265

သူတော်ဆည်းကပ်၊ မြတ်တရားနာ (ဝိစိကိစ္ဆာနီဝရဏ)

အသံဖိုင်ခေါင်းစဉ်= ပထမမဂ်ကိုတားသော အဝိဇ္ဇာဝိစိကိစ္ဆာ နိဝရဏဖြစ်ပေါ်ခြင်း၏ လက်သည်ရှာပုံ တရားတော်

စာအုပ်ခေါင်းစဉ်= သူတော်ဆည်းကပ်၊ မြတ်တရားနာ (ဝိစိကိစ္ဆာနီဝရဏ)

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့၌ ဟောကြားတော်မူသော တရားတော်

သူတော်ဆည်းကပ်၊ မြတ်တရားနာ

(ဝိစိကိစ္ဆာနီဝရဏ)

(၂၁-၁၂-၆၀)

ဒကာ,ဒကာမတွေသည် ငါတို့ ဘယ်ကလာခဲ့ကြ သတုံး မေးလို့ရှိရင်ဖြင့် ပဋိသန္ဓေနေပြီး လာခဲ့ကြတယ် လို့ ဆိုကြရမှာပဲ (မှန်ပါ့)၊ အမိဝမ်းခေါင်း ပဋိသန္ဓေ နေပြီး သကာလ တပည့်တော်တို့ လာခဲ့ကြပါတယ် ဘုရားလို့ဖြေကြမှာပဲ (မှန်ပါ့)၊ ဒီပဋိသန္ဓေကိစ္စကလည်း ဇာတိကိစ္စ ဖြစ်နေ သောကြောင့် “ဇာတိပိဒုက္ခသစ္စံ”လို့ ဘုရားက ဟောတယ် (မှန်ပါ့)။

ငါတို့ဘယ်ကလာခဲ့ကြသတုံး

အဲဒါ သစ္စာနဲ့ ဝေဖန်လိုက်တဲ့ အခါကျတော့ ဒကာ,ဒကာမတွေ၊ ဘယ်က လာခဲ့ကြသတုံး ဆိုတော့ ဒုက္ခထဲက လာခဲ့ပါတယ်ဘုရားလို့ ဖြေရုံပဲ (မှန်ပါ့)၊ ဘယ်လိုဖြေကြပါလိမ့်မတုံး (ဒုက္ခထဲက လာခဲ့ကြ ပါတယ် ဘုရား)၊ ဒုက္ခထဲက လာခဲ့ပါတယ်လို့ ဖြေရုံမှ တစ်ပါး အခြားအဖြေပေးစရာ ဘာမှမရှိဘူး။

ဪ ယခုအချိန် ဒကာ,ဒကာမတို့၊ ဘယ် နေရာ ဘယ်ဌာနများ နေကြပါလိမ့်မလဲလို့ မေးတဲ့အခါ ကျတော့ တစ်နေ့တခြား ရင့်ရော်လာတဲ့အတွက် ဇရာ ဒုက္ခနဲ့နေရတယ်ဆိုတာ ငြင်းဖို့ မလိုတော့ဘူး (မှန်ပါ့)။

အခုဘယ်မှာနေကြသတုံး

ဒါဖြင့် အခုဘယ်မှာနေကြသတုံးလို့ မေးတဲ့အခါ ကျတော့ တောင်မြို့၊ မန္တလေးမြို့ အစရှိသည် အလုံးစုံ အကုန်နေရာထိုင်ရာ ပြောငြားသော်လည်း အဲဒါ မမှန် ဘူး (မှန်ပါ့)။

အမြဲနေရတာက ဇရာဒုက္ခနဲ့ နေရတာ (မှန်ပါ)။ ဇရာဘာသစ္စာပါလိမ့် (ဒုက္ခသစ္စာပါ ဘုရား)၊ သော် ဒကာ, ဒကာမတို့၊ လာတုန်းကလည်း ဇရာဒုက္ခထဲ၊ နေတော့လည်း ဒုက္ခထဲ နေပြန်ရတယ် ဆိုတော့ အရိယာ မျက်လုံး တပ်မကြည့်လို့ရှိရင်တော့ဖြင့် ဒီဥစ္စာ အင်း အနေလည်းကောင်းခဲ့တယ်၊ ပဋိသန္ဓေနေခဲ့တာလည်း ကောင်းခဲ့တယ်လို့ ထင်ချင်ထင်ကြမှာ။

ယခုနေရတာလည်း ကောင်းခဲ့တယ်လို့ ထင်ချင် ထင်ကြမယ်၊ ထင်ရောထင်ကြပါတယ်တဲ့၊ ဒကာ, ဒကာ မတွေက မှတ်လိုက်ပါ၊ ဒုက္ခသစ္စာပြောင်းလာတာ (မှန်ပါ့)။

နောက်ကျလာတဲ့အခါကျတော့ ဆေးရုံက ဆရာ တွေ ဝိုင်းပြီး သကာလ အိပ်ရာ ဖျာကပ် အလုပ်တွေ ဒကာကြွယ်တို့ ဖြစ်ကြရဦးမှာပဲ (မှန်ပါ့)၊ အဲ,ဒါက လည်း“ဗျာဓိပိ ဒုက္ခသစ္စံ”လို့ ဆိုပြန်တော့လည်း အင်း ကျန်းမာသလိုလိုနဲ့နေခဲ့တုန်းကလည်း ဇရာ ဒုက္ခနဲ့၊ တစ်ခါ မကျန်းမမာနဲ့ အခါကျတော့ ဗျာဓိဒုက္ခ (မှန်ပါ့)။

ဗျာဓိပိ ဒုက္ခသစ္စံနဲ့ပဲ နေရပြန်တော့ ဒကာ, ဒကာမ တို့ ဘယ်အချိန် သုခပါခဲ့သလဲလို့မေးရင် ဘယ့်နှယ် ဖြေကြမလည်း (မပါ,ပါ ဘုရား)။

ဒီ ဗျာဓိ ဒုက္ခကလည်း မကျော်နိုင်၊ မလွန်နိုင်ခဲ့ သေပေါက်သေဝသို့ ရောက်ပြီဆိုမှဖြင့် “မရဏမ္ပိ ဒုက္ခသစ္စံ”လာပြန်တာပဲ (မှန်ပါ့)၊ အဲဒီ “မရဏမ္ပိ ဒုက္ခ သစ္စံ” ဆိုပြန်တော့လည်း အင်မတန်မှ ဆင်းရဲတယ် ဆိုတာ သိပြီး သားအတိုင်း ထားပါတော့၊ ဪ ဒုက္ခထဲကလာ ဒုက္ခ ထဲနေပြီး ဒုက္ခထဲမှာပဲ သေရရှာတယ် (မှန်ပါ့)။

ဒုက္ခထဲကလာ ဒုက္ခထဲနေ

ဒုက္ခထဲကလာ ဒုက္ခထဲနေ ဒုက္ခဖြစ်ပြီး သေရတာမှ တစ်ပါး ခန္ဓာကိစ္စ ဘာရှိသေးတုံးမေးရင် ဘယ့်နှယ် ဖြေ ကြမယ် (မရှိပါ ဘုရား)၊ ခန္ဓာကိစ္စသည် ဒါပဲရှိတယ်ဆို တာတော့ ကျေကျေနပ်နပ် သဘောကျ ပါတော့ (မှန်ပါ့)။

ဒါ ဘယ့်နှယ်ကြောင့် ဒီကိစ္စတွေချည်း အမှုထမ်းနေ ရပါလိမ့်မလဲလို့ ဘုန်းကြီးတို့ ဒကာ, ဒကာမတွေက မေးလို့ ရှိရင်၊ ဪ ဒီကိစ္စမှ တစ်ပါး လွတ်ရာဌာနကို မမြင်နိုင်အောင် ဖုံးထားတဲ့ နီဝရဏတရားကြောင့်ပဲ။

ဘယ်သူက ဖုံးထားပါလိမ့် (နီဝရဏတရားကပါ ဘုရား)။ ဒီကိစ္စမှတစ်ပါး လွတ်ရေးလပ်ရေး ကိစ္စတွေ အမျိုးမျိုးရှိပါလျက်သားနဲ့ မရောက်ခဲ့ မကြုံခဲ့ မနေခဲ့ရမှု တွေသည် အကြောင်း လက်သည်ရှာလို့ ရှိရင်ဖြင့်တဲ့ လက် သည် မဖမ်းမိသရွေ့ ကာလပတ်လုံး ဟာဖြင့် တစ်သံသရာလုံး ဘာဖြစ်ခဲ့သတုံး က ကျုပ်တို့တစ်တွေ အနိုင်အရှုံး မဆုံးဖြတ်နိုင်သလို ဒီမှာလည်း ဒကာ,ဒကာမတွေ ယနေ့တော့ဖြင့် ဒီဒုက္ခထဲ ချည်းပဲ လှည့်ပြီး ဇရာ,မရဏ ဒုက္ခပြီးတော့လည်း ဇာတိ၊ ဒုက္ခပြန်ဝင် နေရမှာပဲ (မှန်ပါ့)၊ မဝင်ရပေဘူးလား (ဝင် ရမှာပါ ဘုရား)။

အဲဒါတွေ သေသေချာချာ သိပြီး သကာလ နေတော့ တစ်သံသရာလုံး ဘာဖြစ်ခဲ့သတုံး ဒကာ,ဒကာမ တွေက မေးလို့ ရှိရင် ဘာမှမဖြစ်ဘူး၊ ဒုက္ခသစ္စာတွေသာ လှည့်နေခဲ့ရတယ် (မှန်ပါ့)၊ တခြား ဘာဖြေစရာ ရှိသေး သတုံး (မရှိပါ ဘုရား)၊ ဘာတွေ လှည့်နေခဲ့ရသတုံး (ဒုက္ခသစ္စာတွေ လှည့်နေခဲ့ရပါတယ် ဘုရား)။

ဒုက္ခသစ္စာတွေပဲ လှည့်ပြီးနေခဲ့ရတာပဲဆိုတော့ သုခ ကြားမညှပ်ပါဘူး (မှန်ပါ့)၊ ညှပ်သေးရဲ့လား (မညှပ်ပါ ဘုရား)။

အဲဒါအတွက်ကြောင့် ဒီလောက် အရုပ်ဆိုး အကျည်း တန်ကြီးထဲကို လှည့်ပတ်ပြီး ကြုံရပါ လိမ့်မလဲလို့ ဒကာ, ဒကာမတွေက မေးလို့ရှိရင် လွတ်ရေးကျွတ်ရေး မမြင်နိုင်အောင် ဖုံးဖိထားတဲ့ နီဝရဏကြောင့်ပဲ (မှန်ပါ့)။

ဖုံးထားတဲ့ နီဝရဏတရား

လွတ်ရေးကျွတ်ရေး မမြင်နိုင်အောင် (ဖုံးဖိထား တဲ့ နီဝရဏကြောင့်ပါ ဘုရား)၊ ဖုံးဖိထားတဲ့ နီဝရဏကြောင့် ပဲဆိုတာ ကောင်းကောင်း သဘောကျပလား (ကျပါပြီ။ ဘုရား)။

ဒါဖြင့် နီဝရဏတွေမှ ဘုန်းကြီးကို ဒကာ, ဒကာမ တွေက မဖယ်ရှားတော့ပါဘူး ဆိုရင်ဖြင့် ဒီလမ်းအတိုင်းပဲ ဝိုင်းရုံပဲရှိတာပဲ (မှန်ပါ့)။

အဝိုင်းပြေးမှတစ်ပါး ဘာရှိသေးတုံး (ဘာမှ မရှိပါ ဘုရား)၊ အဲဒါကြောင့် ဘုန်းကြီးသည် အခု နီဝရဏတရား ငါးရက်တိုင်တိုင် ဒကာသစ်၊ ဒကာကြွယ်၊ ဦးလှဘူးတို့ကို ဒီလိုလုပ်ပစ်ပါ၊ ဒီလိုဖွင့်ပစ်ပါ၊ သူတို့က ဒီလိုပါဘဲပစ်တယ်၊ ကျုပ်တို့က ဒီလိုဖွင့်ဆိုလို့ရှိရင်ဖြင့် လွတ်ရာဌာနကို မြင်ရတော့မယ်

အဲဒီတော့ သူတို့ကတော့ ပိတ်တတ်တဲ့ အမျိုးမို့ ပိတ်မှာပဲ (မှန်ပါ့)၊ ကျုပ်တို့ကလည်း ဖွင့်တတ်တဲ့ အချိန်အခါ ရောက်လို့ရှိရင်ဖြင့် ဖွင့်မှာပဲ၊ လွတ်ရေး ကျွတ်ရေး မြင်ရမှာပဲ။

အဆိုးတကာ အဆိုးဆုံးတရား(၅)ပါး

ဒါကြောင့် ဒကာ,ဒကာမတို့၊ နီဝရဏသည်တဲ့။

သာမညစွမ်းရည် သတ္တိရှိတဲ့ တရားရယ်လို့

(၁) ကာမစ္ဆန္ဒ နီဝရဏဆိုတဲ့လောဘ (မှန်ပါ့)။

(၂) ဗျာပါဒ နီဝရဏဆိုတဲ့ ဒေါသ၊

(၃) ထိနမိဒ္ဓ နီဝရဏ၊

(၄) ဥဒ္ဓစ္စကုက္ကုစ္စဆိုတဲ့ နီဝရဏ၊

(၅) ဝိစိကိစ္ဆာဆိုတဲ့ နီဝရဏတရားဟာ ဒုက္ခစက်ကိုသာ လည်စေ၍ ဒုက္ခ စက်ဖြတ်တောက်တဲ့ နိဗ္ဗာန်, ဒုက္ခစက်မရှိတဲ့ နိဗ္ဗာန်ကို မမြင်အောင် ပိတ်ကွယ်ထား သောကြောင့် အဆိုး တကာ အဆိုးထဲမှာ အဆိုးဆုံး တရားလို့ စွဲချက်တင်လိုက်ပါ (မှန်ပါ့)။

ဘာတရားပါလိမ့် (အဆိုးဆုံးတရားပါ ဘုရား)၊ နီဝရဏတရားကို စွဲချက်သာ တင်လိုက်တာပေါ့၊ ဒကာ, ဒကာမတို့ (မှန်ပါ)။

ဒုက္ခစက်လည်အောင်လုပ်တယ်

ဒုက္ခစက်လည်အောင် လုပ်တာ ဘယ်သူပါလိမ့် (နီဝရဏတရားပါ ဘုရား)၊ ကောင်းပြီ ဒုက္ခစက်ထဲကို လည်စေသူဆိုတာ သဘောကျပလား (ကျပါတယ် ဘုရား)။

ဘုရားအဆူဆူနဲ့ လွဲခဲ့ရင် သူကျေနပ်တယ်၊ တရား ပွဲတွေနဲ့ လွဲခဲ့ရင် သူကျေနပ်တယ် (မှန်ပါ)။ အဲဒီ ကျေနပ်တဲ့ တရားကို ဘဝသံသရာက မိတ် ဆွေဖွဲ့ပြီး သကာလ လာခဲ့တဲ့အတွက် အပေါင်းမှားခဲ့တဲ့ အတွက် ဒုက္ခပင်လယ်ဝေပြီး လှည့်နေတယ်ဆိုတာ ကျေနပ် ကြပလား (မှန်ပါ့)။

ဒါဖြင့် ဒီအိမ်ကြီးကို ကျုပ်တို့သည် ကိုယ်တိုင် ခုတ်ထွင်ရမယ့်အရေး၊ ကိုယ်တိုင်ဖယ်ရှားရမယ့် အရေးလို့ မသိဘဲနဲ့၊ ဒါနလေးပြုကာ သီလကလေးလည်း ဆောက် တည်ကာနဲ့၊ တော်ပေါ့တန်ပေါ့တဲ့ လို့ဆိုပြီး ဒီလောက်နဲ့ ဉာဏ်လေးတုံးနေမယ်ဆိုရင်ဖြင့် ဘယ်တော့မှလည်း မြတ်စွာ ဘုရား ဟောကြားတဲ့ သစ္စာလေးပါးတရားနဲ့ တွေ့မှာ မဟုတ်တော့ပါဘူး (မှန်ပါ့)၊ သူတို့က ဖုံးလျက်ကို (မှန်ပါ့)။

ကျွတ်တမ်းမဝင်နိုင်အောင် ပိတ်ပင်တယ်

ဘယ်တော့မှ သစ္စာလေးပါးတရား နားထဲရောက် နိုင်ပါ့မတုံး (မရောက်နိုင်ပါဘူး)၊ အင်း,ဒါဖြင့် ကျုပ်တို့ ကျွတ်တမ်း ဘယ်တော့မှ မဝင်တဲ့ ပုဂ္ဂိုလ်ထဲ အပါအဝင် တစ်ယောက်ဖြစ်နေတယ်။

အဲဒါ ကျွတ်တမ်း မဝင်အောင် ဘယ်သူ ပိတ်ပင် ပါသလဲလို့ ဒကာသစ်တို့ကို မေးရင် ဘယ့်နှယ်ဖြေပါ့မလဲ (နီဝရဏကြောင့်ပါ ဘုရား)။

ဒါဖြင့် ဒကာ,ဒကာမတို့ သူ့အရေးသည်ကား ဆို လို့ရှိရင် ကျုပ်တို့ကို ဒုက္ခပေးတဲ့ အရေးဖြစ်ပြီး သကာလ ဖြစ်သောကြောင့် ဒီအရေးထက်ကြီးတာဖြင့် မရှိတော့ဘူး (မှန်ပါ့)။

ကိုယ့်ဒုက္ခဟူသရွေ့ထဲမှာ တန်းချပြီး သုခဟူသရွေ့ ကန့်ကွက်ပြီး သကာလ မမြင်အောင် ဖုံးဖိထားတဲ့ တရား ဖြစ်လေသောကြောင့် ဒီအရေးပြီးမှပဲ၊ ဒိပြင်အရေး ကြိုးစားတော့မယ် ဆိုတဲ့စိတ်၊ သိပ်မွေးဖို့ကောင်းတယ် (မှန်ပါ့)၊ မွေးဖို့မကောင်းဘူးလား (ကောင်းပါတယ် ဘုရား)။

လေးလေးစားစားနဲ့ တရားနာပါ

အေး, ဒါကြောင့် ပေါ့ပေါ့တန်တန်နှင့် ဒီတရားကို မနာဘဲနဲ့ လေးလေးစားစားနဲ့၊ ဪ အရေးကြီးတဲ့ အချက် ကိုတိုင်ပြီး သကာလ ဘုရားအဆူဆူနဲ့ လွဲခဲ့တာလည်း နီဝရဏ တရား (မှန်ပါ့)၊ သူပိတ်တာကို တရားပွဲတွေလည်း ဘယ် လိုပင် တရားစည်ကြီး အကနိဋ္ဌ ဗြဟ္မာပြည်တိုင်အောင် တီးလို့ကြား သော်လည်း နီဝရဏတရား ပိတ်ထားတော့ ကြားဖူးကြသေးရဲ့လား (မကြားဘူးပါ ဘုရား)။

မကြားဘူးတော့ သစ္စာလေးပါးမသိ၊ မသိတော့ ကျုပ်တို့ နိရောဓ သစ္စာမမြင်ရ၊ ဒီနိရောဓသစ္စာ မမြင်ရတာ ဘယ်သူ့ကြောင့်ပါလိမ့်မတုံး (နီဝရဏကြောင့်ပါ ဘုရား)။

ဒါဖြင့် ဒကာသစ်၊ ဒါအရေးကြီးတဲ့ အချက်နော်။ အရေးကြီးတာ အရေးကြီးသလို ဖယ်ရှားတဲ့ နေရာမှာ အလွန် အရေးကြီးတော့တယ် ဆိုတာ ဒကာကြွယ် မပေါ်သေးဘူးလား (ပေါ်ပါတယ် ဘုရား)။

အဝိုင်း ဒုက္ခကြီးကို ပြေးခိုင်းထားတယ်

ကိုင်း ဒကာ,ဒကာမတို့ တစ်သံသရာလုံး အရှုံး ကြီး ရှုံးခဲ့ရတာ၊ ဘယ်သူ ပိတ်ပင်မှုပါလိမ့် (နီဝရဏ ပိတ်ပင်မှုပါ ဘုရား)။

ဒုက္ခဆင်းရဲထဲမှာ လည်ပတ်ပြီး သကာလ ဘယ် တော့မှ မဆုံးနိုင်တဲ့ ဒုက္ခကြီးကို ဇာတိရယ်, ဇရာရယ်, ဗျာဓိရယ်, မရဏရယ်, ဇာတိရယ်ဆိုပြီး သကာလ အဝိုင်း ဒုက္ခကြီး ပြေးခိုင်းထားတယ် ဆိုတာ ဘယ်သူပါလိမ့် (နီဝရဏတရားပါ ဘုရား)။

ဘုရားတွေ ဂင်္ဂါဝါဠု သဲစုမက ပွင့်တော်မူပါရဲ့ ကိုယ်ကျိုးကိုယ့်ဟာတွေ၊ သူတစ်ပါးအကျိုးတွေ ရွက်ဆောင် သွားပါရဲ့၊ မဟာ ကရုဏာတော်ကြီးနဲ့လည်း ဟောကြ ပြော ကြပါရဲ့၊ ဟိုထဲလည်း မပါအောင် ပိတ်ပင်တာ ဘယ်သူပါ လိမ့် (နီဝရဏပါ ဘုရား)၊ ဒကာကြွယ် အလွန်ဆိုးနေပြီ (မှန်ပါ့)။

အားလုံး နောက်က ဒကာ,ဒကာမတွေ အဆိုးထဲ မှာ အဆိုးဆုံးတရားဟာ ဘယ်သူပါလိမ့် (နီဝရဏတရား ပါ ဘုရား)။

အဇာတသတ်နဲ့ သိင်္ဂါလ သတို့သား

အဲဒါကြောင့် ဒီနီဝရဏတရားကို အဇာတသတ် လည်း ဟောပါတယ်၊ သိင်္ဂါလ သတို့သား လည်း ဟောပါ တယ်၊ ဒါကြောင့် ဒကာ,ဒကာမတွေ ယနေ့နောက်ဆုံးပိတ် နီဝရဏဖြစ်တဲ့ အဝိဇ္ဇာဆိုတဲ့ ဝိစိကိစ္ဆာ နီဝရဏ (မှန်ပါ့)။ အဝိဇ္ဇာနဲ့အတူဖြစ်တာပဲ။

မှတ်ချက်။ ။ဝိစိကိစ္ဆာစိတ်သည် မောဟမူစိတ်ဖြစ်သည်ကိုရည်ရွယ်၍ ဆိုပါသည်။ တရားနာ ပရိသတ်သည် ပဋိစ္စသမုပ္ပါဒ်ကို အကျွင်းတဝင် ရှိပြီးဖြစ်၍ ဝိစိကိစ္ဆာကို ပဋိစ္စသမုပ္ပါဒ် အတွင်း ထည့်သွင်းပြခြင်း ဖြစ်ပါသည်။

ဒီနေ့ ဘာဟောရမှာပါလိမ့် (အဝိဇ္ဇာဆိုတဲ့ ဝိစိကိစ္ဆာ နီဝရဏပါ ဘုရား)၊ ဝိစိကိစ္ဆာ နီဝရဏ ဆိုတာ ဒကာသစ်ရ၊ အဝိဇ္ဇာပဲ (မှန်ပါ့ ဘုရား)။

အဲဒီ တစ်လုံးထဲပဲ ဒီနေ့ ဒကာ,ဒကာမတို့၊ ဒီဝိစိကိစ္ဆာနီဝရဏဟာ ဘယ်ကများ လာပါလိမ့်မလဲ ကျုပ်တို့ မေးဖို့ အကြောင်းရင်းရှာဖို့ လိုလာတယ် (မှန်ပါ့)။

သံသယ၊ အဝိဇ္ဇာ

ဘယ်ကလာပါလိမ့်မတုံး၊ ဒီဝိစိကိစ္ဆာ ဆိုတဲ့ သံသယ လုံးလေးဟာ (ဝါ) အဝိဇ္ဇာလေးဟာ ဘယ်ကများ လာပါလိမ့်မလဲ ဆိုတာ လက်သည်ရှာကြစို့၊ လက်သည်ရှာလိုက်တဲ့ အခါကျလို့ရှိရင် ဒီသစ်ပင် ဘယ်ကများလာပါလိမ့်မတုံး ဆိုတော့ အမြစ်ကျအောင်ရှာပြီး တူးထုတ်ကြမယ်ဆိုလို့ ရှိရင် ကျုပ်တို့အိမ်အတွင်း ကျောင်းအတွင်းမှာ ရှင်းလင်းမှုဖြစ်သွား မှာပဲ (မှန်ပါ့)။

သူအမြစ်ရင်းမှ မရှာနိုင်လို့ရှိရင်လည်း ရှင်းလင်းမှု ဆိုတာ ဘယ်အခါကာလ အဖျားဖြတ် အညွန့်တွေ ဝေလို့ ကျုပ်တို့အိမ်အတွင်း၊ ကျောင်းအတွင်းမှာ ရှုပ်သထက်ရှုပ်၊ ပွေ သထက်ဖွေဖို့ရာ အကြောင်း ရှိတယ်ဆိုတာ သိကြမှာပဲ (မှန်ပါ့)။

ဝိစိကိစ္ဆာ နီဝရဏ

ဒါကြောင့် ဒကာ,ဒကာမတို့၊ ဝိစိကိစ္ဆာ နီဝရဏ ဘယ်ကလာတုံးမေးတဲ့အခါကျတော့မှ မူလပဏ္ဏာသ ပါဠိတော်မှာကွာတဲ့၊ ဒီလက်သည် မတွေ့လို့ ခက်ကြမဟုတ် လားလို့ ဘုရားက ပြောလိုက်တယ်နော် (မှန်ပါ့)။

ဝိစိကိစ္ဆာဟာ အဝိဇ္ဇာနော် (မှန်ပါ့)၊ ဒီလက်သည် ဘယ်ကလာပါလိမ့်မတုန်း မေးတဲ့ အခါကျတော့မှ ဘုရားက နှလုံးသွင်းသင့်တာ မသွင်း၊ မသွင်းသင့်တာ နှလုံးသွင်းလို့ လာတာကွ (မှန်ပါ့)။

လက်သည်ပေါ်ပြီ ဘုရားက (မှန်ပါ့)၊ နှလုံးသွင်း သင့်တာကို မသွင်းတော့ (မသွင်းပါ ဘုရား)၊ သော်, ဒါဖြင့် ဒကာ,ဒကာမတို့ ဒီနှစ်ချက်က လာတာပဲ (မှန်ပါ့)။

နှလုံးသွင်းမှားကလာတာ

နှလုံးသွင်းမှားက လာတာပဲဆိုကြစို့ (မှန်ပါ့)၊ မေးတဲ့ပုဂ္ဂိုလ်များ အတွက်ကတော့ နှလုံးသွင်း မှားက လာ တာပဲ (မှန်ပါ့)၊ ဒကာကြွယ် ဘယ်ကလာ (နှလုံးသွင်း မှားက လာတာပါ ဘုရား)။

ဪ ဝိစိကိစ္ဆာ ဘယ်ကများ လာပါလိမ့်မလဲလို့ သေသေချာချာ ဒီဝိစိကိစ္ဆာ လက်သည် ရှာလိုက်တော့ နှလုံး သွင်းမှားက လာတာ (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါ ပြီ ဘုရား)။

ဘယ်ကများလာပါလိမ့် (နှလုံးသွင်းမှားက လာပါ တယ် ဘုရား)၊ တော်တော် အရေးကြီး တယ်တဲ့၊ ဒကာသစ် မှတ်စမ်းပါ (မှန်ပါ့)၊ သာမည အရေးကြီးလို့ရှိရင် ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် ဒါ နီဝရဏလို့လည်း မဟာ ဘူး (မှန်ပါ့)။

နီဝရဏဖြစ်ကြောင်းကိုလည်း ကိုယ်တော်မြတ်ကြီး အပင်ပန်းခံပြီး ဟောမှာမဟုတ်ဘူး (မှန်ပါ့)၊ ဆရာ ဘုန်းကြီးများကလည်း အထူးတလည် နောက်ထပ် ဆင့်ပြော နေရမယ်မဟုတ်ပါဘူး (မှန်ပါ့)။

ပထမမဂ်ကိုတားတယ်

အင်မတန် အရေးကြီးတရား၊ ပထမ,မဂ်ကို တားချ လိုက်တဲ့တရား (မှန်ပါ့)၊ ဒီဝိစိကိစ္ဆာ ဘယ်ဟာပါလိမ့် (ပထမမဂ်ကို တားတာပါ ဘုရား)။

ပထမမဂ်မှ မရလို့ရှိရင်လည်း ဒုတိယ, တတိယ ရဟန္တာဖြစ်ဖို့ ဝေးပါသေးရဲ့ဆိုတဲ့ အဓိပ္ပာယ် ရှင်းသွားတယ် (မှန်ပါ့)။

ဒါဖြင့် တရားမှ မဖယ်နိုင်ဘူး၊ ဒီတရားဖြစ်ကြောင်း မှ မသိဘူးဆိုလို့ရှိရင်ဖြင့် ကျုပ်တို့ ဘာတွေလှူလို့ ဘာတွေ တန်းပြီးကာလ နေစေကာမူ သူကလှုပ်တောင် လှုပ်မှာ မဟုတ်ပါဘူး၊ နိဗ္ဗာန် မဂ်ဖိုလ်ကို ပိတ်မြဲတိုင်း ပိတ်နေမယ် ဆိုတဲ့အကြောင်းဟာ ရှင်းလင်းသွားတော့တာပဲ (မှန်ပါ့)။

ဒါ သူ့ကိုအင်မတန် အရေးကြီးလို့ ကြီးသလို သူ့ အပေါ်မှာ အသားယူပြီး ပြောလာတယ်ဆိုတဲ့ ဥစ္စာလည်း မှတ်ရမယ် (မှန်ပါ့)။

သောတာပန် တည်မယ်ဆိုရင် ဒိဋ္ဌိ ဝိစိကိစ္ဆာ ပယ်ရ မယ် (မှန်ပါ့)။

ဝိစိကိစ္ဆာဆိုတာမောဟ

ဝိစိကိစ္ဆာကလည်း ဒိဋ္ဌိနဲ့ မသွေမကွာဖြစ်ပြီး သကာ လနေတဲ့တရား၊ ဒီ ဝိစိကိစ္ဆာ ဆိုတာ (အဝိဇ္ဇာ)မောဟ၊ မောဟဆို တာ အကုသိုလ်စိတ် အကုန်ယှဉ်တော့ ဒိဋ္ဌိနဲ့ကလည်း ယှဉ်နေ တယ် (မှန်ပါ့)။

ဒိဋ္ဌိနဲ့လည်း တွဲနေတဲ့ ဝိစိကိစ္ဆာဖြစ်နေတော့ ဦးလှ ဘူးရေ၊ ဒိဋ္ဌိနိရောဓော နိဗ္ဗာန်နဲ့ဝေးပါသေးရဲ့ (ဝေးပါတယ် ဘုရား)၊ ဒိဋ္ဌိချုပ်မှ နိဗ္ဗာန်ရောက်မှာ (မှန်ပါ့)၊ ဝိစိကိစ္ဆာ ချုပ်မှ နိဗ္ဗာန်ရောက်ပါလိမ့်မယ် (မှန်ပါ့)။

ပထမနိဗ္ဗာန်ကလေး (မှန်ပါ့)၊ အဲဒီ ပထမနိဗ္ဗာန် ကို ရခွင့်ရောက်ခွင့်မကြုံအောင် ပိတ်ပင် တားဆီးထားတာ ယနေ့ဟောမယ့် ပဉ္စမမြောက် ဝိစိကိစ္ဆာလို့ မှတ်လိုက်စမ်း ပါ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါတယ် ဘုရား)။

ဪ ဒကာ,ဒကာမတို့၊ ဘုရားအဆူဆူနဲ့လွဲ တရားအမျိုးမျိုးနဲ့လွဲ နိဗ္ဗာန်-မဂ်ဖိုလ် မြို့ကြီးနဲ့ ဘယ်တော့ မှ အေးချမ်းတဲ့ နိဗ္ဗာန်မဂ်ဖိုလ်ကြီးနဲ့ မကြုံခဲ့တာ လှမ်းလို့မျှော်မှန်းလို့မှ မကြည့်နိုင်အောင် ပိတ်ပင်ထားတာ ဘယ်သူ ပါလိမ့်မလဲ (နီဝရဏတရားပါ ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါတယ် ဘုရား)။

သာမညဆိုးတယ်လို့ မယူလိုက်ပါနဲ့

ဝိစိကိစ္ဆာ နီဝရဏ သာမညဆိုးတယ်လို့ မယူ လိုက်ပါနဲ့တဲ့၊ ပထမနိဗ္ဗာန်တောင် ပိတ်တယ် ဆိုတော့ ဒုတိယ၊ တတိယ၊ စတုတ္ထ နိဗ္ဗာန်သည် ဘယ်တော့မှ ရမယ် မဟုတ်ပါဘူး (မှန်ပါ့)။

သဘောကျပလား၊ ပထမနိဗ္ဗာန်တောင်မှ ရအောင် မပေးနိုင်ဘူးဆိုရင် ကျုပ်တို့ အပါယ် လေးပါး၌ နေစေဆိုတဲ့ အမိန့်တော်မှတ်တမ်းဝိစိကိစ္ဆာက စီရင်ချက် ချလိုက်တယ် (မှန်ပါ့)။

ဝိစိကိစ္ဆာက စီရင်ချက် ဗိုလ်လုပ်ပြီး စီရင်ချက်ချ လိုက်တော့ ကျုပ်တို့သည် ပထမ နိဗ္ဗာန်မြင်မှ အပါယ် လေးပါးတံခါး ပိတ်တာကိုး၊ ပထမနိဗ္ဗာန်ကို မမြင်အောင် ပိတ် ပင်ထားတာကလည်း ဝိစိကိစ္ဆာ မောဟဆိုတာ ဒကာကြွယ်တို့ ရှင်းပြီ (ရှင်းပါတယ် ဘုရား)။

ဒါဖြင့် ကျုပ်တို့သည် ဒီ ဝိစိကိစ္ဆာ သူရှိနေသရွေ့ ကာလပတ်လုံး အပါယ်စာ, အပါယ်မျိုးစေ့, အပါယ်ထဲမှာ သာ ကျုပ်တို့သည် ဆင်းရဲထဲမှာသာ နစ်မွန်းမျောပါပြီး ကြီးပွားနေရတော့တယ်ဆိုတာ ဘာမှ သံသယရှိဖို့ မလိုပါ ဘူး (မလိုပါ ဘုရား)၊ လိုသေးရဲ့လား (မလိုပါ ဘုရား)။ ( အဲဒါကြောင့် ဒကာသစ်တို့ ဒကာဦးလှဘူးတို့ ဝိစိကိစ္ဆာ သာမည အရေးကြီးသလား၊ အလွန့်အလွန်ပဲ ဖယ်ရှားဖို့ အရေးကြီးသလားတာ ယနေ့ပေါ်လာပြီ (ပေါ်ပါပြီ ဘုရား)။ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

အေး, ဒါကြောင့် ဝိစိကိစ္ဆာ ဘယ်ကလာသတုံးလို့ မေးလို့ရှိရင် နှလုံးသွင်းမှားက လာသည် (မှန်ပါ့)၊ ဝိစိကိစ္ဆာ ဘယ်ကလာပါလိမ့် (နှလုံးသွင်းမှားက လာပါတယ် ဘုရား)။

နှလုံးသွင်းသင့်တာမသွင်း၊ မသွင်းသင့်တာသွင်း

နှလုံးသွင်းသင့်တာ နှလုံးမသွင်းလို့၊ နှလုံးမသွင်းသင့် တာသွင်းလို့ အမှားထဲ ထည့်လိုက် ပါတော့၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)၊ ဝိစိကိစ္ဆာ ဘယ်ကလာတုံး (နှလုံး သွင်းမှားက လာပါတယ် ဘုရား)။

ပေါ်ပြီ ဒကာ,ဒကာမတို့၊ ပေါ်ပါပြီ၊ ဒါက ဝိစိကိစ္ဆာ ဒီဘက်က အယောနိသော မနသီကာရဆိုတဲ့ နှလုံးသွင်းမှားက လာတာ (မှန်ပါ့)။

“သဗ္ဗာသဝသုတ် မူလပဏ္ဏာသပါဠိတော်” သေသေ ချာချာ နှလုံးသွင်းမှားက လာတာဟေ့၊ သဘောကျပလား (ကျပါတယ် ဘုရား)။

ဝိစိကိစ္ဆာ မဂ်တား၊ ဖိုလ်တား၊ အပါယ်လေးပါး တံခါးဖွင့်ပေးတဲ့တရား၊ မဂ်ဉာဏ်, ဖိုလ်ဉာဏ် တော့ တားတဲ့ တရား၊ အပါယ်လေးပါးသာ ဖွင့်ပေးတဲ့တရား၊ ဘယ်က များလာပါလိမ့်မလဲ ဆိုတာ ဒကာ,ဒကာမတွေ လက်သည် ရှာပါ (မှန်ပါ့)။

နှလုံးသွင်း မှားတာက လာတာပါ၊ နှလုံးသွင်းမှား ကလာတာ၊ အင်း, နှလုံးသွင်းမှားကလည်း ပြင်ပေးမယ့်သူ သာ မရှိတော့ဘူးဆိုလို့ရှိရင်ဖြင့် ခင်ဗျားတို့ကို ကိုယ်တိုင် ပြင်တတ်ဖို့ အရေးကတော့ ဝေးပါသေးရဲ့ (မှန်ပါ့)၊ သဘောကျပလား (ကျပါတယ် ဘုရား)။

နှလုံးသွင်းမှားကို ပြင်ပေးမှရမယ်

ဒါဖြင့် ဒကာ, ဒကာမတို့၊ နှလုံးသွင်းမှားသည်ကား ဆိုလို့ရှိရင်ဖြင့်တဲ့ ပြင်ပေးမှပဲ ရမယ် (မှန်ပါ့)၊ နှလုံးသွင်း မှားပြင်ပေးမှ ရမယ်ဆိုတော့ ဒကာကြွယ် ကျေနပ်ပလား (ကျေနပ်ပါတယ် ဘုရား)။

အဲဒီတော့ကို နှလုံးသွင်းမှား အပါယ်ကျတော့မယ် ဆိုလို့ရှိရင် နှလုံးသွင်းက နဂိုကတော့ မှားတာပဲ (မှန်ပါ့)။

အပြင် အဆင်ကောင်းလို့ရှိရင် မှန်ရတော့မယ် (မှန်ပါ့)၊ နဂိုကတော့ (မှားပါတယ် ဘုရား)၊ အင်း,အပြင် အဆင်ကောင်း ပြန်တော့ (မှန်ရမှာပါ ဘုရား)။

အမဲသားဥပမာ

ဒါကြောင့် အဋ္ဌကထာဆရာများက ပြတယ်ကွာတဲ့၊ အမဲသားတွေ ဘာတွေရှိပါတယ်၊ သူ့ချည်း စားကြမယ်ဆို ရင် ညှီစော်နံ ပုပ်စော်နံ သွေးရဲရဲ သံရဲရဲနဲ့ ဘယ်နည်းနဲ့မှ စားလို့ သောက်လို့ မဖြစ်ဘူးကွာ (မှန်ပါ့)။

ခုနကပြောတဲ့အတိုင်း ငရုတ်, ပိတ်ချင်း ချင်းတွေနဲ့ မဆလာအမျိုးမျိုးတွေနဲ့ ပြီးပြန်, မြောက်ပြန်တော့လည်း အဖိုးတန်တယ် (မှန်ပါ့)။

စားဖို့သောက်ဖို့ဖြစ်ပြန်တယ် (မှန်ပါ့)၊ နဂိုက စား ဖို့၊ သောက်ဖို့မဖြစ်လာဘူး (မဖြစ်လာပါ ဘုရား)၊ သဘော ကျပလား (ကျပါတယ် ဘုရား)။

ဆရာကောင်းနဲ့ပေါင်းပါ

အပြင်အဆင် ကောင်းပြန်တော့လည်း ဟုတ်သွား ပြန်တယ် (မှန်ပါ့)၊ အသုံးနည်းတာကိုး (မှန်ပါ့)၊ အဲဒီတော့ ဘယ်သူမဆိုကွာ၊ အစကတော့ ကောင်းခဲ့တယ် မရှိဘူးတဲ့၊ ကလျာဏမိတ္တ ဆရာကောင်းနဲ့ ပေါင်းမှ နှလုံးသွင်း မှန်တယ် (မှန်လှပါ ဘုရား)။

ကလျာဏမိတ္တဆရာနဲ့ ပေါင်းမှ (နှလုံးသွင်းမှန် ပါတယ် ဘုရား)၊ နှလုံးသွင်းမှန်မယ် (မှန်ပါ့)၊ ဪ ဒကာကြွယ်၊ လက်သည်ပေါ်လာပြီ (မှန်ပါ့)။

တရားနာပါ

နှလုံးသွင်းကြောင့်လာတာ၊ နှလုံးသွင်းမှား ပြင်ချင်လို့ ရှိရင်ဖြင့် တရားနာပြီး သကာလ သူတော်ကောင်းနဲ့ ပေါင်းကြ (မှန်ပါ့)။

ဒါမှပဲ အမှန်ရမယ်လို့ အဋ္ဌကထာဆရာက ဖြေ လိုက်ပါတယ်၊ တယ်လည်း အဖိုးတန်ပါလား (မှန်ပါ့)။

အင်မတန် အဖိုးတန်တဲ့ စကားတွေ ဒကာ,ဒကာမ တို့ နားသေးသေးနဲ့ နားမထောင်ဘဲနဲ့၊ မဂ်ဉာဏ်, ဖိုလ် ဉာဏ်, နိဗ္ဗာန်ရောက်ကြောင်းမှာ ပိတ်ပင်တတ်တဲ့ ဝိစိကိစ္ဆာ နီဝရဏဟာ နှလုံးသွင်းမှားက လာတယ်။

နှလုံးသွင်းမှားကလည်း တရားနာ ဆရာကောင်းနဲ့ မပေါင်းရင် တစ်မှားတည်းမှားနေမှာပဲ (မှန်ပါ့)၊ တရားလည်း မနာရ သူတော်ကောင်းနဲ့လည်း မပေါင်းဘူး (မှန်ပါ့)။

ဘယ့်နှယ်နေကြပါလိမ့် (တစ်မှားတည်း မှားနေပါ တယ် ဘုရား)၊ ဘယ်လိုမှားမှာတုံး နှလုံးသွင်း မှားနေမှာပဲ (မှန်ပါ့)၊ သဘောကျပလား (ကျပါတယ် ဘုရား)။

အဲ ဒါဖြင့် ဒကာ,ဒကာမတို့၊ ဒီအရေးသည် သာမညအရေးလို့ ဦးလှဘူးတို့က မတွေးလိုက်ပါနဲ့၊ တရားလည်း နာမှနော်၊ ကလျာဏမိတ္တဆိုတဲ့ သူတော်ကောင်းနဲ့ လည်း ပေါင်းမိ (ပေါင်းမိပါတယ် ဘုရား)။

ပေါင်းမိရင် တရားနာရတော့တာပဲ (မှန်ပါ့)၊ သူ တော်ကောင်းပေါင်းမိရင် တစ်လုံးပြောလိုက်၊ နှစ်လုံး ပြော လိုက်ဆိုတော့ နှလုံးသွင်းက မှန်သွားတယ် (မှန်ပါ့)၊ နှလုံးသွင်းမှန်ပြန်တော့လည်း ဝိစိကိစ္ဆာက ပျောက်ပြန် တယ် (မှန်ပါ့)။

ဒါကြောင့် ဒကာ,ဒကာမတို့၊ နှလုံးသွင်းမှားကို နှလုံးသွင်းမှန်ဖို့ အရေးဟာဖြင့် တရားနာမှုနဲ့ သူတော်ကောင်း နဲ့ သူတော်ကောင်းနဲ့ပေါင်းမှုဟာ အလွန်အရေးကြီးတယ် ဆိုတဲ့ အဓိပ္ပာယ်မျိုးဟာဖြင့် ဘာမှသံသယ မရှိဘဲနဲ့ မှတ် ကြပေတော့ (မှန်ပါ့)။

နှလုံးသွင်းမှန်အောင် ဘယ့်နှယ်လုပ်ကြမလဲ

နှလုံးသွင်းမှန်အောင် ဘယ့်နှယ်လုပ်ကြမယ် (တရားနာမှုနဲ့ သူတော်ကောင်းနဲ့ ပေါင်းပါ ဘုရား)၊ တရား လည်းနာပါ၊ တရားနာပြီး သူတော်ကောင်းနဲ့ ပေါင်းပါ၊ တရားလည်းနာပါ၊ သူတော်ကောင်း နဲ့ကော (ပေါင်းရမှာ ပါ ဘုရား)။

ဒါဖြင့် ကိုယ့်အိမ်ကိုယ့်ရာ နေပြီး သကာလ ကိုယ်ထင်ရာ ကိုယ်စိုင်းနေတဲ့ ပုဂ္ဂိုလ်များ အတွက် မှာဖြင့် နှလုံးသွင်း မှားကြီး ဖြစ်တော့မယ် (မှန်ပါ)။

နဂိုက အမဲသားဟာ အမဲသားပဲ ဖြစ်မှာပဲ၊ ဘာမှ မရောတဲ့အတွက် ပုပ်သာသွားမယ်၊ စားဖို့မဖြစ်ထဲက ဖြစ်၊မှာဘဲ (မှန်ပါ့)။

ဘယ်ဒီလောက်ထိအောင် အရုပ်ဆိုး အကျည်းတန် နေတဲ့အဖြစ်မျိုးဟာ ခင်ဗျားတို့ ကလျာဏမိတ္တနဲ့ မပေါင်း လို့ရှိရင်ဖြင့် ကိုယ်ကျိုးအကြီးအကျယ် နည်းပေါ့။ ခုနက ဒုက္ခစက်ဟာ ငါ့စက်ပဲလို့ သေသေချာချာမှတ်တော့ (မှန်ပါ့)။

ဘယ်လောက် အရေးကြီးတယ်ဆိုတာ ပေါ်ကြ ပလား (ပေါ်ပါပြီ ဘုရား)၊ အကြောင်း အကျိုးကော ဆက် မိကြရဲ့လား (ဆက်မိပါတယ် ဘုရား)။

ဪ ဒါဖြင့် ဒကာဒကာမတို့၊ လေးလေးစား စားနဲ့ နှလုံးသွင်းမှား ပြင်ကြပါစို့ (မှန်ပါ့)၊ နှလုံးသွင်းမှား မပြင်ရင် ဝိစိကိစ္ဆာ ရှိလာလိမ့်မယ်၊ သဘောကျပလား (ကျ ပါတယ် ဘုရား)။

ငါဘယ်ကလာပါလိမ့်မတုံး

ဝိစိကိစ္ဆာက ဘယ်လိုရှိတတ်သတုံးဆိုတော့ ငါဘယ်က လာပါလိမ့်မတုံး၊ ဟော ဒီလိုလာတာ၊ ဝိစိကိစ္ဆာ (မှန်ပါ့)၊ ယခု ငါဘာဖြစ်နေပါလိမ့်မတုန်း၊ ဒါဘာလဲ ဘာခေါ်ကြမယ် (ဝိစိကိစ္ဆာပါ ဘုရား)။

ငါသေရင် ဘာဖြစ်ပါလိမ့်မတုံး (ဝိစိကိစ္ဆာပါ ဘုရား)၊ ကြောက်စရာကောင်းလိုက်တာ၊ ခင်ဗျားတို့ သန္တာန် အမြဲရှိတယ်၊ ငါဘယ်က လာပါလိမ့်မလဲ၊ ဒါဘာပါလိမ့် (ဝိစိကိစ္စပါ ဘုရား)။

ယခု ငါဘာဖြစ်နေပါလိမ့်မလဲ (ဝိစိကိစ္ဆာပါ ဘုရား)၊ ငါသေရင် ဘာများဖြစ်ပါလိမ့်မလဲ (ဝိစိကိစ္ဆာပါ ဘုရား)၊ ဒီသုံးခုကရှိနေပြီ (ရှိနေပါတယ် ဘုရား)၊ ရှိနေပြီ ငါက ဘယ်က လာပါလိမ့် ဆိုတာကော (ဝိစိကိစ္ဆာပါ ဘုရား)။

ဝိစိကိစ္ဆာပဲမဟုတ်လား၊ အခုငါဘာဖြစ်နေပါလိမ့် မလဲ (ဝိစိကိစ္ဆာပါ ဘုရား)၊ ဪ ခက်လိုက်တဲ့ ဖြစ် ခြင်း၊ ခင်ဗျားတို့ ဝိစိကိစ္ဆာကလည်း ငါသေရင် ဘာဖြစ်ပါ လိမ့်မလဲ (ဝိစိကိစ္ဆာပါ ဘုရား)၊ ဆုံးဖြတ်ချက် ချတာလား၊ သံသယလား (သံသယပါ ဘုရား)။

သံသယတွေဟာ ဘယ်ကလာတာတုံး

အင်း အဲဒီအသံ၊ သံသယတွေဟာ ဘယ်က လာတာတုံးဆိုတာ ယခုလက်သည်ရှာပါတော့၊ ဘယ်က လာကြသတုံး (နှလုံးသွင်းမှားက လာပါတယ် ဘုရား)။

နှလုံးသွင်းမှားကို မှန်ချင်လို့ရှိရင် တရားကိုနာ၊ ကလျာဏမိတ္တဆိုတဲ့ အရိယာတို့၏ တပည့်သားနဲ့ ပေါင်းပါ (မှန်ပါ့)၊ သဘောကျပလား (ကျပါတယ် ဘုရား)။

တရားနာပြီး အရိယာတို့၏ တပည့်သားနဲ့ ပေါင်း ပါ (မှန်ပါ့)၊ ဒီတရားလည်း မနာဘူး၊ အရိယာတို့၏ တပည့်သားတွေနဲ့လည်း “သုတဝါ အရိယသာဝကော” ဆိုတဲ့အတိုင်း အကြားအမြင် ရှိတဲ့ အရိယသာဝကော အရိယာတို့၏ တပည့်တွေနဲ့ မပေါင်းလို့ ရှိရင်လည်း နှလုံး သွင်းမှားနဲ့ပဲနေပြီး ငါဘယ်က လာပါလိမ့်ဆိုတဲ့ ဝိစိကိစ္ဆာ (မှန်ပါ့)။

အဲ, ငါအခု ဘာဖြစ်နေပါလိမ့်ဆိုတဲ့ ဝိစိကိစ္ဆာ (မှန်ပါ့)၊ ငါသေရင် ဘယ်များ ဘာဖြစ်ရဦးမှာ ပါလိမ့်မလဲ ဆိုတာကော (ဝိစိကိစ္ဆာပါ ဘုရား)။

ငါသေရင်ဘာများဖြစ်မလဲ

အဲဒီ သေပြီးသည့် အခြားမဲ့၌ နောက်ဘဝ၌ ဘာ များဖြစ်ရပါလိမ့်မလဲ ဆိုတာကော ဘာတွေတုန်း (ဝိစိ ကိစ္ဆာပါ ဘုရား)၊ တယ်ခက်လိုက်တဲ့ဖြစ်ခြင်း၊ ဒကာ,ဒကာမ တို့ အမှန်ကို တစ်လုံးမှ မပါဘူး (မှန်ပါ့)၊ ပါသေးရဲ့လား (မပါ,ပါ ဘုရား)။

အင်း, ဒါဖြင့် ဒီလို ဝိစိကိစ္ဆာနဲ့သာ ခင်ဗျားတို့ နေကြမယ်ဆိုရင်ဖြင့် ဝိစိကိစ္ဆာသည် မောဟ (မှန်ပါ့)၊ မောဟဆိုတာ အဝိဇ္ဇာ (မှန်ပါ့)။

အဝိဇ္ဇာပစ္စယာ သင်္ခါရာ လမ်းသာ လိုက်ကြပေ တော့ (မှန်ပါ့)၊ အဝိဇ္ဇာပစ္စယာ (သင်္ခါရာပါ ဘုရား)၊ အဲ သင်္ခါရပစ္စယာ (ဝိညာဏံပါ ဘုရား)။

ဝိညာဏ်က ပဋိသန္ဓေနေတာ (မှန်ပါ့)၊ ဝိညာဏ်ဆို တာ ပဋိသန္ဓေနေတာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ အဲဒီလမ်းသာ သွားကြပေတော့တဲ့၊ သူမပယ်နိုင်လို့ရှိရင် (မှန်ပါ့)၊ အတော် မဆိုးဘူးလား (ဆိုးပါတယ် ဘုရား)။

မနေ့က ကုက္ကုစ္စ ကြောက်စရာကောင်းသလောက် ဒီနေ့ ဝိစိကိစ္ဆာလည်း ကြောက်စရာ ဒကာကြွယ် တယ် ကောင်းပါလား (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ကိုင်း ဒကာ,ဒကာမတို့၊ ဝိစိကိစ္ဆာ မပယ်နိုင် သောတာပန်မဖြစ်၊ သောတာပန်မဖြစ်လို့ရှိရင် အပါယ်လေး ပါးဟာ ကိုယ့်အိမ်ကိုယ့်ရာမှတ် (မှန်ပါ့)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

အဲ့ဒါကြောင့် တရားလည်းနာ၊ အားလည်းထုတ်ကြ ဆိုတဲ့ဥစ္စာ ဆရာသမားသည်၊ ဘုရားသည် အလွန်အလွန် တိုက်တွန်းတဲ့ ဥစ္စာသည်၊ ဒကာ,ဒကာမတို့ သာမည ကရုဏာ မဟုတ်လို့ ဘုရားသခင် ကိုယ်တော်ကြီးကို ကရုဏာ မဟာ တွေတပ်ပြီး မဟာကရုဏာရှင်ဆိုပြီး သကာလ အားလုံးသော သူတို့ ဆိုင်းဘုတ်ဆွဲကြရတယ် (မှန်ပါ့)၊ မဆွဲရဘူးလား (ဆွဲရပါတယ် ဘုရား)။

အခုပြင်ချိန်လေး ပေါ်လာတယ်

ကဲ အဲဒါတွေ ကြည့်တော့မှ ဒကာ,ဒကာမတွေ ကိုင်း အခုအချိန်လေးမှာ ခင်ဗျားတို့ကလည်း မသေ၊ ဆရာသမား ကလည်း ပြောတတ် ဆိုတတ်ရှိ၊ သာသနာလေးကလည်း ကြုံ၊ ဒီအချိန်လေးမှ ယခုပြင်ချိန်လေး ပေါ်လာတယ် (မှန်ပါ့)၊ တော်, တော်သေးရဲ့နော်။

သာသနာ့နောက်ပိုင်းမှာ တစ်ဝက်ကျော်မှ ဒါလေး လာပြီး သကာလ ပြင်ပေးမယ့်ဆရာနဲ့၊ ခင်ဗျားတို့ ဒီပြင် လိုက်လို့ရှိရင်လည်း ပြောင်းသွားမယ့် ဒုက္ခစက်ကြီး ပြတ် သွားမယ့် လမ်းကိုလည်း လျှောက်ရမှာနဲ့ဆိုတော့ “ဪ, တော်တော်,တော်သေးရဲ့”ဆိုတဲ့ စကားမျိုးဟာ ဒီအချိန်သုံး ဖို့သင့်တာ (မှန်ပါ့)။

ဒီအချိန်ပဲ သုံးဖို့သင့်တယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ)၊ ကိုင်း ဒါဖြင့် ဒကာ,ဒကာမတို့ အပါယ်လေးပါး ရောက်စေတတ်တဲ့တရား ဝိစိကိစ္ဆာနီဝရဏ (မှန်ပါ့)။

သူရှိရင် ဒိဋ္ဌိကပါတယ်

သူရှိနေရင် ဒိဋ္ဌိက ပါတာပဲ (မှန်ပါ့)၊ သူရှိနေရင် ဒိဋ္ဌိက ဘယ့်နှယ်ကြောင့် ပါပါလိမ့်မလဲ၊ ဒိဋ္ဌိပါတယ်ဆိုတာ ရှင်းပြဦးမယ် ဒကာသစ် (မှန်ပါ့)၊ ငါ, ဘယ်ကလာပါလိမ့်မလဲ၊ ငါက ဒိဋ္ဌိ (မှန်ပါ့)၊ ဘယ်က လာပါလိမ့်မလဲ ဆိုတာက သံသယ၊ သံသယဆိုတာ ဝိစိကိစ္ဆာ။

ဟော ငါဘယ်က လာပါလိမ့်မလဲ၊ ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာ တွဲနေတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ ယခု ငါဘာဖြစ်နေပါလိမ့်မလဲ (ဒိဋ္ဌိဝိစိကိစ္ဆာနဲ့ နေပါတယ် ဘုရား)၊ တွဲလျက်ကြီးဗျ (မှန်ပါ့)။

ငါ,သေလို့ရှိရင် နောက် ငါဘာဖြစ်ရပါလိမ့်မလဲ (ဒိဋ္ဌိဝိစိကိစ္ဆာပါ ဘုရား)၊ ကိုင်း,ခင်ဗျားတို့ ဝိစိကိစ္ဆာ ဘယ် လောက်အရေးကြီးတယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ)။

ဒိဋ္ဌိဝိစိကိစ္ဆာ မပယ်နိုင်လို့ရှိရင် အပါယ်လေးပါး တံခါးပိတ်တယ်လို့ ဘယ်ဘုရားမှ မဟောဘူး (မှန်ပါ့)။

ဘယ်မဂ်မှလည်း မရနိုင်ဘူး (မှန်ပါ့)၊ အဲဒါကြောင့် ဒီနေ့အရေးသည် ဦးလှဘူး၊ ဒကာကြွယ်တို့ သာမည အရေး မဟုတ်ပါဘူးဟုတ်လား။

တစ်သံသရာလုံးကနေပြီး သကာလ ဘယ်တုန်းကမှ မပွင့်တဲ့မျက်လုံးကို ဖွင့်ရမယ့် မျက်လုံးဖြစ်သွားတယ် (မှန် ပါ့)၊ မဖွင့်တဲ့ မျက်လုံးကို ဖွင့်ရမယ့်မျက်လုံး ဖြစ်သွားတယ် (မှန်ပါ့)။

မဖွင့်တဲ့မျက်လုံး၊ ဖွင့်ပြီးသား မျက်လုံးဖြစ်ရမယ်ဆို တော့ အထူးဂရုစိုက်ပြီး သကာလ ဪ တော်တော် အရုပ်ဆိုးနေတာ ဒီတစ်ခါမှ မပြင်လိုက်လို့ရှိရင်ဖြင့် အရုပ် ဆိုးအကျည်းတန်နဲ့ပဲ သံသရာ ခရီးသည်အဖြစ်နဲ့၊ ဝန်ထမ်း သမား အပါယ်လေးပါး ကိုအိမ်ဆောက်တော့မှာပဲ ဆိုတာ ဖြင့် ဘာမှ သံသယမရှိကြပါနဲ့ ဒကာ,ဒကာမတွေ၊ သိပ် ဆိုးရွားနေလို့ ပြောရတယ် (မှန်ပါ့)၊ ရှင်းပြီနော် (ရှင်း ပါတယ် ဘုရား)။

အရေးတကြီး ပြောလာတယ် ဆိုလို့ရှိရင်ဖြင့် မဂ် တား, ဖိုလ်တား တရားမို့ပဲ (မှန်ပါ့)၊ မှတ်မိကြပလား (မှတ်မိပါတယ် ဘုရား)။

အရေးတကြီး ဘယ့်နှယ်ကြောင့် ဆရာဘုန်းကြီး နာရီဝက်တောင်ရှိပြီ၊ သူ့အရေးချည်း ပြောနေတယ် (မှန်ပါ့)။

မဂ်တား ဖိုလ်တားဆိုတော့ မဂ်, ဖိုလ်တားလို့ ရှိရင် ဒုက္ခစက်ကို လည်စေတာပဲ (မှန်ပါ့)၊ မဂ်ဉာဏ်တားလို့ ရှိရင် (ဒုက္ခစက်ကို လည်စေမှာပါ ဘုရား)၊ ဒုက္ခ စက်လည်စေတာပဲ၊ သေသေချာချာ သိကြပလား (သိပါပြီ ဘုရား)။

မဂ်တား ဖိုလ်တားက ဝိစိကိစ္ဆာ

ကိုင်း,ဒါဖြင့် တရားပြန်ကောက်ကြစို့ ဒကာ,ဒကာမ မဂ်တားဖိုလ်တားက ဝိစိကိစ္ဆာ (မှန်ပါ့)။

သူသည် ဘယ့်နှယ်ကြောင့် ကျုပ်တို့ ဝိစိကိစ္ဆာ ခန္ဓာကိုယ်ထဲမှာ “ငါဘယ်ကလာပါလိမ့်မတုံး၊ ငါ, အခု ဘာဖြစ်နေပါလိမ့်မတုံး၊ နောက် ငါသေ ဘာဖြစ်ရပါလိမ့် မလဲ”ဆိုတဲ့ ဒီနှလုံးသွင်း အမှားတွေ ဘယ်လိုကြောင့် ဒီ ဝိစိကိစ္ဆာတွေ၊ ဒီသံသယတွေ၊ ဒီဒိဋ္ဌိနဲ့ တွဲလျက်ကြီးတွေ ဘယ့်နှယ်ကြောင့် လာပါလိမ့်မလဲလို့ မေးတော့ နှလုံသွင်း မှားကြောင့် (မှန်ပါ့)။

မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)၊ ဘယ့်နှယ် ကြောင့် (နှလုံးသွင်းမှားမှုကြောင့် လာတာပါ ဘုရား)။

ဪ ဒကာ,ဒကာမတွေ၊ ငါမရှိတာ ငါလုပ်ပြီး နှလုံးသွင်းတယ် (မှန်ပါ့)၊ သဘောကျပါရဲ့လား (ကျပါ တယ် ဘုရား)။

ငါဘယ်က လာပါလိမ့်မလဲဆိုတဲ့ ဥစ္စာကိုလည်း သူသည် သံသယရှိပြီး သကာလ နှလုံး မသွင်းသင့်တာကို နှလုံးသွင်းတယ် (မှန်ပါ့)။

တရားမနာ၊ ဆရာကောင်းမတွေ့လို့

ဒါဖြင့် နှလုံးသွင်းမှားကချည်း လာတာပဲဆိုတာ ပေါ်ပြီ (ပေါ်ပါပြီ ဘုရား)၊ နှလုံးသွင်း ဘယ့်နှယ်ကြောင့် မှားရပါလိမ့်မတုံးဆိုတော့ တရားမနာ၊ ဆရာကောင်း မတွေ့လို့ (မှန်ပါ့)။

ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)၊ နှလုံးသွင်း ဘယ့် နှယ်ကြောင့် မှားပါလိမ့် (တရားမနာ၊ ဆရာကောင်း မတွေ့လို့ပါ ဘုရား)။

အေး, တရားမနာ၊ ဆရာကောင်းကို ခင်ဗျားတို့ မရှာတော့ မတွေ့ဘူး၊ ထိုကဲ့သို့ မတွေ့ နိုင်တော့ ခင်ဗျား တို့မှာ နှလုံးသွင်းမှား၊ တရားမနာ၊ ဆရာကောင်းမတွေ့ သောကြောင့်လည်း နှလုံးသွင်းမှာ ကိုယ်ထဲအမြဲရှိနေ တယ် (ရှိနေပါတယ် ဘုရား)။ နှလုံးသွင်းမှာ အမြဲရှိနေ သောကြောင့်လည်း ဝိစိကိစ္ဆာ လာလိုက်တာ (မှန်ပါ့)။

ဝိစိကိစ္ဆာ ရှိသောကြောင့်လည်း အပါယ်လေးပါးသွား ရ၏ (မှန်ပါ့)၊ အကြောင်းအကျိုး ဆက်ပါသလား (ဆက်ပါတယ် ဘုရား)၊ အင်မတန် ဒကာ,ဒကာမတို့ သေသေချာချာ ပြောနေတယ် (မှန်ပါ့)၊ တရားမနာ၊ ဆရာကောင်း မတွေ့သောကြောင့်လည်း နှလုံးသွင်းမှား (မှန်ပါ့)၊ တရား မနာ၊ ဆရာကောင်း မတွေ့သောကြောင့် (နှလုံးသွင်းမှားပါ တယ် ဘုရား)။

နှလုံးသွင်းမှားမှုကြောင့် ဘာဖြစ်တုံး (ဝိစိကိစ္ဆာ ဖြစ်ပါတယ် ဘုရား)၊ ဝိစိကိစ္ဆာဖြစ်လို့ အပါယ် သွားရ (မှန်ပါ့)၊ ကိုင်း ဦးလှဘူး ဘယ်လောက်အရေးကြီးသလဲ (အရေးကြီးပါတယ် ဘုရား)။

ဘုန်းကြီးက နေ့စဉ်အရေးကြီးနေတယ်

အဲဒီတော့ ဒကာ,ဒကာမတွေက စွဲချက်တော့ တင် ချင်တင်ကြမယ်၊ ဘုန်းကြီးဆီ တရားနာ ရတာ တစ်နေ့မှ အရေးမကြီးတဲ့နေ့ မပါဘူး ဆိုရင်လည်း ဆိုကြလိမ့်မယ် (မှန်ပါ့)။

ဒကာကြွယ် မဆိုပေဘူးလား (ဆိုပါတယ် ဘုရား)၊ ခင်ဗျားတို့ကတော့ ကိုယ့်ကလေးလို ဖြစ်နေတယ်၊ ကလေး လို ဖြစ်နေတယ်၊ ခင်ဗျားတို့က ကြိုးတန်း တဲတဲပေါ်မှာ လျှောက်နေတယ်၊ ကြိုးကလည်း ပြတ်လု၊ ဒီပေါ်ပဲ ကစား နေတယ်။

အဲဒါ မြင်ရတဲ့လူက နေ့တိုင်းအရေးကြီးရမှာ။ ဒီပုဂ္ဂိုလ်ဟာ ကြိုးကလည်း ပြတ်လုပြီ၊ ဒီပေါ် လျှောက်တုန်း၊ ကျသေပါလိမ့်မယ်၊ ကျသေမှာ နေ့တိုင်းကလည်း ကြောက်နေတယ်။

အဲဒီတော့ နေ့တိုင်းပဲ မြင်ရတဲ့ ပုဂ္ဂိုလ်က၊ ခင်ဗျားတို့ ငါပြောတာ နားထောင် အရေးကြီးတယ်၊ နင်က အရေးကြီးတယ် ငါပြောတာနားထောင်၊ မင်းဟာကျသေသော် လည်းကောင်း၊ ကြိုးပြုတ်သေ သော်လည်းကောင်း၊ ဒီနှစ်သေ ပဲ မင်းလုပ်နေတယ် (မှန်ပါ့)။

အဲဒီတော့ နေ့တိုင်း ဒီစကားကို အရေးတကြီး သူ့ အတွက် မပြောရပေဘူးလား (ပြောရမှာပါ ဘုရား)၊ ဒီမှာ လည်း ခင်ဗျားတို့ကလည်း အဝိဇ္ဇာပစ္စယာ သင်္ခါရာ လမ်း ချည်းပဲ လိုက်နေတော့ ချောက်ချမယ့်လမ်း၊ ပဋိသန္ဓေ ချောက်ကျမယ့် လမ်းချည်းလိုက်နေတယ် (မှန်ပါ့)။

တစ်နေ့သော်လည်း ဆရာဘုန်းကြီးများ အရေးကြီး တယ်။ မင်းတို့ဥစ္စာဟာ ဘယ်လမ်း လျှောက်နေလို့တုန်း (အဝိဇ္ဇာ သင်္ခါရလမ်း လျှောက်နေပါတယ် ဘုရား) နက်ဖြန်ကျပြန် ဟောပြ တော့လည်း ဒကာ, ဒကာမတွေက ဘယ်လမ်းလိုက်နေလို့တုံး (အဝိဇ္ဇာသင်္ခါရလမ်း လိုက်နေလို့ပါ ဘုရား)။

ဘယ့်နှယ်ကြိုးကလည်း ပြတ်လုပြီ၊ ဒီ ဒကာ,ဒကာမတို့ ဟုတ်လား၊ ဒီထဲမှာ ပျော်မြူးနေမယ်, နေမယ်ဆိုလို့ရှိ ရင် ဒကာသစ် ပြောထိုက်၊ မပြောထိုက် (ပြောလိုက်ပါ တယ် ဘုရား)။

ဒို့အရေးမပြီးသေးလို့မှတ်

အဲ့ဒါကြောင့် ခင်ဗျားတို့ဥစ္စာဟာ တစ်နေ့မှ အရေး မ ကြီးတဲ့နေ့ မရှိဆိုတာ ခင်ဗျားတို့ကိစ္စ မပြီးသရွေ့၊ လမ်းမှား လွဲနေသရွေ့ ကာလပတ်လုံး ဒီတရားတွေကို မပယ်နိုင်သေး သရွေ့ ကာလပတ်လုံး ဟာ ဒို့အရေးမပြီးသေးဟူ၍မှတ် (မှန်ပါ့)။ ဘယ်လိုမှတ်ကြမတုံး (ဒို့အရေး မပြီးသေးဟူ၍ မှတ်ရမှာပါ ဘုရား)။

ဒို့အရေး မပြီးသေးဆိုတာ သေသေချာချာ မှတ်ပါ။ ဒကာကြွယ်ရ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ,ဒကာမ ခုနက အကြောင်း အကျိုး ဆက်ပုံလေး နှလုံးသွင်းမှား ဘယ်က လာပါလိမ့် (တရားမနာ၊ ဆရာကောင်းမတွေ့က လာပါတယ် ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

တရားမနာ (ဆရာကောင်းမတွေ့ပါ ဘုရား)၊ တရား မနာ ဆရာကောင်းတွေ့ရင် ဘာလာပါလိမ့် (ဝိစိကိစ္ဆာ လာပါတယ် ဘုရား)။

နှလုံးသွင်းမှားက လာတတ်တယ်

ဝိစိကိစ္ဆာ လာတာ မဟုတ်၊ နှလုံးသွင်း မှားလာ တယ်။ ဝိစိကိစ္ဆာ မလာနိုင်သေးဘူး (မှန်ပါ့)၊ တရားမနာ ဆရာ မတွေ့လို့ ရှိရင်ဖြင့် ဘာလာတတ်တုံး (နှလုံးသွင်း မှားလာ တတ်ပါတယ် ဘုရား)။

အင်း, ပြင်ပေးမယ့်သူမှ မရှိပဲ သူ့အမဲသား၊ အမဲသား ပဲ၊ ငရုတ် ပိတ်ချင်း ချင်းနဲ့မှ ကူမှ မကူတော့ဘဲ၊ အပုပ် အပုပ် အတိုင်းဖြစ်နေတာပဲ၊ အညှီ အညှီအတိုင်း ဖြစ်နေတာပဲ ပြင်ပေးမယ့်သူ မရှိဘူး (မှန်ပါ့)။

အဲ့ဒါဖြင့် ဒကာ,ဒကာမတို့၊ ဝိစိကိစ္ဆာ ဘယ်က လာပါလိမ့်မလဲလို့မေး (နှလုံးသွင်းမှားက လာပါတယ် ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

နှလုံးသွင်းမှား ဘယ်ကလာပါလိမ့်မလဲ မေးပြန် တယ် (တရားမနာ ဆရာမတွေ့တာက လာပါတယ် ဘုရား)၊ တရားမနာ ဆရာမတွေ့လို့ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကဲ,ဒါဖြင့် တရားနာ ဆရာကောင်းတွေ့လို့ရှိရင် လည်း ဝိစိကိစ္ဆာဖြစ်ပါဦးမလား (မဖြစ်တော့ပါ ဘုရား)။

နှလုံးသွင်းမှားပါဦးမလား (မမှားတော့ပါ ဘုရား)၊

နှလုံးသွင်းမှ မမှားလို့ရှိရင်လည်း (ဝိစိကိစ္ဆာမလာတော့ ပါ ဘုရား)၊ ဝိစိကိစ္ဆာမှ မရှိဘဲနှင့်လည်း ဒိဋ္ဌိနဲ့တကွ ရော ပြုတ် အပါယ်ကျစရာ (မရှိတော့ပါ ဘုရား)။

သူတော်ကောင်းနဲ့ ပေါင်းမှမဂ်ရမယ်

ဪ ဒါဖြင့် ဒကာ,ဒကာမတို့၊ ဒီလို အကြောင်း အကျိုးကို သေသေချာချာ ဝေဖန်ပြီး ဉာဏ်နဲ့ စိစစ်ကြည့်တော့ မှ ဘုရားသခင်ကိုယ်တော်မြတ်ကြီးကလည်း ‘‘သပ္ပုရိသူပ သံသေဝေါ သောတာပတ္တိ အင်္ဂံ’’ ကွ။

သူတော်ကောင်းနဲ့ မပေါင်းရင်တော့ မဂ်ဝေးပါသေး ရဲ့ကွာ၊ ဘယ်တော့မှ သောတာပတ္တိမဂ် မရဘူးကွ (မှန် ပါ့)၊ အဲ့ဒီပါဠိတော်နဲ့လည်း သွားကိုက်တယ်၊ အင်္ဂုတ္တိုရ် ပါဠိတော်နဲ့လည်း သွားကိုက် တယ် (မှန်ပါ့)။

နှလုံးသွင်းမှန်မှ မဂ်ရမယ်

‘‘ယောနိသော မနသီကာရော သောတာပတ္တိအင်္ဂံ’’ ကွတဲ့။ နှလုံးသွင်းမှန်မှလည်း သောတာပတ္တိမဂ် ရမှာ တဲ့ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

တရားနာမှမဂ်ရမယ်

‘‘သဒ္ဓမ္မဿဝနံ, သောတာပတ္တိအင်္ဂံ’’၊ ဒကာ,ဒကာမတို့၊ တရားမနာဘဲနဲ့လည်း သောတာပတ္တိမဂ် ရဖို့အကြောင်း မမြင်ဘူးကွ၊ ကိုင်း မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ကဲ ဒီလောက် ဆိုရင်ဖြင့် ဝိစိကိစ္ဆာ၏ အဆိုးရွားချက် ဟာ အလွန်ပြင်းထန်ပါလား၊ ဒို့ကလည်း ဒီလောက် အရေး ကြီးတယ်လို့ မထားဘူး (မှန်ပါ့)။

ကြီးလိုက်တာက ခင်ဗျားတို့ နာဂါဆာကီတို့၊ အိုဆာ ကာတို့ချတဲ့ “အက်တောမိတ်” (အဏုမြူဗုံး) ထက် ဆိုး သေးတယ်၊ ဟိုဟာက တစ်ခါသေတာပါလားဗျ။ ဒီဟာက တစ်ခါမကဘူး တစ်သံသရာလုံး ဘုရားအဆူဆူနဲ့ လွဲပြီး သေပွဲချည်း ဝင်နေရတယ်၊ စဉ်းစားလိုက် (ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာ မပြုတ်လို့ပါ ဘုရား)။

ဪ, ဒီဝိစိကိစ္ဆာ တစ်လုံး မပြုတ်လို့ရှိရင် ဒိဋ္ဌိက လည်းမပြုတ် (မှန်ပါ့)၊ မပြုတ်လို့ရှိရင် အပါယ်လေးပါး ကလည်း ကိုယ့်အိမ်ကိုယ်ရာဖြစ် (မှန်ပါ့)၊ ဆိုတော့ အလွန် အရေးမကြီးဘူးလား (အရေးကြီးပါတယ် ဘုရား)။

ဆရာကောင်းမရှာခဲ့ရင်

အဲဒီတော့ အားလုံး တရားနာကြတဲ့ ဒကာ,ဒကာမ တွေ၊ ဘုန်းကြီးများက ကြီးလှစွာသော ကရုဏာနဲ့ ဪ, ကိုယ့်အိမ်ကိုယ်ရာမှ မသိသလိုနေပြီး၊ မသိသလိုစား မသိ သလိုဘဲ ရောင်းဝယ် နေကြလို့၊ ဆရာကောင်းလည်း မရှာ တရားလည်း မနာဆိုလို့ရှိရင်ဖြင့် ဒိဋ္ဌိဝိစိကိစ္ဆာ ဘယ်တော့ ပြုတ်ပါ့မတုံး (မပြုတ်ပါ ဘုရား)။

မပြုတ်လို့ရှိရင်ဖြင့် အပါယ်လေးပါးတံခါးဟာ သူ့ အတွက် အမြဲတမ်းပွင့် (မှန်ပါ့)၊ သေသည်၏ အခြားမဲ့၌ သွားလိမ့်မယ် (မှန်ပါ့)၊ သွားပြီး ပြန်တက်စရာ အကြောင်း မြင်သေးရဲ့လားမေးရင် (မမြင်ပါဘူး ဘုရား)။

အကယ်၍ အကြောင်းညီညွတ်လို့ နှစ်ပေါင်း သိန်း, သန်းကုဋေကြာပြီး တစ်ခါ ပြန်တက် လာပြန်လည်း ခုနက အတိုင်း ဒိဋ္ဌိဝိစိကိစ္ဆာ ကုန်မှာလား (မကုန်ပါ ဘုရား)။

တရားမနာ နှလုံးသွင်းမှားရင်

မကုန်ပြန်တော့ တရားမနာ နှလုံးသွင်း မှားတာ ကြောင့် ဝိစိကိစ္ဆာ ပြန်ဖြစ်မှာပဲ (မှန်ပါ့)။

အဲဒီတော့ သူဟာ အပါယ်လေးပါးဟာ ကိုယ့်အိမ် ကိုယ့်ရာဖြစ်တော့တယ်၊ ဓမ္မပဒ အဋ္ဌကထာက ပြောတဲ့အတိုင်း ဆုံးဖြတ်ချက် ချရုံမှတစ်ပါး ဘာမှမရှိတော့ပါဘူး (မှန်ပါ့)။

ကဲ၊ ဒကာ,ဒကာမတို့၊ ယနေ့ဟောမည့် တရား၊ ဝိစိကိစ္ဆာလေ အကျိုးအကြောင်းဖြင့် လည်လည်ပတ်နဲ့ သိပလား (သိပါပြီ ဘုရား)၊ ကိုင်း အပါယ်လေးပါး ဘယ်သူ တည်ထောင်သလဲ မေးရင်ဖြင့် ပြောင်းပြန်လှည့် ကြဦးစို့။

အကြောင်းအကျိုးစပ်ပြီးတော့ သတ်ပုံပြတာပေါ့။ ဟောဒါက အပါယ်လေးပါး၊ အပါယ်လေးပါး ဘယ်သူ တည်ထောင်သတုံး မေးတော့ ဝိစိကိစ္ဆာ (မှန်ပါ့)။

အပါယ်လေးပါး ဘယ်သူတည်ထောင်ပါလိမ့်

အပါယ်လေးပါး ဘယ်သူတည်ဆောက်ပါလိမ့် (ဝိစိကိစ္ဆာပါ ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)၊ ဝိစိကိစ္ဆာကို ဘယ်သူက တည်ဆောက်ပါလိမ့်မတုံး နှလုံးသွင်းမှား (မှန်ပါ့)။

နှလုံးသွင်းမှား ဘယ့်နှယ်ကြောင့် ပေါ်ပါလိမ့်မတုံး ဆိုတော့ တရားမနာ၊ သူတော်ကောင်း မတွေ့လို့ ဒီလို ဆက် ထားရမယ် (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အဲဒီလောက် အရေးကြီးပါတယ် ဆိုတာလည်း ခင်ဗျား တို့အတွက်မှာဖြင့် ဘာမှ ပြောစရာ မရှိဘူးနော် (မှန်ပါ့)။

ကိုင်း ဒကာ,ဒကာမတို့၊ ကံကောင်း အကြောင်း သင့်တုန်းကိုဖြင့် ဒါဘယ်ကနေစပြီး အမြစ်ဖြုတ်မယ် ဆိုတာ ဖြင့် ပေါ်ပါပြီ (ပေါ်ပါတယ် ဘုရား)။

ကိုင်း အခု တရားနာတော့ ဒကာ ဒကာမတွေက သိလာပြီ တရားနာပြီး ဆရာကောင်းနဲ့ ပေါင်းလိုက်တဲ့ အတွက် သိလာပြီ (မှန်ပါ့)၊ သိလာပြီး ဘယ်လိုသိလာတာတုံး ဆိုတော့ သိပုံလေး ရှင်းပြမယ် (မှန်ပါ့)။

တရားနာမှ သိလာတယ်

သိပုံလေး ရှင်းလာတော့ ဝိစိကိစ္ဆာကို အခု တရား နာပြီးတဲ့ ပုဂ္ဂိုလ်က ဝိစိကိစ္ဆာ သတ်တော့မယ် ဆိုတော့ လွယ် ပါတယ် ဒကာ,ဒကာမတို့၊ ဒီ နောက်ဘဝက ခင်ဗျားတို့က သစ္စာလေးပါး မသိခဲ့တာက ဘာဆိုကြပါ့မယ် (အဝိဇ္ဇာ ပါ ဘုရား)။

အဝိဇ္ဇာ၊ သူက သစ္စာလေးပါး မသိတော့ ပြုပြင်တဲ့ ကုသိုလ်တွေနဲ့ မတရားသဖြင့် တောင်းတဲ့ ဆုတွေ ဆိုတဲ့ သင်္ခါရနှစ်ခုက မလုပ်သေးဘူးလား (လုပ်ပါတယ် ဘုရား)။

အင်း ဒါဖြင့် အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ မဖြစ်ဘူး လား (ဖြစ်ပါတယ် ဘုရား)၊ ဒါက အတိတ်ဘဝ ထားလိုက်၊ လွန်ခဲ့တဲ့ဘဝနော်၊ လွန်ခဲ့တဲ့ဘဝက ဒီနှစ်ခုကြောင့် ယခုဘဝ မှာ ဝိညာဏ်, နာမ်ရုပ်၊ သဠာယတန၊ ဖဿ, ဝေဒနာ မပေါ် ဘူးလား (ပေါ်ပါတယ် ဘုရား)။

ဟော ခန္ဓာငါးပါး ပေါ်လာတယ် (မှန်ပါ့)၊ ဒကာ,ဒကာမတို့၊ ခန္ဓာငါးပါးကြီး ဒုက္ခ သစ္စာကြီး ဖြင့် ပေါ်လာပြီ၊ အင်း,ငါဘယ်က လာပါလိမ့်မလဲဆိုတာ ပြောသွားတယ် (မှန်ပါ့)။

ဘယ်ကမှ မလာဘူး၊ နောက်ဘဝက အဝိဇ္ဇာ သင်္ခါရ ကြောင့် ဒီဘဝ ခန္ဓာငါးပါးလာဖြစ်တယ် (မှန်ပါ့)၊ သဘောကျ ပလား (ကျပါတယ် ဘုရား)။

နောက်ဘဝက (အဝိဇ္ဇာသင်္ခါရကြောင့် ဒီဘဝ ခန္ဓာငါးပါးပေါ်ပါတယ် ဘုရား)၊ ဒီဘဝမှာ (ခန္ဓာငါးပါး ပေါ်လာပါတယ် ဘုရား)။

နောက်ဘဝက အကြောင်းနှစ်ခုကြောင့်

ဪ နောက်ဘဝကလည်း နောက်ဘဝ အကြောင်း နှစ်ခုကြောင့် ယခုဘဝ အကျိုးငါးပါးပေါ် (မှန်ပါ့)၊ နောက် ဘဝအကြောင်း နှစ်ခုကြောင့် (ယခုဘဝ အကျိုး ငါးပါးပေါ်ပါတယ် ဘုရား)၊ သဘော ကျပလား (ကျပါ တယ် ဘုရား)။

ဒီအကျိုးငါးပါးထဲမှာ ခင်ဗျားတို့ ဘာမှမပြုဘူး၊ ဝိပဿနာ မရှုဘူး၊ ဘာမှမလုပ်ဘူး ဆိုလို့ရှိရင်ဖြင့် ဒီခန္ဓာ ငါးပါးလည်း အဝိဇ္ဇာသင်္ခါရ လာမလား၊ မလာဘူးလား (လာပါတယ် ဘုရား)။

ပြန်လာဦးမှာပဲ အဝိဇ္ဇာလည်း လာဦးမှာပဲ၊ သင်္ခါရ လည်း လာဦးမှာပဲ၊ အဝိဇ္ဇာသင်္ခါရ ပြန်လာတဲ့ အတွက် စုတေမနေ သေလွန်တော့ ဒီဘက် ခန္ဓာ ငါးပါး မလာဘူး လား (လာပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် တော်တော်လေး ရှင်းသွားတော့ ငါက ဘယ်ကလာပါလိမ့်မလဲဆိုတာ ဘယ်ကမှ မလာဘူး၊ အဝိဇ္ဇာ သင်္ခါရက ပြုပြင်တာ (မှန်ပါ့)။

ငါဘာဖြစ်နေပါလိမ့်

ယခု ငါဘာဖြစ်နေပါလိမ့်မတုံး၊ ငါ ဘာမှ မဖြစ်ဘူး၊ ခန္ဓာငါးပါး ဒုက္ခသစ္စာတရား ဖြစ်နေတယ်။ သဘောကျ ပလား (ကျပါပြီ ဘုရား)။

နောက် ငါဘာဖြစ်မှာပါလိမ့်မလဲ၊ ဘာမှမဖြစ်ဘူး၊ အဝိဇ္ဇာပစ္စယာ သင်္ခါရာ မပယ်နိုင်ရင် ခန္ဓာငါးပါး ဒုက္ခသစ္စာ တရားပဲ ဖြစ်ရဦးမှာ (မှန်ပါ့)၊ ပေါ်ပလား၊ ဝိစိကိစ္ဆာ ရှိသေးရဲ့လား (မရှိတော့ပါ ဘုရား)။

ငါဘယ်ကလာပါလိမ့်မတုံး၊ မေးရင် ဘယ့်နှယ် ဖြေကြမယ် (အဝိဇ္ဇာသင်္ခါရက လာပါတယ် ဘုရား)၊ ယခု ငါဘာဖြစ်နေပါလိမ့်မတုံး၊ သံသယရှိသေးရဲ့လား (မရှိပါ ဘုရား)၊ ယခုဘာဖြစ်နေတုံး၊ ခန္ဓာငါးပါး ဒုက္ခသစ္စာတရားနဲ့ နေရတာပဲ ရှိတယ် (မှန်ပါ့)။

ဒီထဲကနေပြီး ကလျာဏမိတ္တ ဆရာကောင်းတွေနဲ့ မတွေ့ပြန်ဘူး ဆိုလို့ရှိရင်၊ မသိ အဝိဇ္ဇာနဲ့ ပြုချင်သလိုပြုတဲ့ သင်္ခါရတွေ လုပ်/မလုပ် (လုပ်မှာပါ ဘုရား)။

ခန္ဓာငါးပါးဒုက္ခသစ္စာ

အင်း ဒါဖြင့် အဝိဇ္ဇာ သင်္ခါရပြန်ဖြစ်တာပဲ (မှန်ပါ့)၊ စုတေမနေ သေလွန်တော့ ဘာဖြစ်မှာပါလိမ့် (ခန္ဓာငါးပါး ဒုက္ခသစ္စာတရား ဖြစ်မှာပါ ဘုရား)။

ခန္ဓာငါးပါး ဒုက္ခသစ္စာ တရားသာ ဖြစ်မယ်ဆိုတော့ ဪ, ဒါဖြင့် သုံးချက်စလုံး စင်သွားတယ် (မှန်ပါ့)၊ မစင် သေးဘူးလား (စင်သွားပါတယ် ဘုရား)။

အင်း,နောက်ဘဝက ငါဘာဖြစ်ခဲ့ပါလိမ့်မတုံးဆို တော့ ဘာမှမဖြစ်ခဲ့ဘူး၊ အဝိဇ္ဇာသင်္ခါရ ဖြစ်ခဲ့တယ် (မှန် )။

ယခုငါဘာဖြစ်နေပါလိမ့်မတုံးမေးရင် (ခန္ဓာ ငါးပါး ဒုက္ခသစ္စာ ဖြစ်နေပါတယ် ဘုရား)၊ နောက် ငါဘာဖြစ်မှာ ပါလိမ့်မတုန်း မေးလိုက်ပြန်ရင်ကော (ခန္ဓာငါးပါး ဒုက္ခသစ္စာပါ ဘုရား)။

ပဋိစ္စသမုပ္ပါဒ်အတိုနည်း

အဝိဇ္ဇာ သင်္ခါရ မချုပ်ရင် (ခန္ဓာငါးပါး ဒုက္ခသစ္စာ တရားပါ ဘုရား)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)၊ ဒါတော်တော်အရေးကြီးတယ်နော်၊ ပဋိစ္စသမုပ္ပါဒ် အတိုနည်းပြတာ (မှန်ပါ့)။

ပဋိစ္စသမုပ္ပါဒ်မှာ အတိုနည်းပြတာနဲ့ ရှင်းသွားတာ (မှန်ပါ့)၊ အရှည်စာလို ရှင်းနေမယ်ဆိုလို့ရှိရင် ခင်ဗျားတို့ ဘယ်နည်းနဲ့မှ ရှင်းနိုင်မှာလည်းမဟုတ်ဘူး။

ငါဘယ်က လာပါလိမ့်မတုံး

စာသံပါတာက တစ်မျိုး၊ ကိုယ်နားလည်မှု၊ အိတ် ကလေးက မပါတာမို့ ထည့်ပေးငြား သော်လည်း အဖတ်မတင် မှာက တစ်မျိုး (မှန်ပါ့)၊ ခုတော့ဖြင့် ငါဘယ်က လာပါလိမ့် မတုံးဆိုရင် ရှင်းကြပလား (ရှင်းပါပြီ ဘုရား)၊ အဝိဇ္ဇာ သင်္ခါရက လာတာ (မှန်ပါ့)၊ ယခု ငါဘာဖြစ်နေပါလိမ့် မတုံး၊ ငါပါရဲ့လား (မပါပါ ဘုရား)။

ခန္ဓာငါးပါး ဒုက္ခသစ္စာတရားပဲ ရှိတယ်၊ ငါကို မပါဘူး (မှန်ပါ့)၊ ရှေ့အနာဂတ်ဘဝ ငါဘာဖြစ်ရဦးမှာပါ လိမ့်မတုံး ဆိုပြန်တော့ အဝိဇ္ဇာသင်္ခါရ မစွန့်ရင် (ခန္ဓာ ငါးပါး ဒုက္ခသစ္စာပဲ ပြန်ဖြစ်မှာပါ ဘုရား)။

ခန္ဓာငါးပါး ဒုက္ခသစ္စာ

ခန္ဓာငါးပါး ဒုက္ခသစ္စာပဲ ဆိုတာ ဒကာ, ဒကာမတို့၊ အဝိဇ္ဇာသင်္ခါရကြောင့် ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဖြစ်တယ်။

ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာကို ဝိပဿနာမရှုလို့ အဝိဇ္ဇာသင်္ခါရ ပြန်ဖြစ်တယ်၊ အဝိဇ္ဇာသင်္ခါရ ပြန်ဖြစ်လို့ ခန္ဓာငါးပါး၊ ဒုက္ခသစ္စာတရားပြန်ပေါ်တယ် (မှန်ပါ့)၊ ဒီ ဒုတိယဘဝမှာ ခန္ဓာငါးပါး ဒုက္ခသစ္စာ တရားကို ဒုက္ခသစ္စာလို့ မသိပြန်တော့ အဝိဇ္ဇာသင်္ခါရ လာမယ် (မှန်ပါ့)။

အဝိဇ္ဇာသင်္ခါရလာရင် မဆုံးတော့ဘူး

အဝိဇ္ဇာသင်္ခါရ လာလို့ရှိရင် ဆုံးနိုင်ပါ့မလား၊ ခန္ဓာ ကိုယ်တွေ ဒကာကြွယ်တို့ (မဆုံးနိုင်ပါဘူး ဘုရား)၊ သော် ဒါဖြင့် နောက်ဘဝအကြောင်းကြောင့် ယခုဘဝ အကျိုး ယခုဘဝအကြောင်းကြောင့် အနာဂတ်အကျိုး (မှန်ပါ့)။

ဪ ဒီ အကြောင်းအကျိုးတွေ လှည့်နေတာပဲ တဲ့၊ ငါဘယ်ကမှ လာတာမဟုတ်ဘူး၊ ငါလည်းမရှိဘူး၊ နောက်လည်း ငါဖြစ်စရာ တစ်ခုမှ မရှိဘူးဆိုတဲ့ ဝိစိကိစ္ဆာတွေ ရှင်းသွားပလား (ရှင်းသွားပါပြီ ဘုရား)။

ဘယ့်နှယ်တုံး ဒကာ,ဒကာမတို့၊ တော်တော်လေးပိုင် (ပိုင်ကြပါပြီ ဘုရား)၊ ကဲ ပိုင်တယ် ဆိုပေမယ့် ခင်ဗျားတို့ ပိုင်တာက ကလေးသိ သိနေပြန်လို့ ရှိရင်လည်း ဝိပဿနာ ဉာဏ်က မရဘူးနော် (မှန်ပါ့)၊ အဲဒါကြောင့် နောက်ဘဝမှာ အတိတ်ဘဝ လွန်ခဲ့တဲ့ဘဝပေါ့ဗျာ (မှန်ပါ့)။

လွန်ခဲ့တဲ့ဘဝက ငါ ဘာဖြစ်ခဲ့ပြန်ပါလိမ့်မတုံး ဆိုတော့ အဝိဇ္ဇာသင်္ခါရတွေချည်း လုပ်ခဲ့တယ်၊ ရုပ်နာမ်ကို မသိတဲ့ အဝိဇ္ဇာ သင်္ခါရတွေနဲ့ မနေခဲ့ဘူးလား (နေခဲ့ပါတယ် ဘုရား)၊ အတိတ်ဘဝ ငါဘာဖြစ်ခဲ့ပါလိမ့်မတုံးဆို ဘယ်နှယ့် ကြ မတုံး (အဝိဇ္ဇာ သင်္ခါရ ဖြစ်ခဲ့ပါတယ် ဘုရား)၊ အဝိဇ္ဇာ သင်္ခါရ ဖြစ်ခဲ့တယ် (မှန်ပါ့)။

ငါသေရင် ဘာများဖြစ်ဦးမှာတုံး

ဪ ယခု ငါဘာဖြစ်နေပါလိမ့်မတုံး မေးပြန် တော့၊ ခန္ဓာငါးပါး ဒုက္ခသစ္စာတရားဖြစ်နေတယ် (မှန်ပါ့)၊ ငါသေရင် ဘာများဖြစ်ဦးမှာပါလိမ့်မတုံး (ခန္ဓာငါးပါး ဒုက္ခသစ္စာတရား ဖြစ်မှာပါ ဘုရား)။

အဝိဇ္ဇာသင်္ခါရ မစွန့်ရင် (ခန္ဓာငါးပါး ဒုက္ခသစ္စာ ဖြစ်မှာပါ ဘုရား)၊ ဒီပစ္စုပ္ပန်ဘဝ အဝိဇ္ဇာသင်္ခါရ မစွန့်ရင် ခန္ဓာငါးပါး ဒုက္ခသစ္စာတရားမှ တစ်ပါး ဘာဖြစ်မတုံး။

အဲ ဒါဖြင့် အတိတ်ဘဝကလည်း ခန္ဓာငါးပါး အဝိဇ္ဇာ သင်္ခါရ၊ ပစ္စုပ္ပန်ဘဝမှာလည်း ခန္ဓာငါးပါး အဝိဇ္ဇာသခါရ၊ အနာဂတ်ဘဝမှာလည်း ခန္ဓာငါးပါး ဒုက္ခသစ္စာတရား သူက ပေါက်ဖွားရင် အဝိဇ္ဇာသခါရ (မှန်ပါ့)။

ဒိပြင် ဘာရှိသေးတုံး, (မရှိပါဘူး ဘုရား)၊ ဒကာ,ဒကာမတွေ၊ ခက်ကုန်ပြီ၊ ခက်ကုန်ပြီ ဒကာ ဒကာမတို့၊ အဝိဇ္ဇာသခါရက ဒုက္ခသစ္စာလုပ်၊ ဒုက္ခသစ္စာက အဝိဇ္ဇာသင်္ခါရ ပြန့်ပွား (မှန်ပါ့)။

ဒုက္ခသစ္စာပင်ကြီး

ပွားတာကနေပြီး ဒုက္ခသစ္စာပြန်ဖြစ်၊ အဲဒီဒုက္ခသစ္စာ ထဲက အဝိဇ္ဇာသင်္ခါရတည်းဟူသော အညွန့်တွေ ပြန်ထွက်၊ ပြန်ထွက်တော့ ခန္ဓာငါးပါး ဒုက္ခသစ္စာအပင်ကြီးက ပေါက် (မှန်ပါ့)။

အဲဒီ အပင်ကြီးကနေပြီး အသီး အပွင့်တွေနဲ့တူတဲ့ အဝိဇ္ဇာသင်္ခါရတွေ ပြန်သီး (မှန်ပါ့)။

သီးပြန်လို့ရှိရင် ခုနက ခန္ဓာငါးပါး ဒုက္ခသစ္စာပင်က ပြန်ပေါက်။

ဒါဖြင့် ဒကာ,ဒကာမတို့၊ ဒီအပင်က ဒီအသီးသီး၊ ဒီအသီးက ဒီအပင်ပြန်ပေါက်မှာပဲ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါတယ် ဘုရား)။

ဒုက္ခသစ္စာသီး၊ သီးနေတာ

ဒီအပင်က ဒီအသီးသီးရင် (ဒီအပင် ပြန်ပေါက် ပါတယ် ဘုရား)၊ ဒီအပင်ကလည်း ဒုက္ခသစ္စာပင် (မှန်ပါ့)၊ ဒီအသီးသီးပြန်တော့လည်း ဒုက္ခသစ္စာသီး သီးနေတာပဲ (မှန်ပါ့)။

ဒုက္ခသစ္စာဖြစ်ဖို့ အသီးတွေပဲ သီးတယ်၊ ပြန်ပေါက် ပြန်တော့ ဘာပင်တွေ ပေါက်မတုံး (ဒုက္ခသစ္စာ ပင်တွေ ပြန်ပေါက်မှာပါ ဘုရား)။

ဒုက္ခသစ္စာပင်တွေ ပြန်ပေါက်တယ်

ဒုက္ခသစ္စာပင်တွေက ပြန်ပေါက်ပြီး ဘာတွေများ သီးဦးမယ်ထင်တုံး (ဒုက္ခသစ္စာအသီးတွေပဲ သီးမှာပါ ဘုရား)။

ဒုက္ခသစ္စာဖြစ်စေတဲ့ အသီးတွေပဲ မသီးပေဘူးလား (သီးမှာပါ ဘုရား)၊ အဲ ဒုက္ခသစ္စာဖြစ်စေတဲ့ အသီးတွေ က ကျရာအပင်တွေ ပေါက်ပြန်တော့ ဘာတွေများ ပေါက် မယ်ထင်သတုံး (ဒုက္ခသစ္စာပင်ပဲ ပေါက်ပါတယ် ဘုရား)။

ဒုက္ခသစွာပင်ပဲ ပြန်ပေါက်တယ်ဆိုတော့ ခက်ပြီ၊ ခက်ပြီ၊ ခက်ပြီ ဒကာ,ဒကာမတို့အတွက် အများကြီး ခက်ပြီး၊ သာမညအခက်လား၊ အကြီးအကျယ် ခက် တာလား တွေးလိုက်စမ်းပါဦး (အကြီးအကျယ် ခက်တာ ပါ ဘုရား)။

အဲ, တစ်သံသရာလုံး တပည့်တော်တို့ နေခဲ့ပုံ၊ ထိုင်ခဲ့ ပုံလေး အရှင်ဘုရား အမိန့်ရှိစမ်းပါဦး ဆိုကော၊ ဘုရား အမြင်နဲ့ ဘုန်းကြီးတို့ အတူပြုပြီး သကာလ ဟောလိုက်တော့ ဒီအမြင်ပဲရှိတယ် (မှန်ပါ့)၊ ဒီပြင်ဘာရှိသေးသတုံး (မရှိပါ ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အေး,ဒါဖြင့် ဒကာသစ်တို့ ဒကာကြွယ်တို့ ယနေ့ အရေးဟာ သေးသေးလို့ မမှတ်နဲ့နော် (မှန်ပါ့) သေးသေးလို့မမှတ်ပါနဲ့။

အင်မတန် ကြီးရင့်တဲ့ဉာဏ်နဲ့ ဘုရားသခင် ကိုယ် တော်မြတ်ကြီးဟောလို့ ဘုန်းကြီးတို့များက မီသလောက် ဖြေနေတယ်လို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

အပင်အမြစ်ပြုတ်မှ အသီးရပ်မယ်

ဒါဖြင့် ဒီအပင် အမြစ်မပြုတ်လို့ရှိရင် ဒီအပင်၏ အမြစ်ကို မပြုတ်သရွေ့ ကာလပတ်လုံး ဒီအသီး သီးဦးမှာပဲ (မှန်ပါ့)။

ဒီအပင် အမြစ်ကို မပြုတ်သရွေ့ကာလပတ်လုံး (ဒီအပင် ဒီအသီး သီးဦးမှာပါ ဘုရား)။

ဒီအပင်ကြီးစည်ကားပြီး ဒီအသီးတွေသီးပြီး ဒီလိုပဲ ကျရာဒုက္ခပင်တွေ ပေါက်ဦးမှာပဲ (မှန်ပါ့)၊ ပေါက်ရာမှာ ဒီအသီးတွေ (သီးဦးမှာပါ ဘုရား)။

ဟာ ဒါဖြင့် မူလအပင်၏ ရေသောက်မြစ်ကို ဒကာ,ဒကာမတို့၊ ဖြတ်ကြစို့ တောက်ကြစို့ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အဝိဇ္ဇာသင်္ခါရမသီးဖို့

မူလအပင် ဆိုတာကတော့ နောက်ကနောက်ဟာတွေ တော့ လွန်ပြီးသားမို့ ဖြတ်ဖို့မလိုဘူး၊ ယခုပစ္စုပ္ပန် ခန္ဓာ အပင်ကြီးက အဝိဇ္ဇာသင်္ခါရ မသီးဖို့ အရေးကြီးနေတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ပစ္စုပ္ပန်အပင်ကြီးက (အဝိဇ္ဇာသင်္ခါရ အသီးမသီး ဖို့ အရေးကြီးပါတယ် ဘုရား)၊ အဝိဇ္ဇာ သင်္ခါရအသီးတွေ ပြန်မကျဖို့ သိပ်အရေးကြီးနေတယ် (မှန်လှပါ ဘုရား)။

ကျရင်တော့ အနာဂတ်အပင်ကြီး အမလေး ထွား ထွားကြိုင်းကြိုင်းကြီး လာလိုက်မယ့်ဖြစ်ခြင်းမှ မပြောပါနဲ့တော့ (မှန်ပါ့)၊ အတော်ဆိုးလိမ့်မယ်ဆိုတာ မပေါ်လာ ဘူးလား (ပေါ်လာပါတယ် ဘုရား)။

အေး, ဒါကြောင့် ပစ္စုပ္ပန်အပင်ကြီးက ဒီအမြစ်တွေ ဒီအသီးတွေမသီးဖို့ ပစ္စုပ္ပန်အပင်ကြီးက ဒကာ, ဒကာမတို့ ဒီအသီး ဒီအမြစ်တွေကို မသုံးဖို့ အမြစ်မထွက်ဖို့ အလွန် အရေးမကြီးဘူးလား (ကြီးပါတယ် ဘုရား)၊ ပေါ်လာပြီ (မှန်ပါ့)။

ဆုတောင်းပြီး အလုပ်မလုပ်ရင်ဝေးသေးတယ်

ပေါ်လာပြီ ပေါ်လာပြီ ဒကာကြွယ်၊ အခုမှ အလုပ် စခန်း ပေါ်လာတယ် (မှန်ပါ့)၊ ဒါကြောင့် ခင်ဗျားတို့က ဆုလေးတောင်းကာ,တောင်းကာနဲ့ အလုပ်မလုပ်လို့ရှိရင် ဝေးပါသေးရဲ့၊ ဒီအပင်ကြီးက သီးလို့ပွင့်လို့ပြီးမှာ မဟုတ် ဘူး (မပြီးပါဘူး ဘုရား)၊ ပြီးနိုင်ပါ့မလား (မပြီးနိုင်ပါဘူး ဘုရား)။

ဝိပဿနာတရားပွားများအားထုတ်ပါ

အင်း, ဒါလောက် အရေးကြီးတဲ့ တရားကိုဖြင့် မပွား ရင် မရဘူးဆိုတာ ယနေ့ ကိုယ်ပိုင်ဉာဏ်နဲ့ ကိုယ်ပိုင် ဆုံး ဖြတ်ချက်ချလိုက်စမ်းပါ (မှန်ပါ့)။

တရား အားမထုတ်လို့ရှိရင် ဒီခန္ဓာ ဒီအပင်ကြီးကနေ ဒီအသီးမသီးအောင်မှ မလုပ်တတ်ဘူး ဆိုလို့ရှိရင် သွားပေတော့ (မှန်ပါ့)၊ ရှင်းပြီနော်။

ဒါဖြင့် ဒါပစ္စုပ္ပန် ခန္ဓာငါးပါး (မှန်ပါ့)၊ ဘာပါလိမ့် (ပစ္စုပ္ပန်ခန္ဓာ ငါးပါးပါ ဘုရား)။

အဲဒါ အခုတရားနာနေတဲ့ ခန္ဓာငါးပါးကို မှတ်လိုက် စမ်းပါ (မှန်ပါ့)၊ ဒီခန္ဓာငါးပါးထဲက ပစ္စုပ္ပန်ခန္ဓာ ငါးပါးထဲက ဒကာ,ဒကာမတွေ့တဲ့ ဟောဒီအဝိဇ္ဇာသင်္ခါရ အသီးမသီးဖို့ အရေးကြီးတယ် (မှန်ပါ့)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ပစ္စုပ္ပန်ခန္ဓာငါးပါးထဲက (အဝိဇ္ဇာသင်္ခါရ အသီးမသီးဖို့ အရေးကြီးပါတယ် ဘုရား)၊ အဲ,သီးသာ သီးလိုက် စမ်းပါ အနာဂတ်အပင်ကြီး ပေါက်လာမှာ သေချာလိုက်တာ (မှန်ပါ့)။

အနာဂတ်အပင်ကြီး လှလှကြီး ပေါက်လာလိမ့်မယ် ဆိုတာ ခင်ဗျားတို့ကို ဟုတ်လား၊ စားပြန်လည်း သေတာ ပဲ၊ နံပြန်လည်း သေတာပဲ၊ ဒီအပင်ကြီးလည်း သေပြီး သကာလ အပါယ်လေးပါး သွားပြန်တာပဲ (မှန်ပါ့)။

ဆရာမပါရင် အပင်ပြန်ပေါက်တယ်

အဲဒါလောက် ဆိုးရွားခြင်းကြောင့် ပစ္စုပ္ပန်ခန္ဓာကို ခင်ဗျားတို့မသီးအောင်, မပွင့်အောင် အဝိဇ္ဇာ သင်္ခါရတည်း ဟူသော အသီးတွေ မသီးနိုင် မပွင့်နိုင်အောင် လုပ်နိုင်တဲ့ ဉာဏ်ကိုပေးနိုင်တဲ့ ဆရာမပါလို့ ရှိရင်ဖြင့် ဒီအမြစ်တွေ, ဒီ အပင်တွေက ဒီအသီးသီးပြီး ဒီမျိုးစေ့တွေက မြေပေါ်ကျပြီး ဒီအပင်မျိုး ပြန်ပေါက်ဦးမှာ ဆိုတာ သေချာတယ် (မှန်ပါ့)၊ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ဒါကြောင့် ဒကာကွယ်ရေ၊ ဒီနေ့အရေးဟာဖြင့် ဪ မြစ်ဖြတ်ဆေးပါလား၊ မျိုးပြတ်ဆေး ပါလား ဆိုတာ အောက်မေ့ရမယ် (မှန်ပါ့)။

ဒုက္ခပင် ဒုက္ခသီးတို့၏ မြစ်ဖြတ်ဆေး၊ မျိုးဖြတ်ဆေး ပါလားဆိုတာ သေသေချာချာ အောက်မေ့ပြီး နာမှသာလျှင် ခရီးပေါက်တော့မယ် (မှန်ပါ့)၊ နို့မို့ရင် ခရီးပေါက်နိုင်ပါ့ မလား (မပေါက်နိုင်ပါ ဘုရား)။

ကဲ ဒကာကြွယ် ဒီနေ့တရားဟာ သာမညတရားလား၊ အလွန်အရေးကြီးတဲ့တရားလား (အလွန် အရေးကြီးတဲ့ တရားပါ ဘုရား)။

ဝိစိကိစ္ဆာ နီဝရဏဗျ (မှန်ပါ့)၊ အခု ဝိစိကိစ္ဆာ သေသွားပြီ (မှန်ပါ့)၊ အတိတ်ကလည်း အဝိဇ္ဇာ သင်္ခါရကြောင့် ယခုပစ္စုပ္ပန်ဘဝမှာ ခန္ဓာငါးပါး ရုပ်နာမ်တရား ပေါ်ပါတယ် (မှန်ပါ့)။

ခန္ဓာငါးပါး ရုပ်နာမ်တရားကနေပြီး အဝိဇ္ဇာသင်္ခါရ ပြန်သီးတော့ နောက်အနာဂတ်ဟာ ခန္ဓာငါးပါး ရုပ်နာမ် တရားပဲ ပြန်ပေါ်ဦးမယ် (ပေါ်ပါတယ် ဘုရား)။

အတိတ်ကခန္ဓာငါးပါးဖြစ်ခဲ့တယ်

အတိတ်က ခန္ဓာငါးပါးဖြစ်ခဲ့တယ်ဆိုတော့ သံသယ ရှိသေးသလား (မရှိတော့ပါဘူး ဘုရား)။

ယခု ငါဘာပါလိမ့်မတုံးဆိုတဲ့ သံသယကော (မရှိပါ ဘုရား)၊ မရှိပါဘူး ခန္ဓာငါးပါးရုပ်နာမ်တရား ဒုက္ခ သစ္စာပဲရှိတယ် (မှန်ပါ့)၊ နောက်အနာဂတ် ငါဘာဖြစ်ရ ပါလိမ့်မတုံးဆိုတာကော ရှိသေးရဲ့လား (မရှိပါ ဘုရား)။

အို ယခုဘဝ အဝိဇ္ဇာသင်္ခါရသာ ချုပ်အောင် လုပ်လိုက် ဒကာသစ်၊ နောက်ခန္ဓာငါးပါး ဒုက္ခသစ္စာတရား လာပါဦးမလား (မလာပါ ဘုရား)။

အဲဒီလို ဝိစိကိစ္ဆာတွေ သတ်ပြီး သကာလ ကာလသုံး ပါးနဲ့ သတ်လိုက်တာ သေသွားပြီ (မှန်ပါ့)။ – ယုံမှားခြင်းထဲက ၈-ပါး၊ ၁၆-ပါး နည်းတာ မဟုတ် ဘူး၊ သို့သော် ဒီသုံးခုနားလည်ပြီးတာပဲ (မှန်ပါ့)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ကုသိုလ်ဖြစ်ရုံတရားမနာပါနဲ့

ကိုင်း, ဒါဖြင့် ဒကာ,ဒကာမတို့၊ ခင်ဗျားတို့ အသိဉာဏ် ရှိတဲ့ပုဂ္ဂိုလ်က ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား အရေး တကြီးပြောလာလို့ရှိရင်ဖြင့် သော်,ကုသိုလ်ဖြစ်အောင်လို့ တရားနာဦးမယ် ဆိုတာနဲ့ မနာပါနဲ့ (မှန်ပါ့)၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။ ရာ

ကုသိုလ်ဖြစ်အောင် တရားနာဦးမှပဲ ဆိုတာနဲ့တော့ အလကားပါပဲ (မှန်လှပါ)၊ ဒကာကြွယ် ဘယ့်နှယ်တုံး (ကုသိုလ်ဖြစ်ရုံ မနာရပါ ဘုရား)။

တရားကိုသိပြီးကျင့်မယ်ဆိုပြီးနာပါ

ဒီလောက်နာလို့ရှိရင် အလကားပေါ့၊ ငါသည် သိပြီး ကျင့်မယ်ဆိုတဲ့ တရားမျိုးနဲ့သာ နာပါ (မှန်ပါ့)၊ သိပြီး ကျင့်မယ်ဆိုတဲ့ တရားမျိုးနဲ့သာနာပါ (မှန်ပါ့)။

ကုသိုလ်ဖြစ်ရုံ နာမယ်ဆိုတဲ့ အနာမျိုးနဲ့ဖြင့် သိပြီး ကျင့်မယ်ဆိုတာ ပါခဲ့လို့ရှိရင်ဖြင့် ခင်ဗျားတို့ ဘယ်နည်းနှင့် မျှ အပါယ်လေးပါးကတော့ဖြင့် အပြီးတိုင် မလွတ်ဘူး၊ တရား နာတဲ့ ကုသိုလ်ကြောင့် သုဂတိရောက်မှ ပြန်ဆင်း အပါယ်လေးပါးကို (မှန်ပါ့)။

မဆင်းပါနဲ့ဆိုလို့ မရဘူး (မရပါ ဘုရား)၊ ကိုယ့် ခန္ဓာထဲဒိဋ္ဌိဝိစိကိစ္ဆာ အပါယ်မျိုးစေ့က ရှိနေတာ၊ အပါယ်မျိုးစေ့က ရှိနေတယ်၊ ဒိဋ္ဌိအပါယ် မျိုးစေ့က ရှိနေတော့ မဆင်းချင် လို့ မရဘူး၊ သူတို့ဆွဲချတယ် (မှန်ပါ့)၊ မချပေဘူးလား (ချပါတယ် ဘုရား)။

သိအောင်မှတ်မယ်၊ မှတ်ပြီးကျင့်မယ်

အေး,ဒါတွေ သိတော့မှ ဪ တရားနာရပေ မယ့် သိအောင်လည်းမှတ်မယ်၊ မှတ်ပြီးကျင့်မယ် ဆိုတဲ့ နှလုံးဟာ အတော်အရေးကြီးပါလား (မှန်ပါ့)၊ သိအောင်လည်းမှတ် (မှန်ပါ့ ဘုရား)။

မှတ်ပြီးတော့လည်း (ကျင့်ရမှာပါ ဘုရား)၊ အဲဒီ နည်းနဲ့နာမှ ခင်ဗျားတို့ သံသရာဝဋ် အမြတ်ပြတ်ပြီး ဒုက္ခ စက်ရဟတ်ကြီးပြတ်မယ်ဆိုတာ ပေါ်ပြီမဟုတ်လား (ပေါ် ပါပြီ ဘုရား)။

ကိုင်း,ဒါဖြင့် ပစ္စုပ္ပန် ခန္ဓာကြီးက ဒကာ,ဒကာမ တွေ၊ အဝိဇ္ဇာသင်္ခါရတွေမသီးအောင်၊ သိပ်အရေးကြီးတယ်။ ပစ္စုပ္ပန်ခန္ဓာကြီးထဲက (အဝိဇ္ဇာသင်္ခါရ အသီးတွေမသီးဖို့ အရေးကြီးပါတယ် ဘုရား)။

သီးရင် သူက ဒကာ ဒကာမတွေ၊ ဒီအသီးတွေက မြေကြီးပေါ် ပြန်ကျမယ်၊ သံသရာမြေပေါ် ပြန်ကျမယ် (မှန်ပါ ဘုရား)။

သုံးဆယ့်တစ်ဘုံ မြေပေါ် ပြန်ကျမယ် (မှန်ပါ့)၊ ပြန်ကျရင် တစ်ခါတည်း လူသီး, နတ်သီး အသီးတွေ သီးတာပဲ (မှန်ပါ့)၊ လူပင်, နတ်ပင်တွေ ပြန်ပေါက်မယ်၊ ဒီအသီးတွေကကျပြီး ပြန်မပေါက် ပေဘူးလား (ပေါက်ပါ တယ် ဘုရား)

ကဲ,ဒါဖြင့် အဆိပ်ပင်ကြောင့် အဆိပ်သီးတွေသီး၊ အဆိပ်သီးတွေက အဆိပ်ပင်ပြန်ပေါက် (မှန်ပါ့)။

ပေါက်ရာကနေပြီး အဆိပ်သီးတွေနဲ့ တစ်ခါမြေကျ ဆိုတော့ ဒါတွေပြန်စ၊ ကိုယ့်အပင်နဲ့ ကိုယ့်စားလုံးနဲ့ပဲ သေပွဲချည်း ဝင်တာပဲ (မှန်ပါ့)၊ သဘောပါပလား (ပါ, ပါပြီ ဘုရား)။

အဲဒါကြောင့် ဒကာ,ဒကာမတို့၊ သာမညအရေးဆို လို့ရှိရင် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဘယ်မှာသာ လျှင် ဟောမလဲ၊ အင်မတန် အရေးကြီးလို့ ဟောတယ် ဆိုတာ ပေါ်ပြီလား (ပေါ်ပါတယ် ဘုရား)။

ကိုင်း,ဒါဖြင့် ဒီလို လုပ်ကြစို့နော်၊ ဒကာ,ဒကာမတို့ သန္တာန်မှာ ငါဘယ်ကလာပါလိမ့်မလဲ ဆိုတဲ့ ဝိစိကိစ္ဆာ လေး တစ်ခါတလေ လာလို့ရှိရင်လည်း အခု ပယ်တော့ ပယ်ပြီး ပြီ (မှန်ပါ့)။

ဝိစိကိစ္ဆာဖြစ်ပျက်ရှုပစ်လိုက်

လာခဲ့လို့ရှိရင် အဲ့ဒါတွေကို မတွေးကောင်းသော ကြောင့် ဒီဥစ္စာ သမောဟ စိတ္တံ့ သမောဟစိတ္တံ န္တိ ပဇာနာတိ။ ဆိုပြီးလာတဲ့ ဝိစိကိစ္ဆာ ဖြစ်ပျက်ရှုပစ်လိုက် (မှန်ပါ့)။

လာတဲ့ ဝိစိကိစ္ဆာကို (ဖြစ်ပျက်ရှုရမှာပါ ဘုရား)၊ ဘယ်ဘုရားက ဟောသတုံးမေးတော့၊ စိတ္တာနုပဿနာ သတိပဋ္ဌာန် ဘုရားအဆူဆူ မစွန့်တဲ့ သမောဟစိတ္တံ့ သမောဟစိတ္တန္တိ ပဇာနာတိနဲ့ ရှုချပါ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဝိစိကိစ္ဆာဟာ မောဟ ဖြစ်ပျက်ရှု

သမောဟစိတ္တံ သမောဟစိတ္တန္တိ ပဇာနာတိ ဆို တော့ ဝိစိကိစ္ဆာဟာ မောဟပဲ (မှန်ပါ့)၊ မောဟမူတွေ ထဲကကို အဲဒီတော့ ဒါကလေး ဖြစ်ပျက်ရှုချလိုက် (မှန်ပါ့)။

ဖြစ်ပျက်ရှုပြီး သကာလ သူရှင်းသွားတဲ့ အချိန်ကျတော့မှ ခန္ဓာငါးပါးထဲက ကိုယ်ကြိုက်ရာ တစ်ပါးပါးကိုရှု၊ ဝေဒနာ ဘုန်းကြီးက ပြောထားတယ်၊ ဝေဒနာကြိုက်တဲ့ ပုဂ္ဂိုလ်က ဝေဒနာပြန်ရှု (မှန်ပါ့)။

စိတ်ကြိုက်တဲ့ ပုဂ္ဂိုလ်က (စိတ်ပြန်ရှုရပါမယ် ဘုရား)၊ စိတ်ပြန်ရှုတော့ ဝိစိကိစ္ဆာ ရှိသေးရဲ့လား (မရှိတော့ပါ ဘုရား)။

ရှုတာက မဂ္ဂဖြစ်တယ်

အဲ,ဝိစိကိစ္ဆာက သေသွားတယ် (မှန်ပါ့)၊ အနိစ္စ ဖြစ်သွားတယ်၊ ရှုတာက မဂ္ဂဖြစ်သွားတော့ မဂ္ဂဝိဇ္ဇာလာ ဖြစ်တယ်၊ အဝိဇ္ဇာ ချုပ်သွားပြီ (မှန်ပါ့)။

အဲဒီတော့ ဒီချုပ်နေတဲ့ အဝိဇ္ဇာမှမရှိဘဲနှင့် ဒီသင်္ခါရ နှစ်ခုက အဝိဇ္ဇာပစ္စယာရှိမှ သင်္ခါရ နှစ်ခုလာမှာ (မှန်ပါ့)၊ အဝိဇ္ဇာဆိုတဲ့အကြောင်း သိမ်းလိုက်တော့ သင်္ခါရက (လာပါဆိုလို့ မရပါဘူး ဘုရား)။

ဖြစ်ပျက်ရှုရင် ဝိဇ္ဇာဖြစ်သွားပြီ

အဲဒါကြောင့် ဖြစ်ပျက် ခင်ဗျားတို့ ဝိစိကိစ္ဆာလာရင် ဝိစိကိစ္ဆာ ဖြစ်ပျက်ရှုရင်လည်း ဝိဇ္ဇာဖြစ်တာပဲ (မှန်ပါ့)၊ အဝိဇ္ဇာ ချုပ်သွားပြီ (မှန်ပါ့)၊ သဘောကျပလား (ကျ ပါတယ် ဘုရား)။

အဝိဇ္ဇာချုပ်တော့ သင်္ခါရ ဝိညာဏ် နာမ်ရုပ် သဠာ ယတန ဖဿ ဝေဒနာ ဇာတိ ဇရာ မရဏ ဒုက္ခတွေ ဘယ့်နှယ်နေတုံး (ချုပ်ကုန်ပါတယ် ဘုရား)၊ အို, ရေသောက်မြစ် ဖြတ်လိုက်ပြီ (မှန်ပါ့)။

ရေသောက်မြစ်မျိုး ကျတာလေ၊ မျိုးစေ့လည်း ဖြတ် လိုက်ပြီ၊ ရေသောက်မြစ် ဖြတ်လိုက်ပြီ ရှင်းပလား (ရှင်းပါ ပြီ ဘုရား)၊ ဒီဟာတွေ ဖြစ်ပျက်ရှုနေတော့ လိုချင်သေးလား (မလိုချင်တော့ပါ ဘုရား)။

မလိုချင်ရင်တော့ ဒီသင်္ခါရဆိုတာကလည်း အလောဘ ဖြစ်သွားပြီ (မှန်ပါ့)၊ သခါရက ဘာဖြစ်သွားတုံး (အလောဘပါ ဘုရား)၊ အဲ, အရင်တုန်းကတော့ လောဘပဲ နောက်ဘာဖြစ်သွားတုံး (အလောဘ ဖြစ်သွားပါတယ် ဘုရား)။

ဖြစ်ပျက်ရှုလိုက်တော့ မလိုချင်၊ မလိုချင်တော့ အဝိဇ္ဇာချုပ် သင်္ခါရလေချုပ်တယ် (မှန်ပါ့)၊ မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)၊ အဲဒီတော့ ဒကာ, ဒကာမတွေက ဝိစိကိစ္ဆာဖြစ်ပျက်ရှု (မှန်ပါ့)။

ဝိပဿနာတစ်ပါးပါး ဖြစ်ပျက်ရှု

ဝိစိကိစ္ဆာမရှိမှသာလျှင် ခန္ဓာငါးပါးထဲက ဆရာ ဘုန်းကြီး ပေးထားတဲ့ ကြိုက်ရာ ဝိပဿနာ တစ်ပါးပါးကို ခင်ဗျားတို့ ဘာလုပ်မတုံး (ဖြစ်ပျက်ရှုရမှာပါ ဘုရား)။

ရှုလိုက်တဲ့အခါကျတော့မှ ဝိစိကိစ္ဆာရှုတုန်းကလည်း ဝိဇ္ဇာပဲ၊ ကျန်တဲ့ ခန္ဓာငါးပါး တစ်ပါးပါး ရှုတော့လည်း (ဝိဇ္ဇာပါပဲ ဘုရား)။

ဝိဇ္ဇာဖြစ်သွားတော့ အဝိဇ္ဇာ နိရောဓာ၊ မဖြစ်ပေဘူး လား (ဖြစ်ပါတယ် ဘုရား)၊ အဝိဇ္ဇာ နိရောဓဆိုရင် သင်္ခါရ နိရောဓောကော (ဖြစ်ပါတယ် ဘုရား)။

သင်္ခါရ နိရောဓောဖြစ်တယ် ဆိုတော့ ဪ ခန္ဓာပင်ကြီးက အရင်လို ဒကာ,ဒကာမတွေ အဝိဇ္ဇာသင်္ခါရ ဆိုတဲ့ မျိုးစေ့တွေ ပြန်ကျသေးရဲ့လား (မကျတော့ပါ ဘူး ဘုရား)။

မျိုးစေ့ကို မကျတော့ဘူး (မှန်ပါ့)၊ မျိုးစေ့မကျ တော့ နောက် ခန္ဓာအပင်ကြီး ပေါက်ချင်ပါတယ် ဆိုလို့ (မရတော့ပါ ဘုရား)။

ဆရာကောင်းနဲ့တွေ့လို့

နောက်ခန္ဓာ ဒုက္ခသစ္စာပင်ကြီး ပေါက်ချင်ပါတယ် ဆိုလို့ (မရတော့ပါဘူး ဘုရား)၊ ဪ ဒါ ဘယ့်နှယ် ကြောင့်ပါလိမ့်မတုံးဆိုတော့ ခုနက ကလျာဏ မိတ္တနဲ့ ဆရာ ကောင်းနဲ့တွေ့လို့ တရားနာပြီး သကာလ ရှင်းလိုက်တာနဲ့ပဲ ပထမဒီဘဝ ဒုက္ခပြီး နောက်ဒုက္ခ ပြတ်ထွက်သွားတယ်။

ဒီဘဝ ခန္ဓာဒုက္ခပြီးတော့ (နောက်ဒုက္ခ ပြတ် ထွက်သွားပါတယ် ဘုရား)၊ အဲဒါကြောင့် ဒီခန္ဓာ ငါးပါးထဲက ဖြစ်ပျက်ကို ခင်ဗျားတို့ ဝိစိကိစ္ဆာ အရင်ရှု (မှန်ပါ့)။

စိတ်ကြိုက်ရင် စိတ်ရှု

ဝိစိကိစ္ဆာနိုင်ပြီးလို့ရှိရင် ကျန်တဲ့ ဝေဒနာကြိုက်ရင် ဝေဒနာရှု၊ ဝေဒနာနုပဿနာရှု၊ စိတ်ကြိုက်ရင် စိတ်ရှုလို့ ဘုန်းကြီး အမျိုးမျိုးပေးထားတယ် (မှန်ပါ့)။

အဲဒီ ပေးထားတာ ရှုလိုက်လို့ရှိရင်ဖြင့် မဂ္ဂင်ပါးပါးက မဖြစ်လာဘူးလား (ဖြစ်လာပါတယ် ဘုရား)၊ ရှုတဲ့ မဂ္ဂင် ငါးပါးလာမဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)၊ ရှုတဲ့ မဂ္ဂင် ငါးပါးထဲမှာ ဒကာ, ဒကာမတို့ သဟဇာတဖြစ်တဲ့ အလောဘတွေလည်း အကုန် ပါနေတယ် (မှန်ပါ့)။

အဲဒီထဲက အဝိဇ္ဇာသင်္ခါရချုပ်တဲ့တရား၊ ရှုတဲ့ဉာဏ်က ဝိဇ္ဇာသူနဲ့ ဖြစ်ဖော်ဖြစ်ဖက် တွေက သင်္ခါရ ချုပ်တာတွေ ပါနေတယ် (ပါနေပါတယ် ဘုရား)။

ဒါဖြင့် ဒကာ,ဒကာမတို့၊ ဖြစ်ပျက် ရှုတာသည် အဝိဇ္ဇာသင်္ခါရချုပ်တဲ့အလုပ် (မှန်ပါ့)၊ ဖြစ်ပျက် ရှုတာသည် (အဝိဇ္ဇာသခါရချုပ်တဲ့အလုပ်ပါ)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဝေဒနာကြိုက်ရင် ဝေဒနာဖြစ်ပျက်ရှု (မှန်ပါ့)၊ စိတ်ကြိုက်ရင် (စိတ်ဖြစ်ပျက်ရှုရမှာပါ ဘုရား)။

ရှုတိုင်း ရှုတိုင်း အဝိဇ္ဇာ သင်္ခါရ ချုပ်တယ်

ရှုတိုင်း ရှုတိုင်း အဝိဇ္ဇာ သင်္ခါရ ဘာဖြစ်တုံး (ချုပ်ပါတယ် ဘုရား)၊ အဝိဇ္ဇာသခါရ ချုပ်တော့ နောက်ဘဝဆိုတဲ့ ဝိညာဏ်, နာမ်ရုပ်, သဠာယတနတွေလာပါဦးမလား (မလာတော့ပါ ဘုရား)။

ဟာ,ဒါဖြင့် မျိုးစေ့ဖြတ်လိုက်တဲ့ အတွက် နောက် အပင်တွေ လုံးဝကိုပဲ သုံးလုံးသွန်လို့ သွားကုန်ပေါ့ (မှန် ပါ့)၊ ဆိုထိုက် မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အကယ်၍ ဒီ ဝိစိကိစ္ဆာကိုမှ ရှေးဦးစွာလည်း မရှု၊ သူ့ရှုပြီး သကာလ ခင်ဗျားတို့ကပဲ ခန္ဓာငါးပါး တစ်ပါးပါး သတိပဋ္ဌာန်လေးပါး တစ်ပါးပါးထဲက ကြိုက်ရာမှ မရှုဘူး ဆိုလို့ရှိရင်လည်း ခင်ဗျားတို့ အဝိဇ္ဇာ သင်္ခါရတွေက ပြန်ပေါက် မယ် (မှန်ပါ့)။

ဒါကြောင့် အိမ်မှာနေတဲ့ အခါကျတော့သားနဲ့ သမီးနဲ့ ဆွေနဲ့မျိုးနဲ့ဆိုတော့ အဝိဇ္ဇာသင်္ခါရ အလုပ်တွေချည်း လုပ်နေရတာပဲ၊ မလုပ်ပေဘူးလား (လုပ်ရပါတယ် ဘုရား)။

ဝိပဿနာထိုင်ပြီး ခန္ဓာဉာဏ်စိုက်

အင်း, အခုလို ဝိပဿနာထိုင်ပြီး ခန္ဓာဉာဏ်စိုက် လိုက်တဲ့ အခါကျတော့ အဝိဇ္ဇာချုပ်ရင် သင်္ခါရချုပ်တဲ့ အလုပ် လုပ်နေတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ အင်း, ဝိပဿနာ မရှုဘဲနေတော့ (အဝိဇ္ဇာ သင်္ခါရ မချုပ်ပါဘူး ဘုရား)။

အဝိဇ္ဇာ သင်္ခါရ အလုပ်လုပ်နေတယ်ဆိုရင် လွဲပါ့ မလာ (မလွဲပါဘူးဘုရား၊ ကဲ ဝိပဿနာ ရှုပြီးဆိုတော့ အဝိဇ္ဇာ သင်္ခါရချုပ်တဲ့ အလုပ်လုပ်နေတယ် (မှန်ပါ့)၊ ရှင်း ပလား (ရှင်းပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ခန္ဓာငါးပါးက ဖြစ်ပျက် ဖြစ်တော့ ဖြစ်ပျက်က ဒုက္ခသစ္စာ၊ အဝိဇ္ဇာ သင်္ခါရ ချုပ်အောင် လုပ်တဲ့ မဂ္ဂင်ငါးပါးက မဂ္ဂသစ္စာ (မှန်ပါ့)။

သစ္စာထဲဝင်သွားရင် ကိစ္စပြီးတာပဲ

ဒီဘက် နောက်ထပ် မျိုးမကျတာက သမုဒယ သေတာ၊ မျိုးမကျတာကလေ (သမုဒယ သေတာပါ ဘုရား)၊ အင်း နောက်ခန္ဓာပင်ကြီး မပေါက်တာက (နိရောဓသစ္စာ ပါ ဘုရား)။

နိရောဓသစ္စာ ဒီလိုသစွာထဲ ဝင်သွားလို့ရှိရင် ခင်ဗျား တို့ ကိစ္စပြီးတာပဲ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။