258

သေမင်းကိုမကြောက်ပါနဲ့ (အဘိဘူရဟန္တာ)

အသံဖိုင်ခေါင်းစဉ်= သေမင်းတမန်သတ်နည်းတရားတော်

စာအုပ်ခေါင်းစဉ်= သေမင်းကိုမကြောက်ပါနဲ့ (အဘိဘူရဟန္တာ)

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့၌ ဟောကြားဆုံးမတော်မူသော တရားတော်

သေမင်းကိုမကြောက်ပါနဲ့

(အဘိဘူရဟန္တာ)

(၇-၁၂-၆၀)

သေမင်းတမန်အကြောင်းကို ယနေ့ ထူးထူးခြားခြား ပြောရမယ် (မှန်လှပါ ဘုရား)။

သေမင်းတမန်က ကိလေသာ

သေမင်းသည် ဇရာ မရဏလို့မှတ်ပါ (မှန်လှပါ ဘုရား)၊ သေမင်းတမန်က ကိလေသာလို့ မှတ်ပါ (မှန်လှပါ ဘုရား)။

သေမင်းက ဘာပါလိမ့် (ဇရာမရဏပါ ဘုရား)၊ သေမင်းတမန်က (ကိလေသာပါ ဘုရား)၊ အဲ့ဒီတော့ကိုတဲ့ သေမင်းဆီ ရောက်အောင်ပို့တဲ့ တမန်နဲ့ သေမင်းနဲ့ သည်ကားလို့ ဆိုရင်ဖြင့် ရောက်အောင်ပို့တဲ့ တမန် အစေခံကိုသာလျှင် ကျုပ်တို့ ကြောက်ရမယ် (မှန်လှပါ ဘုရား)။

သေမင်းကို ကြောက်စရာမရှိပါဘူး (မှန်လှပါ ဘုရား)၊ သေမင်းထံရောက်အောင်ပို့တတ်တဲ့ စေတမန်ဖြစ်တဲ့ ကိလေသာ ကိုသာ ပျောက်အောင်လုပ်ရမယ် (မှန်လှပါ ဘုရား)။

ကိလေသာ ပျောက်အောင် လုပ်ရလိမ့်မယ်လို့ ဒကာ ဒကာမတွေ အသေအချာမှတ်ပါ (မှန်လှပါ ဘုရား)။

ကိုင်း ဒါဖြင့် ယနေ့ဟောရမယ့်တရားသည် ဒကာ ဒကာမတို့ ကျုပ်တို့ သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် လမ်းသွား တယ်ဆိုရင် အန္တရာယ် ကင်းရဲ့ လားလို့ အရင်မေးရတယ်၊ ဒကာသစ် လမ်းသွားမယ်၊ ဒကာကြွယ် လမ်းသွားမယ်၊ ဦးလှဘူး လမ်းသွားတော့မယ် ဆိုရင်ဖြင့် ဘယ့်နှယ်တုံးဗျာ၊ သူခိုး၊ ဓါးပြအန္တရာယ်များ ကင်းပါရဲ့လား။

သေမင်းကြောက်နေရတယ်

ဪ သေမင်းမေးတာကိုး (မှန်လှပါ ဘုရား)၊ သေမင်း မေးလိုက်တယ်၊ သေစရာ အထည်ကြီး ပါနေတော့ သေမင်း ကြောက်နေရတယ် (မှန်လှပါ ဘုရား)။

သေစရာအထည်ပါတဲ့အတွက် (သေမင်းကြောက် နေရပါတယ် ဘုရား)၊ အင်း ဒကာ ဒကာမတွေဟာ အမြဲတမ်း လမ်းသွားတော့မယ်ဆိုလို့ ရှိရင်ဖြင့် သေမင်းကြောက်တဲ့ အသံတွေက သိပ်ထွက်တယ် (မှန်လှပါ ဘုရား)။

ဒီကနေပြီး သကာလ ရှမ်းပြည်တို့၊ မိုးကုတ်တို့ သွားတော့ မယ်ဆိုရင်ပဲ မရောက်ဖူးသေးတဲ့ ပုဂ္ဂိုလ်တွေအတွက်မှာ ဘယ် နှယ့်တုံး ဥတုရာသီ ဘယ်လိုများနေသတုံး၊ သေမင်းမေးပြန် တယ် (မှန်လှပါ ဘုရား)။

သေစရာအထည်ကြီးပါနေလို့

ဘယ့်နှယ်ကြောင့် သေမင်းမေးပြန်ပါလိမ့်မလဲလို့ဆိုတော့ သေစရာအထည် ကိုယ့်သန္တာန် ဇရာ မရဏဆိုတဲ့ သေထည်ကြီး က ပါနေလို့ (မှန်ပါ ဘုရား)။

ဇရာ မရဏ ဆိုတဲ့ အိုမှု သေမှုကြီးက ခန္ဓာကိုယ်ထဲ ပါနေတော့ သေမင်းနဲ့တွေ့ရင် ဖျတ်ခနဲ စားဖတ်၊ ဝါးဖတ်အဖြစ်နဲ့ ကုန်ဆုံးချည်ရဲ့ဆိုတာကြောက်ပြီး သကာလ ဘယ်သွားသွား စဉ်းစားခန်း ထုတ်ရတာ သေမင်းစဉ်းစားခန်း ထုတ်နေရတယ် (မှန်လှပါ ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတို့ တောတိရစ္ဆာန်လေး တွေ ကြည့်ပြန်တော့လည်းဟိုနေရာက ချွတ်ခနဲဆို ရင် သေမင်းကြောက် ရ (မှန်လှပါ ဘုရား)၊ ဒီနေရာက ကျောက်ခနဲဆိုရင်ကော (သေမင်းကြောက်ရပါတယ် ဘုရား)၊

သေမင်းကို အမြဲကြောက်နေရတယ်

ဪ ကျုပ်တို့ ဒကာ ဒကာမတွေသည်တဲ့ သေမင်းကို အမြဲကြောက်ပြီး သကာလ နေရတော့ ဘယ်တော့မှ ထမင်းစားလို့ လည်း မြိန်စရာမရှိဘူး၊ အိပ်လို့လည်း ပျော်စရာ မရှိဘူး၊ အိပ်ပြန်လို့ ရှိရင်လည်း ချွတ်ချွတ် ချွတ်ချွတ်ကြား ပြန်လို့ ရှိရင်ဖြင့် သူခိုးဓားပြများ တက်လာတော့မလား၊ လူသတ် ပြီး ပစ္စည်းယူသွားမလား ဆိုတဲ့ သေမင်းကြောက်နေရတာ ပဲ (မှန်ပါ ဘုရား)။

တစ်သံသရာလုံးနေခဲ့ရတာဟာ အကြောက်အလန့် ကင်းပြီးနေခဲ့ရတဲ့အခါများ ပါပါရဲ့ လားလို့ မေးရင် ဘယ်နဲ့ ဖြေ ကြမတုံး (မပါပါဘူး ဘုရား)။

သေမင်းကြောက်လို့ တိုက်တည်တာ

မပါတာကိုလည်း ထင်ထင်ရှားရှားပဲ ဆရာဘုန်းကြီး ဖွင့်ဟပြီး ပြောရလို့ရှိရင်ဖြင့် တိုက်တွေ တည်တာ ဘာကြောင့် – တုံးလို့ ဆိုတော့ သေမင်းကြောက်လို့ ဘုရား။

အပူအအေးတွေကလည်း နှိပ်စက်လိုက်မယ်ဆိုလို့ ရှိရင် လည်း ဖြုန်းခနဲသေချည်ရဲ့ (မှန်လှပါ ဘုရား)။

ဒါကြောင့် အကာအကွယ်တွေ၊ အအေးခန်း၊ အပူခန်း အစရှိသည်နဲ့ အမျိုးမျိုးအဖုံဖုံလုပ်ပြီး သကာလ သေမင်းကာကွယ် နေရတယ်ဘုရား (မှန်လှပါ ဘုရား)။

အဲ့ဒါသည် ကားလို့ ဆိုလို့ ရှိရင်ဖြင့်တဲ့ ဒကာ ဒကာမတို့ သည်တဲ့ ဘာကိုမသိလို့ ပါလိမ့်မတုံးလို့ ဆိုလို့ ရှိရင်ဘုရား သခင်ကိုယ်တော်မြတ်ကြီးက ဟောတယ် သေမင်းကို မသိတဲ့ အတွက် သေမင်းတမန် ကိုလည်းသူတို့က မသိကြဘူးကွ (မှန်လှပါ ဘုရား)။

သေမင်းက ဇရာ မရဏ

သေမင်းက ဇရာ မရဏနော် (မှန်လှပါ ဘုရား)၊ သေမင်းတမန်က ကိလေသာလို့ မှတ်ပါ (မှန်လှပါ ဘုရား)၊

လောဘ၊ ဒေါသ၊ မောဟ၊ ကိလေသာက ဘာပါလိမ့် (သေမင်းတမန်ပါ ဘုရား)၊ သေမင်းတမန်၊ ဒကာကြွယ်ရိပ်မိပြီ လား (ရိပ်မိပါပြီ ဘုရား)။

ဇရာ မရဏကတော့ သေမင်းပေါ့ဗျာ (မှန်လှပါ ဘုရား)၊ သူ့ဆီရောက်အောင်ပို့တဲ့ ကိလေသာ ကတော့ဘာ တဲ့ (သေမင်းတမန်ပါ ဘုရား)။

အဲဒီတော့ ဘုန်းကြီးက ယနေ့ ထူးထူးခြားခြား ဟော လိုက်လို့ ဒီလိုမယူဘဲနဲ့ ဒကာ ဒကာမတွေ ကြောက်တဲ့နည်းလမ်း စည်းကမ်း မှားနေတယ်လို့ ပြောလိုက်တယ် (မှန်လှပါ၊ ဘုရား)၊ ကြောက်တဲ့ နည်းလမ်းစည်းကမ်း မှားနေတယ်လို့ ဒကာ ဒကာမတွေ သတိပေးလိုက်ပါတယ် (မှန်လှပါ ဘုရား)။

သေမင်းကိုမကြောက်ပါနဲ့

သေမင်းဆီရောက်အောင်ပို့ တဲ့ တမန်ကို ကြောက် ပါ (မှန်လှပါ ဘုရား)၊ သေမင်း မကြောက်ပါနဲ့ (မှန်လှပါ ဘုရား)၊

ဘာတဲ့တုံး (သေမင်းကိုမကြောက်ပဲ သေမင်းတမန်ကို ကြောက်ရမှာပါ ဘုရား)၊ သေမင်းကို (မကြောက်ရပါဘူး ဘုရား)၊ သေမင်း ကြောက်စရာမရှိဘူး၊ ဒီတမန်က ရောက်အောင် ပို့မှ သေမင်းက စားဝါးပစ်တာ (မှန်လှပါ ဘုရား)။

ဒါကြောင့် ဒကာ ဒကာမတို့ အရုဏဝတီ-သုတ္တန်မှာ ဒီအတိုင်းလာပါတယ် ဒကာ ဒကာမတို့ မင်းတို့ ကွာတဲ့ သေမင်း တမန်ကို ချေမှုန်းပစ်ကြပါလို့လာတယ် (မှန်လှပါ ဘုရား)။

ဒကာကြွယ် ဘာချေမှုန်းရမတုံး (သေမင်းတမန် ချေမှုန်းရမှာပါ ဘုရား)၊ စဉ်းစားကြပါ၊ စဉ်းစားကြပါ ဒကာ ဒကာမတို့ သေမင်းတမန် ချေမှုန်းကြပါနော် (မှန်လှပါ ဘုရား)။

သေမင်းတမန် ချေမှုန်းလို့ ရှိရင်ဖြင့် သေမင်းဆီရောက် အောင် ပို့မယ့်တမန်ကို ကျုပ်တို့က ချေမှုန်းပြီး ပစ်လိုက်တဲ့ အခါကျလို့ရှိရင်ဖြင့်တဲ့ သေမင်းဆီကို ရောက်အောင်ပို့တတ် တဲ့သဘောတွေ ရုပ်သိမ်း သွားလို့ရှိရင်ဖြင့် ကျုပ်တို့ သေမင်းနိုင်ငံမှ လွတ်တော့တယ် (မှန်လှပါ ဘုရား)။

သေမင်းတမန်ကိုကြောက်ပါ

ဒါကြောင့် ဒကာ ဒကာမတွေ တရားထူးထူးဆန်းဆန်း ဟောတယ်လို့ မယူဘဲနဲ့ သေမင်းကို မကြောက်ပါနဲ့လို့ ဦးလှဘူး တို့ သတိပေးလိုက်တယ်၊ သေမင်းတမန်ကို ကြောက်ပါ (မှန်လှပါ ဘုရား)။

ဘာကြောက်ရမတုံး (သေမင်းတမန်ကို ကြောက်ရမှာ ပါ ဘုရား)၊ သေမင်းတမန် ကြောက်ကြစမ်းပါ ဒကာ ဒကာမတို့ သေမင်းတမန် မိတ်ဆွေ လုပ်နေသ၍ ကာလပတ်လုံးဖြင့် သေမင်း ဆီပို့ပါလိမ့်မယ် (မှန်လှပါ ဘုရား)။

သေမင်းတမန် မိတ်ဆွေ လုပ်နေသမျှ ကာလပတ်လုံး ဖြင့် (သေမင်းဆီပို့ မှာပါ ဘုရား)၊ သေမင်းတမန် ဆိုတာ ဘာပါလိမ့် (ကိလေသာပါ ဘုရား)။

အဲ့ဒါ မိတ်ဆွေလုပ်နေလို့ ရှိရင်ဖြင့် ခင်ဗျားတို့ အပေါင်း ကဖြင့် လွဲကုန်ပေါ့၊ အပေါင်းအသင်း ကဖြင့် (လွဲကုန်ပါပြီ ဘုရား)။

ပို့မယ့်သူ ပေါင်းမိရက်ကြုံကတည်းကိုက သေမင်းစက် ကွင်းမှ လွတ်ကင်းစရာအကြောင်း လုံးဝမမြင်တော့ဘူးလို့ ဦးဘအုန်းတို့ မှတ်ရလိမ့်မယ် (မှန်လှပါ ဘုရား)။

ယနေ့ တရားမှာ ထူးထူးခြားခြား ဒကာကြွယ် မှတ်စမ်း ပါ (မှန်လှပါ ဘုရား)၊ သေမင်းတမန်နဲ့ သေမင်းဘယ်ဟာ ကြောက်ရမတုံး (သေမင်းတမန်ကြောက်ရမှာပါ ဘုရား)။

သေမင်းနဲ့စစ်ပြိုင်ချင်တယ်တဲ့

သေမင်းတမန် ကြောက်ရမှာ ဒကာ ဒကာမတွေက သေမင်းနဲ့ စစ်ပြိုင်ချင်တယ်လို့များ ငိုချင်းများ ချကြသေး (မှန်လှပါ ဘုရား)။

သေမင်းနဲ့ စစ်ပြိုင်ရင် ခင်ဗျားတို့ရှုံးမှာပေါ့ (မှန်လှပါ ဘုရား)၊ သေမင်းတမန်၊ သေမင်းဆီ ပို့တဲ့ တမန်ဖြစ်တဲ့ ကိလေသာ ကို ချေမှုန်းပစ်လိုက်ရလို့ ရှိရင်ဖြင့် သေမင်းဆီရောက်သေးရဲ့ လား (မရောက်ပါဘူး ဘုရား)။

အဲ့ဒါကြောင့် သေမင်းတမန်ကို စစ်ထိုးပါ (မှန်လှ ပါ ဘုရား)၊ သေမင်းနဲ့ စစ်ထိုးဖို့ မလိုပါဘူး (မှန်လှပါ ဘုရား)၊ သဘောပါကြပြီလား (ပါပါပြီ ဘုရား)။

ဘယ်သူနဲ့ စစ်ထိုးရမတုံး (သေမင်းတမန်ကို စစ်ထိုး ရမှာပါ ဘုရား)။

လက်ယာရံအဘိဘူရဟန္တာ

ကိုင်း ဒါဖြင့် အဘိဘူဆိုတဲ့ ရဟန္တာက၊ သိခီဘုရား ၏ လက်ယာရံဖြစ်တဲ့ ရဟန္တာက

“အာရမ္ဘထ နိက္ကမထ၊ ယုဉ္စထ ဗုဒ္ဓသာသနေ။

ဓုနာထ မစ္စုနော သေနံ၊ နဠာ ဂါရံဝ-ကုဉ္ဇရော” (သဂါထာဝဂ္ဂသံယုတ်၊ ၁၅၈)

ဒီလိုဟောထားတယ်နော် (မှန်ပါ ဘုရား)။

သေမင်းတမန်ကို မင်းတို့သည်ကားလို့ဆိုရင်ဖြင့် ချေမှုန်း ကြပါဆိုတော့ ဘာနဲ့ ချေမှုန်းရမှာတုံး ဆိုတော့ အာရမ္ဘထ- မိမိရုပ်နာမ်တွေကို ဖြစ်ပျက်မြင်အောင် အားထုတ်ပါ (မှန်လှပါ ဘုရား)။

မိမိရုပ်နာမ်တွေကို (ဖြစ်ပျက်မြင်အောင်အားထုတ် ရမှာပါ ဘုရား)၊ ဖြစ်ပျက်မြင်အောင် အားထုတ်ကြစမ်းပါ ဒကာ ဒကာမတို့ (မှန်လှပါ ဘုရား)။

နိက္ကမထ- အားထုတ်မယ်ကြံရင် ပျင်းရိတဲ့ စိတ်ကလေးတွေ လာတတ်ပါတယ်ကွာ၊ အချိန် ရွေ့တတ်တဲ့ သဘောကလေးတွေ လည်း လာတတ်ပါတယ်ကွာတဲ့ (မှန်လှပါ ဘုရား)၊ အဲဒါတွေလည်း နှင်ထုတ်ပစ်ပါ (မှန်လှပါ ဘုရား)။

ပျင်းရိတဲ့ တရားကိုနှင်ထုတ်ကြ

နိက္ကမထ- ပျင်းရိခြင်းမှ ပျင်းရိတဲ့ ကောသဇ္ဇ ဆိုတဲ့ တရားတွေကိုလည်း နှင်ထုတ်ကြကုန်လော၊ ယုဉ္စထ ဗုဒ္ဓသာသနေ- ဗုဒ္ဓသာသနေ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဖြစ်ပျက်လို့ ရှုရမယ်ဆိုတဲ့ အဆုံးအမ၌၊ ဖြစ်ပျက် ရှုရမယ်လို့ ဆုံးမထားတယ် (မှန်လှပါ ဘုရား)၊ သဘောကျပြီလား (ကျပါတယ် ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည် ပျင်းရိခြင်းကို နှင်ထုတ်ပြီးအားထုတ်ကြမယ်ဆိုလို့ ရှိရင်ဖြင့် သေမင်းတမန် သေတဲ့နည်းကို ဘုန်းကြီးရှင်းရှင်းလင်းလင်းပြ လို့ (မှန်လှပါ ဘုရား)၊ သေစရာ သေမင်းနိုင်ငံဆီ ရောက်ပါဦးမလား၊ (မရောက်ပါဘူး ဘုရား)။

သေမင်းတမန်၊ ချေမှုန်းကြစို့

ဒါဖြင့် ယနေ့ သေမင်းတမန်ချေမှုန်းကြစို့ ဆိုတဲ့ တရား ကိုပဲ ရှင်းရှင်းလင်းလင်းဟောလိမ့်မယ် (မှန်လှပါ ဘုရား)။

ဒကာ ဒကာမတွေတရားနှလုံးသွင်းပါ၊ သေမင်း ကြောက်ရ မှာလား၊ သေမင်းတမန် ကြောက်ရမှာလား (သေမင်းတမန် ကြောက်ရမှာပါ ဘုရား)။

ခု-ဒကာ ဒကာမတွေ ကြောက်နေတာက သေရမှာ ကြောက်တယ်၊ သေရမှာ ကြောက်တယ် ဆိုပြီး သကာလ သေမင်း ကိုသာ ကြောက်ပြီး သကာလ သေမင်းတမန်မကြောက်ဘဲ နေကြ ခြင်းသည် ကြီးစွာသောမှားယွင်းခြင်းလို့ မှတ်ကြစမ်းပါ (မှန်လှပါ ဘုရား)။

သေမင်းမကြောက်ဘဲနဲ့ သေမင်းတမန် ကြောက်ရမယ့် အကြောက်သည်သာလျှင် မှန်ကန်သော ကြောက်ခြင်းလို့ ဒကာ ဒကာမတွေ မှတ်ပါ (မှန်လှပါ ဘုရား)။

သေမင်းနဲ့ သေမင်းတမန်ဘယ်ဟာ ကြောက်ရမတုံး (သေမင်းတမန်ကြောက်ရမှာပါ ဘုရား)၊ အဲ့ဒါကြောင့် အဘိဘူ ဆိုတဲ့ ရဟန္တာက-

တဏှာမာန ဒိဋ္ဌိ ချေမှုန်းပစ်ပါ

‘‘ယုဉ္စထ ဗုဒ္ဓသာသနေ’’၊ ဗုဒ္ဓသာသနေ-မြတ်စွာဘုရား အဆုံးအမဖြစ်တဲ့ ဖြစ်ပျက်ရှုတဲ့ သာသနာ၌၊ ဓုနာထ မစ္စုနော သေနံ။ မစ္စုနော- သေမင်း၏ သေနံ- စစ်သည်ဖြစ်တဲ့ တဏှာ၊ မာန၊ ဒိဋ္ဌိကို ဓုနာထ ချေမှုန်းပစ်ပါ (မှန်လှပါ ဘုရား)။

သေမင်း၏ တမန်ဖြစ်တဲ့ ကိလေသာ တဏှာ၊ မာန၊ ဒိဋ္ဌိ ကိုသာ ဒကာဦးလှဘူးတို့ ချေမှုန်းပစ်ရမယ် (မှန်လှပါ ဘုရား)။

အဲဒါ ချေမှုန်းပစ်လိုက်လို့ ရှိရင်ဖြင့်တဲ့ သေမင်းနဲ့ တွေ့ပါဦးမလား (မတွေ့ပါဘူး ဘုရား)၊ နောက်ပုံစံပါ ချပြပါ့ မယ် ဒကာ ဒကာမတို့ သေမင်းမကြောက်ပါနဲ့ သေမင်းဆီ ပို့တတ်တဲ့ တမန်အစေခံကိုသာ ကြောက်ပါ၊ ချေမှုန်းပါလို့ သိခီမြတ်စွာဘုရား၏ တပည့် အဘိဘူဆိုတဲ့ရဟန်းက သေသေ ချာချာ ဟောနေတယ် (မှန်လှပါ ဘုရား)။

သေမင်း၏စစ်သည်၊ ကိလေသာ

နဠာဂါရံဝကုဉ္စရော နာဠံ- ကျူဖြင့် ဆောက်ထားတဲ့အိမ် ကြီးကို၊ ကုဉ္စရော ဆင်ပြောင်ကြီးက၊ ဓုနာတိ ဝိယ၊ ချိုးဖျက်သကဲ့ သို့၊ အတ္တနော- မိမိ၏၊ သေနံ- သေမင်း၏ စစ်သည်ဆိုတဲ့ ကိလေ သာ ကို ဓုနာထ- ချေမှုန်းကြပါ (မှန်လှပါ ဘုရား)။

သေမင်းဆီပို့ တတ်တဲ့ စစ်သည်ကို သာ ချေမှုန်းကြ ပါလို့ဆိုတာ သေသေချာချာ မှတ်ထားပါ (မှန်လှပါ ဘုရား)။

ဒါဖြင့် ကိလေသာနဲ့ ဇရာ မရဏဘယ်ဟာ ကြောက်စရာ ကောင်းသတုံး (ကိလေသာ ကြောက်စရာ ကောင်းပါတယ် ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ကိလေသာ ကြောက်စရာကောင်းသည် ဇရာ မရဏ ကြောက်စရာမကောင်းပါဘူးဆိုတော့ ပုံစံလေး ချပြလိုက်တော့မှ ဒကာကြွယ်သာရှင်းမှာပေါ့ဗျာ (မှန်လှပါ ဘုရား)။

တိုက်တာ၊ ရွှေငွေ၊ ကားတွေ

ဟော ဒါက ဒကာ ဒကာမတွေ၏ ခန္ဓာငါးပါး (မှန်လှပါ ဘုရား)၊ ပစ္စည်းဥစ္စာ ရတနာတွေ၊ တိုက်တာ ရွှေငွေ၊ ကျောက်၊ သံ၊ ပတ္တမြား၊ ကားတွေ (မှန်လှပါ ဘုရား)။

ဒါတွေကို မြင်လိုက်တဲ့အခါကျတော့ မြင်လိုက်ပြီ မြင်လိုက် သည်နှင့် တစ်ပြိုင်နက်တည်းဟော ဒါလေးတွေဟာ ငါ့ဟာလေးတွေပါလားဆိုတဲ့ ဒိဋ္ဌိကလာပြီ (မှန်လှပါ ဘုရား)။

အရေးရှိရင် ပေါင်သုံးနိုင်တယ်

ငါ့ ဟာလေးတွေ၊ ငါ့ အားကိုးလုံးကလေးတွေအရေးရှိ ရင် ပေါင်သုံးနိုင်တယ်၊ အင်း ရောင်းပြီး သုံးနိုင်တယ်ဆိုတဲ့ ဒိဋ္ဌိက မလာဘူးလား (လာပါတယ် ဘုရား)။

ဒါလေးတော့ကွာ မပျောက်စေနဲ့ဟေ့ဆိုတဲ့ စွဲစွဲ လန်းလန်း ဒိဋ္ဌိဥပါဒါန်ကော မလာဘူးလား (လာပါတယ် ဘုရား)ကိလေသာတွေ ဒိဋ္ဌိ၊ ဒိဋ္ဌိ ဥပါဒါန်ဆိုတဲ့ ကိလေသာတွေ မလာဘူးလား (လာပါတယ် ဘုရား)။

အဲ့ဒီ ကိလေသာတွေ လာတဲ့အတွက်တဲ့ ကာယကံ၊ ဝစီကံနဲ့ ဒီပစ္စည်း သိမ်းလိုက်ဆည်းလိုက်၊ ဝစီကံနဲ့ ပြောလိုက်၊ ဒီဥစ္စာ မိုးလုံလုံထား လေလုံလုံထား၊ လူမမြင်သူမမြင် ထားပါဆို တဲ့ ဝစီကံတွေကော မသုံးကြပေဘူးလား (သုံးကြပါတယ် ဘုရား)။

ခင်တယ်၊ စွဲလန်းတယ်၊ အားထုတ်တယ်

ကာယကံနဲ့လည်း သူများမသိမ်း ငါသိမ်းမယ်ကွ ဆို တဲ့ကာယကံနဲ့ကော (သိမ်းပါတယ် ဘုရား)၊ အဲ ကံတွေက လည်းလာတော့ တဏှာ၊ ဥပါဒါန်၊ ကံတွေသည် ဒီကံနဲ့တကွ ပစ္စည်းတွေကို မြင်တော့ ခင်တယ်၊ ခင်တော့ စွဲလန်း၊ စွဲလန်းတော့ အားထုတ်လို့ ကမ္မဘဝဖြစ်လာပြီ (မှန်လှပါ ဘုရား)။

တစ်၊ နှစ်၊ သုံးမြင်တာ အသာထား၊ ခင်တယ်၊ စွဲလန်းတယ်၊ အားထုတ်တယ်ဆိုတာ သေမင်းတမန် သုံးခု (မှန်လှပါ ဘု ရား)၊ တဏှာ၊ ဥပါဒါန်၊ ကံ တွေ ဟာ ဘာပါလိမ့် (သေမင်းတမန် သုံးခုပါ ဘုရား)။

သေမင်းတမန်၊ သူတို့ကို ချေမှုန်းရမှာ (မှန်လှပါ ဘုရား)၊ သူတို့ ချေမှုန်းလိုက်တဲ့ အခါကျလို့ ရှိရင်ဖြင့် ဇာတိ၊ ဇရာ၊ မရဏဆိုတာလာသေးရဲ့ လား (မလာပါဘူး ဘုရား)။

အကြောင်းနဲ့ အကျိုးဘယ်ဟာကြောက်ရမှာလဲ

ဒါဖြင့် ဇာတိ၊ ဇရာ၊ မရဏနဲ့ ဆိုတဲ့ သေမင်းတမန်ဖြစ်တဲ့ တဏှာ ဥပါဒါန် ကံနဲ့ သေမင်းဆိုတဲ့ ဇာတိ၊ ဇရာ၊ မရဏနဲ့ ဒကာသစ်တို့ ဒကာကြွယ်တို့ ဘယ်သူအကြောင်းဘယ်သူ အကျိုးတုံးဆိုတော့ ဟောဒီ ပဋိစ္စသမုပ္ပါဒ်ကြည့်လိုက်ရင် သိပါ ပြီ (မှန်လှပါ ဘုရား)။

သေမင်းတမန်က (အကြောင်းပါ ဘုရား)၊ သေမင်း ဆိုတဲ့ ဇာတိ၊ ဇရာ၊ မရဏက (အကျိုးပါ ဘုရား)။

ဒါဖြင့် ဒကာသစ်ရေ အကြောင်းနဲ့ အကျိုးဘယ်ဟာ ကြောက်ရမှာပါလိမ့် (အကြောင်း ကြောက်ရမှာပါ ဘုရား)။ မြားပစ်တဲ့သူနဲ့ မြားတံနဲ့ ဘယ်ဟာကြောက်စရာကောင်း သတုံး (မြားပစ်တဲ့သူ ကြောက်စရာ ကောင်းပါတယ် ဘုရား)။

မြားပစ်တဲ့သူကိုကြောက်ပါ

မြားပစ်တဲ့သူကြောက်စရာကောင်းတယ် (မှန်လှပါ ဘုရား)၊ မြားတံက ဘာမှကြောက်စရာ မရှိဘူး၊ အသက်မပါ ဘူး (မှန်လှပါ ဘုရား)။

မြားပစ်တဲ့သူသာ အသက်ရှိသ၍ ပစ်နေမယ်ဆိုတော့ သူ့ ကြောက်စရာကောင်းတယ် (မှန်လှပါ ဘုရား)၊ သဘော ကျပြီလား (ကျပါပြီ ဘုရား)။

သေမင်းတမန်(၃)ယောက်

ဒီမှာလည်း

(၁) တဏှာ

(၂) ဥပါဒါန်

(၃) ကံ တည်းဟူသော သေမင်းတမန်ကြောင့် ဒကာ ဒကာမတို့ မှာ ဇာတိ၊ ဇရာ၊ မရဏဆိုတဲ့ သေမင်းသုံးယောက်၊ သေမင်း လက်တွင်းကို တစ်ခါတည်းကျတယ်။

သေမင်း(၃)ယောက်

(၁) ဇာတိက ထောင်ချတဲ့ ပုဂ္ဂိုလ်

(၂) ဇရာက ရိုက်နှက်တဲ့ ပုဂ္ဂိုလ်

(၃) မရဏကသတ်တဲ့ ပုဂ္ဂိုလ်ဆိုတော့ ဒါ သေမင်းသုံးယောက်ပေါ့ဗျာ (မှန်လှပါ ဘုရား)။

အင်း ဒီသေမင်းသုံးယောက်သည် ဒကာ ဒကာမတို့ ဘယ်သူပို့လို့ ရောက်ရပါလိမ့်မတုံးလို့ မေးတဲ့အခါ တမန်သုံးယောက်ပို့လို့ ရောက်ရတာ (မှန်လှပါ ဘုရား)။

ဘယ်လိုမှတ်ကြမယ် (တမန်သုံးယောက်ပို့လို့ ရောက် ရတာပါ ဘုရား)။

တမန်(၃)ယောက်ကို ချေမှုန်းပစ်ပါ

ဒါဖြင့် ဒီတမန်သုံးယောက်ကို ကျုပ်တို့က ချေမှုန်းပစ် လို့ က်လို့ ရှိရင်ဖြင့် ပို့ မယ်သူ သုံးယောက် မရှိသောကြောင့် ကျုပ်တို့ သေရာဌာနဆိုတဲ့ ဇာတိ၊ ဇရာ မရဏလွတ်ကင်းမှု ကြီးဟာ ဆုတောင်းရသေးလား (မတောင်းရပါဘူး ဘုရား)။ တစ်ခါတည်း လွတ်သွားတယ်ဆိုတာ ဒကာ ဒကာမတွေ ရှင်းလင်းမသွားဘူးလား (သွားပါတယ် ဘုရား)။

ဒါဖြင့် တစ်၊ နှစ်၊ သုံး သေမင်းတမန် (မှန်လှပါ ဘုရား)၊ နောက် တစ်၊ နှစ်၊ သုံးက သေမင်းတွေ (မှန်လှပါ ဘုရား)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ပထမ တစ်၊ နှစ်၊ သုံး နဲ့ ဒုတိယ တစ်၊ နှစ်၊ သုံး ဒကာကြွယ် ဘယ်ဟာကို ကျုပ်တို့က ချေမှုန်း ပစ်ရမှာတုံး (ပထမတစ်၊ နှစ်၊ သုံး ကို ချေမှုန်းရမှာပါ ဘုရား)။

ပထမ တစ်၊ နှစ်၊ သုံးကို ချေမှုန်းရမယ် ဆိုတာ ကောင်း ကောင်း သဘောကျပြီလား (ကျပါပြီ ဘုရား)၊ အေး ဒါကြောင့် အဘိဘူ ဆိုတဲ့ ရဟန္တာက နဂါရံဝ ကုဉ္စရော ဆိုတဲ့အတိုင်းတဲ့ မုနာထ မစ္စုနော သေနံ မစ္စုနော သေမင်းသုံးယောက်၏သေနံ စသည်ဖြစ်တဲ့ တဏှာ၊ ဥပါဒါန်၊ ကံ တို့ကို ဓုနာထ- ချေမှုန်းကြပါကွာ (မှန်လှပါ ဘုရား)။

ဘုရားအဆုံးအမကို မမေ့ကြနဲ့

အင်း သူတို့ သုံးခု ချေမှုန်းရမှာဆိုပါလား (မှန်လှ ပါ ဘုရား)၊ ဘာနဲ့ ချေမှုန်းရမှာတုံးဆိုတော့၊ ယော ဣမသ္မိံ ဓမ္မဝိနယေ၊ ယော- အကြင် ပုဂ္ဂိုလ်သည်။ ဣမသ္မိံ ဓမ္မ ဝိနယေ- ဤ ဘုရား ဟောတော် မူတဲ့ အဆုံးအမ၌ အပ္ပမတ္တာ- မမေ့ရစ်ကြ သည်ဖြစ်ပါအံ့။

ငါဘုရား ဆုံးမတဲ့အတိုင်းဖြစ်ပျက် အနိစ္စကို မမေ့ရစ် ကြသည်ဖြစ်ပါအံ့ (မှန်လှပါ ဘုရား)၊ ဇာတိ သံသာရံ- ပဋိ သန္ဓေအိုနာသေရေး ဆိုတဲ့ သံသရာကြီးကိုဆို တော့ ဒီသေမင်းသုံးယောက်ကို (မှန်လှပါ ဘုရား)၊ သစ္ဆိ ကရိဿတိ- သေမင်းမရှိ ရာကို မျက်မှောက်ပြုနိုင်လတ္တံ့။

မမေ့ရင် သေမင်းလွတ်ရာရောက်မယ်

သေမင်းတမန်ကို သတ်လို့ရှိရင် သေမင်းနယ်သို့ မရောက် သောကြောင့် သေမင်းလွတ်ရာ ကိုသာ ဉာဏ်အားဖြင့် ရောက်ပါ လိမ့်မယ် (မှန်လှပါ ဘုရား)၊ ဒကာသစ် အသေအချာ မှတ်နော် (မှန်လှပါ ဘုရား)။

ဒကာကြွယ်ရေ ဒါဖြင့် ယနေ့တရားမှာ တို့ ဟာ သေရမှာသာ ကြောက်နေတယ် သေကြောင်း ဖြစ်တဲ့ သေမင်းတမန် မကြောက်လို့ တို့ ကိုယ်ကျိုးနည်းရတာ ကြာလှပါ ပေါ့လားဆိုတာ အောက်မေ့ရမယ် (မှန်လှပါ ဘုရား)။

သေမင်းတမန် မကြောက်ဘဲနဲ့ သေမင်းသာကြောက်ပြီး သကာလ နေတော့ သေရမှာဆိုတဲ့ ဇာတိ၊ ဇရာ၊ မရဏသာ ကြောက်ပြီး သကာလ ဇာတိ၊ ဇရာ၊ မရဏဆီ အခွန်ဆက်ပေး နေတဲ့ တဏှာ၊ ဥပါဒါန်၊ ပုညာဘိသင်္ခါရ၊ အပုညာဘိသင်္ခါရ ကံတွေကို ကျုပ်တို့ ကြိုးစားနေသ၍ ကာလပတ်လုံး ဖြင့်တဲ့ ထောင်ချတဲ့ ဇာတိ၊ ရိုက်နှက်တဲ့ဇရာ၊ သတ်ပစ်တဲ့ မရဏလက် တွင်းမှ လွတ်ကင်းဖို့ ရာမရှိပါ ဘူး (မှန်လှပါ ဘုရား)၊ သဘောပါကြပြီလား (ပါပါပြီ ဘုရား)။

တဏှာ ဥပါဒါန် ကံက သေမင်းတမန်

ဒါဖြင့် သေမင်းတမန်က ဘာပါလိမ့် (တဏှာ၊ မာန၊ ကံပါ ဘုရား)၊ တဏှာ၊ ဥပါဒါန်၊ ကံ၊ သေမင်းသုံးယောက်က ဘယ်သူပါလိမ့် ဇာတိ၊ ဇရာ၊ မရဏ ပြန်ပြောပါ၊ ဒီလောက် လွဲရင် အကြီးအကျယ် လွဲတယ်မှတ်ပါ။

သေမင်းတမန်က ဘယ်သူပါလိမ့် (တဏှာ၊ ဥပါဒါန်၊ ကံပါ ဘုရား)၊ သေမင်းက ဘယ်သူပါလိမ့် (ဇာတိ၊ ဇရာ၊ မရဏ ပါ ဘုရား)။

ဇာတိ၊ ဇရာ၊ မရဏက သေမင်း

ဇာတိ၊ ဇရာ၊ မရဏ ကမှ ဇာတိက ထောင်ထဲချတာ ကိုး (မှန်လှပါ ဘုရား)၊ အမိဝမ်းခေါင်းထဲ ထောင်ထဲချလိုက်၊ ဇရာက ရိုက်နှက်လိုက်၊ မရဏက သတ်လိုက်ဆိုတဲ့ အဲဒါ သေမင်းချည့်ပဲ (မှန်လှပါ ဘုရား)။

သေမင်း အပေါင်းအဖော်က သုံးယောက်၊ သေမင်းဆီပို့တဲ့ အပေါင်း အဖော်ကသုံးယောက် သဘောကျပြီလား (ကျပါပြီ ဘုရား)။

အဲ့ဒါတွေ သိပြီးထားတော့မှ အားလုံး ဒကာကြွယ်တို့ က သေမင်းကြောက်ရမှာလား၊ သေမင်းထံ ပို့တတ်တဲ့ သေမင်း၏ အစေခံစေတမန်တွေ ကြောက်ရမှာလား (အစေခံစေတမန်တွေ ကြောက်ရမှာပါ ဘုရား)။

သေမင်းထံပို့တတ်တဲ့ တဏှာ၊ ဥပါဒါန်၊ ကံကြောက်ရ မယ် (မှန်လှပါ ဘုရား)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဘာကြောက် ရမှာတုံး (သေမင်းထံပို့ တတ်တဲ့ တဏှာ၊ ဥပါဒါန်၊ ကံကြောက်ရမှာပါ ဘုရား)၊ သူ့ ဘယ်နှယ့်ကြောင့် ကြောက်ရမှာပါလိမ့် (သေမင်းထံပို့လို့ပါ ဘုရား)။

ရဲသားသုံးယောက်

ဪ ဒါဖြင့်သေမင်းထံ မရောက်ရောက်အောင် ဖမ်းပို့တတ်တဲ့ ရဲသားသုံးယောက်နဲ့ တူတဲ့ ဥစ္စာ ကြောက်ရမှာပဲ ဆိုတဲ့အဓိပ္ပာယ်သည် ဦးဘအုန်းတို့ ရှင်းသွား ပြီ (ရှင်းသွားပါ ပြီ ဘုရား)။

ဒါကြောင့် အဲ့ဒီ ရဲသားသုံးယောက်နဲ့ တူတဲ့ တဏှာ၊ ဥပါဒါန်၊ ကံကိုဟုတ်ပြီလား၊ ချေမှုန်း ပစ်ရမယ် (မှန်လှပါ ဘုရား)၊ တဏှာ၊ ဥပါဒါန်၊ ကံကို (ချေမှုန်းပစ်ရမှာပါ ဘုရား)။

ဘုရားအဆုံးအမနှင့် ချေမှုန်းပါ

ဘာနဲ့ ချေမှုန်းရမှာတုံး မေးတဲ့အခါ၊ ယော-အကြင် ပုဂ္ဂိုလ်သည်၊ ဣမသ္မိံ ဓမ္မဝိနယေ ဓမ္မဝိနိယ ဆိုတဲ့ အဆုံးအမ၌ ဘုရားအဆုံးအမနဲ့ ချေမှုန်းရလိမ့်မယ် (မှန်လှပါ ဘုရား)၊ ဘုရားအဆုံးအမနဲ့ ချေမှုန်းမှရမယ် ဒကာကြွယ်ရ (မှန်လှပါ ဘုရား)။

ဒိပြင် နည်းနဲ့ တော့မရဘူးဆိုတာ အသေအချာမှတ် ပါ (မှန်လှပါ ဘုရား)၊ ကဲ ဒါဖြင့်

‘‘ယော ဣမသ္မိံ ဓမ္မ ဝိနယေ အပ္ပမတ္တာ ဝိဟဿတိ။’’

အနိစ္စကို ပညာနဲ့ကြည့်ပါ

ဒီယခုပြောခဲ့တဲ့ဖြစ်ပျက်ရှုရမယ့် အဆုံးအမ သဗ္ဗေသင်္ခါရာ အနိစ္စ ယဒါ ပညာယ ပဿတိ ဆိုတဲ့အတိုင်း အနိစ္စကိုပညာနဲ့ ကြည့်ဆိုတဲ့ အဆုံးအမကြီးက မရှိဘူးလား (ရှိပါတယ် ဘုရား)။

အဲ့ဒါ ဓမ္မဝိနယေ အဆုံးအမပါပဲတဲ့နော် (မှန်လှပါ ဘုရား)၊ အပ္ပမတ္တော ဝိဟဿတိ၊ အပ္ပမတ္တာ မမေ့ရစ်ဘဲနဲ့ ဝိဟဿတိ- မင်းတို့ ငါဘုရား ပရိနိဗ္ဗာန်စံငြားသော်လည်း မင်းတို့ ကျန်ရစ်ခဲ့သည်ဖြစ်ပါအံ့ ဇာတိ သံသာရံ ပဋိသန္ဓေ အို၊ နာ၊ သေဆိုတဲ့ သေမင်းသုံးယောက် သံသရာကြီးကို ပဟာယစွန့် ၍ မင်းတို့ သည် ကားလို့ဆိုရင် ဖြင့် သူတို့ မရှိတဲ့နိုင်ငံကို၊ သစ္ဆိ ကရိဿတိ-မျက်မှောက်ပြုနိုင်လိမ့်လတ္တံ့ ကွာဆိုတော့ မသေ ရာမျက် မှောက်ပြုနိုင်ပါလိမ့်မယ် (မှန်လှပါ ဘုရား)။

မသေရာကိုမြင်ရလိမ့်မယ်

သေမင်းတမန်ကိုသာ သတ်ရင် မသေရာကို ခင်ဗျား တို့ မြင်ရလိမ့်မယ် (မှန်လှပါ ဘုရား)၊ သေမင်းတမန်ကို သတ်ရင် (မသေရာကို မြင်ရမှာပါ ဘုရား)၊ မသေရာမြင်ရ မယ်ဆိုတာ သဘော ကျပြီလား (ကျပါပြီ ဘုရား)။

ကိုင်း ဒါ သေသေချာချာ အကွက်ကျပဲ ဒကာကြွယ် ရှင်းပါတော့မယ်နော် (မှန်လှပါ ဘုရား)။

ဟောဒိက ဒကာ ဒကာမတွေ ခန္ဓာငါးပါး၊ အာယတန (၁၂)ပါး၊ ဓာတ်(၁၈)ပါး ဆိုတာသိပြီးသား (မှန်လှပါ ဘုရား)။

ဒီခန္ဓာငါးပါးကို ဟောဒီမဂ္ဂင်ငါးပါးနဲ့ ဒကာသစ်က ဖြစ် စေ၊ ဒကာကြွယ်၊ ဦးလှဘူးတို့ ကဖြစ်စေ တစ်ပါးပါး ဖြစ်ပျက်ရှုစမ်း ပါနော် (မှန်လှပါ ဘုရား)။

တစ်ပါးပါးကို ဖြစ်ပျက်ရှုစမ်းပါ

တစ်ပါးပါးဖြစ်ပျက်ရှုစမ်းပါ၊ အနိစ္စလို့ ရှုစမ်းပါ၊ သဗ္ဗေ သင်္ခါရာ အနိစ္စ ယဒါ ပညာယ ပဿတိနဲ့ ရှုစမ်းပါနော် (မှန်လှပါ ဘုရား)။

ဒီဖြစ်ပျက်တွေကို ပညာနဲ့ ရှုပေးစမ်း၊ ရှုလိုက်တော့ကို ဒီ က ဖြစ်ပျက်ဖြစ်သွားရော၊ ဒီက ယဒါ ပညာယ ပဿတိ က မဂ် မဖြစ်သွားဘူးလား (ဖြစ်သွားပါတယ် ဘုရား)၊ ဒါကြောင့် – ဧသမဂ္ဂေါလို့ ပြောတာပေါ့ဗျာ (မှန်လှပါ ဘုရား)။

ကဲ ဒီဘက်က အနိစ္စကို ရှုလိုက်တဲ့ အခါဒီဘက်က ဘာဖြစ်သွားသတုံး (မဂ္ဂဖြစ်သွားပါတယ် ဘုရား)၊ မဂ္ဂဖြစ် သွားတော့ ဒီမဂ်လည်း လာပါရောတဲ့ ခုနက ဒီခန္ဓာငါးပါး သားသမီးနဲ့ ပစ္စည်း ဥစ္စာတွေကို ခင်တယ်၊ စွဲလန်းတယ်၊ အားထုတ် တယ် ဆိုတာမဂ်ကြားဝင်ရင် လာသေးသလား (မလာပါဘူး ဘုရား)။

မဂ်နဲ့ ချေမှုန်းလိုက်တော့ ပျောက်သွားတယ်

ဟာ ဒီသုံးခု ပျောက်သွားပြီ၊ ဒီသုံးခု ပျောက်သွားပြီ၊ ဘာကြောင့် ပျောက်သွားပါလိမ့်မတုံးဆို မဂ်နဲ့ချေမှုန်းလိုက် လို့ (မှန်လှပါ ဘုရား)၊ ရှုတဲ့မဂ်နဲ့ ဘာတုံး (ချေမှုန်းလိုက် လို့ ပါ ဘုရား)။

ချေမှုန်းလိုက်တော့ သေမင်းတမန်သုံးယောက် ဘာဖြစ် သွားသတုံး (ပျောက်သွားပါတယ် ဘုရား)၊ ဪ ဒါဖြင့် ‘‘ယောဣမသ္မိံ ဓမ္မဝိနယေ’’ ဤဖြစ်ပျက်ရှု ရမယ်ဆိုသော ဓမ္မ ဝိနယ၌၊ အပ္ပမတ္တော- မမေ့ကြနဲ့နော် (မှန်လှပါ ဘုရား)၊ ဝိဟဿတိ မမေ့ဘဲနဲ့ နေကြကွ။

ပဟာယ ဇာတိသံသာရံ ဟောဒိဘက်က သံသရာသုံးခု အကုန်ပျောက်ရမယ်၊ သေမင်းတွေ အကုန်ပျောက်ရမယ် (မှန်လှပါ ဘုရား)။

သူတို့မလာနိုင်တော့ဘူး

ပဟာယ ဇာတိသံသာရံ- ဇာတိ၊ ဇရာ၊ မရဏဆိုတဲ့ သုံးခုကို ပဟာယ ပယ်၍ သူတို့ မလာနိုင်တော့ဘူးကွ (မှန်လှ ပါ ဘုရား)၊ ဘာကြောင့် မလာသတုံးလို့ ဆိုတော့ သေမင်းဆီ ခန္ဓာငါးပါး ပို့နေတဲ့ တဏှာ၊ ဥပါဒါန်၊ ကံတွေက သေသွားလို့ သေမင်းသည် ဒကာ ဒကာမတို့ စားစရာ၊ ဝါးစရာ မရှိသောကြောင့် သေမင်းကို ပျောက်ထွက်သွားတယ် (မှန်လှပါ ဘုရား)။

စားဝါးနေရရင် သေမင်း အသက်ရှည်နေပါတယ် (မှန်လှပါ ဘုရား)၊ စားဝါးနေရရင် (သေမင်း အသက်ရှည် နေပါတယ် ဘုရား)၊ စားစရာပို့မယ့်သူ ဝါးစရာပို့မယ့်သူမရှိရင် သေမင်း ပျောက်ရ တော့မယ် (မှန်လှပါ ဘုရား)။

ဝိပဿနာရှုတာ၊ ဘာလုပ်တာတုံး

ဒါဖြင့် ဒကာ ဒကာမတို့ ဝိပဿနာရှုတာ သည်ဘာလုပ် တာတုံးလို့ ဒကာ ဒကာမတွေက လေးလေးနက်နက် မေးလို့ ရှိရင်ဖြင့် သေမင်းတမန် ချေမှုန်းနေတာ (မှန်လှပါ ဘုရား)။

ဝိပဿနာရှုတာ ဘာလုပ်နေကြတာပါလိမ့် (သေမင်း တမန်ချေမှုန်းနေတာပါ ဘုရား)၊ ဒကာကြွယ် ဒါဖြင့် ကိုယ့်အသေ ကိုယ်ကာကွယ်နေတာ (မှန်လှပါ ဘုရား)၊ ကိုယ့်သေရမှာ ကို (ကိုယ်ကာကွယ်နေတာပါ ဘုရား)။

ကိုယ်သေရမှာကို ကိုယ်ကာကွယ်နေတဲ့ အလုပ်ဟာ ဒါ ကြောင့် ဘုရားသခင်က အာရမ္မထ အားထုတ်ပါကွ၊ နိက္ကမထ ပျင်းရိတာနှင်ထုတ်ကြပါကွ၊ ပျင်းရင်သေရမှာစိုးလို့ (မှန်လှ ပါ ဘုရား)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဝိပဿနာအလုပ် လုပ်ကြစမ်းပါ

ဒါဖြင့် ဒကာ ဒကာမတို့ ဝိပဿနာအလုပ်လုပ်ကြစမ်း ပါလို့ ဆရာဘုန်းကြီးက တိုက်တွန်းဖို့ အရေးကြီးသလား၊ ခင်ဗျားတို့ သေမင်းတမန်တွေကို သေမင်းဆီပို့တတ်တဲ့ တမန်အစေခံ တွေကို ခင်ဗျားတို့ ကိုယ်တိုင် သတ်ဖို့ အရေးကြီးသလား၊ ဘုန်းကြီး တိုက်တွန်းမှုစောင့်နေဖို့ အရေးကြီးသလား ဆိုတာ သေသေချာ ချာခွဲကြစမ်းပါ (ကိုယ်ကိုယ်တိုင် သတ်ဖို့ အရေးကြီးပါတယ် ဘုရား)။

ပေါ်ပြီ ဦးလှဘူးရ၊ ပေါ်ပြီ၊ ပေါ်ပြီ၊ ဘုန်းကြီးက တိုက်တွန်းရှာတယ်၊ ဒါကြောင့် ကျုပ်တို့ လည်း ဆရာသမားကောင်းက တိုက်တွန်းတော့ မလုပ်ရင်မဖြစ်ဘူး လုပ်ရဦးမယ်လို့ ဒီအသုံးကို သုံးလို့ ရှိရင်ဖြင့် အတော် ဉာဏ်တုံးတယ် (မှန်လှပါဘုရား)။

ဝိပဿနာမရှုဘဲနေရင်

ကိုယ့် သေမင်းတမန်တွေ ရှိနေလို့ ကိုယ့်ခန္ဓာကိုယ် ကြီးကိုပင်လျှင် ဟောဒီ မရှုဘဲနေလို့ ရှိရင် ကိုယ့်ခန္ဓာငါးပါးကြီး ကို သေမင်းတမန်က ဇာတိ၊ ဇရာ၊ မရဏဆီပို့ မယ် (မှန်လှပါ ဘုရား)။ တဏှာ၊ ဥပါဒါန်၊ ကံတွေက မပို့ပေဘူးလား (ပို့ပါ တယ် ဘုရား)။

ပို့လိုက်လို့ ရှိရင်တော့ သေမင်းပါးစပ်ထဲမှာ ကျုပ်တို့ စားဖတ်ဝါးဖတ်အဖြစ်နဲ့ပဲ ဆုံးရှုံးခြင်း မရောက်ပေဘူးလား (ရောက်ပါတယ် ဘုရား)။

ဝိပဿနာရှုလိုက်တော့

ဒါဖြင့် ဝိပဿနာ ဒီကနေ ရှုလိုက်တော့ကိုတဲ့ ပဋိစ္စ သမုပ္ပါဒ်ဆိုတဲ့အနာဂတ် အကြောင်း သုံးခု ပြတ်သွားတော့ အနာ ဂတ် အကျိုးသုံးခုလာသေးရဲ့ လား (မလာပါဘူး ဘုရား)။

ဘယ်နှယ့်ကြောင့် မလာပါလိမ့်မတုံးမေးတဲ့အခါ တမန်သုံး ယောက်သတ်ပစ်လို့၊ ပို့တတ်တဲ့ တမန်သုံးယောက်သတ်ပစ် လိုက်တဲ့အတွက်တဲ့ ဒကာ ဒကာမတို့ သေမင်းသုံးယောက် သည်ကား ငတ်ပြီး သေရှာတယ် (မှန်လှပါ ဘုရား)။

သေမင်းသုံးယောက် ဘယ်လိုသေပါလိမ့် (ငတ်ပြီး သေပါတယ် ဘုရား)၊ အရင်တုန်းကတော့ ခန္ဓာတွေ ယူဆောင်ပြီး သေမင်းဆီ ပို့နေတာပါပဲ (မှန်လှပါ ဘုရား)။

လူခန္ဓာ ဖြစ်ရင်လည်း သေမင်းဆီပို့၊ နတ်ခန္ဓာဖြစ်ရင် လည်းသေမင်းဆီပို့ တမန်သုံးယောက်က (မှန်လှပါ ဘုရား)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

မဂ်နဲ့ ချေမှုန်းပစ်လိုက်တယ်

ဒါဖြင့် ဒီတမန်သုံးယောက်ကို ကျုပ်တို့ က မဂ်နဲ့ ချေမှုန်းပစ်လိုက်တော့မင်္ဂလာရင်ပဲ သူတို့ သုံးခုဖြစ်သေးရဲ့ လား (မဖြစ်ပါဘူး ဘုရား)။

မဖြစ်တော့ သူတို့ ချေမှုန်းပစ်လိုက်တဲ့အတွက်တဲ့ သေ မင်းသုံးယောက်ကိုကျုပ်တို့ သေမင်း သုံးယောက်ဆီ ပို့တတ် တဲ့တရားကို ကျုပ်တို့ က ချေမှုန်းပြီး သတ်ဖြတ်ပစ်လိုက်တဲ့ အတွက် ဒကာသစ်ရေ သေမင်းဆီ ကျုပ်တို့ ရောက်ဖို့ လိုသေး သလား (မလိုပါဘူး ဘုရား)၊ တမန်အရင် သတ်ပစ်လိုက် တယ် (မှန်လှပါ ဘုရား)။

ဒါကြောင့် သံယုတ်အဋ္ဌကထာဆရာက သေမင်းတမန် ဆိုတာ တခြားမဟုတ်ပါဘူး ကိလေသာကို ဆိုပါတယ် ဆိုတာ သဘောကျပြီလား (ကျပါတယ် ဘုရား)။

ကိုင်း ဘုန်းကြီးတို့ ဒကာ ဒကာမတို့ သေမင်း တမန်နဲ့ သေမင်း ဘယ်ဟာကြောက်ရမှာလဲ (သေမင်း တမန်ကို ကြောက်ရမှာပါ ဘုရား)။

ပညာနဲ့ ကြည့်ဖို့အရေးကြီးတယ်

ဒါဖြင့် သေမင်းကို ချေမှုန်းဖို့လိုသလား၊ သေမင်း တမန်ကို ချေမှုန်းပစ်ဖို့ လိုသလား (သေမင်း တမန်ကို ချေမှုန်းပစ်ရမှာပါ ဘုရား)။သေမင်းတမန် ချေမှုန်းတဲ့နည်းကတော့ မိမိခန္ဓာ မိမိပစ္စည်း မိမိ၏ သားမယားတွေ အမျိုးမျိုးအဖုံဖုံတွေကို အနိစ္စတရားတွေလို့ ပညာနဲ့ ကြည့်ဖို့ အရေးကြီးပါတယ် (မှန်လှပါ ဘုရား)။

ဒါတွေက အနိစ္စ ပညာကမဂ္ဂ

အနိစ္စတရားတွေဖြစ်လို့၊ အနိစ္စတရားတွေဖြစ်တဲ့အ တွက် ပညာနဲ့ ကြည့်တာ (မှန်လှပါ ဘုရား)၊ ပညာနဲ့ ကြည့်တော့ ဒီဟာတွေက အနိစ္စ၊ ပညာက မဂ္ဂ (မှန်လှပါ ဘုရား)။ ချေမှုန်း လို့ ကြေမွ သွားတာက သေမင်းတမန် သဘောကျပြီလား (ကျပါပြီ ဘုရား)။

လုံးဝမစားရလို့ ငတ်သေတာက ဇာတိ၊ ဇာရာ၊ မရ ဏ (မှန်လှပါ ဘုရား)၊ နို့မဟုတ်ရင် ခန္ဓာရှိရင် ဇာတိကလည်း စားမှာပဲဇရာကလည်းစားမှာပဲ၊ မရဏက လည်း (စားမှာပါ ဘုရား)။

ကဲ စားရသေးသလား၊ ငတ်သေကြသလား (ငတ်သေပါတယ် ဘုရား)၊ ပို့ မယ့်သူ သတ်ပစ် လိုက်တယ် (မှန်လှပါ ဘုရား)၊ ဘယ်သူ သတ်ပစ်လိုက်သတဲ့ (ပို့မယ်သူ သတ်ပစ်လိုက်ပါတယ် ဘုရား)။

ပို့မယ်သူက ဘယ်သူပါလိမ့်ဗျာ (သေမင်းတမန်ပါ ဘုရား)၊ သေမင်းတမန်ဟာ ကြည့်စမ်း တဏှာ၊ ဥပါဒါန်၊ ကံ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ပဋိစ္စသမုပ္ပါဒ် အကြောင်းသုံးခု

သေမင်းဆီပို့ တဲ့တရား ဘယ်သူပါလိမ့် (တဏှာ၊ ဥပါဒါန်၊ ကံပါ ဘုရား)၊ အဲ့ ပို့တဲ့တရားကို ကျုပ်တို့က မိမိခန္ဓာ ကို ဖြစ်ပြီး ပျက်တယ်လို့ ရှုလိုက်တော့ ရှုတဲ့ ဉာဏ်ကလေး ဝမ်းထဲမဂ် ရောက်လာတယ် (ရောက်လာပါတယ် ဘုရား)။

မဂ်ရောက်လာတော့ သေမင်းတမန်သုံးယောက်ဖြစ် တဲ့ ပဋိစ္စသမုပ္ပါဒ် အကြောင်းသုံးခု ဒကာသစ် ဘာဖြစ်သွားသတုံး (သေသွားပါတယ် ဘုရား)။

သေသွားတယ်ဆိုတော့ ပို့ မယ်သူမရှိတော့ ဟိုက ဇရာ၊ မရဏ၊ ဇာတိ၊ ဇရာ၊ မရဏတွေက ဒီကပို့မှ စားရဝါးရမယ့် သေမင်းတွေကိုးဗျ (မှန်လှပါ ဘုရား)။ ပို့မယ့်သူ မရှိတော့ သူတို့ ငတ်သေ သွားပြီ (မှန်လှပါ ဘုရား)။

မသေရာအမှန် ပြည်နိဗ္ဗာန်

သေမင်းတွေသည် ပျောက်ပျက်သွားပြီ၊ မဆိုနိုင်ဘူး လား (ဆိုနိုင်ပါတယ် ဘုရား)၊ ဒါဖြင့် ဒီဘက်က မသေရာ အမှန် ပြည်နိဗ္ဗာန်ဖြစ်ရမယ် (မှန်လှပါ ဘုရား)။

အရင်တုန်းကတော့ သေတဲ့နေရာဖြစ်တယ်တဲ့၊ (၃၁)ဘုံ ကြီးဖြစ်နေတယ် (မှန်လှပါ ဘုရား)၊ ခုတော့ မသေရာ အမှန် ပြည်နိဗ္ဗာန် ဖြစ်သွားတယ်ဆိုတာ ဦးဘအုန်းတို့ ကျေနပ် ပြီလား (ကျေနပ်ပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ယနေ့တရားမှာ သေမင်းနဲ့ သေမင်းတမန်မှာ ဒကာကြွယ် ဝိပဿနာ အလုပ်လုပ်တာဟာ ဘာသတ်တဲ့ အလုပ်လုပ်ပါလိမ့်ဗျာ (သေမင်းတမန်သတ်တဲ့ အလုပ်ပါ ဘုရား)။

သေမင်းတမန်သတ်တဲ့အလုပ်

တယ်လည်း အဖိုးတန်ပါလား၊ ဒကာ ဒကာမတို့ သေ မင်းတမန် သတ်တဲ့အလုပ်တဲ့ (မှန်လှပါ ဘုရား)၊ အဲ မသိသေးတဲ့ ပုဂ္ဂိုလ်ကတော့ဖြင့် သေမင်းနဲ့ စစ်ထိုး ချင်တယ်လို့ပဲ ဖွဲ့နွဲ့ပြီး သကာလ ငိုချင်ရင် ငိုလိမ့်မယ် (မှန်လှပါ ဘုရား)။

သေမင်းနဲ့ စစ်ထိုးရတာ မဟုတ်ဘူး၊ သေမင်းတမန်နဲ့ စစ်ထိုးပြီး အနိုင်ယူပါမှ သေမင်းနိုင်ငံက လွန်မြောက်ပါ တယ် (မှန်လှပါ ဘုရား)၊ ကောင်းကောင်း ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည်လို့ ဆိုလို့ ရှိရင်ဖြင့်တဲ့ ဝိပဿနာအလုပ် မလုပ်လို့ ရှိရင် သေမင်းတမန် ချေမှုန်းတဲ့အလုပ်လို့ ဆိုလို့ ဖြစ်ပါရဲ့လား (မဖြစ်ပါ ဘူး ဘုရား)။

ဝိပဿနာအလုပ် မလုပ်ဘဲနဲ့ မအိုမသေ အမြဲနေတဲ့နိဗ္ဗာန် ကြီး ရောက်ရပါလို၏ ဆုတောင်း နေတယ် (မရောက်ပါဘူး ဘုရား)၊ ရောက်နိုင်ပါ့မလား (မရောက်နိုင်ပါဘူး ဘုရား)၊ ဘယ်နည်းနဲ့ မှမရောက်နိုင်ဘူး ဆိုတာ ပေါ်လာကြပြီလား (ပေါ်လာပါပြီ ဘုရား)။

ဗြဟ္မာပြည်မှာ ဟေတယ်

ဒါဖြင့် ဒကာ ဒကာမတို့ အဘိဘူ ဆိုတဲ့ သိခီမြတ်စွာ ဘုရား၏ တပည့် ဗြဟ္မာပြည်မှာသွားပြီး ဟောတယ် အဘိဘူ ဆိုတဲ့ ရဟန်းက အာရမ္ဘထ အားထုတ်ကြပါ ဖြစ်ပျက်အားထုတ် ကြပါ (မှန်လှပါ ဘုရား)။

နိက္ကမထ-ပျင်းရိ၍ မနေလိုက်ပါနဲ့၊ ပျင်းရိတဲ့ဒေါသ အနုဖြစ်တဲ့ ကောသဇ္ဇအစရှိသည်တို့ကို နှင်ထုတ်လိုက်ကြ ပါ (မှန်လှပါ ဘုရား)။

ယုဉ္စထ ဗုဒ္ဓ သာသနေ- ဘုရားသခင်ကိုယ်တော်မြတ် အဆုံးအမ၌၊ ဓနာထ မစ္စုနော သေနံ၊ မစ္စုနော- သေမင်း၏။ သေနံ- စစ်သည် ဖြစ်တဲ့(ဝါ) ပို့ဆောင်တတ်တဲ့ သေမင်းတ မန်ဖြစ်တဲ့ တဏှာ၊ ဥပါဒါန်၊ ကံ တို့ကို ဓုနာထ- မဂ်နဲ့ ချေမှုန်းပစ်ကြ (မှန်လှပါ ဘုရား)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဘုရားအဆုံးအမလိုက်နာကြ

ဘာနဲ့ ချေမှုန်းပစ်ရမှာတုံး (မဂ်နဲ့ ချေမှုန်းပစ်ရမှာ ပါ ဘုရား)၊ မဂ်ပေါ်လို့ ရှိရင် လာသေးရဲ့လား (မလာပါဘူး ဘုရား)။

စဉ်းစားကြည့်ပါတဲ့ တဏှာချုပ်တော့ ဥပါဒါန်ချုပ်၊ ဥပါ ဒါန် ချုပ်တော့ ကံချုပ်၊ ကံချုပ်တော့ ဇာတိ၊ ဇရာ၊ မရဏကော (ချုပ်ပါတယ် ဘုရား)၊ မရှင်းသေးဘူးလား (ရှင်းပါ တယ် ဘုရား)။

အဲ့ဒါတွေ ခင်ဗျားတို့ အားထုတ်လို့ ပျင်းရိတာတွေကို ဖြုတ်ပစ်တဲ့အတွက်၊ မြတ်စွာဘုရား၏ အဆုံးအမအတိုင်း လိုက် နာတဲ့အတွက် သေမင်းတမန်တွေ ချေမှုန်းတဲ့အတွက် သေမင်းနဲ့ မတွေ့ရ ပါဘူး (မှန်ပါ ဘုရား)။

ဒါတွေအားမကိုးကြနဲ့

သေမင်းတမန်တွေ ချေမှုန်းတဲ့အတွက် (သေမင်းနဲ့ မတွေ့ရပါဘူး ဘုရား)၊ ခုတော့ ခင်ဗျားတို့က သမီးလေးသေ သွားမှာ၊ သားလေးသေသွားမှာ စိုးရိမ်တဲ့အတွက်တဲ့ ဆရာဝန် တွေ အားကိုးကြ၊ ဗမာဆရာ အားကိုးကြ၊ ဓာတ်ရိုက်၊ ဗိန္ဒောတွေ အားကိုးကြ၊ မိမိသေမှာ ကြောက်ပြန် တော့လည်း ဒါတွေပဲ အားကိုးကြတယ် (မှန်လှပါ ဘုရား)။

ဟ! ဒါတွေက ဥပထမ္ဘက အထောက်အပံ့သာဖြစ် တာ တကယ်သေမင်းဆီ ပို့တာက တဏှာ၊ ဥပါဒါန်၊ ကံတွေကပို့ နေတာ (မှန်လှပါ ဘုရား)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဘယ်သူက ပို့ပါလိမ့် (တဏှာ၊ ဥပါဒါန်၊ ကံကပို့ ပါတယ် ဘုရား)၊ တဏှာ၊ ဥပါဒါန်၊ ကံတွေက ပို့မှတော့ တဏှာ၊ ဥပါဒါန်၊ ကံတွေကိုကျုပ်တို့က မဂ်နဲ့ ချေမှုန်းပစ်လိုက်တဲ့ အခါ ကျလို့ရှိရင်ဖြင့်တဲ့ ဦးလှဘူးရေ ပို့မယ့်သူ ရှိသေးရဲ့လား (မရှိပါဘူး ဘုရား)။

သေမှာစိုးရင် ဒီသုံးယောက်သတ်

ပို့ မယ်သူ မရှိတော့ ကျုပ်တို့ ခန္ဓာကြီးက မရောက်ရ ဘူး (မရောက်ရပါဘူး ဘုရား)၊ ဇာတိ၊ ဇရာ၊ မရဏဆိုတဲ့ သေမင်းသုံးယောက်ဆီ ရောက်သေးရဲ့လား (မရောက်ပါ ဘူး ဘုရား)။

အဲ့ဒီတော့ ဒါတွေကို သားသမီးတွေ ခင်လို့ ရှိရင် သေမှာ စိုးလို့ ရှိရင် ဒီသုံးယောက်သတ်ဟေ့ (မှန်လှပါ ဘုရား)၊ မိမိ ကိုယ် မိမိသနားရင်ကော (ဒီသုံးယောက် သတ်ရမှာပါ ဘုရား)၊ ဒီသုံးယောက် သတ်ဆိုတော့ ဒီမဂ် အလုပ်လုပ်ပါမှရ မယ် (မှန်လှပါ ဘုရား)။

ဒီမဂ်အလုပ်မလုပ်လို့ ရှိရင် (မရပါဘူးဘု ရား)၊ ဘယ်နည်းနဲ့ မှမရပါဘူးဆိုတာ သဘောပါကြပြီလား (ပါပါပြီ ဘုရား)။

သားသမီး ခင်ရင် ဝိပဿနာ လုပ်ခိုင်း ( ဒါဖြင့်တဲ့ သားသမီးခင်ရင် ဝိပဿနာ လုပ်ခိုင်းပါ (မှန်လှပါ ဘုရား)၊ သားသမီးများ သေမင်းဆီ မအပ်ချင်ကြရင် (ဝိပဿနာ အလုပ်ခိုင်းရမှာပါ ဘုရား)။

မိမိခန္ဓာကိုယ်ကြီး သေရမှာ ကြောက်လို့ ရှိရင် (ဝိပဿနာလုပ်ရမှာပါ ဘုရား)၊ သူတစ်ပါး ဆွေမျိုး ညာတကာ တို့ကို သေမှာပြုမှာ စိုးရိမ်ခဲ့လို့ရှိရင် (ဝိပဿနာ လုပ်ခိုင်းရမှာ ပါ ဘုရား)၊ ဝိပဿနာ လုပ်ခိုင်းဖို့ရန် တိုက်တွန်းရမယ် (မှန်လှ ပါ ဘုရား)၊ သဘောပါပြီလား (ပါပါပြီ ဘုရား)။

ဒိပြင် နည်းကဖြင့် ကာကွယ်ရေး နည်း အကြီးစား မရှိ တော့ဘူးလို့ ဆုံးဖြတ်ချက်ချပါ (မှန်လှပါ ဘုရား)၊ သဘော ပါပြီလား (ပါပါပြီ ဘုရား)။

တရားနာဖို့ တိုက်တွန်းပါ

ဒါဖြင့် ဦးလှဘူးတို့ ကိုယ်၏ စောင်မခြင်း၊ စိတ်၏ စောင်မခြင်း၊ မင်းစောင်မပါတယ် ဆိုရင် ကိုယ်၏ စောင်မခြင်း ဖြင့်လည်း ဝိပဿနာ တရားအားထုတ်ခိုင်း၊ စိတ်၏စောင်မ ခြင်းဖြင့်လည်း စိတ်နဲ့ စောင်မတယ် ဆိုသဖြင့် ငါပြောတယ် ဆိုတဲ့ စိတ်နဲ့ ပဲသွားပြီး တရားအားထုတ်၊ တရားနာပေါ့ ဒါပဲ တိုက်တွန်းမှသာလျှင် သူ့ အသေလွတ်ကို ကိုယ်သည် မေတ္တာပို့ ရာလည်းရောက် ဒကာကြွယ်ရေ သနားရာကော (ရောက်ပါ တယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ စစ်သည်ဖြစ်တဲ့ တဏှာ၊ ဥပါ ဒါန်၊ ကံတွေကို ဓုနာထ ဟောဒီ မဂ်နဲ့ ချေမှုန်းလိုက် ကြ (မှန်လှပါ ဘုရား)၊ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

သေမင်းသုံးယောက်ဆီပို့ တတ်တဲ့ တဏှာ၊ ဥပါဒါန်၊ ကံတို့ကို ဓုနာထ-ဖြစ်ပျက်ရှုတဲ့ မဂ်နဲ့ ချေမှုန်းပစ်လိုက် (မှန်လှပါ ဘုရား)။

ကျူပင်အိမ်ကို ဆင်နှင့်နင်းလိုက်သလို

ဘယ်လိုချေမှုန်းရမှာလည်း ဆိုတော့ ကလေးတွေ ကစားတဲ့ ကျူပင်ကို အိမ်လုပ်ထားတာကို ဆင်ပြောင်ကြီး နင်းလိုက်လို့ ရှိရင်ဖြင့် ဒကာကြွယ်ရ ခံနိုင်ပါ့မလား (မခံနိုင်ပါဘူး ဘုရား)။

အဲဒီလိုပဲတဲ့ မင်းတို့ မဂ်နဲ့ သာ နင်းလိုက်လို့ရှိရင် တဏှာ၊ ဥပါဒါန်၊ ကံတွေဟာ ပျောက်ထွက် သွားတာပဲ (မှန်လှပါ ဘုရား)။

ဝိပဿနာရှုဖို့ မမေ့ကြနဲ့

ဘာနဲ့ နင်းရမှာတုံးဆိုတော့ ယော ဣမသ္မိံ ဓမ္မ ဝိနယေ၊ ယော-အကြင်ပုဂ္ဂိုလ်သည် ဣမသ္မိံ ဓမ္မဝိနယေ- ဤ ဝိပဿနာ ရှုရမယ်ဆိုတဲ့ ဓမ္မ အဆုံးအမ၌ အပ္ပမတ္တာ မမေ့ဘဲနဲ့ နေကြသည် ဝိဟဿတိ ဖြစ်ရ၏။

ပဟာယ ဇာတိ သံသာရံ သေမင်းဆိုတဲ့ ဇာတိ၊ ဇရာ၊ မရဏ သံသရာကြီးကို ပဟာယစွန့်၍ သန္တံ ကရိဿတိ မသေရာကိုမင်းတို့ ဉာဏ်နဲ့ မျက်မှောက်ပြုနိုင်လတ္တံ့ (မှန်လှပါ ဘုရား)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒါဖြင့် မသေချင်ကြရင် သေမင်းတမန် ချေမှုန်းကြ (မှန်လှပါ ဘုရား)၊ မသေချင်ကြရင် (သေမင်း တမန်ချေမှုန်း ရမှာပါ ဘုရား)။

နို့မဟုတ်လို့ရှိရင် သိန်း(၁၀၀)ရှိလည်း သိန်း(၁၀၀) ထားပြီး သေမင်းတမန်က သေမင်းဆီ ပို့တဲ့တရား မင်း သိန်း(၁၀၀) မင်း အိမ်ထားပစ်ခဲ့၊ လိုက်ခဲ့ကွ (မှန်လှပါ ဘုရား)၊ သေမင်းဆီပို့ လိုက်တာ (မှန်လှပါ ဘုရား)။

မင်း သားတွေ သမီးတွေ အပြိုင်းအရိုင်း တွေရှိတယ် ဘီအေအိုင်အေ ဘီကွန်းတွေ အကုန် ရှိတယ်၊ ဟို အဲ့ဒီကြားကပဲ သေမင်းတမန်က တဏှာ၊ ဥပါဒါန်၊ ကံက ခေါ်သွားတာပဲ (မှန်လှပါ ဘုရား)၊ သေမင်းဆီ ပို့လိုက်တာပဲ။

မင်းဟာတွေ မင်းက အားကိုးရလိမ့်မယ်လို့ ထင်တာ တွေကဘာမှ မင်းနဲ့ မဆိုင်ဘူး၊ မင်း သေမင်းတမန်မှ မချေမှုန်း ဘဲကိုး (မှန်လှပါ ဘုရား)၊ တို့ ချေမှုန်းလို့ ရှိရင်တို့ မခေါ်ဘူး။

ခုတော့ တို့ မချေမှုန်းတဲ့အတွက် တို့ က မင်းခေါ် ရလိမ့်မယ်ဆိုပြီးခေါ်ပြီး ဇာတိ၊ ဇရာ၊ မရဏဆီ ပို့လိုက်တာပဲ ဒကာသစ်ရေ (မှန်လှပါ ဘုရား)၊ ဘာကများ တားနိုင် ဆီးနိုင်သေးသတုံး (ဘာကမှ မတားနိုင်၊ မဆီးနိုင်ပါ ဘုရား)။

ဆရာဝန်တွေ အမ်ဘီဘီအက်(စ်)တွေ အမျိုးမျိုး အဖုံဖုံ ဆရာဝန်ကြီးတွေ ရှိကြပါတယ်။ အဲ့ဒီ ဂုဏ်ထူးဘွဲ့ထူးတွေ နောက်ဆက်တွဲကိုပဲ စာလုံးတွေအရှည်ကြီးနဲ့ အမ်ဘီဘီအက်(စ်) တွေမကတဲ့ ဒါတွေကြားထဲက နေပြီး သကာလ လည်း သေမင်း တမန်သုံးယောက်က တဏှာ၊ ဥပါဒါန်၊ ကံတို့ က အင်း သေမင်းရှိရာ ပို့လိုက်တာပဲ (ပို့ပါတယ် ဘုရား)။

ကံကုန်တော့ မတတ်နိုင်ဘူးတဲ့

အဲဒီတော့ သူများက ဘယ့်နှယ်ပြောသတုံးဆိုတော့ ကံ ကုန်တော့လည်း ကျုပ်တို့ မတတ်နိုင်ဘူး ဆိုတော့ ကံပဲပုံချ တယ် (မှန်လှပါ ဘုရား)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ သေမင်းတမန်နဲ့ သေမင်းနဲ့ ဘယ်ဟာ ချေမှုန်းမှ ကျုပ်တို့သည် ခရီးပေါက်ပါ့မလဲ ဆိုတာ ယနေ့ တရားတွေပါ (မှန်လှပါ ဘုရား)။

ဘယ်လိုတွေးပစ်ရမတုံး၊ သေမင်းတမန် ချေမှုန်းမှသာ လျှင်တဲ့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ လိုရာခရီး အပြီး တိုင်ရောက်ပါတယ် (မှန်လှပါ ဘုရား)၊ နို့မဟုတ်ရင် ရောက် နိုင်ပါ့မလား (မရောက်နိုင်ပါဘူး ဘုရား)။

သူများပြောတာ မယုံနဲ့

အဲ့ဒါကြောင့် သူများပြောတာမယုံနဲ့ ဘုရားဟောတာနဲ့ ဆရာသမားပြောတာယုံကြ (မှန်လှပါ ဘုရား)။

အရပ်ကတော့ဖြင့် ငွေလေးဘာလေး စုထားနော်၊ အို နာ စာ ဆိုတာကြီးရှိတယ် (မှန်လှပါ ဘုရား)၊ အရပ်ပြောကလေ ဗျာ (မှန်လှပါ ဘုရား)။

အရပ်ပြောက ဘယ်လိုများ ပြောလေ့ရှိပါလိမ့် အိုနာစာ အရေးကြီးတယ် ဆိုတာသာပြောတယ်၊ သေမင်းတမန် တွေကိုတော့ မျက်စောင်းထိုးလို့မှ မပြောဘူး၊ ပို့မှာက သူတို့ကပို့မှာ၊ အိုနာစာကတော့ အိုရင်း မတ္တနဲ့ သေသွားလို့ အိုစာကျန် နေရစ်တယ် (မှန်လှပါ ဘုရား)။

နာရင်းမတ္တနဲ့ နာတာရှည်ဖြစ်သွားလို့ ရှိတာလေး တောင်မကုန်လိုက်ခင် သေသွားရတယ် (မှန်လှပါ ဘုရား)၊ ဦးဘအုန်း ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

အင်း အိုတာတောင်မှ အအိုနည်းတာနဲ့ အအို အတွက်ထားတဲ့ ရန်ပုံငွေကလေးမကုန်ဘဲနဲ့ သေသွားရ တယ် (မှန်လှပါ ဘုရား)။

ပင်စင်စားတွေ

ပင်စင်စားတွေ ကြည့်ပါလား၊ အသက်မစေ့ဘဲနဲ့ ပင်စင် နှစ်မစေ့ဘဲနဲ့ သေသွားရတယ် (မှန်လှပါ ဘုရား)၊ မသေဘူးလား (သေပါတယ် ဘုရား)။

အိုနာစာဟာ အိုအောင် ဆိုင်းရဲ့ လား (မဆိုင်းပါဘူး ဘုရား)၊ အိုနာစာကကော တားနိုင်ရဲ့လား (မတားနိုင် ပါဘူး ဘုရား)။

အဲ သေမင်းတမန် ချေမှုန်းရင်တော့ဖြင့် တားနိုင်ပါ တယ် (မှန်လှပါ ဘုရား)။ကဲ ဒကာ ဒကာမတို့ အိမ်မှာ လုပ်ကိုင် ရောင်းဝယ်နေကြတဲ့ ပစ္စည်းတွေဟာ အင်း ဒါအရင်းထဲ ထည့်ကွာ၊ ဒါကတော့ အိုနာစာကလေး ထားဦးဟေ့။

အင်း အိုနာစာထားဦးဆိုတော့ ဒီခန္ဓာကြီးအတွက် ပြောတာပေါ့ဗျာ (မှန်လှပါ ဘုရား)၊ ဒကာကြွယ် ဘယ်သူ့ အတွက်ပါလိမ့် (ခန္ဓာကိုယ်ကြီးအတွက်ပါ ဘုရား)။

ပစ္စည်းကုန်အောင် ငါမစောင့်ဘူးတဲ့

ခန္ဓာကြီးအတွက် ပြောတော့ ခန္ဓာကြီးက မင်းပစ္စည်း – ကုန်အောင်ငါမစောင့်ဘူးဆိုပြီး အတင်းအိုချတယ် (မှန်လှပါ ဘုရား)။ နာစာလို့ ထားပြန်တော့လည်း မင်းနာစာတွေ မကုန်ခင် ငါနာလိုက်မယ် ဆိုပြီး သေပွဲဝင်ပြတယ် (မှန်လှပါ ဘုရား)။

ကဲ ခင်ဗျားတို့ထားကျိုး နပ်သေးရဲ့လား (မနပ်ပါ ဘူး ဘုရား)။

အိုနာစာက မကယ်နိုင်လို့

ဒါဖြင့် ဒီ ဘယ့်နှယ့်ကြောင့် သေရပါလိမ့်မတုံးလို့ အမေးထုတ်တဲ့အခါကျတော့အိုနာစာက မကယ်နိုင်လို့ (မှန်လှပါ ဘုရား)။

ဘယ်လို ဆုံးဖြတ်ချက် ချမတုံး (အို နာစာက မကယ်နိုင်လို့ ပါ ဘုရား)၊ ဒကာကြွယ်တို့က လူကြီးတွေ လုပ်ပြီး သမီးတွေကသုံး ခင်ပွန်းမတွေကသုံး၊ မင်းတို့ကြည့် လုပ်ကြနော် ရှေ့ရေး ရှိသေးတယ် (မှန်လှပါ ဘုရား)။

ရှေ့ရေးဆိုတာက အိုနာစာရေးရှိသေးတယ် (မှန်လှ ပါ ဘုရား)၊ ဘာတဲ့ (အိုနာစာရေး ရှိပါသေးတယ် ဘုရား)။

မအိုခင်သေသွားမှာ သူမသိဘူး

မအိုခင်သေသွားမှာလည်း သူမသိဘူး (မသိပါဘူး ဘုရား)၊ နာတာရှည်ဖြစ်ပြီးမနေဘဲနဲ့ နာတာတိုနဲ့ သေသွားမှာ လည်းသူမသိဘူး၊ အလကားသာ လူကြီးလုပ်ပြီး သကာလ ကြည့် လုပ်ကြ ကြည့်လုပ်ကြ။

အံမလေး လူကြီးပီပီများ သုံးနေလိုက်သေးတယ် (မှန်လှပါ ဘုရား) မသုံးကြဘူးလား ဒကာ ဒကာမတို့ (သုံးကြ ပါတယ် ဘုရား)။

ရှေ့ရေးဆိုတာ အိုနာစာပြောတာ

ကလေးတွေက အသုံးအဖြုန်းကြီးလာလို့ ရှိရင် မင်းတို့ ခက်ပါသေးတယ်ကွာ ရှေ့ရေးလည်း မသိ၊ ဘာရေးလည်း မသိ၊ ရှေ့ရေးဆိုတာ အိုနာစာပြောတာပဲ (မှန်လှပါ ဘုရား)။

ခန္ဓာကိုယ်ကြီးဟာ ချက်ချင်းအိုပြီး သကာလ သုသာန် ပြေးလိုက်မယ်လို့ လည်းခဏခဏ ပြောတယ် (မှန်လှပါ ဘုရား)။

ချက်ချင်းနာပြီး သကာလ ဆေးနဲ့ မတားနဲ့ ကျုပ်သွား တော့မယ်ဆိုတာကော (ပြောပါတယ် ဘုရား)၊ ပြောတဲ့အခါ ကျတော့ သေမင်းဆီထိုးမအပ်ရပေဘူးလား (အပ်ရပါ တယ် ဘုရား)။

ဘယ်သူကထိုးအပ်လိုက်ပါလိမ့်မတုံးလို့ မေးတဲ့အခါကျ တော့ အို နာစာနဲ့ ထိုးအပ် လိုက်တာလား၊ တဏှာ၊ ဥပါဒါန်၊ ကံက ထိုးအပ်လိုက်တာလား (တဏှာ၊ ဥပါဒါန်၊ ကံက ထိုး အပ်လိုက် တာပါ ဘုရား)။

ခဲလေသမျှ သဲရေကျပါပဲ

ဪ ခဲလေသမျှ သဲရေကျပါပဲ၊ အိုနာစာ ထားတာ တွေကိုယ်ကျိုးနည်းကုန်ပြီ၊ ကုန်ကို မကုန်ဘူး (မှန်လှပါ ဘုရား)။

အဲ့ဒီမှာတစ်ခါတည်း ဆိုင်ရာတွေက အမွေခွဲပြီးတော့များ ယူလိုက်ကြသေးတယ်တို့ အိုနာစာ ဖြစ်အောင် ဆိုပြီး (မှန်လှ ပါ ဘုရား)၊ ဒီလိုကော မယူကြဘူးလား (ယူပါတယ် ဘုရား)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

သေမင်းတားနိုင်တာကို မလုပ်ဘဲနဲ့

အမလေး ဒကာ ဒကာမတွေဟာ ဖြစ်မှဖြစ်ရလေလို့ သေမင်းတမန်တော့မသတ်ဘဲနဲ့ အိုနာစာ ကိုသာ အရေးတကြီး ထားနေကြတော့ မတားနိုင်တာကို အရေးတကြီးထားပြီးတော့ ကို တားနိုင်တာ ကို မလုပ်ဘဲနေတာ အံ့စရာကောင်းလိုက်တဲ့ဖြစ် ခြင်း မပြောပါနဲ့တော့ (မှန်လှပါ ဘုရား)၊ သဘောပါကြပြီလား (ပါပါပြီ ဘုရား)။

ဒကာကြွယ်ကြီးတို့ ခုထက်တိုင်မပါးသေးဘူးထင် တယ် (မပါးခဲ့ပါဘူး ဘုရား)၊ မပါးခဲ့ဘူး၊ ခုတော့ပါးပြီလား (ပါးပါပြီ ဘုရား)။

မြို့ထဲ သေသွားတဲ့ ပုဂ္ဂိုလ်များ ဒကာသစ်လိုက်ပြီး မသာ မေးစမ်းပါဦး၊ အိုစာကုန်သွားလို့ သေတာလား မဟုတ်ဘူး၊ နာစာကုန်သွားလို့ သေတာလား (မဟုတ်ပါ ဘူး ဘုရား)၊ ဆန် အိတ်ကြီး တွေ ထောင်ထားလျက်ပဲ (မှန်လှပါ ဘုရား)၊ သူ့မသာတောင်ပြုရသေးတယ် (မှန်လှပါ ဘုရား)။

အဲ့ဒီတော့ အိုနာစာတွေက မကာကွယ်နိုင်ဘူး၊ ကာကွယ် နိုင်တဲ့ သေမင်းတမန်ဖြစ်တဲ့ တဏှာ၊ ဥပါဒါန်၊ ကံတွေကိုမဂ်နဲ့ ချေမှုန်းပစ်လိုက်လို့ရှိရင် သူတို့ ပို့နိုင်သေး ရဲ့လား (မပို့နိုင်ပါ ဘူး ဘုရား)။

မပို့နိုင်တော့ ဒါမှ အိုနာစာရန်ပုံငွေအစစ်ကိုး (မှန်လှ ပါ ဘုရား)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

အိုနာစာရံပုံငွေ ဘာပါလိမ့်

အိုနာစာ ရန်ပုံငွေဟာဘာပါလိမ့် တဏှာ၊ ဥပါဒါန်၊ ကံကိုချေမှုန်းတဲ့အလုပ်သည် အိုနာစာ ရန်ပုံငွေ အစစ် (မှန် လှပါ ဘုရား)။

အိုနာစာ၊ အသေတောင်ထည့်ဦး၊ အသေမရှိတဲ့အတွက် တဲ့ အအို၊ အနာ၊ အသေလွတ်တဲ့ ရန်ပုံငွေ အစစ် (မှန်လှပါ ဘုရား)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ရန်ပုံငွေကို မစုတတ်သေးပါဘူး (မှန်လှပါ ဘုရား)၊ ဟိုအာမခံကလိမ်တာ အဟုတ်မှတ်နေ (မှန်လှပါ ဘုရား)၊ အာမခံကုမ္ပဏီကလည်း သူလိမ်တာကို ခင်ဗျားတို့ကမသိဘူး၊ သူက ကုန်ကူးတာ၊ ခင်ဗျားတို့ အတွက် တာဝန်ခံပါ့မယ်၊ ခင်ဗျားတို့ အိမ်တာဝန်ခံပါ့မယ်၊ မီးတာဝန် ခံပါ့မယ်နဲ့ အာမခံကုမ္ပဏီက သူက ခင်ဗျားတို့ ကို တကယ် အိုတာ၊ တကယ်နာတာ၊ တကယ် သေတာကို တတ်နိုင်သလား သူကုန်ကူးတာလား (သူ ကုန်ကူးတာပါ ဘုရား)။

အဲ့ဒါ ကျုပ်တို့ ဒါရှိသားပဲဆိုရင် သူကုန်ကူးတာ ဒါရှိသားပဲဆိုရင် ဒီထက်မိုက် ဘယ်ရှာ တွေ့တော့မတုံး (မတွေ့ပါဘူး ဘုရား)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။ ဦးဘအုန်းကြီးတို့ ခုမှ ရိမ်မိတော့တယ် (မှန်လှပါ ဘုရား)။

စင်စစ်တော့ဖြင့် အိုနာစာ ရန်ပုံငွေဆိုပြီး သကာလ ဘဏ်မှာ ဘဏ်စာအုပ်နဲ့ ပဲသွင်းသွင်း၊ ချက်နဲ့ ပဲထားထား၊ ထားနိုင်ကြပါတယ်၊ အမျိုးမျိုးအဖုံဖုံ ထားနည်းအမျိုးမျိုးရှိပါတယ်။

အဲ့ဒါ အိုနာစာ ရန်ပုံငွေ၊ အဲ့ဒါတွေ ကုန်သွားလို့လည်း ဘဏ်ကတောင် မထုတ်လိုက်ရဘူး၊ ဒီက အသေ စောနေ တယ် (မှန်လှပါ ဘုရား)၊ ဘယ့်နှယ်ဖြစ်နေသတုံး (အသေစောနေပါတယ် ဘုရား)။

ရန်ပုံငွေ အစစ်သိကြပြီလား

ဘယ့်နှယ်တုံး ရန်ပုံငွေတွေက တတ်နိုင်ရဲ့လား (မတတ်နိုင်ပါဘူး ဘုရား)၊ ဒါဖြင့် ရန်ပုံငွေ အစစ်ယနေ့ သိ ပြီလား (သိပါပြီ ဘုရား)။

ကဲ ဒကာသစ် ဘာပါလိမ့် (တဏှာ၊ ဥပါဒါန်၊ ကံ ချေမှုန်းရမှာပါ ဘုရား)၊ တဏှာ၊ ဥပါဒါန်၊ ကံ၊ ချေမှုန်းတဲ့ အလုပ် သည် အိုနာစာရန်ပုံငွေ အစစ် (မှန်လှပါ ဘုရား)။

အို၊ နာ၊ စာရန်ပုံငွေ အစစ်ဟာ ဘယ်သူပါလိမ့် (တဏှာ၊ ဥပါဒါန်၊ ကံချေမှုန်းတဲ့ အလုပ်ပါ ဘုရား)၊ တဏှာ၊ ဥပါဒါန်၊ ကံ ချေမှုန်းတဲ့အလုပ် (မှန်လှပါ ဘုရား)။

အမလေး ခုမှအာမခံအစစ်တွေ့ပေတော့တယ် (မှန်လှပါ ဘုရား)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဟိုကုန်ကူးတဲ့ အာမခံကခင်ဗျားတို့ ကျေးဇူးအလိုရှိလို့ လား၊ သူအမြတ်လိုချင်လို့ လား (သူအမြတ်လိုချင်လို့ပါ ဘုရား)။

အဲ့ဒါကျတော့ ခင်ဗျားတို့ က ဆရာကြီး ကျုပ်အိမ်ကို အပေါင်ခံစမ်းပါ၊ ကျုပ်အသက်၊ အသွေးစမ်းပြီး လက်ခံစမ်းပါဦး၊ အမလေး တောင်းတောင်းပန်ပန်များ၊ ဟိုမှာလူများပြီး ငွေ ကုန်နေပြီဗျ၊ လက်မခံနိုင်ဘူး ဆိုရင် မလုပ်ပါနဲ့လေ ဒီနှစ်ကလေး မှီပရစေ၊ အစရှိသည်နဲ့ ခင်ဗျားတို့ဟာက ကုန်ဖူးတဲ့ဆီ ကျတော့ခန္ဓာ ထိုးအပ်တယ် (မှန်လှပါ ဘုရား)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

တကယ်လွတ်မြောက်မယ့်နေရာကျတော့မလုပ်ဖြစ် (မှန်လှပါ ဘုရား)၊ ဟာ ဘယ့်နှယ် ဖြစ်နေတာ ပါလိမ့် ဒကာကြွယ်ကြီးတို့ (မသိဘဲနဲ့ လမ်းလွဲနေပါတယ် ဘုရား)၊ မသိဘဲနဲ့ လမ်းလွဲနေလို့။

ကဲ ယနေ့ကစပြီး အိုနာစာ လွတ်ရေးကျွတ်ရေး ရန်ပုံ ငွေ အစစ်ကို အလိုရှိပါမူကား မဂ်နဲ့ တဏှာ၊ ဥပါဒါန်၊ ကံ ချေမှုန်း (မှန်လှပါ ဘုရား)။

ဒကာသစ်ဘာလုပ်ရမတုံး (မဂ်နဲ့ တဏှာ၊ ဥပါဒါန်၊ ကံကိုချေမှုန်းရမှာပါ ဘုရား)၊ မဂ်နဲ့ တဏှာ၊ ဥပါဒါန်၊ ကံတွေ ချေမှုန်းလိုက်တော့ သေမင်းတမန်တွေက မသေဘူးလား (သေပါတယ် ဘုရား)။

ကိုင်း ဒါဖြင့်ပို့မယ့်သူသေတော့ ရောက်စရာကျုပ် တို့ကို ပို့မယ့်လူ သေသွားတဲ့ အခါကျတော့ ကိုတဲ့ သေမင်းသည် ကျုပ်တို့ကို စောင့်ငြားသော်လည်း ပို့မယ့်သူမရှိလို့ သေမင်းကို ငတ်သေ သေသွားတယ် (မှန်လှပါ ဘုရား)။

ကျုပ်တို့ မစားရလို့ (မှန်လှပါ ဘုရား)၊ (၃၁)ဘုံသား တွေမစားရလို့ ငတ်သေ သေမသွားဘူး လား (သေသွားပါ တယ် ဘုရား)။

ငတ်သေ သေသွားတော့ ဒီကနေမဂ်မျက်လုံးနဲ့ တပ်ကြည့် လိုက်စမ်း၊ ဪ ဟိုနေရာမှာ သေမင်း မရှိဘူး၊ သေမင်း လွတ်တဲ့နေရာ ဆိုတာဒါပဲ (မှန်လှပါ ဘုရား)။

တဏှာ၊ ဥပါဒါန်၊ ကံသေတော့ သူ့မြင်ရတယ် (မှန်လှ ပါ ဘုရား)၊ သဘောပါပြီလား (ပါပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ အိုနာစာရန်ပုံငွေနဲ့ ဒကာ ဒကာမတို့ အားနဲ့မတားနိုင် မနိုင်ဆိုတာ ဘဏ်နဲ့ တန်းလန်း၊ ဟိုအပ်ပြီး ဒီအပ်ထားတာတွေနဲ့ တန်းလန်းနဲ့ သေသွားကြတာ (မှန်လှပါ ဘုရား)။

မသေကြဘူးလား (သေပါတယ် ဘုရား)၊ ဘာကြောင့်တုံး အို၊ နာ၊ စာရန်ပုံငွေ မဖြစ်လို့ (မှန်လှပါ ဘုရား)။ အိုတာမတား နိုင်ကြ၊ နာတာကော (မတားနိုင်ပါဘူး ဘုရား)၊ သေတာကော (မတားနိုင်ပါဘူး ဘုရား)။

သေတဲ့ အခါကျတော့ ကျုပ်ဆီမအပ်ပါဘူးတောင် လုပ်လိုက်သေး ရန်ပုံငွေမဖြစ်ပါဘူး (မဖြစ်ပါဘူး ဘုရား)၊ ဖြစ်သေးရဲ့လား (မဖြစ်ပါဘူး ဘုရား)။

ဒကာကြွယ်၊ အပ်ကြည့်စမ်း ယုံကြည်တဲ့ သူဆီ၊ သေတော့ ကျုပ်ဒါလေးနဲ့ ငွေတစ်သောင်းနဲ့ ချပါဗျာ၊ တစ်သောင်းကုန်တော့ ချပါအပ်ကြည့်၊ သေတော့မအပ်ဘူး ပြောချည်ရဲ့ မပြောဘူးလား ပြောမလား (ပြောပါတယ် ဘုရား)။

ဒါဖြင့် သေဘေးတားနိုင်ရဲ့လား (မတားနိုင်ပါဘူး ဘုရား)၊ ကျုပ်တကယ် နာနေတယ်ဗျာ ဒီကထုတ်ပေးပါဗျာ ဆိုတော့ ကော နာနေတဲ့အခါကျတော့ ကျုပ်ကမလိုသေးလို့ ဆိုပြီး နေချင် နေဦးမှာ (မှန်လှပါ ဘုရား)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ခင်ဗျားတို့ တကယ်မတားနိုင်တာ မသေချာဘူးလား (သေချာပါတယ် ဘုရား)၊ အဲ့ဒါကြောင့် အိုနာစာ ရန်ပုံငွေသည် ဒကာ ဒကာမတွေ လက်လွှဲပြီး သကာလ သေမင်းတမန် ဖြစ်တဲ့ အိုအောင်၊ နာအောင်၊ သေတဲ့ဆီကိုပို့တတ်တဲ့သေမင်းတမန်ကို သာ ချေမှုန်းတဲ့အလုပ်သည်သာလျှင် အိုနာစာ ရန်ပုံငွေအစစ် ဖြစ်ပါတယ် (မှန်လှပါ ဘုရား)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒိပြင်ဟာတွေက ကြော်ငြာနဲ့ လွမ်းနေတာလို့ မှတ်ပါ (မှန်လှပါ ဘုရား)၊ စင်စစ်သူတို့ ကုန်ကူးတာ (မှန်လှပါ ဘုရား)။

ခင်ဗျားတို့ က အပ်လိုက်တဲ့ငွေ သူတို့ က လှည့်ပြီး အတိုးချေးစားတာပဲ (မှန်လှပါ ဘုရား)၊ သဘောပါပြီလား (ပါပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ မအိုအောင် မနာအောင် မသေအောင်ရန်ပုံငွေ လုပ်တတ်ပြီလား (လုပ်တတ် ပါပြီ ဘုရား)၊ မိမိခန္ဓာဖြစ်ပျက်ရှုတော့ ဖြစ်ပျက်က ဖြစ်ပျက်၊ ရှုတာက (မဂ်ပါ ဘုရား)၊ ။

ဟော သေမင်းတမန်တွေကသေမသွားဘူးလား (သေသွားပါတယ် ဘုရား)၊ ဟော သေမင်းတမန် သေသွားတော့ အိုစရာ၊ နာစရာ၊ သေစရာဆီရောက်အောင် ပို့နိုင်သေး ရဲ့လား (မပို့နိုင်ပါဘူး ဘုရား)။

မပို့နိုင်တော့ ဒီမှာတဏှာနိရောဓော၊ ဥပါဒါန်နိ ရောဓော၊ ကမ္မနိရောဓောဆို တော့ နိဗ္ဗာန် လာဖြစ်သွားတယ် (မှန်လှပါ ဘုရား)၊ မဖြစ်ဘူးလားဗျာ (ဖြစ်ပါ တယ် ဘုရား)။

မပျင်းရိကြပါနဲ့အားထုတ်ကြပါ

ဒါကြောင့် အာရမ္ဘထ နိက္ကမထ ယုဉ္စထ ဗုဒ္ဓ သာသနေ မြတ်စွာဘုရားအဆုံးအမပါကွာ၊ အားထုတ်ကြပါ၊ မပျင်းရိကြပါနဲ့ သိခီဘုရား၏ တပည့်သားကဟောတယ် (မှန်လှပါ ဘုရား)။

ဓုနာထမစ္စုနောသေနံ သေမင်း၏တမန်ဖြစ်တဲ့တဏှာ၊ ဥပါဒါန်၊ ကံတို့ကိုချေမှုန်းကြစမ်းပါ (မှန်လှပါ ဘုရား)။

နဠာဂါရံဝ ကုဉ္စရာ- ကျူပင်နဲ့ ဆောက်ထားတဲ့အိမ်ကို ဆင်ပြောင်ကြီး ချေသလို၊ ကွာ မဂ်နဲ့ တဏှာ၊ ဥပါဒါန်၊ ကံတွေ ချေလိုက်စမ်းပါ (မှန်လှပါ ဘုရား)။

မဂ်ပေါ်အောင်လုပ်ပါ

တယ်လည်းကောင်းပါလား (ကောင်းပါတယ် ဘုရား)၊ ယော ဣမသ္မိံ ဓမ္မဝိနယေ အပ္ပမတ္တော ဝိဟဿတိ- ခုဆုံးမတဲ့ အတိုင်းသာ မင်းတို့လိုက်နာပြီးဖြစ်ပျက် ရှုပြီးမဂ်ပေါ်အောင်လုပ်၊ မဂ်ပေါ်အောင် လုပ်လို့ရှိရင် တဏှာ၊ ဥပါဒါန်၊ ကံတွေ ချေမှုန်းကြ မယ်ဆိုလို့ ရှိရင်ဖြင့် ယော ဣမသ္မိံ ဓမ္မဝိနယေ အပ္ပမ တ္တာ ဝိဟဿတိ ဇာတိ သံဿရံ။

ဟိုဘက်က ဇာတိ၊ ဇရာ၊ မရဏ ဆိုတဲ့ သံသရာကြီးကို ပယ်ပြီး သကာလ ဒုက္ခဿ အနှံ့ ကရိဿတိ ဟောဒီ မင်းဆိုတဲ့ ဒုက္ခအဆုံးကို အသေအချာမြင်ရလိမ့်မယ် (မှန်လှပါ ဘုရား)။

ဒုက္ခအဆုံးကိုမြင်ရလိမ့်မယ်

သေမင်းဟာ ဒုက္ခ၊ အဲ့ဒီ ဒုက္ခအဆုံးကို မင်းတို့မြင်ရ လိမ့် မယ် (မှန်လှပါ ဘုရား)၊ ဒါဖြင့် ဒကာ ဒကာမတို့ မြင်ပုံလေးပြကြစို့ (မှန်လှပါ ဘုရား)။

မြင်ပုံလေးပြကြစို့

မြင်ပုံလေးပြုကြပါစို့ ဆိုတော့ ဟောဒီ ခန္ဓာငါးပါးကြီး ကို ဒကာ ဒကာမတွေက ဖြစ်တယ် ပျက်တယ်၊ ဖြစ်တယ် ပျက်တယ်၊ ဖြစ်တယ် ပျက်တယ်လို့ ပေါ်ရာလိုက်ရှုစမ်း ဒကာကြွယ်ရေ ဘယ်နေရာ ဝေဒနာပေါ် ရင် ဝေဒနာလိုက်ရှု၊ စိတ်ကြိုက် တဲ့ ပုဂ္ဂိုလ်ဟာ စိတ်ပေါ်ရာလိုက်ရှု၊ ကိုယ့်စိတ်ကို ရှုပေါ့ဗျာ (မှန်လှပါ ဘုရား)၊ ကိုယ့်ဝေဒနာကိုယ်ရှုပေါ့ ဗျာ (မှန်လှပါ ဘုရား)။

တခြားကမ္မဋ္ဌာန်းရှာမနေပါနဲ့

တခြား ကမ္မဋ္ဌာန်း ရှာမနေပါနဲ့ (မှန်လှပါ ဘုရား)၊ ကိုယ့်ဝေဒနာကိုယ်ရှုတော့ ကမ္မဌာန်း ရှာရသေးရဲ့လား (မရှာရပါဘူး ဘုရား)၊ ကိုယ့်စိတ်ကိုယ်ရှုတော့ တရားရှာရသေးရဲ့ လား (မရှာရပါဘူး ဘုရား)။

အဲ့ဒါ ရှုရှု ရှုရှုနေတော့ ဖြစ်ပျက်၊ ရှုတာက မဂ် (မှန်လှ ပါ ဘုရား)၊ ဟုတ်ပြီလား၊ အရှုခံရတာက ဖြစ်ပျက် အရှုဉာဏ်ကမဂ်၊ အရှုခံရတာက (ဖြစ်ပျက်ပါ ဘုရား)၊ အရှုဉာဏ်က – (မဂ်ပါ ဘုရား)။

ဝိပဿနာမဂ်ကယာယီ

မဂ်ဖြစ်တော့ကိုတဲ့ ဝိပဿနာမဂ် ဖြစ်သွားပြီ (မှန်လှပါ ဘုရား)၊ ဝိပဿနာမဂ်ဖြစ်ပြီး သကာလ သွားတော့ ကိုင်း ဝိပဿနာမဂ်နဲ့ ဖြတ်တော့ကွာ သေမင်း၏ ရန်သူတွေဖြစ်တဲ့ တဏှာ၊ ဥပါဒါန်၊ ကံတွေကိုတော့ဖြင့် ယာယီသာ ချေမှုန်းနိုင် သေးတယ်ကွာ၊ အပြီးသတ် မချေမှုန်းနိုင်သေးဘူး ဆိုတော့ ကောင်းကောင်း မနိုင်သေးဘူးပြောတာ (မှန်လှပါ ဘုရား)၊ သဘော ကျပြီလား (ကျပါပြီ ဘုရား)။

ဆက်ပြီးမုန်းအောင်

ကိုင်း ဒါဖြင့် ဒီဖြစ်ပျက်တွေကို ဒကာသစ်တို့ ဒကာကြွယ်တို့ က မုန်းအောင်ရှု (မှန်လှပါ ဘုရား)၊ မုန်းအောင် ရှုလိုက်တဲ့ အခါကျတော့ သေမင်းတမန်တွေကို တော်တော်နိုင်ပြီ (မှန်လှပါ ဘုရား)၊ တော်တော်နိုင်ပြီနော် (မှန်လှပါ ဘုရား)။

နောက် ဒီဖြစ်ပျက်တွေဟာ ဒုက္ခသစ္စာတွေပါလား ဒုက္ခ သစ္စာမှတစ်ပါးတခြားမဟုတ်ပါလား၊ သေမင်းတွေပါလား သေအောင် သတ်နေတာ၊ သူတို့ ရှိလို့ သေအောင်သတ်နေတာ (မှန်လှပါ ဘုရား)။

ဒုက္ခတွေပျောက်သွားတယ်

ဒီ ခန္ဓာငါးပါး ရှိရင် သေမင်းတွေဟာ ဒီခန္ဓာငါးပါးပဲ သူပဲ ဇာတိ၊ သူပဲ ဇရာ၊ သူပဲ မရဏဆိုတော့ သေမင်းတွေ မဟုတ်လား (မှန်လှပါ ဘုရား)။

ဒါဖြင့် သေမင်းဒုက္ခနဲ့ ဖြင့် မနေချင်တော့ပါဘူးဆိုတော့ ဟောဒီ သေမင်းဒုက္ခတွေ ပျောက်သွားတယ် (မှန်လှပါ ဘုရား)၊ ဒါဖြင့် ဟောဒီ ဒုက္ခ အဆုံးကို မတွေ့ရဘူးလား (တွေ့ရပါတယ် ဘုရား)။

ဒုက္ခအဆုံးကနိဗ္ဗာန်

ဒုက္ခအဆုံးကနိဗ္ဗာန်၊ တွေ့ရတာက မဂ်ဉာဏ် (မှန်လှ ပါ ဘုရား)၊ ဒုက္ခအဆုံးက (နိဗ္ဗာန်ပါ ဘုရား)၊ တွေ့ရတာက (မဂ်ဉာဏ်ပါ ဘုရား)။

ဒါကြောင့် ဖြစ်ပျက်မြင်အောင်ရှု၊ ဖြစ်ပျက်မုန်းအောင်ရှု၊ ဖြစ်ပျက်ဆုံးအောင် ရှုဆိုတဲ့ ဥစ္စာ သေမင်း ဆုံးအောင်ရှုပြော တာ (မှန်လှပါ ဘုရား)၊ ဖြစ်ပျက်ဆုံးအောင် ရှုဆိုတာဘာပါ လိမ့် (သေမင်းဆုံးအောင် ရှုပါ ဘုရား)၊ သေမင်းဆုံးအောင် ရှုပါလို့ပြောတာ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

သေမင်းဆုံးအောင် ရှုတော့ သေမင်းတွေမြင်ရသေးရဲ့ လား (မမြင်ရပါဘူး ဘုရား)၊ ဘယ်နှယ့်ကြောင့် မမြင်ရပါလိမ့် မတုံး အကဲခတ်ကြည့်တော့မှ သေမင်းတမန်တွေ သေသွားလို့ (မှန်လှပါ ဘုရား)၊ ပို့မယ်သူ မရှိတာနဲ့ ဒကာအုန်းရေ သေမင်းလည်း မရှိတဲ့နေရာမြင်ရတယ် (မှန်လှပါ ဘုရား)။

အဲ တစ်သံသရာလုံးခင်ဗျားတို့ သေမင်းမရှိတဲ့ နေရာ ဘယ်တော့မှ မမြင်ခဲ့ဖူးဘူး (မမြင်ဘူးပါ ဘုရား)။

ယနေ့အားထုတ်ပါမြင်ရပါလိမ့်မယ်

ယနေ့ အားထုတ်ပါ (၇)ရက်အတွင်း မြင်ရပါလိမ့် မယ် (မှန်လှပါ ဘုရား)၊ ယနေ့ အားထုတ်ပါ (၇ရက် အတွင်း မြင်ရမှာပါ ဘုရား)။

အဲ အင်မတန် ညံ့ဖျင်းရင် (၇)နှစ် (၇)လကြိုးစား ရလိမ့်မယ် (မှန်လှပါ ဘုရား)၊ အဲ့ဒီတော့ကို ဘုန်းကြီး ပြောတဲ့ အတိုင်း စိတ်တွေပေါ် သရွေ့ ကိုဖြင့် ဖြစ်ပျက်ရှုပါ (မှန်လှပါ ဘုရား)။

ဘယ်စိတ်ပေါ်ပေါ် ဖြစ်ပျက်ရှုပါ၊ ပုထုဇဉ် သန္တာန် ပုထုဇဉ်စိတ်ပဲ ပေါ်လိမ့်မယ်ဆိုတာ ဦးဘအုန်း ညည်းဖို့ လိုသေးသလား (မလိုပါဘူး ဘုရား)။

အဲ့ဒီ ပေါ်လာတဲ့ စိတ်တွေကို ဖြစ်ပျက်၊ ရှုတာက မဂ်၊ သေတာက သေမင်းတမန် (မှန်လှပါ ဘုရား)၊ ဒုက္ခတွေဆုံး သွားတာက သေမင်းတွေမရှိတာ (မှန်လှပါ ဘုရား)၊ ဒုက္ခ မရှိတာဆိုတာက (သေမင်းတွေမရှိတာပါ ဘုရား)၊ သေမင်း တွေမရှိတာဆိုတာ သဘောပါပြီလား (ပါပါပြီ ဘုရား)။

ဒါနဲ့ ဒီဥစ္စာ ဘယ်မှာဟောတဲ့တရားလဲလို့ဒကာကြွယ်က မေးဖို့လိုတယ်နော် (မှန်ပါ ဘုရား)။

သိခီမြတ်စွာဘုရားလက်ထက်တော်

သိခီမြတ်စွာဘုရား လက်ထက်တုန်းက အဘိဘူတို့ သမ္ဘဝတို့ ဆိုတဲ့ရဟန္တာ နှစ်ပါးနဲ့ ဘုရားဖြစ်ပြီး သကာလ နေတာ၊ အဘိဘူ ဆိုတဲ့ရဟန်းကိုဘုရားက ကဲကွာ ဆွမ်းခံစောပါသေး တယ်၊ ဗြဟ္မာပြည် သွားကြဦးစို့ ကွဆိုပြီးကွေးတဲ့ လက်ဆန့်သလောက်နဲ့ ရောက်သွားကြတယ် (မှန်လှပါ ဘုရား)။

အဲ့ဒိ အဘိဘူ တရားဟောဟေ့ဆိုတော့ ခုနကသေမင်း တမန်ချေမှုန်းတဲ့တရား ဟောခိုင်းတာပဲ (မှန်လှပါ ဘုရား)၊ သေမင်းတမန်ချေမှုန်းတဲ့ တရားဟောခိုင်းလိုက်တယ်။

ဟောလိုက်တဲ့ အခါကျတော့ ဗြဟ္မာတွေက ကဲ့ရဲ့ ရှာ တယ်၊ အို ဘုရားပါရဲ့ သားနဲ့ ဘုရား တပည့် သားက လောကွတ်ချော်ပြီး သူကရှေ့သွားများ လုပ်နေလိုက်သေး တယ် (မှန်လှပါ ဘုရား)။

ဗြဟ္မာပြည်မှာ “အဘိဘူ” တန်ခိုးပြဟော

ဒီတင် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟေ့ အဘိဘူ ဗြဟ္မာတွေက ကဲ့ရဲ့နေပြီကွ၊ ဘုရားပါလျက်သားနဲ့ ဘုရားရှေ့ သွားလုပ်နေတယ်၊ ရှက်စရာကြီး၊ ပြုစရာကြီးနဲ့ တိုးဟောကွ၊ တိုးဟောကွ ဆိုတော့ သူက ခန္ဓာကိုယ်တစ်ဝက်ပြပြီးဟော၊ ဂဠုန်သဏ္ဌာန်၊ နဂါးသဏ္ဌာန်ပြဟော၊ အမှောင်ထဲကနေ လူမမြင်ရဘဲနဲ့ ဟောလိုက်၊ အလင်းထဲက နေပြီး သကာလ ပုဂ္ဂိုလ် မြင်ရပြီး သကာလ ဟောလိုက်။

ဒီလိုချည့် ဟောလိုက်တော့ တိုးဟောလိုက်ကွ ဆိုတော့ လူ့ပြည်ကတောင် ကြားရတယ် (မှန်လှပါ ဘုရား)၊ လူ့ပြည် ကတောင်ကြားရတယ်၊ သေမင်းတမန် ချေမှုန်းကြ၊ သေမင်းတမန် ချေမှုန်းကြ ဆိုတဲ့ အသံတွေ လူ့ပြည်ကတောင်ကြားရတယ် (မှန်လှပါ ဘုရား)။

ဗြဟ္မာတွေ ကျွတ်တမ်းဝင်တယ်

အဲဒီတင်ဗြဟ္မာတွေ အကုန် ကျွတ်တမ်းဝင်ပြီး သကာလ ဘုရားနဲ့ အဘိဘူနဲ့ ဆင်းလာတော့ ခဏလေး ဟောရတာပဲ ဒီ ဆွမ်းခံမီနေတာပဲ (မှန်လှပါ ဘုရား)၊ ဆွမ်းခံမဝင်ခင်သွား တယ် ဒကာကြွယ် ဆွမ်းခံမှီပြန်လာခဲ့တယ် (မှန်လှပါ ဘုရား)။

လူ့ပြည်ကကြားရတယ်

ဒီကျတော့မှဘုရားက မင်းတို့ကြားကြရဲ့ လားဟေ့ တို့ ဗြဟ္မာပြည်ကနေ ဟောတဲ့တရား ကြားကြရဲ့လား၊ ကြားရင် ပြောစမ်းပါကွ ဆိုတော့ အာရမ္ဘထ နိက္ကမထ နဲ့ ရနေကြတယ် (မှန်လှပါ ဘုရား)၊ ဘယ်လောက်ထိအောင် အဖိုးတန်တဲ့ တရားလဲ ဆိုတာပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

အင်း ဒါဖြင့် ဒီတရားနိဂုံးချုပ်ရတော့မယ် ဒကာ ဒကာမတို့၊ နာရီက နီးနေလို့ (မှန်လှပါ ဘုရား)။

သေမင်းနဲ့ သေမင်းတမန် ဘယ်ဟာကြောက် ရမှာ တုံး (သေမင်းတမန်ကြောက်ရမှာပါ ဘုရား)၊ ဒါဖြင့် ဒကာ ဒကာမတို့ ယနေ့ကစပြီး သေရမှာ ကြောက်တယ်လို့ မဆိုကြပါ နဲ့ (မှန်လှပါ ဘုရား)။

သေမင်းတမန်ဖြစ်တဲ့ တဏှာ၊ ဥပါဒါန်၊ ကံ ကြောက်လှ ချည်ရဲ့ (မှန်လှပါ ဘုရား)၊ ဒီကျမှ မှန်တော့တယ် (မှန်လှ ပါ ဘုရား)။သေရမှာ ဘာမှကြောက်စရာ မရှိဘူး (မရှိပါဘူး ဘုရား)၊ သေမယ့်ဆီ ပို့တဲ့ တဏှာ၊ ဥပါဒါန်၊ ကံကိုသာလျှင် (ကြောက်ရမှာပါ ဘုရား)။

ဒါဖြင့် ယနေ့ကစပြီး သေရမှာ မကြောက်ဘူး၊ သေမင်း တမန်ကြောက်တယ်ဗျာ (မှန်လှပါ ဘုရား)၊ သေရမှာမ ကြောက်ဘူး (သေမင်းတမန် ကြောက်ပါတယ် ဘုရား)။

ဟာ ဒါဖြင့် သေမင်းတမန် ချေမှုန်းမှပဲဆိုတော့ ခန္ဓာ ဖြစ်ပျက် ရှုလိုက်တော့ တဏှာ၊ ဥပါဒါန်၊ ကံက သေပွဲဝင်သွား တယ် (မှန်လှပါ ဘုရား)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒကာသစ်ရေ ဒီ တရားမှာ အင်း တို့ ကြောက်ပုံ ပြင်ဦးမှပဲ ဆိုတဲ့အဓိပ္ပာယ် ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

အဲ့ဒီတော့ လူတစ်ယောက်ဟာ ခွေးဆိုးတဲ့ ဆီမှာခဲတွေ လွယ်အိတ်နဲ့ ထည့်သွားတယ် ဦးဘအုန်းရေ (မှန်လှပါ ဘုရား)။

ခွေးကလည်း ခဲတွေနဲ့ လာတဲ့သူကို တစ်ခါတည်း ထိုး လိုက်လာတာပဲ (မှန်လှပါ ဘုရား)၊ ခဲတွေနဲ့ ပစ်လိုက်တဲ့ အခါကျ တော့ ခွေးက ခဲချည့်ကိုက်တယ်၊ ခဲပစ်တဲ့ လူဆီကို မကိုက်ဘူး (မကိုက်ပါဘူး ဘုရား)။

ဒီခွေး ခွေးမိုက်ဆိုမလား၊ ခွေးလိမ္မာဆိုမလား (ခွေး မိုက်ပါ ဘုရား)၊ ခဲပစ်တဲ့ဆီ ကိုက်လိုက်မယ် ဆိုရင် နောက်ခဲ လာစရာရှိသေးရဲ့လား (မရှိပါဘူး ဘုရား)။

ခုတော့ သူက ခဲပဲလိုက်ကိုက်နေလို့ ဒီကခဲတစ်ခု ထပ်ပစ် သူသာဒုက္ခရောက်နေတယ် (မှန်လှပါ ဘုရား)။

ဒါကြောင့် အကျိုးကို သာ ကို က် တတ် တဲ့ ခွေး၊ အကြောင်းကိုက်လိုက်ရင်ပြီးသွားမယ် မဟုတ်လား (မှန်လှပါဘု ရား)၊ နောက် ခဲ လာစရာရှိသေးရဲ့ လား (မရှိပါဘူး ဘုရား)။

ခွေးကြောက် မကြောက်ကြပါနဲ့

အဲဒီတော့ ခဲပစ်တဲ့သူကို ကြောက်ရမှာ ခဲကြောက် နေတဲ့အတွက် ဒီခွေးဟာ ခွေးမိုက် ဖြစ်ရသလို ခင်ဗျားတို့ လည်းသေမင်းသာကြောက်နေတယ်၊ သေမင်းတမန် မကြောက်တဲ့ ခွေးကြောက် ကြောက်နေလို့ “ခွ” ကျနေတာ ဒါဖြင့် ဒီနေ့တော့ ဘယ်လိုပြင်ကြဦးမှ တော်မယ် ဆိုတာကော သဘောကျပြီလား (ကျပါပြီ ဘုရား)။

လူကြောက်ကြောက်ကြပါ

ဟာ ဒကာကြွယ် လူကြောက် ကြောက်နော် (မှန်လှပါ ဘုရား)၊ လူကြောက်ဆိုတော့ သေမင်းနှင့် သေမင်း တမန်ဘယ်ဟာကြောက်ရမှာတုံး (သေမင်းတမန်ကြောက်ရ မှာပါ ဘုရား)၊ အဲ့ဒီကျမှ လူကြောက်ကလေးဖြစ်လာ တယ် (မှန်လှပါ ဘုရား)။

အမလေး တစ်သက်လုံးကဖြင့် ဒကာအုန်းရေ အပြစ် လည်းမတင်ကြနဲ့ ကြောက်တဲ့ စည်းကမ်းကို မမှန်သေးဘူး (မမှန်သေးပါဘူး ဘုရား)။

ကျုပ်တော့ သေရမှာ အကြောက်ဆုံးပဲဗျာ၊ တဏှာ၊ ဥပါဒါန်၊ ကံကြောက်တယ်လို့ ဘယ်သူများ ပြောဖူးသ တုံး (မပြောဖူးပါဘူး ဘုရား)။

အဲ့ဒီတော့နဂိုတုန်းက ခွေးကြောက် ကြောက်နေတယ် ဆိုတာသေချာတယ် (သေချာပါတယ် ဘုရား)၊ ခွေးမှာလည်း ခွေးလိမ္မာလား၊ ခွေးမိုက်လား (ခွေးမိုက်ပါ ဘုရား)၊ အမလေး ဒကာကြွယ် မနာနဲ့နော် (မနာပါဘူး ဘုရား)။

သေမင်းတမန်သတ်တဲ့နည်း

မနာနဲ့၊ တစ်သံသရာလုံးက ဒိထက်ဆိုးနေတယ် (ဆိုးပါတယ် ဘုရား)၊ ဒီတစ်ခါ ကြောက်တဲ့ နည်းလမ်းမှန်သွားမယ် ဆိုလို့ ရှိရင် သေမင်းတမန်သတ်တဲ့နည်း၊ ခန္ဓာကိုယ်ဖြစ်ပျက် ရှုတော့ မဂ်မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

မဂ်ပေါ်တော့ တဏှာ၊ ဥပါဒါန်၊ ကံ ဆိုတော့ ပဋိစ္စသမုပ္ပါဒ် သေမင်းတမန်က မပြတ်လား (ပြတ်ပါတယ် ဘုရား)။

အဲ့ဒီ ပြတ်တဲ့အခါကျတော့ ဇာတိ၊ ဇရာ၊ မရဏ သေမင်း သည် စားဝါးပြီး သေရသလား၊ အငတ်ပြဿနာနဲ့ ပျောက်သွား သလား (အငတ်ပြဿနာနဲ့ ပျောက်သွားပါတယ် ဘုရား)။

ဒါဖြင့်ကိုယ့်အတွက်သေမင်းတော့ ကိုယ်စိတ်ချရပြီ (မှန်လှပါ ဘုရား)၊ သူများအတွက် သေမင်းကတော့ သူများက သေမင်းတမန် သတ်ရင် သူများအတွက် သေမင်းတမန် သေမှာ ပဲ (မှန်လှပါ ဘုရား) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။ ကဲ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် သေမင်းတမန်နဲ့ သေမင်း ဘယ်ဟာကြောက် ရမှာလဲ (သေမင်းတမန်ကြောက်ရမှာပါ ဘုရား)။ သေမင်း တမန် ကြောက်လို့ ရှိရင် ဘုရားအဆုံးအမအတိုင်း ဖြစ်ပျက် ရှု (မှန်လှပါ ဘုရား)။

ဖြစ်ပျက်မုန်းအောင်ရှု (မှန်လှပါ ဘုရား)၊ ဖြစ်ပျက်ဆုံး အောင်ရှု (မှန်လှပါ ဘုရား)၊ ရှုလို့ရှိရင် သေမင်းတွေ မြင်ရသေး ရဲ့ လား (မမြင်ရပါဘူး ဘုရား)။

မမြင်ရတော့ သေမင်းမရှိတဲ့နိုင်ငံရှိသေးတယ်ဆိုတာ မသိရဘူးလား (သိရပါတယ် ဘုရား)၊ အဲ့ဒါ သေမင်းတမန်ကို ချေမှုန်းခြင်းကြောင့် ခရီးပေါက် တယ်လို့ မှတ်လိုက် ပါ (မှန်လှပါ ဘုရား)။

ကိုင်း ယနေ့ ဒီတွင်တော်ကြဦးစို့။

သာဓု သာဓု သာဓု။