အသက်ကြီးတဲ့ပုဂ္ဂိုလ်တွေ အချိန်မီပါသေးတယ်
အသံဖိုင်ခေါင်းစဉ်= နိဗ္ဗာန်အရှာမလွဲကြစေရန်တရားတော်
စာအုပ်ခေါင်းစဉ်= အသက်ကြီးတဲ့ပုဂ္ဂိုလ်တွေ အချိန်မီပါသေးတယ်
အသံမကြည်ပါ။
ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး အမရပူရမြို့၌
ဟောကြားဆုံးမတော်မူသောတရားတော်
အသက်ကြီးတဲ့ပုဂ္ဂိုလ်တွေ အချိန်မီပါသေးတယ်
ဟောကြားသည့်နေ့
(၁၁-၁၁-၆၀)
ဒုက္ခခပ်သိမ်း ငြိမ်းတာ ဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ)၊ ဪ နိဗ္ဗာန်ဆိုတာ ဒုက္ခ ဘာမှ မရှိတာပါလား ဆိုတာ ဒကာကြွယ်တို့ အစောကြီး မှတ်ထားရမယ် (မှန်ပါ့)၊ တစ်ထောင့်ငါးရာ ကိလေသာ ငြိမ်းတာလည်း ဘာခေါ်ကြမယ် (နိဗ္ဗာန်ပါဘုရား)။
ကောင်းပြီ ဒါဖြင့် နိဗ္ဗာန်ကို ဒကာ ဒကာမတွေ ယနေ့ အရေးတကြီးပြောစရာက ဘုန်းကြီးကလည်း စေတနာ ကြီးကြီး ထားတယ်၊ ဒကာ ဒကာမတွေကလည်း ဟာ ဒီတစ်ခါ အရယူမယ်လို့ စေတနာ ထားကြပါ (မှန်ပါ့)။
ဘေးလွတ်ရာကို ရောက်ပြီးမှ စိတ်အေးကြပါ
ဒကာ ဒကာမတို့ အမျိုးမျိုးသော ဘေးတွေကလည်း ရှိသေးတယ်၊ အိုရမည့်ဘေးတွေကလည်း ရှိသေးတယ်၊ နာရမည့် ဘေးတွေကလည်း ရှိသေးတယ်၊ တစ်ဖန် ပဋိသန္ဓေနေပြီး အပါယ် လေးပါးကို အမေမိဘလွဲ အယူလွဲတွေကြောင့် ကျရမည့် မသူတော်ဘေးတွေကလည်း ရှိနေသေးတော့ ဘေးလွတ်ရာကို ရောက်ပြီးမှပဲ စိတ်အေးကြပါဆိုတာကို သတိပေးပါတယ် (မှန်ပါ့)။
ဘေးလွတ်ရာကိုရောက်ပြီးမှ စိတ်အေးကြပါဆိုတော့ ဆရာဘုန်းကြီး မှာချင်တာပြောချင်တာက ဘာပါလိမ့်မလဲ ဆိုတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ရှေ့နောက် အခွဲကလေး တစ်ခုကိုဖြင့် မမေ့ပါနဲ့ (မှန်ပါ့)၊ ရှေ့ဆိုတာက သားရေး၊ သမီးရေး၊ စီးပွားရေးကို နောက်ထားပြီး သကာလ ကိုယ် မအို မသေ အမြဲနေရမည့် ချမ်းသာတဲ့ အရေးကို ရှေ့ထားပါ (မှန်ပါ့)။
ကိုယ်အသေလွတ်တဲ့ဘေးကို ရှေ့ထားပါ
ပြီးတော့မှ မတတ်သာလို့ နောက်တုန်းက မှားယွင်း ထားလို့ သားတွေ၊ သမီးတွေ၊ ခင်ပွန်းမတွေ ပေါ်ပြီး သကာလ နေတဲ့အရေး ကျွေးစရာ မွေးစရာစတဲ့ အရေးတွေကလည်း ရှိကြ သေးတယ် (မှန်ပါ့)၊ အဲဒါကို နောက်ထားပါ။ ကိုယ်အသေ လွတ်တဲ့ဘေးကို ရှေ့ထားပါလို့ သတိ ပေးလိုက်ပါတယ် (မှန်ပါ့ ဘုရား)။
သားရေး၊ သမီးရေး၊ စီးပွားရေးကို မလုပ်ရဘူးလို့ ဒီလို ဆရာဘုန်းကြီးမဟောပါဘူး (မှန်ပါ့)၊ သားရေး၊ သမီးရေး၊ စီးပွားရေး ဘာလုပ်ရမလဲ (နောက်ထားရပါမယ် ဘုရား)၊ ကိုယ့်အိုဘေး၊ နာဘေး ကင်းတဲ့ အရေးကို (ရှေ့ထားရပါ မယ် ဘုရား)။
ဒကာကြွယ် ဒါလောက် ပြင်လိုက်ရင်ပဲ တော်ပါပြီ (မှန်ပါ့)၊ အားလုံးသော ဒကာ ဒကာမတွေ ဒီလိုခွဲခြမ်းပြီး သကာလ သိထားလို့ရှိရင် ဒကာသစ်တို့ ကျေးဇူးများပါလိမ့် မယ် (မှန်ပါ့ ဘုရား)။
သားရေးသမီးရေးနောက်ထားပါ
သားရေး၊ သမီးရေး၊ စီးပွားရေး ဘာလုပ်ရမယ် (နောက်ထားရပါမယ်)၊ ကိုယ့်အိုရေး၊ နာရေး၊ သေရေး အပါယ် ကျမည့်ဘေးကို လွတ်တဲ့အရေးကို (ရှေ့ထားရမှာပါ ဘုရား)၊ ဒါဖြင့် ရှေ့နောက် ကလေးခွဲရုံနဲ့ပဲ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မှာ ကျေးဇူး အင်မတန် များပါလိမ့်မယ်လို့ မှတ်လိုက် ကြစမ်းပါ (မှန်ပါ့ ဘုရား)။
အဲဒီတော့ အခုဆရာဘုန်းကြီးက ဒကာ ဒကာမတွေဟာ ရှေ့နောက်လွဲပြီးနေတယ်၊ အိုမှ ဘုရားတရား ကျောင်းကန် ဆိုတော့ အိုတော့လည်း ကံမွဲ၊ ဉာဏ်မွဲနဲ့ နေပြန်တော့ အင်မတန် ခက်ခဲနက်နဲတဲ့ နိဗ္ဗာန်ဆိုတဲ့ အရပ်ကြီးကို သွားဖို့ရာ လမ်းခရီး ကြီးကို အားမထုတ်နိုင်တော့ဘူး (မှန်ပါ့ ဘုရား)။
အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ လွဲနေတာက သားရေး၊ သမီးရေးကို ရှေ့ထားပြီး သကာလ နိဗ္ဗာန်ရောက်မည့် အရေးကို နောက်ထားတော့ မရနိုင်တဲ့အချိန်ကျမှ လိုချင်ပါတယ် ဆိုလို့ ရှိရင်ဖြင့် ဒကာကြွယ်၊ ဒကာသစ်တို့ ရနိုင်စရာ မြင်သေးရဲ့လား (မမြင်ပါ ဘုရား)။
ရှေ့နောက်ခွဲပေးကြစမ်းပါ
အဲဒါကို ဆရာဘုန်းကြီးက ဒကာ ဒကာမတို့ ရှေ့နောက် ကလေးတော့ ခွဲပေးကြစမ်းပါ။ ကိုယ့်ကိုယ်ကို သနားရင် (မှန်ပါ့)၊ ကိုယ့်ကိုယ်ကို သနားရင် ဘာခွဲရမယ် (ရှေ့နောက် ခွဲရပါမယ်)၊ သားရေး၊ သမီးရေး၊ စီးပွားရေး ဘာလုပ်ရမတုံး (နောက်က ထားရပါမယ် ဘုရား)၊ အိုမှု၊ နာမှု၊ သေမှု လွတ်တဲ့ အရေးကို (ရှေ့ထားရပါမယ် ဘုရား)၊ ဒကာကြွယ် ဒီသဘော မှတ်ထားရမယ် (မှန်ပါ ဘုရား)။
ဒကာကြွယ်တို့ လုပ်ပြီးသား ဘုန်းကြီးပြင်ပေးလို့သင့်ရုံ ကလေးရှိတာနော် (မှန်ပါ့)၊ လွဲထားတာကတော့ အတော့်ကို လွဲထားတာ (မှန်ပါ့ ဘုရား)။
နိဗ္ဗာန်ရောက်တဲ့အရေးရှေ့ထားကြ
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ရှေ့ထားရမည့် ဥစ္စာကို တရားတစ်ပွဲလုံးက တာဝန်ခံတော့ ဘုန်းကြီးများကလည်း ကိုင်း-အိုရေး၊ နာရေး၊ သေရေးလွတ်တဲ့ နိဗ္ဗာန်ရောက်တဲ့အရေး ရှေ့ထား ကြစို့လို့ တရားတစ်ပွဲလုံးက ဆုံးဖြတ်ချက်ချ (မှန်ပါ့)။
သားရေး၊ သမီးရေး၊ စီးပွားရေးဆိုတာ ဘဝများစွာက ထမ်းပိုးပြီး ဆောင်ရွက်လာခဲ့ရလို့ အပါယ်ထဲ ခေါင်းကိုမပြုနိုင်လို့ ဒုက္ခမျိုးစုံခဲ့ပါပြီ၊ ဒါတွေကို ရှေ့တန်းက အစီအစဉ်လွဲလာလို့ ဒုက္ခ အကြီးအကျယ်ရောက်ခဲ့တယ်ဆိုတာ ဒကာသစ်တို့ ရိပ်မိပါပြီ (ရိပ်မိပါပြီ ဘုရား)။
ဒီဘဝတောင်မှ အခုဆရာဘုန်းကြီး အပြင်အဆင် ကောင်းနဲ့တွေ့လို့ ဪ တို့ရှေ့ နောက် လွဲနေပါကလား ဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)၊ ဘယ်လိုများ ပေါ်လာပါလိမ့် (ရှေ့နောက် လွဲနေတယ်ဆိုတာ ပေါ်လာပါ တယ် ဘုရား)။
ယခုတော့ဖြင့် ဒကာ ဒကာမတွေ ပြင်ချိန်ဆင်ချိန် ရှိတုန်းကို ပြင်ဖို့ဆင်ဖို့အရေးကို ပြောတတ်တဲ့ ဆရာနဲ့ တွေ့ပြန်တော့ တော်သေးရဲ့ဆိုပြီး စိတ်ထဲမှာဖြင့် ဆုံးဖြတ်ချက်ချပြီး သကာ လ သားရေး၊ သမီးရေး၊ စီးပွားရေးကို ဘာလုပ်ကြမယ် (နောက်ထားရပါမယ်)၊ အအို အနာလွတ်တဲ့ အရေးကို (ရှေ့ ထားရပါမယ် ဘုရား)၊ သဘောကျသွားပြီ (ကျပါပြီ ဘုရား)။
နားကထိုင်း၊ ခါးကကိုင်း
ဒါဖြင့် ဒကာကြွယ်၊ ဒကာသစ်တို့၊ ဦးလှဘူးတို့ ရှေ့က အစီအစဉ် လွဲခဲ့တယ် (လွဲပါတယ် ဘုရား)၊ ကံမွဲ၊ ဉာဏ်မွဲ အသက်ငါးဆယ်ကျော် ခြောက်ဆယ်ကျလာမှ ကျောင်းကန် ဘုရား တရားနဲ့ နေတော့ ကံကလည်းမွဲ၊ ကံတည်းဟူသော အကြောင်းကြောင့်ဖြစ်တဲ့ မျက်စိကမွဲ၊ နားကထိုင်း၊ ခါးကကိုင်း၊ ဒီအချိန်ကျမှ ကိုယ့်အရေးရှာတော့တာပဲ (မှန်ပါ့)။
ကံမွဲ ဉာဏ်မွဲနဲ့ကျမှ ရှာလို့ နိဗ္ဗာန်ရဖို့ လွယ်ပါ့မလား (မလွယ်ပါ ဘုရား)၊ ဒါဖြင့် မရနိုင်တဲ့အချိန် နောက်ထားပြီး သကာလ ရနိုင်တဲ့အချိန် ရှေ့ထားလို့ ဘုရားအဆူဆူနဲ့လည်း လွဲခဲ့လို့ အပါယ်လေးပါး ကြီးမှာ ခန္ဓာတည်းဟူသော တရားနဲ့ အလိုလေး၊ အမယ်လေး အော်ပြီး ခံပြီးနွှဲနေရတဲ့ ပွဲတွေက ခံခဲ့ရပါတယ် (မှန်ပါ့)၊ ဒါ – ရှေ့နောက်လွဲတဲ့အပြစ်ဆိုတာ ယနေ့ ထူးထူးခြားခြားမှတ်ပါ (မှန်ပါ့ ဘုရား)။
ဘယ်လိုမှတ်ကြမယ် (ရှေ့နောက်လွဲနေတဲ့အပြစ်ပါ ဘုရား)၊ ဒီတစ်ခါ ရှေ့နောက် လွဲလို့ ရှိရင်ဖြင့် ဘုန်းကြီးများလည်း မကယ်နိုင်တော့ဘူး (မှန်ပါ့ ဘုရား)။
အချိန်မီပါသေးတယ်
ကိုင်း ဒါဖြင့် အရှင်ဘုရား အရှင်ဘုရား တည်း ဟူသော သူတော်ကောင်း အကြောင်းပြုပြီး သကာလ ရှေ့နောက် လွဲခဲ့တဲ့ ပုဂ္ဂိုလ်တွေလည်း လွဲလတံ့ ရှေ့ကြီးကို ဖြုတ်ပြီး သကာလ ပြင်ပါတော့မယ်၊ ဆင်ပါတော့မယ်၊ ပြင်ချိန်ဆင်ချိန်ရှိတုန်း ကြိုးစားပါတော့မယ် ဆိုတဲ့ဥစ္စာ အားလုံး တာဝန်ယူပြီး ကြိုးစားကြ မယ်ဆိုလို့ရှိရင်ဖြင့် အချိန်မီပါသေးတယ် (မှန်ပါ့ ဘုရား)။
ဒါ့ကြောင့် ဒကာကြွယ်ရေ အချိန်မှီတဲ့အရေး ပြောကြ ပါစို့ အဲဒါက တစ်ခါ စဉ်းစားလိုက်တော့၊ ငါတို့ ရှေ့နောက်လွဲတဲ့အထဲမှာ ဆရာကောင်း သမားကောင်းနဲ့ တစ်ခါ လွဲပြန်မယ် ဆိုလို့ရှိရင်လည်း ကြုံဖို့ဆုံဖို့ အတော်ခဲယဉ်းတယ် (မှန်ပါ့ ဘုရား)၊ ကိုယ်ကမှ ရှေ့နောက်လွဲလို့ အမှားကြီးမှားတဲ့ အထဲမှာ ဆရာကောင်း သမားကောင်း မတွေ့ပြီ ဆိုမှဖြင့်လည်း ဒကာကြွယ်တို့ ဦးလှဘူးတို့ ဒီထက် လွဲစရာ ကိုက ရှိပြန်တယ် (ရှိပါတယ် ဘုရား)။
အထိသုံးပါးညီပါပြီ
ယခုတော့ဖြင့် ဒကာ ဒကာမတွေကလည်း ရှေ့နောက် ပြောင်းပါတော့မယ်ဆိုတဲ့ စိတ်ကလေး လည်း မွေးထား၊ ဆရာကောင်း ကလည်း ရှေ့မှာ အထင်အရှား ရှိထားပြန်တော့ ဒီတစ်ခါဖြင့် အထိသုံးပါး ညီပေါ့ဟဲ့လို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့ ဘုရား)။
ဒီတစ်ခါ ဘယ်လိုပါလိမ့်ဗျာ (အထိသုံးပါး ညီပါတယ် ဘုရား)၊ အထိသုံးပါး ညီပါပြီလို့ ဆုံးဖြတ်ချက် ချလိုက်ရ လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ တစ်သံသရာလုံး အိုဘေးကြီး ထမ်းပြီး သံသရာကြီး ထဲမှာ လည်ခဲ့တယ် (မှန်ပါ့)၊ နာဘေးကြီး ထမ်းပြီးတော့ကော (လည်ခဲ့ရပါတယ် ဘုရား)၊ သေတတ်တဲ့ အသုဘကြီး ထမ်းပြီးတော့ကော (လည်ခဲ့ရပါတယ် ဘုရား)၊ လည်သာလည်ခဲ့ရတယ်၊ လည်ရင်းနဲ့ အပါယ်လေးပါး ရောက် ရတဲ့ အရေးနဲ့ပဲနေခဲ့ရပါတယ် (မှန်ပါ့)။
ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ပြောရတယ်၊ ရှေ့ကစီစဉ်ထားလိုက်တာ ဒကာကြွယ် တို့များ လွှဲလိုက်တဲ့ဖြစ်ခြင်း (မှန်ပါ့)၊
စီးပွားရေးအချိန် စီးပွားရေးအချိန်ပေါ့ကွ၊ ကျောင်းကန် ဘုရားအချိန် ကျောင်းကန်ဘုရား အချိန်ပေါ့ကွ၊ အသက်အရွယ် ကလေး ကြီးလာတော့ ကိုယ့်အရေး ကိုယ်ရှာမယ် ကွဆိုတာ ရှာနိုင်တဲ့ ဉာဏ်မှ မရှိတော့လည်း (မှန်ပါ့)၊ ရှာနိုင် တဲ့မျက်လုံးကော (မရှိပါ ဘုရား)၊ မရှိမှ ရှာမယ် ဆိုတော့ မရ တာတောင် နည်းသေးတယ် (မှန်ပါ့)၊ အင်မတန် မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား)။
ပြင်ဆင်ပေးမည့်ဆရာနဲ့တွေ့ရ
အေး ဒါကြောင့် ဪ တော်တော် သေးရဲ့ ပြင်ပေးဆင်ပေးမည့် ဆရာနဲ့တွေ့ရ၊ ပြင်ချိန် ဆင်ချိန်မှာ ပြင်တတ်၊ ဆင်တတ်တဲ့ဆရာမှီဝဲရလို့ တော်တော်သေးရဲ့ဆိုတာ ဖြင့် ယနေ့ကစပြီး ဝမ်းမြောက်ကြပါလို့ သတိပေး လိုက်တယ် (မှန်ပါ့)။
ဒါ နည်းတဲ့စကားမဟုတ်ပါဘူး ဒကာသစ်ရေ (မှန်ပါ့)၊ နည်းတဲ့စကား မဟုတ်ပါဘူး၊ အင်မတန် အရေးကြီးပါ တယ်ဆိုတာ မပေါ်လာသေးဘူးလား (ပေါ်လာပါတယ် ဘုရား)။
နိဗ္ဗာန်သည် (၃၁) ဘုံထဲမှာမရှိ
ကိုင်း ဒါဖြင့် ပြောကြပါစို့ နိဗ္ဗာန်ဘယ်မှာ ရှိသတုံး မအိုမသေ အမြဲနေတဲ့ နိဗ္ဗာန်ဆိုတာ၊ ဘယ်မှာ ရှိသတုံး လို့ မေးတော့ ဒကာ ဒကာမတို့ သုံးဆယ့်တစ်ဘုံ ထဲမှာ မရှိပါ ဘူး (မှန်ပါ့)၊ မှတ်ထားကြနော် နိဗ္ဗာန်ဆိုတာ သုံးဆယ့် တစ်ဘုံထဲမှာ အပါအဝင် မဟုတ်တဲ့ အတွက် နိဗ္ဗာန်ဟာ သုံးဆယ့် တစ်ဘုံထဲမှာ ရှိပါရဲ့လား (မရှိပါ ဘုရား)။
ဒါဖြင့် ဟိုဘုံရောက်ရပါလို၏၊ ဒီဘုံရောက်ပါလို၏ဆိုတဲ့ ပုဂ္ဂိုလ်များဖြင့် ဪ ဒုက္ခခပ်သိမ်း မငြိမ်းတဲ့ နေရာသာရောက် ရှာတော့တယ်လို့ ဒကာကြွယ်တို့၊ ဒကာသစ်တို့၊ ဦးလှဘူးတို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့ ဘုရား)။
ဟိုဘုံဒီဘုံ ရောက်ချင်တဲ့ပုဂ္ဂိုလ်များ၊ ဒုက္ခသည်ရှာကြတာ ကိုးဗျ (မှန်ပါ့)၊ အဘယ့်ကြောင့် ဒုက္ခလည် ရှာကြသလဲလို့ ဆရာဘုန်းကြီး ပြောရတာက နိဗ္ဗာန်ဟာ သုံးဆယ့်တစ်ဘုံ ထဲမှာ ရှိ – မရှိ (မရှိပါ ဘုရား)၊ မရှိတဲ့ဆီ ချမ်းသာရှာလို့ ရှိရင်ဖြင့် ဆင်းရဲတာပဲတွေ့မှာပဲ (မှန်ပါ့ ဘုရား)။
မရှိတဲ့ဆီ ချမ်းသာရှာကြလို့ရှိရင် (ဆင်းရဲတာပဲတွေ့ မှာပါ ဘုရား)၊ ဆင်းရဲတာပဲ တွေ့မှာ ဆိုတော့ ဪ ဒကာကြွယ် ရှာမည့် ရှာတော့ မျက်စိလည်နေတာပဲ (မှန်ပါ့ ဘုရား)၊ ဘယ်လောက် များ ကြောက်စရာကောင်းတယ်ဆိုတာ ဒကာသစ်တို့ စဉ်းစားကြပါတော့ (မှန်ပါ့ ဘုရား)။
နိဗ္ဗာန်သည် ခန္ဓာ အဆုံးမှာရှိတယ်
အားလုံး ဒကာ ဒကာမတွေ ရှာမည့်ရှာတော့ မျက်စိ လည်နေလို့ တွေ့ရဲ့လား (မတွေ့ပါ ဘုရား)၊ ကိုင်း – ယနေ့ တော့ဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မေတ္တာကြီးကြီး ထားပြီး တော့ ဒကာ ဒကာမတို့ နိဗ္ဗာန်သည်ကားလို့ဆိုရင် ဒကာ ဒကာမ တို့၏ ခန္ဓာကိုယ်ကို ကိုယ့်အတောင်နဲ့ကိုယ် မတ်တတ် ရပ်ပြီး တိုင်းလို့ရှိရင် လေးတောင်ပဲ ရှိတယ် (မှန်ပါ့)၊ အဲဒီခန္ဓာကိုယ် လေးတောင် အဆုံးမှာ ရှိတယ်၊ အဲဒီမှာ ရှာယူပါ (မှန်ပါ့)။
နိဗ္ဗာန်ကိုတွေ့နိုင်တဲ့နည်း နဲ့ရှာ
ဪ နိဗ္ဗာန်သည် လေးတောင် အဆုံးမှာရှိတယ် (မှန်ပါ့)၊ သုံးဆယ့်တစ်ဘုံထဲ ရှာရင် (မတွေ့ပါ ဘုရား)၊ ဒါဖြင့် ဒကာကြွယ် ကျောင်းကြီးဆောက် ဘုရားတည်ပြီး လှူတော့ လှူပါရဲ့ နိဗ္ဗာန်ကိုတော့ တွေ့နိုင်တဲ့နည်းနဲ့ မရှာဘဲ အရှာလွဲနေရင် တော်တော်နဲ့ တွေ့နိုင်စရာ မြင်သေးရဲ့လား (မမြင်ပါ ဘုရား)၊ ကျောင်းဆောက်၊ ဘုရားတည်တာ အပြစ်ဆိုတာ မဟုတ်ပါဘူး၊ အင်မတန် ကောင်းတဲ့ ကုသိုလ်ကြီးပါ၊ နိဗ္ဗာန်ကို အရှာလွဲမှာအပြစ်ဆိုပါတယ်၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။
ဒါဖြင့် နိဗ္ဗာန်ဘယ်မှာရှာကြမယ် (ခန္ဓာကိုယ်မှာ ရှာရပါမယ် ဘုရား)၊ ခန္ဓာကိုယ်လေးတောင် အဆုံးမှာရှိတယ် (မှန်ပါ့)၊ ခန္ဓာကိုယ် လေးတောင် အဆုံးမှာ နိဗ္ဗာန်ရှိတယ် ဆိုတော့ ဪ ငါဒီဘဝ စုတေမနေ သေလွန်ရသည် ရှိသော် ချမ်းသာရာ အစစ်ကို ရှာပါတော့မယ်ဆိုတော့ လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာပြည်ကြီး လည်ပြီး ရှာပြန်တော့လည်း အသေထဲပဲ ပြန်ရတယ် (မှန်ပါ့ ဘုရား)။
ဪ မသိရှာတဲ့ပုဂ္ဂိုလ်များက လူချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာချမ်းသာဆိုပြီး အသေ ထည်ကြီးကို ချမ်းသာ လုပ်ပြီး ဆိုင်းဘုတ်ဆွဲပြီးသကာလ နေကြတဲ့ဥစ္စာ ဒကာကြွယ် သစ္စဉာဏ် မရလို့ပဲ (မှန်ပါ့)။
အသေထည်ရှိလျက်နဲ့ အသေရှာတယ်
ဘာမရလို့ပါလိမ့် (သစ္စဉာဏ် မရလို့ပါ ဘုရား)၊ ဘယ်ခန္ဓာရရ၊ ဘာသစ္စာပါလိမ့် (ဒုက္ခသစ္စာပါ ဘုရား)၊
ဪ သစ္စဉာဏ်မရတဲ့ ဒကာ ဒကာမတွေ အတွက်မှာဖြင့် အသေထည်ရှိလျက်နဲ့ အသေထပ် ရှာတယ် (မှန်ပါ့)၊ အခု ခန္ဓာကြီးကလည်း သေရဦးမှာ ကိုယ်လှူဒါန်းပေးကမ်းပြီး ဆုတောင်းလို့ ရောက်ရမည့် လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာပြည်က လည်း ဘာထည်ရမှာပါလိမ့် (အသေထည်ရမှာပါ ဘုရား)။
ဪ မိုက်လိုက်တဲ့ဖြစ်ခြင်း၊ အသေထည်ရှိလျက်နဲ့ အသေရှာတာသည် ဒကာကြွယ် ဒီထက်မိုက်တာ ရှိသေးသလား (မရှိပါ ဘုရား)၊ ဦးလှဘူးရေ ဒါကြောင့် ရှာပြန်တော့လည်း မျက်စိလည် နေတယ် ဆိုတာကော သဘောကျပလား (ကျပါ ပြီ ဘုရား)။
ဒါဖြင့် သုံးဆယ့်တစ်ဘုံထဲ နိဗ္ဗာန်ရှိပါရဲ့လား (မရှိပါ ဘုရား)၊ ရှိရာကိုရှာမယ်ဆိုပြီး လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာပြည် လည်ပြန်တော့လည်း ဘာတွေပြန်ရပါလိမ့် (ဒုက္ခသစ္စာရပါ တယ်)၊ ဒုက္ခသစ္စာ အသေထည်တွေ ချည့်ပြန်မရဘူးလား (ရပါတယ် ဘုရား)။
ဪ ရှာပြန်တော့လည်း မျက်စိလည်ပွဲကြီးနဲ့ နွှဲနေ ရပြန်တော့ ဒီဘုံငိုပွဲပြီးတော့ ဟိုဘုံငိုပွဲ ဆက်ပြီးတော့ နွှဲရပြန် တယ်ဆိုရင် လွဲပါ့မလား (မလွဲပါ ဘုရား)။
နိဗ္ဗာန်အရှာမလွဲတဲ့တရား
အဲဒါကြောင့် ကိုယ်ကျိုးယုတ်တဲ့ အလုပ်တွေဖြုတ်ပြီး သကာလ နိဗ္ဗာန် အရှာ မလွဲအောင် ယနေ့ ဒီတရားကို စ- ပါတော့ မယ် (မှန်ပါ့)၊ နိဗ္ဗာန်အရှာ မလွဲတဲ့ တရားကို စ-ပါတော့ မယ် (မှန်ပါ့)၊ နိဗ္ဗာန်အရှာ မလွဲတဲ့ တရားကို ဒကာ ဒကာမတို့ သေသေချာချာ ရှာကြပေတော့ (မှန်ပါ့ ဘုရား)။
ကိုင်း-ဒါဖြင့် နိဗ္ဗာန်ရှာကြပါစို့ဆိုတော့ တစ်လံမျှလောက် သော ခန္ဓာကိုယ် အဆုံးမှာရှိတယ် (မှန်ပါ့)၊ တစ်လံမျှ လောက်သော ခန္ဓာကိုယ် အဆုံးမှာ ရှိပါလျက်သာနဲ့ နီးလျက်နဲ့ ဝေးပြီး သကာလ နေရတာ မျက်စိလည်မှုကြောင့်ပဲ (မှန်ပါ့)၊ ဒီက မျက်စိထပ်ပြီး လည်ကြဦးမယ် ဆိုရင်ဖြင့် ချောက်နဲ့ ကျင်း ကျဖို့ ပဲရှိတော့တယ်လို့ မှတ်လိုက်ပါတော့ (မှန်ပါ့ ဘုရား)၊ မဆိုးဝါး ဘူးလား (ဆိုးပါးပါတယ် ဘုရား)။
ဆရာကောင်း၊ လမ်းညွှန်ကောင်းတွေ့တုန်း
အေး- ဒါ့ကြောင့် တကယ်တမ်း ဆရာကောင်း သမားကောင်း လမ်းညွှန်ကောင်းတွေ ရှိပါ လျက်သားနဲ့ မလိုက်ဘဲ နဲ့ လွဲနေတဲ့ ပုဂ္ဂိုလ်တွေများ၊ မျက်စိလည် စခန်းမသတ်ချင်လို့ အိုတတ်၊ နာတတ်၊ သေတတ်တာကြီးကိုပဲ ဒလစပ်ရချင်လို့ ရှိရင်ဖြင့်၊ ဒကာသစ်၊ ဒကာကြွယ်၊ ဦးလှဘူးတို့ လွဲပါ့မလား၊ (မလွဲပါ ဘုရား)၊ ပြင်ကြပါတော့ဗျာ (မှန်ပါ့ပြင်ပါ့မယ် ဘုရား)။
နောက်က ဒကာ ဒကာမတွေ ပြင်ကြမှာလား (ပြင် ကြပါ့မယ်)၊ ပြင်ကြ၊ ပြင်ကြ၊ ဘုန်းကြီးက အပြင်ခိုင်းလို့ ပြင်ရတယ် လို့ ဒီလိုမယူလိုက်ပါနဲ့၊ ကိုယ့်မျက်စိလည် နေတာ မသိလို့ ပြင်မဟဲ့ ဒါကို အမှန်အကန် ယူရမယ်နော် (မှန်ပါ့)၊ ကိုယ့်မျက်စိလည် နေတာ မသိလို့ ပြင်မဟဲ့ဆိုတဲ့ အသွားကိုသာ အရေးထားပြီး သကာလ အသားယူကြပါလို့ဆိုတာ တိုက်တွန်းရပြန်တယ် (မှန်ပါ့ ဘုရား)။
ကိုင်း – ဒါဖြင့် ပြောကြပါစို့ ရှေးကမုဆိုး၏ သား တစ်ယောက်ရှိတယ်၊ သူသည် မုဆိုးသားပင် ဖြစ်ငြား သော်လည်း တောထဲမှာ တရားဓမ္မတွေ သမထတွေ အားထုတ်လိုက်လို့ ဈာန် သမာပတ်တွေ ရတယ်၊ ဈာန်သမာပတ်တွေရပြီးတော့ သူသည် မသေရာ၊ မနာရာ၊ မအိုရာ ဖြင့် ရှာပါတော့မယ် ဆိုပြီး သကာလ လေးကျွန်း တစ်မြင့်မိုရ်ဖြစ်တဲ့ နေရာက နေပြီး သကာလ နေရာမှ တစ်လှမ်းတည်း လှမ်းပြီး သကာလ လေးကျွန်းတစ်မြင့်မိုရ်တွေကို ရှောက်ပြီး ရှာလိုက်တာ ကျင်ကြီးကျင်ငယ် စွန့်ရုံ စားရုံ သောက်ရုံ ကလေး ချန်လှပ်ပြီး ဒကာ ဒကာမတို့ စကြာဝဠာတစ်ခုမှာ တစ်လှမ်းတည်း လှမ်းပြီး ရှာတယ် (မှန်ပါ့ ဘုရား)။
အဲဒါ စကြာဝဠာမဆုံးဘူး၊ အိုရာ၊ နာရာ၊ သေရာတွေ ချည့် တွေ့တယ်၊ အိုတဲ့၊ နာတဲ့၊ သေတဲ့ အထဲမှာ ချောက်ကျပြီး သွားရတယ် (မှန်ပါ့)၊ ရှေးကရှာဖူးတာနော် (မှန်ပါ့ ဘုရား)။
အဲဒါနဲ့ ဘုန်းကြီးတို့ ဂေါတမမြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး လက်ထက်ကျတော့ သူက နတ်သားဖြစ် နေတော့ နတ်သား အဖြစ်နဲ့ပဲ လာပြီး လျှောက်တယ်၊ အရှင်ဘုရား မအို၊ မသေ အမြဲနေတဲ့နိဗ္ဗာန် (လောကအဆုံး)၊ ရောက်ချင် လို့ရှိရင် ခြေလျင်သွားပြီး ရှာလို့ရှိရင် ရောက်ပါ့မလား ဘုရားလို့ လျှောက်လိုက်တယ်နော် (မှန်ပါ့ ဘုရား)။
လောကအဆုံးဆိုတဲ့ မအို၊ မသေ၊ အမြဲနေတဲ့ နိဗ္ဗာန် ကြီးကိုရောက်ချင်တဲ့ ပုဂ္ဂိုလ်ဟာ ခြေလျင် လေယာဉ်နဲ့ သွားလို့ရှိရင် ရနိုင် ရောက်နိုင်ပါ့မလားဆိုတော့ ဘုရားသခင်ကိုယ်တော်မြတ် ကြီးက မရောက်နိုင်ဘူးလို့ ဟောလိုက်တယ် (မှန်ပါ့ ဘုရား)။
နိဗ္ဗာန်ကို ခြေလျင်၊ လေယာဉ်နဲ့ မရောက်နိုင်
ဒါဖြင့် ခြေလျင်၊ လေယာဉ်နဲ့သွားပြီးသကာလ မအို၊ မသေ အမြဲနေတဲ့ နိဗ္ဗာန်ကြီး ရှာမယ် ဆိုလို့ရှိရင် မရဘူးကွလို့ ဘုရားက ဖြေတော်မူလိုက်တယ် (မှန်ပါ့ ဘုရား)။
ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ နတ်ပြည်သွား တယ်ဆိုလို့ရှိရင် ကံမြှောက်သလို မြောက်ပြီး သွားရတာ ဖြစ်သောကြောင့် မရောက်ပါဘူး နိဗ္ဗာန်ကို (မှန်ပါ့ ဘုရား)။
ဗြဟ္မာပြည် တက်သွားလိုက်ပြန်လည်း (နိဗ္ဗာန် ရောက်တာမဟုတ်ပါ ဘုရား)၊ ဘာရောက်မလဲ ဒကာဦးလှဘူးရာ၊ အိုတတ်၊ နာတတ်၊ သေတတ်တဲ့ အထည်ကြီးပဲ ပြန်ရတာပဲ (မှန်ပါ့)၊ ဒုက္ခခပ်သိမ်း ငြိမ်းတဲ့ သဘောကြီးကို ရနိုင်ပါ့မလား (မရနိုင်ပါ ဘုရား)။
ရောဟိတဿနတ်သား
ဒါကြောင့် ဘုရားသခင်ကိုယ်တော်ကြီးက ဟောလိုက် တယ်၊ ရောဟိတဿနတ်သား လောက၏ အဆုံးကို ခြေလျင်၊ လေယာဉ် သွားလို့ မရနိုင်ဘူး၊ မရောက်နိုင်ဘူး ဆိုတော့ နတ်သားက ဟုတ်ပါတယ်ဘုရား၊ တပည့်တော် တန်ခိုးဣဒ္ဓိပါဒ်နဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်ဖြစ်ခဲ့ပါတယ်၊ လေးကျွန်း တစ်မြင့်မိုရ်ကို တစ်လှမ်း တစ်လှမ်းတည်း လှမ်းပြီး ရှာလိုက်တာ ဒီလို လေးကျွန်းတစ်မြင့် မိုရ်ပေါင်းကို မရေတွက်နိုင်ခဲ့ပါဘူး၊ အိုတတ်၊ နာတတ်၊ သေတတ် တာတွေထဲ တပည့်တော်ပါ အသက်တမ်းစေ့လို့ သေပွဲဝင်ခဲ့ရပါ တယ်ဘုရား၊ နိဗ္ဗာန်ရှာလို့ကို မတွေ့သေးပါဘုရား ခြေလျင်ခရီး အဘိညာဉ်ခရီးဖြင့် ရှာခဲ့တဲ့အတွက် (မှန်ပါ့ ဘုရား)။
အဲဒါကို ဘယ်လိုရှာမှရတယ်ဆိုတာ အမိန့်ရှိတော်မူပါ လို့လျှောက်တော့ တစ်လံမျှ လောက်သော ခန္ဓာကိုယ် အဆုံးမှာ ရှိတယ်၊ အဲဒါကြည့်ပါ (မှန်ပါ့)၊ ဘာကြည့်ရမလဲ (တစ်လံ မျှ လောက်သော ခန္ဓာကိုယ်ကို ကြည့်ရပါမယ် ဘုရား)။
ခန္ဓာကိုယ်မှာဖြစ်ပျက်မှုသာရှိတယ်
တစ်လံမျှလောက်သော ခန္ဓာကိုယ်ကို ကြည့်လိုက်တဲ့ အခါတော့ ဖြစ်မှုပျက်မှုတွေ ပေါ်လိမ့်မယ် (မှန်ပါ့)၊ တစ်လံ၊ မျှလောက်သော ခန္ဓာကိုယ် ကြည့်လိုက်တဲ့အခါ ဖြစ်မှုပျက်မှုမှ တစ်ပါး ဘာများ ရှိသေးသတုံး (မရှိပါ ဘုရား)။
စဉ်းစားကြည့်၊ စဉ်းစားကြည့် ဒကာ ဒကာမတွေ၊ ဉာဏ်မျက်လုံးနဲ့ ကြည့်လိုက်တဲ့ အခါကျတော့ ဖြစ်မှု ပျက်မှုတွေ ရှိပါတယ် (မှန်ပါ့)၊ အဲဒီ ဖြစ်မှုပျက်မှုတွေဟာ ဒုက္ခသစ္စာ လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။
ဒီဖြစ်ပျက်မှုတွေဟာ (ဒုက္ခသစ္စာပါ ဘုရား)၊ ဒုက္ခ သစ္စာပဲလို့ သေသေချာချာ မှတ်ပါ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
တစ်လံမျှလောက်သော ခန္ဓာကိုယ်ကို ကြည့်လိုက်တော့ ဘာတွေတွေ့ကြမယ် (ဖြစ်ပျက်မှု တွေ့ပါမယ် ဘုရား)၊ ဖြစ်မှုပျက်မှု တွေ့မယ်နော် ကျုပ်တို့ဖြင့် မမြင်သေးဘူးလို့ ဒီလိုမယူပါနဲ့ (မှန်ပါ့ ဘုရား)။
စိတ်ပေါ်လာတယ် ဖြစ်ပြီး ပျက်တယ်
ကိုယ့်အိမ်ရာ ရောက်တဲ့အခါမှာ ဖြစ်စေ၊ ကိုယ့်ခန္ဓာကို ကြည့်လိုက်။ ဟိုနေရာက ယားလာတာ လည်း ဖောက်ပြန်ပျက်စီး တာ၊ ဪ ဒါဖြစ်ပြီးပျက်စီးတာ၊ ဖြစ်ပြီး ပျက်တာပဲ (မှန်ပါ့)၊ စိတ်ကလေး ပေါ်လာလဲ (ဖြစ်ပြီး ပျက်တာပါ ဘုရား)၊ ဝေဒနာကလေးတွေ ပေါ်လာလဲ (ဖြစ်ပြီး ပျက်တာပါ ဘုရား)။
ဒါဖြင့် ခန္ဓာကိုယ်ထဲမှာ ဘာတွေ ရှိပါလိမ့် (ဖြစ်မှု ပျက်မှု ရှိပါတယ် ဘုရား)၊ အဲဒီဖြစ်မှု ပျက်မှုတွေတည်း ဟူသော သင်္ခါရလောက ဆုံးသွားလို့ရှိရင်ဖြင့် တစ်လံလုံး ဆုံးသွားတယ် (မှန်ပါ့)၊ အဲဒီတစ်လံလုံး အဆုံးမှာမှ နိဗ္ဗာန်ရှိတယ်ကွာ ဆိုတော့ နိဗ္ဗာန်က ဒီအနားတွင်ပါလား (မှန်ပါ့ ဘုရား)။
သို့သော် နိဗ္ဗာန်ဘယ့်နှယ်ကြောင့် မတွေ့ရပါလိမ့်မလဲ လို့ ဒကာကြွယ်တို့ မေးလို့ရှိရင် ဖြစ်မှုပျက်မှု မတွေ့လို့ရှိရင် ဖြစ်မှုပျက်မှု အဆုံးဖြစ်တဲ့ နိဗ္ဗာန် ဘယ်လိုတွေ့နိုင်မလဲ (မတွေ့နိုင်ပါ ဘုရား)။
ပေပြီးနာပါ၊ နားလည်လာလိမ့်မယ်
ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အရေးတကြီး ပြောပါတယ်၊ နားမလည်တဲ့ ဒကာ ဒကာမတွေ ရှိပေမယ်လို့ ရက်ပေါင်းများစွာ ဟောမှာဖြစ်လေသောကြောင့် ပေပြီးနာပါ (မှန်ပါ့)၊ ပေနာရင် နားလည်လိမ့်မယ်၊ နာပြီးသား ပုဂ္ဂိုလ်တွေကတော့ လုပ်ယူရလိမ့်မယ် ဆိုတာ သိထား (မှန်ပါ့ ဘုရား) နာပြီးသား ပုဂ္ဂိုလ်က (လုပ်ရပါမယ် ဘုရား)။
နာပြီးသား ပုဂ္ဂိုလ်က ပေပြီး ဆက်ပြီး နာရလိမ့် မယ်လို့ စိတ်ထဲမှတ်ထား (မှန်ပါ့)၊ အကယ်၍ မနာချင်တဲ့ စိတ် ပေါ်လာလို့ အိမ်မှာ ပျင်းတယ်၊ ရိတယ် ဘုန်းကြီးပြောတဲ့ တရား တို့ကလည်း နားမလည် လို့ရှိရင် ဒီလိုမနေနဲ့ (မှန်ပါ့)၊ ဒီလိုနေမည့် ကြံတော့ ဟ အိုရေး၊ နာရေး၊ သေရေး လွတ်တဲ့ အရေးကို ရှေ့ထားရမတဲ့၊ အဲဒီတော့ တို့ ရှေ့နောက် လွဲမှာစိုးလို့ သွားပြီးနာမယ် ဆိုပြီး ပေပြီးနာပါ (မှန်ပါ့)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။
သနားလွန်းလို့ပြောရပါတယ်
အင်မတန် သနားလွန်းလို့ ဆင်ခြေတွေ လဲတာတွေကို လည်း ကိုယ့်ဆင်ခြေကိုယ် နှိပ်စက်မှာ စိုးလို့ ဒကာသစ် – ဒကာကြွယ်တို့ ပြောရပါတယ် (မှန်ပါ့ ဘုရား)။
ခင်ဗျားတို့ ဆင်ခြေက အိမ်တွင် ပေါ်နေသည့် ဆင်ခြေ ဒီနေ့တော့ဖြင့် ခေါင်းကိုက်သလေး၊ လေနာသလေး၊ နေပူ သလေး၊ အလုပ်ရှုပ်သလေး ဆိုပြီးသကာလ ဒီလိုနေလိုက်မယ် ဆိုလို့ရှိရင်ဖြင့် အိုရေး၊ နာရေး၊ သေရေး၊ ရှေ့ထားပြီးသကာလ အအို၊ အနာ၊ အသေ၊ လွတ်တဲ့ အရေးကို နောက်ထား တာနဲ့ မတူဘူးလား (တူပါတယ် ဘုရား) အိုနာ၊ သေရေး၊ တွေ့ပြီးမှတော့ဖြင့် အအို၊ အနာ၊ လွတ်တာ ရှာပါ့မယ် ဆိုသဖြင့် ရှာချိန် ရှိသေးရဲ့ လား (မရှိပါ ဘုရား)။
သိတဲ့ပုဂ္ဂိုလ်က ပြောရင် ချက်ချင်းပြင်ပါ
အဲဒါတွေ စိုးရိမ်လွန်းလို့ ဒကာကြွယ်တို့၊ ဦးလှဘူးတို့ သာမည ပြောနေတယ်လို့ ဒီလို မယူလိုက်ပါနဲ့ အင်မတန် အရေး တကြီး ထားပြီး သကာလ ပြောဆိုနေတဲ့ စကား၊ တို့ အရေးဟာ တို့မသိလို့သာ တို့ဟာ ရှေ့နောက် လွဲနေတာ သိတဲ့ ပုဂ္ဂိုလ်တွေက ပြောလို့ရှိရင် ချက်ချင်း ပြင်မဟ ဆိုပြီး သကာလ ပြင်ဖြစ်အောင် ပြင်ပါ ဆိုတာ သတိပေးလိုက်ပါတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒီနေ့ ရက်ကန်းမရက်ရဘူး၊ ဒီနေ့ ပိုးမချရဘူးဆိုလို့ရှိရင် ဖြင့် ဒီနေ့ပဲ ထမင်းငတ်ရတော့မည့်ပုံ၊ နက်ဖြန် ဆန်မရှိလို့ ဒုက္ခ ရောက်ရတော့မည်ပုံ၊ ဒါတွေ ဘာမှ ပဓာန မထားပါနဲ့။ ဒါတွေဟာ ခန္ဓာဇာတ်သိမ်း ငြိမ်းတဲ့နိဗ္ဗာန် ရှေ့ထားလိုက်လို့ ရှိရင် ဒီအရေးဟာ ဝင်သေးရဲ့လား၊ စကားထဲမှာ (မဝင်ပါ ဘုရား)။
ဘာမှ ဆင်ခြေလဲမနေပါနဲ့
ဒါကြောင့် ဒကာ ဒကာမတွေ ဘာအရေးနဲ့မှ ဆင်ခြေ လဲမနေဘဲနဲ့ ဘုန်းကြီးပြောတဲ့ ရှေ့နောက် ခွဲတဲ့ အရေးကို ရှေ့ထားပြီးသကာလ ကြိုးစားပါ ဆိုတာကို ပြောလိုက်ပြန်ပါတယ် (မှန်ပါ့)၊ သဘော ပါကြပလား (ပါ-ပါပြီ ဘုရား)။
ကိုင်း – ဒါဖြင့် ရှေ့ကို ဆက်ကြစို့၊ နိဗ္ဗာန်ရှာရင် ခန္ဓာ အဆုံးမှာရှိ၏ (မှန်ပါ့)၊ ဒကာကြွယ် ဘာတဲ့ (နိဗ္ဗာန် ရှာရင် ခန္ဓာအဆုံးမှာ ရှိပါတယ် ဘုရား)။
ဒကာကြွယ်တို့ အရင် ရှာခဲ့တာက လွဲနေခဲ့ပြီ (မှန်ပါ့)၊ တစ်စတစ်စနဲ့ နိဗ္ဗာန်ဆိုတာ တစ်စ တစ်စနဲ့ ရှာသွားမှ ရနိုင်တာ ဆိုတော့ တစ်စတစ်စ ဦးလှဘူး ပျောက်တောင် သွားလိုက် သေးတယ် (သွားပါတယ် ဘုရား)၊ အမေမှား အဖေမှားနဲ့ တွေ့တော့ ဘယ်နှယ်နေသတုံး (ပျောက်ပါ တယ်) သားရေး၊ သမီးရေး၊ စီးပွားရေး လုပ်နေတော့ (ပျောက်သွားပါတယ် ဘုရား)။
တစ်စတစ်စဆိုတော့
ဪ ခင်ဗျားတို့ တစ်စတစ်စကလည်း ခင်ဗျားတို့ နှိပ်စက်ဖို့ ကြံလုံးပေါ်လာတာကိုး (မှန်ပါ့)၊ ခင်ဗျားတို့ နှိပ်စက်ဖို့ ကြံလုံးပေါ်လာတဲ့ တစ်စတစ်စဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။
ခင်ဗျားတို့ တစ်စတစ်စဆိုတာက ရှည်လာရင်လည်း ဘုန်းကြီးက အပြစ်မဆိုပါဘူး၊ တစ်စ တစ်စ ဆုံးစရာသာ ရှိတယ် ဒကာကြွယ်ရ၊ ရှည်စရာရှိရဲ့လား (မရှိပါ ဘုရား)။
ဥပမာ ပြောကြပါစို့ ဆိုရင် ဒီဘက်က ဒကာကြီးဟာ အိုပြီ ကံတွေ ဉာဏ်တွေ ဘယ့်နှယ် နေပါလိမ့်မတုံး မေးတော့ ဘယ့်နှယ် ဖြေကြံမလဲ (ကံမွဲပါတယ်)၊ ကံ-တုံး ဉာဏ်တုံး၊ ကံမွဲ-ဉာဏ်မွဲ ဖြစ်သွားတယ်၊ ရှည်လာသလား တိုလာသလား ပြောကြပါဦး (တိုလာပါတယ် ဘုရား)။
ဉာဏ်ရှည်မှ နိဗ္ဗာန်ရောက်မှာ၊ ဉာဏ်ကျယ်မှ နိဗ္ဗာန် ရောက်မှာ၊ ဉာဏ်ကြီးမှ နိဗ္ဗာန်ရောက်မှာ ဉာဏ်တုံးတဲ့ အချိန်ကျမှ ရှာလို့ ရှိရင်ကော (မရနိုင်ကြပါ ဘုရား)။
ဪ မရတဲ့အချိန်မှ ရှာချင်တဲ့စိတ် ပေါ်လိုက် တာများဟာဖြင့် အတော်လွဲတဲ့ အလွဲကြီးပဲ ဆိုလို့ရှိရင်ဖြင့် ပြောစရာရှိသေးရဲ့လား (မရှိပါ ဘုရား)။
အသက်ကြီးတဲ့ ပုဂ္ဂိုလ်တွေမလျှော့ပါနဲ့
ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အသက်ကြီး တဲ့ ပုဂ္ဂိုလ်များကလည်း မလျှော့ပါနဲ့၊ ရှေ့နောက် ခွဲကြည့်၊ ရှေ့နောက် ခွဲကြည့်လိုက်လို့ရှိရင် ဒီအရေးကြီးသဟ (မှန်ပါ့) အသက်ငယ်တဲ့ ပုဂ္ဂိုလ်ကလည်း ရှေ့နောက်ခွဲရင် ဒီအရေးကြီး သဟ၊ ဒီလို အားတက်ကြပါ ဆိုတဲ့ ဥစ္စာကို လေးစားစွာနဲ့ပဲ မေတ္တာရှေ့ထားပြီး တောင်းပန်ပါတယ် (မှန်ပါ့ ဘုရား)။
ဒကာကြွယ် သာမည ကရုဏာနဲ့ ပြောတာမဟုတ်ဘူး။ ခင်ဗျားတို့ အလွဲကဖြင့် ဪ အရွယ် ရှိတုန်း ဥစ္စာရှိမှ၊ အရွယ်ရှိ တုန်းမှလဲ ကံတွေ၊ ဉာဏ်တွေက ထက်တာ ဆိုတော့ ထက်တဲ့ကံနဲ့ ထက်တဲ့ ဉာဏ်ကို တဏှာခိုင်းတာနဲ့ အသုံးပြုလိုက်တယ် (မှန်ပါ့)၊ ဉာဏ်ခိုင်းတဲ့ အခါကျတော့ ဒါတွေက သုံးပြီးသွားတော့ အားလုံး ဒကာ ဒကာမတွေ သုံးလို့ ဖြစ်သေးရဲ့လား (မဖြစ်ပါ ဘုရား)။
ကြည့်စမ်း ကြည့်စမ်း ကိုယ့်ကိုယ်ကို စဉ်းစားပါ ဒကာ သစ်တို့ရ၊ သူများကိုလည်း စဉ်းစားဖို့ လိုသေးသလား (မလိုပါ ဘုရား)။
အဲဒါကြောင့် ဒကာကြွယ်တို့ ဒကာသစ်တို့ နောက်ပိုင်း ကလေးမှ မချိတ်မိဘူးဆိုရင်ဖြင့် နောက်ချိတ်မိစရာ ရှိသေးရဲ့လား (မရှိပါ ဘုရား)၊ တယ်နစ်နာပါလား (နစ်နာပါတယ် ဘုရား)။
ပညာရင့်ကျက်ချိန်ကြိုးစားလိုက်ကြ
ဒါကြောင့် ရပ်စကား ရွာစကားတွေ ဖယ်ထားပြီး သကာလ ဘုရားသခင် ကိုယ်တော်မြတ် ကြီးက ပညာဒသက ဆိုတဲ့ ပညာရင့်ကျက်ချိန် ၄၀နဲ့ ၅၀ အတွင်းမှာ ကြိုးစားလိုက်ကြ ဆိုတာ ပညာထက်လို့ ခိုင်းတာ (မှန်ပါ့)။
ကဲ ဒါဖြင့် နိဗ္ဗာန်ရှာ ခန္ဓာအဆုံးမှာ တွေ့ပါမယ် (မှန်ပါ့)၊ ဪ ဒါဖြင့် ခန္ဓာအဆုံးဟာ ဘာပါလိမ့်မလဲ ဆိုတော့ ခန္ဓာကြီး ကြည့်လိုက်တော့ သဗ္ဗေ သင်္ခါရာ အနိစ္စာ၊
ဪ အနိစ္စ အဆုံးမှာ ရှိပါကလား (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
သဗ္ဗေသင်္ခါရာ ဒုက္ခာဆိုတော့ ခန္ဓာကြီးက ဒုက္ခခန္ဓာကြီး (မှန်ပါ့) ဒီဒုက္ခကြီးဆုံးတော့ ခန္ဓာကြီးဟာ အနတ္တခန္ဓာကြီး ဖြစ်လိုက် ပျက်လိုက်၊ ဖြစ်လိုက် ပျက်လိုက်နဲ့ အနတ္တတွေမရှိဘူးလား (ရှိနေတယ်)၊ အဲဒါ ဖြစ်ပျက် အနတ္တတွေ ဆုံးသွားတော့ ဘာတွေ့သတုံး (နိဗ္ဗာန် တွေ့ပါတယ် ဘုရား)၊
ဪ နိဗ္ဗာန် သည်ကားလို့ဆိုလို့ရှိရင် ဒကာကြွယ်တို့ ဒါဆုံးအောင် မလိုက်လို့ မတွေ့တာကိုး (မှန်ပါ့ ဘုရား)။
ခန္ဓာဆုံးအောင်လိုက်တဲ့ပုဂ္ဂိုလ်
ခန္ဓာဆုံးအောင်လိုက်တဲ့ ပုဂ္ဂိုလ်ကျတော့ ဘာတွေ့သတုံး (နိဗ္ဗာန် တွေ့ပါတယ် ဘုရား) ခန္ဓာ ရှာနေတဲ့ ပုဂ္ဂိုလ်ကျတော့ ဒုက္ခ တွေ့တယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဟိုဘ၀ ဒီဘဝဆိုတဲ့ ခန္ဓာတွေရှာနေတဲ့ ပုဂ္ဂိုလ်ကျတော့ ဒုက္ခတွေ့တယ် (မှန်ပါ့)၊ လူ့ခန္ဓာ၊ နတ်ခန္ဓာ၊ ဗြဟ္မာခန္ဓာကြီးတွေ ဆုတောင်းနေတဲ့ ပုဂ္ဂိုလ်ကျတော့ ဒုက္ခတွေ ကိုယ်ပိုင် ပစ္စည်း ဖြစ်ရပါလို၏ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒုက္ခတွေဘာတဲ့ (ကိုယ်ပိုင်ပစ္စည်းဖြစ်ရပါလို၏) အံမာလေး ဒကာကြွယ်တို့ တောင်းကောင်း မကောင်းကောင်း၊ (မတောင်းကောင်းပါ ဘုရား)။
သို့သော်လည်း ဒကာကြွယ်တို့က လူကြီး လူကောင်းလုပ် ခဲ့ပြီး သကာလ ရှေးအခါတုန်း ကပေါ့ဗျာ၊ ကဲကွာ အခ ုဘဝဆင်း ရဲတယ်၊ မင်းတော့ နောက်ဘဝချမ်းသာမှာပဲကွာ လှူကွာ တန်းကွာ ပေးကွာ နိဗ္ဗာန်ဆိုတဲ့လမ်းကို မပြနိုင်တော့ ကိုယ် ကလည်း တစ်ဖက်ကန်း နောက်က လုပ်တဲ့လူက စုံလုံးကန်း (မှန်ပါ့ ဘုရား)၊ ချောက်တစ်ခု တွေ့တဲ့အခါကျတော့ ကိုယ့်ဖက်က မမြင်လိုက်ရင် ကိုယ်ကချောက်ကျတော့ နောက်က လူကလည်း တွဲလျက်ကြီး ပါသွားတတ်တယ်။
အေး ဒါကြောင့် ဒီဒကာ ဒကာမတွေ အမေမိဘ ဆွေမျိုး ညာတကာ မတော်ဘူးသူ မည်သည် မရှိသလောက် ဖြစ်နေတော့ စကားကြမ်းတာ မဟုတ်ပါဘူး၊ ခင်ဗျားတို့ တတ်စေ ချင်လို့ ပြောနေတာ (မှန်ပါ့)၊ အနာ ပျောက်စေချင်လွန်းလို့ (မှန်ပါ့)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။
ဆေးခွက်မြင်ရင်ပြေးနေတာ
ဘယ်နှယ့်ကြောင့် ဒါလောက်ပုံရိုင်းရိုင်း ပြောပါလိမ့်မတုံး ဘယ်နှယ့်ပြောမတုံး (တတ်စေချင် လွန်းလို့ ပြောတာပါ ဘုရား)၊ ဒီခွေးနာကလည်း အနာရှိမှန်းကို မသိတော့ ဆေးခွက်မြင် ရင် သူ့ကို ရိုက်မယ် ထင်တာနဲ့ ပြေးနေတာ (မှန်ပါ့)။
ဘုန်းကြီးကတော့ ဟေ့ သူ့မှာတော့ ဘုန်းနဲ့ ကံနဲ့ စားစရာနဲ့ သောက်စရာနဲ့ ကျောင်းနဲ့ ကန်နဲ့ တိုက်နဲ့ တို့ကတော့ လွယ်တာ မဟုတ်ဘူး ဆိုတော့ လွယ်တာ မဟုတ်လေ သူပြေးလေ ပဲ (မှန်ပါ့)၊ ဒကာကြွယ် လွန်လှချည့်လား (လွန်ပါတယ် ဘုရား)၊ အနာရှိမှန်းသိတဲ့ ခွေးလို့ ဆိုမလား (မဆိုနိုင်ပါ ဘုရား)။
အံမာလေး ခွေးလည်းဖြစ်ပြန်၊ အနာရှိမှန်းလည်း မသိပြန်၊ ဆေးခွက် ကိုင်တော့လည်း ပြေးပြန် ဆိုတော့ ခွေး ဖြစ်တာက တစ်မိုက်၊ အနာရှိမှန်း မသိတာက တစ်မိုက် (မှန်ပါ့)၊ ဆေးမှန်း မသိတာက တစ်မိုက်၊ အံမာလေး သုံးမိုက်နဲ့ ပြေးနေတာပါလား (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
သုံးမိုက်နဲ့ပြေးနေသော
ဘယ်နှစ်မိုက်နဲ့ ပြေးနေတာတုံး (သုံးမိုက်နဲ့ ပြေးနေ တာပါ ဘုရား)၊ အံမာလေး ဒီဘက်က အသက်ကြီး ပုဂ္ဂိုလ် တွေလည်း စဉ်းစားကြည့်စမ်းပါဦး (မှန်ပါ့)။
၁။ တို့ဟာမသိတဲ့လူ ဖြစ်နေရတာက ဒကာကြွယ် တစ်မိုက်ပဲ (မှန်ပါ့)။
၂။ ကိလေသာနာတွေ ရှိနေတာကလဲ (တစ်မိုက်ပါ , ဘုရား)။
၃။ ဆေးခွက်နဲ့လာလို့ပြေးပြန်တာကလဲ (တစ်မိုက် ပါ ဘုရား)။
ဦးလှဘူး ဒါဘုန်းကြီး စကားတတ်လို့ ပြောတာလား၊ ကိုယ့်ဖြစ်စဉ်က အကိုက်လား (ကိုယ့်ဖြစ်စဉ်က အကိုက်ပါ ဘုရား)၊ အံမာလေး နစ်နာလိုက်တာ၊ နက်ဖြန် မလာရင် ဆေးခွက် ကိုင်တာ ကြောက်လို့ပဲ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ကဲ ဒကာကြွယ်ရေ ဒီဒကာဒကာမတွေ အရင်း အချာတွေမို့ ပြောရပါတယ်နော် (မှန်ပါ့)၊ အနာရှိတာ မသိတော့လဲ ဆေးမရှာဘူးပေါ့ဗျာ (မှန်ပါ့ ဘုရား)။
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဒုက္ခခပ်သိမ်း ကင်းငြိမ်းရာမှန် ပြည်နိဗ္ဗာန်ဆိုတဲ့ ဥစ္စာ ကိုယ်တလံ မျှလောက်သော ခန္ဓာကိုယ် အဆုံးမှာ ရှိပါတယ် (မှန်ပါ့)၊ နိဗ္ဗာန်ဘယ် မှာရှိပါလိမ့် (တလံ မျှလောက် သော ခန္ဓာကိုယ် အဆုံးမှာရှိပါ တယ် ဘုရား)။
မသေခင်ကတွေ့အောင်ရှာ
ဒါဖြင့် တလံမျှလောက်သော ခန္ဓာကိုယ် အဆုံးမှာ ရှိပါ – လျက်သားနဲ့ တပည့်တော်တို့မှာ သေဆုံးသာ သေဆုံးသွား တယ်ဘုရား၊ ဒုက္ခဆုံးတဲ့ နိဗ္ဗာန် ကိုတော့ မမြင်ရပါကလား ဆိုတာ ဒကာ ဒကာမတွေက ဖြစ်ပျက်ကို မတွေ့ခဲ့လို့ (မှန်ပါ့) နာလိုက်တဲ့ ဖြစ်ခြင်းမှ မပြောပါနဲ့တော့ (မှန်ပါ့) ဖြစ်ပျက် အနိစ္စကို မတွေ့လိုက်တာနဲ့ သေသာ သေလိုက် ရတယ် ဒကာ ဒကာမတို့ နိဗ္ဗာန်မတွေ့ဘူး (မတွေ့ပါ ဘုရား)၊ ကဲ ဒါဖြင့် မသေခင်က တွေ့အောင်ရှာ (မှန်ပါ့)။
နိဗ္ဗာန် ဘယ်အချိန်က ရှာရမှာတုံး (မသေခင်က တွေ့အောင်ရှာရပါမယ်) ဘုန်းကြီးက ရင်းရင်းနှီးနှီး တွေမို့ ပြောပါတယ်၊ ဘုန်းကြီးပြောတဲ့ အတိုင်းသာ အားထုတ်လို့ရှိရင် ခုနစ်ရက်နဲ့ ရနိုင်ပါတယ် (ရနိုင်ပါတယ် ဘုရား)၊ ဒကာကြွယ် အဟုတ်အားထုတ်ရင် ခုနစ်ရက်နဲ့ ရနိုင်ပါတယ် (မှန်ပါ့)။
ကိုင်း ဒါဖြင့် ပြောကြပါစို့ ဒကာဒကာမတို့နော် (မှန်ပါ့) နိဗ္ဗာန်ရှိတဲ့ နေရာကဖြင့် ဒီခန္ဓာအဆုံးမှာ ရှိပါတယ်၊ ဒီခန္ဓာ အဆုံးဆိုတော့ ဘယ်လောက်များ ဝေးသတုံး ဆိုလို့ရှိရင် လေးတောင် (တစ်လံ) ဒီနေရာ မရှိလို့ ရှိရင်ဖြင့် လေးတောင် ပျောက်တဲ့ နေရာမှာ နိဗ္ဗာန်ရှိတယ် (မှန်ပါ့ ဘုရား)။
ခန္ဓာကိုယ်က ဘယ်နှစ်တောင်ရှိပါလိမ့် (လေး တောင်ရှိပါတယ် ဘုရား)၊ ဒီလေးတောင်ကို ဒုက္ခသစ္စာတွေပဲ မင်းကို မလိုချင်တော့ဘူး ဆိုတော့ လေးတောင်စလုံး ပျောက် မသွားပေဘူးလား (ပျောက်သွားပါတယ်) ပျောက်တဲ့နေရာ မှာ ဒုက္ခတွေ ပျောက်သောကြောင့် သုခနိဗ္ဗာန် မပေါ်ပေဘူးလား (ပေါ်ပါတယ် ဘုရား)။
ဒုက္ခသိမှ သုခတွေ့မယ်
ဒါဖြင့် ဒကာ ဒကာမတို့ ဒုက္ခမသိတဲ့ ပုဂ္ဂိုလ်ဟာ သုခ တွေ့ဖို့ အတော် ခဲယဉ်းတယ် (ခဲယဉ်းပါတယ် ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ပြပါတော့မယ် ဒကာ ဒကာမတို့ ခုနင်က နတ်သား မေးတဲ့အခါမှာ မအိုမသေ အမြဲနေတဲ့ နိဗ္ဗာန် ကြီးခြေလျင် လေယာဉ်စသည်နဲ့ သွားလို့ ရောက်ပါ့မလားလို့ မေးတဲ့အခါကျတော့ ဘုရားက မရောက်နိုင်ဘူးလို့ ဖြေလိုက် တယ် (မှန်ပါ့ ဘုရား)။
ဟုတ်ပါတယ်ဘုရား၊ တပည့်တော် အဘိညာဉ် ခြေလျင် ဖြင့် သွားခဲ့တာ တပည့်တော် သေသာ သေခဲ့ပါတယ် ဘုရား၊ နိဗ္ဗာန်မရောက်ခဲ့ပါဘူးလို့ သူ့ကိုယ်တိုင် ထောက်ခံချက် မပေးဘူးလား (ပေးပါတယ် ဘုရား)။
ပုတီးလည်ပင်းစွပ်ပြီးရှာတယ်
ဘုရားက တစ်လံမျှလောက်သော ခန္ဓာကိုယ်ထဲမှာ ရှာကွ (မှန်ပါ့)၊ ဪ ဒကာ ဒကာမတို့ ပုတီးကို လည်ပင်းမှာစွပ်ပြီး ဘယ်မှာရှိပါလိမ့်မတုံး ဆိုရင်တော့ဖြင့် ရှာလေ မတွေ့လေဘဲ (မှန်ပါ့ ဘုရား)၊ ဒီနေရာမှာ ရှိပါတယ်၊ လည်ပင်းမှာ ရှိပါတယ် ဆိုတော့လည်း အနီးကလေးနဲ့ လှမ်းယူလိုက်ရင် တွေ့တာပါပဲ (မှန်ပါ့ ဘုရား)။
လည်ပင်းစွပ်ပြီး သကာလ ဘယ်နေရာမှာ ရှိပါလိမ့်မတုံး ဆိုရင် ရှာလေ ဝေးလေပဲ (မှန်ပါ့)၊ သဘောပါပလား (ပါပါပြီ ဘုရား) ဒီမှာလဲ ဒီခန္ဓာလေးတောင် အဆုံးမှာ ရှိတယ်ဆို တာ ယနေ့ ဆုံးဖြတ်ချက် ချလိုက်ပါတော့ (မှန်ပါ့ ဘုရား)။
ခန္ဓာကြီးသည်ဒုက္ခသစ္စာ
အဲဒါကြောင့် အင်္ဂုတ္တိုရ်ပါဠိတော်မှာ ဒကာ ဒကာမတို့ သေသေချာချာမှတ်ပါ၊ ဒီခန္ဓာကြီး သည်ကားလို့ ဆိုရင် ဒုက္ခသစ္စာ ကွ၊ ဒီခန္ဓာထဲမှာပဲ သမုဒယသစ္စာ ရှိတယ်ကွ၊ ဒီခန္ဓာကြီး အဖြစ်အပျက်ကို မြင်လို့ ရှိရင်လည်း မြင်တဲ့ ဉာဏ်က မဂ္ဂသစ္စာပဲ (မှန်ပါ့ ဘုရား)။
ဒီခန္ဓာကြီးကို မလိုချင်လို့ ဪ မင်းဟာ ဒုက္ခသစ္စာ အစစ်ပဲ၊ မင်းကိုမလိုချင်ဘူး ဆိုတော့ လေးတောင် လောက်ရှိတဲ့ ခန္ဓာကြီး မပျောက်ပေဘူးလား (ပျောက်ပါတယ်) ပျောက်တာက ဘာသစ္စာခေါ်ကြမလဲ (နိရောဓသစ္စာပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ရှုရင်းတွေ့ရတာကိုး (မှန်ပါ့) ဪ နိဗ္ဗာန်သည်ကား ဉာဏ်နဲ့ ရှာလိုက်တော့လဲ ဒီနားတွင်ပါလား (မှန်ပါ့)၊ ဒါဖြင့် နိဗ္ဗာန်သည် ဒကာဒကာမ တို့ အရှာကောင်း တော့လဲ အိမ်နားတွင်ပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
အရှာကောင်းတော့လဲ (ဒီနားတင်ပါ ဘုရား)၊ ဒီနားတွင်ပဲ ဆိုတာ သေချာပလား (သေချာပါပြီ)၊ ဒါဖြင့် ဘုန်းကြီးက ဒီဒကာ ဒကာမတွေ ဘယ်လို မအိုမသေ အမြဲနေတဲ့ နိဗ္ဗာန်ကြီး ပို့ရပါ့မလဲ ဆိုတော့ အရှာကောင်း ဉာဏ်ပေးဖို့ပဲ အရေးကြီးတယ် (မှန်ပါ့)၊ ဘာအရေးကြီးပါလိမ့် (အရှာကောင်း ဉာဏ်ပေးဖို့ အရေးကြီးပါတယ် ဘုရား)။
ဆရာကူမှပဲရမယ်
ဪ ဒါဖြင့် ဒီအရှာကောင်း ဉာဏ်ကတော့ဖြင့် ဒကာကြွယ်ရေ ပေးလို့မရဘူး (မှန်ပါ့) ဒါကတော့ ဆရာကူမှ ပဲရမယ်၊ ဆရာမကူရင် (မရပါ ဘုရား)၊ ဆရာ မကူဘဲနဲ့ ရတာသည် ထူးထူးလည်လည် မှတ်လိုက်စမ်းပါ၊ ဘုရားနဲ့ ပစ္စေကဗုဒ္ဓပဲ ရတယ် (မှန်ပါ့)၊ ဘုရားနဲ့ ပစ္စေကဗုဒ္ဓါ မှတစ်ပါး၊ ကျန်တဲ့ ပုဂ္ဂိုလ်တွေ မရနိုင်ပါဘူး (မှန်ပါ ဘုရား)။
ဆရာမပြရင်နိဗ္ဗာန်မရ
ကျန်တဲ့ ပုဂ္ဂိုလ်တွေ ဆရာကူမှပဲ ရတယ် ဆိုတာ သေသေ ချာချာ ဆုံးဖြတ်ချက် ချပါ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ)၊ ကျန်တဲ့ ပုဂ္ဂိုလ်တွေသည် ဆရာမပြလို့ရှိရင် ဘယ်နည်းနဲ့ မှ နိဗ္ဗာန်မရဘူး ဆိုတာ ဧကန်ဆုံးဖြတ်ချက်ချပါ (မှန်ပါ့ ဘုရား)။
ကိုင်း ဒါဖြင့် အခုဘယ်သူ့ အရေးကျန်ပါလိမ့်မလဲ ဆိုတာ မပေါ်လာသေးဘူးလား (ပေါ်လာပါပြီ)၊ ဆရာကူဖို့အရေး ကျန်နေတယ် (မှန်ပါ့ ဘုရား)။
အဲဒါကိုတော့ဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေက အင်မတန် ကြီးလှစွာသော ကရုဏာနဲ့ မေတ္တာ မကူမရှိဘူး ဆိုတာ ဆုံးဖြတ် ချက်ချ (မှန်ပါ့)၊ ဘယ်နည်းနဲ့မှ မကူမရှိဆိုတာ တို့ ဆရာက ဖြင့် တို့ကယ်ယူမှာပဲဆိုတာ သေသေချာချာ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား)။
ဘာလို့ဆုံးဖြတ်ချက်ချခိုင်းလဲ (ဆေးခွက်ကိုင်တိုင်း ပြေးနေလို့ပါ ဘုရား)၊ ဒီတစ်ခါပြေးလို့ ရှိရင်ဖြင့် ဟိုဘက်ချောက်ထဲ ကျဖို့ရှိတော့တယ်၊ အနာမပျက်ဘူး၊ လူပါသေဖို့ပဲ (မှန်ပါ့ ဘုရား)။
ကဲ ဘယ့်နှယ်တုံး ဆေးခွက်ကိုင်ရင် ပြေးကြဦးမှာ လား (မပြေးပါ ဘုရား)၊ ပြေးတယ် မပြေးတယ် ရက်ပေါင်း များစွာ နားထောင်ပြီး ခင်ဗျားတို့ ကိုယ့်အနာ ပျောက်ဆေးကို မရအရယူပါ (မှန်ပါ့)၊ အနာကြီး ပေါက်လာတော့ ကမ္ဘာကစပြီး သကာလ ငန်းမန်းတွေ ကျလာတာ အခုထက်ထိ သနံရေတစိုစို ရှိသေးတယ် (မှန်ပါ့ ဘုရား)။
ဒါကြီးကို နေ့ချင်း ပျောက်တော့ မကုနိုင်ဘူး ဒကာကြွယ်ရ (မှန်ပါ့) မကုနိုင်ဘူး ဆိုတာ သေချာပလား (သေချာ ပါပြီ)၊ ဟာ ပေါက်ခါစ ဝက်ခြံကလေးပဲ ဆိုရင်တော့ အလွယ် သားပေါ့၊ တစ်သံသရာလုံး ကိလေသာ အနာကြီး ထွက်ပေါက် လာတာကြီးကို ငန်းတွေ ထုတ်ရလိမ့်မယ်၊ မန်းတွေ ထုတ်ရလိမ့် မယ် (မှန်ပါ့ ဘုရား)။
ပြီးတော့မှ ချပ်စေတတ်တဲ့ ဖယောင်းချက်တွေ တင်ရလိမ့်မယ်ဆိုတော့ နည်းနည်း ကြာလိမ့်မယ် ပေါ့ဗျာ (မှန်ပါ့)၊ ဒီအထဲမှာ ကြောက်ကြောက်နဲ့ပဲ ခင်ဗျားတို့ ဆေးကုခံကြလို့ ရှိရင်ဖြင့် လုံးလုံး ပျောက်ပါလိမ့်မယ် ဆိုတာ တာဝန်ယူပါတယ် (မှန်ပါ့)၊
ဟာ ကြာလိုက်တာ အနာပေါက်မှန်းလဲ မသိ၊ ဆေးကုတာ ကြာတယ်လို့လဲ ထင်ပြန်လို့ရှိရင် ဒီဝေဒနာသည် နောက် အလှော်တွေ့ ရှိလို့ရှိရင်ဖြင့် ဝေဒနာ မပျောက်တဲ့အပြင် အသက်ပါ ပျောက် ပါလိမ့်မယ် (မှန်ပါ့ ဘုရား)။
အနာပျောက်ဆေးပေးကြပါစို့
ကိုင်း ဒါဖြင့် အနာပျောက်ဆေးပေးကြပါစို့ (မှန်ပါ့)၊ အခုပြထားတာ ဒကာ ဒကာမတွေ တခြားမဟုတ်ပါဘူး တရားနာနေတဲ့ ယောက်ျားလို့ ဆိုင်းဘုတ်ဆွဲထားတဲ့ ခန္ဓာ ငါးပါးပါ၊ မိန်းမလို့ ဆိုင်းဘုတ်ဆွဲထားတဲ့ ခန္ဓာငါးပါး (မှန်ပါ့) ခလေးလို့ ဆိုင်းဘုတ်ဆွဲထားတဲ့ ပုဂ္ဂိုလ်၏ (ခန္ဓာငါးပါးပါ ဘုရား)။
ဂရုစိုက်နာကြပါ၊ ဒကာ ဒကာမတို့ ဒီခန္ဓာငါးပါးဟာ အခုပုံစံပြထားတဲ့အတိုင်း ကြည့်မယ်ဆိုရင် ၁ဝ လက်မလောက် ရှိမယ်၊ ဒီ ၁ဝ လက်မလောက်ဟာ အနိစ္စချည်းပဲ မှတ်ပါ (မှန်ပါ့ ဘုရား)။
ဒီအနိစ္စတွေကို ဥပမာ ဒါက ရူပက္ခန္ဓာ၊ ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာ ဆိုတာ ဒကာ ကြွယ်ရေ အခု တရားနာနေကြတာ ဒီငါးပါးနဲ့ နာနေကြတာ (မှန်ပါ ဘုရား)။
တရားနာနေကြတာ၊ ဘယ်သူတွေပါလိမ့်
တရားနာနေကြတာ ဘယ်သူတွေပါလိမ့် (ခန္ဓာ ငါးပါးတွေပါ ဘုရား) ခန္ဓာငါးပါးတွေပဲဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။
ခန္ဓာငါးပါးတွေသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် အခေါ်က တော့ ခန္ဓာငါးပါး၊ အရှိကတော့ အနိစ္စ (မှန်ပါ့)၊ အခေါ်က (ခန္ဓာငါးပါးပါ ဘုရား)၊ အရှိကတော့ (အနိစ္စပါ ဘုရား) အရှိက အနိစ္စဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ အထဲမှာ ရူပက္ခန္ဓာ၊ ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာလို့ ခန္ဓာငါးပါး မရှိဘူးလား (ရှိပါတယ် ဘုရား)၊ ငါးပါးကို ဒကာ ဒကာမတွေက တပည့်တော်တို့ ငါးပါးစလုံး ရှုရမယ်လို့ ဆိုလို့ရှိရင်ဖြင့် (သက်ကြီးအိုမတွေ ဘုရား)၊ ကံကမွဲ၊ ဉာဏ်က မွဲတဲ့အချိန်ကျမှ တရားရှာတဲ့ ပုဂ္ဂိုလ်တွေ အရှင်ဘုရားက ငါးခုတောင် ပေးထားလို့ရှိရင် ကိုယ်ကျိုး နည်းရချည်ရဲ့၊ ငါးခုတောင် မရှုနိုင်ဘူး ဆိုလို့ရှိရင် နှစ်ခုတည်းရှု (မှန်ပါ့)၊ ဒီက နာမ်တရား ဒီဘက်က ဘာပါလိမ့် (ရုပ်တရားပါ ဘုရား)၊ ရုပ်နာမ် နှစ်ပါးပဲ ရှိတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ငါးခုမရှုနိုင်ရင် နှစ်ခုတည်းပါ
တပည့်တော်တို့ ကံမွဲဉာဏ်မွဲမို့ ငါးခု မရှုနိုင်ဘူးဆိုတာနဲ့ အခု ဆရာဘုန်းကြီးက ချုံးပြီး ပြလိုက်တော့ နှစ်ခုကျန်ပါတော့ တယ် (မှန်ပါ့)၊ နှစ်ခုက ဘာပါလိမ့် (ရုပ်နဲ့နာမ်ပါ ဘုရား)။ ရုပ်နဲ့နာမ်ပဲ ရှိတော့တယ်၊ များသေးသလားဗျာ (မများပါ ဘုရား)။
အို မများပေမယ့် ခင်ဗျားတို့က ကံမွဲဉာဏ်မွဲနဲ့ ကျောင်းလာတာတွေ ဖြစ်နေတော့ ဒီထက်သာတဲ့ နည်းကို ပေးပါ ဦးမယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ ဘယ်လို ကျဉ်းလို့ ဘယ်လိုများ ချုံးဦးမှာလည်းဆိုတဲ့ မေးခွန်း ထွက်မလာ ဘူးလား (ထွက်လာပါတယ် ဘုရား)။
ရုပ်ကြည့်ပြန်တော့လည်း ပူလိုက်၊ အေးလိုက် ဆိုတာ ဖြစ်ပျက် သဘော ကျပလား (ကျပါပြီ)၊ ဒီဘက်ကနာမ်တွေ ဝေဒနာတွေ၊ စိတ်တွေ ကြည့်လိုက်ပြန်တော့လည်း ဒကာ ဒကာမတို့ ဝေဒနာ ကလေးဟာ ပေါ်လိုက် ပျက်လိုက် (မှန်ပါ့)၊ စိတ်ကလေးကြည့် လိုက်ပြန်တော့ကော (ပေါ်လိုက် ပျက်လိုက်)၊ အဲဒီတော့ ဝေဒနာ ပျက်လို့ရှိရင် ကျန်တဲ့ သညာ သင်္ခါရ ဝိညာဏ် ဆိုတာ အကုန် ပျက်တယ် (မှန်ပါ ဘုရား)။
ဖြစ်ပျက်တစ်လုံးတည်းရှုပါ
ဪ- ဒါဖြင့် ဒကာ ဒကာမတို့ ဒီဘက်ကြည့်လိုက် ဖြစ်ပျက်ရှိ မယ် ဒါဖြင့် ဒကာ ဒကာမတို့ ဟိုဘက်ကြည့်လိုက် ဖြစ်ပျက်ရှိမယ်၊ ရုပ်ကြည့်လိုက်ရင်ကော (ဖြစ်ပျက်ပါပဲ)၊ ဒါဖြင့် ဖြစ်ပျက် တစ်လုံးတည်းရှု ဆိုတော့ မမှားတော့ဘူး (မမှားပါ ဘုရား)၊ များသေးသလား (မများပါ ဘုရား)၊ ဒါမှ လျှော့ရင်လည်း မပေးရုံ ကျန်တော့တယ်၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒါမှ လျှော့ရင် မပေးရုံ ကျန်တော့တယ် ဆိုတော့ ဪ ဒါဟာ ဘုန်းကြီးက တို့ကိုသနားလို့ ချုံးနိုင်သရွေ့ ချုံးပြီး ဟော တယ်လို့ မယူလိုက်ပါနဲ့၊ တရားကို ချုံးနိုင်သမျှ ချုံးပြီး ဟော တယ်လို့ ဒီလို မယူလိုက်ပါနဲ့ ဘုရားတရားကို ကျယ်ဟော လေ ကြိုက်လေပဲ (မှန်ပါ့ ဘုရား)။
ဘယ်တရားမဆိုဖြစ်ပျက်ပဲရှိတယ်
သို့ရာတွင် ရှိတာက “သဗ္ဗေ သင်္ခါရာ အနိစ္စာ”ဆိုတော့ ‘‘ဟုတွာ အဘာဝဋ္ဌေန အနိစ္စံ’’ ဘယ်တရားမဆို ဖြစ်တာနဲ့ ပျက်တာပဲ ရှိတယ် (မှန်ပါ့)၊ ရုပ်ကြည့်လိုက်ပြန်လဲ (ဖြစ်တာနဲ့ ပျက်တာပါပဲ)၊ ကျန်တဲ့နာမ် ကြည့်လိုက်ပြန်လဲ (ဖြစ်တာနဲ့ ပျက်တာပါပဲ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတွေ ခန္ဓာကိုယ်ထဲ ဉာဏ်စိုက်ကြည့် ဘာတွေများ ရှိပါလိမ့်မလဲ ဆိုတာ စိုက်ကြည့်၊ စိုက်ကြည့် လိုက်တဲ့ အခါကျတော့ ဟိုနေရာက ယားပြီး ပျောက်သွားလိုက် ဪ ဖြစ်ပျက် ပါကလား (မှန်ပါ့ ဘုရား)။
ဝိပဿနာဉာဏ်နဲ့ကြည့်
ဒီနေရာက နာပြီး ပျောက်သွားလိုက် (ဖြစ်ပျက်ပါ ဘုရား)၊ ဟိုနေရာက စိတ်ကလေး ပြန်ပေါ်တော့ကော (ဖြစ် ပျက်ပါ ဘုရား)၊ ဪ သေသေချာချာ ကြည့်တော့ တစ် ကိုယ်လုံးမှာဖြင့် ရုပ်လည်း မရှိဘူး၊ နာမ်လည်း မရှိဘူး၊ သေသေ ချာချာ ဝိပဿနာ ဉာဏ်နဲ့ ကြည့်လိုက်တဲ့ အခါကျတော့ ဖြစ်မှု ပျက်မှုသာ ရှိပါကလား (မှန်ပါ့ ဘုရား)။
ဉာဏ်က တခြားထားလိုက်
ဒကာကြွယ် တကယ် အလုပ်လုပ်ကြည့်တော့ ဘာတွေ့ သတုံး (ဖြစ်မှုပျက်မှုသာ ရှိပါတယ် ဘုရား)၊ ဒါဖြင့် ဒီဖြစ် ပျက်မှုကို ဒကာ ဒကာမတွေက စဉ်းစားလိုက်တော့နော် (မှန်ပါ့)၊ ဒီဖြစ်မှုပျက်မှု သည်ကားလို့ဆိုရင်ဖြင့် ဉာဏ်က တခြား ထားလိုက် ဖြစ်မှုပျက်မှုက တခြားထားလိုက် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဉာဏ်တခြားနော် (မှန်ပါ့)၊ ဉာဏ်က ဆရာပေးထား တဲ့ဉာဏ်ကိုးဗျ (မှန်ပါ့)၊ ဖြစ်မှုပျက်မှုက ခင်ဗျားတို့ ခန္ဓာကိုး (မှန်ပါ့ ဘုရား)။
ဉာဏ်က ဘယ်သူပေးထားသတုံး (ဆရာကပေး ထားပါတယ်)၊ ဆရာက ဖြစ်မှုပျက်မှုကို မြင်အောင် ကြည့်တဲ့ဉာဏ် ပေးထားတယ် (မှန်ပါ့)၊ ဒကာကြွယ် သဘောကျပလား (ကျပါပြီ ဘုရား)။
ဆရာပေးထားအက ဉာဏ်မဂ်
ခင်ဗျားတို့ ရှိတာက ဖြစ်ပျက် (မှန်ပါ့)၊ ဆရာပေးထား တာက ဖြစ်မှုပျက်မှုကို သိတဲ့ဉာဏ်ပဲ (မှန်ပါ)၊ အဲ ဆရာ ပေးထားတဲ့ ဉာဏ်မဂ်နဲ့ ခင်ဗျားတို့မှာရှိတဲ့ ဖြစ်ပျက်နဲ့ တွဲလိုက် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဆရာပေးထားတဲ့ ဉာဏ်မဂ်နဲ့ ခင်ဗျားတို့ရှိတဲ့ ဖြစ်ပျက် နဲ့ တွဲလိုက် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ ဒါ ဆရာမကူရင် မရဘူး ဆိုတာ ပေါ်လာတယ် (မှန်ပါ့)၊ မပေါ် လာသေးဘူးလား (ပေါ်လာ ပါတယ် ဘုရား)။
ကိုယ့်သန္တာန်ရှိတာက ဖြစ်ပျက်
ဆရာမကူရင် ဘယ်နည်းနဲ့မှ မရဘူးဆိုတာ ပေါ်လာ တယ် (ပေါ်လာပါတယ်)၊ ဒါဖြင့် ဆရာ ပေးထားတာက ဉာဏ်မဂ် ကိုယ့်သန္တာန်ရှိတာက ဖြစ်ပျက် (မှန်ပါ့ ဘုရား)။
ကိုယ့်သန္တာန်မရှိတာက (ဉာဏ်မဂ်ပါ)၊ ကိုယ့်သန္တာန် ရှိတာက (ဖြစ်ပျက်ပါ)၊ အဲ ဆရာ ပေးထားတဲ့ ဉာဏ်မဂ္ဂ သစ္စာနဲ့ ဒကာ ဒကာမတွေရှိတဲ့ဖြစ်ပျက် ဒုက္ခသစ္စာနဲ့ တွဲလိုက် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဉာဏ်မဂ်နဲ့ ဖြစ်ပျက်နဲ့ မခွဲနဲ့
ဆရာပေးထားတဲ့ ဉာဏ်မဂ်နဲ့ (ကိုယ့်သန္တာန် ရှိတဲ့ ဖြစ်ပျက်နဲ့ ကိုက်ရပါ့မယ် ဘုရား)၊ အေး မိမိသန္တာန် ရှိတဲ့ ဖြစ်ပျက်နဲ့ မခွဲနဲ့ (မှန်ပါ့)၊ မခွဲတဲ့ အခါကျတော့ ရုပ်ကလည်းဖြစ် ပျက်၊ နာမ်ကလည်း ဖြစ်ပျက်ပဲ ဆိုတော့ ဖြစ်ပျက်ချည့်ပဲတွေ့နေတော့ ရုပ်လည်း မတွေ့တော့ဘူး၊ နာမ်လည်း မတွေ့တော့ဘူး၊ ဖြစ်ပျက်ပဲ တွေ့တယ် (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဒီခန္ဓာငါးပါး စလုံးဟာ ဖြစ်ပျက်ချည့် တွေ့နေတယ် ဆိုသဖြင့် ကိုယ့်အသေနဲ့ ကိုယ့်ဉာဏ်နဲ့ သွားပြီး ဟပ်မိတာပဲ (မှန်ပါ့)၊ ကိုယ့်ဉာဏ်ကမဂ်၊ ကိုယ့်အသေက (ဖြစ်ပျက်ပါ ဘုရား)၊ ဒါဖြင့် ကိုယ့်အသေ ကိုယ်မြင်ပြီ (မှန်ပါ့ ဘုရား)။
ယထာဘူတဉာဏ်ရပြီ
ဪ တို့သည်ကား လူချမ်းသာလို့ နဂိုက သူများ က ပြောတယ်၊ နတ်ချမ်းသာလို့ ပြောသံ ကြားတယ်၊ ဗြဟ္မာချမ်း သာလို့ ပြောသံ ကြားတယ်၊ အခုတော့ ခဏခဏ ဖြစ်ပျက်ပဲ သေပွဲချည့် ကိုယ်ပိုင်ရ ထားပါကလား ဆိုတာ ပေါ်လာတယ် (ပေါ်လာ ပါတယ်)၊ ခဏခဏ ဖြစ်ပျက်ပဲ သေပွဲချည့်ပဲလို့ ကိုယ်ပိုင် ရ ထားတယ်လို့ ပေါ်လာတော့ ယထာဘူတဉာဏ် ရပြီ (မှန်ပါ့ ဘုရား)။
ကိုယ့်အသေပွဲကိုယ်မြင်ရင် ဘာဉာဏ်ရသလဲ (ယထာဘူတဉာဏ်ရပါတယ်)၊ ဒကာကြွယ် ဒီနေ့ အင်မတန် အရေးကြီးတာ ပြောနေတယ် (မှန်ပါ့)၊ ဆရာပေးတဲ့ မဂ်နဲ့ ကိုယ့်သန္တာန်ဖြစ်ပျက်နဲ့ တွဲရတော့ ဘာဉာဏ်ရပါလိမ့် (ယထာဘူတဉာဏ် ရပါတယ် ဘုရား)။
ဟုတ်တိုင်းမှန်စွာသိတဲ့ဉာဏ်
ယထာဘူတဆိုတာ အခုမှ ဟုတ်တိုင်းမှန်စွာ သိတဲ့ဉာဏ် ရတယ် (မှန်ပါ့)၊ နဂိုက လိမ်လည် ကောက်ကျစ်တဲ့ဉာဏ်၊ တဏှာခိုင်းပြီး သကာလ၊ တဏှာ ကောက်ကျစ်ပြီး သကာလ ထားရတဲ့ မိစ္ဆာဉာဏ်၊ ဒီဉာဏ်တွေနဲ့ အသက်မွေး လာကြတယ် (မှန်ပါ့)၊ ဟုတ်တိုင်း မှန်ကန်စွာ သိတဲ့ဉာဏ် တစ်ခါမှ မရခဲ့ ပါဘူး (မှန်ပါ့ ဘုရား)။
အဲ ကိုယ့်သန္တာန်ကို ကိုယ့်အသေဆိုတာ မွေးလိုက် သေလိုက်ဖြစ်နေတဲ့ ခန္ဓာငါးပါး၏ အဲဒါကို ဆရာ ပေးထားတဲ့ ဉာဏ်နဲ့ကြည့်လိုက် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ကိုယ့်သန္တာန်က ဖြစ်ပျက်နဲ့ ဆရာပေးထားတဲ့ မဂ်နဲ့ ကိုက် အောင်ကြည့်ပေး (မှန်ပါ့)၊ ကိုက်အောင်ကြည့်ပေးတဲ့ အခါကျတော့ ကိုက်အောင်ကြည့်နိုင်တဲ့ဉာဏ်ကို ဘာဉာဏ်ခေါ်ကြမယ် (ယထာဘူတဉာဏ် ခေါ်ပါတယ် ဘုရား)။
ဒုတိယဘဝနိဗ္ဗာန်ရနိုင်တယ်
နေရာကျလိုက်တာ၊ ယထာဘူတဉာဏ်ရလို့ရှိရင်ဖြင့် (ဝါ) ဟုတ်တိုင်းမှန်စွာ သိတဲ့ဉာဏ် ရလို့ရှိရင်ဖြင့်၊ ဒီဉာဏ်နဲ့ သေချင်လည်း သေလိုက်ပါ၊ ဒုတိယဘဝမှာ နိဗ္ဗာန်ရနိုင်တယ် (မှန်ပါ့)၊ သို့သော် ဒုတိယဘဝ နိဗ္ဗာန်ရနိုင်တယ် ဆိုတော့ နိဗ္ဗာန်မရခင် ပဋိသန္ဓေဒုက္ခနဲ့ တွေ့ရဦးမယ် (မှန်ပါ့ ဘုရား)။
အဲဒီတော့နစ်နာမှုတွေ ကျန်ပါသေးတယ်ဘုရား၊ တပည့်တော်တို့ ကယ်မည့်ကယ်ရင် အဆုံး ကျအောင် ကယ်တော်မူပါ ဆိုတော့ နောက်ပဋိသန္ဓေ မလာတာ အကောင်းဆုံးပါပဲ (မှန်ပါ့)၊ လာရင် ဘာသစ္စာ (ဒုက္ခသစ္စာပါ)၊ အဲဒီ ဒုက္ခမှ ကယ်တင်ပါဘုရားလို့ပဲ လျှောက်ဖို့ လိုတော့တယ် (မှန်ပါ့)။ သဘောပါပလား (ပါပါပြီ ဘုရား)။
ခန္ဓာကဖြစ်ပျက်ချည်းပြတယ်
ဒါဖြင့် ဒီဖြစ်ပျက်ကလေးကို ဒကာ ဒကာမတို့ ဖြစ်လိုက် ပျက်လိုက်၊ ဖြစ်လိုက်ပျက်လိုက် နေတာကို ဘုရားပေးထားတဲ့ ဉာဏ်မဂ်နဲ့ ကြည့်လိုက်တဲ့ အခါ ခန္ဓာက ဖြစ်ပျက်ချည့်ပြတယ် (မှန်ပါ့)၊ ဟိုနေရာက ယားလိုက်၊ ပျောက်သွားလိုက် ဒီနေရာ က နာလိုက်၊ ပျောက်သွားလိုက် ရှုတဲ့စိတ်ကလေး ပေါ်လာလိုက် ပျောက်သွားလိုက် ဆိုတော့ တစ်ကိုယ်လုံးရှောက်ကြည့်ရင် ယောက်ျားလည်း မတွေ့ဘူး၊ မိန်းမလည်း မတွေ့ဘူး ဖြစ်မှုပျက်မှု တွေချည့် တစ်ကိုယ်လုံး ရှုပ်နေတာပဲ (မှန်ပါ့ ဘုရား)။
အဲဒီတော့ ရုပ်လည်းမရှုနဲ့၊ နာမ်လည်း မရှုနဲ့တော့ ရုပ်နာမ်ကို နဂိုက သိပြီးသား ဖြစ်တဲ့အတွက် ဪ ရုပ်နာမ် ဆိုတာ ခေါ်သာခေါ်ရတာ ရှုတော့ ဖြစ်ပျက်တွေ ပါကလားလို့ မှတ်လိုက် (မှန်ပါ့ ဘုရား)။
ရုပ်နာမ်တွေ,တွေ့နေသေးသလား
ဒကာကြွယ် ရှုတော့ ဘာတွေ့သတုံး (ဖြစ်ပျက်တွေ့ ပါတယ် ဘုရား)၊ ရုပ်နာမ်တွေများ တွေ့နေသေးသလား (မတွေ့ပါ ဘုရား)၊ ဘာတွေတွေ့ပါလိမ့် (ဖြစ်ပျက်တွေ တွေ့ပါတယ်)၊ ဪ ဒါဖြင့် ဖြစ်ပျက်တွေ့တဲ့ ဉာဏ်ကို ဘာဉာဏ်ခေါ်ကြမယ် (ယထာဘူတဉာဏ်ပါ)၊
ဒီဉာဏ်နဲ့ သေရင် ဒုတိယဘဝမှာ နိဗ္ဗာန် ရနိုင်တယ်လို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့)၊ သဘောပါပလား (ပါပါပြီ ဘုရား)။
ကိုင်း ဉာဏ်ကတစ်ဆင့် တက်ကြဦးစို့နော် (မှန်ပါ့)၊ ဒီဖြစ်ပျက်တာ သည်ကား သူများ အသေလား၊ မိမိအသေလား (မိမိအသေပါ ဘုရား)၊ ဪ တစ်သံသရာလုံး ကိုယ့်အသေကိုယ် မမြင်ဘူး (မှန်ပါ့)၊ သူများ မသာသာ ချဘူးတယ်၊ ကိုယ်သေတဲ့ အခါကျတော့ ငါ့မသာ ပါကလားလို့ ဘယ်သူများ ပြောမည့်သူ ရှိသေးသတုံး (မရှိပါ ဘုရား)။
ကိုယ့်အသေကိုယ်တွေ့ပြီ
အဲဒါကြောင့် အခုတော့ ဆရာပေးတဲ့ မျက်လုံးတပ် ကြည့်လိုက်တဲ့ အခါကျတော့ ခဏခဏ သေနေတဲ့ ကိုယ့်အသေ ကိုယ်တွေ့ပြီ (မှန်ပါ့)၊ မတွေ့ဘူးလား (တွေ့ပါတယ် ဘုရား)။
စိတ်ကလေး ပေါ်လာလိုက် ပျက်သွားလိုက်၊ ရုပ်ကလေး ပေါ်လာလိုက် (ပျက်သွားလိုက်ပါ ဘုရား)၊ ဒါဖြင့် ရုပ်နဲ့ နာမ် ရှိတာလည်း အဖြစ်နဲ့ အပျက်ပဲ မတွေ့ဘူးလားဗျာ (တွေ့ပါတယ် ဘုရား)၊ အမွေးနဲ့ အသေပဲ မတွေ့ဘူးလား (တွေ့ပါတယ် ဘုရား)။
အဲဒီတော့ ဒါဘယ်သူမွေးလို့ ဘယ်သူသေတာတုံး မေးလို့ရှိရင် ဘယ့်နှယ်ဖြေကြမယ် (မိမိမွေးပြီး မိမိသေတာပါ ဘုရား)၊ ကိုယ့်အသေ ကိုယ်သိရင် ယထာဘူတဉာဏ် (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဉာဏ်တစ်ဆင့်တက်လိုက်ပါ
ကိုင်း ဒါဖြင့် ဒကာကြွယ် ဒုတိယဘဝ ပဋိသန္ဓေ မနေချင်တော့ဘူး (မှန်ပါ့)၊ အမိဝမ်းခေါင်းထဲ ကိုးလခွဲ ဆယ် လ အမိ အစာဟောင်း အိမ်ပေါ် ထိုင်ပြီး အန်ဖတ်နဲ့တူတဲ့ အစာ သစ်တွေ ရွက်ပြီး သကာလ ကိုးလခွဲ ဆယ်လဆောင့်ကြောင့် ထိုင်ပြီး ဒူလာစွဲချင်သေးလို့လား၊ ပဋိသန္ဓေနေရတာ မေးဖို့ မလိုဘူး လား (လိုပါတယ် ဘုရား)၊ အဲဒါကြောင့် ဉာဏ်တစ်ဆင့် တက်လိုက်ပါဦးလို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မေတ္တာရှေ့ထားပြီး ပြောပါတယ် (မှန်ပါ့ ဘုရား)။
နိဗ္ဗိန္ဒဉာဏ်
ဘယ်လိုမှတ်ကြမယ် (ဉာဏ်တက် လာတာပါ ဘုရား)၊ အဲ မုန်းလျက်နဲ့ ပေပြီးရှု (မှန်ပါ့)၊ ဒီဖြစ်ပျက်ကို မုန်းလျက်နဲ့ ပေရှုလိုက်တဲ့ အခါကျတော့ မုန်းဉာဏ် မြင်သွားတော့ နိဗ္ဗိန္ဒဉာဏ်ဆိုပြီး ခုနင်က ယထာဘူတဉာဏ် ရင့်ပြီး နိဗ္ဗိန္ဒဉာဏ် ဖြစ်လာတယ် (မှန်ပါ့)၊
သရက်သီးအစိမ်းကလေးက ယထာဘူတဉာဏ် (မှန်ပါ့)၊ သရက်သီးဝမ်းပျဉ်းကလေး ဖြစ်တာက (နိဗ္ဗိန္ဒဉာဏ်ပါ ဘုရား)၊ ဉာဏ်ရင့် လာတာဆိုတာ ဒါပဲ (မှန်ပါ့)။
ဉာဏ်ရင့်လာတာနော်၊ အဲဒါ ရှုဖန်များလို့ ရင့်လာတာ (မှန်ပါ့)၊ ဒါဖြင့် ပါရမီဟာ တစ်စတစ်စ လုပ်ရမှာလား ဒကာ ဒကာမတို့ ရှုရင်း ရင့်လာတာလား (ရှုရင်း ရင့်လာတာပါ ဘုရား)၊ မရှုဘဲ သူ့ဟာသူ ဘယ့်နှယ်လုပ်ရင့်မလဲ (မရင့်ပါ ဘုရား)။
မိရိုးဖလာမူတွေ၊ အကုန်ဖျောက်ပါ
အဲဒါကြောင့် ဒကာ ဒကာမတွေ မိရိုးဖလာ အရပ်ပေးတဲ့ မူတွေ အကုန်ဖျောက်ပြီး သကာလ ဆရာက အမှန်ပေးတဲ့ မူကို အသစ်နားထဲ ရောက်ကြပါစေ (မှန်ပါ့ ဘုရား)။
ပါရမီဆိုတာ တစ်စတစ်စလို့ ပြောချင်ပြောနေဦးမှာ (မှန်ပါ့)၊ မလုပ်ဘဲနဲ့ ဘယ့်နှယ် ဉာဏ်တက် လာမတုံး (မတက်ပါ ဘုရား)၊ ကြည့်စမ်း မုန်းဉာဏ်ဟာ ဒကာဒကာမတို့ အသစ် လာတာလား၊ ယထာဘူတ ဉာဏ်က ရင့်လာတာလား (ယထာဘူတ ဉာဏ်ရင့် လာတာပါ)၊ ဒါလုပ်လို့ ရင့်လာတာ ဆိုတာ သေချာပလား (သေချာပါပြီ)၊ ပေါ်ပြီနော် (မှန်ပါ့)။
မုန်းလျက်နဲ့ပေရှုပါ
ကဲ ပေါ်လာတော့ ဒကာ ဒကာမတို့ ကိစ္စပြီးအောင် တက်ကြပေတော့ ဆိုတော့ မုန်းလျက်နဲ့ ပေရှုတာ ဒီအပေကြီး ဟာ ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ)၊ ဖြစ်ရတာလည်းဒုက္ခ၊ ပျက်တာကော (ဒုက္ခပါပဲ ဘုရား)၊ အဲဒီလို ဖြစ်ဒုက္ခ ပျက်ဒုက္ခ ကို ပိုင်ပိုင်နိုင်နိုင် သိသွားလိမ့်မယ် (မှန်ပါ့ ဘုရား)။
ခန္ဓာကိုယ်ကြီးပျောက်သွားတယ်
မုန်းလျက်နဲ့ ပေရှုရင် ဖြစ်ဒုက္ခ ပျက်ဒုက္ခလို့ (ပိုင်ပိုင် နိုင်နိုင်သိပါတယ် ဘုရား)၊ ပိုင်ပိုင်နိုင်နိုင် သိသွားတော့ ဒီဒုက္ခကြီးကို လိုချင်သေးရဲ့လား (မလိုချင်ပါ ဘုရား)၊ မလိုချင်တော့ မဂ်ဉာဏ် ဖြစ်ပါတယ် (မှန်ပါ့)၊ မဂ်ဉာဏ်ဖြစ်တော့ ဒီတစ်လံ မျှလောက်ရှိတဲ့ ခန္ဓာကိုယ်ကြီး ပျောက်သွားတယ် (မှန်ပါ့)။
ပျောက်သွားတော့ ဒုက္ခသစ္စာ ပျောက်သွားတယ် (မှန်ပါ့)၊ ဘာပျောက်သွားပါလိမ့် (ဒုက္ခသစ္စာ ပျောက်သွား ပါတယ်)၊ ဒါဖြင့် “ဒုက္ခနိရောဓော နိဗ္ဗာနံ’’ (မှန်ပါ့ ဘုရား)။
သူပျောက်တဲ့နေရာနိဗ္ဗာန်အစားထိုး
ဒီပျောက်တဲ့နေရာမှာ ဘာပေါ်ပါလိမ့် (ဒုက္ခနိရောဓော နိဗ္ဗာနံ ပေါ်ပါတယ်)၊ ဒါဖြင့် နိဗ္ဗာန်သည် သူမပျောက်ဘူး သူရှိနေတယ် (မှန်ပါ့)၊ သူပျောက်တော့ သူ့နေရာမှာ အစားထိုးပေါ်တယ် ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။
ဒါဖြင့် နိဗ္ဗာန်ရှာလို့ရှိရင် တစ်လံမျှလောက်သော ခန္ဓာ ကိုယ်အဆုံးမှာ တွေ့ပြီလို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့)၊ ဉာဏ်စဉ် တက်တတ်ပလား (တက်တတ်ပါပြီ ဘုရား)။
1။ ဖြစ်ပျက်မြင်ရင် ဘာဉာဏ် (ယထာဘူတဉာဏ်)၊
2။ နောက်ရင့်လာလို့ ဖြစ်ပျက်မုန်းရင် (နိဗ္ဗိန္ဒဉာဏ်)၊
3။ နောက် ဖြစ်ပျက် မလိုချင်ရင် (မဂ်ဉာဏ်ပါ ဘုရား)၊
မဂ်ဉာဏ်ကျတော့ ရှေ့ခန္ဓာရှိသေးရဲ့ လား (မရှိပါ ဘုရား)၊ မရှိတာလဲ နိရောဓ သစ္စာ (မှန်ပါ့)၊ ချုပ်ပျောက်တာ ဒုက္ခသစ္စာ သေချာပလား (သေချာပါပြီ ဘုရား)။
အနုပါဒိသေသနိဗ္ဗာန်
ဒီတော့ နောက်ဘဝ ခန္ဓာလုပ်မည့် တဏှာလာသေးရဲ့ လား (မလာပါ ဘုရား)၊ အဲဒါ သမုဒယသစ္စာချုပ်တာ (မှန်ပါ့)၊ နောက်ခန္ဓာကြီး မပေါ်လာတာ အနုပါဒိသေသနိဗ္ဗာန် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။
သာဓု သာဓု သာဓု။