271

နိဗ္ဗာန်အကြောင်း (၁)

အသံဖိုင်ခေါင်းစဉ်= ရှင်ယမကရဟန်း ဥပမာပြ အမှတ်(၁) ဒုက္ခပျောက်ရေးမဂ်ရေအေး

စာအုပ်ခေါင်းစဉ်= နိဗ္ဗာန်အကြောင်း (၁)

မိုးကုတ်ဝိပဿနာအဖွဲ့ချုပ်၏ အမှာစာ

မိုးကုတ်ဆရာတော် ဘုရားကြီးက အသေအချာ ဟောကြားထားတော်မူသည်မှာ “နိဗ္ဗာန် သဘောမကျဘဲ ဝိပဿနာ အားထုတ်နေလျှင်မရပါ”ဟု ဖြစ်ပါသည်။ မြန်မာ လူမျိုး ဗုဒ္ဓဘာသာဝင်များ နိဗ္ဗာန်နှင့် ပတ်သက်၍ နားလည်ထား သင့်ပါသည်။ သို့သော် သိရှိရန်မှာ သိမ်မွေ့နက်နဲ ခက်ခဲလှ သဖြင့် မိုးကုတ်ဆရာတော် ဘုရားကြီး၏ နိဗ္ဗာန်တရားတော်များ ကို စုပေါင်းပြုစုပြီး ရေးသား လိုက်ရပါသည်။

နိဗ္ဗာန်ဆိုတာရှိပါသလား

အရှင်နာဂသိန် မထေရ်မြတ်ကို မိလိန္ဒမင်းကြီးက- “အရှင် ဘုရား နိဗ္ဗာန်ဆိုတာ ရှိပါသလား” ဟု မေးသဖြင့် မထေရ်မြတ် က “မင်းကြီး-နိဗ္ဗာန်သည်ရှိသည်” ဟု ဖြေကြားတော်မူသည်။ မင်းကြီးက ဆက်လက်၍ “အရှင်ဘုရားနိဗ္ဗာန်သည် ပစ္စုပ္ပန် လား၊ အတိတ်လား၊ အနာဂတ်လား၊ ဘယ်ကာလမှာ ရှိပါသလဲ” ဟု မေးရာ မထေရ်မြတ်က – “အားလုံး မဟုတ်ပါ။ နိဗ္ဗာန်ရှိ သည်မှာ မှန်သည်၊ သို့သော် ကာလသုံးပါးက အလွတ်ဖြစ် သည်” ဟု ဖြေဆိုတော်မူသည်။

နိဗ္ဗာန်ဟာ မရှိဘူးလို့ဆိုရမှာလား

မင်းကြီးက – “အရှင်ဘုရား၊ ဒါဖြင့် နိဗ္ဗာန်မရှိပါဟု ဆိုရမှာပေါ့ဘုရား” ဟု လျှောက်ထားပြန်ရာ မထေရ်မြတ်က ဥပမာပြ၍ ဖြေဆိုတော်မူပါသည်။

“မင်းကြီးဝါးစိမ်းနှစ်လုံးထဲတွင် နဂိုက မီးရှိနှင့်သလား” ဟုမေးရာ “မရှိနှင့်ပါ” ဟု ဖြေသဖြင့် “ယင်းဝါးနှစ်လုံးကို အချင်း ချင်း ကြာကြာပွတ်တိုက်လိုက်လျှင် မီးရှိမလာပေဘူးလား” ဟု မထေရ်မြတ်က မေးပြန်ရာ မင်းကြီးက – “မီးရှိလာပါတယ် ဘုရား” ဟု ဖြေကြားတော်မူသည်။ ဆက်လက်၍ “မင်းကြီး ထိုဥပမာအတိုင်းပင် နိဗ္ဗာန်သည် ကာလသုံးပါးက အလွတ်ဖြစ်သော်လည်း အားထုတ်မှု လုံ့လဝီရိယ အစွမ်းကြောင့် ပေါ်လာရ သည်။ အားထုတ်သူအဖို့၌ နိဗ္ဗာန်သည်ရှိသည်ဟု မှတ်ရမည် ဖြစ်ကြောင်း” မထေရ်မြတ်က ဖြေဆိုသဖြင့် မင်းကြီးက “မှန်လှပါ သဘောကျ၊ ကျေနပ်ပါပြီဘုရား” ဟု လျှောက်ထား တော်မူသည်။

နိဗ္ဗာန်သည် လုံးရပ်သဏ္ဌာန်နှင့် ထင်ရှားရှိပါ သလား

မိလိန္ဒမင်းကြီးက- “အရှင်ဘုရား နိဗ္ဗာန်ဟာ အထည် ဒြပ် သဏ္ဌာန်နဲ့ ထင်ရှားရှိပါသလား၊ ထင်ရှား မရှိဘူးလား” လို့ မေးလျှောက်သဖြင့် ရှင်နာဂသိန်မထေရ်က-

“ဒကာတော် မင်းကြီး နိဗ္ဗာန်ဟာ ဒြပ်သဏ္ဌာန်နဲ့တော့ ထင်ရှားမရှိဘူး”ဟု ဖြေသဖြင့် မင်းကြီးက-

“ဒါဖြင့်ဘုရား နိဗ္ဗာန်ဟာ ထင်ရှားမရှိဘူး ဆိုရင် နိဗ္ဗာန်ကို အာရုံပြုတယ် ဆိုတဲ့စကားသည် အလကား မဖြစ်ပေဘူးလား” ဟု မေးပြန်ပါသည်။

ရှင်နာဂသိန်က ယခင်ဥပမာအတိုင်း ဖြေဆိုရာ၌ “ဝါးနှစ်လုံးထဲမှာ နဂိုက မီးမပါသော်လည်း ပွတ်ပါများလျှင် မီးထွက်လာပြီး မပွတ်လျှင် မီးမထွက်သကဲ့သို့ နိဗ္ဗာန်သည် အားထုတ်မှ ပေါ်လာသည်၊ အားထုတ်တဲ့ပုဂ္ဂိုလ်မှသာ မြင်နိုင် သည်၊ တွေ့နိုင်သည်၊ အားမထုတ်လျှင် မမြင်နိုင်ပေဘူး” ဟု မိန့်တော်မူသည်။ နိဗ္ဗာန်သည် အားထုတ်သူများအတွက် ကိုယ့်အနားမှာပင်ရှိသည်။ မီးပွတ် ယောက်ျား ကဲ့သို့ မနေမနား အားထုတ်ရမည်ဖြစ်သည်။

နိဗ္ဗာန်သည်တည်ရာရှိပါသလား

မိလိန္ဒမင်းကြီးက- “နိဗ္ဗာန်ဟာ တည်ရာရှိပါသလား၊ ဘယ်နေရာမှာ တည်နေပါသလဲ” လို့ မေးသဖြင့် ရှင်နာဂသိန် က – “ဒကာတော်မင်းကြီး နိဗ္ဗာန်ဟာ တည်ရာမရှိဘူး၊ ဘယ်နေရာ တည်တယ်လို့ မဆိုနိုင်ဘူး” လို့ ဖြေဆိုသဖြင့် မင်းကြီးက- “အရှင်ဘုရား ဒါဖြင့် နိဗ္ဗာန်ဟာ မရှိတော့ ဘူးလား၊ နိဗ္ဗာန် ရတယ် ဆိုတာ ဘယ်လိုနည်းနဲ့ ရနိုင်ပါသလဲ”

နိဗ္ဗာန်ရတယ်ဆိုတာ ဘယ်လိုရနိုင်ပါသလဲ

အရှင်နာဂသိန်က – “မင်းကြီး နိဗ္ဗာန်ရှိတာ မှန်သည်၊ သို့ရာတွင် နိဗ္ဗာန်ကို ကံတိုက်လို့ဖြင့် ဘယ်နည်းနှင့်မှ မရနိုင်ပါ။ ဉာဏ်တိုက်မှသာ ရနိုင်ပါသည်၊ ဒါန၊ သီလ၊ သမထမှုဖြင့် ရနိုင် ရောက်နိုင်ရန် အခွင့်မရှိပါ၊ ဝိပဿနာ ဘာဝနာကို အခါခါပွား ယူမှ ရနိုင် ရောက်နိုင်သည်၊ ဝိပဿနာဉာဏ် ထက်သန်သဖြင့် တစ်ဆင့်တက်ပြီး မဂ်ဉာဏ်ကျမှ နိဗ္ဗာန်ရနိုင်ကြောင်း” ဖြေကြား တော်မူသည်။

နိဗ္ဗာန်ရချင်ရင် ဘာလုပ်ရမှာလဲ

“နိဗ္ဗာန်ရချင်ရင် ရှေ့က ဝိပဿနာ သမ္မာဒိဋ္ဌိနဲ့ ကြိုးစား ပြီး ခန္ဓာမှာ ပေါ်လာသမျှ ဖြစ်ပျက် ရှုရပါမည်၊ ရှုအားများလာ၍ ဉာဏ်ရင့်လာရင် ရှုနေရင်းနှင့် ဖြစ်ပျက် မရှိသောဘက်သို့ ဉာဏ်လှည့် သွားသည်၊ အဲဒါ နိဗ္ဗာန်ပင် ဖြစ်ကြောင်း” ရှင်နာဂသိန် က အမိန့်ရှိပါသည်။

ဆရာတော်ဘုရားက နိဗ္ဗာန် ရလို၊ ရောက်လိုလျှင် ပဋိစ္စသမုပ္ပါဒ် ဖြတ်ပုံဆက်ပုံ နားလည် အောင် လုပ်ပါ။ ပဋိစ္စသမုပ္ပါဒ် နားမလည်လျှင် ဘယ်တော့မှ မရဟု ဆုံးဖြတ် ချက်ချရန် မိန့်ကြားပြီး ပဋိစ္စသမုပ္ပါဒ် နားလည်အောင် ကြိုးစား အားထုတ်ရန် အကြိမ်ကြိမ် တိုက်တွန်းထားပါသည်။

အဂ္ဂိဝစ္ဆပုဏ္ဏား မေးသဖြင့် နိဗ္ဗာန်နှင့် ပတ်သက်၍ မြတ်စွာဘုရား ဟောကြားရာတွင် ဖြစ်ပျက်ရှု သောအယူ၊ ဖြစ်ပျက်မြင်သော အယူသည် ငါဘုရား၏ အယူဖြစ်သည်၊ ရရှိသော အကျိုးကျေးဇူးများမှာ ဖြစ်ပျက် ရှုသဖြင့် တဏှာ၊ မာန၊, ဒိဋ္ဌိချုပ်ပြီး ကိလေသာချုပ်၊ ခန္ဓာချုပ်ပါသည်၊ သမုဒယသစ္စာ ကိလေသာသည် မီးဖြစ်ပြီး ခန္ဓာသည် လောင်စာဖြစ်ရာ လောင်စာသိမ်း၍ မီးငြိမ်းသွားခြင်းသည် နိဗ္ဗာန် ဖြစ်ပါသည်။

ဝဋ်ကျွတ်ခြင်းသဘောဖြင့် ကြည့်ပါလျှင် ကိလေသာဝဋ် ဖြစ်သော တဏှာနှင့် ဥပါဒါန် ချုပ်ပျောက် ခြင်းကြောင့် ကမ္မဝဋ် ဖြစ်သော ကံ မလာတော့ပါ၊ ဝိပါကဝဋ်ဖြစ်သော နောက်ခန္ဓာ ငါးပါးလည်း မဖြစ်သဖြင့် ဝဋ်သုံးပါးကျွတ်သွားခြင်းသည် နိဗ္ဗာန် ဖြစ်ပါသည်။

ပဋိစ္စသမုပ္ပါဒ် သဘောမှာ တဏှာ၊ ဥပါဒါန်၊ ကံ အကြောင်းချုပ်သဖြင့် အကျိုးခန္ဓာချုပ်ခြင်းသည် နိဗ္ဗာန်ဖြစ်သည်။

သစ္စာအလိုမှာ သမုဒယသစ္စာသုံးပါး ချုပ်သဖြင့် ဒုက္ခသစ္စာ ခန္ဓာငါးပါးချုပ်ခြင်းသည် နိဗ္ဗာန် ဖြစ်ပါသည်။ သို့ဖြစ် ၍ ပဋိစ္စသမုပ္ပါဒ်တရားတော်အတိုင်း အကြောင်းချုပ်၍ အကျိုး ချုပ်ခြင်းသည် နိဗ္ဗာန် ပင်ဖြစ်ပါသည်။

နိဗ္ဗာန်သည် နာမ်၊ရုပ်သဘောရှိပါသလား

နိဗ္ဗာန်သည် ရှိပါသလား- မရှိဘူးလား ဟု မေးပါလျှင် မြတ်စွာဘုရားက ရဟန်းတို့ နိဗ္ဗာန်သည် ရှိသည်ဟု ဟောကြား ထားပြီးဖြစ်သည်။ နိဗ္ဗာန်သည် နာမ်သဘော၊ ရုပ်သဘော ရှိပါသလား မေးပါလျှင် ငြိမ်းအေးသော သဘောရှိပါသည်။ အေးချမ်းသောနေရာကလေးသည် ငြိမ်ငြိမ်သက်သက် သဘော သတ္တိရှိသည်၊ ရွှေ့ပြောင်းသော သဘောမရှိ၊ လုံးရပ်သဏ္ဌာန် မရှိဟု မြတ်စွာဘုရားက ဟောကြားတော်မူပါသည်။

ကိလေသာသိမ်း၊ ခန္ဓာသိမ်းသောပုဂ္ဂိုလ်သည် ငြိမ်းအေး – သော သဘောသာ ရောက်သွားသည်။ ဘယ်မှမသွားပါ။

လောင်စာသိမ်း၍ မီးငြိမ်းသောသဘောရှိသည်၊ နိဗ္ဗာန်သည် ရှုသောပုဂ္ဂိုလ်၌ ကိုယ်တိုင် မြင်ရသော တရားမျိုးဖြစ်ပါသည်။

နိဗ္ဗာန်ကို အားလုံးသော ပုဂ္ဂိုလ်များ ရနိုင်ပါသလားဟု မေးပါလျှင် ရှင်နာဂသိန် မထေရ်မြတ်က ဖြေကြားထားသည် မှာ အားလုံးသော ပုဂ္ဂိုလ်တို့ မရနိုင်ပေဘူးဟု မြွက်ကြားပါသည်။

နိဗ္ဗာန်ကို ဘယ်လို ပုဂ္ဂိုလ်များ ရနိုင်ပါသလဲ

မိလိန္ဒမင်းကြီးအား ရှင်နာဂသိန်မထေရ်မြတ်က မိန့်ကြားရာတွင်- မင်းကြီး “အဘိညေယျ အဘိဇာနာတိ” ထိုးထွင်းပြီး သိရမည့် တရားဖြစ်သဖြင့် ထိုးထွင်းပြီးသိသော ပုဂ္ဂိုလ် မှသာ နိဗ္ဗာန်ကို ရနိုင်သည်ဟု ဖြေတော်မူပါသည်။

နိဗ္ဗာန်ချမ်းသာသည် ဘယ်ချမ်းသာနှင့်တူပါသလဲ

မိလိန္ဒမင်းကြီးက အရှင်ဘုရား နိဗ္ဗာန်ချမ်းသာသည် ဘယ်ချမ်းသာနှင့် တူပါသလဲ ဟု မေးမြန်း သဖြင့် ရှင်နာဂသိန် မထေရ်မြတ်က- မင်းကြီး ဥပမာအားဖြင့် ပြောရရင် ပဋိသန္ဓေ ကတည်းကပင် မျက်စိ မမြင်သောလူက အဖြူဆိုတာ ဘယ်လို ဟာတုံး၊ အနီဆိုတာ ဘယ်လိုဟာတုံး၊ နေဆိုတာ ဘာနှင့် တူသတုံးလို့ မေးတာနှင့် တူနေပါသည်။ သူ့မှာ မျက်စိပါမလာ သဖြင့် လောက၌ရှိသော အရာဝတ္ထုများကို မည်သို့မျှ ခွဲခြမ်းပြီး၊ သိနိုင်မည်မဟုတ်ပါ။

ဤဥပမာအတိုင်း လောကတွင် ရှိနေကြသော လောက သားများအဖို့ လောကနှင့်တန်သော မျက်စိသာ ပါလာကြပါ သည်။ လောကထက်လွန်သော၊ လောကမှာရှိသော ချမ်းသာမျိုး များနှင့် နှိုင်းယှဉ်မရသော လောကုတ္တရာ နိဗ္ဗာန် ချမ်းသာသည် လောက၌ မည်သည့်ချမ်းသာနှင့်မှ တူသည်ဟု မဆိုနိုင်ပါ။ နိဗ္ဗာန်နှင့် တူသောချမ်းသာသည် လောက၌ မရှိဟု မှတ်ရန် ဖြေဆိုတော်မူပါသည်။

အကြောင်းသုံးပါးလွတ်သော နိဗ္ဗာန်

မိလိန္ဒမင်းကြီးက – အရှင်ဘုရား ကံအကြောင်းတရား၊ ဟေတုအကြောင်းတရား၊ ဥတု အကြောင်းတရား စုသည်တို့နှင့် မပတ်သက်သော တရားကို ပြောကြားပါရန် လျှောက်ထား သဖြင့် ရှင်နာဂသိန်မထေရ်က- မင်းကြီး ဟာလာဟင်းလင်းဖြစ် နေသော ကောင်းကင်ကြီးသည် ဘယ်သူမှ လုပ်ထားခြင်း မဟုတ် ပါ။ အကြောင်းတရား သုံးပါးမှ လွတ်ပါသည်။ နိဗ္ဗာန်သည်လည်း ကံက လုပ်ထားခြင်း မဟုတ်ပါ။ ဟေတုအစရှိသည်တို့က လုပ်ထားခြင်းလည်း မဟုတ်သဖြင့် အကြောင်း သုံးပါး လွတ်ပြီး အမြဲတမ်း ရှိသည်ဟု ဖြေဆိုတော်မူပါသည်။

ဉာဏ်ကပို့မည့်နိဗ္ဗာန်

နိဗ္ဗာန်သည် ကံအကျိုးမဟုတ်ပါ၊ အကြောင်းကံက လုပ်ထားခြင်းမဟုတ်ပါ၊ ဉာဏ်အကျိုးဖြစ်၍ နိဗ္ဗာန်သွားလိုလျှင် ဉာဏ်စခန်းအလုပ် လုပ်ရမည်ဖြစ်သည်။ ဉာဏ်နှင့် လုပ်ရမည် မှန်သော်လည်း နိဗ္ဗာန်သည် ဉာဏ်က လုပ်ထားသော နိဗ္ဗာန် မဟုတ်ပါ၊ ဉာဏ်ကပို့မည့် နိဗ္ဗာန်သာ ဖြစ်ကြောင်း ဆရာတော် ဘုရားက ဟောပါသည်။

ဉာဏ်၏လက္ခဏာ

မိလိန္ဒမင်းကြီးက အရှင်ဘုရား ဉာဏ်၏ လက္ခဏာကို ပြောကြားပါရန် လျှောက်ထားသဖြင့် ရှင်နာဂသိန် မထေရ်က ဒကာကြီး ဉာဏ်ဆိုသည်မှာ ထိုးထွင်း သိမြင်သော စွမ်းရည်သတ္တိ ရှိသည်၊

ဥပမာ – ဒကာကြီး မှောင်ထဲမှာ မီးထွန်းလိုက်ပါ။ အမှောင်ပျောက်ပြီး အလင်းရောက်ပါသည်၊ သို့ဖြစ်၍ မီးသည် အလင်းပေးသည်၊ အမှောင်ပျောက်သည်၊ ရှိနေသော ပစ္စည်းကို မြင်အောင်ပြသည်၊ ထို့အတူပင် ဉာဏ်၏ လက္ခဏာသည် အဝိဇ္ဇာအမှောင်ကို ဖျောက်ပေးသည်။ ပညာတည်းဟူသော အရောင် အလင်းလည်း ထွက်သည်၊ ရှိနေသော နိဗ္ဗာန်ကိုလည်း ပြပါသည်။

နိဗ္ဗာန်ကို ဘာကြောင့် မတွေ့မမြင်ကြပါသလဲ

နိဗ္ဗာန်ကို မတွေ့၊ မမြင်၊ မရောက် ကြခြင်းသည် အဝိဇ္ဇာ အမှောင်ထုကြီး ရှေ့က ခံနေ၍ ဖြစ်သည်၊ ပညာ အလင်းရောင် မရှိသဖြင့် အမြဲတမ်းရှိသော နိဗ္ဗာန်ကို မတွေ့ရခြင်းဖြစ်သည်။ သို့ဖြစ်၍ နိဗ္ဗာန်တွေ့နိုင်ရန် ဉာဏ်ကို အရေးထားရမည်၊ ဉာဏ် ကမှ နိဗ္ဗာန်ကို မြင်နိုင်ကြောင်း ဟောကြားတော် မူသည်။

နိဗ္ဗာန်ကို ဘယ်လိုတွေ့နိုင်မလဲ

နိဗ္ဗာန်သည် ဖြစ်ဆဲလည်းမဟုတ်၊ ဖြစ်ပြီးလည်း မဟုတ်၊ ဖြစ်လတ္တံ့တရားလည်းမဟုတ်၊ သူတစ်ပါးက ဖြစ်စေတဲ့ တရား လည်းမဟုတ်၊ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် ကာလသုံးပါးက လွတ်သည်ဟု အမိန့်ရှိထားရာ မိလိန္ဒမင်းကြီးက-အရှင်ဘုရား နိဗ္ဗာန်ကို ဘယ်လိုတွေ့နိုင်မလဲ၊ တွေ့အောင် ဘယ်လို ရှာရမလဲ ဟု မေးမြန်းသဖြင့် မထေရ်မြတ်က အရှင်မင်းကြီး နိဗ္ဗာန်သည် ကာလသုံးပါးက အလွတ်ဖြစ်သော်လည်း နိဗ္ဗာန်ကို မနောနှင့် တွေ့နိုင်သည်၊ နိဗ္ဗာန်တွေ့လိုလျှင် မနောနှင့်ရှာရမည်၊ မနောမှာ တွေ့နိုင်သည်ဟု ဖြေဆိုတော်မူသည်။

နိဗ္ဗာန်ကို ဘယ်မနောနှင့်ရှာမလဲ

နိဗ္ဗာန်ကို စင်ကြယ်သော မနောနှင့် ရှာရမည်၊ စင်ကြယ် သော မနောသည် ကိလေသာ မရောသော မနောကို ပြောခြင်း ဖြစ်ရာ နိဗ္ဗာန်မြင်လိုလျှင် စင်ကြယ်သော ဉာဏ် ကိုယ်ပိုင်ရ အောင် လုပ်ရပါမည်။ ကိလေသာနှင့် အဆက်အသွယ်ပြတ် သော မနောသည် မဂ်ဉာဏ်ဖြစ်၍ နိဗ္ဗာန်ကို အာရုံပြုနိုင်ပါ သည်။ သို့ရာတွင် ဝိပဿနာရှုခြင်းသည် အာသဝနယ်ထဲမှ စိတ်ကို ရှုနေခြင်းသာဖြစ်၍ ဝိပဿနာဉာဏ် နှင့်လည်း နိဗ္ဗာန်ကို အာရုံ မပြုနိုင်သေးပါ။ နိဗ္ဗာန်ကို မမြင်နိုင်သေးပါ။

နိဗ္ဗာန်ကို ရှာလိုလျှင် ကိုယ့်ကိုယ်ကိုယ် အဆင့်ဆင့်တက် ခြင်းဖြင့် စင်ကြယ်လာလျှင် ဉာဏ်ထက် လာမည်၊ ကိလေသာ ဝေးလေလေ ဉာဏ်ထက်လာလေလေဖြစ်သဖြင့် ဉာဏ် စင်ကြယ် လာမည်၊ စင်ကြယ်ရင် နိဗ္ဗာန်မြင်သည်ဟု မှတ်ရန် ဆရာတော်ဘုရားက ဟောကြားပါသည်။

နိဗ္ဗာန်ကိုယ်တိုင်ရအောင် လုပ်ထားကြပါ။

ဆရာတော်ဘုရားက – တို့ဒကာတွေ အင်မတန် ကံကောင်းကြလို့ပဲ၊ ဘုရားဟောတော်မူတဲ့ တရားတော်တွေ ဆရာကောင်း သမားကောင်းနဲ့ တွေ့ကြရလို့ သိကြရတာ၊ အကြောင်းအကျိုး နားလည် ကြရတာ၊ သာမည မအောက်မေ့ ကြနဲ့၊ နက်နက်နဲနဲသိတဲ့ ပုဂ္ဂိုလ်က သူ သိသလို သိပါစေ ဆိုတဲ့ စေတနာနဲ့ တိုက်တွန်းတဲ့ ကိစ္စဖြစ်တယ်၊ ပြောပြတဲ့ပုဂ္ဂိုလ် ကလည်း သူ့ပါရမီနဲ့သူ လာပေလို့ ပြောပြနိုင်တယ်၊ လေးလေး စားစား လိုက်နာအားထုတ်ကြ၊ ကိုယ့်အနိစ္စမကြုံခင် ကိုယ်မသေ ခင်မှာသာ ကိုယ့်သာသနာ ရှိတာပါ၊ အချိန် များများစားစား မရှိတော့ဘူး၊ ထမင်းမစား ရချင်နေပါစေ၊ ဒီအလုပ်ဖြင့် အရင်ပြီးအောင် လုပ်လိုက်ကြပါလို့ လေးလေးနက်နက်ကြီး တိုက်တွန်းပါ တယ်ဟု ဟောကြား တော်မူပါသည်။

(၁၅၊ ၈၊ ၁၉၉၅)

ဆရာဦးစောလှိုင်။

***********

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့၌ ဟောကြားတော်မူသောတရားတော်

နိဗ္ဗာန်အကြောင်း (၁)

(၂၁၊ ၁၁၊ ၆၀)

သံသရာမှ ဖြတ်စေတတ်တဲ့တရား နာပါ

တရားနာတယ်ဆိုတာက အသက်ရှင်တုန်း နာနိုင်ကြ တယ်နော် (မှန်ပါ)၊ အသက်ရှင်တုန်း နာနိုင်ကြတော့ ဘာကို နာရမလဲလို့ မေးလို့ ရှိရင်ဖြင့် သံသရာမှ ပြတ်စေ တတ်တဲ့ တရားကို အသက်ရှင် နေတုန်း နာရမယ် (မှန်ပါ)၊ နို့မို့ ဒီခန္ဓာကြီးဟာ သံသရာလို့ မှတ်ထားကြပါ (မှန်ပါ)။

ခန္ဓာဟာသံသရာပဲတဲ့။ ဘာတုံးဆိုတော့ ဒကာ ဒကာမတို့၊ ဒီဘဝမှာ စုတိဆိုတဲ့ ခန္ဓာကြီးနဲ့ စုတိစိတ်ကျတယ်၊ ဘာ သစ္စာနဲ့ လဲ (ဒုက္ခသစ္စာနဲ့ ပါ)၊ ဪ စုတိ ဒုက္ခ သစ္စာနဲ့ ဒီဘဝမှာ ဒကာ ဒကာမတွေ ဇာတ်သိမ်း ရတယ် (မှန်ပါ)၊ စုတိပြီးတော့ကို သံသရာ ဆက်လာတော့မယ် ဆိုရင် ပဋိသန္ဓေ ဆိုတာ လာတော့မယ် (မှန်ပါ)၊ တစ်ခုခုသော ဝမ်းခေါင်းထဲ၌ ပဋိသန္ဓေဆိုတာ နေကြ ရလိမ့်မယ်၊ ကံပစ်ချ သလို မနေရပေဘူးလား (နေရပါတယ်)။

ပဋိသန္ဓေဆိုတာ ဒုက္ခသစ္စာ

ကဲ နေတာ နေရပါစေတော့ ဒီပဋိသန္ဓေဆိုတော့ လည်း ဇာတိ၊ “ဇာတိပိ ဒုက္ခာ” လို့ဆိုတဲ့ အတိုင်း သစ္စာတရား ဖြစ်လေသောကြောင့် ဒကာ ဒကာမတွေသည် ဘယ်သစ္စာနဲ့ တစ်ခါ တွဲရပြန်သလဲ လို့ မေးဖို့ မလိုဘူးလား (လိုပါတယ် ဘုရား)၊ ပဋိသန္ဓေ ဆိုတာ ဘာသစ္စာ (ဒုက္ခသစ္စာပါ)၊ ဪ ဒုက္ခသစ္စာနဲ့ တွဲနေရတယ် (မှန်ပါ)။

သေတုန်းက ဘယ်သစ္စာနဲ့ သေခဲ့ကြသလဲ (ဒုက္ခ သစ္စာနဲ့သေခဲ့ကြတယ်)၊ ပဋိသန္ဓေ နေတယ် ဆိုတော့ နေတဲ့ သစ္စာ ကလည်း ဒကာသစ်ရေ၊ ဘာသစ္စာပါလိမ့် (ဒုက္ခ သစ္စာပါ)။

ဒကာကြွယ်ရေ၊ ဦးလှဖူးရေ ဒုက္ခသစ္စာနဲ့ သေပြီး ဒုက္ခသစ္စာနဲ့ နေရတယ် (မှန်ပါ)၊ ဘယ်မှာ ကံကောင်း အကြောင်းသင့်တယ် ဆိုတဲ့ စကား သုံးနိုင်စရာ မြင်သေးရဲ့ လား (မမြင်ပါ ဘုရား)၊ သေတုန်းက ဘာသစ္စာ (ဒုက္ခ သစ္စာပါ ဘုရား)၊ နေတော့ (ဒုက္ခသစ္စာပါ)။

နောက်ဘဝနေပြီးသည်၏ အခြားမဲ့၌ အိုတယ် ဆိုတဲ့ ထိုတရားကြီးနဲ့ နေရပြန်တော့လည်း ဘာသစ္စာတုံး။ (ဒုက္ခသစ္စာပါ)၊ ဇရာပိ ဒုက္ခာ ဆိုတဲ့ ဒုက္ခသစ္စာနဲ့ပဲ ဦးလှဖူး တို့၊ ဒကာကြွယ်တို့ နေကြရပြန်တယ် (မှန်ပါ)။

တစ်ခါ နာကြ၊ ကျဉ်ကြ၊ ကိုက်ကြ၊ ခဲကြပြန်တော့ ဘယ်သစ္စာနဲ့ နေရသလဲ (ဒုက္ခသစ္စာနဲ့ နေရပါတယ်)၊

ဪ ဒီဝေဒနာက ဒီတောင်က မတက်ပြန်ဘူးဆိုတော့ လည်း သေပွဲ ဝင်ရတယ် (မှန်ပါ)၊ သေပွဲ ဝင်ရတော့လည်း ဘာသစ္စာပါလိမ့် (ဒုက္ခသစ္စာပါ ဘုရား)၊ ဪ ဒါဖြင့် သေတာတော့ အထူးအဆန်း မဟုတ်ပါဘူး၊ သေရတာပါပဲ ဆိုပြီး စုတိပြီးနောက် တစ်ခုသော ဝမ်းခေါင်း ပဋိသန္ဓေ နေရပြန်တော့ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ)။

ဒုက္ခစက်ကြီးသာ လှည့်နေတယ်

အဲ့ဒီမှာ ဒကာသစ်တို့ အားလုံးသော ဒကာ ဒကာမ တွေက စဉ်းစားကြပါတော့၊ ကျုပ်တို့ဖြင့် ဒုက္ခစက်ကြီးသာ လှည့်နေတော့တယ် (မှန်ပါ)၊ ဘာလှည့်နေပါလိမ့် (ဒုက္ခစက်ကြီးသာ လှည်နေ ပါတယ်)။

ဒုက္ခစက်ကြီးသာ လှည့်နေတော့တယ်ဆိုတဲ့ ဥစ္စာ ဒါ ကျုပ်တို့၏ ဖြစ်စဉ် အတန်းအဝိုင်း ကြီးပေါ့ဗျ (မှန်ပါ)။ ကျုပ်တို့၏ ဖြစ်စဉ်အဝိုင်းကြီးဟာ ဒါပဲဆိုတာ ဒကာ ဒကာမ တွေက မှတ်ပြီး သကာလ ထားတော့ ဪ တို့လူဘဝ၊ နတ်ဘဝ၊ ဗြဟ္မာဘဝလို့ ပြောဆို သံတော့ ကြားဖူးပါရဲ့၊ ခန္ဓာတွေ လှည့်ပတ်နေပုံ ကြည့်ရတာကတော့ အဲ့ဒီ ပြောဆိုသံကြားတာနဲ့ ခန္ဓာလှည့်နေပုံနဲ့ ဖြင့် တခြားစီပဲ (မှန်ပါ)၊ ခန္ဓာလှည့်နေ ပုံကတော့ ဘာစက်ကြီး လှည့်နေပါလိမ့် (ဒုက္ခစက်ကြီး လှည့်နေ ပါတယ်)။

ပြောသံကြားတာကတော့ လူခန္ဓာပြီး နတ်ခန္ဓာ၊ နတ် ခန္ဓာပြီး၊ ဗြဟ္မာခန္ဓာ၊ ဗြဟ္မာခန္ဓာပြီး လူ့ခန္ဓာလို့ပြောတော့ ပြော နေကြတာပဲတဲ့၊ အပြောက တစ်မျိုး၊ အတွေ့က တစ်မျိုး ဖြစ် နေတယ် (မှန်ပါ)၊ အတွေ့က ဘာစက်ကြီး လည်နေပါ လိမ့် (ဒုက္ခစက်ကြီး လည်နေပါတယ်)။

အပြောမယုံနဲ့၊ ကိုယ်တွေ့ကိုယုံ

အဲ့ဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သတိပေး လိုက်ပါတယ်၊ အပြောမယုံနဲ့ ဒကာ ဒကာတွေ ကိုယ်တွေ့ ယုံကြ (မှန်ပါ)။

အပြော (မယုံရပါဘူး)၊ ကိုယ်တွေ့ကို (ယုံရ ပါမယ်)၊ ကိုယ်တွေ့ကျတော့ ဘာစက်ကြီးလည် နေသတုံး (ဒုက္ခစက်ကြီး လည်နေပါတယ်)၊ဒုက္ခစက်ကြီးလည်နေတယ် ဆိုတာ ရှင်းကြပလား (ရှင်းပါပြီ)။

ဘယ်လောက်ကြာခဲ့ပလဲတဲ့၊ ဒကာသစ်၊ ဒကာကြွယ် တို့၊ ဦးလှဖူးတို့ မေးရင် ဘယ့်နှယ် ဖြေပါ့မလဲ (မရေ တွက်နိုင်ပါ ဘုရား)၊ အရှင်ဘုရား ဘုရားတောင် အစရှာ မှတွေ့ပါဘုရား (မှန်ပါ)။

ဘယ်လိုမှတ်ကြမယ် (ဘုရားတော် အစရှာ မတွေ့ ပါ ဘုရား)၊ ဘာစက်လည်နေပါလိမ့် (ဒုက္ခစက်ကြီး လည်နေတာပါ)၊ ဒကာကြွယ်ရေ ကြောက်စရာကြီး (ကြောက်စရာကြီးပါ ဘုရား)၊ အင်မတန် ကြောက်စရာကောင်း ပါလား (မှန်လှပါ ဘုရား)။

ကိုယ့်ခန္ဓာလှည့်နေတာကိုယုံကြပါ

ဒကာ ဒကာမတို့ ခင်ဗျားတို့ သူများပြောသံကြား မယုံနဲ့နော်၊ ကိုယ်ခန္ဓာ လှည့်နေတာ ယုံကြည်ကြပါ (မှန်ပါ)၊ သူများကတော့ လူချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာချမ်းသာလို့ ချမ်းသာတွေကို ဒကာကြွယ် ဆိုင်းဘုတ်တော့ ဆွဲကြလိမ့်မယ် (မှန်ပါ)၊ သူများဆွဲတာနဲ့ ခင်ဗျားတို့က နှုတ်ယောင် လိုက်ပြီး သကာလ လူချမ်းသာဖြင့် ရ ရပါလို၏၊ နတ်ချမ်းသာဖြင့်ရ ရပါလို၏၊ ဗြဟ္မာချမ်းသာဖြင့် ရရပါလို၏လို့ မယောင်လိုက် ပါနဲ့နော် (မှန်ပါ)၊ ခန္ဓာလှည့်ပုံကတော့ ဘာစက်ကြီး လည်နေပါလိမ့် (ဒုက္ခစက်ကြီးလည်နေပါတယ် ဘုရား)၊ အဲ ဆိုင်းဘုတ် ယုံမလား၊ ကိုယ် ကိုယ်တိုင်လည်ရတာ ယုံမလား (ကိုယ် ကိုယ်တိုင် လည်နေတာ ယုံပါမယ်)။

သော် ဒါဖြင့် ဒီစက်ကြီးဟာလည်း အစရှာမတွေ့ ဘူး၊ တစ်ဝိုင်းတည်းသာဝိုင်းပြီး တစ်လည် တည်းသာ လည်နေတော့တာပဲ ဆိုတဲ့ဥစ္စာ ရှင်းသွားပြီ (ရှင်းပါပြီ ဘုရား)။

သစ္စာမသိလို့ လည်ရတာ

ဘယ့်နှယ်ကြောင့် ဒီအလည်ကြီး၊ ဒုက္ခစက်ကြီးသာ လျှင် လည်နေရပါလိမ့်မလဲလို့ ဘုရားသခင် ကိုယ်တော် မြတ်ကြီးသည် ဘုရားဖြစ်မှ တွေးကြည့်ပြန်တော့လည်း ဪသစ္စာမသိလို့ လည်ရတဲ့ အဖြစ်ဆိုး ပါလားလို့ ပေါ်လာ တယ် (မှန်ပါ)၊ ဘယ်လိုပေါ်လာပါလိမ့် (သစ္စာမသိ လို့ လည်ရတဲ့ အဖြစ်ဆိုးပါ ဘုရား)။

ငါဘုရားသခင်ကိုယ်တော်မြတ်ကြီးလည်း သစ္စာမသိခင် တုန်းက သူတို့လိုပဲ လည်ခဲ့ရတဲ့ အဖြစ်ဆိုးနဲ့ နေခဲ့ရတယ် (မှန်ပါ)၊ ငါ၏ တပည့်သားတွေကိုလည်း ငါမှ တရားတည်း ဟူသော ဆေးကို မကုလို့ ရှိရင်ဖြင့် ဒီဝေဒနာစက်ကြီးဟာ လည်နေတော့မှာဆိုတာ သနားတော်မူတယ် (မှန်ပါ)၊ ဒီဝေဒနာ စက်ကြီးသာ လည်နေတော့မှာပဲဆိုတာ ဒကာကြွယ် သနားတော်မူတယ် (မှန်ပါ)၊ ဒါကြောင့် ဆေးမီရင် လူနာသည် သက်သာလာပါလိမ့်မယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ ဘုရား)၊ ဆေးမီရင် (လူနာ သက်သာ သွားမှာပါ ဘုရား)။

သစ္စာဆေးကို တိုက်ကျွေးတော့မယ်

အဲ့ဒါကြောင့် ဒကာ ဒကာမတွေ ဘုန်းကြီးသည် ယနေ့ သစ္စာဆေးကို တိုက်ကျွေးတော့မယ် ဆိုတာ မှတ်ရပါမယ့် (မှန်ပါ ဘုရား)၊ ဆေးမီသေးပါတယ်နော် (မှန်လှပါ ဘုရား)။

အခု သစ္စာဆေးတိုက်ကျွေးတာမှ မမီလိုက်လို့ လွန် သွားတဲ့ ပုဂ္ဂိုလ်တွေ၊ တိုက်ငြားသော်လည်း မသောက်တဲ့ပုဂ္ဂိုလ် တွေ အတွက်ဖြင့် ဘာများဖြစ်ကြမှာပါလိမ့်မလဲလို့ ဒကာသစ် တို့၊ ဒကာကြွယ် တို့က မေးလိုရှိရင်ဖြင့် ဒုက္ခစက်သာ လည်ပတ် နေတော့မှာပဲ (မှန်ပါ)။

သစ္စာဆေး မမီလိုက်တဲ့ ပုဂ္ဂိုလ်တွေ ဘယ်လိုဖြစ်ကြ မယ်ထင်သတုံး (ဒုက္ခစက်သာ လည်ပတ်နေမှာပါ)၊ သစ္စာနဲ့ တွေ့ပါလျက်သားနဲ့ သစ္စာနားထဲလည်း မထောင့်တဲ့ ပုဂ္ဂိုလ်၊ မကျင့်တဲ့ ပုဂ္ဂိုလ်များလည်း သူတို့သည် ဘာဖြစ်ကြမလဲ ဆို တာကော တွေးမိကြရဲ့လား (တွေးမိပါတယ်)၊ ဘယ်လို တွေးမိကြသလဲ (ဒုက္ခစက်သာ လည်ပတ်နေမှာပါ)။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အာဠာရ ရသေ့ကြီး

အာဠာရ ရသေ့ကြီးများကျတော့ ဘုရားက သစ္စာသိပြီး လို့ သစ္စာဟောမယ်လို့ ဟောဖို့ ရာလည်း ဉာဏ်လည်းရပါရော အသေက စောသွားတယ်၊ ကမ္ဘာပေါင်းခြောက်သောင်း ဒုက္ခစက် လည်နေရတယ် (မှန်ပါ)၊ လူနာဆေးမမီလိုက်တာနဲ့ ကမ္ဘာပေါင်းများစွာ ဒုက္ခစက်လည်ရတယ် (မှန်ပါ)၊ နာလိုက်တဲ့ဖြစ်ခြင်း (မှန်ပါ့)

သစ္စာဆေး တိုက်ကျွေးမှု မမီလိုက်တာနဲ့ အာဠာရ ရသေ့ကြီး ဒါလောက်ထိအောင် ဒုက္ခစက် လည်ရပါတယ် (မှန်ပါ)၊ ကမ္ဘာပေါင်းသောင်းချီပြီး လည်ရတယ်။ နှစ်ပေါင်း မဟုတ်ဘူးနော်၊ ကမ္ဘာပေါင်း ခြောက်သောင်းလည်ရတာ ဒကာ ဒကာမတို့ (မှန်ပါ)။

ဥဒက ရသေ့ကြီး

ဥဒက ရသေ့ကြီး ဘုရားက သစ္စာသိတဲ့ရက်နဲ့ သူက သေနှင့်တာ တစ်ရက်တည်း စောသွားတယ် (မှန်ပါ)၊ သေတာ တစ်ရက်တည်း စောသွားတာနဲ့ ဘုရားက ဟောမယ် လို့ စဉ်းစား၊ စဉ်းစားလိုက်တဲ့အခါ အသေတစ်ရက်စောနေတာ နဲ့ ကမ္ဘာပေါင်း ရှစ်သောင်းလေးထောင် ဒကာ ဒကာမတို့ ဒုက္ခစက်လည်ပြီး ကျန်ရစ်တယ် (မှန်ပါ)။

ဦးဘအုန်း သွားရောပေါ့ဗျာ (သွားပါပြီ ဘုရား)၊ တစ်ချက်တည်း ဆေးလွှဲသွားလိုက်တာ ကမ္ဘာပေါင်း ရှစ်သောင်း လေးထောင် ဒုက္ခစက်လည်ရတယ် ဦးလှဖူးရေ၊ ဒီထက်အရှုံးများ ရှိသေး သလား (မရှိပါ ဘုရား)။

အရှုံးကြီးရှုံးရတယ်

အဲဒါကြား တရားနာတဲ့ ဒကာ ဒကာမတွေ၊ တရားအားထုတ်နေတဲ့ ဒကာ ဒကာမ သစ္စာမမီလိုက်လို့ အရှုံးကြီး ရှုံးရတယ် (မှန်ပါ)၊ အာဠာရက ဘယ်လောက်တဲ့ (ခြောက်သောင်းပါ)၊ ဥဒက, က ဘယ်လောက်တဲ့ (ရှစ်သောင်းလေးထောင်ပါ ဘုရား)၊ ကမ္ဘာပေါင်း ခြောက်သောင်းနဲ့ ရှစ်သောင်းလေးထောင် ရှုံးလိုက်ရတာ၊ ဒကာသစ်ရေ ဒုက္ခစက် လည်နေတယ် (မှန်ပါ)၊ သုခမပါဘူးနော် (မှန်ပါ)၊ ခံနိုင်ရည် ရှိပါ့မလား (မရှိပါ ဘုရား)၊ ဘယ်သူမှ ခံနိုင်ရည် ရှိမယ် လို့ ဒီတရားပွဲထဲမှာ သတ္တိကောင်း (မပါပါ ဘုရား)၊ ပါနိုင်စရာ မြင်သေးရဲ့လား (မမြင်ပါ ဘုရား)။

ပဉ္စဝဂ္ဂီငါးဦး

ဒါနဲ့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဘုရားဖြစ် လာပြီး ဘယ်သူ့ကို သစ္စာဆေး အရင်တိုက် ရပါ့မတုံးလို့ ရှာတဲ့ အခါကျတော့ ပဉ္စဝဂ္ဂီငါးဦးကိုသွားတွေ့တယ် (မှန်ပါ)၊ သူတို့ကျတော့ သစ္စာဆေးမီတဲ့ အတွက် ခုနင်က ကမ္ဘာပေါင်း ရှစ်သောင်းလေးထောင်သမားတွေလို မဟုတ်တော့ဘူး၊ ဒုက္ခ စက်ပြတ်ပြီး သကာလ သုခကြီးသာ ရတော့တယ် ဆိုတာ အထင်အရှားပေါ့ဗျာ (မှန်ပါ)။

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သစ္စာ ဆေးပဲ ယနေ့ တိုက်ကျွေးပါတော့မယ် ဆိုတာ မှတ်ရလိမ့်မယ် (မှန်ပါ)၊ သစ္စာဆေးပဲ တိုက်ကျွေးရလို့ ရှိရင်ဖြင့် ကမ္ဘာပေါင်း ခြောက်သောင်း လည်း ဒုက္ခစက် မလည်တော့ပါဘူး (မှန်ပါ)၊ ကမ္ဘာပေါင်း ရှစ်သောင်းလေးထောင်လဲ (ဒုက္ခစက် မလည်တော့ပါ ဘုရား)။

ဒုက္ခစက်ဆိုတာ တခြားမဟုတ်ပါဘူး၊ ဒကာ ဒကာမ တွေ၊ သူများပါးစပ်ထဲ သေရတဲ့ဘဝတွေ ပြောတာပါ (မှန်ပါ)၊ အပါယ်ငရဲမှာ သူများညှဉ်းဆဲတာ ခံနေရတဲ့ ဘဝတွေ ပြောတာပါ (မှန်ပါ)။

ဆေးမီသေးတယ်

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒီလို တရားနာ လာကြတဲ့ ဒကာ ဒကာမတွေ၊ တရား အားထုတ်ကြတဲ့ ဒကာ ဒကာမတွေဟာ ဒကာကြွယ် ဆေးမီသေးတယ်လို့ ဆိုကြစို့ (မှန်ပါ)၊ ဘယ်လောက် ကိုယ့်ကံထူးတယ်ဆိုတာ ပေါ်လာကြ ပလား (ပေါ်လာပါပြီ)။

ကိုင်း ဒကာ ဒကာမတွေ ဆေးမမီလို့ လွန်ကုန် တာတွေ ကျုပ်တို့ ဝမ်းနည်းစရာ မလိုပါဘူး (မှန်ပါ)။ ဆေးမီတဲ့ပုဂ္ဂိုလ် မသောက်မိမှာ ဝမ်းနည်းစရာကောင်းတယ် (မှန်ပါ)၊ ဆေးမမီလိုက်လို့ မသေစောသွားတဲ့ ပုဂ္ဂိုလ်တွေ အတွက်ဖြင့် လွမ်းနေစရာလည်း မလိုပါဘူး၊ တိုက်ကို မတိုက်ဘူး ဆိုတဲ့ အဓိပ္ပါယ်ပါသွားတယ် (ပါသွားပါတယ် ဘုရား)၊ ဆေးမီလျက်နဲ့ မသောက်လိုက်ရတဲ့ ပုဂ္ဂိုလ်အတွက်မှာ သာပြီး အရုပ်ဆိုး အကျည်းတန် တော့တယ် ဆိုတာ မှတ်လိုက်စမ်းပါ (မှန်ပါ)၊

ဒါကြောင့် ဒီဒကာ ဒကာမတွေ ဆေးလည်းမီတယ်၊ သောက်ဖြစ်အောင်လည်း သောက်ပါဆိုပြီး ဒီနေရာကနေပြီး မေတ္တာရှေ့ထားပြီး ပြောကြား နေပါတယ် (မှန်ပါ)။

သစ္စာဆေးကို တိုက်ကျွေးကြစို့

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ အချိန်ကြာပြီး သကာလ မနေဘဲနဲ့ သစ္စာဆေးကို တိုက်ကျွေးကြစို့ (မှန်ပါ ဘုရား)၊ သစ္စာဆေးကို တိုက်ကျွေးကြစို့ဆိုတဲ့ဥစ္စာ ဒကာ ဒကာမတို့ သစ္စာဆိုတာ တခြားမဟုတ်ပါဘူး၊ နီးလျက်နဲ့ လည်း မဝေးကြပါနဲ့ ဆိုတာ သတိပေးလိုက်တယ် (မှန်ပါ)၊

ယခု တရားနာနေတဲ့ ခန္ဓာဟာ ငါးပါးစုံပါတယ် နော် (မှန်ပါ)၊ ငါးပါးစုံနေတဲ့ ခန္ဓာငါးပါးထဲက တစ်ပါးပါး ဖောက်ပြန်တာဟာ သစ္စာသာ မှတ်ပေတော့ (မှန်ပါ)။

ခန္ဓာငါးပါးထဲက ဝေဒနာပေါ်ပြီး ဝေဒနာပျောက်တာ လည်း သစ္စာပဲ (မှန်ပါ)၊ စိတ်ပေါ်ပြီး စိတ်ကလေး ပျက်စီး သွားတာလဲ (သစ္စာပါ ဘုရား)။

ဪ တို့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် သစ္စာသိရ အောင် ကိုယ့်ခန္ဓာထဲ ပေါ်လာတဲ့ ဖြစ်မှုကလေးတွေ၊ ပျက်မှု ကလေးတွေကို ဘာခေါ်ကြမယ် (သစ္စာပါ ဘုရား)၊ သစ္စာပဲနော် (မှန်ပါ)။

အဲဒါဟာ ဒုက္ခသစ္စာ

ဒါဖြင့် ဒကာကြွယ်တို့က ကိုယ်ခန္ဓာပေါ်၌ ဝေဒနာ ပေါ်ရင် ဝေဒနာကလေးဟာ ဖြစ်မှုလည်း ရှိတယ်၊ ပျက်မှုလည်း ရှိတယ် (မှန်ပါ)၊ စိတ်ကလေးပေါ်လာရင်ကော။ (ဖြစ်မှုလည်း ရှိတယ်၊ ပျက်မှုလည်း ရှိပါတယ်)။

စိတ်ကလေးပေါ်လာတာဟာ ဒကာသစ်ရာ ဖြစ်တာပါ ပဲ (မှန်ပါ)၊ စိတ်ကလေး သက်တမ်း စေ့လို့ ပျောက်သွားတာ (ပျက်တာပါ ဘုရား)၊ အဲဒါဟာ ဒုက္ခသစ္စာ (မှန်ပါ)။

ဪ ဒါဖြင့် ခုနင်က အာဠာရ၊ ဥဒကတို့မှာ ဒီခန္ဓာ မရှိဘူးလား ရှိသလားလို့ မေးကြလို့ ရှိရင် ဒီခန္ဓာ ရှိပါရဲ့ (မှန်ပါ)။ ဒကာကြွယ်ရေ သစ္စာမှန်း သိမသွားရှာ ဘူး (မှန်ပါ)။ ဒါတွေ ဒုက္ခသစ္စာ ပါကလားလို့ သိမသွား ရှာဘူး (မှန်ပါ)။ သစ္စာ သိတာသည်ကား လို့ဆိုရင် ဉာဏ်ပဲ (မှန်ပါ)။ ဖြစ်ပျက်က ဒုက္ခသစ္စာ၊ သိတာက မဂ္ဂသစ္စာ (မှန်ပါ)။

သိတဲ့ဉာဏ်က မဂ္ဂသစ္စာ

အဲဒီ မဂ္ဂသစ္စာကလေးနဲ့ သိသိ သိသိပြီး သကာလ ခန္ဓာကိုယ်မှာ ပေါ်တိုင်း ပေါ်တိုင်း ဝိပဿနာ ခေါ်တဲ့ ပုဗ္ဗဘာဂ မဂ်ကလေးနဲ့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက သိသိနေရ မယ်နော် (မှန်ပါ)။ ဖြစ်ပျက် ကလေးဟာ (ဒုက္ခသစ္စာ ပါ)၊ သိတဲ့ဉာဏ်ကလေးက ဘာပါလိမ့် (မဂ္ဂသစ္စာပါ)။

ဒီလိုချည့် ဒကာ ဒကာမတွေက ခန္ဓာကိုယ်ထဲမှာ ကြည့်ကြည့်ပြီး သကာလ နေလိုက်စမ်းပါ ဆိုတာကို ဘုန်းကြီးက သစ္စာရေ တိုက်ကျွေးမယ် (မှန်လှပါ)။

ခန္ဓာကိုယ်ထဲ ဖြစ်မှု ပျက်မှုက (ဒုက္ခသစ္စာပါ)၊ ဖြစ်မှု ပျက်မှုကလေး ကိုယ်တိုင် မြင်လိုက်တာ ကလေးက (မဂ္ဂသစ္စာပါ)၊ ကိုယ်ပိုင်ဉာဏ်ကလေးကလည်း မဂ္ဂသစ္စာကလေး ဖြစ်နေတော့ ဒီဒကာ ဒကာမတွေမှာ သံသရာကျင်လည်ခဲ့ရ တယ်ဆိုတာ ဒီဉာဏ်ကလေး မပေါ်လိုက်တာပဲ (မှန်ပါ)။ သံသရာ ကျင်လည်ပြီး သကာလ အိုဘေး၊ နာဘေး၊ သေဘေး တွေနဲ့ သားကွဲ၊ မျိုးကွဲ၊ ဆွေကွဲ၊ မျိုးကွဲ၊ ရူးလိုက် နောက်လိုက် အဝတ် မကပ်တဲ့ ဘဝတွေဖြစ်လိုက်၊ ဒယ်အိုးထဲအော်ကာ ဟစ်ကာနဲ့ နေတဲ့ ဘဝတွေဖြစ်လိုက်၊ တိရစ္ဆာန်များလို လေးချောင်းထောက်၊ ကင်းခြေများလို ခြေတွေအများကြီးနဲ့ ထောက် သွားတဲ့ ဘဝတွေဖြစ်လိုက်၊ သူများပါးစပ်ထဲ သေရတဲ့ဘဝတွေ ဖြစ်လိုက်၊ ခုနင်က သစ္စာ မဂ်ရေစင်ကလေး မသောက်လိုက်ရလို့ ပဲ (မှန်ပါ)။

သစ္စာသိတဲ့ မဂ်ရေစင်ကလေး မသောက်လိုက်ရတဲ့ အတွက် ဒီဥစ္စာ ဒကာ ဒကာမတို့ ဒီဒုက္ခတွေဟာ စက်ရဟတ် လို လည်နေရတယ်ဆိုတာ ဒကာကြွယ် ရိပ်မိပြီ (ရိပ်မိပါ ပြီ ဘုရား)၊ ဦးလှဖူး ရိပ်မိပြီ (ရိပ်မိပါပြီ ဘုရား)၊ ဒီ မဂ်ရေစင်ကလေး မသောက်လိုက်ရတဲ့ အဖြစ်ဟာ တယ်ဆိုပါကလား (ဆိုးပါတယ် ဘုရား)။

မဂ်ရေစင်သောက်ပါလို့ ပြောတာ

ဒါကြောင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ကို ဆရာဘုန်း ကြီးတွေက ခန္ဓာကိုယ်ထဲမှာ ဖြစ်ပျက်ရှုပါ – ဖြစ်ပျက်ရှုပါလို့ – ဆိုတာ မဂ်ရေစင်သောက်ပါလို့ ပြောတာ (မှန်ပါ)။

အဲဒီသစ္စာမဂ်ရေစင်ကလေး တစ်ခွက်သောက်လိုက် ရတော့ ဒကာ ဒကာမတွေ ဘာဖြစ်သွားသလဲလို့ မေးဖို့ မလိုဘူးလား (လိုပါတယ်)။ ဪ နောက်လာမည့် ဒုက္ခစက်ရဟတ်ကြီး အကုန်ရပ်စဲရတယ် (မှန်ပါ)။

နောက်လာမည့် စက်ရဟတ်ကြီးဟာ အကုန်ရပ်စဲရ တယ်ဆိုတော့ ဒါကလေး သောက်ဖို့ရာဟာ ဒုက္ခပေါင်း ကမ္ဘာ များစွာ လည်ရဦးမှာ၊ ဒီမဂ်ရေစင်တစ်ခွက်နဲ့ အကုန်ပျောက်ပါ တယ် (မှန်ပါ)။ မသောက်သင့်ဘူးလား (သောက်သင့်ပါတယ်)။

ဒုက္ခပျောက်ဆေးမဂ်ရေအေး

ဒါကြောင့် ဘုန်းကြီးဆီမှာ နေကြတဲ့၊ တရားအားထုတ် နေကြတဲ့ ယောဂီတွေ၊ တရားနာပြီး နေကြတဲ့ ဒကာ ဒကာမတွေ အချိန်တိုင်း သောက်ပေးစမ်းပါ (မှန်ပါ)၊ ဒုက္ခပျောက် ဆေး မဂ်ရေအေး ဆိုတာ ဒါပါပဲ (မှန်ပါ)။

ဒါဖြင့် ဒကာသစ်ရေ ဒီပြင်ဟာ ထမင်းမစားရချင်နေပါ စေ၊ ထမင်းမစားရလို့ ဟိုဘက်မှာ ခွေလဲ မဖြစ်နိုင်ပါဘူး၊ ငရဲလည်းမကျပါဘူး (မှန်ပါ)၊ ဒါကလေး မသောက်ရလို့ ရှိရင်ဖြင့် ဟိုဘက်ငရဲလည်း ကျရဦးမယ်၊ ခွေးတိရစ္ဆာန်၊ ဝက် တိရစ္ဆာန်တွေလည်း ဖြစ်ရဦးမယ်ဆိုတော့ အို မစားရချင် နေပါစေ၊ ဒီမဂ်ရေအေးပဲ သောက်နေတော့မယ်ဆိုလို့ ရှိရင် ဖြင့် ကျုပ်တို့ သည် ဒုက္ခစက်ရဟတ်ကြီး ရပ်စဲ သွားပါလိမ့်မယ် (မှန်ပါ ဘုရား)။

ဒါကြောင့် ဒကာကြွယ် ဘန်ကောက်ထည်တွေ မမြတ် တာ ပပူစမ်းပါနဲ့၊ ပိုးမရလို့ မခတ်ရရင် မပူစမ်းပါနဲ့၊ ဒကာသစ် ကလည်း ဆိုင်မှာ ဘယ်သူမှ လာမယ်လို့ မရောင်းရမှာ မပူ စမ်းပါနဲ့ (မှန်ပါ)။ ဒီမဂ်ရေစင်အေးအေးကို မသောက် ရတဲ့ အရေးသာလျှင် ခက်ပါတယ် (မှန်ပါ)။

ဒါကြောင့် ဒါကလေး ကြိုးစားကြစမ်းပါဆိုတော့ ဘုန်းကြီးက တစ်ဖက်သတ်တွန်းတယ်လို့ ခင်ဗျားတို့ ဒီအသံ မထွက်ပါနဲ့ (မှန်ပါ)၊ တစ်ဖက်သတ်တွန်းတာ မဟုတ်ဘူး၊ ဒကာ ဒကာမတို့ ရဲ့နော် (မှန်ပါ)၊ ခင်ဗျားတို့ အမြင်က သေးလွန်လို့၊ နောင် ပြင်မရတဲ့ အချိန်မှ ပြင်မပေးနိုင်လို့ ဒါသာ သောက်ပါ၊ မကြိုက်လဲ သောက်ပါ၊ ကြိုက်လည်း သောက်ပါ လို့ ဇွတ်တိုက်နေတာပဲ (မှန်ပါ)။ သဘောပါကြပလား (ပါ – ပါပြီ)။

မကြိုက်လဲ ဖြစ်ပျက်ရှု၊ ကြိုက်လည်း ဖြစ်ပျက်ရှု

မကြိုက်လဲ ဒီဖြစ်ပျက်ရှုတဲ့ မဂ်ဟာ ဖြစ်အောင်လုပ်ရ မှာပဲ (မှန်ပါ)၊ ကြိုက်လည်း ဖြစ်ပျက်ရှုတဲ့ မဂ်ကို ဒကာ ဒကာမ တွေ အားထုတ်ရမှာပဲ ဆိုတာ မှတ်လိုက်စမ်းပါ (မှန်ပါ ဘုရား)၊ သဘော ပါပလား (ပါ -ပါပြီ ဘုရား)။

အဲဒီတော့ ဒီမဂ်ရေအေး သောက်လိုက်ရတဲ့ အတွက် ဒီကိလေသာ အပူဓာတ်တွေက အကုန်ငြိမ်းပြီး ရပ်သွားတယ် (မှန်ပါ)၊ ကိလေသာကြောင့် ဖြစ်ရတဲ့ ဒုက္ခတွေက ကိလေသာမှ မရှိဘဲနဲ့(ဝါ) သမုဒယသစ္စာမှ မရှိဘဲနဲ့၊ နောင်ခန္ဓာ ဒုက္ခ စက်ရဟတ်ကြီးလည်နိုင်ရဲ့လား (မလည်နိုင်ပါ ဘုရား)။

အဲဒါကြောင့် ဖြစ်ပျက်သည် ဘာသစ္စာ (ဒုက္ခ သစ္စာပါ ဘုရား)။ ရှုတဲ့မဂ်သည် (မဂ္ဂသစ္စာပါ)၊ အချိန်မီသေး လို့ခင်ဗျားတို့ ဪ ရှုလိုက်ရင် မဂ်ရသေးတယ်ဟ (မှန်ပါ)။

ရှုလိုက်ရင် မဂ်ရသေးတယ်ဆိုတာ ဒကာကြွယ် အခါ ကောင်း အချိန်ကောင်း အသေမဦးလို့ ကြားရတာ (မှန်ပါ)။

အာဠာရမှာ ကမ္ဘာသောင်းချီပြီး ဒါကလေးတစ်လုံး မသောက် ရတာနဲ့ ဒုက္ခစက်ရဟတ် ခန္ဓာဇာတ်ကြီးသည် အိုဘေး၊ နာဘေး၊ သေဘေး တွေနဲ့ တွေ့ကြုံလိုက်ရတာ၊ ကမ္ဘာများစွာ (မှန်ပါ)။ ဦးဘအုန်း မနာလားဗျာ (နာပါတယ် ဘုရား)။

ဖြစ်ပျက်သည် ဒုက္ခသစ္စာ၊ ရှုတဲ့ဉာဏ်က မဂ္ဂသစ္စာလို့ မှတ်ပါ၊ ရှုတဲ့ဉာဏ်ကလေး ကိုယ့်ဝမ်းထဲ မရောက်လိုက်တာနဲ့ ဥဒက ရသေ့ကြီးဟာ ကမ္ဘာပေါင်းရှစ်သောင်းကျော် ဒုက္ခစက် ရဟတ်ကြီး လည်ရတယ် (မှန်ပါ)။ မနာဘူးလား (နာပါတယ်)။

ဇွတ်တိုက်နေရတယ်

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကြိုက် လည်း သောက်ရမှာပဲ၊ မကြိုက်လဲ (သောက်ရမှာပဲ)။

မကြိုက်လဲ သောက်ဆိုတော့ ဘုန်းကြီးက ဇွတ် တိုက်တာလားဆိုတော့ ခင်ဗျားတို့က ပျောက်စေ တတ်တဲ့ ဆေး ပေးငြား သော်လည်း ခါးသလေး၊ ဖန်သလေး၊ မအားဘူးဆို တာတွေဟာ ကလေးရှောင်-ရှောင်ပြီး ကလေးမိုက်-မိုက်နေလို့ မကြိုက်လဲ သောက်ပေါ့ (မှန်ပါ)၊ ဇွတ်တိုက်နေရ တယ် ဆိုတာ သဘောပါပလား (ပါ -ပါပြီ)။

အဲဒါကြောင့် ဒကာ ဒကာမတို့ ကမ္ဘာပေါင်းများစွာ ဒုက္ခကြီးကို ဒါကလေးတစ်စက်နဲ့ ပျောက်ပါတယ် ဆိုတဲ့ ဥစ္စာ ဦးဘအုန်း မသောက်ထိုက်ဘူးလားဗျာ (သောက်လိုက် ပါတယ် ဘုရား)။ ဒါဖြင့် ပေပြီး သောက်ပါလို့ ဒကာကြွယ် တို့ တောင်းပန်ပါတယ် (မှန်ပါ)။ ရှင်းကြပလား (ရှင်းပါ ပြီ ဘုရား)။ ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတွေ ကြိုးစားကြပါ စို့၊ ကြိုးစားကြပါဦးနော် (မှန်ပါ)။

ဘယ်အပေါ်မှာ ကြိုးစားရမလဲ

ကြိုးစားလိုက်တော့ ဘုရားတဲ့ တပည့်တော်တို့ ဘယ် အပေါ်မှာ ကြိုးစားရမှာလည်းလို့ မေးတော့ ဒကာ ဒကာမတို့ မိမိခန္ဓာအပေါ်ကို မိမိဉာဏ်နဲ့ လျှောက်ပြေးပါ (မှန်ပါ)။ မိမိခန္ဓာပေါ်ကို (မိမိဉာဏ်နဲ့ လျှောက်ပြေးရပါတယ် ဘုရား)။

မိမိခန္ဓာပေါ်ကို မိမိဉာဏ်နဲ့ လျှောက်ပြေးတဲ့အခါ ကျတော့ “အနိစ္စာ ဝတ သင်္ခါရာ” ကိုး၊ ဖြစ်လိုက် ပျက်လိုက်နေတာပဲ (မှန်ပါ)၊ ဝတဧကန္တန စင်စစ်အားဖြင့်၊ သင်္ခါရာ အကြောင်း တိုက်ဆိုင်လို့ ပေါ်လာတဲ့ သင်္ခါရတရားတို့ သည်၊ အနိစ္စာ ဖြစ်ပြီး၍မရှိကြတော့ဘူးကွတဲ့ (မှန်ပါ)။ ဖြစ်ပြီး၍ မရှိတာ ချည်းပဲတဲ့၊ မင်းတို့ခန္ဓာထဲမှာ (မှန်ပါ)။ ဒါဖြင့် ခန္ဓာထဲမှာ ပေါ်လိုက် ပျက်လိုက် တရားနှစ်ခုသာ ရှိတော့တယ် ဆိုတာ ပေါ်လာကြပလား (ပေါ်လာပါပြီ)။

မိမိခန္ဓာထဲ ဘာသာလျှင် ရှိပါလိမ့်၊ (ပေါ်လိုက် ပျက်လိုက်သာရှိပါတယ်)၊ ပေါ်လိုက် ပျက်လိုက် ဆိုတာသာ ဒကာသစ် ရှိတယ် (မှန်ပါ)၊ အဲ့ဒါ အနိစ္စနဲ့ သင်္ခါရလှည့် နေတာပဲ (မှန်ပါ)၊ သဘော ကျပလား (ကျပါပြီ)။

အနိစ္စနဲ့ သင်္ခါရလှည့်နေတာ

အနိစ္စနဲ့ သင်္ခါရ လှည့်နေတာ၊ သင်္ခါရဆိုတာသည် အခု ပေါ်တာ၊ ပေါ်လာတဲ့ တရားကလေး ပျက်သွားတော့ ဘယ့်နှယ် ဆိုမယ် (အနိစ္စပါ)။

ဒါဖြင့် ခန္ဓာကိုယ်ထဲမှာ ဝေဒနာကလေး ပေါ်လိုက် ပျက်လိုက်၊ စိတ်ကလေး ပေါ်လိုက် (ပျက်လိုက်ပါ ဘုရား)၊ သညာကလေးပေါ်လိုက် (ပျက်လိုက်ပါ ဘုရား)၊ အဲဒါ တစ်ခုခုကို မှတ်ပြီး သကာလ ဝေဒနာကြိုက်တဲ့ လူက ဝေဒနာ ရှုလို့၊ စိတ်ကြိုက်တဲ့လူက စိတ်ရှုလို့၊ သစ္စာကြိုက်တဲ့လူက သစ္စာ နာမည် တပ်ပြီး ရှုလို့၊ ရုပ်ကြိုက်တဲ့လူက ရုပ်တွေကိုပဲ ဖြစ်ပျက် ရှုလို့ နေကြပါမူကား ရှုတဲ့ ဉာဏ်ဟာ မဂ်ရေသောက်နေတာပဲ (မှန်ပါ)။

ရှုတဲ့ဉာဏ်ဟာ ဘာပါလိမ့် (မဂ်ရေသောက်နေ တာပါ ဘုရား)၊ ဪ မဂ်ရေစင်အေးကိုဖြင့် သောက်သုံး -ပြီး သကာလ နေကြတာပဲဆိုတာ ဘယ်ခါ ကာလမဆို ယုံကြည်ပါ (မှန်ပါ)၊ ရှင်းပြီနော် (ရှင်းပါပြီ)။

အဲဒီကဲ့သို့ ရှုဖန်များလာတဲ့အခါကျတော့ ဝိပဿနာ မဂ်ဆိုတာ ကလေးဟာ ဝမ်းထဲရောက်ပြီး သကာလ လာတော့ ဒကာ ဒကာမတွေ ကိလေသာတွေဟာ ပါးသွားတာပဲ (မှန်ပါ)။ သူ လာတယ် ဆိုရင် တဏှာဥပါဒါန်၊ ကံတွေဘယ့် နှယ်ဖြစ်သတုံး (ပါးသွားပါတယ်)။

ရှုတဲ့ဉာဏ်က ဝိပဿနာမဂ်

ဘယ့်နှယ်ကြောင့် ပါးရပါလိမ့်မတုံးလို့ မေးဖို့မလို ဘူးလား (လိုပါတယ်)၊ ကိလေသာဒုကြီး ဘယ့်နှယ်ကြောင့် ပါးရပါလိမ့်မတုံးလို့ မေးတဲ့ အခါကျတော့ ဒကာ ဒကာမတို့ ခုနင်ကရှုတဲ့ ဉာဏ်က မဂ်ဓားကိုဗျ (မှန်ပါ)၊ ရှုတဲ့ဉာဏ်က ဝိပဿနာ မဂ်ကနေပြီး ကိလေသာ ဒုတွေ ဆစ်ဆစ် ဆစ်ဆစ်ပြီး ပစ်လိုက်တဲ့အခါ ဝါးများအပေါ်ယံတွေ ဆစ်လိုက်တော့ အောက်က အသားပါးသလို၊ ဒီမှာလည်း ရှုဖန်များလို့ရှိ ရင်ဖြင့် ဒကာသစ်ရေ ကိလေသာဒုဟာ ပါးရတာပဲ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ကိလေသာဒု ပါးတာသည်ကား လို့ ဆိုလို့ရှိရင်ဖြင့် ကျုပ်တို့မှာ ဒုက္ခအကြောင်း ပါးခြင်းကြောင့် ဒုက္ခ အကျိုးပါးတာပဲလို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ)။

အကြောင်းပါးသောကြောင့် (ဒုက္ခအကျိုး ပါးပါ တယ် ဘုရား)၊ အကျိုးဒုက္ခပါးတယ်ဆိုတာ သေချာပလား (သေချာပါပြီ)၊ ဒါ့ကြောင့် တဏှာစရိုက်ပေါတဲ့ ပုဂ္ဂိုလ်ဝေဒနာ ဖြစ်ပျက်ရှုပါ (မှန်ပါ)၊ ငါ-ငါလို့ အစွဲများတဲ့ ပုဂ္ဂိုလ်ဟာ စိတ်ကိုရှုပါ (မှန်ပါ)၊ တဏှာများတဲ့ ပုဂ္ဂိုလ်ဟာ (ဝေဒနာကို ရှုရပါမယ်)၊ ဒိဋ္ဌိများတဲ့ ပုဂ္ဂိုလ်ဟာ (စိတ်ကို ရှုရပါမယ်)၊ စိတ်ကို ကြပ်ကြပ်ရှုပေးပါတဲ့။

အနာနဲ့ဆေးသင့်အောင်ပေး

ပညာဉာဏ်ကလေးက ပါလာတဲ့ ပုဂ္ဂိုလ်ဟာ ပင်ကို ကတည်းက ဘယ်ဟာသင်လိုက်သင်လိုက် တတ်လွယ် သိလွယ် တဲ့ ပုဂ္ဂိုလ်ဟာဖြင့် သစ္စာရှုပါ (မှန်ပါ) သဘောကျပလား (ကျပါပြီ)၊ အင်မတန် ထိုင်းတဲ့ ပုဂ္ဂိုလ်၊ ဉာဏ်အထိုင်းဆုံး ပုဂ္ဂိုလ် ဆိုလို့ရှိရင်ဖြင့် ရုပ်ကိုရှုပါ (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)။

ဉာဏ်ထိုင်းတဲ့ ပုဂ္ဂိုလ် ဘာရှုရမယ် (ရုပ်ကို ရှုရ ပါမယ်)၊ တဏှာများတဲ့ ပုဂ္ဂိုလ် (ဝေဒနာ ရှုရပါမယ်)၊ ဒိဋ္ဌိများတဲ့ ပုဂ္ဂိုလ် စိတ်ရှု၊ ပင်ကိုက ဉာဏ်ကလေးပါလာတဲ့ပုဂ္ဂိုလ် (သစ္စာရှုရပါမယ်)၊ ဒါဟာ အနာနဲ့ဆေး သင့်အောင် ပေးနေတယ်လို့ ဦးလှဘူး မှတ်လိုက်စမ်းပါ (မှန်ပါ)။

ဘယ်လိုမှတ်ရပါ့မယ် (အနာနဲ့ဆေးသင့်အောင် ပေးနေပါတယ် ဘုရား)။

ဟာ ဒါဖြင့် အနာနဲ့ဆေး သင့်အောင် ပေးလို့ရှိရင် ဖြင့် တို့ဒကာ ဒကာမတွေ သူ့အနာနဲ့ သူ့ဆေးနဲ့သာ အံကျဖြစ် နေလို့ ရှိရင် ဒုက္ခစက်ကြီးလည်တဲ့ အနာကြီးဟာဖြင့် ဦးဘအုန်း ပျောက်မှာပါပဲ (မှန်ပါ့ ဘုရား)၊ မပျောက်ရှိပါ့မလား (မရှိပါ ဘုရား)။

ဘယ်မှာရှုရမှာလဲ

ဒါ့ကြောင့် ရူပက္ခန္ဓာလည်း ခန္ဓာကိုယ်ထဲရှိတာပဲ၊ ဝေဒနာ က္ခန္ဓာလည်း ရှိတာပဲ၊ ဝိညာဏက္ခန္ဓာ လည်း ရှိတာပဲ။ ကျန်တဲ့ သင်္ခါ ရက္ခန္ဓာဆိုတဲ့ ဓမ္မာနုပဿနာတွေလည်း မရှိလားဗျာ (ရှိပါတယ် ဘုရား)၊ အဲဒီတော့ ကျုပ်တို့ ရှုနေတာ ဘယ်မှာ ရှုရမှာပါလိမ့် မလဲလို့ မေးတော့ ခန္ဓာ ဉာဏ်လှည့် (မှန်ပါ)။

ဘယ်လိုမှာပါလိမ့် (ခန္ဓာဉာဏ်လှည့်ရပါမယ်)၊ ခန္ဓာကို ဉာဏ်လှည့်လိုက်ပါ (မှန်ပါ)၊ ခန္ဓာ ဉာဏ်လှည့်တော့ ခန္ဓာက ဝေဒနာက ထူးထူးခြားခြား ပေါ်တဲ့ ပုဂ္ဂိုလ်မျိုးကျတော့ ဝေဒနာကို လှည့်လိုက်တာပေါ့ (မှန်ပါ)၊ စိတ် ထူးထူးခြားခြား ပေါ် လာတဲ့ ပုဂ္ဂိုလ်ကျတော့ (စိတ်လှည့် ရပါမယ်)၊

စိတ်ပေါ်ကို ဉာဏ်လှည့်လိုက်၊ ဒကာသစ်ရေနော် (မှန်ပါ)။ သဘောပါကြ ပလား (ပါ-ပါပြီ ဘုရား)။

သစ္စာသိတဲ့ဉာဏ်

အဲဒီကဲ့သို့ ဉာဏ်လှည့်လိုက်တဲ့အခါကျတော့ ဒီဉာဏ် သည်သစ္စာသိတဲ့ဉာဏ် (မှန်ပါ)၊ သစ္စာသိတဲ့ ဉာဏ်တည်းဟူသော မဂ်ဆေး သောက်လိုက်ရတဲ့ အတွက် သံသရာ စက်ရဟတ် ကြီးမှာ လည်တတ်တဲ့ ကိလေသာတွေ ပါးသွားတယ် (မှန်ပါ ဘုရား)။

ဒါဖြင့် ဝိပဿနာမရှုဘဲနဲ့ ဒကာကြွယ် ကိလေသာပါးပေါ့ မလား (မပါးပါ ဘုရား)၊ သမုဒယသစ္စာ မပါးနိုင်ပါဘူး (မှန်ပါ)၊ သဘောပါကြပလား (ပါ-ပါပြီ)။

အဆုံးလိုက်ရင်မဂ္ဂသစ္စာပေါ်လာတယ်

ကဲ တစ်ခါတည်း ဝေဒနာဖြစ်ပျက်တွေလည်း ဆုံးလို့၊ စိတ်ဖြစ်ပျက်တွေ လည်းဆုံးလို့၊ ရုပ်ဖြစ်ပျက် တွေလည်း ဆုံးလို့၊ ကိုယ်ကြိုက်ရာ ကိုယ်ဆုံးကြပါစေ (မှန်ပါ)၊ အဆုံး လိုက်လိုက်ပြီ ဆိုမှဖြင့် တကယ့် မဂ္ဂသစ္စာကြီး ပေါ်မလာ ဘူးလား (ပေါ်လာပါတယ်)၊ မဂ္ဂင်ရှစ်ပါးပြည့်တဲ့ မဂ္ဂ သစ္စာကြီး ပေါ်မလာဘူးလား (ပေါ်လာပါတယ်)။

ပေါ်လာလို့ရှိရင်ဖြင့် တစ်မဂ်ပေါ်ရင် သောတာပန် (မှန်ပါ)၊ နောက်တစ်ခါ တစ်မဂ်ပေါ်ရင် သကဒါဂါမ်၊ နောက်တစ်ခါ တစ်မဂ်ပေါ်လာရင် အနာဂါမ်၊ နောက်တစ်ခါ တစ်မဂ်ပေါ်လာရင် ရဟန္တာပဲ (မှန်ပါ)၊ နောက်ခန္ဓာကြီး လာနိုင်သေးရဲ့လား (မလာနိုင်ပါ ဘုရား)။

ဒါဖြင့် ဒီရဟန္တာပုဂ္ဂိုလ် စုတေစိတ်ကျသွားပြီလို့ မဆိုနိုင် ဘူးလား (ဆိုနိုင်ပါတယ်)၊ ရဟန္တာပုဂ္ဂိုလ် စုတေစိတ် ကျသွားတာ၊ ဪ ရဟန္တာပုဂ္ဂိုလ် စုတေစိတ်ကျသွားတာ ဘယ်များ ကြွသွားပါလိမ့်မလဲလို့ မေးလို့ ရှိရင်တော့ ဒုက္ခတွေ သိမ်းသွားရှာပြီ (မှန်ပါ)။

ဘယ်လိုဆိုကြပါ့မယ် (ဒုက္ခတွေသိမ်းသွားပါ တယ် ဘုရား)။

ပရိနိဗ္ဗာန်စံတဲ့ရဟန္တာဘယ်ကြွသတုံး

လေးမဂ်ရတော့ ရဟန္တာ ဖြစ်သွားတယ်၊ ရဟန္တာ ဖြစ်သွား တော့ ရဟန္တာအဖြစ်နဲ့ပဲ ဒကာကြွယ် ပရိနိဗ္ဗာန် စံကြစို့နော် (မှန်ပါ)၊ အဲဒီ ပရိနိဗ္ဗာန်စံတဲ့ ရဟန္တာသည် ဘယ်များ ကြွသွားသတုံးလို့ မေးလို့ရှိရင် ပဋိစ္စသမုပ္ပါဒ် လှည့်လိုက်ပါလား၊ ဇာတိဒုက္ခက စပြီးချုပ်သွားတယ် (မှန်ပါ)၊ ဇရာ ဒုက္ခ လာသေးရဲ့ လား (မလာပါ ဘုရား)၊ ဗျာဓိ မရဏဒုက္ခ (မလာပါ ဘုရား)၊ သောက ပရိဒေဝဒုက္ခ ဒေါမနဿ ဥပါယာသ (မလာပါ ဘုရား)၊ ဪ ဒါဖြင့် ရဟန္တာပုဂ္ဂိုလ် ပရိနိဗ္ဗာန်စံတာသည် ဒုက္ခသိမ်း သွားတာကိုး (မှန်ပါ)၊ သေသေချာချာမှတ်ပါ (မှန်ပါ)။

ပရိနိဗ္ဗာန်စံတာ ဒုက္ခသိမ်းသွားတာ

ရဟန္တာပုဂ္ဂိုလ်များ ပရိနိဗ္ဗာန်စံတာ ဘာပါလိမ့် (ဒုက္ခသိမ်းသွားတာပါ ဘုရား)၊ ပုထုဇဉ်တွေ သေကြတာက ဘာပါလိမ့်၊ ဒုက္ခဖြစ်တာပါ၊ ဒုက္ခဆက်သွားတာ (မှန်ပါ)။

ဪ ဒါဖြင့် ဒုက္ခသိမ်းတဲ့ ပုဂ္ဂိုလ်နဲ့ ဒုက္ခဆက်တဲ့ ပုဂ္ဂိုလ်နဲ့ ဒကာကြွယ် တယ်ခြားနားပါလား (ခြားနားပါတယ် ဘုရား)၊ ခြားနားအောင် ဘယ်သူလုပ်သတုံးလို့မေးတော့ မဂ်က လုပ်ဘာ (မှန်ပါ)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ရဟန္တာ ပုဂ္ဂိုလ်များသည် ဒီဘဝ စုတေစိတ်ကျသွားပြီး မဂ်လေးတန်ရလို့ ရဟန္တာအဖြစ်သို့ ရောက်ပြီး အားလုံး တရားတစ်ပွဲလုံးက ဒကာ ဒကာမတွေ ရဟန္တာစုတိစိတ်ကျ ပြီးတော့ကို နောက် ပဋိသန္ဓေစိတ် လာသေးရဲ့ လား (မလာပါ ဘုရား)၊ ပဋိသန္ဓေ မလာတော့ အိုမှုကြီးကော (မလာပါ ဘုရား)၊ နာမှု သေမှုကော (မလာပါ ဘုရား)။

ဪ ဒါဖြင့် ရဟန္တာပုဂ္ဂိုလ် ပရိနိဗ္ဗာန်စံတော့ ဘာတွေများ သိမ်းသွားပါလိမ့် (ဒုက္ခတွေ သိမ်းသွားပါတယ်)။

ဪ ဒါဖြင့် ရဟန္တာပုဂ္ဂိုလ်ပရိနိဗ္ဗာန်စံတာဟာ ဒုက္ခ သိမ်းသွားတာကိုဆိုတာကိုးလို့ မှတ်လိုက်စမ်းပါ (မှန်ပါ)၊ ဘာမှမဖြစ်တာလား၊ ဒုက္ခသိမ်းတာလား (ဒုက္ခသိမ်းတာပါ ဘုရား)။

ရဟန္တာပုဂ္ဂိုလ်သည် ဒုက္ခသိမ်းလို့ ဒုက္ခငြိမ်းတဲ့သဘော သို့ မရောက်ဘူးလား (ရောက်ပါတယ်)။

ပုထုဇဉ်များ သေတဲ့အခါကျတော့ တစ်ခုသော ဒုက္ခဝန် ချပြီး သကာလ ဒုတိယ ဒုက္ခဝန် ထမ်းတာပဲ (မှန်ပါ)။

ပုထုဇဉ်ကတော့ ဒုက္ခပြောင်းထမ်းတာ

ပုထုဇဉ်ကတော့ ပထမဒုက္ခချပြီးတော့ (ဒုတိယ ဒုက္ခဝန် ထမ်းပါတယ်)၊ အင်း ဒါ ပုထုဇဉ်တို့၏ အခြေအနေ ဖြစ်စဉ်ကဖြင့် ဒုက္ခပြောင်းထမ်းတာပဲ (မှန်ပါ)၊ အသေ ဒုက္ခပြီး အနေ ဒုက္ခ ယူလိုက် ပြန်တာပဲ (မှန်ပါ)။

အသေဒုက္ခပြီးတော့ (အနေဒုက္ခယူလိုက်တာ ပါပဲ)၊ ဪ ပုထုဇဉ် သေတာကတော့ ဘယ်လို ဆက်သွားပါလိမ့် မတုံး ဆိုတာဖြင့် ယနေ့ သဘောကျပါပြီ (ကျပါပြီ)၊ ပုထုဇဉ် သေတဲ့အခါ အသေဒုက္ခ ချထား ပစ်ခဲ့ပြီးတော့ အနေဒုက္ခ ထမ်း တယ် (မှန်ပါ ဘုရား)။

ဘယ်လိုမှတ်ကြမယ် (အသေဒုက္ခ ချပစ်ခဲ့ပြီးတော့ အနေဒုက္ခထမ်းပါတယ်)။

ရဟန္တာ ပုဂ္ဂိုလ်များကတော့ အသေဒုက္ခလည်းချပြီးတော့ သွားပါရော၊ အနေဒုက္ခလည်း မထမ်းတော့ဘူး (မှန်ပါ ဘုရား)။

ပရိနိဗ္ဗာန်စံပြီး၊ ဘယ်ကြွသွားပါလိမ့်

ရဟန္တာများကတော့ (အသေဒုက္ခချပြီးတော့ အနေဒုက္ခ မထမ်းတော့ပါ ဘုရား)၊ မထမ်းတော့ ဒီရဟန္တာ ပုဂ္ဂိုလ် ဘယ်များ သွားကြပါလိမ့်မလဲလို့ ဒကာ ဒကာမတွေက မေးလို့ ရှိရင်ဖြင့် ဘုရား ဘယ်ကြွသွားပါလိမ့်၊ ပရိနိဗ္ဗာန်စံပြီး ဘယ်ကြွ သွားပါလိမ့် မေးလို့ရှိရင်ဖြင့် ဘယ်မှ မကြွဘူး ဒကာ ဒကာမတို့၊ သူ့ဒုက္ခ ဒီတွင် ထားပစ်ခဲ့ပြီး ဒုက္ခတွေ သိမ်းသွားတဲ့ ပုဂ္ဂိုလ်လို့ ဆိုပါ (မှန်ပါ)၊ ဒုက္ခသိမ်းသွားလေပေါ့ ဆိုလိုက်တာပေါ့ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

နိဗ္ဗာန်ဆိုတာဘာပါလိမ့်

ကောင်းပြီ၊ ဒါဖြင့် နိဗ္ဗာန် ဆိုတာ ဘာပါလိမ့်မလဲ (ဒုက္ခသိမ်းတာပါ ဘုရား)၊ ပေါ်လာပြီနော် (မှန်ပါ)၊ ဒုက္ခသိမ်းတာဟာ နိဗ္ဗာန် (မှန်ပါ)၊ ရှင်းကြပလား (ရှင်းပါပြီ)။

နိဗ္ဗာန်ဆိုတာ ဘာပါလိမ့် (ဒုက္ခသိမ်းတာပါ ဘုရား)၊ အသေဒုက္ခတွေ သိမ်းပြီး အနေဒုက္ခတွေ မလာတာဟာ နိဗ္ဗာန် (မှန်ပါ)၊ သဘောပါကြပလား (ပါ-ပါပြီ)။

ဒါဖြင့် ရဟန္တာပုဂ္ဂိုလ် သည်ကားလို့ဆိုရင် ဒုက္ခချုပ်ငြိမ်း ရုပ်သိမ်းတဲ့ပုဂ္ဂိုလ်ပဲ၊ ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ် ပုဂ္ဂိုလ်မွန်ပဲလို့ ဆိုထိုက် ကြပလား (ဆိုထိုက်ပါပြီ)၊ တခြားသော ပုဂ္ဂိုလ်တွေ ကတော့ ဒီဒုက္ခပြီး ဟိုဒုက္ခတွေ ဆက်ထမ်းနေရတဲ့အတွက် လူတိုင်းထဲကပဲလို့ မဆိုနိုင်ကြဘူးလား (ဆိုနိုင်ပါတယ်)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ရဟန္တာပုဂ္ဂိုလ် သေလို့ရှိရင်ဖြင့် ဘာမှမဖြစ်တာ လား၊ ဒုက္ခသိမ်းတဲ့သဘောသို့ သက်ရောက်တာလား (ဒုက္ခသိမ်းတဲ့ သဘောသို့ သက်ရောက်တာပါ)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

နိဗ္ဗာန်ဆိုတာ ဘာပါလိမ့် (ဒုက္ခသိမ်းတာပါ ဘုရား)၊ အဲ နိဗ္ဗာန်ဆိုတာ ဒုက္ခသိမ်းတာပဲလို့ဆိုတာ ဦးဘအုန်းတို့ သေသေချာချာ မှတ်ပါတဲ့ (မှန်ပါ)။

ကိုင်း ဒါဖြင့် ဘာ့ကြောင့်တုံးလို့မေးတော့ ခုနင်က တရားချီးကတည်းကပါခဲ့ပြီ ဒကာ ဒကာမတို့၊ ဒီဘဝမှာ ဒကာ ဒကာမတို့၏ နောက်ဆုံးပိတ် ဒုက္ခ ဘယ်ဟာပါလိမ့်မတုံးလို့ ဆိုတော့ သေတဲ့ဒုက္ခ (မှန်ပါ)၊ ပုထုဇဉ်များတော့ သေတဲ့ ဒုက္ခပြီးတော့ ဝမ်းခေါင်းထဲ ပဋိသန္ဓေနေရတဲ့ ဒုက္ခဆက်မလာ ဘူးလား (ဆက်လာပါတယ်)၊ အပါယ်ဖြင့် အပါယ်ရောက် ရတဲ့ ဒုက္ခဆက်မလာဘူးလား (ဆက်လာပါတယ်)၊

ဪ ပုထုဇဉ်များတော့ ဒုက္ခပြီး ဒုက္ခဆက်တယ် (မှန်ပါ)။

ပုထုဇဉ်ကတော့ ဘယ်လိုဆုံးဖြတ်ချက်ချမလဲ (ဒုက္ခပြီး ဒုက္ခဆက်ပါတယ်)။

မှတ်ထား-မှတ်ထား-မှတ်ထား၊ ပုထုဇဉ်ကတော့ တစ်ခု သော ဒုက္ခပြီးရင် တစ်ခုသော ဒုက္ခဆက်ပြီး သကာလ ထမ်းရပါ တော့မယ်ဆိုတာ ငြင်းဖို့ လိုသေးသလား (မလိုပါ ဘုရား)။

ကဲ ဒါက ရဟန္တာပုဂ္ဂိုလ်၏ စုတိနော် (မှန်ပါ)။ နောက်ဆုံးပိတ်စိတ်၊ နောက်ဆုံးပိတ်စိတ်သည် ရဟန္တာ ပုဂ္ဂိုလ်၏ စုတိစိတ်ကျရော ပဋိသန္ဓေစိတ်လာသေးရဲ့လား (မလာ ပါ ဘုရား)။

သဿတဒိဋ္ဌိဘက်သွားလိမ့်မယ်

ဒါဖြင့် ဒီရဟန္တာ ပုဂ္ဂိုလ်သေပြီး ဘာဖြစ်သေးသတုံး မေးလို့ ဘာမှ ဘာဖြစ်တယ်လို့မယူနဲ့ ဒကာ ဒကာမတို့နော် (မှန်ပါ)၊ ဖြစ်တယ်ဆိုရင် သဿတဒိဋ္ဌိဘက် သွားလိမ့်မယ် (မှန်ပါ)။

ဒါကြောင့် ဒီရဟန္တာပုဂ္ဂိုလ် ဘယ်များကြွသွားပါလိမ့် မလဲ၊ နောက်ဆုံးပိတ် ဘယ်များ ကြွသွားပါလိမ့်မလဲလို့၊ ကြွသွား ပါလိမ့်မလဲကို မမေးနဲ့ (မှန်ပါ)၊ ကြွသွားတယ် ဆိုရင် သဿတဒိဋ္ဌိ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

ဥစ္ဆေဒဒိဋ္ဌိဖြစ်သွားမယ်

ဒါဖြင့် ဒီပုဂ္ဂိုလ် ဘယ်မှ မကြွတော့ဘူးလားလို့ မေးလို့ ရှိရင်ဖြင့် ဘယ်မှ မကြွဘူး ဆိုလို့ ရှိရင်လည်း ဥစ္ဆေဒဒိဋ္ဌိ ဖြစ်သွား မယ် (မှန်ပါ)၊ ရှင်းပြီနော် (ရှင်းပါပြီ)၊ နိဗ္ဗာန်ကြွသွားပြီ ဆိုတော့လဲ (သဿတဒိဋ္ဌိဖြစ်ပါတယ်)။

အဲဒါ တချို့က နိဗ္ဗာန်ကြွသွားပြီလို့ ဆိုချင် ဆိုတတ်တယ်။ ကြွသွားတယ် ဆိုတာ တစ်လှမ်းပြီး တစ်လှမ်း ကြွတာကို ဆိုပါ တယ် (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)၊ အရှင် ဘုရားတို့တော့ အေးပြီ၊ ဒီဘဝ စုတေ သေလွန်ရင် နိဗ္ဗာန်ကြွရုံရှိ တော့တယ် (မှန်ပါ)၊ ဟာ နိဗ္ဗာန်ကြွတဲ့ ပုဂ္ဂိုလ်ဖြစ်ရဦး တော့မလိုလို (မှန်ပါ)။

ဘယ်လောက် ဒီဟာ အရုပ်ဆိုး အကျည်းတန်ပြီး သကာလ မသိမှုတွေကလည်း ဒကာကြွယ် များပြားနေတယ် (မှန်ပါ)၊ အခု သေသေချာချာ ရှင်းတော့မှ ရဟန္တာပုဂ္ဂိုလ် စုတိ ပြီးတော့ ဘာတွေ သိမ်းသွားသလဲ (ဒုက္ခသိမ်းသွားပါ တယ်)။

ဒီဘဝဒုက္ခပြီး နောက်ဘဝဒုက္ခ

ပုထုဇဉ် ပုဂ္ဂိုလ်များကတော့ ဒီဘဝစုတိပြီးတော့ နောက် ဘာတွေဖြစ်သေးတယ် ဆိုတော့ ဒီဘဝဒုက္ခပြီး နောက်ဘဝ ဒုက္ခ ပြန်ဖြစ်တာပဲ (မှန်ပါ)၊ ဒုက္ခပြန်ဆက်တယ် (မှန်ပါ)။

ရဟန္တာပုဂ္ဂိုလ်ကတော့ ဒီဘဝဒုက္ခပြီးတော့ နောက်ဘဝ ဒုက္ခတွေ ထမ်းပိုးနေသေးသလား (မပိုးပါ ဘုရား)၊ ဒါဖြင့် သူက ဒုက္ခသိမ်းတဲ့ပုဂ္ဂိုလ် (မှန်ပါ)၊ ရဟန္တာပုဂ္ဂိုလ်က (ဒုက္ခသိမ်းတဲ့ပုဂ္ဂိုလ်ပါ)။

ဘယ်များကြွသွားသတုံး

ဟာ ဒါဖြင့် အားလုံး တရားတစ်ပွဲလုံး မေးလိုက် ပါတယ် ဒကာ ဒကာမတို့၊ ရဟန္တာ ပုဂ္ဂိုလ် သေတဲ့ အခါ ဘယ်များ ကြွသွားသတုံးမေးတဲ့အခါ ဘယ့်နှယ်ဖြေမတုံး (ဒုက္ခ ချုပ်သွားပါတယ် ဘုရား)၊ ဒုက္ခသိမ်းသွားပါတယ်ဆိုတာသာ တစ်ပြိုင်နက် အသံထွက်ပါတော့ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

ဘယ်များ ကြွသွားပါလိမ့် (ဒုက္ခသိမ်းသွားတာပါ ဘုရား)၊ ဘယ်မှ မကြွဘူး၊ ဒုက္ခတွေ သိမ်းသွားတယ် (မှန်ပါ)၊ သူ့ဒုက္ခတွေ သူ့မဂ်ဉာဏ်နဲ့ သူသိမ်းသွားတော့တယ် ဆိုတာ မှတ်လိုက် တာပေါ့ (မှန်ပါ)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒုက္ခသိမ်းတာသည် ကျုပ်တို့ အခု မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ရအောင် လုပ်နေကြတာ၊ ဒုက္ခသိမ်းချင် လို့လုပ်တာ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

ကျုပ်တို့ အခု အလုပ်-လုပ်နေကြတဲ့ ဒကာ ဒကာမတွေ ဘယ်အကျိုးငှာ အလုပ်- လုပ်နေကြတာပါလိမ့် (ဒုက္ခ သိမ်းချင်လို့လုပ်တာပါ ဘုရား)။

ဒုက္ခသိမ်းတာနိဗ္ဗာန်

ဪ ဒါကြောင့် ဒကာ ဒကာမတို့ နိဗ္ဗာန်ဆိုတာ ဒုက္ခသိမ်းတာ နိဗ္ဗာန်ပဲ (မှန်ပါ)။

နိဗ္ဗာန်ဆိုတာ (ဒုက္ခသိမ်းတာပါ ဘုရား)၊ ဒကာကြွယ် တို့၊ ဦးလှဖူးတို့ ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် နိဗ္ဗာန်ဆိုတာသည် ဒကာ ဒကာမတို့၊ ရဟန္တာ ပုဂ္ဂိုလ်သေတော့ ပြတ်သွားသလားတဲ့၊ ဒုက္ခသိမ်းခြင်းသို့ ရောက် သွားသလား (ဒုက္ခသိမ်းခြင်းသို့ ရောက်သွားပါတယ်)၊ ဒါဖြင့် ပြတ်သွား တာကော ဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား)၊ သူသည်ကား ဒုက္ခဇာတ်သိမ်း သွားရှာပြီလို့ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့၊ ရဟန္တာသေလို့ရှိရင်ဖြင့် ဒုက္ခ ခပ်သိမ်းငြိမ်းတဲ့ နိဗ္ဗာန်သဘော ရောက်သွားတယ် (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)။

ဒုက္ခသဘောမှ သုခသဘောသို့

ဒါဖြင့် ဒုက္ခသဘောမှ သုခသဘောသို့ သက်ရောက် သွားတာ ဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ ဘုရား)၊ ဒုက္ခချုပ်၍ သုခပေါ်လာတာ ဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ ဘုရား)။

ဪ နိဗ္ဗာန်ဆိုတာ ဘာမှ အထူးတလည် တွေးမနေကြပါနဲ့၊ ဒုက္ခခပ်သိမ်းငြိမ်းအေးတဲ့ သဘောဟာ ဘာပါ လိမ့် (နိဗ္ဗာန်ပါ ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ရဟန္တာပုဂ္ဂိုလ်များသည် ဘာများဖြစ်သွားသတုံး လို့ မေးလို့ရှိရင် ဒုက္ခသိမ်းသွားတာပဲလို့ ဖြေရမယ် (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတွေ၊ ဒီနိဗ္ဗာန်ကို ယနေ့ စပြီး ပြောရခြင်းဟာက မနေ့ကလည်း ကတိကဝတ် ထားခဲ့ရ တယ်၊ နက်ဖြန် နိဗ္ဗာန်ပြောမယ်လို့ ဆိုတာ၊ ဒီနိဗ္ဗာန်ဟာ ဝတ္ထု မပါ ဘဲနဲ့လည်း ရဟန္တာ ပရိနိဗ္ဗာန်စံတဲ့အခါကျတော့ ဘာများဖြစ်သွား သတုံးလို့မေးရင် ဘယ့်နှယ်ဖြေကြမတုံး (ဒုက္ခသိမ်းသွားပါ တယ် ဘုရား)၊ ပုထုဇဉ်များသေတဲ့အခါကျတော့ ဘယ်လိုများ ခင်ဗျားတို့ မှတ်ကြမလဲ (ဒုက္ခဆက်ပါတယ် ဘုရား)၊ ဒုက္ခ ဆက်တယ် (မှန်ပါ)၊ ရှင်းကြပလား (ရှင်းပါပြီ)၊ ဒုက္ခ ဆက်တာနဲ့ ဒုက္ခသိမ်းတာ မခြားနားဘူးလား (ခြားနား ပါတယ်)။

ယမက ရဟန်းအယူ

ဒါဖြင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီး လက်ထက်က သာဝတ္ထိပြည် ဇေတဝန်ကျောင်းမှာ ရှင်သာရိပုတ္တရာသီတင်းသုံး နေတယ်၊ ရဟန်းငယ်တစ်ပါးကလည်း သူ့ဘွဲ့ က ယမက တဲ့ (မှန်ပါ)။

ယမကဟာ သူ့စိတ်ထဲမှာ အကြံပေါ်လာတယ်၊ ဪ ရဟန္တာများ သေသွားတဲ့အခါကျလို့ရှိရင် ဘာမှမဖြစ်တော့ ဘူးတဲ့ ဆိုတော့ ဥစ္ဆေဒဒိဋ္ဌိ သူယူပစ်လိုက်တယ် (မှန်ပါ)။ မယူလိုက်ဘူးလား (ယူလိုက်ပါတယ် ဘုရား)၊ ဘာဒိဋ္ဌိ ယူလိုက်ပါလိမ့် (ဥစ္ဆေဒဒိဋ္ဌိယူလိုက်ပါတယ်)။

ရဟန္တာသေရင်ပျောက်သွားတာပဲတဲ့

ဒုက္ခသိမ်းသွားတယ်လို့ သူက မယူဘူး (မှန်ပါ)။ ရဟန္တာသေရင် ပျောက်သွားတာပဲ၊ ဆေးလိပ် မီးခိုးလို ပျောက်သွားတာ ပဲဆိုတော့ ဘာဒိဋ္ဌိထဲ သက်ရောက်သလဲ (ဥစ္ဆေဒဒိဋ္ဌိထဲ သက်ရောက် ပါတယ်)၊ သေသေချာချာမှတ်ပါ၊ ဒကာ ဒကာမတို့နော် (မှန်ပါ)။

ဥစ္ဆေဒ ဒိဋ္ဌိ သက်ရောက်သွားတဲ့အခါကျတော့ သူက သူ့ဝမ်းထဲတွင် ယူတဲ့အယူက ရဟန္တာသေရင် ဘာမှမဖြစ်တော့ဘူး (မှန်ပါ)၊ ဟိုမှာ ဘာမှမဖြစ်တာ မဟုတ်ဘဲ ဒကာ ဒကာမတို့ ဒုက္ခချုပ်ငြိမ်း ရုပ်သိမ်းသွားတဲ့ သဘော ဖြစ်သွားတာပေါ့ (မှန်ပါ)။

အနာပေါက်တာနဲ့ အနာပျောက်တာ

နဂိုက ဥပမာ ဒကာကြွယ်က အနာကြီး ပေါက်နေ တယ်၊ နာလိုက်တာဘုရား၊ တပည့်တော်ဖြင့် ဒီဝေဒနာနဲ့ပဲ သေလိမ့်မယ် ထင်တယ်၊ နောက်တော့ ဆေးကောင်း ဝါးကောင်း၊ နဲ့ တွေ့တဲ့ အခါကျတော့ ဒကာကြွယ် ဒီအနာကြီး ပျောက်သွား တယ် (မှန်ပါ)၊ ဒါဖြင့် အနာပေါက်တာနဲ့ အနာပျောက်တာ ဟာ မထူးခြားဘူးလား (ထူးခြားပါတယ်)၊ အနာပေါက်တာ သည် ဆင်းရဲတယ် (မှန်ပါ)၊ အနာပျောက်တာသည် (ချမ်းသာပါတယ်)။

ဒီမှာလည်း ခန္ဓာဒုက္ခဖြစ်တာသည် ဆင်းရဲတယ်၊ ခန္ဓာ ဒုက္ခကြီး ချုပ်ငြိမ်းသွားလို့ရှိရင်ဖြင့် ချမ်းသာတယ် (မှန်ပါ ဘုရား)၊ အနာပေါက်တာနဲ့ အနာပျောက်တာလိုပဲ ကွာခြားပါ တယ် (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

ကောင်းပြီ၊ ခန္ဓာဝန်ထမ်းသမားသည် ဒုက္ခနဲ့ မခွဲရသော ကြောင့် ဒုက္ခတွေရှုပ်နေတယ် (မှန်ပါ)၊ နောက် ဒီဒုက္ခတွေ ကိလေသာတွေ၊ ခန္ဓာတွေ ငြိမ်းသွားတော့ လောင်စာနဲ့မီး သိမ်းတဲ့ သဘောကော မရောက်ဘူးလား (ရောက်ပါတယ်) ဒါဖြင့် ငြိမ်းအေးမှ ငြိမ်းအေးပါ့မလား (ငြိမ်းအေးပါတယ်)။

ရဟန္တာသေဘာငြိမ်းအေးခြင်းသဘော

ဪ ဒါဖြင့်ရင် ရဟန္တာသေတာ ငြိမ်းအေးခြင်း သဘောရောက်သွားတယ် (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)။

အဲဒီလို မယူဘဲနဲ့ ယမက,က ရဟန္တာသေရင် ဘာမှ မဖြစ်ဘူးဆိုပြီး သူက ဒီအယူ ဖောက်ပြန် သွားတယ် (မှန်ပါ)၊ ဖောက်ပြန်သွားတော့ ဘေးက ရဟန်းတွေက ဆုံးမကြတယ်၊ ယမက သေရင် မင်းက ဘာမှမဖြစ်တော့ဘူး ဆိုတဲ့ဥစ္စာ မင့်အယူ ဟာ ဥစ္ဆေဒဒိဋ္ဌိ ပါကွ၊ ဒီအယူ မယူပါနဲ့ဆိုတော့ ဟာ မဟုတ်ဘူး၊ တပည့်တော် ဒီလိုပဲ သဘောကျတယ်၊ ဒီလိုယူရမှာ ပဲ၊ ရဟန္တာသေရင် ဘာမှမဖြစ်ဘူးတဲ့ (မှန်ပါ)။

ရှင်သာရိပုတ္တရာကသိတယ်

ဒီလိုယူတော့ ရဟန်းတွေက ပြောကြ၊ ဆိုကြ၊ ဆုံးမကြ ငြားသော်လည်း ဒကာကြွယ် သူ့အယူမစွန့်ပါဘူး (မှန်ပါ)၊ မစွန့်တော့ ရဟန်းတွေက သူတို့ပြောမရတာနဲ့ ရှင်သာရိပုတ္တရာ သွားပြောကြတယ်၊ အရှင်ဘုရား-ယမကတော့ ဥစ္ဆေဒယူနေပြီ ဘုရား၊ ရဟန္တာသေရင် ဘာမှ မဖြစ်ဘူးချည်းဘဲ ပြောနေတယ် (မှန်ပါ)၊ ဪ ဒီကိုယ်တော်ဟာ ဥစ္ဆေဒဒိဋ္ဌိ စွဲနေပါ ပေါ့လားလို့ ရှင်သာရိပုတ္တရာက သိတယ် (မှန်ပါ)။

ယမကကျောင်းသွားတယ်

ထိုကဲ့သို့ သိတဲ့အခါကျတော့ ကဲကွာ ငါပဲဆုံးမပါမယ်ဆို ပြီး ရှင်သာရိပုတ္တရာက ညနေကျတော့ ယမကနေတဲ့ကျောင်းကို သွားတယ် (မှန်ပါ)၊ ယမက ရဟန္တာသေရင် ဘာဖြစ် သတုံးကွလို့မေးတယ် (မှန်ပါ)၊ ဒီတော့ ယမက,က ရဟန္တာ သေရင် ပျောက်ပျက် သွားတယ်၊ ဘာမှမဖြစ်တော့ဘူးတဲ့၊ ဒီတော့ ရှင်သာရိပုတ္တရာက ဪ မင့်ဟာ မိစ္ဆာဒိဋ္ဌိအယူ၊ ဥစ္ဆေဒဒိဋ္ဌိ အယူပါလား (မှန်ပါ)၊ ဆိုပြီး သကာလ ဒကာ ဒကာမတို့ ရဟန္တာဆိုတဲ့ဥစ္စာ အခေါ်ပဲနော် (မှန်ပါ)၊ တကယ်ရှိတာလား၊ အခေါ်ပဲလား (အခေါ်ပါ ဘုရား)၊ ရှိတာပြောကြပါစို့ဆိုတော့ ခန္ဓာငါးပါး (မှန်ပါ)။

ရှိတာကခန္ဓာငါးပါး

ရှိတာပြောကြပါစို့ (ခန္ဓာငါးပါး)၊ အဲ-ဒကာ ဒကာမတို့ ရူပက္ခန္ဓာကို ရဟန္တာခေါ်လို့ရရဲ့လား (မရပါ ဘုရား)၊ ဝေဒနာ ကိုကော (ခေါ်လို့မရပါ ဘုရား)၊ သညာကိုကော (မရပါ ဘုရား)၊ သင်္ခါရက္ခန္ဓာတွေ ကော (မရပါဘု ရား)၊ စိတ်ကိုကော ရဟန္တာခေါ်လို့ကိုရရဲ့လား (မရပါ ဘုရား)၊ ဒါဖြင့် သူက ရဟန္တာသေရင် ဘာမှမဖြစ်တော့ဘူးဆိုတော့ သူ့စကားဟာ မရှိတာဟာ မရှိဘူးပြောတာနဲ့ တယ်တူနေတာပဲ (မှန်ပါ)၊ နဂိုကမှ မရှိတာ၊ နောက် ဘာမှမရှိဘူးပြောတော့ ဘာထူးသေး သတုံး (ဘာမှမထူးပါ ဘုရား)၊ နဂိုတုန်းက ရဟန္တာမှ မရှိတာကို မရှိတာကိုင်ထားတယ် (မှန်ပါ)၊ မရှိတဲ့ပစ္စည်းသည် ပျောက်ပျက်သွားတယ်ဆိုတော့ ဒီစကားဟာ မမှန်တဲ့စကားပဲ (မှန်ပါ)။

မရှိတဲ့ ပစ္စည်း ပျောက်ပျက်သွားတယ် ဆို တော့ ဒကာသစ် ကိုယ့်အိမ်ရှေ့မှာ ကိုယ် သုံးကြည့်ပါ။ ကိုယ့်အိမ်မှာ မရှိတဲ့ပစ္စည်း ပျောက်သွားတယ်ပေါ့၊ ဒီစကား သုံးထိုက် မသုံးထိုက် (မသုံးထိုက်ပါ ဘုရား)။

ဒကာကြွယ်တို့ အိမ်မှာ သုံးကြည့်စမ်း၊ ငါ့အိမ်မှာဟေ့ နဂိုကလည်း မရှိဘူး၊ ဒီပစ္စည်းဟာ အခု ပျောက်သွားတယ်ကွလို့ ပြောရင် အဖေ ရူးသလားလို့တောင် မေးကြလိမ့်မယ် (မှန်ပါ)၊ မေးမလား၊ မမေးဘူးလား (မေးမှာပါ)။

ဒီမှာလည်း သူက အရူးထတာက၊ ဥစ္ဆေဒဒိဋ္ဌိ အရူးထ တာက ရဟန္တာသေရင် ဘာမှမဖြစ်ဘူး ဆိုတော့ ဒီထဲ ရဟန္တာကောပါရဲ့ လား (မပါ-ပါ ဘုရား)၊ နို့ ဘာမှမဖြစ်ဘူးဆိုတဲ့ စကား သုံးစရာကော ရှိရဲ့လား (မရှိပါ ဘုရား)။

အဲဒါကြောင့် ယမကကို ဥစ္ဆေဒဒိဋ္ဌိ အရူးထပြီကွဆိုတာ မပြောထိုက်ဘူးလား (ပြောထိုက် ပါတယ် ဘုရား)။

ရုပ်တရားကို ရဟန္တာဆိုမလား

ကိုင်း ယမက မင်းကို ငါဆုံးမပါမယ်ကွာ၊ နားထောင် စမ်းပါဦးဆိုပြီး ရုပ်တရားပဲ ရဟန္တာ ဆိုမလားလို့ မေးလိုက်တယ် (မှန်ပါ)၊ မဆိုပါဘူးဘုရားဟု ယမက,က ဖြေတယ် (မှန်ပါ)၊ ဝေဒနာ တရားကို ရဟန္တာဆိုမလားလို့မေးလိုက်တယ် (မဆိုပါ ဘုရား)။

ဒီလိုဖြေတာနဲ့ပဲ သူသည်ကားလို့ ဆိုရင် “ဧဝံ ပဿံ ဘိက္ခဝေ သုတဝါ အရိယသာဝကော ဝေဒနာယပိ နိဗ္ဗိန္ဒတိ’’ ဆိုတဲ့ အတိုင်း သူ ဒီလိုပဲ မေးရင်း မေးရင်း ဝေဒနာက္ခန္ဓာပေါ်မှာ ဖြစ်ပျက်တွေ မြင်ပြီးတော့ မုန်းလာတယ် (မှန်ပါ)၊ မုန်းပြီးတော့ ဝေဒနာက္ခန္ဓာတွေကို သူသည် ဒုက္ခသစ္စာပဲ မလိုချင်

တော့ပါဘူး ဆိုပြီး ဖြစ်ဒုက္ခ ပျက်ဒုက္ခပါပဲဆိုပြီး ဆုံးဖြတ်ချက် ချပြီး ရှုလိုက်တော့ သူ သောတာပန် တည်တယ် (မှန်ပါ)။

ယမက သောတာပန်တည်တယ်

ကိုင်း ဒါဖြင့် အနိစ္စ၊ ဒုက္ခ၊ အနတ္တရှုပြီး သစ္စာမြင်လိုက် တာနဲ့ ယမက ဘာဖြစ်သွားသတုံး (သောတာပန် တည်ပါ တယ်)။

အဲဒါကြောင့် ခင်ဗျားတို့လည်း ဝေဒနာကို ဖြစ်ပျက်ရှုပါ ကြိုက်တာရှုပါ (မှန်ပါ)၊ စိတ်ဖြစ်ပျက်ရှုပါ (မှန်ပါ)။ ရှုလို့ ဖြစ်ပျက်မြင်ရင် ယထာဘူတဉာဏ် (မှန်ပါ)၊ ဖြစ်ပျက် မုန်းရင် (နိဗ္ဗိန္ဒဉာဏ်ပါ)၊ ဟာ ဒီဖြစ်ပျက် တွေဟာ ဒုက္ခ သစ္စာတွေပဲလို့ ပိုင်ပိုင်နိုင်နိုင် သိလို့ ဆုံးသွားရင် (မဂ်ဉာဏ် ပါ)၊ ဆုံးသွားတာ မြင်တဲ့ဉာဏ်ဟာ မဂ်ဉာဏ် မရပေဘူးလား (ရပါတယ် ဘုရား)။

ရှင်သာရိပုတ္တကမေးတယ်

အဲဒါ ယမကလည်း ဒီအတိုင်းလာတာပဲ (မှန်ပါ)။ ရသွားတော့ ရှင်သာရိပုတ္တရာက ရိပ်မိတယ်၊ ငါ့ရှင် ယမကဟာ နဂိုတုန်းက ဥစ္ဆေဒဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်၊ ယခုအခါ သူသောတာပန် တည်သွားပြီ ဆိုတော့ သောတာပန်တည်ပြီးမှ မေးပြန်တယ် (မှန်ပါ)။

ခန္ဓာငါးပါးကိုရဟန္တာလို့ဆိုမလား

ယမက ခန္ဓာငါးပါးရှိတယ်ကွ၊ အဲဒီမှာ ရုပ်တရားကို ရဟန္တာလို့ ဆိုမလားလို့ မေးလိုက်တယ်၊ မဆိုရပါဘူးဘုရားတဲ့ (မှန်ပါ)၊ ဝေဒနာတရားကို ရဟန္တာလို့ဆိုကြမလား (မဆို ရပါ ဘုရား)၊ စိတ်တရားကို ရဟန္တာလို့ ဆိုကြမလား (မဆိုရပါ ဘုရား)၊ ခန္ဓာငါးပါးကို ရဟန္တာလို့ ဆိုနိုင်ကြမလား (မဆိုနိုင်ပါ ဘုရား)၊ တစ်ခါ သွားပါဦး၊ ခန္ဓာငါးပါးကို ကြည့်လို့ကော ရဟန္တာ လို့ဆိုနိုင်ပါ့မလား (မဆိုနိုင်ပါ ဘုရား)၊ ခန္ဓာငါးပါးကြဉ်ပြန်တော့လည်း ရဟန္တာလို့ဆိုစရာရှိပါ မလား (မရှိပါ ဘုရား)၊ ဒါဖြင့်ကွာ မင်းသည်ကားလို့ဆိုရင် ခန္ဓာငါးပါးအပေါင်းကိုကော ရဟန္တာလို့ဆိုမလားတဲ့ (မဆိုရပါ ဘုရား)၊ မဆိုနိုင်ဘူးလို့ ယမက, က ဖြေတယ်၊ ဒီ ဒကာ ဒကာမတွေ အခုဖြေသလို ဖြေတာပဲ (မှန်ပါ)။

တစ်ပါးသောတရားကိုရဟန္တာဆိုမလား

ဒါဖြင့် ရူပက္ခန္ဓာမ ှတစ်ပါးသော တရားကို ရဟန္တာ ဆို မလားတဲ့ (မဆိုနိုင်ပါ ဘုရား)၊ ဝိညာဏက္ခန္ဓာ မှတစ်ပါးသော တရားကို ရဟန္တာဆိုမလား (မဆိုနိုင်ပါ ဘုရား)။

အဲ ယမက ဒီအတိုင်း ဖြေတော့ ဪ ခန္ဓာ ငါးပါးဟာ ဒုက္ခသစ္စာတရားသာ ရှိတယ်လို့ သူသိမနေသေးဘူးလား (သိပါတယ်)၊ ယမကဟာ သိနေပါပြီ ဒကာ ဒကာမတို့ (မှန်ပါ)။

ဒါဖြင့် ကွာတဲ့၊ မင်း အခု ယူသွားတာတွေဟာ အကုန်မှန်ပြီး သကာလ နေတယ်၊ နဂိုတုန်း ကတော့ မင်းဟာ ရဟန္တာ သေရင် ဘာမှ မဖြစ်တော့ဘူး၊ ပျက်တာပဲ ဆိုတဲ့ ဥစ္ဆေဒဒိဋ္ဌိ အယူကြီးဟာ မင်း ဘယ့်နှယ်ကြောင့် နဂိုက သတုံးတဲ့ (မှန်ပါ)၊ အရှင်ဘုရားတည်း ဟူသော သစ္စာဟောတတ်တဲ့ ဆရာသမား မတွေ့ခင်တုန်းက ယူတာပါဘုရားလို့ လျှောက် တယ် (မှန်ပါ)၊ ရိပ်မိသလား (ရိပ်မိပါပြီ)။

အရှင်ဘုရားတည်းဟူသော အသိဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်နဲ့ မပေါင်းသင်းခင်တုန်းက နဂိုက ယူတဲ့ ဒိဋ္ဌိအယူပါ ဘုရားလို့ ဖြေလိုက်တယ် (မှန်ပါ)။

ကိုင်း သာဓု၊ သာဓုကွာ၊ မင်းသည်ကားလို့ဆိုရင် ဝိပဿနာရှု လို က် တာနဲ့ အခု သောတာပန် တည်ပြီ၊ သို့သော်လည်း ငါမကျေနပ် သေးဘူးကွ၊ မင်းကို မေးရဦးမယ်။ “ဖွတ်မြီးနဲ့ဖွတ်ချည်’’ ဆိုတဲ့ လောကီပုံပြင် အတိုင်းလိုပေါ့ဗျာ (မှန်ပါ)၊

အခုလည်း မင်း သောတာပန်တည်ပြီ၊ မင်းကို တခြားသော ပုဂ္ဂိုလ်များက ရဟန္တာသေရင် ဘယ်သွားသတုံးလို့ မင်းကို မေးရင် မင်းက အဖြေထွက်စမ်းတဲ့ (မှန်ပါ)။

နဂိုတုန်းကအမှားကိုပြင်ခိုင်းတယ်

ဒကာကြွယ် တယ်အဖိုးတန်တဲ့ အဖြေပါလား (မှန်ပါ)၊ သူ နဂိုတုန်းက မှားနေတာကိုး၊ သူ့အမှားကို သူအပြင် ခိုင်းတာပဲ (မှန်ပါ)။

အရှင်ဘုရားတဲ့၊ ရဟန္တာသေရင် ဘယ်သွားသတုံးလို့ မေးလို့ရှိရင် တပည့်တော်က ဝေဒနာ တရားဟာ အနိစ္စပဲလို့ တပည့်တော် ဆိုပါ့မယ် (မှန်ပါ)၊ ရဟန္တာ ဒီဝေဒနာက္ခန္ဓာ စသည်တွေကို ဖြေရမှာပေါ့ဗျာ (မှန်ပါ)၊ ဝေဒနာ တရားဟာ အနိစ္စပဲ၊ ၎င်းအနိစ္စတရားဟာ ဒုက္ခပဲ၊ အဲဒီဒုက္ခတရားဟာ ကုန်ပြီ လို့ ဖြေရုံပါပဲ (မှန်ပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

စိတ်တရားဟာ အနိစ္စပဲနော် (မှန်ပါ)၊ အနိစ္စတရား ကို ဒုက္ခလို့မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)။

ဒါဖြင့် ရဟန္တာများသေတဲ့အခါ ဘယ်သွားသတုံးဆို တော့ ဒုက္ခဆုံးသွားတယ်လို့ ဆိုရုံပါပဲ (မှန်ပါ)၊ တပည့်တော် ဒီအတိုင်း ဖြေပါ့မယ်ဘုရားလို့ ယမက,က ဖြေလိုက်တယ် (မှန်ပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ နိဗ္ဗာန်ဆိုတာ ဘာပါလိမ့် မလဲ (ဒုက္ခဆုံးတာပါ ဘုရား)။

အနိစ္စတရားဟာ ဒုက္ခမဖြစ်ဘူးလား (ဖြစ်ပါတယ်)၊ အဲဒီ ဒုက္ခတွေ ချုပ်ငြိမ်းသွားတာ ဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ ဘုရား)။

ဒုက္ခတွေချုပ်ငြိမ်းသွားတာနိဗ္ဗာန်

ဪ နိဗ္ဗာန်ဆိုတာ ဒကာ ဒကာမတို့၊ ဒုက္ခ ချုပ်ငြိမ်းရုပ်သိမ်းတာ ဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ ဘုရား)။

ဒါဖြင့် ယမက,က သူကိုယ်တိုင်၊ နိဗ္ဗာန်ကို သူကိုယ်တိုင် မဖြေဘူးလား (ဖြေပါတယ်)၊ ခန္ဓာငါးပါးဟာ အနိစ္စတရား ပါ ဘုရား၊ ၎င်းအနိစ္စတရားဟာ ဒုက္ခပဲ၊ အဲဒီ ဒုက္ခကုန်ဆုံးသွား တယ်လို့ ဖြေရုံပါပဲတဲ့၊ ရဟန္တာ သေရင် ဘာမှမဖြစ်ဘူးလို့ မဖြေပါဘူးတဲ့ (မှန်ပါ)၊ သဘောပါပလား (ပါပါပြီ)။

ခန္ဓာငါးပါးတရားဟာ ဘာတရားတဲ့ (အနိစ္စတရား ပါ)၊ ၎င်းအနိစ္စတရားဟာ ဒုက္ခလား၊ သုခလား (ဒုက္ခပါ)၊ ဒုက္ခတွေဆုံးသွားတာသည် ရဟန္တာသေလို့ရှိရင်ဖြင့် ဒုက္ခ ဆုံးတယ်ဆိုရုံပါပဲ (မှန်ပါ)၊ ခင်ဗျား တို့လည်း ဒီအတိုင်း အားထုတ်ရင် ဒုက္ခဆုံးတာရကြမှာပဲ (မှန်ပါ)၊ သဘောကျ ပလား (ကျပါပြီ)။

ဒုက္ခချုပ်တဲ့နိဗ္ဗာန်တွေ့မယ်

ဒါဖြင့် ဒကာ ဒကာမတို့ ဖြစ်ပျက်မြင်အောင်ရှု (မှန်ပါ)၊ ဖြစ်ပျက်မုန်းအောင် (ရှုရပါမယ်)၊ ဖြစ်ပျက် (ဆုံးအောင်ရှုရပါမယ်)၊ ဖြစ်ပျက်ဟာ ဘာသစ္စာပါလိမ့် (ဒုက္ခသစ္စာပါ ဘုရား)၊ အဲဒီ ဒုက္ခဆုံးရင်ဖြင့် ခင်ဗျားတို့ ရှုနေတဲ့ ဉာဏ်ဟာ ဘာတွေ့ရမတုံး (နိဗ္ဗာန်တွေ့ရပါမယ်)၊

ဒုက္ခချုပ် တဲ့ နိဗ္ဗာန် မတွေ့ပေဘူးလား (တွေ့ပါတယ်)၊ ဒုက္ခအဆုံး မတွေ့ပေဘူးလား (တွေ့ ပါတယ်)၊ အဲဒီတွေ့ သည့် တိုင်အောင် အားထုတ်လို့ရှိရင်ဖြင့် ပထမတွေ့ရင် သောတာပန် (မှန်ပါ)၊ ဒုတိယတွေ့ရင် (သကဒါဂါမ်)၊ တတိယ တွေ့ပြန်လို့ရှိရင် (အနာဂါမ်ပါ)၊ စတုတ္ထတွေ့ပြန်ပြီ ဆိုရင် (ရဟန္တာပါ ဘုရား)၊ ရဟန္တာပဲဆိုတော့ ဒုက္ခအဆုံး တွေ့အောင် လိုက်ဖို့ရာသည် ဒုက္ခရှိတဲ့နောက် လိုက်သွား (မှန်ပါ)။

တုံးတွေ့တယ်ဆိုရင် တုံးနောက်ကို ဒကာသစ်က လိုက် သွားတာပေါ့၊ တုံးအရှည်အတိုင်း လိုက်သွားရင် တုံးအဆုံးကို (တွေ့ရပါမယ်)၊ တုံးရှိနေရင် တုံးအဆုံးရှိတာပေါ့ (မှန်ပါ)။

ဒီမှာလည်း ခန္ဓာကိုယ်ကြီးဟာ ဘာသစ္စာတုံး (ဒုက္ခ သစ္စာပါ ဘုရား)၊ အဲ ဒုက္ခသစ္စာကို ဒုက္ခသစ္စာ၊ ဒုက္ခသစ္စာလို့ ဉာဏ်နဲ့ကြည့်ပြီးတော့ လိုက်သွားရင် ဒုက္ခဆုံးတာ တွေ့မှာပဲ (မှန်ပါ)၊ ဒုက္ခဆုံးတာ တွေ့တော့ ဆုံးတာက နိရောဓသစ္စာ၊ တွေ့တာက မဂ္ဂသစ္စာ (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)၊ သေတာက သမုဒယသစ္စာ၊ နောက်ခန္ဓာတွေ မလာတာကလည်း အနုပါဒိသေသ နိရောဓသစ္စာ (မှန်ပါ)။ ရိပ်မိပလား (ရိပ်မိပါပြီ)။

ကဲ ယနေ့ ဒီတွင် တော်ကြစို့။

သာဓု သာဓု သာဓု။