255

ဒုက္ခနဲ့သုခလဲယူတဲ့ပွဲ

အသံဖိုင်ခေါင်းစဉ်= ဦးသန်းမောင် ဒေါ်ကောက်တို့၏ ကျောင်းဇရပ်အလှူရေစက်ချ တရားတော်

စာအုပ်ခေါင်းစဉ်= ဒုက္ခနဲ့သုခလဲယူတဲ့ပွဲ

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့၌ ဟောကြားဆုံးမတော်မူသောတရားတော်

ဒုက္ခနဲ့သုခလဲယူတဲ့ပွဲ

( ၂၂-၁၁-၆၁ )

ဦးသန်းမောင် ကိစ္စလို့မအောက်မေ့ကြပါနဲ့၊ ကိုယ်သိဖို့ ရာကိစ္စ၊ ကိုယ်ပါသာဓု အနုမောဒနာ ခေါ်နိုင် တဲ့ကိစ္စလို့မှတ်ပြီး သကာလ ဒီရေစက်ချတရားပွဲမှာ နားထောင်ကြရမယ်နော် (တင်ပါ ဘုရား)။

ဦးသန်းမောင် ကိစ္စလို့မယူနဲ့ကိုယ့်ကိစ္စ၊ ကိုယ်လည်း ဒီဥစ္စာဓမ္မ မိတ်ဆွေချင်းဖြစ်သောကြောင့် သူလည်းအမျှဝေ မှာပဲ၊ အမျှဝေတော့တစ်ဝက်ရတာပဲ၊ သူတစ်သိန်းကုန်လျှင် ခင်ဗျားတို့ ငါးသောင်း တော့ ရပါတယ် (မှန်ပါ ဘုရား)။

အမျှဝေတာ၊ သတိပေးချင်ပါတယ်

အဲဒါကြောင့် အမျှပေးမယ့် ဘုန်းကြီးတို့က သတိ ပေးချင်တယ်၊ နွားသတ် အမျှပေးတဲ့ အမျှမျိုး ကျတော့လည်း ဦးသန်းမောင် အလကားပဲ (မှန်လှပါ ဘုရား)၊ အယူမှားနေတာ (တင်ပါ)။

နွားသတ်ပြီးအမျှပေးတဲ့ အယူတွေက ချစ်လှစွာ သော နွားလေးကို သတ်တယ် အမျှသာ ယူကြပေတော့ သူတို့ကလည်း လုပ်သေးဟာပဲ (မှန်ပါ ဘုရား)၊ ဒီ အမျှမျိုးကျတော့ ခင်ဗျားတို့ ယူရဲပါ့မလား (မယူရဲပါဘူး ဘုရား)၊ သာဓုခေါ်တဲ့ လူဟာ ထက်ဝက်ရသွားမှာပဲ (တင်ပါ ဘုရား)၊ သူက တစ်ချက်လှီး ကိုယ်က တစ်ချက်လှီးထဲကပဲလည်ကို (တင်ပါ)။

တစ်ခါစဉ်းစားပြန်တော့ ဦးသန်းမောင်တို့က လူချမ်း သာ၊ နတ်ချမ်းသာ လိုချင်တဲ့ အလှူကြီး လှူပြီး မင်းတို့လည်း တစ်ဝက်ယူ ကြမင်းတို့လည်း လူချမ်းသာ၊ နတ်ချမ်းသာ ကုသိုလ်အဖို့ကို တို့ပြု သလိုရစေဆိုတော့ သူကဒုက္ခဝေလိုက်တာနဲ့ တူပြန်ရော (တင်ပါ)၊ ဒါကိုလည်း ဉာဏ်လှည့်ရမယ် (တင်ပါ)။

အမှားတွေပုံနေတာ

အမျှယူတော်မူကြပါ ခင်ဗျာ ဆိုတော့ ကျုပ်ဒုက္ခ တစ်ဝက်စီ ယူကြပါဗျာ၊ ကြုံရင်လည်း ရောက်တတ်တယ်။ အဓိပ္ပါယ်က အင်မတန် စိုးရိမ်စရာ ကောင်းပါတယ်။ ချီးမြှောက်ပြီး ဒီဒကာရင်း ဆရာရင်းတွေမို့ ပြောတယ်လို့ မယူကြနဲ့အမှားတွေက ပုံနေတယ် (တင်ပါ ဘုရား)၊ မပုံဘူးလား (ပုံပါတယ် ဘုရား)။

အဲဒီအမှားတွေ ပုံနေတာကိုလည်း ဒီဆရာရင်းသမားရင်း ကဪ အဟုတ်ကြီးပြင်ပြီ ဆိုတာကို ယနေ့ည ဆုံးဖြတ်ချက် ချ (မှန်လှပါ ဘုရား)၊ အဟုတ် ပြင်ပေးနေတယ်။

ကုသိုလ်ကိုအမျှယူကြပါ

ဥပမာ ဦးသန်းမောင်က မသိခင်တုန်းက ဘုံဘဝ တွေ ဆုတောင်းပြီး သကာလ လူပြည် နတ်ပြည် အကြိမ်ကြိမ် ခံစားရတဲ့ ကု သိုလ်ကြီးဖြစ်ရပါလို၏ ဆိုတော့ လူပြည် နတ်ပြည် အကြိမ်ကြိမ် ဒုက္ခကြီး ရရပါလို၏ ဆိုတဲ့ အဓိပ္ပါယ်ကပါသွား တယ် (မှန်လှပါ ဘုရား)။

ပါသွားတာကို တရားပွဲ ရေစက် ချ ချီးမြှောက်တဲ့ အခါကျတော့ အမျှယူကြပါလို့ဆိုတော့ ကျွန်တော် ကုသိုလ် အမျှယူကြပါ ဆိုတော့ ကုသိုလ်တော့ မျှရတာတော့ မှန်ပါ တယ်တဲ့ ဘုရား ကလည်း ပေးကောင်းပါတယ် ဟောပါတယ်။ ပေးတဲ့ပုဂ္ဂိုလ်လည်း မလျှော့ဘူးလို့လည်း ဟောပါတယ်။

ဝဋ်ထဲလည်တဲ့ကုသိုလ်

သို့သော်သူ့ကုသိုလ်က ဝဋ်ကုသိုလ်ကြီး ဖြစ်နေတယ်။ ဝဋ်ထဲလည်တဲ့ ကုသိုလ်ကြီး ဖြစ်နေတယ် (တင်ပါ)။

အဲဒါကြောင့် ဒီအမျှမျိုးကို အတော်ကလေး သတိထားရ တယ်လို့ အောက်မေ့လိုက် (မှန်ပါ)၊ အတော်ကလေး သတိ ထားရတယ်လို့ အောက်မေ့ရမယ် ဒါတွေးလုံးနဲ့ အမှန်ကိုစဉ်းစားမှနော် (မှန်လှပါ ဘုရား)။

အမှန်ကို စဉ်းစားမှသာလျှင် ဒီဥစ္စာ အမှန်ရောက် တယ်လို့မှတ်ရမယ် (မှန်လှပါ ဘုရား)။ ဒါကြံလို့ဆိုရင် လည်း ဦးသန်းမောင်က ဘုန်းကြီးကြံလုံးပဲ ဓမ္မသဘောနဲ့ တစ်ခါ စဉ်းစားလိုက်ပြန် တော့လည်း ဒီအမျှဟာ တော်တော်ဆိုးတဲ့ အမျှ (မှန်လှပါ ဘုရား)။

ကုသိုလ်တင်သာဓုခေါ်မယ်

သူကဝဋ်တောင့်တပြီး လုပ်တော့၊ ကျုပ်ဝဋ်တောင့်တ တဲ့အမျှမျိုးကို ခင်ဗျားတို့လည်း တစ်ဝက် ယူကြပါတော့ ဆိုတော့ ကိုယ်ဝဋ်ရဦးတော့ မလိုလိုဖြစ်နေတာ၊ မယူတတ်တဲ့ ပုဂ္ဂိုလ်မှာ၊ ယူတတ်တဲ့ ပုဂ္ဂိုလ် ကုသိုလ်တင် အမျှယူမယ်ဟေ့ သူတောင်းတဲ့ဆုတော့ တို့မလိုက်ဘူး (တင်ပါ)၊ ဒီလိုခွဲယူတဲ့ ပုဂ္ဂိုလ်ကလည်း အတော်ရှားလိမ့်မယ် (မှန်ပါ ဘုရား)၊ ခွဲယူတဲ့ လူရှားမလား မရှားမလား (ရှားပါတယ် ဘုရား)၊ ရှိကို မရှိဘူး (မှန်ပါ)၊ တိုတို ပြောကြပါစို့- ရှိကိုမရှိဘူး (အခု ပြောမှကြားဖူးတာ ပါ ဘုရား)။

အခုပြောမှကြားဖူးတာတဲ့ ခွဲယူမယ်လို့ကို မလာဘူး၊ အင်း သူပြုတဲ့ကုသိုလ်ကတော့ ဝဋ်ကုသိုလ်ပဲ၊ တို့ကတော့ ဖြင့် ကုသိုလ်ပြုတာကို ဝမ်းမြောက်တဲ့ သဘောနဲ့ သူ့ကုသိုလ် ကို တို့အတွက် မယူဘူး တို့ကြိုက်တာနဲ့တို့ ကုသိုလ်ပြုတာလေး မျှပဲ သာဓုခေါ်တယ်။သူ့ဆုတောင်းတော့ မယူဘူးလို့ လာတဲ့ ပုဂ္ဂိုလ်က ရှားမှရှားတယ် (မှန်ပါ)။

သူ့ဆုတောင်းတော့မယူဘူး

ကုသိုလ်ပြုတာတော့ အမျှယူမယ်၊ သူ့ဆုတောင်း တော့မယူဘူးလို့ ဒီလိုခွဲတတ်တဲ့ ပုဂ္ဂိုလ် ကလည်း ရှားလိမ့်မယ် ရမ်းခေါ်လိုက်တာက များလိမ့်မယ် (မှန်ပါ)၊ ဆိုတော့ ဒါဦးသန်းမောင်တို့၊ ဦးသံဒိုင်တို့ မောင်သစ်တို့ ကစဉ်းစား ရမယ် ဪ ဒီဥစ္စာတွေးစရာ တစ်ချက်ပါလားဆိုတာပေါ်လာ တယ် (မှန်ပါ ဘုရား)။

အဲဒါတွေထိုးထိုးထွင်းထွင်း သိရတဲ့အတွက် ဦးသန်းမောင် သဘောပါလိုက်ကဲ့လား၊ အခုစကားဟာ (ပါပါတယ် ဘုရား)။

ခင်ဗျားက ဝဋ်တောင့်တပြီး လှူလိုက်တယ်၊ ဝဋ်လည်ဖို့ ဒါတွေ ကျုပ်ကုသိုလ်တွေပဲ ကျုပ်တောင်း ထားတဲ့ဆုရော၊ ကျုပ်ကုသိုလ် ရောခင်ဗျားတို့ အကုန်အမျှယူကြပါဆို တော့ ဟိုလူတွေပါ ဝဋ် လည်ချင်လည်သွားမယ် (တင်ပါ ဘုရား)။

ဒီလို မလည်ချင်လို့ ရှိရင်လည်း ကုသိုလ်အမျှတော့ ယူပါ၏။ သူဝဋ်တောင့်တတာတော့ ကျုပ်တို့ မကြိုက်ပါဘူး ဆိုတဲ့ လူကလည်း အတော်သိမှ (မှန်ပါ)၊ အတော်သိမှ ဒါကလည်း ဘုန်းကြီးတို့ဆီ ဆည်းကပ်ဖူးဦးမှ (တင်ပါ)၊ မဆည်းကပ်ဖူးတဲ့ သူဆိုရင် ရမ်းခေါ်မှန်းခေါ် (မှန်ပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဆရာကောင်းတပည့်ဖြစ်ပါပြီ

ဒါဖြင့် ကြောက်စရာ ကောင်း မကောင်း (ကောင်း ပါတယ် ဘုရား)၊ ကြောက်စရာ အင်မတန် ကောင်းတယ် ဆိုတဲ့ အဓိပ္ပါယ်မျိုးကိုလည်း ဦးသန်းမောင်က စဉ်းစားရမယ် (တင်ပါ)၊

အဲတော့ ယနေ့ကစပြီး ဆရာကောင်း တပည့်ဖြစ်ပြီ၊ သူတော်ကောင်း အစစ်ဖြစ်ပြီ၊ ဝဋ်ဆိုတာလည်း လုံးနေတာလည်း လုံးနေတာ၊ ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းကြီး လည်နေတာ။

ဒုက္ခနဲ့သမုဒယ လှည့်နေတာ၊ သမုဒယနဲ့ဒုက္ခ လှည့်နေ တာဒါကိုတော့ဖြင့် ငါမကြိုက်ပါဘူး (မှန်ပါ)၊ ဒီဝဋ်ကျွတ်တဲ့ အလုပ်သာ ဝဋ်ကျွတ်တဲ့ နိဗ္ဗာန်တစ်ခုသာလျှင် (ဝါ) ဒုက္ခချုပ်တဲ့ နိဗ္ဗာန်တစ်ခု သာလျှင်(ဝါ) ကိလေသာသိမ်းတဲ့ နိဗ္ဗာန်တစ်ခုကို သာလျှင် ရည်မှန်းပြီး သကာလ လှူဒါန်းပါ၏ ဆိုတဲ့ဥစ္စာ ကိုတော့ဖြင့် ဦးသန်းမောင် ဘယ်အခါမှ မဖျောက်ပါနဲ့ဆိုတာ သတိပေးလိုက်ပါတယ် (မှန်ပါ)။

နိဗ္ဗာန်ရည်မှန်းပြီး လှူဒါန်းပါ၏

ဘယ်အခါမှ မဖျောက်ပါနဲ့ (မဖျောက်ပါဘူး ဘုရား)၊ မယောင်ကြပါနဲ့တဲ့ ယောင်ရင်ခင်ဗျားတို့ ဝမ်းထဲ နဂိုကတဏှာ ကိန်းနေရတဲ့ အထဲဟိုမြှောက်တဲ့လူက တဏှာ နဲ့မြှောက်လိုက်တဲ့ အခါ လူချမ်းသာ နတ်ချမ်းသာ၊ ဗြဟ္မာ ချမ်းသာ ဦးသံဒိုင် တဏှာ နဲ့မြှောက်လိုက်တော့ ကိုယ်ကလည်း တဏှာက မချုပ်သေးတော့ ချမ်းသာ ဆိုတာနဲ့ ရမ်းကြိုက်တာ (မှန်ပါ ဘုရား)။

ချမ်းသာဆိုတာနဲ့ ရမ်းကြိုက်ပစ်လိုက်တော့ကို သစ္စာ ဉာဏ်နဲ့ကြည့်လိုက်တော့ ချမ်းသာက တစ်ကွက်မှ မပါ ဆိုတော့ ခင်ဗျားတို့ဟာ သူများပါးစပ်ကို လမ်းဆုံးတာ ဘယ်အခါကာလမှ ဒီက ရှေ့ကိုပေါ့ဗျာ (မှန်ပါ) သူများပါးစပ်ဖြင့် လမ်းဆုံးလိုက်ပါနဲ့ ဆိုတာဆရာဘုန်းကြီးကမေတ္တာရပ်တယ် (မှန်လှပါ ဘုရား)။

ပါးစပ်ကသုံးမျိုးရှိတယ်

သူများပါးစပ်လမ်းဆုံးတာ သိပ်ကြောက်စရာကောင်း တယ် (မှန်ပါဘု ရား)၊ ပါးစပ်က အမျိုးမျိုးရှိတယ်။

၁။အောက်တန်းလောက်နားလည်တဲ့ပါးစပ်၊

၂။ အလယ်တန်းလောက်နားလည်တဲ့ပါးစပ်၊

၃။အဆုံးထိ အောင်နားလည်တဲ့ ပါးစပ်လို့၊

ဦးသံဒိုင်သုံးမျိုးခွဲရမယ် (မှန်ပါ)၊ မခွဲသင့်ဘူးလား (ခွဲသင့်ပါတယ် ဘုရား)၊

အောက်တန်းတွင်နားလည်နေ တဲ့ပုဂ္ဂိုလ်၊ ကိုယ်ကလမ်းဆုံး နေပြန်လို့ရှိရင်အောက်တန်း ပါးစပ် မှာလမ်းဆုံးတဲ့ အတွက် တစ်ခါတည်း ဒုက္ခရောက်သွားတယ် (မှန်လှပါ ဘုရား)။

အလယ်တန်းတွင်နားလည် တဲ့ပုဂ္ဂိုလ်ဆရာနဲ့ တွေ့လို့ အလယ်တန်းတွင် ခင်ဗျားတို့က သူများပါးစပ် လမ်းဆုံးနေပြန် တယ်။ အလယ်တန်း ပြောတဲ့ဆရာတွင် လမ်းဆုံး နေရင်လည်း ဒါဟာ အလယ်တန်း သုဂတိနဲ့ပဲ ခင်ဗျားတို့ အချိန်ကုန်သွားမယ် (မှန်လှပါ ဘုရား)။

အထက်တန်းကိုနားလည်တဲ့ ပုဂ္ဂိုလ် ဆရာသမားတို့ ကိုးကွယ်ဆည်းကပ်လို့ ဆရာသမား ပြောတာကို လိုက်နာတဲ့ ပုဂ္ဂိုလ်မှန်ပြန်လို့ရှိရင်လည်း လမ်းဆုံးသွားတယ် (မှန်ပါ)၊ ဒုက္ခလမ်းဆုံး သွားတယ် (မှန်ပါ)။

ရေစက်မချခင်မှာတမ်း

အဲတော့ကို ဆရာရွေးရမယ်ဆိုတဲ့ အဓိပ္ပါယ်ဒီမှာ ပါသွားပြီ (မှန်လှပါ ဘုရား)၊ မပါသေးဘူးလား (ပါ ပါတယ် ဘုရား)၊ ပါသွားပြီတဲ့ ဒီဥစ္စာက ရေစက်မချခင် မှာတမ်းလို့ မှတ်ပါ (မှန်ပါ)၊ ဪ သိပ်အရေးကြီး ပါတယ်။

မိတ်ဆွေဘုရင်နှစ်ပါး

ဘုန်းကြီးတစ်ခုပြောပြမယ် ရာဟုလာ ရှင်ဘုရင်ဖြစ်စဉ် အခါတုန်းက ရှင်ဘုရင် သူနဲ့သိပ်ခင်တဲ့ ရှင်ဘုရင် တစ်ယောက် အားလုံး ရှင်ဘုရင်နှစ်ယောက် ရှိတယ်၊ ကောင်းကင်ပျံပြီး မြေရှိုး နိုင်တဲ့ ရသေ့ နှစ်ယောက်က သူတို့ တိုင်းပြည်ကို ဆွမ်းခံလာ တယ် (မှန်ပါ)၊ သူတို့တိုင်းပြည် ကိုဆွမ်းခံလာတယ်။

ရသေ့နှစ်ပါး

ဪ ကောင်းကင်ပျံမြေလျှိုးတယ် ဆိုလို့ ရှိရင်ဖြင့် သူတို့ဟာအမှန်သိ၊ တကယ်သိ၊ သိတဲ့ ပုဂ္ဂိုလ်တွေမို့ ဒီအဖြစ် ရောက်တာပဲလို့ ရာဟုလာရှင်ဘုရင်က အောက်မေ့တယ် အောက်မေ့ ပြီး သကာလ နေတော့ နေ့လယ် ကျတော့ ရသေ့တစ်ယောက်က သူက လောကီတန်ခိုးနဲ့၊ ဈာန်တန်ခိုးနဲ့ တာဝတိံသာ သွားသွားပြီး နေပါတယ်။ နေ့လယ်မှာ သွားပြီးအနားယူတယ်။

တစ်ယောက်သော ရသေ့က နဂါးပြည်သွားပြီး အနားယူ တယ် (မှန်ပါ)၊ ဒါနဲ့ ရာဟုလာ ကမေးတယ်၊ အရှင်ဘုရား နေ့လယ် ပျောက်နေတာ ဘာတုံးဘုရား အို ရေမြေအစိုးရတဲ့ နဂါးမင်းကြီးဆီ သွားပြီးတော့ နေ့လယ် အနားယူပါတယ်။

နဂါးပြည်သွားတဲ့ရသေ့

နဂါးမင်းအကြောင်း ပြောစမ်းပါဦးဘုရား၊ အို စိန်တွေ၊ ရွှေတွေ၊ မြတွေ အင်မတန်ချမ်းသာတယ်၊ ချမ်းသာတာဖြင့် ထန်ကုန်ရော၊ ဒီတင် ဆရာကလည်း ကောင်းကင်ပျံ မြေလျှိုးဖြစ်တော့ လောကီ လောကုတ္တရာက မခွဲတတ်တော့ လောကီဆရာ ပြောတာ နားထောင်ပြီး ငါသေရင် ဒီနဂါးဖြစ်ရပါလို၏ (မှန်ပါ)၊ ကဲ ငါသေလို့ရှိရင် ရေမြေအစိုး ရတဲ့နဂါးဖြစ်ရပါလို၏ ဆိုသေတော့နဂါးကိုသွားဖြစ်တာ၊ ရာဟုလာတဲ့ (တင်ပါ)။

သိကြားမင်းနဲ့နဂါးမင်း

သူများပါးစပ်လမ်းဆုံးလို့ (မှန်လှပါ)၊ ဘာဖြစ် လို့လမ်းဆုံးတုံး ဆိုတော့ ကိုယ်ကလည်း လောကီလောကုတ္တရာ မကွဲလို့ (တင်ပါ)၊ ဒါလောကီဈာန်ကြောင့် ရနေတာ (မှန်ပါ)၊ ကောင်းကင်ပျံ မြေလျှိုး၊ သစ္စာဉာဏ် သူ့မှာ မပါဘူးတဲ့ ဒီတော့မခွဲတတ်ဘူး (မှန်ပါ)၊ မခွဲတတ်တော့ သေတော့ နဂါးသွားဖြစ်တယ် (မှန်ပါ)၊ တစ်ယောက်သော ရှင်ဘုရင် ကတော့ သိကြားသွားဖြစ်တယ်။

နောက်ကျတော့ သိကြားဆီလာပြီး နဂါးတွေက ခစား ကြရတဲ့ အခါကျတော့ အဲဒီကျတော့မှ မင်းပျော်ရဲ့ လား ငါ့မိတ် ဆွေ သိကြား ဖြစ်တဲ့ရှင်ဘုရင်က နဂါးဖြစ်တဲ့ရှင်ဘုရင် သွားမေး တယ်၊ ဘယ် ဖားစိမ်းစား၊ ငါးစိမ်းစားသွား ဖြစ်တာ ဘယ်ပျော်လိမ့်မတုံးတဲ့ ဒီကျမှ မှားမှန်းသိတယ်၊ ဆရာမှား လိုက်တာ (မှန်လှပါ ဘုရား)၊ ကြောက်စရာ မကောင်းဘူး လား (ကောင်းပါတယ် ဘုရား)၊ ရှင်းကြ ပလား (ရှင်းပါပြီ ဘုရား)၊ သူများပါးစပ် လမ်ဆုံးလိုက်တာ (တင်ပါ)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

သူများပါးစပ်လမ်းမဆုံးနဲ့

ဘယ်လမ်းဆုံးလို့တုံး (သူများပါးစပ်လမ်းဆုံး လို့ ပါ ဘုရား)၊ အဲ့ဒါကြောင့် သူများပါးစပ်ကို လမ်းမဆုံးဘဲနဲ့ ဘုန်းကြီး က အခုအတည့်အလင်း ဒကာရင်း ဆရာရင်းတွေပြောတာ၊ ခန္ဓာပြောတာ နားလည်အောင် လုပ်စမ်းပါ ဆိုတဲ့ စကားဟာ ပြောထိုက် မပြောထိုက် (ပြောထိုက်ပါတယ် ဘုရား)။

ခန္ဓာကတော့ ကြွမယ်၊ စောင်းမယ်၊ နာမယ်၊ ကျဉ်မယ်၊ ကိုက်ခဲမယ်၊ အိုမယ် နာမယ် သေမယ်၊ အဲဒီလို ပြောတယ် (မှန်လှပါ ဘုရား)၊ ဪ ဘာဖြစ်ဖြစ် ခန္ဓာဖြစ်ရင် ဒုက္ခသစ္စာပဲ (မှန်ပါ)၊ ဆိုတော့ ခန္ဓာက ပြောတာကို ဒုက္ခသစ္စာလို့ အမှန်သိသွားတဲ့ ပုဂ္ဂိုလ်ကျတော့ ဒီဒုက္ခမှ ချုပ်တဲ့ ဆီရောက်ရ ပါလို၏၊ ဒီဒုက္ခ ၏သိမ်းရာရောက်ရပါလို၏၊ ဒီဒုက္ခ၏ငြိမ်းရာ ရောက်ရပါလို၏ဆိုတော့ သူများပြောလား ခန္ဓာကပြောတာ လား (ခန္ဓာကပြောတာပါ ဘုရား)။

ခန္ဓာကဘာပြောလေ့ရှိတုံး

ခန္ဓာကပြောတာကို၊ ခန္ဓာကဘာပြောလေ့ရှိတုံး ဆိုတော့ ကျုပ်ဟာဒုက္ခသစ္စာပါ (မှန်ပါ)၊ ဒု-ကစက် ဆုပ်စရာ၊ ခ-က အသုံးမကျတာ၊ သစ္စာက-မှန်တာ (တင်ပါ)၊ ဒု-ခသစ္စာလို့ မှတ်လိုက်စမ်းပါ (တင်ပါ)။

ဒု-က စက်ဆုပ်စရာ၊ ခ-က အသုံးမကျတာ၊ သစ္စာက မှန်တာ စက်ဆုပ်စရာ အသုံးမကျတာ အမှန် (မှန်ပါ ဘုရား)၊ နာမည်ကို ပေါင်းယူလိုက်တော့ (မှန်ပါ ဘုရား)၊ ဒုက္ခသစ္စာ ဆိုတာ ခင်ဗျားတို့က ပေါ့ပေါ့လေး အောက်မေ့နေတယ် (မှန်ပါ)။

ဘယ်ခန္ဓာရရ၊ ဒုက္ခသစ္စာ

ဒုက္ခသစ္စာဆိုတာ ဒီခန္ဓာငါးပါး ဘယ်ခန္ဓာရရစက်လုပ် စရာအသုံးမကျတာအမှန်၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)၊ ဘာတဲ့တုံး (စက်ဆုပ်စရာ အသုံးမကျတာ အမှန်ပါ ဘုရား)။

ဒါဖြင့် စက်ဆုပ်စရာအသုံးမကျတာ အမှန်ကို ဘုန်းကြီးတို့ ခန္ဓာဘုန်းကြီးတို့ ပြန်ကြည့်၊ ဦးသန်းမောင် ခန္ဓာ ဦးသန်းမောင် ပြန်ကြည့်တဲ့ အခါကျတော့ ဝမ်းထဲမှာ ဘာရှိတုံးဆိုတော့ ကျင်ကြီး ကျင်ငယ် အပြည့်ရှိတယ် (မှန်ပါ)၊ သွေး၊ သလိပ်အပြည့်ရှိ တယ်၊ တိုတိုပြောပါတော့ အသုဘ အပြည့်ရှိတယ် (မှန်လှ ပါ ဘုရား)၊ စက်ဆုပ်စရာ ဟောပြီ (တင်ပါ)။

ဒီခန္ဓာကိုယ်ကြီးကို လေလံပစ်ကြည့်စမ်းပါ ဘယ်သူကများ ဆွဲမလဲလို့ (မဆွဲပါဘူး ဘုရား)၊ အသုံးမကျဘူး (တင်ပါ)၊ မှန်မှမှန်ရဲ့လားလို့ တွေးမနေပါနဲ့တဲ့၊ မှန်လွန်းလို့ကို ဘယ်သူမှ အနား မကပ်ပါဘူး (တင်ပါ)၊ ကပ်ကြသေးလား (မကပ်ပါဘူး ဘုရား)။

ချစ်ပါတယ်၊ ခင်ပါတယ်၊ ကြင်နာပါတယ်လို့ ခင်ဗျား တို့က သားမယားများက ပြောတဲ့ လောကွတ်ကို အယုံအကြည် မရှိပါနဲ့ (မှန်လှပါ ဘုရား)၊ သူကနဂိုကိုက စက်ဆုပ်စရာအသုံး မကျတာ အမှန်မို့ စက်ဆုပ်စရာ အသုံးမကျတာ အမှန်ပဲပြတယ်။ ဒိပြင် ဘာပြစရာရှိသေးတုံး (မရှိပါ ဘုရား)။

ဒု၊ ခသစ္စာကို ရှင်းရှင်းလင်းလင်းမှတ်ပါ

အဲဒါကြောင့်၊ ဒု၊ ခ၊ သစ္စာကို ယနေ့ ရှင်းရှင်းလင်းလင်း မှတ်ပါ (မှန်လှပါ ဘုရား)၊ ဒု-က စက်ဆုပ်စရာ၊ ခ-က (အသုံးမကျတာပါ ဘုရား)၊ သစ္စာက (မှန်တာပါ ဘုရား)၊ ဒါဖြင့်ခန္ဓာရတဲ့ ပုဂ္ဂိုလ်ဟာ စက်ဆုပ်စရာ အသုံး မကျတာအမှန်ကိုရတာ (မှန်ပါ ဘုရား)၊ ဘုရားက တစ်လုံးစီ ဟောတာ (တင်ပါ)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့်ခန္ဓာ ဆုတောင်းတဲ့ပုဂ္ဂိုလ်ဖြင့် စက်ဆုပ်စရာအသုံး မကျတာ အမှန်ကို ရရပါလို၏၊ ဘယ်လောက်နစ်နာသွား တုံး (နစ်နာပါတယ် ဘုရား)၊ စက်ဆုပ်စရာ အသုံးမကျတာ အမှန်ကို ရရပါလို၏၊ ပါးစပ်တောင် မထွက်ရဲ တော့ဘူး၊ ထွက်ရဲ သေးရဲ့ လား (မထွက်ရဲပါ ဘုရား)၊ တစ်ပုဒ်စီ ဝေဖန်လိုက် တော့လေ (မှန်ပါ)။

အဲဒါကြောင့် ခင်ဗျားတို့ဘုံဘဝ ခန္ဓာကိုယ်ဖြင့် အခုအကြီး အကျယ်လှူဒါန်း ပေးကမ်းတဲ့ ပွဲကြီး မှာဖြင့် စက်ဆုပ်စရာ အသုံးမကျတာ အမှန်ကိုဖြင့် ငါရရပါလို၏လို့ ဘယ်အခါကာလမှ နှုတ်က ရှက်သဖြင့် လည်းကောင်း၊ ကြောက်သဖြင့် လည်းကောင်း မထွက်လိုက်ပါနဲ့ (မှန်လှပါ ဘုရား)၊ ဆိုးလွန်းလို့ (မှန်ပါ)၊ ဒါကျောင်းပေါ်မှာ ပြောတာထက် နက်တယ်လို့အောက်မေ့ပါ (တင်ပါ ဘုရား)။

စက်ဆုပ်စရာ၊ အသုံးမကျတာ အမှန်

ဒု-က ဘာတုံး (စက်ဆုပ်စရာပါ ဘုရား)၊ ခက (အသုံးမကျတာပါ ဘုရား)၊ သစ္စာက (မှန်ပါ ဘုရား)၊ ပေါင်းလိုက်တော့ဒုက္ခသစ္စာ (မှန်ပါ့ ဘုရား)၊ ကဲ ဒုက္ခသစ္စာ မြန်မာ ရှင်းရှင်းပြန်လိုက်တော့ စက်ဆုပ်စရာ အသုံးမကျ တာအမှန်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲတော့ခန္ဓာငါးပါးဟူသ၍ စက်ဆုပ်စရာအသုံးမကျတာ အမှန်နတ်ခန္ဓာ၊ ဗြဟ္မာခန္ဓာကော (စက်ဆုပ် စရာအသုံးမကျ တာအမှန်ပါ ဘုရား)၊ စက်ဆုပ်စရာအသုံး မကျတာအမှန်ပဲဆိုတာ အခုလို ဆရာရင်းက သေသေချာချာ ပြောလိုက်တော့ အိုး တော်ပြီ တန်ပြီကွ၊ မသိခင်တုန်းက တောင်းတာတွေ ဟာလည်း စက်ဆုပ်စရာ အသုံးမကျတာ အမှန်ဆိုတဲ့ သစ္စာဉာဏ်မရလို့ အရမ်းတောင်းပြီး သကာလ အရမ်းဖြစ်ရတာ (တင်ပါ)

နိဗ္ဗာန်ကိုသာရချင်ပါတယ်

ယခုတော့ဖြင့် စက်ဆုပ်စရာအသုံးမကျတာ အမှန် ဆိုတာကို ကိုယ့်ဉာဏ်နဲ့သိတဲ့အတွက် ခန္ဓာ ဟူသ၍ ဖြင့်မရ ချင်ပါဘူး၊ ခန္ဓာဇာတ်သိမ်းငြိမ်းရာ နိဗ္ဗာန်ကိုသာရချင်ပါ တယ်လို့ အခုအချိန် ပြောင်းပစ်ပါ (မှန်လှပါ ဘုရား)။

ဒါဖြင့်တောင်းတဲ့ဆုကကောတဲ့ တောင်းတာ ဘာနဲ့တောင်းတုံး ဆိုတော့ သမုဒယသစ္စာနဲ့ တောင်းတယ် တောင်းတာ ဘာတုံး မကောင်းသဖြင့် ဖြစ်စေတာ။ မကောင်းသဖြင့် ဖြစ်စေတာ ကို သမုဒယ (မှန်ပါ ဘုရား)။

မကောင်းသဖြင့်ဖြစ်စေတဲ့ တရား အဲဒါပါးစပ်ထဲက တောင်းနေတာ ပါးစပ်ထဲထည့်ပြီး တောင်းနေတာ၊ သမုဒယ သစ္စာ။ သူက မကောင်းသဖြင့် ဖြစ်စေတဲ့တရား (မှန်ပါ)၊ အဲဒီတရားနဲ့ ခုနက စက်ဆုပ်စရာ အသုံးမကျတာ တောင်းနေတာ (မှန်ပါ ဘုရား)၊ နာလိုက်တဲ့ဖြစ်ခြင်းမှ၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒုက္ခတွေဟူသ၍နဲ့ သူယှဉ်တယ်၊ ဒုက္ခတွေဟူသ၍ ဖြစ်စေတဲ့တရားနဲ့ သူတောင်းနေတယ် (မှန်ပါ ဘုရား)။

အတောင်းမကောင်းလို့အရမကောင်း

တောင်းတဲ့ သစ္စာကကောတဲ့ ကောင်းကောင်းလား မကောင်းတောင်းလား (မကောင်း တောင်းပါ ဘုရား)၊ ရတော့ ကော စက်ဆုပ်စရာ အသုံးမကျတာအမှန်ရတယ် (မှန်လှပါ ဘု ရား)၊ ဒါဖြင့် အတောင်း မကောင်းလို့ အရမကောင်း ဘူး (မှန်ပါ ဘုရား)။

သမုဒယသစ္စာနဲ့ လုပ်မိလို့ ဒုက္ခသစ္စာရတယ် (မှန်ပါ ဘုရား)၊ တယ်နာပါလား (နာပါတယ် ဘုရား)၊ ကျောင်းမှာ ဟောတာထက် နက်တယ်လို့အောက်မေ့ပါ (မှန်ပါ ဘုရား)၊ ဒီရေစက်ချကို အထူးတလည် ကိုယ်ကျလာလို့ ရှိရင် ကိုယ်ကိုယ် တိုင် နှလုံးသွင်းဖို့ သူတစ်ပါး နား ထောင်တာ၊ နားမထောင် တာတော့ဖြင့် လူအတွေ လူနတွေက ပေါတာပေါ့ ဗျာ (မှန်လှ ပါ ဘုရား)။

သို့သော် ကိုယ်ကဖြင့် တောင်းတာကိုကပဲ သံယောဂဋ္ဌ၊ ဥဒယကဖြစ်စေတယ်၊ ဘာနဲ့ သံယောဂဖြစ်စေ တုံး ဆိုတော့ အို ဒုက္ခနဲ့ သံယောဂဋ္ဌ၊ ဒုက္ခနဲ့ ယှဉ်အောင် ဖြစ်စေတဲ့တရား နဲ့ တောင်းလိုက်တာ (မှန်ပါ)၊ ဘာတောင်းသတုံး မေးတော့ စက်ဆုပ်စရာ အသုံးမကျတာ သွားတောင်းတယ် (တင်ပါ)။

အဆိုးနဲ့တောင်း မကောင်းတာရ

ဒါဖြင့်တောင်းတဲ့ တရားကလည်းအဆိုးတရား (မှန်ပါ)၊ ပြည့်လို့ရတဲ့တရားကလည်း (အဆိုးတရားပါ ဘုရား)၊ ဒါဖြင့်ခင်ဗျားတို့ဟာ အဆိုးနဲ့တောင်းပြီး သကာလ မကောင်းတာရတာ (မှန်ပါ)၊ ဪ အလှူပွဲထဲ အဆိုးနဲ့ တောင်း မကောင်းတာရဆိုတဲ့ဥစ္စာ ဦးသံဒိုင် ကျွမ်းထိုး ပစ်လိုက် ဖို့ကောင်းတယ် (တင်ပါ)၊ ငွေတွေကုန်ပြီးမှ အဆိုးနဲ့တောင်း ပြီး မကောင်းတာ ရတယ်၊ ကြောက်စရာ ကောင်းလိုက်တာ (တင်ပါ)။

ဒီနေ့ပြောတဲ့ စကားလုံးလေးတွေကို ဦးသံဒိုင်က သေသေ ချာချာမှတ်စမ်းပါ (မှန်ပါ)၊ ဦးသန်းမောင် (မှတ်ပါမယ် ဘုရား)၊ တောင်းတာက သမုဒယသစ္စာ၊ ရတာကဒုက္ခသစ္စာ (မှန်လှပါ ဘုရား)၊ ဒါဖြင့်ဒုက္ခနဲ့ ယှဉ်တွဲတဲ့တရားနဲ့ တောင်းယူလိုက် တယ် (မှန်လှပါ ဘုရား)။

ဒုက္ခနဲ့ယှဉ်တွဲတတ်တဲ့ တရားကိုခင်ဗျားတို့က မိတ်ဆွေ လုပ်ပစ်လိုက်တယ် (မှန်လှပါ)၊ မိတ်ဆွေ လုပ်ပြီး သကာလ မင်းပြောပေးစမ်းပါကွာ ငါ့စက်ဆုပ်စရာ အသုံး မကျတာရအောင် (မှန်ပါ)၊ ဆိုတော့သမုဒယကလည်း မတရားတဲ့ ကရား၊ ခင်ဗျားတို့ကို လိမ်လည်ကောက်ကျစ် တဲ့တရား၊ လိမ်လည် ကောက်ကျစ်တဲ့ တရားကို ခင်ဗျား တို့က မသိတော့ ခင်ဗျားပဲ လိမ်လည် ကောက်ကျစ် ပေးစမ်းပါ၊ ကျုပ်ဒုက္ခ ရောက်အောင်လို့ (မှန်လှပါ ဘုရား)၊ ကောင်းသေးရဲ့လား (မကောင်းပါ ဘုရား)။

သစ္စာဉာဏ်နဲ့နားထောင်ကြပါ

တယ်မဆိုးဘူးလား (ဆိုးပါတယ် ဘုရား)၊ အလွန် အလွန်ဆိုးသွားပြီ၊ အဲဒါကြောင့် သမုဒယနဲ့ တောင်းတဲ့ဥစ္စာ ဒုက္ခပဲ ရမယ်လို့ နိဂုံးချုပ်လိုက်ပါတယ် (မှန်လှပါ ဘုရား)၊ သမုဒယနဲ့ တောင်းတာ (ဒုက္ခပဲရမှာပါ ဘုရား)၊ ဒုက္ခပဲရမယ် ဆိုတာဖြင့် ဒါသစ္စာဉာဏ်နဲ့ ပြောလိုက်ပြီ၊ သစ္စာဉာဏ် နားနဲ့ ထောင်ကြပါ (မှန်လှပါ ဘုရား)။

ပြောတာကဘာဉာဏ်နဲ့ ပြောတုံး (သစ္စာဉာဏ် နဲ့ ပြောပါတယ် ဘုရား)၊ သစ္စာဉာဏ်နဲ့ ဟောနေတယ်၊ ခင်ဗျားတို့ က ဘာနားနဲ့ထောင်ရမတုံး (သစ္စာဉာဏ် နားနဲ့ထောင်ရမှာပါ ဘုရား)၊ သစ္စာနားနဲ့ ထောင်ရမယ် (မှန်လှပါ ဘုရား)၊ ဒါက ဘယ်ဘုရားမှ မစွန့်တာ (မှန်လှပါ ဘုရား)၊ ဘယ်ဘုရားမှ မစွန့်တာလို့ သေသေချာချာမှတ်ပါ (တင်ပါ)။

ကောင်းပြီ အဲဒီတော့ ဘုန်းကြီးက ဪ ဦးသန်းမောင် တို့သည်ကားလို့ ဆိုရင်ဖြင့် အခုပြောတဲ့ နှစ်ခုက စွန့်ပစ်ရမည့်နှစ်ခု (မှန်လှပါ ဘုရား)၊ သံယောဂဋ္ဌရှိတဲ့၊ ဒုက္ခနဲ့ယှဉ်တွဲမှုကို ဖြစ်စေတတ်တဲ့ သမုဒယသစ္စာနဲ့လည်း မတောင်းပါနဲ့ (မှန်ပါ ဘုရား)။

ဒုက္ခသစ္စာ အကျိုးကြီးကိုလည်း ပွေ့ပိုက်ပြီးမထားချင် ပါနဲ့ (မှန်ပါ ဘုရား)၊ ဒီအတိုင်းပြောရမယ် (မှန်ပါ ဘုရား)၊ အဲတော့ တပည့်တော် ဘာလုပ်ရမှာတုံးလို့ မေးတဲ့အခါကျမှ ကိုင်း ဒါဖြင့် ပြောပါတော့ မယ်တဲ့

“အဇရံ ဇီရမာနေန တပ္ပမာနေန နိဗ္ဗူတိံ၊

နိမိယံ ပရမံသန္တိံ ယောဂက္ခေမံ၊ အနုတ္တရံ” (ထေရဂါထာ၊၂၂၇)

ဒီပါဠိတော် အတိုင်းလုပ်ပါ (တင်ပါ)။

ဆွေးမြေ့အိုမင်းယိုယွင်းတတ်တဲ့ခန္ဓာ

ဒီပါဠိတော်က ဘာပါလိမ့်မတုံး၊ ဆွေးမြေ့အိုမင်းယိုယွင်း တတ်တဲ့ ခန္ဓာကိုယ်ကြီးနဲ့ ဆွေးမြေ့ အိုမင်း ယိုယွင်းတတ်တဲ့ ခန္ဓာ ကိုယ်ကြီးက အိုပါသောကြောင့်ဒုက္ခသစ္စာ (မှန်ပါ)။

ဦးသန်းမောင် အခုအချိန်မှ အိုပါပြီတဲ့၊ အိုမှသူအလှူ ပေးတာကို (တင်ပါ)၊ အဲ ဆွေးမြေ့ယိုယွင်း၊ အိုမင်း တတ်တဲ့ ခန္ဓာကြီးနဲ့ မဆွေးမြေ့၊ မယိုယွင်း၊ မအိုမင်းတဲ့နိဗ္ဗာန် ကိုလဲ ယူပါတော့မယ်လို့ ဒီနေ့အလုပ်က ဒါလုပ်လိုက်ပါ (မှန်လှပါ ဘုရား)။

မဆွေးမြေ့မအိုမင်းတဲ့နိဗ္ဗာန်

ဆွေးမြေ့ ယိုယွင်း၊ အိုမင်းတတ်တဲ့ ခန္ဓာ ဒုက္ခသစ္စာကြီးနဲ့ မဆွေးမြေ့၊ မအိုမင်း၊ မယိုယွင်းတဲ့ နိရောဓသစ္စာကြီးနဲ့ တို့လဲယူတဲ့ အလုပ်လို့ တန်ဆောင်းတွေ ရေစက်ချတာ မှတ် လိုက်စမ်းပါ (မှန်လှပါ ဘုရား)၊ ဆွေးမြေ့ယိုယွင်းအိုမင်း တတ်တဲ့ ခန္ဓာကိုယ်ကြီးနှင့် မဆွေးမြေ့မယိုယွင်းမအိုမင်းတဲ့ နိဗ္ဗာန် ကြီးနဲ့ တပည့်တော်တို့ လဲယူတာပါဘုရားလို့ မှတ်လိုက်စမ်း ပါ (မှန်လှပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ကိလေသာမီးလောင်နေတဲ့ခန္ဓာ

တပ္ပမာနေန နိဗ္ဗူတိံ၊ တဲ့ ခန္ဓာကိုယ်ကြီးက ကိလေသာမီး ဒုက္ခမီးတွေ လောင်နေတာ၊ မီးလောင်သွားတဲ့ ပစ္စည်းနဲ့၊ မီးလောင် တတ်တဲ့ပစ္စည်းနဲ့ မီး(၁၁)မီးတို့၏ ငြိမ်းရာဖြစ်တဲ့ နိဗ္ဗာန်ကြီးနဲ့ တပည့်တော်တို့လဲတဲ့ အလှူပွဲပါ ဘုရားလို့ မှတ်လိုက်စမ်းပါ (မှန်လှ ပါ ဘုရား)၊ အဖိုးသိပ်တန်ပြီနော် (တန်ပါတယ် ဘုရား)၊ အဖိုးသိပ်တန်သွားပြီ (တင်ပါ)။

မီး(၁၁)မီးတို့၏ငြိမ်းရာနိဗ္ဗာန်

ကိလေသာမီး၊ ဒုက္ခမီးနဲ့ ခန္ဓာကိုယ်ကြီးက လောင် နေတယ် (မှန်လှပါ ဘုရား)၊ အဲဒီ လောင်တတ်တဲ့ ခန္ဓာကိုယ်ကြီးနဲ့ ရှာထားတဲ့ ပစ္စည်းနဲ့၊ မီး(၁၁)မီးတို့၏ ငြိမ်းရာ သိမ်းရာဖြစ် တဲ့နိဗ္ဗာန်ကြီးနဲ့ တပည့်တော်တို့ လဲလှယ်လို့ လှူပါတယ် ဘုရား (မှန်လျပါ ဘုရား)၊ သိပ် အဖိုး သိပ်တန်သွားပြီ (မှန်လှပါ ဘုရား)။

ဒုက္ခနဲ့သုခလဲယူတဲ့ပွဲ

ကဲ ဒါဖြင့် ဒီနေ့ အလှူပွဲဟာ ဘာပွဲပါလိမ့်၊ အို ဒုက္ခ နဲ့သုခလဲယူတဲ့ပွဲ (မှန်လှပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ အဲတော့ကို မီးလောင်စာ မီးသွေးတွေနဲ့ မီးမလောင်တတ်တဲ့ နိဗ္ဗာန် ရွှေပြည်မြတ်ကြီးနဲ့ လဲယူတယ် (မှန်လှပါ ဘုရား)၊

မီးလောင်တတ်တဲ့ ဒုက္ခသစ္စာကြီးနဲ့ဟုတ်လား (တင်ပါ)၊ မီး(၁၁)မီး ငြိမ်းတဲ့နိဗ္ဗာန်ကြီးကို လဲလှယ်တာတဲ့၊ လဲလှယ် တဲ့အလှူပွဲဖြစ်အောင် လုပ်လိုက်စမ်းပါ (မှန်လှပါ ဘုရား)၊

ဒါဖြင့် အိုတတ် နာတတ်သေတတ်တဲ့ ခန္ဓာကိုယ်ကြီးနဲ့ မအို မသေအမြဲနေတဲ့ နိဗ္ဗာန်ကြီးနဲ့ လဲလှူတဲ့ပွဲ ဦးသန်းမောင် တို့အလှူ ပွဲဟာ (မှန်ပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့်ဒီခန္ဓာကိုယ်ကြီးဟာ အိုတတ်နာတတ်သေတတ်တဲ့ ခန္ဓာကိုယ်ကြီး (မှန်ပါ ဘုရား)၊ ဒီခန္ဓာကိုယ်ကြီးကလုပ်ရတဲ့ ပစ္စည်းနဲ့ မအိုမသေအမြဲနေတဲ့ နိဗ္ဗာန်ကြီးနဲ့ လဲယူပါတော့မယ် ဆိုပြီးလဲတာဟာ အလှူပေးတာပဲ (တင်ပါ ဘုရား)၊ ဦးသံဒိုင် သိပ်အဖိုးတန်တဲ့စကားတွေ (မှန်လှပါ ဘုရား)၊ ဒါမြတ်စွာ ဘုရားဟောတော်မူတာ (မှန်ပါ ဘုရား)၊ ဒီလိုလုပ်စမ်းပါ (မှန်ပါ ဘုရား)။

ရန်သိမ်းတဲ့နိဗ္ဗာန်နဲ့လဲယူလိုက်တာ

မီးလောင်နေတဲ့ မီးစာကြီးနဲ့ မီးငြိမ်းရာကို လဲယူတာ ကိုအလှူပွဲလို့လုပ်လိုက်ပါ (မှန်လှပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ရန်သူငါးတန်နဲ့ ဆက်ဆံနေတဲ့ ပစ္စည်းနဲ့ ရန်သိမ်းတဲ့နိဗ္ဗာန်ကြီးနဲ့ လဲယူလိုက်တဲ့ဥစ္စာ အလှူပွဲလို့ မှတ်လိုက်စမ်းပါ (မှန်လှပါ ဘုရား)။

ခင်ဗျားပစ္စည်းဟာ တစ်သိန်းကိုးသောင်း ကုန်ပါလိမ့် မယ်၊ ရန်သူတွေမီး(၁၁)မီးနဲ့ ရာဇတော ဝါ ဆိုတဲ့မီးတွေနဲ့လည်း ဆက်ဆံပါတယ်၊ စောရတော ဝါ ဆိုတဲ့ သူခိုး ခိုးသွားလည်း ဆက်ဆံပါတယ် (မှန်လှပါ)၊ ဒါဖြင့်မီးမျိုးစုံ ဆက်ဆံပြီး သကာလ နေတဲ့ပစ္စည်းနဲ့ လုံးဝ မခတဲ့နိဗ္ဗာန်ကြီးနဲ့လဲလှူတဲ့ဒါနပါ (မှန်လှ ပါ ဘုရား)၊ ပြောင်းပစ်ပါ (မှန်ပါ)။

ပြောင်းပစ်ပါတဲ့ ဒီဥစ္စာအင်မတန် အရေးကြီးနေလို့ ပြောတာ ဒါဖြင့် ခန္ဓာကိုယ်ကြီး ဒုက္ခသစ္စာနဲ့ နိဗ္ဗာန် နိရောဓသစ္စာ နဲ့လဲ ယူ ပါတယ် ဘု ရား (မှန်ပါ ဘုရား)၊ ဒီ ဒါနပါ တပည့်တော်တို့ဒါနက (မှန်ပါ)၊ ရန်သူငါးတန်ဆက်ဆံတဲ့ ပစ္စည်းနဲ့ရန်သိမ်းတဲ့ နိဗ္ဗာန်ကြီး နဲ့လဲယူပါတယ်ဘုရား (မှန်ပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အယုတ်နဲ့အမြတ်လဲတဲ့ပွဲ

ဒါဖြင့်(၁၁) မီးလောင်နေတဲ့ ခန္ဓာကိုယ်ကြီးနဲ့ (၁၁)မီး ငြိမ်းတဲ့ နိဗ္ဗာန်ကြီးကိုလည်း၊ လဲယူတဲ့ဥစ္စာ တပည့်တော် အလှူပွဲ ပါပဲ (မှန်ပါ ဘုရား)၊ ဒါသစ္စာဉာဏ်နဲ့ပြော နေတာ (မှန်ပါ ဘုရား)၊ အင်မတန် အဖိုးတန် သွားပြီနော် (အဖိုးတန်ပါတယ် ဘုရား)၊ အင်မတန် အဖိုးတန် သွားပြီတဲ့ (တင်ပါ)။

ဒါဖြင့်အားလုံး ဒကာ ဒကာမတွေ ဦးသန်းမောင်တို့ အလှူ ပွဲဟာဖြင့်အယုတ်နဲ့ အမြတ်လဲတဲ့ပွဲပဲ (မှန်လှပါ ဘုရား)၊

ဘာပါလိမ့် (အယုတ်နဲ့အမြတ်လဲတဲ့ပွဲ ပါ ဘုရား)၊ အေး ဦးသန်းမောင်တို့ ဒေါ်ကောက်တို့ လမ်းပြကောင်း နဲ့တွေ့လို့ အယုတ်နဲ့အမြတ်လဲနိုင်တာနော်၊ နို့မဟုတ်ရင် ဓားနဲ့ဆားလဲသလို ဖြစ်ရမယ် (မှန်လှပါ ဘုရား)၊ သိပ်နစ်နာသွားမယ် (မှန်လှပါ ဘုရား)။

ဓားနဲ့ဆားလဲတာများတယ်

ဓားကလည်း သံချေးတက်၊ ဆားကလည်း အမှုန်တွေ ရော (မှန်ပါ ဘုရား)၊ တစ်ခုမှ အကောင်း မပါဘူး (မှန်ပါ ဘုရား)၊ အဲဒီလို လဲယူတဲ့ပုဂ္ဂိုလ်တွေသာ များပါတယ်၊ မီးလောင်စာနဲ့ မီးငြိမ်းတာနဲ့ လဲယူတဲ့ ပုဂ္ဂိုလ်က သစ္စာဉာဏ် ရမှလဲနိုင်ပါတယ် (မှန်လှပါ ဘုရား)၊ တော်တော်အရေးကြီး တယ်နော် (မှန်လှပါ ဘုရား)။

အဲဒါကြောင့် တို့ပြည်ရွှေဆံတော်မှာ ရှိတဲ့တန်ဆောင်း ဇရပ်၊ ကံမမှာ ရှိတဲ့ဇရပ်ဟာ အများသော ပုဂ္ဂိုလ် တည်းခိုရာ၊ ဒီနေရာကနေပြီး သကာလ နိဗ္ဗာန်ပေါက်ရောက်ပြီး သကာလ ဒီအပေါ်မှာ တည်းခို၊ ဒီအပေါ်မှာပဲ တရားအားထုတ်၊ ဒီကနေပြီး သကာလ နိဗ္ဗာန် သွားစေလိုတဲ့ ဆန္ဒကြောင့် မိမိတို့ ဒီဇရပ်ကြီးကို ဆောက်လှူခြင်းသည် ကိလေသာမီး မလောင်တဲ့ ပစ္စည်းကို၊ စားသောက် ပစ်တာ ကိလေသာမီး လောင်သွားတာ (မှန်ပါ)။

ကိလေသာမီးလောင်သွားတာ

ခင်ဗျားရှိတဲ့ပစ္စည်း စားသောက်ပစ်လိုက်ရင် (ကိလေ သာမီးလောင်သွားတာပါ ဘုရား)၊ စားသောက် ပစ်လိုက်ရင် ကိလေသာမီး လောင်တာ၊ မာစီဒီး ဝယ်လိုက်မယ် (ကိလေ သာမီး လောင်တာပါ ဘု ရား)၊ ကိလေသာမီး လောင်တာပဲ။ တိုက်ကြီး သိန်း(၆)သောင်း ကုန်အောင် တည်လိုက်မယ် (ကိလေသာမီး လောင်တာပါ ဘုရား)။

အဲ့ဒီကိလေသာမီးတွေ လောင်တဲ့ အထဲကမှ ကိလေသာမလောင်ရာ ဖြစ်တဲ့ နေရာဌာနကို ဆွဲထုတ်လို့ ရတဲ့ပစ္စည်း လို့မှတ်လိုက်စမ်းပါ (မှန်လှပါ ဘုရား)၊ ဒါဖြင့်ကိလေသာ မီးထဲ ကဆွဲထုတ်တဲ့ နေ့ (မှန်လှပါ)၊ ဒီနေ့ ဘာနေ့ပါလိမ့် (ကိလေသာမီးထဲကဆွဲထုတ်တဲ့နေ့ပါ ဘုရား)။

အဲတော့ ကိလေသာမီးထဲက ဆွဲထုတ်လိုက်တဲ့ အခါကျ တော့ကိုတဲ့ မီးမလောင်တဲ့ပစ္စည်းဟာ ဆွဲထုတ် နိုင်တဲ့ ပုဂ္ဂိုလ်၏ ပစ္စည်းဖြစ်ပါတယ် (မှန်လှပါ ဘုရား)၊ မီးကတော့ လောင်နေ တာပဲ (လောင်နေပါတယ် ဘုရား)၊ ကိလေသာမီး ကဖြင့်ဘာ ပါကွာ၊ ညာပါကွာ၊ ဘာလုပ်ကွာ၊ ညာလုပ်ကွာ ဆိုပြီး ကိလေသာမီးလောင်လို့ ဒီပစ္စည်းတွေဟာ တစ်နေ့သောင်းကိုးထောင်ထွက်နေ တာပဲ (မှန်ပါ ဘုရား)။

ဆရာကောင်းဆည်းကပ်မိလို့

ကိလေသာနဲ့ ကိလေသာနဲ့ သုံးပစ်လိုက်တာ (မှန်ပါ ဘုရား)၊ မထွက်ဘူးလား (ထွက်ပါတယ် ဘုရား)၊ အဲဒါ ကိလေသာမီးလောင်တဲ့ပစ္စည်း (တင်ပါ)၊ အဲ ကိလေ သာမီး ဒုက္ခမီးလောင်တဲ့ပစ္စည်းကို ဆရာကောင်း သမားကောင်း ဆည်းကပ်မိတဲ့အတွက် မီးထဲက ဆွဲထုတ်ပြီး သကာလ လာတဲ့ ဇရပ်ဟာ ဪ ဘယ်သူ ပိုင်ပါလိမ့်မတုံး မေးလို့ရှိရင်ဖြင့် ဦးသန်းမောင် ပိုင်တယ် (မှန်လှပါ ဘုရား)။

သူ့မီးထဲကသူဆွဲထုတ်ထားတာ (မှန်လှပါ ဘုရား)၊ ဒီအတိုင်းနေလည်းတစ်သိန်းကိုးသောင်းက ကုန်သွားတာပဲ (ကုန်ပါတယ် ဘုရား)၊ ကိလေသာမီးစားပစ် တာနဲ့ (မှန်လှပါ ဘုရား)၊ ဒီထဲကနေပြီး ပြည်ရွှေဆံတော်မှာလည်း တပည့်တော်တို့ အများတည်းခိုရန် စတုဒိသာဇရပ် ဆောက်ပါတယ်။ ကံမမြို့မှာ လည်းဆောက် ပါတယ်။ ပုပ္ပါးမှာလည်း ဆောက်ပါတယ် အများတည်းခိုရန် စတုဒိသာသာသနိက အဖြစ်နဲ့တပည့်တော်တို့ ရည်မှန်းပြီးဆောက်ပါတယ်။

မီးထဲကဆွဲထုတ်ထားတာ အဲဒါလေးပဲ ဦးသန်းမောင် အပိုင်ရှိတယ် (မှန်ပါ ဘုရား)၊ အိမ်မှာရှိတဲ့ စက္ကူတွေက ပိုင်ကို မပိုင်ဘူး (မပိုင်ပါ ဘုရား)၊ ဘာကြောင့်မပိုင်ဆို လို့ရှိရင် နိုင်ငံရေးကလာ၊ လူမှုရေးက လာလို့ရှိရင် မီးလောင်သွားပြီ ပေးလိုက်ရပြီ (မှန်လှပါ ဘုရား)။

ဒုက္ခမီးတွေ၊ ရာဇတောဝါ ဆိုတဲ့မီးတွေ၊ စောရတောဝါ ဆိုတဲ့မီးတွေ အဲဒီမီးတွေ အလောင် မခံတော့ ပါဘူးကွာ၊ ဆွဲထုတ်ပါတော့မယ် ဆိုပြီး သကာလ အခု ပြည်ရွှေဆံတော်မှာ လည်းအင်း စတုဒိသာဇရပ်ကြီးတစ်ခု၊ ကံမမြို့မှာလည်း စတုဒိသာဇရပ် ပုပ္ပါးတောင်မှာလည်း စတုဒိသာ ဇရပ်ကြီးတစ်ခု ဟာ ဪ ဦးသန်းမောင် ခင်ဗျားနည်းနည်းပါးလို့ တော် သေးတယ်နော် (မှန်လှပါ)၊

နို့မဟုတ်ရင် ဒါကိလေသာမီးထဲ အကုန်ပါသွားမှာ (မှန်လှပါ ဘုရား)၊ မပါပေဘူးလား (ပါပါတယ် ဘုရား)။

ကိလေသာမီးထဲကဆွဲထုတ်တာ

ကိလေသာမီး၊ မင်းဘေး၊ စိုးဘေး သူခိုးဘေး မီးထဲမပါ ပေဘူးလား (ပါပါတယ် ဘုရား)၊ အဲဒါ အခု ကျန်နေရစ်တာ ဦးသန်းမောင် ဆွဲထုတ်ကောင်းလို့ (မှန်လှပါ ဘုရား)၊ ဆွဲ မထုတ်တဲ့ ပုဂ္ဂိုလ် တွေဖြင့် ပြောင်ကြပြီ (မှန်ပါ ဘုရား)၊ သဘောပါပလား (ပါ ပါပြီ ဘုရား)။

ဪ ငါသည်ကားလို့ဆိုရင် မီးထဲကဆွဲထုတ် လို့ရတဲ့နေ့ပါလားလို့အောက်မေ့၊ ကုန်တဲ့နေ့လို့ မအောက် မေ့နဲ့ (မှန်လှပါ ဘုရား)၊ ကုန်တဲ့နေ့လားရတဲ့နေ့လား (ရတဲ့နေ့ပါ ဘုရား)၊ အင်း ဒီပစ္စည်း တစ်သိန်း ကိုးသောင်း အစ ရှိသည် တန်တဲ့ ဥစ္စာတွေဟာ ကိလေသာမီးကသာ သုံးလိုက်မယ် ဆိုလို့ရှိရင်ဖြင့် အင်း တစ်ခုခု တည်ထောင်လိုက်မယ် စက်ရုံ ကြီးကို သိန်းပေါင်း သုံးလေးဆယ်နဲ့ တည်ထောင် လိုက်မယ် ဆိုလို့ ရှိရင် ဒါကိလေသာမီးပွားသွားတာပဲ (မှန်လှပါ ဘုရား)။

ဟာ ဒီ ကိလေသာမီး အပွားမခံနိုင်ပါဘူးကွာ မီးထဲ ကဆွဲထုတ်မယ်ဆိုပြီး သကာလ ကံမမြို့မှာ၊ ပြည်မြို့မှာ၊ ပုပ္ပါးတောင်မှာ၊ ဒါဘယ်သူရတာတုံး ဆွဲထုတ်တဲ့ပုဂ္ဂိုလ်ရတာ ပေါ့ (မှန်ပါ ဘုရား)၊ ဘယ် သူရတုံး (ဆွဲထုတ် တဲ့ပုဂ္ဂိုလ်ရပါတယ် ဘုရား)။

ရတဲ့ပစ္စည်းလား ကုန်တဲ့ပစ္စည်းလား

ဒါဖြင့် ဦးသန်းမောင် ဒေါ်ကောက်တို့ ရတဲ့ပစ္စည်း (မှန်ပါ ဘုရား)၊ ကုန်တဲ့ပစ္စည်းလား ရတဲ့ ပစ္စည်းလား (ရတဲ့ ပစ္စည်းပါ ဘုရား)၊ အဲဒါနောက်ကို ဘယ်သူကပဲ မေးမေး ဦးသန်းမောင် ဘယ်လောက် ကုန်တုံးလို့ မေးလို့ရှိရင် အကုန်မမေး ပါနဲ့ဗျာ၊ ဘယ်လောက် ရတုံးမေးစမ်းပါ (မှန်ပါ ဘုရား)။

မီးထဲကဆွဲထုတ်ထားတာ၊ နို့မဟုတ်ရင် ကိလေသာ မီးလောင်သွားလို့ကုန်မှာပဲ (ကုန်မှာပါ ဘုရား)၊ အဲတော့ ခင်ဗျားတို့ကအမေးကိုမတတ်ဘူး (တင်ပါ ဘုရား) ဦးသန်းမောင် ပုပ္ပါးဇရပ် ဘယ်လောက် ကုန်သွားတဲ့ ကုန်တာပဲ မေးနေတာ (တင်ပါ)။

ပြည်မှာဆောက်တဲ့ဇရပ် ဘယ်လောက် ကုန်သွားတုံး၊ ကံမမှာဆောက်တဲ့ ဥစ္စာကော ဘယ်လောက် ကုန်သွားတုံး၊ ဒါမသိတဲ့ လူကမေးတာ (မှန်လှပါ ဘုရား)၊ သိတဲ့လူ ကတော့ ဟို မှာ သမုဒယသစ္စာထဲကနေပြီး သကာလ ဆွဲထုတ်တယ် (တင်ပါ ဘုရား)။

ဟိုမှာ နဂိုကသမုဒယတွေရှိနေတာ၊ သမုဒယဆိုတာ ကိလေသာမီး၊ ကိလေသာမီးတွေ လောင်တဲ့ အထဲကနေပြီး အခုနေရာသုံးခုကိုဆွဲထုတ်ပြီး ဟိုရွှေ့ထား ဒီရွှေ့ထား မီးမကူးအောင် (မှန်လှပါ ဘုရား)။

ဆိုတော့ ဒီဟာတွေက ဦးသန်းမောင် ဘယ်လောက် ရသတုံးလို့မေးလိုက်လို့ရှိရင်ဖြင့် ခင်ဗျားတို့ စာရင်းအတိုင်း ရတယ် (မှန်လှပါ ဘုရား)၊ ကုန်သွားတာလား ရတာ လား (ရတာပါ ဘုရား)၊ အဲတော့ မင်းတို့ ဒကာရင်း ဆရာရင်းတွေကလည်း ဦးသန်းမောင် ပုပ္ပါးက ဘယ်လောက် ရတုံး၊ ဒီလိုမေးရမယ် (မှန်လှပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ပြည်မှာဘယ်လောက်ရတုံး၊ ကံမမြို့မှာဘယ်လောက် ရတုံး၊ ဒီလိုမေးမှ မှန်တယ်၊ ဟိုဦးသံဒိုင် တို့က လူရှော်တွေကွ၊ ဘယ်လောက်ကုန်တုံး၊ မေးနည်းကိုက မဟန်ဘူး (မှန်လှပါ ဘုရား)၊ ဟန်ကျရဲ့လား (မဟန်ပါဘူး ဘုရား)။

မီးထဲကဆွဲထုတ်လို့ကျန်ရစ်တာ

ဦးသန်းမောင်က အခုမှ လိမ္မာရမှာ (အခုမှ လိမ္မာရမှာ ပါ ဘုရား)၊ အခုမှလိမ္မာရမှာသူက ကျုပ်ဘယ်လောက်ကုန် သွားတယ်လို့သူက ပြောချင်ပြောနေတာ (မှန်ပါ)၊ ကုန်တာ လားမီးထဲက ဆွဲထုတ်လို့ ကျန်ရစ်တာလား (မီးထဲကဆွဲထုတ် လို့ကျန်ရစ်တာပါ ဘုရား)ဟာ ဒီလောက် ရလိုက် သေးတယ် ဗျာ၊ ဒီလိုပြောရမှာ (မှန်လှပါ ဘုရား)၊ သဘောပါပလား ဒါကြံလုံးဖန်လုံးလို့ ထင်သလား၊ သဘောကော မဆိုက်ဘူးလား (ဆိုက်ပါတယ် ဘုရား)။

သဘောဆိုက်တယ် (မှန်လှပါ ဘုရား)၊ ကဲခန္ဓာကိုယ် မရဏမီးလောင်သွားတော့လည်းသူ ကျန်နေရစ်တော့တယ် ကိုယ်ပိုင်သေးရဲ့ လား (မပိုင်ပါ ဘူး ဘုရား)၊ ကိုယ်ရတာ ဟုတ်သေးရဲ့လား (မဟုတ်ပါဘူး ဘုရား)၊ မဟုတ်တော့ဘူး တဲ့၊ အိုလို့မစားနိုင်တော့လည်း ဒီပစ္စည်းတွေဟာ သူ့ဟာ သူကျန် နေရစ်တာဟာဆွဲထုတ်လို့ရသေး ရဲ့လား အင်း အိုမီးနာမီး၊ သေမီး၊ မင်းမီးစိုးမီး၊ သူခိုးမီး၊ ဒါတွေကနေပြီး သကာလ လောင် သွားလို့ရှိရင်လည်းတဲ့ ဦးသန်းမောင်တို့မှာ ကုန်ရမှာပဲ (မှန်ပါ ဘုရား)။

အခုတော့ဖြင့်ပြည်မှာလည်း ကျန်ရစ်ပါသေးတယ်၊ ကံမမှာ ဘယ်လောက် ကျန်ရစ်သေးတယ်၊ ပုပ္ပါးမှာ ဘယ်လောက် ကျန်ရစ် သေးတယ်၊ တော်သေးတယ်ဗျာ၊ အခုဟာ တော်သေးတာ၊ မီးထဲက အခု ဆွဲထုတ်တတ်လာတာ (မှန်ပါ)။

နဂိုကထုတ်နည်းကတစ်မျိုး

ဒါကတော့ ဘုန်းကြီးပြောလို့သာကို နဂိုကထုတ်နည်း က ဒါမျိုးမဟုတ်ဘူး (မဟုတ်ပါဘူး ဘုရား)၊ နဂိုက ဒါမျိုးကို မဟုတ်ဘူး (မဟုတ်ပါဘူး ဘုရား)၊ ဒါမျိုးမဟုတ်ဘူး သူများ ချမ်းသာအောင် လုပ်နေတာ၊ ဒီနေရာလေး စခန်းတည့်တယ်ဟေ့၊ အများချမ်းသာအောင် လုပ်လိုက်ဦးမယ် (မှန်ပါ)။

အများချမ်းသာ တောင့်တယ်၊ သဘောကျပလား (မှန်ပါ)၊ အင်း ကိုယ်မီးလောင်တဲ့ အထဲက ဆွဲထုတ် ထားလို့၊ ဦးသံဒိုင်တို့ မြည်တွန်ရတာ မြည်တွန်သင့်တယ်လို့မှတ်ပါ (မှန်လှပါ ဘုရား)။

သူမေးမှာကို ဦးသန်းမောင် ခင်ဗျားပြည်က ဘယ်လောက် ကုန်သွားတုံး ဘယ်လောက် ကုန်သွားတုံး မေးတာ (မှန်ပါ)၊ ဟိုမီးလောင်တဲ့ အထဲက ဆွဲထုတ်ထားတာကြီးကို ဘယ်လောက် ကုန်သွားတုံး မေးနေလို့ ခက်နေတာပေါ့ ဟိုကုန်တဲ့အထဲပါ သွားတယ် (မှန်ပါ)။

အခုဟာကမီးထဲကဆွဲထုတ်ထားလို့ ရတဲ့ပစ္စည်း တို့သည် နဂိုက မီးလောင်နေတဲ့ ပစ္စည်း အခု ဆွဲထုတ်ထားလို့ ပြည်မှာ ဘယ်လောက် ရလိုက်တယ်။ ကံမမှာ ဘယ်လောက် ရလိုက်တယ် သူ့တန်ဖိုး အတိုင်းပေါ့ဗျာ (မှန်လှပါ ဘုရား)။

ယနေ့စိတ်ပြောင်းပါ

ကဲ ပုပ္ပါးမှာဘယ်လောက် ရလိုက်တယ် ဆိုတဲ့ဥစ္စာ ဒီဟာကိုယနေ့စိတ်ပြောင်းပါ (မှန်ပါ ဘုရား)၊ အင်မတန် နက်တဲ့စကားလို့မှတ်လိုက်စမ်းပါ (မှန်လှပါ ဘုရား)၊ တစ်သက် နဲ့တစ်ကိုယ် ကြားကို မကြားဖူးပါဘူး (မကြားဖူးပါဘူး ဘုရား)၊ မကြားဖူးပါဘူး၊ ဘယ်လောက်ကုန် တုံးသာမေးနေတာပဲ။

အင်း ဇရပ်ဒကာကလည်း ဘယ်လောက်ကုန်သွား တယ်ဗျ၊ ဪ ခက်လိုက်တာ မီးထဲက ဆွဲထုတ်လို့ ရတဲ့ဥစ္စာ ကုန်သွားတယ်ပြောတယ် အရူးနဲ့တူပါရဲ့ (မှန်ပါ ဘုရား)၊ မဆို ထိုက်ဘူးလား၊ ဆိုထိုက်သလား (ဆိုထိုက်ပါတယ် ဘုရား)။

ဒီရောက်လာတာကံကောင်းတယ်

အဲဒီလောက်ကျအောင် ခင်ဗျားတို့မှာ အသိဉာဏ် ကသေးသိမ်မှေးမှိန်ပြီး သကာလ နေလို့ ဒီရောက်လာတာ ဦးသံဒိုင်တို့၊ ဦးသန်းမောင်တို့ ကံကောင်းတယ်လို့ ပြောတာ များပြောတာက နည်းသေးတယ် (မှန်လှပါ ဘုရား)၊ ကောင်းတာက ပိုနေတယ် (မှန်လှပါ ဘုရား)၊ သဘော ပါပလား (ပါ ပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ဒီနေ့ဘာလုပ်တဲ့ပွဲတုံး မီးထဲကဆွဲ ထုတ်လိုက်လို့အမြတ်ရတဲ့ပွဲဘုရာ့၊ ဒီနေ့ပွဲဟာ (မှန်လှ ပါ ဘုရား)၊ ဒီနေ့ ရေစက်ချပွဲသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဘာပွဲပါလိမ့်မတုံး (မီးထဲက ဆွဲထုတ်လို့ အမြတ်ရတဲ့ပွဲပါ ဘုရား)၊ အမြတ်ရတဲ့ပွဲ၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

အမြတ်ရတဲ့ပွဲ

အဲဒါအမြတ်ရတဲ့ ပွဲကို သေသေချာချာသိတော့မှ ဪ အိုတတ် နာတတ် သေတတ်တဲ့ ပစ္စည်းတစ်ခုနဲ့လဲလိုက်တာ (မှန်လှပါ ဘုရား)။

(၁၁)မီးလောင်နေတဲ့ခန္ဓာကိုယ်ကြီး၊ (၁၁)မီးလောင် နေတဲ့ပစ္စည်းတွေနှင့် မီးလွတ်ရာ ပို့ထားတဲ့ ဘုရား တန်ဆောင်းနဲ့ နိဗ္ဗာန်နဲ့ လဲလိုက်တဲ့ပစ္စည်း (မှန်လှပါ ဘုရား)၊ မီးထဲကပစ္စည်း ကတော့ လဲလို့မှမရတာ (မရပါဘူး ဘုရား)၊ အခု မီးလွတ် တဲ့ပစ္စည်းနဲ့တော့ (လဲလို့ရပါတယ် ဘုရား)၊ လဲလို့ ရတယ်။

မယုံရင်ကြည့် ခင်ဗျားတို့မီးထဲကပစ္စည်းနဲ့ ပြာနဲ့ငွေနဲ့ လဲမလားမေးရင် မလဲဘူးလို့ ဘယ်သူဖြစ်ဖြစ ်ပြောမှာပဲ (မှန်လှပါ ဘုရား)၊ မီးသွေးနဲ့ ရွှေနဲ့ လဲမလားလို့ မေးပြန်ရင်လည်း (မလဲပါဘူး ဘုရား)၊ ဘယ်သူမှမလဲဘူးတဲ့။

အခုတော့ဖြင့် မီးထဲကဆွဲထုတ်ထားတဲ့ပစ္စည်းဖြစ် လေသောကြောင့် နိဗ္ဗာန်နဲ့လဲလို့ရတယ် (မှန်လှပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ပြီးတော့ ဟိုဟာက ကိုယ်ပိုင် မဟုတ်ဘူး ဒါက ကိုယ်ပိုင် ဖြစ်လေသောကြောင့် လဲလို့ရ တယ် (မှန်လှပါ ဘုရား)။

ဟိုဟာကမင်းစိုးရာဇာနဲ့ဆက်ဆံလို့ရှိရင် ခင်ဗျားပစ္စည်း ကကျုပ်ဆီ ရောက်လာလည်း မင်းလိုက်ဦးမှာပဲ (တင်ပါ)၊ မဖြစ်ဘူး ဒီဇရပ်ဆိုတော့ စတုဒိသာသံယိက ဆိုတော့ကော ဇရပ်ဆိုတာ စတုဒိသာက ရေစက်ချရတာ၊ အရပ်လေးမျက်နှာ မှ သူဌေးသူကြွယ် ဖြစ်စေ၊ မင်း၊ ပုဏ္ဏား၊ သူဌေး၊ အနူအရွဲဖြစ်စေ၊ လာလို့ရှိရင်ဖြင့် အကုန်တည်းခိုနိုင်စေခြင်း အကျိုးငှာလှူဒါန်း သောကြောင့် စတုဒိသာသံဃိကလို့ မှတ်ပါ (မှန်လှပါ ဘုရား)။

ကောင်းပြီ စတုဒိသာ သံဃိကကြီးကို လှူနိုင်တာဟာ ဘယ်လိုကြောင့် လှူနိုင်ပါလိမ့်မတုံး ဆိုတော့ အို ဆွဲထုတ် ကောင်းလို့ပေါ့ နို့မဟုတ်ရင် အကုန်မီးထဲပါတယ် (မှန်ပါ ဘုရား)၊ ဘယ့်နဲ့ ကြောင့်ပါလိမ့် (ဆွဲထုတ်ကောင်းလို့ပါ ဘုရား)၊ ဆွဲထုတ်တာကောင်းလို့ နို့မဟုတ်ရင် ပါသွားမယ်၊ မပါပေဘူးလား (ပါ ပါတယ် ဘုရား)။

အဲဒီထဲကဆွဲထုတ်လို့ကောင်းတဲ့ ပစ္စည်းနဲ့ကျတော့ ဖြင့်သော် ဒါကိုယ်ပိုင်ပစ္စည်းဖြစ်လို့၊ အင်း ကိုယ်ပိုင် ပစ္စည်းပေမယ့်ကိုယ့်ဇရပ်ကအိုတတ်၊ နာတတ်၊ ဆွေးတတ်၊ မြေ့တတ်တဲ့ပစ္စည်း (မှန်ပါ)၊ ဆွေးတတ်၊ မြေ့တတ် တဲ့ပစ္စည်းနဲ့ မဆွေးတဲ့နိဗ္ဗာန်နဲ့ လဲနေတာ (မှန်ပါ)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒုက္ခနဲ့သုခလဲတဲ့နေ့

ဆွေးတတ်မြေ့တတ်တဲ့ဇရပ်တွေနဲ့မဆွေးတတ်၊ မမေ့တတ် တဲ့နိဗ္ဗာန်ကြီးနဲ့ လဲလှယ် ယူလိုက်ပါတယ် ဆိုတော့ ဒုက္ခသစ္စာနဲ့ ဆွေးတတ်မြေ့တတ်တယ်ဆိုတာဒုက္ခသစ္စာ (မှန်လှပါ)၊ ဒုက္ခ သစ္စာနဲ့ သုခသစ္စာလဲတဲ့နေ့၊ ရေစက်ချတဲ့နေ့လို့မှတ်ပါ၊ ဒါသစ္စာ ဉာဏ်နဲ့ ချတဲ့ရေစက်ချနော်၊ ကမ္မဿကတနဲ့တာ မဟုတ်ဘူး (မှန်လှပါ ဘုရား)၊ သစ္စာဉာဏ်နဲ့ရေစက်ချနေတယ်လို့မှတ်ပါ (မှန်လှပါ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဦးသန်းမောင်ကိစ္စမှာအားလုံး နာကြ၊ ကြားကြ၊ သိကြရတာ ဪ တို့ဟာနဂိုက မလဲတတ်တဲ့ပုဂ္ဂိုလ်တွေထဲ အပါအဝင် ပါလား၊ အဖိုးမတန်တဲ့ ဒုက္ခသစ္စာနဲ့ အဖိုးတန်တဲ့ နိရောဓသစ္စာလဲ ယူတာကိုဆွံ့ ကာတွန့်ကာနေလို့ရှိရင်ဖြင့် သစ္စာမသိဘူး (မှန်လှပါ ဘုရား)၊ အသေအချာမှတ်ပါ (မှန်လှပါ ဘုရား)။

ခင်ဗျားတို့ ဆွဲထုတ်လိုက်တဲ့ဇရပ်က ဥပမာ နောက် လေးငါးဆယ်နှစ် ဆိုခင်ဗျားတို့ကလည်း သေကုန်မယ်ဆို ဆွေးမြေ့ ပြီး အစားလည်း မထိုးနိုင်ကြတော့ သားတွေသမီးတွေကလည်း အမွေ ဆက်မခံတော့ဘူး ဆိုပါတော့ ဒီလိုဆိုလို့ ရှိရင်ဆွေးတတ်

မြေ့တတ်တဲ့ ပစ္စည်းက သေချာတယ် (မှန်လှပါ ဘုရား)။

မီးထဲကရတဲ့ ဆွေးတတ်မြေ့တတ်တဲ့ ပစ္စည်းနဲ့ မဆွေး မမြေ့တဲ့နိဗ္ဗာန်ကြီးနဲ့ ယနေ့လဲလှယ်တဲ့ နေ့ဟာ ရေစက်ချတဲ့ နေ့ (မှန်လှပါ ဘုရား)၊ သဘောပါပလား (ပါ ပါပြီ ဘုရား)၊ ဒါဖြင့် ယနေ့သည်ကား ဆိုရင်ဖြင့် သံသရာခရီးသည်ထဲမှာဖြင့် ယနေ့ပါး တဲ့ဉာဏ်ဝင်လာတာပဲ (မှန်လှပါ ဘုရား)။

အပါးထုတ်တဲ့နေ့

သံသရာခရီးသည်ဖြစ်လာတာကြာပါပြီ (မှန်လှပါ ဘုရား)၊ တစ်ခါမှမနားခဲ့ရပါဘူး၊ အဲဒီထဲက နေပြီး သကာလ အထူကြီးသာဖြစ်ခဲ့တယ် အပါးမဖြစ်ခဲ့ဘူး (မှန်လှပါ ဘုရား)၊ ယနေ့တော့ဖြင့် အပါးထုတ်တဲ့နေ့ (မှန်လှပါ ဘုရား)။

အိုတတ် ဆွေးတတ်တဲ့ဇရပ်ကြီးနဲ့ နိဗ္ဗာန်နဲ့လဲမယ်၊ ပုပ္ပါးမှာရှိတဲ့ဇရပ်နဲ့လည်း နိဗ္ဗာန်နဲ့လဲမယ်၊ ပြည်ရွှေဆံတော် မှာရှိတဲ့ ဇရပ်ကြီးနဲ့လည်း နိဗ္ဗာန်နဲ့ လဲမယ် (မှန်လှပါ ဘုရား)၊ ကံမမြို့မှာ ရှိတဲ့ ဇရပ်ကြီး အိုတတ်ဆွေးတတ်တဲ့ ဒုက္ခသစ္စာကြီးနဲ့ နိဗ္ဗာန်၊ သုခသစ္စာနဲ့လဲမယ် (မှန်လှပါ ဘုရား)၊ အဲဒါလဲတဲ့ နေ့လို့ ဒီနေ့မှတ်လိုက်စမ်းပါ (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် အခါတိုင်းဒီ ဉာဏ်မရဘူးတဲ့ ရှိလို့ လှူတယ် ပဲထင်လိုက်တယ် (တင်ပါ)၊ ဘယ်ဟုတ်လိမ့်မတုံး သူ့ဟာ ဒုက္ခသစ္စာနဲ့သုခသစ္စာလဲနေတာ (မှန်ပါ ဘုရား)၊ ဆိုတော့ ကမ္မဿကတလည်း မကျတာ၊ ကမ္မဿကတ ကျသေးရဲ့ လား (မကျပါဘူး)၊ ဒုက္ခသစ္စာနဲ့ သုခသစ္စာ လဲတဲ့နေ့ ဒီနေ့မှ ဉာဏ်ပါတဲ့နေ့ (မှန်ပါ ဘုရား)။

ဒုက္ခသစ္စာနဲ့ (သုခသစ္စာလဲတဲ့နေ့ပါ ဘုရား)၊ ဒါဖြင့် ရေစက်ချတယ် လှူဒါန်းတယ်ဆိုတဲ့ ဥစ္စာသည် ဒုက္ခသစ္စာ နှင့်အညံ့သစ္စာနှင့် အမြတ်ဆုံးသစ္စာနဲ့ လဲတာကို ဒါအလှူပေး တဲ့နေ့ခေါ်တာပါပဲ (မှန်ပါ ဘုရား)၊ သဘောပါပလား (ပါ ပါပြီ ဘုရား)၊ အင်မတန်အရေး ကြီးနေတယ်နော် (မှန်ပါ ဘုရား)။

ငါသာမညလူမဟုတ်တော့ဘူး

ဪ ကိုယ်တိုင်က ဒီလောက်မပါးငြား သော်လည်း ဆရာဘုန်းကြီးက ဉာဏ်ပေး လိုက်တဲ့ အတွက် ငါသာမညလူ မဟုတ်ဘူးဟေ့ ဒုက္ခနဲ့သုခ အရလဲတတ် တဲ့ပုဂ္ဂိုလ်ထဲတို့အပါ အဝင် ဖြစ်သွားတယ် (မှန်လှပါ ဘုရား)၊ ဉာဏ်ပါသွားပြီ ဒါလမ်းပြကောင်းလို့ (မှန်ပါ)၊

လမ်းပြမကောင်းရင်တော့ (မပါပါဘူး ဘုရား)မပါဘူး လမ်းပြမကောင်းလို့ရှိရင်ဖြင့် ဓားနဲ့ဆားလဲ နေဦးမှာ (မှန်ပါ ဘုရား)၊ မလဲပေဘူးလား (လဲပါတယ် ဘုရား)၊ အင်မတန် ကြောက်စရာ ကောင်းပါတယ်၊ အင်မတန် ကြောက်စရာကောင်းပါတယ်။

ကိုင်း ဒါဖြင့်ယနေ့အလှူပေးတဲ့နေ့လားတဲ့ ဒုက္ခနဲ့ သုခလဲတဲ့နေ့လား (ဒုက္ခနဲ့သုခလဲတဲ့နေ့ပါ ဘုရား)၊ ကောင်းပြီ ဒုက္ခနဲ့သုခလဲတယ် ဆိုကတည်းကိုက ဒုက္ခလည်း သူသိသောကြောင့် သစ္စာဉာဏ် (မှန်လှပါ ဘုရား)၊ နိရောဓလည်း သူသိသောကြောင့် (သစ္စာဉာဏ်) ဪ သစ္စဉာဏ်နဲ့ ယနေ့သည်ကား ဆိုရင်ဖြင့် ဆုံးဖြတ်ချက် ချတဲ့နေ့ (မှန်လှပါ ဘုရား)၊ သဘောပါကျပလား (ပါ ပါပြီ ဘုရား)။

သစ္စဉာဏ်နဲ့ (ဆုံးဖြတ်ချက်ချတဲ့နေပါ ဘုရား)၊ သစ္စဉာဏ်နဲ့ ဆုံးဖြတ်ချက်ချတဲ့နေ့၊ သစ္စာဉာဏ်နဲ့ အပါးထုတ် တဲ့နေ့ (မှန်လှပါ ဘုရား)၊ ဘာဖြစ်လို့တုံး ဒုက္ခနဲ့သုခ သူလဲပြီးလိုက် တာကို (မှန်လှပါ ဘုရား)။

ဒီနေ့ဟာဉာဏ်အထက်ဆုံး

ဒီနေ့သံသရာထဲ နေတဲ့အထဲမှာဖြင့် ဒီနေ့ဟာဉာဏ် အထက်ဆုံးမို့ ဒီနေ့လဲတတ်တဲ့နေ့ပဲ (မှန်ပါ ဘုရား)၊ အခါတိုင်းတော့ဖြင့် သံသရာ ခရီးသည်ဖြစ်ပြီးဒုက္ခ၊ ဒုက္ခချင်း သာလျှောက်လဲနေတာပဲ (မှန်လှပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

အခုတော့ဖြင့် ဒုက္ခနဲ့ ဘာနဲ့လဲပါလိမ့် (သုခနဲ့လဲ “ပါတယ် ဘုရား)၊ ဒုက္ခသစ္စာနဲ့ သုခသစ္စာ လဲတာ၊ သမုဒယ သစ္စာနယ်မှ နိရောဓသစ္စာနယ်နဲ့လည်း လဲယူလိုက်တာ (မှန်ပါ ဘုရား)၊ ငွေရှိ ရှိဒုက္ခပူနေရတော့ သမုဒယဖြစ်နေတာ (မှန်လှပါ ဘုရား)။

ကဲ ဒီဥစ္စာတော့ဖြင့် မပူရတဲ့နေရာကိုရှာပါတော့မယ် ဆိုပြီး သကာလ ဒီဇရပ်ကြီးသုံးခုကို ဆောက်လိုက်တဲ့ အတွက် အပူဓာတ် နဲ့အအေးဓာတ်နဲ့လဲတဲ့နေ့ (မှန်လှပါ ဘုရား)၊ သမုဒယသစ္စာနဲ့ နိရောဓသစ္စာ လဲတဲ့နေ့ (မှန်ပါ ဘုရား)၊ သိပ်အဖိုးတန်ပါတယ်။ ဘာနဲ့ဘာလဲပါလိမ့် (ဒုက္ခသစ္စာ နဲ့နိရောဓ သစ္စာလဲတဲ့နေ့ပါ ဘုရား)။

မြန်မာလို ပြန်လိုက်တော့ အပူနဲ့အအေး အပါးထုတ် ပြီးလဲတဲ့နေ့ (မှန်လှပါ ဘုရား)၊ အပူနဲ့အအေးကို အပါးထုတ် ပြီးလဲတဲ့နေ့ ဆိုတာဦးသန်းမောင် သေချာပလား (သေချာပါတယ် ဘုရား)၊ အို ဒါဒီဉာဏ်ကို ဘုန်ကြီးကသွင်း ပေးလိုက်တာဟာ ဝိဝဋ္ဋအစစ်ဖြစ်အောင် သွင်းနေတာ (မှန်လှပါ ဘုရား)၊ ဒီမှာ ဒါရေစက်ချနေတာ (မှန်လှပါ ဘုရား)။

ဆင်းရဲနဲ့ချမ်းသာလဲယူတဲ့နေ့

ဝိဝဋ္ဋ အစစ်ဖြစ်အောင်သွင်းပေးနေတာ (မှန်လှပါ ဘုရား)၊ ဦးသန်းမောင်ဉာဏ်၊ ဦးသံဒိုင်တို့ဉာဏ်၊ မောင်သစ်တို့ ဉာဏ်က ဒီကိုမရောက်ဘူး (မရောက်ပါဘူး ဘုရား)၊ ရောက်ကို မရောက်ဘူး၊ ဘာရောက်မလဲ ခင်ဗျားတို့က သစ္စာမပိုင်မှ မပိုင်ဘဲ (တင်ပါ ဘုရား)၊ အခုတော့ သေသေချာချာ စဉ်းစားကြည့်တော့၊ ဟေ့ ဒါနလား ဟုတ်လား၊ သစ္စာနှစ်ခုကို သူလဲလှယ်တတ် တာလားလို့ မေးလို့ရှိရင် ဘယ့်နဲ့ပြောကြမတုံး (သစ္စာနှစ်ခု လဲလှယ်တာပါ ဘုရား)။

သစ္စာနှစ်ခုကဘာတုံး အပူသစ္စာနဲ့အအေး သစ္စာ (မှန်လှပါ ဘုရား)၊ ဆင်းရဲသစ္စာနဲ့ ချမ်းသာသစ္စာ၊ ဒါနှစ်ခုကိုယနေ့ ဉာဏ်ထူးပေါက်ပြီး သကာလ ကိုင်းအပူနဲ့ အအေးလဲမယ်ကွာ၊ ဆင်းရဲနဲ့ ချမ်းသာလဲမယ်ကွာ (မှန်ပါ)၊ ဆိုပြီး လဲယူတဲ့နေ့ဟာ အလှူပေးတဲ့နေ့ (မှန်လှပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဪ ဒီဉာဏ်ရဖို့ ဦးသံဒိုင်လွယ်ပါ့မလား (မလွယ်ပါဘူးဘု ရား)၊ အခုရပြီနော် (ရပါပြီ ဘုရား)၊

ဪ ခင်ဗျားမှာ ငွေတွေအပူ ရှိတယ် ဆိုလိုရှိရင်ဖြင့် သေနတ် ရှာရဦးတော့မလိုလို၊ အင်း ဖုံးဖိပြီးထားရဦး တော့မလိုလို၊ စက္ကူအသစ်တွေ ပတ်ပြီး သကာလ သေတ္တာခွံ လုပ်ရဦးတော့ မလိုလို ပူနေတာကိုဗျ (မှန်လှပါ ဘုရား)။

အပူနဲ့အအေးလဲလိုက်တာ

အဲဒီ အပူတွေကို ကဲ အအေးနဲ့လဲတော့မယ်ဆိုပြီး သကာလ ခင်ဗျားတို့ ဇရပ်သုံးဆောင် ဆောက်လိုက်ပါတယ် (မှန်ပါ ဘုရား)၊ ဒါဖြင့်ဘာနဲ့ လဲလိုက်တာတုံး (အပူနဲ့အအေး နဲ့လဲတာပါ ဘုရား)၊ အပူနဲ့အအေးနဲ့ လဲလိုက်တာ (မှန်ပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အပူနဲ့အအေးနဲ့ လဲတာသည် သာမညဉာဏ်နဲ့လဲတာလားလို့ မေးတဲ့အခါကျတော့ သစ္စာနှစ်ခုကို ပိုင်ပိုင် သိပြီးလဲ တာ (မှန်လှပါ ဘုရား)၊ အပူသစ္စာကို အပူသစ္စာလို့သိတယ်၊ အအေးသစ္စာကော (အအေးသစ္စာလို့သိပါတယ် ဘုရား)။

အဲတော့သစ္စာဉာဏ်နဲ့လဲတဲ့နေ့ဆိုတော့ အလှူပေးတဲ့နေ့ မြန်မာလိုပြန်တော့ အလှူပေးတဲ့နေ့ ဆိုတော့ အလှူပေးတဲ့ နေ့ (မှန်ပါ)၊ ဟုတ်လား ကိုယ့်ဉာဏ်နဲ့ ဖြစ်စဉ်ကတော့ သစ္စာနှစ်ခုကို ဝေဖန် သိတဲ့နေ့ (မှန်ပါ ဘုရား)၊ ဘာသိတဲ့ နေ့တုံး (သစ္စာနှစ်ခုကို ဝေဖန်သိတဲ့နေ့ပါ ဘုရား)။

သစ္စာနှစ်စုကိုဝေဖန်သိတဲ့နေ့

အို သစ္စာနှစ်ခု ဝေဖန်သိလို့ရှိရင်ဖြင့် ခင်ဗျားတို့ ခဏလေးနဲ့ အရိယာဖြစ်တော့မယ် (မှန်လှပါ ဘုရား)၊ ခဏလေးနဲ့ အရိယာဖြစ်တော့မယ်တဲ့ အပူသစ္စာနဲ့ အအေးသစ္စာကို လဲတတ်တဲ့ ပုဂ္ဂိုလ်ဟာ သစ္စာတစ်ခုတည်း သိလို့ ဦးသံဒိုင်ဖြစ်တာ မဟုတ်ဘူး (မှန်လှပါ ဘုရား)၊ နှစ်ခုကိုသူသိမှ (မှန်လှပါ ဘုရား)။

ဒါဖြင့် တစ်ခုက အပူသစ္စာက သမုဒယသစ္စာ၊ အအေး သစ္စာကနိရောဓသစ္စာ၊ သိတာက မဂ္ဂသစ္စာ၊ ဒီဉာဏ်နဲ့ လဲပစ် တယ် (မှန်လှပါ ဘုရား)၊ ဉာဏ်က လဲပစ်တော့ကိုတဲ့ ဪ ဒါဖြင့်တို့ သည်ကားလို့ ဆိုလို့ရှိရင် ဒီနေ့မှပဲ ဉာဏ်ထူးရတဲ့နေ့ ဆိုတော့ ဉာဏံ ဥဒပါဒိ လာဖြစ်သွားတယ် (တင်ပါ ဘုရား)၊ ရှင်းပလား (ရှင်း ပါပြီ ဘုရား)။

ဉာဏ်ထူးရတဲ့နေ့

စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ လာဖြစ်သွားတယ် (မှန်ပါ ဘုရား)၊ ဒီဉာဏ် ပေါ်လာတယ်၊ တယ်လည်း အဖိုးတန် ပါလား ဦးသံဒိုင် (အဖိုးတန်ပါတယ် ဘုရား)၊ အင်မတန်အဖိုး တန်တယ်လို့ အောက်မေ့စမ်းပါ (အဖိုးတန်ပါတယ် ဘုရား)။

ဒီဟာက ထိုးထိုးထွင်းထွင်းနဲ့ ပြောလည်း ပြောတတ်မှ၊ ကိုယ်ကလည်း သစ္စာဆရာသမားဆီမှာ နာတတ်မှ၊ နဂိုကလည်း အခြေအမြစ်သစ္စာကို သိထားတော့မှ ဪ အလုပ်သည် ကားလို့ဆိုရင် နဂိုက သစ္စာမသိဘဲနဲ့ အရမ်းဆောက်တဲ့ဇရပ်တွေ (မှန်ပါ)။

အခုဆရာဘုန်းကြီး ကယ်တင်လိုက်တဲ့အတွက်၊ ကယ်တင် လိုက်တဲ့အတွက်တဲ့ ဪ အအေးနဲ့ အပူလဲ ဖြစ်ပေပြီ (မှန်လှပါ ဘုရား)၊ အပူကသမုဒယသစ္စာ (မှန်ပါ ဘုရား)၊ အအေးက (နိရောဓသစ္စာပါ ဘုရား)၊ ဪ ဒါဖြင့် သူ့အတွက်ပူနေရတဲ့ ပစ္စည်းကိုမပူရတဲ့ နိဗ္ဗာန်ကြီးနဲ့ လဲပါတော့မယ် ဆိုပြီး သကာလ ဇရပ်ဆောက်လိုက်တယ် (မှန်လှ ပါ ဘုရား)၊

ဒါဖြင့်ဦးသန်းမောင်ဒီနေ့ သစ္စာဉာဏ်ရတဲ့နေ့ (မှန်လှပါ ဘုရား)၊ မြန်မာလိုပြန်တော့ အလှူပေးတဲ့နေ့ (အလှူပေးတဲ့နေ့ပါ ဘုရား)။

စူဠသောတာပန်စတည်တဲ့နေ့

အဘိဓမ္မာနည်းနဲ့ ကျကျကြီး ပြောလိုက်တဲ့အခါကျ တော့ သစ္စာဉာဏ်ရတဲ့နေ့ ဆိုတော့ သောတာပန် စတည်တဲ့နေ့ လို့ဆိုတယ် (မှန်လှပါ ဘုရား) စူဠသောတာပန် စတည်တဲ့ နေ့ (မှန်ပါ ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အားလုံး ဒကာ ဒကာမတွေဦးသန်းမောင်အကြောင်း ပြုပြီး သကာလ ဦးသံဒိုင်တို့ရော၊ မောင်သစ်တို့ရော၊ နောက် ကဒကာ ဒကာမတွေကောဒီအသိဟာမသေးဘူးဆိုတာပေါ်လာ တယ် (မသေးပါဘူး ဘုရား)၊ တစ်သက်တစ်ခါမှမကြား ဖူးဘူး (မကြားဖူးပါဘူး ဘုရား)၊ ဒီအသိဟာ မသေးဘူး ဆိုတာ သေချာမှတ်ပါ (မှန်လှပါ ဘုရား)။

ကဲ တစ်ခါ ခန္ဓာကြီးက ဒုက္ခသစ္စာ၊ စက္ခုတွေ ကလည်း ဒုက္ခသစ္စာ၊ စက္ခုက ရုပ်တွေကို၊ ရုပ်တွေဆိုတော့ ဒုက္ခသစ္စာ၊ ကဲ ဒုက္ခသစ္စာနဲ့ သုခသစ္စာနဲ့လဲပါတော့ မယ်ဆိုပြီး လဲလိုက်လို့ ရလည်း ရပါပြီ ဆိုတော့ ဒါသာမညဉာဏ်ရှိတဲ့ ပုဂ္ဂိုလ် မဟုတ် ဘူး၊ သစ္စဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်မို့ လဲ တတ်တာ (မှန်လှပါ ဘုရား)၊ ဒိပြင်ပုဂ္ဂိုလ်က (မလဲတတ်ပါဘူး ဘုရား)။

ရှေ့ပြေးမဂ်ဉာဏ်ဖြင့်သေချာပါပြီ

မလဲတတ်ဘူး ဆိုသဖြင့် ဪ ယနေ့ သည်မဂ် ဉာဏ် ဆိုတဲ့ဥစ္စာကိုရှေ့ပြေး သဘောနဲ့ ရပြီ (မှန်ပါ ဘုရား)၊ ရှေ့ပြေးမဂ်ဉာဏ်ရပြီ (တင်ပါ ဘုရား)၊ ရှေ့ပြေး မဂ်ဉာဏ်ဖြင့် သေချာပါပြီ (သေချာပါပြီ ဘုရား)၊ နောက် တကယ်တမ်း အားထုတ်လိုက်လို့ ရှိရင်ဖြင့်တဲ့ အထက် မဂ်ဉာဏ်ကို ရပါလိမ့် မယ် (မှန်ပါ ဘုရား)။

ဘာမှမပူပါနဲ့၊ ကိုင်း ဒါဖြင့် အလှူပေးတဲ့နေ့လား အပါးထုတ်တဲ့နေ့လား (အပါးထုတ်တဲ့နေ့ပါ ဘုရား)၊ တော် သေးတယ်နော်၊ ဒါကြောင့်စကားကိုနှစ်မျိုးပြောတာ၊ ရတာကို လည်းကုန်တယ်လို့ ခင်ဗျားတို့ ဝိပ္ပလ္လာသက ပြောတယ်၊ အဲဒါကို လည်း ယနေ့ပြင်ပေးလိုက်ပါတယ် (မှန်လှပါ ဘုရား)။

ရတာကို ခင်ဗျားတို့က ဘယ့်နယ်ထင်တုံး (ကုန် တယ်လို့ထင်ပါတယ် ဘုရား)၊ အဲဒါကိုလည်း ပြင်ပေးလိုက်ပါပြီ၊ စောစောက၊ ပြီးတော့ကို ကိုယ့်ဉာဏ်ထက်လာတယ် မထက်လာ တယ်ဆိုတာ ရှေးအခါက ဘယ်တော့မှ မထက်ဘူး အခုတော့ အပူသစ္စာနဲ့ အအေးသစ္စာကိုသိပြီး သကာလ ယနေ့လဲလှယ်ပစ် ပြီဆိုတဲ့ဥစ္စာကို ခင်ဗျားတို့သိပါပြီ (တင်ပါ ဘုရား)။

ဉာဏ်နဲ့လှူတဲ့အလှူ

ဒီနေ့သည်ကားလို့ဆိုရင် အပူနဲ့အအေးကိုခွဲခြား ဝေဖန် ပြီးသိတဲ့ပုဂ္ဂိုလ်ထဲမှာ ကျုပ်တို့ပါပြီး သကာလ သွားသောကြောင့် အန္ဓပုထုဇဉ်အဖြစ်မှလည်းလွတ်သွားတယ် (မှန်လှပါ ဘုရား)၊ ကလျာဏပုထုဇဉ်အဖြစ်နဲ့လှူတာ (မှန်ပါ ဘုရား)၊ ကလျာဏ ပုထုဇဉ်နဲ့ စူဠသောတာပန်အတူတူပဲ အဲဒီလိုလှူတဲ့ အလှူဖြစ် လေသောကြောင့်လည်း ဪ ဉာဏ်နဲ့လှူတဲ့အလှူ၊ ကံနဲ့ လှူတဲ့အလှူ မဟုတ်တော့ဘူး (မှန်လှပါ ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

သစ္စာဉာဏ်က ပါနေတာကို (မှန်ပါ ဘုရား)၊ ကံက ဦးစီးနိုင်သေးရဲ့ လား (မစီးနိုင်တော့ပါဘူး ဘုရား)၊ မစီးနိုင်တော့ဘူးတဲ့၊ အပူအအေးကိုကံကသိတာမဟုတ်ဘူး (တင်ပါ)၊ အပူအအေးကိုဉာဏ်က သိတာ (မှန်လှပါ ဘုရား)၊ ဆင်းရဲနဲ့ချမ်းသာ ဘယ်သူကသိတုံး (ဉာဏ် ကမှသိပါတယ် ဘုရား)။ )

ဉာဏ်စီမံရာနိဗ္ဗာန်သာရောက်တော့မယ်

ဉာဏ်ကမှသိတယ် ဆိုသဖြင့် ဒီနေ့သည်ကား ဆိုလို့ရှိရင် ကံစီ မံရာတော့ မရောက်တော့ ပါဘူးကွ၊ ဉာဏ်စီမံရာ နိဗ္ဗာန်သာရောက် တော့မယ်လို့ ထစ်ထစ်ချ ဆုံးဖြတ်ချက်ချ (မှန်လှပါ ဘုရား)။

ဒီအလှူပွဲဟာ ဘာကြောင့်တုံး ဆိုတော့ အလှူမူတည်ပြီး သစ္စာ လဲတာကို (မှန်လှပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ အင်မတန်အဖိုးတန်တယ် ဆိုတာဖြင့် ယနေ့ပေါ်ပါပြီ (ပေါ်ပါပြီ ဘုရား)။

ကိုင်း ဒါဖြင့်တပည့်တော်တို့သည်ကား ကုန်တာ ကိုလည်း နဂိုကအမှားကြီး မှားနေတဲ့ ဥစ္စာ အရကို တွက်ရမည့်ဥစ္စာ၊ အကုန်တွက်ထားခြင်းကြောင့် တပည့်တော်တို့ အမှားကိုလည်း အမှန်သိတဲ့ သစ္စာဉာဏ်ရပါတယ် (မှန်ပါ ဘုရား)၊ အအေးနဲ့ အပူလည်း ခွဲတတ်သောကြောင့် သစ္စာဉာဏ်ရပါတယ် (ရပါတယ် ဘုရား)၊ ဆင်းရဲနဲ့ချမ်းသာလည်း ခွဲတတ်သောကြောင့် (သစ္စာဉာဏ်ရပါတယ် ဘုရား)။

အဲဒီသစ္စာဉာဏ်နဲ့ သစ္စာသိပြီး သကာလ တပည့် တော် တို့သည် ဤဇရပ်ကျောင်းတွေကို စတုဒိသာသံယိက အဖြစ်နဲ့ အရပ်လေးမျက်နှာမှ ကြွလာတဲ့ပုဂ္ဂိုလ်တွေတည်းဖို့ရန် လှူဒါန်း ပါ၏ ဆိုပြီး သကာလ သစ္စာမြင်ပြီး လှူသောကြောင့် ဝိဝဋ္ဋအစစ် လို့ယနေ့မှတ်ပါ (မှန်လှပါ ဘုရား)၊ သိပ်အဖိုးတန် သွားပြီနော် (မှန်ပါ)။ ကိုင်း ဒါဖြင့် ရေစက်ခွက်ကိုင်တော့–

အလှူရေစက်ချ

ဘန္တေ -အရှင်ဘုရား၊ မယံ- ကျွန်ုပ်တို့သည်၊ မယံ – တပည့် တော် တပည့် တော်မတို့ သည်၊ ရာဂါဒီဟိ – ရာဂ အစရှိကုန်သော၊ ဧကဒဿဂ္ဂီဟိ-(၁၁)ပါး မီးတို့ဖြင့်၊ ပဋိပီဠိတံ- လွန်ကဲညှဉ်းဆဲ နှိပ်စက်၍ နေထသော။

တပည့်တော်တို့မှာဖြင့်ဘုရား လောဘမီး၊ ဒေါသမီး၊ မောဟမီးတွေက အကုန်လောင် နေပါတယ်။ အဲဒီမီးလောင် တတ်တဲ့ခန္ဓာကြီးနဲ့ မီးသိမ်းရာနိဗ္ဗာန်နဲ့ ရချင်လွန်းလို့၊ မီးလောင် တာကြီး ရွံခြင်းမုန်းခြင်း ဖြစ်ပါ၍ မီးသိမ်းရာ ဖြစ်တဲ့ နိဗ္ဗာန်ကို သာရလို၍ ဤပြည်ရွှေဆံတော်မှ ရှိတဲ့ဇရပ်၊ ပုပ္ပါးမှာရှိတဲ့ ဇရပ်၊ ကံမမှာရှိတဲ့ ဇရပ်တို့ကို မီးငြိမ်းရာကို ရောက်လိုသော ဆန္ဒပြင်း ပြသည်ဖြစ်ပါ၍ မီးကိုလည်း ရွံခြင်း မုန်းခြင်းကြောင့် (၁၁)မီးလောင်နေတာ ကိုလည်း ရွံခြင်း၊ မုန်းခြင်းကြောင့်၊ (၁၁)မီးလောင် နေတဲ့ ခန္ဓာကိုယ်ကြီးကိုလည်း ရွံ့ခြင်း၊ မုန်းခြင်း၊ မလိုချင်ခြင်း၊ ပျင်းရိ ခြင်း ရှိသည် ဖြစ်ပါ၍ မီးငြိမ်းတာ ကိုသာ ကုသလံဆန္ဒ ဆိုတဲ့အတိုင်း ကုသိုလ်ဆန္ဒ အဖြစ်ရလို ရောက်လို သောကြောင့် ဤဇရပ် တန်ဆောင်းတွေကို စတုဒိသာ သံယိက အဖြစ်နဲ့ ဆရာသမားရှေ့ မှောက်၌ နိဗ္ဗာန်အရောက် ဉာဏ်မြင်ပြီး သကာလ လှူဒါန်းပါ၏။ ပြောင်းလိုက်ပါ (မှန်ပါ)။

သံသရာဘေးကြီး

ဘန္တေ- အရှင်ဘုရား၊ မယံ-ကျွန်ုပ်တို့သည်၊ ရာဂါဒီ-ရာဂ အစရှိကုန်သော၊ ဧကဒဿ- တစ်ဆယ့်တစ်ပါး မီးတို့ဖြင့်၊ ပဋိပီဠိတံ- လွန်ကဲညှဉ်းဆဲနှိပ်စက်၍ နေထသော၊ သံသာရဘယံ- ချားရဟတ် ပမာချာချာ ပတ်၍ တစ်ဖြစ်တည်း ဖြစ်၍နေသော သံသရာဘေးကြီးကို

ဪ ဦးသန်းမောင်တို့ ဒေါ်ကောက် တို့ ဘယ်ကလာသတုံးလို့မေးလို့ရှိရင်ဖြင့် ပဋိသန္ဓေက လာတယ်၊ ပဋိသန္ဓေကနေ ဘယ်သွားပါလိမ့် အိုရာသွားတယ်၊ အိုရာက ဘယ်သွားသတုံးနာရာသွား၊ နာရာကဘယ်သွားသတုံး၊ သေရာ သွား၊ သေရာက ဘယ်သွားတုံး ဆိုတော့ ပဋိသန္ဓေပြန် ဦးတိုက် တယ် (မှန်ပါ ဘုရား)၊ ပဋိသန္ဓေပြန် ဦးတိုက်တော့ ဒီလမ်းပဲပြန် လျှောက်နေတယ်၊ ဒီလမ်းကလာတယ်၊ ဒီလမ်းပဲ ပြန်လျှောက်နေတယ်။

အင်း သံသရာတစ်ခုလုံးတော့ဖြင့် ဘယ်လိုများနေခဲ့ ကြသတုံးမေးတဲ့အခါ ဒီလမ်းကလာ ဒီလမ်းပြန် ရောက်တာပါ ပဲ (မှန်ပါ ဘုရား)၊ အသေရှိတဲ့နေရာကထသွား ပြန်တော့ အသေရှိတဲ့ နေရာ ပြန်ရောက် တာပါပဲ၊ အအိုရှိတဲ့ နေရာက ထသွားပြန်တော့ (အအိုရှိတဲ့ နေရာပြန်ပြီး ရောက်ပါတယ် ဘုရား)၊ အနာရှိတဲ့ နေရာကထပြီး သွားလိုက်ပြန်တော့ (အနာရှိတဲ့ နေရာ ပြန်ရောက်ပါတယ် ဘုရား)။

ဝိပဿနာဉာဏ်နဲ့လှူဒါန်းပါ၏

ဪ ဒါဖြင့်တပည့်တော်တို့ ဤကဲ့သို့ ဒုက္ခလေးချက် စက်လှည့်နေတဲ့ ခန္ဓာကိုယ်ကြီးကို ဒုက္ခတို့ကိုသိမ်းလိုသောဉာဏ်နဲ့၊ ဤဒုက္ခစက်ကြီးကို ဖြတ်လိုသောဉာဏ်၊ မဂ်ဉာဏ်နှင့် ဒုက္ခဖြတ် လိုသောဉာဏ် ရှိသည်ဖြစ်ပါ၍ ဤဇရပ်ကျောင်းကို၊ ပြည်ရွှေဆံတော်မှာရှိတဲ့ ဇရပ်ကိုလည်းကောင်း၊ ကံမမြို့မှာရှိတဲ့ ဇရပ် ကိုလည်းကောင်း၊ အင်း ပုပ္ပါးမှာရှိတဲ့ ဇရပ်ကိုလည်းကောင်း သံသရာဖြတ်ခြင်း၊ သံသရာရွံ့ခြင်း၊ မုန်းခြင်းကြောင့် သံသရာဖြတ် လိုတဲ့ဉာဏ်နဲ့ ဝိပဿနာဉာဏ်တွေနဲ့ လှူဒါန်းပါ၏။

“သံသာရဘယံ- ချားရဟတ်ပမာ ချာချာပတ်၍ တစ်ဖြစ် တည်းဖြစ်၍ နေသော သံသရာ ဘေးကြီးကို၊ ဘိတာ- အလွန်တရာ ကြောက်ကြပါကုန်သည်ဖြစ်၍ ဉာဏ်ကြောက်လို့ မှတ်လိုက် (မှန်ပါ ဘုရား)၊ တတော- ထိုသံသရာဘေးများမှ၊ မုတ္တာ- ကင်း လွတ်ရပါကုန်သည်ဖြစ်၍၊ နိဗ္ဗာနံ- နိဗ္ဗာန် ချမ်းသာမြတ်ကြီး ကိုဆောလျင်၊ သစ္ဆိကရဏ ကာရဏတ္တာယ-မကြာမတင် ဆောလျင် ကူးမြောက် အသော့ ရောက်၍ မျက်မှောက် ပြုပါ ရခြင်းအကျိုးငှာ၊ ဉာဏစက္ခုံ- ဉာဏ်ပညာစက္ခုဖြင့်၊ ဂဝေသန္တော- ရှာမှီး ကြည့်ရှုတော်မူသည် ရှိသော်၊ ဘိက္ခဝေ- သံသရာဘေး ဘယတွေး ဆရှုမျှော်လေ့ရှိကြကုန်သော သူတော်ကောင်း အပေါင်းတို့၊ ဘုရားက ခေါ်လိုက်တာ၊ ပုညံ- မင်းတို့ပြုတဲ့ကုသိုလ် ကောင်းမှု ဟူသမျှသည်၊ သုခံ- လူ၊ နတ်၊ နိဗ္ဗာန် သုံးတန်သော ချမ်းသာကြီးကို၊ ဇနေတိ- ငါဘုရားသခင် ကိုယ်တော် မြတ်ကြီး အနေအားဖြင့် ဖြစ်စေ၏”။

ကိုယ်ကရွေးတတ်ရမယ်

ဪ ခင်ဗျားတို့ လှူတဲ့အလှူဟာ လူချမ်းသာလည်း ပေးနိုင်မယ်တဲ့၊ နတ်ချမ်းသာလည်း ပေးနိုင်မယ်တဲ့၊ နိဗ္ဗာန်ချမ်း သာလည်း ပေးနိုင်တယ်၊ ထို့သို့ပင်ပေးနိုင်ငြားသော်လည်း ဒါက သူ့ အကြောင်းနဲ့ သူ့အကျိုးကတော့ ဦးသံဒိုင်တားလို့မရဘူး ပေးမှာ (မှန်ပါ ဘုရား)၊

သို့သော် ကိုယ်က ရွေးတတ်ရမယ်၊ အကျိုးက ပေးပေမယ့် ရွေးရမယ်။ ပဲပင်တွေ ပဲခင်းထဲမှာ အကျိုးပေး လိုက်တာ၊ ပဲပင်တွေကလည်း သန်လိုက်တာ၊ ပဲစေ့တွေကလည်း များလိုက်တာ၊ ရွေးယူတော့ ပဲအပင်ယူကြမလား၊ ပဲစေ့ ရွေးယူရမှာ လား (ပဲစေ့ယူရမှာပါ ဘုရား)၊ ပဲပင်ယူလို့ ရှိရင်ဖြင့် ဘာမှ ရောင်းစားလို့မရဘူး နွားစာဖြစ်မှာ၊ ပဲစေ့ ရွေးယူလို့ ရှိရင်ဖြင့်ပဲပင် ထက် အဆပေါင်းများစွာ တန်တဲ့ ရွှေ၊ ငွေ၊ ရတနာကျောက်သံ ပတ္တမြားနဲ့ လဲလှယ်နိုင်တယ်။

နိဗ္ဗာန်ချမ်းသာသည်သာ သုခသစ္စာ

ထို့အတူပဲတဲ့ ဒါနကတော့ဖြင့် နိဗ္ဗာန်ကိုလည်း ပေး နိုင်တယ်၊ လူချမ်းသာ နတ်ချမ်းသာ ကိုလည်း (ပေးနိုင် ပါတယ် ဘုရား)၊ အဲဒါ ဦးသန်းမောင်တို့က အခုဆရာကောင်း တပည့်ဖြစ်တော့ လူချမ်းသာက ဒုက္ခသစ္စာ၊ နတ်ချမ်းသာ ဒုက္ခသစ္စာ၊ နိဗ္ဗာန်ခ ျမ်းသာသည်သာ သုခသစ္စာဖြစ်သော ကြောင့် တပည့်တော်တို့ ဆရာသမား၏ ဉာဏ်အကူအညီနဲ့ နိရောဓ သစ္စာ တစ်ခုကို သာလျှင် ရည်မှန်း၍ ဤဇရပ်တွေကို စတုဒိသာ သံယိက အဖြစ်နဲ့လှူကြခြင်းဖြစ်ပါ၏ ဘုရား။

“ဘိက္ခဝေ- သံသရာဘေးဘယ၊ တွေးဆ ရှုမျှော်ရှိကြ ကုန်သော သူတော်ကောင်းအပေါင်းတို့၊ ပုညံ- ကောင်းမှု ကုသိုလ် ဟူသမျှသည်၊ သုခံ- လူ၊ နတ်နိဗ္ဗာန်၊ သုံးတန်သော ချမ်းသာကြီးကို ဇနေတိ- ဖြစ်စေတတ်၏။ ဣတိ- ဤသို့၊ ဝုတ္တံ -သုံးလူ့ဆရာစော သတ္တာသည် ကောင်းစွာဟောကြား အပ်သော စကားရပ်ကို၊ မနသိကတွာ – နှစ်လုံးနှစ်ခြိုက် ပိုက်မိကြကုန်သည်ဖြစ်၍၊ တိသရဏေန- သရဏဂုံသုံးပါး နှင့်၊ သဟ-တကွ၊ ပဉ္စသီလာနိ -အင်္ဂါငါးပါးနှင့် ပြည့် စုံ သော သီလတော်မြတ်ကြီးကို သမာဒိယိတွာ- ဂဏှိတွာ -ကောင်း စွာခံယူဆောက်တည်ပြီး၍၊ ဣမာနိ ဒေယျ-ဒါတဗ္ဗဝတ္ထုနိ- ဤဇရပ်နဲ့ ပတ်သက်သော လှူဖွယ် တန်းဖွယ် အစရှိသည်တို့ကို၊ သံဃဿ- သံဃာတော်များအား ၊ယထာဥဒိဋ္ဌံ- မိမိပင့်ထားတဲ့ အတိုင်း၊ ဒေမ- မအိုမသေ အမြဲ နေသော နိဗ္ဗာန်ကိုရောက် လိုသော မဂ်ဉာဏ်နှင့် နိဗ္ဗာန်ကို ရောက် လိုသော ဆန္ဒပြင်းပြပြီး သကာလ ဉာဏ်ဦးစီး၍ လှူဒါန်းပါ ၏” (မှန်ပါ ဘုရား)၊ သဘောကျသွားပြီ (ကျပါတယ် ဘုရား)။

သစ္စာမြင်ပြီးလှူတဲ့အလှူ

သစ္စာမြင်ပြီးလှူတဲ့အလှူ ဖြစ်လေသောကြောင့် ဝိဝဋ္ဋ အလှူစစ်လို့ မှတ်လိုက် နိဗ္ဗာန်မှ တစ်ပါး ဘယ်မှအကောက် အကွေ့ မသွားဘဲနဲ့ အဖြောင့်သွားသာ သွားတော့မယ်လို့ ဒေါ်ကောက်တို့ရော ဦးသန်းမောင်ရော သားတွေသမီးတွေရော အကုန်မှတ် ဖို့ပဲ (မှန်လှပါ ဘုရား)၊ ကိုင်း ဒါဖြင့် သစ္စာမြင်တဲ့ ဉာဏ်နဲ့ လှူလိုက်တော့ ကံကအကျိုး ပေးပေး၊ ဘယ်က အကျိုးပေးပေး၊ ကျုပ်တို့က အရွေးတတ် သွားပြီ (မှန်ပါ ဘုရား)၊ အရွေးတတ် သွားပြီ။

သူကတော့ပေးမှာပဲတဲ့ သစ်ပင်စိုက်လိုက်တယ် ဆိုလို့ ရှိရင်ဖြင့် အကိုင်းလည်းပါမှာပဲ၊ အရွက်လည်း ပါမှာပဲ၊ အပွေး လည်းပါမှာပဲ၊ အသီးလည်း ပါမှာပဲ၊ ရွေးတတ်တဲ့ပုဂ္ဂိုလ် အသီးရမှာပဲ (မှန်လှပါ ဘုရား)၊ မရွေးတတ်တဲ့ ပုဂ္ဂိုလ် အကိုင်း နဲ့အပွေးထမ်းပြန်ကြမှာပဲ (မှန်ပါ ဘုရား)၊ ဒါဖြင့် ဒါနက သံသရာ ရှည်တာလား၊ အရွေးမတတ်လို့ ရှည်တာလား (အရွေးမတတ်လို့ရှည်တာပါ ဘုရား)၊ ဒါကို ဦးသံဒိုင် သေချာ မှတ် (မှန်ပါ)၊ ဦးသန်းမောင် သေသေချာချာမှတ် (မှန်ပါ)။

လူနတ်ချမ်းသာဒုက္ခသစ္စာမလိုချင်ပါ

မသိသောပုဂ္ဂိုလ်က ဒါနသံသရာရှည်တယ်ကွာ၊ အိုး ကိုယ့်ဉာဏ်မပါလို့ သစ္စာဉာဏ်မပါလို့ မရွေးတတ်တာ (မှန်လှပါ ဘုရား)၊ ရွေးတတ်တဲ့ပုဂ္ဂိုလ် ကျလာတော့ကိုတဲ့ လူချမ်းသာ၊ နတ်ချမ်းသာ၊ နိဗ္ဗာန် ချမ်းသာကို ပေးတတ်နိုင်ငြားလည်း ဒါနပင် ဖြစ်လင့်ကစား၊ လူချမ်းသာ ဒုက္ခသစ္စာ မလိုချင်ပါ၊ နတ်ချမ်းသာ ဒုက္ခသစ္စာမလိုချင်ပါ၊ နိဗ္ဗာန် ချမ်းသာ သုခသစ္စာသာ လိုချင်ပါသည် (မှန်ပါ ဘုရား)။

အဲဒီလို စိတ်ထားပြောင်းပြီး သကာလ နိဗ္ဗာန်ချမ်းသာ တစ်ခုကိုသာအလိုရှိသည်ဖြစ်၍ ဤဇရပ် သုံးခုအား တပည့်တော်တို့ မီးထဲကဆွဲထုတ်လို့ရတဲ့ပစ္စည်းနဲ့ ရင်းနှီးပြီး သကာလ နိဗ္ဗာန်ချမ်းသာကြီး လဲလှယ်တဲ့ ကိစ္စ ရေစက်ချပွဲ လုပ်ပါ၏ (မှန်ပါ ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ကိုင်း .. “ဣမံ သာလာယံ- ဤပုပ္ပါးတောင်၌ဖြစ် တဲ့ဇရပ်ကို လည်းကောင်း၊ ဣမံ သာလာယံ- ရွှေဆံတော်၌ ရှိတဲ့ဇရပ်ကြီးကို လည်းကောင်း၊ နယ်ကလေး ကံမမြို့၌ တည်နေသော သာလာယံ- ဇရပ်ကို လည်းကောင်း၊ ဒေမ- တပည့်တော်တို့ အကြင်လင်မယား သားသမီးနှင့်တကွ အလုံးစုံသော ပုဂ္ဂိုလ်တို့သည် ချမ်းသာအစစ် နိဗ္ဗာန်အဖြစ်ကို သာလျှင် ရ ခြင်း၊ ရောက်ခြင်း၊ မုန်းခြင်း၊ ငြီးငွေ့ခြင်း၊ ဧကန် ဒုက္ခသစ္စာ သိသည် ဖြစ်ပါ၍ ဒုက္ခတည်းဟူသော သစ္စာနဲ့ရင်းနှီးပြီး သကာလ သုခတည်း ဟူသော နိဗ္ဗာန်ကို ရလိုသော ဆန္ဒပြင်းပြပြီး သကာလ တပည့်တော်တို့ လှူဒါန်းပါ၏”။

ဒုက္ခနှင့်သုခလဲယူရ

ဒါအားလုံး သားတွေ သမီးတွေကောလှူပြီးပြီ ကဲ ဒါဖြင့် “ဘန္တေ- အရှင်ဘုရား၊ မယံ- ကျွန်ုပ်တို့သည်၊ ဣမိနာ ဒါနပုညေန- ဤကဲ့သို့ ပေးလှူရသော ကုသိုလ်ကံ စေတနာကြောင့် လည်းကောင်း၊ ဣမိနာ သီလပုညေန- ဤကဲ့သို့ ဆောက်တည်ရသော သီလကုသိုလ်ကံ စေတနာကြောင့် လည်းကောင်း၊ အညေဟိ- တစ်ပါးကုန်သော၊ ပုညေဟိ စ- ယခု လှူဒါန်းရသော ဒုက္ခနဲ့သုခလဲ ယူရသော ကုသိုလ်ကံ စေတနာကြောင့်လည်းကောင်း၊ မယံ- တပည့်တော် တပည့်တော်မ တို့သည် အဇာတိံ- ပဋိသန္ဓေမနေရာ စင်စစ်ဖြစ်သော၊ အဇရံ- မအိုရာစင်စစ် ဖြစ်သော၊ အမတံ -မသေရာ စင်စစ်ဖြစ်သော၊ သီဝံ- ဇာတိဇရာ ဗျာဓိမရဏစသည် ထောင်သောင်းဘေးအပေါင်း တို့၏ ကောင်းကောင်းကြီး ငြိမ်းချမ်းရာ ဖြစ်သော နိဗ္ဗာန် ချမ်းသာမြတ်ကြီး ကို၊ ဣစ္ဆိတဝရေန -အလိုရှိအပ် တောင့်တအပ်သော ဆုမြတ် အပေါင်းနှင့်၊ သစ္ဆိကရေယျာမ-မငြိုမငြင် ဆောလျင် ကူးမြောက် အသော့ ရောက်၍ မျက်မှောက်ပြုရပါလို၏ အရှင်ဘုရား။

ရေစက်သွန်းချအမျှပေးဝေပါကုန်၏

ဘန္တေ -အရှင်ဘုရား၊ ဣမဿ- ဤကောင်းမှုကံ၏ ၊ဘာဂံ- အဖို့ကို၊ ဂုဏဝိသိဋ္ဌာနံ ဂုဏ်ကျေးဇူးအားဖြင့် အထူးကြီးမားလှပါ ကုန်သော၊ မာတာပိတုနဉ္စ- မိခင်ဖခင် တို့အားလည်းကောင်း၊ အာစရိယာနဉ္စ – ဆရာသမားတို့အားလည်းကောင်း၊ ဣမာသံ ပရိသာနဉ္စ- ဖိတ်ကြား၍ လာကြ ကုန်သော ပရိသတ်တို့ အားလည်းကောင်း၊ ဧကတိံသဘဝေ- သုံးဆယ့်တစ်ဘုံ၌။ စရန္တာနံ- ကရွတ်ကိုကင်းလျှောက်သည် အသွင် ကျင်လည်ပြေးသွား၍ နေကြကုန်သော၊ သဗ္ဗသတ္တာနဉ္စ- အလုံးစုံသော သတ္တဝါအပေါင်းတို့ အားလည်းကောင်း၊ ဘာဇေမ- ရေစက်သွန်းချ အမျှပေးဝေပါကုန်၏။

တေသတ္တာ- ထိုသတ္တဝါအပေါင်းတို့သည်၊ အမှေဟိ- အကျွန်ုပ်တို့နှင့် သမံ -ထပ်တူထပ်မျှ၊ ပုညဘာဂံ- ကုသိုလ်စု ကောင်းမှုအဖို့ကို လဘိတွာ -အတူတကွ အမျှရကြကုန်သည်ဖြစ်၍ သုခိတာ -ကိုယ်စိတ်နှစ်ဖြာ ချမ်းချမ်းသာသာ ရှိကြကုန်သည်၊ မုဒိတာ- ပီတိမောက်လွှမ်း၍ ဝမ်းမြောက်သော စိတ်ရှိကြကုန်သည်၊ ဘဝန္တု- ဖြစ်ကြပါစေကုန်သတည်း…။

အမျှ. . . အမျှ. . . အမျှ ယူတော်မူကြပါခင်ဗျား။

သာဓု သာဓု သာဓု။