273

ဉာဏ်ချိန်ခွင်(တရားထိုင်သူများအတွက်)

အသံဖိုင်ခေါင်းစဉ်= ဉာဏ်ချိန်ခွင်

စာအုပ်ခေါင်းစဉ်= ဉာဏ်ချိန်ခွင် (တရားထိုင်သူများအတွက်)

မှတ်ချက်။ ။အသံမကြည်ပါ။

မိုးကုတ်ဝိပဿနာအဖွဲ့ချုပ်၏ အမှာစာ

ဤတရားတော်သည်၊ကျေးဇူးရှင် မိုးကုတ်ဆရာတော် ဘုရားကြီး ရန်ကုန်မြို့သို့ကြွရောက်စဉ် (၉-၇-၆၂)နေ့တွင် ရန်ကုန်မြို့ရှိ ဦးမာတင်တိုက်၌ လူနည်းစု ဒကာရင်းများအား ဟောကြားတော် မူခဲ့သော တရားတော် ဖြစ်ပါသည်။

အလွန်ထူးခြားသော တရားတော် ဖြစ်ပါသည်။ မိုးကုတ်ဝိပဿနာ တရားတော်ကို အတော်အတန် အားထုတ်ပြီးသူများ အတွက် ကိုယ့် အခြေအနေ စိစစ်နိုင်ရန် “သောတာပန်၏ ထူးခြားချက် (၇)ချက်ကို ဉာဏ်ချိန်ခွင် အဖြစ် ဟောကြားတော်မူထားပါသည်။

ထို့အတူ အားထုတ်စ ပုဂ္ဂိုလ်များအတွက် နိဗ္ဗာန် ရောက်ကြောင်း သစ္စာတရားတော်များကို မြတ်စွာဘုရား ပဉ္စဝဂ္ဂီငါးဦးတို့အား တရားဦးဟောကြားတော်မူခဲ့သည့် သစ္စဉာဏ်၊ ကိစ္စဉာဏ်၊ ကတဉာဏ် တရားတော်များကို ဟောတော်မူထားပါသည်။

ပို၍ ထူးခြားသည်မှာ ဒကာရင်း ဦးမာတင်အတွက် ဤအချိန်သည် ဆရာတော်ဘုရား၏ ဘဝနောက်ဆုံး အချိန် ဖြစ်သည့်အလျှောက် ယုံကြည်စိတ်ချစွာ တရားအားထုတ်နိုင် ရန် မှာတော်မူ ထားပါသည်။

အလုံးစုံတစ်ခဏချင်းနဲ့ (နိဗ္ဗာန်) ပေါက်ချင်ပါတယ် ဆိုရင် ဒီလိုဆရာမျိုးကိုရှာမှရမယ်။

ဂုဏ်ပုဒ်တွေထုတ်ပြောနေတယ်လို့မယူနဲ့၊ အရင်း ကျကျအစစ်ကိုပြောနေတယ်၊ အမှန်ကို ဆုံးဖြတ်ချက် ချပေးနေ တယ်လို့ယူပါ။

ဘုန်းကြီးတို့က ကိုယ်ကိုယ်တိုင်လည်း ထိုက်တန်တဲ့ အလုပ်တွေ လုပ်ထားလို့၊ (မဂ္ဂင်)လမ်း ကလည်း မလွဲဘူး ဆို တာ သိလို့၊ (နိဗ္ဗာန်ကို) ဒီလမ်းကပဲ သွားဖို့ရာဖြင့်၊ လမ်းခင်း ပေးခဲ့ပါမယ်၊ လမ်းခင်း ပေးခဲ့ပါမယ်၊ ဟု ဟောကြားတော်မူထားပါသည်။

ဤတရားတော် တိတ်ခွေများ၊ စာအုပ်များ မိုးကုတ် ဝိပဿနာအဖွဲ့ချုပ်၌ မရှိပါ၊ နှစ်ပေါင်း (၄၀)ကျော်ကြာမှ ဟင်္သာတမြို့၊ ဦးမာတင် တိုက်၌ ရှိကြောင်း သိရသဖြင့် ဦးမာတင်၏သား မိတ်ဆွေကြီး ဦးဝင်းထံ ပန်ကြားပြီး၊ ဟင်္သာတ တက္ကသိုလ် ပါမောက္ခချုပ် ဆရာဦးစိုးမြင့်နှင့် ဆရာမကြီး ပါမောက္ခ ဒေါ်တင်မေရီတို့က စေတနာ၊ သဒ္ဓါတရား ထက် သန်စွာဖြင့် အဖွဲ့ချုပ်သို့ သယ်ယူပို့ဆောင် ပေး၍ သာ၊ ဤတရားတော်နှင့်အတူရှားပါးသော တရားတော် တိတ်ခွေကြီးများ ရရှိခြင်းဖြစ်ပါသည်။

ထူးခြားသော တရားတော် အသစ်များကို စာအုပ် ၊ အဖြစ် ဆက်လက်ဖြန့်ဝေသွားမည် ဖြစ်ပါသည်။ သူတော်ကောင်းရတနာ (၇)ပါးပြည့်စုံကြပါစေ။

၂၇-၇-၂၀၀၄။

ဆရာဦးစောလှိုင် အတွင်းရေးမှူး။

——-

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

ရန်ကုန်မြို့၌ ဟောကြားတော်မူသောတရားတော်

ဉာဏ်ချိန်ခွင် (တရားထိုင်သူများအတွက်)

(၉-၇-၆၂)

အလုပ်လုပ်ပြီးသား ပုဂ္ဂိုလ်ကိုဟောတဲ့တရားလို့ မှတ်ကြရမယ်။

အလုပ်လုပ်ပြီးသားဖြစ်တဲ့ ပုဂ္ဂိုလ်မှာ၊ ကိုယ်ကိုယ်တိုင် စစ်ဆေးဖို့၊ စစ်ဆေးလို့ ညီခဲ့သော် ငါအပါယ်လေးပါး တံခါး ပိတ်ပြီ၊ သောတာပန် တည်ပြီလို့ ကိုယ့်ဟာကိုယ် ဆုံးဖြတ်ချက် ချဖို့ကို ဘုရားသခင် ကိုယ်တော်မြတ်ကြီး ကောသမ္ဘီပြည် သံဃာတွေအချင်းများတာနဲ့ ဒီအချင်းများတဲ့ သံဃာတွေဟာ ကွာ ၊ သောတာပန်နဲ့ မတူဘူးကွ ဆိုပြီး သောတာပန်မှာ ဒီစိတ် ဒီစိတ်ရှိတယ်။

ပုထုဇဉ်မှာ ဒီစိတ် ဒီစိတ်ရှိတယ်ဆိုပြီး သကာလ ဆုံးဖြတ်ချက်ချပေးတဲ့ တရားလို့မှတ်ရမယ်။

သောတာပန်နှင့် ပုထုဇဉ် ထူးခြားတဲ့တရား

သောတာပန်နဲ့ ပုထုဇဉ် ထူးခြားတဲ့တရားလို့ မှတ်ရ မယ်၊ သောတာပန်နဲ့ ပုထုဇဉ် ဘယ်လို ထူးခြားပါလိမ့်မလဲလို့ ဆိုတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ပြောတယ်။

သောတာပန်ကတော့ကွာတဲ့ သူမပယ်သေးတဲ့ လောဘ၊ ကျန်နေသေးတဲ့ လောဘလည်း လာတာပါပဲ၊ ဒေါသ လည်း လာတာပဲ၊ ထိနမိဒ္ဓလည်း လာတာပဲ၊ ကိုယ့်စိတ်ကိုယ် မနိုင်တဲ့ ထိနမိဒ္ဓတွေ လာတာပါပဲကွ။ ဥဒ္ဓစ္စ၊ ကုက္ကုစ္စလည်း လာသေးတာပဲကွ။

သောတာပန်၏ထူးခြားမှု (၁)

မခံချင်တဲ့စိတ်တွေလည်း လာသေးတာပဲကွ၊ လာပင် လာငြား သော်လည်း ပုထုဇဉ်လို အဆီးအတား မရှိ၊ မဖြစ်ပါ ဘူးကွာတဲ့။

ဪ နောက်ကငါမပယ်သေးလို့ လာပြီလို့ ချက်ချင်း သိတယ်၊ သောတာပန်ကတော့၊ ကိလေသာလာ တိုင်း လာတိုင်း နောက်က ချက်ချင်း သိတယ်၊ မလာတော့ မရှိပါဘူး၊ နောက်က ချက်ချင်း သိတာပိုတယ်။

ပုထုဇဉ်ကတော့

ပုထုဇဉ်ကတော့ လာလိုက်တယ် ဆိုကတည်းက ဘယ်တော့မှ သတိမရဘဲနဲ့ လွန်ကျူး ဖြစ်သွားတာ၊ ဦးမာတင် ရှိတော့တယ်၊ သိတဲ့သဘော လာသေးရဲ့လား (မလာပါဘူး)။

အဲဒီတော့ ပုထုဇဉ်နဲ့ သောတာပန်သည် ဒကာ ဒကာမတို့ လာလာချင်းနောက်က ဉာဏ်အုပ် နိုင်တာက သောတာပန်၊ ဉာဏ်မအုပ်နိုင်ဘဲနဲ့ တန်းထွက်ပြီး သကာလ ဒီစိတ်မျိုးချည့် မကြေမခြမ်း ဆက်ပြီး လာနေတာက ပုထုဇဉ်။

ချက်ချင်းသိတာက သောတာပန်

ချက်ချင်းသိတာက ဘာဆိုကြမယ် (သောတာ ပန်)၊ တာရှည်သွားနေတာက၊ ဘယ့်နှယ်ဆိုကြမလဲ (ပုထုဇဉ်ပါ ဘုရား)။

အဲဒီလိုထူးခြားပါတယ်ကွာ၊ မင်းတို့ကိုယ် မင်းတို့ အကဲခတ်ပါ၊ ဒီတရားသည်ကားလို့ဆိုရင်ဖြင့်၊ မပယ်သေးတဲ့ ကိလေသာဟာ လာတော့လာသေးတာပါပဲ။ လာပင်လာငြား သော်လည်း ရပ်တန့်နိုင်တဲ့ စွမ်းရည်သတ္တိ ရှိတယ်ကွ၊ သောတာပန်က။

ပုထုဇဉ်ကတော့ ရပ်တန့်နိုင်တဲ့စွမ်းရည် သတ္တိမရှိဘူး ကွ၊ ဒီလိုခြားနားပါတယ်။

လောကကြီး ဘယ်သူက လုပ်ပါလိမ့်မလဲ ဆိုတဲ့ လောကစိန္တာကိုလည်း သောတာပန် ကြံတော့ ကြံတာပဲ၊ ဟာ ဒါငါမှားပြီ ဆိုပြီး သကာလ ပြန်ပြီးရုပ်သိမ်းနိုင်တဲ့ စွမ်းရည်သတ္တိ ရှိတယ်တဲ့။

အခု အနောက်နိုင်ငံသားတွေက လောကကြီးကြံ နေတာ၊ သားစဉ်မြေးဆက် ကြံတာကိုး (မှန်ပါ့ ဘုရား)။ အင်မတန် ကွာခြားပါတယ်ကွာ ဆိုပြီး သကာလ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟောတယ်။

ဒါ (၁) နံပါတ် ပုထုဇဉ်နဲ့ သောတာပန် ထူးခြားမှု လို့ မှတ်လိုက်စမ်းပါ။

သောတာပန်၏ ထူးခြားမှု (၂)

ဒုတိယ ထူးခြားမှုကို ဟောမယ် (၂)နံပါတ်၊ ဒုတိယ (၂)နံပါတ်က သူ့မှာမပယ်သေးတဲ့ ကိလေသာတွေ ရှိပါတယ်၊

သောတာပန်မှာ လာပါတယ်တဲ့၊ အခုနအတိုင်းပဲ အစဉ် အတိုင်း၊ သူပေါ်ချင်သလို အာရုံဒွါရ တိုက်ပြီး သူပေါ်ချင်သလို ပေါ်တာပါပဲ။

ပေါ်ပင်ပေါ်ငြား သော်လည်း ဒီကိလေသာဟာ မဂ်နဲ့ မပယ်သေးလို့ လာတာအမှန်ပါပဲ၊ သို့သော် ငါဒီနေ့လွန် ကျူးတဲ့သဘောတော့ မရောက်ဘူး၊ လာတော့လာတာပဲ။

ကဲ မင်း ဒဏ်ပေးမယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ်ပေး တဲ့သဘောနဲ့ ဦးမာတင်ရေ ငြိမ်းအောင် လုပ်တယ်။

ငြိမ်းအေးအောင်လုပ်နိုင်သော သောတာပန်

ငြိမ်းအောင် ဝိပဿနာထိုင်ပြုပြီး နိဗ္ဗာန်အာရုံပြုပြီး နေနိုင်လောက်အောင် လုပ်ပစ်လိုက်တယ်၊ အဲဒါဟာလည်း ပုထုဇဉ်နဲ့ သောတာပန် ထူးခြားတဲ့ အဖြစ် တစ်ခုပါပဲ (မှန်ပါ့)၊ ငြိမ်းအောင် လုပ်ပစ် လိုက်တယ်။

နာတာရှည် မဖြစ်ဘူးပေါ့ဗျာ၊ နာတာတို ဖြစ်နေတယ်၊ ဦးမာတင်တို့ ပြောလိုက်ရင် နာတာရှည်ကြီးနဲ့ မကြေသေး ဘူးကွာ၊ ငါ့နှိမ်ထားတာပဲ၊ ဒီဘဝမဟုတ်ဘူးဟေ့၊ ဟိုဘဝ မကြေဘူး တောင် လာချင်သေးတာ၊ အမလေး ကြောက်စရာ ကြီးပါလား။

အဲ သောတာပန် ပုဂ္ဂိုလ်မှာတော့ ဒီဟာမျိုးမရှိပါ ဘူးတဲ့၊ ငါ ဒီကနေ့ ဒီအပြစ်လွန်ကျူးမိတယ်၊ ဒီစိတ်မပေါ် သင့်တဲ့စိတ်ပေါ်တယ်၊ ငါမဂ်နဲ့ မပယ်နိုင်သေးလို့ ခေါ်တဲ့စိတ် ပဲလို့လည်းသိတယ်။

ကဲ မင်းဖြင့် ဒဏ်ပေးရမှာပဲ ဆိုပြီး ငြိမ်းချမ်းတဲ့ နေရာကို တစ်ခါတည်း အာရုံပြုနိုင်အောင် ထိုင်ပြီး အလုပ်လုပ် လိုက်လို့ ချက်ချင်း ငြိမ်းသွားတယ်၊ နောက်ထပ် အငွေ့အသက် မကျန်အောင် လုပ်နိုင်တဲ့စွမ်းရည် သတ္တိရှိတယ်။

ဒါ (၂)နံပါတ် ပုထုဇဉ်နဲ့ သောတာပန်ထူး၏။ ဒီပြင် အရိယာကို မဟောဘူး။ ဒီနေရာမှာ ပုထုဇဉ်နဲ့ သောတာပန် တင် ထူးတာကို ဟောတယ်၊ ရှင်းကြပလား (ရှင်းပါပြီ)။

သောတာပန်၏ထူးခြားမှု (၃)

တတိယ (၃) နံပါတ်က သူ့စိတ်ထဲမှာ ဆုံးဖြတ်ချက် ချတာတစ်ခု ရှိတယ်၊ ဪ ဒီဘုရား သာသနာတော်မှ တစ်ပါး၊ သောတာပန် သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာဖြစ် ကြတဲ့ ဥစ္စာ၊ တစ်ပါးသော ဘာသာ၊ တစ်ပါးသော သာသနာ မှာဖြင့် လုံးဝ မရှိဘူးလို့ ဆုံးဖြတ်ချက် ချထားနိုင်တာဟာလည်း (၃) နံပါတ် သောတာပန်တို့၏ ဆုံးဖြတ်ချက်ပါပဲ။

ဘုရားသာသနာမှာသာ ထွက်ရပ်လမ်းရှိတယ်

ဒီဘုရားသာသနာမှတစ်ပါး တစ်ပါးသော သာသနာ မှာထွက်ရပ်လမ်းမရှိဘူး၊ နိဗ္ဗာန်သို့ ထွက်သွားတဲ့လမ်း မရှိဘူး၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် မဖြစ်နိုင်ဘူး၊ ထွက်ရပ်လမ်း မရှိဘူးလို့ ဆုံးဖြတ်ချက် ချပြီး နေနိုင်တာလည်း၊ ပုထုဇဉ် တို့မှ ထူးသော၊ သောတာပန်တို့၏ ဆုံးဖြတ်ချက် တစ်ခုလို့ မှတ်လိုက်စမ်းပါ။(၃) ချက်ရသွားပြီ။

သောတာပန်၏ ထူးခြားမှု (၄)

(၄) ချက်က ဘာပါလိမ့်မတုံးဆိုတော့၊ ဥပမာ၊ သိက္ခာ ပုဒ်တစ်ခုကို ငါးပါးသီလက သောတာပန်မှာ လုံပြီထားပါတော့ ရှစ်ပါး သီလက သူပျက်ချင် ပျက်နေတယ်။

အပြစ်ကို ချက်ချင်းကုသတာ သောတာပန်

သူက ရှစ်ပါးသီလ မလုံသေးဘဲကို၊ ဆယ်ပါးသီလ မလုံသေးဘူး၊ ငါးပါးတော့လုံတယ်၊ အဲဒီ ရှစ်ပါးထဲက တစ်ပါး ပါးဖောက်တယ်၊ ဆယ်ပါးထဲက တစ်ပါးပါး ဖောက်လာလို့ ရှိရင်ဖြင့် ယနေ့ဖြင့် ဖောက်သွားပြီ၊ မပယ်နိုင်သေးလို့ ဒီဟာ တွေပေါ်တာပဲ၊ ပေါ်လို့ဖောက်တာပဲ၊ ချက်ချင်း ဘုရားရှေ့ သွားပြီး သကာလ သီလ ဆောက်တည် လိုက်တယ်။

ချက်ချင်း ကုသပစ်လိုက်တယ်၊ ချက်ချင်းဝေဒနာရ၍ ချက်ချင်းကုသတယ်၊ ဘယ်လောက် ဝေးတဲ့ နေရာဖြစ်ဖြစ် သွားကုသမယ်၊ ဒီလိုကုသချင်တဲ့စိတ် ပေါ်တာလည်း အားလုံး ဒကာ ဒကာမတွေ မှတ်ပါတဲ့၊ ပုထုဇဉ်မှာတော့ဖြင့် မရှိပါဘူး၊ သောတာပန်မှာမှ ရှိပါတယ်လို့ ဆုံးဖြတ်ချက်ချ ကြစမ်းပါ (မှန်ပါ)။

သဘောပါပြီလား (ပါ,ပါပြီ)၊ ဒါနံပါတ် ဘယ်လောက်ပါလိမ့် (၄-နံပါတ်ပါ)၊ (၄)ရောက်သွားပြီ ဆိုတာ မှတ်ပါနော်။

သောတာပန်၏ ထူးခြားမှု (၅)

သို့သော်လည်းကွာတဲ့၊ မင်းတို့ နားလည်အောင် လောကီ ဥပမာဖြင့် ပြဦးမယ်ကွာတဲ့၊ လေးဘက် သွားကလေး လေး မီးခဲကို ပတ္တမြားမှတ်လို့ သွားကိုင်တဲ့အခါ လက်ကလေး ကလည်းနု၊ အသားကလေးကလည်း နု၊ အသွေးကလေးက လည်း နုနေတော့၊ မသိလို့ ကိုင်လိုက်ငြား သော်လည်း ချက်ချင်း ပြန်ဆုတ်သလို၊ ကလေးချက်ချင်း ပြန်ပြီး၊ မီးကလေးကို ကိုင်မိတာ ပြန်ဆုတ်သလို၊ သူတို့မှာ ချက်ချင်း ပြန်ပြီး နောက်ဆုတ်လေ့ရှိတယ်၊ တိုးမသွားဘူး။

အဲဒီလို နောက်ဆုတ်လေ့ ရှိတာဟာလည်း ပုထုဇဉ်တို့ မှ ထူးခြားသော၊ သောတာပန်တို့၏ ဖြစ်စဉ် စိတ်နေစိတ်ထား၊ သဘောသွားလို့မှတ်ပါ (မှန်ပါ့)၊ မထူးခြားဘူးလား (ထူးခြားပါတယ် ဘုရား)၊ ထူးခြားတယ်၊ ဘယ်နံပါတ် ရသွားပြီပေါ့ (၅-နံပါတ်ပါ ဘုရား)။

သောတောပန်၏ ထူးခြားမှု (၆)

(၆)နံပါတ်ကို ပြောမယ်တဲ့၊ (၆)နံပါတ်ဟာ အများကြီး ဆက်ဆံတယ်လို့ မှတ်ကြစမ်းပါ၊ (၆)နံပါတ်က ဘယ်လိုများ အများကြီး ဆက်ဆံပါသလဲလို့ မေးခွန်း ထုတ်လို့ရှိရင်၊

ဥပမာ – ဒကာကြီး ဦးမာတင်ရှိတယ်၊ သူ ဟင်္သာတမှာ အတော်ပဲ သက်သေအဖြစ်နဲ့ လိုက်ရမယ်ဆို၊ ခိုင်လုံတဲ့လူ တစ်ဦးတစ်ယောက်လို့ မှတ်ကြရမယ်။

အဲဒါ သူ့မိတ်ဆွေရောင်းရင်း များကဖြစ်စေ၊ ဒီပြင် တစ်ပါးသောပုဂ္ဂိုလ်၊ သူရဲ့နဲနဲလေး လုပ်အားများကြတဲ့ ပုဂ္ဂိုလ်က ဖြစ်စေ၊ ဆရာကြီး ကျွန်တော်တို့ဖြင့် ကူညီပါဦး ခင်ဗျားမှ သက်သေခံ အဖြစ်နဲ့ မလိုက်လို့ရှိရင် ကျွန်တော် ဟာ မှန်လျက်နဲ့ ရှုံးရမလိုလိုဖြစ်ပြီး သကာလ နေပါတယ်။

တစ်နည်းအားဖြင့် သူတို့က ဆင်ထားတဲ့ အမှု ဖြစ်ငြား သော်လည်း အားကိုး အားထားအဖြစ်နဲ့ လာခေါ် တယ်၊ ခေါ်တဲ့ အခါကျလို့ရှိရင် ဪ ဒါမိတ်ဆွေ သင်္ဂဟပဲ၊ ကောင်းသောအလုပ်ပဲ ကောင်းတာ ပြောရမှာပဲ ဆိုပြီး သကာလ လိုက်တော့ လိုက်သွားတယ်၊ ရုံးပြင်ကနား ရုံးပြင်ကနား လိုက်သွားငြား သော်လည်း ကိုယ်က နည်းနည်းလေး လီဆယ်ပြီး ပြောရမည့်ကိစ္စ၊ အမှုသွားကြည့် လိုက်တဲ့အခါကျတော့ ပါလာတယ်။

ကိုယ့်သီလ၊ သမာဓိ၊ ပညာ အပျက်မခံတာ သောတာပန်

အဲဒီလို လီဆယ်ပြီး ပြောရမည့် အချိန်ကျတော့ ကိုယ့်သီလပြန်ကြည့်တယ်၊ ကိုယ့်သမာဓိ ပြန်ကြည့်တယ်၊ ကိုယ့်ပညာပြန်ကြည့်ပြီး သကာလ မပြောတော့ဘူး။

မိတ်ဆွေသင်္ဂဟ အပေါင်းအဖော်နောက်ကိုတော့၊ ကူညီမှုတော့ လိုက်ပါတယ်၊ လိုက်ပင် လိုက်ငြား သော်လည်း သီလ၊ သမာဓိ၊ ပညာ ပျက်မှုကျတော့ နောက်ဆုတ်ပစ်တယ်၊ ဒီကျတော့ မလိုက်တော့ဘူး၊ သဘောကျကြပြီလား (ကျပါပြီ ဘုရား)။

သမဂ္ဂ သီတင်းသုံးဖော် အဖြစ်နဲ့တော့ ကူညီမှုလိုက် ပါတယ်၊ လိုက်ပင်လိုက်ငြား သော်လည်း မဟုတ်တာပြောလို့ မဟုတ်တာ ဆိုရတော့မယ်၊ နည်းနည်း လီဆယ်ရတော့မယ် ဆိုလို့ရှိရင်ဖြင့် သီလပျက်မှု၊ သမာဓိပျက်မှု၊ ပညာပျက်မှုကို ချက်ချင်း သတိရပြီး ပြန်ကြည့်လိုက်တယ်၊ နောက်ဆုတ် ပစ်လိုက်တယ်၊ ရှင်းပလား (ရှင်းပါပြီ)။

ဒါဟာ ဒကာကြီးတို့မှာ တွေ့ရမယ်၊ မဟုတ်သေးလို့ ရှိရင်တော့ သူလိုက်မှာပဲ၊ ဟုတ်လို့ ရှိရင်တော့ သီလ၊ သမာဓိ အပျက်ခံပြီး သကာလ သူသည်ကားလို့ ဆိုလို့ရှိရင်ဖြင့်တဲ့ ဒါတော့ မလုပ်နိုင်ဘူး ဆိုတာ ကိုယ့်စိတ်ထဲက ဆုံးဖြတ်ချက် ချလိမ့်မယ်။

ဒီလိုဆုံးဖြတ်ချက်ချနိုင်ခြင်းသည်တဲ့၊ ပုထုဇဉ်တို့မှ ထူးခြားသော သောတာပန်တို့၏ စိတ်နေစိတ်ထား သဘော သွားတွေမှတ်ပါ။

ဒုက္ခချုပ်ပြီးသား ပုဂ္ဂိုလ်မှာ ဒါလက်ကိုင် ထားရမယ် (မှန်ပါ့)။

နွားသားအမိဥပမာ

ငါဘုရားဥပမာ ပြမယ်ဟေ့ ဒီ (၆)နံပါတ်ကိုပဲ (၅) နံပါတ်ကိုပဲ ဥပမာပြမယ်ကွ၊ နွားမကြီး တစ်ကောင်၊ နွားကလေးပေါက်စ နွားငယ်ကလေးနဲ့ တစ်ခုသော မြက်ခင်း မှာ အစာစားနေတယ်ကွ၊ အစာသာစားနေတာ နွားငယ် ကလေးကိုလည်း မျက်ခြေမပြတ်ကြည့်လျက်ပဲကွ၊ စားလည်း စားလျက်ပဲကွ၊ နွားငယ်ကလေးလည်း မျက်ခြေ မပြတ်ကြည့်လျက်ပဲကွ။

ထို့အတူပဲတဲ့ သူတစ်ပါးကိစ္စလည်း ရွက်ဆောင်လျက် ပါ၊ ကိုယ့်သီလ သမာဓိ ပညာကိုလည်း ဉာဏ်နဲ့ကြည့်လျက် ပါပဲ၊ နှစ်ဖက် အလုပ်လုပ်ပါတယ်။

သီလ၊ သမာဓိ၊ ပညာ အပျက်ခံပြီး သကာလ သူများ အကျိုးရွက်ဆောင်လိမ့်မယ်ဆိုတာတော့ မရှိပါဘူး။

အမြတ်တော်ရုံး ဥပမာ

ဒါအမြတ်တော်ရုံးကျမှ သိကြမှာနော် ဒီဖြင့် နေရာမှာ ဒါလောက်မဟုတ်သေးဘူး၊ ဒီနေရာ စွတ်လိုက်ရင် များသောအားဖြင့် ချော်၊ ချော်ထွက်သွားတယ်။

ဒါကြောင့် ဘုန်းကြီးတို့ဒကာဒကာမတွေကျတော့ ပြောရတယ်၊ မင်းတို့ကလည်း သူဌေး တွေကွာ လောကီအလို တော့ ဒီအချက်မှာ မင်းတို့မလိုက်ပါနဲ့တော့၊ ဘယ်လောက်ပဲ ကျကျ၊ ကိုယ်စားလှယ် လွှတ်လိုက်၊ သူ့တာဝန်ပေးလိုက်၊ ကျသရွေ့ပေါ့ကွာ၊ မင်း ပေးနိုင်သရွေ့ပေး၊ မင်းသဘော ပေါ့ကွာ၊ ငါကတော့ ပါဝါကုန်လွှဲလိုက်ပြီ၊ ဒီလိုသာ လွှတ်လိုက်ပါ။

ကျွန်တော်မိုးကြိုးပစ်ရပါစေနဲ့လို့ ကြိမ်နေစရာမလို ဘူး၊ အမြတ်တော်ရုံးသွားတာကလည်း ဒီပြင် လူသွားတာ မဟုတ်ဘူး၊ အမွဲမှ သွားတာ၊ ဘာလို့ အမွဲမှ သွားသတုံးလို့ မေးစရာရှိတဲ့အခါ အမြတ်တော်ရုံး ကျတော့ အမွဲလို့ လူတိုင်း ပြောရတာ မွဲပုံချည့်ပြောတာ၊ ချမ်းသာပုံ ပြောကြရဲ့လား၊ မပြောပါဘူး။

ရုံးကျတော့ အမြဲချညှပ်

ဒါဖြင့် အမြတ်တော်ရုံးက ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ပြောတာ၊ တပည့်တော်တို့ ရုံးကျတော့ အမွဲချည့်ပဲ ဘုရား၊ အမွဲတွေချည့်ပဲ သူ့ရှေ့ကျမှ မွဲကြတာကိုး၊ ဒါကြောင့် တပည့်တော်တို့ရုံး၊ ကျက်သရေ ရှိတဲ့ရုံး မဟုတ်ပါဘူးဘုရား၊ အမွဲ အစီရင်ခံစာ လာတဲ့ရုံးပါ၊ သူတို့ကပြောတာ သူတို့က လျှောက်တာ။

သူတို့ လျှောက်တာကော မှားသလား (မမှား ဘူး)၊ ခင်ဗျားတို့ သွယ်ဝိုက်တာကော မှားသလား (မမှားပါဘူး)၊ မမှားတော့ကိုတဲ့၊ ဒီအမြတ်တော်ရုံးက ဘုန်းကြီး တပည့်မင်းကြီးတွေက လျှောက်တာက အမှန်ပဲ၊ ခင်ဗျားတို့ ကလည်း အိမ်မှာတော့ ကားကြီး တစ်သိန်းတန်နဲ့ ကြွားပေ မယ့်၊ ဟိုရောက်တဲ့ အခါကျတော့ မွဲတာပဲ၊ ဒါဟာ ဘယ်က ရထားတာပါ၊ ဘယ်သူက ကြွေးနဲ့ သွင်းထားတာပါ၊ ကိုယ်တိုင် ပယ်ထားတာ မဟုတ်ပါဘူး၊ မယုံရင် မှတ်ပုံတင်သွားကြည့်ပါ။ ပြောချင်ပြောနေဦးမှာ။

အဲဒီလောက်ဆိုရပါတယ်တဲ့၊ အဲဒီတော့ ဒီအချက် တာက ကိုယ့်ကိစ္စ ရွက်ဆောင်ရ၊ ရွက်ဆောင်ရ၊ သူတစ်ပါးကိစ္စ ရွက်ဆောင်ရ ရွက်ဆောင်ရ၊ သီလ၊ သမာဓိ၊ ပညာပျက် အောင် ရွက်ဆောင်လေ့ မရှိတာသည် ပုထုဇဉ်တို့မှ ခြားနားသော သောတာပန်တို့၏ စိတ်ထားသဘောသွားလို့ မှတ်လိုက်ပါ၊ ရှင်းပလား (ရှင်းပါပြီ)၊ ရှင်းပါပြီနော်။

နံပါတ် ဘယ်လောက်ရပြီလဲဟေ့ (ခြောက် ရောက်ပါပြီ)၊ ခြောက်ရောက်ပြီတဲ့။

နောက်နံပါတ်က မြတ်စွာဘုရား ဟောတော်မူတဲ့ တရားမျိုး၊ ဘုန်းကြီးတို့လို သစ္စာဟော နေတော့ ပုဂ္ဂိုလ်သတ္တဝါ မငဲ့ဘဲနဲ့ ဟောတဲ့တရားက သစ္စာတရားကိုး၊ ပုဂ္ဂိုလ်သတ္တဝါ ငဲ့ဟောတဲ့ တရားက သုတ္တန်တရားကိုး။

ပုဂ္ဂိုလ်ငဲ့ဟောတာက သုတ္တန်တရား

သုတ္တန်တရားနဲ့ ဒီစပ်မိလို့ စကားလေးသွင်း လိုက်ပါတယ်၊ သုတ္တန်တရားနဲ့ နိဗ္ဗာန် ရသွားတယ် ဆိုတာက သူ့အတွက်သာ ရောက်လာလို့မှတ်၊ အများမရောက်ဘူး။

ဘုန်းကြီးတို့ ဟောတဲ့သစ္စာနဲ့ ပဋိစ္စသမုပ္ပါဒ်ကတော့ ဖြင့် အားလုံးကိုဟောတဲ့ တရားလို့မှတ်၊ ပုဂ္ဂိုလ်အများနဲ့ ဆက်ဆံတဲ့တရားလို့မှတ်ပါ (တင်ပါ့)။

ဒါဖြင့် တရားနာပေမယ့် လည်း ခင်ဗျားတို့ က ဘယ်ဆရာတော်ကပဲ ဟောဟော၊ ဘယ်လူကြီးကပဲ ဟောဟော၊ ခင်ဗျားတို့က မဝေဖန်တော့ ဒီတရားလည်းပဲ ကောင်းသားပဲ ပြောတယ်၊ မဟုတ်ဘူး၊ ဒီတရားက သူ့ တစ်ယောက်အတွက်ပဲ ဟောတာ။

အဲဒါခင်ဗျားတို့က ကောင်းသားပဲ ဆိုတာ အပိုပဲ၊ ခင်ဗျားတို့နဲ့ မဆိုင်ဘူး၊ ပုဂ္ဂိုလ်၏ အလို လိုက်တော့တာ၊ ဒီတရားကောင်းသားပဲလို့ ခင်ဗျားတို့က ဆုံးဖြတ်ချက်ချဖို့ မလိုဘူး။

ခန္ဓာတွေက ဒုက္ခသစ္စာချည့်ပဲ

ခင်ဗျားတို့ဆုံးဖြတ်ချက်ချရမည့် တရားက အားလုံး ခန္ဓာတွေက ဒုက္ခသစ္စာချည့်ပဲ၊ ဒုက္ခသစ္စာကို ဉာဏ်ပေါက်အောင် ဆရာက ဟောလို့ရှိရင် ဒါဒုက္ခသစ္စာ ကလည်း အများ သိ၊ သိစရာကလည်း အများသိအောင် ပြောတဲ့တရားမျိုးမှ သာလျှင် တစ်ဦးအတွက် မဟုတ်ဘဲနဲ့ ဓမ္မဓိဋ္ဌာန် ဟောတာလို့ မှတ်လိုက်ပါ (မှန်ပါ့)၊ မကွာဘူးလား တရားချင်း (ကွာပါတယ် ဘုရား)။

ဉာဏ်ချိန်ခွင်မရှိရင်

အဲဒီတော့ ဘုန်းကြီးပေးထားတဲ့ ဉာဏ်ချိန်ခွင် မရှိဘူး ဆိုရင်၊ ဒကာကြီး ဒကာမကြီးတို့က ဘယ်လို လာမလဲဆိုရင် ဒီတရားလည်း ကောင်းတယ်ဟေ့၊ ကောင်းသာ ကောင်းတယ်၊ ကိုယ့် အတွက် မဟုတ်ပါဘူး၊ သူတစ်ယောက် အတွက် ကွက်ဟောတာ၊ သူဒီလိုဟောမှ ရမယ်ဆိုပြီး ကွက်ဟောတဲ့ တရား။

ဒီလိုကွက်ဟောတဲ့တရားပေမယ့်၊ နောက်ဆုံးပိတ် သစ္စာ မချုပ်သေးလို့ရှိရင် ဒီပုဂ္ဂိုလ် သောတာပန် မတည်သေး ပါဘူး၊ ရှေ့ပိုင်းမှာတော့ဖြင့် ခြားနားပါတယ်၊ သို့သော် သစ္စာ ရောက်အောင်ဟောဖို့ ဆရာသမားက ကျန်နေတယ်၊ သူ့ကိစ္စတင် ဟောသွားတာများတယ်။

အဲဒီတရားတင် ကောင်းပါပေ့ဆိုရင် ဒီလူမှာ ဉာဏ် ချိန်ခွင်မရှိဘူးလို့ မှတ်ရမယ်၊ ကိုယ့်အတွက်လား၊ သူ့အတွက် – လားဆိုပြီး ချိန်ခွင်သူ့မှာ မရှိဘူး။

ဥပမာ ဈေးသည်တစ်ယောက်က (၇၅)ကျပ်သား ထည့်ပြီး၊ တစ်ပိဿာလုပ်ရောင်းတော့ ဈေးသည်အတွက်ပဲ၊ ဈေးသည်အတွက်သူရောင်းလိုက်ကာ သူအမြတ်အစွန်းရဖို့။

ဒီကလည်း (၇၅)ကျပ်သားကို တစ်ပိဿာလို့ယူသွား လို့ရှိရင် ကိုယ့်အတွက်လည်း ပြည့်သလား အောက်မေ့တယ်၊ မပြည့်ဘူး၊ အစိတ်သား လိုနေတယ်၊ မလိုဘူးလားလိုပါတယ်၊ အဲဒါ ဉာဏ်ချိန်ခွင် မရှိတဲ့ ပုဂ္ဂိုလ်မှာ ဒီလိုဖြစ်တတ်ပါတယ်။

ဘုန်းကြီးက ဉာဏ်ချိန်ခွင်ပေးထားတယ်

ဒါကြောင့် ဆရာဘုန်းကြီးကတော့ ဦးမာတင်တို့ အရင်းအခြာတွေဖြစ်တော့ အေး မင်းတို့ ဉာဏ်ချိန်ခွင် ပေးထားမယ်၊ ဒါအစိတ်သားရော့တဲ့ တရားလား ဒါအစိတ်သား လိုတာ တစ်ပိဿာ ထင်ပြီး ဂုဏ်ယူနေတာလားဆိုတာ ငါပေးထားမယ်ဆိုပြီး သကာလ အများနဲ့ ဆက်ဆံတဲ့အခါ ဓမ္မဓိဋ္ဌာန်၊ ပဋိစ္စသမုပ္ပါဒ်နဲ့ သစ္စာပဲဟောတယ်။

ဒါကတော့ ပိဿာပြည့်ပေါ့ဗျာ၊ ရှင်းကြပလား (ရှင်းပါပြီ)၊ ဒါတော်တော်လိုတယ်နော် (လိုပါတယ်)၊ တော်တော်လိုပါတယ်တဲ့။

ကုသိုလ်ဆိုအကောင်းချည်းမှတ်နေတာ

မနေ့ကပြောသလိုပေါ့၊ မင်းတို့က ကုသိုလ်ဆို အကောင်းချည့်မှတ်နေတာကိုးဆိုတော့ ဒါအပေါ်က စီးသွား တယ်၊ မစီးဘူးလား (စီးပါတယ်)။

ဘယ့်နှယ်ကုသိုလ်ကြောင့် ဒုက္ခရောက်နေတာကျ တော့ အကောင်းဆိုလို့ရပါ့မလား (မရပါဘူး ဘုရား)၊ ကုသိုလ်ကြောင့် ဒုက္ခမှ လွတ်သွားရင်တော့ (အကောင်း ပါ ဘုရား)၊ အဲဒီတော့ ကုသိုလ်တိုင်း ကောင်းတာ မဟုတ်ဘူး ဆိုတဲ့ ဥစ္စာကိုလည်း ဒကာ ဒကာမတို့က မှတ်ထား မှသာလျင် ဉာဏ်ချိန်ခွင် လည်း ရှိဦးမှသာလျှင် ဪ ကောင်းတဲ့ ကုသိုလ်ပါလား၊ ဒုက္ခသစ္စာအကျိုးမပေးဘူး၊ မကောင်းတဲ့ ကုသိုလ်က ဒုက္ခသစ္စာ အကျိုးပေးတယ်။

ဒုက္ခရောက်တာကို သာဓုခေါ်တာနဲ့တူ

ဉာဏ်ချိန်ခွင်မရှိဘဲနဲ့ နာလို့ရှိရင်ဖြင့် မကောင်းတဲ့ ကုသိုလ်သာဓုခေါ်ခဲ့လို့ရှိရင်ဖြင့်တဲ့၊ ဒုက္ခရောက်တာကို သာဓု ခေါ်တာနဲ့ တူပါတယ်၊ ကံကြီးပေလို့၊ မကြီးဘူးလား (ကြီးပါတယ်)။

တစ်သက်နဲ့ တစ်ကိုယ် ဒီတစ်ခါကြားရပါတယ် (မှန်ပါ့)၊ ခင်ဗျားတို့က ကုသိုလ်ဆိုရင် သာဓုချည့်ပဲ (မှန်လှပါ ဘုရား)၊ အဆင်းတွန်းချည့်ပဲ၊ အဆင်းတွန်းချည့်လာ တာပဲ၊ ကုသိုလ်ဆိုရင် သာဓု၊ အဆင်းတွန်းလိုက်တာပဲ။

အမလေး ဟိုလူက မိုက်ရတဲ့အထဲ နောက်လူက မှောင်နေတာပဲ၊ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)၊ အဲဒါဟာ မပြောလည်း မဖြစ်လို့ မနေ့ညက ခင်ဗျား တို့လည်းကြားပါတယ် (ကြားပါတယ်)၊ ပြောတယ်။ ပြောတယ်တဲ့။

မပြောလို့ရှိရင်လဲ အခုဘုန်းကြီးနဲ့ ဆက်သွယ်ပြီး နီးစပ်နေကြတာက တကယ့် လူကြီး လူကောင်းတွေ (မှန်လှပါ)၊ ရန်ကုန်မှာ ထိပ်တန်းတွေ ဒါတွေအကုန်သင်နေ ရတာ (မှန်လှပါ)၊ ဒါတွေ အကုန်သင်နေရတော့၊ အခုတော့ဖြင့် ဘုန်းကြီးပြန်မှာ စိုးရိမ်၊ ဘုန်းကြီးနဲ့ ခွဲရမှာ သူတို့က ဒုက္ခ ရောက်နေတယ်နော်။

လိုက်ရမှာကလည်း သူတို့သံယောဇဉ်နဲ့ သူတို့ ချည်ပြီး၊ တုပ်ပြီး၊ ခန္ဓာငဲ့ သလိုလို ပစ္စည်း ငဲ့သလိုလို အတော် ရှုပ်ကုန်တာ၊ ဒါစောင်းဟောတာမဟုတ်ပါဘူး၊ ဒီခန္ဓာ ကတောင် မြို့ရောက်လည်း ဒုက္ခသစ္စာပဲ၊ ဟင်္သာတ တော့လည်း ဒုက္ခသစ္စာပဲ၊ ရန်ကုန်လာပြန်တော့လည် (ဒုက္ခသစ္စာပါပဲ)။

ဪ သစ္စာချင်းဟာက၊ တောင်မြို့ကျလို့ရှိရင် ဒုက္ခသစ္စာက ပိုနေဦးမှာလား (မပိုပါ ဘုရား)။

အဲဒီတော့ သစ္စာဆိုတာက ဘယ်နေရာမှ၊ ဘယ်သူ မျက်နှာမှ မထောက်ဘူး၊ ပြုတယ်၊ စုတယ်၊ ဒီလူတွေကြား ထဲမှာ ဆေးပုံတွေ အလယ်မှာလည်း သေချင်သေတာ မဟုတ်ဘူးလား၊ သူက ဒုက္ခသစ္စာကိုး၊ ငါဘယ်နေရာ ရွေးဦးမယ် ဆိုတာပါသေးလား (မပါ ပါဘူး)။

ဒုက္ခက ဆင်းရဲတာ၊ သစ္စာက မှန်တာ၊ ဆင်းရဲတာ အမှန်ကိုငါလုပ်မယ်ဆိုတာ နေရာ မရွေးပါဘူး၊ သဘောကျ ပလား (ကျပါပြီ)။

အဲဒီတော့ ဆင်းရဲတာအမှန် သဘောကျလို့ရှိရင်ဖြင့် ဆင်းရဲသိမ်းတဲ့ ဥစ္စာကို ကြိုးစားပါ၊ ဘယ်သူ့မှ မငဲ့နဲ့။

ခန္ဓာငဲ့တာသည် ဘဝတဏှာ

ခန္ဓာငဲ့တာသည် ဘဝတဏှာလို့ခေါ်ပါတယ်၊ ခန္ဓာင့် တာသည် (ဘဝတဏှာ)၊ ဘဝတဏှာ ဆိုတော့ တဏှာ ပစ္စယာ ဥပါဒါန်ကိုး၊ ဥပါဒါန ပစ္စယာ (ကမ္မဘဝေါ်)၊ ကမ္မဘဝပစ္စယာ (ဇာတိ)။

ဪ အခုသေတာ အားမရလို့ နောက် သေတာင်ေနေပြန်တာကိုး၊ မဆိုထိုက်ဘူးလား (ဆိုထိုက် ပါတယ်)၊ ဒါက ဘုန်းကြီးကပြောတာလား ဒကာကြီး ခန္ဓာထဲ ဓမ္မဖြစ်စဉ်က ထောက်ခံ တာလား (ဓမ္မဖြစ်စဉ်က ထောက်ခံတာပါ ဘုရား)၊ ဒါဖြင့် ဘုန်းကြီး ငြင်းမနေပါနဲ့ တော့ဗျာ၊ ဘုန်းကြီး ငြင်းမနေပါနဲ့တော့၊ ဘုန်းကြီးငြင်းလို့ရှိရင် အလကား အကုသိုလ်ဖြစ်နေကြဦးမယ်။

ပိုးမွေးသလိုမွေးမနေနဲ့

ကိုယ်တော်တို့က ဘာမှသိတာ မဟုတ်ဘူး၊ တပည့် တော် ခန္ဓာ မနည်း မွေးနေရတာ၊ လာချင် လာတာ သူက အတော် ပိုးမွေးသလို မွေးနေရတာဘုရာ့၊ ပိုးမွေးသလို မွေးနေရတာ (မှန်ပါ့)၊ မွေးမနေနဲ့ ခင်ဗျားမှာ ဆံပင် ဖြူ ရပ်သလား (မရပ်ပါ ဘုရား)၊ ပန်းနာကော ရပ်ပလား (မရပ်ပါ ဘုရား)၊ အေး မွေးတာပဲရှိတာပဲ ရပ်တာမပါဘူး။

အဲဒီတော့ကို ဒကာ ဒကာမတွေ ဒီခန္ဓာသိမ်းလို့ရှိရင် – ဝေဒနာသိမ်းမယ် (မှန်ပါ့)၊ ခန္ဓာသိမ်းရင် (ဝေဒနာ သိမ်းတယ်)၊ နို့၊ ဝေဒနာသိမ်းတဲ့ အလုပ်လုပ်တာကို ငဲ့နေဦး မယ်ဆိုရင် ဘယ့်နှယ်လုပ်မယ်၊ အမှားကြီးမှားတယ်။

ဝေဒနာရှည်ချင်တာ

ဝေဒနာသိမ်းမယ့် အလုပ်ကို၊ ဝေဒနာကြောင့် တပည့်တော်တို့ ဝေဒနာ၏ ကျွန်ခံနေဦးမယ်၊ ဝေဒနာကိုပဲ စောင့်၊ ဖေးမပြီး နေဦးမယ် ဆိုလို့ရှိရင်ဖြင့် အင်း အဲဒီ လူဟာ ဝေဒနာ သိမ်းချင်တာ မဟုတ်ဘူး၊ ဝေဒနာရှည်ချင်တာ ကိုး အမှန်ပြောတော့ ဒါပဲ ပြောရတယ်၊ အမှန်ပြောတော့ (ဒါပဲပြောရမယ်)၊ ဒီပြင်ပြောစရာရှိသေးလား (မရှိ ပါ ဘုရား)။

အဲတော့ ဒကာကြီး တိုးပြီးဆိုးဝါးမနေနဲ့လို့ ပြောလိုက် တယ်၊ မပြောသင့်ဘူးလား (ပြောသင့်ပါတယ်)၊ တိုးပြီး ဆိုးဝါးနေတဲ့ လူကရှိသေးတယ်။

သောတာပန်၏ ထူးခြားမှု (၇)

ကဲ နံပါတ် (၇)ကို ပြောပါတော့မယ်နော်၊ သောတာ ပန်စိတ်ထားက အခုလို သစ္စာတရား၊ ပဋိစ္စသမုပ္ပါဒ် တရားကို နာရတော့မယ်လို့ ဆိုလို့ရှိရင် နားထဲမှာ သဘောကျပြီး စိတ်ဟာ ဘယ်မှ မသွားဘူး။

တရားနာရင်း ဘယ်ဧည့်သည်လာလို့၊ ရှေ့တိုးထိုင်ပါ ဗျာလို့ မလာဘူး၊ ကိုယ်က ကျဉ်းတယ်၊ ကြပ်တယ်လို့လည်း စိတ်မပေါ်ဘူး၊ မြတ်စွာဘုရား ဟောတော်မူတဲ့ သစ္စာတရား၊ ၊ ပဋိစ္စသမုပ္ပါဒ်တရား နာနေရတော့မယ်လို့ ဆိုလို့ရှိရင်ဖြင့်တဲ့ တစ်ခါတည်း တရားထဲမှ တစ်ပါးတခြားကို စိတ်မသွားဘဲနဲ့ နေတော့တာပဲတဲ့။

တရားတော်ထဲ စိတ်ရောက်နေ

အဲဒီကဲ့သို့ တရားထဲမှ တစ်ပါး၊ ဘုရားဟောတဲ့ တရားကို စိတ်တစ်ပါး တခြားမသွားဘဲနဲ့ နာနိုင်မှုဟာလည်း ပုထုဇဉ်တို့နဲ့ မဆက်ဆံ သောတာပန်တို့၏ စွမ်းရည်သတ္တိရှိ တာ အမှန်ပါပဲ၊ မထူးခြားဘူးလား (ထူးခြားပါတယ်)။

အဲဒီလို တရားထူး တရားမြတ်တွေနာပြီး စိတ်ထဲမှာ သဘောကျနေလို့ရှိရင်ဖြင့် အိပ်ရာက နိုးတိုင်း နိုးတိုင်း ပီတိ၊ သောမနဿဖြစ်နေတာလည်း သောတာပန်တို့၏ ဖြစ်စဉ်ပဲ။

ဒီနေ့ နာခဲ့ရတာကောင်းလိုက်တာ၊ သဘောကျလိုက် တာ၊ ဒီပြင့်အသံကတော့ ထွက်မလာဘူး၊ ဒီအသံကချည့် အရင်ထွက်တာပဲ။

(၇)ချက်ပေါ်မှ လိုရာခရီးရောက်တယ်

အဲဒီလို ဒီအသံကချည့် တရားနာပြီး ထွက်လာခြင်း သည်လည်း သောတာပန်တို့၏ စိတ်ထား၊ သဘောသွား ဆိုတာ ပုထုဇဉ်တို့နဲ့ ခြားနားမှုဟာ ဒါတွေပါပဲ။

အခုပြောခဲ့တဲ့ (၇)ချက်နဲ့ တပည့်တော်ဖြင့် ဒုက္ခ ချုပ်ပါပြီ၊ ဘုရားလို့ ဘုန်းကြီးကို လျှောက်တာက အကဲခတ်ဖို့ လျှောက်တာ ကိုယ့်သန္တာန်ဖြစ်စဉ်က ဒီ (၇)ချက်ပေါ်မှ သာလျှင် လိုရာခရီးကို အပြီးတိုင်ရောက်တယ်လို့ ဆုံးဖြတ် ချက်ချပါ။

အရက်မဝင်ဘူးဆိုတာ စာထဲမရှိ

ခုနက အရက်နဲ့ နွားနို့နဲ့ ရောတိုက်လည်း အရက်မဝင် ဘူးဆိုတာက လိုရင်း မဟုတ်ပါဘူး (မှန်ပါ့)၊ စာလာ မဟုတ်ပါဘူး (တင်ပါ့)၊ ဒါက ဘုရားဟော ကောသမ္ဘီ ပြည်မှာ ရဟန်းတွေ ရန်ဖြစ်တာနဲ့ သောတာပန်နဲ့ ရန်ဖြစ်တဲ့ ရဟန်းတွေနဲ့ ထူးပုံကိုဟောတာ။

စုံစမ်းရေးတွေကို လိုရင်းမထားနဲ့

ပုထုဇဉ်ရန်ဖြစ်တဲ့ ရဟန်းနဲ့ သောတာပန်တို့၏ ဖြစ်စဉ်နဲ့ ထူးခြားပုံဟောတာ၊ ဒါကတော့ ကိုယ်တော်တိုင် ဟောတာဖြစ်နေတော့ ဟိုစုံစမ်းရေးတွေကို လိုရင်းမထားနဲ့ ဒီအကဲခတ်ရေးကိုသာ လိုရင်းထားပါ ဆိုတာကို မဟောထိုက် ဘူးလား (ဟောထိုက်ပါတယ်)။

ဟောထိုက်တယ်ဆိုတာ သဘောကျပြီလား (ကျပါတယ်)၊ ဒါဖြင့် ဒီတရားထူးတရားမြတ်ကို ယနေ့ နာလိုက်ရခြင်းသည်ကားလို့ဆိုလို့ရှိရင်ဖြင့် ငါတို့သည်ကား ဆိုရင်ဖြင့် ဒီအရေးမှ ဒီအရေး မရောက်သရွေ့ ကာလပတ် လုံး အပါယ်လေးပါးဟာက ဝမ်းထဲမှာ အနုသယသဘောနဲ့ ဒိဋ္ဌိ ဝိစိကိစ္ဆာ ကိန်းသေးတယ်လို့ မှတ်ထားရမယ်။

သူကိန်းနေသရွေ့ကာလပတ်လုံး ရွှေကျောင်းကြီး ဆောက်ပြီး၊ ရွှေဘုရားကြီးတည်စေကာမူ ဒါနဘယ်သူနဲ့မှ မတူတဲ့ အလှူကြီးပေးစေကာမူ အပါယ်ရောက်ရမှာပဲ။ မလွတ်သေးဘူး၊ ကုသိုလ်ကုန်သွားရင် အပါယ်ကျမယ်ဆိုတာ သဘောကျပြီလား (ကျပါပြီ)။

အင်မတန်ကြီးတဲ့အရေး

ကောင်းပြီ ဒါဖြင့် ဒီအရေးဟာ အင်မတန်ကြီးတဲ့ အရေးဆိုတာဖြင့် ဒကာကြီး ဦးမာတင် ဘုန်းကြီးကို ပင့်ကျိုး၊ ဘုန်းကြီးအတွက်ပြင်ကျိုး၊ ဆင်ကျိုး ဝေယျာဝစ္စတွေဟာတဲ့ ဒီလိုမှန်ကန်တဲ့ တရားကြီးမှာ ဒီအလုပ်ကို အာစိဏ္ဏကံ ဖြစ်အောင် တို့ပြင်ကျိုး၊ ဆင်ကျိုးဟာဟေ့ သောတာပန်နဲ့ ပုထုဇဉ် ထူးခြားတဲ့ တရားကို နာရပေတယ် ဆိုပြီး သကာလ ဝမ်းမြောက်ရမယ် (ဝမ်းမြောက်ပါတယ်)။

ဒီဥစ္စာအပိုတွေ

မထူးခြားဘူးလား (ထူးခြားပါတယ်)၊ ထူးခြား တယ်ဆိုတာ မှတ်ပါတဲ့၊ ဒီဥစ္စာကလည်း တစ်သက်မှ တစ်ခါ ကြားရတာ၊ နို့မို့လို့ရှိရင်လည်း မောင်သစ်တို့ တောင်းသလို ဖြစ်နေမှာ စိုးရတယ်၊ အရက်နဲ့ ဘာနဲ့ ရောတိုက်ရင် ဘယ့်နှယ်တုံး၊ ကြိုးကြာတောင် မသောက်ဘူးတဲ့၊ ကြိုးကြာက တိရစ္ဆာန်ကြီး၊ ကြိုးကြာနဲ့ နှိုင်းယှဉ် နေလို့ ဘယ့်နှယ်လုပ်မတုံး ဘာမှမဟုတ်ဘူး၊ ဒီဥစ္စာ အပိုတွေလို့ မှတ်ပါ။

အခုပေါ်တဲ့ စိတ် (၇) ချက်သာလျှင် ပုထုဇဉ်မှ သောတာပန်ဆိုတဲ့ အရိယာနဲ့ ထူးခြားတဲ့ (၇)ချက် အမှန်ပါ။ ရှင်းကြပလား (ရှင်းပါပြီ)။

နိဗ္ဗာန်ရောက်အောင်ဘယ်လိုလုပ်ရမှာလဲ

ကောင်းပြီ ဒါဖြင့် ဒါက အရှင်ဘုရားတရားက အထက်တန်း အင်မတန်ကျနေပါတယ်၊ ဦးမာတင်က လျှောက်လိမ့်မယ်၊ ဒါက တပည့်တော်တို့ရောက်ပြီးမှ စစ်ဆေးရမယ့် တရားဖြစ်ပါတယ်။ ရောက်အောင် ဘယ်လိုလုပ်ရမည့် အရေးဟာ (တပည့်တော်တို့ အရေးပါ)။

ရောက်ပြီးမှ စစ်ဆေးရမည့် အရေးသည်ကားလို့ ဆိုလို့ရှိရင် တော်တော် ကြုံကြိုက်ပြီးမှ သာလျှင် ပြောရမည့် စကားဖြစ်ပါတယ်။ ရောက်ဖို့ အရေးကို ဘယ်လမ်းက သွားလို့၊ ဘယ်ဘူတာ ဆိုက်မှ၊ ဘယ်လို နီးကပ်တယ်၊ ဘယ်ဘူ တာ ဆိုက်မှ အရောက်ကြီး ရောက်တယ်ဆိုတာကို ပြောပါဦး ဆိုတာကို ခင်ဗျားတို့က တောင်းပန်ရမယ် (မှန်လှပါ ဘုရား)။

ဘုရားအလုပ်နဲ့ပုထုဇဉ်တို့အလုပ်

တောင်းပန်တော့ လွယ်ပါတယ်တဲ့၊ တောင်းပန်တော့ လွယ်တယ်ဆိုတဲ့ဥစ္စာက၊ နည်းနည်းလေး စကားထည့်ပြော ချင်တာက ဘုရားသခင် ကိုယ်တော်မြတ်ကြီးက

၁။ သိအောင် ပြောမှုအလုပ်က ဘုရားသခင် ကိုယ်တော်မြတ်ကြီးအလုပ် (မှန်ပါ့)

၂။ ကျင့်ကြံအားထုတ်ပြီး ခရီးရောက်ဖို့ အလုပ်က ဒကာ ဒကာမတွေအလုပ်။

၃။ ကျင့်ကြံအားထုတ်ပြီး သိအောင် ပြောမှုက ဒါက ဆရာသမားတို့အလုပ်။

ပြောမှုကို နားလည်ပြီး၊ အလုပ်လုပ်မှုက ဒကာ ဒကာမတွေ အလုပ်။

ဒီလမ်းပဲသွားဖို့၊ လမ်းခင်းပေးခဲ့ပါ့မယ်

ငါဘုရားသခင်သည် ဟောဖို့ အလုပ်က ငါ့ဘုရား အလုပ်၊ ကျင့်ကြံဖို့အလုပ်က ပုထုဇဉ်တို့ အလုပ်၊ သာဝကတွေ ၏ အလုပ်၊ အသေအချာဟောတယ်၊ သံယုတ်ပါဠိတော်မှာ အဲ့ဒါကြောင်

၁။ ဘုန်းကြီးတို့ကလည်း သာသနာ မကွယ်သေးလို့။

၂။ ကိုယ်တိုင်လည်း ထိုက်တန်တဲ့ အလုပ်တွေလုပ်ထားလို့။

၃။ လမ်းကလည်း မလွဲဘူးဆိုတာသိထားလို့။

ဒီဒကာ ဒကာမတွေကို ဒီလမ်းပဲ သွားဖို့ ရာဖြင့်၊ လမ်းခင်းပေးခဲ့ပါ့မယ်၊ လမ်းခင်းပေးခဲ့ပါ့မယ်။

လမ်းခင်းပေးတော့ လွယ်ပါတယ်တဲ့ မနေ့ညကပဲ နာကြရတယ်၊ သစ္စဉာဏ် ၊ ကိစ္စဉာဏ်၊ ကတဉာဏ်။

သစ္စဉာဏ်၊ ကိစ္စဉာဏ်၊ ကတဉာဏ် ဒါကြောင့် မနေ့ညက ပြောတယ်။ ပဉ္စဝဂ္ဂီကို၊ သစ္စဉာဏ် ဟောတုန်းက ဒါနသီလ ပါပြီလားဟ လို့ မေးမြန်းတော့လည်း၊ ဦးမာတင်တို့က မပါသေးဘူးတဲ့၊ (မှန်လှပါ ဘုရား)။

သူတို့က ခေါင်းပါးတဲ့ အကျင့်၊ ကျင့်နေတဲ့လ (မှန်ပါ့)၊ မိစ္ဆာဒိဋ္ဌိ သတ်တုန်း ရှိသေးတယ်၊ မသတ်ဘူးလား (သတ် ပါတယ်)၊ အဲ့ဒီအချိန်မှာပဲ သစ္စဉာဏ် စ,ဟောလိုက်တယ်။

(၂)နံပါတ်သည် ဘာသစ္စာလဲ

(ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်း ၂-အကွက်)

အဲ့ဒီတော့ ဒီသစ္စဉာဏ်က၊ ပဋိစ္စသမုပ္ပါဒ်ကို မျက်လုံးထဲပဲ ထားလိုက်ကြပါတော့ အဝိုင်းကြီးနော် (မှန်ပါ့)၊ အဝိုင်းကြီး မျက်လုံးထဲပဲ ထားလိုက်ပါတော့၊ (၂)နံပါတ် ဟာတဲ့ ဒကာ ဒကာမတို့ (၂)နံပါတ် သည် ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ ဘုရား)။

မောင်သစ်ကော မှတ်မိပြီလား (မှတ်မိပါပြီ)၊ ဘာ သစ္စာလဲ (ဒုက္ခသစ္စာပါ) ၊ (၂)နံပါတ်သည် ဒုက္ခသစ္စာ ဆိုသဖြင့် ၊ (၂)နံပါတ်သည် ဘာတွေတုံးဆိုတော့၊ ဝိညာဏ် နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ။ ဒါ(၂)နံပါတ်။

ပဋိစ္စသမုပ္ပါဒ်အလိုတော့ (၅) ခု

ဪ – ဒါက ပဋိစ္စသမုပ္ပါဒ် အလိုတော့ (၅)ခု ဘုရား၊ ဒီ(၅)ပါးကို စုပေါင်းလိုက်လို့ ရှိရင်လည်း ခန္ဓာငါးပါးဖြစ်ပါ တယ်။ ဒီ(၅)ခုကို စုပေါင်းလိုက်ရင် (ခန္ဓာငါးပါးပါ)။

ခန္ဓာငါးပါး၊ ရုပ်နာမ်နှစ်ပါး

ခန္ဓာငါးပါး ချုံ့လိုက်ကြပါစို့၊ ကျဉ်းလိုက်ကြပါစို့၊ ဂဏန်းသင်္ချာနဲ့ပဲ၊ ရုပ်နာမ်ပဲ ရှိတယ်၊ ပဋိစ္စသမုပ္ပါဒ် (၅)ပါးချဲ့ လိုက်တော့ ခန္ဓာငါးပါးဖြစ်တယ်၊ ခန္ဓာငါးပါး ချဲ့လိုက်တော့ (ရုပ်နာမ်ပါ)

ရုပ်နာမ်ပျံ့လိုက်တော့ဖြစ်မှုနဲ့ပျက်မှု

ရုပ်နာမ်ကို တစ်ခါချုံ့လိုက်တဲ့ အခါကျတော့ ဖြစ်မှုနဲ့ ပျက်မှုပဲရှိတယ်၊ ရုပ်နာမ် ချုံ့လိုက်တော့ (ဖြစ်မှုပျက်မှု ပါ ဘုရား) အဲ့ဒါမှ အဲဒါမှ တကယ်အရေးကြီးတယ်။

ရုပ်နာမ်ကို ဒကာ ဒကာမတို့ ရုပ်ကြည့်လိုက်ပြန် လည်း ရုပ်ကိုမတွေ့စေနဲ့၊ ဖြစ်မှုပျက်မှုတွေ့ ပါစေ (မှန်ပါ့)။

ရုပ်နာမ်မတွေ့စေနဲ့

နာမ်ကြည့်ပြန်တော့လည်း ဘာတွေ့ရမလဲ (ဖြစ် မှုပျက်မှုတွေ့ရမယ်)၊

ဟာဘုန်းကြီးစကားက ဘုရား၊ ရုပ်နာမ် ရှုရမယ် ဆိုပြီး ရုပ်နာမ် မတွေ့စေနဲ့ ဆိုတော့ တပည့်တော်တို့မှာ အတော် လေး အမှတ် အသား ခက်သွားတယ်လို့ ဦးမာတင်တို့က ဆိုလိမ့်မယ်။

မဆိုပါနဲ့တဲ့ အတည့်ကိုပြောတာ၊ အတည့်ကိုပြောပါ တယ်။ ဘာဖြစ်လို့တုံးဆိုတော့။ အရှုခံ ရတာက ပုရေဇာတ ပစ္စည်း၊ ပုရေ- ရှေး၌၊ ဇာတော- ဖြစ်သည်။

အရှုခံတရားက ပုရေဇာတ

အရှုခံရတာက ပုရေဇာတ၊ ရှုဉာဏ်က ပစ္ဆာဇာတ၊ ဒါလေးနှစ်ခု မှတ်ထားလိုက်ပါ။ အရှုခံတရားက (ပုရေ ဇာတ)၊ ပုရေဇာတ၊ ပုရေ -ရှေးက။ ဇာတဖြစ်နှင့်လေသ တည်း။

ရှုဉာဏ်က ပစ္ဆာဇာတ

ရှုရမည့် ဉာဏ်က ပစ္ဆာဇာတ၊ ပစ္ဆာ-နောက်မှ။ ဇာတော -ဖြစ်လေသည်။ ပစ္ဆာဇာတော = နောက်မှဖြစ်သည်။ ဟိုပဋ္ဌာန်းကို သွားမယူနဲ့ သူ့နာမည် ပေးနေတာ။ ပဋ္ဌာန်းနဲ့ သွားဟောလိုက်လို့ရှိရင် ဆုံးမှာ မဟုတ်တော့ဘူး။

ဪ – တို့ဟာ အလုပ်မှုဖြစ်ရမည့် တရားနဲ့ ရှုရမည့် ဉာဏ်နဲ့ကို၊ နာမည် ပေးတာကိုးလို့ မှတ်လိုက်စမ်းပါ။ ရှုရမည့် တရားက ပုရေဇာတ၊ ရှုရမည့်ဉာဏ်က (ပစ္ဆာဇာတ)၊ ပစ္ဆာ ဇာတ ဆိုတော့ ဪ နဂိုက ကိုယ်က ရှေ့နောက်ပါလား၊ နဂိုကိုယ်က ရှေ့နောက်ဖြစ်တယ်။

ရှုရမည့်တရားက ရှေ့ပိုင်းက

ရှုရမည့်တရားက ရှေ့ပိုင်းက၊ ရှုတဲ့ တရားကနောက် ပိုင်းက၊ ဆိုတော့ ဟုတ်ပြီတဲ့ ဒါဖြင့် ရှုရမည့် တရားက ရှေ့ပိုင်း က ရှုရမည့်တရားက နောက်ပိုင်းကလို့ သိထားတော့၊ သော် ဒါဖြင့် ရှုရမည့် တရားရှေ့က ချုပ်ပြီးမှသာလျှင် ရှုမည့် တရားက ပစ္ဆာဇာတ နောက်မှပေါ်ရမှာပါလား ဆိုတာ သေသေချာချာ မှတ်ပါ (မှန်လှပါ ဘုရား)။

ရှုရမည့်တရားက ရှေ့က ချုပ်ပြီးနှင့်ပြီ၊ အဲ ချုပ် ပြီးနှင့်တဲ့ တရားကို ပစ္ဆာ၊ ဇာတနောက်မှ ရှုရမှာ၊ (မှန်ပါ့) နောက်ဖြစ်တဲ့ ပစ္ဆာဇာတဉာဏ်က (နောက်မှရှုရမှာပါ ဘုရား)၊ နောက်မှရှုရမှာ။

ပျက်မှုတွေ့ပါစေ

ဒါထဲကိုက ရုပ်ကို မတွေ့စေနဲ့ ပျက်မှုကြီးကို တွေ့ ပါစေ၊ နာမ်ကို မတွေ့စေနဲ့ (ပျက်မှု တွေ့ပါစေ) ပျက်မှုတွေ့ပါ စေ ဆိုတော့ ရုပ်ဆိုတာ ဒကာ ဒကာမတို့၊ နာမည် မရှိလို့ နာမည် တပ်ပြောတာ တကယ် သိစေချင်တာက ပျက်မှုကို သိစေချင်တယ်။

နာမ်ဆိုတာ နာမည် မသိမှာစိုးလို့ ဟောပါတယ်။ စင်စစ်ကတော့ ပျက်မှုကို သိစေချင်တယ်၊

ဒါဖြင့် သူတို့က ပုရေဇာတဖြစ်သောကြောင့် ပျက်ပြီး သား၊ ရှေ့ဉာဏ်က ပစ္ဆာဇာတ ဖြစ်သောကြောင့်၊ နောက်မှဖြစ် တယ်၊ ဒါဖြင့် ရုပ်ရှုရင် ရုပ်မတွေ့စေနဲ့ အပျက်ကိုတွေ့ပါစေ၊

နာမ်ကိုရှုရင် (နာမ်မတွေ့စေနဲ့၊ အပျက်ကိုတွေ့ ပါစေ) ဘာတွေ့ ရမှာလဲ (အပျက်တွေ့ရမှာပါ) ဘာဖြစ် လို့တုံး၊ ပုရေဇာတဆိုတာ ရှေးကျတယ်၊ ရှေးဖြစ်သောကြောင့် ချုပ်သွားပြီ။

ချုပ်ပြီးသားကိုမြင်တာ

ပစ္ဆာဇာတ ဆိုတာ နောက်မှ ပေါ်တော့၊ ချုပ်တာနဲ့ နောက်မှပေါ်တဲ့ တရားက တွေ့တာနဲ့ သွားကိုက်ရမယ်၊ ချုပ်ပြီးသားရယ်၊ ချုပ်ပြီးသားကို မြင်တာရယ်၊ သွားတွေ့ရ မယ်၊ ဆိုတော့ ပုရေဇာတနဲ့၊ ပစ္ဆာဇာတနဲ့ သွားကိုက်ရမယ်။

ဪ ဒါဖြင့် ပဋ္ဌာန်းလည်းပါသွားပြီ၊ ဝိပဿနာရှုတဲ့ နေရာ မှာပုရေ ပစ္ဆာမှ ရမှာပဲ၊ သဘောပါပြီလား (ပါပါတယ်)။

ဘယ်လိုမှရမှာလဲ (ပြုရေပစ္ဆာမှ ရမှာပါ) ရှုစရာ တရားက ပုရေ ရှုဉာဏ်တရားက ပစ္ဆာ၊ ဒါမှရမယ် (မှန်လှပါ)။

ပစ္စုပ္ပန်တည့်ရဲ့လား ဘုရားလို့ မေးတော့ ဒီကြားထဲ ဘယ် သူမှ မခြားလို့ တည် ပါတယ်။ ဒီကြားထဲမှာ ဘယ်ကာလကမှ မဝင်လာဘူး၊ ဘယ်နာမ်တရားကမှ မဝင်ပါဘူး။

ဘယ်ရုပ်တရားမှ မဝင်လာသောကြောင့် သူတို့နှစ်ခု ဟာ ပစ္စုပ္ပန်ပါ၊ ပစ္စုပ္ပန်လည်း တည့်တယ်၊ ကြားမဝင် လာလို့ သဘောကျပလား (ကျပါပြီ)။

ဒီလိုဆရာမျိုးကိုရာမှရမယ်

ဘုရားဟောနဲ့ ကြံလုံးဖန်လုံးနဲ့ အလုံးစုံအကုန်တစ် ခဏချင်းနဲ့ ပေါက်ချင်ပါတယ် ဆိုရင် ဒီလိုဆရာမျိုးကို ရှာမှ ရမယ်။ နို့မို့ ရကိုမရဘူး။

ရောက်လာရှုပါလား ဆိုတဲ့ ဆရာမျိုးနဲ့တော့ မရဘူး၊ (မှန်ပါ့)၊ မရဘူး၊ အတော်ဝေးတယ်၊ အတော် ဝေးကွာပါတယ် တဲ့၊ ဒါကြောင့် ဒါဂုဏ်ပုဒ် ထုတ်ပြီး သကာလ ပြောနေတယ်လို့ ဦးမာတင်က မယူဘဲနဲ့ ဒို့ဆရာ ဒို့ကို အရင်းကျကျ ပြောနေတယ်လို့ ယူပါ (မှန်လှပါ ဘုရား)။

တရားအစစ်ကိုပြောနေတယ်

ဂုဏ်ပုဒ်ထုတ်ပြောနေတယ်လို့ မယူနဲ့၊ အရင်းကျကျ ပြောနေတယ်၊ အစစ်ကို ပြောနေတယ်၊ အမှန်ဆုံး ဖြတ်ချက်ချ ပေးနေတယ်၊ ဒါကိုသာ ဆုံးဖြတ်ချက်ချရမယ်၊ ရှင်းပြီလား (ရှင်းပါပြီ)။

ကောင်းပါပြီ ဒါကြောင့် မနက်က ဒကာကြီးတွေပြော လိုက်တဲ့အခါ ၊ အသေကို အရှင်နဲ့ ကြည့်ဆိုတာနဲ့ သွားကိုက် တယ်။ (မှန်ပါ) အသေကို (အရှင်နဲ့ကြည့်)၊ ကိုက်ပြီလား (ကိုက်ပါတယ်)။

အသေဆိုတာသည် ခင်ဗျားတို့ရှေးကျလို့ သေနှင့် တာကိုး၊ သူက ကြီးလို့သေတာပေါ့၊ အရှင်ဆိုတာ ငယ်သေး လို့ ကြည့်နိုင်တာပေါ့ (မှန်ပါ့)၊ ဒါဖြင့် အသေကို (အရှင်နဲ့ ကြည့်ရပါမယ်)၊ အရှင်နဲ့ ကြည့်ရမယ် ဆိုတာကို သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် ပုရေပစ္ဆာဆိုတဲ့ စကားဟာ နည်းသုံးလိုက် တာပါပဲဆိုတာ မနက်က ဟာနဲ့ တစ်ထပ်တည်း၊ စကား ပြောင်း သုံးလိုက်တယ်၊ အတော်ကြီးတဲ့ စကားပါလား ဖြစ်သွားတယ်၊ စင်စစ်တော့ အတူတူပဲ။

အသေကိုအရင်နဲ့ကြည့်

အသေကို (အရှင်နဲ့ ကြည့်)။ အရှင်နဲ့ကြည့် တော့ ဒကာ ဒကာမတွေ၊ ဘုန်းကြီးက ပြောရပါတယ်၊ ဘယ်သူ့အသေကို ဘယ်သူ့အရှင်နဲ့ ကြည့်တာတုံး မေးတော့၊ မိမိအသေကို မိမိဉာဏ် အရှင်နဲ့ ကြည့်တာ။ မိမိ အသေကို (မိမိဉာဏ်အရှင်နဲ့ကြည့်တာ)။ မိမိဉာဏ် အရှင်နဲ့ ကြည့်တာဆိုတာ သဘောပါပြီလား (ပါပါ တယ် ဘုရား)။

ဒါဖြင့် ကိုယ့်အသေကို မြင်ရတာ အမြင်များတဲ့ ပုဂ္ဂိုလ်ဟာဖြင့် ကိုယ့်အသေဟာ မနက်က ပြောခဲ့တယ်၊ သူများက အလောင်းချ သွားတာတောင် မသိပါဘူး၊ ကိုယ့် အသေ ခင်ဗျားတို့မြင်ဘူးဖို့ အတော်ခဲယဉ်းတယ်၊ (ခဲယဉ်း ပါတယ်)။

သေလိမ့်မယ်ဆိုတာတော့ သိပါတယ်

သေလိမ့်မယ်ဆိုတာတော့ သိပါရဲ့၊ သေတော့မသိ ဘူး၊ အဲဒီသေတာမသိလို့ ခင်ဗျားတို့ နောက် အသေကို သဘောကျ ကျနေတာ၊ သေတာသိတဲ့ ပုဂ္ဂိုလ်ဖြင့် ကိုယ်တိုင် မြင်ရရင်၊ (သဘောမကျပါ ဘုရား)။

အခုတော့ ခင်ဗျားတို့က ကိုယ်တိုင် မြင်ရတာ၊ အသေကို ကိုယ်တိုင်မမြင်ရတဲ့ ဇာတ်ထုတ်က ခင်းလာရ တာများတော့၊ အို အခုသာ သေတာ နတ်သေကျတော့ အသက်ကရှည်သကွဆိုပြီး သကာလ ၊ အသေမမြင်ဘူး တော့၊ ဒုတိယအသေထပ်ပြီး ဆုတောင်းတယ်၊ သဘောကျပြီလား (ကျပါပြီ)။

ကိုယ့်အသေ ကိုယ်မမြင်ဘူးတဲ့ ပုဂ္ဂိုလ်ဟာ ဘယ် အခါမဆို ဘဝတဏှာနဲ့ ဆုတောင်း လိမ့်ဦးမယ် ဆိုတာ မောင်သစ် အသေ အချာမှတ်၊ (မှန်ပါ့)၊ မမှတ်သင့်ဘူးလား (မှတ်သင့်ပါတယ်)။

ဝိပဿနာဆိုတာဘာပါလိမ့်

ကိုင်းဒါဖြင့် ဝိပဿနာဆိုတာ၊ ဘာပါလိမ့်မတုံးဆို တော့၊ စာလိုသုံးရင် ပုရေကို ပစ္ဆာနဲ့ကြည့်၊ မြန်မာလို သုံးတော့ ကိုယ့်အသေကို ကိုယ့်အရှင်ကနေကြည့် (မှန်ပါ့)၊ အသေ ကို (အရှင်နဲ့ကြည့်)။

အရှင်နဲ့ကြည့်လိုက်တဲ့အခါကျတော့၊ ရှင်တာနဲ့ကြည့် လိုက်တဲ့အခါကျတော့ ကိုယ့်အသေ ကိုယ်မြင်တာပဲ။

ဪ ဒီလူ့ဘဝရတာသည်၊ ခဏအတွင်းမှာပဲ၊ ဒုက္ခ ရောက်၊ မရောက်ပြောကြည့်တာပေါ့။ ဆင်ခြင်ကြည့်တာပေါ့။ ဘယ်နှယ်နေကြမလဲ၊ ခဏအတွင်းတွင်၊ သေနေတာ (သေနေတာ) ၊ ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ ဘုရား)။

ကိုယ့်ဒုက္ခ၊ ကိုယ်မြင်တာသည် သစ္စဉာဏ်

ဪ ကိုယ့်ဒုက္ခ ကိုယ်မြင်ပြီ၊ ကိုယ့်ဒုက္ခကိုယ် မြင်တာသည် သစ္စဉာဏ်မှတ်လိုက်ပါ၊ (မှန်ပါ့)။ ကိုယ့် ဒုက္ခ ကိုယ်မြင်တာ (သစ္စဉာဏ်ပါ ဘုရား)၊ သစ္စ ဉာဏ်၊ ရှင်းပြီလား (ရှင်းပါပြီ)။

ဪ ကိုယ့်ဒုက္ခကိုယ်မြင်တာသည် (သစ္စဉာဏ်)၊ အဲဒီလို သစ္စ ဉာဏ်ရဖို့ဟာလည်း၊ ဦးမာတင် လွယ်ပါ့မလား (မလွယ်ပါဘူး) မလွယ်ဘူး။

ဘာသစ္စာတုံးမေးတော့ (၂) နံပါတ်အကွက်ထဲက ဖြစ်နေတယ် (မှန်ပါ့)၊ (၂)နံပါတ် အကွက်ထဲက ဖြစ်နေတော့၊ (၃) နံပါတ် ဖြတ်နိုင်တဲ့ ဉာဏ်နဲ့ကြည့်တဲ့ (ဝါ) အရှင်နဲ့ကြည့်တဲ့၊ သဘောကျပလား (ကျပါပြီ)။

သစ္စဉာဏ်သည်၊ တဏှာ ဥပါဒါန် ကံသတ်တယ်

(၃)နံပါတ်ကူးသေးရဲ့ လား (မကူးပါဘူး)၊ တဏှာ၊ ဥပါဒါန် ကံဘက်ကို (မကူးပါဘူး)၊ မကူးတော့ပါ ဘူးဆိုတော့ ဒကာ ဒကာမတွေ သိသဖြင့်တဲ့၊ သော် သစ္စ ဉာဏ်သည်ပင်လျင်၊ တဏှာ ဥပါဒါန်၊ ကံတွေသတ်ပါလားဆို တာ ပေါ်လာတယ်၊ မပေါ်ဘူးလား (ပေါ်ပါတယ်)။

တဏှာဥပါဒါန်ကံသတ်တော့ ဇာတိ၊ ဇရာမရဏက လာပါဦးမလား (မလာပါ)။

ဘုရားလာပွင့်နေတာလို့မှတ်

ဪ ဒါဖြင့် သစ္စ ဉာဏ်တစ်လုံးဟာလည်း၊ နည်းနည်းနောနော ခရီးပေါက်တာမဟုတ်ဘူးလို့ မှတ်လိုက် စမ်းပါ၊ ဒါကျေးဇူးလာဆပ်နေတာနော်၊ ဘုရား လာပွင့်နေတာ လို့ မှတ်လိုက်ပါ။

ဘုရားဟောရင်လဲ ဒါကစဟောမှာ (မှန်ပါ့)၊ ဘုရားတစ်ဆူ တစ်ဆူပွင့်ရင် သစ္စဉာဏ်က စ, ဟောမှာ၊ ဒီပြင် ဟာဟောသေးလား (မဟောပါဘူး)၊ မဟောပါဘူး ဒါပဲ ဟောမယ် (တင်ပါ့)။

မင်္ဂလာတက်လာတာ

အဲဒါကြောင့် ဒီဒကာကြီးတိုက်မှာ “ကာလေနဓမ္မ သာဝနံ ဧတံမင်္ဂလမုတ္တမံ” ဆိုတဲ့အတိုင်း ကျင့်စဉ်တက်ဖို့ ကားနဲ့ ပြေးလာပြီး၊ ခင်ဗျားတို့ တရားနာရတယ် ဆိုတာ မင်္ဂလာ တက်လာတာ (မှန်ပါ့)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ)။

ဘာဖြစ်တာလဲ မင်္ဂလာတက်လာတာ၊ ဘုန်းကြီး ကြွလာတာလား၊ မင်္ဂလာလာတက်တာလား (မင်္ဂလာ တက်လာတာပါ)၊ အဲဒီလိုယူမှ၊ ဆရာကြွလာလို့ ဝမ်းသာ တာ လုပ်မနေနဲ့ဦး၊ တဏှာ ဥပါဒါန်ဘက် လှည့်သွားလို့ ဂွကျ နေဦးမယ် (ရောက်သေးတာပဲ)၊ ရယ်ကြသည်။

ဝိပဿနာနှင့် သစ္စဉာဏ်

ကိုင်း ဒါဖြင့် ဪ ကိုယ့်အသေ ကိုယ်မြင်တာသည် ဝိပဿနာလည်း ဆို၏။ သစ္စဉာဏ်လည်း ဆို၏။ ဝိပဿနာ ဉာဏ်ကော (ဆိုပါတယ်)။

ဘာပြုလို့ တုံးဆိုတော့၊ မရှုဘဲနဲ့ မြင်တာလား၊ ရှုလို့ မြင်တာလား (ရှုလို့မြင်တာပါ ဘုရား)။ ရှုလို့မြင်တော့ ဝိပဿနာ ဉာဏ်လည်း ဆိုပါ။

ဒါဖြင့် သစ္စဉာဏ်ကျေနပ်ပြီ၊ သစ္စဉာဏ်ကျေနပ် တော့ ကိစ္စဉာဏ်ပြောလိုက်ပါဦးမယ်။

ကိစ္စသိတဲ့ဉာဏ် ကိစ္စဉာဏ်

ကိစ္စဉာဏ်ဆိုတာ ဘာပါလိမ့်မလဲလို့ မေးတော့၊ ကိစ္စ သိတဲ့ဉာဏ်၊ ကိစ္စဉာဏ်ပေါ့ကွာ၊ ကိစ္စသိတဲ့ဉာဏ် (ကိစ္စ ဉာဏ်)၊ ဒါကို တိုတိုကတော့ဒါပဲ (မှန်ပါ့)။

အကျယ်တဝင့် ချဲ့ထွင်ပြီး သကာလ ဆရာသမား အမိန့်ရှိပါဦးဆိုတော့၊ ဟာ ဒကာကြီး ဦးမာတင်ရေ – ရုပ်ကလေး ဘာကိစ္စရှိသတုံးဆိုလို့ ရှိရင်ဖြင့်တဲ့ ဝိပရိဏာမ လက္ခဏာကိစ္စရှိတယ်၊ ဖေါက်ပြန် ပျက်စီးတဲ့ ကိစ္စရှိတယ်။

ဝေဒနာ၊ ဝေဒနာသဘောစွန့်သွားရင်။ ဖေါက်ပြန် ပျက်စီးတဲ့ကိစ္စ၊ ရုပ်သဘောစွန့်သွားရင် (ဖေါက်ပြန်ပျက် စီးတဲ့ကိစ္စ)၊ အဲဒီကိစ္စ ခင်ဗျားတို့ မြင်အောင် ကြည့်ရမယ် (မှန်ပါ့)။

ဖေါက်ပြန်ပျက်စီးရမယ့်ကိစ္စ

ဒီကိစ္စမြင်အောင်ကြည့်ရမယ်၊ ဆရာတော်ဘုရား အခုရှုနေတာ စိတ်သဘော မတွေ့တော့ပါလား ဆိုတော့ အို သူ့ကိစ္စက ဖေါက်ပြန် ပျက်စီးရမယ့် ကိစ္စက၊ သူ့ကိစ္စ၊ စိတ်၏ သဘောက ဘာပါလိမ့် (ဖေါက်ပြန်ပျက်စီးရ မည့်ကိစ္စပါ)။

အဲ့ဒီကိစ္စ သိလိုက်တဲ့ အခါကျတော့၊ ဪ သူ့ ကိစ္စက ဒါကိုး၊ ခန္ဓာကိစ္စက ဒါကိုး၊ ဝိညာဏက္ခန္ဓာကိုး (မှန်ပါ့)။

ဝိညာဏက္ခန္ဓာကိစ္စက ဘာပါလိမ့် (ဖောက်ပြန် ပျက်စီးရမည့်ကိစ္စပါ) ဖောက်ပြန် ပျက်စီးတဲ့ ကိစ္စမှ တစ်ပါး၊ ဒီပြင်ကိစ္စက ရှိသေးသလား (မရှိပါဘူး)။

မြဲတဲ့ကိစ္စ (မရှိပါဘူး)၊ ပျက်တဲ့ကိစ္စ (မရှိ ပါဘူး)၊ တစ်စ တစ်စ လေးရှိတဲ့ ကိစ္စ (မရှိပါဘူး)။ ဒါ ဧကစ္စ သဿတဒိဋ္ဌိ ဟောနေတာ (မှန်လှပါ)၊

အဲဒါ သူ့မှာဖြင့် ဖေါက်ပြန် ပျက်စီးတဲ့ကိစ္စ၊ ဒကာ ဒကာမတွေက ဪ ခုနက ဒီနေရာရှိတယ်၊ မျက်လုံးထဲမှာ မြင်စိတ် ရှိတယ်၊ အခုတော့ဖြင့် မြင်စိတ် မရှိရှာဘူး ဖေါက်ပြန်ပျက်စီး သွားပြီလို့ နောက်က ဒုက္ခသစ္စာမို့။ နှိပ်စက်မှုခံပြီး သကာလ ၊ ပျက်စီးသွားရရှာပြီ။

ဒီသုံးခုခေါင်းဆောင်းပြီး မွေးလာသော

သူ့မှာ သူယူလာတဲ့ ဇာတိ၊ ဇရာ၊ မရဏကြောင့် ပျက်စီးသွားတာပဲ၊ မြင်စိတ်ကလေးက လာကတည်းက၊ – ဇာတိ၊ ဇရာ၊ မရဏ ယူလာတာ (မှန်ပါ့)၊ သူဖြစ်ပေါ်လာ ကတည်းက ဒီသုံးခု ခေါင်းဆောင်းပြီး မွေးလာတာ။

မွေးလာတော့၊ ဖြစ်လည်း ဖြစ်ရော ပျောက်လည်း ပျောက်ရော၊ ဘာကြောင့်တုံး၊ သူယူလာတဲ့၊ ဇရာ ၊ မရဏ ကြောင့်၊ သဘောကျပြီလား (ကျပါပြီ)။

သူ့မှာ ဘာကိစ္စရှိသတုံး

ဒါဖြင့် သူ့မှာ ဘာကိစ္စရှိသတုံး၊ ဇရာ မရဏ နှိပ်စက် ခြင်းကိစ္စ ရှိတယ် (မှန်လှပါ)၊ စိတ်ကလေး တစ်ခုမှာ (ဇရာ၊ မရဏနှိပ်စက်ခြင်းကိစ္စရှိပါတယ်)။

ဒါဖြင့် ဒကာ ဒကာမတွေက ကြည့်လိုက်တဲ့ အခါကျတော့ ပျောက်သွားတာ၊ အလိုလို ပျောက်သွားတာလား၊ အနှိပ် စက်ခံရလို့ ပျောက်သွားတာလား (အနှိပ်စက်ခံရလို့ ပျောက်သွားတာပါ)။

အဲ့ဒီကျအောင် ဉာဏ်ရောက်ပြီး ကြည့်လိုက်တော့၊ ဉာဏ်က ထိုးထွင်းပြီး၊ ဪ ဇရာ မရဏ ဒဏ်ချက် ပြင်းထန်ပါကလား (မှန်ပါ)၊ ဇရာ မရဏ ဒဏ်ချက် တယ်ပြင်းထန်ပါလား၊ ခုဖြင့် စိတ်ကလေး ဟာဖြင့် တစ်တို၊ တစ်စတောင် ရှာမတွေ့တော့ဘူး၊ တွေ့သေးရဲ့ လား (မတွေ့တော့ပါဘူး)။

နှိပ်စက်ခြင်းကိစ္စနဲ့ကြုံသွားပြီ

မတွေ့တာထောက်လိုက်တဲ့ အခါကျတော့၊ သူသည် နှိပ်စက်ခြင်းကိစ္စနဲ့ကြုံသွားပြီ။

အဲဒီနှိပ်စက်ခြင်းကိစ္စနဲ့ တကွကြုံသွားပြီလို့ သိတဲ့ ဉာဏ်ဟာ၊ ဟိုက ကိစ္စ၊ ဒီကဉာဏ်၊ ဟိုမှာက သူ့ကိစ္စ ဖြစ်တာ၊ ဒီက ဉာဏ်ကနေ နှလုံးသွင်းလိုက်တဲ့ အခါကျလို့ရှိရင် ဉာဏ် ဖြစ်တယ်။

ဒါဖြင့် ဟိုက ကိစ္စကို ဒီကသိသောကြောင့် ကိစ္စဉာဏ် (မှန်လှပါ ဘုရား)၊ သဘောပေါက်ပြီလား (ပေါက်ပါပြီ)။

နှိပ်စက်တဲ့ကိစ္စကို ဉာဏ်ကသိရင်

ဟိုက နှိပ်စက်တဲ့ကိစ္စကို ဉာဏ်ကသိသောကြောင့် (ကိစ္စဉာဏ်ပါ ဘုရား)၊ ကိစ္စဉာဏ်ဆိုတာ အထူးမဟုတ် ပါဘူး၊ နှိပ်စက်တဲ့ ကိစ္စကို ဒီကသိလို့ရှိရင်၊ ဘာတုံး (ကိစ္စဉာဏ်)။

ဒါဖြင့် အဲဒီ ကိစ္စဉာဏ်ကို ဒကာကြီး ဦးမာတင်က ပြုတ်ဆန် ကြိတ်သလို အမြဲတန်း လုပ်နေမယ် ဆိုလို့ရင်ရှိဖြင့်၊ သိပ်နေရာ ကျမှာ (မှန်ပါ့)၊ နောက်ပြုတ်ဆန်၊ မပြုတ်ရ အောင်လို့။ ပုပ်ကပုပ်၊ ညှိကညီ၊ နံက နံနဲ့၊ ဒီအထဲ တစ်ခါတည်း တောင်ဝှေးတစ်ချောင်းနဲ့ သွားချင်သွားနေဦးမှာ အတော်ဆိုးတဲ့ အဖိုးကြီး တစ်ယောက်ကျနေတာ။

မဟုတ်ပါဘူး၊ ဒီနေရာ သွားကောင်းတာလား၊ မသွား ကောင်းတာလား ဣဋ္ဌာရုံတွေလား ၊ အနိဋ္ဌာရုံတွေလား မေးရင် ဘယ့်နှယ်ပြောမလဲ (အနိဌာရုံတွေပါ)၊ အနိဋ္ဌာရုံ တွေကို ဘာပြုလို့ တိုးတာတုံး ဆိုတော့ အို လင်းတ မျိုး ကိုး ဘုရား၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)။

လင်းတ မျိုးပြုတ်မှကောင်းမှာ

လင်းတ ဟာ အပုပ်ရှိတဲ့ဆီ တိုးတာ (မှန်ပါ့ ဘုရား)၊ အဲ့ဒီတော့ ဒီလင်းတ မျိုးပြုတ်မှ ကောင်းမှာ၊ သဘောကျပြီလား (ကျပါပြီ)၊ လင်းတ မျိုးပြုတ်ပြီး၊ ဟင်္သာမျိုးလို ရေလည်းကြည်မှ၊ ကြာလည်းသန့်မှ၊ ဒီထဲ ပျော် မှ ကိုက်တာ (မှန်ပါ့)။

အခုတော့ အပုပ်လည်း ရှိတယ်၊ ဒီအထဲမှာပျော်တယ် ဆိုတော့ လင်းတ မျိုးကို မကျွတ် သေးဘူး၊ မကျွတ်သေးဘူး ဆိုတာ သဘောပါပြီလား (ပါပါပြီ)။

ခေါင်းထဲတောင် ပြုတ်ဆန်ထည့်လိုက်ပါ

ဒါပြောရမည့် ဒကာ ဒကာမမို့၊ တရားက ဒီထက် ဒကာကြီးက အပုပ်ကြိုက်သေးတယ်၊ ပြောရမည့် ဒကာ ဒကာမမို့လို့ သွားပြောနေတာ၊ ကြိုက်တာက ဒီထက်ပိုနေတယ် (မှန်ပါတယ် ဘုရား)။

ဒါဖြင့် နှစ်တိုင်းလုပ်နေတာကို၊ ပျင်းတယ်လို့ ပါရဲ့ လား (မပါပါဘူး)၊ မင်းတို့ ပြုတ်ဆန်တွေ ဟာကွာ၊ ရေနွေးတွေနဲ့ အပုပ်စိမ်ရတာနဲ့ နံကနံနဲ့၊ ဒီအလုပ် မလုပ်ချင် တော့ပါဘူးလို့လာမှ မလာဘဲ (မလာပါဘူး)၊ မလာဘူး။ ခေါင်းထဲတောင် ပြုတ်ဆန်လေး ထည့်လိုက်ပါဦးမယ် (မှန်ပါ့)။

အတော်ဆိုးနေတာ၊ ဒီလောက်ထိအောင် ကိလေ သာဝါသနာဟာ အပုပ်ကြိုက်တယ်ဆိုတာ ပေါ်လာတယ် (မှန်ပါ့)၊ မပေါ်လာဘူးလား (ပေါ်လာပါတယ်)။

အမှိုက်ရှိရာ၊ ခွေးချေးခု

ဒါကြောင့် ဒကာ ဒကာမတို့က အမှိုက်ရှိရာ၊ ခွေးချေး စုတယ်ဆိုတာ မမှန်ဘူးလား (မှန်ပါတယ်)၊ ဒီအထဲ တဏှာဒိဋ္ဌိရှိတော့၊ အပုပ်တွေက ဒီချည်းလာတယ် (မှန်ပါ့)၊ တို့က အပုပ်နဲ့ အကျိုး ပေးတယ်ကွ၊ မဟုတ်ဘူးလား (ဟုတ်ပါတယ်)။

တစ်ခါနှမ်းဆီလေး ကြိတ်မယ် ကြံပြန်တော့လည်း ၊ နှမ်းဆီကတော့ ကိုတဲ့၊ တဏှာကို ကျေးဇူးပြုတယ်၊ ပြုပ်ဆန် ကတော့ ဒိဋ္ဌိကျေးဇူးပြုတယ်၊ ငါဒါနဲ့ ကြီးပွားလာတာ၊ အမလေး ကြောက်စရာ ကြီးပါလား (ရယ်ကြသည်)။

ဒကာကြီး အကျိုးပေးတော့၊ ဘုန်းကြီးတော့ လန့်လာ ပြီ၊ သူ့ဆွမ်းစားရမှာတောင် အတော် ခဲယဉ်းပါတယ်၊ သေသေ ချာချာတွေးမှနော်၊ ကိုယ့်အလုပ်က မဟုတ်ဘူးဆိုတာ ပေါ်လာတယ်။

သိကြားမင်း

သေသေချာချာ တွေးကြည့်တော့ ဘုရားသခင် ကိုယ် တော်မြတ်ကြီး၊ ဝမ်းတော်လားလို့၊ သိကြားမင်းက ကျင်ကြီး ကျုံး လာတာလေ၊ ဘေးက ရဟန်းတော်တွေက မေးကြတယ်။

သိကြားမင်း၊ ဘုရား၏ကျင်ကြီး၊ ဝမ်းလျောတာတွေ ကျုံးပြီး သကာလ ၊ ဂင်္ဂါမြစ်ထဲ သွားသွန်ရတာ၊ မင်းမှာ မနံဘူးလား။

အရှင်ဘုရား သီလ၊ သမာဓိ၊ ပညာကင်းတဲ့ ပုဂ္ဂိုလ်၏ ကျင်ကြီးကတော့ နံပါတယ်။ သီလ၊ သမာဓိ၊ ပညာ ပြည့်စုံတဲ့ ပုဂ္ဂိုလ်၏ ကျင်ကြီးကတော့ မနံပါဘူးတဲ့၊ ကျင်ကြီး ဘောင်ကွာနေတယ်၊ ခင်ဗျားတို့ ကျင်ကြီးဆိုရင် မနဲပါဘူး။

အတော်မဆိုးဘူးလား (ဆိုးပါတယ်)၊ အဲဒီလို ခက်နေ တာကွ၊ အခုဟာက အဲဒီတော့ ဒကာ ဒကာမတို့ ခန္ဓာမသန့် ရှင်းဘူးဆိုတာ သေချာသွားပြီ (မှန်ပါ့)။

ကိစ္စဉာဏ်ကိုကြိုးစားမယ်

ကိုင်း ဒါဖြင့်၊ ဝေဒနာ၊ မင်း ဘာကိစ္စရှိသတုံးပေါ့၊ ကျုပ်မှာ ဇရာ၊ မရဏ နှိပ်စက်တဲ့ ကိစ္စရှိတယ် ဆိုပြီး ပျောက်ပြသွားတယ်၊ ပျောက်ပြ သွားတာကို ဒကာသစ် မြင် လိုက်တယ်၊ ဦးမာတင်က မြင်လိုက်တဲ့ အချိန်ဟာ ဒါကိစ္စ သိတဲ့ ဉာဏ် သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် ဒီကိစ္စဉာဏ်ကို ကြိုးစားရမယ်၊ ဒီကိစ္စဉာဏ် ကြိုးစားတော့ကား ဒါလောက် အနှိပ်စက် ခံရတဲ့ ခန္ဓာမျိုးဖြင့်၊ မရချင်တော့ပါဘူးဆိုတာ ရှေ့တက် လာလိမ့်မယ်။

နှိပ်စက်ခြင်း ကိစ္စတွေအကုန်ချုပ်တယ်

လာတဲ့အခါကျလို့ရှိရင် တကယ် မရချင်ဘူး၊ ဒီကိစ္စ ကို ပိုင်ပိုင်နိုင်နိုင် သိပြီ၊ ဒီကိစ္စဉာဏ်ကို ပိုင်ပိုင်နိုင်နိုင် သိပြီ ဆိုလို့ ရှိရင် ရှေ့က ခုနက နှိပ်စက်ခြင်း ကိစ္စတွေ အကုန်ချုပ် တယ်၊ ပီဠနဋ္ဌ ကိစ္စတွေ အကုန်ချုပ်တာပဲ၊ သဘောကျပလား (ကျပါပြီ)။

ပီဠနဋ္ဌကိစ္စတွေ အကုန်ချုပ်သွားတဲ့ အခါကျတော့ နိဿရဏဋ္ဌကိစ္စ လာတယ်၊ နိဿရဏဋ္ဌ ကိစ္စ ဆိုတာ ဒီနှိပ်စက် ခံရတဲ့ကိစ္စမှ လွတ်သွားပြီဆိုတဲ့ နိဗ္ဗာန်ပေါ်လာတယ်။

နှိပ်စက်ခြင်းကိစ္စ လွတ်သွားတော့ နိဿရဏဋ္ဌကိစ္စ ပေါ်လာတယ် သဘောကျပလား (ကျပါပြီ)၊ ပီဠနဋ္ဌကိစ္စလွတ် သွားတော့ (နိဿရဏဋ္ဌကိစ္စ ပေါ်လာပါတယ်)။

ကတဉာဏ်

နှိပ်စက်ခြင်းကိစ္စကို ဆင်ခြင်ရင်းက သူပေါ်လာ တယ်၊ အဲဒီ ပေါ်လာတာမြင်တဲ့ ဥစ္စာက ဪ ဒီကိစ္စ သည် လွတ်လာတဲ့ ကိစ္စပါလားလို့ သိတဲ့ ဉာဏ်က ကတဉာဏ်၊ မဂ်ဖိုလ်မြင်တဲ့ ဉာဏ် သဘော ကျပလား (ကျပါပြီ)။

သောတာပန်တည်

ဪ ကတဉာဏ် သိလိုက်တဲ့ အခါကျတော့ သောတာပန်တည်ပြီ၊ ကတဉာဏ် မြင်လိုက်တော့ (သောတာပန် တည်ပြီ)။

သောတာပန်ဖြစ်ပြီးမှ ပေါ်တဲ့စိတ်က (၇)မျိုးကို ဟောပြီးပြီ၊ သောတာပန်ဖြစ်စဉ် (၃)ဉာဏ်နဲ့ ဟောတာ၊ သစ္စဉာဏ်နဲ့ (၁) နံပါတ်ဟောတယ်၊ ကိစ္စဉာဏ်နဲ့ (၂)နံပါတ်ဟော တယ်၊ ကတဉာဏ် ဆိုတာ ပြီးပြီလို့ သိတဲ့ဉာဏ်၊ ဘာဉာဏ် ခေါ်ကြမယ် (ကတဉာဏ်)။

အဲဒီ ကတဉာဏ် ရောက်အောင် ဘုန်းကြီးကဖြင့် ဟောခဲ့တာပဲ၊ ဒကာကြီးက ဒီဥစ္စာ၊ ငါ ကတဉာဏ် မရောက် သရွေ့ကာလပတ်လုံး၊ ဟင်္သာတမှာ ဦးမာတင်လို့ လူသိများ သော်လည်း၊ ပညာရှိနှင့်တကွ အရိယာမျက်လုံးနဲ့ ကြည့်လိုက် တဲ့ အခါကျတော့ ငါအကန်း ရှိသေးတယ်၊ ကတဉာဏ် မရောက်သေးဘဲကို (မရောက်သေးပါ ဘုရား)။

ကတဉာဏ်မရောက်သေးရင်အကန်း

ကတဉာဏ်မရောက်သေးတော့ အကန်းပဲရှိနေ တော့၊ ဒီအကန်းဆေးကုတဲ့ ဆရာဖြင့် ငါ့ဆရာပဲ၊ ဆေးကု ဖို့ဆေးလည်း ပေးထားလျက်သားနဲ့၊ ဒီဆေးကို အဖန်ဖန် မသုံးစွဲလို့ရှိရင်ဖြင့် ဒီအကန်းနဲ့ ကျေနပ်လို့ပဲ (တင်ပါ ဘုရား)၊ နာနာဆိုတယ်လို့ မအောက်မေ့ပါနဲ့။

အကန်းနဲ့ ကျေနပ်နေမှာသိပ်စိုးတယ်

နာနာဆိုတယ်လို့ မအောက်မေ့ပါနဲ့၊ အကန်းနဲ့ ကျေနပ်နေမှာသိပ်စိုးတယ် (ဆိုနိုင်မှ တော်ရုံ ရှိမှာပါ ဘုရား)။

ဆိုနိုင်မှတော်ရုံရှိမှာ၊ အပါယ်ကောင်းလွန်းလို့ ထင် တယ် (ရယ်ကြသည်)။

ခန္ဓာကိုယ်၊ ကိစ္စဉာဏ်နဲ့ (၁၀)မိနစ်ခန့်ကြည့်

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ သစ္စ ဉာဏ်လည်း သိပြီ၊ ကိစ္စဉာဏ်လည်း သိပြီ၊ ကတဉာဏ် လည်း သိပြီး သကာလ အခု တစ်နေ့ ကတည်းက လျှောက်ထားတယ်၊ အဝတ်သင်္ကန်းတွေ ဖြင့် ဆရာ ဘုန်းကြီး လာတဲ့အခါ လှူဖို့ လုပ်ထားပါတယ် ဆို တာ ကိုယ့်ခန္ဓာ ကိစ္စဉာဏ်နဲ့ ဆယ်မိနစ်လောက် ကြည့်ကြပါ။

ဒီကိစ္စမှလွတ်လိုတဲ့ဉာဏ်နဲ့လှူပါ

ကြည့်လို့ကိစ္စဉာဏ်နဲ့ မြင်တဲ့အခါကျတော့ ဒီကိစ္စမှ လွတ်လိုတဲ့ ဉာဏ်နဲ့ လှူပါတယ်ဘုရားဆိုပြီး ခဏနှလုံးသွင်း ကြ (မှန်ပါ့)။

(အားလုံးကန်တော့ကြပါသည်)

ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ၊ ဆရာ သမားတို့အား ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပူဇော် ဖူးမျှော် မာန်လျော့ ကန်တော့ကြရသော ၊ တေဇဝန္တပဏာမစေတနာ၊ သဒ္ဓါပညာ၊ ဝီရိယ တို့ကြောင့်၊ အန္တရာယ်ခပ်သိမ်း၊ ဘေးခပ် သိမ်း ကြောင့်ကြခပ်သိမ်း၊ ဗျာပါရ ခပ်သိမ်းတို့မှ ကင်းငြိမ်း လွတ်ပျောက် မရောက်ကြကုန်သည်သာလျှင်ဖြစ်၍ မအိုရာ၊ မနာရာ၊ မသေရာဖြစ်တဲ့ နိဗ္ဗာန်ကို၊ ကိစ္စဉာဏ်က၊ ကတဉာဏ်ကူး၍ နိဗ္ဗာန်သို့ မျက်မှောက်ပြုနိုင်သည်ဖြစ်စေ။

(အားလုံးသီလယူကြပါသည်)

(သင်္ကန်းကပ်ပါသည်)

အလှူရေစက်ချတရားတော်

အကျွတ်ကြီးကျွတ်ရပါလို၏ အရှင်ဘုရား၊ ယခုမြင် သော ကိစ္စဉာဏ်မှ ကတဉာဏ်သို့၊ ကူးမြောက်ရပါလို၏။ အရှင်ဘုရား၊

ဣဒံမေ ပုညံ အာသဝက္ခယံ ဝဟံ ဟောတု။

မေ အမှာကံ – တပည့်တော်၊ တပည့်တော်မတို့၏ ဣဒံ ပုညံ ဤကောင်းမှုသည်၊ အာသွက္ခယံ၊ ဘုံဘဝ၌၊ မြုပ်တတ်၊ မျောတတ်သော၊ အာသဝေါတရား လေးပါးတို့၏ ကုန်ရာ ဖြစ်သော နိဗ္ဗာန်ကို ၊ ဝဟံတော- ကျွန်ုပ်တို့မြင်သော ကိစ္စဉာဏ်က၊ နိဗ္ဗာန်ကို ကတဉာဏ် အဖြစ်ဖြင့် မျက်မှောက် ပြုနိုင်သည်၊ ဟောတု – စင်စစ်မသွေ ဖြစ်ပါစေသတည်း။

(အားလုံးကြားကြားသမျှ အမျှယူတော်မူကြပါခင်ဗျား)

သာဓု – သာဓု – သာဓု။