249

အချောင်သမားတွေ နိဗ္ဗာန်လိုချင်လို့မရ (မာဂဏ္ဍီပုဏ္ဏား)

အသံဖိုင်ခေါင်းစဉ်= ခန္ဓာကိုယ်ကို သစ္စာမျက်လုံးတပ်ကြည့်ရမည်

စာအုပ်ခေါင်းစဉ်= အချောင်သမားတွေ နိဗ္ဗာန်လိုချင်လို့မရ (မာဂဏ္ဍီပုဏ္ဏား)

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မိုးကုတ်မြို့၌

ဟောကြားဆုံးမတော်မူသောတရားတော်

အချောင်သမားတွေ နိဗ္ဗာန်လိုချင်လို့မရ

(မာဂဏ္ဍီပုဏ္ဏား)

(၁၇-၆-၆၂)

ဆုပေးလိုက်တယ်လို့ ကိုစောမောင်တို့နော် (မှန်ပါ့)၊ ဘယ်လိုပေးလိုက်သတုံး ဆိုတော့ မအို, မသေ, အမြဲနေသော နိဗ္ဗာန်သို့၎င်း၊ နိဗ္ဗာန် ဆိုတာ မအို, မသေ, အမြဲ နေတာလို့ မှတ်ထား လိုက်စမ်းပါ (မှန်ပါ့)၊ ဒုက္ခခပ်သိမ်း ကင်းငြိမ်းသော နိဗ္ဗာန် ဆိုတော့ ဒုက္ခ ဆိုတာ ဘာမှ မရှိတဲ့ နိဗ္ဗာန်လို့ မှတ်လိုက် တာပေါ့ (မှန်ပါ့)။

နိဗ္ဗာန်ဆိုတာ

ထောင့်ငါးရာ ကိလေသာတို့၏ ချုပ်ရာ ငြိမ်းရာ သိမ်းရာ ဖြစ်တဲ့ နိဗ္ဗာန် ဆိုတာလဲ ခန္ဓာ ကိုယ်ထဲမှာ အပူဓာတ် အလောင် ဓာတ်တွေ အကုန်, ကုန်တာကို ဆိုတယ် (မှန်ပါ့)။

ဒါဖြင့် နိဗ္ဗာန်ဟာ အားလုံး ဒကာ ဒကာမတွေ မှတ်ထား တာပေါ့။ ချမ်းသာ သက်သက် တစ်ခုတည်းပဲ ကိုးလို့ (မှန်ပါ့ ဘုရား)၊ ဘာပါလိမ့် (ချမ်းသာ သက်သက် တစ်ခုတည်းပါ ဘုရား)။

ချမ်းသာ သက်သက် တစ်ခုတည်းလို့ မှတ်ထားတော့ ေဩာ် ဒါမှ အေးမှာပဲ၊ ဒါမှ မရသ၍ ကာလပတ်လုံး ငါတို့ သည်ကားလို့ ဆိုရင်ဖြင့် ဒုက္ခ ခပ်သိမ်းနဲ့လည်း ကြုံရမယ်၊ ကိလေသာ အပူဓာတ်, အလောင်ဓာတ် တွေကလည်း ခန္ဓာကိုယ် ထဲ လောင်လိမ့်မယ်၊ အိုမှု, သေမှု, နာမှု တွေကလည်း အမြဲနှိပ်စက် လိမ့်မယ်လို့ မဆို ထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

နိဗ္ဗာန်သည်ဘယ်သဘောရှိသတုံး

အဲဒါကြောင့် နိဗ္ဗာန်သည် ဘယ်သဘော သတ္တိ ရှိသတုံး လို့ မေးလို့ ရှိရင်ဖြင့် မအို, မသေ, အမြဲ နေသော သဘောသတ္တိ ရှိတယ်၊ ဒုက္ခခပ်သိမ်း ကင်းငြိမ်းခြင်း သဘော သတ္တိရှိတယ်၊ ထောင့်ငါးရာ ကိလေသာ ဆိုတဲ့ အပူဓာတ် အလောင်ဓာတ်တွေ ငြိမ်းသတ်ရာ အရပ်လည်း ဖြစ်တယ်၊ နိဗ္ဗာန်၏ ဂုဏ်ပုဒ်တွေနော် (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

အဲဒါကြောင့် နိဗ္ဗာန်ရအောင် လုပ်ပါလို့ တိုက်တွန်းလိုက်တယ်၊ နိဗ္ဗာန် မရသေးလို့ရှိရင် ဒကာ ဒကာမတို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောတာ အမိ နို့ရည် သောက်ပြီး နေရတာ ခင်ဗျားတို့ နောက်ကို သမုဒ္ဒရာ လေးစင်း ရေလောက် သောက်ရဦး မယ် (မှန်ပါ့)၊ သောက်ရတယ် ဆိုကတည်းက သေဦးမှာပဲ ကိုစောမောင် (မှန်ပါ့)၊ သောက်လိုက် သေလိုက်၊ သောက်လိုက် သေလိုက် နေဦးမှာပဲ (မှန်ပါ့)။

ဒါ ငါဘုရားသခင် ကိုယ်တော်မြတ်ကြီးကွာ တဲ့၊ လူဖြစ်တဲ့ဘဝ ပြောတာပေါ့ တဲ့၊ အမိနို့ရည် မသောက် ဘဲနဲ့ သေတဲ့ ဘဝတွေ ငါထည့် မပြောသေးဘူးတဲ့ (မှန်ပါ့)။

ဦးဘရှင်း ဘယ်လောက်များ သံသရာရှည်သတုံး (ရှည်ပါတယ် ဘုရား)။

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဆရာ ကလဲ လမ်းညွှန်ပြီး သကာလ နေတယ်၊ ခင်ဗျားတို့ကလဲ ဖြောင့်ဖြောင့် လိုက်ပြီး သကာလ ဒီဘဝနဲ့ အပြတ် လုပ်ပါလို့ ပြောလိုက် တယ်(မှန်ပါ့)။

ဒုက္ခ ဆက်ချင် ကြသေးသလား (မဆက်ချင်ပါ ဘုရား)၊ ဒုက္ခလည်း မဆက်ချင်ပါနဲ့ ဆိုတာ သတိ ပေးလိုက်တယ်။

ကိလေသာ အပူဓာတ်တွေလည်း နောက်ထပ် မလောင်ပါစေနဲ့ ဆိုတော့ သတိပေးလိုက်တယ် (မှန်ပါ့)၊ မပေးထိုက်ဘူးလား (ပေးလိုက်ပါတယ် ဘုရား)။

အဲဒီတော့ နိဗ္ဗာန် လိုချင်လို့ရှိရင် ခုနင်က အသေဓာတ် တွေ လွတ်ချင်လို့ အပူဓာတ်တွေ အလောင် ဓာတ်တွေ ငြိမ်းသတ် ချင်လို့ ရှိရင်ဖြင့်တဲ့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟော တယ်၊ ဒါကလေး မှတ်ထားပါကွာ တဲ့၊ *“အာရောဂျံ ပရမံ လာဘံ” ကလေး မှတ်ထားလိုက်စမ်းပါ။

မှတ်ချက်။ ။ဆဋ္ဌမူ၌ *“အာရောဂျပရမာ လာဘာ” ဟုရှိ၏။

အချမ်းသာဆုံးဟာနိဗ္ဗာန်ပဲ

“အာရောဂျံ ပရမံ လာဘံ၊ နိဗ္ဗာနံ ပရမံ သုခံ” တဲ့ ကိုစောမောင်နော် (မှန်ပါ့)။

အာရောဂျံ= အနာကင်းခြင်းသည်၊ ပရမံ = မြတ်သော၊ လာဘံ= လာဘ်ကြီးတစ်ခုပဲ၊ နိဗ္ဗာနံ = နိဗ္ဗာန်သည်၊ ပရမံ = လွန်ကဲသော၊ သုခံ= ချမ်းသာအစစ်ပဲ။

အနာကင်းခြင်းဟာ လာဘ်ကြီး တစ်ခုပေါ့ဗျာ အချမ်းသာဆုံးဟာ နိဗ္ဗာန်ပဲ၊ သဘောကျပလား (ကျပါပြီ ဘုရား)။

မဂ္ဂင်ရှစ်ပါးနဲ့နိဗ္ဗာန်ကိုသွားပါ

“အဌင်္ဂီကောစ မဂ္ဂါနံ၊ ခေမံ အမတဂါမိနံ” ဆိုတဲ့အတိုင်း တဲ့၊ မဂ္ဂင်ရှစ်ပါး တရားသည် နိဗ္ဗာန် ရောက်ကြောင်း တရား အစစ် လို့ မှတ်လိုက် (မှန်ပါ့)။

ဒါဖြင့် အနာကင်းခြင်းဟာ မောင်နိုင် လာဘ်ကြီးတစ်ခု (မှန်ပါ့)။

ကိုပေါ် အနာကင်းခြင်းဟာ (လာဘ်ကြီး တစ်ခုပါ ဘုရား)၊ လာဘ်ကြီးတစ်ခုလို့ မှတ်ထား လိုက်စမ်းပါ။

“နိဗ္ဗာနံ ပရမံ သုခံ” တဲ့၊ နိဗ္ဗာန်မှာ အနာမရှိဘူး ဆိုတဲ့ ဥစ္စာ ရှင်းသွားပလား (ရှင်းသွားပါပြီ)၊ ဘယ်လို လုပ်သွားရမှာတုံး ဆိုတော့ “အဋ္ဌင်္ဂီကောစ မဂ္ဂါနံ” မဂ္ဂင်ရှစ်ပါးနဲ့ သွားပါကွာ တဲ့။

မာဂဏ္ဍီ ပုဏ္ဏားကြီး

ဘယ်ရောက်မှာတုံး ဆိုတော့ ခုနင်က “ခေမံ အမတ ဂါမိနံ” ဆိုတော့ အနာကင်းတဲ့ နိဗ္ဗာန် ရောက်ပါလိမ့်မယ် ဆိုတော့ ဒီနေ့ည ဟောရမည့် တရားက မာဂဏ္ဍီ ပုဏ္ဏားကြီးကို ဒီဂါထာ ရွတ်လိုက် တော့ မောင်နိုင် မာဂဏ္ဍီ ပုဏ္ဏားကြီး ဒီဂါထာ ရထားတယ်(မှန်ပါ့)။

ဒီဂါထာရထားတော့ ဟာ ရှင်ကြီး ဂေါတမ နေရာကျလိုက်တာ၊ ဒီဂါထာကို ကျုပ်လဲ ရထားတယ်၊ ရထား တာက ကိုစောမောင် ကဿပ မြတ်စွာဘုရား လက်ထက်က ဂါထာ (မှန်ပါ့)။

သူက ဂေါတမဘုရား လက်ထက် ကျအောင် ရထား တယ် (မှန်ပါ့)၊ ရထားတာက ပုဏ္ဏား ပညာရှိတွေ အဆင့် ဆင့် ဆောင်လာတာနဲ့ ဒီဂါထာက အခုထက်ထိ ကျန်နေတယ်၊ ဂေါတမဘုရား လက်ထက် ကျအောင် (မှန်ပါ့)။

သို့သော်လည်း အယူအဆက လွဲနေတယ်၊ “အာရောဂျံ ပရမံ လာဘံ” ဘုရားက ရွတ်လိုက်တော့ သူက သဘောကျ တယ်၊ ဪ ကျုပ်ဟာ အနာကင်းတဲ့ ပုဂ္ဂိုလ်ပဲလို့ ခန္ဓာ ကိုယ်ကြီးကို သူက ပြောလိုက်တယ် (မှန်ပါ့)။

ခန္ဓာကိုယ်ကို နိဗ္ဗာန်ယူလိုက်တယ်

“နိဗ္ဗာနံ ပရမံ သုခံ” ဆိုတော့၊ အို ကျုပ် အနာကင်း နေတာ နိဗ္ဗာန်ပဲ တဲ့၊ သူ့ခန္ဓာ ကိုယ်ကြီးကို နိဗ္ဗာန် ယူလိုက် တယ် (မှန်ပါ့)၊ အယူက မလွဲဘူးလား (လွဲပါတယ် ဘုရား)။

“အာရောဂျံ ပရမံ လာဘံ” လဲ သူ့မှာ အနာ မရှိပါဘူးတဲ့၊ ဒီခန္ဓာကိုယ်ကြီးပဲ တဲ့၊ အခု ကျန်းမာလို့ အရှင်ဘုရား များနဲ့ ပြောနိုင်ဆိုနိုင် တရားနာ နိုင်တာပေါ့ ဆိုတော့ သူ့ခန္ဓာကိုယ်ကြီး ကို ကျန်းမာတယ်လို့ ယူလိုက်ပြန်တယ် (မှန်ပါ့)။

“နိဗ္ဗာနံ ပရမံ သုခံ” ကို ဘုရားက ဆက်ရွတ်လိုက်ပြန် တော့လဲ၊ ေဩာ် ကျုပ် ကျန်းမာ နေတာ ဟာ နိဗ္ဗာန်ပဲ၊ ဒါချမ်းသာ နေတာ ဆိုတော့ ဒီခန္ဓာကိုယ်ကြီးပဲ ယူလိုက်ပြန်တယ် ဦးဘရှင်းရဲ့ (မှန်ပါ့)။

ခန္ဓာကြီး ဘယ်နှစ်ချက်ရှိပြီလဲ ယူလိုက်တာ (နှစ်ချက် ရှိပါပြီ ဘုရား)။

အနာကင်းတာနဲ့ မိမိခန္ဓာပဲ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ နိဗ္ဗာန် ဆိုတာ ဘာလဲ (မိမိခန္ဓာပါ ဘုရား)။

မိမိခန္ဓာပဲလို့ ယူလိုက်တော့ မာဂဏ္ဍီ ပုဏ္ဏားကြီးက ဒီလို သဘောကျပြီး သကာလ နေတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးကလဲ ဟ မာဂဏ္ဍီ ပုဏ္ဏားကြီး

အာရောဂျံ ပရမံ လာဘံ၊ နိဗ္ဗာနံ ပရမံ သုခံ၊

အဋ္ဌင်္ဂိကောစ မဂ္ဂါနံ၊ ခေမံ အမတဂါမိနံ ..။

လို့ ရွတ်လိုက်တဲ့ ဂါထာသည်ကား လို့ ဆိုလို့ရှိရင် မင်းက မင်းကိုယ်ကြီးဟာ အနာကင်းတာပဲ၊ မင်းကိုယ်ကြီးဟာ နိဗ္ဗာန်ပဲ လို့ ယူလိုက်တာ၊ မင်းက ကွာတဲ့ မျက်စိ နှစ်ကွင်း အလင်းမရ တဲ့ပုဂ္ဂိုလ်နဲ့ တူလိုက်တာ။

မျက်စိနှစ်ကွင်းအလင်းမရတဲ့ပုဂ္ဂိုလ်

ဘယ့်နှယ်ကြောင့် မျက်စိနှစ်ကွင်း အလင်းမရတဲ့ ပုဂ္ဂိုလ် နဲ့ တူပါလိမ့်မတုံး ဆိုတော့ မျက်စိ နှစ်ကွင်း အလင်းမရတဲ့ ပုဂ္ဂိုလ် ဟာကွာ တဲ့၊ သူတစ်ပါးက အိုးမည်းတွေနဲ့ သုတ်ထားတဲ့ အဝတ်ကို ဝတ်ခိုင်း လိုက်တယ်၊ ဝတ်ပြီး သကာလ ဟောဒီ အဝတ်ဟာ အင်မတန် ဖြူစင်ပါတယ်လို့ မျက်စိ မမြင်တဲ့ လူက ပြောတော့ မျက်စိနှစ်ကွင်း အလင်းမရတဲ့လူက ဆီသုတ်တဲ့ အဝတ်ကို ဝတ်ပြီး သကာလ ဒီအဝတ်နဲ့ သူနဲ့ လိုက်တယ် လိုက်တယ်လို့ မင်း မြို့ထဲမှာ လည်ပြီး ပြောစမ်း ဆိုတော့ ကိုစောမောင် မျက်စိက မမြင်တော့ ဒီအဝတ်နဲ့ ကျုပ်နဲ့ မလိုက်ဘူးလားလို့ လည်ပြီး မေးနေတယ် (မေးပါတယ် ဘုရား)။

ဘာဖြစ်လို့ မေးပါလိမ့်မတုံး ဆိုတော့ ဦးဘရှင်း အဖြေ ထွက်စမ်းပါ (မျက်စိ မမြင်လို့ပါ ဘုရား)၊ မျက်စိ မမြင်တော့ သူ့ဟာသူ ဟုတ်နေတာပဲ (မှန်ပါ့)။။

အဲဒီတော့ကွာ တဲ့ မင်းကလဲ “အာရောဂျံ ပရမံ လာဘံ” ဆိုတဲ့ ဥစ္စာ မင်းခန္ဓာကြီး အနာ ကင်းတယ် လို့ ယူလိုက် တယ်၊ “ခေမံ အမတဂါမိနံ” ဆိုတဲ့ ဥစ္စာလဲ “နိဗ္ဗာနံ ပရမံ သုခံ” ဆိုတာလဲ မင်းက မင့်ခန္ဓာကြီးလို့ ယူလိုက်တော့ မင်းက အနာရှိ တာလဲ မသိ၊ နိဗ္ဗာန်လဲ မသိ၊ သူများ ပြောသံ ကြားတာနဲ့ မျက်စိနှစ် ကွင်း အလင်း မရတော့ မင်းဝတ်ထားတဲ့ အဝတ်ကြီး ခြေသုတ် ထားတာကြီးကို ငါနဲ့ မလိုက်ဘူးလား၊ ငါနဲ့ အင်မတန် လိုက်တယ် ဆိုတာ ပြောတာနဲ့ အတူတူ ဖြစ်နေပြီ (မှန်ပါ့)၊ ဘုရားက ကဲ့ရဲ့ တော်မူတယ် (မှန်ပါ့)။

ကိုပေါ် မကဲ့ရဲ့ ထိုက်ဘူးလား (ကဲ့ရဲ့ ထိုက်ပါတယ် ဘုရား)၊ သူက မျက်စိ နှစ်ကွင်း အလင်း မရတော့ သူ့အဝတ်နဲ့ သူနဲ့ ဟုတ်နေတာကိုး (မှန်ပါ့)၊ ဟုတ်တော့ ကျုပ်တို့ မျက်စိ နှစ်ကွင်း အလင်းရတဲ့ ပုဂ္ဂိုလ်တွေ ကတော့ ဒီအဝတ်နဲ့ ဒီဟာ ဟုတ်ပါရဲ့လား (မဟုတ်ပါ ဘုရား)။

မဟုတ်ပါဘူး၊ သူ့မှာ လူများ ပြောသ၍ နဲ့ ပြီးနေတာ ဆိုတဲ့ အဓိပ္ပါယ် ဦးဘရှင်း ရှင်းလင်းပေါ့ဗျာ (မှန်ပါ့)။

ဒကာကြီးလှိုင် ပေါ်သွားပြီနော် (ပေါ်သွားပါပြီ ဘုရား)။

ကျုပ်ကို မျက်လုံးဖွင့်ပေးပါဦး

အဲဒီတော့ ပုဏ္ဏားက ဇာတ်ရည် လည်လာတော့ ဒါဖြင့် ရှင်ကြီးဂေါတမ ကျုပ်က “အာရောဂျံ ပရမံ လာဘဲ” ဆိုတာ ကျုပ်ခန္ဓာကိုယ် ကျုပ်အနာ ကင်းတယ်လို့ ယူထားတယ်၊ “နိဗ္ဗာနံ ပရမံ သုခံ” ဆိုတာလဲ ကျုပ် အခု ချမ်းသာ နေတာလဲ နိဗ္ဗာန်ပဲလို့ ကျုပ်ယူထားတာ၊ ကျုပ်မျက်စိ နှစ်ကွင်း အလင်း မရလို့ သူများက ဆီသုတ်တဲ့ အဝတ်ကြီး ဝတ်ပြီး သကာလ ငါ့အဝတ်နဲ့ ငါနဲ့ မလိုက် ဘူးလားလို့ လည်ပြောနေတာနဲ့ ကျုပ်ကို တူပါတယ် ဆိုလို့ရှိရင် ကျုပ်ကို မျက်လုံး ဖွင့်ပေးပါဦး၊ တောင်းပန်ပါတယ် (မှန်ပါ့)။

အနာကင်းတာလဲ သိရအောင်၊ နိဗ္ဗာန်လဲ သိရအောင် ကျုပ်ကို မျက်လုံး ဖွင့်ပေးပါဦး တဲ့၊ တောင်းပန်ပြီ (မှန်ပါ့)။ ရှင်းကြ ပလား ဒကာ ဒကာမတို့ (ရှင်းပါပြီ ဘုရား)။

သူတော်ကောင်းဆီ ဆည်းကပ်ပါဦး

တောင်းပန်တဲ့ အခါကျတော့ ဘုရားသခင် ကိုယ်တော် မြတ်ကြီးက မင်းမျက်လုံးဖွင့် ပေးရမယ် ဆိုလို့ ရှိရင်ကွာ တဲ့ သူတော်ကောင်းဆီ ဆည်းကပ်ပါဦး တဲ့၊ ရှင်းပလား (ရှင်းပါပြီ)။

ဘာလုပ်ရဦးမလဲ (သူတော်ကောင်းဆီ ဆည်းကပ် ရပါမယ် ဘုရား)၊ သစ္စာ တရားနာပါဦး တဲ့၊ နှစ်ချက်ရှိပြီ တိုက်တွန်းတာ (မှန်ပါ့ ဘုရား)။

ဘာတဲ့တုံး (သူတော်ကောင်း ဆည်းကပ်ရပါမယ်၊ သစ္စာတရား နာရပါမယ် ဘုရား)၊ နှစ်ချက် ရှိသွားပြီ ကိုစောမောင် နော် (မှန်ပါ့)။

သစ္စာကိုလဲ မြင်အောင် ကျင့်ပါဦး တဲ့၊ သုံးခု ရှိသွား ပြီ (မှန်ပါ့)။

ဒီသုံးခုအရေးကြီးတယ်

ဒကာ ဒကာမတွေ ဘယ်နှစ်ခုပါလိမ့် (သုံးခုပါ ဘုရား)။ မျက်စိနှစ်ကွင်း အလင်း ရချင်လို့ ရှိရင် မင်း ဒီသုံးခု အရေးကြီးတယ်ကွ လို့ ဟောပြန်တယ် (မှန်ပါ့)။

ဦးဘအုန်း သဘောကျပလား (ကျပါပြီ) မျက်စိနှစ် ကွင်း အလင်းရချင်ရင် ဘယ်နှစ်ခုပါလိမ့် (သုံးခုပါ ဘုရား)။

၁။ သူတော်ကောင်း ဆည်းကပ်ရဦးမယ်၊ ၁-နံပါတ် (မှန်ပါ့)။

၂။ သစ္စာတရားနာရမှာက ၂-နံပါတ် (မှန်ပါ့)။

၃။ နာထားတဲ့အတိုင်း သစ္စာကိုမြင်အောင် ကျင့်ရမှာက (၃-နံပါတ်ပါ ဘုရား)။

ဒီသုံးခုရမှ အနာကင်းတာကိုလဲ သိမယ်၊ နိဗ္ဗာန်လဲ သိမယ်ကွာ လို့ဆိုတော့ ဘုရားသခင် ကိုယ်တော် မြတ်ကြီး က ဒီသုံးခုကို မင်းရှေးဦးစွာ ဆည်းပူးပါဦး၊ ဒါမှ မင့် ခန္ဓာကိုယ်ကြီး အနာ ရှိတာ ကိုလဲ သိမယ်၊ အနာကင်းတဲ့ နိဗ္ဗာန်ကိုလဲ သိမယ်လို့ ဘုရားက ပြောရှာတယ် (မှန်ပါ့)၊ သဘော ကျပလား (ပါပါပြီ ဘုရား)။

ဒါဖြင့် ဒါက မဇ္ဈိမပဏ္ဏာသ ပါဠိတော်မှာလာတဲ့ မာဂဏ္ဍီ ပုဏ္ဏားကြီးကို ဟောနေတယ် ဆိုတဲ့ဥစ္စာ မောင်နိုင် ရှင်းပလားကွ (ရှင်းပါပြီ ဘုရား)၊ ဇာတ်အကုန် ဟောဖို့ မဟုတ်ပါဘူးတဲ့၊ ဒီဥစ္စာ ဒကာ ဒကာမတွေ အလုပ်ပေးချင်လို့ စလာတာ (မှန်ပါ့)။

ကိုင်း ဒကာ ဒကာမတို့ ဘုရားသခင် ကိုယ်တော် မြတ်ကြီးက မင်းအနာ ရှိတာကိုလဲ သိချင်တယ်၊ နိဗ္ဗာန်ကိုလဲ သိချင်ရင် “သူတော်ဆည်းကပ်၊ မြတ်တရားနာ၊ လျော်စွာအား ထုတ်” ဆိုတဲ့ အရင် ပြောထားတဲ့ အတိုင်း သူတော်ကောင်းလဲ ဆည်းကပ်ပါဦး၊ သစ္စာတရားလဲ (နာပါ)၊ နာတဲ့ အတိုင်း သစ္စာကို မြင်အောင်လဲ ကျင့်ပါဦးတဲ့ (မှန်ပါ့)။

ဒီသုံးခုရှိမှ မျက်စိအလင်းရမယ်

ဒီသုံးခု ရှိမှ မင်းသည် မျက်စိနှစ်ကွင်း အလင်းရသွားမယ် နို့မဟုတ်လို့ ရှိရင် မင်း သူများပေးတဲ့ ဆီချေးတွေ ပေနေတဲ့ အဝတ်ကြီးတဲ့ ငါနဲ့ မလိုက်ဘူးလား ဆိုတဲ့ မျက်စိကန်း ပြောပြော နေမှာပဲလို့ ဘုရားက ပြောလိုက်တယ် (မှန်ပါ့)။

ဒီမှာလဲ ဒကာ ဒကာတွေ ဒီနေ့ အခု တရားနာလာကြ တာ ဒကာ ဒကာမတွေက ေဩာ် တပည့်တော်တို့ ဘုရား မိုးထဲ လာကြရတာ ကျန်းမာလို့ လာနိုင်တာလို့ ဆိုပြီးသကာ လ “အာရောဂျံ ပရမံ လာဘံ” ထဲ ဒီ ဒကာ ဒကာမတွေ ပါနေတယ် (မှန်ပါ့)။

တပည့်တော်ဘုရား အခု ကျန်းမာလို့ လာနိုင်ကြ တာဘုရား ဆိုတော့ အင်း ကျန်းမာလို့ လာနိုင်ကြ တယ်ဆိုတော့ ဘုန်းကြီးကပဲ ဝမ်းသာရဦးတော့ မလိုလို ဖြစ်ပြီး သကာလ နေတော့ သမုတိနယ် ကတော့လဲ ဦးဘရှင်း ဝမ်းသာရ မှာပဲ (မှန်ပါ့)၊ အင်း ကြိုးစား ကြပေတယ်၊ ကိုယ့်အရေး ကိုယ်သိပေတယ်လို့ ဝမ်းသာ ရပါတယ်။

သစ္စာမျက်လုံးမတပ်ရသေးတော့

သို့သော်လဲတဲ့ သစ္စာမျက်လုံး မတပ်ရသေးတော့ ဝိပဿ နာ မျက်လုံး, သစ္စာမျက်လုံး မတပ်ရသေးတော့ မကျန်းမာတာကို ဘဲ မကျန်းမာတာ မသိသေးဘဲ ဖြစ်နေတယ် (မှန်ပါ့)။ ကျန်းမာတယ် ထင်တုန်းပဲ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် အခု သူတော်ကောင်း နားလဲ ဆည်းကပ်လို့ တရားကလဲ နာနေတော့ ဒကာ ဒကာမ တွေက တွေးတာပေါ့ တဲ့ ခန္ဓာကိုယ်ကို တစ်ခါတည်း ကမ္မဋ္ဌာန်းခွင် သဘောပေါ့ ကိုစောမောင်ရာ (မှန်ပါ)၊ ထိုင်ပြီး မျက်လုံးလေး မှိတ်ပြီး သကာလ ထွက်သက်, ဝင်သက်လေ ကလေး မှန်မှန်ရှူပြီး သကာလ နေတဲ့ အခါကျရင် တော့မှ ဦးဘရှင်းရေ ဟိုက ယား, ဒီကနာ, ဟိုကအောင့် ဒီကခဲ ဆိုတာတွေ မလာဘူးလား (လာပါတယ် ဘုရား)၊

အင်း နဂိုသွားလာ တုန်းကတော့ ဒီလိုမထင်ဘူး၊ ဆရာနည်းပေးတဲ့ အတိုင်း စောင့်ကြည့် မျက်လုံးကလေးနဲ့ စောင့်ကြည့်လိုက်တဲ့ အခါကျတော့မှ ေဩာ် ထိုင်လဲ အောက်ပိုင်းက အနာတွေနဲ့၊ ဘေးကလဲ ယားတဲ့ အနာတွေနဲ့၊ ဒီအနာတွေ ကားလို့ဆိုလို့ ရှိရင်ဖြင့် တော်တော်ကြာ စောင်းရ, တော်တော်ကြာ တည့်ရ ကိုစောမောင် မနေရ ဘူးလား (နေရပါတယ် ဘုရား)၊ တော်တော်ကြာ ကျင်ကြီး စွန့်ချင်၊ ကျင်ငယ် စွန့်ချင်နဲ့ မလာဘူးလား (လာရပါတယ် ဘုရား)။

တော်တော်ကြာ ထိုင်ပါများလို့ ကျဉ်တာတွေကော မလာဘူးလား (လာပါတယ် ဘုရား)။

အင်း ဦးဘရှင်း ဒီဥစ္စာတွေ, အနာတွေမှ ဟုတ်ကဲ့လား (ဟုတ်ပါတယ် ဘုရား)။

သစ္စာမျက်လုံးတပ်ကြည့်လိုက်တော့

ဪ ဒါဖြင့် ဒကာ ဒကာမတွေ အနာကင်းကြရဲ့ လားလို့ မေးတော့ ဘုရား ဒီတွင် သွားရင်း, လာရင်းတော့ တပည့်တော်တို့ ခုနင်က သစ္စာမျက်လုံး မတပ်ခင် တုန်းကတော့ ဖြင့် အနာကင်း တယ်လို့ ထင်ပါတယ် ဘုရား၊ အခု သစ္စာမျက်လုံး သမ္မာဒိဋ္ဌိ မျက်လုံးနဲ့ တပ်ကြည့် လိုက်တဲ့ အခါ ကျတော့ဖြင့် ဟိုကယား, ဒီကနာနဲ့၊ ဟိုက အောင့်လိုက်, ဟိုနေရာ ပြောင်း ဒီနေရာ ရွှေ့လိုက်နဲ့ မောင်နိုင် မနေရဘူးလား (နေရပါတယ် ဘုရား)။

ဟိုဟာကလေး ဆွဲခြုံလိုက်ရ၊ ဒီဟာကလေး ဆွဲခွာ လိုက်ရ။ ဟ ဘာဖြစ်ကြတာတုံး မေးတော့ ဘယ့်နှယ် ပြောကြမလဲ (အနာနှိပ်စက်လို့ပါ ဘုရား)၊ အနာနှိပ်စက်လို့။

နောက်က ဒကာ ဒကာမတွေ ဘာဖြစ်ကြတာတုံး (အနာနှိပ်စက်လို့ပါ ဘုရား)။

အနာရှိလျက်နဲ့တရားနာနေတာ

ေဩာ် ဒါဖြင့် ကျန်းမာလို့ တရားနာနိုင်တာလား, အနာရှိလျက်နဲ့ နာနေတာလား (အနာ ရှိလျက်နဲ့ နာနေတာ ပါ ဘုရား)။

ဒီကျတော့ သူတော်ကောင်း ဆည်းကပ်တဲ့ အခါကျ တော့ သစ္စာ မျက်လုံးကလေး တပ်ပေး လိုက်တော့ ကိုစောမောင် ရေ ကမ္မဋ္ဌာန်း ထိုင်တဲ့ အချိန်ကျတော့ အနာတွေ ပေါ်လာ တယ် (ပေါ်လာ ပါတယ် ဘုရား)။

ဒါဖြင့် “အာရောဂျံ ပရမံ လာဘံ”ဆိုတာ အရောဂျံ- အနာကင်းခြင်းသည်၊ ပရမံ- မြတ်သော၊ လာဘံ- နိဗ္ဗာန် လာဘ်ကြီးပဲ ဆိုတဲ့ဥစ္စာ ကိုစောမောင် ဒီအနာတွေ အကုန် ကင်းမှ (မှန်ပါ့)၊ ပေါ်ကြ ပလား(ပေါ်ပါပြီ ဘုရား)။

ပင်ကိုကမကျန်းမာတဲ့အနာ

အင်း ဒကာ ဒကာမတွေ ထင်တဲ့ အနာမျိုး ဟုတ်ပါရဲ့လား (မဟုတ်ပါ ဘုရား)၊ ပင်ကို ကိုက ပင်ကို သဘောနာကို ဆိုပါတယ်၊ ဖောက်ပြန်တဲ့ အနာကို မဆိုဘူး (မှန်ပါ့)၊ ပင်ကိုကို က မကျန်းမာတဲ့ အနာတွေ ဘုရားက ဟောပါတယ် (မှန်ပါ့)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ဘာပါလိမ့် (ပင်ကို မကျန်းမာတဲ့ အနာဆိုပါတယ် ဘုရား)။

စဉ်းစားကြည့်ပါ ဒကာ ဒကာမတို့ ဒီမှာလာကြတော့ အခု မိုးကလေးက တစိမ့်စိမ့်နဲ့၊ အင်း ထီးကလေး ကူခဲ့ရရဲ့ လား ဆိုတာလည်း ရိပ်မိကြပလား (ကူခဲ့ကြရပါတယ် ဘုရား)။ ခြုံထည်ကလေး ထူထူခြုံခဲ့ ကြရရဲ့လား (ခြုံခဲ့ရပါတယ် ဘုရား)။ ကျန်းမာလို့လား မကျန်းမာလို့လား (မကျန်း မာလို့ပါ ဘုရား)။

မကျန်းမာလို့နော်၊ ဒီအထဲကပဲ ခြေထောက်က ကော အေးတဲ့ ဝေဒနာ ကလေးများ ပေါ်သေးလား (ပေါ်ပါ တယ် ဘုရား)။

ပေါ်တယ် တဲ့၊ အေးရာက နေပြီး သကာလ အခု ထိုင်ပြီး သကာလ နေကြငြား သော်လည်းတဲ့၊ ဟိုနေရာက စစ်စစ် ဒီနေရာက ယားသလိုလို, ဒီနေရာက အောင့်သလိုလိုကော မလာဘူးလား (လာပါတယ် ဘုရား)၊ ဟင် ဒါဖြင့် ဒကာ ဒကာမတို့ ကျန်းမာကြရဲ့ လား (မကျန်းမာပါ ဘုရား)။

မကျန်းမာတဲ့ခန္ဓာကြီး

ဒါဖြင့် ဒီခန္ဓာကြီးဟာ တထစ်ချ မှတ်လိုက်တော့ မကျန်း မာတဲ့ ခန္ဓာကြီး (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)၊ ဘာတဲ့တုံး (မကျန်းမာတဲ့ ခန္ဓာကြီးပါ ဘုရား)။

ဘယ်အချိန် ကျန်းမာကြသလဲ (ဘယ်အချိန်မှ မကျန်းမာပါ ဘုရား)။

အဲဒါ သိမှကွ ဒီလို သစ္စာမျက်လုံး တပ်ပြီး ကြည့် လိုက်မှ မင်းက ကျန်းမာလို့ သူ့ ရင်ပတ်များ သူပုတ်ပြလိုက် သေးတယ် “အာရောဂျံ ပရမံ လာဘံ” ဆိုတာ ကျုပ်ကို ဆိုတာ၊ မာဂဏ္ဍီ ပုဏ္ဏားက မောင်နိုင် သူ့ရင်ပတ်များ ပုတ်ပြ လိုက်သေးတယ် (မှန်ပါ့)။

“နိဗ္ဗာနံ ပရမံ သုခံ” ဆိုတာ သူ့ခန္ဓာကြီးဟာ နိဗ္ဗာန်ပဲ ပြောနေတယ်။

မင်းဟာ အရိယာ မျက်လုံး မတပ်ရသေးတော့ ခက်တယ် ကွာ ဆိုတော့ အရိယာ မျက်လုံး ဆိုတာ သစ္စာ မျက်လုံးပါပဲ (မှန်ပါ့)၊ ရိပ်မိ ကြပလား (ရိပ်မိပါပြီ ဘုရား)။

အရိယာမျက်လုံးဆိုတာ ဘာပါလိမ့် (သစ္စာမျက်လုံး ပါ ဘုရား)။

သစ္စာမျက်လုံးတပ်ကြည့်လိုက်ပါ

အဲ သစ္စာမျက်လုံး တပ်ပြီး ကြည့်လိုက် တော့မှ ဒကာ ဒကာမတွေ သမာဓိ ကလေး ကောင်းကောင်းနဲ့ ပညာလေးနဲ့ တည့်ပြီး ကြည့်လိုက်တော့ ခန္ဓာကိုယ်ထဲမှာ ဟိုကရွရွ၊ ဒီကရွရွနဲ့ ကိုစောမောင် ဟိုကအောင့် ဒီကနာ ဟင် (မှန်ပါ့)၊ ဟိုကရွှေ့ ချင် ဒီကပြောင်းချင်နဲ့၊ ဟင် ဒီလိုထိုင်လို့ မဖြစ်သေးဘူး၊ ဟို လိုမှ၊ ဒီလိုခြုံလို့ မဖြစ်ဘူး၊ ဟိုလိုခြုံမှ၊ ဒီလိုခြုံပြန် ဟိုလိုဦးမှ၊ မလာဘူးလား (လာပါတယ် ဘုရား)။

ဟ ဘာဖြစ်ကြတာတုံးလို့ မေးရင် ဘယ့်နှယ့်ဖြေကြ မယ် (အနာနှိပ်စက်တာပါ ဘုရား)၊ အနာကြွတာ၊ အနာထ တာဘုရား (မှန်ပါ့)။

ဒကာ ဒကာမတွေ ဘယ်လို မှတ်ကြမယ် (အနာကြွ တာ၊ အနာထတာပါ ဘုရား)၊ အနာကြွလို့ အနာထ, တာပါဘုရား ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အဲဒါက အားလုံး ဒကာ ဒကာမတွေ မှတ်လိုက်စမ်းပါတဲ့၊ အရိယာ မျက်လုံး တပ်ကြည့်တော့မှ မမာမှန်း သိတာကိုး (မှန်ပါ့ ဘုရား)။

ဘယ်လိုပါလိမ့် (အရိယာ မျက်လုံး တပ်ကြည့်တော့ မှ မမာမှန်း သိပါတယ် ဘုရား)။

ဝိပဿနာအလုပ်ဆိုတာ စောင့်ကြည့်ရတာ

အဲဒီလို ဝိပဿနာ အလုပ်ဆိုတာ ကိုယ်က အနာရှာရ တာ မဟုတ်ပါဘူး တဲ့၊ သမာဓိနဲ့ ပညာနဲ့ စောင့်ကြည့်လိုက် လို့ ရှိရင်ဖြင့် အနာတွေ အကုန် ပေါ်လာတယ်(မှန်ပါ့)၊ သဘော ကျပလား(ကျပါပြီ ဘုရား)။

အဲဒီတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ရောဂတော ဆိုတာ ဒါပဲဟေ့၊ ရောဂါတွေ များတယ် ဆိုတာ ဒါရောဂါ တွေပဲ (မှန်ပါ့)၊

ဂဏ္ဍတော ဆိုတာ အနာတွေ၊ အစုကြီး ဆိုတာလည်း ဒါကို ဆိုတာဟေ့ (မှန်ပါ့)၊

သလ္လတော တဲ့။ ဟိုကစူး၊ ဒီကစူးနဲ့ ကိုစောမောင် မရှိဘူးလား (ရှိပါတယ်)

အဃတော တဲ့ အလကား အသုံးမကျတဲ့ အမျည်းနှီးချည်းပဲ ဆိုတာ မပေါ်ဘူးလား (ပေါ်လာပါ တယ် ဘုရား)။

မှတ်ချက်။ ။ ဆဋ္ဌမူ မာဂဏ္ဍိယသုတ်၌ “ရောဂဘူတော ဂဏ္ဍဘူတော သလ္လဘူတော အဃဘူတော” ဟူ၍ ရှိ၏။ အခြား သုတ်များ၌ “ရောဂတော ဂဏ္ဍတော သလ္လတော အဃတော” ဟူ၍ ရှိ၏။

အဲဒီတော့ ဒါတွေက ဘယ်မျက်လုံးတပ်ကြည့်မှ မြင်မှာ တုံးဆိုတာကော တရားတစ်ပွဲလုံး ပေါ်ကြပလား(ပေါ်ပါပြီ) ဦးဘကလေး ဘယ်မျက်လုံးတပ်ရမလဲ (အရိယာမျက်လုံး တပ်ရပါမယ် ဘုရား)။

အဲ အရိယာ မျက်လုံးတပ်(ဝါ) သစ္စာမျက်လုံးတပ်၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒီလို မျက်လုံး တပ်ကြည့်လိုက်တဲ့ အခါကျတော့မှ ဒီခန္ဓာကြီးဟာ ဣန္ဒြေရရ၊ သမာဓိ ရှိရှိ ဉာဏ်မျက်စိနဲ့ ကြည့်လိုက် တဲ့ အခါကျတော့မှ ကိုသောင်းတို့ ဒီအတိုင်းကို ထားလို့ မရ တော့ဘူး (မရပါ ဘုရား)၊ ရသေးရဲ့လား (မရပါ ဘုရား)။

အနာထလို့ပြင်ရတာ

ခန္ဓာတစ်မျိုး ဟုတ်လား၊ စွန့်ချင်တဲ့ အနာက (တစ်မျိုး ပါ ဘုရား)၊ စောင်းချင်တဲ့ အနာက (တစ်မျိုးပါ ဘုရား)၊ မတောင်းဘဲနဲ့ကို အယား ပျောက်ချင်တဲ့ အနာက (တစ်မျိုးပါ ဘုရား)၊ အဝတ်ထူထူ ကလေး ကပ်ချင်တာကလည်း (တစ် မျိုးပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)၊

ထူလို့ ပါးချင်တဲ့ သဘောတွေကလည်း အနာထ,လို့ ပြင်ရတာတွေကော (တစ်မျိုးပါ ဘုရား)၊ ဦးဘရှင်း ဘယ်အချိန် ကျန်းမာသတုံး (ဘယ်အချိန်မှ မကျန်းမာပါ ဘုရား)။

အဲဒါ မြင်မှ သာလျှင်ကွာ တဲ့၊ မာဂဏ္ဍီ ပုဏ္ဏားကြီး မင်းသည်ကား လို့ ဆိုလို့ရှိရင်ဖြင့် အရိယာ မျက်လုံးတပ် ကြည့်မှ မင်းက “အာရောဂျံ ပရမံ လာဘံ” ဆို မင်း-ခန္ဓာ ကိုယ်ကြီး ရင်ဘက် ပုတ်ပြတယ်၊ “နိဗ္ဗာနံ ပရမံ သုခံ” ဆိုတာ ကျုပ် ခန္ဓာကြီးဟာ နိဗ္ဗာန်ပဲလို့ ပြောနေတယ်၊ မင်း- အရိယာ မျက်လုံး မတပ်သေး သ၍ ကာလ ပတ်လုံး တော့ဖြင့် ဒီစုံလုံးကန်းဟာ ပျောက်မှာ မဟုတ်ပါဘူး၊ သဘော ပါကြလား (ပါပါတယ် ဘုရား)။

ဒုက္ခသစ္စာဆိုတာ

အခု ဒကာ ဒကာမတွေ အလုပ် ထိုင်ကြည့်တော့မှ ခန္ဓာကိုယ်ထဲ ဟိုကဖျပ်ဖျပ်၊ ဒီကဖျပ်ဖျပ်၊ ဟိုကအောင့် ဒီကနာနဲ့ ဒါတွေ ရှောက်ပြီး ေဩာ် ရောဂတော- ရောဂတော- ရောဂါတွေ ဆိုတာ ဒါတွေပါလား၊ ဒုက္ခသစ္စာ ဆိုတာ ဒါတွေပါလား၊ ဒုက္ခသစ္စာ ဆိုတာ ဒါတွေပါလားလို့ ကိုစောမောင် ဉာဏ်နဲ့စောင့် ကြည့်နေရမယ် (မှန်ပါ့)။

အဲဒီကျတော့မှ “ရောဂတော” ပေါ်လာတာ မောင်နိုင် (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ)၊ ဒါ ဘာမျက်လုံး တပ်ကြည့် လိုက်တာတုံး (အရိယာ မျက်လုံး တပ်ကြည့်လိုက် တာပါ ဘုရား)။

အဲဒီတော့ “အာရောဂျံ ပရမံ လာဘံ” ဆိုတော့ ေဩာ် ဒီခန္ဓာ မရှိမှ “အာရောဂျံ ပရမံ လာဘံ” ဆိုတဲ့ နိဗ္ဗာန် လာဘ် ကြီးရမှာပါကလား၊ ဒီခန္ဓာ ရှိရင်ဖြင့် ရောဂါချည့်ပဲ (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ခန္ဓာရှိနေရင်ရောဂါချည့်ပဲ

ဒီခန္ဓာရှိနေရင် (ရောဂါချည့်ပါပဲ ဘုရား)။ နောက်က ဒကာ ကာမတွေ ရှင်းကြရဲ့လား (ရှင်းပါတယ် ဘုရား)။

အဲ့ဒါ ဘုန်းကြီး ပြောတာလည်း တရားပါပဲ၊ ကိုယ့်ဉာဏ် နဲ့ ကိုယ်အိမ်ကျတော့ ထိုင်ပြီး စောင့်ကြည့် ကြစမ်းပါ၊ အဲဒါ အလုပ် ထိုင်တာပဲ (မှန်ပါ့)။

အဲဒါ အလုပ်ထိုင်တာ၊ ဟိုနေရာကယား, ဒီနေရာက အောင့်၊ ဒီနေရာကနာ၊ ဒီနေရာရွှေ့ချင်, ဟိုနေရာရွှေ့ချင် ေဩာ် ဒုက္ခသစ္စာ၊ ဒုက္ခသစ္စာ၊ ဒုက္ခသစ္စာ ဆိုတော့ အဲဒီ နာတဲ့ အောင့်တဲ့ နေရာ ကလေးပဲ ဒုက္ခသစ္စာ ဆိုတော့ အောင့်တဲ့ နာတဲ့ နေရာက ဒုက္ခသစ္စာ ကိုစောမောင် (မှန်ပါ့)၊ မျက်လုံးက မဂ္ဂသစ္စာ ဖြစ်သွားတယ် (မှန်ပါ့)။

စောင့်ကြည့်တဲ့မျက်လုံးကမဂ္ဂသစ္စာ

စောင့်ကြည့်တဲ့ မျက်လုံးက (မဂ္ဂသစ္စာသွား ဖြစ်ပါ တယ် ဘုရား)။

မဂ္ဂသစ္စာ သွားဖြစ်တော့မှ ေဩာ် ဒါအရိယာ မျက်လုံး တပ်ကြည့် လိုက်တာ ပါကလား ဆိုတာ တရားတစ်ပွဲလုံး ပေါ်လာတယ် (ပေါ်ပါတယ် ဘုရား)။

အင်း ဘယ်မျက်လုံး တပ်ကြည့်သလဲ (အရိယာ မျက်လုံး တပ်ကြည့်ပါတယ် ဘုရား)။

ဒါ ဝေဒနာဆိုတာ ရှာပြီး ရှုရတာ မဟုတ်ပါဘူး၊ စောင့်ကြည့်လိုက် ပေါ်ကပါ (မှန်ပါ့)၊ ရှင်းပလား(ရှင်း ပါပြီ ဘုရား)။

ဝေဒနာဆိုတာ ရှာကြည့်ရတာလား၊ စောင့်ကြည့်ရတာ လား(စောင့်ကြည့်ရတာပါ ဘုရား)။

စောင့်ကြည့် တော့ ခန္ဓာကိုယ်ကြီးက ဘုရားက ရောဂတောကွ တဲ့၊ ရောဂါ အပြည့်နဲ့တဲ့ (မှန်ပါ့)။

ဒါ-ကိုယ်လုပ် ကြည့်ရမှာလား (မဟုတ်ပါ ဘုရား)။ ခန္ဓာကပြတယ် (ပြပါတယ် ဘုရား)၊ နဂိုက ဘာခန္ဓာပါလိမ့် (ရောဂါခန္ဓာပါ ဘုရား)၊ ရောဂါ ခန္ဓာကြီး ဆိုတာ သေချာ ပလား (သေချာပါပြီ ဘုရား)။

ဝိပဿနာနည်းပေးနေတာ

အဲဒါ အိမ်ကျတော့ မထိုင်တတ် မပြုတက်မှာ စိုးလို့ မာဂဏ္ဍ ီဟောချင်လို့ မဟုတ်ပါဘူး ဒကာ ဒကာမတို့ မကြည့် တတ်မှာ စိုးလို့ အကြည့် သင်တာပါ(မှန်ပါ့)၊ ဝိပဿနာနည်း ပေးနေတာ၊ ပေါ်ကြ ပလား (ပေါ်ပါပြီ ဘုရား)။

အခု တရားနာရင်လည်း နားကထောင်ပြီး စောင့်ကြည့် နေလို့ရှိရင်ဖြင့် ပြောင်းချင်တာ ကလေးကလည်း အနာထ, တာပဲ (မှန်ပါ့)၊ ရွှေ့ချင်တာ ကလေးကလည်း (အနာထ, ပါတယ် ဘုရား)၊ ခြုံထည် ကလေး ပြင်ခြုံတာကကော (အနာထ, တာပါ ဘုရား)၊ ခြုံထည်ကလေး ခွာလိုက်ချင်တာကော (အနာထ, တာပါ ဘုရား)၊ ဟိုနေရာ ဒီနေရာကလေး လှုပ်လိုက ်ချင်တာကော (အနာထ,တာပါ ဘုရား)၊ ဘယ်နေ ရာ လွတ်သတုံး (ဘယ်နေရာမှ မလွတ်ပါ ဘုရား)။

ဒါဖြင့် “ရောဂတော” ဆိုတဲ့ တောလေးဆယ်မှာ ပါတဲ့ ဥစ္စာ ဘုရားက ပုဏ္ဏား-မင်း အရိယာ မျက်လုံး မတပ်သေးတော့ မင်းက မင်းခန္ဓာကြီး ကိုပဲ ရောဂါ ကင်းတယ်၊ မင်းခန္ဓာကြီးကိုပဲ နိဗ္ဗာန်လို့ ထင်နေတဲ့ ဥစ္စာ မင်း- ဆီသုတ်တဲ့ အဝတ် ဝတ်ပြီး ငါနဲ့ မလိုက် ဘူးလား၊ ပြောနေတဲ့ အကန်းနဲ့ တူပါ ပေါ့လားကွ၊ ကိုစောမောင် မပြောထိုက်ဘူးလား (ပြောလိုက်ပါတယ် ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒီမှာလဲ ဒကာ ဒကာမတွေဟာ တဲ့ ဝိပဿနာ အလုပ်ခွင် မဝင်သေးလို့ ရှိရင် ကျုပ် ကျန်းမာ တယ်၊ ဒါကြောင့် သွားစရာ ရှိတာ သွားရတယ်၊ လုပ်စရာ ရှိတာ လုပ်နိုင်သေးလို့ တော်-တော်သေး ရဲ့ ဆိုပြီး တဏှာများ ဒီခန္ဓာပေါ်မှာ သူကျန်း မာလို့ ကျေးဇူး တင်သေးရဲ့များ တဏှာ များတောင် လာလိုက် သေးတယ် (မှန်ပါ့)၊ မလာဘူးလား (လာပါတယ် ဘုရား)။

စုံလုံးကန်းပြောတဲ့စကား

အင်း ဒီသားတွေ၊ ဒီသမီးတွေနဲ့ လုပ်ကိုင်ကျွေးပြီး ခေါင်းဆောင်ပြီး နေရတော့ ခန္ဓာကိုယ်က ကျန်းမာ ပေလို့ မြင်တဲ့ အတိုင်းပဲ၊ ကျုပ်သာလဲရင် မခက်ဘူးလား ဆိုတဲ့ ဂုဏ်ယူနေတဲ့ ပုဂ္ဂိုလ် တွေလည်း ကိုစောမောင်တို့ ကြားဘူးမှာပဲ (ကြားဘူး ပါတယ် ဘုရား)၊ မကြားဖူးဘူးလား (ကြားဘူး ပါတယ် ဘုရား) ဒါစုံလုံးကန်း ပြောတဲ့ စကား (မှန်ပါ့)။

ဦးဘကလေး ဘယ်သူ ပြောတာလဲ (စုံလုံးကန်း ပြောတာပါ ဘုရား)၊ စုံလုံးကန်းပြောတဲ့ စကား ဆိုတာကော ကျေနပ်ကြပလား (ကျေနပ်ပါပြီ ဘုရား)။

အဲဒီတော့ အခုတော့ဖြင့် စောင့်ကြည့် လိုက်တဲ့ အခါကျ တော့ ကိုစောမောင် ဘယ်နေရာမှ အပ်သွား ချစရာ မရှိဘူး (မှန်ပါ့)၊ ဘာတွေပြည့်နေသလဲ (ရောဂါတွေ ပြည့်နေပါတယ် ဘုရား)။

ကဲ ဒါဖြင့် ဒီရောဂါတွေ ပြည့်တော့မှ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ကွာတဲ့ မင်းခန္ဓာ တစ်ကိုယ်လုံး ဒုက္ခသစ္စာ ကြီးပါပဲကွ ဆိုတဲ့ဥစ္စာ အဲဒီကျမှ အရိယာ မျက်လုံး တပ်ကြည့် လိုက်တော့မှ ဦးဘရှင်း မြင်လာတာ (မှန်ပါ့)။

ဒါဖြင့် ဒီလိုမြင်လာတော့ အမြင်ခံရတာ ဒုက္ခသစ္စာ (မှန်ပါ့)၊ မြင်ဉာဏ်သည် (မဂ္ဂသစ္စာပါ ဘုရား)။

ဒါကြောင့်ကွာတဲ့ မာဂဏ္ဍီ ပုဏ္ဏားကြီး မင်းကလည်း မင်းခန္ဓာကြီး ကျန်းမာတယ်၊ မင့်ခန္ဓာကြီး နိဗ္ဗာန်လို့ ထင်ပြီး သကာလ နေလိုက်တာ သူတော်ကောင်းလည်း မင်းက မဆည်း ကပ်၊ သစ္စာတရား လည်း မင်းကမနာ၊ ကိုယ်တိုင်လည်း ကျင့် မကြည့်သေးတော့ မင်းဟာ အနာရှိလို့လည်း ရှိမှန်း မသိဘူး။

နိဗ္ဗာန် မဟုတ်တာလည်း မဟုတ်မှန်း မသိဘူး၊ မင်းအတွက်ကဖြင့် မျက်စိနှစ်ကွင်း အလင်း မရတဲ့ ပုဂ္ဂိုလ် ဆီချေး ပေနေတဲ့ အဝတ်ကြီး ဝတ်ပြီး မလိုက်ဘူးလားလို့ မြို့ထဲကြွား နေတာနဲ့ တော့ဖြင့် မင်းသိပ်တူတာပဲ (မှန်ပါ့)။

ဒကာ ဒကာမတွေ ဟောထိုက်ပလား (ဟောထိုက် ပါတယ် ဘုရား)။

ခန္ဓာကိုယ်ကြည့်တတ်အောင်သင်နေတာ

အဲဒါကြောင့် ဒါမာဂဏ္ဍီ ဟောချင်လို့လား၊ ခန္ဓာကိုယ် ကြည့်တတ်အောင်လို့ မောင်နိုင် သင်နေ တာလား (ခန္ဓာကိုယ် ကြည့်တတ်အောင်လို့ သင်နေတာပါ ဘုရား)၊ ကိုပေါ်တို့ ဒါ အလုပ် ပေးပါတယ် (မှန်ပါ့)။

ဒါ့ကြောင့် ညဟောတဲ့ တရားသည် ဘာတရားပါလိမ့် မတုံးလို့ မေးတဲ့အခါကျတော့ အလုပ်ပေး တရား (မှန်ပါ့)၊ ရှင်းပလား(ရှင်းပါပြီ ဘုရား)။

ကောင်းပြီ၊ ဒကာ ဒကာမတို့ အိမ်ကျလို့ရှိရင် စောင့် ကြည့်ကြစမ်းပါနော် (မှန်ပါ့)၊ အင်း သမာဓိ ကောင်းကောင်း ကလေး ထားပြီးသကာလ ကိုစောမောင် ပညာမျက်လုံး ကလေးနဲ့ ကြည့်ပေးနော် (မှန်ပါ့)။

သမာဓိ တည်အောင်လုပ်ပြီး ပညာမျက်လုံးနဲ့ ကြည့် လိုက်တော့ ခန္ဓာကိုယ်ထဲ ဘာတွေ တွေ့မတုံးဗျာ (ရောဂါ တွေတွေ့ပါတယ် ဘုရား)၊ ရောဂါ ဘာသစ္စာ ပါလိမ့် (ဒုက္ခ သစ္စာပါ ဘုရား)။

ဒီအတိုင်းကြည့်ကြစမ်းပါနော်

အဲ ဒုက္ခသစ္စာကို အရိယာမျက်လုံး တပ်ပြီးတော့ မဂ္ဂသစ္စာနဲ့ သွားမြင်တာကိုး (မှန်ပါ့)။

ဦးလှိုင်ရေ အိမ်ကျတော့ ဒီအတိုင်း ကြည့်စမ်းပါနော် (မှန်ပါ့)။

အားလုံး ဒကာ ဒကာမတွေ ဒီအတိုင်းကြည့်ကြစမ်းပါ (မှန်ပါ့)။

ဒီလို ကြည့်လိုက်တဲ့ အခါကျတော့မှ ေဩာ် ဒီရောဂါ ကြီး ဘယ်နေရာမှ အပ်သွားချစရာ မရှိပါလား၊ အကုန် ရောဂါတုံး ရောဂါခဲကြီး ပါလား၊ ရောဂါတွေ အကုန်စု နေပါကလား ဆိုတာ အရိယာ မျက်လုံး တပ်ကြည့် လိုက်တော့မှ မောင်နိုင် ရှင်းရှင်းကြီး ပေါ်လာပါတယ် (မှန်ပါ့)၊ မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။

အရပ်မျက်လုံးနဲ့တယ်ခြားပါလား

ကဲ ကိုစောမောင်ရေ ဒါဖြင့် ကျုပ်တို့ အရပ်မျက်လုံး နဲ့ အရိယာမျက်လုံးနဲ့ တယ်ခြားနားပါလား (ခြားနားပါတယ် ဘုရား)။

ဒကာကြီးလှိုင် (ခြားနားပါတယ် ဘုရား)။

အဲဒီတော့ ဒကာကြီးလှိုင် တရားရှာမနေနဲ့ စောင့်ကြည့် ပြီး ခန္ဓာကိုယ်က ဟိုကနာတာ, ဒီက ကိုက်တာ, ဒီက ခဲတာ, ဟိုက ရွှေ့ချင်တာ, ဒီကရွှေ့ နေတာတွေသာ ကြည့်နေလို့ရှိရင် ဖြင့် ဒါ ပင်ကိုက ပေါ်လာတာ ကိုယ်လုပ် ရှုတာ မဟုတ်ပါဘူး (မှန်ပါ့)၊ ရှုတတ်ပလား (ရူတတ်ပါပြီ ဘုရား)။

အဲ့ဒီတော့ ဒကာကြီးလှိုင်တို့ အတွက်ကို အထူးတလည် ပဲ သင်ပေးနေတယ် ဆိုတာ ကိုစောမောင် မှတ်ပါ (မှန်ပါ့)။

ကဲ ဒါဖြင့် ဒီဟာတွေ့ မြင်ဖန် များလာတဲ့ အခါကျ တော့ မှ အင်း ဒီကျတဲ့ အခါကျတော့မှ မျက်စိနှစ်ကွင်း အလင်း ရတယ်လို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

သိုးမွေးဖြူကြီး၊ ဝတ်နေသလိုထင်နေ

မျက်စိနှစ်ကွင်း အလင်းရတော့မှ ခုနင်က ဆီချေးတွေ ပေနေတဲ့ အဝတ်ကြီး ဝတ်နေတဲ့ ပုဂ္ဂိုလ် သူ့ကို ဆရာကောင်း, သမားကောင်းတွေနဲ့ ဆေးကောင်း, ဝါးကောင်းတွေ၊ အမေမိဘ တွေက ကုပေး လိုက်တဲ့ အခါကျတော့မှ ခုနင်က သူ့ကို ဒီအဝတ်နဲ့ မင်းနဲ့ တယ်လိုက်တယ်၊ သူ့မှာ သိုးမွေး ဖြူကြီးများ ဝတ်နေသလို ထင်နေတဲ့ ဥစ္စာ ခုနင်က သူ့ကို ဆင်လိုက်တဲ့ ပုဂ္ဂိုလ်ကို ဆဲချင် ဆိုချင် ကြိမ်းဝါးချင်၊ သူမျက်စိ နှစ်ကွင်း အလင်းရတော့ မလာ ပေဘူးလား (လာပါတယ် ဘုရား) ငါ့ကို တစ်သက်လုံး လှည့်စား နေတာလို့ မလာပေဘူးလား (လာပါတယ် ဘုရား)။

ဒီမှာလည်း ခင်ဗျားတို့ ခန္ဓာကြီးက တစ်သံသရာလုံး လှည့်စားနေတာ (လှည့်စား နေပါတယ် ဘုရား) ပေါ်ပြီ (ပေါ်ပါပြီ ဘုရား)။

တစ်သံသရာလုံး လှည့်စားနေတာ

တစ်သံသရာလုံးပဲ (လှည့်စား နေပါတယ် ဘုရား) လှည့်စား နေတယ်၊ ကျန်းမာတုန်း လုပ်ပေါ့ ကျန်းမာတုန်း သွားတဲ့ ကျန်းမာတုန်း ဝယ်တဲ့၊ ကျန်းကျန်း မာမာ ရှိတုန်းကို လုပ်တဲ့ ကိုင်တဲ့၊ အံမာလေး သူ ကျန်းကျန်း မာမာ ရှိတုန်း လုပ်တဲ့ ကိုင်တဲ့နဲ့ ခန္ဓာကိုယ်ကြီးမှာ သက္ကာယဒိဋ္ဌိက ဝင်ပြီး ညာနေတော့ ကိုစောမောင်တို့က ခုနင်က မကျန်းမာတာတွေ ကြည့်မိသေးရဲ့ လား (မကြည့်မိပါ ဘုရား)။

မကြည့်မိတော့ အခု သေသေချာချာ အရိယာ မျက်လုံး တပ်ကြည့်တော့မှ ေဩာ် ငါတို့ ကျန်းမာ တယ်, လှတယ်, ပ-တယ်ထင်ခဲ့သည် ဟုဖြင့် ဒိဋ္ဌိ, တဏှာ, လိမ်ချက် တွေပဲ၊ မင်းတို့ အတော်ဆိုးတဲ့ လူတွေ ပါကလားလို့ ပေါ်လာ တယ် (ပေါ်ပါတယ် ဘုရား)။

ဘုရားဆေးနဲ့ကုပေးလိုက်တယ်

ခင်ဗျားတို့ မျက်လုံးကို ဆရာ ဘုန်းကြီးက ကုပေးလိုက် တယ်၊ ဆေးကောင်း, ဝါးကောင်းနဲ့ မြတ်စွာဘုရား ပေးတော်မူတဲ့ ဆေးနဲ့ ကုပေးလိုက်တဲ့ အခါကျတော့မှ ေဩာ် ဘယ်နေရာ ကမှ ကျန်းမာတာ တစ်ကွက်မှ မပါ- ပါကလား (မပါ-ပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ပါသေးလား နောက်က ဒကာ ဒကာမတွေ (မပါ ပါ ဘုရား) ပါတယ် ထင်လို့ ရှိရင် အိမ်ကျတော့ ဘုရားရှေ့မှာ ထိုင်ပြီး ဘာမှမလုပ်ဘဲနဲ့ ဒီခန္ဓာကြီး စောင့်ကြည့်နေပါ (မှန်ပါ့ ဘုရား)။

စောင့်ကြည့်နေရင် ဦးဘရှင်း ခန္ဓာကိုယ်က ဘာတွေ ပြောမယ်ထင်သတုံး (ရောဂါတွေ ပြောပါမယ် ဘုရား) ရောဂါတွေ မကျန်းမာတာတွေ အကုန် မပြောပေဘူးလား (ပြောပါတယ် ဘုရား)။

ပြောတော့မှ ေဩာ် တို့ပင်ကို မျက်လုံးနဲ့ ကတော့ ကျန်းမာတယ်လို့ ထင်ပြီး သကာလ တကြွားတည်း ကြွားပြီး သကာလ တလုပ်တည်း အလုပ်တွေ လုပ်နေကြတာ ရှေးက မျက်စိ နှစ်ကွင်း အလင်းမရတဲ့ လူကို ဆီချေး ပေနေတဲ့ ပုဆိုးကြီး ဆင်လွှတ် လိုက်တာနဲ့ တို့မှာ ကြွားလုံး ထုတ်နေတာ, တို့ အကန်း ကြွား- ကြွားနေတာကိုး ဆိုတာ ပေါ်သွားပါပြီ (ပေါ်ပါပြီ ဘုရား)။

အကန်းကြွား ကြွားနေတာ

အခု အရိယာမျက်လုံး တပ်ကြည့်တော့မှ တဏှာ ဒိဋ္ဌိ တို့ လိမ်ခြင်းကြောင့် အကန်းကြွား – ကြွား နေတာ အခု တဏှာ, ဒိဋ္ဌိမပါဘဲနဲ့ ကြည့်လိုက်တဲ့ အခါကျတော့ ခန္ဓာကိုယ် ခင်လုံး မပါဘဲနဲ့ ခန္ဓာကိုယ် ငါမထင်ဘဲနဲ့ ကြည့်လိုက်တော့မှ ရောဂါတွေ တွေ့တယ် (မှန်ပါ့)။

ဒကာ ဒကာမတွေ ဘာတွေတွေ့သလဲ (ရောဂါ တွေ တွေ့ပါတယ် ဘုရား)။

ရောဂါတွေ တွေ့လာကြတော့မှ ေဩာ် ဒုက္ခသစ္စာ အစစ်ပါလားလို့ ဉာဏ်က ဆုံးဖြတ်ချက် ချတယ် (မှန်ပါ့)။

အင်မတန် အဘိုးတန်ပါကလား ဦးဘကလေး (တန်ပါတယ် ဘုရား)။

ဘုရားပေးတဲ့ ဥပမာနဲ့ အခု ဆရာဘုန်းကြီးက ဖြည့်စွက် ပြီး သင်လွှတ်တာနဲ့ ဆိုတော့ ဦးဘအုန်းကြီး တို့ သိပ်ကျေးဇူး များတယ် (များပါတယ် ဘုရား)။

စောင့်ကြည့်ပါနော် ဒကာ ဒကာမတို့ (မှန်ပါ့) အိမ်ကျတော့ ဘာလုပ်ကြရမယ် (စောင့်ကြည့် ရပါမယ် ဘုရား)။

အိမ်ကျတော့ စောင့်ကြည့်ပါ

အဲ သမာဓိ ကောင်းကောင်း ထားပြီး ပညာမျက်လုံး နဲ့ ကြည့်လိုက်တဲ့ အခါကျတော့မှ အင်း ဒါ ဒုက္ခသစ္စာတွေ ပါလား၊ ဖြစ်ပျက်တွေပါလား ဖြစ်ပျက်တွေပါလား၊ ဖြစ်ပြီးပျက်၊ ဒီနေရာ ယားတာ တွေလည်း ဖြစ်ပျက်၊ ဒီနေရာ အောင့်တာတွေ လည်း (ဖြစ်ပြီးပျက်ပါ ဘုရား) အင်း ဒါ ဘာသစ္စာ တွေပါလိမ့် (ဒုက္ခသစ္စာ တွေပါ ဘုရား)။

အဲ ဒါဖြင့် ရောဂါမှ ဟုတ်ရဲ့လား (ဟုတ်ပါ တယ် ဘုရား) ဒုက္ခ ရောက်တယ် ဆိုတဲ့ ဥစ္စာ ကိုစောမောင် ရောဂါတွေပဲ (မှန်ပါ့) ဒကာကြီးလှိုင် ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ထိုင်ပြီးကြည့်ကြည့်၊ အိပ်ပြီးကြည့်ကြည့်

နက်ဖြန်ကျတော့ ဘုန်းကြီးပေးတဲ့ အခုနည်းနဲ့ မာဂဏ္ဍီ ပုဏ္ဏားကြီး ဘုရားပေးတဲ့ နည်းကို မူထားပြီး ထိုင်ပြီး ကြည့်ကြည့်၊ အိပ်ပဲ ကြည့်ကြည့် သမာဓိ ကောင်းကောင်းနဲ့ ကြည့်တဲ့အခါ သစ္စာတွေ အကုန် တွေ့ပါလိမ့်မယ် (မှန်ပါ့) ဘာသစ္စာတွေ တွေ့မလဲ (ဒုက္ခသစ္စာတွေ တွေ့ပါမယ် ဘုရား)။

အဲ ဒုက္ခသစ္စာတွေ ကိုယ့်ဉာဏ်နဲ့ တွေ့ပါလိမ့်မယ် လို့ မှတ်လိုက်ကြစမ်းပါ (မှန်ပါ့)။

ဘာတွေ တွေ့ကြမယ် (ဒုက္ခသစ္စာတွေ ကိုယ့်ဉာဏ် နဲ့ တွေ့ပါတယ် ဘုရား) အဲ ဒုက္ခသစ္စာတွေ ကိုယ့်ဉာဏ်နဲ့ တွေ့တဲ့အခါ ကျတော့ မျက်စိ နှစ်ကွင်း အလင်းရလို့ဟေ့ ဆိုတာ မှတ်လိုက် စမ်းပါ (မှန်ပါ့)။

ဦးဘရှင်း ဘယ်လိုမှတ်မယ် (မျက်စိနှစ်ကွင်း အလင်းရလို့ပါ ဘုရား)။

မကျန်းမာလျက်နဲ့ ထလုပ်နေတာ

မျက်စိနှစ်ကွင်း အလင်းရတာနဲ့ အရင်တုန်းကတော့ဖြင့် ကျန်းမာလို့ တရားနာနိုင်တယ်လို့ ထင်ကြတယ် မဟုတ်လား (မှန်ပါ့) ကျန်းမာလို့ အရောင်း အဝယ် ထွက်နိုင်တယ်လို့ ထင်ကြတယ် (မှန်ပါ)

ကျန်းမာလို့ ဒီသား- ဒီသမီးတွေကို ဒီထမင်းအိုး ကြီးနဲ့ နေ့တိုင်း မကြောင့်မကြ, မတောင့်မတနဲ့ ကျွေးနိုင်တယ်၊ မွေးနိုင်တယ်လို့ ထင်ကြတယ် (မှန်ပါ့) အပြီးသတ်တော့ ဘယ်ဟုတ်မလဲ မကျန်းမာ လျက်နဲ့ ထ, လုပ်နေတာ (မှန်ပါ့ ဘုရား)။

ဦးဘကလေး – ဘယ့်နှယ်တုံး (မကျန်းမာလျက်နဲ့ ထ, လုပ်နေတာပါ ဘုရား)။

အရင် မျက်လုံးက စုံလုံးကန်း မျက်လုံးနဲ့ ပြောနေတာ (မှန်ပါ့) အခု အရိယာ မျက်လုံး တပ်ကြည့် လိုက်တော့ သားရေး၊ သမီးရေး၊ စီးပွားရေး လုပ်ပြန်လည်း မကျန်းမာလျက်နဲ့ လုပ်ရတယ် ဆိုတော့ သစ္စာမြင်ပြီး လုပ်တာ (မှန်ပါ့) မပေါ် သေးဘူးလား (ပေါ်ပါပြီ ဘုရား) ဘာမြင် လုပ်ကြသလဲ (သစ္စာမြင်ပြီး လုပ်တာပါ ဘုရား)။

သစ္စာမြင်ပြီး လုပ်တော့ နောက်က တဏှာ သေနေတယ် (မှန်ပါ့) သစ္စာဉာဏ်နဲ့ လုပ်လိုက် တာကိုး (မှန်ပါ့) သဘော ပါကြလား (ပါ-ပါတယ် ဘုရား)။

ေဩာ် – ဒါဖြင့် ဆရာကောင်း – သမားကောင်း – ဆေးကောင်း- ဝါးကောင်းနဲ့ မင်းခုနင်က ဆီချေးတွေ ပေတဲ့ အဝတ်ကြီး ဝတ်နေတဲ့ စုံလုံးကန်းကို ဆေးကောင်း ဝါးကောင်းနဲ့ ကုလိုက်တဲ့ အခါကျတော့ အရင်က ဆင်ထားတဲ့ ပုဂ္ဂိုလ်ကို ဆဲချင် – ဆိုချင်တွေ ကိုစောမောင် လာ-မလာ (လာပါတယ် ဘုရား)။

ငါ့ကိုလှည့်ဖြားတာကြာလှပြီ

ငါ့ကို လိမ်လည် လှည့်ဖြားတာ ကြာလှပြီ (မှန်ပါ့) စုံလုံးကန်း ဖြစ်နေတုန်းက ငါ့အဝတ်နဲ့ ငါလိုက်တယ် ထင်နေတာ၊ အခုမှ မျက်စိနှစ်ကွင်း အလင်းရတော့မှ ငါ့လှည့်စား လာတာ ကြာလှပြီ ဆိုပြီး သကာလ ဒီဆင်တဲ့ ပြင်တဲ့ ပုဂ္ဂိုလ်ကိုပဲ အတော် စိတ်ဆိုးတယ် (မှန်ပါ့) မဆိုးပေဘူးလား (ဆိုးပါတယ် ဘုရား)။

ဘယ့်နှယ်- ဆီချေးတွေ ပေနေတဲ့ အဝတ်ကြီးကို အဖြူ လုပ်ပြီး သကာလ မင်းနဲ့ တယ်လိုက် တယ်လို့ ပြောပြီး ဆင်ထား တာကိုး (မှန်ပါ့)။

အဲဒီတော့ ခင်ဗျားတို့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ တဏှာက အင်း မင်းခန္ဓာ မင်းခင်နေတာပဲ ဆိုတာလည်း တဏှာက အဝတ် ဆင်ထားတာ (မှန်ပါ့)၊ ဒိဋ္ဌိကလည်း မင်းခန္ဓာကိုယ် ကြီးဟာ ရောဂါ ဥပါဒ် အန္တရာယ် ကင်းတုန်း ကြိုးစားလုပ်ကွ (မှန်ပါ့)။

အင်း ဒိဋ္ဌိကလည်း အဝတ်ဆင်ပေးပြန်တယ် (မှန်ပါ့)။

ဒိဋ္ဌိက အကြိုးစားခိုင်း၊ တဏှာက အဝတ်ဆင်ပေး ဆိုတော့ ကျုပ်တို့ ကလည်း မျက်စိ နှစ်ကွင်း အလင်း မရသေးတော့ အနာတွေ မမြင် (မှန်ပါ့) ဘယ့်နှယ် ဖြစ်နေကြ ပါလိမ့်မတုံး (ကန်းနေကြ ပါတယ် ဘုရား)။

ဒကာ ဒကာမကြီးတွေ ပေါ်ပလား (ပေါ်ပါပြီ) ကန်းချက် ပြင်းထန် လိုက်တာ (မှန်ပါ့)။

ဘယ်လောက် ကြာပြီတုံး -ဒီခန္ဓာ အဝတ်ကြီးကို ရောဂါ မရှိဘူး ဆိုပြီး ထင်ပြီး သကာလ ဒီခန္ဓာကြီး ထမ်းပိုးပြီး ဝတ်ဆင်လာ ကြတာ ဘယ်လောက်ကြာပလဲ (မရေတွက် နိုင်ပါ ဘုရား)။

ကိုင်း ခင်ဗျားတို့ ဆီချေးတွေ ပေနေတဲ့ အဝတ်ကြီး နဲ့ တိုင်းပြည် လှည့်နေတယ် (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အရိယာမျက်လုံးနဲ့ကြည့်ပါ

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောကြား ညွှန်ပြ ဆုံးမတဲ့ ဥစ္စာ ပုထုဇဉ် မျက်လုံးနဲ့ အရိယာ မျက်လုံး ခွဲခြားပြီး ဟောလိုက်တော့မှ မောင်နိုင် – ရှင်းရှင်းကြီး ပေါ်လာ တယ် (ပေါ်ပါတယ် ဘုရား) မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)၊ နောက်က ဒကာ ဒကာမတွေ ရှင်းကြ ရဲ့လား (ရှင်းပါတယ် ဘုရား)။

ဒါဖြင့် အခု ဘာမျက်လုံးနဲ့ ကြည့်မယ် ဆိုတဲ့ဥစ္စာ ခင်ဗျားတို့ ဓိဋ္ဌာန်ပါတော့ (မှန်ပါ့)၊ အိမ်ကျလို့ ရှိရင်ဖြင့် အရိယာ မျက်လုံး ဆိုတဲ့ သစ္စာ မျက်လုံးနဲ့ ကြည့်မဟ (မှန်ပါ့)၊ သစ္စာမျက်လုံးနဲ့ ကြည့်လိုက်တဲ့ အခါကျတော့မှ ခန္ဓာ ကိုယ်ထဲ ရောဂါတွေ အကုန် အပြည့် မြင်ရပါလိမ့်မယ် (မှန်ပါ့)။

ဘယ်ရောဂါတွေပါလိမ့် (သေလောက်အောင် ရောဂါချည့်ပါ ဘုရား)။

ဝေဒနာလေးဖြစ်ပြီး ပျောက်သွားတယ်

အင်း ဝေဒနာကလေး ဖြစ်လည်း ဖြစ်ပြီး ( ပျောက်သွားတာပဲ၊ သေသွား တာပဲ၊ ဦးဘရှင်း ဘာကျန် သေးသတုံး (မကျန်ပါ ဘုရား)။

စိတ်ကလေး ပေါ်လာလည်း (ဖြစ်ပြီး ပျောက်သွား တာပဲ)၊ သေနာ ပေါ်ချည်းပဲ (မှန်ပါ့)၊ အသေလွတ် ကလေးများ ပါသေးသလား (မပါ-ပါ ဘုရား)၊ ဒါဖြင့် ဒီထက် ကြီးတဲ့ ရောဂါကော (မရှိပါ ဘုရား) မရှိဘူး ဆိုတာ ဒကာ ဒကာမတွေ ကောင်းကောင်း ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဪ ဒါဖြင့် ဘယ်မျက်လုံး တပ်ပေးလိုက်လို့ ဒီအခြေအနေ ရောက်သွားပါလိမ့်မတုံး ဆိုတာကော ပေါ်ကြ ပလား (ပေါ်ပါပြီ ဘုရား) အင်း ဘယ်မျက်လုံး ပါလိမ့် (အရိယာ မျက်လုံးပါ ဘုရား)။

အဲဒါကြောင့် ခင်ဗျားတို့ ဆရာသမားများ မကယ်ရင် ဒီ အရိယာ မျက်လုံး ဘယ်က လာရမှာတုံး (မှန်ပါ့)၊ ဦးလှိုင် ရနိုင်ပါ့မလား (မရနိုင်ပါ ဘုရား)။

မရနိုင်ဘူးဗျ၊ မင်းတို့ ဘဝ အရ တော်တယ်လို့ ဟောနေ ဦးမှာ (မှန်ပါ့) မောင်နိုင်- မလွဲပေ ဘူးလား (လွဲပါတယ် ဘုရား)။

အရတော်တာ ဟုတ်ကဲ့လား။ အင်း အရတော် လိုက်တာကွာ၊ ယောက်ျားလည်း ဖြစ်တယ်ကွာ၊ စီးပွားရေးကလည်း ဖြောင့်တယ်ကွာ၊ သားတွေ သမီးတွေကလည်း ကိုယ့်စကား လိုက်နာသကွာ၊ မင်းတို့လောက် ကံကောင်းတာ ဘယ်ရှာတွေ့မတုံးဆိုတော့ ခုနင်က ဆီချေးတွေ ပေနေတဲ့ အဝတ်ကို ဝတ်ပေးပြန်ပြီ (မှန်ပါ့)၊ တော်တော်ကြာ အဆဲ ခံရလိမ့်မယ် ဒီဆရာ (မှန်ပါ့)၊ မခံရပေဘူးလား (ခံရပါတယ် ဘုရား)။

ကဲ မျက်စိနှစ်ကွင်း သစ္စာမျက်လုံးနဲ့ အရိယာ မျက်လုံး တပ်ပေးတဲ့ ပုဂ္ဂိုလ်နဲ့ ဆေးကုပေး လိုက်ပြီ ဆိုမှဖြင့် ေဩာ် တစ်သက်လုံး လှည့်စားပြီး သကာလ ငါ့မှာဖြင့် ဒီလူ့ အဖြစ်က အင်မတန် ကြီးပါကလား ဆိုပြီး အကြီးအကျယ် စိတ်ဆိုး ထိုက်တယ် (မှန်ပါ့ ဘုရား)။

ဒီမှာလည်း ခင်ဗျားတို့မှာ တဏှာ ဒိဋ္ဌိက တစ်ခါတည်း ခန္ဓာကိုယ်ကြီး လှည့် စားပြီး ထားလိုက် တာ မင်းအဖြစ်နဲ့ မင်းနဲ့ လိုက်-လိုက်တာကွာ ကျန်းမာရေးကလည်း ဟန်ကျ၊ အင်း စီးပွားရေး ကလည်း ပြေပြစ် ဆိုပြီး တဏှာဒိဋ္ဌိက ဦးဘရှင်းတို့ မြှောက်လာတာ ဘဝပေါင်း ဘယ်လောက် ကြာခဲ့ပြီလဲ (မရေမတွက် နိုင်ပါဘရား)။

ဆီချေးတွေပေနေတဲ့အဝတ်

ကြည့်စမ်း ဆီချေးတွေပေနေတဲ့ အဝတ်ကြီး ဝတ် ထားတယ် (မှန်ပါ့)၊ ဆီချေးတွေ ပေနေတဲ့ အဝတ်ဝတ်ပြီး သကာလ သံသရာ ခရီးသည် အဖြစ်နဲ့ ဟိုအလည်ခိုင်း၊ ဒီအလည် ခိုင်း အရှက်တကွဲ အကျိုးနည်း လည်နေကြတယ် (မှန်ပါ့)။

ဘယ်လို လည်ကြတာတုံး (အရှက်တကွဲ အကျိုး နည်း လည်နေကြတာပါ ဘုရား)။

အရှက်တကွဲ အကျိုးနည်း အလည်ခိုင်းတာသည် တဏှာဒိဋ္ဌိ (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အင်း ဘယ်သူက အလည်ခိုင်းပါလိမ့် (တဏှာဒိဋ္ဌိကပါ ဘုရား)။

တဏှာဒိဋ္ဌိက အလည်ခိုင်းတယ်ဆိုတော့ အခု အရိယာ မျက်လုံးကလေး တပ်ကြည့် လိုက်တော့မှ ေဩာ် ဒီရောဂါတုံး- ရောဂါခဲကြီးနဲ့ ဟိုဘုံမှာ သွားပြ၊ ဒီဘုံမှာ သွားပြ၊ နတ်ပြည် သွားပြ၊ ဗြဟ္မာပြည်မှာ သွားပြလိုက် ကျုပ်-ရောဂါသည်ပါ ဆိုတဲ့ ဥစ္စာ ဟိုက အရိယာ နတ်တွေ ကြည့်တဲ့ အခါကျတော့ ဘယ်လောက်များ စက်ဆုပ် ရှာမတုံး (စက်ဆုပ်ပါတယ် ဘုရား) ဘယ်လောက်များ သနား ရှာမတုံး (သနားပါတယ် ဘုရား) မသနား ပေဘူးလား (သနားပါတယ် ဘုရား)။

နှုတ်ခမ်းပဲ့ချင်းမီးမှုတ်

အဲဒီမှာလည်း ဒကာ ဒကာမတွေက ခင်ဗျားတို့ချင်း နှုတ်ခမ်းပဲ့ချင်း မီးမှုတ်ပြီး သူက တော်တယ်၊ ငါက မကျန်းမာဘူး၊ သူက နေရာကျပြီ၊ သားရေး- သမီးရေး -စီးပွားရေးကော ငါက လိုသေးတယ်လို့ ဒီအကန်းချင်းတော့ စကားပြော မနေပါနဲ့ (မှန်ပါ့)၊ အရိယာ မျက်လုံး အကုန် တညီ တညွတ် တည်း တပ်ပြီး ကြည့်လိုက်ပါ (မှန်ပါ့)။

တပ်ကြည့် လိုက်တော့ ဘယ်သူ့ ဘယ်သူမှ မကယ်နိုင် တဲ့ အနာသည်တွေ တွေ့နေတယ် (မှန်ပါ့)။။

ကိုစောမောင်-ဘာတွေ တွေ့သလဲ (ဘယ်သူ့ ဘယ်သူမှ မကယ်နိုင်တဲ့ အနာသည်တွေ တွေ့ပါတယ် ဘုရား)။

ဘယ်သူ့ဘယ်သူကယ်နိုင်သတုံး

ဘယ်သူ့ ဘယ်သူ ကယ်နိုင်ကြသေးသတုံး (မကယ်နိုင်ပါ ဘုရား)၊ သူလည်း အနာမျိုးစုံနဲ့ (မှန်ပါ့)၊ ကိုယ်ကကော (အနာမျိုးစုံနဲ့ပါ ဘုရား)။

ကဲ ဒါဖြင့် ဒီအနာမျိုးစုံတွေကို တဲ့ ဒကာ ဒကာမတို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီး၏ တပည့်သားများ နည်းပေးတဲ့ ဆေးနဲ့မှ ခန္ဓာချုပ်ရေးကို ခင်ဗျားတို့ မလုပ် တော့ပါဘူး ဆိုရင် အနာနဲ့ သံသရာ လည်ကြပေတော့ (မှန်ပါ့)၊

ဆီချေးတွေ ပေနေတဲ့ အဝတ် – ဝတ်ပြီး သကာလ ငါနဲ့ မလိုက်ဘူးလား ဆိုတဲ့ မျက်လုံးကန်း ကြွားသာ ကြွားကြပေရော့ (မှန်ပါ့)။

ဒိပြင် ဘာရှိသေးသတဲ့ (မရှိပါ ဘုရား) တယ်လည်း ဆိုးပါလား (ဆိုးပါတယ် ဘုရား)။

ဒကာ ဒကာမတွေ ပေါ်ကြပလား (ပေါ်ပါပြီ)၊ တယ်လည်း ဆိုးပါလား (ဆိုးပါတယ် ဘုရား)။

အနာသမားချင်း၊ ရန်ဖြစ်ကြတယ်

သေသေချာချာ အကြောင်း အကျိုးဆက်ပြီး ပြောတော့မှ ကိုယ့် အခြေအနေ ကလေးဟာ အခုကြည့်စမ်း – ဟိုအနာသမားနဲ့ ဒီအနာသမား မတည့်ကြ – ရန်ဖြစ်ကြ၊ အမျိုးမျိုး အဖုံဖုံပေါ့ဗျာ (မှန်ပါ့)၊ ဒါ – အမြင်မှားမှု တွေပေါ့ (မှန်ပါ့)၊ သဘောပါကြလား (ပါ-ပါပြီ ဘုရား)။

အနာမမြင်တော့ ဦးဘရှင်းတို့က ဟေ့ ဘယ်သူနဲ့ ဖြင့် မပေါင်း နိုင်ဘူးကွာ၊ ဘယ်သူနဲ့ဖြင့် မသင်းနိုင်ဘူးကွာ ဟုတ်လား (မှန်ပါ့)၊ ဟာ-မာန်တွေထ, မာနတွေထက်၊ အင်း တစ်ခါ တစ်ခါပေါ့ဗျာ မလာတတ်ဘူးလား (လာပါ တယ် ဘုရား)၊ အဲဒါ ဘာမမြင်လို့ပါလိမ့် (အနာမမြင်လို့ပါ ဘုရား)။

အင်း သူ့လည်း အနာနဲ့၊ ငါလည်း အနာနဲ့၊ ငါပျောက်ဖို့သာ အရေးကြီးတယ် ဆိုပြီး သကာလ ဒီစိတ်က မလာဘူးလား (မလာပါ ဘုရား)။

ဘာနဲ့ကြွားနေတာတုံး

သူနဲ့ ငါနဲ့ဖြင့် တန်းမတူဘူး၊ သူနဲ့ ငါနဲ့ဖြင့် တန်းမတူ ဘူး၊ သူနဲ့ ငါနဲ့သည်ကားလို့ဆိုရင် စကားပြောလို့ နေရာ မကျဘူး အစရှိသည်နဲ့ မလာခဲ့နဲ့ကွာ အိမ်ရိပ်တောင် မနင်းနဲ့ပေါ့ အစရှိသည်နဲ့ ကိုစောမောင် အနာသည်က နေပြီး သကာလ ကိုစောမောင် – အနာသည်က နေပြီး တစ်ခါတည်း ငါနဲ့ မလိုက် ဘူးလား ပြောနေတယ်၊ ငါနဲ့ တူတာ ဘယ်သူ ရှိသေး သတုံး ၊ ငါလို စီးပွားရေးနဲ့ ငါလို အိမ်ကောင်း တိုက်ကောင်း နဲ့ နေတာ ဘယ်သူ ရှိသေးသတုံး ဆိုပြီး ခုနင်က ဆီချေးတွေ ပေနေတဲ့ အဝတ်ကြီးနဲ့ ကြွားနေ တာကိုး (မှန်ပါ့)။

ဘာနဲ့ကြွားနေတာတုံး (ဆီချေးတွေပေနေတဲ့ အဝတ်ကြီးနဲ့ ကြွားနေတာပါ ဘုရား) ရိပ်မိပလား (ရိပ်မိ ပါပြီ ဘုရား)။

အံမာလေး ဦးဘအုန်းရေ – ဖြစ်နေလိုက်တာဟင် (မှန်ပါ) ဘာမျက်လုံး မရခင် ဖြစ်နေကြပါလိမ့် (အရိယာ မျက်လုံး မရခင် ဖြစ်နေကြတာပါ ဘုရား)။

ကိုင်း ဒါဖြင့် ဒီအရိယာမျက်လုံး မရသ၍ ကာလ ပတ်လုံး ဒီအကန်းကြွားကဖြင့် ထက်သန် လိမ့်မယ် (မှန်ပါ့)။

ဦးလှိုင် – ဘယ်လိုပါလိမ့် (ထက်သန်ပါလိမ့်မယ် ဘုရား)၊ အကန်းကြွား ထည့်ပါဦး (မှန်ပါ့ – အကန်းကြွား ထက်သန်ပါတယ် ဘုရား)။

အကန်းကြွား သိပ်ထက်သန် လိမ့်မယ် ဆိုတာ ဒကာ ဒကာမတွေ ငြင်းဖို့ လိုသေးသလား (မလိုပါဘူး)။

ဒါဖြင့် အဲဒီအကန်းကြွားဟာ ဘယ်လောက်ကြာခဲ့ကြ ပြီတုံး (မရေတွက် နိုင်ပါ ဘုရား)၊ မရေတွက် နိုင်ဘူး (မှန်ပါ့)၊

ဒီတစ်ခါဖြင့် ရောဂါပျောက်တဲ့ မျက်လုံးကို ခင်ဗျားတို့ကို ဆရာ ဘုန်းကြီးကလည်း ပေးပါပြီ ဆိုတော့ ေဩာ် အကန်း ဇာတ်နဲ့ အနာဇာတ်ဖြင့် သိမ်းရတော့မယ် ဆိုတာ ဝမ်းမြောက် ဝမ်းသာနဲ့ ဒီဥစ္စာ မှတ်ရတော့မယ် (မှန်ပါ့)။

ဒီတရားလေးဟောချင်လို့

အကန်းဇာတ်ကိုလည်း သိမ်းမယ်၊ အနာပျောက်တဲ့ နည်းကိုလည်း ပေးမယ် (မှန်ပါ့) သဘော ပါပလား (ပါ-ပါပြီ ဘုရား)။

ဒီလို ဆိုလို့ ရှိရင်ဖြင့် အထူးတလည်ဘဲ ကျေးဇူးများတော့ မယ်ဆိုတဲ့ ဥစ္စာဖြင့် ဦးဘရှင်း – သံသယ မရှိနဲ့တော့ (မှန်ပါ့)။

ဒါ-အင်မတန် ဖေါ် ရတယ်နော် (မှန်ပါ) ကိုစောမောင် ဒီတရားကလေး ဟောချင်တော့ ဘယ်လောက် ဖေါ် ရတယ်ဆိုတာ နာရီ သုံးမတ် ရှိသွားပြီဗျ (မှန်ပါ့)။

ဒကာ ဒကာမတွေ ခင်ဗျားတို့ ဆီချေးတွေ ပေနေတဲ့ အဝတ်ကြီးနဲ့ အကန်းက ကြွားပြီး သကာလ လာခဲ့တာ သံသရာမှာ ဘဝပေါင်း ဘယ်လောက်တုံး (မရေတွက်နိုင် ပါ ဘုရား)၊ ဘယ်တော့များ မြင်ခဲ့သတုံး (ဘယ်တော့မှ မမြင်ခဲ့ပါ ဘုရား)။

မင်းဘဝအရ တော်တယ်ဆိုတာ တဏှာကလည်း သူ့အဝတ်နဲ့သူ လိုက်တယ် ပြောတာပဲ။ မင်း-ဘဝအရ တော်တယ် ဆိုတာ သူ့အဝတ်နဲ့သူ လိုက်တယ် ပြောတာ (မှန်ပါ့)။

မင်းလိုလူ ရှာမှရှားတယ်လို့ မာနကလည်း မြှောက် နေတာဘဲ (မှန်ပါ့)၊ မမြှောက်ဘူးလား (မြှောက်ပါ တယ် ဘုရား)။

ဒိဋ္ဌိကလည်း အင်း ငါ့ကိုယ်ငါဘဲ အရေးကြီးတာပဲ ဆိုတဲ့ ငါတွေကကော (မြှောက်ပါတယ် ဘုရား)။

မြှောက်နေတော့ ကိုယ့်အဝတ်နဲ့ ကိုယ် အနာသမားက နေပြီး သကာလ ဟာ တဏှာ, မာန, ဒိဋ္ဌိတည်း ဟူသော သုံးခုက လှည့်စား လိုက်တာနဲ့ အနာလည်း မမြင်ဘဲနဲ့ ဘဝင်သာ မြင့်ပြီး ငါ့အဝတ် နဲ့ငါ မလိုက်ဘူးလားသာ ပြောနေတာဘဲ (မှန်ပါ့)၊ ဘယ်လောက်များ ဆိုးတယ် ဆိုတာ ဒကာကြီးလှိုင် ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ကိုစောမောင်တို့ ဦးဘရှင်းတို့ ရှင်းလောက်ပါပြီ (ရှင်းပါပြီ ဘုရား)။

အနာမြင်မှ ပျောက်ချင်တာအမှန်

အနာမြင်မှ ပျောက်ချင်တာသာ ဧကန် (မှန်ပါ့) အနာ မမြင်ဘဲနဲ့ ပျောက်ချင်နေတဲ့ ပုဂ္ဂိုလ် ဟာဖြင့် အင်း ထုံးစံ အတိုင်း ရိုးရာပဲ (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဘယ်လိုမှ ပျောက်ချင်တာ အမှန်ပါလိမ့် (အနာမြင်မှ ပျောက်ချင်တာ အမှန်ပါ ဘုရား)။

ဒါဖြင့် ဒုက္ခသစ္စာမြင်မှ နိရောဓ သစ္စာကို သေသေချာချာ ရချင်မယ် (မှန်ပါ့)၊ ဒုက္ခသစ္စာ မမြင်တဲ့ ပုဂ္ဂိုလ် (နိရောဓ သစ္စာ မရချင်ပါ ဘုရား)။

နိရောဓသစ္စာ သူ-လိုချင်ပါတယ်ဆိုတာ အပြောသမား (မှန်ပါ့)၊ အကြိုက်သမားတော့ (မဟုတ်ပါ ဘုရား)။

ဒီတရားပြောရတာ ဝမ်းမြောက်တယ်

အပြောသမားနဲ့ အကြိုက်သမားတော့ ကိုစောမောင် တခြားစီ (တခြားစီပါ ဘုရား) သဘောပါ ကြပလား (ပါ-ပါပြီ)၊ ဪ ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီဝတ္ထု ထုတ်ပြီး သကာလ ဒီနမူနာနဲ့ အရိယာ မျက်လုံး တပ်ပေး ရတာ ဘုန်းကြီးဖြင့် ဒီနေ့ တရားပြောရတာ အင်မတန် ဝမ်းမြောက် ပါတယ် (မှန်ပါ့)။

ဦးဘကလေး – ဝမ်းမမြောက်သင့်ဘူးလား (ဝမ်း မြောက် သင့်ပါတယ် ဘုရား)။

ဒကာကြီးလှိုင်- ကြည့်နည်း နိဿရည်း ပေးတာနော် (မှန်ပါ့)၊ သမာဓိကြီးကြီး ထားပြီး ပညာ မျက်လုံး ဖွင့်ကြည့် စမ်းပါ (မှန်ပါ့)၊ ဖွင့်ကြည့်တော့ ဒကာကြီးလှိုင် – ရွှေ့ချင်၊ ပြောင်းချင် ယားချင်၊ ကုတ်ချင် ဆိုတာတွေ လာမလား၊ မလာဘူးလား (လာပါတယ် ဘုရား)။

ဒုက္ခသစ္စာတွေလို့သာရှုလိုက်ပါ

အဲဒါတွေ ဖြစ်ပျက်သာ ရှုချပေးတော့ ဒါ-ဒုက္ခသစ္စာ တွေဘဲ ဒါ ဒုက္ခသစ္စာတွေပဲ လို့သာ ရှုလိုက်ပါ (မှန်ပါ့) သဘော ကျပလား (ကျပါပြီ) တရား ရှာစရာ လိုသေးသလား (မလိုပါ ဘုရား)။

အင်း တရားရှာ နေတာက ကိုယ့်ကိုယ်ကို ကျန်းမာ တယ် ထင်နေတဲ့ ပုဂ္ဂိုလ် ကျန်းမာတုန်း တရားရှာမှပဲလို့ သူက အလွဲ ပြောနေတယ် (မှန်ပါ့)။

ဦးဘရှင်း- အလွဲ ပြောနေတာ (မှန်ပါ့) ကျုပ်ကျန်းမာတယ် ခုချိန် တရားကလေး ရ, ထားမှ တော်မယ်၊ တရား လိုက်ရှာဦးမယ်။

ဆိုတော့ ဒါတဖက် လွဲနေပြီ (မှန်ပါ့) မလွဲဘူးလား (လွဲပါတယ် ဘုရား)။

မကျန်းမာတဲ့ ခန္ဓာကိုယ်ကြီး ကြည့်လိုက်လို့ ရှိရင် တရား တွေ့မယ် (မှန်ပါ့)၊ ကျန်းမာတုန်း တရားရှာလို့ ရှိရင် (မတွေ့နိုင်ပါ ဘုရား)။

မတွေ့နိုင်ဘူးဆိုတော့ သူ့ကိုယ်က မျက်လုံးက တော် တော် ခက်နေတယ် (မှန်ပါ့)။

ကိုစောမောင် ဒါ အပြောတတ်လို့လားတဲ့ သူအလွဲကြီး တာလား (အလွဲကြီးတာပါ ဘုရား)၊ အလွဲ ကြီးတာပါ ဆိုတာ ဒကာ ဒကာမတွေ ပေါ်လာပါပြီ(ပေါ်ပါပြီ ဘုရား)။

အချောင်နိဗ္ဗာန်လိုချင်တာ

ဒါကြောင့် မောင်နိုင်တို့ စဉ်းစားပါတဲ့ ဒီတရားမျိုး ပေါ်လာဖို့ လွယ်မှ မလွယ်ဘဲ (မလွယ်ပါ ဘုရား)။

ဦးဘရှင်း လွယ်ပါ့မလား (မလွယ်ပါ ဘုရား) မလွယ်ဘူး ကိုပေါ်ရ (မှန်ပါ့)၊ အားကြီး ခက်တယ် နော် (မှန်ပါ့)။

ခင်ဗျားတို့က ကျောင်းဆောက်ပြီး အချောင် နိဗ္ဗာန်လိုချင် တာ (မှန်ပါ့)၊ ဘုရား တည်ပြီးတော့ (အချောင် နိဗ္ဗာန် လိုချင်တာပါ ဘုရား)၊ ဒုက္ခသစ္စာ သိပြီး လိုချင်တာ ဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား)။

အဲဒီ အချောင်သမား တွေကတော့ဖြင့် မနည်းပါဘူး (မှန်ပါ့) သဘော ပါပလား (ပါပါပြီ ဘုရား)။

ဒီ အချောင်သမားကကော ရမှာလားလို့ ဒကာကြီးလှိုင် ပဲ စဉ်းစားကြည့်ပါ (မရနိုင်ပါ ဘုရား)။

ကျောင်းနဲ့နိဗ္ဗာန်လဲမယ်ပြောတော့

သူ့ဟာက ကျောင်းနဲ့ နိဗ္ဗာန်လဲမယ် ပြောတာ (မှန်ပါ့ ဘုရား)။

မောင်နိုင် ဘယ့်နှယ်တုံး (ကျောင်းနဲ့ နိဗ္ဗာန် လဲမယ်ပြောတာပါ ဘုရား)။

ဘုရားတည်ပြီးနိဗ္ဗာန်နဲ့လဲမလို့

ဘုရားတည်ပြီး နိဗ္ဗာန်နဲ့ လဲမယ်လို့ ပြောတာ (မှန်ပါ့) သူဟာ ဒီကတည်းက သူ့ခန္ဓာ သူလဲတဲ့ သဘောလား သူ့ခန္ဓာ အပြစ်မြင်တဲ့ သဘောလားတဲ့၊ ချောင်ချောင်နဲ့ လဲယူမှာလား (ချောင်ချောင်နဲ့ လဲယူ မှာပါ ဘုရား)။

ဟာ မရဘူး-မရဘူး၊ မရဘူး စိတ်ချ (မှန်ပါ့)။ တကယ် ပျောက်ချင်တယ် အနာရှိမှန်း သိလို့ ပျောက်ချင်တဲ့ ပုဂ္ဂိုလ် မှ ရမယ် (မှန်ပါ့)။

အနာရှိမှန်း သိလို့ (ပျောက်ချင်တဲ့ ပုဂ္ဂိုလ်မှ ရမှာပါ ဘုရား)၊ ဒီပြင် ပုဂ္ဂိုလ်ဖြင့် (မရနိုင်ပါ ဘုရား)။

ကဲ ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးလည်း ကိုစောမောင် ဟောပြီ (မှန်ပါ့) သစ္စ သံယုတ်မှာ ဟောပြန် တယ်၊ ငါဟာကွာတဲ့ သစ္စာလေးပါးမှာ ပထမ ဒုက္ခသစ္စာ မသိဘဲနဲ့ ငါနိဗ္ဗာန် ရောက်ခဲ့တယ် ဆိုလို့ ရှိရင်ဖြင့် အကြောင်း မဟုတ်ဘူးကွာတဲ့ (မှန်ပါ့)။

တိုင်ပါမှ ဒိုင်းတင်လို့ရမယ်

ဒုက္ခသစ္စာဆိုတဲ့ အနာတွေ မမြင်ဘဲနဲ့ ငါဒုက္ခသစ္စာ မမြင်ဘဲနဲ့ ငါဒုက္ခဆုံးတဲ့ နိဗ္ဗာန် ရောက်ခဲ့ ပါတယ် ဆိုလို့ ရှိရင် ရိုးရိုး ငါဥပမာ ပြောပါ့မယ်ကွာ တဲ့ တိုင်တွေလည်း မပါဘူး၊ ယောက်ပတ် တွေလည်း မပတ်ဘဲနဲ့ ကျုပ် ဒိုင်းတင် ခဲ့တယ်လို့ ပြောတာနဲ့ အတူတူပဲတဲ့ (မှန်ပါ့ ဘုရား)။

တိုင် ယောက်ပတ်မှ မပါဘဲနဲ့ ဒိုင်း ဘယ့်နှယ် လုပ်တင်မလဲ (မတင်နိုင်ပါ ဘုရား)၊ အဲဒီလို ပြောတာနဲ့ အတူတူ ပဲကွတဲ့ (မှန်ပါ ဘုရား)။

အချောင်သမား၊ နိဗ္ဗာန်လိုချင်လို့မရ

ကိုင်း ဒကာ ဒကာမတို့ ဘုန်းကြီး ပြောတဲ့စကားက အချောင်သမား နိဗ္ဗာန် လိုချင်လို့ မရနိုင်ဘူး ဆိုတာကို ဒီဥပမာနဲ့ ပဲ ရှင်းလိုက်တယ် ကိုစောမောင် (မှန်ပါ့)၊ မရှင်းသေးဘူး လား (ရှင်းပါပြီ)။

တိုင်မပါ ယောက်ပတ် မပါဘဲနဲ့ ဒိုင်းချည့် တင်ခဲ့တယ်၊ ကျုပ်အိမ်ဟာ တော်တော် ဆန်းဆန်း ပြားပြား လုပ်ခဲ့တယ် ဆိုရင် မောင်နိုင်က ဟာ ဒီလူ ရူးပြီလို့ ဆိုရပါလိမ့်မယ် (မှန်ပါ့ ဆိုရပါမယ် ဘုရား)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ဘာပြုလို့တုံး တိုင်လည်း မပါဘူး၊ ယောက်ပတ် လည်း မပါဘဲနဲ့ ဒိုင်းကို ဦးဘရှင်းက ဘယ်နေရာ သွားချိတ် မှာတုံး (မချိတ်နိုင်ပါ ဘုရား)။

ဒကာကြီးလှိုင် (မချိတ်နိုင်ပါ ဘုရား)၊ ချိတ်စရာ မြင်ကြရဲ့လား (မမြင်ပါ ဘုရား)။

ဒီမှာလည်း ခင်ဗျားတို့ ခန္ဓာကိုယ်ကြီး အရိယာ မျက်လုံး မတပ်ဘဲနဲ့ ဒုက္ခသစ္စာ မမြင်နိုင်ပါဘူး (မှန်ပါ့)။

မမြင်ဘဲနဲ့ ကျုပ်ဖြင့် ပန်းတစ်ပွင့်နဲ့ နိဗ္ဗာန် ရောက်ခဲ့တယ်၊ ကျောင်းတစ်ဆောင်နဲ့ နိဗ္ဗာန် ရောက်ခဲ့တယ် ဆိုတာ မယုံနဲ့ (မှန်ပါ့ ဘုရား)၊ အချောင်သမား နိဗ္ဗာန် သာ မှတ်ပေတော့ (မှန်ပါ့)၊ သဘော ကျပလား (ကျပါပြီ)၊ တကယ် ရမည့် နိဗ္ဗာန်တော့ (မဟုတ်ပါ ဘုရား)။

ဒီအလုပ်ကမှ နိဗ္ဗာန်ပို့မှာ

မဟုတ်ပါဘူးတဲ့၊ ဒီအလုပ်ကို လုပ်ယူရဦးမယ် (မှန်ပါ့)၊ မဟုတ်ဘူးလား (မှန်ပါ့)၊ ကျောင်း ဆောက်တဲ့ ကုသိုလ်က နေပြီး ဒီအလုပ် လုပ်ဖို့ ကျေးဇူး ပြုရဦးမယ်၊ ပြုပြီးတော့ မှ ဒီအလုပ်ကမှ နိဗ္ဗာန်ပို့မှာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ကျောင်းဆောက်, ဘုရားတည်တာ ကုသိုလ်မရ ဘူးလို့ မဟောဘူးတဲ့၊ သူက သစ္စာ မြင်တဲ့ မျက်လုံး ဆီကို ရောက်အောင် ပို့ရဦးမယ် (မှန်ပါ့)၊ သဘောပါပလား (ပါ ပါပြီ)။

သစ္စာ မျက်လုံးဆီကို (ပို့ရဦးမှာပါ ဘုရား)၊ ပို့တော့မှ သစ္စာ မျက်လုံးက မြင်မှ နိဗ္ဗာန်ရမှာ (မှန်ပါ့)၊ သဘောကျ ပလား (ကျပါပြီ)။

ဒါဖြင့် ဟိုဟာက ဝေးသော အကြောင်း (မှန်ပါ့)။ ရှင်းကြပလား (ရှင်းပါပြီ)။

သစ္စာမျက်လုံးတပ်ပေးတာ

ဒီအခု သစ္စာမျက်လုံး ချက်ချင်း တပ်ပေးလိုက်တာက (နီးသော အကြောင်းပါ ဘုရား)၊ သဘော ကျပလား (ကျပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတို့ သာသနာတွင်းမို့ နီးသော အကြောင်း, ဝေးသော အကြောင်း ဟောနိုင် တာနော် (မှန်ပါ့) သာသနာပ ကျလို့ရှိရင် ထမင်းရေ ချောင်းစီးတာ ဒါ နိဗ္ဗာန် ရောက်ဖို့ပဲ ဆိုပြီး ဒါသာ သူတို့ ယူတော့တာပဲ (မှန်ပါ့)၊ ခုနင်က သစ္စာက ကွယ်သွားပြီ (ကွယ်သွားပါပြီ ဘုရား)၊ မကွယ်သေး ဘူးလား (ကွယ်သွားပါပြီ ဘုရား)။

အဲဒီတော့ နီးသော အကြောင်း ရှိသေးရဲ့ လား (မရှိပါ ဘုရား)၊ အဲ နီးသော အကြောင်းက ဘုရားပွင့်မှ ပေါ်လာတာ (မှန်ပါ့)။

သစ္စာဟာ ဘုရားပွင့်မှပေါ်တာ

ဒါကြောင့် သစ္စာဟာ ဘုရားပွင့်မှ ပေါ်လာတယ် ဆိုတာ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ အခု ဒီဆရာနဲ့ ဒီဘုန်းကြီးနဲ့ ဒီခေတ်နဲ့ ခင်ဗျားတို့ အခုနာတဲ့ နားနဲ့ လွဲသွားရင် သွားပြီး၊ (မှန်ပါ့)။

မသွားသေးဘူးလား (သွားပါပြီ)၊ သေသေ ချာချာ သွားပြီ ဆိုတာ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

သွားတော့ ဘယ်လို သွားမှာတုံး အနာသည်က ဆီချေးတွေ ပေနေတဲ့ အဝတ်ကြီး ဝတ်ပြီး သကာလ ငါနဲ့ မလိုက်ဘူးလား ဆိုတာနဲ့ဘဲ တစ်သံသရာလုံး လည်နေ တော့မှာပဲ (မှန်ပါ့)၊ သဘော ကျပလား (ကျပါပြီ ဘုရား)။

လူကလည်း အနာသည်၊ သဘောကျပလား (ကျပါပြီ)၊ မျက်လုံးကကော အကန်း (မှန်ပါ့)။

ဆီချေးတွေ ပေနေတဲ့ အဝတ်ကြီး ဝတ်ပြီးသကာလ သူသံသရာထဲ လည်ကြွား ဦးမယ် (မှန်ပါ့)၊ တဏှာ, မာန, ဒိဋ္ဌိနဲ့ မကြွား ကြပေဘူးလား (ကြွားကြပါတယ် ဘုရား)၊ ကဲ ပေါ်ကြပလား (ပေါ်ပါပြီ)၊

အဲဒါ-သံသရာ အသာထား စမ်းပါဦး၊ ကိုယ်ငယ်ငယ် တုန်းက ဘယ်လို ကြွား ခဲ့တယ် ဆိုတာ ကိုပဲ အကဲခတ်ကြည့် လိုက်ရင် သံသရာကြီးဟာ ပေါ်သွားပါပြီ (ပေါ်သွားပါပြီ ဘုရား)။

ရောဂါမမြင်လို့ အကန်းပြုံး ပြုံးတာ

ကိုယ်ငယ်ငယ် တုန်းကလေ ကိုယ့်အထင်နဲ့ ကိုယ် အမေမိဘက ဝယ်ပေးတာ ကိုယ့်ဟာကိုယ် လုပ်နိုင်လို့ ဝတ်ရတဲ့ အဝတ်နဲ့ ကိုယ်ဟာနဲ့ ကိုယ်များ နေရာကျ နေတဲ့ အခါကျတော့ ဈေးထဲ အတော် ရွေးပြီး ငါ့အဆင်နဲ့ငါ အတော် လိုက်အောင် ဝယ်လာခဲ့တာပဲ ဆိုတဲ့ဥစ္စာ ကိုစောမောင် ကိုယ့်ဟာ ကိုယ်များ မျက်စိက မမြင်တော့ ပြုံးများ ပြုံးလိုက်သေးတယ် (မှန်ပါ့)၊ မပြုံးဘူးလား (ပြုံးပါတယ် ဘုရား)။

အင်း ဘာပြုံး ပြုံးတာတုံးဆိုတော့ အကန်းပြီး (မှန်ပါ့) ရောဂါ မမြင်လို့ ဘာတုံး (အကန်းပြုံးပါ ဘုရား)။

အကန်းပြုံး၊ သူ့အဝတ်နဲ့ သူနဲ့ တယ်လိုက်တယ် ထင် တယ် (မှန်ပါ့)၊ ဘယ်သူက ဆင်ထား တာတုံး (တဏှာ, မာန, ဒိဋ္ဌိပါ ဘုရား)၊ ကိုင်း ဆင်တဲ့လူကလည်း လူယုတ်မာ ချည့်ပဲ (မှန်ပါ့)။

အဲဒီတော့ သစ္စာ မျက်လုံး တပ်လို့ ကိုယ့် အနာတွေမြင် တော့မှ မျက်လုံးကလေး ပွင့်လာတော့မှ ငါ့လိမ်တာ တဏှာ, မာန, ဒိဋ္ဌိပဲ ဆိုတာ အဲဒီကျမှ ရန်ဖြစ်နိုင်ပါတယ် (မှန်ပါ့)။

တဏှာနဲ့ တောင်းတဲ့ဆုတွေ

အခုတော့ တဏှာနဲ့ တောင်းနေတဲ့ ဆုတွေ ဆိုတော့ ကိုစောမောင် ဘုန်းကြီးက နိဗ္ဗာန် ရောက် လိမ့်မယ်လို့ ဟောရ မှာလား (မဟောနိုင်ပါ ဘုရား)၊ တဏှာ, မာန ဖြတ်ရဦးမှာ ကိုး (ဖြတ်ရမှာပါ ဘုရား)၊ သဘောပါပလား (ပါပါပြီ)

ဪ ဒါဖြင့် ဒီအရေးဟာ အခုပြောတဲ့ ဒီနေ့ည အရေးဟာ မောင်နိုင် သေးသေး ကွေးကွေး အရေးရယ်လို့ မမှတ်လိုက်ပါနဲ့ (မှန်ပါ့ ဘုရား)။

နောက်က ဒကာ ဒကာမတွေ ရှင်းကြရဲ့လား။ (ရှင်းပါတယ် ဘုရား)။

ဒါဖြင့် ဘာမျက်လုံး ဒီနေ့ တပ်ပေးပါလိမ့် (အရိယာ မျက်လုံး တပ်ပေးပါတယ် ဘုရား)။

အရိယာမျက်လုံး တပ်ပြီး သကာလ ကြည့်လိုက်တဲ့ အခါကျတော့ တစ်ဖက်က သမာဓိ မျက်လုံး၊ တစ်ဖက်က ပညာ မျက်လုံးနဲ့ ကိုစောမောင် အိမ်ကျတော့ တပ်ကြည့် (မှန်ပါ့)၊ တပ်ကြည့် တော့ ဘာတွေတွေ့မယ် ထင်သတုံး (အနာ ရောဂါတွေ တွေ့ပါမယ် ဘုရား)။

တစ်ကိုယ်လုံးဟာ ရောဂါတွေ

ရောဂါတွေ မတွေ့ပေဘူးလား (တွေ့ ပါတယ် ဘုရား)၊ အင်း ရောဂါတွေ သည်ကားလို့ ဆိုရင် တစ်ခုတည်းလား၊ အများကြီးလာ မလား (အများကြီး လာပါတယ် ဘုရား)။ တစ်ကိုယ်လုံးဟာ ဘာတွေတုံး (ရောဂါတွေပါ ဘုရား)။

အကုန် ရောဂါချည့် မြင်တဲ့ အခါကျတော့ “ရောဂတော ဂဏ္ဍတော သလ္လတော” ဆိုတာတွေ ဒီကျမှ ပေါ်တာ(မှန်ပါ့)၊ မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)၊ ပေါ်တော့မှ ဒါ ဒုက္ခသစ္စာ မြင်တာ (မှန်ပါ့)။

ဆရာဘုန်းကြီး တပ်ပေး လိုက်တဲ့ သမ္မာဒိဋ္ဌိ မျက်လုံးနဲ့ အရိယာ မျက်လုံးကို တပ်ပေး လိုက်တဲ့ အတွက် ကိုစောမောင် “ရောဂတော ဂဏ္ဍတော” တွေ မြင်လာတယ် (မြင်ပါတယ် ဘုရား)၊ မမြင်သေး ဘူးလား (မြင်ပါတယ် ဘုရား)။

မြင်တဲ့အခါကျတော့ အမြင်ခံရတာက ဒုက္ခသစ္စာ၊ မြင် တဲ့ဉာဏ်က မဂ္ဂသစ္စာ (မှန်ပါ့)။

နိဗ္ဗာန်ပေါ်လာတယ်

ဒါဖြင့် ဒီရောဂါ လွတ်ရာပြေးမှပဲ ဆိုပြီးသကာလ ပြေးချင် တော့ နိဗ္ဗာန်ကို တစ်ခါတည်း ပေါ်လာတယ် (ပေါ်လာပါ တယ် ဘုရား)၊ နို့မဟုတ်ရင်ဖြင့် (မပေါ်ပါ ဘုရား)၊ သဘောကျ ပလား (ကျပါပြီ)။

ဒီအရပ် ဝမ်းလျှောနေတယ်၊ ကာလဝမ်း ဖြစ်နေသတဲ့ ဆိုတော့ ကိုစောမောင် နေရဲပါ့မလား (မနေရဲပါ ဘုရား)၊ ခင်ဗျား လွတ်ရာတော့ (ပြေးမှာပါပဲ ဘုရား)။

အဲ ဝမ်းလျှောမှန်း သိမှ ပြေးချင်တာ (မှန်ပါ့ ဘုရား)။

ဝမ်းမလျှောဘဲနဲ့ ကျုပ် ပြေးချင်လှပြီ ပြောတာ ကိုစောမောင် မယုံနဲ့နော် (မှန်ပါ့)။

ကျုပ်ဖြင့် သား, ဒီသမီးနဲ့ နေပဲ မနေချင်ပါဘူး။ သူတို့နဲ့ စိတ်ပျက်လွန်းလို့ နိဗ္ဗာန်သာ ရောက်ချင် တာပဲ ဆိုတော့ ဘာလုပ် ရမှာတုံး သူက သူ့ခန္ဓာ သူမြင်တာလား၊ သူ့သား, သူ့သမီး စိတ် ပျက်တာလား (သားသမီး စိတ်ပျက်တာပါ ဘုရား)။

ဒါနဲ့ နိဗ္ဗာန် သွားချင်တယ် ဆိုလို့ ယုံရမှာလား (မယုံ ရပါ ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဒီအရပ် စီးပွားရေး မဖြောင့်တာနဲ့ ကျုပ်တော့ဖြင့်ဗျာ ဒီဘဝမျိုး ကြုံလည်း မကြုံချင်ဘူး၊ နိဗ္ဗာန်သာ ရောက်ချင်တာ ဆိုတော့ သူ စီးပွားရေး မဖြောင့်လို့ သူ့ခန္ဓာကြီး မဆင်ရလို့ (မှန်ပါ့)၊ တဏှာ, မာန, ဒိဋ္ဌိနဲ့ မဆင်ရလို့ ပြောတာ (မှန်ပါ့)၊

ဆင်ရရင် သူ အကန်းကြွား ကြွားဦးမှာ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ပညာမျက်လုံးဖွင့်ကြည့်

အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေဟာ ယနေ့ သမာဓိ မျက်လုံး တစ်ဖက် ထားပြီး ပညာ မျက်လုံးကို ခပ်ပြူးပြူး ကလေး ဖွင့်ကြည့်လိုက်တဲ့ အခါကျတော့ ခန္ဓာကိုယ်ထဲ ဘာတွေ တွေ့ကြသတုံး (ရောဂါတွေ တွေ့ပါတယ် ဘုရား)။

ရောဂါမှ ပြည် မမှည့်သေးတဲ့ ရောဂါလား သေ သေနေတဲ့ ရောဂါတွေလား (သေသေ နေတဲ့ ရောဂါ တွေပါ ဘုရား)။

အဲ သေသေ နေတဲ့ ရောဂါ ဆိုတာ အနိစ္စလည်း ဟုတ်တာ ပဲ၊ ဒုက္ခလည်း ဟုတ်တာပဲ၊ အနတ္တလည်း ဟုတ်တာပဲ၊ ဒုက္ခသစ္စာ လည်း ဟုတ်တာပဲ (ဟုတ်ပါတယ် ဘုရား)၊ မြင်ကြပလား (မြင်ပါပြီ)။

ရောဂါဆုံးမှ နိဗ္ဗာန်ရောက်မယ်

အဲဒီတော့ ဒီနေရာမှာတော့ဖြင့် ရောဂါမြင်ပြီး သကာလ ရောဂါကိုမုန်း၊ ရောဂါဆုံးမှ နိဗ္ဗာန် ရောက်မယ် (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ပထမရှေးဦးစွာ ဘာမြင်အောင် ကြည့်ရမလဲ (ရောဂါမြင်အောင် ကြည့်ရပါမယ် ဘုရား)။

နောက်ကျတော့ ဆက်ကြည့်တော့ ရောဂါ ဘာဖြစ်ရမ လဲ (မုန်းရပါမယ် ဘုရား)။

မုန်းအောင် ကြည့်ရမယ်၊ နောက်ကျတော့ ဒီရောဂါနဲ့ ဖြင့် နေကို မနေချင်ပါဘူး၊ ဒါတွေဟာ ဒုက္ခအစစ်ပဲလို့ ဆုံးဖြတ်ချက် ချလိုက်မှ သာလျှင် ရောဂါလုံးလုံး ပျောက်ပြီး သကာလ ရောဂါ ကင်းတဲ့ နိဗ္ဗာန် ရောက်ရမယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကဲ ယနေ့ ဒီတွင် တော်ကြပါဦးစို့။

သာဓု သာဓု သာဓု။