241

ဝိပဿနာခြံရံတဲ့ အလှူသည်သာ အမြတ်ဆုံးအလှူ (အာသဝေါကုန်တဲ့ အလှူ)

မှတ်ချက်။ ။အလုပ်ပေးရော လှူနည်းသင်ရော ဉာဏ်စဉ်ရော ပါဝင်သော အလွန်တရာ ကောင်းမွန်လှသော တရားတော်ဖြစ်ပါသည်။

အသံဖိုင်ခေါင်းစဉ် = ဦးချမ်း+ဒေါ်ခန့် တို့၏ ဘုရားပြုပြင် အလှူရေစက်ချတရားတော်

စာအုပ်ခေါင်းစဉ် = ဝိပဿနာခြံရံတဲ့ အလှူသည်သာ အမြတ်ဆုံးအလှူ

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး အမရပူရမြို့၌

ဟောကြားတော်မူအပ်သောတရားတော်

ဝိပဿနာခြံရံတဲ့ အလှူသည်သာ အမြတ်ဆုံးအလှူ

(၁၄-၁-၆၁)

ကိုယ့်အကျိုး ကိုယ်ကြည့်ပြီး သကာလ လျှောက်ကြတာ ပါပဲ (မှန်ပါ ဘုရား)၊ ဘုန်းကြီးများ ကလည်း ဤကဲ့သို့ အပင် ပန်းခံပြီး သကာလ ပြောဆိုပြီး ဆုံးမနေတာလည်း ကိုယ့်အကျိုး က နည်းနည်း ဒကာ ဒကာမတွေ အကျိုးက များများ သည်ပိုးတယ် ဆိုတာ မှတ်ထားရမယ် (မှန်လှပါ ဘုရား)။

ဤကဲ့သို့ မှတ်ပြီး သကာလ ဟောတော့ ကျန်းမာရေး၊ ချမ်းသာရေး ပြောဆိုနိုင်တဲ့ အရေးတွေ ပြည့်စုံလို့ ရှိရင်ဖြင့် ဘုရား သခင် ကိုယ်တော်မြတ်ကြီးများလည်း သည်းခံကြတာပါပဲ။

ဘုန်းကြီးများလည်း ဒီအတိုင်းပါပဲ၊ ကျန်းမာ ချမ်းသာလို့ အကြောင်း ညီညွတ်လို့ ရှိရင် သည်းခံပြီးသားလို့ ရင်အေးအေးနဲ့ နေကြဖို့ပေါ့ (မှန်လှပါ ဘုရား)။

ဒီနေ့ ဒေါ်ခန့်တို့က စေတီဟောင်းတွေပြင်ပြီး သကာလ ထီးတွေ ဘာတွေ တင်ပြီး သကာလ သံဃာတွေကို လက်ဖက်ရည် ၊ အချို စသည်တို့ဖြင့် သီလရှင်တွေကို ဆန်အစရှိသည် အလုံးစုံ အကုန်လှူဒါန်းပြီး သကာလ နိဗ္ဗာန်ရ ည်မှန်းပြီး လှူဒါန်းတဲ့ ရေစက်ချပွဲက ယနေ့ ပါနေတယ်လို့ အားလုံး ဒကာ ဒကာမတွေ မှတ်ပါ။

မျက်စိမလည်တဲ့နည်း

အဲဒီ ရေစက်ချပွဲကိုလည်း အကြောင်းပြုပြီး သကာလ ပြောရဆိုရ၊ အကျိုး ရှိသည်ထက် ရှိအောင် ဒီ ဒကာ ဒကာမတွေ လည်း မျက်စိလည်နေလို့ ရှိရင်လည်း မျက်စိမလည်တဲ့နည်းကို ပြောရအောင် (မှန်ပါ့ ဘုရား)။

မျက်စိတည့်ပြီးပြီ ဆိုလို့ရှိရင်လည်း ဖြောင့်သည်ထက် ဖြောင့်အောင် ဒီလမ်း မြန်မြန်သွားဖို့၊ တိုက်တွန်း ရမယ် (မှန်လှပါ ဘုရား)။

အဲဒီဝတ္တရား ရှိနေတဲ့ အတွက် တရားနာတို့ ဒကာ ဒကာမ တွေက ဪ ရေစက်ချ တရားနာ ရမှာပါလားလို့ သည်းခံပြီး အောက်မေ့ကြပါ။

သို့သော် ဝိပဿနာဉာဏ်နဲ့တော့ဖြင့် ဒကာကြွယ် မပါမပြီးဘူးလို့ မှတ်ထားပါ (မှန်လှပါ ဘုရား)။ ကိုင်း တရားစကြပါစို့။

အကောင်းဆုံးအလှူ

ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် “ဣဒံ မေ ပုညံ အာသဝက္ခယံ ဝဟံ ဟောတု” ဆိုတဲ့ အလှူဟာ အကောင်းဆုံးလို့ ပြောတယ်။

ဒီဘုရားဟောင်းတွေ ပြင်ပြီး ထီးတွေ ဘာတွေ တင်၊ ဓာတ်မီးတွေ ဘာတွေပူဇော်၊ သမံတလင်းတွေ ဘာတွေခင်း အမျိုးမျိုး ဘုရားမှာ တင့်တင်ဖွယ်ရာ လုပ်တာသည် အာသဝေါ တရားကုန်ချင်လို့ လုပ်တယ်လို့ အလှူရှင် ဒကာ ဒကာမတွေက မှတ်ရမယ်။

အာသဝေါတရား ကုန်ချင်လို့ လုပ်တယ် ဆိုရင်ဖြင့် အာသဝေါ တရားက ဘယ်မှာ ကပ်နေလို့ ကုန်ရမှာလဲ ဆိုတဲ့ မေးခွန်းက ဒကာသစ် ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။

အာသဝေါတရားကုန်ချင်လို့လှူတယ်

ရိုးရိုးပြောတော့ အာသဝေါတရား ကုန်ချင်လို့ လှူတယ် လို့ပြောတာပဲ။ အာသဝေါတရား ဘယ်ကပ်နေလို့ ဘယ်လိုခွာရ မယ်ဆိုတာ မသိလို့ ရှိရင်လည်း မခွာတတ်လို့ ရှိရင်လည်း မကုန် ပေဘူး ဆိုတဲ့ အဓိပ္ပာယ်က ရှင်းလင်းနေတော့တယ်။

ဒါကြောင့် အာသဝေါတရားက ဘယ်မှာ ကပ်နေတယ် ဆိုတာသိဖို့ ဆိုတော့ ဦးဘအုန်းတို့ အရေးမကြီးဘူးလား (ကြီးပါတယ်)။

ဆိုတော့ ဆိုနေကြတာပဲ ဣဒံ မေ ပုညံ။ မေ-တပည့်တော် သည်၊ (ဝါ) တပည့်တော်၏။ ဣဒံ ပုညံ- ဤကောင်းမှုသည်။ အာသဝက္ခယံ- အာသဝေါတရား လေးပါးတို့၏ ကုန်ရာ နိဗ္ဗာန်၊ အာသဝက္ခယံ ဆိုတာ နိဗ္ဗာန်ပါပဲ။ ဝဟံ- ရွက်ဆောင်နိုင်သည်၊ (ဝါ) ပို့နိုင်သည်၊ ဟောတု -ဖြစ်ပါ စေသတည်း ဆိုပြီး ဒေါ်ခန့်တို့ ဦးချမ်းတို့ လှူကြတာပါပဲ။

အသံကောင်းလွှင့်ရုံနဲ့ မပြီးသေးဘူး

သို့သော် ပြောရုံကလေးနဲ့ ဒီအသံကောင်း ကလေး လွှင့်ရုံကလေးနဲ့ လည်း ဦးလှဘူးရေ မပြီးသေးဘူး၊ မပြီးသေး ပါဘူး ဒကာကြွယ် (မှန်လှပါ ဘုရား)။

မပြီးသေးပါဘူးတဲ့၊ အာသဝေါတရားက ဘယ်ကပ်နေလို့ ဘယ်လို ခွာရမယ် ဆိုတာ သိပြီးမှ ဒါ ခွာလိုက်မ ှသာလျှင် ေဩာ် ဒါကုန်မှ နိဗ္ဗာန် ရောက်မှာပါလား ဆိုတော့ ဒီအလှူသည် ဒါကုန်အောင် လုပ်တဲ့ အလှူဆိုတဲ့ အဓိပ္ပာယ်ကို သက်ရောက်မှသာ လျှင် အဖိုးတန်မှာပါပဲ။

အဲဒါကြောင့် ဒီရေစက်ချမျိုးကိုလည်း ဒကာ ဒကာမ တွေ ထိုးထိုးထွင်းထွင်း သိရအောင် ဒကာသစ် ကြိုးစား နားထောင် မှပဲ။

ဒီ ဒကာ ဒကာမတွေ၊ လှူကြတန်းကြတဲ့ ဒကာ ဒကာမ တွေ တရားအားထုတ်နေကြတဲ့ ဒကာ ဒကာမတွေ ခန္ဓာငါးပါး ရှိကြပါတယ်ဆိုတာ လူတိုင်းသိတယ်။

အာသဝေါတရားဘယ်မှာခိုနေလဲ

ခန္ဓာငါးပါးရှိတယ် ဆိုတာ လူတိုင်း သိပြီး သကာလ နေတော့ ဪ အာသဝေါတရားက ဘယ်များ ကပ်ခိုနေလို့ ဒါကုန်အောင် လုပ်ရပါလိမ့်မလဲ ဆိုတဲ့ မေးခွန်းဟာ ထွက်လာ တယ်။

အာသဝေါတရားက ဘယ်မှာမှမကပ်ဘူး ဒကာ ဒကာမတို့၊ ခန္ဓာကိုယ် ကပ်နေတာ၊ အာသဝေါတရား ဘယ်ကပ်နေသလဲ (ခန္ဓာကိုယ်ကပ်နေပါတယ် ဘုရား)။

အဲဒီတော့ ခန္ဓာကိုယ် ကပ်နေတော့ ခန္ဓာကို မဖျက်ဆီး နိုင်လို့ ရှိရင် ကပ်မြဲ ကပ်မှာပဲ၊ ခန္ဓာကို မဖျက်ဆီးနိုင်လို့ ရှိရင် (ကပ်မြဲကပ်မှာပါ ဘုရား)။ အဲဒါကြောင့် ဒကာ ဒကာမတွေ သေသေ ချာချာ မှတ်ရမယ်။

ဘုရားတည်ထား ကိုးကွယ် ပူဇော်တယ် ဆိုတာက အားလုံး ပူဇော် ကိုးကွယ်ကြဖို့ တည်ထား တာပဲ၊ ဦးချမ်းတို့၊ ဒေါ်ခန့်တို့က (မှန်ပါ့)၊ အဲဒီကဲ့သို့ တည်ထား ကိုးကွယ်တယ် ဆိုတဲ့ဥစ္စာဟာ လည်း ဒါ အဟောင်းပြင်တဲ့ ဒါနပဲ။

အဟောင်းပြင်တဲ့ ဒါနပဲဆိုရင် လွဲပါမလား (မလွဲပါဘူး ဘုရား)၊ အဟောင်းပြင်တဲ့ ဒါနဆိုလို့ ရှိရင်ဖြင့် အားလုံးသော ပုဂ္ဂိုလ်တို့ ကြည်ညိုဖွယ် ရှိအောင် မြတ်စွာဘုရားလည်း တင့်တယ်

အောင်ဆိုပြီး သကာလ ဓာတ်မီးတွေလည်း လှူတာပဲ အင်္ဂတေနှင့် ၊ တကွ မွမ်းမံပြီး သကာလ အကုန်အကျခံပြီး လှူဒါန်းတာပဲ။

တကယ် သံဃာတွေလည်း ထိုက်တန်တာတွေလှူတာ၊ ဆရာသမားကိုလည်း ထို့အတူပဲ၊ လှူဒါန်းတာတွေဟာ ဒါနတွေ ချည်းပဲ ဆိုတော့ ဒကာ ဒကာမတွေ ဒီဒကာ ဒကာမတွေ လှူတဲ့ အလှူသည်ကားလို့ ဆိုရင် အာသဝေါ ကုန်ချင်လို့ လှူတဲ့အလှူ ဖြစ်ရမယ်။

အာသဝေါတရားက ခန္ဓာမှာ ကပ်နေတယ်

အာသဝေါက ဘယ်ကပ်နေသတုံး (ခန္ဓာ ကပ်နေပါ တယ် ဘုရား)၊ ခန္ဓာမှာ အာသဝေါ တရား လေးပါး ကပ်နေတယ်။

၁။ ကာမာသဝဆိုတဲ့ ဥစ္စာသည် ဒီခန္ဓာကိုယ်ကြီးက ငါးပါးအာရုံ၊ ကာမဂုဏ်ဖြစ်တယ်။ ဒီခန္ဓာ ကိုယ်ကြီး ခင်နေလို့ ရှိရင် ဒါ ကာမာသဝပဲ (မှန်လှပါဘုရား။)

၂။ ဒီခန္ဓာကိုယ်ကြီး နောက်ထပ် ရချင်တယ်ဆိုရင် ဒါ ဘဝါသဝ၊ ဒီခန္ဓာကိုယ်ကြီး ခင်နေရင် (ကာမာသဝပါ ဘုရား)၊ ဒီခန္ဓာကိုယ်ကြီးမျိုးကို နောက်ထပ် ရချင်ပါတယ် ဆိုတော့ (ဘဝါသဝပါ ဘုရား)၊ ဘုံဘဝတောင့်တတာ ဘဝါသဝ ဖြစ်သွား တယ်။

၃။ ကဲ တစ်ခါစဉ်းစားပါဦး၊ ဒီခန္ဓာကိုယ်ကြီးကို ငါ့ကိုယ် ငါဟာ ထင်နေလို့ ရှိရင်လည်း ဒိဋ္ဌာသဝ၊ သဘောကျပြီလား (ကျပါပြီ)၊ ဒီခန္ဓာကိုယ်ကြီး ငါ့ကိုယ်၊ ငါ့ဟာ ထင်နေရင် (ဒိဋ္ဌာသဝပါ ဘုရား)၊ ဒိဋ္ဌာသဝဖြစ်ပါတယ်တဲ့။

၄။ ဒီခန္ဓာကိုယ်ကြီးကို ဒုက္ခသစ္စာလို့ မသိပြန်ရင် အဝိဇ္ဇာသဝ (မှန်လှပါ ဘုရား)၊ ဒါဖြင့် ဒီခန္ဓာကိုယ်ကြီးကိုပဲ မှီနေတယ် (မှန်ပါ့)။

ဆရာကောင်းတွေ့မှ နေရာကျမှာ

အာသဝေါတရား လေးပါး ဘယ်ကပ်နေပါလိမ့် (ခန္ဓာ ကပ်နေပါတယ် ဘုရား)၊ အဲဒီတော့ ဒကာ ဒကာမတွေ လှူတယ် တန်းတယ်၊ ပေးတယ်၊ ကမ်းတယ် ဆိုတာလည်း ဆရာကောင်း၊ သမားကောင်း၊ လမ်းညွှန်ကောင်းတွေ့မှ ဦးဘအုန်းရေ နေရာ ကျမှာနော် (ကျမှာပါ ဘုရား)။

ရော့ အင့် ပေးလိုက်ရုံနဲ့လည်း ကုသိုလ် မရဘူးလား ရပါရဲ့၊ အာသဝေါတရား အစစ် ကုန်သလား ဆိုတော့ မကုန်ပေဘူး (မှန်ပါ့ ဘုရား)။

ဘယ်နေမှန်း မသိသောကြောင့် ဘယ်လို ဖြေရှင်းရမှန်း မသိတဲ့ အဓိပ္ပာယ် ရောက်နေတယ်။ မရောက်ပေဘူးလား (ရောက်ပါတယ် ဘုရား)။

အဲဒါတွေ ဉာဏ်နဲ့ စဉ်းစားပြီးတော့မှ ဪ ကလျာဏမိတ္တ လမ်းကောင်းပြတဲ့ ပုဂ္ဂိုလ် အလွန် အရေးကြီးပါလား ဆိုတာ ပေါ်လာတယ်။

အာသဝေါတရားလေးပါး

ဒါဖြင့် အာသဝေါတရား ယခု ရှင်းပြပါတယ်။

၁။ ဒီခန္ဓာကိုယ်ကြီးကို ခင်နေလို့ ရှိရင်လည်း ကာမာသဝ (မှန်ပါ)။

၂။ ဒီခန္ဓာကိုယ်ကြီးမျိုး နောက်ထပ်ရချင်ရင် (ဘဝါသဝ ပါ ဘုရား)။

၃။ ဒီခန္ဓာကိုယ်ကြီးကို ငါ့ကိုယ်ငါ့ဟာပဲ ထင်နေရင် (ဒိဋ္ဌာသဝပါ ဘုရား)။

၄။ ဒီခန္ဓာကိုယ်ကြီးကို ဒုက္ခသစ္စာလို့ မသိရင် (အဝိဇ္ဇာ သဝါပါ ဘုရား)။

ဪ ဒါဖြင့် ဒီခန္ဓာကိုယ်ကြီးမှာ ဒကာ ဒကာမတို့ အာသဝေါတရား လေးပါး ခြံရံနေပါတယ်။ ဘယ်သူ ခြံရံနေပါလိမ့် (အာသဝေါတရား လေးပါး ခြံရံနေပါတယ် ဘုရား)။

အဲဒီတော့ ခန္ဓာကိုယ် မှီနေတယ်၊ ခန္ဓာကိုယ်မှာ သူ ရေ သောက်မြစ် တွယ်နေတယ်လို့ ဆိုလို့ ရှိရင် မလွဲပါဘူး (မလွဲ ပါ ဘုရား)။ သူဘယ်မှာ ရေသောက်မြစ် တွယ်နေသလဲ (ခန္ဓာ ကိုယ်မှာပါ ဘုရား)။

ဒါဖြင့် ခန္ဓာကိုယ်ကိုမှ ဒကာ ဒကာမတွေက ဝိပဿနာ ဦးစီးပြီး သကာလ ဒီခန္ဓာကိုယ်ကြီးကို မဖျက်ဘဲနဲ့ လှူလိုက်မယ် ဆိုလို့ ရှိရင် သူက ကပ်မြဲကပ်မှာပဲ (မှန်ပါ)။

ဒါဖြင့် ဒီခန္ဓာကိုယ်ကြီးကို ဖျက်ဆီး ရလိမ့်မယ် ဆိုတဲ့ အဓိပ္ပာယ်ကော ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဖျက်ဆီး ရလိမ့်မယ် ဆိုတဲ့ အဓိပ္ပာယ်က တခြားမဟုတ်ပါ ဘူး၊ ဒကာ ဒကာမတို့ ဝိပဿနာ ခြံရံရမယ်လို့ ပြောတာ။

အလှူရှစ်မျိုးရှိတဲ့ အနက်မှာ ဝိပဿနာ ခြံရံတဲ့ ဒါနသည် သာလျှင် အမြတ်ဆုံးလို့ အင်္ဂုတ္တိုလ် ပါဠိတော်မှာ ကိုယ်တော်တိုင် ဟောထားတယ် (မှန်လှပါ ဘုရား)။

ဘာခြံရံတဲ့ဒါနသည် အမြတ်ဆုံးလဲ

အလှူရှင် ရှစ်မျိုး ရှိရာတို့တွင် သမထ၊ ဝိပဿနာ ခြံရံတဲ့ ဒါနသာလျှင် အမြတ်ဆုံးဒါန (ဝါ) နိဗ္ဗာန် ပို့ဆောင်နိုင်တဲ့ဒါန အစစ် ဧကန်ဖြစ်တယ်။ အမြတ်ဆုံးပဲ ဆိုသဖြင့် သမထ ဝိပဿနာ ခြံရံ ရမယ်ဆိုတဲ့ ဒါနကို သေသေချာချာ မှတ်ကြပါ။

ဒါဖြင့် ဒကာ ဒကာမတွေလည်း လှူကြ တန်းကြ ပေးကြ ကမ်းကြ၊ ဗုဒ္ဓဘာသာတွေ ဖြစ်ပြီး သကာလ နေတော့ လုပ်ကြပါ တယ်။

သမထဝိပဿနာ ဆိုတာ ခြံရံလို့ ရှိရင်ဖြင့် အလှူရှစ်မျိုး ထဲမှာ အမြတ်ဆုံး အလှူ မဖြစ်နိုင် ဘူးလား (မှန်လှပါ ဘုရား)၊ သဘောပါပြီလား (ပါပါတယ် ဘုရား)။

အလှူမှာ ဘာခြံရံရမလဲ

ဒါဖြင့် အလှူမှာ ဘာခြံရံရမယ် ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။ ဘာခြံရံရမလဲ (သမထ ဝိပဿနာ ခြံရံရ မယ် ဘုရား)။ သမထ ဝိပဿနာ အခြံအရံ ရှိရမယ်။ ဉာဏ်နဲ့ အခြံအရံ ရှိရမယ် ဆိုတာ အသေအချာ မှတ်ပါ (မှန်ပါ)။

အဲ ဘာအခြံအရံ ရှိရမယ် (သမထ ဝိပဿနာ ခြံရံ ရှိရပါ မယ် ဘုရား)၊ အဲဒီတော့ ဒီခန္ဓာကိုယ်ကြီးကို ဒကာ ဒကာမတွေက ဝိပဿနာ ရှုရလိမ့်မယ် (မှန်ပါ)။ ခန္ဓာငါးပါး ဘာလုပ်ကြရမယ် (ဝိပဿနာ ရှုရပါမယ် ဘုရား)။

ဝိပဿနာ ရှုလိုက်တဲ့ အခါကျလို့ ရှိရင်ဖြင့်တဲ့ ဒီခန္ဓာကိုယ် ကြီးမှာ အဖြစ်အပျက် အနိစ္စတွေ သင်္ခါရသည် အနိစ္စလမ်းဆုံး တယ် ဆိုတာ သိပြီ။

အဲဒီတော့ သင်္ခါရသည်ကား ဆိုလို့ ရှိရင်ဖြင့် ပြုပြင်တာက သင်္ခါရ၊ ပျက်စီးတာက (အနိစ္စပါ ဘုရား)။ ပြုပြင်တာက (သင်္ခါရ)၊ ပျက်စီးတာက (အနိစ္စ)။

ကံ၊ စိတ်၊ ဥတု၊ အာဟာရ က ပြုပြင်တာ

ဒါဖြင့် ဒီခန္ဓာကိုယ်ကြီးက မအေက မွေးလာသလား၊ ပြုပြင်တတ်တဲ့ တရားတွေက ပြုပြင်လို့ ပေါ်လာတာလားလို့ မေးတဲ့ အခါကျလို့ရှိရင် ဟောဒီ ရူပက္ခန္ဓာက ကံ၊ စိတ်၊ ဥတု၊ အာဟာရက ပြုပြင်တာ (မှန်လှပါ ဘုရား)။

ပြုပြင်လို့ ပေါ်လာခြင်းကြောင့် သူ့ကို သင်္ခါရတရားလို့ မှတ်ပါ (မှန်လှပါ ဘုရား)။ သဘောကျပလား (ကျပါပြီ ဘုရား)။

အာရုံ၊ ဒွါရကပြုပြင်တာ

ဒီဘက်က နာမက္ခန္ဓာလေးပါး ဆိုတဲ့ နာမ်တရားတွေက အာရုံဒွါရက ပြုပြင်လို့ ပေါ်လာတာ (မှန်လှပါ ဘုရား)။ ဒါဖြင့် သူလည်း သင်္ခါရတရား (မှန်လှပါ ဘုရား)။

ရူပက္ခန္ဓာက ကံ၊ စိတ်၊ ဥတု၊ အာဟာရ ဆိုတဲ့အကြောင်း တရားလေးပါးက ပြုပြင်လို့ခေါ်တဲ့ အခိုက်အတန့်မှာ သင်္ခါရလို့ မှတ်လိုက်ပါ။ သဘောကျပလား (ကျပါပြီ)။

ဒီနာမက္ခန္ဓာ လေးပါးက အာရုံနဲ့ မျက်လုံးနဲ့၊ ဟိုဘက်က အာရုံနဲ့ မျက်လုံးနဲ့ တိုက်မှ မြင်စိတ် ဆိုတဲ့ နာမကန္ဓာလေးပါးပေါ်တယ်။

ကြားစိတ်ဆိုတဲ့ နာမက္ခန္ဓာ လေးပါး၊ ကြံစိတ်ဆိုတဲ့ နာမက္ခန္ဓာ လေးပါး၊ သူတို့က အာရုံနဲ့ သူ့ဒွါရနဲ့ ပြန်တိုက်မှ – နှစ်ခုတိုက်မှ ပေါ်တာကိုး (မှန်ပါ့ ဘုရား)။

လက်ခုပ်သံ

ဥပမာ၊ ဒီလက်ဖဝါးနှစ်ခု ယှဉ်ပြီး သကာလ ရိုက်လိုက်ကြ တဲ့အခါကျတော့ကို လက်ခုပ်သံ ထွက်လာတယ် ဆိုတာ မရှိဘူး လား (ရှိပါတယ် ဘုရား)။

ထို့အတူပဲတဲ့၊ ဟိုကအာရုံနဲ့ ဒီက ခန္ဓာကိုယ်ထဲမှာ မျက်လုံး အကြည်၊ နားအကြည်တို့နဲ့ တည့်ပြီး တိုက်လိုက်မှ သာလျှင် နာမက္ခန္ဓာလေးပါးက ပေါ်နိုင်တယ် (ပေါ်နိုင်ပါတယ် ဘုရား)။

ဒါဖြင့် ဒီတရားတွေကို ပေါင်းစုံဖော်တော့ သူလည်း သူများပြုပြင်လို့ပေါ်သောကြောင့် သူ့ဘာခေါ်ကြမယ် (သင်္ခါရ တရားပါ ဘုရား)၊ သင်္ခါရတရား။

ပြုပြင်လို့ပေါ်လာတဲ့တရားသင်္ခါရ

ဒီနာမက္ခန္ဓာ လေးပါးကလည်း ခုနက အာရုံဒွါရ နှစ်ခုက ပြုပြင်မှ ပေါ်ခြင်းကြောင့် သူ့ ဘာခေါ်ကြမယ် (သင်္ခါရတရားပါ ဘုရား)၊ ဪ ဒါဖြင့် ဒကာ ဒကာမတို့ “သဗ္ဗေ သင်္ခါရာ” ဖြစ်သွားပြီ (မှန်လှပါ ဘုရား)၊ သဗ္ဗေ သင်္ခါရာ ဖြစ်ပါပြီ ဒကာ ဒကာမတို့ (မှန်လှပါ ဘုရား)။

သဗ္ဗေ-အလုံးစုံသောဆိုတော့ သူတို့ပေါ့ဗျာ (မှန်ပါ)။

ဒီတရားတွေ သည်ကားလို့ဆိုလို့ ရှိရင်တဲ့ သင်္ခါရတရားတွေ ဖြစ် နေတယ်၊ ဒါဖြင့် သင်္ခါရ တရားတွေကို ဒကာ ဒကာမတွေက သိပြီး သကာလ နေတော့ သင်္ခါရတရားသည် ဒကာ ဒကာမတို့ သိပြီးသား အတိုင်း သဗ္ဗေ သင်္ခါရာ ဘယ်လမ်းဆုံးသလဲ (အနိစ္စ လမ်းဆုံးပါတယ် ဘုရား)။

ဪ သင်္ခါရတရား အနိစ္စ လမ်းဆုံးတယ် ဆိုတော့ ခန္ဓာကိုယ်ကြီးဟာ အနိစ္စကြီး အနိစ္စ လမ်းဆုံး ဆုံးနေပါလား (မှန်လှပါ ဘုရား)၊ ခန္ဓာကိုယ်ကြီးဟာ (အနိစ္စလမ်းဆုံး နေပါတယ် ဘုရား)၊ အနိစ္စပဲ လမ်းဆုံးနေတယ် ဆိုတာ ကျေနပ်ကြပလား (ကျေနပ်ပါတယ် ဘုရား)။

သင်္ခါရတရား ဘယ်လမ်းဆုံးသလဲ

ဪဒါဖြင့် ဘယ့်နှယ်ကြောင့် အနိစ္စလမ်းဆုံးရ ပါလိမ့်မတုံးမေးတော့ ဒကာကြွယ်တို့ ဦးလှဘူးတို့ မပေါ်သေး ဘူးလား (ပေါ်ပါတယ် ဘုရား)၊ သင်္ခါရတရားမို့ဘုရား (မှန်ပါ့) ဘယ်လို ပေါ်လာပါလိမ့် (သင်္ခါရတရားမို့ပါ ဘုရား)။

သင်္ခါရ တရားမို့ ဘယ်လမ်းဆုံးလဲ (အနိစ္စ လမ်းဆုံး ပါတယ် ဘုရား)၊ ဒါဖြင့် ကျုပ်တို့ တစ်သံသရာလုံး နေခဲ့တဲ့ ခန္ဓာကိုယ်ကြီးဟာ သင်္ခါရတရားက -ပြုပြင်လိုက်၊ အနိစ္စတရားက ဖျက်ချလိုက် (မှန်လှပါ ဘုရား)။

ခြတောင်ဘို့

သင်္ခါရတရားက (ပြုပြင်ပါတယ်)၊ အနိစ္စဆိုတဲ့ တရားက (ဖျက်ချပါတယ်)၊ ဒါဖြင့် ကျုပ်တို့ဟာ တောင်ဘို့ တောင်ဘို့ ဖြစ်အောင် ညမှာ ခြတွေကလုပ်၊ နေ့လည်ကျတော့ ဖွတ်ကောင် တွေက ဖျက်ချနေတော့ ဒီတောင်ဘို့သည်ကား ဖြစ်လိုက် ပျက်လိုက်ပဲ နေမှာပဲ (မှန်လှပါ ဘုရား)။

ထို့အတူပဲ ခန္ဓာကိုယ်ကြီးမှာ နဂိုက ဖြစ်ပျက်ပဲ ရှိတယ်၊ ယောက်ျား၊ မိန်းမမှ မရှိဘူး၊ ခန္ဓာကိုယ်ကြီးမှာ ဘာရှိပါလိမ့် (ဖြစ်ပျက်ပဲ ရှိပါတယ် ဘုရား)၊ ယောက်ျား၊ မိန်းမ, မရှိပါဘူး ဆိုတာ မသေချာလား (သေချာပါတယ် ဘုရား)။

အေး သေချာတော့ ဦးချမ်းတို့ ဒေါ်ခန့်တို့က အသေအချာ မှတ်ပါ ကိုယ့်အရေးဟာ ဒီနေရာမှာ အတော်ကြီးနေတယ် ဆိုတာ မှတ်ပါ။

ကောင်းပြီ၊ ဒါဖြင့် သင်္ခါရတရား ဘယ်လမ်းဆုံး (အနိစ္စ လမ်းဆုံးပါတယ် ဘုရား)၊ အဲဒါကို “သဗ္ဗေ သင်္ခါရာ ” ဆိုရင် ဒီနှစ်ခုသည် အောက်မေ့ လိုက်တော့ (မှန်လှပါ ဘုရား)၊ အနိစ္စ ဆိုရင် ဒီနှစ်ခု မရှိတာကို ဆိုတာ။

အနိစ္စခန္ဓာကိုယ်ကြီး

“သဗ္ဗေ သင်္ခါရာ”ဆိုရင် ဒီနှစ်ခု ပေါ်လာတာကို ဆိုတာ၊ အနိစ္စ ဆိုတာက မရှိတာကို ဆိုတာ၊ ဒါဖြင့် တော်တော်နေရာ ကျပြီ၊

ဪ တို့ခန္ဓာကြီးဟာ ဟိုတုန်းက ခန္ဓာကြီးဟာ “သဗ္ဗေ သင်္ခါရာ” ခန္ဓာကိုယ်ကြီးဟာ ခုအခါမှာ မရှိတော့ဘူး၊ အနိစ္စခန္ဓာ ကိုယ်ကြီးပါလား။

ဟိုမှာ ကျောင်းမှာ သံဃာတွေ ကော်ဖီတွေ ဘာတွေ – တိုက်တုန်းက သီလရှင်တွေ တိုက်တုန်းက ဆွမ်းဆန်တွေ လောင်းတုန်းက သင်္ခါရ ခန္ဓာကိုယ်ကြီးဟာ အနိစ္စမှာ လမ်းဆုံး ခဲ့လို့ အခု ရှိသေးရဲ့လား (မရှိတော့ပါ ဘုရား)၊ မရှိတော့ ဘူးဆိုတာ သိနေကြပြီ (သိပါပြီ ဘုရား)။

ပညာဖြင့်ရှုလိုက်ပါ

အဲဒါလေးကို ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မင်းတို့ ကွာ အာသဝေါတရား ကုန်ချင် လို့ ရှိရင် ယဒါ- အကြင်မရှိ သော အခါ၌၊ ပညာယ – ပညာဖြင့်၊ ပဿတိ- ရှုလိုက်ပါ။

ဒီသင်္ခါရတရားကြီး ပျက်တာ၊ အနိစ္စ ရောက်တာကို၊ မင်းတို့ – ပညာနဲ့ ကြည့်လိုက်ပါ၊ သဘော ကျပလား (ကျပါပြီ)။

ပညာနဲ့ ကြည့်လိုက်တော့ ရုပ်ကလေးတွေ ကလည်း ငြိမ်လိုက် လှုပ်လိုက်၊ ငြိမ်လိုက်၊ လှုပ်လိုက် ဆိုတော့ ငြိမ်တဲ့ရုပ်က လည်း ငြိမ်ပြီး ချုပ်သွားတာပဲ၊ လှုပ်တဲ့ ရုပ်ကလည်း အသစ်အစား ထိုးလာတာပဲ၊ သင်္ခါရက ပြုပြင်လို့ အစားထိုး လာတယ်။ ဒီအတိုင်း မနေဘူးလား (နေပါတယ် ဘုရား)။

ဪဒါဖြင့် ဒေါ်ခန့်တို့ ဦးချမ်းတို့ သည် အားလုံး တရားနာ ဒကာ ဒကာမတွေ၊ အိမ်က လာတဲ့ ရုပ်တွေ၊ နာမ်တွေ ရှိသေးရဲ့လား (မရှိတော့ပါ ဘုရား)။

ယခုဘာနဲ့ တရားနာနေသလဲ

ဘယ်လိုကြောင့် မရှိပါလိမ့်မလဲ မေးတဲ့အခါကျတော့ သင်္ခါရတရားမို့ ဘုရား၊ အနိစ္စ လမ်းဆုံး ခဲ့တယ်၊ ယခု ဘာနဲ့ တရား နာနေသတုံး၊ သင်္ခါရတရားနဲ့ တရားနာ နေတာဘုရာ (မှန်လှပါ ဘုရား)၊ ယခု ဘာနဲ့ တရားနာနေလဲ (သင်္ခါရ တရားနဲ့ နာနေ ပါတယ် ဘုရား)။

ဒီတရားကကော ဘယ်လမ်းဆုံးမှာလဲ (အနိစ္စ လမ်းဆုံး မှာပါ ဘုရား)၊ ဒါဖြင့် တရားနာရင်းလဲ အခု လျှောက်ကြတယ်၊ လျှောက်တဲ့ အသံကလေးက ချုပ်သွားပြန်ပြီ၊ နောက် တစ်ခါ အားထုတ်တဲ့ အသံက ပေါ်ရပြန်ပြီ (မှန်ပါ)။

ဒါဖြင့် ဘာနဲ့ တရားနာ နေကြသတုံး (သင်္ခါရတရားနဲ့ တရားနာနေပါတယ် ဘုရား)။ သင်္ခါရ တရားနဲ့ တရားနာကြတာ၊ အတော်ကြာကြာ နာနိုင်သလား၊ ခဏပဲ ပျက်တာပဲလား (ခဏပဲ ပျက်ပါတယ် ဘုရား)။

ပညာနဲ့ကြည့်ပေး

အဲဒီကဲ့သို့ ယဒါ – အကြင်အခါ၌ သင်္ခါရတရား ပျက်သောအခါ၌၊ ပညာယ- ပညာနဲ့၊ ဝါ-ပညာဖြင့်၊ ပဿတိ- ကြည့်ပေးပါ၊ ပညာနဲ့ ကြည့်ပေးတဲ့နော် (မှန်ပါ့)၊ ပကတိ မျက်လုံးနဲ့တော့ မကြည့်လိုက်ပါနဲ့တဲ့၊ သင်္ခါရတရား ပျက်တာ ဘယ်နည်းနဲ့မှ မမြင်နိုင်ဘူး (မှန်လှပါ ဘုရား)။

သင်္ခါရတရား ပျက်တာ မြင်နိုင်ကြရဲ့လား (မမြင်နိုင် ပါ ဘုရား)၊ ယဒါ- အကြင်အခါ၌၊ ပညာယ- ပညာနဲ့၊ ဝါ-ပညာဖြင့် ပဿတိ- ကြည့်ပေးပါ၊ ဘာနဲ့ ကြည့်ရမလဲ (ပညာနဲ့ ကြည့်ရ ပါမယ် ဘုရား)။

ဖြစ်လိုက်ပျက်လိုက်

ပညာနဲ့ ကြည့်လိုက်တော့ သင်္ခါရတရားတွေ ဘယ့်နှယ် ဖြစ်နေလဲ (ပျက်နေပါတယ် ဘုရား)၊ ဖြစ်လိုက် ပျက်လိုက်၊ ဖြစ်လိုက် ပျက်လိုက် ဒီလို မနေဘူးလား (နေပါတယ် ဘုရား)။

ဪ ဖြစ်လိုက် ပျက်လိုက်၊ ဖြစ်လိုက် ပျက်လိုက် နေတော့၊ ဒကာ ဒကာမတွေက ဖြစ်လိုက် ပျက်လိုက်၊ ဖြစ်လိုက် ပျက်လိုက် နေတော့၊ ဒီက ကာမာသဝက ဒီဖြစ်ပျက်ကြီးတော့ မလိုချင်ဘူး ဆိုတော့ ဒီကာမာသဝ ကုန်သွားတယ်။ မကုန်ဘူးလား (ကုန်ပါတယ် ဘုရား)။

နောက်ဘဝလည်း ဒီသင်္ခါရတရား ဒီလိုဖြစ်ပျက်နေဦးမှာပဲ ဆိုတော့ ဘဝါသဝကော (ကုန်ပါတယ် ဘုရား)။

ဒီဟာကြီးဟာ ဖြစ်ပျက်နေတာပဲ ဆိုသဖြင့် ငါ့ကိုယ်၊ ငါ့ဟာ ဟုတ်သေးရဲ့ လား (မဟုတ်ပါ ဘုရား)။ အဲဒီ ဒိဋ္ဌာသဝ ဟာ ယခုအသိနဲ့ပဲ ကုန်သွားတယ် (မှန်လှပါ ဘုရား)။

ပျက်နေတာဒုက္ခသစ္စာ

ဖြစ်ပျက်နေတာသည် ဘာသစ္စာတုံး မေးလိုက်တယ် (ဒုက္ခသစ္စာပါ ဘုရား)၊ ဒုက္ခသစ္စာ သိတဲ့ နောက် အဝိဇ္ဇာသဝ ကကော (ကုန်ပါတယ် ဘုရား)။ ။

အတော်အဖိုးတန်တယ် ဦးဘအောင်ရေ အတော် အဖိုးတန်သွားပြီ (တန်ပါတယ် ဘုရား) ဒကာကြွယ်ရေ အင်မတန် အဖိုးတန်သွားပြီနော် အဲဒီတော့ ဪ အာသဝေါ တရားကုန် ဆိုတဲ့ ဥစ္စာ ငါတို့သည်ကားလို့ဆိုလို့ ရှိရင်ဖြင့် ပညာနဲ့ ခန္ဓာကြည့်တော့မှ အာသဝေါ တရားကုန်တယ် (မှန်ပါ ဘုရား)။

ကလေးတွေသင်သလို သင်နေတာနော်

ပညာနဲ့ ခန္ဓာကြည့် လိုက်တော့ (အာသဝေါတရား ကုန်ပါ တယ် ဘုရား)၊ သေသေချာချာ မှတ်ကြပါ ဒကာ ဒကာမတို့ ၊ ကလေးတွေ သင်သလို သင်နေတာနော် (မှန်လှပါ ဘုရား)။

ဒီတရားက သူ့ ကံ၊ စိတ်၊ ဥတု၊ အာဟာရ က လုပ်လိုက် လို့ ဖြစ်ပေါ်လာတာ၊ သူက အာရုံ ဒွါရက လုပ်လိုက်လို့ နာမက္ခန္ဓာ လေးပါးက ပေါ်တာ (မှန်ပါ့)။

ဖြစ်ပေါ်တဲ့ အခိုက်အတန့် ဘာခေါ်ကြမယ် (သင်္ခါရပါ ဘုရား)၊ ပြုပြင်ပေမယ့်လည်း သူ့မှာ ဇာတိ၊ ဇရာ၊ မရဏက ပါလာတော့ ပျက်၊ ပျက်သွားရတယ်၊ မပျက်ရဘူးလား (ပျက်ရပါတယ် ဘုရား)။

ပျက်သွားတော့ကို ဖြစ်ပေါ်လိုက် ပျက်လိုက်၊ ဖြစ်ပေါ် လိုက် ပျက်လိုက် ဒါနဲ့ပဲ အချိန် ကုန်နေတော့ ဒကာ ဒကာမတို့ ဒီဥစ္စာ သည်ကားလို့ ဆိုရင်ဖြင့် သိပြီးသား အတိုင်းပဲ၊ အနိစ္စ ဆိုလည်း သူပဲ၊ ဖြစ်ပြီး ပျက်ရတဲ့ ဒုက္ခဆိုလည်း သူပဲ (မှန်လှပါ ဘုရား)။

မဖြစ်ပါ၊ မပျပ်ပါစေနဲ့လို့ တောင့်တ ကြောင့်ကြလို့ကော ရရဲ့လား (မရပါ ဘုရား)၊ မရသောကြောင့် အနတ္တပဲ (မှန်လှပါ ဘုရား)။

သေမလို့ပေါ်လာတဲ့အနာ

ဖြစ်ရတာကလည်း ဒကာ ဒကာမတို့ ဒုက္ခသစ္စာပေါ်လာ တာပဲ (မှန်ပါ)၊ ပျက်ရတာလည်း (ဒုက္ခသစ္စာ ပေါ်လာတာ ပါ ဘုရား)၊ အဲဒါကျတော့ ဒီလို ရှင်းလိုက်တာပေါ့၊ သေမလို့ ပေါ်လာတဲ့ အနာနဲ့၊ ဒီအနာနဲ့ သေသွားတာနဲ့၊ တွက်လိုက်တာပေါ့ (မှန်လှပါ ဘုရား)။

သေမလို့ ဖြစ်တဲ့အနာကိုလည်း ဒုက္ခထဲ သွင်းမလား သုခထဲသွင်းမလား (ဒုက္ခထဲ သွင်းမှာပါ ဘုရား)၊ ရှင်တော့ ရှင်နေသေးတယ် မသေသေးပါဘူး၊ သို့သော် သေဖို့ရာ သေနာ ပေါ်လာပြီ ဆိုတော့ သေဖို့ရာ အနာ ပေါ်လာပြီ ဆိုတော့ အားလုံးက စဉ်းစားကြည့်ပါ။ ဒါဟာ အကြိုဓာတ် ဖြစ်နိုင် မဖြစ်နိုင် (မဖြစ် နိုင်ပါ ဘုရား)။

ဘာပြုလို့တုံး သေဖို့ရာ အနာ ပေါ်လာပြီကိုး သေဖို့ရာ အနာပေါ်လာတာ ဘယ်သူ ဝမ်းသာစရာ ရှိသတုံး (မရှိပါ ဘုရား)၊ ဒါဖြင့် သူလည်း ဒုက္ခသစ္စာပဲ (မှန်လှပါ ဘုရား)။

ဒုက္ခသစ္စာ

နောက်တစ်ခါ ကိုယ့်ရှေ့တွင်ပဲ ဉာဏ်နဲ့ကြည့်လိုက်တော့ သေသွားပြန်တော့လည်း ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ ဘုရား)။

ဒါဖြင့် ဖြစ်ပေါ်လာက သေနာပေါ်တာပဲ၊ ပျက်တာသည် သေတာပဲ ဆိုတာ သဘော ကျပလား (ကျပါပြီ ဘုရား)၊ အဲဒီ ဖြစ်ပျက် ဒုက္ခသစ္စာကြီးကို မြင်ပြီး သကာလ ဒီဒုက္ခသစ္စာကြီးမှ လွတ်ချင် ကျွတ်ချင်၊ ရွံခြင်း၊ မုန်းခြင်း၊ ပျင်းရိခြင်း ရှိသည် ဖြစ်ပါ၍ ဤစေတီ တည်ထားပြီး အများ ကိုးကွယ်ရန်၊ မိမိ ကိုးကွယ်ရန်၊ အများ ကိုးကွယ်ရန်ကိုး (မှန်ပါ့)။

ဒီဖြစ်ပျက် ဒုက္ခသစ္စာကြီးကို အမှန်မြင်ပြီး ဒါလွတ်ချင် လို့ တပည့်တော်တို့ တည်ထား ကိုးကွယ် ပါတယ်လို့ စိတ်ပြောင်း ပစ်ရမယ် (မှန်ပါ့ ဘုရား)၊ ဒါ အာသဝေါ ကုန်တယ်၊ အာသဝေါ ကုန်တဲ့ သဘောနဲ့ ကြပ်ကြပ် မှတ်ကြစမ်းပါ။ ။

ဒါဝိပဿနာအစစ်

ဒကာ ဒကာမတွေက ဒေါ်ခန့်တို့၊ ဦးချမ်းတို့ အကြောင်း ပြုပြီး သကာလ ဒီတရား ပေါ်လာတာ၊ နို့မို့ဆိုရင် ဝိပဿနာ ဆက်ပြီး ဟောဖို့ပါပဲ၊ သို့သော် ဒါဝိပဿနာ အစစ် (မှန်လှပါ ဘုရား)၊ သဘော ကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် အာသဝေါ တရား ကုန်ရာ နိဗ္ဗာန်၊ အာသဝေါ တရားကုန်ရာ ဆိုတာ နိဗ္ဗာန်ပဲ၊ အာသဝေါတရား ကုန်ရာ ဆိုတာ (နိဗ္ဗာန်ပါ ဘုရား)၊ နိဗ္ဗာန်ပဲဆိုတော့ အခု ခန္ဓာကိုယ်ကို ယဒါ ပညာယ ပဿတိနဲ့ အနိစ္စက၊ သဗ္ဗေ သင်္ခါရာ အနိစ္စာကိုး သင်္ခါရ တရားအနိစ္စလမ်းဆုံးတယ်။

အဲဒါပညာနဲ့ ကြည့်လိုက်တော့ အာသဝေါ ကုန်တယ်၊ သဗ္ဗေ သင်္ခါရာ အနိစ္စာကို ဘာနဲ့ ကြည့်ကြမလဲ (ပညာနဲ့ ကြည့် ရပါမယ် ဘုရား)၊ ပညာနဲ့ ကြည့်လိုက်တဲ့အတွက် ဘာကုန်သွား သလဲ (အာသဝေါကုန်ပါတယ် ဘုရား)။

ပါးစပ်နဲ့ ကုန်ချင်နေတာ

ဪ ဒါဖြင့် ပါးစပ်နဲ့ လိုချင်တာ၊ အာသဝေါတရား ကုန်ရပါလို၏ ဆိုတော့ မကြည့် ရင်တော့ မကုန်ပါဘူး ပညာနဲ့ မကြည့်ရင် (မကုန်ပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ပညာနဲ့ ကြည့်မှ သာလျှင် ကုန် မယ် ဆိုတော့ ဒါကြီး ကုန်ချင်လို့ တပည့်တော်တို့ ဒီဘုရားကို တည်ထား ကိုးကွယ်ပါ၏။ ဒီဆွမ်းတွေကို သီလရှင်နှင့်တကွ အလုံးစုံ ယောဂီတို့အား လှူဒါန်းပါ၏။

အင်း ဒီသံဃာများကိုလည်း ထိုက်တန်တဲ့ အလှူ အတန်းတွေ လှူဒါန်းပါ၏ ဆိုတဲ့ဥစ္စာ ဘာလိုချင်လို့တုံး ဆိုတော့ ဒါကုန်ချင်လို့ (မှန်လှပါ ဘုရား)။

သိတဲ့ဉာဏ်မရှိဘဲနဲ့ မကုန်ဘူး

ဒါကုန်ချင်လို့ ဆိုတော့ ဒကာ ဒကာမတွေ ဒီဟာကို သိတဲ့ ဉာဏ်မရှိဘဲနဲ့လည်း မကုန်ဘူး (မကုန်ပါဘူး ဘုရား)။

ဟောဒီ အဲဒီ သိတဲ့ဉာဏ်နဲ့ တပည့်တော်တို့သည် ဒီခန္ဓာ သင်္ခါရတရား ဖြစ်ပျက်တာကို အမှန်ကန်မြင်ပြီး သကာလ နေသောကြောင့် အာသဝေါ တရားကုန်တဲ့ အာသဝေါ တရားကုန်ရာ ဖြစ်တဲ့ အာသဝေါတရား ကုန်ရာ ဆိုတာ ဒကာ ဒကာမတို့ နိဗ္ဗာန်ပဲ (မှန်လှပါ ဘုရား)။

အာသဝေါတရား ကုန်ရာဆိုတာ (နိဗ္ဗာန်ပါ ဘုရား)။ နိဗ္ဗာန်ပဲ ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

ဒါဖြင့် အာသဝေါတရားကုန်ရာ နိဗ္ဗာန်ကို ရောက်ရပါလို၏ ဆိုတဲ့ဥစ္စာသည် ရောက်ရပါလို၏ ဆိုလို့ ဘယ်သူမှ ပို့မှာ မဟုတ်ဘူး ဒကာ ဒကာမတို့ (မှန်လှပါ ဘုရား)။

ဒီဉာဏ်ကမှ နိဗ္ဗာန်ကိုပို့မှာ

ဟောဒီ ဉာဏ်အမြင်ရတဲ့ ပုဂ္ဂိုလ်မှ ဒီဉာဏ်က ပို့မှာ (မှန်လှ ပါ ဘုရား)။ ဒါ အသေအချာ စဉ်းစားပါ။ ဒီစကား အင်မတန် အရေးကြီးတယ်။ ကုန်ရာ ရောက်ရပါလို၏ ဆိုတော့ ဉာဏ်ကမပါ တော့ ပို့မယ့် ကူးတို့က မရှိတော့ ပို့မယ့် မဂ္ဂင်က မရှိတော့ ဒကာသစ်ပဲ စဉ်းစားကြည့်ပါတဲ့၊ ကိုယ့်သန္တာန် ဒီမဂ္ဂင်က မပေါ်လာဘူးလား (မှန်ပါ့)။

အင်း ပို့မယ့်တရား ရှိသေးရဲ့ လား (မရှိပါဘူး ဘုရား)၊ အပြောသာ ရှိမှာပဲ၊ ပို့မယ့်တရား ကိုယ့်သန္တာန် မပေါ်လာဘူး (မှန်လှပါ ဘုရား)။ သဘောကျပလား (ကျပါပြီ)။

ရမ်းပြော၊ မှန်းပြော မဟုတ်ဘူး

ဒါဖြင့် ကိုယ့်သန္တာန် ယခု ခန္ဓာကြီး ပြန်ပြီး သကာလကြည့် လိုက်တော့ သင်္ခါရတရားတွေ ပျက်တာ၊ ပျက်တာ၊ တဖျပ်ဖျပ် ပျက်နေတာ မြင်တော့မှ အဲဒီ အာသဝေါတရားက မြင်လိုက်သည် နဲ့ တစ်ပြိုင်နက်တည်း ဒီအာသဝေါ တရားတွေက ဒကာအုန်း ရှိသေးရဲ့ လား (မရှိပါ ဘုရား)။

မရှိတော့ ဟောဒီ အာသဝေါ ကုန်ရာကို တပည့်တော် ရောက်ရပါလို၏ ဆိုတော့ ကိုယ့်မှန်းခြေ သိတယ်၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။

မှန်းခြေက သူများပြောနဲ့ ရမ်းမှန်းတာလားလို့ မေးလိုက် တဲ့အခါကျတော့ ရမ်းမှန်းတာ မဟုတ်ဘူး၊ ကိုယ့်သန္တာန်မှာကို ဒီအခိုက်အတန့် မရှိတဲ့အတွက် သူတို့မရှိရင် ချမ်းသာ နေတာကိုး (မှန်ပါ့ ဘုရား)။

ဒီလေးခုကုန်ရာ၊ ရောက်ရပါလို၏

၁။ ကာမာသဝ ဆိုတဲ့ လောဘမရှိလို့ ရှိရင် ဘယ်မှ ပြေးချင်လွှားချင်တဲ့ စိတ်မရှိဘူး။

၂။ ဘဝါသဝ ဆိုတဲ့ လောဘဘုံ၊ ဘုံဘဝ တောင့်တတဲ့ လောဘ မရှိဘူးဆိုလို့ ရှိရင်လဲ ဘာမှ ပျာယာခတ်စရာ မလို တော့ဘူး (မှန်လှပါ ဘုရား)။

၃။ ဒိဋ္ဌာသဝ ဆိုတာလည်း ဒီခန္ဓာကြီးဟာ သင်္ခါရတရား ပျက်တာ မြင်သဖြင့်လည်း ဒိဋ္ဌာသဝက ရှိသေးရဲ့လား (မရှိပါ ဘုရား)။ ငါ့ကိုယ်၊ ငါ့ဟာ ဟုတ်သေးရဲ့ လား (မဟုတ်ပါဘူး ဘုရား)။

၄။ အဲ သင်္ခါရတရား ပျက်နေတာဟာ ဖြစ်ဒုက္ခ ပျက်ဒုက္ခ ပဲလို့ ခုနဟာ ဟောလို့ရှိရင် ဒုက္ခသစ္စာ သိတဲ့၊ မသိတာက အဝိဇ္ဇာ ကို သိတော့ အဝိဇ္ဇာသဝကလည်း ချုပ်တယ်၊ မချုပ်ဘူးလား (ချုပ်ပါတယ်)။

အဲဒီတော့ တပည့်တော်တို့ ဟောဒီလေးခု ကုန်တဲ့ နေရာကို ရောက်ရပါလို၏ ဆိုတော့ ဟောဒီ မီးတွေ ငြိမ်းရပါလို၏ လို့ပြောတာ (မှန်လှပါ ဘုရား)။

ရတာ ဒကာ ဒကာမတို့ ဟောဒီ နှစ်ခုက ရာဂမီး၊ သဘောကျပလား (ကျပါပြီ)၊ မရလို့ရှိရင် ဒေါသမီးကလည်း လောင်တယ်၊ အင်းဒီက အဝိဇ္ဇာ သွားတော့ မောဟမီး၊ သဘော ကျပလား (ကျပါပြီ)။

ဒီမီးတွေငြိမ်းတာနိဗ္ဗာန်

ဒါဖြင့် ကာမာသဝ၊ ဘဝါသဝ၊ ဒိဋ္ဌာသဝက လောဘမီး၊ အဝိဇ္ဇာသဝက မောဟမီး၊ ဪ ဒီမီးတွေ ငြိမ်းတာ ဘာခေါ်ကြမလဲ (နိဗ္ဗာန်ပါ ဘုရား)။

ဒီမီးတွေငြိမ်းတာ နိဗ္ဗာန် လို့ သိသဖြင့် ေဩာ် တို့သည်ကား ဒီသင်္ခါရ တရားတွေကို အဖြစ် အပျက်မြင်တဲ့ ဉာဏ်နဲ့ ရှုလိုက်တော့မှ၊ အာသဝေါတရား ကုန်ရာ ဆိုတဲ့ ဥစ္စာ သူတို့ မရှိတာပါလား (မှန်ပါ့ ဘုရား)။

သူတို့ မရှိတာ ဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ ဘုရား)။ အင်း သူတို့ မရှိတဲ့ဆီကို တပည့်တော် အခု ခဏ မရှိသလို တကယ် မရှိတဲ့ နိဗ္ဗာန် ရောက်ရပါလို၏ (မှန်လှပါ ဘုရား)။

နိဗ္ဗာန်ရောက်ရပါလို၏

အခု ခဏမရှိသလို တကယ်မရှိတဲ့ နိဗ္ဗာန် အစအဆုံး မရှိတဲ့ နိဗ္ဗာန် ဘယ်အခါကာလမှ အာသဝေါတရားနဲ့ အာရုံမပြု နိုင်တဲ့ နိဗ္ဗာန်ကို တပည့်တော်တို့ အကြင်လင်မယားနဲ့ ရော သားသမီး ကုသိုလ်ရှင် တွေရော၊ ဓမ္မမိတ်ဆွေတွေရော ရောက်ရပါ လို၏ ဆိုတာ ဒီကို ကိုယ့်ဟာကို ဆုံးအောင် လုပ်မှ ရောက်တာ၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။

အင်း သူများဆုံးအောင် လုပ်လို့ ရောက်တာလား၊ ကိုယ့်ဟာကိုယ် ချုပ်အောင် လုပ်လို့ ရောက်လာ တာလား (ကိုယ့်ဟာကိုယ် ချုပ်အောင် လုပ်လို့ ရောက်လာတာပါ ဘုရား)။

ကိုင်း ဒါဖြင့် ဤကဲ့သို့ စေတီ ပုထိုးကို ပြုပြင်ပြီး သကာလ လှူဒါန်း ပေးကမ်းရတဲ့ ဒါန ကုသိုလ် စေတနာတို့ကြောင့် တပည့်တော်၏ ခန္ဓာကိုယ် ဒုက္ခသစ္စာကြီးကို ဧကန်သိ၊ တကယ် သိတဲ့ ဉာဏ်နဲ့၊ အာသဝေါတရား ခေတ္တ ကုန်တာကို တပည့်တော် တို့ အလှူပွဲမှာ ရှိသဖြင့် အမြဲတမ်း ကုန်တဲ့ အလုပ်ကို လုပ်ပြီး သကာလ အမြဲတမ်း ငြိမ်းတဲ့ နိဗ္ဗာန် ရရပါလို၏လို့ စိတ်ထဲက ညွတ်ရမယ် (မှန်လှပါ ဘုရား)။

ဦးဘအုန်း တော်တော် အရေးကြီးတယ်၊ အဲ ကုန်ပုံရော သဘောကျရဲ့ လား (ကျပါတယ် ဘုရား)။

ဝိပဿနာရှုတဲ့ပုဂ္ဂိုလ်

အဲဒီတော့ ဒါန လှူတဲ့ ပုဂ္ဂိုလ်ကလည်း ဒီအာသဝေါ တရားကုန်ရာကို ရည်မှန်းမှ နိဗ္ဗာန်ကိုး (မှန်လှပါ ဘုရား)။ ဝိပဿနာ ရှုနေတဲ့ ပုဂ္ဂိုလ်ကတော့ မှန်းနေစရာ၊ သူပြောင်းနေစရာ မလိုတော့ဘူး၊ သူ့ လုပ်ရင်းမတ္တ ကုန်နေတယ် (မှန်လှပါ ဘုရား)။

ဒါကြောင့် ဒါနလှူရှင် အာသဝေါတရား ကုန်ရာကို ညွတ် ပါ။ ဝိပဿနာ လုပ်နေတဲ့ ပုဂ္ဂိုလ် ကတော့ ညွတ်မနေနဲ့တော့ သူကိုယ်က လုပ်ရင်း ကုန်နေတယ်၊ ရှင်းကြပလား (ရှင်းပါတယ် ဘုရား)။

ဝိဝဋ္ဋဒါနဖြစ်တယ်

ဒါန လှူတဲ့ ပုဂ္ဂိုလ်ကလည်း အာသဝေါတရား ကုန်ရာကို ပြောင်းဖြစ်အောင် ပြောင်းမှ သာလျှင်တဲ့ ဒကာ ဒကာမတို့ ဝိဝဋ္ဋဒါန ဖြစ်မယ်။ ဒါနတော့ ဒါနပဲ၊ ဘာဒါနပါလိမ့် (ဝိဝဋ္ဋဒါနပါ ဘုရား)။

နို့မို့လို့ ရှိရင်ဖြင့် ဝဋ္ဋဒါန ဖြစ်သွားမယ် ကာမာသဝနဲ့ ဒီခန္ဓာကြီးခင်ပြီး ဒီခန္ဓာကြီး အန္တရာယ် ကင်းဖို့ အင်း အန္တရာယ် ကင်းဖို့ ဘေးကင်းဖို့ ဆိုရင် ဝဋ္ဋဒါနဖြစ်ပြီ။

ဒီခန္ဓာကြီးမျိုး နောက်ရချင်လို့ ဟိုနောက်ဘဝလည်း ဒီခန္ဓာထက် ကောင်းတာကြီး ရချင်လို့ ဆိုလို့ရှိရင် ဘဝါသဝဖြစ် သွားပြီ၊ ဝဋ္ဋဒါနပဲ ဖြစ်မှာပါ။

အဲဒီတော့ ဒီ ဒိဋ္ဌာသဝကလည်း ငါလုပ်ရင် ငါရမှာပဲ ဆိုတဲ့ ဒိဋ္ဌာသဝကလည်း လိုက်မှာပဲ (လိုက်မှာပါ ဘုရား)။

အဝိဇ္ဇာသဝကလည်း မသိတဲ့ အတွက် နောက်ဘဝ လူ ကောင်း နတ်ကောင်း ဖြစ်ရပါလို၏ ဆိုရင်တော့ အဝိဇ္ဇာသဝက လည်း မသိတော့ အဝိဇ္ဇာသဝ ကလည်း ပါနေတယ် (မှန်လှပါ ဘုရား)။

အာသဝနယ်က လွတ်ချင်ရင်

အာသဝနယ်က လွတ်ပါ့မလား (မလွတ်ပါ ဘုရား) ဒါဖြင့် အာသဝနယ်က လွတ်တဲ့ အလွတ် အလှူ ဖြစ်ချင်လို့ ရှိရင်ဖြင့် သဗ္ဗေ သင်္ခါရာ အနိစ္စာကို ယဒါ ပညာယ ပဿတိနဲ့ ကြည့်ပြီး သကာလလုပ်ပါ။

ကြည့်ပြီးလုပ်တော့မှ အာသဝေါတရား ကုန်တယ်၊ အဲဒီ အခုကုန်တဲ့ နေရာ တို့ဖြင့် တပည့်တော်တို့ အရောက်ကြီးရောက် အပေါက်ကြီး ပေါက်ရပါလို၏ ပြင်ပစ်ရမယ်၊ တော်တော် အရေးကြီး တယ်နော် (အရေးကြီးပါတယ် ဘုရား)။

တော်တော့်ကို အရေးကြီးတယ် ဆိုတာဖြင့် ဒကာ ဒကာမတို့ လှိုက်လှိုက်လှဲလှဲ ပြောနေ ကတည်းက ဒကာသစ် ရိပ်မိဖို့ ကောင်းတယ် (မှန်လှပါ ဘုရား)။

ဒါ အလှူပွဲထဲမှာ ဆိုလို့ရှိရင် ဒကာကြွယ်၊ ဘုန်းကြီးတို့ ပြောလို့ ရှိရင်တော့ လွယ်ကူတယ် ပေါ့ဗျာ၊ အခြားသော ပုဂ္ဂိုလ် ပြောနေရင် ဘာပြော နေမှန်းလည်း သိမှာ မဟုတ်ဘူး၊ ပြောဖို့ ကလည်း ဝန်က လေးလေးနဲ့ ဆိုရင်ဖြင့် တစ်ခါတည်း ဘုန်းကြီး ဆိုတာလည်း ဆိုတဲ့အတိုင်း ဖြစ်ရပါလို၏ ဖြစ်သွားမှာပဲ (မှန်လှပါ ဘုရား)။

ဉာဏ်က လှည့်ဖြစ်ပါ့မလား (မလှည့်ဖြစ်ပါ ဘုရား)။ ဆိုတဲ့အတိုင်း ဖြစ်ရပါလို၏ ဆိုတော့ သူဆိုချင်တာ ငါ့ဟာချည်း အောက်မေ့နေလို့ ရှိရင်လည်း ဘာဆိုမှန်းလည်း မသိနိုင်၊ ခက်ပါသေးရဲ့၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဝိပဿနာဉာဏ်က ခဏပယ်တယ်

အဲဒါကြောင့် အာသဝေါတရား ကုန်ရာ ဆိုတာ ဝိပဿနာ ရှုပြီး သကာလ မြင်တော့မှ အင်း ဒီအခုရှုတဲ့ အခိုက်အတန့်မှာ အာသဝေါက ငြိမ်းနေတယ်၊ တဒင်္ဂအားဖြင့် ဝိပဿနာဉာဏ်က ပယ်ထား လိုက်တယ်။

ပယ်ထားတော့ကို ခန္ဓာကိုယ်ထဲမှာ ေဩာ် အခု ငြိမ်း ချမ်းသာယာတာလေး တွေ့ရတယ်၊ အာသဝေါ ကလေး ခေတ္တ ချုပ်တာနဲ့ ငြိမ်းချမ်း သာယာမှုလေး ရနေတယ်။

ငြိမ်းချမ်းမှုအစစ်ရလိုလို့

ဒီငြိမ်းချမ်းသာယာမှု အစစ်ကြီးကို ရလိုလို့ လှူဒါန်းပါ၏ ၏ လို့ ပြင်လိုက်ပါ (မှန်ပါ့ ဘုရား)။ ပြင်လိုက်ပါ၊ ပြင်လိုက်ပါ။

ဒီအချိန်မှာ ဦးချမ်းတို့ ဒေါ်ခန့်တို့ စိတ်ပြင်ဖို့ အရေးပါပဲ၊ သဘောကျပလား (ကျပါပြီ)။

“ဣဒံ မေ ပုညံ၊ အာသဝက္ခယံ ဝဟံ ဟောတု” ဆိုတဲ့ ဥစ္စာဖြင့် ဣဒံ မေ ပုညံ၊ မေ-တပည့်တော်၏၊ ဣဒံ ပုညံ – ဤဘုရား တည်ထား ကိုးကွယ်တဲ့ ကုသိုလ်သည်၊ အာသဝက္ခယံ – အာသဝေါ တရား လေးပါးတို့၏ ကုန်ရာကို၊ ဝဟံ – ရွက်ဆောင် နိုင်သည်၊ ဟောတု- ဖြစ်ပါ စေသတည်း ဆိုတာ ဟောဒီ ဉာဏ်က ရွက်ဆောင်တာ (မှန်ပါ့)။

ဉာဏ်က ရွက်ဆောင်ပေးမှာ

ဘယ်သူက ရွက်ဆောင်ပေးမှာလဲ (ဉာဏ်က ရွက်ဆောင် ပေးမှာပါ ဘုရား)။ ကိုင်း ဉာဏ်က ရွက်ဆောင် ပေးမှာ ဖြစ်လို့ ဉာဏ်က အလိုလို ပေါ်သလားတဲ့၊ သဗ္ဗေ သင်္ခါရာ အနိစ္စာ မြင်မှ ပေါ်လာတယ် (မှန်လှပါ ဘုရား)။

နဂိုက ပေါ်လာတာ ဟုတ်ကဲ့လား (မဟုတ်ပါဘူး ဘုရား)။ နဂိုက ပေါ်လာတာက ကမ္မဿကတ ဉာဏ်သာ ပေါ်လာတယ်၊ ကံ၊ ကံ၏ အကျိုးကို ယုံကြည်ပြီး လှူဒါန်းတဲ့ဉာဏ်သာ ဒကာကြွယ် ပေါ်လာတယ် (မှန်လှပါ ဘုရား)။

ဝိပဿနာဦးစီးပြီး တည်ထားပါ၏

ခုနက ဝိပဿနာဉာဏ် ပေါ်လာရဲ့လား (မပေါ်လာပါ ဘုရား)၊ မပေါ်လာဘူး ဆိုတာ သေချာ မနေဘူးလား (သေချာ နေပါတယ် ဘုရား)။

အဲဒါကြောင့် ခုဟာ ဝိပဿနာဉာဏ်နဲ့ ဦးစီးပြီး တည်ထား ကိုးကွယ်ပါ၏လို့ ပြောင်းကြပါ သဘောကျပလား (ကျပါပြီ)၊ ကိုင်း- ဒါ အင်မတန် အရေးကြီးနေပြီ (မှန်ပါ့)။

ဒီထက် တစ်ခါ ဒကာ ဒကာမတွေက တိုးတက်လိုက် ပါဦးလို့ ဆိုပြီး ဦးဘအုန်းရေ ဟောပြန် တယ်နော် (မှန်ပါ ဘုရား)။

ဉာဏ်နဲ့ကြည့်တဲ့ အခါတိုင်း၌ ဉာဏ်နဲ့ ကြည့်ပြီး နေတော့ ခုနကတော့ဖြင့် အာသဝေါတရား ကုန်တာ ကုန်တာပါပဲ၊ ကုန်သည် ထက် ကုန်အောင် ကြည့်စမ်းပါ ဆိုတော့ ဒုက္ခေ၊ ဒါ ဒုက္ခသစ္စာ ပဲလို့ မြင်အောင် ကြည့်ပေးပါ (မှန်လှပါ ဘုရား)။

“အထ နိဗ္ဗိန္ဒတိ ဒုက္ခေ” အထ- ထိုသို့ကြည့်သောအခါ၌၊ ဒုက္ခေ-ဒုက္ခသစ္စာ၌၊ နိဗ္ဗိန္ဒတိ- ငြီးငွေ့ ရဦးမယ်၊ ငြီးငွေ့ရဦးမှာတဲ့ (မှန်လှပါ ဘုရား)။

ဒုက္ခသစ္စာကြီးကို ငြီးငွေ့ရမယ်

ဒကာ ဒကာမတို့ ဘာလုပ်ရဦးမှာလဲ (ငြီးငွေ့ရဦးမှာပါ ဘုရား)၊ ငြီးငွေ့ရဦးမှာ ဆိုတော့ ဒီဒကာ ဒကာမတို့ သင်္ခါရ ဒုက္ခကြီး။

သင်္ခါရာ၊ ပျက်သွားတာက ဒုက္ခ၊ ပြုပြင်တာက သင်္ခါရ၊ ပျက်သွားတာက ဒုက္ခ၊ အတူတူပဲ မဟုတ်လား (ဟုတ်ပါတယ် ဘုရား)၊ ပြုပြင်လို့ ပေါ်လာတာက (သင်္ခါရ) ပျက်သွားတာက (ဒုက္ခပါ ဘုရား)။

အင်း ဒါဖြင့် သဗ္ဗေ သင်္ခါရာ ဒုက္ခာထဲ ဝင်သွားတယ်၊ ဒုက္ခ သစ္စာ ဖြစ်သွားတယ်၊ ဒုက္ခသစ္စာ မဖြစ်သေးဘူးလား (ဖြစ်ပါတယ် ဘုရား)၊ အင်း ဒေါ်ခန့်တို့ ခန္ဓာငါးပါး ဦးချမ်းတို့ ခန္ဓာငါးပါးဟာ ဘာသစ္စာ ပါလိမ့် (ဒုက္ခသစ္စာပါ ဘုရား)။

ကြည့်လေသဗ္ဗေ သင်္ခါရာ ဒုက္ခာလို့ လည်း ဟောထား တယ်၊ သဘောကျပလား (ကျပါတယ် ဘုရား)၊ ဒုက္ခသစ္စာကော မဖြစ်သေးဘူးလား (ဖြစ်ပါတယ် ဘုရား) အဲဒီ ဒုက္ခကြီးကို ပွေ့ချင် သေးလား၊ ပိုက်ချင် သေးသလား နောက်ထပ်များ အသုံးချချင်သေး သလား မေးရင် ဘယ့်နှယ်ဖြေမလဲ (မချချင်တော့ပါ ဘုရား)။

သူ့တော်တော်မုန်းလာလို့

မချချင်လို့ ရှိရင် သူတော်တော် မုန်းတာ၊ သူတော်တော် မုန်းလာပြီ၊ မချချင်သေးလို့ ရှိရင် သူ့ တော်တော်မုန်းလာပြီ (မှန်ပါ့ ဘုရား)။

အဲဒါသည်ကားလို့ဆိုလို့ရှိရင် အထ နိဗ္ဗိန္ဒတိ ဒုက္ခေ၊ ဒုက္ခ သစ္စာသည် ဒုက္ခသစ္စာကြီး ရွံ့မုန်းငြီးငွေ့ပြီး လှူဒါန်းပါ၏လို့ ပြောင်းရ လိမ့်မယ် (မှန်လှပါ ဘုရား)၊ ကိုင်း အားလုံး တစ်ပွဲလုံး လိုက်ကြ။

(ရေစက်ချ) တပည့်တော် တပည့်တော်မတို့ သည်၊ ဤဘုရားကို တည်ထား ကိုးကွယ်ရသော မဂ်ဉာဏ်ဖြင့် ဒုက္ခသစ္စာ ခန္ဓာကိုယ် ကြီးကို ငြီးငွေ့ခြင်း၊ ပျင်းရိခြင်း၊ မလိုချင်ခြင်း ရှိသည်ဖြစ်ပါ၍ အာသဝေါတရား ကုန်ရာကိုသာ ရောက်လိုခြင်း၊ ရလိုခြင်းဆန္ဒ၊ ပြင်းပြသည်ဖြစ်ပါ၍ တည်ထား ကိုးကွယ်ပါ၏ အရှင်ဘုရား။

ဒါကို ငြီးငွေ့ပြီး သကာလ ဒါကြီးကို ငြီးငွေ့ပြီး ဒါမလိုချင် လို့ကို ဒီဘုရားကို အများ ကိုးကွယ် ရအောင် တည်ထား ကိုးကွယ် တယ် ဆိုတဲ့ အဓိပ္ပာယ်ဟာ ကိုယ့်သန္တာန် မလိုချင်လို့ကို တည်ထား ကိုး ကွယ်တာ (မှန်ပါ့ ဘုရား)။

တည်ထားကိုးကွယ်တဲ့ နိဗ္ဗိန္ဒဉာဏ်နဲ့ နိဗ္ဗာန် သွားမလို့ ကိုးကွယ်တာ၊ နိဗ္ဗိန္ဒဉာဏ်နဲ့ ဘုရား ပြုပြင်တာ (မှန်လှပါ ဘုရား) ကိုင်း- ဒါဖြင့် နေရာကျပါပြီ။ ရှေ့တစ်ဆင့်တက်ပါဦး။

ဒကာဒကာမတို့ ရှေ့တစ်ဆင့် တက်ပါဦး “အထ နိဗ္ဗိန္ဒတိ ဒုက္ခေ” သာ ဖြစ်သေးတာကိုး၊ နိဗ္ဗိန္ဒတိ- ငြီးငွေ့ပြီ၊ ဒါ နိဗ္ဗိန္ဒဉာဏ် ဒကာသစ် ဖြစ်လာပြီ၊ ဒီက ဒုက္ခဖြစ်သွားပြီ (မှန်လှပါ ဘုရား)။

ဒုက္ခေ နိဗ္ဗိန္ဒတိ ဖြစ်သွားပြီ၊ ခုနကတော့ ပညာယ ပဿတိ ပဲ ဖြစ်တယ် (မှန်ပါ)၊ ခုနကတော့ “ယဒါ ပညာယ ပဿတိ” ပဲဖြစ်တယ်၊ အခုတော့ ဒုက္ခေ နိဗ္ဗိန္ဒတိ သွားဖြစ်တယ်။ သဘောကျ ပလား (ကျပါပြီ)။ ဘာဖြစ်သွားသလဲ (ဒုက္ခေ နိဗ္ဗိန္ဒတိ ဖြစ်ပါတယ် ဘုရား)။

ခုနကတုန်းကကို “ယဒါ ပညာယ ပဿတိ” ဆိုတော့ ဝိပဿနာဉာဏ်နဲ့သာ မြင်တယ်၊ အခုဟာက နိဗ္ဗိန္ဒဉာဏ်နဲ့ မြင်တာ (မှန်လှပါ ဘုရား)။ သဘောကျပလား (ကျပါပြီ ဘုရား)။

ဘယ်ဉာဏ်နဲ့ မြင်ပါလိမ့် (နိဗ္ဗိန္ဒဉာဏ်နဲ့ မြင်တာပါ ဘုရား)၊ နိဗ္ဗိန္ဒဉာဏ်နဲ့ မြင်တယ် ဆိုတာ သေချာပလား၊ (သေချာပါပြီ ဘုရား)။

ခန္ဓာကြီးကို ငြီးငွေ့တာ

ကိုင်း-ဒါဖြင့် နိဗ္ဗိန္ဒဉာဏ်နဲ့ မြင်သည့် တိုင်အောင်လည်း အာသဝေါတော့ ကုန်တာ အမှန်ပါပဲ၊ ဘယ်သူ့ ငြီးငွေ့တာတုံး ဆိုလို့ရှိရင် ဒီခန္ဓာကြီး ငြီးငွေ့တာ၊ ဒီဒုက္ခသစ္စာကြီး ငြီးငွေ့တာ (မှန်လှပါ ဘုရား)။

ဒုက္ခသစ္စာခန္ဓာကြီး ငြီးငွေ့ တော့ ကာမာသဝကလည်း ဒုက္ခသစ္စာ ခန္ဓာကိုယ်ကြီး ငြီးငွေ့တော့ ကာမာသဝက ရှိသေးရဲ့လား (မရှိတော့ပါ ဘုရား)။

ဟိုဘဝကလည်း ဒုက္ခသစ္စာ ခန္ဓာကြီးပဲ ရမှာဖြစ်နေတော့ ငြီးငွေ့နေတော့ ဘဝါသဝ ကကော (မရပါ ဘုရား)။

ခန္ဓာကိုယ်ကြီး ငြီးငွေ့ ပါတယ် ဆိုကတည်းကိုက ငါ့ကိုယ်၊ ငါ့ဟာ ဟုတ်သေးရဲ့လား (မဟုတ်တော့ပါ ဘုရား)။ မဟုတ်သေးရင် ဒိဋ္ဌာသဝလည်း ချုပ်တယ်။

ဒီခန္ဓာကိုယ်ကြီးဟာ ဒုက္ခသစ္စာလို့ သိနေတော့ အဝိဇ္ဇာ ရှိရင် မသိဘူး၊ အခုတော့ ဝိဇ္ဇာနဲ့ သိနေတော့ အဝိဇ္ဇာသဝက လည်း ချုပ်တယ် (မှန်ပါ့ ဘုရား)။

ဒီလို ငြီးငွေ့အောင် ရှုလိုက် ပြန်တော့လည်း ကြည့်လိုက် ပြန်တော့လည်း ဒကာ ဒကာမတို့ နိဗ္ဗိန္ဒဉာဏ်နဲ့ လှူတာပါပဲ (မှန်လှပါ ဘုရား)၊ ကဲလိုက်ကြ။

နိဗ္ဗိန္ဒဉာဏ်ဖြင့် လှူဒါန်းပါ၏

တပည့်တော် တပည့်တော်မတို့သည် ဤခန္ဓာကိုယ်ကြီးကို ဒုက္ခသစ္စာ အမှန်ဖြစ်ပါ၏ဟု သိသော နိဗ္ဗိန္ဒဉာဏ်ဖြင့် ပြင်းပြ၍ လှူဒါန်းပါ၏။ ဤစေတီကို တည်ထားပါ၏၊ အများ ကိုးကွယ်ရန် ဆောက်လုပ် ထားပါ၏ အရှင်ဘုရား။

ကိုင်း-ခန္ဓာ ငြီးငွေ့သွားတာက အာသဝေါ တရားလည်း ကုန်သေးတယ်၊ ခန္ဓာငြီးငွေ့ပြီး သကာလ၊ ဒီစေတီတော် တည်ထားပြီး သကာလ ငြီးငွေ့တဲ့ဉာဏ်နဲ့ စေတီ တည်ဆောက်တယ်။

စေတီ တည်ဆောက်တာသည် ငြီးငွေ့တဲ့ဉာဏ်နဲ့ တည် ဆောက်တယ်လို့ မှတ်ထားပါ (မှန်လှပါ ဘုရား)။

တရားနှလုံးသွင်းကြ၊ ဒီဥစ္စာ ခန္ဓာဉာဏ်ရောက် နှလုံးသွင်းကြပါနော်။

အခု အထ နိဗ္ဗိန္ဒတိ ဒုက္ခေ တော့ ပြီးသွားပြီ၊ ကဲ နှစ်ချက် ပြီးသွားပြီ၊ ခုနက (၁)နံပါတ်က “သဗ္ဗေ သင်္ခါရာ အနိစ္စာ၊ ယဒါ ပညာယ ပဿတိ” နဲ့ ကြည့်လိုက်တာက ဝိပဿနာဉာဏ်၊ “ဒုက္ခ နိဗ္ဗန္တိ” ဆိုတာက နိဗ္ဗိန္ဒဉာဏ် (မှန်လှပါ ဘုရား)။

ဘာဖြစ်ဖို့လိုသေးသတုံး

ခန္ဓာငါးပါးက ဒုက္ခသစ္စာ၊ နိဗ္ဗိန္ဒတိက နိဗ္ဗိန္ဒဉာဏ် (မှန် လှပါ ဘုရား)၊ ဧသ မဂ္ဂေါ ဝိသုဒ္ဓိယာ ဖြစ်ဖို့ လိုသေးတယ်၊ ကိုင်း ကြပ်ကြပ် စဉ်းစားကြပါ ဘာလိုသေးတုံး (ဧသ မဂ္ဂေါ ဝိသုဒ္ဓိယာ လိုသေး ပါတယ် ဘုရား)။

“သဗ္ဗေ သင်္ခါရာ အနိစ္စာ၊

ယဒါ ပညာယ ပဿတိ၊

အထ နိဗ္ဗိန္ဒတိ ဒုက္ခေ၊

ဧသ မဂ္ဂေါ ဝိသုဒ္ဓိယာ”

ဧသ မဂ္ဂေါ ဆိုတဲ့ ဥစ္စာ ဒါ မဂ်စစ်ဖြစ်ရမယ် (မှန်ပါ့ ဘုရား)။ သူက ဝိသုဒ္ဓိယာ ဖြစ်ရမယ် (မှန်လှပါ ဘုရား)။

ဝိသုဒ္ဓိ ဆိုတာက ကိလေသာ အညစ်အကြေးတို့မှ အလုံး စုံကပ်ငြိခြင်း မရှိတဲ့ စင်ကြယ်တဲ့ သူက နိဗ္ဗာန်ဖြစ်ရမယ်၊ သဘော ကျပလား (ကျပါပြီ ဘုရား)။

ဒီက ဘာဖြစ်ရမယ် ဧသ မဂ္ဂေါ၊ ဒီဘက်က ခန္ဓာက ဘာဖြစ်ရမယ် (ဝိသုဒ္ဓိ ဖြစ်ရမှာပါ ဘုရား)၊ သူက ဝိသုဒ္ဓိ ဖြစ်ရမယ်။ သူက နိဗ္ဗာန်ကို ဖြစ်ရဦးမယ်။

ကိုင်း-ဒီဥစ္စာ ဒကာ ဒကာမတို့ နာရီကလည်း နည်းနည်း ကျန်တော့တယ်၊ သေသေချာချာ နားထောင်ကြပါ။ ဦးဘအောင် ရေ ဒီနှစ်ချက် ပြီးသွားတာကော သဘောကျကြရဲ့လား (ကျပါတယ် ဘုရား)။

“သဗ္ဗေ သင်္ခါရာ အနိစ္စာ၊ ယဒါ ပညာယ ပဿတိ” က တစ်နံပါတ်ဉာဏ်၊ ဒါဝိပဿနာ သမားများမှာ တစ်နံပါတ်က စရမယ် (မှန်လှပါ ဘုရား)။

နောက်နှစ် နံပါတ် ဉာဏ်တက်ချင် ရင်တော့ “ဒုက္ခေ နိဗ္ဗိန္ဒတိ” လုပ်ရမယ် “အထ နိဗ္ဗန္ဒတိ ဒုက္ခေ”၊ ဒုက္ခေကို နိဗ္ဗိန္ဒတိ နဲ့ တွဲရ မယ်၊ ဒါဒုက္ခသစ္စာ ဖြစ်သွားပြီး သကာလ ဖြစ်ဒုက္ခ၊ ပျက်ဒုက္ခပါ လားလို့ ငြီးငွေ့တဲ့ ဉာဏ်နဲ့ လှူရမယ် (မှန်လှပါ ဘုရား) သဘော ကျပလား (ကျပါပြီ)။

ဝိသုဒ္ဓိက ဘာပါလိမ့်

ကဲ တတိယ အချက်ကတော့ “ဝိသုဒ္ဓိယာ”နဲ့ “မဂ္ဂေါ” (မှန်ပါ့ ဘုရား)၊ မဂ္ဂေါသည် သူက မဂ္ဂင်ရှစ်ပါး ဖြစ်ရမယ်၊ သူက ဝိသုဒ္ဓိ ဖြစ်ရမယ်။

ဝိသုဒ္ဓိ ဆိုတာ ဒကာ ဒကာမတွေ ရှင်းရှင်းလင်းလင်း မှတ်လိုက်စမ်းပါ။ နိဗ္ဗာန် ဖြစ်တယ်၊ သဘော ကျပြီလား (ကျပါပြီ)၊ ဝိသုဒ္ဓိ က ဘာပါလိမ့် (နိဗ္ဗာန်ပါ ဘုရား)၊ မဂ္ဂေါက (မဂ်ဉာဏ် ပါ ဘုရား)၊ မဂ်ဉာဏ်။

ဝိပဿနာအလုပ်စဉ်

ဝိသုဒ္ဓိက (နိဗ္ဗာန်ပါ ဘုရား)၊ မဂ္ဂေါက (မဂ်ဉာဏ်ပါ ဘုရား)၊ အဲဒီ ကျအောင် ဒကာ ဒကာမတွေက ဒါအလုပ်စဉ်လည်း ပါသွားတဲ့́ တရားလို့ မှတ်လိုက်စမ်းပါ (မှန်လှပါ ဘုရား)။

ေဩာ် တစ်နံပါတ်က ဘာလုပ်ရမှာတုံးဆိုရင် ဖြစ်ပျက် မြင်အောင်ကြည့်ရမယ်။

နှစ်နံပါတ်က ဖြစ်ပျက် မုန်းအောင် ကြည့်ရမယ်၊ ဒီပါဠိတော် က လာနေတာ၊ သဘောပါ ကြပါလား (ပါပါတယ် ဘုရား)။

သုံးနံပါတ်က ဖြစ်ပျက် ဆုံးအောင် ကြည့်ရမယ် ဆိုတော့ သူက ဝိသုဒ္ဓိ ဖြစ်သွားတော့ စင်ကြယ် သွားတော့ ဘာရှိသေးသလဲ (မရှိပါဘူး ဘုရား)၊ ဆုံးအောင်ကြည့် ဆိုတော့ ဝိသုဒ္ဓိကို ဆိုတာ (မှန်ပါ)။

ဒါ သေသေချာချာမှတ်ပါ၊ ဒီပါဠိတော်ဟာ အင်မတန်မှ နိဗ္ဗာန်ကို အတိုကောက်နဲ့ ဝင်တဲ့ ပါဠိတော်တို့ မှတ်လိုက်စမ်းပါ (မှန်လှပါ ဘုရား)၊ သဘောကျကြပလား (ကျပါပြီ ဘုရား)။

သောတာပန်ဖြစ်ရင် လေးပုံတစ်ပုံကုန်တယ်

ကိုင်း ဒါဖြင့် သူ့ကို ဝိသုဒ္ဓိဖြစ်အောင် လုပ်ကြဦးစို့ နော်။ သူ ဝိသုဒ္ဓိဖြစ်လို့ ရှိရင် ဟောဒီ အာသဝေါ တရား လေးပါးက ဒကာ ဒကာမတို့၊ သောတာပန် ဖြစ်လို့ ရှိရင်လည်း လေးပိုင်းတစ်ပိုင်း ကုန်မှာပဲ (မှန်လှပါ ဘုရား)။

ကာမာသဝက လေးပိုင်းတစ်ပိုင်း ကုန်မယ်။ ဘဝါသဝက လည်း လေးပိုင်းတစ်ပိုင်း ကုန်မယ် (မှန်လှပါ ဘုရား)။

ဒိဋ္ဌာသဝက စင်းလုံးချော ကုန်မယ်

ဒိဋ္ဌာသဝက စင်းလုံးချောကုန်မယ် (မှန်လှပါ ဘုရား)၊ မရှိ တော့ဘူး၊ ဒိဋ္ဌာသဝက လုံးဝမရှိဘူး။

အဝိဇ္ဇာသဝက လေးပိုင်း တစ်ပိုင်း ကုန်မယ် (မှန်လှပါ ဘုရား)၊ လေးပိုင်းတစ်ပိုင်း ဆိုရင် သုံးကျန်ရစ်တာပေါ့၊ သဘော ကျပလား (ကျပါပြီ)။

ကိုင်း ဒါဖြင့် အခု နိဗ္ဗိန္ဒတိ၊ ဒုက္ခေ ဆိုတော့ အာသဝေါတရား တွေသည်ကားလို့ ဆိုရင်ဖြင့် ခဏတော့ဖြင့် ကုန်နေကြတာပဲ (မှန်လှပါ ဘုရား)။

ကိုင်း ဒါဖြင့် ဝိသုဒ္ဓိ ဖြစ်အောင် လုပ်ကြပါစို့ ဆိုတော့ ဒီခန္ဓာကိုယ်ကြီး ဒကာ ဒကာမတို့ ဖြစ်တာလည်း ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)၊ ပျက်တာလည်း (ဒုက္ခသစ္စာပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ)။

ဒုက္ခပိုင်ပိုင်နိုင်နိုင်သိတယ်

ဖြစ်တာလည်း (ဒုက္ခသစ္စာ)၊ ပျက်တာလည်း – (ဒုက္ခသစ္စာ)၊ ဒီလို ကြည့်လိုက်တော့ ဒုက္ခ ပိုင်ပိုင်နိုင်နိုင် သိသွား ရော (မှန်လှပါ ဘုရား)။

ဘယ်လို ပိုင်ပိုင်နိုင်နိုင် သိသလဲလို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက မေးလို့ ရှိရင်ဖြင့် အဖြစ်လည်း မကြိုက်တော့ဘူး၊ အပျက်ကော (မကြိုက်တော့ပါ ဘုရား)။

အဖြစ် ဘာသစ္စာမို့ မကြိုက်သလဲ (ဒုက္ခသစ္စာမို့ပါ ဘုရား)၊ အပျက်လည်း ဘာဖြစ်လို့ မကြိုက်သလဲ (ဒုက္ခသစ္စာ မို့ပါ ဘုရား)။

မကြိုက်တာသည် မဂ်ပဲ မကြိုက်တာသည် (မဂ်ပါ ဘုရား)၊ မဂ်လာတဲ့ အခါကျလို့ ရှိရင်ဖြင့် ဒကာ ဒကာမတို့၊ မဂ်ဆိုတာ နိဗ္ဗာန်ကိုသာ မြင်တော့တယ် ခန္ဓာဖြစ်ပျက် မမြင်တော့ ဘူး (မှန်လှပါ ဘုရား)။

ခန္ဓာ ဒုက္ခသစ္စာတွေ မမြင်တော့ဘူး၊ မြင်သေးရဲ့လား (မမြင်တော့ပါ ဘုရား)၊ အဲဒီတော့ကို ဒီဥစ္စာ ဒကာ ဒကာမတွေက အင်း-ဒီဥစ္စာ ဒုက္ခသစ္စာ တွေပါလား မလိုချင်တော့ပါဘူး ဆိုတော့ သူက ဝိသုဒ္ဓိ ဖြစ်သွားတယ်။

ဝိသုဒ္ဓိဆိုတာ စင်ကြယ်သွားတာ

ဝိသုဒ္ဓိဆိုတာ စင်ကြယ်သွားတာ၊ ဝိသုဒ္ဓိလည်း သူကဖြစ် ပါရော ဒကာဒကာမတွေ ဒီက မဂ္ဂင် ရှစ်ပါး သွားပြည့်တယ်၊ သူက မဂ္ဂေါ သွားဖြစ်တယ် (မှန်လှပါ ဘုရား) ၊

ဒီက ဝိသုဒ္ဓိဖြစ်မှ ဒီက မဂ္ဂေါ သွားဖြစ်မယ်၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒီဝိသုဒ္ဓိ ဖြစ်တဲ့ နိဗ္ဗာန်ကို တပည့်တော်တို့ လိုချင်ခြင်း ဆန္ဒ ပြင်းပြသည် ဖြစ်၍ ဤဘုရား တည်ထား ကိုးကွယ်ပါ၏ ဆိုတဲ့ အဓိပ္ပာယ်လည်း ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဝိသုဒ္ဓိဖြစ်တဲ့ နိဗ္ဗာန်ကို ဟောဒီဉာဏ်နဲ့ လိုချင်လို့သာလျှင် လှူဒါန်း ပေးကမ်း တည်ထား ကိုးကွယ်ပါ၏၊ ရှင်းကြပလား (ရှင်းပါပြီ)။

ကိုင်း-ဒါဖြင့် ဒကာ ဒကာမတွေ ဝိပဿနာဉာဏ် ဘယ် နှစ်ဆင့်ပါလိမ့် (နှစ်ဆင့်ပါ ဘုရား)၊ အေး-ဝိပဿနာဉာဏ်က ဒကာသစ်က နှစ်ဆင့် (မှန်ပါ့ ဘုရား)။

မဂ်ဉာဏ်က (တစ်ဆင့်ပါ ဘုရား)၊ အဲ-ပေါင်းလိုက်တော့ (သုံးဆင့်ပါ ဘုရား)၊ အဲဒါ အိမ်ကျတော့လည်း ဒီအတိုင်းပဲ (မှန်လှပါ ဘုရား)။

သင်္ခါရတရား ပျက်တာကို ပထမ ဉာဏ်နဲ့ကြည့် (မှန်ပါ့)၊ ဒီသင်္ခါရ တရား ပျက်တာကို ဒုတိယ ငြီးငွေ့တဲ့ဉာဏ်နဲ့ ကြည့် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။

ဝိသုဒ္ဓိကနိဗ္ဗာန်

ဒီသင်္ခါရတရား ဒုက္ခသစ္စာ အစစ်ပဲလို့ ပိုင်ပိုင်နိုင်နိုင် သိအောင် ကြည့်လိုက်လို့ရှိရင် ဖြစ်ဒုက္ခ ပျက်ဒုက္ခပဲလို့ ပိုင်ပိုင်နိုင်နိုင် သိရလို့ ရှိရင်ဖြင့် ဒုက္ခသစ္စာ ဆုံးသွားပြီ (မှန်လှပါ ဘုရား)။

ဆုံးသွားတော့ ဝိသုဒ္ဓိနဲ့ မဂ်သွားဖြစ်တယ် (မှန်လှပါ ဘုရား)၊ ဝိသုဒ္ဓိက နိဗ္ဗာန်၊ မဂ်က မဂ်ဉာဏ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။

မဂ္ဂင်ရှစ်ပါးက မဂ်ဉာဏ်

ဝိသုဒ္ဓိက (နိဗ္ဗာန်)၊ အင်း- မဂ္ဂင်ရှစ်ပါးက (မဂ်ဉာဏ်ပါ ဘုရား)၊ အင်း- ဒါဖြင့် “ဝိသုဒ္ဓိယာ မဂ္ဂေါ” (မှန်လှပါ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ)။

ကိုင်း- ဒါဖြင့် ဒီဉာဏ်နဲ့ ဒီဝိသုဒ္ဓိ ဖြစ်ချင်လို့ လှူဒါန်းပါ၏ ဆိုတော့ ဒီကလည်း ဝိသုဒ္ဓိဖြစ်တဲ့ အချိန်ကျတော့ သူတို့က လုံးဝကို မရှိတော့ဘူး (မှန်လှပါ ဘုရား)။

ဒါဖြင့် အာသဝေါတရား ကုန်ရာ နိဗ္ဗာန် ဆိုတာသည် ဒီက ဝိသုဒ္ဓိဖြစ်တော့ သူကုန်လို့ (မှန်လှပါ ဘုရား)၊ ရုပ်နာမ်တွေက ဝိသုဒ္ဓိ ဖြစ်သွားတော့ အာသဝေါ တရားက (ကုန်ပါတယ် ဘုရား)၊ မကုန်ဘူးလား (ကုန်ပါတယ်)။

ကုန်တော့ကို ဒီက ကုန်တာနဲ့ ဒီက သမုဒယချုပ်တယ်၊ ဒီက ဒုက္ခချုပ်တယ်၊ သမုဒယရော ဒုက္ခရော ချုပ်တာက နိဗ္ဗာန်ပဲ (မှန်လှပါ ဘုရား)၊ ဒါ အသေအချာ မှတ်ပါ ဒကာ ဒကာမတွေ (မှန်လှပါ ဘုရား)။

ဒီအာသဝေါတရား ကုန်သွားတာလည်း ဒီက ဝိသုဒ္ဓိလည်း ဖြစ်ပါရော ဒီအာသဝေါတရား ရှိသေးရဲ့ လား (မရှိတော့ပါ ဘုရား)။

အာသဝေါစင်ကြယ်တဲ့ဝိသုဒ္ဓိ

ဒါဖြင့် အာသဝေါ တရားကလည်း ဝိသုဒ္ဓိလို့ ဆိုသဖြင့် ဘာဝိသုဒ္ဓိတုံးလို့ မေးတဲ့အခါ ဟောဒီ အာသဝေါ အညစ်အကြေး စင်ကြယ်တဲ့ ဝိသုဒ္ဓိ သွားဖြစ်တယ် (မှန်လှပါ ဘုရား)။

ဒါဖြင့် ဝိသုဒ္ဓိနဲ့ အာသဝ ကုန်တာနဲ့ ဘာထူးသေးလဲ (မထူးပါဘူး ဘုရား)၊ အာသဝ အညစ် အကြေး ကုန်တာကို ဘာခေါ် ကြမလဲ (ဝိသုဒ္ဓိ ခေါ်ပါတယ် ဘုရား)၊ ဝိသုဒ္ဓိပဲ ဆိုတော့ ဒီနှစ်ခုဟာ သမုဒယနဲ့ ဒုက္ခ ချုပ်သွားတာလို့ မှတ်လိုက် (မှန်လှပါ ဘုရား)။

ဘယ်လိုမှတ်ကြမလဲ (သမုဒယနဲ့ ဒုက္ခချုပ်သွားတာ ပါ ဘုရား)၊ အင်းသမုဒယနဲ့ ဒုက္ခချုပ်တာ ဘာခေါ်ကြမလဲ (ဝိသုဒ္ဓိပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် တပည့်တော်တို့ ဒီဉာဏ်နဲ့ အာသဝေါတရား ကုန်ရာ ဝိသုဒ္ဓိဖြစ်တဲ့ နိဗ္ဗာန်ကို ရည်မှန်းပြီး သကာလ ဒီဘုရား ဒီဘုရားကြီး ဆွမ်းဆန်တွေလှူလို့ ဒီထိုက်တန်တဲ့ သံဃာတွေကို အလှူငွေ ပေးကမ်းပြီး အမျိုးမျိုး အဖုံဖုံ လှူဒါန်း ဆိုတဲ့ ဥစ္စာသည် အင်မတန်မြတ်တဲ့ ဝိသုဒ္ဓိဖြစ်တဲ့ နိဗ္ဗာန်ကို အာသဝေါ တရားကုန် တာနဲ့ ဝိသုဒ္ဓိဖြစ်တဲ့ နိဗ္ဗာန်ကို တစ်ထပ်တည်း ဖြစ်အောင် တပည့် တော်တို့ ရချင်လို့ လှူဒါန်းပါ၏ (မှန်လှပါ ဘုရား)။

ရေစက်ချတော့မယ်

ဒါ အင်မတန်ရှင်းသွားပြီ ဦးဘအုန်း ရှင်းရဲ့ လား (ရှင်းပါပြီ ဘုရား)၊ ကိုင်း ဒါဖြင့် ဒကာ ဒကာမတွေ ရေစက်ချတော့ မယ်နော်၊ ကဲ ဦးချမ်းတို့က ရေစက်ခွက်ကိုင်ထား (မှန်ပါ့)၊ (၁ဝ)မိနစ် ကျန်တော့တယ်။

(ရေစက်ချ) ဘန္တေ- အရှင်ဘုရား မယံ-အကျွန်ုပ်တို့သည်၊ မယံ အကျွန်ုပ်တို့သည် ဆိုတော့ တပည့်တော်တို့ အကုန်ပဲ၊ ရာဂါဒီဟိ- ရာဂအစ ရှိကုန်သော၊ ဧကာဒသဂ္ဂီဟိ- တစ်ဆယ့် တစ်ပါးသော မီးတို့ဖြင့်၊ ပဋိပီဠိတံ- အလွန်အကဲ ညှဉ်းဆဲ နှိပ်စက်၍ နေထသော၊ ဒီဒကာ ဒကာမတွေ ဒီအထဲမှာ အကောင်း တစ်ယောက်မှ မပါဘူး (မှန်လှပါ ဘုရား)။

မီးဆယ့်တစ်မီး လောင်နေတယ်

ဆယ့်တစ်မီး လောင်နေတဲ့ ပုဂ္ဂိုလ်ချည်းပဲ၊ ဒီအထဲ ဒကာ ဒကာမတွေ ဘာဖြစ်နေကြလဲ (မီးဆယ့်တစ်မီး လောင်နေပါတယ် ဘုရား)၊ ဆယ့်တစ်မီး မသိမှာ စိုးတဲ့အတွက် တစ်ခါတလေ လောဘမီးက လောင်တယ် (မှန်လှပါ ဘုရား)။

တစ်ခါတလေ မကျေနပ်လို့ ဒေါသမီးက ဒီခန္ဓာကြီးပဲ လောင်တယ်၊ မီးက ခန္ဓာထဲ ဖြစ်တာကိုး၊ အခြားလူကူး လောင်သလား ကိုယ့်လောင်နေမှာလား (ကိုယ့်လောင် နေပါတယ် ဘုရား)။

လောဘမီး

လောဘမီးဟာ ဟဒယဝတ္ထုပေါ် ဖြစ်တယ် ဆိုတော့ အဲဒါ ဗဟိုချက်မကနေ စတောက်တာ (မှန်ပါ့ ဘုရား)၊ ဗဟိုချက်မကနေ စတောက်တော့ ခြေထောက်လည်း လောင်မှာပဲ၊ ခေါင်းလည်း လောင်မှာပဲ၊ ဗိုက်လည်း လောင်မှာပဲ (မှန်ပါ့ ဘုရား)။

ဒေါသမီး

ဒေါသမီးကလည်း ဗဟိုချက်မမှာ သွားပြီး စွဲတယ်။ ဒါဖြင့် အောက်လောင် အထက်လောင် ဆိုတော့ ကျန်စရာ ရှိသေးသလား (မရှိတော့ပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ ခန္ဓာကိုယ်ဟာ မီးလောင်ခြင်း , ခံနေရတဲ့ မီးလောင်စာ ခန္ဓာကိုယ် (မှန်လှပါ ဘုရား)၊ သဘောကျ ပလား (ကျပါပြီ)။

မောဟမီး

မောဟမီးကလည်း မသိတဲ့မီးကလည်း၊ အဝိဇ္ဇာက လောင်တာလည်း ဗဟိုချက်မကနေ လောင်တော့ ခုနကလိုပဲ အကုန်ပြောတာပဲ။

သောကမီး

သောကမီးက လောင်လိုက်တယ် ဆိုတော့ ဝမ်းထဲတင် လောင်တာလား ဝမ်းထဲကနေပြီး ရေငတ်လာအောင် ပူတာလား စဉ်းစားကြည့်ပါ (ရေငတ်လာအောင် ပူတာပါ ဘုရား)။

အင်း သူကတော့ ဗဟိုချက်မက နေပြီး လောင်သော ကြောင့် ဒကာ ဒကာမတို့ သောကမီး စိုးရိမ်တယ် ဆိုလို့ရှိရင် တစ်ကိုယ်လုံး လောင်ချတာပဲ (မှန်လှပါ ဘုရား)။

ပရိဒေဝမီး

ပရိဒေဝမီး ငိုချင်တယ် ဆိုတော့ မျက်ရည်ကို ရေလျှံထွက် ထွက်လာတာပဲ၊ အဲဒါ မဆန့်လို့ ထွက်လာတာ (မှန်ပါ့ ဘုရား)။ ဒါဖြင့် ဝမ်းထဲက လောင်တယ် ဆိုတာ သေချာပလား (သေချာပါ တယ် ဘုရား)။

ဒုက္ခမီး

ဒုက္ခမီးဆိုတော့ စိတ်၏ဒုက္ခ၊ ကိုယ်၏ ဒုက္ခကော မရှိဘူး လား (ရှိပါတယ် ဘုရား)၊ အေး ကိုယ်၏ ဒုက္ခကလည်း ချွေးတွေ များထွက်လို့ (မှန်ပါ့)၊ စိတ်ကလည်း ဝမ်းထဲကပြည့်မှ ပြည့် စုံပါ့မလား ဆိုတဲ့ မကျေနပ်မှုတွေဟာ မရှိဘူးလား (ရှိပါတယ် ဘုရား)၊ အဲဒီတော့ တစ်ကိုယ်လုံးမှာ မလောင်ဘူးလား (လောင်ပါတယ် ဘုရား)၊ သဘောကျပြီ မဟုတ်လား (သဘော ကျပါပြီ ဘုရား)။

လောဘ၊ ဒေါသ၊ မောဟ၊ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသ ဆိုတော့ ရှစ်မီး မနေဘူးလား (နေပါတယ် ဘုရား)။

လောင်စာက ခန္ဓာ

အဲ မီးလောင်စာက ခန္ဓာတစ်ခုတည်း မီးက ဆယ့်တစ်မီး ဝိုင်းလာတယ်၊ သဘောကျပလား (ကျပါပြီ)၊ ဒီခန္ဓာကိုယ် ကြီး ဘယ်နှစ်မီးများ လောင်သလဲ (ဆယ့်တစ်မီး လောင်ပါတယ် ဘုရား)။

ဆယ့်တစ်မီး လောင်နေသော ခန္ဓာကိုယ်ကြီးကို ရွံ့ခြင်း၊ မုန်းခြင်း၊ ပျင်းရိခြင်း၊ ငြီးငွေ့ခြင်း ရှိသည် ဖြစ်ပါ၍ ဒီမီးတွေ သိမ်းရာ၊ ငြိမ်းရာ ဖြစ်တဲ့ နိဗ္ဗာန် ရည်မှန်းပြီး စေတီ တည်ထား ကိုးကွယ် ဤဆန်တွေ လှူဒါန်း၊ ဤလက်ဖက်ရည် အချို အစရှိသည်တို့ကို လှူဒါန်း ပေးကမ်းပါ၏ လို့ ပြောင်းလိုက် (မှန်လှပါ ဘုရား)။

ဆယ့်တစ်မီး ငြိမ်းရာ နိဗ္ဗာန်ကြီးသို့ ရောက်တော့မယ်။ ဘာလို့ လုပ်တာပါလိမ့် (ဆယ့်တစ်မီး ငြိမ်းဖို့ လုပ်တာပါ ဘုရား)၊ ဘယ်နှစ်မီးပါလိမ့် (ဆယ့်တစ်မီးပါ ဘုရား)။

ဆယ့်တစ်မီးငြိမ်းချင်လွန်းလို့

အင်း ဆယ့်တစ်မီး ငြိမ်းချင်လွန်းလို့ လုပ်တယ်လို့ တစ်ခါ တည်း ပြောင်းလိုက် (မှန်လှပါ ဘုရား)။

ဒါဖြင့် ရာဂါဒီဟိ- ရာဂ အစရှိကုန်သော ဧကာဒသဂ္ဂီဟိ- ဆယ့်တစ်ပါးသော မီးတို့ဖြင့် ပဋိပီဠိတံ- အလွန်အကဲ ညှဉ်းဆဲ၍ နေထသော။

လောင်စာသိမ်း၍ မီးငြိမ်းတာ

လောင်စာသိမ်း၍ မီးငြိမ်းတာ ရည်မှန်းပြီး သကာလ လှူဒါန်းပါ၏ (မှန်ပါ့ ဘုရား)၊ လောင်စာ သိမ်း၍ မီးငြိမ်းတာကို ရည်မှန်းပြီး သကာလ (လှူဒါန်းပါတယ် ဘုရား)။

ဆယ့်တစ်မီးက ဘာတုံး (မီးပါ ဘုရား)၊ ခန္ဓာကြီးက (လောင်စာပါ ဘုရား)၊ ဟိုတချို့များ လောင်ထားလိုက်တာ ဒကာ ဒကာမတို့၊ မျက်ရည်တွေများ တုပ်ခနဲ ကျတယ်။ ဆံပင်တွေများ ဖွေးခနဲ ဖြူတယ် (မှန်လှပါ ဘုရား)။

မီးလောင်မှုက ပြင်းလွန်းလို့

မျက်လုံးတွေများ ရှဲခနဲ သွားတယ်၊ ချက်ချင်း လောင်တာ ချက်ချင်း လောင်တာ (မှန်လှပါ ဘုရား)၊ ဘာဖြစ်သတုံးလို့ ချက်ချင်း မေးယူရတယ်၊ မမေးရဘူးလား (မေးရပါတယ် ဘုရား)။

ဘာဖြစ်လို့မေးရတုံး ဆိုတော့ မီးလောင်မှုက ပြင်းလွန်း လို့ (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒါကြောင့် လောင်စာနဲ့ မီး အသိမ်းကြီး သိမ်းရာဖြစ်တဲ့ နိဗ္ဗာန်ဆိုတာ ဒါပါပဲ။ အဲဒါ ရည်မှန်းပြီး သကာလ ယနေ့တော့ စေတီတည်ထား ဆွမ်းဆန်များ လှူဒါန်းပါ၏ (မှန်လှပါ ဘုရား) ပြောင်းပစ်၊ ပြောင်းပစ်နော်။

မီးငြိမ်းချင်လို့ ဒကာကြွယ်ရ၊ ဘာမှ လိုချင်တာ မဟုတ် ဘူး၊ လောင်စာ သိမ်း၍ မီးငြိမ်း ချင်တာပဲ၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)၊ ကောင်းပြီ။

သံသရာဘေးကိုပြပေးဦးမယ်

သံသာရဘယံ- ချားရဟတ်ပမာ ချာချာပတ်၍ တစ်ဖြစ် တည်းဖြစ်၍ နေသော သံသရာ ဘေးကြီးကို၊ ဘီတာ- အလွန်တရာ ကြောက်ကြပါကုန်သည် ဖြစ်၍၊ သံသရာ ဘေးကို ပြပေးပါဦးမယ်၊ ဒကာ ဒကာမတို့ ကြောက်ရအောင်နော်။

ကြောက်ပြီဆိုမှလည်း အဖိုးတန်တယ်နော် (မှန်လှပါ ဘုရား) ဟောဒီဘက်ကနေ ပဋိသန္ဓေ နေတဲ့ဇာတိ၊ အဲဒီက ဇရာ၊ ဟောဒီက ဗျာဓိ၊ ဟောဒီက မရဏ၊ ဒကာ ဒကာမတွေနော်။

ဒီက ဇာတိကနေ သွားလိုက်တော့ ဇာတိမီး လောင်ပြီး ဇရာမီး အလောင်ခံရတယ်၊ ဇရာမီး လောင်ပြီး၊ ဗျာဓိ အလောင်ခံရတယ်။ ဗျာဓိမီး အလောင်ခံပြီးတော့ (မရဏမီး အလောင် ခံရပါတယ် ဘုရား)။ ။

မရဏမီး အလောင်ခံရတော့ တစ်ခါ ဇာတိဘက် ပြန် ကူးတယ် (မှန်လှပါ ဘုရား)၊ မကူးဘူးလား (ကူးပါတယ် ဘုရား) ဇာတိပြီး ဇရာ၊ မရဏဘက် လှည့်မနေဘူးလား (လှည့်နေ ပါတယ် ဘုရား)၊ ခင်ဗျားတို့က အဝိုင်းပြေး ဖြစ်နေတာပေါ့ (မှန်လှပါ ဘုရား)။

အဝိုင်းပြေး ဆိုတာ ထွက်ပေါက်မရှိ အဝိုင်းပြေးဆို တာ ထွက်ပေါက်ရှိရဲ့လား (မရှိပါ ဘုရား) ထွက်ပေါက်၊ ဆင်းပေါက် မရှိသောကြောင့်၊ ဪ ဒါဖြင့် ဒုက္ခစက်သာ လည်နေတာပဲ ဆိုတာ သေချာတယ် (သေချာ ပါတယ် ဘုရား)။

အဲဒီ ဒုက္ခစက် ရဟတ်ကြီးမှ လည်ခြင်းကို ရပ်ခြင်းကို အလို ရှိတဲ့ အတွက် တပည့်တော်တို့ သည် ဤစေတီတည်ထား၊ ဤဆန်တွေ လှူဒါန်းပါ၏ ဒီဒုက္ခစက်ကြီး သူရပ်ချင်လို့ လှူတာ (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ)။

ဒုက္ခစက်ကြီး အလှူရှင်လည်နေတာ

ဒုက္ခစက်ကြီး သူများ လည်နေတာလား၊ အလှူရှင် လည်နေတာလား (အလှူရှင် လည်နေတာပါ ဘုရား)၊ အဲဒီ ဒုက္ခစက် ရဟတ် ကြီးမှ အပြီးသတ်ချင်လို့ ဤဘုရား တည်ထား ဤဆန်တွေ လှူဒါန်း၊ ဤသံဃာတွေအား လှူဒါန်းပါ၏ ဘုရား။

ဒုက္ခစက် ရပ်ချင်တာ မှတစ်ပါး တပည့်တော်တို့ ဘာမှ မရှိဘူး၊ ဒီလို စိတ်ထားပြီး လှူရမယ်၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား။)

ရေစက်ချတရားတော်

သံသာရဘယံ – ချားရဟတ်ပမာ ချာချာပတ်လျက် ရွေ့ရှား၍ နေသော သံသရာ ဘေးကြီးကို အတိဘီတာ – လွန်စွာ ကြောက်ကြ ပါကုန်သည် ဖြစ်၍၊ တတော- သံသရာဘေးမှ၊ မုတ္တာ – ကင်းလွတ် ရကုန်သည်၊ ဟုတွာ-ဖြစ်၍၊ နိဗ္ဗာနံ- နိဗ္ဗာန်ချမ်းသာ မြတ်ကြီးကို သစ္ဆိကရဏတ္ထာယ- မကြာမတင် ဆောလျှင် ကူးမြောက် မျက်မှောက် ပြုရပါခြင်း အကျိုးငှာ၊ ဉာဏစက္ခုနာ- ဉာဏ်ပညာ စက္ခုဖြင့်၊ ဂဝေသန္တော – ရှာမှီးသည် ရှိသော်၊ ဘုရားက ဉာဏ်နဲ့ ရှာတာ (မှန်လှပါ ဘုရား)၊ ဘိက္ခဝေ- သံသရာဘေး တွေးဆဲ ရှုမျှော်လေ့ ရှိကြကုန်သော သူတော်ကောင်း အပေါင်းတို့၊ ပုညံ- ကောင်းမှု ကုသိုလ် ဟူသမျှသည်၊ သုခံ- လူနတ်နိဗ္ဗာန် သုံးတန်သော ချမ်းသာကြီးကို၊ ဇနေတိ- ဖြစ်စေတတ်၏။

မယူတတ်ရင် မဟုတ်တာရမယ်

ခင်ဗျားတို့ ပြုတဲ့ ကုသိုလ် စေတနာတွေက လူချမ်းသာ၊ နတ်ချမ်းသာ၊ နိဗ္ဗာန် ချမ်းသာ သုံးမျိုးတော့ ပေးမှာပဲ (မှန်ပါ့ ဘုရား)၊ မယူတတ်ရင် အလကား မဟုတ်တာ ရမယ်၊ ယူတတ်ရင် ဟုတ်တာ ရမယ် (မှန်လှပါ ဘုရား)။

မယူတတ်လို့ရှိရင် လူချမ်းသာ၊ နတ်ချမ်းသာ ယူရင် ဒုက္ခ သစ္စာဖြစ်တယ်၊ နိဗ္ဗာန်ချမ်းသာ ယူရင် သုခသစ္စာ ဖြစ်မယ်၊ အဲဒီတော့ နိဗ္ဗာန်ချမ်းသာ တစ်ခုကိုသာလျှင် ဘုရားက ရကောင်းတာကို ပြောငြား သော်လည်း ကိုယ်က ရွေးတတ်ဦးမှ၊ သဘောကျပလား (ကျပါပြီ)။

ချမ်းသာသုံးမျိုးတော့ ရမှာပဲ

ရတာကတော့ ချမ်းသာ သုံးမျိုးတော့ ရမှာပဲ၊ သို့သော် ဒကာ ဒကာမတို့ ချမ်းသာ သုံးမျိုးပင် ဖြစ်လင့်ကစား ချမ်းသာစစ်၊ ချမ်းသာလိမ် ချမ်းသာကောက်က နှစ်မျိုးရှိပါတယ်။

လူချမ်းသာ၊ နတ်ချမ်းသာက ဒုက္ခသစ္စာ၊ နိဗ္ဗာန် ချမ်းသာက သုခသစ္စာ၊ အဲဒီချမ်းသာ တစ်ခုကိုသာ ရလို၍ တည်ထား ကိုးကွယ်၊ လှူဒါန်းပါ၏၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ရေစက်ချတရားတော်

သုခံ – လူနတ်-နိဗ္ဗာန် သုံးတန်သော ချမ်းသာမြတ်ကြီးကို၊ ဇနေတိ- ဖြစ်စေတတ်၏။ ဣတိ- ဤသို့၊ ဝုတ္တံ – သုံးလူ့ဆရာ စောသတ္တာသည် ကောင်းစွာ ဟောကြားအပ်သော စကားရပ် ကို မနသိကတွာ – နှလုံး နှစ်ချိုက် ပိုက်မိကြ ကုန်သည် ဖြစ်၍၊ တိသရဏေန- သရဏဂုံသုံးပါးနှင့် သဟ – တကွ၊ ပဉ္စသီလာနိ – အင်္ဂါငါးပါးနှင့် ပြည့်စုံသော ပရမတ္ထ သီလတော်မြတ်ကြီး တို့ကို၊ သမာဒိယိတွာ ဂဏှိတွာ – ကောင်းစွာ ဆောက်တည်ပြီး၍၊ ဣမာနိ စေတိယာဒီနီ- စေတီ အစ ရှိသည်တို့ကို၊ သဗ္ဗသတ္တာနံ – အလုံးစုံသော ပုဂ္ဂိုလ်တို့ အား (ဝါ) အလုံးစုံသော ပုဂ္ဂိုလ်တို့၏ ပူဇနတ္ထာယ- ပူဇော် စေခြင်း အကျိုးငှာ၊ တိဋ္ဌေယျာမ-တည်ထား ကိုးကွယ်ပါကုန်၏။

အားလုံးကိုးကွယ်ဖို့

ဘုရားဆိုတာ ဘယ်သူ့ လှူတာ မဟုတ်ဘူး၊ အားလုံး ကိုးကွယ်ဖို့ တည်ထား လိုက်တာ မို့လား (မှန်လှပါ ဘုရား)၊ ဘယ်လူမှ မပိုင်ဘူးနော် (မှန်လှပါ ဘုရား)၊ အားလုံး ပူဇော်ပသဖို့ ၊ တည်ထား ကိုးကွယ်လိုက်တာပဲ။

အထာပရံ-ထိုမှတစ်ပါး၊ ဣမာနိ ဒေယျဓမ္မဒါတဗ္ဗဝတ္ထုနိ ၊ဘုရား၏ အခြံအရံဖြစ်တဲ့ ဒေယျဓမ္မ ဒါတဗ္ဗဝတ္ထုတို့ကို သံဃဿ – သံဃာတော်မြတ်အား။

အဲဒါကတော့ သံဃိကပဲ ဖြစ်သောကြောင့် “သံဃေ ဒိန္နံ မဟပ္ဖလံ” ဆိုတဲ့ အတိုင်း အကြီးဆုံးသော အလှူပဲလို့ ဦးချမ်း ဒေါ်ခန့်တို့က မှတ်ရမယ် (မှန်လှပါ ဘုရား)။

သံဃာလှူတဲ့ အလှူဟာ အမြတ်ဆုံး

အလှူတကာ့ အလှူထဲမှာ သံဃာလှူတဲ့ အလှူဟာ – အမြတ်ဆုံးပဲ၊ ဘုရား အလှူကဲ့သို့ သံဃာ့ အလှူက မြတ်တယ် (မှန်လှပါ ဘုရား)၊

ဘာကြောင့်တုံးဆိုတော့ ဘုရားပါသွားလို့ မှတ်လိုက် (မှန်ပါ့)၊ သံဃာထဲ ဘုရားက ရောသွားပြီကော။ ဘုရားတင် ဆိုတော့ သီးသန့်ဖြစ်နေတယ် (မှန်လှပါ ဘုရား)။ သံဃာ ယူလိုက်တော့ ဘုရားပါ သွားတယ်။

အဲဒီတော့ ခုနက ကော်ဖီတွေကပ်၊ သီလရှင်တွေ အားလုံး သူတို့လည်း ပါနေတော့၊ “သံဃေ ဒိန္နံ မဟပ္ဖလံ” ဆိုတဲ့ အတိုင်း ပိုမိုပြီး နိဗ္ဗာန် အကျိုး နီးတော့တယ် (မှန်လှပါ ဘုရား) ရောက်အောင် ကြိုးစားရင် မြန်မြန် အားပေးမယ် ဆိုတာ သေသေ ချာချာမှတ်ပါ (မှန်လှပါ ဘုရား)။

ရေစက်ချတရားတော်

ဘန္တေ-အရှင်ဘုရား မယံ-အကျွန်ုပ်တို့ သည်၊ ဣမိနာ ဒါနပုညန-ဤသို့ပေးလှူရသော ကုသိုလ်ကံ စေတနာ တို့ကြောင့် လည်းကောင်း၊ ဣမိနာ သီလပုညေန – ဤသို့ဆောက်တည် ရသော သီလ ကုသိုလ်ကံ စေတနာကြောင့် လည်းကောင်း၊ အညေဟိ – တစ်ပါးကုန်သော၊ ပုညေဟိ စ – အနမတဂ္ဂ သံသရာ ကစ၍ ယခုဘဝ ပြုလုပ်သော ကုသိုလ်ကံ စေတနာ တို့ကြောင့် လည်းကောင်း၊ မယံ- တပည့်တော် တပည့်တော်မတို့သည်၊ အဇာတိံ – ပဋိသန္ဓေ ဆိုတာ မြူမှ မသန်းဘဲ၊ ဇာတိ အစရှိသည်တို့ ကင်းရာ ဖြစ်သော၊ ဒုက္ခသစ္စာ၏ ငြိမ်းရာ ဖြစ်သော အဇာတိဆိုတဲ့ နိဗ္ဗာန် ကိုသာ။ ဥဒ္ဒိဿ၊ ရည်မှန်း၍၊ ဒေမ၊ လှူဒါန်းပါကုန်၏ အရှင်ဘုရား။

ဘန္တေ- အရှင်ဘုရား၊ ဣမဿ ပုညကမ္မဿ-ဤကောင်းမှု ကံ၏၊ ဘာဂံ – အဖို့ကို၊ ဂုဏဝိသိဋ္ဌ တရာနံ- ဂုဏ်ကျေးဇူးအားဖြင့် , အထူး ကြီးမား လှကုန်သော၊ မာတာပီတုနဉ္စ- မိခင် ဘခင်တို့အား လည်းကောင်း၊ ဣမာသံ ပရိသာနဉ္စ – ယခု စည်းဝေး ရောက်လာ ကြကုန်သော ပရိသတ် တို့အား လည်းကောင်း၊ ဧကတိံသေ ဘဝေ- သုံးဆယ့်တစ်ဘုံ၌၊ စရန္တာနံ – ကျင်လည် ပြေးသွား၍ နေကြကုန် သော၊ သဗ္ဗသတ္တာနဉ္စ – အလုံးစုံသော သတ္တဝါ အပေါင်းတို့ အားလည်း ကောင်း၊ ဘာဇေမ- ရေစက် သွန်းချ အမျှ ပေးဝေပါကုန်၏။

ဆိုတော့ တဝက်ပေးလိုက်တယ်၊ နှစ်ထောင်ကုန်ရင် တစ်ထောင် သူတို့ ပေးလိုက်တာပေါ့၊ ပေးလိုက်ခြင်းကြောင့် သူတို့ လျှော့သလား မေးတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မလျှော့ပါဘူး။

မီးတစ်တိုင် ထွန်းတယ်တဲ့၊ သူများက လာပြီး ဒီမီးလေး လာညှိတော့ မီးတိုင်မီး လျှော့သေးသလား (မလျှော့ပါဘူး ဘုရား)။ ပေးသာပေးတယ် မလျှော့ဘူးတဲ့၊ ငါတစ်ဝက်သာ ကျန်တော့တယ်လို့ ဦးချမ်း၊ ဒေါ်ခန့်တို့က မှတ်မနေနဲ့၊ ပွားပြီး တိုးလာတယ်၊ သဘောကျပလား (ကျပါတယ် ဘုရား)။

ဘာဇေယျာမ – ရေစက်သွန်းချ အမျှ ပေးဝေပါကုန်၏။ တေသတ္တာ- ထိုသတ္တဝါ အပေါင်းတို့ သည်၊ အမှေဟိ- အကျွန်ုပ် တို့နှင့်၊ သမံ- ထပ်တူ ထပ်မျှ၊ ပုညဘာဂံ- ကုသိုလ်အစု ကောင်းမှု အဖို့ကို၊ လဘိတွာ – အမျှ ရကြကုန်သည် ဖြစ်၍၊ သုခိတာ – ကိုယ်စိတ် နှစ်ဖြာ ချမ်းချမ်းသာသာ ရှိကြကုန်သည်။ မုဒိတာ- ပီတိမောက် လွှမ်း၍၊ ဝမ်းမြောက်သော စိတ်ရှိကြကုန်သည်၊ ဘဝန္တု – ဖြစ်ကြပါစေ ကုန်သတည်း။

အမျှ အမျှ အမျှ ယူတော်မူကြပါခင်ဗျား။

သာဓု သာဓု သာဓု။