243

သေခါနီးမှာ လောကွတ်မချော်ပါနဲ့

အသံဖိုင်ခေါင်းစဉ်= နိဝရဏပယ်နည်း အမှတ်(၃)

စာအုပ်ခေါင်းစဉ်= သေခါနီးမှာ လောကွတ်မချော်ပါနဲ့

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့၌ ဟောကြားသော တရားတော်

သေခါနီးမှာ လောကွတ်မချော်ပါနဲ့

(၁၅-၁၂-၆၀)

စာလိုသုံးလို့ရှိရင် –

၁။ ကာမစ္ဆန္ဒနီဝရဏ

၂။ ဗျာပါဒနီဝရဏ

၃။ ထိနမိဒ္ဓနီဝရဏ

၄။ ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ

၅။ ဝိစိကိစ္ဆာ နီဝရဏ လို့ ခေါ်သည်လို့ မှတ်ထား ကြပါ။ (မှန်ပါ့)။

ဘာ့ကြောင့် နီဝရဏလို့ခေါ်ပါလိမ့်

ဘယ့်နှယ်ကြောင့် နီဝရဏလို့ ခေါ်ရပါလိမ့်မလဲလို့ မေးလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့သန္တာန်မှာ ဘဝများစွာ သံသရာက ဒီငါးခုကို ဖယ်ထုတ်ရမည့်နည်းကို မသိသည့်အတွက်ကြောင့် နိဗ္ဗာန်မဂ်ဖိုလ်ကို ပိတ်ပင်ထားတယ် (မှန်ပါ့)။ ဒါဖြင့် နိဗ္ဗာန်မဂ်ဖိုလ်ပိတ်တဲ့တရား ဘယ် နှစ်ပါးရှိပါလိမ့် (ငါးပါးရှိပါတယ် ဘုရား)။

အဲဒီတော့ နိဗ္ဗာန်မဂ်ဖိုလ်တော့ တားမြစ်ပိတ်ပင်ထား တယ်ဆိုသဖြင့် အားလုံး ဒကာ ဒကာမတွေ သိမှတ်စရာက သုံးဆယ့်တစ်ဘုံ၊ အပါယ်လေးဘုံ ဒီအထဲမှာ ဆင်းရဲလမ်းကို တော့ဖြင့် လမ်းဖွင့်ထားတယ် မှတ်ရမယ် (မှန်ပါ့ ဘုရား)။

နိဗ္ဗာန်မဂ်ဖိုလ်တော့ ဘာလုပ်ထားသတုံး (တားမြစ် ပိတ်ပင်ထားပါတယ်) ဆင်းရဲတွင်းတွေ ကတော့ (လမ်းဖွင့်ထားပါတယ် ဘုရား)။

ဖယ်ရှားတတ်ဖို့အရေးကြီးတယ်

အဲဒါကြောင့် ဒီတရားသည် ဒကာ ဒကာမတို့ ဖယ် ရှားတတ်ဖို့ အလွန့်အလွန် အရေးကြီး တယ်လို့ မှတ်ကြပါ။ (မှန်ပါ့ ဘုရား)။

ဒီတရားသည် အပါယ်လေးပါးကိုတော့ တံခါးဖွင့် တယ်။ နိဗ္ဗာန်မဂ်ဖိုလ် ကိုတော့ ပိတ်ပင်တယ်။ အဲဒီတော့ ဒီ ဥစ္စာ ကလျာဏမိတ္တ ဆိုတဲ့ သူတော်ကောင်းနဲ့ပေါင်းမှသာ လျှင် သူ့ကို ဖယ်ရှားတဲ့နည်း နိဿရည်းကို ရမယ်လို့ မှတ်ရမယ်။ (မှန်ပါ့ ဘုရား)။

ဒါ ဘုရားရှိနေလည်း ဒကာ ဒကာမတွေ သန္တာန်မှာ ဒီတရားတွေက လောဘ၊ ဒေါသ၊ ထိနမိဒ္ဓ၊ ဥဒ္ဓစ္စကုက္ကုစ္စ၊ ဝိစိကိစ္ဆာ ဆိုတာက ဘုရားရှိလည်း ခန္ဓာကိုယ်ထဲမှာ ကိန်းနေ တာပဲ (မှန်ပါ့)။ ဘုရားရှိတဲ့ အခါမှာလည်း သတ္တဝါတွေ သန္တာန် မှာ မကိန်းဘူးဆိုလို့မရဘူး။ (မှန်ပါ့)။ ဘုရားရှိလည်း ပိတ်ပင်တာပဲ (မှန်ပါ့)။

ဒါဖြင့် ဘယ်အခါမဆို ပိတ်ပင်တတ်တဲ့ တရားဖြစ်လေသောကြောင့် နိဗ္ဗာန်မဂ်ဖိုလ်ကို ပိတ်ပင်တတ် တဲ့တရား ဖြစ်လေသောကြောင့် နီဝရဏတရား (မှန်ပါ့)။ သုံးဆယ့်တစ်ဘုံ အပါယ်လေးပါး ကိုလည်း ဖွင့်တတ်သောကြောင့် သူ့ကို မကောင်းသောတရား အညစ်အကြေးရှိတဲ့ တရားလို့ ဆိုလိုက်ပါ (မှန်ပါ့ ဘုရား)။

ကောင်းပြီ။ ဒါဖြင့်

၁။ ကာမစ္ဆန္ဒနီဝရဏဆိုတဲ့ လောဘကိုလည်း ဒကာ ဒကာမတွေအား ဟောပြီးသား ဖြစ်ပါတယ် (မှန်ပါ့ ဘုရား)။

၂။ ဗျာပါဒ နီဝရဏဆိုတဲ့ ဒေါသကိုလည်း ဟောပြီးသားဖြစ်လို့ ဖယ်တတ် ရှားတတ် ပါပြီ (မှန်ပါ့)။

၃။ ထိနမိဒ္ဓ နီဝရဏဆိုတာလည်း ငိုက်မျဉ်း ခြင်း၊ သက်တမ်းနုတ်ခြင်း၊ သာသနာတွင်း အသက်တမ်းတွေ ကို အကုန်နုတ်ပစ် လိုက်တာ သိပြီးသား ဖြစ်ပါပြီ (မှန်ပါ့ ဘုရား)။

ဥဒ္ဓစ္စ ကုက္ကုစ္စ နီဝရဏ

ဥဒ္ဓစ္စ ကုက္ကုစ္စ နီဝရဏဆိုတဲ့ နံပါတ် (၄)ကို ယနေ့ည စပြီးဟောမယ်၊ ဥဒ္ဓစ္စ ဆိုတာကတော့ ဒကာ၊ ဒကာမတွေ သိတဲ့အတိုင်း ဘုန်းကြီးများက ဒကာ၊ ဒကာမတို့ ဝေဒနာ နုပဿနာရှု၊ ကာယာနုပဿနာရှု၊ စိတ်ရှု၊ ဓမ္မာနုပဿနာရှုလို့ ဆိုငြားသော်လည်း တခြားသောစိတ်က ဝင်လာပြီး သကာလ ဟိုအာရုံပြု၊ ဒီအာရုံပြုနဲ့ ထားတဲ့ဆီမှာ မနေဘူးဗျာ (မှန်ပါ့)။ အဲ့ဒါကို ဥဒ္ဓစ္စနီဝရဏလို့ ခေါ်ပါတယ် (မှန်ပါ့ ဘုရား)။

ဥဒ္ဒစ္စကိုတော့ မနေ့က ဟောပြီးသားဖြစ်နေသော ကြောင့် ဥဒ္ဓစ္စ ဖြစ်ပျက်ပြီး မူလ ကမ္မဋ္ဌာန်းဖြစ်တဲ့ ဆရာပေး ထားတဲ့ကမ္မဋ္ဌာန်းကို ပြန်ကောက်ရင် ရပါတယ် (မှန်ပါ့ ဘုရား)။

ဥဒ္ဓစ္စတော့ ပြောပြီးပြီ၊ ကုက္ကုစ္စကလေးပြောဖို့ ယနေ့ ကျန်နေတယ်၊ သူက ဥဒ္ဓစ္စနီဝရဏကိုး (မှန်ပါ့)။ ကုက္ကုစ္စ မကျန်ဘူးလား (ကျန်ပါတယ် ဘုရား)။ အဲဒီတော့ ကုက္ကုစ္စကို ယနေ့ပြောမယ်၊ အရေးကြီးတယ်ဆိုတာ မှတ်စမ်းပါ (မှန်ပါ့ ဘုရား)။

ကုက္ကုစ္စ

တရားအားထုတ်တော့မယ်လို့ စိတ်ကူးတော့ ဒကာ ဒကာမတွေဟာ မမှားသော ရှေ့နေ၊ မသေသော ဆေးသမားဆိုတာ ဘယ်သူမှ မကင်းနိုင်ဘူးနော် (မှန်ပါ့)။ အကုသိုလ်တွေ ပြုပြုနေရာ ငယ်စဉ် အခါတုန်းက မသိမလိမ္မာလို့ မူးခဲ့၊ ရူးခဲ့၊ တေခဲ့၊ လေခဲ့ကြတယ်။ ဒါတွေဟာ ဘာမှ ကြောက် စရာမရှိပါဘူး (မှန်ပါ့)။

ကြောက်စရာ မရှိတာက ဘုန်းကြီး ပြောချင်တာက ကိုယ် ဒီအလုပ် ဝိပဿနာ အလုပ်ကို လုပ်တော့မယ်၊ ငါ့မှာ ဒီဟာတွေက အရှိသားပဲ။ ငါတော့ မူး ရူးတေလေ လိမ်ကောက်ကျစ် ထားတာတွေ၊ အို ဒါတွေကို ဒကာ၊ ဒကာမတွေ နှလုံးမသွင်းနဲ့၊ နှလုံးသွင်းရင် သူက ကုက္ကုစ္စ (မှန်ပါ့)။ နှလုံးကို ဒကာ ဒကာမတွေက နှလုံးမသွင်း နဲ့၊ နှလုံးသွင်းရင် သူက ကုက္ကုစ္စ (မှန်ပါ့)။ နှလုံးသွင်း လို့ရှိရင်တော့ သူက လာတားတာပဲ (မှန်ပါ့ ဘုရား)။

မဂ်ဖိုလ်တားမလို့ လာတာ

သူ့ကို ဥပေက္ခာ ရှုလိုက်ပါ ဒကာ ဒကာမတို့ (မှန်ပါ့)။ သူဟာ မဂ်တား၊ ဖိုလ်တားမလို့ လာတဲ့ တရားပါပဲ (မှန်ပါ့)။ အစစ်တားမလားလို့ မေးတော့ ဖယ်ရှားတတ်ရင် အစစ်မတား ပါဘူးလို့ မှတ်ကြပါ (မှန်ပါ ဘုရား)။

ဒါဖြင့် ပြုပြီးသား ဒုစရိုက်တွေကို ပြန်မအောက်မေ့ ဘဲနဲ့ ကြိုးစားပါ (မှန်ပါ့ ဘုရား)။

ဒါ ကုက္ကုစ္စသဘောနော် (မှန်ပါ့)။ ကုက္ကုစ္စက နှစ် သဘောရှိတယ်လို့ မှတ်ရမယ်။ (မှန်ပါ့)။

ဒုစရိုက်တွေဆို တာက ငယ်ငယ်တုန်းက တေခဲ့၊ လေခဲ့၊ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ၊ လိမ်ခဲ့၊ ကောက်ခဲ့, ကျစ်ခဲ့ကြတယ်။ အခု ဆရာကောင်းနဲ့တွေ့မှ တရားအားထုတ်ကြမယ် ဆိုတော့ ဒါတွေကများ ခံနေမလားလို့ သူကြားက ထိုးလာတတ်တယ် (မှန်ပါ့ ဘုရား)။

ကြားထဲက ထိုးလာလို့ရှိရင် ဒကာသစ်တို့က ဟေ့ တို့ဆရာဘုန်းကြီးက ဟောထားတယ်၊ ဘုရားဟောတဲ့နည်း အတိုင်း ဒါတွေဟာ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် တားမလို့ လာပေမယ့် ကိုယ့်လုပ်ရိုး လုပ်စဉ် ဆရာပေးထားတဲ့ အလုပ် ကိုသာလျှင် လုပ်လို့ရှိရင် သူတို့က မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် တားမြစ် နိုင်တာ မဟုတ်တော့ဘူး ဆိုပြီး သကာလ အကုသိုလ် တွေပြန်ပြီး စိုးရိမ်တဲ့စိတ်တွေ လာတတ်တယ် (မှန်ပါ့)။ စိုးရိမ်တဲ့စိတ် အလိုလိုဖြစ်နေတဲ့စိတ်ကို ပြန်ပြီး ဖြစ်ပျက် ရှုပစ်လိုက်ပါ (မှန်ပါ ဘုရား)။

ဦးလှဘူးတို့၊ ဒကာကြွယ်တို့ ဘယ်သူမှ ငယ်ငယ်တုန်း ကစပြီး တောက်လျှောက်လိမ္မာတဲ့ မျိုးရိုးရယ်လို့ ဆိုတာ ကတော့ ရှားပါတယ်၊ မရှိပါဘူး။ မရှိတဲ့အပြင် အပေါင်း အသင်းနဲ့ပဲ အမျိုးမျိုး အဖုံဖုံ အရပ်ဒေသအလိုက် ဆိုတာတော့ လူတိုင်းပဲ မုသားကလေး သုံးလိုက်၊ ကောက်ကျစ်တဲ့စိတ် ကလေး ပေါ်ချင်လည်းပေါ်လိုက်၊ သူ့အပေါ် မကျေနပ်တာ တွေကလည်း ပေါ်ချင်လည်း ပေါ်လိုက်၊ သူ့အပေါ် မကောင်း ကြံတာတွေလည်း ပေါ်ချင်ပေါ်လိုက်၊ ငါငယ်ငယ်တုန်းက မိုက်ခဲ့တယ်၊ အခုဆရာသမားနဲ့ တွေ့တော့ တရားအားထုတ် တယ်၊ မိုက်ခဲ့တဲ့ကံတွေက ခက်ဦးမှာပဲလို့ ပြန်တွေးလို့ရှိရင် ကုက္ကုစ္စဝင်လာတယ် (မှန်ပါ့ ဘုရား)။

အချိန်ကောင်းမှာ ဝင်လာတတ်တယ်နော်

ဒါတွေကို ပြန်တွေးပြီး သကာလ ဒကာ ဒကာမတွေ ကိုယ့်သန္တာန်မှာ ချက်ကောင်း အချိန်ကောင်းမှ ဝင်လာတတ် တယ်နော် (မှန်ပါ့)။ တရားအားထုတ် တော့မယ်ဆိုမှ ကိုယ့် ကိုယ်ကို သံသယဖြစ်ပြီး ငါ မူးခဲ့တယ်၊ ရူးခဲ့တယ်၊ လေခဲ့ တယ်ဆိုတာ ဒကာ၊ ဒကာမတွေစိတ်ထဲမှာ ပေါ်တတ်တယ် (မှန်ပါ့)။

ပေါ်လာလို့ရှိရင် ဒီဟာတွေကို ဖြစ်ပျက်သာ ရှုပစ်ပါ (မှန်ပါ့)။ ဒါတွေဟာ အနိစ္စတွေပဲ၊ အခု စိတ်ထဲ ပေါ်လာပြီး ဒုစရိုက် တရားခံတွေ ပေါ်လာရင် အဲဒါတွေကို အကုန်လုံး ဒကာသစ်တို့က ဖြစ်ပျက်ရှု ပစ်လိုက် (မှန်ပါ့)။ မတားနိုင်တော့ဘူး (မှန်ပါ့)။ တားနိုင်သေးရဲ့ လား (မတား နိုင်ပါ ဘုရား)။ ဖြစ်ပျက်ရှုဖို့သာ အရေးကြီးတယ် (မှန်ပါ့ ဘုရား)။

မကောင်းတဲ့စိတ်တွေ ဖြစ်ပျက်ရှု

ဒါဖြင့် အရေးကြုံမှပေါ်လာတဲ့ မကောင်းတဲ့စိတ် တွေကို ဦးဘအုန်း ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှု ရပါမယ်)။ ဖြစ်ပျက်ရှုပြီး သကာလ မှ မနေ့က ပြောတဲ့အတိုင်း ဆရာ ဘုန်းကြီးပေးထားတဲ့ မူလ ကမ္မဋ္ဌာန်းကို ပြန်ကောက်တာပေါ့ (မှန်ပါ့)။ မဂ်ဖိုလ်မတားနိုင်ဘူး ဆိုတာ သေချာပလား (မှန်ပါ့)

လက်ခံရင်တော့ တားလိမ့်မယ်၊ လက်မခံရင်တော့ ဖြင့် (မတားပါ ဘုရား)။ အဲ လက်မခံတဲ့ နည်းက ဖြစ်ပျက် ရှုတဲ့နည်း (မှန်ပါ့)။ ဒါ ဘယ်တရားတွေ ရှုရမှာတုံးမေးတော့ ဒုစရိုက်ဆယ်ပါး တရားတွေ လာတိုင်း လာတိုင်း ဦးဘအုန်း ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ်)။ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒုစရိုက်ဆယ်ပါး လာတိုင်းလာတိုင်း ပါဏာတိပါတ ပြုခဲ့ဖူးတာတွေ ပေါ်နေလို့ရှိရင်လည်း အဲဒီ ပေါ်တဲ့စိတ်ကလေး ကိုလည်း ဖြစ်ပျက်ရှု (မှန်ပါ့)။ အဒိန္နာဒါနာ- သူပစ္စည်းကို ခိုးတာ ဝှက်တာလေး ပေါ်လာလို့ရှိရင် ဒါလေးကို ဖြစ်ပျက် ရှုပစ် (မှန်ပါ့)။ ကာမေသုမိစ္ဆာစာရ- သူ့သားမယား ပြစ်မှားမိတယ် ဒါလည်း ဖြစ်ပျက် ရှုပစ်ပါ။ ဒီစိတ်ကလေး ပေါ်လာရင် ဖြစ်ပျက်ရှုပစ်ပါ (မှန်ပါ့)။ လိမ်လည် ကောက်ကျစ်တဲ့ စိတ်ကလေးဟာ များသောအားဖြင့် ဘယ်သူမှ မလွတ်ခဲ့ဘူး (မှန်ပါ့)။ အဲဒါကလေး ပေါ်လာ ရင်ကော (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။ သေရည်သေရက် သောက်ခဲ့တာ မူးတဲ့ စိတ်ကလေးက ကန့်လန့် လာလုပ်နေရင်ကော (ဖြစ်ပျက် ရှုရပါမယ်)။

ကုက္ကုစ္စကို ဖြစ်ပျက်ရှု

ငါ့မှာ နဂိုတုန်းက မူးရူးထားတဲ့ စိတ်ကလေးဟာ ရှိ ခဲ့တယ်လို့ အခုမှပေါ်လာတဲ့ စိတ်လည်း ဖြစ်ပျက်ရှုပစ်လိုက် လို့ရှိရင် ဒါ ကုက္ကုစ္စကို ဖြစ်ပျက်ရှုတာပဲ (မှန်ပါ့)။

ပြုအပ် ပြီးသော ဒုစရိုက်တွေကိုးဗျ၊ ဒုစရိုက်ဆယ်ပါးပေါ့ ဗျာ (မှန်ပါ့)။ မုသာဝါဒါ၊ ပိသုဏဝါစာ၊ ဖရုသဝါစာ၊ သမ္မပ္ပလာပ၊ ဝစီကံလေးပါး (မှန်ပါ့)။

အဘိဇ္ဈာ ဗျာပါဒမှာလည်း သူ့ စည်းစိမ် ရှေးရှု ကြံစည်ခဲ့တယ်၊ ကြံစည်တဲ့ စိတ်ကလေးလည်း ဖြစ်ပျက်ရှု (မှန်ပါ့)။ ဗျာပါဒတဲ့၊ သူ့အပေါ် မကောင်းကြံ တဲ့စိတ်ကလေး၊ ပြစ်မှားတဲ့စိတ်ကလေး၊ မကျေနပ်တဲ့စိတ် ကလေး ပေါ်လာရင်ကော (ဖြစ်ပျက်ရှုရမှာပါ ဘုရား)။

မိစ္ဆာ ဒိဋ္ဌိလာလည်း ထို့အတူပဲ၊ ကောင်းတာလုပ် ကောင်းကျိုး ပေးတယ်၊ မကောင်းတာလုပ် မကောင်းကျိုး ပေးတယ်ဆို တဲ့သဘောကလေး သိပြီး သကာလ ဒီဒိဋ္ဌိဟာ ငါ နဂိုတုန်း က မှားခဲ့တာတွေပဲ၊ အဲဒီအမှားကိုလည်း ဒိဋ္ဌိစိတ်ကလေး ဖြစ်ပျက်ရှုပါ (မှန်ပါ့)။ သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီကဲ့သို့ ရှုပစ်လိုက်လို့ရှိရင်ဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ပြုအပ်ပြီးသော ဒုစရိုက် တွေက တားနိုင်သေးရဲ့ လား (မတားနိုင်ပါ ဘုရား)။

ပြုပြီးသား ဒုစရိုက်တွေ ဖြစ်ပျက်ရှု

အဲ သူတို့ဟာ ဒကာသစ်ရေ ဆရာရင်း ဒကာရင်းမို့ ပြောရရင် ချက်ကောင်းကျမှ လာတတ် တာနော် (မှန်ပါ့ ဘုရား)။ ပြုအပ်ပြီးသော ဒုစရိုက်တွေ တားနိုင်သေးရဲ့လား၊ တကယ် သူတော်ကောင်း အလုပ်ကို လုပ်တဲ့အချိန်၊ မဂ်ဖိုလ် ရခါနီး အချိန်ကျမှ သူတို့ကလာပြီး ကန့်ကွက်တတ်တယ်။ (မှန်ပါ့ ဘုရား)။

ဒါကြောင့် ပြုပြီးသား ဒုစရိုက်ကိုလည်း ဘာလုပ်ရမယ် (ဖြစ်ပျက်ရှုရပါမယ်)။ အောက်မေ့နေရင် ကုက္ကုစ္စ (မှန်ပါ့)။ ဖြစ်ပျက်ရှုလိုက်လို့ရှိရင် ဝိပဿနာ (မှန်ပါ ဘုရား)။

အဲဒီလို လဲလှယ်ဖို့ နည်းကောင်းရပြန်တော့လည်း ဦးဘအုန်းရေ ဘာမှကိစ္စမရှိဘူး (မှန်ပါ့)။ ဘာမှ ကိစ္စမရှိဘူး ဒကာ၊ ဒကာမတွေ ဒါကိုကြောက်စရာ မလိုဘူး (မှန်ပါ့ ဘုရား)။

နှစ်ပေါင်းနှစ်သောင်းရဟန်းကြီး

နို့မဟုတ်လို့ရှိရင် သူ တစ်ခါတည်း သေခါနီးများ သူ လာတတ်သေးတယ် (မှန်ပါ့)။ ကျုပ်တို့ ဆီကို တစ်ခါ တစ်ခါ ကြုံတဲ့ ဒကာ၊ ဒကာမတွေလည်း နာဖူးပါလိမ့်မယ်။ “ဧရကပတ္တ နဂါးမင်းကြီး” ဆိုတာ ကြားဖူး ကြပါလိမ့်မယ် (မှန်ပါ့)။ သူဟာ အနှစ်နှစ်သောင်း ရဟန်း တရားအား ထုတ်ခဲ့တယ် (မှန်ပါ့)။ အနှစ်နှစ်သောင်း ရဟန်းတရား အားထုတ်တယ် ဆိုတော့ အသက်ရှည်တဲ့ အခါကာလမို့ တော်တော်ပဲ ကြာတာပေါ့ ဗျာ (မှန်ပါ့)။

ပိန်းရွက်ကလေး ပြတ်သွားတယ်

အဲဒီအားထုတ်စဉ်အခါတုန်းက သူက မြစ်ကမ်းပါးမှာ နေတော့ လှေကလေးနဲ့ ဆွမ်းခံထွက် ရတယ်။ လှေကလေး ကို တက်ကလေးနဲ့ လှော်နေတုန်းပဲ ဦးကလေးက လည်သွား တဲ့အခါမှာ ကမ်းပါးရှိတဲ့ ပိန်းရွက်ကလေးကို သူက ဆွဲလိုက် တယ် (မှန်ပါ့)။ ဆွဲမိတော့ ရေစီးကသန် လှေအားက လေးတာနဲ့ ပိန်းရွက်ကလေး ပြတ်ထွက်သွားတယ် (မှန်ပါ့)။ ရဟန်း များမှာတော့ ဒါဟာ ဘူတဂါမ် ဖျက်ဆီးမှု အတွက် အာပတ် သင့်တာပေါ့ ဗျာ (မှန်ပါ့ ဘုရား)။

အဲဒါနဲ့ ဒီအာပတ်ကလေးကို သူက ဒေသနာ မကြား မိဘူး။ မဖြေဖျောက်မိဘူးပေါ့ဗျာ၊ ဘာမှလည်း မဖြစ်လောက် ဘူး (မှန်ပါ့)။ ဒါဟာ ကိုယ့်သဘောနဲ့ကိုယ် ပြတ်ကရော ဟဲ့ ဆိုပြီး လုပ်တာလည်း မဟုတ်ဘူး။ လှေလည်သွားမှာစိုးလို့ ဆွဲလိုက်တာနဲ့ သူ့အလိုလို မနိုင်လို့ ပြတ်တာပဲ (မှန်ပါ့ ဘုရား)။

သေခါနီးကျမှ ကုက္ကုစ္စဖြစ်တယ်

အဲဒါကလေးဟာ ဒကာအုန်းတို့၊ ဒကာသစ်တို့ ဒီကိုယ် တော်ကြီး ပျံလွန်တော်မူတော့မယ် ဆိုတော့ သေခါနီးကျမှ ဒါကလေးကြောင့် ငါခက်တယ်က လာတယ် (မှန်ပါ့)။ ဒါကလေးကြောင့် ငါခက်တယ်လို့ လာတော့ ကုက္ကုစ္စ ဖြစ်နေ တယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။

သို့လော သို့လော တွေးတာ ဘာခေါ်မယ် (ကုက္ကုစ္စ ပါ ဘုရား)။ အဲဒါကလေးကြောင့် ငါခက်တယ် ဆိုပြီး သကာလ စုတိစိတ်ကျတော့ ဂင်္ဂါမြစ်ထဲမှာ နဂါးကြီး ဖြစ်သွားတယ်။ (မှန်ပါ့)။

အားထုတ်ခဲ့တာတွေတောင် ကယ်နိုင်သေးရဲ့လား (မကယ်နိုင်ပါ ဘုရား) ဘာကြောင့်တုံး ဆိုတော့ ကုက္ကုစ္စ နှိပ်စက်လိုက်တာ (မှန်ပါ့ ဘုရား)။

နဂါးကြီးသွားဖြစ်တယ်

ဒါဟာ ဒကာ၊ ဒကာမတို့ အခုလို ဖယ်ရှားတဲ့နည်း ကို မကျင့်သုံးခဲ့လို့ပဲ (မှန်ပါ့)။ အဲဒီတွင် ဦးလှဘူး ဪ ငါဟာ အနှစ်နှစ်သောင်းလည်း တရားအားထုတ်ခဲ့သေးတယ်။ အခုလည်း ရေထဲမှာ ရင်ဘတ်နဲ့ သွားရတဲ့ နဂါးကြီးဖြစ်ပြီး ဖားစိမ်းစား၊ ငါးစိမ်းစားဖြစ်နေတော့တယ် ဆိုပြီး သူ့မှာသမီး ကလေး တစ်ယောက် မွေးဖွားလာတာနဲ့ လူ့ပြည်မှာ ဘုရားပွင့်၊ မပွင့် စုံစမ်းရတာ ဦးဘအုန်း ရေထဲက နေပြီး စုံစမ်းရတယ် (မှန်လှပါ ဘုရား)။

သမီးကလေးကို နဂါးကြီးက ပါးပျဉ်းခွေခေါင်းပေါ် မှာတင်ပြီး သကာလ ခြောက်ဒွါရ အစိုးရတဲ့ ပုဂ္ဂိုလ် ဘယ်သူလဲ ဆိုတဲ့ ဂါထာတွေပေါ့ဗျာ (မှန်ပါ့) အဲဒီဝတ္ထုတွေ ထုတ် နေရင် ရှည်နေမှာစိုးလို့ မထုတ်ပါဘူး။ ထုတ်လိုက်ရင်လည်း တစ်နာရီလောက် ကြာသွားလိမ့်မယ် (မှန်ပါ့ ဘုရား)။

တပည့်တော်ကယ်အော်မူပါဘုရား

ဒီလိုချည်း မေးခွန်းဂါထာတွေ ထုတ်ပေးနေတော့ ဘယ်သူမှ မဖြေနိုင်ဘဲ ရှိကြတယ်။ ဒါနဲ့ ဘုရားပွင့် လာတော့မှ လူတစ်ယောက်က သွားမယ်လုပ်တော့မှ ဘုရားက ခေါ်ပြီး မင်း ဘယ်လို ဖြေမတုံး၊ ဒီလိုဒီလို ဖြေပါ့မယ်ဘုရား ဆိုတော့ အို မင့်အဖြေ အမှားချည်းပဲ ခြောက်ဒွါရ အစိုးရတဲ့ ပုဂ္ဂိုလ်ဟာ မင်းပဲလို့ ဥတ္တရလုလင်ကို အခိုင်းလိုက်တဲ့ အခါကျတော့မှ ဘုရားပွင့်မှန်း သိတယ်၊ (မှန်ပါ့)။ ဪ ဘုရား ပွင့်လို့ ဒီဂါထာ အဖြေမှန်ထွက်လာတာပဲဆိုတာ သိတယ် (မှန်ပါ့ ဘုရား)။

အဲဒီတွင်မှ တန်ခိုးကြီးတဲ့ နဂါးလည်းဖြစ်နေတော့ လူယောင်ဖန်ဆင်းပြီး သကာလ ဘုရားဆီ ပြေးလာတာပဲ (မှန်ပါ့)။ ပြေးလာပြီး တပည့်တော် အနှစ်နှစ်သောင်း အားထုတ် ခဲ့ပါတယ်ဘုရား၊ ပိန်းရွက်ကလေး ပြတ်သွားတာ သေခါနီး မှာ ကုက္ကုစ္စ ဝင်လာတာနဲ့ အခုရင်ဘတ်နဲ့ သွားရတဲ့ ဖားစိမ်း၊ ငါးစိမ်းစား ဖြစ်ရပါတယ်။ တပည့်တော်ကို ကယ်တော်မူပါ တဲ့ (မှန်ပါ့)။

လူ့ဘဝရအောင် လုပ်ပါဦး

ဒီနဂါးအဖြစ်နဲ့ ကျွတ်တမ်းဝင်ဖို့ မကယ်နိုင်ဘူး။ လူ့ဘဝရအောင် ပြန်လုပ်ပါဦး (မှန်ပါ့)။ ဒီတော့ တိရစ္ဆာန် ဘဝက လူ့ဘဝရဖို့ အတော်ခဲယဉ်းတယ် (ခဲယဉ်းပါတယ် ဘုရား)။

ကဲ ဒကာ၊ ဒကာမတို့ ဘယ်သူ့ကြောင့် နဂါးဖြစ်ရ တယ်။ တိရစ္ဆာန်ဘုံ သွားရတယ်ဆိုတာ ဒကာအုန်းတို့၊ ဒကာသစ်တို့ သိရောပေါ့ ဗျာ (သိပါပြီ ဘုရား)။ ဘယ်သူ့ကြောင့်ပါလိမ့်ဗျာ (ကုက္ကုစ္စ ကြောင့်ပါ ဘုရား)။ သံသယ မရှိကောင်းတာ သံသယရှိနေတယ် (မှန်ပါ့ ဘုရား)။

လာချင်တာလာ ဖြစ်ပျက်ရှုပစ်ပါ

ဒါ့ကြောင့် ခင်ဗျားတို့ ဒီလာတဲ့အထဲမှာ နဂိုက အကုန် လူလိမ္မာချည့် ဖြစ်နေခဲ့ကြရင် ဘယ်သူမှ တရားနာတောင် လာစရာ မလိုတော့ဘူး (မှန်ပါ့)။ ကိုယ့်အပြစ်တွေကို ဖြေဖျောက်နည်း နိဿရည်း လာရှာကြတော့ အခုပြောတဲ့ ငယ်ငယ်တုန်းက တေခဲ့၊ ပေခဲ့ ဒုစရိုက် ဆယ်ပါးတွေဗျာ၊ လာချင်တာ လာပါစေ ဒကာ ဒကာမတို့ ဖြစ်ပျက်သာရှုပစ်၊ သူ့ကိုရှုပြီး ကိုယ့် မူလကမ္မဋ္ဌာန်းကိုသာ ပြန်ကောက်၊ မဂ်ဉာဏ် ဖိုလ်ဉာဏ် မတားနိုင်ပါဘူး (မှန်ပါ့)။ သူဝင်လာနေရင် တော့ တားဖို့ပဲ (မှန်ပါ့)။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကဲ ဒါဖြင့် ဒကာ၊ ဒကာမတို့ ခုနင်ကပြောခဲ့တဲ့ ဧရကပတ္တ နဂါးမင်းကြီးကို လူ ဖြစ်အောင် လုပ်ပါဦးကွာ ဆိုပြီး ဦးဘအုန်း ဇာတ်သိမ်းရရှာတယ် (မှန်ပါ့)။ ဘယ်သူချလိုက် တာပါလိမ့် (ကုက္ကုစ္စ ချလိုက်တာပါ ဘုရား)။ ကိုယ်ပြုလာတဲ့ အပြစ်က ကြီးသလားလို့မေးရင် ဘယ့်နှယ်ဖြေပါ့မလဲ (မကြီး ပါ ဘုရား)။

အပြစ်ကတော့ မကြီးလှဘူး။ ဒါပေမဲ့ သံသယက ကြီးသွားတယ် (မှန်ပါ့)။ သေခါနီးမှ ဟိုဘဝ ကူးခါနီး၊ ဟိုဘဝရောက်ခါနီးမှ ဝင်ပေါက်မှလာပြီး သူကနေပြီး အမှုထမ်းပစ်လိုက်တယ် (မှန်ပါ့)။ သိပ်ကြောက်စရာ ကောင်း တယ်။ (ကောင်းပါတယ် ဘုရား)။

ကိုယ့်ခန္ဓာကိုယ် ဖြစ်ပျက်ရှုသေပါ

ဒါကြောင့် ဘုန်ကြီးတို့ ဒကာ ဒကာမတွေ သေတဲ့အချိန် ညွှန်နည်းကို ခဏခဏသင်ပေးနေတာ (မှန်ပါ့) နှလုံးသွင်း နည်း ခဏခဏ သင်ပေးနေတော့ ဒကာ ဒကာမတွေက သေမည့်အချိန်ကျတော့ ကိုယ့်ခန္ဓာကိုယ် ဖြစ်ပျက်ရှုသေပါ (မှန်ပါ့)

ဒိပြင်ဟာတွေ ဘာမှတွေးမနေနဲ့၊ သားတွေးနေ ရင်ဖြင့် သားကြောင့်ပြိတ္တာဖြစ်မယ်၊ သမီးကို နေရာ ချမထား ရသေးလို့ ဆိုတာမျိုးလာရင်လည်း သူတို့ကနေပြီး ခုနင်က ပြောခဲ့တဲ့ နဂါးတို့၊ ငါးတို့ စသည်ဖြစ်အောင် လုပ်မှာပဲ (မှန်ပါ့) ခင်ဗျားတို့ သေခါနီးမှာ လောကွတ် မချော်ပါနဲ့လို့ ပြောလိုတယ် (မှန်ပါ့)။

သေခါနီးမှာ လောကွတ်မချော်ပါနဲ့

ဒကာကြွယ် ဘယ်လိုမှာသတုံး၊ (သေခါနီးလောကွတ် မချော်ပါနဲ့ ဘုရား) ကိုယ်ပြိတ္တာ ဖြစ်အောင် ကိုယ်တိရစ္ဆာန် ဖြစ်အောင်ဖြင့် အားလုံး တရားတစ်ပွဲလုံး လောကွတ်မနော် ပါနဲ့ (မှန်ပါ ဘုရား) သူတို့ကတော့ဖြင့် ခင်ဗျားတို့ကို ဆွမ်းသွတ်ပြီး သကာလ တို့အဖေ၊ တို့အမေဖြင့် လားရာဂတိ၊ သွားရာဂတိ ကောင်းပါစေသား ဆိုသော်လည်း ကိုယ်လောကွတ် ချော်မှုကြောင့် မကောင်းတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကုက္ကုစ္စနီဝရဏဆိုတာ ခုနင်က ဧရကပတ္တ နဂါးမင်း ဖြစ်လာ မည့် ရဟန်းကို သူကနေပြီး မဂ်ဖိုလ် ပိတ်လိုက်တာ ကြည့်စမ်း တိရစ္ဆာန်ဘဝ သွားပြီး ဖြစ်ရတယ် (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတွေ ဒီလိုဘုန်းကြီးက အထပ်ထပ်သင် နေတာကိုလည်း ခင်ဗျားတို့က အပြစ် မယူနဲ့၊ ခင်ဗျားတို့က လောကွတ်ချော်တာ များလွန်းလို့ (မှန်ပါ့ ဘုရား)

ဒကာကြွယ် ဘာတုံး (လောကွတ်ချော် များပါတယ် ဘုရား)။ သမီး ဘယ်လိုနေရစ်မတုံး၊ သား ဘယ်လို နေရစ် မတုံး၊ မြေးကလေး ဘယ်သူထိန်းမလဲ၊ ဒီတိုက်တာတွေ ဒီအလုပ်တွေကို အုပ်မှ အုပ်ချုပ် နိုင်ကြပါ့မလား၊ အမာ ဒကာကြွယ်တို့က လာရင် ဒါတွေလာစရာပေါ့ဗျာ (မှန်ပါ့)။ လာရင် ဒါဟာ ဘာတုံးလို့ မေးလို့ ရှိရင် ကုက္ကုစ္စ သာမှတ် ပေတော့ (မှန်ပါ့)။

သေခါနီးမှာ မဂ်ဖိုလ်ရနိုင်တယ်

ပြုအပ်ပြီးသောဒုစရိုက်တွေကို ပြန်ပြီး သကာလ တွေး ရင်လည်း ကုက္ကုစ္စပဲ (မှန်ပါ့)။ ဒီ ကုက္ကုစ္စ သည် ဒကာ၊ ဒကာမတို့ သူဝင်လာရင် မဂ်တား ဖိုလ်တား မလို့ (မှန်ပါ့)။ သူ့ကို ဖြစ်ပျက်ရှုပြီး သကာလ ဘုရားဟော အတိုင်း ဆရာ ဘုန်းကြီး ဆုံးမထားတဲ့ ရုပ်နာမ်ဓမ္မ ဖြစ်ပျက်ရှု လိုက်မယ်ဆို ရင် ခင်ဗျားတို့ သေခါနီးမှာတောင် မဂ်ဖိုလ် ရသွားနိုင်ပါတယ် (မှန်ပါ့)။

ဒါကြောင့် သေခါနီး နှလုံးသွင်းတတ်ဖို့ ခဏခဏသင် ရတာလည်း ဒကာကြွယ် နားကြားပြင်း ကတ်တယ်လို့ မအောက်မေ့နဲ့ (မအောက်မေ့ပါ ဘုရား)။ သေခါနီးမှ သူက လာတာ (မှန်ပါ့)။ ဦးလှဘူး ချက်ကောင်းမှ လာတာ (မှန်ပါ့)။

ချက်ကောင်းမှ နည်းနည်းကလေး ကိုယ့်ကိုယ် ကိုမထင်တဲ့ အချိန်ကျတော့မှ ဪ သမီးကလည်း တစ်ယောက်တည်း မြေးတွေနဲ့ ဘယ်လိုများနေရစ်ရှာမတုံး၊ သူ့ အမေကလည်း တော်အောင်နဲ့၊ ဟာစကားတွေက ရှည်ကုန်ပြီ၊ အတွေးတွေက ရှည်ကုန်ပြီ (မှန်ပါ့)။ ရိပ်မိပလား (ရိပ်မိပါပြီ)။ ဒကာ ဒကာမတွေ ဒီဥစ္စာက လူတိုင်းမှာလာတယ်နော် (မှန်ပါ့ ဘုရား)။

ချက်ကောင်းမှလာတာ

ဒကာသစ် ဒီဥစ္စာက ချက်ကောင်းမှလာတာ (မှန်ပါ့)။ ဒကာအုန်း ဘယ်အချိန်လာသတုံး (ချက်ကောင်းမှလာ တတ်ပါတယ်)။ သေခါနီး ဟိုဘက်ဘဝကို ကံက ကျေးဇူးပြု တော့မယ်ဆိုမှ သူက ကံဝင်ပြီး လုပ်တာကိုး (မှန်ပါ့)။

မကောင်းတဲ့ကံအဖြစ်နဲ့ ဝင်ပြီး အမှုထမ်းပြီး သကာလ မင်းသုဂတိသွားမှာဖြင့် မသွားရ၊ မင်းနိဗ္ဗာန် သွားမှာဖြင့် မသွားရ၊ သွားကွ အပါယ်လေးပါးဆိုပြီး သကာလ မဂ်ဖိုလ် နိဗ္ဗာန်ကို လာပိတ်တာ (မှန်ပါ့)။ ဒါကြောင့် သူ့ကို ဘာ တရားလို့ ခေါ်ကြမလဲ (နီဝရဏတရားပါ ဘုရား)။ နီဝရဏ တရားလို့ ခေါ်လိုက်စမ်းပါ (မှန်ပါ့)။ ကဲ ဘုရားပေး တဲ့နာမည်နဲ့ ဖြစ်စဉ်လုပ်ငန်းနဲ့ ကိုက်ပလား (ကိုက်ပါ ပြီ ဘုရား)။

အဲဒါကြောင့် ခင်ဗျားတို့မှာတော့ ခက်လိုက်တဲ့ဖြစ် ခြင်းက ဦးလှဘူးရေ ကိုယ်ပွား ထားတာ တွေလည်း မနည်း ဘူး (မနည်းပါ ဘုရား)။ မနည်းတဲ့အထဲ လူမမည်တွေက လည်း မနည်းလှဘူး (မှန်ပါ့)။ လူမမည်ပြီး သကာလ အသုံးမကျတာတွေ မနည်းလှ၊ စိတ်မချရတာတွေကော (များပါတယ် ဘုရား)။

အဲ သေခါနီးမှ ဦးလှဘူးက လောကွတ်ချော်ပြီး ဒါတွေအတွက် ခက်သေးတယ်လို့ လုပ်မနေ နဲ့၊ ကုက္ကုစ္စနဲ့ သေရင် နဂါးသွားဖြစ်နေဦးမယ် (မှန်ပါ့)။ သဘောကျပလား (ကျပါပြီ ဘုရား)။

နဂါးသွားဖြစ်ရင် ဆွမ်းသွတ်လို့မရ

နဂါးများ သွားဖြစ်နေရင် ဆွမ်းသွတ်လို့ရပါ့မလား (မရပါ ဘုရား)။ ဘယ်တော့ရမလဲ၊ တိရစ္ဆာန်ဟာ တိရစ္ဆာန် အစာစားတယ် (မှန်ပါ့)။ တိရစ္ဆာန်ဟာ ခင်ဗျားတို့သွတ် တဲ့ ဆွမ်းကွမ်းတွေ သာဓုခေါ်နိုင်ပါ့မလား (မခေါ်နိုင်ပါ)။ ဒါကြောင့် မရနိုင်ဘူးလို့ ဘုရားက ဇာဏုသောဏိပုဏ္ဏားကို ဟောပါတယ် (မှန်ပါ့)။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒုစရိုက်ဆယ်ပါးဆိုတာက ကာယကံသုံးပါး၊ ဝစီကံလေးပါး၊ မနောကံ သုံးပါးပေါ့ ဗျာ (မှန်ပါ့)။ အဲဒါတွေ ဘယ်အခါကာလမှမလာစေနဲ့ (မှန်ပါ့)။ လာလို့ရှိရင်ဖြင့် ဒကာ၊ ဒကာမတို့ ဒါဟာ ကုက္ကုစ္စ ပါ (မှန်ပါ့)။

ဒီကုက္ကုစ္စဟာလည်း တော်တော်ကလေး ခဲခဲယဉ်းယဉ်း လို့ မှတ်ရမယ်နော် (မှန်ပါ့)။ ချက်ကောင်းမှ လည်း ဦးဘအုန်း ဘာတုံး (လာပါတယ် ဘုရား)။

မလ္လိကာမိဖုရားကြီး အဝီစိကျတယ်

အဲဒါကြောင့် မလ္လိကာ မိဖုရားကြီး ထောက်ကြည့်ကြပါ။ (မှန်ပါ့)။ သေခါနီးမှ သူပြုတဲ့ အပြစ် ကလေးကို သွားပြီး ဝန် မချခဲ့ရတာကလေး တစ်လုံးနဲ့ပဲ ဦးဘအုန်းရေ အဝီစိ ကျတယ်။ (မှန်ပါ့)။ တကယ့် အလှူကြီးဖြစ်တဲ့ မဟာအသဒိသဒါန အလှူကြီးကို သူခေါင်းဆောင်ပြီး လှူခဲ့တာ၊ ဒါတောင်မှ အဝီစိကျ သွားသေးတယ် ဆိုတော့ ကုက္ကုစ္စ ချလိုက်တာ (မှန်ပါ့)။ ဘယ်လောက် ကြောက်စရာ ကောင်းတဲ့ တရားလဲ ဆိုတာ ပေါ်လာပလား (ပေါ်ပါပြီ ဘုရား)။

သေခါနီးကျရင်မလာစေနဲ့

အဲဒါကြောင့် တရားတစ်ပွဲလုံး သတိပေးပါတယ်။ အားလုံးမှတ်ကြပါ။ ဒီတရား သေခါနီးကျရင် မလာစေနဲ့ (မှန်ပါ့)။ တရားအားထုတ်ခဲ့သော် (မလာစေနဲ့ပါ)။ ဒါဖြစ်လာ ခဲ့သော် ဘာလုပ်မယ် (ဖြစ်ပျက် ရှုရပါမယ် ဘုရား)။ လာခဲ့သော် သူတို့လည်း အနိစ္စပဲရှုပစ်ပါ (မှန်ပါ့)။ ပြီးတော့ ဘာလုပ် မလဲ (မူလကမ္မဋ္ဌာန်း ပြန်ကောက်ရပါမယ် ဘုရား)။

ဒါ့ကြောင့် ဒီဥစ္စာကို မနေ့က ချန်ထားခဲ့ရတယ်။ ဪ တော်တော် အရေးကြီးပါကလား။ ဒကာ၊ ဒကာမတွေ သေခါနီးများ ဒါလာလို့ရှိရင်ဖြင့် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် မရခင်များ လာလိုက်မယ် ဆိုရင် နဂါးတို့၊ ဖားတို့ အကုန် ဖြစ်ရတော့မယ် (ဖြစ်ရမှာပါ ဘုရား)။ မဖြစ်နိုင်ဘူးလား (ဖြစ်နိုင်ပါတယ် ဘုရား)။

သိထားတော့ ရှောင်နိုင်တာပေါ့

အဲဒီတော့ သိထားတော့ ဒကာကြွယ် ရှောင်နိုင်သပေါ့ ဗျာ (ရှောင်နိုင်ပါတယ် ဘုရား)။ ဟာ ဒါ ဆရာဘုန်းကြီးက ဟောထားတယ်။ ဒီဥစ္စာ ကုက္ကုစ္စတဲ့၊ ဧရကပတ္တတို့ အနှစ် နှစ်သောင်း အားထုတ်ပြီး တာတောင် နဂါးဖြစ်ရသတဲ့၊ ကုက္ကုစ္စ ကလေးတစ်လုံးချလိုက်တာ ဘယ်လောက်နာသတုံး (နာပါ တယ် ဘုရား)။

အဲဒါ မဖယ်ရှားလို့ဆိုတဲ့ အဓိပ္ပာယ်ကော ရှင်းပလား (ရှင်းပါပြီ)။ အခုတော့ ဒကာ ဒကာမတွေ ဖယ်ရှားတတ်ပလား (ဖယ်ရှားတတ်ပါပြီ)။ ဘယ်လို ဖယ်ပါ့ မယ် (ဖြစ်ပျက်ရှုရ ပါမယ် ဘုရား)။

ဘာတွေပဲနောက်တုန်းက လုပ်ခဲ့လုပ်ခဲ့ ဒါတွေဝင်လာ လို့ရှိရင် ဖြစ်ပျက်ရှု၊ နိုင်အောင်ရှုချ (မှန်ပါ့)။ နိုင်အောင် ရှုပြီး သကာလ ဘုန်းကြီးပြောထားတဲ့ဝေဒနာဖြင့် ဝေဒနာ ပြန်ကောက်၊ စိတ်ရှုတဲ့ ပုဂ္ဂိုလ်က စိတ်ပြန်ကောက်၊ ရုပ်ရှုတဲ့ ပုဂ္ဂိုလ်က (ရုပ်ပြန်ကောက်ရပါမယ်)။ ဒီလိုပြန်ကောက်လို့ရှိရင် ဦးဘအုန်း ပြီးတာပဲ (မှန်ပါ့)။ တားနိုင်သေးရဲ့ လား (မတားနိုင်ပါ)။ နီဝရဏ ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား)။

မဖယ်နိုင်ရင် အပါယ်ပို့မလို့

ကိုင်း ဒါကြောင့် မူလကပြောခဲ့တဲ့ စကားအတိုင်း ဖယ်နိုင်ရင်ဖယ်ပါ၊ မဖယ်နိုင်ရင် အပါယ်ပို့မလို့ (မှန်ပါ့ ဘုရား)။ သို့သော် ခင်ဗျားတို့ကလည်း လူကြီးတွေဖြစ် နေတော့ ဒီလိုဆရာသမားကမှ နည်းမပေးလို့ ရှိရင်ဖြင့် ဒီသား၊ ဒီသမီး၊ ဒီမြေး ဒီကိုယ့်ရင်သွေးတွေကို ဘယ်လိုလုပ် ပြီးခွဲရမလဲ ဆိုတဲ့ဥစ္စာ လူမမည်တွေ ထားပစ်ခဲ့ရတဲ့အတွက် နောက်ဟာတွေ ပြန်တွေးတတ်တယ် (မှန်ပါ)။ တစ်ခါတည်း သောကတွေ မလာဘူးလား (လာပါတယ် ဘုရား)။

တစ်ခါတည်း သောကလာလို့ရှိရင်ဖြင့် ဒီသောက ကြောင့် သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသ၊ အဝိဇ္ဇာ သင်္ခါရ ဆိုပြီးသွား ပဋိစ္စသမုပ္ပါဒ်ထဲ အပါယ်လေးပါး ထိအောင် (မှန်ပါ့) ကြောက်စရာ မကောင်းဘူးလား (ကောင်း ပါတယ် ဘုရား)။

အဲဒါကြောင့် ခင်ဗျားတို့က သေခါနီးကို တချို့က မှာပြီး သကာလ သေချင်တဲ့ပုဂ္ဂိုလ်ကလည်း ရှိသေးတယ်။

ဘယ်လိုနေရစ်၊ ဘယ်လိုထိုင်ရစ်၊ ဘယ်သူနဲ့ ပေါင်းရစ်၊ ဘယ်နေရာမှာ ဘာမြှုပ်ထားတယ်နဲ့ (မှန်ပါ့)။ ဒီလိုကုက္ကုစ္စ တွေက လာတတ်တယ်။ အစောကြီးက ရှင်းပစ်လိုက်ပါ။ ခင်ဗျားတို့ (မှန်ပါ့ ဘုရား) အစောကြီးက ရှင်းပစ်လိုက်ပါ ဒကာ ဒကာမတို့။

သေခါနီးမှ ဒါတွေအလုပ်ရှုပ် မခံချင်ပါနဲ့ (မှန်ပါ့)။ အစောကြီးက ရှင်းပစ်လိုက်ပါ။ ကိုယ့်ကိုယ်မှ ကိုယ်မပိုင်တဲ့ ဥစ္စာ။ သူများကို လောကွတ် ချော်ချင်လို့ ရှိရင်ဖြင့် ဒကာကြွယ် အလွဲကြီးလွဲမယ် (လွဲမှာပါ ဘုရား)။

စောစောစီးစီးလုပ်ပစ်ကြ

ကဲ ဒကာသစ်တို့လည်း ရှိကြတာပဲ။ ဒကာအုန်းတို့ ကော (ရှိပါတယ် ဘုရား) စောစောစီးစီး လုပ်ပစ်ကြပါ၊ မလုပ် ချင်လို့ရှိရင်လည်း ကမ္မသကာထားပစ်ခဲ့ပါ (မှန်ပါ့)။ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒုစရိုက်တွေ ပြန်ပြီးအောက်မေ့တာလည်း ဘာခေါ်ကြမယ် (ကုက္ကုစ္စပါ ဘုရား)။ ဘယ်တော့မှမအောက် မေ့နဲ့ ဒီဥစ္စာ။ ကိုယ်လုပ်နေကျဖြစ်တဲ့ ဝိပဿနာရှုနေ၊ ဘယ် နည်းနဲ့မှ သူတို့မတားနိုင်ဘူး ဆိုတာမှတ်ပါ (မှန်ပါ့)။

တားနိုင်တာပြောမယ်ဆိုရင်ဖြင့် ပဉ္စာနန္တရိယကံဖြစ်ရင် တားမှာ ပဲ (မှန်ပါ့)။ ဒီအထဲမှာ ပဉ္စာနန္တရိယကံထိုက်တဲ့ပုဂ္ဂိုလ်က တစ်ယောက်မျှမပါဘူး (မပါပါ ဘုရား)

၁။ အမိသတ်တဲ့ လူ။

၂။ အဖသတ်တဲ့လူ တစ်ယောက်မျှမပါဘူး။

၃။ အရဟန္တဃာတက ရဟန္တာသတ်တဲ့ပုဂ္ဂိုလ်ကော (မပါပါ ဘုရား)

၄။ ဘုရားကိုသွေးစိမ်းတည်အောင်ပြုတဲ့ ပုဂ္ဂိုလ်ကော (မပါ ပါ ဘုရား)။ ဘုရားမှမရှိတော့ဘဲ သွေးစိမ်း တည်အောင်ပြုလုပ်လို့ ရပါဦးတော့မလား (မရပါ ဘုရား)။ သဘောကျ ပလား (ကျပါပြီ)။ ကောင်းပြီ ဒါဖြင့်

၅။ သံဃာအသင်း ခွဲတဲ့ပုဂ္ဂိုလ်ဆိုတာလည်း ဒီအထဲမှာ တစ်ဦးမျှမပါဘူး (မှန် ပါ့ ဘုရား)။ တစ်ခါ

၆။ မိစ္ဆာဒိဋ္ဌိဘက်ကြည့်ပြန်လည်း မိစ္ဆာဒိဋ္ဌိ မဖြစ်အောင်လို့ ဖြစ်ပျက်ရှုရင်ပဲ သမ္မာဒိဋ္ဌိဖြစ်နေပြီ (မှန်ပါ့)။ ဒီတော့ မိစ္ဆာဒိဋ္ဌိကလည်း လွတ်မနေဘူးလား (လွတ်နေပါတယ် ဘုရား)။

အဲဒီခြောက်ခုတို့ကသာလျှင် မဂ်ဖိုလ်ကို တကယ် တားတယ်။ ဒီပြင်ဟာတွေကတော့ ဖယ်ရှား တတ်ရင် မတား ပါဘူး၊ ကုစားတတ်ရင် မတားပါဘူး ဆိုတာ သေသေချာချာ မှတ် (မှန်ပါ)။ သဘော ပါပြီလား (ပါပါပြီ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ကုက္ကုစ္စကို အခုဟာက ပြုပြီးသား ဒုစရိုက်အတွက် ပြောနေတာနော် (မှန်ပါ့)။ နောက်တစ်ချက် ပြောပါဦးမယ်။ ကုက္ကုစ္စ ဆိုတာ နှစ်မျိုးကိုဗျ (မှန်ပါ့ ဘုရား)။

မပြုရသေးတဲ့ သုစရိုက်အတွက်

ဒကာကြွယ် မပြုရသေးတဲ့ သုစရိုက်အတွက်လည်း ကုက္ကုစ္စဖြစ်တယ် (မှန်ပါ့)။ သုစရိုက် ဆိုတာက ကျောင်း ကလေး ဆောက်မလို့ ရည်ရွယ်ချက် ထားခဲ့တာ အသေက စောနေပြီ။ ငါ့ခန္ဓာကိုယ် ငါမထင်လို့ မဆောက်ခဲ့ရတာ မှားလိုက်တာ (မှန်ပါ့)။ ဒါလည်း အသံသာ ကောင်းတယ်၊ စိုးရိမ်တဲ့ သောကဖြစ်တယ် (မှန်ပါ့)။

ဒါလည်းဘာခေါ်ကြမယ် (ကုက္ကုစ္စပါ ဘုရား) ကုက္ကုစ္စပဲဆိုတော့ သူလည်း နီဝရဏပဲ (မှန်ပါ့ ဘုရား)။

ငါသည် စတုဒိသာ ရေတွင်းကလေး တူးမလို့ဥစ္စာ အသေကစောလို့ အခု သေခါနီး ရောက်လာတယ်။ မတူးခဲ့ ရလေခြင်း ဆိုတာလည်း စိုးရိမ်တာပဲ (မှန်ပါ)။ ဒါလည်း ဘာခေါ်ကြမယ် (ကုက္ကုစ္စပါ ဘုရား)။

အဲဒါ မပြုလိုက်သေးတဲ့ သုစရိုက် တရားတွေကိုလည်း ပြန်ပြီး အောက်မေ့မနေပါနဲ့ (မှန်ပါ့)။ သဘောကျပလား (ကျပါပြီ ဘုရား)။

ပြုပြီးသားကုသိုလ်တော့ ပွားချင်ပွားပါ

ပြုပြီးသားကုသိုလ်တော့ ခင်ဗျားတို့ပြန်ပြီး အောက် မေ့နိုင်ပါတယ်။ ပွားချင်ပွားပါ၊ ကိစ္စမရှိဘူး (မှန်ပါ့)။ မပြု ခဲ့ရသေးတာတော့ လောကွတ် ချော်ပြီး ကိုယ်ကလည်း သေတွင်း ရောက်နေပြီ၊ ဒါ မလုပ်ရသေးလို့ ကျုပ် ခက်သေးတယ် ဆိုတော့ မသိတဲ့လူကဖြင့် အင်း ဒါကလေးကို သူ လုပ်ချင် သားနဲ့ ဒီစိတ်ကလေးတော့ ကောင်းသွားတယ်လို့ အောက်မေ့တယ်။ ဘယ်ဟုတ်လိမ့်မလဲ၊ ကုက္ကုစ္စကြီး (မှန်ပါ့)။ သဘောကျပလား (ကျပါပြီ ဘုရား)။

စိတ်ကောင်းလား၊ စိတ်ယုတ်မာလား (စိတ်ယုတ်မာ ပါ ဘုရား) ဘာခေါ်ကြမယ် (ကုက္ကုစ္စပါ ဘုရား)။ အဲ

ဣစ္ဆိတံ ကတံ ကုကတံ “ကုကတဿ ဘာဝေါ ကုက္ကုစ္စံ’’ ဆိုတဲ့ အတိုင်း စက်ဆုပ်ဖွယ်ရာ အလို့လို့ပြုတဲ့ သဘော ပေါ်လာတာ (မှန်ပါ့ ဘုရား)။

ဒါဖြင့် မပြုလိုက်မိသေးတဲ့ သုစရိုက်တရားတွေကို လည်း မပြုလိုက်ရလေခြင်းဆိုတဲ့သောက မလာပါစေနဲ့ (မှန်ပါ့)။ သဘောကျပလား (ကျပါပြီ ဘုရား)။

သူတို့နှစ်ခုလာရင် ဖြစ်ပျက်ရှု

အဲဒီသောကဟာလည်း စင်စစ်တော့ ဒေါမနဿ သဘော ဖြစ်လာတာပဲဆိုပြီး သူ့ကို တစ်ခါတည်း ဒကာ၊ ဒကာမတွေက ဖြစ်ပျက်သာ ရှုချပါ (မှန်ပါ)။ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဒါဖြင့်

၁။ ပြုပြီးသားဒုစရိုက်ကိုလည်း ပြန်မအောက် မေ့ရ (မှန်ပါ့)။

၂။ မပြုရသေးတဲ့ သုစရိုက်တရားတွေကို လည်း (ပြန်မအောက်မေ့ရ) ပြန်မအောက်မေ့ရဘူး။ သူတို့ နှစ်ခုလာရင် ဖြစ်ပျက်သာ ရှုထုတ်ပါ (မှန်ပါ့ ဘုရား)။

ဘာဖြစ်လို့တုံးဆိုတော့ ပြုပြီးသားဒုစရိုက်အတွက် အလိုလိုဖြစ်တာလည်း စိုးရိမ်တဲ့သောကပဲ။ မပြုလိုက်ရသေး တဲ့ သုစရိုက်တွေအတွက် စိုးရိမ်တာလည်း ဦးဘအုန်း ဘာတုံး (သောကပါ ဘုရား)။ အဲ သောကဖြစ်တော့ ဒေါသ၊ ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စ ဆိုတာ ဒီလိုတွဲလာတာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေမှာ ပြု အပ်ပြီးသော ဒုစရိုက်ကိုလည်း တရား အားထုတ်နေရင်း လာ ရင် ဖြစ်ပျက်ရှုပါ (မှန်ပါ)။ မပြုရသေးတာတွေက ကြား ထိုးကြားထိုး ဝင်လာ ရင်ကော (ဖြစ်ပျက် ရှုရမှာပါ ဘုရား)။

သေခါနီးမှ လာရင်ကော (ဖြစ်ပျက်ရှုရမှာပါ ဘုရား)။ သေခါ နီးမှာ ဒုစရိုက်တွေကို ငါမှားခဲ့တယ်၊ ပြုလုပ်ခဲ့မိတယ်လို့ လာရင်ကော (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။ ဇရပ်ကလေး ဆောက်မလို့ဟာ ဘယ်သူ့မှ မပြောခဲ့ရဘူး၊ အထလည်းမ မြောက်ခဲ့ရဘူး ဆိုရင်ကော (ဖြစ်ပျက်ရှု ရပါမယ်)။ ဖြစ်ပျက်သာ ရှုချပါ။ ဒါတွေကို ခင်ဗျားတို့ အကောင်းများထင်မနေပါ နဲ့လို့ သတိပေး လိုက်ပါတယ် (မှန်ပါ့ ဘုရား)။

လုပ်မှာဖြင့်ရင် မြန်မြန်လုပ်ပါ

ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဓမ္မပဒပါဠိတော်မှာ

“အဘိတ္ထရေထ ကလျာဏေ၊ ပါပါစိတ္တံ နိဝါရယေ။

ဒန္ဓဉှိ ကရောတော ပုညံ၊ ပါပသ္မိံ ရမတိ မနော။ (ဓမ္မပဒပါဠိ၊ 30)

ဆိုတာ လုပ်စရာရှိတာကို ဒကာကြွယ်တို့ ဦးဘအုန်းတို့ အမြန်သာလုပ်ပါ (မှန်ပါ)။ ကုသိုလ် လုပ်စရာရှိရင် (အမြန် လုပ်ရပါမယ်) မြန်မြန်လုပ်ပါ။ နို့မဟုတ်လို့ ရှိရင် မလုပ် ဖြစ်တဲ့ကိစ္စတွေက လာချင် လာပစ်လိုက်မယ် (မှန်ပါ့)။

မလုပ်မှာဖြင့်လည်း မလုပ်နဲ့။ လုပ်မှာဖြင့်လည်း မြန်မြန် လုပ် (မှန်ပါ့)။ သဘောကျပလား (ကျပါပြီ)။ နို့မဟုတ် ရင် သူ့ကိုမြန်မြန် မလုပ်မိတဲ့အတွက် သောကလာဦးမယ် (မှန်ပါ့ ဘုရား)။

ကိုယ့်လက်လည်း ကိုယ်မသယ်နိုင်၊ ကိုယ့်ခြေလည်း ကိုယ်မသယ်နိုင်၊ ဒီအထဲမှာ အုပ်ချုပ် ပေးမည့် သူကလည်း မရှိနဲ့ ဒီဟာကြီး အထမမြောက်တာ ကျုပ်အတော် ခက်တယ် ဆိုရင် ခက်တယ် လာတော့တာပဲ (မှန်ပါ့)။

ခက်တယ်ဆို တာသည် သောကပဲ။ အဲဒီသောကဟာ ကုက္ကုစ္စနဲ့ တွဲနေ တာပဲ၊ သဘော ကျပလား (ကျပါပြီ)။ အဲဒီကုက္ကုစ္စကို ဘာ လုပ်ကြမလဲ (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

အေး ဒါကြောင့် ပြုပြီးသား ဒုစရိုက်ကြောင့်လည်း ကုက္ကုစ္စဖြစ်တတ်တယ်။ မပြုရသေးတဲ့ သုစရိုက် ကြောင့် လည်း (ကုက္ကုစ္စဖြစ်တတ်ပါတယ် ဘုရား)။ အဲဒီနှစ်မျိုးလုံး ကြောင့်လာတဲ့ ကုက္ကုစ္စကို ဒကာသစ်တို့ ဒကာကြွယ်တို့ ဘာလုပ်ကြမယ် (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

တစ်နည်း ဖြစ်ပျက်မရှုချင်လို့ ရှိရင်လည်း ဟိုကမ္မဋ္ဌာန်း ရင်းကို လက်မလွှတ်နဲ့၊ သူတို့အဝင်မခံနဲ့ (မှန်ပါ့) ဝင်လာ လို့ရှိရင်လည်း ရှုပစ်ပါ (မှန်ပါ့)။ သဘောကျပလား (ကျပါပြီ ဘုရား)။

သူတို့က ဘာလုပ်မလို့ လာတာတုံးလို့ မေးတဲ့အခါ ကျလို့ရှိရင် သုဂတိလည်း ပိတ်မလို့ လာတာ၊ မဂ်ဉာဏ်ဖိုလ် ဉာဏ်လည်း (တားမလို့လာတာပါ ဘုရား)။ တားမလို့၊ ပိတ်မလို့လာတာဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

အဲဒါ လူတိုင်းမှာ အရေးကြီးလို့ ဒီနေ့သူ့ကိုပဲ အဓိက ထားပြောနေတယ် (မှန်ပါ့)။ ဦးလှဘူး အရေးမကြီး ဘူးလား (ကြီးပါတယ် ဘုရား)။

မိုက်ခဲ့တာတွေ မတွေးပါနဲ့

အားလုံး တရားနာကြတဲ့ ဒကာ၊ ဒကာမတွေ ငယ် ငယ်တုန်းက မလိမ္မာလို့ မိုက်ခဲ့တာတွေ ကိုလည်း အခု တရား အားထုတ်မယ်ဆို သေခါနီးဖြစ်စေ၊ တရားအားထုတ် တဲ့အခါမှာဖြစ်စေ မတွေးပါနဲ့ (မှန်ပါ့ ဘုရား)။ တွေးရင် ခင်ဗျားတို့ တားလိမ့်မယ် (မှန်ပါ့)။ တွေးကိုမတွေးပါနဲ့၊

မပြုခဲ့ရသေးတဲ့ သုစရိုက် တရားတွေကလည်း မပြုခဲ့ရလေ ခြင်းဆိုတာ လာကိုမလာစေနဲ့ (မှန်ပါ့)။ အသံကတော့ ကောင်းပါရဲ့၊ မဂ်ဖိုလ်တားတာတဲ့ (မှန်ပါ့)။ ဒါတွေဟာ အသံကတော့ ဦးဘအုန်း မကောင်းလားဗျာ (ကောင်းပါ တယ် ဘုရား)။

သို့သော်လည်း သူ့ဝမ်းထဲမှာပေါ်လာတာက ဝမ်းနည်းတဲ့သဘော မပါဘူးလား (ပါ,ပါတယ်)။ ဝမ်းနည်း တာသည်ကားလို့ဆိုရင် ဒေါသ၊ သောကပေါ့ ဗျာ (မှန်ပါ့)။ သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီတရားတွေ လာကောင်း မလာကောင်း (မလာ ကောင်းပါ ဘုရား)။ မယုံရင် ပဋိစ္စသမုပ္ပါဒ် ဆက်ကြည့်ပါ။ ဒေါသ၊ သောက၊ ပရိဒေဝ မဟုတ်လား။ ဥပါယာသ အဝိဇ္ဇာ သင်္ခါရ ဘက် လှည့်သွားတယ် (မှန်ပါ့)။ မလှည့်ဘူးလား (လှည့်ပါတယ် ဘုရား)။

အဲဒီလို ပဋိစ္စသမုပ္ပါဒ်နဲ့ သေသေချာချာဆက်ပြလိုက် တော့မှ ဪ ဒါကြောင့် ဘုရားက ဥဒ္ဓစ္စနဲ့ ကုက္ကုစ္စလည်း နီဝရဏတရားလို့ ဟောတော်မူတာပဲ (မှန်ပါ့ ဘုရား)။ ဒကာ သစ် ဒီနေ့ အရေးကြီး တယ်နော် (ကြီးပါတယ် ဘုရား)။

ဒါတွေ က လူတိုင်းနဲ့ မဆက်ဆံဘူးလား (ဆက်ဆံပါတယ် ဘုရား)။ လူတိုင်းနဲ့ အားကြီး ဆက်ဆံတယ်။ ချက်ကောင်းမှာမှ ဆက် ဆံတာ (မှန်ပါ့ ဘုရား)။ တခြားနေရာမှာ ဆက်ဆံတာ ဟုတ် ပါရဲ့လား။ ချက်ကောင်းမှလာတာ (ချက်ကောင်းမှလာတာပါ ဘုရား)။

တကယ့်ချက်ကောင်းမှာလာတာ

တရားအားထုတ်တော့မယ်ဆိုတော့ တကယ့်ချက် ကောင်း နိဗ္ဗာန်သွားတော့မလို့ လှမ်းနေတာ၊ အံမာ ဒီအချိန်မှ သူကလာတာ (မှန်ပါ့)။ သေခါနီးဆိုတော့လည်း တကယ့် ချက်ကောင်းပဲ။ ဒီဘဝ ဇာတ်သိမ်း တော့မလို့ (လာတာပါ ဘုရား)။

ဪ တကယ့်နေရာမှလာတတ်တဲ့ တရားသဘောနှစ်မျိုး ဖြစ်နေသောကြောင့် ဒီကုက္ကုစ္စ တရားကို ဒကာအုန်း တို့၊ ဒကာသစ်တို့ အရေးတကြီးကိုပဲ ချေမှုန်းရမယ် (မှန်ပါ့ ဘုရား)။

ဘာလုပ်ရမလဲ (အရေးတကြီးချေမှုန်းရပါမယ်)။ ချေ မှုန်းမယ်ဆိုတာကိုဖြင့် ဒီနေ့ အရေးတကြီး ပြောတယ်။ ရှင်း ပြီနော် (ရှင်းပါပြီ)။ မချေမှုန်းနိုင်လို့ နဂါးကြီး သွားဖြစ် တယ် (မှန်ပါ့)။ မချေမှုန်းနိုင်လို့ မလ္လိကာမိဖုရားကြီး အဝီစိသွားရရှာတယ် (မှန်ပါ့ ဘုရား)။

ကဲ ဦးဘအုန်း အပြစ်ကြီးတာရှိသေးရဲ့ လား (မရှိပါ ဘုရား)။ ဘယ်သူကများ ချလိုက်ပါလိမ့်ဗျာ (ကုက္ကုစ္စချပါ တယ်)။ ဒကာ၊ ဒကာမတို့ သာမညအလှူမျိုးတွေကို မဆိုပါနဲ့။ မဟာအသဒိသဒါန ဆိုတာ ဘယ်သူနဲ့မှ မတူတဲ့အလှူ ကြီး၊ ဘုရားတစ်ဆူမှာ တစ်ခါသာ လှူရတဲ့ အလှူမျိုးကြီး အလှူရှင်တောင် ကုက္ကုစ္စ ချလိုက်တာ မခံနိုင်ဘူး (မှန်ပါ့)။ အလှူ ကချတာ မဟုတ်ဘူးနော်။ သူ့ဟာသူ မနိုင်တဲ့ ကုက္ကုစ္စက ချလိုက်တာ (မှန်ပါ့)။

လာတိုင်းဘာလုပ်ကြမလဲ

ဒါဖြင့် ကုက္ကုစ္စ လာတိုင်း လာတိုင်း ဘာလုပ်ကြမလဲ (ဖြစ်ပျက်ရှုရပါမယ်)။ ဥဒ္ဓစ္စလာလည်း (ဖြစ်ပျက်ရှုရပါ့မယ်)။ ဖြစ်ပျက်ရှုလိုက်လို့ရှိရင် ပဋိစ္စသမုပ္ပါဒ်ဆက်သေးရဲ့ လား (မဆက်ပါ ဘုရား)။ မဆက်လို့ ရှိရင်ဖြင့် သံသရာပြတ်သွားတာ ပဲ (မှန်ပါ့)။ သဘောကျပလား (ကျပါပြီ ဘုရား)။

သူတို့နိုင်ချင်လို့ရှိရင်လည်း ခင်ဗျားတို့ အရင်ကျင့်သား ရထားတဲ့ဝိပဿနာကို ဝေဒနာ ဖြစ်လည်း ဝေဒနာကိုဖြစ်ပျက် ရူပါ (မှန်ပါ့)။ စိတ်ဖြစ်လည်း စိတ်ကို (ဖြစ်ပျက်ရှုရပါ မယ်)။ အဲဒီကဲ့သို့ ရှုလိုက်လို့ရှိရင် သေခါနီးမှာ အောက် သံယောဇဉ် ငါးပါးကုန်ပြီး အနာဂါမ်ကျအောင် တည်သွားတဲ့ ပုဂ္ဂိုလ်တွေ ရှိပါတယ်။

ဒီကုက္ကုစ္စမချုပ်လို့ ကိုယ့်ဟာကိုယ် ဖြစ်ပျက်နဲ့သေမယ်ဆိုရင် (မှန်ပါ့)၊ ကုက္ကုစ္စရှုပ်ရင်တော့ ဧရကပတ္တနဂါးမင်းတို့၊ မလ္လိကာမိဖုရားကြီးတို့လို သွားတာ ပဲ (မှန်ပါ့)။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာသစ် ဒီတရားကို ကျေနပ်လောက် ပြီ (ကျေနပ်ပါပြီ ဘုရား)။

ကိုင်း ၅ နံပါတ်က ဘာပါလိမ့် (ဝိစိကိစ္ဆာပါ ဘုရား)။ ဝိစိကိစ္ဆာ ဆိုတာ သံသယရှိတာ (မှန် ပါ့)။ ဘုရားဟာ ဘုရားမှဟုတ်ရဲ့လား၊ တရားဟာ တရားမှ ဟုတ်ရဲ့လား၊ သံဃာဟာ သံဃာမှဟုတ်ရဲ့လား၊ ငါကျင့်နေတာ အကျင့်မှမှန်ရဲ့လား (မှန်ပါ့)။ အဲဒီလိုဟာမျိုးတွေ မလာစေနဲ့ (မှန်ပါ့)။

ကိုယ့်ဉာဏ်မှမမီတာတွေပဲ။ ဘုရားစစ်၊ တရားစစ်၊ သံဃာစစ် ဆိုတာ သေသေချာချာ ဆုံးဖြတ် ချက်ချနိုင်တာ (မှန်ပါ့)။ အခုတော့ဖြင့် ရှေ့သွား ခေါင်းဆောင် နောက်ကို အကုန်လိုက်ပြီး သကာလ မှ သဗ္ဗညုတ ဉာဏ်တော်ရ တဲ့ဘုရား၊ အခြေအမြစ်နဲ့ဘုရား ဆိုတော့ သံသယရှိဖို့လိုသေးလား (မလိုပါ ဘုရား)။

တရားအပေါ်မှာ သံသယမရှိနဲ့

တရားအပေါ်လည်း သံသယ မရှိလိုက်ပါနဲ့။ တရားဟာ အခုဖြစ်ပျက်ရှု မဂ်ဖိုလ်ရရင် အခု အကာလိကောဆိုတဲ့ နိဗ္ဗာန်အကျိုးပေးတယ် (မှန်ပါ့ ဘုရား)။

သံဃာတော်မြတ်တွေဟာ ကောင်းကောင်း မွန်မွန်ကျင့် နေတဲ့ သံဃာဆိုပြီး သေသေချာချာ ယုံယုံကြည်ကြည်နဲ့ ကိုးကွယ်လို့ရှိရင် ဒကာ၊ ဒကာမတွေ ဘုရားလက်ထက်က ဆွမ်းလောင်းလို့ ခုနစ်ရက် အတွင်း အကျိုးပေးတာတွေ မရှိ ဘူးလား (ရှိပါတယ် ဘုရား)။ ဒါ သံဃာ့ကူညီမှု၊ သံဃာ့ ကိုးကွယ်ဆည်းကပ်လို့ အကျိုးပေးတာ ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

သံဃာအပေါ်မှာ သံသယမရှိနဲ့

အဲဒါကြောင့် သံဃာ့အပေါ်မှာလည်း သံသယမရှိပါ နဲ့။ ကိုယ်ကျင့်နေတဲ့ ဖြစ်ပျက်အကျင့် ပေါ်ကော (သံသယ မရှိပါနဲ့ပါ ဘုရား)။ သံသယ မရှိပါနဲ့ဒကာသစ် ရှုကြည့်ပါ။ ဟိုနေရာကယားရင် ပျောက်သွားပြီး ဖြစ်ပြီးပျက်တာ မသေချာဘူးလား (သေချာပါတယ်)။ လောဘစိတ်ကလေးပေါ် လာတယ်၊ ဦးဘအုန်း တော်တော်ကြာ ရှိသေးရဲ့လား (မရှိ ပါ ဘုရား)။ ဒါဖြင့် သူဟာ အနိစ္စဟုတ် မဟုတ် (ဟုတ်ပါတယ် ဘုရား)။

ဒါဖြင့် အကျင့်ပေါ်လည်း သံသယရှိစရာ လိုသေး သလား (မလိုပါ ဘုရား)။ အကျင့်ပေါ်လည်း ခင်ဗျားတို့ကိုယ် တိုင် ကျင့်ကြည့်တော့ အနိစ္စ၊ အနိစ္စမြင်တဲ့ မဂ္ဂ လာနေတာပဲ (မှန်ပါ့)။ ရှေးက ဘာဖြစ်ခဲ့ပါလိမ့်မလဲ၊ ဘာမှမတွေးနဲ့၊ ရှေး က ဘာမှသတ္တဝါတွေ ဖြစ်တာ မဟုတ်ဘူး၊ ရှေးကလည်း နာမ်ရုပ်ပဲ (မှန်ပါ့)။ အခုလည်း ဘယ်သူနဲ့ နေသတုံး (နာမ်ရုပ်ပါပဲ ဘုရား)။ ဒါဖြင့် နောက်ကိုလည်း နိဗ္ဗာန် မရရင် ဘာဖြစ်ဦးမှာတုံး (နာမ်ရုပ်ပါပဲ ဘုရား)။

အဲဒီလို ကာလသုံးပါး အပေါ်၌ သံသယ မရှိလို့ရှိရင် ဝိစိကိစ္ဆာ စင်သွားတာပဲ (မှန်ပါ့)။ သဘောကျပလား (ကျပါပြီ ဘုရား)။

ပဋိစ္စသမုပ္ပါဒ်ကြီးပေါ်မှာလည်း သံသယရှိ သေးသလား (မရှိပါ ဘုရား)။ အဝိဇ္ဇာသာရှိရင် သင်္ခါရက (ဖြစ်ပါတယ် ဘုရား)။ သင်္ခါရသာ ဖြစ်ရင် ဝိညာဏ်လာရတော့ မှာပဲ (မှန်ပါ့)။ မလာပါနဲ့ဆိုလို့ ရပါ့မလား (မရပါ ဘုရား)။ တဏှာသာ ဖြစ်ရင် ဥပါဒါန်က (လာမှာပါ)။ ဥပါဒါန်သာ ရှိရင် (ကံလာမှာပါ ဘုရား)။ သံသယ ရှိဖို့လိုသေးသလား (မလိုပါ ဘုရား)။

သံသယမရှိရအောင် ဟောနေတာ

အဲဒီကဲ့သို့ သံသယတွေ အကုန်ပျောက်ပြီး သကာလ ဒကာ၊ ဒကာမတွေ ဘုရားအပေါ်၌ လည်းကောင်း၊ တရားအပေါ်၌ လည်းကောင်း၊ သံဃာအပေါ်၌ လည်းကောင်း၊ ကိုယ့် အကျင့် အပေါ်၌ လည်းကောင်း၊ ပစ္စုပ္ပန်ဘဝအပေါ်၌ လည်းကောင်း၊ အနာဂတ်ဘဝ အပေါ်၌လည်းကောင်း သံသယမရှိ ဘဲနဲ့ ဖြစ်ကြရအောင် ဘုန်းကြီးက နေ့တိုင်းပဲ မရှိအောင် ဟောနေတယ် (မှန်ပါ့ ဘုရား)။

မရှိအောင်ဟောနေတော့ ခင်ဗျားတို့သန္တာန်မှာရှိတဲ့ ဖြစ်မှုပျက်မှုကို သာလျှင် တကယ် တမ်း ရှုနေလို့ရှိရင်ဖြင့် ဒါ သံသယ သေတဲ့လမ်းပါပဲ (မှန်ပါ့)။ ဒိဋ္ဌဓမ္မော ဖြစ်အောင်လုပ်စမ်းပါ (မှန်ပါ့ ဘုရား)။

ဒိဋ္ဌဓမ္မောဖြစ်အောင် လုပ်စမ်းပါ

ဒကာကြွယ် ဘာဖြစ်အောင်လုပ်ရမလဲ (ဒိဋ္ဌဓမ္မောဖြစ် အောင်လုပ်ရပါမယ်)။ ဒိဋ္ဌဓမ္မော ဖြစ်အောင် လုပ်စမ်းပါဆို တာ အခုဖြစ်ပျက်ရှုလို့ အခုဖြစ်ပျက်သိ လို့ရှိရင်ဖြင့် အခု ဒိဋ္ဌဓမ္မောပဲ (မှန်ပါ့)။ အခုဖြစ်ပျက် ဆုံးသွားလို့ရှိရင် အခု နိဗ္ဗာန်မပေါ်လာဘူးလား (ပေါ်လာပါတယ်)။ ဒါလည်း ဒိဋ္ဌ ဓမ္မော မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။

အဲဒီတော့ ဒီဒိဋ္ဌဓမ္မောဟာ ကိုယ်လုပ်ကြည့်ရင် ဒိဋ္ဌ ဓမ္မတွေ့မယ် ဆိုခြင်းကြောင့် သံသယ ရှိသေးရဲ့ လား (မရှိ ပါ ဘုရား)။ အကယ်၍ သံသယ ရှိခဲ့သော်လည်း တရားတစ်ပွဲ လုံးက ဘာလုပ်ကြ ရမယ် (ဖြစ်ပျက်ရှုရပါမယ်)။

ဪ မင်းဟာ ဝိစိကိစ္ဆာပဲ၊ မောဟပဲ တွေဝေနေလို့ မင်းလာတာပဲ ဆိုပြီး သူ့ကို ဖြစ်ပျက်ရှုပြီး သကာလ ခုနကပြောခဲ့တဲ့ မူလ ကမ္မဋ္ဌာန်းပြန်ကောက် (မှန်ပါ့ ဘုရား)။

အကယ်၍ ဝိစိကိစ္ဆာကို ဒကာ၊ ဒကာမတွေက မရှု မိဘူးဆိုရင် ဝိစိကိစ္ဆာဆိုတာ (မောဟနဲ့အတူဖြစ်တာ) မောဟ။ တွေဝေတာက အဝိဇ္ဇာ ထဲက သဘောကျပလား (ကျပါပြီ)။ အဲ သူ့ကိုလက်ခံရင် အဝိဇ္ဇာပစ္စယာ သင်္ခါရာ လုပ်မလို့ (မှန်ပါ့)။ သဘောကျပါလား (ကျပါပြီ)။

ဝိညာဏပစ္စယာ နာမရူပံ လုပ်မလို့ ဆိုတော့ သံသရာ ဆက်မလို့လာတာ (မှန်ပါ့)။

သံသရာ ဆက်မလို့လာတာ

မဂ်ဖိုလ်က အခွင့်ပေးမလို့ လာတာလား၊ သံသရာဆက် မလို့လာတာလား (သံသရာဆက်မလို့ လာတာပါ ဘုရား)။

သံသရာဆက်ကတည်းက မဂ်ဉာဏ်ဖိုလ်ဉာဏ် မတားသေး ဘူးလား (တားပါပြီ ဘုရား)။ ဒါဖြင့် သူ့ကို ဘာခေါ်ကြမယ် (နီဝရဏပါ ဘုရား)။

ဒါဖြင့် ဒကာ၊ ဒကာမတို့ အစကပြောခဲ့တဲ့အတိုင်း ဒီ ဝိစိကိစ္ဆာဆိုတဲ့ တရားသည်ကားလို့ ဆိုလို့ ရှိရင်ဖြင့် မဂ် ဉာဏ်ဖိုလ်ဉာဏ် နိဗ္ဗာန်ကိုတော့ တားမြစ်ပြီး အပါယ်လေးပါးတော့ သွားစေတယ် (မှန်ပါ့ ဘုရား)။ မဂ်ဉာဏ်ဖိုလ်ဉာဏ် နိဗ္ဗာန်ကိုတော့ (တားပါတယ်)။ အပါယ်ကိုတော့ (သွားစေပါတယ် ဘုရား)။

ဒါကြောင့် သူ့ကို ဘာတရားခေါ်ကြ မလဲ (နီဝရဏတရားပါ ဘုရား)။ အဲ- နီဝရဏတရားဆို တာ ကိုယ်လိုချင်တဲ့ဆီ ပိတ်ပင်တာ (မှန်ပါ)။ ကိုယ်လိုချင် တာ နိဗ္ဗာန်မဂ်ဖိုလ်၊ အဲဒါကြီး သူဝင်လာလို့ရှိရင် ဘယ့်နှယ် တုံး (တားပါတယ်)။ မရောက်နိုင်တာထောက်တော့ သူ့ ကို ဘာတရားခေါ်ကြမလဲ (နီဝရဏတရားပါ ဘုရား)။

အဲ ခင်ဗျားတို့က ဒီအိမ်ထဲဝင်ချင်တယ်၊ သူက တံခါးပိတ်ထား တယ်၊ ဝင်ခွင့်ရသေးရဲ့လား (မရပါ ဘုရား)။ ဒါဟာ ပိတ် ပင်တာလို့ မဆိုထိုက်သေးဘူးလား (ဆိုထိုက်ပါတယ်)။ သူကလည်း မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ကို ပိတ်ပင်သောကြောင့် တံခါးနဲ့တူတဲ့ နီဝရဏတရား (မှန်ပါ့)။

နီဝရဏတရား ဆိုတာ ကောင်းရာဌာနသွားဖို့ နိဗ္ဗာန် ကိုသော်လည်းကောင်း၊ သုဂတိကို သော်လည်းကောင်း သွား ဖို့ကို ဒကာ၊ ဒကာမတို့ တစ်ခါတည်း ပိတ်ပင်ချ လိုက်သောကြောင့် ဝိစိကိစ္ဆာလည်း နီဝရဏတရား (မှန်ပါ့)။

သံသယလာရင် ဖြစ်ပျက်ရှု

ကျုပ်စိတ်ထဲမှာ သံသယ ရှိနေတယ်ဗျာ ဆိုတာ သံသယ ကလေးမရှိစေနဲ့ (မှန်ပါ့)။ လာရင် ဒီသံသယကို ဘာလုပ်ရ မလဲ (ဖြစ်ပျက်ရှုရပါမယ်)။ အဲ- ဒီသံသယဟာ ဒကာသစ် သေသေချာချာ မှတ်ပါ။ သံသယဆိုတာ အဝိဇ္ဇာ သဘောပဲ (မှန်ပါ့)။ အဝိဇ္ဇာဖြစ်ရင် အဝိဇ္ဇာ ပစ္စယာ သင်္ခါရာဘက် လှည့်မလား မလှည့်ဘူးလား (လှည့်ပါမယ်)။ မလှည့်နဲ့ဆို လို့ (မရပါ ဘုရား)။

အဲဒါကြောင့် ဘယ်လောက်ပင် ပညာကြီးစေကာမူ မဖယ်ရှားတတ်လို့ ရှိရင်ဖြင့် အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံဆိုပြီး သကာလ ပဋိသန္ဓေဘက် ပစ်ချလိုက်တာပဲ (မှန်ပါ့)။ နိဗ္ဗာန် ဘက် ပို့သေးရဲ့ လား (မပို့ပါ ဘုရား)။

အဲဒါလောက် ကြောက်စရာကောင်းသောကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဝိစိကိစ္ဆာ ကိုလည်း ဘာ တရားလို့ခေါ်သေးသတုံး (နီဝရဏတရားပါ ဘုရား)။

အနုရာဓရဟန်း

ဒါကြောင့် သူသာရှိနေမယ် ဆိုရင် မနေ့ကပြောခဲ့တဲ့ အနုရာဓဝတ္ထု ထောက်ကြည့်လိုက်ရင် ခင်ဗျားတို့ သိတယ် (မှန်ပါ့)။

ဘုရားသခင် ကျောင်းနားမှာနေတဲ့ အနုရာဓရဟန်း ကလေးကို တိတ္ထိတွေက လာမေးတယ်။ သတ္တဝါသေရင် ဖြစ်သေးသလားတဲ့၊ သတ္တဝါသေရင် မဖြစ်တော့ဘူးလားတဲ့။ ဟိုက သံသယနဲ့ မမေးဘူးလား (မေးပါတယ်)။ သတ္တဝါ သေရင် ဖြစ်တာ တစ်မျိုး၊ မဖြစ်တာတစ်မျိုးလား၊ သတ္တဝါ သေရင် ဖြစ်သည်လည်း မဟုတ်၊ မဖြစ်သည်လည်းမဟုတ် ဘူးလားလို့ လေးချက်နဲ့ မေးတယ်။ ဘုရားက ဒီလိုမဟော ဘူးလို့ သူကဖြေလိုက်တယ် (မှန်ပါ့)။

သူ့သံသယပျောက်ကဲ့လား (မပျောက်ပါ ဘုရား)။ သူ့ ကိုက ရှင်းရဲ့လား (မရှင်းပါ ဘုရား)။ မရှင်းတော့ ဘုရား သခင် ကိုယ်တော်မြတ်ကြီးဆီ သွားတဲ့အခါကျတော့ ဘုရား က သူကိုယ်တိုင်က သံသယ ရှိနေပါကလား ဆိုပြီး ထပ်ဟောရ တယ် (မှန်ပါ့)။ သဘောကျပလား (ကျပါပြီ ဘုရား)။

ဘယ်ဟာကို သတ္တဝါခေါ်မတုံး

ဒါဖြင့် သူကိုယ်တိုင်က ဖြစ်ပျက်ရှုနေငြားသော်လည်း သံသယမစင်တဲ့အတွက် သူရဟန္တာ ဖြစ်ကဲ့လား (မဖြစ် သေးပါ ဘုရား)။

အဲဒီတွင်မှ ဘုရားသခင် ကိုယ်တော်မြတ်ကြီး က ရုပ်နာမ်ဓမ္မသင်္ခါရကို ဘယ်ဟာ သတ္တဝါ ခေါ်မတုံးလို့ မေးတော်မူတာတဲ့ (မှန်ပါ့)။ ရုပ်နာမ်ဓမ္မ သင်္ခါရကို ဘယ်ဟာ သတ္တဝါခေါ်ကြမလဲ (ဘယ်ဟာ သတ္တဝါခေါ်ကြမလဲ)။

ရုပ်ကို ရုပ်ပဲလို့ခေါ်ရုံပေါ့ ဒကာသစ်ရ (မှန်ပါ)။ နာမ်ကိုကော (နာမ်ခေါ်ရုံပါ)။ သင်္ခါရ တရား ကိုလည်း (သင်္ခါရပါပဲ)။ ဖြစ်လိုက် ပျက်လိုက်ကို သင်္ခါရတရား ခေါ်ရတာပဲ (မှန်ပါ့ ဘုရား)။

သတ္တဝါရှိသေးရဲ့လား

အဲ ရုပ်နာမ်ဓမ္မ သင်္ခါရကို ရုပ်နာမ်ဓမ္မသင်္ခါရလို့ သိထားပြန်တော့လည်း သတ္တဝါ ရှိသေးရဲ့လား (မရှိပါ ဘုရား)။ မရှိတော့ သတ္တဝါသေရင် ဖြစ်သေးသလား ဆိုရင် အို မမေးလိုက်နဲ့၊ သတ္တဝါမှမရှိဘဲ (မှန်ပါ့)။ သတ္တဝါသေရင် မဖြစ်တော့ ဘူးလား ဆိုရင်ကော (မရှိပါ ဘုရား)။

သတ္တဝါသေရင် အချို့ဖြစ်၍ အချို့မဖြစ်တာလား (မရှိပါ ဘုရား)။ သတ္တဝါသေ ရင် မဖြစ် သည်လည်း မဟုတ်၊ ဖြစ်သည်လည်းမဟုတ်လားဆို ရင်ကော (မရှိပါ ဘုရား)။

ဒါ ဝိစိကိစ္ဆာကင်းပြီးသား ပုဂ္ဂိုလ်တွေ ဆိုရင် ဒီအခြေ အနေ သတ္တဝါမရှိဘူးလို့ဆိုတဲ့ ဆုံးဖြတ်ချက်က ကျနေတယ် (မှန်ပါ့ ဘုရား)။

အဲဒီလို အနုရာဓကို မေးလိုက်တဲ့အခါကျတော့မှ သတ္တဝါ ရှိသေးသလားလို့ မေးတော့လည်း အလကား အမေး (မှန်ပါ့)။ သတ္တဝါသေရင် မဖြစ်တော့ဘူးလားမေးတာကော (အလကားအမေးပါ ဘုရား)။ သတ္တဝါသေရင် ဖြစ်တာလည်း ရှိ၊ မဖြစ်တာလည်းရှိသလား (အလကားအမေးပါ ဘုရား)။ အလကားအမေးတွေပဲ၊ သံသယနဲ့မေးတာ (မှန်ပါ့)။

သတ္တဝါ နဂိုကရှိရဲ့ လား (မရှိပါ ဘုရား)။ စဉ်းစားကြည့်ပါ။ ပဋိ သန္ဓေ နေရကတည်းက ရုပ်နာမ်နဲ့ နေတာ (မှန်ပါ့)။ နောက် နည်းနည်းကလေး ကြီးထွားလာတော့ ဘာကြီးထွားတာ လို့ဆိုကြမလဲ (ရုပ်နာမ်ကြီးထွားတာပါ ဘုရား)။ လူလားမြောက်လာတယ်ဆိုရတယ် (မှန်ပါ့)။ နောက် အိုလာတယ် ဆိုတော့လည်း ရုပ် နာမ်အိုတာ (မှန်ပါ့)။ သေတယ် ဆိုတာကော (ရုပ်နာမ်ပျက် တာပါ ဘုရား)။ သတ္တဝါကို ပါရဲ့လား (မပါပါ ဘုရား)။ သေချာပလား (သေချာပါပြီ ဘုရား)။

ဘုရားကပေးလိုက်တော့

အဲဒီလိုသိဖို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟော လိုက်တော့ ရုပ်ဟာ အနိစ္စလား၊ နိစ္စလား (အနိစ္စဒုက္ခပါ ဘုရား)။ ဒုက္ခလား၊ သုခလား (ဒုက္ခပါ ဘုရား)။ အနိစ္စဒုက္ခ ဖြစ်တဲ့ တရားကို ငါ့ကိုယ်၊ ငါ့ဟာလို့ ဆိုနိုင်ရဲ့ လားဆိုတော့ မဆို နိုင်ပါဘူးဆိုပြီး သူ သောတာပန် တည်တာပဲ (မှန်ပါ့)။ အရင် ဝိစိကိစ္ဆာ ရှိနေတုန်းက တည်ရဲ့ လား (မတည်ပါ ဘုရား)။

တိတ္ထိတွေက မေးတုန်းက သူကိုယ်တိုင်ပဲ သံသယရှိ နေလို့ သူကိုယ်တိုင် သောတာပန် မဖြစ်သေးဘူး (မှန်ပါ့)။ နောက်ကျတော့ ဝိစိကိစ္ဆာဖြုတ်ပေးတော့မှ အနုရာဓ သောတာပန် တည်သွားတယ် ဆိုကြပါစို့ (မှန်ပါ့ ဘုရား)။ ရှင်းပ လား (ရှင်းပါပြီ ဘုရား)။

မှတ်ချက်။ အနုရာဓရဟန်းသည် ထိုဒေသနာဖြင့် ရဟန္တာအထိဖြစ်သွားသည်ဟု အဋ္ဌကထာ၌ ဆို၏။

ဒါ ဘယ်သူက ပိတ်ပင်ထားတာတုံး နဂိုတုန်းက (နီဝရဏကပါ ဘုရား)။ နီဝရဏဆိုတာ ဘယ်နီဝရဏ ပါလိမ့် ဒကာသစ် (ဝိစိကိစ္ဆာနီဝရဏပါ ဘုရား)။ ဝိစိကိစ္ဆာနီဝရဏ ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

ဝိစိကိစ္ဆာရှင်းတမ်း ရှေ့ထားပါ

ကိုင်း ဒါကြောင့် ဘုန်းကြီးက အရေးတကြီးပြောချင် တဲ့ စကားလေးတစ်လုံးကရှိနေတယ်။ ဒကာ၊ ဒကာမတွေ ဖြစ်ပျက်ဆိုတာ ခန္ဓာကိုယ်ထဲမှာရှိလို့ ဒကာ၊ ဒကာမတွေက ဖြစ်ပြီးပျက်တာပဲ။ ဖြစ်ပြီးပျက်တာပဲဆိုတာ ဆရာသမား ပြောတဲ့အတိုင်းနဲ့ ကိုယ့်ဉာဏ်ထဲမှာတော့ တွေ့ပါရဲ့၊

ဝမ်းထဲ ဝိစိကိစ္ဆာက ဒါ ပုဂ္ဂိုလ်သေတာ လား၊ သတ္တဝါ သေတာလား ဆိုတဲ့ ဝိစိကိစ္ဆာရှိနေရင် ဖြစ်ပျက်မြင်ငြား သော်လည်း မဂ်ဉာဏ် မဝင်နိုင်ဘူး (မှန်ပါ့ ဘုရား)။

ဖြစ်ပျက်နောက်ထားပါ

ဖြစ်ပျက်မြင်ငြား သော်လည်း (မဂ်ဉာဏ် မဝင်နိုင်ပါ ဘူး)။ ဘာကြောင်တုံး၊ ဒီဥစ္စာကလေးဟာ ရုပ်နာမ်ရယ်လို့ လည်း မသိဘူး၊ အနိစ္စရယ်လို့လည်း မသိဘူး၊

ဪ ငါသေနေတာပဲ၊ ငါပျက်နေ တာပဲလို့ ယူလိုက်တော့ကို ဒီအထဲ က ဒိဋ္ဌိက ဝင်နေတယ် (မှန်ပါ့)။ ဝိစိကိစ္ဆာလည်းဝင်လာ တယ် (မှန်ပါ့)။ ဒါ့ကြောင့် ဖြစ်ပျက်နောက်ထား၊ ဝိစိကိစ္ဆာ ရှင်းတမ်းကို ရှေ့ ထားပါ (မှန်ပါ့ ဘုရား)။

ဝိစိကိစ္ဆာ ရှင်းတမ်း ရှေ့ထားပါဆိုတော့ ဒကာ၊ ဒကာမ တို့ သေသေချာချာစဉ်းစားကြည့်ပါ။ ခန္ဓာကို ပဋိသန္ဓေနေတုန်း က ဘာနဲ့ နေခဲ့သတုံးမေးရင် ဘယ့်နှယ်ဖြေကြမလဲ (ရုပ်နာမ်နဲ့ နေခဲ့ပါတယ်)။ အိုတာ ဘယ်သူတုံး (ရုပ်နာမ် ပါ ဘုရား)။ သေတာ ဘယ်သူတုံး (ရုပ်နာမ်ပါ ဘုရား)။ ပုဂ္ဂိုလ် သတ္တဝါ ပါသေးသလား (မပါပါ ဘုရား)။ ဘယ်သူဖြင့် သေရှာပေါ့လို့ ဆိုစရာ ပါသေးသလား (မပါပါ ဘုရား)။

ဒီလို စောစောစီးစီးက ဝိစိကိစ္ဆာ ရှင်းထားလိုက်ပြန် တော့လည်း ရုပ်နာမ်ဖြစ်ပျက်မှတစ်ပါး ဘာမှမရှိဘူး (မှန်ပါ့)။

လောကဆိုတာ ရုပ်နာမ်ဖြစ်ပျက်ကိုဆိုတာ

ဒါဖြင့် နိဗ္ဗာန် ဆိုတာလည်း ရုပ်နာမ်ဖြစ်ပျက် မရှိတာ ကို ဆိုတာပဲ (မှန်ပါ့)။ လောကကြီး ဆိုတာကလည်း ရုပ် နာမ်ဖြစ်ပျက်ကို ဆိုတာ (မှန်ပါ့ ဘုရား)။

လောကဆိုတာက (ရုပ်နာမ်ဖြစ်ပျက်ကို ဆိုတာပါ)။ နိဗ္ဗာန်ဆိုတာက (ရုပ်နာမ် ဖြစ်ပျက် မရှိတာကို ဆိုတာပါ)။ ရုပ်နာမ်ဖြစ်ပျက် မရှိတာကို ဆိုတော့ ဝိစိကိစ္ဆာ ရှင်းနေတယ် (မှန်ပါ့)။

အဲဒီလိုရှင်းပြီးမှ ဒကာ၊ ဒကာမတို့ ရုပ်နာမ်ဖြစ်ပျက် ရှုကြပေတော့။ ပုဂ္ဂိုလ်သတ္တဝါ ဝင်နိုင်သေးရဲ့ လား (မဝင် နိုင်ပါ ဘုရား)။ ငါသေနေတာလို့ကော ဒိဋ္ဌိ ဝင်နိုင်သေးရဲ့လား (မဝင်နိုင်ပါ ဘုရား)။ ငါသေတာ ဟုတ်မှဟုတ်ရဲ့လားဆိုတဲ့ ဝိစိကိစ္ဆာကော (မဝင်နိုင်ပါ ဘုရား)။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဝိစိကိစ္ဆာဖြုတ်တာ ရှေ့ထား

ဒါဖြင့် ဖြစ်ပျက် ရှေ့ထားရမှာလား ဒကာ၊ ဒကာမ တို့၊ ဝိစိကိစ္ဆာဖြုတ်တာကို ရှေ့ထားရမှာလား (ဝိစိကိစ္ဆာ ဖြုတ်တာကို ရှေ့ထားရမှာပါ ဘုရား)။

အဲဒါကြောင့် ကမ္မဋ္ဌာန်းအားထုတ်ရာ ဌာနရောက်ရင် ဒါတွေကို ဆရာသမားက ရှင်းပေးလို့ ၁-နံပါတ်ပြီးတော့မှ ရှုမှုထင်ဖို့ရာ (၂-နံပါတ်ပါ ဘုရား)။

အဲဒါကြောင့် တရားဟောပြောမှု မပါလို့ တရားမနာရရင် သောတာပန်ကို မတည် နိုင်ဘူး ဆိုတာ သေချာကြပလား (သေချာပါပြီ ဘုရား)။

တရားမနာရင် သောတာပန်မတည်

‘‘သဒ္ဓမ္မဿဝနံ သောတာပတ္တိအင်္ဂံ’’ ဆိုတဲ့အတိုင်း တရား မနာဘဲနဲ့၊ တရားကို ရှင်းပေး မထားဘဲနဲ့ အားထုတ် နေလို့ ရှိရင် ဘယ်တော့မှ သောတာပန် မတည်နိုင်ဘူးလို့ ကိုယ်တော် တိုင် အင်္ဂုတ္တိုရ် ပါဠိတော်မှာ ဟောထားတယ် (မှန်ပါ့)။ သဘောကျပလား (ကျပါပြီ ဘုရား)။

ကဲ ဒါဖြင့် ဟောတဲ့အတိုင်းလည်း၊ ဟောတဲ့ဘုန်းကြီး ကလည်း သံသယရှင်းအောင် ဟောပေး (မှန်ပါ့)။ ခင်ဗျားတို့ ကလည်း ရှင်းရှင်းနဲ့ အားထုတ်ရင် ဘယ်အခါမတည်ဘူး ဆိုလို့မရဘူး (မှန်ပါ့)။ သဘောပါကြပလား (ပါပါပြီ ဘုရား)။

ဒါဖြင့် ဒကာ၊ ဒကာမတို့ ဝိစိကိစ္ဆာကို ဘာတရားခေါ်ကြ မယ် (နီဝရဏတရားပါ ဘုရား)။ ဘာလုပ်ကြမယ် (ဖြစ် ပျက်ရှုရပါမယ် ဘုရား)။

သူ့ကို ဖြစ်ပျက်ရှုလို့ရှိရင်ဖြင့် ဒကာ၊ ဒကာမတွေ အရင်မူလအားထုတ်တဲ့ စိတ္တာနုပဿနာရှုရှု၊ ကာယနုပဿ နာရှုရှု၊ ဓမ္မာနုပဿနာရှုရှု ကြိုက်တာရှု၊ နိဗ္ဗာန် ရောက်တာ ချည်းပဲ (မှန်ပါ့)။ သူ့မဖယ်ရှားဘဲနဲ့ ရှုလိုက်လို့ရှိရင် (မရပါ ဘုရား)။

သိင်္ဂါရဝပုဏ္ဏား

အဲဒီတော့ သိင်္ဂါရဝပုဏ္ဏားက မေးတာ ကြည့်စမ်း၊ အရှင်ဘုရား တပည့်တော် တစ်ခါတလေ ကျတော့ ရပြီး သားစာတွေဟာ အကုန်ပျောက်ကုန်ပါတယ်။ မေ့နေတာ ဆိုတာ ဝေးစွ။ တစ်ခါတလေ ကျပြန်တော့လည်း ရပြီးသား စာတွေပေါ်လာတဲ့အပြင် မေ့ေနေတာတောင်မှ တစ်ပိုင်းတစ်စ ပေါ်လာပါသေးတယ်။

အဲ့ဒါ ဘာကြောင့်တုံး ဆိုတော့ ခုနက ဥဒ္ဓစ္စကုက္ကုစ္စ မှာတော့ ဒကာ၊ ဒကာမတွေ ရေလှုပ် နေလို့လို့ မပြောဘူးလား (ပြောပါတယ်)။

ရေကိုမျက်နှာ နဲ့ဟပ်ကြည့်တော့ ထင်သေးရဲ့လား (မထင်ပါ)။ အဲဒီရေ ငြိမ်သက်သလို ဖြစ်အောင် ဥဒ္ဓစ္စလာရင် ဥဒ္ဓစ္စဖြစ်ပျက်ရှု၊ ကုက္ကုစ္စ လာရင်ကော (ကုက္ကုစ္စ ဖြစ်ပျက် ရှုရပါမယ်)။ ရှုပြီး သကာလ မှာ မူလ ကမ္မဋ္ဌာန်းပြန်ကောက် လိုက်ရင် ရေငြိမ်မှ မျက်နှာဟပ် လိုက်တော့ ကိုယ့်မျက်လုံး ဘယ်လို၊ ကိုယ့်မျက်ခုံးဘယ်လို၊ ကိုယ့်နှာခေါင်း ဘယ်လိုဆိုတာ သိရသလို ခန္ဓာ၏ ပင်ကို သဘော အနိစ္စတွေ တစ်ခါတည်းသိတာပဲ (မှန်ပါ့)။ သဘော ပါကြပလား (ပါပါပြီ ဘုရား)။

ရပြီးစာတွေ မေ့ပျောက်

ပဉ္စမမြောက် ဝိစိကိစ္ဆာ ကျတော့ သိင်္ဂါရဝပုဏ္ဏား၊ မင်းမှာ ရပြီးသားစာတွေ ပျောက်မေ့ နေတာတွေ မပေါ်လာ ဆိုတဲ့ဥစ္စာ တခြား မဟုတ်ပါဘူး၊ ရေခွက်ထဲက ရေတွေနောက် နေတော့ ဘယ့်နှယ်လုပ် မြင်နိုင်ပါ့မလဲ (မမြင်နိုင်ပါ ဘုရား)။ ဘာကြောင့်တုံး ရေက အောက်ကနောက်နေလို့၊ အနည် ထနေလို့ (မှန်ပါ့)။ အပေါ်ကလည်း အရိပ်ကအုပ်နေလို့ သဘောကျပလား (ကျပါပြီ ဘုရား)။

ထို့အတူပဲ ဝိစိကိစ္ဆာ ဆိုတဲ့ တရားဟာ ရေအနည်ထတာ နဲ့ နောက်ကျိနေတာနဲ့ တူတယ်၊ သစ်ပင်အုပ်နေတဲ့ ရေနဲ့တူ တယ်၊ ဘယ်လိုမျက်နှာရိပ် ဟပ်ဟပ် မမြင်ရသလို ဝိစိကိစ္ဆာ ခံနေရင် မဂ်ဖိုလ်ကို မရနိုင်ပါဘူး (မှန်ပါ့ ဘုရား)။

ဝိစိကိစ္ဆာဆိုတာ

ဒါဖြင့် ဒီအနည်တွေဖယ်ပစ်၊ ဒီသစ်ပင်တွေခုတ်ပစ် (မှန်ပါ့)။ မျက်နှာဟပ်ကြည့်၊ တစ်ခါတည်း မျက်လုံးမျက် ခုံးတို့၏ နေပုံထိုင်ပုံ အကုန်မမြင်ရပေဘူးလား (မြင်ရပါ တယ်)။ ဒါ ဘယ့်နှယ်ကြောင့်တုံး၊ ဖယ်တန်တာဖယ်ပစ်လို့ (မှန်ပါ့ ဘုရား)။

အဲ ဒီမှာလည်း ဝိစိကိစ္ဆာလာရင် သမောဟစိတ္တံ့၊ သမောဟစိတ္တန္တိ ပဇာနာတိလို့ ရှုပစ်ပါ (မှန်ပါ့)။ ဒါ သူဟာ မောဟနဲ့အတူလာတာပဲ မဟုတ်လား (ဟုတ်ပါတယ် ဘုရား)။ ကိုင်း ဒါဖြင့် ဒကာ၊ ဒကာမတို့ လာတာဖယ်နည်းကိုလည်း ဆရာဘုန်းကြီးက ရှင်းပေးထားပြီ၊ လာတာဖယ်နည်း ရှင်းပေး လိုက်တော့ ဒကာကြွယ်တို့ သိလောက်ပါတယ် (မှန်ပါ့)။ အဝိဇ္ဇာ စရှုလိုက်တာကိုး (မှန်ပါ့)။

ဝိစိကိစ္ဆာဆိုတာ အဝိဇ္ဇာနဲ့ အတူဖြစ်တာနော် (မှန်ပါ့)။ အဲဒီဝိစိကိစ္ဆာကို အရင်ရှုပစ်လိုက်တော့ ပဋိစ္စသမုပ္ပါဒ် အစဖြတ်ပစ် လိုက်တယ် (မှန်ပါ့)။ နောက် ဆက်နိုင်သေးရဲ့လား (မဆက်နိုင်ပါ ဘုရား)။ ဘယ့်နှယ်ကြောင့်ပါလိမ့် (အစကပြတ်လို့ပါ)။

အစကဖြတ်ပစ်လိုက် တဲ့အတွက် အဝိဇ္ဇာပစ္စယာကို ဖြစ်သေးရဲ့ လား (မဖြစ်ပါ ဘုရား)။ ဒါဖြင့် အဝိဇ္ဇာနိရောဓာ သင်္ခါရနိရောဓော (မှန်ပါ့)။ မဖြစ်သေးဘူးလား (ဖြစ်ပါတယ် ဘုရား)။

ဘုရားဖြစ်သွားတာဟာ အဝိဇ္ဇာနိရောဓာ သင်္ခါရနိရောဓောကြောင့် ဘုရား သဗ္ဗညုတ ဉာဏ်တော် ရသွားတာ (မှန်ပါ့)။ နောက်ထပ် ခန္ဓာတွေကော လာသေးရဲ့ လား (မလာ ပါ ဘုရား)။

ခင်ဗျားတို့လည်း ဒီအတိုင်းရှုသွားလို့ရှိရင် တာရှည် တော့ အဝိဇ္ဇာနိရောဓာ သင်္ခါရနိရောဓော ဖြစ်ရမှာပဲ (မှန်ပါ့)။ ဒကာကြွယ် ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

ဒါဖြင့် ဒကာ၊ ဒကာမတို့ သိင်္ဂါရဝပုဏ္ဏားကို ဘုရား ဖြေလိုက်တာ ဘယ်နှချက်ပါလိမ့် (ငါးချက်ပါ ဘုရား)။

၁။ လောဘ

ဒါဖြင့် ပထမ ၁ နံပါတ်က လောဘ (မှန်ပါ့)။ တရား အားထုတ်နေရင်း လောဘ လာရင်လည်း သူ့ကိုဘာလုပ် မယ် (ဖြစ်ပျက်ရှုရပါ့မယ်)။ ဖြစ်ပျက်ရှုပြီးတော့ မူလ ကမ္မဋ္ဌာန်းပြန်ကောက် (မှန်ပါ့)။ ဒါ မမေ့စေနဲ့နော်ဒကာသစ် (မှန်ပါ့ ဘုရား)။

၂။ ဒေါသ

၂ နံပါတ်က ဒေါသ မဟုတ်လား (မှန်ပါ့)။ တရား အားထုတ်နေရင်း မတ္တနဲ့ မကျေနပ်တာ ကလေး လာတယ်။ ဥပမာ ခြင်ကိုက်လို့၊ ယားလို့၊ နာလို့ ဟုတ်လား၊ အောက် ထိုင်ရတာ မကောင်းလို့ ဒေါသ ဝင်လာတဲ့အခါ မရှိဘူး လား (ရှိပါတယ်)။ အဲဒါ ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါ့ မယ်)။

ဖြစ်ပျက်ရှုပြီး ဘယ်သွားရမလဲ (မူလကမ္မဋ္ဌာန်း ပြန်ကောက်ရပါမယ်)။ အဲဒီလို ဖယ်ဖယ် ဖယ်ဖယ်ပြီးရှုရင် ရပါတယ်လို့ (မှန်ပါ့ ဘုရား)။

၃။ ငိုက်မျဉ်းတာ

၃ နံပါတ်က ဒကာ၊ ဒကာမတို့ ထိနမိဒ္ဓတဲ့၊ ငိုက်မျဉ်း တာ၊ အဲဒါ ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှု ရပါ့မယ်)။ ဖြစ်ပြီး သူရှင်းသွားတဲ့အချိန်ကျမှ ဒကာ၊ ဒကာမတွေ ဘာလုပ်ရမလဲ (မူလကမ္မဋ္ဌာန်း ပြန်ကောက်ရပါမယ်)။ မူလကမ္မဋ္ဌာန်း ဆိုတာ ခင်ဗျားတို့ရှုနေကျကမ္မဋ္ဌာန်းကိုဆိုပါတယ် (မှန်ပါ့ ဘုရား)။

၄။ စိတ်ပျံ့လွင့်တာ

၄ နံပါတ်က ဘာပါလိမ့် (ဥဒ္ဓစ္စကုက္ကုစ္စပါ) ဥဒ္ဓစ္စ လာလည်း ဘာလုပ်ပစ်ရမလဲ (ဖြစ်ပျက်ရှု ရပါ့မယ်)။ စိတ်ပျံ့လွင့်တယ်၊ ပျံ့လွင့်တဲ့ စိတ်ကလေး ဖြစ်ပျက်ရှုပါ (မှန်ပါ့)။ နောက်ဟာတွေး၊ ရှေ့ဟာတွေနဲ့ တွေးလုံးတွေ ကိုလည်း ဘာလုပ်မယ် (ဖြစ်ပျက်ရှုရပါ့မယ်)။ မကောင်း တာတွေ တွေးတော့ ဖြစ်ပျက်တွေ ချည်းရှုချ (မှန်ပါ့)။

ရှုပြီး ဘယ်သွားရမတုံး (မူလကမ္မဋ္ဌာန်း ပြန်ကောက်ရပါမယ်)။ မူလကမ္မဋ္ဌာန်း ပြန်ကောက်ကြပါ ဆိုတာ လေးနက်စွာသတိပေးတယ် (မှန်ပါ့ ဘုရား)။

၅။ သံသယရှိတာ

၅ နံပါတ်က ဘာပါလိမ့် (ဝိစိကိစ္ဆာ နီဝရဏပါ)။ သူ ကလည်း ဒကာ၊ ဒကာမတွေ ဘုရားအပေါ်၊ တရားအပေါ်၊ သံဃာအပေါ်၊ အကျင့် အပေါ်မှာ သံသယ ရှိလာရင် ဘာမှ မရှုနဲ့၊ တို့ဘုရားဟာ အခြေအမြစ်နဲ့ လာတဲ့ဘုရား၊ တို့ဘုရား ကလည်း တကယ်အကျိုးပေးတဲ့ဘုရား ဆိုပြီး သကာလ အကုန် ဆုံးဖြတ်ချက်ချပြီး သူ့ကို ဖြစ်ပျက်ရှုပေးပါ (မှန်ပါ့)။ သူ့ ကို ဖြစ်ပျက်ရှုပြီးသည် နောက်မှ ဒကာ၊ ဒကာမတွေသည် ဘာလုပ်ရမတုံး (မူလကမ္မဋ္ဌာန်း ပြန်ကောက်ရပါမယ်)။

မူလ ကမ္မဋ္ဌာန်း ပြန်ကောက်တော့ နီဝရဏတရား ငါးပါးဟာ ကျုပ်တို့ကို တားလို့ ရသေးရဲ့ လား (တားလို့မရပါ ဘုရား)။ ကမ္မဋ္ဌာန်းကိုပြန်ကောက်နိုင်ရင် သူတားလို့မရဘူး (မှန်ပါ့)။

ဒီသုံးဉာဏ်နဲ့သာ တက်သွားပါ

ဒါဖြင့် ကမ္မဋ္ဌာန်းပြန်ကောက်တော့ ဖြစ်ပျက်က စပြီး မတွေ့ပေဘူးလား (တွေ့ပါတယ်)။ ကမ္မဋ္ဌာန်း ပြန်ကောက် တဲ့ပုဂ္ဂိုလ်ဟာ ဖြစ်ပျက်က စပြီးတွေ့မှာပဲ (မှန်ပါ့)။ ဖြစ်ပျက် က စတွေ့လို့ ရှုပါများ လာရင် ဖြစ်ပျက်မုန်း ရမှာပဲ (မှန်ပါ့)။ ဖြစ်ပျက်မုန်းလာလို့ ရှိရင် ဒီဖြစ်ပျက်ဟာ ဒုက္ခသစ္စာပဲ ဆိုပြီး မဆုံးပေဘူးလား (ဆုံးပါတယ်)။ မူလကမ္မဋ္ဌာန်းရှုတဲ့ ပုဂ္ဂိုလ်ဟာ ဒီဉာဏ်သုံးဉာဏ်နဲ့သာ တက်သွားပါ။ မဂ်ဉာဏ်၊ ဖိုလ် ဉာဏ်ရမှာပဲ ဆိုတာ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကိုင်း ယနေ့ ဒီတွင်တော်ကြဦးစို့။

သာဓု သာဓု သာဓု။