268

မကြံကောင်းတာကြံရင်အပါယ်ရောက်မယ်(ကိန္နရီကိန္နရာ)

အသံဖိုင်ခေါင်းစဉ်= ဝိတက်ကြောင့် ဒုက္ခရောက်ပုံနှင့် နိဗ္ဗာန်ရောက်ပုံ

စာအုပ်ခေါင်းစဉ်= မကြံကောင်းတာကြံရင်အပါယ်ရောက်မယ် (ကိန္နရီ ကိန္နရာ)

မှတ်ချက်။ ။အသံမကြည်ပါ။

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

မိုးကုတ်မြို့၌ ဟောကြားတော်မူသောတရားတော်

“မကြံကောင်းတာကြံရင်အပါယ်ရောက်မယ်”

(ကိန္နရီ ကိန္နရာ)

(၁၀-၂-၅၅)

ဝိတက်ကြောင့် ဒုက္ခဖြစ်ပုံ၊ ဝိတက်ကြောင့် နိဗ္ဗာန် ရောက်ပုံ ဒီနှစ်လုံးကိုဟောလိမ့်မယ် (မှန်လှပါ ဘုရား)။

ဝိတက်ကြောင့် ဒုက္ခဖြစ်ပုံ၊ ဝိတက်ကြောင့် နိဗ္ဗာန် ရောက်ပုံကို သတိပဋ္ဌာန် ပါဠိတော်မှာ လာနေတဲ့ အတွက် ဒကာ ဒကာမတွေ သိရလိမ့်မယ်။

ဝိတက်ဆိုတာ ကြံစည်တာ

အဲဒီတော့ ဒီဝိတက်ဆိုတာ ဘာပါလိမ့်မလဲလို့ မေး လို့ရှိရင်ဖြင့် ကြံစည်တာလို့ ဒကာ ဒကာမတွေက မှတ်ထားကြ ပါ၊ ကြံစည်တာလို့ မှတ်ထားပါ။

ဘာကြံစည်သလဲဆိုလို့ရှိရင်ဖြင့် ရှေ့ရေးကိုကြံစည်တာ အဲဒီကဲ့သို့ ရှေ့အရေးတွေကို လျှောက်ပြီး ရှေ့ဘယ်လို နေမယ်၊ ဘယ်လိုထိုင်မယ်၊ ဘယ်လို သွားမယ်၊ ဘယ်လိုစားမယ်၊ သားတွေ၊ သမီးတွေ ဘယ်လိုနေရာ ချထားမယ်၊ ဘယ်လိုအလုပ်အကိုင်တွေ စီစဉ်ပေးမယ်လို့ ကြံစည်တာ ဟူသ၍ကို ဒါဝိတက်လို့ မှတ်ကြပါ။ (မှန်လှပါ ဘုရား)။

အဲ့ဒီဝိတက်က ဘယ်အချိန်မှာ လာတတ်သတုံးလို့ ဒကာ ဒကာမတွေ မေးလို့ရှိရင် အိပ်ယာထဲ ခေါင်းအုံးပေါ် ခေါင်းတင်မှ မဟုတ်တဲ့ အဆိုးဖြစ်နေတဲ့ ဝိတက်က ဒီအချိန်မှ လာတာ၊ တကယ့် သူတော်ကောင်းစိတ် ဝင်ချိန်၊ လူခြေတိတ် မှာမှ ၎င်းဝိတက်သည် လာတတ်သည်။

အဲ့ ဒီဝိတက်ကလည်း

၁။ ကာမဝိတက်ဆို တာ သားသမီးရေး စီးပွားရေးကြံတာ ကာမဝိတက်။

၂။ ဗျာပါဒဝိတက် ဆိုတာ ကြံလေကြံလေ စိတ်ထဲမချမ်း သာလေ ပေါ်လာတာက ဗျာပါဒဝိတယ်၊ ကြံလိုက်၊ ဟုတ်သေး ပါဘူးလေ၊ နေရာမကျသေးပါဘူးလေ နဖူးပေါ်လက်တင်ပြီး ကြံလိုက်၊ ဒီလိုလည်းမဟုတ်သေးဘူး၊ ဟိုလိုလည်း မဖြစ်နိုင် သေးဘူး၊ ခက်တယ်ဆိုပြီး သကာလ နဖူးပေါ်လက်တင်ပြီး ကြံတာက ခက်တယ်လို့ လာရင် ဗျာပါဒဝိတက်။

၃။ ဝိဟိံသဝိတက် ဆိုတာကတော့ သူတစ်ပါးကို အမြတ် အစွန်းနည်း၊ ကိုယ်သာလျှင် အမြတ်အစွန်း များများရဖို့၊ သူတစ်ပါး နှိမ်နင်းချို့ဖဲ့ပြီးသကာလ ရလိုရကြောင်း ကြံစည် တာတွေက ဝိဟိံသ ဝိတက်လို့ ခေါ်တယ်။

ဝိတက်သုံးမျိုးရှိတယ်

၁။ ကာမဝိတက်၊

၂။ ဗျာပါဒဝိတက်၊

၃။ ဝိဟိံသ ဝိတက်လို့ ဝိတက် ဘယ်နှစ်မျိုးရှိတုံး (သုံးမျိုးရှိပါတယ် ဘုရား)၊ ဝိတက်သုံးမျိုးရှိတယ်လို့ အသေအချာ မှတ်ကြပါ။

အဲ့ဒီဝိတက်သုံးမျိုးသည် ဘုရားသခင် ကိုယ်တော်မြတ် ကြီးကလည်း အဲဒီဝိတက်သုံးမျိုးကို မကြံကြပါနဲ့ကွာ မကြံကြ ပါနဲ့၊ ကြံပြီ ဆိုမှဖြင့် သူနောက်က ကြံတယ် ဆိုလိုရှိရင်ဖြင့်၊ သားအကြောင်း ကြံလိုက်တယ်လို့ ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမ တွေက စဉ်းစားတာပေါ့ သူ့ကို ဘယ်လို အရောင်းအဝယ်နဲ့ ဘယ်လို စေခိုင်းမယ်လို့ ကြံစည်လိုက်တယ် ဆိုလိုရှိရင်ဖြင့် ဒါ ကာမဝိတက်။

ကာမဝိတက်

အဲ့ဒီ ကာမဝိတက် နောက်ကနေပြီး သကာလ သူ့ကို ကြံစည်လို့ အချိုးအစား တည့်ပြီ ဆိုလို့ရှိရင်လည်း ကိုယ်စိတ်ထဲ မှာ ဝမ်းသာလုံးကလေး နောက်က တဏှာလိုက်မလာဘူးလား (လိုက်လာပါတယ် ဘုရား)၊ ကြံစည်လို့တည့်လို့ ရှိရင် ဝမ်းသာတဲ့ တဏှာလိုက်လာတယ်။

ကြံစည်ရင်း မတ္တနဲ့ စိတ်ပျက်လာရင် နောက်ကဘာ လိုက်လာသတုံး ဒေါသလိုက်လာတယ်လို့ ဒကာ ဒကာမတွေ က မှတ်ကြပါ။

ကြံစည်လို့ တည့် ရင် နောက်က ဘာလိုက်သတုံး (လောဘလိုက်ပါတယ် ဘုရား)၊ ကြံစည်လို့ မတည့်ရင် (ဒေါသလိုက်ပါတယ် ဘုရား)၊ ဒေါသလိုက်ပြီး သကာလ လာတယ်လို့ ဒကာ ဒကာမတွေ မှတ်ကြပါ။

လောဘတဏှာလိုက်လာတယ်

အဲ့ဒီတော့ကို သူ့နောက်က လောဘလိုက်လာလည်း သမုဒယသစ္စာပဲ၊ သမုဒယသစ္စာ လိုက်လာလို့ ရှိရင်ဖြင့် သမုဒယသစ္စာ ဆိုတာ တဏှာပဲဆိုတာ ဒကာ ဒကာမတွေ မှတ် မိသားပါပဲ။

တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါန ပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ ဇာရာ မရဏ ဆိုတော့ အိုနာသေကြီး မလိုက်လာဘူးလား (လိုက်လာပါတယ် ဘုရား)။

တဏှာသာ ရှေ့ကလာလို့ ရှိရင်ဖြင့် အိုနာသေ ဒကာသိုက် လိုက်ပြီသာ အောက်မေ့ မောင်အောင်ချီ မလိုက်သေးဘူးလား (လိုက်ပါတယ် ဘုရား)၊ ကြံစည်ပြီး ရင်၊ ကြံစည်တဲ့ နောက်က နေပြီးတော့မှ တဏှာလိုက်တာ။

အဲ့ဒီတဏှာလိုက်လာပြီ ဆိုမှဖြင့် ဒကာ ဒကာမတို့ နောက်က အိုနာသေ ဆိုတာကြီးဟာ အတွဲလိုက် အပြုံလိုက် ဒကာ ဒကာမတို့၏ ကိုယ်ပိုင်ဥစ္စာ ဖြစ်လာတတ်တယ်ဆိုတာ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးကလည်း ဒီဝိတက်နောက်က တဏှာလိုက်တယ်၊ ဒီဝိတက်နောက်က ဒေါသလိုက်တယ်၊ ဝိတက်နောက်က နေပြီး သကာလ မောဟ လိုက်တယ် ဆိုတော့ ဝိတက်နောက်က တဏှာလိုက်လို့ ရှိရင် လည်း ဒကာ ဒကာမတို့ တဏှာ ဥပါဒါန်၊ ဘဝ၊ ဇာတိ၊ ဇာရာ မရဏ၊ မသွားဘူးလား (သွားပါတယ် ဘုရား)။

ဒေါသလိုက်တယ်

သံသရာဆက်မသွားဘူးလား (ဆက်သွား ပါတယ် ဘုရား)၊ ဝိတက်နောက်ကနေပြီး ကြံစည်ရင်း မတ္တနဲ့ စိတ်ပျက်စရာချည့် ပေါ်နေလို့ရှိရင်လည်း ဒုက္ခဒေါမနဿ ဥပါယာသ ဆိုတာတွေ မလိုက်ပေဘူးလား (လိုက်လာ ပါတယ် ဘုရား)။

အဝိဇ္ဇာမောဟလိုက်တယ်

ကြံစည်နေတာက ဘုရားကြံစည်ခိုင်းတာ မကြံစည်ဘူး၊ မဟုတ်တာတွေချည့်ဘဲ သားရေး သမီးရေး စီးပွားရေးချည့် ကြံစည်နေလို့ရှိရင်လည်း ခင်ဗျားတို့ အဝိဇ္ဇာက အုပ်ချုပ်နေလို့ ကြံစည် နိုင်တာ (မှန်ပါ ဘုရား)။

ဒါဖြင့် အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ၊ သင်္ခါရ ပစ္စယာ ဝိညာဏံဆိုတဲ့ ပဋိစ္စသမုပ္ပါဒ်ကြီး မလည်ပေဘူးလား (လည်ပါတယ် ဘုရား)၊ ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ ကြံစည်တဲ့နောက်က တဏှာရယ်၊ ဒေါသရယ်၊ အဝိဇ္ဇာရယ် ဒါလိုက်တယ်ဆိုတာ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့သည် ရူပဝိတက်၊ သောတဝိတက်၊ ဃာနဝိတက်၊ ရသဝိတက်၊ ဖောဋ္ဌဗ္ဗဝိတက်၊ ဓမ္မဝိတက်၊ အဲဒီ ဝိတက် (၆)မျိုး နောက်ကနေပြီး တဏှာ (၆)မျိုး၊ ဒေါသ (၆)မျိုး၊ အဝိဇ္ဇာ (၆) မျိုး လိုက်မှာပါပဲ၊ တယ်ကြောက်စရာ ကောင်းပါလား။

ဒကာ ဒကာမတွေကလည်း ဒီလိုမှ မကြံစည်လို့ရှိရင် ဘယ်နှယ့်လုပ်မလဲလို့ ဘုန်းကြီးကို မေးကြလိမ့်မယ်၊ လူဆိုတာ ဘုရားဒီလိုပဲ ကြံစည်ရတယ်ဘုရား သားနဲ့ သမီးနဲ့ ဆွေနဲ့ မျိုးနဲ့ နေတာတွေ ဘုရား၊ မြို့နဲ့၊ ရပ်နဲ့၊ ရွာနဲ့နေတာတွေဘုရား၊ ဒီလောကကြီးထဲကဟာတွေ မကြံစည် မစိစစ်လို့ရှိရင် ဘယ်နှယ့် လုပ်မလဲ ခင်ဗျားတို့ကလည်း ဆင်ခြေတော့လဲမှာပဲ။

လောဘ၊ ဒေါသ၊ မောဟလိုက်လာမယ်

ကြံစည်လိုက်လို့ရှိရင်လည်း လောဘ၊ ဒေါသ၊ မောဟ တစ်ခုခုတော့ ကြံစည်တဲ့ နောက်က မလိုက်ပေဘူးလား (လိုက်ပါတယ် ဘုရား)၊ လိုက်လာရင်တော့ ပဋိစ္စသမုပ္ပါဒ် အိုနာ သေကြီးကလည်း အစဉ်အတိုင်း ရောက်မလာပေဘူးလား (ရောက်လာပါတယ် ဘုရား)၊ မရောက်ပေဘူးလား (ရောက်ပါတယ် ဘုရား)။

အဲဒီတော့ကို ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟောထားတာက “မာ ဘိက္ခဝေ ဝိတက္ကေယျာထ ကာမဝိတက္ကော၊ ဗျာပါဒဝိတက္ကော၊ ဝိဟိံသဝိတက္ကော”

ဘိက္ခဝေ – ရဟန်းတို့ ကာမဝိတက္ကော – ကာမဂုဏ် နဲ့ ပတ်သက်တဲ့အကြံ၊ ပစ္စည်းရရာ ရကြောင်း အကြံတို့ကို လည်းကောင်း၊ ဗျာပါဒဝိတက္ကော – ဒေါသဖြစ်စရာ အကြံကို လည်းကောင်း၊ ဝိဟိံသဝိတက္ကော – ညှဉ်းဆဲစရာအကြံကို လည်းကောင်း၊ မာ ဝိတက္ကေယျာထ – မကြံကြနဲ့။

ဘုရားကမကြံကြဖို့ တားမြစ်တယ်

ဘုရားကလည်း မကြံကြနဲ့ တားမြစ်တယ် (မှန်ပါ ဘုရား)၊ ရရာရကြောင်း၊ ခင်မှု မင်မှုကြင်နာမှု ဆိုတဲ့ သားရေး သမီးရေးစီးပွားရေးတွေကိုလည်း မကြံနဲ့၊ သူတို့အကြောင်း ကြံလိုက်လို့ ဒုက္ခ၊ ဒေါမနဿလည်း ဖြစ်တတ်တယ်၊ ခင်မှု မင်မှု ကြင်နာမှုတွေလည်း လိုက်တတ်တယ်၊ ဒီလို မဟောဘူးလား (ဟောပါတယ် ဘုရား)။

ဒါဖြင့် ဘုရားက မကြံနဲ့ဆိုတာက ကာမဝိတက်၊ ဗျာပါဒဝိတက်၊ ဝိဟိသဝိတက်၊ ဒီ(၃)ခုကို ဘုရားက ဘာတဲ့တုံး (မကြံရပါဘူး ဘုရား)၊ မကြံနဲ့ ဒကာသိုက်ဒီလိုဟောတယ် (မှန်လှပါ ဘုရား)။

ကြံချင်ရင် ဒီလိုကြီးပါ

တုမှေ ဝိတက္ကေတဲ့ မင်းတို့ ကြံမယ်လို့ရှိရင်ဖြင့်တဲ့ ကြံကြပါကွာတဲ့၊ ‘‘ဣဒံဒုက္ခန္တိ ဝိတက္ကေယျာထ’’ ဪ ဒါလေးဟာ ဒုက္ခသစ္စာ၊ ‘‘ဣဒံ ဒုက္ခသမုဒယန္တိ’’ ဪ လောဘ လေးဟာ သမုဒယ သစ္စာပါလား၊ ‘‘ဣဒံ ဒုက္ခနိရောဓန္တိ’’ ဪ ဒါလေးဟာ ဒုက္ခချုပ်တဲ့ နိဗ္ဗာန်ကလေးပါလား၊ ‘‘ဣဒံ ဒုက္ခ နိရောဓ ဂါမိနီ ပဋိပဒါတိ ဝိတက္ကေယျာထ’’ ဒါလေးဟာ နိဗ္ဗာန် ရောက်ကြောင်းပါလား။

(မဟာဝဂ္ဂသံယုတ်၊ဝိတက္ကသုတ်၊၃၆၆)

ကြံချင်ရင် သစ္စာလေးပါ ကြံကြပါ

ကြံချင်ရင်လည်း သစ္စာလေးပါးကြံကြ (မှန်လှပါ ဘုရား)၊ ဒါဖြင့် မကြံရမှာက(၃)ခု၊ ကြံရမှာက (၄)ခု၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

မကြံရမှာက ဘာတဲ့ (၃-ခုပါ ဘုရား)၊ ကြံရမှာက (၄-ခုပါ ဘုရား)၊ အေး ကြံချင်လို့ရှိရင်လည်း ခင်ဗျားတို့ သန္တာန်ဖြစ်ပျက်ကလေးတွေ ဪ ဒါ ဒုက္ခသစ္စာ ကလေးတွေပါလား၊ ဒီဒုက္ခသစ္စာ မြင်တာက မဂ္ဂသစ္စာ ပါလား၊ ချုပ်နေတာက သမုဒယသစ္စာပါလား၊ ဒီဒုက္ခသစ္စာမြင်တာက မဂ္ဂသစ္စာပါလား၊ ချုပ်နေတာက သမုဒယသစ္စာပါလား၊ သူချုပ် လို့ ရောက်တာက နိဗ္ဗာန်ဆိုတဲ့ နိရောဓသစ္စာပါလားလို့ ဒါလေး ရှုကြည့်ပြီး ကြံကြ ဘုရားက ဟုတ်ပြီလား (မှန်လှပါ ဘုရား)။

ကြံချင်လို့ရှိရင်လည်း သစ္စာလေးပါးကို ခင်ဗျားတို့ ဝိပဿနာရှုပြီးသကာလ သစ္စာလေးပါး ပေါ်အောင် ကြံကြ (မှန်လှပါ ဘုရား)၊ မကြံရမှာကဖြင့် သားရေး သမီးရေး စီးပွားရေးလည်း မကြံနဲ့၊ သူတစ်ပါး၊ ဗျာပါဒဆိုတဲ့ ဒုက္ခ၊ ဒေါမနဿ ဖြစ်မှာတွေကိုလည်း တွေးလိုက်ရင် ဒုက္ခ၊ ဒေါမန ဿဖြစ်လာလိမ့်မယ်၊ တွေးတာက ဝိတက်ပဲ (မှန်လှပါ ဘုရား)။ )

သူ့နောက်က ဒုက္ခ၊ ဒေါမနဿလိုက်လာတတ်တယ်။ အဲဒီလိုတော့ဖြင့် မကြံနဲ့ ဗျာပါဒဝိတက် ဖြစ်တယ် ဟုတ်လား။

ဝိဟိံသ ဝိတက်ဆိုတာ ဘယ်လိုလုပ်ရင် ဘယ်လို ဖြစ်မှာပဲ သူတို့က ကိုယ့်ပြောနေတာ ဘယ်ဘက် ချိုးလိုက်ရင် ဘယ်လိုကျိုးသွားမှာပဲဆိုတဲ့ စီးပွားရေးနဲ့ ပတ်သက်၍ ကြံတဲ့ ဝိဟိံသဝိတက် တွေလည်း မကြံကြနဲ့တဲ့ ဘုရားကဟောတယ်၊ သဘောကျပြီလား။

ဝိတက်သုံးပါးကို မကြံကြနဲ့

ကိုင်း ဒါဖြင့် ကြံချင်ရင်တောင် ဘာကြံရမတဲ့တုံး (သစ္စာလေးပါးပါ ဘုရား)၊ မကြံရမှာက ဘာတဲ့တုံး ဝိတက် သုံးပါးကို မကြံကြနဲ့တဲ့ ဘုရားသခင်ကိုယ်တော်မြတ်ကြီး က ဟောလိုက်တယ်၊ ရိပ်မိကြပြီလား (မှန်လှပါ ဘုရား)။

ကာမတက်မကြံနဲ့

ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ အိပ်ယာဝင်တဲ့ အခါကျလို့ရှိရင်လည်း ခင်ဗျားတို့က ရရာ ရကြောင်း ကြံစည် ကြပြန်တယ်၊ အဲဒါ ကာမဝိတက်လို့ ခေါ်တယ် (မှန်လှပါ ဘုရား)၊ မနက်ဖြန် ဘယ်လိုရအောင် တောင်းမယ်၊ ဘယ်လိုယူ မယ်၊ ဘယ်အထည်ကို ဘယ်လိုပြပြီး သကာလ ဘယ်လိုငွေ ရအောင်၊ ငွေဖြစ်အောင်လုပ်မယ်လို့ ကြံတာစည်တာတွေက ကာမဝိတက် ဟုတ်လား။

ဗျာပါဒဝိတက်မကြံနဲ့

ကြံလိုက်၊ သားအကြောင်းကြံလိုက်၊ ခင်ပွန်းအကြောင်း ကြံလိုက်၊ ကြာရင် မဖြစ်ပါဘူး၊ သူတို့နဲ့ မဖြစ်နိုင်ပါဘူး ဆိုတာ တွေ၊ အဲဒါတွေ ကြံလိုက်တဲ့အခါကျတော့ကိုတဲ့ ဗျာပါဒဝိတက်၊ ဒေါမနဿတွေ လိုက်မလာပေဘူးလား (လိုက်လာပါ တယ် ဘုရား)။

ဝိဟိံသတက်မကြံနဲ့

ဝိဟိံသဝိတက် သူတစ်ပါး ညှဉ်းဆဲလို့ရှိရင်လည်း ဝိဟိံသ ဝိတက်၊ အဲဒါတွေကသာ အရင်လာလာ နေမယ်ဆိုလို့ ရှိရင်ဖြင့်တဲ့ ဒကာသိုက်ရေ နောက်က ပဋိစ္စသမုပ္ပါဒ်ဆိုတဲ့ သံသရာ လည်လမ်းကြီးဟာ တန်းမနေဘူးလား (တန်းနေ ပါတယ် ဘုရား)။

အေး ကာမဝိတက် နောက်ကနေပြီး လောဘ မလိုက်ဘူးလား (လိုက်ပါတယ် ဘုရား)၊ ဗျာပါဒဝိတက် နောက်ကနေပြီး ဒေါသမလိုက်ဘူးလား၊ ဝိဟိံသဝိတက် နောက်ကနေပြီးသကာလ အဝိဇ္ဇာ ဆိုတဲ့ မောဟမလိုက်ဘူးလား (လိုက်ပါတယ် ဘုရား)။

အဲဒီတော့ လောဘလိုက်လို့ရှိရင်လည်း လောဘဆိုတဲ့ တဏှာ၊ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါန ပစ္စယာ ဘဝေါ၊ ဘဝ ပစ္စယာ ဇာတိ၊ ဇာတိ ပစ္စယာ ဇရာ မရဏ တွေဟာ တစ်တန်းကြီး တစ်သီကြီး မသွားဘူးလား (သွားပါတယ် ဘုရား)။

အေး ဒါဖြင့် မကြံကောင်းတာကြံလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ သံသရာက အိုမဆုံး၊ နာမဆုံး ဖြစ်တော့မှာပဲ (မှန်လှပါ ဘုရား)၊ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။

ကြံကောင်းတာကြံပါ

ကြံကောင်းတာများ ကြံလိုက်ကြမယ်လို့ ဘုရားဟော တော်မူတာချည့် ခု ဘုန်းကြီးဆုံးမတာကို ဒကာ ဒကာမတွေ ဒါလေးတွေ ဖြစ်ပျက ်နေတာတွေဟာ ဘာလေး တွေပါလိမ့်မတုံး ဪ ဒုက္ခသစ္စာ ကလေးတွေလို့ များ ကြံလိုက်မယ်ဆိုလို့ရှိရင် နဖူးပေါ်လက်တင်ရင်း မတ္တနဲ့ ဒုက္ခသစ္စာမြင်တဲ့ မဂ္ဂင်ပေါ်ပြီး သကာလ နိဗ္ဗာန် တစ်ခါတည်း ဆိုက်သွားပါတယ်။

ကြံကောင်းတာ ကြံလိုက်ပြန်လို့ရှိရင်လည်း သစ္စာ လေးပါးဆိုက်ပြီး နိဗ္ဗာန်ရောက်တယ်နော် (မှန်ပါ ဘုရား)။ မကြံကောင်းတာ ကြံလိုက်ပြန်လို့ရှိရင်လည်း သံသရာလည်ရတယ်။

ဘုရားကဆုံးမပစ်ခဲ့တယ်

ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မကြံဖို့ ရာကိုလည်း တစ်မျိုးဆုံးမ ပစ်ခဲ့တယ်နော် (မှန်ပါ ဘုရား)၊ ကြံဖို့ရာကိုကော (ဆုံးမပစ်ခဲ့ပါတယ် ဘုရား)။

တစ်မျိုးဆုံးမပါတယ် ဆိုတော့ ဒကာ ဒကာမတို့ ဒီစကားဟာ ဘုရားသခင် ကိုယ်တော်မြတ်ကြီး အရေးကြီးလို့ မှာတော်မူတဲ့စကား ဖြစ်လေသောကြောင့် လိုက်နာဖို့ တယ်ကောင်း (မှန်လှပါ ဘုရား)။

အို နာ သေတွေ လျှောက်ကြံနေလို့တော့ အလကား ပေါ့ (အလကားပါ ဘုရား)၊ ဥပမာ သားရေး သမီးရေး စီးပွားရေး လျှောက်ပြီး ကြံလိုက်တယ်၊ ကြံလိုက်တဲ့အခါကျလို့ ရှိရင်ဖြင့် အကြောင်း ညီညွတ်သွားရင် ခင်လုံးမင်လုံး လေးက မလာဘူးလား (လာပါတယ် ဘုရား)။

နေရာကျလိုက်တာ၊ ဝမ်းသာလိုက်တာ ဆိုတော့ တဏှာ မလာလား (လာပါတယ် ဘုရား)၊ အဲဒီတဏှာ လာက တည်းကိုက ဟိုဘက်မှာ ဇာတိ၊ ဇရာ၊ မရဏက လွတ်ရေး ကျွတ်ရေး မြင်သေးရဲ့ လား (မမြင်ပါဘူး ဘုရား)။

အဲ ဒါ ဒကာ ဒကာမတို့ မကြံကောင်းတာ ကြံတဲ့ အတွက် ဒုက္ခ၊ ဒေါမနဿ ဇာတိ ဇရာ မရဏတွေက ဒကာ ဒကာမတွေ၏ ကိုယ်ပိုင်ပစ္စည်းဖြစ်လာတော့ အဲဒီကျလာတော့ မှ ဪ ကိုယ်ကျိုးကြီး နည်းပြီး အဖြစ်ကြီး ဆိုးပါပေါ့လားလို့ ခင်ဗျားတို့ ညည်းနေလို့ အပိုပဲ (မှန်ပါ ဘုရား)။

မကြံနဲ့ဆိုတာ မကြံပါနဲ့

အဲဒီတော့ မကြံနဲ့ဆိုတာ မကြံပဲနေလိုက်၊ သဘောကျ ပြီလား (ကျပါပြီ ဘုရား)။

မကြံနဲ့ဆိုတာ မကြံပဲနေလိုက်လို့ရှိရင်ဖြင့် အို နာ သေ မွဲ ကွဲဆိုတဲ့ ဒုက္ခသစ္စာကြီးဟာ ဒကာ ဒကာမတွေ ကျွတ်မယ် လွတ်မယ်ဆိုတာ အသေအချာမှတ်ပါ (မှန်လှပါ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

အဲဒါ ဒီကြံကောင်းတာကို ကြံလိုက်လို့ရှိရင်လည်းတဲ့ ခင်ဗျားတို့ နိဗ္ဗာန်ရမယ်ဆိုတာကလည်း ဘုရားက နှစ်လမ်းပဲ ဟောထားတယ်၊ ကြံချင်လို့ရှိရင် ခင်ဗျားတို့ သန္တာန်ထဲ ဒီရုပ်ကလေးက ဘာပါလိမ့်မတုံး ဒါလေးဟာ အနိစ္စ ကလေး။

ဒီဝေဒနာလေးဟာ ဘာပါလိမ့်မတုံး (အနိစ္စပါ ဘုရား)၊ အနိစ္စလေး၊ ဒီသညာလေးဟာ ဘာပါလိမ့်မတုံး (အနိစ္စပါ ဘုရား)၊ အနိစ္စလေး၊ လှမ်းမလို့ ဟာကကော၊ ရုပ်နာမ်လေး၊ ဒီကြွတာလေး ကကော ရုပ်နာမ်ကလေး၊ အဲဒီဟာ တွေ လျှောက်ကြံပြီးတော့ကို ဒါလေး ဖြစ်ပျက်ကျအောင် ကြံလိုက်မယ် ဆိုလို့ရှိရင်လည်း ဣဒံ ဒုက္ခံသစ္စန္တိ ဝိတက္ကေယျာထ ဆိုတဲ့အတိုင်း ဒါ ဒုက္ခသစ္စာလေးတွေ ကြံမိမယ် ဆိုလို့ရှိရင် လည်း တစ်ခါတည်း နိဗ္ဗာန်ရောက်တယ် (မှန်လှပါ ဘုရား)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

အိပ်ရာဝင်လိုက်တဲ့အခါ

ဒုက္ခသစ္စာလေးလို့ ကြံမိရင် ဘာဖြစ်သတုံး (နိဗ္ဗာန်ရောက်ပါတယ် ဘုရား)၊ နိဗ္ဗာန်ရောက်တယ်၊ ခုတော့ ဒကာ ဒကာမတွေက ကြံကောင်းတာမကြံ၊ သံသရာ လည်ကြောင်းတွေတော့ လျှောက်ကြံ နေတယ်တဲ့ ဆိုတော့-

ဪ ခင်ဗျားတို့က နဖူးပေါ်လက်တင်ပြီး အိပ်ရာဝင်လိုက် တဲ့အခါကျတော့မှ ခုနက မကြံကောင်းတာတွေက မနက်ဖြန် ဘာလုပ်မယ်၊ သန်ဖက်ခါ ဘာလုပ်မယ်၊ ဘယ်လို အထည်ကျလို့ ရှိရင် ဘယ်လိုနေရာကျလိမ့်မယ်၊ ဘယ်ဟာကို ရောင်းလို့ များ ဘယ်ဟာကို ဝယ်မယ်၊ ဘယ်ဟာက ပိုတဲ့ဥစ္စာ ဘာစုထားမယ်၊ ကျန်တာက ဘယ်လိုရင်းမယ် ဟို ဒါတွေကလည်း ဒကာသိုက်တို့ ကြံနေလိုက်တဲ့ဖြစ်ခြင်းဟာ မနည်းပါဘူး (မနည်းပါဘူး ဘုရား)။

အဲဒီလိုကြံနေတဲ့အခါကျလို့ရှိရင် နောက်က ကိုယ်ကြံ စည်တိုင်း လောဘတွေက နောက်က လိုက်မလာဘူးလား (လိုက်လာပါတယ် ဘုရား)၊ အဲဒါဝိတက် နောက်ကနေ လောဘ လိုက်လာတော့ သမုဒယသစ္စာဖြစ်၍ ဟိုဘက်ဒုက္ခသစ္စာကြီးက ရုန်းမရ ကန်မရ ကြုံကြရမယ် (မှန်လှပါ ဘုရား)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

နေ့လည်နေ့ခင်းကျတော့

ဒါဖြင့် မကြံကောင်းတာကို မကြံနဲ့၊ ရှင်းကြပြီလား ဒကာ ဒကာမတို့ (ရှင်းပါပြီ ဘုရား)၊ ကြံကောင်း တာကို (ကြံရမှာပါ ဘုရား)။

အဲ နေ့လည် နေ့ခင်းကျတော့ ခင်ဗျားတို့ ကိစ္စနဲ့ ခင်ဗျားတို့ မကြံနဲ့မစည်နဲ့လို့ ဘုန်းကြီးများက မဟောပါဘူး၊ ညအိပ်ယာဝင်တဲ့ အခါကျတော့ ကြံချင်လို့ရှိရင်ဖြင့် ဖြစ်ပျက် ကလေးတွေ၊ ရုပ်နာမ် ကလေးတွေ ဖြစ်ပျက်ကလေးတွေ ဒါကလေးတွေသာ ကြံကြပါ၊ ဆိတ်ငြိမ်တဲ့ အခါမှာလည်း ဒီရုပ်နာမ် ကလေးတွေ၏ ဖြစ်ပျက်ကလေးတွေကိုသာ အင်း ဒါလေးဟာ ဘာလေးပါလိမ့်မလဲ၊ ဪ အနိစ္စလေး ပါလား။

မပိုင်တဲ့သဘော သူပြောပြီ

အင်း ဒါလေး ဘာလေးပါလိမ့်မတုံး၊ စိတ်ကလေး ပေါ်လာတယ်၊ အင်း ဒီစိတ်ကလေးကလည်း ဒုက္ခသစ္စာကလေး ပါလား၊ အင်း ဒီစိတ်ကလေး ဟာလည်း ဘာပါလိမ့်မတုံး လို့ နောက်ဉာဏ်နဲ့ ကြံစည်လိုက်တော့ ဪ ဒါလေးဟာ မပိုင်တဲ့သဘောလေး သူပြောပြီကော၊ အဲဒီကဲ့သို့ သူကြံလိုက် မယ်ဆိုလို့ရှိရင်ဖြင့် အနိစ္စ၊ ဒုက္ခ၊ အနတ္တကြံချင်ကြံကြပါ။

ဒုက္ခသစ္စာအဖြစ်ကို ကြံကြပါ၊ အဲဒီလို ကြံလိုက်လို့ရှိရင် ဒကာသိုက်ရေ လွတ်ရေး ကျွတ်ရေး ဆိုတာ ကိုယ့်အတွက် အေးသွားမှာပဲ (အေးသွားမှာပါ ဘုရား)။

အဲဒီတော့ ကြံကောင်းတာ ကြံကြပါ၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မကြံကောင်း တာတွေ မကြံနေပါနဲ့၊ နေ့လည် သူ့အချိန်နဲ့သူတော့ ဘုန်းကြီးတို့က မဆိုလိုပါဘူး (မှန်လှပါ ဘုရား)။

အိပ်ယာဝင်တဲ့အခါ ဆိတ်ငြိမ်တဲ့အချိန်ဖြင့် ခုနက အနိစ္စတို့ကို၊ ဒုက္ခတို့ကို၊ အနတ္တတို့ကို ဆိုတဲ့ဥစ္စာတွေ ဘုန်းကြီး တို့ ဟောနေတဲ့ ဝေဒနာဖြစ်ပျက်တွေ၊ ဟုတ်လား ဒါ ဘာပါလိမ့် ဒါဝေဒနာ၊ ဝေဒနာဖြင့် ဖြစ်ပျက်ပဲ (မှန်လှပါ ဘုရား)။

မဂ္ဂင်ဆိုက်သွားတယ်

အင်း ဒါလေးသည်ကားလို့ဆိုရင် လောဘစိတ်၊ လောဘစိတ်ဖြင့်ဖြစ်ပျက်၊ ဒေါသစိတ်ကလေး ပေါ်လာရင်ကော (ဖြစ်ပျက်ပါ ဘုရား)၊ အဲဒါလေးတွေချည့် ကြံနေကြမယ်ဆို လို့ရှိရင်လည်းတဲ့ ဒကာ ဒကာမတွေသည် ဒုက္ခသစ္စာကို ကြံတာ ဖြစ်လေ သောကြောင့် ဘုရားက ခွင့်ပေးတယ်၊ ဒုက္ခသစ္စာကို ကြံခြင်းကြောင့် သမ္မာသင်္ကပ္ပဖြစ်ပြီး မဂ္ဂင် ဆိုက်သွားတယ် ကိုထွန်းအောင်ရေ (မှန်လှပါ ဘုရား)။

ဘယ်လောက် အဖိုးတန်သတုံး (အဖိုးတန်ပါ တယ် ဘုရား)၊ ဒီကျတော့လည်း မဂ္ဂင် ဆိုက်သွားတယ်၊ ဒီဟာ လေးဟာ ဖြစ်ပြီးပျက်တဲ့တရားလေးပါလားလို့ ကြံမိစည်မိတော့ မယ် ဆိုလို့ ရှိရင်ဖြင့် သမ္မာသင်္ကပ္ပ ခေါင်းဆောင်တဲ့ အတွက် သမ္မာဒိဋ္ဌိကလည်း မောင်ချစ်ဆွေ ပါသွားတယ် (မှန်ပါ ဘုရား)။

ဒါဖြင့် ဖြစ်ပျက်ဒုက္ခသစ္စာ ကြံလုံးလေးက မဂ္ဂသစ္စာ ဒီလိုမကျဘူးလား (ကျပါတယ် ဘုရား)။

နိရောဓသစ္စာမျက်မှောက်ပြု

အဲဒါ ဒီလိုကြံနေတဲ့ အခါကျတော့ သမုဒယသစ္စာက သေလို့ဗျာ (မှန်လှပါ ဘုရား)၊ နိရောဓသစ္စာ မျက်မှောက် ပြုလို့ ဒီလိုဆိုတော့ကြံတဲ့ ဘုရားက (မှန်လှပါ ဘုရား)။

ဒါတော့လည်း ကြံခိုင်းပါတယ်၊ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)၊ မင်းတို့ ယောက်ျားတွေ ဘက်ကကောကွ (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ကြံချင်လို့ရှိရင်ဖြင့် ဖြစ်ပျက်တွေကို ကြံကြ၊ ဒါလေးဟာ ဘာလေးပါလိမ့်မတုံး၊ ခုပေါ်တာလေး ဘာလေးပါ လိမ့်မတုံး ခဏ ခဏမေးကြကွာ၊ ဟုတ်လား၊ ဒါလေးဟာ ဘယ်သဘော ပါလိမ့်မလဲလို့ ကြံကွာ။

ကြံတော့ ဒါလေးသည်ကားလို့ဆိုရင် ဝေဒနာပေါ်တယ်။ အင်း ဝေဒနာဖြစ်ပျက်လားလို့ ကြံကြည့်လိုက် (ဖြစ်ပျက်ပါ ဘုရား)၊ ဖြစ်ပျက်ပဲ။

မြင်ပြီးပျက်တာပဲ

မြင်စိတ်ကလေးဟာ မြင်တာလား၊ ဖြစ်ပျက်လားလို့ ကြံကြည့်လိုက် မြင်ပြီး ပျက်တာပဲဆိုတော့ အင်း ဒါလေး ဟာ ဖြစ်ပျက်ကလေး (ဝါ) အနိစ္စလေးလို့ ဒကာ ဒကာမတွေ ကြံကြည့်လိုက်မယ် ဆိုလို့ရှိရင် ဖြစ်တဲ့ ကြံတာသည် ဖြစ်ပျက်က ဒုက္ခသစ္စာ၊ ကြံတာက သမ္မာသင်္ကပ္ပ၊ သမ္မာဒိဋ္ဌိ ဦးစီးတဲ့ မဂ္ဂသစ္စာ လာဖြစ်တယ် (မှန်လှပါ ဘုရား)။

မောင်ချစ်ဆွေ ဘယ်လောက် အဖိုးတန်သတုံး (အဖိုးတန်ပါတယ် ဘုရား)၊ ကြံချင်လို့ရှိရင်ဖြင့် ဒီလိုကြံကြပါကွ မောင်မြင့်တို့ လူစုတွေ သဘောကျပြီလား (ကျပါပြီ ဘုရား)။

အဲဒါကြောင့် မင်းတို့ မစဉ်းစားဘဲနဲ့ နေ့လည် ရောင်း ဝယ်နေတဲ့အချိန် ဆရာဘုန်းကြီးက ဘာဘာလုပ်ရမယ် ဆိုတာ ဒီလောက် မပြောလိုပါဘူး ဒီအိပ်ရာဝင်တဲ့အချိန်၊ ဆိတ်ငြိမ်တဲ့ အချိန်ကျလို့ ရှိရင်ဖြင့် ဒါဘာပါလိမ့်မတုံး၊ အခုပေါ်လာတာလေး ဘာပါလိမ့်မလဲဆိုတဲ့ ဒါတွေသာ ကြံနေမယ် ဆိုလို့ရှိရင် ဒါအလုပ် ဖြစ်သွားတာပဲ (မှန်လှပါ ဘုရား)။

ကြံရင်းစည်ရင်းမဂ်ဆိုက်တယ်

အဲဒီတော့ ချမ်းသာချင်ရင် ရုပ်နာမ်တို့ကို၊ ရုပ်နာမ်တို့ အပေါ်မှာ ဖြစ်ပျက် ဘယ့်နှယ်ကြောင့် ဖြစ်ပါလိမ့်၊ ဘယ်လိုကြောင့် ဖြစ်ပါလိမ့်မလဲ ဆိုတာလေးကို ကြံနေလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ကြံရင်းစည်ရင်းနဲ့ ခင်ဗျားတို့ မဂ္ဂင်ဆိုက်တယ် (မှန်လှပါ ဘုရား)။

အဘယ့်ကြောင့်ဆိုသော် သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပဖြစ် သောကြောင့် (မှန်ပါ ဘုရား)၊ ဒီလိုအကြံကလေး ကြံတော့ လည်း ဒကာ ဒကာမတွေ မှတ်လိုက်စမ်း မဂ်ရတယ်လို့ မှတ်လိုက် (မှန်လှပါ ဘုရား)။

အင်း ဖြစ်ပျက်ကလေးတွေ ကြံလိုက်တယ် ဒါလေးဟာဖြစ်တယ်၊ ပျက်ပြန်ပြီ၊ ဒါလေးတွေဟာ ဖြစ်ပျက် ကလေးတွေချည့်ပဲလားလို့ ကြံလိုက်တော့ ဒီကြံလုံးကလေးဟာ မဂ္ဂင် (မှန်ပါ ဘုရား)၊ မဂ်ရတာ၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

လမ်းတစ်ဖက်ကိုပြောင်းလိုက်ပါ

ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ လမ်းကလေး တစ်ဖက် ပြောင်းလိုက်တာပေါ့။ ခါတိုင်းက သားရေး၊ သမီးရေး စီးပွားရေး၊ သွားရေး လာရေးကို ကြံကြတယ်၊ ဒီတစ်ခါ ဒီလိုမကြံ ဘဲနဲ့ အင်း အိပ်ချင်တဲ့ စိတ်ကလေးဟာ၊ အိပ်မယ်လို့ လာတဲ့စိတ်ကလေးဟာ လှဲလိုက်တဲ့အခါ ရှိသေးလားလို့ ကြံကြည့်လိုက်ပါလား (မရှိပါ ဘုရား)။

အိပ်မယ်လို့ လာတဲ့စိတ်ကလေးဟာ လှဲတဲ့အချိန်ရှိသေး ရဲ့ လား (မရှိပါဘူး ဘုရား)၊ လှဲတဲ့အခါ လက်ကလေး ဟိုထောက်၊ ဒီထောက် ထောက်နေတာလေးဟာ တကယ့်

အိပ်ရာပေါ် ခေါင်းအုံးပေါ် ခေါင်းကျတဲ့အချိန် ထောက်တဲ့စိတ် ကလေးရှိသေးရဲ့ လား (မရှိပါဘူး ဘုရား)။

ဟိုစောင်ကလေးကို ဟိုဟာလေးကိုင် ဒီစောင်လေးဖြန့် ဒီဘက်လှဲ့ ခြုံနဲ့ အဲဒီဖြန့်တဲ့စိတ် တွေလည်း ခြုံတဲ့အခါရှိသေးရဲ့လား (မရှိပါဘူး ဘုရား)။

အိပ်တတ်၊ နေတတ်ကြပြီလား

မရှိတဲ့အခါကျလို့ရှိရင် ဘယ်ရောက်ကုန်ပါလိမ့်မတုံး ကြံကြည့်လိုက်ပါလား၊ အဲဒီလိုကျတော့ ဒုက္ခသစ္စာကြံတာ၊ အိပ် တတ်ကြပြီလား၊ နေတတ်ကြပြီလား (နေတတ်ပါပြီ ဘုရား)။

အိပ်တတ်နေပါပြီ ခင်ဗျားတို့ ကလေးတွေလို သင်နေရ တာ အအိပ်အနေကစ သင်နေရတာ၊ ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ အိပ်တတ်ကြပြီဆိုတဲ့သဘောဖြင့် ဆုံးဖြတ်ချက်ချ ကြပေတော့၊ သဘောကျပြီလား (သဘောကျပါပြီ ဘုရား)။

ဒါဖြင့် ကြံကောင်းတာ ကြံပါ၊ မကြံကောင်းတာကို (မကြံရပါဘူး ဘုရား)၊ ကြံကောင်းတာကဖြင့် ဒုက္ခသစ္စာလေး အင်း လောဘကလေး ဖြစ်လာတယ်၊ အင်း သမုဒယသစ္စာလေး ဒါလေးက ဖြစ်ပျက် ကလေး ဖြစ်ပျက်မရှိ တာ ဘာပါလိမ့်မလဲလို့ ကြည့်လိုက်တဲ့အခါ နိဗ္ဗာန်မှ ဖြစ်ပျက်မ ရှိတာ ကြံလိုက်၊ ဟုတ်လား။

ဒါလေးဟာ ဖြစ်ပျက်ကလေးမြင်တဲ့ ဉာဏ်ကလေးဟာ ဘာပါလိမ့်မတုံးလို့ ကြံကြည့်လိုက်တဲ့ အခါ အို ဒါမဂ္ဂင်လေး ပဲလို့ ဒီလိုလှည့်ကြံနေမယ်ဆိုလို့ရှိရင်ဖြင့်တဲ့ မောင်ချစ်ဆွေ သစ္စာလေးပါး ကြံပြီးသား ဖြစ်သွားတယ် (မှန်လှပါ ဘုရား)။

သစ္စာလေးပါးကြံကြပါ

အဲဒီတော့ ကြံချင်ရင်လည်း ဘုရားသခင်ကိုယ်တော် မြတ်ကြီးက ဒကာ ဒကာမတို့ သစ္စာလေးပါး ကြံကြဟောလိုက် တယ်၊ ဒီ ကာမဝိတက် သားရေး သမီးရေး စီးပွားရေးဖြင့် အိပ်ယာပေါ် မကြံပါနဲ့ (မှန်လှပါ ဘုရား)။

ဆွေးစရာတွေ လှည့်တွေးပြီး ကြံမနေပါနဲ့၊ ဟုတ်ပြီလား၊ သူတစ်ပါးကို နှိပ်စက်ညှင်းဆဲတဲ့ သဘောတွေနဲ့ကော မကြံလိုက်ပါနဲ့၊ ဒါက ဗျာပါဒဝိတက်ရဲ့ ဖြစ်ထွေ၊ ဝိဟိံသဝိတက် ဖြစ်ထွေ။

ဒါဖြင့် ဒကာ ဒကာမတို့ ကြံစည်တတ်ကြပြီလား၊ ကြံတတ်စည်တတ်ပြီ၊ ဘယ်ဟာကြံရမတုံး ဆိုတော့ ခန္ဓာအပေါ် မှာ ရုပ်နာမ်တွေသည်ကားလို့ဆိုရင် ဘာတွေပါလိမ့်မတုံး၊ ဘယ်သဘောတွေ ပါလိမ့်မတုံး ကြံလိုက်ပါလား။

ဒေါ်ရွှေ ဘာတွေကြံမယ် (ဖြစ်ပျက်ဒုက္ခသစ္စာတွေ ကြံ ရမှာပါ ဘုရား)၊ အင်း ဖြစ်ပျက် ဒုက္ခသစ္စာ တွေလို့ ကြံလိုက်စည်လိုက်မယ်ဆို ဒေါ်ခန့်တို့ အချိုးမကျလား – (ကျပါတယ် ဘုရား)။

ဒါမဂ္ဂင်နဲ့အိပ်တာ

အဲဒီလိုကြံပြီး သကာလ အိပ်လိုက်တဲ့ အခါကျလို့ရှိရင် တော့ကွာတဲ့ သစ္စာလေးပါးကြံကြပါ၊ မင်းတို့ ကာမဝိတက်ဆိုတဲ့ လောဘ ရရာရကြောင်းတွေလည်း လျှောက်ကြံမနေပါနဲ့ ဟုတ်လား (မှန်ပါ ဘုရား)။

ဆွေးရာဆွေးကြောင်း တွေကိုလည်း တွေးလေ ဆွေး လေအကြံတွေကိုလည်း တွေးတဲ့ ဝိတက်ကြောင့် ဆွေးရတယ် ဆိုတဲ့အကြံတွေကိုလည်း မကြံပါနဲ့၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

အေး သူတစ်ပါး ညှဉ်းဆဲလိုတဲ့ သဘောတွေနဲ့ လည်း တွေးလေခွေးလေ အကြံတွေကိုလည်း တွေးတဲ့ဝိတက်ကြောင့် ဆွေးရတယ်ဆိုတဲ့ အကြံတွေကိုလည်း မကြံပါနဲ့၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

အေး သူတစ်ပါး ညှဉ်းဆဲလိုတဲ့ သဘောတွေနဲ့ လည်း မကြံလိုက်ပါနဲ့လို့ ဘုရားကမဟောလား (ဟောပါ တယ် ဘုရား)။

အဲဒီတော့ ကြံရမှာက သစ္စာလေးပါး၊ ခင်ဗျားတို့ ကြံနေ တာက ရရာရကြောင်း၊ ဆွေးရာ ဆွေးကြောင်း၊ ဟုတ်လား၊ သူတစ်ပါးနှိပ်စက်ရာ နှိပ်စက်ကြောင်း ဒီလိုကြံနေတော့ ပဋိစ္စသမုပ္ပါဒ် ကြီးက ရပ်လို့ရသေးရဲ့ လား (မရပါဘူး ဘုရား)။

ဒုက္ခသစ္စာတစ်လုံးပဲကြံပါ

အဲဒီတော့ ခုနက သုံးခုကို ကြံလိုက်ကြလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့သည် သံသရာ ပြတ်ပါလိမ့်မယ်၊ သံသရာပြတ် ပါလိမ့်မယ်၊ သံသရာပြတ်ပါလိမ့်မယ်၊ ဒီလိုမှ ခင်ဗျားတို့သည် ကားလို့ ဆိုလို့ရှိရင်ဖြင့် ဒုက္ခသစ္စာ၊ သစ္စာလေးပါး၊ သစ္စာလေးပါး ထဲကလည်း ဒုက္ခသစ္စာတစ်လုံးပဲ ကျကျနန ကြံလိုက်ပါ။

အဲဒီကဲ့သို့ ကြံလိုက်သည်နဲ့ တစ်ပြိုင်နက်တည်း ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ အင်း ကြံကြည့်စမ်း ပါလား၊ ခင်ဗျားတို့ ခုလှေကားကတက်လာတဲ့ ခြေလှမ်းတွေ (၁၁)လှမ်း၊ (၁၂)လှမ်းနဲ့ တက်ပြီး လာခဲ့ကြတဲ့ ရုပ်နာမ်တွေ ဘယ်များ ရောက်ကုန်ကြပါလိမ့်မလဲ၊ အင်း ပျက်စီးသွားတာ၊ ယခုထိုင်တဲ့ဆီ ပါသေးသလား (မပါပါဘူး ဘုရား)။

အဲဒီလိုကြံနေပါလား၊ ဒီလိုကြံနေလိုက်မယ်ဆိုလို့ရှိရင် အင်း ခန္ဓာကိုယ်ကြီးဟာ ဒုက္ခသစ္စာ ဆိုတာ မှန်လိုက်တာ ဟိုတင် ဒုက္ခရောက်ခဲ့တာ ဒီဘက် မပါဘူးတဲ့၊ ဒီလိုကြံလိုက်တဲ့ အခါကျတော့ ကြံလုံးက မဂ္ဂသစ္စာ၊ ဟိုချုပ်ပျောက် တာတွေက (ဒုက္ခသစ္စာတွေပါ ဘုရား)။

မဂ်ဉာဏ်ဖိုလ်ဉာဏ်ရနိုင်တယ်

ဒီလိုဖြစ်ပြီး သကာလ သွားမယ် ဆိုရင် ခင်ဗျားတို့ ဟိုလှေခါးကတက် ဒီဘက်မှာ တစ်ခါတည်း မဂ်ဉာဏ် ဖိုလ်ဉာဏ်ရနိုင်တဲ့ အခြေအနေရှိပါတယ်၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ခုတော့ ဒကာ ဒကာမတွေက ရှေ့ကြံလိုက်တာ၊ သား ကြီးလာရင် ဘယ်လို၊ သမီးကြီးလာရင် ဘယ်လို၊ ပစ္စည်း လေးတွေ ဘယ်လောက် ဘယ်လောက်ရှိလာလို့ ရှိရင် ဘယ်ဘက် ဘယ်ဘက်ကို ဘာတွေလုပ်ပြီး သကာလ ဘာတွေ ဖြန့်လိုက်ဦးမယ်၊ ပြီးတော့ကျလို့ရှိရင် နှစ်ပတ်လည် ကျလို့ရှိရင် ဘယ်လို အမြတ်အစွန်းတွေထွက်ပြီး သကာလ ဘယ်လို လုပ်လိုက်ဦးမယ်ဆိုတဲ့ ကြံလုံးစည်လုံး တွေက ဟိုလက်ချည်း သက်သက်ငွေပေးသလို ဖြစ်နေတာပေါ့ဗျာ၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ခပ်ရှက်ရှက်ပြောရတာ၊ ရှင်းပြီမဟုတ်လား (ရှင်းပါပြီ ဘုရား)၊ အဲဒီကြံလုံးစည်လုံးတွေဟာ ကြံကောင်း၊ မကြံကောင်းစဉ်းစားကြည့်စမ်း (မကြံကောင်းပါဘူး ဘုရား)၊ မကြံကောင်းဘူး။

မကြံကောင်းတာ ကြံလို့ရှိရင်ဖြင့်တဲ့ ဒုက္ခရောက်လိမ့် မယ်၊ ကြံကောင်းတာကြံလို့ရှိရင်ဖြင့် နိဗ္ဗာန်ရောက်လိမ့်မယ်။

ဒါဖြင့် မကြံကောင်းတာ ကြံရင် ဘာရောက်မယ် (ဒုက္ခရောက်မှာပါ ဘုရား)၊ ကြံကောင်းတာ ကြံရင် (နိဗ္ဗာန်ရောက်မှာပါ ဘုရား)။

ဒါဖြင့် ဒုက္ခရမှာကြိုက်ရင် မကြံကောင်းတာကြံ၊ နိဗ္ဗာန် – ရမှာကို သဘောကျလို့ရှိရင် ကံကောင်းတာကြံ၊ ကဲ ကြံတတ်ကြပြီလား (ကြံတတ်ပါပြီ ဘုရား)။

ဝိတက်ပေမယ့်အရေးကြီးတယ်

ဝိတက်ပေမယ့် ကိုထွန်းအောင်ရေ အတော်အရေးကြီး တယ်နော် (မှန်လှပါ ဘုရား)၊ ဒကာ ဒကာမတွေ ဘာနှိပ် စက်နေတာတုံး မေးလိုက်တဲ့ အခါကျတော့မှ ဪ သူတို့ မှာ တစ်ခါတလေများ အိပ်မပျော်ဘူးတဲ့ ကြံစည် နေလိုက်တာ တွေးတောနေလိုက်တာ။

အိပ်မပျော်ဘူး၊ သူတို့က အိပ်လိုက်ကျတာ၊ ဒို့ဖြင့် အိပ်လို့ကို မရဘူး၊ ဟ ဘာဖြစ်တာတုံး မေးလို့ရှိရင် ရရာ ရကြောင်းတွေ လျှောက်ကြံစည်နေတာ၊ ဆွေးရာဆွေးကြောင်း တွေ လျှောက်တွေးပြီး ကြံနေလို့ ဒုက္ခ၊ ဒေါမနဿဖြစ်လို့ အိပ်နိုင် သေးရဲ့ လား (မအိပ်နိုင်ပါဘူး ဘုရား)။

သည်းခြေထပြီး ရူးတောင် ရူးလိုက်သေးဗျာ၊ မအိပ်မနေ တော့ သည်းခြေကပျက်ရော၊ ပျက်တော့ အရူးဒုက္ခကြီး ရလာ ရော။

ချက်ချင်းမျက်ရည်ကျစေမယ်

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မကြံ ကောင်းတာကြံသဖြင့် ခင်ဗျားတို့ ချက်ချင်းကို ဘာမှ အလုပ် မရှိဘဲနဲ့ မျက်ရည်ကျစေ့မယ်၊ မယုံရင်ကြုံကြည့်၊ မကျပေ ဘူးလား၊ ကျသလား (ကျပါတယ် ဘုရား)။

သားကလေးကြည့်လိုက်ပြန်ရင်လည်း လူမမယ် သူမမယ်နဲ့ သမီးလေး ကြည့်လိုက် ပြန်ရင်လည်း ခြေခြေငံငံ မရှိနဲ့ ကိုယ်ကလည်း အသက်အရွယ်ကြီးနဲ့ ခက်ပြီလို့ဆိုရင် အလိုလို မျက်ရည်ကျတယ်၊ စိတ်သာချ မကျပေဘူးလား (ကျပါတယ် ဘုရား)။

ကျတယ်၊ ကျတယ်တဲ့ ကြံကောင်းတာကြံလို့ မျက်ရည် ရတာလား၊ မကြံကောင်းတာကြံလို့ မျက်ရည်ရတာလား (မကြံကောင်းတာကြံလို့ မျက်ရည်ရတာပါ ဘုရား)၊ အေး မကြံကောင်းတာကြံလို့ မျက်ရည်ရတာ။

ခင်ဗျားတို့က မျက်ရည်ကျတဲ့ အလုပ်မျိုးကျရင်ဖြင့် ကြံ လိုက်တဲ့ဖြစ်ခြင်း မပြောပါနဲ့တော့၊ မျက်ရည် ကျမယ့် အလုပ်တော့ မကြံလိုက်ပါနဲ့လို့ ဘုန်းကြီးက မေတ္တာရပ်တယ် (မှန်လှပါ ဘုရား)။

ကြံချင်သေးရဲ့လား (မကြံချင်ပါဘူး ဘုရား)၊ စမ်း ပရစေဦးဗျား လုပ်ချင်သေးရဲ့ လား (မလုပ်ချင်ပါဘူး ဘုရား)၊ မလုပ်ချင်ဘူး ခင်ဗျားတို့အလုပ်တွေက ဆိုးလွန်းလို့။

ကြံကောင်းတာကြံရင်မဂ်ရမယ်

ကဲ ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ကြံကောင်းတာကြံ၊ ကြံကောင်းတာကဖြင့် ဒုက္ခသစ္စာ ဖြစ်ပျက် တွေကြုံပေါ့ဗျာ (မှန်ပါ့ ဘုရား)၊ ဘယ်ဟာဖြစ်ပြီး ပျက်တဲ့ အနိစ္စ ကလေးတွေပဲ၊ ဒုက္ခကလေးတွေပဲ၊ အနတ္တကလေးတွေ ပဲလို့ ကြံလိုက်မယ်ဆိုရင်ဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ကြံတာသည် သမ္မာသင်္ကပ္ပ၊ မြင်တာသည် သမ္မာဒိဋ္ဌိ။

အမြင်နဲ့လည်း ကြံပြီးတော့ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ ဆိုတဲ့ မဂ္ဂင်နှစ်ပါးဝမ်းထဲ ရောက်လာတဲ့ အတွက် ခင်ဗျားတို့ မဂ်တောင်ရလိုက်သေးတယ် (မှန်လှပါ ဘုရား)၊ ဒီအကြံ ကြံလိုက်တာများ တယ်ကောင်းပါလား (ကောင်းပါတယ် ဘုရား)။ သဘောကျပြီလား (ကျပါပြီ ဘုရား)။

မကြံကောင်းတောကြံရင်မျက်ရည်ရမယ်

အေး ဒါဖြင့် ကြံကောင်းတာ ကြံလို့ရှိရင်ဖြင့် မဂ်ရ မယ်၊ မကြံကောင်းတာကြံရင် မျက်ရည် ရမယ်၊ ဘယ်ဟာ ကြိုက်ကြသတုံး (မဂ်ရတာပိုကြိုက်ပါတယ် ဘုရား)၊ ဒီလိုမပြောနဲ့ ဒီလိုမပြောနဲ့ မျက်ရည်က ဆုံကနဲ ကျနေတာ၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

သားစိတ်၊ သမီးစိတ်၊ ခင်ပွန်းစိတ်တွေနဲ့ တစ်ခါအလို မကျတာတွေလျှောက်ပြီးများ တွေးပြီး သကာလ ဒေါ်ခန့်ရေ ဆေးလိပ်ကုန်မှန်းမသိအောင် မီးပေါက်တာ ပေါက်မှန်း မသိအောင် ကြံတဲ့ အကြံတွေက ရှိသေးတယ် (မှန်လှပါ ဘုရား)၊ မရှိဘူးလား။

ဆေးလိပ်ကလည်း တုံ့ပြန် မီးဖွားကလည်း ကျပြန်၊ လူကလည်း ကြံမိကြံရာကြံနေပြန်ဆိုတော့ လူပါလောင်မသွား တာ ကံကောင်းလို့ပေါ့ဗျာ၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

အေး ဒါဖြင့် ကြံကောင်းတာ ကြံလို့လား၊ မကြံ ‘ကောင်းတာကြံတာလား (မကြံကောင်းတာ ကြံတာပါ ဘုရား)၊ အဲဒါသည်ကားလို့ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ မကြံကောင်းတာ ကြံမိတဲ့ အတွက်တဲ့ မျက်ရည်ရတယ်။

မျက်ရည်တော့ကို မျက်ရည်ရတဲ့ ဒုက္ခသည်ကားလို့ ဆိုရင် ဟိုဘက်ဒေါမနဿ ဥပါယာသ အဝိဇ္ဇာ အကုန်မလာဘူးလား (လာပါတယ် ဘုရား)၊ ဇာတိ ဇရာ မရဏကော (လာပါတယ် ဘုရား)၊ အို နာ သေ အကုန်လာတယ်။

ဒါကြောင့် မကြံကောင်းတာကြံရင် မျက်ရည်ကစရ မယ်၊ ကြံကောင်းတာကြံရင် မဂ်ဉာဏ်က စရမယ်၊ သဘော ကျပြီလား (ကျပါပြီ ဘုရား)၊ ကြံကောင်းတာကြံရင် ဘာရမယ် (မဂ်ဉာဏ်ရမှာပါ ဘုရား)၊ မဂ်ဉာဏ်ရမယ်။

အပြောကတော့ ဟုတ်တာပဲ

မကြံကောင်းတာကြံမိလို့ရှိရင် (မျက်ရည်ရမှာပါ ဘုရား)၊ အေး ဒါဖြင့် ခင်ဗျားတို့ မဲချယူ ဘယ်ဟာ အကြိုက်ဖြစ်မလဲ (မဂ်ရတာကြိုက်ပါတယ် ဘုရား)။ အပြော ကတော့ ဟုတ်တာပဲဗျ။

အပြောကတော့ ဟုတ်တာပဲ၊ တော်တော်ကြာကျလို့ ရှိရင်အိပ်ယာဝင်ပြီး စမ်းလည်း ကြည့်ကြဦး၊ ဟုတ်ပြီလား၊ ကိုယ့်အချိန်ကျရင် အိပ်ကြမယ်မို့လား (မှန်လှပါ ဘုရား)၊ မျက်ရည် ရမှာတွေနဲ့ အိပ်မပျော်မှာတွေတော့ဖြင့် မကြံဘူးကွာ၊ ဟုတ်ပြီလား (မှန်လှပါ ဘုရား)။

တစ်ခါတည်း ဖြစ်ပျက်ကို ရှုပြီးသကာလ ဘယ့်နှယ့် ကြောင့် ဒါလေးတွေဟာ ဖြစ်ပြီး ပျက်ပါလိမ့်မလဲ၊ ဝေဒနာလေး ဟာလည်း ဘာပါလိမ့်မတုံး ဖြစ်ပျက်ပဲ၊ သညာလည်း ဘာပါလိမ့်မလဲ ဖြစ်ပျက်ပဲ၊ စိတ်ကလေးပေါ်လာရင်ကော (ဖြစ် ပျက်ပါ ဘုရား)။

ဖြစ်ပျက်ဒုက္ခသစ္စာကြံကြ

ဖြစ်ပျက်ပဲလို့ အဲဒီလိုကြံနေလို့ရှိရင် အိပ်လည်း အိပ် ပျော်လွယ်မယ်၊ မဂ်လည်းရမယ် (မှန်လှပါ ဘုရား)။

အဲဒီတော့ အိပ်လည်းပျော်ချင်ပါတယ်၊ မဂ်ဉာဏ်လည်း ရချင်ပါတယ်ဆိုရင်ဖြင့် ဖြစ်ပျက် ဒုက္ခသစ္စာ ကြံကြ (မှန်လှ ပါ ဘုရား)၊ အိပ်လည်းမပျော်ချင်ဘူး၊ သည်းခြေလည်းထချင် တယ်၊ မျက်ရည်လည်း ကျချင်တယ်ဆိုရင် သားရေး သမီးရေး စီးပွားရေးကြံ (မှန်လှပါ ဘုရား)၊ သဘောကျပြီလား (သဘောကျပါပြီ ဘုရား)။

တစ်ခါတည်း ခင်ဗျားတို့ကလည်း မျက်ရည်ကျမည့် ဘက်ကျတော့ ကြံတယ်၊ နိဗ္ဗာန်ရမယ့် ဘက်ကျတော့ (မကြံပါဘူး ဘုရား)။

ဒကာသိုက်ရ ခုမှ ကြံရမှာကိုးဗျ၊ ခုမှကြံရမှာ၊ ခုမှကြံရ မှာ ခုမှ သစ္စာကိုကြံပါလို့ ဘုရားက ခုမှ သစ္စာသံယုတ်မှာ ဟောလာတယ် မောင်ချစ်ဆွေရ (မှန်ပါ ဘုရား)၊ ရိပ်မိကြပြီ လား (ရိပ်မိပါပြီ ဘုရား)။

အဲ အားလုံး ဒကာ ဒကာမတွေ ကြံကောင်းတာနဲ့ မကြံ ကောင်းတာခွဲသိကြပြီလား (မှန်ပါ ဘုရား)။

ကိန္နရီ၊ ကိန္နရာ

အေး ဒီမှာ ဒီပြင်လူကို မဆိုထားပါနဲ့ ဘုရား လောင်း စန္ဒကိန္နရီဖြစ်တုန်းက သူတို့လင်မယား ဖြစ်ပြီး သကာလ ယသော်ဓရာနဲ့ ဘုရားလောင်းနဲ့ ကိန္နရာ ဘဝမှာ တိရစ္ဆာန် ဖြစ်တုန်းကပေါ့ကွာ (မှန်ပါ ဘုရား)။

အဲဒီတုန်းက အင်မတန်ချစ်၊ အင်မတန်ခင်၊ အင်မတန် ရင်းနှီးနေတော့၊ တစ်နေ့သ၌ ညနေအစာ စားနေတုန်း လေပြင်း မုန်တိုင်းက ကျလာတယ် (မှန်လှပါ ဘုရား)။

ယသော်ဓရာလောင်း

လေပြင်းမုန်တိုင်းက ကျလာတော့ ဒီကိန္နရီမ ယသော်ဓရာလောင်းကတော့ ဒီဘက်ကမ်းပေါ်မှာ နေတယ်၊ ဘုရားလောင်း ကိန္နရာဖိုကတော့ လေတိုက်ပြီး သကာလ လေအား ကို မနိုင်တာနဲ့ သူက မြစ်ဟိုဘက်ကမ်း ရောက်ပြီး သကာလ သဲသောင်ပေါ်မှာ သွားပြီးသကာလ တင်နေတယ် (မှန်လှပါ ဘုရား)။

အဲဒီတော့ တစ်ည ကွဲတယ်ပေါ့ဗျာ (မှန်လှပါ ဘုရား)၊ အကြင်လင်မယား တစ်ညကွဲတယ်၊ အဲဒီအကြင်လင် မယားတစ်ညကွဲတာ အဲဒီကိန္နရာမက တစ်ညလုံး ဟိုဘက်က လ,ထွက်တဲ့ အခါကျလို့ရှိရင် သူ့ကိန္နရာဖိုကို ရုပ်ကလေးတော့ မြင်ရတယ်၊ လျှပ်စစ်ကလေး လင်းတဲ့အခါ မြင်ရတယ် (မှန်လှပါ ဘုရား)။

မြင်ရတိုင်း မြင်ရတိုင်း မကြံကောင်းတာ ကြံမိလို့ အိပ် ပျော်သေးရဲ့ လား (မပျော်ပါဘူး ဘုရား)၊ ခင်ဗျားတို့လည်း သား သွားတယ်၊ သမီး သွားတယ်၊ ခင်ပွန်းသွားတယ် မျှော်နေ ပြီး သကာလ နေတဲ့ အခါကျတော့ကို မကြံကောင်းတာကို ကြံ နေတဲ့အတွက် အိပ်ပျော်သေးရဲ့လား (အိပ်မပျော်ပါဘူး ဘုရား)။

အတော်ဆိုးပါလား (ဆိုးပါတယ် ဘုရား)၊ ဘယ့်နှယ်လုပ်ရပါ့မတုံး၊ ဘယ်လိုကြံရပါ့မတုံး၊ ငွေတွေကလည်း ဖောက်ကုန်ကြပြီ၊ ဘယ့်နှယ်လုပ်ပါ့မတုံး၊ ဒီဇာတ်ဘယ်လို လုပ် ပြန်သိမ်းရမတုံး၊ ဘယ်သူနဲ့စပြီး ဘာလုပ်ရမလဲ၊ ဟော ကြံပြီ၊ ကြံပြီ၊ ကြံပြီဟေ့ မောင်ချစ်ဆွေ၊ အဲဒီလိုကြံလို့ရှိရင် အိပ်ပျော်နိုင်ပါဦးမလား (အိပ်မပျော်ပါဘူး ဘုရား)။

အိပ်မပျော်တာသွားကြည့် ခင်ပွန်းဆိုး၊ ခင်ပွန်းမဆိုးနဲ့ တွေ့တဲ့ပုဂ္ဂိုလ်တွေ သွားကြည့် သူတို့ အသားအရေဟာလေ အိပ်မပျော် စားမဝင်ဖြစ်ပြီး သကာလ မဟုတ်တာတွေချည့် ကြံနေတဲ့အတွက် ရုပ်ကိုခြောက်နေတယ်၊ မဟုတ်ဘူးလား၊ ဘာဖြစ်သတုံး မေးဖို့လိုသေးလား (မလိုမလိုတော့ပါဘူး ဘုရား)။

ဒယ်အိုးကျအောင်သွားဦးမှာ

မလိုတော့ဘူး၊ ရုပ်ကိုခြောက်နေတာပဲ၊ ရုပ်ကိုခြောက် နေတာပဲ၊ နဂိုက အင်မတန် ဝဝဖြိုးဖြိုး ဖြူဖြူစင်စင် နေလာပြီးမှ မည်းခြောက်ကြီး ဖြစ်လာတာတွေဟာ အဲဒါမကြံကောင်းတာ ကြံလို့ဒုက္ခ ယခုစရတာရှိသေးတယ် ဟို ဒယ်အိုးကျအောင် သွားဦးမှာ မသွားပေဘူးလား (သွားမှာပါ ဘုရား)။

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မကြံ ကောင်းတာကြံလို့ရှိရင် ယခုပစ္စုပ္ပန်ခန္ဓာ ကိုယ်ကြီးလည်း ဒုက္ခ ရောက်မယ်၊ သံသရာမှာလည်း အပါယ်ရောက်ရမယ် ဆိုတော့ ကောင်းသေးရဲ့ လား (မကောင်းပါဘူး ဘုရား)။

သွေးတွေကလည်း ခန်းမယ်၊ ကိုယ်လည်း လန်းဆန်း ခြင်းမရှိတော့ဘူးတဲ့ (မှန်လှပါ ဘုရား)၊ သဘောကျပြီလား။

အဲဒါ မကြံကောင်းတာကြံတဲ့အတွက် အသားချောင်၊ သွေးခန်း၊ ကိုယ်မလန်းဘူးတဲ့၊ ဒါဝိတက်၏ တန်ခိုးတဲ့ကွ (မှန်လှပါ ဘုရား)၊ ဟုတ်လား အဲဒီတော့ကိုတဲ့ အသား အရေတွေကလည်း ချောင်ပြီကွာ၊ သွေးတွေကကော ခန်းကုန် ပြီကွာ၊ ရုပ်တွေကလည်း လန်းသေးရဲလား (မလန်းပါဘူး ဘုရား)။

ရုပ်လွှာမလှဖြစ်တတ်ကြ၏

ဒါကြောင့် “အသားချောင်၊ သွေးခန်း၊ ကိုယ်မလန်းဘဲ မကျန်းမမာ၊ လူသေနာသို့ ရုပ်လွှာမလှ ဖြစ်တတ်ကြ၏” ဝိတက်၏တန်ခိုး ((မှန်ပါ ဘုရား)။

ဘယ်လောက်များဆိုးသတုံး (ဆိုးပါတယ် ဘုရား)၊ အသားချောင်၊ သွေးခန်း၊ ကိုယ်မလန်းဘဲ မကျန်းမမာ လူသေ နာသို့တဲ့ ဟိုလူသေလူနာကြီးလိုပဲတဲ့ (မှန်ပါ ဘုရား)၊ ရုပ်လွှာမလှ ဖြစ်တတ်ကြ၏။

ဒါခင်ဗျားတို့ မကြံကောင်းတာကြံရင် အဲဒါကစပြီး အကျိုးပေးမယ်တဲ့ (မှန်လှပါ ဘုရား)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

အသားအရေတွေလည်း ရှောင်ရမယ်နော်၊ ဆီးတွေ သွေးတွေကော (ခြောက်ခန်းရမှာပါ ဘုရား)၊ ခြောက်ခန်းရ မယ်တဲ့ ကိုယ်ကလည်း မလန်းဆန်းတော့ဘူးတဲ့၊ ရွှင်ရွှင်လန်း လန်း ရှိပါဦးမလား (မရှိပါ ဘုရား)၊ မကျန်းမမာ လူသေနာ သို့တဲ့ လူသေ လူနာကြီးလိုပဲတဲ့ သူ့ဟာ မာတယ်သာ ဆိုရတာ ကို ကြည့်လိုက်တဲ့အခါ လူမမာကြီးလို မြင်ရတယ် (မှန် လှပါ ဘုရား)။

ရုပ်လွှာမလှ ဆိုးတတ်ကြ၏။ နဂိုကချောလှပြီး သကာလ နေတာတောင် အကုန်ပျက်ကုန်တယ် (မှန်ပါ ဘုရား)၊ ဒါဘာပြုလို့တုံးဗျ (မကြံကောင်းတာကြံလို့ပါ ဘုရား)။

ဒါ အမြတ်တွေလားဗျ (အရှုံးတွေပါ ဘုရား)၊ အရှုံးတွေရိပ်မိပြီလား အဲ အရှုံးတွေ သည်ကားလို့ ဆိုရင် ဒကာ ဒကာမတို့ ခင်ဗျားတို့ ခင်ပွန်းဆုံးတဲ့ ပုဂ္ဂိုလ်တွေ၊ ခင်ပွန်းမ ဆုံးတဲ့ ယောက်ျားတွေ ကြည့်လိုက်လို့ရှိရင်ဖြင့် ဘာဖြစ်လို့တုံး မေးရသေးရဲ့လား (မမေးရပါဘူး ဘုရား)။

ဝိတက်၏အစွမ်းသတ္တိ

တယ် လူကဲခတ်ကောင်းပါလားဗျ၊ အဲဒါဘာတုံး ဆိုလို့ရှိရင် သူ့စိတ်ထဲမှာ အဲဒီပုဂ္ဂိုလ်၏ အသားချောင်၊ သွေးခန်း၊ ကိုယ်မလန်းဘဲ၊ မကျန်းမမာ လူသေနာသို့ ရုပ်လွှာမလှ ဆိုးတတ်ကြ၏။ ဆိုတဲ့ ဝိတက်၏ စွမ်းရည်သတ္တိကို ဘုရားသခင် ကိုယ်တော်မြတ်ကြီးဟောပြီး သကာလ ထားတာသည် မကြံကောင်းတာကြံလို့ သူ့မှာ ပစ္စုပ္ပန်မှာပဲ ဒုက္ခကြီးလှလှ မတွေ့ဘူးလား (တွေ့ပါတယ် ဘုရား)။

သံသရာ တောထဲကျတော့ ဒီထက်ဆိုးတဲ့ ဒုက္ခရမယ်ဆို တာ ငြင်းဆန်ဖို့လိုသေးသလား (မလိုတော့ပါဘူး ဘုရား)၊ အတော်ဆိုးနေပြီနော် (မှန်လှပါ ဘုရား)။

ဒါကြောင့် ဒကာ ဒကာမတို့ ဘုရားကလုံးဝ မကြံနဲ့လို့ ဆိုတာမဟုတ်ဘူး၊ မကြံကောင်းတာ သားရေးသမီးရေး စီးပွားရေးသာ မကြံပါနဲ့၊ ဆွေးစရာတွေးစရာတွေ ကြံမနေပါနဲ့ ဟုတ်ပြီလား၊ ဟောတယ်တဲ့။

ကိန္နရာ၊ ယသော်ရော

ခုနက ကိန္နရာမ ယသော်ဓရာသည်ကားလို့ဆိုလို့ရှိရင် ဖြင့် ဒကာသိုက်ရေ တစ်ညတည်း ကွဲနေတာ သူတစ်ညလုံး မအိပ်ရဘူး၊ လရောင်ကလေးက သာလိုက် သူ့ကိန္နရာဖို မြင်လိုက် ဒီက မျက်ရည်ကျလိုက်ပေါ့ဗျာ (မှန်လှပါ ဘုရား)။

ဒီအတိုင်းနေတော့ လွမ်းဆွေးနေတာ၊ မြင်လိုက်ပြန် တော့၊ မျက်ရည်ကျလိုက်၊ တစ်ညလုံးကို သူမအိပ်ဘူးတဲ့ ဘာကြောင့်တုံးဆိုလို့ရှိရင် ဒီလိုအပေါင်းအသင်း ဆက်ဆံလာပြီး ခွဲခွာနေရတဲ့ အဖြစ်ဟာ လုံးဝနေရာ မကျပါဘူးလို့ ကြံနေတာကိုး (မှန်လှပါ ဘုရား)။

သုံးနှစ်မျက်ရည်ကျလို့ မပြီးသေးဘူး

အဲဒီကြံနေရတော့ ဒုက္ခဒေါမနဿ နောက်ကလိုက် မလာဘူးလား (လိုက်လာပါတယ် ဘုရား)၊ ဒါမပြီးသေးဘူး၊ မနက် မိုးလင်းတဲ့ အခါကျတော့ ကိန္နရာဖိုက လေတွေဘာတွေလည်း ငြိမ်သွားတာနဲ့ သဲသောင်ပြင်ထဲက နေပြီး ဒီဘက်ကိန္နရာ မရှိရာ ပြန်လာတာတောင်၊ နောက် သုံးနှစ်မျက်ရည်ကျလို့ မပြီးသေးဘူးတဲ့ (မှန်လှပါ ဘုရား)။

လွန်လှချည်လား၊ ဘယ်နှယ့်ဖြစ်တာတုံး သုံးနှစ် မျက်ရည်ကျလို့ မပြီးတာ စားမြုံ့ပြန်နေတာ၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

စာမှာဒီအတိုင်းလာတယ်

စားမြုံ့ပြန်နေတာ၊ ဒေါ်ရွှေတို့ နေရာကျပြီလား (ကျပါပြီ ဘုရား)၊ သုံးနှစ်တဲ့ဗျာ၊ နောက်ငိုလို့ မပြီးသေးဘူး စာမှာ ဒီအတိုင်းလာတယ် ဒကာသိုက်ရေ၊ အဲဒီတော့ ဒီသုံးနှစ် ဆိုတာ ခင်ဗျားတို့က ဪ ဒီဥစ္စာ ဆိုးဝါးလှချည်လား၊ ဆိုးဝါးလှ ချည်လားလို့ ဆိုတဲ့ဥစ္စာ ခင်ဗျားတို့က ဖြုန်းခနဲ ဆိုလို့ရှိရင်ဖြင့် လွန် လွန် လွန်းတယ်လို့ ဒေါ်ခန့်တို့က ဆိုချင်သေးလား (မဆိုချင်ပါဘူး ဘုရား)။

ကိုယ်တွေ့နဲ့ တူတယ်၊ မဆိုချင်ဘူးတဲ့၊ ဘယ်လောက် ဆိုးသတုံး ဒကာ ဒကာမတို့၊ အေး ဒါမကြံကောင်းတာ ကြံတော့ကိုတဲ့ ခု သုံးနှစ်သုံးသီး လေးနှစ် ငါးနှစ်ခြောက်နှစ် ခုနစ်နှစ်တိုင်တိုင် မြင်တိုင်း ဆွေးနေတာတွေ မရှိဘူးလား (ရှိပါတယ် ဘုရား)။

ခုနေရှိရင် ဘယ်အရွယ်ရှိပြီ၊ ခုလိုဆိုရင်ဖြင့် ဘယ်ဘုရား ပွဲဘယ်ပွဲမှာ ဆိုလို့ရှိရင် ဘယ်လောက် ဖြီးလိမ်း ဝတ်ဆင်ပြီး သွားချင်ရှာမယ်လို့ ရှာတွေရှုပ်ကုန်ပြီ၊ မရှုပ်ပေဘူးလား (ရှုပ်ပါတယ် ဘုရား)၊ ရှုပ်ကုန်ပြီ၊ ရှုပ်ကုန်ပြီ။

အဲဒီတော့ ဘာတွေ ကြံတာတုံးဗျ အေး မကြံကောင်းတာကြံတာ၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

သုံးနှစ်ငိုတယ်ဆိုတာများသလား

ဒါဖြင့် ခင်ဗျားတို့ ယသော်ဓရာလောင်း ကိန္နရာမသည် ကားဆိုရင် သုံးနှစ်ငိုတယ်ဆိုတာ ဒကာသိုက်များသလား (မများပါ ဘုရား)၊ တော်လာပြီ၊ ရိပ်မိကုန်ပြီ၊ အဲဒါ အင်မတန် ဆိုးတယ်ဆိုတာ ပေါ်လာကြပြီလား (ပေါ်လာပါပြီ ဘုရား)။

တချို့များ သားသေသွားတယ်၊ ခုနစ်နှစ်၊ ရှစ်နှစ် တချို့လည်း ခုနစ်နှစ်၊ ရှစ်နှစ်မကဘူး ကိုယ်ပါ ဆုံးရှုံးတယ်၊ ဒီလိုကော မရှိဘူးလား (ရှိပါတယ် ဘုရား)။

အေး တချို့လည်း သမီးလေး ဘာလေး ဒုက္ခ ရောက်တယ်၊ ကိုယ်ပါ တစ်ခါတည်း ဒုက္ခရောက်ပြီး သကာလ သေခြင်းဆိုးနဲ့ သေသွားတာတွေကော မရှိဘူးလား (ရှိပါတယ် ဘုရား)။

အဲဒီတော့ ဟို သုံးနှစ်သည်ကားလို့ဆိုရင် ဒေါ်ရွှေ နည်းသေးတယ် (နည်းပါတယ် ဘုရား)၊ ခု ပုထုဇဉ်တွေက ဒီထက်ပဲ ဆိုးဝါးသေးတယ်ဆိုတဲ့ဥစ္စာ ပြောဖို့မလိုတော့ပါဘူး (မလိုပါ ဘုရား)။

တချို့ပစ္စည်းပျောက်ထားတာက ကြာလှပြီ ဟို တွေးတိုင်း တွေးတိုင်းခုကို ဆွေးတုန်း ရှိသေးတာတွေကောဗျာ (ရှိပါတယ် ဘုရား)၊ ရှိတယ်၊ ရှိတယ်၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

မကြံကောင်းတာကြံရင်အပါယ်ရောက်မယ်

ဘာတုံး ကြံကောင်းတာကြံတာလား၊ မကြံ ကောင်းတာ ကြံတာလား (မကြံကောင်းတာ ကြံတာပါ ဘုရား)၊ ဒါဖြင့် မကြံကောင်းတာ ကြံလို့ရှိရင်ဖြင့် ခင်ဗျားတို့ ဒုက္ခ၊ ဒေါမနဿ ဥပါယာသတွေ မလိုက်ဘူးလား (လိုက်ပါ တယ် ဘုရား)။

လိုက်တဲ့အခါကျလို့ရှိရင်ဖြင့် ဒုက္ခသစ္စာတွေဆိုတာ သဘောကျပြီလား (သဘောကျပါပြီ ဘုရား)၊ ကဲ ဒါဖြင့် ဒကာ ဒကာမတို့ မကြံကောင်းတာကြံ၊ ကြံကောင်းတာ မကြံလို့ရှိရင် အပါယ် ရောက်မယ်။

ကြံကောင်းတာကြံရင် နိဗ္ဗာန်ရောက်တယ်

ကြံကောင်းတာကြံလို့ ရှိရင် နိဗ္ဗာန်ရောက်တယ်၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ ဒကာသိုက် နေရာကျပြီ (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒီလိုလုပ်ကြစို့ဆိုတော့ ဒကာ ဒကာမတို့ ဒါလေး ဒီလိုကြံလိုက်ဦးမှ ထင်ပါရဲ့ ဆိုလို့ရှိရင်၊ အဲဒီကြံတဲ့စိတ်ကလေး ကို ခင်ဗျားတို့ ဖြစ်ပျက်မြန်မြန်ရှု၊ မြန်မြန်ရှူ (မှန်လှပါ ဘုရား)။

အိပ်မပျော်သည့်တိုင်အောင်ရှည်လိမ့်မယ်

ဒါလေး သားဘက်လှည့်ပြီး ကြံလိုက်ဦးမှ ထင်ပါရဲ့ လို့ဆိုရင် အဲဒါလေး မြန်မြန်ရှုပစ်လိုက် (မှန်လှပါ ဘုရား)၊ အင်း ဒီကြံတဲ့ ဝိတက်ကလေးကလည်း ဖြစ်ပြီးပျက်တာပဲ လို့ မြန်မြန်ရှုပါ (မှန်လှပါ ဘုရား)၊ မြန်မြန်မရှုလို့ရှိရင် သူအတော်ရှည်ပစ်လိုက်မယ် (မှန်လှပါ ဘုရား)၊ မျက်ရည် ကျသည် တိုင်အောင် ရှည်မယ်၊ အိပ်မပျော်သည့်တိုင်အောင် ရှည်မယ်၊ အပါယ်ကျသည့်တိုင်အောင် (ရှည်မှာပါ ဘုရား)။

ဒါဖြင့် ကြံမယ်လို့ လာတဲ့စိတ်ကလေး ဘာလုပ်ရမတုံး (ဖြစ်ပျက်ရှုရမှာပါ ဘုရား)၊ ကြံမယ်လို့လာတဲ့စိတ်ကလေး တွေကို မကောင်းတာကြံမယ်လို့ လာတဲ့စိတ်ကလေးတွေကို

ဖြစ်ပျက်ရှု၊ အနိစ္စကိုကြံမယ့်စိတ်ကလေးဆိုရင် များများပေါ်ပါ စေ၊ ဖြစ်ပျက် ကြံတဲ့ စိတ်ကလေးဖြင့် ဘာတုံး (များများပေါ် ပါစေ ဘုရား)၊ များများပေါ်ပါစေ။

မြန်မြန်ဖြစ်ပျက်ရှုပစ်

သားရေး သမီးရေး စီးပွားရေးကို ကြံမယ့်စိတ်ကလေး လာရင် မြန်မြန်ဘာလုပ်ရမတုံး (ဖြစ်ပျက် ရှုရမှာပါ ဘုရား)၊ မြန်မြန်ဖြစ်ပျက်ရှုပစ်၊ မြန်မြန် ဖြစ်ပျက်ရှုလိုက်လို့ရှိရင် သူ့နောက်က တဏှာတို့၊ ဒုက္ခတို့ ဒေါမနဿတို့ လိုက်နိုင်သေးရဲ့ လား (မလိုက်နိုင်ပါဘူး ဘုရား)၊ အဲဒီတော့ ဉာဏ်သာ လိုက်တော့တယ်၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် မကြံကောင်းတာ ကြံချင်တဲ့ ဝိတက်ကလေး၊ အင်း ဒါလေးကြံစည်လိုက်ဦးမှ ထင်ပါရဲ့ ဆိုလို့ရှိရင်ဖြင့် ဒီအဆင်လေးပြောင်းလိုက်ဦးမှ ထင်ပါရဲ့၊ ဒီဘက်ကူးလိုက်ဦးမှ ထင်ပါရဲ့ လို့ ကြံလို့ရှိရင် ဘာလုပ်ရမတုံး (ဖြစ်ပျက်ရှုရမှာ ပါ ဘုရား)၊ ဖြစ်ပျက်ရှု။

ဒါလေး လှောင်လိုက်ဦးမှထင်ပါရဲ့ ဆိုရင်ကော (ဖြစ်ပျက်ရှုရမှာပါ ဘုရား)၊ ဖြစ်ပျက်ရှု ရလိမ့်မယ်၊ ဒေါ်ရွှေရိပ် မိပြီလား (ရိပ်မိပါပြီ ဘုရား)၊ ပိုးပြောင်းလိုက်ဦးမှ ထင်ပါရဲ့၊ ချည်ပြောင်း လိုက်ဦးမှ ထင်ပါရဲ့ဆိုရင် ဘယ့်နှယ် လုပ်ရမတုံး (ဖြစ်ပျက်ရှုရမှာပါ ဘုရား)။

ဖြစ်ပျက်ရှု၊ ဖြစ်ပျက်ရှု ဖြစ်ပျက်မရှုလို့ရှိရင် ခင်ဗျားတို့ သည်ကားလို့ဆိုလို့ရှိရင်ဖြင့် ဒါကိုလည်း တော်ကြာ ခရေစေ့ တွင်းကျ လက်ခက ဘယ်လောက်၊ ဆိုးခက ဘယ်လောက်နဲ့ သွားပြီး အိပ်ပျော်တော့မှာ မဟုတ်ပါဘူး၊ မဟုတ်ဘူးလား (မှန်လှပါ ဘုရား)။

ထုတ်ရမှာက ဘယ်လို ကြွေးကျမှာက ဘယ်လောက်နဲ့ တစ်ခါတည်း ရှုပ်ပွေပြီးသကာလ အိပ်မပျော်၊ စားမဝင် ဖြစ်မလာဘူးလား (ဖြစ်လာပါတယ် ဘုရား)၊ ဟေ့ မောင်ချစ်ဆွေ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ကြံကောင်းတာကြံရင် များများကြံ

ဒါဖြင့်ကွာ မကြံကောင်းတာကို ကြံလို့ရှိရင် အဲဒီကြံလုံး ကို ဘာလုပ်ရမတုံး (ဖြစ်ပျက်ရှုရမှာပါ ဘုရား)၊ ကြံကောင်း တာကြံလို့ရှိရင်များများကြံ၊ ဟုတ်လား အနိစ္စတွေ၊ ဒုက္ခတွေ၊ အနတ္တတွေကို ကြံချင် လို့ ရှိရင်ဖြင့် ဝေဒနာတွေ၊ သညာတွေ၊ သင်္ခါရတွေဟာ ဘာတွေပါလိမ့်မတုံး စာချင်းတာ လေးက ဘာပါလိမ့်မတုံး – အို စားချင်တာလေးက ဖြစ်ပျက်၊ အိပ်ချင်တာလေးက ဘာပါလိမ့်မတုံး (ဖြစ်ပျက် ပါ ဘုရား)၊ အိပ်ချင်တဲ့ စိတ်ကလေးကိုဗျ၊ သူလည်းဖြစ်ပျက်တာပေါ့ (မှန်လှပါ ဘုရား)။

သွားချင်တာလေးက ဘာပါလိမ့်မတုံး (ဖြစ်ပျက်ပါ ဘုရား)၊ ဘယ်နှယ်ကြောင့် သွားချင်ပါလိမ့်မတုံး လုပ်မနေနဲ့ ဒါလေးဟာ အနိစ္စလေးပဲ၊ စားချင်တာလေးဟာ ဘာကြောင့် စားချင်ပါလိမ့်မလဲလို့ လုပ်မနေနဲ့ စားချင်တာလေးဟာ သွေးတောင်းတယ် လုပ်မနေနဲ့၊ သွေးက ဘယ်လိုမှ မတောင်း ဘူး သွေးဆိုတာ ရုပ်တရား (မှန်လှပါ့ ဘုရား)၊ ဘယ်လိုမှ မတောင်းဘူး ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဖြစ်ပျက်သာရှုပေးပါ

အဲ့ဒါ ဖြစ်ပျက်သာ ရှုပေးပါ အဲ့ဒီကဲ့သို့ဖြစ်ပေါ်လာတဲ့ စိတ်ကလေးကို ဖြစ်တာ၊ ဖြစ်ပျက် ရှုပေးလိုက်လို့ရှိရင်ဖြင့် ဖြစ် ပျက်ဟာ ဒုက္ခသစ္စာကဖြစ်မှာပဲ (မှန်လှပါ ဘုရား) ရှုတဲ့ဉာဏ်ဟာ မဂ်ဉာဏ်လာဖြစ်မှာပဲ၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

အဲ့ဒီကဲ့သို့ ဒကာ ဒကာမတွေ လာတဲ့စိတ်ကလေးသည် ကားလို့ဆိုလို့ရှိရင် ဖြင့် ဒါလေးဟာ အနိစ္စလေးလား၊ နိစ္စလေး လားကြံ ကြံပေးကြကွာ၊ ဝေဒနာလေးလား ဖြစ်ပျက်လေးလား ဖြစ်ပျက် လေးလား (ဖြစ်ပျက်လေးပါ ဘုရား)။

သညာလေးလား၊ ဖြစ်ပျက်လေးလား (ဖြစ်ပျက်လေးပါ ဘုရား)၊ စိတ်ကလေး၊ ဖြစ်ပျက် လေးလား (ဖြစ်ပျက်လေး ပါ ဘုရား)၊ ရုပ်ကလေးလား ဖြစ်ပျက် ကလေးလား (ဖြစ်ပျက်လေးပါ ဘုရား)၊ ကားလေးလား ဖြစ်ပျက်ကလေးလား (ဖြစ် ပျက်လေးပါ ဘုရား)၊ အကုန်ဖြစ်ပျက် ဖြစ်အောင်လုပ်။

ဘာပြုလို့ တုံး သဗ္ဗေ သင်္ခါရာ ဒုက္ခကိုး၊ သဗ္ဗေ သင်္ခါရာ အနိစ္စဆိုတော့ အကုန်အနိစ္စ ချည်းပဲ ဆိုတာ သဘောကျ ပြီလား (ကျပါပြီ ဘုရား)။

အနိစ္စဆိုတာ ဖြစ်ပြီးပျက်တာ အနိစ္စခေါ်တယ် ရှင်းပြီ လား (ရှင်းပါပြီ ဘုရား)။

မကြံကောင်းတာကြံရင်

အဲ့ဒီတော့ ခင်ဗျားတို့ မကြံကောင်းတာကြံလို့ရှိရင် လည်း ဓမ္မပဒပါဠိတော်မှာ

“ဝိတက္ကမထိတဿ ဇန္တုနော၊ တိဗ္ဗရာဂဿ သုဘာနု ပဿိနော၊

ဘိယျော တဏှာ ပဝဍ္ဎတိ၊ ဧသခေါ ဒဠှံ ကရောတိ ဗန္ဓနံ” (ဓမ္မပဒပါဠိ၊၆၃)

ကို ဘုရားကဟောပြန်တယ်။

ဝိတက္ကမထိတဿ ဇန္တုနော-တဲ့၊ ကာမဝိတက်စသည့် စိတ်နှင့် နှိပ်စက်ထွေးလုံး ရစ်ပတ်ဖုံး၍ နေသောပုဂ္ဂိုလ်အားတဲ့၊ သားရေး သမီးရေး၊ စီးပွားရေး၊ ကြံနေတဲ့ ပုဂ္ဂိုလ်အားတဲ့။

တိဗ္ဗရာဂဿ-တဲ့ ထက်မြတ် ထူးကဲသော ရာဂရှိသော ပုဂ္ဂိုလ်အားတဲ့ သုဘာနုပဿိနော-တဲ့ ဘယ်ဟာလေးဖြစ်ဖြစ် ကြည့်လိုက်ရင် ကိုယ့်စိတ်ထဲလှချည့် နေတာပဲတဲ့ သားလေးကြည့်လိုက်ရင် လည်းလှ၊ သမီးလေး ကြည့်လိုက်ရင်လည်းလှ၊ လှတယ်ဆိုလို့ရှိ ရင် ခင်လာတယ် (မှန်ပါ ဘုရား)။

သားဘက်ကြံလိုက်ရင်လည်း သူလည်း အရုပ်ဆိုးပေ မယ့် စိတ်ကကောင်းတယ်၊ စိတ်ဆိုးပေမယ့် ရုပ်ကလေးက တော်သေးတယ်၊ လှည့်ကြံနေတာကိုး (မှန်လှပါ ဘုရား)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

အံမယ် ကိုယ့်သား ကိုယ့်သမီးကလေးများ ရှေ့ကကြည့် ကြည့် နောက်ကကြည့်ကြည့် ဘယ့်နှယ် နေကြသတုံး (လှနေပါတယ် ဘုရား)။ ကြံကြည့်တာကိုးဗျ။ဝိတက်သဘောပေါ် လာကြပြီလား (ပေါ်လာပါပြီ ဘုရား)။ ဝိတက်သဘော ပေါ် လာကြပြီ။

တင့်တယ်တာချည့်ပေါ်တယ်

အဲ့ဒီကဲ့သို့ ကြံတဲ့ပုဂ္ဂိုလ်က သုဘဆိုတာကြီးဟာ ကိုယ့် သားသမီးကလေးတွေ လျှောက်ပြီး ကြည့်လိုက်တဲ့ အခါကျတော့ မတင့်တယ်တာကို မပေါ်ဘူးတဲ့ ဒကာသိုက်ရေ (မှန်လှပါ ဘုရား)၊ တင့်တယ်တာချည့်ပေါ်တာပဲတဲ့။

အရုပ်ဆိုးပေမယ့်လည်း အရုပ်ဆိုးဆိုးနဲ့ လိမ္မာတယ် ဆိုပြီး တင့်တယ်တာပေါ်လာတယ် (မှန်လှပါ ဘုရား)၊ စိတ်ကလေးကတော့ဖြင့် နည်းနည်း မကောင်းဘူး၊ မကောင်းပေ မယ့် ရုပ်ရည် ရူပကာယက သနားကမားက လာသေးတယ်။ ဒီလိုလှည့်ပြီး ကြံလာတာ။

တဏှာကနောက်ကလိုက်လာတယ်

အဲ့ဒီလိုကြံလာလို့ ရှိရင် ဘိယျော တဏှာ ပဝဍ္ဎတိ-

ဟောတဏှာ၊ နောက်က အကုန်လိုက်တာပဲတဲ့၊ အင်း မဟုတ်လည်း ခင်ရမှာပဲ၊ ဟုတ်လည်း ခင်ရမှာပဲ ဖြစ်လာပြီကို ဆိုတော့ တဏှာက နောက်မလိုက်ဘူးလား လိုက်သလား (လိုက်ပါတယ် ဘုရား)။

ဒါဖြင့် ရှေးက ဝိတက်က ချောတယ်၊ လှတယ်လို့ကြံ၊ နောက်က တဏှာကခင်၊ ဒီလို မနေဘူးလား (နေပါတယ် ဘုရား)။

အဲ့ဒီတော့ “ဘိယျာတဏှာ ပဝဍ္ဎတိ၊ ဧသဒဠှံ ကရောတိ ဗန္ဓနံ” တဲ့။

ဧသ – ဤခင်သောပုဂ္ဂိုလ်အားတဲ့ ဒဠှံ – မြဲမြန်သည် ကို ကရောတိ-ပြု၏တဲ့ တစ်ခါတည်း ချည်တော့တာပဲတဲ့။ ခင်ဗျား ကျုပ် ကျွန်ဖြစ်တော့ ကျုပ်ခိုင်းသလို ခင်ဗျားလိုက်နာတော့ ဆိုပြီး ဟိုက အာရုံကနေပြီး သားတည်း ဟူသော အာရုံ သမီးတည်းဟူသော အာရုံက ခင်ဗျားတို့တစ်သက်လုံး ကျုပ်တို့ကို လုပ်လည်း ကျွေးပါ အိုစာမင်းစာ ကျုပ်တို့ အတွက်လည်း မြေထဲရင်လည်း မြှုပ်ထားခဲ့ပါ၊ အမွေရင်လည်း ပေးခဲပါဆိုပြီး တစ်ခါတည်း ဒီကဘယ်မှ မပြေးနဲ့တော့ ဆိုတာ သူတို့က ချည်ပြီးသား ဖြစ်သွားလိမ့်မယ်။ (မှန်ပါ ဘုရား)။

ငယ်ငယ်တုန်းကတော့ ကျွန်၊ ကြီးတော့ သပေါက်

ဘယ်လောက်ဆိုးသတုံး (ဆိုးပါတယ် ဘုရား)၊ ငယ်ငယ် တုန်းကတော့ နို့ချိုတိုက်ကျွေးပြီး သကာလ သူကောင်းကောင်း အိပ်ပါစေတော့ ကိုယ်ကောင်းကောင်း မအိပ်ရချင်နေပါစေ၊ ကြီးလာတဲ့ အခါကျတော့ သူတို့ဖို့ မကျန်ရင် တော်ပါ့မလား၊ အံမယ် ငယ်ငယ်တုန်းကတော့ ကျွန်၊ ကြီးတော့ သပေါက်များ လုပ်လိုက်သေးတယ်။

ကြံဖန်များလာ ပကောဗျာ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)၊ အတော်မဆိုးဘူးလား (ဆိုးပါတယ် ဘုရား)။

ဒါ -ဒေါ်ရွှေဟောနေတာ မဟုတ်ပါဘူး ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)၊ ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ကြံပါများ ရင် ခင်ဗျားတို့ ကိုယ်သားကလေးဖြစ်ဖြစ်၊ ကိုယ့်သမီးကလေး ဖြစ်ဖြစ် ကြံပါများရင် သူတို့ချောလှပြီးလာလိမ့်မယ်၊ လာရင် နောက်က တဏှာလာမယ်တဲ့ (မှန်လှပါ့ ဘုရား)။

သံသရာထဲက မထွက်နိုင်အောင်ချည်တယ်

တဏှာလာလို့ ရှိရင်ဖြင့် ခင်ဗျားတို့ သူတို့က ခင်ဗျား တို့ကိုတဲ့ ချည်ထားတော့မယ်တဲ့ ခင်ဗျားဒီက ဘယ်မှမသွားနဲ့ တော့ဆိုပြီး သံသရာထဲမှာ ခင်ဗျားတို့ ကိုမထွက်နိုင်အောင် ချည်ထား တော့မယ်၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် သူတို့ အတွက် ကြံဖန်များရင် ကြံဖန်များတာက ဝိတက်၊ ကြံဖန်များရင် ခင်တယ်၊ ခင်ရင် တဏှာလိုက်မလာပေ ဘူးလား (လိုက်လာပါတယ် ဘုရား)။

ဒါဖြင့် အဲ့ဒီ ကြံစိတ်ကို သူတို့အတွက် ကြံတဲ့ ကြံစိတ် ကလေးကို ဘာလုပ်မတုံး (ဖြစ်ပျက် ရှုရမှာပါ ဘုရား)၊ အဲ့ဒိ ကြံစိတ်ကလေးကို ဒကာ ဒကာမတွေက ဖြစ်ပျက်ရှုနိုင်ရင် နောက်က တဏှာမလိုက်ဘူး၊ မောင်ချစ်ဆွေရိပ်မိပြီလား (ရိပ် မိပါပြီ ဘုရား)။

ဒါဖြင့် မကြံပါနဲ့လို့ တော့မရဘူး၊ ကြံချင်လည်းကြံ၊ ကြံတဲ့စိတ်ကလေးကို တစ်ခါတည်း ဖြစ်ပြီးပျက်တဲ့ အနိစ္စကလေး ကို မရှုဖြစ် မရှိကြပါနဲ့ သဘောကျပြီလား (ကျပါပြီ ဘုရား)။

အဲ့ဒီကဲ့သို့ စီးပွားရေးကြံကြံ၊ သားရေးကြံကြံ၊ သမီးရေး ကြံကြံ၊ ပစ္စည်းရေးကြံကြံ၊ အိမ်ရေး ကြံကြံ ဟုတ်လား ဝတ်ရေး စားရေးဘဲ ကြံကြံ ကြံတာဟူသ၍ ဘာလုပ်ရမှာတုံး (ဖြစ်ပျက် ရှုရမှာပါ ဘုရား)။

ဟဒယဝတ္ထုပေါ်ဉာဏ်လှည့်လိုက်ပါ

ဒီကြံလုံးကလေးသည် ဖြစ်ပြီးပျက်တဲ့ အနိစ္စကလေးပဲ အဲ့ဒါကျတော့ ဟဒယဝတ္ထုပေါ် ဉာဏ်ကလေး လှည့်လိုက်ပါ။ ဟဒယဝတ္ထုပေါ်ကနေ ကြံတာကိုးဗျ (မှန်လှပါ ဘုရား)၊ အဲ့ဒီ အပေါ်မှာ သူ့သင်္ချိုင်းရှိတယ်၊ ဒီပေါ်မှာ မွေး ဒီအပေါ်မှာသေ၊ ဒီလို ဒကာ ဒကာမတွေက ရှုရှု ရှုရှုပေးလိုက်မယ် ဆိုလို့ရှိရင်ဖြင့် နဖူးပေါ်လက်တင်ရင် သူအရင် လာတတ်တယ်နော် (မှန်လှပါ ဘုရား)။

လာရင် သူ့ကို ဘာလုပ်ပစ်မတုံး (ဖြစ်ပျက်ရှုရမှာ ပါ ဘုရား)၊ သူ့ကိုတစ်ခါတည်း ဖြစ်ပျက်သာ ရှုပစ်လိုက်မယ်ဆို ရင်ဖြင့် ဒကာ ဒကာမတို့ သုံးနှစ် သုံးလီ ငိုစရာဆွေးစရာတွေ လာသေးရဲ့လား (မလာတော့ပါဘူး ဘုရား)။

အဲ့ သူ့ဘက်ကလည်း လှည့်ကြည့်လိုက်ပါရော ဒကာ သိုက်ရေ ကြံတဲ့စိတ်ကလေးကိုပင်လျှင် ဆရာဘုန်းကြီးကမှာ ထားတယ်၊ ဘုရားကဟောထားတယ်၊ ဖြစ်ပျက်ရှုပါလို့ မဟော ဘူးလား (ဟောပါတယ် ဘုရား)။

ဒါကြောင့် ဖြစ်ပျက်ရှုပါ လို့တော့ ပါဠိတော်က ဘယ်လို ဟောထားသတုံးဆိုတော့

‘‘ရူပ ဝိတက္ကော လောကေ ဓမ္မဝိတက္ကော ပီယရူပံ သဒ္ဒရူပံ ဧတေ သာသနာ ပဟီယမာနာ ပဟီယတိ။’’

ဖြစ်ပျက်ရှုမှ တဏှာကသေတာ

သူ့နောက်က တဏှာလိုက်လာလိမ့်မယ်တဲ့၊ အဲ့ဒီ တဏှာပယ်လိုက်၊ အဲ့ဒီတဏှာ ဒီအတိုင်း ပယ်လို့မရဘူး၊ ဝိတက် ဖြစ်ပျက်ရှုမှ တဏှာက သေတာ၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဝိတက်ဖြစ်ပျက်မရှုရင် (တဏှာမသေပါဘူး ဘုရား)၊ ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ မကြံပါနဲ့ဆိုလို့ မရတာတောင်မှ မပူပါနဲ့ (မှန်လှပါ ဘုရား)၊ ကြံတဲ့စိတ် ကလေးကို ဖြစ်ပျက် နောက်ကနေ ဉာဏ်လေးလိုက်လိုက် လိုက် လိုက်ပေးမယ်ဆိုလို့ ရှိရင်ဖြင့် ခင်ဗျားတို့ အင်မတန် နေရာကျ မယ်ဆိုတာ သဘောကျပြီလား (သဘောကျပါပြီ ဘုရား)။

သီရိလင်္ကာကျွန်းက ဘိက္ခုနီမ

ဒီကြံလုံးနဲ့ပဲ သေတာတွေ သီရိလင်္ကာကျွန်းမှာ တစ်ခု သော ဂူကလေးထဲမှာ တစ်ခါတည်း ဒီဇာတ်စုံ အရုပ်ကလေး တွေခင်းတယ်၊ ဇာတ်စုံ အရုပ်ကလေးတွေ ခင်းထားတော့ ပန်းပု သမားက လည်း ခြယ်ခြယ်လှယ်လှယ် ထုပြီး သကာလ ထားတော့ မောင်ချစ်ဆွေ အရုပ်ကလေးတွေက လူပုံဖြစ်လည်း လူနဲ့ သိပ်တူပေါ့ကွာ၊ အဖိုးကြီးပုံဖြင့် အဖိုးကြီးပုံ၊ အဖွားကြီးပုံဖြင့် အဖွားကြီးပုံ၊ အပျိုရွယ်ကလေးပုံဖြင့် အပျိုရွယ်ကလေး၊ လူပျိုရွယ် ကလေးပုံဖြင့် လူပျိုရွယ်ကလေး၊ ကလေးပုံဖြင့် ကလေးပုံ အတိုင်းဆိုတော့ ထုထားတာကလည်း လူလောက်ရှိပြန်၊ ပုံတွေ ကလည်း ဟန်ကျပန်ကျ ဖြစ်ပြန်ဆိုတော့ အရုပ်က လူပုံ သဏ္ဍာန် ဖန်ဆင်းပြီး သကာလ နေတော့ ဒီဘိက္ခုနီမတွေက အလည်သွားကြတယ်။

ဒီဂူထဲမှာ အရုပ်တွေက အင်မတန် လှသတဲ့ဆိုပြီး သကာလ သူတို့စိတ်ထဲမှာ သွားချင်တဲ့ ဆန္ဒက သွားချင်တဲ့ အကြံအစည်တွေက သိပ်များတာနဲ့ ဘိက္ခုနီမ ကလေးတွေ အလည် သွားကြတယ်။

သွားကိုင်ရင်း မတ္တနဲ့ သေသွားတယ်

အဲ့ဒီ အလည် သွားကြတဲ့အခါကျတော့ ဘိက္ခုနီမ တစ် ယောက်က ဒီအရုပ်ကလေးကို သွားပြီး သကာလ တကယ့်လူ လောက်ဖြစ်နေတော့ အင်မတန်ပဲ ခြယ်လှယ်ထားတဲ့ အရုပ် ကလေးဖြစ်တော့ သွားကိုင်တယ်၊ သွားကိုင်ရင်း မတ္တနဲ့ မောင်ချစ်ဆွေ အဲဒီမှာ သေဆုံးသွားတယ်။

သွားကိုင်ရင်း ကြံစည်ရင်း မတ္တနဲ့ ခုနက အလုံးဆို့ပြီး ခင်ဗျားတို့ အပြောအတိုင်း အလုံးဆို့ပြီး ဒေါမနဿဖြစ်ပြီး သေတာပေါ့ဗျာ (မှန်လှပါ ဘုရား)။

အဲ့ဒီတော့ ကြံစည်တဲ့ ဝိတက်နောက်ကလည်း ဒေါမန ဿကလည်း သတ်တယ် (မှန်လှပါ ဘုရား)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဖြစ်ပျက်မရှုနိုင်ရင်၊ သေဦးမှာပဲ

ဒါဖြင့် ကြံစည်ရင် နောက်က ဒေါမနဿလိုက်တာကို လည်း ဒီကြံစည်တဲ့ ဝိတက်ကိုမှ ခင်ဗျားတို့က ဒေါသမဿ လိုက် တာကိုလည်း ဒီကြံစည်တဲ့ ဝိတက်ကိုမှ ခင်ဗျားတို့က ဖြစ်ပျက် မရှုနိုင် ရင်တော့၊ ခင်ဗျားတို့လည်း သေဦးမှာပဲ၊ မသေဘူးလား (သေမှာပါ ဘုရား)။

အို ခင်ဗျားတို့အတွက် စိုးရိမ်တာကတော့ မပြောပါနဲ့ တော့၊ ခင်ဗျားတို့က သေခါနီးတောင်မှ သားလေး ဘယ်အိမ် နေရမတုံး၊ သမီးလေးဘယ်အိမ် နေရမတုံးလို့ကြံသေး၊ အင်း အသက်ထွက်ေ ကာင်းချင်လို့လား၊ အသက်ထွက်ဆိုးချင် လို့လား (အသက်ထွက်ဆိုးချင်လို့ပါ ဘုရား)။

အဲ ဆိုးချင်ဆိုး ခင်ဗျားတို့က ဒီဥစ္စာ ဝိတက်ကိုမှ ဖြစ်ပျက် မရှုနိုင်လို့ရှိရင်ဖြင့် အသေခြင်းဆိုး သေလိမ့်မယ်၊ – သဘောကျပြီလား (သဘောကျပါပြီ ဘုရား)။

သေခြင်းဆိုးသေလို့ အမျိုးမျိုး အဖုံဖုံ ဒုက္ခမရောက်ပေ ဘူးလား (ရောက်ပါတယ် ဘုရား)၊ အဲ့ အဲဒီတော့ ဒကာ ဒကာမတို့ ဒီဝိတက်ဟာလည်း အတော်ဆိုးတယ်ဆိုတာ သဘောကျပြီလား (သဘောကျပါပြီ ဘုရား)။

ကောင်းတဲ့ဘက်ကကြည့်ရင် မဂ္ဂင်ဆိုက်တယ်

ဆိုးတဲ့ဘက်ကနေ ကြည့်ရင် အင်မတန်ဆိုးတယ်။ ကောင်းတဲ့ဘက်ကနေကြည့်တော့လည်း မဂ္ဂင်ဆိုက်တယ်၊ ကောင်တဲ့ဘက်က ဝေဒနာတွေ၊ သညာတွေ၊ သင်္ခါရတွေ၊ ရုပ်နာမ်တွေကိုဖြင့် ကြံစည်မယ် ဆိုလို့ရှိရင်ဖြင့် ဒါတွေဟာ ဘယ့်နှယ်ကြောင့် ဒါတွေဟာ ဘာတွေပါလိမ့် မတုံးဆိုတော့-

ဪ ဒါတွေဟာ ဘယ်နှယ်ကြောင့် ဒါတွေဟာ ဘာတွေ ပါလိမ့်မတုံးဆိုတော့ ဪ ဒါတွေဟာ အနိစ္စတွေပဲလို့ များ ကြံစည်မိမယ်ဆိုလို့ရှိရင်လည်း ကောင်းတဲ့ဘက်ကတော့ မဂ္ဂင် ပေါ်လာတယ် (မှန်ပါ ဘုရား)၊ သူသည်ပင်လျှင် မဂ္ဂင်ပဲ အဲ့ဒီကျတော့ ဝိတက်သည်ပင်လျှင် မဂ္ဂင်ပဲ ရိပ်မိကျပြီလား (ရိပ်မိပါပြီ ဘုရား)။

ဘိက္ခုနီမတော့ စိတ်ကူးနဲ့သေတယ်

မကောင်းတဲ့ ဘက်က ကြံလိုက်စည်လိုက်ပြီ ဆိုမှဖြင့် လည်း ခုနက ဘိက္ခုနီမလိုပဲ စိတ်ကူးနဲ့ သေတာပဲ (မှန်လှ ပါ ဘုရား)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

မကောင်းတဲ့ဘက်က ကြံပြန်တော့လည်း စိတ်ကူးနဲ့သေ နိုင်တယ်ဆိုတော့ ဝိတက် သတ်လိုက်တာ၊ ကောင်းတဲ့ ဘက်က ကြံလိုက်ပြန်တော့လည်း ဝိတက်ကြောင့် နိဗ္ဗာန် ရောက်တယ်။

ဒါဖြင့် ဒီဝိတက်သည် ဒကာ ဒကာမတို့ ဆရာဘုန်းကြီး က ယခုဆုံးမနေတယ်၊ ခင်ဗျားတို့သည် ယနေ့ည စတွေ့မှာပဲ အိပ်ယာဝင်တော့မယ်ဆိုရင် သူလာတော့မယ်၊ ဘာလေး သိမ်း စရာ ရှိသေးတယ် ထင်ပါရဲ့ ဘာလေးဖိမှ ဖိခဲ့မိရဲ့ လား၊ တံခါးမှ ပိတ်မိရဲ့ လား၊ မင်းတုပ်မှ ထိုးခဲ့မိရဲ့ လား၊ လာလိမ့်မယ်၊ လာလိမ့် မယ် ခင်ဗျားတို့ မလာပေဘူးလား (လာပါတယ် ဘုရား)။

အဲ့ဒါတွေ လာတိုင်းလာတိုင်း ဘာလုပ်ရမလည်း (ဖြစ်ပျက်ရှုရမှာဖြစ်ပါတယ် ဘုရား)၊ အင်း ဒီကြံစည်လုံး ကလေး လည်း ဖြစ်ပျက်ပဲ အနိစ္စကလေးတွေ ပေါ်လာပြီ၊ အနိစ္စကလေး

တွေ ပေါ်လာပြီ ဆို ဒကာ ဒကာမတွေက ရှုရှု ရှုရှု ပေးမယ် ဆိုလို့ ရှိရင်ဖြင့် ဒါဓမ္မာနုပဿနာ သတိပဋ္ဌာန်လို့ ခေါ်သည်။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ရှေ့စိတ်ကို နောက်ဉာဏ်နဲ့ရှုပေးပါ

ဓမ္မာနုပဿနာ သတိပဋ္ဌာန်လို့ ခေါ်သည်။ ဒါဖြင့် ရှေ့စိတ်ကို နောက်ဉာဏ်နဲ့ ရှုရှုပေးပါ၊ ရှေ့က ကြံတိုင်းကြံတိုင်း၊ နောက် ဘာလိုက်ရမတုံး၊ ကြံလုံးကလေးက ဖြစ်ပျက်ပဲ၊ ကြံလုံးကလေးက ဖြစ်ပျက်ပဲလို့ နောက်က လိုက်ပေးမယ်ဆိုလို့ရှိရင် ခုနက ဘိက္ခုနီမလိုပဲ သေစရာရှိရဲ့လား (မရှိပါဘူး ဘုရား)

ဟို စန္ဒကိန္နရီ တို့လိုပဲ သုံးနှစ်သုံးသီး ငိုစရာရှိရဲ့လား (မရှိပါဘူး ဘုရား)။

အငိုလွတ်၊ အသေလွတ်အောင် ဖြစ်ပျက်ရှု

ဒါဖြင့် အငိုလွတ် အသေလွတ် ဖြစ်ချင်လို့ရှိရင်ဖြင့် ကြံလုံးကလေးကိုဖြစ်ပျက်ရှုပေး သဘောကျပြီလား (ကျပါပြီ ဘုရား)။ ဒီကြံလုံးကိုမှ ခင်ဗျားတို့ ဖြစ်ပျက်မရှုနိုင်တော့ ဘူး၊ သားရေး သမီးရေး စီးပွားရေးတွေနဲ့ပဲ ကြံပြီးသကာလ နေကြမယ်ဆိုလို့ရှိရင်ဖြင့် အသေလည်းလာပါလိမ့်မယ်၊ အငိုကော (လာမှာပါ ဘုရား)။

အငိုရှေ့သွား၊ အသေနောက်လိုက် အငိုနဲ့အသေတွဲ လာမှာပဲ ဘယ်လောက် ကြောက်စရာ ကောင်းသတုံး (ကောင်းပါတယ် ဘုရား)။ စန္ဒကိန္နရီတို့ တစ်ည ကွဲတာနဲ့ ကြံဖန် ပြီးတော့ သုံးနှစ် လောက် ငိုတယ် ဆိုတော့ ပြီးသေးရဲ့လား (မပြီးပါဘူး ဘုရား)။

အဲဒီလို သုံးနှစ်လောက်သာ ငိုရတယ် သူ့မှာ တစ်ည တည်း ကွဲတာ၊ နောက်မှာလည်း ပေါင်းသင်း ဆက်ဆံရေး ရှိလျက် ပဲ၊ ရှိတာတောင်မှ တစ်နေ့ ကွဲခဲ့ရတာဟာ တောင်ကြီးခြား သလောက် သူ့မှာ (၁၀)နှစ်လောက် မှတ်ပြီး သကာလ ဆွေးပြီး ငိုနေတာ ကြံလို့ပေါ့ဗျာ (မှန်လှပါ ဘုရား)။ ဘယ်လောက် ဆိုးသတုံး (ဆိုးပါတယ် ဘုရား)။

ဖြစ်ပျက်ကိုနှစ်မျိုးမှတ်ကြပါ

ကဲ ဒါဖြင့် ဒကာ ဒကာမတွေကြံလုံးပေါ်လာ တိုင်း ပေါ်လာတိုင်း ဘာလုပ်ရမတုံး (ဖြစ်ပျက် ရှုရမှာ ပါ ဘုရား)၊ ဒါက ဖြစ်ပျက်ကို နှစ်မျိုးမှတ်ကြပါ၊ သားရေး သမီးရေး စီးပွားရေးကြံတဲ့ ဝိတက် ကြံရင် ဖြစ်ပျက်ရှု၊ ရုပ်နာမ် ပေါ်တဲ့ ရုပ်တွေဖြစ်ပျက်၊ နာမ်တွေဖြစ်ပျက်၊ ရုပ်တွေကဘာပါ လိမ့်မတုံး၊ ဝေဒနာတွေက ဘာပါလိမ့်မတုံး၊ သညာတွေက ဘာပါလိမ့်မတုံးလို့၊ ဝေဒနာတွေက ဘာပါလိမ့်မတုံး၊ သညာ တွေက ဘာပါလိမ့်မတုံးလို့ အင်း ဖြစ်ပျက်တွေပဲလို့ ကြံတဲ့ ဝိတက်တွေ ကျတော့ ခင်ဗျားတို့ ဖြစ်ပျက် သွားမရှုနဲ့ အဲ့ဒါကတော့ လုပ်ဖို့ကို အားပေးရတယ်၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

၁။ ခဏခဏကြံပေးပါ

ဝိတက်က ဒိပြင်တရားနဲ့ မတူဘူး ကိုထွန်းအောင်ရ ဒီဝိတက်က ကောင်းတဲ့ဘက်ကို ကြံတဲ့ အခါကျလို့ ရှိရင်ဖြင့် ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်တို့သည် ဘာပါလိမ့်မတုံး ဖြစ်ပြီးပျက်တဲ့ တရားတွေပဲလို့ အဲ့ဒီလို ကြံတဲ့ ဝိတက်ကျတော့ကို ခဏခဏကြံပေးပါ (မှန်လှပါ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

၂။ ခဏခဏရှုပေးပါ

သားရေ သမီးရေး စီးပွားရေး ဝိတက်ကျလာတော့ ခဏခဏ ဖြစ်ပျက်လုပ်ပါ၊ သူဟာ အနိစ္စပဲ၊ သူဟာဒုက္ခပဲ၊ သူဟာ အနတ္တပဲလို့ ခင်ဗျားတို့ ခဏခဏရှုပါ၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

သားရေး သမီးရေး စီးပွားရေးကြံတဲ့ဝိတက်ကျတော့ ဘာလုပ်ရမှာတုံး (ဖြစ်ပျက်ရှုရမှာပါ ဘုရား) ဖြစ်ပျက်ရှုရ မယ်၊ ဝေဒနာလေးဟာ ဘာပါလိမ့်မတုံး ဖြစ်ပျက်ပဲ၊ သညာလေးဟာ ဘာပါလိမ့်မတုံး ဖြစ်ပျက်ပဲလို့ ဒီလိုရှုတဲ့ ဝိတက်မျိုးကျတော့ ခဏခဏ ဝိတက်ပေါ်ပါစေ၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဆက်ကြည့်ရမယ့် ဝိတက်ကတစ်မျိုး၊ ခဏခဏ ပေါ်ခွင့်ပေးရမယ့် ဝိတက်ကကော (တစ်မျိုးပါ ဘုရား)။

ဒါဖြင့် ဝိတက်သည်ကားလို့ဆိုလို့ရှိရင် ဒကာ ဒကာမတို့ အသုံးချလို့ရတဲ့ ဝိတက်လည်း ရှိသေးတယ်၊ အသုံးချလို့ မရတဲ့ ဝိတက်ကော (ရှိပါတယ် ဘုရား)၊ အဲ့ဒါကြောင့် ဒုက္ခသစ္စာ ပေးမယ့် ဝိတက်ကိုတော့ မြန်မြန် ရှုပစ်ပါ ဟုတ်လား၊ မျက်ရည် ကျမယ်၊ သေခြင်းဆိုးသေရမယ့် အကြံမျိုး ကျလာတဲ့ဝိတက်မျိုး ဘာလုပ်ရမတုံး (မြန်မြန်ရှုပစ်ရမှာပါ ဘုရား)။

ဖြစ်ပျက်ကဒုက္ခသစ္စာ

ကြံလိုက်ရင်လည်း ဒီကြံလုံးကလေးဟာ ဘာပါလိမ့် မလဲဆိုလို့ရှိရင် သူလည်း အနိစ္စလေးပဲ၊ ဝိတက်ဆိုတာလည်း တစ်၊ နှစ်ဆိုပျက်တာပဲ အနိစ္စတရားလေးပဲလို့ ဒကာ ဒကာမတွေ ကြံကြံပြီး ဖြစ်ပျက်ကလေးသာ နောက်ဉာဏ်နဲ့ ရှုပေး (မှန်လှပါ ဘုရား)။

ရှုတဲ့ဉာဏ်ကမဂ္ဂသစ္စာ

နောက်ဉာဏ်နဲ့ ရှုပေးလိုက်တော့ အဲ့ဒီဝိတက်ဖြစ်ပျက် က ဒုက္ခသစ္စာ၊ ရှုတဲ့ဉာဏ်က (မဂ္ဂသစ္စာပါ ဘုရား)၊ ခုနက မျက်ရည်ကျမှုဟုတ်လား ဆွေးမှု အိပ်မပျော်မှုတွေက သမုဒယ ချုပ်တာ (မှန်လှပါ ဘုရား)၊ အဲ့ဒါတွေ ချုပ်သွားတဲ့အခါကျတော့ကို သမုဒယချုပ်တယ်ဆိုကတည်းက အို နာ သေမွဲ ကွဲ လွတ်တာက (နိရောဓသစ္စာပါ ဘုရား)။ နိရောဓသစ္စာ သဘောကျပြီလား (သဘောကျပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဝိတက်သည်ကားလို့ ဆိုလို့ရှိ ရင် ဖြစ်ပျက်ရှုရမယ့် ဝိတက်ကတစ်မျိုး၊ ပေါ်အောင်အားထုတ် ရမယ့် ဝိတက်က (တစ်မျိုးပါ ဘုရား)

ဒီဝိတက်မျိုးကျတော့ ကြံသာကြံပါ

အဲ ရုပ် နာမ်ဓမ္မတွေကျတော့ဖြင့် ဒါတွေဟာ ဘယ့်နှယ်ကြောင့် ဖြစ်ပါလိမ့်၊ ဘယ်နှယ့်ကြောင့် ပျက်ပါလိမ့်၊ ဒါတွေဟာ ဘာတရားတွေပါလိမ့်မတုံး၊ ဒါတွေဟာ အနိစ္စတွေ ပဲ၊ ဒါတွေဟာ ဒုက္ခတွေပဲ၊ အနတ္တတွေပဲလို့ ကြံတဲ့ ဝိတက်မျိုး ကျတော့ မောင်ချစ်ဆွေကြံသာကြံ (မှန်လှပါ ဘုရား)၊ ခဏ ခဏ ပေါ်ပါစေ၊ သဘောကျပြီလား ဒကာ ဒကာမတို့ (သဘောကျပါပြီ ဘုရား)။

ဒါဖြင့် အကယ်၍ ခင်ဗျားတို့သည် မကြံကောင်းတာ ကြံလို့ရှိရင်ဖြင့် သမုဒယကြိုးတွေ ဝိုင်းချည်တော့မယ်၊ ကြံကောင်းတာကြံလို့ရှိရင် သမုဒယကြိုးတွေ အကုန်ပြတ် ဒီနှစ် ချက်ကိုလည်း မှတ်ပါဦး။

မကြံကောင်းတာကြံလို့ ရှိရင် သမုဒယကြိုးတွေဘာတုံး (ဝိုင်းချည်မှာပါ ဘုရား)၊ ကြံကောင်းတာ ကြံလို့ ရှိရင် (သမုဒယ ကြိုးတွေ ပြတ်ပါတယ် ဘုရား)။

အဲ ဒါဖြင့် ကြိုးချည်ထားတာ ကြိုက်သလား ပြတ် ထွက်သွားတာ ကြိုက်သလား (ပြတ်ထွက် သွားတာ ကြိုက် ပါတယ် ဘုရား)၊ ဒါဖြင့် သားရေး သမီးရေး၊ စီးပွားရေး ကိုမကြံ နဲ့၊ ဟုတ်ပလားဗျာ၊ နေ့လယ် အလုပ်လုပ်တာနဲ့ မဆိုင်ဘူး နော်၊ အိပ်ယာဝင်တို့ တရားဓမ္မနှလုံးသွင်းတဲ့အချိန်မှ သူက ကြားထိုး လာတတ်တယ် (မှန်လှပါ ဘုရား)။

ဘာမှမပေါ်ဘူးတဲ့၊ ဒီသမာဓိကလေး ဖမ်းပါတယ် တကယ်တမ်း လုပ်တဲ့အခါကျတော့မှ ဪ မဆိုင်တာကြီး များ ဝင်လာလိုက်သေးတယ်၊ အဲ့ဒါ သူ့အလိုလို ဝင်လာတာ လား၊ ခင်ဗျားတို့က ကြံလို့ ဝင်လာတာလား (ကြံလို့ဝင်လာတာ ပါ ဘုရား)။

မြန်မြန်ဒုက္ခသစ္စာမြင်အောင်ရှု

ကြံလို့ ဝင်လာတယ်၊ အဲ့ဒီကြံလုံးကလေးဟာ နူးညံ့လို့ မသိလိုက်ဘူး (မှန်လှပါ ဘုရား)၊ အဲ့ဒီမသိလိုက်တဲ့ကြံလုံး ကလေးကိုလည်း နောက်သိအောင် လုပ်ပြီးသကာလ ဒီကြံလုံး ကလေး မဟုတ်တဲ့ဘက် ကြံပြီ ဆိုမှဖြင့် မြန်မြန်အနိစ္စ၊ မြန်မြန် ဒုက္ခ၊ မြန်မြန် အနတ္တ၊ မြန်မြန် ဒုက္ခသစ္စာ ဖြစ်အောင် ရှုပါ (မှန်လှပါ ဘုရား)၊ ဟုတ်ပြီလား။

ကြံကောင်းတာ ကြံမိရင်မဂ်ရမယ်

ရုပ်နာမ်တွေ ပေါ်လာတဲ့ အချိန်ကျလို့ ရှိရင်ဖြင့် ဒါတွေ ဟာ ရုပ်ပဲ။ ဒါတွေဟာ နာမ်ပဲ၊ ဒါတွေဟာ ဖြစ်ပျက်ပဲလို့ ဖြစ်ပျက်ဓမ္မမှ တစ်ပါး ဘာမှမဟုတ်ဘူးလို့ ကြံနိုင်တဲ့ အကြံမျိုး ကျပြန်တော့လည်း အင်မတန်ကောင်း (မှန်လှပါ ဘုရား)၊ ရိပ်မိ ကြပြီလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် မကြံကောင်းတာကို ကြံခဲ့လို့ ရှိရင် ခင်ဗျားတို့ မျက်ရည်ရမယ်၊ အပါယ်ကျမယ်၊ ကြံကောင်းတာ ကြံမိလို့ ရှိရင် မဂ်ရမယ်၊ အသေလွတ်မယ်၊ သဘောကျပြီလား (သဘောကျပါပြီ ဘုရား)။

ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။