251

တွေးချင်ရင် သစ္စာတွေးပါ (ရှင်ဆန္ဒ)

အသံဖိုင်ခေါင်းစဉ်= ရှင်ဆန္ဒရဟန်း ဒိဋ္ဌိ ဝိစိကိစ္ဆာကွာပြီး ရဟန္တာဖြစ်ပုံတရားတော်

စာအုပ်ခေါင်းစဉ်= တွေးချင်ရင် သစ္စာတွေးပါ (ရှင်ဆန္ဒ)

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

မန္တလေးမြို့၌ ဟောကြားတော်မူသောတရားတော်

တွေးချင်ရင် သစ္စာတွေးပါ (ရှင်ဆန္ဒ)

ဟောကြားသည့်နေ့

(၁၉-၂-၆၀)

ဒကာ ဒကာမတွေ နားလည်ပြီး သကာလ ကိုစောမောင် တို့ဆိုလို့ရှိရင်၊ အနိစ္စတွေ၊ ဒုက္ခတွေ အနတ္တတွေ စိပ်ပုတီးတွေ စိပ်ကြတယ်နော် အဲဒီ ပုတီးစိပ်ဟာ၊ အမြင်စိပ်လားလို့မေးလို့ ရှိရင်၊ အမြင်စိပ် မဟုတ်ပါဘူး။ များသောအားဖြင့် အရစိပ်ပဲ များပါတယ် ဆိုလို့ရှိရင် မလွဲပါဘူး။

အဲဒါအခုဟာကတော့ဖြင့် ဒကာ ဒကာမတို့ အစစ်ကို လည်း ပြောနေရတာကတစ်ကြောင်း၊ ပါရမီပြည့် ဟောနေတာလည်း မဟုတ်ဘူး၊ ထွက်ရပ်လမ်းအစစ်ကို ယခုဘဝနဲ့ ယခုပေါက်အောင် ဟောနေရတော့ အစစ်ကိုပဲ ဒကာ ဒကာမတွေ ဉာဏ်ထဲမြင်ရအောင် လုပ်ဖို့အရေးဟာ ကိုယ့်အရေးလို့ မှတ်ထားကြစမ်းပါ (မှန်ပါ ဘုရား)။

သမ္မာဒိဋ္ဌိဖြစ်သွားတယ်

ကိုယ့်အရေးလို့မှတ်ထားကြစမ်းပါဆိုတာ လေးစားစွာနဲ့ ပဲ ဒကာ ဒကာမတွေအား မေတ္တာ ရပ်ခံပါတယ်၊

ဘာကြောင့် တုံးလို့ မေးလို့ရှိရင်ဖြင့် ဒီခန္ဓာကြီးထဲမှာ ရှိတာက အနိစ္စကို ဒီ ဒကာ ဒကာမတွေက ဆရာပြောတဲ့ အတိုင်း ဉာဏ်နဲ့ကြည့်ပြီး သကာလ မြင်ကြပြီဆိုမှဖြင့် ဪ ဒါ အနိစ္စနဲ့ မြင်တဲ့ သမ္မာဒိဋ္ဌိနဲ့ (ဝါ) သမ္မာဒိဋ္ဌိ မဂ္ဂင်နဲ့ ကိုက်သွားတော့ကို မဂ် ဆုတောင်းဖို့ မလိုတော့ဘူး။

မဂ်ဉာဏ် ဖိုလ်ဉာဏ်ရရပါလို၏လို့ ဆုတောင်းဖို့ မလိုတော့ဘူး။ တစ်ခါတည်း ရှေ့နားက ကိုယ့် သန္တာန်ဖြစ်တဲ့ စိတ်ကလေး၊ ဝေဒနာလေးက ပျက်သွားတာကို ဪ ပျက်သွားပြီလို့ ဒကာ ဒကာမတွေ အမှန်အကန် သိလိုက် တဲ့အခါကျတော့ သမ္မာဒိဋ္ဌိ ဖြစ်သွားတယ်။

ဒီသမ္မာဒိဋ္ဌိက ဒကာ ဒကာမတွေ သူချည့်ဖြစ်တာမဟုတ် ဘူး သမ္မာသင်္ကပ္ပနဲ့ တွဲဖြစ်တာ၊ သတိ၊ ဝိရိယ သမာဓိနဲ့လည်း တွဲဖြစ်တော့ မြင်လိုက်တယ်ဆိုလို့ရှိရင် မဂ္ဂင်က တစ်ခါတည်း ခန္ဓာထဲရောက်၊ မဂ္ဂင်က ခန္ဓာထဲ ရောက်လာတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက မဂ်ဆိုတာ ပါရမီဖြည့်ပြီး ဖြည်းဖြည်းမှ ရရမယ်လို့ အောက်မေ့ပြီး သကာလ နေကြတဲ့ ပုဂ္ဂိုလ်လည်း ပါချင် ပါရလိမ့်မယ်။

အာရုံနဲ့ရှုလုံးနဲ့တည့်ရင်မင်ဖြစ်တယ်

ခုတော့ ဒီလိုမဟုတ်ပါဘူးတဲ့၊ မဂ်ဆိုတာ ဒကာ ဒကာမတို့ သူ့မြင်ရာအာရုံနဲ့ ဒကာ ဒကာမတွေ ရှုလုံးနဲ့ တည့်လို့ ရှိရင် မဂ်ဖြစ်တာပဲသာ မှတ်ပါ (မှန်ပါ ဘုရား)၊ မြင်ရာ အာရုံနဲ့ ရှုလိုက်တဲ့အခါ တည့်သွားလို့ ရှိရင် ဒါ မဂ်ရရပါလို၏ မဆိုနဲ့ မဂ်ကို ဝမ်းထဲဖြစ်တာလို့ မှတ်ထားလိုက်စမ်းပါ (မှန်လှပါ ဘုရား)။

အဲဒါကြောင့် လေးစားစွာနဲ့ပဲ မှတ်ပါလို့ ကိုယ့်သန္တာန်ဖြစ် တဲ့ ပဋိစ္စသမုပ္ပါဒ်ဟာ သိပ်အရေးကြီး ပါတယ် ဆိုတာ သဘောပါ ကြပြီလား (ပါပါပြီ ဘုရား)။

ကိုယ့်သန္တာန်ဖြစ်တဲ့ဖြစ်စဉ်ကိုကြည့်ပါ၊

ကိုယ့်သန္တာန်ဖြစ်တဲ့ ပဋိစ္စသမုပ္ပါဒ်နော် (မှန်ပါ ဘုရား)၊ သူများ ပဋိစ္စသမုပ္ပါဒ်ကို မရှုပါနဲ့ ကိုယ့်သန္တာန် ဖြစ်တဲ့ ပဋိစ္စသမုပ္ပါဒ်၊ ပဋိစ္စသမုပ္ပါဒ်ဆိုတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက စာသံပါ နေတယ် အောက်မေ့လိမ့်မယ်၊ ကိုယ့်သန္တာန် ဖြစ်တဲ့ ဖြစ်စဉ်ကို ကြည့်ပါလို့ ပြောတာပဲ (မှန်လှပါ ဘုရား)။

ဘာပြောတာပါလိမ့် (ကိုယ့်သန္တာန်ဖြစ်တဲ့ဖြစ်စဉ်ကို ကြည့်လို့ ပြောတာပါ ဘုရား)၊ ကိုယ့်သန္တာန် ယခုပထမဦးဆုံး ပေါ်တာလည်း ပထမဦးဆုံးပေါ်လာတယ်လို့ သိရမယ်၊ ဒုတိယ ပေါ်လာလည်း ဒုတိယ ပေါ်လာတာ ရှိ မရှိကိုလည်း သိရမယ်။ တတိယ ပေါ်လာတာကို တတိယပေါ်လာတာ ရှိ မရှိကိုလည်း သိရမယ်။

ထိုကဲ့သို့ ပေါ်လာတာလေးက မရှိတော့ဘူး၊ အင်း သိလုံး ကလေးကလည်း ဒကာ ဒကာမတွေက လိုက်တယ်လို့ ဆိုလို့ရှိ ရင်ဖြင့် ကိုယ့်သန္တာန်၏ ဖြစ်စဉ်ကြီးကို ကိုယ့်ဉာဏ်နဲ့ ဖြတ်တာ၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ကိုယ့်သန္တာန် ခန္ဓာသံသရာဖြစ်စဉ်ကို ကိုယ့်ဉာဏ်နဲ့ ဖြတ်တာလို့ မှတ်လိုက်စမ်းပါ (မှန်လှပါ ဘုရား)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ကိုယ့်ဉာဏ်နဲ့ဖြတ်တာလို့မှတ်

ကိုယ့်ခန္ဓာ၏ သံသရာဖြစ်စဉ်ကြီးတန်းနေတာကို ကိုယ့် ဉာဏ်နဲ့ဖြတ်တယ်လို့ မှတ်ကြစမ်းပါ (မှန်လှပါ ဘုရား)။

ဒါဖြင့် ရှင်းရှင်းပဲပြောပါ့မယ်၊ ဘုရားကို သူများဖြတ်ပေး လို့ ဘုရားဖြစ်တာလား၊ ရှင်သာရိပုတ္တရာ ရဟန္တာဖြစ်သွားတာ သူများဖြတ်ပေးလို့ ရှင်သာရိပုတ္တရာ ရဟန္တာဖြစ်တာလား၊ ရှင်မောဂ္ဂလာန် သူများဖြတ်ပေးလို့ ရှင်မောဂ္ဂလာန်ရဟန္တာဖြစ်တာ လားလို့ ဒကာ ဒကာမတွေ မေးခဲ့သည်ရှိသော် သူ့ခန္ဓာ ပဋိစ္စ သမုပ္ပါဒ်ဖြစ်စဉ်ကို သူ့ဉာဏ်နဲ့ဖြတ်လို့ သူ ရဟန္တာဖြစ်တာ၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒါဖြင့် သူ့ခန္ဓာဖြစ်စဉ်ကို သူဖြတ်ရမှာ၊ သဘောပါကြပြီ လား (ပါပါပြီ ဘုရား)။

ကိုယ့်ဉာဏ်ကို၊ ကိုယ်အားကိုးပါ

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ့်ဉာဏ်ကို ကိုယ်အားကိုးပါဆိုတာကို လေးစားစွာနဲ့ သတိပေးလိုက်ပြန်တယ် (မှန်လှပါ ဘုရား)။ ကိုယ့်ဉာဏ်နဲ့ ကိုယ်နိဗ္ဗာန်သွားရမှာ ဦးခင်မောင် ဘာမှ သံသယမရှိနဲ့ (မှန်လှပါ ဘုရား)။

သားမယားကလည်း မပို့နိုင်ဘူး၊ ယောက္ခမ မိဘက ကော (မပို့နိုင်ပါဘူး ဘုရား)၊ မပို့နိုင်ဘူး၊ သံသရာက သူများ သန္တာန်ရှိတာလား၊ ကိုယ့်သန္တာန်မှာ တန်းနေတာလား (ကိုယ့်သန္တာန်တန်းနေတာပါ ဘုရား)။

ကိုယ့်အရေးကိုယ်ကြီးကြပါ

ကိုယ့်သန္တာန် တန်းနေတာ ဒကာသစ်တို့၊ မောင်မြတို့ လူစု၊ ကိုယ့်ဟာကိုယ် ဖြတ်မှပဲရမယ် (မှန်လှပါ ဘုရား)။ သားတွေ၊ မယားတွေက အားထုတ်ပါလို့ တိုက်တွန်းရုံပဲရှိတယ်၊ ဖြတ်မှုအလုပ် ကိုယ်တိုင် လုပ်ရမှာက ကိုယ့်ဟာကိုယ် လုပ်ရမှာဆိုတာ သေချာကြပြီလား (သေချာပါပြီ ဘုရား)။

အဲ့ဒါကြောင့် ဘယ်သူ့မှ အားမကိုးပါနဲ့၊ ကိုယ့်အရေး ကိုယ်ကြီးကြပါဆိုတာကို သတိပေး လိုက်ပါတယ်၊ ကိုယ့်အရေး ကိုယ်ကြီးကြပါလို့ဆိုတာ သတိပေးလိုက်ပါတယ်။

ပါရမီမလို့လို့၊ မှတ်လိုက်စမ်းပါ

ပါရမီမလိုလို့ မှတ်လိုက်စမ်းပါ၊ ယခုပေါ်တဲ့ ပဋိစ္စသမုပ္ပါဒ် ကို ယခုဉာဏ်နဲ့ဖြတ်လို့ ယခုပြတ်တာ သည် ယခုသောတပန် တည်တာပဲ (မှန်လှပါ ဘုရား)၊ ယခု သကဒါဂါမ်တည်တာပဲ၊ ယခု အနာဂါမ်၊ ယခု ရဟန္တာတည်တာပဲ။

မှတ်ချက်။ ။(လူ့ဘဝရ၍ ဒုလ္လဘတရားများနှင့်ပြည့်စုံနေ၍ သာဝကအရာ ပါရမီပြည့်ပြီးဖြစ်၍ ပါရမီ မလိုဟု ဆိုခြင်း ဖြစ်သည်။)

ယခုပေါ်တဲ့ ကိုယ့်ပဋိစ္စသမုပ္ပါဒ်ကြီးကို ယခုပြတ်သွား လို့ရှိရင် ယခု သောတာပန် တည်တာပဲ ဆိုတာသာ မှတ်ပါ (မှန်လှပါ ဘုရား)။

ဘာမှ သံသယတွေ ဘာတွေရှိပြီး သကာလ မနေပါနဲ့။ ဆရာသမားက အမျိုးမျိုး အဖုံဖုံ ကိုယ်တိုင်လည်း လုပ်ကြည့်၊ ကျမ်းဂန်တွေ အမျိုးမျိုးနဲ့ ကြည့်ပြီး သကာလ ပြောတဲ့ စကားဖြစ် သောကြောင့် ဪ ဟုတ်သားပဲ၊ ဘုရား ဘုရားဖြစ်တာ ဘယ်နှယ့်ကြောင့်ပါလိမ့်၊ အို သူ့ဉာဏ်နဲ့ သူ့ပဋိစ္စသမုပ္ပါဒ်သူဖြတ်လို့ သူဘုရားဖြစ်တာ (မှန်လှပါ ဘုရား)။

ကိုယ့်ခန္ဓာအစဉ် ကိုယ့်ဉာဏ်နဲ့ဖြတ်လို့

ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလာန်တို့ ရဟန္တာဖြစ်ကြတာ သူ့ခန္ဓာအစဉ်ကို သူ့ဉာဏ်နဲ့ဖြတ်လို့ ဘာတုံး (ရဟန္တာဖြစ်တာ ပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ဒကာ ဒကာမတွေလည်း ကိုယ့်ခန္ဓာ အစဉ်ကြီးဟာကို ရှေ့ပိုင်းက ဒုက္ခ၊ ဆက်သွားရင်လည်းဒုက္ခ၊ အင်း ဒီကြားကဉာဏ်နဲ့ဖြတ်ကြမယ်ဆိုလို့ရှိရင်ဖြင့် ကိုယ့်ခန္ဓာ သံသရာအစဉ်ကြီးကို ကိုယ်ဖြတ်လိုက်တဲ့အတွက် ကိုယ်ကိစ္စပြီး တာ သေချာပါတယ် (သေချာပါတယ် ဘုရား)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဘာမှ အားမငယ်ပါနဲ့ ဒကာသိုက်တို့ ကို သတိပေးလိုက်ပါတယ်။ ဪ တို့သည်ကားလို့ဆိုရင် ဖြင့် ဆရာကောင်း သမားကောင်း မတွေ့ပြီဆိုလို့ရှိရင် ဒကာ ဒကာမတွေ အားငယ်ရတယ်၊ ခုခံအားမငယ်ပါနဲ့ ဒကာ ဒကာမတို့ ကိုယ့်စိတ်အစဉ်ကြီးကို ကံရောက်အောင် မတန်းစေနဲ့၊ သဘော ကျပြီလား (ကျပါပြီ ဘုရား)။

ကံရောက်အောင်မတန်းစေနဲ့

ကိုယ့်စိတ်အစဉ်ကို (ကံကျအောင်မ တန်းစေရပါ ဘုရား)။ ကံကျအောင် မတန်းစေနဲ့၊ ကြားက ဖြတ်စမ်းပါဆိုတာ သတိပေးလိုက်ပါတယ် (မှန်လှပါ ဘုရား)။

ကံရောက်အောင် (မတန်းစေရပါ ဘုရား)။ ကြားက နေ ဘာလုပ်ရမှာတုံး (ဖြတ်ရမှာပါ ဘုရား)။ ဖြတ်ရမယ်၊ အဲ့ဒါ ဖြတ်တာသည် ဘုရားသည် ကားလို့ဆိုလို့ရှိရင်ဖြင့် ဤလိုဖြတ်လို့ ဘုရားဖြစ်တယ်၊ ရဟန္တာတွေ ဟူသ၍ ဤလိုဖြတ်လို့ ဖြစ်ကြတာပဲ။

ဒါဖြင့် ဘာများ ခင်ဗျားတို့ ကျုပ်တို့က အားငယ်စရာ ရှိသေးသတုံးလို့ဆိုလို့ရှိရင် ဪ တစ်စတစ်စ ဖြစ်ရတဲ့ ပုဂ္ဂိုလ်တော့ အားငယ်ကြလိမ့်မပေါ့ဗျာ။

ဒါန အစ၊ သီလ အလယ်၊ သမထဘာဝနာ အဆုံးဆိုပြီး သကာလ ခင်ဗျားတို့ ဒါတွေ လုပ်နေကြမယ် ဆိုရင် တစ်စတစ်စ သွားရမယ်ဆိုပြီး သကာလ ခင်ဗျားတို့ အားငယ်စရာ ရှိပါတယ် (မှန်လှပါ ဘုရား)။

ခုတော့ဖြင့် တင်းတင်းရင်းရင်းနဲ့ ဆရာကောင်း သမား ကောင်းက ကိုင်း ဒကာ ဒကာမတို့ ခုစိတ်ကူး ပေါ်တယ်၊ အခု စိတ်ကူးနောက်က မဂ်လိုက်ပေးစမ်းပါလို့ ပြောလိုက်တယ် (မှန်လှပါ ဘုရား)။

စိတ်ကူးပေါ်ရင်၊ နောက်ကမဂ်လိုက်ပေးစမ်းပါ

ခု စိတ်ကူးပေါ်တယ် (ခုနောက်က မဂ်လိုက် ပေးရ ရမှာပါ ဘုရား)။ ခုစိတ်ကူး ပေါ်တဲ့ နောက်က နေပြီး သကာ လ ဒီစိတ် ကူးလေးရှိ မရှိသာ မဂ်ကလိုက်ပေးပါ၊ မရှိတာကို သိပါလိမ့်မယ် ဆိုတာ သဘောကျပြီလား (ကျပါတယ် ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ယနေ့သည် ဒကာ ဒကာမတို့ ရှင်ဆန္န ဒိဋ္ဌိအကြီးအကျယ် ခွာပေးမယ့်နေ့ပဲ ဆိုတာ မှတ်လိုက်စမ်းပါနော် (မှန်လှပါ ဘုရား)။

ဝိပဿနာမလုပ်ခင် ဘာလုပ်ရမယ်

ဒါဖြင့် အရင်အစဉ်လေးတော့ မမေ့ကြနဲ့နော်၊ ဝိပဿနာ ရှုမယ်ကြံရင် ဘာအရင် ခွာရမယ် (ဒိဋ္ဌိအရင်ခွာရမှာပါ ဘုရား)။

ဒိဋ္ဌိခွာမယ်ကြံရင် ဘာနားလည်ရမယ် (ခန္ဓာပဋိစ္စ သမုပ္ပါဒ်နားလည်ရမှာပါ ဘုရား)။ ခန္ဓာ ပဋိစ္စသမုပ္ပါဒ် ဖြစ်စဉ်ကို ကိုယ့်သန္တာန်ဖြစ်တိုင်း ဖြစ်တိုင်း သိရမယ် (မှန်လှပါ ဘုရား)။ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဝိပဿနာမလုပ်ခင် ဘာလုပ်ရမယ် (ဒိဋ္ဌိခွာရမှာပါ ဘုရား)။ ဒိဋ္ဌိခွာမယ်ကြံလို့ရှိရင် ဘာကို နားလည်မှု ရှိရမယ် (ကိုယ့်ခန္ဓာပဋိစ္စသမုပ္ပါဒ်ကို နားလည်မှုရှိရမှာပါ ဘုရား)။

ခန္ဓာ ပဋိစ္စသမုပ္ပါဒ်ဖြစ်စဉ်ကြီးကို သိမှသာလျှင် ဒိဋ္ဌိ ကလည်းကွာပါတယ် (မှန်လှပါ ဘုရား)။ ဒိဋ္ဌိကွာမှလည်း ဝိပဿနာရှုတဲ့အခါ ဒိဋ္ဌိတည်းဟူသော အပင်းမခံဘဲနဲ့ မဂ်ဉာဏ် ကို ကျေးဇူးပြုပါတယ် ဝိပဿနာဉာဏ်က ဆိုတော့ အင်မတန် ရှင်းနေပြီဆိုတာကို ဒကာ ဒကာမတွေ မှတ်ထားဖို့ပါပဲ။

ဒိဋ္ဌိရှိရင် အလုပ်မတွင်ကျယ်ဘူး

ကိုင်း ဒါဖြင့် ဒိဋ္ဌိလေးနည်းနည်း ခွာကြပါစို့ ဝိပဿနာ မလုပ်မီ ရှေးအဖို့ကာလ၌ ဒိဋ္ဌိနည်းနည်း ခွာလိုက်တာပေါ့ ဒကာ ဒကာမတို့ ဒိဋ္ဌိ ရှိလျက်နဲ့ဖြင့် အလုပ်လုပ်လို့ မတွင်ကျယ်ဘူး ဆိုတာ နေ့တိုင်းပြောတယ် (မှန်လှပါ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ခု အိမ်ကိုပြန်ပြီး သကာလ စဉ်းစားတာလေးတော့ ပေါ်မှာပေါ့ဗျာ (ပေါ်ပါ တယ် ဘုရား)။ တစ်ခါတလေ မပေါ်ပေဘူးလား (ပေါ်ပါ တယ် ဘုရား)။

အိမ်မှာ ခုကလေးတွေ အိပ်နေကုန်ပြီလား၊ တံခါးမှ ပိတ် မိခဲ့ရဲ့လား အစရှိသည်နဲ့ ဘယ် ဧည့်သည်များ လာနေမလား၊ အစ ရှိသည်နဲ့ စိတ်ဆိုတာ ရောက်တတ် (၈၀) ရောက်တတ် (၉၀) ဆိုသလို သွားချင်ရာ သွားနေတာပေါ့ဗျာ (မှန်လှပါ ဘုရား)။

အိမ်ကိုတွေးတဲ့မိတ်

အဲဒီစိတ်ကလေး ပေါ်လာတယ်၊ ဒါ ဘာပါလိမ့်မတုံးလို့ မေးလို့ရှိရင်ဖြင့် အိမ်တွေးတဲ့စိတ်လို့ ဆိုရမှာပဲ (မှန်လှပါ ဘုရား)။

ပဋိစ္စသမုပ္ပါဒ် အလိုကျတော့ ဒါဘာပါလိမ့်မလဲဆိုတော့ အစပေါ်တာ၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။ ဘာပေါ်လာတာတုံး (အစပေါ်လာတာပါ ဘုရား)။

ဪ ဒါဖြင့် မူလ ဘူတပေါ်လာခြင်းကြောင့် ဒါပဋိစ္စသမုပ္ပါဒ်၏ အစပေါ်တာလို့ ဦးဝ မှတ်လိုက်စမ်း (မှန်လှ ပါ ဘုရား)။ ဦးခင်မောင်ရေ ဘယ်လိုမှတ်ကြမတုံး (အစပေါ်တာပါ ဘုရား)။ အစပေါ်တာပဲ။

အစပေါ်တာပဲ ဒကာ ဒကာမတို့ အရင်မတွေးမိပါဘူး (မှန်လှပါ ဘုရား)။ ခုမှ ဒီကတွေးမိတဲ့ အခါကျတော့ တွေးလုံးအစပဲ (မှန်လှပါ ဘုရား)။

ဒါဖြင့် အရင်ကဟာတွေတော့ ကိုယ်မှမသိဘဲပဲ (မှန်လှပါ ဘုရား)။ ခု ဆရာသမားက ဆုံးမလိုက်လို့ ကိုယ့်အိမ် ကိုယ့်ယာ ပြန်တွေးလိုက်တဲ့အခါ တွေးတဲ့စိတ်ဟာ ပဋိစ္စသမုပ္ပါဒ် အစပဲလို့ ဒကာ ဒကာမတွေ မှတ်လိုက်ပေတော့ (မှန်လှပါ ဘုရား)။

ဒါဖြင့် ဝိညာဏ်မဖြစ်သေးဘူးလား (ဖြစ်ပါတယ် ဘုရား)။ အဲ ဝိညာဏ်ဖြစ်လာပြီတဲ့ မနောဝိညာဏ် ဖြစ်ပါတယ်။ ဘယ်ဝိညာဏ်ပါလိမ့် (မနောဝိညာဏ်ပါ ဘုရား)။

အင်း တွေးတဲ့အခါကျတော့ ဒကာ ဒကာမတွေ အင်း စိတ်မချတာလေး လာတယ်၊ တွေးလုံးလေး ချုပ်ပြီး စိတ် မချတာလေးလာတယ် (လာပါတယ် ဘုရား)။ ဒေါသ ကလေးလာတယ်။

စိတ်မချတာလေး

တွေးလုံးကလေး ချုပ်ပြီးတော့ ဘာလာပါလိမ့် (စိတ်မချတာလေး လာပါတယ် ဘုရား)။ ဒကာ ဒကာမတွေ ဒါ လူတိုင်းတော့ မဟုတ်ဘူးပေါ့ဗျာ၊ လူတိုင်းတော့ မဟုတ်ဘူး၊ တချို့တွေးလုံးကလေး ဝင်လာတဲ့ အခါမှာ စိတ်မချတာလေး ကော မလာတတ်ကြဘူးလား (လာတတ်ပါတယ် ဘုရား)။

လာတတ်ကြတယ်ဆိုတော့ အဲ့ဒီစိတ်မချတာလေးဟာ ဒေါသလေး၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

စိတ်မချတာလေးဟာ (ဒေါသလေးပါ ဘုရား)။ အဲ့ဒီ ဒေါသပေါ်တော့၊ ဒေါသကလည်း ဟဒယဝတ္ထု အပေါ်မှာ ပေါ်ရတယ်၊ တွေးလုံးကလည်း ဟဒယဝတ္ထုအပေါ် ပေါ်ရတယ် ဆိုတော့ နှစ်ခုကော ပြိုင်ပေါ်လို့ ဖြစ်ပါ့မလား (မဖြစ်ပါဘူး ဘုရား)။

ဒေါသစိတ်ပေါ်လာတယ်

ဒါဖြင့် တွေးလုံး ချုပ်ပျောက်သွားမှ ဘာပေါ်လာသတုံး (ဒေါသစိတ်ပေါ်လာပါတယ် ဘုရား)။ ဒေါသစိတ် ပေါ်လာ တယ် သဘောကျပြီလား (ကျပါပြီ ဘုရား)။

တွေးလုံး ချုပ်ပြီးတော့မှ ဘာပေါ်လာပါလိမ့် (ဒေါသ စိတ်ပေါ်လာပါတယ် ဘုရား)။ ဪ ဒါ ပဋိစ္စသမုပ္ပါဒ် ဒုတိယ အဆင့် တက်လာတာ (မှန်လှပါ ဘုရား)။ ဦးခင်မောင် ဒုတိယအဆင့် တက်လာတာ (မှန်လှပါ ဘုရား)။ သဘောကျ ကြပြီလား (ကျပါပြီ ဘုရား)။

သောကလိုက်လာတယ်

ဒုတိယအဆင့်တက်လာတယ်၊ အင်း ဒါဖြင့် တွေးလုံးနောက်ကနေ ဒေါသ၊ အင်း တော်လေး နေကျလာတော့ ဒေါသလေး ဖြစ်ပြီး နောက်က ဒကာ ဒကာမတွေက စိုးရိမ်တဲ့ သောကကလေး လိုက်ချင် လိုက်လာတယ်၊ သောကလိုက်လာတော့ ဒေါသကချုပ်ပြီးပြီ (မှန်လှပါ ဘုရား)။ မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)။

အင်း ဒါဘယ်သူ့ဖြစ်စဉ်ပါလိမ့်မလဲလို့ မေးလို့ရှိရင် ဖြင့် ဒကာ ဒကာမတွေ၏ ဖြစ်စဉ်၊ သဘောကျပြီလား (ကျ ပါပြီ ဘုရား)။

ဘယ်သူ့ဖြစ်စဉ်ပါလိမ့်ဗျာ၊ ယခုတရားနာနေတဲ့ ဒကာ ဒကာမတွေ၏ အကြောင်း တိုက်ဆိုင်တဲ့ ဖြစ်စဉ်၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ၊ ဒီသောကလာပြီး သကာလ တော်တော်ကြာ ကျလို့ရှိရင်ဖြင့်တဲ့ မျက်ရည်ကလေး လည်တဲ့ ပရိဒေဝလည်း လိုက် ချင်လိုက်လာတတ်တယ် (မှန်လှပါ ဘုရား)။ ဒုက္ခ၊ ဒေါမနဿကော (လိုက်လာပါတယ် ဘုရား)။

တစ်ခုချုပ်ပြီးမှ တစ်ခုဖြစ်သော

အင်း လိုက်တာကြည့်လိုက်တော့ ဒကာ ဒံကာမ တွေ ဒါတွေဟာ ဒါတစ်ခုချုပ်ပြီးမှ ဒါတစ်ခုဖြစ်၊ ဒါတစ်ခုချုပ်ပြီးမှ (ဒါတစ်ခုဖြစ်ပါတယ် ဘုရား)။ ဒါတစ်ခုချုပ်ပြီးမှ ဒီဘက် တစ်ခုဖြစ်တယ်၊ ဒီဘက်တစ်ခု ချုပ်ပြီးမှ (ဒီဘက် တစ်ခုဖြစ်ပါ တယ် ဘုရား)။

ကြည့်စမ်း ဒါ ပဋိစ္စသမုပ္ပါဒ်ပြလိုက်ပြီ၊ ပုဂ္ဂိုလ် သတ္တဝါ တွေများ ဒီအထဲပါသေးသလား (မပါပါဘူး ဘုရား)။ ယောက်ျားတွေ၊ မိန်းမတွေကော (မပါပါဘူး ဘုရား)။

ဪ ဒါ ပဋိစ္စသမုပ္ပါဒ် နားလည်လို့ သက္ကာယဖြုတ် လို့လွယ်သွားတာ၊ ပဋိစ္စသမုပ္ပါဒ် ကိုယ့်သန္တာန် ဖြစ်နေတဲ့အတန်း ကြီးကို ဘုန်းကြီးက ရေလည်အောင် ပြောလိုက်လို့ ဟောဒီထဲ နဂိုကိုက ကျုပ်ကြံစည်နေတယ် ဆိုတဲ့ ကျုပ်လည်းမပါဘူး၊ ဖြစ်စဉ် တန်းတာပဲရှိတယ် (မှန်လှပါ ဘုရား)။ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ငါကော၊ သူကော၊ ယောက်ျားကော၊ မိန်းမကော ပါကြ ရဲ့ လား (မပါပါဘူး ဘုရား)။ ဒီအတန်းကြီးပဲ တစ်ခုချုပ်ပြီးတော့ ဒီတစ်ခုဖြစ်တယ်၊ ဒီတစ်ခုချုပ်ပြီးတော့ (ဒီတစ်ခုဖြစ်ပါ တယ် ဘုရား)။

အင်း ဒါဖြင့် ဒကာ ဒကာမတို့ သော် တို့မှာ ဒီအတန်းတန်းနေတာကိုးဆိုတာ သေချာပြီလား (သေချာပါ ပြီ ဘုရား)။

တန်းနေတယ် ဆိုရတယ်၊ ခန္ဓာကိုယ်ထဲမှာတော့ ဒကာ ဒကာမတွေ မှတ်စရာက တစ်ခုချုပ်ပြီးမှ တစ်ခုဖြစ်တယ် ဆိုတာကော ကျေနပ်ပြီလား (ကျေနပ်ပါတယ် ဘုရား)။

သက္ကာယဒိဋ္ဌိဝင်လာတယ်

ကောင်းပြီ ဒါဖြင့် ဒီအထဲမှာ ဒိဋ္ဌိက သုံးမျိုးကိန်း တတ်တယ် ဒကာ ဒကာမတို့နော် (မှန်လှပါ ဘုရား)။ ဒီဟာ တွေဟာငါပဲ၊ ငါပဲ ငါပဲ ဟုတ်လား၊ ငါတွေးတာပဲ၊ ငါဒေါသဖြစ် တာပဲ၊ ငါသောက ဖြစ်တာပဲ၊ ငါပရိဒေဝဖြစ်တာပဲ၊ ငါဥပါယာဿ ပြင်းစွာပင်ပန်းခြင်း ငါဖြစ်တာပဲဆိုရင် တစ်ခါတည်း သက္ကာယဒိဋ္ဌိ ဝင်လာတာပဲ (မှန်ပါ ဘုရား)။ မဝင်သေးဘူးလား (ဝင်ပါ တယ် ဘုရား)။

ဘယ်နှယ့်ကြောင့် ဒီသက္ကာယဒိဋ္ဌိဝင်လာပါလိမ့်မလဲလို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ လက်သည်ရှာဖို့ သိပ်အရေးကြီး တယ်။

သတိမထားမိလို့ ငါထင်ပစ်တယ်

ဪ ဒီအစဉ်ကလေးတွေပေါ်လာတော့ တစ်ခု ချုပ်ပြီး တစ်ခုဖြစ်၊ တစ်ခုချုပ်ပြီး တစ်ခု ဖြစ်တာတွေကို ဒကာ ဒကာမတွေက သတိကမထားမိတော့ ဒါတွေဟာ ငါချည့်ပဲ အကုန် ထင်ပစ်လိုက်တယ်။

တွေးတာလည်း ငါပဲ၊ မထင်ဘူးလား (ထင်ပါတယ် ဘုရား)။ ဒေါသဖြစ်တာလည်း (ငါပဲ ဘုရား)။ သောက ဖြစ်တာကော (ငါပါ ဘုရား)။ ကဲ့ အဲ့ဒါ ဘာကြောင့် ဒီ ငါတွေ ဝင်လာသတုံးလို့ ဦးဝတို့ ဦးခင်မောင်တို့ မေးခဲ့သော် ဪ ဒီစိတ်အစဉ်တန်းနေတာကို ခင်ဗျားတို့ ဉာဏ်ထဲမှာ မသိလို့ ငါဖြစ်နေတာ (မှန်လှပါ ဘုရား)။ သဘောကျပြီလား (ကျပါပြီ ဘုရား)။

တစ်ခုချုပ်ပြီးမှ တစ်ခုပေါ်တာ

မသိလို့ ဘာဖြစ်နေတာတုံး (ငါဖြစ်နေတာပါ ဘုရား)။ ခုတော့ဖြင့် ဆရာဘုန်းကြီးက ပြောလိုက် ပါပြီ ဒကာ ဒကာမတို့ တစ်ခုချုပ်ပြီးမှ တစ်ခုဖြစ်တာနော်။ ဒီပရမတ်ကလေးတွေ၊ ဒီဓမ္မကလေးတွေ ဖြစ်နေတာ၊ သဘောကျပြီလား (မှန်ပါ ဘုရား)။

ပထမဓမ္မကလေး ချုပ်သွားရင် ဒုတိယဓမ္မကလေး ပေါ်လာတယ်၊ ဓမ္မဆိုတာ တရားပေါ့ဗျာ (မှန်လှပါ ဘုရား)။ ဒုတိယဓမ္မ ချုပ်သွားတော့ (တတိယဓမ္မပေါ်ပါတယ် ဘုရား)။ တတိယဓမ္မ ချုပ်သွားတော (စတုတ္ထဓမ္မ ပေါ်ပါတယ် ဘုရား)။ စတုတ္ထဓမ္မ ချုပ်သွားတော့ (ပဉ္စမဓမ္မပေါ်ပါတယ် ဘုရား)။

ဒီလိုပေါ်တာသာ ရှိတော့ ဪ ချုပ်လိုက်ပေါ် လိုက်၊ ချုပ်လိုက်ပေါ်လိုက်၊ ဒီကအကြောင်း ဒီကအကျိုး၊ ဒီက အကြောင်း ဒီကအကျိုး၊ သော် အကြောင်းအကျိုးဆက်နေ တဲ့ အစဉ်ပါလားလို့ မသိကြပေဘူးလား (သိပါတယ် ဘုရား)။

အကြောင်းအကျိုးဆက်နေတဲ့အစဉ်

အကြောင်းအကျိုးဆက်နေတဲ့ အစဉ်ပါလားလို့ ဦးခင်မောင်တို့က သိသွားတဲ့အခါကျတော့ ပုဂ္ဂိုလ်သတ္တဝါ ပါသေး သလား (မပါပါဘူး ဘုရား)။

အင်း ဒါဖြင့် ဒကာ ဒကာမတို့ ဘာနားလည်လို့ ပုဂ္ဂိုလ် သတ္တဝါပျောက်သွားပါလိမ့် (ခန္ဓာဖြစ်စဉ်နားလည်လို့ ပါ ဘုရား)။ အဲ ခန္ဓာဖြစ်စဉ်၊ ဘာသိလို့ပါလိမ့် (ခန္ဓာဖြစ် စဉ်ပါ ဘုရား)။

အဲ့ဒီတော့ ခန္ဓာဖြစ်စဉ်တွေ သိနေတဲ့ ဒကာ ဒကာမတွေ ကျတော့ ဒကာ ဒကာမတို့ ငါသူတစ်ပါး၊ ယောက်ျား၊ မိန်းမ ဒီအထဲပါသေးသလား (မပါပါဘူး ဘုရား)။

ဓမ္မတွေလှည့်နေတာ

ဪ ဒီလိုတစ်ခုဖြစ်ရင် တစ်ခုချုပ်လိုက်၊ တစ်ခု ဖြစ်လိုက်၊ ဒါချုပ်လိုက် ဒါဖြစ်လိုက်၊ ဒီလိုချည့်ပဲ တစ်နေ့လုံးဟာ လှည့်ပတ်နေတာပဲဆိုတော့ ဒါဖြင့် ဓမ္မတွေလှည့်နေ တာပါလား။

ဘယ်လိုဆိုကြမယ် (ဓမ္မတွေ လှည့်နေတာပါ ဘုရား)။ ဓမ္မတွေလှည့်နေတာဆိုတော့ ဒီဓမ္မတွေ နာမည်ပေးချင်တော့လည်း ဒကာ ဒကာမတွေ ဘုန်းကြီးသင်ထားတဲ့အတိုင်း ပေးနိုင်ပါတယ်။ ပထမတွေးစိတ် ပေါ်တယ်ဘုရား၊ နောက်ဆွေး စိတ်ကလေး ပေါ်တယ်ဘုရား လာမှာပဲ (မှန်ပါ ဘုရား)။ မလာပေဘူးလား (လာပါတယ် ဘုရား)။

အဲဒီတော့ ဓမ္မတွေဆိုရင်ပဲ အများနဲ့ ဆက်ဆံတာသိ လောက်ပါပြီ (မှန်ပါ ဘုရား)။ မသိသေး ဘူးလား (သိပါ တယ် ဘုရား)။

ဒါဖြင့် ဒီအထဲ ပုဂ္ဂိုလ်တွေ ပါသေးသလား (မပါပါ ဘူး ဘုရား)။ ဦးခင်မောင်တို့ ဦးဝတို့ ဘာနားလည်တဲ့ အတွက် ပုဂ္ဂိုလ်တွေ ပျောက်ပါလိမ့် (ခန္ဓာပဋိစ္စသမုပ္ပါဒ်နားလည်လို့ ပါ ဘုရား)။ ခန္ဓာပဋိစ္စသမုပ္ပါဒ် ဖြစ်စဉ်၊ ရှင်းကြပြီလား (ရှင်းပါ ပြီ ဘုရား)။

ခန္ဓာ၏ဖြစ်စဉ်နားလည်လို့

ခန္ဓာပဋိစ္စသမုပ္ပါဒ် ဖြစ်စဉ် နားလည် သောကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ သက္ကာယဒိဋ္ဌိ ပြုတ်ပါသည်။ သဘောကျပြီလား (ကျပါတယ် ဘုရား)။

ခန္ဓာ၏ ဖြစ်စဉ်ကို နားလည်တဲ့အတွက် တော်ကြာ ဒီခန္ဓာဖြစ်၊ ဒါဝိညာဏက္ခန္ဓာလို့ မှတ်လိုက်စမ်းပါ (မှန်လှပါ ဘုရား)။ ဝေဒနာက္ခန္ဓာတွေလည်း ပါရက်ပါပဲ။ သို့သော် စကား များနေမှာ စိုးလို့၊ ဒီဝိညာဏက္ခန္ဓာ ချုပ်ပြီး ဒီဝိညာဏက္ခန္ဓာ ပေါ်တာပဲ (မှန်လှပါ ဘုရား)။

ဒီဝိညာဏက္ခန္ဓာချုပ်ပြီးတော့ (ဒီဝိညာဏက္ခန္ဓာ ပေါ်ပါတယ် ဘုရား)။ တတိယဝိညာဏက္ခန္ဓာ၊ တတိယချုပ်ပြီးတော့ (စတုတ္ထပေါ်ပါတယ် ဘုရား)။ စတုတ္ထချုပ်ပြီးတော့ (ပဉ္စမပေါ်ပါတယ် ဘုရား)။

ပဉ္စမပြီးတော့ ဆဋ္ဌမတွေ ဘာတွေသွားလေ တစ်နေ့လုံး လှည့်မှာ ဦးခင်မောင် (မှန်လှပါ ဘုရား)။ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ငါဆိုတာအစကမပါပါဘူး

အဲ့ဒါတွေသိတော့မှ ဪ ဒီအထဲ ငါဆိုတာ နဂိုက၊ အစက မပါပါလား၊ ဒကာ ဒကာမတွေ ဘယ်လိုတဲ့ (အစကတည်းက မပါပါ ဘုရား)။ ငါဆိုတာ အစကမပါဘူးလို့ အသေအချာ ဆုံးဖြတ်ချက် ချစမ်းပါ (မှန်လှပါ ဘုရား)။

ကဲ ဒါဖြင့် ဦးခင်မောင် ရှေးက သက္ကာယဒိဋ္ဌိ ဖြုတ်ပုံနဲ့ အများကြီးကွာသွားတယ် (မှန်လှပါ ဘုရား)။ ဦးဘအုန်း မကွာဘူးလား (ကွာပါတယ် ဘုရား)။ ကွာသွားပြီနော်။

ဒါ ကိုယ့်သန္တာန်ဖြစ်စဉ်ထဲမှာကို ဘုန်းကြီးက ခုဖော်ပြော လိုက်တဲ့အတွက် ဒီဖြစ်စဉ်ကလည်း ဒီတွေးလုံးနဲ့ ဒီစိုးရိမ်လုံးဟာ မလာပါနဲ့ဆိုလို့ရမှာလား (မရပါဘူး ဘုရား)။

ဪ ဒီဥစ္စာတွေဟာ ဓမ္မသဘော ပေါ်လာတာတွေ ပဲလို့ မသိဘူးလား (သိပါတယ် ဘုရား)။ အင်း ဓမ္မ သဘောပေါ်လာတာတွေ သိတဲ့အခါကျတော့ ငါဒီထဲမပါဘူးဆိုတာ ခင်ဗျားတို့ ရှင်းသွားပါပြီ (ရှင်းပါပြီ ဘုရား)။ မရှင်းသေး ဘူးလား (ရှင်းပါပြီ ဘုရား)။

သက္ကာယဒိဋ္ဌိပြုတ်တယ်

ဒါဖြင့် သက္ကာယဒိဋ္ဌိပြုတ်မပြုတ် (ပြုတ်ပါတယ် ဘုရား)။ တစ်နေ့လုံးလှည့်နေတာ ဒါမျိုးချည့်ပဲ၊ သူနဲ့အသွင်တူ တာလည်း ပါလိမ့်မယ်၊ မတူတာလည်း ပါလိမ့်မယ် ဦးခင်မောင် (မှန်လှပါ ဘုရား)။

အဲ့ဒါတွေ ဘာတွေတုံးမေးတော့ ဓမ္မတွေပဲဘုရား၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။ ဘာတွေပါလိမ့် (ဓမ္မတွေပါ ဘုရား)။

ဓမ္မတွေ လှည့်နေတာဘုရား ဆိုကတည်းက ပုဂ္ဂိုလ် သတ္တဝါ ငါသူတစ်ပါး ယောက်ျားတွေ ပါသေးသလား (မပါပါဘူး ဘုရား)။ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

အေး ဒီဥစ္စာက ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟောတာကလည်း အမှန်၊ ဘုန်းကြီးက ပြောတာကလည်း အမှန်၊ ခင်ဗျားတို့က ဒီဥစ္စာကို နဂိုတုန်းက ငါတွေးလိုက်တာကွာ၊ ငါ့ကို ဘယ်နှယ့် ဖြစ်သွားမှန်း မသိဘူး ဆိုတော့ ငါတွေးလိုက်တာ၊ တွေးစိတ်ကို ဦးဘအုန်း ငါစွဲလိုက်ပြန်တယ် (မှန်လှပါ ဘုရား)။

တစ်နေ့လုံးဘာတွေလှည့်နေပါလိမ့်

ငါ ဘယ်နှယ့်ဖြစ်သွားမှန်းမသိဘူး ဆိုတော့ ဒေါသဖြစ် တာကိုလည်း ငါထင်လိုက်ပြန်တယ် (မှန်လှပါ ဘုရား)။

အဲဒီတော့ ခုတော့ဖြင့် ရှင်းကြပါပလား (ရှင်းပါပြီ ဘုရား)။ သဘောပါကြပြီလား (ပါပါပြီ ဘုရား)။

အင်း တစ်နေ့လုံး ဘာတွေများ လှည့်နေပါလိမ့် (ဓမ္မချည့်လှည့်နေပါတယ် ဘုရား)။ တစ်သံသရာ လုံးကော (ဓမ္မချည့်လှည့်နေပါတယ် ဘုရား)။

ဉာဏ်နုတဲ့ပုဂ္ဂိုလ်ဟောတာ

ဪ ဒါဖြင့် ဘယ်ပုဂ္ဂိုလ်က ဘယ်ဘဝရောက်သွား တယ်၊ ဘယ်ပုဂ္ဂိုလ် ဘယ်ဘဝ ရောက်သွားတယ် ဆိုတာ ဒကာ ဒကာမတို့ နုသော ပုဂ္ဂိုလ် ဟောတာနော် (မှန်လှပါ ဘုရား)။ သဘောကျပြီလား (မှန်လှပါ ဘုရား)။

ဘယ်ပုဂ္ဂိုလ်သည် သေသည်၏ အခြားမဲ့၌ ဘယ်ရောက် သွားတယ်လို့ ဘုရားက အတိတ်များဆောင်၊ အနာဂတ်များ ဆောင်ပြီး ဟောတဲ့အခါ ဦးခင်မောင်ရေ ဒါဉာဏ်နုတဲ့ပုဂ္ဂိုလ် ဟောတာ (မှန်လှပါ ဘုရား)။

ဉာဏ်ထက်တဲ့ပုဂ္ဂိုလ်ကျတော့

ဉာဏ်ထက်တဲ့ ပုဂ္ဂိုလ်ကျတော့ ဓမ္မတွေသာ ဆက်သွား တာပဲဟေ့ (မှန်လှပါ ဘုရား)။ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ပုဂ္ဂိုလ်သတ္တဝါ တတ်သေးသလား (မတတ်ပါဘူး ဘုရား)။ ဒါ ဘယ်ပုဂ္ဂိုလ်အတွက် ဟောတာပါလိမ့် ဆိုတော့ ဉာဏ်ထက်တဲ့ ပုဂ္ဂိုလ်အတွက် မဂ်ရစေချင်တဲ့ပုဂ္ဂိုလ်အတွက် ဒီတရား ဟောရမယ် (မှန်လှပါ ဘုရား)။

ဟို မဂ်ကို မရထိုက်တဲ့ ပုဂ္ဂိုလ်အတွက်တော့ကွာ သူစုတေပြီး သကာလ ဟေ ခွေးဖြစ်တယ် ဟေ့၊ နတ်ဖြစ်တယ် ဟေ့၊ ဒါ မဂ်မရထိုက်တဲ့ ပုဂ္ဂိုလ်အတွက်ကတော့ တစ်မျိုးပြောရ မယ် (မှန်လှပါ ဘုရား)။

မဂ်ကိုချက်ချင်းရဖို့ဟောနေတာ

ခု ဟောနေတာကတော့ဖြင့် ဘုန်းကြီးဟောနေတာ ကတော့ဖြင့် ဒကာ ဒကာမတို့ မဂ်ကို ချက်ချင်း ရဖို့ ဟောနေတဲ့ အတွက် ပုဂ္ဂိုလ် သတ္တဝါ မပါတော့ဘူး (မှန်လှပါ ဘုရား)။ ပါသေးရဲ့လား (မပါတော့ပါဘူး ဘုရား)။

တွေးတာလည်း တွေးစိတ်ပဲ၊ အင်း စိတ်မချတာလည်း ဒေါသစိတ်ပဲ (မှန်လှပါ ဘုရား)။ နောက် သောက စိတ်မလာ ဘူးလား (လာပါတယ် ဘုရား)။ သောကစိတ်ချုပ်သွားတော့ ပရိဒေဝစိတ် မလာဘူးလား (လာပါတယ် ဘုရား)။

ပရိဒေဝပြီး ဥပါယာသ မလာဘူးလား (လာပါ တယ် ဘုရား)။ ဒါဖြင့် နောက်ဆက်မှာတွေလည်း ဘာတွေပါလိမ့် မတုံး သုသာန်မပို့ရမချင်း ဆက်နေမှာလည်း ဘာတွေပါလိမ့်မတုံး လို့ ဦးခင်မောင်တို့ ဦးဝတို့ မေးပြီ (ဓမ္မတွေပါ ဘုရား)။ ဓမ္မတွေ ပဲ ဆက်မယ် (မှန်လှပါ ဘုရား)။ သဘောကျကြပြီလား (ကျပါတယ် ဘုရား)။

သက္ကာယဒိဋ္ဌိဖြုတ်တဲ့နည်း

ဓမ္မတွေ ဆက်နေတယ်ဆိုကတည်းက ငါတော့မပါဘူး၊ သူတော့မပါတာ သေချာပါတယ် ဆိုနိုင်ကြပြီလား (ဆိုနိုင်ပါတယ် ဘုရား)။ အဲ့ဒါ ဘာဖြုတ်လိုက်တာ တုံး (သက္ကာယဒိဋ္ဌိပြုတ်လိုက်တာပါ ဘုရား)။

သက္ကာယဒိဋ္ဌိအသေအချာဖြုတ်တဲ့ နည်းပဲ (မှန်လှ ပါ ဘုရား)။ ရှင်းသွားပြီလား (ရှင်းသွားပါပြီ ဘုရား)။

အပါယ်တော့မကျတော့ဘူး

ဒီလောက်သိရင် အပါယ်တော့ မကျဘူး၊ စိတ်သာချ သောတာပန်တော့ မတည်သေးဘူး၊ မတည်တောင် အပါယ်တော့ မကျဘူး၊ ဪ ဓမ္မတွေဆက်ပြီး သကာလ လှည့်ပတ် ဖြစ်ပေါ်နေတာ ကိုးလို့ မသိသေးဘူးလား (သိပါပြီ ဘုရား)။

ဒီကနေပြီး သကာလ ဥပါယာသ ပြီးတော့ ဖျက်ဆို အိပ်ပျော်သွားတယ်၊ အိပ်ပျော်သွားတယ် ဦးခင်မောင်ရေ (မှန်လှပါ ဘုရား)။ အိပ်ပျော်သွားတော့လည်း ဘဝင်စိတ်တွေနဲ့ အိပ်သွားတာပဲ (မှန်လှပါ ဘုရား)။

ဘဝင်စိတ်နဲ့အိပ်သွားတယ်

တစ်ခုချုပ်ပြီး တစ်ခုဖြစ်၊ တစ်ခုချုပ်ပြီးတော့ (တစ်ခု ဖြစ်ပါတယ် ဘုရား)။ ဘယ်သူ အိပ်ပါလိမ့်မလဲ ဆိုတော့ အို အိပ်စိတ်တွေ အစဉ်အတိုင်း ဖြစ်နေတာ (မှန်လှပါ ဘုရား)။ ဘယ်နှယ့် ဆိုကြမယ် (အိပ်စိတ်တွေ အစဉ်အတိုင်းဖြစ်နေ ပါတယ် ဘုရား)။

ဒါတွေလည်း ဓမ္မတွေပဲ မဟုတ်လားဗျာ (မှန်လှပါ ဘုရား)။ ပုဂ္ဂိုလ်ပါသေးသလား (မပါပါဘူး ဘုရား)။ မပါပါ ဘူး ဒကာ ဒကာမတွေရ ဓမ္မတွေပဲ တန်းဖြစ်လာတယ်။ နောက် နိုးလာတဲ့အခါကျတော့ အင်း နိုးလာတဲ့ အခါကျလို့ရှိရင်ဖြင့် တဲ့ နို့စိတ်ကလေး ပေါ်လာတော့လည်း ဒကာ ဒကာမတို့ ပုဂ္ဂိုလ် သတ္တဝါ နိုးတာလား၊ နိုးစိတ်ကလေး ပေါ်တာလား (နိုးစိတ် ကလေးပေါ်တာပါ ဘုရား)။

နိုးလာတော့လည်းပုဂ္ဂိုလ်မပါဘူး

နိုးလာပြန်တော့လည်း ပုဂ္ဂိုလ်မပါဘူး၊ နိုးရာကနေပြီး သကာလ တွေးပြန်တယ် ဆိုပြန် တော့ကော (တွေးစိတ်ပါ ဘုရား)။ တွေးစိတ်သာပေါ်တာပဲ ဒကာ ဒကာမတို့၊ ဟာ ဦးခင်မောင် အတော် ကျယ်သွားပြီး (မှန်လှပါ ဘုရား)။ နေရာ ကျသွားပြီ။

ဒကာ ဒကာမတို့ ဪ ဒီလိုအစဉ်သာဒီလိုပတ်ပြီး သကာလ ဒီလို ရဟတ်လို လည်နေတာ ပါလား၊ ဒါမှ တစ်ပါး အခြားပြောစရာရှိသေးသလား (မရှိပါဘူး ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သက္ကာယဒိဋ္ဌိပြုတ်ပါပြီလား (ပြုတ်ပါပြီ ဘုရား)။ ဒါဖြင့် နောက်ဒိဋ္ဌိနှစ်မျိုးဖြုတ်ဖို့ လွယ်သွားပြီ။ လွယ်သွားပြီ ဒကာ ဒကာမ တို့ (မှန်လှပါ ဘုရား)။

ဓမ္မတွေသာလှည့်ပတ်ဖြစ်နေတာ

ဓမ္မတွေသာ လှည့်ပတ်ဖြစ်နေတယ်ဆိုတာဖြင့် ကောင်း ကောင်း ကျေနပ်ပြီလား (ကျေနပ်ပါတယ် ဘုရား)။ ဪ နိဗ္ဗာန်မရသေး ငါများသာဖြစ်ပါလိမ့်ဦးမတုံးလို့ တွေးချင် ကြသေး ရဲ့လား (မတွေးချင်ပါဘူး ဘုရား)။

စိတ်ကူးထဲမှာ အတွေးမှန်တွေးရင် ဘယ်လိုတွေးကြမယ် (ဓမ္မတွေသာ ဖြစ်နေပါတယ် ဘုရား)။ အင်း စုတိဓမ္မတွေ ပဋိသန္ဓေစိတ်ဓမ္မတွေ ဟုတ်လား၊ ဘဝင်စိတ်ဓမ္မတွေ၊ ကုသိုလ် စိတ်ဓမ္မတွေ၊ အင်း ဒေါသစိတ်ဓမ္မတွေ၊ လောဘစိတ်ဓမ္မတွေ ဒါတွေပဲလှည့်နေတယ် (မှန်လှပါ ဘုရား)။ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ချက်ချင်းမဂ်ဆိုက်အောင်ဟောတဲ့တရား

ပုဂ္ဂိုလ်သတ္တဝါ ဟုတ်သေးရဲ့ လား (မဟုတ်ပါဘူး ဘုရား)။ အဲ ခုဟောတဲ့တရားဟာ ဒကာ ဒကာမတို့ ချက် ချင်းပဲ မဂ်ဆိုက်အောင် ဟောနေတဲ့တရားဖြစ်သောကြောင့် ပုဂ္ဂိုလ် သတ္တဝါကို နဂိုကတည်းက ပယ်ပြီး ဟောထားတယ် (မှန်လှပါ ဘုရား)။ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ဘယ်သူ့ ပယ်ဟောပါလိမ့် (ပုဂ္ဂိုလ်သတ္တဝါပယ် ဟောပါတယ် ဘုရား)။ ပုဂ္ဂိုလ်သတ္တဝါ ပယ်ဟောတယ် ဆိုတာရှိ လို့လားလို့ မေးတဲ့အခါကျတော့ အစစ်ကတော့ မရှိတာ အမှန်ပဲ (မှန်လှပါ ဘုရား)။

ဘာဖြစ်လို့ ဘုရားက ပုဂ္ဂိုလ်သတ္တဝါ တတ်လာပါလိမ့် မတုံး၊ ဘယ်သူဖြင့်ကွာ သေသွားလို့ နတ်ဖြစ် ရှာတယ်၊ ဘယ်သူ ဖြင့် သေသွားတဲ့အခါ ဝက်ဖြစ်ရှာတယ်ဆိုတော့ အို ဒါ ဉာဏ်နုတဲ့ ပုဂ္ဂိုလ် အတွက် ဟောတာ (မှန်လှပါ ဘုရား)။

ဉာဏ်ရင့်တဲ့ပုဂ္ဂိုလ်ကိုဟောတာ

ဉာဏ်ရင့်တဲ့ပုဂ္ဂိုလ်ကျတော့ ဒီအတိုင်း ဓမ္မတွေလှည့်တာ သာ ဟောတာ (မှန်လှပါ ဘုရား)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတွေ ဘုန်းရှိကံရှိ ဘုန်း ထူး၊ ကံထူးတွေမို့ အင်း ဒိဋ္ဌိလည်းကွာပြီ၊ ဒိဋ္ဌိကိုကွာသွားပြီ (မှန်လှပါ ဘုရား)။ ငါဆိုတာ ဒီထဲမယ်ရှာစမ်း (မရှိပါ ဘူး ဘုရား)။ ဘာတွေသာ တွေ့တုံး (ဓမ္မတွေသာတွေ့ပါတယ် ဘုရား)။

ဪ ဓမ္မတွေ၊ တစ်ခါတလေ လောဘဓမ္မတွေ့ လိုက်၊ ဒေါသဓမ္မတွေ့လိုက်၊ မတွေ့ပေ ဘူးလား (တွေ့ပါ တယ် ဘုရား)။

ဓမ္မစက်ကြီးလည်နေတာ

ဒါဖြင့် ဓမ္မမှတစ်ပါး ဘာများတွေ့ကြသေးသတုံး (ဘာမှမတွေ့ပါဘူး ဘုရား)။ အင်း ဒါဖြင့် ဓမ္မစက်ကြီးလည် နေတာပေါ့ (မှန်လှပါ ဘုရား)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဘာစက်ကြီးလည်နေသတုံး (ဓမ္မစက်ကြီးလည်နေ တာပါ ဘုရား)။ အင်း ပုဂ္ဂိုလ်သတ္တဝါတော့ မလည်ပါဘူး၊ ဒါဖြင့် သံသရာလည်တဲ့ ပုဂ္ဂိုလ်ရှိပါသေးလားတဲ့၊ ဓမ္မသာလည် နေတာလား (ဓမ္မသာ လည်နေတာပါ ဘုရား)။

အဲ ဓမ္မလည်နေတာကို ခင်ဗျားတို့က သံသရာကြီး ကျုပ်တို့လည်ခဲ့လှပြီဆိုတော့၊ သံသရာလည်း လည်ခဲ့သေးတယ်၊ ကျုပ်တို့လည်း ပါလိုက်သေးတယ်ဆိုတော့ ဓမ္မလည်နေတာ မသိတော့ဘူး ပုဂ္ဂိုလ်ဖြစ်နေတယ် (မှန်လှပါ ဘုရား)။ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ဒီနေ့ ကျယ်ကျယ်ဝန်းဝန်း ဟောရတဲ့နေ့၊ သီတင်းနေ့ လည်းဖြစ် ကျယ်ကျယ်ဝန်းဝန်းလည်း ပြောရတဲ့နေ့မို့ ကျယ်ကျယ် ဝန်းဝန်း နားလည်သွားတာ ဘုန်းကြီးဖြင့် ဝမ်းသာလို့ မဆုံးပါဘူး (မှန်လှပါ ဘုရား)။

တစ်သံသရာလုံး ဘာတွေများလှည့်နေသတုံး (ဓမ္မ တွေပဲ လှည့်နေတာပါ ဘုရား)။ ဓမ္မတွေပဲ လှည့်နေတယ်။ ဪ ဒါ သံသရာခေါ်တာပဲ။

ဓမ္မတွေလှည့်နေတာသံသရာ

ဪ သံသရာ ဆိုတာ ဘာပါလိမ့် (ဓမ္မတွေ လှည့်နေတာပါ ဘုရား)။ ဒါဖြင့် ဒီ ဓမ္မတွေ လှည့်နေတာကို သံသရာခေါ်တာပဲဆိုတာ ဦးခင်မောင် ကောင်းကောင်း ကျေနပ် ပြီလား (ကျေနပ်ပါပြီ ဘုရား)။

အဲ့ဒါ ဉာဏ်နုတဲ့ပုဂ္ဂိုလ်ကျတော့ကွာတဲ့ မင်းတို့ဖြစ်စဉ် ဟာ ဒါဘာပဲကွာ၊ ဟောဒါက လူပုဂ္ဂိုလ်၊ ဟောဟာက ဟိုဘက် သွားတာ နတ်ပုဂ္ဂိုလ်၊ ဟိုဘက်သွားတော့ ဗြဟ္မာပုဂ္ဂိုလ်လို့ ဆိုတာ ဒကာ ဒကာမတွေ ဉာဏ်နုတဲ့ ပုဂ္ဂိုလ်အတွက် ဟောတာ (မှန်လှပါ ဘုရား)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ချက်ချင်းထွက် ရပ်လမ်းပေါက်မယ့် ပုဂ္ဂိုလ် တွေ ဟောတော့ အဲ့ဒါတွေ အကုန်ဖြုတ်ပစ် ခဲ့ရတယ် (မှန်လှပါ ဘုရား)။ ဒါမှ အနိစ္စပေါ်မှာ (မှန်လှပါ ဘုရား)။ ပုဂ္ဂိုလ်ထည့် ရင် အနိစ္စ မရနိုင်တော့ဘူး (မရနိုင်ပါ ဘုရား)။

တရားဟောနည်းနှစ်မျိုး

ဒါကြောင့် တရားဟောနည်းသည်

၁။ ဉာဏ်နုတဲ့ပုဂ္ဂိုလ်ဟောနည်းတစ်မျိုး

၂။ ဉာဏ်ရင့်တဲ့ပုဂ္ဂိုလ်ဟောနည်းတစ်မျိုးလို့ မှတ် လိုက်စမ်းပါ (မှန်လှပါ ဘုရား)။

ဉာဏ်နုတဲ့ပုဂ္ဂိုလ်ကျတော့ ပုဂ္ဂိုလ်တတ်ပြီး ဟောတယ် (မှန်လှပါ ဘုရား)။ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ဉာဏ်ရင့်တဲ့ ပုဂ္ဂိုလ်ကျတော့ ဓမ္မနာမည်နဲ့ ဟောသွား တယ် (မှန်လှပါ ဘုရား)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။ ဉာဏ်နုတဲ့ ပုဂ္ဂိုလ်ကျတော့ (ပုဂ္ဂိုလ်တတ်ပြီးဟောပါတယ် ဘုရား)။

ဟာ ဘယ်ပုဂ္ဂိုလ်က ဘယ်ရောက်သွားတယ်ဟေ့၊ ဘယ်က လာခဲ့ပြီ၊ ဘယ်ရောက်သွားပြီဟေ့၊ အင်း ဒါဘယ်သူ့ဟော တာပါလိမ့် (ဉာဏ်နုတဲ့သူအတွက် ဟောတာပါ ဘုရား)။

ဓမ္မကမှန်တယ်၊ ပုဂ္ဂိုလ်ကမမှန်ဘူး

ဉာဏ်ထက်တဲ့ ပုဂ္ဂိုလ် ကျတော့ကွာတဲ့ ဒီလိုမဟောတော့ ဘူး၊ ဓမ္မစက်ကြီးလည်နေတာပဲကွ၊ သဘောကျပြီလား (ကျ ပါပြီ ဘုရား)။

ဉာဏ်ထက်တဲ့ပုဂ္ဂိုလ်ကျတော့ (ဓမ္မစက်ကြီး လည် နေတာပါ ဘုရား)။ ဓမ္မစက်ကြီး လည်နေတာပဲ။၊

အဲဒီတော့ ဘယ်သူက နှစ်နှစ်ခြိုက်ခြိုက် လေးလေး စားစား မှန်ပါလိမ့်မလဲလို့ တွေးတော့မှ ဓမ္မက မှန်တယ်၊ ပုဂ္ဂိုလ်က မမှန်ဘူး (မှန်လှပါ ဘုရား)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဉာဏ်နုတဲ့ပုဂ္ဂိုလ်

သို့သော် ဉာဏ်နုတဲ့ပုဂ္ဂိုလ်ကို ပုဂ္ဂိုလ်နာမ၊ တပ်မဟော လို့ရှိရင် သူဟာ ဘာမှ နားလည် တော့မှာ မဟုတ်ဘူး၊ ဘာကုသိုလ် မှလည်း သူပြုမှာမဟုတ်ဘူး၊ ဘယ်အကုသိုလ်မှလည်း သူရှောင်တော့မှာ မဟုတ်လို့ ပုဂ္ဂိုလ် သတ္တဝါနဲ့ ဟောရတယ်၊ အကုသိုလ် လုပ်ရင် ဟော ခွေးဖြစ်တယ်ကွ၊ ဟော ကုသိုလ် လုပ်လို့ရှိရင် နတ်ဖြစ်တယ်ကွ၊ ပုဂ္ဂိုလ်နဲ့ တတ်ဟောရတယ် (မှန်လှပါ ဘုရား)။

ဒီလိုမှ မဟောလိုက်လို့ရှိရင်လည်း သူကုသိုလ်လည်း လုပ်ဖြစ်မှာ မဟုတ်ဘူး၊ အကုသိုလ် လည်း လုပ်ချင်ရင် ရမ်းလုပ် ပြစ်မယ်ဆိုတော့ ဦးခင်မောင်တို့၊ ဒကာသစ်တို့ ဟောရပေမှာပဲ (မှန်လှပါ ဘုရား)။ မဟောရပေဘူးလား (ဟောရပါ တယ် ဘုရား)။

တရားနှစ်မျိုးထားဟောရတယ်

ဒါဖြင့် ဪ တို့ ဆရာဘုန်းကြီးက တရားနှစ်မျိုး ထားပြီး သကာလ တို့ နားလည်မှု ယနေ့စ ဟောပါလားဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။ မပေါ်လာသေး ဘူးလား (ပေါ်လာ ပါတယ် ဘုရား)။

တရားက နှစ်မျိုးထားရတယ် (မှန်လှပါ ဘုရား)။ ဉာဏ်နုတဲ့ပုဂ္ဂိုလ်အတွက်ဆိုရင် ပုဂ္ဂိုလ်နဲ့ ထည့်ဟော (မှန်လှ ပါ ဘုရား)။ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဉာဏ်ထက်တဲ့ပုဂ္ဂိုလ်ကျတော့ (ဓမ္မနဲ့ဟောပါ ဘုရား)။ ဓမ္မအစဉ်နဲ့ဟော၊ ကဲ ဦးဘအုန်း ကောင်းကောင်း နပ်ပြီလား (ကျေနပ်ပါပြီ ဘုရား)။

သက္ကာယဒိဋ္ဌိမပြုတ်

ကောင်းပြီ ဒါဖြင့် ဓမ္မအစဉ်နဲ့ ဟောလိုက်တော့ကို သက္ကာယဒိဋ္ဌိပြုတ်တယ် (မှန်လှပါ ဘုရား)။ ပုဂ္ဂိုလ်နဲ့ ဟောလိုက်တော့ သက္ကာယဒိဋ္ဌိ မပြုတ်ဘူး (မပြုတ်ပါ ဘုရား)။ ရှင်းပြီလား ( ရှင်းပါပြီ ဘုရား)။

ပုဂ္ဂိုလ်နဲ့ဟောလိုက်တော့ (သက္ကာယဒိဋ္ဌိမပြုတ်ပါ ဘုရား)။ အင်း ငါလုပ် ငါရမှာပဲဆိုတော့ သွားပြီ။ မလာပေဘူးလား (လာပါတယ် ဘုရား)။ ငါလှူရင် ငါနတ် ဖြစ်မှာပဲ၊ ငါပေးကမ်းလို့ရှိရင် ငါနောင်ဘဝ ပေါမှာပဲ၊ စဉ်းစားစမ်း ပုဂ္ဂိုလ်နဲ့ ဟောလိုက်တော့ ဘာဝင်ကပ်လာသတုံး (သက္ကာယဒိဋ္ဌိ ဝင်ကပ်ပါတယ် ဘုရား)။

ဒါ ခွဲခြားသိပါ၊ ခွဲခြားသိပါ၊ ယနေ့ ပြောတဲ့ဥစ္စာ၊ သာမည အရေးလို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက မမှတ်လိုက်နဲ့၊ ပုဂ္ဂိုလ် နဲ့ ဟောရင် သက္ကာယဒိဋ္ဌိ ဝင်လာတယ်၊ မဝင်ပါနဲ့ဆိုလို့ (မရ ပါဘူး ဘုရား)။ ကောင်းကောင်း သဘောပါကြပြီလား (ပါပါ တယ် ဘုရား)။

ကိုင်း ဓမ္မနဲ့ ဟောလိုက်တော့ ဘယ်ဓမ္မဖြစ်တယ်။ ဘယ်ဓမ္မဖြစ်တယ်၊ အင်း တွေးတဲ့ ဓမ္မဖြစ်တယ်၊ စိုးရိမ်တဲ့ဓမ္မဖြစ် တယ်ဆိုတာတွေ ဟောလိုက်တော့ ပုဂ္ဂိုလ် သတ္တဝါ မပါတော့ ဒိဋ္ဌိက ပြုတ်မနေဘူးလား (ပြုတ်နေပါတယ် ဘုရား)။

ငါလုပ်လို့ ငါရရှိသေးရဲ့ လား (မရှိပါဘူး ဘုရား)။ မရှိတော့ဘူးဆိုတော့ ပုဂ္ဂိုလ်နဲ့ဟောရတာ ဒိဋ္ဌိမပြုတ် ပါလား။ ဒါကြောင့် ဉာဏ်နုတဲ့ပုဂ္ဂိုလ် ဟောတာပါလား (မှန်လှပါ ဘုရား)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ပရမတ္ထသစ္စာ

ဉာဏ်ထက်တဲ့ပုဂ္ဂိုလ်ကျတော့ ဓမ္မနဲ့ ဟောလိုက် ကတည်းက သက္ကာယဒိဋ္ဌိ အပြုတ် ဟောချလိုက်တယ် (မှန် လှပါ ဘုရား)။

ဒါဖြင့် သေသေချာချာ မှန်တာက ဘယ်ဟာက မှန်သတုံးဆိုတော့ ဟိုဟာက သမုတ်ပြီး မှန်တာ၊ သူက ရှိပြီး မှန်တာ (မှန်လှပါ ဘုရား)။

ဒါဖြင့် သမုတ်မှန်နဲ့ ရှိမှန် ဦးခင်မောင် ဘယ်ဟာ အတည်ပြု မတုံး (အမှန် အတည်ပြုရမှာပါ ဘုရား)။ ဟိုဟာ က လောကသမုတ်ထားကြတာ (မှန်လှပါ ဘုရား)။

ဒါဖြင့် ဟိုဟာက ဒါကြောင့် သမုတိသစ္စာ၊ ဒီဟာက ပရမတ္တသစ္စာဟောနေတယ်၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

သမုတိသစ္စာ

ပုဂ္ဂိုလ်နဲ့ ဟောတာက (သမုတိသစ္စာပါ ဘုရား)။ သမုတိသစ္စာ၊ သမုတိသစ္စာနဲ့ ဟောလိုက်ရင် ဒိဋ္ဌိက ဝင်လာတာ (မှန်လှပါ ဘုရား)။ သဘောကျပြီလား (ကျပါပြီ ဘုရား)။

သမုတိသစ္စာနဲ့ ဟောလိုက်ရင် (ဒိဋ္ဌိကဝင်လာတာပါ ဘုရား)။ အို ငါလှူလို့ ငါရတာပဲ၊ ငါမကောင်းတာ လုပ်ရင် ငါအပါယ်သွားမှာပေါ့၊ ဟော ငါဝင်လာပြီ၊ မဝင်ပါနဲ့ဆိုလို့ (မရပါဘူး ဘုရား)။ မရဘူးဆိုတာ သေချာပြီလား (သေချာ ပါပြီ ဘုရား)။

ဓမ္မနဲ့ဆိုတော့ နဂိုကမှ ဓမ္မတွေ အစဉ်တွေဖြစ်နေတာပဲ ဆိုတော့ နဂိုကတည်းက ဓမ္မအစဉ်တွေ ဖြစ်တာ ပျက်တာကို ဒကာ ဒကာမတွေက သိနေတော့ ဦးခင်မောင်ရ “ငါ”ကို ဝင်စရာ မပါဘူးဗျာ (မပါပါ ဘုရား)၊ ပါသေးရဲ့ လား (မပါပါဘူး ဘုရား)။

ဪ တော်တော်အဖိုးတန်သွားပါပေါ့လား (မှန်လှပါ ဘုရား)။ ဒကာ ဒကာမတို့ အင်မတန် အဖိုးတန်သွားပြီ မို့လား (မှန်ပါ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒါ သက္ကာယဒိဋ္ဌိပြုတ်တာ သဘောကျ ပြီလား (ကျပါပြီ ဘုရား)။

ခန္ဓာတစ်ခုလုံးဓမ္မတွေစုနေတယ်

သူပြုတ်လို့ရှိရင် မစိုးရိမ်ပါနဲ့တော့တဲ့၊ သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိဟာ သူပြုတ်ရင် ပြုတ်တော့မှာပဲ (မှန်ပါ ဘုရား)။ ပြုတ်တော့မှာပဲ ဒကာ ဒကာမတို့ ဘာမှ ပူစရာမရှိတော့ဘူး (မှန်လှပါ ဘုရား)။ ကဲ ကျေနပ်ပြီလား (ကျေနပ်ပါပြီ ဘုရား)။ သက္ကာယဒိဋ္ဌိပြုတ်ပြီလား (ပြုတ်ပါပြီ ဘုရား)။

ခန္ဓာထဲမှာ ပေါ်တိုင်းပေါ်တိုင်း ဘာတွေများ ပေါ်နေကြ တုံး (ဓမ္မတွေပဲပေါ်နေပါတယ် ဘုရား)။ ခန္ဓာတစ်ခုလုံးက လည်း ဘာတွေများ စုနေသတုံး (ဓမ္မတွေပဲ စုနေပါတယ် ဘုရား)။

အပါယ်တံခါးပိတ်တယ်

ဓမ္မတွေချည့်စုပြီး သကာလ နေတော့ ဪ ဓမ္မ သက်သက်ပဲ၊ ဓမ္မအစုပဲလို့ ဦးဘအုန်း ဆိုဆို (မှန်လှပါ ဘုရား)။ ပုဂ္ဂိုလ်သတ္တဝါအစုတော့ (မဟုတ်ပါဘူး ဘုရား)။

ယောက်ျားတွေစုနေတာ မနည်းဘူး ဒီလိုမဟုတ်ပါဘူး၊ မိန်းမတွေ စုနေတာ (မဟုတ်ပါဘူး ဘုရား)။ မဟုတ်ပါဘူးတဲ့၊ ဓမ္မတွေစုနေတာ (မှန်လှပါ ဘုရား)။ သဘောပါကြပြီလား (ပါပါပြီ ဘုရား)။

ဘာတွေများ စုနေသတုံး (ဓမ္မတွေပဲ စုနေပါတယ် ဘုရား)။ ဪ ဒါတစ်လုံးသိလိုက်ရတာ ခင်ဗျားတို့ အပါယ် တံခါးပိတ်တယ်နော် (မှန်လှပါ ဘုရား)။

အပါယ်တံခါးပိတ်တယ်၊ ဒီအသိ သေးတဲ့အသိရယ်လို့ အောက်မေ့ မနေကြနဲ့ (မှန်လှပါ ဘုရား)။ ဦးခင်မောင် ဒါ သေးသေးသွယ်သွယ် အသိလို့ မမှတ်ပါနဲ့ (မှန်လှပါ ဘုရား)။

ဓမ္မတွေဆက်စပ်နေတာ

ဓမ္မတွေလည်နေတာကို သိလို့ရှိရင်၊ ဓမ္မတွေ ဆက်စပ်နေ တာကို သိလို့ရှိရင် သက္ကာယဒိဋ္ဌိက အသေအချာ ပြုတ်တယ် (မှန်လှပါ ဘုရား)။ မပြုတ်သေးဘူးလား (ပြုတ်ပါတယ် ဘုရား)။ ကိုင်း အင်မတန် အဖိုးတန်သွားပြီဆိုတာ ကောင်း ကောင်းသဘောပါကြပြီလား (ပါပါပြီ ဘုရား)။

ကဲ သဿတဒိဋ္ဌိ ဖျောက်ပါဦးမယ်ဆိုတော့ ဟောဒိ ဓမ္မ (၁) တစ်နံပါတ် တွေးလုံးချုပ်ပြီးတော့မှ (၂) နှစ်နံပါတ်ဆိုတဲ့ ဒကာ ဒကာမတို့ ဆွေးလုံးလာတာပါ (မှန်လှပါ ဘုရား)။

တွေးလုံးချုပ်မှ ဆွေးလုံးလာတာ

တစ်နံပါတ် တွေးလုံးချုပ်မှ (နှစ်နံပါတ်ဆွေးလုံးလာ တာပါ ဘုရား)။ စိတ်မချတဲ့ဆွေးလုံး၊ တစ်နံပါတ် တွေးမှုမှ မရှိဘဲနဲ့ ဆွေးမှုဟာ မလာပါဘူး။

ဒါဖြင့် ဆွေးမှုဖြစ်ပေါ်နေတော့ ဦးဘအုန်းတို့ ဒကာသစ် တို့က စဉ်းစား၊ တွေးမှုရှိသေးရဲ့ လား (မရှိပါဘူး ဘုရား)။

တွေးမှုကြောင့် ဘာဖြစ်တာတုံး (ဆွေးမှုဖြစ်တာပါ ဘုရား)။ ဪ ဒါဖြင့် ဆွေးမှုဖြစ်တော့ကို တွေးမှုရှိသေးရဲ့လား (မရှိပါဘူး ဘုရား)။

ဒါဖြင့် တွေးမှုလေး ချုပ်သွားပြီ ဒကာ ဒကာမတို့ (မှန် လှပါ ဘုရား)။ တွေးမှုဓမ္မလေး ဘာဖြစ်သွား သတုံး (ချုပ် သွားပါပြီ ဘုရား)။

တွေးမှုဓမ္မလေးမခိုင်မြဲဘူး

တွေးမှုဓမ္မလေး ချုပ်သွားတာကို ဒကာ ဒကာမတွေ ဉာဏ်ကလေးနဲ့ ဒီကြားက သိသိ ပေးတာပေါ့နော်၊ တွေးမှုဓမ္မ လေး ချုပ်သွားတာကို ဉာဏ်ကလေးနဲ့ သိသိ သိသိပေးလိုက်တဲ့ အခါကျတော့ အင် ဒီဥစ္စာ မခိုင်ဘူး၊ မမြဲဘူးဆိုတာ ပေါ်မလာ ဘူးလား (ပေါ်လာပါတယ် ဘုရား)။

ပေါ်လာကတည်းကိုက သဿတဒိဋ္ဌိပြုတ်သွားပြီ (မှန်လှပါ ဘုရား)။ ဓမ္မသိတုန်းက သက္ကာယ ပြုတ်ခဲ့တယ် (မှန်လှပါ ဘုရား)။

ဒါလေးဟာ မရှိဘူး၊ တွေးမှုမရှိမှ ဆွေးမှုပေါ်တာကို သိလိုက်သဖြင့် တွေးမှုမရှိတာကို ကောင်းကောင်း မသိဘူးလား (သိပါတယ် ဘုရား)။

သဿတဒိဋ္ဌိစင်ပြီ

အင်း တွေးမှုမရှိတာ ကောင်းကောင်း သိကတည်းကိုက ခိုင်တယ်မြဲတယ်လို့ ကိုယ့်ဓမ္မလေးဟာ ငါခိုင်တယ်၊ ငါမြဲတယ် လို့ ယူလို့ရသေးရဲ့လား (မရပါဘူး ဘုရား)။ ဒါဖြင့် သဿတ ဒိဋ္ဌိပါစင်ပြီ (မှန်လှပါ ဘုရား)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဘာစင်သွားသတုံး (သဿတဒိဋ္ဌိစင်သွားပါတယ် ဘုရား)၊ သဿတဒိဋ္ဌိ စင်သွားပြီ ဒကာ ဒကာမတို့၊ အပါယ်ကို ကျေးဇူးပြုတဲ့ ဒိဋ္ဌိသုံးခုတော့ဖြင့် ယနေ့ အရရှင်းရမှာပဲ (မှန်လှပါ ဘုရား)။

ဒိဋ္ဌိတွေကြောင့်အပါယ်ကျတာ

ဘာမှမပူနဲ့ ဒကာ ဒကာမတွေ ဒီပြင်ဟာကြောင့် အပါယ်ကျတာ ရှိကိုမရှိဘူး ဦးခင်မောင် (မှန်လှပါ ဘုရား)။ ဒီ ဒိဋ္ဌိတွေကြောင့် အပါယ်ကျနေတာ (မှန်လှပါ ဘုရား)။

ဒီဒိဋ္ဌိတွေကြောင့် အပါယ်ကျနေတာ ယနေ့တော့ဖြင့် ယခုဒိဋ္ဌိနှစ်ခု ဒကာသစ် စင်အောင် လုပ်ပေး လိုက်ပါပြီ (မှန်လှပါ ဘုရား)၊ မစင်သေးဘူးလား (စင်ပါပြီ ဘုရား)။

ကောင်းပြီ ဒိဋ္ဌိနှစ်ခုစင်တော့ တွေးလုံးချုပ်သွားပြီး ဘာပေါ်ပါလိမ့်မတုံး (ဆွေးလုံးပေါ်ပါတယ် ဘုရား)၊ ဪ ဆွေးလုံးပေါ်တယ်ဆိုတော့ ဒကာ ဒကာမတို့ တွေးလုံးရှိလို့ ဆွေးလုံးဖြစ်ရ ရှာတယ် (မှန်လှပါ ဘုရား)။

တွေးလုံးရှိလို့ဆွေးလုံးပေါ်တာ

ဘယ့်နှယ်ဆိုကြမယ် (တွေးလုံးရှိလို့ ဆွေးလုံးရှိတာ ပါ ဘုရား)၊ ဒါဖြင့် အတွေးက ကျေးဇူး ပြုသွားလို့ အဆွေးတာပဲ (မှန်လှပါ ဘုရား)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

အတွေးက ကျေးဇူးပြုလို့ (အဆွေးပေါ်တာပါ ဘုရား)၊ ဒါဖြင့် အတွေးပင် ချုပ်သွားငြား သော်လည်း ကျုပ်တို့မှာ အဆွေးကျန်ရစ်တယ်ဆိုတဲ့ အဓိပ္ပါယ်ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)၊ အကြောင်းအကျိုး ပြတ်သေးရဲ့ လား (မပြတ်ပါဘူး ဘုရား)။

မပြတ်တာ သိလိုက်သဖြင့် ဥစ္ဆေဒဒိဋ္ဌိ ဆိုတဲ့ ပြတ်တယ်လို့ ယူလိုက်တာ ယူနိုင်သေးရဲ့ လား (မယူနိုင်ပါ ဘုရား)၊ သော် အတွေးမရှိငြားသော်လည်း၊ အဆွေးတော့ ကျန်ရစ်တယ်၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။

ဥစ္ဆေဒဒိဋ္ဌိစင်ပြီ

ဒါ ဥစ္ဆေဒဒိဋ္ဌိကောရှိသေးရဲ့ လား (မရှိတော့ပါ ဘုရား)။ မရှိတော့ပါဘူးဆိုတော့ ဒီဘက်က အပျက် မြင်လိုက်တုန်းက သံဿတဒိဋ္ဌိစင်ခဲ့ပါတယ်။

အဆွေးပေါ်လာတာ မြင်လိုက်သဖြင့်လည်း ဥစ္ဆေဒဒိဋ္ဌိ စင်သွားတယ် (မှန်လှပါ ဘုရား)။ ဓမ္မတွေ လှည့်နေတယ်လို့ သိတုန်းကလည်း သက္ကာယဒိဋ္ဌိ စင်ခဲ့တယ်၊ အင်မတန်ရှင်းသွားပြီ (ရှင်းသွားပါပြီ ဘုရား)။ မရှင်းကြသေးဘူးလား (ရှင်းပါ ပြီ ဘုရား)။

ဓမ္မတွေ လှည့်နေတယ်လို့ သိတုန်းက ဘာပါလိမ့် (သက္ကာယဒိဋ္ဌိပြုတ်ပါတယ် ဘုရား)၊ ဪ အတွေးလေး ချုပ်သွားပြီးလို့ သိလိုက်သဖြင့် (သဿတဒိဋ္ဌိစင်ပါတယ် ဘုရား)၊ ဪ အတွေးပင် ချုပ်သွားငြား သော်လည်း အဆွေးက ကျန်နေရစ်သေးတယ် (ဥစ္ဆေဒဒိဋ္ဌိ စင်ပါ တယ် ဘုရား)။

အဲ ဥစ္ဆေဒဒိဋ္ဌိ ပြုတ်တယ်တဲ့၊ အကြောင်းအကျိုး ဆက်တာ ကျန်နေရစ်တယ်၊ သဘော ကျပြီလား (ကျပါပြီ ဘုရား)။

ဒိဋ္ဌိသုံးမျိုးစင်သွားပြီ

ဒါဖြင့် ဪ ဒိဋ္ဌိတွေတော့ စင်သွားပြီ ဒကာ ဒကာမတို့ ဒိဋ္ဌိသုံးမျိုး စင်သွားပြီ၊ နို့မဟုတ်လို့ ရှိရင်တဲ့ သဿတဒိဋ္ဌိနဲ့ ဥစ္ဆေဒဒိဋ္ဌိဟာ ဘယ်ကလာတာတုံးလို့ မေးတော့မှ သက္ကာယဒိဋ္ဌိက လာတာတဲ့ ဒကာ ဒကာမတို့ (မှန်လှပါ ဘုရား)။

သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိက ဘယ်ကလာတာတုံး (သက္ကာယဒိဋ္ဌိက လာတာပါ ဘုရား)၊ အင်း ငါသေရင် ငါပဲ ဖြစ်မယ်ဆိုရင် သဿတဒိဋ္ဌိဘဲ၊ ငါသေရင် ပြီးတာပဲကွ ဘာမှ ဖြစ်စရာမရှိတော့ဘူးဆိုရင် ဥစ္ဆေဒဒိဋ္ဌိ၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ခုတော့ ဒီဓမ္မနဲ့ဆက်ပြလိုက်တော့ ရှင်းလို့ (ရှင်းပါပြီ ဘုရား)၊ မရှင်းသေးဘူးလား (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဒီဒကာ ဒကာမတွေမှာ အလွန် နေရာကျသွားပြီ၊ သို့သော်လည်း အဋ္ဌကထာ၊ ဋီကာ ပြောတဲ့ အဓိပ္ပာယ်လေး သဿတဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်များဟာ ဒီလို ဘုန်းကြီး ဆီမှာလည်း တရားက မနာရ၊ ဒီလို ဖြစ်စဉ်နဲ့ ပြတ်မှု၊ နောက် အစားထိုးမှု ဒါတွေကိုလည်း မသိရသေး၊ ဓမ္မတွေ ဆက်စပ်ပြီး လည်နေတာကိုလည်း မသိသေးတော့ ဒိဋ္ဌိသုံးမျိုးစလုံး အကုန်ရှိ တယ်လို့ ဆိုရမယ် ခင်ဗျားတို့၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါ တယ် ဘုရား)။

ဓမ္မတွေလည်နေတာမသိရင်

ဒိဋ္ဌိသုံးမျိုးစလုံး အကုန်ရှိတယ် (မှန်လှပါ ဘုရား)၊ ဓမ္မတွေ လည်နေတာ မသိကတည်းက သက္ကာယဒိဋ္ဌိကော မရှိဘူး လား (ရှိပါတယ် ဘုရား)၊ သူရှိနေရင် သဿတဒိဋ္ဌိကလဲ (ရှိပါတယ် ဘုရား)။

အင်း ကျုပ်ကြာလှပြီ အသက်ရှည်နေတာလို့လည်း ပြောချင် ပြောမယ် (မှန်ပါ ဘုရား)၊ ဟုတ်ဘူးလား (မှန်လှ ပါ ဘုရား)၊ ဥစ္ဆေဒဒိဋ္ဌိသမားကလည်း အင်း သေလည်းပြီတာပါပဲ ဗျာဆိုတာ လာချင်လာမှာပဲ၊ မလာပေဘူးလား (လာပါတယ် ဘုရား)။

ကဲ ဒါတွေ ထောက်ကြည့်တော့မှ ဒကာ ဒကာမတို့ ဪ သက္ကာယဒိဋ္ဌိ မပြုတ်ရင် ကျန်တဲ့ ဒိဋ္ဌိတွေ အကုန် လာမှာပါလားဆိုတာ ပေါ်လာတယ် (မှန်ပါ ဘုရား)၊ မပေါ်ကြဘူးလား (ပေါ်ပါတယ် ဘုရား)။

သဿတဒိဋ္ဌိကဘယ်လိုတုံး

ကိုင်း ဒါဖြင့် နေရာကျပါပြီတဲ့၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဒိဋ္ဌိသုံးမျိုးဖြင့် စင်သွားပြီ၊ အဲ့ဒီတော့ကိုတဲ့ ဒီ သက္ကာယဒိဋ္ဌိက ကြီးထွားလာလို့ရှိရင် ဦးခင်မောင် သဿတဒိဋ္ဌိ ဘက်လည်း ကူးတတ်တယ်နော် (မှန်လှပါ ဘုရား)။

ဥစ္ဆေဒဒိဋ္ဌိဘက်ကော (ကူးတတ်ပါတယ် ဘုရား)၊ သဿတဒိဋ္ဌိက ဘယ်လိုတုံးလို့ မေးလို့ ရှိရင်ဖြင့် သဿတဒိဋ္ဌိ သမား က လူသာသေတယ်၊ စိတ်ဆိုတဲ့ ဝိညာဉ်လိပ်ပြာကလေး က နတ်ပြည် သွားတယ် ဒီလိုထင်ရင် ထင်ပစ်လိုက်တာ (မှန်လှ ပါ ဘုရား)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ အဲ့ဒါ ဗုဒ္ဓဘာသာမှာ ရှိတယ် (မှန်လှပါ ဘုရား)။

အသက်ထွက်သွားပြီဆိုတာ

အသက်ထွက်သွားပြီ၊ အသက်ထွက်သွားပြီ၊ ဒါသဿ တဒိဠိ (မှန်လှပါ ဘုရား)၊ ဘာတုံး ဒီဥစ္စာ (သဿတဒိဋ္ဌိ ပါ ဘုရား)၊ ဦးဘတင် ဘာထင်သတုံး ဒီဥစ္စာ (သဿတဒိဋ္ဌိပါ ဘုရား)။

အသက်ထွက် သွားတယ် (မှန်လှပါ ဘုရား)၊ အံမလေး ဒကာ ဒကာမတို့ ဒီထဲ သူဓမ္မကလေး တစ်ခုဖြစ်ပြီး တစ်ခုချုပ်နေတဲ့ ဥစ္စာလေးပဲ၊ အဲဒီဥစ္စာ အသက်ထွက်သွားပြီလို့ ပြောနေပြန်တော့ သူက ဘယ်တော့မှ မသေတဲ့ အဓိပ္ပာယ်ပဲ းး (မှန်လှပါ ဘုရား)။

လောကီဥပမာ ပြောကြစို့ ဆိုတော့ ကြက်တူရွေးတစ် ကောင် လှောင်ချိုင့်ကလေးထဲ၊ ကြက်တူရွေး အိမ်ကလေးထဲ ထည့်ထားတယ်၊ ဒီအိမ်မကြိုက်ပါဘူး ဆိုရင် ဟိုအိမ်ပြောင်းတဲ့ ကြက်တူရွေးလို ဖြစ်နေတယ်။

ကိုင်း ဒီကြက်တူရွေးဟာ သေတယ်လို့ သဘောပါ သေးရဲ့လား (မပါပါဘူး ဘုရား)၊ အိမ်ပြောင်းတာသာ ပါတယ် (မှန်ပါ ဘုရား)၊ ဒီခန္ဓာ အိုလို့၊ ဆွေးလို့ နတ်ခန္ဓာထဲ သူသွား ပေါ့၊ အခုအခါ ဘယ်များရောက်နေရှာပါလိမ့်မတုံး ဒကာ ဒကာမ တွေက မသုံးကြဘူးလား (သုံးပါတယ် ဘုရား)။

ဘယ်များရောက်ပါလိမ့်ဆိုတာ

တို့အမေတွေ ဘယ်များရောက်ပါလိမ့်၊ ဪ ဘယ် များ ရောက်ပါလိမ့်ဆိုတာ သွားလို့၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဘယ်များ ရောက်ပါလိမ့်ဆိုတာ ဘယ်အဓိပ္ပာယ်ပါလိမ့် (သွားလို့ပါ ဘုရား)၊ ဘယ်က သွားတာတုံး ဒီက သွားတာ၊ ဒီကသွားတယ် လာဦးမှာပဲ၊ လာလို့ရှိရင် ဒါဘာဒိဋ္ဌိ (သဿတဒိဋ္ဌိပါ ဘုရား)။

အဲ အဲဒီ ဓမ္မတွေ၏ ဖြစ်လိုက် ပျက်လိုက်၊ ချုပ်သွား လိုက် ပေါ်လိုက်၊ ချုပ်သွားလိုက် ပေါ်လိုက် ဆိုတာလေးကို နားမ လည်လို့ရှိရင်ဖြင့်တဲ့ သဿတဒိဋ္ဌိကော ပြုတ်ပါ့မလား (မပြုတ်ပါဘူး ဘုရား)။

ခုတော့ သိနေပြီ ဒကာ ဒကာမတွေက သော် အတွေးချုပ်ပြီးတော့ကို ဘာလာပါလိမ့် (အဆွေး လာပါတယ် ဘုရား)၊ အဆွေးချုပ်ပြီး သကာလ စိုးရိမ်တာလာမှာပဲ (မှန်လှပါ ဘုရား)၊ မလာဘူးလား (လာပါတယ် ဘုရား)။

စိုးရိမ်တာ ချုပ်ပြီး ပူပန်တာလာမှာပဲ၊ ပူပန်တာလာပြီး အလွန်ကို ပြင်းထန်တဲ့ ခန္ဓာကိုယ် ပစ်လဲချင်တာကြီး လာလိမ့်မယ် မလာပေးဘူးလား (လာပါတယ် ဘုရား)။

တစ်ခုချုပ်တစ်ခုဖြစ်သာရှိတယ်

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာအစဉ်ကြီးသည် ကားလို့ဆိုရင်ဖြင့် တစ်ခုချုပ်၊ တစ်ခုဖြစ်၊ တစ်ခုချုပ်၊ တစ်ခုဖြစ် သာရှိတယ်၊ ဘယ်သူက သွားနိုင်တဲ့သဘောပါသေးရဲ့ လား (မပါပါဘူး ဘုရား)။

ဪ ဒီလိုသိသွားတော့ သဿတဒိဋ္ဌိကော ဒကာ ဒကာမတွေ ရှိသေးရဲ့ လား (မရှိပါဘူး ဘုရား)။

အင်း တစ်ခုချုပ်ပြီး သကာလ တစ်ခုဖြစ်တာသာ ရှိတယ် အကြောင်းအကျိုးတော့ ဆက်နေ သေးတယ် ဆိုသဖြင့် လည်း ဥစ္ဆေဒဒိဋ္ဌိကော ရှိသေးရဲ့လားဗျာ (မရှိပါဘူး ဘုရား)။

ဘဝပျော်ရင်သဿတဒိဋ္ဌိ

ကောင်းပြီတဲ့ ဒါဖြင့် သဿတဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်ဟာ၊ ဘဝ ပျော်မွေ့တဲ့ ပုဂ္ဂိုလ်ဟာ သဿတဒိဋ္ဌိ ရှိတယ် (မှန်လှပါ ဘုရား) ဘဝပျော်မွေ့တဲ့ ပုဂ္ဂိုလ်ဟာ ဘာတုံး (သဿတဒိဋ္ဌိ ရှိပါတယ် ဘုရား)၊ ကိုယ့်ဘဝလေး ကိုယ် ပျော်မွေ့နေတဲ့ ပုဂ္ဂိုလ်ဟာ သဿတဒိဋ္ဌိကြောင့် ပျော်တာ (မှန်လှပါ ဘုရား)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဘဝပြတ်တာကို အရမ်းသဘောကျတဲ့ ပုဂ္ဂိုလ်က ဥစ္ဆေဒ ဒိဋ္ဌိ၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ ဘဝပြတ်တာကို သဘောကျတဲ့ ပုဂ္ဂိုလ်ကဘာတုံး (ဥစ္ဆေဒဒိဋ္ဌိပါ ဘုရား)။

နိဗ္ဗာန်လည်းသဘောမကျဘူး

အင်း ဘဝပြတ်လို့ရှိရင် နိဗ္ဗာန်မို့လား (မှန်လှပါ ဘုရား)၊ သူက နိဗ္ဗာန်လည်း သဘောမကျဘူး၊ ဒီခန္ဓာကြီး သေပစ် လိုက်ရတာ အေးပါတယ်ဆိုတဲ့ လူမိုက်တွေးနည်းပေါ့ ဦးခင်မောင် ရာ (မှန်လှပါ ဘုရား)၊ သေတာ အေးပါတယ်ကွာ၊ တစ်ခါ တလေ မသုံးကြဘူးလား (သုံးပါတယ် ဘုရား)။

ဘယ်အေးလိမ့်မတုံး (မှန်ပါ ဘုရား)၊ အေးစရာ ကော အကွက်ရှိရဲ့လား (မရှိပါဘူး ဘုရား)၊ အဲ့ဒါကို သေတာ အေးပါတယ်ကွာ၊ သေတော့ တို့ဘာမှ ပူစရာ ဆွေးစရာ မရှိဘူးကွဆို တော့ ဘာဒိဋ္ဌိဖြစ်သွားသတုံး (ဥစ္ဆေဒဒိဋ္ဌိ ဖြစ်သွားပါတယ် ဘုရား)။

ဘဝကိုအရမ်းမုန်းရင်ဥစ္ဆေဒ

အဲ ဥစ္ဆေဒဒိဋ္ဌိကတော့ ဘဝကို အရမ်းမုန်းတယ် (မှန်လှပါ ဘုရား)၊ သဿတဒိဋ္ဌိကတော့ ဘဝကို အရမ်း ခင်တွယ်တယ် သဘောကျပြီလား (ကျပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ယခု သက္ကာယဒိဋ္ဌိပြုတ်ကတည်းက အကြောင်း ချုပ်လို့ အကျိုး ပေါ်တာကိုလည်း ဆရာဘုန်းကြီးက ဟောလိုက်သဖြင့် ဪ ဘဝပျော်မွေ့တဲ့ တဏှာကော ရှိသေးရဲ့လား (မရှိပါဘူး ဘုရား)။

ဘယ်ရှိလိမ့်မတုံး တစ်ခုချုပ်ပြီး တစ်ခုပျက်နေတာ ပျော်စရာပါရဲ့ လား (မပါပါဘူး ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဘဝပြတ်သွားတာ ဆိုတာလည်း ဒါတွေဘာမှ မရှိဘူးဆို ရင်လည်း အင်း ဒီလို ဖြစ်ပျက်၊ ဖြစ်ပျက်၊ ဖြစ်ချုပ်၊ ဖြစ်ချုပ် ဒါတွေဘာမှ မရှိဘူး၊ အဲ့ဒါတွေကောင်းတယ်လို့ ယူလိုက်ပြန်လို့ ရှိရင်လည်း ဒကာ ဒကာမတို့ ဥစ္ဆေဒဒိဋ္ဌိဘက် သွားတယ် (မှန်လှပါ ဘုရား)။

ဥစ္ဆေဒဒိဋ္ဌိရှိနေပြန်လို့ရှိရင်လည်း နိဗ္ဗာန်ကို သဘောမကျ ပြန်ဘူး (မှန်လှပါ ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ရှင်ဆန္န

ကောင်းပြီ ဒါဖြင့် ရှင်ဆန္န ဘာဖြစ်သတုံး မေးရတော့ မယ် (မှန်လှပါ ဘုရား)၊ ရှင်ဆန္န သည်ကားလို့ ဆိုလို့ရှိရင် ပဋိစ္စသမုပ္ပါဒ် သူကိုယ်တိုင်တော့ နားလည်တာ မဟုတ်ဘဲနဲ့ ဟိုဆရာ တော်တွေက ရဟန္တာတွေက ဟောတာနဲ့ ဖြစ်ပျက်၊ ဖြစ်ပျက်၊ ဖြစ်ပျက်တွေ ရှုပြီး သကာလ နေလိုက်တော့ ဖြစ်ပျက် ကလေးတွေက ပြလိုက်လို့ရှိရင် ဖြစ်ပြီး ပျက်ပြလိုက်၊ ဖြစ်ပြီး ပျက်ပြလိုက်၊ ဖြစ်ပြီး ပျက်ပြလိုက်တော့ အို ဒါ မကြိုက်ဘူး၊ မကြိုက်ဘူး။

ဘာလို့ မကြိုက်သတုံးလို့ မေးတဲ့အခါကျတော့ သူက ခိုင်မြဲသာ ကြိုက်တယ် (မှန်လှပါ ဘုရား)၊ သဿတဒိဋ္ဌိ ရှိနေ တယ် (မှန်လှပါ ဘုရား)၊ သဘောကျပြီလား (ကျပါ ပြီ ဘုရား)။

သဿတဒိဋ္ဌိရှိနေတယ်

သဿတဒိဋ္ဌိရှိနေတဲ့အတွက် ပျက်တာလေးမြင်လိုက်ရင် တုန်လှုပ်နေတယ် (မှန်လှပါ ဘုရား)၊ ဪ နေစရာမရှိတော့ဘူး၊ ခက်ပြီ၊ ဒကာ ဒကာမတို့ ဆန္ဒမှာ ဘယ်နှယ့်ဖြစ်သွား သတုံး (တုန်လှုပ် ပါတယ် ဘုရား)။

သူက နဂိုက ဘာဒိဋ္ဌိရှိနေသတုံး (သဿတဒိဋ္ဌိရှိနေ ပါတယ် ဘုရား)၊ သသာတဒိဋ္ဌိ ရှိနေတော့ သူက ခိုင်မြဲတာ သဘောကျနေတဲ့ ပုဂ္ဂိုလ်ဟာ အင်း နဂိုကလည်း ဒိဋ္ဌိကခွာမထားတော့ ခိုင်မြဲတာ ကိုပဲသူက ကျေနပ်ပြီး သကာလ နေတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတို့ အပျက်ကလေးတွေတော့ မြင်ပါရဲ့နော် (မှန်လှပါ ဘုရား)။

ဒီလို မြင်တိုင်း မြင်တိုင်း သူတုန်လှုပ်တယ် (မှန်လှပါ ဘုရား)၊ ဘာအားကိုးမလဲဆိုတာလည်း လာပြန်တယ်၊ တုန်လည်း တုန်လှုပ်တယ်နော်၊ ဘာအားကိုးမတုံး ဆိုတာကော (လာပါ တယ် ဘုရား)။

ဒါဖြင့် အတ္တဒိဋ္ဌိကလည်းရှိ၊ သဿတဒိဋ္ဌိကလည်းသူ့ မှာရှိနေတယ် (မှန်လှပါ ဘုရား)၊ ရှိတော့ ဝိပဿနာရှုခြင်းကြောင့် သူ့မှာ မဂ်မရတဲ့အပြင် အပြစ်တောင် သင့်နေသေးတယ် (မှန်လှပါ ဘုရား)။

ငှက်ဖြစ်သော်လည်းတစ်ကိုင်းတည်း

ဘာဖြစ်လို့တုံးဆိုရင်၊ ဒိဋ္ဌိမပြုတ်လို့၊ ကျေနပ်ပြီလား (ကျေနပ်ပါပြီ ဘုရား)၊ ဘာမပြုတ်လို့တုံး (ဒိဋ္ဌိမပြုတ်လို့ ပါ ဘုရား)၊ ဒိဋ္ဌိမပြုတ်လို့၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ငှက်ဖြစ်သော်လည်း တစ်ကိုင်းတည်း ဆိုတဲ့ ဒကာ ဒကာမတွေဟာ ဘာဒိဋ္ဌိတွေတုံး (သဿတဒိဋ္ဌိပါ ဘုရား)၊ ဒကာ ဒကာမတို့ ငှက်ဖြစ်သော်လည်း တစ်ကိုင်းတည်းလို့ သူဆု တောင်းတယ်၊ ဆင်ဖြစ်သော်လည်း တစ်ကျွန်းတည်းလို့ တောင်းမိ တဲ့ အဓိပ္ပာယ်ဟာ ဘာပါလိမ့်မတုံးလို့ မေးတော့ ဟောဒီ ဓမ္မတွေ ဖြစ်ချုပ်နားမလည်လို့ တောင်းတာ (မှန်လှပါ ဘုရား)၊ ပုဂ္ဂိုလ် သတ္တဝါဖြစ်နေတယ်၊ အလွန်ဉာဏ်နုတဲ့ ပုဂ္ဂိုလ်၏ အလုပ်လို့ မှတ် လိုက်စမ်းပါ။

ဘယ်လို မှတ်ကြမယ် (အလွန်ဉာဏ်နုတဲ့ ပုဂ္ဂိုလ်၏ အလုပ်ပါ ဘုရား)၊ ဒီဘဝမဂ်မရနိုင်တဲ့ ပုဂ္ဂိုလ်၏ အလုပ် ဘာဒိဋ္ဌိ ဖြစ်နေသတုံး ဦးခင်မောင်ရ (သဿတဒိဋ္ဌိ ဖြစ်နေပါတယ် ဘုရား)။

ဒါဖြင့် ဒီဘဝ အာပေါက်အောင် အားထုတ်သူ့ သဿ တဒိဋ္ဌိ မစွန့်ရင် (မရပါဘူး ဘုရား)၊ ရပါ့မလား (မရပါဘူး ဘုရား)။

ကိုင်း ဒါဖြင့် ‘‘ကိဉ္စိ သင်္ခါရံ နိစ္စတော သမနုပဿန္တော အနုလောမိကာယ ခန္တီယာ သမန္နဂတော ဘဝိဿတီတိ နေတံ ဌာနံ ဝိဇ္ဇတိ၊’’ အင်္ဂုတ္တိုရ်ပါဠိတော်က။

ကွာတဲ့ သူ့ သဿတသာရှိနေ လို့ ရှိရင် ဘယ်လိုအားထုတ် အားထုတ်မရပါဘူးကွတဲ့ အင်္ဂုတ္တိုရ် ပါဠိတော်က၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒိဋ္ဌိရှိနေရင်မဂ်မရ

သက္ကာယဒိဋ္ဌိနှင့် သဿတဒိဋ္ဌိ ရှိရင် ဘယ်လိုပင် အား ထုတ်အားထုတ်တဲ့၊ ဖြစ်ပျက်ဘယ်လိုပဲ မြင်မြင်တဲ့ ဦးခင်မောင် ဘယ်လိုစိတ်ကူးမတုံး (မရပါဘူး ဘုရား)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဆန္နအားထုတ်လိုက်တာ ဒကာ ဒကာမတို့ မြင်ကြပြီ လား (မြင်ပါပြီ ဘုရား)၊ အပျက်ကလေး မြင်လိုက်ရင် သူလန့် လန့်သွားတယ် (မှန်လှပါ ဘုရား)။

သူက ဘယ်ဟာကြိုက်နေသတုံး (သဿတဒိဋ္ဌိ ကြိုက်နေပါတယ် ဘုရား)၊ ခိုင်မြဲတာ ကြိုက်နေတယ်၊ ခိုင်မြဲတာ ကြိုက်နေတော့ ဟို ပရမတ်ကို မရှုလို့လား၊ ရှုနေတာမသေချာဘူးလား (သေချာပါတယ် ဘုရား)။

သေချာလို့ ပရမတ်ကလည်း မပြဘူးလား (ပြပါ တယ် ဘုရား)၊ ဓမ္မက မပြဘူးလားဗျာ (ပြပါတယ် ဘုရား)၊ အဲ ဓမ္မက ပြပေမယ့် သူမဂ်မရဘူး (မှန်လှပါ ဘုရား)။

ဦးဘအုန်း ဓမ္မကတော့ မပြဘူးလား (ပြပါတယ် ဘုရား)၊ ပြပင်ပြငြား သော်လည်း သူမဂ်ရရဲ့လား (မရပါဘူး ဘုရား)၊ ဘာကြောင့် မရတာတုံး (သဿတဒိဋ္ဌိရှိနေလို့ ပါ ဘုရား)။

သဿတဒိဋ္ဌိခံနေလို့၊ ဘယ်နှယ့်ကြောင့် သဿတဒိဋ္ဌိ ခံနေရသတုံး မေးတဲ့အခါကျတော့မှ ဒကာ ဒကာမတို့ ဒိဋ္ဌိမဖြုတ် မိလို့ (မှန်လှပါ ဘုရား)။

ပဋိစ္စသမုပ္ပါဒ်နားမလည်လို့

ဘယ်နှယ့်ကြောင့် သူဒိဋ္ဌိမဖြုတ်တတ်ပါလိမ့်မလဲလို့ ဆိုတော့ ပဋိစ္စသမုပ္ပါဒ်ကြီး ဖြစ်ချုပ်ကို သူနားမလည်းလို့၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒါဖြင့် သူအတော် အရုပ်ဆိုးနေတယ်ဆိုတာ ပေါ်လာကြ ပြီလား (ပေါ်လာပါပြီ ဘုရား)၊ ဒါနဲ့ ရှင်အာနန္ဒာက၊ ခုနက ပြောတဲ့ သုံးမျိုးကို အဖြုတ်ခိုင်းတာပဲ ဒကာ ဒကာမတို့ ဓမ္မတွေ သာရှိတယ်ကွာ ဆိုကတည်းက ဘာပြုတ်သွားပြီတုံး (သက္ကာယဒိဋ္ဌိ ပြုတ်ပါပြီ ဘုရား)။

ဒီ ဓမ္မတွေဟာ ဖြစ်ပြီးတော့ ချုပ်သွားတာပဲလို့ သိလိုက် သဖြင့် ဘာဒိဋ္ဌိပြုတ်သတုံး (သဿတဒိဋ္ဌိ ပြုတ်ပါတယ် ဘုရား)။

ချုပ်သာသွားတယ်ပေါ့ နောက်ဓမ္မတော့ အစားထိုးပစ်ခဲ့ တယ်လို့ သိပြန်တော့လဲ (ဥစ္ဆေဒဒိဋ္ဌိ ပြုတ်ပါတယ် ဘုရား)။

ကစ္စာနအနွယ်ရဟန်း

အဲ့ဒါ ကစ္စာန အနွယ်ဖြစ်တဲ့ ရဟန်း ဒီလိုဟောပါတယ် ကွာတဲ့ အဲ့ဒါအတိုင်း မင်းရှုစမ်းပါ၊ မင်းရှုစမ်းပါဆိုတော့ ခုပြော တဲ့အတိုင်း သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိ၊ သက္ကာယဒိဋ္ဌိ ဖြုတ်ပြီး မင်းရှု စမ်းပါ၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ဘယ်လိုရှုရမှာတုံး၊ သက္ကာယဒိဋ္ဌိ၊ သဿတဒိဋ္ဌိ၊ ဥစ္ဆေဒ ဒိဋ္ဌိဖြုတ်ပြီးမှ မင်းရှုစမ်းပါ၊ မင်းဓမ္မအစဉ်ကို၊ သဘောပါကြပြီလား (ပါပါပြီ ဘုရား)။

ကိုင်း ဝိပဿနာရှုချင်လို့ရှိရင် ဒိဋ္ဌိဖြုတ်ပြီးမှ ရှု၊ အဓိပ္ပာယ်ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ဝိပဿနာရှုချင်တဲ့ ပုဂ္ဂိုလ် (ဒိဋ္ဌိဖြုတ်ပြီးမှ ရှုရမှာပါ ဘုရား)၊ ဒိဋ္ဌိဖြုတ်ပြီးမှ ရှုကြစမ်းပါဆိုတာ၊ ဒိဋ္ဌိဖြုတ်ချင်လို့ ရှိရင် လည်း ဘာနားလည်ရမတုံး (ခန္ဓာပဋိစ္စသမုပ္ပါဒ် နားလည် ရမှာပါ ဘုရား)။

ခန္ဓာပဋိစ္စသမုပ္ပါဒ်နားမလည်လို့ရှိရင် ဘယ်ဟာများ ရှုစ ရာများ မြင်ကြသေးရဲ့လား (မမြင်ပါ ဘုရား)၊ ဘယ်လောက် အရေးကြီးတယ်ဆိုတာ မပေါ်ကြသေးဘူးလား (ပေါ်ပါပြီ ဘုရား)။

အင်မတန်ထူးခြားပါတယ်ဝမ်းမြောက်ကြစမ်းပါ

အေး ဒါကြောင့် သေပျော်တဲ့တရား၊ နေပျော်တဲ့ တရားဆိုတာ ဒကာ ဒကာမတွေ ဝမ်းမြောက်ကြ စမ်းပါ (မှန်လှပါ ဘုရား)၊ အင်မတန်ထူးခြားပါတယ် (မှန်လှပါ ဘုရား)၊ အင်မတန် ထူးခြားပါတယ် ဒကာ ဒကာမတို့။

ကိုင်း ဒါဖြင့် ရှင်ဆန္န နှစ်ပေါင်း (၄၀)တဲ့ ဒကာ ဒကာမတို့ ဒီဒိဋ္ဌိ၊ သက္ကာယဒိဋ္ဌိနှင့် သဿတဒိဋ္ဌိ နှစ်ခုတည်း ပူးနေလိုက်တာ (၄၀) တိုင်တိုင် အဟောသိကံဖြစ်နေတာ ရှုလိုက်တာလည်း လွန်လို့ (မှန်လှပါ ဘုရား)။

ဘာဖြစ်နေတယ်ဆိုတာ ဦးခင်မောင် စွဲချက်တင်နိုင် ပြီလား (တင်နိုင်ပါပြီ ဘုရား)၊ သက္ကာယဒိဋ္ဌိနှင့် သဿတဒိဋ္ဌိရှိနေတယ်၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဘာရှိနေသတုံး (သက္ကာယဒိဋ္ဌိနှင့် သဿတဒိဋ္ဌိ ရှိနေပါတယ် ဘုရား)၊ ဒါဖြင့် သက္ကာယဒိဋ္ဌိရှိရင် သဿတဒိဋ္ဌိသော်လည်းကောင်း၊ ဥစ္ဆေဒဒိဋ္ဌိသော် လည်းကောင်း နှစ်ခု တစ်ခု ခုလာရမယ် ဦးဘအုန်း သေချာမှတ် (မှန်လှပါ ဘုရား)။

သက္ကာယဒိဋ္ဌိရှိရင် သဿတဒိဋ္ဌိသော်လည်းကောင်း၊ ဥစ္ဆေဒဒိဋ္ဌိသော်လည်းကောင်း လာရမယ်၊ ရှင်းပြီလား (ရှင်း ပါပြီ ဘုရား)။

ဒိဋ္ဌိဖြုတ်ပြီးတော့ရှုစမ်းပါ

ကောင်းပြီ ဒါဖြင့် အခုလို မင်းကွာတဲ့ ရှင်ဆန္န ဒီ သက္ကာယဒိဋ္ဌိ ဖြုတ်ပြီးတော့ မင်းရှုစမ်းပါဆိုပြီး ဘုန်းကြီးပြောသလို ပဋိစ္စသမုပ္ပါဒ်ပြောပေးတာပဲ၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ကဲ ဒကာ ဒကာမတွေ ပြန်ပြီးတရားစကြစို့ ဒါ တွေးလုံး၊ တွေးလုံးချုပ်သွားတော့ ဘာလာသတုံး (ဆွေးလုံး လာပါတယ် ဘုရား)၊ ဆွေးလုံးချုပ်သွားတဲ့ အခါကျတော့ ဘာလာ သတုံးဆိုတော့ ပူလုံး ဖြစ်သွားတာကိုဗျ ဆွေးလုံး ချုပ်သွားတော့ (ပူလုံးလာပါတယ် ဘုရား)၊ အင်း ပူလုံးဖြစ်လာတယ်ဆို တာကော ကျေနပ်ပြီလား (ကျေနပ်ပါပြီ ဘုရား)၊ အင်း သောကကိုဗျ။

နောက်ကျတော့ ပူလုံးလည်း ချုပ်ပါရော ငိုလုံးကလာ တာပဲ၊ မလားဘူးလား (လာပါတယ် ဘုရား)၊ ငိုလုံးလည်း ချုပ်ပါရော ခန္ဓာပစ်လဲတဲ့ ဥပါယာသ ဆိုတဲ့ အလုံးကကော (လာပါတယ် ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတွေ သန္တာန်မှာ တွေးလုံး ချုပ်တော့ ဆွေးလုံးလာတယ်၊ ဆွေးလုံး ချုပ်တော့ ပူလုံးလာတယ်တဲ့၊ ပူလုံးလာတော့မှာ မျက်ရည်ကျတဲ့ ငိုလုံး လာတော့တယ်ဆိုတာ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ငိုလုံးလာလို့ရှိရင်တော့ ပစ်လဲတာ လာတော့တာပဲ (မှန်လှပါ ဘုရား)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ငိုလုံးမလာတဲ့သူ ပစ်လဲတာ ဘယ်သူများတွေ့ ဖူးသတုံး (မတွေ့ဖူးပါဘူး ဘုရား)၊ လုံးကြီး လာပြီ ဆိုမှဖြင့် ကိုင်း မနှမျောတော့ပါဘူး ဒီခန္ဓာကြီး ပစ်လိုက်တော့မယ်ဆို ပစ်လှဲချ လိုက်တာပဲ သဘောကျပြီလား (ကျပါပြီ ဘုရား)။

တွေးလုံးကဖြစ်လည်းဖြစ် ပျက်လည်းပျက်

ဒါဖြင့် ဒကာ ဒကာမတို့ တွေးလုံးက ဘယ်သူ့ကျေးဇူး ပြုသတုံး (ဆွေးလုံး ကျေးဇူးပြုပါတယ် ဘုရား)၊ ဆွေးလုံး ကျေးဇူးပြုတယ်၊ တွေးလုံးရှိသေးရဲ့လား (မရှိပါဘူး ဘုရား)။

ဒါဖြင့် တွေးလုံးကလေးဟာလည်း ဖြစ်လည်းဖြစ်တယ်၊ ပျက်လည်း ပျက်တယ်၊ မဆိုနိုင် ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)၊ တွေးလုံးကလေးဟာ (ဖြစ်လည်းဖြစ်တယ်၊ ပျက်လည်း ပျက်ပါတယ် ဘုရား)၊ ဖြစ်လည်းဖြစ်တယ်၊ ပျက်လည်း ပျက်တယ် ဦးခင်မောင်ရ မသေချာဘူးလား (သေချာပါ တယ် ဘုရား)။

အင်း ဒါဖြင့် ဖြစ်လည်းဖြစ်၊ ပျက်လည်းပျက်တဲ့ တရားဖြစ်နေသောကြောင့် သူဟာ ဒုက္ခချည့်ဘဲ (မှန်လှပါ ဘုရား)၊ တွေးလုံးတစ်ခုလုံးက ဘယ်နှယ့် ဆိုကြမယ် (ဒုက္ခချည့်ပါ ဘုရား)၊ ဖြစ်တာလည်း ဒုက္ခ၊ ပျက်တာကော (ဒုက္ခ ပါ ဘုရား)။

ဖြစ်လည်းဒုက္ခ၊ ပျက်ဟာလည်း ဒုက္ခ

အဲ့ဒါ ရှင်အာနန္ဒာ ဟောတာနော်၊ ဘုန်းကြီးက ဟော တယ်လို့ မယူနဲ့၊ တွေးလုံးကလေး တစ်ခုဟာ ဖြစ်တာလည်း (ဒုက္ခပါ ဘုရား)၊ တွေးလုံးကလေးဟာ ဖြစ်ပေါ်လာကတည်းက ဒုက္ခ၊ ပျက်သွားတော့ကော (ဒုက္ခပါ ဘုရား)။

ဒါဖြင့် ဆွေးလုံးကလေး ပေါ်လာပြန်ပြီ ဒကာ ဒကာမတို့ ဖြစ်ကတည်းက ဘာပါလိမ့် (ဒုက္ခပါ ဘုရား)၊ ပျက်ပြန်တော့ကော (ဒုက္ခပါ ဘုရား)။

ဪ ဒါဖြင့် ပူလုံးကလေးလာကြဦးစို့ ဒကာ ဒကာမတို့ ဆွေးလုံးတော့ ချုပ်သွားပြီ၊ ပူလုံးကလေး ကပေါ်တော့ လည်း (ဒုက္ခပါ ဘုရား)၊ အင်း ပျက်တော့ကော (ဒုက္ခပါ ဘုရား)၊ ဒုက္ခပဲဆိုတာ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ကဲ ပူလုံးကလေးချုပ်သွားတော့ ငိုလုံးကလေး လာပါဦး၊ ငိုလုံးကလေးက ဘာပါလိမ့် (ဒုက္ခပါ ဘုရား)၊ အင်း ဖြစ်စကလည်း ဘာပါလိမ့် (ဒုက္ခပါ ဘုရား)၊ ပျက်သွား တော့ကော (ဒုက္ခပါ ဘုရား)။

ဒုက္ခစ၍ဒုက္ခဆုံးတာ

အင်း ကိုယ်ပစ်လှဲတဲ့ အလုံးကလေးဟာလည်း ပြောကြစမ်းပါဦး (ဒုက္ခပါ ဘုရား)၊ ဒါဖြင့် အစကတည်းက စလိုက် တာဟာ ဦးခင်မောင်၊ ဦးဝတို့၊ ဒကာသစ်တို့ ဒုက္ခစ၍ ဒုက္ခဆုံးတာပဲ (မှန်လှပါ ဘုရား)။

ဒီခန္ဓာဖြစ်စဉ်ဟာ ဘာပါလိမ့် (ဒုက္ခစ၍ ဒုက္ခဆုံး တာပါ ဘုရား)၊ ဟာ ပတ်ကြဦးစို့ ပတ်တာတွေက ဘာတုံး ရှေ့ကဟာ ချုပ်သွားတာလဲ ဘာတုံး (ဒုက္ခပါ ဘုရား)။ နောက်ပေါ်လာတာလဲ (ဒုက္ခပါ ဘုရား)၊ အဲ့ဒီ ပေါ်လာတာ၊ ချုပ်သွားတာလဲ (ဒုက္ခပါ ဘုရား)။

ဪ သံသရာ တစ်ခုလုံးမှာ ဒုက္ခစက်လည်တာပါ လား (မှန်လှပါ ဘုရား)၊ ပေါ်ပြီ၊ ပေါ်ပြီ၊ သံသရာ တစ်ခုလုံးမှာ (ဒုက္ခစက်လည်တာပါ ဘုရား)၊ ကျေနပ်ကြပြီလား (ကျေနပ်ပါပြီ ဘုရား)။

သံသရာတစ်ခုလုံးမှာ ဒုက္ခစက်လည်တာပဲတဲ့၊ ခင်ဗျားတို့ လည်နေတာ အင်မတန် ထင်ရှားတယ်၊ ငါမနေ့ကကိုက အင်း နင်တို့အတွက် ဆွေးလိုက်တာ၊ ပူလိုက်တာ ဟုတ်လား မျက် ရည်များကို လည်လာတယ်၊ ခန္ဓာကိုယ်ကို နေမထိထိုင်မသာ ဖြစ် လာတယ်၊ မပြောကြပေဘူးလား (ပြောပါတယ် ဘုရား)။

နောက်တစ်ခါ နင်တို့အတွက် ဒီတစ်ယောက်အတွက် ပြီးတယ် တစ်ယောက်အတွက် တွေးမိလည်း ဒီအတိုင်းလာတာပဲ ဆိုတော့ ဒါလှည့်ပတ်လာတာပဲ (မှန်လှပါ ဘုရား)၊ သဘော ကျပြီလား (ကျပါပြီ ဘုရား)။

ဟိုတစ်ယောက်အတွက် တွေးပြန်တော့ကော ဒီဒုက္ခစက်ပဲလည်တယ် (မှန်လှပါ ဘုရား)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

မတွေးလေနဲ့

တစ်ခါတည်း ဒကာ ဒကာမတို့ ဆွေမျိုးအတွက် တွေး လိုက်၊ အင်း တူသား နောင်မယ်တွေ အတွက် တွေးလိုက် ပြန်ရင်ကော (ဒုက္ခစက်ပဲလည်ပါတယ် ဘုရား)။

ကိုယ့်အရေးတွေ တွေးလိုက်ပြန်တော့ကော (ဒုက္ခ စက်ပဲလည်ပါတယ် ဘုရား)၊ ဒါဖြင့် ဒကာ ဒကာမတို့ မတွေးလေနဲ့နော်၊ မတွေးလေနဲ့ ဟောလိုက်တယ်။

မတွေးလေနဲ့၊ တွေးချင်လို့ရှိရင် ဘုရားက ဪ ခု ပေါ်လာတာ ဒုက္ခသစ္စာပါလားလို့ တွေး (မှန်လှပါ ဘုရား)။ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဒီလိုချည့်တွေးသွားစမ်းပါ

တွေးချင်လို့ ရှိရင်ကွာတဲ့ မင်းတို့သည်ကား ခုပေါ်လာတာ တဲ့ ဓမ္မကလေး ပဋိစ္စသမုပ္ပါဒ် အစကလေး ပေါ်လာတာ၊ ဒါ ဒုက္ခသစ္စာကလေး ပေါ်ပါပေါ့လား၊ နောက်တစ်ခါ ပေါ်လာတာ လည်း (ဒုက္ခသစ္စာ ပေါ်လာတာပါ ဘုရား)၊ ဒီလိုချည့်တွေး သွားစမ်းပါတဲ့၊ တွေးချင်ရင် ဒီလိုချည်းတွေးစမ်းပါတဲ့ (မှန်လှပါ ဘုရား)။

ဦးခင်မောင်တွေးတတ်ပြီလား (မှန်လှပါ ဘုရား)၊ နို့ မဟုတ်ရင် ခင်ဗျားတို့က ခုနစ်စဉ်တန်း မျက်ရည်ကျ အိပ်မပျော်နဲ့၊ ဆေးလိပ်သာ ကုန်းသောက်နေတာပဲ၊ ဘာမှလည်း ကျေးဇူးမများ ဘူး (မှန်လှပါ ဘုရား)၊ ဘာမှ ကျေးဇူးမများဘူး ဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

အဲဒီခင်ဗျားတို့က တွေးလုံးကို တွေးမှလည်း နိဗ္ဗာန် ရောက်မှာ ခင်ဗျားတို့က အပါယ် ရောက်ဖို့ချည့် တွေးချနေတယ် (မှန်လှပါ ဘုရား)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

တွေးချင်ရင်သစ္စာတွေးပါ

တွေးတာက တွေးတတ်တဲ့လူ မှန်လေလေ ဦးခင်မောင် ရေ ကိုယ်ဆင်းရဲခန်း ရှာလေလေ (မှန်လှပါ ဘုရား)၊ တွေးချင် ရင် ဘုရားက ဘာတွေးရမတုံး သစ္စာတွေး၊ ဒကာ ဒကာမတွေ တွေးချင်ရင် ဘာတွေးရမတုံး (သစ္စာတွေးရမှာပါ ဘုရား)၊ သဘောကျပြီလား (မှန်လှပါ ဘုရား)။

ခင်ဗျားတို့က ဘာရှာတွေးသတုံး ပူစရာရှာတွေးတယ်၊ ဘယ်နှယ့်ဆိုကြမတုံး (ပူစရာ ရှာတွေးပါတယ် ဘုရား)။ ဘာဖြစ်လို့တုံး အေးအေးနေရလို့ အဓိပ္ပါယ်က ဒီရောက်တာပဲ၊ မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

ပူစရာ ရှာတွေးတာ ဘာ့ကြောင့်တုံး အေးအေးနေ ရလို့ ဒကာ ဒကာမတို့ အေးအေးနေတဲ့ အထဲက ပူချင်ပါတယ် ဆိုတာသည် ခင်ဗျားတို့ ဘယ့်နှယ်ကြောင့် ဒီလောက် မိုက်ရသတုံး မေးတဲ့ အခါကျလို့ရှိရင် ဓမ္မဖြစ်စဉ်တွေကို သဘောမကျလို့ (မှန်လှပါ ဘုရား)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဒါနဲ့ မေးလိုက်တယ် ရှင်ဆန္န ဘယ်နှယ် တုံးကွ၊ ဒီထဲ ငါများပါသေးလားကွ မေးပြီ (မှန်လှပါ ဘုရား)၊ ကဲ ဒကာ ဒကာမတွေကော တွေးလုံးထဲများ ငါပါရဲ့ လား (မပါပါဘူး ဘုရား)၊ ဆွေးလုံးထဲမှာကော (မပါပါဘူး ဘုရား)၊ အင်း ပူလုံးထဲမှာကော (မပါပါဘူး ဘုရား)။ အင်း ငိုလုံးထဲ မှာကော (မပါပါဘူး ဘုရား)။

ခန္ဓာပစ်လှဲချင်တဲ့ သဘောလေးပေါ်လာတဲ့အခါမှာ ကော (မပါပါဘူး)၊ ဘာတွေသာပါနေပါလိမ့် (ဓမ္မတွေ သာပါနေပါတယ် ဘုရား)။

ဘာသစ္စာတွေများ တန်းနေပါလိမ့် (ဒုက္ခသစ္စာတွေ တန်းနေပါတယ် ဘုရား)၊ ဒုက္ခသစ္စာတွေ တန်းနေတယ်ဆိုမှ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဒီကြားမှာ ဉာဏ်ကလေးဝင်ရ မှာကိုးဗျ၊ သဘောကျပြီလား ဒကာ ဒကာမတို့ရ (ကျပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒီအသိကလေး ဒီကြားထဲကို မဝင် သ၍ ကာလပတ်လုံးဖြင့် ခင်ဗျားတို့ သည်ကားလို့ဆိုရင်ဖြင့် တွေးလုံးနဲ့ ဆွေးလုံးဆက်တော့မယ် (မှန်လှပါ ဘုရား)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဘာနဲ့ ဘာဆက်မှာတုံး (တွေးလုံးနဲ့ ဆွေးလုံး ဆက်မှာပါ ဘုရား)၊ တွေးလုံးကဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)၊ အင်း ဆွေးလုံးက (ဒုက္ခသစ္စာပါ ဘုရား)။

တွေးလုံးချုပ်ရင်ဆွေးလုံးမလာတဲ့တရား

ဒါဖြင့် နိဗ္ဗာန်ဆိုတဲ့ တရားဟာ ဒကာ ဒကာမတို့ တွေးလုံးချုပ်ရင် ဆွေးလုံးမလာတဲ့တရားကို နိဗ္ဗာန် ခေါ်တာ (မှန်လှပါ ဘုရား)၊ သဘောပါပြီလား (ပါပါပြီ ဘုရား)။

တွေးလုံးချုပ်၍ (ဆွေးလုံးမလာတာပါ ဘုရား)၊ ကဲ ဒါလက်တွေ့ နိဗ္ဗာန်ပါတဲ့ (မှန်လှပါ ဘုရား)၊ မယုံရင် ရှုကြည့်ပါတဲ့ ဆွေးလုံးမလာရပါဘူး၊ လာပါ့မလား (မလာပါဘူး ဘုရား)။

ခဏနိဗ္ဗာန်

ဒါ ခဏနိဗ္ဗာန်နော် (မှန်လှပါ ဘုရား)၊ တကယ် ရောက်တဲ့ နိဗ္ဗာန်ကိုလည်း ဟောဦးမှာပဲ၊ ဒါက ဒိဋ္ဌဓမ္မနိဗ္ဗာန်ကို ဟောတာ (မှန်လှပါ ဘုရား)။

ဒိဋ္ဌဓမ္မနိဗ္ဗာန်ကိုဟောတော့ တွေးလုံးတွေကို ရှုလိုက်လို့ ရှိရင်ဖြင့် တွေးလုံးကိုသာ ဖြစ်ပျက် မြင်ခဲ့သော် ဒကာ ဒကာမတို့ ဆွေးလုံး လုံးဝမလာစေဘူး (မှန်လှပါ ဘုရား)၊ လာနိုင် မလား (မလာနိုင်ပါဘူး ဘုရား)။

နေစမ်းပါဦး၊ တွေးပါရစေဦး၊ ဘာဖြစ်လို့တုံး ဆွေးချင်သေးလို့ဟုတ်လား၊ မရှုပ်ကြစမ်းပါနဲ့၊ ကျုပ်စိတ်ကူးနဲ့ ကျုပ်နေစမ်းပါရစေ၊ ဒီကျအောင် သွားချင်တာ၊ ပစ်လှဲချင်တဲ့ အခြေအနေရအောင် သဘောကျပြီလား (ကျပါပြီ ဘုရား)။

အဲ့ဒီလောက် အရုပ်ဆိုးလာတော့လည်း ဒီမင်းသား ငှားလို့တော့ အပိုပဲ၊ မဟုတ်ဘူးလား၊ ဘယ်သူမှ ပွဲကြည့်လို့ ကောင်းမှာ မဟုတ်ပါဘူး၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ တွေးလုံးကို ခင်ဗျားတို့သည် တွေးလုံးရယ်လို့ မယူနဲ့ ဒီဥစ္စာ ဓမ္မတစ်ခုပဲ ဆိုပြီး ဒုက္ခဓမ္မတစ်ခုပဲလို့ တွေးချလိုက် (မှန်လှပါ ဘုရား)၊ ဖြစ်ဒုက္ခ ပျက်ဒုက္ခလို့သာ ဒါနဲ့ရှုကြည့်လိုက်ပါ။

ဖြစ်ဒုက္ခပျက်ဒုက္ခလို့ရှု

ရှုကြည့်ရင် ဘယ်သူချုပ်သွားမယ်ထင်ကြသတုံး တွေးလုံးတို့၊ ဆွေးလုံးတို့ ဘယ့်နှယ့် နေကြသတုံး (ချုပ်သွား ပါတယ် ဘုရား)၊ ဆွေးလုံးတို့၊ ပူလုံးတို့၊ ငိုလုံးတို့၊ ခန္ဓာကိုယ် ပစ်လှဲတဲ့ ဥပါယာသ အလုံးတို့ ဘယ့်နှယ်နေသတုံး (ချုပ်ပါတယ် ဘုရား)။

ဘာဖြစ်လို့ ချုပ်ရသတုံး၊ မဂ်ဉာဏ်ဝင်လာလို့၊ သဘော စီ ကျပြီလား (ကျပါပြီ ဘုရား)။

ဒါဖြင့် မဂ်ဉာဏ်သည် “ဟဒယသုသီတလ မဂ္ဂဒဿနေန”တဲ့ နှလုံးကို အေးစေတာဖြင့် မဂ်ပဲရှိတယ် (မှန်လှပါ ဘုရား)၊ ဒကာ ဒကာမတွေ နှလုံးကိုအေးစေတာက (မဂ်ပဲ ရှိပါတယ် ဘုရား)။

သူကတော့ ချုပ်သွားလို့ ရှိသေးရဲ့လား (မရှိပါဘူး ဘုရား)၊ ခုဟဒယဝတ္ထု နှလုံးသွေးပေါ်မှာ ဒါပဲရှိတော့တယ် (မှန်လှပါ ဘုရား)၊ သူပဲရှိတယ် (မှန်လှပါ ဘုရား)။

ဒါဖြင့် နှလုံးကို အေးစေတာ ဘယ်သူတုံး (မဂ် ပါ ဘုရား)၊ ကျေနပ်ပြီလား (ကျေနပ်ပါပြီ ဘုရား)။

ငြုပ်သီးပိုးလိုဖြစ်နေတယ်

ဒါဖြင့် ဒကာ ဒကာမတို့ နှလုံးကိုအေးစေတဲ့ မဂ်ကို ခင်ဗျားတို့ကိုပေးတာပဲ၊ ခင်ဗျားတို့က ငြုပ်သီးပိုးဖြစ်နေတယ် မပြောတတ်ဘူး၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ငြုပ်သီးပိုးဖြစ်လို့ရှိရင်တော့ တွေးပြီး ဆွေးပါရစေဦး မဟုတ်ဘူးလား၊ အစဉ်အတိုင်း သွားပါရစေဦး၊ အစဉ်အတိုင်း ဆိုတော့၊ ဒီဘက်သွားတော့ “ဒယ်အိုး” ကျန်တော့တယ်၊ သဘော ကျပြီလား (ကျပါပြီ ဘုရား)။

အစဉ်အတိုင်း သွားလို့ကော တော်ပါ့မလား (မတော်ပါဘူး ဘုရား)၊ ဒါဖြင့် ဒကာ ဒကာမတို့ တွေးလုံးပေါ်ရင် ဘာလုပ် ရမတုံး ဖြစ်ပျက်ရှုပါ။

တွေးစရာတွေဟာ အခုပေါ်လာတာလည်း ဖြစ်ဒုက္ခ၊ ပျက်သွားတာလဲ (ပျက်ဒုက္ခပါ ဘုရား)၊ ပျက်ဒုက္ခပဲလို့ နောက်ကရှုလိုက်တဲ့ အခါကျလို့ရှိရင်ဖြင့် လုံးနောက်က ဆွေးလုံးချုပ်တယ် (မှန်လှပါ ဘုရား)၊ ပူလုံးကော (ချုပ်ပါတယ် ဘုရား)၊ ငိုလိုကော (ချုပ်ပါတယ် ဘုရား)။

အခါမလင့်အကျိုးပေးတယ်

ခန္ဓာပစ်လှဲတဲ့အလုံးကော (ချုပ်ပါတယ် ဘုရား)။ အကုန်ချုပ်တယ် ဆိုတော့ ဒကာ ဒကာမတို့ ချက်ချင်းကို အကာလိကော အခါမလင့် အကျိုးပေးတယ် (မှန်လှပါ ဘုရား)၊ ဦးဘအုန်း ဘယ်နှယ့်တုံး (အခါမလင့်အကျိုးပေး ပါတယ် ဘုရား)။

အခါမလင့် အကျိုးပေးတော့ ဘယ်နှယ့်ကြောင့် အကျိုး ပေးသတုံးလို့ဆိုတော့ ဒကာ ဒကာမတို့ ဒိဋ္ဌိသုံးပါး ပြုတ်ပြီး သကာလ ရှုလိုက်တာကိုး (မှန်လှပါ ဘုရား)။

သဿတဒိဋ္ဌိပြုတ်တယ်

ရှေ့ဓမ္မမှာ ဓမ္မသာလို့ ဦးခင်မောင်သိပြီလား (မှန်လှပါ ဘုရား)၊ ဓမ္မဟာလည်း မခိုင်တာလည်း မသိလိုက်ဘူးလား (သိလိုက်ပါတယ် ဘုရား)၊ မခိုင်တာလည်း သိလိုက်တဲ့ အတွက် သဿတကော မပြုတ်သေးဘူးလား (ပြုတ်ပါ တယ် ဘုရား)။

ဓမ္မလို့ သိတုန်းက သက္ကာယဒိဋ္ဌိပြုတ်ပါတယ် (မှန်လှပါ ဘုရား)၊ မခိုင်တာသိလိုက်ပြန်တော့ (သဿတဒိဋ္ဌိ ပြုတ်ပါတယ် ဘုရား)။

ဥစ္ဆေဒဒိဋ္ဌိပြုတ်တယ်

အင်း ဒီမရှုဘဲထားရင် ဆွေးလုံးလာလိမ့်မယ် ဆိုတာ ခင်ဗျားတို့ကော မသိဘူးလားတဲ့ (သိပါတယ် ဘုရား)၊ အင်း သိရင် ဥစ္ဆေဒဒိဋ္ဌိပြုတ်ပြန်ပြီ (မှန်လှပါ ဘုရား)၊ မရှုဘဲထားရင် ဘာလာမယ် (ဆွေးလုံးလာမှာ ပါ ဘုရား)။

ဆွေးလုံးလာမှန်းသိကတည်းကိုက ဒကာ ဒကာမတို့ အင်း ဒီဥစ္စာ အကြောင်းအကျိုး ဆက်တော့မှာပဲ ဆိုပြီး သကာလ ဆွေးလုံးတည်းဟူသော အဆက် သူဆက်တော့မှာပဲ ဆိုတာသိတော့ ဥစ္ဆေဒဒိဋ္ဌိ ဆိုတာပြတ်တယ်လို့ ယူတာယူဖြစ်သေးရဲ့လား (မယူဖြစ်ပါဘူး ဘုရား)။

ဒါဖြင့် မဂ်သည်ကားလို့ဆိုရင်ဖြင့် ဒကာ ဒကာမတို့ သဿတဒိဋ္ဌိလမ်းကိုလည်း သူမလိုက်ဘူး (မှန်လှပါ ဘုရား)။ ဥစ္ဆေဒလမ်းကိုကော (မလိုက်ပါဘူး ဘုရား)။

မဂ္ဂင်ဆိုတာအလယ်လမ်း

အင်း ဒါဖြင့် ခိုင်မြဲတယ်လို့လည်း သူမယူဘူး၊ ပြတ်တယ်လို့လည်း သူယူရဲ့လား (မယူပါဘူး ဘုရား)၊ မဂ္ဂင် ဆိုတာက ခိုင်တဲ့လမ်း၊ ပြတ်တဲ့လမ်းဆိုတော့ သဿတဒိဋ္ဌိ၊ ဥစ္ဆေဒ ဒိဋ္ဌိ၏ အလယ်က သွားတယ် (မှန်လှပါ ဘုရား)၊ သဘောကျ ပြီလား (ကျပါပြီ ဘုရား)။

ဘယ်လမ်းက သွားသတုံး (သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိ တို့၏အလယ်ကသွားပါတယ် ဘုရား)၊ သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိ တို့၏ အလယ်မှာ သွားတယ်ဆိုတာ သေချာပြီလား (သေချာ ပါပြီ ဘုရား)။

အင်း သဿတကော ယူသေးရဲ့ လား၊ (မယူပါဘူး ဘုရား)၊ ဖြစ်ပျက်မြင်ကတည်းက သဿတ မယူတော့ ဘူး (မှန်လှပါ ဘုရား)၊ ယူရင်တွေးလုံးနောက်က ဆွေးလုံး လိုက်မယ်ဆိုတာ သူမသိဘူးလား (သိပါတယ် ဘုရား)။

သိကတည်းကိုက သေရင်ပြတ်တယ်ဆိုတဲ့ ဥစ္ဆေဒအယူ ကော (မယူပါဘူး ဘုရား)၊ မယူတော့ ဒီရှုတဲ့မဂ်ကလေး သည် ဒကာ ဒကာမတို့ သဿတဘက်လည်း မစောင်းပါဘူး၊ ဥစ္ဆေဒဘက်ကော (မစောင်းပါဘူး ဘုရား)။

အလယ်လမ်းကသွားမှနိဗ္ဗာန်

ဘယ်ကနေပြီး သူရှုနေပါလိမ့် (အလယ်ကနေပြီး ရှုနေတာပါ ဘုရား)။ ဒါဖြင့် ဒကာ ဒကာမတို့ အလယ်လမ်းကနေ ပြီး သွားမှသာလျှင် နိဗ္ဗာန်ရောက်မယ် (မှန်လှပါ ဘုရား)။

ဘေးလမ်း၊ သဿတဒိဋ္ဌိလမ်းကသွားရင်လည်း အပါယ် ရောက်မယ်၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဥစ္ဆေဒဒိဋ္ဌိလမ်းကသွားရင်ကော (အပါယ်ရောက် မှာပါ ဘုရား)၊ အလယ်လမ်းကသွားရင် (မရောက်ပါဘူး ဘုရား)၊ နိဗ္ဗာန်ရောက်မယ်ဆိုတော့ နိဗ္ဗာန်ဘာတုံးဆိုတော့ ရှုကြည့်တဲ့ ဆွေးလုံးက အကုန်ချုပ်တယ် (မှန်လှပါ ဘုရား)။

သောကပရိဒေဝ ဒုက္ခဒေါမနဿ ချုပ်တာဘာခေါ် ကြမတုံး (နိဗ္ဗာန်ပါ ဘုရား)၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

သောကပရိဒေဝါနံ သမတိက္ကမာယ၊ မလာဘူးလား (လာပါတယ် ဘုရား)၊ ဒုက္ခ ဒေါမနဿနံ အတ္ထင်္ဂမာယ မလာဘူးလား (လာပါတယ် ဘုရား)၊ သတိပဋ္ဌာန် ပါဠိတော် (မှန်လှပါ ဘုရား)၊ ဒီပါဠိတော်နဲ့ ကိုက် မကိုက် စဉ်းစားစမ်း (ကိုက်ပါတယ် ဘုရား)။

ဒါဖြင့် သောကပရိဒေဝ ချုပ်တာလည်း မဂ္ဂင်ပဲ (မှန် လှပါ ဘုရား)၊ ဒုက္ခ ဒေါမနဿ ချုပ်တာကော (မဂ္ဂင်ပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ သောကပရိဒေဝ ဒုက္ခဒေါမနဿ ချုပ်အောင်လုပ်တာ ဘယ်သူတုံး ဆိုရင် အလယ်လမ်းက မဂ္ဂင် (မှန်လှပါ ဘုရား)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဘယ်သူပါလိမ့် (အလယ်လမ်းက မဂ္ဂင်ပါ ဘုရား)။ အင်း သဿတဒိဋ္ဌိလည်း သူယူသေးရဲ့ လား (မယူပါ ဘူး ဘုရား)၊ ဥစ္ဆေဒဒိဋ္ဌိကော ယူသေးရဲ့လား (မယူပါဘူး ဘုရား)။

သစ္စာသာရှိတယ်

အင်း ဖြစ်တာနဲ့ ပျက်တာရှိတယ်လို့ ယူလိုက်တယ် (မှန်လှပါ ဘုရား)၊ ဘယ်လိုယူလိုက်ပါလိမ့် (ဖြစ်တာနဲ့ ပျက်တာရှိပါတယ် ဘုရား)၊ အင်း ဖြစ်တာလည်း ဒုက္ခ၊ ပျက်တာလည်း ဒုက္ခပဲဆိုပြီး သစ္စာသာ ရှိတယ်ဆိုတာ ယူလိုက် တယ်။

ဒါဖြင့် သစ္စာသာရှိတယ်၊ ဖြစ်တဲ့ ဒုက္ခသစ္စာ၊ ပျက်တဲ့ ဒုက္ခသစ္စာ ဤသစ္စာနှစ်ခုမှတစ်ပါး ဘာမှ မရှိဘူးလို့ သူယူလိုက်တယ် (မှန်လှပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ခိုင်မြဲတဲ့ သုခလို့ကော ပါရဲ့လား (မပါပါဘူး ဘုရား)၊ ပျက်ပြီး သကာလ နောက်ထပ်ဘာမှ မလာဘူးဆိုတာကော ယူသေးရဲ့လား (မယူပါဘူး ဘုရား)။

တစ်ကြောင်းတည်းနဲ့ နိဗ္ဗာန်ရောက်တယ်

ဒါဖြင့် ဒကာ ဒကာမတို့ ဒါဘယ်လမ်းလို့ ခေါ်ကြမတုံး (အလယ်လမ်းပါ ဘုရား)၊ အလယ်လမ်းဆို တော့ ‘‘ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ၊’’ ဘိက္ခဝေ – ရဟန်းတို့၊ အယံ မဂ္ဂါ – ဤမဂ်သည်၊ ဧကာယနော – တစ်ကြောင်းတည်းနဲ့ နိဗ္ဗာန်ရောက်၏။

ဘယ်နှယ့်ကြောင့် ရောက်သတုံးဆိုတော့ ‘‘သောကပရိဒေဝါနံ သမတိက္ကမာယ’’ တဲ့ ဟော ပူလုံး၊ ငိုလုံးတွေ ချုပ်တယ်ကွတဲ့ (မှန်လှပါ ဘုရား)၊ သဘောကျပြီလား။

ဒီဘက်က ဒုက္ခဒေါမနဿ မြေပစ်လှဲတာတွေကော (မလာပါဘူး ဘုရား)၊ အကုန်ချုပ်တယ်လို့ ဆိုတော့ ဒါ အလယ်လမ်းလိုက်မိလို့ ချုပ်တာ (မှန်လှပါ ဘုရား)၊ အလယ်လမ်း မလိုက်မိလို့ရှိရင် (မချုပ်ပါဘူး ဘုရား)။

ကဲ ဒါဖြင့် ခင်ဗျား သူများပြောလား၊ လက်တွေ့ လား (လက်တွေ့ ပါ ဘုရား)၊ လက်တွေ့ဖြင့် ဒကာ ဒကာမတို့ ရှင်ဆန္န နိဗ္ဗာန်ရောက်သင့် မရောက်သင့် (ရောက်သင့်ပါတယ် ဘုရား)။

ဘာပြုလို့တုံးဆိုတော့ သဿတဒိဋ္ဌိကော ပြုတ်ပြီလား (ပြုတ်ပါပြီ ဘုရား)၊ သက္ကာယဒိဋ္ဌိကော (ပြုတ်ပါပြီ ဘုရား)။

အဲဒီလို ပြုတ်ပြီး သကာလ မှ သူ ရှုလိုက်တော့ကို ရှင်အာနန္ဒာက ကဲ ဘယ့်နှယ်တုံးကွ ဆိုတော့ အရှင်ဘုရား တည်းဟူသော သူတော်ကောင်းနဲ့ တပည့်တော်ဟာ အလုပ်စဉ် နားမလည်ဘဲနဲ့ ရမ်းလုပ်နေတဲ့ အတွက် သက္ကာယဒိဋ္ဌိ မဖြုတ်ဘဲနဲ့ ဖြစ်ပျက်ရှု နေတယ်။

ရဟန္တာဖြစ်ပါပြီ

ပဋိစ္စသမုပ္ပါဒ်နားမလည်ဘဲနဲ့ ဖြစ်ပျက်ရှုနေတော့ တပည့်တော်နှစ်ပေါင်း (၄၀) အလကား ဖြစ်တာပေါ့၊ အရှင်ဘုရား သနားလို့ ယခုတော့ဖြင့် ရဟန္တာဖြစ်ပါပြီလို့ သူတာဝန်ခံတယ် (မှန်လှပါ ဘုရား)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)၊ အင်မတန် အဖိုးမတန်သေးဘူးလား (တန်ပါတယ် ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။