260

ကျန်းမာတုန်းနွားလို့ခိုင်းတာ သုခဝေဒနာ (အိမ်တွင်းပဋိစ္စသမုပ္ပါဒ်)

အသံဖိုင်ခေါင်းစဉ်= အိမ်တွင်းပဋိစ္စသမုပ္ပါဒ် အမှတ်(၁)

စာအုပ်ခေါင်းစဉ်= ကျန်းမာတုန်းနွားလို့ခိုင်းတာ သုခဝေဒနာ (အိမ်တွင်းပဋိစ္စသမုပ္ပါဒ်)

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့၌ ဟောကြားဆုံးမတော်မူသော တရားတော်

ကျန်းမာတုန်းနွားလို့ခိုင်းတာ

သုခဝေဒနာ (အိမ်တွင်းပဋိစ္စသမုပ္ပါဒ်)

(၂၉-၉-၆၁)

အိမ်ထဲမှာ အလုပ်-လုပ်ပြီး သကာလ နေတဲ့ဥစ္စာ ဒကာ ဒကာမတွေ ကိုယ့်အိမ်ကိုယ့်ရာမှာပဲ အလုပ်လုပ်ပြီး သကာလ နေ ကြငြားသော်လည်း သတိလွတ်ကင်းပြီး သကာလ နေမယ်၊ ပညာ လွတ်ကင်းပြီး သကာလ နေမယ်ဆိုရင်လည်း အိမ်ထဲကနေပြီး သကာလ အပါယ်လေးပါး သွားနိုင်သေးတယ်နော် (မှန်ပါ့ ဘုရား)။

ကိုယ့်လုံခြုံရေးကိုယ်သတိထား

ဒါကြောင့်အိမ်ထဲမှာ သတိထားဖို့ အိမ်တွင်းပဋိစ္စသမုပ္ပါဒ် ကိုလည်း ဒကာ ဒကာမတွေ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောခဲ့တဲ့အတွက် ကိုယ့်လုံခြုံရေးကို ကိုယ်သတိထားဖို့ရာသည် အိမ်တွင်းမှာ သူခိုးဝင်လို့ရှိရင်ဖြင့် အိမ်ရှင် မသက်သာသလို ကိလေသာ သူခိုးဝင်လာပြီဆိုမှဖြင့် ဒကာ ဒကာမတို့ ခန္ဓာကြီးပါ ဆုံးရှုံးပြီး သကာလ ဒုက္ခအကြီးအကျယ် ရောက်တော့မယ်ဆိုတာ ဒကာကြွယ် မှတ်ရလိမ့်မယ် (မှန်ပါ့ ဘုရား)။

ဒါကြောင့် အိမ်တွင်းပဋိစ္စသမုပ္ပါဒ်ကို ဒကာ ဒကာမတွေ မနှစ်ကတစ်ခါဟောတယ် (မှန်ပါ့)၊ ဒီနှစ်တစ်ခါ ဒကာ ဒကာမတွေ မေ့ပျောက်ကုန်တော့မယ်ဆိုပြီး သကာလ သတိထားဖို့ ပညာနဲ့ရှုဖို့ ဒါအင်မတန် အရေးကြီးပါတယ် (မှန်ပါ ဘုရား)။

တစ်ခါဥပုသ် စောင့်နေတယ် အိမ်တွင်း ပဋိစ္စသမုပ္ပါဒ်နား မလည်လို့ရှိရင် သီလညှိုးပြီး သကာလ နေပြန်တာပဲ (မှန်ပါ့)၊ ဝိပဿနာအလုပ်- လုပ်နေတယ်၊ လုပ်တုန်း အခိုက်အတန့်ပဲ အိမ် တွင်း ပဋိစ္စသမုပ္ပါဒ် အချိန်မှာ အင်း ပဋိစ္စသမုပ္ပါဒ်ပါ နား လည်အောင် လုပ်နေတာပါကလား ဒါအပါယ်လေးပါး သွားဖို့ အကြောင်းပါလားလို့ မသိပြန်လို့ရှိရင်လည်း မဖြတ်တတ်ပါဘူး (မှန်ပါ့ ဘုရား)။

အိမ်တွင်းဝိပဿနာဆိတ်နေမှာစိုးလို့

အဲ့ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ယနေ့ ဟောမည့်တရားသည် အိမ်တွင်းဝိပဿနာ ဆိတ်နေမှာစိုးလို့ အိမ်တွင်းကနေပြီး သကာလ အပါယ်လေးပါးကိုသွားနေတတ်တဲ့ တရားဖြစ်လေ သောကြောင့် အိမ်တွင်းပဋိစ္စသမုပ္ပါဒ်ကိုလည်း ဖြတ်မှရမယ်ဆိုတာ ဒကာသစ်တို့ မှတ်ရလိမ့်မယ် (မှန်ပါ့ ဘုရား)။

ကောင်းပြီ ဒီဥစ္စာက သုတ်မဟာဝါပါဠိတော် မဟာပဒါ သုတ်မှာလည်း လာပါတယ်။ အင်္ဂုတ္တိုရ် ပါဠိတော်မှာလည်း လာ တယ်လို့ ဒကာကြွယ်ကိုယ်တော်တိုင် ဟောတာမှတ်ရမယ် (မှန်ပါ့ ဘုရား)။

ကိုင်း ဒါဖြင့် ဂရုစိုက်ပြီး သကာလ ဒကာ ဒကာမတွေ နားထောင်ပါတဲ့၊ ဒီဒကာ ဒကာမတွေမှာ ပစ္စည်းရှာကြတယ်၊ ပစ္စည်းရှာကြတာသည်ကားလို့ဆိုရင် ဘယ်သူ့အတွက်ရှာကြပါ လိမ့်မလဲလို့ မေးတဲ့ အခါကျလို့ရှိရင်ဖြင့် ကောင်းကောင်းနေချင်လို့ ဆိုတဲ့ အဓိပ္ပာယ်က ထွက်လာတယ် (မှန်ပါ)၊

ကောင်းကောင်း ဝတ်ချင်တယ် ဆိုတဲ့အဓိပ္ပာယ် ထွက်လာတယ် (မှန်ပါ့)၊ ကောင်းကောင်း စားချင်လို့ ကောင်းကောင်း နေချင်လို့ဆိုတဲ့ အဓိပ္ပာယ် ထွက်လာတယ် (မှန်ပါ ဘုရား)။

ပစ္စည်းရှာတာကောင်းကောင်းနေချင်လို့

ပစ္စည်းရှာတာ ကောင်းကောင်းနေချင်၊ ကောင်းကောင်း စားချင်၊ ကောင်းကောင်း ဝတ်ချင်လို့ ဆိုတဲ့ အဓိပ္ပာယ်ဖြင့် ဒကာသစ် ငြင်းဖို့မလိုတော့ဘူး (မလိုပါ ဘုရား)။

ဒကာ ဒကာမတွေ ပစ္စည်းရှာတာ ဘာဖြစ်လို့တုံးဆိုတော့ အို တပည့်တော်တို့ဘုရား လူချင်း တူတူ သူချင်းမျှမျှ သူများနဲ့ အထက်တန်းကျကျဆိုသလိုပဲ နေချင်တယ်၊ စားချင်တယ်၊ ဝတ်ချင်တယ် ဘုရာ့ ဆိုတော့ ကောင်းကောင်းနေချင်၊ ကောင်းကောင်းစားချင်၊ ကောင်းကောင်း ဝတ်ချင်တယ် ဆိုကတည်း ကိုက ဒကာသစ် အကဲခတ်တာပေါ့ ဪ ဝေဒနာအတွက် ပါလား (မှန်ပါ့ ဘုရား)။

ဘယ်သူ့အတွက်ပါလိမ့် (ဝေဒနာအတွက်ပါ)မှတ် ထားကြပါ၊ မှတ်သားကြပါတဲ့ ခန္ဓာ ကိုယ်ထဲမှာ ရှိတဲ့ ဝေဒနာအ တွက် (မှန်ပါ့ ဘုရား)။

ဝေဒနာအတွေက်ပစ္စည်းရှာတာ

ဘယ်သူ့အတွက်ပါလိမ့် (ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ဝေဒနာအတွက်ပါ ဘုရား)။

ဪ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကောင်း ကောင်းစားရအောင်၊ ကောင်းကောင်း နေရအောင်၊ ကောင်း ကောင်းဝတ်ရအောင်၊ ဆေးကောင်းနဲ့ မကျန်းမာလည်း ကုနိုင်အောင် ဆရာဝန်ကောင်းကောင်းနဲ့ ကုနိုင်အောင်ဆိုတော့ ကောင်းဖို့အတွက် ဒကာ ဒကာမတွေ ပစ္စည်း ရှာကြတာပဲ (မှန်ပါ့ ဘုရား)။

ဒကာကြွယ်ရေ ဒါဖြင့် ကောင်းကောင်းဆိုတဲ့ ဥစ္စာသည် ဘယ်ဟာပါလိမ့်မတုံးဆိုတော့ သုခဝေဒနာ (မှန်ပါ့)၊ သဘော ကျပလား (ကျပါတယ် ဘုရား)။

ဪ ဒကာဒကာမတွေ ခန္ဓာကိုယ်ထဲမှာ ဝေဒနာ ကလည်း သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာ ဝေဒနာလို့ရှိတော့ ဒါဝေဒနာ့အတွက် ရှာကြတာပဲ (မှန်ပါ့)၊ ဝေဒနာဆိုတော့ ဝေဒနာက္ခန္ဓာ ပေါ့ဗျာ (မှန်ပါ့)၊ ဝေဒနာဆိုတော့ ဘာဆိုကြ မယ် (ဝေဒနာက္ခန္ဓာပါ ဘုရား)။

ဝေဒနာက္ခန္ဓာ ဘယ်မှာရှိပါလိမ့်မလဲလို့ ဒကာဒကာမ တွေကစစ်တမ်းထုတ် လိုက်တဲ့ အခါကျတော့ ခန္ဓာထဲမှာ (မှန် ပါ့ ဘုရား)။

ဝေဒနာခံစားချင်လို့

ဝေဒနာက္ခန္ဓာ ဘယ်မှာရှိပါလိမ့် (ခန္ဓာထဲမှာရှိပါ တယ်)၊ ဪ ဒါဖြင့် ဒကာဒကာမတွေ ပစ္စည်းရှာကြတာ ဟာလိုချင်လို့ ရှာကြတာတော့ ဟုတ်ပါတယ်တဲ့၊ ဘယ်သူ့အတွက် လိုချင်တာတုံး မေးတော့ ဝေဒနာ ခံစားချင်လို့ လိုချင်တာ (မှန်ပါ့)၊ မှတ်မိကြပလား (မှတ်မိပါပြီ ဘုရား)။

အင်း ဘယ့်နှယ်ကြောင့် ပစ္စည်းရှာလိုချင်ကြပါလိမ့် မတုံး၊ မရ မကလုရှာနေကြပါလိမ့်မလဲလို့ ဒကာကြွယ်တို့၊ ဒကာ သစ်တို့ မေးရင် ဘယ့်နှယ်ပြောကြမလဲ (ဝေဒနာခံစားချင် လို့ပါ ဘုရား)။

ဒါဖြင့် ဝေဒနာကလာတယ် (မှန်ပါ့)၊ သဘော ကျပလား (ကျပါပြီ ဘုရား)။

ခန္ဓာကြီးကဝေဒနာက္ခန္ဓာ

အားလုံးဒကာ ဒကာမတွေ ခင်ဗျားတို့ခန္ဓာကိုယ်ကြီးဟာ ဝေဒနာက္ခန္ဓာ မှတ်ထား (မှန်ပါ့)၊ သုခဝေဒနာ အတွက်လဲ ကောင်းကောင်း စားချင်လို့ ရှာတယ် (မှန်ပါ)၊ ကောင်းကောင်း ဝတ်ချင်လို့ (ရှာပါတယ်)၊ ကောင်းကောင်းလှူချင်လို့ (ရှာပါတယ်)၊ ကောင်းကောင်းနေချင်လို့ (ရှာပါတယ်)၊ ဒါဖြင့် ကောင်းကောင်းဆိုတဲ့ဥစ္စာ ဝေဒနာ (မှန်ပါ့ ဘုရား)။

ကောင်းကောင်းဆိုတာ ဘာပါလိမ့် (ဝေဒနာပါ ဘုရား)၊ ဒကာကြွယ် သဘောပါပလား (ပါပါပြီ ဘုရား)။

ဒကာ ဒကာမတွေမှာတဲ့ ဘာဖြစ်ဖြစ် သူတို့ ကျုပ်က ကောင်းကောင်းမှ ကြိုက်တယ်ဆိုတော့ ကောင်းကောင်းဆိုတဲ့ ဥစ္စာကဒကာသစ်တို့ မှတ်မိပါပြီ (မှတ်မိပါပြီ)၊ သုခဝေဒနာကို သူပြောတာ (မှန်ပါ ဘုရား)။

သုခဝေဒနာ၊

ဘယ်ဝေဒနာပြောပါလိမ့် (သုခဝေဒနာပြောပါ တယ်)၊ သုခဝေဒနာပြောတာပဲ (မှန်ပါ့ ဘုရား)။

ဪ ဒကာ ဒကာမတွေသူများအတွက်ရှာနေကြ တယ် အောက်မေ့တယ်၊ မဟုတ်ပါလား ဝေဒနာ အတွက်ရှာ နေကြတယ် (မှန်ပါ့ ဘုရား)။

ဒကာသစ် ဘာဖြစ်ချင်လို့ ဆိုင်ကနားတွေ သွားနေပါလိမ့် မတုံး ချမ်းသာချင်လို့ပေါ့ဘုရား (မှန်ပါ့)၊ ဘာချမ်းသာ ချင်သလဲ၊ ကိုယ်ချမ်းသာချင်တယ်၊ စိတ်ချမ်းသာချင်တယ် ဘုရာ့၊ အနေချမ်းသာ ချင်တယ်ဘုရာ့၊ အသွားချမ်းသာ ချင်တယ်ဘုရာ့ (မှန်ပါ့)၊ အသွား ချမ်းသာချင်တယ် ဆိုတော့ ကားတို့ဘာတို့ ကောင်းကောင်းမွန်မွန် စီးနိုင်ဝယ်နိုင်မှ အသွားချမ်းသာမှာကိုး (မှန်ပါ့ ဘုရား)။

အဲဒီတော့ ချမ်းသာချင်လို့ ဒကာ ဒကာမတို့ပစ္စည်းရှာကြ တယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့်ဒကာ ဒကာမတို့ ချမ်းသာတာသည် ဘယ်သူပါ လိမ့်မတုံးလို့မေးတဲ့အခါကျတော့ ဒကာ ဒကာမတွေ လက်သည် အစစ်အရင်းအမြစ်ကို ရှာလို့ရှိရင်ခန္ဓာပဲ (မှန်ပါ့)၊

ဘယ်ခန္ဓာပါလိမ့်ဗျာ (ဝေဒနာက္ခန္ဓာပါ ဘုရား)၊ ဪ ဒကာ ဒကာမတွေဝေဒနာက္ခန္ဓာလို့ မှတ်ထားပါ (မှန်ပါ့ ဘုရား)။

၁။ မျက်စိဝေဒနာ

ဝေဒနာက္ခန္ဓာကလည်း ဘယ်နှစ်မျိုးရှိသတုံးဆိုတော့ အမြင် ချမ်းသာချင်တ ဲ့ဝေဒနာလည်း ရှိတယ် (မှန်ပါ့)၊ ကိုယ့်အိမ်ကိုယ့်ရာ လာကြည့်တဲ့ အခါကျလို့ရှိရင် စိတ်ထဲမှာ အေးသွားတာပဲ၊ အခုမှပဲ ကိုယ့်အိမ်ကိုယ့်ရာ ကလေးနဲ့ ကိုယ်ပိုင်လေးနဲ့ နေရတော့ဆိုပြီး အမြင် ချမ်းသာတာ ဝေဒနာကြောင့် (မှန်ပါ့)၊ သဘောကျ ပလား (ကျပါပြီ)။

၂။ နားဝေဒနာ

ဟိုနားနေရတာ ဟိုအိမ်ကဆူ၊ ဒီအိမ်ကပွက်နဲ့ နေရာ မကျပါဘူး၊ သီးခြားကလေး ကိုယ့်ဟာ ကိုယ်ပဲ ခပ်အေးအေး ကိုယ့်အကြင်လင်မယားနဲ့ ကိုယ့်သားသမီးနဲ့စိတ်အေးလက်အေး ကလေး၊ ကျယ်ကျယ်ဝန်းဝန်းကလေး လေပြည်လေညင်းရှူးပြီး သကာလ နေချင်တယ်ဆိုတာလည်း ဒကာ ဒကာမတို့ စိတ်အေး လက်အေး နားဆိတ်ဆိတ် နေချင်တယ်ဆိုတော့ နားဝေဒနာ အတွက်လည်း ဒကာ ဒကာမတွေ ရှာကြရတယ် (ရှာကြရပါ တယ် ဘုရား)။

၃။ နှာခေါင်းဝေဒနာ

နှာခေါင်းဝေဒနာ အတွက်ကလည်း ဒီနေရာမှာ နံလိုက်တာ၊ စော်လိုက်တာ၊ ပုပ်လိုက်တာ၊ လူတွေကလည်း မွဲလိုက်တာ၊ ဆင်းရဲ လိုက်တာ ညစ်ပတ်လိုက်တာ၊ ဒီနေရာမှာ ဘယ်တော့များ အကြောင်း ညီညွတ်ပြီး ဝဋ်ကျွတ်ပါ့မလဲဆိုပြီး ရှာကြတယ် (မှန်ပါ့ ဘုရား)၊ နှာခေါင်းဝေဒနာ အတွက်လည်း ဘာလုပ်ကြသလဲ (ရှာကြပါ တယ် ဘုရား)။

၄။ ဝေဒနာ

လျှာဝေဒနာကလည်းတဲ့ ဒကာ ဒကာမတို့၊ အင်း ဒီဟင်းနဲ့ ဒီ ထမင်းနဲ့ဖြင့် အသက်ရှည် နိုင်စရာ မရှိဘူး၊ ကောင်းကောင်း မွန်မွန်ကလေး၊ ဖွယ်ဖွယ်ရာရာကလေးမှ မစားရ၊ မသောက်ရလို့ ရှိရင်လည်း လူဖြစ်ရကျိုးတောင်မနပ်ဘူးဆိုပြီး သကာလ လျှာ ဝေဒနာကောင်းကောင်းမွန်မွန် စားရအောင်ဆိုပြီး လျှောဝေဒနာ အတွက်ကြောင့်လည်း ဒကာ ဒကာမတွေရှာကြရတယ် (မှန်ပါ့)၊ မရှာကြရဘူးလား (ရှာရပါတယ် ဘုရား)။

လျှာဝေဒနာ အတွက်ကြောင့်လည်း ရှာရတော့ ဪ ရှာတဲ့လူကဒကာ ဒကာမတို့ မသေရုံ တစ်မယ် ကျန်တယ်၊ ခိုင်း လိုက်တဲ့ဝေဒနာကဖြင့် မျက်စိဝေဒနာ၊ နားဝေဒနာ၊ နှာခေါင်း ဝေဒနာ၊ လျှာဝေဒနာ (မှန်ပါ့)၊ ဝေဒနာ ဘယ်နှစ်မျိုးရှိသွား ပလဲ (လေးမျိုးပါ ဘုရား)၊ လေးမျိုးရှိသွားပြီနော် ဒကာ ဒကာမတို့ (မှန်ပါ့)။

၅။ ကိုယ်ဝေဒနာ

ကိုယ်ပေါ်မှာလည်း ဒကာ ဒကာမတွေက အင်း ဒီအ ထည်ကြမ်းကြမ်းကြီးဖြင့် မဝတ်ပါရစေနဲ့၊ အထည်နု၊ အထည်ကောင်း ဝတ်ပြီး သကာလ နေချင်တဲ့ဆန္ဒ၊ လူမြင်သူမြင်လို့မှ မတော်အောင် ဖြစ်နေတဲ့ ကြမ်းထော်ထော်၊ အဆင်အစရှိသည်တို့ အချိုးမကျ၊ ကိုယ့်ပစ္စည်းနဲ့ကိုယ် တိုင်းချိန် ဝတ်နေရလို့ ဒီအဝတ် အစားတွေ ဒီလိုဝတ်ပြီး သကာလ နေရတယ်၊ ဒီအဝတ်ထက် ဘယ်တော့များ တက်ပါ့မလဲ ဒါ လူတို့၏ ကြံလုံးပေါ့ဗျာ (မှန်ပါ့)။

ဒကာကြွယ်ဒီဥစ္စာ ရှိတာချည့်ပဲနော် (ရှိပါတယ် ဘုရား)၊ အဲဒီတော့ ဒါ ကိုယ့်ဝေဒနာအတွက် ကိုယ်ပေါ်မှာ ကောင်းကောင်း ဝတ်ချင်တဲ့အတွက်လည်း တဲ့ဒကာ ဒကာမတို့ ကိုယ်ဝေဒနာလည်း ရှိတယ် (ရှိပါတယ် ဘုရား)၊ ဒါဖြင့် ဘယ်နှမျိုးရှိသွားပလဲ (ငါးမျိုးပါ ဘုရား)။

၆။ မနောဝေဒနာ

မနောဝေဒနာကရှိသေးတယ်၊ မကြောင့်မကြ မတောင့် မတရဘဲနဲ့ စိတ်ကလေး အေးအေး ကလေးနဲ့ ဒီနေ့ အလုပ်မလုပ် လည်းကိစ္စမရှိဘူး၊ တစ်လအလုပ်မလုပ်လည်း ကိစ္စမရှိဘူး၊ ဒီလို နားခွင့် ကလေးတွေ ယူပြီး သကာလ စိတ်ချမ်းသာ လက်ချမ်းသာနဲ့ နေရအောင်လို့ လည်း ဒကာ ဒကာမတွေ စိတ်ကူးရှိကြ တယ် (ရှိပါတယ် ဘုရား)။

ခိုင်းနေတဲ့ဝေဒနာကခြောက်မျိုး

အဲဒီတော့ စိတ်ချမ်းသာ၊ လက်ချမ်းသာကလေး ဘယ် တော့နေရပါ့မလဲ ဆိုပြီး သကာလ စိတ်ချမ်းသာ ချင်မှုဆိုတဲ့ ဝေဒနာဟာလည်း ခင်ဗျားတို့ကို ခိုင်းပါတယ် (မှန်ပါ့)။

ဝေဒနာ ဘယ်နှမျိုးရှိသွားပလဲ (ခြောက်မျိုးပါ ဘုရား)၊၊ ခြောက်မျိုးရှိသွားပြီ (မှန်ပါ့)။

ဒကာ ဒကာမတို့ခင်ဗျားတို့ကို ခိုင်းနေတဲ့ဝေဒနာက ဘယ် နှမျိုးရှိပါလိမ့် (ခြောက်မျိုးရှိပါတယ် ဘုရား)။

လုပ်တဲ့လူကတစ်ယောက်တည်း

ဪ ဒကာသစ်ခိုင်းတဲ့ ဝေဒနာကခြောက်မျိုး လုပ်တဲ့လူကတစ်ယောက်တည်း (တစ်ယောက် တည်းပါ ဘုရား)။

ဒကာကြွယ်ခိုင်းတဲ့ဝေဒနာ (ခြောက်မျိုးပါ ဘုရား)၊ လုပ်တဲ့လူက (တစ်ယောက်တည်းပါ ဘုရား)၊ မသေဘဲကျန် ရစ်တာတော်သေးတယ် (မှန်ပါ့)။

ခိုင်းတဲ့ဝေဒနာ မျက်လုံးပေါက်ကလည်း ဒီအိမ်တွေဟာ ကြည့်မကောင်းသေးပါဘူး၊ ပြင်ချင်ဆင်ချင်တဲ့ မျက်လုံးအမြင်နဲ့ ကိုပဲ မအားအောင် အိမ်တစ်လုံးကလည်း ခိုင်းလိုက်တဲ့ဖြစ် ခြင်း (မှန်လှပါ ဘုရား)၊ အကြမ်းစားပြီးပြန်လည်း အနုထည် ဆေးသုတ်ဖို့က ကျန်သေးတယ် (မှန်ပါ့)။

ဒါ ဘယ်ဝေဒနာ အတွက်ပါလိမ့် (မျက်လုံး ပေါက်ဝေဒနာအတွက်ပါ ဘုရား)။

မျက်လုံးဝေဒနာအတွက်လည်း ဒကာသစ်တို့ အားသေး သလား (မအားပါ ဘုရား)၊ အစားတော့ ပြည့်စုံပြီးအနေက လိုသေးတယ် (မှန်ပါ)။

အစားတော့ပြည့်စုံပြီဆိုတော့အမြင်ဝေဒနာကမကောင်း ပြန်တော့လည်း ဒကာကြွယ်ရေ သူ့အတွက်လည်း တဏှာနဲ့ ရှာကြရဦးမှာပဲ (မှန်ပါ့)၊ မရှာရပေဘူးလား (ရှာကြရပါ တယ် ဘုရား)။

ဝေဒနာကကြီးစိုးနေတယ်

ဪ ခင်ဗျားတို့ ဘယ်သူက ဒကာကြွယ်တို့၊ ဒကာ သစ်တို့ကို အုပ်ချုပ်နေပါလိမ့်မလဲ ဆိုလို့တော့ ဝေဒနာက နေပြီး သကာလ မင်းဘယ်သွား၊ မင်းဘယ်သွား၊ မင်းဘာလုပ် ဝေဒနာ ခြောက်မျိုးကနေပြီး ဘုန်းကြီးတို့ ဒကာ ဒကာမတွေ လှည့်ခိုင်းပြီး သကာလ မျက်လုံးဝေဒနာကလည်း ငါ ကောင်းကောင်း ဝေဒနာပေါ်ချင်တယ်၊ မင်းတို့ ရှာပါလား ငါကောင်း၊ ကောင်းမှကြည့်ချင်တယ် ဆိုပြီး ဝေဒနာက အစိုးရပြီး သကာလ နေပြန်တော့လည်း ဒကာသစ်တို့ ဒကာကြွယ်တို့မှာ ဒေါင်ခြာစိုင်း ပြေးရတယ် (စိုင်းရပါတယ် ဘုရား)၊ ဝေဒနာက ကြီးစိုးနေ တယ် (မှန်ပါ့)။

ဘယ်သူကကြီးစိုးနေသလဲ (ဝေဒနာက ကြီးစိုးနေပါ တယ် ဘုရား)။

ဪ ဒကာကြွယ် ဝေဒနိန္ဒြေ ဆိုတာပေါ်လာတယ် (မှန်ပါ့)၊ ဝေဒနာလည်း ဖြစ်တယ်၊ ဣန္ဒြေ ဆိုတာက ကြီးစိုး တယ် (မှန်ပါ့)၊ ဒီဒကာ ဒကာမတွေမှာ ဝေဒနာအုပ်ချုပ်ရေး ခံနေရတယ် (မှန်ပါ့)။

ဝေဒနာ့အုပ်ချုပ်ရေးခံနေရတယ်

ဘယ်သူ့ အုပ်ချုပ်ရေးခံနေရသလဲ (ဝေဒနာ့အုပ်ချုပ် ရေးခံနေရပါတယ် ဘုရား)။

ဦးလှဘူးရေ ကိုယ်က ကိုယ့်သားမယားက ကောင်း ကောင်းကြိုက်လို့ သူတို့ဝေဒနာကလည်း သား၊ လင်၊ ခင်ပွန်း နှိပ်စက်တာပဲ (မှန်ပါ့)။

သူတို့ကကောင်းကောင်းဝတ်ချင်တယ်၊ ကောင်းကောင်း ( စားချင်တယ်၊ သူတို့က ကောင်းကောင်း နေချင်တယ် ဆိုတော့ သူတို့ဝေဒနာကလည်း ဒကာသစ် နှိပ်စက်တာပဲ (နှိပ်စက်ပါ တယ် ဘုရား)။

ဒကာကြွယ် ဝေဒနာကကိုယ့်ဝေဒနာကနှိပ်စက်တာတစ် မျိုးသူများဝေဒနာက (နှိပ်စက်တာ တစ်မျိုးပါ ဘုရား)။

ဪ ဝေဒနာက တယ်ကြီးစိုးပါလား (ကြီးစိုး ပါတယ် ဘုရား)၊ ကိုယ့်ဝေဒနာက ကိုယ့်ကိုယ်ကိုလည်း နှိပ်စက် တယ် (မှန်ပါ့)၊ သွားတဲ့ လာဟေ့ ရောင်းတဲ့ ဝယ် တဲ့ (မှန်ပါ့ ဘုရား)။

ဒါမှနင်ကောင်းကောင်းနေရမှာပေါ့အစရှိသည်နဲ့ဝေဒနာ ခြောက်မျိုးကနေပြီး ဒကာ ဒကာမတွေ နှိပ်စက်ပြီး သကာလ နေ လိုက်တာ တချို့များမှာ အိုချိန်မရောက်ဘဲနဲ့ကို လူရုပ်မပီဘူး (မှန်ပါ့)။

ဝေဒနာ(၆)မျိုးကနှိပ်စက်နေတယ်

ဟ ဘယ်သူနှိပ်စက်တုံးလို့ ပြောလို့ရှိရင်ဖြင့် ဒကာ ဒကာမတွေ တဲ့ ဝေဒနာနှိပ်စက်လို့ဆိုတော့ ခင်ဗျားတို့သိ တဲ့ဝေဒနာက ဒုက္ခဝေဒနာတစ်လုံးတည်းပြောနေတာ (မှန် ပါ့)၊ မဟုတ်ပါဘူး ဒကာကြွယ်ရ မျက်လုံးဝေဒနာကလည်း ငါကြည့်ကောင်းအောင် မင်းလုပ်၊ နားဝေဒနာကလည်း ငါနား

ထောင်ကောင်းအောင် ရေဒီယိုတို့ ဘာတို့ မင်းဝယ်ပေးရ မယ် (မှန်ပါ့)၊ နားဝေဒနာကလည်း ဒကာသစ်တို့ ခိုင်းတာပဲ (ခိုင်းပါတယ် ဘုရား)။

နှာခေါင်းဝေဒနာကလည်း ဒီနေ ရာငါမနေချင်ပါဘူး နံတယ်စော်တယ်၊ မင်းဒီနေရာက ရွှေ့နိုင်တဲ့ အခြေအနေ ရောက်အောင် မင်းကြိုးစားလုပ်ပါ (မှန်ပါ့)၊ နှာခေါင်းဝေဒနာ ကလည်း (ခိုင်းပါတယ် ဘုရား)၊ ခိုင်းတာပဲသူက ကြီးစိုးနေ တယ် (မှန်ပါ့ ဘုရား)။

မအားအောင်ဘဲခိုင်းတယ်

လျှောဝေဒနာကလည်း ဒီဟင်း ဒီထမင်းဖြင့် မျိုမကျ ပါဘူး မင်းသည်ကားလို့ဆိုရင် အရှာညံ့လိုက်တာ ဆိုပြီး သကာလ ဒကာ ကြွယ်ရေမအားအောင်ပဲ ခိုင်းတယ် (မှန်ပါ့ ဘုရား)

ကိုယ်ဝေဒနာကလည်း ဒီအဝတ်၊ ဒီအထည်၊ ဒီကားမျိုး မစီးချင်ပါဘူး၊ ကြမ်းထော်ထော်နဲ့ အစရှိသည်နဲ့ အမြင်မကောင်း အသွားမကောင်းနဲ့ ခဏခဏလည်း ပြုပြင်ရဆိုပြီး ကိုယ်ဝေဒနာ ကလည်း ခိုင်းလိုက်တဲ့ ဖြစ်ခြင်းဟာ ရတဲ့ငွေဟာ သူဖြုန်းတာနဲ့ပဲ ဒကာသစ်ရေ ရှာလို့မအားဘူး (မအားပါ ဘုရား)။

ဘယ်ဝေဒနာကပါလိမ့် (ကိုယ်ဝေဒနာကပါ)၊ ကိုယ် ကကောင်းကောင်း ကြိုက်နေတာကိုး (မှန်ပါ့)၊ ရှင်းကြပါလား (ရှင်းပါပြီ)၊ ဘယ်သူက ကောင်းကောင်းကြိုက်နေ သတုံး (ကိုယ်က ကောင်းကောင်း ကြိုက်နေပါတယ် ဘုရား)။

ဒါ့ကြောင့် စက်ကြီးတွေ တည်ထောင်ပြီး သကာလ ရင်း၊ သင်္ဘောကြီးတွေ တည်ထောင်ပြီး သကာလ ရင်းလည်း မလောက်ဘူး (မှန်ပါ့)၊ လောက်ကြရဲ့လား (မလောက်ပါ ဘုရား)၊ လိုသာနေတာပဲ ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

တဏှာအရှင်သခင်ကဝေဒနာ

ဪ ခင်ဗျားတို့ ဒီဝေဒနာတွေကို နိုင်အောင်က မင်းဟာတို့ကို ဒါလောက်နှိပ်စက်တယ်၊ မင်းကဝေဒနာက နေပြီး တဏှာကို ကျေးဇူးပြုတတ် (မှန်ပါ့)၊ အဲဒီတော့ တဏှာက တို့ခိုင်းတယ်၊ တဏှာအရှင်သခင်က ဝေဒနာ (မှန်ပါ့)။

တဏှာအရှင်သခင်က (ဝေဒနာပါ)၊ ဒကာ ဒကာမတို့ ခင်ဗျားတို့ဝေဒနာဟာ သေးသေး သိမ်သိမ် မမှတ်လိုက်ပါနဲ့ (မှန်ပါ့)။

ဒကာကြွယ်ကြီးကို ဆံဖြူသွားကျိုး ငယ်မူတွေပျောက် အောင် မအားလပ်အောင် ပြေးလိုက်၊ လွှားလိုက်ခိုင်းနေတာ ဒကာသစ် လက်သည်မိပလား (မိပါပြီ ဘုရား)၊ ဘယ်သူပါလိမ့် ဗျာ (ဝေဒနာပါ)၊ အင်း ဒီဒကာ ဒကာမတွေကို ဝေဒနာ နှိပ်စက်နေတာ (မှန်ပါ့)။

သုခဝေဒနာနှိပ်စက်တယ်

ဒီဝေဒနာကသွားလိုက်၊ လာလိုက် ကျန်းကျန်းမာမာနဲ့ နှိပ်စက်တာက သုခဝေဒနာနှိပ်စက်တယ် (မှန်ပါ့)။

ကျန်းကျန်းမာမာ ရှိတုန်း နှိပ်စက်တာကတော့ (သုခ ဝေဒနာကနှိပ်စက်ပါတယ်)၊ သူက သုခဝေဒနာ ကကောင်း ကောင်းကြိုက်၊ ကောင်းကောင်းမြင်ချင်တယ်၊ ကောင်းကောင်း ကြားချင်တယ်၊ ကောင်းကောင်းစားချင်တယ်၊ ကောင်းကောင်းလှူ လိုက်ချင်တယ် (မှန်ပါ့ ဘုရား)။

ကောင်းကောင်း ကားစီးချင်တယ်၊ ကောင်းတဲ့အထည် မှ ဝတ်ချင်တယ်၊ ကောင်းတဲ့ ကြံလုံးကလေးတွေ့မှ စိတ်အေးလက် အေးနေချင်တယ် ဆိုပြီး သကာလ ဒီဝေဒနာခြောက်မျိုးကနေပြီး သကာလ ကျန်းမာတဲ့လူကို ဖင်ချပြီးနေရအောင်ကို အခွင့်မပေး ဘူး (မှန်ပါ့)၊ ဝေဒနာခြောက်မျိုးက, (မှန်ပါ့)၊ သဘောပါ ကြပလား (ပါ ပါပြီ ဘုရား)။

ဘယ်သူ ကြီးစိုးနေသတုံး

အင်း ဒကာကြွယ် ခင်ဗျားကို ဘယ်သူ ကြီးစိုး နေသတုံး (ဝေဒနာကြီးစိုးနေပါတယ်)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါ့ကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးကလည်း ဝေဒနိန္ဒြေကွတဲ့ (မှန်ပါ့)၊ ဝေဒနာလည်း ဟုတ်တယ်၊ ဣန္ဒြေလည်း ဟုတ်တယ်၊ ဣန္ဒြေဆိုတာကြီးစိုးတယ်၊ ဝေဒနာက ဝေဒနာ (မှန်ပါ့)၊ မင်းတို့ကို ဝေဒနာကကြီးစိုးနေတယ် (မှန်ပါ့)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒကာ ဒကာမတွေ ဘယ်သူက ကြီးစိုးနေပါလိမ့် (ဝေဒနာကကြီးစိုးနေပါတယ်)၊ ဒါမသိဘူး ဒကာ ဒကာမတွေ ငါ့အိမ်ငါမင်း၊ ငါ့ချင်းထင်နေတယ် (မှန်ပါ့) အံမာလေး ,ဖြစ်မှ ဖြစ်ရပလေ (မှန်ပါ့)။

ဒကာ ဒကာမတို့ အိမ်၊ ငါ့မင်း၊ ငါ့ချင်းကွ၊ လာမရှုပ်နဲ့၊ ကောင်းလဲငါပဲ၊ မကောင်းလဲငါပဲ၊ မင်းတို့ ဆရာ လာမလုပ်နဲ့၊ ငါ့ အိမ်၊ ငါ့မင်း၊ ငါ့ချင်းတဲ့ (မှန်ပါ)။

ကြွားများကြွားချင် လိုက်သေးတယ် (ကွာပါတယ်)၊ စင်စစ်သူ့ အပေါ် ဘယ်သူအုပ်ချုပ် နေသတုံး (ဝေဒနာအုပ် ချုပ်နေပါတယ် ဘုရား)။

ဝေဒနာခြောက်မျိုးအောက်မှာ

မျက်လုံးဝေဒနာက အုပ်ချုပ်တာတစ်မျိုး၊ နားဝေဒနာက အုပ်ချုပ်တာတစ်မျိုး၊ မနောဝေဒနာ ဆိုတာက အုပ်ချုပ်တာ တစ်မျိုးဆိုတော့ သူဘယ်သူ့ လက်အောက်မှာ ရောက်နေသတုံး ဒကာကြွယ်ရေ (ဝေဒနာလက်အောက်မှာရောက်နေပါတယ်)

ဝေဒနာ ခြောက်မျိုးအောက်မှာ ကျွန်သပေါက်ဖြစ်နေတယ် (မှန်လှပါ)

ဝေဒနာခြောက်မျိုးအောက်မှ (ကျွန်သဘောက် ဖြစ် နေပါတယ် ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါကြောင့် မြို့ထဲရွာထဲမှာ ဒကာ ဒကာမတွေလျှောက် ကြည့်စမ်းတဲ့ ဟိုအိမ်မှာလည်း မအားကြဘူး၊ ဟိုဘက်က အိမ် ကြည့်ပြန်လဲ (မအားပါ ဘုရား)။

ဟ ဘာဖြစ်လို့ ဒီဟာတွေ မအားကြပါလိမ့်မတုံး ဆိုတော့ ဒီထက်ချမ်းသာချင်လို့ဘုရာ့ (မှန်ပါ့ ဘုရား)။

ဒိထက် ချမ်းသာချင်လို့ဆိုတော့ ချမ်းသာတဲ့ ဝေဒနာက သွားတဲ့၊ လာဟဲ၊ ပြောတဲ့၊ ဆိုတဲ့ မခိုင်းဘူးလား (ခိုင်းပါတယ် ဘုရား)၊ ဒကာကြွယ်ပေါ်ပလား (ပေါ်ပါပြီ ဘုရား)၊ ဘယ်သူ ကနှိပ်စက် နေတာတုံး (ဝေဒနာက နှိပ်စက်နေတာပါ ဘုရား)။

ကျွန်မှန်းမသိလို့ပြုံးတယ်

သို့သော် ခင်ဗျားတို့က နှိပ်စက်နေတယ် မထင်ဘူး ကျန်းမာတုန်း ကြိုးစားလုပ်ရလိမ့်မယ်တဲ့ (မှန်ပါ့)၊ အံမာ ခင်ဗျားတို့က ပြုံးပြုံး ပြုံးပြုံးနဲ့ (မှန်ပါ့ ဘုရား)။

ပစ္စည်းကလေးများရှာလို့ တစ်ရာရင်းရာမှာ တစ်ဆယ် လောက်များ မြတ်နေမယ်ဆိုလို့ရှိရင် ဝေဒနာက ခိုင်းမှန်းလည်း မသိဘူး (မသိပါဘူး)၊ ပြုံးနေတာပဲ (ပြုံးနေတယ် ဘုရား)၊ ဒကာကြွယ် ဘယ့်နှယ် ဘာဖြစ်လို့ ပြုံးတာတုံးဗျ ကျွန်မှန်းမသိ လို့ပေါ့ဗျာ (မှန်လှပါ ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘာဖြစ်လို့ ပြုံးကြသတုံး (ကျွန်မှန်းမသိလို့ ပြုံးကြပါ တယ်)၊ သူ့အထက်က အုပ်ချုပ်နေတယ် ဘယ်သူပါလိမ့် (ဝေဒနာပါ ဘုရား)။

မျက်လုံးဝေဒနာ

ဟေ့ ငါ ကောင်းကောင်းကြည့်ချင်တယ်ဆိုတော့ မျက်လုံးက ကောင်းကောင်းကြည့်ချင်တယ်၊ ဒီအိမ်ဟာ ပြိုတော့ မယ် တစ်ထပ်တည်းဖြစ်နေတယ်၊ နှစ်ထပ်ဖြစ်အောင် သူများက နှစ်ထပ် ဖြစ်နေတယ်၊ ကိုယ်ကကြားထဲမှာ ဒီလိုဆိုတော့ နေရာ မကျဘူး နှစ်ထပ်ဖြစ်ပြန်လို့ ရှိရင်လည်း ကျဉ်းသေးတယ် အစရှိ သည်နဲ့ မျက်လုံးက ကြည့်မကောင်းသေးဘူး (မှန်ပါ့)။

မျက်လုံးဝေဒနာ ခိုင်းတာနဲ့ ဒကာသစ် မအားပါဘူး (မအားပါ ဘုရား)၊ နားဝေဒနာခိုင်းလို့ကော (မအားပါ)၊ နှာခေါင်းဝေဒနာခိုင်းလို့ကော (မအားပါ ဘုရား)။

ဒါဖြင့် ဟိုဘက်အိမ်က ဒီဘက်အိမ်ပြေး၊ ဟိုမြို့ကဒီမြို့ သွားရှာကြဖွေကြတယ်၊ ပြေးလွှား နေကြတာ ဘယ်သူ့ကျွန်တွေ လဲ (ဝေဒနာကျွန်တွေပါ ဘုရား)၊ ဒကာကြွယ် ပေါ်ပြီဗျ (ပေါ်ပါတယ် ဘုရား)။

အိမ်တွင်းပဋိစ္စသမုပ္ပါဒ်

ဒါ အိမ်တွင်း ပဋိစ္စသမုပ္ပါဒ်စ,နေတာ ဒကာ ဒကာမ တို့ (မှန်ပါ့)၊ ဘာပဋိစ္စသမုပ္ပါဒ်တုံး (အိမ်တွင်း ပဋိစ္စ သမုပ္ပါဒ်ပါ ဘုရား)။

ပြီးတော့မှ ဝေဒနာပစ္စယာ တဏှာလာရမှာ ဝေဒနာအ ကြောင်း ကောင်းကောင်းသိပြီးတော့မှ ဪ သူ့ကြောင့် တို့သန္တာန်မှာ တဏှာတွေများပြီး ရှာဖွေနေရတာကိုးဆိုတာ ပေါ်လာတယ် (မှန်ပါ့ ဘုရား)။

ဝေဒနာ ကြီးစိုးလိုက်တာ ဒကာ ဒကာမတို့ ခင်ဗျားတို့ လူလားမြောက်ကတည်းက အားကို မအားဘူး ဒကာကြွယ်ရေ (မအားပါ)၊ အင်း ဘယ်သူက ခိုင်းနေပါလိမ့် (ဝေဒနာက ခိုင်းနေပါတယ် ဘုရား)။

မကျန်းမာတုန်းကျတော့ ဒုက္ခဝေဒနာ

ကျန်းမာတုန်းကတော့ သုခဝေဒနာက ခိုင်းတယ် (မှန်ပါ)၊ မကျန်းမာတုန်းကျတော့ ဒုက္ခဝေဒနာက ငါ့ကုတဲ့၊ ငါ့ကုတဲ့၊ ဘယ်လောက်ကုန်ကုန်ရှာတဲ့၊ ငါပျောက်ဖို့ အရေးကြီးတယ်ဆို ပြီး ဒုက္ခဝေဒနာက မကျန်းမာတုန်းကျပြန်တော့ သူက ပိုအရှာ ခိုင်းတယ် (မှန်ပါ့ ဘုရား)။

အင်း သုခဝေဒနာနဲ့ ဒုက္ခဝေဒနာ ဒကာကြွယ် ဘယ်ဟာကြောက်စရာ ကောင်းသတုံး (သုခဝေဒနာက ကြောက်စရာ ကောင်းပါတယ် ဘုရား)။

ဟာ ဒုက္ခဝေဒနာက တစ်ခါတလေမှ မမာမှသူကခိုင်း တာ (မှန်ပါ့)၊ ရိပ်မိလား (ရိပ်မိပါပြီ)၊ သုခဝေဒနာက ကျန်းမာတုန်းမှာဖြင့် နွားလိုခိုင်းနေတာပဲ (မှန်ပါ့)၊ ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား)။

ကျန်းမာတုန်း နွားလိုစိုင်းအော သုခဝေဒနာ တွင် သုခဝေဒနာကတော့ (ကျန်းမာတုန်း နွားလိုခိုင်းနေ ပါတယ် ဘုရား)၊

ဦးလှဘူးရေ သုခဝေဒနာက ပင်စင်မပေးချင်ဘူး (မပေးပါ)၊ ဒုက္ခဝေဒနာကမှ ပင်စင်ပေးချင် ပေးလိမ့်ဦးမယ် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အံမလေး ဘုန်းကြီးက ဒကာ ဒကာမတွေ စဉ်းစားမိ ကြရဲ့လား၊ ဒီဝေဒနာက လှည့်ပြီး တော်တော်ကြာ ဟိုဝေဒနာ က ဒီအဝတ်၊ ဒီအစားနဲ့ တော်ပြီဆိုလို့ရှိရင်ဖြင့်တဲ့ မျက်လုံး ဝေဒနာက အဝတ်အစားတော့ တော်ပါပြီ၊ အနေအထိုင်က လို သေးတယ် (မှန်ပါ)၊ အင်း မျက်လုံးဝေဒနာက တိုက်နဲ့ တာနဲ့ဖြစ်အောင်လုပ်ပေးဦး သူက ပြောပြန်တယ် (ပြော ပါတယ် ဘုရား)။

ဘယ်သူများ နှိပ်စက်နေပါလိမ့်

ဒကာသစ် အားသေးသလား (မအားပါ)၊ မအားပေ မယ့် ဘယ်သူ့ကြောင့်လို့ ခင်ဗျားတို့က လက်သည်ရှာမတွေ့ ဘူး (မတွေ့ပါ)၊ ဒါလောက်တောင်နှိပ်စက်နေတာ နေ့လည်း မအား ညလည်း မအားနဲ့ ဘယ်သူများနှိပ်စက်နေပါလိမ့်မတုံးလို့ ဒကာကြွယ်တို့က လက်သည်မရှာဘူး (မရှာပါ ဘုရား)။

ဘာရှာတတ်မလဲတဲ့ ဒကာ ဒကာမတို့ ကိုယ့်ခန္ဓာမှာ ဝေဒနာတွေ ပေါ်နေတာမှ ဝေဒနာမှန်း မသိ၊ ဒီဝေဒနာတွေပေါ် တာမှ မသိတော့ နှိပ်စက်တာသိဖို့ အတော်ခဲယဉ်းတယ် (ခဲယဉ်းပါတယ် ဘုရား)။

ဝေဒနာပေါ်တာမှ မသိရင် နှိပ်စက်တာသိဖို့ (ခဲယဉ်း ပါတယ် ဘုရား)။

ဝိပသနာမပါရင် မသိနိုင်ပါ

အဲ ဝိပဿနာမပါလို့ရှိရင်ဖြင့် ပေါ်တာလည်းမသိ၊ နှိပ် စက်တာလည်းမသိ (မှန်ပါ့ ဘုရား)။

ဒကာကြွယ် ကျုပ်တို့ခင်ဗျားတို့ ခန္ဓာထဲဝေဒနာခြောက်မျိုး ရှိတယ် (မှန်ပါ)။

ဒကာသစ် ဝေဒနာဘယ်နှမျိုးပါလိမ့် (ခြောက်မျိုးပါ)၊ အင်း ဒါတွေက ဒကာသစ်တို့ကို နေ့မအား ညမအား သုခဝေဒနာ တွေကလေ (မှန်ပါ့)၊ ကျန်းမာတုန်း ကြိုးစားလုပ်ပေး၊ ကျန်းမာတုန်း ကြိုးစား လုပ်ပေးတဲ့ (မှန်ပါ့)၊ အင်း ဘယ် သူကခိုင်းတာတုံး (ဝေဒနာက ခိုင်းတာပါ)၊ ဘယ်ဝေဒနာပါ လိမ့် (သုခဝေဒနာပါ) ကျန်းမာတုန်း ကျွန်သပေါက် လုပ်တာ သုခဝေဒနာပဲ (မှန်ပါ့)၊ ရှင်းပလား (ရှင်း ပါပြီ ဘုရား)။

ကျန်းမာတုန်း ကျွန်သပေါက်လုပ်နေတာ (သုခ ဝေဒနာပါ ဘုရား)။

ကျန်းမာတုန်း ကျွန်ဖြစ်နေတာမသိဘူး

ဒါ ဘုန်းကြီးတို့ ဒကာ ဒကာမတို့ ကျန်းမာတုန်းတော့ လုပ် ရလိမ့်ဦးမယ်၊ ကိုင်ရလိမ့်ဦးမယ်၊ နောင်မကျန်းမာတော့ မခက်ဘူး လား (မှန်ပါ့)၊ အံမလေး ကျန်းမာတုန်း ကျွန်ဖြစ်နေတာတော့ သူ အခက်ရယ်လို့ မသိဘူး (မှန်ပါ့ ဘုရား)။

ကျန်းမာတုန်း ကျွန်ဖြစ်နေတာ ဒကာကြွယ် ဒီအခက်ကော သေးသလား-ကြီးသလား (ကြီးပါတယ် ဘုရား)။

ကျန်းမာတုန်း နေ့မအား,ညမအားနဲ့ ထမင်းနှစ်ထပ်ကို တစ်ထပ်တည်းပေါင်းစားဟေ့ (မှန်ပါ့)၊ အိပ်တာလည်း လျှော့ အိပ်ပျော့၊ အအိပ်တွေ, အနေတွေလျှော့၊ ဘာကြောင့်တုံး ဆိုတော့ လသာတုန်း ဗိုင်းငင် ရတုန်းလုပ်ရတာ (မှန်ပါ့)၊ အငတ် ထားများခိုင်းလိုက်သေးတယ် (ခိုင်းပါတယ်)၊ ဘယ်သူပါလိမ့်ဗျာ (သုခဝေဒနာပါ) ဒကာကြွယ်တို့က ပြုံးများလုပ်ဖော် ရနေတယ် (မှန်ပါ ဘုရား)၊ အတော် ခက်နေပါပေါ့လား (မှန်ပါ့ ဘုရား)။

အမလေးကြောက်စရာကြီးပါလား

နောက်က ဒကာ ဒကာမတွေ ကျန်းမာတုန်း လုပ်ရတာ ပျော်လို့ ရွှင်လို့လား (ပျော်ပါတယ်)၊ ပျော်တယ်- ပျော် တယ် (မှန်ပါ့)၊ အံမလေး ကြောက်စရာကြီးပါ ကလား (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ ဒီလိုမသိပြီဆိုမှဖြင့် ဒကာသစ်ရေ မသိ တာ အခက်ဆုံးပဲ (ခက်ပါတယ်)၊ မသိတော့ကို ခိုင်းတဲ့အရှင် သခင်ကို ကျုပ်တို့က ပြန်မသတ်တတ်ဘူး (မှန်ပါ့)၊ ပြန်မ သတ်တတ်တော့ ကျွန်သပေါက်အဖြစ်နဲ့ သေရုံပဲရှိတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

သူ့ကို မသတ်တတ်တော့ ဘာတုံး (ကျွန်သပေါက်အ ဖြစ်နဲ့ သေရုံပါ)၊ သူခိုင်းတာလုပ်ပြီး သကာလ သူက မဂ်တား,ဖိုလ် တားခိုင်းတယ်၊ သေတဲ့အထဲ တွန်းချလည်း ဪ ငါဘာ့ကြောင့် ပါလိမ့်၊ ကံမကောင်းလို့ ထင်တယ် (မှန်ပါ့)၊ ဘယ် ဟုတ်လိမ်မတုံး ဗျ ကြီးပွားချင်တဲ့ ဝေဒနာကခိုင်းတာ (မှန်ပါ့ ဘုရား)။

ချမ်းသာချင်တဲ့ ဝေဒနာကခိုင်းလို့

ရောဂါက နှိပ်စက်လို့ ဒီငှက်တော ခွေးတောသွားပြီး သကာလ အစားမှား၊ အနေမှား၊ ဥတုမှားတွေထဲ မတတ်သာလို့ သွားပြီး သေကြရတာသည် သူ့ဟာ သူစိတ်ကူးမေးကြည့်ပါ၊ မင်း ဘာကြောင့် ဒီအရပ်လာပြီး သကာလ ဒီဝေဒနာတောထဲမှာ မင်း ဘာဖြစ်လို့ အသေခံရသတုံးဆိုတော့ ဒီအရပ်မှာ ရွှေရှာ၊ ငွေရှာ ကောင်းလို့ လာခဲ့ရပါတယ်ဆိုတော့ ချမ်းသာချင်တဲ့ ဝေဒနာက ခိုင်းလိုက်လို့ ဒီမှာသေပွဲဝင်ရတယ် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ချမ်းသာချင်တဲ့ဝေဒနာက ခိုင်းတာနဲ့ (သေပွဲဝင်ရပါ တယ် ဘုရား)။

ပြီးတော့ ဒကာကြွယ်တို့က စွဲချက်မှားလိုက်သေးတယ်၊ ဪ သေတာများ နေရာမရွေးဘူး၊ ကံကပစ်ချင်တဲ့ နေ ရာပစ်ချလိုက်တာပဲ (မှန်ပါ့)၊ ဖြစ်မှဖြစ်ရပလေ၊ ကံကပစ်ချချင် တဲ့နေရာ ပစ်ချတာလား ခင်ဗျားတို့ သဘောနဲ့ ခင်ဗျားတို့ သွားတာလား ပြောပါဦး (တပည့်တော်တို့သဘောနဲ့ တပည့်တော်တို့ သွားတာပါ)၊ ဒါဖြင့် ဝေဒနာသဘောနဲ့ သွားတာ ပါ (မှန်ပါ့ ဘုရား)။

ကံကစီမံရေးမှာ မပါပါဘူး

ကံက ဒီနေရာမသွားနဲ့၊ ဒီနေရာသွား သေလိမ့်မယ်လို့ ဒီလို ကံက စီမံရေးမပါပါဘူး (မှန်ပါ့)၊ ဟိုနေရာသွားလို့ရှိရင် သုခ ဝေဒနာက ဟိုသွားရှာမှ ဒီမှာတိုက်နဲ့တာနဲ့ ကားနဲ့ စိန်နဲ့ ရွှေနဲ့ နေ နိုင်မှာ အဲဒီတော့ မင်း ဟိုသွားဆိုတော့ ဝေဒနာက ခိုင်းတာ (မှန်ပါ့ ဘုရား)။

ဒကာကြွယ် ဘယ်သူကခိုင်းတာတုံး (ဝေဒနာက ခိုင်း တာပါ ဘုရား)။

ခုတ်ရာတခြား ရှရာတခြား

အဲဒီတော့ ဝေဒနာကခိုင်းလို့ သေကြကြေကြတဲ့အခါကျ တော့ ဒကာသစ်တို့က စွဲချက်ဘယ်သူ့ ထင်လိုက်သတဲ့ (ကံ ပဲ အောက်မေ့ပါတယ်)၊ ဪ ခုတ်ရာတခြား ရှရာတခြားပေါ့ (မှန်ပါ ဘုရား)။

ဘယ့်နှယ်နေသတုံး ဆရာဝန်ကြီး ကဲ (ခုတ်ရာ တခြား ရှရာတခြားပါ) စင်စစ် သူချမ်းသာချင်တဲ့ ဝေဒနာကခိုင်းလို့ သွားတာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဘယ်သူကခိုင်းတာတုံး (ချမ်းသာချင်တဲ့ဝေဒနာ ခိုင်း ပါတယ်)၊ ဒါဖြင့် ဝေဒနာသတ်လို့သေတာ (မှန်ပါ့)၊ ရှင်းကြ ပလား (ရှင်းပါပြီ ဘုရား)။

အဲဒါကြောင့် ခင်ဗျားတို့ ဝေဒနာနုပဿနာနှလုံးသွင်းစမ်း ပါ၊ နို့မဟုတ်သူက ကျွန်သပေါက် လုပ်ပြီး သေခြင်းဆိုးတွန်းနေ တာ (မှန်ပါ့ ဘုရား)၊ ပေါ် ပလား (ပေါ်ပါပြီ ဘုရား)၊ ဝေဒနာ က အတော်ကြီးကျယ်သနော် (ကြီးကျယ်ပါတယ် ဘုရား)။

သုခဝေဒနာက သာပြီးကြောက်စရာ

ဒကာကြွယ် ဒါဖြင့် သုခဝေဒနာနဲ့ ဒုက္ခဝေဒနာ ဘယ်ဟာ သာပြီး ကြောက်စရာကောင်းသတုံး (သုခဝေဒနာ သာပြီး ကြောက်စရာကောင်းပါတယ် ဘုရား)။

အိုး ခင်ဗျားတို့ကသာ အခုတရားပြောလို့ ကြောက် စရာကောင်းတာ (မှန်ပါ့)၊ ခင်ဗျားတို့က ချမ်းသာမယ် ဆိုလို့ ရှိရင်ဖြင့် မိုးပျံရ-ပျံရထဲက ခင်ဗျားတို့က သိပ်ကျေနပ်နေတာ (ကျေနပ်ပါတယ်)၊ သုခဝေဒနာများ မကြောက်ဘူး ခင်ဗျားတို့ (မကြောက်ပါ ဘုရား)။

ဒကာကြွယ် ဘယ့်နှယ်တုံး သုခဝေဒနာဟာ သူသတ်လို့ – သေတာကများတယ် (များပါတယ် ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

စင်စစ်တော့ ခင်ဗျားတို့က သုခဝေဒနာကို အကြိုက် (ကြိုက်ပါတယ် ဘုရား)၊ ခိုင်းစေပြီး သကာလ အသေတွန်းတာကတော့ ဒကာသစ်ဘယ်သူက များသတုံး (သုခဝေဒနာက များပါတယ် ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ)။

ဪ ဒါဖြင့် ဒီဒကာ ဒကာမတွေမှာ ချမ်းသာတာ အလိုရှိတဲ့ဝေဒနာက အသေခိုင်း၊ အနာခိုင်း၊ အအိုခိုင်းတယ် (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သုခနဲ့ ဒုက္ခ ဘယ်ဟာကကြောက်စရာ

ဒါဖြင့် သုခနဲ့ဒုက္ခ ဒကာကြွယ်ဘယ်ဟာက ကြောက်စရာ ကောင်းပါလိမ့် (သုခက ကြောက်စရာ ကောင်းပါတယ် ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဟုတ်ရဲ့လား ဒကာသစ် ဉာဏ်ထဲမှာ ရှင်းမှနော် (မှန်ပါ့)၊ အားလုံး ဒကာ ဒကာမတွေ နေ့မအား ညမအား ကျန်း မာတုန်းကို တစ်ခါတည်း အမောဆိုက်အောင်ခိုင်းနေတာ ဘယ် သူတုံး (သုခဝေဒနာပါ ဘုရား)။

မအိပ်နဲ့ကွ၊ မင်းအစားလည်းလျှော့စား၊ တွေ့ရာကြုံရာနဲ့ စားကွ၊ ငွေရှာတဲ့အခါဆိုတာ ငွေရှာတာနဲ့ တူအောင်နေရ တယ် (မှန်ပါ့)၊ မကွာပါနဲ့ဦး၊ မဝါပါနဲ့ဦး၊ နောက်ချမ်းသာတဲ့ အခါကျတော့ နေတာပေါ့ ဆိုတော့ ချမ်းသာချင်တဲ့ဝေဒနာက နေပြီး အငတ်လည်းထားလိုက်တာပဲ (မှန်ပါ့)။

ချမ်းသာချင်တဲ့ ဝေဒနာက (အငတ်ထားပါတယ် ဘုရား)၊ သေတွင်းကိုလည်း တွန်းချသေးတယ် (မှန်ပါ့)။

သေတွင်းကိုကော (တွန်းချပါတယ် ဘုရား)၊ ဘယ်သူ ပါလိမ့် (သုခဝေဒနာ ပါ ဘုရား)၊ သုခဝေဒနာ ဆိုတာ၊ သေချာပလား (သေချာပါပြီ ဘုရား)။

အံမလေး ဒကာ ဒကာမတွေမသိလို့ ဒီနေ့သုခဝေဒနာ ဟာ အိမ်တွင်း ပဋိစ္စသမုပ္ပါဒ်ကို သူကစ,တာနော် (မှန်လှပါ)၊ ဘယ်သူက စပါလိမ့် (သုခဝေဒနာက စပါတယ် ဘုရား)၊ သုခ ဝေဒနာကစ,တယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒကာကြွယ် ဒါဖြင့်ခင်ဗျားတို့ တစ်ခါ သုခဝေဒနာက နှိပ် စက်တာ ဟိုအိမ်,ဒီအိမ်မအားတာတွေ ကြည့်လို့ရှိရင် ဘာ့ကြောင့် မအားသတုံး လို့ ဒကာသစ် သွားမမေးနဲ့ (မှန်ပါ့)၊ ချမ်းသာချင်လို့ (မှန်ပါ့)။

ဘာ့ကြောင့် မအားကြပါလိမ့်

ဘာ့ကြောင့် မအားကြပါလိမ့် (ချမ်းသာချင်လို့ပါ ဘုရား)၊ ချမ်းသာချင်လို့ပဲ (မှန်ပါ့)၊ ချမ်းသာ တာက ဘာဝေဒ နာတုံး (သုခဝေဒနာပါ ဘုရား)၊ အဲဒါကြောင့် မအားတာ (မှန်ပါ့)၊ ဒါကြောင့် မအားကြတာ ဆိုတာ ရိပ်မိကြ ပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဒီဒကာ ဒကာမတွေမှာတဲ့ အိမ်ကို မနေနိုင် လောက်အောင် တစ်ခါတည်း အမောဆိုက်ပြီး ဟပ်ထိုးများ လဲ လာအောင် ခိုင်းနိုင်တဲ့သဘောကဖြင့် ရှင်ဘုရင်က ဒါလောက် မခိုင်းပါဘူး (မခိုင်းပါ ဘုရား)၊ ရှင်ဘုရင်ကတော့ လူတွေခိုင်း လို့ရှိရင်ဖြင့် တော်တော်ကြာ အကုန်သူတို့ကစုပြီး တော်လှန်မှာ စိုးတယ် (မှန်ပါ့) ဆိုပြီး သကာလ လူထုတိုက်ပွဲလုပ်မှာ စိုးတဲ့ အတွက် ရှင်ဘုရင်က လျှော့ရသေးတယ် (မှန်လှပါ ဘုရား)။

အို ဒီဝေဒနာကတော့ လူစေ့ တက်စေ့ ခိုင်းထားတာ ဘယ်သူမှ မသိဘူး (မသိပါ ဘုရား)၊ ဟိုအိမ်မှာလည်း သူကြီး စိုးနေတာပဲ (မှန်ပါ့)၊ ဒီအိမ်မှာကော (သူကြီးစိုးနေတာ ပါ ဘုရား)၊ ဘယ်အိမ်ကများ တော်လှန်တယ်လို့ ပါရဲ့လား (မပါပါ ဘုရား)၊ အို တော်လှန်ရင် အကုန်နိဗ္ဗာန်ရောက် ကုန်ပြီ (မှန်ပါ့ ဘုရား)။

အိုတဲ့ပုဂ္ဂိုလ်လည်း ပင်စင်မပေးဘူး

အခုတော့ ဒကာသစ်တို့က ခေါင်းငုံ့များ နေလိုက်သေး တယ် (မှန်ပါ့)၊ ခေါင်းငုံ့ထားတော့ကော ဒကာကြွယ်ရေ အိုတဲ့ပုဂ္ဂိုလ်များ မခိုင်းဘူးလို့ ထင်သေးသလား (မထင်ပါ ဘုရား)၊ အံမာ အိုခိုင်း ခိုင်းနေတာ (မှန်ပါ့)၊ ပင်စင်ပေးသေး ရဲ့ လား (မပေးပါ ဘုရား)၊ မပေးဘူးဗျ၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

အံမာ အိုတဲ့ပုဂ္ဂိုလ်လည်း အင်း သားသမီးများ စိတ်ချမ်းသာအောင် ကိုယ်က ကလေးထိန်း ပေးဦးမယ်က လာ သေးတယ် (မှန်ပါ့)၊ မလာဘူးလား လာသလား (လာပါ တယ် ဘုရား)၊ ဝေဒနာဗျ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါ ပြီ ဘုရား)။

ဒါဖြင့် သုခဝေဒနာက ဘယ်လောက်ထိအောင် ခိုင်းတယ် ဆိုတာဖြင့် ဒကာကြွယ်နေ ပြောစရာမရှိဘူး၊ ကြောက်စရာ ကောင်းတယ် (ကောင်းပါတယ် ဘုရား)။

ဒါက ပစ္စုပ္ပန်မှာ ဒုက္ခပေးတာ သေပွဲကျအောင်ပေး တယ် (မှန်ပါ့)၊ အနာဂတ်ပေးလိမ့်ဦးမယ် နားထောင်ပါ (မှန်ပါ့ ဘုရား)။

နတ်ပြည်ရောက်အောင် ဒါနလုပ်ပါဦး

အနာဂတ် ပေးလိမ့်ဦးမယ်တဲ့၊ သုခဝေဒနာက မင်း ဘဝ ချမ်းသာတာ နည်းနည်းကလေး ရှိသေးတယ်၊ သိန်းကိုးသောင်း ပဲရှိသေးတယ်၊ နတ်ပြည်ဆိုတာကွာ ဥယျာဉ်ဗိမာန်တစ်ခု အဖိုး မဖြတ်နိုင်ပါဘူး၊ ဘုံနန်းဆိုတာ စိန်တိုင်၊ ရွှေတိုင်၊ မြတိုင်တွေနဲ့ အဲဒီရောက်အောင်လည်း မင်းသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဒါန သီလကလေး လုပ်ပါဦးလား (မှန်လှပါ ဘုရား)၊

အင်း သုခဝေဒနာကပြတယ် (မှန်ပါ့ ဘုရား)၊ ပြ ခိုင်းတော့ ဒကာ ဒကာမတို့က ဟုတ်ထင်ပါရဲ့ ဆိုပြီး ရွှေဘုံ၊ ရွှေ နန်းရအောင် လုပ်လိုက်ပြန်တော့ ဟိုသွားပြီး သကာလ နတ်အိုပွဲ နတ်ပွဲတွေ ခင်းရ မခင်းရ (ခင်းရပါတယ် ဘုရား)။

အင်း ဘယ်ဝေဒနာကနေပြီး သေပွဲပေးလိုက်ပါ လိမ့် (သုခဝေဒနာကနေပြီး သေပွဲပေး လိုက်ပါတယ် ဘုရား)။

ဒကာကြွယ် ဝေဒနာက ဒီတင် နှိပ်စက်လို့ အားမရလို့ ဟိုပြုပြီး နှိပ်စက်ပြန်ပြီ (မှန်လှပါ)၊ ရှင်းပလား (ရှင်းပါ ပြီ ဘုရား)။

ဒီတရားမျိုး မနာဖူးဘူး

အံမလေး ဒကာ ဒကာမတွေ ဒီတရားမျိုးလည်း တစ် ခါမှ နာဘူးမှာ မဟုတ်ဘူး (မနာဘူးပါ ဘုရား)။

ဒကာကြွယ် ဒါလောက်နှိပ်စက်တာလည်း ခေါင်းကိုမပြု နိုင်ဘူး (မှန်လှပါ ဘုရား)၊ လက်သည်လည်း မပေါ်ဘူး (မပေါ်ပါ ဘုရား)။

ဒကာသစ် ဒီနေ့လက်သည် ပေါ်ပြီဗျ (ပေါ်ပါပြီ ဘုရား)၊ အင်း ဘာဖမ်းမိသလဲ (သုခဝေဒနာ ဖမ်းမိပါ တယ် ဘုရား)။

သုခဝေဒနာ ဖမ်းမိတယ် တဲ့၊ ရှေးကဘယ်တော့မှ မဖမ်းတတ်ဘူး (မှန်ပါ့)၊ ဘယ်ဖမ်းတတ် လိမ့်မတုံး၊ သူက ခိုင်း လည်းခိုင်းသေးတယ် ဒကာ ဒကာမတွေကို တဲ့ ပင်ပန်းမှန်း လည်းမသိအောင် ချော့ခိုင်းနေတယ် (မှန်ပါ့)။

ဟော မင်းတော့ဖြင့် မင်းကတော့ဖြင့် ယောက်ျားပဲ တစ်ကိုယ်ရေ တစ်ကာယ ဘာဝတ်ဝတ်- ဘာစားစား ဘာကိစ္စ ရှိသတုံး၊ မင်းစိတ်နဲ့ မင်းတော့ချမ်းသာသားပဲ၊ မင့်သား မယားတွေ မျက်စိသူငယ်ဖြစ်နေရင် ဘယ့်နှယ်လုပ်မလဲ တဲ့။ သူက ဒီအသွားနဲ့ ခိုင်းတာ (မှန်ပါ့)။

ကျွန်ပီပီဟုတ်တယ်ထင်ပါရဲ့တဲ့

ဒီအသွားနဲ့ခိုင်းတော့ ခင်ဗျားတို့ကလည်း ကျွန်ပီပီ ဟုတ် ထင်ပါရဲ့၊ ကိုယ့်အတွက်ကတော့ ကိစ္စမရှိဘူး၊ သူတို့ အတွက်က အရေးကြီးနေတယ် (မှန်လှပါ)၊ အစရှိသည်နဲ့ ဒကာကြွယ်တို့က သွားပြီကော (မှန်ပါ့)၊ မလုပ်ဘူးလား (လုပ်ပါတယ် ဘုရား)။

အင်း ကိုယ့်အတွက် လုပ်ရတာနဲ့ သူများအတွက် လုပ်ရတာနဲ့ ဘယ်ဟာက များသတုံး (သူများ အတွက်က များပါတယ် ဘုရား)။

ဒါဖြင့် သူများချမ်းသာစေချင်လို့သူများ ချမ်းသာစေချင် တာကလည်း ကိုယ့်နှိပ်စက်တာပဲ (မှန်ပါ့)၊ ကိုယ်ချမ်းသာချင် တာကလည်း ကိုယ့်နှိပ်စက်တယ် (မှန်ပါ)။

အဲဒီတော့ ဒီလိုမှမလုပ်-ဘယ်နှယ့်လုပ်မလဲ တဲ့၊ လက် သည်မဖမ်းဘူး ခင်ဗျားတို့ (မှန်ပါ့)၊ ဖမ်းသေးသလား (မဖမ်းပါဘူး)။

ဒီလိုမှ မလုပ်ရင် ဘယ့်နှယ်လုပ်မလဲဘုရာ့၊ အေး ဘယ့်နှယ်မှ မလုပ်လည်း နေရုံပဲကွာ (မှန်ပါ ဘုရား)၊ ဘုန်း ကြီးပြောလည်း ဒါပြောရုံပဲရှိတယ် (မှန်ပါ ဘုရား)။

စင်စစ်တော့ သေသေချာချာ ပြောရမှာက ဒကာသစ်တို့ ဒကာကြွယ်တို့ ဒီဝေဒနာကို ခင်ဗျားတို့က နိုင်ရင်နိုင်၊ မနိုင်ရင် သူက ကြီးစိုးသွားလိမ့်မယ် (မှန်ပါ ဘုရား)။

ခင်ဗျားတို့က နိုင်ရင်နိုင်၊ မနိုင်ရင် ဘာတုံး (သူက ကြီး စိုးသွားမှာပါ ဘုရား)။

ဝေဒနာကို အသေထိုးရလိမ့်မယ်

အဲဒီတော့ ခင်ဗျားတို့က ဝေဒနာကို အသေအလဲထိုးရ လိမ့်မယ်၊ သူက အနိစ္စဝိပဿနာ ရှုလိုက်လို့ရှိရင်ဖြင့် သူခိုင်းတဲ့ အလုပ်တွေဟာ အကုန်ကျုပ်တို့နားရမယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အခုတော့ ဝေဒနာက ခိုင်းတယ်ဆို မသိမသာသုခဝေဒနာ က ခိုင်းနေတဲ့ဥစ္စာကို ချမ်းသာချင်လို့ သူကနေ တိုးတိုး-တိုးတိုး ပြီး သကာလ အရင်တစ်သိန်းရင်းလို့ရှိရင် ဆယ်သိန်းရင်းနိုင် လောက်အောင် ဒါမှ မင်းလျှာထွက်သေမှာကိုး၊ အမောဆိုက်ပြီး တော့ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒကာကြွယ် ဒီလိုများ ခိုင်းတာကျတော့ သိသေးရဲ့ လား (မသိပါ ဘုရား)၊ သူကများများနဲ့ ဖိခိုင်းတာ (မှန်ပါ ဘုရား)။

နည်းနည်းနဲ့ ခိုင်းတုန်းကတော့ ဘယ်လောက်တင် မင်း ရသေးတယ်၊ ဒါ-ချမ်းတော့ ချမ်းသာပါပြီ အရင်နဲ့ စာရင် (မှန်ပါ့)။

လျှာထွက်သေအောင် သူကခိုင်းတယ်

သို့သော် ဒါလောက်နဲ့ မတင်းတိမ်နဲ့ဦးဆိုပြီး သုခ ဝေဒနာက လျှာထွက်သေအောင်ကို သူက ခိုင်းတယ် (မှန်ပါ့)၊ မခိုင်းဘူးလား (ခိုင်းပါတယ်)၊ ဘယ်ဝေဒနာတုံး (သုခဝေဒနာပါ ဘုရား)။

အံမလေး ဒကာ ဒကာမတွေဒီနေ့လက်သည်ကောင်း ကောင်းမိတယ် (မိပါတယ် ဘုရား)။

ဒကာကြွယ် ဘာမိသတုံး (လက်သည်ကောင်းကောင်း မိပါတယ် ဘုရား)၊ ဘယ်ဝေဒနာ မိသတုံး (သုခဝေ ဒနာမိပါတယ် ဘုရား)။

ဒီဘဝတင် အသေခိုင်းသလား- နောင်ဘဝ နတ်ပြည် ဗြဟ္မာပြည်ကောအသေခိုင်းသလား (နတ်ပြည်, ဗြဟ္မာပြည် ရော အသေခိုင်းပါတယ် ဘုရား)။

သူခိုင်းလို့သွားလုပ်လို့ တရားသဖြင့် ရှာရတာလည်းရှိ တယ်၊ မတရားသဖြင့် ရှာရတာလည်း ရှိတယ်၊ မတရားသဖြင့် ရှာတော့ အပါယ်လေးပါးသွားပြီး ဒုက္ခရောက်ရတာလည်း သုခဝေဒနာ ကြောင့်ပဲ (မှန်ပါ ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒကာ ဒကာမတို့ ခင်ဗျားတို့အပေါ် ဘယ်သူကြီးစိုးနေ သတုံး (သုခဝေဒနာကြီးစိုးနေပါတယ် ဘုရား)၊ ဒကာကြွယ် လွန်ကုန်ပြီဗျ (မှန်ပါ)။

ခါးကကိုင်း နားကထိုင်းလုပ်နိုင်သေးတယ်တဲ့

နောက်က ဒကာ ဒကာမတွေ ဒီနေ့သုခဝေဒနာ အကြောင်း ရိပ်မိလား (ရိပ်မိပါပြီ)၊ ကိုယ့်ကိုယ်ကို အိုတာတောင်မှ ကျုပ် အလုပ်အကိုင် လုပ်နိုင်တုန်းဗျ (မှန်ပါ့)၊ ဘယ့်နှယ်တုံး ဒကာ ဒကာမတို့ ဘယ်သူတုံးဗျ (သုခဝေဒနာပါ ဘုရား)။

အိုလို့ဒီမှာဖြင့် မျက်စိကလည်း မွဲပြီ၊ ခါးကလည်း ကိုင်း, နားကလည်း ထိုင်းနေတာတောင်မှ လုပ်မယ်ဆို လုပ်နိုင်သေး တယ် (မှန်ပါ့ ဘုရား)၊ အံမလေး ကျွန်လိုက်တဲ့ဖြစ် ခြင်း (မှန်လှပါ ဘုရား)။

ကျွန်ပီသတဲ့အသံတွေ

ဒကာသစ် ဘယ်အသံတွေ ထွက်လာသတုံး (ကျွန်ပီ တဲ့အသံတွေ ထွက်လာပါတယ် ဘုရား)။

ကျွန်ပီတဲ့ အသံတွေ ထွက်လာတာကို ဒကာ ဒကာမတွေ က မရိပ်မိဘူး (မရိပ်မိပါ)၊ လုပ်နိုင် သေးတယ်တဲ့ ကျုပ် လုပ်မယ်ဆိုရင် လုပ်နိုင်သေးတယ်ဆိုပြီး သကာလ အစိုးရ လခစားဖြစ်ရင် အစိုးရဆီကို နှစ်တွေတောင် တစ်ခါတည်း လျှော့ပြီး လျှောက်ရတာနဲ့ (မှန်ပါ့)၊ ကျွန်ပီသကိုးဗျ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အင်း, ပိုမိုပြီး သကာလ လုပ်မယ်ဆိုတဲ့ အားရ-ပါးရ ဆရာဝန်နဲ့ ပေါင်းပြီး သကာလ လုပ်နိုင်သေး တယ်တဲ့ (မှန်ပါ့)၊ ဒါ သုခဝေဒနာက ခိုင်းတာနော် (မှန်ပါ့ ဘုရား)၊ ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား)။

ဘယ်သူက ခိုင်းတာတုံး (သုခဝေဒနာက ခိုင်းတာပါ ဘုရား)။

အံမလေး ဒီအထဲ ဒကာ ဒကာမတွေ သုခဝေဒနာက ခိုင်းလို့ ကျွန်လုပ်တဲ့ပုဂ္ဂိုလ်များ ပါကြရဲ့လား (မပါ-ပါ ဘုရား)။

အင်း ခင်ဗျားတို့ကလည်း အခုမှသာ မပါဘူး ပြော တာနော် (မှန်ပါ့)၊ နဂိုတုန်းကတော့ဖြင့် သုခဝေဒနာ ခိုင်းရင် ပြုံးနေတာပဲ (ပြီးပါတယ် ဘုရား)။

ဒီနေ့သွားပြီး အရင်းထည့်လိုက်လို့ သုခဝေဒနာကြောင့် တစ်ရာကို တစ်ဆယ်လောက် မြတ်လာတယ် ဆိုလို့ရှိရင်လည်း အကျိုးပေးလာတယ် (မှန်လှပါ ဘုရား)။

အချိန်ရှိခိုက်လုံ့လစိုက်ပြီး သကာလ ဒီနေ့တစ်တိုင် သွားရင် နက်ဖြန်နှစ်တိုင်သွားမဟ (မှန်ပါ)၊ အံမလေး ဘယ်သူနှိပ်စက်တာတုံး (သုခဝေဒနာနှိပ်စက်တာပါ ဘုရား)။

ဒကာ ဒကာမတို့ ဒါလောက် အခိုင်းယဉ်တဲ့ ပုဂ္ဂိုလ်များ ဒကာကြွယ် တွေ့ဖူးရဲ့လား (မတွေ့ဖူးပါ)၊ အခုသိ ပလား (သိပါပြီ ဘုရား)။

တွန်းလှန်မှသာလွတ်ကင်းမယ်

ကိုင်း ဒီက ရှေ့လျှောက်လို့ သူက ချမ်းသာချင် တယ်၊ ဟင် မလုပ်ဘူးကွာ (မှန်ပါ)၊ မလုပ်ဘူးကွ မလုပ်ဘူးကွာနဲ့ကို တွန်းလှန်မှသာလျှင် ဒကာ ဒကာမတို့ ကျွန် စာရင်းမှ လွတ်ကင်းမယ် (မှန်ပါ့)။

အခုတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ပြုံးလိုက်ဟင် (မှန်ပါ့)၊ လုပ်ရတာကိုပင် ကျုပ်ဖြင့် အလုပ်ထဲပျော် လိုက်တာများ ပြောလိုက်သေးတယ် (ပြောပါတယ် ဘုရား)။

ဘယ့်နှယ်ကြောင့် ဒါလောက်ပြောပါလိမ့် (ကျွန်မှန်း မသိလို့ပါ)၊ ကျွန်မှန်းမသိလို့ (မှန်လှပါ)၊ ရိပ်မိပလား (ရိပ် မိပါပြီ ဘုရား)။

ရက်ကန်းထောင်နေတာတွေ တောင်မြို့က ဒကာ ဒကာမ တွေက နှစ်စင်က သုံးစင်၊ သုံးစင်က လေးစင်၊ ငါးစင်၊ တစ်ရာ ဖြစ်မယ်ဆိုရင်ဖြင့် အင်း အကျိုးပေးလာတယ်၊ ကြိုးစားမှကြိုးစားမှတဲ့ (မှန်ပါ့)။

အင်း သူက ကြိုးစားမှတဲ့ သုခဝေဒနာက ခိုင်းတုန်း ရှိသေးတယ်၊ လုပ်ရတဲ့လူဖြင့် ထမင်းတောင် မစားနိုင်တော့ ဘူး (မှန်ပါ့)၊ စားနိုင်သေးရဲ့လား (မစားနိုင်ပါ)၊ မစားနိုင် အောင်ခိုင်း တာက ဘယ်သူတုံး (သုခဝေဒနာပါ ဘုရား)။

ဒါကို ဒကာကြွယ်က လက်သည်ခုထက်ထိမဖမ်းတော့ ဝေဒနာရှုမှတော်မဟေ့ သုခဝေဒနာလည်း သူနှိပ်စက်နေတာပဲ လို့ လာရဲ့ လား (မလာပါ ဘုရား)။

ဖျင်းလိုက်တဲ့ဖြစ်ခြင်း ဒကာကြွယ်ရေ (မှန်ပါ့)၊ ဒါ ကြောင့် ဆရာသမားကောင်းရှာပါဆိုတဲ့ဥစ္စာ ဒကာသစ် ပြော ထိုက်မပြောထိုက် (ပြောထိုက်ပါတယ် ဘုရား)။

သူကိုယ်တိုင်ဖြင့် ဒီအကြောင်းပေါ်ကို မပေါ်ဘူး (မှန် ပါ့)၊ ပေါ်ပါ့မလား (မပေါ်ပါ ဘုရား)။

ဟာ သုခဝေဒနာ ဒါလောက် နှိပ်စက်နေပါကလား ဆိုပြီး သကာလ တို့ ကို မသေမချင်း ခိုင်းနိုင်တဲ့ စွမ်းရည်သတ္တိ ရှိတာဖြင့် သုခဝေဒနာပါကလား (မှန်ပါ့)။

သူခိုင်းတာမလုပ်လို့ရှိရင်ဖြင့် သူက ချမ်းသာချင်တယ်၊ ကိုယ်က မမာမကျန်းရှိလာတာတောင်မှ ဝမ်းများနည်းလိုက်သေး တယ် (မှန်ပါ့)၊ ဘာဖြစ်လို့ ဝမ်းနည်းတာတုံး မေးတဲ့အခါကျတော့ သုခဝေဒနာ ခိုင်းသလောက် မလုပ်နိုင်လို့ (မှန်ပါ့ ဘုရား)။

ဘယ်လိုကြောင့်ပါလိမ့် ဒကာသစ်ရေ (သုခဝေဒနာ ခိုင်းသလောက် မလုပ်နိုင်လို့ပါ ဘုရား)။

မလုပ်နိုင်တော့ အိပ်ရာထဲကနေပြီး သကာလ ညည်းလုံး များထုတ်နေတယ် (ထုတ်ပါတယ်)၊ အံမလေး ဖြစ် မှဖြစ်ရလေဗျာ (မှန်ပါ့)၊ ဒကာ ဒကာမတွေ အိပ်ရာထဲများ ညည်းလုံး ထုတ်သေးတယ် (ထုတ်ပါတယ်)၊ ငါ ထ, နိုင်ရင် ထ, လုပ်သေးတယ်ကွ၊ အံမာ သားတွေ, မယားတွေများ တစ်ခါ ပြောလိုက်သေးတယ် (ပြောပါတယ် ဘုရား)။

အင်း နဂိုက သုခဝေဒနာခိုင်းထားလို့ ဒုက္ခတွေရောက် ပြီး သကာလ နေတာတောင်မှ လက်သည် မပေါ်သေးတော့ သူ့ကျွန်ပီသနေတော့ ထ,လုပ်ချင်သေးတယ်ဆိုတဲ့ စိတ်ဟာရှိ သွားပြီ (မှန်ပါ ဘုရား)။

သေခါနီးအခါကျတော့ အလုပ်တန်းလန်းနဲ့များ သေသွား ခါနီးတဲ့အခါကျတော့ ကျုပ်ဒါပဲ စိတ်မကောင်းတာ၊ မပြီးမပြတ် ဘဲနဲ့ သေရမှာတော့ ကျုပ်မကြိုက်ဘူး (မှန်ပါ့ ဘုရား)။

အံမာ ကျွန်ပေမယ့် ကျုပ်က အစအဆုံး လုပ်သွားချင် တယ် (မှန်ပါ့)၊ ဒီအဓိပ္ပာယ် ဆိုတာ ပေါ်ပလား (ပေါ်ပါ ပြီ)၊ ဘယ်သူပါလိမ့် ဒကာ ဒကာမတို့ (သုခဝေဒနာပါ ဘုရား)။

ဒါလောက်ဆိုရင်လည်း ရိပ်မိလောက်ပါပြီ ထင်ပါရဲ့ဗျာ တစ်နာရီတောင်နီးနေပြီ (မှန်ပါ့)၊ သုခဝေဒနာ ဘယ်လောက် နှိပ်စက်တယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒကာကြွယ် အခုမှ နည်းနည်းရိပ်မိတာ (မှန်ပါ့)၊ ခေါင်းလည်းဖြူပြီ ဟုတ်လား (မှန်ပါ့)၊ မျက်လုံးက မွဲပြီ၊ အားအင်ဗလလည်း ချိနဲ့နေပြီ (မှန်ပါ့)၊ ဒီဟာတောင်မှ ကိုယ်၏စောင်မခြင်း၊ နှုတ်၏ စောင်မခြင်းများ လုပ်ချင်သေး သလား (မလုပ်ချင်ပါ)၊ သုခဝေဒနာခိုင်းလို့လေ (မှန်ပါ ဘုရား)။

ရှိသေးတယ် တချို့က အနီးအနားမှာထိုင်ပြီး ကိုယ်၏ စောင်မခြင်း၊ နှုတ်၏စောင်မခြင်း၊ သုခဝေဒနာ ဒဏ်ချက်တွေက ဖြင့် လူချင်းမပီတော့ဘူး (မှန်ပါ့)၊ အဲဒီလူချင်းမပီတာတောင်မှ ဘေးကနေပြီး သကာလ သူများလုပ်တာ အားမရသေးလို့ ကိုယ် တိုင်များလုပ်လိုက်ချင်သေးတယ် (မှန်ပါ့)၊ ဘယ်သူ့ဒဏ်ချက် တွေမိနေတာတုံး (သုခဝေဒနာဒဏ်ချက်တွေပါ)၊ ရှင်းပြီ နော် (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ခိုင်းတဲ့ ဝေဒနာဟာ အရှင်သခင် ဘယ်နှယောက်တုံး (ခြောက်ယောက်ပါ)၊ လုပ်တဲ့လူက ဘယ်နှစ်ယောက်တုံး (တစ်ယောက်တည်းပါ)၊ ခိုင်းတဲ့လူက (ခြောက်ယောက်ပါ)၊ အို သေလိမ့် မယ် သေလိမ့်မယ်၊ ခင်ဗျားတို့ စိတ်သာချ (မှန်ပါ့ ဘုရား)။

ခိုင်းတဲ့လူက ခြောက်ယောက်၊ လုပ်တဲ့လူက တစ်ယောက် တည်းဆိုရင်တော့ ဒကာသစ် အားကွက် မြင်သေးရဲ့လား (မ မြင်ပါ)၊

ဒါကြောင့် ဘယ်နေ့များအားကြသတုံး (ဘယ်နေ့မှ မအားပါ ဘုရား)။

ဟိုစာရင်းကလည်း မချုပ်ရသေး၊ ဟိုလူနဲ့ပြောစရာရှိတာ ကလည်းမပြီးသေး၊ ဟိုသွားစရာ ကိစ္စကလည်း ဆိုင်းထားရ (မှန်ပါ ဘုရား)၊ အံမလေး ရှုပ်လိုက်တဲ့ဖြစ်ခြင်း (မှန်ပါ့)၊ ဘယ် သူခိုင်းထား တာတွေတုံး (သုခဝေဒနာ ခိုင်းထားတာ တွေပါ ဘုရား)။

အင်း မင်း မသွားရင် မပြီးဘူး၊ မင်း မပြောရင် မပြီး ဘူး၊ မင့်ပဲ မျှော်နေကြတယ်များတောင် ပြောလိုက်သေးတယ် သုခဝေဒနာက (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် သုခဝေဒနာကြောင့် ကျွန်ဖြစ်နေရတယ် (မှန်ပါ့)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

သံသရာ့ကျွန်ဖြစ်နေတာလည်း ဘယ်သူ့ကြောင့်ပါ လိမ့် (သုခဝေဒနာကြောင့်ပါ)၊ ဟော လူ့ပြည်ထက် နတ် ပြည်ကောင်းတယ်ကွ၊ သုခဝေဒနာက ဟောပြန်ပြီ (မှန်ပါ့ ဘုရား)။

ဟောတဲ့အခါကျတော့ ဒကာသစ်တို့လူစုက နတ်ပြည် ရောက်ကြောင်းတွေလုပ်လိုက်ပြန်တော့ နတ်အို,နတ်နာ,နတ်သေ ဖြစ်ရမှာလား, မဖြစ်ရပေဘူးလား (ဖြစ်ရမှာပါ)ဟ ဘယ် သူကလိုက်ပြီး သကာလ နှိပ်စက်ပြန်ပါလိမ့် (သုခဝေဒနာက နှိပ်စက်တာပါ)၊ ဒီက သုခဝေဒနာကနေ လှမ်းနှိပ်စက် တယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ ခင်ဗျားတို့နှိပ်စက်တဲ့ ဝေဒနာ ဆိုတာဖြင့် ဒုက္ခသစ္စာပေါ်ပါပြီ (ပေါ်ပါပြီ)၊ ဟုတ်လား (မှန်ပါ့)၊ ခန္ဓာငါးပါးဟာ ဒုက္ခသစ္စာ၊ နှိပ်စက်တတ်တယ်ကွ ဆိုတော့ ဒကာသစ်ကဖြုန်းခနဲ ငေးနေတယ် (မှန်ပါ့)၊ အခုတော့ ဖြင့် ရိပ်မိသွားပြီ (ရိပ်မိပါပြီ)၊ ဒကာကြွယ်ဘယ်သူက နှိပ်စက် နေသတုံး (သုခဝေဒနာကနှိပ်စက်နေပါတယ် ဘုရား)။

သုခဝေဒနာဟာ ဝေဒနာက္ခန္ဓာမဟုတ်လား (မှန်ပါ့)၊ ဒါဖြင့် ခန္ဓာငါးပါးက နှိပ်စက်တတ်တဲ့ တရားဆိုတာပေါ် ပလား (ပေါ်ပါပြီ)၊ ဒါဖြင့် သူ့ကိုဘာသစ္စာဖွဲ့မတုံး (ဒုက္ခသစ္စာပါ ဘုရား)။

ဒုက္ခဿပီဠနဋ္ဌော

အဲ ဒုက္ခဿ ပိဠနဋ္ဌော (မှန်ပါ့)၊ ဒုက္ခဿ ဝေဒနာ ဆိုတဲ့ ဒုက္ခသစ္စာ၏၊ ပိဠနဋ္ဌော -သတ္တဝါကို ညှာတာ မဖက်အမြဲ နှိပ်စက်နေတယ် (မှန်ပါ့)၊ ဘယ်သူ့မှမညှာဘူး (မှန်ပါ့)၊ ဘုရားလည်း ဆွမ်းခံ ရသေးတယ် (မှန်ပါ့ ဘုရား)၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။

ဘုရားလည်း ဆွမ်းခံရတာ ဘယ်သူ့ကြောင့်ပါလိမ့် (သုခဝေဒနာကြောင့်ပါ ဘုရား)။

အရှင်ဘုရား ဆွမ်းခံဦး၊ အရှင်ဘုရား ဆွမ်းမခံလို့ရှိရင် ည နေကျလို့ရှိရင် ဆာလောင် မွတ်သိပ်တဲ့ ဝေဒနာရောက်ပါလိမ့် မယ် (မှန်ပါ့)၊ ဒါမှ အရှင်ဘုရား ချမ်းသာမှာပဲ ဆိုတော့ သုခကြောင့် ဒကာ ဒကာမတို့ အခိုင်းကမလွတ်သေးဘူး (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ကဲ ဘုရားလည်း ဆွမ်းခံရသေးတယ်ဆိုတော့ သူ့ ကိုဒါကြောင့် ဝေဒနိန္ဒြေကွ (မှန်ပါ့)၊ ဝေဒနာလည်း ဖြစ်တယ်၊ အကုန်အပေါ်မှာ ကြီးစိုးနိုင်တယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဝေဒနာဟာ အလုံးစုံအကုန်ပေါ်မှာ ကြီးစိုးနိုင်ပါတယ် ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကဲ ဒါဖြင့် ဝေဒနာလည်းခြောက်မျိုး (မှန်ပါ့)၊ အခိုင်းခံရတဲ့ လူက ဘယ်နှယောက်တဲ့ (တစ်ယောက်ပါ)၊ ခိုင်းတတ်တဲ့ တရားက (ခြောက်မျိုးပါ ဘုရား)။

ဝေဒနာခြောက်ယောက်က ဝိုင်းရိုက်တယ်

အင်း ဒကာကြွယ်ရိပ်မိပြီ (ရိပ်မိပါပြီ)၊ အရိုက်ခံရ တဲ့ လူက တစ်ယောက်တည်း၊ ရိုက်တဲ့လူက ခြောက်ယောက်၊ အားကောင်းတဲ့လူက ရိုက်မယ်ဆိုရင်ဖြင့် ဒကာ ဒကာမတို့ သေပွဲ ဝင်ဖို့ဖြင့် ဧကန်ပါပဲ (မှန်ပါ့ ဘုရား)။

ဒါ့ကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ တချို့အ ရွယ်မရောက်ဘူး ဆံဖြူသွားကျိုးပြီး သကာလ ဖြစ်နေတာ ဝေဒနာခြောက်ယောက် ဝိုင်းရိုက်လို့ (မှန်ပါ့)၊ ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား)။

ဝေဒနာခြောက်ယောက်က ဘာလုပ်လိုက်သလဲ (ဝိုင်း ရိုက်ပါတယ်)၊ ဝိုင်းပြီးနှိပ်စက် ချလိုက်တယ် (မှန်ပါ့ ဘုရား)။

ဒါကြောင့် ဒီခန္ဓာကြီး မကောင်းဘူးဆိုတာ ဦးလှဘူးပေါ် လာတယ် (ပေါ်လာပါတယ်)၊ ဝေဒနာက္ခန္ဓာဟာ ခင်ဗျားတို့ ကကောင်းတယ်ထင်သလား (မကောင်းပါ)၊ ခင်ဗျားတို့ ကျွန်သပေါက် လုပ်ခိုင်းနေတာ သေချာပလား (သေချာပါပြီ)၊ ကဲ ဒါကသုခဝေဒနာက နှိပ်စက်တာ (မှန်ပါ့ ဘုရား)။

ဒုက္ခဝေဒနာက နှိပ်စက်တယ်

ဒုက္ခဝေဒနာကလည်း ဒကာ ဒကာမတွေ ယားတယ်, ယံ တယ်,နာတယ်, ကိုက်တယ် ဆိုလို့ရှိရင်ဖြင့် ဆေးရှာပေးပါဦး၊ ဟုတ် လား (မှန်ပါ့)၊ ဓာတ်စာရှာပေးပါဦး (မှန်ပါ့)၊ ဒကာသစ် ရေ ပြေးရ လွှားရပြီ (မှန်ပါ့)၊ ဘယ်သူက နှိပ်စက်တာ တုံး (ဒုက္ခဝေဒနာက နှိပ်စက်တာပါ)၊ ဒုက္ခဝေဒနာက နှိပ် စက်တာကော ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ကဲ ဒုက္ခဝေဒနာက ဒီတင် နှိပ်စက်လို့အားမရသေးဘူး၊ ဆေးရှာ ဝါးရှာခိုင်းတာလည်း နှိပ်စက်လို့ အားမရသေးဘူး (မှန်ပါ့)၊ မင်းဒီဘဝဒုက္ခ ရောက်နေတယ်တဲ့၊ နောက်ချမ်းသာအောင် မင်းကြိုးစားဦးတဲ့ (မှန်ပါ့)။

နတ်ပြည်ရောက်တော့ နတ်ဒုက္ခတွေ့တယ်

နတ်ပြည်, ဗြဟ္မာပြည်ရောက်အောင် ကြိုးစားဦး (မှန် ပါ့)၊ အင်း ဒုက္ခဝေဒနာက တရား ဟောတာနဲ့ ကျုပ်တို့က နတ်ပြည်,ဗြဟ္မာပြည်ရောက်တော့ နတ်ပြည်ကျတော့လည်း ဒီ ဒုက္ခ တွေ့ပြန်တာပဲ (တွေ့ပါတယ်)၊ မတွေ့ဘူးလား (တွေ့ပါတယ်)၊ ဒါ ဘယ်ဝေဒနာက နှိပ်စက်သတုံး (ဒုက္ခဝေဒနာက နှိပ်စက်ပါတယ် ဘုရား)။

ဒကာကြွယ် ဝေဒနာသုံးမျိုးဟာ ဒုက္ခသစ္စာနော် (မှန် ပါ)၊ သတ္တဝါကိုညှာတာမဖက် အမြဲနှိပ်စက်တာ ဘယ်သူပါ လိမ့် (ဒုက္ခသစ္စာပါ)၊ ဝေဒနာပဲ (မှန်ပါ့)၊ သုခဝေဒနာ, ဒုက္ခဝေဒနာ (မှန်ပါ့)။

ဥပေက္ခာဝေဒနာ အခွန်ဆက်ဖို့

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဥပေက္ခာဝေဒနာ ကလေး ထည့်ကြပါဦးစို့ (မှန်ပါ့)၊ ဥပေက္ခာဝေဒနာက မြင်တယ်ဆိုရင် ဥပေက္ခာဝေဒနာ (မှန်ပါ့)၊ စားတယ်ဆိုရင် ဥပေက္ခာ ဝေဒနာ (မှန်ပါ့)။

သူတို့ကလည်း ဒကာ ဒကာမတို့ ဥပေက္ခာဝေဒနာကလေး ကလည်း သူ့ကိုလိုက်ပို့ဦး ဘိုင်စကုတ်- ဓာတ်ရှင်ကို ဆိုတော့ ဥပေက္ခာ ဝေဒနာလိုက်ပို့ရမယ် (မှန်ပါ့)၊ ခင်ဗျားတို့က ပိုက်ဆံ ထုတ်ရတယ်၊ ဥပေက္ခာဝေဒနာ ပေါ်အောင်လို့ (မှန်ပါ့)။

ဘာလုပ်ရသတုံး (ပိုက်ဆံထုတ်ရပါတယ်)၊ ဒီပိုက်ဆံ သူ့ဘယ်သူ ရှာခိုင်းသတုံး မေးတဲ့ အခါကျတော့မှ သူ့မျက်လုံး အခွန်ဆက်ဖို့ ရှာရတာ (မှန်ပါ)။

မျက်လုံးအခွန်ဆက်ဖို့

မျက်လုံးအခွန်ဆက်ဖို့ တစ်ခါတည်း လည်ပြီး သကာလ တစ်နေ့လုံး သူများနဲ့ ငြင်းဟယ်, ပြုဟယ် ဟုတ်လား၊ မရရကြောင်း လုပ်ဟယ်၊ မမြတ်-မြတ်အောင်လုပ်တယ်၊ အမျိုးမျိုး အဖုံဖုံ ဉာဏ်စွမ်းရှိသလို ထုတ်ဟယ် (မှန်ပါ့)။

ဒီမျက်လုံးအခွန်ဆက်ဖို့ (မှန်ပါ့)၊ ပွဲလမ်းသဘင် ရှိရင် သူများနဲ့ အတူတူကြည့်နိုင်ဖို့ (မှန်ပါ့ ဘုရား)။

ဒကာကြွယ် ပေါ်ပလား (ပေါ်ပါပြီ)၊ မျက်လုံး ဘာ ဝေဒနာတုံး (ဥပေက္ခာဝေဒနာပါ)၊ အဲဒီ မျက်လုံးပေါက်က ဥပေက္ခာဝေဒနာ အခွန်ဆက်ဖို့ကို ဘယ်လောက်ရှာရတယ် ဆို တာကော ဒကာသစ် ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

နားဝေဒနာကလည်း နှိပ်စက်

နားပေါက်ကလည်း သူများအိမ်မှာ ရေဒီယိုရှိတယ်၊ ဂရမ် မာဖုံး ရှိတယ်၊ အမျိုးမျိုးအဖုံဖုံ ဟုတ်လား၊ ရီကော်တာ ရှိ တယ် (မှန်ပါ့ ဘုရား)။

တို့လည်း အစုံအလင်ရှိမှ တော်မှာပဲ၊ သူများဆီ သွားနား ထောင်ရတာ တယ်အောက်ကျတယ် (မှန်ပါ့)၊ အစရှိသည်နဲ့ ဆိုတော့ နားပေါက်ကို အခွန်ဆက်ချင်တာနဲ့လည်း နားနဲ့ပတ် သက်တဲ့ ပစ္စည်းကြောင့် ရှာလိုက် -ဖွေလိုက်ရတာလည်း ဒကာကြွယ် အားသေးသလား (မအားပါ ဘုရား)၊ နားဝေဒနာ ကနေ နှိပ်စက်တာ (မှန်ပါ့ ဘုရား)၊

နှာခေါင်းဝေဒနာက နှိပ်စက်တယ်

နှာခေါင်းဝေဒနာကလည်း ထိုနည်းအတူပဲ အမွှေးအကြိုင် အစရှိသည်တို့ကို သူနှိပ်စက်တာနဲ့ပဲ ဒကာ ဒကာမတွေ ဝယ်လို့ ခြမ်းလို့ကိုကြီးရဲ့ လား (မပြီးပါ)၊ ကုန်ပြန်ရင် အဝယ်ခိုင်းပြန် တာပဲ (မှန်ပါ ဘုရား)။

ကုန်ပြန်ရင်ရော (အဝယ်ခိုင်းပါတယ်)၊ ဒိထက်ကောင်း တာကော (အဝယ်ခိုင်းပါတယ်)၊ သူအဝယ်ခိုင်းနေတာ နှာ ခေါင်းအခွန်ဆက်နေရတာနဲ့ကို မအားပါဘူး (မအားပါ)၊ ရိပ် မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘာတွေ အခွန်ဆက်နေရသတုံး (နှာခေါင်းအခွန် ဆက်နေရပါတယ်)၊ နှာခေါင်းဝေဒနာ အခွန်ဆက်နေတယ်၊ (မှန်ပါ ဘုရား)။

လျှာဝေဒနာကို အခွန်ဆက်ရတယ်

လျှာဝေဒနာကလည်း တစ်နေ့နှစ်ကြိမ် ကောင်းကောင်း စားမယ် ကိုင်း (မှန်ပါ့)၊ လျှာပေါ်မှာ ဥပေက္ခာဝေဒနာက မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

အဲဒီ ဥပေက္ခာဝေဒနာ လျှာပေါ်မှာ ကောင်းကောင်း ကလေးဖြစ်ဖို့ကိုလည်း ဒကာသစ်တို့ အို နှစ်ပေါင်းများစွာ စုပြီး သကာလ ရှာရတာတစ်မျိုး (မှန်ပါ့)၊ နှစ်ပေါက်လှောင် ထားရတာ တစ်မျိုး (မှန်ပါ့)၊ မရှိဘူးလား (ရှိပါတယ် ဘုရား)။

ဒါ ဘယ်ဝေဒနာ အခွန်ဆက်ဖို့ပါလိမ့် (လျှာ အခွန်ဆက်ဖို့ပါ ဘုရား)၊ လျှာဥပေက္ခာဝေဒနာ အခွန်ဆက် ဖို့ (မှန် ဘုရား)။

ဟိုအိမ်မှာ ဟိုချောင်မှာ သိပ်ထားတဲ့ ဆန်အိတ်တွေ, ဆီပုံး တွေ ငါးပိ-ငါးခြောက်တွေ ဟ ဘာလုပ်တာတုံး ဒီဥစ္စာတွေ လို့ ပြောရင် နှစ်ပေါက်အခွန်ဆက်ရအောင်လို့ (မှန်ပါ့)၊ ဘယ်သူပါလိမ့်ဗျာ (လျှာဥပေက္ခာဝေဒနာ အခွန်ဆက်ရအောင်လို့ပါ ဘုရား)။

ဒါဟာ နှစ်ပေါက်အခွန်ဆက်နိုင်အောင်, ဝယ်နိုင်အောင် လည်း လျှာပေါက်ဝေဒနာက ကြီးစိုးပြီးခိုင်းတာနဲ့ ကျုပ်တို့ ဒါလောက် လှောင်ဖြစ်တာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ။ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ဥပေက္ခာဝေဒနာကိုလည်း မနိုင်သေးသ ရွေ့ ကာလပတ်လုံး နှိပ်စက်ဦးမှာပဲ (မှန်ပါ့)၊ ဒကာကြွယ် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

သူကလည်း တစ်ခါ ဒီပြည်မှာ လူ့ပြည်တွေလှတယ်, ပတယ်, ကောင်းတယ်ဆို တာ အပို ကွ၊ နတ်ပြည် ဟာ ဒိထက်သာတယ်၊ ဗြဟ္မာပြည် ဒိထက်သာတယ်လို့ အမြင် အထင်မှာ ဒိထက် သာတယ်၊ အကြားအမြင်မှာလည်း ဒိထက်သာတယ်၊ အစားအသောက်မှာလည်း ဒိထက်သာတယ် လို့ဆိုပြီး ဥပေက္ခာဝေဒနာ ပြုခိုင်းတာနဲ့ ခင်ဗျားတို့ ဒါန-သီလတွေ လုပ်ရပြန်တယ် (မှန်ပါ့)၊ မလုပ်ရဘူးလား (လုပ်ရပါ တယ် ဘုရား)။

လုပ်ရတဲ့အခါကျတော့ အဲဒီရောက်ကြောင်းတွေ လုပ်ရ တဲ့ဒုက္ခလည်း မသေးလှဘူး (မသေးပါ ဘုရား)။

ရောက်သွားတော့ ဟိုကျတော့ အိုပွဲ,နာပွဲ သေပွဲတွေကော မတွေ့ရဘူးလား (တွေ့ရပါတယ်)၊ ဒါတွေက ဘယ်ဝေဒနာက နှိပ်စက်တာတုံး (ဥပေက္ခာဝေဒနာက နှိပ်စက်တာပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ဥပေက္ခာဝေဒနာသည် ပစ္စုပ္ပန်မှာလည်း မအားအောင် လုပ်ရတယ် (မှန်ပါ့)၊ သံသရာမှာလည်း အိုပွဲ နာပွဲ သေပွဲတွေ အမျိုးမျိုး အဆင်ခိုင်း-အနွှဲခိုင်းနေတာ ဘယ်သူ ပါလိမ့် (ဥပေက္ခာဝေဒနာပါ ဘုရား)၊ ဒါဖြင့် ခင်ဗျားတို့ ယနေ့ သဘောကျပြီ (ကျပါပြီ ဘုရား)။

ဝေဒနာသုံးမျိုး အမြဲနှိပ်စက်နေတယ်

ဒကာကြွယ် ဘယ်ဝေဒနာသည် သတ္တဝါကို ညှာတာ မဖက်အမြဲနှိပ်စက်နေတယ် (မှန်ပါ့)၊ သုခကလည်း ညှာတာ မဖက် (နှိပ်စက်ပါတယ် ဘုရား)။

ဒုက္ခဝေဒနာကကော (ညှာတာမဖက်နှိပ်စက်ပါ တယ်)၊ ဥပေက္ခာဝေဒနာကကော (ညှာတာမဖက် နှိပ်စက်ပါ တယ်)၊ သဘောကျပြီ (ကျပါပြီ ဘုရား)။

ရေထဲကငါး၊ ကုန်းပေါ်မှာသေတယ်

အဲဒါကြောင့် ဘုန်းကြီးက ခဏခဏပြောပါတယ်၊ ဒကာ ဒကာမတို့ ရေထဲကငါး ကုန်းပေါ်မှာ အရှင်လတ်လတ် သေတာ မြင်ဘူးရဲ့လားလို့မေးရင် ဒကာ ဒကာမတွေ ဘယ့်နှယ်ကြ မလဲ (မြင်ဖူးပါတယ် ဘုရား)။

ဪ ရေထဲက ငါးပဲ ရေထဲမွေးတာပဲ ရေထဲသေပါ စေတော့ (မှန်ပါ့)၊ မဟုတ်ဘူးတဲ့ ဝေဒနာသုံးပါး နှိပ်စက်တာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဥပေက္ခာဝေဒနာ

ငါးစာကလေးကို ငါးမျှားတဲ့လူက ငါးစာကလေးပြတယ်၊ ငါးစာကလေး ချလိုက်တော့ ငါးမှာရှိတဲ့မျက်လုံးမှာ ဥပေက္ခာဝေဒနာ သွားမြင်တယ် (မှန်ပါ့)။

သုခဝေဒနာ

ငါးမျက်လုံးက ဘာဝေဒနာတုံး (ဥပေက္ခာဝေဒနာပါ)၊ ဥပေက္ခာဝေဒနာက ငါးစားကလေး ပြလိုက်တယ် (မှန်ပါ့)၊ အတွင်းမှာရှိတဲ့ သုခဝေဒနာက မခံစားချင်ဘူးလား (ခံစားချင် ပါတယ်)၊ ခံစားချင်တဲ့ အခါ ဒီငါးက သွားမျိုးလိုက်တယ် (မှန် ပါ ဘုရား)။

ဒါဖြင့် သုခဝေဒနာကြောင့် မျိုးမိတယ် (မှန်ပါ ဘုရား)၊ ဥပေက္ခာဝေဒနာက ပြတယ် (မှန်ပါ့)။

ဒုက္ခဝေဒနာ

သုခဝေဒနာက (မျိုမိပါတယ် ဘုရား)၊ အင်း ဒါနဲ့ ငါးမျှားချိတ်ကြီးနဲ့ ချိတ်ပြီး အပေါ်မှာ ရိုက်တော့ကို ဒုက္ခဝေဒနာတွေနဲ့ သေရတယ် (မှန်လှပါ ဘုရား)။

ဒါဖြင့် ငါးတစ်ကောင်မှာ သေရခြင်းသည် ဝေဒနာ ဘယ် နှပါးသဘောတူနှိပ်စက်တာတုံး (သုံးပါးသဘောတူ နှိပ် စက်ပါတယ် ဘုရား)။

ဒါ့ကြောင့် ရေထဲကငါး ကုန်းပေါ်မှာ သေရရှာတယ် (မှန်ပါ့)၊ ဘယ်သူ နှိပ်စက်တာပါလိမ့် (ဝေဒနာ သုံးပါးနှိပ် စက်တာပါ ဘုရား)၊ ဝေဒနာနှိပ်စက်တယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ခန္ဓာမရှိတဲ့ နေရာသွားမှပဲ

ဒါဖြင့် ဒကာကြွယ်ရေ ဝေဒနာမရှိတဲ့နေရာ ကျုပ်တို့ သွားမှပဲ (မှန်ပါ့)၊ ခန္ဓာမရှိတဲ့ နေရာ သွားမှာပဲ (မှန်ပါ့)၊ ခန္ဓာရှိတဲ့နေရာသာ နေမယ်ဆိုရင် သူတို့နှိပ်စက်တာနဲ့ကျုပ်တို့ ဖြင့် သေလို့ပဲ မအားတော့ဘူး (မအားပါ ဘုရား)၊ အားပါဦး မလား (မအားပါ ဘုရား)။

ဒါ့ကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဒီခန္ဓာကို ဖြင့် ရွံ့ကြပါကွ၊ မုန်းကြပါကွ၊ မမွေ့လျော်တဲ့စိတ် ပေါ်အောင် ကြိုးစားကြစမ်းပါကွ ဆိုတာ ခင်ဗျားတို့က သာမညပြောတယ် ထင်နေတယ် (မှန်လှပါ)၊ အခု သေသေချာချာ စဉ်းစားတော့ မှ ဝေဒနာသုံးမျိုးဟာ တို့ကို သတ်နေတဲ့သုံးမျိုး (မှန်ပါ့)၊

တို့ကို လူစဉ်မမီအောင်လုပ်တာလည်း ဒီဝေဒနာပဲ (မှန်ပါ့)၊ တို့ကို သေအောင် သတ်နေ တာလည်း (ဝေဒနာပါ ဘုရား)။ သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတို့ သန္တာန်မှာ ဝေဒနာရှိရဲ့ လား (ရှိပါတယ် ဘုရား)။ ထမင်းစား ကောင်းတော့ ဘာဝေဒနာတုံး (သုခဝေဒနာပါ)၊ စားမကောင်းတော့ (ဒုက္ခဝေဒနာပါ)၊ စား မကောင်းရင်လည်း သေတော့မှာပဲ (မှန်ပါ)၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။

စားကောင်းတော့ သုခဝေဒနာ (မှန်ပါ့)၊ ဥပမာ-ဓာတ် စာတစ်ခုစားလိုက်တယ်၊ ကိုယ်နဲ့ မတည့်တာ၊ သုခဝေဒနာ ကတော့ ကောင်းနေတာပဲ (ကောင်းပါတယ် ဘုရား)။

တော်တော်ကြာကျတော့ ဒီသုခဝေဒနာ စားမိတာနဲ့ ဒုက္ခဝေဒနာ၊ မတည့်တဲ့အစာတွေ ဖြစ်သောကြောင့် ရောဂါဆိုတဲ့ ဒုက္ခဝေဒနာ မလာဘူးလား (လာပါတယ် ဘုရား)။

ဒါဖြင့် သုခဝေဒနာကို အလိုလိုက်မိတာနဲ့ ဒုက္ခဝေဒနာ လက်တွင်း အပ်လိုက်သလို ဖြစ်နေတယ် (မှန်ပါ့)။

သုခဝေဒနာက အခေါ်သမား

ဒါဖြင့် သုခဝေဒနာက ဒကာ ဒကာမတို့ကို လိမ်လည် ကောက်ကျစ်သမား (မှန်ပါ့)၊ လိမ်လည် ကောက်ကျစ်ပြီး သတ်ရာဌာနသို့ အခေါ်သမား (မှန်ပါ့)၊ ဒုက္ခဝေဒနာက အသတ်သမား (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် သုခဝေဒနာနဲ့ ဒုက္ခဝေဒနာသည် ဒကာ ဒကာမတို့ တိုင်ပင်ဖော် တိုင်ပင်ဖက် (မှန်လှပါ ဘုရား)၊ သုခဝေဒနာ က ခင်ဗျားတို့ မတည့်တာကို တည့်အောင်အစားခိုင်းတယ် (မှန်ပါ့)၊ တော်တော်ကြာ ကျတော့ မတည့်တဲ့အစာဖြစ်ပြီး ဒုက္ခ ဝေဒနာဖြစ်ပြီး သုသာန်ပို့ရတယ် (မှန်လှပါ ဘုရား)၊ မပို့ရဘူး လား (ပို့ရပါတယ် ဘုရား)။

ဒုက္ခဝေဒနာက အသတ်သမား

အင်း ဒီဝေဒနာနှစ်ခုသည် ဒကာ ဒကာမတို့တစ် ယောက်ကလည်း သုသာန်ပို့ဖို့ နေရာဌာန အနီးရောက်အောင် ပို့တာပဲ (မှန်ပါ့)။ တစ်ယောက်ကလည်း အနီးရောက်တော့ သူနိုင်တာနဲ့ သတ်လိုက်တာပဲ (မှန်ပါ)။

ဒါဖြင့် ဒကာ ဒကာမတို့ ဝေဒနာသုံးမျိုးသည် သဘောတူ ကျုပ်တို့ကို နှိပ်စက်သောကြောင့် ဒုက္ခသစ္စာ (မှန်ပါ)။

ဝေဒနာသုံးမျိုးသည် (သဘောတူနှိပ်စက်သော ကြောင့် ဒုက္ခသစ္စာပါ ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒကာကြွယ် အိမ်တွင်း ပဋိစ္စသမုပ္ပါဒ် တစ်လုံးတည်းဟော နေသေးတယ် (မှန်ပါ့)၊ ကိုးလုံးပြည့်အောင် ဟောရမှာ (မှန်ပါ့)။

ဓမ္မာနုပဿနာ ကြပ်ကြပ်ရှုစမ်းပါ

ကိုးလုံးဟောရမှာ ယနေ့ သူ့ကို ဒုက္ခသစ္စာ၊ ဒါ့ကြောင့် ဒကာ ဒကာမတွေ အလုပ်-လုပ်တဲ့အခါ ဝေဒနာကလေးတွေက သုခပေါ်လည်း ဟာ နှိပ်စက်တတ်တဲ့ ဒုက္ခသစ္စာ ဒီလိုဝိပဿနာရှုပါ (မှန်ပါ့)။

ဒုက္ခဝေဒနာကလေး ပေါ်လာရင် (နှိပ်စက်တတ်တဲ့ ဒုက္ခသစ္စာ)၊ နှိပ်စက်တတ်တဲ့ ဒုက္ခသစ္စာ (မှန်ပါ့)။

ဥပေက္ခာဝေဒနာကလေးပေါ်လာရင် (နှိပ်စက်တတ် တဲ့ဒုက္ခသစ္စာ)၊ နှိပ်စက်တတ်တဲ့ ဒုက္ခသစ္စာလို့ ဆိုပြီး ဓမ္မာနုပဿနာ ကြပ်ကြပ်ရှုစမ်းပါ (မှန်ပါ့)။

ဒုက္ခကိုပိုင်ပိုင်နိုင်နိုင်သိတယ်

ရှုလိုက်လို့ရှိရင်ဖြင့်တဲ့ ဒကာ ဒကာမတို့ ဝေဒနာကို ကျုပ် တို့က နိုင်သွားတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါ ပြီ)၊ ဝေဒနာကို ကျုပ်တို့က မင်း – နှိပ်စက်တတ်တဲ့တရားကိုးလို့ သိသည်နဲ့ တစ်ပြိုင်နက်တည်း ဒုက္ခကို ပိုင်ပိုင်နိုင်နိုင်သိတာပဲ (မှန်ပါ့)။

ဒုက္ခကို (ပိုင်ပိုင်နိုင်နိုင် သိပါတယ် ဘုရား)၊ ဒုက္ခကို ပိုင် ပိုင်နိုင်နိုင်သိတယ် ဆိုကတည်းက ဝေဒနာနောက်က တဏှာက လိုက်နိုင်သေးရဲ့လား (မလိုက်နိုင်ပါ ဘုရား)တဏှာမှ မလိုက် နိုင်ဘဲ ကံတွေက ကျုပ်တို့ကို နောက်ဘဝ လုပ်နိုင်သေးရဲ့ လား (မလုပ်နိုင်ပါ ဘုရား)၊ မလုပ်နိုင်လို့ရှိရင်ဖြင့် ကျုပ်တို့ ဝေဒနာနိုင်ရင် နိဗ္ဗာန်ရောက်တာပဲ (မှန်ပါ့)။

ဘယ်လိုဆိုကြမယ် (ဝေဒနာနိုင်ရင် နိဗ္ဗာန်ရောက်ပါ တယ် ဘုရား)၊ ဒါဖြင့် ဒကာကြွယ် သုခဝေဒနာလာလည်း ဒုက္ခ သစ္စာရှု (မှန်ပါ့)။

နှိပ်စက်တတ်တဲ့ ဒုက္ခဖြစ်အောင်ရှု

ဒါ့ကြောင့် ဘုရားက “သုခါ ဘိက္ခဝေ ဝေဒနာ ဒုက္ခတော ဒဋ္ဌဗ္ဗာ (မှန်ပါ့)၊ ဘိက္ခဝေ- ငါ၏ ချစ်သား တပည့်များတို့၊ သုခါ ဝေဒနာ- မင်းတို့နှိပ်စက်တဲ့ သုခဝေဒနာကို မင်းတို့ ကြိုက်နေ တဲ့ သုခဝေဒနာကို ဒုက္ခတော- နှိပ်စက်တဲ့ ဒုက္ခအားဖြင့်၊ ဒဋ္ဌဗ္ဗာ- ရှုဖြစ်အောင်ရှုပါ။ သံယုတ်ပါဠိတော်မှာ (မှန်ပါ့)၊ သဘော ပါကြပလား (ပါပါပြီ ဘုရား)။

အင်း သုခဝေဒနာလာလည်း နှိပ်စက်တတ်တဲ့ ဒုက္ခ ဝေဒနာလို့ ရှုရမယ် (မှန်ပါ့)၊ ဒုက္ခလာလည်း (နှိပ်စက် တတ်တဲ့ တရားလို့ ရှုရပါမယ် ဘုရား)၊ ဥပေက္ခာလာလည်း (နှိပ်စက်တတ်တဲ့ တရားလို့ ရှုရပါမယ် ဘုရား)။

ဒါဖြင့် ရှုလိုက်တဲ့အခါကျတော့ သူကဖြစ်ပျက်၊ ရှုတာက မဂ် (မှန်လှပါ ဘုရား)၊ သေတာက သမုဒယ၊ ရမှာက နိရောဓဆိုတော့ ဒကာသစ် ဘာပူစရာရှိသေးသလဲ (မရှိပါ ဘုရား)။

ဝေဒနာက ခိုင်းမယ် သတ်မယ်

ဒါဖြင့် ဒကာ ဒကာမတို့ ဝေဒနာမရှုလို့ရှိရင်ဖြင့် ကျုပ်တို့ ကို ဝေဒနာက သတ်လိမ့်မယ် (မှန်လှပါ)။

ဝေဒနာမရှုရင် (ဝေဒနာက သတ်မှာပါ ဘုရား)၊ ဝေဒနာက ခိုင်းမယ်၊ ဝေဒနာက သတ်မယ် (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ယနေ့ အိမ်တွင်းပဋိစ္စသမုပ္ပါဒ်မှာ သုခဝေဒနာစ, နေတယ်ဆိုတာတော့ဖြင့် သိပြီ (သိပါပြီ ဘုရား)၊ မဆုံး သေးဘူး ဒကာသစ်, ရ၊ သူကပွားမယ် (မှန်ပါ့)၊ သူက ကျေးဇူးပြုလိုက်တာ ကိုးချက် ကျအောင် သွားမယ် (မှန်ပါ့)။

ကိုးချက်ကျအောင် သွားမယ်၊ သုခဝေဒနာက နေပြီး ကျေးဇူးပြုလိုက်တာ (မှန်ပါ)။

ဒကာကြွယ် ဘယ်လောက်များ အကြောင်းအကျိုးဆက် ရှည်တယ်ဆိုတာ ဝေဒနာမရှုလို့ရှိရင် ခင်ဗျားတို့ ဒုက္ခကိုးမျိုး ရဦး မယ်ဆိုတာ ဘုရားဟောတယ် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ် မိပါပြီ ဘုရား)။

ဝေဒနာလာတိုင်း ဝိပဿနာရှုပါ

ဒါဖြင့် ဝေဒနာ လာတိုင်း လာတိုင်း ဝိပဿနာရှု ပါ (မှန်ပါ့)၊ ဘယ်လိုရှုကြမယ် (ဝေဒနာ လာတိုင်း လာတိုင်း ဝိပဿနာရှုရပါမယ် ဘုရား)၊ ဝေဒနာလာတိုင်း လာ တိုင်း ဖြစ်ပျက် ဒုက္ခသစ္စာလို့ရှု (မှန်ပါ့)။

ဝေဒနာလာတိုင်း လာတိုင်း (ဖြစ်ပျက်ဒုက္ခသစ္စာလို့ ရှု ရပါမယ် ဘုရား)၊ သုခ လာလည်း ဖြစ်ပျက် ဒုက္ခသစ္စာ (မှန်ပါ့)၊ ဒုက္ခလာလည်း (ဖြစ်ပျက်ဒုက္ခသစ္စာပါ ဘုရား)၊ ဥပေက္ခာလာ လည်း (ဖြစ်ပျက်ဒုက္ခသစ္စာပါ ဘုရား)။

နောက်ခန္ဓာမလာတာက နိရောဓသစ္စာ

အဲဒီလိုချည့်ရှုတော့ ဖြစ်ပျက်က ဒုက္ခသစ္စာ၊ ရှုတာက မဂ္ဂ သစ္စာ၊ သေတာက သမုဒယသစ္စာ (မှန်လှပါ)၊ နောက်ခန္ဓာ မဖြစ်တာက နိရောဓသစ္စာ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိ ပါပြီ ဘုရား)။

ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။