာနဲ့ ပြောတော့ လူကော မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)၊ ပရမတ္ထ သစ္စာနဲ့တော့ ခန္ဓာပေါ့ဗျာ (မှန်ပါ)၊ သူသည် ကိုယ့်စိတ်ကလေး ကိုယ်ခင်နေတဲ့ အခါကျလို့ရှိရင် တဏှာ ဥပါဒါန် ကံလာ-မလာ (လာပါတယ်)၊

ဒါဖြင့် သံယောဇဉ် စွန့်-မစွန့် (မစွန့်ပါ ဘုရား)၊ သံယောဇဉ် မစွန့်သောကြောင့် နိဗ္ဗာန်ရပါ့မလားဆို ဘယ့်နှယ်တုံး (မရပါ ဘုရား)၊ ဒါဖြင့် နိဗ္ဗာန်မရတော့ ဘာရမှာတုံးဆိုတော့ ဒီဘက်ကြည့် လိုက် (ဇာတိ၊ ဇရာ၊ မရဏ ရမှာပါ ဘုရား)၊ ပေါ်ပြီ။ (မှန်ပါ၊ ပေါ်ပါပြီ ဘုရား)၊ မပေါ်သေးဘူးလား (ပေါ်ပါ ပြီ ဘုရား)။

လူ့သံယောဇဉ် စွန့်ရင် နိဗ္ဗာန်ရတယ်

ဒါဖြင့် ဒကာ ဒကာမတို့ ဒီလိုလုပ်ကြ၊ လူဟာ လူ့ သံယောဇဉ်စွန့်လို့ ဟောဒီသုံးခု မလာလို့ရှိရင် ဒီသုံးခုကော လာပါ့မလား (မလာပါ ဘုရား)၊

ဒါဖြင့် ဒီလိုလုပ်လိုက် တာပေါ့ ဒကာ ဒကာမတို့၊ ပေါ်တဲ့စိတ်ကလေး၊ ပေါ်တဲ့စိတ် ဟာ လူပါပဲ၊ လူ့သန္တာန်ပေါ်တဲ့စိတ်ပဲ၊ သဘောကျပလား (ကျပါပြီ)၊ သမုတိသစ္စာနဲ့ ရောပြီး ပြောထားလို့၊ ဒါကလေး ဖြစ်ပျက် ရှုလိုက်တဲ့ အခါကျတော့ ဒကာ ဒကာမ တို့ မဂ်ပေါ်မလာဘူးလား (လာပါတယ်)၊

ခုနင်က ပြောတဲ့ တဏှာ ဥပါဒါန် ကံဆိုတဲ့ လူ့သံယောဇဉ်တွေ လာသေးရဲ့ လား (မလာပါ ဘုရား)၊ လူ့သံယောဇဉ်မှ မလာဘဲနဲ့ ဇာတိ၊ ဇရာ၊ မရဏ နောက်ဆက်တွဲကကော (မလာပါ ဘုရား)။

ကိုယ့်စိတ်ကို၊ ကိုယ်အကဲခတ်ရင်ရမယ်

ဒါဖြင့် လူဟာ လူ့သံယောဇဉ် ရှိရင်သာ မရတာ၊ မရှိလို့ ကိုယ့်စိတ်ကို ကိုယ်အကဲခတ်ရင် ရ, ရမယ် (မှန်ပါ)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒီအဖြေကို သုံးရက်ရှိပြီ၊ ပဋိစ္စသမုပ္ပါဒ်နဲ့ ရှင်းပြီး ပြောလိုက်တဲ့အတွက် တရားတစ်ပွဲလုံး ဒကာ ဒကာမတွေ ကျေကျေနပ်နပ် သဘောကျကြပလား (ကျပါပြီ ဘုရား)၊ ရှုလိုက်တော့ သံယောဇဉ် လာသေးရဲ့ လား (မလာပါ ဘုရား)၊ မလာရင် နိဗ္ဗာန် ရမယ်၊ ဒီ ဇာတိ၊ ဇရာ၊ မရဏ လာသေးရဲ့လား (မလာပါ ဘုရား)၊ ဇာတိချုပ်တာ ဘာခေါ် မယ် (နိဗ္ဗာန်ပါ)၊ ဇရာချုပ်တာ (နိဗ္ဗန်ပါ)၊ မရဏ – ချုပ်တာ (နိဗ္ဗာန်ပါ)။

မဂ်ဝင်ရင် နိဗ္ဗာန်ရနိုင်တယ်

အဲ ဒါဟာ ကိုယ့်စိတ်ကို အကဲခတ်လိုက်တာနဲ့ သံယောဇဉ်တွေ နောက်က ချုပ်သွားတယ် (မှန်ပါ့)၊ သံယောဇဉ်တွေက နောက်ကချုပ်သွားတော့ စုတိမနေ သေလွန်တော့ ဇာတိ၊ ဇရာ၊ မရဏတွေလည်း မချုပ်ဘူးလား (ချုပ်ပါတယ်)၊ လာသေးရဲ့ လား (မလာပါ ဘုရား)။ မလာတော့ ဇာတိချုပ်ရာ နိဗ္ဗာန်၊ ဇရာချုပ်ရာ နိဗ္ဗာန်၊ မရဏချုပ်ရာ (နိဗ္ဗာန်ပါ)။

ဪ နိဗ္ဗာန်သည် ဒကာ ဒကာမတို့ မဂ်ဝင်မှ ရတယ် ဆိုတာ သေချာပလား (သေချာပါပြီ)၊ ကိုယ့်စိတ်ကို ကိုယ်အကဲခတ်ရင် နိဗ္ဗာန်ရနိုင်တယ် ဆိုတာကော ယနေ့ရှင်းပါပလား (ရှင်းပါပြီ)၊ သေသေချာချာ မှတ်ပါ၊ ဒီဥစ္စာ အတော်အရေးကြီးပါတယ် (မှန်ပါ)။

၂။ နတ်ရွာသုဂတိရောက်နိုင်ရဲ့လား

ကိုင်း ဒါဖြင့် လူဟာ လူ့သံယောဇဉ်မစွန့်ဘဲနဲ့ နတ်ရွာသုဂတိရောက်နိုင်ရဲ့လားတဲ့ ဒုတိယမေးခွန်း (မှန်ပါ)။

ဒကာ ဒကာမတွေ ဘာတဲ့တုံး ဒုတိယမေးခွန်းက (လူဟာ သူ့သံယောဇဉ်မစွန့်ဘဲနဲ့ နတ်ပြည်ရောက်နိုင် ရဲ့လား)၊ အဲဒီကျတော့ ဘုရားက ဘယ့်နှယ်ဖြေသတုံး (ရောက်နိုင်ပါတယ်)၊ ရောက်နိုင်တယ်တဲ့။

လူဟာ ဥပမာမယ် ဆွမ်းလှူလိုက်တယ်၊ ကွမ်းလှူ လိုက်တယ်၊ ဒကာ ဒကာမတွေက ဘုရားကို လှူလိုက်တယ်၊ ရှိခိုးလိုက်တယ်၊ ဒီ ရှိခိုးရတဲ့အကြောင်းကြောင့် စုတေမနေ သေလွန်သည်၏ အခြားမဲ့၌ လူချမ်းသာ၊ နတ်ချမ်းသာ၊ ရ, ရပါလို၏ ဆိုတော့ လူချမ်းသာ ၊ နတ်ချမ်းသာ လိုချင်တဲ့ တဏှာ ဆန္ဒ မလာဘူးလား (လာပါတယ်)၊ မရ မရှိ ပါရစေနဲ့ ဆိုတဲ့ ဥပါဒါန်လေးကော (လာပါတယ်)၊

ခုနင်က အားထုတ်တဲ့ ဒါန၊ သီလတွေ၊ အားထုတ်တဲ့ ကာယကံ၊ ဝစီကံတွေကကော ဒီဘက်က မလာဘူးလား (လာပါတယ်)၊ ဒီတဏှာ ဥပါဒါန် ကံတွေကြောင့် စုတေမနေ သေလွန်သည်၏ အခြားမဲ့၌ နတ်ကောင်ကြီး၊ လူကောင်ကြီး ပေါ်လာမှာပဲ၊ မပေါ်ပေဘူးလား (ပေါ်ပါတယ် ဘုရား)။

ဒါက ဒကာ ဒကာမတွေ ဒီကံက တဏှာတော့ အုပ်ချုပ်တယ်၊ တဏှာဥပါဒါန် အုပ်ချုပ်တယ်၊ ကံကတော့ ကံကောင်းဖြစ်နေတယ်၊ ကမ္မဿကတ ကံဖြစ်နေတယ် (မှန်ပါ)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ)။

သုဂတိရောက်နိုင်တယ်

ဒါဖြင့် လူဟာ လူ့သံယောဇဉ်မစွန့်ဘဲနဲ့ သုဂတိ ရောက်နိုင်ပါ့မလားလို့ မေးရင် ဘယ့်နှယ် ဖြေကြမလဲ (ရောက်နိုင်ပါတယ်)။

ကြည့်ပါ ဒီမှာ ဟောဒါ ခင်ဗျားတို့လူပဲ၊ ကိုယ့် ကိုယ်ကိုယ် ခင်တဲ့အတွက် နောင်ဘဝမှာလည်း ကိုယ့်ကိုယ် ကောင်းစားတာကို သာ သဘောကျတဲ့အတွက်ဆိုတော့ ဒီဘဝလည်း ကိုယ့်ကိုယ်ခင်တဲ့ တဏှာ မလာဘူးလား။ (လာပါတယ်)၊ စွဲလမ်းတဲ့ ဥပါဒါန်ကော (လာပါတယ်)၊ ကိုယ့်ကိုယ်အတွက် အားထုတ်တဲ့ ဒါန၊ သီလ (လာပါ တယ်)၊

အဲဒါတွေကြောင့် သေသည်၏ အခြားမဲ့၌ ဟောဒီမှာ လူကောင်၊ နတ်ကောင်တွေ ဖြစ်ထိုက် -မဖြစ်ထိုက် (ဖြစ် ထိုက်ပါတယ် ဘုရား)၊ သံယောဇဉ်ကြောင့်ပဲ ဖြစ်သွားတယ် (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

သံယောဇဉ်ကြောင့် မဖြစ်ဘူးလား (ဖြစ်ပါ တယ်)၊ သံယောဇဉ်ဆိုပေမယ့်လည်း ဒီကံက သံယောဇဉ် အုပ်ချုပ်တဲ့ ကံသာဖြစ်နေတော့ ကံကတော့ ကုသိုလ်ကံပဲ။ ဒါန၊ သီလ ကုသိုလ်ပြုလုပ်တဲ့ ကံဆိုတာ သဘောကျပလား (ကျပါပြီ)၊ ရှင်းပါပြီနော် (ရှင်းပါပြီ ဘုရား)။

သံယောဇဉ် မစွန့်ဘဲနဲ့ သုဂတိရောက်နိုင်

ဒါဖြင့် ဒကာ ဒကာမတို့၊ ဘုရားကို ဒုတိယအချက် ဝစ္ဆပရိဗိုဇ်က မေးတော့ လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ သုဂတိရောက်နိုင်သလားလို့မေးတော့ ဘုရားက ဖြေလိုက် တယ်၊ တစ်ရာမကဘူး၊ တစ်ထောင်မကဘူး၊ တစ်သိန်းမက ဘူး၊ တစ်သန်းမကပါဘူး ရောက်တဲ့လူတွေ (မှန်ပါ)၊ ရှင်းကြပလား (ရှင်းပါပြီ)။

ဘုရားဖြေပုံကတော့ သဘောကျပလား (ကျပါ ပြီ)၊ ဘယ်လောက်ရောက်နိုင်သတဲ့တုံး (မရေတွက် နိုင်ပါ ဘုရား)၊ ရာပေါင်း၊ ထောင်ပေါင်း၊ သိန်း၊ သန်းပေါင်း မက ရောက်နိုင်ပါတယ် ဆိုတာကော သေချာကြပလား (သေချာပါပြီ)။

နိဗ္ဗာန်ကျတော့တားတယ်

ဒါဖြင့် သံယောဇဉ်ဆိုတဲ့ တရားဟာ တဏှာ ဥပါဒါန် ကံဆိုတဲ့ တရားတွေဟာ ဒကာ ဒကာမတို့ နိဗ္ဗာန်တော့တာ တယ်၊ သုဂတိတော့ မတားဘူး၊ ရောက်အောင်တောင် ပို့သေး တယ် (မှန်ပါ)၊ နှစ်ချက် ယူပါ (မှန်ပါ)၊ နိဗ္ဗာန်ကျ တော့ (တားပါတယ်)၊ သုဂတိကျတော့ (ရောက် အောင်ပို့ပါတယ် ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

တဏှာမပါတဲ့ ကံတွေလုပ်ပါ

ဒါကို သေသေချာချာ သိထားတော့မှ ဘာလုပ်လုပ် ခင်ဗျားတို့ ဒီတဏှာ ဥပါဒါန် မပါဘဲနဲ့ ကံတွေကို လုပ်လို့ ရှိ ရင် ဒီဒါနအလှူပွဲကြီး လှူရတဲ့အတွက်၊ ကျောင်းဆောက်ရတဲ့ အတွက်၊ ဘုရားတည်ရတဲ့ အတွက် ဇာတိ၊ ဇရာ၊ မရဏတို့၏ ချုပ်ရာ၊ သိမ်းရာ၊ ငြိမ်းရာဖြစ်တဲ့ နိဗ္ဗာန်သို့သာ ရောက် ရပါလို၏ ဆိုတော့ ဝိဝဋ္ဋကံတွေ လုပ်လိုက်ပြန်တော့လည်း ဒီတဏှာ ပါသေးရဲ့ လား (မပါ-ပါဘု ရား)၊

အဲ ဝိဝဋ္ဋကံ လုပ်လိုက်ပြန်လို့ ရှိရင်လည်း သူသည် ဥပနိဿယသတ္တိနဲ့ အားကြီးသော အကြောင်းနဲ့ ကျေးဇူးပြုလိုက်တော့၊ နောက် ဝိပဿနာတွေလည်း ရှုလိုက်တော့ ရောက် သွားနိုင်တယ် (မှန်ပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ဒါဖြင့် ဥပထမ္ဘက သေသေချာချာ မဖြစ်ဘူးလား (ဖြစ်ပါ တယ်)၊ တဏှာ ဥပါဒါန်မပါရင်တော့ ရောက်ပါတယ်၊ ဒါန သီလကံတွေလဲ (မှန်ပါ)၊ ရှင်းကြပလား (ရှင်းပါ ပြီ ဘုရား)၊

တဏှာ ဥပါဒါန် အုပ်ချုပ်နေရင်တော့ (မရောက်နိုင်ပါ ဘုရား)။

ဒါကြောင့် ဝဏ္ဏပရိဗိုဇ်က ဘုရားကို မေးတဲ့အခါကျ တော့ လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ နိဗ္ဗာန်ရပါ့မလား ဆိုတုန်းက ဘုရားက ဘယ့်နှယ်သလဲ (မရပါ ဘုရား)၊ လူဟာ လူ့သံယောဇဉ်ကို မစွန့်ဘဲနဲ့ သုဂတိရောက်နိုင်ပါ့ မလားဆိုတော့ (ရောက်နိုင်ပါတယ်)။ ဒါဖြင့် ပုစ္ဆာ နှစ်ချက် ပြီးသွားတာ ပေါ့ဗျာ (မှန်ပါ)။

၃။ အဆင်းရဲခံပြီးကျင့်နေတဲ့ ပုဂ္ဂိုလ်တွေ

ကိုင်း ဒီနေ့တော့ နောက်နှစ်ချက်ကိုပါ ရှင်းပေး ပါမယ်၊ ဒါ ဗဟုသုတဖြစ်အောင် သေသေချာချာ မှတ်ပါ၊ နောက်နှစ်ချက်က ဘာပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့ အဝတ်မဝတ်တဲ့ ပုဂ္ဂိုလ်တွေ ဦးခင်မောင်တို့ မြင်ဖူးမှာပေါ့။ တရားကျင့်နေတာ အဝတ်မဝတ်တဲ့ ပုဂ္ဂိုလ်တွေ (မှန်ပါ)၊ အိန္ဒိယကို ရောက်ဖူးတဲ့ ပုဂ္ဂိုလ်တွေဆိုရင် တွေ့ဖူးမြင်ဖူးရှိကြ မှာပေါ့ (မှန်ပါ)၊ အဲဒီလို အကျင့်သမားတွေ အများကြီး ရှိခဲ့ပါတယ်၊

အဲဒီတော့ ဒကာ ဒကာမတွေ ဝစ္ဆပရိဗိုဇ်က အရှင်ဘုရားတဲ့၊ ဒီအဝတ်မဝတ်ဘဲနဲ့ ကိုယ့်ကိုယ် အဆင်းရဲခံ ပြီးကျင့်နေကြတဲ့ အစေလကတို့၊ အာဇီဝကတို့ဆိုတာတွေ နိဗ္ဗာန်များ ရောက်နိုင် ပါရဲ့လားတဲ့ (မှန်ပါ)၊ အာဇီဝက ပရိဗိုဇ်အကျင့် စသည်တွေဟာ နိဗ္ဗာန်ရောက်နိုင်ရဲ့လားလို့ မေးတော့ ဘုရားက မရောက်နိုင်ဘူးလို့ ဖြေလိုက်တယ် (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)။

နိဗ္ဗာန်မရောက်နိုင်ပါ

ဒါဟာ မိစ္ဆာဒိဋ္ဌိ အုပ်ချုပ်နေတာပဲ ဒကာ ဒကာမတို့ သူတို့ နိဗ္ဗာန် ရောက်နိုင်ပါ့မလား (မရောက်နိုင်ပါ ဘုရား)၊ ဒိဋ္ဌိက နိဗ္ဗာန်ကို အမြဲတားတဲ့တရားဆိုတာကော ပေါ်ကြပလား (ပေါ်ပါပြီ)။

ကောင်းပြီ ဒါဖြင့် အာဇီဝကအကျင့်တွေ နိဗ္ဗာန် ရောက်နိုင်ပါ့မလားလို့ မေးတော့ ဘုရားက ဘယ့်နှယ်ဖြေ သတုံး (မရောက်ပါ ဘုရား)။

ဒါက ၃-နံပါတ်အဖြေ၊ ဒါကို မရောက်ဘူးဆိုတာ ဘုန်းကြီးက အကျယ်ပြောဖို့ လိုသေးသလား (မလိုပါ ဘုရား)၊ မလိုတော့ပါဘူး၊ ရှင်းနေပါတယ်၊ မိစ္ဆာဒိဋ္ဌိအုပ်ချုပ် နေတာကိုး (မှန်ပါ)။

ဒါနဲ့ တစ်ခါဆက်ပြီး မေးပြန်တယ်၊ အဲဒီ အာဇီဝက အကျင့်တွေကော သုဂတိများကော မရောက်နိုင်ဘူးလားတဲ့ (မှန်ပါ)၊ လိုရင်းတော့ မရောက်နိုင်ဘူးတဲ့ (မှန်ပါ)။

၄။ မိစ္ဆာအကျင့်တွေ၊ သုဂတိမရောက်နိုင်

အာဇီဝက မိစ္ဆာအကျင့်တွေ သုဂတိရောက်နိုင်ပါရဲ့ လားလို့ မေးတော့ ဘယ့်နှယ်ဖြေမလဲ (မရောက်နိုင် ပါ ဘုရား)၊ တစ်ယောက်တော့ ရှိတယ်တဲ့၊ တစ်ယောက်က ဒကာ ဒကာမတို့ သူကိုယ်တိုင် နုစဉ် အခါတုန်းက မှားပြီး ကျင့်ဖူးတယ်၊ ဘုရားအလောင်းတော်ဟာ (မှန်ပါ)၊ သဘောကျကြပလား (ကျပါပြီ)။

သူကတော့ဖြင့် အာဇီဝက မိစ္ဆာအကျင့်တွေ ကျင့်တာ ပဲ၊ သို့သော်လည်း သူဟာ ကောင်းတာ လုပ်ရင် ကောင်းကျိုး ပေးတယ်ဆိုတဲ့ ကမ္မဿကတဉာဏ်က ရှိတယ်၊ ဒါကြောင့် သူဖိပြီး လုပ်တာပဲ၊ သဘောကျပလား (ကျပါပြီ)၊ ခြိုးခြံ တယ်၊ ခြိုးခြံတယ် ဟူသရွေ့ အကောင်းချည်းပဲလို့ သူ့စိတ် ထဲမှာဖြင့် ယူတဲ့ အတွက် ကမ္မဿကတဉာဏ် ယူသောကြောင့် သူတစ်ယောက်တော့ဖြင့် သုဂတိ ရောက်ဖူးတာပဲ။ ကမ္ဘာပေါင်းများစွာ ပြန်ကြည့်တာ ဒီတစ်ယောက်ပဲ တွေ့ဖူး သတဲ့ (မှန်ပါ)၊ သဘောပါကြပလား (ပါ, ပါပြီ)။

ကမ္မဿကတဉာဏ်ပါရင်ရောက်နိုင်

သူကတော့ ကမ္မဝါဒီအယူ အကျင့် ကျန်နေတယ် ဦးခင်မောင်၊ ကမ္မဿကတ ဉာဏ်ကလေးနဲ့ အားထုတ်မယ် (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

ဘာနဲ့ အားထုတ်တာပါလိမ့် (ကမ္မဿကတဉာဏ်နဲ့ အားထုတ်တာပါ)၊ ကမ္မဿကတဉာဏ်နဲ့ အားထုတ်လိုက်တော့ လည်း ကောင်းတာလုပ် ကောင်းကျိုးပေးတယ် ဆိုတဲ့ ဉာဏ်ကြောင့် သူတစ်ယောက် တော့ဖြင့် ရောက်ဖူးတယ်တဲ့၊ ကျန်တဲ့ မိစ္ဆာအယူတွေဟာဖြင့် တစ်ယောက်မှ မတွေ့ဘူးတဲ့ (မှန်ပါ)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတို့ ပုစ္ဆာတွေ ရှင်းသွားပြီ မဟုတ်လား (မှန်ပါ)၊ မိစ္ဆာဒိဋ္ဌိဦးစီးပြီး လုပ်နေတဲ့ အလုပ် ဟူသရွေ့ သည် နိဗ္ဗာန်မဆိုထားပါနဲ့ သုဂတိတောင် မရောက် နိုင်ပါဘူးဆိုတဲ့ ဥစ္စာ ဒကာ ဒကာမတွေ ရိပ်မိပလား (ရိပ်မိပါပြီ)။

မိစ္ဆာဒိဋ္ဌိအုပ်ချုပ်ရင် ၊ သုဂတိတောင်မရောက်

မိစ္ဆာဒိဋ္ဌိအုပ်ချုပ်တဲ့အလုပ်ဟူသရွေ့ ဒကာ ဒကာမ တို့ တစ်ခါတည်း စဉ်းစားလိုက်ပါတဲ့၊ နိဗ္ဗာန်မဆိုထားနဲ့ သုဂတိတောင် (မရောက်နိုင်ပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)၊ အဲဒါက သက္ကာယဒိဋ္ဌိလောက်ကို ဆိုတယ် လို့မမှတ်ကြပါနဲ့ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

သက္ကာယဒိဋ္ဌိကို ရှင်းပြလိုက်ပါဦးမယ်၊ သက္ကာယဒိဋ္ဌိ ရှိလျက်နဲ့ ဒါန၊ သီလတွေလုပ်တယ်၊ သုဂတိတော့ ရောက် တယ် ဒကာ ဒကာမတို့ နိဗ္ဗာန်သာ မရောက်တာ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

ခုနင်က ပြောခဲ့တဲ့ အာဇိဝက စတဲ့ မိစ္ဆာဒိဋ္ဌိတွေက တော့ ဒကာ ဒကာမတို့ ဒီသက္ကာယဒိဋ္ဌိ လောက် မဟုတ်တော့ ဘူး၊ ကံရော၊ ကံ၏ အကျိုးရော၊ အကုန်ပယ်ချတဲ့ ဒိဋ္ဌိတွေ (မှန်ပါ)၊

မှတ်ချက်။ ။အဟေတုကဒိဋ္ဌိ အကြိယဒိဋ္ဌိ၊ နိတ္ထိကဒိဋ္ဌိ-များကိုဆိုလိုသည်။

အဲဒါကြောင့် ကံ ကံ၏ အကျိုးကို အကုန်ပယ်ချတဲ့ အတွက် သူတို့ကတော့ နိဗ္ဗာန်ဆိုတာ မပြောနဲ့တော့ သုဂတိတောင်မှ မရောက်နိုင်ဘူး (မှန်ပါ)၊ သဘောကျ ပလား (ကျပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတွေ သတိပေးချင်တာက ငါလုပ်ရင် ငါရတာပဲဆိုတဲ့ သက္ကာယဒိဋ္ဌိနဲ့ လုပ်ကြလို့ ရှိရင် သုဂတိတော့ ရောက်ပါတယ်၊ နိဗ္ဗာန်တော့ဖြင့် (မရောက်ပါ ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတို့ သက္ကာယဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်ဟာ ဒါန၊ သီလတွေ လုပ်ရင် ရပါတယ်၊ လုံးဝ မရဘူး ဆိုတဲ့ အဓိပ္ပါယ်မျိုး မယူဘဲနဲ့ သုဂတိလောက်တော့ သေသေ ချာချာ ရတယ် ဆိုတာကော ရှင်းကြပလား (ရှင်းပါပြီ ဘုရား)၊ သက္ကာယဒိဋ္ဌိပြုတ်ပြီး သကာလ လုပ်မယ်ဆိုရင်ဖြင့် နိဗ္ဗာန် ရပါတယ် (မှန်ပါ)၊ သဘောပါကြပလား (ပါ- ပါပြီ ဘုရား)။

နိဗ္ဗာန်တားတာ သက္ကာယဒိဋ္ဌိ

ဒါဖြင့် ဒကာ ဒကာမတို့ နိဗ္ဗာန်တားတာ ဘယ်သူတုံး ဆိုတာ ပေါ်လာပြီ (ပေါ်ပါပြီ ဘုရား)၊ ဘယ်သူပါလိမ့် (သက္ကာယဒိဋ္ဌိပါ ဘုရား)။

သက္ကာယဒိဋ္ဌိကို ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ရင်ဝလှံစူး၊ ဦးခေါင်းမီးလောင်တာထက် အရေးတကြီး နုတ်ပယ်ပစ်ရမယ် ဆိုတာကော ဦးခင်မောင် ကျေကျေနပ်နပ် သဘောကြပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့၊ သက္ကာယဒိဋ္ဌိဆိုတာ တခြား မဟုတ်ဘူးတဲ့၊ ဒိဋ္ဌိသံယောဇဉ်ပဲ (မှန်ပါ)။

ဒိဋ္ဌိဟာ ဘာပါလိမ့် (ဒိဋ္ဌိသံယောဇဉ်ပါ ဘုရား)၊ ဒိဋ္ဌိသံယောဇဉ်ဖြစ်နေတဲ့ အတွက် သံယောဇဉ်ဆို တာက ဒကာ ဒကာမတွေ သိပြီးသားအတိုင်း ဘုန်းကြီးပြော လို့ ရှိရင်ဖြင့် သမုဒယသစ္စာ ဖြစ်နေတယ်၊ မဂ္ဂါမိဂမဿ နိဝါရဏံပဲ၊ မဂ်တားတာဟာ ဒိဋ္ဌိက တားတာပဲ (မှန်ပါ)။

စိတ်ပေါ်မှာ ဒိဋ္ဌိအများဆုံး

အဲဒါကြောင့် စိတ်ပေါ်မှာ ဘာအများဆုံးတုံး (ဒိဋ္ဌိ အများဆုံးပါ)၊ ဒိဋ္ဌိအများဆုံး ဖြစ်သောကြောင့် စိတ် ဖြစ်ပျက် မြင်ရင် ဒိဋ္ဌိ ပြုတ် -မပြုတ် (ပြုတ်ပါတယ်)၊ ပြုတ် လို့ ရှိရင် ဒီဝိပဿနာသည် သောတာပန် အမြန်ဆုံးတည်နိုင် တယ်လို့ ဆိုတာကော ကျေနပ်ပလား (ကျေနပ်ပါပြီ)။

စိတ္တာနုပဿနာရှုကြပါ

ဒါဖြင့် ဒီတရားပွဲ သိမ်းပါတော့မယ် ဒကာ ဒကာမ တို့၊ အချိန်စေ့နေပြီ ဘာရှုကြမှာတုံး (စိတ္တာနုပဿနာ ရှုကြရပါမယ် ဘုရား)၊ ဘယ်သူ့ စိတ်ရှုရမှာတုံး (မိမိစိတ် ရှုရမှာပါ)၊ အဲ ကိုယ့်စိတ် ကိုယ်ရှုပြီး သကာလ နေပါဆိုတော့ ၁-နံပါတ် ကို ၂-နဲ့ ရှုပါ (မှန်ပါ)။

၁-နံပါတ်ကို (၂-နဲ့ ရှုရပါမယ် ဘုရား)၊ ၁-က ဖြစ်ပျက်၊ ၂-က (မဂ်ပါ ဘုရား)။

သောတာပန်တည်နိုင်ပါတယ်

ဒီအတိုင်းသာ သွားနေလို့ ရှိရင် ဦးခင်မောင် ဒိဋ္ဌိတွေ လာနိုင်သေးရဲ့ လား (မလာနိုင်ပါ ဘုရား)၊ ဒိဋ္ဌုပါဒါန် ကောလာနိုင်သေးရဲ့လား (မလာနိုင် ဘုရား)၊ ဒိဋ္ဌိအုပ် ချုပ်တဲ့ ကံတွေကော (မလာနိုင်ပါ ဘုရား)၊ မကြာခင် သောတာပန် တည်နိုင်ပါတယ် ဆိုတာ ဒကာ ဒကာမတို့ ဒီအတိုင်းသာ လုပ်၊ ညနေအားထုတ် မနက်ရနိုင်ပါတယ် (မှန်ပါ)၊ သဘောပါကြပလား (ပါ-ပါပြီ)၊

ကိုင်း ယနေ့ ဒီတွင်တော်ကြဦးစို့။

သာဓု သာဓု သာဓု။