242

သစ္စာမသိတာငရဲထက်ကြောက်စရာကောင်းသည်၊ ကိစ္စဉာဏ် (ဝိပရိဏာမဋ္ဌော)

မှတ်ချက်။ ။အသံဖိုင်ရက်စွဲမှာ (၃၁-၆-၆၂) ဖြစ်သည်။

အသံဖိုင်ခေါင်းစဉ်= ဉာဏ်စဉ်သုံးပါး မဟာပရိဠာဟငရဲအကြောင်းတရားတော်

စာအုပ်ခေါင်းစဉ်= သစ္စာမသိတာ ငရဲထက် ကြောက်စရာ ကောင်းသည်

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မိုးကုတ်မြို့တွင်

ဟောကြားတော်မူသောတရားတော်

သစ္စာမသိတာ ငရဲထက် ကြောက်စရာ ကောင်းသည်

( ၁ – ၇ – ၁၉၆၂)

ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် သာဝတ္ထိပြည် ဇေတဝန် ကျောင်းတော်မှာ ရဟန်းတွေကို တရားဟောတယ်။

မဟာပရိဠာဟငရဲကြီး

ငရဲအကြောင်း ဟောစမ်းပါရစေကွာ ဆိုပြီး ဘုရား သခင်ကိုယ်တော်မြတ်ကြီးက ပြောတယ်။ မဟာပရိဠာဟ ငရဲကြီး ဆိုတာ ရှိတယ်ကွာ။ မဟာပရိဠာဟ ငရဲကြီးဆိုတာ ရှိတယ်ကွာ။ မဟာက (ကြီးတာ) ပရိဠာဟ ဆိုတာ (ပူပန်တာ) (မှန်ပါ့ ဘုရား)။

ငရဲဆိုတာ၊ ပဋိစ္စသမုပ္ပာဒ် မပြတ်တ ဲ့ပုဂ္ဂိုလ်တို့၏ သွားရာခရီးလို့ မှတ်လိုက်တာပေါ့။

မဟာက ကြီးစွာ၊ ပရိဠာဟက ပူပန်တာ၊ ငရဲဆိုတာ ကတော့ဖြင့် ကိုယ့်သန္တာန်မှာရှိတဲ့ ပဋိစ္စသမုပ္ပာဒ် မဖြတ်နိုင် တဲ့ ပုဂ္ဂိုလ်တို့၏ သွားရာဌာနလို့ ဦးဘရှင်းတို့ မောင်နိုင်တို့ မှတ်ရမယ်၊ ငရဲ ဆိုတာနော်။

ငရဲရောက်ပြီဆိုမှဖြင့်

အဲဒီလို ပြောတာက ငါသေသေချာချာ ရှင်းပြမယ် ကွာ။ မင်းတို့ သေသေချာချာ မှတ်ကြ စမ်းပါတဲ့။ ငရဲရောက် သွားပြီ ဆိုမှဖြင့် ဟိုမှာမြင်ရတာ ကြည့်ရလို့ရှိရင် ရောက် ရောက်ချင်း ငရဲသားတွေ ငရဲမီး ကြည့်လိုက်လို့ရှိရင် ကြည့် လိုက်သည်နှင့် တစ်ပြိုင်နက်တည်း မျက်လုံးဟာ ကန်းထွက် သွားတယ် ဘယ်လောက် ထိအောင် ငရဲမီး ပြင်းထန်တယ် ဆိုတာ မောင်နိုင် ပြောဖို့ မလိုတော့ဘူး (မှန်လှပါဘုရား)။

ငရဲသားတွေအော်သံ

အဲဒီမှာကြားရတဲ့ ငရဲသားတွေ အော်တဲ့ အသံကြီးတွေကို ရောက်စ လူက ကြားလို့ရှိရင် နားကန်း သွားတယ်။ ဘယ်လောက် ကြီးကျယ်တဲ့ ငရဲလဲ ဆိုတာဖြင့် ပြောဖို့ ဒကာ ဒကာမတွေ လိုသေးရဲ့ လား (မလိုပါဘူး ဘုရား)၊ အလွန် ကြီးကျယ်တယ် ဆိုတာဖြင့် သဘောပါကြပလား (ပါပါပြီ ဘုရား)။

အဲဒီငရဲမှာ ရှိတဲ့ အညစ်အကြေးတွေက နံတဲ့ဥစ္စာဖြင့် နှာခေါင်းတွေ ဘာတွေ အကုန်ပြတ် သွားတယ်။ ဒါရောက်စ ပုဂ္ဂိုလ်မှာ- ဘယ်လောက် ဆိုးတဲ့ အနံ့လဲ ဆိုတော့ နှာခေါင်းတွေ ဟာ ပြုတ်ထွက် သွားတယ်၊ ဒကာ-ဒကာမတို့ ဤမျှလောက် ကြောက်စရာ ကောင်းတယ် ဆိုတာ ပေါ် ကြပလား (ပေါ် ပါပြီ ဘုရား)။

သံရေပူတွေထွက်လာတယ်

ငရဲမှာရှိတဲ့ အစာတွေ စားလိုက်လို့ရှိရင်လဲ ဒကာ ဒကာမတို့ လျှာတွေ ဘာတွေ ပူလောင်ပြီး သကာလ အူတွေ ထဲက နေပြီး ကျင်ကြီးကျင်ငယ် တွေဟာ သံရေပူတွေ ထွက်လာ တယ်။ မောင်နိုင် တခြား ဘာမှ နည်းယူစရာ မကောင်းပါဘူး (တင်ပါ့ ဘုရား)။

တစ်ခါတွေ့ရတဲ့ အတွေ့တွေက ကိုယ်နဲ့ တွေ့ရလို့ ရှိရင်လဲ အို- အနိစ္စ မကောင်းတာတွေ ချည့်ပဲ၊ သူထိမယ် ဆိုလို့ ရှိရင် ဒီရုပ်နဲ့ထိရင် အဲဒီ အသားတွေဟာ လောင်ကုန်တာပဲ။

တစ်ဖန်ငရဲမှာရှိတဲ့ ကြံလုံး၊ ဖန်လုံးတွေ ဆိုရင်လဲ ဒီ ငရဲဟာ ကြောက်စရာ ကောင်းပါလား ဆိုတဲ့ ကြံလုံး၊ ဖန်လုံးတွေ ဝမ်းထဲပေါ်လာလို့ရှိရင် အဲဒီကြံလုံး ဖန်လုံးစိတ်က ကိုယ့်ကိုယ် လောင်ပြန်တာပဲ။ ဦးဘရှင်း အဲဒီတော့ဖြင့် တစ်ခုမှ အကောင်း မပါပါဘူး (မပါပါ ဘုရား)။

ရဟန်းတစ်ပါးကလျှောက်တယ်

အဲဒီလို ဘုရားက ဤမျှလောက် ကြောက်စရာ ကောင်းတာပဲ ဆိုတော့ ရဟန်းတစ်ပါးက ထလျှောက်တယ်။ အရှင်ဘုရားတဲ့ မဟာပရိဠာဟ ငရဲကြီး ဆိုတာ ဒီထက် ကြောက်စရာ ကောင်းတာ တော့ ရှိမယ် မထင်ပါဘူး ဆိုပြီး သကာလ သူလဲ စကားကုန်ပဲ လျှောက်လိုက်ပါတယ် (မှန်လှပါ ဘုရား)။

ငရဲကလွတ်ရေးကျွတ်ရေးရှိသေးတယ်

လျှောက်တဲ့ အခါကျတော့ ရဟန်းတဲ့။ ဒါဟာ လွတ် ရေး ကျွတ်ရေး ရှိသေးတယ်တဲ့။ ငရဲသက်ကုန်တော့ လွတ်ရေး ကျွတ်ရေး ရှိသေးတယ်တဲ့။ မင်းတို့ သစ္စာ မသိတဲ့ ပုဂ္ဂိုလ်ကျတော့ လွတ်ရေး ကျွတ်ရေး မရှိဘူးတဲ့ (မှန်ပါ့ ဘုရား)။

ငရဲက လွတ်ရေး ကျွတ်ရေးရှိသေးတယ်။ ဒကာဒကာမတို့ (မှန်ပါ့ ဘုရား)။ ဒီထက် ကြောက်စရာ ကောင်း တာက သစ္စာမသိတာ မှတ်လိုက် ဆိုပြီး သေသေချာချာ ဟော ရှာတယ်။ ဒကာ ဒကာမတို့ (မှန်ပါ့ ဘုရား)။

သစ္စာမသိတာကပိုကြောက်စရာကောင်းတယ်

ငရဲကြီး ကြောက်စရာ ကောင်းတာဟာလဲ အခုန ပြောခဲ့သလို ဒကာ ဒကာမတို့ သိကြပါပြီ (မှန်ပါ့)၊ သို့သော် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက အဲဒါ ကြောက်စရာ ကောင်းတာထက် မင်းတို့ သစ္စာ မသိတာ ပိုကြောက်စရာ ကောင်းတယ်တဲ့ (မှန်ပါ့)။

ငရဲမျိုးကို သစ္စာမသိတဲ့ ပုဂ္ဂိုလ်က တည်ထောင်တာကွ (မှန်ပါ့)၊ ကိုင်း- ကိုဝ ပေါ်ပ လား (ပေါ်ပါပြီ ဘုရား)။ ဘယ်သူ တည်ထောင်တာ လဲ (သစ္စာမသိတဲ့ ပုဂ္ဂိုလ်ပါ ဘုရား)။

သစ္စာမသိတဲ့ ဒကာ- ဒကာမတွေ စိတ္တဇက တည် ထောင်တာဆိုတော့ ေဩာ် ငရဲ ဘယ်သူ လုပ်ပါလိမ့်မလဲ လို့ မေးတဲ့ အခါကျတော့ဖြင့် အလိုလိုပဲ ဖြစ်နေတာလား ဆိုတော့ သစ္စာမသိတဲ့ ပုဂ္ဂိုလ်က လုပ်တာ၊ ပေါ်ကြပလား (ပေါ်ပါပြီ)၊ ဘယ်သူက လုပ်တာလဲ (သစ္စာမသိတဲ့ ပုဂ္ဂိုလ်က လုပ်တာပါ ဘုရား)။

အမှန်ဆုံးသတိပေးတဲ့တရား

ကိုင်း- အားလုံး ဒကာ ဒကာမတွေ ဆွေမျိုး တော်ခဲ့ တာတွေ ဖြစ်နေလို့ အမှန်ဆုံး သတိပေးတဲ့ တရားလို့ ကိုယ် တို့၊ ကိုဝတို့ မှတ်လိုက်ကြစမ်းပါ (မှန်ပါ့)။

ကိုင်း- ဒကာ ဒကာမတွေ ဒီငရဲကြီးဟာ အင်မတန် ကြောက်စရာကောင်းတာ မြင်လိုက်လို့ရှိရင် မြင်တဲ့လူဟာ မျက်လုံးကန်း သွားတယ်။ ကြားလိုက်ပြန်လို့ရှိရင် နားတွေဟာ ကန်းသွားတယ် ဆိုတော့ ဘာမှ အထိမခံ ရွှေပန်းကန် ဖြစ်ပြီး သကာလ ပျက်စီးခြင်းသာ ကျေးဇူးပြုတာ မောင်နိုင်တို့၊ ဦးဘရှင်း တို့ သိပါပြီ (သိပါပြီ ဘုရား)။

သစ္စာမသိတာ ဒီထက်ဆိုးတယ်

အဲဒီတော့ ဒီထက်ကြောက်စရာ ကောင်းတာများ ရှိသေးသလားလို့ ရဟန်းတစ်ပါးက ထ, လျှောက်တော့ အို ဒါ မဖြစ်လောက်ပါဘူးကွာ၊ ဒါက လွတ်ရေး ကျွတ်ရေး ရှိသေးသကွ၊ မင်းတို့ ဆရာကောင်း သမားကောင်းနဲ့ မတွေ့ လို့ ခန္ဓာကို သစ္စာလို့ မသိလိုက်တာက ဒီထက်ဆိုးပါသကွာတဲ့။

ဒီငရဲကို သစ္စာမသိတဲ့ ပုဂ္ဂိုလ်က တည်ထောင်တာပါ ဆို တော့ ကမ်းကုန်ရောပေါ့ (မှန်ပါ့ ဘု ရား)၊ ဒကာကြီးလှိုင် ပေါ်ပလားဗျ (ပေါ်ပါပြီ ဘုရား)၊ နောက်က ဒကာ ဒကာမတွေရော (ပေါ်ပါပြီ ဘုရား)။

ဒါကြောင့် ဆရာဘုန်းကြီးက သယ်ယူပို့ဆောင်ပြီး သကာလ ဒါတွေနဲ့ ဝေးအောင် သစ္စာ သိပြီးလို့ ရှိရင်ဖြင့် သစ္စ ဉာဏ်နဲ့ သိသိ၊ ကိစ္စဉာဏ်နဲ့ သိပြီး ကတဉာဏ်နဲ့ ပြီးသွားလို့ ရှိရင်ဖြင့် ဒီငရဲတွေကို စိတ်ပဋိစ္စသမုပ္ပါဒ်ကလဲ တည်ထောင် နိုင်သေးရဲ့လား (မတည်ထောင်နိုင်ပါ ဘုရား)။

ပဋိစ္စသမုပ္ပါဒ်ကလဲ တည်ထောင်နိုင်သေးရဲ့ လား၊ သူ့ကို မဂ်က ဖြတ်သွားတယ် (မှန်ပါ့ ဘုရား)၊ မဂ်ကဖြတ် လိုက်တော့ ပဋိစ္စသမုပ္ပါဒ် တန်းနိုင်သေးရဲ့လား (မတန်းနိုင် ပါ ဘုရား)၊ မတန်းနိုင်တော့ တန်းမှသာလျှင် သူက ကမ္မဘဝ ပစ္စယာ ဇာတိ ဆိုပြီး ဇာတိဆိုတဲ့ ငရဲကိုယ်ကြီးကို ဒီကံကပဲ တည်ထောင် လိုက်တယ် (မှန်ပါ့)၊

ကံနဲ့တည်ထောင်ပြီး သကာလ အဲဒီနေရာ ရောက်အောင် ဇာတိ ပဋိသန္ဓေအဖြစ် နဲ့ ပို့လိုက် ပါတယ် (မှန်ပါ့)၊ ဒါဆိုတော့ ပဋိစ္စသမုပ္ပါဒ် မဖြတ်တဲ့ ပုဂ္ဂိုလ်၏ ပစ္စည်း (မှန်ပါ့ ဘုရား)။

သစ္စာမသိတော၊ ငရဲထက်ကြောက်စရာ

ဒကာ ဒကာမတွေ လေးလေးစားစား နားထောင်ပါ။ အင်မတန် အရေးကြီးပါတယ် ဆိုတာ ပေါ်ကြပလား (ပေါ် ပါပြီ ဘုရား)၊ အဲဒီတော့ ကိုယ်တို့၊ ကိုဝတို့ ဒီငရဲဟာလဲ အစွမ်းကုန် ကြောက်စရာ ကောင်းတယ် ဆိုတာ အခုန ပြောခဲ့လို့ ကြား ခဲ့ကြပါပြီ (မှန်ပါ့)။

ဒီထက် ကြောက်စရာ ကောင်းတာ ရှိသေးသလားလို့ မေးတော့ သစ္စာမသိတဲ့ ပုဂ္ဂိုလ်၏ ပဋိစ္စသမုပ္ပါဒ် တန်းနေတာ က ငရဲတည်ထောင်တာကွ (မှန်ပါ့)၊ သစ္စာမသိတော့ ပဋိစ္စသမုပ္ပါဒ်ကြီး တန်းအောင် မလုပ်ပေဘူးလား (လုပ်ပါတယ်)။

မျက်လုံးကမြင်တယ်ဆိုရင်

ဥပမာမယ် ဒီမျက်လုံးက မြင်တယ် ဆိုရင် ဒကာ ဒကာမတွေက ကုန်သည်တွေ ဖြစ်နေတော့ လိုချင်တယ်၊ စွဲ လမ်းတယ်၊ မရရအောင် ပြောမယ်ဆိုတော့ တဏှာ၊ ဥပါဒါန်၊ ကံတွေ မလာဘူးလား (လာပါတယ် ဘုရား)၊

လိုချင်တာ က တဏှာ၊ စွဲလမ်းတာက (ဥပါဒါန်)၊ မရရအောင် ဝစီကံ နှင့်ပြောတာက (ကံပါ ဘုရား)၊ ကာယကံနဲ့ မလိုချင်တဲ့ ပုံနဲ့ လုပ်လိုက်ပြန်တော့လဲ ကမ္မဘဝ ဖြစ်တာပဲ (မှန်ပါ့)၊ ပြောဆိုပြီး သကာလ မရရအောင် လျှာရှည် သွားတဲ့ ဝစီကံကော မပါဘူးလား (ပါပါတယ် ဘုရား)။

အဲဒီကံတွေက ဒကာ ဒကာမတို့ သိတဲ့အတိုင်း ကမ္မ ဘဝ ပစ္စယာ ဇာတိ ဆိုတော့ ငရဲ တည်ထောင် လိုက်ပါတယ် (မှန်ပါ့ ဘုရား)။ ဒကာကြီးလှိုင် ပေါ်ပလား (ပေါ် ပါပြီ)၊

ငရဲအလိုလို ဖြစ်တာလား၊ ပဋိစ္စသမုပ္ပါဒ် ကံတွေက ဖြစ်တာလား (ကံ ပဋိစ္စသမုပ္ပါဒ်က ဖြစ်စေတာပါ ဘုရား)။

ငါ့အတွက်ငရဲမှာအဆင်သင့်

ကိုင်း- ဒါဖြင့် ငရဲသွားတဲ့ အခါကျတော့ ငါ့အတွက် နေရာများ ရှိသေးသလားလို့ မပြောပါနဲ့၊ ကိုယ့်ပဋိစ္စသမုပ္ပါဒ် ကိုယ်မဖြတ်လို့ရှိရင် ငါ့အတွက်တော့ အဆင်သင့် ဖြစ်ပေါ့ ဆိုတဲ့ ဥစ္စာ ဆုံးဖြတ်ချက် ချလိုက် (မှန်ပါ ဘုရား)၊ လေးလေး စားစား ပြောနေတယ်၊ ဒကာ ဒကာမတွေ ဂရုစိုက်ပြီးတော့ နားထောင် စမ်းပါ။

သစ္စာမသိတဲ့ အဖြစ်ဟာ အခုန ငရဲကြီး ကြောက် စရာ ကောင်းတာက ရောက်တဲ့ပုဂ္ဂိုလ် ငရဲသက် ကုန်တော့ မလွတ်လား (လွတ်ပါတယ် ဘုရား)၊ ပဋိစ္စသမုပ္ပါဒ် ဆက်နေတဲ့ ပုဂ္ဂိုလ်၊ ဉာဏ်နဲ့ မဖြတ်ဘဲ ဆက်နေတဲ့ ပုဂ္ဂိုလ် ဟာ ငရဲမီး ဘယ်လောက်များ ထူထောင်တယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ငရဲကိုဘယ်သူတည်ထောင်သတုံး

ဒါဖြင့် ဒကာ ဒကာမတို့ ငရဲ ဘယ်သူ ဖန်ဆင်းလို့ ဘယ်သူ တည်ထောင်ပါလိမ့်မတုံး ဆိုတော့ ပဋိစ္စသမုပ္ပါဒ် မပြတ်တဲ့ ပုဂ္ဂိုလ်က လုပ်တာ (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဘယ်သူ လုပ်တာပါလိမ့် (ပဋိစ္စသမုပ္ပါဒ် မပြတ်တဲ့ ပုဂ္ဂိုလ်က လုပ်တာ)။

မျက်လုံးနဲ့ မြင်တယ်၊ လိုချင်တယ်၊ မရ ရအောင်လုပ် မယ် ဆိုလို့ရှိရင် ကံမမြောက် သေးဘူးလား (မြောက်ပါ တယ် ဘုရား)၊ ကမ္မဘဝ ပစ္စယာ (ဇာတိပါ ဘုရား)၊

အဲ ငရဲအိုး ငရဲထိန်းတွေ အကုန်ပေါ်လာတယ် (မှန်ပါ့)၊ နားပေါက်က ကြားတယ်၊ စိတ် မချမ်းသာဘူး၊ သောက ပရိဒေ ဝဖြစ်တယ် ဆိုလို့ရှိရင် အဝိဇ္ဇာ သင်္ခါရာ မလာသေးဘူးလား (မှန်ပါ့) သင်္ခါရ ပစ္စယာ ဝိညာဏံ ဆိုလို့ရှိရင် ဇာတိပဲ (မှန်ပါ ဘုရား)။

ပဋိစ္စသမုပ္ပါဒ်ကလုပ်တာ

အဲဒါ ဘယ်သူကမှ တည်ထောင်တာ မဟုတ်ဘူး၊ မပြတ်တဲ့တရားက တည်ထောင်တာ ဆိုတော့ အပါယ်ငရဲဟာ ဘယ်သူလုပ်တာတုံး ဆိုတာ ဒီနေ့ တရားပွဲမှာ ဒကာ ဒကာမတွေ မမေးကြနဲ့ တော့၊ ပဋိစ္စသမုပ္ပါဒ် လုပ်တာ (မှန်ပါ)။

ဘယ် ပဋိစ္စသမုပ္ပါဒ်က လုပ်ပါလိမ့်မလဲ ဆိုတော့ ဒကာ ဒကာမတွေ ရှင်းပြတော့ ဒွါရ ခြောက်ပေါက်က ပဋိစ္စ သမုပ္ပါဒ် ကိုက ခြောက်မျိုး မရှိဘူးလား (ရှိပါတယ်)၊

အဲဒီ ခြောက်မျိုးက တဏှာ ဥပါဒါန် ကံတွေက ဘာတွေ လုပ်ပါ လိမ့်မတုံးဆိုတာ ရှင်းကြပလား (ရှင်းပါပြီ)၊

ငရဲတွေ ဖြစ်အောင် လုပ်တယ် (မှန်ပါ့)၊ ငရဲကောင်တွေ ဖြစ်အောင် လုပ်တယ် (လုပ်ပါတယ်)။

ကိုယ်လုပ်ထားတဲ့ငရဲအိုး

ဘယ်သူက လုပ်တာတုံးဆိုတော့ ပဋိစ္စသမုပ္ပါဒ် မပြတ်တော့ကိုး ပဋိစ္စသမုပ္ပာဒ် ကိန်းတဲ့ တရားတွေက နေပြီး သကာလ ဟိုမှာ အထည်ဖြစ်အောင် သွားလုပ်တာ (မှန်ပါ့)၊

ငရဲအိုးကြီးတွေ သွားပြီး တည်ထောင်တာလဲ ဒီကံပဲ (မှန်ပါ့)၊ ငရဲကောင်ကြီး ဖြစ်အောင်ကော (ဒီကံကပါ ဘုရား)၊ အဲ- ဒါဖြင့် ကိုယ့်ပဋိစ္စသမုပ္ပါဒ်ကို မဖြတ်လို့ရှိရင်ဖြင့် ဒကာ ဒကာမတွေ ကိုယ့်ငရဲအိုး ကိုယ်လုပ်ပြီး သကာလ ကိုယ့်ဟာကိုယ် သွားပြီး ခံတာ (မှန်ပါ့ ဘုရား)။

ဘယ်သူကမှလာခဲ့လို့မခေါ်ဘူး

ဘယ်သူကမှ လာခဲ့လို့ ခေါ်တာလို့ ဆိုလို့ရသလား (မရပါ ဘုရား)၊ ဘယ်သူကမှ လာခဲ့လို့ မခေါ်၊ ဘယ်သူက မှ သွားပါလို့ကော (မပြောပါ ဘုရား)၊ ပဋိစ္စသမုပ္ပါဒ် တဏှာ ဥပါဒါန် ကံတို့၏ လက်ချက်ပဲ ဆိုတာ ပေါ်ကြ ပလား (ပေါ်ပါပြီ ဘုရား)။

ကိုပေါ်တို့ ဘယ်သူ့ လက်ချက်ပါလိမ့်မလဲ (ဘယ် သူ့လက်ချက်မှ မဟုတ်ပါ ဘုရား)၊ ပဋိစ္စသမုပ္ပါဒ် တဏှာ ဥပါဒါန် ကံ တို့၏ လက်ချက်. (မှန်ပါ့)၊ ကဲ- ကိုဝတို့ ဘယ်လောက် ဆိုးတယ် ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

တဏှာ၊ ဥပါဒါနံ၊ ကံ တို့ကတည်ထောင်တာ

အဲဒီတော့ ဒီကံကုန်တော့ကော ငရဲအိုးပျောက်၊ ငရဲ ကောင် ပျောက်သွားတယ် (မှန်ပါ့)၊ ဒါ ထောက်ကြည့် လိုက်တဲ့ အခါကျတော့ သူတည်ထောင်တာကိုး ဆိုတာ ပေါ် လာတယ် (မှန်ပါ့)၊

ပဋိစ္စသမုပ္ပါဒ် တဏှာ ဥပါဒါန် ကံတို့၏ တည်ထောင်မှုပဲ ဆိုတာ မပေါ်ဘူးလား (ပေါ်ပါ တယ် ဘုရား)။

အဲဒါ ဘယ်လို ပုဂ္ဂိုလ်မှာ ဒီပဋိစ္စသမုပ္ပါဒ်တွေ ဆက် လက်ပြီး ပွားနေပါလိမ့်မတုံး ဆိုတော့ ပဋိစ္စသမုပ္ပါဒ် ပေါ်လာတဲ့ တရားတွေကို သစ္စာရယ်လို့ မသိလိုက်တဲ့ ပုဂ္ဂိုလ်မှာ ဆက်ပွားတယ်။

ဒကာ ဒကာမတို့ ဥပမာမယ် မြင်တယ်ဆိုလို့ရှိရင် မြင်တဲ့ ပုဂ္ဂိုလ်မှာ ဒုက္ခသစ္စာရယ်လို့ သိလိုက် ပြန်တော့လဲ တဏှာ ဥပါဒါန် ကံ က ငရဲ တည်ထောင်တာ၊ ငရဲကောင် ဖြစ်ဖို့ လာသေးရဲ့လား (မလာပါ ဘုရား)၊ အဲ ငရဲ မတည်ထောင်ချင်ရင် တို့ ဒါနဲ့ ဖြတ်လိုက်လဲ အရသားပဲ မဆို နိုင်ဘူးလား (ဆိုနိုင် ပါတယ် ဘုရား)၊

အဲ- ဒါဖြင့်လဲ သွားချင်လဲ အလွယ်လေး၊ ဖြတ်ချင်လဲ အလွယ်လေးပါ။

ကုသိုလ်ကတစ်ခါတလေမှလုပ်တာ

ဒါက ဆရာကောင်း သမားကောင်း ကြုံလို့ ဒီအကြောင်း ကောင်းကောင်း သိရတာ (မှန်ပါ့)၊ နို့မို့လို့ ရှိရင် ခင်ဗျားတို့ မိဘရိုးရာ အတိုင်း သာမည ကုသိုလ်လေးတွေကို အားကိုးနေကြမယ်ဆိုရင် ကုသိုလ်က တစ်ခါတလေမှ လုပ်ကြတာပါ။ ပဋိစ္စသမုပ္ပါဒ် ဝမ်းထဲက တန်းနေတာက တစ်နေ့ အကြိမ်ပေါင်း ဘယ်လောက်လို့ ဆိုကြမလဲ (မရေ နိုင်ပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီ ကံတွေက ဘာတွေ တည်ထောင်ကြမတုံး ဆိုတော့ ကမ္မဘဝ ပစ္စယာ အပါယ် ဇာတိ အပါယ်ငရဲအိုး အပါယ် သံရည်ပူတွေကို သူတို့ ကျိုပြီး သကာလ ဒီပုဂ္ဂိုလ်ကို လဲ ဒီကံက ဖြစ်စေပြီး ဒီအိုးထဲ ချတာပဲ ဒီကံဟာ လိုရင်းပဲ။

အဲဒီတော့ ဒီကံ ဘယ်ကလာသလဲဆိုတော့ ဥပါဒါန် က လာတယ်၊ ဥပါဒါန် ဘယ်က လာသလဲ ဆိုတော့ (တဏှာက လာတယ်)၊ တဏှာ ဘယ်က လာသလဲ ဆိုတော့ မြင်မှုက လာတယ်၊ သဘော ကျပလား (ကျပါပြီ ဘုရား)။

ဒုက္ခသစ္စာလို့သိလိုက်စမ်းပါ

အဲဒီတော့ ဒီ ဒကာ ဒကာမတွေ စိတ္တာနုပဿနာ ပေးထားတော့ မြင်တဲ့စိတ်ကလေးကို မြင်သည်နှင့် တစ်ပြိုင် နက်တည်း အဲဒါ ဒုက္ခသစ္စာ ပါလားလို့ သိလိုက်စမ်းပါ (မှန်ပါ့)၊ သိလိုက်တော့ တဏှာ လာသေးလား (မလာပါ ဘုရား)၊ ဥပါဒါန် ကကော (မလာပါ ဘုရား)၊ ေဩာ်- ဒါဖြင့် ငရဲဆိုတဲ့ ဥစ္စာကြီး ဖျောက်ချင်လို့ရှိရင်လဲ ဝိပဿနာဉာဏ် မဂ်ဉာဏ်ပဲ ဆိုတာပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)၊ ရှင်း ပလား (ရှင်းပါပြီ ဘုရား)။

ဒကာ ဒကာမတွေ ကျပ် သေရင် ဘယ်များသွားမယ် ဆိုတာ ကျုပ် မသိဘူးလို့ ကိုယ်၊ ကိုဝ မယူနဲ့၊ ကိုယ့်ပဋိစ္စ သမုပ္ပါဒ် ကိုယ်သိ (မှန်ပါ့ ဘုရား)၊ ကိုယ့်ပဋိစ္စသမုပ္ပါဒ် ကို (ကိုယ်သိရမယ် ဘုရား)။

ငါဖြင့် မြင်လိုက်တာနဲ့ လိုချင်ပြီဟ (မှန်ပါ့)၊ တဏှာလာပြီ လိုချင်တာမှ နည်းနည်းလိုချင်တာ မဟုတ်ဘူး၊ စွဲစွဲလမ်းလမ်းပဲဟေ့ မရမနေ လိုချင်တယ်ဆိုရင် ပဋိစ္စသမုပ္ပါဒ် လာပြီ၊ ဥပါဒါန် မလာသေး ဘူးလား (လာပါတယ်)၊ မရရအောင် အားထုတ်လိုက်တဲ့ အခါကျတော့ ဘာတွေလာမလဲ (ကံ လာပါမယ် ဘုရား)။

ကံရလို့ရှိရင် ဒီဘဝကံ မြောက်လို့ရှိရင်ဖြင့် သေသည် ၏ အခြားမဲ့၌ ငရဲတည်းဟူသော အိုးတွေ ခွက်တွေလဲ ဒီကတည်ထောင်တယ် (မှန်ပါ့)၊ အဲဒီ အိုးတွေ ခွက်တွေ ထဲကျဖို့ ဇာတိ ပဋိသန္ဓေ ခန္ဓာပေါ်ဖို့လဲ ဘယ်သူက တည်ထောင်ပါလိမ့် (ကံက တည်ထောင်တာပါ)၊

အဲဒါဖြင့် ဘယ်သူ ဖန်ဆင်းတာမှ မဟုတ်ပါလား ဆိုတဲ့ သံသယ ဝိစိကိစ္ဆာတွေလဲ ပျောက်ကြပလား (ပျောက်ပါပြီ ဘုရား)၊ ရှင်း ကြပလား (ရှင်းပါပြီ ဘုရား)။

တရားအားထုတ်နေတာဘာလုပ်တာတုံး

ကိုင်း- ဒကာ ဒကာမတို့သည် တရားနာပြီး တရား အားထုတ်နေကြတာ ဘာလုပ် နေကြသတုံး ဆို တော့ အပါယ်တံခါး ပိတ်အောင် လုပ်နေကြတာ (မှန်ပါ့)၊ အပါယ်တံခါး သွားပိတ်လို့ ရသလား၊ ဉာဏ်ပေါက်က နေပြီး ဉာဏ်နဲ့ပိတ်မှ ရသလား (ဉာဏ်ပေါက်ကနေ ဉာဏ်နဲ့ ပိတ်မှ ရပါတယ် ဘုရား)။

အဲ မြင်စိတ်ကလေး ဖြစ်ပျက်ရှု၊ ကြားစိတ် ကလေး ဖြစ်ပျက်ရှု၊ ရှုပြီဆိုမှဖြင့် ခင်ဗျားတို့ ရှေ့တွင်ပဲ တဏှာ ဥပါဒါန် ကံ လိုက်သေးရဲ့ လား (မလိုက်ပါ ဘုရား)၊

အဲဒီတော့ ကိုယ့်အတွက် စိတ်ချရအောင် စိတ္တာနုပဿနာ ကြိုး စားလိုက်မယ် ဆိုရင် မပြီး ဘူးလား (ပြီးပါတယ် ဘုရား)၊ နို့ မို့လို့ ရှိရင် ခင်ဗျားတို့သည် သံသယ ဝိစိကိစ္ဆာ ရှိနေလိမ့်မယ်နော် (မှန်ပါ့ ဘုရား)။

ငါသေရင်အပါယ်ရောက်ဦးမှာလား

ငါသေရင် အပါယ်များ ရောက်ဦးမှာလား၊ ငါလှူဒါန်း ပေးကမ်းထားတာတွေ နည်းတော့ မနည်း လှဘူး ဆိုတော့ အဲဒါသာ မနည်းတာ၊ ဒွါရ ခြောက်ပေါက်က နေပြီး တဏှာ ဥပါဒါန် ကံ တွေက လှူဒါန်း ပေးကမ်း တာထက် အဆပေါင်း သိန်းသန်းမက များပါတယ် (များပါတယ် ဘုရား)။

အဲဒါဘယ်သူ အသိဆုံးတုံးလို့ မေးတဲ့အခါကျတော့ ဒကာ ဒကာမတွေ မှတ်လိုက်စမ်းပါ၊ မိမိ အသိဆုံး (မှန်ပါ့ ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)၊

ဘယ်သူ အသိဆုံးပါလိမ့် (မိမိအသိဆုံးပါ ဘုရား)၊ မိမိအသိဆုံး ဆိုတာ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)၊ ကိုယ့် သန္တာန် ဖြစ်တဲ့ စိတ်အစဉ်တန်းကြီးကို ပဋိစ္စသမုပ္ပါဒ် ခေါ် တာပဲ။ သဘော ပါပလား (ပါပါပြီ ဘုရား)။

ပဋိစ္စသမုပ္ပါဒ်မဖြတ်တတ်တာကြောက်

ဒါဖြင့် ငရဲကြောက်စရာ ကောင်းသလား၊ ကိုယ့်ပဋိစ္စ သမုပ္ပါဒ် ကိုယ်မဖြတ်တတ်တာ ကြောက်စရာ ကောင်း သလား (ပဋိစ္စသမုပ္ပါဒ် မဖြတ်တတ်တာ ကြောက်စရာ ကောင်းပါတယ် ဘုရား)၊ ပေါ်ပြီ ဒကာ ဒကာမတို့၊ နောက်က ဒကာ ဒကာမတို့ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒကာကြီးလှိုင် လက်သည်ပေါ်ပြီဗျ။ အဘိဓမ္မာနည်း နဲ့ သေသေချာချာ ပြောတော့မှ ဒကာ ဒကာမတို့ အပါယ် မကြောက်ပါနဲ့၊ အခုနက ငရဲကြီး မကြောက်ပါနဲ့၊ ကိုယ့်ပဋိစ္စ သမုပ္ပါဒ် ကိုယ် မဖြတ် တတ်မှာ ကြောက်ပါ (မှန်ပါ့)၊ ပေါ် ကြပလား (ပေါ်ပါပြီ ဘုရား)။

ဘာကြောက်ကြမယ် (ကိုယ့် ပဋိစ္စသမုပ္ပါဒ် ကိုယ် မဖြတ်တတ်မှာ ကြောက်ကြရပါတယ်)၊

ဖြတ်တတ်လို့ ရှိရင် တော့ ဖြတ်တာ ဘာနဲ့ဖြတ်ရမလဲ မေးတော့ မြင်စိတ် ကလေး ကြည့်တော့ မြင်စိတ်က ဖြစ်ပြီး ပျက်နေတဲ့ ဝိပရိဏာမ လက္ခဏာ ဒုက္ခသစ္စာ ဆိုတော့ ကြည့်လိုက်တာ လေးက ဉာဏ်ဖြစ်သွားတော့ အင်း- ကိစ္စဉာဏ် သစ္စာကိုလဲ သိတယ်၊ ဖြစ်ပျက် ကိစ္စကိုလဲ သိတော့ ကိစ္စဉာဏ်နဲ့ ဖြတ်လိုက်လဲ ရတာပါပဲ (မှန်ပါ့ ဘုရား)။

ဒါဖြင့် သစ္စာသိတဲ့ ဉာဏ်မှ အပါယ်လေးပါး တံခါး ပိတ်တယ် (မှန်ပါ့ ဘုရား)၊ ကိုဝ ရှင်းပြီနော် (ရှင်းပါ ပြီ)၊ ကိုပေါ် ဘယ့်နှယ်တုံး (ရှင်းပါတယ် ဘုရား)။

အပါယ်တံခါးဘယ်သူ့ဖွင့်သတုံး

သစ္စာမသိတဲ့ ဉာဏ်ဖြင့် ဒကာ ဒကာမတို့ အပါယ် လေးပါးတံခါးကို ဘယ်သူက သွားဖွင့် သတုံးလို့ မေးလို့ ရှိရင် ဘယ်သူကမှ သွားမဖွင့်ဘူး၊ ကိုယ့် ကံက ဖွင့်ပေး တယ် (မှန်ပါ့)၊ ဖွင့်တယ် ဆိုတော့ ခင်ဗျားတို့က လောကီမှာ တစ်မျိုးသုံးထားလို့ ဘုန်းကြီးများက အပြောရ နည်းနည်း ခက်တယ်။

အပါယ်က မင်းအတွက် ဟင်းလင်းပွင့်နေတယ် ဆိုတာ ဒီလို မဟုတ်ပါဘူး၊ ဘယ်လိုမှ ဟုတ်ပါလိမ့် ဆိုတော့ ဒီက ကံက နေပြီး သကာလ ဟိုမှာ အပါယ်တံခါးကိုလဲ သူကပဲ လက်သမား လုပ်ပြီး ထားတာ၊ သူကပဲ ဖွင့်ပေးတာ၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ငရဲတွေကောဘယ်သူလုပ်တာလဲ

အပြင် ငရဲတွေကော ဘယ်သူလုပ်တာလဲ ဒီကံကပဲ လုပ်တာ၊ ဒကာ ဒကာမတို့ မင်းအတွက် တံခါး ပွင့်နေတယ် ဆိုတော့ အလိုလိုပွင့်နေတဲ့ သဘောမျိုး မဟုတ်ပါဘူး၊ ကိုယ့် ကံက ဖွင့်ပေးတဲ့ သဘောကို ယူပါ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ)၊ ဘယ်သူက ဖွင့်ပေးတာလဲ (ကိုယ့်ကံက ဖွင့်ပေးတာပါ ဘုရား)။

ကိုယ့်ကံကိုက ဒီတံခါး လုပ်ပြီး သကာလ ဒီငရဲတည် ထောင်တယ်၊ သဘောကျပလား (ကျပါပြီ)၊ ရှေးထုံးက တစ်မျိုး ဖြစ်နေလို့သာ ဆိုတာကော ကိုပေါ်၊ ကိုဝ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

ကိုယ့်ကံကတည်ဆောက်ပြီးလုပ်တယ်

မင်းကွာ အပါယ်လေးပါး တံခါးကြီး မင်းအတွက် ပွင့် နေတယ်ဆိုတာ ငရဲက အဆင်သင့် စောင့်နေတယ် ဆိုတဲ့ အဓိပ္ပါယ် မဟုတ်ပါဘူးတဲ့၊ ကိုယ့်ကံက ကိုယ်ရောက်တဲ့ အခါ ကျလို့ရှိရင်ဖြင့် ကိုယ့်ကံက တည်ဆောက်ပြီး ကိုယ့်ကံက အဆင်သင့် လုပ်တယ်လို့ ဆုံးဖြတ်ချက် ချပါ၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ကံကိုဘယ်သူလုပ်သတုံး

ဒါဖြင့် ဘယ့်နှယ်ကြောင့် ဒီကံရအောင် ဒကာ ဒကာမ တွေက ဘာအဖြစ်လုပ်သလဲ မေးတော့ ဥပါဒါန် ကြောင့် (မှန်ပါ့)၊

နောက်ဆုတ် သွားလိုက်စမ်း ကံကို ဘယ်သူ လုပ်သတုံး (ဥပါဒါန်က လုပ်ပါတယ်)၊ ဥပါဒါန်က ဘယ်သူကလုပ် သတုံး (တဏှာက လုပ်ပါတယ်)၊ တဏှာ ဘယ်သူ လုပ်ပါလိမ့်မလဲ မေးတဲ့ အခါကျတော့ ဝေဒနာကလုပ်တယ် (မှန်ပါ့)၊

ဝေဒနာ ဘယ်သူလုပ်ပါလိမ့်မလဲ ဆိုတော့ ဖဿ က လုပ်တယ် (မှန်ပါ့)၊ ဖဿ ဘယ်သူ လုပ်ပါလိမ့်မလဲ၊ မြင်စိတ်က လုပ်တယ် သဘောကျပလား (ကျပါပြီ ဘုရား)။

မြင်စိတ်ဖြစ်ပျက်ရှု

‘‘စက္ခုံ စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ’’ ဆိုတော့ ကိုဝတို့ ကိုပေါ်တို့ မရှင်းသေးဘူးလား (ရှင်းပါပြီ ဘုရား)၊ စက္ခုဝိညာဏ်နဲ့ ဖဿနဲ့ ဝေဒနာနဲ့ဟာ တွဲလျက်ချည်း နေတော့ ဒကာ ဒကာမ တွေက အဲဒီကနေပြီး လိုချင်တာ မလာ အောင် မြင်စိတ်ကို ဖြစ်ပျက်ရှု၊ ဖဿရော၊ ဝေဒနာရော၊ မြင်စိတ်ရော ဖြစ်ပျက်ရှု (မှန်ပါ့)။

ဖြစ်ပျက်ရှုတော့ ဖြစ်ပျက်၊ ဘာသစ္စာလဲ (ဒုက္ခ သစ္စာပါ)၊ ရှုလိုက်တာ ကလေးက (မဂ္ဂသစ္စာပါ ဘုရား)၊

မဂ္ဂသစ္စာလေး ဖြစ်လိုက်တော့ မဂ်သည် ကိလေသာဖြတ် တယ် ဆိုတော့ သူ့ နောက်က လာသေးလား (မလာပါ)၊ မလာတော့ ငရဲတည်ထောင်တဲ့ ကံကကော ပါသေး သလား (မပါ ပါ ဘုရား)၊

ငရဲအိုး ငရဲထိန်းတွေ ဖြစ်စေသေးရဲ့လား (မဖြစ်စေတော့ပါ ဘုရား)၊ အင်း- ဘယ်သူ ကများ ကန့်ကွက်လို့ ပါလိမ့်မလဲဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)၊ သစ္စာ သိတဲ့ ဉာဏ်က (မှန်ပါ့ ဘုရား)။

သစ္စာသိတဲ့ဉာဏ်

ဖြစ်ပျက်သိတဲ့ဉာဏ်ဟာ သစ္စာသိတဲ့ဉာဏ်ပဲ (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)၊ ဖြစ်ပျက် သိတဲ့ ဉာဏ်သည် သစ္စာသိတဲ့ဉာဏ်ပဲ။

ကြည့်လေ ‘‘သံခိတ္တေန ပဉ္စပါဒါနက္ခန္ဓာပိ ဒုက္ခသစ္စာ’’ လို့ ရ ထားတဲ့ ပုဂ္ဂိုလ်တွေပဲ ဆိုတော့ မြင်စိတ်ကလေးရလဲ ခန္ဓာထဲက ဝိညာဏက္ခန္ဓာပဲ မဟုတ်လား (ဟုတ်ပါ တယ်)၊ အဲဒါက ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ ဘုရား)၊ အဲဒါကြောင့် ဖြစ်ပျက်ဟာ ဒုက္ခသစ္စာလို့ သံသယ မရှိဘဲနဲ့ သိအောင် လုပ်ပစ်လိုက် (မှန်ပါ့)။

နိဗ္ဗာန်အရောက်ပို့တယ်

ဖြစ်ပျက်ဟာ ဘာသ (ဒုက္ခသစ္စာပါ ဘုရား)၊ သိတာက (မဂ္ဂသစ္စာ)၊ မဂ္ဂသစ္စာက နေပြီး သကာလ အပါယ် တည်ဆောက် သေးရဲ့လား (မတည်ဆောက်ပါ ဘုရား)၊ ဧကာယနောတိ မဂ္ဂေါ၊ မဂ္ဂေါ- မင်းတို့သိတဲ့ မဂ်သည်၊ ဧကာယနော- တစ်ကြောင်းတည်းနဲ့ နိဗ္ဗာန်အရောက်ပို့လိုက် ၏ ဆိုတော့ အပါယ် သွားသေးရဲ့လား (မသွားပါ ဘုရား)။

ဪ သွားချင်လဲ ကိုယ့် ပဋိစ္စသမုပ္ပါဒ် ဆက်ကြ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ မသွားချင်လဲ ကိုယ့်ပဋိစ္စသမုပ္ပါဒ်ကို မြင်စိတ်ကနေ ဖြတ်လိုက်၊ မပြီးဘူးလား (ပြီးပါတယ် ဘုရား)။

ဒါဖြင့်ခင်ဗျားတို့သည် ကျုပ်တို့တွေမှာဗျာ အကုသိုလ် တွေက မသိခင်တုန်းက မှားထားတာ တွေက အများကြီး။ သိပြီး တော့လဲ မတားနိုင်လို့ မှားထားတာတွေက အများကြီး ဆိုပြီး သကာလ ကြောက်မနေနဲ့၊ ယခုအချိန် သစ္စာသိရင် ယခုအခါမှာ သစ္စာသိတဲ့မဂ်သည် “အကဏု အသုဏ္ဏကံ” ဖြစ်ပါတယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။

မမည်း မဖြူတဲ့ကံ

သစ္စာသိတဲ့မဂ်သည် (အကဏု အသုက္ကကံပါ ဘုရား)၊ အကဏု အသုက္ကကံသည်- မမည်း မဖြူတဲ့ကံ (မှန်ပါ့)၊ ဖြစ်ပျက်သိတဲ့ ဉာဏ်ကလေးဟာလဲ- မမည်း မဖြူတဲ့ ကံ၊ ဉာဏ်၊ သဘောပါပလား (ပါပါပြီ ဘုရား)၊ အဲဒါက ကံဖြတ်တာပေါ့ ဆိုတော့ သူ့နောက်က ကံလာသေးရဲ့ လား (မလာပါ ဘုရား)၊ ဒါဖြင့် သူ့နောက်က လာမည့်ကံကိုလဲ ဖြတ်တယ်၊ ရှေ့က မလိမ္မာတဲ့ မိုက်မဲထားတဲ့ ကံတွေကော (ဖြတ်ပါတယ် ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ကံဖြတ်တရား အားကိုးရာအစစ်

ဒါဖြင့် ကံဖြတ်တရား (မှန်ပါ့)၊ ကိုဝ ဘာတရား ပါလိမ့် (ကံဖြတ်တရားပါ ဘုရား)၊ ကံရှိမှ သာလျှင် နတ်ပြည် ဇာတိ၊ ဇရာ၊ မရဏ၊ ဒုက္ခသစ္စာရမယ်၊ အကုသိုလ် ကံ ရှိမှသာလျှင် အပါယ်လေးပါး ကျုပ်တို့ တည်ထောင် ဖြစ် မှာကိုး (မှန်ပါ့)။

ဒီကံဖြတ်လိုက်တဲ့ ဖြစ်ပျက်သိတဲ့ မဂ်သည် ဒီက ဖြစ်နေတော့ ကိုဝတို့ ကိုယ်တို့ ကြောက်စရာ ရှိသေးရဲ့လား (မရှိပါ ဘုရား)၊ ဒါဖြင့် ခင်ဗျားတို့သည် အားကိုးရာ အစစ်ကို ယနေ့ ဘုန်းကြီးက ပေးလိုက် တယ် (မှန်ပါ့)။

ဖြစ်ပျက်သိတဲ့ မဂ်သည် အတိတ်က ပါလာတဲ့ ကံတွေ ကိုလဲ ဖြတ်လိုက်တယ်၊ ပစ္စုပ္ပန် လာလတ္တံ့ ဖြစ်မည့် ကံတွေကိုကော ဖြစ်ခွင့် ပေးသေးလား (မပေးပါ ဘုရား)၊

ဒါဖြင့် အတိတ်ကံတွေကိုလဲဖြတ်၊ ပစ္စုပ္ပန်ကံတွေ ကိုလဲဖြစ်ခွင့် မပေး သောကြောင့် ကံဖြတ် တရား (မှန်ပါ့)၊ အတိတ်က ပါလာတဲ့ကံတွေကိုကော (ဖြတ်လိုက်ပါတယ်)၊ သဘော ကျပလား (ကျပါပြီ ဘုရား)။

ယခုလာမည့် ကံတွေကိုကော လာခွင့်ပေးသလား (မပေးပါ ဘုရား)၊ မြင်စိတ်ကလေး မြင်စိတ် ရှုလိုက်တဲ့ အခါ ‘‘စက္ခုဝိညာဏံ အနိစ္စံ’’ ဆိုပြီး သကာလ ဒကာ ဒကာမတွေ မြင်စိတ်က ဖြစ်ပျက်- ဒုက္ခသစ္စာ၊ သိတာက- မဂ္ဂသစ္စာ ဆိုတော့ အတိတ်က ံတွေကော ဖြတ်တယ်၊ လာလတ္တံ့သော ၊ ကံတွေကော ဖြတ်တယ်။

ဖြစ်ပျက်မြင်တဲ့မဂ်ကြောင့်

ဒါဖြင့် ဘယ်မှာသာလျှင် နတ်ပြည် ဒုက္ခသစ္စာကော ကျုပ်တို့ ရဖို့လိုသေးလား (မလိုပါ ဘုရား)၊ အပါယ်ငရဲ တွေကော တည်ထောင် ဖြစ်သေးရဲ့လား (မတည်ထောင် ဖြစ်ပါ ဘုရား)၊ နတ်ပြည်ကော တည်ထောင် ဖြစ်သေးရဲ့ လား (မတည်ထောင်ဖြစ်ပါ ဘုရား)၊ ဗြဟ္မာပြည်ကော (မတည်ထောင်ဖြစ်ပါ ဘုရား)၊ အပါယ်လေးပါးကော (မတည်ထောင်ဖြစ်ပါ ဘုရား)။

အင်း ဘယ်သူ့ကြောင့်ပါလိမ့်မတုံး ဆိုတော့ မဂ်ကြောင့်၊ ဖြစ်ပျက်မြင်တဲ့ မဂ်ကြောင့် (မှန်ပါ့)၊ အဲဒီတော့ ဒကာ ဒကာမတွေ ဖြစ်ပျက်မြင်တဲ့ မဂ်သည် ကျုပ်တို့၏ ကယ်မည့်၊ ယူမည့်လူ အချုပ် အခြာပဲ ရှင်းကြ ပလား (ရှင်းပါပြီ)။

တို့ကြောက်စရာမရှိတော့ဘူး

ဖြစ်ပျက်ကိုသိတဲ့ မဂ်သည် (ကယ်မည့် ကူမည့် အချုပ်အခြာပါ ဘုရား)၊ ဒါဖြင့် ေဩာ် ဆရာ ဘုန်းကြီးနဲ့တွေ့ ခေါင်းဆောင်ကောင်းနဲ့တွေ့ ဒကာ ဒကာမတွေကလဲ ကြိုးစားပြီး နာကြတော့ ေဩာ် တို့ကြောက်စရာ မရှိပါ လား၊ ဒီအလုပ် မလုပ်ဖြစ်မှာ တစ်ခုသာ ကြောက်စရာလိုပါ လား ဆိုတော့ မောင်နိုင် သစ္စာသိပလား (သိပါပြီ ဘုရား)။

ဖြစ်ပျက်က- ဒုက္ခသစ္စာ၊ ဖြစ်ပျက်မှန်း သိတာလေးက (မဂ္ဂသစ္စာပါ)၊ မဂ္ဂသစ္စာလေး ဖြစ်နေပြီးတော့ မဂ္ဂသစ္စာ က ဘာဖြစ်သတဲ့လဲ (ကံဖြတ်ပါတယ်)၊ ကုသိုလ်ကံလဲ (ဖြတ်ပါတယ်)၊ အကုသိုလ်ကံလဲ ဖြတ်ပါတယ် (မှန်ပါ့)။

ဖြတ်တဲ့အခါကျလို့ရှိရင်ဖြင့် ကမ္မဘဝ ပစ္စယာ ဇာတိ ဆိုတော့ ဘယ်ကံမဆို ဇာတိ လာမှာ ဖြစ်တော့ ဇာတိ- ဒုက္ခ သစ္စာချည့်ပဲ (မှန်ပါ့)၊ ဒီဇာတိတွေ ကိုယ်က ဇာတ်သိမ်း၊ မသိမ်း (သိမ်းပါတယ် ဘုရား)၊ ဘယ်သူကများ သိမ်းပေး ပါလိမ့် (မဂ်ကပါ ဘုရား)၊ ဪ သစ္စာသိတဲ့မဂ်က (မှန်ပါ့ ဘုရား)။

ဒါ့ကြောင့် ခုနပြောတဲ့ ငရဲကြီး ကြောက်စရာ ကောင်း တာ သိရင် မောင်နိုင် ကိုယ့်ပဋိစ္စသမုပ္ပါဒ် ဆက်မှာကို ကြောက် ပါ (မှန်ပါ့)၊ ငရဲတွေ ဆက်မှာမို့လို့ပါ (မှန်ပါ့)။

ငရဲတွေ အရင်းကျကျ လက်သည်က ဒီပဋိစ္စသမုပ္ပါဒ် တွေ (မှန်ပါ့)၊ မဖြတ်တတ်တဲ့ ပုဂ္ဂိုလ်တို့၏ ပဋိစ္စသမုပ္ပါဒ် ရှင်းပလား (ရှင်းပါပြီ)၊ ဖြတ်တတ်တဲ့ ပုဂ္ဂိုလ်မှာဖြင့် ဘာမှ မစိုးရိမ်နဲ့ (မှန်ပါ့ ဘုရား)။

သောတာပန်တည်သွားတယ်

တစ်သံသရာလုံး၊ တစ်သက်လုံး မုဆိုးလုပ်စား တာ တောင် သားခုနစ်ယောက် ချွေးမ ခုနစ်ယောက်နဲ့ဟာ ဦးဘရှင်း ဒီမဂ် ဝင်ဖြတ်လိုက်တော့ အကုန် လွတ်မသွားဘူးလား (လွတ်သွား ပါတယ် ဘုရား)၊ အကုန်သောတာပန် တည်သွားတယ်။

အဲဒီတော့ အပါယ်လေးပါးထဲမယ် ဘယ်သူ ဝင်ပြီး ဖြတ်လိုက်ပါလိမ့် (မဂ်ကပါ ဘုရား)၊ ကဲ လွန်ပြီးသား ကံတွေလဲ အဟောသိကံ ဖြစ်ရတယ်၊ ရှေးအတိတ်က ကံတွေ လဲ အဟောသိကံ ဖြစ်ရတယ်၊ သူပေါ်ခွင့်ကို မရဘူး၊ သဘော ပါပလား (ပါပါပြီ ဘုရား)။

သစ္စာသိတဲ့ဉာဏ်သည်အားကိုးရာအစစ်

ဒီလောက်တောင် အားကိုးရာ အစစ်ရှိသေးတာ သစ္စာသိတဲ့ ဉာဏ်ဟေ့၊ ဒကာ ဒကာမတို့ အားကိုးရာ အစစ် ဟာ ဘာပါလိမ့် (သစ္စာသိတဲ့ ဉာဏ်ပါ ဘုရား)၊ စာထဲ မှာ မသိပါနဲ့၊ စာထဲသိရင် အလွဲအချော် ဖြစ်ပါလိမ့်မယ် (တင်ပါ့)။

ခန္ဓာထဲမှာဖြစ်တဲ့ ဟော ဖောက်ပြန် ပျက်စီးသွားပြန် ပြီ၊ မြင်စိတ် ကလေးဟာ- ပေါ်လဲ ပေါ်တယ် ပျောက်လဲ ပျောက်တယ်၊ ကြားစိတ် ကလေးဟာလဲ- ပေါ်လဲပေါ်တယ် ပျောက်လဲ ပျောက်တယ်၊ လောဘလေးတွေ- ပေါ်လဲပေါ် တယ် ပျောက်လဲ ပျောက်တယ်လို့ နောက်က လိုက်ပေး (မှန်ပါ့ ဘုရား)။

နောက်က လိုက်ပေးတဲ့အခါကျလို့ ရှိရင်ဖြင့် ပထမ ကိစ္စဉာဏ်တော့ သေသေချာချာ ရမှာပဲ၊ ရင့်ကျက် လာရင်ဖြင့် ကတဉာဏ်ကူးမယ် (မှန်ပါ့)၊ မကူးပါနဲ့ဆိုလို့ (မရပါ ဘုရား)၊ မရတော့ ကတဉာဏ် ကျလို့ရှိရင် မဂ်ဆိုက်သွား တာပဲ (မှန်ပါ့)၊ ကိစ္စဉာဏ်မှာ မဆိုက်သေးဘူး၊ ဝိပဿနာ မဂ်ပဲ ရှိသေးတယ်၊ ကတဉာဏ်ကျရင် (မဂ်ဆိုက်ပါတယ် ဘုရား)။

မဂ်ဆိုက်သွားတော့ ဒကာ ဒကာမတို့ လွန်ပြီးသား အကုသိုလ် ကံတွေကော (ဖြတ်ပါတယ် ဘုရား)၊ ဖြတ်လိုက်ပြီ၊ ေဩာ် ကျုပ်က ဒီဘဝ ကောင်းကောင်း နေပေ မယ့် နောက်က ဘာကံတွေလဲ ဆိုတာ မသိဘူး ဆိုတဲ့ စိုးရိမ် စိတ်တွေလဲ ပျောက်ပါတယ်၊

ဒါကြောင့် သောက ပရိဒေဝတွေ လဲ ပျောက်စေနိုင်ပါတယ်၊ ဒီအလုပ်သာ လုပ်ပါ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

အားကိုးရာအစစ်ကိုပေးနေတယ်

သေသေချာချာ ပြောနေတယ်၊ ဒကာ ဒကာမတို့ သေသေချာချာ သိချင်လို့ရှိရင် နားထောင်ပါ၊ ခင်ဗျားတို့ အား ကိုးရာအစစ်ကို ဆရာဘုန်းကြီး ပေးနေတယ်၊ ခင်ဗျားတို့ မှားထားတဲ့ ကံတွေဟာဖြင့် ခင်ဗျားတို့ဟာနဲ့ ခင်ဗျားတို့ဆိုရင် ကုက္ကစ္စ လာနေမှာပဲ (မှန်ပါ့ ဘုရား)။

ေဩာ် ငါက အခုတော့ ဆရာကောင်း သမား ကောင်းနဲ့ တွေ့လို့ လိမ္မာပါရဲ့၊ ထိုက်တန် သလောက်လဲ သစ္စာ သိပါတယ်၊ ဖြစ်ပျက်ဟာ- ဒုက္ခသစ္စာတဲ့၊ ဖြစ်ပျက်မြင်ရင်- မဂ္ဂ သစ္စာတဲ့၊ သို့သော်လဲ- ငါက ငယ်စဉ်အခါက မလိမ်မာတဲ့ အချက်တွေက နည်းတာတွေ မဟုတ်ဘူး ဆိုပြီး အဲဒါတွေ ကျရင်လဲ ကိုယ်၊ ကိုဝ ဖျောက်လိုက်၊ ဒီအလုပ် လုပ်ရင် ဒါတွေ အဟောသိကံ ဖြစ်ကုန်ပြီ (မှန်ပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ မှားခဲ့တာကိုလဲ အရေးကြီးစရာ မလိုဘူး (မှန်ပါ့)၊ လာလတ္တံ့ ငရဲတွေ၊ ငရဲခန်းတွေလဲ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟောထားတယ်၊ ဘုန်း ကြီးများကလဲ ဟောထားတယ်၊ ကြောက်စရာ မလိုဘူး (မှန်ပါ့)၊ ကိုယ့်ပဋိစ္စသမုပ္ပါဒ် ကိုယ်မဖြတ်မိမှာ ကြောက်ပါ (မှန်ပါ့ ဘုရား)၊ ဘာကြောက်ရမယ် (ကိုယ့်ပဋိစ္စသမုပ္ပါဒ် ကိုယ်မဖြတ်မိမှာ ကြောက်ရပါမယ် ဘုရား)။

ငါသေရင်ဘာဖြစ်မှာတုံး

အဲဒါကြောင့် ဘုန်းကြီးက ဒကာ ဒကာမတွေ အရင်း အချာတွေမို့ ဆုံးမပါတယ်၊ ငါသေရင် ဘာဖြစ်မှာတုံး ဆိုတာ လဲ ပဋိစ္စသမုပ္ပါဒ်ကို မေးပါ၊ သဘောကျပလား (ကျပါပြီ)၊ မဖြတ်သေးလို့ရှိရင် ငါသေရင် ဘာဖြစ်မှာလဲဆိုတာ ပဋိစ္စသ မုပ္ပါဒ် စီမံရာ ခံရမှာပဲ၊ ဖြတ်နေတဲ့ ပုဂ္ဂိုလ် ဖြစ်ရင်လဲ၊ ဝိပဿ နာအလုပ် လုပ်လို့ဖြတ်တတ်တဲ့ ပုဂ္ဂိုလ်မှန်ခဲ့လို့ရှိရင်လဲ ငါသေရင် ဘာမှဖြစ်စရာ မရှိဘူး၊ ဒုက္ခခပ်သိမ်း ငြိမ်းတဲ့ဆီ ရောက်မှာပဲ (မှန်ပါ့)၊ ဆိုတော့ သူများ မေးရတာကြာပါ တယ်၊ ကိုဝ ဘယ့်နှယ်နေသလဲ (ကြာပါတယ် ဘုရား)။

သူများက ဖြစ်ပျက်ကို မှန်းပြောတယ်၊ ကိုယ့်ပဋိစ္စ သမုပ္ပါဒ် ကိုယ်သိတော့ ကိုယ့်ဟာကိုယ် မသိဘူးလား (သိပါတယ်)၊ ဒါဖြင့် ငရဲဟာ ဘယ်သူ တည်ထောင် တာတုံး ဗျ၊ ဘယ့်နှယ်မေးကြတယ်၊ မေးဖို့ လိုသေးသလား၊ ဘယ်သူက တည်ထောင်တာတုံး- ဒီကတည်တာ၊ နိဗ္ဗာန် ဘယ်သူပို့တာ တုံးဗျလို့ မေးဖို့ လိုသေးလား (မလိုပါ ဘုရား)။

ဘုန်းကြီးကနိဗ္ဗာန်မပို့နိုင်ဘူး

အဲ ဘုန်းကြီးတွေက နိဗ္ဗာန်ပို့ပေးလို့ တော်တော် သေးတယ် ဆိုတာ အဲဒါ အလကား လူတွေက ပြောတာ (မှန်ပါ့)၊ ဘုန်းကြီးက နိဗ္ဗာန် ပို့ကို မပို့နိုင်ဘူး (မှန်ပါ့)၊ ခင်ဗျားတို့ နိဗ္ဗာန် ရောက်ချင်လို့ရှိရင် ဒီလိုဖြတ်ကြဟေ့လို့ ပြောဖော် ဆိုဖော် ရတာပဲ (မှန်လှပါ့ ဘုရား)။

ဘုရား ကိုယ်တော်တိုင် သူ့သား ရာဟုလာကို နိဗ္ဗာန် မပို့နိုင်ဘဲနဲ့ ဘုရားကလေ ရာဟုလာ ဆိုပြီး သကာလ မင်း ပထဝီဓာတ်တွေကို ဖြစ်ပျက် ရှုစမ်းကွာ၊ အဲဒါ ငါ့ကိုယ် ငါ့ဟာ မဟုတ်အောင် ကြည့်စမ်းကွာ၊ အဲဒါမှ မင်းနိဗ္ဗာန် ရောက်မယ် ဆိုတာ အဟုတ်ပြောတာလား မခေါ်နိုင်လို့ ပြောတာလား (မခေါ်နိုင်လို့ ပြောတာပါ ဘုရား)။

ဒါဖြင့် သူ့ပဋိစ္စသမုပ္ပါဒ် သူဖြတ်လို့ ရာဟုလာ နိဗ္ဗာန် ရောက်တာ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ သူ့ပဋိစ္စသမုပ္ပါဒ် သူမဖြတ်လို့ရှိရင်လဲ ရာဟုလာဟာ အခုအချိန်မှာ ရောက်ချင် တဲ့ဆီ ရောက်မှာပဲ၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဘုန်းကြီးများကနည်းပေးလို့တော်သေးတယ်

ဪ ဘုန်းကြီးများကပဲ ကယ်တင်ပေးလို့ တော် တော်သေးတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။

ဘယ်လို ယူကြမလဲ (နည်းပေးလို့တော်သေး တယ်)၊ နည်းပေးလို့ တော်သေးတယ် ဆိုတာ ဘုန်းကြီးများ အပေါ်မှာ အာစရိယဂုဏော အနန္တာနဲ့ ကျေးဇူး တင်ကြပါ (မှန်ပါ့)၊ နည်းပေးလို့ တော်သေးတယ် ဆိုပြီး အဲဒါနဲ့ တင်း တိမ်နေမယ်ဆိုရင်လဲတဲ့၊ ဓမ္မဿဝန ကုသိုလ်ပဲ ဖြစ်မယ် (မှန်ပါ ဘုရား)။

ဓမ္မသာဝန ဆိုတာ ဓမ္မက- တရား၊ သဝနက- နာတာ (မှန်ပါ့)၊ နာတော့ကို ဘာဖြစ်သလဲ ဆိုတော့ နားထဲက ကြားတယ်၊ နားထဲက ကြားလို့ရှိရင်ဖြင့် ဘာဖြစ်သလဲဆိုတော့ ဒကာ ဒကာမတို့က ကြားလို့ ကုသိုလ်စိတ်ဖြစ်တယ်၊ ကြားလို့ ဝမ်းမြောက်တယ်ဘုရား၊ သောမနဿ ဝေဒနာ မဖြစ်ဘူးလား (ဖြစ်ပါတယ်)၊ ဝမ်းမြောက်တဲ့ သောမနဿ ဝေဒနာဖြစ် ပြီးလာတော့ ဒကာ ဒကာမတွေ သောမနဿ ဝေဒနာက သုခဝေဒနာ ဖြစ်တယ်၊ မဖြစ်သေးဘူးလား (ဖြစ်ပါတယ် ဘုရား)။

တရားနာရင်တော့ဒါပဲရမယ်

သုခဝေဒနာဖြစ်တော့ ငါတော့ဖြင့် ကျေးဇူးများမှာပဲ ဆိုတဲ့ တဏှာလာတယ်၊ တဏှာ ပစ္စယာ ဥပါဒါနံ၊ ဥပါဒါန ပစ္စယာ (ဘဝေါ်)၊ ကမ္မဘဝ ပစ္စယာ သုဂတိဇာတိ (မှန်ပါ့)။

သုဂတိဇာတိ၊ တရားနာရင်တော့ ဒါပဲ ရမယ် (မှန်ပါ့)၊ ကို တရားနာရင်တော့ (သုဂတိဇာတိပါ ဘုရား)၊ ဒါပဲ ရမှာပဲ။

တရားအားထုတ်ရင်တော့

တရားအားထုတ်လို့ရှိရင် သုဂတိဇာတိ၊ ဒုက္ခသစ္စာ တောင်ပယ်နိုင်ပါတယ် (မှန်ပါ့)၊ အပါယ် လောက်ကို မဆို ထားပါနဲ့၊ သုဂတိ ခင်ဗျားတို့ကြိုက်နေတဲ့ ဒုက္ခသစ္စာတောင် မှပယ်နိုင်တယ် ဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါကြောင့် မဂ်သည် ကံဖြတ်ဆိုတာ၊ မောင်နိုင် ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား)၊ ဒါက စတုက္ကနိပါတ် အင်္ဂုတ္တိုရ် မှာ သေသေချာချာ ဟောတယ်၊ ကံမဂ်ဆိုတာ ဟောတယ် ဆိုပြီး ကံကုန် စေတာဖြင့် သူပဲဟေ့၊ ဖြစ်ပျက်ရှုတဲ့မဂ်ပဲ၊ ပေါ် ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ငရဲ ဘယ်သူတည်ထောင်သတုံး (ကံက တည်ထောင်တာပါ) မဆိုနဲ့၊ ကိုယ့်ပဋိစ္စ သမုပ္ပါဒ်က တည်ထောင်တာ (မှန်ပါ့)၊

ပေါင်းပစ်လိုက်တော့ တဏှာ၊ ဥပါဒါန်၊ ကံ ဆိုတာ အကုန်ပေါ့ဗျာ၊ ကံချည်း သက်သက်က မတည်ထောင်နိုင်လို့ ပယ်လိုက်ရတာပဲ (မှန်ပါ့)၊ ကံဟာ ဥပါဒါန် အုပ်ချုပ်မှ တည်ထောင် နိုင်တာကိုး (မှန်ပါ့)၊ ဥပါဒါန် အပေါ်မှာ တဏှာအုပ်ချုပ်မှ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ကံသက်သက်ကဘာမှမလုပ်နိုင်ဘူး

ကံချည်းသက်သက် ဘာလုပ်နိုင်မလဲ (ဘာမှမ လုပ်နိုင်ပါ ဘုရား)၊ ကံချည်းသက်သက် ဆိုရင် ဘာမှ မလုပ်နိုင် ဘူးဆိုတာ ဆုံးဖြတ်ချက်ချ (မှန်ပါ့)၊ ကံပေါ်မှာ အုပ်ချုပ်တဲ့ လူယုတ်မာ နှစ်ယောက်က စီမံသလို ကံက လုပ်ရပါတယ် (မှန်ပါ့)။

မယုံရင် စဉ်းစားကြည့်တာပေါ့တဲ့၊ အခုန တရားနာ ရင်း ကုသိုလ်ကံတွေ ပေါ်လာတော့ တရား ရှေ့က သောမနဿ ဝမ်းသာတာတွေ၊ ကြည်ညို တာတွေက နေပြီး အုပ်ချုပ်ထားတော့ ကံက သုဂတိ ပို့လိုက်ရတယ် (မှန်ပါ့)။

ကံမကြောက်နဲ့ ကိုယ့်ကိလေသာကြောက်

အထက်က တဏှာ၊ ဥပါဒါန်၊ ကံတွေ အုပ်ချုပ်နေရင် ဒုဂ္ဂတိ၊ အပါယ်လေးပါး မပို့ဘူးလား (ပို့ပါတယ်)၊ ဒါဖြင့် ကံ လိုရင်းလား၊ အထက် အုပ်ချုပ်ရေးက လိုရင်းလား (အထက် အုပ်ချုပ်ရေးက လိုရင်းပါ ဘုရား)၊ အဲဒီတော့ ခင်ဗျား တို့က ကံမကြောက်နဲ့၊ ကိုယ့်ကိလေသာ ကြောက် (မှန် ပါ့ ဘုရား)။

ဒကာ ဒကာမတို့ ဘယ်လိုဆုံးဖြတ်ကြမလဲ၊ ကိလေသာ စီမံသလို ကံလုပ် ရပါတယ် ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတွေ မဟာပရိဠာဟ ငရဲကြီးကို ကြောက်စရာ ကောင်းတယ် ဆိုတာထက် ခင်ဗျားတို့ ဝမ်းထဲမှာ အကုသိုလ် ပဋိစ္စသမုပ္ပါဒ်က ပိုပြီး ကြောက်စရာ ကောင်းတယ် (မှန်ပါ့)။

လေးနဲ့မြှား ဥပမာ

လေးမြှားက အလိုလိုပစ်သလား (မပစ်ပါ ဘုရား) ပစ်တဲ့လူက အားစိုက်ပြီးပစ်မှ လေးတွေ မြားတွေ ဒူးလေးတွေ ကထွက်တယ်မို့လား (မှန်ပါ့)၊ ဒါဖြင့် လေးမြားကြောက် တယ်ဆိုရင် မှားတယ်၊ ပစ်တဲ့လူ ကြောက်ရမယ်၊ သဘောပါ ပလား (ပါပါပြီ)။

ဒီမှာလဲ ကံဆိုတာ လေးမြားနဲ့တူတယ်၊ တကယ်ပစ် တာက တဏှာ၊ ဥပါဒါန်က ပစ်လိုက်တာ (မှန်ပါ့)၊ တဏှာ ဥပါဒါန်က ကြိုးဆွဲပြီး ပစ်လိုက်လို့ ကံကနေပြီး သကာလ ဒကာ ဒကာမတို့ ခန္ဓာ ဖြစ်အောင်၊ ခန္ဓာသေအောင် လုပ်ရမှာ (မှန်ပါ့)။

တဏှာ ဥပါဒါန်ကိုကြောက်ပါ

ဒါဖြင့် ကံက မြားတံသဘောသာ ဖြစ်တယ်၊ ဆွဲတဲ့ သဘောက တဏှာ ဥပါဒါန် (မှန်ပါ့)၊ ဒါဖြင့် တဏှာ ဥပါဒါန် ကံ ဘယ်ဟာက ကြောက်စရာ ကောင်းသလဲ (တဏှာ ဥပါဒါန် ပါ ဘုရား)၊ အဲ ဒကာ ဒကာမတို့ ကြောက်ပုံလွဲနေလို့ ကိုယ် ကိုဝ ဟောလိုက်ပါတယ်၊ ကံကို မကြောက်ပါနဲ့ (မှန်ပါ့)၊ တဏှာ ဥပါဒါန်ကို ကြောက်ပါ။

ဒါဖြင့် ကျုပ်တို့က တဏှာ ဥပါဒါန်ကို ရှေ့နားက နေပြီး သစ္စာသိတဲ့ ဉာဏ်ကလေးနဲ့ ရှုပေးလိုက် (မှန်ပါ့)၊ ရှုပေးလိုက်တော့ ဦးဘရှင်းတို့ ဘယ်နှယ်ဖြစ်သွားသလဲ (ပျောက်သွားပါတယ် ဘုရား)၊

တဏှာ ဥပါဒါန် နိုင်တဲ့ဆရာ လာပြန်တာကိုးဗျ (မှန်ပါ့)၊ လာတော့ လေးမြားဆွဲနိုင် သေးရဲ့လား (မဆွဲနိုင်ပါ ဘုရား)၊ မဆွဲနိုင်တော့ ကံတည်း ဟူသောမြားသည် မြားတံသည် မှန်အောင် ပစ်နိုင် သေးရဲ့လား (မပစ်နိုင်ပါ ဘုရား)၊ သူ့မှာ သတ္တိရှိသေးရဲ့လား (မရှိပါ ဘုရား)၊ အဲဒီတော့ တဏှာ ဥပါဒါန်ကို ကြောက်ပါ (မှန်ပါ့ ဘုရား)။

သမုဒယသစ္စာဖွဲ့တယ်

ဒါ့ကြောင့် သစ္စာဖွဲ့တော့ ဒကာ ဒကာမတို့ ကံကို သစ္စာ မဖွဲ့ဘဲနဲ့ လောဘကို သမုဒယ သစ္စာ ဖွဲ့တယ်၊ သူ့ကြောင့် ဒုက္ခဖြစ်တာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။

ကံကို သစ္စာဖွဲ့ သလား၊ လောဘ သမုဒယသစ္စာဖွဲ့ သလား (လောဘ သမုဒယသစ္စာ ဖွဲ့ပါတယ် ဘုရား)၊ ဒါဖြင့် သမုဒယသစ္စာ ကြောင့် ဒုက္ခဖြစ်တယ်လို့သာ ဆိုတာကိုး၊ ကံကို ပါသေးရဲ့ လား (မပါပါ ဘုရား)။

အဲဒီမှာ ကမ္မဝါဒီ ရှိနေတဲ့ ပုဂ္ဂိုလ်က ဆိုးလဲကံ၊ ကောင်းလဲကံ၊ ဆိုပြီး သကာလ ကိုပေါ် ကိုဝ ဒီလိုဖြစ်နေတယ် (မှန်ပါ့)၊ သူလုပ်တာ ကံကို ကြောက်စရာလား၊ ကံ အုပ်ချုပ်ရေး ကြောက်စရာလား (ကံအုပ်ချုပ်ရေး ကြောက်စရာပါ ဘုရား)။

ကံကိုဘယ်သူ့အုပ်ချုပ်သတုံး

ကံကို ဘယ်သူအုပ်ချုပ်သတုံး (ဥပါဒါန်တို့ တဏှာတို့ အုပ်ချုပ်ပါတယ်)၊ ဥပါဒါန်တို့ တဏှာတို့က မအုပ် ချုပ်ဘူးလား (အုပ်ချုပ်ပါတယ်)၊

အဲဒါ- မင်းတို့ အုပ်ချုပ် လို့ ရှိရင် တို့ဒုက္ခရောက်ချည်ရဲ့ဆိုတာ သိပြီး သကာလ မြင်စိတ် ကလေး လာတယ်၊ လိုချင်တာ မလာခင် မောင်နိုင်က ဖြစ်ပျက် ရှုရမယ် (မှန်ပါ့)။

အဲဒါ တပည့်တော်ဘုရား၊ ကံ အားနည်းနေသေး တယ် ဆိုရင်ဖြင့် မြင်တယ် ဆိုပြီး လိုချင်တယ်ကို ရှုချ၊ လိုချင်တဲ့ စိတ်ကလေး ဖြစ်ပျက် ရှုလိုက်ပါ (မှန်ပါ့)၊ ရှုလိုက်သည်နဲ့ ဒကာ ဒကာမတွေက ဥပါဒါန် လာသေးရဲ့လား (မလာပါ ဘုရား)။

မလာတော့လဲ ဆက်ရှုလိုက်ပြီဘုရား၊ ဘယ့်နှယ်နေ သတုံး (ပျောက်သွားပါတယ်)၊ ပျောက်သွားတယ်၊ ဟာ တပည့်တော် မမီလိုက်ဘူးဘုရား ဆိုတော့ ဥပါဒါန် ရှုလိုက် ရင်ကော (ရပါတယ်)၊ ဒါ ကံဖြတ်တရားပဲ (မှန်ပါ့)။

ကံကိုဖြစ်ပျက်ရှုလိုက်ရင်

ဥပါဒါန်တောင် မမိပြန်ဘူး ဘုရား၊ ရူပသင်္ချေ စေတ နာ လောကေ၊ သတ္တသင်္ချေ စေတနာ လောကေ- သတိ ပဋ္ဌာန်မှာလာတာ၊ ကံက စေတနာကိုးဗျ၊ အဲဒီ ကံကို ဖြစ်ပျက် ရှုလိုက်ပြန်လို့ရှိရင်လဲ သူကံအဖြစ်နဲ့ အမှုထမ်းသလား၊ ဒုက္ခ သစ္စာ အဖြစ်နဲ့ ကျုပ်တို့ဉာဏ်ထဲမှာ မြင်သလား (ဒုက္ခ သစ္စာ အဖြစ်နဲ့ ဉာဏ်ထဲမှာမြင်ပါတယ်)၊ အဲဒီကံကို ဖြတ်လို့ ရပါတယ် (မှန်ပါ့)။

ဒါလေးတွေ၊ သဘောလေးတွေ သေသေချာချာ မှတ်စမ်းပါ (မှန်ပါ့)၊ ဒါဖြင့် တဏှာ ဖြစ်ပျက်ရှု ဆိုတာ တဏှာအဖြစ်နဲ့ သိတာလား၊ ကျုပ်တို့က ဒုက္ခသစ္စာအဖြစ်နဲ သိတာလား (ဒုက္ခသစ္စာ အဖြစ်နဲ့ သိတာပါ)၊ တဏှာ သဘော ယူထားရင် သမုဒယသစ္စာ၊ တဏှာ ဖြစ်ပျက်မြင်ရင် ဒုက္ခသစ္စာ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဖြစ်ပျက်မြင်အောင်တော့ဒုက္ခသစ္စာ

ဥပါဒါန်ဟာ ဥပါဒါန်ပဲ၊ သို့သော် ဖြစ်ပျက်မြင်အောင် ရှုတော့ ဒုက္ခသစ္စာ ဖြစ်တယ်၊ သိတာက ဘာလဲ (မဂ္ဂသစ္စာ ပါ ဘုရား)၊ ကံဟာ ကံချည်း အတိုင်း ထားမယ် ဆိုလို့ရှိရင် ကျုပ်တို့ အကျိုးပေး ဦးမှာပဲ (မှန်ပါ့)၊ ဒီကံကိုပဲ ကိုယ် ကိုဝ တို့က ဖြစ်ပျက်ရှုပေး (မှန်ပါ့)၊ ဘာသစ္စာ ဖြစ်သွား သလဲ (ဒုက္ခသစ္စာ ဖြစ်သွားတယ်)၊ သူ့နောက်က ဟာက (မဂ္ဂသစ္စာပါ ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ ဘုရားကကွာတဲ့ မင်းတို့ မရှုမိမှာသာ ကြောက်စမ်းပါ၊ ကံတွေ ဘာတွေ ကြောက်မနေပါနဲ့၊ မဖြတ်မိမှာသာ ကြောက်စမ်းပါ (မှန်ပါ့)၊ တော်တော် ရှင်းသွားပြီနော်။

ဝိတက်လာရင် ပပဉ္စလာမယ်

ဒကာ ဒကာမတို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး က မင်းတို့အတွက် စိုးရိမ်တာတွေ ရှိတယ်တဲ့၊ မင်းတို့ ဝါသနာကိုက သားကလေး တွယ်လိုက်၊ သမီးကလေး တွယ် လိုက်၊ စီးပွားရေး တွယ်လိုက်၊ နဖူးပေါ် လက်တင် လိုက်ရင် မင်းတို့က ဒါတွေချည်း လာတယ်၊ ဒါတွေလာတော့ ဝိတက် လာရင် ပပဉ္စ လာလိမ့်မယ်ပေါ့တဲ့၊ ဝိတက်လာရင် (ပပဉ္စ လာပါတယ် ဘုရား)၊ သဘောပါပလား (ပါပါပြီ ဘုရား)။

ဒီနေ့တော့ အကြံအစည် ကလေး ကြံဦးမှပဲ ဆိုရင်ဖြင့် အကြံအစည် တည့်ပြီဆိုရင် နက်ဖြန် ဘာလုပ်မလဲ ဆိုတဲ့ ချဲ့ လုံးတွေ မလာဘူးလား (လာပါတယ် ဘုရား)၊ သူ့နောက် က ဘာလိုက်သလဲ တဏှာ မာန ဆိုတာတွေ မလိုက်ဘူးလား (လိုက်ပါတယ်)၊ တဏှာရယ်၊ မာနရယ်၊ ဒိဋ္ဌိရယ် ဆိုတာ တွေလေ (မှန်ပါ့)။

ကြံနည်းစည်နည်း

ဒါဖြင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဒီပပဉ္စ ရှိပြန်လို့ ရှိရင် မင်းတို့သည် သံသရာထဲ အို၍ မဆုံး၊ နာ၍မဆုံး ဖြစ်မှာ စိုးရိမ်တယ်၊ မင်းတို့ကို ကြံနည်း စည်နည်း ကလေး နည်းပေး သွားမယ် ဆိုပြီး သစ္စာသံယုတ်မှာ ပေးတယ် (မှန်ပါ့)။

ဒကာ ဒကာမတို့ ကြံနည်းစည်နည်း ပေးပြန်တယ်၊ ကြံနည်းစည်နည်းက ဘယ်လို ပေးသလဲ ဆိုရင် “မာ ဘိက္ခဝေ ပါပကေ အကုသလေ ဝိတက္ကေ ဝိတက္ကေယျာထ” ကာမဝိတက်၊ ဗျာပါဒဝိတက်၊ ဝိဟိံသ ဝိတက်ကော မင်းတို့ကွာတဲ့ မင်းတို့နဖူးပေါ် လက်တင်ပြီး ကြံလုံးတွေ လာတတ် ကြတယ် ကွာတဲ့ (မှန်ပါ့)။

ကြံစည်ပုံသုံးမျိုး

ကြံပြန်တော့လဲ စီးပွားဘယ်လို ရှာရပါ့မတုံး (၁) ကာမဝိတက်လာတယ်၊ ဘယ်သူ့အတွက် စိတ်မချဘူး ဆိုတဲ့ ကြံလုံးလာပြန်တော့ (၂) ဗျာပါဒဝိတက်လာတယ်၊ ဘယ်သူနဲ့ဖြင့် ခွဲပစ်မှတော်မယ် ငါ့သား ငါ့သမီးဟာ ပျက်စီး လိမ့်မယ် ဆိုတော့လဲ သူတစ်ပါးကို (၃) ဝိဟိံသဝိတက် ညှင်းဆဲချင်တဲ့ ဝိတက် မပါဘူးလား (ပါပါတယ်)၊

ကြံပြန်တော့လဲ မင်းတို့ဟာ ဒီသုံးမျိုးသာ လာနေတယ် (မှန်ပါ ဘုရား)။

ဒကာ ဒကာမတွေ ကြံတဲ့နောက်က ဒီသုံးလုံးက မလိုက်ဘူးလား (လိုက်ပါတယ်)၊

(၁) ကာမဝိတက်ဆိုတဲ့ လောဘကော (လာပါတယ်)၊

(၂) ဗျာပါဒဝိတက်ဆိုတဲ့ ဒေါသကော (လာပါတယ်)၊

(၃) ဝိဟိံသဝိတက်ဆိုတဲ့ သူ တစ်ပါး ညှင်းဆဲချင်တဲ့ ဒေါသကော (လာပါတယ်)။

ကြံလို့ရှိရင်ဒီလိုသိပေးပါ

အဲဒီလိုတော့ မကြံနဲ့ကွာတဲ့ (မှန်ပါ့)၊ ကြံပြန်လို့ ရှိရင် မင်းတို့ကို သေသေချာချာ သတိ ပေးပါတော့မယ်၊ နဖူး ပေါ် လက်တင်ပြီး မင်းတို့က ကြံကြ၊ စည်ကြတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်သောကြောင့် ကြံလို့ရှိရင်ဖြင့် ကိုယ့်သန္တာန် ပေါ်လာတဲ့ စိတ်ကလေးတွေ၊ ရုပ်ကလေးတွေ၊ နာမ်ကလေးတွေကို အဲဒါ ကလေးက ဒုက္ခသစ္စာပါလား၊ အဲဒါလေးက ဒုက္ခသစ္စာ ပါလားလို့ သိပေးပါ (မှန်ပါ့ ဘုရား)။

ဒါက သမုဒယသစ္စာပါလား၊ ဒါက သမုဒယသစ္စာလို့ သိတဲ့ အခါကျတော့ သိတဲ့မဂ္ဂသစ္စာ နောက်က လိုက်တယ် (မှန်ပါ့)၊ ဒါကလေးဟာဖြင့် မဂ္ဂသစ္စာ နိဗ္ဗာန် ပါလားလို့ ကြံချင်ကြံပါနော် (မှန်ပါ့)။

ဪ ဒါဖြင့် ပွားများရမှာ မဂ္ဂသစ္စာပါလားလို့ ကြံချင်ကြံပါ၊ အဲဒီလို ကြံလို့ရှိရင် မင်းတို့သည် နိဗ္ဗိန္ဒဝိရာဂ ဖြစ်ပြီး သကာလတဲ့၊ နိဗ္ဗာန် ရောက်ချင် ရောက်ပါလိမ့်မယ်၊ ကာမဝိတက်၊ ဗျာပါဒဝိတက်၊ ဝိဟိံသဝိတက်တွေ နဖူးပေါ် လက်တင်ပြီး ကြံကြမယ်ဆိုရင် ဒုက္ခဖြစ်လိမ့်မယ် (မှန်ပါ့)၊ ဒါ့ကြောင့် ငါစိုးရိမ်တာ။

နဖူးပေါ်လက်တင်မှာစိုးရိမ်တယ်

နဖူးပေါ်လက်တင်မှာ အင်မတန် စိုးရိမ်တယ်၊ နဖူး ပေါ်လက်တင်ပြီဆိုမှဖြင့် သားရေး သမီးရေး စီးပွားရေးတွေ မကြံကြပေဘူးလား (ကြံကြပါတယ် ဘုရား)၊

အင်း ကာမဝိတက် ပြောကြမယ်ဆိုရင် ဘယ်သူက ငယ်သေးတယ်၊ ဘယ်သူက ပညာ မစုံသေးဘူး ဆိုတဲ့ ဗျာပါဒဝိတက်ကော (လာပါတယ် ဘုရား)။

အင်း တော်ကြာကျလို့ရှိရင် သားသမီး တွေ ဟာ ပေါင်းသင်းနေကြတာ ဘယ်သူနဲ့ဆိုရင် ဆိုဦးမှပဲ။ ဘယ်သူဖြင့် ခေါ်ပြောဦးမှ ပဲ၊ ငါ့သားသမီး ပျက်လိမ့်မယ်၊ ဝိဟိံသ ဝိတက်ကော (လာပါတယ် ဘုရား)။

ပေါ်ရာကိုဒုက္ခသစ္စာလို့ကြံစမ်းပါ

အဲဒါတွေ မကြံပါနဲ့ကွာတဲ့၊ ခန္ဓာကိုယ်ထဲမှာ ပူလာလို့ရှိရင် ေဩာ် ဒုက္ခသစ္စာပါလား၊ အေးလာလို့ ရှိရင်ကော (ဒုက္ခသစ္စာပါ ဘုရား)၊ ဒုက္ခသစ္စာပဲ၊ သွားချင်တယ် ဆိုရင် သွားချင်တဲ့ စိတ်ကလေးဟာ ဒုက္ခသစ္စာ၊ အိပ်ချင်တယ် ဆိုရင် (ဒုက္ခသစ္စာ)၊ ဒီလိုပဲ ပေါ်ရာကို ဒုက္ခသစ္စာလို့ ကြံ ကြစမ်းပါ (မှန်ပါ့)။

ဒီလိုကြံနေလို့ရှိရင်ဖြင့် အဲဒါဟာတဲ့၊ ခန္ဓာကိုယ် ငြီးငွေ့ပြီးနေလို့ရှိရင် ဪ- နောက်ဆုံးပိတ် တစ်နေ့ သူသည်ကား ဆိုလို့ရှိရင် နိဗ္ဗိန္ဒဉာဏ် ပေါ်လာ ပါလိမ့်မယ်ကွာတဲ့၊

ကြံ ချင်လို့ရှိရင်ဖြင့် သစ္စာလေးပါးသာကြံပါတဲ့၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)၊ ကာမဝိတက်၊ ဗျာပါဒဝိတက်၊ ဝိဟိံသ ဝိတက်ဖြင့် မကြံကြပါနဲ့ဆိုတာ သဘောကျပလား (ကျပါ ပြီ ဘုရား)။

ဒုက္ခသစ္စာကိုမဂ္ဂသစ္စာနဲ့သိ

ဒါဖြင့် ကြံနည်းစည်နည်းလဲ ဘုရားက ကျေးဇူးရှင်ပဲ သူသင်ပေးပေလို့ ကျုပ်တို့သိရတယ်၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)၊ အကုန်လုံးကိုလဲ သိသလိုလို ဖြစ်နေတာ မယူဘဲနဲ့ ကိုယ့်ပဋိစ္စသ မုပ္ပါဒ်ကို ဖြတ်နိုင်အောင် လုပ်ပါတယ် ဆိုတာ ယနေ့ ရှင်းသွားပြီ (မှန်ပါ့ ဘုရား)။

နိဗ္ဗာန်ဟာလဲ ကိုယ့်ပဋိစ္စသမုပ္ပါဒ် ကိုယ်ဖြတ်တဲ့ ပုဂ္ဂိုလ်တို့၏ ရောက်ရာဌာန (မှန်လှပါ ဘုရား)၊ နိဗ္ဗာန် ဟာလဲ (ကိုယ့်ပဋိစ္စသမုပ္ပါဒ် ကိုယ်ဖြတ်တဲ့ ပုဂ္ဂိုလ်တို့၏ ရောက်ရာ ဌာနပါ ဘုရား)၊ ဖြတ်တယ် ဆိုတာ ဒုက္ခသစ္စာကို မဂ္ဂ သစ္စာနဲ့ သိတာသည် ဖြတ်တာပါပဲ (မှန်ပါ့)။

ဒီအဖိုးကြီးဘာမှမဟုတ်သေးဘူး

နိဗ္ဗာန်ကို ဟောဒီ ကိုယ်တော်တွေက နီးပြီ၊ ဟောဒီ အဖိုးကြီးတွေက ပိတ်ဖြူဝတ်ပြီး ပုတီး လည်ပင်း စွပ်လို့ လမ်းသွားလဲ ဗုဒ္ဓေါ၊ ဗုဒ္ဓေါနဲ့ ဒီအဖိုးကြီးတော့ဖြင့် တစ်လမ်း သွားပဲ၊ နိဗ္ဗာန်မှ တစ်ပါး ဘယ်မှသွားစရာ မရှိဘူးလို့ မထင်လိုက်ပါနဲ့၊ ဘာမှ မဟုတ်သေးပါဘူးလို့ ဆုံးဖြတ်ချက် ချပါ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ ဖြစ်ပျက် ဒုက္ခသစ္စာကို ပိုင်ပိုင်နိုင်နိုင် မသိသေးပါဘူး။

ကတဉာဏ်လာမှမဂ်ဆိုက်တယ်

ဖြစ်ပျက်ကို ဒုက္ခသစ္စာလို့သိမှ သစ္စဉာဏ် (မှန်ပါ့)၊ ဖြစ်ပျက်သည်ကား ဆိုရင် ဖောက်ပြန် ပျက်စီးတာ ဧကန်တွေ့ တော့မှ ကိစ္စဉာဏ် (မှန်ပါ့)၊ အဲဒီကိစ္စဉာဏ်ကို ဖြစ်ပျက် ဒုက္ခသစ္စာကြီး ဖြစ်လို့ မလိုချင်တော့မှ ကတဉာဏ် လာတာ (မှန်ပါ့)၊ ကတဉာဏ် လာမှ မဂ်ဆိုက်တယ်၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ကိုင်း-ဒါဖြင့် ယနေ့ပြောရမည့် အလုပ်က ကိစ္စဉာဏ် ကနေ ကတဉာဏ် ကူးပုံလေးကို ဒကာ ဒကာမတို့ မနေ့က သစ္စာသုံးချက်သာ သိသေးတယ်၊ သစ္စာသုံးချက်က ဒုက္ခ သစ္စာ၏ ပိဠနဋ္ဌော ဟောတယ်၊ သင်္ခတဋ္ဌော ဟောတယ်၊ သန္တာပဋ္ဌော ကို မနေ့က ဟောတယ် (မှန်ပါ့)။

ဝိပရိဏာမကိုဟောမယ်

ဒီနေ့ ဝိပရိဏာမဋ္ဌော တွေ့အောင် ဟောမယ်၊ ဝိပရိ ဏာမ ကနေပြီး အဝိပရိဏာမကို ကူးတဲ့ အထိ ဟောမယ်၊ ဒကာ ဒကာမတို့ ဘယ်ကနေ ဘယ်ကို ကူးမှာပါလိမ့် (ဝိပရိ ဏာမကနေ အဝိပရိဏာမ ကူးတဲ့အထိပါ ဘုရား)၊ အဲဒါဖြင့် ပြောကြပါစို့ ဒကာ ဒကာမတို့ ဝိပရိဏာမက ဒုက္ခသစ္စာ၊ အ ဝိပရိဏာမဆိုတာက နိရောဓသစ္စာ (မှန်ပါ့)။

ဝိပရိဏာမဋ္ဌော

ဝိပရိဏာမက (ဒုက္ခသစ္စာပါ ဘုရား)၊ အဝိပရိဏာမက (နိရောဓသစ္စာပါ)၊ ဖောက်ပြန်ခြင်း ရှိတာက (ဒုက္ခသစ္စာ)၊ ဖောက်ပြန်ခြင်း မရှိတာက (နိရောဓသစ္စာ)၊

ကောင်းပြီ ဒါဖြင့် ဒီနေ့ ဝိပရိဏာမ- နဂို ခန့်ခိုင် မတည် နိုင်ဘဲ ယိမ်းယိုင် ဖောက်လွဲ ပြိုကွဲ ပျက်စီးခြင်း သည်လည်း ကောင်း၊ ဒါ ဝိပရိဏာမ လက္ခဏာ (မှန်ပါ့)။

ဒကာ ဒကာမတို့ ခန္ဓာကိုယ်ထဲမှာ ဝေဒနာရှိတဲ့ ပုဂ္ဂိုလ် ဟာဖြင့် ယားတယ်၊ နာတယ်၊ ကောင်းတယ် ဆိုတာလေးဟာ ကောင်းတာလဲ ကောင်းတဲ့ အကောင်းပြီးရင် အကောင်း ဆုံး သွားတယ်၊ မကောင်းတာ ကလေးကလဲ မကောင်း ဆုံးသွား တယ်၊ အလတ်စား ကလေးလဲ နောက် (အလတ်စား ဆုံးသွားပါတယ်)။

ဒါဖြင့် သူတို့ သုခဝေဒနာလဲ ဝိပရိဏာမ ဖောက်ပြန် တာပဲ၊ ကောင်းတာ ကလေးဟာလဲ အကောင်း ပျောက်သွား တယ်၊ မကောင်းတာလေးလဲ မကောင်း ပြီးဆုံးသွားတယ်၊ ဥပေက္ခာ ဝေဒနာကော (ဆုံးသွားပါတယ်)။

ပင်ကိုသဘောကိုစွန့်

အဲဒီကဲ့သို့ ဒကာ ဒကာမတို့ ပေါ်ပြီး ပျောက်ပျောက် သွားတာ ဝိပရိဏာမလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)၊ ပေါ်ပြီး ပျောက်ပျောက် သွားတယ် (မှန်ပါ့)၊ ဝိပရိဏာမ ဆိုတာ ပင်ကို သဘောကို စွန့်တာလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။

ဝိပရိဏာမ ဆိုတာ ဘာပါလိမ့် (ပင်ကိုသဘော စွန့်တာပါ ဘုရား)၊ ပင်ကိုသဘော စွန့်တာ ဆိုတော့ ကိုယ် စဉ်းစားစမ်း၊ ကိုဝ စဉ်းစားစမ်း (မှန်ပါ့)၊ ချမ်းသာ လိုက်တာ ဆိုပြီး ချမ်းသာတာ ရှိသေးရဲ့ လား စွန့်သွားတယ် (မှန်ပါ့)၊ ဒါဖြင့် ချမ်းသာတဲ့ သဘောလေး စွန့်မသွားဘူးလား (စွန့်

သွားပါတယ် ဘုရား)။

ဒါဖြင့် ဝိပရိဏာမ ဟုတ်-မဟုတ် (ဟုတ်ပါတယ် ဘုရား)၊ ဝိပရိဏာမ ဟုတ်ခဲ့သော် ဒုက္ခသစ္စာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ ဝိပရိဏာမ ဟုတ်ခဲ့သော် (ဒုက္ခသစ္စာပါ ဘုရား)၊ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)၊ ဒါဖြင့် ဝိပရိဏာမ သဘောလေးပဲ။

ဖြစ်ပြီးပျောက်ပျောက်သွားတာ

ကျုပ်တို့က ဪ ဖြစ်ပြီးတော့ ပျောက်ပျက် သွား တာပဲ သုခ ဆိုတာလဲ ပျောက်သွားတာပဲ၊ ချမ်းသာတယ် ဆိုပေမယ့် နောက်ဆုံးပိတ် ပျောက်ပျောက် သွားတာပဲ၊ ဒုက္ခ ဆိုတာလဲ ဆင်းရဲ သလိုလိုနဲ့ နောက်ဆုံးပိတ် ဆင်းရဲတာလေးဟာ ပျောက်တာပဲ (မှန်ပါ့)။

ဥပေက္ခာလေးဟာ အလတ်စား ခံစားမှုလေး ရှိတယ် ဆိုငြားသော်လဲ ဒီအလတ်စားလေး တော်ကြာ ရှာတွေ့သေး ရဲ့လား (မတွေ့ပါ ဘုရား)၊ ဒါဖြင့် သူသည် ဝိပရိဏာမ ရှိ-မရှိ (ရှိပါတယ်)၊ ဒါဖြင့် သူ ဘာသစ္စာလဲ (ဒုက္ခ သစ္စာပါ ဘုရား)။

ကိစ္စဉာဏ်

ဝိပရိဏာမ ရှိတာကို ခင်ဗျားတို့က မြင်တွေ့လို့ရှိရင် ဖြင့် ဒါ ကိစ္စဉာဏ် (မှန်ပါ့)၊ ဝိပရိဏာမကို မြင်အောင် တွေး နိုင်ရင် (ကိစ္စဉာဏ်ပါ ဘုရား)၊ အဲဒီတော့ စာနဲ့ သုံးနေတာလား၊ ခင်ဗျားတို့ ဖြစ်ပြီး ပျက်သွားတာ တွေ့တာလား၊ ဖြစ်ပြီး ပျက်သွားတာ မြင်လိုက်တာသည် ကိစ္စဉာဏ် ကို ရိပ်မိပြီ (မှန်ပါ့)။

ဒုက္ခဝေဒနာ ကလေးက ဖြစ်ပြီး ပျက်သွားတာပဲ၊ သုခ ဝေဒနာလေးလဲ ဖြစ်ပြီးပျက်သွားတာပဲ၊ ဥပေက္ခာ ဝေဒနာလေး ရော (ဖြစ်ပြီးပျက်သွားပါတယ် ဘုရား)၊

အင်း သောမနဿဝေဒနာ ကော ဖြစ်ပြီး (ပျက်သွားပါတယ် ၊ ဘုရား)၊ ဒေါမနဿလေးကော (ဖြစ်ပြီးပျက်သွားပါ တယ်)။

အဲဒါလေးတွေကို ကြည့်လိုက်တော့ ဖြစ်ပြီးပျက် သွားတဲ့ သဘောဟာ ဒကာ ဒကာမတို့ သိတိုင်း သိတိုင်း သူက ဖြစ်ပြီး ပျက်ရမည့် ကိစ္စဟာ ရုပ်နာမ်တို့၏ ကိစ္စ ဖြစ်ပြီး ပျက်ရမည့်ကိစ္စဟာ (ရုပ်နာမ်၏ကိစ္စ)။

ဖြစ်ပြီးပျက်တဲ့ကိစ္စကရုပ်နာမ်၏ကိစ္စ

အဲဒါတွေ သူ့ကိစ္စလို့ ခင်ဗျားတို့က ဉာဏ်ကလေးနဲ့ နောက်က သိပေးလိုက် (မှန်ပါ့)၊ သိတော့ မနေ့ကလိုပဲ မောင်နိုင် ဘာဉာဏ် ဖြစ်မယ်၊ ဖြစ်ပြီး ပျက်တဲ့ ကိစ္စက ရုပ်နာမ် တို့၏ကိစ္စ၊ သိတဲ့ ဉာဏ်ကလေးက ဉာဏ်၊ ပေါင်းလိုက်တော့ (ကိစ္စဉာဏ်)၊ ဖြစ်ပြီးပျက်တဲ့ ကိစ္စကို နောက်က အသိ လိုက်တာက ဉာဏ်ပါလား (မှန်ပါ့)။ သဘောကျပလား (ကျပါပြီ)၊ ပေါင်းလိုက်တော့ (ကိစ္စဉာဏ်ပါ ဘုရား။)

ဪ- ကိစ္စဉာဏ် ရပြီ (မှန်ပါ့)၊ ဒကာ ဒကာမတို့ ကိစ္စဉာဏ် မရသေးဘူးလား (ရပါပြီ ဘုရား)၊ ရုပ်နာမ်တို့ ၏ ပင်ကိုသဘောက ဖြစ်ပြီး ပျက်ရမည့်ကိစ္စ (မှန်ပါဘု ရား)၊ ရုပ်နာမ်တို့၏ ပင်ကို သဘောက (ဖြစ်ပြီး ပျက်ရမည့် ကိစ္စပါ ဘုရား)၊

စိတ်ရှုတဲ့ ပုဂ္ဂိုလ် စိတ်၏ပင်ကို သဘောက (ဖြစ်ပြီးပျက်ရမည့်ကိစ္စ)၊ ဝေဒနာရှုတဲ့ပုဂ္ဂိုလ် ဝေဒနာ၏ ပင်ကို သဘောက (ဖြစ်ပြီးပျက်ရမည့်ကိစ္စ)၊ ဖြစ်ပြီး ပျက်ရမည့် ကိစ္စ (မှန်ပါ့)။

သိလုံးကလေးကဉာဏ်

အဲဒီကိစ္စလေးတွေကို လက်မလွှတ်တန်း နောက်က နေပြီး ကြည့်နေကြမယ် ဆိုရင် အဲဒီ သိလုံးလေးဟာ ဉာဏ်ပဲ၊ ဒီဉာဏ် ဘာဉာဏ်ခေါ်မလဲ (ကိစ္စဉာဏ်ပါ)၊ ကိစ္စဉာဏ် ကောင်းပြီတဲ့။

ဒါဖြင့် ဝေဒနာရှုတဲ့ပုဂ္ဂိုလ် ဝေဒနာကိစ္စ သိလို့ရှိရင် ကိစ္စဉာဏ် ပျောက်ပျက်တဲ့ ကိစ္စ သိလို့ရှိရင် ကိစ္စဉာဏ် ဘယ့်နှယ်ကြောင့် ပျောက်ပျက်ပါလိမ့်မလဲ ဆိုတဲ့ ဝိစိကိစ္ဆာ လေးတော့ မောင်နိုင်တို့ လာချင် လာလိမ့်မယ်၊ မစိုးရိမ်ပါနဲ့ တဲ့၊ ကိစ္စဉာဏ် ရှင်းပေးပါမယ်- ကိစ္စဉာဏ် ရှင်းပေးမယ် ဒကာ ဒကာမတို့ (မှန်ပါ့)။

ကိစ္စဉာဏ် သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ရုပ်မှာလဲ ရုပ်၏ ဇာတိ ရုပ်၏ မရဏ ဆိုတာ- ရုပ်၏ ဖြစ်မှု ရုပ်၏ ပျက်မှု ရှိတယ် (မှန်ပါ့)၊ ဇရာ၊ မရဏ မပါဘူးလား (ပါပါတယ် ဘုရား)။

ပျက်စီးခြင်းကိစ္စပါလာတယ်

အင်း စိတ်ကလေး ကြည့်လိုက်ပြန်လဲ ဇရာမရဏ ပါပါတယ်၊ ဪ သူတို့ ကိစ္စက ဇရာမရဏ ပျက်စီးခြင်း ကိစ္စပါလား (မှန်ပါ့)၊ ရုပ်ကလေး ပျက်သွားတာလဲ ဇရာ မရဏက ဖျက်ဆီး ပစ်လိုက်တယ်၊ သဘော ကျပလား (ကျပါပြီ)။

မှိုဥပမာ

လောကီဥပမာ ပြောကြပါစို့ဆိုရင် ဒကာ ဒကာမတို့ မြေထဲက ပေါက်လာတဲ့ မှိုကလေးဟာ မှိုထိပ်မှာ မြေမှုန်ပါလာ တယ် (ပါပါတယ် ဘုရား)၊ ဘယ်သူ ယူလာတာတုံးလို့ မေး တဲ့အခါ မှိုယူ လာတာလို့ ပြောရမယ် (မှန်ပါ့)၊ မှိုထိပ်မှာ ပါတဲ့ မြေမှုန် ဘယ်သူ ယူလာသလဲ (မှို ယူလာတာပါ ဘုရား)။

မှိုက မြေထဲက ထွက်တော့ မြေမှုန် ယူလာတယ် ဒါဖြင့် သမင်ဒရယ်၊ ချေငယ်၊ စိုင်၊ ဆတ်တွေ မစားတောင်မှ ဒီမြေ ပိတာနဲ့ ဒီနေရာ ပြားပြီး ပျောက်ရတယ် (မှန်ပါ့)၊ မပျောက် ပေဘူးလား (ပျောက်ပါတယ်)၊ အလိုလို ပျောက်တာ လား၊ သူယူလာတဲ့ မြေမှုန်နဲ့ပဲ သူသည် ပျောက်ပျက် ရတာလား (သူယူလာတဲ့ မြေမှုန်နဲ့ ပျောက်ပျက်ရတာပါ ဘုရား)။

သူ့မြေမှုန်နဲ့သူပျက်ရတယ်

ဒီမှာလဲ သူ့ဝေဒနာလေး ပေါ်လာတယ်၊ သူယူလာတဲ့ ဇရာမရဏ မြေမှုန်နဲ့ သူပျက်ရတာ (မှန်ပါ့)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)၊ သူယူလာတဲ့ အိုမှု သူယူလာတ ဲ့သေမှု ကြောင့် သူ ဘာဖြစ်ရသလဲ (ပျက်ရပါတယ် ဘုရား)။

ေဩာ် ဒါကြောင့် ဝိသုဒ္ဓိမဂ် မဟာဋီကာ ဆရာကြီးက ကိစ္စဉာဏ် မသိမှာ စိုးတာနဲ့ “ဝိပရိဏာမဋ္ဌောတိ ဇရာ မရဏာ စ ပရိဏာမိတဗ္ဗာ’’ သူက ဒီလိုဖွင့်လိုက်တာ (မှန်ပါ့)။

ဝိပရိဏာမံ- ဝိပရိဏာမ လက္ခဏာဟူသည်ကား ဇရာ စ- ဆွေးမြေ့ယိုယွင်း အိုမင်းတတ်သော ဇရာ တရားကြီး ကို ယူခဲ့ခြင်းကြောင့် လည်းကောင်း၊ မရဏာ စ- ဖောက်ပြန် ပျက်စီး သေစေအောင် လုပ်တတ်သော မရဏ ဆိုတဲ့ ပစ္စည်း ကို သူယူခဲ့ခြင်းကြောင့် လည်းကောင်း၊ ဝေဒနာ ရှိတဲ့ ပုဂ္ဂိုလ် ဝေဒနာက ဇရာ မရဏ။ စိတ်ရှိတဲ့ ပုဂ္ဂိုလ်မှာ စိတ်ဟာ သူယူ လာတဲ့ နှစ်ခုနဲ့ ဖောက်ပြန် ပျက်စီး သွားရတယ် (မှန်လှပါ ဘုရား)၊ ဒါဖြင့် ကိစ္စအပေါ်မှာ သံသယရှိသေးရဲ့လား (မရှိပါ ဘုရား)။

ဇရာ မရဏေကြောင့် သေရတယ်

သူယူလာတဲ့ ဇရာမရဏကြောင့် (သူသေရ တယ်)၊ သူသေရတယ် ဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီဘု ရား)၊ သူသယ်လာတဲ့ မြေမှုန့်ကြောင့် သူသည် ပြားရရှာတယ် (မှန်ပါ့ ဘုရား)။

ဒီမှာတော့ ခန္ဓာကိုယ်ကြီးထဲမှာ ဒကာ ဒကာမတို့ မွေးပြီးကတည်းက ခေါင်းဆောင်းပြီး မွေးလာတယ်၊ ဘယ်သူ က မသတ် သတ် သတ်၊ ဘယ်သူက အသက်ရှည်ရှည်၊ ကိုဝ သေလိုက် ရတာပဲ (မှန်ပါ့ ဘုရား)။

ဟ ဘယ်သူ ယူလာတာလဲ မေးတော့ ခန္ဓာယူ လာတာ၊ ဝေဒနက္ခန္ဓာဖြစ်လဲ ဝေဒနက္ခန္ဓာ ယူလာတာ၊ ဝိညာဏက္ခန္ဓာ ဖြစ်လဲ ဝိညာဏက္ခန္ဓာက ယူလာတယ်၊ သူယူ လာတဲ့ လက်နက်နဲ့ သူဝိညာဏ် ချုပ်ရတယ်၊ သူပျက်စီးရတယ် ဖောက်ပြန် ပျက်စီးတော့ အလိုလို ပျက်စီးတာလား သူယူလာ တဲ့ လက်နက်နဲ့ ပျက်စီးတာလား (သူယူလာတဲ့ လက်နက်နဲ့ ပျက်စီးတာပါ ဘုရား)။

ဒါဖြင့် ဝေဒနာဟာ ဝေဒနာပေါ်ကတည်းက ဘာတွေ ယူလာသလဲဆိုတော့ ဇရာမရဏ ယူလာတယ်၊ ရင့်ဖို့ ပျက်စီး ဖို့ (မှန်ပါ့)၊ သညာလေး ပေါ်တော့ကော ဘာယူလာ သတုံး (ဇရာမရဏ ယူလာပါတယ်)၊ စိတ်ကလေး ပေါ်တော့ကော ဘာယူခဲ့သတုံး (ဇရာမရဏယူခဲ့ပါတယ် ဘုရား)။

ဒါဖြင့် ဇရာမရဏကြောင့် ဖောက်ပြန်ပျက်စီးပြီး ပျောက်ပျက် သွားရတယ် ဆိုတော့ ဒကာ ဒကာမတို့ အလိုလို ပျောက်ပျက်တယ် ဆိုတဲ့ သဘောကော ရှိသေးရဲ့ လား၊ (မရှိပါဘူး ဘုရား)။

သိတဲ့ဉာဏ်သည်ကိစ္စဉာဏ်

အဲဒီလို သူ့ကိစ္စနှင့်တကွ ဇရာ မရဏ နှိပ်စက်ခြင်း ကိစ္စကြောင့် ပျက်စီးသွားတယ်လို့ သိတဲ့ ဉာဏ်သည် ကိစ္စ ဉာဏ် (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ)၊ ဇရာ မရဏ ယူလာခြင်းကြောင့်၊ ဇရာ မရဏ နှိပ်စက်သောကြောင့်၊ ဝေဒနာပေါ် ဝေဒနာပျောက်တော့ အလိုလို ပျောက်တာလား ဒကာ ဒကာမတို့ (မဟုတ်ပါ)၊ သူယူလာတဲ့ ဇရာ မရဏ လက်နက်ကြောင့် ပျောက်ပျက်ရတာ (မှန်ပါ့)။

နှိပ်စက်ခြင်းကိစ္စသူယူလာတယ်

ဒါဖြင့် သူ့မှာ နှိပ်စက်ခြင်းကိစ္စ သူယူလာတယ် ပျောက်ပျက်ဖို့ ကိစ္စ သူယူမလာဘူးလား (ယူလာပါတယ်) ဒါဖြင့် ပျောက်ပျက်တဲ့ကိစ္စ သူယူလာသောကြောင့် သူမှာ သေဖို့ကိစ္စ ပါလာတယ် (မှန်ပါ့ ဘုရား)။

သူငယ်နာနဲ့ မွေးလာတဲ့ကလေး သူငယ်နာကလဲ ပြင်းထန်လိုက်တာ ဆိုတော့ အို မွေးကတည်းက ဒီ ကလေးဟာ သူယူလာတာ၊ သူများက သတ်ဖို့ လိုသေးသလား (မလိုပါဘူး)၊ သူယူလာတဲ့ ဝေဒနာနဲ့ ဒကာ ဒကာမတို့ သူ ဟာ သေပွဲဝင်ရတယ် သဘောပါပလား (ပါပါတယ် ဘုရား)။

ဒီမှာလဲ ဘာလေး ပေါ်လာပေါ်လာ ဒကာ ဒကာမ တို့ သူယူလာတဲ့ ဇရာ မရဏ လက်ချက်နဲ့ သူပျောက်ပျက် ရတယ် ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် အဲဒီလို သိတဲ့ဉာဏ် ဘာဉာဏ်လို့ခေါ်ကြမယ် (ကိစ္စဉာဏ်ပါ ဘုရား)၊ အင်း ဇရာ မရဏ ကိစ္စနဲ့ပဲ သူသည် ဝေဒနာ ပျောက်ရတယ်၊ စိတ်ပျောက်ရတယ် ဆိုတော့ ကိစ္စ မသိဘူးလား (သိပါတယ်)၊ သေခြင်း ကိစ္စ သူပါလာ တယ်ဆိုတော့ သေခြင်းကိစ္စ သိတဲ့ ဉာဏ်ကတော့ (ကိစ္စဉာဏ်ပါ ဘုရား)။

ဇရာမရဏကြောင့်ပျက်စီးတယ်

သေခြင်းကိစ္စ၊ အဲဒီ သေခြင်းကိစ္စကို သိတဲ့၊ ဇရာ မရဏကြောင့် သေရတယ်လို့ သိတဲ့ ဉာဏ်ဟာ (ကိစ္စ ဉာဏ်)၊ ကိစ္စဉာဏ် ဆိုတာ ရှင်းပလား (ရှင်းပါပြီ)၊

အဲဒီ ကိစ္စဉာဏ်နဲ့ စိတ်ရှုတဲ့ ပုဂ္ဂိုလ်ကလဲ ဇရာ မရဏကြောင့် ပျက်စီး တယ်၊ ဇရာ မရဏကြောင့် ပျက်စီးတယ်လို့ ရှုပေးပါ၊ ဝေဒနာ – ဝေဒနာ ရှုတဲ့ ပုဂ္ဂိုလ်ကလဲ ဒီအတိုင်း ရှုပေး၊ သူ့ကိစ္စနဲ့သူ ပျက် စီးတာကိုးလို့ ရှုပေးပါ (မှန်ပါ့)။

ကိစ္စဉာဏ်ကခန္ဓာ၏ကိစ္စသိပြီ

ရှုလို့ ကိစ္စဉာဏ်ကလေးဟာ ခန္ဓာကိစ္စ သိပြီ၊ သိပါ ပြီ၊ မသိကြဘူးလား (သိပါတယ် ဘုရား)၊ ခန္ဓာ၏ကိစ္စမှာ ဇရာ မရဏက ပါတာချည်းပဲ၊ မပါဘူးလား (ပါပါတယ် ဘုရား)။

ဒါကြောင့် ပါဠိတော်ကြီးများမှာ ရုပ်၏ဇရာ၊ နာမ်၏ ဇရာ၊ ရုပ်၏မရဏ၊ နာမ်၏မရဏကို အဘိဓမ္မာနည်းနဲ့ ဟောလိုက်တာတွေ နည်းတာတွေ မဟုတ်ဘူး၊ သူယူလာတာ တွေ မသေချာ ဘူးလား (သေချာပါတယ် ဘုရား)၊

သူသည် သေခြင်းကိစ္စ ဒကာ ဒကာမတို့ သူယူလာတာ (မှန်ပါ့)၊ အဲဒီ ကိစ္စက- ကိစ္စ၊ သိတဲ့ဉာဏ်က (ဉာဏ်ပါ ဘုရား)၊ ပေါင်းလိုက်ရင် (ကိစ္စဉာဏ်ပါ ဘုရား)၊ ကိစ္စဉာဏ် ဆိုတာသိပြီ ကိစ္စဉာဏ် ရတော့ ဦးဘရှင်းက ကြပ်ကြပ်ရှုပေး၊ စိတ်ကြိုက်ရင် စိတ်ရှု၊ ကိစ္စဉာဏ် ရအောင်ရှုပေးပါ (မှန်ပါ့ ဘုရား)။

ကိစ္စဉာဏ်တွေရင့်တက်လာတယ်

ရှုရာကနေပြီး သကာလ ဒကာ ဒကာမတို့ သူဟာ ပင်ကိုသဘောစွန့်တော့ ဝိပရိဏာမသဘော မရှိဘူးလား (ရှိပါတယ်)။

ဪ ဒါဖြင့် ဉာဏ်က ရင့်ပြီးလာတဲ့အခါ ဝိပရိ ဏာမသဘောဖြင့် ကိုယ့်ခန္ဓာအကြောင်း ကိုယ်ကောင်းကောင်းကြီး သိပြီ၊ ဖောက်ပြန် ပျက်စီးတဲ့ ကိစ္စမှတစ်ပါး ဘာမှ မရှိဘူး (မှန်ပါ့)၊

ဒီဝေဒနာကြီးဖြင့် သေသေချာချာ ကိုယ်ပိုင်ဉာဏ်၊ ကိစ္စဉာဏ်နဲ့ ရှုလိုက်တော့ လိုချင်စရာ ရချင် စရာ မရှိတဲ့ သဘောတွေ ဉာဏ်တွေ တက်မလာဘူးလား (တက်လာပါတယ် ဘုရား)။

ဝိပရိဏာမသဘောတွေပျောက်သွားတယ်

ဉာဏ်တွေ တက်လာတော့ ရင့်လာတော့ ဝိပရိဏာမ သဘောတွေ ပျောက်သွားတယ် (မှန်ပါ့ ဘုရား)၊ ပျောက် သွားပြီး ဒီနေရာ ဘယ်သူ အစားထိုးသတုံးဆိုတော့ အဝိပရိ ဏာမ အစားထိုးတယ် (မှန်လှပါ ဘုရား)။

အဝိပရိဏာမအစားထိုးတယ်

ဒါလေးမှတ်စမ်းပါ၊ ဝိပရိဏာမ ပျောက်သွားတဲ့အခါ ဒီနေရာ ဘာအစားထိုးသတုံး (အဝိပရိဏာမ အစားထိုး ပါတယ် ဘုရား)၊ မဖောက်မပြန်တဲ့ နိဗ္ဗာန် အစားထိုးတယ် (မှန်လှပါ ဘုရား)။

အရင်တုန်း ဉာဏ်က ဖောက်ပြန်တာလေးတွေ ကြည့်နေတယ် (မှန်ပါ့)၊ နောက်ကျတော့ ဖောက်ပြန်တဲ့ သဘောတွေ မလိုချင်တဲ့ အခါကျတော့ ဘာအစားထိုးလာ သတုံး (အဝိပရိဏာမ အစားထိုး လာပါတယ် ဘုရား)။

အဝိပရိဏာမဆိုတာနိဗ္ဗာန်

အဝိပရိဏာမဆိုတာ နိဗ္ဗာန်၊ ဒါ နိဗ္ဗာန် အစားထိုး တယ်၊ ဖောက်ပြန် ပျက်စီးမှု ရှိသေးရဲ့ လား (မရှိပါဘူး)၊ အဲဒီလို နိဗ္ဗာန် အစားထိုး လာတာကို မြင်လိုက်တဲ့ အခါကျတော့ အဲဒီဉာဏ်ကတော့ ကတဉာဏ်၊ အဲဒါ သောတာပန် တည်တာပဲ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ကိစ္စဉာဏ် ရင့်သန်ရင် ဘာဉာဏ်လာမလဲ (ကတဉာဏ် လာပါမယ် ဘုရား)။

ဖောက်ပြန်ပျက်စီးမှုမရှိတာ

ကိစ္စဉာဏ်သည် ဝိပရိဏာမ ကိစ္စတွေ ပျောက်သွား လို့ရှိရင် ဒကာ ဒကာမတို့ ဝိပရိဏာမ ကိစ္စတွေ ကိုယ့်ခန္ဓာ ကိုယ်မုန်း၊ ကိုယ့်ခန္ဓာ ကိုယ်မလိုချင်တဲ့ အခါကျတော့ မပျောက်ပေဘူးလား (ပျောက်ပါတယ် ဘုရား)၊ ဒီနေရာ ဘယ်သူ အစားထိုးသတုံး (အဝိပရိဏာမ အစားထိုးပါ တယ် ဘုရား)။

အဝိပရိဏာမ ဆိုတာ ဖောက်ပြန် ပျက်စီးမှု မရှိတာ အဲဒါ ဘာပါလိမ့် (နိဗ္ဗာန်ပါ ဘုရား)၊ ဖောက်ပြန် ပျက်စီးမှု ရှိတာက ရုပ်နာမ်၊ ဖောက်ပြန် ပျက်စီးမှု မရှိတာက ဘာပါလိမ့် (နိဗ္ဗာန်ပါ ဘုရား)၊ အဲဒီလို ဉာဏ်က ကူးသွားပါလိမ့်မယ်။

ကတဉာဏ်

ကူးသွားတဲ့ ဉာဏ်ကျတော့ မောင်နိုင် ဘာဉာဏ်လို့ ခေါ်ကြမယ် (ကတဉာဏ်ပါ ဘုရား)၊ ကတဉာဏ် ဆိုတော့ ကတဉာဏ် ဆိုတာ ဒကာ ဒကာမတွေ ငါသည် ကြည့်စရာ ကုန်ပြီ၊ ဖောက်ပြန် တာတွေ ကြည့်နေရတာက အခုတော့ ဖောက်ပြန် ပျက်စီးမှု မရှိတာချည်း မြင်ရပြီ ဆိုရင် ခင်ဗျားတို့ ရပ်လိုက်တော့။

သောတာပန်တည်တယ်

အဲဒါ သောတာပန် တည်တာပဲဆိုတာ ရိပ်မိကြ ပလား (ရိပ်မိပါပြီ)၊ ရှင်းပလား (ရှင်းပါပြီ)။ နာရီက စေ့သွားပြီ၊ နက်ဖြန်မှ ဟောကြစို့။

သာဓု သာဓု သာဓု။