262

သေနည်းအကောင်းဆုံး ဘယ်ဟာတုံး

အသံဖိုင်ခေါင်းစဉ်= ရှာမှီးခြင်းမလွဲကြစေရန် တရားတော်

စာအုပ်ခေါင်းစဉ်= သေနည်းအကောင်းဆုံး ဘယ်ဟာတုံး

မှတ်ချက်။ ။သစ္စာရှုနည်း ပါဝင်ပါသည်။

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး အမရပူရမြို့၌

ဟောကြားတော်မူသော တရားတော်

သေနည်းအကောင်းဆုံး ဘယ်ဟာတုံး

(၂၀-၁၁-၆၀)

အရေးကြီးဆုံးအချက် ဘာပါလိမ့်မလဲလို့ မေးလို့ရှိရင် ရှာမှီးခြင်းမလွဲဖို့ဟာ အရေးကြီးဆုံး အချက်ပါပဲ။

ရှာမှီးခြင်းလွဲမှာစိုးရိမ်ပါတယ်

ကောင်းပြီ၊ ဒါဖြင့် ရှာမှီးခြင်းဆိုတဲ့ဥစ္စာ ဒကာ ဒကာမ တွေ၊ ယခုရတဲ့ပစ္စည်းတွေနဲ့ လှူကြပေးကြ ကမ်းကြပြီး သကာလ ကိုယ်တတ်အားသရွေ့ လှူကြပေးကြ ကမ်းကြတယ်ဆိုတာ ရှာမှီး တာပဲ (မှန်ပါ့)၊ ဒီမှာ ရှာမှီးမြင်းလွဲမှာ သိပ်စိုးရိမ်ရပါတယ် (မှန်ပါ့)။

လှူကြပေးကြကမ်းကြတာသည် မိမိပစ္စည်းဟာ မိမိတို့ မခင်လို့ စွန့်တာပဲ၊ မစွဲလမ်းလို့ စွန့်တာပဲဆိုတော့ မခင်လို့ စွန့်တာ ဆိုတာက တဏှာမပါတာပါဘဲ (မှန်ပါ့)၊ မစွဲလမ်းလို့ စွန့်တာ ဆိုတာက ဒိဋ္ဌိမပါတာဘဲ (မှန်ပါ့)။

မခင် မစွဲလမ်းလို့ စွန့်တဲ့ အစွန့်သည် ကားလို့ဆိုရင်ဖြင့် တချို့ ဒကာ ဒကာမတွေမှာ ဘယ်လိုဖြစ်နေသတုံးဆိုတော့ သစ္စာသိတဲ့ ဉာဏ်မရတော့ ယခုခန္ဓာကြီးက အိုတဲ့ ခန္ဓာကြီးရ ထားတယ် (မှန်ပါ့)၊ နောက်ဘဝလူဖြစ်ရပါလို၏၊ နတ်ဖြစ်ရ ပါလို၏။ လူချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာချမ်းသာဖြစ်ရပါလို၏ ဆိုတော့ ခင်ဗျားတို့ကလည်း ချမ်းသာကလေးတစ်လုံးလောက် ကိုသာ ပဓာနထားပြီးတော့နေတယ်။ နောက်ခန္ဓာသည် ဒုက္ခ သစ္စာလို့ မသိဘူး (မှန်ပါ့)၊

မသိတော့ မိမိတို့ ပေးကမ်း လှူဒါန်းတဲ့ ဒါနကုသိုလ် စေတနာတွေကြောင့် ယခုဘဝမှာပဲ အမိဝမ်းခေါင်းထဲက ထွက်လာကတည်းက ယခု ဒကာ ဒကာမတွေ အိုနေတယ်ဆိုတာ လူတိုင်း သိပါတယ် (သိပါတယ် ဘုရား)၊ တစ်နေ့တခြား မအိုလား (အိုပါတယ် ဘုရား)။

နတ်ဖြစ်ရပါလို၏ ဗြဟ္မာဖြစ်ရပါလို၏

အဲဒီ အအိုရှိလျက်နဲ့ ဒကာ ဒကာမတွေက ပေးကမ်း လှူဒါန်း၊ နောက်လူဖြစ်ရပါလို၏၊ နတ်ဖြစ်ရပါလို၏၊ ဗြဟ္မာဖြစ်ရပါလို၏ဆိုတော့ လူအို နတ်အို, ဗြဟ္မာအိုကို ပြန်ပြီး ဆုတောင်း လိုက်တာနဲ့ တူတယ် (မှန်ပါ့)၊ ဟိုဘဝမှာလဲ အိုရ နာရ၊ သေရဦးမှာကိုး (မှန်ပါ့)။

ဒါဖြင့် ယခု အိုတုန်းလှူတဲ့ဒါနသည် အအိုပြန်ရမယ် ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတွေ ရှာမှီးခြင်း လွဲလို့ပဲ (မှန်ပါ့)။

ဘယ့်နှယ်ဆိုပါ့မယ် (ရှာမှီးခြင်းလွဲလို့ပါ ဘုရား)။

ဪ ဒါကြောင့် ဆရာဘုန်းကြီး သတိပေးတာ သည် ဘာပါလိမ့်မလဲလို့ မေးတဲ့အခါကျတော့ အရေးကြီးဆုံးက ရှာမှီးခြင်း မလွဲပါစေနဲ့ဆိုတာကို သတိပေးထားတာပါ (မှန်ပါ့)။

အနာရှိတဲ့အခါကျမှ၊ ဒီဘဝကျမှ အနာတွေမကင်းလို့ နောက်ဘဝကျရင်ဖြင့် အနာကင်း အောင်လို့ လှူလိုက်တော့ ခန္ဓာရှိရင် အနာမကင်းပါဘူး (မှန်ပါ့)။

အနာရှိလျက်နဲ့

ဒါဖြင့် ဒီဘဝအနာရှိလို့ နောက်ဘဝ အနာကင်းချင်လို့ လှူခဲ့သော် အနာရှိလျက်နဲ့ အနာခန္ဓာ လျှောက် ရှာတာပဲ (မှန်ပါ့)၊ မမှားဘူးလား (မှားပါတယ် ဘုရား)။

စဉ်းစားပါ စဉ်းစားပါ ဒကာ ဒကာမတို့၊ ဒါရှာမှီခြင်း လွဲလို့ဆိုရင် ဒကာကြွယ် မှားသေးလား (မမှားပါ ဘုရား)။

ယခု ခန္ဓာကြီးသည်ကားလို့ဆိုရင်ဖြင့် မြေကြီးလက်ခတ်မလွဲ သေ ရမယ်ဆိုတာ လူတိုင်း သိပြီးသား ဖြစ်ပါတယ် (မှန်ပါ့)။

ဒီအသေခန္ဓာကြီးနဲ့ပဲ နောက်ဘဝ လူနတ်ခန္ဓာရအောင်၊ ဗြဟ္မာခန္ဓာရအောင်ဆိုပြီး သကာလ လှူကြတန်းကြ ပေးကြ ကမ်းကြပြန်ပြီဆိုတော့ နောက်လာမည့် ခန္ဓာကလည်း သေဦးမှာ ပဲ (မှန်ပါ့)၊ မသေပေဘူးလား (မှန်လှပါ ဘုရား)။ ဒကာသစ် လွဲ-မလွဲ စဉ်းစားစမ်း (လွဲပါတယ် ဘုရား)။

အဲဒါတွေမရှာကြပါနဲ့

အဲဒါတွေ မရှာကြပါနဲ့ဆိုတဲ့ဥစ္စာသတိပေးတယ် (မှန်လှပါ)၊ ယခု လှူတာတန်းတာ ပေးတာ ကမ်းတာသည် ကားလို့ဆိုရင်ဖြင့် အအိုလွတ် အနာလွတ် အသေလွတ်ကို အလိုရှိလို့ လှူပါတယ်, တန်းပါတယ်, ပေးပါတယ်, ကမ်းပါတယ် ဆိုတော့ ရှေ့လာလတ္တံ့ဖြစ်တဲ့ ဒုက္ခသစ္စာကြီး သိပြီး သကာလ မှ လှူသောကြောင့် အအိုအနာလွတ်တဲ့ သစ္စဉာဏ်နဲ့ လှူသောကြောင့် (ဝါ) ဝိပဿနာ ဉာဏ်နဲ့ လှူဒါန်း ပေးကမ်းသောကြောင့် အလွတ်, အနာလွတ်, အသေလွတ်ဖြစ်တဲ့ နိဗ္ဗာန်ရပါတယ် (မှန်ပါ့)။

ဒီလိုဆိုတော့ အအိုရှိလျက်နဲ့ အအိုလွတ်ရာရှာတာ၊ အနာရှိလျက်နဲ့ (အနာလွတ်ရာရှာပါတယ် ဘုရား)၊ အသေရှိ လျက်နဲ့ (အသေလွတ်ရာရှာပါတယ် ဘုရား)၊ အသေလွတ်ရာ ရှာတာဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဒကာ ဒကာမတွေကို မျက်လုံးကျယ်ကျယ်နဲ့ ဘုရား သခင်ကိုယ်တော်မြတ်ကြီးက ဟောသောကြောင့် ရှာမှီးခြင်း မလွဲ ပါစေနဲ့လို့ ဆရာဘုန်းကြီး သတိပေးတာလည်း ရှာမှီးတတ် ကြပလား (ရှာမှီးတတ်ပါပြီ)။

သစ္စဉာဏ်နဲ့လှူဒါန်းပေးကမ်းပါ

ဘာကလေးလှူလှူ ဘာကလေးတန်းတန်း, ဘာ ကလေး ပေးကမ်းကမ်း အအို, အနာ, အသေ, လွတ်ရာကိုသာ ရောက်ချင်လို့လှူဒါန်းပေးကမ်းပါ၏ (မှန်ပါ့)၊ ဆိုတော့ အအို အနာသိလို့ သူက လွတ်ချင်တာ (မှန်ပါ့)၊ အအို, အနာသူ သိတာက သစ္စဉာဏ် (မှန်ပါ့)၊ အဲဒီသစ္စဉာဏ်နဲ့ လှူလိုက်, တန်းလိုက် ပေးလိုက်ပြီဆိုမှဖြင့် အအို, အနာလွတ်ရာဖြစ်တဲ့ ဝိဝဋ္ဋ ဒါနနိဗ္ဗာန်ကိုသာ ကျေးဇူးပြုတဲ့ ဒါနသီလတွေ မဖြစ်ပေဘူးလား (ဖြစ်ပါတယ်)၊ ရှင်းကြပလား (ရှင်းပါပြီ)။

အဲဒီတော့ ရှာမှီးခြင်း မလွဲပါစေနဲ့ဆိုတဲ့ဥစ္စာ ဒကာကြွယ် တို့၊ ဦးလှဖူးတို့ သတိပေးသင့်တယ် (မှန်လှပါ)၊ မပေးသင့် ဘူးလား (ပေးသင့်ပါတယ် ဘုရား)။

အဲဒါ ဆိုင်ရာ ဆိုင်ရာ ဒကာ ဒကာမတွေ ရှာမှီးခြင်း လွဲတဲ့ အလုပ်ကို မလုပ်ပါနဲ့ကွ၊ ရှာမှီးခြင်း မှန်တဲ့ အလုပ်ကို လုပ်ပါ ဆိုတာကိုလည်း မသိသေးတဲ့ ပုဂ္ဂိုလ်များ သိနားလည်မှုရှိအောင် ကျုပ်တို့ ကူညီရလိမ့်မယ်၊ အားပေးရလိမ့်မယ်ဆိုတဲ့ ဝတ္တရားဟာ သိပြီးသားပုဂ္ဂိုလ်များအပေါ်၌ ရှိပါတယ် (မှန်ပါ့)၊ ကူညီကြရ လိမ့်မယ်နော် (မှန်ပါ့)။

အသေရှိလျက်နဲ့ အသေရှာနေတာမြင်လို့ရှိရင် မင်းဟာ မတော်ဘူးကွာ၊ မပြောထိုက်ဘူးလား (ပြောလိုက်ပါတယ်)၊ အနာရှိလျက်နဲ့ အနာရှာနေရင်ကော (မတော်ပါ ဘုရား)၊ မတော်ဘူးလို့ ပြောလိုက်ပါတယ် (မှန်ပါ့)၊ အသေရှိလျက်နဲ့ အသေရှာနေတော့ (မကောင်းပါ ဘုရား)။

ဝိပဿနာအုပ်ချုပ်တဲ့ဒါနသီလ

ဒါပြောထိုက်တာကို ကိုယ်ကတော့ သစ္စာသိထားတော့ သူတို့က သစ္စာမသိသေးလို့ ရှာနေတာကို သစ္စဉာဏ်ပေးလိုက် ပြီဆိုမှဖြင့် ဝိပဿနာအုပ်ချုပ်တဲ့ ဒါနသီလဖြစ်သွားတယ် (မှန်ပါ့ ဘုရား)။

အဲဒါကြောင့် ကိုယ်လုပ်လည်း ဒီအတိုင်းပဲ ပြင်ဆင်ပြီး လုပ်ကြပါ (မှန်ပါ့)၊ သူတစ်ပါးလုပ်လည်း ပြင်ဆင်လို့ရတဲ့ ပုဂ္ဂိုလ်ဖြစ်ပါမူကား ပြင်ဆင်ပေးကြပါလို့ သတိပေးလိုက်တယ် (မှန်ပါ့ ဘုရား)။

မလှူနဲ့၊ မပေးနဲ့၊ မကမ်းနဲ့၊ မတန်းနဲ့လို့ ဟောတာ မဟုတ် ဘူး (မှန်ပါ့)၊ ရှာမှီးခြင်း တည့်ပါစေ ဆိုတဲ့ စိတ်ထားနဲ့ ဘုရားက ဟောတော်မူတယ် (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက လူတွေ ဟာ အဝိဇ္ဇာတည်းဟူသော အမှောင်ကြီး ကျပြီး အလင်းမရကြ ပြီဆိုမှဖြင့် တောင်းချင်ရာတောင်း၊ ဖြစ်ချင်သလိုဖြစ်၊ ရောက်ချင် သလိုရောက်ပြီး သကာလ နေမှာ အင်မတန် ကြောက်စရာကောင်း ပါတယ် (မှန်ပါ့)၊ မကောင်းဘူးလား (ကောင်းပါတယ်)။

ဘယ်သေနည်းအကောင်းဆုံးတုံး

ဒါ့ကြောင့် ယနေ့သည် ဘုရားသခင် ကိုယ်တော်မြတ်ကြီး ကလည်း သေခြင်းမှာလဲကွာတဲ့ ဒီဘဝ သေမည့်ပုဂ္ဂိုလ်ချည်း စုနေတဲ့အထဲမှာ ဘယ်သေနည်းအကောင်းဆုံးတုံးဆိုလို့ရှိရင် ဒကာ ဒကာမတို့ ရှင်းရှင်းကလေး မှတ်ထားစမ်းပါ (မှန်ပါ့)၊ လက်ရှိခန္ဓာကို မသာယာ၊ လက်မဲ့ခန္ဓာကို မတောင့်တ၊ ဤသေ နည်းအကောင်းဆုံးပဲလို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)။

လက်ရှိခန္ဓာကိုမခင်တွယ်

လက်ရှိခန္ဓာကို မခင်တွယ်၊ လက်မဲ့ခန္ဓာဆိုတဲ့ အနာဂတ် ဘဝကို မတောင့်တ၊ ဤသေနည်းဟာ အကောင်းဆုံးပဲ (မှန်လှပါ ဘုရား)။

ဒါ ဉာဏ်နဲ့မှ နားထောင်လို့ဖြစ်ကြပါတယ် (မှန်ပါ့)။ ဒကာ ဒကာမတို့ ဘာနဲ့မှ နားထောင်လို့ ဖြစ်သလဲ (ဉာဏ်နဲ့မှ နားထောင်လို့ဖြစ်ပါတယ်)၊ ဉာဏ်နဲ့ နားထောင်မှ ဖြစ်တယ်ဆိုတာ ပေါ်ကြပလား (ပေါ်လာပါပြီ)။

လက်မဲ့ခန္ဓာကို မတောင့်တတဲ့ သေနည်း

ပြန်ပြီးတော့ တစ်ခေါက် ဘုရားအလိုရှိတာကလေး ပြောစမ်းပါ၊ ဘယ်သေနည်း အကောင်းဆုံး ပါလိမ့် (လက်ရှိ ခန္ဓာကို မခင်တွယ်၊ လက်မဲ့ခန္ဓာကို မတောင့်တတဲ့ သေနည်း အကောင်းဆုံးပါ ဘုရား)။

ဒကာကြွယ် အရိုးစွဲအောင် မှတ်ရမယ် (မှန်ပါ့)၊ လက်ရှိခန္ဓာဘာပါလိမ့် (မခင်တွယ်ရပါ)၊ မခင်တွယ်ဖို့ပဲ။ လက်မဲ့ခန္ဓာကို (မတောင့်တဖို့ပါ)၊ မတောင့်တရင် ရပါဦး မလား (မရပါ ဘုရား)။

အဲဒီကဲ့သို့ ဒီဒုက္ခစွန့်ပြီး ဟိုဒုက္ခမရတဲ့သေနည်းဟာ အကောင်းဆုံးပဲ (မှန်လှပါ ဘုရား)။

ဒီဒုက္ခပြီး၊ ဟိုဒုက္ခ

ဒီဒုက္ခဆိုတဲ့ဟာက ဒကာ ဒကာမတွေ မိမိခန္ဓာကိုယ် ကြီး အိုဘေးဒုက္ခကြီးကလည်းရှိ၊ နာဘေးဒုက္ခကြီးကကော (ရှိပါတယ် ဘုရား)၊ သေဘေးဒုက္ခလည်း တွေ့ရဦးမယ် (တွေ့ရပါမယ်)၊ မတွေ့ရဘူးလား (တွေ့ရပါတယ်)၊ အဲဒီတော့ ဒီဒုက္ခပြီးရင် နောက်ပဋိသန္ဓေနေမှုဆိုတဲ့ အနာဂတ် ဘဝကို ရလိုက်မယ်ဆိုသဖြင့် ဒီဒုက္ခပြီး၊ ဟိုဒုက္ခရတာပဲ (မှန်ပါ့)၊ ဒီဆင်းရဲကြီးပြီး (ဟိုဆင်းရဲရပါတယ်)။

ဒကာကြွယ်၊ ဒကာသစ်တို့ အင်မတန် အရုပ်ဆိုးတဲ့ ပုဂ္ဂိုလ်မို့ရတာပဲ (မှန်ပါ့)၊ မဆိုထိုက် ကြဘူးလား (ဆိုထိုက်ပါတယ်)။

ဒါ့ကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည် ကားလို့ ဆိုရင်ဖြင့် လက်ရှိခန္ဓာကို မနှစ်သက် မခင်တွယ်တာဘဲနဲ့ လက်မဲ့ခန္ဓာ မတောင့်တဘဲနဲ့ သေနည်းဟာ အကောင်းဆုံး (မှန်ပါ့ ဘုရား)။

ဘုရားအချီးမွမ်းဆုံးသေနည်း

လက်ရှိခန္ဓာ (မနှစ်သက်)၊ လက်မဲ့ခန္ဓာ (မတောင့်တ)၊ လက်မဲ့ခန္ဓာဆိုတော့ အနာဂတ်ခန္ဓာ ပေါ့ဗျာ (မှန်ပါ့)၊ အဲဒါ မတောင့်တဘဲနဲ့ သေနည်းဟာဖြင့် ဒကာ ဒကာမတို့ ဘုရားအချီးမွမ်းဆုံး၊ ဘုရားအကြိုက်ဆုံးမှတ် (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ)။

အဲ လက်ရှိခန္ဓာမခင်တွယ်၊ လက်မဲ့ခန္ဓာမတောင့်တ ဘဲနဲ့ သေနည်းဟာဖြင့် ဒကာ ဒကာမတွေ ဘုရားအကြိုက်ဆုံး၊ ဘုရားအချီးမွမ်းဆုံး၊ အင်မတန်ကောင်းတဲ့သေနည်းပဲဆိုပြီး “ဒီသေနည်းကို မမေ့ပါနဲ့ (မှန်ပါ့ ဘုရား)၊ သဘောပါကြပလား (ကျပါပြီ)။

အကောင်းဆုံးသေနည်း

ကောင်းပြီ၊ ဒါဖြင့်

၁။ နံပါတ်က လက်ရှိခန္ဓာမခင်တွယ်။

၂။ နံပါတ်က လက်မဲ့ခန္ဓာ မတောင့်တ။

ဤသေနည်း ဘာတဲ့ဗျာ (ကောင်းသောသေနည်းပါ ဘုရား)၊ အကောင်းဆုံးပဲဆိုတာ အားလုံး တရားတစ်ပွဲလုံးက မှတ်လိုက်စမ်းပါ (မှန်ပါ့)။

ဒါ အကိုးအကားကလေးလုံလောက်အောင် ဒကာ ဒကာမတွေ ပြောပြရဦးမယ်။

အင်္ဂုတ္တိုရ်ပါဠိတော်မှာ ပရိဗိုဇ်ရဟန်းက ရှင်သာရိပုတ္တရာကို မေးတယ်။ ရှင်သာရိပုတ္တရာ တပည့်တော် ဟာ တရားလဲတိုတိုနဲ့ မိမိ၊ ရချင်ပါတယ် (မှန်ပါ့)၊ တိုတိုနဲ့ မိတဲ့ တရားကိုပဲ တပည့်တော် နာချင်ပါတယ်၊ ရှည်ရှည်ကြီး ပြောနေလို့ရှိရင်လဲ နားရှုပ်နေလိမ့်မယ် (မှန်ပါ့)၊ တိုတိုနဲ့ မိတဲ့ တရား ပြောစမ်းပါ၊ တိုတိုနဲ့ မိတဲ့တရားမှာလဲ တပည့်တော် မေးချင်တာက ပရိဗိုဇ်က ဆက်မေးတယ် (မှန်ပါ့)၊ သုခနဲ့ ဒုက္ခကို ရှင်းရှင်းပြောစမ်းပါ။

ဘာမေးပါလိမ့် (သုခနဲ့ ဒုက္ခကို ရှင်းရှင်းပြောစမ်းပါတဲ့)။

သုခနဲ့ ဒုက္ခကိုရှင်းရှင်းပြောစမ်းပါ

သုခနဲ့ ဒုက္ခကို ရှင်းရှင်းပြောစမ်းပါလို့ ပရိဗိုဇ်ရဟန်းက မေးတဲ့အခါကျတော့ ရှင်သာရိပုတ္တရာက ဖြေလိုက်တယ်ဗျာ ဒကာသစ်တို့၊ ဦးဘအုန်းတို့ မှတ်ပေါ့ဗျာ (မှန်ပါ့)။

၁။ နောင်တစ်ဖန် ပဋိသန္ဓေနေရရင် ဒုက္ခကွတဲ့ (မှန်ပါ့)

၂။ နောင်တစ်ဖန် ပဋိသန္ဓေမနေရရင် (သုခပါ ဘုရား)၊ အဲဒါမှတ်ထားကွဆိုတော့ သုခနဲ့ ဒုက္ခ ဒကာ ဒကာမတွေ ရှင်းရှင်းကွဲပါပြီလား (ကွဲပါပြီ)

နောင်တစ်ဖန် ပဋိသန္ဓေရရင်ဒုက္ခ

နောင်တစ်ဖန် ပဋိသန္ဓေနေရရင် (ဒုက္ခပါ)၊ နောင် တစ်ဖန် ပဋိသန္ဓေမနေရရင် (သုခပါ ဘုရား)။ ဪ သုခနဲ့ ဒုက္ခဒါပဲကွာတယ်၊ သို့သော်လဲ ငါအကျယ်ကလေး ပြောပါဦးမယ်၊ သေသေချာချာ မှတ်စမ်းပါဦး ဆိုပြီး နောင်တစ်ဖန် ပဋိသန္ဓေနေရတဲ့ ဒုက္ခဟာကွာတဲ့ ပဋိသန္ဓေ နေမှုရှိတော့ အိုမှုရှိတယ်။ အိုမှုနဲ့ ကြုံနေတုန်းပဲ၊ ဟိုက မျက်စောင်းထိုး၊ ဒီကမျက်စောင်းထိုး၊ အမုန်းခံရတာ တွေလည်း မနည်းလှဘူးတဲ့ (မှန်ပါ့)၊ လူဖြစ်လာတော့ အမုန်းမခံရဘူးလား (ခံရပါတယ်)။

ဥပမာ ဒကာကြွယ်က အရောင်းအဝယ် စုံနေတယ်။ ဘေးက ပုဂ္ဂိုလ်က အရောင်းအဝယ် မစုံလို့ ရှိရင်ဖြင့် မျက်စောင်း ထိုးခံကြရတာပဲ (ခံရပါတယ် ဘုရား)၊ ဒကာကြွယ် အိမ်က ကျန်းမာနေတယ်၊ အိမ်နီးချင်းတွေက မကျန်းမာဘူး။ သူတို့ ကြည့်စမ်း၊ ကျန်းမာလိုက်တာ တို့ဖြင့် မကျန်းမာဘူးဆိုတော့ သူတို့တောင် အထည့်ခံလိုက်ရသေးတယ် (မှန်ပါ့)။

ပြီးတော့ကော ဒါတွင် မဟုတ်ဘူးတဲ့။ သူတစ်ပါး မျက်စောင်းထိုးခံရတဲ့ဖြစ်အင်တွင် မကသေး ပါဘူးတဲ့၊ ကျင်ကြီး ကျင်ငယ်စွန့်ရတဲ့ ဒုက္ခတွေလဲ ပိုလာတယ်၊ ခန္ဓာရရင်လေ (မှန်ပါ့)၊ ကျင်ကြီးကျင်ငယ် စွန့်ရတဲ့ ဒုက္ခ၊ ပူပန်ရတဲ့ဒုက္ခ၊ စိုးရိမ်ရတဲ့ ဒုက္ခတွေကော (ပိုလာပါတယ် ဘုရား)၊ ရောဂါဥပဒ် အန္တရာယ် ဒုက္ခတွေကော (ပိုလာပါတယ်)၊ ဒါဟာ နောင်တစ်ဖန် ပဋိသန္ဓေနေရခြင်းကြောင့် ဒုက္ခဖြစ်တာတွေ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။

ဒါတွင် မကသေးပါဘူးတဲ့၊ အမေမှား အမှားနဲ့မွေးလို့ ဒိဋ္ဌိတွေ သင်လွှတ်လို့ အပါယ်ရောက်ရတဲ့ ဒုက္ခကော မရှိပေဘူးလား (ရှိပါတယ် ဘုရား)။

ရှင်သာရိပုတ္တရာ

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ရှင်သာရိ ပုတ္တရာကို ပရိဗိုဇ်ကမေးလို့ သုခနဲ့ ဒုက္ခ ရှင်းရှင်း ပြောစမ်းပါဦး ဆိုတော့ နောင်တစ်ဖန် ပဋိသန္ဓေနေရရင် ဘာတဲ့တုံး (ဒုက္ခ ပါ ဘုရား)၊ ပဋိသန္ဓေ မနေရရင် (သုခပါ ဘုရား)၊ ကျင်ကြီး ကျင်ငယ်စွန့်ရတဲ့ အလုပ်တွေ၊ အခြားဒုက္ခတွေကော ရှိသေးရဲ့ လား (မရှိပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဘုရားသခင်ကိုယ်တော် မြတ်ကြီး ခုနင်ကဟောတဲ့အချက်နဲ့ ရှင်သာရိပုတ္တရာ အခုပြောလိုက်တဲ့ ထောက်ခံချက်နဲ့ တစ်သားတည်းနေပါတော့တယ် (နေပါတယ် ဘုရား)။

ဘုရားကတော့ဖြင့် ဤခန္ဓာမခင်တွယ်၊ နောက်ခန္ဓာ မတောင့်တတာ အကောင်းဆုံးတဲ့ (မှန်ပါ့)၊ အဲဒီစကားနဲ့ ရှင်သာရိပုတ္တရာကို ပရဗိုဇ်ကမေးလို့ သုခနဲ့ ဒုက္ခကို ရှင်းရှင်း ကလေး ပြောစမ်းပါဆိုတော့ နောင်တစ်ဖန် ပဋိသန္ဓေရရင် ဘာတဲ့တုံး (ဒုက္ခပါ ဘုရား)၊ ပဋိသန္ဓေမနေရရင် (သုခပါ ဘုရား)၊ ဘာထူး သေးသတုံး (မထူးပါ ဘုရား)။

ဘုရားဟောတာနဲ့ တစ်ထပ်တည်း

ဪ ဒါဖြင့် ဒကာကြွယ် ဘုရားဟောနဲ့ ရှင်သာရိပုတ္တရာဟောတာ တစ်သားတည်း တစ်ထပ်တည်း ဆိုတာ သေချာပလား (သေချာပါပြီ)၊ မြတ်စွာဘုရားကလဲ အလုံးစုံအကုန်သိတဲ့ သဗ္ဗညု၊ ရှင်သာရိပုတ္တရာကလဲ ဘုရားအောက် တစ်ပါးသာရှိတဲ့ ပညာသည်ကြီး၊ ဆိုနိုင်ကြရဲ့လား (ဆိုနိုင်ပါတယ်)။

အဲဒါတွေ သေသေချာချာ စဉ်းစားတော့မှ ဘဝဆု တောင်းတဲ့ ပုဂ္ဂိုလ်များ၏ အရုပ်ဆိုး အကျည်းတန် တာဖြင့် ဒကာကြွယ်ပေါ်သွားပြီ (ပေါ်သွားပါပြီ ဘုရား)၊ ဦးလှဘူး မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

အဲဒါကြောင့် ဝေးဝေးရှောင်ကြစမ်းပါ ဆိုတာ ဒကာ ဒကာမတွေ သတိပေးလိုက်တယ် (မှန်ပါ့)၊ ရှာမှီးခြင်း မလွဲပါစေနဲ့ ဆိုတာကော (သတိပေးပါတယ် ဘုရား)။

ဒီသုံးခုနားလည်သွားပြီ

ကဲ ဒါဖြင့် ဒီနေ့ရှေ့ပိုင်းမှာပဲ ဒကာ ဒကာမတွေ စကားသုံးမျိုးကို ရှင်းအောင်ပြောလိုက်တယ်။

၁။ ရှာမှီးခြင်းမလွဲမှု (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊

၂။ သေတတ်မှု (မှန်ပါ့)။

၃။ သုခနဲ့ ဒုက္ခရှင်းမှု (မှန်ပါ့)၊ ဘယ်နှစ်ခု နားလည် သွားပါလိမ့် (သုံးခုနားလည်သွားပါပြီ)။

ကိုင်း ဒါဖြင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဟောလိုက်တယ်၊ ဤခန္ဓာကို မသာယာ၊ နောက်ခန္ဓာကို မတောင့်တရင် သေခြင်းအကောင်းဆုံးတဲ့ (မှန်ပါ့)။

ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဘာတဲ့ (ဤခန္ဓာကို မသာယာ၊ နောက်ခန္ဓာကို မတောင့်တရင် အကောင်းဆုံးပါ)၊ ဤခန္ဓာမခင်တွယ်မှ နောက်ခန္ဓာ မတောင့်တ မယ် (မှန်ပါ့)။

ဝိပဿနာဉာဏ်ပါရင် ခန္ဓာကိုမခင်

ဒါဖြင့် ဤခန္ဓာမခင်တွယ်မှုဆိုတာက ဝိပဿနာဉာဏ် မပါဘဲနဲ့တော့ဖြင့် မည်သူမဆို ခင်နေမှာပဲ (မှန်ပါ့)၊ ဝိပဿနာဉာဏ်ပါရင်တော့ ဤခန္ဓာခင်ပါ့မလား (မခင်ပါ ဘုရား)။

အေး ဒါကြောင့် ဝိပဿနာဉာဏ်မပါခဲ့ရင် ဒကာ ဒကာမတို့ နောက်ခန္ဓာတောင့်တလိမ့်မယ်နော် (မှန်ပါ့)။

ဒါ့ကြောင့် ဝိပဿနာဉာဏ်အလုပ်သည် နိဗ္ဗာန်ကို ထုတ်ချောက် ရောက်စေနိုင်တဲ့ မဂ္ဂင်အလုပ် ဖြစ်လေ သောကြောင့် ဧကာယနော ယံ ဘိက္ခဝေ မဂ္ဂါသတ္တာနံ ဝိသုဒ္ဓိယာ သတ္တဝါကို စင်ကြယ် သွားမယ်တဲ့။ နောက်ဘဝသတ္တဝါမလာနိုင်ဘူး (မှန်ပါ့)၊ သတ္တဝါမှ မရှိဘဲနဲ့ သောကပရိဒေဝ ဒုက္ခ ဒေါမနဿ လာနိုင်သေးရဲ့လား (မလာနိုင်ပါ ဘုရား)၊ နိဗ္ဗာန်ကော မျက်မှောက်မပြုဘူးလား (ပြုပါတယ်)။

ဒါဖြင့် ဝိပဿနာမဂ်ဉာဏ်နဲ့ လက်ရှိခန္ဓာကို မခင်တွယ် အောင်ဆိုတဲ့ဥစ္စာ ခန္ဓာကြည့်တတ်မှ မခင်တွယ်ဆိုတာ လာတော့ မယ် (မှန်ပါ့)၊ ခန္ဓာကိုမကြည့်တတ်လို့ရှိရင်ဖြင့် ခင်တွယ် ဆိုတာ လာမှာစိုးရိမ်ရတဲ့အတွက် ဝိပဿနာ ပြရလိမ့်မယ် (မှန်ပါ့ ဘုရား)၊ ဝိပဿနာ မပြရပေဘူးလား (ပြရပါတယ်)။

ဝိပဿနာပြကြပါစို့။

ကိုင်း ဒကာ ဒကာမတို့ ဝိပဿနာပြကြပါစို့။ ဒီစကားဟာ ဒကာသစ် ဘယ်ကလာတယ်ဆိုတာ သိပြီနော် (မှန်ပါ့)၊ လက်ရှိခန္ဓာမခင်တွယ်မှ လာလတ္တံ့ ခန္ဓာကို မတောင့်တမှာကိုးဗျ (မှန်ပါ့)၊ အဲဒီတော့ လက်ရှိ ခန္ဓာကိုယ်မှ အကျိုးအကြောင်းကို ကောင်းကောင်းမသိတဲ့ပုဂ္ဂိုလ်ဟာ ခင်တွယ်မှာပဲ (မှန်ပါ့)၊ လက်ရှိ ခန္ဓာ ခင်တွယ်လို့ရှိရင်ဖြင့် နောက်ခန္ဓာလဲ သူတောင့်တတော့မှာပဲ (မှန်ပါ့)၊ မတောင့် တပေဘူးလား (တောင့်တပါတယ်)။

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ လက်ရှိ ခန္ဓာမခင်တွယ်နည်း နိဿရည်းဆိုတာက ဝိပဿနာဉာဏ်နဲ့ ခန္ဓာကိုကြည့်တတ်မှ ဒကာကြွယ်၊ ဦးလှဘူးတဲ့ ကိုက်မယ်နော် (မှန်ပါ့)၊ အရေးမကြီး ဘူးလား (ကြီးပါတယ် ဘုရား)။

ခန္ဓာကြည့်နည်းနိဿရည်း

ကိုင်း ဒါဖြင့် လက်ရှိ ခန္ဓာကြည့်နည်း နိဿရည်းကို ပြုကြပါစို့ (မှန်ပါ့)။

လက်ရှိ ခန္ဓာကြည့်နည်းဆိုတာက အခုတရားနာနေကြ တာ ယောက်ျားတွေလား၊ မိန်းမ တွေလား၊ ခန္ဓာငါးပါးတွေလား ဆိုတာ အကဲခတ်လိုက်တာပေါ့ (မှန်ပါ့)၊ အပြောကတော့ဖြင့် ယောက်ျားနဲ့ မိန်းမပဲပါတာပဲ (မှန်ပါ့)၊ အရှိကဖြင့် ခန္ဓာ ငါးပါးပဲရှိတယ် (မှန်ပါ့)။

အရှိက ခန္ဓာငါးပါးပဲ ရှိပြီး သကာလ နေတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ့၌ ခန္ဓာသည် ကားလို့ဆိုရင် တခြားကြောင့် ခန္ဓာမဟုတ်ပါဘူး၊ ခန္ဓာဆိုတာသူများ စားဖို့ ဝါးဖို့ ပေါ်လာတာ ခန္ဓာလို့ ခေါ်ပါတယ် (မှန်ပါ့)။

သူများ စားဖို့ ဝါးဖို့ ပေါ်လာတာ (ခန္ဓာလို့ခေါ်ပါ သည်။)

သူများစားဖို့ ဝါးဖို့ပေါ်လာသော ခန္ဓာ

ဒါ သေသေချာချာ မှတ်ပါ၊ ခင်ဗျားတို့က လူခန္ဓာ, နတ်ခန္ဓာ၊ ဗြဟ္မာခန္ဓာတွေ အသာချိတ် ထားလိုက်စမ်းပါ (မှန်ပါ့)၊ ခန္ဓာ၏ ပင်ကိုသဘောကို ပေါလောပေါ်အောင် စဉ်းစားလိုက်တဲ့အခါကျတော့ ခန္ဓာဆိုတာသူများ စားဖို့ ဝါးဖို့ ပေါ်လာတာ ခန္ဓာလို့ခေါ်၏ (မှန်ပါ့)။

ခန္ဓာဆိုတာ ဘာပါလိမ့် (သူများစားဖို့ ဝါးဖို့ ပေါ်လာတာပါ ဘုရား)၊ ငါးဆုတောင်းတော့ လူစားဖို့ဖြစ်တာပေါ့ (မှန်ပါ့)၊ နွားဆုတောင်းပြန်တော့ (လူစားဖို့ပါ)၊ သိုးဆု, ဘဲဆု, ကြက်ဆုတောင်း ပြန်တော့ (လူစားဖို့ပါ)၊ အဲဒီလိုပဲတဲ့ ဒီဒကာ ဒကာမတွေသည် ခန္ဓာဆုတောင်းတာသည် ဇရာမရဏ တို့၏ စားဖို့ကို ဆုတောင်းပေးတာ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဘယ်သူတို့၏ စားဖို့ ဝါးဖို့ ဆုတောင်းပေးတာပါလိမ့် (ဇရာမရဏတို့၏ စားဖို့ ဝါးဖို့ ဆုတောင်း ပေးတာပါ)၊ ဇရာ မရဏတို့ စားဖို့ ဝါးဖို့ရာ အလုပ်ကို ကျုပ်တို့က ခန္ဓာအဖြစ်နဲ့ ဆုတောင်းပေးတယ် (မှန်ပါ့)။

ဒါဖြင့် ကျုပ်တို့ ခန္ဓာတောင်းတဲ့ ပုဂ္ဂိုလ်သည် ကိုယ့်အကျိုး လား၊ သူများအကျိုးအတွက် လုပ်ပေး နေတာလား (သူများ အကျိုးအတွက် လုပ်ပေးနေတာပါ)။

ဒကာကြွယ် ဒါ လူမိုက်မှ လုပ်မှာပေါ့ဗျာ (မှန်ပါ့)၊ လူလိမ္မာဖြင့် ကိုယ့်အကျိုး ကိုယ်လုပ်မှာပေါ့ (မှန်ပါ့)၊ သဘော ရှင်းကြပလား (ရှင်းပါပြီ)။

ဇရာမရဏစားဖို့ဝါးဖို့

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ခန္ဓာအကြောင်း ကောင်းကောင်းသိပြီ (သိပါပြီ ဘုရား)၊ ခန္ဓာသည်ကားလို့ ဆိုရင် ပေါ်လာရင် ဘယ်သူစားဖို့ဝါးဖို့ပါလိမ့် (ဇရာမရဏ စားဖို့ဝါးဖို့ပါ ဘုရား)၊ ဇရာမရဏတို့၏ စားဖို့ဝါးဖို့ ပေါ်လာတယ် ဆိုတာ သေချာကြပလား (သေချာပါပြီ)။

ဪ ဒါဖြင့် လူခန္ဓာဖြစ်ရပါလို၏ဆိုရင် ဇရာမရဏ တို့၏ စာဖတ်ဝါးဖတ်အဖြစ်နဲ့ ခန္ဓာပျက် ရပါလို၏ (မှန်ပါ့)၊ ဒီအဓိပ္ပါယ်ပဲ မရောက်ဘူးလား (ရောက်ပါတယ်)၊ နတ်ခန္ဓာ ရရပါလို၏ဆိုရင်ကော (ဇရာမရဏ တို့၏ စာဖတ်ဝါးဖတ် ဖြစ်ရပါလို၏)၊ ဇရာမရဏတို့၏ စာဖတ်ဝါးဖတ်အဖြစ်နဲ့ ခန္ဓာပျက် ရပါလို၏ (မှန်ပါ့)၊ အံမာလေး ကောင်းကောင်း မတောင်းကောင်း စဉ်းစားစမ်းပါ (မတောင်းကောင်းပါ ဘုရား)။

စဉ်းစားဖို့အချိန်ရောက်လာပြီ

ဒကာကြွယ် ဉာဏ်မပါတဲ့ ပုဂ္ဂိုလ်တွေ ဒီမှာ အင်မတန် စဉ်းစားဖို့ အချိန်ရောက်လာပြီ (မှန်ပါ့ ဘုရား)၊ နောက်ဘဝ လူချမ်းသာ နတ်ချမ်းသာ, ဗြဟ္မာချမ်းသာဖြစ်ရပါလို၏ဆိုတော့ ခန္ဓာဖြစ်ရပါလို၏ လုပ်လိုက်တာ (မှန်ပါ့)၊ ဇရာမရဏတို့၏ စာဖတ်ဝါးဖတ်အဖြစ်နဲ့ ခန္ဓာပျက်ရပါလို၏ဆိုတော့ ကောင်း သေးရဲ့လား (မကောင်းပါ ဘုရား)၊ ဒါလောက်ရူးတော့လဲ ဒကာကြွယ်ရေ သစ္စဉာဏ်မရှိရင် အရူး မပျောက်ဘူးနော် (မှန်ပါ့)။

ကိုင်း ဆရာကောင်း သမားကောင်းနဲ့ တွေ့လို့မှ ဒီကိလေသာရူး, အဝိဇ္ဇာ, တဏှာရူး မပျောက်သေးလို့ ရှိရင်ဖြင့် ပျောက်စရာအကြောင်း ဒကာကြွယ် မမြင်တော့ဘူး (မမြင် ပါ ဘုရား)။

အင်မတန် ဆိုးရွားလွန်းလို့ ဒီဥစ္စာကန့်ကွက်ပါတယ် (မှန်ပါ့)၊ အင်မတန်ဆိုးရွားလွန်းလို့ ကန့်ကွက်တယ် ဆိုတာ ကျေနပ်ကြပလား (ကျေနပ်ပါပြီ)။

ဒါဖြင့် ဘယ်ခန္ဓာဖြစ်ဖြစ် ဇရာမရဏတို့၏ စားဖတ် ဝါးဖတ်ဖြစ်ပြီး ခန္ဓာပျက်ရပါလို၏, သေရပါလို၏ ဆိုတဲ့ အဓိပ္ပါယ် ရောက်-မရောက် (ရောက်ပါတယ် ဘုရား)။

တစ်နည်းအားဖြင့် လူ့ပြည်လာဖြစ်တဲ့အခါ ခန္ဓာဖြစ်ရ ပါလို၏ ဆုတောင်းလို့ရှိရင်ဖြင့် မြေကြီးထဲ မြုပ်လိုက်တော့ မြေကြီး ဟာ ဒီခန္ဓာအတွက် တိုးမလာဘူးလား (တိုးလာပါတယ်)၊ ဒါဖြင့် လူ့ပြည် လူ့ခန္ဓာဖြစ်ရပါလို၏ဆိုတော့ မြေကြီး ကြီးပွားရေး ဖြစ်ရပါလို၏ ကိုယ်ကြီးပွားတာပါရဲ့ လား (မပါ,ပါ ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဘယ်သူကြီးပွားပါလိမ့် (မြေကြီး ကြီးပွားပါတယ်)၊ အံမာလေး လူ့ချမ်းသာလဲ မြေကြီး ကြီးပွားပြီ ဒကာကြွယ်ရေ (မှန်ပါ့)၊ လူချမ်းသာ ဟုတ်ပါရဲ့လား (မဟုတ်ပါ ဘုရား)။ ကြီးပွားတော့ ဘယ်သူ ကြီးပွားသတုံး (မြေကြီးကြီးပွား ပါတယ်)။

မြေကြီး ကြီးပွားတော့ ဒကာ ဒကာမတွေ မြေကြီးက ကျုပ်တို့ကို အတုံ့အလှည့်ပြန်ပြီး သကာလ ဘာများလုပ်ပေးသတုံး လို့မေးတော့ ဘာမှ လုပ်ဖော်မရဘူး (မရပါ ဘုရား)။

ဒါ့ကြောင့် မသိမှုတွေ အကုန်ရှောင်ပြီး သကာလ သိမှုတွေ အကုန်ဆောင်ပါ (မှန်ပါ့)၊ မသိမှုဆိုတာ အဝိဇ္ဇာ၊ သိမှုဆိုတာ ဝိဇ္ဇာ (မှန်ပါ့)။

လက်ရှိခန္ဓာကြည့်ကြပါစို့

ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာအကြောင်းကို မသိဘဲနဲ့၊ နောက်ခန္ဓာမခင်တွယ်ပါနဲ့ မတောင့်တပါနဲ့ ဆိုလို့ ရပါ့မလား (မရပါ ဘုရား)၊ ဒါဖြင့် လက်ရှိခန္ဓာကြီးကြည့်ကြပါစို့ (မှန်ပါ့)။

လက်ရှိခန္ဓာ ကြည့်ကြပါစို့ဆိုတော့ ဝိပဿနာဉာဏ် စ,တော့တယ် ဒကာ ဒကာမတို့ (မှန်ပါ့)၊ လက်ရှိခန္ဓာကြည့် ဆိုတာ ဝိပဿနာဉာဏ် စ,တာလို့မှတ်လိုက်ပါ (မှန်ပါ့ ဘုရား)။

ကိုင်း အခုတရားပွဲမှာ အားလုံးပဲ တရားနာကြ တယ်။ တရားနာကြတဲ့အခါကျတော့ ဒီခန္ဓာကြီးက တရားတော့ နာနေတာပဲတဲ့။ ဘုန်းကြီးဘက်လှည့်ပြီး တရားနာနေတာပဲ။ ဟိုနေရာက ယားသလိုလို၊ ဒီအာခေါင်က ယားသလိုလို၊ ဒီချောင်းက ဆိုးချင်သလိုလို၊ ဒီဣရိယာပုတ် ဒီနေမှုမှ၊ ဟိုနေမှု ပြောင်းချင်တာတွေကတော့ ခဏ ခဏ မလာဘူးလား (လာပါတယ်)၊ ဪ ဒါတွေဟာ ဘာတွေပါလိမ့်မတုံးလို့ မေးတော့ဖောက်ပြန်ပျက်စီးနေတာ (မှန်ပါ့)။

ယားတာဟာလဲ ဘာပါလိမ့် (ဖောက်ပြန် ပျက်စီးတာပါ)၊ ဒုက္ခသစ္စာပဲ။

ဖောက်ပြန်ပျက်စီးနေတာဒုက္ခသစ္စာ

ဖောက်ပြန်ပျက်စီးတာက ဘာသစ္စာ (ဒုက္ခသစ္စာ ပါ ဘုရား)၊ လည်ချောင်းကလေးယားပြီး ချောင်းဆိုးတယ် ဘာပါလိမ့် (ဖောက်ပြန်ပျက်စီးတာပါ)၊ ဖောက်ပြန်ပျက် စီးတာ ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)၊ ရွှေ့ချင် ပြောင်းချင်တာက ဘာသစ္စာ (ဒုက္ခသစ္စာပါ)။

ဪ နာလွန်း ကျင်လွန်း ကိုက်လွန်း ခဲလွန်းလို့ ပြောင်းချင်တယ်၊ ရွှေ့ချင်တယ်၊ မှီနေရတယ်၊ ဒူးတုပ်နေရတယ်၊ ဝပ်နေရတယ်ဆိုတာ ပင်ကိုဣရိယာပုတ်မှတစ်ပါး ပြောင်းလွဲပြီး သကာလ နေရတာ ဟာ ပင်ကို ဣရိယာပုတ်မှ ဖောက်ပြန် ပျက်စီးပြီး သကာလ တို့ပြောင်းလွဲကြရတာဆိုရင်လွဲပါ့မလား (မလွဲပါ ဘုရား)။

ခန္ဓာ၏အမူအရာတွေ

ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာကိုယ်ကြီးဟာ အဝတ်တွေ ခြံ၊ အစာတွေကျွေး၊ ရေတွေချိုး၊ ဆေးတွေ ကုပြီး လာခဲ့ငြားသော် လဲ မပြောင်းလွဲဘဲ၊ မဖောက်ပြန်ဘဲနဲ့ တရားပွဲဆုံးကြရဲ့လား (မဆုံးပါ ဘုရား)၊ သူကမဆုံးဘူးနော် (မှန်ပါ့)၊ ဖောက်ပြန် ပျက်စီးမှု ရပ်စဲနေသေးသလား (မနေပါ ဘုရား)၊ ဖောက်ပြန် ပျက်စီးမှု ရပ်စဲနေလေ့မရှိတာဟာ ဘာသစ္စာတုံး (ဒုက္ခသစ္စာ ပါ)။

အဲဒီလို ခန္ဓာကိုယ်ထဲမှာ ယားလာလဲ ဒုက္ခသစ္စာ, ယံလာလဲ ဒုက္ခသစ္စာ, အမျိုးမျိုးပြောင်းရင်လဲ ဒုက္ခသစ္စာပဲ၊ ဒကာ ဒကာမတို့ ခန္ဓာ၏ အမူအရာတွေ အကုန်ကြည့် (မှန်ပါ့)၊ ကြည့်လိုက်တော့ ခန္ဓာကြီးက ဘာတွေချည့်ပြောမယ်ထင်သတုံး (ဒုက္ခသစ္စာတွေ ချည့်ပြောပါတယ်)။

လူ့ဘဝဆိုတာ ဒုက္ခသစ္စာ

ခန္ဓာက ဒုက္ခသစ္စာချည့် ဦးလှဘူး ပြောသဗျာ (မှန်ပါ့)၊ ဒီလိုခန္ဓာကြည့်တော့ ဝိပဿနာဉာဏ်နဲ့ ဒီကနေပြီး ကြည့်လိုက်တဲ့အခါကျတော့ ဪ လူ့ဘဝ လူ့ဘဝဆိုတာ ဒုက္ခသစ္စာပါကလား (မှန်ပါ့)။

လူ့ဘဝဆိုတာ (ဒုက္ခသစ္စာပါ ဘုရား)၊ မပြောင်းဘဲ၊ မရွှေ့ဘဲ၊ မယားဘဲ၊ မနာဘဲ၊ မဆာဘဲ၊ မမွတ်ဘဲနေလို့ ရကြရဲ့လား (မရပါ ဘုရား)။ ဒါဖောက်ပြန်လာတာပေါ့ (မှန်ပါ့)၊ နဂိုက မဆာဘူး၊ အခုမှ ဆာလာရတယ်၊ ဖောက်ပြန်လာတာ (မှန်ပါ့)၊ နဂိုက ရေမငတ်ဘူး၊ အခုမှ ရေငတ်လာတာ (ဖောက်ပြန် လာတာပါ)၊ နဂိုက ပြောင်းပြီး ထိုင်ပေးတဲ့ဥစ္စာ အခုပြောင်းတဲ့နေရာက မကြိုက်ပြန်ဘူးတဲ့ဆိုတာကော (ဖောက်ပြန် တာပါ)။

အသစ်ကဖောက်ပြန် အဟောင်းကပျက်စီး

ဖောက်ပြန်တာသည် ဖောက်ပြန်ရုံလား ဒကာသစ်ရေ၊ အရင်ဟာတွေ အကုန်ပျက်စီးတာလား (အရင်ဟာတွေ အကုန်ပျက်စီးတာပါ)၊ ဒါဖြင့် အသစ်က ဖောက်ပြန်၊ အဟောင်း က ပျက်စီး (မှန်ပါ့)။

အသစ်က (ဖောက်ပြန်ပါတယ်)၊ အဟောင်းက (ပျက်စီးပါတယ်)၊ ဒါဖြင့် ဒကာ ဒကာမတို့ ပျက်စီးမှုရယ်၊ ဖောက်ပြန်မှုရယ် ခန္ဓာ၏အလုပ် (မှန်ပါ့)။

ပျက်စီးမှု ဖောက်ပြန်မှုဟာ ဘာပါလိမ့် (ခန္ဓာ၏ အလုပ်ပါ ဘုရား)။

ခန္ဓာ၏အလုပ်ဟာ တခြားများ ဘာလုပ်သေးသတုံးလို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဉာဏ်နဲ့ကြည့်ဖို့ အရေးကြီး တယ် (မှန်ပါ့)၊ တခြားဘာလုပ်သေးသတုံး (ဘာမှ မလုပ်ပါ ဘုရား)၊ သူ့ထုံးစံက ဘာပါလိမ့် မတုံးဆိုလို့ရှိရင် ပျက်စီးတာရယ်၊ ဖောက်ပြန်တာရယ် (မှန်ပါ့)။

အသစ်တစ်ခု ဖောက်ပြန်လာတယ် ဆိုကတည်းက အဟောင်းပျက်စီးလို့ ဆိုတာ မသေချာ ဘူးလား (သေချာ ပါတယ်)၊ ဥပမာ ဒီနေရာထိုင်နေရတယ်ဆိုတာ ထိုင်လို့ကောင်းလို့ ထိုင်နေကြတာ (မှန်ပါ့)၊ ကောင်းတဲ့နေရာကလဲ ရွှေ့ချင် ပြန်တယ် ဆိုတဲ့ဥစ္စာ ခုနင်က ကောင်းလုံးပျက်ပြီး သကာလ ဆိုးလုံး ပေါ်လာတာပဲ (မှန်လှပါ)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ဒါဖြင့် ပျက်စီးတာနဲ့ ဖောက်ပြန်တာရှိတာ ခန္ဓာလို့မှတ် (မှန်ပါ့)။

ခန္ဓာ၏အမြဲတမ်းအလုပ်

သိပြီ သိပြီ သိပြီ ဒကာကြွယ်၊ ဦးလှဘူးတို့ သိပြီ (မှန်ပါ့)၊ ခန္ဓာ၏အလုပ်အမြဲတမ်းအလုပ် ပြောစမ်းပါ ဆိုရင် ဘယ်လိုပြောကြမယ် (ဖောက်ပြန်ပျက်စီးတာခန္ဓာပါ ဘုရား)၊ ဖောက်ပြန်တာနဲ့ ပျက်စီးတာ အမြဲတမ်းခန္ဓာ၏အလုပ် (မှန်ပါ့)။

ပြီးနိုင်ရဲ့လား ခန္ဓာ၏ဖောက်ပြန်ပျက်စီးတဲ့ အလုပ်ကြီး ဟာ ဘယ်တော့များ စခန်းသတ်သတုံး မေးလို့ရှိရင် ခန္ဓာရှိသရွေ့ စခန်းမသတ် (မှန်ပါ့)။

ခန္ဓာရှိသရွေ့ (စခန်းမသတ်ပါ)၊ သူ့အလုပ်က ဘာပါလိမ့် (ဖောက်ပြန်ပျက်စီးတာပါ)၊ ဖောက်ပြန် ပျက်စီး တာသည် ခန္ဓာ၏အလုပ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။

အဲဒါ ဉာဏ်နားနဲ့ ကြည့်ကြည့်-ကြည့်ကြည့်ပြီး သကာလ ဖောက်ပြန်ပြီ၊ ပျက်စီးပြန်ပြီ၊ ဖောက်ပြန်ပြီ၊ ပျက်စီးပြန်ပြီ ဆိုလို့ရှိရင်ဖြင့် ကြည့်ကြည့်ပေး၊ ရုပ်ပေါ်ကြည့်လိုက်၊ စိတ်ပေါ်ကြည့်လိုက် လဲ တော်တော်ကြာ စိတ်ကလေးပေါ်လာတာက ဖောက်ပြန် လာတာ၊ အရင်စိတ်ကလေး ပျက်စီး သွားတယ် (မှန်ပါ့)၊ ဖောက်ပြန်တဲ့ တရားကလေးလဲ တော်တော်ကြာကျတော့ ဖောက်ပြန်ရာ ကနေပြီး သကာလ ပျက်စီးသွားတယ် (မှန်ပါ့)၊

ဒါဖြင့် ခန္ဓာ၏အလုပ်သည် ဖောက်ပြန်ပျက်စီးတဲ့အလုပ် (မှန်ပါ့)။

ဖြစ်လိုက်ပျက်လိုက်၊ ဖြစ်လိုက်ပျက်လိုက်

အဲဒီတော့ ခန္ဓာငါးပါးစလုံး မကြည့်ဘဲနဲ့ ဝေဒနာကလေး ပေါ်လာလိုက် ဒါဖောက်ပြန်လာတာ၊ ပြီးတော့ဘာဖြစ်သွား သတုံး (ပျက်စီးသွားပါတယ်)။

ဒါဖြင့် ဖြစ်လိုက် ပျက်လိုက်၊ ဖြစ်လိုက် ပျက်လိုက်၊ ဒီလိုပဲ မနေဘူးလား (နေပါတယ် ဘုရား)။

ဒါဖြင့် ဝေဒနာက္ခန္ဓာကြည့်ပြန်လဲ ဖြစ်ပျက်၊ သညာက္ခန္ဓာ ကြည့်လိုက်ပြန်လဲ (ဖြစ်ပျက်ပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ)။

အဲ တစ်ခုတည်းသာ စိုက်ကြည့်၊ ဝေဒနာကြည့်ရင် ဝေဒနာဖြစ်ပျက်တွေ လျှောက်ကြည့်၊ စိတ်ကြိုက်ရင် (စိတ်ဖြစ်ပျက်တွေကြည့်)၊ စိတ်ဖြစ်ပျက်တွေ လျှောက်ကြည့်တော့ ဘာတွေများ တွေ့သတုံး မေးတော့ ဖောက်ပြန်တာရယ်၊ ပျက်စီး တာရယ်တွေ့တယ်၊ ဘယ်သူ၏ အလုပ်ပါလိမ့် (ခန္ဓာ၏ အလုပ်ပါ)။

ဪ ဒါတွေမြင်တော့မှ ဒီခန္ဓာကြီးကားလို့ဆိုရင် ဖြင့် ဖောက်ပြန်နဲ့ ပျက်စီးပဲ လှည့်သာ နေတော့တယ် ဆိုတာ ဒကာ ဒကာမတွေ မသိရပေဘူးလား (သိရပါတယ်)။

အဲဒါကြောင့် ဝိပရိနာမလက္ခဏံ ဒုက္ခသစ္စာ (မှန်ပါ့)၊ ဖောက်ပြန် ပျက်စီးတာ ကလေးဟာ ဖောက်ပြန် ပျက်စီးတဲ့ သဘော ပြောတာပဲ (မှန်ပါ့)။

ဒုက္ခသစ္စာ၏သဘော

ဖောက်ပြန်ပျက်စီးတဲ့ သဘောကလေးဟာ ဘာသဘော ပါလိမ့် (ဒုက္ခသစ္စာ၏သဘော ပြောပါတယ်)၊ ဒုက္ခသစ္စာ၏ သဘောကိုပြောတာ ဦးဘအုန်းတို့၊ ဒကာသစ်တို့က ဉာဏ်ကလေးနဲ့ ကြည့်ကြည့်ပြီး သကာလ ပြောစမ်းပါကွာ ဆိုပြီး စိုက်သာ ကြည့် (မှန်ပါ့)၊ ဝေဒနာတွေ ပေါ်လာရင် ဖောက်ပြန်လာပြီ (မှန်ပါ့)၊ ချုပ်သွားရင် ပျက်စီးသွားပြီ (မှန်ပါ့)၊ ဘာရှိသတုံး (ဖောက်ပြန် ပျက်စီးပဲ ရှိပါတယ်)။

တစ်ကိုယ်လုံးက ဘာတွေများပြောသတုံး

အဲဒါက ဉာဏ်ကနေကြည့်နေ၊ ကြည့်တော့တစ်ကိုယ်လုံး က ဘာတွေများ တစ်နေ့လုံး ပြောမယ် ထင်သတုံး (ဖောက် ပြန်ပျက်စီးတာပဲ ပြောပါမယ်)၊ ဖောက်ပြန်ပျက်စီးတာချည့် ပြောမယ်နော် (မှန်ပါ့)၊ ပြောပြန်တော့လဲ ဉာဏ်မျက်လုံးနဲ့ ကြည့်တဲ့ ပုဂ္ဂိုလ်မှ ပြောတယ် (မှန်ပါ့)၊

ခုနင်က ဒီနေရာယား လို့ ဒီနေရာ ဖျောက်လိုက်ပြီး သကာလ ဟိုနေရာကလေးက ကောင်းတယ် ဆိုတဲ့ ပုဂ္ဂိုလ် ဒီဉာဏ်မလာပါဘူး (မလာပါ ဘုရား)၊ ဒီဉာဏ်မလာပါဘူး၊ စိုက်ပြီး ကြည့်ပြီး သကာလ ဒီနေရာ ကလေးက အခုယားတယ်၊ ယားတာကလေး ပျောက်သွားပြီး တော့ ဪ ဖောက်ပြန် ပျက်စီးပြန်ပြီ၊

မျက်လုံးကလေးက မြင်တဲ့စိတ်ကလေး ပေါ်လာပြန်ပြီ၊ ဪ ဖောက်ပြန်ပျက်စီး ပြန်ပြီ၊ နားထဲက ကြားတဲ့စိတ်ကလေး ပေါ်လာတာလဲ ခုမှ ပေါ်လာတာက ဖောက်ပြန်လာတာ (မှန်ပါ့)၊ ကြားတဲ့စိတ် ကလေး ပျောက်သွားတဲ့အခါ ဖောက်ပြန်ပျက်စီးတာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။

ဖောက်ပြန်ပျက်စီးတာပဲတွေ့တယ်

ဒါဖြင့် ခန္ဓာကိုယ် တစ်ကိုယ်လုံးတည်းမှာ နာမ်ဘက် ကြည့်လိုက်လဲ ဖောက်ပြန်ပျက်စီးတာပဲ၊ ရုပ်ဘက်ကြည့်လိုက် ပြန်လဲ (ဖောက်ပြန်ပျက်စီးတာပါ)။

နာမ်နဲ့ရုပ်ရှိတာပဲ၊ တကယ်ကြည့်လိုက်တော့ နာမ်ရုပ် တော့မတွေ့ပါဘူး၊ ဘာတွေ့သတုံး (ဖောက်ပြန် ပျက်စီးတာ တွေ့ပါတယ် ဘုရား)၊ ဖောက်ပြန်ပျက်စီးတာ ဘာသစ္စာ (ဒုက္ခသစ္စာပါ)၊ ဟော ဒကာကြွယ်ပေါ်ပြီ (ပေါ်ပါပြီ)၊ ဒုက္ခသစ္စာပေါ်လာပြီ ဒကာ ဒကာမတို့ (မှန်ပါ့)၊ ဘာတွေများ ပေါ်လာပါလိမ့် (ဒုက္ခသစ္စာ ပေါ်လာပါတယ်)။

ဒီခန္ဓာမခင်ဆိုတာလာတယ်

စောင့်ကြည့်တဲ့ ပုဂ္ဂိုလ်မှာ ဒုက္ခသစ္စာ မပေါ်လာဘူးလား (ပေါ်လာပါတယ်)၊ အဲဒီလို ပေါ်လာတဲ့ ပုဂ္ဂိုလ်ကျတော့မှ ဒီဒုက္ခကြီးကို ပေါ်တိုင်း ပေါ်တိုင်း ဖောက်ပြန်တာနဲ့ ပျက်စီးတာ ချည့် တွေ့နေတဲ့ ပုဂ္ဂိုလ်ကျတော့မှ ဒီခန္ဓာမခင်ဆိုတာလာတော့ တယ် (မှန်ပါ့)၊ ဒီခန္ဓာမခင်ဟာ ဒီအတိုင်းလာတာ မဟုတ်ဘူး နော် (မှန်ပါ့)၊ ဖောက်ပြန် ပျက်စီးတာကို စူးစူးစိုက်စိုက်ကြည့် နေတဲ့ ပုဂ္ဂိုလ်မှ ဒီခန္ဓာ မခင် ဆိုတာက လာတာ။ (မှန်ပါ့)၊ နို့မဟုတ် ရင် မလာဘူးနော်။ (မလာပါ ဘုရား)။

အဲဒီတော့ သစ္စာတည်း ဟူသော ဝိပဿနာမပါဘဲနဲ့ ဒီ ဒကာ ဒကာမတွေ ဒီခန္ဓာမခင်ဘဲ ဟိုခန္ဓာ မတောင့်တလို့ သေခြင်းသည် အကောင်းဆုံးပဲဆိုငြားသော်လည်း ဝိပဿနာ အလုပ်ကို မလုပ်တဲ့ပုဂ္ဂိုလ်မှာဖြင့် ဘယ်နည်းနဲ့မှ ဒီခန္ဓာမခင်ပါနဲ့ ဆိုလဲမရဘူး (မရပါ ဘုရား)၊

ဟိုခန္ဓာမတောင့်တပါနဲ့ဆိုရင်ကော (မရပါ ဘုရား)။

အဲဒါ ဒကာသစ်တို့၊ ဦးဘအုန်းတို့က သေသေချာချာ သိတော့မှ ဪ လက်တွေ့ မကောင်းမှန်း သိပါမှ လက်မဲ့ မတောင့်တမှာပါကလား (မှန်ပါ့)၊

လက်တွေ့ကိုမှ မတွေ့ရသေးလို့ရှိရင်ဖြင့် လက်မဲ့ကို ကောင်းတယ်ထင်ဦးမှာပဲ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။

သေနည်းအကောင်းဆုံး၊ ဘယ်ဟာတုံး

ဒါဖြင့် ဒကာ ဒကာမတို့ ဘုရားသခင်ကိုယ်တော်မြတ် ကြီးက သေနည်း အကောင်းဆုံး ဘယ်ဟာတုံး ဆိုတော့ ဤခန္ဓာ မတွယ်တာ၊နောက်ခန္ဓာမတောင့်တ၊ ဤနည်းဟာ အကောင်းဆုံး ပဲ (မှန်ပါ့)၊ အဲဒါ ဥပရိပဏ္ဏာသ ပါဠိတော်မှာ သေသေချာချာ ဟောတယ် (မှန်ပါ့)။

ဟောသာဟောငြားသော်လည်း သူကသာ ဟောတယ်၊ ကျုပ်တို့က နှလုံးမသွင်းတတ် လို့ရှိရင်လည်း ဒီခန္ဓာပဲ ခင်မှာပဲ၊ နောက်ခန္ဓာလည်း တောင့်တမှာပါပဲ။

ဝိပဿနာအလုပ်မလုပ်လို့

တောင့်တမှာပဲဆိုတော့ ဪ ဘယ်လိုကြောင့် ဒီခန္ဓာခင်ပြီး နောက်ခန္ဓာ တောင့်တ ကြပါလိမ့်မတုံး ဆိုတော့ ဒီခန္ဓာအကြောင်း ကောင်းကောင်းသိတဲ့ ဝိပဿနာအလုပ်ကို မလုပ်လို့ (မှန်ပါ့)၊ ဒကာကြွယ် ဒါပေါ်လာတယ် (မှန်ပါ့)။

အေး ဒါကြောင့် ဒကာ ဒကာမတို့ဝေဒနာကြိုက်ရင် ဝေဒနာ ဖောက်ပြန်ပျက်စီးတာကြည့်၊ စိတ်ကြိုက်ရင် (စိတ်ဖောက်ပြန် ပျက်စီးတာကိုကြည့်ရပါမယ်)၊ စိတ်ဖောက်ပြန် ပျက်စီးတာကို ကြည့်မိအောင် ကြည့်လိုက်စမ်းပါ ဆိုတာကို သေသေချာချာသတိပေးပါတယ် (မှန်ပါ့)။

ဒီလို အမှန်အတိုင်းရှာတော့ ဒီခန္ဓာကြီးက ဒကာ ဒကာမတို့ ဘယ့်နှယ်ဖြစ်လာသတုံးဆိုလို့ရှိရင် ဝေဒနာကလေး တွေဟာ တစ်ခါတည်း ရေပွက်ကလေးတွေလို ဖောက်ပြန်ပျက်စီး တာ – ဖောက်ပြန် ပျက်စီးတာ – ဖောက်ပြန်ပျက်စီးတာချည့် ဆက်ပြတာပဲ (မှန်ပါ့)၊ ကြည့်ဖန်များလာတော့ ဖောက်ပြန် ပျက်စီးတာချည့် ဆက်မပြပေဘူးလား (ပြင်ပါတယ်)။

အဲဒီကဲ့သို့ ဆက်ပြတဲ့အခါကျတော့ ဤခန္ဓာကြီးဟာဖြင့် ဖောက်ပြန် ပျက်စီးတာမှတစ်ပါး ဘာမှမရှိပါကလား လို့ မမြင်ပေဘူး လား (မြင်ပါတယ်)။

ယထာဘူတဉာဏ်

မြင်တော့မှ ခင်ဗျားတို့အားလုံး ဟုတ်တိုင်းမှန်စွာရှိတာကို ဟုတ်တိုင်းမှန်စွာသိတဲ့ ယထာဘူတ ဉာဏ် ရပါတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ဟုတ်တိုင်းမှန်စွာရှိတာက ဖောက်ပြန်ပျက်စီးတာ (မှန်ပါ့)၊ ဟုတ်တိုင်းမှန်စွာသိတာက ဖောက်ပြန် ပျက်စီးတာမှ တစ်ပါး ဘာမှ မရှိဘူးလို့ ဆုံးဖြတ်ချက်ချပြီးသိတာ (မှန်ပါ့)၊ သဘော ပါကြပလား (ပါ,ပါပြီ ဘုရား)။

အဲဒီကဲ့သို့ ခန္ဓာကြီးကို ဝေဒနာကြိုက်ရင် ဝေဒနာကြည့် လို့ ဖောက်ပြန်ပျက်စီးတာချည့် မြင်ခဲ့သော် စိတ်ကြိုက်လို့ စိတ်ဖောက်ပြန်ပျက်စီးတာချည့် ဒကာ ဒကာမတွေက မြင်ခဲ့လို့ ရှိရင် ဤခန္ဓာကြီးကို ဟုတ်တိုင်းမှန်စွာ သိပါပြီ (မှန်ပါ့)၊ ယထာဘူတဉာဏ်ရပြီ (မှန်ပါ့) မရသေးဘူးလား (ရပါပြီ)။

ယထာဘူတဉာဏန္တိ ယထာသဘာဝ ဇာနနဉာဏံ။ ဟုတ်တိုင်းမှန်စွာ သိတဲ့ဉာဏ်ရပါတယ် (မှန်ပါ့)။

ရှေ့ကိုဘာဆက်လုပ်ရမှာလဲ

အဲဒီတော့ ဒကာသစ်တို့၊ ဦးဘအုန်းတို့က ဆက်ကြည့်ပါ၊ ဟုတ်တိုင်းမှန်စွာသိတဲ့ဉာဏ်ရရင် ရှေ့ကို ဘာဆက်လုပ် ရမလဲ (ဆက်ကြည့်ရပါမယ်)။

ဆက်ကြည့်တဲ့အခါကျလို့ရှိရင် ဤခန္ဓာကြီးသည် ကားလို့ဆိုရင် ဒုက္ခဿ ပိဠနဋ္ဌော- ပေါ်လာတယ် (မှန်ပါ့)၊ ဒုက္ခဿ- ဒုက္ခသစ္စာ၏။ ပိဠနဋ္ဌော- ကိန်းရာပုဂ္ဂိုလ်ကို ညှာတာ မဖက် အမြဲနှိပ်စက် နေတာ သူပဲတဲ့ (မှန်ပါ့)၊ သဘောကျ ပလား (ကျပါပြီ)။

ညှာတာမဖက် အမြဲနှိပ်စက်နေတာ သူပဲ၊ ဖောက်ပြန် ပျက်စီးပြီး နှိပ်စက်နေတာပဲ (မှန်ပါ့)။

ဥပမာ ဒကာသစ်ဆိုတဲ့ ပုဂ္ဂိုလ်ကို ကျန်တဲ့ ရုပ်နာမ်တွေက ဖောက်ပြန်ပျက်စီးမှုနဲ့ နှိပ်စက်နေတယ် (မှန်ပါ့)၊ မနှိပ်စက် ဘူးလား (နှိပ်စက်ပါတယ်)။

ဒီခွေးမှာ အနာနှိပ်စက်နေတယ်လို့ ခင်ဗျားတို့ မပြောကြ ဘူးလား (ပြောကြပါတယ်)၊ ဒီမှာလဲ ဒီလူမှာ ဖောက်ပြန် ပျက်စီးမှုတည်းဟူသော အနာတွေက နှိပ်စက်နေတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။

ဖောက်ပြန် ပျက်စီးမှုတည်းဟူသော အနာတွေကဘာတုံး (နှိပ်စက်နေပါတယ်)၊ နှိပ်စက် နေတော့ ဪ လူ့ပြည်ဆုတောင်းရတာ အနှိပ်စက်ခံဖို့ဆုတောင်းတာကိုး (မှန်ပါ့)၊ နတ်ပြည် ဆုတောင်းရတာကော (အနှိပ်စက်ခံဖို့ ဆုတောင်းတာပါ)၊ ဗြဟ္မာပြည် ဆုတောင်းကြတာကော (အနှိပ်စက်ခံဖို့ ဆုတောင်းကြတာပါ)၊ ဖောက်ပြန်ပျက်စီးတာ မမြင်လို့ တောင်းကြတာကိုး (မှန်ပါ့)။

ပျက်စီးတာမြင်မှ မခင်တွယ်မှာ

ဒါ့ကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဤခန္ဓာ မခင်တွယ်, နောက်ခန္ဓာမတောင့်တတဲ့ သေခြင်းအကောင်းဆုံး ပဲလို့ ဟောတော်မူတော့ ကျုပ်တို့ ဘယ်လိုကြည့်ရမယ် ဆိုတာ ဖောက်ပြန် ပျက်စီးတာမြင်မှ လက်ရှိခန္ဓာ မခင်တွယ်က လာမှာ (မှန်ပါ့)။

ဖောက်ပြန် ပျက်စီးတာမြင်မှ (လက်ရှိခန္ဓာ မခင် တွယ်တာလာမှာ)၊ လက်ရှိခန္ဓာမခင်တွယ်က လာမှာ ဒကာကြွယ် ရေ (မှန်ပါ့)၊ ဒီအတိုင်း လာပါ့မလား (မလာပါ ဘုရား)။

နဂိုရှိလို့နဂိုင်းထွက်လာတာ

အဲဒီတော့ ဒကာသစ်ရေ၊ စောင့်ပြီး ခန္ဓာကိုယ်ကြီးသာ ကြည့်နေနော် (မှန်ပါ့)၊ နဂိုရှိတော့ နဂိုင်းထွက်လာဆိုသလို ပဲ ဘာတွေချည့်ပြမယ်ထင်သတုံး (ဖောက်ပြန် ပျက်စီးတာ ချည့် ပြမှာပါ)။

နို့မဟုတ်လို့ ရှိရင် ဒီလိုမကြည့်တဲ့ပုဂ္ဂိုလ်ကျတော့ သူကတော့ ဖောက်ပြန်ပျက်စီးနေတာ တရစပ်ပေါ့ဗျာ။ ကိုယ်က မမြင်တဲ့အခါကျတော့ အန္ဓပုထုဇဉ် အန္ဓပုထုဇဉ် ကိုယ့်အကြောင်းတောင် ကိုယ်မသိဘူး (မှန်ပါ့)၊ ဦးဘအုန်း ဆိုထိုက်-မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)၊ ဒကာကြွယ် ဦးလှဘူးတို့ ဆိုထိုက် မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)။

တရားနှလုံးမသွင်းရင်

ဪ ဒါဖြင့် ဒီလိုတရားထူး တရားမြတ်တွေကို နှလုံး မသွင်းရတဲ့ ပုဂ္ဂိုလ်တွေ အတွက်မှာဖြင့် လူသာ ဖြစ်လာရတယ်၊ မျက်စိနှစ်ကွင်း အလင်းမရဘဲနဲ့ သေသွားတယ်ပေါ့ (မှန်ပါ့)။

ဘယ့်နှယ်ဆိုကြမလဲ (မျက်စိနှစ်ကွင်း အလင်းမရ ဘဲနဲ့ သေသွားပါတယ်)။

မျက်စိနှစ်ကွင်း အလင်းမရဘဲနဲ့ သေသွားတယ်လို့ မဆို ထိုက်ဘူးလား (ဆိုထိုက်ပါတယ်) ဒါဖြင့် သူမွေးလာတာ အမှောင်ထဲ မွေးတယ်။ သေတော့ကော (အမှောင်ထဲ သေပါတယ်)။

ဪ် ဝိပဿနာဉာဏ်ကင်းရင်ဖြင့် အမှောင်ထဲမွေး ၍ အမှောင်ထဲသေတယ်လို့ ဆုံးဖြတ်ချက် ချလိုက်စမ်းပါ (မှန်ပါ့)၊ ဖောက်ပြန်ပျက်စီးတာမှ သူမမြင်တော့ဘဲကိုးဗျ (မှန်ပါ့)။

ခန္ဓာကိုယ်ကြီးမေးကြည့်စမ်းပါ

အဲဒါကြောင့် ဒီက ပြန်တဲ့အခါမှာ ခန္ဓာကိုယ်ကြီးကို ဒီထဲ မှာဖြစ်စေ၊ ဟိုနေရာယိမ်းလိုက်၊ ဒီနေရာ စောင်းလိုက်၊ ဘာဖြစ်တုံး လို့ မေးကြည့်စမ်းပါ၊ သူ့ကို (ဖောက်ပြန်ပျက်စီးတာပါ)။ ချွေးတွေ ထွက်လာတယ်၊ နဂိုက ချွေးမပါဘူး၊ ဘာဖြစ်တာတုံး မင်းကလို့မေးစမ်း (ဖောက်ပြန် ပျက်စီး သွားတာပါ)၊ နဂိုက မနာဘူး၊ မင်း ခုမှ နာလာတာကောလို့ မေးကြည့် (ဖောက်ပြန် ပျက်စီးတာပါ)၊ နဂိုက ဒီနေရာ မင်းကြိုက်လို့ထိုင်တာ၊ အခုရွှေ့ချင်တာ ဘာတုံးလို့ မေးကြည့် (ဖောက်ပြန် ပျက်စီးတာပါ)။

အဲဒီကဲ့သို့ ဝေဒနာမေးလိုက်တာလဲ ဖောက်ပြန်ပျက်စီး တာ ပြောတာပဲ (မှန်ပါ့)၊ စိတ်ကို မေးလိုက် ပြန်လဲ (ဖောက်ပြန်ပျက်စီးတာပါပဲ)၊ ရုပ်ကို မေးလိုက်ပြန်တော့ (ဖောက်ပြန် ပျက်စီး ပါတယ်)။

ယထာဘူတဉာဏ်

အဲဒီကဲ့သို့ သူက ပြောတာကို ကျုပ်တို့က ဪ သူ့ပင်ကိုသဘောကဖြင့် ဖောက်ပြန်ပျက်စီး တာမှတစ်ပါး ဘာမှ မရှိဘူးလို့ သိတဲ့ဉာဏ်ကို ဘာဉာဏ်ခေါ်ကြမယ် (ယထာ ဘူတဉာဏ်ပါ)။

ယထာဘူတဉာဏ်ရပြီ၊ ယထာဘူတဉာဏ်ရတော့မှ ဪ နဂိုတုန်းက ဒီအသိ- မသိခင်တုန်းက တို့စုံလုံးကန်း တွေပဲ (မှန်ပါ့)၊ အခုတော့ဖြင့် ကိုယ့်အကြောင်း ကိုယ်သိပြီ (မှန်ပါ့)၊ မသိကြဘူးလား (သိပါတယ် ဘုရား)၊

အဲဒီ ကိုယ့် အကြောင်းကိုယ်သိတဲ့အခါကျတော့မှ တို့သည်ကားလို့ ဆိုရင်ဖြင့် အန္ဓပုထုဇဉ် အဖြစ်မှ ကလျာဏ ပုထုဇဉ်အဖြစ်သို့ ရောက်ပဟလို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့)၊ ခန္ဓာတွေ ဖောက်ပြန်ပျက်စီးပြီး ခဏခဏ လဲနေတာ သိသွားပြီ (မှန်ပါ့ ဘုရား)၊ သဘောကျ ပလား (ကျပါပြီ)။

ပဝတ္တိပစ္စုပဋ္ဌာနံ-တဲ့၊ ပဝတ္တိပစ္စုပဋ္ဌာနံဆိုတာ စက်ယန္တရား ရဟတ်များသို့ မနားမရပ် လှည့်ပတ်ထွေလီ ကျင်လည် နေတယ်တဲ့ (မှန်ပါ့)၊ တစ်ခုသော ဖောက်ပြန် ပျက်စီးမှုချုပ်သွားရင် နောက်တစ်ခါ ဖောက်ပြန်ပျက်စီးမှုပေါ် တာပဲ (မှန်ပါ့)၊ နောက်တစ်ခါကော ဘာပေါ် သတုံး (ဖောက်ပြန် ပျက်စီးမှု ပေါ်ပါတယ်)။

ဖောက်ပြန်ပျက်စီးတာ ချည့်လှည့်နေတယ်

ဒါဖြင့် ဒကာကြွယ် စက်ယန္တရားကြီးလို လည်နေတာပဲ (မှန်ပါ့)၊ ဘာတွေများ လည်နေပါလိမ့်၊ ဖောက်ပြန် ပျက်စီးတာချည့် လှည့်နေတယ် (မှန်ပါ့)။

ဒကာ ဒကာမတို့ ဘာတွေများ လှည့်နေပါလိမ့် (ဖောက်ပြန်ပျက်စီးတာချည့် လှည့်နေပါတယ်)၊ ဖောက်ပြန်ပျက်စီး တာချည့် လှည့်နေတော့ စက်ယန္တရား ရဟတ်များသို့ မနားမရပ် လှည့်ပတ်တွေလီ ကျင်လည်နေခြင်းကိုသာလျှင် ဉာဏ်ထဲမှာ မြင် လာလိမ့်မယ်။ ဪ ဒုက္ခစက်ကြီး လည်နေပါလား (မှန်ပါ့)။

ဘယ်လိုမြင်လာပါလိမ့် (ဒုက္ခစက်ကြီးလည်နေပါ လား)။

နိဗ္ဗိန္ဒဉာဏ်

အဲဒီကျလာလို့ရှိရင် ဒုက္ခစက်ကြီး လည်နေတာ မြင်တဲ့ အခါကျလို့ရှိရင် ဒီဒုက္ခစက်ဖြင့် ရွံစရာကြီး ပါလား၊ မုန်းစရာကြီးပါ လားဆိုတဲ့ဉာဏ် တက်မလာဘူးလား (တက်လာပါတယ်)၊

ဪ ရွံမုန်းတဲ့ဉာဏ်တက်လာတာဟာ ဒုတိယ၂-နံပါတ် နိဗ္ဗိန္ဒဉာဏ် တက်လာတယ် (မှန်ပါ့)။

အဲ ပထမဉာဏ်က ယထာဘူတဉာဏ် (မှန်ပါ့) ဒုတိယဉာဏ်က စက်ယန္တရားရဟတ်များကဲ့သို့ လည်ပြီး သူ့ကိစ္စ တွေသိပြီးနေတဲ့ သဘောတွေမြင်တော့မှ ဒကာ ဒကာမတို့ မုန်း လာတယ်၊ ရွံလာတယ်၊ သူများခန္ဓာ မုန်းတာလား၊ ကိုယ့်ခန္ဓာမုန်းတာလား (ကိုယ်ခန္ဓာမုန်းတာပါ ဘုရား)၊ ကိုယ့်ခန္ဓာမုန်းရွံတဲ့ သဘော ရောက်လာတော့မှ ဤခန္ဓာ မလိုချင် ဆိုတာ နီးလာပြီ (မှန်ပါ့)။

ခန္ဓာမလိုချင်တာနီးလာတယ်

ဘာနီးလာပါလိမ့် (ဤခန္ဓာမလိုချင်ဆိုတာ နီးလာ ပါတယ်)၊ ဤခန္ဓာမလိုချင်တာနီးလာတယ် (မှန်ပါ့)။

အဲဒီတွင် ဒုက္ခစက်ကြီးလည်နေတာ မြင်တော့မှ ဘုန်းကြီး တို့ ဒကာ ဒကာမတွေက ဉာဏ်နဲ့ နှလုံးသွင်းလိုက်တဲ့ အခါကျတော့ ဪ ပထမ ဖောက်ပြန်ပျက်စီးတာလဲ ဒုက္ခသစ္စာပဲ၊ ဒုတိယ ပေါ်လာမှာလဲ (ဒုက္ခသစ္စာပါပဲ)၊ ဖောက်ပြန်ပျက်စီး တာ ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)၊ ပထမချုပ်ပျောက် သွားတာ (ဒုက္ခသစ္စာပါ)၊ ဒုတိယချုပ်ပျောက်မလို့ ပေါ်လာတာ (ဒုက္ခသစ္စာပါ)။

ပထမဟာလည်း ဖောက်ပြန်ပျက်စီးခြင်းကြောင့် ဒုက္ခ သစ္စာ၊ ဒုတိယပေါ်လာတာလဲ (ဖောက်ပြန် ပျက်စီးခြင်းကြောင့် ဒုက္ခသစ္စာပါ)။

သေတာနဲ့သေမှာသာလှည့်နေတယ်

ဒါဖြင့် ဒကာ ဒကာမတို့ ပထမဖောက်ပြန်ပျက်စီးတာက သေသွားတာ၊ နောက်ပေါ်လာတာက သေမှာ (မှန်ပါ့)၊ ခန္ဓာကိုယ်ထဲမှာ သေတာနဲ့ သေမှာသာ လှည့်နေတယ် (မှန်ပါ့)။

ဘယ်လို တရားလှည့်နေသတုံး (သေတာနဲ့သေမှာ သာ လှည့်နေပါတယ်)၊ သေသွားတာ ဆိုတာ ပျောက်သွားတာ (မှန်ပါ့)၊ သေမှာဆိုတာ သေမလို့ပေါ်လာတာ (မှန်ပါ့)။

ဒါဖြင့် ခန္ဓာကိုယ်ကြီးတစ်ကိုယ်လုံးမှာ အဲဒီကဲ့သို့ကြည့် လိုက်တဲ့အခါကျတော့ သေတာရယ်၊ သေမှာ ရယ်သာ လှည့်နေ တယ် (မှန်ပါ့)။

ဒါ ဉာဏ်နဲ့ ကြည့်လိုက်တဲ့ အခါကျတော့ သေတာ ဆိုတာ ပျောက်ပျက်သွားတာ (မှန်ပါ့)၊ သေမှာဆိုတာ သေမလို့ ပေါ်လာတာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါ)။

ဒါဖြင့် ဒကာ ဒကာမတို့ လူခန္ဓာကိုယ်ထဲမှာ အပြည့်အစုံ ရှိတာ ပြောစမ်းပါဆိုတော့ သေတာ, သေမှာ နှစ်ခုသာ လှည့်နေ တယ် (မှန်ပါ့)။

ဉာဏ်နဲ့ကြည့်ပေးပါ

ဘယ်လို မှတ်ကြမယ် (သေတာနဲ့ သေမှာ နှစ်ခုသာ လှည့်နေပါတယ်)၊ ဉာဏ်နဲ့ကြည့်ပေးပါ ဉာဏ်နဲ့ကြည့်ပေးပါ (မှန်ပါ့)။

သေတာ, သေမှာဆိုတော့ သေတာဟာ ဒုက္ခသစ္စာ (မှန်ပါ့)၊ သေမှာဟာ ဒုက္ခသစ္စာ (မှန်ပါ့)၊ သေတဲ့ ဒုက္ခထက် ကြီးတာ ရှိသေးရဲ့ လား (မရှိပါ ဘုရား)။

ယံကိဉ္စိ သမုဒယဓမ္မံ သဗ္ဗံ တံ နိရောဓဓမ္မန္တိ၊ ယံကိဉ္စ- အလုံးစုံသော၊ သမုဒယဓမ္မံ – သေမှာတရားသည်။ ဥပ္ပဇ္ဇတိ- ဖြစ်၏။ သဗ္ဗံ – အလုံးစုံသော။ တံ- ထိုတရားသည်။ နိရောဓဓမ္မံ- သေတာသာရှိ၏ (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ယံကိဉ္စ- အလုံးစုံသောဆိုတော့ ခန္ဓာကိုယ်တစ်ကိုယ်လုံး ကို ဆိုလိုက်ပါတယ် (မှန်ပါ့)၊ သမုဒယဓမ္မံ- သေမှာတရား သည် အတ္တိ- ရှိ၏။ သေမလို့ ပေါ်လာတဲ့ တရားသာ ရှိတယ် (မှန်ပါ့)၊ တံ- ထိုသေမလို့ ပေါ်လာတဲ့ တရားသည်။ နိရောဓဓမ္မံ- သေခြင်းဒုက္ခ၌သာ အဆုံးသတ်၏ (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ)။

ဒါဖြင့် ခန္ဓာကိုယ်ထဲမှာ သေမှာရယ်၊ သေတာရယ် လှည့် နေတော့သည် (မှန်ပါ့)။

စိုက်ကြည့် စိုက်ကြည့် ခန္ဓာကိုယ်ကို အိမ်ကျ တော့ စိုက်ကြည့်၊ အခု စိုက်ကြည့်၊ သေမလို့ ပေါ်လာတာရယ်၊ သေသွားတာရယ်၊ ဒါပဲ တွေ့တယ် (မှန်ပါ့) ဒိပြင် ဘာရှိ သေးသတုံး (မရှိပါ ဘုရား)။

ဝိပဿနာဉာဏ်နဲ့ ကြည့်မှရှင်းတယ်

ဪ ဒကာ ဒကာမတို့ လူ့ဘဝ ကောင်းလေရော့ လား၊ ဆိုးလေရော့လားဆိုတာ ဝိပဿနာ ဉာဏ်နဲ့ ကြည့်မှ ရှင်း တယ် (မှန်ပါ့)၊ အကောင်းပါသေးရဲ့ လား (မပါ, ပါ ဘုရား)၊ ဘာတွေသာပါ, ပါလိမ့် (အဆိုးတွေသာ ပါ,ပါ တယ်)။

ဒါဖြင့် ပြောကြပါစို့၊ သစ္စာဖွဲ့ကြပါစို့။ သေမှာ ဘာသစ္စာ (ဒုက္ခသစ္စာပါ)၊ သေတာဟာ ဘာသစ္စာ (ဒုက္ခသစ္စာပါ)။

ကဲ ဒါဖြင့် ကျုပ်တို့ ဖြစ်ပျက်ထဲ ရောကြစို့ ဆိုတော့ (မှန်ပါ့)၊ ဖြစ်တာ ဘာသစ္စာ (ဒုက္ခသစ္စာ)၊ ပျက်တာ ဘာသစ္စာ (ဒုက္ခသစ္စာ)၊ ဒါဖြင့် ဖြစ်ပျက်နှစ်ခုဟာ ဒုက္ခသစ္စာ ချည့်လို့ ဆုံးဖြတ်ချက်ချလိုက် (မှန်ပါ့)။

ဖြစ်ပျက်နှစ်ခုဟာ ဘာသစ္စာ (ဒုက္ခသစ္စာချည်းပါ ဘုရား)၊ ဒုက္ခသစ္စာချည့်ပဲဆိုတော့ ဖြစ်ဒုက္ခ၊ ပျက်ဒုက္ခမှတစ်ပါး ဘာမှ မရှိပါကလား (မှန်ပါ့)၊ မပေါ်လာ သေးဘူးလား (ပေါ်လာပါတယ်)။

မဂ်ဉာဏ်

ဖြစ်ဒုက္ခ ပျက်ဒုက္ခမှတစ်ပါး ဘာမှ မရှိပါကလား။ ပေါ်လာတဲ့ အခါကျတော့ ဒုက္ခကို ပိုင်ပိုင်နိုင်နိုင် သိမသွားဘူးလား (သိသွားပါတယ်)၊ အဲဒီ ဒုက္ခသစ္စာ တည်းဟူသော ခန္ဓာငါးပါးကို ပိုင်ပိုင်နိုင်နိုင် ဒီကနေပြီး မဂ်ဉာဏ်နဲ့ သိတဲ့အခါကျတော့ ဒကာ ဒကာမတို့ ဒုက္ခဖြစ်ကြောင်း သမုဒယက မချုပ်လား (ချုပ်ပါတယ်)၊ သမုဒယတည်းဟူသော အကြောင်းဆက်နေလို့ ဖြစ်ပေါ်လာတဲ့ ဖြစ်ဒုက္ခ ပျက်ဒုက္ခကြီး ဟာလည်း ဒကာကြွယ် ပျောက်ထွက်သွားတယ် (မှန်ပါ့)၊ မပျောက်ဘူးလား (ပျောက်ပါတယ်)။

ဒုက္ခပျောက်တာမြင်တောကမဂ္ဂသစ္စာ

အဲဒီတော့ ဒုက္ခပျောက်တာ ဘာသစ္စာ (နိရောဓ သစ္စာပါ)၊ မှန်ပြီ-မှန်ပြီ ဒကာ ဒကာမတို့ ဒုက္ခပျောက်တာ မြင်တာ က (မဂ္ဂသစ္စာပါ)၊ နေရာကျပြီ။၊

ဒါဖြင့် ဒီဘဝပဲ မဂ်ရသွားတယ်၊ လေးခါလောက် ရမယ် ဆို နောက် ခန္ဓာလာသေးရဲ့လား (မလာပါ ဘုရား)၊ နောက် ခန္ဓာ ဘယ့်နှယ်ကြောင့် မလာပါလိမ့်မတုံး မေးတော့ ဒကာ ဒကာမတို့ ဤခန္ဓာမခင်တွယ်လို့ နောက်ခန္ဓာမရတာ (မှန်ပါ့)။

ဤခန္ဓာကို မခင်တွယ်တာ တရားကိုယ်ကောက်ကြပါစို့ လို့မေးလို့ရှိရင်ဖြင့် မင်္ဂလာမှ မခင်တွယ်တာ (မှန်ပါ့)၊ ဝိပဿနာ မဂ်နှစ်ခု (ယထာဘူတဉာဏ်နှင့် နိဗ္ဗိန္ဒဉာဏ်)ရယ်၊ လောကုတ္တရာ မဂ်တစ်ခုရယ်၊ ဤသုံးခု လာမှသာလျှင် ဤခန္ဓာမခင်တွယ် ဆိုတာ က သေချာတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။

ဤခန္ဓာမခင်တွယ်တော့ နောက်ခန္ဓာတောင့်တတဲ့၊ ခန္ဓာ ထဲမှာ ဝေဒနာပစ္စယာ တဏှာဆိုတဲ့ တောင့်တလုံးတွေ လာသေး ရဲ့လား (မလာပါ ဘုရား)၊ စွဲလန်းလုံးဥပါဒါန် (မလာ ပါ ဘုရား)၊ အားထုတ်လုံးကံတွေကော (မလာပါ ဘုရား)၊ ကံမှ မရှိဘဲနဲ့ နောက်ခန္ဓာဇာတိ ဇရာ မရဏတွေ ပေါ်နိုင်သေးရဲ့လား (မပေါ်နိုင်ပါ ဘုရား)။

သေနည်း၊ ဘယ်နည်းအကောင်းဆုံးတုံး

ဒါဖြင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးကဟောတာက သေနည်း ဘယ်နည်း အကောင်းဆုံးတုံးလို့ မေးတဲ့အခါကျတော့ ဤခန္ဓာမနှစ်သက် နောက်ခန္ဓာမတောင့်တ ဒီသေနည်း အကောင်းဆုံးပဲလို့ ဟောတာကို ဦးလှဖူးတို့က အကဲခတ်၊ ဝိပဿနာမရှုတဲ့ ပုဂ္ဂိုလ်မှာ ဒီဉာဏ်ကို မရောက် (မှန်ပါ့)၊ မရောက်တော့ ဒီခန္ဓာပဲ ခင်နေရတယ် (မှန်ပါ့) နောက်ခန္ဓာ လည်း တောင့်တတာပဲ။ ဤခန္ဓာလည်း (ခင်တွယ်ပါ တယ်)။

ဒါဖြင့် အလုပ်မပါတဲ့ပုဂ္ဂိုလ်မှာ သေနည်းကောင်းကို ဟောငြားသော်လည်း ဦးဘအုန်း သူ့မှာ ဉာဏ်ရောက် ပါ့မလား (မရောက်ပါ ဘုရား)။

အသက်အရွယ်တွေလည်းကြီးကုန်ကြပြီ

ကြပ်ကြပ်စဉ်းစားပါ ဒကာ ဒကာမတို့၊ အသက်အရွယ် တွေလည်း ကြီးကုန်ကြပြီ။ ဒီအလုပ် တရားမှ မပါတော့ပါဘူး ဆိုလို့ ရှိရင်လည်း ဒီထက်ကိုယ်ကျိုးနည်းမယ်။

ဒါ့ကြောင့် ငါတို့သည်ကားလို့ဆိုရင်ဖြင့် စုံလုံးကန်း မသာတော့ အချမခံတော့ပါဘူး ဒီခန္ဓာ၏ အကြောင်း ကောင်းကောင်းမသိရင် စုံလုံးကန်းမသာကိုးဗျ (မှန်ပါ့)။

ဘယ်လိုဆုံးဖြစ်ချက်ချမယ် (စုံလုံးကန်း မသာပါ ဘုရား)၊ စုံလုံးကန်းမသာဆိုတော့ ဒကာ ဒကာမတို့ အင်မတန် ကျက်သရေယုတ်ပါတယ် (မှန်ပါ့)၊ မယုတ်ဘူးလား (ယုတ်ပါတယ် ဘုရား)။

ဒါ ခင်ဗျားတို့ချင်း စဉ်းစားကြည့်ပါ ဒကာ ဒကာမတို့၊ ကိုယ့်မှာ ဒုက္ခသစ္စာ၊ ဖြစ်ဒုက္ခ ပျက်ဒုက္ခတွေ မသိဘဲနဲ့ သေသွား တဲ့ပုဂ္ဂိုလ်ဟာ ခန္ဓာနဲ့သာ အတူနေတယ်၊ ခန္ဓာအကြောင်း သူ သိရဲ့လား (မသိပါ ဘုရား)၊

မသိတော့ သူ့ကို စုံလုံးကန်းလို့ နာမည်ပေးရတယ် (မှန်ပါ့)၊ သူက အသက်ရှင်နေတာဟာ စုံလုံးကန်းရှင်နေတာ (မှန်ပါ့)၊ သေသွားတော့ စုံလုံးကန်း မသာဘဲဖြစ်ရမယ် (မှန်ပါ့)။

ရှင်တုန်းကလည်း စုံလုံးကန်း၊ သေသွားတော့လည်း (စုံလုံးကန်းပါ ဘုရား)၊ စုံလုံးကန်း မသာဖြစ်ရတော့ ဪ အမှောင်ထဲကလာပြီး အမှောင်ထဲသွားလေရဲ့ (မှန်ပါ့)။

ဘယ့်နှယ်ဆိုကြမလဲ (အမှောင်ထဲကလာပြီး အမှောင်ထဲသွားပါတယ် ဘုရား)။

အမှောင်ထဲပဲသေလေရဲ့

အမှောင်ထဲကလာပြီး အမှောင်ထဲပဲ နေလေရဲ့၊ အမှောင်ထဲပဲ သေလေရဲ့၊ အမှောင်ထဲပဲ လမ်းလျှောက်ဦးမှာပဲ ဆိုတော့ အပါယ်လေးပါးချောက်တွေဟာ သူကျစရာ ဖြစ်နေ တယ် (မှန်ပါ့ ဘုရား)၊

ဘာ့ကြောင့် တုံးလို့မေးတော့ စုံလုံး ကန်းသေသွားတာကိုးဗျ (မှန်ပါ့)၊ စုံလုံးကန်းသေသွားတော့ ဟိုဘက် ခန္ဓာဖြစ်တော့ ငရဲခန္ဓာချောက်ထဲ သူကျချင်ကျ၊ တိရစ္ဆာန် ခန္ဓာချောက်ထဲကော (ကျချင်ကျမှာပါ ဘုရား)။

ဟာ ဘယ့်နှယ်ကြောင့် ဟိုချောက်ကျ ဒီချောက် ကျ ကျပါလိမ့်မတုံးမေးတော့ ဘယ့်နှယ် ဖြေကြမလဲ (စုံလုံး ကန်းသေသွားလို့ပါ)၊ ဒကာကြွယ် ဘယ်သူသေသွားတာတုံး (စုံလုံးကန်း သေသွားတာပါ ဘုရား)၊ တယ်ကြောက်စရာကောင်း ပါလား (ကောင်းပါတယ် ဘုရား)။

အလုပ်မပါရင်မရပါဘူး

ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေကို ကိုယ့်ခန္ဓာ အကြောင်း ကိုယ်မသိဘဲ နေခဲ့သော် ဤခန္ဓာမခင်တွယ် နောက်ခန္ဓာ မတောင့်တဘဲနဲ့ သေနည်းအကောင်းဆုံးလို့ အာပေါက်အောင် ဟောသော်လည်း ခင်ဗျားတို့ မရပါဘူး (မှန်ပါ့)၊ အလုပ်မပါရင် (မရပါ ဘုရား)၊ သဘောပါကြပလား (ပါ,ပါပြီ)

ဒါဖြင့် ဒကာ ဒကာမတို့ ဤခန္ဓာသည်ကားလို့ဆိုရင် ဖြစ်ပေါ်လာတာလည်း ဘာသစ္စာ (ဒုက္ခသစ္စာပါ)၊ ပျက်သွား တာလည်း (ဒုက္ခသစ္စာပါ)။

ဥပမာမယ် ဒကာ ဒကာမတို့ စားချင်တဲ့စိတ်ကလေး၊ ပေါ်လာတာကော (ဒုက္ခသစ္စာပါ)၊ စားချင်တဲ့ စိတ်ကလေး ဟာ မစားဘဲနဲ့ သေသွားရင်ကော (ဒုက္ခသစ္စာပါ)၊ အိပ်ချင် တဲ့စိတ်ကလေး ပေါ်လာတာကော (ဒုက္ခသစ္စာပါ)၊ မအိပ် ရဘဲနဲ့ သေသွားတာကော (ဒုက္ခသစ္စာပါ)။

အိပ်ချင်တဲ့စိတ်လာရင် အိပ်ရတယ် ထင်ကြရဲ့လား (မထင်ပါ ဘုရား)၊ မထင်နဲ့၊ ခင်ဗျားတို့ အိပ်ချင်တဲ့ စိတ်ဟာ ဘယ်နည်းနဲ့မှ မအိပ်ရဘူး (မှန်ပါ့)၊ သူက အိပ်စိတ်မှ မဟုတ်ဘဲ၊ အိပ်ချင်တဲ့ စိတ်သာ ဖြစ်တာ (မှန်ပါ့) အိပ်စိတ်က ဘဝင်စိတ်ကိုဗျ (မှန်ပါ့)၊ အိပ်ချင်တဲ့စိတ်က ထိနမိဒ္ဓ စတဲ့ စိတ်တွေကိုး (မှန်ပါ့)။

ဒါဖြင့် အိပ်ချင်တဲ့စိတ် အိပ်ရရဲ့လား (မအိပ်ရပါ ဘုရား)၊ မအိပ်ရဘဲနဲ့ ဘာဖြစ်သွားသတုံး (ပျက်သွားပါတယ်)၊ ပျက်စီးသွားတာ မသေချာဘူးလား (သေချာပါ တယ် ဘုရား)၊ ဒါဖြင့် ဪ အိပ်ချင်လျက်နဲ့ မအိပ်ရတဲ့ ဒုက္ခနဲ့ သေသွားလေရဲ့ (မှန်ပါ့)။

စားချင်တဲ့စိတ်ကကော စားရရဲ့လား (မစားရပါ ဘုရား)၊ စားချင်လျက်နဲ့ မစားရဘဲနဲ့ အငတ် သေသွားလေရဲ့ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် ခင်ဗျားတို့ ကျုပ်တို့ တစ်သက်လုံးနေရတာသည် ကား ကိုယ့်အလိုကြိုက်၊ ကိုယ့်အလိုက်၊ ကိုယ့်စရိုက်နဲ့ ကိုက်တာ များ ခန္ဓာကိုယ်ထဲ တစ်ခုပါသေးရဲ့ လား (မပါ, ပါ ဘုရား) သဘောပါပလား (ပါ,ပါပြီ)၊ ဘာတွေသာ စက်ရဟတ် ကြီး လှည့်နေပါလိမ့် (မှန်ပါ့)၊ ဒုက္ခစက်ကြီး လှည့်နေပါတယ် ဆိုတာ သေချာပလား (သေချာပါပြီ)။

အဲဒါကြောင့် ရှင်သာရိပုတ္တရာကလည်း ဟောလိုက် တယ်၊ ပရိဗိုဇ်ရဟန်းက မေးလို့၊ အရှင်ဘုရား သုခနဲ့ ဒုက္ခ ရှင်းရှင်း ပြောစမ်းပါ။ အို နောက်ခန္ဓာမရရင် သုခကွ၊ နောက်ခန္ဓာရရင် (ဒုက္ခပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

အဲ ဒီခန္ဓာပြီး နောက်ခန္ဓာရရင် ဒုက္ခဆိုတာက ဒီခန္ဓာ ဒုက္ခမသိတဲ့ ပုဂ္ဂိုလ်မှ နောက်ခန္ဓာရတယ် (မှန်ပါ့) ဒီခန္ဓာ ဒုက္ခသိတဲ့ပုဂ္ဂိုလ်က (နောက်ခန္ဓာ မရပါ ဘုရား)။

ဒုက္ခချုပ်တာ နိရောဓသစ္စာ

ဒါ့ကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဤခန္ဓာ သည် ဖြစ်ဒုက္ခ ပျက်ဒုက္ခပဲလို့ သေသေချာချာ သိတဲ့အခါကျတော့ ဖြစ်ဒုက္ခ ပျက်ဒုက္ခတွေက ချုပ်မသွားပေဘူးလား (ချုပ်သွား ပါတယ်)၊ ချုပ်သွားတော့ လူပျောက် သွားတာလား၊ ဒကာ ဒကာမတို့ ဒုက္ခချုပ်သွားတာလား (ဒုက္ခချုပ်သွားတာပါ)။ ဒုက္ခချုပ်တာ ဘာသစ္စာခေါ်ကြမယ် (နိရောဓသစ္စာပါ)၊

ကိုယ့်ဒုက္ခချုပ်သွားတာ ကိုယ်သိတာက ဘာသစ္စာခေါ်ကြမယ် (မဂ္ဂသစ္စာပါ ဘုရား)။

သမုဒယသစ္စာ သေတာ

ဒါဖြင့် ဒီဒုက္ခချုပ်သွားတော့ နောက်ဒုက္ခမတောင့်တဘူး တဲ့။ တောင့်တတဲ့တရားကော ရှိသေးရဲ့လား (မရှိပါ ဘုရား) အဲဒါက သမုဒယသစ္စာသေတာ (မှန်ပါ့)။

တောင့်တတဲ့တရား မရှိတာက (သမုဒယသစ္စာ သေတာပါ)၊ တောင့်တတဲ့တရား မရှိရင် စွဲလန်းတဲ့တရားလည်း မရှိ။ စွဲလန်းတဲ့ တရားမရှိသောကြောင့် အားထုတ်တဲ့ တရားကော (မရှိပါ ဘုရား)၊ အဲဒါတွေ မရှိတာကတော့ သမုဒယချုပ်တာ (မှန်ပါ့)၊ တဏှာ ဥပါဒါန် ကံချုပ်တာပေါ့ဗျာ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ)။

သုခနိဗ္ဗာန်

တဏှာဥပါဒါန် ကံချုပ်တဲ့အခါကျတော့ ကံလဲချုပ်ပေါ့ ဒကာ ဒကာမတို့၊ ကုသလာကုသလံဇဟံ ဆိုတဲ့အတိုင်း ကုသိုလ်အကုသိုလ် စွန့်တဲ့ပုဂ္ဂိုလ်ဟာ ဘယ်နေရာ ပဋိသန္ဓေနေတယ်လို့ ကြားသေး သလား (မကြားပါ ဘုရား)၊

မကြားတော့ကို နောက်ခန္ဓာ လာသေးရဲ့ လား (မလာပါ ဘုရား)၊ ဒါဖြင့် ဒီပုဂ္ဂိုလ် ဘယ်ကြွ သွားပါလိမ့်မတုံးလို့ မေးဖို့မလိုဘူးလား (လိုပါတယ်)၊ နောက်ခန္ဓာမနေရတာ သုခလို့ ရှင်သာရိပုတ္တရာက မဟောဘူးလား (ဟောပါတယ်)၊ ဪ သုခနိဗ္ဗာန်သို့ ကြွသွားပြီလို့ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ်)။

သေနည်းအကောင်းဆုံး

အဲဒါကြောင့် ဒကာ ဒကာမတို့ ဒီနေ့သည် ဥပရိပဏ္ဏာ သပါဠိတော်မှာ သေနည်း အကောင်းဆုံး ကိုလည်း ဘုရားက ဟောတယ် (မှန်ပါ့)၊ အင်္ဂုတ္တိုရ်၌ သုခနဲ့ဒုက္ခ ရှင်းရှင်း ဟောစမ်းပါဦးဆိုလို့ ပရိဗိုဇ်က မေးလို့ဟောတဲ့တရား (မှန်ပါ့)၊

နှစ်ကျမ်းတွဲပြီး သကာလ အလုပ်တရားနဲ့ တွဲပြသောကြောင့် ခင်ဗျားတို့သည် ကိုယ့်ခန္ဓာ ဖြစ်တာလည်း ဒုက္ခသစ္စာရှု ပါ၊ ပျက်တာလည်း (ဒုက္ခသစ္စာရှုရပါမယ်)၊ ပေါ်လာတဲ့ ဓမ္မကလေး ဘာသစ္စာရှုမလဲ (ဒုက္ခသစ္စာပါ)၊ ပျက်သွားရင်ကော (ဒုက္ခသစ္စာပါ)။

အဲဒီလိုချည့်ရှုနေလို့ရှိရင် ဒုက္ခမြင် မလာပေဘူးလား (လာပါတယ်)၊ ဒုက္ခမြင်ရင် ယထာဘူတ ဉာဏ်၊ ဒုက္ခမုန်းရင် (နိဗ္ဗိန္ဒဉာဏ်ပါ)၊ ဒီဒုက္ခ မလိုချင်လို့ဆုံးရင် (မဂ်ဉာဏ်ပါ)၊ အေး မဂ်ဉာဏ် (မှန်ပါ့)။

နောက်ခန္ဓာမလာတာက နိရောဓသစ္စာ

ဒါဖြင့် ဝိပဿနာမဂ်က နှစ်ဉာဏ် (မှန်ပါ့)၊ လောကုတ္တရာမဂ်က (တစ်ဉာဏ်ပါ ဘုရား)၊ အဲဒါသာ ရလို့ ရှိရင် ခင်ဗျားတို့ နောက်ခန္ဓာ မလာဘူး၊ ငါတော့ဖြင့် အေးပေါ့ ဆိုတာ သေသေချာချာ မှတ်ပါ (မှန်ပါ့)၊ နောက်ခန္ဓာမလာတာ နိရောဓသစ္စာ (မှန်ပါ့)။

အဲဒီ နိရောဓသစ္စာဖြစ်ပုံကို နက်ဖြန်မှ သေသေချာချာ ရှင်းပြမယ် (မှန်ပါ့)။

ကဲ ယနေ့ နာရီစေ့ပြီ၊ တော်ကြစို့။

သာဓု သာဓု သာဓု။