245

၁။ ထမင်းစားတတ်ကြပြီလား

၂။ အလှူ လှူတတ်ကြပြီလား

နာရီဝက် တရားနှစ်ပုဒ်ပါဝင်ပါသည်။

ထမင်းစားတတ်ကြပြီလား (စားနည်းသင်တရား)

မှတ်ချက်။ ။ဦးအောင်ဇံဝေတို့ မိုးကုတ်မြို့၌ လာရောက်ပြုလုပ်သော ဆွမ်းအလှူ တွင် မိုးကုတ် ဆရာတော် ဘုရားကြီး ကိုယ်တိုင် ဟောသော ဆွမ်းအနုမောဒနာ တရားဖြစ်ပါသည်။

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မိုးကုတ်မြို့၌

ဟောကြားဆုံးမတော်မူသောတရားတော်

ထမင်းစားတတ်ကြပြီလား

(၂၂-၄-၆၂)

ဦးအောင်ဇံဝေနှင့်တကွ ဦးဘသန်း မောင်ထွန်းအောင်တို့ က ဒါန လာပြီး သကာလ ပြုတာ၊ သူတို့ ဒါန မိုးကုတ်သူ၊ မိုးကုတ် သားတွေနှင့် တကွ ဓမ္မမိတ်ဆွေတွေ ကျွေးချင်လို့ သံဃာတော် များလည်း ကပ်ချင်လို့၊ မရောက်ဖူးတဲ့ အရပ်လည်းဖြစ်၊ ရောက်ပြန်တော့လည်း ဝမ်းမြောက် ဝမ်းသာ ဖြစ်ပြီး တရား အား ထုတ်၊ တရားအား ထုတ်ပြီး တစ်ခါ စေတနာက အထူးပေါ်လာ ပြန်တယ်။

အဲဒီကဲ့သို့ ပေါ်လာသောကြောင့် ဆွမ်းအနုမောဒနာ တရားလေး နည်းနည်း သနားပါဦး ဆိုလို့ ဒကာ ဒကာမတွေက ဒီတရားကို မြဲမြဲ မှတ်ရမယ်၊ များများမကြာပါဘူး။

ဆွမ်းဘယ်ကဖြစ်လာသတုံး

ဆွမ်းလှူတယ်ဆိုတဲ့ ဥစ္စာက ဆွမ်းဘယ်က ဖြစ်လာသတုံး လို့မေးရမယ်၊ ဆွမ်းဘယ်က ဖြစ်လာ သတုံးလို့ မေးတဲ့ အခါကျတော့ ထုတ်လိုက်တဲ့ငွေက ဖြစ်လာတယ်လို့ မောင်နိုင်တို့ ဖြေကြ မှာပဲ (မှန်ပါ ဘုရား)။

ဆွမ်း ဘယ်က ဖြစ်လာသတုံး (ထုတ်လိုက်တဲ့ ငွေက ဖြစ်လာပါတယ် ဘုရား)၊ ငွေက ဖြစ်လာတယ်၊ ဒီငွေ ဘယ်က ဖြစ်လာသတုံးလို့ တစ်ခါ ပင်ရင်း ကျကျ လိုက်ပါဦး။

ဒီငွေသည်ကား ဆိုရင်ဖြင့် စွန့်လိုတဲ့ စေတနာက ဖြစ်လာ တယ်၊ ဒီငွေ ဘယ်က ဖြစ်လာပါလိမ့် (စွန့်လိုတဲ့ စေတနာက ဖြစ်လာပါတယ် ဘုရား)၊ စွန့်လိုတဲ့ စေတနာက ဖြစ်လာတယ် ဆိုတာ ဦးအောင်ဇံဝေ မှတ်ထားရမယ် (တင်ပါ့ ဘုရား)။

ငွေဘယ်က ဖြစ်လာသတုံးလို့ မေးရင် (စွန့်လိုတဲ့ စေတနာက ဖြစ်လာပါတယ် ဘုရား)၊ စွန့်လိုတဲ့ စေတနာ မရှိရင် အိပ်ထဲကကို မထွက်ဘူး (မှန်ပါ ဘုရား)၊ အိပ်ထဲက မထွက် လို့ရှိရင် ဆွမ်းကို မဖြစ်တော့ဘူး (မှန်ပါ ဘုရား)။

ဒါကြောင့် ပင်ရင်း လိုက်လိုက် တဲ့အခါ ကျတော့ စေတနာ ပေါ်လာတယ်နော်၊ စွန့်လိုတဲ့ စေတနာ ကြောင့် ငွေဖြစ်တယ်။ ငွေ ကြောင့် တစ်ခါ ဆွမ်းကွမ်းတွေ ဖြစ်လာတယ်လို့ ဆိုသဖြင့်

သြော် ပင်ရင်းက ပရမတ်ပါလားဆိုတာ ဦးဘသန်းတို့၊ ဦးအောင် ဇံဝေတို့ မောင်ထွန်းအောင် တို့ မှတ်ရမယ်ကွ။ (မှန်လှပါ ဘုရား)။

ဒီစေတနာတွေ ဘယ်မှာကိန်းပါလိမ့်

ဒါဖြင့် ဒီစေတနာက ဘယ်မှာ ကိန်းအောင်း နေပါလိမ့် မလဲလို့ အမေး ထုတ်ကြလို့ ရှိရင် ဝမ်းထဲမှာပဲ ကိန်းအောင်းတယ်၊ ဒီစေတနာက သူချည်းပဲလား၊ သူနဲ့ အဖော်သဟဲတွေများ ပါသေး သလားလို့ မေးရလိမ့်မယ်၊ ဦးဂန္ဓမာကြီး မေးရလိမ့်မယ်နော် (မှန်ပါ)။

ဪ ဒီက ဒကာ ဒကာမတွေကတော့ သိပြီးသား ဖြစ်ပြီး သကာလ နေတော့ ဒီခန္ဓာ ဒုက္ခကြီးကို ကျွတ်ချင်တဲ့ ဉာဏ်ကြောင့် ဖြစ်လာတာ (မှန်ပါ ဘုရား)။

ဒီခန္ဓာ လိုချင်လို့ ဆွမ်းကပ်တာလား၊ ခန္ဓာကျွတ်ချင်၊ လွတ်ချင်လို့ ဒုက္ခသိမ်းချင်လို့ ဆွမ်းကပ် တာလား ဦးအောင်ဇံဝေ မေးရင် ဘယ်နဲ့ ပြောပါ့မတုံး (ဒုက္ခကျွတ်ချင်လို့ပါ ဘုရား)၊ ဒုက္ခ ကျွတ်ချင် လို့နော် (မှန်လှပါ ဘုရား)။

ဒုက္ခကျွတ်ချင်လို့ ဆိုတော့ ဒီစေတနာ ကလည်း မောင်နိုင် တို့က စဉ်းစား၊ ဦးဂန္ဓမာတို့က စဉ်းစား ဉာဏ်နဲ့ တွဲနေတာ (မှန်ပါ့)၊ ဒီဉာဏ်က ဘာဉာဏ် ဆိုတော့ ဒုက္ခမြင်တဲ့ဉာဏ်၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

အလိမ်အကောက်ချမ်းသာလို့မှတ်ထား

အဲ ဒုက္ခမြင်တဲ့ဉာဏ်နဲ့ တွဲနေတဲ့ စေတနာ ဖြစ်လေ သောကြောင့် လူချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာချမ်းသာ အလိမ် အကောက် ချမ်းသာကို အကျိုးမပေးဘူး (မှန်ပါ)။

လူချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာချမ်းသာ ဆိုတာ အလိမ် အကောက် ချမ်းသာလို့ နောက်က ဒကာ ဒကာမတွေက မှတ်ထား (တင်ပါ့ ဘုရား)၊ ကိုယ် ကိုယ်တိုင် လူဖြစ်ကြည့်တော့ ချမ်းသာတာ အင်မတန် နည်းသွားတယ် (နည်းပါတယ် ဘုရား)။

အပြောသာချမ်းသာရှိနေတာ

နတ်ချမ်းသာ ဆိုတာ နတ်ပြည်ကို ကိုယ်သွားကြည့်ပါ အိုဘေး၊ နာဘေး၊ သေဘေး၊ သောက ပရိဒေဝ ဘေးတွေက ရှိနေတော့ သူလည်း အပြောသာ ချမ်းသာ ရှိနေတာ အနေဆင်းရဲ ပါတယ် (မှန်ပါ ဘုရား)။

ဗြဟ္မာ ချမ်းသာလည်း ဦးဂန္ဓမာ ဒီအတိုင်းပါပဲလို့ မှတ်လိုက်တာပေါ့၊ အဲဒါကြောင့် ဒီချမ်းသာ လိမ်၊ ချမ်းသာကောက် တွေကို မလိုချင် ချမ်းသာစစ် ဖြစ်တဲ့ ဒုက္ခဝဋ်မှ ကျွတ်တဲ့ နိဗ္ဗာန်ကိုသာ လိုချင်တဲ့ ဉာဏ်ကြောင့် ဒီဝတ္ထု ပစ္စည်းတွေ ထုတ်ဖြစ်တယ်။

ဝတ္ထုပစ္စည်းတွေ ထုတ်ဖြစ်လို့ ဆွမ်းကွမ်း ဖြစ်တယ်၊ ဆွမ်းကွမ်းဖြစ်လို့ သံဃာတည်း ဟူသော မြေပေါ်၌ စေတနာ၊ ပညာမျိုးစေ့တွေ စိုက်ပျိုး ဖြစ်တယ်လို့ ဦးအောင်ဇံဝေက မှတ်ထား ရမယ် (မှန်ပါ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒီဉာဏ် အုပ်ချုပ်တဲ့ စေတနာက ဉာဏ်နဲ့ သဟဇာတ ဖြစ်တဲ့ စေတနာလို့ မှတ်ရမယ်။

ဒီဆွမ်းဘာကြောင့်ကျွေးတုံး

ဘယ်လိုဉာဏ်နဲ့ သဟဇာတ ဖြစ်ပါလိမ့်မတုံး မေးတဲ့အခါ ဒီဆွမ်း ဘာဖြစ်လို့ ကျွေးတုံး ခန္ဓာဝန် ဒုက္ခဝဋ်မှ ကျွတ်ချင်လို့ ကျွေး တယ် ဆိုတော့ ခန္ဓာဝန် ဒုက္ခဝဋ်ကို သိတာက ဉာဏ်မှ သိတာ ဦးအောင်ဇံဝေ ဒီပြင် တရားက သိပါ့မလား (မသိပါဘူး ဘုရား)။

ခန္ဓာဝန် ဒုက္ခဝဋ်ကို သိတာက ဉာဏ်ကမှ သိသည် ဖြစ်လေ သောကြောင့် ဒီဉာဏ်ကြောင့် ဒီစေတနာနဲ့ တွဲပြီး သကာလ ဒီငွေကို အိပ်ထဲက ထုတ်ဖြစ်တယ်၊ ထုတ်ပြီး သကာလ မှ ဆွမ်း ကွမ်းဖြစ်၊ ဆွမ်းကွမ်း ဖြစ်ပြီးမှ သံဃာ တည်း ဟူသော မြေပေါ်၊ ဓမ္မမိတ်ဆွေ တွေတည်း ဟူသော မြေပေါ်မှာ ရောက်သွား တယ်လို့ ဆိုသဖြင့် ဝိဝဋ္ဋဒါန အစစ်ဆိုတာ မှတ်ထားရမယ် (တင်ပါ့ ဘုရား)။

ဝဋ်ကျွတ်တဲ့ဒါန

ဝိဝဋ္ဋဒါန ဆိုတာ တခြားမဟုတ်ပါဘူး၊ ဝဋ်ကျွတ်တဲ့ ဒါနလို့ ဆိုလိုက်ပါတယ် (မှန်ပါ ဘုရား)၊ ဝိဝဋ္ဋဒါန ဆိုတာ ဘာပါလိမ့် (ဝဋ်ကျွတ်တဲ့ ဒါနပါ ဘုရား)။

ဝဋ်ကျွတ်တဲ့ ဒါန ဆိုတော့ ဝဋ်ကျွတ်တယ်၊ မကျွတ်တယ် ဘုန်းကြီး ရှင်းပြပါ့မယ်၊ ဦးအောင်ဇံဝေ တို့ ဦးဘသန်းတို့ မှတ်လိုက် တာပေါ့နော် (တင်ပါ ဘုရား)။

ခန္ဓာဝန် ဒုက္ခဝဋ်မှ ကျွတ်ချင်တဲ့ ဉာဏ် ဆိုတဲ့ ဥစ္စာသည်တဲ့ ဒီဉာဏ်လာနေတုံး ကိလေသာ လာနိုင်ရဲ့လား (မလာနိုင်ဘူး ဘုရား)၊ မလာနိုင်တော့ ကိလေသာဝဋ်လည်း ကျွတ်သွားတယ် (မှန်ပါ ဘုရား)။

ဒီဝိပဿနာမဂ်နဲ့ ခန္ဓာဝန် ဉာဏ်အခိုက်အတန့်မှာလည်း ဘုံဘဝ ရောက်စေ တတ်တဲ့ အကုသိုလ်ကံတွေ၊ ကုသိုလ်ကံတွေ ပါသေးရဲ့လား (မပါပါ ဘုရား)၊ မပါတော့ ကံမ္မဝဋ်လည်း ကျွတ်သွားတယ် (တင်ပါ)။

ဟေ့ ဦးဘသန်းကြီး အေးစက်စက် လုပ်မနေနဲ့ သေသေချာချာ မှတ်နော် (တင်ပါ)။ အဲဒါတွေ ကိလေသာ ဝဋ်၊ ကမ္မဝဋ်မှ မရှိဘဲနဲ့၊ ဝိပါကဝဋ် ဆိုတဲ့ ခန္ဓာ အထည်ကြီး ဦးအောင်ဇံဝေ နောက်ထပ် ပေါ်စရာ ရှိသေးရဲ့လား (မရှိပါဘူး ဘုရား)။

ဝဋ်ကျွတ်တဲ့အလှူ

မရှိတော့ ဒါ သြော် ဒီလို ဒုက္ခသစ္စာ မြင်တဲ့ ဒုက္ခ ကျွတ်ချင်တဲ့ ဉာဏ်နဲ့ ဦးစီးပြီး လှူတဲ့ အလှူသည် ဝဋ်ကျွတ်တဲ့ အလှူပါလား ဆိုတာ ကိလေသာဝဋ် လည်း မလာလို့ (မှန်ပါ ဘုရား)။

ဘုံဘဝ ပေးစေ တတ်တဲ့ ကမ္မဝဋ်ကော (မလာပါဘူး ဘုရား)၊ မလာဘူး ဆိုသဖြင့်တဲ့ ဝိပါကဝဋ် အကျိုးပေး ဆိုတာ လည်း မလာနိုင်ပါဘူး (မှန်ပါ ဘုရား)။

ဒါကြောင့် ဒီဒကာ ဒကာမတွေနောက် ဘာပဲလှူ လှူ ခန္ဓာဝဋ်မှ ကျွတ်ချင်လို့ လှူတဲ့ဉာဏ်နဲ့ ငွေထုတ်ကြပါ။ နို့မဟုတ်လို့ ရှိရင်ဖြင့် ခင်ဗျားတို့ ခန္ဓာသစ်ရှာတဲ့ သဘော ရောက်ပါလိမ့်မယ်၊ ဦးဂန္ဓမာရ (မှန်ပါ ဘုရား)။

ခန္ဓာသစ် ရှာလို့ရှိရင် ဦးဘရှင်း သွားပြီနော် (မှန်ပါ)။ ခန္ဓာသစ် ရှာရင် ဒုက္ခရှာတာပဲ (မှန်ပါ)၊ ခန္ဓာသစ် ရှာရင် (ဒုက္ခရှာတာပါ ဘုရား)။

ဒုက္ခရှာတာတော့ဖြင့်မလုပ်ပါနဲ့

အဲဒါကြောင့် ဆွမ်းကျွေးရင်း ဒုက္ခရှာတာ ကိုတော့ဖြင့် အတော် အရုပ် ဆိုးတယ်လို့ပဲ သတိပေး လိုက်ပါတယ် (မှန်ပါ)၊ ဆွမ်းကျွေးရင်း၊ လှူရင်း၊ လှူရင်း တန်းရင်း မဏ္ဍပ်ထိုးပြီး သကာလ ကျွေးရင်း မွေးရင်းနဲ့ ကထိန် ခင်းရင်းနဲ့ ဒုက္ခ ရှာတာတော့ ဖြင့် ဒီဒကာ ဒကာမတွေ မလုပ်ပါနဲ့ (မှန်ပါ ဘုရား)။

ဒုက္ခ နဂိုက ရှိပြီးသား ဦးအောင်ဇံဝေ ဒုက္ခရှာဖို့ လိုသေး လား (မလိုပါဘူး ဘုရား)၊ ရှိပြီးသား ရှာတဲ့ ပုဂ္ဂိုလ်ဟာ မိုက်ချက် သန်တယ်လို့ပဲ ဆိုရမယ်၊ ဒုက္ခရှိပြီးသား ဒုက္ခရှာရင် (မိုက်ချက် သန်ပါတယ် ဘုရား)။

မိုက်ချက် သန်တယ် ဆိုတော့ ဪ ဒါဘယ် အချိန် မိုက်နေတာတုံး မေးတော့မှ လှူရင်း၊ တန်းရင်း၊ ပေးရင်း၊ ကမ်းရင်း မိုက်နေတာ (မှန်ပါ ဘုရား)၊ မဆိုရဘူးလား (ဆိုရပါ တယ် ဘုရား)။

ဒီအလှူမှအလှူစစ်

အဲဒါကြောင့် ဒကာ ဒကာမတွေသည် အရေးကြီးတဲ့ စကားတစ်လုံး နှစ်လုံးကို အရေးကြီးသလို ပြောဆိုပြီး သကာလ နေသောကြောင့် ဦးအောင်ဇံဝေတို့က ဪ ဒီအလှူမှ အလှူစစ်ပါလား၊ ဉာဏ်ဦး တည့်နိုင်တဲ့ အလှူပါလား ဆိုပြီး ခင်ဗျား အားထုတ်တဲ့ ဉာဏ်က ခန္ဓာဖြစ်ပျက် မြင်တော့ ဖြစ်ပျက် ဟာ ဒုက္ခသစ္စာ၊ ဒီဒုက္ခသစ္စာတွေ နောက်ဘယ်တော့မှ မတွေ့ချင်လို့ လှူတယ် ဆိုတဲ့ဉာဏ်နဲ့ မိတ်ဆွေ သင်္ဂဟတွေ ကျွေးလို့၊ မွေးလို့ သံဃာတော်များကို ထိုက်တန်တဲ့ ဥစ္စာ လှူလို့၊ ဆရာသမားကို သင်္ကန်း ကပ်လို့ ဒီလို လုပ်တဲ့ ဥစ္စာသည် ဝိဝဋ္ဋဒါန အစစ်ဖြစ်ပါ တယ်။

ကဲ ဒါဖြင့် ဝိဝဋ္ဋဒါန အစစ်ဖြစ်တော့ကို ဒီမှာအားလည်း ထုတ်နေတယ်၊ အားထုတ်ရင်း မတ္တနဲ့ ခုနက ဉာဏ်က မစုံသေးတဲ့ အချိန်ကျတော့ သူက ဘယ်လို ကူညီလိုက်သတုံး မေးတဲ့ အခါကျတော့ မောင်နိုင် မှတ်ရမယ်နော်။

ဆွမ်းလှူတဲ့အကျိုး

ဆွမ်းလှူတဲ့ စေတနာ ပညာတွေက ကူညီသေးတယ် (မှန်လှပါ ဘုရား)၊

“ အန္နဒေါ ဗလဒေါ ဟောတိ ” အန္နဒေါ = ဆွမ်းလှူခြင်းကြောင့် (ဝါ) ဆွမ်းလှူခြင်းသည်၊ ဗလဒေါ =ကိုယ့်မှာအားရှိသည်၊ ဟောတိ = ဖြစ်၏။ အားအင်ဗလတွေ ပြည့်စုံလာတယ်။

နိဗ္ဗာန် မရသေးတော့၊ ရောက်တဲ့ အချိန်မှာ အားထုတ်တဲ့ အခါကျတော့လည်း အားအင် ဗလ ပြည့်စုံတာ ကိုလည်း သူက အကူအညီ ပေးတယ် (မှန်ပါ ဘုရား)။

သင်္ကန်းလှူတဲ့အကျိုး

“ဝတ္ထဒေါ ဟောတိ ဝဏ္ဏဒေါ” တဲ့ အခုလို သင်္ကန်းကပ်တဲ့ ဥစ္စာလည်းတဲ့ ဒကာ ဒကာမ တို့အား တဲ့ အဆင်းကို လှူတာပါပဲ သဘောကျပလား (ကျပါပြီ ဘုရား)။

“ယာနဒေါ သုခဒေါ ဟောတိ”တဲ့ ထီး၊ ဖိနပ် လှူတာတွေ ကတော့ဖြင့် ဒကာ ဒကာမတွေ၏ လေယာဉ်ပျံတို့၊ ရထားတို့၊ မော်တော်ကားတို့ လှူတာနဲ့ အတူတူပဲလို့ ပြောတယ်နော်။

“သောစ သဗ္ဗဒဒေါ ဟောတိ” ခု တရားဓမ္မ ဘုန်းကြီးက ဟောရတာကလည်း ဦးအောင်ဇံဝေက ဆွမ်းကျွေးမှ ဆွမ်းအနု မောဒနာလေး ပြုပါဦး ဆိုပြီ သကာလ ပြောလို့ ဘုန်းကြီးက ထပ်ပြီး သကာလ ပြောရတယ်။

ဓမ္မဒါနတွေပေးတဲ့သဘော

အဲဒီတော့ သူက အခုဘုန်းကြီး ဟောနေတဲ့ ဓမ္မဒါနတွေ ကိုလည်း အားလုံးသော ပုဂ္ဂိုလ်တို့ကို ဝေတဲ့ သဘောလည်း ရောက်တယ် (မှန်လှပါ ဘုရား)။

သူမလျှောက်လို့ရှိရင် ဆွမ်းကျွေးပြီး ပြီးသွားမှာပဲ။ ပရိတ်ရွတ် ပြီး ပြီးသွားမှာပဲ၊ ဘာမှ အနည်း အကျဉ်းမျှ ပြောစရာ မလိုတော့ပါဘူး (မှန်လှပါ ဘုရား)။

ဒါဖြင့် ဘုန်းကြီး ပြောနေတဲ့ ဓမ္မဒါနဟာလည်း ဦးအောင်ဇံဝေ၊ ဦးဘသန်း၊ မောင်ထွန်းအောင် တို့၏ ဓမ္မဒါနပဲ ဆိုရင် မှန်တာပဲ ဆုံးဖြတ်ချက်ချပါ (မှန်လှပါ ဘုရား)။

“သော စ သဗ္ဗဒဒေါ ဟောတိ ယောဒဒါတိ ဥပဿယံ အမတံ ဒဒေါစ သော ဟောတိ”

ယနေ့ သည်ကားလို့ ဆိုလို့ရှိရင် “အမတံ ဒဒေါစ သော ဟောတိ”လို့ ဘုရားက ဟော သောကြောင့် နိဗ္ဗာန်တရား ဝေပေးနေတဲ့နေ့ (မှန်လှပါ ဘုရား)။

နိဗ္ဗာန်တရားဝေပေးတဲ့နေ့

နိဗ္ဗာန်တရားကို (ဝေပေးနေတဲ့နေ့ပါ ဘုရား)၊ ဒီ အလှူထက်ကြီးတာ ရှိသေးရဲ့လား (မရှိပါဘူး ဘုရား)၊ နိဗ္ဗာန်ကို ဝေပေးနေတယ်၊ အရှင်ဘုရား တရားဟောပြီး ဒကာ ဒကာတွေအား ဆုံးမ သွန်သင် ပေးပါ ဆိုတော့ နိဗ္ဗာန် ရောက်ကြောင်း ဆရာက ဟောနေတယ်။

နိဗ္ဗာန် ရောက်ကြောင်း ဆရာက ဟောနေတော့ ဦးအောင်ဇံဝေက သူ့ဒါနအတွက် ဒီနိဗ္ဗာန် ရောက်ကြောင်း တရား ပြောပေးပါဆို သောကြောင့် ဒီနေ့ နိဗ္ဗာန် ရောက်ကြောင်း တရား တွေ သူ့ကြောင့် ခင်ဗျားတို့ ရကြတယ် ဆိုလို့ရှိရင် ဦးဘသန်းတို့ မလွဲဘူး (မလွဲပါဘူး ဘုရား)။

ဒါကြောင့် “သောစ သဗ္ဗဒဒေါ ဟောတိ၊ ယော ဒဒါတိ ဥပဿယံ။ အမတံ ဒဒေါစသော ဟောတိ ယောဓမ္မမနုသာသတိ”။

တရားဆုံးမနေတာ ဒကာ ဒကာမတွေ ဘုန်းကြီးက လည်း နိဗ္ဗာန် အလှူပေးနေတယ် ဦးအောင်ဇံဝေတို့ လူစုကလည်း ထိုနည်းအတူ နိဗ္ဗာန် အလှူ ပေးနေတယ် ဆိုတာ သေသေချာချာ မှတ်ပါ (မှန်လှပါ ဘုရား)။

နိဗ္ဗာန်လှူတဲ့အလှူ

ဒီနေ့ အလှူ သည် နိဗ္ဗာန် လှူတဲ့အလှူ (မှန်လှပါ ဘုရား)၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒီဒကာ ဒကာမတွေ ခု ဒကာ (၃)ယောက်က ဒကာ ဒကာမတွေအား ဆွမ်းကွမ်းကို အလှူ ပေးတယ် ဆိုတော့ အင်း အလှူပေး ပုဂ္ဂိုလ်ကလည်း စေတနာကောင်း၊ အလှူခံ ပုဂ္ဂိုလ်တွေကလည်း ဓမ္မမိတ်ဆွေတွေ ဖြစ်ပြီး သကာလ နေသောကြောင့် ဒကာ ဒကာမတွေ သတိပေး ချင်တာက ခုဒီက ပြန်လို့ရှိရင် ဟိုက ပြင်ဆင် ထားပြီး ဒီဒကာ ဒကာမတွေ ကျွေးကြ၊ မွေးကြ လိမ့်မယ်နော်။

ဆွမ်းဒကာ၊ ဆွမ်းအမတွေကျန်းမာပါစေ

ကျွေးကြ၊ မွေးကြတဲ့ အခါကျလို့ ရှိရင်ဖြင့် ဘာမှမပြောဘဲ နဲ့ လောဘ၊ ဒေါသ၊ မောဟနဲ့ ဟိုဟင်း ကောင်းတယ်၊ ဒီဟင်း ကောင်းတယ် အစရှိသည်နဲ့ ပြောပြီး သကာလ မစားဘဲနဲ့၊ အင်း ဒီဆွမ်းဒကာ ဆွမ်းအမတွေ အားလုံး –

ကျန်းမာပါစေ၊

ချမ်းသာပါစေ၊ လို့ မေတ္တာနဲ့ စားရင် ကြွေးမတင်ဘူးတဲ့ (မှန်ပါ ဘုရား)။

ဒီအတိုင်း စားပြီးသကာလ ပြန်သွားကြမယ် ဆိုလို့ရှိရင် ဖြင့်တဲ့ အလှူရှင်၏ ကြွေး သွားတင် တယ် (မှန်လှပါ ဘုရား)။ ကြွေးသွားတင်တော့ကို စားတဲ့ ပုဂ္ဂိုလ်တွေ ခန္ဓာနဲ့ နောက်ဆပ်ရ တတ်တယ် (မှန်လှပါ ဘုရား)၊ ခန္ဓာနဲ့ နောက် ဆပ်ရတယ် ဆိုတော့ မနာဘူးလား (နာပါတယ် ဘုရား)။

မေတ္တာပို့ပြီးမှစားပါ

သူ့အိမ်မှာ သူ့ကျွန်၊ သူ့နွား အဖြစ်နဲ့ ဆပ်ရတဲ့ အခါကျ တော့ ဒါမေတ္တာဓာတ်နဲ့ မစား မသောက်တဲ့ အတွက် မေတ္တာပို့ပြီး မစားမသောက်တဲ့ အတွက် စားတဲ့ ပုဂ္ဂိုလ်မှာ ကြွေးချေးပြီး စားလို့ နောက်သံသရာ ရှည်နေရင် ကြွေးရှင်ကို ကြွေးပြန်ဆပ်ရတတ် တယ် (မှန်လှပါ ဘုရား)။

မနာဘူးလား (နာပါတယ် ဘုရား)၊ ဒါကြောင့် အားလုံး ဒကာ ဒကာမတွေ ယနေ့ ထမင်းစားပါ သင်လိုက်တယ် ဆိုတာ သဘော ပေါက်ကျပြီလား (သဘော ကျပါတယ် ဘုရား)။

အင်း ကျွေးတဲ့ မွေးတဲ့ ပုဂ္ဂိုလ်များလည်း

၁။ ကျန်းမာပါစေ။

၂။ ချမ်းသာပါစေ၊

၃။ သူတော်ကောင်း အလုပ်ကြီးလည်း အထမြောက်ပါ စေ၊ အဝေးကြီးက လာလုပ်ကြတာ ၊

၄။ ချက်ချင်းပဲ နိဗ္ဗာန် ခရီး အပြီးတိုင် ရောက်ပါစေ ဆိုတဲ့ စေတနာ ထားထားပြီး သကာလတဲ့ တစ်ခွန်း ပို့နိုင်၊ ပို့နိုင်၊ သုံးခွန်း ပို့နိုင်၊ ပို့နိုင် စားဆဲ ပေါ့လေ (မှန်ပါ ဘုရား)။

အဲဒီအချိန် ကလေးမှာ ဒကာ ဒကာမတွေက ဒီမေတ္တာ ထားကြလို့ ရှိရင်ဖြင့်တဲ့ ကြွေးမတင်တဲ့ အစာ၊ ကိုယ်ပိုင် စားတဲ့ အစာပေါ့ဗျာ (မှန်ပါ ဘုရား)။

ထမင်းစားတတ်ကြပြီလား

အဲဒါကြောင့် ထမင်း စားတတ်ကြပြီလားလို့ မေးရင် ဘယ့်နှယ် ဖြေမယ် (စားတတ်ပါပြီ ဘုရား)။ လက်နဲ့ ယူစားတာ ဆိုတာ မဟုတ်ဘူးနော် (မှန်ပါ ဘုရား)၊ ဒါကို ဆိုတာ မဟုတ်ဘူး ဦးအောင်ဇံဝေကို လက်နဲ့ ယူစားတာ၊ ဇွန်းနဲ့ ကော်ခပ်စားတာကို ဆိုသည် မဟုတ်ပါဘူး။

လယ်မြေကောင်းသဖွယ်အကျိုးပေးနိုင်တယ်

ကျွေးရှင်၊ မွေးရှင်ကို မေတ္တာပို့ အင်း သူတော် ကောင်းတရား အထမြောက်ပါစေ ဆိုတဲ့ စိတ်ထား၊ စေတနာ ထားပြင်းပြပြီး သကာလ စားကြ၊ သောက်ကြလို့ ရှိရင်ဖြင့် ကျွေးတဲ့ ပုဂ္ဂိုလ် မှာလည်း လယ်ယာ မြေကောင်း အပေါ်မှာ စိုက်လိုက်တဲ့ အတွက် နိဗ္ဗာန် ချမ်းသာ အကျိုးပေး နိုင်တယ် (မှန်လှပါ ဘုရား)။

နို့မဟုတ်ရင် စားတဲ့ ပုဂ္ဂိုလ်က လယ်ယာမြေ မဟုတ်ဘူး၊ လောဘ၊ ဒေါသ၊ မောဟ တည်း ဟူသော ကျောက် စရစ်မြေ၊ ကျက်တီးကုန်းမြေ ဖြစ်နေမယ် ဆိုလို့ရှိရင်လည်း ဒီက စိုက်လိုက်တဲ့ စေတနာ မျိုးစေ့ဟာ မသန်ဘဲ ဖြစ်တတ်တယ်။ (မှန်ပါ ဘုရား)။

သူ့ကြွေးပြန်ဆပ်ရတယ်

အဲ မသန်ရုံတင်မက သူ့ကြွေးပြန်ဆပ်ရတဲ့ အဓိပ္ပါယ်ကော မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

အဲဒါကြောင့် ဘယ်အလှူ၊ ဘယ်အတန်းမှာ မဆို ဒီ အလှူရှင် မေတ္တာပို့ပြီး သကာလ စားခြင်းသည် ကြွေးကြေပြီး သကာလ စားတဲ့အစာ (မှန်ပါ့ ဘုရား)။

တနည်းအားဖြင့်လည်း ဒီလိုစားတဲ့ အတွက် ကိုယ့်မှာ အရိယာ စိတ်ရှိပြီး စားတဲ့ အစာလို့ မှတ်လိုက်စမ်းပါ (မှန်လှ ပါ ဘုရား)။

ဒါဖြင့် ဒီ ထမင်းစားတတ်ပြီလားလို့ ဦးအောင်ဇံဝေ မေးရင် ဘယ်နှယ့် ဖြေမတုံး (အခု စားတတ် ပါပြီ ဘုရား)၊ အခု စား တတ်ပြီ၊ နေရာကျပြီ၊ ဒါဖြင့် နောက်က ဒကာ ဒကာမတွေကော စားတတ်ပြီလား (စားတတ်ပါပြီ ဘုရား)။

အဲဒါ ထမင်းစားရင်း တောင်ပြော၊ မြောက်ပြော ပြောပြီး သကာလ ဒီဟာ ကောင်းတယ်၊ ဟိုဟာ ကောင်းတယ်၊ ကျုပ်ဖြင့် ဗျာ ကြည်ညို ပါတယ်၊ လေးစား ပါတယ်၊ ဒါလောက် မလိုချင် သေးဘူး။

အလှူရှင်ကိုမေတ္တာပို့ပြီးမှစားပါ

ဟေ့ ဦးညိုကြီး ထမင်းစားတတ်ပြီလား (စားတတ်ပါပြီ ဘုရား)၊ ခုတော့ စားတတ်ပါပြီ အဲဒါ အလှူတိုင်း၊ အတန်းတိုင်း အလုံးစုံ အကုန်တွေမှာ ဒကာ ဒကာမတွေ အလှူရှင် ကို မေတ္တာပို့ပြီး စားမှ သာလျှင် ကြွေးကြေ သတဲ့ ဦးဘရှင်း (မှန်လှပါ ဘုရား)၊ နို့မဟုတ်ရင် ကြွေးမကြေ ဘူးတဲ့။

ဒီအတိုင်း စားသောက်ပြီး သကာလ တော်ရာကနေ ပြန်သွားမယ်၊ လောဘ၊ ဒေါသ၊ မောဟ တွေနဲ့ မောင်နိုင် စားမယ် ဆိုရင် ကြွေးတင် သွားမယ် (မှန်လှပါ ဘုရား)။

သူတော်ကောင်းအလုပ်လုပ်နိုင်ဖို့

ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဘုန်းကြီး များမှာ ပုတီးစိပ်ကြ၊ ပစ္စဝက္ခဏာ- ဆင်ခြင်ကြ ဆိုတာ သူ့ဆွမ်း၊ သူ့ကွမ်း စားတာသည် အင်အား ပြည့်ဖြိုး ဖို့ရာ စားတာ မဟုတ် ပါဘူး၊ လှပစေခြင်း အကျိုးငှာ စားတာ မဟုတ်ပါဘူး၊ သူတော်ကောင်း အလုပ် လုပ်နိုင်ဖို့ရာ စားပါတယ်လို့ ဘုန်းကြီး များမှာ ပုတီးစိပ် ရတယ် (မှန်လှပါ ဘုရား)။

ဒီမှာလည်း ဒကာ ဒကာမတွေက ဒီပုတီးဟာ ဘုန်းကြီး တင်ဟောတဲ့ ပုတီးလည်း မဟုတ်ဘူး၊ အားလုံးသော ပုဂ္ဂိုလ်တွေနဲ့ ဆက်သွယ်တဲ့ ပုတီး ဆိုတာလည်း မှတ်ရမယ် (မှန်လှပါ ဘုရား)။

မေတ္တာနဲ့ပညာပါမှကြွေးတင်လွတ်မယ်

ဒါကြောင့် ဒီဒကာ ဒကာမတွေက ဒါတွေ ကျက်မနေဘဲနဲ့ ဒီစာတွေ ရွတ်မနေဘဲနဲ့၊ သြော် တို့သည်ကားလို့ ဆိုလို့ရှိရင် ဖြင့် အလှူရှင် ဒကာ ဒကာမတွေအား ကျန်းမာ ချမ်းသာပြီး သကာလ သူတော်ကောင်း အလုပ်ကြီး အဝေးက လာလုပ်တာ ဖြင့် ကောင်းကောင်းကြီး အထမြောက်ပါစေ သတည်း ဆိုတဲ့ စိတ်ထားနဲ့ စားကြလို့ ရှိရင်ဖြင့် မေတ္တာလည်းပါ၊ ပညာလည်း ပါသောကြောင့် ဒီဒကာ ဒကာမတွေမှာတဲ့ ကြွေး မတင်ပါဘူး (မှန်လှပါ ဘုရား)၊ သဘောပါပြီလား (ပါပါပြီ ဘုရား)။

ဦးဘရှင် စားတတ်ပြီလား (စားတတ်ပါပြီ ဘုရား)။ စားတတ် တယ်မလွယ်ဘူး ဆိုတာကော သဘောကျပြီလား (ကျပါပြီ ဘုရား)၊ ပြောပေးမယ့်သူ ရှိမှ စားတတ်ပါတယ် (မှန်ပါ့ ဘုရား)။

ပြောပေးမယ့်သူ မရှိလို့ရှိရင် မပုတို့ လူစု စားချင်သလို စားသွားတာပဲ (မှန်လှပါ ဘုရား)၊ ဒီအတိုင်း မနေဘူးလား (နေပါတယ် ဘုရား)။

တချို့မစားတတ်ဘူး

ကွာ ဒီဆွမ်းကျွေးကဖြင့် ညံ့လိုက်တဲ့ ဖြစ်ခြင်း မပြော ပါနဲ့တော့ အို သဒ္ဓါက သိပ်ညံ့တာပဲ၊ ဒါကြောင့် ဟိုဟာ လည်း တော်ရီ လျှော်ရိ၊ ဒီဟာလည်း တော်ရိ လျော်ရိ၊ မပြည့်မစုံ မလုံမလောက် ဆိုပြီး သကာလ တချို့ မစားတတ်တော့ စားလည်း စားသေးတယ်၊ ကဲ့ရဲ့ပြီး သကာလလည်း ပြန်လွှတ် သေးတယ် ဆိုတော့ သူ့နှစ်ပြစ် သင့်တာပေါ့ကွ (မှန်လှပါ ဘုရား)။

မသင့်ဘူးလား (သင့်ပါတယ် ဘုရား)၊ အဲဒါကြောင့် – ဦးခိုင်တို့ စားတတ်ပြီလား (စားတတ်ပါပြီ ဘုရား)။

အေး စားတတ်အောင်စားကြပါ၊ နောက်က ဒကာ ဒကာမတွေ အားလုံးပေါ့ဗျာ။

ဝိပဿနာနဲ့စားကြပါ

ကဲ ဒါဖြင့် ဝိပဿနာ နည်းနည်း စကြပါစို့၊ စားတဲ့ အခါကျလို့ ရှိရင်ဖြင့်တဲ့ ခင်ဗျားတို့က ခုနကလို မေတ္တာပို့ မစားပါဘူး၊ တပည့်တော် ဝိပဿနာနဲ့ပဲ စားပါဦးမယ် ဆိုလို့ရှိရင် လျှာပေါ် ထမင်း ခဲဖွယ် ဘောဇဉ်ကလေး မောင်နိုင် ဆုပ်ပြီး သကာလ တင်လိုက်တာပေါ့။

တင်လိုက်တော့ ဒီအထဲမှာရှိတဲ့ ထမင်းနဲ့ လျှာနဲ့ ထိသွားတဲ့ အခါကျတော့ကိုတဲ့၊ ရသာရုပ် ကလေးနဲ့ ထိသွားတဲ့ အခါကျတော့ ဇိဝှာ ဝိညာဏ်စိတ် ကလေး ဆိုတာ ပေါ်တယ် (မှန်ပါ ဘုရား)၊ သိတဲ့စိတ်ကလေးပေါ့ (မှန်ပါ ဘုရား)။

စားမှန်းသိတဲ့ စိတ်ကလေး မပေါ်ဘူးလား (ပေါ်ပါ တယ် ဘုရား)၊ အဲဒီ ပေါ်တာလေးဟာ ဒကာ ဒကာမတွေ သြော် အကြောင်းကြောင့် ဖြစ်တာပါလား၊ မဆို နိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

စားစိတ်ပေါ်တယ်

လျှာကလည်း ရှိလို့၊ အပေါ်ကလည်း ထမင်းတွေက ထည့်လိုက်လို့ ကြားထဲမှာ၊ ထမင်းနဲ့ လျှာ ကြားထဲမှာ စားစိတ် ကလေး ပေါ်တယ် (မှန်ပါ ဘုရား)။

ထမင်းနဲ့ လျှာကြားထဲမှာ (စားစိတ် ကလေး ပေါ် ပါတယ် ဘုရား)၊ စားစိတ်ကလေး ပေါ်လာတယ်၊ အဲဒီ စားစိတ် ကလေးသည် ကားလို့ ဆိုရင် ဒကာ ဒကာမတွေက စားလဲ စား၊ ဝါးလဲဝါးပြီး သကာလ မျိုချ လိုက်ပါတယ်၊ ထွေးချင်ရင် လည်း ထွေးပစ် ကြတယ်၊ စပါးလုံးတို့ ကျောက်ခဲတို့ ပါရင် ထွေးပစ်ရင်လည်း သူကတော့ဖြင့် ပေါ်ပြီး ပျက်တာပဲ။

မျိုချရင်လည်း (ပေါ်ပြီး ပျက်ပါ ဘုရား)၊ ပေါ်ပြီးပျက် တယ် ဆိုတော့ အလုပ်မှာ တစ်ကြိမ် လောက် မိမိ သြော် ဒါ “ဇိဝှာ ဝိညာဏံ အနိစ္စံ” ဆိုတာ ဒါဘဲကိုး ပေါ်ပြီး ပျက်တာပဲ။

နှစ်ခု ထိခိုက်လို့ ပေါ်တယ်၊ တော်ကြာ ပျောက်သွားတယ် ဆိုတော့ ပေါ်ပျောက်ပဲ မနေဘူးလား (နေပါတယ် ဘုရား)။

အဲဒီ ပေါ် ပျောက်ကလေးနဲ့ စားပြန်လို့ ရှိရင်လည်း ( သူ့ကြွေး မတင်တော့ဘူးတဲ့၊ သဘော ကြပြီလား (ကျပါပြီ ဘုရား)။

ပေါ်ပျောက်နဲ့စားရင်၊ ကြွေးမတင်ပါဘူး

ပေါ်ပျောက်နဲ့ စားရင်ကော (ကြွေးကျေပါတယ် ဘုရား)၊ ကြွေး မတင်တော့ ပါဘူးတဲ့၊ ဒါကျတော့ ဝိပဿနာ ဉာဏ်နဲ့ စားလိုက်တဲ့ အတွက် ဒကာ ဒကာမတွေ ကျွေးရှင်၊ မွေးရှင် ၏ ကျေးဇူး တုံ့ပြန် ဆပ်စရာ ကြွေးမပါ ပါဘူးတဲ့ (မှန်ပါ ဘုရား)။

ကိုယ်က ခန္ဓာ ဇာတ်သိမ်း သွားပေါ့၊ ဘယ် ကြွေးဆပ်စရာ အချိန် ရှိသေးသတုံး (မရှိပါဘူး ဘုရား)။

အဲဒါကြောင့် ဘယ်အခါမှာစားစား မေတ္တာပို့ စားချင်ရင် လည်း အကြမ်း အားဖြင့် စားပါ။

ဝိပဿနာရှု စားချင်ရင်လည်း စားပါ (မှန်ပါ ဘုရား)။ ဒီနှစ်စား ကိုဖြင့် ဒကာ ဒကာမတွေက ဖျောက်ဖျက်ပြီး မပစ်လိုက် ပါနဲ့၊ ကိုယ့်အရေး ဆိုတာ မှတ်ပါ (မှန်ပါ ဘုရား)။

ကျွန်ခံနေတာတွေ

ခု-တချို့ အိမ်တွေမှာ ကြည့် ထမင်းလေး ကျွေးပြီး သကာလ လုပ်ကိုင် စားသောက် နေတဲ့ တိရစ္ဆာန် တွေလည်း ရှိ တယ်၊ လူတွေလည်း ရှိတယ်၊ ဦးဘရှင်း မြင်ဖူးမှာ ပေါ့ဗျာ။

မင်း ဒီပြင့်အိမ် သွားပါလား ဆိုတော့ ကျွန်တော် မသွားနိုင်ဘူး၊ ဒီမှာပဲ ပျော်တယ် ဆိုပြီးတော့ ဒီမှာ ကျွန်ခံ နေတာတွေ ရှိသေးတယ် (မှန်ပါ ဘုရား)။ မရှိပေဘူးလား (ရှိပါတယ် ဘုရား)။

ကြွေးပြန်ဆပ်နေရတာ

အဲ့ဒါတွေကျတော့ ဘာတုံး ဆိုတော့ နောက်က မေတ္တာ မပို့ဘဲ၊ ဝိပဿနာ မရှုဘဲနဲ့ သူ့ဆွမ်း တွေ၊ ထမင်းတွေ စားလာလို့ ကြွေးပြန်ဆပ် နေရတာ (မှန်လှပါ ဘုရား)။ မနစ်နာဘူးလား (နစ်နာ ပါတယ် ဘုရား)။

ဒါဖြင့် ကြွေးပြန်ဆပ်ရတယ် ဆိုတော့ ယဉ်ကျေးတယ်၊ အပြီးသတ်တော့ ကျွန်ဖြစ်တတ်တယ် ဟောတာ (မှန်ပါ ဘုရား)။ မဆိုးဝါးဘူးလား (ဆိုးဝါး ပါတယ် ဘုရား)။

အဲ့ဒါကြောင့် အားလုံး ဒကာ ဒကာမတွေ သူများ သဒ္ဓါ တရား ကောင်းတာ၊ ကိုယ် ကျွန်ဖြစ်ရလို့ ရှိရင်လည်း ဆိုးဝါးတဲ့ အလုပ်ပဲ ဆိုရင်လည်း မောင်လှ လွဲပါ့မလား (မလွဲပါဘူး ဘုရား)။ မလွဲဘူး ဦးဘရှင်းရ (မှန်ပါ ဘုရား)။

အဲ့ဒါကြောင့် ဒကာ ဒကာမတွေ ယနေ့ ထမင်းစားကြ ရတော့မယ်၊ မြိန်မြိန် ရှက်ရှက်နဲ့ လည်း မေတ္တာပို့၍ သော် လည်းကောင်း၊ ဝိပဿနာ တင်၍သော် လည်းကောင်း စားပါ ဆိုတာကို လည်း သတိပေး ရတယ်နော် (မှန်ပါ ဘုရား)။

ကဲ ထမင်းနဲ့ လျှာနဲ့ တွေ့တဲ့ အခါ ကြားထဲ စားတဲ့ စိတ်ကလေး “ဇိဝှာဝိညာဏ်စိတ်” ကလေး မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

ဖြစ်ပြီးပျက်တာအနိစ္စ၊ သိတာကမဂ္ဂ

ကဲ မျိုချလိုက် ဦးအောင်ဇံဝေ ရှိသေးရဲ့လား (မရှိပါဘူး ဘုရား)။ မရှိတော့ သူဖြစ်ပြီး၊ ပျက် သောကြောင့် သူ့ ဘာခေါ်မတုံး (အနိစ္စပါ ဘုရား)။ အဲ့ဒါလေး သိတာက ဘာဆိုကြမတုံး (မဂ္ဂပါ ဘုရား)။

မဂ္ဂဖြစ်သွားတော့ သြော် ဒီမဂ်နဲ့ စားလိုက်တဲ့ အတွက် တစ်ခါတည်း ကောင်းဆိုတဲ့ တဏှာတွေ၊ အင်း စွဲလန်းတဲ့ ဥပါဒါန်တွေ၊ နောင်ကို တို့အိမ် ရောက်လည်း ဒီလိုပဲ သား မယားနဲ့ ချက်ခိုင်းပြီး စားဦးမယ် ဆိုတဲ့ ဥပါဒါန်တွေ လာသေးရဲ့ လား (မလာပါဘူး ဘုရား)။

တဏှာ ဥပါဒါန် ချုပ်အောင်စားပါ

ဒါဖြင့် တဏှာ၊ ဥပါဒါန် ချုပ်အောင် စားပါ (မှန်ပါ ဘုရား)။ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒါဖြင့် စားစိတ်ကလေး အနိစ္စ၊ စားစိတ်ကလေး အနိစ္စ စားစိတ်ကလေး အနိစ္စ ဆိုပြီး သကာလ ခင်ဗျားတို့ စားကြလို့ရှိရင် ပဋိစ္စသမုပ္ပါဒ် ပြတ် ပါတယ် (မှန်ပါ ဘုရား)။

ပြတ်တော့ကို ထမင်းလည်း စားကြရမှာ ဖြစ်လို့ ဝိပဿနာလည်း ပြည့်စုံအောင်၊ စားလည်း စားတတ်အောင် သင်ပေး နေတယ်လို့ ခင်ဗျားတို့က မှတ်ရမယ် (မှန်ပါ ဘုရား)။

သစ္စာလေးပါးနဲ့စားနေတာ

ကဲ ဒါဖြင့် ဒါဘာနဲ့ စားနေတာတုံး ဆိုတော့ အို သစ္စာလေးပါးနဲ့ စားနေတာပါ ဘုရား၊ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။

ခုနက ဦးဘရှင်း ဖြစ်ပျက်က ဘာသစ္စာတုံး (ဒုက္ခ သစ္စာပါ ဘုရား)။ အင်း ဖြစ်ပျက်က ဒုက္ခသစ္စာ ဆိုတော့၊ သိတာလေးက (မဂ္ဂသစ္စာပါ ဘုရား)။ အင်း တဏှာ၊ ဥပါဒါန် မလာတာက သမုဒယ ချုပ်တာ (မှန်ပါ ဘုရား)။

သူတို့ မလာသောကြောင့် နောက်ဇာတိ ဇရာ မရဏ မလာတာက နိရောဓသစ္စာ (မှန်ပါ ဘုရား)။

ဒါဖြင့် သစ္စာလေးပါးနဲ့ စားနေတာ (မှန်ပါ ဘုရား)။ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒါဖြင့် စားဖြစ်အောင် စားပါ။ တစ်လုပ် မိမိ၊ နှစ်လုပ် မိမိ အလုပ်တိုင်း မိမိ၊ ဦးဂန္ဓမာ မိလေ ကောင်းလေ ဘဲ (မှန်ပါ ဘုရား)။ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။ သဘောပါပြီလား (ပါပါပြီ ဘုရား)။

နိဗ္ဗာန်ရောက်တဲ့အရေးကို အသားပေးပါ

ဒါဖြင့် ၁။ ဝိပဿနာ အလုပ်နဲ့ စား၍လည်း ကြွေးတင် ကင်းခြင်း တစ်မျိုး၊

၂။ မေတ္တာပို့ စား၍လည်း ကြွေးတင်ကင်းခြင်းတစ်မျိုးလို့

သံယုတ် ပါဠိတော်ကြီးများမှာ သေသေချာချာ လာနေ တဲ့အတွက် ငါတို့သည် ဒီအရေးဟာဖြင့် ငါတို့လည်း နိဗ္ဗာန် ရောက်တဲ့ အရေး၊ ဒီလို မစားရင် ကျွန်ဖြစ်တဲ့ အရေး၊ မဆိုနိုင် ဘူးလား (ဆိုနိုင် ပါတယ် ဘုရား)။

အဲဒီတော့ ကျွန်ဖြစ်တဲ့ အရေးကို ဘေးချိတ်ပြီး သကာလ နိဗ္ဗာန် ရောက်တဲ့ အရေးကို အသား ပေးပြီး သကာလ ငါတို့ စားပါတော့မယ်လို့ စိတ်ထားပြီး သကာလ ဒီတရားကို ဝမ်းမြောက် ဝမ်းသာနဲ့၊ သာဓု အနုမောဒနာ ခေါ်ကြ။

သာဓု သာဓု သာဓု။

———-

အလှူ လှူတတ်ကြပြီလား

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး အမရပူရမြို့၌

ဟောကြားဆုံးမတော်မူသောတရားတော်

အလှူ လှူတတ်ကြပြီလား

(၂၁-၁၁-၆၁)

ဒကာ ဒကာမတို့ စာလိုတော့ ပဋိစ္စသမုပ္ပါဒ်၊ မြန်မာလို တော့ ခန္ဓာ၏လမ်းစဉ်လို့မှတ်ပါ (မှန်လှပါ ဘုရား)။ ခန္ဓာ၏ လမ်းစဉ်၊ ခန္ဓာဒီအစဉ်အတိုင်းသွားနေတယ်၊ ဒီကကြောင်း အကျိုးအတိုင်း ဆက်နေတယ် ဆိုတာကို အားလုံး ဒကာ ဒကာမတွေ မှတ်ကြရမယ် (မှန်လှပါ ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတွေ သိတဲ့အတိုင်း အတိတ် အကြောင်း ငါးပါးထဲမှာ အဝိဇ္ဇာဆိုတာ ပါပါတယ် (ပါပါ တယ် ဘုရား)။

ဒကာ ဒကာမတွေ သိထားတာက အဝိဇ္ဇာပစ္စယာ သင်္ခါရာ (မှန်လှပါ ဘုရား)။ ဪ ဒါဖြင့် အဝိဇ္ဇာ ပစ္စယာသင်္ခါရာလို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မင်းတို့ကွာ လူခန္ဓာတွေ၊ နတ်ခန္ဓာတွေ ဆိုတဲ့ဥစ္စာ အဝိဇ္ဇာ မူတည်တာပဲလို့ ပြောလိုက်တယ် (မှန်လှပါ ဘုရား)။

သစ္စာလေးပါးမသိဘာအဝိဇ္ဇာ

အဝိဇ္ဇာမူတည်တယ် ဆိုတော့ အဝိဇ္ဇာဆိုတာက ဒကာကြွယ် ဘာမသိတာတဲ့တုံး (သစ္စာလေးပါး မသိတာ ပါ ဘုရား)။ ဪ ဒါဖြင့် သစ္စာလေးပါး မသိတာ အဝိဇ္ဇာလို့ ဆိုတာ ဪ ငါတို့မှာ အတိတ်က အဝိဇ္ဇာရှိခဲ့တယ်ဆိုတာ မှတ်ပါ (မှန်လှပါ ဘုရား)။

သစ္စာလေးပါး မသိတာနဲ့ နေခဲ့ကြရတော့တဲ့၊ ဒကာ ဒကာမတွေက ကုသိုလ်လဲ ပြုကြတယ် (မှန်ပါ ဘုရား)။ ဒါ သင်္ခါရဆိုတာ ကုသိုလ်ပါပဲ (မှန်ပါ)။

ကုသိုလ်ပင် ပြုငြားသော်လည်း ဒီဘက်မှာ လာစပ်တယ်၊ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာဆိုတဲ့ ခန္ဓာငါးပါးပဲ ပြန်ရတယ် (မှန်လှပါ ဘုရား)။

ဪ ဒကာ ဒကာမတွေ သစ္စာလေးပါး မသိတဲ့ အဝိဇ္ဇာနဲ့၊ ပြုလုပ်လိုက်တဲ့ ကုသိုလ်ဟာ ခန္ဓာငါးပါး ဒုက္ခသစ္စာ တရားရတယ်လို့ ဦးသန်းမောင် မှတ်စမ်းပါ (မှန်လှပါ ဘုရား)။ ဘယ့်နှယ်ကြောင့် ရပါလိမ့်မတုံးလို့မေးတော့ ဒကာ ဒကာမတွေ အဝိဇ္ဇာက သစ္စာမသိဘူး (မှန်လှပါ ဘုရား)။

ဒီတရားကြားနာရခဲတယ်

အဝိဇ္ဇာက သစ္စာမသိတော့ သူခိုင်းတာလုပ်တဲ့ ကုသိုလ် ဟာ ဒုက္ခသစ္စာရတယ် (မှန်လှပါ ဘုရား)။ ဦးသန်းမောင် သေသေချာချာ မှတ်စမ်းပါ၊ ဒီတရားကြားရ၊ နာရခဲတယ်ဆိုတာ ဒကာဦးလှဘူး၊ ဒကာကြွယ်အရေးကြီးတယ်နော် (အရေးကြီးပါတယ် ဘုရား)။

အဲဒါက ဘယ်သူ့ဟောနေပါလိမ့်မလဲလို့ မေးတော့ ဘုန်းကြီးနဲ့တကွ၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေဟာ အခု ခန္ဓာငါးပါး ဒုက္ခသစ္စာတရားကြီးနဲ့ ခွဲကို မခွဲရသေးဘူး (မှန်လှ ပါ ဘုရား)။

အတိတ်ကိုပြန်စဉ်းစားပါ

ဒီလိုနေကြတာဟာ ဘယ်လိုကြောင့် တို့ဒီလို နေရ ပါလိမ့်မတုံးဆိုတော့ အတိတ်ကို ပြန်စဉ်းစားပါ၊ သစ္စာလေးပါး မသိခဲ့လို့ ကျုပ်တို့ ကုသိုလ် သင်္ခါရလုပ်ခဲ့တယ် (မှန်ပါ)။ မလုပ်ခဲ့ဘူးလား (လုပ်ခဲ့ပါတယ် ဘုရား)။

သိပြီး လုပ်တာလား၊ မသိဘဲနဲ့လုပ်တာလား (မသိဘဲ နဲ့လုပ်တာပါ ဘုရား)။ ဪ ဘာမသိဘဲနဲ့ လုပ်ပါလိမ့် မတုံး ဒီသင်္ခါရတွေဆိုတော့ဟာ ဒီဒုက္ခသစ္စာဆိုတဲ့ ခန္ဓာငါးပါးကြီး ရမှုကို မသိဘဲနဲ့ လုပ်ခဲ့တယ် (မှန်ပါ ဘုရား)။

ဒါဖြင့် ဒီခန္ဓာငါးပါး ဒုက္ခသစ္စာ တရားကြီးဟာ ဒကာ ဒကာမတို့ အိုမှု၊ နာမှု၊ သေမှု ကင်းပါ့မလား (မကင်းပါ ဘုရား)၊ မသိတာက အဝိဇ္ဇာ၊ မသိတဲ့ပုဂ္ဂိုလ်ပြုလုပ်တဲ့ ကုသိုလ် က သင်္ခါရ၊ ဘာသစ္စာတုံး (ဒုက္ခနဲ့ သမုဒယသစ္စာပါ ဘုရား)။

ဘာသစ္စာလုပ်ခဲ့သလဲ

ဒကာကြွယ်ခင်ဗျားကတော့ အကောင်းထင်နေတယ် (ထင်ခဲ့ပါတယ် ဘုရား)။ သစ္စာနဲ့ ကြည့်လိုက်တော့ ဘာသစ္စာလုပ်ခဲ့သလဲ (သမုဒယသစ္စာလုပ်ခဲ့ပါတယ် ဘုရား)။

စာရွက်ထဲမှာလည်း ထောက်ကြည့်ပါ ဒကာ ဒကာမတို့၊ အတိတ်အကြောင်းက သမုဒယ သစ္စာပဲ ပါပါလိမ့်မယ် ဦးသန်းမောင် (ပါပါတယ် ဘုရား)။ သစ္စာလေးပါး မသိတာနဲ့ တဲ့ လူ့ဘဝ၊ နတ်ဘဝ ရောက်ကြောင်း သင်္ခါရလုပ်ပါတယ် (မှန်လှပါ ဘုရား)။

ဒါဖြင့် ကုသိုလ်လုပ်ခဲ့တယ်ဆိုငြားသော်လည်း ဒီကုသိုလ် – ဟာဘာသစ္စာတုံး (သမုဒယ သစ္စာပါ ဘုရား)။ ကိုင်း ဒါဖြင့် ဒကာကြွယ်တို့၊ ဒကာသစ်တို့၊ ဦးသန်းမောင်တို့ သမုဒယ သစ္စာလုပ်ခဲ့လို့ ရှိရင်တော့ ဒုက္ခသစ္စာ ကိုယ်တိုင်ရတော့မှာပဲ (မှန်လှပါ ဘုရား)။

သမုဒယသစ္စာလုပ်ခဲ့တဲ့အတွက် သေသည်၏ အခြားမဲ့ ၌ ဘာသစ္စာရသလဲ (ဒုက္ခသစ္စာ ရပါတယ် ဘုရား)။ ခင်ဗျားတို့ ကုသိုလ်လည်းပြုရသေးရဲ့ ဒုက္ခသစ္စာလည်း ရသေးရဲ့၊ ဒီလိုဆိုတော့ ဒကာကြွယ်ရှုံးပြီ၊ ရှုံးပြီ၊ ဦးသန်းမောင် ဘယ့်နှယ်လဲ (ရှုံးပါပြီ ဘုရား)။

အလှူနောက်ထားစမ်းပါဦး

ဒါကြောင့် ဒကာရင်း ဆရာရင်းတွေဖြစ်တဲ့ ဒကာ ဒကာမတွေကျတော့ ပြောရတယ်၊ အလှူနောက် ထားစမ်းပါဦး၊ အသိရှေ့ထားပါ၊ ကဲ ဦးသန်းမောင် ပြောသင့်၊ မပြောသင့် (ပြောသင့် ပါတယ် ဘုရား)။ ပြီးမှ လှူပါဆိုတော့ ဘုန်းကြီး ပြောတာက ဒကာ ဒကာမတွေ အကျိုးရှိအောင်လို့ ပြောတယ် လို့ ဆိုတာ ဦးသန်းမောင်တို့ စိတ်ဆိုးဖို့မလိုဘူး (မလိုပါ ဘုရား)။

လှူပါ၊ သို့သော်အသိရှေ့ထားပါ

မလှူနဲ့လို့ ပြောတာမဟုတ်ဘူး လှူပါ၊ သို့သော်လည်း အလှူနောက်ထားပါဦး၊ အသိရှေ့ထားပါ (မှန်လှပါ ဘုရား)။ ဒကာကြွယ် တောင်းပန်သင့်၊ မတောင်းပန်သင့် (တောင်းပန် သင့်ပါတယ် ဘုရား)။

ဘာဖြစ်လို့တုံး ဒကာကြွယ် လှူတာပဲမြန်မြန်ဆန်ဆန်၊ အလှူခိုင်းပြီးရော၊ သေလွယ် ရှင်လွယ်ကြီးပဲ၊ သေခါလည်း နီးနေပြီ။ ဒါပေမယ့် ဘုန်းကြီးကလည်း နောက်ထားပါဦးဆိုနေ တယ်၊ တပည့်တော် တို့က အသေစောသွားရင် မခက်ဘူးလား (မှန်လှပါ ဘုရား)။

နောက်တဖန်သေမှာစိုးလို့

အို မင်းတို့ အသေစောတာ ကိစ္စမရှိဘူး၊ နောင်တစ်ဖန် သေမှာစိုးလို့ ဟေ့ (မှန်လှပါ ဘုရား)၊ မသိဘဲနဲ့ လှူတော့ နောင်တဖန် ဒီအအို၊ အသေ မရပေဘူးလား ဗျ (ရပါတယ် ဘုရား) ဒီခန္ဓာငါးပါး ရလာတော့ ဒုက္ခသစ္စာ မရပေဘူးလား (ရပါတယ် ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ပြောတဲ့ ဆင်ခြေကို ဘုန်းကြီးက မလိုက်နိုင်ဘူး (မှန်ပါ့)၊ မလိုက်နိုင်ပါဘူး ဒကာ ဒကာမတို့ (မှန်လှပါ ဘုရား)။

ဘုန်းကြီးက ဒီအလှူ ကန့်ကွက်နေတာလားလို့ ဆိုတော့ အလှူ ကန့်ကွက်တာ မဟုတ်ပါဘူး (မှန်လှပါ ဘုရား)။ အသိ ကလေးလိုသေးလို့ (မှန်လှပါ ဘုရား)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

အသိလိုသေးလို့ ကန့်ကွက်တယ်လို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မှတ်လိုက်စမ်းပါ (မှန်လှပါ ဘုရား)။

သစ္စာမသိဘဲနဲ့ လှူခဲ့သော် ဟောဒီ ဒုက္ခသစ္စာ ရလိမ့် မယ်။ ဒုက္ခသစ္စာရတာပေါ့၊ ဒီမှာစပ်သွားပြီ၊ အဝိဇ္ဇာ သင်္ခါရကြောင့် ဟောဒီမှာဟေ့ သူကျေးဇူးပြုလိုက်တဲ့ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ ဒုက္ခသစ္စာ (မှန်လှပါ ဘုရား)။ (၂) နံပါတ်မှာ တွေ့တယ်မဟုတ်လား (တွေ့ပါတယ် ဘုရား)။

မသိလှူသမားရတဲ့ ဒုက္ခသစ္စာ၊ ဒါဖြင့် ဆရာကောင်း မှန်က ကန့်ကွက်ရမယ်ဆိုတာ ပေါ်ပြီလား (ပေါ်ပါတယ် ဘုရား)။

ဒကာ ဒကာမတွေ ကိုယ့်စာရွက်လည်း ကိုယ်သေသေ ချာချာကြည့်ပါ (မှန်လှပါ ဘုရား)။ ဒီက ဘုန်းကြီးပြတာနဲ့ ခင်ဗျားတို့ စာရွက်ကြည့်တော့ တစ်ဆက်တည်း မနေဘူးလား (နေပါတယ် ဘုရား)။

ငွေကုန်ပြီးလူပင်ပန်းတယ်

မသိလို့ လှူခြင်းသည် ခန္ဓာငါးပါး ဒုက္ခသစ္စာရတယ် (မှန်လှပါ ဘုရား)။ ကဲ ဘယ်လောက် ကြောက်စရာ ကောင်းသလဲ (ကြောက်စရာ ကောင်းပါတယ် ဘုရား)။ ဦးသန်းမောင် ငွေကုန်ပြီး လူပင်ပန်းတယ် (မှန်လှပါ)။ ဘယ့် နှယ့်ဆိုကြမယ် (ငွေကုန်ပြီးလူပင်ပန်းပါတယ် ဘုရား)။

ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ လူခန္ဓာပဲ၊ သူဘာသစ္စာရသလဲ (ဒုက္ခသစ္စာ ရပါတယ် ဘုရား)။ မသိဘဲနဲ့ လှူတဲ့ သမုဒယသစ္စာလုပ်ခဲ့လို့ ယခု ဘာသစ္စာရသလဲ (ဒုက္ခသစ္စာ ရပါတယ် ဘုရား)။

ဒါဖြင့် ဒုက္ခသစ္စာရမှာဖြင့် ဦးသန်းမောင် ဘုန်းကြီးလည်း – မလှူချင်ဘူး၊ ခင်ဗျားလည်း မလှူချင်ဘူး (မှန်လှပါ ဘုရား)။

သုခ သစ္စာရမယ်ဆို လှူချင်တယ် ကျုပ်တို့ (မှန်ပါ)။ သဘော ကျပြီလား (ကျပါပြီ ဘုရား)။

ဘုန်းကြီးက ပြတာလား၊ ဘုရားက ဟောတာလား ဆိုတာ “အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏ်” ဘုရားကဟောတာ (မှန်ပါကဟောတာပါ ဘုရား)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

မသေနှင့်လို့ဒါကိုသိလိုက်ရသေးတယ်

ဒကာကြွယ် တော်သေးတယ်၊ ဒကာကြွယ်တို့ မသေနှင့် လို့ ဒါကလေးကို သိလိုက်ရသေးတယ် (မှန်လှပါ ဘုရား)။ နို့မို့လို့ရှိရင်ဖြင့်ကွာ ပိုလာပဟေ့၊ လျှံလာပဟေ့၊ ဒီဘဝတွင် စားလို့တော့ မတော်ဘူးကွ၊ နောက်ဘဝလည်း ဒီအထုပ်ကလေး ယူသွားဦးမယ် (မှန်ပါ့)၊ ဘဝ မပါဘူးလား၊ ပါသလား (ပါပါတယ် ဘုရား)။

နောက်ဘဝဆိုကတည်းက ခန္ဓာငါးပါးလို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။ သစ္စာ ဖွဲ့လိုက် (ဒုက္ခသစ္စာ ပါ ဘုရား)။

ယခုခန္ဓာကြီးဟာ ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)။ ဒုက္ခသစ္စာဆိုကတည်းက ဦးသန်းမောင် နေရာကျပြီ (မှန်ပါ)။ ဝိဇ္ဇာဖြစ်လို့ သိတာ (မှန်လှပါ ဘုရား)။ အဝိဇ္ဇာက ဘာဖြစ်သွား သလဲ (ဝိဇ္ဇာ ဖြစ်သွားပါတယ် ဘုရား)။

ယခုဘဝမှာဝိဇ္ဇာဉာဏ်ရတယ်

ဦးသန်းမောင် ခန္ဓာဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)။ ဘာနဲ့သိပါလိမ့် (ဝိဇ္ဇာနဲ့သိပါတယ် ဘုရား)။ ဝိဇ္ဇာနဲ့ သိတော့ ဒကာ ဒကာမတွေ သန္တာန်မှာ ယခုဘဝမှာပဲ ဘုန်းကြီးက လက်ရှိ ခန္ဓာကြီးလို့ ဒုက္ခသစ္စာလို့ သိအောင်ပြပေးတယ် (မှန်လှပါ ဘုရား)။ ပြပေးတော့ ဒီဘဝထဲမှာ ယခု ရထားတဲ့ ခန္ဓာက ဒုက္ခသစ္စာလို့ သိပြီးသကာလ ထားတော့ ယခုဘဝမှာ ဝိဇ္ဇာဉာဏ် ရတယ် (မှန်လှပါ ဘုရား)။ ယခုဘဝမှာ (ဝိဇ္ဇာဉာဏ်ရပါ တယ် ဘုရား)။

အဲဒီတော့ ဦးသန်းမောင် မှတ်လိုက် ဒကာကြွယ် မှတ်လိုက် အဝိဇ္ဇာကလေး ချုပ်ချုပ်သွားတယ် (မှန်ပါ)။ ဘုံဘဝလိုချင်လို့ ပြုလုပ်တဲ့ ကုသိုလ်၊ အင်း သင်္ခါရအလုပ် လည်း မလုပ်တော့ဘူး (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒါဖြင့် လှူပါတော့ (မှန်ပါ)၊ ဒီဒုက္ခသစ္စာကြီးကို နောက်ခန္ဓာဒုက္ခသစ္စာကြီးကို ဒုက္ခသစ္စာမှန်းသိတဲ့ ဝိဇ္ဇာနဲ့ ဒီဒုက္ခ သစ္စာကြီးကို မလိုချင်၊ မရချင်လို့ ဒုက္ခလွတ်ရာသာ ရချင်လို့ လှူဒါန်းပါ၏လို့ ပြောင်းလိုက် (မှန်လှပါ ဘုရား)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

သစ္စာသိပြီးမှပါ

အဲ ဒုက္ခသစ္စာကြီးကို နောက်တစ်ဖန် မရချင်၊ မလိုချင်ခြင်းကြောင့် တပည့်တော်တို့သည် လှူဒါန်း ၏ဆိုတော့ နိဗ္ဗာန်ရတယ် (မှန်လှပါ ဘုရား)။ ဒါဖြင့် သစ္စာသိပြီးမှ လှူပါ လို့ဆိုတဲ့ စကားသည် ဒကာကြွယ် အင်မတန် မှန်သွားတယ် (မှန်ပါတယ် ဘုရား)။

ဒါဖြင့် ဘုန်းကြီးက ပြင်ပေးလိုက်တယ်၊ ဒကာကြွယ်တို့၊ ဦးသန်းမောင်တို့ပြင်လိုက်ကြပါ (မှန်လှပါ ဘုရား)။ လူ့ဘဝ၊ နတ်ဘဝ၊ ဗြဟ္မာဘဝ ကို ဒုက္ခသစ္စာမှန်း သိပြီးသကာလ ဒီဒုက္ခ သစ္စာကြီးကို မလိုချင်လို့၊ ရွံ့လို့၊ မုန်းလို့ ဒုက္ခလွတ်ရာကို ရောက် လိုလို့ လှူဒါန်းပါတယ်ဆိုတော့ ဒါဟာ သစ္စာသိတ် ပုဂ္ဂိုလ်၏ အလှူလား၊ သစ္စာမသိသေးတဲ့ ပုဂ္ဂိုလ်၏ အလှူလား၊ အကဲခတ် ကြစမ်း (သစ္စာသိတဲ့ ပုဂ္ဂိုလ်၏အလှူပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒုက္ခသစ္စာကို ဒါက စာသိပဲ ရှိသေးတယ် (မှန်ပါ့)။ အဲဒီတော့ အလုပ်ကလေး ထိုင်ကြည့် လိုက်တာပေါ့၊ အလုပ်ကလေး ထိုင်ကြည့်လိုက်တဲ့အခါကျတော့ ခန္ဓာကိုယ်ကြီးဟာ ရွှေ့ချင်တာနဲ့၊ ပြောင်းချင်တာနဲ့၊ ယားတာနဲ့၊ ကိုက်တာနဲ့၊ ညောင်းတာနဲ့ ဦးသန်းမောင် ဒါတွေမလာဘူးလား (လာပါတယ် ဘုရား)။

ဘာသစ္စာမို့ဘာတွေပြပါလိမ့်

ဘာသစ္စာမို့ ဘာတွေပြပါလိမ့် (ဒုက္ခသစ္စာမို့ ဒုက္ခ သစ္စာတွေပြပါတယ် ဘုရား)။ အဲ အဲဒီလို မြင်လာပြီးတော့ မှ ဪ ခန္ဓာဟာ ဒုက္ခသစ္စာ စာသိမဟုတ်ဘူး၊ ကိုယ်တွေ့ ဖြစ်ပြီး (မှန်ပါ ဘုရား)။

သူများပြောလား၊ ဦးသန်းမောင် ခန္ဓာက ပြောတာ လား (ခန္ဓာကပြောတာပါ ဘုရား)၊ ခန္ဓာကပြောတော့ မယုံရှိသေးရဲ့လား (မရှိပါ ဘုရား)။

ဒီလို ဒုက္ခသစ္စာကြီးကို နောင်တစ်ဖန်မရချင်လို့ ဒုက္ခ ကျွတ်ရာ နိဗ္ဗာန်ကိုသာ ရည်မှန်း၍ တပည့်တော်တို့ သိန်းကုန်၊ သောင်းကုန် လှူဒါန်းပါလို၏လို့ ပြောင်းပစ်လိုက်ကြ (မှန်ပါ ဘုရား)။

သင်္ကန်းကပ်ခါနီးကျတော့ ဒီလိုပဲ ခဏထိုင်ရဦးမှာပဲ (မှန်ပါ)။ ခဏထိုင်ပြီး ခန္ဓာဉာဏ် စိုက်ခိုင်းမှာပဲ (မှန်ပါ)။ ဒုက္ခသစ္စာမြင်တဲ့အချိန်မှ “ဣမံ ကထိနစီဝရံ သံဃဿ ဒေမ” လုပ်ရမှာ (မှန်ပါ ဘုရား)။

အဲဒီတော့ ဝဋ်တောင့်တလှူတာလား၊ ဝဋ်ကိုရွံမုန်းပြီး လှူတာလား မေးရင် ဘယ့်နှယ်ဖြေကြမလဲ (ဝဋ်ကို ရွံမုန်းပြီး လှူတာပါ ဘုရား)။

ဒီစိတ်ကိုလှူခါနီးမှာမွေးဖြစ်အောင်မွေးပါ

အဲဒီတော့ ဘုန်းကြီးတို့ဆီက ဒကာ ဒကာမတွေ ဘယ်အရပ်သွားပြီး သိမ်ဆောက်၊ ဘုရားတည်တည် ဘုန်းကြီး တို့က မကန့်ကွက်ပါဘူး (မှန်ပါ)။ ဒီစိတ်ကလေးကိုဖြင့် လှူခါနီး မွေးဖြစ်အောင် မွေးပါ။

ဝဋ်ဆိုတာက တစ်အကွက်ကနေ နှစ်အကွက်သွားမယ် (မှန်ပါ ဘုရား)။ နှစ်အကွက်ကနေ သုံးအကွက် အလုပ်လုပ် မယ် (မှန်ပါ ဘုရား)။ အဲဒီလို လုပ်လို့ရှိရင်ဖြင့် လေးအကွက် မရောက် ပေဘူးလား (ရောက်ပါတယ် ဘုရား)။

လေးအကွက်ထဲကနေပြီး တစ်ခါတစ်ပြန်မဖြစ် ပေဘူး လား (ဖြစ်ပါတယ် ဘုရား)။ ဒါဝဋ်လည်တယ် ခေါ်တယ် (မှန်ပါ ဘုရား)။ အဲဒီတော့ သစ္စာသိပြီးလုပ်တဲ့ ပုဂ္ဂိုလ် ကျတော့ ဝဋ်ကျွတ်တယ် (မှန်ပါ ဘုရား)။ ဒကာကြွယ် ဒီစာရွက်ဘယ်လောက် အဖိုးတန်သတုံး (တန်ပါတယ် ဘုရား)။

ဦးမာဒင်တို့ လှူဒါန်းပေးကမ်းထားတဲ့ စာရွက်နဲ့ကော ကိုက်ရဲ့လား (ကိုက်ပါတယ် ဘုရား)၊ ကိုယ့်ဟာကိုယ်လည်း ကြည့်ကြပါနော်။

ဒီဘဝဘယ်ကစကြသလဲ

ဒီဘဝက ဘယ်ကစ,ကြသလဲ (ပဋိသန္ဓေက စ,ပါတယ် ဘုရား)။ အဲဒါကြောင့် ဝိညာဏ်ဆိုတာ ပဋိသန္ဓေ ဝိညာဏ်ကို ဆိုတာ၊ ဝိညာဏ်ပြီးတော့မှ နာမ်ရုပ်၊ နာမ်ရုပ်ပြီးမှ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်တဲ့။

သဠာယတနဆိုတာက ပြီးတော့မှ ခန္ဓာကိုယ်ထဲက အာရုံထိတွေ့တတ်တဲ့ဖဿ၊ ကောင်းတာ ဆိုးတာ ခံစားတတ်တဲ့ ဝေဒနာတဲ့ (မှန်ပါ) သဘောကျပြီလား (ကျပါပြီ ဘုရား)။

ပါဠိကို ရွတ်ကြည့်ပါ၊ ဇာတိပိ ဒုက္ခသစ္စာပါ၊ ဓမ္မစကြာ နဲ့ ကိုက်ပြီး ကြည့်လိုက်၊ ဇာတိပိ (ဒုက္ခသစ္စာပါ ဘုရား)။ ဪ ငါ့နှယ် မသိလို့ လှူတာ ဒုက္ခသစ္စာဖြစ်တယ်။

သိပြီးလှူရင်မဂ္ဂသစ္စာ

သိလို့လှူရင် ဟောဒါကို ပြောင်းလိုက်၊ မဂ္ဂသစ္စာ၊ ဒီဘက် က နိရောဓသစ္စာ (မှန်ပါ ဘုရား)။ ဒါ အထူးပြပြီ။

ဒါဖြင့် သိပြီးသကာလ ဒုက္ခသစ္စာသိပြီးသကာလ သိတော့ ဝိဇ္ဇာမဖြစ်သေးဘူးလား (ဖြစ်ပါတယ် ဘုရား)။ အဲ လှူလိုက်ပါပြီတဲ့၊ ဘာသစ္စာဖြစ်သလဲ (မဂ္ဂသစ္စာ ဖြစ်ပါတယ် ဘုရား)။

ဒါဖြင့် မဂ္ဂသစ္စာ အားထုတ်လိုက်တဲ့အတွက် ဒီဘက်မှာ ဒုက္ခသစ္စာပေါ်မလား၊ နိဗ္ဗာန်ပေါ်မလား (နိဗ္ဗာန်ပေါ်ပါတယ် ဘုရား)။ ဒါဖြင့် သိလို့လှူရင် မဂ္ဂသစ္စာဖြစ်တယ် (မှန်ပါ ဘုရား)။ မဂ္ဂသစ္စာကြောင့်တဲ့ ဒီဘက်က ခန္ဓာဇာတ်သိမ်း ငြိမ်းတဲ့ နိရောဓသစ္စာဖြစ်တယ် (မှန်ပါ ဘုရား)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

မသိလို့ လှူရင် (ဒုက္ခသစ္စာရပါတယ် ဘုရား)။ သိလို့ လှူရင် ဘာသစ္စာ (မဂ္ဂသစ္စာပါ ဘုရား)။ ရတာက (နိရောဓသစ္စာပါ ဘုရား)။ ဟော ဒီတစ်လုံးပိုင်တာနဲ့ ကျေနပ် ပြီ (မှန်ပါ ဘုရား)။ ဦးသန်းမောင် ဒကာကြွယ် သေပျော်ပြီ (သေပျော်ပါပြီ ဘုရား)။

မသိလို့လှူတာ၊ သမုဒယသစ္စာ

မသိလို့ လှူတာ ဘာသစ္စာ (သမုဒယသစ္စာပါ ဘုရား)။ ရတာက (ဒုက္ခသစ္စာပါ ဘုရား) သိလို့လှူတာ ဘာသစ္စာ (မဂ္ဂသစ္စာပါ ဘုရား)။ ရတာက ရတာက (နိရောဓသစ္စာပါ ဘုရား)။ နိဗ္ဗာန် ပေါ့ဗျာ (မှန်ပါ ဘုရား)။

ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ သွာ တစ်သံသရာလုံး ငါတို့မျက်စိလည်လာတဲ့ဥစ္စာ၊ သူများပါးစပ် လမ်းဆုံးပြီး နေတာ၊ ဘုရားကိုယ်တော်မြတ်ကြီးဟောတော်မူတဲ့ အတိုင်း ယခု ဆရာဘုန်းကြီးက သံသရာလည်ပုံ၊ ပြတ်ပုံပြောတဲ့ ပုံစံချပြီး ပြောတော့မှာ မသိလို့လှူတာများ ဒုက္ခသစ္စာရတယ် (မှန်ပါ ဘုရား)။ သိလို့လှူတော့ (နိရောဓသစ္စာ ရပါတယ် ဘုရား)။ မကွာဘူးလားဗျာ (ကွာပါတယ် ဘုရား)။

ဒကာ ဒကာမတွေ သို့သော်လည်း အားလုံးနဲ့ မသိတဲ့ ပုဂ္ဂိုလ်နဲ့ စာလို့ရှိရင် ဦးသန်းမောင် သေပျော်တယ် (မှန်ပါ ဘုရား)။

လူချမ်းသာလို့ ခင်ဗျားတို့ ဘယ်သူက လိမ်ထားထား မယုံနဲ့နော်၊ နတ်ချမ်းသာလို့ ဘယ်သူက လိမ်ထားထား (မယုံတော့ပါ ဘုရား)။

သစ္စာမျက်လုံးနဲ့ ခန္ဓာကြည့်

သစ္စာမျက်လုံးနဲ့ခန္ဓာကြည့်၊ ငါလူချမ်းသာလို့ ပြောကြ တယ်၊ ငါသေသေချာချာ ထိုင်ကြည့် ဦးမယ် ဆိုပြီး ထိုင်ကြည့်တော့ ဟိုကယား၊ ဒီကနာ၊ ဟိုကရွှေ့ချင်၊ ဒီကပြောင်း ချင် (မှန်ပါ)။ အငြိမ်နေလို့ကို (မရပါ ဘုရား)။ ဘာသစ္စာလဲ (ဒုက္ခ သစ္စာပါ ဘုရား)။

အင်း သူများကတော့ လူချမ်းသာလို့ ပြောတယ်။ ဒီမှာတော့သေသေချာချာ ကိုယ်ပိုင်ဉာဏ်နဲ့ ကြည့်တော့ ဒုက္ခ သစ္စာ (မှန်လှပါ ဘုရား)၊ ဒါဖြင့် သူများပြောယုံမလား၊ ကိုယ်တိုင်ဉာဏ်နဲ့ တွေ့တာ ယုံမလား (ကိုယ်ပိုင်ဉာဏ်နဲ့ တွေ့တာယုံပါမယ် ဘုရား)။ ဒီလိုဆိုတော့ ဒကာကြွယ် တော်တော် ရှင်းသွားတယ် (ရှင်းပါတယ် ဘုရား)။

အလှူလှူတတ်ကြပြီလား

အားလုံး ဒကာ ဒကာမတွေ လှူတတ်ကြပြီလား (လှူတတ်ပါပြီ ဘုရား)၊ ဘယ်လိုလှူကြမလဲ (သစ္စာသိပြီးလှူမှာပါ ဘုရား)၊ သစ္စာသိပြီးလှူရမယ်။

သစ္စာသိတော့ အကြွေးလည်း မသိပါနဲ့၊ လက်ငင်း သိတာကောင်းတယ်၊ လက်ငင်းသိတော့ မလှူမီ ရှေးအဖို့ ကာလ၌ ဒကာကြွယ်က ခန္ဓာကိုယ်စောင့်ကြည့်လိုက်၊ ခန္ဓာကိုယ် စောင့်ကြည့်၊ ခန္ဓာကိုယ်စောင့်ကြည့်တော့ ခန္ဓာက ဘာတွေ ပြောမယ်ထင်လဲ (ဒုက္ခသစ္စာပဲ ပြောပါတယ် ဘုရား)။

ခန္ဓာကိုယ် ဒုက္ခသစ္စာကြီးဟာ ယားတယ်၊ နာတယ်၊ ဆာလောင်မွတ်သိပ်တယ်၊ အိုက်တယ်၊ ညောင်းတယ်၊ ညာတယ်၊ ကိုက်တယ်၊ ခဲတယ် (မှန်ပါ့)၊ ခဏ ခဏဖြစ်ပျက်တွေကလဲ ပြတယ် (ပြပါတယ် ဘုရား)၊ ဘာသစ္စာလဲ (ဒုက္ခသစ္စာ ပါ ဘုရား)။

ဒုက္ခဝဋ်မှကျွတ်ချင်လို့လှူဒါန်းပါ၏

ဪ ဒါဖြင့် ဒီဒုက္ခဝဋ်မှ ကျွတ်ချင်လို့ တပည့် တော် လှူဒါန်းပါ၏ (မှန်ပါ့)၊ ကျောင်း သိမ်၊ ဘုရား၊ အားလုံးသော ပုဂ္ဂိုလ်တို့ မိတ်ဆွေသင်္ဂဟတွေ ခင်ဗျားတို့ ဝယ်ထားတဲ့ ပစ္စည်းတွေ လှူဒါန်းတာ ပေါ့ဗျာ (မှန်လှပါ)။

ဒီဒုက္ခကြီး မတွေ့ချင်လို့ ပေးပါ၏။ လှူပါ၏။ ကမ်းပါ၏။ ဆိုတော့ နောက် ဒုက္ခလာစရာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

ဘာကြောင့်တုံး၊ လှူတဲ့ပုဂ္ဂိုလ်ကိုယ်က ဒုက္ခမုန်း၊ ဒုက္ခရွံ နေတဲ့ ပုဂ္ဂိုလ်မို့ ဒုက္ခမလာဘဲနဲ့ သုခနိဗ္ဗာန်သာ ရတော့မယ် (မှန်လှပါ ဘုရား)။

ခန္ဓာဟာဒုက္ခအစစ်ပဲ

အဲဒါကြောင့် လက်ငင်းရှုပြီးတော့မှ ဒီဉာဏ်က ခန္ဓာထဲ မြင်ပြီး ခန္ဓာဟာ ဒုက္ခသစ္စာ အစစ်ပဲလို့ သေသေချာချာ သိပြီး သကာလ နေပြီးတော့မှ၊ ကဲ “နိဗ္ဗာနပစ္စယော ဟောတု” ဆိုချင်ဆို (မှန်ပါ ဘုရား)။

ယခုမြင်သော ဒုက္ခဝဋ်မှ ကျွတ်ရပါလို၏လို့ ဆိုချင်ဆို၊ ဘာဆိုဆို အကောင်းချည်းပဲ (မှန်ပါ ဘုရား)၊ ပေါ်ကြပြီ လား (ပေါ်ပါပြီ ဘုရား)။

ဒီဟာ ဒကာ ဒကာမတို့ သေးသေးသိမ်သိမ်စကားလို့ ဒကာကြွယ် မယူနဲ့နော် (မှန်ပါ့)၊ တစ်သံသရာလုံး မှားလာ ကြတာကို ဒကာသစ်တို့ ဒီဥစ္စာကို သုံးခါလောက် ထပ်ပြောတော့ ဘုန်းကြီးကလည်း တရားထပ်နေပြီလို့ ခင်ဗျားတို့ကတော့ ထင် လိမ့်မယ် (မထင်ပါ ဘုရား)။

ဒါတောင် လှူခါနီးကျတော့ ခင်ဗျားတို့က မေ့ချင်မေ့နေ မှာ (မမေ့ပါ ဘုရား)။

မေ့သေးတာတင်မဟုတ်ပါဘူး၊ ဟင်းမှ လောက်ပါ့မလား၊ ထမင်းက ဘယ်နှယ့်နေပါလိမ့်မတုံး ဖြစ်သေးတယ် (ဖြစ်ပါတယ် ဘုရား)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒုက္ခတွေ့မြင်ပြီး လှူရင်ပြီးတာပဲ

အဲဒီထမင်းဟင်း မလောက်လို့ ခင်ဗျားတို့ တာဝန်မဟုတ် ဘူး (မှန်ပါ့)၊ မလောက်ရင် မစားရတဲ့သူ၊ ပြန်သွားလိမ့်မယ်၊ ဘာမှ ဂရုစိုက်မနေနဲ့ (မှန်ပါ့)၊ ကိုယ့်ဒုက္ခသစ္စာမြင်ပြီး သကာလ နှလုံးသွင်းပြီး ဒီဒုက္ခဝဋ်မှ ကျွတ်ချင်လို့ စိတ်ထဲကပဲ လှူသာနေ (မှန်ပါ့ ဘုရား)၊ သံဃာတွေ မပင့်ရ သေးဘူး၊ နောက်မှပဲ ပင့်ပင့်၊ ဒုက္ခဝဋ်မှ ကျွတ်ချင်လို့ ဒုက္ခတွေမြင်ပြီး လှူနေ ရင် ပြီးတာပဲ (မှန်ပါ ဘုရား)၊ ဒကာကြွယ် အရေးမကြီးဘူးလား (ကြီးပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် အလှူသည် သံသရာ လည်သလား၊ သံသရာတိုသလားလို့ တချို့က ဒါနသံသရာ ရှည်တယ်၊ သီလ သံသရာရှည်တယ်လို့ ပြောချင် ပြောကြတယ် (ပြောကြ ပါတယ် ဘုရား)။

သိလှူကတော့နိဗ္ဗာန်ရတယ်

မသိလို့ လှူတာကတော့ ဟုတ်ပါတယ်တဲ့ ၁၊ ၂၊ ၃၊ ၄ အကွက်တွေ လှည့်သွားတယ် (လှည့်သွားပါတယ် ဘုရား)၊ သိလှူကတော့ကို ၁-ပြီးတော့၊ ၂-ကျတော့ ကိစ္စတုံးတယ် (မှန်လှပါ ဘုရား)၊ ၁-က မဂ္ဂသစ္စာ (မှန်ပါ့)၊ ၂-က (နိရောဓသစ္စာပါ ဘုရား)၊ ပြောင်းပြန်ပြန်မှတ်ရမယ် (မှန်ပါ့)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

သိတာက မဂ္ဂသစ္စာ၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ သိလို့လှူတာက (မဂ္ဂသစ္စာပါ ဘုရား)၊ ရတာက (နိရောဓသစ္စာပါ ဘုရား)၊ ဘယ်လောက် နေရာကျသလဲ (မှန်လှပါ)၊ နိဗ္ဗာန်ရတယ် (မှန်လှပါ ဘုရား)။

ဒါနသံသရာရှည်တယ်လို့မသုံးနဲ့

ဒါဖြင့် ဒါန သီလက သံသရာရှည်တာလား၊ သိမှု၊ မသိမှု ကြောင့် ရှည်တာလား (သိမှု၊ မသိမှုကြောင့် သံသရာရှည် တာပါ ဘုရား)၊ မှတ်ထား၊ နောက် ဒါနသံသရာရှည်တယ်လို့ မသုံးနဲ့ (မှန်ပါ ဘုရား)။

ကဲ ဒကာကြွယ် နေရာကျပြီလား (ကျပါပြီ ဘုရား)၊ ဒါနောက်ကို အားလုံးပြင်တတ်ကြပြီလား (ပြင်တတ်ပါပြီ ဘုရား)၊

အဲ ဒါက ဆွမ်းတစ်ဇွန်း၊ ကွမ်းတစ်ယာကို လှူစေ ကာမူ ဒီစိတ်ကလေးတော့ ထားကြပါ (မှန်လှပါ ဘုရား)၊ အကြီးအကျယ်ဆိုရင်ဖြင့် ဆိုဖွယ်မရှိတော့ဘူး အများကြီးပဲ။ ဒီဥစ္စာကို ခန္ဓာ နှလုံးသွင်းကြပါ (မှန်လှပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ လှူတတ်ပြီလား (လှူတတ် ပါပြီ ဘုရား)၊ ကဲ ဒါဖြင့် နိဂုံးချုပ်တော့မယ်၊ ဒကာ ဒကာမတို့မသိလို့လှူတာ ဘာသစ္စာ (သမုဒယသစ္စာပါ ဘုရား)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ လှူလို့ရတာကကော (ဒုက္ခသစ္စာပါ ဘုရား)၊ ရှင်းပြီလား (ရှင်းပါပြီဘိုရား)။

သိမှု၊ မသိသာလိုရင်း

သိလို့ လှူတာ ဘာသစ္စာ (မဂ္ဂသစ္စာပါ ဘုရား)၊

လှူလို့ရတာ ဘာသစ္စာ (နိရောဓသစ္စာပါ ဘုရား)၊ ကိုင်း ဒါန သံသရာရှည်သေးသလား၊ မရှည်တော့ ဘူးလား (မရှည်ပါ ဘုရား)၊ မသိ၊ အသိသာ လိုရင်းဖြစ်တယ် (မှန်ပါ ဘုရား)၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ကိုင်းတော်ကြဦးစို့။

သာဓု သာဓု သာဓု။