261

ဝေဒနာပဲ ရှုကြပါစို့

အသံဖိုင်ခေါင်းစဉ်= ရာဓရဟန်းအကြောင်းပြု၍ ဝေဒနာနုပဿနာရှုပွားနည်းတရားတော်

စာအုပ်ခေါင်းစဉ်= ဝေဒနာပဲ ရှုကြပါစို့

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

မန္တလေးမြို့၌ ဟောကြားတော်မူသော တရားတော်

ဝေဒနာပဲ ရှုကြပါစို့

ဟောကြားသည့်နေ့

(၂၈-၂-၆၁)

ဒကာ ဒကာမတွေ ဒုက္ခခပ်သိမ်း ကင်းငြိမ်းတဲ့နိဗ္ဗာန်ကြီး ကို အာရုံပြုပြီးသကာလ၊ ရချင် ရောက်ချင်ရင်ဖြင့် မဇ္ဈိမပဏ္ဏာသ ပါဠိတော် မာဂဏ္ဍိယ ပုဏ္ဏားကြီးအား ဟောထားတာရှိတယ်၊ သူတော် ဆည်းကပ်ကွ၊ သူတော်ကောင်းများ ဆည်းကပ်ကြ၊ သံဃာများ ဆည်းကပ်ကြ၊ ပညာရှိတွေ ဆည်းကပ်ကြလို့ ၁-နံပါတ်ဟောလိုက်တယ်နော် (မှန်ပါ ဘုရား)။

(၁) သူတော်ဆည်းကပ်

သူတော်ဆည်းကပ်၊ သူတော်ကောင်းများ ဆည်းကပ်ရ မယ်ဆိုတာ သဘောကျပလား (ကျပါတယ် ဘုရား)။

ကိုယ်ကိုယ်တိုင် ဉာဏ်နဲ့တော့ ထိုးထွင်းဖို့ရာ အင်မတန်မှ ခဲယဉ်းလှပါတယ်။ သူတော်ကောင်း တွေက နည်းတွေနာတွေ အလုံးစုံ အကုန်တွေရကြအောင် သံဃာတော်တွေ အစဉ် အဆက် ဆောင်လာတဲ့ ပရိယတ်၊ အဲဒီ ပရိယတ်တွေကို ပြောကြားညွှန်ပြတဲ့ ကိုယ်တော်တွေ၊ သက်ကြီး ပညာရှိကြီးတို့ ဆီကို ဆည်းကပ်ရမယ်လို့ ဆိုထားတယ် (မှန်ပါ့)။

(၂) မြတ်တရားနာ

သူတော်ကောင်း ဆည်းကပ်၊ ပြီးတော့မှ သူပြောတဲ့တရား ကို တစ်ခါနာရဦးမယ်ဆိုတော့ သူတော်ဆည်းကပ်၊ မြတ်တရား နာတဲ့၊ တရားလည်း နာကြရမယ်နော် (နာကြရပါမယ် ဘုရား)။

(၃) လွန်စွာအားထုတ်

မဆည်းကပ်ဘဲနဲ့လည်း ဟိုကပြောမှာမဟုတ်တော့ ပြောမှလည်း နာရမှာဖြစ်ပြီး သကာလ နေတော့၊ သူတော်ဆည်း ကပ်၊ မြတ်တရားနာ၊ ပြီးတော့မှ ဒကာ ဒကာမတွေက ခန္ဓာကိုယ်ထဲဖြစ် ပျက်နေတဲ့ ဓမ္မကလေးတွေကို လွန်စွာအားထုတ်-တဲ့။

(၄) နာမ်နဲ့ရုပ်ကို

ဘယ်ဟာ အားထုတ်ရမှာတုံးဆိုတော့ နာမ်နဲ့ရုပ်ကို တဲ့ (မှန်ပါ့ ဘုရား)၊ နာမ်တရား ရုပ်တရားကို ဒကာ ဒကာမတွေ ကြိုးစား ရလိမ့်မယ်နော် (မှန်ပါ့ ဘုရား)။

နာမ်တရားဖြစ်ပျက်-ရုပ်တရားဖြစ်ပျက်တွေကို မြင်အောင် ကြိုးစားရလိမ့်မယ် (မှန်ပါ့ ဘုရား)။

(၅) ဖြစ်ချုပ်ဉာဏ်မြင်

ဒါကြောင့် သူတော်ဆည်းကပ်၊ မြတ်တရားနာ၊ လွန်စွာ အားထုတ်၊ နာမ်နဲ့ရုပ်ကို၊ ဖြစ်ချုပ်ဉာဏ်မြင်၊ ဪ ဖြစ်ပြီး ပျက်တဲ့ ဓမ္မသာ ခန္ဓာထဲရှိပါကလားဆိုတာကို မြင်အောင်ကြည့်ရ လိမ့်မယ် (မှန်ပါ့ ဘုရား)။ ဤငါးအင် မှန်ပင်မဂ်ရကြောင်းတဲ့။

ဒကာ ဒကာမတို့ မဂ်ဉာဏ် ဖိုလ်ဉာဏ်ရချင်လို့ ရှိရင်ဖြင့် ဒီငါးပါး ပြည့်စုံရမယ်လို့ ဟောထားတယ်နော် (မှန်ပါ ဘုရား)။

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လွန်စွာအားထုတ်၊ နာမ်နဲ့ရုပ်ကို၊

ဖြစ်ချုပ်ဉာဏ်မြင်၊ ဤငါးအင်၊

မှန်ပင် မဂ်ရကြောင်း။(သုံးခေါက်ဆိုခိုင်းသည်)

တော်လောက်ပါပြီ၊ တော်လောက်ပါပြီ၊ နောက်နေ့တိုင်း နေ့တိုင်း ပြောသွားလို့ရှိရင် ဦးခင်မောင် ရပါလိမ့်မယ်နော် (မှန်လှပါ ဘုရား)။

ဒါကလေးကို ဒကာ ဒကာမတွေ ရတဲ့ပုဂ္ဂိုလ်လည်း ရကြမှာပေါ့၊ မရတဲ့ပုဂ္ဂိုလ် နောက်ရက်တွေ ကျတော့ ပိုင်ကြ ဆိုင်ကြလိမ့်မပေါ့ (မှန်ပါ့)။

ဪ ဒါဖြင့် မဂ်ဉာဏ် ဖိုလ်ဉာဏ်ဆိုတဲ့ နိဗ္ဗာန်အာရုံ ကြီး လျင်လျင်မြန်မြန် ရချင်လို့ရှိရင်ဖြင့် သူတော်ကောင်း ဆည်းကပ်ရမယ်ဆိုတာ ၁-နံပါတ်ပေါ့ဗျာ (မှန်လှပါ)။

မြတ်တရားနာရမယ်ဆိုတာက (၂-နံပါတ်ပါ ဘုရား)၊ လွန်စွာ အားထုတ်တဲ့ ဝီရိယစိုက်ရမယ် ဆိုတာက (၃-နံပါတ် ပါ ဘုရား)၊ နာမ်နှင့်ရုပ်ကို၊ ဖြစ်ချုပ်ဉာဏ်မြင်က (၄-နံပါတ်ပါ ဘုရား)။

အဖြစ်နဲ့အချုပ်ပဲရှိတယ်

နာမ်နဲ့ရုပ်ကို ခန္ဓာကိုယ်ထဲမှာ အဖြစ်နဲ့ အချုပ်ပဲ ရှိပါ တယ် တဲ့။

အဲဒီ ငါးပါးရလို့ရှိရင်ဖြင့် အမှန်မဂ်ရမှာပဲ၊ ဖိုလ်ရမှာပါပဲ ဆိုတာ ဒကာ ဒကာမတွေ မှတ်ထား ပေါ့နော် (မှန်ပါ ဘုရား)။

မာဂဏ္ဍိယပုဏ္ဏားကြီး

အဲဒါ မာဂဏ္ဍိယ ပုဏ္ဏားကြီးက တပည့်တော်ကို ဘုရား၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်ရောက် ကယ်တော်မူပါ ဆိုတော့ အို ကယ်လို့မရသေးဘူးကွ၊ မင်း သူတော်ကောင်း ဆည်းကပ်ဦးကွ၊ တရားနာဦးကွ၊ အားထုတ်ဦးကွ၊ အဖြစ်အပျက် တွေမြင်အောင် အားထုတ်ဦးကွ ဆိုတော့ ဘုရားက မပေးနိုင် ဘူး၊ နည်းသာပေးနိုင်တယ်၊ ကိုယ်တိုင် လုပ်ယူရမယ် ဆိုတာကော သဘောကျကြပလား (ကျပါတယ် ဘုရား)။

ဘုရားက ပေးနိုင်သလား၊ နည်းသာ ပေးသလား၊ ကိုယ် တိုင် အားထုတ်ယူရမှာလား (ကိုယ်တိုင် အားထုတ်ယူရမှာ ပါ ဘုရား)။

ဘုရားကတော့ နည်းပေး ကိုယ်တော်ကြီး ဆိုတာတော့ “သာသတီတိ သတ္ထာ” ဆိုတဲ့ အတိုင်း ဆုံးမ သွန်သင်တတ်တာပဲ ရှိပါတယ်တဲ့ နည်းလမ်းတွေကို (မှန်လှပါ ဘုရား)။

ကိုယ်တိုင်အားထုတ်ရမယ်

လုပ်ယူရမှာက ဒကာဝကိုယ်တိုင်အားထုတ်ရတယ် (မှန်လှပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ခုနကပြောခဲ့တဲ့အတိုင်း ဒကာ ဒကာမတို့ သူတော် ဆည်းကပ်ဆိုတာကို အားလုံး သူတော်ကောင်း တရား ကြိုးစားနေတဲ့ ပုဂ္ဂိုလ်တွေ ဆည်းကပ်ကြရမယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ (မှန်ပါ့ ဘုရား)။

တရားကိုလည်း နာရမယ်ဆိုတာ အဲဒီ တရားတွေကို လည်း သူတော်ကောင်း တရားဓမ္မ၊ ရုပ်နာမ် ဖြစ်ပျက်တရား ဓမ္မကို နာရလိမ့်မယ်နော် (မှန်ပါ)။

နာရုံတင် နာနေလို့ မပြီးသေးဘူး၊ ကိုယ်က ဝီရိယစိုက်ပြီး သကာလ အားထုတ်ရလိမ့်ဦးမယ် (မှန်လှပါ ဘုရား)။

အားထုတ်တဲ့အခါကျလို့ရှိရင် အားသာ ထုတ်နေတယ် ဘာမှလည်း မမြင်ဘူးဆိုရင် ဦးခင်မောင် မဖြစ်သေးဘူးပေါ့ ဗျာ (မှန်လှပါ ဘုရား)။

ဖြစ်ချုပ် ဉာဏ်မြင်တဲ့၊ အဖြစ်နဲ့ အချုပ်ကလေးကိုလည်း မြင်အောင် ကြည့်ရဦးမယ် (မှန်လှပါ ဘုရား)။

ပုဗ္ဗဘာဂမဂ်ရပြီ

အဲဒါ မြင်လို့ရှိရင် ဒကာ ဒကာမတို့ ဘာမှ မပူနဲ့တော့ ပုဗ္ဗဘာဂမဂ်ကို ရပြီ (မှန်ပါ့)။

ပုဗ္ဗဘာဂမဂ်ကို ရလို့ရှိရင်ဖြင့် လောကုတ္တရာမဂ်သစ္စာပါဒ ဆိုတဲ့ နောက်မဂ်ဟာ ဒကာ ဒကာမတို့ ဘာမှ မရစရာမရှိပါဘူး ဆိုတာ အောက်မေ့ကြပါတော့ (မှန်လှပါ ဘုရား)။

ဒီမဂ်ရလို့ရှိရင်လည်း ဒုက္ခသိမ်းတဲ့ နိဗ္ဗာန်ကြီးကို မသေခင် မြင်ရ၊ မဂ်လေးတန်ရဲ့ အဆုံးကျလို့ရှိရင် ကိုယ်တိုင်ပဲ ဒုက္ခခပ်သိမ်း၊ ငြိမ်းတဲ့ နိဗ္ဗာန်ဆိုတာကြီး ရောက်ရ-ရရတယ်ဆိုတဲ့ ဥစ္စာဖြင့် ဘာမှ သံသယ မရှိဘဲနဲ့ ကြိုးစားကြပါ ဆိုတာကို တိုက်တွန်းရပြန် တယ် (မှန်ပါ့ ဘုရား)။

ကိုင်း ဒါဖြင့် အားထုတ်ရမှာ ဘာတုံးလို့ မေးတဲ့အခါ ကျတော့ ဒကာ ဒကာမတို့ အရင်အတိုင်းပဲ ပြန်ပြီး ဗာလပဏ္ဍိတ သုတ်ကို ပြန်ရှင်းတာပေါ့နော် (မှန်ပါ)။

ဒီဘက် အဝိဇ္ဇာသင်္ခါရ၊ အဝိဇ္ဇာပစ္စယာ (သင်္ခါရာပါ ဘုရား)၊ (စက်ဝိုင်းကိုပြသည်)။

သင်္ခါရဆိုတဲ့ အဲ့ဒီသင်္ခါရက အဝိဇ္ဇာဆိုတာ မသိမှု၊သင်္ခါရ ဆိုတာ ပြုပြင်မှုပေါ့ဗျာ (မှန်ပါ ဘုရား)။

အဲဒီပြုပြင်မှု တရားတွေကြောင့် ဒကာ ဒကာမတို့ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာဆိုတဲ့ ခန္ဓာငါးပါး မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

လူမိုက်နဲ့ လူလိမ္မာ ဘာထူးသတုံး

ဒါဖြင့် အဝိဇ္ဇာသင်္ခါရကြောင့်ခန္ဓာငါးပါးပေါ်တယ်ဆိုတာ ရှင်းလင်းနေပြီ (မှန်ပါ့ ဘုရား) ရှင်းလင်းပြီး သကာလ နေတော့ လူမိုက်နဲ့လူလိမ္မာ ဘာထူးတုံးဟေ့ ဆိုပြီး သကာလ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မေးတဲ့အခါကျတော့ ရဟန်းတွေက မဖြေတတ်လို့၊ ငါ ပြောပြပါ့မယ်ကွာ ဆိုပြီး ပြောပြတဲ့ အခါ၊ လူမိုက်ကတော့ကွာ တဲ့ ဒုက္ခချုပ်ကြောင်း အားမထုတ်ဘူးကွ၊ အဝိဇ္ဇာနဲ့ တဏှာ မပယ်ဘူးဆိုတော့ လူမိုက်ကတော့ ကိုယ်ခန္ဓာကြီးကို ဒုက္ခသစ္စာလို့ မသိဘူး (မှန်ပါ့ ဘုရား)။

မသိတော့ ခင်တယ်၊ မခင်ဘူးလား (ခင်ပါတယ် ဘုရား)ခင်တော့ အဝိဇ္ဇာသင်္ခါရ ပြန်မလာ ပေဘူးလား (လာ) ပါတယ် ဘုရား)၊ အဝိဇ္ဇာတဏှာ ပြန်လာတာ အဝိဇ္ဇာသင်္ခါရ ပြန်လာတာနဲ့ အတူတူပါပဲ (မှန်ပါ့)။

သူတို့သာ ပြန်လာလို့ရှိရင် ဒကာ ဒကာမတို့ သူတို့ တမ်း အတိုင်း သူတို့အလုပ် လုပ်လိမ့်မယ် ဆိုတာ ငြင်းဖို့လိုသေး သလား (မလိုပါ ဘုရား)။

အဲဒီတော့ ဘာလာဖြစ်လာမလဲဆိုတာ သတိထားလိုက် တာပေါ့ (ခန္ဓာငါးပါးပါ ဘုရား)။

ခန္ဓာငါးပါးလာဖြစ်တယ်၊ ဪ ဒီပုဂ္ဂိုလ်သည်ကား လို့ ဆိုလို့ရှိရင်ဖြင့် အဝိဇ္ဇာသင်္ခါရကြောင့် ဒုက္ခသစ္စာ ခန္ဓာငါးပါးကြီး ဖြစ်ပါတယ် (မှန်ပါ့ ဘုရား)။

အဲဒီ ဒုက္ခသစ္စာ ခန္ဓာငါးပါးကြီးပဲ တစ်ခါမသိပြန်တော့ ဒုက္ခ သစ္စာရယ်လို့ ရ-ထားတာကြီး မသိပြန်၊ မသိပြန်လို့ ခင်မင်ပြန် ဆိုတော့ ဘဝတဏှာတွေက လာလိုက်ပြန်တယ် (မှန်ပါ့ ဘုရား)။

အနာဂတ်ခန္ဓာငါးပါးပေါ်တယ်

ထိုကဲ့သို့ လာတဲ့အတွက်အဝိဇ္ဇာ၊ သရပြန်ဖြစ်ပြီး သကာလ နောက် – အနာဂတ်ခန္ဓာငါးပါး ပေါ်မလာဘူးလား (ပေါ်လာပါတယ် ဘုရား)၊ ဘာသစ္စာကြီးပါလိမ့် (ဒုက္ခသစ္စာပါ ဘုရား)။

ဪ ဒါဖြင့် ဒုက္ခသစ္စာရှိလျက်နဲ့ ဒုက္ခသစ္စာမသိ တာနဲ့ ဒုက္ခသစ္စာ ပြန်ရတယ် (မှန်လှပါ ဘုရား)၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။

နဂိုက သူ့ခန္ဓာကြီးဟာ (ဒုက္ခသစ္စာပါ ဘုရား)၊ အဲဒါ ဒုက္ခသစ္စာ မသိလို့ ခင်ပြန်ရောဗျ (မှန်ပါ့ ဘုရား)၊ မသိလို့မခင် ဘူးလား (ခင်ပါတယ် ဘုရား)။

ခင်ပြန်တော့ သေသည်၏အခြားမဲ့၌ဘာပြန် ရပါ လိမ့် (ခန္ဓာငါးပါး ပြန်ရပါတယ် ဘုရား)။

ဪ ဒါဖြင့် ဒီခန္ဓာကြီးကလည်း ဒုက္ခသစ္စာ ဇာတိ ဇရာ၊မရဏ (မှန်ပါ့ ဘုရား)။

လူမိုက်ကတော့ ဒုက္ခသစ္စာပြန်ရတယ်

ရ-တာကြီးကလည်း (ဇာတိ၊ဇရာ၊မရဏပါ ဘုရား) ဒုက္ခသစ္စာလည်း ဟုတ်၊ ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏကော (ဟုတ်ပါတယ် ဘုရား)၊ ဪ ဒါဖြင့် လူမိုက်မှာတော့ဖြင့် ဒကာ ဒကာမတို့ဒုက္ခထဲက လာပြီး သကာလ ဒုက္ခပဲပြန်ရ တယ် (မှန်ပါ့ ဘုရား)၊ ဒုက္ခထဲက လာပြီးတော့ (ဒုက္ခပဲ ပြန်ရတယ်)၊ ဒုက္ခပဲ ပြန်ရတယ်ဆိုတော့ အမြတ်အစွန်းများ ထွက်သေးသလား (မထွက်ပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ယခုလို ကြုံကြိုက်တဲ့အချိန် သာသနာတော်ကြီးကလည်း ဝင်းဝါပြီး သကာလ နေတဲ့အချိန် သာသနာတော်ကြီးကလည်း အမျိုးမျိုးအဖုံဖုံ ကိုယ်ထမ်းနိုင်တဲ့ ဘက်က ရွက်ဆောင်ပြီး အားပေးနေတဲ့အချိန်မှာ၊ ဒကာ ဒကာမ တွေက ကိုယ့်ဟာကိုယ် နည်းနာတွေခံပြီး သကာလ လုပ်မနေ ကြတော့ ဘူးဆိုရင်ဖြင့် အဝိဇ္ဇာ တဏှာပဲ ပြန်လာမှာပဲ (မှန်ပါ့ ဘုရား)။

လူမိုက်ဟာ လူမိုက်လမ်းပဲသွားတယ်

ဒါဖြင့် လူမိုက်ဟာ လူမိုက်လမ်းပဲ သွားပြန်တယ်ဆိုလို့ ရှိရင် မလွဲဘူးပေါ့ဗျာ (မလွဲပါ)၊ ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ လူမိုက်နဲ့ လူလိမ္မာ ဘာထူးသတုံးဆိုတော့ ဒီနေရာမှာ ထူးပါတယ် (မှန်ပါ့ ဘုရား)။

ဒီနေရာ မဂ္ဂဗြဟ္မစရိယအကျင့်ဆိုတဲ့ငါးခုပြန်သွင်း လိုက် (မှန်ပါ့)၊ ပြန်သွင်းလိုက်တဲ့ အခါကျလို့ ရှိရင်ဖြင့် ဒီ အဝိဇ္ဇာ တဏှာက မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)။

ချုပ်တဲ့အတွက် နောက်ခန္ဓာငါးပါး ရသေးရဲ့လား (မရပါ ဘုရား)၊

ဒါကြောင့်တဲ့ လူမိုက်နဲ့ လူလိမ္မာ ဘာထူးသတုံး ဆိုတော့ လူမိုက်မှာ ရထားတဲ့ ခန္ဓာနောက်က အဝိဇ္ဇာ တဏှာ လိုက်တယ် (မှန်ပါ ဘုရား)။

လူလိမ္မာထူးတာကတော့

လူလိမ္မာမှာ မဂ္ဂဗြဟ္မစရိယအကျင့်ဖြစ်တဲ့ ဝိပဿနာ ဉာဏ်တွေ လိုက်လာတယ် (မှန်ပါ ဘုရား)၊ ဦးခင်မောင် ဘာလိုက်လာလဲ (ဝိပဿနာဉာဏ်တွေ လိုက်လာပါတယ် ဘုရား)။

ဝိပဿနာဉာဏ်တွေ လိုက်ပြီး သကာလ လာတဲ့အတွက် ဒကာ ဒကာမတို့ ခန္ဓာဆုံး မသွား ဘူးလား (ဆုံးသွားပါတယ် ဘုရား)၊ ခန္ဓာက ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)၊ ဪ ဒုက္ခသစ္စာကြီး ဆုံးသွားတယ် ဆိုလို့ရှိရင်ဖြင့် ဒုက္ခအေးသွားတာ၊ ဒုက္ခငြိမ်းသွားတာပါပဲဆိုတာ နိဗ္ဗာန်ပါပဲ (မှန်ပါ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ကဲ ဒါဖြင့် ဒီမဂ္ဂဗြဟ္မစရိယအကျင့်ကို ကျင့်ကြပါစို့ လူလိမ္မာဖြစ်အောင်နော် (မှန်ပါ့ ဘုရား)၊ လူလိမ္မာဖြစ်အောင် ဘာလုပ်ကြရမယ် (မဂ္ဂဗြဟ္မစရိယ အကျင့်ကို ကျင့်ကြရပါ မယ်)၊ မဂ္ဂဗြဟ္မစရိယ အကျင့်ဆိုတာက ဒကာတို့ ဘာလုပ်ကြရ မယ် (ကျင့်ရပါမယ် ဘုရား)။

အားထုတ်ရမည့် အလုပ်

မဂ္ဂဗြဟ္မစရိယ အကျင့်ဆိုတာ ဘာလုပ်ရမည့် အလုပ် ပါလိမ့် (ကျင့်ရမည့် အလုပ်ပါ ဘုရား)၊ ဪ ကျင့်ကြံ ကြိုးကုတ်အားထုတ်ရမည့် အလုပ်ကြီးတစ်ခုပါလားဆိုတာ ပေါ် လာကြပလား (ပေါ်လာပါပြီ ဘုရား)။

ကောင်းပြီ ဒါက မဂ္ဂင်ငါးပါးပဲ ထားလိုက်ပါတော့၊ ဒီဘက်က ခန္ဓာငါးပါး (မှန်ပါ့)၊ ခန္ဓာငါးပါးသည် ပဋိစ္စသမုပ္ပါဒ် က အဝိဇ္ဇာ သင်္ခါရကြောင့် ခန္ဓာငါးပါးပေါင်း လာဖြစ်လာတယ်နော် (မှန်ပါ ဘုရား)။

အဝိဇ္ဇာ သင်္ခါရကြောင့် ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာတွေ မဖြစ်လာဘူးလား (ဖြစ်လာပါတယ် ဘုရား)၊အဲ ဒါကို ဒကာ ဒကာမတွေ ဪ ဝိညာဏ် နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာက တခြား၊ ခန္ဓာငါးပါးက တခြားလို့ အောက်မေ့မနေနဲ့တော့၊ သူတို့ဟာ ခန္ဓာငါးပါးပဲ (မှန်ပါ့ ဘုရား)။

တရားနာနေတာ ခန္ဓာငါးပါး

ဒါဖြင့် ခန္ဓာငါးပါးကို ဒကာ ဒကာမတွေ သိပါပြီ နော် (မှန်ပါ့ ဘုရား)၊ အခု တရားနာနေတာ ဘယ်သူပါလိမ့် မတုံး (ခန္ဓာငါးပါးပါ ဘုရား)။

ဪ ယောက်ျားတွေလား မိန်းမတွေလားလို့မေး လိုက်ရင် ဘယ့်နှယ်ဖြေကြပါ့မယ် (ခန္ဓာငါးပါးလို့ ဖြေပါမယ်)။

ဟုတ်ပြီ ဒကာ ဒကာမတို့၊ ခန္ဓာငါးပါးဟာ ခန္ဓာငါးပါးလို့ သိပြီး သကာလ နေတဲ့အတွက် သူတစ်ပါး ယောက်ျား မိန်းမတွေကတော့ မဟုတ်တော့ဘူး။ ဒိဋ္ဌိစင်တယ် နော် (မှန်ပါ့ ဘုရား)။

ဒီခန္ဓာငါးပါးဟာ မိုးပေါ်ကျလား ဒကာ ဒကာမတို့၊ အဝိဇ္ဇာသင်္ခါရက တည်ထောင် လိုက်တာလား (အဝိဇ္ဇာ သင်္ခါရက တည်ထောင်လိုက်တာပါ ဘုရား)။

အဝိဇ္ဇာသင်္ခါရက တည်ထောင်တာ

ဒါဖြင့် အဝိဇ္ဇာသင်္ခါရက တည်ထောင်လိုက်လို့ ခန္ဓာငါးပါး ဖြစ်ပါတယ်ဆိုတာ သိလိုက်တဲ့ အခါကျတော့ မိုးပေါ်ကျလည်း မဟုတ်ပါဘူး၊ ဘယ်သူမှ ဖန်ဆင်းတာလည်း မဟုတ်ပါဘူးဆိုတဲ့ ဝိစိကိစ္ဆာ တွေကော စင်မသွားဘူးလား (စင်သွားပါတယ် ဘုရား)။

ဒါဖြင့် ဝိစိကိစ္ဆာစင်ပြီး ခန္ဓာငါးပါးဖြစ်လာတာကို သိနေပြီ ဆိုတော့ ဒိဋ္ဌိကစင်တယ်၊ အလိုလိုဖြစ်တာ ဖန်ဆင်းလို့ဖြစ်တာ ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား)။

ဝိစိကိစ္ဆာစင်သွားပြီ

အဲဒါ သိလိုက်ကတည်းက ဝိစိကိစ္ဆာ ဘယ့်နှယ်နေ သလဲ (စင်ပါတယ် ဘုရား)၊ အဲ ဝိစိကိစ္ဆာ စင်ပြီး သကာလ သွားတော့ မျှော် ဝိစိကိစ္ဆာ အခု ဉာတပရိညာအားဖြင့် စင်သွားပြီး သိမှုနဲ့ ပယ်လိုက်တာ စင်သွားပြီဆိုတာ မှတ်လိုက်တာပေါ့ (မှန်ပါ့ ဘုရား)။

တစ်ခါကြည့်လိုက်ပါဦးတဲ့၊ ဒီအဝိဇ္ဇာ သင်္ခါရက ယောက်ျား တွေ လုပ်လိုက်တာလား၊ မိန်းမတွေများ တည်ထောင်လိုက် သလားလို့ မေးတော့ ဘာတွေများတွေ့ရသလဲ (ခန္ဓာငါးပါး ပဲတွေ့ ရပါတယ် ဘုရား)။

ခန္ဓာငါးပါးပဲ တွေ့ရတယ်ဆိုတော့ ဪ ဒီတရား တစ်ပွဲလုံးမှာ ဘာတွေများ ပေါ်နေပါလိမ့် (ခန္ဓာငါးပါးပဲ ပေါ်ပါတယ် ဘုရား)။

ခန္ဓာငါးပါးသည် ရုပ်နာမ်

ခန္ဓာငါးပါးပေါ်နေတယ်၊ ဪ ဒါဖြင့် ဒီခန္ဓာငါးပါးကို ဒကာ ဒကာမတွေ ချုံးလိုက်ကြ၊ ချုံးလိုက်ကြဦးစို့ ဆိုတော့ ခန္ဓာ ငါးပါးဆိုတာ နာမက္ခန္ဓာက ၄-ပါး၊ ရူပက္ခန္ဓာက ၁-ပါးထားလိုက်တော့ ရုပ်နာမ် ဖြစ်သွားတယ် (မှန်ပါ ဘုရား)။ ဘယ်လိုများ ဖြစ်သွားသလဲ (ရုပ်နာမ်ဖြစ်သွားပါတယ် ဘုရား)၊ ရုပ်နာမ်ပဲ ဖြစ်သွားတယ် ဆိုတာ ခန္ဓာငါးပါးချုံးလိုက်၊ ကျဉ်းလိုက်တဲ့အခါ ဘာများ ဖြစ်သွားပါလိမ့် (ရုပ်နာမ်ပဲဖြစ်သွားပါတယ် ဘုရား)။

ရုပ်နာမ်သည် အနိစ္စ

ရုပ်နာမ်ပဲဖြစ်သွားတယ်ဆိုတာ သေချာပလား (သေ ချာပါပြီ)၊ အဲဒီရုပ်နာမ်ကိုမှ တစ်ခါ ဒကာ ဒကာမတို့သည်ကား လို့ ဆိုလို့ရှိရင်ဖြင့် ကျဉ်းလိုက်ကြဦးစို့၊ ချုံးလိုက်ကြဦးစို့ ဆိုလို့ရှိ ရင်ဖြင့် သဗ္ဗေ သင်္ခါရာ အနိစ္စာ အနိစ္စတစ်လုံးကျန် တော့တယ် (မှန်ပါ့ ဘုရား)။

ဘာကျန်တော့လဲ (အနိစ္စတစ်လုံးကျန်ပါတော့တယ်)၊ ဪ ချုံးလိုက်တော့ အနိစ္စတစ်လုံး ကျန်တော့ ဒကာ ဒကာမတို့ အနိစ္စဆိုတာ “ဟုတွာ အဘာဝဋ္ဌေန အနိစ္စံ”လို့ ပြောတဲ့အတွက် အဋ္ဌကထာ ဆရာများ ရေးသားထားတဲ့အတွက် မှန်လည်းမှန်တဲ့အတွက် ဖြစ်ပြီး မရှိတာကလေးပေါ့ဗျာ (မှန် ပါ့ ဘုရား)။

အနိစ္စသည် ဖြစ်ပျက်

ဒါဖြင့် ဖြစ်ပြီး မရှိတာဆိုတော့ ဖြစ်ပျက်ပေါ့ဗျာ (မှန်ပါ ဘုရား)၊ ဒါဖြင့် ခန္ဓာငါးပါး ချုံးလိုက်တော့ ရုပ်နာမ်၊ နာမ်ရုပ် ချုံး လိုက်တဲ့အခါကျတော့ ဘာကလေးတစ်ခုတည်း လာတွေ့လဲ (အနိစ္စတစ်ခုတည်း လာတွေ့ပါတယ် ဘုရား)၊ အနိစ္စ ဆိုတော့ မြန်မာလို ဖြစ်ပျက်နော် (မှန်ပါ့)၊ ပါဠိလို အနိစ္စ၊ ဒါပဲ လာတွေ့တာပဲ (မှန်ပါ ဘုရား)၊ သဘောကျပလား (ကျ ပါပြီ ဘုရား)။

သတိပဋ္ဌာန်လေးပါး

အဲဒီတော့ ဒကာ ဒကာမတွေ ရုပ်နာမ်တွေကိုတဲ့ သတိပဋ္ဌာန်လေးပါးနဲ့ ဝေဖန်လိုက်တဲ့ အခါကျလို့ရှိရင်ဖြင့် ရုပ်က ကာယာနုပဿနာ၊ ဝေဒနာက ဝေဒနာနုပဿနာ၊ စိတ်ကစိတ္တာ နုပဿနာ၊ သညာ-သင်္ခါရနှစ်ခုက ဓမ္မာနုပဿနာတွေ ဖြစ်နေတော့ သတိပဋ္ဌာန်လေးပါးထဲ အကုန်မဝင်လားဗျာ (ဝင်ပါ တယ် ဘုရား)။

အဲ သတိပဋ္ဌာန် လေးပါးထဲ အကုန်ဝင်ပြီး သကာလ သွားတော့ ဘုန်းကြီးက ဒကာ ဒကာမတွေ ဉာဏ်ထက်ထက်နဲ့ တဏှာများတဲ့ ပုဂ္ဂိုလ်တွေ ဒီထဲမှာ ပါဦးမှာကိုးဗျ (မှန်ပါ ဘုရား)၊ မပါဘူးလား (ပါ,ပါတယ် ဘုရား)။

ဉာဏ်ထက်ထက်နဲ့ တဏှာများရင်

အဲဒီကဲ့သို့ ဉာဏ်ထက်ထက်နဲ့ တဏှာများတဲ့ ပုဂ္ဂိုလ်များ ကျတော့ သုတ်မဟာဝါအဋ္ဌကထာနှင့် သမ္မောဟ အဋ္ဌကထာ ဆရာကလည်းဟေ့၊ ဉာဏ်ထက် ထက်နဲ့ တဏှာများရင် ဝေဒနာနုပဿနာ ပေးလိုက်ပါကွာတဲ့ (မှန်ပါ ဘုရား)။

ဘာပေးရမတဲ့ (ဝေဒနာနုပဿနာ ပေးရပါမယ် ဘုရား)၊ ဒါဖြင့် သတိပဋ္ဌာန် လေးပါးထဲက သုံးပါးဖြုတ်ပြီး ဝေဒနာတစ်လုံး ထားကြစို့နော် (မှန်ပါ့ ဘုရား)၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။

ဝေဒနာပဲ ရှုကြပါစို့

ဝေဒနာတစ်လုံးတည်းပဲ ဒကာ ဒကာမတွေ ရှုကြပါစို့၊ ယနေ့တရားမှာဖြင့်နော် (မှန်လှပါ ဘုရား)၊ စုံအောင်တော့ ဟောမှာပဲ၊ ဟောပေမယ်လို့ ယနေ့ ဝေဒနာလှည့်ပြီး ဝေဒနာပဲ ပြောကြပါစို့လို့ ဆိုတော့ ဒကာ ဒကာမတို့ ခန္ဓာကိုယ်ထဲမှာ ဝေဒနာဟာ နာမည်တူတော့ဖြင့် ဝေဒနာပါပဲတဲ့၊ ချဲ့လိုက်တဲ့ အခါ သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာလို့ ဝေဒနာက ဘယ် နှမျိုးရှိပါလိမ့် (သုံးမျိုးရှိပါတယ် ဘုရား)။

ဝေဒနာသုံးမျိုးပဲရှိတယ်

သုံးမျိုးရှိတယ်ဆိုတာ သိထားပြီနော် (မှန်ပါ့)၊ ဝေဒနာ ဟာ သုံးမျိုးပဲရှိတယ်။

(၁) သုခဝေဒနာ

(၂) ဒုက္ခဝေဒနာ

(၃) ဥပေက္ခာဝေဒနာ

ဒီသုံးမျိုးလည်း ဒကာ ဒကာမတွေက မှတ်လိုက်ပါဦး၊ ရှိ တာတော့ ဟုတ်ပါရဲ့၊ သုခရှိရင် ဒုက္ခ,ဥပေက္ခာမရှိဘူး (မှန်ပါ ဘုရား)၊ ခန္ဓာထဲမှာနော် (မှန်ပါ ဘုရား)။

ဒုက္ခရှိရင် ကျန်တဲ့နှစ်ခု (မရှိပါ ဘုရား)၊ ဥပေက္ခာရှိရင် ကျန်တဲ့နှစ်ခု (မရှိပါ ဘုရား)၊ အဲဒါကျတော့လည်း ဒကာ ဒကာမတို့ ဒါဖြင့် ဝေဒနာသုံးပါးဟာ ရှိထိုက်တာသာ ပြောတာကိုး၊ ရှုရမှာကတော့ ဝေဒနာပေါ်လာတဲ့ တစ်လုံးရှုရုံ ပဲဆိုတဲ့ အဓိပ္ပာယ်ကော ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဝေဒနာတစ်လုံးပဲ

ဒါဖြင့် ဝေဒနာတစ်လုံးပဲ၊ ဝေဒနာသုံးမျိုးရှိငြားသော်လည်း ပြိုင်မပေါ်သောကြောင့် ဦးခင်မောင်ရေ တစ်လုံးတည်း ရှုရလိမ့် မယ် (မှန်ပါ ဘုရား)။

ပြိုင်မပေါ်သောကြောင့် ဘာတဲ့ (တစ်လုံးတည်း ရှုရပါ မယ် ဘုရား)၊ တစ်လုံးတည်းပဲ ရှုရလိမ့်မယ် ဆိုတာ သေချာ ပလား (သေချာပါတယ် ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဒီဝေဒနာတစ်လုံးတည်းပဲ ဒကာ ဒကာမ တွေက ရှုကြစို့ဆိုတော့ ဒကာ ဒကာမတွေ ဝေဒနာမရှုလို့ရှိရင် လည်း ခင်ဗျားတို့ ဝေဒနာဆုတောင်း ယူကြလိမ့်မယ် (မှန်ပါ ဘုရား)။

သုခဝေဒနာ

နတ်ပြည် ရောက်ရပါလို၏၊ ဒကာ ဒကာမတွေက မသိ တော့ နတ်ပြည်ဆိုတာ ဘာပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့၊ အို နတ်ပြည်ဆိုတာ ချမ်းသာတယ်ဆိုလို့ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

နတ်ပြည်ဆိုတာ ဘယ့်နှယ်ကြောင့် ကြိုက်ကြပါလိမ့် (ချမ်းသာတယ်ဆိုလို့ပါ ဘုရား)၊ ဒါဖြင့် ဘာဝေဒနာပါလိမ့် (သုခဝေဒနာပါ ဘုရား)။

ဒုက္ခဝေဒနာ

သုခဝေဒနာကို ဆုတောင်းယူလိုက်တယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ အင်း ဟင် တစ်ခါ ငရဲ ပြည်ကျတော့ ကြောက်တယ်တဲ့၊ ဘာဖြစ်လို့ ကြောက်သတုံးမေးတော့ ဒုက္ခဝေဒနာရှိလို့ (မှန်ပါ့ ဘုရား)၊ ငရဲပြည်ကျတော့ ဒုက္ခ ဝေဒနာချည်းပဲ (မှန်ပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဥပေက္ခာဝေဒနာ

အင်း ဟင် ပဉ္စမဈာန် ဗြဟ္မာတွေကျပြန်တော့ လည်း ဥပေက္ခာဝေဒနာတွေက ရှိနေတယ် (မှန်ပါ့ ဘုရား)။

အဲဒီ တချို့ဗြဟ္မာကြိုက်တာကလည်း ဥပေက္ခာဝေဒနာ ကြိုက်တော့ ဒကာ ဒကာမတွေ ဝေဒနာကိုကြိုက်တဲ့ ဝေဒနာ လည်းရှိတယ်၊ မကြိုက်တဲ့ဝေဒနာကော (ရှိပါတယ် ဘုရား)။

သို့သော် ဒါ- ခင်ဗျားတို့ ကြားသာနေတယ် ဘယ်ဝေဒနာ မှ မကောင်းဘူးလို့မှတ် (မှန်ပါ့ ဘုရား)၊ ဝေဒနာသည် ကြိုက် တဲ့ဝေဒနာ၊ မကြိုက်တဲ့ဝေဒနာလို့ ဒကာ ဒကာမတွေက ဘယ်လို့ ပင်ဟောငြား သော်လည်း ဝေဒနာသည်ကားလို့ ဆိုလို့ရှိရင် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မှတ်ကြပေတော့ ဝေဒနာဟာ သူသတ် ယောက်ျားကြီးလို့ မှတ်လိုက် (မှန်လှပါ ဘုရား)၊ ဝေဒနာ ဘယ်လိုမှတ်ကြမယ် (သူသတ်ယောက်ျားကြီးပါ ဘုရား)။

ဒါ့ကြောင့် ရာဓရဟန်းကမေးလိုက်တယ်

“မာရော မာရောတိ ဘန္တေ ဝုစ္စတိ၊ ကိတ္တာဝတာ နုခေါ ဘန္တေ မာရောတိ ဝုစ္စတိ” လို့မေးတော့ “ဝေဒနာ မာရော” တဲ့ (မှန်ပါ့ ဘုရား)။

ဘယ်ဝေဒနာမဆို လူသတ်ယောက်ျား

ဘန္တေ- အရှင်ဘုရား၊ မာရော မာရောတိ- သူသတ် ယောက်ျား သူသတ်ယောက်ျားဟူ၍၊ ဝုစ္စတိ- ဆိုအပ်၏၊ ကိတ္တာ ဝတာနုခေါ ဘန္တေ မာရောတိ ဝုစ္စတိ- အဘယ်တရားကို သူ သတ်ယောက်ျားလို့ ဆိုပါသလဲလို့ မေးတဲ့အခါကျတော့ ဝေဒနာ မာရော- ဘယ်ဝေဒနာမဆို သူသတ်ယောက်ျားချည်းပဲကွ။ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒုက္ခဝေဒနာကလည်း ဒကာ ဒကာမတွေ သတ်တာ ပဲ (မှန်ပါ ဘုရား)၊ သုခဝေဒနာကလည်း အပျော်ကြူးလို့ သေ သွားတာကော ရှိပါရဲ့ လား (ရှိပါတယ် ဘုရား)။

ဒါဖြင့် ဘယ်သူက သတ်လိုက်ပါလိမ့် (သုခဝေဒနာက သတ်ပါတယ် ဘုရား)၊ ဗြဟ္မာတွေ ကျတော့ သူတို့ပဉ္စမဈာန်တွေနဲ့ ပျော်မွေ့ပြီး ပဉ္စမဈာန်နဲ့ပဲ သေလိုက်တဲ့ဥစ္စာကျတော့ ဘယ် ဝေဒနာသတ်လိုက်ပါလိမ့် (ဥပေက္ခာဝေဒနာပါ ဘုရား)၊ ဥပေက္ခာဝေဒနာ သတ်လိုက်တော့ အားလုံး ဒကာ ဒကာမတွေ ဝေဒနာကို သေမင်းချည်း မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)၊ ဦးဇံရင်တို့ ဘာမှတ်ကြမယ် (ဝေဒနာကို သေမင်းမှတ်ရပါ မယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီဝေဒနာကို ဘုရားသခင်ကိုယ် တော်မြတ်ကြီးက ဝေဒနာမာရောတိ လို့ ဟောတော်မူတယ်၊ ဝေဒနာ-ဝေဒနာကို၊ မာရောတိ- သူသတ်ယောက်ျားဟူ၍၊ ဝေဒနာဟာ သူသတ်ယောက်ျားတဲ့၊ မာရော အဿ ဘဝေယျ၊ မာရော- သတ်တတ်သည်သာလျှင်၊ အဿ ဘဝေယျ- ဖြစ်ရာ၏။

ဪ ဝေဒနာဟာ ဒကာ ဒကာမတွေ သတ်နေတာ ပဲတဲ့ ရှင်းပလား (ရှင်ပါပြီ ဘုရား)။

မသာပို့ဖူးကြရဲ့လား

ဒါကြောင့် တစ်နေ့က စပ်မိလို့ပြောတယ်၊ ဒကာ ဒကာမတို့ မသာပို့ရတဲ့လူများဟာ မသာပို့ဖူးကြရဲ့လား ဆိုတော့ ဒီပွဲထဲ မပို့ ဖူးတဲ့ လူက ရှားပါတယ် (မှန်ပါ့ ဘုရား)။

မပို့ဖူးတဲ့သူက မရှားလားဗျာ (ရှားပါတယ် ဘုရား)၊ ရှားကြပါတယ် တဲ့၊ ရှားတဲ့အခါကျတော့ ခင်ဗျားတို့လမ်းမှာ နောက်က တိုးတိုးနဲ့ ကျုပ်တို့ကတော့ အိမ်ချင်းကလည်း ဝေး တယ်၊ အရပ်ကလည်း ဝေးတယ်၊ ဘာဝေဒနာတုံး အခုသေ တာ (မှန်ပါ ဘုရား)၊ ဟော ဝေဒနာပဲ မေးကြတယ်၊ မမေးကြဘူးလား (မေးပါတယ် ဘုရား)၊ ဒါဖြင့် ဒကာ ဒကာမ တို့ ရွာတိုင်း သုသာန်ရောက်တယ်၊ ဆင်ဖြူကန် ရောက်တယ်၊ သင်္ချိုင်းတော် ရောက်တယ်၊ ဘယ်သူ့လက်ချက်တွေပါလိမ့် (ဝေဒနာ လက်ချက်တွေပါ ဘုရား)၊ ဝေဒနာလက်ချက်တွေနော် (မှန်ပါ့)။

ဝေဒနာကသတ်တယ်

ဒကာ ဒကာမတွေ တဲ့၊ အိမ်ပေါ်မှာ မွေ့ယာပေါ်မှာ ခြင်ထောင်ချပြီး သကာလ အနွေးထည် တွေခြုံ ဆေးကောင်း ဝါးကောင်းတွေ ဘေးက ခြံရံငြားသော်လည်းဝေဒနာရှိနေတဲ့ အတွက် ဝေဒနာကပဲ သတ်လိုက်ပါတယ် (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ လူ့ပြည်မှာတော့ သေခါနီး ဒုက္ခဝေဒနာ က သတ်တာနော် (မှန်ပါ့)၊ မသေခင် ကျတော့လည်း မသေ သေအောင် တိုက်တွန်းတာကလည်း သုခဝေဒနာက တယ် စား ချင်တယ်၊ မတည့်တာမှ တယ်မစားချင်ဘူးလား (စားချင်ပါ တယ် ဘုရား)။

စားချင်တာက သုခဝေဒနာ မနေဘူးလား (နေပါ တယ် ဘုရား)၊ အဲ သုခဝေဒနာနဲ့ စားလိုက်တော့ မတည့်တဲ့ ဒုက္ခဝေဒနာက မသတ်လိုက်ဘူးလား (သတ်ပါတယ် ဘုရား)။

အင်း ဟင် ကျုပ်က မြင်ယောင်တော့ မနေနိုင်ဘူး ဆိုတော့ ဥပေက္ခာဝေဒနာက ပြပေးတဲ့ အဓိပ္ပာယ် မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

ဒါဖြင့် ဥပေက္ခာဝေဒနာက ပြ-သမား၊ သုခဝေဒနာက မျို သမား၊ ဒုက္ခဝေဒနာက သတ်သမား (မှန်ပါ့ ဘုရား)၊ ရှင်းကြ ရဲ့လား (ရှင်းပါတယ် ဘုရား)။

စိတ်ချလက်ချ မနေကြနဲ့

ဥပေက္ခာဝေဒနာက (ပြသမားပါ ဘုရား)၊ သုခဝေဒနာ က (မျိုသမားပါ ဘုရား)၊ သုခဝေဒနာက မျိုသမားပေါ့ဗျာ၊ စားသမား မျိုသမားပေါ့ (မှန်ပါ့)၊ ဒုက္ခဝေဒနာကော (သတ်သမားပါ ဘုရား)။

အင်း ဒါဖြင့် ဒကာ ဒကာမတွေ ခင်ဗျားတို့ သန္တာန်မှာ ဒီဝေဒနာ သုံးပါးရှိပါရဲ့လား (ရှိပါတယ် ဘုရား)၊ စိတ်ချ လက်ချမနေကြနဲ့ သေမင်းပါနေတယ် (မှန်ပါ ဘုရား)။

ဘယ့်နှယ်ဆုံး လိမ့် (သေမင်းပါနေပါတယ် ဘုရား)၊ ဘယ်နှယောက်ပါလိမ့် (သုံးယောက်ပါ ဘုရား)၊ ဝေဒနာ သုံး ပါးဟာ သေမင်းချည်းမဟုတ်လား (မှန်ပါ့)။

ဝေဒနာကို သေမင်းလို့ရှု

ဒါကြောင့် ဘုရားက ဝေဒနာ မာရောတိ ပဿ၊ ဝေဒနာ ဝေဒနာကို၊ မာရောတိ-သေမင်းဟူ၍၊ ပဿ-ရှုကွ ရာဓ ဟု၊ ဒါကြောင့် ဝေဒနာကို အရှုခိုင်းတာကိုး၊ ရိပ်မိပလား (ရိပ်မိ ပါပြီ ဘုရား)။

ဝေဒနာကို ဘယ်လိုရှုရမယ် (သူသတ်ယောက်ျားလို့ ရှုရမယ်)၊ သူသတ်ယောက်ျား သေမင်းလို့ ရှုပါ (မှန်ပါ ဘုရား)။

“မာရောတိ ပဿ၊ ဂဏ္ဍောတိ ပဿ” သံယုတ်ပါဠိတော် များမှာ အနာလို့လည်းရှုကွတဲ့ (မှန်ပါ့)၊ သဘောကျကြ ပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့သည်ကားလို့ ဆိုလို့ရှိ ရင်ဖြင့် ပြုံးရင်းလည်း သေနိုင်တယ် တဲ့ (မှန်ပါ့ ဘုရား)။

ပြုံးရင်းလည်းသေနိုင်တယ်

ပြုံးရင်းလည်း သေနိုင်တယ်ဆိုတာ သုခဝေဒနာ သတ်ချ လိုက်တာ (မှန်ပါ့ ဘုရား)၊ မေ့လျော့ မေ့လျော့ပြီး သကာလ သေနိုင်တယ်ဆိုတော့ ဥပေက္ခဝေဒနာ သတ်ချလိုက်တာပဲ (မှန်ပါ့ ဘုရား)။

တချို့မှာ နတ်ပြည်များ ဒေါသဖြစ်တာနဲ့ ခန္ဓာအထည်ပါ ပျောက်သွားတယ်၊ ဒေါမနဿဝေဒနာ သတ်ချလိုက်တာ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒါသေမင်းမှဟုတ်ကဲ့လား (ဟုတ်ပါတယ် ဘုရား)၊ဒါဖြင့် ဒီထဲ ဒကာ ဒကာမတွေ အန္တရာယ် ကင်းလို့ ဘေး ရှင်းမည့် ပုဂ္ဂိုလ်များ ပါကြရဲ့လား (မပါ-ပါ ဘုရား)။

သေမင်းသုံးယောက်က အလှည့်ကျရှိတယ်

ဘာ့ကြောင့်တုံး၊ သေမင်းသုံးယောက်က အလှည့်ကျရှိနေ တယ် (မှန်ပါ့ ဘုရား)။

ဘယ်လို ဆုံးဖြတ်ချက်ချမလဲ (သေမင်းသုံးယောက်က အလှည့်ကျ ရှိနေပါတယ် ဘုရား)။

သတိထားပါ၊ သတိထားပါ ဒကာ ဒကာမတို့ သေမင်းက ဘယ်နှယောက်ရှိနေသလဲ (သုံးယောက် ရှိပါတယ် ဘုရား)။

ဪ ဒကာ ဒကာမတို့ အခုဟာ တောင်းတောင်းပန်ပန်နဲ့ တရားပွဲလာခဲ့ကြရတယ်နော် (မှန်ပါ ဘုရား)။

သူတို့မသတ်ခင် ကျုပ်တို့တရားပွဲ လာခဲ့ကြရတယ် (မှန်လှပါ)၊ သူတို့သတ်ပြီးမှဆိုရင် လာနိုင်စရာ ရှိရဲ့လား (မလာနိုင်ပါ ဘုရား)။

သို့သော် သူတို့ တရားပွဲ သွားဦးမယ်၊ နေရစ်ခဲ့ပါ မောင်ဝေဒနာရယ်ဆိုတော့ နေရစ်သလား၊ ပါလျက်လား (ပါ လျက်ပါ ဘုရား)။

ရော ဒကာ ဒကာမတို့ သေမင်းလည်း ထားပစ်ခဲ့လို့ လည်း မရပါကလား (မရပါ ဘုရား)၊ ထားပစ်ခဲ့လို့လည်း မရ ဘူးဆိုတာ သေချာကြပလား (သေချာပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ သေမင်းလွတ်တဲ့နေရာ ပြေးကြ ပါစို့ (မှန်ပါ ဘုရား)၊ ဘယ်ပြေးကြမယ် (သေမင်းလွတ်တဲ့ နေရာ ပြေးကြပါမယ် ဘုရား)။

ဒါဖြင့် ဝေဒနာသုံးပါး မရှိတဲ့နေရာမှ သေမင်းလွတ်တော့ မယ် (မှန်ပါ ဘုရား)၊ ဘယ်နေရာမှာလွတ်ပါလိမ့် (ဝေဒနာ သုံးပါးမရှိတဲ့ နေရာမှာပါ ဘုရား)။

သေမင်းရှိလျက်နဲ့ ပျော်နေတယ်

ဒါကြောင့် အခုပျော်နေတာကို ဘုန်းကြီးတို့ ဒကာ ဒကာမ တွေကို သတိပေးရတယ်၊ ဒကာ ဒကာမတို့ ခင်ဗျားတို့ ပျော် နေတာနော်၊ ဘုန်းကြီးများ ဝမ်းမသာလို့ မဟုတ်ပါဘူး၊ သေမင်း

ရှိလျက်နဲ့ ဓားကုတ်ပေါ်မှာ ဝဲလျက်နဲ့ ပျော်နေတဲ့အပျော်ပါ (မှန်ပါ့ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဘယ်လို ပျော်နေတာပါလိမ့် (ကုတ်ပေါ်ဝဲလျက် ပျော်တာပါ ဘုရား)၊ ဓားကုတ်ပေါ် ဝဲလျက်နဲ့ ပျော်နေတဲ့ အပျော် ဆိုတာ ဒကာဝတို့၊ မောင်ထွန်းလှိုင်တို့ ကောင်းသေးရဲ့လား (မကောင်းပါ ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဘဝများစွာ သံသရာက ဘယ် သူ့လည်ပင်း ခေါင်းစင်းပြီး အပ်ပြီး သကာလ ကျုပ်တို့နေခဲ့ကြရ တယ်ဆိုတာ ယနေ့တော့ဖြင့် ပေါလောကြီး ပေါ်ပါပြီ (မှန်ပါ့ ဘုရား)။

ဝေဒနာသုံးခု၏ လက်တွင်းမှာ ခေါင်းစင်းပြီး သကာလ သေခဲ့ရတဲ့ ဘဝချည်းပဲ ဆိုရင်လည်း လွဲပါ့မလား (မလွဲပါ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

စိန်ရွှေရှာတာ ဝမ်းသာချင်လို့

သို့သော် ဒကာ ဒကာမတွေကမသိတဲ့ အခါကျတော့ ဒီဝေဒနာတွေကိုပဲ လည်ပြီး ရှာနေကြတယ် (မှန်ပါ ဘုရား)။ ဒီဝေဒနာတွေကို လည်ပြီးရှာကြတယ် (မှန်ပါ)၊ ငွေရှာတယ် ဆိုတာ ဝမ်းသာချင်လို့၊ ရွှေရှာတယ် ဆိုတာကော (ဝမ်း သာချင်လို့ပါ ဘုရား)၊ ဝမ်းသာတာ ဘာဝေဒနာပါလိမ့် (သုခ ဝေဒနာပါ ဘုရား)။

ဪ သေမင်းရှာကြတာပါကလား (မှန်ပါ့ ဘုရား)၊ ဘာရှာကြတာလဲ (သေမင်းရှာကြတာပါ ဘုရား)၊ ဪ မသိတော့ ဒကာ ဒကာမတွေ သိပ် ခက်ပါ ကလား (မှန်ပါ့)။

သေမင်းဟာ ရှာကောင်းတာလား ရှောင်ရမှာလား (ရှောင်ရမှာပါ ဘုရား)၊ ရှောင်ရမှာကို ခင်ဗျားတို့က ဘယ့်နှယ် လုပ်နေကြသလဲ (ရှာနေကြပါတယ် ဘုရား)။

သေရတာ အားမရလို့လား

ဪ သေရတာ အားမရလို့လားလို့ပဲ မေးဖို့သာ ရှိတော့တယ် (မှန်ပါ့ ဘုရား)၊ ဒိပြင် ဘာမှမေးစရာ မရှိတော့ ဘူး (မှန်ပါ့ ဘုရား)၊ သဘောပါကြရဲ့လား (ပါ-ပါတယ် ဘုရား)။

ကိုင်း ဒကာ ဒကာမတွေ နတ်ပြည်များမှာ ခိဋ္ဋပဒေါသိက နတ်တွေများ အပျော်ကျူးတာနဲ့ ခန္ဓာပါ ပျောက်သွားတယ် (မှန်ပါ့ ဘုရား)၊ သုခဝေဒနာ သတ်ချလိုက်တယ် (မှန်ပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

တချို့ ဒီလူ့ပြည်မှာလည်း ရှိပါတယ်၊ အပျော်လွန်တာနဲ့ သေပြီ၊ မရှိကြဘူးလား (ရှိပါတယ် ဘုရား)၊ ဘယ်ဝေဒနာ သတ်လိုက်ပါလိမ့် (သုခဝေဒနာ သတ်ပါတယ် ဘုရား)။

တချို့လည်း အင်း သူတို့ မူးမေ့ပြီး သေသွားတယ်ကွာ ဆိုတော့ ဥပေက္ခာဝေဒနာ သတ်ချလိုက်တယ် (မှန် ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ ဘယ်သူ့လက်တွင်းမှာ ခေါင်း စင်းပြီးသေခဲ့ရတဲ့ ဘဝများပါလိမ့် (ဝေဒနာ လက်တွင်းမှာ သေခဲ့ရတာ များပါတယ် ဘုရား)။

အခုကော ဒကာ ဒကာမတို့ ဝေဒနာ ကင်းကြရဲ့လား (မကင်းပါ ဘုရား)၊ ဝေဒနာမကင်းဘူး၊ သုခမရှိ- ဒုက္ခရှိတယ်၊ ဒုက္ခ မရှိ-ဥပေက္ခာ ရှိတယ်ဆိုတာ သေချာပလား (သေချာပါ တယ် ဘုရား)။

အင်း ဘယ်သူနဲ့ အတူတူနေကြပါလိမ့် (သေမင်း နဲ့ အတူတူနေပါတယ် ဘုရား)၊ သေမင်းနဲ့ အတူတူ နေကြ ရတယ် (မှန်ပါ့ ဘုရား)၊ အားလုံးတရားတစ်ပွဲလုံး ဘယ်သူနဲ့ အတူတူနေရသတုံး (သေမင်းနဲ့ အတူတူနေရပါတယ် ဘုရား)။

သေမင်းရှိလျက်နဲ့ မသိရင်

ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ဟာကလည်း သေမင်းရှိ လျက်နဲ့ သေမင်းမှန်း မသိတော့ပါဘူး ဆိုလို့ရှိရင် တယ်ကြီးတဲ့ အဝိဇ္ဇာပါကလားဆိုတာပဲ ပြောဖို့ရှိတော့တာပဲ (မှန်ပါ ဘု ရား)၊ သဘောပါကြလား (ပါ,ပါတယ် ဘု ရား) သေမင်း ဘယ်နှယောက်ရှိပါလိမ့် (သုံးယောက် ရှိပါတယ် ဘုရား)၊ ဘယ် အချိန်များ သူလွတ်သွားပါလိမ့်မတုံး (မလွတ်ပါ ဘုရား)။

ဒါကြောင့် ဘုရားက “သော ဝေဒနာ ပရိညာယ ဒိဋ္ဌေ ဓမ္မေ အနာသဝေ’’ါ ဝေဒနာများ သေမင်းရယ်လို့ ပိုင်းပိုင်းခြားခြား နှိပ်စက်တတ်တဲ့တရားလို့ ကိစ္စဉာဏ်နဲ့များ သိမယ်ဆိုလို့ရှိရင် ကွာ မျက်မှောက်၌ပင် အာသဝေါကင်းပါသတဲ့ (မှန်ပါ့)။

သေမင်းလို့ ပညာသိနဲ့သိရင်

သူ့ကို သေမင်းရယ်လို့များ သေသေချာချာ သိပြီး သကာလ နှိပ်စက်တတ်တဲ့တရားရယ်လို့ အမှန်များ သိကြမယ်ဆိုလို့ရှိရင်ဖြင့် သညာသိနဲ့ မသိဘဲနဲ့ ပညာသိနဲ့ သိရမယ်ဆိုလို့ရှိရင်ဖြင့် ဒိဋ္ဌေ ဓမ္မ အနာသဝေါ- ယခုဘဝတွင်ပင် အာသဝေါ ကင်းပါလိမ့် မယ်ကွာတဲ့ (မှန်ပါ့ ဘုရား)။

ကာယဿ ဘေဒါ ဓမ္မဋ္ဌော၊ ကာယဿ-ခန္ဓာကိုယ်၏ ဘေဒါ-သေသည်မှ နောက်ကာလ၌၊ ဓမ္မဋ္ဌော -နိဗ္ဗာန်၌တည် သည်၊ ဟောတိ-ဖြစ်၏၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဝေဒနာကို ခင်ဗျားတို့ သေမင်းလို့ နှိပ်စက်တဲ့တရားလို့ အမှန်များသိမယ်ဆိုလို့ရှိရင်ဖြင့် ယခု အာသဝေါကင်းပါတယ် တဲ့ (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

နိဗ္ဗာန်ရောက်သွားမယ်

ကာယဿ ဘေဒါ ဓမ္မဋ္ဌော၊ ကာယဿ- ခန္ဓာကိုယ်၏၊ ဘေဒါ- ယခုဘဝသေသည်၏ အခြားမဲ့၌၊ ဓမ္မဋ္ဌော- နိဗ္ဗာန်၌တည် သည်၊ ဟောတိ-ဖြစ်၏၊ တစ်ခါတည်း နိဗ္ဗာန်ရောက်သွား မယ် (မှန်ပါ့ ဘုရား)။

သော ဝေဒဂူ- ထိုရဟန္တာပုဂ္ဂိုလ်သည်၊ သင်္ချံ- ပုထုဇဉ်ဟူ သော အရေအတွက်သို့၊ နာပေတိ, နဥပေတိ- မရောက်ပါဘူး ကွာတဲ့ (မှန်ပါ့)၊ ဒါ ဝေဒနာသံယုတ် ပါဠိတော်မှာ လာပါ တယ် (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါတယ်)။

အာသဝေါကုန်ပါတယ်

ဝေဒနာဟာ သူသတ်ယောက်ျားလို့ ပိုင်ပိုင်နိုင်နိုင်သိလို့ရှိ ရင် မင်းတို့အာသဝေါ ကုန်ပါတယ်တဲ့ (မှန်ပါ ဘုရား)၊ ဦးခင်မောင် တယ်ကောင်းပါကလား (ကောင်းပါတယ် ဘုရား)၊ ဝေဒနာကို သူသတ် ယောက်ျားရယ်လို့ ကိစ္စဉာဏ်နဲ့ ပိုင် ပိုင်နိုင်နိုင်သိလို့ရှိရင်ဖြင့် ဘာဖြစ်သတဲ့တုံး (အာသဝေါကုန် ပါတယ် ဘုရား)၊ အာသဝေါကုန်တယ်တဲ့၊ ဒီဥစ္စာ မဂ်လေး တန်ကို တစ်ခါတည်းတန်းပြီး ရနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ် ကျအောင် ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောတော်မူတယ် နော် (မှန်ပါ့)။

သော ဝေဒနာ ပရိညာယ၊

ဒိဋ္ဌဓမ္မော အနာသဝေါ၊

ကာယဿ ဘေဒါ ဓမ္မဋ္ဌော၊

သင်္ချံ နောပေတိ ဝေဒဂူ။ (သဠာယတနဝဂ္ဂသံယုတ်၊ ၄၀၈)

ဆိုတော့ သူ့ကို ဒုက္ခသစ္စာ ပိုင်ပိုင်နိုင်နိုင်သိဖို့ ဒကာ ဒကာမတွေ ယနေ့ပြောရလိမ့်မယ် (မှန်ပါ့ ဘုရား)။

ဒီလိုသိပြီးလို့ရှိရင်လည်း ဘာမှမပူနဲ့တော့တဲ့၊ အာသဝေါ ကင်းပါလိမ့်မယ်တဲ့ (မှန်ပါ့ ဘုရား)၊ ဟုတ်လည်း ဟုတ်ပေ သားပဲ ဒကာ ဒကာမတို့၊ ရတဲ့ပါဠိနဲ့ပဲ ဘုန်းကြီးအကိုးအကား ပြလိုက်ပါမယ် ဆိုတော့ ဝေဒနာ နိရောဓာ(တဏှာနိရောဓော)။

ဟော , တဏှာနိရောဓော ဆိုတဲ့ ကာမဘဝချုပ်သွားပြီ၊ ကာမဘဝဆိုတဲ့ လောဘလေ (မှန်ပါ့)၊ ဘဝါသဝဆိုတဲ့ ဘုံ ဘဝ တပ်နှစ်သက်တဲ့ လောဘကော (ချုပ်ပါတယ် ဘုရား)၊ ဒိဋ္ဌာသဝဆိုတဲ့ လောဘနဲ့ သဟဇာတဖြစ်နေတဲ့ ဒိဋ္ဌိကော (ချုပ်ပါတယ် ဘုရား)၊

အာသဝေါတရား လေးပါးချုပ်တယ်

နောက်ပြီးတော့ ဒီ ဒိဋ္ဌိနဲ့ သဟဇာတဖြစ်နေတဲ့ မောဟ ကော (ချုပ်ပါတယ် ဘုရား)၊ ဟော အာသဝေါ လေးပါး ပေါ့ ဒကာ ဒကာမတို့၊ သူတို့ချုပ်အောင် လုပ်နိုင်လို့ရှိရင် အာသဝေါတရား လေးပါးလည်း နောက်က ချုပ်ပါတယ်ဆိုတာ သေချာပလား (သေချာပါတယ် ဘုရား)။

ဒါကြောင့် ‘‘သော ဝေဒနာ ပရိညာယ၊ ဒိဋ္ဌဓမ္မော အနာသဝေါ” ဒိဋ္ဌဓမ္မပေါ့ကွာ၊ ဒါ အာသဝ မရှိပါဘူး၊ မယုံရင် ရှုကြည့်စမ်းပါတဲ့၊ ဝေဒနာသာ တစ်ခါတည်း နောက်ဘယ်တော့ မှ မလာအောင်၊ နိရောဓ ဖြစ်အောင်၊ ချုပ်အောင် ရှုကြည့်စမ်းပါ ဆိုတော့ ဝေဒနာနိရောဓာ (တဏှာနိရောဓောပါပဲ)။

တဏှာသုံးမျိုးချုပ်တယ်

တဏှာနိရောဓော ဆိုကတည်းက တဏှာနဲ့ သဟဇာတ ဖြစ်တဲ့ အဝိဇ္ဇာကော (ချုပ်သွားပါတယ် ဘုရား)၊ ဒီတဏှာ ကလည်း ကာမတဏှာ၊ ဘဝတဏှာ၊ ဝိဘဝတဏှာဆိုတဲ့ အတိုင်း ဒကာ ဒကာမတို့ တဏှာ သုံးမျိုးလည်း မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)။

ကာမတဏှာဆိုတာ လောဘ၊ ဘဝတဏှာဆိုတာ သဿတဒိဋ္ဌိ၊ ဝိဘဝတဏှာဆိုတာ ဥစ္ဆေဒ ဒိဋ္ဌိ ဒါတွေပါရောချုပ်တယ် (မှန်ပါ့)၊ သူနဲ့သဟဇာတဖြစ်တဲ့ မသိလို့ ဒိဋ္ဌိဖြစ်နေတဲ့ အဝိဇ္ဇာလည်း ပါမသွားသေးဘူးလား (ပါသွားပါတယ် ဘုရား)။

အေး ဒါကြောင့် “သော ဝေဒနာ ပရိညာယ၊ ဒိဋ္ဌဓမ္မော အနာသဝေါ၊ ကာယဿဘေဒါ ဓမ္မဋ္ဌော” ကာယဿ၊ ခန္ဓာကိုယ်၏။ ဘေဒါ၊ ပျက်သောကာလ၌၊ ဓမ္မဋ္ဌော၊ နိဗ္ဗာန်၌တည်သည်၊ ဟောတိ၊ ဖြစ်၏။

ဒကာ ဒကာမတို့ ဒါကြောင့်မို့ သူ့ကို ပိုင်ပိုင်နိုင်နိုင် ရှုစမ်းပါလို့ ပြောလိုက်တယ် (မှန်ပါ့)၊ အရေးမကြီးဘူးလား (ကြီးပါတယ် ဘုရား)။

အာသဝေါကုန်ချင်ရင် ဝေဒနာကုန်အောင်လုပ်

ကိုင်း ဒကာ ဒကာမတို့၊ အာသဝေါကုန်ချင်ရင် ဝေဒနာကုန်အောင်လုပ်ရလိမ့်မယ် (မှန်ပါ့ ဘုရား)၊ အာသဝေါကုန်ချင်ရင် (ဝေဒနာကုန်အောင်လုပ်ရလိမ့် မယ်)၊ ဝေဒနာကုန်အောင် လုပ်ရလိမ့်မယ် ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ကိုင်း ကုန်အောင်လုပ်တဲ့နည်းကို ဆရာဘုန်းကြီး က ဒကာ ဒကာမတွေအား ရှုနည်းနဲ့တကွ ပြပါတော့မယ် ဆိုတဲ့ ဥစ္စာကို ကြပ်ကြပ်ဂရုစိုက်ကြပေတော့ (မှန်ပါ့ ဘုရား)။

ဝေဒနာက သုံးမျိုးချုံးလိုက်တဲ့အခါ ကျလို့ရှိရင်ဖြင့် ဦးခင်မောင်ရေ ဖြစ်ပျက်ပဲ ရှိမှာပါပဲ (မှန်ပါ့ ဘုရား)။

ဝေဒနာသုံးမျိုး ချုံးလိုက်တဲ့အခါကျတော့ (ဖြစ်ပျက်ပဲ ရှိပါတယ် ဘုရား)၊ ဖြစ်ပျက်ပဲရှိတော့မယ် ဆိုတာ မသေချာ ဘူးလား (သေချာပါတယ် ဘုရား)။

မဂ္ဂဗြဟ္မစရိယာအကျင့်

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဝေဒနာကိုပဲ ရှုကြပါစို့ဆိုတဲ့ အဓိပ္ပါယ်ဟာ ပေါ်လာပြီနော် (မှန်ပါ့ ဘုရား)၊ ဝေဒနာနောက်က မဂ္ဂဗြဟ္မစရိယ အကျင့်လုပ်ကြစို့ (မှန်ပါ့)၊ ဒကာ-ဘာလုပ်ရမယ် (မဂ္ဂဗြဟ္မစရိယ အကျင့်လုပ်ရပါမယ် ဘုရား)။

မဂ္ဂဗြဟ္မစရိယအကျင့် လုပ်ရလိမ့်မယ်ဆိုတဲ့အခါကျလို့ ရှိရင်ဖြင့် တဲ့၊ ဒကာ ဒကာမတွေ သုခဝေဒနာ ကလေးက ထပ်ပြောနေတယ်လို့ အောက်မေ့မနေနဲ့၊ မသိတဲ့ ပုဂ္ဂိုလ်တွေ အတွက်မှာ ထပ်ပြောတာတောင် သင့်ရုံပဲရှိတယ်နော် (မှန်ပါ့ ဘုရား)။

မျက်လုံးမြင်တဲ့အခါ မြင်တယ်ဆိုရင် ဘာဝေဒနာပေါ် သတုံး (ဥပေက္ခာဝေဒနာ ပေါ်ပါတယ် ဘုရား)၊ နောက်က ဒကာ ဒကာမတွေ သေသေချာချာမှတ်နော်၊ နောက် ရူစရာ မရှိဘဲနေမှာစိုးတယ် (မှန်ပါ့)၊ မျက်လုံးကလေးဖွင့်လိုက်လို့ မြင်လိုက်ရင် (ဥပေက္ခာဝေဒနာပါ ဘုရား)။

ဥပေက္ခာဝေဒနာ

အဲ မြင်တဲ့ သဘောကလေး ဥပေက္ခာ ဝေဒနာပဲ ဥပေက္ခာသဟဂတံ စက္ခုဝိညာဏံပဲ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ မြင်တယ်ဆိုလို့ရှိရင် ဘယ်သူမှ မြင်တာမဟုတ်ဘူး၊ ဥပေက္ခာ ဝေဒနာ ဖြစ်တာသာ မှတ်လိုက်ပေတော့ (မှန်ပါ့ ဘုရား)၊ နားက ဘာကလေး ကြားကြား (ဥပေက္ခာဝေဒနာပါ ဘုရား)။

နှာခေါင်းထဲက ပုပ်တဲ့အနံ့နံနံ၊ မွှေးတဲ့ အနံ့နံနံ ဘာဖြစ် သတုံး (ဥပေက္ခာဝေဒနာပါ ဘုရား)၊ လျှာပေါ်မှာ ချိုတာ စားစား၊ ချဉ်တာစားစား၊ ဖန်တာစားစား ဘာဖြစ်သတုံး (ဥပေက္ခာဝေဒနာပါ ဘုရား)။

သူပေါ်တဲ့နေရာ၊ သူသေတဲ့နေရာ

ဪ ဒီနေရာတွေဟာ သူပေါ်တဲ့နေရာတွေပဲ သူပေါ်တဲ့နေရာမှာ သူသေတဲ့ နေရာလို့ မှတ်လိုက်ပေါ့ (မှန်ပါ့ ဘုရား)၊ သူပေါ်တဲ့နေရာဟာ (သူသေတဲ့နေရာပါ ဘုရား)။

ဪ ဒါဖြင့် ရှုစရာလေးဌာနတွေ့တယ် (မှန်ပါ့ ဘုရား)။ ဪ ဥပေက္ခာ ဝေဒနာရှုရမည့် နေရာက လေးဌာပါကလားလို့ မှတ်ထား (မှန်ပါ့ ဘုရား)၊ လေးဌာန တစ်ပြိုင်နက်ပေါ်မှာလား၊ တစ်ခုပြီးမှ တစ်ခုပေါ်မှာလား (တစ်ခုပြီးမှ တစ်ခုပေါ်မှာပါ ဘုရား)။

ဒါဖြင့် တစ်ခုတည်း ရှုရမှာဖြစ်ပြီး သကာလ နေတော့ ဒကာ ဒကာမတို့ ဝန်လေးစရာ ရှိကြရဲ့လား (မရှိပါ ဘုရား)၊ ပေါ်ပြီနော် (မှန်ပါ့ ဘုရား)။

တစ်ခါ “သုခသဟဂတံ ကာယဝိညာဏံ၊ ဒုက္ခသဟဂတံ ကာယဝိညာဏံ” လို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ကလည်းဟော၊ သဂြိုဟ်ကျမ်း အရှင်အနုရုဒ္ဓါတို့ကလည်း ဘုရားဟောတော် မူတာတွေ ကြည့်ပြီး ရေးထားပြန်တော့ ကိုယ်ပေါ် ကျတော့ ချမ်းသာရင် ဘာဝေဒနာ (သုခဝေဒနာပါ ဘုရား)။

ပေါ်တဲ့နေရာဖြစ်ပျက်ရှု

အင်း နာလို့ရှိရင် ကိုက်တယ်၊ ခဲတယ်ဆိုရင် (ဒုက္ခဝေဒနာပါ ဘုရား)၊ အဲ ကိုယ်ပေါ်ကျတော့ သုခ၊ ဒုက္ခ နှစ်ခုပေါ်တယ် (မှန်ပါ့)၊ သုခပေါ် ရင်တဲ့ သုခကို ဒီနေရာ ပေါ်ရင် ဒီနေရာဖြစ်ပျက်ရှုပါ (မှန်ပါ)၊ ဒုက္ခပေါ်ရင်ကော (ဒီနေရာ ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

ဪ ဒါဖြင့် သုခဝေဒနာလည်း ရှုတတ်ပြီ၊ ဒုက္ခ ဝေဒနာကော (ရူတတ်ပါပြီ ဘုရား)၊ ဥပေက္ခာ ဝေဒနာ ကလေးတွေကော (ရူတတ်ပါပြီ ဘုရား)။

အဲဒါက ပြင်ဘက်ဧည့်သည်တွေ ရှုတတ်ပါပြီ (မှန်ပါ့ ဘုရား)၊ ပြင်ဘက်ဧည့်သည် ခြောက်ယောက်ကို ရှုတတ် ပါပြီ (မှန်ပါ)။

အတွင်းဧည့် သည်ကလေးတွေ လိုက်ကြပါဦး ဦးခင်မောင်တို့ ဦးဇံရင်တို့ အတွင်းဧည့်သည် လိုက်ပါဦး -နော် (မှန်ပါ့ ဘုရား)။

အတွင်းဧည့်သည်

အတွင်းကျတဲ့ အခါကျတော့ ငွေကလေး ဘာကလေး တောင်းရတဲ့ အခါကျတော့ ဒကာ ဒကာမတို့ အဆင်ပြေတဲ့ အခါကျတော့ ဝမ်းထဲမှာ သောမနဿဝေဒနာပေါ်တယ် (မှန်ပါ့ ဘုရား)။

အဲဒီတော့ သောမနဿဝေဒနာပေါ်တာလည်း ဟဒယ ဝတ္ထုပေါ်မှာ ပေါ်တဲ့အတွက် ဒီနေရာမှာ ဉာဏ်လှည့်ပြီး သကာလ ဖြစ်ပျက်ရှုရလိမ့်မယ် (မှန်ပါ)၊ တောင်းရမ်းလို့ မရဘူး၊ အကြောင်းက မညီညွတ်ဘူး ဆိုလို့ရှုရင်ဖြင့် ဝမ်းထဲမှာ ဒေါမနဿ ဝေဒနာကော (ပေါ်ပါတယ် ဘုရား)။

ဒီအခါကျတော့ ဒေါမနဿဝေဒနာကို ဘာလုပ်ရမယ် (ဖြစ်ပျက်ရှုရပါမယ်)၊ အဲ ဖြစ်ပြီးပျက်တဲ့ တရားလို့ ရှုရလိမ့်မယ်နော် (မှန်ပါ့ ဘုရား)။

တစ်ခါတလေကျတော့ ကိုင်း ရမရဆိုတာ ကမ္မဿကာပဲဗျ၊ ရချင်လည်းရမှာပဲ၊ မရချင်လဲ နေမှာပဲ ကမ္မဿကာ ပဲဆိုပြီး ထိုင်လိုက်တဲ့အခါကော မပါဘူးလား (ပါပါ တယ် ဘုရား)။

အဲဒီ ကမ္မဿကာ ထိုင်လိုက်တဲ့ အခါကျတော့ ဝမ်းထဲမှာ ဥပေက္ခာဝေဒနာပေါ်တယ် (မှန်ပါ့ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါ အားလုံးအတွက် ငဲ့ပြီးတော့ ပြောနေတယ်နော် (မှန်ပါ့)၊ နားလည်ပြီးသား ပုဂ္ဂိုလ်တွေက ဘုန်းကြီးတို့ ထပ်လာပြန်ပြီလို့ အောက်မေ့မနေနဲ့၊ နားမလည်သေးတဲ့ ပုဂ္ဂိုလ် တွေက ဒီအထဲမှာ အတော် များတယ် (မှန်ပါ့ ဘုရား)။

ဥပေက္ခာဝေဒနာပေါ်နိုင်တဲ့နေရာ

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဥပေက္ခာ ဝေဒနာပေါ်နိုင်တဲ့နေရာက မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ဝမ်းထဲ (မှန်လှပါ ဘုရား)၊ ဘယ်နှစ်နေရာပါလိမ့် (ငါးနေရာ ပါ ဘုရား)၊ ငါးနေရာနော် (မှန်ပါ့ ဘုရား)။

အရှင်သာရိပုတ္တရာတို့ ဒကာ ဒကာမတို့ ချောင်းခုန် တယ်ဆိုတာ ကြားဖူးမှာပေါ့။ မကြားဖူးဘူးလား (ကြားဖူး ပါတယ် ဘုရား)။

ရဟန္တာဖြစ်ပြီး သကာလ ဘာဖြစ်လို့ ချောင်းကို ခုန်သတုံး၊ ဝါသနာမစွန့်နိုင်လို့ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

ကောင်းပြီ သုခပေါ်နိုင်တဲ့နေရာက ကိုယ်ပေါ်မှာ တစ်ချက်၊ ဝမ်းထဲမှာတစ်ချက်၊ ဝမ်းထဲကျတော့ သောမနဿ အဖြစ်နဲ့ပေါ်တယ်နော် (မှန်ပါ့)၊ ကိုယ်ပေါ်ကျတော့ သုခအဖြစ်နဲ့ ပေါ်တယ် (မှန်ပါ့ ဘုရား)။

ဒုက္ခကလည်းကိုယ်ပေါ်ကျတော့ ဒုက္ခအဖြစ်နဲ့ပေါ်တယ်။ ဝမ်းထဲကျတော့ (ဒေါမနဿအဖြစ်နဲ့ ပေါ်ပါတယ်)။ သဘောကျပလား (မှန်ပါ့ ဘုရား)။

အဲဒီတော့ ဒီနေရာကလေးတွေ လှည့်ရှုလိုက်တဲ့အခါ ကျတော့ မျှော် သုခနဲ့ ဒုက္ခက တစ်ကိုယ်လုံးမှာ ပေါ်ချင်ရာပေါ်ပါကလား၊ ဆံဖျား၊ လက်သည်း၊ ခြေသည်းဖျား၊ အရေခြောက် ချန်ထားပြီး၊ ကျန်တဲ့နေရာတွေမှာ အကုန်ပေါ်တာပဲ (မှန်ပါ့ ဘုရား)၊ ဆံပင်ဖျားမှာ သူမပေါ်ဘူး၊ လက်သည်း၊ ခြေသည်းဖျားမှာ သူမပေါ်ဘူး၊ အရေခြောက် ကလေးမှာ သူမပေါ်ဘူး (မှန်ပါ့)၊ ကျန်တဲ့နေရာမှာ သုခပေါ် ချင်လို့ရှိရင်လည်း ပေါ်နိုင်တာချည်းပဲ၊ ဒုက္ခပေါ်ရင်ကော (ပေါ်နိုင်ပါတယ် ဘုရား)။

ဝေဒနာကို ပိုင်ပိုင်နိုင်နိုင်သိရမယ်

အေး ဆံဖျား၊ လက်သည်းဖျား၊ ခြေသည်းဖျား၊ အရေခြောက်ချန်လှပ်ပြီး သကာလ ပေါ်တဲ့နေရာ ကလေးတွေကို ဒကာ ဒကာမတွေက သော ဝေဒနာ ပရိညာယ၊ သော ထိုပုဂ္ဂိုလ်သည်၊ ဝေဒနာ ပေါ်တဲ့ ဝေဒနာကို၊ ပရိညာယ = ပိုင်ပိုင်နိုင်နိုင် သိရမယ်၊ ဒီဝေဒနာကလေးတွေကို ဘာတဲ့ (ပိုင်ပိုင်နိုင်နိုင်သိရပါမယ် ဘုရား)။

သုခပေါ်လည်း ပိုင်ပိုင်နိုင်နိုင်သိရမယ် (မှန်ပါ့)၊ ဒုက္ခပေါ်လဲ (ပိုင်ပိုင်နိုင်နိုင်သိရမယ်)၊ သောမနဿပေါ်ကော (ပိုင်ပိုင်နိုင်နိုင်သိရမယ်)၊ အင်း ဒေါမနဿ ပေါ်ကော (ပိုင်ပိုင်နိုင်နိုင်သိရမယ်)။

အဲ ပိုင်ပိုင်နိုင်နိုင် သိလိုက်လို့ရှိရင်ဖြင့် ပရိညာယ ပိုင်ပိုင်နိုင်နိုင်သိ၍ သို့မဟုတ် ပိုင်းခြား၍ သိ၍ အတူတူပဲ (မှန်ပါ့)။

ကိုင်း ဒါဖြင့် ဒီလိုလုပ်ကြပေတော့ ဒကာ ဒကာမ တို့ မျက်လုံးထဲမှာ ဒီကနေပြီး ကြည့်လိုက်တော့ အပြင်ဘက်မှာ လည်း ဒကာ ဒကာမတွေရှိတယ်၊ နောက်မှာလည်း ဒကာ ဒကာမတွေ ရှိတယ်၊ ရှေ့မှာလည်း ဆရာဘုန်းကြီးရှိတယ် (မှန်ပါ့ ဘုရား)။

ကြည့်လိုက်တဲ့ အခါကျတော့ ဖြတ်ဆိုမမြင်လား ဘုန်းကြီးကြွလာပဟေ့ ဆိုတော့ မမြင်လား (မြင်ပါတယ် ဘုရား)၊ ဘာဝေဒနာပါလိမ့် (ဥပေက္ခာဝေဒနာပါ ဘုရား)။

ရှုလိုက်ကြသေးသလား ဒကာ ဒကာမတို့ မရှုပါဘူး၊ ခွကျလိုက်တာမှ ရှုကို မရှုဘူး ခက်လိုက်တဲ့ ဖြစ်ခြင်းမှ သော် ဘုန်းကြီးကြွလာလို့ ဝမ်းသာတာရှိတာပဲ (မှန်ပါ့ ဘုရား)။

သောမနဿဝေဒနာဖြစ်ပျက်ရှု

ဝမ်းသာတာတော့လည်း ဝမ်းသာတာက ဘာဝေဒနာ တဲ့ (သောမနဿဝေဒနာပါ ဘုရား)၊ သောမနဿဝေဒနာ (မှန်ပါ့)၊ အဲဒါကော ရှုလိုက်ကဲ့လား (မရှုလိုက်ပါ ဘုရား)၊ ခင်ဗျားတို့ဟာက တယ်ကျပ်ပါကလား၊ မရှိလို့ မရှုတာ လား၊ ရှိလို့မရှုတာလား (ရှိလို့မရှုတာပါ ဘုရား)။

ဒါဖြင့် ရှိလို့မရှုလို့ရှိရင် ဝေဒနာပစ္စယာ တဏှာ (မှန်ပါ့ ဘုရား)၊ ကဲ ဆက်သွားပြီ (မှန်ပါ့ ဘုရား)၊ မဆက်ဘူးလား၊ ကဲ (ဆက်ပါတယ် ဘုရား)၊ ဝေဒနာပစ္စယာ (တဏှာပါ ဘုရား)၊ သူက ဟောထားတာက ဝေဒနာ နိရောဓာမှ ဘာတုံး (တဏှာနိရောဓောပါ ဘုရား)။

အဲဒါဝေဒနာရှုတော့မှ ဝေဒနာက နိရောဓောဖြစ်တော့ မှ နောက်က ရှုတဲ့မဂ်က တဏှာနိရောဓော ဖြစ်မှာကိုး (မှန်ပါ့ ဘုရား)၊ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။

ဦးခင်မောင် အခုတော့ ဝေဒနာပေါ်လာတာကိုလည်း မရှုမိတော့ သုခဝေဒနာပစ္စယာ တဏှာ၊ ဒုက္ခဝေဒနာပစ္စယာ ဒေါသော၊ ဥပေက္ခာ ဝေဒနာပစ္စယာ မောဟော ဒီသုံးခုပဲ လှည့်လာတယ် (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတွေ ဆရာကောင်းတပည့် တယ်လည်း မပီသသေးပါဘူး (မှန်ပါ့ ဘုရား)၊ အရုပ်ဆိုးတုန်း ရှိသေးတယ် (မှန်ပါ့ ဘုရား) ဒါ အပြစ်တင်တယ်လို့လည်း မအောက်မေ့ပါနဲ့ ကိုယ်ဆိုးတာ ပြောတာ (မှန်ပါ ဘုရား)၊ ဦးခင်မောင် အပြစ်တင်တာလား၊ ကိုယ်အရုပ်ဆိုးတာလား (ကိုယ်အရုပ်ဆိုးတာပါ ဘုရား)။

မြင်တဲ့စိတ်ကိုဖြစ်ပျက်ရှုပါ

အဲ နောက်လာလို့ရှိရင်ဖြင့် ဘာလာလာ မြင်တယ် ဆိုရင် မြင်တဲ့စိတ်ကို ဖြစ်ပျက်ရှုပါ (မှန်ပါ့ ဘုရား)၊ မရှု တတ်လို့ရှိရင်ဖြင့် မြင်တယ်၊ ခင်တယ်၊ စွဲလမ်းတယ်၊ အားထုတ် မယ်ဆိုတာ ပဋိစ္စသမုပ္ပါဒ် ဆက်သွားတာပဲ (မှန်လှပါ ဘုရား)၊ မဆက်ပေဘူးလား (ဆက်ပါတယ် ဘုရား)။

အဲဒီတော့ မြင်လိုက်ပြန်တော့ မြင်တယ်၊ ခင်တယ်၊ စွဲလမ်းတယ်၊ မြင်တယ်ဆိုတဲ့ဥစ္စာက မြင်ရင် ဥပေက္ခာ ဝေဒနာ (မှန်ပါ့)၊ ခင်တယ်ဆိုတာက ဝေဒနာ ပစ္စယာ (တဏှာပါ ဘုရား)၊ ဟော မြင်လို့ ခင်တာကိုးဗျ (မှန်ပါ့ ဘုရား)။

ကျုပ်က မျက်စိ မျက်နှာမြင် ခင်တတ်တယ်ဗျ၊ ခင်ဗျားတို့ကလည်း နှုတ်တက်တယ် ဒီဥစ္စာတော့ (မှန်ပါ့ ဘုရား)၊ ဘာဖြစ်လို့ ဒီလောက်နှုတ်တက်နေရတာတုံးဆိုတော့ အို (လောကွတ်ပါ ဘုရား)၊ ဒီလောကွတ်ဟာ အပါယ်ကျ တယ် ခင်ဗျားတို့ဟာ (မှန်ပါ့ ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဦးခင်မောင် လောကွတ်ကြောင့် ဘာဖြစ်သတုံး (အပါယ်ကျပါတယ် ဘုရား)၊ မြင်ရင် ကျုပ်က ခင်တတ်ပါတယ်၊ ဆွေမျိုးဉာတကာလိုပဲ ဘယ်သူတွေ့တွေ့ ဒီလိုပဲ ခင်တတ်ပါ တယ်ဆိုတော့ ရောင်းကောင်းအောင်လို့ ပြောနေတာ လိမ်ပြစ် က တစ်ခါသင့်သေးတယ် (မှန်ပါ့ ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊ မလိမ်ပါဘူး၊ ရိုးရိုးခင်ပါတယ်ဆိုတော့ လည်း တဏှာ၊ ဥပါဒါန်၊ ကံနဲ့ဇာတိ၊ ဇရာ၊ မရဏပေါ်လာတယ် (မှန်ပါ့)၊ လိမ်ပြန်တဲ့အခါကျလို့ရှိရင်လဲ ဒကာ ဒကာမတို့ မုသာဝါဒကံကနေပြီး အပါယ်ပို့ ပြန်တာပဲ (မှန်ပါ့)။

ရဲရဲတင်းတင်းရှုစမ်းပါ

နို့ ဘယ်ဟာကောင်းသေးတုံး (ဘယ်ဟာမှ မကောင်းပါ)၊ ရှုတာပဲကောင်းတယ် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊ ဘာလုပ်ကြမယ် (ရှုတာက ကောင်းပါတယ် ဘုရား)၊ ရဲရဲတင်းတင်း ရှုစမ်းပါ ဒကာ ဒကာမ တွေက စိတ်ပျက်ကုန်မှာစိုးလို့များ မရှုဘဲ နေတာလား ခင်ဗျား တို့၊

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ကြားတယ် ဆိုရင်လည်း ဥပေက္ခာဝေဒနာကလေး ပေါ်တယ်နော် (မှန်ပါ့)၊ ကြားကြားချင်း တစ်ခါတည်းဘာလုပ်ကြမယ် (ဖြစ်ပျက်ရှုရပါမယ် ဘုရား)၊ နားထဲကို ဉာဏ်ထည့်ပြီး ရှုလိုက် (မှန်ပါ့)။

နားထဲ ဉာဏ်ထည့်ပြီး ရှုလိုက်တော့ ဖြစ်ပျက်ဆိုတော့ ဝေဒနာ နိရောဓာဆိုတော့ ရှုတဲ့ဉာဏ်က တဏှာနိရောဓော သွားဖြစ်တယ် (မှန်ပါ့ ဘုရား)၊ ဒီတဏှာ လာမည့်နေရာ ဉာဏ်လာတာကိုး (မှန်ပါ့ ဘုရား)၊ တဏှာလာမည့်နေရာ (ဉာဏ်လာပါတယ် ဘုရား)။

ဖြစ်ပျက်မြင်မှ မဂ်ပေါ်မယ်

လာတော့ ဝေဒနာဖြစ်ပျက်ကိုမြင်မှ မဂ်ကလည်းပေါ်တာ ကိုး (မှန်ပါ့ ဘုရား)၊ ဝိပဿနာမဂ်က ပေါ်တော့ ဝေဒနာ နိရောဓာ (တဏှာနိရောဓော)၊ တဏှာနိရောဓောဆိုတော့ တဏှာသည် မလာဘဲနဲ့ ချုပ်တယ် (မှန်ပါ့ ဘုရား)။ လာသေးရဲ့ လား (မလာပါ ဘုရား)၊ ဘာဖြစ်လို့ မလာသတုံး ဆိုတော့ ဒီရှုတဲ့ဉာဏ်ကဖြတ်ခနဲ အစားထိုးပစ်လိုက်တယ် (မှန်လှပါ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

အဲ ရှုတဲ့ဉာဏ်က ဖြတ်ခနဲ အစားထိုးလိုက်တဲ့ အခါကျတော့ ဒီကလည်း ဝေဒနာကလည်း နိရောဓလည်း ဖြစ်ပါရော ဉာဏ်ကလည်း နိရောဓကိုလည်း မြင်လိုက်ပါရော ဆိုတော့ တဏှာ ဒီနေရာမှာ မလာဘဲနဲ့ ချုပ်သောကြောင့် တဏှာနိရောဓော (မှန်လှပါ ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ဘာနိရောဓောလဲ (တဏှာနိရောဓော ပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ဟာ ဝေဒနာမရှုလို့ရှိရင် ဝေဒနာ ပစ္စယာ တဏှာချည်းဖြစ်မှာပဲ (မှန်ပါ့)၊ ဒုက္ခဝေဒနာ ပစ္စယာ ဒေါသော၊ ဥပေက္ခာဝေဒနာ ပစ္စယာ (မောဟော ပါ ဘုရား)၊ မောဟောဆိုတော့ ခင်ဗျားတို့ဥစ္စာက သော် ဒကာ ဒကာမတွေ မသိပြီဆိုမှဖြင့် အပါယ်သွားကြောင်းချည်း ဖြစ်နေတယ် (မှန်ပါ့ ဘုရား)၊ မဆိုနိုင်ဘူးလား (ဆို နိုင်ပါတယ် ဘုရား)။

အဲ ဒါကြောင့် ခင်ဗျားတို့ ပေါ့ပေါ့တန်တန် မနေလိုက်ပါနဲ့၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မှာရှာ တယ် “သတော ဘိက္ခဝေ ဘိက္ခု ဝိဟရေယျ သမ္ပဇာနော၊ အယံ ဝေါ အမှာကံ အနုသာသနီ” သေသေ ချာချာ မှာတာပဲ။

သတိပညာနဲ့ နေရစ်ကြစမ်းပါ

ဘိက္ခဝေ၊ ရဟန်းတို့၊ သတော၊ သတိရှိသည်ဖြစ်၍၊ သမ္ပဇာနာ၊ ပညာနဲ့ ပြည့်စုံသည်ဖြစ်၍၊ ဝိဟရေယျ၊ နေရစ်ကြ ပါကွ၊

သတိပညာနဲ့ နေရစ်ကြစမ်းပါကွာ မင်းတို့ အကုန် အပါယ်သွားကုန်မှာစိုးလို့ မပြောဘူးလား (ပြောပါတယ်)၊ ဘယ်သူက ပြောပါလိမ့် (ဘုရားသခင်ကိုယ်တော်မြတ် ကြီးက ပြောပါတယ် ဘုရား)။

ပိုအရွဲ့တိုက်ကြတယ်

ကျပ်တို့တတွေက သတိပညာလည်း မထားနိုင်ဘူး၊ မြင်ရင် ခင်မှာပဲ၊ မြင်ရင် မုန်းမှာပဲဆိုတော့ ခင်ဗျားတို့ဟာက ဘယ်သူ့ကို အရွဲ့တိုက်သလဲ (ဘုရား သခင်ကိုယ်တော်မြတ်ကြီးကို အရွဲ့တိုက်ပါတယ် ဘုရား)။

ဘုရားက “သတော ဘိက္ခဝေ ဘိက္ခု ဝိဟရေယျ” ကိုး၊ ဘိက္ခဝေ၊ ရဟန်းတို့၊ သတော၊ သတိရှိသည်ဖြစ်၍၊ သမ္ပဇာနော၊ ပညာရှိသည်ဖြစ်၍၊ ဝိဟရေယျ၊ နေရစ်ကြပါ၊ သတိထားပြီး ပညာနဲ့ရှု၍ နေရစ်ကြပါလို့ ဘုရားက မမှာဘူးလား (မှာပါတယ် ဘုရား)။

ခင်ဗျားတို့က သတိကော ထားရဲ့ လား (မထားပါ ဘုရား)၊ ပညာနဲ့ကော ရှုရဲ့လား (မရူပါ ဘုရား)။

အို ခင်ဗျားတို့မှာဖြင့် အသံကြားရင် မိုးကြိုးပစ် တာထက် နာသေးတယ် (မှန်ပါ့)၊ အပါယ် သွားရတာကိုးဗျ။ မိုးကြိုးပစ်တာက တစ်ခါသေတာ ဦးခင်မောင်ရ (မှန်ပါ့)၊ ဒီဟာက သေလို့ ဆုံးပါ့မလား (မဆုံးပါ ဘုရား)။

ဖြစ်ခြင်းပျက်ခြင်း ရှုခိုင်းတာ

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့၊ ဒါ ရယ်စရာပြော ပြီး သကာလ နေတာလို့ အောက်မေ့ မနေဘဲနဲ့ တို့ကို အမျိုးမျိုး အဖုံဖုံဖြစ်ခြင်း၊ ပျက်ခြင်း ရှူခိုင်းတဲ့ အဓိပ္ပါယ်ပါကလားလို့ ဆိုတာကော သေချာ ကြပလား (သေချာပါတယ် ဘုရား)။

အဲ ဒါဖြင့် ရှုကြပါစို့တဲ့၊ ဒကာ ဒကာမတို့ နားထဲ မှာ ဆတ်ခနဲ ခေါက်လိုက်လို့ကြားရင် ကလေး ကလေးက အူဝဲ လို့ အော်တဲ့ အသံကြားကြား၊ အမယ်လေးလို့ ခေါ်တဲ့အသံကြားကြား၊ ဟေ့ လို့ရင် ထူးမလား၊ ရှုလိုက်မလား (ရှုလိုက် ပါမယ် ဘုရား)၊ ဟုတ်ပါ့မလား အတော်ကိုခက်နေပြီ၊ အတော် ခက်နေပြီ၊ ခင်ဗျားတို့ဟာက မဟုတ်တာချည်း နှုတ်တက်နေတာကိုးဗျ၊ ခက်လိုက်တဲ့ဖြစ်ခြင်းက။

ဟော အမေလို့ ခေါ်လိုက်လို့ရှိရင် ကြားတဲ့အသံ ကလေးရှုပြီးမှ ကြားတဲ့ဥပေက္ခာ ဝေဒနာ ကလေးဟာ ဖြစ်ပြီးရင် ပျက်ပါပေါ့ကလား၊ ရှုပြီးမှပဲ ထူးချင်လည်း ထူးတာပေါ့။ မဟုတ် ဘူးလား (မှန်ပါ့)၊ ဒီလိုများ တစ်ခါလောက် နေဖူးကြရဲ့လား (မနေဘူးပါ ဘုရား)၊ တယ်လဲ လျှာသွက်ပါကလား ဒကာ ဒကာမတို့။

အင်မတန် လျှာသွက်နေတယ်၊ ဘယ့်နှယ်ကြောင့် ဒီလောက်သွက်ပါလိမ့်မတုံးဆိုတော့ အပါယ်သွားရမှာမို့၊ ဒီလိုဆိုတော့ အင်မတန် ဆိုးရွားမနေဘူးလား (ဆိုးရွားပါ တယ် ဘုရား)။

အေး ဒါကြောင့် ခင်ဗျားတို့ ဆိုးရွားတာက ခပ်ပြုံးပြုံးနဲ့ ဆိုးရွားတယ်နော် (မှန်ပါ့)၊ လက်သီး လက်မောင်းတန်းပြီး လက်မောင်းပင့်ပြီး တန်းတာ မဟုတ်သေး ဘူး၊ အဲဒီအဆိုးမျိုး မဟုတ်သေးဘူး (မှန်ပါ့)၊ ပြီးဆုံးပဲ ရှိသေးတယ် (မှန်ပါ့)။

ပြုံးဆိုးသဘောကျရဲ့ လား (မှန်ပါ့)၊ ပြုံးဆိုးဆိုတာ အမေလို့ခေါ်လိုက်တော့ သားကလေးက ခေါ်ရှာ သေချာပလား (သေချာပါတယ် ဘုရား)။

ဒါကြောင့် ‘‘သော ဝေဒနာ ပရိညာယ၊ ဒိဋ္ဌဓမ္မေ အနာသဝေါ” ဒိဋ္ဌဓမ္မပေါ့ကွာ၊ ဒါ အာသဝ မရှိပါဘူး၊ မယုံရင် ရှု ကြည့်စမ်းပါတဲ့၊ ဝေဒနာသာ တစ်ခါတည်း နောက်ဘယ်တော့မှ မလာအောင်၊ နိရောဓဖြစ်အောင်၊ ချုပ်အောင် ကြည့်စမ်းပါ ဆိုတော့ ဝေဒနာနိရောဓာ (တဏှာနိရောဓောပါပဲ)။

တဏှာသုံးမျိုးချုပ်တယ်

တဏှာနိရောဓောဆိုကတည်းက တဏှာနဲ့ သဟဇာတ ဖြစ်တဲ့ အဝိဇ္ဇာကော (ချုပ်သွားပါတယ် ဘုရား)၊ ဒီတဏှာ ကလည်း ကာမတဏှာ၊ ဘဝတဏှာ၊ ဝိဘဝတဏှာဆိုတဲ့အတိုင်း ဒကာ ဒကာမတို့ တဏှာသုံးမျိုးလည်း မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)။

ကာမတဏှာဆိုတာ လောဘ၊ဘဝတဏှာဆိုတာ သဿတ ဒိဋ္ဌိ၊ ဝိဘဝတဏှာဆိုတာ ဥစ္ဆေဒ ဒိဋ္ဌိ ဒါတွေပါ။

အေး ဒါကြောင့် ခင်ဗျားတို့ ဆိုးရွားတာက ခပ်ပြုံးပြုံး နဲ့ ဆိုးရွားတယ်နော် (မှန်ပါ့)၊ လက်သီး လက်မောင်း တန်းပြီး လက်မောင်းပင့်ပြီး တန်းတာမဟုတ်သေးဘူး၊ အဲဒီအဆိုးမျိုး မဟုတ်သေးဘူး (မှန်ပါ့)၊ ပြုံးဆိုးပဲ ရှိသေးတယ် (မှန်ပါ့)။

ပြုံးဆိုးသဘောကျရဲ့လား (မှန်ပါ့)၊ ပြီးဆိုးဆိုတာ အမေလို့ခေါ်လိုက်တော့ သားကလေးက ခေါ် ရှာတယ် ဆိုတော့ ပြုံးမလာပေဘူးလား (လာပါတယ် ဘုရား)။

ပြုံးတာ ဘာတုံးဆိုတော့ ခင်တဲ့လောဘ (မှန်ပါ)၊ ကဲ လာတော့ ကိုယ့်အိမ်ရှေ့လိုက်တော့ ဥပါဒါန်မဖြစ်ဘူး လား (ဖြစ်ပါတယ် ဘုရား)။

ဘာဖြစ်သတုံး ငါ့သားကလေးလို့ မေးလိုက်တော့ ဝစီကံ သွားဖြစ်တယ် (မှန်ပါ့)၊ ဟော တဏှာ၊ ဥပါဒါန်၊ ကံက တန်းထွက်လာတယ် (မှန်ပါ့)၊ မထွက်ဘူးလား (ထွက်ပါ တယ် ဘုရား)၊ အဲဒါ အပါယ်က ရုန်းလို့ ရပါ့မလား (မရပါ ဘုရား)။

ရုန်းလို့မရချင်နေပေစေ၊ ကိုယ့်သားတော့ ဒီလိုလုပ်ရမှာပဲ ဆိုတော့ ဒကာ ဒကာမတို့၊ သားကတော့ အမျှဝေလိမ့်မယ်၊ ကိုယ်ကတော့ အမျှမရောက်တဲ့ဆီ ရောက်သွားပြီ (မှန်ပါ့)၊ မရောက်ပေဘူးလား (ရောက်ပါတယ် ဘုရား)။

ကိုယ့်ကိုယ်သနားရင် ဒီအလုပ်လုပ်ပါ

အဲဒါတွေ ခင်ဗျားတို့ ဉာဏ်လှည့်ဖို့ အင်မတန်ကောင်းပါ တယ်၊ ဒါကြောင့် ဘုန်းကြီးက တစ်ခါတစ်ခါ ဆုံးမတဲ့အခါ လှိုက် လှိုက်လှဲလှဲ နားထောင်ကြပါ၊ ကိုယ့်ကိုယ်သနားရင် ဒီအလုပ် လုပ် (မှန်ပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ)၊ ဘယ် လိုမှာပါလိမ့် (ကိုယ့်ကိုယ် သနားရင်ဒီအလုပ်လုပ်)၊ ကိုယ့်ကိုယ် သနားလို့ရှိရင် ဒီအလုပ်လုပ်ပါလို့ သတိပေးလိုက်ပါတယ် (မှန်ပါ့ ဘုရား)။

အခုဟာက ခင်ဗျားတို့ ကိုယ့်ကိုယ်ကို သနားတဲ့အဓိပ္ပာယ် လားတဲ့၊ မသိလို့ဘဲ မသနားတဲ့ အဓိပ္ပာယ်လား (မသိလို့ မသနားတဲ့ အဓိပ္ပာယ်ပါ ဘုရား)၊ သိပြန်တော့ကော (မသနားပါ ဘုရား)၊ သိပြန်တော့လည်း မသနားဘူး၊ သိပြန်တော့လည်း မလုပ်ဖြစ်ဘဲကိုးဗျ (မှန်ပါ့ ဘုရား)။

သိပြန်တော့လည်း မသနားဘူးဆိုတော့ အတော်ခက်နေ ပြီ ဒကာ ဒကာမတို့ (မှန်ပါ့)၊ ဦးခင်မောင်- အချိုချက်မရ၊ အချဉ်ချက်မရပါကလား (မှန်ပါ ဘုရား)၊ ဝါသနာဆိုတဲ့ ဥစ္စာ အတော် ခက်တယ်နော် (မှန်ပါ ဘုရား)။

ခင်ဗျားတို့ကော (ဝါသနာမစွန့်နိုင်လို့ပါ ဘုရား)၊ ဒီ ဝါသနာက ဘာတုံးဆိုတော့ ကိုယ်သွား နေကျတဲ့ နေရာကို သွားချင်တဲ့ဝါသနာ အပါယ်လေးပါးကိုပြောတာ (မှန်ပါ့)၊ ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား)။

အဖေ အမေခေါ်ရင် မထူးပါနဲ့ဦး

အဲဒါကြောင့် အခုဟာ သေသေချာချာဝါသနာပြင်နေတာ ဦးခင်မောင်တို့ (မှန်လှပါ)၊ ကြားရင် ကြားတဲ့စိတ်ကလေး ဘာလုပ်ရမယ် (ဖြစ်ပျက်ရှုရပါ့မယ်)၊ ဟိုဘက်မကူးပါနဲ့ဦး ခင်ဗျားတို့ဥစ္စာ အမေခေါ်ခေါ်၊ အဖေခေါ်ခေါ်၊ အစ်မခေါ်ခေါ် မထူးပါနဲ့ဦး (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဒါဖြင့် အရွဲ့တိုက်ရမလို ကျနေပြီ၊ ဘုန်းကြီးတရားဟာ ခင်ဗျားတို့ကထင်ချင်ထင်ဦးမှာ၊ သဘောကျပလား (ကျပါပြီ)။

တဏှာဝင်လာမှာစိုးလို့

ခင်ဗျားတို့ဟာ အမေခေါ်လို့တောင်မှ မထူးနဲ့ဦး၊ ရှုပြီးမှ ထူးဆိုတော့ တပည့်တော်တို့ အ၊ အ၊ အပင်း လိုထားတဲ့ အဓိပ္ပာယ်မျိုးလားလို့ ခင်ဗျားတို့က ပြောချင်လည်း ပြောကြမယ်နော်၊ မဟုတ်ပါဘူးတဲ့၊ နို့မဟုတ်ရင် တဏှာက ဝင်လာမှာ စိုးလို့ (မှန်ပါ့ ဘုရား)။

တဏှာဝင်လာရင် ဥပါဒါန်က နေရစ်ပါ့မလား (မနေ ရစ်ပါ ဘုရား)၊ မနေရစ်လို့ရှိရင် ကံကကော (မနေရစ်ပါ ဘုရား)။

ဒါဖြင့် “ကမ္မဘဝ ပစ္စယာ ဇာတိ” ကျတော့လည်း ဘုရား လည်း မတတ်နိုင်ဘူး (မှန်ပါ့)၊ တတ်နိုင်သေးရဲ့ လား (မတတ်နိုင်ပါ ဘုရား)။

ဘုရားလည်း မတတ်နိုင်ဘူး

“ကမ္မ ဝိပါကော အစိန္တေယျော’’ ဆိုတဲ့အတိုင်း “ကမ္မံ သတ္တေ ဝိဘဇ္ဇတိ”ဆိုတဲ့အတိုင်း ဘုရားကိုက မတတ်နိုင်လို့ ဘုရား၏

ယောက္ခမ အပါယ်ကျရှာတယ် (မှန်ပါ့)၊ သုပ္ပဗုဒ္ဓလေ၊ ဦးခင်မောင် မကျဘူးလား (ကျပါတယ် ဘုရား)။

ဘုရား၏ယောက်ဖ ဒေဝဒတ်ဟာ သူ့ကံလုပ်လာတော့ ဘုရားတားလို့ရသေးရဲ့ လား (မရပါ ဘုရား)၊ မရတော့ အပါယ်မကျဘူးလား (ကျပါတယ် ဘုရား)။

အဲဒီတော့ “ကမ္မံ ဝိပါကဿ” ကျတော့ ဘုရားလည်း မတတ်နိုင်ဘူး (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ အဲဒီတော့ ကံဖြစ်ကြောင်းကို ဘုန်းကြီးတို့က တားပေးတာပါ။

ကြားတယ်ဆိုရင် ဖြစ်ပျက်ရှု

ဒါဖြင့် ကြားတယ်ဆိုရင် ဘာလုပ်ကြမလဲ (ဖြစ်ပျက် ရှုရပါမယ်)၊ ကြားတဲ့စိတ်ကလေး၊ ကြားတဲ့ ဝေဒနာကလေး ကို (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

ရှုပြီးမှ ခင်ဗျားတို့ ခေါ်တာကို ထူးတာပေါ့ဗျာ၊ မထူးချင် လို့ရှိရင်လည်း ကိုယ်ကခေါ်ချင်လည်း ခေါ်နေတာပေါ့ (မှန်ပါ့)။

ရှေးဦးစွာကော ဘာလုပ်ပစ်ရမလဲ (ဖြစ်ပျက်ရှုရ ပါမယ်)၊ ကြားစိတ်ကလေးကို ဖြစ်ပျက်ရှုရမယ် (မှန်ပါ့)၊ ဒါ အိမ်ကျရင် အတော် သင်ရဦးမှာ (မှန်ပါ့)။

ရဲကျောင်းမှာ ဒရိန်းပြသလို ဦးခင်မောင် အတော်ပြယူရ ဦးမှာ၊ ဒီဥစ္စာ လွယ်တာ မဟုတ်ဘူး (မှန်ပါ့)၊ သူကချည်း စောနေတယ်၊ ရိပ်မိပလား၊ အရှုက ပါမှာ မဟုတ်ဘူး (မှန်ပါ့)။

အဲ့ဒါ တော်တော့ကို လုပ်ယူရဦးမယ်ဆိုတာ ဦးခင်မောင် ဒီနည်းဖြင့် လွယ်ပါ့မလား (မလွယ်ပါ)၊ မလွယ်ဘူး၊ မလွယ် ဘူးတဲ့ ဒကာ ဒကာမတို့။

မွှေးတဲ့စိတ်ကို ဖြစ်ပျက်ရှု

ကဲ မွှေးတယ်ဆိုလို့ရှိရင်လည်း ဒကာ ဒကာမတို့ မွှေး တဲ့စိတ်ကလေး ဖြစ်ပျက်ရှုရလိမ့်မယ် (မှန်ပါ့ ဘုရား)၊ အို မွှေးလိုက်တာ ဒီအနားမှာ ကျုပ် တာရှည်နေချင်တယ်ဆိုတဲ့ တဏှာ၊ ဥပါဒါန်၊ ကံတွေမလာစေနဲ့ဦး (မှန်ပါ့)၊ မွှေးတဲ့စိတ် ကလေး ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

ဒါ ဥပေက္ခာဝေဒနာကို ဖြစ်ပျက်ရှုလိုက်တာပေါ့ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ ထမင်းစားတယ်၊ ဟင်းစားတယ်၊ ရေသောက်တယ်ဆိုတော့ လျှာပေါ်မှာ စိတ်ကလေး မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

ဖြစ်ပျက်ရှုပြီး စားသောက်ကြပါ

အဲ ဥပေက္ခာ ဝေဒနာကလေးပေါ့၊ ပေါ်တာကလေး ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ် ဘုရား)၊ အဲ ဖြစ်ပျက် ရှုပြီး သကာလ စားကြ၊ သောက်ကြလို့ရှိရင်လည်း တဲ့၊ ဒကာ ဒကာမတို့ ဝေဒနာနိရောဓာ (တဏှာနိရောဓာပါ ဘုရား)။

ဟော တဏှာနိရောဓောပါ (မှန်ပါ)၊ တစ်ခါ တည်း မဂ္ဂင်ပေါ်လာတယ် (ပေါ်ပါတယ် ဘုရား)၊ တဏှာ နိရောဓောဆိုတာ ဘာပါလိမ့် (မဉ္စူပါ ဘုရား)၊ မဂ္ဂါ ဆိုတော့ မဂ်ပေါ်လာတယ်ဆိုတယ်တဲ့ (မှန်ပါ့)။

ဒါဖြင့် ဝေဒနာက ဖြစ်ပျက်၊ ရှုတာက မဂ်၊ ဟော မကိုက်သေးဘူးလား (ကိုက်ပါတယ် ဘုရား)၊ ဝေဒနာက (ဖြစ်ပျက်ပါ ဘုရား)၊ ရှုတာက (မဂ်ပါ ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတွေ မဂ်ရရပါလို၏ လို့ ဆု တောင်းရမှာလား တဲ့၊ ရှုမှပေါ်မှာလား (ရူမှာ ပေါ်မှာပါ ဘုရား)၊ အဲ ရှုမှပေါ်မှာ ဖြစ်နေတော့ ခင်ဗျားတို့က လိုချင်တာက မဂ်ဖိုလ်ဟုတ်လား (မှန်ပါ့)။

ဖြစ်ပျက်မြင်မှ မဂ်ဝင်မှာ

အချောင်လိုချင်လို့တော့ (မရပါ)၊ မရဘူး၊ ရှုမှ ပေါ်မှာပဲ (မှန်ပါ ဘုရား)၊ ဖြစ်ပျက်မြင်မှ မဂ်ဝင်မှာကိုးဗျ (မှန်ပါ့ ဘုရား)၊ ဖြစ်ပျက်မှ မမြင်ဘူးဆိုရင်တော့ (မဂ်မဝင်ပါ ဘုရား)၊ မဂ်မဝင်နိုင်ဘူး ဆိုတာ သေချာပလား (သေချာပါ တယ် ဘုရား)၊ အေး ဒါတွေကိုတော့ အကျယ်တဝင့်လည်း ပြောနေဖို့ မလိုပါဘူး၊ ဒကာ ဒကာမတို့၊ နိဗ္ဗာန်ဆိုတာ ဘုရားကိုယ်တော်တိုင် ရာဟုလာကို ထမ်းမခေါ်နိုင်ဘူး ဆိုတာ သဘောကျပလား (ကျပါပြီ)၊ ယသော်ဓရာကိုကော ထမ်းခေါ်နိုင်ရဲ့လား (မခေါ် နိုင်ပါ ဘုရား)။

မင်းတို့တရား မင်းတို့လုပ်ဆိုပြီး သကာလ မင်း ဟောဒီလို ကျင့်၊ မင်း ဟောဒီလိုကြံဆိုပြီး သကာလ ရာဟုလောဝါဒသုတ်ကို အမျိုးမျိုးဟောပြီး သကာလ ကယ်တင်ရတယ် (မှန်ပါ့ ဘုရား)။

ကိုယ့်အရေးကိုယ်အားကိုးပါ

သူ့ဟာသူ လုပ်ယူရရှာဟယ် (မှန်ပါ့)၊ မလုပ်ရပေဘူး လား (လုပ်ရပါတယ်)၊ ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ် ကြီးက နည်းပေးကိုယ်တော်ကြီးပေါ့ဗျာ (မှန်လှပါ ဘုရား)၊ ကျုပ်တို့ ခင်ဗျားတို့က လုပ်ယူရမည့် လူစားတွေ ဆိုတာကော သေချာပလား (သေချာပါတယ်)၊ ဒါ့ကြောင့် ကိုယ့်အရေး ကိုယ်အားကိုးပါ ဆိုတာကော ကျေနပ်ကြပလား (ကျေနပ်ပါ တယ် ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဒီဝေဒနာသုံးခု ဟာ သေမင်း (မှန်ပါ့)၊ ဘာတဲ့တုံး (သေမင်းပါ ဘုရား)၊ သဘောကျကြရဲ့လား (ကျပါတယ် ဘုရား)၊ တချို့များ ကိုယ့် ဒေါသနဲ့ကိုယ် ကြိုးဆွဲများချသေလိုက်တယ် (မှန်ပါ့)၊ ကြိုးက သတ်တာလားတဲ့ ဒကာ ဒကာမတို့၊ ဝေဒနာက သတ်တာလား (ဝေဒနာက သတ်တာပါ ဘုရား)။

ဒေါမနဿဝေဒနာက သတ်ချလိုက်တယ်၊ စီးပွားရေးတွေ ပျက်၊ သားမယားတွေကသေ၊ အကြောင်းက မညီညွတ်တော့ ကဲ သေတာကောင်းပါတယ်ကွ ဆိုပြီးတော့ သေ ချလိုက်တာများ ဘယ်ဝေဒနာ သတ်လိုက်တာပါလိမ့် (ဒေါမနဿဝေဒနာ သတ်တာပါ ဘုရား)။

ဒေါမနဿဝေဒနာ သတ်ချလိုက်တယ်ဆိုတာသဘောကျ ရဲ့လား (ကျပါတယ်)၊ ခုနက အပျော်ကျူးလို့ သေတာကျတော့ ဦးခင်မောင် ဘယ့်နှယ်နေပါ့မလဲ (သောမနဿဝေဒနာ သတ်တာပါ ဘုရား)။

အမေ့ကျူးလို့ သေတာကျတော့ (ဥပေက္ခာဝေဒနာ သတ်တာပါ ဘုရား)၊ ဥပေက္ခာဝေဒနာက သတ်ချလိုက်တာ (မှန်ပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ)၊ စိတ်ပျက်လို့ သေတာကတော့ (ဒေါမနဿဝေဒနာ သတ်တာပါ ဘုရား)၊ ပျော်လွန်းလို့သေတာကတော့ (သောမနဿဝေဒနာ သတ် တာပါ ဘုရား)၊ သဘောကျပြီနော် (မှန်ပါ့)၊ တချို့များ မူး မေ့ပြီး သေသွားတာတွေကတော့ (ဥပေက္ခာဝေဒနာသတ် တာပါ ဘုရား)။

စိတ်မချရတဲ့ လူချည့်ပဲ

ဪ ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ အခု ဆရာ ဘုန်းကြီးနဲ့ တွေ့ပြီး သကာလ အခုတရားပွဲမှာ နေကြ၊ ထိုင်ကြ၊ ပါရမီရေစက်ဆုံကြ ကြုံကြတယ်ဆိုတာ အင်မတန်ဝမ်းသာစရာ ကောင်းငြား သော်လည်း စိတ်မချရတဲ့ လူချည်းပဲ (မှန်ပါ့ ဘုရား)။

စိတ်မချရတဲ့ လူချည်းပဲ၊ သေမင်းကိုယ်စီနဲ့ချည်းပဲ (မှန် ပါ့)၊ ဘယ်လိုဆုံးဖြတ်ချက်ချကြမလဲ (သေမင်းကိုယ်စီနဲ့ချည်း ပါ ဘုရား)။

ဘုန်းကြီးက နိဗ္ဗာန်ကို ပို့နေတယ်

ဒကာ ဒကာမတို့ ဘုန်းကြီးကလည်း ဒကာ ဒကာမတွေ အပေါ်မှာ သယ်ယူပို့ဆောင်ဖို့ ဝတ္တရား ရှိတဲ့အတိုင်း သယ်ယူ ပို့ဆောင်ပြီး သကာလ သုဂတိနိဗ္ဗာန်ကို ပို့နေတယ် (မှန်ပါ့)။

သူကလည်း သူ့အပေါ်မှာ ဓားကုတ်ပေါ် ဝဲလျက်ပါပဲ (မှန်ပါ့)၊ ဒကာ ဒကာမတွေက ဒီနည်း ယူလျက်နဲ့ ဓားကုတ်ပေါ် ဝဲလျက်ပဲ မကျဘူးလား (ကျပါတယ်)၊ ဝေဒနာသုံးပါးတည်း ဟူသော ဓားတွေ ဝဲမနေဘူးလား (ဝဲနေပါတယ် ဘုရား)။

အဲဒီတော့ သူတို့က မဦးခင် ဉာဏ်ကဦးအောင် လုပ်ကြ ပါ (မှန်ပါ့ ဘုရား)၊ သူတို့ကတော့ သတ်မှာတော့ သေချာတယ် (မှန်ပါ့ ဘုရား)၊ ဒကာ ဒကာမတို့ သူတို့ကတော့ ဘာ တုံး (သတ်မှာ သေချာပါတယ် ဘုရား)။

သူတို့က သတ်မှာ သေချာတော့ကို၊ ကဲ ရာဓ ရေ ဝေဒနာ-ဝေဒနာသည်၊ မာရော- သတ်တာသည်၊ အဿ ဘဝေယျ-ဖြစ်ရာ၏၊ သူက သတ်တယ်ကွာတဲ့။

အဲဒီတော့ မင်းတို့က ဒီလိုလုပ်ကွတဲ့၊ မင်းတို့က သူ့ကို ပြန်သတ် (မှန်ပါ့)၊ ရှုတဲ့ပုဂ္ဂိုလ်က သူ့ကို ပြန်သတ်ပါတဲ့ (မှန်ပါ့ ဘုရား)။

အပြောကတော့ လွမ်းလောက်ပါရဲ့

ဒါဖြင့် သူက သတ်လို့ ကျုပ်တို့သေမလား၊ သူ့ကို ကျုပ် တို့က သတ်မလား (သူ့ကို သတ်ရပါမယ် ဘုရား)၊ အပြောကတော့ လွမ်းလောက်ပါပေ့ဗျာ၊ အပြောကတော့ လွမ်းလောက်ပါ ရဲ့ ဒကာ ဒကာမတို့၊ ရှုမှ သေမှာနော် (မှန်ပါ့)။

သို့သော် သတ်ကောင်းတယ်လို့သိတဲ့ တစ်လုံးပဲ ဘုန်းကြီး သည် အင်မတန်ဝမ်းသာပါပြီ (မှန်ပါ့ ဘုရား)၊ ဦးစံရင်တို့ ဘဝများစွာ သံသရာက ဘယ်သူကချည်း သတ်ခဲ့သတုံး (ဝေဒနာကချည်း သတ်ခဲ့ပါတယ် ဘုရား)။

ကျုပ်တို့ကဖြင့် သတ်ခဲ့လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ကျုပ် တို့က ဝေဒနာသတ်ခဲ့လို့ရှိရင် သေမင်းအောင်ပွဲယူတဲ့ မသေရာမှန် ပြည်နိဗ္ဗာန် ရောက်မှာပေါ့ (မှန်ပါ့ ဘုရား)၊ သဘောကျ ပလား (ကျပါပြီ)၊ အခုတော့ သူကချည်းသတ်နေတယ် (မှန်ပါ ဘုရား)။

ဘယ်သူကချည်း သတ်နေသလဲ (ဝေဒနာကချည်း သတ်နေပါတယ် ဘုရား)၊ ကျုပ်တို့က သတ်ခဲ့တဲ့ ဘဝများ ရှိပါရဲ့လား (မရှိပါ ဘုရား)။

ဒီတစ်ခါ သတ်ရင်သတ်၊ မသတ်လို့ရှိရင်တော့ ခင်ဗျားတို့ ဘဝတိုင်း သူ့လက်တွင်း ခေါင်းစင်း သေရမယ်စိတ်ကူး (မှန် ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဝေဒနာကို ဖြစ်ပျက်မြင်အောင်ရှု

ဒါဖြင့် ဒကာ ဒကာမတို့ သတ်ဆိုတာ တခြားမဟုတ်ပါ ဘူး၊ ဝေဒနာကို ဖြစ်ပျက်မြင်အောင်ရှု (မှန်ပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဝေဒနာတွေကို ဖြစ်ပျက်မြင်အောင်ရှုပြီး မုန်းနေအောင် လည်း နိန္ဒဉာဏ် တက်အောင်ရှုချ (မှန်ပါ့ ဘုရား)၊ ဝေဒနာ သည် ကားလို့ဆိုရင် ဖြစ်တာလည်း ဒုက္ခသစ္စာ၊ ပျက်တာလည်း ဒုက္ခသစ္စာလို့ သိအောင်ရှုပါ (မှန်ပါ ဘုရား)၊ ဝေဒနာဖြစ်တာ လည်း (ဒုက္ခသစ္စာပါ ဘုရား)၊ ပျက်တာကကော (ဒုက္ခ သစ္စာပါ ဘုရား)။

အဲဒီကဲ့သို့ သူ့ကို ပိုင်ပိုင်နိုင်နိုင် သိသွားလို့ရှိရင်ဝေဒနာ တွေ အကုန်ချုပ်မယ် (မှန်ပါ့)၊ ဝေဒနာချုပ်တော့ ဦးခင်မောင် ဝေဒနာနဲ့ သဟဇာတဖြစ်တဲ့ သညာ သင်္ခါရတွေကော (ချုပ် သွားပါတယ် ဘုရား)၊ ဝေဒနာနဲ့ သဟဇာတဖြစ်နေတဲ့ ရုပ်တရား တွေကော (ချုပ်သွားပါတယ် ဘုရား)။

အဲဒီကျတော့ ‘‘နာမရူပနိရောဓာ ဝိညာဏ နိရောဓော” သွားဖြစ်တယ် (ဖြစ်ပါတယ် ဘုရား)၊ နာမရူပနိရောဓာ- နာမ် ရုပ်ချုပ်ခြင်းကြောင့် ဝိညာဏ်ချုပ်တယ် သဘောကျပလား (မှန်ပါ့ ဘုရား)။

ကဲ နာမ်ရုပ်ချုပ်လို့ ရှိရင်ဖြင့် သံယုတ်ပါဠိတော်မှာ သေ သေချာချာဟောပါတယ်၊ “ဝိညာဏ နိရောဓာ နာမရူပနိရောဓော၊ နာမရူပနိရောဓာ ဝိညာဏ နိရောဓော” ဆိုတော့ ဒကာ ဒကာမ တွေ တစ်ခုချုပ်ရင် ဘာတဲ့တုံး (အကုန်ချုပ်ပါတယ် ဘုရား)။

တစ်ခုချုပ်ရင် အကုန်ချုပ်တယ်

တစ်ခုချုပ်- အကုန်ချုပ်တာပဲလို့ မပြောဘူးလား (ပြော ပါတယ် ဘုရား)၊ ဝိညာဏ်ချုပ်ရင် နာမ်ရုပ်ချုပ်ပါတယ်၊ နာမ်ရုပ်ချုပ် ရင် (ဝိညာဏ်ချုပ်ပါတယ်)၊ ဝိညာဏ်ချုပ်တယ်ဆိုတော့ ခန္ဓာ ငါးပါးမစုံလား (စုံပါတယ် ဘုရား)။

ဒါဖြင့် ခန္ဓာငါးပါးဟာ ဘာသစ္စာတရားလဲ (ဒုက္ခ သစ္စာပါ)၊ အဲ ဒုက္ခသစ္စာ ချုပ်သွားတယ် ဆိုကတည်းက ဒကာ ဒကာမတို့ ကျုပ်တို့ ဒုက္ခဝဋ်မှမကျွတ်လား (ကျွတ်ပါတယ် ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဝေဒနာပေါ် ရာကို လိုက်ကြရလိမ့် မယ် (မှန်ပါ့)၊ ဝေဒနာပေါ်ရာကို လိုက်ကြရလိမ့်မယ်ဆိုတော့ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာမှာလည်း ဥပေက္ခာဝေဒနာ ပေါ်တိုင်း လိုက်ပါနော် (မှန်ပါ့)။

ဘာဝေဒနာပေါ်ပေါ် ဖြစ်ပျက်ရှုပါ

တစ်ကိုယ်လုံးမှာ သုခဝေဒနာပေါ်လည်း (လိုက်ရမှာ ပဲ ဘုရား)၊ ဖြစ်ပျက်ရှုပေးပါနော် (မှန်ပါ့)၊ ဒုက္ခဝေဒနာပေါ်ကော (ဖြစ်ပျက်ရှုပေးရပါတယ်)၊ ဝမ်းထဲမှာ စည်းစိမ်ဥစ္စာ ရတနာလို့ သောမနဿ ပေါ်ကော (ဖြစ်ပျက်ရှုရပါမယ်)၊ ဒေါမနဿပေါ် ရင်လည်း (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

အေး ကိုယ်နဲ့ မဆိုင်သေးတဲ့ အခါကျလို့ ရှိရင် ကမ္မသကာပဲ ထားတဲ့ အခါကော မပါဘူးလား (ပါ- ပါတယ် ဘုရား)။

ကိုယ်နဲ့ ဆွေမျိုးကလည်းမတော် ဘာမှလည်း မတော်တဲ့ ပုဂ္ဂိုလ်ကြားရရုံတင် ကြားရတဲ့အခါကျတော့ ဦးခင်မောင်တို့က ဘာထားလိုက်သတဲ့ (ဥပေက္ခာထားပါတယ် ဘုရား)။

ကမ္မသကာပဲကွာ သေမျိုးချည်းပဲ မလာ ဘူး လား (လာပါတယ်)၊ အင်း ကိုယ်နဲ့ နည်းနည်း စပ်လာတဲ့ အခါကျတော့ ဒီအသံထွက်ကဲ့လား (မထွက်ပါ ဘုရား)၊ ဖြစ်မှဖြစ်ရပလေ မလာဘူးလား (လာပါတယ် ဘုရား)။

ဒါကြောင့် ကိုယ်နဲ့မစပ်တဲ့ ပုဂ္ဂိုလ်ကျတော့ သေမျိုးချည်း ပဲကွာ၊ ဥပေက္ခာဆိုတဲ့ အဓိပ္ပာယ် မလာဘူးလား (လာပါတယ် ဘုရား)။

ဖြစ်မှဖြစ်ရပလေကို ဖြစ်ပျက်ရှု

ဒါဖြင့် ဥပေက္ခာလာတော့ ဘာလုပ်ရမလဲ (ဖြစ်ပျက် ရှုရပါမယ်)၊ ဪ ဖြစ်မှဖြစ်ရလေ လာရင်ကော (ဖြစ်ပျက်ရှုရမှာပါပဲ)၊ ဖြစ်မှဖြစ်ရပလေ ဆိုတော့ ဦးခင်မောင်ရေ ဒေါသ သောက မဟုတ်လား (မှန်ပါ့ ဘုရား)။

အဲ ဒေါသ သောကဆိုတော့ ဒါဟာ ဒေါမနဿ ဝေဒနာပဲ မဟုတ်လား (မှန်လှပါ)၊ ဘာလုပ်ရမလဲ (ဖြစ် ပျက်ရှုရပါမယ်)၊ ဒါဖြင့် ဖြစ်မှဖြစ်ရပလေလို့ လာရင်လည်း ဘာ လုပ်ကြမယ် (ဖြစ်ပျက်ရှုရပါမယ်)၊ ကမ္မ သကာလို့ ထားတဲ့ ဝေဒနာလာရင်ကော (ဖြစ်ပျက်ရှုရမှာပါပဲ ဘုရား)။

ဪ ဒီပုဂ္ဂိုလ် ကျုပ်ဖြင့် မျက်လုံးထဲကတောင် မပျောက်သေးဘူးလို့ ဆိုရင်ကော (ဖြစ်ပျက် ရှုရမှာပါပဲ)၊ အဲဒါ ခင်လုံးကလေးတွေ သောမနဿဝေဒနာလာတာ (မှန်ပါ့)၊ ဒါကလေး ကျတော့လည်း ဘယ့်နှယ်လုပ်ရမလဲ (ဖြစ်ပျက် ရှုရမှာပါမယ်)။

ဒါဖြင့် အားလုံးသည် ကားလို့ဆိုရင် ဘုန်းကြီးက ဖြစ်ပျက် ရှုရမယ်လို့ ခိုင်းလို့ ရှုရမှာလား၊ သူတို့ဖြစ်ပျက်ကို ကျုပ်တို့က မြင်အောင်လိုက်ရမှာလား (သူတို့ဖြစ်ပျက်ကို မြင်အောင် လိုက်ရမှာပါ ဘုရား)။

အနိစ္စဉာဏ်နဲ့ မြင်အောင်ကြည့်

ဒါအရေးကြီးပါတယ်၊ အခုပြောတဲ့စကားဟာ (မှန်ပါ့)၊ ဘုရားက ရှူခိုင်းလို့ရှုရတယ်၊ ဘုန်းကြီးက ရှူခိုင်းလို့ ရှုရတယ်ဆို လို့ရှိရင်ဖြင့် သညာဖြစ်နေပါတယ် (မှန်ပါ့ ဘုရား)။

သူတို့ဖြစ်ပျက်ကို သူတို့ဖြစ်ပျက်ပြီး သကာလ နေတဲ့ သဘာဝ ဓမ္မအနိစ္စတရားကြီးကို ကျုပ်တို့က အနိစ္စဉာဏ်နဲ့ မှန် မှန်မြင်ဖို့ အရေးကြီးပါတယ် (မှန်ပါ့ ဘုရား)။

ဦးခင်မောင် ဒီစကားအရေးမကြီးဘူးလား။ (ကြီးပါတယ် ဘုရား)၊ အင်မတန် အရေးကြီးတယ် ဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ကိုယ်ကသတ်ရင် နိဗ္ဗာန်ရောက်တယ်

ဒါဖြင့် ဒကာ ဒကာမတို့ ဝေဒနာဟာ ဒီနေ့ နှစ်လုံးတည်းပဲ၊ ဒီတရားပွဲမှာက မှတ်သွားပါတော့။ နာရီလည်း စေ့နေလို့နော် (မှန်ပါ)။ ကိုယ်က သတ်လို့ရှိရင် နိဗ္ဗာန်ရောက်မယ် (မှန်ပါ့ ဘုရား)။

သူက သတ်လို့ရှိရင်ဖြင့် ခင်ဗျားတို့ သေပွဲဝင်ရလိမ့် မယ် (မှန်ပါ့ ဘုရား)၊ ကိုယ်က သတ်နိုင်ရင် (နိဗ္ဗာန် ရောက်ပါမယ်)၊ သူက သတ်နိုင်လို့ရှိရင် (သေပွဲဝင်ရလိမ့် မယ်)၊ အဲဒါကြိုက်တာယူပေတော့ ခင်ဗျားတို့ (မှန်ပါ့ ဘုရား)။

သူက သတ်တာကြိုက်သလား၊ ကိုယ်ကသတ်ရတာ ကောင်းသလား (ကိုယ်က သတ်ရတာ ကောင်းပါတယ် ဘုရား)၊ဒါဖြင့် အမြဲတမ်းဝေဒနာဖြစ်ပျက်မြင်အောင်ရှု၊ (မှန်ပါ့ ဘုရား)၊ ရှုဖန်များလာရင် ဘာဖြစ်မယ် (မုန်းပါတယ် ဘုရား)။

မုန်းပြီးရင် ဘာဖြစ်မယ်ထင်သတုံး (ဆုံးသွားပါတယ်)၊ မုန်းပြီးရင် ဒီဝေဒနာတွေဟာ ရှုလို့ကို ရှာမတွေ့ဘူး၊ ဆုံးသွားလိမ့် မယ် (မှန်ပါ့ ဘုရား)၊ ဆုံးသွားလို့ရှိရင် ‘‘ဝေဒနာနံ ခယော ဘိက္ခု နိစ္စတော ပရိနိဗ္ဗုတော’’ (မှန်ပါ ဘုရား)။

တဏှာကုန်ရင် နိဗ္ဗာန်

ဝေဒနာကုန်ရင် နောက်က တဏှာပါ ကုန်တာပဲကွတဲ့ (မှန်ပါ့)၊ တဏှာကုန်ရင် တဏှာ နိရောဓော နိဗ္ဗာနံ ကွ လို့ ဘာမှ မစိုးရိမ်နဲ့တဲ့ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)

ကိုင်း ယနေ့ ဒီတွင်တော်ကြဦးစို့၊

သာဓု သာဓု သာဓု။