257

မဂ်ဉာဏ်မှ တင်းတိမ်ကြပါ (အနှစ်နှင့်အကာ)

မှတ်ချက်။ ။ယခုရက်စွဲဖြင့် အသံဖိုင် ကိုက်ညီမှုမရှိပါ။

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

မန္တလေးမြို့၌ ဟောကြားတော်မူသော တရားတော်

မဂ်ဉာဏ်မှ တင်းတိမ်ကြပါ

(အနှစ် နှင့် အကာ)

(၂-၁-၁၉၆၁)

မြတ်စွာဘုရား သခင်ကိုယ်တော်မြတ်ကြီးက အနှစ်ရွေး တတ်ဖို့၊ သစ်ပင်တစ်ပင်မှာ အနှစ်ရွေးတတ်ဖို့ အရေးကြီးသလို အနှစ်ရွေးတတ်ဖို့ အရေးကြီးတယ်ဆိုတဲ့ အကြောင်းကို သာရော ပမသုတ်ဆိုပြီး ဟောတော်မူတယ် (မှန်ပါ)။

သစ်ပင်တစ်ပင်မှာ ကိုယ်အလိုရှိတာက အနှစ်ကို အလိုရှိ တယ်။ လှည်းဝင်ရိုးတို့ လှည်းထမ်းပိုးတို့ လုပ်ဖို့ဆိုတော့ အနှစ်မှ လည်း ခိုင်ခံ့မှာကိုး (မှန်ပါ)၊ အဲဒီအနှစ်ကို အလိုရှိလို့ တောထဲ အရှာသွားငြား သော်လည်း အကိုင်းအခက်ကို အနှစ်ထင်ပြီး ပြန်ခဲ့ရင်လည်း ကိုယ်အလိုရှိတဲ့ အကျိုးကို ပြီးကြမယ်မဟုတ် ပါဘူး (မပြီးပါ ဘုရား)၊ အပွေးကို အနှစ်ထင်ပြန်ရင်လည်း အလိုရှိတဲ့အကျိုးကို ပြီးပါ့မလား (မပြီးပါ ဘုရား)။

အနှစ်ကို အနှစ်မှန်းသိမှ အကျိုးပေးမယ်

အကာကို အနှစ်ထင်ပြန်ရင်လဲ (မပြီးပါ ဘုရား)၊ အသားတွေကို အနှစ်ထင်ပြန်ရင်လဲ (မပြီးပါ ဘုရား)၊ အနှစ်ကိုအနှစ်မှန်းသိမှ ကိုယ်အလိုရှိတဲ့ အကျိုးပေးမယ်တဲ့ (မှန်ပါ)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

အဲဒါကြောင့် သာရောပမသုတ်ဆိုပြီး သကာလ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သေသေချာချာဟောတော် မူတယ်။ ဒါကြောင့် ဒကာ ဒကာမတို့ အနှစ်ကို သိဖို့ရန်နှင့် အနှစ် ကို ထုတ်ယူပြီးမှ သာလျှင် ကိုယ်အလိုရှိတဲ့အကျိုးကို မုချပြီးစေနိုင် တယ် ဆိုပြီးသကာလ မူလပဏ္ဏာသ ပါဠိတော်မှာ ဟောထားတဲ့ တရားတော်ရှိတယ်။ ဒကာကြွယ် သာရောပမသုတ်တော်တဲ့ (မှန်ပါ)၊ သာရောပမသုတ်ဆိုတာ သာရ+ဥပမာ ဆိုလိုရင်းပဲ၊ သာရက အနှစ်၊ ဥပမာက ဥပမာတဲ့၊ အနှစ်ကို ဥပမာ ထားပြီး ပြပါတယ် (မှန်ပါ)။

ဘာကြောက်စရာအကောင်းဆုံးတုံး

အားလုံး အခုတရားနာလာကြတဲ့ ဒကာ ဒကာမတွေမှာ ဘာကြောက်စရာ အကောင်းဆုံးတုံး ဆိုလို့ရှိရင်ဖြင့် ဒီဘဝက စုတိ ပြီး သကာလ သွားရလို့ရှိရင်ဖြင့် စုတိဒုက္ခပြီးရင် ပဋိသန္ဓေ ဒုက္ခဖြစ်မှာ သိပ်ကြောက်ရတယ် (မှန်ပါ)။

စုတိဒုက္ခပြီးရင် (ပဋိသန္ဓေဒုက္ခဖြစ်မှာသိပ်ကိုကြောက် စရာကောင်းပါတယ်)၊ ဘာကြောင့်တုံး ဒုက္ခထဲက ထွက်ခွာ ပြီး သုခရရင် တော်သေးရဲ့ကိုးဗျ (မှန်ပါ)၊ အခုတော့ ဒုက္ခက ထွက်ပြီး ဒုက္ခရမယ် ဆိုတော့ ဒကာကြွယ်ဘယ်မှာတုံး၊ အမြတ်အ စွန်းကထွက်တာ (မထွက်ပါ ဘုရား)။

အဲဒါကြောင့် အခုတရားနာ လာကြတဲ့ ပုဂ္ဂိုလ်များ ကုသိုလ် ရရုံကလေးဆိုတဲ့ စိတ်ထားနဲ့ မနာဘဲ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို မရ- ရအောင် အားထုတ်ပြီးအရကိုပဲ ငါတို့ယူမဟဲ့ဆိုတဲ့ စိတ်ကို ဖြင့် တွေးမိအောင်တွေးကြပါ (မှန်ပါ)၊ ကုသိုလ်ရရုံကလေး ဆိုရင် ဓမ္မဿဝနကုသိုလ်ကလေးနဲ့ တင် တင်းတိမ်ပြီး သကာလ မနေကြပါနဲ့ ဆိုလိုတာကိုလည်း မှာရတယ် (မှန်ပါ)။

လှူဒါန်းတာနဲ့၊ တင်းတိမ်မနေနဲ့

အခု ဒကာ ဒကာမတွေ လောကီဥပမာ ပြကြပါစို့ရဲ့၊ သူ များလုပ်သလို လုပ်လို့ ပစ္စည်းဥစ္စာ ရတနာတွေ ပေါများလာကြ တယ်၊ အသင့်အတင့်လည်း ပေးနိုင် ကမ်းနိုင်ကြတယ်။ အဲဒါနဲ့ တော်လောက် ပြီလို့ တင်းတိမ်ပြီးမနေကြပါနဲ့။

ဇာတိ ဇရာ မရဏမှ ထွက်မြောက်အောင်လုပ်ကြပါ (မှန်ပါ)၊ တော်တော် လည်း တို့မှာ လူချင်းတူလာပြီ၊ ပေးနိုင် ကမ်းနိုင်လည်းရှိလာ ပြီ၊ တော်လောက်ပါပြီ၊ သူတစ်ပါးလည်း ချီးမွမ်းခံရပါပြီ၊ သူတို့ ကိုယ့်ဒူးကိုယ်ချွန် ရှာလိုက်တာ ဒီအခြေအနေ ရောက်လာ ပြီလို့ ဒကာ ဒကာမတွေက ဒါလောက် လှူရ တန်းရတာကလေး နဲ့ တင်းတိမ်နေဖို့မကောင်းဘူး (မှန်ပါ)။

ဒါဖြင့် သာမညနဲ့ ကိုယ့်ဟာကလေးကို ချီးမြှောက်ပြီး သကာလ ကိုယ့်ဟာလေးအနေနဲ့ ကိုယ်တော်လောက်ပြီလို့ဆို ပြီး သကာလ မနေလိုက်ပါနဲ့ (မှန်ပါ)၊ နောက်ကျလာတဲ့အခါ ကျလို့ ရှိရင် ကိုယ့်မှာ ဇာတိ ဇရာ မရဏမှ လွတ်ဖို့ရာအရေးကို သာ အကြီးဆုံးထားပြီး သကာလ ဪ ငါတို့ဖြင့် သီလကလေး နဲ့ပြည့်စုံပြီ၊ သေပျော်နေပျော်ရှိပြီလို့လည်း ဒကာ ဒကာမတို့ တင်း တိမ်ပြီးမနေလိုက်ပါနဲ့ (မှန်ပါ)၊

သီလလောက်နဲ့ တင်းတိမ်မနေနဲ့

သီလကလေးလောက်နဲ့ (တင်းတိမ်ပြီးမနေပါနဲ့)၊ လူ တန်းစေ့ရုံနဲ့ လည်းတင်းတိမ်မနေပါနဲ့၊သီလပြည့်စုံရုံနဲ့လဲ (တင်းတိမ်မနေပါနဲ့)၊ သမာဓိကလေး ပြည့်စုံပြီဆိုပြီး သကာလ သမာဓိ စခန်းတော့ဖြင့် တို့ တော်တော် နေရာကျပေါ့လို့လည်း တင်းတိမ်မနေလိုက်ပါနဲ့။ ဇာတိ ဇရာ ဗျာဓိ မရဏ သောက ပရိဒေဝ မလွတ်သေးပါဘူး (မှန်ပါ)။

ဒါကြောင့် မတင်းတိမ်သင့်တာကို တင်းတိမ်မှာစိုးတဲ့အ တွက် အနှစ်မဟုတ်တာကို အနှစ်လုပ်ယူမှာ စိုးတဲ့အတွက် ကိုယ်တော်မြတ်ကြီးက သာရောပမသုတ်ကိုဟောပါတယ် (မှန် ပါ)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

(၁) ဒါဖြင့် လူချင်းအတူတူ ပေးနိုင်ရုံ ကမ်းနိုင်ရုံမျှနဲ့ လည်း တင်းတိမ်မနေပါနဲ့၊ ၁-နံပါတ်က နော် (မှန်ပါ)။

(၂) သီလ လုံခြုံရုံနဲ့လဲ (တင်းတိမ်မနေပါနဲ့)။

(၃) သမာဓိကလေး တည်ကြည်တာမျှ နဲ့လဲ (တင်းတိမ် မနေပါနဲ့)။

(၄) အမြင်အထင် ဒိဗ္ဗစက္ခုအဘိညာဉ်စသည်တို့ ကို ရတာနဲ့ လည်း (တင်းတိမ်မနေပါနဲ့)။

(၅) အေး ဒါဖြင့် ဒီလိုလုပ်ကြတော့၊ မဂ်ဉာဏ်၊ ဖိုလ် ဉာဏ်ရမှ တင်းတိမ်ကြပါ (မှန်ပါ)၊ သဘော ကျပါပလား (ကျပါပြီ ဘုရား)။

ပြန်ပြောပါဦးမယ် ဒကာ ဒကာမတို့ လူချင်း သူချင်း တူ တူနေနိုင်ထိုင်နိုင်ပြီး ထိုက်တန် သလောက် ပေးနိုင်ကမ်းနိုင်တာ နဲ့လည်း တင်းတိမ်မနေပါနဲ့ (မှန်ပါ)။

သီလကို ဆောက်တည်နိုင်ပြီးသကာလ ဖြူဖြူစင်စင်နေနိုင် တာနဲ့လဲ (တင်းတိမ်မနေပါနဲ့)။

စက္ခု စတဲ့ အထင်ပေါက် အမြင်ပေါက်နဲ့ တင်းတိမ်မနေပါ။

မဂ်ဉာဏ်ရမှ တင်းတိမ်ကြပါ

အေး ဒါကြောင့် ဒကာ ဒကာမတို့ မဂ်ဉာဏ်ဖိုလ် ဉာဏ် နိဗ္ဗာန်ကို အာရုံ ပြုနိုင်တဲ့ ဉာဏ်ရလာမှ တင်းတိမ်ကြပါလို့ ပြောလိုက်တယ် (မှန်ပါ)။

သာဝတ္ထိပြည် ဇေတဝန်ကျောင်းမှာ ဘုရားသခင်ကိုယ်တော် မြတ်ကြီး သီတင်းသုံးနေတဲ့အခါ ပိင်္ဂလကောစ္ဆ ဆိုတဲ့ ပုဏ္ဏားက အရှင်ဘုရား လောကကြီးထဲမှာ မက္ခလိဂေါသာလ၊ ပူရဏ ကဿပ၊ သိဉ္စည်း စတဲ့ ဆရာကြီးတွေ ဘုရားလုပ်ပြီး သကာလ နေကြတာ အချို့လည်း သိတယ်လို့ ပြောကြတယ်၊ အလုံးစုံကို အချို့လည်း မသိဘူးလို့ ပြောကြတယ်ဘုရား၊ အဲဒါ ဘယ်လို မှတ်ရမှာတုံး ဆိုတဲ့ အဓိပ္ပာယ်မျိုးတွေကို သူက မေးလျှောက် တယ် (မှန်ပါ)။

ဘယ်ဟာကိုအမှန်ယူရမလဲ

ဘုရားမပွင့်ခင်က ဘုရားတွေက သိပ်များတယ်၊ ဘုရား ပွင့်လာတော့လည်း တိတ္ထိဂိုဏ်း ဆရာကြီးတွေ ဘုရားအမည်ခံ နေတာ တွေ့ ရှိကြတယ် (မှန်ပါ)၊ အဲဒီဘုရားတွေ ပုံစံထားပြီး သကာလ ပိင်္ဂလကောစ္ဆ ပုဏ္ဏားက မေးလိုက်တယ် (မှန်ပါ)၊ အချို့ကလည်း အလုံးစုံ အကုန်သိတယ် ပြောကြတယ်၊ အချို့ ကလည်း မသိဘူးလို့ ပြောကြတယ်။ အဲဒီတော့ ဘယ်ပုဂ္ဂိုလ် အတည်ပြုပြီး ဘယ်ပုဂ္ဂိုလ် ကိုးကွယ်ဆည်းကပ်ပြီး ဘယ်ဟာကို အမှန်ယူရပါလိမ့်မလဲလို့ လျှောက်တော့ ပုဏ္ဏား မေးတာတွေကို ဘုရားက မဖြေဘူး။ ငါ ဟောတဲ့တရားကို မင်း နားထောင်ပါ (မှန်ပါ)။

ဟိုဟာတွေက ဖြေစရာမှ မရှိဘဲ (မှန်ပါ)၊ နဂိုကတည်း က ဘုရားမဟုတ်ဘဲနဲ့ ဘုရားလုပ်ပြီး သကာလ နေကြတာ တွေ အလုံးစုံမသိဘဲနဲ့ သိတယ်လို့ တာဝန်ခံပြီး နေကြတာ တွေ ဖြစ်ပါတယ် (မှန်ပါ)။

အနှစ်လိုချင်လို့ တောထဲသွားတယ်

(၁) အဲဒီတော့ ဘုရားက တောထဲကို လူတစ်ယောက် သွားတယ်ကွာတဲ့။ အနှစ်ကို လိုချင်လို့ သွားတယ် (မှန်ပါ)၊ အနှစ်လိုချင်တာနဲ့ ဓားမကိုင်ပြီး တောထဲမှာသွားပြီး ဖြောင့်တဲ့ အပင်ကြီးကို သွားခုတ်တယ်။ အကိုင်း အခက်တွေကို ခုတ်ပြီး သူဟာ လှည်းဝင်ရိုးလုပ် ထမ်းပိုးလုပ်ဖို့ ဆိုပြီး ပြန်သွားတယ် (မှန်ပါ)။

အဲဒီတော့ ဘေးက သိကြားလိမ္မာတဲ့ ပုဂ္ဂိုလ်က ဘယ်လို တွေးလိုက်သတုံး ဆိုတော့ ဪ ဒီပုဂ္ဂိုလ်ဟာ အနှစ်လိုချင် လို့ တောထဲလာလိုက်တဲ့ဥစ္စာ အနှစ်မရဘဲနဲ့ အကိုင်းအခက် တွေထမ်းပြီး သကာလ ပြန်သွားတဲ့အတွက် အိမ်ကျတော့လည်း လှည်းဝင်ရိုးလုပ်လည်း လှည်းဝင်ရိုးတော့ဖြင့် သူ အထမြောက်တော့မှာ မဟုတ်ဘူးလို့၊ သိကြားလိမ္မာတဲ့ ပုဂ္ဂိုလ်ကတော့ ဒီလို အပြစ်တင်မှာပဲ (မှန်ပါ)၊ မတင်ပေဘူးလား (တင်ပါမယ် ဘုရား)။

(၁) အကိုင်းအခက်ထမ်းပြီးပြန်တဲ့ပုဂ္ဂိုလ်

အနှစ်အလိုရှိလို့ လာတာ ဒကာ ဒကာမတို့၊ အကိုင်းအ ခက်ထမ်းပြီး ပြန်သွားတယ် ဆိုကတည်းက လိုရာကိစ္စပြီးမြောက်ခြင်းသို့ ရောက်ပါ့မလား (မရောက်ပါ ဘုရား)။

ဒကာ ဒကာမတို့လည်း ဒီအတိုင်းပဲ၊ သံသရာကြီး ထဲမှာ အပါယ်က တက်လာတဲ့ ပုဂ္ဂိုလ်တွေက များတော့ ငရဲက တက်လာတဲ့အခါ ငါတို့ သည် လူ့ပြည်မှာ ဘုရားသာသနာနဲ့၊ ဆရာကောင်း သမားကောင်းနဲ့ တွေ့လို့ ရှိရင်ဖြင့် ဇာတိ ဇရာ မရဏတွေမှ လွတ်ရာ ကျွတ်ရာကို ကြိုးစားပါတော့မယ်၊ အနှစ် သာရဖြစ်တဲ့တရား ယူပါတော့မယ်ဆိုပြီး သကာလ တက်လာခဲ့ ငြားသော်လည်း လူ့ပြည်ရောက်တဲ့ အခါကျလို့ ရှိရင်ဖြင့် အနှစ် မသိဘဲနဲ့ ဖြစ်ပြီး သကာလ နေတော့ သူများလုပ်သလိုလုပ်၊ သူများ ကိုင်သလို ကိုင်ပြီး စီးပွားရေးကလေး အတော်အတန်ဖြောင့် ကိုယ်က ကားကလေး ဘာကလေးနဲ့ နေနိုင်ပြီဆိုမှဖြင့် တော်သေး ရဲ့ဆိုပြီး ဒါလောက်နဲ့ တင်းတိမ်နေလို့ ရှိရင်လည်း ဒကာ ဒကာမတို့ တောထဲမှာ အနှစ်ရှာတဲ့ ပုဂ္ဂိုလ်ဟာ အကိုင်းအခက် ထမ်းပြန်တာနဲ့ တူလိုက်လေခြင်း (မှန်လှပါ)၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။

အနှစ်လာရှာတာ ဘာကိုထမ်းပြန်ပါလိမ့် (အကိုင်း အခက် ထမ်းပြန်ပါတယ် ဘုရား)၊ ဒကာသစ်ရေ၊ အနှစ်ကို ရသွား ရှာသလား (မရပါ ဘုရား)။

ဒါဖြင့် အိမ်ကျတော့ သူဟာ လှည်းဝင်ရိုးတွေ၊ လှည်း ထမ်းပိုးတွေ လုပ်တဲ့အခါကျတော့ သူ့ကို ဒုက္ခပေးဖို့ ဖြစ်မှာ ပဲ (မှန်ပါ)၊ တစ်နေရာမှာ ကျိုးရတော့မယ် (ကျိုးမှာပါ ဘုရား)။

လူဖြစ်ကျိုးနပ်ပြီတဲ့

အဲဒီတော့ အနှစ်အလိုရှိလို့ လာငြားသော်လည်း အကိုင်း အခက်ထမ်းပြန်သလို ဒကာ ဒကာမတွေလည်း ကိုယ့်မှာ လူဖြစ်ကျိုးနပ်ပြီ၊ နေနိုင်ထိုင်နိုင်ရှိပြီ လူဘုံအလယ်မှာ လူ တစ်လုံးဖြစ်ပြီ တို့ ဘာပူစရာရှိတော့တုံး ဆိုပြီး သကာလ အကိုင်း ထမ်းပြီး သကာလ မပြန်လိုက်ကြပါနဲ့၊ အနှစ်မဟုတ် သေးပါဘူး (မှန်ပါ)၊ အနှစ်မဟုတ်သေးပါဘူး ဒကာ ဒကာမတို့၊ ဒါကို စဉ်းစားရမယ် (မှန်ပါ)။

မိမိကိုယ်ကို ချီးမြှောက်တယ်၊ ဪ ငါဟာ ကိုယ့်ဒူး ကိုယ်ချွန် လုပ်လာလို့ တော်လည်း တော်သေးရဲ့၊ သူများတကာ ဒီလို ကိုယ့်ဒူးကိုယ်ချွန် မလုပ်နိုင်တဲ့ ပုဂ္ဂိုလ်တွေနဲ့စာရင် တို့တော် သဟဆိုပြီး ကိုယ့်ကိုယ်ကိုယ် ချီးမြှောက် သူတစ်ပါး နှိမ့်ချ ပြီး သကာလ ဒါနဲ့ အချိန်ကုန်ကြမယ်ဆိုရင် ဒကာကြွယ် အကိုင်း ထမ်းပြန်ချင်လို့ (မှန်လှပါ ဘုရား)၊ အနှစ်ရပါ့မလား (မရပါ ဘုရား)၊ မနစ်နာဘူးလား (နစ်နာပါတယ် ဘုရား)၊ အနှစ်နေ ရာမှာ သုံးလိုက်မယ်ဆိုတော့ သုံးလို့ ဖြစ်သေးရဲ့လား (မဖြစ် ပါ ဘုရား)။

ကိုယ့်ဟာနဲ့ကိုယ်တင်းတိမ်နေလို့

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေလည်း အခု တော့ စီးပွားရေးထိုက်တန်သလောက် အချို့လည်း ကောင်းကြ၊ အချို့လည်း မကောင်းကြဘူး (မှန်ပါ)၊ ကောင်းကြတဲ့ ပုဂ္ဂိုလ် က ဤမျှလောက် လူဘုံအလယ်မှာ ဒါလောက် တင့်တင့်တယ် တယ် ဖွယ်ဖွယ်ရာရာ ကားနဲ့တိုက်နဲ့တာနဲ့ အရင်းအနှီးနဲ့ နေနိုင် တယ်ဆိုရင်ဖြင့် လူ့အောက်တော့ မကျဘူး၊ တော်သေးရဲ့လား ဆိုပြီး သကာလ မိမိကိုယ်ကို ချီးမြှောက်။

သူတစ်ပါး ဒီလိုမှ မဖြစ်လို့ မနည်းအားထုတ်နေရ တယ်ဆိုတာကို သူတစ်ပါး နှိမ့်ချပြီး သကာလ ကိုယ့်ဟာကလေးနဲ့ ကိုယ်တင်းတိမ်နေလို့ရှိရင် ဖြင့် အပါယ်က လာတုန်းကတော့ အနှစ်ရှာမလို့ လာကြတာ (မှန်ပါ)၊ အနှစ်ရှာမလို့ လာကြတဲ့ဥစ္စာ ဒီကျတော့ အကိုင်းအခက် ထမ်းပြန်သွားတော့ လိုရာကိစ္စမပြီးတော့ ဇာတိ ဇရာ ဗျာဓိ မရဏ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ လွတ်ပါ့မလား (မလွတ် ပါ ဘုရား)၊

ဘယ့်နှယ့်ကြောင့် မလွတ်ပါလိမ့်မတုံးဆိုတော့ မတင်းတိမ် ကောင်းတာနဲ့ တင်းတိမ် ပြီးပြန်လို့ (မှန်ပါ)၊ အနှစ်ရ မသွားလို့ပေါ့ဗျာ (မှန်ပါ)ပေါ်ကျပလား (ပေါ်ပါပြီ ဘုရား)။

ဘာမရလို့ ပါလိမ့် (အနှစ်မရလို့ပါ ဘုရား)၊ စဉ်းစား ကြပါ၊ စဉ်းစားကြပါ ဒကာ ဒကာမတို့၊ သေပျော်ပြီလို့ ခင်ဗျား တို့က လူတစ်လုံးဖြစ်ရင် သေပျော်ပါပြီတဲ့၊ ဒါကိုလည်း သုံး လေ့နှုန်းလေ့ ရှိကြတယ်နော် (မှန်ပါ)၊ အဲဒီလောက်နဲ့လည်း တင်းတိမ်ပြီး သကာလ မနေပါနဲ့လို့ဆိုတာ ၁-နံပါတ် ပြောလိုက် တယ် (မှန်ပါ)။

(၂) အပွေးထမ်းပြီးပြန်တဲ့ ပုဂ္ဂိုလ်

(၂) တစ်ယောက်သော ပုဂ္ဂိုလ်ကတော့လည်း ဒကာသစ် ရေ တောထဲဝင်လာပြီး သကာလ အနှစ်ရှာလာတဲ့ ဥစ္စာ အပွေး တွေ ခုတ်ပြီး သကာလ ဒါကို လှည်းဝင်ရိုးလှည်းထမ်း ပိုးလုပ်မယ် ဆိုပြီး သကာလ ပြန်သွားတော့ အနှစ်သိတဲ့ ပုဂ္ဂိုလ်က ဪ ဒီလူဟာ အနှစ်ရှာလာတာ အပွေးတွေထမ်းပြန် သွားတယ်၊ အိမ်ကျတော့ သူဟာ လှည်းဝင်ရိုးလုပ်မယ်၊ လှည်း ထမ်းပိုးလုပ်မယ် ဆိုလို့ ရှိရင်ဖြင့် ကောင်းကောင်းကြီး ဒုက္ခဖြစ်ချေရဲ့လို့ မျက်စိမြင်တဲ့ပုဂ္ဂိုလ်က အနှစ်သိတဲ့ ပုဂ္ဂိုလ်ကတော့ မပြောပေဘူးလား (ပြောပါတယ်)၊ အဲဒီတော့ ပြော တဲ့အတိုင်းလည်း သူ ဒုက္ခရောက်မှာ မသေချာဘူးလား (သေချာပါတယ်)၊ နို့ သူကလည်း ဘာမသိတာတုံး ဆိုတော့ အနှစ်ကို မသိတာ (မှန်ပါ)။

ဒုတိယပုဂ္ဂိုလ်ကလည်း ဘာမသိတာတုံး (အနှစ်မသိ တာပါ ဘုရား)၊ အနှစ်မသိဘဲ ဖြစ်နေတယ် ဆိုတာ သေချာပ လား (သေချာပါပြီ ဘုရား)။

သီလလေးနဲ့တင်းတိမ်နေတယ် က ဒီမှာလည်း ထို့အတူပဲတဲ့၊ ငါတို့ သည် အပါယ်က တက် လာတုန်းကတော့ ဇာတိ ဇရာ မရဏ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿတို့ လွတ်ရာ ငြိမ်းရာ သိမ်းရာပဲ ကြိုးစားပါတော့မယ် ဆိုပြီး တက်လာပြီး သီလကလေးနဲ့ တင်းတိမ်ပြီး တို့ တော့လေ အသက် အရွယ်လည်း ကြီးလာတော့ လေးသီတင်း ရှစ်သီတင်းနဲ့ ပဲ နေရတယ်၊ ဒါလောက်ဆိုရင် သေပျော်ပြီလို့ ဆို ရင်ဖြင့် ဇာတိ ဇရာ ဗျာဓိ မရဏတို့ က လွတ်ပါ့မလား (မ လွတ်ပါ ဘုရား)၊ မလွတ်သေးတော့ ခုနကပြောတဲ့ အပွေးထမ်း ပြီး ပြန်သွားတဲ့ ပုဂ္ဂိုလ်နဲ့ တူလေရဲ့ (မှန်ပါ)၊ ဘုရားက ပိင်္ဂလ ကောစ္ဆပုဏ္ဏား ကိုဟောတာ- အပွေးထမ်းပြီး ပြန်သွားတဲ့ ပုဂ္ဂိုလ်နဲ့ တူလေရဲ့တဲ့ (မှန်ပါ)၊ အပွေးထမ်းပြန်သွားတော့ လှည်းလုပ် ဖို့ ကိစ္စတွေပြီး ပါ့မလား (မပြီးပါ ဘုရား)၊ မလိုဘူးလားဗျာ (လိုပါတယ် ဘုရား)၊

လွတ်ရေးကျွတ်ရေးဝေးသေးတယ်

ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ သီလအ ထက်တက်ဖို့ရာ ရှိသေးတဲ့ ဥစ္စာ သီလကလေးနဲ့ဖြင့် တင်းတိမ် နေလို့ ရှိရင် ဘုရားက အပွေးထမ်းပြန်သွားတဲ့ပုဂ္ဂိုလ်နဲ့ တူသ ကွာ တဲ့(မှန်ပါ)၊

ခုနက အကိုင်းအခက်ကလေးတွေ ထမ်း ပြန်သွားတဲ့ ပုဂ္ဂိုလ်ထက်တော့ သာတာပေါ့ဗျာ (မှန်ပါ)၊ သာ ပေမယ့် လိုရာကိစ္စပြီးပါရဲ့လား (မပြီးပါ ဘုရား)၊ ဇာတိ ဇရာ ဗျာဓိ မရဏ သောက ပရိဒေဝ ဒေါမနဿတို့ လွတ်ရေးကျွတ် ရေးက ဝေးနေတယ် (မှန်ပါ)၊ မဝေးဘူးလား (ဝေးပါ တယ် ဘုရား)။

အဲဒါကြောင့် အပွေးထမ်းပြန်သွားတဲ့ ပုဂ္ဂိုလ်နဲ့ တူသကွာ တဲ့ နောင်ကို လှည်းလုပ်လိုက်တဲ့ အခါကျလို့ရှိရင်ဖြင့် ဒုက္ခ လှလှကြီး ရောက်တော့မယ် (မှန်ပါ)၊ မရောက်ပေဘူးလား (ရောက်ပါတယ်)၊ အဲဒါ မျက်စိမြင်တဲ့ ပုဂ္ဂိုလ်က ဒီလို ပြောပါတယ်ကွတဲ့ ဘုရားက ပိင်္ဂလကောစ္ဆကို ဟောနေ တယ် (မှန်ပါ)။

(၃) အကာထမ်းပြီးပြန်တဲ့ ပုဂ္ဂိုလ်

(၃) တစ်ယောက်သော ပုဂ္ဂိုလ်ကတော့ ဒကာသစ် တော ထဲဝင်လာပြီးတော့ အနှစ်ရှာ လာတယ်နော် (မှန်ပါ)၊ သူက အနှစ်မှ မကွဲတဲ့ ပုဂ္ဂိုလ်ဖြစ်တော့ သစ်ပင်ရဲ့ အကာတွေ ထမ်းပြီး သကာလ လှည်းထမ်းပိုး၊ လှည်းဝင်ရိုး လုပ်မယ်ဆိုပြီး ထမ်းပြန် သွားတော့ မျက်စိအမြင်ရှိတဲ့ ပုဂ္ဂိုလ်က မတွေးပေဘူးလား (တွေးပါတယ်)၊

ဪ ဒီပုဂ္ဂိုလ်ဟာ အနှစ်နဲ့အကာမှ မကွဲ ရှာဘူး၊ အိမ်ကျလို့ လှည်းဝင်ရိုး၊ လှည်းထမ်းပိုး လုပ်ခဲ့သည်ရှိသော် သူ့အကျိုးမပြီးတဲ့အပြင် သူ ဒုက္ခရောက်ဖို့ ဖြစ်ရှာတော့မယ် မှ မတွေးပေဘူးလား (တွေးပါတယ်)၊ ဒီလိုတွေးတဲ့ ပုဂ္ဂိုလ် က အနှစ်သိတဲ့ ပုဂ္ဂိုလ်ကိုးဗျ (မှန်ပါ)၊ နို့ လုပ်ကြည့်တဲ့ အခါကျတော့လည်း ဒကာသစ် ကိစ္စပြီးပါ့မလား (မပြီးပါ ဘုရား)၊ မပြီးတဲ့အပြင် လုပ်တာသာပင်ပန်းပြီး နည်းနည်းကလေး လှည်းကို မောင်းကြည့်လိုက်တဲ့ အခါမှာ ဒီအကာတွေက ဖျတ်ခနဲ ကျိုးသွားမှာပေါ့ (ကျိုးမှာပါ ဘုရား)၊ ဘယ်မှသာလျှင် ကိစ္စ ပြီးနိုင်ပါမလဲ (မပြီးနိုင်ပါ ဘုရား)။

သမထလောက်နဲ့ တင်းတိမ်မနေနဲ့

အဲ မပြီးနိုင်တဲ့ အခြေအနေရောက်သွားတော့ အနှစ် သိတဲ့ ပုဂ္ဂိုလ်က ဒီပုဂ္ဂိုလ်က အကာကို အနှစ်ထင်ပြီး သွားလေ ရဲ့ကွာ လို့ မဆိုပေဘူးလား (ဆိုပါတယ်)၊ ဆိုရမှာပဲ (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒါ ဒကာ ဒကာမတို့ ဘုရားသခင်ကိုယ်တော်မြတ်ကြီး က သမထလောက်နဲ့ တင်းတိမ် မနေနဲ့လို့ ဟောတာ (မှန်ပါ) သဘောကျပလား (ကျပါပြီ)။

ဘာကို ဟောတာတုံး (သမထလောက်နဲ့တင်းတိမ် မနေပါနဲ့ လို့ ဟောလိုက်တာပါ)။

သမထဆိုတာမျိုးဟာ ဒကာ ဒကာမတို့ ခဏနဲ့ပျက်သွား နိုင်တယ် (မှန်ပါ)၊ ဣသိင်္ဂရသေ့တို့ ဝတ္ထုကို ထောက်ကြည့်ပါလား (မှန်ပါ)၊ ကောင်းကင်ပျံမြေလျှိုး နိုင်ငြားသော်လည်း ငါး ပါး အာရုံကာမ ဂုဏ်နဲ့ တွေ့လိုက်တဲ့အခါကျတော့ ဝုန်းခနဲကျ တယ် (မှန်ပါ)၊ ခိုင်မြဲပါရဲ့ လား (မခိုင်မြဲပါ ဘုရား)။

ဒေဝဒတ်ကြီး

သမထနဲ့ မမြဲသေးဘူးဆိုတာ ဒေဝဒတ်ကြီး ထောက်ကြည့် လို့ရှိရင် ဘုရားလည်း ပြစ်မှားပြီး ပါရော အဘိညာဉ်ငါးပါး အကုန် ပြုတ်ကျတယ် (မှန်ပါ)၊ တန်ခိုးလည်း မဖန်ဆင်းနိုင်ဘူး၊ ဒိဗ္ဗစက္ခု၊ ဒိဗ္ဗသောတလည်း မရတော့ဘူး၊ ဣဒ္ဓိဝိဓလည်း မရတော့ဘူး (မှန်ပါ)၊

အရင် အဇာတသတ်ကို လာလာတရား ဟောနေတုန်းကတော့ ကောင်းကင်က ပျံလာပြီး လာလာပြီး တရားဟောနေတာ (မှန်ပါ)၊ သမထတွေ ပျက်လွယ်ပုံက တော့ဖြင့် ဒကာကြွယ်ဘာမှ အထိမခံ ရွှေပန်းကန် အဓိပ္ပာယ် ရောက်နေတယ် (မှန်ပါ)၊ မရောက်ဘူးလား (ရောက်ပါ တယ် ဘုရား)။

အဲဒါကြောင့် သမထကလေးလောက်နဲ့ တင်းတိမ်မနေနဲ့။ အကာကိုထမ်းပြီး ပြန်သွားတာပဲ (မှန်ပါ)၊ ဘုရားက ပိင်္ဂလ ကောစ္ဆကို ဟောတော်မူတယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။

(၄) အသားထမ်းပြီးပြန်တဲ့ ပုဂ္ဂိုလ်

(၄)တစ်ယောက်သော ပုဂ္ဂိုလ်ကတော့ လာပြန်တယ်၊ တောထဲမှာ အနှစ်လာပြီးရှာတော့ ဖြောင့်တဲ့ သစ်ပင်ကြီးကို သူ တွေ့တယ်၊ တွေ့တော့ ခုတ်ပြီး လှဲလိုက်တာပဲ။ လှဲလိုက်ပြီး သကာ လ သူသည် လှည်းဝင်ရိုးလုပ်ဖို့ ဆိုပြီး သကာလ အသားတွေထမ်း ပြီး ပြန်သွားသကွာတဲ့ (မှန်ပါ)။ အသားတွေ ထမ်းပြန်သွားတော့ လှည်းဝင်ရိုးလုပ်တဲ့အခါကိစ္စ ကိုယ်လိုချင်သလို ပြီး မလား (မပြီးပါ ဘုရား)၊ အသားဆိုပေမယ့် အနှစ်လောက်တော့ ခိုင်ပါ့မလား (မခိုင်ပါ ဘုရား)။

မျက်စိအမြင်ရှိတဲ့ ပုဂ္ဂိုလ်က အနှစ်သိတဲ့ ပုဂ္ဂိုလ်ကတော့ ပြောမှာပဲ (မှန်ပါ)၊ ဒကာကြွယ် မပြောပေဘူးလား (ပြော ပါတယ် ဘုရား)၊ ဦးလှဖူး ပြောလိမ့်မယ်နော် (ပြောပါတယ် ဘုရား)၊ ဪ ဒီပုဂ္ဂိုလ်ဟာ တောထဲ အနှစ်လာပြီး ရှာငြား သော်လည်း အနှစ်နဲ့အသား မကွဲပြားဘဲဖြစ်ပြီး သကာလ နေသောကြောင့် အသားထမ်းပြီး ပြန်သွားတယ်၊ လှည်းအလုပ်ကို လုပ်ရှာတော့မယ် (မှန်ပါ)၊

သွားရမှာပဲ၊ ဒုက္ခဖြင့် မကြာခင် ဖြစ်ရှာတော့မယ်လို့ မတွေးပေဘူးလား (တွေးပါတယ်)၊ ဒကာသစ် ဒါဟာ ဘာကိုသိတဲ့ ပုဂ္ဂိုလ်က ပြောတာပါလိမ့် (အနှစ်သိတဲ့ပုဂ္ဂိုလ်က ပြောတာပါ ဘုရား)၊ အနှစ်သိတဲ့ ပုဂ္ဂိုလ်က ပြောတာဆိုတာ ရိပ်မိကြပလား (ရိပ်မိပါပြီ)။

အဘိညာဉ်ရရုံနဲ့ တင်းတိမ်မနေနဲ့

အဲဒါက ဒကာ ဒကာမတို့ ဒိဗ္ဗစက္ခုစတဲ့ အဘိညာဉ်ငါးပါး အဘိညာဉ်ရရုံနဲ့- လောကီဈာန်ပေါ့ဗျာ (မှန်ပါ)၊ တင်းတိမ် မနေပါနဲ့ဆိုတာ ပြောလိုက်တယ် (မှန်ပါ)၊ အဲ ဒေဝဒတ် တို့လို ပုဂ္ဂိုလ်တွေပေါ့ဗျာ အဘိညာဉ် ဈာန် ရပြီးသား ပျက်စီး သွားတာတွေက မရှိဘူးလား (ရှိပါတယ် ဘုရား)၊ ဣသိင်္ဂ ရသေ့ တို့လို မရှိဘူးလားဗျာ (ရှိပါတယ် ဘုရား)၊ မြဲရဲ့ လား (မမြဲပါ ဘုရား)၊ တော်တော်ကြာကျိုးတာပဲ (ကျိုးပါတယ် ဘုရား)၊သဘောကျကြပလား (ကျပါပြီ ဘုရား)။

(၅) အနှစ်ထမ်းပြီး ပြန်တဲ့ပုဂ္ဂိုလ်

(၅) ကိုင်း ဒါနဲ့ တစ်ယောက်သော ပုဂ္ဂိုလ်က အနှစ်လို ချင်တာနဲ့ ဖြောင့်တဲ့ သစ်ပင်ကြီးလှဲပြီး သကာလ အကိုင်းတွေပယ်၊ အပွေးတွေပယ်၊ အကာတွေပယ်၊ အသားတွေပယ်ပြီး အနှစ်ကြီး ယူသွားတယ် (မှန်ပါ)၊ ယူသွားတဲ့အခါကျတော့ မျက်စိမြင် တဲ့ ပုဂ္ဂိုလ်က ဪ ဒီလိုပုဂ္ဂိုလ်ဟာ အနှစ်အလိုရှိလို့လာတာ အနှစ်သိပါပေရဲ့ လို့ မဆိုပေဘူးလား (ဆိုပါတယ်)၊ သူ့ကိုကော မချီးမွမ်းထိုက်ဘူးလား (ချီးမွမ်းထိုက်ပါတယ်)၊ နဂိုက အလိုရှိတာ ဘာပါလိမ့် (အနှစ်ပါ ဘုရား)၊ အနှစ်အလိုရှိတော့ သူထမ်းပြန်တာကလည်းဘာပါလိမ့် (အနှစ်ပါ ဘုရား)၊ အနှစ်ပဲ ထမ်းပြန်သွားတယ်ဆိုတာ သဘောကျပလား (ကျပါပြီ)။

အဲ ပိင်္ဂလကောစ္ဆ တဲ့၊ အနှစ်ဆိုတာ ငါဘုရား သာသနာတော်မှာ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ဆိုလိုတာပေါ့ တဲ့ (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)။

အနှစ်ဆိုတာ ဘာပါလိမ့်

အနှစ်ဆိုတာ ဘာပါလိမ့် (မဂ်ဉာဏ်ဖိုလ်ဉာဏ်ပါ ဘုရား)၊ မဂ်ဉာဏ်ဖိုလ်ဉာဏ်ကတော့ ဒကာ ဒကာမတို့ ဘယ် အခါကာလမှ မပျက်တော့ဘူး (မှန်ပါ)၊ မဂ်တစ်ကြိမ် ပေါ်ပြီး တယ်ဆိုလို့ရှိရင် ဒီသောတာပတ္တိမဂ် အတွက်နဲ့ အပါယ်လေးပါး တံခါးပိတ်ပြီး ယုတ်ညံ့တဲ့ ခြောက်နေရာတွေမဖြစ်ဘဲနဲ့ သုဂတိ ကနေပြီး နိဗ္ဗာန်ကူးတယ်ဆိုတော့ ပျက်သေးရဲ့လား (မပျက် ပါ ဘုရား)၊

အထက်မဂ်တွေကျလာပြန်တော့ ထို့အတူပဲ သူ့မဂ် စဉ်နဲ့ သူ့မဂ်စဉ်အတိုင်း သွားလိုက်ပြီး သကာလ အရဟတ္တမဂ်တိုင်အောင် ရောက်ပြီဆိုမှာဖြင့် နောက်ဘဝ ပဋိသန္ဓေတောင် လာသေးရဲ့လား (မလာပါ ဘုရား)။

အဲ ဒီအလုပ်မျိုးလုပ်တဲ့ပုဂ္ဂိုလ်ကတော့ တောထဲလာ ပြီး အနှစ်ကိုယူပြီး သကာလ ဒိပြင်ဟာတွေ အကုန်ပယ်ပြီး သကာ လ အနှစ်ထမ်းပြန်သွား တဲ့ ပုဂ္ဂိုလ်နဲ့ တူသကွတဲ့၊ဟ သူကတော့ ဇာတိ ဇရာ ဗျာဓိ မရဏမှ လွတ်ချင်လို့ လာတာလွတ်ရာကို ကြိုးစားသွားတယ် (မှန်ပါ)။

ဇာတိ ဇရာ ဗျာဓိ မရဏမှ လွတ်ချင်လို့လာတာ (လွတ်ရာကို ကြိုးစားသွားပါတယ်)၊ လွတ်ရာကြိုးစား သွားတဲ့အ တွက် အနှစ်ရှာလာတဲ့အတိုင်း အနှစ်ထမ်းပြန်သွားလို့ ရှိရင်ဖြင့် သူလိုရာ ကိစ္စပြီးသလို ဦးလှဖူးရေ အနှစ်ယူမှုကိစ္စ မပြီးသေး ဘူးလား (ပြီးပါတယ် ဘုရား)။ ( အဲ ဒီမှာလည်း သာသနာတွင်းဖြစ်တဲ့အတွက် အနှစ် ရှာကြတဲ့ ဒကာ ဒကာမတွေ ဖြစ်နေတော့ အနှစ်ထမ်းပြန်ရင် ကောင်းကြလိမ့်မယ်ဆိုတဲ့အကြောင်းကိုလည်း ဘုရားက ဟော ပါတယ် (မှန်ပါ)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။

အနှစ်ရမှ အေးကြမယ်

ဘာရမှ အေးကြမှာတုံး (အနှစ်ရမှ အေးကြမှာပါ ဘုရား)၊ အနှစ်ရှာတာ အနှစ်ရမှ အေးကြမယ် ဆိုတာ သဘောပါ ကြပလား (ပါပါပြီ)၊ ကျန်တာတွေက အကိုင်းအခက် ကတော့ လိုရာမပြီးသေးပါဘူး (မှန်ပါ)၊ အပွေးကလဲ (လိုရာမပြီးသေးပါ ဘုရား)၊ အသားကလဲ (လိုရာမပြီးသေးပါ ဘုရား)။ အနှစ်အစစ်မှ လိုရာကို ပြီးစေနိုင်မယ် ဆိုတာ ဦးဘအုန်းတို့ ကျေကျေနပ်နပ် သဘောကျပါ (မှန်လှပါ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ပိင်္ဂလကောစ္ဆပုဏ္ဏားဖြစ်ပုံ

အဲဒီတော့ အနှစ်ဆိုတာ သိဖို့ရာလည်း ခုနက ပိင်္ဂလ ကောစ္ဆပုဏ္ဏားဖြစ်ပုံ ကြည့်စမ်း ဒကာ ဒကာမတို့၊ ဟိုဟာတွေ လည်း ဘုရားတွေပဲ ထင်ပါရဲ့၊ ဒီဟာတွေလည်း ဘုရားတွေပဲ ထင် ပါရဲ့ဆိုတော့ အနှစ်တွေချည်း သူ့စိတ်ထဲထင်နေပုံရပါတယ် (မှန်ပါ)၊ ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဘယ်သူ ဘုရား ဘယ် ဘုရားမဟုတ်ဘူးလို့ မပြောလိုဘူး၊ တရားကိုသာနာ၊ အနှစ်အကာ ရွေးနည်း ဟောမယ်ဆိုပြီး ဟောတော် မူတယ် (မှန်ပါ)။

အဲဒါ စူဠသာရောပမသုတ်လို့ ခေါ်တယ်၊ မဟာသာရော ပမသုတ် ဆိုတာလည်း ရှိသေးတယ်၊ ဒီဟာတွေဟာ ဒကာကြွယ် အနှစ်အကာ ရွေးချယ်နည်း ဟောကြားတော်မူတာပဲ (မှန်ပါ ဘုရား)။

လိုရာခရီးအပြီးတိုင်ရောက်ဖို့

ကိုင်း ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည် ကားလို့ ဆိုရင်ဖြင့် လိုရာခရီးအပြီးတိုင် ရောက်ဖို့ရာ အနှစ်ကိစ္စ တော်တော် အရေးမကြီးဘူးလား (ကြီးပါတယ် ဘုရား)၊ အနှစ်ကိစ္စ အရေးကြီးတော့ အနှစ်ရှာ ကြည့်တော့ (မှန်ပါ)၊ ဦးဘအုန်း ဘာ ရှာကြမှာပါလိမ့် (အနှစ်ရှာကြမှာပါဘု ရား)၊ အနှစ်ရှာကြ ရလိမ့်မယ်နော် (မှန်ပါ)။

အနှစ်ရှာတယ်ဆိုတဲ့ ဥစ္စာက အနှစ်ရတော့ ဥပမာ မဂ် ဉာဏ်ဖိုလ်ဉာဏ်တွေ ရကြပြီး ဝိပဿနာဉာဏ်က နေပြီး မဂ်ဉာဏ် ဖိုလ်ဉာဏ်တွေ တက်သွားကြပြီဆိုမှဖြင့် ပဋိသန္ဓေနေခြင်းကိစ္စ လည်း လွတ်သွားတယ် (မှန်ပါ)၊ ပဋိသန္ဓေနေခြင်းဟာ ဘာ သစ္စာပါလိမ့် (ဒုက္ခသစ္စာပါ ဘုရား)၊ ဒုက္ခမှ အပြီးအပိုင် ကျွတ်လွတ်သွားတယ် (မှန်ပါ)၊

သောတာပတ္တိမဂ်ရမယ်ဆိုရင် အောက်သံသရာ ပဋိသန္ဓေ တွေ အကုန်အပြီးတိုင် ကျွတ် လွတ်သွားတယ် (မှန်ပါ)၊အင်မတန်အဖိုးမတန်ဘူးလား (တန်ပါတယ် ဘုရား)။

ဘုရားက သေသေချာချာ ဟောထားတယ်

အေး ဒါကြောင့် အနှစ်ရှာလို့ရှိရင်ဖြင့် အကိုင်းထမ်းပြီး မပြန်ဘဲနဲ့၊ အပွေးထမ်းပြီး မပြန်ဘဲနဲ့၊ အကာထမ်းပြီး မပြန်ဘဲနဲ့၊ အသားထမ်းပြီး မပြန်ဘဲနဲ့ အနှစ်ကိုအနှစ်ရယ်လို့ သိပြီးတော့ ထမ်းပြန်မှ သာလျှင် ကိုယ်လိုရာကိစ္စ အပြီးအပိုင် ရောက်ပါတယ် ဆိုတဲ့အကြောင်းကို ဘုရားသခင် ကိုယ်တော်မြတ် ကြီးသည် သေ သေချာချာ ဟောထားပါတယ် (မှန်ပါ)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ်ငရဲက တက်လာတုန်းက ဒီငရဲကို ပြန်မယ်လို့ စိတ်ကူးရှိကြ သလား မပြန်ဘူးလို့ စိတ် ကူးရှိကြသလား (မပြန်ဘူးလို့ စိတ်ကူးရှိကြပါတယ် ဘုရား)၊ ဒါဖြင့် မပြန်နဲ့၊ အနှစ်ရအောင်လုပ်ရင် ပထမသောတာ ပတ္တိ မဂ်ဖိုလ်ရအောင် လုပ်ဖို့အရေးကြီးတယ် (မှန်ပါ)။

တိုက်နဲ့ကားနဲ့ စိန်နဲ့ ရွှေနဲ့

ဒကာကြွယ်တို့၊ ဦးလှဖူးတို့ ဒကာသစ်တို့ ဦးဘအုန်းတို့ ငရဲက စိတ်တွေ ကျုပ်တို့အခုမှ ပျောက်ကုန်တာနော် (မှန်ပါ)၊ ငရဲတုန်းက စိတ်တွေကို အဝိဇ္ဇာက ဖုံးလွှမ်း၊ တဏှာက လှည့်စားပစ်လိုက်တော့ ဒကာကြွယ် မေ့ကုန်တယ် (မေ့ကုန်ပါတယ် ဘုရား)၊

မေ့ကုန်တော့ လူ့ပြည်လာလို့ရှိရင်ဖြင့် လူချင်းတူတူ တိုက်နဲ့ တာနဲ့ ကားနဲ့ စိန်နဲ့ ရွှေနဲ့ ငွေနဲ့ နေနိုင်ရင် တော်ရောပေါ့ကွာ၊ ဒါ လူတန်းစေ့တာပဲဆိုပြီး ဒါလောက်နဲ့ တင်းတိမ်နေတော့ ငရဲက တက်လာတုန်းက စိတ်မျိုးတွေ မဟုတ်တော့ဘဲ အကိုင်းအခက် ထမ်းပြန်ပြီလို့ ဆိုထိုက် မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)။

မကျေနပ်ထိုက်တာ ကျေနပ်နေတယ်

ဒကာကြွယ် တချို့ ဒါနဲ့ တင်းတိမ်နေပါတယ် (မှန်ပါ)၊ ကျုပ်တို့မှာ သားနဲ့သမီးနဲ့ မြေးနဲ့ ရွှေနဲ့ မျိုးနဲ့ အတုံးအရုံးထဲ လူဘုံ အလယ်မှာ လူ့အောက်တော့ မကျပါဘူး၊ ဥတစ်လုံး တစ်ကောင် ကြွက်လည်း မဟုတ်ပါဘူး၊ စီးပွားရေး ချွတ်ချွတ်မွဲမွဲ လူတန်းစား ကျောမွဲထဲကလည်း မဟုတ်ပါဘူး၊ အဲဒီတော့ ကျုပ်တို့အခြေအ နေဆိုရင် ပျော် သေပျော်ပါတယ် (မှန်ပါ)၊

လောကီ စီးပွား ကလေးနဲ့ သူ့ဟာသူပေါ့ဗျာ၊ မကျေနပ်လိုက်တာ ကျေနပ်နေတော့ ဒကာသစ်တို့ပဲ အကဲခတ်တာပေါ့ ဘာထမ်းပြီးပြန်သွား သတုံး (အကာထမ်းပြီးပြန်သွားပါတယ်)၊ လိုရာကိစ္စပြီး သလား (မပြီးပါ ဘုရား)။

အနှစ်မသိကြလို့

လိုရာကိစ္စဆိုတာက ဒကာ ဒကာမတို့ အခြားဟုတ်ပါ့ရိုး လား၊ ဘယ်တော့မှ အပါယ် မပြန်တော့ဘူး ဆိုတော့ အပါယ် ဇာတိကို မယူတော့ဘူးပေါ့၊ အပါယ်ဇာတိကို မယူတော့ဘူးပေါ့။ အပါယ်ဇရာ မယူတော့ဘူး အပါယ်မရဏ မယူတော့ဘူးဆိုပြီး ငရဲကတက်ပြီး ဒီလာပြီး ရှာကြတာ (မှန်ပါ)၊

အခုတော့ အပါယ်လားကြောင်းတွေပဲ တစ်ခါလုပ်ပြီး သားရေးသမီးရေး၊ စီးပွားရေးနဲ့ လူတန်းစေ့ပြီလို့ တော်ပြီနေကြမယ်ဆိုရင်ဖြင့် ဪ အနှစ်မသိလေစွ တကားလို့ မြင်တဲ့ ပုဂ္ဂိုလ်က ပြော မှာပဲ (မှန်ပါ့ ဘုရား)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။

ဒါတွေ သေသေချာချာ စဉ်းစားတော့မှ ဪ ငါတို့ အနေဟာ လိုပါသေးကလား (မှန်ပါ ဘုရား)၊

ဒကာကြွယ် ဘယ်လိုဆုံးဖြတ်ချက်ချမလဲ (လိုပါသေး တယ် ဘုရား)၊ ငါတို့ အနေဟာ လိုသေး ပါကလားလို့ အကဲခတ် နိုင်ကြပါပြီ (မှန်ပါ)။

မဂ်ဉာဏ်ဖိုလ်ဉာဏ်ရမှ စိတ်ချရမယ်

ရဟန်းသံဃာတော်များပဲ ဖြစ်စေ၊ သီလရှင်တွေပဲ ဖြစ်စေ၊ အကုန်လုံးပေါ့ဗျာ၊ ကိုယ့်ဘုန်း ကံကလေးနဲ့ ကိုယ်ကျေနပ်နေကြ မယ်ဆိုရင်လည်း မဟုတ်သေးတာပေါ့ (မှန်ပါ)၊

မဂ်ဟည်း ဟူသော အနှစ်သာရတွေ အကုပ္ပ -ဆိုတဲ့ ဘယ်အခါမှ မပျက်စီး တဲ့မဂ်ဉာဏ် ဖိုလ်ဉာဏ် အနှစ်သာရတွေ ရမှ ဒကာအုန်း စိတ်ချ ရမယ် (မှန်ပါ)၊ ခုနက ပြောတဲ့ဟာတွေ စိတ်မချရတာတွေ နဲ့ တင်းတိမ်နေလို့ ရှိရင်ဖြင့် အနှစ်ရှာပြီး အကိုင်းအခက်လောက် နဲ့ အနှစ် ထင်နေလို့ရှိရင်လည်း ဒကာသစ် ကိုယ်ကျိုးနည်းပေါ့ (မှန်ပါ)၊ သဘောကျကြပလား (ကျပါပြီ ဘုရား)။

ကိုယ်ကျိုးနည်းကြမှာစိုးလို့

ကိုယ်ကျိုးနည်းကြမှာစိုးလို့ ဘုရားက သာရောပမသုတ် တွေကို ဟောပါတယ်။ အနှစ်ရှာကြပါ- အနှစ်ရှာကြပါဆိုတာ ဦးလှဖူး ဟောသင့်-မဟောသင့် (ဟောသင့်ပါတယ် ဘုရား)၊

မသိတဲ့ ပုဂ္ဂိုလ်က တောထဲကို ဓားကြီးနဲ့ ဝင်လာငြားသော်လည်း အနှစ်မတွေ့ဘဲ အကိုင်းအခက် ထမ်းပြန်လာပြီး ဒီဟာ တို့လှည်း ပေါက်နဲ့တော့ တော်သားပဲ၊ မဟုတ်ဘူးလားဗျား (မှန်ပါ)၊ ဒီဟာလည်း တို့လည်းတပ်ရင် ရတာပဲ ဆိုပြီး အနှစ်ကို မသိတော့ အကိုင်းတွေကိုပဲ လှည်းဝင်ရိုး ထိုးပြီး သကာလ အကိုင်းကြီးကြီး လှည်းဝင်ရိုးပေါက်ထဲ ထိုးလိုက်တော့ သူခိုင်မှာ ပဲထင်ရင် ဒကာသစ် လွဲလိမ့်မယ် (မှန်ပါ)၊ မလွဲပေဘူးလား (လွဲပါတယ်)၊

အဲဒီတော့ အကိုင်းအခက်သိမ်းပြီး သကာလ မပြန်ဖို့ရာအရေးကို ဘုရားဟောတော်မူတယ် (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

ငရဲကတက်လာတုံးကတော့

ကိုင်း ကျုပ်တို့ ငရဲက တက်လာတုန်းက ဒကာ ဒကာမတွေ ငရဲဇာတိ ငရဲဇရာ ငရဲမရဏ တွေဖြင့် ဘယ်တော့မှ မတွေ့ပါ ရစေနဲ့ဆိုပြီး သကာလ တက်လာခဲ့ကြတာ (မှန်ပါ)၊ လူ့ပြည် ရောက်လို့ရှိရင် အနှစ်သာရဖြစ်တဲ့ တရားကို ရှာပါတော့မယ်ဆိုပြီး တက်လာခဲ့ရိုးမှန်ပါရဲ့၊ မမှန်ကြဘူးလား (မှန်ပါတယ် ဘုရား)။

ဒီကျလာပြန်တော့လည်း တော်တော်ကလေး အသိ ဉာဏ်ရှိတော့ အို ငါးပါး၊ ရှစ်ပါး၊ ဆယ်ပါးသီလကလေး လောက်နဲ့ ဆိုရင် တော်ပြီ၊ ဒါလောက်ဆိုရင် သေပျော်နေပျော် ရှိတယ်ဟ ဇာတိ ဇရာ မရဏဖြင့် လွတ်လောက်ပဟ ဒီလို အောက်မေ့လိုက်လို့ရှိရင်လည်း လွတ်မှ မလွတ်သေးလို့ ဗျ (မှန်ပါ)၊ ဒကာသစ် လွတ်ပါ့မလား (မလွတ်သေးပါ ဘုရား)၊ မလွတ်သေးတော့ သူသည်ကားလို့ဆိုရင် ဒကာ ဒကာမ တွေပဲ စဉ်းစားကြပါတော့၊ အပွေးထမ်း ပြန်သွားတဲ့သူနဲ့တူ တယ် (မှန်ပါ)။

အနှစ်ရှာရအောင်လာပြီးတော့ ဘာတုံး (အပွေးထမ်း ပြန်သွားတဲ့သူနဲ့တူပါတယ်)၊ အနှစ်ရှာ လာပြီးတော့ အပွေးထမ်း ပြန်သွားလို့ရှိရင် သိသော ပုဂ္ဂိုလ်များက ဪ ဒီပုဂ္ဂိုလ်က ဖြင့် အနှစ် မသိလေစွတကား (မှန်ပါ)၊ မဆိုပေဘူးလား (ဆိုပါတယ် ဘုရား)၊

အနှစ်မသိလေစွတကား။ အနှစ် မသိလေစွတကား အပွေးတွေထမ်းပြီးတော့ လှည်းဝင်ရိုး လုပ်မလို့ တဲ့။ ဒုက္ခဖြင့် ရောက်ရှာတော့မှာပဲလို့ မသိပေဘူးလား (သိ ပါတယ် ဘုရား)၊ အေး ဒီလို ဖြစ်တတ်ကြတယ်ဆိုတာကိုပဲ ဒကာကြွယ် တချို့နေရာမှာ ရှိမယ်ဆိုတာကိုပဲ မလွဲတမ်း ပြောရမှာပဲ (မှန်ပါ)။

သီလဟာ အပွေးလောက်ရှိသေးတယ်

ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ဆယ်ပါးသီလကို တို့မှာ ခါးဝတ် ပုဆိုးကဲ့သို့ မြဲနေပေါ့ဗျာ။ ဘာလုပ်စရာ ရှိသေးတုံးကွလို့ ကိုယ့် ဟာကိုယ် တင်းတိမ်ချင်လည်း တင်းတိမ်နေကြလိမ့်မယ်

နော် (မှန်ပါ)၊ အခု မြတ်စွာဘုရားက သာရောပမသုတ်တော် နဲ့ ဝေဖန်ဟောကြားလိုက်တဲ့ အခါကျတော့ သီလဟာ အပွေးလောက် ရှိသေးတယ်၊ အပွေးပဲတဲ့နော် (မှန်ပါ)၊ ရှင်းကြပါ လား (ရှင်းပါပြီ)။

နို့အပွေးမို့ သူ့ကို မဆောက်တည်ရဘူးလို့ ဆိုတာမဟုတ် ပါဘူး။ ဆောက်လည်း ဆောက်တည် ရမယ်။ ရှေ့လည်း တက်ရ မယ်ပြောတာ (မှန်ပါ)။

ဆောက်လည်း ဆောက်တည်ရမယ် (ရှေ့လည်း တက် ရမယ်)၊ သီလတည်းဟူသော မြေပေါ်မှာ သမထတည်းဟူသော ကျောက်ဖျာထားပြီး သကာလ ဝိပဿနာတည်းဟူသော ဉာဏ် ဓားသွေးရမှာပဲ (မှန်ပါ)၊ မပါရင်တော့လည်း မပြီးပါဘူး။

သို့သော်လည်း အနှစ်သာရရွေးချယ်တဲ့ နေရာမှာ သူ့ကို အနှစ်ထင် မနေဖို့ကို ဘုရားက အရေးတကြီးဟောတယ် (မှန်ပါ)။ ပေါ်ကြပလား (ပေါ်ပါပြီ)။

ဒါလောက်နဲ့ တင်းတိမ်မနေကြပါနဲ့

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သတိပေး လိုက်ပါတယ်၊ ဒါလောက်နဲ့ တင်းတိမ်မနေကြပါနဲ့ ရှေ့ကိုလည်း တက်ကြပါဦး (မှန်ပါ)၊ မဟောရဘူးလား (ဟောရပါ တယ် ဘုရား)။

ကိုင်း ဒါနဲ့ သီလတော့ဖြင့် တော်တော်ဖြူစင်ပြီဆိုပြီး သကာလ သမထဘက် ကြိုးစားလို့ သမထ-သမာဓိတွေ တော်တော်များများ ရလာတဲ့အခါကျတော့လည်း စိတ်ပြောင်းတတ် တယ်နော် (မှန်ပါ)၊ ငါတို့သည် သမထတန်ခိုးတော့ဖြင့် အတော်ကို ကြီးနေပြီဟ။ စိတ်ကိုဖမ်းလိုက်ရင် မိတာပဲ။ အံတော်သေပျော် နေပျော်ရှိပြီလို့ ဒီလိုလည်း တင်းတိမ်မနေလိုက်ပါနဲ့ (မှန်ပါ)။

လောကီဥပမာကို ဘုရားက ပြလိုက်တယ်။ လူတစ် ယောက်ဟာ လှည်းဝင်ရိုး လှည်းထမ်းပိုး လုပ်ဖို့ အနှစ်ကိုလာရှာ တာ အကာတွေကို ထမ်းပြီးပြန်သွားတာနဲ့တူတယ် (မှန်ပါ)၊ ဒီလို ဟောလိုက်တယ် (မှန်ပါ)။

သမထဘာ အကာလောက်ရှိသေးတယ်

သူလည်း အကာလောက် ရှိသေးတာကိုး (မှန်ပါ)၊ ဒကာ ဒကာမတို့ လိုရာခရီး လှည်းကိစ္စ ပြီးနိုင်ပါ့မလား (မပြီးနိုင်ပါ ဘုရား)၊

ခဏလေးသွားပြီး ခဏလေး ဖြုတ်ခနဲပဲ ဒကာအုန်း ကျိုးသွားလိမ့်မယ်နော် (မှန်ပါ)၊ ဝန်တင်လိုက်ရင် မကျိုးပေ ဘူးလား (ကျိုးပါတယ် ဘုရား)၊ ခဏတဖြုတ်တော့ လည်သ လိုလို ဘာလိုလိုနဲ့ တော်မှာပေါ့ဗျာ (မှန်ပါ)၊ နောက်ကျတော့ လမ်းခုလတ်မှာ ဒုက္ခလှလှကြီး တွေ့ရမယ် ဆိုတာ မသေချာဘူး လား (သေချာပါတယ် ဘုရား)၊ အဲ သူလည်း ဇာတိ ဇရာ ဗျာဓိ မရဏတို့ကို လုံးဝ လွတ်ကင်းနိုင်တယ်လို့ ငါဘုရား မဟောဘူးလို့ ပြောတာပါပဲ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

လောကီအဘိညာဉ်တွေနဲ့ မတင်းတိမ်နဲ့

ကိုင်း သမထကနေပြီး တည်ကြည်သွားတဲ့ အခါကျတော့ ရှေ့ကိုအဘိညာဉ်တွေ ရလိုက်နိုင်သေးတယ် ဦးဘအုန်း (မှန်ပါ)၊

ဒိဗ္ဗစက္ခု၊ ဒိဗ္ဗသောတ၊ စေတောပရိယ၊ ပုဗ္ဗေနိဝါသာနုဿ တိ၊ ဣဒ္ဓိဝိဓအဘိညာဉ်ဆိုတာ လောကီ အဘိညာဉ်တွေ နော် ဦးဘအုန်း၊ ဈာန်က ဖြစ်လာတာတွေ (မှန်ပါ)၊ အဲဒါလောက်နဲ့ တင်းတိမ်ပြီး သကာလ ငါတို့တော့ဖြင့် အထင်အ မြင်တွေ အကုန်ပေါက်ကုန်ပြီ။ ရှေ့နောက် တွေလည်း ငါတို့ သိပြီ။

မှန်တဲ့သည်အသိမျိုးနဲ့ဖြင့် ဘဝသံသရာမှာ တယ်ကြုံ ခဲတယ်။ ဒါလောက်ဆိုရင် သေပျော် နေပျော် ရှိပြီလို့ တင်းတိမ် မနေလိုက်စမ်းပါနဲ့ (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)။

အသားတွေကို အနှစ်ထင်တယ်

ဒါလောက်နဲ့ တင်းတိမ်နေလို့ရှိရင် လောကီဥပမာအားဖြင့် လှည်းဝင်ရိုး၊ လှည်းထမ်းပိုးလုပ်ဖို့ တောထဲ ဓားမကြီးကိုင်ပြီး အရှာ လာတဲ့ ပုဂ္ဂိုလ်ဟာ အသားတွေကို အနှစ်ထင်ပြီး ထမ်းပြန်သွား တာပဲတဲ့ (မှန်ပါ)၊ မျက်စိမြင်တဲ့ ပုဂ္ဂိုလ်က ကြည့်လိုက်တယ်၊

ဪ ဒီလူဟာ အနှစ်နဲ့ အသားနဲ့ မကွဲလို့ အသားကို ထမ်း ပြန်တာပဲ (မှန်ပါ)၊ မဆိုပေဘူးလား ဆိုပလား (ဆိုမှာ ပါ)။ ဆိုလိမ့်မယ်ဆိုတာ သေချာကြပလား (သေချာပါပြီ ဘုရား)။

အဲ ဆိုလိမ့်မယ်ဆိုတာ သေချာကြတော့ ဒကာ ဒကာမတွေကလည်း ဪ တို့ ဖြစ်ရင်လည်း ဒီလိုပဲဆိုမှာပဲ ဆိုတာပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)၊ မပေါ်ကြ ပေဘူးလား (ပေါ်ပါတယ်)၊

ဘာ့ကြောင့်တုံး၊ သူလှည်းဝင်ရိုး လုပ်တာ အသားလုပ်တော့ တော်တော်ကလေးခံမှာပေါ့၊ တော်တော်ကြာကျလို့ရှိရင် ကျိုးမြဲပြန်ကျိုးမှာပဲ (မှန်ပါ)၊ အနှစ်လိုတော့ဖြင့် တာရှည်ပြီး ခိုင်နိုင်ပါ့မလား (မခိုင်နိုင်ပါ ဘုရား)၊ အနှစ်လိုတော့ တာရှည်ကြီး မခိုင်နိုင်တော့ ခုနက မျက်စိအမြင်ကျယ်တဲ့ အနှစ်သိတဲ့ ပုဂ္ဂိုလ်များက ဒကာကြွယ် အပြစ်တင်လိမ့်မယ် (မှန်ပါ)။

ဪ ဒီလူသည်ကား လို့ဆိုရင်ဖြင့် အကိုင်းအခက် လည်း သိပါရဲ့၊ အပွေးလည်း သိပါရဲ့၊ အကာလည်း သိပါရဲ့၊ အသားနဲ့ အနှစ်မသိလို့ အသားကို ထမ်းပြန်ပြီး လှည်းဝင်ရိုး လုပ်လိမ့်မဟ ဆိုပြီး တွေးလုံးထုတ်မှာပဲ (မှန်ပါ)။ မထုတ် ပေဘူးလား (ထုတ်မှာပါ ဘုရား)၊ သူတွေးတဲ့အတိုင်းလည်း အမှန်ကြီး မှန်တယ်ဆိုရင် လွဲပါ့မလား (မလွဲပါ ဘုရား)။

ဒါ့ကြောင့် အဘိညာဉ်ရရုံနဲ့လည်း တင်းတိမ်မနေပါနဲ့ ဦးတဲ့ (မှန်ပါ)၊ ကောင်းကင်ပျံ မြေလျှိုး တန်ခိုးတွေ ပြနိုင်ရုံ နဲ့လည်း တင်းတိမ်မနေပါနဲ့ (မှန်ပါ)၊ ဇာတိ ဇရာ ဗျာဓိ မရဏ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ လွတ်ရေးကျွတ်ရေး မဟုတ် သေးပါဘူး (မှန်ပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အနှစ်ကို ထမ်းပြန်သွားတယ်

တစ်ယောက်သော ပုဂ္ဂိုလ်ကတော့ တောထဲလာပြီး လှည်းဝင်ရိုး ထမ်းပိုးလုပ်ဖို့လာတဲ့အခါ ဓားမကြီးကိုကိုင်ပြီးဖြောင့် နေတဲ့ သစ်ပင်ကြီးကို လှဲလိုက်တယ်၊ လှဲပြီးတော့ အကိုင်းတွေဖျင်၊ အပွေးတွေခုတ်၊ အကာတွေခွာပစ်၊ အသားတွေလှီးပစ်လိုက်၊အနှစ် ကိုသာ ထမ်းပြန်သွားရင်တော့ဖြင့် မျက်စိအမြင်ကျယ်တဲ့ ပုဂ္ဂိုလ်က ဒီပုဂ္ဂိုလ်ဟာ အနှစ်ရှာလာတာ အနှစ်ပဲသိပြီး အနှစ်ကိုထမ်းပြန်သွား တယ်၊ သူဖြင့် လှည်းကိစ္စပြီးမှာပဲဆိုတာ ဒကာကြွယ်ဆုံးဖြတ် ချက်ချမယ် (ချမှာပါ ဘုရား)၊ ဘာဖြစ်လို့တုံး၊ အနှစ်ရှာ တာ အနှစ်သိသကိုးဗျ (မှန်ပါ)၊ ရှင်းကြပလား (ရှင်းပါပြီ)။

မဂ်ဉာဏ်က အနှစ်

အနှစ်ရှာတာ (အနှစ်သိပါတယ် ဘုရား)၊ အနှစ်သိ တော့ အနှစ်ကိစ္စ လုပ်ရဖို့အလုပ်ကို လုပ်နိုင်တဲ့အတွက် ဦးလှဖူး ရေ လိုရာခရီး အပြီးတိုင် ငြိမ်းတော့တယ် ဆိုတာ သေချာပြီ လား (သေချာပါပြီ ဘုရား)၊ အဲဒီအနှစ်က ဘာပါလိမ့်မတုံး ဆိုတော့ မဂ်ဉာဏ် (မှန်ပါ)။

ဘာပါလိမ့်မတုံး (မဂ်ဉာဏ်ဖိုလ်ဉာဏ်ပါ ဘုရား)။ ဒါကြောင့် ဒကာ ဒကာမတွေမှာ မဂ်ဉာဏ် ဖိုလ်ဉာဏ် မရသေးလို့ရှိရင် အပါယ်လေးပါး တံခါးက မပိတ်သေးတဲ့အတွက် အပါယ်ဇာတိ၊ အပါယ်ဇရာ၊ အပါယ်ဗျာဓိ၊ အပါယ်မရဏ၊ အပါယ်သောက၊ အပါယ်ပရိဒေဝ၊ အပါယ်ဒုက္ခ၊ အပါယ်ဒေါမနဿ တွေက တစ်ပုံကြီး ကျန်နေတယ် (မှန်ပါ)၊

တစ်ပုံကြီးကျန် နေတော့ မဂ်က သာလျှင် စတူဟာပါယေဟိစ ဝိပ္ပမုတ္တော အပါယ်လေးပါးမှ လွတ်တယ် (မှန်ပါ)၊ သဟာဝဿ ဒဿနသမ္ပဒါယ- သောတာပတ္တိမဂ်သည် နိဗ္ဗာန်ကို မြင်သည်နှင့် တကွ။ တယဿု ဓမ္မာ ဇဟိတာ ဘဝန္တိ သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆာ သိလဗ္ဗတ ပရာမာသတွေကို ပယ်ချလိုက်တယ် (မှန်ပါ)၊ အဲဒီကျမှ စတူ ဟာ ပါယေဟိစ ဝိပ္ပမုတ္တော-ဆိုတဲ့-အတိုင်း- အပါယ်လေးပါးမှ လုံးဝ လွတ်သွားတော့တယ်။ ဘယ်တော့မှ မသွားတော့ဘူး (မှန်ပါ)၊ အကုပ္ပါမေ ဝိမုတ္တိ ဆိုသလိုပဲ မပျက်စီးတော့ဘူးတဲ့ (မှန်ပါ)။

အကျိုးပေးမြဲသွားပြီ

ဒါကြောင့် ဓမ္မသင်္ဂဏီပါဠိတော်မှာလည်း- သမ္ပတ္တနိယတာ ဓမ္မာ-မဖောက်မပြန်ဘဲနဲ့ အကျိုးပေး မြဲသွားပြီတဲ့ (မှန်ပါ)၊ သီလမြဲ သမာဓိမြဲ ပညာမြဲသွားပြီ (မှန်ပါ)။

ဒကာ ဒကာမတို့ ဘာတွေများ မြဲသွားပါလိမ့် (သီလ သမာဓိ ပညာတွေ မြဲသွားပါပြီ ဘုရား)၊ သီလ သမာဓိ ပညာတွေ ဟာ ဘယ်သူမှဖြတ်လို့ မရအောင် မြဲသွားတော့ တယ်ဆိုတာ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

အဲဒါမှ အနှစ်သာရပဲဆိုတာ ဒကာသစ် မှတ်မိပလား (မှတ်မိပါပြီ ဘုရား)၊ ဒကာအုန်းတို့ကော (မှတ်မိပါပြီ ဘုရား)။

သုဗြဟ္မာနတ်သား

ကျုပ်တို့သည်ကားလို့ဆိုရင် အနှစ်သာရမရခဲ့တဲ့အတွက် နတ်ပြည်ရောက်လိုက်၊ ဖြုန်းခနဲ လှည်းကြီးကျိုးသလို ကျိုးပြီး သကာလ အပါယ်ဝုန်းခနဲ ရောက်သွားလိုက်၊ သုဗြဟ္မာနတ်သား ဝတ္ထုက နတ်သမီး ငါးရာတို့ ဝတ္ထုကို ထောက်ကြည့်ပါ (မှန် ပါ)၊ ဗြဟ္မာပြည် ရောက်သွားလိုက်၊ ကမ္ဘာပျက်တဲ့ အခါ မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ ဗြဟ္မဝိဟာရတွေ အားထုတ်ပြီး ဗြဟ္မာ ပြည်ရောက်သွားလည်း ဗြဟ္မာပြည်ကနေ လူ့ပြည်ဆင်း၊ လူ့ပြည် ကနေ အပါယ်ဘုံတွေများ ဆင်းသွားလိုက်တာတွေ (မှန်ပါ)၊ အနှစ်သာရ မရခဲ့သေးတော့ မမြဲသေးတာဘဲ၊ မသေချာဘူးလား (သေချာပါတယ်)။

ဒါဖြင့် ဒကာ ဒကာမတို့ ယနေ့တရားမှာ သာရောပမသုတ် လို့ဆိုတဲ့အတွက် အနှစ်ရှာ ရလိမ့်မယ် (မှန်ပါ)။

ဘာရှာကြရမှာတုံး (အနှစ်ရှာရမှာပါ ဘုရား)၊ အနှစ် မရသေးသရွေ့ ကာလပတ်လုံးဖြင့် မရ ရအောင် ရှာမယဟေ့ဆိုတဲ့ စိတ်ကို သန်သန်ထွားထွားထားပြီး သကာလ မွေးမှသာလျှင် ကျုပ်တို့သည် အပါယ်ဇာတိ ဇရာ မရဏတွေမှ ချုပ်ငြိမ်းလွတ် ကင်းလိမ့်မယ်ဆိုတဲ့ ဥစ္စာ သေသေချာချာ မှတ်ကြပါတော့ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

အနှစ်ထမ်းပြန်မှ ကိစ္စပြီးမှာ

ဒါဖြင့် ဘာကို ထမ်းပြန်ကြမယ် (အနှစ်ထမ်းပြန်ရမှာ ပါ ဘုရား)၊ အနှစ်ထမ်းပြန်မှ အနှစ်လိုရာ ကိစ္စပြီးမှာကိုးဗျ (မှန်ပါ)၊ သဘောပါကြပလား (ပါပါပြီ)။

အဲဒီတော့ အခုတရားက အထွတ်အထိပ်ရောက်နိုင် အောင် ဟောတဲ့တရားဖြစ်သောကြောင့် သီလလည်း ကြိုးစား ပါ (မှန်ပါ)၊မနေ့က ရထားလို့ပေါ့ဗျာ၊ သီလ,ရထားကြိုးစား ပါ သမထ,ရထား တက်ရတယ်၊ မတက်ရပေဘူးလား (တက်ရပါတယ် ဘုရား)၊ သမထ,ရထားက ဆင်းပြီး ဝိပဿနာ, ရထား ကော (တက် ရမှာပါဘု ရား)၊ ဝိပဿနာ – ရထားကဆင်းပြီး မဂ်,ရထားကော (တက်ရမှာပါ ဘုရား)၊ မဂ်,ရထားကဆင်းပြီးမှ နိဗ္ဗာန်ရောက်မယ် (မှန်ပါ)၊ သဘောကျပလား (မှန်ပါ)။

အဲဒီတော့ မနေ့က ဝတ္ထုနဲ့ ပေါင်းစပ်ပြီးကြည့်လိုက်တဲ့ အခါ ကျတော့မှ ဪ ဒီဥစ္စာ သီလရထားက ဆင်းပြီး သမထ ရထားပေါ်တက်၊သမထရထားကနေပြီး ဝိပဿနာ,ရထားပေါ် တက်၊ ဝိပဿနာ,ရထားကဆင်းပြီး မဂ်,ရထားပေါ်တက်၊ မဂ်,ရထားက ဆင်းမှ နိဗ္ဗာန်ရောက်တယ် ဆိုတာလည်း သေသေ ချာချာဖြစ်ပြီး သကာလ နေတဲ့အတွက် ဒီအစီအစဉ်အတိုင်း ကျော်သွားလို့ဖြင့် မဖြစ်ပါကလားဆိုတာ မနေ့က ရထဝီနီက သုတ်ကလည်း တာဝန်ခံခဲ့ပြီ (မှန်ပါ)။

အလုပ်နဲ့ပြမှ အနှစ်ကိုရမယ်

ဒါကြောင့် ဒကာ ဒကာမတွေ သူ့သုတ်နဲ့ သူ့ဝတ္ထုနဲ့ ရှာကြ စို့ဆိုတော့လည်း ဘာရှာရတော့မယ် (အနှစ်ရှာရပါမယ် ဘုရား)၊ အနှစ်ရှာတော့ ဒကာသစ် အလုပ်နဲ့ပြမှရမယ် (မှန်ပါ)၊ အလုပ်နဲ့ပြမှသာလျှင် အနှစ်ကို ရနိုင်တယ်ဆိုတာ သေချာကြပလား (သေချာပါပြီ)။

ဒကာ ဒကာမတို့သန္တာန်မှာ ကာမစိတ် ၅၄-ခုရှိငြားသော် လည်း ဒီအထဲမှာ မရနိုင်တဲ့ စိတ်တွေက ကိုးခုလောက် ပါနေတယ် (မှန်ပါ)၊ ၅၄-ထဲမှာ ကိုးခုနုတ်တော့ (၅၄-၉= ၄၅) ၄၅ပါး ကျန်တော့တယ်။ (မှန်ပါ)၊ အဲဒီစိတ်တွေနဲ့ပဲ ဒကာ ဒကာမတွေ နေရမှာ။ ဒီစိတ်တွေ ပေါ်တာ အခုပြောခဲ့တာ ၄၅ပါး ပေါ့ဗျာ၊ အဲဒီစိတ်တွေကို လှည့်ပြီးရှုရမယ်။

မှတ်ချက်။ ။ကာမစိတ် (၅၄)တွင် မဟာကြိယာစိတ် ရှစ်ပါးနှင့် ဟသိ တုပ္ပာဒ်စိတ်- ပေါင်းကိုးပါးမှာ ရဟန္တာများ သန္တာန်၌ ဖြစ်၍ ပုထုဇဉ် တို့ မရနိုင်။

အဲဒီစိတ်တွေကတော့ မပေါ်မရှိဘူး။ တစ်ခုခုပေါ် ရမှာပဲ (မှန်ပါ)၊ ဒါဖြင့် ခင်ဗျားတို့ ရှုရမယ့် စိတ္တာနုပဿနာမှာ စိတ်ပေါင်း ဘယ်လောက် ရှိနိုင်သတုံးလို့မေးရင် ဘယ့်နှယ်ပြောကြမလဲ (၄၅-ပါးပါ ဘုရား)၊ ဒါမှတ်ထားနော် (မှန်ပါ)။

(၄၁)ပါးက ရှုစရာစိတ်

ဘာဖြစ်လို့တုံးဆိုတော့ ဒကာ ဒကာမတို့ အထက်ဖြစ်တဲ့ မဟတ် စိတ်တွေကလည်း ကျုပ်တို့မှာ မရသေးဘူး (မှန်ပါ)၊ လောကုတ္တရာစိတ်တွေကလည်း မဂ်ဉာဏ် ဖိုလ်ဉာဏ် မရသေး လို့ ဦးဘအုန်း မရသေးပါဘူး (မှန်ပါ)၊

အဲဒီတော့ အခု ၄၅-ပါးသော စိတ်တွေဟာဖြင့် ခန္ဓာကိုယ်ထဲမှာ ပေါ်နိုင်တာ ဒကာ ဒကာမတွေက ၄၅-ပါးသော စိတ်ထဲက ရှုမည့်စိတ်တွေကိုလည်း ပြန်နုတ်ပါဦး (မှန်ပါ)၊

ရှုမည့်စိတ်က တစ်ခါ ၄-ပါး ပြန်နုတ် လိုက်ပါဦး၊။ (၄၁-ပါး ကျန်ပါတယ်)၊ အဲဒီ ၄၁-ပါးက ရှုစရာစိတ်တွေ (မှန်ပါ)။

မှတ်ချက်။ ။မဟာကုသိုလ် ဉာဏသမ္ပယုတ်စိတ် ၄-ပါးနှင့် ရှုရမည်ဖြစ်၍ ၎င်းကို ပြန်နုတ်ပါ။ ၄၁-ပါး ဖြစ်ပါသည်။

၄၁-ပါးသော စိတ်ကဘာတဲ့ (ရူစရာတွေပါ ဘုရား)။

ဒါက ၄၁ပါးထားပါတော့ (မှန်ပါ)၊ ရှုစရာ ဉာဏသမ္ပယုတ်စိတ်တွေနဲ့ ရှုစရာ လေးမျိုးနဲ့ ရှုလိုက်တာပေါ့ (မှန်ပါ)၊ ရှုစရာ လေးမျိုးဟာ ပေါင်းလိုက်တော့ မဂ္ဂင်ငါးပါး ဖြစ်တယ်။ မဂ္ဂင် ငါးပါး အဲဒီစိတ်တွေမှာ ယှဉ်တဲ့ စေတသိက်တွေထဲမှာ ပါ တယ် (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)။

ဝိပဿနာရှုတာ အသားပဲရှိတယ်

ကိုယ့်သန္တာန်မှာ ပေါ်လာပါလိမ့်မယ်၊ ပေါ်လာလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ အဲဒီမဂ္ဂင်ငါးပါးနဲ့ ရှုပါ။

ဥပမာ ပြောကြစို့ဆိုရင် လောဘစိတ်ကလေး ပေါ်လာတယ် ဒကာသစ် ဘာလုပ်ရ မလဲ (ဖြစ်ပျက်ရှုရပါတယ် ဘုရား)၊ ဒါ ကိုယ့်သန္တာန်ပေါ်တဲ့ အတွက် ကိုယ်ရှုနိုင်တယ်ဆိုတော့ လောဘစိတ် ကလေးက ဖြစ် ပျက်။ ရှုတာက-မဂ်- ဆိုတော့ ခုနက ပြောသလို ဒကာ ဒကာမ တို့ ရထားခုနစ်စင်းမှာ လေးစင်း မြောက်တော့ တက်မိပြီဆိုကြပါ စို့ (မှန်ပါ)၊

ကျုပ်တို့တော့ အခုအနှစ်နားတော့ ရောက်ပြီဆို ကြပါစို့ (မှန်ပါ)၊ အခုဟာက အသားတော့ဖြင့် ဖြစ်ပြီဆိုပါ စို့ (မှန်ပါ)၊ အနှစ်တော့ မဖြစ်သေးဘူး (မှန်ပါ)၊ ဝိပဿနာ ရှုတာဟာ အသားလောက်တော့ ဖြစ်နိုင်ပါပြီ။ အနှစ်အခြေအနေ ကတော့ မဂ်မဆိုက်သေးလို့ မရသေးဘူး (မှန်ပါ)၊ ဝိပဿနာ မဂ်ပဲ ရှိသေးတာကိုးဟ၊ ဝိပဿနာမဂ် ဆိုတာ ကာမာဝစရကုသိုလ် လို့ခေါ်တယ် (မှန်ပါ)၊ အဲဒီတော့ ကာမာဝစရ ကုသိုလ်လောက်နဲ့ တင်းတိမ်ပြီး သကာလ မနေနဲ့ဦး၊ ဒါဟာ အသားထမ်း ပြီး ပြန်လာတာ လောက်ပဲ ရှိသေးတယ် (မှန်ပါ)။

ဝိပဿနာမဂ်နဲ့ တင်းတိမ်ပြီးမနေနဲ့

ဝိပဿနာရှုနေတာပဲ၊ ကျုပ် ဘာပူစရာရှိသတုံးဆိုပြီး ဒါ လောက်နဲ့ တင်းတိမ်ပြီး သကာလ မနေဘဲနဲ့ မျှော် ဝိပဿနာ ရှုတယ်ဆိုတာလည်း တော်တော်တော့ အကျိုး ကြီးတာပဲ။ သာသနာတွင်း တရားလည်း ဟုတ်ပေတာပဲ၊ သစ္စအနုလောမိက ဉာဏ်လည်း ရပေတာပဲ၊ သို့သော် ဒါနဲ့ မတင်းတိမ်ပါနဲ့ (မှန်ပါ)။

ကဲ လောဘစိတ်လာလည်း လောဘစိတ်ကို ဘာလုပ် ကြမယ် (ဖြစ်ပျက်ရှုရပါတယ်)၊ ဒေါသစိတ် ကလေးလာရင် လဲ (ဖြစ်ပျက်ရှုရပါတယ်)၊ ဝိစိကိစ္ဆာစိတ် ကလေးလာရင် လဲ (ဖြစ်ပျက်ရှုရပါတယ်)၊ ဥဒ္ဓစ္စကလေး လာရင်လဲ (ဖြစ်ပျက်ရှုရပါတယ်)၊ ဥဒ္ဓစ္စလာလည်း ပျံ့လွင့်တဲ့ စိတ် မငြိမ်ဘူး၊ မငြိမ်တဲ့စိတ်ကို ဖြစ်ပျက်ရှုပါ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ဝိက္ခိတ္တစိတ္တံ ဝိက္ခိတ္တ စိတ္တန္တိ ပဇာနာတိတဲ့၊ ဝိက္ခိတ္တစိတ်ကို ဖြစ်ပျက်ရှုပါ (မှန်ပါ)။

ဘယ်စိတ်ပေါ်ပေါ် ဖြစ်ပျက်ရှုပါ

ဒီလိုနဲ့ ဒီဘက်က ရှုပြီး သကာလ တော်တော်ကြာကျတော့ မြင်စိတ်ကလေး လာတယ် ဆိုရင်လည်း ဒကာသစ် ဘာလုပ်ရ မလဲ (ဖြစ်ပျက်ပဲ ရှုရပါတယ်)၊ ကြားစိတ်ကလေး လာ ပြန်တော့ (ဖြစ်ပျက်ရှုရပါတယ်)၊ နားထဲမှာ ပေါ်တဲ့ ကြားတဲ့ စိတ်ကလေး ဖြစ်ပျက်ရှုလိုက် (မှန်ပါ)၊ နံတဲ့ စိတ်ကလေးလာ ပြန်ရင် (ဖြစ်ပျက်ရှုပါတယ်)၊ ဒီကမဂ္ဂင်နဲ့ချည်း ဖြစ်ပျက်ရှုနေ ပါ (မှန်ပါ)

စားတဲ့စိတ်ကလေး လာပြန်ပြီ (ဖြစ်ပျက်ရှုရပါ ဟယ်)၊ ယားတဲ့ယံတဲ့ စိတ်ကလေး လာပြန်ပြီ (ဖြစ်ပျက်ရှုရ ပါတယ်)၊ ကောင်းတဲ့စိတ်ကလေး ကိုယ်ပေါ်မှာ ပေါ်နေပြီ (ဖြစ်ပျက်ရှုရပါတယ်)၊ အကုန်ဖြစ်ပျက် ရှုလိုက်ပါ (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ကုသိုလ်စိတ်လာရင် ဖြစ်ပျက်ရှု

ဥပမာမယ် ကုသိုလ်ပြုထားတော့ ကုသိုလ်စိတ်ကလေး လာတယ်၊ ရှုသာရှု ဒကာ ဒကာမတို့၊ ကုသိုလ်စိတ်ကလေးလည်း ဝိပဿနာနဲ့ ကျတော့ ရှုသာရှုရမှာပဲ။ သမထနဲ့ကျတော့ စာဂါနု

ဿတိ လုပ်ရမှာကိုးဗျ၊ ဝိပဿနာနဲ့ ကျတော့ ဖြစ်ပျက်ရှု (မှန်ပါ)။

ဪ ဒါဖြင့် ဒကာ ဒကာမတို့ သန္တာန်၌ ခုနက ပြော ခဲ့တဲ့ စိတ်တွေပေါ် ရင် ရှုပြီး သကာလ နေတာပေါ့ (မှန်ပါ)၊ ရှုပြီး သကာလ နေတော့ ပေါ်တဲ့နေရာကလေးလည်း ဆရာဘုန်းကြီး က အကုန်အစုံပြောပြီး သကာလ ဖြစ်လေသောကြောင့် အဲဒါ တွေကို ဒကာ ဒကာမတွေက လာတိုင်း ရှုပေးပါ (မှန်ပါ)၊ ဘာမှ မရှိရင် လေကို ထုတ်တဲ့ စိတ်ကလေးကိုလဲ (ရှုရမှာ ပါ)၊ လေကို ပြန်ရှိုက်တဲ့ စိတ်ကလေးကိုလဲ (ရှုရမှာပါ)။

မေတ္တာစိတ်ပေါ်ရင်ဖြစ်ပျက်

အဲဒါကလေးတွေ ရှုနေပါ။ အဲဒါကလေးရှုရမှ ကြားထိုးပြီး လောဘပေါ်ပေါ် ဒေါသပေါ်ပေါ် မေတ္တာစိတ် ကလေးပေါ်ပေါ် မြင်စိတ်ကလေး ပေါ်ပေါ် ကြားစိတ်ကလေး ပေါ်ပေါ် – ပေါ် ချင်တာ ပေါ်ပါ၊ ဘာလုပ်ကြရမယ် (ဖြစ်ပျက်ရှုရပါတယ်)။

ဒါကြောင့် ကိုယ့်သန္တာန်ပေါ်လာတဲ့ စိတ်တွေကိုဖြစ်ပျက် ရှုပြီး သကာလ နေကြလို့ရှိရင် သိပ်ပြီး အဖိုးတန်ပါတယ် (မှန် ပါ)၊ သဘောကျပလား (ကျပါပြီ)၊ ခင်ဗျားတို့ သန္တာန်မှာဖြစ် တဲ့ စိတ်တွေ သည်ကားလို့ ဆိုရင် သိပ်လည်း မများပါဘူး။ ခုနက ၄၅-ပါး ကျန်တာတောင် ရှုဉာဏ်စိတ် ၄-ခု နုတ်ပယ်လိုက်တော့ ၄၁-ပါး ကျန်တာပဲ။ ဒါပဲ ရှုရမှာပဲ။ ဦးလှဖူးတို့ ဒကာကြွယ်တို့ သန္တာန် လှည့်ပေါ်တာပဲ (မှန်ပါ)၊ လှည့်ပေါ်နေရင် သူ့ကို ဘာ လုပ်ကြမလဲ (ဖြစ်ပျက်ရှုရပါတယ်)။

ဘာ့ကြောင့်အရှုခိုင်းရပါလိမ့်

အဲ ဖြစ်ပျက်ရှုလိုက်တဲ့အခါကျတော့ ဖြစ်ပျက်က ဘယ့်နှယ်ကြောင့် အရှုခိုင်းရပါလိမ့်မတုံး ဆိုတော့၊ ဟုတွာ အဘာဝဋ္ဌေန အနိစ္စံ ဆိုတဲ့ အတိုင်းဖြစ်ပြီး ပျက်လို့ ဖြစ်ပျက်လို့ နာမည်ပေးထားတာ။ အနိစ္စာဝတသင်္ခါရ ဆိုတဲ့အတိုင်း သင်္ခါရက ဖြစ်တာ အနိစ္စက ပျက်တာ။ ဒီလိုပါဠိတော်တွေ ကြည့်ပြီးတော့ ဘုန်းကြီးများက ဖြစ်ပျက်သာရှု (မှန်ပါ)။

အဲဒီ ဖြစ်ပျက်ရှုလိုက်တဲ့အခါကျတော့ ဘာများ ကျေးဇူး များသတုံး ဘုရားလို့ ဘုန်းကြီးကို ဒကာ ဒကာမတွေက အမေး ကြီးများ မေးလိုက်လို့ရှိရင် ဘုန်းကြီးများက အင်မတန် ဝမ်းသာ ပါတယ် (မှန်ပါ)၊ ဪ ဒကာ ဒကာမတို့ ဖြစ်ပျက်ရှု ခိုင်းတာက တခြားမဟုတ်ဘူးနော်။ ကိုယ့်အသေကိုယ် ကြည့်ခိုင်းတာ (မှန်ပါ)။

ကိုယ့်အသေ ကိုယ်ကြည့်ခိုင်းတာ

ဖြစ်ပျက် အရှုခိုင်းတာ ဘာပါလိမ့် (ကိုယ့်အသေကိုယ် ကြည့်ခိုင်းတာပါ ဘုရား)၊ ကိုယ်အမြန်သေ နေတဲ့ အသေကြီးကို အကြည့်ခိုင်းတာ (မှန်ပါ)၊ ဒကာ ဒကာမတွေက ကိုယ်သေ တာ ကိုယ်သိမှာ မဟုတ်။ ရှင်တုန်းက သေသေနေတာတွေ သိ မှာ (မှန်ပါ)၊ တကယ်သေတာကျတော့ ကိုယ်သေတာကို ကိုယ်တိုင်သိမှာ မဟုတ်ဘူး (မှန်ပါ)၊ ကိုယ်ရှင်တုန်းကို သေ နေတာတွေ သိမှ (မှန်ပါ)။

ကိုင်း လောဘစိတ်ကလေးနဲ့ အသက်ရှင်နေတယ် ဒကာသစ်က (မှန်ပါ)၊ လောဘစိတ် ကလေးက ချုပ်သွားတာ ကို ဒကာသစ်က ကြည့်လိုက်တော့ ခုနက လောဘစိတ်နဲ့ ယှဉ် နေတဲ့ ဒကာသစ် တစ်ယောက်သည် မသေသေးဘူးလား (သေပါပြီ ဘုရား)၊ လောဘစိတ်နဲ့ အသက်ရှင် နေတဲ့ ဒကာသစ် ဘာဖြစ်သွားသတုံး (သေသွားပါတယ် ဘုရား)၊ ဖြစ်ပျက်ရှု လိုက်တော့ သေသွားမှန်း သိတော့ ဪ လောဘ စိတ်နဲ့ အသက်ရှင်နေတဲ့ ဒကာသစ် သေသွားပြီလို့သိတော့ ဒကာသစ် တစ်ယောက် သေတာပဲ (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒေါသဖြစ်နေတယ် ဒကာကြွယ်၊ ကိုယ့်ဒေါသကလေး ပြန် ပြီး သကာလ နောက် ဉာဏ်နဲ့ ရှုလိုက်တဲ့ အချိန်မှာ ဉာဏ်နဲ့သာ အသက်ရှင်နေတယ်၊ ဒေါသစိတ်နဲ့ ဒကာကြွယ် တစ်ယောက်က သေပြန်ပြီ (မှန်ပါ)။

ဒါကြောင့်- အညံ ဥပ္ပဇ္ဇတေ စိတ္တံ၊ အညစိတ္တံ နိရုဇ္ဇတိ၊

အညံ-တစ်ပါးသော၊ စိတ္တံ-စိတ်သည်၊ ဥပ္ပဇ္ဇတေ- ဖြစ်၏။ အညံ- တစ်ပါးသော၊ စိတ္တံ-စိတ်သည်၊ နိရုဇ္ဈတိ-ချုပ်၏ (မှန်ပါ)၊ တစ်ခုသော စိတ်ချုပ်တယ်၊ နောက်တစ်ခုသော စိတ်က ဖြစ်တယ် တဲ့ (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)။

အပျက်ကို အဖြစ်နဲ့ကြည့်

တစ်ခုသောစိတ်က (ချုပ်ပါတယ်)၊ တစ်ခုသောစိတ် က (ဖြစ်ပါတယ် ဘုရား)၊အဲ အပျက်ကို အဖြစ်နဲ့ကြည့် (မှန်ပါ)။

ဘယ်လိုမှတ်ကြမယ် (အပျက်ကို အဖြစ်နဲ့ ကြည့်ရမှာ ပါ ဘုရား)၊ သေသေချာချာမှတ်ပါ။ ဒီတစ်လုံးဟာ မသေးပါဘူး (မှန်ပါ)။

အပျက်ကို (အဖြစ်နဲ့ကြည့်ပါ)၊ ဒါက ဘယ့်နှယ်ကြောင့် ဆရာဘုန်းကြီး ဒီမျှလောက် ဒီ ဒကာ ဒကာမတွေ မှာရပါလိမ့်မလဲ လို့ ဒကာသစ်က မေးလိမ့်မနော် (မှန်ပါ)၊ အပျက်ကို အဖြစ်နဲ့ မကြည့်ဘူး ခင်ဗျားတို့က အပျက်သေပြီးတော့ အဖြစ်နဲ့ ရှင်ပြီး သကာလ ပျော်နေလိုက်တာပဲနော် ခင်ဗျားတို့က ကြည့်ကို မကြည့်ဘူး (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)။ အပျက် ကတော့ ပျက်သွားပြီ၊ အဖြစ်နဲ့ ဘာလုပ်နေသတုံး ဆိုတော့ အဖြစ်နဲ့ ပျော်နေတယ်ဆိုတော့ ဦးလှဖူး မနာလားဗျာ (နာပါ တယ် ဘုရား)။

ကိုယ့်ဒုက္ခ ကိုယ်မြင်တာ

အခုတော့ ဆရာဘုန်းကြီးက ဘယ်လိုမှာသတုံးလို့ မေးတဲ့ အခါ အပျက်ကို (အဖြစ်နဲ့ရှုပါတယ် ဘုရား)၊ အဖြစ်ဉာဏ်နဲ့ ကြည့်ပေးပါ (မှန်ပါ)၊ အပျက်ကို အဖြစ်ဉာဏ်နဲ့ ဉာဏ်ပေး လိုက်တဲ့ အခါကျတော့ ဘာကိုမြင်ပါလိမ့်မလဲလို့ မေးတဲ့အခါကျတော့ ကိုယ့်အနိစ္စ ကိုယ်မြင်တယ် (မှန်ပါ)၊ ကိုယ့်ဒုက္ခ ကို (ကိုယ်မြင်ပါတယ် ဘုရား)၊ ကိုယ့်အနတ္တကို (ကိုယ် မြင်ပါတယ် ဘုရား)၊ ကိုယ့်ဒုက္ခသစ္စာ (ကိုယ်မြင်ပါတယ် ဘုရား)၊

ဒီကျတော့မှ ဪ တို့ရှုနေတဲ့ ဝိပဿနာဉာဏ် ဆိုတာ သစ္စအနုလောမိကဉာဏ်ဆိုတာ အဟုတ်သားပဲ၊ ကိုယ့်ဒုက္ခ ကိုယ်မြင်တာပါကလား (မှန်ပါ)၊

မြင်တာကလောကီမဂ္ဂသစ္စာ

ဘယ်လိုပါလိမ့် (ကိုယ့်ဒုက္ခ ကိုယ်မြင်တာပါ ဘုရား)၊ အဲ ကိုယ့်ဒုက္ခက- ဒုက္ခသစ္စာ၊ ကိုယ်မြင်တာက လောကီ မဂ္ဂသစ္စာ (မှန်ပါ)၊ ဪ လောကီမဂ်တောင်ရပေါ့ (မှန်ပါ)၊ ဒကာသစ် လောကီမဂ်တောင် ရပေါ့။ လောကုတ္တရာ မဂ်နီးပြီ (မှန်ပါ)။

ခုနက ကိုယ်သေရင် တစ်ခုသောစိတ်က သေတယ်၊ တစ်ခုသောစိတ်က ပျော်တယ်ဆိုတော့ ကောင်းသေးရဲ့လား (မကောင်းပါ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် တစ်ခုသောစိတ် သေတာကို တစ်ခုသောစိတ်နဲ့ ကြည့်ပါ (မှန်ပါ)၊ တို့ပြောတဲ့ အခါကျတော့ အသေကို အရှင် နဲ့ကြည့်ပါ (မှန်ပါ)၊ အဲဒီလိုကြည့်လိုက်တဲ့အခါကျတော့ ကိုယ့် အသေ ကိုယ်မြင်လာပါလိမ့်မယ်ဆိုတာ မထင်ရှားဘူးလား (ထင်ရှားပါတယ်)။

ကိုယ့်အသေပေါင်းက ခန္ဓာကိုယ်ထဲမှာ ဘယ်လောက်သေ နိုင်သတုံးဆိုတော့ စိတ်တစ်ခုနဲ့ အသက်ရှင် နေတာဖြစ်နေတော့ ခုနက ဒကာ ဒကာမတွေသိတဲ့ ၄၅-နဲ့ လှည့်ပြီး ရှင်နေတာ။ ၄၅-နဲ့ လှည့်ပြီး သေနေတာပဲ (မှန်ပါ)၊ အဲဒီ ၄၅-တွေသေ တာကို ကိုယ့်အသေကို နောက်အရှင်နဲ့ကြည့် (မှန်ပါ)၊ နောက်အရှင်နဲ့ ကြည့်လိုက်တဲ့အခါကျတော့ ဪ ကိုယ့် ဒုက္ခ ကိုယ်သိပြီ (မှန်ပါ)၊

စိတ်ပျက် လက်ပျက်ဖြစ်နေတဲ့ ဒုက္ခ မျိုးဆိုတာ မဟုတ်ပါဘူး (မှန်ပါ)၊ ဒကာကြွယ် တကယ်တော့ မသာလောင်း ရှာမတွေ့တဲ့ အသေဒုက္ခကို အကြည့်ခိုင်းတာ ပါ (မှန်ပါ)၊ မသာလောင်း ရှာတွေ့သေးရဲ့လား (မတွေ့ပါ ဘုရား)၊ ဘယ်မှာတုံး၊ သဘာဝဓမ္မကလေး ပျက်စီးတာ မသာလောင်း ဘယ်မှာ ရှာတွေ့ပါ့မတုံး (မှန်ပါ)၊ မသာလောင်း ရှာ တွေ့တဲ့ဒုက္ခဟာ ဒါလောက် မကြီးသေးပါဘူး (မှန်ပါ)။

ဪ လူဆိုတာ သေတော့ သေရတာပဲ၊ ကျုပ်တို့က အလောင်းကလေး ရလိုက်သေးတယ်လို့ ပြောနိုင်သေးတယ် မဟုတ်ဘူးလား (မှန်ပါ)၊ အခုဟာက အလောင်းမရတဲ့ အသေကို အကြည့်ခိုင်းတာ (မှန်ပါ)။

ဒုက္ခချုပ်သွားတယ်

ဘာအကြည့်ခိုင်းတာပါလိမ့် (အလောင်းမရတဲ့ အ သေကို ကြည့်ခိုင်းတာပါ ဘုရား)၊ အလောင်း မရတဲ့ အသေကြည့် ခိုင်းတဲ့အခါကျတော့ ဒီထက်ကြီးတဲ့ ဒုက္ခ ရှိသေးရဲ့ လား (မရှိ ပါ ဘုရား)၊ အဲဒီကဲ့သို့ ဒုက္ခတွေမြင်ပြီး သကာလ ဖြစ်ပျက်မြင်ပြီး ဖြစ်ပျက်မုန်းပြီး ဒုက္ခတွေချည်းပဲ၊ ဪ အလောင်း မရတဲ့ ဒုက္ခကြီးပါကလား။

အလောင်း မရတဲ့ ဒုက္ခကြီးပါကလားလို့ ကိုယ့်ဒုက္ခ ကိုယ့်ဉာဏ်စိုက်ကြည့်ပါ (မှန်ပါ)၊ ကြည့်လိုက်တဲ့ အခါကျတော့ ဒုက္ခအစစ် ဆိုတာ ဒါကိုးလို့ ပိုင်နိုင်တဲ့ အခါကျတော့ ဖျတ်ဆို ဒုက္ခချုပ်သွားတယ် (မှန်ပါ)၊ ဒုက္ခချုပ်သွားတဲ့ အခါကျလို့ရှိရင် မဂ္ဂင်ကရှစ်ပါး သွားပြည့်ပြီ (မှန်ပါ)။

မဂ္ဂင်ရှစ်ပါး ပြည့်သွားပြီ

ရှုတဲ့မဂ္ဂင်က (ရှစ်ပါးပြည့်ပါတယ်)၊ ဒုက္ခချုပ်မှ ဒုက္ခချုပ် ရာမြင်မှ ပြည့်တာနော် (မှန်ပါ)၊ ဒုက္ခချုပ်တော့ သမုဒယကြီး က သေလို့ နိရောဓကြီးက ဘွားခနဲ ပေါ်တာပေါ့ဗျာ (မှန်ပါ)၊ ပေါ်ဆို ဒုက္ခချုပ်တဲ့ သဘောကလေး မြင်လာတာပဲ (မှန်ပါ)၊ ဒုက္ခချုပ်တဲ့ သဘောကလေးဟာ နိဗ္ဗာန်ပါပဲ ဒကာ ဒကာမတို့ (မှန်ပါ)။

အပါယ်တံခါးလုံးလုံးပိတ်တယ်

အဲဒီ နိဗ္ဗာန်မြင်တဲ့ လောကုတ္တရာ မဂ်ဉာဏ်ရပြီဆိုမှဖြင့် ဒကာ ဒကာမတို့ မဂ်ကလည်း တစ်ကြိမ်ပဲ ပေါ်တယ် (မှန်ပါ)၊

တစ်ကြိမ်တည်းပေါ်ပြီး သူ့အကျိုးကတော့ ကျန်နေရစ်တာပဲ (မှန်ပါ)၊ မဂ်ကတော့ ချုပ်သွားတာပဲ။ သူ လုပ်ထားတဲ့ အပါယ်လေးပါးတံ ခါးပိတ်တာတော့ ဘယ်တော့မှ ဖွင့်လို့မရတော့ ဘူး (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ မလား အပ်တဲ့ ခြောက်ဌာနတွေကော (မရောက်တော့ပါ ဘုရား)၊ ဘယ်တော့မှ မဖြစ်တော့ဘူး၊ အဲဒါလည်း သူလုပ်တာပဲ (မှန်ပါ)။

ချုပ်တော့ချုပ်သွားတာပဲ သူက ချုပ်ပင်ချုပ်ငြား သော်လည်း အပါယ်တံခါးပိတ်တာ ဘယ်တော့ ပွင့်သေးသတုံး (မပွင့်ပါ ဘုရား)၊ ‘‘ဆစ္စာဘိဌာနာနိ အဘဗ္ဗကာတုံ’’ ဆိုတဲ့ ခြောက်ဌာနတွေကော ဖြစ်သေးရဲ့လား (မဖြစ်ပါဘူး)၊ ဒါ ဘယ်သူလုပ်ထား ခဲ့တာပါလိမ့် (မဂ်လုပ်ထားခဲ့တာပါ ဘုရား)။

ဒါ့ကြောင့် ‘‘အကုပ္ပါစေတောဝိမုတ္တိ၊’’ ဘယ်တော့မှ မပျက် တာ သူပဲ (မှန်ပါ)၊ ဒါကြောင့် အနှစ်ဆိုတာ သူပါပဲ (မှန်ပါ)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ရှုပုံရှုနည်းရှင်းပြမယ်

ဒါဖြင့် ရှုပုံရှုနည်းနဲ့တကွ ဆရာဘုန်းကြီးက ဒကာကြွယ် ရှင်းပြမယ်၊ ရှင်းပြတော့ ပထမ ကိုယ့်ဒုက္ခ ကိုယ်မြင်အောင်ကြည့် နောက်ကျတော့ ဒီဒုက္ခဉာဏ် ရင့်လာရင် မုန်းပါလိမ့်မယ် (မှန် ပါ)၊ နောက်ဉာဏ် ပိုရင့်လာပြန်ရင် ဒီဒုက္ခကို မလိုချင်ပါဘူး (မှန်ပါ)၊ မလိုချင်ရင် ဒုက္ခတွေ ဘာဖြစ်မယ် ထင်သတုံး (ဆုံးသွားပါတယ်)၊

ဆုံးသွားလိမ့်မယ်- ချုပ်သွားလိမ့်မယ် ဆိုတော့ ဒုက္ခ နိရောဓော နိဗ္ဗာနံပဲ (မှန်ပါ)၊ ခန္ဓာနိရောဓော (နိဗ္ဗာနံပါ ဘုရား)၊ ကိုယ်ခန္ဓာကို ချုပ်သွားပြီ။သဘောပါသလား (ပါပါပြီ ဘုရား)၊ ဒါဖြင့် ခန္ဓာနိရောဓော နိဗ္ဗာနံဆိုတာ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

ခန္ဓာချုပ်တာက နိဗ္ဗာန်

ဒါဖြင့် ခန္ဓာချုပ်တာက နိဗ္ဗာန်၊ ချုပ်မှန်းသိတာက (မဂ် ဉာဏ်ပါ ဘုရား)၊ အဲဒီမဂ်ရတော့မှ ခုနက တောထဲမှာ ဓားကိုင် ပြီး သကာလ အနှစ်ရှာလာတဲ့ ပုဂ္ဂိုလ်ဟာ ဒကာ ဒကာမတို့ ဘာ ထမ်းပြန် သွားတာနဲ့ တူပါလိမ့် (အနှစ်ထမ်းပြန်သွားတာနဲ့ တူပါတယ် ဘုရား)၊ ဒါဖြင့် လိုရာကိစ္စပြီးပြီ (မှန်ပါ)။

လိုရာကိစ္စဆိုတာ တခြားလား မှတ်နေတယ် ဒကာ ဒကာမတို့၊ အပါယ်က တက်လာတုန်းက အပါယ်ဇာတိဖြင့် မယူတော့ပါဘူး (မှန်ပါ)၊ အပါယ်ဇရာဖြင့် (မယူတော့ပါ ဘူး)၊ အပါယ်ဗျာဓိ မရဏတွေဖြင့် (မယူတော့ပါဘူး)၊ အနှစ်ပဲ လူ့ပြည်သွားပြီး ယူပါတော့မယ်ဆိုပြီး သကာလ လာလိုက် တာ အနှစ် တကယ်ရသွားတော့ မျက်စိအမြင်ရှိတဲ့ ပုဂ္ဂိုလ်တွေက အနှစ်ရှာဖို့လာတာ အနှစ်ထမ်း ပြန်သွား သောကြောင့် အနှစ်သိတဲ့ လူပဲလို့ ချီးမွမ်းရတယ် (မှန်ပါ)၊ မချီးမွမ်းထိုက်ဘူးလား, (ချီးမွမ်းထိုက်ပါတယ် ဘုရား)။

မဂ်ဉာဏ်ရမှ တင်းတိမ်ပါ

အရှာလာတုန်းကလည်း ဘယ့်နှယ်တုံး (အနှစ်ရှာလာ တာပါ)၊ တွေ့တော့လည်း ဘာတွေ့တုံး (အနှစ်တွေ့ပါတယ်)။

ဒါဖြင့် သူဟာ ရောင်းရေးဝယ်ရေး စီးပွားရေးကလေး ဟန် ကျလာရုံနဲ့လဲ တင်းတိမ်မည့်သူ မဟုတ်ဘူး (မှန်ပါ)၊ သီလ ကလေးပြည့်စုံရုံနဲ့လဲ (မတင်းတိမ်ပါ ဘုရား)၊ သမထကလေးနဲ့လဲ (တင်းတိမ်မည့် သူမဟုတ်ပါ ဘုရား)၊ အဘိညာဉ်နဲ့လဲ (တင်းတိမ်မည့်သူ မဟုတ်ပါ ဘုရား)၊ မဂ်နဲ့မှ သူက ဘာလုပ်သွား သတုံး (တင်းတိမ်ပါတယ် ဘုရား)၊ မဂ်နဲ့ မှ တင်းတိမ်တယ်ဆိုတော့ မပျက် နိုင်တာကြီးနဲ့မှ တင်းတိမ်သွားတာ မသေချာဘူး လား (သေချာပါတယ်)။

သစ္စာဆိုက်မှ အနှစ်ရတယ်

အေး အဲဒီလို သိလိုက်တဲ့အခါမှာ တို့ မပျက်တာရမှ ကိစ္စပြီးမှာ ပါကလား (မှန်ပါ)၊ အဲဒီတော့ မပျက်တာကိုလည်း ခုနက ဉာဏ်သုံးဉာဏ်နဲ့ တက်လိုက်ရင် ရပါ တယ် (မှန်ပါ)၊ ဖြစ်ပျက်သည် ဒုက္ခသစ္စာ၊ မြင်တာသည် (မဂ္ဂသစ္စာပါ)၊

နောက် အပါယ်သွားကြောင်း တရားတွေ ချုပ်တာက (သမုဒယ သေတာပါ)၊ ဖြစ်ပျက် ဆုံးကာက (နိရောဓသစ္စာပါ)၊ နိရောဓသစ္စာ ဆိုတော့ အဲဒီသစ္စာ ဆိုက်မှ ဒကာကြွယ် အနှစ်ရတယ် (မှန်ပါ)၊ မဂ်ဉာဏ် အနှစ်ကို ရပါတယ် (မှန်ပါ)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ကိုင်း – ယနေ့ ဒီတွင် တော်ကြစို့။

သာဓု သာဓု သာဓု။