အမှန်မျက်လုံးလေး ပေးပါရ
အသံဖိုင်ခေါင်းစဉ်= မိတ်ဆွေကောင်းတစ်ယောက်က ပြောသည်ဟုသဘောထားပြီးကျင့်ရန်
စာအုပ်ခေါင်းစဉ်= “အမှန်မျက်လုံးလေး ပေးပါရ”
ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့၌ ဟောကြားတော်မူသောတရားတော်
“အမှန်မျက်လုံးလေး ပေးပါရ”
(၂၈-၁၁-၆၀)
ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဘယ်လိုမှာတော် မူသလဲဆိုရင်ဖြင့်
“မိတ္တဝတာယ သမုဒါစရထ, မာ သပတ္တဝတာယ’’ (ဥပရိပဏ္ဏာသ ပါဠိတော် မဟာသုညတသုတ် ၁၅၉။) လို့ မှာတော်မူတယ်၊
ပါဠိလိုဖြစ်နေတော့ ဒကာ ဒကာမတွေ နားမလည်ဘူး၊ မြန်မာလို ရှင်းရှင်းပြောတော့ ဒကာကြွယ် ဒကာသစ်တို့ ဦးလှဘူးတို့ နားလည် သွားပါလိမ့်မယ် (မှန်ပါ့ ဘုရား)။
မိတ်ဆွေကောင်းကပြောတာဆိုပြီးကျင့်ပါ
ငါဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟောတာ မင်းတို့ မိတ်ဆွေကောင်း တစ်ယောက် ပြောတဲ့ စကားရယ်လို့ မှတ်ထားပြီး သကာလ နေမယ်ဆိုလို့ရှိရင်ဖြင့် ဒုက္ခခပ်သိမ်းငြိမ်း ပါလိမ့်မယ်တဲ့ (မှန်ပါ့)၊
“မာသပတ္တဝတာယသမုဒါစရထ” ငါ့ကို ရန်သူကြီးထင်ပြီးအရွဲ့တိုက်ပြီး သကာလ ကိုယ်တော်က ဒီလိုဟောတာ တပည့်တော်က ဒီလိုနေမယ်ဆိုရင် ရန်သူအဖြစ်နဲ့ ဖြင့် ငါဘုရားကို မပေါင်းကြပါနဲ့တဲ့ (မှန်ပါ့)၊ မိတ်ဆွေအဖြစ်နဲ့ ငါဘုရားကို ပေါင်းပြီး သကာလ လိုက်နာကြပါတဲ့ (မှန်ပါ့)၊
ရန်သူအဖြစ်နဲ့ အရွဲ့တိုက်ပြီး သကာလ မနေရစ်ကြပါနဲ့ဆိုတာ ပဏ္ဏာသပါဠိတော်များမှ မှာတော်မူတယ် (မှန်ပါ့ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက အမြင်အင်မတန်ကျယ်တဲ့ ပုဂ္ဂိုလ်ကြီး ဖြစ်တော့ ဒီလိုရှုပါကွာ၊ ဒီလို မှတ်ပါကွာ၊ ဒီလိုရှု၊ ဒီလိုမှတ်လို့ရှိရင်ဖြင့် မင်းတို့ ဒုက္ခခပ်သိမ်း ကင်း ငြိမ်းပါလိမ့်မယ် ဆိုတာ ဪ တို့မိတ်ဆွေကောင်းကြီးက ဒီလိုပြောလို့ ဒီလိုလုပ်ရမယ် ဆိုလို့ရှိရင် လည်း ဘုရားက မိတ်ဆွေကောင်း အဖြစ်နဲ့ ပေါင်းသင်းလို့ ကျေနပ်ပါတယ် (မှန်ပါ့)၊
မာသပတ္တဝတာသမုဒါစရထ ကိုယ်တော်က ဒီလိုဟောထားလို့ တပည့်တော်တို့က ဒီလိုအရွဲ့ တိုက်ပြီး ဒီလိုမရှုမမှတ်ဘဲနဲ့ နေလိုက် မယ်ဆိုတော့ ဘုရားကို ရန်သူအဖြစ်နဲ့ ပေါင်းတဲ့ ပုဂ္ဂိုလ်တွေလို့ စွဲချက် တင်ရလိမ့်မယ် (မှန်ပါ့ ဘုရား)။
ကိုယ့်ဒုက္ခကိုယ်သိမ်းနိုင်လိမ့်မယ်
ဒါဖြင့် ဒကာ ဒကာမတို့ ဘုရားကို မိတ်ဆွေအဖြစ်နဲ့ ပေါင်းသင်းပြီး ရန်သူအဖြစ်နဲ့မထားဘဲ နေကြလို့ရှိရင်ဖြင့် ကိုယ့်ဒုက္ခ ကိုယ်သိမ်းနိုင်လိမ့်မယ်ဆိုတာ သေသေချာချာ မှတ်ပါ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဒကာသစ်မိတ်ဆွေအဖြစ်နဲ့သာ ပေါင်းတော့တဲ့ နော် (မှန်ပါ့)၊ ရန်သူအဖြစ်နဲ့ဖြင့် ပေါင်းသင်း ဆက်ဆံပြီး မကျင့်ကြပါနဲ့ဆိုတာ သေသေချာချာ မှာတော်မူတယ် (မှန်ပါ့)၊ ဒီထက်လည်း လျှော့ဈေး မရှိတော့ဘူး (မှန်ပါ့)၊ ရှိသေးရဲ့ လား (မရှိပါ ဘုရား)။
မိတ်ဆွေအဖြစ်နဲ့ ပေါင်းရင် တော်ပါပြီ၊ ရန်သူအဖြစ်နဲ့ဖြင့် ကိုယ်တော်က ဒီလိုဟောလို့ တပည့်တော်တို့က အရွဲ့တိုက်မယ် ဆိုတာဖြင့် မနေလို့ရှိရင်လည်း တော်ပါပြီဆိုတော့ ဒကာသစ်ရေ လျှော့ဈေး မကုန်သေးဘူးလား (ကုန်ပါပြီ ဘုရား)။
မိတ်ဆွေအဖြစ်နဲ့ နားထောင်ရင်တော်ပါပြီ
အင်မတန် အမြင်ကျယ်တဲ့ပုဂ္ဂိုလ်ကြီးက ဒကာ ဒကာမ တွေကို မိတ်ဆွေအဖြစ်နဲ့ ငါပြောတာ နားထောင်ပြီး မိတ်ဆွေကြီး တစ်ဦးကပြောဆိုတဲ့ တရားရယ်လို့ လိုက်နာကြရင်ပဲ ဒကာကြွယ် တော်ပါပြီတဲ့ (မှန်ပါ့ ဘုရား)။
ကိုယ်တော်က ဒီလိုဟောပြီး တပည့်တော်တို့ ဒီလိုနေ လိုက်မယ်ဆိုတဲ့ ဟောတာကတဖုံ၊ နေတာကတခြား ဤကဲ့သို့ အမြင်မှားမှာကိုတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက စိုးရိမ် တော်မူရှာတယ်၊ ရန်သူအဖြစ်နဲ့ မင်းတို့ငါတို့ မပေါင်းပါနဲ့ဆိုတာ သေသေချာချာ မှာတော်မူတယ် (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဒကာကြွယ်တို့ ဘယ်လိုအဖြစ်နဲ့ ပေါင်းသင်းရမှာ ပါလိမ့် (မိတ်ဆွေအဖြစ်နဲ့ ပေါင်းရမှာပါ ဘုရား)၊ ရန်သူအဖြစ်နဲ့ ဖြင့် (မပေါင်းပါနဲ့)၊ မပေါင်းကြပါနဲ့ဆိုတာ သေသေချာချာ မှာတော်မူတယ် (မှန်ပါ့ ဘုရား)။
ကိုင်း ဒါဖြင့် ဒီတရားတစ်ပွဲလုံး ဒကာ ဒကာမတွေက တို့သည်ကားလို့ဆိုရင်ဖြင့် ဘုရားက ကျေးဇူးတော်အစုံ ဂုဏ်တော်အနန္တမို့ အရှင်ဘုရား ရှိခိုးပါ၏ ဆိုတာနဲ့ မပြီးသေးဘူး (မှန်ပါ့)၊ ဒကာ ဒကာမတွေကို မိတ်ဆွေကောင်း တစ်ယောက်က ပြောတဲ့ စကားကို လိုက်နာမယ်ဆိုတဲ့ စိတ်ကိုမွေးကြပါ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ထော်လော်ကန့်လန့်အဖြစ်နဲ့ ဖြင့် မနေလိုက်ကြပါနဲ့ဆိုတော့ ဒါလောက်တောင် အကျိုးစီးပွား ကို အလိုရှိတဲ့ပုဂ္ဂိုလ်ကြီးက လျှော့ဈေးသုံးပြီး သကာလ ထားတော့ ဘယ့်နှယ်ကြောင့် ကိုယ်တော်မြတ်ကြီး ဒါလောက် လျှော့ဈေး သုံးပါလိမ့်မလဲလို့ မေးဖို့မလိုဘူးလား (လိုပါတယ် ဘုရား)။
အိုဘေး၊ သေဘေး၊ မသိမ်းရစ်မှာ စိုးရိမ်လို့
ကိုယ်တော်မြတ်ကြီးမှာတော့ ထွက်ရပ်လမ်းပေါက် ပြီးသား အိုဘေး၊ နာဘေး၊ သေဘေးတွေ အကုန် သိမ်းပြီးသား ဖြစ်ပါတယ်၊ ဒကာ ဒကာမတို့ မသိမ်းရစ်မှာ စိုးရိမ်တဲ့အတွက် မိတ်ဆွေကောင်း တစ်ဦးက ပြောတယ် ဆိုပြီး သကာလ လိုက်နာ ကျင့်ကြံ ကြိုးကုတ် အားထုတ်ကြမယ်ဆိုရင် ကျေနပ် ပါပြီတဲ့ (မှန်ပါ့ ဘုရား)။
ဘုရားရှိတုန်းကလည်း မလိုက်နာ၊ ဘု ရားလည်း ပရိနိဗ္ဗာန် စံသွားတဲ့အခါလည်း မလိုက်နာလို့ ရှိရင်ဖြင့် မိတ်ဆွေကောင်း ပြောတာ မလိုက်နာဘူး ဆိုရင်ဖြင့် အကျိုးယုတ်မှာ မြင် တာကြောင့် မိတ်ဆွေတစ်ဦး ပြောတဲ့စကားကို လိုက်နာတဲ့ အနေတဲ့ လိုက်နာကြရင်ပဲ ကျုပ်ကျေနပ်ပါပြီတဲ့ (မှန်ပါ့ ဘုရား)။
အဲဒီတော့ ဒကာ ဒကာမတွေ အင်မတန် အကျိုးစီးပွား လိုလားတဲ့ ကိုယ်တော်ကြီးက ဒါလောက် ပြောလို့ရှိရင် ကျုပ်တို့ အရွဲ့မတိုက်သင့်ဘူးဆိုတာ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့ ဘုရား)။
အရွဲ့မတိုက်သင့်ပါဘူး
အရွဲ့တိုက်သင့်ပါမလား (မသင့်ပါ ဘုရား)၊ မသင့် တော့ ဒကာ ဒကာမတွေ ခင်ဗျားတို့ ကိုယ့်အိမ် ကိုယ် စားသောက်၊ ကိုယ့်အရောင်းအဝယ်နဲ့ ကိုယ့်သားသမီးနဲ့၊ ကိုယ့် အိမ်ထောင် ကိုယ်ထင်သလိုပြုပြီး သကာလ နေကြမယ်ဆိုလို့ ဆိုရင်ဖြင့် ဒကာ ဒကာမတို့ ဘုရားကတော့ ဝိပဿနာ ရှုကြလို့ ဟောတယ်၊ ခင်ဗျားတို့က သားသမီးတွေ ရှုနေကြလို့ရှိရင်ဖြင့် ဒကာသစ် ဒါဟာ အရွဲ့တိုက်-မတိုက် စဉ်းစားစမ်း (အဖွဲ့ တိုက်ပါတယ် ဘုရား)၊
အရွဲ့တိုက်တဲ့ အဓိပ္ပာယ် ဒကာကြွယ် ရောက်တယ် (ရောက်ပါတယ်ဘုရာ)၊ သားရေး၊ သမီးရေး၊ အရေးကြီးပြီး သကာလ ကိုယ့်အရေးမကြီးလို့ ရှိရင်ကော (အရွဲ့တိုက်ပါတယ် ဘုရား)။
ဒါဖြင့် ကိုယ့်အကျိုးစီးပွားရှိလို့ အရွဲ့တိုက်တာလား၊ ကိုယ့်ကိုယ်ကိုယ် အနစ်နာခံပြီး သကာလ အရွဲ့တိုက်တာလား (ကိုယ့်ကိုယ်ကို အနစ်နာခံပြီး အရွဲ့တိုက်တာပါ ဘုရား)။
အရွယ်တွေကကြီးကုန်ကြပြီ
အဲဒါကြောင့် ဒကာသစ်တို့ အရွယ်တွေလည်း ကြီးကုန် ကြပြီ၊ ဆရာသမားတွေလည်း ကြီးကုန်ကြပြီ၊ ကျုပ်တို့ အရွဲ့တိုက် ဂိုဏ်းကို ဒကာကြွယ်တို့၊ ဦးလှဘူးတို့၊ လုံးလုံးဖြုတ်မှ တော်မည့် အချိန်လည်း ရောက်ကြပါပြီ (မှန်ပါ့)၊ မရောက်ကြသေးဘူးလား (ရောက်ကြပါပြီ ဘုရား)။
အဲဒါကြောင့် ဒကာ ဒကာမတို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက အရွဲ့မတိုက်ဘူးဆိုရင် မျက်လုံးမှန်ကလေး ပေးချင် တယ် (မှန်ပါ့)၊ မှန်တဲ့မျက်လုံးကလေး ပေးချင်တယ် ၊ (မှန်ပါ့ ဘုရား)။
ဘာမျက်လုံးပေးချင်တာတုံး (မှန်တဲ့မျက်လုံးပေး ချင်ပါတယ်)၊ အမှန်မြင်တဲ့ မျက်လုံးကို ပေးချင်တယ် (မှန်ပါ့)၊ ဘယ့်နှယ်ကြောင့် ကိုယ်တော်မြတ်ကြီးသ အမှန်မြင်တဲ့ မျက်လုံးကို ပေးချင်ပါလိမ့်မလဲလို့ မေးတဲ့အခါကျတော့ ဝမ်းထဲမှာ က မျက်စိနှစ်ကွင်းကလည်း အလင်းမရ အပြင်ဘက် ကျပြန်တော့ ဘုရားနဲ့တွေ့ ဘုရား၏ တပည့်သားတွေနဲ့ တွေ့ပြီဆိုမှဖြင့် အလင်းမရ (မှန်ပါ့ ဘုရား)။
အဲဒါကြောင့် ဝမ်းထဲကလည်း အလင်းမရခဲ့၊ အပြင်ဘက် ကျပြန်တော့လည်း အမေ့ကိစ္စ၊ အဖေ့ကိစ္စနဲ့ ကိုယ်ပျော်ချင်သလို ပျော်နေတဲ့ကိစ္စတွေကြောင့် မျက်စိနှစ်ကွင်းက အလင်းမရဘူး (မှန်ပါ့ ဘုရား)။
အမှန်မျက်လုံးလေး၊ ငါပေးပါရစေတဲ့
မျက်စိနှစ်ကွင်း၊ အလင်းမရတော့ အမှန်မျက်လုံးကလေး ငါပေးပါရစေကွာဆိုတဲ့ ဥစ္စာကို ချော့ချော့မော့မော့နဲ့ ပေးရှာ တယ် (မှန်ပါ့ ဘုရား)၊ ချော့ချော့မော့မော့နဲ့ ပေးတဲ့ အခါကျတော့ ဒကာ ဒကာမတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ ကိုယ့်အကျိုးလိုလားတဲ့ မိတ်ဆွေကြီးကပေးတဲ့ မျက်လုံးကိုဖြင့် ငါတို့သည်ကားလို့ ဆိုလိုရှိရင် ဝမ်းထဲမှာလည်း အလင်းမရ၊ အပြင်ဘက်မှာလည်း အလင်းမရ၊ ဤကဲ့သို့ မရမှုကြီးကို အလင်းမျက်လုံးတပ်ပေးပါ့ မယ်ဆိုတာကိုဖြင့် ဝမ်းမြောက်ဝမ်းသာနဲ့ တရားတစ်ပွဲလုံးက လက်ခံရမယ် (မှန်ပါ့)၊ မခံထိုက်ကြဘူးလား (ခံထိုက်ပါ့ တယ် ဘုရား)။
ဒါ့ကြောင့် ဒကာ ဒကာမတို့ ဘုရားသခင် ကိုယ်တော် မြတ်ကြီး လက်ထက်က ကစ္စာနအနွယ် ဖြစ်တဲ့ ရဟန်းတစ်ပါးက မေးလျှောက်တယ်။
“သမ္မာဒိဋ္ဌိ သမ္မာဒိဋ္ဌိတိ ဘန္တဝုစ္စတိ” ကိတ္တာဝတာ နု ခေါ ဘန္တေ သမ္မာဒိဋ္ဌိ ဝုစ္စတိ။
အမှန်မျက်လုံးဆိုတာ ဘာကိုဆိုပါလိမ့်
အမှန်မျက်လုံးဆိုတာ ဘာဆိုပါလိမ့်မလဲဘုရားလို့ မေးတော့ ဘုရားသခင် ကိုယ်တော် မြတ်ကြီးက အမှန်မျက်လုံးဆို တာ ပဋိစ္စသမုပ္ပာဒ်ဖြစ်တာကို မြင်တာလည်း အမှန်မျက်လုံး၊ ပဋိစ္စသမုပ္ပာဒ် ပျက်တာကို မြင်တာလည်း (အမှန်မျက်လုံးပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာဝန်ကြီးထမ်းပြီး ဖြစ်နေတော့ ခန္ဓာဖြစ်မှုကိုမြင်လို့ရှိရင် အမှန်မျက်လုံး၊ ခန္ဓာပျက်မှုကို မြင်လို့ရှိရင်လဲ (အမှန်မျက်လုံးပါ ဘုရား)၊
အဲဒီမျက်လုံး ကလေးဖြင့် ယူကြပါ၊ ယောက်ျားမိန်းမ မရှိဘူး၊ ပဋိစ္စသမုပ္ပာဒ် ဖြစ်နေတာ ချုပ်နေတာဆိုတာ ကလေးကိုဖြင့် ဒီမျက်လုံး ကလေးဟာ ဝမ်းထဲကလည်း မမြင်ခဲ့ကြဘူး၊ အပြင်ဘက် ကျပြန်တော့လည်း မမြင်တဲ့ဥစ္စာကို ကိုယ်ခန္ဓာ၏ ပင်ကိုသဘော အရှိကို မမြင်တာကိုဖြင့် မြင်အောင် အမှန်မျက်လုံးကလေး တစ်ခု မိတ်ဆွေကောင်းကပေးတာကိုဖြင့် ကိုယ်လည်း အလင်းရှိတာ၊ ကိုယ်ပဲ အမှန်မြင်ရတာကိုဖြင့် လက်ခံသင့်ပါတယ်ဆိုပြီး ဒကာ ဒကာမတွေ လက်ခံကြပါ (မှန်ပါ့)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။
ခဏခဏဖြစ်ပျက်နေတာသိရမယ်
လက်ခံကြပါဆိုတော့ တခြားမဟုတ်ပါဘူး၊ ဒကာ ဒကာမတို့ ကိုယ်ခန္ဓာကိုယ်ကြီးက ခဏခဏ ဖြစ်နေတာ သိရမယ် (မှန်ပါ့)၊ ကိုယ်ခန္ဓာကြီး ခဏခဏ အနိစ္စ ရောက်နေတာကိုကော (သိရမှာပါ ဘုရား)။
အဲဒါသိလို့ရှိရင် ဘာမျက်လုံးပါလိမ့် (ပညာမျက်လုံး ပါ)၊ အဲဒီမျက်လုံး ကလေးဟာဖြင့် ဒကာ ဒကာမတို့ ဝမ်းတွင်းက ကန်းတာတွေပျောက်၊ ပြင်ဘက်ကျမှ မမြင်တာတွေလည်း ပျောက်ဆိုတော့ ဒီမျက်လုံးကို ဒကာကြွယ်တို့၊ ဒကာသစ်တို့ ဦးလှဘူးတို့က လက်ခံသင့်တယ် (မှန်ပါ့ ဘုရား)။
ဒါကနင့်အဖေ၊ ဒါကနင့်အမေ
ဘယ့်နှယ်ကြောင့် လက်ခံသင့်ပါလိမ့်မတုံးဆိုတော့ ကိုယ်ကိုယ်တိုင်ကဖြင့် မိဘရိုးရာ မျက်လုံးနဲ့ပဲ ဟောဒါနင့်အဖေ၊ ဟောဒါနင့်အမေ၊ ဟောဒါက နင့်အကိုလို့ မှတ်ထား၊ ဟောဒါက နင့်ညီ၊ ဟောဒါက နင့်နှမအစရှိသည် တော်တယ်လို့ဆိုပြီး မိဘပေးထားတဲ့ မျက်လုံးက သမုတိမျက်လုံး ပေးထားတယ် (မှန်ပါ့ ဘုရား)။
သမုတိမျက်လုံး ပေးထားတော့ တကယ်အမိပဲ၊ တကယ် အဖပဲလို့ ထင်နေလို့ရှိရင်ဖြင့် ဒကာသစ်တို့ပဲ စဉ်းစားပါ ရုပ်နာမ် ပျောက်ပါတယ် (မှန်ပါ့)၊ ရုပ်နာမ် ပျောက်ကတည်းက ရုပ်ဖြစ်ပျက်၊ နာမ်၏ ဖြစ်ပျက်လည်း ပျောက်တော့တယ်၊ မပျောက် ပါနဲ့ဆိုလို့ (မရပါ ဘုရား)။
ဪ ဒါဖြင့် ဝမ်းထဲကလည်း သူများပါးစပ်မှာ လမ်းဆုံးတဲ့ အမေ အဖေ (မှန်ပါ့)၊ အပြင်ဘက် ရောက်လာ ပြန်တော့လည်း ဒါနင့်အဖေ နင့်အမေလို့ အရပ်ကဝိုင်းပြော၊ ဘေးကဆွေမျိုး ဉာတကာ တွေက ပြောတာနဲ့ သူများမျက်လုံးနဲ့ သာ ကိုယ့်မှာဖြင့် အချိန်ကုန်ပြီး သကာလ ကိုယ်တိုင် သိမျက်လုံး ကဖြင့် မရနိုင်ဘူး (မှန်ပါ့)၊ သူများပြော မျက်လုံးနဲ့ပဲ အချိန်ကုန် မနေဘူးလား (ကုန်နေပါတယ် ဘုရား)။
အမှန်အရှိကိုတကယ်မသိ
အဲဒီလို ကုန်နေတော့ အမှန်အရှိကို တကယ်သိဖို့ မျက်လုံးက မရဘဲဖြစ်နေတယ် (မှန်ပါ့)၊ တကယ်သိမျက်လုံး က မရဘဲဖြစ်နေတော့ ကျုပ်တို့မှာ ဝမ်းထဲမှာကန်း၊ အပြင်ဘက် မှာလည်းကန်း လုပ်ကိုင် စားသောက်ပြန်လည်း အကန်းတွေ လုပ်နေကြတာပဲ၊ သေပွဲဝင်သွားပြန်တော့ အကန်းသာ ဖြစ်ရတယ် (မှန်ပါ့)၊ မနစ်နာဘူးလား (နစ်နာပါတယ်)။
အဲဒီနစ်နာမှာ စိုးရိမ်တဲ့အတွက် ဘုရားသခင် ကိုယ်တော် မြတ်ကြီးက ငါဘုရားပေးတဲ့ မျက်လုံးကိုဖြင့် မိတ်ဆွေကြီး တစ်ယောက်က ပေးတဲ့ မျက်လုံး ဖြစ်ပါတယ်ကွာ၊ ကိုယ့်အမြင်မှန် ကလေးရဖို့ဖြင့် မင်းတို့လက်ခံပြီး ယူကြပါဆိုတဲ့ အကြောင်း ဘုရားကဟောတာပါပဲ (မှန်ပါ့)၊ ဒကာကြွယ် ယူထိုက် မယူထိုက် (ယူထိုက်ပါတယ် ဘုရား)။
ပုဂ္ဂိုလ်သတ္တဝါအဖြစ်နဲ့ယူရင်
ကိုင်း ဒါကိုမယူကြဘူးဆိုလို့ရှိရင်လည်း ပုဂ္ဂိုလ် သတ္တဝါအဖြစ်နဲ့ ခင်ဗျားတို့ ကြော် ငါ၏အမေ ပုဂ္ဂိုလ်သေ သွားရှာပြီ အဖေပုဂ္ဂိုလ်လည်း ငါ့ကို စွန့်သွားပြီ ငါလည်း ကိုယ်ကျိုးနည်းတာပဲဆိုတော့ သူများပေးတဲ့မျက်လုံးနဲ့ အမေ အဖေရယ်လို့မှတ်ထားတော့ ဒါတွေက သေကျေပျက်စီး၊ ကုန်ကြ၊ အိုကြ၊ နာကြဆိုတဲ့အခါကျတော့ ဖြစ်မှဖြစ်ရလေ တို့မှီခို အားထားရာ တောင်ကြီးပြိုသွားတာပဲ၊ လက်မောင်းကြီး ပြုတ်ပြီး သကာလ သွားတာပဲဆိုတာ တစ်ခါတည်းငိုပွဲတွေ သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿ တွေမလားဘူလား (လာပါတယ် ဘုရား)။
အဲဒီကဲ့သို့လာတာ လာချင်လို့လာတာလားလို့ မေးတော့ ၊ အကန်းမို့လာတာ (မှန်ပါ့)၊ ဘယ်လို ဆိုကြပါ့မယ် (အကန်းမို့လာတာပါ)၊ အကန်းလို့ဆိုတာကို ကျေကျေနပ်နပ် သဘောကျပါ (မှန်ပါ့ ဘုရား)။
အဲဒီတော့ ဒကာ ဒကာမတွေ ငိုပွဲဆင်ကြ၊ သားသေလို့ ငိုပွဲဆင်ကြ၊ သမီးသေလို့ ငိုပွဲဆင်ကြ၊ သမီးဒုက္ခရောက်လို့ အခြေအနေမလှလို့ ငိုပွဲ၊ စိုးရိမ်ပွဲတွေ ဆင်ကြတာသည် အမှန် မျက်လုံးမရလို့ ဖြစ်ရတဲ့ အကြီးစားဖြစ်တွေပဲ (မှန်ပါ့ ဘုရား)။ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ်)။
အဲဒါကြောင့် ဒကာ ဒကာမတို့ အမှန်မျက်လုံးကလေး မရသ၍ ကာလပတ်လုံး အငို လက်စသတ်မယ် စိုးရိမ် လက် စသတ်မယ် ဆိုတာ မရှိကြောင်းကို ဘုရားသခင် ကိုယ်တော်မြတ် ကြီးက မင်းတို့သည် ငိုပွဲ လက်စသတ်ရအောင်၊ စိုးရိမ်ပွဲလည်း လက်စသိမ်းရအောင် အမှန်မျက်လုံး ပေးတာကို မင်းတို့က ကြည်ကြည်ဖြူဖြူနဲ့ လက်ခံပါဆိုတာ မိတ်ဆွေကောင်းကပေးလို့ ကျကျနန ယနေ့ လက်ခံပါဆိုတဲ့ အကြောင်းကို ဘုရားက ဟောတယ် (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ငိုဖို့ရာပေးထားတဲ့မျက်လုံး
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ အမေပေးတဲ့ မျက်လုံး ကလည်း ငိုဖို့ရာ ပေးထားတဲ့မျက်လုံး (မှန်ပါ့)၊ အမေပေးတဲ့ မျက်လုံးက ဘယ့်နှယ်ငိုဖို့ရာ ပေးထားတဲ့ မျက်လုံးဆိုတာ ဒကာကြွယ် ဟောဒါ နင့်အဖေလို့ မှတ်ထား၊ ဟောဒါ နင့်နှမလို့ မှတ်ထား၊ ဟောဒါ နင့်တူသားနောင်မယ်လို့ မှတ်ထား ဆိုတော့ အမေပေးတဲ့ မျက်လုံးနဲ့ မှတ်ထားလိုက်တာကိုးဗျ (မှန်ပါ့)။
မှတ်ထားတော့ ဒါတွေကလည်း တော်တော်ကြာ နာလိုက်၊ အိုလိုက်၊ သေလိုက်၊ မွဲလိုက်၊ ကွဲလိုက်၊ မလာဘူးလား (လာပါတယ် ဘုရား)၊ ဒီအခါကျတော့ ခုနင်ကမှတ်ထားတဲ့ ပုဂ္ဂိုလ်က ဪ တို့ဖြစ်တွေကဖြင့် မကောင်းပါဘူး၊ တို့ဖြစ် တွေကဖြင့် စိတ်ချမ်းသာစရာ တစ်ကွက်တစ်စက်မှ မပါဘူး ဆိုတာ တွေ မလာဘူးလား (လာပါတယ် ဘုရား)။
ဘယ့်နှယ်ကြောင့် ဒီပုဂ္ဂိုလ် စိတ်မချမ်းသာ လက်မချမ်း သာစရာ ဖြစ်ရပါလိမ့်မလဲလို့မေးတော့ ဒကာသစ်တို့ ဒကာကြွယ် တို့ ဖြေကြည့်တာပေါ့ မျက်လုံးကန်းနေလို့ (မှန်ပါ့)၊ အမေပေး တဲ့ မျက်လုံးတွေ လမ်းဆုံးနေတယ် (မှန်ပါ့ ဘုရား)။
မျက်လုံးအမှန်ယူဖြစ်အောင်ယူပါ
ဘုရားပေးတဲ့ မျက်လုံးက မရဘူး အဲဒီတော့ မရတော့ သူ့မှာ ဒီမျက်လုံးမှ မရသ၍ ကာလပတ်လုံး သောကပရိဒေဝ ဒုက္ခ ဒေါမဿဆိုတဲ့ ငိုပွဲစိုးရိမ်မှု မြေလူးပွဲတွေနဲ့သာ နွှဲနေရတော့ တယ်ဆိုတာ တစ်သံသရာလုံး ဖြစ်မှာစိုးတဲ့အတွက် ယနေ့သည် မိတ်ဆွေကောင်း တစ်ဦးက မျက်လုံးမှန်ရပြီး၊ မင်းတို့ အငိုတိတ်ပွဲ ကို ဆင်နွှဲပေးပါတယ်၊ မင်းတို့မှာ မျက်လုံး အမှန်ယူ ဖြစ်အောင် ယူပါလို့ ဆိုလိုရင်း (မှန်ပါ့)၊ ဘာယူရမှာပါလိမ့် (မျက်လုံး အမှန်ယူရမှာပါ ဘုရား)။
ဒကာကြွယ်တို့၊ ဦးလှဘူးတို့ တယ်လည်းကရုဏာကြီး ပါကလား (ကြီးပါတယ် ဘုရား)၊ သူပေးတဲ့မျက်လုံး မယူလို့ ရှိရင် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ငိုပွဲစိုးရိမ်ပွဲနဲ့ပဲ အချိန်ကုန် ရတော့မှာပဲ (ကုန်မှာပါ ဘုရား)၊ ဒီဟာနဲ့ အချိန်ကုန်ပြီး ငိုခြင်းကြောင့် အပါယ်သွား၊ စိုးရိမ်ခြင်း ကြောင့်လဲ (အပါယ်သွား ရမှာပါ ဘုရား)။
အခုလည်း မချမ်းသာ နောင်လည်းဆင်းရဲ (မှန်ပါ့)၊ ယခုမချမ်းသာတာက ငိုပွဲစိုးရိမ်ပွဲ နောင်လည်း ဆင်းရဲတာက အပါယ်ရောက်တဲ့အတွက် ဆင်းရဲပွဲကြီးကော မနွှဲရဘူးလား (နွှဲရပါတယ်)၊ ဒါဟာ ဘာမျက်လုံး မရတာပါလိမ့် (အမြင်မှန် မျက်လုံး မရတာပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒီအမြင်မှန် မျက်လုံး ကလေးကို မိတ်ဆွေတစ်ယောက်ကပေးတာ ခင်ဗျားတို့ ကြည်ကြည်ဖြူဖြူနဲ့ လက်ခံပါဆိုတဲ့ဥစ္စာ သော် တို့အငိုပွဲလည်း သိမ်း၊ အပါယ် ငရဲလည်းသိမ်း၊ အပါယ်ငရဲလည်း ငြိမ်းတဲ့ မျက်လုံးကို သူပေးပါ မယ်ဆိုတာ၊ တို့ကြည်ကြည်ဖြူဖြူ လက်မခံဘူး ဆိုလို့ရှိရင်ဖြင့် ငိုချင်သေးလို့ ဆင်းရဲချင်သေးလို့ပဲ (မှန်ပါ့)၊ ဒီတော့ တို့မိုက် လွန်းလို့ဆိုတဲ့ အဓိပ္ပာယ် မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။
ဘုရားပေးတဲ့အမှန်မျက်လုံးလက်ခံပါ
ဒါဖြင့် အားလုံး ဒကာ ဒကာမတို့ အမှန်မျက်လုံးကို ဘုရားသခင်ကိုယ်တော်မြတ်ကြီး ပေးတာကိုဖြင့် ကြည်ကြည် ဖြူဖြူနဲ့ တစ်ပွဲလုံးက လက်ခံပါဆိုတဲ့အကြောင်းကို ပြောရတယ် (မှန်ပါ့ ဘုရား)။
ဘယ်လို လက်ခံရမတုံး (ကြည်ကြည်ဖြူဖြူနဲ့ လက်ခံ ရပါမယ် ဘုရား)၊ ကြည်ကြည်ဖြူဖြူနဲ့ လက်ခံ ရမယ်နော် (မှန်ပါ့)၊ ခင်ဗျားတို့ ဘေးကပြောတဲ့မျက်လုံး အရပ်ကပြောတဲ့ မျက်လုံး၊ အမေ အဖေက ပြောတဲ့ မျက်လုံး ဒါတွေသည်ကားလို့ ဆိုရင်ဖြင့် တစ်နေ့နေ့ ငိုရစိုးရိမ်ရတော့မယ် ဆိုတာ သေသေ ချာချာမှတ်ပါ (မှန်ပါ့ ဘုရား)။
အမေအဖေပြောတာ ကြည့်ပါလား နင့်မှာ အပျိုအရွယ် ကလေးဖြစ်လာပြီး အိမ်ထောင်ပြုမှပေါ့၊ ဒါမှနင့်မှာ အစောင့်ရှောက်ကလေးလုံလောက်၊ အဲဒါ ခင်ပွန်းအဖြစ်နဲ့ပေါင်းနေလို့ ရှိရင် နေရာကျ သွားမှာပေါ့ စသည်နဲ့ သူက နေရာကျမယ်သာ ပြောနေတာ ခင်ပွန်းပူကပ်မှာတော့ တစ်ခုမှမပါလာဘူး (မှန်ပါ့)၊ ခင်ပွန်းဝေဒနာ ရောက်လို့ ပြုစုတာကော (မပါပါ ဘုရား)၊ ခင်ပွန်းကြောင့် သွားလေရာရာ စိတ်မချရတဲ့ ပွဲကြီးတွေကော ပါရဲ့လား (မပါပါ ဘုရား)။
အရပ်ကပေးတဲ့မျက်လုံး
ဪ ဒါဖြင့် ဘုရားပေးတဲ့မျက်လုံးမယူမိ၊ အရပ်ပေး တဲ့ မျက်လုံးနဲ့ပဲ ကိုယ့်မှာလမ်းဆုံး နေရတော့ နောက်ဆုံးပိတ်ကျတော့ သူပြောတဲ့အတိုင်း အိမ်ယာတည်ထောင် တော်တော် ကြာတော့ ခင်ပွန်းသည်အတွက် စိုးရိမ်သောက ဗျာပါဒရောက် လို့ ပြီးသေးရဲ့ လား (မပြီးသေးပါ ဘုရား)၊
ဘယ်သူပေးတဲ့ မျက်လုံးယူမိပါလိမ့်ဗျာ (အမေပေးတဲ့မျက်လုံး ယူမိပါတယ် ဘုရား)၊ အမေပေးတဲ့ မျက်လုံးနဲ့ အရပ်ကပေးတဲ့ မျက်လုံး ဒကာကြွယ် (မှန်ပါ့ ဘုရား)။
ကိုယ်ကိုယ်တိုင်ပဲ ဒီမျက်လုံးတွေတပ်ထားခဲ့လို့ အခု ထက်တိုင် ဒီမျက်လုံး စခန်မသိမ်း သေးသည့် အတွက် သားပူ သမီးပူ ခင်ပွန်းပူ မြေးပူဆိုတာတွေက ကပ်နေတယ် (ကပ်နေ ပါတယ် ဘုရား)။
ဪ ဘုရားပေးတဲ့မျက်လုံး မယူမိလို့ အရပ်ထဲက ပေးတဲ့ မျက်လုံး အမေအဖေပေးတဲ့ မျက်လုံး ကိုယ့်ဝမ်းထဲ ကန်းလာတဲ့ အကန်းကရပ်ပြီး ယူမိတဲ့မျက်လုံးကြောင့် အခုထက် တိုင်တိုင် ဒကာ ဒကာမတွေမှာ စားမဝင် အိပ်မပျော်ဆိုတဲ့ ပွဲတွေ ဟာ ညတိုင်းလိုလိုပဲ ဖြစ်နေကြရတယ်၊ တရားနှလုံးမသွင်းရင် ဒီပွဲနွှဲနေရတယ် (မှန်ပါ့)၊ ဘယ်လောက်များ ဆိုးတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
မျက်လုံးမှန်ကလေးပေးပါရစေ
အဲဒါကြောင့် ဒကာ ဒကာမတို့ မျက်လုံးမှန်ကလေး ပေးပါရစေ၊ မိတ်ဆွေကောင်း တစ်ယောက် ပေးတဲ့ မျက်လုံးကိုဖြင့် ယူဖြစ်အောင် ယူပါဆိုတာ ဒကာသစ်တို့ အငြင်းမသန်ပါနဲ့တော့ (မှန်ပါ့)၊ ငြင်းလုံးသန်ရင် ငိုပွဲစိုးရိမ်ပွဲနဲ့ အပါယ်နွှဲချင်လို့သာ ဆုံးဖြတ်ချက်ချပေတော့ (မှန်ပါ့)။
အဲဒါ ဘုန်းကြီး ကြံဖန်ပြောနေတာလား၊ မျက်လုံးလမ်း ဆုံးတဲ့အတွက် သူများပါးစပ်မှာ ကိုယ့်ခန္ဓာ အပ်မိတဲ့ အတွက် သူများ မျက်လုံးလမ်းဆုံးမိတဲ့အတွက်နော် (မှန်ပါ့)၊ ကိုယ့် ခန္ဓာကို သူတစ်ပါး စီမံသလို ခံမိတဲ့အတွက်နော် ဒကာကြွယ်ရေ အခု လူမွေးတောင် မပေါက်ဘူးနော် (မှန်ပါ့)၊ ပေါက်သေး ရဲ့လား (မပေါက်ပါ ဘုရား)။
ဟိုအိမ်ကြည့်လိုက်ပြန်လည်း ဘယ်သူနဲ့မတည့်လို့ မျက် ရည်ကျနေတာနဲ့ ထိုင်ပြီး ငိုနေတာနဲ့၊ ညမှာ အိပ်မပျော် စားမဝင် ဖြစ်နေရတာနဲ့ ဪ ဘုရားပေးတဲ့ မျက်လုံး မရသေးသရွေ့ ကာလပတ်လုံး ဖြင့် ငိုပွဲသည် ငါ့ပစ္စည်း၊ စိုးရိမ်ပွဲသည် (ငါ့ပစ္စည်းပါ ဘုရား)၊ အပါယ်ငရဲသည် (ငါ့ပစ္စည်းပါ ဘုရား)။
ဒကာသစ် မကောင်းတော့ဘူး (မှန်ပါ့ မကောင်းပါ ဘုရား)၊ အင်မတန်ဆိုးသွားပြီ ဒကာ ဒကာမတို့ (ဆိုးသွား ပါပြီ ဘုရား)၊ အဲဒါကြောင့် ခင်ဗျားတို့ ဆရာကောင်း သမားကောင်း ကလည်း ဘုရားဟောတဲ့အတိုင်း ကယ်ယူဆောင်ပို့ပြီး သကာလ နေပြန်တော့ ဒီမျက်လုံးမရသရွေ့ ကာလ ပတ်လုံးဖြင့် ငိုပွဲသည်ကားလို့ဆိုရင် ကိုယ်ပိုင်ပစ္စည်း (မှန်ပါ့)။
စိုးရိမ်သောက ဗျာပါဒဖြစ်ရတဲ့ ပွဲကြီးသည် (ကိုယ် ပိုင်ပစ္စည်းပါ ဘုရား)၊ ငရဲမီး ငရဲအိုးတွေသည် (ကိုယ်ပိုင် ပစ္စည်းပါ ဘုရား)၊ ကိုယ်ပိုင်ပစ္စည်းဖြစ်ရတာသည် ဘုရားပေးတဲ့ မျက်လုံးကို ကြည်ကြည် သာသာနဲ့ လက်မခံခဲ့မိလို့ (မှန်ပါ့)။
အခါအခွင့်ရှိတုန်းသာပေးလို့ရတာ
ဒီကြည်ကြည်သာသာနဲ့ လက်ခံမှုဆိုတာလည်း အချိန်အခါ အခွင့်ကလေး ရှိတုန်းသာ ပေးလို့ ရတာနော် (မှန်ပါ့)၊ နောက်တော့ ဒီသာသနာဆုံးမတဲ့ သာသနာကြီး ကုန်သွားပြီဆိုတော့ ဒကာကြွယ် ပေးမည့် သူကလည်း မရှိတော့ ငိုပွဲမျက်လုံး ချည့်ရမှာပဲ (မှန်ပါ့)၊ စိုးရိမ်မျက်လုံးချည့် (ရမှာပါ ဘုရား)၊ အဲ- မိစ္ဆာ ဒိဋ္ဌိ မျက်လုံးချည့်ရမယ် (မှန်ပါ့ ဘုရား)။
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သမ္မာဒိဋ္ဌိ မျက်လုံးကိုဖြင့် မိတ်ဆွေကောင်း အဖြစ်နဲ့ ပေးမှာဖြစ်နေ သောကြောင့် ကြည်ကြည်သာသာနဲ့ တစ်ပွဲလုံးကို အငိုတိတ်တဲ့ မျက်လုံး၊ စိုးရိမ်တိတ်တဲ့မျက်လုံး၊ အပါယ်ပိတ်တဲ့မျက်လုံးကိုဖြင့် ယူကြပါတော့ဗျာ (မှန်ပါ့)၊ ဦးလှဘူးတို့ကော (ယူကြမှာ ပါ ဘုရား)။
ဒကာ ဒကာမတို့ ဒီဥစ္စာ စကားတတ်လို့ အကျယ်တဝင့် ပြောနေတာ မဟုတ်ပါဘူး၊ ဘုရား သေသေချာချာ ဟောတယ်၊ ဒီမျက်လုံးမှမရလို့ရှိရင် ဒကာကြွယ် သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ သေတဲ့ ပုဂ္ဂိုလ်လည်း ဒကာကြွယ် အပါယ်မှတစ်ပါးသွား စရာ မရှိသလောက်ဘဲ (မှန်ပါ့)။
အဲဒါကြောင့် ငိုပွဲသိမ်း၊ စိုးရိမ်ပွဲသိမ်း၊ ငရဲအိုးသိမ်း၊ ငရဲမီး ငြိမ်းဆိုတဲ့ မျက်လုံးကိုဖြင့် ယနေ့ ဆရာဘုန်းကြီး ကလည်း အရောက်ပေးတော့မယ်၊ ခင်ဗျားတို့အရောက်ပေးတော့မှာကို ခင်ဗျားတို့ မျှော် တရားတော့ နာခဲ့တာပါပဲ၊ ဒီမျက်လုံး ကလေး မရဘူးဆိုလို့ရှိရင် ဒါအကန်းတွေ ပြန်သွားတဲ့ပွဲပဲလို့ ဆိုထိုက် မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)။
စိုးရိမ်လို့ကယ်တင်နေတာ
ဒါကြောင့် ဒီမျက်လုံးကိုဖြင့် အဖိုးတန်အောင် ပြောနေ တာ မဟုတ်ဘူး၊ တစ်သံသရာလုံးက အလင်းမရခဲ့တာကို အလင်း ပေးမည့်မျက်လုံးဖြစ်နေသောကြောင့် ဒါမရရင်ဖြင့် ဒကာ ဒကာမတို့ အကန်းသွားသွားပြီး သကာလ ချောက်ကျင်းတွေ သည် အကန်းပစ္စည်းဖြစ်သွားမှာပဲ၊ မဆိုနိုင်ဘူးလား (ဆိုနိုင် ပါတယ် ဘုရား)၊
အပါယ်လေးပါးတည်းဟူသော ချောက်တွေ ကျင်းတွေသည် ကန်းသောပုဂ္ဂိုလ်တို့၏ သွားရာ ကျရာ ဌာန (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
အဲဒီတော့ ဒကာ ဒကာမတို့ စိုးရိမ်ကြီးစွာနဲ့ ဆရာ ဘုန်းကြီးကလည်း ကယ်တင်နေတယ် ဆိုတာလည်း ဒကာသစ်တို့ ဒကာကြွယ်တို့ ဦးလှဘူးတို့ ပေါ်လောက်ပါပြီ (မှန်ပါ့ ဘုရား)။
သမ္မာဒိဋ္ဌိမျက်လုံးဆိုတာ
ဒါဖြင့် ပြောကြပါစို့၊ ကစ္စာနအနွယ်ဖြစ်တဲ့ ရဟန်းက အရှင်ဘုရား သမ္မာဒိဋ္ဌိမျက်လုံး သမ္မာဒိဋ္ဌိ မျက်လုံး ဆိုတာသည် တပည့်တော် သိပရစေဘုရားလို့ လျှောက်တော့။
“ဒွယနိဿိတော ခွါယံ ကစ္စာန, လောကော ယေဘုယေန၊ အတ္တိတဉ္စဝ နတ္တိတဉ္စ” (၂၅၇-ကစ္စာနသုတ် နိဒါနဝဂ္ဂသံယုတ်)။
သမ္မာဒိဋ္ဌိမျက်လုံး မရှိလို့ရှိရင်ဖြင့် ပုဂ္ဂိုလ်ဖြစ်တယ်လို့ မိစ္ဆာဒိဋ္ဌိမျက်လုံးက ပုဂ္ဂိုလ် မွေးဖွား လာတယ်လို့ ယူရမှာပဲ (မှန်ပါ)၊ ပုဂ္ဂိုလ်တစ်ယောက် သေသွားရှာသတဲ့လို့ ယူတဲ့ မျက်လုံးသည် မိစ္ဆာဒိဋ္ဌိမျက်လုံး (မှန်ပါ့ ဘုရား)။
ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာတယ်လို့ယူတဲ့ မျက်လုံးသည် (မိစ္ဆာဒိဋ္ဌိမျက်လုံး)၊ ပုဂ္ဂိုလ် တစ်ယောက် သေပေါ့ပေါ့ (မိစ္ဆာဒိဋ္ဌိမျက်လုံးပါ ဘုရား)။
ဒီလိုဆိုတော့ မိစ္ဆာဒိဋ္ဌိမျက်လုံးနဲ့ ဆိုရင် နီးစပ်တဲ့ပုဂ္ဂိုလ် ပေါ်လာရင်လည်း ခင်ဗျားတို့ ဝမ်းသာကြမှာပဲ (မှန်ပါ့)၊ နီးစပ် တဲ့ပုဂ္ဂိုလ် သေသွားပြန်တော့ကော (ဝမ်းနည်းပါတယ် ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ ဝမ်းသာလို့ရှိရင်လည်း လောဘ၊ တဏှာ ဥပါဒါန်ကံကိုသွားမှာပဲ (မှန်ပါ့)၊ ဝမ်းနည်းလို့ ရှိပြန် လည်း ဒေါသ၊ သောကပရိဒေဝ ဒုက္ခဒေါမနဿ ဥပယာသ အဝိဇ္ဇာသင်္ခါရဘက် မလှည်ပေဘူးလား (လှည့်ပါတယ် ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ လောကကြီးထဲမှာ လောကအစစ်ကို မသိသရွေ့ကာလပတ်လုံး ဒကာကြွယ်ရေ သမ္မာဒိဋ္ဌိမျက်လုံး မရသေးဘူး (မှန်ပါ့ ဘုရား)။
ကြားစိတ်ကလေး
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာကိုယ်ထဲမှာ နားက ကြားတယ်ဆိုတော့ ကြားစိတ်ကလေး နားထဲမှာ မပေါ်ဘူးလား (ပေါ်ပါတယ်)၊ နားက ကြားတာကလေးဟာ ဘာပါလိမ့် (ကြားစိတ်ပါ ဘုရား)၊ ကြားစိတ်ကလေးသည် ဒကာ ဒကာမတို့ အလိုလိုပေါ်တာလား၊ အကြောင်းနှင့် တိုက်ဆိုင် လို့ ပေါ်တာလား (အကြောင်းနှင့် တိုက်ဆိုင်လို့ ပေါ်လာတာ ပါ ဘုရား)။
အဲ သောတဉ္စ ပဋိစ္စ သဒ္ဒေ စ ဥပ္ပဇ္ဇတိ သောတဝိညာဏံ ဆိုတဲ့ ကြားစိတ်ကလေး သက်သက်ပဲ အကြောင်းကြောင့်ဖြစ်တဲ့ အကျိုးတရားကလေးပဲ မမှတ်ထိုက်ဘူးလား (မှတ်လိုက်ပါတယ် ဘုရား)။
ကြားစိတ်ကလေးဟာ ဘာပါလိမ့် ဒကာ ဒကာမတို့ (အကြောင်းကြောင့်ဖြစ်တဲ့ အကျိုး တရားပါ)၊ အကြောင်းကြောင့်ဖြစ်တဲ့ အကျိုးစိတ်ကလေးလို့ဆိုရင် လွဲပါ့မလား (မလွဲပါ ဘုရား)။
အကြောင်းကြောင့်ဖြစ်တဲ့အကျိုးစိတ်
အဲဒီအကြောင်းကြောင့်ဖြစ်တဲ့ အကျိုးစိတ်ကလေး သိထားတဲ့အခါကျတော့ ကြားပြီး သကာလ နားထောင် လိုတဲ့ တဏှာကလေးလည်း ပေါ်ချင်ပေါ်လာတယ် (မှန်ပါ့)၊
ပေါ်လာတော့ ကြားစိတ်ကလေး ချုပ်သွားရော (မှန်ပါ့)၊ ကြားစိတ်ကလေး ချုပ်သွားတဲ့ အခါကျလို့ ရှိရင်လည်း ဪ ဒီဥစ္စာသည် အကြောင်းကြောင့်ဖြစ်တဲ့ အကျိုးတရားကလေး ဖြစ်လေ သောကြောင့် အကြောင်းသတ္တိ ကုန်လို့ အကျိုးကြားစိတ် ကလေးချုပ်ရတာပဲ (မှန်ပါ့)၊ ပုဂ္ဂိုလ်သတ္တဝါ ကလေးများ ဟုတ်သေးရဲ့ လား (မဟုတ်ပါ ဘုရား)။
ပုဂ္ဂိုလ်သတ္တဝါ မဟုတ်ဘူးတဲ့၊ ဒီဥစ္စာ ဒကာ ဒကာမတို့ ဘုရားဟောကို၊ ဘုန်းကြီး ပြောနေကြ အတိုင်းဖြစ်တဲ့ ကြားစိတ် ကလေးသက်သက်ပဲ (မှန်ပါ့)၊ ဒီကြားစိတ်ကလေးဟာ နားထဲ ပေါ်လာပြီး၊ နားထဲမှာပဲ သူသေသွားရှာတယ် (မှန်ပါ့)၊
နားထဲ မှာ သေသွားတဲ့ အခါကျတော့ ဒကာ ဒကာမတွေက ဒါသည်ကားလို့ ဆိုရင်ဖြင့် ဖြစ်ပေါ်လာတဲ့ တရားကလေးပဲ၊ ကြားတယ် ဆိုရင်ဖြစ်ပေါ်လာတာပဲ၊ မကြားတော့ဘူး ဆိုရင် (ပျက် သွားပါတယ်)၊ ပျက်သွားတဲ့ တရားကလေးပဲလို့ ဒကာသစ်တို့ မရှုနိုင်ဘူးလား (ရှုနိုင်ပါတယ် ဘုရား)။
သမ္မာဒိဋ္ဌိမျက်လုံး
ထိုကဲ့သို့ ရှုနိုင်တဲ့ အခါကျလို့ရှိရင်ဖြင့် ဒါဟာ သမ္မာဒိဋ္ဌိ မျက်လုံးပါပဲ (မှန်ပါ့)၊ ဘယ့်နှယ်ကြောင့် သမ္မာဒိဋ္ဌိမျက်လုံး ဆိုရသတုံးဆိုတော့ဖြင့် ငါကြားတယ်ဆိုတဲ့ ဒီအပေါ်မှာ သက္ကာယဒိဋ္ဌိ ငါကလည်း စွဲတယ်၊ ကြားတဲ့စိတ် ကလေးဟာ အမြဲရှိ နေတယ် ဆိုတဲ့ သဿတဒိဋ္ဌိကော (စွဲပါတယ်)၊
စွဲနေတော့ သမ္မာဒိဋ္ဌိမျက်လုံး တပ်ပေးလိုက်ပါရော ဪ ကြားတဲ့ စိတ်ကလေးဟာ အကြောင်း တိုက်ဆိုင်လို့ ပေါ်လာပြီး အကြောင်း ချုပ်ငြိမ်း ရုပ်သိမ်းတဲ့အတွက် အကျိုးကလေးဟာ ပျက်စီး သွားရတော့တယ် ဆိုရင် လွဲပါ့မလား (မလွဲပါ ဘုရား)။
ဒီလိုသိသွားတော့ ဪ ခန္ဓာထဲမှာ ဖြစ်ပေါ်လေသ မျှ ဒီလိုအကြောင်းတိုက်ဆိုင်လို့ ပေါ်ပြီး အကြောင်း ရုပ်သိမ်းချုပ် ငြိမ်းတဲ့ တရားသာ ခန္ဓာထဲမှာ အပြည့်အနှက်ရှိတော့တယ်လို့ မယူနိုင်ဘူးလား (ယူနိုင်ပါတယ် ဘုရား)။
ပုဂ္ဂိုလ်သတ္တဝါပျောက်သွားတယ်
ယူနိုင်တဲ့အခါကျတော့ ပုဂ္ဂိုလ်သတ္တဝါက ပျောက်သွား တယ်၊ ယောက်ျားသေတာလည်း မဟုတ်ဘူး၊ မိန်းမ သေတာ လည်း မဟုတ်ဘူး (မှန်ပါ့)၊ ခိုင်မြဲတဲ့ သဿတဒိဋ္ဌိ အယူကော (ပျောက်ပါတယ်)၊ မရှိတော့ ဒီလိုမြင်လိုက်တဲ့ အခါကျတော့ ကြားစိတ်ကလေးဟာ ကြားတဲ့နေရာမှာ ပေါ်ပြီး ကြားတဲ့နေရာ မှာပဲ ပျက်တယ် (မှန်ပါ့)၊ နားထဲမှာ ကြားစိတ် ကလေးပေါ် တယ် (မှန်ပါ့)၊ ဒီနေရာမှာပဲ တစ်ခါချုပ်ငြိမ်း ရုပ်သိမ်းသွားတော့။
လျှပ်စီးလက်တယ်
‘‘အဒဿနတော အာယန္တိ၊ ဘဂ္ဂါ ဂစ္ဆန္တု ဒဿနံ။
ဝိဇ္ဇုပ္ပါဒေါဝ အာကာသေ၊ ဥပ္ပဇ္ဇန္တိဝ ယန္တိစ။’’(မဟာနဒ္ဒေသပါဠိတော် ၃၃။ ဝိသုဒ္ဓိမဂ်ဒုတိယအုပ် ၂၆၀။)
ဆိုတဲ့ အတိုင်း လျှပ်စီးကလေး တိမ်ကြားမှာပေါ်၊ တိမ်ကြားမှာပျောက်သလို ဒီမှာလည်း ကြားစိတ်ကလေးဟာ လည်း နားထဲမှာ ပေါ်ပြီးတော့ (နားထဲမှာပျောက်ပါတယ် ဘုရား)။
ဒီလိုပျောက်တာကလေး သိတော့ ဪ အဖြစ် ကလေးကလည်း ရှိတာပဲ၊ အပျက်ကလေးလဲ (ရှိတာပါပဲ)။ ဒါကလေးကို ဒကာ ဒကာမတွေက သိနေတော့ ခန္ဓာထဲမှာ ပေါ်တာ ဒီလိုပဲ သူ့နေရာနဲ့ သူပေါ်တဲ့နေရာမှာ ပျောက်ကြမှာ ပဲ ဆိုတာကိုတော့ အမှန်မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
ပေါ်တဲ့နေရာပျောက်တဲ့မွေ့တွေ
ဒီလိုမြင်လာတဲ့အခါကျတော့ ယောက်ျား လည်း မရှိဘူး၊ မိန်းမလဲမရှိဘူး၊ ပေါ်တဲ့နေရာမှာ ပျောက်တဲ့ ဓမ္မတွေဖြစ်တာပဲ (မှန်ပါ့ ဘုရား)။
ဘယ်လိုဆိုကြပါ့မယ် (ပေါ်တဲ့နေရာမှာ စုဖြစ်ပါ တယ် ဘုရား)၊ ရုပ်တွေလည်း ဒီလိုပေါ့ဗျာ၊ နာမ်ဓမ္မတွေလည်း (ဒီလိုပါပဲ)၊ ပေါ်တဲ့နေရာမှာ ပျောက်တယ်လို့ပဲ (မှန်ပါ)။
ဒီတော့ ပေါ်တဲ့နေရာမှာ ပျောက်တယ်၊ ပေါ်တဲ့နေရာမှာ ပျောက် တယ်လို့မြင်သွားတဲ့ အခါကျတော့ ပေါ်တာကလေး သိလည်း ဒကာ ဒကာမတို့ အမြင်မှန်ပဲ (မှန်ပါ့)၊ ပျောက်တာကလေးသိ လည်း (အမြင်မှန်ပါ ဘုရား)၊
တစ်သံသရာလုံးက ခုအချိန် ကျအောင် ခန္ဓာကိုယ်တစ်ကိုယ်လုံးမှာဖြင့် ပေါ်လိုက်ပျောက် လိုက် ဓမ္မမှတစ်ပါး တခြား မရှိပါဘူး (မရှိပါ ဘုရား)။ ဘာရှိကြသတုံး (ပေါ်လိုက်ပျောက်လိုက်ပဲရှိပါ တယ်)၊
ပေါ်လိုက် ပျောက်လိုက် ဓမ္မသာလျှင် ဒကာ ဒကာမတွေ သန္တာန်မှာ အနှံ့ အပြားရှိပြီး သကာလ နေတာလည်း ဒါကလေး ဉာဏ်နဲ့ကြည့်နေတော့ ဒီဥစ္စာသည် အမေသေတာလည်း မဟုတ်၊ အဖေ သေတာလည်း မဟုတ်၊ ငါသေတာလည်း မဟုတ်၊ အနိစ္စသဘောမို့ အနိစ္စပြောတာပဲ (မှန်ပါ့ ဘုရား)။
အနိစ္စသဘောမို့အနိစ္စပြောတာ
ဘယ်လို့ဆိုကြမယ် (အနိစ္စသဘောမို့ အနိစ္စပြော တာပါ ဘုရား)။
အဲဒါကလေး ဉာဏ်နဲ့ကြည့်လိုက်တဲ့ အခါကျလို့ ရှိရင်ဖြင့် အနိစ္စဆိုတာလည်း တကယ်ရှိ (မှန်ပါ့)၊ အနိစ္စရှိတာကို အနိစ္စ ရယ်လို့ တကယ်တန်းသိလိုက်တဲ့ အခါကျတော့ အရှိနဲ့ အသိ တစ်ခါတည်း ကိုက်သွားတယ် (မှန်ပါ့)၊ အရှိနဲ့ အသိမကိုက် ရင် (မိစ္ဆာဒိဋ္ဌိပါ ဘုရား)။
ဪ မိစ္ဆာဒိဋ္ဌိမျက်လုံးကြီးနဲ့ တို့သံသရာတစ်ခုလုံး မှာ အရှိနဲ့ အသိမကိုက်ခဲ့တဲ့ စုံလုံးကန်း အဖြစ်နဲ့ပဲ မွေးခဲ့ကြရ။
စုံလုံးကန်းအဖြစ်နဲ့ နေခဲ့ကြရ၊ စုံလုံးကန်းအဖြစ်နဲ့ မသာဖြစ်ခဲ့ရ ဒါတွေဟာ ဘာပါလိမ့်မတုံး ဆိုတော့ ဘုရားသခင် ကိုယ်တော် မြတ်ကြီးလည်း မပွင့်လာ၊ သုတဝါအရိယာ သာဝကော ဆိုတဲ့ တပည့်ကလည်း မဖြစ်ခဲ့ကြတော့ သံသရာတစ်လျှောက်လုံးမှာ ဒါကို အမေ သေပြန်သတဲ့ အဖေသေပြန်သတဲ့ ဆိုပြီး သကာလ သောက ပရိဒေဝတွေနဲ့ချည့်ပဲ လမ်းဆုံး လာခဲ့ရတယ် ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒါကြောင့် ဒကာ ဒကာမတို့ ခန္ဓာထဲမှာဖြင့် နားထဲမှာ ပေါ်တဲ့ စိတ်ကလေးဟာလည်း ပေါ်ပြီးပျက်မှာပဲ၊ ဘယ်နေရာ ပေါ်၊ ဘယ်နေရာပျက်ပါလိမ့် (နားထဲမှာပေါ် နားထဲမှာ ပျက်ပါတယ် ဘုရား)၊
နှာခေါင်းထဲပေါ်တဲ့စိတ်ကလည်း (နှာ ခေါင်းထဲမှာပေါ် နှာခေါင်းထဲမှာ ပျက်ပါတယ် ဘုရား)၊
လျှာပေါ် ပေါ်တဲ့စိတ်ကလည်း (လျှာပေါ်ပေါ် လျှာပေါ် ပျက်ပါတယ် ဘုရား)၊
ဝမ်းထဲပေါ်တဲ့စိတ်ကကော (ဝမ်းထဲမှာပေါ် ဝမ်းထဲ မှာပျက်ပါတယ် ဘုရား)၊ နေရာများ ရွေ့သေးသလား (မရွေ့ ပါ ဘုရား)။
အရှိနဲ့အသိသွားကိုက်တယ်
အဲဒီကဲ့သို့ မရွေ့တာ ကိုယ့်စိတ်တွေကိုယ့်ဖြစ်ပျက်တွေ အနိစ္စတွေကို ဒကာ ဒကာမတွေက ဉာဏ်နဲ့ကြည့်လိုက်တဲ့အခါ ကျတော့ ဒီဥစ္စာ နဂိုက ဖြစ်ပျက်ရထားလို့ ဖြစ်ပျက်တဲ့ သဘောပဲရှိတယ်၊ ဖြစ်ပျက်သဘောပဲဆိုတော့ အရှိနဲ့အသိ သွားကိုက်တယ် (မှန်ပါ့)၊ အရှိနဲ့အသိ သွားကိုက်တဲ့အခါ ကျတော့ ဒကာ ဒကာမတို့ ဆုံးဖြတ်ချက်ချတော့ ဪ သမ္မာက မှန်ကန်တာ၊ ဒိဋ္ဌိကမြင်တာ (မှန်ပါ့)၊ အသိက တစ်ခါတည်း အမှန်အသိမကျဘူးလား (ကျပါတယ်)၊ သမ္မာဒိဋ္ဌိလို့ ဘုရားက ဟောလိုက်တယ် (မှန်ပါ့ ဘုရား)။
ဖြစ်တာပျက်တာသိရင်သမ္မာဒိဋ္ဌိ
အဖြစ်သိရင်လည်း သမ္မာဒိဋ္ဌိ (မှန်ပါ့)၊ ပျက်တာ သိရင်လည်း (သမ္မာဒိဋ္ဌိပါ ဘုရား)၊ ဒါဖြင့် ခန္ဓာကိုယ်ထဲမှာ လည်း ဖြစ်မှုပျက်မှုမှတစ်ပါး ဘာရှိသေးသတုံး (ဘာမှ မရှိ ပါ ဘုရား)၊ အဖြစ် သိရင်လည်း (သမ္မာဒိဋ္ဌိပါ)၊ အပျက်သိရင်လည်း (သမ္မာဒိဋ္ဌိပါ ဘုရား)။
ဪ ဒါဖြင့် သမ္မာဒိဋ္ဌိဆိုတာ တခြားလားအောက် မေ့နေတယ် အရှိနဲ့အသိကိုက်ဖို့ရာ သမ္မာဒိဋ္ဌိ ပါကလား (မှန်ပါ့)၊ ဒကာကြွယ် ဘာတဲ့တုံး (အရှိနဲ့အသိ ကိုက်ရင် သမ္မာဒိဋ္ဌိပါ ဘုရား)။
ဒကာ ဒကာမတို့ အိမ်ကျတော့ ဖြစ်ပျက်ကို ရှာကြနော် (မှန်ပါ့)၊ အိမ်ကျတော့ ရှာကြပါ၊ မြင်စိတ်ကလေးဟာလည်း မျက်လုံးထဲ ပေါ်လာပြီး မျက်လုံးထဲမှာပဲ သူသည် သေသွားတယ်၊ ပျောက်သွားတယ်ဆိုတော့ ပျော် ဒါကြောင့် ဝိညာဏက္ခန္ဓာ ဟာ အနိစ္စဖြစ်တော့ ဒီနေရာဖြစ်ပြီး ဒီနေရာမှာ ပျောက်တာပါ လားလို့ မသိဘူးလား (သိပါတယ် ဘုရား)။
ဒီနေရာမှာပေါ် ဒီနေရာမှာပျောက်
သိလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ နားထဲမှာပေါ်တဲ့ စိတ်လည်း ဒီနေရာမှာပေါ် ဒီနေရာမှာ ပျောက်ဆိုတာ သိပြီး သကာလ နေကြလို့ ရှိရင်ဖြင့် ငါခက်ပြီဆိုတာ လာသေးရဲ့လား (မလာပါ ဘုရား)၊ ငါတော့ဖြင့် ကိုယ်ကျိုးနည်းပြီ ဆိုတာကော (မလာပါ ဘုရား)၊ မလာတော့ပါဘူးတဲ့၊
ဘာကြောင့်တုံး ဆိုတော့ ဒီအရှိနဲ့ ဘုရားကမိတ်ဆွေအဖြစ်နဲ့ပဲယူပါဆိုပြီး ပေးထားတဲ့ သမ္မာဒိဋ္ဌိဉာဏ်နဲ့ ဒီနေရာမှာဖြစ်ပြီး ဒီနေရာမှာသေတယ်လို့ နောက်ကမဂ္ဂင်ငါးပါးနဲ့ အသိပေး လိုက်တာ ကိုးဗျ (မှန်ပါ့)၊
မဂ္ဂင်ငါးပါးနဲ့ အသိပေး လိုက်တော့ အရှိနဲ့အသိဟာ ဒကာကြွယ် ဘယ့်နှယ်နေသတုံး (ကိုက်ပါတယ် ဘုရား)၊ ရှိတဲ့ပစ္စည်းနဲ့ မြင်တဲ့ပစ္စည်းနဲ့ သွားကိုက်တယ် (မှန်ပါ့)၊ ဒါဖြင့် ဒါဟာ သမ္မာဒိဋ္ဌိ ဆိုရုံပဲ (မှန်ပါ့ ဘုရား)။
အဲဒီ သမ္မာဒိဋ္ဌိကလည်း ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီသမ္မာဒိဋ္ဌိကျေးဇူးကို ပြောချင်တာက ဒီသမ္မာဒိဋ္ဌိ လာလို့ရှိရင် ကြားတယ်လို့ ဆိုလို့ရှိရင်ဖြင့် အို သူကြားတာတော့ ကြားတာပဲ ကျုပ်ဖြင့် ဒီအသံကြားတာနဲ့ ငိုချင်လာတယ် (မှန်ပါ့)၊ ဟော ငိုချင်လာတယ်ဆိုတော့ ပရိဒေဝတွေ မလာဘူးလား (လာပါတယ် ဘုရား)။
ဘယ့်နှယ်ကြောင့် ငိုချင်ရတာတုံးဆိုတော့ ဒကာ ဒကာမတို့ ကြားတဲ့စိတ်ကလေး၏ ဖြစ်ပျက် ကိုလည်း သူမရှုမိဘူး (မှန်ပါ့)၊ ကြားတဲ့စိတ်ကလေးကို သူမရှုတဲ့အခါကျတော့ ဟိုအိမ်က ငိုသံကြားတာနဲ့ ဒီကြားစိတ်ကလေး အကြောင်းရင်း ခံပြီး သူနားမကြားရင်လည်း ငိုမည်မဟုတ်ဘူး (မှန်ပါ့)၊ နားကြားတော့ ဒကာကြွယ် ငိုချင်စိတ် ကလေးဟာ မလာဘူးလား (လာပါတယ် ဘုရား)။
ကြားစိတ်ကလေးထင်တယ်
အဲဒီတော့ ကြားတာကလေးဟာ ငါကိုယ်တိုင်ကြားလို့ ငိုချင်တာပေါ့ သူများပြောသံကြားဆိုရင် ငါမငိုဘူး (မှန်ပါ့)၊ သွားပြီ ဒကာ ဒကာမတို့ ကြားစိတ်ကလေး ငါထင်ပြီး သကာလ ငိုချင်တယ်ဆိုတဲ့ အဓိပ္ပါယ် ကလေးဟာ လာတယ် (မှန်ပါ့ ဘုရား)။
ဒါကြောင့် ကြားစိတ်ကလေးကိုလည်း ဒကာ ဒကာမ တွေက ကြားစိတ်ကလေးပေါ်ပြီး ကြားစိတ် ကလေးတွေက ဪ ကြားစိတ်ကလေးပေါ်ပြီး ကြားစိတ်ကလေး ပျက်တာ ပါကလားလို့ မဂ္ဂင်ငါးပါးနဲ့ နောက်ကလိုက်ပေးပါ (မှန်ပါ့)၊ လိုက်ပေးတဲ့အခါကျတော့ ငိုချင်တာတွေ လာသေးရဲ့လား (မလာပါ ဘုရား)၊ စိုးရိမ်တာတွေ (မလာပါ ဘုရား)။
သူတို့အိမ်က ဒီလိုငိုလိုက်တော့ ကျုပ်လည်း ကျုပ်မှာ သေပြီးသား ပုဂ္ဂိုလ်တွေရှိတော့ ဆက်ပြီး ငိုချင်တာပဲ ဆိုပြီး သကာလ ဒကာကြွယ် ဒါမျိုးများတောင် မလာဘူးလား (လာပါတယ် ဘုရား)၊ အဲဒါ ဘယ့်နှယ်ကြောင့် ပါလိမ့်မတုံး ဆိုတော့ ကြားစိတ်အပေါ်၌ ငါစွဲပြီး ငါကြားတာနဲ့ ငါငိုချင်တာပဲဟေ့ တဲ့ (မှန်ပါ့)၊ ကြားစိတ်က ငါဖြစ်သွားပြီ (မှန်ပါ့)။
ကြားစိတ်ဟာအနိစ္စ
ကြားစိတ်က ငါဖြစ်သွားတော့ ငါငိုချင်တယ်ဆိုတဲ့ ကတွေ ဘယ့်နှယ်တုံး (လာပါတယ် ဘုရား)၊ အဲဒါ တွေက နောက်ကလိုက်လာတာ၊ ကြားစိတ်ကို ငါထင်နေ တယ်ဆိုတော့ ဘုရားပေးတဲ့ သမ္မာဒိဋ္ဌိမျက်လုံး ကို မရဘူး၊
ကြားစိတ်ဟာ အနိစ္စပါလားလို့ယူတဲ့ သမ္မာဒိဋ္ဌိမျက်လုံးရရင် ငိုဖြစ်ပါ့မလား (မငိုဖြစ်ပါ ဘုရား)။
အဲဒီမျက်လုံးမရတော့ သူတို့မှာ ဘယ့်နှယ်ဖြစ်ပြီး သကာလ နေသတုံး၊ ငါကိုယ်တိုင်ကြားတော့ ငါမနေနိုင်တော့ ဘူး (မှန်ပါ့)၊ ကြားစိတ်ကို ငါလုပ်လိုက်တာနဲ့ ငါမနေနိုင်တော့ဘူး ဆိုတဲ့ မျက်ရည်တွေ တစ်ခါတည်း ထွက်လာတယ် (မှန်ပါ့)၊ မထွက်ဘူးလား (ထွက်ပါတယ် ဘုရား)။
ဒါတွေကို တစ်ခါ ဦးလှဘူးတို့က စဉ်းစားတော့ မျှော် မိစ္ဆာဒိဋ္ဌိနဲ့ကြားစိတ်ကို ငါလုပ်တဲ့အတွက် မိစ္ဆာဒိဋ္ဌိ မျက်လုံးနဲ့ ကြည့်မိလို့ ကြားစိတ်ကို ငါပဲထင်တာ၊ ငါကိုယ်တိုင်ကြားလို့ ငါငိုချင်တာပဲ၊ ကြားစိတ်ကို ငါလုပ်လိုက်တယ်၊ ဒါကြောင့် ငါငိုချင်တယ်ဆိုတာ မလာဘူးလား (လာပါတယ် ဘုရား)၊ ဒါဟာ ကြားစိတ်ကို ငါထင်လိုက်တာပဲ (မှန်ပါ့)။
အဲဒီတော့ ဘုရားက သမ္မာဒိဋ္ဌိမျက်လုံး ထည့်ပေးတယ်၊ မင်းတို့ ကြားစိတ်ကို ငါထင်လို့ရှိရင်ဖြင့် ငိုချင်တယ်ဆိုတာ စသည်တွေ လာမှာစိုးလို့ (မှန်ပါ့)၊ အခု ထမင်းစားပျက်တာ ငိုချင်တာ၊ အိမ်ပေါ်က ခုန်ဆင်း ချင်တာ ကိစ္စမရှိသေးဘူး၊ အပါယ်ထဲရောက်ရဦးမယ် ဆိုတာ မသေချာဘူးလား (သေချာ ပါတယ် ဘုရား)၊
အဲဒါ မိစ္ဆာဒိဋ္ဌိမျက်လုံးရှိသောကြောင့် သောက ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ အပါယ်တွေ ပါလာရတယ် ဆိုတာ ဒကာသစ်တို့ မှတ်ကြစမ်းပါ (မှန်ပါ့ ဘုရား)။
သမ္မာဒိဋ္ဌိမျက်လုံး နဲ့ကြည့်လိုက်ပါ
ကဲ ဒါဖြင့် ကြားတဲ့စိတ်ကလေးကို မျှော် ဒီနေရာတွင်ပေါ်ပြီး ဒီနေရာတွင် ပျက်တာပဲလို့ သမ္မာဒိဋ္ဌိမျက်လုံး နဲ့ ကြည့်ပေးလိုက်ပါ (မှန်ပါ့)၊ ကြည့်ပေးလိုက်တဲ့အခါ ကျလို့ရှိရင် ကြားစိတ် ကလေးဟာလည်း မိမိခန္ဓာထဲမှာ ကြားတဲ့ ဝိညာဏက္ခန္ဓာ ကလေး ကိုလည်း ဖြစ်ပြီးတော့ ပျက်သွားတဲ့ အတွက် ဖြစ်တာကလေးကိုလည်း ကိုယ့်ဉာဏ်ထဲမှာ ဖြစ်လို့ ပျက်တာပဲဆိုတာ မသိဘူးလားဗျာ (သိပါတယ် ဘုရား)။
ဒါဖြင့် ဖြစ်တာလည်းသိ၊ ပျက်တာလည်းသိနေတော့ ဪ အနိစ္စရှိလို့ အနိစ္စကိုသိတာကိုး (မှန်ပါ့)၊ ဘယ့်နှယ်ဆိုကြမလဲ (အနိစ္စရှိလို့ အနိစ္စသိတာပါ ဘုရား)။
အနိစ္စရှိလို့ အနိစ္စသိတော့ ဒကာ ဒကာမတို့ ခုနင်က သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿတွေ အပါယ်ကျအောင် ဒကာသစ် လာနိုင်သေးရဲ့ လား (မလာနိုင်ပါ ဘုရား)၊ ဘယ်မျက်လုံး ကြောင့်ပါ လိမ့်ဗျာ (သမ္မာဒိဋ္ဌိ မျက်လုံး ကြောင့်ပါ ဘုရား)။
ခုနင်က မိစ္ဆာဒိဋ္ဌိမျက်လုံးနဲ့တုန်းကတော့ ဟိုအိမ်ကငိုသံ ပါနဲ့ ပြောလိုက်တာနဲ့ ငိုတဲ့အသံတွေ ထွက်လာတယ် (မှန်ပါ့)၊ ဘယ့်နှယ်ကြောင့်တုံးဆိုတော့ ငါကြားလို့ (မှန်ပါ့)၊
ဪ ကြားတဲ့စိတ်ကလေးကို သူများပြောသံ ကြားတာနဲ့ ငါလုပ်ထားတယ် (မှန်ပါ့ ဘုရား)။
ငါလုပ်ထားတော့ ဝိညာဏက္ခန္ဓာကလေး ဖြစ်ပျက်နေ တယ်ဆိုတာ မသိတဲ့ မိစ္ဆာဒိဋ္ဌိ ကူးစက်ပြီး သကာလ ဒကာ ဒကာမ တို့ သောကပရိဒေဝတွေ မလာဘူးလား (လာပါတယ် ဘုရား)၊ မလာပါနဲ့ဆိုလို့ (မရပါ ဘုရား)၊
အဲဒါမရတာ ဘာ့ကြောင့်ပါလိမ့်မတုံးလို့ အကဲခတ်ကြည့်တော့ ခုနင်က “သောတဝိညာဏံ အနိစ္စံ” ဆိုတဲ့ ဖြစ်ပျက်မရှုမိလို့ (မှန်ပါ့ ဘုရား)။
အဲဒီတော့ ဖြစ်ပျက်မရှုမိတော့ကို ဒကာ ဒကာမတို့ ငါခက်တာပဲ၊ ငါကြားကို ငါမကြားချင်ဘူး၊ ငါကြားရရင် ငါမနေ နိုင်ဘူး၊ ဟော ကြားစိတ်လည်းငါ၊ ငါမနေနိုင်ဘူးလည်း သုံး လိုက်သေးတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒီတော့ သမ္မာဒိဋ္ဌိမျက်လုံးမရရင် ငိုပွဲနဲ့ အပါယ်ပွဲဟာ ကိုယ်ပိုင်ပစ္စည်းလို့မှတ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ သမ္မာဒိဋ္ဌိမျက်လုံး မရတဲ့ပုဂ္ဂိုလ်၏ ပစ္စည်းလို့ မှတ်ကြပါ (မှန်ပါ့ ဘုရား)။
အငိုတိတ်အောင်ပေးတာ
ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးပေးတဲ့ ပစ္စည်းကို မိတ်ဆွေကောင်းတစ်ဦးက မေတ္တာရှေ့ ထား ကရုဏာ ပွားပြီး ပေးတယ်ဆိုပြီး ခင်ဗျားတို့ အငိုတိတ်အောင် ပေးလာတာ ကို ခင်ဗျားတို့ လက်မခံချင်ဘူးဆိုတဲ့ အဓိပ္ပါယ်ရောက်တယ် (မှန်ပါ့)၊ အဲဒီတော့ ယူသင့်မယူသင့် (ယူသင့်ပါတယ် ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဘယ်စိတ်ကလေး ပေါ်လာလာ ဒီနေရာပေါ်ရင် (ဒီနေရာမှာပဲ ပျက်တာပါ ဘုရား)၊ ဘယ်ရုပ် ကလေးပေါ်လာလာ (ဒီနေရာပဲပေါ် ဒီနေရာပဲ ပျက်ပါတယ် ဘုရား)၊ ဒါဖြင့် ကိုယ်ထဲမှာ ပုဂ္ဂိုလ်သတ္တဝါတွေ ပါသလားတဲ့ အဖြစ်နဲ့ အပျက်ပဲရှိသလား (အဖြစ်နဲ့ အပျက်ပဲ ရှိပါတယ် ဘုရား)။
အဖြစ်နဲ့ အပျက်ပဲ ရှိတယ် ဆိုတော့ ဖြစ်တာကို မြင်တဲ့အခါကြရင် ပဋိစ္စသမုပ္ပာဒ် ဖြစ်တာကို မြင်ပြီ (မှန်ပါ့) စဖြစ်တာဟာ ပဋိစ္စသမုပ္ပာဒ်ပေါ့ဗျာ (မှန်ပါ့)၊ ဖြစ်တာ ကလေးကိုမြင်လို့ရှိရင် ဥစ္ဆေဒဒိဋ္ဌိ လွတ်ပါပြီ (မှန်ပါ့)၊ ပျက်တာကလေးမြင်ရင် (သဿတဒိဋ္ဌိလွတ်ပါတယ် ဘုရား)။
အပါယ်တံခါးပိတ်တဲ့မျက်လုံး
အဲဒီတော့ အလယ်မျက်လုံးရပြီ (မှန်ပါ့) အဲဒီအလယ်မျက်လုံးနဲ့ (မဇ္ဈိမပဋိပဒါမျက်လုံး) သဿတ ဥစ္ဆေဒမပါဘဲနဲ့ ဪ ဖြစ်မှုနဲ့ ပျက်မှုသာ ရှိတယ်၊ ပုဂ္ဂိုလ်သတ္တဝါလည်း မရှိပါလား၊ ငါလည်းမဟုတ် သူလည်းမဟုတ်ပါကလား၊ ဖြစ်တတ်တဲ့ ပျက် တတ်တဲ့ ဓမ္မသာရှိပါလားလို့ ဒီလိုသိလို့ရှိရင် သမ္မာဒိဋ္ဌိမျက်လုံး သောကပရိဒေဝကို အကုန်သတ်နိုင်တဲ့ ငြိမ်းနိုင်တဲ့မျက်လုံးပဲ။ အပါယ်လေးပါးတံခါး ပိတ်တဲ့မျက်လုံးပဲ (မှန်ပါ့)၊ ဒကာ ဒကာမတို့ ဘာမျက်လုံးတဲ့ဗျာ (သမ္မာဒိဋ္ဌိ မျက်လုံးပါ ဘုရား)။
အဲဒီတော့ ဒကာ ဒကာမတို့ အပါယ်လေးပါး တံခါးပိတ် တဲ့နည်းဟာ အပါယ်လေးပါးတံခါး ပိတ်ရပါလို၏ ဆိုရုံနဲ့တော့ မဖြစ်နိုင်သေးဘူး (မှန်ပါ့)၊ အပါယ်လေးပါး တခါးပိတ်တဲ့ မျက်လုံးနဲ့ ခင်ဗျားတို့ ခန္ဓာကိုကြည့်ရမယ် (မှန်ပါ့)၊ သူတစ်ပါး ခန္ဓာကော (ကြည့်ရပါမယ် ဘုရား)။
ဖြစ်ပျက်မြင်ရင်သမ္မာဒိဋ္ဌိပါပဲ
ကြည့်ရတဲ့အခါကျတော့ ခန္ဓာဟူသမျှသည်ကားလို့ ဆိုရင် ဇာတိ၊ ဇရာ၊ မရဏ၊ ဖြစ်ပျက်မှု တို့နဲ့သာ နေတာပါ ကလားလို့ မြင်လာလို့ရှိရင် ဒီအမြင်လည်း သမ္မာဒိဋ္ဌိပါပဲ (မှန်ပါ့)၊ အပျက် မြင်ရင်လည်း (သမ္မာဒိဋ္ဌိပါ ဘုရား)။
အဲဒီသမ္မာဒိဋ္ဌိသည် ဒကာ ဒကာမတို့ နဂိုက ရှိတာကို အမှန်သိတာ (မှန်ပါ့)၊ နဂိုကရှိတာ အမှန်သိ ဆိုတော့ ဒါ ဘုရားပေးတဲ့မျက်လုံး (မှန်ပါ့)၊ အမေ အဖေပေးတဲ့ မျက်လုံးကတော့ နင့်မျက်လုံးကန်း နေသလား ဟော ငါတဲ့ (မှန်ပါ့)၊
ငါ့လို ဆိုရင်တော့ ခက်သေးတယ် (မှန်ပါ့)၊ နင့်မျက်လုံးတဲ့ နင်ပိုင်တဲ့မျက်လုံး ယူထားတယ် (မှန်ပါ့)၊ ဘယ်လောက် ဆိုးသွားသတုံး (ဆိုးသွားပါတယ် ဘုရား)၊ နင့်မျက်လုံး နင်ကန်းနေသလား တောင် အော်လိုက်သေးတယ် (မှန်ပါ့ ဘုရား)။
ဪ ဒကာကြွယ်ရေ ဒါဖြင့် နင်ကန်းတဲ့ အခါကျ တော့ ဒီပုဂ္ဂိုလ်က မငိုပေဘူးလား၊ ငိုမလား (ငိုပါမယ် ဘုရား)၊ နင့်မျက်လုံးလို့ သင်ထားတော့ ဒီကသားလုပ်တဲ့ ပုဂ္ဂိုလ် ကလည်း နင့်မျက်လုံးပဲ မှတ်ထားလိုက်တယ် (မှန်ပါ့)၊ ကိုယ့် မျက်လုံးကလေးအကြောင်း မညီညွတ်လို့ ပျက်စီးသွားတဲ့အခါ ကျုပ်ကိုယ်ကျိုးနဲပေါ့ဆိုတဲ့ သောက၊ ပရိဒေဝ မလာဘူးလား (လာပါတယ် ဘုရား)။
နဂိုကတည်းက ဒီအကြောင်း တိုက်ဆိုင်လို့ပေါ်လာ တယ်၊ အကြောင်းချုပ်လို့ ချုပ်သွားတယ် ဖြစ်မှုနဲ့ပျက်မှုပဲရှိတယ် ဆိုတော့ နဂိုကတည်းက ဖြစ်ပျက်ရှိနေတော့ ငါ့မျက်လုံးရယ်လို့ ယူသေးရဲ့ လား (မယူပါ ဘုရား)။
အဖြစ်မြင်တော့ ပြတ်တယ်ယူတဲ့ ဥစ္ဆေဒဒိဋ္ဌိ မရှိပါဘူး (မရှိပါ ဘုရား)၊ အပျက်မြင် ပြန်တော့ လည်း ခိုင်တယ်၊ မြဲတယ်ယူတဲ့ သဿတဒိဋ္ဌိကော (မရှိပါ ဘုရား)။
သဿတနဲ့ ဥစ္ဆေဒလွတ်တယ်
အဲဒီကဲ့သို့ ဒကာ ဒကာမတွေ အဖြစ်အပျက်ကို မြင်လို့ ရှိရင်ဖြင့် သဿတနဲ့ ဥစ္ဆေဒလွတ်တဲ့ သမ္မာဒိဋ္ဌိ၊ သဿတနဲ့ ဥစ္ဆေဒကြားမှာသွားတဲ့ သမ္မာဒိဋ္ဌိမျက်လုံးဆိုတဲ့ အလယ်လမ်း မျက်လုံးရပါတယ် (မှန်ပါ့)၊ ရှင်ပလား (ရှင်းပါပြီ ဘုရား)။
ဘယ်လိုမျက်လုံးရပါလိမ့် (အလယ်လမ်းမျက်လုံး ရပါတယ် ဘုရား)၊ အလယ်လမ်းမျက်လုံး ရတယ်ဆိုတာ ကျေနပ် ပလား (ကျေနပ်ပါပြီ ဘုရား)။
ဟာ ဒါဖြင့် သဿတလမ်းကလည်း ဒကာ ဒကာမ တို့ သုဂတိနဲ့ အပါယ်သွားတာပဲ (မှန်ပါ့)၊ ဥစ္ဆေဒလမ်းက လည်း အပါယ်သွားတာပဲ (မှန်ပါ့)၊ အဲဒီသုဂတိလမ်းကို လည်း မရောက်ဘဲနဲ့ သဿတ ဥစ္ဆေဒ မျက်လုံး ဖြစ်နေတော့ ဖြစ်မှု ပျက်မှုသာ ရှိတော့တယ်ဆိုတော့ သဿတကော မစင်ဘူးလား (စင်ပါတယ်)၊ ဥစ္ဆေဒကော (စင်ပါတယ်)၊ သမ္မာဒိဋ္ဌိ ဆိုတာ ဒါပဲ (မှန်ပါ့)။
အလယ်လမ်းကမြင်တာ
အလယ်လမ်းက မြင်တာဘာဆိုကြမယ် (သမ္မာဒိဋ္ဌိ ပါ ဘုရား)၊ သဿတကော မြင်သေးရဲ့လား (မမြင်ပါ ဘုရား)။
ဥစ္ဆေဒကော ရှိသေးရဲ့လား (မရှိပါ ဘုရား)၊ ဖြစ်တာမြင်ကတည်းက ဥစ္ဆေဒစင်ပြီ၊ ဒီတရား ကလေး ပျက်တာ မြင်ကတည်းက (သဿတစင်ပါတယ်)၊ ဒါဖြင့် ဖြစ်ပျက် သာရှိတယ်ဆိုတဲ့ မျက်လုံးကို ဘာမျက်လုံးခေါ်ကြမလဲ (သမ္မာဒိဋ္ဌိမျက်လုံး ပါ ဘုရား)။
အဲဒါသည်ကားလို့ဆိုလို့ရှိရင် ဘုရားပေးတဲ့ မျက်လုံးပဲ (မှန်ပါ့)၊ ဆရာသမားက တစ်ဆင့် ဟောပြတဲ့ မျက်လုံးပဲ (မှန်ပါ့)၊ ဆိုနိုင်ကြပလား (ဆိုနိုင်ပါတယ် ဘုရား)။
ဖြစ်ပျက်မှုတစ်ပါးဘာမှမရှိ
အဲဒီတော့ ခန္ဓာကိုယ်ကို ဒကာသစ်တို့ တစ်ကိုယ်လုံးမှာ ဖြင့် ဖြစ်မှုပျက်မှုမှတစ်ပါး ဘာမှမရှိပါကလား ဆိုတာ မလာပေဘူး လား (လာပါတယ် ဘုရား)၊ ဒီလိုလာလို့ရှိရင် ဘာမျက်လုံး ဖြစ်သွားမလဲ (သမ္မာဒိဋ္ဌိမျက်လုံးပါ ဘုရား)။
အဲဒီတော့ ဘုန်းကြီးကပြောတုန်းက သုတမယဉာဏ်နဲ့ ခင်ဗျားတို့ ဉာဏ်ထဲမှာရောက်ပါပြီ (မှန်ပါ့)၊ ဪ သမ္မာဒိဋ္ဌိမျက်လုံးဆိုတာ တခြားမဟုတ်ပါဘူး၊ သဿတဥစ္ဆေဒ လွတ်ပြီး မြင်တဲ့ မျက်လုံးကို ဘာခေါ်ကြမယ် (သမ္မာဒိဋ္ဌိ မျက်လုံးပါ)၊ တမြင်တည်း မြင်နေတယ်ဆိုရင် သဿတပဲ၊ မြင်တာ ကလေးလုံးဝ ပြတ်သွားတယ် ဆိုရင်လည်း (ဥစ္ဆေဒမျက်လုံးပါ ဘုရား)။
အခုတော့ဖြင့် ဒကာ ဒကာမတို့ မြင်လိုက်ပျက်လိုက်။ မြင်လိုက်ပျက်လိုက်၊ မြင်လိုက်မမြင်လိုက် ဒီလိုမနေဘူးလား (နေပါတယ် ဘုရား)၊ အဲ မြင်လိုက် မမြင်လိုက် ဒီလိုနေတဲ့ အခါကျတော့ မြင်နေတဲ့ဟာ စက္ခုဝိညာဏ် စိတ်ကလေးဖြစ်နေ တာပဲ မမြင်တော့ဘူး ဆိုရင် မြင်တဲ့စိတ်ကလေး ဘယ့်နှယ်တုံး (ပျက်သွားပါတယ် ဘုရား)။
သဿတဒိဋ္ဌိစင်တယ်
အဲဒီတော့ ဒကာသစ်က သော် ဖြစ်မှု ပျက်မှုသာ ရှိတယ်လို့ မယူပေဘူးလား (ယူပါတယ် ဘုရား)၊ ခိုင်နေမှု ပြတ်သွားမှုရှိရဲ့လား (မရှိပါ ဘုရား)၊ ဘာရှိပါလိမ့် (ဖြစ်မှု ပျက်မှုပဲရှိပါတယ် ဘုရား)။
အဲဒီတော့ ဖြစ်မှုပျက်မှုပဲရှိတယ်ဆိုတော့ သဿတဒိဋ္ဌိ မစင်လား (စင်ပါတယ် ဘုရား)။
ဒီတွင်မှ ဘုရားသခင် ကိုယ်တော်မြတ်ကြီးကလည်း အဲဒီ လို ပဋိစ္စသမုပ္ပာဒ် တရားမှာပျက်မှု ကလေး မြင်ပြန်တော့လဲ (သဿတစင်ပါတယ်)၊ ခိုင်တယ်မြဲတယ် ဆိုတဲ့ သဿတယူသေး ရဲ့လား (မယူပါ ဘုရား)၊
ဪ ၃၁ ဘုံမှာဖြင့် ဘာရှိပါ လိမ့် (ဖြစ်မှုပျက်မှုသာရှိပါတယ်)၊ အင်း ဒီအမြင်၊ ဘာအမြင် ပါလိမ့်ဗျာ (သမ္မာဒိဋ္ဌိ အမြင်ပါ ဘုရား)၊ သဿတ လမ်းလား၊ ဥစ္ဆေဒလမ်းလား (မဟုတ်ပါ ဘုရား)၊ ဟာ ဒါဖြင့် အလယ်လမ်းရောက်ပြီ (မှန်ပါ့)၊ အလယ်လမ်း ဆိုတော့ ဒီအမြင်သည် မဂ္ဂင်ပါမပါ (ပါပါတယ် ဘုရား)။
ဒါဖြင့် မဇ္ဈိမပဋိပဒါ တထာဂတေန အဘိသမ္ဗုဒ္ဓါဆိုတဲ့ အလယ်လမ်း အမြင်ကော မရသေးဘူးလား (ရပါတယ် ဘုရား)။
ဒါဖြင့် ဒီအမြင်ရလို့ရှိရင်ဖြင့် ဒီအမြင်သည် ဆရာဘုန်းကြီး ပြောတဲ့အမြင်ပဲ၊ ဆရာဘုန်းကြီး ပြောလို့ ကြားသိရပြီ၊ သဘောကျပ လား (ကျပါပြီ)၊ အိမ်ရောက်တဲ့အခါမှာ ဖြစ်စေ၊ လမ်းမှာ ဖြစ်စေ ဘယ်နေရာမှာ ပေါ်ပေါ် ခြေဖဝါးပြင်ပေါ်တဲ့ စိတ်ကလေး ကြည့်လိုက်ပြန်လည်း ဒီနေရာ ပေါ်ပြီးနောက် (ဒီနေရာမှာပဲ ပျက်တာပဲ)၊ ခြေဖဝါးယားတဲ့ စိတ်ကလေးဟာကော (ဒီနေရာပေါ်ပြီးတော့ ဒီနေရာ ပျက်ပါတယ် ဘုရား)။
ဒါကလေးတွေမြင်မြင်၊ မြင်ပြီး သကာလ နေတော့ သဿ တအမြင် ဥစ္ဆေဒအမြင်ဟာ သူတစ်ပါး ပါးစပ်မှာ လမ်းဆုံးတာ လား ကိုယ့်ဉာဏ်ကိုယ်မြင်တာလား (ကိုယ့်ဉာဏ်ကိုယ်ပိုင် မြင်တာပါ) အဲဒါသမ္မာဒိဋ္ဌိပဲ၊ အဲဒါအမြင်မှန်ပဲ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ပြောသံကြားအမြင်လမ်းမဆုံးနဲ့
ဒါဖြင့် သူတစ်ပါးပြောသံကြားနဲ့ မြင်နေတဲ့ အမြင်ကို ဒကာ ဒကာတို့ လမ်းမဆုံးဘဲနဲ့ ကိုယ်တိုင် ရှုပွားတဲ့ အမြင်မှာလမ်း ဆုံးကြမယ်ဆိုရင် ဒါ တစ်သံသရာလုံး ကန်းလာတဲ့ မျက်လုံးဟာ အလင်းရတဲ့ နေ့လို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့ ဘုရား)။
အဲဒီတော့ ဒါသမ္မာဒိဋ္ဌိဆိုတာ အမြင်မှန်ပေါ့ဗျာ (မှန်ပါ့)၊ သောတာပန်လည်း ဒီအမြင်ကို မြင်တာပဲ၊ သကဒါဂါမ်ကော (ဒီလိုမြင်တာပါပဲ)၊ အနာဂါမ်ဖြစ်တဲ့ ပုဂ္ဂိုလ်ကော (ဒီလို ပဲမြင်ပါတယ်)၊ ရဟန္တာဖြစ်တဲ့ ပုဂ္ဂိုလ်ကော (ဒီလိုမြင်တာပါပဲ ဘုရား)။
အဲဒီတော့ ဒီအမြင်ကို တပည့်တော်တို့ အခုဆရာသမား ပြောလို့ ယားတယ်၊ ယားတဲ့ ဝေဒနာ ကလေးသည် ဤနေရာမှာ ပေါ်ပြီး ဤနေရာမှာပျောက်တယ်၊ နာတယ်၊ နာတဲ့ဝေဒနာ ကလေးဟာ ဤနေရာမှာ ပေါ်ပြီး ဤနေရာမှ ပျောက်တယ်လို့ တပည့်တော်တို့ လိုက်ရှုနေတယ်ဘုရာ့၊ လိုက်ရှုနေရင် ခင်ဗျားတို့ ပေါ်တာလည်းသိ၊ ပျက်တာလည်းသိဆိုတော့ ခင်ဗျားတို့ အလယ်လမ်းနဲ့ သိပါပြီ (မှန်ပါ့ ဘုရား)။
အဲဒါ သူတစ်ပါး ပြောတာလား၊ ကိုယ်ပိုင်ဉာဏ်နဲ့ တွေ့တာလား (ကိုယ်ပိုင်ဉာဏ်နဲ့ပါ ဘုရား)၊ ကိုယ်ပိုင်ဉာဏ် နဲ့ တွေ့တဲ့အခါကျလို့ရှိရင်ဖြင့် ‘ဧတ္တာဝတာ ခေါ ကစ္စာန သမ္မာဒိဋ္ဌိ ဟောတိ” သမ္မာဒိဋ္ဌိဉာဏ် ဖြစ်တာပါပဲတဲ့ (မှန်ပါ့)၊ သူတစ်ပါး ပြောတဲ့ ဉာဏ်မဟုတ်တော့ဘူး (မှန်ပါ့)၊ ကိုယ်ပိုင်ဉာဏ်နဲ့ ကိုယ်တိုင်သိတာပဲ (မှန်ပါ့ ဘုရား)။
အပါယ်အထိုက်အလျှောက်ပိတ်ပြီ
အဲဒီတော့ ကိုယ်ပိုင်ဉာဏ်နဲ့ ကိုယ်တိုင်သိသွားတော့ သဿတဒိဋ္ဌိဝမ်းထဲမှာ ရှိသေးရဲ့လား (မရှိပါ ဘုရား)၊ ဥစ္ဆေဒ ဒိဋ္ဌိကော (မရှိပါ ဘုရား)၊ ထိုကဲ့သို့ မရှိရင် ဒါဟာ အပါယ်တံ ခါး အထိုက် အလျောက် ပိတ်ပြီ (မှန်ပါ့)၊ ဒီ ဒိဋ္ဌိနှစ်ခု အပါယ် ပို့နေတာကိုး (မှန်ပါ့ ဘုရား)။
ဒီ ဒိဋ္ဌိနှစ်ခု အပါယ်ပို့နေတာ ဒီ ဒိဋ္ဌိနှစ်ခု ရှိသေးရဲ့ လား (မရှိပါ ဘုရား)၊ ဒါဖြင့် ဒကာ ဒကာမတို့ ဒိဋ္ဌိနိရောဓော နိဗ္ဗာနံ ဖြစ်ပြီ (မှန်ပါ့)၊ ဒိဋ္ဌိချုပ်တဲ့ နိဗ္ဗာန် ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
သောတာပတ္တိမဂ်ရတယ်ဆိုတာ ဒိဋ္ဌိသတ်တဲ့မဂ်ရတာပဲ (မှန်ပါ့)၊ အခုတော့ ဒကာ ဒကာမတွေ ကိုယ်တိုင် မြင်ပြီဆိုမှ ဖြင့် ဒကာ ဒကာမတွေသာလိုက်ကြတော့ ကိုယ်တိုင်မြင်လို့ရှိရင် ဖြင့် ဖြစ်တာ ကလေးတွေ ကိုယ်တိုင်မြင်ရင် ဥစ္ဆေဒဒိဋ္ဌိ စင်နေပြီ (မှန်ပါ့)၊ ပျက်တာကလေးတွေ ကိုယ်တိုင်မြင်နေရင် (သဿတဒိဋ္ဌိ စင်ပါတယ် ဘုရား)။
ဒါဖြင့် သဿတဥစ္ဆေဒ နှစ်ဘက်စွန်း လွတ်ကင်းတဲ့ သဿတဥစ္ဆေဒကြားထဲမှာ မြင်တဲ့ အမြင် ဟုတ်ပါရဲ့လား (ဟုတ်ပါတယ် ဘုရား)၊ ဒါဖြင့် မဇ္ဈိမပဋိပဒါ အလယ်လမ်းအမြင် ဟုတ်ပါရဲ့ လား (ဟုတ်ပါတယ် ဘုရား)။
ဒီအမြင်ရရင် နိဗ္ဗာန်ရောက်တာပဲ
ဒီအလယ်လမ်းအမြင်သည်ကားလို့ ဆိုလို့ရှိရင် “ဧကာယ နောယံ ဘိက္ခဝေ မဂ္ဂေါ’’ ဤအလယ်လမ်း အမြင် သည် “ဧကာယနော တစ်ကြောင်းတည်းနဲ့” နိဗ္ဗာန်ရောက်၏ (မှန်ပါ) ဒီအမြင်သာ ရပါစေ နိဗ္ဗာန်ကိုပို့ပေးပါလို့ မဆိုရတော့ပါ ဘူး၊ ဒီအမြင်သာရလို့ ရှိရင် နိဗ္ဗာန်ရောက်တာပဲ (မှန်ပါ့ ဘုရား)။
ဪ ဒါဖြင့် ဒီအမြင်သည် ဒကာ – ဒကာမတို့ ခဲခဲယဉ်းယဉ်းလား၊ ကိုယ့်ခန္ဓာကို အကြည့်ကောင်းရင် (မြင်ရမှာပါ ဘုရား)၊ မြင်နိုင်ပါတယ်၊ ဒါဖြင့် သမ္မာဒိဋ္ဌိဆိုတာ ဘာတုံး၊ သောတာပန်မျက်လုံး (မှန်ပါ့ ဘုရား)။
သမ္မာက မှန်ကန်တာ။ ဒိဋ္ဌိကမြင်တာ၊ အမှန်မြင်တဲ့ မျက်လုံးဆိုတော့ ဒကာ ဒကာမတို့ တကယ်သာ မြင်ကြပါစေ သောတာပန်မျက်လုံးရတယ် (မှန်ပါ့)၊
သောတာပန် မျက်လုံးရတော့ ‘‘စတူဟာပါယေဟိစ ဝိပ္ပမုတ္တော’’ ဆိုတဲ့အတိုင်း အပါယ် လေးပါးဟာ ဘယ်နှယ့်နေသတုံး (လွတ်ပါတယ်)၊ ဘယ်မျက်လုံးရလို့ပါလိမ့်ဗျာ (သောတာပတ္တိ မျက်လုံးရလို့ ပါ ဘုရား)၊ သဘောကျပါလား (ကျပါပြီ ဘုရား)။
အဲ သောတာပတ္တိမျက်လုံးဆိုတာ မဇ္ဈိမပဋိပဒါ အဖြစ်နဲ့ မြင်တဲ့မျက်လုံး (မှန်ပါ့ ဘုရား)။
ဘယ်မျက်လုံးပါလိမ့် (မဇ္ဈိမပဋိပဒါမျက်လုံးပါ)၊ သဿတအမြင်ကော ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား)၊ ဥစ္ဆေဒအမြင်ကော (မဟုတ်ပါ ဘုရား)၊ ဘယ်အမြင်ပါလိမ့် (အလယ်လမ်း အမြင်ပါ ဘုရား)။
အလယ်လမ်းအမြင်ဟာသောတာပန်အမြင်
အဲဒီအလယ်လမ်း အမြင်ဟာ သူများပြောနဲ့ လမ်းမဆုံး ဘဲနဲ့ ကိုယ်တိုင်အမြင်ရောက်လို့ရှိရင် သောတာပန်အမြင် (မှန်ပါ့ ဘုရား)။
အဲဒါကြောင့် အိမ်ကျတော့ ထိုင်ကြည့်စမ်းပါ၊ ရှုကြစမ်း ပါ၊ လမ်းမှာသွားလို့ရှိရင်လည်း ခြေဖဝါးပြင်မှာ ပေါ်တဲ့ ဓမ္မကလေး ၏ ဖြစ်ပုံ ပျက်ပုံကလေးတွေ ကြည့်စမ်းပါ၊ ကောင်းတာကလေး တွေလည်း ပြောင်းတာနဲ့ မညောင်းတာကြည့်ကြစမ်းပါ (မှန်ပါ့)၊ ခြေထောက်ကလေးတွေ လှုပ်တယ်ဆိုရင် လှုပ်တာနဲ့ ငြိမ်တာ ကလေးတွေဟာ တခြားစီပါလား (မှန်ပါ့ ဘုရား)။
အဲဒီကဲ့သို့ ကြည့်သွားတဲ့အခါကျလို့ရှိရင်ဖြင့် ခန္ဓာကိုယ် ထဲမှာ လှုပ်မှုအလှုပ်ပြီး ပျက်တာပဲ ငြိမ်မှုကော (ငြိမ်ပြီး ပျက်တာပါပဲ) ငြိမ်ပြီး ပျက်တာပဲဆိုတာ သိသိသိသိသွား ကိုယ် တိုင် မြင်သွားပြီ ဆိုမှဖြင့် သမ္မာဒိဋ္ဌိဖြစ်တာပဲ (မှန်ပါ့ ဘုရား)။
အဲဒီတော့ ဒါဟာ သဿတအမြင်ဟုတ်ပါရဲ့လား (မဟုတ်ပါ ဘုရား)၊ ဥစ္ဆေဒအမြင်ကော (မဟုတ်ပါ ဘုရား)။ ဘယ်အမြင်ပါလိမ့် (အလယ်လမ်းအမြင်ပါ ဘုရား)၊ အလယ် လမ်းဆိုတော့ မဂ္ဂင်အမြင်ပေါ့ဗျာ (မှန်ပါ့)၊ မဇ္ဈိမပဋိပဒါ တထာဂတေနအဘိသမ္ဗုဒ္ဓါမဇ္ဈိမပဋိပဒါဆိုတာ အလယ်လမ်း အကျင့်ပဲ (မှန်ပါ့)၊ အလယ်လမ်းဉာဏ်နဲ့ မြင်တာရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒကာသစ် ဘယ်အမြင်နဲ့ မြင်သတုံး (အလယ် လမ်းအမြင်နဲ့ မြင်ပါတယ် ဘုရား)။
အလယ်လမ်းမြင်တဲ့အကျိုး
အလယ်လမ်း ဉာဏ်နဲ့မြင်တော့ ကဲ အကျိုးပေးပြ ပါတော့မယ် ဒကာ ဒကာမတို့ ဒါက ကြားစိတ် ကလေး နားထဲမှာ ပေါ်ပြီး နားထဲမှာပျက်တယ်လို့ ဟောဒီမဂ္ဂင်နဲ့ မြင်ပြီဆိုပါတော့ ဗျာ (မှန်ပါ့)၊ ကြားရလို့ ကျပ်ငိုချင်တယ်ဆိုတာကော (မလာပါ ဘုရား)၊ ကြားရလို့ ဒုက္ခဖြစ်လာတယ် (မလာပါ ဘုရား)၊ ကြားရလို့ ဒေါမနဿဖြစ်တယ် (မလာပါ ဘုရား)။
ကြားရတာနဲ့ ကျုပ်ဖြင့် ကိုယ်ကြီး ပစ်လှဲချင်တာပဲ (မလာပါ ဘုရား)၊ သောကပရိဒေဝ ဒုက္ခဒေါမနဿ ဥပယာသ တွေဟာ အလယ်လမ်းအမြင်ကတည်းကချုပ်ပြီ (မှန်ပါ့)၊ မချုပ်သေး ဘူးလား (ချုပ်ပါတယ် ဘုရား)၊ ဘယ်လမ်း အမြင်ကြောင့်ပါလိမ့် (အလယ်လမ်းအမြင်ကြောင့်ပါ ဘုရား)။
ပဋိစ္စသမုပ္ပါဒ်ချုပ်တယ်
ဪ ဒါဖြင့် မြင်စိတ်ကလေး ဖြစ်ပျက်ရှုရခြင်းသည် အမြင်မှန်ရလို့ ပဋိစ္စသမုပ္ပာဒ် ချုပ်သွားနိုင်ပါကလား (မှန်ပါ့)။ တစ်ခါ ကြားစိတ်ကလေး ဖြစ်ပျက်ရှုခြင်းသည် ငိုသံကြားလို့ ရှုရလို့ ရှိရင်လည်း သောကပရိဒေဝ ဒုက္ခဒေါမနဿ ချုပ်တာပဲ (မှန်ပါ့ ဘုရား)။
တစ်ခါ ဟိုအိမ်ကနေပြီး ငွေတွေရေတွက်ပြီး သကာလ သူတို့မှာ အကျိုးပေးနေလို့ ပြုံးတဲ့အသံ ရယ်တဲ့ အသံတွေကြား ပြန်တော့လည်း ဒကာသစ်တို့က ကိုယ့်နားထဲကြားစိတ်မပေါ်ဘူး လား (ပေါ်ပါတယ်)၊ ကြားစိတ် ပေါ်တော့ ကြားစိတ်ကို ဖြစ်ပျက်ရှုလိုက်၊ အလယ်လမ်းနဲ့ရှုလိုက်တဲ့ အခါကျတော့ တို့လည်း ရအောင် ရှာဦးမယ်ဆိုတဲ့ တဏှာ လာသေးလား (မလာပါ ဘုရား)၊ မရမနေဘူးကွ ဆိုတဲ့ ဥပါဒါန်ကော (မလာပါ ဘုရား)။
ဒုက္ခစက်ကြီးပြတ်တယ်
အို ကိုယ့်မှာလည်းကွာ ပါးစပ်နဲ့ လက်နဲ့ပဲဆိုတဲ့ ကာယကံ၊ ဝစီကံကော လာသေးရဲ့လား (မလာပါ ဘုရား)။ ဒီကျတော့ တဏှာဥပါဒါန်ကဲချုပ်တယ် (မှန်ပါ့)၊ ဝမ်းသာတဲ့ အသံကြားရလို့ ကြားစိတ်ကလေး ဖြစ်ပျက်ရှုလိုက်ပြန်တော့ တဏှာဥပါဒါန်ကံချုပ်တယ် (မှန်ပါ့)၊ ဝမ်းနည်းတဲ့ အသံ ကြားရပြန်တော့ ကိုယ့်ကြားစိတ်ကလေး ကိုယ်ပြန်ရှုလိုက်ပြန် တော့ သောက ပရိဒေဝ ဒုက္ခဒေါမနဿ မချုပ်ဘူးလား (ချုပ်ပါတယ်)၊ အဲ ပဋိစ္စသမုပ္ပာဒ် အလယ်ကကော (ပြတ်ပါတယ်)၊ အဆုံးကကော (ပြတ်ပါတယ် ဘုရား)။
ဪ ဒီလိုနည်းကောင်းနည်းနာ အလယ်လမ်းနဲ့ ရှုလိုက်ပြန်တော့ ပဋိစ္စသမုပ္ပာဒ်ဆိုတဲ့ ဒုက္ခစက်ကြီးဟာ ဘယ့်နှယ် နေသတုံး (ပြတ်ပါတယ်)၊ နိဗ္ဗာန်ရောက်တယ်ဆိုတာ ဒုက္ခစက်ပြတ်တာပဲ (မှန်ပါ့ ဘုရား)။
နိဗ္ဗာန်ရောက်တယ်ဆိုတာဘာတုံး
နိဗ္ဗာန်ရောက်တယ်ဆိုတာ ဘာတုံး (ဒုက္ခစက်ကြီး ပြတ်တာပါ ဘုရား)၊ ဒုက္ခစက်ပြတ်တာပဲ ဆိုတာ သဘောကျ ပလား (ကျပါပြီ)၊ ဒုက္ခစက်ကို ဘယ်သူဖြတ်လိုက်သတုံး ဆိုတော့ အလယ်လမ်း မဂ္ဂင်က ဖြတ်လိုက်တယ် (မှန်ပါ့ ဘုရား)။
ဒါဖြင့် ကျုပ်တို့ ဘယ်လမ်းက လိုက်ကြမယ် (အလယ်လမ်းလိုက်ကြပါမယ် ဘုရား)၊ ခိုင်တဲ့ လမ်းလည်း မကြည့် ပါနဲ့၊ ပြတ်တဲ့လမ်းလဲ (မကြည့်ပါနဲ့)၊ ဖြစ်လိုက် ပျက်လိုက်သာ ရှိတယ်လို့ အသိဉာဏ်လမ်း လိုက်ပါ (မှန်ပါ့ ဘုရား)။
အဆုံးကချုပ်တယ်
လိုက်လို့ရှိရင်ဖြင့် အဆုံးလမ်း ဖြတ်ပုံကလေး နည်းနည်း ပြောပါဦးမယ်၊ ခုနင်က အသံကလေး တစ်ခု ကြားရတာနဲ့ ဒကာ ဒကာမတို့ ဖြစ်ပျက်ရှုလိုက်တယ် ကိုယ့်နားထဲက ဖြစ်ပျက်ရှုလိုက် တယ် သောကပရိဒေဝ ဒုက္ခဒေါမနဿတွေ ပဋိစ္စသမုပ္ပာဒ်အဆုံး က မချုပ်ဘူးလား (ချုပ်ပါတယ်)၊
ဟိုအိမ်ကငွေရလို့ ဝမ်းသာ တာ ကြားနေရတဲ့ စိတ်ကလေး ဖြစ်ပျက်ရှုလိုက်တော့လည်း ကိုယ်လည်း လိုချင်တယ် ကိုယ်လည်း စွဲလမ်းတယ်ဆိုတဲ့ ပဋိစ္စသမုပ္ပါဒ် အလယ်က နေနေပြီး မချုပ်ဘူးလား (ချုပ်ပါ တယ် ဘုရား)။
အစကချုပ်တယ်
ကဲ အစက ချုပ်ပုံပြပါဦးမယ်တဲ့၊ ဒကာ ဒကာမတို့ နော် (မှန်ပါ့ ဘုရား)၊ ကဲ ဟိုအိမ်ကနေပြီး ပြောဆိုကြ တယ်၊ ဒကာသစ် နားထဲ ကြားစိတ်ကလေး ပေါ်တော့ ဒါကလေးကို ဖြစ်ပျက်ရှု လိုက်တာပေါ့၊ ဖြစ်ပြီးပျက်တဲ့ ဓမ္မကလေးတစ်ခု ကိုယ့်သန္တာန်မှာ မပေါ်ဘူးလား (ပေါ်လာပါတယ် ဘုရား)။
ပေါ်တာကလေး ရှုလိုက်တဲ့အခါကျတော့ ရှုလိုက်တဲ့ မဂ္ဂင်အဝိဇ္ဇာလား၊ ဝိဇ္ဇာလား (ဝိဇ္ဇာပါ)၊ ဝိဇ္ဇာမဂ္ဂင်နဲ့ ရှုလိုက်တော့ အဝိဇ္ဇာ မဂ္ဂင်က နေက်ကလိုက်သေးရဲ့လား (မလိုက် ပါ ဘုရား)၊ ဒါဖြင့် ရှုလိုက်တဲ့ ပုဂ္ဂိုလ်မှာဖြင့် အဝိဇ္ဇာသင်္ခါရ ဆိုတဲ့ ပဋိစ္စသမုပ္ပါဒ် အစကလည်း ဘယ့်နှယ့်နေသတုံး (ပြတ်ပါ တယ် ဘုရား)။
ဒါဖြင့် ပဋိစ္စသမုပ္ပဒ်အစက ပြတ်တာလည်း ဒကာ ဒကာမတို့ သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာဖြစ်တာပဲ (မှန်ပါ့ ဘုရား)၊ ပဋိစ္စသမုပ္ပါဒ် အလယ်က ပြတ်ကော (ဖြစ်ပါတယ် ဘုရား)၊ ပဋိစ္စသမုပ္ပါဒ် အဆုံးကပြတ်ကော (ဖြစ်ပါတယ် ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ သန္တာန်မှာ နားထဲက ကြားတဲ့စိတ် ကလေး တစ်ခုတည်းရှုလိုက်တာနဲ့ ပဋိစ္စသမုပ္ပါဒ် အစကလည်း ပြတ်နိုင်ပါတယ် (မှန်ပါ့)၊ အလယ်ကကော (ပြတ်နိုင် ပါတယ် ဘုရား)၊ အဆုံးကလည်း (ပြတ်နိုင်ပါတယ် ဘုရား)။
နှာခေါင်းပေါက်ကလည်း ဒီအတိုင်းရှုရင်ကော (ပြတ်ပါတယ်)၊ ပဋိစ္စသမုပ္ပာဒ် အစပြတ်၊ အလည်ပြတ်၊ အဆုံး ပြတ် ဆိုတာ မလာပေဘူးလား (လာပါတယ် ဘုရား)။
အေး ဒါကြောင့် ကြံတဲ့စိတ်ကလေး ပေါ်လာရင် ဘာလုပ်မယ် (ဖြစ်ပျက်ရှုရပါ့မယ်)၊ ဒါဖြင့် ရှေ့ကို တန်းပြီးသွားတဲ့ ပဋိစ္စသမုပ္ပါဒ် လာနိုင်သေးရဲ့ လား (မလာနိုင်ပါ ဘုရား)၊ မလာနိုင်လို့ရှိရင် အစကလည်းပြတ်တယ်ဆို ရင် လွဲပါ့မလား (မလွဲပါ)၊ အလည်ကပြတ်တယ်ဆိုရင် (မလွဲပါ ဘုရား)၊ အဆုံးက ပြတ်တယ်ဆိုရင် (မလွဲပါ ဘုရား)။
ခြောက်မျိုးပေါ်ရာလိုက်ရှုပါ
ဒါဖြင့် ဒကာ ဒကာမတို့ စက္ခုဝိညာဏ် စိတ်၊ သောတ ဝိညာဏ်စိတ်၊ ဃာနဝိညာဏ်စိတ်၊ ဇိဝှာဝိညာဏ်စိတ်၊ ကာယ ဝိညာဏ်စိတ်၊ မနောဝိညာဏ်စိတ်ဆိုတဲ့ စိတ်ခြောက်မျိုး မရှိဘူးလား (ရှိပါတယ် ဘုရား)၊ အဲဒီခြောက်မျိုးပေါ်ရာကိုသာ လိုက်ရှုပါ၊ ပဋိစ္စသမုပ္ပါဒ်အကုန်ဖြတ်တာဟူသ၍ သည် အလယ် လမ်း သမ္မာဒိဋ္ဌိကဖြတ်တာ (မှန်ပါ့ ဘုရား)။
ဒါဖြင့် အပါယ်သွားမည့် ပဋိစ္စသမုပ္ပာဒ်ဟာ အစပြတ် မသွားလဲ အပါယ်ရောက်အောင် သွားမှာပဲ (မှန်ပါ့)၊ အလယ်မဖြတ်နိုင်ရင်လဲ (အပါယ်ရောက်အောင်သွားမှာ ပါပဲ)၊ အဆုံးကမဖြတ်နိုင်ရင် (အပါယ်ရောက်အောင် သွားမှာပါ ဘုရား)၊ ဒါဖြင့် အပါယ်လေးပါး တံခါးပိတ် ဆိုတာ ဒီအလယ်လမ်း သမ္မာဒိဋ္ဌိပဲ (မှန်ပါ့)၊ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။
သံသရာစခန်းသတ်တယ်
ဒါဖြင့် သမ္မာဒိဋ္ဌိအလုပ်ကို လုပ်မှသာလျှင် ကျုပ်တို့သည် သံသရာစခန်းသတ်မယ်ဆိုတော့ ပဋိစ္စသမုပ္ပါဒ် အစက စခန်း သတ်တယ်၊ အလယ်ကစခန်းသတ်တယ်၊ အဆုံးကကော (စခန်းသတ် ပါတယ် ဘုရား)။
ဒါဖြင့် ဒီပဋိစ္စသမုပ္ပါဒ် စခန်းသတ်တာသည် သံသရာ စခန်းသတ်တာပဲဆိုတော့ ခန္ဓာတွေ အာယတနတွေ ကယ်နိုင်သေးရဲ့ လား (မကယ်နိုင်ပါ ဘုရား)၊ ဘယ်လမ်းလိုက်မိပါလိမ့် (အလယ်လမ်း လိုက်မိပါတယ် ဘုရား)၊ အလယ်လမ်းက အမှန်မျက်လုံးလား၊ အမှားမျက်လုံးလား (အမှန်မျက်လုံးပါ ဘုရား)။
အဲဒီ အမှန်မျက်လုံးရတာနဲ့ ကစ္စာနဂေါတ္တဟာ ရဟန္တာဖြစ် တာပဲ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊
ဒါဖြင့် ဖြစ်ပျက်မြင်အောင် ကြည့်ပါ အလယ်လမ်းနဲ့ကြည့် (မှန်ပါ့) ဖြစ်ပျက်မုန်းအောင်ကြည့်ပါ (အလယ်လမ်းနဲ့ ကြည့်ရပါမယ် ဘုရား) ဖြစ်ပျက်တွေ အဆုံးမြင်တာကော (အလယ်လမ်း နဲ့ မြင်တာပါ ဘုရား)။
ခန္ဓာဇာတ်သိမ်းငြိမ်းရာနိဗ္ဗာန်
အဲ အလယ်လမ်းကို သုံးခါလောက် လိုက်လိုက်လို့ ရှိရင်ဖြင့် ပဋိစ္စသမုပ္ပာဒ်အစကလည်းပြတ် အလယ်ကလည်း ပြတ်၊ အဆုံးကလည်း ပြတ်သောကြောင့် ခင်ဗျားတို့ ခန္ဓာဇာတ် သိမ်း ငြိမ်းရာ နိဗ္ဗာန် ဆိုတာ သူတို့မဆက်တာကို ဆိုပါတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲဒါသူများပြောလောက်နဲ့ပဲ သိမနေစေနဲ့ ကိုယ်တိုင် သိအောင်လုပ်ကြလို့ရှိရင်ဖြင့် သောတာပန် အရေးဟာ ဒါမြင်ရင် ပြီးတာပဲ (မှန်ပါ့)၊ ရှင်ပလား (ရှင်းပါပြီ ဘုရား)။
ကိုင်း ယနေ့ဒီတွင် တော်ကြဦးစို့။
သာဓု သာဓု သာဓု။