266

ကိုယ့်ကိုယ်ကို သုံးသပ်စမ်းပါ (ဝိပ္ပလ္လာသ)

အသံဖိုင်ခေါင်းစဉ်= ကိုယ့်ခန္ဓာကိုယ်သုံးသပ်ပုံ

စာအုပ်ခေါင်းစဉ်= ကိုယ့်ကိုယ်ကို သုံးသပ်စမ်းပါ (ဝိပ္ပလ္လာသ)

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

မန္တလေးမြို့၌ ဟောကြားတော်မူသော တရားတော်

ကိုယ့်ကိုယ်ကို သုံးသပ်စမ်းပါ

(ဝိပ္ပလ္လာသ)

(၃-၃-၆၁)

သုံးဆယ့်တစ်ဘုံထဲမှာဖြင့် အသေလွတ်ရာရှာလို့ တွေ့ကြမှာ မဟုတ်ပါဘူးဆိုတဲ့ဥစ္စာ သေသေချာချာ မှတ်ထားပါနော် (မှန်ပါ့ ဘုရား)၊ သုံးဆယ့်တစ်ဘုံထဲ အသေလွတ်တဲ့ နေရာရှိပါ့မလား (မရှိပါ ဘုရား)။ သုံးဆယ့် တစ်ဘုံထဲ အသေလွတ်တဲ့ နေရာ (မရှိပါ ဘုရား)။

မရှိရာ ရှာလို့မရတာ

ရှာနေတဲ့ ပုဂ္ဂိုလ်ဟာဖြင့် မရှိရာ ရှာသောကြောင့် မရမှာက သေချာတယ် (မှန်လှပါ ဘုရား)၊ မရှိရာ ရှာသောကြောင့် (မရမှာက သေချာပါတယ် ဘုရား)။

အဲဒီ မျက်စိလည်ပြီး သကာလ နေပြီ ဆိုမှဖြင့် လည်း သုံးဆယ့်တစ်ဘုံထဲမှာဖြင့် နတ်ပြည် ကောင်းနိုးနိုး၊ ဗြဟ္မာပြည် ကောင်းနိုးနိုး၊ စကြဝတေး မန္ဓာတ်ဖြစ်ရလို့ လူ့ပြည်လာပြီး နေရလို့ရှိရင် ကောင်းနိုးနိုး ဆိုပြီး သကာလ ဒီလိုရှာကြမယ် ဆိုလို့ရှိရင်ဖြင့် အသေလွတ်ရာ ရှာကြငြား သော်လည်း သေရာသာ တွေ့မယ်ဆိုတာ မှတ်ကြစမ်း ပါ (မှန်ပါ့ ဘုရား)။

အသေလွတ်ရာ ရှာကြငြားသော်လည်း (သေရာ သာ တွေ့ပါမယ်)၊ သေရာသာ တွေ့မယ် ဆိုတာဖြင့် ငြင်းဆန်ဖို့ လိုသေးသလား (မလိုပါ ဘုရား)။

ခန္ဓာအလုပ်က သေရာသွားတဲ့အလုပ်

ဒါ့ကြောင့် ဒကာ ဒကာမတို့ သတိပေးရတယ်။ ဒီခန္ဓာကိုယ်ကြီး သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဒီခန္ဓာမှ တစ်ပါး ဘယ်ခန္ဓာပဲရရ၊ သူ့အလုပ်က သေရာသွားတဲ့ အလုပ် (မှန်ပါ့ ဘုရား)၊ ခန္ဓာအလုပ်က ဘာပါလိမ့် (သေရာသွားတဲ့ အလုပ်ပါ ဘုရား)၊ ခန္ဓာ့ အလုပ်ကဖြင့် သေ ရာသွားတဲ့အလုပ်ကိုသာ သူလုပ်လုပ်ပြတာ အမြဲတမ်း အလုပ်နော် (မှန်ပါ့)။

အဲဒီတော့ ဘုန်းကြီးများက သတိပေးရတယ်၊ ဒကာ, ဒကာမတို့၊ ခင်ဗျားတို့ ဥစ္စာကလည်း သုံးဆယ့် တစ်ဘုံထဲမှာဖြင့် မသေရာရှာလို့ ရှိရင်ဖြင့် မရှိပါဘူး ဆိုတာ ခင်ဗျားတို့ကလည်း သစ္စာဉာဏ် မပိုင်တော့ မသိ ဘူးပေါ့ ဦးခင်မောင်ကြီးရာ (မှန်ပါ့ ဘုရား)။

သစ္စာဉာဏ်တွေ ပြန်စဉ်းစားလိုက်တဲ့ အခါကျတော့ အဇာတိ- ဇာတိမရှိတဲ့နေရာမှာလည်း ပဋိသန္ဓေ မနေတဲ့ နေရာမှလည်း ဦးခင်မောင် မသေမှာပေါ့ဗျာ (မှန်လှပါ ဘုရား)၊ ဦးဝ- ဘယ်နေရာ မှာပါလိမ့်- (ပဋိသန္ဓေ မနေတဲ့ နေရာမှပါ ဘုရား)၊ ပဋိသန္ဓေ မနေရတဲ့နေရာဖြင့် မသေရတော့ဘူး ဒကာ,ဒကာမတို့- (မှန်ပါ)။

ပဋိသန္ဓေမဖြစ်ရင်၊ မသေဘူး

ပဋိသန္ဓေမနေရတဲ့နေရာမှာဖြင့် ဒကာသစ်တို့ (မသေရပါ ဘုရား)၊ ပဋိသန္ဓေမှ မဖြစ်လို့ရှိရင် အိုစရာကော ဖြစ်ပါဦးမလား (မဖြစ်ပါ ဘုရား)၊ နာစရာကော (မဖြစ်ပါ ဘုရား)၊ သေစရာကော (မဖြစ်ပါ ဘုရား)။

ဪ ဒါဖြင့် ခင်ဗျားတို့သည်ကားလို့ ဆိုလို့၊ ရှိရင်ဖြင့် ယုန်ရှာရှာနေတဲ့ အဓိပ္ပာယ်မျိုးတော့ မကောင်း ပါဘူး (မှန်ပါ့)၊ တောထဲက ယုန်ကလေးသည်ကားလို့ ဆိုရင်ဖြင့် နေ့လယ်ကျလို့ရှိရင် ချုံထဲမှာသာ အောင်းနေ ရတယ်၊ သူက ဘယ်သတ္တဝါ လာလာ ကြောက်ရမည့် သတ္တဝါ ကလေး ဖြစ်နေတော့ ဦးခင်မောင်ရေ ဒီနေရာ ဒီ ချုံပုတ် ကလေးထဲမှာပဲ ကျင်ကြီး စွန့်ရတယ်နော် (မှန်ပါ့)၊ ဒီနေရာမှာပဲ ကျင်ငယ်စွန့်ရတယ်ဆိုတော့၊ ဪ ဒီမြေပေါ်မှာဖြင့် ကြောက်ရတာများလှချည်ရဲ့ ဆိုပြီး သကာလ ခုန်လိုက်ပါတယ်။

ခုန်ပေမယ့်လည်း ဒကာ,ဒကာမတို့၊ ယုန်ခုန်တာက တစ်တောင် နှစ်တောင် မြင့်တော့မပေါ့ ဦးခင်မောင်ရေ (မှန်ပါ့ ဘုရား)။ နောက် ဘယ်ပြန်ကျမယ်ထင်သလဲ (မြေ ကြီးပေါ်ပြန်ကျမှာပါ ဘုရား)၊ မြေကြီးပေါ် ပြန်ကျမယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ဒီဘုံမကောင်းလို့ ဟိုဘုံပြောင်း

ဒီမှာလည်း ခင်ဗျားတို့၊ ဒီဘုံမကောင်းလို့ ဟိုဘုံ ပြောင်းလို့ရှိရင်လည်း ဟိုသင်္ချိုင်းကျမှာပါပဲ (မှန်ပါ့ ဘုရား)၊ ဒီသင်္ချိုင်းမှာ မသေချင်ပါဘူးဆိုတာနဲ့ ဘာထူးသေးသတုံး (မထူးပါ ဘုရား)၊ ယုန်သည် မြေပေါ်မှာ မုန်း၍ မြေကို ခုန်ငြား သော်လည်း ခုန်ရာ ရောက်ပါရဲ့လား (မရောက်ပါ)၊ မြေပေါ် မှာပဲ ပြန်မကျဘူးလား (ကျပါတယ် ဘုရား)။

ဒီမှာလည်း ဒကာ, ဒကာမတို့၊ သစ္စာမသိဘဲနဲ့ သုံး ဆယ့်တစ်ဘုံထဲ အသေလွတ်ရာ ရှာနေကြမယ် ဆိုလို့ရှိရင် ဖြင့် အသေပဲပြန်တွေ့ကြမယ် (မှန်ပါ့)။

ကဲ ဘာပဲတွေ့ကြမလဲ (အသေပဲ တွေ့ကြ ပါမယ် ဘုရား)၊ ဪ အသေလွတ်ရာ ရှာကြငြား သော် လည်း ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ ဘာပဲတွေ့နေကြပါ လိမ့် (အသေပဲ တွေ့နေကြပါတယ် ဘုရား)။

ဆရာကောင်းနဲ့ကြုံတုန်း အသေလွတ်ရာရှာ

အသေပဲ တွေ့နေလို့ ရှိရင်ဖြင့် ဒကာ,ဒကာမတို့ ဘုရားပွင့်တုန်း, အခုလို ဆရာကောင်း၊ သမားကောင်းတွေနဲ့ ကြုံတုန်း ဆုံတုန်း အသေလွတ်ရာ ပြနေတဲ့အချိန်မှာဖြင့် အရေးတကြီး ငါတို့ သိမ်းပိုက်ပြီး အရယူမယ် ဆိုတဲ့စိတ် မွေး ဖြစ်အောင် မွေးကြပါဆိုတာ ပြောရတယ်နော် (မှန်လှပါ ဘုရား)။

ဒါမှ မမွေးလို့ရှိရင်လည်း ခင်ဗျားတို့ မဂ်ဉာဏ်ဖိုလ် ဉာဏ် မရနိုင်ဘူးဆိုတဲ့ဥစ္စာလည်း သိကြပြီ မဟုတ်လား (မှန်ပါ့ ဘုရား)၊ မဂ်ဉာဏ်ဖိုလ်ဉာဏ်မှ မရကြလို့ရှိရင်လည်း မသေရာ မြင်ကြပါ့မလား (မမြင်ပါ ဘုရား)၊ မမြင်လို့ရှိ ရင်လည်း သွားတတ်ပါမလား (မသွားတတ်ပါ ဘုရား)။

မသွားတတ်လို့ရှိရင်ဖြင့် သုံးဆယ့်တစ်ဘုံထဲ လိုက် ရှာတော့ သင်္ချိုင်းပဲ ပြန်ရောက်မှာပဲ (မှန်ပါ့ ဘုရား)၊ သုံး ဆယ့်တစ်ဘုံထဲသာ ရှာကြမယ်ဆိုရင် ဘာသာရကြမလဲ (သချိုင်းသာရပါမယ် ဘုရား)၊

ဒါဖြင့် ဒကာ,ဒကာမတို့၊ သင်္ချိုင်းရတဲ့အလုပ်ကိုရှောင်ပြီး သကာလ ဇာတိမရှိတဲ့အရပ်၊ ဇရာမရှိတဲ့အရပ်၊ ဗျာဓိမရှိတဲ့အရပ်၊ မရဏမရှိတဲ့အရပ်ကိုသာ ကျုပ်တို့မဂ္ဂင်လမ်းနဲ့၊ မဂ္ဂင်ရှစ်ပါး လမ်းမတော်ကြီးနဲ့ မဂ္ဂင်ငါးပါး လမ်းမြှောင်ကလေး မဂ္ဂင်ရှစ်ပါး လမ်းမတော် ကြီးကို ကျုပ်တို့ လိုက်ရလို့ရှိရင်ဖြင့်၊ မသေရာအမှန် ပြည် နိဗ္ဗာန်သို့ ဧကန်ရောက်ပါလိမ့်မယ်ဆိုတာ ဦးခင်မောင်တို့ သေသေချာချာ မှတ်ရလိမ့်မယ် (မှန်ပါ့ ဘုရား)။

မဂ္ဂင်ရှစ်ပါးလမ်းမတော်ကြီး

မဂ္ဂင်ရှစ်ပါးတည်းဟူသော လမ်းမတော်ကြီးက နိဗ္ဗာန် , အဖြောင့်သွားတယ်၊ မသေရာမှန် ပြည်နိဗ္ဗာန်သို့ ဧကန်သွား ပါတယ် (မှန်ပါ့ ဘုရား)၊ သို့သော် မဂ္ဂင်ငါးပါးဆိုတဲ့ လမ်းမြှောင်ကလေးမှ လမ်းမကြီးပေါ် ရောက်အောင် ဆွယ်ပြီး သကာလ မတက်လို့ရှိရင်လည်း လမ်းမတော်ပေါ် ရောက် နိုင်ပါ့မလား (မရောက်ပါ ဘုရား)။

လမ်းမတော်ပေါ်မှ မရောက်နိုင်လို့ ရှိရင်လည်း မသေရာမှန်မြတ်နိဗ္ဗာန် ဆိုတဲ့ နေရာဌာန ကြီးဟာလည်း လမ်းမတော် ပေါ် ရောက်မှသာလျှင် မြင်ရ၊ ကြုံရ၊ တွေ့ရ၊ ရောက်ရ ဆိုသလိုဖြစ်ပြီး သကာလ နေတော့ ဒကာ,ဒကာမတို့ လမ်းမြှောင်ကလေး လိုက်ပြီး လမ်းမတော်ပေါ် ရောက်အောင် လျှောက်ပါ (မှန်ပါ့)။

သူတော်ကောင်းဆည်းကပ်ပါ

လမ်းမတော်ပေါ် လျှောက်ပြီးမှ မြို့တော်အဆိုက် သွားကြပါဆိုတဲ့ ဥစ္စာကိုလည်း ဆရာသမား များက ပြနေ တယ်ဆိုတာကိုလည်း သဘောကျကြပါပြီ (မှန်ပါ့ ဘုရား)။

ဒါကြောင့် အဲဒီလမ်းကို ရောက်ချင်ကြတယ်၊ ရချင် ကြတယ်ဆိုလို့ရှိရင်လည်း ကိုယ့်မျက်လုံး ကတော့ဖြင့် မတတ် နိုင်ပါဘူး။ သူတော်ကောင်းဆည်းကပ်မှ ရတော့မှာပဲ (မှန်ပါ့ ဘုရား)၊ သူတော်ကောင်း မဆည်းကပ်ရင်ဖြင့် (မရပါ ဘုရား)။ သင်

သူတော်ကောင်း ဆည်းကပ်ပြီး သူတော်ကောင်း လုပ်နေငြားသော်လည်း သူတော်ကောင်း ပြောတဲ့တရား မနာပြန်လို့ရှိရင်လည်း ဒီ လမ်းမတော်ကြီး တက်နိုင်ကြ ပါ့မလား (မတက်နိုင်ပါ ဘုရား)။

လွန်စွာအားထုတ်ရမယ်

အဲဒါကြောင့် သူတော်ဆည်းကပ်၊ မြတ်တရားနာဆိုတာ မလိုလားဗျာ (လိုပါတယ် ဘုရား)၊ တရားနာရုံ ကလေးနဲ့ လည်း မပြီးသေးဘူးတဲ့ ဒကာ,ဒကာမတို့၊ ဓမ္မာနု ဓမ္မပဋိ ပတ္တိအလုပ်ကို မလုပ်ပြန်လို့ ရှိရင်လည်း၊ ခန္ဓာဉာဏ်မစိုက်လို့ ရှိရင်လည်း ခန္ဓာကိစ္စမသိသောကြောင့် ခန္ဓာ လွတ်ငြိမ်းတဲ့ နိဗ္ဗာန်ကို သွားချင်တဲ့စိတ်ပေါ်မှာမဟုတ်တဲ့အတွက် တဲ့။ ခန္ဓာကြည့်တဲ့ အလုပ်ကိုလည်း လွန်စွာ အားထုတ်တဲ့ (မှန်ပါ့)၊ အားထုတ်ရလိမ့်မယ်နော် (မှန်ပါ့ ဘုရား)။

ဒါကြောင့် သူတော်ဆည်းကပ်၊ မြတ်တရားနာ၊ လွန်စွာအားထုတ်၊ ဘယ်အပေါ် အားထုတ်ရမှာ တုံးလို့ မေးစရာရှိနေမှာ စိုးလို့ မာဂဏီပုဏ္ဏားကြီးအား ဘုရားရှင် ဟောလိုက်တယ်၊ နာမ်နဲ့ ရုပ်လို့ တဲ့။

ကိုယ့်ဉာဏ်ထဲမှာ ဖြစ်ချုပ်မြင်ရဦးမယ်

နာမ်နဲ့ရုပ်ကို ဘယ်လို ရှုရမှာတုံး ဆိုတော့ အို နာမ်ကို နာမ်လို့ သိနေရုံနဲ့ မပြီးသေးဘူး၊ ရုပ်ကို ရုပ်လို့ သိရုံနဲ့ မပြီးသေးဘူး၊ ဖြစ်ချုပ်ဉာဏ်မြင်၊ ကိုယ့်ဉာဏ်ထဲမှာ ဖြစ်ချုပ်ကိုလည်း မြင်ရဦးမယ် (မှန်ပါ့ ဘုရား)၊ သဘော ကျပလား (ကျပါပြီ ဘုရား)။

ဤငါးအင်မှန်ပင် မဂ်ရကြောင်းဆိုတဲ့ဥစ္စာ ဒကာ, ဒကာမတွေ ဒါကို မှတ်မိကြပြီနော် (မှန်ပါ့ ဘုရား)။

“သူတော်ဆည်းကပ်၊ မြတ်တရားနာ။

လွန်စွာ အား ထုတ်၊ နာမ်နဲ့ရုပ်ကို၊

ဖြစ်ချုပ်ဉာဏ်မြင်၊ ဤငါးအင်၊ မှန်ပင် မဂ်ရကြောင်း ”

သဘောကျပလား (ကျပါပြီ ဘုရား)၊ ကဲ သုံး ခေါက်လိုက်ပါဦး (သုံးခေါက်ချပေးသည်)၊

ကဲ-သုံးခေါက် လောက် ဆိုကြည့်ကြစမ်း အားလုံး (သုံးခေါက်ဆိုကြ သည်)။

အို ဒီလို သုံးလေးရက် ဒကာ,ဒကာမတွေ ကျေပွန် သွားလို့ရှိရင်ဖြင့် အလုပ်စဉ်ကြီး သိသွားတဲ့ အတွက် အင် မတန်မှ ဝမ်းမြောက်စရာ ကောင်းတယ်နော် (မှန်ပါ့ ဘုရား)။

ကိုယ့်ကိုယ်ကို သုံးသပ်စမ်းပါ

ဘုရားသခင်ကိုယ်တော်မြတ်ကြီးသည် ကုရုတိုင်းမှာ သမ္မသနသုတ် ဆိုပြီး ဟောပါတယ်။ ဒကာ,ဒကာမတို့၊ သမ္မ သနသုတ်ဆိုတာ သူများ မသုံးသပ်ပါနဲ့၊ ကိုယ့်ကိုယ်ကို သုံးသပ်စမ်းပါ ဆိုတာကို ကုရုတိုင်းမှာပဲ ဟောတော်မူတယ် နော် (မှန်ပါ့ ဘုရား)၊ ဘယ်မှာ သုံးသပ်ရမှာပါလိမ့် (ကိုယ့်ကိုယ်ကို သုံးသပ်ရမှာပါ ဘုရား)။

ကိုယ့်ကိုယ်ကို သုံးသပ်ကြည့်ပါတဲ့ ဒကာ, ဒကာမတို့ နော် (မှန်ပါ့)၊ ကိုယ့်ကိုယ်ကို သုံးသပ် ကြည့်တဲ့ အခါကျလို့ ရှိရင် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ရဟန်းတို့ မင်းတို့ ကိုယ့်ကိုယ်ကို သုံးသပ်ကြရဲ့လားလို့ ကုရုတိုင်းမှာ ရဟန်းတွေကို မေးလိုက်တဲ့အခါ ရဟန်းတစ်ပါးက တပည့်တော်တို့ (သုံးသပ်ပါတယ် ဘုရား)။

အသုဘကမ္မဋ္ဌာန်း

ဪ မင်းတို့သုံးသပ်တာ ပြောစမ်းပါဦးကွာ၊ တပည့်တော်ဟာ သုံးဆယ့်နှစ်ကောဋ္ဌာသ သုံးသပ် ပါတယ် ဘုရားဆိုတော့ ဘုရားအလိုမကျဘူး (မှန်ပါ့ ဘုရား)။

ဘာကြောင့် အလိုမကျသတုံးလို့ မေးတဲ့အခါကျ တော့ ဟိုက အသုဘကမ္မဋ္ဌာန်း ဖြစ်နေတယ် (မှန်ပါ့)၊ ဒီက သစ္စာကမ္မဋ္ဌာန်းကို ဘုရားက လိုချင်တယ် (မှန်လှပါ ဘုရား)။ သုံးဆယ့်နှစ်ကောဋ္ဌာသ ဘာကမ္မဋ္ဌာန်းတဲ့တုံး (အသုဘ ကမ္မဋ္ဌာန်းပါ)၊ ဘုရားက လိုချင်တာက (သစ္စာ ကမ္မဋ္ဌာန်း ပါ ဘုရား)။

သစ္စာကမ္မဋ္ဌာန်း

သစ္စာကမ္မဋ္ဌာန်းကို လိုချင်တဲ့အတွက် ဘုရားက အလိုမကျတော့ အရှင်အာနန္ဒာက အနားမှာ ရှိတယ်။ အရှင် ဘုရား အရှင်ဘုရား ဟောမှ ပြောမှ သိရမယ့် ပုဂ္ဂိုလ်၊ နာရမယ့် ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ် ဘုရား၊ အရှင်ဘုရားသာ ဟောတော်မူပါ။ အရှင်ဘုရားသာ ဆုံးမတော်မူပါ ဆိုတော့ အေး ကောင်းစွာနာကြ၊ ကောင်းစွာ နာကြကွ ဆိုပြီး ဘုရားသခင်ကိုယ်တော်မြတ်ကြီးက မင်းတို့ခန္ဓာထဲမှာ သုံး သပ်စမ်းပါကွ ဆိုပြီး ဘုရားသခင် ကိုယ်တော်မြတ်ကြီး က သုံးသပ်ခိုင်းတဲ့ ဥစွာ ဒကာ,ဒကာမတို့၊ အို, နာ,သေ (မှန်ပါ့)။

ခန္ဓာမှာ အိုတတ်တဲ့တရားရှိတယ်

ဒကာ, ဒကာမတို့၊ ခန္ဓာကိုယ်ထဲမှာ အိုတတ်တဲ့ တရားလည်းရှိတယ်၊ နာတတ်တဲ့တရား၊ သေတတ်တဲ့ တရားကော (ရှိပါတယ် ဘုရား)၊ ခန္ဓာငါးပါးသည် ဒကာ,ဒကာမ တို့၊ ဇရာပိဒုက္ခသစ္စံ ဆိုတာလည်း ခန္ဓာငါးပါး၊ ဗျာဓိပိဒုက္ခသစ္စံ ဆိုတာလည်း ခန္ဓာငါးပါး၊ မရဏမ္ပိဒုက္ခသစ္စံ ဆိုတာကော (ခန္ဓာငါးပါးပါ ဘုရား)၊ ခန္ဓာငါးပါးပဲဆိုတာ မှတ်ကြပါ ဒကာ ဒကာမတို့။

အဲဒီတော့ မင်းတို့ ခန္ဓာကိုယ်ကို မင်းတို့ ရှုလိုက် စမ်းပါကွာတဲ့၊ အို,နာ,သေဟာ ဘယ်က လာပါလိမ့်မလဲလို့ မင်းတို့သုံးသပ်လို့ရှိရင် အရင်းအမြစ် ပေါ်လာပြီး သကာလ အရင်းအမြစ် ဖြတ်တတ်တဲ့ ဉာဏ်လာပါလိမ့်မယ်ကွ၊ ဒါကြောင့် စပြီးသုံးသပ်စမ်းပါ ဆိုပြီး သကာလ အို,နာ,သေ ဘယ်ကလာပါလိမ့်မလဲလို့ ဆင်ခြင်ကြစမ်းပါ (မှန်ပါ့)။

အိုနာသေ ဘယ်ကလာပါလိမ့်

ဒကာ,ဒကာမတို့၊ အို,နာ,သေ ဘယ်က လာပါ လိမ့် (ခန္ဓာငါးပါးက လာပါတယ် ဘုရား)၊ အေး ခန္ဓာ ငါးပါးက လာတယ် ဒကာ,ဒကာမတို့ ရိပ်မိပြီ၊ အို,နာ,သေ ဆိုတာ ခန္ဓာငါးပါးက လာတယ် နော် (မှန်ပါ့)၊ အိုနာ, သေဘယ်ကလာပါလိမ့် ဒကာ,ဒကာမတို့ (ခန္ဓာငါးပါးက လာပါတယ် ဘုရား)၊ အေး ခန္ဓာငါးပါးက လာတယ်၊ ခန္ဓာ ငါးပါးက လာတယ်နော် (မှန်ပါ့)။

ဒါဖြင့် ဒကာ,ဒကာမတို့၊ ဘယ်ခန္ဓာရရင် အရ တော်လေစွလို့ ဆိုကြမလဲ (ဘယ်ခန္ဓာမှ အရမတော်ပါ ဘုရား)။ ဦးခင်မောင် ဆိုချင်သေးသလား (မဆိုချင်ပါ ဘုရား)၊ အားလုံး ဒကာ, ဒကာမတွေ ခန္ဓာကိုယ် ရတယ်လို့ ဆိုရင်ဖြင့် ဘာတွေ အညွန့်အညှောက် ပေါက်မယ် ဆိုတာလည်း သိပြီး သားဖြစ်နေကြတဲ့အတွက် အို,နာ,သေ ဘယ်ကလာပါလိမ့် မလဲ (ခန္ဓာငါးပါးက လာပါတယ် ဘုရား)။

ဪ ဒီလို သုံးသပ်စမ်းပါကွာ၊ ဒီလိုသုံးသပ် စမ်းပါကွာ၊ ဒီလိုဆိုရင်ဖြင့် အမြစ်အရင်းတွေ ပေါ်ပြီး မင်းတို့ ဖြစ်တတ်တဲ့ဉာဏ် ငါဟောလို့ လွတ်ပါလိမ့်မယ်ဆိုပြီး ဘုရား သခင် ကိုယ်တော် မြတ်ကြီးက ပဋိစ္စသမုပ္ပါဒ်ကြီးကို လေးမျိုး နဲ့ အပြတ်ထားပြီး သကာလ သစ္စာဆိုက်အောင် ဟောနေ တယ်လို့ မှတ်ထားလိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

အို,နာ,သေ ခန္ဓာကလာတယ်

ကိုင်း ဒကာ,ဒကာမတို့၊ ခင်ဗျားတို့ သိအောင် အို,နာ,သေ ဘယ်ကလာပါလိမ့် (ခန္ဓာငါးပါးက လာပါ တယ်)၊ အင်း စာကတော့ ဥပဓိ နိဒါနံ လို့ဆိုတယ်။ ခန္ဓုပဓိ က လာတယ်လို့ ဆိုတာပါပဲ၊ သို့သော် ဒကာ ဒကာမတွေ နားလည်မှု တန်ဆာဆင်လိုက်တဲ့ အခါကျတော့ ခန္ဓာ ငါးပါးကလာတဲ့ အိုနာသေဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ဒါဖြင့် ဒကာ,ဒကာမတို့၊ ဘယ်ခန္ဓာ ရလို့ရှိရင် အို, နာ,သေ လွတ်ပါ့မလဲ (ဘယ်ခန္ဓာမှ မလွတ်ပါ ဘုရား)၊ ဒါဖြင့် ဘယ်ခန္ဓာ ဆုတောင်းသင့်သလဲလို့ မေးလို့ရှိရင် ဘယ့်နှယ်ပြောကြမလဲ (ဘယ်ခန္ဓာမှ ဆုမတောင်းသင့်ပါ ဘုရား)။ ဘယ်ခန္ဓာမှ ဆုမတောင်းကြပါနဲ့၊ သူက ထွက်လာတဲ့ အညွန့် အညှောက်တွေဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ခန္ဓာကအကြောင်း သမုဒယ

ခန္ဓာက ထွက်လာတာ အိုညွန့်၊ နာညွန့်၊ သေညွန့် မှတစ်ပါး ဘာများ ထွက်သေးသတုံး (ဘာမှ မထွက်ပါ ဘုရား)။ ဒါကြောင့် အို,နာ,သေ ဘယ်ကလာပါလိမ့် (ခန္ဓာကလာပါတယ် ဘုရား)။ ဪ ဒကာ, ဒကာမတွေ သိသွားတော့ ဒကာ,ဒကာမတို့ ခန္ဓာကအကြောင်း၊ အို,နာ,သေက (အကျိုးပါ ဘုရား)။

အိုနာသေက အကျိုးဒုက္ခ

ဤအကြောင်း အကျိုးဆုံးအောင် ကျင့်နိုင်တဲ့ အကျင့်သည်ကား ခန္ဓာအကြောင်း သမုဒယ၊ အို၊ နာ၊ သေက အကျိုးဒုက္ခ (မှန်ပါ့)၊ ရှင်းပလား(ရှင်းပါပြီ)၊ ခန္ဓာ က (အကြောင်းသမုဒယပါ)၊ အို, နာ,သေက (အကျိုးဒုက္ခ ပါ ဘုရား)၊ ရှင်းပြီနော်၊ သမုဒယသစွာနဲ့ ဒုက္ခသစ္စာ သိသွား ပြီနော် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒကာ,ဒကာမတို့သည် အိုနာသေကို လွတ် အောင်ကျင့်နိုင်တဲ့ အကျင့်ကိုတော့ ဘာဆိုကြမလဲ (မဂ္ဂသစ္စာပါ ဘုရား)၊ ကျင့်လိုက်တဲ့အခါကျတော့ ဒီခန္ဓာရော အို,နာ,သေရော လွတ်သွားမယ် ဆိုရင် ဘာသစ္စာတုံး (နိရောဓသစ္စာပါ ဘုရား)။

ကိုယ့်ခန္ဓာကိုယ် သုံးသပ်ကြစမ်းပါ

အေး ဒီလိုသစ္စာလေးပါးသိတဲ့ ဉာဏ်ကို ဘုရားက ဟောချင်လို့ ကိုယ့်ခန္ဓာကိုယ် သုံးသပ် ကြစမ်းပါကွလို့ သေသေချာချာ ဟောတော်မူပါတယ် (မှန်ပါ့)၊ သဘောပါ ကြပလား (ပါပါတယ် ဘုရား)။

တစ်ခါတွေးကြဦးစို့ ဒကာ,ဒကာမတို့၊ သော် တပည့်တော်တို့ဖြင့် ယနေ့ထူးထူးခြားခြားပဲ သိပါပြီဘုရား၊ ခန္ဓာရှိရင် အို, နာ,သေ တည်းဟူသော အညွန့်အညှောက် တွေ ပေါက်ရတော့မယ်၊ မပေါက်ပါနဲ့ဆိုလို့ (မရပါ ဘုရား)။ ကျွေးရင်း မွေးရင်းနဲ့လည်း (ပေါက်ပါတယ် ဘုရား)။

အိုညွန့်၊ နာညွန့်၊ သေညွန့်တွေ ဘယ့်နှယ်တုံး (ပေါက်ပါတယ် ဘုရား)၊ ဆင်ရင်း ပြင်ရင်းနဲ့ကော (ပေါက် ပါတယ် ဘုရား)၊ အိုညွန့်၊ နာညွန့်၊ သေညွန့်တွေက ပေါက် လာတာပဲ ဒကာ,ဒကာမတို့၊ သဘောကျပလား (ကျပါ ပြီ)၊ ဆေးတွေဝါးတွေကုရင်း မတ္တနဲ့ကော (ပေါက်ပါတယ် ဘုရား)၊ အို,နာ,သေပဲ ပြန်ပေါက်ပွားလာတယ် ဆိုတာ ရှင်းကြပလား (ရှင်းပါပြီ)။

ဒီခန္ဓာက သမုဒယသစ္စာ

ဒါ ဒကာ,ဒကာမတို့၊ ဒီခန္ဓာကြီးသည်ကားလို့ဆိုလို့ ရှိရင်ဖြင့် ဘယ်လိုတားလို့မှမရတဲ့ ခန္ဓာကြီး ဆိုတာ သေချာကြပလား (သေချာပါပြီ)။

အို,နာ,သေက ဒုက္ခသစ္စာ

ဒါကြောင့် ဒီခန္ဓာ ဘာသစ္စာ (သမုဒယသစ္စာပါ ဘုရား)၊ အို နာ,သေက ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)၊ ဒုက္ခသစ္စာ၊ ဒီခန္ဓာကြီးက သမုဒယသစ္စာ၊ အို,နာ,သေက (ဒုက္ခသစ္စာပါ ဘုရား)။

လွတ်ကျွတ်အောင် အကျင့်က မဂ္ဂသစ္စာ

သူတို့ကို လွတ်အောင် ကျွတ်အောင်ကျင့်နိုင်တဲ့ အကျင့်က (မဂ္ဂသစ္စာပါ ဘုရား)၊ ကျင့်လိုက်လို့ လွတ်သွား လို့ရှိရင် (နိရောဓသစ္စာပါ ဘုရား)။

အိုနာသေချုပ်တာက နိရောဓသစ္စာ

အဲ ဒီနှစ်ခု လွတ်သွားရင် နိရောဓသစ္စာဆိုတာ ဒကာ, ဒကာမတို့ ခန္ဓာနဲ့တကွ အို,နာ,သေ ချုပ်တာကို ဆိုပါတယ် (မှန်ပါ့ ဘုရား)။ ခန္ဓာနဲ့တကွ- အို,နာ,သေ ချုပ်တာကို ဘာဆိုကြမလဲ (နိရောဓ သစ္စာပါ ဘုရား)၊ နိရောဓသစ္စာ၊ ဒါအားထုတ်တဲ့ ပုဂ္ဂိုလ်တွေတော့ ရကြမှာ ပေါ့ဗျာ (မှန်ပါ့ ဘုရား)။

ကိုင်း-ဒါဖြင့် ဒကာ,ဒကာမတို့ တွေးသာအောင် ဆက်ပြီး သကာလ ဘုရားက သမ္မသနသုတ် ဆိုတာ တွေး ကြား တဲ့။ ဒီခန္ဓာကြီးကလည်း ဘယ်ကများ လာပါလိမ့် မလဲဆိုတဲ့ အမေးကို ပြန်မေးပါ (မှန်ပါ့)၊ ဘယ်ကလာပါလိမ့် (တဏှာက လာပါတယ် ဘုရား)။

ခန္ဓာငါးပါးသည် တဏှာကလာတယ်

ဟုတ်ပြီ၊ ဒကာ,ဒကာမတို့၊ သုံးရက်တောင် ရှိသွား တော့ ဒကာ,ဒကာမတွေ နားပါးလာပြီ၊ ခန္ဓာငါးပါး ရုပ်နာမ် တရားသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဘယ်ကများလာပါ လိမ့် (တဏှာကလာပါတယ် ဘုရား)။

ဪ ဒါဖြင့် တဏှာက ဘာသစ္စာ (သမုဒယ သစ္စာပါ ဘုရား)၊ ခန္ဓာက (ဒုက္ခသစ္စာပါ ဘုရား)၊ သူတို့ နှစ်ခုချုပ်အောင် ကျင့်တဲ့အကျင့်က (မဂ္ဂသစ္စပါ ဘုရား)၊ နှစ်ခုစလုံးချုပ်သွားရင် (နိရောဓသစ္စာပါ ဘုရား)။

ဒါကြောင့် တဏှာ နိရောဓော နိဗ္ဗာနံ၊ ခန္ဓနိရောဓော နိဗ္ဗာနံလို့ ဘုရားကဟောလိုက်ပြန်တယ် (မှန်ပါ့ ဘုရား)၊ ဒီသစ္စာကို အများကြီးသိချင်လို့ ဦးဇံရင်တို့၊ ဦးမြရွှေတို့နော် (မှန်ပါ့)၊ သုံးဆယ့်နှစ် ကောဋ္ဌာသကို သူအလိုမရှိ ဘူး၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးကို ရဟန်းတစ်ပါးက ထ,ဖြေတော့ ကျေနပ်ကဲ့လား ဘုရားက (မကျေနပ်ပါ ဘုရား)။

မကျေနပ်ဘူးတဲ့၊ သစ္စာမဆိုက်သေးတဲ့အတွက် မကျေနပ်ဘဲဖြစ်ပြီး သကာလ နေတော့ ဘုရားရှင်က သစ္စာ ဟောချင်တာ၊ ဟိုဟာလည်း ဟောတာပါပဲ၊ သို့သော် ဒီ အကွက်မှာ သစ္စာကို မြင်မြင်ထင်ထင်ကြီး ပြချင်တာနဲ့ ဒကာ,ဒကာမတို့၊ ဟိုရဟန်းကျင့်စဉ်က ဘုရားသခင် ကိုယ်တော် မြတ်ကြီးက မကျေနပ်ဘဲ ဖြစ်နေတယ်ဆိုတာ သဘော ကျပလား (ကျပါပြီ)။

တဏှာက တည်ထောင်တာ

ဪ ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ အခု တရားနာကြတာ ခန္ဓာဘယ်နှစ်ပါးနဲ့ပါလိမ့် (ငါးပါးနဲ့ပါ ဘုရား)။ အင်း ဟင်း ဘယ်သူကများ တည်ထောင် လိုက်လို့ ဒီခန္ဓာငါးပါးကြီးနဲ့ အခု ဒီလိုကြုံဆုံပြီး နေကြရပါလိမ့်မလဲ (တဏှာက တည်ထောင်လိုက်လို့ပါ ဘုရား)။

ဪ တဏှာက စီမံလိုက်တဲ့အတွက် လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာပြည်ရ ရပါလို၏ဆိုတဲ့ တဏှာက စီမံ လိုက်တော့ ကံကနေပြီး အားထုတ်လိုက်တော့ ဒကာ, ဒကာမတို့၊ တဏှာက လက်သည်ပါ၊ ဥပါဒါန်က သူခိုင်းတာ လုပ်ရတာပါ၊ ကံကလည်း ဒကာ,ဒကာမတွေ သိတဲ့ အတိုင်း တဏှာ ခြယ်လှယ်ရာ လုပ်ရတဲ့အတွက် ခန္ဓာငါးပါး ပေါ်မလာဘူးလား (ပေါ်လာပါတယ် ဘုရား)။

ဒါကြောင့် တဏှာ ဥပါဒါန်၊ ကံသုံးပါးတွင် ဥပါဒါန် ကံတွေကို ဘုရားကဖြုတ်ထားပြီး ဒီနေရာမှာ တဏှာက လာတယ်ပြောလိုက်တာ (မှန်ပါ့ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ)၊ ဒီဥပါဒါန်ကံတွေလည်း မပါဘူးလား (ပါ ပါတယ် ဘုရား)၊ သို့သော် ပြဋ္ဌာန်းတဲ့အကြောင်းက တဏှာ (မှန်ပါ့ ဘုရား)။ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)၊ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ ခန္ဓာငါးပါး ဘယ်က လာပါလိမ့် (တဏှာက လာပါတယ် ဘုရား)။

တပ်နှစ်သက်တာ တဏှာ

ဪ ဒီခန္ဓာငါးပါးကြီးဟာ ဒကာ,ဒကာမတို့၊ တဏှာဆိုတာသည် အင်မတန် ဆိုးရွား ယုတ်မာတဲ့ တရား၊ တပ်နှစ်သက်တာ တဏှာခေါ်တယ်၊ ဖြစ်စေတတ်တာ သမုဒယလို့ခေါ်တယ်၊ အဲဒီ သမုဒယသစ္စာ တဏှာကြောင့် ဒကာ,ဒကာမတွေမှာ ယခု ဘာရ,ထားကြသတုံး (ခန္ဓာ ငါးပါး ရ,ထားကြပါတယ် ဘုရား)၊

ဪ ခန္ဓာငါးပါး ရ, ထားတော့ တပည့်တော်တို့ ဒီဘဝ မလိုချင်ပါဘူးဘုရား၊ မအိုချင်ပါဘူး ဘုရား၊ မနာချင်ပါဘူး ဘုရား၊ မသေချင်ပါဘူး ဘုရား ဆိုတော့ ခန္ဓာက ထွက်လာတဲ့အညွန့်ပဲ၊ တားလို့၊ ဆီးလို့၊ ပိတ်လို့၊ ပစ်လို့ရနိုင်ကြပါ့မလား (မရနိုင်ပါ ဘုရား)၊ မရနိုင်ဘူးဆိုတာ သေချာပါတယ် (သေချာပါတယ် ဘုရား)။

ဒါကြောင့် ဒကာ,ဒကာမတို့ သိတဲ့အတိုင်း တဏှာ တည်းဟူသော ရေသောက်မြစ်ကို မဖြတ်လို့ ရှိရင်ဖြင့် ဒကာ, ဒကာမတို့သည် ခန္ဓာကြီးရပြီး သကာလ မသာချည်း ချနေ ရမှာပဲ (မှန်လှပါ ဘုရား)၊ ခန္ဓာကြီးရပြီး (မသာချည်း ချ နေရမှာပါ ဘုရား)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။

အင်း ပုရွက်ဆိတ်ကလေးဖြစ်လည်း ပုရွတ်ဆိတ် မသာနဲ့ပေါ့ဗျာ (မှန်ပါ့)၊ ဆင်ဖြစ်ရင်တော့ (ဆင်မသာ နဲ့ပါ ဘုရား)။ ငါးဖြစ်ရင်တော့ (ငါးမသာနဲ့ပါ ဘုရား)၊ အဲ နတ်ဖြစ်ပြန်တော့ (နတ်မသာနဲ့ပါ)၊ ဗြဟ္မာဖြစ်ပြန်တော့ (ဗြဟ္မာမသာခဲ့ပါ ဘုရား)။

တဏှာသည် ဘာလုပ်တတ်ပါလိမ့်

ဪ ဒီမသာတွေ ဘယ်သူများ ဖန်ဆင်းပြီး ဘယ်သူတည်ထောင်ပါလိမ့် (တဏှာ တည်ထောင်ပါ တယ် ဘုရား)။ ဒါဖြင့် ဒီတဏှာသည် ဘာမှမလုပ်တတ်ဘူး၊ မသာပဲ လုပ်တတ်တယ် (မှန်ပါ့ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ။

တဏှာသည် ဘာလုပ်တတ်ပါလိမ့် (မသာလုပ် တတ်ပါတယ် ဘုရား)၊ မသာပဲ လုပ်တတ် တယ်၊ နောက်ဆုံး ပိတ်၊ နောက်ဆုံးပိတ်နော် (မှန်ပါ့ ဘုရား)၊ နောက်ဆုံး ပိတ်ကျတော့ သူမသာ ဖြစ်အောင်ပဲ လုပ်တတ်တယ် (မှန်လှပါ)၊ အခြား ဘာလုပ်တတ်သေးလဲ (မလုပ်တတ် ပါ ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒီတဏှာကြောင့် ခန္ဓာဖြစ်လာပါတယ် ဆိုကတည်း က ခန္ဓာက ဒီ-ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏ၊ အိုမှု၊ နာမှု၊ သေမှုတည်းဟူသော အညွန့်အညှောက်တွေမှာ လမ်းမဆုံး ရဘူးလားဗျ (ဆုံးရပါတယ် ဘုရား)၊ သဘောပါကြပလား (ပါ,ပါတယ် ဘုရား)။

တဏှာသည် ခန္ဓာလုပ်တတ်တယ်

ဒါဖြင့်တဏှာသည် ဘာကိုလုပ်တတ်ပါလိမ့်မလဲ (ခန္ဓာကို လုပ်တတ်ပါတယ် ဘုရား)၊ ခန္ဓာသည် ဘယ်မှာ လမ်းဆုံးပါလိမ့်၊ မသာမှာ လမ်းဆုံးပါတယ် (မှန်ပါ့ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ)၊ ခန္ဓာသည် ဘယ်မှာ လမ်းဆုံး သလဲ (မသာမှာ လမ်းဆုံးပါတယ် ဘုရား)။

မသာမှာလမ်းဆုံးတယ် ပြောလိုက်ပါတော့ တိုတိုပါပဲ (မှန်ပါ့)၊ ဒကာ,ဒကာမတွေ လွမ်းမနေ ပါနဲ့တော့ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ တဏှာကြောင့် ဘာဖြစ် သလဲ (ခန္ဓာဖြစ်ပါတယ်)၊ ခန္ဓာဘယ်မှာ စခန်းသတ်ပါ လိမ့် (မသာမှာပါ ဘုရား)။

ခန္ဓာရရင် မသာရပ်

မသာမှာ စခန်းသတ်ရတယ်ဆိုတာ ခန္ဓာရတဲ့ ပုဂ္ဂိုလ်ဟာ ဒီမှာချည်း စခန်းသတ်တာပဲဆိုတော့ အားလုံး တရားနာတဲ့ ဦးခင်မောင်တို့ လူစု ခန္ဓာရရင် မသာရတာပဲ (မှန်ပါ့ ဘုရား)။ ခန္ဓာရရင် (မသာရတာပါပဲ ဘုရား)။

ဒါဖြင့် ဘယ်ခန္ဓာ ရရပါလို၏၊ ဘယ်မသာ ချရပါ , လို၏။ ဒီအဓိပ္ပာယ်ပဲရတယ် (မှန်ပါ့ ဘုရား)၊ ဒိပြင် ဘာရသေးသတုံး (မရပါ ဘုရား)၊ အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ ဘယ်ခန္ဓာမှ မရချင်ပါနဲ့ (မှန်ပါ့ ဘုရား)၊ ခန္ဓာရရင် ဘာရမယ် (မသာရပါမယ်)။

ဒါဖြင့် ဒကာ, ဒကာမတို့၊ ဪ နိဗ္ဗာန် မရသေး မီ စပ်ကြားမှာဖြင့် နတ်ခန္ဓာ ရရပါလို၏ ဆိုတော့ နတ်မသာ ချရပါလို၏။ ဒါပဲ ရတယ် (မှန်ပါ့ ဘုရား)၊ ဗြဟ္မာခန္ဓာ ရ,ရပါလို၏ ဆိုပြန်တော့ (ဗြဟ္မာမသာ ချရပါလို၏၊ ဗြဟ္မာ မသာ ကိုယ်တိုင်ဖြစ်ရပါလို၏ (မှန်ပါ့)၊ ဘာပါလိမ့် (ဗြဟ္မာမသာ ကိုယ်တိုင်ဖြစ်ရပါလို၏)။

သုံးဆယ့်တစ်ဘုံ မသာစုံဖြစ်ရတယ်

ဗြဟ္မာမသာ ကိုယ်တိုင်ဖြစ်ရပါလို၏ဆိုတော့ ဒကာ, ဒကာမတို့၊ သုံးဆယ့်တစ်ဘုံ မသာစုံ ဖြစ်ရပါလို၏ ဆိုတာ တဏှာလုပ်တာ (မှန်ပါ့ ဘုရား)၊ သုံးဆယ့်တစ်ဘုံမသာစုံ ဖြစ်အောင် (တဏှာက လုပ်ပါတယ် ဘုရား)၊ တဏှာက လုပ်တယ်ဆိုတာ သေချာကြပလား (သေချာပါပြီ)။

ဒါဖြင့် ဒီတဏှာ မသေသရွေ့ မသာမျိုးတော့ဖြင့် ပြတ်မယ်မဟုတ်ပါဘူး (မှန်ပါ့)၊ ပြတ်ပါ့မလား (မပြတ် ပါ)။ ဒါ ကြမ်းကြမ်း ဟောတာလား၊ အမှန်ပေးနေတာလား၊ အကဲခတ်ပါ (အမှန်ပေးနေတာပါ ဘုရား)။

အမှန်ပေးနေတယ်တဲ့၊ နားထဲမှာကြားရတဲ့ ပုဂ္ဂိုလ် ကတော့ ဪ ဘုန်းကြီးနှယ် ကြမ်းလိုက်တာ ဆိုတာ ခင်ဗျားတို့က ကြမ်းတယ် ထင်တယ်၊ ခန္ဓာက ဒါပဲ (မှန်ပါ့ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ခင်ဗျားတို့က ကြမ်းတယ်ထင်ပေမယ့် ခန္ဓာက ဒါ့ပြင် ပြီးထွက်လာသေးသလား (မထွက်ပါ)၊ ခန္ဓာရတဲ့ပုဂ္ဂိုလ် ဘယ်လမ်းဆုံးရမယ် (မသာလမ်းဆုံးရပါမယ် ဘုရား)၊ ဒီ မသာ ဘယ်သူ တည်ထောင် ပါလိမ့် (တဏှာ တည်ထောင် ပါတယ် ဘုရား)။

မသာဖြစ်မယ့် အထည်ကြီး

အံမာလေး ဒါဖြင့် ဒကာ,ဒကာမတို့ ဒီတဏှာ ဟာ ပေါင်းသင်းထိုက်၊ မပေါင်းသင်းထိုက် (မပေါင်းသင်း ထိုက်ပါ ဘုရား)၊ ဦးဝကြီး ပေါင်းသင်းချင်သေးသလား (မပေါင်းသင်းချင်ပါ ဘုရား)၊ ဒီတဏှာ ပေါင်းမိလို့ ကျုပ်တို့ မှာ အခုမသာဖြစ်မယ့် အထည်ကြီးနဲ့ သွားလာနေရတာ (မှန်ပါ့)။

ဒကာ,ဒကာမတို့၊ ဘယ်သူနဲ့ သွားလာနေရတာ တုံး (မသာဖြစ်မယ့် အထည်ကြီးနဲ့ပါ ဘုရား)၊ မသာဖြစ် မယ့်အထည်ကြီးနဲ့ သွားလာနေရတော့ ကောင်းသေးရဲ့လား (မကောင်းပါ ဘုရား)။

ရှင်မသာ

အထဲကနေပြီး သူက ရှင်မသာတွေ၊ သေမသာတွေ များ နှစ်မျိုးပြလိုက်သေးတယ် (မှန်ပါ့)၊ သွားတဲ့အခါ နှပ် တွေညှစ်လိုက်၊ ကျင်ကြီးတွေစွန့်လိုက်ဆိုတော့ အသုဘ တွေ မပြဘူးလား (ပြပါတယ်)၊ ဒါ-ရှင်မသာကိုးဗျ (မှန်ပါ့)။

သေမသာ

နောက်ဆုံးပိတ်ကျတော့ ခေါင်းထဲ ဝင်တဲ့မသာ (မှန်ပါ့)၊ သူက မသာ ဘယ်နှစ်မျိုးပြသလဲ (နှစ်မျိုးပါ ဘုရား)၊ ရှင်မသာ တစ်မျိုး၊ သေမသာ (တစ်မျိုးပါ ဘုရား)။

ဘယ်မသာ ကြိုက်ကြသလဲ (ဘယ်မသာမှ မကြိုက်ပါ)၊ တော်ပြီ တော်ပြီ၊ ဒါလောက်ဆိုရင် ခင်ဗျား တို့ အတော်ပါးလာပြီ၊ အတော်ပါးလာပြီ၊ ဒီပါးလာတာကို ဘုန်းကြီးက သိပ်ဝမ်းသာပါတယ်၊ ဪ ရှင်မသာ မကြိုက်တော့ဘူးဆိုတော့ လူ့ဘဝ သူမကြိုက်တော့ဘူး (မှန်ပါ့)၊ နတ်ဘဝကော (မကြိုက်ပါ ဘုရား)။

သေမသာတော့ လူတိုင်း မကြိုက်တာ ဟုတ်ပါတယ်၊ အခု ရှင်မသာကိုမကြိုက်ဘူးဆိုတဲ့ စကား တစ်လုံးကို ဘုန်းကြီးတို့ တရားတစ်ပွဲလုံး သုံးလိုက်တဲ့ အတွက် အလွန် ဝမ်းသာပါတယ် (မှန်ပါ့ ဘုရား)။

ခန္ဓာထဲမှာ ထွက်လာသရွေ့ ဒကာ,ဒကာမတို့၊ ခန္ဓာမှာ ထွက်လာတာ၊ နှာခေါင်းက ထွက်လာ တာလဲ အသုဘပဲ ထွက်တယ် (မှန်ပါ့)၊ ပါးစပ်က ထွက်လာတာလဲ (အသုဘပါပဲ)၊ နားက နားဖာချေး တွေ ထွက်လာတာကော (အသုဘပါပဲ)၊ ကိုယ်က ချွေးတွေထွက်လာတာကော (အသုဘပါပဲ)၊ အောက်ဒွါရက ကျင်ကြီးတွေ ထွက်လာ တာကော (အသုဘပါပဲ)၊ ကျင်ငယ်ပေါက်က ကျင်ငယ်တွေ ထွက်လာတာကော (အသုဘပါပဲ ဘုရား)။

ဪ နဂိုရှိလို့ နဂိုင်းထွက်လာတယ် (မှန်ပါ့)၊ ဘယ်လိုဆိုကြပါ့မယ် (နဂိုရှိလို့ နဂိုင်းထွက် လာတာပါ ဘုရား)၊ နဂိုရှိလို့ နဂိုင်းထွက်လာတယ်ဆိုတာ အဲဒါက ဒကာ, ဒကာမတို့၊ သွားရင်း လာရင်း ဖြစ်ရတဲ့ ရှင်မသာ (မှန်ပါ့)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ)၊ အသုဘပေါ့ဗျာ (မှန်ပါ့)။

သေမသာကို ရှင်မသာကပို့တယ်

ခင်ဗျားတို့က ကျုပ်,ဒီနေ့ ဘယ်ကစာကလေး ရောက် နေတယ်၊ အသုဘဖိတ်တာနဲ့၊ အဲဒါက သေမသာ သွား ကြတာ (မှန်ပါ့)၊ သေမသာ ဘယ်သူသွားပါလိမ့်ဆိုတော့ ရှင်မသာကပို့တယ် (မှန်ပါ့)၊ ရှင်မသာက ပို့တယ်။ သေမသာကို (ရှင်မသာကပို့ပါတယ် ဘုရား)။

ခင်ဗျားတို့က လမ်းမှာပြောသွားတာပဲ၊ သူနဲ့ ကျုပ် တို့နဲ့ဟာ ရှေ့သွားနောက်လိုက်ပါပဲ၊ မပြောကြဘူးလား (ပြောပါတယ် ဘုရား)၊ သူနဲ့ကျုပ်တို့ဟာ ဘာတဲ့ (ရှေ့သွား နောက်လိုက်ပါပဲ ဘုရား)။

ဘာဖြစ်လို့ သူ ဒီအသံ သုံးလာသတုံးဆိုတာကြည့်၊ ရှင်မသာကို သဘောမကျတော့ဘူး၊ ဟိုသေမသာကိုသာ လှမ်းပြောနေတာ (မှန်ပါ့)။

အခုတော့ဖြင့် ဘုန်းကြီးကပဲ ထိုးထိုးထွင်းထွင်း ပြောလိုက်တဲ့အတွက် ဒကာ,ဒကာမတို့၊ ရှင်တဲ့အခါလည်း ခန္ဓာကိုယ်ထဲက ဘာတွေများ ထွက်လာသတုံး၊ သုဘ ထွက် လာသလား၊ အသုဘ ထွက်သလား (အသုဘ ထွက်ပါ တယ် ဘုရား)။

ကိုယ့်အလောင်းကိုယ်ထမ်းနိုင်သေးတယ်

ကဲ အဲဒါ ဘာမသာ ခေါ်ကြမလဲ (ရှင်မသာ ခေါ်ပါတယ် ဘုရား)၊ ရှင်မသာတဲ့နော် (မှန်ပါ့)၊ ရှင်မသာ ဆိုတော့ ကိုယ့်အလောင်းကိုယ် ထမ်းသွားနိုင်သေးတာပေါ့ဗျာ (မှန်ပါ့)၊ သေမသာကတော့ ကိုယ့်အလောင်းကို မထမ်းနိုင်ဘူး (မှန်ပါ့)၊ ဒါ-ထူးခြားတယ် (မှန်ပါ့)။

ရှင်မသာကတော့ (ကိုယ့်အလောင်းကိုယ် ထမ်းနိုင်ပါတယ်)၊ သေမသာကတော့ (ကိုယ့်အလောင်း ကိုယ် မထမ်းနိုင်ပါ)၊ သူများထမ်းပိုး ထွက်တယ် (မှန်ပါ့)၊ အဲဒါ ကလေးပဲ ထွက်တယ်၊ ဒိပြင် ဘာထူးကြသေးသလဲ (ဘာမှမထူးပါ)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် သေမသာကလည်း ဘာသစ္စာ (ဒုက္ခသစ္စာ ပါ)၊ ရှင်မသာကလည်း (ဒုက္ခသစ္စာပါ)၊ ဒါကြောင့် တစ် တန်းတည်းဟောနေတာ (မှန်ပါ့)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)၊ ဒါဖြင့် ဒကာ,ဒကာမတို့၊ ဘယ်မသာဖြစ် ရလို့ရှိရင် ကောင်းပါ့မလဲ (ဘယ်မသာမှ မကောင်းပါ ဘုရား)၊ ဟုတ်ကဲ့လား ခင်ဗျားတို့၊ ခင်ဗျားတို့က ရှင်မသာ ကြိုက်တွေ ထင်သနော်။

ဘယ်မသာမှမကြိုက်ဘူး

သေသေချာချာ စဉ်းစားရင် ဦးခင်မောင် ဘယ် မသာကြိုက် ဖြစ်နေသတုံး (ဘယ်မသာမှ မကြိုက်ပါ ဘုရား)၊ ဘယ်မသာမှမကြိုက်ဘူး၊ ဒီပွဲထဲမှာတော့ ခင်ဗျား တို့က တော်တော်ကလေးကို ရင့်နေပြီ၊ အပြင်ဘက်ကျမှ ဖောက်ပြန်တာ သူ့ဟာက (မှန်ပါ့ ဘုရား)။

ကိုင်း ဒကာ,ဒကာမတို့၊ ကိုယ့်ခန္ဓာကြီးကဖြင့် ဘယ်အချိန်မှာတွေးတွေး အသုဘမပြတဲ့ အချိန်ရယ်လို့ ရှိရဲ့လား (မရှိပါ ဘုရား)၊ ရှုရင်းမတ္တနဲ့ ပြနေတာလည်း သုဘပြသလား၊ အသုဘ ပြသလား (အသုဘပြပါတယ် ဘုရား)။

မျက်စိက ထွက်ပြလိုက်လည်း အသုဘ၊ နားကထွက် ပြလိုက်လည်း အသုဘ၊ နှာခေါင်းက ထွက်ပြလိုက်လည်း အသုဘ၊ လျှာကထွက်ပြတာကော (အသုဘပါပဲ)၊ ကိုယ် က ထွက်ပြတာကကော (အသုဘပါပဲ)၊ ခြောက်ဒွါရက ထွက်ပြတာကော (အသုဘပါပဲ ဘုရား)၊ တစ်ကိုယ်လုံးက ထွက်ပြတာ (အသုဘပါ ဘုရား)။

ဒါကြောင့် ဒကာ,ဒကာမတို့၊ ချေးဘယ်ဈေးနဲ့ ရောင်း ကြမတုံးလို့ ဘယ်သူကများ ဆစ်သတုံးဗျ၊ ဆစ်သေးရဲ့လား (မဆစ်ပါ)၊ ချေးဘယ်ဈေးနဲ့ရောင်းကြမတုံးဆိုတာ ဘယ် သူကများ ဆစ်သေးသတုံး (မဆစ်ပါ ဘုရား)။

ကျုပ်ကိုဘာမှတ်လို့တုံး

အသုဘမို့ မဆစ်တာ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ၊ ဘာ့ကြောင့်မဆစ်ပါလိမ့် (အသုဘမို့ပါ ဘုရား)၊ ဒါဖြင့် လူရှင် အဖိုးတန်တယ် ခင်ဗျားတို့က (မတန်ပါ ဘုရား)၊ ကျုပ်ဘာမှတ်လို့တုံး၊ လူကုံထံထဲက၊ အံမာ တော်တော် ဈေးမြှင့်ထားတာနော်၊ မမြှင့်ဘူးလား ခင်ဗျားတို့ (မြှင့်ပါတယ် ဘုရား)။

မြှင့်သာမြှင့်တယ်တဲ့၊ ဘယ်သူက ဈေးပေးဝယ် သတုံးမေးရင် (ဘယ်သူကမှ မဝယ်ပါ)၊ ဘယ်သူမှ မဝယ် ဘူး၊ ဒါဖြင့် ခင်ဗျားတို့ဟာ ခင်ဗျားတို့ အရူးမြှင့်မြှင့်နေတာပေါ့ (မှန်ပါ့ ဘုရား)၊ ဒီအဓိပ္ပာယ်ကော မကျဘူးလား (ကျပါတယ်)၊ သဘောပါကြရဲ့လား (ပါ,ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ,ဒကာမတို့၊ ဒီခန္ဓာ ဘယ်ကလာပါ လိမ့် (တဏှာက လာပါတယ်)၊ ဪ တဏှာက လုပ်တာသည် အသုဘ ဒုက္ခသစ္စာပဲ လုပ်ပါတယ် (မှန်ပါ့ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ)၊ တဏှာက လုပ်လိုက် တာဟူသရွေ့ (အသုဘဒုက္ခသစ္စာပဲ လုပ်ပါတယ် ဘုရား)။

အသုဘ ဒုက္ခသစ္စာမို့ ဒကာ,ဒကာမတို့ သူကနေပြီး ဒီဘက်မှာ ဇရာ၊ ဗျာဓိ၊ မရဏတွေနဲ့ပဲ လမ်းမဆုံးရဘူးလား (ဆုံးရပါတယ် ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ၊) ဒါဖြင့် ဒကာ ဒကာမတို့ ဒီတဏှာကို သတ်ရမယ် (မှန်ပါ့)၊ ဒီတဏှာရှိနေရင် ကျုပ်တို့ကို ရှင်မသာလုပ်မယ် (မှန်ပါ့ ဘုရား)။

တဏှာရှိရင် ဘာလုပ်မယ်ထင်သတုံး

ဒီတဏှာရှိနေသရွေ့ ကာလပတ်လုံး (ရှင်မသာ၊ သေမသာလုပ်ပါမယ် ဘုရား)၊ ဦးစံရင် တဏှာ ရှိနေရင် ဘာ လုပ်မယ်ထင်ကြသတုံး (ရှင်မသာ၊ သေမသာလုပ်ပါ မယ် ဘုရား)၊ ကျုပ်တို့ကို ကျက်သရေ မင်္ဂလာထဲ သွင်းပေး သလား၊ ကျက်သရေ မင်္ဂလာမရှိတဲ့ဘက် ပို့နေသလား (ကျက်သရေ မင်္ဂလာမရှိတဲ့ဘက် ပို့နေပါတယ် ဘုရား)။

ဒါဖြင့် တဏှာ ကျေးဇူးတင်စရာလား၊ ဒကာ,ဒကာမ တို့၊ ခြေကန်ထုတ်စရာလား (ခြေကန် ထုတ်စရာပါ ဘုရား)၊ ဒါကြောင့် တဏှာကို ပဟာတဗ္ဗကိစ္စနဲ့ ပယ်ရမယ်၊ ပဟာ တဗ္ဗကိစ္စနဲ့ ပယ်ရမယ်လို့ ဟောတာ ဒကာ,ဒကာမတွေရဲ့၊ မပယ်လို့ရှိရင် ရှင်မသာ သေမသာ လုပ်မှာစိုးလို့ ဘုရား ဒါလောက် ဟောတာ (မှန်ပါ့ ဘုရား)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ။)

တဏှာမပယ်နိုင်တဲ့ပုဂ္ဂိုလ်သည် ဘာနဲ့နေရမယ် ထင်သတုံး (ရှင်မသာ၊ သေမသာနဲ့နေရပါမယ် ဘုရား)၊ ရှင်မသာနဲ့ သေမသာလည်း အားလုံး ဒကာ,ဒကာမတွေ ကွဲကြပလား (ကွဲကြပါပြီ ဘုရား)။

ကိုယ့်အလောင်းကိုယ်ထမ်းနိုင်တာသည် ရှင်မသာ

ကိုယ့်အလောင်းကိုယ် ထမ်းနိုင်တာသည် (ရှင် မသာပါ ဘုရား)၊ သူများထမ်းပို့တာသည် (သေမသာပါ ဘုရား)၊ ဘယ်မသာကြိုက်သတုံး (ဘယ်မသာမှ မကြိုက် ပါ ဘုရား)။

တော်လာပြီ တော်လာပြီ ခင်ဗျားတို့၊ ဒီတရားပွဲ အတော်ကို တော်လာပြီ၊ နဂိုက ရှင်မသာ သိမှမသိဘဲကိုး (မှန်ပါ့)၊ အခုတော့ဖြင့် ရှင်မသာ သိသာအောင်လို့ ဘုန်းကြီးက ဒွါရကိုးပေါက်က ထွက်တာတွေ ပြောလိုက်တော့ သုဘတွေထွက်သလား အသုဘတွေထွက်သလား (အသုဘတွေ ထွက်ပါတယ် ဘုရား)။

အသုဘတွေ ထွက်တယ်ဆိုကတည်းကိုက ဪ ဒါဖြင့် နဂိုရှိလို့ နဂိုင်းထွက်လာတာပဲဆိုတာ မရှင်းဘူးလားဗျာ (ရှင်းပါတယ် ဘုရား)၊ ကောင်းပြီ၊ အဲဒါ ဒွါရ ကိုးပေါက်ကထွက်တဲ့ဥစ္စာ ဘယ်ဈေးနဲ့ ဘယ်သူက ကံထရိုက် ခံသတုံး (ဘယ်သူကမှ ကံထရိုက်မခံပါ ဘုရား)။

ဘာဖြစ်လို့ပါလိမ့် (အသုဘမို့ပါ)၊ အသုဘဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)၊ ဒီအသုဘဖြစ် ခဲ့လို့ရှိရင် ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ သေချာ ကြပလား (သေချာပါပြီ ဘုရား)။

ရှင်မသာ၊ သေမသာလုပ်ပါတယ်

သေချာပါပြီ တဲ့၊ ဒါဖြင့် တဏှာသည် ဘာကိုလုပ်ပါလိမ့်မလဲလို့ မေးရင် ဘယ့်နှယ်ဖြေကြမလဲ (ခန္ဓာကို လုပ်ပါတယ်၊) ဒါပဲ ကြမ်းကြမ်းပြောတော့ ဦးခင်မောင်ရေ။ ရှင်မသာ၊ သေမသာလုပ်တာ (မှန်ပါ့ ဘုရား)။

ဒကာ,ဒကာမတို့ ကြမ်းကြမ်း ပြောတော့ (ရှင်မသာ သေမသာလုပ်ပါတယ် ဘုရား)၊ အမှန်ပြောတော့ ဒါပဲရ တယ် (မှန်ပါ့)၊ အမှန် ပြောတော့ သူဘာလုပ်ပါလိမ့် (အသုဘလုပ်ပါတယ်)၊ အသုဘက ဒုက္ခသစ္စာဆိုတ သေချာ ပလား (သေချာပါပြီ)။

ကိုင်း ဒါဖြင့် ဒီတဏှာ မပြတ်သရွေ့ ကာလ ပတ်လုံး သူသည် ကျုပ်တို့ကို ဘာတွေချည်း တည်ထောင် ပေးသလဲလို့ သေသေချာချာ မေးတော့မှ ဒကာဝ ရိပ်မိ လောက်ပါပြီ (မှန်ပါ့)၊ ရှင်မသာ၊ သေမသာမှ တစ်ပါး သူ ဘာမှ မလုပ်တတ်ဘူး (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်း ပါပြီ ဘုရား)။

ဒုက္ခသစ္စာပဲ လုပ်တတ်တယ်

သမုဒယသစ္စာ တဏှာလောဘသည် ဘာလုပ်တတ် ပါလိမ့် (ရှင်မသာ၊ သေမသာပဲ လုပ်တတ် ပါတယ် ဘုရား)၊ ဒါဖြင့် ရှင်မသာ၊ သေမသာဆိုတဲ့ ဒုက္ခသစ္စာပဲ ဦးခင်မောင်ရေ သူလုပ်တတ်တယ် (မှန်ပါ့)၊ သူ့ကို လက်သပ်မွေးလို့ တော်ပါ့မလား (မတော်ပါ)၊ မတော်လို့ ရှိရင်ဖြင့် သူ့ကို ပယ်ရ လိမ့်မယ်နော် (မှန်ပါ့ ဘုရား)။

ပယ်တဲ့အခါကျလို့ရှိရင်ဖြင့် သူဘယ်မှာ အမြစ်တွယ် နေသတုံးဆိုတဲ့စကားမေးရတော့မယ် (မှန်လှပါ ဘုရား)။ သဘောကျပလား (ကျပါပြီ)၊ ဒီတဏှာအမြစ်ဟာ ဘယ် မှာတွယ်နေသတုံးဆိုတာ မေးတဲ့အခါကျတော့မှ ခင်ရာမင်ရာ တွယ်နေတယ် (မှန်ပါ့ ဘုရား)။

ဘယ်မှာလဲ (ခင်ရာ မင်ရာမှာ တွယ်နေပါတယ်)၊ ခင်ရာ မင်ရာမှာ တွယ်နေတယ်ဆိုတာ သေချာပလား (သေချာပါပြီ)၊ အေး သေချာပြီ၊ သေချာပြီ။

ဒါဖြင့် ဒကာ,ဒကာမတို့၊ လေးချက်ကလေးတစ်ခု တော့ စေ့သွားပါပြီ၊ စေ့သွားငြားသော်လည်း ဒကာ ဒကာမ တို့၊ အကြောင်းအကျိုးဆက်ကြဦးစို့နော် (မှန်ပါ့)၊ အို,နာ,သေ ဘယ်ကလာပါလိမ့် (ခန္ဓာငါးပါးက လာပါတယ်)၊ ခန္ဓာငါးပါးက လာပါတယ်။

ခန္ဓာငါးပါးက ဘာသစွာ (ဒုက္ခသစ္စာပါ ဘုရား)၊ အေး သို့သော် သူက သမုဒယသစ္စာ (မှန်ပါ့)၊ အို,နာ, သေက (ဒုက္ခသစ္စာပါ)၊ ရှင်းပြီနော် (မှန်ပါ့)၊ ခန္ဓာငါးပါးက အကြောင်းကိုဗျ၊ ခန္ဓာငါးပါးကြောင့် အို,နာ,သေဖြစ်ရတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကျင့်နိုင်တဲ့အကျင့်က မဂ္ဂသစ္စာ

ဟ ဒါဖြင့် သူတို့နှစ်ခုမရှိအောင် ကျင့်နိုင်တဲ့ အကျင့် ဟာ ဘာသစ္စာ (မဂ္ဂသစ္စာပါ)၊ နှစ်ခုစလုံးမရှိရင် ဘာ သစ္စာတုံး (နိရောဓသစ္စာပါ ဘုရား)။

တဏှာက သမုဒယသစ္စာ

ဪ ဒီလို သစ္စာ သိသိသွားစမ်းပါကွာတဲ့၊ ဘုရားက ဒီလို သုံးသပ်စမ်းပါတဲ့၊ ကိုယ့်ကိုယ်ကို သုံးသပ် ရမှာနော် (မှန်ပါ့)၊ သဘောပါကြပါလား (ပါ,ပါပြီ)၊ ကိုင်း ဒါဖြင့် ဒကာ,ဒကာမတို့၊ ခန္ဓာ ဘယ်သူက တည်ထောင်ပါလိမ့် (တဏှာက တည်ထောင်ပါတယ် ဘုရား)။

ခန္ဓာကဒုက္ခသစ္စာ

ဒါဖြင့် တဏှာက ဘာသစ္စာ (သမုဒယသစ္စာပါ ဘုရား)၊ ခန္ဓာက (ဒုက္ခသစ္စာပါ ဘုရား)၊ သူတို့နှစ်ခုမရှိအောင် ကျင့်တဲ့အကျင့်က (မဂ္ဂသစ္စာပါ ဘုရား)၊ နှစ်ခု စလုံးမရှိတာက (နိရောဓသစ္စာပါ ဘုရား)။

ဪ ဒီလိုသွားရဦးမှာ ဦးခင်မောင်ရေ (မှန် ပါ့)၊ – ဒီလိုသုံးသပ်ပြီး သစ္စာဆိုက်အောင် သွားလိုက်စမ်းပါ လို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟောတော်မူပါတယ် (မှန်ပါ့)၊ ကိုင်း ဒီတဏှာ ဘယ်ကလာပါလိမ့် (ခင်ရာ မင်ရာက လာပါတယ် ဘုရား)။

အဲ ခင်ရာမင်ရာဆိုတော့ ပါဠိတော်အတိုင်း ပြောကြ စို့ဆိုတော့ စက္ခု သောတ ဃာန ဇိဝှာ ကာယ မန ကလာ တယ် (မှန်ပါ့)၊ စက္ခု သောတ ဃာန ဇိဝှာ ကာယ မနက လာတယ်နော် (မှန်ပါ့ ဘုရား)။

သို့သော် မကပါဘူး ဒကာ,ဒကာမတို့၊ သတိပဋ္ဌာန် ပါဠိတော်နဲ့ ကြည့်လိုက်မယ် ဆိုလို့ရှိရင်ဖြင့် “စက္ခုလောကေ သောတံလောကေ ယာနံလောကေ ဇိဝှာလောကေ ကာယာလောကေ မနောလောကေ ပိယရူပံ သာတရူပံ ဧတ္ထေ သာ တဏှာ” တချို့နေရာကျတော့လည်း ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သစ္စာနေရာကျတော့ ရူပါလောကေ သဒ္ဒါလောကေနဲ့ လာပြန်တော့ ဪ ဒီဥစ္စာသည် တခြား မဟုတ်ဘူး၊ ခင်ရာ မင်ရာက လာတာပဲဆိုတာ မသေချာ ဘူးလား (သေချာပါတယ် ဘုရား)။

ခင်ရာ မင်ရာဖြတ်နိုင်ရင် တဏှာပြုတ်မယ်

ဒါဖြင့် ဒီတဏှာရေသောက်မြစ်သည် ဘယ်မှာ တွယ်နေသတုံး (ခင်ရာ မင်ရာမှာ တွယ်နေပါတယ်)၊ ဒါဖြင့် ခင်ရာမင်ရာကို ကျုပ်တို့က ဖြုတ်နိုင်လို့ရှိရင်ဖြင့် တဏှာ ပြုတ်မယ် (မှန်ပါ့)၊ ခင်ရာမင်ရာကို ဝိပဿနာ အလုပ် လုပ်နိုင်ရင် (တဏှာပြုတ်ပါမယ်)၊ တဏှာပြုတ်မယ်၊ တဏှာပြုတ်ရင် ဒီဘက်က ခန္ဓာကော (ပြုတ်ပါတယ် ဘုရား)၊ ဒီခန္ဓာပြုတ်ရင် အို,နာ,သေနဲ့ ကျုပ်တို့ အိုးစား ကွဲသွားမယ် (မှန်ပါ့ ဘုရား)။

တဏှာပြုတ်ရင် ခန္ဓာပြုတ်မယ်

အိုနာ,သေနဲ့ ကွဲမကွဲ စဉ်းစားမိပလား (ကွဲပါတယ်)၊ တဏှာပြုတ်လို့ရှိရင် ဘာတဲ့တုံး (ခန္ဓာ ပြုတ်ပါ တယ်)၊ အဲ ခန္ဓာကပြုတ်မယ်၊ ခန္ဓာပြုတ်ရင် (အို,နာ, သေနဲ့ အိုးစားကွဲပါတယ်)။

ဒါဖြင့် ကျုပ်တို့သည် ပြုတ်တဲ့ဉာဏ်ကို ကျုပ်တို့ ရမှသာလျှင် ဒကာ,ဒကာမတို့၊ တဏှာအမြစ်ကို ဖြတ်နိုင် မယ်၊ တဏှာအမြစ် တွယ်ရာဌာနကို ကျုပ်တို့ဖြတ်ရမယ် (မှန်ပါ့ ဘုရား)။ သဘောကျပလား (ကျပါပြီ)၊ တဏှာ အမြစ် တွယ်ရာဌာနကို မဖြတ်ခဲ့လို့ရှိရင် တော်ပါ့မလား (မတော်ပါ ဘုရား)။

ကိုင်း ဒါဖြင့် တဏှာအမြစ်တွယ်ရာ ဌာနကို ကျုပ်တို့ အကြီးအကျယ် ဖြတ်ကြစို့ရဲ့နော် (မှန်ပါ့)၊ ဒါ ကြောင့် ဒကာ,ဒကာမတို့၊ တဏှာအမြစ်တွယ်တဲ့နေရာ ဒီပါဠိတော် မှာတော့ ခြောက်နေရာပြတယ်၊ တချို့နေရာ ကျတဲ့ အခါ ကျတော့ ဒကာ, ဒကာမတို့ အားလုံးအကုန်ပဲ ပြလိုက်တယ်၊ လောကီ ခန္ဓာငါးပါး စလုံး ပြလိုက်တယ်နော် (မှန်ပါ့)။ –

သို့သော် ဒီနေရာ သမ္မသနသုတ်မှာတော့ ဘုရားက ခြောက်နေရာပဲ ပြပါတယ်၊ ခြောက်နေရာပဲ ပြသော်လည်း ဒကာ,ဒကာမတွေက စဉ်းစားလိုက်၊ စက္ခု သောတ ဃာန ဇိဝှာ ကာယ မန ဆိုတော့ ဒါတွေက ရုပ်တွေ မဟုတ်ဘူး လားဗျာ (မှန်ပါ့ ဘုရား)။

ကဲ ဒါတွေကရုပ်၊ ဒီဘက်က မနဆိုတဲ့ နာမ် မနေ ဘူးလား၊ (မှန်ပါ့ ဘုရား)၊ မန ဆိုတာ စိတ်ပေါ့ဗျာ (မှန်ပါ့)၊ စိတ်ဆိုလို့ရှိရင် ယှဉ်ဖော်ယှဉ်ဖက် စေတသိက်နဲ့ ခွဲလို့ရပါ့ မလား (မရပါ ဘုရား)။

ဪ ဒီက နာမက္ခန္ဓာလေးပါး၊ သူက ရူပက္ခန္ဓာ လို့ဆိုလိုက်တော့ ရုပ်နာမ်ပြန်ရတယ် (မှန်ပါ ဘုရား)၊ ဘာရ ပါလိမ့် (ရုပ်နာမ်ပြန်ရပါတယ် ဘုရား)၊ အင်း အခု တရား နာနေကြတာ ဘယ်သူတွေ ပါလိမ့် (ရုပ်နာမ်တွေပါ ဘုရား)၊ သဘောပါကြပလား (ပါ,ပါပြီ ဘုရား)။

ရုပ် နာမ်ပဲ ရှုရမှာပဲ (မှန်ပါ့)၊ ဒါဖြင့် ဒီရုပ်နာမ်ကို ခုနက ပါဠိတော်က ခုနက ဘုန်းကြီး သံပေါက် ကလေးချပြီး သံပေါက်ကလေး ချပေးလိုက်တုန်းက ဒကာ,ဒကာမ တွေက ဒီရုပ်နာမ်ကို လွန်စွာ အားထုတ် နာမ်နဲ့ရုပ်ကို နာမ်ရုပ်တော့ တွေ့ပြီ (မှန်ပါ့)၊ မတွေ့သေးဘူးလား (တွေ့ ပါပြီ ဘုရား)။

ဖြစ်ချုပ်မြင်အောင် ကြည့်ရလိမ့်မယ်

ဘယ်လိုမြင်အောင် လုပ်ရမတုံး (ဖြစ်ချုပ် ဉာဏ် မြင်ပါတယ် ဘုရား)၊ ဖြစ်ချုပ်ဉာဏ်မြင်၊ သူတို့၏ ဖြစ်တာ ချုပ်တာကို မြင်အောင်ကြည့်ရလိမ့်မယ် (မှန်ပါ့ ဘုရား)။

အဲဒီတော့ ဖြစ်ချုပ်ဉာဏ်မြင် ဆိုတော့ ဤငါးအင် အမှန်ပင် မဂ်ရကြောင်းဆိုတဲ့ဥစ္စာ သူ့လင်္ကာနဲ့ ဖြစ်စဉ်နဲ့ တော့ တို့နာမ်ရုပ်တော့ တွေ့ပြီ၊ ဒီနာမ်ရုပ်ကို ဖြစ်ချုပ်မြင် အောင် လုပ်ရလိမ့်ဦးမယ် (မှန်ပါ့ ဘုရား)။

ကြာကြာမြင်ရင် တဏှာသေပါလိမ့်မယ်

နာမ်ရုပ်ကို (ဖြစ်ချုပ်မြင်အောင် လုပ်ရပါလိမ့်ဦး မယ်)၊ မလျှော့ကြနဲ့နော်၊ ဒကာ,ဒကာမတွေ ကြာကြာမြင် လို့ရှိရင် ဟောဒီတဏှာ သေပါလိမ့်မယ်၊ ဒီတဏှာသေရင် ဒီခန္ဓာရပါ့မလား (မရပါ ဘုရား)။

ဒီခန္ဓာမရလို့ရှိရင် ဒီ အို,နာ,သေနဲ့ ကျုပ်တို့ အိုးစား ကွဲပါပြီ (ကွဲပါပြီ)၊ မကွဲပါနဲ့ဆိုလို့ရမလား (မရပါ ဘုရား)၊ အခုတော့ဖြင့် ဒကာ, ဒကာမတွေက ဒီနေရာကနေ ရပ်တဲ့ပြီး သကာလ ကျုပ် အိုရတော့ ဒီသား၊ ဒီသမီးနဲ့ ကြောက်သေးတယ်၊ အိုရမှာ ကြောက်သေးသတဲ့ (မှန်ပါ့)။

ဒီခန္ဓာကြီးနဲ့ရပ်ပြီးတော့ (မှန်ပါ့)၊ ဒီခန္ဓာကြီးနဲ့ ဒကာသစ်တို့ကော ဒီသား၊ ဒီသမီးတွေနဲ့ ခေတ်ပေါ်တွေနဲ့တော့ ခက်ပါသေးတယ်၊ ဘာတုံး ဒီခန္ဓာမြင်ပြီး သကာလ သူက ဘာကြောက် နေတာတုံး (အိုရမှာ ကြောက်တာ ပါ ဘုရား)။

အိုရမှာ ကြောက်လှချေရဲ့၊ နာမှာကော (ကြောက် လှချေရဲ)၊ သေမှာကော (ကြောက်လှချေရဲ့)၊ မကြောက် နဲ့တော့ ဒကာ,ဒကာမတို့၊ တွေ့ရမှာပဲ (မှန်လှပါ ဘုရား)။

တွေ့တာလည်း ဘာဖြစ်လို့ တွေ့တာတုံးဆိုတော့ ကံမကောင်း အကြောင်းမသင့်လို့ တွေ့ရတာလား ကိုယ့် ဆုတောင်းနဲ့ ကိုယ်တွေ့ရတာလား (ကိုယ့်ဆုတောင်းနဲ့ ကိုယ်တွေ့ရတာပါ ဘုရား)။

ဟောဒီတဏှာက ခန္ဓာဖြစ်ရပါလို၏ ဆိုလို့ ဒါတွေ က ငါလိုက်ခဲ့ဦးမယ်ဆိုပြီး လိုက်လာတာ (မှန်လှပါ ဘုရား)။ သဘောကျပလား (ကျပါပြီ ဘုရား)။

တဏှာက ခင်ဗျားတို့က လူဖြစ်ရပါလို၏ဆိုတော့ ခန္ဓာငါးပါးမရဘူးလား (ရပါတယ်)၊ ခန္ဓာငါးပါး ရတော့ ဇရာ၊ ဗျာဓိ၊ မရဏ ဘာတဲ့တုံး (လိုက်ပါတယ် ဘုရား)၊ ငါ လိုက်ခဲ့ဦးမယ် (မှန်ပါ့)၊ ခင်ဗျားတို့က ငါလိုက်ခဲ့ဦးမယ် လို့ မမြင်တော့ ဒါကလေးတင် တောင်းထားတယ် (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဇာတ်ပွဲကြည့်ရသလိုပဲ

ဒါဖြင့် ခင်ဗျားတို့သည် ဇာတ်ကြည့်သလိုပဲ၊ နှစ်ပါး သွားသာကြည့်ပြီး ကြေကွဲခန်း မကြည့်သလို ဖြစ်နေတယ် (မှန်လှပါ ဘုရား)၊ ဟင် ကြေကွဲခန်းကြည့်လည်း ခင်ဗျားတို့ သံဝေဂရမယ့်လူတွေလည်း မဟုတ်ပါဘူး (မှန်လှပါ ဘုရား)။

ကြေကွဲခန်းအရသာ ကြေကွဲခန်းများ သူတို့ချီးမွမ်း တာ နားထောင်လိုက်တော့ အငိုကောင်းတယ် လို့တောင် ချီးမွမ်း လိုက်သေးတယ် (မှန်လှပါ ဘုရား)။

အငိုဆိုတာ မကောင်းပါဘူးဆိုတာ ဘယ်သူငိုတာ ခင်ဗျားတို့ ကြိုက်သတုံး စဉ်းစားကြည့်စမ်းပါ၊ အဲဒါ အငိုကောင်းတယ် ဆိုတာ ခင်ဗျားတို့မို့ ကြံဖန်ကောင်းတာ တော့ မတတ်နိုင်ဘူး ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အငို ကျက်သရေ မရှိတာလား၊ ကျက်သရေ ရှိတာလား (ကျက်သရေ မရှိတာပါ ဘုရား)၊ အဲဒါ ခင်ဗျားတို့က ဘယ်လို ချီးမွမ်းသလဲ (အငိုကောင်းတယ်လို့)။

အင်း ကိုယ်ကိုယ်တိုင် ငိုကြည့်ဦး။ ဒါဖြင့် ကိုယ် ကိုယ်တိုင် ငိုကြည့်တော့ ကောင်းလို့ငိုတာလား၊ ဆိုးလို့ငို တာလား (ဆိုးလို့ငိုတာပါ ဘုရား)။

အဲဒီတော့ အငိုဆိုတာ ဘယ်သူမှ မကောင်းဘူး ဆိုတာ မှတ်ရမယ် (မှန်ပါ့ ဘုရား)၊ သဘော ကျပလား (ကျပါပြီ)၊ အဲဒီတော့ ခင်ဗျားတို့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် တဲ့။ မျက်စိက လည်လွန်း နေတယ်လို့ ဆရာဘုန်းကြီးက စွဲချက်တင်လိုက်တယ် (မှန်ပါ့ ဘုရား)။

မျက်စိမလည်လွန်းဘူးလား (လည်လွန်းပါတယ် ဘုရား)။ ငိုတာတောင် သဘောကျသေးတယ် ဆိုတော့ အတော်ဆိုးမနေဘူးလား (ဆိုးပါတယ် ဘုရား)။

ငိုတာတောင် သဘောကျနေတယ်

ငိုတာတောင် သဘောကျနေသေးတယ် ဆိုကတည်း က သူများဆိုတာ သူတို့သဘောကျတာ ဒကာ,ဒကာမတို့၊ ဟိုမှာ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿန္တိ ဒုက္ခသစ္စာကိုး (မှန်ပါ့ ဘုရား)၊ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊

သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဘာသစ္စာတုံး (ဒုက္ခ သစ္စာပါ ဘုရား)၊ ကိုယ့်ကိုယ်တိုင် သောက ပရိဒေဝတွေကော (ဒုက္ခသစ္စာပါ ဘုရား)။

အို ဒုက္ခသစ္စာပဲ၊ ကျုပ်က အတော် ကျေနပ်နေ တာ(မှန်ပါ့)၊ အငိုသဘောကျတဲ့ လူက (မှန်ပါ့)၊ ဘာ ကျေနပ်နေသတုံး (ဒုက္ခသစ္စာပဲ ကျေနပ်နေတာပါ ဘုရား)။

ဪ ဖြစ်မှဖြစ်ရပလေ၊ အဆိပ်သီးစားပြီး သကာလ စားမိတာ ဝမ်းသာသလိုဖြစ်နေပြီ (မှန်ပါ့ ဘုရား)။ ဒီလောက်သေအောင် ရူးတယ် ဆိုတော့ ကောင်းနိုင် စရာ ရှိသေးရဲ့လား (မကောင်းနိုင်ပါ)၊ ဒါဖြင့် နောက်တော့ ဒီအရူးကလေး များတော့ ဖျောက်ကြပါတော့ ဆိုတော့ ပြောလိုက်တယ်နော် (မှန်ပါ့ ဘုရား)။

ကဲ ဒကာ,ဒကာမတို့၊ ခင်ဗျားတို့က အတော် ခက်တာ၊ တောက ဒကာ,ဒကာမတွေ သွားပြီး သကာလ၊ သူတို့ငိုတဲ့ အခါကျလို့ရှိရင် အို သူတို့က ဖွဲ့ကာ နွဲ့ ကာ ငိုတတ်တယ်၊ တော်တော် နားထောင် ကောင်းတယ်။

တော်တော်ခက်နေတာဗျ သူ့ဟာ မခက်ဘူးလား ခက် သလား (ခက်ပါတယ် ဘုရား)။

သစ္စာမသိတဲ့ အဓိပ္ပါယ်ပေါ်နေတယ်

အဲဒါ ခင်ဗျားတို့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် တဲ့ သစ္စာမသိတဲ့အဓိပ္ပာယ်၊ ကိုယ့်အကြောင်း ကိုယ်ပေါ် နေတယ် (မှန်လှပါ) မပေါ်ကြဘူးလား (ပေါ်ပါတယ် ဘုရား)၊ ကဲ နောက်ကိုဖြင့် ဒကာ,ဒကာမတို့၊ ငိုဆိုတာ က ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

အဲ ဒုက္ခသစ္စာ ဒုက္ခသစ္စာမှန်းသာ သိပေတော့၊ ခန္ဓာရလို့ ငိုတာပဲ (မှန်ပါ့ ဘုရား)၊ ခန္ဓာတစ်ခု စွန့်ရလို့ (ငိုတာပါ ဘုရား)၊ ခန္ဓာရလို့ (ငိုတာပါ ဘုရား)၊ ခန္ဓာရလို့ သူ့မျက်စောင်း ထိုးလိုက်လို့၊ သူ့မာန်မာန ကြီးတဲ့ ပုဂ္ဂိုလ်မို့ မျက်စောင်းထိုးမခံဖူးတဲ့ပုဂ္ဂိုလ် မျက်စောင်းထိုးလို့ ငိုလိုက်ရ တယ် ဆိုတော့လည်း ခန္ဓာကြောင့် ငိုတာပဲ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။

ခန္ဓာကို တဏှာက တည်ထောင်တယ်

ကောင်းပြီ၊ ဒါဖြင့် ဒကာ,ဒကာမတို့၊ ဒီခန္ဓာကြီးသည် ကားလို့ ဆိုလို့ရှိရင်ဖြင့် ဘယ်သူ တည်လိုက် ပါလိမ့်မတုံး (တဏှာတည်ထောင်ပါတယ် ဘုရား)၊ တဏှာကလည်း တည်ထောင်ချင်လို့ တည်ထောင် တာလား ဒကာ,ဒကာမ တို့ ခင်ရာမင်ရာမရှိဘဲနဲ့ ဒီတဏှာက ပေါ်ပါ့မလား (မပေါ် ပါ ဘုရား)။

အာရုံနှင့် အာရမ္မဏိက

ဒါဖြင့် သူက အာရုံ၊ သူက အာရမ္မဏိက၊ ပဋ္ဌာန်းနည်းနဲ့ ဆိုတော့ သူကဘာပါလိမ့် (အာရုံပါ ဘုရား)၊ သူက ဘာပါလိမ့် (အာရမ္မဏိကပါ ဘုရား)၊ အဲ အာရုံနဲ့ အာရမ္မဏိကဖြစ်နေတော့ အာရုံကို ပြောင်းယူမှသာလျှင် ဦးခင်မောင် တော်တော့မယ် (မှန်ပါ ဘုရား)၊ အာရုံပြောင်းယူမှ ဘာပါလိမ့် (တော်တော့မယ်)၊ တော်တော့မယ်ဆို တာ သဘောကျပလား (ကျပါပြီ။)

အာရုံကို ပြောင်းယူရမယ်

ကိုင်း၊ အာရုံကို ပြောင်းယူရမယ်ဆိုတော့ ဒကာ, ဒကာမတွေက အာရုံကိုပြောင်းယူရမယ်လို့ ဆရာဘုန်းကြီးက ဟောတော့ ဪ ဆရာဘုန်းကြီးက ပြောင်းပေးမှာ ထင် ပါရဲ့၊ ဒီလိုတော့ မယူကြပါနဲ့နော် (မှန်ပါ့ ဘုရား)၊ ပင်ကို ကိုက ခင်ဗျားတို့က မျက်စိလည်နေလို့ ပြောင်းပေးရမှာ (မှန်လှပါ ဘုရား)။

ဆရာဘုန်းကြီးက ပြောင်းရမှာလား၊ ခင်ဗျားတို့က ဝိပ္ပလ္လာသ မှောက်မှားမှုကြောင့် ပြောင်းပေး ရမှာလား (ဝိပ္ပလ္လာသမှောက်မှားမှုကြောင့် ပြောင်းပေးရမှာပါ ဘုရား)။

ရုပ်နာမ်တရားဟာ ဖြစ်ပြီးပျက်နေတာ

ကဲ ဒါဖြင့် ဝိပ္ပလ္လာသလည်း ပယ်ပြီးသားပဲ မှတ်လိုက်တာပေါ့ (မှန်လှပါ ဘုရား)၊ သဘော ကျပလား (ကျပါပြီ)၊ ဘာတဲ့လဲ (ဝိပ္ပလ္လာသ ပယ်ပြီးသားပါ ဘုရား)၊ ဝိပ္ပလ္လာသလည်း ဒကာ, ဒကာမတွေက ပြယ်ပြီးသားလို့ ဒကာ,ဒကာမတွေက မှတ်လိုက်ပါတော့ (မှန်ပါ့)၊ ရှင်းကြ ပလား (ရှင်းပါပြီ)၊ ဘာကို ပယ်မလို့ပါလိမ့် (ဝိပ္ပလ္လာသ ပယ်မလို့ပါ)၊ ဝိပ္ပလ္လာသဆိုတာ ဖောက်ပြန်နေတာနော် (မှန်ပါ့)။

ဒီတရားတွေဟာ ဒကာ, ဒကာမတို့၊ ရုပ်နာမ်တွေဟာ နာမ်တရားကြည့်လိုက်လည်း ဖြစ်ပြီး ပျက်နေတာပဲ၊ ရုပ်တရား ကြည့်လိုက်ရင်ကော ဖြစ်ပြီးပျက်နေတာပါပဲ)၊ ဒါ မသာတွေ မဟုတ်ဘူး လားဗျာ (မှန်ပါ့)။

ခင်မင်စရာကောင်းလိုက်တာတဲ့

မွေးလိုက်၊ သေလိုက်ဆိုတာ ဘာပါလိမ့် (မသာ ပါ ဘုရား)၊ မသာတွေပဲဆိုတာ မသေချာ ဘူးလား (သေ ချာပါတယ် ဘုရား)၊ အဲဒါကလေးတွေကို ခင်ဗျားတို့က ခင် စရာကောင်းလိုက်တာ၊ မင်စရာ ကောင်းလိုက်တာလို့ ဖြစ်နေတော့ ဒါ ခင်ဗျားတို့က ရူးတာလားတဲ့၊ ဒီတရားတွေက ရူးတာလားလို့ မေးရင် ဘယ့်နှယ်ပြောကြမလဲ (တပည့်တော်တို့က ရူးတာပါ ဘုရား)။

အဲဒါ ရူးတာ၊ ခင်ဗျားတို့၏ ဝိပ္ပလ္လာသ (မှန်ပါ့)။ ရှင်းပလား (ရှင်းပါပြီ)၊ ဝိပ္ပလ္လာသ ယနေ့ ပြင်ပေးရမယ် (မှန်ပါ့ ဘုရား)၊ ဒကာ,ဒကာမတို့ ဘာပြင်ပေးရမလဲ (ဝိပ္ပလ္လာသ ပြင်ပေးရပါမယ် ဘုရား)။

ဝိပ္ပလ္လာသ သုံးမျိုး

ဝိပ္ပလ္လာသ ပြင်ပေးရမယ်ဆိုတော့ ဒကာ,ဒကာမတို့ ဝိပ္ပလ္လာသ သုံးမျိုးနော်၊

(၁) သညာ ဝိပ္ပလ္လာသ၊

(၂) စိတ္တ ဝိပ္ပလ္လာသ၊

(၃) ဒိဋ္ဌိဝိပ္ပလ္လာသ၊

ဝိပ္ပလ္လာသ ဘယ်နှမျိုးပါလိမ့် (သုံးမျိုးပါ ဘုရား)၊ သညာ (ဝိပ္ပလ္လာသပါ ဘုရား)၊ စိတ္တ (ဝိပ္ပလ္လာသပါ ဘုရား)၊ ဒိဋ္ဌိ (ဝိပ္ပလ္လာသပါ ဘုရား)၊ (၂-ခေါက် ချပေးသည်)။

ဪ ခင်ဗျား အသုံးမျိုးရှိတယ် (မှန်ပါ့)၊ ဒကာ,ဒကာမတွေ ဘာရှိနေသလဲ (အရူးသုံးမျိုး ရှိပါတယ် ဘုရား)၊ အရူးသုံးချက်ကို ဒီဆရာဘုန်းကြီးနဲ့တကွ ဆရာ သမားတွေကမှ မကုတော့ဘူး ဆိုလို့ရှိရင်ဖြင့် ဒကာ,ဒကာမ တို့၊ အရူးမသာ,သာ မှတ်ကြပေတော့ (မှန်ပါ့ ဘုရား)၊ ဒီမသာ ဘာမသာဆိုကြမလဲ (အရူးမသာပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ မသာတောင် ဂုဏ်ပျက်တော့ မခံကြပါနဲ့၊ အရူးတော့ ပျောက်အောင် လုပ်လိုက်ကြပါ (မှန်ပါ့ ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဒါကလေးမှ မရှင်းလို့ရှိရင် ဒီမသာ ဘာမသာ ခေါ် ကြမလဲ (အရူးမသာပါ ဘုရား)၊ သေသွားတဲ့ အခါကျ တော့လေ (မှန်ပါ့)၊ ဘာမသာချသလဲ (အရူးမသာပါ)၊ အရူးမသာလိုက်ပို့တော့ ကောင်းသေးရဲ့ လား (မကောင်း ပါ ဘုရား)၊ ဒါဝိပ္ပလ္လာသ သုံးချက်နဲ့ သေသွားမယ်ဆိုရင် အရူးမသာ ဖြစ်ရတော့မယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါ

ကိုင်း ဒါဖြင့် ဒါကလေးရှင်းပေးပါဦးမယ်၊ ဒီနေ့ ရုပ်နာမ်အပေါ်မှာ ခင်ဗျားတို့ အမှားကြီးမှားပြီး သကာလ နေ တဲ့ အမှားချက်ကို ယနေ့ပြင်ပြီး သကာလ ပေးပါတော့မယ် ဆိုတာ သေသေချာချာ မှတ်ပါနော် (မှန်ပါ)။

(၁) အမှတ်မှား သညာဝိပ္ပလ္လာသ၊

ဟောဒါက ခင်ဗျားတို့ ရုပ်နာမ်ကလေး၊ ဒီရုပ်နာမ် ကလေးဟာ သားကလေးလို့ ခင်ဗျားတို့က မွေးဖွားတဲ့ ရုပ် နာမ်ကလေးကိုပင် ခင်ဗျားတို့က သားကလေးလို့ တကယ် ထင်လိုက်လို့ရှိရင်၊ တကယ့်သားပဲလို့ ထင်လိုက်လို့ရှိရင် ဒကာ,ဒကာမတို့ အမှတ်မှားဖြစ်တယ် (မှန်ပါ့ ဘုရား)၊ မဖြစ် သေးဘူးလား (ဖြစ်ပါတယ် ဘုရား)။

သားကလေး၊ တကယ့် သားကလေး ဆိုရင် ဘယ့် နှယ်ဆိုကြမလဲ (အမှတ်မှားပါ ဘုရား)၊ အဲဒါ သညာ ဝိပလ္လာသ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ။)

(၂) အသိမှား စိတ္တဝိပ္ပလ္လာသ

စိတ္တ ဝိပ္ပလ္လာသက ဒကာ,ဒကာမတို့ သားကလေးမို့ ခင်ရမှာပဲဆိုလို့ရှိရင် စိတ်က ဒုက္ခသစ္စာကို ခင်ပြီ (မှန်ပါ့)၊ အသုဘကို (ခင်ပါပြီ)၊ ခင်တော့ စိတ်ဘယ့်နှယ် ကြသလဲ၊ စိတ်ဖောက်ပြန်သွားတော့ စိတ္တဝိပ္ပလ္လာသ (မှန်ပါ့ ဘုရား)။

ဒါဖြင့် သားကလေးတုန်းကတော့ အမှတ်မှား (မှန်ပါ့)၊ ခင်မှာဆိုတော့ အသိမှား (မှန်ပါ့)၊ အားကိုးရ မှာပဲဆိုတော့ အယူမှား (မှန်ပါ့)၊ မြန်မာလိုပြန်ကြစို့ (မှန်ပါ့)။

ဒါဖြင့် အမှတ်မှား၊ အသိမှား၊ အယူမှား ဘယ်နှ မှားပါလိမ့် (သုံးမှားပါ ဘုရား)၊ ကဲ ဘုန်းကြီးကပဲ ရွတ် ပါတယ်၊ ဟောဒါကလေးဟာ ခင်ဗျားတို့ သားကလေးလို့ ဆိုလို့ရှိရင် ဘယ့်နှယ်ခေါ်ကြမလဲ (အမှတ်မှားပါ ဘုရား)။

(၃) အယူမှား ဒိဋ္ဌိဝိပ္ပလ္လာသ၊

ဪ သားကလေးမို့ ခင်နေရတယ်ဆိုတော့ (အသိမှားပါ ဘုရား)၊ အသိမှားဖြစ်သွားပြီ၊ အားကိုးရမှာပဲလို့ ယူလိုက်တော့ (အယူမှားပါ ဘုရား)။

ဪ ခက်ပြီကော၊ ခင်ဗျားတို့ အမှား ဘယ်နှ ချက်ရှိပါလိမ့် (သုံးချက်ပါ ဘုရား)၊ အမှား သုံးချက် ရှိနေပြီ ဆိုလို့ရှိရင် ဒကာ,ဒကာမတို့ ခက်ကုန်ပြီ။

ဒါဖြင့် ဒီအမှားသုံးချက်ကို ကျော်လွန်ပြီး သကာလ၊ မှန်ပြီး သကာလ သေသွားတဲ့ပုဂ္ဂိုလ်နဲ့ အားလုံးတရားတစ်ပွဲ လုံးပဲ ဆုံးဖြတ်ချက် ချပါတော့၊ ဒီအမှားသုံးချက်နဲ့ သေ သွားတဲ့ ပုဂ္ဂိုလ်သာ များလိမ့်မယ်ဆိုရင် လွဲပါ့မလား (မလွဲ ပါ ဘုရား)။

ဒီအမှားသည် ဝိပ္ပလ္လာသလို့ဆိုသဖြင့် အရူးပဲ မဟုတ် လား (မှန်ပါ့ ဘုရား)၊ ဒါဖြင့် အရင် အမေတွေ၊ အဖေတွေ အလုံးစုံ အကုန်သေကုန်ကြပြီ၊ ဒါတွေ ရှင်းလင်းပြီး သွားပါ သလား၊ အရူး တန်းလန်းနဲ့ပဲ၊ အရူးမပြုတ်ဘဲနဲ့ပဲ၊ အရူးစိတ် မဖျက်ဘဲနဲ့ပဲ သေသွားကြသလားလို့မေးရင် ဘယ့်နှယ် ဖြေကြမလဲ (အရူးတန်းလန်းနဲ့ သေသွားကြပါတယ် ဘုရား)။

ဒါဖြင့် အဲဒီမသာကို ဘာမသာခေါ်ကြမလဲ (အရူး မသာပါ ဘုရား)၊ နို့၊ ခင်ဗျားတို့ကကော ဘယ်မသာ ဖြစ်ချင်သတုံး (ဘယ်မသာမှ မဖြစ်ချင်ပါ ဘုရား)။

ဘယ်မသာမှလည်း မဖြစ်ချင်ဘူး၊ အရူးတော်တော် ကို ပါးသွားပြီ၊ တော်တော်ကို နေရာ ကျသွားပြီ၊ အကောင်း မသာလည်း မဖြစ်ရပါစေနဲ့၊ အရူးမသာလည်း မဖြစ်ပါရစေနဲ့ ဆိုလို့ရှိရင် ပြီးအောင် လုပ်လိုက်ပါတော့ (မှန်ပါ့)၊ ပြီးအောင် လုပ်လိုက်ပါတော့။

နေ့တိုင်းဖြစ်နေတဲ့ အမှားသုံးချက်

ကိုင်း ဒကာ,ဒကာမတို့၊ ခင်ဗျားတို့အိမ်မှာ နေ့ တိုင်းဖြစ်နေတဲ့ အမှားသုံးချက်နော် (မှန်ပါ့)၊ ဒီရုပ်နာမ် ကလေးဟာ မိမိရုပ်နာမ်ဖြစ်လို့ရှိရင်လည်း ဒါမိမိယောက်ျား ပဲ၊ ငါ့ယောက်ျားပဲလို့ ထင်လိုက်လို့ ရှိရင် ဘယ့်နှယ်ဖြေကြ ပါ့မလဲ (အမှတ်မှားပါ ဘုရား)။

အို ကိုယ့်ကိုယ်ကို မထင်ရင် ဘယ်သူက ထင်ရ မှာလဲ (အသိမှားပါ ဘုရား)၊ ကိုယ့်ကိုယ်ကိုပဲ ကျုပ်က အားကိုးတယ် (အယူမှားပါ ဘုရား)၊ ဟော၊ ကိုယ့်ကိုယ် လည်း ဒီအတိုင်းလာတာပဲ (မှန်ပါ့)၊ မလာဘူးလား (လာပါတယ် ဘုရား)။

ဒါဖြင့် ဒကာ,ဒကာမတို့၊ သမီးကလေးဆိုတော့ ဘယ့်နှယ်ဆိုကြမလဲ (အမှတ်မှားပါ ဘုရား)၊ သမီးလေးမို့ ခင်နေရတာပေါ့ဆိုတော့ (အသိမှားပါ ဘုရား)၊ သူ့ ပဲ အားကိုးနေရတယ် (အယူမှားပါ ဘုရား)။

ရှိကြသေးရဲ့လား၊ ခင်ဗျားတို့ သန္တာန်မှာ ဒီသုံးချက် ရှိ-မရှိ အကဲခတ်စမ်း (ရှိပါတယ် ဘုရား)၊ ဒါဖြင့် ဒါသည် ဒကာ,ဒကာမတို့ အမှန်လား၊ အမှားလား (အမှားပါ ဘုရား)၊ အမှားဆိုတော့ ဝိပ္ပလ္လာသ ဖောက်ပြန်တာပေါ့ ဗျာ (မှန်ပါ့)။

အရူးလို့ခေါ်ကြတယ်

ဖောက်ပြန်မှားယွင်းတာသည် လောကကြီးမှာ ဘယ့် နှယ်ခေါ်ကြသလဲ၊ အရူး (မှန်ပါ့)၊ ဖောက်ပြန်တာ လောက ကြီးမှာ အရူးခေါ်ကြတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။ သူက စိတ်မနှံ့ရှာဘူး။ ဖောက်ပြန်နေရှာ တယ် (မှန်ပါ့)။

ခင်ဗျားတို့ကော ဘယ့်နှယ်တုံး (ဖောက်ပြန်နေပါ တယ်ဘုရား၊ စိတ်မနှံ့ဘူး၊ ဒီလိုဆိုရင် မပြီးဘူးလား၊ ရိပ်မိ ပလား (ရိပ်မိပါပြီ)၊ စိတ်မနှံ့ဘူးဆိုတော့ ဘယ်လို နိဂုံး ချုပ်ကြမလဲ (ဖောက်ပြန်နေတယ်)၊ သဘောပါပလား (ပါ,ပါပြီ ဘုရား)။

မယုံရင် ငိုနေတဲ့ပုဂ္ဂိုလ် သွားကြည့်၊ သားကလေး ကြောင့် ငိုနေသလား၊ သမီးလေးကြောင့် ငိုနေသလား၊ ကိုယ့်အတွက် ဝမ်းနည်းပြီး ငိုနေသလား၊ ကိုယ့်သား ခင်ပွန်း အတွက် ငိုနေသလား ဆိုတာ သွားမေးကြည့်ရင် ဒီအရေးထဲက မလွတ်စေဘူး (မှန်ပါ့ ဘုရား)၊ လွတ်ပါ့မလား (မလွတ်ပါ ဘုရား)။

ကြည့်စမ်း၊ မကြားကြဘူးလား ကျုပ်သမီးလေး ဟာ ဘယ်နှရက်ရှိသေးတယ်၊ ဟော သမီးလေးက မလာ ဘူးလား (လာပါတယ် ဘုရား)၊ သူ့ပဲ ကျုပ်ဟာ အင်မတန် ရွှေပေါ် မြတင်ထားတာ၊ ခင်တယ်၊ ဘာတဲ့တုံး (အသိမှားပါ ဘုရား)၊ တကယ်ပဲ အားကိုးလောက်တယ် (အယူမှားပါ ဘုရား)။

သားသမီးတွေလား၊ ရုပ်နာမ်လား

ဒကာ, ဒကာမတို့၊ ခင်ဗျားတို့ဟာက သားအပေါ်မှာ လည်း သုံးချက်၊ သမီးအပေါ်မှာကော (သုံးချက်ပါ ဘုရား)၊ ခင်ပွန်းအပေါ်မှာကော (သုံးချက်ပါ ဘုရား)၊ ကိုယ့်အပေါ် မှာကော (သုံးချက်ပါ ဘုရား)၊ ဆွေမျိုးအပေါ်မှာကော (သုံးချက်ပါ ဘုရား)။

ဟာ ခင်ဗျားတို့ဟာ သုံးချက်ပေါင်း မရေနိုင်ပါဘူး၊ ဒါဖြင့် မရနိုင်စရာကို မရှိဘူး၊ ခင်ဗျားတို့ ဟာက (မှန်ပါ့)၊ ရူးထားတာက အကုန်ရူးထားတာကိုး၊ ဘယ်နေရာ အကောင်း ပါသေးသတုံး (မပါ,ပါ ဘုရား)၊ ဘယ်နေရာမှာ အကောင်း မပါတဲ့ အဓိပ္ပာယ် ရှင်းမနေဘူးလား (ရှင်းနေပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ဒီအရူးတွေ မပျောက်လို့ရှိရင် တော် ပါ့မလား (မတော်ပါ ဘုရား)၊ ကိုင်း ဒါဖြင့် ဒကာ,ဒကာမ တို့ ဒီလိုလုပ်ကြပါစို့၊ ဒီဥစ္စာ သားကလေးလား ရုပ်နာမ် လား ခင်ရာ မင်ရာလား၊ အကဲခတ်လိုက်စမ်း (ရုပ် နာမ်ပါ ဘုရား)။

ရုပ်နာမ်သိတော့ အမှတ်မှန်သွားပြီ

ရုပ်နာမ်ဆိုကတည်းက အမှတ်က မှန်သွားပြီ (မှန်ပါ့)၊ နဂိုက ရုပ်နာမ်ပဲလို့၊ ရုပ်နာမ်ဆိုတော့ အမှတ်က မှန်သွားပြီ (မှန်ပါ့)၊ ရုပ်နာမ်ဖြစ်ခဲ့လို့ရှိရင်ဖြင့် ဒကာ,ဒကာမ တို့သိတဲ့အတိုင်းတဲ့၊ သုဘလား၊ အသုဘလား (အသုဘ ပါ ဘုရား)။

ဒါဖြင့် ခင်စရာ ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ)၊ ခင်စရာကော ရှိသေးရဲ့လား (မရှိပါ ဘုရား)။

ခင်တာပြုတ်တော့ အသိမှန်သွားပြီ

ကဲ ဒါဖြင့် ရုပ်နာမ်သိတုန်းက သညာပြုတ်ခဲ့တယ် (မှန်ပါ့)၊ အသုဘမှန်းသိတော့ ခင်တာပြုတ်ခဲ့ တယ် (မှန်ပါ့)၊ မပြုတ်သေးဘူးလား (ပြုတ်ပါတယ် ဘုရား)၊ ဖြစ်ပျက်မြင်တဲ့ အခါကျတော့ အားကိုးရာ ပြုတ် တယ် (မှန်ပါ့)၊ တစ်ခါတည်း ဒိဋ္ဌိပြုတ်တယ်၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။

ဖြစ်ပျက်မြင်တော့ ဒိဋ္ဌိပြုတ်ပြီ

ဪ ဒါဖြင့် တို့ဆရာဘုန်းကြီးနဲ့ ဒီဒကာ, ဒကာမ တွေနဲ့ နေရာကျပြီ၊ ဒါ ရုပ်နာမ်လို့သိရင် သညာပြုတ်ပါ တယ် (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)၊ အသုဘ လို့ သိနေရင် (ခင်တာ ပြုတ်ပါတယ်)၊ ခင်တာ ပြုတ်ပြီတဲ့။ ဖြစ်ပျက် မြင်တော့ အားကိုးသေးရဲ့လား (မကိုးပါ ဘုရား)၊ အားကိုးပြုတ်သွားတယ် ဆိုတော့ ဒိဋ္ဌိပြုတ်သွားပြီ၊ မပြုတ် သေးဘူးလား (ပြုတ်ပါတယ် ဘုရား)။

ဖြစ်ပျက်လုပ်မှ အကုန်ပြုတ်မယ်

ဒါဖြင့် ဒကာ,ဒကာမတို့၊ သညာလည်းပြုတ်၊ စိတ် ကော (ပြုတ်ပါတယ် ဘုရား)၊ ဒိဋ္ဌိကော (ပြုတ်ပါတယ် ဘုရား)၊ ဒါဖြင့် ဖြစ်ပျက်လုပ်မှ ခင်ဗျားတို့ အကုန်ပြုတ်မယ် (မှန်ပါ့ ဘုရား)၊ ဒကာ, ဒကာမတို့ ဘယ်လို ဆုံးဖြတ်ချက် ချမလဲ (ဖြစ်ပျက်မြင်မှ အကုန်ပြုတ်ပါမယ် ဘုရား)။

ဒါဖြင့် ဖြစ်ပျက်မှ မမြင်ဘူးတဲ့ ပုဂ္ဂိုလ်များသည် အရူး မသာသာဖြစ်မှာပဲ၊ လမ်းဆုံးရှာလိမ့်မယ် (မှန်ပါ့ ဘုရား)၊ ရှင်တုန်းလည်း အရူးပဲ (မှန်ပါ့)၊ သေတော့ကော (အရူး ပါပဲ ဘုရား)၊ သဘောကျပလား (ကျပါပြီ)၊ ဦးခင်မောင်ရေ နေရာကျပလား (မှန်ပါ့ ဘုရား)။

တော်တော်ကလေး နေရာကျလာပြီ ဒကာ ဒကာမတို့၊ ယနေ့တော်တော် နေရာကျလာပြီနော် (မှန်ပါ့)၊ ကိုင်း ဒါဖြင့် ဒကာ,ဒကာမတို့၊ ဒီအလုပ်ကို ရှင်းကြလင်းကြပါစို့။

ဖြစ်ပျက်တစ်လုံးပိုင်ရင်

ဖြစ်ပျက်တစ်လုံးပိုင်လို့ရှိရင် သညာလည်းပြုတ် တယ် (မှန်ပါ့)၊ စိတ်ကော (ပြုတ်ပါတယ်၊ ဒါဖြင့် ဒကာ, ဒကာမတို့၊ ဖြစ်ပျက်ပိုင်ဖို့ပဲ ကျုပ်တို့အရေးကြီးတယ် (မှန်ပါ့ ဘုရား)။

ခန္ဓာကြီး ကြည့်လိုက်လို့ရှိရင် ဖြစ်ပျက်မှုပဲ ရှိတယ် ဆိုတာကို ပိုင်ပိုင်နိုင်နိုင်သိဖို့ အရေးကြီးတယ် (မှန်လှ ပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ခန္ဓာကြည့်ကြပါစို့ ဒကာ,ဒကာမတို့ ဒီအမှားသုံးချက်ပျောက်အောင် အမှန်ငါးချက်နဲ့ ကျုပ်တို့က ကြိုးစားပေးရမယ် (မှန်ပါ့ ဘုရား)၊ အမှားသုံးချက် ပျောက်အောင် (အမှန်ငါးချက်နဲ့ ကြိုးစားရမယ်)၊ အမှန်ငါးချက် ဆိုတာ ဝိပဿနာမဂ်ကို ဆိုပါတယ် (မှန်ပါ့ ဘုရား)။

အမှားသုံးချက်ကို ဒကာ,ဒကာမတို့ ပြုတ်အောင် ဘာ နဲ့လိုက်ပါ့မယ် (အမှန်ငါးချက်နဲ့ လိုက်ရပါမယ်)၊ အဲ အမှားသုံးချက်ကို အမှန်ငါးချက်နဲ့ ဖျက်လိုက်လို့ရှိရင် တဲ့၊ အားလုံး ဒကာ, ဒကာမတွေ ပျက်စီးသွားတာပါပဲ (မှန်ပါ့)။

တော်တော်နေရာကျလာပြီ၊ ဒကာ,ဒကာမတို့၊ ကြိုး စားကြနော်၊ မလျှော့နဲ့ (မှန်ပါ့)၊ ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဘုန်းကြီးကပြောတယ်၊ ခင်ရာ မင်ရာဆိုတာ ရုပ်နာမ်လို့ ပြောတယ်နော် (မှန်ပါ့)။

ကိုယ့်စိတ်ကိုယ်ရှုရမယ်

ကဲ ရုပ်တွေ အသာထားလိုက်ပါတော့၊ နာမ်ပဲ ရှုကြပါစို့ဆိုတော့ ဒကာ,ဒကာမတို့၊ တစ်နေ့က စိတ်ကို အရှု မခိုင်းဘူးလား (ခိုင်းပါတယ် ဘုရား)၊ ဒကာ,ဒကာမတို့ ဘာများ အရှုခိုင်း ပါလိမ့် (စိတ်ကို အရှုခိုင်းပါတယ် ဘုရား)၊

အေး စိတ်ကို အရှုခိုင်းတယ်ဆိုတာ သေချာပလား (သေချာပါပြီ)၊ စိတ်က ဘယ်သူ့စိတ် ရှုရမှာပါလိမ့် (ကိုယ့် စိတ်ကိုယ်ရှုရမှာပါ ဘုရား)၊ ကိုယ့်စိတ်ကိုယ်ရှုရမယ်နော် (မှန်ပါ့)၊ ကိုယ့်စိတ်ကို ရှုရမယ် ဆိုတာကော သဘောကျ ပလား (ကျပါပြီ ဘုရား)။

ဪ သူများစိတ်ဆိုတာ လွဲလိမ့်မယ်နော် (မှန်ပါ့)၊ သူများစိတ်ရှုရတာ လွဲသည်။ မှန်သည် နှစ်မျိုး ရှိပါတယ် (မှန်ပါ့)၊ ကိုယ့်စိတ်ကိုယ်ရှုတော့ (မှန်ပါ တယ် ဘုရား)၊ မှန်တယ်ဆိုတာ သဘော ကျပလား (ကျ ပါပြီ ဘုရား)။

ဖြစ်ပြီးပျက်တယ်လို့ မဂ္ဂင်နဲ့လိုက်ပေး

ဒါဖြင့် ကိုယ့်သန္တာန် လောဘဖြစ်လည်း တဲ့၊ လောဘကလေးဟာ ဖြစ်ပြီးပျက်သည်လို့ မဂ္ဂင်နဲ့ လိုက်ပေး (မှန်ပါ့)၊ ဒေါသဖြစ်ရင်ကော (ဖြစ်ပြီးပျက်ပါတယ်)၊ ဖြစ်ပြီး ပျက်သွားတာပဲလို့သာ ရှုပေး (မှန်ပါ့ ဘုရား)၊ ဣဿာ ကလေးဖြစ်ရင်ကော (ဖြစ်ပြီးပျက်သွားတာပါ ဘုရား)၊ မစ္ဆရိယ ကလေးဖြစ်ရင် ဝန်တိုတဲ့စိတ်ကလေး ပေါ်လာရင်ကော (ဖြစ်ပြီး ပျက်သွားတာပါ ဘုရား)။

ဒေါသကလေးဖြစ်ရင်ကော (ဖြစ်ပြီး ပျက်သွားတာ ပါ ဘုရား)၊ သံသယကလေးရှိလာရင်ကော (ဖြစ်ပြီးပျက်တာပါ ဘုရား)၊ အင်း ဒါဖြင့် ကုသိုလ်ကလေးလုပ်တဲ့ စိတ်ကလေးဟာကော (ဖြစ်ပြီး ပျက်တာပါ ဘုရား)။

ဖြစ်ပြီးပျက်တာပဲ ဆိုတော့ ဒကာ, ဒကာမတို့ သန္တာန် မှာ ပုထုဇဉ်သန္တာန်မှာ ဖြစ်တဲ့စိတ် ပုထုဇဉ်ဉာဏ်နဲ့ ရှုပေါ့ ဗျာ (မှန်ပါ့ ဘုရား)၊ ရှုတတ်ပြီမဟုတ်လား (ရှုတတ်ပါပြီ ဘုရား)။

ဒါဖြင့် ရှုပုံတော့ဖြင့် တစ်နေ့က စိတ်တစ်ဆယ့်သုံးခု ပြပြီးပါပြီ (မှန်ပါ့)၊ အဲဒီတော့ ဒါကို တစ်ဖြိုင်ဖြိုင် ရှုပေး ပါနော်(မှန်ပါ့)၊ လာတဲ့စိတ်ဆိုရင် ရှုနော်(မှန်ပါ့)၊ ဘာမှမရှိရင် ရှူစိတ်နဲ့ရှိုက်စိတ်ကို ရှုပေး (မှန်ပါ့)။

နို့မဟုတ် ကြားပေါက်လာရင် (ကြားပေါက် ရှုပေး ရပါမယ် ဘုရား)၊ ကြားပေါက်စိတ်ရှု၊ ခင်ဗျားတို့ သန္တာန်မှာ အရိယာစိတ် မလာပါဘူး (မှန်ပါ့ ဘုရား)၊ သဘောကျ ပလား (ကျပါပြီ ဘုရား)၊ ပုထုဇဉ်တွေမို့ ဘာစိတ်သာလာ မတုံး (ပုထုဇဉ်စိတ်လာပါမယ် ဘုရား)။

ပုထုဇဉ်မှာလည်း ဒွိဟိတ်ပုဂ္ဂိုလ်ဖြစ်ရင် ဒွိဟိတ်စိတ် သာလာမယ် (မှန်ပါ့)၊ သည့်ပြင်စိတ် လာနိုင်ပါ့မလား (မလာနိုင်ပါ ဘုရား)၊ မလာနိုင်တော့ ကိုယ့်လာတဲ့ စိတ် သာ ကိုယ်ရှု (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ)

ဝမ်းသာရင် ဝမ်းသာတဲ့စိတ်ကို (ဖြစ်ပျက်ရှုရပါမယ်၊) ဝမ်းနည်းရင် (ဝမ်းနည်းတဲ့စိတ်ကို ရှုရပါမယ်)၊ ဥပေက္ခာထားရင် (ဥပေက္ခာစိတ် ရှုရပါမယ်)၊ ဥပေက္ခာ စိတ်ကိုရှု ဒကာ,ဒကာမတို့၊ သဘောကျပလား (ကျပါပြီ)။

အဲဒီကဲ့သို့တဲ့၊ ကိုယ့်စိတ် ကိုယ်ရှုလို့ရှိရင်ဖြင့် ဒကာ, ဒကာမတို့၊ စိတ္တာနုပဿနာဖြစ်ပါတယ် (မှန်ပါ့ ဘုရား)၊ အဲဒီတော့ကိုတဲ့၊ ဒါ တပည့်တော်တို့ ဘယ်လောက်ကြာကြာ ရှုရမလဲလို့ ဒကာ, ဒကာမတွေ မေးဖို့ မလိုဘူးလား (လိုပါတယ် ဘုရား)။

လောဘလာရင် မဂ္ဂင်ငါးပါးနဲ့ရှု

ကိုယ့်စိတ်ကို ဘုရားတပည့်တော်ဖြင့် လောဘ ကလေးလာလည်း နောက်ကနေပြီး မဂ္ဂင်ငါးပါးနဲ့ ရှုရပါ တယ်။ ဒေါသကလေးလာလည်း မဂ္ဂင်ငါးပါးပဲ ရှုရပါတယ်။

မောဟလာလည်း မဂ္ဂင်ငါးပါးနဲ့ ရှုပါတယ်၊ ရှုချင်တာသာ ရှုပေါ့ဗျာ(မှန်ပါ့)၊ ရှုလိုက်တော့ လောဘ, ဒေါသ, မောဟလား၊ ဖြစ်ပျက်လား (ဖြစ်ပျက်ပါ ဘုရား)၊ ရှုတာက ဘာဆိုကြမယ် (မဂ္ဂပါ ဘုရား)၊ ဒါဖြင့် ဖြစ်ပျက် မဂ်ကိုက်အောင်လုပ် (မှန်ပါ့ ဘုရား)၊ ဖြစ်ပျက်မဂ်ကိုက်အောင်လုပ် (မှန်ပါ့)။

ဒီကြားထဲမှာ ကိလေသာ မဝင်အောင် လုပ်ပါ (မှန်ပါ့ ဘုရား)။

ကိလေသာမဝင်လို့ရှိရင် မနက်အားထုတ်ရင် ညနေ ရမယ် (မှန်ပါ့)၊ ညနေအားထုတ်ရင် (မနက်ရပါ့မယ်)၊ မနက်ရမယ် ဆိုတော့ ဒါ ကိုယ့်အတွက်မှာ ဝမ်းနည်းစရာ လိုသေးသလား (မလိုပါ ဘုရား)၊ ဝမ်းနည်းစရာ ဘာမှ မလိုပါဘူးတဲ့။

အဲဒီတော့ ဒီလို ဒကာ,ဒကာမတွေက ကိုယ့်စိတ်ကို ကိုယ်ကြည့်ပြီး သကာလ ဖြစ်ပျက်တွေကို မြင်ပါလိမ့်မယ် (မှန်ပါ့)၊ မြင်တော့ ဘုန်းကြီးက ဒကာ,ဒကာမတွေကို အလုပ်ပေးနေတဲ့ ဘုန်းကြီး ဖြစ်နေတော့ ရှင်းရှင်းပဲ ပြောပါ တယ်၊ စိတ်ဟာ နှစ်စိတ် ဘယ်တော့မှ မပြိုင်ဘူး၊ ဒါလည်း တစ်စိတ်၊ အပျက်ကလည်း တစ်စိတ်ပဲ၊ အရှုကလည်း (တစ်စိတ်ပါပဲ)၊ ဘယ်တော့မှ သတ္တဝါသန္တာန် မပြိုင်ဘူးလို့ မှတ်ထားလိုက်ပါ (မှန်ပါ့ ဘုရား)။

အရှုခံစိတ်ချုပ်ပြီးမှ ရှုဉာဏ်စိတ်ပေါ်

ပြိုင်ပြီး ဘယ်တော့မှ မဖြစ်ဘူး၊ ဒီစိတ်ချုပ်ပြီးမှ ဟုတ်လား (မှန်ပါ့)၊ အရှုခံစိတ် ချုပ်ပြီးမှ ရှုဉာဏ်စိတ် ပေါ်ပါတယ် (မှန်ပါ့ ဘုရား)၊ အရှုခံစိတ် (ချုပ်ပြီးမှ ရှုဉာဏ်စိတ် ပေါ်ပါတယ် ဘုရား)။

ရှုဉာဏ်စိတ် ပေါ်တယ်ဆိုတော့ ဒကာ, ဒကာမတို့ အရင်တုန်းက အသက်ရှင်နေတာ ဒီစိတ်နဲ့ အသက်ရှင်နေတယ် (မှန်ပါ့)၊ နောက် သူသေသွားတော့ ဘယ်စိတ် နဲ့ အသက်ရှင်သလဲ (ရှုဉာဏ်စိတ်နဲ့ အသက်ရှင်ပါတယ် ဘုရား)၊ ရှုဉာဏ်နဲ့ အသက်မရှင်ရပေဘူးလား (ရှင်ရပါ တယ် ဘုရား)။

တစ်ခုသောစိတ်နဲ့ အသက်ရှင်နေတာ

ဒါဖြင့် ဧကစိတ္တသမာယုတ္တာ = တစ်ခုတည်းသော စိတ်နဲ့ ဒကာ,ဒကာမတွေ အသက်ရှင် နေတာ (မှန်ပါ့ ဘုရား)၊ စိတ်ဘယ်နှခုနဲ့ အသက်ရှင်နေသလဲ (တစ်ခုသောစိတ်နဲ့ အသက်ရှင် နေပါတယ်)၊ အရှုခံနဲ့ အသက်ရှင် နေတုန်းကို ရှုဉာဏ်မပေါ်သေးပါဘူး (မပေါ်သေးပါ ဘုရား)။

သဘောကျပြီနော် (မှန်ပါ့)၊ ဒါ, ရှင်းရှင်းလင်းလင်း မှတ်ပါ၊ ရှင်းရှင်းလင်းလင်း မှတ်ပါ၊ ဒါ, အလုပ်တရားမှာ အလွန် အရေးကြီးနေပြီ (မှန်ပါ့)၊ ဒကာ ဒကာမတွေ အပင်ပန်း ခံပြီး သကာလ၊ လူတွေ တိုးဝှေ့ပြီး သကာလ တချို့ နေစရာ မရှိလို့ အပြင်ဘက်မှာ နေကြရတယ်၊ ဒါကို လိုရင်းပေးချင် လို့ ဘုန်းကြီးကလည်း ဒါရှုလိုက်လို့ရှိရင် ဒီကြားထဲ ခုနက တဏှာက လာသေးရဲ့လား (မလာပါ ဘုရား)။

တဏှာမလာရင် ဒီခန္ဓာမလာပါ

တဏှာမလာရင် ဒီခန္ဓာ (မလာပါ ဘုရား)၊ ဒီခန္ဓာမှ မလာဘဲနဲ့ အို,နာ,သေ ဘယ့်နှယ်တုံး (မလာပါ ဘုရား)၊ တစ်ခါတည်း ဝဋ်မကျွတ်သွားဘူးလား (ကျွတ်သွားပါ တယ် ဘုရား)။

အဲဒါကြောင့် အလုပ်တရားကို ကြပ်ကြပ် ဂရုစိုက် နားထောင်ပါဆိုတာ တိုက်တွန်းရတယ် (မှန်လှပါ ဘုရား)၊ ဒါဖြင့် ကိုယ့်စိတ်ကိုယ်ရှုမှန်ပါ့)၊ လောဘစိတ်လာရင် (လောဘစိတ်ရှု၊ လောဘစိတ်ကို မဂ်နဲ့ဖြစ်ပျက်ရှု၊ ဒေါသ စိတ်လာရင် (ဒေါသစိတ်ရှု)၊ မောဟစိတ်လာရင် (မောဟစိတ်ရှု)။

ရှုရလိမ့်မယ်နော် (မှန်ပါ့)၊ မမေ့အောင်ရှုပေး၊ ဘာမှ မရှိရင် လေကိုထွက်အောင် အားထုတ်တဲ့ စိတ်ကို (ရှုရပါ မယ်)၊ လေကို ပြန်ရှိုက်တဲ့စိတ်ကို (ရှုရပါမယ် ဘုရား)၊ ရှုရလိမ့်မယ် ဆိုတော့ ဒါကလေးနဲ့ ရှုရှုပေးနေတော့ ဖြစ် ပျက်-မဂ်၊ ဖြစ်ပျက်-မဂ် မကိုက်ပေဘူးလား (ကိုက်ပါ တယ် ဘုရား)။

အဲဒီတော့ ဒကာ,ဒကာမတွေ မိလိန္ဒပဉ္စာ ပါဠိတော် မှာ လာတာကလေးနဲ့ ဒကာ,ဒကာမတွေကို ပြောချင်ပါ တယ်တဲ့။

မိလိန္ဒမင်းကြီးကမေးတယ်

မိလိန္ဒမင်းကြီးက ရှင်နာဂသိန်ကိုမေးတယ်၊ မိလိန္ဒ မင်းကြီး ဆိုတာက ဒကာ,ဒကာမတွေ ကြားဖူးတဲ့ အတိုင်း ပညာရှိပေါ့ဗျာ (မှန်ပါ ဘုရား)၊ ရှင်နာဂသိန်ကတော့ သူ့ ထက် ပညာရှိတဲ့အပေါ်မှာ ရဟန္တာဖြစ်နေတယ် (မှန်ပါ့ ဘုရား)။

ရဟန္တာဆိုတာသည် ဝိပဿနာ ကိုယ်တိုင်ရှုပြီးလို့ မ မဂ်ဉာဏ်, ဖိုလ်ဉာဏ်, လေးဉာဏ်ရလို့ ရဟန္တာဖြစ်တယ် ဆိုတာလည်း ခင်ဗျားတို့ ဘာမှ သံသယရှိဖို့ မလိုပါဘူး၊ လိုသေးသလား (မလိုပါ ဘုရား)။

နိဗ္ဗာန်ဘက်ကူးပုံသိချင်ပါတယ်ဘုရား

အဲဒီ ကိုယ်တိုင် နိဗ္ဗာန်မြင်တဲ့ ပုဂ္ဂိုလ်ကို ဒကာ, ဒကာမတို့ မေးလိုက်တယ်၊ မိလိန္ဒမင်းကြီးက “အရှင်ဘုရား ကတော့ ဘုရား၊ ကိုယ်တိုင် နိဗ္ဗာန်ရောက်ပြီးသား ပုဂ္ဂိုလ်ဖြစ် ပါတယ်။ အဲဒီတော့ နိဗ္ဗာန် ကိုယ်တိုင် အာရုံပြုနိုင်တဲ့ ပုဂ္ဂိုလ် ဖြစ်ပြီး သကာလ နေတော့ တပည့်တော်များလည်း နိဗ္ဗာန် ရောက် ချင်တယ်၊ ရောက်ချင်တော့ကို ဘယ်လိုရှုပြီး သကာလ ဘယ်လိုနိဗ္ဗာန်ဘက်ကူးသွားတယ်ဆိုတဲ့ဥစ္စာ တပည့်တော် အရေးတကြီးသိချင်ပါတယ်။”

ဒကာ,ဒကာမတို့၊ ဝိပဿနာ ရှုရင်းမတ္တနဲ့ နိဗ္ဗာန် ဘက် ဘယ်လို ကူးသွားတယ်ဆိုတာ သူသိချင်တယ် တဲ့ (မှန်ပါ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ)၊ ဝိပဿနာ ရှုရင်းမတ္တနဲ့ (နိဗ္ဗာန်ဘက် ကူးသွားတာ သိချင်ပါတယ် ဘုရား)။

သူများမမေးနဲ့၊ ကိုယ်တိုင်ရောက်လိမ့်မယ်

နိဗ္ဗာန်ဘက် ကူးသွားတာ သူ သိချင်ပါတယ် ဆို တော့ ဒကာ, ဒကာမတို့၊ ဒီဟာကလေးဟာ အသေအချာ မှတ်ရမှာနော် (မှန်ပါ့ ဘုရား)၊ လုပ်တဲ့ပုဂ္ဂိုလ်မှာ နိဗ္ဗာန် ရောက်တယ် ဆိုတာ သူများ မမေးပါနဲ့တော့၊ ကိုယ်ကိုယ်တိုင် နိဗ္ဗာန်ရောက်ပါလိမ့်မယ် (မှန်လှပါ)၊ ရှုသာရှုပါ၊ ဖြစ်ပျက် သာ မီအောင်ရှုပါ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ။)

အဲဒီတော့ ရှင်နာဂသိန်က ဒကာကြီးတဲ့

“တဿတံ စိတ္တံ့ အပရာပရံ မနသိကရောတော ပဝတ္တံ သမတိက္ကမိတွာ အပဝတ္တံ သြက္ကမတိ”

ဖြစ်ပျက်မှုကိုလွန်ပြီး သကာလ ဒကာ ကြီးတဲ့ မြန်မြန် ဒါလေးကို ဖြစ်ပျက် ဖြစ်ပျက် လို့ နှလုံး သွင်းလိုက်ပါ။ ကိုယ့်စိတ်ကို သဘောကျပလား (ကျပါ ပြီ)၊ ကိုယ့်စိတ်ကို ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှု ရပါမယ် ဘုရား)။

ဖြစ်ပျက်လို့ ကိုယ့်ဉာဏ်နဲ့ နှလုံးသွင်းပါ

ဖြစ်ပျက်, ဖြစ်ပျက်လို့ ကိုယ့်မဂ်ကလေးနဲ့ ကိုယ့် ဉာဏ်ကလေးနဲ့ နှလုံးသွင်းနေပါ တဲ့၊ သဘော ကျပလား (မှန်ပါ့ ဘုရား)၊ “တဿ တံ စိတ္တံ့ အပရာပရံ မနသိကာရောတော”တဲ့။ တဿ = ထိုဝိပဿနာရှုသော ပုဂ္ဂိုလ် သည်၊ တံစိတ္တံ= ထိုဖြစ်သောစိတ်ကို၊ အပရာပရံ= မပြတ် မနသိ ကာရောတော နှလုံးသွင်း နေခဲ့လျှင်၊ ဖြစ်ပျက်သာ အမြဲနှလုံးသွင်းနေခဲ့လျှင် ဒကာ,ဒကာမတို့၊ မှတ်မိပလား (မှတ်မိပါပြီ)၊ ဖြစ်ပျက်ဘာတုံး (အမြဲနှလုံးသွင်းနေခဲ့ပါလျှင်)။

မဂ္ဂင်ရှစ်ပါးပြည့်ပြီးဝင်သွားတယ်

အဲဒီတော့ ပဝတ္တံ အတိက္ကမိတွာ = ဟောဒီ ဖြစ်ပျက်တွေ လွန်သွား ပါလိမ့်မယ်တဲ့ (မှန်ပါ့)၊ ဘာလွန်သွား မလဲ (ဖြစ်ပျက်တွေ လွန်သွားပါမယ်)၊ အပဝတ္တံ သြက္က မတိ = ဖြစ်ပျက်မရှိတဲ့ဘက် တစ်ခါတည်း ဟောဒီဉာဏ်က ဒကာ,ဒကာမတို့ မဂ္ဂင်ရှစ်ပါးပြည့်ပြီး ဝင်သွားတာပဲ (မှန်ပါ့)၊ ဖြစ်ပျက် မရှိတဲ့ဘက် ပြေးဝင်သွားတယ် (မှန်ပါ့)။

ဖြစ်ပျက်မရှိတဲ့ဘက်ဝင်သွားတယ်

ပထမ သူဖြစ်ပျက် လှည့်နေတယ် (မှန်ပါ့)၊ ရှုဖန် များတော့ ဒီဖြစ်ပျက်ရှုတဲ့ ဉာဏ်တွေဟာ ဘယ်ဘက် လှည့် သွားသလဲ (ဖြစ်ပျက်မရှိတဲ့ဘက်ပါ ဘုရား)၊ ဖြစ်ပျက်မရှိ တဲ့ဘက် လှည့်သွားတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ ပထမဘယ်ဘက်လှည့်သတုံး (ဖြစ်ပျက်ဘက် လှည့်ပါတယ်)၊ နောက်ရှုဖန်များလာတော့ (ဖြစ်ပျက်မရှိ တဲ့ ဘက်လှည့်ပါတယ်)၊ ဖြစ်ပျက်မရှိတဲ့ဘက် သူလှည့်သွား တယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ ဒါဖြင့်

“တဿ တံ စိတ္တံ အပရာပရံ မနသိကရောတော ပဝတ္တံ သမတိက္ကမိတွာ အပဝတ္တံ ဩက္ကမတိ၊ ဧဝံ ခေါ မဟာရာဇ သမ္မာ ပဿန္တော နိဗ္ဗာနံ သစ္ဆိကရောတိ”။

ဦးခင်မောင် ဖြစ်ပျက်တွေ ရှုရာကနေပြီး သကာလ တစ်ခါတည်း ရှုတဲ့ဉာဏ် ဖြစ်ပျက် မရှိတဲ့ဘက် သူ့ဟာသူ ပြောင်းသွားတယ် (မှန်ပါ့ ဘုရား)၊ ပထမတော့ ဘယ်ဘက် လှည့်နေသတုံး (ဖြစ်ပျက်ဘက် လှည့်နေပါတယ်)၊ ရင့် လာတော့ ဘယ့်နှယ်တဲ့ (ဖြစ်ပျက်မရှိတဲ့ဘက် ပြောင်း သွားပါတယ် ဘုရား)။

နိဗ္ဗာန်ကို မျက်မှောက်ပြုတယ်ဆိုတာ

ဖြစ်ပျက်မရှိတဲ့ဘက် ပြောင်းသွားတော့ အဲဒါ နိဗ္ဗာန် ကို မျက်မှောက်ပြုတယ်ဆိုတာ ဒကာကြီး ဒါပဲ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ပထမတော့ ဘယ်ဘက်လှည့် နေသလဲ (ဖြစ်ပျက်ဘက် လှည့်နေပါတယ်)၊ ခင်ဗျားက ရှု တဲ့ ဉာဏ်ကလေးကလေ (မှန်ပါ့)။

နောက်တော့ ရှုဖန်များရင်း ရှုဖန်များရင်းနဲ့ ဟောဒီ ဖြစ်ပျက်တွေ မတွေ့တော့ဘူး (မှန်ပါ့)၊ ဖြစ်ပျက်မရှိတဲ့ ဘက် ဉာဏ်ကလှည့်သွားတယ် (မှန်ပါ့ ဘုရား)၊ ဖြစ်ပျက် မရှိတာက ဘာပါလိမ့် (နိဗ္ဗာန်ပါ ဘုရား)။

အဲဒီ နိဗ္ဗာန်ဘက်လှည့်သွားတယ် ဒကာကြီးရာတဲ့၊ နိဗ္ဗာနံ သစ္ဆိကရောတိ တဲ့။ နိဗ္ဗာန်ကို မျက်မှောက်ပြု တယ်ဆိုတာ ဒါပဲတဲ့၊ ပထမဖြစ်ပျက်ဘက် လှည့်နေတယ် တဲ့၊ နောက်ကျတော့ ရှုဖန် များလာတော့ ဖြစ်ပျက်တွေ အကုန်ချုပ်သွားပြီး ဖြစ်ပျက် မရှိတဲ့ဘက် ဒီဉာဏ်က လှည့် သွားတယ် (မှန်ပါ့ ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ။)

ကိုယ်တိုင်ရောက်ဖူးတာပြောတာ

အဲဒါ “နိဗ္ဗာနံ သစ္ဆိကရောတိ””ဆိုတာ ဒကာကြီး ဒါပဲတဲ့ ဆိုတော့ ဒကာ,ဒကာမတွေ သိတဲ့အတိုင်း ဒီပုဂ္ဂိုလ်က သူသွားပြီးသားလမ်းကို သူပြောတာနော် (မှန်ပါ့ ဘုရား)။ ရမ်းပြောတာလား၊ ကိုယ်တိုင်ရောက်ဖူးတာ ပြောတာလား (ကိုယ်တိုင်ရောက်ဖူးတာ ပြောတာပါ)၊ ဒါဖြင့် ကျုပ်တို့က သံသယရှိဖို့ လိုသေးသလား (မလို ပါ ဘုရား)။

ဒါဖြင့် ကျုပ်တို့က ကိုယ့်စိတ်ကို ဖြစ်ပျက်သာရှုနေ (မှန်ပါ့) သူ နိဗ္ဗာန်ရောက်ချင်တဲ့ အခါကျတော့ ရှုတဲ့ဉာဏ် ရင့်ကျက်လာပြီး ဖြစ်ပျက် မမြင်တဲ့ ဘက်ကို ဖြစ်ပျက်မရှိတဲ့ ဘက်ကို ဒီဉာဏ်က လှည့်သွားလိမ့်မယ် (မှန်ပါ့ ဘုရား)။

ဖြစ်ပျက်မရတာက နိဗ္ဗာန် ဖြင့် လှည့်သွားတဲ့ အခါကျတော့ ဖြစ်ပျက် မရှိတာကနိဗ္ဗာန်၊ လှည့်သွားတဲ့ဉာဏ်က မဂ်ဉာဏ်၊ သေတာက တဏှာ (မှန်ပါ့ ဘုရား)၊ တဏှာသေကတည်းက ခန္ဓာလုပ်နိုင်သေးရဲ့လား (မလုပ်နိုင်ပါ ဘုရား)၊ ခန္ဓာမှ မရှိဘဲနဲ့ အို,နာ,သေ ဒကာ,ဒကာမတို့ (မရှိနိုင်ပါ ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ)။

ဒါဖြင့် ဖြစ်ပျက်ချုပ်တာက ဘာတဲ့ (နိဗ္ဗာန်ပါ)၊ မြင်တာက (မဂ်ဉာဏ်ပါ)၊ သေတာက (တဏှာ)၊ သမုဒယသေတာ (မှန်ပါ)။

ခန္ဓာရှိတုန်းမြင်ရတဲ့ နိဗ္ဗာန်

ခန္ဓာနဲ့တကွ ဒကာ,ဒကာမတို့၊ ဟိုဘက် ချုပ်တာက ခန္ဓာ၊ ချုပ်ပြီးမှရတဲ့ အနုပါဒိသေသ နိဗ္ဗာန် (မှန်ပါ)၊ ဒီ ဘက် ကိုယ်တိုင်မြင်ရတာက ခန္ဓာရှိတုန်း မြင်ရတဲ့အတွက် သဥပါဒိသေသနိဗ္ဗာန် (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်း ပါပြီ။)

မြင်ရတာက (သဥပါဒိသေသနိဗ္ဗာန်)၊ နောက်မှရ မယ့်နိဗ္ဗာန်က (အနုပါဒိသေသနိဗ္ဗာန်)၊ အနုပါဒိသေသ နိဗ္ဗာန် ဆိုတော့ ဒကာ,ဒကာမတို့ ဒါပဲ လုပ်ရုံရှိတယ် (မှန်ပါ့)၊ သဘောပါကြပလား (ပါ, ပါပြီ)၊ လုပ်တတ်ကြ ပလား (လုပ်တတ်ပါပြီ)၊

ခင်ဗျားတို့ လုပ်တတ်ဖို့ရာက ဖြစ်ပျက်မြင်ဖို့ရာသာလုပ် (မှန်ပါ့)၊ မိမိသန္တာန်မှာ ဘယ် စိတ်လာလာ ဖြစ်ပျက်သာ ရှုနေ (မှန်ပါ့)။

ဖြစ်ပျက်ကိုများများမြင်အောင်လုပ်

အဲဒါ ခင်ဗျားတို့အလုပ်၊ နိဗ္ဗာန်သွားဖို့ အလုပ်က တော့ သူရင့်လာလို့ မဂ်က သူ့ဟာသူ နိဗ္ဗာန်ဘက် လှည့် သွားမှာပဲ (မှန်ပါ့)၊ မလှည့်ပါနဲ့ ဆိုလို့ရရဲ့လား (မရပါ ဘုရား)၊ ဒါဖြင့် ခင်ဗျားတို့ အလုပ်က ဘာလုပ်ရမှာတုံး (ဖြစ်ပျက်ရှုရပါမယ်)၊ ဖြစ်ပျက်ကို များများမြင်အောင် လုပ်ရမှာပဲ (မှန်ပါ့)။

ဒါဖြင့် များများမြင်တဲ့ဉာဏ်သည် ရင့်သွားရင် ဘယ် ဘက်လှည့်မတုံး (နိဗ္ဗာန်ဘက် လှည့်ပါမယ်)၊ ဒါဖြင့် နိဗ္ဗာန်ဟာ အကြွေးလား ဒကာ, ဒကာမတို့၊ အခုရမှာလား (အခုရမှာပါ ဘုရား)။

များများရှုရင် သူ့ဟာသူ နိဗ္ဗာန်ပေါ်လာမယ်

ဒါဖြင့် နိဗ္ဗာန် ရ,ရပါလို၏လို့ ဆုတောင်းမနေနဲ့၊ ဒါ များများရှုရင် သူ့ဟာသူ နိဗ္ဗာန်ပေါ်လာမယ် (မှန်ပါ ဘုရား) သဘောကျပလား (ကျပါပြီ)၊ မပေါ်စရာ ရှိသေး ရဲ့လား (မရှိပါ ဘုရား)။

ဒါ,ဘယ်သူ ဟောတာတုံးဆိုတော့ ရဟန္တာ ရှင် နာဂသိန်က ဟောတာ (မှန်ပါ့ ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ဘုရားသခင်ကိုယ်တော်တိုင် ဟောခဲ့လို့ ဒီ ရှင်နာ ဂသိန် ပေါ်ရစ်လိမ့်မယ် ဆိုတဲ့ဥစ္စာ ဦးခင်မောင် သေချာ ပြီးသားနော် (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကဲ ယနေ့ ဒီတင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။