254

မဂ်ရေစင်ဖြင့် ငြိမ်းကြစမ်းပါ

အသံဖိုင်ခေါင်းစဉ်= နွားကျောင်းသားဥပမာပြ သမာဓိတည်အောင်လုပ်နည်းတရားတော်

စာအုပ်ခေါင်းစဉ်= မဂ်ရေစင်ဖြင့် ငြိမ်းကြစမ်းပါ

အသံမကြည်ပါ။

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့၌ ဟောကြားတော်မူသော တရားတော်

မဂ်ရေစင်ဖြင့် ငြိမ်းကြစမ်းပါ

(၅-၃-၅၆)

သမာဓိလို့ ပြောတယ်၊ သမ္မာသမ္မာဓိ ဆိုတာဘာပါလိမ့် မလဲလို့ မနေ့ကလည်းပြောခဲ့တယ်၊ သမ္မာကမှန်ကန်တာ၊ သမာဓိက တည်ကြည်တာ၊ မှန်ကန်စွာတည်ကြည်မှုကိုဆိုသည်။

အဲဒီတော့ မှန်ကန်စွာ တည်ကြည်လာပြီဆိုရင် ဝိတက် ကလည်း၊ ဝိတက်ဆိုတာ ဒကာ ဒကာမတွေ သိကြတယ်၊ ဝိတက်ဆိုတာ တောင်ကြံ၊ မြောက်ကြံ ကြံတတ်တယ် (မှန်ပါ ဘုရား)။

သမာဓိတည်ကြည်ပြီဆိုရင်

အဲ့ဒီ ကြံတဲ့ ဝိတက်ကလည်း သမာဓိတည်ကြည်ပြီ ဆိုမှဖြင့် ဒကာစိန် ရေ ဖြစ်ပျက် အပေါ်ပဲ ရောက် တယ် (မှန်ပါ ဘုရား) ဖြစ်ပျက်အပေါ်ပဲ ရောက်တယ်၊ ဝိတက်ကလည်းဘယ်မှ၊ မပြေးနိုင်တော့ဘူး၊ မင်းခန္ဓာဝေဒနာအဖြစ် အပျက်ပေါ်မှာ၊ ဟေ့ ဝိစာရ-မင်းသုံးသပ်ချင်လို့ ရှိရင်လည်း အဲ့ဒီဖြစ်ပျက် အပေါ်မှာပဲသုံးသပ်၊ သမာဓိက ဝိတက်ရော၊ ဝိစာရရော တစ်ခါ တည်း ဒီအပေါ်ကိုကြံ၊ ဒီအပေါ်မှာ သုံးသပ်ပါလို့ သမာဓိက ခေါင်းဆောင်ပြီး သကာလ ဝိတက်၊ ဝိစာရတို့ ဟာ များသော အားဖြင့် သူတို့မှာ ဝိတက်က တောင်ကြံ မြောက်ကြံ ကြံတယ်။

ဝိစာရက၊ ဝိတက်ကြံရာကို လိုက်ပြီး ဟိုသုံးသပ်၊ ဒီ သုံးသပ် သုံးသပ်တာကို ဟေ့ မင်းတို့ ဘယ်မှမသွားရဘူး၊ မင်းတို့ ဘယ်မှမသွားရဘူး။

ခု- ဝေဒနာ သုံးပါးရှိတယ်၊ အဲ့ဒီဝေဒနာသုံးပါးအပေါ် ၌ ကြံ၊ ဝေဒနာသုံးပါးကို သုံးသပ်ကွာ အဲ့ဒီလို သမာဓိက ဝိတက်နဲ့ ဝိစာရကို ခေါင်းနှိမ်ထားတယ် (မှန်ပါ ဘုရား)။ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဝိတက် ဝိစာရကို ဒကာ ဒကာမတို့သတိထားလိုက်ပါ ခေါင်းနှိမ် ထားတာသည် ဘယ်သူပါလိမ့်မတုံး (သမာဓိပါ ဘုရား)။

သမာဓိ ညံ့ပြီဆိုရင်

အေး သမာဓိပဲတဲ့၊ အင်း ဒါဖြင့် တို့သည် တရား အားထုတ်ရင်းမတ္တနဲ့ စိတ်ကလေးက တောင်ကြံနေသလို၊ မြောက်ကြံမိသလို ကြံမိလို့ ရှိရင် သမာဓိညံ့ပြီဆိုတာသာ မင်းတို့ ဆုံးဖြတ်ချက်ချ၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

သမာဓိညံ့လို့ ရှိရင်ဖြင့် ဒီစိတ်ကလေးဟာ တောင်ထွက် ချင်လို့ မြောက်ထွက်ချင်လို့ ကြံလို့ ရှိရင် ဒကာ ဒကာမတွေက သမာဓိကို ကြီးထွားအောင်လုပ်လိုက်ပါ၊ သမာဓိ ကြီးထွားအောင် လုပ်လိုက်ပါ။

သမာဓိ ကြီးထွားအောင် လုပ်လိုက်ပြီဆိုမှဖြင့် ဝိတက်က ကိုယ်ကြံခိုင်းတဲ့ဆီ ဖြစ်ပျက် အပေါ်၌သာကြံ၊ ဖြစ်ပျက် အပေါ်၌သာ သုံးသပ် (မှန်ပါ ဘုရား)။

အဲ့ဒါကြောင့် ဝိတက်၊ ဝိစာရတို့ ဒီအထဲမှာ ပါလာတယ် ကိုထွန်းအောင်ရ (မှန်ပါ ဘုရား)။ အဲ့ဒီတော့ ဝိတက် ဝိစာရ ကို ဘယ်သူက ခေါင်က ချုပ်ထားသလဲ ဆိုတာလည်း ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။

အလုပ်လုပ်မှ မဂ်ဖိုလ်ဆိုက်မယ်

ဘယ်သူပါလိမ့် (သမာဓိပါ ဘုရား)။ အဲ ဒါဖြင့် ဒကာ ဒကာမတို့ ဘုန်းကြီးက ဒကာ ဒကာမတွေအိမ်မှာ အလုပ် လုပ်ကြ၊ ဘယ်မှာဖြစ်ဖြစ် အလုပ်လုပ်ကြ၊ ခင်ဗျားတို့ အလုပ်လုပ် မှ မဂ်ဖိုလ်ဆိုက်နိုင်တယ်၊ ဆုတောင်းနေလို့ မဆိုက်ဘူး။ ခဏ ခဏသတိပေးနေတယ်။

သတိပေးလိုက်လို့ လုပ်တော့လုပ်ပါရဲ့၊ ကိုယ့်စိတ်ကိုယ် မနိုင်ဘူးဘုရား၊ ခက်လိုက်တဲ့ဖြစ်ခြင်း၊ ဒကာ ဒကာမတွေက ဆင်ခြင်တွေက တယ်ပေါတယ်၊ ကိုယ့်စိတ်ကိုယ် မနိုင် ထွက်ထွက် ပြေးတယ် ဘုရား။

ထွက်ပြေးတာသည် တောင်ကြံ၊ မြောက်ကြံပဲ၊ တောင် သုံးသပ်၊ မြောက်သုံးသပ်ပဲ၊ ဝိတက်၊ ဝိစာရ သာမှတ်ကြပေတော့ (မှန်ပါ ဘုရား)။

ဝိတက် ဝိစာရက တောင်ထွက်ပြေး၊ မြောက်ထွက်ပြေး ပြေးလို့ ရှိရင်ဖြင့် ဒကာ ဒကာမတွေက အင်း သမာဓိညံ့လို့ ဆိုတာ ယနေ့ ဆရာဘုန်းကြီးက ဟောတယ် (မှန်ပါ ဘုရား)။

သမာဓိညံ့လို့ ရှိရင် ပြေးလိမ့်မယ်၊ သမာဓိညံ့ရင် (ပြေးမှာပါ ဘုရား)။ ဒါဖြင့် ခင်ဗျားတို့ စိတ်ကလေး တောင် ပြေးသွား မြောက်ပြေးသွားဆိုလို့ ရှိရင်ဖြင့် မတု-တို့ ရိပ်မိပြီလား၊ ဘာညံ့ နေတာတုံး (သမာဓိညံ့လို့ ပါ ဘုရား)။

အေး ဒါဖြင့် ဒေါ်အုန်းခင်ရ သမာဓိအရေးကြီးတယ် ဆိုတာ ပေါ်လာကြပြီလား (ပေါ်လာပါပြီ ဘုရား)။

သမာဓိဆိုတာ တည်ကြည်မှု

ဪ ဒါကြောင့် သမာဓိသည်ကားလို့ ဆိုလို့ရှိ ရင်ဖြင့်တဲ့ တည်ကြည်မှုဆိုတဲ့ ဥစ္စာသည် သူကိုယ်တိုင်က တည်ကြည်တဲ့အခါကျတော့ သူနဲ့ အပေါင်းအဖော်တွေလည်း တစ်ခါတည်း သူဦးစီးလိုက်ပြီဆိုမှဖြင့် သူက ဒီအပေါ်တည် ကြည် တယ်ဆိုလို့ ရှိရင်ဖြင့်ကျန်တဲ့ သူနဲ့ အပေါင်း အဖော်တွေ ဖြစ်တဲ့ ဝိတက်တို့၊ ဝိစာရတို့၊ သတိတို့၊ ဝိရိယတို့၊ ပညာတို့ ဒါတွေလည်း ဒကာစိန်ရေ ဖြစ်ပျက်အပေါ်ပဲတည်ရတယ် (မှန်လှပါ ဘုရား)။

ဝေဒနာအပေါ်မှာ တည်ရတယ်၊ ဖြစ်ပျက်အပေါ်မှာပဲ တည်ရတယ်၊ အဲ့ဒီတော့ ရွှေ့နိုင်သေးရဲ့ လား (မရွှေ့နိုင် ပါဘူး ဘုရား)။

အဲ့ဒီတော့ ဟိုပြေး ဒီပြေးဆိုရင်ဖြင့် အားလုံးဒကာ ဒကာမတွေ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)၊ ဘာဖြစ်လို့ပါလိမ့် (သမာဓိညံ့လို့ပါ ဘုရား)။

နေရာတိုင်းမှာ အရေးကြီးတယ်

အေး သမာဓိညံ့လို့၊ ဒေါ်ခန့် ဒါဖြင့် ဘာအရေး တကြီးလိုနေသလဲ (သမာဓိလိုပါတယ် ဘုရား)၊ အေး သမာဓိလိုတယ် သမာဓိလိုတယ်၊ သမာဓိဟာ နေရာတိုင်းမှာ အင်မတန်အရေးကြီးပါတယ်တဲ့။

ဒါဖြင့် စိတ်တွေ တောင်ထွက်ပြေး၊ မြောက်ထွက်ပြေး ပြေးတိုင်း ပြေးတိုင်း ဒကာ ဒကာမတွေ ထားရာ မနေဘူး ဆိုတဲ့ ဥစ္စာသည် သမာဓိအားပျော့တော့ သမာဓိကို တွန်းလှန်ပြီး သကာလ ထွက်တာ (မှန်ပါ ဘုရား)။

သမာဓိကို သမာဓိန္ဒြေ ဆိုက်အောင်၊ သမာဓိ ဗိုလ်ထိုက် အောင်၊ သမာဓိမဂ္ဂင်ထိုက်အောင် ဘုန်းကြီးတို့ ဒကာ ဒကာမ တွေက ကိုင်း မင်းကိုဖြင့်ကွာ အကြီးအကဲချည့်ထားပြီး အလုပ် လုပ်ပါ တော့မယ်လို့ ခင်ဗျားတို့ ပြောင်းလိုက်လို့ ရှိရင်ဖြင့်၊ ခင်ဗျားတို့လိုချင်တဲ့ ဖြစ်ပျက်ဆီကို ဝိတက် ကလည်း၊ သမ္မာသင်္ကပ္ပက လည်း အဲ့ဒီအထဲကြံပို့တယ် (မှန်လှပါ ဘုရား)။

ခန္ဓာကိုယ်ထဲ မဂ္ဂင်ရောက်လာတယ်

အဲ့ဒီကြံလိုက်တယ်ဆိုကတည်းကိုက သမ္မာသင်္ကပ္ပက မြင်ကွက်ဖော်ပေးလို့ ရှိရင် သမ္မာဒိဋ္ဌိက မြင်ဖို့ ရာပေါ်လာ တယ် (မှန်ပါ ဘုရား)။

အဲ့ဒီ သမ္မာသင်္ကပ္ပနဲ့ သမ္မာဒိဋ္ဌိ၊ ပညာ မဂ္ဂင်နှစ်ပါး တောင်မှသူက ဦးစီးပြီး သကာလ၊ သမာဓိက ဦးစီးပြီး သကာလ ဖြစ်ပျက် အာရုံပေါ်၌သာ ထားလိုက်မယ် ဆိုရင် ခင်ဗျားတို့ လိုတဲ့မဂ္ဂင်ကြီးဟာ ခန္ဓာကိုယ်ထဲရောက်လာတယ် (မှန်ပါ ဘုရား)။

ဒကာ ဒကာမတို့ လိုတဲ့မဂ္ဂင်ကြီး ဘယ်ရောက်လာသ တုံး (ခန္ဓာကိုယ်ထဲရောက်လာပါတယ် ဘုရား)၊ မရောက် သေးသရွေ့ ကာလပတ်လုံး ဘုန်းကြီးတို့ ဒကာ ဒကာမတွေက မှတ်လိုက်တာပေါ့ ဪ သမာဓိနုံ့နေတာပါလား၊ သမာဓိ နုံ့နေပါလား။

အဲ့ဒါ သမာဓိနုံ့နေပြီ ဆိုမှဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမ တွေ ဘာဖြစ်မတုံးဆိုတော့ သမ္မာသင်္ကပ္ပကလည်း မြင်ကွက် ဖော်မပေးနိုင်ဘူး (မှန်ပါ ဘုရား)။

သမ္မာဒိဋ္ဌိကလည်း၊ မြင်ကွက်မှ မဖော်ပေးဘဲနဲ့ ဘယ်မှာ သာလျှင် သမ္မာဒိဋ္ဌိက အမှန်မြင်နိုင် လိမ့်မတုံး (မမြင်နိုင် ပါ ဘုရား)။

ဒါကြောင့် ဒကာ ဒကာမတို့ ကို သတိပေးရတယ်၊ မျက်မှန်ရယ်၊ မျက်လုံးရယ်ဆိုတာ၊ မျက်မှန်တပ်ရတဲ့ ပုဂ္ဂိုလ် အတွက်မှာ ဒကာစိန်သတိထား (မှန်ပါ ဘုရား)။

မျက်မှန်တပ်ရတဲ့ ပုဂ္ဂိုလ် အတွက်ဟာ မျက်လုံးမကောင်း ဘူး၊ မျက်လုံးမမြင်လို့ လားဆိုတော့၊ မမြင်လို့တော့ မဟုတ် ဘူး၊ မကြည်လင်လို့ ပေါ့၊ ဒါဖြင့် မျက်မှန်ကူညီလိုက်တဲ့အခါ ကိုယ်နဲ့ ပါဝါ တည့်တာနဲ့ ကူညီလိုက်တဲ့အခါကျတော့ မြင်တဲ့ ဥစ္စာက သည် ရှင်းရှင်းမသွားဘူးလား (သွားပါတယ် ဘုရား)။

မျက်မှန်က မြင်တာလား

အဲ့ဒါကြောင့် မျက်မှန်က မြင်တာလား၊ မျက်လုံးက မြင် တာလားလို့ မေးလို့ ရှိရင်တော့ဖြင့် မျက်လုံးက မြင်တာပဲ၊ မျက်မှန်ကတော့မမြင်ဘူး (မှန်ပါ ဘုရား)၊ သဘောကျ ပြီလား (ကျပါပြီ ဘုရား)။

မျက်မှန်ကတော့ ရုပ်ဓမ္မကိုး၊ ဘယ်မှာသာလျှင် ဉာဏ်က မပါဘူး၊ ဉာဏ်မကိန်းနိုင်တော့ ဘယ်မြင်နိုင်ပါလိမ့်မတုံး။

မျက်လုံးထဲမှာသာ စက္ခုမြင်စိတ်က လာပေါ်လို့မြင်ရတာ၊ အဲ့ဒီတော့ဒီမျက်မှန်က ဘာနဲ့ တူသတုံးလို့ ဆိုတော့ သမ္မာသင်္ကပ္ပ နဲ့ တူတယ်၊ မျက်လုံးက သမ္မာဒိဋ္ဌိနဲ့ တူတယ်။

အဲ့ဒီ မျက်မှန်နဲ့ မျက်လုံးရှိတဲ့ပုဂ္ဂိုလ် ခေါင်းနှိမ်ပြီး သကာလ ဒီဘက်မှတစ်ပါး၊ ခင်ဗျား ဘယ်မှ မလှည့်နဲ့ ခေါင်းနှိမ်ထားတာက သမာဓိနဲ့ တူတယ် (မှန်ပါ ဘုရား)။ရိပ်မိပြီလား (ရိပ်မိပါ ပြီ ဘုရား)။

မျက်မှန်က သမ္မာသင်္ကပ္ပနဲ့တူ

မျက်မှန်နဲ့ ဘာနဲ့ တူသတုံး၊ သမ္မာသင်္ကပ္ပနဲ့ တူတယ်၊ ဟုတ်လား၊ မျက်လုံးနဲ့ ဘာနဲ့တူသတုံး (သမ္မာဒိဋ္ဌိနဲ့ တူပါ တယ် ဘုရား) ခေါင်းနှိမ်ထားတာနဲ့ ဘာနဲ့တူသတုံး (သမာဓိနဲ့ တူပါတယ် ဘုရား)။

အဲ သူတို့ သုံးခု ခင်ဗျားတို့ အခု ဒီနေ့ညပြောတဲ့ အတိုင်းမျက်မှန်တည်းဟူသော သမ္မာသင်္ကပ္ပ၊ မျက်လုံးတည်း ဟူသော သမ္မာဒိဋ္ဌိ၊ ခေါင်းနှိမ်ထားခြင်းတည်းဟူသော သမာဓိ၊ ဤသုံးခုနဲ့ သာ ခင်ဗျားတို့ သေသေချာချာ ဝေဒနာအပေါ်၌ တည့်အောင်နေကြမယ်ဆိုလို့ ရှိရင်ဖြင့်တဲ့ ဒီဝေဒနာဟာ ဝေဒနာမှ မဟုတ်ဘဲပဲ၊ စင်စစ်က ဥဒယနဲ့ ဝယရှိတာပဲ၊ အဖြစ်နဲ့ အပျက်ရှိတာပဲတဲ့၊ ဟုတ်ဘူးလား (မှန်ပါ ဘုရား)။

ဝေဒနာဆိုတာ အနိစ္စတရား

ဝေဒနာဆိုတာသည် ဒကာ ဒကာမတို့ နာမည်ပညတ် တပ်တာမျှသာ ဖြစ်တယ်၊ စင်စစ်တော့ ဖြစ်ပြီးပျက်တဲ့ အနိစ္စ တရားလေး၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

အဲ့ဒီ အနိစ္စတရားလေးကိုသာလျှင် ဒကာ ဒကာမတွေ က ဪ ဖြစ်ပြီးပျက်တဲ့ တရားလေး ပါလားလို့ မျက်မှန်ကိုလည်း လက်မလွှတ်နဲ့၊ မျက်လုံးလည်း လက်မလွှတ်နဲ့၊ ခေါင်းနှိမ် ထားတာကြီး ကိုလည်း မရွှေ့နဲ့ (မှန်ပါ ဘုရား)။

ဒီသုံးခု ဆုံလို့ကြုံကြပြီဆိုမှဖြင့် ဒကာ ဒကာမတွေသည် လိုရာခရီးကို ပေါက်ပါပေါ့ ဆိုတဲ့ဥစ္စာ သေသေချာချာမှတ်ပါ (မှန်ပါ ဘုရား)၊ ဒါဖြင့် အရေးမကြီးဘူးလား (ကြီးပါတယ် ဘုရား)။

မနေ့က ဥပမာနဲ့ မတူသေးဘူး၊ မနေ့က ဥပမာနဲ့ မတူသေးဘူး ဒကာ ဒကာမတို့ (မှန်ပါ ဘုရား)။ ဒီနေ့ ဥပမာက ပညာမဂ္ဂင်ကို သမာဓိမဂ္ဂင်က တစ်ခါတည်း၊ မတည်တည်အောင် ခေါင်းကိုင်ပြီး နှိမ်ထားသလို ပညာမဂ္ဂင်နှစ်ပါး သမ္မာသင်္ကပ္ပနဲ့ သမ္မာဒိဋ္ဌိဟာ ပညာမဂ္ဂင်ပါ (မှန်ပါ ဘုရား)။

အဲ့ဒီ ပညာမဂ္ဂင်ဟာ သူအလိုလိုဆိုရင် အာရုံရှိရာကို မတည့်နိုင်ဘူး၊ သမာဓိ ဆိုတဲ့တရားက ခေါင်းနှိမ်လိုက်ပြီ ဆိုမှဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ ဝေဒနာပေါ်တဲ့ နေရာတည့်ပြီ သဘော ကျပြီလား (ကျပါပြီ ဘုရား)။

သမာဓိကဘာနဲ့တူသတုံး

ဒါဖြင့်ပြန်ပြောကြ သမ္မာသင်္ကပ္ပက မျက်မှန်နဲ့ တူတယ်၊ သမ္မာဒိဋ္ဌိက (မျက်လုံးနဲ့တူပါတယ် ဘုရား)၊ ခေါင်းနှိမ်ထားတာနဲ့ (သမာဓိနဲ့ တူပါတယ် ဘုရား)။

အဲ ဒီသုံးခုသာ ခင်ဗျားတို့ကြုံကြလို့ ဆုံကြလို့၊ စုံကြ ပြီဆိုမှဖြင့် မပူပါနဲ့တော့ (မှန်ပါ ဘုရား)။ ဟိုဘက်က တစ် ဖြစ်ပါတယ်တဲ့။

ဟိုဘက်က ဖြစ်ပျက် ဒုက္ခသစ္စာ ဖြစ်ပါတယ်။ ဒီဘက် သုံးခုကမဂ္ဂသစ္စာဖြစ်ရမယ်၊ မဖြစ်ပါနဲ့ ဆိုလို့ ရသေးရဲ့လား (မရပါဘူး ဘုရား)။

ဘာ့ကြောင့် မဂ္ဂသစ္စာ ဖြစ်ရပါလိမ့်မလဲလို့ မေးလိုက် တဲ့အခါကျတော့ ဪ ဒီသုံးခု သည်ကားလို့ ဆိုရင်ဖြင့် ပညာကလည်း ကိလေသာသတ်တယ်၊ ဟုတ်ဖူးလား၊ ပညာက လည်း ကိလေသာသတ်တယ်၊ သမာဓိကလည်း ဒီဖြစ်ပျက် အာရုံ အပေါ်မှာပဲ တည်ကြည်နေ၊ သမ္မာသင်္ကပ္ပ ဆိုတဲ့ တရားကလည်း ဖြစ်ပျက်အာရုံအပေါ်မှာပဲ ကြံစည်နေတယ်ဆိုသဖြင့်ကိလေသာ ရန်သူတွေဟာ ဘယ်ကနေပြီး ဝင်ပေါက်ရှာပြီးဝင် မတုံးလို့ မေး တဲ့အခါကျတော့ သူတို့ကိုက ဟဒယဝတ္ထုအပေါ် ဒီသုံးခု ရောက်နေတယ် (မှန်လှပါ ဘုရား)။

ဟဒယဝတ္ထုအပေါ် ကြီးစိုးနေတယ်

ကိလေသာကလည်း လာရလို့ ရှိရင် ဟဒယဝတ္ထုအပေါ် လာရတယ် (မှန်ပါ ဘုရား)၊ သူတို့ သုံးခုကြီးစိုးပြီး ဟဒယ ဝတ္ထုအပေါ် ကြီးစိုးနေတဲ့အတွက်၊ ဝမ်းထဲကြီးစိုးနေတဲ့အတွက် မင်းတို့ ကိလေသာ ရန်သူတွေ လာပါဆိုလို့ လာနိုင်သေးရဲ့လား (မလာနိုင်ပါဘူး ဘုရား)။

ဒါဖြင့် ကိလေသာ ရန်သူကို ဒကာ ဒကာမတို့ လာခွင့် မပေးတာသည် ခုနက ပြောတဲ့ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာ သတိ၊ သမာဓိဆိုတဲ့ ဒီသုံးခုက ခန္ဓာကိုယ်ထဲမှာ ကြီးစိုးနေတဲ့ အတွက် ဟဒယဝတ္ထု အပေါ်၌ နေခွင့်ထိုင်ခွင့်မရသောကြောင့် ကိလေသာရန်သူတို့ သည် ရှောင်ခွာ ဖယ်ရှား နေရ တယ် ဆိုတာ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ကိလေသာရန်သူ၊ အောင်ပွဲ

အင်း ဒါဖြင့် တို့ လုပ်နေတဲ့အလုပ်ဟာ ဟေ ကိလေသာရန်သူတွေကိုနှင်ထုတ်နေတဲ့အလုပ်ပဲ၊ ကိလေသာ ရန်သူအောင်ပွဲယူနေတဲ့ အလုပ်ပဲဆိုတာ ရိပ်မိကြပြီလား (ရိပ်မိပါ ပြီ ဘုရား)။

အဲဒီတော့ လောဘ ဒေါသ မောဟ ဘယ်နေရာဝင်မ တုံး (မဝင်ပါဘူး ဘုရား)၊ ဟဒယဝတ္ထု အပေါ် သူတို့ က ရောက်နေပြီ၊ လောဘ ဒေါသ မောဟကလည်း လာခွင့်ရရင်သူ ဘယ်အပေါ် လာရမှာတုံး (ဟဒယဝတ္ထုအပေါ်မှာ လာရ မှာပါ ဘုရား)။

ကိုင်း ဒေါ်ခန့်ရ ဒီဟာတွေက အမြဲထိုင်နေပြီ၊ တော် ကြာ ထိုင်နေပြန်ပြီ၊ တော်ကြာ ထိုင်နေ ပြန်ပြီ၊ ဒီအပေါ် ရောက်နေ ပြန်ပြီ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမာဓိတွေကလေ (မှန်ပါ ဘုရား)။

ကိလေသာ ဝင်ခွင့်မရ

ဒီအပေါ် ချည့် ရောက်ရောက်ရောက်ရောက်နေပြီဆိုရင် ကိလေသာရန်သူဟာ ဘယ်နည်းနဲ့မှ ဝင်ခွင့် မရတော့ဘူး (မရပါဘူး ဘုရား)၊ ရသေးရဲ့ လား (မရပါဘူး ဘုရား)။

အဲ့ဒီကဲ့သို့ ဝင်ခွင့်မရတဲ့ အခါကျတော့ ဒကာ ဒကာမ တို့ ကိလေသာရန်သူကို အောင်ပွဲ ယူနေတာ ဘယ်သူတုံး ဆိုတော့ဒီသုံးခု (မှန်ပါ ဘုရား)မဂ္ဂင်သုံးခု (မှန်ပါ ဘုရား)။ ဟုတ်ပြီလား (မှန်ပါ ဘုရား)၊ သမ္မာသင်္ကပ္ပမဂ္ဂင်၊ သမ္မာဒိဋ္ဌိ မဂ္ဂင်၊ သမ္မာသမာဓိမဂ္ဂင် ဟုတ်လား (မှန်ပါ ဘုရား)။

အဲ့ဒီမဂ္ဂင်တွေက တစ်ခါတည်းခေါင်းဆောင်ပြီး ဟဒယ ဝတ္ထုအပေါ် ရောက်နေတဲ့ အတွက်တဲ့ ဟဒယဝတ္ထုအပေါ်၌ ကိလေသာရန်သူတွေသည် ဘယ်နည်းနဲ့ မှမသိနိုင်ဘူး။ မကပ် နိုင်ဘူး ဆိုတာ ဒကာ ဒကာမတွေကမှတ်ပါ (မှန်ပါ ဘုရား)။

ဒီသုံးခုက မဂ္ဂသစ္စာ

အဲ့ဒီတော့ ဘာရှိနေလို့ မကပ်နိုင်တာတုံးဆိုတော့ ဖြစ် ပျက်က ဒုက္ခသစ္စာ၊ သူတို့ သုံးခုက မဂ္ဂသစ္စာ၊ သူတို့ သုံးခုက မဂ္ဂသစ္စာဖြစ်နေတော့ ကိလေသာ ရန်သူက အနားမကပ်နိုင်အောင်ပဲ ချုပ်နေရသောကြောင့် သူတို့ သုံးခုချုပ်နေတာက သမုဒယသစ္စာ ဟုတ်ပြီလား (မှန်ပါ ဘုရား)။

သူတို့ သုံးခုချုပ်နေတဲ့ အခါကျတော့ဒကာ ဒကာမတွေမှာ ကိလေသာအပူမီးတို့မှ ရုပ်သိမ်း ချုပ်ငြိမ်း နေတာလေးဟာ နိရော ဓသစ္စာ (မှန်ပါ ဘုရား)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

နိရောဓသစ္စာ

ကိလေသာ အပူမီးတို့မှ ချုပ်ငြိမ်းရုပ်သိမ်းနေတာကို ဘာ ခေါ်ကြမလဲ (နိရောဓသစ္စာပါ ဘုရား)၊ နိရောဓသစ္စာ ဆိုတာ နိဗ္ဗာန်ပါဘဲ ဒကာ ဒကာမတို့ (မှန်ပါ ဘုရား)။

အေး ဒါကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက လည်း သံယုတ်ပါဠိတော်မှာ တဏှာနိရောဓော နိဗ္ဗာနံ၊ တဏှာ နိရောဓော- တဏှာချုပ်နေခြင်းသည်၊ နိဗ္ဗာနံ-နိဗ္ဗာန် မည်သည်၊ ဟောတိ-ဖြစ်၏။ ဒါတဏှာချုပ်နေတာ နိဗ္ဗာန်ပဲ (မှန်ပါ ဘုရား)။

ကဲ ဒကာ ဒကာမတို့ ခင်ဗျားတို့ အလုပ်သာအလုပ် လုပ်လို့ ရှိရင်ဖြင့် နိဗ္ဗာန်ကိုခင်ဗျားတို့ ခန္ဓာ အတွင်းမှာလည်း နိဗ္ဗာန်ရပါတယ်၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

နိဗ္ဗာန်ဘယ်ရောက်သတုံး

နိဗ္ဗာန်ဘယ်ရောက်သတုံး (ခန္ဓာထဲမှာ ရောက်ပါ တယ် ဘုရား)၊ ခန္ဓာထဲမှာ ရောက်တယ်၊ ဒါကြောင့် နိဗ္ဗာန်သည် ရူပက္ခန္ဓာ အဝေးမှာရှိသလားအနီးမှာရှိသလားဆိုတာ အဝေးကြီး မပြောနိုင် ဘူးတဲ့၊ မလုပ်တဲ့ပုဂ္ဂိုလ်မို့ ဝေးချင်နေတာပဲ (မှန်ပါ ဘုရား)။

မလုပ်တဲ့ ပုဂ္ဂိုလ်အတွက်မှာ အရှေ့မှာလား၊ တောင်မှာ လားမြောက်မှာလား၊ အနောက်မှာလား ဆိုတာ မောင်ထွန်းလှိုင် မေးလို့မရဘူး (မှန်ပါ ဘုရား)၊ ဘာပြုလို့မရသတုံး ဆိုတော့ မလုပ်တဲ့ ပုဂ္ဂိုလ် အတွက်မှာ ဘယ်ကလာဖြစ်မှာတုံး (မှန်ပါ ဘုရား)။

ကိလေသာငြိမ်းတဲ့ နေရာမှာရှိတယ်

အလုပ်လုပ်တဲ့ ပုဂ္ဂိုလ်အတွက်ကျတော့ ကိလေသာ ငြိမ်း တဲ့နေရာမှာ (နိဗ္ဗာန်ရှိပါတယ် ဘုရား)။

နိဗ္ဗာန်ရှိတယ် ဆိုတော့ ဪ ဒါဖြင့် ဒေါ်အုန်းခင်ကြီးတို့ က မှတ်ကြ၊ ဒေါ်ခန့် တို့က မှတ်ကြ၊ နိဗ္ဗာန်ဆိုတာ တခြားလား မှတ်နေတယ်၊ ကိလေသာ မလာလို့ ငြိမ်းတဲ့ နေရာမှာ နိဗ္ဗာန်ရှိတာပဲ ဆိုတာ ကိလေသာဟာ ဟဒယဝတ္ထုအပေါ်မှာ သူမလာဘဲ နေတာ၊ ဟဒယ ဝတ္ထုအပေါ်မှာပဲ ငြိမ်းရမယ် (မှန်ပါ ဘုရား)။

ဒါကြောင့် နှလုံး၌ ငြိမ်းအေးခြင်း လက္ခဏာ ရှိတာ မဂ္ဂသစ္စာလို့ ဆိုရင် သူရောက်လို့ အေးတာပဲဟေ့၊ ပဋိသမ္ဘိဒါမဂ်လာ တဲ့အတိုင်း၊ နှလုံး၌ ငြိမ်းအေးခြင်းလက္ခဏာရှိတာ ဘာပါ လိမ့် မဂ္ဂသစ္စာ။

အေးငြိမ်းတာလေးက နိရောဓသစ္စာ

အဲ့ဒီ မဂ္ဂသစ္စာရောက်ကတည်းကိုက ဒကာ ဒကာမတို့ မအေးသေးဘူးလား (အေးပါတယ် ဘုရား)။အဲ အေး တာလေးက နိရောဓ၊ ငြိမ်းအေးအောင် လုပ်တာက မဂ္ဂ၊ အေး တာလေးဟာက (နိရောဓပါ ဘုရား)၊ ငြိမ်းအေးအောင် လုပ်တာက (မဂ္ဂပါ ဘုရား)။

အေးတာက (နိရောဓပါ ဘုရား)၊ အေးနေကတည်းက ကိလေသာ အပူမီးတွေရှိသေးရဲ့ လား (မရှိပါဘူး ဘုရား)၊

ဪ ဒါဖြင့် ဘုရား၊ ရဟန္တာ၊ အရိယာ ပုဂ္ဂိုလ်တွေကျလာ တဲ့အခါ ဘယ်အာရုံမျိုးနဲ့ ထိထိ သူတို့ မှာဖြင့် ချောမောလှပတဲ့ အာရုံမျိုးနဲ့ ထိပြန်တော့လည်း ငြိမ်းအေးနေတာပဲ (မှန်ပါ ဘုရား)။

ဟာ အရုပ်ဆိုး အကျည်းတန်တွေနဲ့ တွေ့နေပြန်၊ တော့လည်း ဒေါသမဖြစ်ဘူး ငြိမ်းအေး နေတာပဲ (မှန်ပါ ဘုရား)။ ဒါဖြင့် သူတို့ မှာဖြင့် သန္တိလက္ခဏာဆိုတဲ့ ငြိမ်းအေးတဲ့ လက္ခဏာ တစ်ခုတည်းနဲ့ပဲ အမြဲနေတော့တာပေါ့ (မှန်ပါ ဘုရား)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒါဖြင့် မဂ်သည် ဒကာ ဒကာမတို့ ငြိမ်းအေးအောင် လုပ်တတ်တယ်၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)၊ ငြိမ်းအေး တာက နိရောဓသစ္စာ (မှန်ပါ ဘုရား)၊ မဂ်က ငြိမ်းအေးအောင် လုပ်တတ်တာ၊ ကိလေသာ ရန်သူက အပူဓာတ်၊ ၎င်း သည် ချုပ်ပျောက်သွားသောကြောင့် ငြိမ်းအေးခြင်း ရောက်လာ တယ်၊ သဘောကျပြီလား (ကျပါတယ် ဘုရား)။

မျက်မှန်လည်း မဖြတ်ပါနှင့်

အဲ့ဒါကြောင့် ဒကာ ဒကာမတို့ မျက်မှန်လည်း မဖြုတ် ပါနဲ့၊ မျက်လုံးလည်း တခြား မလှည့်လိုက်ပါနဲ့၊ ခေါင်းနှိမ်ထား တာကြီးကိုလည်း ဖယ်ရှား မပစ်လိုက်ပါနဲ့ (မှန်ပါ ဘုရား)။

ဤကဲ့သို့ မျက်မှန်လည်း မဖြုတ်၊ မျက်လုံးကလည်း တည့်ထားမယ်၊ ခေါင်းနှိမ် ထားတာကြီးကိုလည်း ခင်ဗျားတို့ ကဖယ်ရှားပစ်တဲ့ အလုပ် မလုပ်ဘူးဆိုလို့ ရှိရင် ခင်ဗျားတို့ ခန္ဓာကိုယ်ထဲမှာ ပေါ်တဲ့ တရားတွေဟူသ၍ အကုန်ဒီအောက် ရောက်လာမှာ (မှန်ပါ ဘုရား)။ သူတို့ သုံးခုအောက် ရောက် လာမှာ (မှန်ပါ ဘုရား)။

သူတို့ သုံးခုအောက်ရောက်လာတဲ့ အခါကျတော့ ဘယ်လို မြင်လာသတုံး မေးလိုက်တယ်၊ မျက်လုံးထဲ ပေါ်တဲ့ ဝေဒနာ၊ နား ထဲပေါ်တဲ့ဝေဒနာ၊ ဒါလေးတွေက သက်တိုလား သက်ရှည်လားလို့ မေးရင် ဘယ့်နှယ့်မတုံး (သက်တိုပါ ဘုရား)။

ဪ သက်တိုကလေးတွေပဲ တစ်ဆိုဖြစ်၊ နှစ်ဆိုပျက် တော့တာပဲ (မှန်ပါ ဘုရား)၊ သက်တို ကလေး ကြည့်ခိုင်းတဲ့ အခါကျတော့ သက်တိုနေမှာပဲ (မှန်ပါ ဘုရား)။

ဒီသုံးခုနဲ့ ကြည့်လိုက်တဲ့ အခါ သက်တိုကလေးတွေ မမြင်ရဘူးလား (မြင်ရပါတယ် ဘုရား)၊ ကောင်းပြီ ဒါဖြင့် ဝေဒနာလေးဟာ နဂိုတုန်းကတော့ ငါမြင်တယ် ငါမြင် တယ်ဆိုတော့ ဒကာစိန်တို့က ဥပေက္ခာဝေဒနာလေး ငါထင် တာ (မှန်ပါ ဘုရား)၊ မဟုတ်ဘူးလား (မှန်ပါ ဘုရား)။

ငါကြားတယ် ဆိုတော့ကော (ဥပေက္ခာ ဝေဒနာ ငါထင်ပါတယ် ဘုရား)။ အေး ဥပေက္ခာ ဝေဒနာ ငါထင်ကြ တယ်၊ ‘‘ဝေဒနံ အတ္တတော သမနုပဿတိ’’ ကိုး၊ ဝေဒနာ- ဝေဒနာကို၊ အတ္တတော- ငါဟူ၍၊ သမနုပဿတိ- ရှု၏ ဆိုတော့ သက္ကာယဒိဋ္ဌိ ကိုး (မှန်ပါ ဘုရား)။

သုံးခုနဲ့သာတည့်ထားစမ်းပါ

ဟောဒီ သက္ကာယဒိဋ္ဌိက တယ်ကြောက်စရာကောင်း တယ်၊ ခုတော့ဖြင့် သက်သေဖြစ်တဲ့ ဝေဒနာလေး တွေကိုဘုန်းကြီး ပြောတဲ့ မျက်မှန်ရယ်၊ မျက်လုံးရယ်၊ အဲ့ဒီကဲ့သို့ နောက်က ခေါင်းနှိမ်ထား တာရယ် သုံးခုနဲ့ သာ တည့်ထား လိုက်စမ်းပါ၊ သက်တိုကလေးတွေဟာ သက်တို သဘောပဲမြင်မယ် (မှန်ပါ ဘုရား)။

သက်တိုသွားပြန်ပြီ၊ သေသွားပြန်ပြီ၊ ဟင် သေသွား ပြန်ပြီလို့ အသေချည့်မြင်တယ် (မှန်ပါ ဘုရား)၊ ဒေါ် အုန်းခင် ဘာမြင်မယ်ထင်သတုံး (အသေချည့်မြင်မှာပါ ဘုရား)။

ဘာဖြစ်လို့ တုံးမေးတဲ့အခါကျတော့ နဂိုကအသက်တို ကလေးတွေမို့ (မှန်ပါ ဘုရား)၊ အသက်ရှည် ဟုတ်ရဲ့လား။ (မဟုတ်ပါဘူး ဘုရား)။

တယ်အသက်တိုပါလား

အဲ့ဒါ အသက်တိုကလေးတွေဖြစ်ပြီး သကာလ နေတာ အသက်တိုကလေးတွေ မြင်ရတဲ့ အခါကျတော့ ဪ ငါဟာ တယ်အသက်တိုပါလားလို့ ပေါ်လာတယ် (မှန်ပါ ဘုရား)။

ဒီတော့ ငါထင်နေတဲ့ ပုဂ္ဂိုလ်တောင်မှ ငါပြုတ်ပြီး အသက် တိုပါလားလို့ ပေါ်လာတယ်၊ မပေါ်လာ ဘူးလား (ပေါ်လာ ပါတယ် ဘုရား)၊ ငါကောမပြုတ်သေးဘူးလား (ပြုတ်ပါတယ် ဘုရား)။

အကယ်၍ ငါစွဲထားဦးတော့ ကိစ္စမရှိတော့ဘူးတဲ့၊ ငါဟာ အသက်တိုကိုးလို့ ဆိုလို့ရှိရင် အနိစ္စ ပေါ်လာတယ် (မှန်ပါ ဘုရား)မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။ အဲ့ဒါ ဒေါ်အုန်းခင်တို့ သဘော ကျပြီလား (ကျပါတယ် ဘုရား)။ မတုတို့ သဘောကျပြီလား (ကျပါတယ် ဘုရား)။

ဘယ်နှယ့်တုံး ဒါလေးတွေ သမ္မာသင်္ကပ္ပရယ်၊ သမ္မာ ဒိဋ္ဌိရယ်၊ သမာဓိရယ်သုံးခုနဲ့ စိုက်ကြည့် လိုက်တဲ့ အခါကျတော့ မျက်လုံးထဲပေါ်တာလေး ဟဒယဝတ္ထုပေါ်ကဒီသုံးခုနဲ့ ဒီမှန် ပြောင်းနဲ့ ချိန်ကြည့်လိုက်ပါ ရှိသေးရဲ့လား (မရှိပါဘူး ဘုရား)။

တယ်လည်း အသက်တိုပါလား (ထိုပါတယ် ဘုရား)၊ ငါမြင်တယ်ဆို ငါမြင်တယ်လို့ ပြောကြတယ် ဆိုတာ ခု ငါလေး ရှိသေးရဲ့ လား (မရှိပါဘူး ဘုရား)။ ငါမြင်တယ်လို့ ပြောပြီးတော့ ခု- ငါမရှိတော့ဘူး ဆိုတော့ ဪ ဒကာ ဒကာမတွေ ဒီလိုမကြည့်တတ်လို့ ရှေးက ငါစွဲနေတာ (မှန်ပါ ဘုရား)။

ငါမဟုတ်လို့ ပျက်တာ

ခု-ဒီလို ဟဒယဝတ္ထု ပေါ်ကနေပြီး မျက်လုံး မျက်မှန် ငါထင်တာလေး ဝေဒနာလေးကို သေသေချာချာ စဉ်းစား လိုက်တဲ့ အခါကျတော့၊ ဪ ငါမဟုတ်လို့ ပြုတ်တာကိုး (မှန်ပါ)၊ ငါမဟုတ်လို့ ပျက်တာကိုး (မှန်ပါ ဘုရား)၊ ပေါ်လာပြီ (ပေါ်လာပါပြီ ဘုရား)။

အဲ့ဒါ သက္ကာယဒိဋ္ဌိ အထူးဖြုတ်ဖို့ မလိုတော့ဘူး (မှန် ပါ ဘုရား)၊ အကြည့်မြင်တဲ့ ပုဂ္ဂိုလ်ဟာ အထူးဖြုတ်ဖို့ မလိုတော့ဘူး (မှန်ပါ ဘုရား)။

အဲ့ဒါကြောင့် ခင်ဗျားတို့က တစ်နံပါတ်ကို နှစ်နံပါတ် နဲ့ မကြည့်တာက မောင်ထွန်းလှိုင် အဆိုးဆုံးပဲ (မှန်လှ ပါ ဘုရား)၊ အဆိုးဆုံးပဲ၊ အဆိုးဆုံးပဲဆိုတာ သဘောကျပြီ လား (ကျပါပြီ ဘုရား) ဟေ့ မောင်ဘညွန့်တို့တစ်နံပါတ် ကို နှစ်နံပါတ်ကမကြည့် တာ ဘာတုံးကွ (ဆိုးပါတယ် ဘုရား)။ဒေါ်ခန့် (အဆိုးဆုံးပါ ဘုရား)။

မျက်လုံးထဲပေါ်တာ ဝမ်းထဲကကြည့်ပါ

ဘာဆိုးတာတုံး (တစ်နံပါတ်ကို နှစ်နံပါတ်နဲ့ မကြည့် တာပါ ဘုရား)။ အဆိုးဆုံးပဲ၊ အဆိုးဆုံးပဲ၊ တစ်နံပါတ်က မျက်လုံး ထဲပေါ်တယ်၊ နှစ်နံပါတ်က ဝမ်းထဲကနေ ကြည့်ပါလို့ ဘုန်းကြီး က ပြောတယ် (မှန်ပါ)။

အဲ့ဒါ ခင်ဗျားတို့ က မကြည့်ဘူး မကြည့်တဲ့အခါကျတော့ ခုနက အသက်တိုကလေး မြင်ရသေးရဲ့လား (မမြင်ရပါဘူး ဘုရား)။

မမြင်ရတဲ့ အခါကျတော့ ကြော် ငါ့ခန္ဓာကြီးဟာ ဖြင့် ရှေ့လေးငါးနှစ်တောင် နေရ ကောင်းပါသေးရဲ့ ဆိုတာ လာတော့ မယ် (မှန်ပါ ဘုရား)။ တစ်ခါတည်း သဿတ ဒိဋ္ဌိကပ်လာ တယ် (မှန်ပါ ဘုရား)။ ဟုတ်ပြီလား (မှန်ပါ ဘုရား)။

ခုတော့ဖြင့် ဒကာ ဒကာမတွေက ဒီလိုသာသုံးသပ် လိုက် ပါတော့ မျက်လုံးထဲမြင်တဲ့ ဝေဒနာလေးကို နောက်က နေပြီး မနောဒွါရကနေပြီး သကာလ ခုနကပြောခဲ့တဲ့ သုံးခုနဲ့ ကြည့် လိုက်စမ်းဗျာ၊ ရှိသေးရဲ့လား (မရှိပါဘူး ဘုရား)။

ငါတယ် အသက်တိုပါလား၊ ဒေါ်အုန်းခင် ငါတယ် အသက်တိုပါလားလို့ မလာဘူးလား (လာပါတယ် ဘုရား)၊ အဲ အဲ့ဒီတော့ ဒီလိုပြောတဲ့ဥစ္စာတော့ ဘုန်းကြီးက အပြစ် မရှိဘူးလို့ ပြောလိုက်တယ် (မှန်ပါ ဘုရား)။

ငါစွဲချင်စွဲလိုက်ပါ အသက်တိုမှန်းတော့သိလိုက်ပါ (မှန်ပါ ဘုရား)။ အဲဒီတော့ ဒါက ငါကို မစွဲနိုင်တော့ဘူး၊ တိုတဲ့ အနိစ္စမြင်လာတယ် (မှန်ပါ ဘုရား)၊ ဒီလိုကျတော့ ကိစ္စ မရှိဘူး (မှန်ပါ ဘုရား)။

ဘုရားဟောတာပါ

ဒါ ဘုရားက ဟောတာပါ၊ ဘုန်းကြီးက ကြံဖန်ဟော တာ မဟုတ်ပါဘူး။ ဝေဒနာလေးကို ငါလို့ထင်တာ ထင်ပါစေတဲ့ကိစ္စ မရှိပါဘူး၊ သို့သော် မင်းတို့ နောက်က ကြည့်လိုက်တဲ့အခါ ငါဖြစ်လည်း ဖြစ်တယ်၊ ပျက်လည်း ပျက်တယ်လို့ သိရင် ငါဘုရားက အကြိုက်ပဲ (မှန်ပါ ဘုရား)၊ ဒေါ်အုန်းခင် ရိပ်မိပြီလား (မှန်ပါ ဘုရား)။

ခုတော့ ဒကာ ဒကာမတွေက ငါက ခိုင်တယ်၊ တစ်နံပါတ် ကို နှစ်နံပါတ်ကနေ မကြည့်တော့ ငါက ခိုင်သေးတယ်။ တစ်နံပါတ် ငါခိုင်နေသေးတယ် ဒကာစိန်ရ (မှန်လှပါ ဘုရား)။

ကဲ ဒကာ ဒကာမတို့ တစ်နံပါတ် ငါခိုင်နေသေး တာ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ ခုတော့ ခိုင်သေးရဲ့ လား (မခိုင်ပါဘူး ဘုရား) နှစ်နံပါတ်ကနေ ကြည့်လိုက်တော့ ခုနက ငါမြင်တယ် ဆိုတာလေးဟာ ဒီဝေဒနာလေး ရှိသေးရဲ့လား (မရှိပါဘူး ဘုရား)။

ငါမဟုတ်လို့ ပျက်တာ

အေး ဖြစ်ပြီးပျက်မသွားဘူးလား (ပျက်သွားပါတယ် ဘုရား)၊ ဒါဖြင့် ငါမဟုတ်လို့ ပျက်တာပဲ (မှန်ပါ ဘုရား)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒါဖြင့် မြင်ပြီးရင် ဖြစ်ပျက်ဟာကျုပ်တို့က မြင်ပြီးရင် ပျက်တာပါပဲလို့ မဆို၊ မြင်ပြီးရင် ပျောက်တာပါပဲ ကျုပ်တို့က အမှတ်မထားပါဘူးလို့ ခင်ဗျားတို့က တော်အောင်သုံး မနေနဲ့၊ စင်စစ်အားဖြင့်တော့ သူတို့ကိုက ပျက်နေတာ (မှန်ပါ ဘုရား)၊ သူတို့ကိုက ပျက်နေတာ ဒေါ်ခန့်ရေ (မှန်လှပါ ဘုရား)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဝိပဿနာ ရှုနည်းသည် မျက်လုံး ဥပေက္ခာဝေဒနာ ပေါ်တာလည်း ခုနက ပြောခဲ့တဲ့ သုံးခုနဲ့ ခေါင်းနှိမ်တာနဲ့ သာ သုံးခုနဲ့ သာတွဲလိုက် (မှန်လှပါ ဘုရား)။

မိမိစိတ်ကို ထားရာနေဖို့

တွဲလိုက်လို့ ရှိရင် သမ္မာသမာဓိ ဆိုတာ ဒကာ ဒကာမ တို့၊ သမ္မာက-မှန်ကန်တာ၊ သမာဓိက-တည်ကြည်တာ၊ အမှန် အကန်တည်ကြည်မှု အရေးကြီးတယ်၊ အမှန်အကန် တည်ကြည် ဖို့ အရေးကြီးတယ် ဒကာစိန်ရ၊ အမှန်အကန် တည်ကြည်ဖို့ဆို တာ ဘာတုံးဆိုတော့ မိမိစိတ်ကိုထားရာ နေဖို့ပါပဲ။ မိမိစိတ် ကလေးကို ထားရာနေဖို့ပါပဲ။

အဲ့ဒါ သမာဓိက ခေါင်းစီးပြီး သကာလ မိမိတို့၏ ရှုတဲ့ ဉာဏ်ကလေး သတိကလေးကို သမာဓိက ခေါင်းစီးပြီး သကာ လဲ သူကမင်းသတိကလေးအဲ့ဒီကိုသွား၊ မင်းပညာလေး ဖြစ်ပျက် ရှိတဲ့ ဆီသွားလို့ သမာဓိက အမှန်အကန် ဖြစ်ပျက်ရှိတဲ့ဆီကို ရောက်အောင်ပို့ပြီး သကာလ နေတာသည် သမာဓိ အလုပ်လို့ ဒကာ ဒကာမတွေကမှတ်ပါ (မှန်ပါ ဘုရား)။

သမ္မာသမာဓိ ဆိုတာသည် အမှန်အကန် တည်ကြည် မှုအမှန်အကန်တည်ကြည်မှု ဒကာစိန် ဘာပါလိမ့်မတုံး သမာဓိ ဆိုတာ (အမှန်အကန်တည်ကြည်မှုပါ ဘုရား)။

အမှန်အကန်တည်ကြည်မှု

အမှန်အကန် တည်ကြည်မှု၊ သမ္မာက- အမှန်အကန်၊ – သမာဓိက-တည်ကြည်တာ-ဟုတ်လား၊ အမှန်အကန်တည် ကြည်မှုကို ဘာခေါ်ကြမယ် (သမ္မာသမာဓိပါ ဘုရား)၊

အေး သမ္မာ သမာဓိလို့ ဒေါ်ခန့်တို့ မှတ်ကြစမ်းပါ။

အမှန်အကန်တည်ကြည်မှုကို သမ္မာသမာဓိလို့ ခေါ် တယ်။ အဲ့ဒီ သမာဓိ ဒကာ ဒကာမတွေက၊ သမာဓိဆိုတာသည် ခိုင်မြဲပြီး သကာလ ရုပ်ကြီးတွေက ခိုင်နေတာကို ဆိုတာ မဟုတ်ပါဘူး။

တချို့နေရာတွေမှာ ရုပ်တွေခိုင်ပြီး သကာလ နေတာ ရှိတယ်၊ အဲ့ဒါမျိုး မဟုတ်ဘူး၊ ဝေဒနာလေးဟာ၊ ဥပမာ- မျက်လုံး ထဲ ဥပေက္ခာဝေဒနာ ပေါ်တယ်၊ ကိုယ်ပေါ်မှာသုခ၊ ဒုက္ခပေါ် တယ်၊ အဲ့ဒီ သုခ ဒုက္ခရှိတဲ့နေရာဟာ အဖေါ်ပါတဲ့ သမာဓိက အမှန်အကန်တည်ရမယ် (မှန်ပါ ဘုရား)။

ဖြစ်ဖော် ဖြစ်ဖက်တွေကိုလည်း မင်းတို့ အဲ့ဒီကိုသွား ကွ၊ မင်းတို့ သည်ကား ကိုယ်ပေါ်မှာ သုခပေါ်တယ်၊ အဲ့ဒီ သုခဖြစ် ပျက်ဆီသွား၊ သမာဓိက ခေါင်းဆောင် လိုက်တယ်၊ သမာဓိက ခေါင်းဆောင် လိုက်တော့ သတိကလည်း မနေသာ၊ အဲ့ဒိသွား ပညာကလည်း မနေသာအဲ့ဒိရှု၊ ဝီရိယကလည်းမနေ သာ၊ အဲ့ဒိ ဝီရိယစိုက်၊ ဟုတ်လား (မှန်ပါ ဘုရား)။

ဝိတက်ကလည်း မနေသာ အဲ့ဒိရှု၊ ဝိစာရကလည်း မနေ သာ အဲ့ဒိပဲ သုံးသပ်၊ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။

လူတစ်ယောက်နဲ့ နွား (၇)ကောင်

ဒါဖြင့် သမာဓိကလေးဟာ လောကီဥပမာ ပြောကြပါစို့ ဆိုလို့ရှိရင်ဖြင့် နွားခုနစ်ကောင်ကို လူတစ်ယောက်က ကျောင်း တဲ့အခါ ကျလို့ရှိရင် ဒီလမ်းမှတစ်ပါး နွားတွေဘယ်မှ မသွားရအောင် ဒကာစိန်ရေ ကြိမ်တဝင့်ဝင့်၊ တုတ်တဝင့်ဝင့်နဲ့ ခုနစ်ကောင်ကို ကျောင်းတော့ နွားခုနစ်ကောင်ဟာ ဒီလမ်းပဲ သွားနေတယ် (မှန်ပါ ဘုရား)။

ဘေးကိုမတက်ရဘူး၊ အဲ့ဒိကဲ့သို့ မတက်တော့နွားခုနစ် ကောင်၏ သဘောသည် ဘယ်သူ့ အပေါ်မှာ မှီပြီး သကာလ အဖြောင့်သွားနေကြပါလိမ့်မလဲလို့ မေးလိုက်တဲ့အခါကျတော့ နွားကျောင်းသား တစ်ယောက်အပေါ်မှာမှီပြီး အဖြောင့်သွားနေ တယ်၊ မောင်ထွန်းရင် ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

နွားကျောင်းသား တစ်ယောက် အပေါ် အမှီပြုပြီး သကာလ အဖြောင့်သွားနေတယ်လို့ ဒကာ ဒကာမတွေ မှတ်လိုက်စမ်း ပါ (မှန်ပါ ဘုရား)။

နွားကျောင်းသားက သမာဓိနဲ့တူတယ်

ဒါဖြင့် နွားကျောင်းသားသည် ဒီနွားတွေ၏ သူသွားလို တဲ့လမ်း၊ သူသွားလိုတဲ့မြက်ခင်းကို နွားကျောင်းသားက နွားခုနစ်ကောင်ကို ဘယ်မှမရွှေ့မပြောင်းရအောင် သူသွားလိုတဲ့မြက်ခင်း၊ သူသွားလိုတဲ့ ရေအိုင်၊ နွားခုနစ်ကောင်ကို တစ်ယောက်တည်းကနေ မကျောင်းဘူးလား (ကျောင်းပါတယ် ဘုရား)။

ကျောင်းတဲ့အခါကျတော့ ဒီနွားတွေသည် သူ့အလိုတိုင်း နွားကျောင်းသား၏ အလို့တိုင်း ရေအိုင်ရှိရာနဲ့ မြက်ရှိရာကိုသာ သွားရတယ်၊ ဒိပြင်တောတောင်တွေ လှည့်ပတ်ပြီးသွားချင်လို့ဖြစ် သေးရဲ့လား (မဖြစ်ပါဘူး ဘုရား)။ ဘယ်သူ့သတ္တိပါလိမ့် (နွားကျောင်းသားသတ္တိပါ ဘုရား)။

ဒီမှာလည်း ကျန်တဲ့ မဂ္ဂင်ခုနစ်ပါး ဒကာ ဒကာမတွေမှတ် လိုက်စမ်း၊ ဒီနေ့တော့ မဂ္ဂင်ခုနစ်ပါး တွေကို ဘာတုံး၊ သမာဓိ ချန်လှပ်ထား ကျန်တဲ့ မဂ္ဂင်ခုနစ်ပါးက သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝ သမ္မာဝါယာမ သမ္မာသတိ၊ ကျန်တဲ့(၇)ပါးမရှိဘူးလား (ရှိပါတယ် ဘုရား)။

အဲ့ဒိ (၇)ပါးက နွားနဲ့တူတယ်၊ သမာဓိက နွားကျောင်း သားနဲ့တူတယ်။

ဖြစ်ပျက်ဆီသွားကြ

အဲ့ဒီ နွားကျောင်းသားတည်းဟူသော သမာဓိကသူ့အလို လိုက်ပြီး နွားတွေဟာ အလိုရှိတဲ့ဆီ၊ မြက်ခင်းရှိရာ၊ ရေအိုင်ရှိရာ သို့ နွားကျောင်းသားသဘောသို့နွားတွေသည် အကုန်လိုက်ရဘိ သကဲ့သို့ ခင်ဗျားတို့ ဖြစ်ပျက်တည်းဟူသော မြက်ခင်း၊ ဖြစ်ပျက် တည်းဟူသော ရေအိုင်ရှိရာသို့ သမာဓိက တစ်ခါတည်းကျန်တဲ့ (၇)ပါးကို အကုန်ခြုံပြီး သကာလ မင်းတို့ အဲ့ဒီသွားကြ။

ဖြစ်ပျက် မြက်ခင်းရှိတဲ့ဆီသွား၊ ဖြစ်ပျက်ရေအိုင်ရှိတဲ့ဆီ သွားလို့ အကုန်ကိုကြီးစိုး ထားလိုက်တာ (မှန်လှပါ ဘုရား)။ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

အဲ့ဒီကဲ့သို့ ရိပ်မိတော့ ဪ သမာဓိန္ဒြေ ဆိုတာ ဟုတ်လိုက်လေတယ်၊ အားလုံးအပေါ် ကြီးစိုးသွားတယ် (မှန်လှပါ ဘုရား)။ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။

နွားကျောင်းသား တစ်ယောက်တည်းက နွားခုနစ်ကောင် အပေါ်မှာ ကြီးစိုးသွားတယ် (မှန်ပါ)၊ ဒီ ဒကာ ဒကာမတွေ အလုပ်လုပ်တော့လည်း မြက်ခင်းနဲ့ တူတဲ့ ဖြစ်ပျက် ပေါ့ဗျာ၊ ဝေဒနာဖြစ်ပျက်၊ အဲ့ဒီကဲ့သို့ ဝေဒနာဖြစ်ပျက်တွေ အပေါ်၌ မင်းတို့ သတိလည်း ဘယ်မှမသွားရ၊ ပညာလည်း ဘယ်မှမသွား ရ၊ အလုံးစုံ ကျန်တဲ့(၇)ပါး ဝီရိယလည်း ဘယ်မှမသွားရ၊ အဲ့ဒိ နေရာပဲသွားရမယ်လို့ ဆိုတာ ဘယ်သူခေါင်းဆောင်တယ်ဆို တာ ဒကာ ဒကာမတွေရိပ်မိပါပြီ (ရိပ်မိပါပြီ ဘုရား)။

သမာဓိက အကြီးအမှူး

ဘယ်သူခေါင်းဆောင်သတုံး (သမာဓိခေါင်းဆောင်ပါ တယ် ဘုရား)။ အဲဒီတော့ သမာဓိက ကြီးစိုးသောကြောင့်(ဝါ) အကြီးအမှူး ဦးစီးနာယက ဖြစ်လေသောကြောင့် ကျန်တဲ့(၇)ခု တွေဟာ သူခိုင်းတဲ့ ဖြစ်ပျက်မြက်ခင်း ပေါ်မှတစ်ပါး၊ ရေအိုင် ပေါ်မှ တစ်ပါး၊ ဒကာသိုက်ဘယ်မှမသွားဘူး (မှန်ပါ ဘုရား)၊ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ သေသေချာချာ ခင်ဗျားတို့ ဝေဒနာလေးဟာကိုယ်ပေါ်မှာ ပေါ်တယ် သုခလေး၊ အင်း လေကလေးတိုက်လို့ ချမ်းသာလိုက်တာ၊ ကော်ဇောလေးပေါ် ထိုင်ရလို့ ဟန်ရလိုက်တာ ဆိုတော့ သုခဝေဒနာလေး မပေါ်ဘူး လား (ပေါ်ပါတယ် ဘုရား)။

အဲ့ဒီနေရာလေးကို သမာဓိက ဦးတည့်လိုက်ပြီဆိုလို့ ရှိ ရင် ကျန်တဲ့(၇)ပါးဟာ မောင်ထွန်းလှိုင် သူတို့လည်း အဲ့ဒီဦးတည့် တာ (မှန်ပါ ဘုရား)၊ ပြေးနိုင်သေးရဲ့လား (မပြေးနိုင်ပါ ဘုရား)။

ဘယ်သူကြီးစိုးနေသတုံး (သမာဓိကြီးစိုးနေပါတယ် ဘုရား)။သမာဓိကြီးစိုးနေသောကြောင့် မတုတို့ သမာဓိသည် သမာဓိလို့မဆိုတော့ဘူး၊ ဣန္ဒြေအစိုးရတယ် (မှန်ပါ ဘုရား)၊ ကျန်တဲ့(၇)ပါး အပေါ်မှာ အစိုးရတယ် (မှန်ပါ ဘုရား)။

သမာဓိန္ဒြေ ဆိုက်အောင်

အစိုးရတော့ သူ့ အလိုမလိုက်ရဘူးလား (လိုက်ရပါ တယ် ဘုရား)။ အေး သူ့အလို လိုက်ကြရတယ်၊ အဲ့ဒါကြောင့် သမာဓိန္ဒြေ ဆိုက်အောင် ဒကာ ဒကာမတွေက ဝေဒနာတည်း ဟူသော မြက်ခင်းကို ရှုချင်လို့ရှိရင် သမာဓိမြွေမင်းဖြင့် ခိုင်ခိုင် မြဲမြဲ တည်တည်ကြည်ကြည်ကြီးကို ရှုမယ်ဆိုပြီး စိတ်ထား ပြင်းပြတဲ့ ဝီရိယနဲ့တွဲပြီး သကာလ မနေ့ကပြောသလို သမာဓိကို ခေါင်းဆောင်ထားပြီး ရှုလိုက်မယ်ဆိုရင် ခင်ဗျားတို့ ဖြစ်ပျက် ဘယ်မှ မပြေးနိုင်ဘူး (မှန်ပါ ဘုရား)။

ပြေးနိုင်သေးရဲ့ လား (မပြေးနိုင်ပါဘူး ဘုရား)၊ မပြေး နိုင်တော့ ဒီဖြစ်ပျက်မပြေးနိုင်တော့ကို ဘာဖြစ်လို့ မပြေးနိုင်ရ သတုံးလို့မေးတော့ ဒီ သမာဓိကကြီးစိုးပြီး နွား နွား(၇)ကောင်နဲ့ တူတဲ့ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါစာ အစရှိသည်တို့ မင်းတို့ဘယ်မှ မပေးရဘူး၊ မင်းတို့ ဖြစ်ပျက် မြက်ခင်း အပေါ်မှာ သာ ကျက်စားရမယ် ဆိုတော့ ဒကာသိုက်ရေ ဘယ်ကျက်စားသ တုံး (ဖြစ်ပျက်မြက်ခင်း အပေါ်မှာ ဘုရား)။

ဖြစ်ပျက်အပေါ်မှာ ကျက်စားခိုင်းပါ

ဒေါ်အုန်းခင်ရေ ဖြစ်ပျက်ပေါ့နော် (မှန်ပါ ဘုရား)၊ အဲ့ဒီကဲ့သို့ ဒကာ ဒကာမတွေက ဖြစ်ပျက် အပေါ်မှာ ကျက် စားခိုင်းလိုက်လို့၊ ဖြစ်ပျက် အပေါ်မှာ ကျက်စားခိုင်းနိုင်လို့ မဂ္ဂင်(၇) ပါးတည်ရော၊ ခေါင်းဆောင် သွားပြီဆိုမှဖြင့် ဒါ- ဟိုက ဖြစ်ပျက်က ဒုက္ခသစ္စာဖြစ်၍ ဒီကဖြစ်မှုကလေး မဂ္ဂသစ္စာလာ ဖြစ်တယ် (မှန်ပါ ဘုရား)၊ ဘယ်လောက်အဖိုးတန်သတုံး (တန်ပါတယ် ဘုရား)။

အဲ့ဒါ ဒကာ ဒကာမတွေက မဂ်ရချင်တဲ့ ဒကာ ဒကာမ တွေ၊ အပါယ်တံခါးပိတ်ချင်တဲ့ ဒကာ ဒကာမတွေ၊ အိုနာ သေနဲ့ အဆက်ပြတ်ချင်တဲ့ ဒကာ ဒကာမတွေဖြစ်ပါမူကား သမာဓိ ကြီးကြီးကျယ်ကျယ် ထားပြီး သကာလ ကျန်(၇)ပါးကို ဖြစ်ပျက် မြက်ခင်းဆီသို့ လွှတ်ပေးစမ်းပါ (မှန်လှပါ ဘုရား)။

သမာဓိအရေးကြီးလို့

ဒကာသိုက်ရေ ဒီနေ့ ပြောတဲ့တရားဟာ ဂရုစိုက်ပါ၊ ဂရုစိုက်ကြပါတဲ့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သမာဓိ အရေး ကြီးလို့ ပြောနေတယ် ဒေါ် အုန်းခင်ရ (မှန်ပါ ဘုရား)။

သူက နွား(၇)ကောင်ကျောင်းနိုင်တဲ့ စွမ်းရည်သတ္တိ ရှိတယ် (မှန်ပါ ဘုရား)။ ကျန်တဲ့ မဂ္ဂင်(၇)ပါးကို သူအလို ရှိတဲ့ဆီသို့ သွားအောင် သူတတ်နိုင်တဲ့စွမ်းရည်သတ္တိရှိတယ် (မှန်ပါ ဘုရား)။

အဲ့ဒီတော့ မောင်ထွန်းလှိုင် သမာဓိဟာ ပေါ့ပေါ့လုပ် လို့မရဘူး (မရပါ ဘုရား)၊ သမာဓိဟာ အရေးကြီးတယ် (မှန်ပါ ဘုရား)၊ ဟေ့ မောင်ဘညွန့်တို့သဘောကျပြီလား (ကျပါပြီ ဘုရား)၊ အင်မတန် အရေးမကြီးဘူးလား (ကြီးပါတယ် ဘုရား)။

နွား(၇)ကောင်၊ နွားကျောင်းသား တစ်ယောက်က နိုင် တယ် ဆိုကတည်းက နွားကျောင်းသား၏ တန်ခိုးအာဏာသည် ဒကာစိန် တော်တော်သတ္တိထက်တယ် (မှန်ပါ)၊ တော်တော် သတ္တိမထက်ဘူးလား (ထက်ပါတယ် ဘုရား)။

ဝိပဿနာတဲ့အခါကျတော့

ထို့အတူပဲ ဒကာ ဒကာမတို့ ဝိပဿနာရှုတဲ့အခါကျ တော့ အဲ့ဒိဝေဒနာ ဖြစ်ပျက်ဆီမှတစ်ပါး မင်းတို့ ဘယ်မှ မသွားရဘူး၊ ဒီမှာပဲ ဦးတည့်ကြရမယ်၊ ဒီကိုပဲ ဦးတိုက်ကြရမယ်၊ ဒီကိုသာလျှင် အဖြောင့်သွားကြရမယ်လို့ ဆိုတာက သမာဓိ၏ တန်ခိုး၊ ဒကာသိုက်ရေ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

တယ် တန်ခိုးကြီးပါလား (ကြီးပါတယ် ဘုရား)၊ အေး ဒါကြောင့် ဒီသမာဓိကို ဒီလောက် အရေးကြီးတယ် ဆိုတာ ဘုရားက ဒကာ ဒကာမတွေအတွက် မှာလိုက်တယ် ဆိုတာ တယ်နားထောင်ဖို့ ကောင်းတယ် (မှန်ပါ ဘုရား)။

သမာဓိကို အသုံးချကြစမ်းပါ

သမာဓိများ အရေးတကြီး အသုံးချကြစမ်းပါ၊ မင်းတို့ သမာဓိဟာ မင်းတို့ သန္တာန်ရှိပါရဲ့ သားနဲ့ မင်းတို့ အသုံးမချ တတ်တာနဲ့ မင်းတို့ မဂ်ဖိုလ်ကြီးနဲ့ အလွဲကြီးလွဲပြီး၊ အကွဲကြီး ကွဲနေရတယ်၊ ဒါကြောင့် မင်းတို့ အဆင်းရဲကြီး ဆင်းရဲပြီး သကာလ သံသရာထဲနေကြရတယ်။

မင်းတို့ သမာဓိ အသုံးမချလို့ ဆိုတော့ သမာဓိ ဦးတည် လိုက်တယ်ဆိုတော့ ပညာကလည်း ပြေးနိုင်သေးရဲ့လား (မပြေးနိုင်ပါဘူး ဘုရား)။

မပြေးနိုင်တော့ဘူး၊ တစ်ခါတည်းဖြစ်ပျက်အပေါ်မှာပဲ ဦးတည်ပြီးနေရတော့ အဲ့ဒါ ဘုရားသခင် ကိုယ်တော်မြတ်ကြီး

‘‘ဈာယ ဘိက္ခု မာစ ပမာဒေါ။ မာ တေ ကာမဂုဏေ ရမေဿု စိတ္တံ၊

မာ လောဟဂုဠံ ဂိလီ ပမတ္တော၊ မာ ကန္ဒိ ‘ဒုက္ခမိဒ’န္တိ ဍယှမာနော။’’ (ဓမ္မပါဠိ၊၆၆)

ဘိက္ခု- သံသရာဘေးကို ရှုလေ့ရှိသော ပုဂ္ဂိုလ်သည်၊ ဈာယ-စိုက်စိုက်စူးစူး တစ်ခါတည်း ဖြစ်ပျက်အပေါ်၌ ရှုလိုက်ပါ၊ မာစ ပမာဒေါ -တဲ့ မေ့လျော့ပေါ့ဆ၍ မနေလိုက်နဲ့ကွ၊ ဖြစ်ပျက်သာ စူးစူးစိုက်စိုက်ရှုပါ (မှန်ပါ ဘုရား)။

ကာမဂုဏ်နဲ့ မမွေ့လျော်နဲ့

ဘုရားက မှာတော်မူတယ်၊ တေ- သင်၏၊ စိတ္တံ- စိတ်သည်၊ ကာမဂုဏေ – ငါးဖြာအာရုံ ကာမဂုဏ်နဲ့၊ မာ ရမဿု- မမွေ့လျော်လိုက်ပါနဲ့။

မင်းတို့ စိတ်ဟာတဲ့ လောဘ၊ ဒေါသ၊ မောဟတို့၏ ကျက် စားတဲ့ နေ ရာ ဌာနကို မင်းတို့ ကျက် စားမနေပါနဲ့တဲ့၊ လောဘ၊ ဒေါသ၊ မောဟတို့ ဟာ အကောင်းကြိုက်တွေဗျ (မှန်ပါ ဘုရား)။

အဲ့ဒီ သူကျက်စားချင်တဲ့ဆီ မင်းတို့က မကျက်စားစေ နဲ့၊ ဒီဖြစ်ပျက်တည်းဟူသော အနိစ္စလက္ခဏာ အပေါ်၌လည်းကောင်း၊ ဒုက္ခသစ္စာအပေါ်၌လည်းကောင်း၊ ဒကာ ဒကာမ တွေသည်တဲ့ သမာဓိနဲ့ စူးစူးစိုက်စိုက် ရှုလိုက်ပါ။

အကယ်၍များတဲ့ တပည့်တော်တို့ စိတ်ဟာ ငါးပါးအာရုံ ကာမဂုဏ်တွေကို လိုက်ပြီး ရှုနေမယ်၊ လိုက်စားနေမယ်ဆိုလို့ ရှိရင်ဖြင့်။ မာ လောဟဂုဠံ ဂိလီ ပမတ္တော၊ လောဟဂုဠံ – ပူလောင်တဲ့ သံတွေခဲကို၊ မာဂိလိ- မမျိုမိစေနဲ့။

သံတွေခဲကို မမျိုမိစေနဲ့

မင်းတို့ ငါးပါးအာရုံကာမဂုဏ်တွေထဲ သားသမီး ခင်ပွန်းအစရှိသည်တို့ ဒကာ ဒကာမတွေက ရှုနေတုန်း ဟိုဘက်ကို ခင်မိမယ်ဆိုလို့ရှိရင် အဲ့ဒါ သံတွေခဲမျိုးလိုက်တာလို့ ကိုယ့်စိတ် ထဲ ဆုံးဖြတ်ချက် ချလိုက် (မှန်လှပါ ဘုရား)။

အင်း သားကိစ္စရှိလို့၊ မြေးကိစ္စရှိလို့ စိတ်ကလေးက ပြေးသွားတယ်ဆိုလို့ ရှိရင်ဖြင့်၊ မတု-တို့ သံတွေခဲ မျိုလိုက်တာ ပဲ (မှန်လှပါ ဘုရား)၊ ရှုနေရင်းမတ္တနဲ့ ပေါ့ ဒကာစိန်ရာ (မှန်လှပါ ဘုရား)။

သံတွေခဲကို မျိုတယ်လို့မှတ်

သားရေး သမီးရေး စီးပွားရေးကို ကြောင့်ကြသလိုလို၊ စိုးရိမ်သလိုလို၊ လွမ်းဆွတ်သလိုလို လာခဲ့လို့ ရှိရင် အဲ့ဒါ ရှုနေ ရင်းမတ္တ လာလို့ ရှိရင်သံတွေခဲမျိုတယ်လို့သာ ဘုရားကမှတ် လိုက်တဲ့ (မှန်ပါ ဘုရား)၊ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။

သံတွေခဲ မမျိုမိပါစေနဲ့ မှာတော်မူလိုက်ပါတယ်၊ မာ လောဟဂုဠံ ဂိလီ ပမတ္တော- မေ့လျော့သည်ဖြစ်၍ လောဟဂုဠံ – ငရဲ ကျဖန် ပူလောင်ရဲရဲ သံတွေခဲကို၊ မာဂိလိ- မမျိုမိပါစေနဲ့။

မင်းတို့ စူးစူးစိုက်စိုက် လုပ်ပါကွာတဲ့၊ မင်းတို့ နေ့တိုင်း စားသောက်နေတဲ့ သားရေး၊ သမီးရေး၊ စီးပွားရေး၊ လောဘ၊ ဒေါသ၊ မောဟဖြစ်တဲ့ အရေးတွေဟာဖြင့် သံတွေခဲမျိုနေ တာဟေ့၊ မင်းတို့ အတွက်ဟာ အင်မတန်ကြောက်စရာ ကောင်းတယ် (မှန်ပါ ဘုရား)။

သံတွေခဲဆိုတာ

သံတွေခဲဆိုတာ မီးရဲရဲတောက်သည့် သံခဲကိုဆိုသည် (မှန်ပါ ဘုရား)။ အဲ့ဒါ ပါးစပ်ထဲထည့်ပြီး ဒကာ ဒကာမတွေ မျိုးလိုက်မယ် ဆိုလို့ ရှိရင်ဖြင့် တစ်ခါတည်း ဒွါရက ပေါက်ထွက်ပြီး အူတွေပါ ပြတ်ထွက်ပြီး အသက်ဆုံးခြင်းသို့ ရောက်ရမယ် (မှန်ပါ ဘုရား)၊ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ဝိပဿနာရှုနေလို့ ရှိရင် သမာဓိက နွား(၇)ကောင် ကျောင်းသလို ဖြစ်ပျက် ပေါ်မှတစ်ပါး၊ ဘယ်မှ မသွားစေဘူး၊ ပညာကိုလည်း ဘယ်မှမသွားစေဘူး၊ သတိကို လည်း ဘယ်မှ မသွားစေ၊ သမာဓိကိုလည်း ဘယ်မှမသွား၊ ဒီ ဝိတက်ဝိစာရ ဘယ်မှမသွားစေဘဲ ဒီအပေါ်မှာထား (မှန်ပါ ဘုရား)။

ဒီအပေါ်ဆိုတာ ဘာပါလိမ့်မလဲလ ို့ဆိုတော့ ဖြစ်ပျက် ပေါ့ (မှန်ပါ ဘုရား)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

စိတ်တည်တည်ကြည်ကြည်ထားပါ

ဝေဒနာလေး၏ဖြစ်ပျက်အပေါ်မှာဒကာ ဒကာမတွေစိတ် တည်တည်ကြည်ကြည်ထားပါ၊ ဘယ်မှမပြေးပါစေနဲ့၊ အဲ့ဒိ မပြေးလိုက်လို့ ရှိလို့ ရှိရင်ဖြင့် ခင်ဗျားတို့ သမာဓိက နိုင်သွားပြီဆိုတော့ ကျန်တဲ့ပညာတို့ သီလမဂ္ဂင်တို့ ပညာမဂ္ဂင်တို့ မောင်ထွန်းလှိုင် ဟိုပေါ်မှာ အကုန်ရောက်တယ် (မှန်ပါ ဘုရား)။

မရောက်သေးဘူးလား (ရောက်ပါတယ် ဘုရား)၊ ဖြစ်ပျက်အပေါ်မှာ အကုန်ရောက်ပြီ၊ ဒေါ်အုန်းခင်ရေ ဖြစ်ပျက်အပေါ် အကုန်ရောက်တဲ့အခါကျတော့ ဪ သူတို့ ကအမှန်သိတယ်၊ သမာဓိကတော့ ဒီမတိမ်းမစောင်း အောင်ပို့ပေးတာပဲ (မှန်ပါ ဘုရား)။

တကယ်သိတာကတော့ သတိတို့ ပညာတို့ကသိတာ (မှန်ပါ ဘုရား)။ သတိက သတိထား ရမယ်၊ ပညာက သိတယ်၊ ပညာကသိတဲ့အခါကျတော ဪ တို့ ဒီရောက်လာတာ သည် ဘယ်သူ့ကြောင့် ပါလိမ့်မတုံးလို့ ပညာကကြည့်လိုက်တဲ့ အခါ သမာဓိ မောင်း နှင်ထုတ် လိုက်တာကိုး ဆိုတာ ပေါ်လာ တယ် (မှန်ပါ ဘုရား)။

ပညာကဖြစ်ပျက်ရှိတဲ့ဆီရောက်တယ်

သမာဓိက မောင်းနှင်ထုတ်သမား၊ ပညာတို့က မောင်းနှင်လိုက်လို့ သွားပြီး သကာလ ဟိုမှာ ဘယ်လို ကိစ္စပါလိမ့်မတုံးလို့ သွားကြည့်သမား (မှန်ပါ ဘုရား)၊ ဟော မမြဲတဲ့ ကိစ္စကြီး ပါလား ဟော သွားမြင်တယ် ဒကာစိန်၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

သမာဓိက မောင်းနှင်ထုတ်လိုက်တော့ ပညာကဖြစ် ပျက်ရှိတဲ့ဆီ ရောက်မသွားဘူးလား (ရောက်သွားပါတယ် ဘုရား)၊ ရောက်သွားတဲ့အခါကျတော့ သမာဓိက မောင်းနှင် ထုတ်လိုက်လို့ ပညာက ကြည့်လိုက်တဲ့အခါ ဒါ ဘာပါလိမ့် မတုံးဆိုတဲ့ ဥစ္စာသည် ဝိတက်က စုံစမ်းလိုက်လို့ ဝိစာရက လှည့်သုံးသပ်လိုက်တာ (မှန်ပါ ဘုရား)။

ဝိတက်၊ ဝိစာရ

အဲ့ဒီ ဝိတက်၊ ဝိစာရတွေက လှည့်ပြီး သုံးသပ်လိုက် တဲ့အခါကျလို့ ရှိရင်ဖြင့်တဲ့ ဒါသည်ကားလို့ ဆိုလို့ ရှိရင်ဖြင့် ဖြစ်ပြီး ပျက်တဲ့ တရားထူးလေးပဲ၊ တခြားဘာမှ မတွေ့ဘူး (မှန်ပါ ဘုရား)၊ အဖြစ်နဲ့ အပျက်ပဲ တွေ့တယ် (မှန်ပါ ဘုရား)၊ ဖြစ်ပြီးပျက်တဲ့ ဓမ္မအထူးလေးပဲလို့ သွားတွေ့တယ် (မှန်ပါ ဘုရား)။

အဲ့ဒီ သူတို့ တွေ့တာသည် ဒီသမာဓိက နောက်က မောင်းနှင်ထုတ်လို့သာလျှင် ပညာက တွေ့တာ (မှန်ပါ ဘုရား)၊ နို့မဟုတ်ရင်တွေ့ပါ့မလား (မတွေ့ပါဘူး ဘုရား)။

ဒါကြောင့် ခင်ဗျားတို့ ပညာတော့ဖြင့် အမြတ်ဆုံး ရောက်အောင် ထားကြပါတော့၊ သို့သော် သမာဓိမပို့ ရင် မရောက်ဘူး ဒကာသိုက်ရေ ရိပ်မိပြီလား (ရိပ်မိပါ ပြီ ဘုရား)၊ သမာဓိ အရေးကြီးပုံပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

အေး သမာဓိ အရေးကြီးတာ ပေါ်ကြပါတော့၊ သမာဓိက မောင်းနှင်ထုတ်လိုက်မှ ဒကာစိန်ရ ဖြစ်ပျက်ပေါ် ဒေါ်ခန့်တို့ ဉာဏ်ရောက်တယ်ဆိုတာ ရိပ်မိပြီလား (ရိပ်မိပါ ပြီ ဘုရား)၊ သမာဓိမပို့ ရင် (မရောက်ပါဘူး ဘုရား)။

သူ့နေရာနဲ့သူ့အရေးကြီးတယ်

မရောက်ဘူးဆိုတော့ ဪ သူ့နေရာနဲ့ သူအ ရေးကြီးပါလား၊ တစ်ခါ သမာဓိချည့် ထုတ်ကြိုးစား လိုက်ပြန် လို့ ရှိရင် သမာဓိက လွန်သွားပြန်လို့ ရှိရင်လည်း ဒကာ ဒကာမတို့ ဟိုပညာတွေ သူမပို့နိုင်ဘူး (မပို့နိုင်ပါ ဘုရား)။

အဲဒီတော့ သမာဓိသည်ကားလို့ဆိုရင် မလွန်မှသူက လည်းပို့နိုင်တာ (မှန်ပါ ဘုရား)၊ အမှန်သွားမှ၊ သိပ်ပြီး တစ်ကောင်တည်း နင်းမောင်းလိုက်ပြီ ဆိုမှဖြင့် ကျန်တဲ့အကောင်တွေ က လန့်ပြေးကုန်၊ ဟိုကုန်းတက်၊ ဒီကုန်းတက် ဖြစ်လာမှာ ပေါ့ (မှန်ပါ ဘုရား)။

မှန်မှန်ထားပြီး မှန်မှန်မောင်းလိုက်တဲ့ အခါကျတော့၊ ဖြစ်ပျက်မြက်ခင်း၊ ဖြစ်ပျက်ရေအိုင်ဆီမှ တစ်ပါး ဒကာစိန်ဘယ် မှမသွားဘူး (မသွားပါ ဘုရား)၊ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။

ငါသံတွေခဲမျိုပါပေါ့လား

ဒါဖြင့် သမာဓိ ဘယ်လောက်အရေးကြီးသတုံး (အရေးကြီးပါတယ် ဘုရား)၊ အဲ့ဒိအချိန်တိုင်း ခင်ဗျားတို့ ဆုံးမ ကြစမ်းပါတဲ့၊ စိတ် ကလေးက ထွက်ပြေးတယ် သားဘက် ထွက်ပြေးလိုက်၊ သမီးဘက်ထွက်ပြေးလိုက်၊ ပစ္စည်းဘက်ထွက်ပြေး လိုက် ကြောင့်ကြတဲ့ဘက်များ ထွက်သွားလိုက်လို့ ရှိရင် ငါသံတွေခဲမျိုးပါပေါ့လား သေခြင်းဆိုးသေရတော့မှာပဲလို့ ကိုယ့် ကိုယ်ကိုဆုံးမလိုက် (မှန်လှပါ ဘုရား)။

တစ်ခါတည်း ဖြစ်ပျက်ဘက်ကိုပဲ သမာဓိကိုပြန်လှည့် (မှန်လှပါ ဘုရား)။ အဲ့ဒါ သံတွေခဲမျိုးတာတဲ့ ဘုရားက (မှန်ပါ ဘုရား)။

မာဂိလိ – အဲ့ဒီလိုမျိုမိပြီဆိုမှဖြင့် ဒကာ ဒကာမတို့ တဲ့၊ ဒီလို မျိုမိပြီဆိုမှဖြင့် ခင်ဗျားတို့ သည် လောဘ၊ ဒေါသ၊ မောဟ ကောက်ကျစ်တာနဲ့ သေသည်၏အခြားမဲ့၌ အပါယ်မရောက် ပေဘူးလား (ရောက်ပါတယ် ဘုရား)။

အပါယ်ရောက်ရင် အယူခံစရာမရှိ

အပါယ်ရောက်သွားတဲ့ အခါကျတော့ ဪ ငါ ဆရာဘုန်းကြီးခိုင်းတာ မလုပ်မိဘူး၊ ယခုတော့ဖြင့် ပူလှချည်ရဲ့၊ လောင်လှချည်ရဲ့၊ ဒီဒယ်အိုးကြီးထဲမှာ အကြော်အလှော် ခံပြီး သကာလ ဘယ်တော့မှလည်း လွတ်ရက်ကျွတ်ရက်ဆိုတာ ဘယ်သူ့မှလည်း အယူခံစရာမရှိဘူး၊ ရှိရဲ့လား (မရှိပါဘူး ဘုရား)။

ကိုယ့်ကိုယ်က ဒီအထဲ ဝုန်းခနဲ သွားဖြစ်တယ်၊ ဘယ် သူ ချလိုက်တာတုံးမဆိုနဲ့၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

အဲဒီတော့ ဘယ်သူချလိုက်တာမှ ဆိုစရာမရှိတော့ဘူး၊ ဘယ်သူက လွှတ်ပေးလိမ့်မယ် ဆိုတာကော (မရှိပါဘူး ဘုရား)။ ဪ ဒကာ ဒကာမတို့၏ ကံ၏စီမံသလို ခုနကလောဘ၊ ဒေါသ တရားအားထုတ်ရင်း မတ္တနဲ့ ပေါ်လာ သလို လောဘ၊ ဒေါသ၊ မောဟတို့ တည်းဟူသော ကံတွေက စီမံသလို အိုးထဲရောက်ပြီး သကာလ နေတော့မှ ပူလှချည်ရဲ့၊ လောင်လှချည်ရဲ့၊ ပူလှချည်ရဲ့၊ လောင်လှချည် ရဲ့ ဆိုပြီး ဘယ်တော့ လွတ်ရက်ရှိပါ့မတုံးလို့ ကိုယ့်ဟာကိုယ်တွေးတော့ လည်း ဘယ်သူ့ဆီမှာ အယူခံစရာ၊ ဘယ်သူ့ကပ်စရာ ဒီထဲ ကလည်း မထွက်နိုင်ဘူး (မှန်လှပါ ဘုရား)။

ဘယ်သူ့အယူခံပြီး ဘယ်သူ့ ကပ်ကြမတုံး (မရှိပါ – ဘူး ဘုရား)။ အဲဒီတော့ ဘယ့်နှယ့် စဉ်းစားကြမတုံး ရောက်နေမှတော့ ဘယ်နှယ့်စဉ်းစားကြမတုံး (ရောက်နေမှတော့ ဘာမှ မတတ်နိုင်ပါဘူး ဘုရား)။

ဘာမှ မတတ်နိုင်ဘူးဆိုတော့ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒေါ်ရွှေ (မတတ်နိုင်ပါဘူး ဘုရား)၊ ဒကာသိုက်တို့ ကော (မတတ်နိုင်ပါဘူးဘု ရား)၊ မတတ်နိုင်တာက သခင် ရှာမတွေ့ဘူးတဲ့၊ ဘယ်သူချလိုက်လို့ ဒီအရပ် ဒီဒေသ ရောက်ပါလိမ့်မလဲလို့ ဒကာ ဒကာမတွေက အဖြေရှာရမှာ ကိုယ်ရောက်လာတာ ရောက်လာတာသာ သိတယ်၊ ဘယ်သူ ပို့လိုက်တယ် မသိဘူး (မှန်ပါ ဘုရား)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

သားသမီးနဲ့ပျော်ပြီး မနေလိုက်နဲ့

အဲ့ဒါ ခင်ဗျားတို့က သားနဲ့ သမီးနဲ့ ဆွေနဲ့မျိုးနဲ့ ရောင်း လို့ ဝယ်လို့ စားလို့သောက်လို့ ပျော်ပြီး မနေလိုက်နဲ့ အဲ့ဒါတွေက လောဘဒေါသမောဟတွေ သူတို့ကတော့ဖြင့် ဒယ်အိုးရောက် အောင် ပို့လိုက်ပြီး သကာလ ခင်ဗျားတို့ ကို ဒယ်အိုးထဲကထွက် လမ်း ကျွတ်လမ်းမရှိအောင် သူတို့ ကလည်း ပစ်ချပြီးတော့ သူတို့က ဘာမှလိုက်စောင့်ရှောက်တော့တာ မဟုတ်ဘူး၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

အဲ့ဒါ ဒကာ ဒကာမတို့ ‘‘ဈာယ ဘိက္ခု မာစ ပမာဒေါ။ မာ တေ ကာမဂုဏေ ရမေဿု စိတ္တံ၊

မာ လောဟဂုဠံ ဂိလီ ပမတ္တော၊ မာ ကန္ဒိ ‘ဒုက္ခမိဒ’န္တိ ဍယှမာနော။’’ (ဓမ္မပါဠိ၊၆၆)

ဒယှမာနော – ဒယ်အိုးထဲမယ် မီးလောင်သည်ရှိသော်၊ ဣဒံ- ဤပူလောင်ခြင်းသည်ကား၊ အတိ- အင်မတန် လွန်လှပါ လား၊ အဟုတ်ပူပါလား၊ မာကန္ဒိ- ပူလောင်လှချည်ရဲ့ လို့ငိုပြီး အဲ့ဒီ ကျတော့ မနေနဲ့ဟုတ်လား (မှန်ပါ ဘုရား)။

ငရဲခံရသည့် ဒုက္ခ

ဣဒံ ဒုက္ခံ- ဤပူလောင်ခြင်း ဒုက္ခသည်ကားလို့ဆိုရင်၊ ဒယှမာနော- မီးလောင်သည်ရှိသော်၊ ဣဒံ ဒုက္ခံ- ငရဲ၌ ခံရသည့် ဒုက္ခသည်။ မာကန္ဒိ- ပူလှချည်ရဲ့လို့ ငိုပြီးမနေနဲ့တဲ့၊ အလကား ပဲတဲ့ (မှန်ပါ ဘုရား)။

ငိုနေလို့ ဘယ်သူမှ ခင်ဗျားတို့ကို လာသနားမှာမဟုတ် ပါဘူး (မှန်လှပါ ဘုရား)။ ဘယ်သူက ပို့လိုက်မှန်းကော သိရဲ့လား (မသိပါဘူး ဘုရား)၊ မသိဘူး။

ကဲ ဒကာ ဒကာမတို့ ကြက်ဝမ်းထဲကြက်ဥကလေး ရောက်လာတာ ဘယ်သူက ပို့လိုက်တယ်လို့ သိရဲ့လား (မသိပါဘူး ဘုရား)။ ကြက်ကောင်ကလေးတွေ ဖြစ်လာမှ ကြက်မကြီးက မွေးတယ်လို့သာ ဆိုရတယ်၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ကြက်မကြီးက မွေးတယ်လို့ ဆိုရတယ်၊ ဘယ်ကပို့လိုက် လို့ ကြက်ကလေးတွေ ဖြစ်လာပါလိမ့် မတုံးလို့ ခင်ဗျားတို့သိရဲ့လား (မသိပါဘူး ဘုရား)။

အဲ ကြက်တိရစ္ဆာန် ဖြစ်တာကတော့ အမှန်ပဲ၊ ဘယ်သူပို့လိုက်တယ်ဆိုတော့ မသိတော့ဘူး (မှန်ပါ ဘုရား)၊ ထို့အတူပဲ ခင်ဗျားတို့ဒယ်အိုးထဲရောက်တဲ့အခါကျတော့ကို၊ “မာ ကန္ဒိ ‘ဒုက္ခမိဒ’န္တိ ဍယှမာနော။ မာ ကန္ဒိ ‘ဒုက္ခမိဒ’န္တိ ဍယှမာနော။”

ဒယှမာနော- မီးလောင်ခဲ့သည်ရှိသော်၊ ဣဒံ- ဤပူ လောင်ခြင်းသည်ကား၊ ဒုက္ခံတိ -ဆင်းရဲလှချည်၏ တကား ဟူ၍။ မာကန္ဒိ- အဲ့ဒီကျမှငိုမနေနဲ့၊ ဝိပဿနာလုပ်ရင်း နော် (မှန်ပါ ဘုရား)။

ဝိပဿနာလုပ်ရင်း ငရဲအိုးပေါ်လာတာ

ဝိပဿနာ လုပ်ရင်း တစ်ခါတည်း ခင်ဗျားတို့ သားရေး၊ သမီးရေး၊ စီးပွားရေးတွေ ဝင်လာလို့ ရှုပ်လာပြီဆိုမှဖြင့် အဲ့ဒါ ငရဲအိုးပေါ်လာတာသာ မှတ်လိုက်တော့ (မှန်လှပါ ဘုရား)။ ဟုတ်ပြီလား။

ငရဲအိုး ပေါ်လာပြီးတော့ ဒီဥစ္စာ ဘာပါလိမ့်မတုံးလို့ – တွေးမနေနဲ့ အနှောင့်အယှက် သာမညလို့ တွေးမနေနဲ့၊ ငရဲအိုး ပေါ်လာတာလို့ တွေးလိုက်ပါ (မှန်ပါ ဘုရား)၊ ဒါဓမ္မပဒ ပါဠိတော်ဗျ (မှန်ပါ ဘုရား)။

ဒကာသိုက်ရေ အရေးကြီးလို့ ပြောနေတယ်၊ ဒယှ မာနော်- မီးလောင်သည်ရှိသော်၊ ဣဒံ- ဤပူလောင်ခြင်းသည်ကား၊ ဒုက္ခံ- ဆင်းရဲလှချည်၏တကား၊ မာကန္ဒိ- ငိုမြည်တမ်း၍ မနေလိုက်ပါနဲ့၊ အဲဒိကျမှ နောင်တရမနေပါနဲ့၊ ကဲ ဘယ် လောက်ကြောက်စရာကောင်းသတဲ့ (ကောင်းပါတယ် ဘုရား)။

ဒီကျမှ နောင်တရနေလို့ “သူခိုးပြေးမှထိုးကွင်းထ” ဆိုလို့ ဘာများ အသုံးကျသေးသတုံး (ဘာမှ အသုံးမကျပါဘူး ဘုရား)။

ဘယ်လောက်ကြောက်စရာကောင်းသတုံး

အဲ့ဒီကျတော့မှ သားကလည်း မကယ်နိုင်၊ သမီးကလည်း မကယ်နိုင်၊ ပစ္စည်းကလည်း မကယ်နိုင်၊ ဆွေက လည်း မကယ်နိုင်၊ မျိုးကလည်း မကယ်နိုင် ခိုကိုးရာမဲ့ဖြစ်ပြီး သကာလ ကိုယ့်ဟာကိုယ် မျက်ရည်သုတ်ပြီး သကာလ၊ ဘယ်မှ လည်း မတိမ်းသာမစောင်းသာဘဲနဲ့ တစ်ယောက်တည်း ကိုယ့်ဟာကိုယ်နေဖို့ပဲ၊ ဘယ်လောက်များ ကြောက်စရာကောင်း သတုံး (ကောင်းပါတယ် ဘုရား)။

ဖြစ်ပျက်ရှိတဲ့ဆီ ပို့လိုက်စမ်းပါ

အဲ့ဒါ ခင်ဗျားတို့က အခု-ဆရာဘုန်းကြီးက ပြောနေ တာက ဒါတွေမြင်လို့ ဒါတွေအရေးကြီးလို့ ကိုင်း ခင်ဗျားတို့ အဲ့ဒီ ငရဲမီးတွေလည်း ငြိမ်းအောင်၊ အဲ့ဒီ ဒယ်အိုးတွေလည်း ပျောက်အောင် ခင်ဗျားတို့ ဒီအတိုင်း မနေလိုက်ပါနဲ့။ ဝေဒနာ ဖြစ်ပျက်ကိုဖြင့် သမာဓိ ဦးစီးပြီး နွား(၇)ကောင် မောင်းသလို၊ ကျန်တဲ့ မဂ္ဂင်တွေပါ အဲ့ဒိဆီ ပို့လိုက်ကြစမ်းပါ။ ဖြစ်ပျက်ရှိတဲ့ဆီ ပို့လိုက်စမ်းပါ (မှန်ပါ ဘုရား)။

ပို့လိုက်သည်နဲ့ တစ်ပြိုင်နက်တည်း ဖြစ်ပျက်က ဒုက္ခ သစ္စာဖြစ်လို့ သမ္မာဒိဋ္ဌိနဲ့တကွရောက်တဲ့ မဂ္ဂင်ရှစ်ပါးက မဂ္ဂသစ္စာ ဖြစ်လို့ ဟုတ်ဘူးလား၊ ပို့မယ့် ကိလေသာတရားတွေက သေလို့၊ မသေဘူး လားဗျာ (သေပါတယ် ဘုရား)။

လောဘ၊ ဒေါသ၊ မောဟတို့ က ဒယ်အိုးပို့မှာကိုး ဗျ (မှန်ပါ ဘုရား)၊ အဲ့ဒါတွေက သေနေတော့ ကျုပ်တို့ အတွက်ဟာ ဟိုမှာ ငိုစရာ၊ မြည်တမ်းစရာ ပူလှချည်ရဲ့ဆိုတာ ကြီးဟာ လာသေးသလား (မလာပါဘူး ဘုရား)။

ပြင်ချိန်ရောက်နေပြီ

အဲ့ဒါ စိုးရိမ်လို့ ဒကာ ဒကာမတွေ ပြောနေတော့၊ ဒကာ ဒကာမတွေက အင်း- တို့ အနေနဲ့ ဖြင့် တို့ပျော်ဦးမှပဲ ဆိုတာပြင်ကြ (မှန်ပါ ဘုရား)၊ ဒေါ်အုန်းခင်ရဲ့ ပြင်ချိန်ရောက်နေ ပြီ (မှန်ပါ ဘုရား)၊ သဘော ကျကြပြီလား (မှန်ပါ့ ဘုရား)။

ခင်ဗျားတို့က ခု-စားလို့ ခု-ဝတ်လို့၊ ခု-ဟာကလေးနဲ့ ပြီး သွားလို့ ရှိတာမဟုတ်ပါဘူး၊ ခင်ဗျားတို့ ပြုတဲ့အကုသိုလ်တွေက တွန်းချမယ်လို့ တစ်ခါတည်းထိုင်ပြီး သကာလ စောင့်နေကြတဲ့ ဥစ္စာ ခင်ဗျားတို့က သတိများ လွတ်ပြီး သကာလ သမာဓိနည်းနေ လို့ ခုနကဖြစ်ပျက်ဆီ မရောက်ဘူး ဆိုရင်ဖြင့် ကိုင်း ဒီပုဂ္ဂိုလ် တွေဟာ တို့ ပုဂ္ဂိုလ်တွေကွ၊ သူတို့ ကယ်မည့်ယူမည့်သူ မဂ္ဂင်မလာဘူး (မှန်ပါ ဘုရား)။

ကယ်မည့် ယူမည့်သူ မဂ္ဂင်မလာဘူး၊ မဂ္ဂင်ဖောင်ကြီး တက်စီးမှု အလုပ်သူတို့ မှာမရှိဘူး၊ ခုနက ပြောသလို ဆရာ ဘုန်းကြီးပြောသလို သမာဓိနဲ့ မဂ္ဂင်ရှစ်ပါးက တစ်ခါတည်း ဟို ဖြစ်ပျက်ဆီကို သူတို့ မရှုဘူး။

အဲ့ဒီတော့ သူတို့ သည်ကားလို့ဆိုရင်ဖြင့် တို့ စီမံရာ လိုက်နာရတော့မယ်ဆိုပြီး ခုနက ဝင်လာတဲ့ လောဘ၊ ဒေါသ၊ မောဟတွေက တစ်ခါတည်း ပို့လိုက်တယ် (မှန်ပါ ဘုရား)၊ ဒကာသိုက် ဘယ်လောက် ကြောက်စရာကောင်းသတုံး (ကောင်းပါတယ် ဘုရား)ကဲ ဒကာ ဒကာမတွေ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

လောဘလာရင်၊ ငရဲအိုးရောက်လာပြီ

ဒါဖြင့် ခင်ဗျားတို့ သန္တာန်မှာ လောဘလာလို့ ရှိရင်ဖြင့် ဪ ငရဲအိုးကြီးရောက်လာပြီ၊ ဒေါသ လာရင်ကော (ငရဲအိုးကြီးရောက်လာပါပြီ ဘုရား)၊ မောဟလာရင်ကော (ငရဲအိုးကြီးရောက်လာပါပြီ ဘုရား)။

အဲဒီတော့ အဲ့ဒီငရဲအိုးကြီးရောက်လာတော့ ဒီလိုလုပ် လိုက်တော့ ခင်ဗျားတို့ လာတော့ လာလိမ့်မယ်၊ ငရဲအိုးကတော့ မလာပါနဲ့ ဆိုလို့ မရဘူး၊ တော်ကြာ သားသတိရ၊ သမီးသတိရ၊ ဆွေသတိရ မျိုးသတိရဆိုတဲ့ သတိရမှုတွေဟာ မလာပေဘူး လား (လာပါတယ် ဘုရား)။

လောဘလာရင် ဖြစ်ပျက်ရှု

အဲ့ဒါလေးတွေ လာတာလေးတွေကိုလည်း အဲ့ဒါလေး တွေ ဖြစ်ပျက်ရှု (မှန်လှပါ ဘုရား)၊ လောဘ လာရင် ဖြစ်ပျက်ရှု၊ ဒေါသလာရင်ကော (ဖြစ်ပျက်ရှုရမှာပါ ဘုရား)၊ မောဟလာရင်ကော (ဖြစ်ပျက်ရှုရမှာပါ ဘုရား)။

ဘာပဲ သတိရရာ ဖြစ်ပျက်ဆီကလွဲပြီး တခြားဟာတွေ ပေါ်လာရင် ပေါ်လာတဲ့ စိတ်ကလေးကို ဖြစ်ပျက်ရှု၊ အင်း ဘာကြောင့်ပေါ်လာတယ်၊ သားသိတဲ့စိတ်ကလေးပေါ်လာတယ်၊ သားသိတဲ့ စိတ်ကလေး ဖြစ်ပျက်ရှု၊ သမီးကို ခင်တဲ့စိတ်ကလေး ပေါ်လာရင်ကော (ဖြစ်ပျက်ရှုရမှာပါ ဘုရား)။

မဂ်ရေတွေက ဟိုမှာသွားငြိမ်းတယ်

အဲ့ဒီလိုဆိုရင် ငရဲ ဒီနေရာတွင် သိမ်းတယ်၊ ငရဲမီး ဒီကနေ သိမ်းလိုက်တယ်၊ သူတို့ သည်ကားလို့ ဆိုလို့ ရှိရင်ဖြင့်တဲ့ ငရဲဝင် လာတဲ့ဥစ္စာကို ငရဲမီးတွေ ဝင်လာတဲ့ဥစ္စာ ကျုပ်တို့က ဒီကနေပြီး ဖြစ်ပျက်လို့ ရှုလိုက်တော့ ဖြစ်ပျက်ကို မဂ်နဲ့ ရှုလိုက်တော့ မဂ်ရေတွေက တစ်ခါတည်း ဟိုမှာ သွားငြိမ်းတယ် (မှန်လှပါ ဘုရား)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ငရဲ ဒီကနေငြိမ်းတာ၊ သဘောကျပြီလား (သဘော ကျပါပြီ ဘုရား)၊ ဒါဖြင့် နောက်တစ်ခါ လာပစေ မကြောက်ပါနဲ့၊ တကယ်လို့ ကြားထိုးဝင်လာတယ်လို့ ဆိုလို့ ရှိရင် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ကြားထိုးကလည်း လာချင်လာသေးတာ (မှန်လှပါ ဘုရား)။

လာရင်ဘာလုပ်ရမတုံး (ဖြစ်ပျက်ရှုရမှာပါ ဘုရား)၊ လာတဲ့စိတ်ဖြစ်ပျက်ရှု (မှန်လှပါ ဘုရား)၊ လာတဲ့စိတ်ဖြစ် ပျက်ရှုလိုက်တော့ လာတဲ့စိတ်က ဖြစ်ပျက်ဒုက္ခသစ္စာ၊ ရှုတဲ့ ဉာဏ်က (မဂ္ဂသစ္စာပါ ဘုရား)။

မဂ်ရေစင်နဲ့ လောင်းပစ်လိုက်ပါ

မဂ်ရေစင်နဲ့ လောင်းပစ်လိုက်တဲ့အတွက် သူလောဘ အဖြစ်နဲ့ မနေရတော့ဘူး၊ အပါယ်ချမလို့ လာတာ လာတာ ကတော့လေ၊ ဒယ်အိုးဆီ ပို့မလို့လာတာ သို့ သော်လည်းလာတဲ့ လောဘကို ဘာလုပ်ပစ်ရမတုံး (ဖြစ်ပျက်ရှုပစ်ရမှာပါ ဘုရား)။

အဲ့ဒါကြောင့် လောဘလာလည်း ဖြစ်ပျက်ရှု၊ ဒေါသ လာရင်ကော (ဖြစ်ပျက်ရှုရမှာပါ ဘုရား)၊ မောဟလာရင်ကော (ဖြစ်ပျက်ရှုရမှာပါ ဘုရား)။

အေး အဲ့ဒီကဲ့သို့ ဖြစ်ပျက်ရှုလိုက်တဲ့အခါကျတော့ ဒီကနေပြီး မဂ်နဲ့ ဆရာဘုန်းကြီး ပေးတဲ့ ဖြစ်ပျက်ရှုတဲ့ ဉာဏ်နဲ့၊ မဂ္ဂင်ရှစ်ပါးနဲ့ တစ်ခါတည်း ဟိုဖြစ်ပျက်ထိအောင် လုပ်ပစ်လိုက်တော့ လောဘ လောဘအဖြစ်နဲ့ မနေတော့ဘူး၊ ဒုက္ခသစ္စာဖြစ် တယ် (မှန်ပါ ဘုရား)၊ သဘောကျပြီလား (ကျပါတယ် ဘုရား)။

လောဘ အဖြစ်ရှိသေးရဲ့ လား (မရှိပါဘူး ဘုရား)၊ ဘာဖြစ်သွားပါလိမ့် (ဒုက္ခသစ္စာ ဖြစ်သွားပါတယ် ဘုရား)၊

အေး ဖြစ်ပျက်ဒုက္ခသစ္စာဖြစ်သွားတယ်၊ သဘောကျပြီလား (ကျပါတယ် ဘုရား)။

မဂ်ရေစင်နဲ့ ငြိမ်းကြပါ

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဒီဥစ္စာ တလာတည်း လာနေတဲ့ဥစ္စာ ခင်ဗျားတို့ မဂ်ရေနဲ့ ငြိမ်းကြပါ (မှန်လှပါ ဘုရား)၊ မဂ်ရေစင်နဲ့ ငြိမ်းလိုက်ပါ (မှန်ပါ ဘုရား)။ မဂ်ရေစင်နဲ့ ငြိမ်းပါ ဆိုတာ တခြားမဟုတ်ဘူး၊ လာသရွေ့ဟာ သူတို့ အနိစ္စတွေ လာသောကြောင့် သူတို့ အနိစ္စပဲလို့ ဖြစ်ပျက် သာရှုချ (မှန်လှပါ ဘုရား) သဘောကျပြီလား (ကျပါပြီ ဘုရား)၊

အဲ့ဒါ လာတာကိုပဲ မသိလိုက်ဘူးလား (သိလိုက် ပါတယ် ဘုရား)၊ သိရင် ဘာလုပ်ရမှာပါလိမ့် (ဖြစ်ပျက်ရှု ရမှာပါ ဘုရား)၊ ဖြစ်ပျက်ရှု၊ နောက်ဉာဏ်ကနေ ဖြစ်ပျက်သာ ရှုချလိုက်။

ဒါဖြင့်တို့ လာတာကငရဲပို့မလို့လာတာကိုး ဒကာသိုက် ရ (မှန်ပါ ဘုရား)၊ ကျုပ်တို့က တစ်ခါတည်း မဂ်ရေစင်နဲ့ ငြိမ်းပစ်လိုက်တဲ့ အခါကျတော့ ငရဲမျိုးစေ့ ဘာဖြစ်သွားသတုံး (ပျောက်သွား ပါတယ် ဘုရား)၊ ပျောက်ပျက် မသွားဘူးလား (သွားပါတယ် ဘုရား)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ငရဲမျိုးစေ့ ပျောက်ပျက်သွားတယ်ဆိုတာ သဘောကျ ပြီလား (ကျပါတယ် ဘုရား)။

တို့ပေါ့နေလို့ မတော်တော့ဘူး

ဪ ဘုန်းကြီးက ငရဲဒီကနေပြီး သကာလ ငရဲ အိုးကော၊ ငရဲမီးကော ပျောက်အောင် ဒီကနေလုပ်တာကိုး၊ တို့ အတွက် တယ် အရေးကြီးပါလား တို့ ပေါ့လို့ မတော် ဘူး ဟေ့ (မှန်ပါ ဘုရား)။

အဲ့ဒါကြောင့် ခင်ဗျားတို့ နေပုံထိုင်ပုံကတော့ ဒီမှာ လောဘ၊ ဒေါသ၊ မောဟလာတာကို ခင်ဗျားတို့ က လက်ခံပြီး သူခိုင်းတာသာ လျှောက်လုပ်နေမယ် ဆိုရင်ဖြင့် ဟိုမှာ ငရဲမီးက တစ်ခါတည်း ထတောက်တယ် (မှန်လှပါ ဘုရား)။

ငရဲတွေ သည်ကားလို့ ဆိုလို့ ရှိရင် ဒကာ ဒကာမတို့ ဒီကပြုတဲ့ ကံအတိုင်းဟိုမှာပေါ်ရတာ (မှန်လှပါ ဘုရား)၊ ဒီကနေ အော်ဒါ ရုပ်သိမ်းလိုက်ရင်ကော (ဟိုလည်းသိမ်းပြီး သားဖြစ်ပါတယ် ဘုရား)၊ ဟိုလည်း သိမ်းပြီးသားဖြစ်သွား တယ် (မှန်ပါ ဘုရား)။

ဒီက မလုပ်ပါနဲ့တော့လို့ ရုပ်သိမ်းလိုက်လို့ ရှိရင်လည်း ဟိုမှာ အိုးရောအကုန်လုံးပြတ်တယ် (မှန်လှပါ ဘုရား)။ ဟာ ဒီကနေတည်ဆောက်ပါ့မယ်ဆိုရင်ကော (ငရဲ ရောက်ပါတယ် ဘုရား)။

အေး ဒါကြောင့် ဒီကနေတည်ဆောက်တာကို ဒီကနေ ငြိမ်းလိုက်ရလို့ ရှိရင်ဖြင့် မောင်ထွန်းလှိုင် တို့ ဘာ ဝန်လေးစရာရှိသတုံး (ဝန်မလေးတော့ပါ ဘုရား)၊ ရိပ်မိကြ ပြီလား (ရိပ်မိပါပြီ ဘုရား)။

ဆရာကောင်းနဲ့ကြုံတုန်း

ကဲ ဒကာ ဒကာမတို့ ခင်ဗျားတို့ မှာ ဆရာကောင်း သမားကောင်းနဲ့ ခုကောင်းကောင်းကြီး ကြုံတဲ့ အခါကျတော့ ဪ ငရဲဒီကနေငြိမ်းလည်း ရတယ်နော် (မှန်ပါ ဘုရား)။

လာတဲ့စိတ်ဒီကနေပြီး မဂ်ရေစင်နဲ့ ဖျန်းချ (မှန်ပါ ဘုရား)၊ ဖြစ်ပျက်၊ ဖြစ်ပျက်နဲ့ သာဖြစ်ပြီး ပျက်တဲ့ အနိစ္စဝတ လို့ သာရှုချ (မှန်လှပါ ဘုရား)။

မဂ္ဂဆိုတော့ ငရဲမီးငြိမ်းသွားတယ်

ရှုချလိုက်တော့ သူက အနိစ္စ၊ ရှုတဲ့ဉာဏ်က မဂ်ရေစင်၊ မဂ္ဂဆိုတော့ ငရဲမီးဒီက ငြိမ်းမသွား ဘူးလား (ငြိမ်းသွားပါ တယ် ဘုရား)။

အဲဒီတော့ ဒီကငြိမ်းသွားတဲ့အတွက် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ့၌ ဆောက်တုန်းကလည်း ဒီကနေဆောက် တာပဲ ငြိမ်းတော့လည်း ဒီကနေငြိမ်းတယ်ဆိုတဲ့ ဥစ္စာကောင်းကောင်း ယုံကြည်ဖို့ကောင်း (မှန်လှပါ ဘုရား)။

ကောင်းကောင်း ယုံကြည်ဖို့ကောင်းတယ် ဒေါ်အုန်းခင် (မှန်လှပါ ဘုရား)ဟုတ်ဘူးလား (မှန်ပါ ဘုရား)၊ အဲဒီတော့ ကိုးတဲ့ တစ်နေ့ ကပြောခဲ့သေးတယ် ဒီမှာ အကုသိုလ်လုပ်ရင် ငရဲဘုံပေါက်တယ် ဆိုတာဟုတ်ဘူးလား (မှန်ပါ ဘုရား)။

ငရဲဘုံပေါက်တယ် ဆိုတာသိတော့ ဘယ်ကနေဆောက် တာတုံးကွ (ဒီကနေ ဆောက် တာပါဘု ရား)၊ ဒီကနေ ဆောက်တယ်၊ ကဲ ဒီကနေ ဖျက်မယ်ကွာကဲ ဒကာသိုက် ဘယ်နှယ့်တုံး (ပျက်ပါတယ် ဘုရား)၊ ဒီကနေ ဆောက်တာ ကိုး။ ဒီကနေဖျက်ရင် (ပျက်ပါတယ် ဘုရား)။

ဘုန်းထူး၊ သမ္ဘာထူးတွေ

အဲဒီတော့ဒီဒကာ ဒကာမတွေ ကံထူး၊ ဉာဏ်ထူး၊ ဘုန်းထူး၊ သမ္ဘာထူးတွေဖြစ်နေတော့ ဪ ဒီနည်းရနေတယ် (မှန်ပါ ဘုရား)။

လာခဲ့ဟေ့ လောဘ၊ မတတ်သာလို့ ဝင်လာလို့ ရှိရင် မင်းကို ဖြစ်ပြီးပျက်တဲ့ အနိစ္စရှုချ (မှန်လှပါ ဘုရား)၊ မင်းလည်း အနိစ္စပဲလို့ ရှူချ (မှန်ပါ ဘုရား)၊ ဟိုသွားမယ့် ငရဲမီးတွေက ဘာဖြစ်သွားတုံး (သိမ်းသွားပါတယ် ဘုရား)။

ဟိုမှာ ငရဲတည်ဆောက်နိုင်သေးရဲ့ လား (မတည် ဆောက်နိုင်ပါဘူး ဘုရား)၊ ဪ ဒါဖြင့်တို့ သည်ကားလို့ ဆိုရင်ဆရာကောင်းသမားကောင်းနဲ့ အကြောင်းညီညွတ်ပြီး သကာလ နေတော့ တို့ငရဲသွားရမှာ တို့ဘာမှ ကြောက်စရာမရှိဘူး။

ငရဲကို မကြောက်နဲ့

တို့ မရှုဖြစ်မှာသာကြောက်ရမှာ (မှန်ပါ ဘုရား)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)၊ ဘာကြောက် ရမှာတုံး (မရှုဖြစ်မှာကြောက်ရမှာပါ ဘုရား)။

ငရဲကို မကြောက်နဲ့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ တည်ဆောက်မယ့်တရားကို ကြောက်လိုက် (မှန်လှပါ ဘုရား)။ တည်ဆောက်တာက လောဘ၊ ဒေါသ၊ မောဟ တည် ဆောက်တာ (မှန်ပါ ဘုရား)။

အဲ့ဒါဖြစ်ပျက်ရှု (မှန်ပါ ဘုရား)၊ လောဘလာ လည်း ဘာလုပ်ရမတုံး (ဖြစ်ပျက်ရှုရမှာပါ ဘုရား)။ ဒေါသလာရင်ကော (ဖြစ်ပျက်ရှုရမှာပါ ဘုရား)၊ မောဟလာရင်ကော (ဖြစ်ပျက်ရှုရမှာပါ ဘုရား)။

သူများကို ငြူစူချင်ရင်၊ ဖြစ်ပျက်ရှု

ခင်ဗျားတို့ အမျိုးသမီးတွေက ဣဿာ သူများငြူစူချင် ရင်ကော (ဖြစ်ပျက်ရှုရမှာပါ ဘုရား)၊ မစ္ဆရိယသူများ – ချမ်းသာတာမနာလိုရင်ကော (ဖြစ်ပျက်ရှုရမှာပါ ဘုရား)။

အေး အဲ့ဒါတွေဖြစ်ပျက်ရှုနေလို့ ရှိရင် ဟိုမှာငရဲ အထည်ဘုံပေါ်သေးရဲ့လား (မပေါ်ပါဘူး ဘုရား)၊ ဘယ်ကနေ ငြိမ်းလိုက်တာတုံး (ဒီကနေငြိမ်းလိုက်တာပါ ဘုရား)။

ဒီက ဘာနဲ့ငြိမ်းလိုက်ပါလိမ့် (မဂ္ဂင်နဲ့ ငြိမ်းလိုက် ပါတယ် ဘုရား)၊ မဂ်ရေစင်နဲ့ ငြိမ်းလိုက် တယ်တဲ့။ ဒါကြောင့် မဂ်ရေစင်ဟာ ခင်ဗျားတို့ မငြိမ်းမိမှာကိုပဲ ဘုန်းကြီးက ပူတယ်၊ ငရဲကိုမကြောက်နဲ့၊ မငြိမ်းမိမှာကိုပဲ ဘုန်းကြီးက စိုးရိမ် တယ် (မှန်လှပါ ဘုရား)။

မရှုဖြစ်မှာကြောက်

အဲဒီတော့ ဒီဒကာ ဒကာမတွေမှာ ငရဲကို ဒီကနေငြိမ်း လျှင် ရနေသောကြောင့် ငရဲ မကြောက်ပါနဲ့ (မှန်ပါ ဘုရား)။ အခု -လာတဲ့ လောဘ၊ ဒေါသ၊ မောဟ၊ အခု -လာတဲ့ ဣဿာ၊ မစ္ဆရိယ ဒါကို မရှုဖြစ်မှာတော့ ကြောက်ကြ (မှန်လှ ပါ ဘုရား)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒကာစိန်ရေ ငရဲမီးကြောက်ရမှာလား၊ ယခုလာတာ မထိန်း သိမ်းမိမှာ ကြောက်ရမှာလား (ယခုလာတာ မထိန်းသိမ်း မိမှာ ကြောက်ရမှာပါ ဘုရား)။

အလွဲကြောက်နေတယ်

အဲဒီတော့ ခင်ဗျားတို့က ယခု ကြောက်နေတာက အလွဲ ကြောက်နေတယ် (မှန်ပါ ဘုရား)၊ ဒကာသိုက်ကြီးတို့က – အတော်ကို ခွကျနေတယ် (မှန်ပါ ဘုရား)။

ငရဲမကြောက်နဲ့ ဗျာ၊ ဟို သွားကြောက် (မှန်ပါ ဘုရား)ဟ တည်ဆောက်မယ့်လူ ကျတော့ မကြောက်ဘူး (မှန်ပါ ဘုရား)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒေါ်ခန့်တို့က ဘယ်သွားကြောက်နေတုံး (ငရဲကြောက် နေတာ ဘုရား)ဟ မကြောက်နဲ့ ဒေါ်ခန့် (မှန်ပါ ဘုရား)၊ ဒီကရှေ့ ပြင်လိုက်ပါ (မှန်လှပါ ဘုရား)၊ ဒေါ်ရွှေ ပြင်လိုက်ပါဦး (မှန်ပါ ဘုရား)၊

ဘယ်ဟာကြောက်ရမှာတုံး မှ ဘယ်ဟာ ကြောက်ရမှာတုံး (တည်ဆောက်မှာ ကြောက်ရမှာပါ ဘုရား)၊ တည်ဆောက်တာက ခင်ဗျားတို့ သန္တာန် လောဘ၊ ဒေါသ၊ မောဟ ဣဿာ၊ မစ္ဆရိယ၊ မာနတွေ မရှိဘူး လား (ရှိပါတယ် ဘုရား)၊ သူတို့က တည်ဆောက်နေတာ၊ (မှန်ပါ ဘုရား)။

အဲဒီတော့ သူတို့ ကို ဘာလုပ်ရမတုံး (သူတို့ကို ဖြစ်ပျက်ရှုရမှာပါ ဘုရား)။ သူတို့ ဖြစ်ပျက် အနိစ္စ ရှုပစ်လိုက်ပြီ ဆိုမှဖြင့် ဒကာ ဒကာမတို့ ဒီသူတို့ ဆောက်မှဖြစ်တဲ့ ငရဲဟာ သူတို့ကို ကျုပ်တို့က နိုင်လိုက်ရင်လည်း ငရဲကြောက်ဖို့လိုသေး သလား (မလိုတော့ပါဘူး ဘုရား)။

ယခုတော့ ဒကာ ဒကာမတွေက ခွကျတယ်၊ ခဲပစ်တဲ့ သူမကြောက်ဘဲနဲ့၊ ခဲချည့် ကြောက်နေတာ (မှန်ပါ ဘုရား)။ သိပ်ဆိုးနေတယ်၊ ဒကာ ဒကာမတို့ (ဆိုးပါတယ် ဘုရား)။

ခွေးမိုက်နဲ့တူတယ်

ကြောက်တာသည်ပင်လျှင် မမှန်သေးဘူး (မှန်လှပါ ဘုရား)၊ ခင်ဗျားတို့ သည် ဒါကြောင့် ဘုန်းကြီး ခဏခဏ ပြောတယ်၊ ခွေးမိုက်နဲ့ တူတယ်လို့ (မှန်ပါ ဘုရား)။

ဒကာစိန်ရေ ဒကာစိန်က လွယ်အိတ်ကြီးကြီးနဲ့ ခဲတွေ ထည့်သွား၊ အဲ့ဒိ အနားကျတော့ ပစ်စမ်း ဆိုတော့ ခွေးက ခဲချည့် လိုက်ကိုက်တယ် (မှန်ပါ ဘုရား)၊ ဒီခွေးမိုက်တယ်၊ ဥပမာ ဒကာစိန် လိုက်ကိုက် လိုက်ရင် နောက်ခဲ လာဦးမှာလား (မလာပါဘူး ဘုရား)။

သူက ဒါဖြင့် ဒကာစိန်ကိုတော့ မကြောက်၊ ဟိုခဲကိုသာ ရန်သူထင်နေတယ် (မှန်လှပါ ဘုရား)၊ ခင်ဗျားတို့လည်း ငရဲသာ ရန်သူ ထင်နေတယ်၊ အတွင်းကိုတော့ ငရဲကို တည်ထောင်တဲ့ မျိုးစေ့ဖြစ်တဲ့ လွတ်အိတ်ထဲက ခဲတွေနဲ့ တူတာတော့ ခင်ဗျားတို့က မကြောက်ဘူး (မှန်ပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ကြောက်နေတာက တိရစ္ဆာန် ကြောက် (မှန်ပါ ဘုရား)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဘာကြောက်ပါလိမ့် (တိရစ္ဆာန်ကြောက်ပါ ဘုရား)၊ တိရစ္ဆာန်ကြောက် ဖြစ်နေတော့ ဘုန်းကြီးတို့ ဒကာ ဒကာတွေမသိလို့ သာ တိရစ္ဆာန်ထဲ သွင်းပြီးပြောလိုက်ရတယ်၊ စင်စစ်ကတော့ ခင်ဗျားတို့ တိရစ္ဆာန် ကတော့ဖြင့် ကျုပ်တို့ က မသိမှုက တိရစ္ဆာန်စိတ် ဖြစ်နေတယ် (မှန်လှပါ ဘုရား)၊ ကြောက်စရာ သိပ်ကောင်းတယ် (ကောင်းပါတယ် ဘုရား)။

အဲဒါ ခုတော့ဖြင့် ဘာကြောက်ရမှာပါလိမ့် ယခုလက်ရှိဝင်လာတဲ့ လောဘ၊ ဒေါသ၊ မောဟကို ခင်ဗျားတို့ ဖြစ်ပျက်ရှုပြီး သကာလ ကြောက်လိုက်စမ်းပါ (မှန်လှပါ ဘုရား)၊ ဟိုမှာဘုံပေါက်သေးရဲ့လား (မပေါက်ပါဘူး ဘုရား)။

အကြောင်းကိုကြောက်၊ အကျိုးမကြောက်ပါနဲ့

ငရဲတွေ အကုန်ပျောက်၊ မပျောက်သေးဘူးလား (ပျောက်ပါတယ် ဘုရား)၊ ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ သည် အကြောင်းကြောက်၊ ယနေ့ ကစပြီး အကျိုး မကြောက်ပါနဲ့ (မှန်လှပါ ဘုရား)။

ကျုပ်တော့ အကျိုးပေးသာ ကြောက်တယ်၊ မကောင်း ကျိုးပေးမှာတော့ ကျုပ်အကြောက်ဆုံးပဲ ဆိုတော့ မကောင်း ကြောင်းတော့ သူမကြောက်ဘူးကွ (မှန်လှပါ ဘုရား)။

အကြောင်းနဲ့ အကျိုးဘယ်ဟာ ကြောက်ရမှာတုံး (အကြောင်းကြောက်ရမှာပါ ဘုရား)၊ ခင်ဗျားတို့ ဘာကြောက် နေတုံး (အကျိုးကြောက်နေပါတယ် ဘုရား)၊ ဒေါ်အုန်းခင်ကြီးတို့ ခွကျလိုက်တာ၊ ဟုတ်ပြီလား (မှန်ပါ ဘုရား)။

ဘာကြောက်ရမှာတုံး (အကြောင်းကြောက်ရမှာပါ ဘုရား)၊ ယခုတော့ဖြင့်သော် တို့ သေလို့ ရှိရင် ဘယ်လို အကျိုးပေးမတုံး၊ အဲ့ဒီ အကျိုးပေးချည်းဖြင့် ကြောက်လှချည်ရဲ့၊ မကြောက်ပါနဲ့ ဒေါ်အုန်းခင်ရ၊ မကြောက်ပါနဲ့၊ ယခုပေါ်လာတဲ့ အကြောင်းတွေကို ဖြစ်ပျက်သာရှုချရင်၊ ဟိုအကျိုးပေး တွေပေါ် ဦးမှာလား (မပေါ်ပါဘူး ဘုရား)။

ဒါဖြင့် အကြောင်းသတ်လိုက်ရရင် မပြီးဘူးလား (ပြီးပါတယ် ဘုရား)။

ကုသိုလ်အကုသိုလ်ကိုစွန့်လိုက်ပြီ

အေး ဒါကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီး များအကြောင်း ဘယ်လောက် ကြောက်တယ်ဆိုတာ ခင်ဗျားတို့ နမက္ကာရမှာ ပါပါတယ် (မှန်ပါ ဘုရား)၊ “ကုသလာကုသလံ ဇဟံ” အဟံ- ငါဘုရားသည်၊ ကုသလံ- ကုသိုလ်ကို လည်းကောင်း၊ အကုသလံ -အကုသိုလ်ကို လည်းကောင်း၊ ဇဟံ- စွန့်လိုက်ပြီကွာ၊ နို့မဟုတ်ရင်လိုက်ပြီး အကျိုးပေးနေဦးမှာ။

ဒါကြောင့် ဘုရားဖြစ်တဲ့ အချိန်မှာ ကုသိုလ်နဲ့ အကုသိုလ် ငါ စွန့်ချလိုက်ပြီဟေ့ (မှန်လှပါ ဘုရား)၊ နိုင်သွားပြီပေါ့ ဒေါ်အုန်းခင် နမက္ကာရမှာ မပါဘူးလားဗျာ (ပါပါတယ် ဘုရား)။

အဲဒီတော့ ကုသိုလ်နဲ့ အကုသိုလ်ကို စွန့်ပစ်လိုက်တယ် ဆိုကတည်းကိုက ဘုရားက ဒီကုသိုလ် အကုသိုလ်တွေဟာ လက်ခံထားမယ်ဆိုရင်သူတို့ သည်လူခန္ဓာနတ်ခန္ဓာ၊ ဗြဟ္မာခန္ဓာ ဆိုတဲ့ ဒုက္ခသစ္စာတွေ လုပ်ဦးမှာ၊ မလုပ်ပေဘူးလား (လုပ်ပါ တယ် ဘုရား)။

အဲ့ဒီလုပ်ပြန်လို့ ရှိရင်လည်းသူတို့ကဒုက္ခသစ္စာတွေလုပ်လိုက် ခဲ့သည်ရှိသော် ဒီဒကာ ဒကာမတွေ ဒုက္ခသစ္စာချည့်ပဲ ပွားစီးမယ့် အခြေအနေတွေက မသေချာဘူးလား (သေချာပါတယ် ဘုရား)။

အဲ့ဒါကြောင့် ဘုရားက ကုသိုလ် အကုသိုလ်စွန့်လိုက်တယ် ဆိုပြီး သူ့ သန္တာန်ဖြစ်တဲ့ စိတ်တွေက အကျိုးမပေးတဲ့ စိတ်တွေဖြစ်သွားတယ် (မှန်ပါ ဘုရား)။

မြန်မြန်အရိယာဖြစ်အောင် လုပ်လိုက်ပါ

အဲ့ဒါ ခင်ဗျားတို့ က မြန်မြန်အရိယာဖြစ်အောင်လုပ် လိုက်ကြစမ်းပါ၊ နို့ မဟုတ်ရင် ခင်ဗျားတို့ ပြုထားတဲ့ ကုသိုလ်တွေ တစ်ပုံကြီး၊ အကုသိုလ်တွေကကော (တစ်ပုံကြီးပါ ဘုရား)။

အဲ့ဒါတွေက ခင်ဗျားတို့က သူတို့က နောက်ကစောင့် နေတယ် (မှန်ပါ ဘုရား)၊ နောက်က စောင့်နေတော့ ခင်ဗျား တို့ စုတေမနေ သေလွန်တဲ့အခါကျတော့ သူတို့က တို့ အလှည့် ကျပြီ၊ သူ့ အလှည့် ကျပြီဆိုတာ မလာကြပေဘူးလား (လာမှာပါ ဘုရား)။

လာတဲ့အခါကျလို့ ရှိရင်ဖြင့် ခင်ဗျားတို့ သူအလှည့်ကျ ရာ စီမံရာကိုခင်ဗျားတို့ ခန္ဓာ ကိုယ်ကြီးဟာ ခံရုံပဲ (မှန်ပါ ဘုရား)၊ ဒေါ်အုန်းခင်ကြီးရေ၊ မတု- ရိပ်မိပြီလား (ရိပ်မိပါ ပြီ ဘုရား)။

ကဲ ဒါဖြင့် ဒေါ်ခန့်တို့ရေ ဂရုစိုက်ပါ (မှန်လှပါ ဘု ရား)။ ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက

“သရာဂံဝါ စိတ္တံ သရာဂံ စိတ္တန္တိ ပဇာနာတိ သဒေါသံဝါ စိတ္တံ သဒေါသံစိတ္တန္တိ ပဇာနာတိ၊ သမောဟံဝါ စိတ္တံ သမောဟံ စိတ္တန္တိ ပဇာနာတိ”

မဂ်ရေစင်ဖြင့် ဖုန်းလိုက်စမ်းပါ

ဟေ့ .. ပဇာနာတိဆိုတဲ့ မဂ်ရေစင်ဖြင့် ဖျန်း ဖြစ်အောင် ဖျန်းလိုက်စမ်းပါ မဖျန်းရင် မင်းတို့ အကြောင်း မသတ်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ပါလိမ့်မယ် (မှန်ပါ ဘုရား)၊ ဆိုတော့ မောင်ထွန်းလှိုင် မပြောထိုက်ဘူးလား (ပြောလိုက်ပါတယ် ဘုရား)။

မောင်ဘညွန့်တို့ မပြောထိုက်ဘူးလား (ပြောထိုက် ပါတယ် ဘုရား)၊ အေး ဒါဖြင့် အားလုံးဒကာ ဒကာမတို့ ခင်ဗျားတို့ အကျိုးမကြောက်ပါနဲ့၊ အကြောင်းကြောက်ပေး ပါ (မှန်လှပါ ဘုရား)။

အကြောင်းကြောက်ပေးပါလို့ ပြောရတယ်၊ ဘာပြုလို့ တုံးဆိုတော့ ခင်ဗျားတို့ က ခဲလာတယ်၊ ခဲကြည့်ရှောင်နေလို့တော့ မဖြစ်ဘူး၊ ခဲကြည့်ရှောင်မနေနဲ့ ဟိုလူသာ သွားရိုက်လိုက်၊ ခဲပစ်တဲ့ သူသွားရိုက်လိုက်ရင် နောက်ခဲလာဦးမှာလား (မလာပါဘူး ဘုရား)။

ယခုတော့ဖြင့် ခင်ဗျားတို့ က ခဲသော ကြောက်နေတယ် ပစ်တဲ့သူကို (မကြောက်ပါဘူး ဘုရား)၊ ဒါဖြင့် ခင်ဗျားတို့ ခုနက ခွေးမိုက်ကြောက် ကြောက်သလိုမကြောက်ဘူးလား (ကြောက်ပါတယ် ဘုရား)။

ဖြစ်ပျက်မရှုမိမှာကိုကြောက်ပါ

ဒီမှာလည်း ခင်ဗျားတို့ သန္တာန်လာတဲ့ လောဘ၊ ဒေါသ၊ မောဟကို တစ်ခါတည်း ဖြစ်ပျက် မရှုမိမှာကို ကြောက်လိုက် (မှန်လှပါ ဘုရား)၊ ဒကာစိန် သိပ်အဖိုးတန်တဲ့ တရားနော် သိပ်အဖိုးတန်တဲ့ တရားဒကာ ဒကာမတွေ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

လောဘလာ ဖြစ်ပျက်မရှုမိ၊ ဒေါသလာရင် ဖြစ်ပျက် မရှုမိ၊ ဝေဒနာလေးတွေလာ ဖြစ်ပျက်မရှုမိ၊ ဒုက္ခသစ္စာလာတိုင်း လာတိုင်း မရှုမိမယ့်အရေးသာလျှင် တို့မှာ အရေးအကြီးဆုံး ပါလား၊ ငရဲဘာမှ ကြောက်စရာ မရှိဘူး (မှန်ပါ ဘုရား)၊ ဟုတ်ပြီလား။

အဲ့ဒါ ဒကာ ဒကာမတို့ ယနေ့ကစပြီး ဆရာကောင်း သမားကောင်းနဲ့ ကိုးကွယ် ဆည်းကပ် နေတဲ့ ဒကာ ဒကာမတွေ ဖြစ်နေတော့ ဪ အကြောင်း ကြောက်မှာပါလား အကျိုး ကြောက်နေလို့ တော့ (မမှန်ပါ ဘုရား)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

အကြောင်းကိုကြောက်ရင်၊ အကျိုးမလာ

အဲ အကြောင်းကြောက်လိုက်တော့ အကျိုးလာ သေးရဲ့ လား (မလာတော့ပါ ဘုရား) အေး ဒါကြောင့် အကြောင်း ကြောက်လိုက်လို့ရှိရင် အကျိုးမလာတော့ပါဘူး (မှန်ပါ ဘုရား)။

ဒါကြောင့် ခင်ဗျားတို့ သန္တာန်မှာ အကြောင်းတွေက ခဏခဏပေါ်တယ် (မှန်ပါ ဘုရား)၊ တစ်ယောက်နဲ့ တွေ့ပြန် လို့ ရှိရင်လည်း အော်ချင်တာနဲ့ ပျော်ချင်တာနဲ့၊ ရွဲ့ချင်တာနဲ့၊ စောင်းချင်တာနဲ့၊ ဒကာ ဒကာမတွေက ဒါတွေများ ကျတော့ ခင်ဗျားတို့က နှုတ်ကိုတက်လို့ (မှန်လှပါ ဘုရား)။

သူနဲ့ ဖြင့် အတူတူကို မသွားချင်ဘူး၊ ဘာဖြစ်လို့ တုံး ဆိုတော့ မျက်နှာကြောမတည့်လို့၊ အမလေး ဒကာ ဒကာမ တွေ ရှုပ်လိုက်တဲ့ဖြစ်ခြင်း၊ ဟုတ်ဘူးလား၊ ရှုပ်လိုက်တဲ့ဖြစ်ခြင်း။

သူနဲ့ တော့ မသွားဘူး၊ သွားရင်တစ်ယောက်တည်း သွားမယ်၊ နောက်ချန်နေရစ်မယ်၊ ဘာမှလည်း မဟုတ်ဘူး ဒီဥစ္စာ၊ ဘာမှလည်း မဟုတ်ဘူး၊ ဒကာမတွေ ရှုပ်နေတာက၊ ဟုတ်ဘူးလား၊ အင်မတန်မရှုပ်ဘူးလား (ရှုပ်ပါတယ် ဘုရား)။

အကုသိုလ်ဖြစ်နေတာ ဆိုးတယ်

တချို့ကျတော့လည်း အယူအဆ မတူလို့တဲ့၊ အောက် – တန်းနည်းနည်းကျလို့ မသွားချင် ဘူးတဲ့၊ တယ်ခက်ပါလား ဒကာသိုက်ရေ၊ သွားမှာကတော့ ဟို မင်္ဂလာ အလှူ၊ သွားမှာပဲ၊ ဒီအကုသိုလ် ဖြစ်နေတာက အတော်ဆိုးတယ် (မှန်လှပါ ဘုရား)၊ လာမှန်းကောသိကြရဲ့လား (မသိပါဘူး ဘုရား)။

အလှူသွားတာမဟုတ်ဘူး၊ အပါယ်သွားတာ

မသိတော့ ဖြစ်ပျက်ကော ရှုသေးရဲ့လား (မရှုပါ ဘူးဘု ရား)၊ ဖြစ်ပျက်မရှုမိတဲ့ အခါကျတော့ ခင်ဗျားတို့ အလှူသွားတာမဟုတ်ဘူး၊ အပါယ်သွားတာ၊ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။

ဣဿာ၊ မစ္ဆရိယတွေက မလာဘူးလား (လာပါ တယ် ဘုရား)၊ ခင်ဗျားတို့ အလှူသွားတာ ဖြုန်းခနဲ သာဓုခေါ် လိုက်ရင် ဒကာစိန်မှားမယ် (မှားမှာပါ ဘုရား)၊ မမှားသေး ဘူးလား (မှားပါတယ် ဘုရား)။

အဲဒိလိုအရေးကြီးနေလို့ ဆရာသမားမို့ ဆုံးမနေတယ် (မှန်ပါ ဘုရား)၊ ဒါကြောင့် ခင်ဗျားတို့ ဣဿာ လာလည်း ဘာလုပ်ရမတုံး (ဖြစ်ပျက်ရှုရမှာပါ ဘုရား)၊ မစ္ဆရိယ လာရင် (ဖြစ်ပျက်ရှုရမှာပါ ဘုရား)။

ဖြစ်ပျက်ရှုသာရှု

ဖြစ်ပျက်ရှုသာရှု၊ သူကမလာပါနဲ့ ဆိုလို့ ခင်ဗျားတို့ က ကျင့်သားမရသေးတော့ လာနေဦးမှာ၊ လာတာလေးကိုလည်း ဣဿာ ရှုလိုက်တဲ့ ပုဂ္ဂိုလ်ဆိုလို့ ရှိရင်ဖြင့် ဣဿာလေးက ဣဿာ မဟုတ်ဘဲနဲ့ ဖြစ်ပျက် ဒုက္ခသစ္စာ ဖြစ်သွားတယ် (မှန်လှပါ ဘုရား)၊ မစ္ဆရိယရှုရင်ကော (ဖြစ်ပျက် ဒုက္ခသစ္စာပါ ဘုရား)။

ဖြစ်ပျက် ဒုက္ခသစ္စာဖြစ်သွားပြီ။ အဲဒီဖြစ်ပျက်ဒုက္ခသစ္စာ ဖြစ်သွား လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဘာမှ မစိုးရိမ်နဲ့တော့ (မှန်လှ ပါ ဘုရား)။ ရိပ်မိပြီးလား (ရိပ်မိပါပြီ ဘုရား)။

အကြောင်းကို သတ်ခိုင်းတယ်

ဒါဖြင့် ခင်ဗျားတို့ ယနေ့ ပြောတဲ့တရားမှာ ဘာပါလိမ့် မလဲ ဆိုတာ အကြောင်းသတ် ပြောနေတယ်လို့ မောင်ထွန်းလှိုင် မှတ်ပါ (မှန်လှပါ ဘုရား) ကိုင်း ဒကာသိုက် ဘာသတ်ခိုင်းသတုံး (အကြောင်း သတ်ခိုင်းပါတယ် ဘုရား)။

ဒါဖြင့် ဝိပဿနာရှု၊ ဝိပဿနာရှုဆိုတာ ဒကာ ဒကာမ တို့ ပစ္စုပ္ပန်တည့်အောင်ရှုဆိုတာ အကြောင်း သတ်နေတာ ကိုးဆိုတာပေါ်လာပြီလား (ပေါ်လာပါပြီ ဘုရား)၊ အကြောင်း သတ် (မှန်ပါ ဘုရား)။

အကယ်၍ ဝေဒနာကို ခင်ဗျားတို့က ဖြစ်ပျက်မရှုလိုက် လို့ ရှိရင် အကျိုးတဏှာလာမယ် ဆိုတာ ခင်ဗျားတို့ သိပြီးသား (မှန်လှပါ ဘုရား)။

ဝေဒနာမရှုဖြစ်ရင် တဏှာလာမယ်

ဒါဖြင့် ဝေဒနာလေး ပေါ်လာတယ် ဖြစ်ပျက်က မရှုမိ ဘူး၊ မရှုမိရင် ဘယ်သူလာမယ် (အကျိုး တဏှာလာမှာ ပါ ဘုရား)၊

အင်း ဝေဒနာ ပစ္စယာ- ဝေဒနာ အကြောင်းကြောင့် တဏှာ- တဏှာသည်၊ ဟောတိ- ဖြစ်၏ဆိုတော့၊ အကြောင်းကိုမသတ်လိုက်တဲ့အတွက် ဘာလာသတုံး (အကျိုးလာပါတယ် ဘုရား)။ အကျိုးတဏှာ လာတယ် (မှန်ပါ ဘုရား)။

အကျိုးတဏှာလာတဲ့အခါကျတော့ ခင်ဗျားတို့ ဒုက္ခ ရောက်ပြီ (မှန်ပါ ဘုရား)၊ ဒါဖြင့်တို့ ဆရာဘုန်းကြီး က ဝိပဿနာတွေ ရှူခိုင်းနေတာ ဘာပါလိမ့်မလဲဆိုတာ ယနေ့ ရှင်းရှင်းလင်းလင်းကြီး ပေါ်လာလိမ့်မယ် (ပေါ်လာပါ တယ် ဘုရား)။

ဘာသတ်ခိုင်းသတဲ့ (အကြောင်းသတ်ခိုင်းပါတယ် ဘုရား)၊ အကြောင်းသတ်တော့ ခင်ဗျားတို့ အကျိုးပေးတွေ လာစရာပျက်စီးသွားပြီး (မှန်ပါ ဘုရား)၊ ကြောက်ဖို့လန့်ဖို့,ကော (မလိုပါဘူး ဘုရား)။

ဒါလမ်းမှန်ပဲ

ဪ ဒါဖြင့် ဒါလမ်းမှန်ပဲ၊ ဘုရားဟောတော်မူ တာလမ်းမှန်၊ လမ်းမှန်ပဲတဲ့ ဒီဥစ္စာ၊ အကြောင်း သတ်ခိုင်း တာ (မှန်လှပါ ဘုရား)၊ ဝေဒနာရှုရင် တဏှာသေတယ်၊ မသေဘူးလား (သေပါတယ် ဘုရား)။

အဲဒီတော့ ဝေဒနာရှုရင် တဏှာသေတယ်ဆိုတော့ ဣဿာရှုလိုက်ပြန်တယ်၊ ဣဿာ ဆိုတဲ့ဥစ္စာ သူတစ်ပါး ငြူစူတာ (မှန်ပါ ဘုရား)။

ဣဿာ သူတစ်ပါးကြူစူတာ ရှုလိုက်လို့ ရှိရင်ဖြင့် ဣဿာ နောက်ကနေပြီး ခင်ဗျားတို့ ဣဿာကို မရှုလိုက်ဘူးဆိုရင်ဖြင့် ကျုပ်မြင်ရတာ ကျုပ်ဖြင့် အရင်ဟာတွေ ပေါ်ပေါ်လာတယ်။ အင်း ဒေါမနဿတွေ လာကုန်ပြီ မလာဘူးလား (လာပါတယ် ဘုရား)။

တွေးတယ်ဆိုပြီး သကာလ၊ ဘေးတွေးတာမဟုတ်ဘူး၊ ကျုပ်ဖြင့် အရင်ဟာတွေကို ပြန်သတိရလာတယ် ဆိုတော့ ဒေါမန ဿတွေ အကုန်လာတော့တာပဲ၊ ဣဿာမရှုမိရင် ဘာလာသတုံး (ဒေါမနဿ လာပါတယ် ဘုရား)၊ မစ္ဆရိယ ရှုမိရင်ကော (ဒေါမနဿလာပါတယ် ဘုရား)။

မစ္ဆရိယဆိုတာ

မစ္ဆရိယဆိုတာက ကိုယ့်ရှိတာလေးတွေ ဒကာ ဒကာမ တွေက သူလာရင်တောင်းတတ်တယ်၊ အဲဒီတော့ ဒါတွေ အုပ်ပြီးထားဦးမှ၊ ဝှက်တန်သလောက်လည်း ဝှက်ထားဦးမှ၊ ဒီလို လေဟာ ကိုယ့်ဟာကိုယ် တစ်ယောက်တည်း ဟိုချောင်ထိုး၊ ဒီချောင်ထိုး၊ ဟိုဟာလေးနဲ့ ဖိဒီဟာလေးနဲ့ ဖုံး (မှန်ပါ ဘုရား)။

အဲ့ဒါ ခင်ဗျားတို့က လာလိမ့်မယ်လို့ မသိဘူး၊ သူလာမယ်လို့ ပြောသံကြားလို့ ခင်ဗျားတို့က မစ္ဆရိယဖြစ်တာ (မှန်ပါ ဘုရား)၊ အိမ်ထဲ သိမ်းဆည်းနေတာ ဘာပါလိမ့် (မစ္ဆရိယဖြစ်တာပါ ဘုရား)။

အဲဒီတော့ မစ္ဆရိယပေါ်လာပြီလားဆိုပြီး ခင်ဗျားတို့ မစ္ဆေရစိတ်ကို ဖြစ်ပျက်ရှုရင်ရှု၊ အကယ်၍ မရှုမိဘူး ဆိုရင်ဖြင့် သူက မနေသာလောက်အောင် တောင်းပြီဆိုမှဖြင့် ခင်ဗျားတို့ က ဒေါမနဿ လိုက်ဦးမှာပဲ (လိုက်မှာပါ ဘုရား)။

ဒေါမနဿလာတယ်

နဂိုက သူမြင်ရင် ဝှက်ထားတဲ့ဥစ္စာ၊ အတင်းတောင်းပြန် သေးတယ် ဆိုတော့ ဒေါမနဿ မလာပေဘူးလား (လာပါ တယ် ဘုရား)။

အေး ဒါကြောင့် စိန်တွေ ဘာတွေ ဝှက်ကြ၊ သိုကြတဲ့ အခါကျလို့ရှိရင်လည်းဒါတွေဟာ သတိထား ရသေးတယ်၊ ဟုတ် ဘူးလား (မှန်ပါ ဘုရား)။

ဒါက ဘယ်သူ့ဖို့ ဘယ်တူဖို့၊ တော်ကြာ လူနိုင်လာရင် ခက်တယ် ဆိုတာ ဘာတုံး ခင်ဗျားတို့ (မစ္ဆရိယပါ ဘုရား)၊ မစ္ဆရိယ၊ ဟုတ်ဘူးလား (မှန်ပါ ဘုရား)။

အဲ့ဒီ မစ္ဆရိယတွေလည်း ခင်ဗျားတို့ ကတော့မသိဘူး၊ မေတ္တာရှိလို့ ဟိုလူအတွက် ထားရတယ်၊ ဘယ်ဟုတ်မလဲ ဟိုလူ မြင်သွားမှာစိုးလို့၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဒီဘက်မေတ္တာ၊ ဟိုဘက် မစ္ဆရိယ၊ ဒကာသိုက်တို့ ရိပ်မိပြီ လား (ရိပ်မိပါပြီ ဘုရား)။

အတော်သိမ်မွေ့တဲ့ တရား

အေး ဒါကြောင့် မစ္ဆရိယဆိုတဲ့ တရားဟာလည်း အတော်သိမ်မွေ့တဲ့တရား၊ ကြောက်စရာ မကောင်းဘူးလား (ကောင်းပါတယ် ဘုရား)၊ အေး ဒါကြောင့်ဒကာ ဒကာမတို့ မစ္ဆရိယ လာလည်း ဘာလုပ်ရမတုံး (ဖြစ်ပျက်ရှုရမှာပါ ဘုရား)။

ဣဿာ လာရင်ကော (ဖြစ်ပျက်ရှုရမှာပါ ဘုရား)၊ အေး ဒါကြောင့် ဖြစ်ပျက်ရှုလိုက် တာသည် ပင်လျှင် အကြောင်းသတ်ပြီးသား မနေဘူးလား (နေပါတယ် ဘုရား)။

ဘုန်းကြီးက ဒီကနေ အကဲခတ်တယ်၊ ဘယ်သူနဲ့ ဘယ်သူ မတည့်ဘူးတဲ့၊ အင်း မသိရှာဘူး ဒါပဲ၊ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။

မသိရှာလို့ သိလို့ရှိရင်တော့ဖြင့် အကုန်တည့် (မှန်ပါ ဘုရား)၊ အကုန်တည့် ဆိုတာ ဒကာ ဒကာမတွေဖြေရှင်း နေစရာလို သေးသလား (မလိုပါဘူး ဘုရား)။

ဘာဖြစ်လို့ မတည့်ကြပါလိမ့်

အေး ဘာဖြစ်လို့ တစ်ယောက်နဲ့ တစ်ယောက် မတည့်ကြပါလိမ့်မတုံးဆိုတော့ ဣဿာ လာလည်း မရှုမိ၊ မစ္ဆရိယ လာရင်ကော (မရှုမိပါ ဘုရား)။

မိန်းမတွေဘက်က အထူးဂရုစိုက်စမ်းပါ (မှန်လှ ပါ ဘုရား)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ယောက်ျားတွေက ဒီလောက်မများဘဲကိုး ဒကာစိန် ရ (မိန်းမများက ဒီစိတ်တွေ များပါတယ် ဘုရား)၊ ယောက်ျား တွေကတော့ မဟုတ်ရင် ထရိုက်တာပဲရှိမယ် ဟုတ်ပြီလား။

အေး မိန်းမတွေကတော့ ဒီဥစ္စာ အရေးမဟုတ်တာကို အင်မတန် အရေးလုပ်လေ့ ရှိတယ်၊ အရေးမဟုတ်ပါဘဲနဲ့ အရေး လုပ်လေ့ရှိတယ်၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ထင်းသယ်တာကအစ ခင်ဗျားတို့မှာ အတော်ရှုပ်တယ်၊ ဟုတ်ပြီလား၊ ထင်းသယ်တာက အစတဲ့ တင်ချင်တဲ့ ပုဂ္ဂိုလ်ကျတော့ ဈေးတင်တယ်၊ မတင်ချင်တဲ့ ပုဂ္ဂိုလ်ကျတော့ ပြန်ချ တယ် (မှန်လှပါတယ် ဘုရား)၊ ဣဿာ၊ မစ္ဆရိယဗျာ (မှန်ပါ ဘုရား)၊ မလာဘူးလား (လာပါတယ် ဘုရား)။

သမာဓိ၊ သတိလိုတယ်

အေး ဒါကြောင့် ဒကာ ဒကာမတွေရေ နေရာ တိုင်းမှာသမာဓိ၊ သတိလိုတယ်ဆိုတာ ပေါ်လာကြပြီလား (ပေါ်လာပါပြီ ဘုရား)။

ဒါတွေကို ဂရုမစိုက်လို့ ရှိရင်ဖြင့် ဒါတွေဟာ ဟင်း ကော်တဲ့အချိန် ဆွမ်းကော်တဲ့အချိန် ကစပြီး သကာလ၊ ခင်ဗျားတို့ ထမင်းကြော်တဲ့အချိန်ကစပြီး သကာလ ဒီသူတို့ အတွေးကငုပ်ပြီး ဒီအကြောင်းကို မသတ်လိုက်လို့ ရှိရင်ဖြင့် ဒီဟာ အကျိုးပေးဦးမှာပဲ၊ မပေးပေဘူးလား (ပေးမှာပါ ဘုရား)။

နေရာတိုင်းမှာ ဖြစ်ပျက်ရှု

အဲ့ဒီတော့ ဒကာ ဒကာမတွေ ဆရာဘုန်းကြီးက ဟောတာနေရာတိုင်းမှာ ဖြစ်ပျက်ရှု ဆိုတာ နေရာတိုင်းမှာ ငရဲမီး ငြိမ်းတာ (မှန်ပါ ဘုရား)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ ငရဲမီးငြိမ်းတာ ကိုခင်ဗျားတို့က မေ့သွားတယ်၊ မေ့သွားတယ်ဆိုရင် ငရဲမီးကြီး လာမှာပေါ့ (မှန်လှပါ ဘုရား)။

မေ့သွားရင်ဘယ်လိုဆိုကြမတုံး (ငရဲမီးကြီးလာပါ တယ် ဘုရား)၊ ငရဲအိုးကြီး၊ ငရဲမီးတောက်ကြီး ဒီလို မလာပေ ဘူးလား (လာပါတယ် ဘုရား)၊ အဲ့ဒီတော့ မမေ့စေကြနဲ့ (မှန်ပါ ဘုရား)။ မေ့ရင် ဘာဖြစ်မလဲ (ငရဲကြီးမှာပါ ဘုရား)၊

ငရဲအိုးကြီးမယ်၊ ငရဲမီးတောက်ပြင်းမယ်၊ ဒါကြောင့် မေ့ဆိုတဲ့အတိုင်း ဒီလိုဖြစ်တော့ ဖြစ်သွားတယ်၊ ကျုပ်မရှုမိလိုက် ဘူး၊ ဒီလိုဆိုရင် ငရဲအိုးကြီးလာတာပဲ၊ ငရဲမီးလျှံကြီး တောက်လာ တာပဲ (မှန်ပါ ဘုရား)။

ဒါကြောင့် ခင်ဗျားတို့က မေ့တာလေးလည်း ဂုဏ်ယူမနေနဲ့ ဟိုကအိုးကြီးတယ်၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဥဂ္ဂသေန

အဲ့ဒါ ဒကာ ဒကာမတွေကတော့ ပြောတော့သက်သာ သလိုလိုပေါ့ဗျာ၊ ပြောတော့ သက်သာ သလိုလိုပေါ့၊ ဖြစ်စဉ်တော့ မသက်သာဘူး (မသက်သာပါဘူး ဘုရား)။

ဖြစ်စဉ်ကတော့ မသက်သာပါဘူးတဲ့၊ ဥဂ္ဂသေနတို့များ ပြောလိုက်တာကတော့ သာမည (မှန်လှပါ ဘုရား)၊ သူ့ဆီ ပစ္စေကဗုဒ္ဓါလေး တစ်ပါးက ဆွမ်းခံကြွလာတယ်၊ ဆွမ်းခံကြွလာ လို့ ကောင်းကောင်းမွန်မွန် လောင်းလိုက်ပါ၊ ကဲ သူ့ခင်ပွန်းကို မှာတယ်၊ မှာတဲ့ အခါကျတော့ သူ့ခင်ပွန်းမက လောင်းလိုက်တယ်။

လောင်းလိုက်တဲ့ အခါကျတော့ ရဟန္တာက ဪ သူတို့ ငါ့လောင်းလိုက်တဲ့အတွက် ဒိဋ္ဌဓမ္မ အကျိုးပေးတော့မှာပဲ ဆိုပြီး ပြုံးတယ်၊ ဒိဋ္ဌဓမ္မ အကျိုးပေးရှာတော့မယ် သူဌေးကတော်လေး၊ သူဌေးလေး ဖြစ်ရှာတော့မယ် ဆိုပြီး ဝမ်းမြောက်လို့ ပြုံးရှာတယ်။

သဘင်သည်လို့ ပြစ်မှားမိလို့

ပြီးတော့၊ အဲ့ဒီပြီးတဲ့အချိန်နဲ့ ခုနက ဆွမ်းလောင်းတဲ့ သူ့ခင်ပွန်းမနဲ့ သွားကြုံတယ်၊ ကြုံတော့ သူ့ယောက်ျား သွားပြော တယ်၊ ရဟန္တာ ဆွမ်းလောင်းလိုက်တယ် လောင်းပြီး ဟိုအနား ကျတော့ ပြုံးသွားတယ်၊ အို ပြုံးသွားရင် သဘင်သည်ထင်ပါရဲ့ကိုး (မှန်လှပါ ဘုရား)။

သဘင်သည်လို့ ပြောမိလို့ သူ့သဘင်သည်နဲ့ သွားပြီး အိမ်ထောင်ကျနေတာ ဒုက္ခ ရောက်ပါပေါ့လား၊ ပြောတော့သာ လွယ် တာကွ၊ ဟိုသဘင်သည်နဲ့ အိမ်ထောင်ကျတော့ ဘယ်မတုံးဗျ ဥဂ္ဂသေနဟာ ဝါးအတောင်(၆၀)ပေါ် တက်က, နေရတာကဲ၊ ပြော တာကကော သက်သာရဲ့ လား (မသက်သာပါဘူး ဘုရား)။

ပြောတာကတော့ သာမည

ပြောတာကတော့ သာမည၊ အကျိုးပေးကျတော့ (မသက်သာပါဘူး ဘုရား)၊ အဲ့ဒါဖြင့် ခင်ဗျားတို့က အကျိုးပေးက တယ်လွယ်တယ်၊ ဒေါ်ရွှေကြီးတို့ကလေ။ တို့က ထစ်ခနဲဆိုရင် ပြောလိုက်ချင်တယ်၊ အတော်ခက်ပါလားဗျ၊ ဒေါ်ရွှေ စောင်းနေ တာ မအောက်မေ့နဲ့နော် (မှန်လှပါ ဘုရား)။

ကျုပ်က တယ်ခံချင်တာမဟုတ်ဘူး၊ ဟုတ်တာပြော သွားရင်တော့ ကိစ္စမရှိပါဘူး၊ ဒီမဟုတ်တာ ပြောသွားတာ ကျုပ်က မကျေဘူး၊ ဟုတ်လား ဒေါ်ရွှေ ငရဲအိုးကြီးက ဝမ်းထဲ လုံးဝင်တာပဲ၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

အဲ့ဒါကြောင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ အပြောတွေ၊ ခင်ဗျားတို့ အဆိုတွေက ပြောတာ တော့ဖြင့် မတု-ကိစ္စမရှိဘူး၊ အကျိုးပေးကျတော့ ခံနိုင်ရည်ရှိရဲ့လား (မရှိ ပါဘူး ဘုရား)။ အဲ့ဒီကျတော့ အင်မတန် မနစ်နာပေဘူးလား (နစ်နာပါ တယ် ဘုရား)။

ဣသာမစ္ဆရိယ ဖြစ်ပျက်ရှု

ဒါကြောင့် အပြောရော၊ အဆိုရော၊ ဣဿာနဲ့ ပြောရင် ဣဿာဖြစ်ပျက်ရှု မစ္ဆရိယနဲ့ ပြောလို့ ရှိရင် (မစ္ဆရိယဖြစ်ပျက် ရှုရမှာပါ ဘုရား)၊ ဒေါသနဲ့ ပြောရင် (ဒေါသဖြစ်ပျက်ရှုရမှာပါ ဘုရား)၊ ကြာတော့ ဒီဖြစ်ပျက် ရှုဖန်များတော့ မဂ်ရေက လောင်းဖန် များတော့ သူတို့ ကငြိမ်းငြိမ်း ငြိမ်းငြိမ်းပြီး နောက်မလာတော့ဘူး (မှန်လှပါ ဘုရား)။

လာရာဖြစ်ပျက်ရှု

အစသာ ခက်နေတာ (မှန်လှပါ ဘုရား)၊ အစသာ ခက်နေတာ၊ နောက်ကျတော့ လာသေးရဲ့လား (မလာတော့ပါ ဘူး ဘုရား)၊ အဲ့ဒီလောက် ကျေးဇူးများမှာ မြင်တဲ့ အတွက် ဆရာဘုန်းကြီးက ပြောလိုက်တယ် ဪ ဒါဖြင့် လာရာရှုရုံပဲပေါ့ဗျာ၊ မဆိုနိုင်သေးဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

အဲ့ဒီတော့ လာရာ ရှုဆိုတော့ ရှုဆိုတာ သမာဓိ ကိုပြောတာ (မှန်ပါ ဘုရား)၊

‘‘ဈာယ ဘိက္ခု မာစ ပမာဒေါ’’ ဘိက္ခု မာစပမာဒေါ- မေ့လျော့ ပေါ့ဆမနေနဲ့။ ဈာယ- စူးစူးစိုက်စိုက် ကလေး ရှုလိုက်စမ်းပါကွတဲ့ ဆိုတော့ ဘုရားက စူးစူးစိုက်စိုက် ရှုဖို့ သိပ်ပြီး တိုက်တွန်းတယ် (မှန်ပါ ဘုရား)။

အဲ့ဒါကြောင့် ဝေဒနာပေါ်တိုင်း ပေါ်တိုင်း အဲ့ဒီနေရာ ကို သမာဓိနဲ့ စူးစိုက်ပြီး မဂ္ဂင်ငါးပါး ဖြစ်ဖြစ်၊ ခုနစ်ပါး ဖြစ်ဖြစ် အကုန်လွှတ်ပါ (မှန်ပါ ဘုရား)။

အကုန် လွှတ်လိုက်သည်နှင့် တစ်ပြိုင်နက်တည်း ဝေဒနာ ဖြစ်ပျက်ဒုက္ခသစ္စာ ဖြစ်ရတော့မယ် (မှန်လှပါ ဘုရား)၊ လွှတ်လိုက်တဲ့ မဂ္ဂင်တွေက မဂ္ဂသစ္စာ ဖြစ်ရတော့မယ်၊

ဟော ကိလေသာ အပူမီးတွေက မင်္ဂလာတယ်ဆိုရင် အကုန်ငြိမ်း၊ မဂ်လာတယ် ဆိုရင် အကုန်သိမ်း ဆိုတော့ မောင်ထွန်းလှိုင် ဘယ်လောက်ကျေးဇူးများသတုံး (များပါတယ် ဘုရား)။

ပိလိန္ဒဝစ္ဆမထေရ်ကြီး

အေး ဒါကြောင့် ဒကာ ဒကာမတို့ အင်မတန်မှ ကျေးဇူးများခြင်းကြောင့် သမာဓိ တန်ခိုးဟာ ဒကာစိန် ပိလိန္ဒ ဝစ္ဆမထေရ်ကြီးကြည့်၊ ပိလိန္ဒဝစ္ဆ မထေရ်ကြီးဟာလေ-သူကဘဝ ပေါင်း(၅၀၀)၊ ဗြဟ္မဏအမျိုးက ဖြစ်လာတာကိုး (မှန်လှပါ ဘုရား)၊ အမျိုးမြတ်၊ အမျိုးမြတ် (မှန်လှပါ ဘုရား)။

“ဟေ့သူ့ယုတ်” ဘယ်ကလာသတုံး

တခြားသော ပုဂ္ဂိုလ်တွေ့လို့ ရှိရင် ပြော့ သူယုတ် ဘယ်ကလာသတုံး၊ ဟေ့ သူယုတ် ဘယ်က လာသတုံး။ အဲ့ဒါ ဘယ်အချိန်ကျမှ ဒီအသုံးအနှုန်း သုံးနေတော တုံးဆိုတော့ သူကလည်း ရဟန္တာဖြစ်ပြီ၊ ရဟန္တာဖြစ်တဲ့ အခါ လူမြင်လို့ ရှိရင်ဖြင့် သူက အကျင့်က ဝါသနာကြီးက ပါလာတော့ ဟေ့ ဝသက၊ ဟေ့ သူယုတ် ဒကာသိုက် ဒီလိုချည့် ခေါ်တယ် (မှန်လှပါ ဘုရား)၊ ဒီလိုချည့်ခေါ်တယ်။

ကရုဏာသံလည်း မောင်ထွန်းလှိုင် မပါဘူး၊ ဝါသနာဖြစ် နေတယ် (မှန်ပါ ဘုရား)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

အဲ့ဒီတော့ ဝါသနာကိုတော့ ဘုန်းကြီးတို့ က မဆိုပါဘူး၊ ခင်ဗျားတို့ က လုံ့လ ပယောဂနဲ့ဟာကို ဆိုတာ (မှန်လှပါ ဘုရား)၊ ဟုတ်ပြီလား။

စိတ်မကြမ်းရင်ပြီးတာပဲ

ဝါသနာကတော့ ဝါသနာ ဒကာစိန်ကြီးက ကြမ်းတယ်၊ စကားပြောကတည်းကိုက ဒကာစိန်က ခပ်ဆိုးဆိုး ပြောတတ် တယ်၊ ကြမ်းကြမ်း ပြောတတ်ပေမယ့် စိတ်ထဲက မကြမ်းရင် ပြီးတာပဲ၊ အသံကတော့ ကြမ်းချင်ရင် ကြမ်းပါစေ (မှန်လှပါ ဘုရား)၊ စိတ်မကြမ်းရင် (ပြီးတာပါပဲ ဘုရား)။

အေး ဝါသနာတော့ဖြင့် ဘုရားတစ်ယောက်သာ စွန့်နိုင်တယ် ကျန်တာဘယ်သူမှ မစွန့်နိုင်ဘူး (မှန်လှပါ ဘုရား)။

လူမြင်ရင်၊ သူယုတ်ချည့်ခေါ်တာ

အဲ့ဒီပိလိန္ဒဝစ္ဆ မထေရ်ကြီးဟာ ကြည့်ပါလား ဒကာ ဒကာမတွေက ရဟန္တာဖြစ်တောင် လူမြင်ရင် သူယုတ်ချည့် ခေါ် တာ (မှန်ပါ ဘုရား)။

ခင်ဗျားတို့ ကြားဖူးသားပဲ၊ ဒကာတစ်ယောက်က ပိတ် ချင်းသီးတွေ ထမ်းမလာဘူးလား (ထမ်းလာပါတယ် ဘုရား)၊ ထမ်းလာတဲ့ အခါကျတော့ ပိတ်ချင်းသီးတွေ ထမ်းလာတော့ ဟေ့ သူယုတ် ဘာတွေ ထမ်းလာသတုံး၊ အစောကြီးတွေ တာကိုး။

ပိတ်ချင်းသီးတွေ ထမ်းလာတယ်

ဟိုက ဈေးဦးမှ မပေါက်သေးဘဲ ဒီလို ဘောက်ပြောတဲ့ ကိုယ်တော်ကြီးနဲ့ တွေ့တော့၊ ခင်ဗျားတို့ လည်း ဈေးဦးပေါက် အရေးကြီးတဲ့ အချိန်ကျတော့၊ ပိတ်ချင်းသီးတွေ ထမ်းလာတာ ဈေးဦးမှ မပေါက်သေးဘူး၊ ဟေ့ လူယုတ် ဘာတွေထမ်းလာ သလဲလို့ဆိုတော့ ဟိုလူက ဈေးဦးမှမပေါက်ရတဲ့ အထဲကန့်လန့် ပြောတဲ့ ကိုယ်တော်ကြီးနဲ့ တွေ့တော့ ကြက်ချေး ကိုယ်တော်လို့ ပြောလိုက်တယ်၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ကြက်ချေးဖြစ်ကုန်တယ်

ကြက်ချေးထမ်းခဲ့တယ် ဆိုတော့ အံမလေး ရဟန္တာ သွားပြစ်မှားတာ အကုန် ကြက်ချေး ဖြစ်ကုန်တယ် (မှန်လှပါ ဘုရား)၊ ဟေ့ ခင်ဗျားတို့ ကြက်ချေး သွားလုပ်မနေနဲ့ဦး။

ကျုပ်တော့ မဟုတ်တာနဲ့ ဘောက်ပြောလိုက်တယ်ဆို တော့ အိမ်မှာ ဘာဖြစ်နေတယ်ဆိုတာ သတိထားကြဦး (မှန်လှပါ ဘုရား)၊ ဟုတ်ဘူးလား၊ အိတ်ထဲ ငွေရှိတယ်နဲ့ တူတယ် ငွေချေးစမ်းပါဦး အို မဟုတ်ပါဘူး စက္ကူတွေပါ ဆိုရင် တော်ကြာ အလွတ်စက္ကူ ဖြစ်သွားမှာလည်း စိုးရသေးတယ် (မှန်လှပါ ဘုရား)၊ အဲ့ဒါကြည့်လည်း ပြောကြဦး၊ ခင်ဗျားတို့ လိမ်တာကလေ (မှန်လှပါ ဘုရား)။

ရဟန္တာဖြစ်မှားတာ

အဲ့ဒါနဲ့ ဒီထမ်းလာတာပင် ဒကာစိန်ရ သူ့ဝစီကံက လိုက်တာ မဟုတ်သေးဘူး၊ ဒီထမ်းလာ တာတင် ကြက်ချေးတွေ ဖြစ်သွားတာ မဟုတ်သေးဘူး၊ ဟိုလှည်းပေါ်မှာ နဂိုကထားတာ သူလှည်းပေါ်က ထည့်တာ၊ ဟိုအပေါ်မှာကြက်ချေးတွေ သွားဖြစ် တယ် (မှန်ပါ ဘုရား) ရဟန္တာ ဖြစ်မှားတာ (မှန်လှပါ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့လည်း ဒီအခါမှာ ဆိုလို့ ရှိရင် မဂ်နဲ့ ဖိုလ်နဲ့ ကြိုးစားပြီး သကာလ နေကြတာ၊ ဘယ်သူရဟန္တာ ဖြစ်တယ် ဆိုတာ ဘယ်သူမှမသိနိုင်ဘူး (မှန်လှပါ ဘုရား)ဘယ်သူ သောတာပန်၊ သကဒါဂါမ် ဖြစ်တယ်ဆိုတာ ဘယ်သူမှမသိနိုင် ဘူး (မှန်ပါလှ ဘုရား)၊ ကိလေသာ ခေါင်းပါးတာပဲ သိတယ်။ ခေါင်းပါးရင် နည်းတာပဲ အကုန်မကုန်သေးဘူး (မှန်ပါ ဘုရား)။

အဲ့ဒါကို ခင်ဗျားတို့ တစ်ယောက်တစ်ယောက်ပြစ်မှား နေကြမယ်ဆိုရင်တော့ ဆင်းရဲပွဲ နွှဲရလိမ့်မယ် (မှန်ပါ ဘုရား)။

တစ်ဦးကိုတစ်ဦးရိုရိုသေသေ

အဲ့ဒါကြောင့် တစ်ယောက်တစ်ယောက် ရိုရိုသေသေ ကိုင်းကိုင်းညွတ်ညွတ်ဟုတ်လား အကျိုး အကြောင်း ရေရေလည် လည် ဒီလိုမှကောင်းတယ် (မှန်လှပါ ဘုရား)။

ဟေ့ ဒီလိုလာမမေးပါနဲ့၊ ဒီလိုမလုပ်ပါနဲ့ ဟုတ်ပြီလား။ ဟိုကသိချင်လို့ မေးတာ အကျိုး အကြောင်း ပြောပေးလိုက်လို့ ရှိရင် ပြီးတာပဲ၊ ဘောက်ပြောတာ၊ ဒေါ်ခန့်က လုပ်ချင်လုပ် ဦးမှာ (မှန်လှပါ ဘုရား)။

ကိုယ့်ကိုတွေ့လို့ သူလာမေးတာဘာဆိုင်သတုံး၊ ရိပ်မိ ပြီလား (ရိပ်မိပါပြီ ဘုရား)၊ အဲ့ဒီလို ခင်ဗျားတို့ ကလည်း အတော်တိုတယ် (မှန်လှပါ ဘုရား)၊ အတော်တိုတယ်တဲ့။

ဒါနဲ့ ခုနက ဒကာမှာ ဒကာစိန်ရေ ခက်လိုက်တဲ့ဖြစ်ခြင်း၊ တစ်ခါတည်း သူ့မှာချုံးပွဲချ ငိုရတယ်၊ ပိတ်ချင်းသီး အရောင်းလာတာ ကြက်ချေးတွေဖြစ်နေလို့၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

မင်းဘာငိုနေတာတုံး

အေး ဒါနဲ့ သွားပြီး သကာလ သိ၊ ကြား၊ လိမ္မာတဲ့ သူနဲ့ သွားပြောတယ်၊ မင်းဘာငိုနေတာတုံး လူတစ်ယောက်က ဒီလိုပဲဗျ၊ ကျုပ်ပိတ်ချင်းသီး အရောင်းလာတာ၊ တောင်းထဲက လည်း ကြက်ချေး၊ လှည်းပေါ်မှာ ကျန်ရစ်တာကလည်း ကြက်ချေး။ ရဟန္တာ ဘောက်ပြောမိတာ (မှန်ပါ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ ကျိန်ကြတာ အဟုတ်ကို မကျေ ဘူး၊ မိုးကြိုးပစ်ရစေရဲ့ မကျေဘူးလို့ သွားလုပ်မနေနဲ့၊ အကုန် မကျေဘဲ နေဦးမယ်၊ ခင်ဗျားတို့ ကုန်တွေ ကြက်ချေး ဖြစ်ကုန် ဦးမယ် (မှန်ပါ ဘုရား)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ပြောကို မပြောနဲ့၊ ပြောကို မပြောနဲ့တဲ့၊ ဒီဥစ္စာဆိုး ဝါးတယ် ဆိုတဲ့ ဥစ္စာရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

အေး ဒါနဲ့ ကြက်ချေးတွေ ပြောလိုက်လို့ဆိုတော့ ဒီက ဒေါသနဲ့ ပြောလိုက်တော့ ဟို ကိုယ်တော်ကြီး ကလည်း အေး မင်းပြောတဲ့အတိုင်း ဖြစ်စေကွာ (မှန်ပါ ဘုရား)၊ တကယ့် ကိုယ်တော်ကြီးကိုး။ မင်းပြောတဲ့အတိုင်း ဖြစ်စေဆိုတော့ ဟိုကြက်ချေး ဖြစ်တာပေါ့ (မှန်လှပါ ဘုရား)။

ဒီမှာလည်း ခင်ဗျားတို့ တစ်ယောက် တစ်ယောက်က ဒီလိုပြောလေ့ရှိတယ် (မှန်လှပါ ဘုရား)၊ မရှိပါဘူးဆိုတဲ့ ဥစ္စာလာလာတောင်းနေတဲ့ ဥစ္စာပဲ၊ ဟုတ်လား မရှိချင်လို့ ရှိရင်ဖြင့် နောက်ဘယ်တော့မှ မရှိတာ အေးပါတယ်၊ ပြောတဲ့သူလည်း ဘောက်ကိုး ဟုတ်ပြီလား (မှန်ပါ ဘုရား)။

ပြောလိုက်တုန်းက အရသာရှိသလိုလို

အဲဒီလိုနဲ့ပဲ သူ့ကြက်ချေးတွေ ဖြစ်တော့ ဒကာတစ် ယောက်က မင်းဘာငိုနေသတုံး၊ ပြောလိုက်တုန်း ကတော့ ကိစ္စမရှိ ဘူးပေါ့ဗျာ၊ ဒေါ်ရွှေ ပြောလိုက်တုန်း ကတော့ အရသာ ရှိသလိုလို ဟုတ်ပြီလား၊ ပြောလိုက်တုန်း ကတော့ အရသာရှိ သလိုလိုပဲ ကြက်ချေးဖြစ်တော့ ငိုချင်းချတယ်၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ခင်ဗျားတို့လည်း ဒီလိုပြောလိုက်တုန်းကတော့ ကိစ္စမရှိ ဘူး၊ မွဲသွားတော့ ငိုချင်းချတယ် (မှန်လှပါ ဘုရား)၊ ဟုတ်ပြီလား စားစရာမရှိ သုံးစရာကမရှိ၊ ကုန်စရာတွေ ကလည်း များဆိုတော့မှ ဪ အဖြစ်ဆိုးလှချည်လား ဆိုတော့ ကောင်းသေး ရဲ့လား (မကောင်းပါဘူး ဘုရား)။

ဒေါ်အုန်းခင် ဒါ မိမိစိတ်ကို ဟောနေပါတယ်၊ ဒေါ်အုန်းခင် စောင်းသလို အောက်မေ့မနေနဲ့ မိန်းမဘက်က သိပ်ဆိုးတယ်၊ မိန်းမဘက်က သိပ်ဆိုးတယ်။

ဝိပဿနာဖြစ်အောင်လို့ ပြောပါ

အေး ဒါ ဝိပဿနာရှုဖြစ်အောင်လို့ ပြောတာပါ၊ ဝိပဿနာ ရှုဖြစ်အောင်လို့ ပြောတာပါ။

ဒါနဲ့ပဲ သိ၊ ကြား၊ လိမ္မာတဲ့လူက မင်းဘယ်နှယ့်တုံး၊ နဂိုက ဘာတွေထမ်းလာသတုံး၊ ပိတ်ချင်းသီး ဆရာကြီးက ဘယ့်နှယ် ဖြစ်သွားသတုံး၊ ဟိုကိုယ်တော်ကြီး တစ်ပါး ကျုပ်က ပြောလိုက် တယ်၊ ကျုပ်ကပိတ်ချင်းသီး ထည့်ပြီး ရောင်းမယ်လို့ သွားတဲ့ဥစ္စာ ဟေ့ သူယုတ်ဘာတွေ ထမ်းလာသတုံးလို့ မေးတယ်။

ကျုပ်ကလည်း ဈေးဦးက မပေါက်တာနဲ့ စိတ်ဆိုးပြီး ပြောချလိုက်တယ်၊ ကြက်ချေးဆိုတော့၊ အေး မင်းပြော တဲ့အတိုင်းဖြစ်စေလို့ သူကပြောလိုက်တယ် (မှန်ပါ ဘုရား)။

အေး ဒါကြောင့်ဖြစ်တာ အဲဒီကိုယ်တော်ကြီး အင်မတန် တန်ခိုးကြီးတယ်၊ သွားကန်တော့ချည်၊ ကန်တော့ ချည်ဆိုပြီး လိုက်ရှာရတာပေါ့၊ ကိုယ်တော်ကြီးက ဆွမ်းခံရင်း (မှန်လှပါ ဘုရား)။

ဆွမ်းခံရင်း ဒီကိုယ်တော်ကြီး လိုက်ရှာရတာ အတော်ခဲ ယဉ်းတယ်၊ လိုက်ပြီး ဟိုမေး၊ ဒီမေး၊ ကြာတော့တွေ့တယ် (မှန်ပါ ဘုရား)။

ပိတ်ချင်းသီးတွေ ပြန်ဖြစ်တယ်

အရှင်ဘုရား၊ တပည့်တော် ကြက်ချေးတွေလို့ အရှင် ဘုရားအား ပြောမိပါတယ် ဆိုမိပါတယ်၊ ကြက်ချေး မဟုတ်ပါဘူး၊ ဘုရားတပည့်တော် ရောင်းတာက ပိတ်ချင်းသီး အေး မင်း ပြောတဲ့ အတိုင်းဖြစ်စေ၊ ပိတ်ချင်းသီး ဖြစ်သွားတယ် (မှန်လှပါ ဘုရား)၊ တကယ့် ကိုယ်တော်ကြီးပဲ၊ တန်ခိုးက သိပ်ကြီးတာကိုး၊ တန်ခိုးကလည်း သိပ်ကြီးတယ်။

အဲ့ဒီလို ပြောတာမျိုးကျတော့ ဘုန်းကြီးတို့က အပြစ် မဆိုပါဘူး (မှန်လှပါ ဘုရား)၊ သူ့ဝါသနာ မစွန့်နိုင်လို့ ပြောတာ (မှန်ပါ ဘုရား)၊ သမာဓိက အင်မတန် အားကြီးတယ်။ ဖြစ်စေ ဆိုရင်ဖြစ်ရမယ်။ သမာဓိတန်ခိုး ဘယ်လောက်ကြီးတယ် ဆိုတာ ပေါ်လာကြပြီလား (ပေါ်လာပါပြီ ဘုရား)။

အဲ သမာဓိဟာ ဒကာ ဒကာမတို့ သမာဓိသေး သေးသိမ်သိမ်မမှတ်နဲ့။ သူဖြစ်စေ ဆိုတဲ့ အတိုင်းဖြစ်တာ (မှန်ပါ ဘုရား)။ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

နောက်ကျတော့ သူ ဆွမ်းခံသွားပြန်တယ်၊ ဆွမ်းခံ သွားတော့သူက မွဲတဲ့အထဲ ဆွမ်းခံသွားတယ်၊ ဆွမ်းခံသွားတဲ့ အခါ ကျတော့ အမေမိဘတွေက သမီးငယ်ကလေး တစ်ယောက် ရှိတာ သမီးငယ်ကလေးကလည်း သူများက ရွှေပန်းတွေ ပန်ကြတဲ့အခါ သမီးငယ်ကလေးကလည်း ပန်ချင်တယ် (မှန်ပါ ဘုရား)။

ရွှေပန်းပန်ချင်တဲ့ သမီးလေး

သမီးငယ် ကလေးကလည်း ပန်ချင်တဲ့ အခါကျလို့ ရှိရင်ဖြင့် အမေမိဘတွေက ဟော ဒီကောင်မလေးက ရှိမှန်းမသိ၊ မရှိမှန်း မသိ ခက်လိုက်တဲ့ဖြစ်ခြင်း ကိုယ့်အဖေအမေက ရွှေပန်းနဲ့ ဝေးပါသေးရဲ့၊ သူကရွှေပန်း ပန်ချင်တယ်ဘုရား ဆိုတော့ ဒီကိုယ်တော် ကြီး လျှောက်တာ၊ ဘယ်သူတုံး တပည့်တော် သမီးလေး အေး ရွှေပန်း ဖြစ်စေ (မှန်ပါ ဘုရား)။

ရွှေပန်းက ဖြစ်လာတယ်၊ ခေါင်းပေါ် ပန်ပြီးသား ဖြစ်နေ တယ် (မှန်လှပါ ဘုရား)။ တစ်ခါတည်း ဆင်းရဲသား ရွှေပန်း ပန်တဲ့အခါကျတော့ မသင်္ကာကြဘူး (မှန်ပါ ဘုရား)။

မတရားသဖြင့် ရတာ၊ မတရားသဖြင့် ရတာ၊ သူတို့ အခြေအနေနဲ့ ဒီရွှေပန်းနဲ့ အဝေးကြီးပဲဆိုပြီး နန်းတော် သွားလျှောက်တင်ကြတာပေါ့ကွာ (မှန်ပါ ဘုရား)။

ရွှေပန်းပန်မိတဲ့ဒုက္ခ

နန်းတော်သွားလျှောက်တင်တယ်၊ နန်းတော်က ရှင်ဘုရင်ကလည်း ဘာမှမသိ၊ ဖမ်းစေ (မှန်ပါ ဘုရား)၊ အံမလေး ရွှေပန်းပန်မိတာလည်း ဒုက္ခပါပဲ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဖမ်းစေဆိုတဲ့ အမိန့်ကြီး ထုတ်လာတဲ့အခါကျတော့ အိမ်ကို မနက်ဖြန် ဆွမ်းခံသွားတဲ့ အခါကျတော့ ဒီကလေးမလေး လည်းဖမ်းသွား၊ အိမ်လည်း ဆူးတွေချိတ်တွေ ပိတ်ထားတယ် အမေမိဘ တွေလည်း ဒဏ်ပေးထားတယ်၊ ဘယ်လောက် ကြောက်စရာ ကောင်းသတုံး (ကြောက်စရာ ကောင်းပါ တယ် ဘုရား)။

ချီးမြှောက်တာနဲ့ ထောင်ကျနေပြီ

အဓိပ္ပါယ် မရှိတာတွေ လျှောက်လုပ်နေတာ (မှန်ပါ ဘုရား)၊ ဒါနဲ့ ဒီအိမ်နီးချင်းမေးတယ်၊ မနေ့က ရွှေပန်းဖြစ်စေ ဆိုတဲ့ ကလေးမလေး ဘယ်သွားသတုံး၊ အရှင်ဘုရားက ချီးမြှောက်တာ နဲ့ ထောင်ကျနေပြီ စိတ်ညစ်ညစ်နဲ့ ပြောကြတာပေါ့၊ ချီးမြှောက်တာနဲ့ ထောင်ကျနေပြီ။

ဟ ဒီ ရှင်ဘုရင်က တယ်မိုက်ပါလား၊ သူတို့က ကလေးလေး လာဖမ်းတယ်၊ သူတို့ ဒီကလေးနဲ့ ရွှေပန်းမတန် ဘူးတဲ့ဘုရား အဲ့ဒါ ခိုးရာပါပစ္စည်း ဖြစ်ရမယ် ဒါကြောင့်ဖမ်းတယ်။

မဖြစ်ဘူးဆိုပြီး နန်းတော်လိုက်ရတယ် (မှန်လှပါ ဘုရား)၊ နန်းတော်လိုက်ရပြန်ပြီ၊ ဒီရွှေကိစ္စနဲ့ ပဲ၊ အတော်ရှုပ်နေ တယ်၊ အတော်ရှုပ်နေတယ်။

ဒါနဲ့ နန်းတော်လိုက်ပြီး သကာလ ပသေနဒီ ကောသလ မင်းကြီးဆီကိုသွားဟေ့ ရှင်ဘုရင်မင်းက ဘယ့်နှယ်ကွာ ဒီ ကလေးမလေး ငါက သူက မနေ့က ငိုနေလို့ ရွှေပန်း ပန်ချင်လှချည်ရဲ့ဆိုလို့ ရွှေပန်းဖြစ်တဲ့ဥစ္စာ မင်းက ရွှေနန်းတော်ကြီးနဲ့ နေပြီး မင်းက ဘာနန်းတော် ဖြစ်ချင်သေးလို့တုံး။

မင်းလွှတ်မှာလား၊ မလွှတ်ဘူးလား

အဲ့ဒီလို ပြောတော့ ဟိုကတော့လန့်နေပြီ။ တခြားနည်း တော်ဖြစ်စေဆိုရင် ဖြစ်ရမှာကိုး။ ဒါနဲ့ ကိုယ်တော်မြတ် ကြီးက ကဲ မင်း ဒီဥစ္စာ ငါက ဖြစ်စေဆိုလို့ ဖြစ်ရတဲ့ ရွှေပန်းကို၊ မင်းက ရာဇဝတ်သား လုပ်ပြီး သကာလ ထားတော့ မင်း လွှတ်မှာလား၊ မလွှတ်ဘူးလား။

အံမလေး မသိလို့ ပါဘုရား၊ ဟိုက နာမည်ကြီး ကိုး (မှန်ပါ ဘုရား)။မင်း ရွှေနန်းတော်ကြီး ဘာ နန်းတော် များ ဖြစ်ချင်သတုံး၊ ဒီလိုမေးတာ ဒေါသမပါဘူး၊ သမာဓိ တန်ခိုး (မှန်ပါ ဘုရား)။ သမာဓိတန်ခိုး။

သမာဓိအား သိပ်ကြီးတဲ့ကိုယ်တော်ကြီး၊ သူဖြစ်စေ ဆိုရင်ဖြစ်ပဲ (မှန်ပါ ဘုရား)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဟာ ဒီလို ကိုယ်တော်ကြီးသာ ခင်ဗျားတို့ လမ်းကို ကြွမယ်ဆိုရင် ခင်ဗျားတို့ ဆံပင်တွေ ပုံနေအောင်ခင်းမှာ။

သည်းခံတော်မူပါဘုရား

အဲ့ဒီကဲ့သို့ ရှင်ဘုရင်ကို ခြိမ်းခြောက်တယ်၊ အရှင်ဘုရား တပည့်တော် မသိလို့ တပည့်တော်က မသိလို့ပါ၊ ရာဇဝတ် သားကလည်း မရေလည်လို့ ပါ၊ တပည့်တော် အပေါ်ဖြင့် သည်းခံတော်မူပါဘုရား၊ မဟုတ်ရင် မင်းလည်း ထောင်ကျစေ ဆိုရင် သူထောင်ထဲ သွားရမှာ၊ ဒီကလေးမတင် ထောင်ကျတာ မဟုတ် ဘူး၊ မင်းထောင်ကျစေ ဆိုရင် ရှင်ဘုရင်ကို ထောင်ထဲကျမှာ (မှန်ပါ ဘုရား)။

မင်းမိုက်တယ်၊ မင်းမှားတယ် မင်းထောင်ထဲသွားဆိုရင် သွားရမှာပဲ (မှန်ပါ ဘုရား)၊ မလွယ်ဘူးဗျ၊ မလွယ်ဘူး။

ဒါနဲ့ ရှင်ဘုရင်က တစ်ခါတည်းလိုက်ပြီး သကာလ တောင်းပန်ပြီး ရွှေပန်းကိုလည်း ဘုရားတပည့်တော်တို့ မှားလို့ ဗွေမယူပါနဲ့၊ အရှင်ဘုရားလည်း ဘယ်လိုမှအမိန့်မရှိပါနဲ့၊ အမိန့်ရှိရင် ခက်တော့မှာကိုးကွ။

အဲ့ဒါနဲ့ အရှင်ဘုရား ဒီသားသမီးတွေနဲ့ တကွ သူ့အမေ မိဘပါ တပည့်တော်တို့ နန်းတော်က ရိက္ခာတော်ထောက် ပါ့မယ်ဘုရား။ ရိက္ခာတော်ထောက်ပြီး နောက်သူတို့ ကျန်းမာ ချမ်းသာ သွားကြတယ် ဆိုပါတော့ (မှန်ပါ ဘုရား)။ ဒီကလေး မလေးလည်း လွတ်သွားတယ် (မှန်ပါ ဘုရား)။

အဲဒါ သမာဓိတန်ခိုး

အဲ့ဒါဘာတန်ခိုးလဲမေးလို့ ရှိရင် သမာဓိတန်ခိုး (မှန်ပါ ဘုရား)၊

ဒီလောက်ကြီးတဲ့ သမာဓိတဲ့ (မှန်ပါ ဘုရား)။ အဲ သမာဓိက သူက အားကြီးပြီဆိုမှဖြင့် အဘိဉာဉ် ကိုလည်း သွားရတယ် (မှန်ပါ ဘုရား)၊ နိဗ္ဗာန် မဂ်ဖိုလ်ကိုလည်း (ရပါတယ် ဘုရား)။

ဒါ သမာဓိက သက်သက်ချည့် လုပ်နေရင်တော့ အကျိုး မများဘူး၊ ဒီလို မဂ္ဂင်နဲ့ တွဲပြီး လွှတ်လိုက်မယ် ဆိုရင် ဒကာ ဒကာမတို့ နှစ်ဖက် ရတယ် (မှန်လှပါ ဘုရား)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဒါကြောင့် သမာဓိနဲ့ မဂ္ဂင်တော့ဖြင့် ခင်ဗျားတို့ ဝေဒနာ ပေါ်ရာကိုသာ သမာဓိတွဲတွဲလွှတ်ပါ (မှန်လှပါ ဘုရား)။

အဲဒီတော့ ခုနကစပြီးပြောခဲ့တဲ့ နွားကျောင်းသားသည် နွား(၇)ကောင်ကို ကျောင်းသလို မဂ္ဂင်(၇)ပါးကို သမာဓိက ကျောင်းရမယ် (မှန်လှပါ ဘုရား)။

မဂ္ဂင်ရှစ်ပါးပြည့်တယ်

အဲ့ဒီ သမာဓိကနေ ကျောင်းတဲ့အခါကျတော့ ခင်ဗျား တို့ဝေဒနာပေါ်ရာကို အကုန်သိပြီးသား (မှန်ပါ ဘုရား)၊ အဲဒီပေါ်မှာ ပေါ်ရာကို ဒီ(၇)ခုကို သမာဓိက ဦးစီးပြီးလွှတ်ပေး၊ လွှတ်ပေးလိုက်လို့ ရှိရင် ခင်ဗျားတို့ မဂ္ဂင်ရှစ်ပါး မပြည့်ပေဘူးလား (ပြည့်ပါတယ် ဘုရား)။

အေး ဒါကြောင့် ဖြစ်ပျက်က ဒုက္ခသစ္စာ၊ ရှစ်ပါးက မဂ္ဂသစ္စာ၊ ခင်ဗျားတို့ သန္တာန် လောဘ၊ ဒေါသ၊ မောဟတွေ လာနိုင်သေးရဲ့ လား (မလာနိုင်ပါဘူး ဘုရား)၊ မလာနိုင်တာ က ဒကာ ဒကာမတို့ လာခွင့် မရလို့မလာတာ (မှန်ပါ ဘုရား)။

အကုသိုလ်တွေ၊ အဟောသိကံ၊ ဖြစ်တယ်

လာခွင့် မရလို့ မလာငြားသော်လည်း ခင်ဗျားတို့ အတွက်မှာ အင်မတန်ဝမ်းသာစရာ ကောင်းတယ်၊ ဘယ်လို ဝမ်းသာစရာ ကောင်းသတုံးဆိုတော့ အတိတ်ကပြုခဲ့တဲ့ အကု သိုလ်တွေက နောက်က ချောင်းနေကြတာတွေ မောင်ထွန်းလှိုင် အဲ့ဒါတွေပါ အဟောသိကံဖြစ်တယ် (မှန်ပါ ဘုရား)။ ကဲ ဘယ်လောက်ကောင်းသတုံး (ကောင်းပါတယ် ဘုရား)။

အတိတ်က ချောင်းပြီး အကျိုးပေးမလို့ ခင်ဗျားတို့ အဆင်းတွန်းချမလို့ စောင့်နေတာတွေ (မှန်ပါ ဘုရား)၊ အဲ့ဒါတွေ ပေါ်တော့မပေါ်ဘူး၊ မပေါ်ဘဲနဲ့ ချောင်းနေတာ (မှန်ပါ ဘုရား)၊ အဲ့ဒါတွေ ဘာဖြစ်ရသတုံး (အဟောသိကံ ဖြစ်ရပါတယ် ဘုရား)။

ဘယ်လောက်အားထုတ်ထိုက်သတုံး

မဂ္ဂင်ရှစ်ပါးလာတော့ အဟောသိကံဖြစ်တယ် (မှန်ပါ ဘုရား) ကဲ ဘယ်လောက် အားထုတ် ထိုက်သတုံး (အား ထုတ်ထိုက်ပါတယ် ဘုရား)။

ဒါဖြင့် အကုသိုလ် သေတယ် ဆိုတာ အဟောသိကံ ဖြစ်တာပဲ (မှန်ပါ ဘုရား)ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား) သူ့ အဟောသိကံဖြစ်ကတည်းက ဘာ အကျိုးပေးဖို့ လိုသေး သတုံး (မလိုပါဘူး ဘုရား)။ မလိုတော့ဘူးတဲ့ လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါ ဒုက္ခသစ္စာတွေ လာဦးမှာလား (မလာပါဘူး ဘုရား)။

သုခသစ္စာသာလာတော့တယ်

ဒါဖြင့် လူ ဒုက္ခ၊ နတ် ဒုက္ခ၊ ဗြဟ္မာ ဒုက္ခ အကုန်လွတ် ၍ အလုံးစုံသုခသစ္စာ သာလာတော့မယ် ဆိုတာ အသေအချာ မှတ်ပါ (မှန်ပါ ဘုရား)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

အဲ့ဒီလို ခင်ဗျားတို့ နေ့တိုင်းရှုပေးပါ။

ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။