250

ပါရမီရှိ မရှိ ရွေးမနေပါနဲ့

အသံဖိုင်ခေါင်းစဉ်= တရားဟောပုဂ္ဂိုလ်နှင့် တရားနာပုဂ္ဂိုလ်တို့ လိုက်နာရမည့်ကျင့်စဉ်

စာအုပ်ခေါင်းစဉ်= ပါရမီရှိ မရှိ ရွေးမနေပါနဲ့

အသံမ​ကြည်ပါ။

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

မန္တလေးမြို့၌ ဟောကြားတော်မူသောတရားတော်

ပါရမီရှိ မရှိ ရွေးမနေပါနဲ့

(၂၀-၃-၅၉)

ဒကာ ဒကာမတွေကို တရားဟောတဲ့အခါမှာလည်း တရားဟောတဲ့ ဘုန်းကြီးက ဒကာ ဒကာမတွေ သန္တာန်မှာ ယခုဖြစ်နေတဲ့ ဖြစ်စဉ်ကို ဟောရမယ်၊ တရားဟောတဲ့ ဆရာတော် ဘုရားက အလုံးစုံအကုန် ယခု ဒကာ ဒကာမတွေ သန္တာန်၌ ယခုဖြစ်နေတဲ့ ဖြစ်စဉ်ကို ဟောရမယ်၊

(၁) နံပါတ်တရားက ဘယ်လိုဟောရမှာတုံးလို့ မေးလို့ရှိရင်ဖြင့် ယခု ဒကာ ဒကာမတွေ သန္တာန်၌ ဖြစ်နေတဲ့ ပဋိစ္စသမုပ္ပါဒ်အတိုင်း ဖြစ်နေတဲ့ ယခုပေါ်ဆဲ ဝိညာဏ် အစရှိသည်ဖြင့် စက္ခုဝိညာဏ် ဖြစ်လာတယ်၊ ဖဿဖြစ်လာတယ်၊ ဝေဒနာဖြစ်လာတယ်၊ တဏှာ ဖြစ်လာတယ်၊ ကံဖြစ်လာတယ်၊ အဲ့ဒီဖြစ်စဉ်တွေကို ကြည့်ပြီး ဒကာ ဒကာမတွေ ဟောရမယ် (တင်ပါ ဘုရား)။

လက်ရှိဖြစ်စဉ်ကြည့်ဟောရမယ်

ဦးခင်မောင်ရေ လက်ရှိဖြစ်စဉ်ကြည့်ဟောရမယ် (မှန်လှပါ ဘုရား)၊ ဦးဘတင် ဘာကြည့် ဟောရမတုံး (လက်ရှိ ဖြစ်စဉ် ကြည့်ဟောရမှာပါ ဘုရား)။

ကောင်းပြီ၊ အဲ့ဒီလိုလက်ရှိဖြစ်စဉ်ကို ဒကာ ဒကာမတွေ ကလည်း ကိုယ့်သန္တာန်ဖြစ်စဉ်ကို ကြည့်ထားရမယ် (မှန်လှ ပါ ဘုရား)၊ ကြည့်ပြီး ဒကာ ဒကာမတွေက လက်ရှိဖြစ်စဉ် ဟောတဲ့ ဆရာတော် သမားတော်တွေက ဟောတဲ့အခါမှာ အဲ့ဒီ လက်ရှိ ဖြစ်စဉ်ကို မုန်းအောင် ဟောနိုင်ဖို့ မလိုချင်အောင် ဟောနိုင်ဖို့၊ ဆုံးအောင်ဟောနိုင်မှ ဓမ္မကထိက၊ ဖြစ်တယ်။

လက်ရှိဖြစ်စဉ်ကို မုန်းအောင် ဟောနိုင်ဖို့ အရေးကြီး တယ်နော် (မှန်လှပါ ဘုရား)၊ မုန်းအောင် ဟောနိုင်ဖို့ မလိုချင်အောင် ဟောနိုင်ဖို့၊ ဆုံးအောင် ဟောနိုင်ဖို့ ဤသုံးချက်ပေါ့ဗျာ (မှန်လှပါ ဘုရား)။

မုန်းအောင်၊ မလိုချင်အောင်၊ ချုပ်အောင် ဒီလိုဟောလို့ ဒကာ ဒကာမတွေ သန္တာန် ကိုယ့်ဖြစ်နေတဲ့ တရားတစ်ခုခုကို မုန်းအောင်၊ မလိုချင်အောင် ချုပ်အောင်ဟောနိုင်တဲ့ ဓမ္မကထိက မှတဲ့ ဒါ တရားဟောတဲ့ ပုဂ္ဂိုလ်လို့ဆိုပါ (တင်ပါ ဘုရား)။

ဒကာ ဒကာမတွေ သန္တာန်၌ ယခု ပစ္စုပ္ပန် ပဋိစ္စသမုပ္ပါဒ် ပေါ့ဗျာ သဘောကျပလား (ကျပါပြီ ဘုရား)၊ မရှိတာ ဟောနေလို့ လည်း အလကားဖြစ်နေမှာကို အခုဖြစ်နေတဲ့ ဒကာ ဒကာမ တွေက တရားနာတဲ့ စိတ်ဖြစ်တယ်လို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ဒီလိုဟောနိုင်မှ ဓမ္မကထိက

တရားနာတဲ့ စိတ်ကလေးဖြစ်နေတယ် အဲ့ဒီစိတ်ကလေး ကိုပဲ တရားနာတဲ့ စိတ်နောက်က နေပြီး သကာလ ဖဿဝေဒနာ တွေ လိုက်မယ် ဒီနောက်က နေပြီး သကာလ ကုသိုလ်တွေလည်း လိုက်မှာပဲ အဲ့ဒီ ကိုယ့်သန္တာန် ဖြစ်ပေါ်နေတဲ့ အစစိတ်ကစပြီး တစ်ခုခုကို မုန်းအောင် မလိုချင်အောင် ဆုံးအောင် ဒီလိုဟော နိုင်တဲ့ ပုဂ္ဂိုလ်မှ ဘုရားက ဓမ္မကထိကလို့ မှတ်ပါ။ ဓမ္မကထိက ဆိုတာ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ခင်ဗျားတို့ သန္တာန်ပေါ်နေတဲ့ စိတ်တစ်လုံးကို ပဋိစ္စ သမုပ္ပါဒ်တစ်ခုကို မုန်းအောင် မလိုချင်အောင် ဆုံးအောင် ဟောနိုင်တဲ့ ပုဂ္ဂိုလ်မှ ဓမ္မကထိက (တင်ပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒကာ ဒကာမတွေ သန္တာန်မှာ တရားလေးတစ်ခု ပေါ်လာတယ် ဒါက လက်ရှိတရားလေး (မှန်လှပါ)။

ဟောမည့် ပုဂ္ဂိုလ်က ဘယ်သတ္တိနဲ့ ပြည့်စုံရမလဲလို့ မေးလို့ရှိရင် ဒီတရား လေးတစ်ခုကို မုန်းအောင် မလိုချင်အောင် ဆုံးအောင် ဒီလို ဟောတဲ့ ပုဂ္ဂိုလ်ကို ဘာဆိုကြမတုံး (ဓမ္မကထိက ပါ ဘုရား)။

ကောင်းပြီ ဒါ – ဘုန်းကြီးဘက်က အင်္ဂါပေါ့ဗျာ၊ ဘုန်းကြီးကဖြင့် ဒီအတိုင်းကို ပြောမှ ဓမ္မကထိက အစစ်ဖြစ်မယ် (မှန်လှပါ ဘုရား)၊ ဦးခင်မောင်ရေ ဘယ်နှချက်ပါလိမ့် (သုံးချက်ပါ ဘုရား)။

ခင်ဗျားတို့ သန္တာန်ပေါ်နေတဲ့ တရားလေး တစ်ခုကို ဘာလုပ်ရမယ် (မုန်းအောင် မလိုချင်အောင် ဆုံးအောင်

ဟောရမှာပါ ဘုရား)၊ ဟောနိုင်မှသာလျှင် ဓမ္မကထိက အစစ်လို့။ ဒကာ ဒကာမတွေက မှတ်ကြ သဘောကျပလား (ကျပါပြီ ဘုရား)။

တရားနာမယ်ဆိုရင် မဟာပါနဲ့ ကျင့်မယ်ဆိုရင်ဟောပါ

ဒကာ ဒကာမတွေကလည်း တရားနာမယ်လို့ ဆိုရင် မဟောနဲ့ ကျင့်မယ်လို့ဆိုရင်ဟောပါ၊ ဒကာ ဒကာမတွေကလည်း ကျင့်ချင်လို့နာတဲ့ တရားမျိုးမှ သူ့ဟာက ဟောရမှာ (မှန်လှပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘယ်လို တရားမျိုးပါလိမ့် (ကျင့်ချင်လို့နာတဲ့ တရားမျိုး ဟောရမှာ ဘုရား)၊ နာကောင်းလို့ နာတဲ့တရား မလာခဲ့နဲ့ ဘုရား အလိုကျကနော် (မှန်လှ ဘုရား)၊ ကျင့်ချင်လို့ နာတဲ့တရားလို့ ခင်ဗျားတို့ စိတ်ထဲကလည်း မှတ်ရမယ် (မှန်လှပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ဘယ်လိုလုပ်နာကြရမတုံး (ကျင့်ချင်လို့ နာရမှာပါ ဘုရား)၊ အခုချက်ချင်း ကျင့်ကျင့်၊ အခုဖြင့် မှတ်နေဦးမယ် နောက်မှ ကျင့်မယ်လို့ ရည်ရွယ်ချက်ရှိရှိ ဒါ ကျင့်ချင်လို့ နာတဲ့ တရားဖြစ်တာပဲ (မှန်လှပါ ဘုရား)။

အဲဒီ ကျင့်တဲ့အခါမှာလည်းတဲ့ ဒကာ ဒကာမတို့ ကျင့်ချင်လို့ နာတဲ့တရားမှာလည်း ကျင့်တဲ့ အခါမှာ ခင်ဗျားတို့ သန္တာန်ဖြစ်တဲ့ တရားလေးတစ်ခုတည်း ပဋိစ္စသမုပ္ပါဒ်တည်းက ပဋိစ္စသမုပ္ပါဒ် (၁၂) ပါးရှိတယ် အဲဒီတစ်ခုတည်းကို ဒကာ ဒကာမတွေ ကျင့်တဲ့အခါကျတော့ ဘယ်လိုကျင့်ရမတုံးလို့ မေးလို့ ရှိရင်ဖြင့် ဒီတရားလေး တစ်ခုကိုပင်လျှင် မုန်းအောင် ဟုတ်လား မလိုချင်အောင် ဆုံးအောင် ဒီလိုကျင့်လို့ရှိရင်ဖြင့်တဲ့ အဲဒါ ဒကာ ဒကာမတွေဘက်ကလည်း အကျင့်မှန်ပဲ (မှန်ပါ ဘုရား)။

အကျင့်မှန်လို့မှတ်

ဒကာ ဒကာမတွေ အကျင့်မှန်ကလည်း တရားလေး တစ်ခု လက်ကိုင်ထားပါ ဦးခင်မောင်ရ (မှန်လှပါ ဘုရား)။ အဲဒါလေးကို မုန်းအောင်ကျင့် မလိုချင်အောင်ကျင့် ဆုံးအောင် ကျင့်ခဲ့သော် ကျင့်တဲ့လူဘက်ကလည်း အကျင့်မှန်လို့ မှတ်ပါ (မှန်လှပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

တရားတစ်ခုတည်းနော် (မှန်လှပါ ဘုရား)၊ များများ မကိုင်ရဘူး ဒကာ ဒကာမတို့ အနိစ္စ တစ်ချက်၊ ဒုက္ခတစ်ချက် စိတ်မနေရဘူး၊ အနတ္တတစ်ချက် စိတ်မနေရဘူး၊ မရဏနုဿတိ လည်း စိတ်နေဖို့ မလိုပါဘူး၊ တစ်ခုခုကို မြဲပြီးလုပ်ရမှာ အကျင့် စခန်းဆိုတာက ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် အဲဒီလိုဟောတဲ့ ပုဂ္ဂိုလ်ကလည်း ဒီတရားကို မုန်းအောင် မလိုချင်အောင် ဆုံးအောင် ဟောရမယ် ကျင့်တဲ့ပုဂ္ဂိုလ်ကလည်း တရားလေးတစ်လုံးကို မုန်းအောင် မလိုချင်အောင် ဆုံးအောင် ကျင့်လိုက် အဲဒီလို ကျင့်လို့ရှိရင် ဒီပုဂ္ဂိုလ်ကိုတဲ့ ငါဘုရားက ဟောတဲ့ ပုဂ္ဂိုလ်နဲ့ နာတဲ့ပုဂ္ဂိုလ်နဲ့ အလွန်ညီညွတ်တယ်။

ဒီဘဝနိဗ္ဗာန်ရမည့်ပုဂ္ဂိုလ်

ထိုကဲ့သို့ ညီညွတ်သည်ဖြစ်လေ သောကြောင့် ဒိဋ္ဌဓမ္မနိဗ္ဗာန ပုဂ္ဂိုလ်ဖြစ်ရမယ်ကွတဲ့ ယခုဘဝ နိဗ္ဗာန်ရမည့်ပုဂ္ဂိုလ် ဖြစ်ရမယ်တဲ့ (မှန်ပါ ဘုရား)၊ ဒီလိုညီညွတ်ကြလို့ရှိရင် ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဦးခင်မောင် ဒါကလည်း သူ့နေရာနဲ့သူ အရေး ကြီးတယ်ပေါ့ဗျာ (မှန်လှပါ ဘုရား)၊ မကြီးဘူးလားကဲ (ကြီးပါတယ် ဘုရား) ဟောတဲ့ပုဂ္ဂိုလ်ကလည်း တစ်လုံးကို ဘယ်လိုဟောနိုင်ရမတုံး (မုန်းအောင်၊ မလိုချင်အောင်၊ ဆုံးအောင် ဟောရမှာပါ ဘုရား)။

ကျင့်တဲ့ပုဂ္ဂိုလ်ကလည်း ကိုယ်ရထားတဲ့ တရားလေး တစ်လုံးကို ဘယ်လိုကျင့်ရမတုံး (မုန်းအောင်၊ မလိုချင်အောင်၊ ဆုံးအောင်ကျင့်ရမှာပါ ဘုရား)၊ ဆုံးအောင်ကျင့်ရမယ် သူကလည်း ဟုတ်လား။

အဲဒီကဲ့သို့ ဆရာဒကာ ညီညွတ်ကြပြီဆိုမှဖြင့် ဘုရားက ဘယ်လိုဆုံးဖြတ်ချက်ချတုံး၊ ဒိဌဓမ္မနိဗ္ဗာန် ရမည့်ပုဂ္ဂိုလ်လို့ ဘုရားက ဆုံးဖြတ်ချက်ချလိုက်တယ်၊ ဘာမှ တိဟိတ်၊ ဒွိဟိတ်ရွေးမနေနဲ့ (မှန်လှပါ ဘုရား)။

ပါရမီရှိမရှိ၊ ရွေးမနေနဲ့

တိဟိတ်၊ ဒွိဟိတ်ရွေးမနေနဲ့၊ ငါ့ ပါရမီရှိမရှိ ရွေးမနေနဲ့တဲ့ ဒါ သံယုတ်ပါဠိတော်လို့ မှတ်ရမယ်၊ သံယုတ်ပါဠိတော်လို့ မှတ်ရမယ် ပါရမီတွေဘာတွေ ဒကာ ဒကာမတွေ ချေးထူမနေ ပါနဲ့၊ သူများ ပြောသံ ကြားတွေနဲ့ လမ်းဆုံးမနေပါနဲ့ သဘောကျ ပလား (ကျပါပြီ ဘုရား)။

ဘုန်းကြီးဘက်က အင်္ဂါက သုံးပါးပေါ့ဗျာ၊ ခင်ဗျားတို့ ဘက်ကလည်း (သုံးပါးပါ ဘုရား)၊ သုံးပါးတဲ့၊ အဲဒီသုံးပါးစီ ညီလို့ရှိရင် ဘုရားက အဟောဆရာနဲ့ အနာအကျင့်ဆရာ၊ အဟောဆရာ နဲ့ အကျင့်တပည့် ညီညွတ်ပြီ ဆိုမှဖြင့် ဒကာ ဒကာမတို့ ဒီဘဝနိဗ္ဗာန်ရမည့် ပုဂ္ဂိုလ်လို့ ငါဘုရားက ဆုံးဖြတ်ချက် ချလိုက်တယ် (မှန်လှပါ ဘုရား)။

ပါရမီ ပါသေးလား (မပါပါဘူး ဘုရား)၊ မပါတော့ ဘူး ဦးဘတင် သေချာနေပြီ (သေချာပါတယ် ဘုရား)၊ ဦးဘအုန်းတို့ သေချာတာကို ခင်ဗျားတို့က ဟုတ်မှ ဟုတ်ပါ့ မလားတော့ မထည့်နဲ့ (မှန်လှပါ ဘုရား)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ဟုတ်မှဟုတ်ပါ့မလားဆိုတာ

အင်း ဒီ ဒကာ ဒကာမတွေက သေချာနေတာတောင် မှ ဘယ်နဲ့တုံး (ဟုတ်မှဟုတ်ပါ့မလား ဖြစ်နေပါတယ် ဘုရား)၊ အဲဒါ ဟုတ်မှဟုတ်ပါ့မလားဆိုတဲ့ဥစ္စာ ဝိစိကိစ္ဆာ လို့ခေါ်တယ် (မှန်လှပါ ဘုရား)၊ ဟုတ်မှဟုတ်ပါ့မလားဆိုတာ ဘာပါလိမ့် (ဝိစိကိစ္ဆာပါ ဘုရား)။

အဲဒီဝိစိကိစ္ဆာက ဘာလုပ်တတ်သတုံးလို့ မေးလို့ရှိရင် သွားမည့်လမ်း ကန့်ကွက်တယ် (မှန်လှပါ ဘုရား)၊ ရောက် မည့်လမ်းကို (ကန့်ကွက်ပါတယ် ဘုရား)။

ဒါဖြင့် ဟုတ်မှဟုတ်ပါ့မလားလေးကို ယောင်ပြီး မထည့် လိုက်နဲ့ (မှန်လှပါ ဘုရား)၊ ထည့်လိုက်လို့ ရှိရင်ဖြင့် ကိုယ်ရ မည့်လမ်း၊ ကိုယ့်ဒုက္ခ ကျွတ်လွတ်မည့်လမ်းကို ကိုယ်စားလိုက်တာပဲ (မှန်လှပါ ဘုရား)။

ဒါဖြင့် ဆရာ့ဘက်က အင်္ဂါသုံးပါး (မှန်လှပါ ဘုရား)၊ တပည့်တွေဘက်က (အင်္ဂါသုံးပါးပါ ဘုရား)၊ ဤသုံးပါး ညီညွတ်ကြလို့ရှိရင်ဖြင့် ဒီဘဝ နိဗ္ဗာန်ရမည့်ပုဂ္ဂိုလ်လို့၊ ဒိဋ္ဌဓမ္မ နိဗ္ဗာန ပုဂ္ဂိုလ် ဖြစ်ရမယ်လို့ ငါဘုရားက ဟောတယ်လို့ဆိုတော့ ဘုန်းကြီးက ဟောရှာသားပဲ လုပ်မနေနဲ့ ခင်ဗျားတို့ ဘုန်းကြီးက ဟောရှာသားပဲ လုပ်နေလို့ရှိရင် ခင်ဗျားတို့ ဆင်ခြေလဲမလို့ ဆိုတဲ့အသံ သေချာတယ် (မှန်ပါ ဘုရား) ဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။

ဝိစိကိစ္ဆာဘက် မလှည့်ပါနဲ့

ဘုန်းကြီးက ဟောရှာသားပဲဆိုရင် ဒီစကားက ကွေ့ထွက်မည့်စကားချည်းပဲ ဟုတ်ဘူးလား (မှန်လှပါ ဘုရား)၊ ဘယ်သွားမလို့တုံး၊ အင်း ကွေ့မထွက်နဲ့ ဒီဥစ္စာ၊ ဘုန်းကြီးက ဟောရှာသားပဲဆိုရင် သူ ဝိစိကိစ္ဆာပါလာပြီ (ပါ ပါပြီ ဘုရား) ဝိစိကိစ္ဆာသုံးတော့မလို့ (မှန်လှပါ ဘုရား)။

ကိုယ်လည်း လုံ့လဝီရိယ မလျော့ပါဘူး၊ ဒါလည်း လျှော့မလို့သူ၊ ကိုယ်လည်း လုံ့လဝီရိယ လျှော့မယ်လို့ စိတ်မကူး ပါဘူး၊ ဘယ်နဲ့ကြောင့် ဘာဖြစ်နေလည်း မပြောတတ်ဘူး၊ အပြီးသတ်တော့ ဟိုက်လှည့် သွားတယ်၊ ဝိစိကိစ္ဆာ ဘက် လှည့်မသွားဘူးလား (လှည့်ပါတယ် ဘုရား)၊ ဦးစံရင် ဘယ်ဘက် လှည့်သွားတုံး (ဝိစိကိစ္ဆာဘက် လှည့်သွားပါ တယ် ဘုရား)။

ဘုရားဟောတာ ယုံကြည်ပါ

အဲဒီတော့ကို ဝိစိကိစ္ဆာဘက်ကို မလှည့်ပါနဲ့လို့ ဒကာ ဒကာမတွေ ကောင်းကောင်းကြီး သတိပေး လိုက်ပါတယ်။ ဆရာက ဒီသုံးချက်ကို ညီအောင်ဟောမယ်၊ ခင်ဗျားတို့က ညီအောင် ကျင့်လို့ ရှိရင်ဖြင့် ဒီဘဝနိဗ္ဗာန်ရမှာပဲဆိုတာကို ဘုရား ပြောတာ မယုံမကြည်မရှိပါနဲ့လို့ အသေအချာ အတည့်အလင်း မှာပါတယ်၊ မမှာထိုက်ဘူးလား (မှာထိုက်ပါတယ် ဘုရား)။

ကိုင်း ဆရာ့ဘက်ကလည်း တစ်ခုသော တရားလေးကို မုန်းအောင်၊ မလိုချင်အောင်၊ ဆုံးအောင် ဟောနိုင်လို့ရှိရင်ဖြင့် ဆရာ့တာဝန် ကုန်တယ် (မှန်လှပါ ဘုရား)။

ဒကာ ဒကာမတွေကလည်း တစ်ခုသော တရားလေးကို စိတ်ကလေးဖြင့် စိတ်ကလေး တစ်ခုတည်း ဝေဒနာဖြင့် ဝေဒနာ လေးတစ်ခုတည်ကို မုန်းအောင်၊ မလိုချင်အောင်၊ ဆုံးအောင် ကျင့်နိုင်လို့ ရှိရင် အဟောနဲ့ အကျင့်နဲ့ မညီလား (ညီပါတယ် ဘုရား)။

အဲဒါ ဘုရားက ဘယ်လို ဆုံးဖြတ်ချက် ချလိုက်တုံး (ဒိဋ္ဌဓမ္မနိဗ္ဗာန်ရမည့် ပုဂ္ဂိုလ်ပါ ဘုရား) ဒိဋ္ဌဓမ္မနိဗ္ဗာန် ရမည့် ပုဂ္ဂိုလ် ကွလို့ ဘုရားက ဆုံးဖြတ်ချက်ချလိုက်တယ် အဲဒီ ဆုံးဖြတ်ချက်ချတဲ့ဥစ္စာကို ဒကာ ဒကာမတွေက သံသယလုံးနဲ့ ဝင်ပြီမကြောက်ပါနဲ့လို့ မှာလိုက်တယ် (မှန်လှပါ ဘုရား)၊ မမှာသင့်ဘူးလား (မှာသင့်ပါတယ် ဘုရား)။

အစီအစဉ်သုံးချက်ရှိတယ်

ကိုင်း ဒါဖြင့်

(၁) နံပါတ်က တရားဟောတဲ့ ပုဂ္ဂိုလ်၏ အင်္ဂါ

(၂) နံပါတ်က (တရားနာတဲ့ပုဂ္ဂိုလ်၏ အင်္ဂါပါ ဘုရား)။

(၃) နံပါတ်က ဆုံးဖြတ်ချက်ချရမည့်အင်္ဂါ၊ (၃) နံပါတ်က (ဆုံးဖြတ်ချက်ချရမည့်အင်္ဂါပါ ဘုရား)။

ကဲ ဒါဖြင့် ဒါက ရှေးဦးစွာ အစီအစဉ်လေး ဦးခင်မောင် မှတ်ထားလိုက်တာပေါ့ (မှန်လှပါ ဘုရား)၊ ဪ အစီအစဉ် သုံးချက်ရှိတာကိုး၊ တရားဟောတဲ့ ပုဂ္ဂိုလ်မှာလည်း သူ့အစီအစဉ်ရှိတယ်၊ တရားကျင့်တဲ့ ပုဂ္ဂိုလ်မှာလည်း (သူ့အစီအစဉ်ရှိပါတယ် ဘုရား)။

တရားဟော တရားကျင့်ညီကြလို့ ရှိရင်လည်း ကိစ္စပြီး အစီအစဉ်ဆိုတာကော (ရှိပါတယ် ဘုရား) အစီအစဉ် ဘယ်နှခုလာတုံး ((၃) ခုလာပါတယ် ဘုရား)၊ ကဲ (၃) ခု လာလို့ရှိရင်တော့ (၁) က စကိုင်တော့မယ်လို့ မှတ်ပေတော့ ဘုန်းကြီးဘက်က အရင်ပဲ ဒကာ ဒကာမတွေပြောပါ့မယ်။

ဦးခင်မောင် ဘုန်းကြီးဘက်က အရင်ကျမယ်နော် (မှန်လှပါ ဘုရား)၊ ဒုတိယ ဒကာ ဒကာမတွေ ဘက်ကကျတယ်၊ တတိယ ဘုရားက ဆုံးဖြတ်ချက်ချတဲ့ဘက်က ကျတယ်၊ မကျ ဘူးလား (ကျပါတယ် ဘုရား)။

ဘုန်းကြီးဘက်က (၃) ခု

ကိုင်း ဒါဖြင့် ဘုန်းကြီးဘက်က (၃) ခုနော်၊ ဒကာ ဒကာမတွေ ဘက်ကကော ((၃)ခုပါ ဘုရား)၊ ဘုရားဘက် ကလည်း (၃) ခုပဲ၊ ဆုံးဖြတ်ချက်ချတော့ တစ်ခုတည်းပဲ ဆိုလိုက် ပါတော့ (မှန်လှပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတွေ ဘုန်းကြီးဘက် ကလည်း ဟောရလိမ့်မယ်တဲ့ တစ်ခုသော တရားကို မုန်းအောင်၊ မလိုချင်အောင်၊ ချုပ်ဆုံးအောင် ဟောရမယ်ဆိုတော့ ဒကာ ဒကာမတွေကဲ ခင်ဗျားတို့ သန္တာန်ဖြစ်စဉ်ကို အရင်ကြည့်ကြ ပေတော့နော် (မှန်ပါ ဘုရား)။

စိတ်တစ်လုံးတည်းပဲထားပါတော့

မျက်လုံးက မြင်တော့ မြင်စိတ်ပေါ့ဗျာ၊ နားကကြားပြန် တော့ (ကြားစိတ်ပါ ဘုရား)၊ ဒါ စိတ်ချည်းနော် (မှန်ပါ ဘုရား)၊ စိတ်တစ်လုံးတည်းပဲ ထားပါတော့၊ အင်း နှာခေါင်းက မွှေးတာ ကြိုင်တာ ရှုတာတွေ ကကော ရှုစိတ်၊ ရှိုက်စိတ်ပဲလို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

အင်း လျှာပေါ်မှာ စားစိတ်ကလေးများကော မပေါ်ကြဘူးလား (ပေါ်ပါတယ် ဘုရား)၊ အင်း ကိုယ် ပေါ်မှာ ယားစိတ်၊ ကောင်းစိတ်တွေကော (ပေါ်ပါတယ် ဘုရား)၊ ကိုယ်ပေါ်ကတော့ ယားစိတ် တစ်မျိုး၊ ကောင်းစိတ် တစ်မျိုး၊ ခံသာတဲ့စိတ်၊ မခံသာတဲ့စိတ် မလာဘူးလား (လာပါတယ် ဘုရား)။

ကိုယ်ပေါ်မှာတော့ ဒုက္ခ၊ သုခစိတ်သာရှိတယ်၊ ဒီနှစ်ခုမှ တစ်ပါး ပိုမရှိဘူး ဦးခင်မောင်ရ (မှန်လှပါ ဘုရား)၊ သဘော ကျပလား (ကျပါပြီ ဘုရား)၊ မနောဘက်ကတော့ ဒကာ ဒကာမတို့ ကြံတွေးစိတ် တစ်ခုပဲ ရှိတယ်လို့ မှတ်လိုက်တာပေါ့။

မနောဘက်ကတော့ (ကြံတွေးစိတ်တစ်ခုပဲ ရှိပါတယ် ဘုရား) အဲ ဝမ်းထဲဘက်ကတော့ ကြံတွေးစိတ်တစ်ခုပဲရှိတယ်လို့ မှတ်လိုက်တာပေါ့ဗျာ။

စိတ်ခြောက်မျိုး

ဒါဖြင့် စိတ်ဘယ်နှမျိုးပါလိမ့် (ခြောက်မျိုးပါ ဘုရား)။ ခြောက်မျိုးလို့ မှတ်ထားလိုက်တာပေါ့၊ ကိုင်း ဒါဖြင့် ဒကာ ဒကာမတွေ အဲဒီစိတ်ကလေးဟာ ဒကာ ဒကာမတွေ သန္တာန်မှာ ဥပမာမယ် စားတဲ့ စိတက်လေးပေါ်တယ်၊ ထားပါဦးတော့ တစ်ခုအမှတ် ထားလိုက်ပါ စားတဲ့စိတ်ကလေး ပေါ်တယ်။

ဒကာ ဒကာမတွေ သန္တာန် စားချင်တဲ့ စိတ်ကလေး မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား) အဲ စားချင်တဲ့ စိတ်ကလေး ပေါ်လာတယ် စားချင်တဲ့ စိတ်ကလည်း ပေါ်ချင်လို့ ပေါ် ရတာမှ မဟုတ်ပဲ ဒကာ ဒကာမတွေ၊ ဒီဘက်က ချို၊ ချင်၊ ဖန်၊ ငံ၊ ဟင်းတို့ ဘာတို့ မရှိဘူးလား (ရှိပါတယ် ဘုရား)၊ ဒီဘက်က လျှာရုပ်က မရှိဘူးလား (ရှိပါတယ် ဘုရား)။

စားချင်တဲ့စိတ်

အင်း လျှာရုပ်နဲ့ ချို၊ ချင်၊ ဖန်၊ ငံ နဲ့ ထိတဲ့အခါကျတော့ ဘာပေါ်လာတုံး၊ အဲ စားချင်တဲ့ စိတ်ပေါ်လာတယ် ဒီစိတ်ကလေး မပေါ်ဘူးလား၊ အဲဒီစိတ်ကလေး၊ အဲဒီတော့ ဒီပြင်နေရာမှာ လည်း ဒီလိုနှစ်ခု ထိခိုက်တဲ့ စိတ်ချည်းပဲ မလာဘူးလား (လာပါတယ် ဘုရား)။

ကောင်းပြီ ဒါဖြင့် စိတ်တစ်လုံးဟာ ဦးခင်မောင် မှတ်မိ ပြီ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)၊ ကောင်းပြီ စိတ်တစ်လုံးဟာ ဒီအတိုင်းပဲလို့ မှတ်မိပါပြီ (မှန်လှပါ ဘုရား)။

ဒီစိတ်ကလေးကို ဆရာဘုန်းကြီးတာဝန်က ဘာလုပ် ရမလဲလို့ အမေးထုတ်ခဲ့သော် မုန်းအောင် ဟောရလိမ့်မယ် (မှန်လှပါ ဘုရား)၊ မလိုချင်အောင် (ဟောရမှာပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ ဆုံးအောင်လည်း (ဟောရမှာပါ ဘုရား)၊ ဟောရမယ်တဲ့၊ ဆုံးဆိုတာ ချုပ်သွားသည့် တိုင်အောင် ဟောရမှာ (မှန်ပါ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ သန္တာန်မှာ ဒါ ဘုန်းကြီးက ဟောတော့မယ်တဲ့ ဒကာ ဒကာမတို့ ဒီစိတ်လေး ဟာက ဒကာ ဒကာမတို့ သန္တာန် လျှာပေါ်မှာတော့ ပေါ်တာပဲ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)၊ လျှာနဲ့သာထိဗျာ စားတဲ့စိတ်ကလေးဟာ (ပေါ်ပါတယ် ဘုရား)။

ကောင်းပြီ ဒီစိတ်ကလေးသည်ကားဆိုရင်ဖြင့် ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပါဒ် ပေါ်လာတဲ့ စိတ်ကလေးပဲ ဆိုရင်ကော သဘောကျပလား (ကျပါပြီ ဘုရား)၊ ပဋိစ္စသမုပ္ပါဒ်ပဲ ဒါ (မှန်လှပါ ဘုရား)။

အကြောင်းကြောင့်ဖြစ်တဲ့စိတ်

အကြောင်းကြောင့် ဖြစ်လာတဲ့ စိတ်ကလေးကို အလိုလို ဖြစ်တဲ့စိတ်လား (မဟုတ်ပါဘူး ဘုရား)၊ အကြောင်းကြောင့် ဖြစ်တဲ့စိတ်ကလေး၊ ပဋိစ္စသမုပ္ပါဒ် စိတ်ကလေးဆိုတာ သေချာ သွားပါပြီ ဒကာ ဒကာမတို့ အဲဒီပဋိစ္စသမုပ္ပါဒ်စိတ်ကလေးကို ဒကာ ဒကာမတွေကို ဘုန်းကြီးကဟောရမှာက အင်း ဒီ ဒကာ ဒကာမတွေ ဒီဥစ္စာမုန်းအောင် ရှုရလိမ့်မယ်၊ မလိုချင်အောင် ရှုရလိမ့်မယ်၊ သဘော ကျပလား (ကျပါပြီ ဘုရား)။

မလိုချင်အောင် ရှုရလိမ့်မယ်၊ ဆုံးအောင် ရှုရလိမ့်မယ် ဒါ ဘုန်းကြီးတာဝန်နော် (မှန်လှပါ ဘုရား)၊ ကိုင်း ဒါဖြင့် ဒါ ဟောပါတော့မယ်တဲ့။

ဒီစိတ်ကလေးကို ဘယ်နဲ့ မုန်းအောင် ရှုရမှာတုံးဘုရာ့၊ ဒကာ ဒကာမတို့ ဒီစိတ်ကလေးဟာ လျှာပေါ်မှာ ပေါ် ပေါ်ပြီး သကာလ အချိုနဲ့ ထိလည်း ပေါ် အချဉ်နဲ့ထိလည်းပေါ်၊ အငံနဲ့ ထိလည်းပေါ် အစပ်နဲ့ထိကော (ပေါ်ပါတယ် ဘုရား)။

အင်း ခဏခဏ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)၊ ပေါ်ပြီးသကာလ ခဏခဏ ဒီနေရာမှာပဲ မပျောက်ဘူးလား (ပျောက်ပါတယ် ဘုရား)၊ အင်း နေရာများ ရွှေ့သေး လား (မရွှေ့ပါဘူး ဘုရား)။

ဒီအပေါ်ပေါ်ပြီး၊ ဒီအပေါ်မှာပျောက်တယ် ကောင်းပြီ ဦးခင်မောင်ရေ၊ ဒီအပေါ် ပေါ်ပြီး ဒီအပေါ် ပျောက်တာပဲ (မှန်လှပါ ဘုရား)၊ လျှာပေါ်မှာ ပေါ်တယ် (လျှာပေါ်မှာပျောက်ပါတယ် ဘုရား)၊ ဒါသူများ ပြောတာလား၊ ဒကာ ဒကာမတို့ ဉာဏ်တွေ့ လား (ဉာဏ်တွေ့ ပါ ဘုရား)၊ အင်း လျှာပေါ်မှာပေါ်တယ် လျှာပေါ်မှာ ပျောက်တယ် ဆိုတာလည်း အထင်အရှားပဲ (မှန် ပါ ဘုရား)။

အင်း ဒါဖြင့် စားရင်းသေရှာတာပဲ (မှန်ပါ ဘုရား)၊ ဘယ့်နဲ့ဆိုကြမတုံး (စားရင်းသေရှာပါတယ် ဘုရား)။ ဘယ်သူသေတာတုံးဆိုတော့ စားတဲ့လူသေတာ၊ ဘယ်သူ သေသတုံး (စားတဲ့သူ သေတာပါ ဘုရား)။

စားတော့ကို ဖြစ်ပေါ်လာတော့ စားတာပဲ၊ စား ပြီးသူ သေတာပဲ၊ ဖြစ်ပေါ်လာတာ ဘာပါလိမ့် (စားတာပါ ဘုရား)၊ စားပြီး ဘာဖြစ်တုံး (သေပါတယ် ဘုရား)၊ ဘယ်သူ သေ တာတုံးဆိုတော့ စားချင်တဲ့ လူသေတာ (မှန်လှပါ ဘုရား)။

ဦးခင်မောင် ဘယ်သူသေတုံး (စားချင်တဲ့ လူသေ တာပါ ဘုရား)၊ ဦးဝင်း (စားချင်တဲ့လူ သေတာပါ ဘုရား)၊

ဪ စားချင်ရင် သေရမှာပဲ (မှန်လှပါ ဘုရား)၊ ဒကာ ဒကာမတို့ စားချင်ရင် (သေရမှာပါ ဘုရား)၊ မစားချင်ရင် (မသေရပါဘူး ဘုရား)။

ဪ ဒါဖြင့် ဒီပုဂ္ဂိုလ်က ဒီနေရာရပြီ၊ ဪ စားချင်တဲ့ပုဂ္ဂိုလ်က ဒီနေရာတင် သေတာပဲ၊ စားချင်တဲ့ ဥပမာမယ် ရှေ့ပိုင်းက ဒကာတစ်ယောက် စားလို့ ရှေ့ပိုင်းက ဒီအချိန်မှာ ဒကာတစ်ယောက် သေရှာတာပဲ၊ မဆိုနိုင် ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ဒကာမတစ်ယောက် စားနေပြန်တော့ကော (ဒကာမတစ်ယောက် သေပါတယ် ဘုရား)၊ ဒကာမ တစ်ယောက် သေတာပဲ ဒကာ ဒကာမတို့၊ ဒီအချိန် ဒါနဲ့အသက်ရှင်နေတာကို၊ မနေ့က ပြောခဲ့တဲ့စိတ်တစ်ချက်နဲ့ အသက်ရှင်နေတာကော မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

ဒါဖြင့် စားချင်တဲ့ ပုဂ္ဂိုလ်သေသလား၊ မစားချင်တဲ့ ပုဂ္ဂိုလ် သေသလား (စားချင်တဲ့ ပုဂ္ဂိုလ်သေပါတယ် ဘုရား)၊ အင်း ခင်ဗျားတို့ စားချင်တာက ခက်ပြီ၊ မဆိုထိုက်ဘူးလား (ဆိုထိုက် ပါတယ် ဘုရား)၊ ခင်ဗျားတို့ စားချင်တာ သေချင်လို့ (မှန်ပါ ဘုရား)၊ ဘယ့်နဲ့ပါလိမ့် (စားချင်တာ သေချင်လို့ပါ ဘုရား) စားချင်တာက သေချင်လို့ပဲ၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

စားလိုက်သေလိုက်၊ ဉာဏ်နဲ့ကြည့်

အဲတော့ ခင်ဗျားတို့သည် ဪ ဒီဥစ္စာ စားတာ စားလိုက် သေလိုက် နောက်ကနေ ဉာဏ်နဲ့ ကြည့်လိုက်၊ စားလိုက်၊ သေလိုက်၊ နောက်ကနေ ဉာဏ်နဲ့ကြည့်လိုက် ဆိုတော့ ဪ ဘယ်သူမှ သေတာ မဟုတ်ဘူးနော် ဒီဥစ္စာ စားတဲ့ အခိုက် အတန့်မှာ မိမိ ဆိုတဲ့စိတ်၊ မိမိဆိုတဲ့သူနဲ့ သဟဇာတ ဖြစ်တဲ့ ရုပ်တို့ပေါ့ဗျာ မသေဘူးလား (သေပါတယ် ဘုရား)။

အင်း စားတဲ့ပုဂ္ဂိုလ်က ကိုယ့်မသာကို ကိုယ့်ကြည့်နေ ရတာပဲ၊ နောက်ကနေ ပြန်ကြည့်တော့ ဘာတွေ့ရတုံး (ကိုယ့်မသာ တွေ့ပါတယ် ဘုရား) ကိုယ်မသာ ကိုယ်မြင်ရတယ်၊ ဒကာ ဒကာမတို့ ဘာမြင်ရပါလိမ့် (ကိုယ့်မသာ ကိုယ်မြင်ရ ပါတယ် ဘုရား)။

အင်း စားတဲ့ အခိုက်အတန့် မှာလေ၊ ကြာတော့ ဘယ့်နဲ့ ဖြစ်လာတုံး၊ ဒီမသာကြီးပဲ မြင်နေရတာ၊ လျှာပေါ်မှာ ဖြစ်လိုက်၊ ပျက်လိုက်၊ သေလိုက် သေလိုက်နဲ့ ဆိုတော့ ဦးခင်မောင် ကြာတော့ ကိုယ့်မသာ ကိုယ်ကြည့်ရတာ ဘယ့်နဲ့ဖြစ်လာတုံး (မုန်းလာပါတယ် ဘုရား)၊ ဒီလို ကြည့်ပေးရမယ်၊ ဒါ ဘုန်းကြီး က ဟောပြီ၊ ခင်ဗျားတို့သာကြည့်မုန်းရမယ်၊ မမုန်းပါနဲ့ဆိုလို့ (မရပါဘူး ဘုရား)။

ကိုယ်ခဏခဏသေနေတာကိုယ်မြင်

အဘယ့်ကြောင့် ဒီလောက်တောင် မုန်းရသလဲလို့ မေးတဲ့အခါ ကိုယ်ခဏခဏသေနေတာ ကိုယ်မြင်ရမယ် (မှန်လှပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား) ဘယ်လို ပါလိမ့် (ကိုယ်ခဏခဏ သေနေတာကို ကိုယ်မြင်ရမှာပါ ဘုရား)

ဪ ဒါဖြင့် မုန်းအောင် ဟောရမယ် ဆိုတော့ စားကြည့်ပေတော့ သေမသေ သိရအောင် (မှန်လှပါ ဘုရား)။

ဘယ်နဲ့ဆိုကြမတုံး (စားကြည့်ရမှာပါ ဘုရား)၊ စားကြည့်တော့ ဘယ့်နဲ့နေတုံး (သေပါတယ် ဘုရား)၊

မောင်သစ်တို့ ဘယ့်နဲ့နေတုံးကွ (သေပါတယ် ဘုရား)။ ဘယ်သူသေတုံးက (စားချင်တဲ့လူ သေပါတယ် ဘုရား)၊

ဪ ခင်ဗျားတို့ သည်ကားဆိုရင်ဖြင့် စားချင်ရင် သေချင် လို့သာ မှတ်ပေတော့ (မှန်လှပါ ဘုရား)၊ ဘယ်နဲ့ဆိုကြမတုံး (စားချင်ရင် သေချင်လို့ပါ ဘုရား)။

ဦးခင်မောင် ဒါက မနေ့ကတရားနဲ့ မတူဘူးနော် (မတူပါဘူး ဘုရား)၊ နိဗ္ဗိန္ဒဖြစ်အောင် ဟောနည်းတဲ့ ဒကာ ဒကာမတို့ ငြီးငွေ့အောင် ဟောရမယ်တဲ့ ပထမ ရှေးဦးစွာ ခုနင်က အင်္ဂါတွေ မပြောခဲ့ဘူးလား (ပြောခဲ့ပါတယ် ဘုရား)၊

အင်း မုန်းအောင် ဟောနိုင်ရမယ်၊ ဟုတ်ဘူးလား (မှန်လှပါ ဘုရား)၊ မလိုချင်အောင် ဟောနိုင်ရမယ်၊ ဆုံးအောင်ကော (ဟောနိုင်ရပါမယ် ဘုရား)၊ ဒီလိုဟောတဲ့ပုဂ္ဂိုလ်မှ ဓမ္မကထိက – ကိုး (မှန်ပါ ဘုရား)။

စားချင်ရင်သေချင်လို့

ကျန်တဲ့ပုဂ္ဂိုလ် ဘုရားက ဓမ္မကထိကလို့ မသွင်းပြန်ဘူး (မှန်ပါ ဘုရား)၊ ဦးခင်မောင်ရေ၊ ဒီအဟော လွယ်ပါ့မလား (မလွယ်ပါ ဘုရား)၊ ကိုင်း ဒကာ ဒကာမတို့ စားချင်ရင် လည်း ဘယ်လို မှတ်ကြမတုံး သေချင်လို့ (သေချင်လို့ပါ ဘုရား)၊ ဝတ်ချင်ရင်ကော (သေချင်လို့ပါ ဘုရား)။

ဝတ်တယ်ဆိုတော့ ကိုယ်ပေါ် အဝတ်ကလေး တင်လိုက် – တယ်ဆိုတော့၊ အင်း ကောင်းစိတ်ကလေး၊ သုခဝေဒနာ စိတ်ကလေး မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)၊ ပေါ်ပြီး ဘာဖြစ်သွားတုံး (ပျောက်သွားပါတယ် ဘုရား)၊ အင်း ခုနင်က ဝတ်လို့ကောင်းတယ် ဆိုရင်း မတ္တနဲ့ ကောင်းပြီး သေတာပဲ (မှန်ပါ ဘုရား)။

ဒီစိတ်ကလေးနဲ့ အသက်ရှင်နေတာ ဒီစိတ် ကလေး ရှိသေးရဲ့ လား (မရှိပါဘူး ဘုရား)၊ နောက်စိတ် အစားမထိုးရင် ဗိုင်းဗိုင်း မလဲဘူးလား (လဲပါတယ် ဘုရား)။ သို့သော် သေတော့ မသေဘူးလား (သေပါတယ် ဘုရား)၊ အရင်စိတ်နဲ့ သေသွားပြီ (မှန်ပါ ဘုရား)၊ ဒါနောက်က အစားထိုး ထားတာ ဒီလိုမဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)၊ သဘောပါပလား (ပါပါပြီ ဘုရား)။

ဝတ်ချင်ရင်သေချင်လို့

အင်း ဒါဖြင့် ဝတ်ချင်ရင်သေချင်လို့၊ စားချင်ရင် (သေချင်လို့ပါ ဘုရား)၊ အင်း ကြည့်ချင်ရင်ကော (သေချင်လို့ပါ ဘုရား)၊ အင်း ကြည့်ချင်ရင် သေချင်လို့၊ သေချင်လို့ဆိုတော့ ဒကာ ဒကာမတွေက ကြည့်တော့ကြည့်တဲ့ စိတ်ကလေး မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)၊ ပြီးတော့ ဘယ့်နဲ့နေတုံး (သေသွားပါတယ် ဘုရား)။

အင်း ကြည့်ရင်းမတ္တနဲ့ ဘယ့်နဲ့ဖြစ်တုံး (သေသွားပါတယ် ဘုရား)၊ အင်း သူသေချင်လို့ ကြည့်တာ၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ ဘယ်လိုကြောင့် ကြည့်တာတုံး (သေချင်လို့ ကြည့်တာပါ ဘုရား)၊ ဦးဝင်းတို့ သဘောပါကြရဲ့လား (ပါပါတယ် ဘုရား)၊ ဒါရှုနည်းကို ပြောနေတာ (မှန်ပါ ဘုရား)၊ ဝိပဿနာရှုနည်းကို သေချာ ပြောနေတာ (မှန်လှပါ ဘုရား)။

ဟုတ်ကော မဟုတ်ဘူးလားတဲ့ မကြည့်ဘဲနေ သေစရာ ကို မပါဘူး (တင်ပါ့ ဘုရား)၊ မကြည့်ဘဲ နေကြည့်စမ်းပါ၊ မျက်လုံးမှိတ်တော့ မျက်လုံးထဲမှာ မျက်လုံးကို ငါထင်နေတဲ့ မျက်လုံး စိတ်ကို ပင်လျှင် ငါကြည့်တယ်လို့ ထင်တဲ့ ငါတစ်ယောက် ဟာ ပြုတ်ရမှာသေချာတယ် (သေချာပါတယ် ဘုရား)။ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

အင်း မကြည့်လို့ရှိရင် ဒီနေရာမှာ မသာတစ် လောင်းတော့ မလာဘူး၊ လာပါ့မလား (မလာပါဘူး ဘုရား)၊ သဘောပါကြရဲ့လား (ပါပါတယ် ဘုရား)။

ဪ ဒါဖြင့် စားချင်ရင် သေချင်လို့၊ ဝတ်ချင်ရင် (သေချင်လို့ပါ ဘုရား)၊ နားထောင်ချင်ရင် (သေချင် လို့ပါ ဘုရား)၊ သေချင်လို့ပဲ၊ ကြံရင်ကော (သေချင်လို့ပါ ဘုရား)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ခဏခဏသေတာမြင်နေရတယ်

အဲတော့ အဲ့ဒီ သေချင်တဲ့တရားလေးချည်း ကြည့်ကြည့် နေတော့ ခဏခဏ သေတာ မြင်နေရတဲ့ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်သည် မမုန်းပေဘူးလား (မုန်းပါတယ် ဘုရား)။ ဒီအသေတွေ မြင်ရတော့လေ (မှန်ပါ ဘုရား)။

စားစိတ် ကလေးသေ၊ ဝတ်စိတ်ကလေးသေ၊ နားထောင် တဲ့ စိတ်ကလေးကော (သေပါတယ် ဘုရား)၊ အင်း ကြည့်တဲ့စိတ်ကလေး (သေပါတယ် ဘုရား)၊ နမ်းရှိုက်တဲ့ စိတ်ကလေး (သေပါတယ် ဘုရား)၊ အင်း ဒကာ ဒကာမတို့ ဉာဏ်နဲ့ကြည့်လိုက်တဲ့ အခါကျတော့ ဒီနေရာတင်မွေး ဒီနေရာ တင်သေ (မှန်ပါ ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊ ဘယ်နဲ့ပါလိမ့် ( ဒီနေရာတင်မွေး ဒီနေရာတင် သေပါ ဘုရား)။

မသေရာရှာကြပါ

ဪ ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မသေရာ ရှာကြဆိုတာများ ဦးခင်မောင် မဟောသင့်ဘူးလား (ဟောသင့်ပါတယ် ဘုရား)၊ ဘယ်နဲ့တုံး ဒကာ ဒကာမတို့ (ဟောသင့်ပါတယ် ဘုရား)၊ ဘာဟောတုံး ဘုရားက (မသေရာရှာကြပါ ဘုရား)။

မသေရာရှာကြဆိုတာ ဒီလို ကိုယ်ကိုယ်တိုင် ခဏခဏ သေပြီးသကာလ အသက်ငင်ပြီး သေနေရတဲ့ အလုပ်ဟာ ဒကာ ဒကာမတို့ ဝမ်းသာစရာလား၊ မုန်းစရာလား (မုန်းစရာ ပါ ဘုရား)၊ ဒကာ ဒကာမတွေ ဘယ့်နဲ့ ဆုံးဖြတ်ချက် ချမတုံး (မုန်းစရာပါ ဘုရား)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

အဲဒီတော့ ဒါသေချာသာစိုက်ကြည့် ဘုန်းကြီးကတော့ အဟောမညံ့ဘူး၊ ခင်ဗျားတို့ ဒါမုန်းအောင် ကတော့ သေချာ တယ် တကယ်သေနေတာလည်း ဘယ်သူမှ ငြင်းလို့မရဘူး (မှန်လှပါ ဘုရား)၊ မသေဘူးလား (သေပါတယ် ဘုရား) တစ်ယောက် တစ်ယောက်သေတာပဲ ဒကာ ဒကာမတို့ မသေပါ နဲ့ဆိုလို့ကို (မရပါဘူး ဘုရား)။

ကိုယ့်အသေကိုယ်မြင်တာ

မရတော့ ဘယ်သူသေတာတုံး မေးတော့လည်း ကိုယ့် အသေကိုယ်မြင်တာပဲ (မှန်လှပါ ဘုရား)၊ သူများ သန္တာန် သေတာလား ကိုယ် ကိုယ်တိုင်သေရတာလား (ကိုယ် ကိုယ်တိုင်သေရတာပါ ဘုရား)၊ အင်း ကိုယ် ကိုယ်တိုင် တစ်လောင်း တစ်လောင်း ခဏခဏ မပစ်ရဘူးလား (ပစ်ရ ပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ ဒီလိုမြင်နေတဲ့ ပုဂ္ဂိုလ် ဘာဖြစ်လာမယ် ထင်ကြတုံး (မုန်းလာမှာပါ ဘုရား) အဲ မမုန်းထိုက်ဘူး လား ဒကာ ဒကာမတို့ (မုန်းလိုက်ပါတယ် ဘုရား)၊ ရှင်းပြီ နော် (ရှင်းပါတယ် ဘုရား)။

ကောင်းပြီဒါဖြင့် မုန်းအောင်ဟောနိုင်မှ ဆိုတော့ မုန်းစရာကော ဟုတ်ပလား (ဟုတ်ပါတယ် ဘုရား)၊ အင်း စားချင်သေချင်လို့ (မှန်ပါ ဘုရား)၊ ဝတ်ချင်ရင် (သေချင်လို့ပါ ဘုရား) ရှူရှိုက်ချင် ရင်ကော (သေချင်ချင်လို့ပါ ဘုရား)၊ သေချင်လို့ပဲ နားထောင်ချင်ရင်ကော (သေချင် လို့ပါ ဘုရား) ကြံစီပြန်ရင်ကော (သေချင်လို့ပါ ဘုရား)။

သေတွင်းချည်းတိုးနေတယ်

ဒါဖြင့် ခင်ဗျားတို့သည် သေတွင်းချည်း တိုးနေတယ် (မှန်ပါ ဘုရား)၊ ဘယ်နဲ့ဆိုကြမတုံး (သေတွင်းချည်း တိုးနေပါတယ် ဘုရား)၊ ဦးခင်မောင် ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။ ဒါ အလုပ်တရား အစစ်ပဲနော် (မှန်လှပါ ဘုရား)၊ ဒကာ ဒကာမတို့ ဒါဘာတရားပါလိမ့် (အလုပ်တရားအစစ် ပါ ဘုရား)။

အဲဒီလို ပေါ်ရာကိုသာ ခင်ဗျားတို့က လျှောက်ပြီး သကာလ ကြည့်နေတော့ အသေချည်း တွေ့မှာပေါ့ (တွေ့မှာပါ ဘုရား)၊ ဘာတွေ့ကြမည်ထင်တုံး (အသေချည်း တွေ့မှာပါ ဘုရား)၊ ဒါဖြင့် ခင်ဗျားတို့သည်ကားလို့ ဆိုရင်ဖြင့် ဘယ်နည်းနဲ့မှ ဒီအသေလွတ်အောင်တော့ဖြင့် ခင်ဗျားတို့နေလို့ မရ တော့ဘူး (မှန်ပါ ဘုရား)၊ ရသေးရဲ့လား (မရတော့ ပါ ဘုရား)၊

အသေလွတ်အောင်တော့ နေလို့ မရတော့ဘူး၊ စားတဲ့ စိတ်ကလေးလည်း လျှာပေါ်မှာ မွေးပြီး လျှာပေါ်သေတယ်၊ ကြည့်တဲ့စိတ် ကလေးကလည်း၊ မျက်စိထဲ မွေးပြီး မျက်စိထဲသေ၊ နားထောင် တဲ့စိတ် ကလေးကလည်း (နားထဲမွေးပြီး နားထဲသေပါတယ် ဘုရား)။

အဲတော့ အဲဒါသည် ဘယ်သူသေတာတုံးလို့ မေးလို့ရှိ ရင်ဖြင့် နားထောင်ချင်တဲ့ ပုဂ္ဂိုလ် သေတာပဲ၊ ဟုတ်ဘူးလား (မှန်ပါ ဘုရား)၊ အင်း စားချင်တဲ့ပုဂ္ဂိုလ်သေတာပဲ၊ ဝတ်ချင်တဲ့ ပုဂ္ဂိုလ် သေတာပဲ၊ ကြံစီတဲ့ပုဂ္ဂိုလ် (သေပါတယ် ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

သူများအသေလားကိုယ့်အသေလား

အင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒါ ခဏခဏ သေနေ ရတဲ့ အသေသည် သူများအသေလား၊ ကိုယ့်အသေလား (ကိုယ့်အသေပါ ဘုရား)၊ အင်း ကြည့်ပေးစမ်း ကြည့်ပေးစမ်း ဒကာ ဒကာမတွေ ကိုယ့်အသေတွေဟာ မအားမလပ်အောင်ပဲ သေနေကြလိမ့်မယ်ဆိုတာဖြင့် အမှန်ပါပဲ (မှန်လှပါ ဘုရား)၊ ကဲ ဦးစံရင်တို့ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။ မကြည့်ရင် မတွေ့ရပါဘူး (မှန်ပါ ဘုရား)။

ကြည့်ရင် ဘာတွေ့ရမယ်ထင်တုံး (အသေတွေ့ ရမှာပါ ဘုရား)၊ ဘယ်သူ့အသေတွေ့ရမှာတုံး (ကိုယ့်အသေ တွေ့ရမှာပါ ဘုရား)၊ ကဲ မောင်သစ် အရေးမကြီးဘူးလား (အရေးကြီးပါတယ် ဘုရား)၊ ဒါဖြင့် ဒီပုဂ္ဂိုလ်ခုနင်က ဘုရားက မင်းနိဗ္ဗာန် ရလိမ့်မယ်လို့ ဟောတာများဗျာ၊ ဒီကတည်းက ရသင့် ပြီဆိုတာ ခင်ဗျားတို့ ဆုံးဖြတ်ချက် ချဖို့ကောင်းပြီ (မှန်လှပါ ဘုရား)။

ဒီလောက်ထိအောင် ဒကာ ဒကာမတွေ ဟောတဲ့ပုဂ္ဂိုလ် – ကလည်း မဟောတာနဲ့ ခင်ဗျားတို့က မုန်းအောင် ဟောတတ်တဲ့ ပုဂ္ဂိုလ်နဲ့ မတွေ့ဘဲ ဖြစ်တယ် (မှန်ပါ ဘုရား)၊ အဲတော့ အဟောဘက်က ဒီလိုပုဂ္ဂိုလ်မှ ဓမ္မကထိကလို့ ဘုရားက ဟောတာလည်း ဦးခင်မောင်ရေ ဆုံးဖြတ်ချက်ချသင့်တယ် (ချသင့်ပါတယ် ဘုရား)။

ဘုရားဟောတော်မူတာ မှန်ပါပေတယ် (မှန်ပါ တယ် ဘုရား)၊ မှန်ပါပေတယ်၊ ပဋိစ္စသမုပ္ပါဒ် ထဲက တစ်ခုခုကို မုန်းအောင်ဟောနိုင်၊ မလိုချင်အောင်ဟောနိုင်၊ ဆုံးအောင် ဟောနိုင်မှ ဓမ္မကထိကကွ၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ဓမ္မကထိကကို ရွေးရဦးမှာ (မှန်ပါ့ ဘုရား)၊ အင်း ဒီတရားလေး နာရတာဖြင့် ကျုပ်ဖြင့် သိပ်ဝမ်းသာတာပဲဆိုရင် ခက်ပြီကော (မှန်ပါ ဘုရား)၊ ဘယ့်နဲ့တုံး ခက်သွားပြီတဲ့၊ ဝမ်းသာလို့ ရှိရင် ဝေဒနာ ပစ္စယာ တဏှာက လာတော့မယ်၊ မလာပေဘူးလား လာမှာလား (လာမှာပါ ဘုရား)။

အဲ အခုတော့ဖြင့် တစ်ခုသော တရား မုန်းအောင်၊ မလိုချင်အောင် ဆုံးအောင်ဟောနိုင်မှ ဓမ္မကထိကလို့ သံယုတ် ပါဠိတော်ကနော် (မှန်လှပါ ဘုရား)။

ကျောင်းဆောက်ရင် ဘုံပေါက်တယ်

ဒီလိုဟောထားပြန်တော့ ဦးခင်မောင်ရေ ဒါက နိဗ္ဗာန်နဲ့ ပတ်သက်ပြီး ဟောတာကိုဗျ (မှန်လှပါ ဘုရား)၊ ကျောင်းဆောက်တဲ့နေရာ ဘုရားတည်တဲ့ နေရာကျတော့လည်း သူတို့ ပီတိသော မနဿ ဖြစ်အောင်တော့ ဟောရမယ် (မှန်လှပါ ဘုရား)၊ ဟုတ်ဘူးလား (မှန်ပါ ဘုရား)၊ ဒါက ဒိဌဓမ္မ နိဗ္ဗာန်ရချင်တဲ့ ပုဂ္ဂိုလ်ဆိုရင် ဒီကစဟော (မှန်လှပါ ဘုရား)။

ဟိုဟာတွေက ကျောင်းဆောက်လို့ ဘုံပေါက်တာတွေ၊ အဲဒါတွေက သူ့ဝမ်းသာမှုကို အကြောင်းရင်း ခံပြီး ချီးမြှောက် တာတွေ ဟောတော့ ဟောကောင်းတာပဲ (တင်ပါ ဘုရား)။ သို့သော် ဒိဋ္ဌဓမ္မနိဗ္ဗာန် ရချင်လို့ရှိရင် ဒီကစ (မှန်လှပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

နိဗ္ဗာန်ရချင်ရင်တော့

ဒိဋ္ဌဓမ္မနိဗ္ဗာန်ရချင်ရင် (ဒီကစရမှာပါ ဘုရား)၊ မုန်းတဲ့အခြေကစရမယ် (မှန်လှပါ ဘုရား)၊ ဒါဖြင့် ဒကာ ဒကာမတို့ သန္တာန်စိတ် ဘယ်နှမျိုးရှိတုံး (ခြောက်မျိုး ရှိပါတယ် ဘုရား)၊ အဲဒီခြောက်မျိုးပေါ်တိုင်း ပေါ်တိုင်းသာ နောက်ကနေပြီး လိုက်ရှု (မှန်လှပါ ဘုရား)၊ ဘာတွေ့ရမတုံး လို့ မေးလို့ရှိရင် ကိုယ့်အသေချည်း တွေ့ရမည် (မှန်လှ ပါ ဘုရား) သူများအသေတော့ မတွေ့ရဘူး (မတွေ့ရပါ ဘူး ဘုရား)၊ တွေ့ရပါ့မလား (မတွေ့ရပါဘူး ဘုရား)။

အဲတော့ တွေ့ပါများတော့ ဘာဖြစ်မယ်ထင်တုံး (မုန်းလာမှာပါ ဘုရား)၊ ဪ ဒါဖြင့် ကိုယ့်စိတ်ကိုယ် မုန်းတာ ပဲ ဦးခင်မောင်ရေ (မှန်လှပါ ဘုရား)၊ ဦးဘတင် ဘာတဲ့ဗျာ (ကိုယ့်စိတ် ကိုယ်မုန်းတာပါ ဘုရား)၊ ရှင်းပလား ဦးဘအုံး၊ ဦးဝင်းတို့ကော (ရှင်းပါတယ် ဘုရား)၊ ကမ္မဌာန်း ကျောင်းများ ရှာနေစရာ လိုသေးလား (မလိုပါဘူး ဘုရား)၊

သူပေါ်တဲ့နေရာ ရှုမိမှလည်း ကမ္မဌာန်းကလည်း အမှန်ကိုဗျ (မှန်လှပါ ဘုရား)၊ အင်း သူပေါ်တဲ့နေရာ စိုက်ခနဲ့၊ စိုက်ခနဲ့ ရှုမိမှ ဦးခင်မောင်ရ အမှန်ကိုဗျ (မှန်လှပါ ဘုရား)၊ ဒါမှ နိဗ္ဗိန္ဒလာမှာ မဟုတ်ဘူးလား (လာမှာပါ ဘုရား)၊ နို့မဟုတ်ရင် လာပါ့မလား (မလာပါဘူး ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတွေ ဒီခြောက်ဒွါရမှာ ဖြစ်တဲ့ ကြောက်စိတ်ကိုဖြင့် မမေ့ပါနဲ့ (မှန်လှပါ ဘုရား)၊ ခြောက်ခုလည်း ပြိုင်တော့ မပေါ်ဘူး (မှန်ပါ ဘုရား)၊ တစ်ခုစီပဲ ပေါ်မယ်- မျက်လုံး ပေါ်နေရင် နားနှင့်တကွ ကျန်တဲ့ ငါးနေရာမှာ (မပေါ်ပါဘူး ဘုရား)။

ပင့်ကူကြီးလိုလိုက်ပြီးရှုကြ

အင်း ဝမ်းထဲ ကြံလုံးလေးပေါ်လို့ရှိရင် ကျန်တဲ့ငါး နေရာမှာ (မပေါ်ပါဘူး ဘုရား)၊ မပေါ်ဘူး၊ ဒါဖြင့် ဒကာ ဒကာမတို့ အဲ့ဒီပေါ်ရာကိုသာ ပင့်ကူကြီးလိုပဲ လိုက်ရှုကြပေတော့ (မှန်လှပါ ဘုရား)၊ ရှုလိုက်တော့ ဘာတွေ တွေ့ရမတုံး ဦးခင်မောင်ရေ (သေတာတွေ တွေ့ရမှာပါ ဘုရား)၊ အင်း ဖြစ် ပျက်ဆိုတာ သေတာပဲမဟုတ်လား (မှန်လှပါ ဘုရား)။

ဒီနေရာမွေးပြီး ဒီနေရာ သေတာ တွေ့ရတာပဲ (မှန်ပါ ဘုရား)၊ သဘောပါပလား (ပါပါပြီ ဘုရား)၊ အဲဒီတော့ ကြည့် ပါများလာရင် ဘာဖြစ်မယ်ထင်တုံး (မုန်းလာမှာပါ ဘုရား)၊ အဲဒီလို မုန်းအောင် ဟောနိုင်တာမှ ဘာတဲ့တုံး (ဓမ္မကထိက ပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် (၁)နံပါတ်တော့ ဘုန်းကြီးဘက်က လုံလောက်သွားပြီ (မှန်ပါ ဘုရား)၊ ခင်ဗျားတို့ မုန်းအောင် တော့ဖြင့် ဟောပြီးပြီ၊ ခင်ဗျားတို့ဟာ ခင်ဗျားတို့ မမုန်းတာတော့ ဖြင့် ဘုန်းကြီး မတတ်နိုင်ဘူး (မှန်ပါ)၊ မုန်းအောင်တော့ ဟော ထားပြီး၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ခင်ဗျားတို့ အခုမုန်းဉာဏ်ကလေးကော လာသင့် သလောက်မလာဘူးလား (လာပါတယ် ဘုရား)၊ ကဲ လာလို့ ရှိရင်လည်း ဒါ ခင်ဗျားတို့လည်း တရားနာတည့်တာပဲလို့ ဆိုရမှာ ပေါ့ဗျာ (မှန်လှပါ ဘုရား)။

ခြောက်နေရာမှာကြည့်

ဒကာ ဒကာမတို့ ကိုယ်သေတာမြင်ရလို့ရှိရင် ဘယ်နဲ့ ဆိုကြပါ့မတုံး (မုန်းပါတယ် ဘုရား)၊ ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ်သေတာ ကိုယ်မြင်အောင်ကြည့်ပါ (မှန်လှပါ ဘုရား)၊ ကြည့်တတ်ပလား (ကြည့်တတ်ပါပြီ ဘုရား)၊ ဘယ်နေရာ ) ကြည့်ရမယ် (ခြောက်နေရာကိုကြည့်ရမှာပါ ဘုရား)၊ အဲ

ခြောက်နေရာမှာကြည့်၊ ခြောက်နေရာမှ တစ်ပါး ဘယ်နေရာမှ မပေါ်ဘူး (မှန်ပါ ဘုရား)၊ ခြောက်နေရာမှာ များများမကြည့် ပါနဲ့ ပေါ်ရာ တစ်ခုသာ ကြည့်ပေးပါတော့ (မှန်ပါ ဘုရား)။

ဦးခင်မောင် ဘာကြည့်ရမတုံး (ပေါ်ရာတစ်ခုကြည့် ရမှာပါ ဘုရား)၊ နှစ်ခုကော ပြိုင်ပေါ် နိုင်ရဲ့လား (မပေါ်နိုင်ပါ ဘုရား)၊

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ့်အသေ ကိုယ်မြင်လို့ ရှိရင်ဖြင့် ကိုယ့်ဉာဏ်ဟာ ဘာဖြစ်လာမယ် ထင်တုံး (မုန်းလာမှာပါ ဘုရား)။

မုန်းဉာဏ်တက်လာတယ်

အဲ မုန်းဉာဏ်တက်လာတယ် ဒကာ ဒကာမတွေ ဘာ ဖြစ်မယ်ထင်တုံး (မုန်းဉာဏ်တက် လာပါတယ် ဘုရား)၊ လုပ် ကြည့်ပါဦး မမုန်းဘူး ဆိုတော့ ဘုန်းကြီး အဟောညံ့လို့ ပေါ့ဗျာ၊ ဟုတ်ဘူးလား မုန်းတော့ မုန်းရမယ်၊ တစ်နည်းအားဖြင့် ဘုန်းကြီး အဟောညံ့လို့ရှိရင်လည်း ဆွဲချက်တင်၊ ခင်ဗျားတို့ အတင့်ရဲလွန်းရင်လည်း ပြောချင်ပြော၊ အကိုက်တော့အကိုက်ပဲ သူကတော့ (မှန်ပါ ဘုရား)။

မုန်းတော့ဖြင့် မမုန်းသင့်ဘူးလား (မုန်းသင့်ပါတယ် ဘုရား)၊ ဒီပြင်နေရာ မကြည့်ပါနဲ့ သူများ သေတာတောင်မှ ခင်ဗျားတို့ တစ်နေ့မှာ မသာလောင်းပေါင်း ဒီအရပ်က လေးငါး ဆယ်လောက် အလောင်းပေါင်း ကိုယ့်အိမ်ရှေ့က ဖြတ်ဖြတ်ပြီး ထမ်းသွားတာ မြင်လိုက်ရင် ဘယ်နဲ့နေတုံး (မုန်းပါတယ် ဘုရား)၊ မုန်းဘူး လား (မုန်းပါတယ် ဘုရား)။

ဒါမျိုးက မုန်းတာမဟုတ်ဘူး

အဲဒါက အမုန်းမဟုတ်ဘူးတဲ့ အကြောက်၊ ကြောက်တာ (မှန်လှပါ ဘုရား)၊ အင်း ငါများပါသွား ခက်ချည်ရဲ့၊ အဲဒါ မုန်းတာ မဟုတ်ဘူးဗျ၊ မုန်းတာ ဟုတ်ကဲ့လား (မဟုတ်ပါဘူး ဘုရား)၊ မုန်းတာက ဒါမျိုး မဟုတ်ဘူးတဲ့ ဒကာ ဒကာမတို့ ဒီခန္ဓာ ကြီးနဲ့ကို၊ ဒီအသေကြီးနဲ့ကို မနေချင်တော့တာမှ ဘယ်နဲ့ ဆိုကြ မတုံး (မုန်းတာပါ ဘုရား)။

အခု အသေခန္ဓာကြီးနဲ့ကို အခုများ နိဗ္ဗာန်ရမယ်ဆို ဘာတုံး (မုန်းတာပါ ဘုရား)၊ ဟိုဟာက ကြောက်တာ (မှန်ပါ ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊ ဒါဖြင့် ကြောက်တာနဲ့ မုန်းတာကော ကွဲပလား (ကွဲပါပြီ ဘုရား)၊ ခင်ဗျားတို့ က ဘယ်ဘက်ကများနေတုံး (ကြောက်တာကများပါတယ် ဘုရား)။

ကြောက်တာနဲ့မုန်းတာတစ်ခြားစီ

ကြောက်တာက များလို့ရှိရင် ဟိုဘက် ကြောက်တယ် ဒီဘက်ခင်တယ် (မှန်ပါ ဘုရား)၊ မသေချာဘူးလား (သေ ချာပါတယ် ဘုရား)၊ ဟို သူများသေတာတော့ ကြောက်တယ်၊ ကိုယ်တော့ မသေပါရစေနဲ့၊ ကိုယ့်ကျတော့ ခင်ဖော်ခင်ဘက်ဖြစ် နေတယ်၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အမလေး ဒကာ ဒကာမတွေ ခင်ဗျားတို့က မသာတွေ မြင်ရတာ ကြောက်လိုက်တာ ဆိုတော့ ဘယဉာဏ်တွေများ ဖြစ်နေသလားလို့ အောက်မေ့မနေနဲ့ ဘယဉာဏ် မဟုတ်ဘူး ဒီဥစ္စာ၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊ ဒေါမနဿ ဖြစ်နေတာ၊ မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။

ဖြစ်တယ် မဖြစ်တယ်ကြည့်ပါလား၊ ဖျတ်ဆို နောက်ပြန် လှည့်သွားတယ် (မှန်လှပါ ဘုရား)၊ မလှည့်ဘူးလား (လှည့်ပါတယ် ဘုရား)၊ ပြတင်းပေါက်နား ထိုင်နေတာ ဟိုက ထမ်းချလာရင် ပြေးပြီ နောက်ပိုင်းကို (မှန်လှပါ ဘုရား)၊ မပြေးဘူးလား (ပြေးပါတယ် ဘုရား)။

အဲဒါ ပြေးတာ ထောက်လိုက်တဲ့အခါကျတော့ ဒကာ ဒကာမတို့ ဒါ သံဝေဂဉာဏ်ဝင်လို့လား၊ ကြောက်လို့လား (ကြောက်လို့ပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ကိုယ့်ကိုယ်ကို ရွံကြောက်ဖြစ်အောင် လုပ်ပါ

အဲတော့ သူများကျတော့ ခင်ဗျားတို့က ကြောက်တယ် တဲ့၊ အဲတော့ ကိုယ့်ကိုယ်ကို ရွံကြောက် ဖြစ်လာအောင်လုပ်ပါ (မှန်လှပါ ဘုရား)၊ ဘယ်နဲ့ဆိုကြမတုံး (ကိုယ့် ကိုယ်ကို ရွံကြောက် ဖြစ်လာ အောင်လုပ်ပါ)၊ ခဏ ခဏများ စားချင်တဲ့ စိတ်ကလေးဟာလည်း စားချင်တဲ့ပုဂ္ဂိုလ်လေး၊ ချက်လိုက်ရတော့ ပြုတ်လိုက်ရတာလည်း လွန်လို့ အင်း ချက်တုန်းလည်း ချက်သေ သေနေတာပဲ (မှန်လှပါ ဘုရား)၊ ဦးခင်မောင် (မှန်လှပါ ဘုရား)။

စားတဲ့အခါကော (စားသေ သေနေတာပါ ဘုရား) အင်း အိပ်ပြန်တော့ကော (အိပ်သေ သေတာပါ ဘုရား) အသေကိုရပ်လို့ ရရဲ့ လား (မရပါဘူး ဘုရား)၊ ဘာဆုတောင်း ထားလို့များ ဒီလောက်ပြည့်နေပါလိမ့် (အသေဆုတောင်း ထားလို့ပါ ဘုရား)၊ အသေဆုတောင်း ထားလို့ ဆိုတာပါတယ်၊ လူဖြစ်ရပါလို၏ဆိုတာ ပါတယ်၊ လူဖြစ်ရပါလို၏ဆိုတာ လူသေ သေရပါလို့၏ (မှန်လှပါ ဘုရား)။

နတ်ဖြစ်ရပါလို၏ဆိုတာ

နတ်ဖြစ်ရပါလို၏ဆိုတာ (နတ်သေသေရပါလို၏ ပါ ဘုရား)၊ ဗြဟ္မာဖြစ်ရပါလို့၏ (ဗြဟ္မာသေ သေရပါလို၏ပါ ဘုရား)။

ဒါကြောင့်မတောင်းကောင်းဘူးပြောတာပေါ့ဗျ။ တောင်း ကောင်းရဲ့လား (မတောင်းကောင်း ပါဘူး ဘုရား)။ ရှေးက တောင်းတာတွေများ ခင်ဗျားတို့လျှာတွေပါ ခြစ်ပစ်ဖို့ကောင်း တယ် (မှန်လှပါ ဘုရား)၊ မှားသလား (မမှားပါဘူး ဘုရား)။

အသေတွေတောင်းထားသော

ဘာတွေ တောင်းထားသတုံး (အသေတွေတောင်း ထားတာပါ ဘုရား)။ အင်း အသေရှားလို့ တောင်းတာလား၊ အသေပေါလို့ တောင်းတာလား (အသေပေါလို့ တောင်းတာ ပါ ဘုရား)။ ယခုတောင် အသေရပ်ပြီလား (မရပ်ပါဘူး ဘုရား)။ မရပ်ခင်က နောက်အသေတွေ အမွေပြတ်သွားမှာစိုး လို့လား၊ ဒါပဲ မေးစရာရှိတယ်၊ ဒိပြင်ဘာရှိသေးသတုံး (မရှိပါ ဘုရား)။

ရူးပုံ၊ ရူးပုံ၊ ဦးဝင်း ဒါ ဘာခေါ်မလဲ (ရူးပုံပါ ဘုရား)။ ရူးပုံပဲဆိုတာ ဘုန်းကြီးက နှုတ်ကြမ်း သလား၊ ဒကာ ဒကာမတွေ အလုပ်က ကြမ်းသလား (အလုပ်ကကြမ်းပါတယ် ဘုရား)။ နှုတ်ကပျော့ နေသေးတယ်၊ ဟုတ်ဘူးလား၊ အလုပ်ကကြမ်း နေတယ်။

အဲဒါကြောင့် နှုတ်ကြမ်းတာ မဟုတ်ပါဘူး၊ အလုပ်ကြမ်း တာဆိုတာ ဦးခင်မောင် မှတ်မိပြီလား (မှတ်မိပါပြီ ဘုရား)။ အလုပ်က ဒီထက်ပိုနေတယ် (မှန်လှပါ ဘုရား)၊ ဘဝ ဆက်တိုင်း တောင်းနေပါ သေးတယ်။

ဒီထဲ ဒိထက်ကြမ်းဘယ်ရှာတွေ့တော့မတုံး (မတွေ့ ပါ ဘုရား)။ ဘယ်တော့မှ မလွတ်ပရစေ နဲ့ကော မပါဘူးလား (ပါပါတယ် ဘုရား)။ ဘဝဆက်တိုင်း ဆက်တိုင်း လွတ်ရေးကျွတ်ရေးပါသေးရဲ့ လား (မပါပါဘူး ဘုရား)။

အဆုံးစွန်သောဘဝ

အဲ့ဒီတော့ ဘုန်းကြီးက မင်းတို့ဟာကွာ လွန်လွန်းလှ တယ်၊ အသေချည့် ဆုတောင်းနေတာပဲ ဆိုတော့ နှုတ်ကြမ်းတယ်လို့ ထင်ချင်ထင်မယ်၊ ခင်ဗျားတို့က ဘယ်အခါကာလမဆို အဆုံး စွန်သောဘဝ၊ ဘယ်တော့မှလည်း ဆုံးမှာမဟုတ်ဘူး (မှန်ပါ ဘုရား)။ ရှေ့မြင်သေးရဲ့ လား (မမြင်ပါဘူး ဘုရား)။

အကြိမ်ကြိမ်ခံစား၍ဆိုတော့၊ အကြိမ်ကြိမ်ခံစားရင် အကြိမ်ကြိမ်သေနေရမှာ (မှန်ပါ ဘုရား)။ သဘောကျပြီ လား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဘယ်လိုဆုံးဖြတ်ချက်ချမတုံး၊ လက်ရှိမုန်းလိုက် (မှန်လှပါ ဘုရား)၊ သဘောကျပြီလား။

လျှာပေါ်မှာ မိမိတစ်ယောက်သေတယ်ဆို၊ ဪ သေပြန်ပြီတစ်ယောက်၊ ဟုတ်ပြီလား (မှန်ပါ ဘုရား)။ နားထဲ တစ်ယောက်သေပြန်ပြီ၊ နားထဲကြားလိုက်ပြန်လို့ ရှိရင်၊ နှာခေါင်းက အမွှေးနံ့ကလေး ရှူလိုက်ပြန်ပြီ (တစ်ယောက် သေပြန်ပြီ ဘုရား)။

သေချင်လို့သေတာ

အင်း သေချင်လို့သေတာနော် (မှန်ပါ ဘုရား)၊ သဘောကျပြီလား ပုရွက်ဆိတ်ကလေးသည် ကားလို့ဆိုရင် ပျားရည်ပန်းကန်ထဲမှာ ဒကာ ဒကာမတို့ စားတဲ့အခါ ကြည့် ပါတော့ သေချင်လို့ စားတာလို့ ခင်ဗျားတို့က မပြောကြဘူးလား (ပြောပါတယ် ဘုရား)။

တော်တော်ကြာကျတော့ သူက ခြေထောက်ကလေးနဲ့ ဟိုလျှောက် ဒီလျှောက်၊ မရုံးနိုင်သေ၊ မသေဘူးလား (သေပါတယ် ဘုရား)

ဪ တိရစ္ဆာန်များဟာ အသေခံမိုက်တာကိုး၊ မဆို နိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။ ခင်ဗျားတို့ ကော (အသေခံမိုက်ပါတယ် ဘုရား)။ သဘောကျပြီလား (ကျပါတယ် ဘုရား)။

အင်း လေးချောင်းနဲ့ နှစ်ချောင်းကွာတယ်။ ဒီလို ပြောတော့ခင်ဗျားတို့က နှုတ်ကြမ်းတယ်လို့ ထင်ချင်ထင်ဦးမှာ၊ နှုတ်ကြမ်းတာလား၊ အလုပ်ကြမ်းတာလား (အလုပ်ကြမ်း တာပါ ဘုရား)။ အဲ့ဒါလေး အဖြေထည့်ကြပါဦးဗျ၊ နို့မဟုတ်ရင် ဘုန်းကြီးတစ်ပါးတည်း ဖြစ်နေတယ်။

ခင်ဗျားတို့က လွန်နေတယ်၊ မလွန်ဘူးလား (လွန်ပါတယ် ဘုရား)။ ကောင်းပြီ ဒါဖြင့် ကြပ်ကြပ်ဉာဏ်နဲ့ စဉ်းစားပြီး သကာလ ကိုယ့်အသေကိုယ်မြင်ဖို့ရာသည် ဒွါရ ခြောက်ပေါက်မှာ အံမလေး လူကသာ အိပ်နေတယ် လှည့်သေ နေတယ် (မှန်ပါ ဘုရား)။

အိပ်နေတော့ဘဝင်စိတ်

အိပ်နေတော့ ဘဝင်စိတ်ကလည်း၊ အင်း တစ်ခုသော ဘဝင်စိတ်ကရှူးဖို့၊ လေထုတ်ဖို့၊ နောက်ဘဝင်စိတ်က လေ ရှိုက်ဖို့၊ အင်း ဒီဘဝင်စိတ် ကလေးတွေနဲ့ တစ်ယောက်သေ ရင် တစ်ယောက် အစားထိုး၊ တစ်ယောက်သေရင် တစ်ယောက် အစားထိုးနဲ့၊ အိပ်နေတဲ့ အခါကျလို့ ရှိရင်ဖြင့်တဲ့၊ ထွက်သက် ဝင်သက်နဲ့ ပြောမယ်ဆိုလို့ရှိရင်ဖြင့် သုံးရာခြောက်ဆယ်သေတယ် (မှန်ပါ ဘုရား)။ လူပေါင်းလူပေါင်းနည်းသလားဗျာ (မနည်းပါဘူး ဘုရား)။

ဝင်သက်ကလည်း သုံးရာခြောက်ဆယ် မနေဘူးလား (နေပါတယ် ဘုရား)။ တစ်နာရီကို ခုနှစ်ရာ့နှစ်ဆယ်၊ ဘယ်နှယ့်နေတုံး၊ ဘာတွေသေကြတာတုံး (ထွက်သက်ဝင် သက်ပါ ဘုရား)၊ ထွက်သက်ဝင်သက်သေတာ၊ ခင်ဗျားတို့ သေ နေတာ (မှန်ပါ ဘုရား)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။ မှ ဘယ်သူ သေတာတုံး (ထွက်သက်ဝင်သက်ပါ ဘုရား)၊ ကိုယ်တိုင်သေနေတာဗျ (မှန်ပါ ဘုရား)၊ သဘော ကျပြီလား (ကျပါပြီ ဘုရား)။

ကိုယ်တိုင်သေနေတာ

ဦးခင်မောင် ဘယ်သူသေနေတာတုံးဗျ (ကိုယ်တိုင် သေနေတာပါ ဘုရား)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ကဲ ဒါဖြင့် ရှူချင် ရှိုက်ချင်တဲ့ပုဂ္ဂိုလ်ဟာ သေချင် လို့ပဲ (မှန်လှပါ ဘုရား)။ မဟုတ်ဘူးလား (မှန်ပါ ဘုရား)။

ခင်ဗျားတို့က ထင်တာကတော့ အရှူ၊ အရှိုက်မရှိမှ သေပြီ ဘယ်လောက် ရိုင်းနေသတုံး၊ ဂွမ်းကလေးတို့ ကြည့် ခင်ဗျားတို့က နှာခေါင်းလေးနား ထားကြည့်တယ်၊ မရှူဘူး၊ မရှိုက်ဘူးတဲ့၊ လာတယ် ခင်ဗျားတို့က၊ မရှူဘူးတဲ့၊ ဒီလိုပြောလေ့ မရှိဘူးလား (ရှိပါတယ် ဘုရား)။

အင်း နဂိုကိုက မရှိတာ၊ ခင်ဗျားတို့က ခုမှ မရှူဘူး ထင်နေလို့၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

နဂိုကိုကတည်းက ရှူပြီးတဲ့နာမ်ရုပ်ဟာ ဘယ်နှယ့်တုံး (သေပါပြီ ဘုရား)။ သေပြီ၊ တစ်လောင်း သေပြန်ပြီ။ အင်း ပြန်ရှိုက်ပြန်တော့ကော (သေပါပြီ ဘုရား)။ ရှိုက်ပြီး သည်နဲ့ တစ်ပြိုင်နက်တည်း (သေပါပြီ ဘုရား)။

ဂွမ်းကိုဆရာတင်နေတယ်

အင်း မရှူဘူး လုပ်ပါလား၊ ဒီကျတော့ မရှိဘူးမလုပ် ဘူး၊ အလကား ဂွမ်းဆရာတင်နေတယ်၊ ဉာဏ်ကို ဆရာတင်၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဘာဆရာတင်ရမတုံး (ဉာဏ်ဆရာတင်ရမှာပါ ဘုရား)။ ခင်ဗျားတို့ နဂိုက ဆရာလုပ်နေတာက (ဂွမ်းဆရာ လုပ်နေပါတယ် ဘုရား)၊ ဂွကျလိုက်တာဗျာ၊ ဂွမ်းများ ဆရာတင် ရတယ်လို့ ဖြစ်မှဖြစ်ရလေ ထဲကပဲ။

ဦးဝင်းရေ၊ အတော်ဉာဏ်တုံးလို့ ဂွမ်းဆရာတင်တာပေါ့။ ဦးခင်မောင်ကြီးတို့ ဘာများ ဆရာတင် ဘူးသတုံး (ဂွမ်းပါ ဘုရား)။ ဂွမ်းပါပဲ၊ အံမလေး၊ ဖြစ်မှ ဖြစ်ရလေထဲက ဖြစ်နေပြီ။

နောက်ဂွမ်းဆရာမတင်နဲ့ ဒကာ ဒကာမတို့၊ ဉာဏ်ကို ဆရာတင် (မှန်ပါ ဘုရား)။

ဉာဏ်ကို ဆရာတင်တော့၊ ဟာ ငါတစ်ယောက် သေပြီ လို့ နောက်က ဉာဏ်က မမြင်ဘူးလား (မြင်ပါတယ် ဘုရား)၊ နောက်တစ်ခါ ပေါ်လာပြန်တော့၊ ဉာဏ်ဆရာတင် လိုက်တော့ ဟာတစ်ယောက် သေပြန်ပြီလို့ သူကမပြောဘူးလား (ပြောပါတယ် ဘုရား)။

ဉာဏ်ကိုဆရာတင်ကြ

အဲ့ဒိတော့ ဘယ်သူ့ဆရာတင်ရမတုံး (ဉာဏ်ဆရာ တင်ရမှာပါ ဘုရား)။ အဲ နောက် ဂွမ်းဖြုတ်၊ ဉာဏ်ဆရာတင် ကြ၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဂွမ်းသာ ဆရာတင်နေကြမယ်ဆိုရင်ဖြင့် မျက်ရည်ကျဖို့ စိတ်ကူးပါ၊ ဟုတ်ပြီလား (မှန်ပါ ဘုရား)၊ ဉာဏ်ဆရာတင် မယ်ဆိုရင် ဒီခန္ဓာမုန်းပြီ၊ သဘောကျပြီလား (မှန်ပါ ဘုရား)။

ဉာဏ်ဆရာတင်ရင် (ခန္ဓာမုန်းပါပြီ ဘုရား)၊ ဂွမ်း ဆရာတင်ရင် (မျက်ရည်ကျရမှာပါ ဘုရား)၊ သဘောကျပြီး လား (ကျပါပြီ ဘုရား)၊ အံမလေး အတော်ပြောရတယ် ဗျ၊ ဒီနှစ်လုံးထဲတင် နာရီမနည်းဘူး၊ ထူလွန်းလို့၊ ထူလွန်းလို့ (မှန်ပါ ဘုရား)၊ မထူဘူးလား၊ ထူသလား (ထူပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဘုန်းကြီးပြောတဲ့ အတိုင်းသာ ကြည့်မယ်ဆိုရင် ခင်ဗျားတို့ ပျော်တဲ့ဉာဏ်လာ မလား၊ ပျင်းမုန်းငြီးငွေ့တဲ့ဉာဏ် လာမလား (ပျင်းမုန်းငြီးငွေ့ တဲ့ဉာဏ်လာမှာပါ ဘုရား)။

ဘယ်ခန္ဓာမဆို အသေပဲရမယ်

ဒါဖြင့် ဘုန်းကြီးတာဝန် ကုန်ပြီနော် (မှန်ပါ ဘုရား)။ မကုန်သေးဘူးလား (ကုန်ပါပြီ ဘုရား)။ ကုန်ပြီ၊ ကုန်ပြီ၊ ဒါ ဖြင့် မုန်းအောင်ဟောနိုင်မှကိုး၊ ပြီးတော့ မလိုချင်အောင် ဟောနိုင် မှဆိုတော့ ဒီလိုအသေချည့်ရမယ် ဒကာ ဒကာမတို့၊ နတ်ခန္ဓာရ လည်း ခဏ ခဏ အသေပဲရမယ်၊ ဗြဟ္မာ ခန္ဓာ ရရင်ကော (အသေပဲရမှာပါ ဘုရား)။

စိတ်ထဲက ဘယ်နှယ့်ပေါက်သတုံး မလိုချင်ဘူး၊ ဟော နှစ်နံပါတ်လည်း လာတော့တာပဲ၊ မလိုချင်ဘူး ဆိုတာ မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။ သဘောကျ ပြီလား (ကျပါပြီ ဘုရား)။

ဒီလိုပဲ ဒကာ ဒကာမတွေရေ ရောက်ရာမှာ ခင်ဗျားတို့ ခဏ ခဏ သေပွဲဝင်နေရမှာပဲ၊ တော်လောက် ပါပြီဘုရား၊ ဒါဖြင့် မလိုချင်တော့ပါဘူး (မှန်လှပါ ဘုရား)။

မလာဘူးလား (လာပါတယ် ဘုရား)၊ ဉာဏ်ဆရာ တင်လိုက် တဲ့အခါကျတော့ မလိုချင်တာ တစ်ခါတည်းလာတယ် (မှန်ပါ ဘုရား)၊ မလာဘူးလား (လာပါတယ် ဘုရား)၊ ဘယ်နှစ်ချက်ရှိသွားပြီတုံး (နှစ်ချက် ရှိသွားပါပြီ ဘုရား)။

အသေဇာတ်သိမ်းသွားတယ်

နောက်နှစ်ချက်တင်မကဘူး၊ ကိုင်း ဒီလောက် ဒုက္ခရောက်တာတော့ ဇာတ်သိမ်း ချင်ပါပေါ့ဘုရား၊ မလာဘူးလား (လာပါတယ် ဘုရား)။

ဒီလောက်ဒုက္ခရောက်တာတော့ ဇာတ်သိမ်းချင်ပါပေါ့ ဘုရားဆိုတော့ကို တစ်ခါတည်း ဒကာ ဒကာမတွေ သန္တာန်မှာ သူနဲ့ပတ်သက်တဲ့ ခင်တွယ်တဲ့ တဏှာက ချုပ်သွားတော့ သူကလည်း ဇာတ်သိမ်း သွားတာပဲ (မှန်ပါ ဘုရား)၊ အသေ ကလည်း ဇာတ်သိမ်းသွားတယ် (မှန်ပါ ဘုရား)၊ ဟုတ်ဘူးလား။

သူ့နေရာနိဗ္ဗာန်အစားထိုးတယ်

မသေရာနိဗ္ဗာန်က သူ့နေရာအစား မထိုးဘူးလား (ထိုးပါတယ် ဘုရား)၊ အဲ ဒကာ ဒကာမတို့ ဒီလိုသာကြည့် လို့ ရှိရင် နိဗ္ဗာန်မရဘူးလို့ ဟောရင် လွဲတော့မပေါ့ (မှန်ပါ ဘုရား)၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

နိဗ္ဗာန်ရောက်မှ ရောက်ပါ့မလားလို့များ သံသယ ရှိသေးရဲ့ လား (မရှိပါဘူး ဘုရား)၊ မရှိနဲ့ သေချာတယ်၊ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ဒါဖြင့် ဘုန်းကြီးဘက်က ဘယ်နှစ်ချက် ဟောလိုက် သတုံး (သုံးချက်ဟောလိုက်ပါတယ် ဘုရား)၊ ကိုင်း ခင်ဗျားတို့ဘက်ကလည်း သုံးချက်။

ခင်ဗျားတို့ဘက်က သုံးချက်ကတော့ ခင်ဗျားတို့ကို သင်ပေးရဦးမှာ အပြီးသတ်တော့ ဟောတဲ့ဘက်က ပြီးလို့ရှိရင် ငါ့တာဝန်ပြီး ထိုင်နေဖို့မဟုတ်သေးဘူး၊ ခက်လိုက်တာက ဘာလုပ်ရဦးမှာတုံးဗျ၊ ထိုင်ရဦးမှာပဲဗျာ၊ တယ်မထူးလှပါဘူး၊ နားဖို့အတွက်ကို မပါပါဘူး။

ခင်ဗျားတို့ဘက်ကတဲ့၊ ခင်ဗျားတို့သန္တာန်ဖြစ်တဲ့ စိတ်က လေးကို ရှေးဦးစွာ မုန်းအောင် ကျင့်ရမယ် (မှန်ပါ ဘုရား)။

မုန်းအောင်ကျင့် ဆိုတော့ ကျင့်နည်းကို ပြောမှရမယ်တဲ့။ မုန်းအောင်ကျင့်ရမယ်၊ မလိုချင်အောင် ကျင့်ရမယ်၊ ဆုံးအောင် ကျင့်ရမယ် (မှန်ပါ ဘုရား)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

မုန်းအောင်မလိုချင်အောင်ကျင့်ရမယ်

ဘယ်လိုကျင့်ရမှာတုံး (မုန်းအောင်၊ မလိုချင် အောင်၊ ဆုံးအောင်ကျင့်ရမှာပါ ဘုရား)၊ ဆုံးအောင် ကျင့်ရမယ်၊ ခင်ဗျားတို့သန္တာန်ဖြစ်တဲ့ စိတ်ကလေးတွေပေါ့ဗျာ၊ ပဋိစ္စသမုပ္ပါဒ် စိတ်ကလေးနော် (မှန်ပါ ဘုရား)။

ဒီစိတ်ကလေးဟောလိုက်သဖြင့် ဝိညာဏ်ဟောလိုက် သဖြင့် နာမ်ရုပ်လည်း ဒီအတိုင်းပေါ့ဗျာ (မှန်လှပါ ဘုရား)၊ သဠာယတနရှုချင်ရင်ကော (ဒီအတိုင်းပါ ဘုရား)၊ ဖဿ ရှုတော့ကော (ဒီအတိုင်းပါ ဘုရား)။

အင်း ဖဿမုန်း၊ ဖဿမလိုချင်၊ ဟုတ်လား၊ ဖဿ ဆုံးအောင်ရှုရင်ပြီးသွားမှာပဲ။

ရှုစရာ (၁၂) ခု

အဲဒီတော့ ပဋိစ္စသမုပ္ပါဒ် (၁၂)ခုဟာ ရှုစရာချည့်လို့ မှတ်ပါ (မှန်လှပါ ဘုရား)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ပဋိစ္စသမုပ္ပါဒ် (၁၂) ခုကို ရှုစရာလို့ သေသေချာချာ သံယုတ်ပါဠိတော်မှာ ဟောတယ်၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ရှုစရာများရှားနေသလား (မရှားပါဘူး ဘုရား)၊ မရှု တတ်ရင်ရှားလို့၊ ရှုတတ်လို့ရှိရင်ခင်ဗျားတို့ သန္တာန်မှာ နားပေါက် ကလည်း ပဋိစ္စသမုပ္ပါဒ် ရှိတာပဲ၊ တစ်နေ့က ပြခဲ့ပြီ၊ နှာခေါင်း ပေါက်ကကော (ရှိပါတယ် ဘုရား)၊ ဒွါရ (၆) ပေါက်စလုံး ဗျာ (ရှိပါတယ် ဘုရား)

အဲဒီတော့ ဒွါရ (၆)ပေါက်ကကော နားသေးရဲ့ လား (မနာပါဘူး ဘုရား)၊ မနောကကော ပေါ်ရာကိုသာ လိုက် မယ်ဆိုရင် ဒီစိတ်ဝိညာဏ်တွေ မတွေ့ပေဘူးလား (တွေ့ပါ တယ် ဘုရား)၊ သဘောပါပြီလား (ပါပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေဘက်က ရှုနည်းက ဒီလိုပါတဲ့၊ ဓမ္မာနုဓမ္မပဋိပတ္တိ ဖြစ်ဖို့ပဲ ဂရုစိုက် ရမယ်နော် (မှန်ပါ ဘုရား)။ ဘာဂရုစိုက်ရမတုံး (ဓမ္မနုဓမ္မပဋိပတ္တိဖြစ်ဖို့ ဂရုစိုက်ရမှာပါ ဘုရား)။

ဓမ္မ၊ ဒီက ဓမ္မ ဟုတ်လား၊ အနု ပဋိ ပတ္တိ၊ ဒီက အနု ပဋိ ပတ္တိ ဟုတ်လား၊ ဒီကဘာတုံး (ဓမ္မပါ ဘုရား)၊ ဒီက (အနုပဋိပတ္တိပါ ဘုရား)၊ ပေါင်းလိုက်တဲ့ အခါကျတော့ (ဓမ္မာနု ပဋိပတ္တိပါ ဘုရား)၊ အံမလေး ကလေးတွေလို သင်နေရပါလား။

လျှော်အောင်ကျင့်တာ

မလွယ်ပါလား၊ ဒီဘက်က ဘာပါလိမ့် (ဓမ္မပါ ဘုရား)၊ ဒီဘက်က (အနုပဋိပတ္တိပါ ဘုရား)၊ အနုပဋိပတ္တိ၊ အနုက လျှော်တာ၊ ပဋိပတ္တိက ကျင့်တာ၊ လျှော်အောင်ကျင့်တာ။

ဒါကဘာတဲ့ (အနု ပဋိ ပတ္တိပါ ဘုရား)၊ မြန်မာလို ပြန်တော့ (လျှော်အောင်ကျင့်တာပါ ဘုရား)၊ လျှော်အောင် ကျင့်လို့ ဆိုတဲ့ဥစ္စာကျတော့ ဘယ်သူနဲ့ လျှော်ရမှာတုံးဆိုတော့ မင်းတို့ကွာ သင့်လျော်သလို သင့်အောင် နေကြမှာပေါ့ ဆိုတော့ တစ်ယောက်နဲ့တော့ လျှော်ရတော့မယ် (မှန်ပါ ဘုရား)၊ ဟုတ်ဘူးလား။

တစ်ယောက်ယောက်နဲ့ မင်းတို့သည်ကားလို့ဆိုရင် သင့်လျှော်အောင် ကြည့်နေကြမှာပေါ့ ဆိုတော့ တစ်ယောက် တည်း ပြောတဲ့စကားလား၊ နှစ်ယောက်ပြောတဲ့ စကားလား (နှစ်ယောက် ပြောတဲ့စကားပါ ဘုရား)။

အဲ ဒီမှာစဉ်းစားလိုက် လျှော်အောင်ကျင့် ဒီတရား က၊ ဘယ်သူနဲ့ လျှော်အောင် ကျင့်ရမှာ ဆိုတော့ ရှေ့ပိုင်းက ရှုတဲ့တရားနဲ့၊ အရှုခံရမယ့်တရားနဲ့ ဟောဒီ အရှုဉာဏ်နဲ့ လျှော်အောင်ကျင့်၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

အရှုခံနဲ့ အရှုဉာဏ်နဲ့ လျှော်အောင်ကျင့်

အရှုခံနဲ့ အရှုဉာဏ်နဲ့ဘာတဲ့ (လျှော်အောင်ကျင့် ရမှာပါ ဘုရား)၊ ပြောပါဦး၊ ပြောပါဦး ဘာတဲ့ (အရှုခံနဲ့ အရှုဉာဏ်လျှော်အောင်ကျင့်ရမှာပါ ဘုရား)၊ သုံးခေါက်ပြောစမ်း ပါ (အရှုခံနဲ့ အရှုဉာဏ် လျှော်အောင် ကျင့်ပါ ဘုရား)။

ဟောဒီက အဖြစ်၊ ဒီကလည်း အဖြစ်ကိုပဲ သိရမယ်၊ ဒီက အပျက်ဆိုရင် (အပျက်ကိုပဲ သိရမှာပါ ဘုရား)၊ ဒါဖြင့် ဒီကဖြစ်ပျက်နဲ့ ဒီက သိချက်နဲ့ဟာ ကိုက်နေရမယ်၊ မလျော်ဘူးလား (လျော်ပါတယ် ဘုရား)။

အဲ့ဒါလေး လုပ်ရမယ်တဲ့ ဒကာ ဒကာမတွေဘက်က ရှင်းပြီလား (ရှင်းပါတယ် ဘုရား)။

ဘုန်းကြီးကတော့ ခုနက ပြောတဲ့ဘက်ကတော့ ပြီးခဲ့ပြီ၊ ခင်ဗျားတို့ဘက်က ဒါလေးတော့ လုပ်ကြ (မှန်လှပါ ဘုရား)။ သဘောပါပြီလား (ပါပါပြီ ဘုရား)။

ဒါဖြင့် ဒါက ဓမ္မ၊ ဒါကဘာတဲ့ (အနုပဋိပတ္တိပါ ဘုရား)၊ ဒါဖြင့် ဒါက ရှုစရာ၊ ဒါက ရှုဉာဏ်၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒါက အရှုခံတရား၊ ဒါက (အရှုဉာဏ်ပါ ဘုရား)၊ အရှုခံတရားက ဖြစ်ပျက်ဆိုရင်၊ ရှုဉာဏ် ကလည်း ဖြစ်ပျက်ထက် မပိုစေနဲ့၊ သော် ဖြစ်ပျက်ပဲကိုးလို့ သိပေး၊ ဒီပြင် ဘာမှ ပိုမသိနဲ့၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

သူက ဖြစ်ပျက်ပြရင်၊ ဖြစ်ပျက်ပဲ၊ သူကမုန်းစရာပြရင် (မုန်းစရာပါ ဘုရား)၊ သူကအဆုံးပြရင် (အဆုံးပါ ဘုရား)၊ အဲ့ဒီလို ခင်ဗျားတို့ ဒီဘက်က နောက်က လျှော်သုံးချက် လိုက်လိုက်လို့ ရှိရင်လည်းတဲ့၊ အဲ့ဒါ ဓမ္မနု ဓမ္မ ပဋိပတ္တိပုဂ္ဂိုလ် ဖြစ်ပါတယ်၊ လျှော်သုံးချက် လိုက်နိုင်လို့ရှိရင်၊ သဘော ပါပြီလား (ပါပါပြီ ဘုရား)။

အင်း ဒါ ခင်ဗျားတို့ဘက်ကနော်၊ ဒါ ခင်ဗျား တို့ဘက်က အရေးတကြီး မှတ်ရမယ့်အလုပ် (မှန်လှပါ ဘုရား)၊ ဟုတ်ပြီလား၊ ဘုန်းကြီးဘက်ကတာဝန်က ခုနက ပြီးသွားပြီ၊ ခု ခင်ဗျားတို့ သင်တဲ့ ဘက်က လာနေတာ။

ဒီကဘာပါလိမ့် ဓမ္မ၊ ဒီက ဘာတုံး (အနုပဋိပတ္တိပါ ဘုရား)၊ ဓမ္မဆိုတာ ခင်ဗျားတို့သန္တာန် ဘယ်စိတ် ပေါ်ပေါ်၊ ရှင်း ပြီလား (ရှင်းပါပြီ ဘုရား)။

ဖြစ်မှန်းပျက်မှန်းကိုသိပေးပါ

ဘယ်စိတ်ပေါ်ပေါ် သူက အဖြစ်နဲ့အပျက်ပဲရှိတယ်၊ နောက်က ပဋိပတ္တိက ဘယ်လိုကျင့် ရမှာပါလိမ့် (လျှော်အောင် ကျင့်ရမှာပါ ဘုရား)၊ ဖြစ်မှန်းပျက်မှန်းကို သိပေးပါတဲ့၊ အပိုမသိပါနဲ့၊ သဘောကျပြီလား။

ယောက်ျားတွေ၊ မိန်းမတွေ မလာပါစေနဲ့၊ ဖြစ်ပျက် နေတယ်လို့ပဲ သိနေရုံပဲ၊ ငါတွေ၊ သူတွေလည်း၊ မလာစေနဲ့၊ ရှေ့နားဖြစ်ပျက်နေတာပဲ၊ ဒီလိုပဲသွားပါ၊ ဟုတ်ပြီလား။

ရှေ့နားဖြစ်ပျက် နေတယ်လို့သာ သွားလိုက်လို့ရှိရင်ဖြင့် ဓမ္မနဲ့ အနုပဋိပတ္တိနဲ့ သွားကိုက်တယ်။ ဦးဘတင်ရေ ဘယ်နှယ့် တုံး (ဓမ္မနဲ့ အနုပဋိပတ္တိနဲ့ သွားကိုက်ပါတယ် ဘုရား)၊ ဦးခင်မောင် ဒီအချက်ဟာ အရေးကြီးတယ် (မှန်ပါ ဘုရား)၊ ဦးစံရင်တို့ ဒီအချက် အရေးမကြီးဘူးလား (ကြီးပါတယ် ဘုရား)။

ဓမ္မနဲ့လျှော်အောင်ကျင့်

ဘာနဲ့ကိုက်ရမတုံး (ဓမ္မနဲ့ အနုပဋိပတ္တိနဲ့ ကိုက်ရမှာပါ ဘုရား)၊ အဲ ဓမ္မနဲ့ အနုပဋိပတ္တိနဲ့ သွားကိုက်ရမယ်၊ အနုက လျှော်တာကိုးဗျ။ ပဋိပတ္တိက အကျင့်၊ လျှော်အောင်ကျင့်၊ ဘာနဲ့ လျှော်ရမှာတုံး (ဓမ္မနဲ့ပါ ဘုရား)။

ဓမ္မနဲ့လျှော်အောင်၊ ဓမ္မက ဘာပြလေ့ရှိသတုံး (ဖြစ် ပျက်ပါ ဘုရား)၊ ဒါဖြင့် ဖြစ်ပျက်ပဲ လျှော်အောင် ကြည့်လိုက်ရုံပဲ။ ဒီပြင် ခင်ဗျားတို့က ဘာမှအပိုဆောင်းမနေတော့နဲ့၊ ဟုတ်ဘူးလား၊ ဈေးရောင်း သလိုမှတ်မနေနဲ့။

ဈေးရောင်းတဲ့အခါကျတော့ ကျုပ် သာသာထိုးထိုးထည့် ပေးပါ့မယ်လို့ အဲ့ဒီလိုမရဘူး၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

မရဘူး၊ မရဘူး၊ ဒီဥစ္စာက အလေးခိုးလို့လည်း မရဘူး၊ သာသာထိုးထိုး ထည့်လို့ကော (မရပါ ဘုရား)။ သူနဲ့သူလျှော် ရင် ပြီးတာပဲတဲ့။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဘယ့်နှယ်လုပ်ကြရမှာတုံး ဓမ္မနဲ့ အနုပဋိပတ္တိဖြင့် ဦးခင်မောင် ကိုက်ပစေ။ ဦးစံရင်တို့ ကိုက်ရမယ်နော် (မှန်ပါ့ ဘုရား)။

ဒါမကိုက်သေးရင် အကျင့်မမှန်သေး

ဒါမကိုက်သေးလို့ရှိရင် နေရာမကျသေးဘူး၊ ဒါသည် ကားလို့ဆိုရင် ဒကာ ဒကာမတို့ မဂ်ဖိုလ်ရမယ့် အကျင့်မဟုတ် သေးဘူးတဲ့၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဘာတဲ့တုံး (မဂ်ဖိုလ်ရမယ့်အကျင့်မဟုတ်သေးပါ ဘုရား)၊ မဂ်ဖိုလ်ရမယ့် အကျင့် မဟုတ်သေးဘူးတဲ့၊ ဒကာ ဒကာမ တို့ ဒါဖြင့် ဒါက ဘုန်းကြီးကပြောတယ်။ ဒါနဲ့မကိုက်လို့ရှိရင် ဓမ္မ နဲ့ အနုပဋိပတ္တိနဲ့ မကိုက်ကြလို့ရှိရင် မဂ်ဖိုလ်ရတဲ့အကျင့်မဟုတ် ဘူးလို့ ဘုန်းကြီးက ခုပဲ ဒကာ ဒကာမတွေကို ဆုံးမတယ်နော်။

အဲဒီတော့ကို ဘယ့်နှယ်ကြောင့်တုံး ဒီဥစ္စာဘုရား၊ မကိုက်ရတာ၊ ဝေးလို့မကိုက်လို့ ရှိရင်လည်း ဒါ ခင်ဗျားတို့ ဪ ဝေးရှာတယ် မကိုက်ပေဘူး၊ မဆိုသင့်ဘူးလား (ဆိုသင့် ပါတယ် ဘုရား)။

ခုတော့ဗျာ ကိုယ်သေတာ ကိုယ်ကြည့်ရတာဆို တော့ ဝေးလို့လည်း ဆိုစရာက အတော်ခက် သွားတယ် (မှန်လှပါ ဘုရား)၊ မခက်ဘူးလား (ခက်ပါတယ် ဘုရား)။

ဝေးလို့လား ကိုယ်သေတာ ကိုယ်ကြည့်ရတာ (မဝေးပါဘူး ဘုရား)၊ ဝေးသလား၊ နီးသလား (နီးပါတယ် ဘုရား)၊ ဟာ ဒါဖြင့် အနီးမှုန်နေလို့လားလို့ မေးချင်တယ် ကျုပ်က၊ အဝေးမွဲပြီး အနီးမှုန် နေလို့ရှိရင်ဖြင့် ဒီမျက်လုံး အသုံး မကျတော့ဘူး၊ ကျပါဦးမလား (မကျပါဘူး ဘုရား)။

ရှေ့ကအပျက်နဲ့ မဂ်နဲ့ကိုက်ပါစေ

အဲ့ အဲ့ဒါက ခင်ဗျားတို့ ပကတိမျက်လုံးကိုဆိုတာ ပါတဲ့၊ ဒီနေရာတော့ ဉာဏ်နဲ့၊ ဓမ္မနဲ့၊ အနုပဋိပတ္တိနဲ့သာ လျှော်အောင်သာ လုပ်လိုက်တော့။ ရှေးကအပျက်နဲ့ နောက်ကမဂ်နဲ့ လိုက်ရင်ပြီး တာပဲတဲ့။ တိုတိုကျတော့ ဒါပါပဲ။ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ရှေးက (အပျက်ပါ ဘုရား)၊ နောက်က (မဂ်ပါ ဘုရား)၊ ဒါကိုက်ရင် ဓမ္မအနုပဋိပတ္တိ ဖြစ်တာပဲ (မှန်ပါ ဘုရား)၊ ဦးဝင်းရေ နေရာကျပြီလား (ကျပါပြီ ဘုရား)။

ကဲ ဒီလိုနေရာကျတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်ဖြင့်တဲ့ ဒကာ ဒကာမတို့ မုန်းမယ်ဟုတ်လားဗျာ၊ မလိုချင်မယ်၊ အင်း ဒါကြီးနဲ့ အိုးစားကွဲချင်မယ်၊ ဆုံးချင်မယ် ဆိုတာ မလာပေဘူးလား (လာပါတယ် ဘုရား)။

အဲ ဒီနှစ်ခုကိုက်အောင် လုပ်ပါတဲ့၊ ဒါမှ ဟိုသုံးချက် ကိစ္စပြီးသွားမယ် (မှန်လှပါ ဘုရား)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒါ ဘယ်သူ့ဘက်ကပါလိမ့် (တပည့်တော်တို့ဘက် ကပါ ဘုရား)၊ တပည့်တော်တို့ဘက်က ဒကာ ဒကာမတွေဘက် က ကဲ ဒကာ ဒကာမတွေဘက်က သုံးချက်ကို အသာထား လိုက်ပါတော့၊ ဒီတစ်ချက်တည်းမှာ အကုန်ပါသွားပြီလို့ မှတ် လိုက် (မှန်လှပါ ဘုရား)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဓမ္မနဲ့ အနုပဋိပတ္တိဆိုတာလေး လျှော်လို့ရှိရင်ပြီးတာပဲ၊ ဒါဖြင့် ဓမ္မာနုဓမ္မဋိပန္န ပုဂ္ဂိုလ်ဖြစ်ပါပြီတဲ့၊ မဖြစ်သေးဘူးလား (ဖြစ်ပါပြီ ဘုရား)။

ဒီသုံးချက်ညီအောင် ဟောကြ ကျင့်ကြပါ

ကောင်းပြီ၊ ဒါဖြင့် ဘုရားကဟောတဲ့ပုဂ္ဂိုလ်ကလည်း ဒီသုံးချက်ညီအောင်ဟော၊ ကျင့်တဲ့ ပုဂ္ဂိုလ်ကလည်း ဒီသုံးချက် ဓမ္မနုဓမ္မပဋိပတ္တိနဲ့ညီအောင် ကျင့်ကြမယ်ဆိုရင် ဘုရားက ဘယ်လိုများ ဆုံးဖြတ်ချက်ချသတုံး (ဒိဋ္ဌဓမ္မ နိဗ္ဗာန်ရမယ့် ပုဂ္ဂိုလ်ပါ ဘုရား)၊ ဒိဋ္ဌဓမ္မနိဗ္ဗာန် ရမယ့်ပုဂ္ဂိုလ်တဲ့၊ အကြွေးပုဂ္ဂိုလ် မဟုတ်ဘူးတဲ့၊ ဟုတ်ဘူးလား။

ယခုဘဝ နိဗ္ဗာန်ရမယ့်ပုဂ္ဂိုလ်လို့ မဆိုဘူးလား (ဆို ပါတယ် ဘုရား)၊ အဲ့ဒါ ဒီလောက် ဆိုထားတော့ ကျုပ်တို့က ဘုရားကလည်း တို့ အင်း တရား အားထုတ်ချင် အောင်လို့များ ပြောနေ သလားလို့များ ဘုရားအပေါ်မှာ ခင်ဗျားတို့က တရားဆွဲ လုံးများ တင်နေဦးမယ်။

ခင်ဗျားတို့က လျှောကအတော်ရှည်တာ၊ ဘုရားက ကရု ဏာနဲ့သနားလို့ပြောရှာတာ၊ တကယ်တော့ တော်တော်လုပ်ရဦး မှာ၊ ခင်ဗျားတို့က ဒီနေရာတော့ ဉာဏ်က အတော်ထိုးထွင်းတာ၊ သေဖို့ကျတော့ ဆုတ်ယုတ်အောင်ကို တွက်ယူတယ်။

ဘုရားဆိုတာ တစ်ခွန်းနဲ့အမှန်ပြောတယ်

ဘယ်နှယ့်၊ မမှားဘူးလား (မှားပါတယ် ဘုရား)၊ ကဲ ဒါဖြင့် ဟုတ်ပါတယ်တဲ့၊ ဘုရားဆိုတာ ဦးခင်မောင် နှစ်ခွန်း မပြောဘူး၊ တစ်ခွန်းနဲ့အမှန်၊ ဒါ ဘုရားထုံးတမ်း (မှန်ပါ ဘုရား)။

ဘုရားထုံးတမ်းက ဘာတုံး (နှစ်ခွန်းမပြော၊ တစ်ခွန်း နဲ့ အမှန်ပြောတာပါ ဘုရား)၊ သူက ဒီဘဝနိဗ္ဗာန် ရရမယ့်ပုဂ္ဂိုလ်ကွ ဆိုတော့ နှစ်ခွန်းလား၊ တစ်ခွန်းတည်းလား (တစ်ခွန်းတည်း ပါ ဘုရား)။

အဲ့ဒီတစ်ခွန်းတည်းဖြင့်ဗျာ နဂိုကလည်း ကိုယ်တော်ကြီး က နှစ်ခွန်းပြောတတ်ရဲ့ လား (မပြော တတ်ပါဘူး ဘုရား)၊ တစ်ခွန်းပြောပြန်တော့လည်း အတိမ်းအစောင်း ပါသေးသလား (မပါပါဘူး ဘုရား)။

အဲ နှစ်ခွန်းလည်းမပြော၊ တစ်ခွန်းနဲ့ အမှန်သုံးတယ်။ ဒီကိုယ်တော်ကြီးက ပြောတာကို ခင်ဗျားတို့က သတ္တဝါ တွေ သနားရှာလွန်းလို့ ကျင့်ဖြစ်အောင်လို့ ပြောနေရှာတာလို့ သွားမလုပ်နဲ့ (မှန်လှပါ ဘုရား)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ခင်ဗျားတို့က အတော်လျှာရှည်လို့ဗျာ၊ အံမလေး ဘုရား အပေါ်တော့ သွားတော့ မရှည်လိုက်ပါနဲ့ဗျာ၊ ကိုယ်တော်မြတ်ကြီး က သတ္တဝါတွေ ရင်ဝယ်သားကဲ့သို့ သနားတော့ကို စပြီး သကာလ ဆွဲရှာတယ်၊ ဆွဲရှာတယ်၊ လုပ်မနေနဲ့၊ ဒါ ဒီဟာကို မဟုတ်ဘူး၊ ခင်ဗျားတို့က လေချိုသွေး တာပါ၊ ဟုတ်ဘူးလား ဦးစံရင်ရေ (မှန်လှပါ ဘုရား)။

ပြောတဲ့အတိုင်းဖြစ်ရမယ်

ဘုရားကတော့ နှစ်ခွန်းမပြောဘူး၊ တစ်ခွန်းနဲ့အမှန်ပြော ပါတယ်ဆိုတာလေး ချီထား ကတည်းကိုက သူ့ထုံးစံကို မှတ်ထား ကတည်းကိုက ဦးခင်မောင်ရေ သူပြောတဲ့အတိုင်း တသွေမတိမ်း ဖြစ်ရမယ် (မှန်လှပါ ဘုရား)၊ မဖြစ်စရာများ ရှိသေးသလား (မရှိပါဘူး ဘုရား)။

ကဲ မဖြစ်စရာမရှိတာ ဘုန်းကြီး ရှင်းပြမယ်၊ ဒါ ဒကာ ဒကာမတွေက ကျင့်ပြီ၊ ဒွါရ (၆)ပေါက်မှာ ရှိတဲ့စိတ်၊ ဓမ္မနုပဋိ ပတ္တိနဲ့လုပ်ပြီ၊ ဒီ ဓမ္မကို အနုပဋိပတ္တိနဲ့ လုပ်ပြီ၊ ဒီဓမ္မဆိုတာ စိတ် တိုင်းပေါ့ဗျာ၊ ဘယ်စိတ်မဆို ဓမ္မချည့်ပဲမဟုတ်လား (မှန်လှ ပါ ဘုရား)။

ဓမ္မပေါ်တိုင်းဘာလုပ်ရမတုံး

အဲဒီ ဓမ္မပေါ်တိုင်း ပေါ်တိုင်း ဒီက ဘာလုပ်ရမတုံး (အနုပဋိပတ္တိ)၊ အနုပဋိပတ္တိဆိုတာလည်း သိပြီးသားနော် (မှန်လှပါ ဘုရား)။

ဒီကဖြစ်ပျက်ဆိုရင် သူက ဖြစ်ပျက် မြင်ရတယ်၊ မမြင်ရ ပေဘူးလား (မြင်ရပါတယ် ဘုရား)၊ ကောင်းပြီ၊ ဓမ္မနဲ့ အနုပဋိ ပတ္တိဖြစ်သွားလို့ရှိရင် ဓမ္မာနုဓမ္မပဋိပန္နပုဂ္ဂိုလ်ဖြစ်ခဲ့သော် ဒီဘဝ နိဗ္ဗာန်ရရမယ်၊ ဘုရားက အသေအချာမပြောဘူးလား (ပြော ပါတယ် ဘုရား)။

ကဲ ရမရ စဉ်းစားကြစို့ဆိုတော့ ဒါ မိမိခန္ဓာဖြစ်ပျက် ကို ပထမရှေးဦးစွာ မမုန်းဘူးလား (မုန်းပါတယ် ဘုရား)၊ မြင်ပါများတော့ ဘယ်နှယ့်တုံး (မုန်းပါတယ် ဘုရား)။

မိမိခန္ဓာလိုချင်သေးရဲ့လား

မြင်ပါများတော့ ဒီဉာဏ်က နဂိုတုန်းကတော့ မြင်ပါများ တဲ့ဉာဏ်၊ မုန်းတဲ့ဉာဏ်၊ နောက်ကျတော့ ဒါတွေချည့် ဓမ္မာနု ဓမ္မပဋိပတ္တိ ဖြစ်အောင်ချည့် လုပ်နေရတော့ မိမိခန္ဓာလဲ မိမိလို ချင်သေးရဲ့လား (မလိုချင်ပါဘူး ဘုရား)။

မလိုချင်ဘူးဆိုတော့ ဒီဉာဏ်က တက်မသွားဘူးလား (တက်သွားပါတယ် ဘုရား)၊ ပထမမုန်းဉာဏ်၊ နောက်ဘာ ဉာဏ်ဖြစ်မတုံး (မလိုချင်တဲ့ဉာဏ်ပါ ဘုရား)။

မလိုချင်တဲ့ ဉာဏ်ဆိုတော့ နောက် သူတက်ဦးမယ်၊ ဪ ဒီဥစ္စာသည်ကား မုန်းလည်း မုန်းစရာ၊ လိုချင်စရာ လည်းမရှိ၊ ဘာကြောင့်တုံးလို့ မေးတော့မှ ဒကာ ဒကာမတွေက သစ္စာသံ ထွက်လာတယ်၊ ဒုက္ခရောက်လွန်းလို့ဘုရား (မှန်ပါ ဘုရား)၊ လာပြီ။

ဒုက္ခဆုံးအောင်ကျင့်ရမှာ

ဘယ့်နှယ်လာတုံး (ဒုက္ခ ရောက်လွန်းလို့ပါ ဘုရား)။ ဟုတ်ကောဟုတ်ရဲ့လား၊ ဒီဒုက္ခထက် ကြီးတာများ ရှိသေးရဲ့ လား (မရှိပါဘူး ဘုရား)၊ ခဏ ခဏ သေရတဲ့ ဒုက္ခထက်ကြီးတာ များ (မရှိပါဘူး ဘုရား)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒီဉာဏ်သည် ခဏ ခဏ သေရတဲ့ ဒုက္ခပိုင်းခြား ချလိုက်တယ်၊ ပိုင်းခြားချလိုက်တော့ ဒီဒုက္ခ မချုပ်ပေဘူးလား (ချုပ်ပါတယ် ဘုရား)၊ ဒါဖြင့် ဆုံးသွားတာပေါ့ (မှန်ပါ ဘုရား)၊ ဆုံးအောင် ကျင့်ရမှာ (မှန်ပါ ဘုရား)။

ပထမမုန်းအောင်ကျင့်၊ နောက်မလိုချင်အောင်ကျင့်၊ နောက် ဘာတုံး (ဆုံးအောင်ကျင့်ရမှာပါ ဘုရား)၊ ဆုံးမ အောင်ကျင့်လိုက်တဲ့အခါကျတော့ ဒီဉာဏ်ဟာ ဒကာ ဒကာမ တွေ ဘာဉာဏ် လာဖြစ်သတုံး (မဂ်ဉာဏ်ပါ ဘုရား)၊ မဂ္ဂင်မှ ရှစ်ပါးလာဖြစ်တယ်။

မဂ္ဂင်ရှစ်ပါးလာဖြစ်တယ်

မဂ္ဂင် ဘယ်နှစ်ပါးဖြစ်သတုံး (ရှစ်ပါးလာဖြစ်ပါတယ် ဘုရား)၊ အင်း ရှစ်ပါးလာဖြစ်တော့ကိုး ဒကာ ဒကာမတို့ ခုနက ဒါ ဝိညာဏ်မဟုတ်လား (မှန်ပါ ဘုရား)။

ကောင်းပြီ၊ စိတ်ဝိညာဏ်၊ မျက်လုံးဝိညာဏ် ဆိုရင် “တိဏ္ဏံ သင်္ဂတိ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ”၊ ဒီမှာတွဲရက်၊ တွဲရက် မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)။

ဒီ ဝိညာဏ်ချုပ်တယ် ဆိုရင် ဖဿနဲ့ ဝေဒနာနဲ့က တွဲချုပ် တာကိုး၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ ဖဿနဲ့ ဝေဒနာ တွဲချုပ်သွားတော့ ဒီကလည်း ဓမ္မနု ဓမ္မပဋိပတ္တိက မဂ် ဖြစ်နေတော့ ဒကာ ဒကာမတွ ဒီဘက်က ဝေဒနာပစ္စယာ တဏှာလာသေးသလား (မလာပါဘူး ဘုရား)။

အင်း ဝေဒနာပစ္စယာ ဒေါသ၊ လာသေးရဲ့လား (မလာပါဘူး ဘုရား)၊ သုခဝေဒနာ နောက်က တော့ကို တဏှာ လိုက်တယ် (မှန်ပါ ဘုရား)။

ဒီဝေဒနာတွေ ဒုက္ခဝေဒနာတွေ ရှုနေရတဲ့အခါ ဒုက္ခစိတ် တွေ ရှုနေရတဲ့အခါ ဒေါသကော လာသေးရဲ့လား (မလာပါ ဘူး ဘုရား)၊ အင်း ဒါဖြင့် လောဘလည်း သေခဲ့ပြီ၊ ဒေါသကော (သေပါပြီ ဘုရား)။

လောဘ၊ ဒေါသ၊ မောဟ အကုန်ချုပ်တယ်

အင်း ဒါလေးဟာ ခင်ဗျားတို့ ဖြစ်တိုင်းပျက်တိုင်း ဓမ္မာနု ဓမ္မပဋိပတ္တိ လုပ်နေတဲ့အခါ မေ့သေးရဲ့ လား (မမေ့ပါ ဘူး ဘုရား)။

ဒါဖြင့် လောဘ၊ ဒေါသ၊ မောဟ ဒီဘက်က အကုန် မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)။

ချုပ်သွားတော့ လောဘ၊ ဒေါသ၊ မောဟတို့၏ ချုပ်ရာ၊ ငြိမ်းရာ၊ သိမ်းရာ ဘာခေါ်ကြမတုံး (နိဗ္ဗာန်ပါ ဘုရား)။

အင်း ဒါဖြင့် လောဘ၊ ဒေါသ၊ မောဟတို့က – ဒီနေရာမှာတင် ချုပ်တယ်၊ လောဘလည်း ဒီနေရာ ချုပ်တယ်၊ ဒေါသကော (ဒီနေရာချုပ်ပါတယ် ဘုရား)၊ မဂ်နောက်က ချုပ်ကြတာ၊ မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)။

ခန္ဓာအပင်မပေါက်တော့ဘူး

ချုပ်တဲ့အခါကျလို့ရှိရင်ဖြင့် သူတို့သည်ကားလို့ ဆိုလို့ရှိရင် ဖြင့် ရေသောက်မြစ်၊ သတ္တဝါ ပုဂ္ဂိုလ်တို့၏ ရေသောက်မြစ်တွေ လောဘ၊ ဒေါသ၊ မောဟတွေက (မှန်လှပါ ဘုရား)။ ရေသောက်မြစ် မရှိတဲ့အပင်ဟာ ဒကာ ဒကာမတို့ ခန္ဓာအပင် ပေါက်ဦးမလား (မပေါက်ပါဘူး ဘုရား)။

ဒါဖြင့် ရေသောက်မြစ်ကို မဂ်က သတ်လိုက်တယ်၊ သဘောကျပြီလား (ကျပါတယ် ဘုရား)။

ရေသောက်မြစ်ကို မဂ်ကသတ်လိုက်တယ်

ရေသောက်မြစ်ကို မဂ်ကသတ်လိုက်တဲ့အခါကျတော့ ဒီအဆိပ်ပင်ကြီး၊ ခဏ ခဏသေတဲ့ခန္ဓာ အပင်ကြီးလာဦးမလား (မလာပါဘူး ဘုရား)။

အဲ့ဒါ ဘာခေါ်ကြမလဲ (နိဗ္ဗာန်ပါ ဘုရား)။ ဒါက ခန္ဓာ ရေသောက်မြစ်၊ သဘောကျပြီလား၊ ဒီဘက်က ခန္ဓာ အဆိပ်ပင်ကြီး ပေါက်သေးရဲ့ လား (မပေါက်ပါဘူး ဘုရား)။ မပေါက်တာ ဘာခေါ်ကြမတုံး (နိဗ္ဗာန်ပါ ဘုရား)။

အဲ ဒီက ဓမ္မာနု ဓမ္မပဋိပတ္တိလုပ်လို့၊ ဒါကြောင့် ဒီက ရေသောက်မြစ်သေတယ်၊ ရေသောက်မြစ် သေလို့ ဟိုမှာအပင် မပေါက်တော့ဘူး၊ ခန္ဓာအပင်တွေ ပေါက်သေးရဲ့လား (မပေါက်ပါဘူး ဘုရား)။

အဲဒီတော့ ဘုရားဟောတော်မူတာ ဪ တို့ သနားလို့ ဆွဲဟောနေတာလား၊ ဖြစ်စဉ်ကိုက် အမှန်ပြောတာလား (ဖြစ်စဉ်ကိုက်အမှန်ပြောတာပါ ဘုရား)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ယခုဘဝနိဗ္ဗာန်ရမယ်

ဒါဖြင့် ယခုဘဝနိဗ္ဗာန် ရမရ၊ ဒါသေတာ၊ မသေတာ ကြည့်လိုက်ပါတော့ (မှန်ပါ)။ ဒါ ပေါ်နေတော့ ဒါတွေလာသေးရဲ့ လား (မလာပါဘူး ဘုရား)။ မလာတော့၊ သတ္တဝါ ရေသောက်မြစ်မှ မလာဘဲနဲ့ နောက်သတ္တဝါ ပေါ်ချင်လို့ ရသေးရဲ့လား (မရပါဘူး ဘုရား)။

ဒါဖြင့် ဒီပုဂ္ဂိုလ် ဘယ်တော့ နိဗ္ဗာန်ရမှာပါလိမ့် (ယခုရမှာပါ ဘုရား)၊ ယခုနိဗ္ဗာန်ရတယ် (မှန်ပါ ဘုရား)၊ သေသည်၏ အခြားမဲ့၌ ဒကာ ဒကာမတို့ ခန္ဓာကိုယ် လာသေးရဲ့ လား (မလာပါဘူး ဘုရား)။

ဒုက္ခချုပ်သွားတော့ သုခနဲ့နေတယ်

ဒါဖြင့် ခန္ဓာမလာတော့ ခန္ဓာဆိုတာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ ဒီပုဂ္ဂိုလ်သေသွားပြီး ဒုက္ခ ချုပ်သွားပြီလို့ ဆိုလိုက်၊ ဟုတ်လား၊ သေသွားတာလား၊ ဒုက္ခချုပ်သွားတာလား (ဒုက္ခချုပ်သွား တာပါ ဘုရား)။

ဒုက္ခချုပ်သွားတော့ သူ ဘယ်သူနဲ့များ နေရှာပါလိမ့်မတုံး လို့ မေးမနေနဲ့ ဒကာ ဒကာမတွေ သုခနဲ့ နေရမှာပေါ့ (မှန်ပါ ဘုရား)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။ သဘောပါပြီလား (ပါပါပြီ ဘုရား)။

ကဲ ယနေ့ ဒီတွင် တော်ကြစို့။

သာဓု သာဓု သာဓု။