သေဖို့နီးပြီလို့ သတိပေးနေပြီ ပြင်ဦးမှတော်မယ် (ရဋ္ဌပါလသူဌေးသား)
အသံဖိုင်ခေါင်းစဉ်= ရှာမှီးခြင်းမလွဲကြရန် ပရိယေသနသုတ် အမှတ်(၁)
စာအုပ်ခေါင်းစဉ်= သေဖို့နီးပြီလို့ သတိပေးနေပြီ၊ ပြင်ဦးမှတော်မယ် (ရဋ္ဌပါလသူဌေးသား)
အသံမကြည်ပါ။
ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး အမရပူရမြို့၌
ဟောကြားတော်မူအပ်သော တရားတော်
သေဖို့နီးပြီလို့ သတိပေးနေပြီ
ပြင်ဦးမှတော်မယ် (ရဋ္ဌပါလသူဌေးသား)
ဟောကြားသည့်နေ့
(၁၂-၂-၅၅)
ရှာမှီးခြင်းတွေကို ပြောင်းကြဦးမှတော်မယ်လို့ ဒကာစိန် တို့ ပြောထားတယ်၊ အရိယာများ ကတော့ ရှာမှီးခြင်းတစ်မျိုး၊ ပုထုဇဉ်တို့က ရှာမှီးခြင်းတစ်မျိုးလို့ နှစ်မျိုးပြောခဲ့တယ်၊ ရှာတော့ ရှာကြတာပဲ ဒကာ ဒကာမတွေလည်း ရှာကြတာပဲ၊ ရှာပင်ရှာကြ ငြားသော်လည်း ရှာမှီးပုံက မတူကြဘူး (မတူပါဘူး ဘုရား)။
ရှာမှီးနည်းကိုပြောင်းကြပါဦး
အဲဒီတော့ ဒကာ ဒကာမတွေလည်း၊ ဘုန်းကြီးက ပြောချင်တယ်၊ ပြောင်းကြပါဦး၊ ရှာမှီးနည်းကို ပြောင်းကြပါဦး ဆိုတာဖြင့် ပြောချင်တယ် (တင်ပါ့ ဘုရား)။
ဘုရားသခင်ကိုယ်တော်မြတ်ကြီးသည်၊ ဇေတဝန် ကျောင်းတော်မှာ ဟောတော်မူတဲ့အခါမှာ ရဟန်းတွေ ရှာမှီးပုံကို မင်းတို့သည်၊ ရှာမှီးပုံပြောင်းကြဦးကွ၊ ရှာမှီးပုံ ပြောင်းကြဦးကွလို့၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဆုံးမတယ်။
ဘယ်လိုဆုံးမသလဲဆိုလို့ရှိရင်ဖြင့်၊ မိမိခန္ဓာကြည့်ပြီး ရှာမှီးကြ၊ မင်းတို့ ခန္ဓာကြည့်ပြီး ရှာမှီးကြတဲ့၊ ဒကာ ဒကာမတို့။
မိမိခန္ဓာကြည့်ပြီးရှာမှီးကြ
မိမိခန္ဓာကြည့်ပြီး ရှာမှီးကြဆိုတာ တခြားဟုတ်ပါရိုးလား ဒကာစိန်ရ (တင်ပါ့)၊ မင်းတို့ ခန္ဓာက၊ ဘယ်ကလာခဲ့သတုံး မေးတော့ ဇာတိဒုက္ခက လာခဲ့တယ်။
အဲဒီ ဇာတိဒုက္ခကြီးနဲ့လာခဲ့ရတော့၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက၊ ပုထုဇဉ်တွေကတော့ ကွာတဲ့၊ ဇာတိဒုက္ခကြီး ရှိလျက်နဲ့ ဇာတိ ဒုက္ခပဲ၊ တစ်ခါရှာပြန်တယ်တဲ့။
ဇာတိ ဒုက္ခရှိတဲ့ ပုဂ္ဂိုလ်ဟာ၊ ဇာတိ ဒုက္ခ ရှာပြန်တယ် ဆိုတော့၊ အတော့ကိုပင် အကျည်းတန် နေတယ် ဆိုတာ ဒကာ ဒကာမတွေ မှတ်ဖို့ပဲ။
ဇာတိဒုက္ခရှိလျက်နဲ့
ဇာတိဒုက္ခဆိုတဲ့ ဆင်းရဲကြီးရှိပါလျက်သားနဲ့ နောက် တစ်ခါ ဇာတိဒုက္ခဆင်းရဲကြီးရှာတယ် ဆိုလို့ရှိရင်ဖြင့်၊ ဒကာစိန် ဆိုးတာ၊ တေတာ၊ မိုက်ရာမရောက်ပေဘူးလား (ရောက်ပါ တယ် ဘုရား)။
ဘာကြောင့်တုံးဗျာ (ဇာတိဒုက္ခရှိလျက်နဲ့ ဇာတိဒုက္ခ ထပ်ရှာလို့ပါ ဘုရား)၊ အေး ဇာတိဒုက္ခ ရှိလျက်နဲ့၊ ဇာတိဒုက္ခထပ်ရှာ တယ်ဆိုတဲ့ ဥစ္စာလည်း၊ အင်း ဒါသက်သက်မမြင်မှုပဲဆိုတာ သဘောကျပလား (ကျပါတယ် ဘုရား)။
ဒကာစိန်တို့ ခန္ဓာကိုယ်ကြီးဟာ တစ်နေ့တခြား အိုခြင်း ဆိုးဆိုးလာတာကြီး ရှိပါလျက်သားနဲ့၊ အအိုကြီး နောက်ထပ်ရှာလို့ ရှိရင်လည်း၊ ဒါ-ယခု အိုမှုရှိလျက်နဲ့ အိုမှု နောက်ထပ် ရှာရင်လည်း ရှာမှီးခြင်း လွဲတယ်လို့ ဆိုရမယ်။
ယခုနာမှုရှိလျက်နဲ့ ဝေဒနာ ဘယ်မှာမှမကင်းဘူး ဆေးတွေဝါးတွေနဲ့ ထောက်ပံ့ကူညီပြီး သကာလ အမြဲနေကြရ၊ အဲဒီနာမှုကြီးရှိလျက်နဲ့၊ နောက်နာမှုရှာမယ်ဆိုရင်လည်း လွဲသေး တာပဲ (လွဲပါတယ် ဘုရား)။
ပုထုဇဉ်တို့၏ ရှာမှီးခြင်း
ယခုဘဝ အသေမလွတ်သေးဘဲနဲ့ ဒကာစိန်ရေ၊ အသေ ရှာမယ် နောက်ထပ်အသေရှာမယ်၊ ဆိုရင်လည်း မလွဲပေဘူးလား (လွဲပါတယ် ဘုရား)၊ အဲဒါက ပုထုဇဉ်တို့၏ ရှာမှီး ခြင်းတဲ့၊ မှတ်မိပလား (မှတ်မိပါပြီ ဘုရား)။
ပဋိသန္ဓေ နေမှုရှိလျက်နဲ့ ဘာရှာသတုံး (နေမှုထပ် ရှာပါတယ် ဘုရား)၊ အိုမှုရှိလျက်နဲ့ (အိုမှုထပ်ရှာ ပါတယ် ဘုရား)၊ နာမှုရှိလျက်နဲ့ (နာမှုထပ်ရှာပါတယ် ဘုရား)။ သေမှုရှိလျက်နဲ့ (သေမှုထပ်ရှာပါတယ် ဘုရား)။
ဪ ဒါဖြင့် ဒကာ ဒကာမတို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဗြုန်းခနဲ့ ဒီလိုဘုန်းကြီးက ဟောလိုက် ဟောလိုက်၊ ဒကာ ဒကာမတွေ ဘု ရားကဟောလိုက် ဟောလိုက်၊ ဘယ်ဟာ ပါလိမ့်မတုံး ဆို တဲ့ဥစ္စာ မသိသေးဘူး။
အဲဒီတော့ သိရာသိကြောင်း ပြောစမ်းပါဆိုတော့ ဘုရား သခင်ကိုယ်တော်မြတ်ကြီးက၊ မင်းတို့သည်၊ သံသရာ တည်ထောင်မှု၊ ပစ္စည်းဥစ္စာ ရတနာရှာမှု၊ အိမ်ထောင် သား၊ သမီး အစရှိသည်တို့ဟာပြုစုမှု၊ ပစ္စည်းဥစ္စာ ရတနာတွေကို ရရာ ရကြောင်း ရှာမှုတွေဟူသ၍ သည်၊ ပဋိသန္ဓေနေမှု ရှိလျက်နဲ့ ပဋိသန္ဓေနေမှု ရှာတာ ဟောဒီအလုပ်တွေပဲ။
ဇာတိရှိလျက်နဲ့ ဇာတိရှာတာ
စီးပွားရှာမှုရယ် သားတွေ သမီးတွေလူလားမြောက် အောင် စောင့်ဆိုင်းပြီး သကာလ၊ ကြီးပွားရေး လုပ်ဆောင်မှုရယ်၊ ဆိုရင် လွဲမလား (မလွဲပါ ဘုရား)၊ အဲဒါ ဘာရှာတာ တုံးဘုရားက (ဇာတိရှိလျက်နဲ့ ဇာတိရှာတာပါ ဘုရား)။
ဟုတ်တယ်၊ ဟုတ်တယ်၊ ဇာတိရှိလျက်နဲ့ ဇာတိရှာတာပဲ။ အဘယ်ကြောင့်ဆိုသော်၊ သားသမီးတို့ နဲ့တကွ ပစ္စည်းဥစ္စာ ရတနာရှာတယ် ဆိုတာ ခင်မှုရှိလို့။
သူတို့မခင်လို့ရှိရင်လည်း သူတို့အတွက် ရှာဖို့လိုသေး သလား၊ (မလိုပါဘူး ဘုရား)၊ အဲဒီတော့ ခင်မှုဆိုတာက သမုဒယ သစ္စာ၊ (မှန်ပါ) အဲဒီခင်မှု သမုဒယသစ္စာရှိနေတော့၊ နောင်ကို ဒုက္ခသစ္စာဆိုတဲ့ ဇာတိရမလား၊ မရဘူးလား (ရမှာပါ ဘုရား)။
တဏှာပစ္စယာ ဥပါဒါန်၊ (တင်ပါ) သမုဒယဟာ တဏှာ ပဲ မဟုတ်လား (တဏှာပါ ဘုရား)၊ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာဇာတိ၊ ဇာတိဆိုတော့ ဇာတိ ပြန်မရပေ ဘူးလား (ရပါတယ် ဘုရား)။
သားသမီးအရေး၊ စီးပွားရေး
အဲဒါဖြင့် သားသမီးအရေး၊ စီးပွားရေးလိုက်နေတဲ့၊ ဒကာ ဒကာမများသည်ကားလို့ ဆိုလို့ ရှိရင်ဖြင့်၊ ဇာတိရှိလျက်နဲ့ ဘာရှာ နေလဲ (ဇာတိထပ်ရှာပါတယ် ဘုရား)၊ ဒကာစိန် မြင်ရဲ့ လား (မြင်ပါတယ် ဘုရား)။
အဲဒါ သားသမီးရေး၊ စီးပွားရေးဘက်ကို လိုက်နေတဲ့ ပုဂ္ဂိုလ်ဟူသမျှသည် ဇာတိရှိလျက်နဲ့ ဇာတိရှာတာလို့ ဘုရားက ဟောတယ်၊ ဇရာရှိလျက်နဲ့ (ဇရာရှာတာပါ ဘုရား)၊ ဗျာဓိ ရှိလျက်နဲ့ (ဗျာဓိ ရှာတာပါ ဘုရား)၊ မရဏဆိုတာ သေမှု ရှိလျက်နဲ့ (သေမှုရှာတာပါ ဘုရား)။
ယခုလည်း သူတို့အတွက်နဲ့ စီးပွားရေးရှာရ၊ သားသမီး တွေကြီးပွားရာကြီးပွားကြောင်း ကြိုးစားရတယ် ဆိုပြီး သကာလ၊ သောက၊ ပရိဒေဝ၊ ဒုက္ခဒေါမနဿ၊ ယခုလည်းရှိလျက်နဲ့၊ တစ်ခါ ဘာပြန်ရှာပြန်သတုံး (သောက ပရိဒေဝ ထပ်ရှာပြန်ပါတယ် ဘုရား)။
ပုထုဇဉ်အမိုက်တို့၏ ရှာမှီးခြင်း
အဲဒါတွေ အနအရိယ၊ အရိယာမဟုတ်သော ပုထုဇဉ် အမိုက်တို့၏ ရှာမှီးခြင်းလို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟောလိုက်တယ်၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် သား၊ သမီးရေး၊ စီးပွားရေးနဲ့တကွ၊ ကြီးပွားရေး လိုက်နေတဲ့ ပုဂ္ဂိုလ်များဟာဖြင့်၊ ယခုအိုနာ သေရှိလျက်နဲ့၊ နောက်အိုနာသေကို ရအောင်လို့ ရှာနေကြတာပဲလို့၊ ငါဘုရားက ဟောတယ်လို့ ပရိယတနသုတ်မှာ ဟောတော်မူတယ်၊ ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား)။
အဲဒါကြောင့် ဒကာ ဒကာမတို့သည်၊ အိုနာသေရှိလျက် နဲ့ အိုနာသေရှာတာကဖြင့် အတော်လေး အရုပ်ဆိုးလို့ အတော် ကလေး အကျည်းတန်နေပြီဆိုတာဖြင့် ပြောလို့ မဆုံးအောင်ဖြစ် နေတယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲ ဒကာ ဒကာမတွေ ပြင်လိုက်ပါဦး၊ ပြင်လိုက်ပါဦး၊ အိုနာသေရှိလျက်နဲ့ အိုနာသေရှာ ဒါတော့ဖြင့် လုံးဝမကောင်းတဲ့ အလုပ်ကြီးတစ်ခုပါပဲဆိုရင် လွဲသလား (မလွဲပါဘူး ဘုရား)။
အေး ဒါ ရဋ္ဌပါလသုတ်မှာ ဒါလာပြန်တယ်၊ ရဋ္ဌပါလ သုတ်မှာဖြင့် ဒါလာပြန်တယ်၊ အဲဒီတော့ ဒကာ ဒကာမတို့၊ အိုနာသေ ရှိလျက်နဲ့ အိုနာသေရှာတာသည်၊ ယခု အိုနာသေရှိ တာကော သူကောင်းကောင်း မြင်ရဲ့ လား (မမြင်လို့ပါ ဘုရား)။
နောက် အိုနာသေ လာမှာကော မြင်သေးရဲ့ လား (မမြင်ပါ ဘုရား)၊ ဪ ဒါဖြင့် စုံလုံးကန်း အလုပ်လို့ ဘုန်းကြီး က ပြောလိုက်တယ်၊ ရှင်းပလား (ရှင်းပါပြီ)၊ ဘယ်သူ့ အလုပ် ပါလိမ့် (စုံလုံးကန်း အလုပ်ပါ ဘုရား)။
နှစ်ဘက်ကန်း
လက်ရှိ အိုနာသေ မမြင်တာက တစ်ဘက်ကမ်း၊ လာ လတ္တံ့ အိုနာသေကြီး ရှာမှီးတာကလည်း မကောင်းတာ ရှာမှီး တဲ့အတွက် တစ်ဘက်ကန်း၊ နှစ်ဘက်ကန်းဖြစ်သွားတယ်။
ဒါကြောင့် စုံလုံးကန်းတို့၏ ရှာမှီးခြင်းလို့ဆိုတာ ကိုလည်း၊ ဒကာ ဒကာမတွေကို ဟောရတယ်၊ ဘုရားသခင် ကိုယ်တော် မြတ်ကြီးက ဒီအတိုင်းပြထားတယ်၊ ရှင်းပလား (ရှင်းပါပြီ)။
ဒကာစိန်ရေ ဒါ ပြင်ဦးမှတော်မယ်၊ ပြင်ဦးမှတော် မယ်၊ ပြင်ဦးမှတော်မယ်လို့ ဆိုတာ ဒကာ ဒကာမတွေ၊ မကောင်း လွန်းလို့ ပြောရတဲ့တရား၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ပြင်ဦးမှတော်မယ်
ပြင်ဦးမှတော်မယ်၊ ပြင်ဦးမှတော်မယ်လို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ပြင်စေချင်လို့ ဟောတယ်၊ ဆရာသမား ကလည်း ပြင်ဖို့ရာသည်ကားလို့ဆိုရင် အကြောင်းပြတယ်။ မကောင်းလွန်းလို့ အကြောင်း ပြတယ်၊ မကောင်းလွန်းလို့ ဘုရားကဟောတယ် ဆိုတဲ့ဥစ္စာဖြင့် ဒကာ ဒကာမတွေ၊ သေသေ ချာချာ မှတ်ပါ (မှန်လှပါ ဘုရား)။
အိုနာသေမရှိဘဲနဲ့၊ အိုနာသေရှာတယ်ဆိုရင် တော်သေး ရဲ့၊ ရှိလျက်နဲ့ ရှာတယ်ဆိုတော့ ဒကာ ဒကာမတွေ၊ အနာလေး ပေါက်တာ၊ အနာကြီးဖြစ်ချင်လို့ ဆိုတဲ့အဓိပ္ပါယ် သေသေချာချာ သက်ရောက် တော့တယ် (မှန်ပါ့ ဘုရား)။
ဒါကြောင့် အိုနာသေရှိလျက်နဲ့ အိုနာသေရှာတဲ့ အလုပ် ဟာ ဘယ်အလုပ်ပါလိမ့်မတုံး ဆိုတော့၊ သားသမီးအရေး၊ စီးပွားရေးကို လိုက်စားတဲ့ ပုဂ္ဂိုလ်များ (တင်ပါ)၊ ရိပ်မိ ပလား (ရိပ်မိပါပြီ)။
သားသမီးအရေးနဲ့ စီးပွားရေးလိုက်စားတဲ့ ပုဂ္ဂိုလ်များ ဘာတဲ့ (အိုနာသေရှိလျက်နဲ့ အိုနာသေ ရှာတာပါ ဘုရား)၊ အေး အိုနာသေ ရှိလျက်နဲ့ အိုနာသေ ရှာတာတဲ့။
စုံလုံးကန်းတို့၏ ရှာမှီးခြင်း၊
ကိုင်း ဒါဖြင့် စုံလုံးကန်းတို့၏ ရှာမှီးခြင်းလို့ မပြောဘူး လား (ပြောပါတယ် ဘုရား)၊ ပြောလိုက် တယ်မို့လား (ပြောထိုက်ပါတယ် ဘုရား)၊ လက်ရှိ အိုနာသေကြီးတို့ကော မြင်သေးရဲ့လား (မမြင်ပါ ဘုရား)၊ လာလတ္တံ့ အိုနာသေကြီးကော (မမြင်ပါ ဘုရား)။
အဲ- သားသမီးအရေး၊ စီးပွားရေးကို ရှာတယ်ဆိုတာ သမုဒယသစ္စာကိုးဗျ၊ သားသမီးအရေး စီးပွားရေးကြိုးစား နေရတယ်ဆိုတဲ့ ဥစ္စာ၊ သူတို့ လူလားမြောက်ဖို့၊ သူတို့ လူရည် ထူးထူးဖြစ်ဖို့၊ ကိုယ် ကိုယ်တိုင်ကလည်း စားဖို့သောက်ဖို့ဆိုပြီး သကာလ၊ လူချင်းတူတူ၊ သူချင်းမျှမျှဖြစ်ဖို့ ဆိုပြီးတော့ ရှာကြ ဖွေကြတဲ့ ဒကာ ဒကာမတွေဟူသ၍ သည်ကားလို့ဆိုရင် သမုဒယသစ္စာ မပါရင် ဖြစ်ကိုမဖြစ်ဘူး။
သမုဒယသစ္စာဆိုတာတဏှာ
အဲဒီ သမုဒယသစ္စာဆိုတာ တဏှာပဲ၊ တဏှာပစ္စယာ ဥပါဒါန်၊ ဥပါဒါန ပစ္စယာ ဘဝေါ၊ ဘဝပစ္စယာဇာတိ၊ ဇာတိက စပြီး မရပေဘူးလား (ရပါတယ် ဘုရား)၊ ဇရာ၊ ဗျာဓိကော လွတ်ပါ့မလား (မလွတ်ပါ ဘုရား)။
အဲ-သားသမီးရေး၊ စီးပွားရေး ရှာမှီးလိုက်စားနေတဲ့ ပုဂ္ဂိုလ်တို့၏ အလုပ်ကဖြင့်၊ အိုနာသေ ရှိလျက်နဲ့ အိုနာသေ ရှာခြင်းကြောင့် ကြောက်စရာအင်မတန်ကောင်းတဲ့အလုပ်ပဲလို့ ဘုရား က မကောင်းတဲ့ ရှာမှီးခြင်းပြလိုက်တယ် ရိပ်မိပလား (ရိပ်မိပါ ပြီ ဘုရား)။
အဲဒီတော့ ဒကာ ဒကာမတွေကို လိုက်နာကျင့်ကြံစေချင် တာကတော့ဖြင့် ဘုရားက လိုက်နာ ကျင့်ကြံ စေချင်တာ၊ ဘုန်းကြီး များအမြင်ကျယ်တဲ့ ပုဂ္ဂိုလ်များက လိုက်နာကျင့်ကြံစေချင်တာ ကတော့ဖြင့်၊ အိုနာသေ ရှိနေသောကြောင့်၊ အိုနာသေ၏ အပြစ်ကို မြင်ပြီး သကာလ အိုနာသေ လွတ်ရာ ရှာစေချင်တယ် (မှန်လှပါ ဘုရား)၊ သဘောကျပလား (ကျပါတယ် ဘုရား)။
အိုနာသေလွတ်ရာရှာစေချင်တယ်
အိုနာသေရှိလျက်နဲ့ အိုနာသေ အပြစ်ကို မြင်ပြီး သကာလ အိုနာသေလွတ်ရာကို ရှာစေ ချင်တယ်၊ အိုနာသေကလည်း လက်ရှိကိုးဗျ။
အဲဒီ အိုနာသေလက်ရှိနဲ့၊ ၎င်း အိုနာသေကြီးသည်ကား လို့ဆိုလို့ရှိရင်ဖြင့်၊ တယ်ပြီး ကြောက်စရာ၊ လန့်စရာ ကောင်းပါ လားလို့ သူ့အပြစ်ကို မြင်ပြီး၊ သူလွတ်ရာရှာမှပဲဆိုတဲ့ ရှာမှီးခြင်း ပြောင်းစေချင်တယ် (တင်ပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ)။
ဒါက ဒီလိုရှာလိုက်လို့ရှိရင်တော့ အရိယာတို့၏ ရှာမှီး – ခြင်းဟေ့၊ အရိယာမျိုးစေ့ရှိတဲ့ ပုဂ္ဂိုလ်တို့၏ ရှာမှီးခြင်းဟေ့၊ လို့ ဘုရားက ဟောလိုက်တယ်၊ ရိပ်မိပလား (ရိပ်မိပါပြီ)။
နှစ်ဘက်မြင်ရှာ
ဒါဖြင့် ဒီပုဂ္ဂိုလ်ကတော့ တစ်မျိုးပါလား၊ လက်ရှိ အိုနာ သေလည်း မြင်သောကြောင့် ဟို အိုနာသေ လွတ်ရာကို ရှာတယ် ဆိုသဖြင့် ဒီဘက်လည်းမြင်၊ ဟိုဘက်လည်းမြင်၊ နှစ်ဘက်မြင် ရှာလို့ ရှိရင်ဖြင့် လိုရာတွေ့မှာပေါ့ (မှန်ပါ့ ဘုရား)။
စုံလုံးကန်းရှာလို့တော့ လိုရာတွေ့ပါ့မလား (မတွေ့ ပါဘူး ဘုရား)၊ အဲဒါကြောင့် အရိယာတို့၏ ရှာမှီးခြင်းကတော့ဖြင့် အိုနာသေ ရှိတာကိုသိပြီး သကာလ အိုနာသေတို့၏ ဖြစ်ပုံ ပျက်ပုံ တွေကို မြင်ပြီး သကာလ ၎င်း အိုနာသေလွတ်ရာကို ရှာပါတယ် (မှန်ပါ့ ဘုရား) သဘောကျပလား ကျပါတယ်။
ဒါဖြင့် သူတို့ကတော့ ဘယ်လိုရှာပါလိမ့်မလဲ ဆိုတော့၊ အိုနာသေ ဖြစ်ပျက်ကို ရှုပြီး သကာလ အိုနာသေ လွတ်ရာကို ရှာတယ်၊ ရှင်းပလား (ရှင်းပါတယ် ဘုရား)။
အရိယာနွယ်တို့၏ ရှာမှီးခြင်း
အရိယာများ ရှာမှီးခြင်း၊ အရိယာနွယ်၊ အရိယာမျိုးတို့၏ ရှာမှီးခြင်းက အိုနာသေရှိ၍ အိုနာသေ တို့၏ အဖြစ်အပျက်ကို၊ မြင်ပြီး သကာလ၊ အိုနာသေလွတ်ရာကို ရှာသည်လို့မှတ် ကြစမ်းပါ။
ဒါဖြင့် ဒီတရားကို ဘုရား သခင်ကိုယ်တော်မြတ်ကြီး ရဋ္ဌပါလသုတ် မဇ္ဈိမပဏ္ဏာသ ပါဠိတော်မှာ သေသေချာချာ ဟောတော်မူသောကြောင့် မင်းတို့ အလုပ်လုပ်ကြကွာလို့ ပြောတာ၊ ဘာပြောတာပါလိမ့် (မင်းတို့ အလုပ်လုပ်ကြလို့ ပြောတာပါ ဘုရား)၊ ဦးလှဘူး ဘာပြောလဲ (အလုပ်လုပ် ကြလို့ ပြောတာပါ ဘုရား)။
အလုပ်လုပ်ခိုင်းတာပဲ ဆိုတာ ရှင်းကြပလား (ရှင်းပါ ပြီ ဘုရား)၊ အဲ အလုပ်လုပ်ကြပါဟ၊ အလုပ်လုပ်ကြပါဟ ဆိုတော့ အိုနာသေကြီးကိုဖြင့် မြင်အောင်ကြည့်ပြီး သကာလ (ဝါ) ဒုက္ခ သစ္စာ မြင်အောင် ကြည့်လိုက်ပါ။
အဲဒါမှ ဒုက္ခလွတ်ရာ ရောက်ပါမယ်လို့ ပြောတာ၊ ရှင်း ပလား (ရှင်းပါပြီ ဘုရား)၊ အိုနာသေ ကြည့် ဆိုတာ ဒုက္ခသစ္စာကို ကြည့်ကွ (မှန်ပါ့)။
ဒုက္ခသစ္စာကြည့်၍ ဒုက္ခသစ္စာမြင်မှ
အဲဒီတော့ ဒုက္ခသစ္စာကို ကြည့်၍၊ ဒုက္ခသစ္စာမြင်မှ သာလျှင်၊ ကြောက်လန့်ပြီး၊ မလိုချင်မှ ဒုက္ခလွတ်ရာကို၊ ကိုယ်ပိုင် ကိုယ်တိုင်ရမယ် ဆိုတာက၊ အမှန်သဘောဖြစ်သွားတယ်၊ ရှင်း ပလား (ရှင်းပါပြီ)။
ဒါဖြင့် အရိယာများ ရှာမှီးခြင်းကတော့ တစ်မျိုးပါလား (မှန်ပါ့)၊ အိုနာသေရှိလျက်နဲ့ပဲ၊ အိုနာသေ ဖြစ်ပျက်ရှုပြီး သကာလ အိုနာသေလွတ်ရာ ရှာကြံယူလိုက်တော့တယ်၊ ဆိုတာ သဘောကျပလား (ကျပါတယ် ဘုရား)။
အဲဒါဖြင့် သူကဖြင့် တစ်ဘက်မြင်လား၊ နှစ်ဘက်မြင်လား (နှစ်ဘက်မြင်ပါ ဘုရား)၊ လက်ရှိ အိုနာသေကိုလည်းမြင်၊ လာလတ္တံ့ အိုနာသေလွတ်ရာကြီးကိုလည်း (မြင်ပါတယ် ဘုရား)။
ဪ သူကလည်း နှစ်ဘက်မြင်မို့ လမ်းသွားရာတော့ဖြင့် အန္တရာယ်ကင်း၊ ဘေးရှင်းမှာပဲ ဆိုတာ ငြင်းဆန်နေဖို့ မလိုတော့ ပါဘူး၊ လိုသေးလား (မလိုပါ ဘုရား)။
ဘယ်ဘက်လမ်းလိုက်ဖို့ ကောင်းသတုံး
အေး ဒါကြောင့် ဒကာ ဒကာမတို့ ဘယ်ဘက်လမ်းလိုက် ဖို့ ကောင်းသတုံးလို့မေးဖို့ ကြုံလာတယ်၊ ကဲ ဒကာစိန် ဘယ် ဘက်လမ်းလိုက်မလဲ (အိုနာသေလွတ်တဲ့လမ်း လိုက်ပါ့မယ် ဘုရား)။
အေး အိုနာသေလွတ်တဲ့လမ်း လိုက်လို့ရှိရင် အိုနာသေ၏ သဘောကို မြင်အောင်ကြည့်ပါ (မှန်ပါ့)၊ ဒါ ဘုရားဟော တယ်၊ အိုနာသေ၏ သဘောကို မြင်အောင်ကြည့်ပါလို့ ဒကာ ဒကာမတို့ (ဝါ)၊ ဖြစ်ပျက်ကိုမြင်အောင်ကြည့်ပါလို့ ပြောတာပဲ။
ဖြစ်ပျက်တွေ၊ ပျက်တာတွေ့ကြည့် ရင့်တယ်၊ ရင့်တယ်ဆို ပျက်တယ်၊ အဲဒါ ဝေဒနာသေလို့၊ မကျဘူးလား (ကျပါတယ် ဘုရား)။
အဲဒီသဘောကို မြင်အောင်ကြည့်ကြလို့ ရှိရင်ဖြင့်၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည်၊ အိုနာသေ၏ အပြစ်ကို မမြင်ကြသေးဘူးလား (မြင်ပါတယ် ဘုရား)၊ ဒါဖြင့် အိုနာသေ အပြစ်ကို မြင်တော့၊ အိုနာသေတစ်ဘက်မြင် မကျသေးဘူးလား (ကျပါတယ် ဘုရား)။
အိုနာသေလွတ်ရာရှာပါ
ဒါဖြင့် အိုနာသေအပြစ်ကို မြင်သောကြောင့် ဒီအိုနာ သေ မကြိုက်ပါဘူး၊ အိုနာသေ လွတ်ရာကိုပဲ၊ ရှာပါတော့မယ်ဆို တော့ နိဗ္ဗာန်တစ်ဘက်မြင် မကျဘူးလား (ကျပါတယ် ဘုရား)။
အဲဒါက အရိယာတို့၏ ရှာမှီးခြင်း၊ ရှင်းပလား (ရှင်းပါပြီ)၊ ပုထုဇဉ်တို့၏ ရှာမှီးခြင်းက၊ စုံလုံးကန်း ရှာမှီးခြင်း (တင်ပါ့ ဘုရား)၊ အရိယာတို့၏ ရှာမှီးခြင်းက နှစ်ဘက်မြင်တို့၏ ရှာမှီးခြင်း (မှန်ပါ့)။
မကွာလား (ကွာပါတယ် ဘုရား)၊ ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သွားလာပြီး သကာလ၊ သံသရာ ခရီးကြမ်းကြီးထဲမှာ အိုဘေး နာဘေးတွေ ရောထွေးနေတဲ့ ခရီးကြမ်းကြီးထဲမှာ စုံလုံးကန်းနဲ့ သွားနေမှဖြင့် ဒီအထဲချည်း တိုးတော့မှာပဲ၊ သဘောကျပလား (ကျပါပြီ)။
သံသရာကြီးကတော့ အိုဘေး၊ နာဘေးတွေနဲ့ ဥစ္စာ၊ ဘေးဗရမ်းဘေးကြမ်းတွေကို မရှိလား (ရှိပါတယ် ဘုရား)၊ ဒီကလည်း၊ စုံလုံးကန်းက ဒီအထဲချည့်တိုးနေတယ် ဆိုလို့ရှိရင်ဖြင့် အင်း မျက်စိကန်း၊ တစ္ဆေ မကြောက်သွားတာကဖြင့် မှန်လိုက်လေခြင်း၊ မျက်စိကန်း တစ္ဆေမကြောက် သွားတာကဖြင့် မှန်လိုက်လေခြင်းဆိုတာ မသွားထိုက်ဘူးလား (သွားထိုက်ပါ တယ် ဘုရား)။
စုံလုံးကန်း၊ အိုနာသေလမ်းလျှောက်ခဲ့တယ်
စဉ်းစားမိပြီလား (စဉ်းစားမိပါပြီ ဘုရား) ကိုထွန်းအောင်ရေ နောက်တုန်းက ဘယ်လိုများ တို့လမ်း သွားခဲ့ပါလိမ့်မလဲဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) စုံလုံးကန်း၊ အိုနာသေလမ်းကြီး လျှောက်လာခဲ့တာပဲ သဘောကျပလား (ကျပါပြီ)။
မျက်စိနှစ်ဘက်ကလည်း စုံလုံးကန်း၊ လမ်းဆိုးလမ်းကြမ်း ကြီးကလည်း အိုနာသေတို့ ရှုပ်ပွေနေတဲ့ လမ်းကြီး၊ အဲဒီလမ်းချည့် လျှောက်တာပဲ တစ်ခါတည်း (မှန်ပါ့)။
မျက်စိက မမြင်တော့ အဲဒီလမ်းချည်းလျှောက်တာပေါ့ ဗျာ၊ လျှောက်တော့ အဲဒီဘေးဗရမ်း၊ ဘေးကြမ်းတွေနဲ့ချည်း မတွေ့ဘူးလား (တွေ့ပါတယ်)။
အဲ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက၊ တောင်ပေါ် ဆိုတော့ အမြင့်ကနေကြည့်လိုက်တော့၊ ဪ မျက်စိကန်းတဲ့ လူက အိုနာသေလမ်းကြမ်းကြီးထဲကို လျှောက်ပြန်ပါပြီလို့ မမြင် ပေဘူးလား (မြင်ပါတယ် ဘုရား)။
အဲဒါကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးကတော့ ဟေ့ မျက်စိမြင်အောင်လုပ်ပါဟ၊ မျက်စိမြင်အောင်လုပ်ပါဟ၊ နို့ စုံလုံးကန်းတော့ အိုနာသေလမ်းကြမ်းတွေနဲ့ပဲ၊ အမြဲနေရ တော့မယ် ဆိုတာ မြင်တော်မူတယ် (မှန်လှပါ ဘုရား)။
ကိုင်း ဒါဖြင့် ဦးလှဘူးရေ မျက်စိလည်း မကန်းပါနဲ့ တော့၊ အိုနာသေလမ်းကြမ်းလည်း မလှမ်းပါနဲ့တော့၊ မဆိုထိုက် ဘူးလားဗျာ (ဆိုထိုက်ပါတယ် ဘုရား)။
မျက်စိမြင်အောင်လုပ်လိုက်ပါ
မျက်စိလည်း မကန်းကြပါနဲ့၊ အိုနာသေလမ်းကြမ်းကြီးကို လည်း လှမ်းပြီး သကာလ မသွားကြပါနဲ့ ဆိုတာ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက နှစ်ဘက်မြင်ကလေးဖြင့် လုပ်လိုက်ပါလို့
ပြောတယ် (မှန်ပါ့)။
အိုနာသေရှိလျက်နဲ့ အိုနာသေအပြစ်ကိုမြင်လိုက်ပေါ့၊ ဆိုတော့ အိုနာသေရှိတာကို၊ အိုနာသေ အပြစ်ကို၊ ကိုယ့်သန္တာန်ရှိ – တာကို ကိုယ်မြင်လိုက်တော့၊ သော် လက်ရှိလည်း မြင်ရာမကျ ဘူးလား (ကျပါတယ် ဘုရား)။
ဒါ လွတ်အောင်ရှာမှပဲ ဆိုပြီး သကာလ အိုနာသေအပြစ် တွေမြင်လိုက်လို့ ရှိရင်လည်း၊ လွတ်ရာ နိဗ္ဗာန်မရောက်ပေဘူး လား (ရောက်ပါတယ်)။
အဲဒီတော့ ရောက်ရမယ်ဆိုတာ သူ့စိတ်ထဲဉာဏ်ထဲမမြင် ဘူးလား (မြင်ပါတယ်)၊ ဒါဖြင့် ယခု လက်ရှိ အိုနာသေကို လည်း အပြစ်မြင်တာက၊ တစ်ဘက်မြင် (တင်ပါ့)။
ရောက်လိမ့်မယ်ဆိုတဲ့နေရာဌာနကြီးကို မှန်းပြီး မြင်လိုက် တာကလည်း တစ်ဘက်မြင် (မှန်ပါ့)။
နှစ်ဘက်မြင်မှလိုရာရောက်မယ်
အဲဒီတော့ နှစ်ဘက်မြင်နဲ့ရှာလို့ရှိရင်ဖြင့် လိုရာရောက် ကြလိမ့်မယ်၊ နို့မို့လို့ရှိရင်ဖြင့် လိုရာ ရောက်စရာ အရေးဟာ ကြာလေဝေးလေ ဖြစ်တော့မှာပဲ။
ဒါဖြင့် ဒုက္ခသစ္စာမြင်မှသာလျှင် ဒကာ ဒကာမတို့၊ ဖြစ်ဒုက္ခ ပျက်ဒုက္ခတွေမြင်မှသာလျှင် လိုရာ လမ်းကြောင်း လမ်းမှန် လမ်းကောင်းကြီးကိုဖြင့် လှမ်းနိုင်ကြလိမ့်မယ်ဆိုတာ သံသရ မရှိပါနဲ့။
ဒီလိုမှ လှမ်းနိုင်လိမ့်မယ်ဆိုတာ ပေါ်လာကြပလား (ပေါ်ပါပြီ ဘုရား)၊ အေး ဒါကြောင့် ဒကာ ဒကာမတွေ ပြောရတယ်၊ အဲဒီတော့၊ ယနေ့ ဒကာ ဒကာမတွေ အလုပ် တရားက ဘယ်လိုလဲလို့ မေးလို့ရှိရင်ဖြင့်၊ အိုနာသေမြင်အောင် ကြည့်မှသာလျှင်၊ အိုနာသေ လွတ်ရာကိုလည်း တွေ့မှာပဲ။
အိုနာသေမြင်အောင် မကြည့်ရင် (အိုနာသေ လွတ်ရာမတွေ့နိုင်ပါဘူး ဘုရား)၊ အိုနာသေ လွတ်ရာ မတွေ့နိုင်ဘူး ဆိုသဖြင့် ဒကာ ဒကာမတွေ သန္တာန်မှာ ရုပ်ပဲပေါ်ပေါ်၊ ရုပ်ပဲ ဉာဏ်ဦးတည့် မိသည်ဖြစ်စေ၊ ဟောနေကြဖြစ်တဲ့ အားထုတ် နေကြဖြစ်တဲ့၊ ဝေဒနာသုံးမျိုးကို ဦးတည့်မိသည်ဖြစ်စေ၊ ဦးတည့်လိုက်တဲ့ အခါကျတော့ ဒကာစိန်တို့၊ အားလုံး ဒကာ ဒကာမတို့ ဦးတည့်လိုက်သည်နှင့် တစ်ပြိုင်နက်တည်း သူ့ ဝိပရိဏာမ သဘောလေးတော့ တွေ့မှာပဲ (တွေ့ရပါတယ် ဘုရား)။
ဝိပရိဏာမ သဘောလေးက၊ ပထမတုန်းကတော့ သုခ ဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာ ဝေဒနာလို့ ဒကာ ဒကာမတွေက နာမည်ပေးထားကြတယ်။
အင်း ဒါဖြင့် ကောင်းတာက သုခဝေဒနာ၊ မကောင်းတာ က (ဒုက္ခဝေဒနာ)၊ အလယ် အလတ် ရှိတာက (ဥပေက္ခာဝေဒနာပါ ဘုရား)။
ဝေဒနာသဘောစွန့်သွားတယ်
အင်း သူက ဒီလိုပဲ ဝေဒနာသဘောနဲ့နေတာပဲ၊ ဝေဒနာ သဘောနဲ့နေတော့၊ ဪ သူက ဝေဒနာသဘော အဖြစ်မှ တစ်ပါး၊ မပြောင်းဘူးလား စိတ်ထဲက မှန်းတယ်။
ဝေဒနာသဘောက ပြောင်းဦးမှာလား၊ မပြောင်းဘူးလား ဆိုတာ၊ ဒကာ ဒကာမတွေ ဉာဏ်ဦး လှည့်လိုက်ပါ၊ လှည့်လိုက်တဲ့ အခါကျတော့ ဒကာ ဒကာမတွေ ကြည့်ရင်း မတ္တနဲ့ပဲ သုခ ဝေဒနာလေး ကလည်း သုခဝေဒနာမဟုတ်ဘူး၊ ဖြစ်ပျက် ဒုက္ခလေး ဖြစ်သွားတယ်။
သုခဝေဒနာကလေးကလည်း သုခဝေဒနာဟုတ်သေး ရဲ့လား (မဟုတ်တော့ပါ ဘုရား)၊ အင်း ပျက်စီးတဲ့ ဒုက္ခလေး၊ ဖြစ်မသွားဘူးလား (ဖြစ်သွားပါတယ် ဘုရား)။
အင်း သုခဝေဒုနာသည် ဒကာ ဒကာမတို့ ပျက်စီး တဲ့ ဒုက္ခဖြစ်သွားတယ်၊ အင်း ဝေဒနာ သဘောက၊ ဝေဒနာ သဘောစွန့်ပြီး သကာလ ဘယ်ရောက်သွားသတုံး ဆိုလို့ရှိရင်ဖြင့် ဒုက္ခသစ္စာ သဘော ရောက်သွားတယ်။
ပျက်စီးတဲ့ ဒုက္ခသဘောရောက်သွားတယ်
ပျက်စီးတဲ့ ဒုက္ခသစ္စာသဘောမရောက်ဘူးလား (ရောက်ပါတယ် ဘုရား)၊ အင်း ဝေဒနာ သဘောစွန့်၊ ပျက်စီးတဲ့ ဒုက္ခသဘောရောက် (မှန်ပါ့ ဘုရား)။
အင်း ဒကာ ဒကာမတို့နည်းနည်းစဉ်းစားစမ်း၊ ဝိပရိဏာမ ဟုတ်မဟုတ် (ဟုတ်ပါတယ် ဘုရား)၊ ကိုထွန်းအောင် ဝိပရိဏာ မ ဟုတ်ကဲ့လား (ဟုတ်ပါတယ် ဘုရား)။
ပေါ်တုန်းက ဝေဒနာဆို (ပေါ်တုန်းက ဝေဒနာပါ ဘုရား)၊ ဉာဏ်နဲ့လည်း မြင်ရတယ်၊ ဆရာဘုန်းကြီး ပြောတဲ့ အတိုင်းလည်းကြည့်လိုက်ပါရော။ ဝေဒနာမဟုတ်ဘူးပေါ့။ တို့ဖြင့် အပျက်တွေ့နေတယ်။ (မှန်ပါ့ ဘုရား)၊ သဘောကျ ပလား (ကျပါပြီ)။
ဦးလှဘူးရေ ဝေဒနာဟုတ်သေးရဲ့လား (မဟုတ်တော့ပါဘူး)၊ ဘာတွေ့သလဲ (အပျက် တွေ့ပါတယ် ဘုရား)၊ အင်း ဒါဖြင့် ဝေဒနာသည် ဘာဖြစ်သွားသလဲ (အပျက်ဖြစ်သွားပါတယ် ဘုရား)။
ဒါဖြင့် ဒကာစိန်ရေ၊ ဝေဒနာလေးဟာ ဝေဒနာမဟုတ် ဘူး၊ အပျက်ကလေး သဘောဖြင့် အသေအချာ ရောက်သွား တယ်။
ဝိပရိဏာမက ဘာစွန့်တာတုံး
အဲဒါ ဝေဒနာလေးဟာ အပျက်ကလေးသဘောကို သေချာရောက်သွားတဲ့ အခါကျတော့၊ ကြည့်လိုက် တာပေါ့ ဒါသည်ကားလို့ဆိုရင် ဝေဒနာသဘောလား အပျက်သဘောလား (အပျက် သဘောပါ ဘုရား)၊ ဉာဏ်နဲ့ကြည့်လိုက်တဲ့ အချိန်မှာလေ။
အဲ ဉာဏ်နဲ့ကြည့်လိုက်တဲ့ အချိန်ကျတော့ အပျက် မြင်တော့ ဝေဒနာသည် ဝေဒနာ သဘောကိုစွန့်၊ အပျက်သဘော ကိုရောက်။
အင်း ဝေဒနာသည် ဝေဒနာသဘောကိုစွန့်၊ အပျက်သဘောသို့ ရောက်ဆိုတော့ ဝိပရိဏာမ အပျက်ဒုက္ခ (မှန်ပါ့ ဘုရား)။
ဒုက္ခဆိုတာက ပျောက်သွားတာ
ဝိပရိဏာမက ဝေဒနာသဘောစွန့်တာ၊ အပျက်ကလေး က အပျက်ဒုက္ခ ဒါဖြင့် ဝိပရိဏာမ ဆိုတာက ဝေဒနာသဘော စွန့်တာ၊ ဒုက္ခဆိုတာက ပျောက်ပျက်သွားတာလေးဆိုတာ၊ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဝိပရိဏာမက ဘာစွန့်တာတုံး (ဝေဒနာစွန့်တာပါ ဘုရား)၊ ဝေဒနာရယ်လို့နာမှု၊ ကျင်မှု၊ ကိုက်ခဲမှု၊ ကောင်းမှု၊ အလယ်အလတ်ဖြစ်မှု ရှိသေးရဲ့လား (မရှိပါဘူး ဘုရား)။
ဝေဒနာသဘောစွန့်တာက ဘာတဲ့လဲ
ဒါဖြင့် ဝေဒနာသဘောစွန့်တာက ဘာတဲ့ (ဝိပရိဏာမ ပါ ဘုရား) ကြည့်လိုက်တဲ့အခါကျတော့ ပျောက်ပျက် သွားတာလေး မြင်လိုက်တော့၊ ပျောက်ပျက်တဲ့ ဒုက္ခ မမြင်လိုက်ဘူးလား (မြင်လိုက် ပါတယ် ဘုရား)။
ဒါဖြင့် ဝိပရိဏာမနဲ့ ဒုက္ခနဲ့ ပေါင်းလိုက်တာပေါ့ (တင်ပါ့) ပေါင်းလိုက်တော့ ဘယ်နှယ့် ဖြစ်သွားသလဲ (ဝိပရိဏာမ ဒုက္ခ ဖြစ်သွားပါတယ် ဘုရား)။
ဝိပရိဏာမဒုက္ခ
အေး ဒါဖြင့် ဒကာ ဒကာမတို့၊ ခင်ဗျားတို့ သန္တာန်ရှိတာ ဝေဒနာသုံးမျိုးသည်ကားလို့ ဆိုရင်ဖြင့် ဘယ်သဘောသတ္တိ ရှိသလဲလို့ ကိုယ့်ဟာကိုယ် ရှုကြည့်တဲ့ အခါကျတော့ ဝိပရိဏာမ ဒုက္ခ သဘောသတ္တိ ရှိတယ်၊ ရှင်းပလား (ရှင်ပါပြီ)၊ ပေါ် ပလား ဒကာ ဒကာမတို့ (ပေါ်ပါပြီ ဘုရား)။
ဉာဏ်စခန်း၊ ဉာဏ်စခန်း၊ ဉာဏ်စခန်းဦးလှဘူးရေ ဝိပရိဏာမ ဒုက္ခဆိုတာ သာမညပြောတာ မဟုတ်ဘူး။
ပထမ ဒီဝေဒနာဟာ၊ ဝေဒနာသဘောစွန့်သွားလို့ရှိရင် ဘာဆိုကြမယ် (ဝိပရိဏာမပါ ဘုရား)။
နွားနို့အချို့ကချဉ်သွားတယ်
နွားနို့ အချိုဟာလေ၊ နွားနို့လေးထားလိုက်တယ်၊ ဒီ အရပ်က ပူတဲ့အရပ်ဖြစ်နေတော့၊ မွန်းလွဲလို့ ရှိရင် ချဉ်သွားတယ်၊ ချဉ်သွားတော့ ဒကာစိန်တို့က၊ နွားနို့သည် ဘာဖြစ်သွားသတုံး ဆိုလို့ရှိရင်၊ ဖေါက်ပြန်ပြီဟေ့ ချဉ်သွားတယ်၊ အချိုဘာဖြစ် သွားသလဲ (ဖေါက်ပြန်သွားတယ်)။
ချဉ်သွားတာသည် စာလိုသုံးတော့ ဝိပရိဏာမ ဖြစ်သွား သည်၊ နွားနို့လေးချိုတာက ချဉ်ရင် ဘာပါလိမ့် (ဝိပရိဏာမ ပါ ဘုရား)။
ဒီမှာလည်း ဝေဒနာသည်ကားလို့ ဆိုလို့ရှိရင် ပထမက သုခလိုလိုနဲ့ တော်တော်ကြာကျတော သုခလည်းမဟုတ်ဘူး၊ ဒုက္ခ ဖြစ်သွားတယ်၊ ဝေဒနာလည်း မဟုတ်ဘူး၊ ဒုက္ခဖြစ်သွားတယ် (တင်ပါ့)။
ဒုက္ခဝေဒနာလည်း မဟုတ်ဘူး ဘယ်ရောက်လဲ ဒုက္ခ သစ္စာပဲ ပြန်ရောက်တယ်၊ ဥပေက္ခာ ဝေဒနာလည်း မဟုတ်ဘူး၊ ဘယ်ပြန်ရောက်လဲ (ဒုက္ခသစ္စာပဲ ပြန်ရောက်ပါတယ် ဘုရား)၊ ဒုက္ခဆိုတဲ့ သဘော ပြန်မရောက်ဘူးလား (ရောက်ပါတယ်)။
နက်နက်နဲနဲရှုလိုတဲ့ပုဂ္ဂိုလ်အတွက်
ဒါဖြင့် ဒကာ ဒကာမတို့ ယနေ့ နက်နက်နဲနဲရှုလိုတဲ့ ပုဂ္ဂိုလ်အတွက်ကိုဖြင့်၊ ဪ ဝိပရိဏာမ ဆိုတာက ဝေဒနာ သဘောစွန့်တာ၊ သဘောကျပလား (ကျပါပြီ)။
ဒုက္ခဆိုတာက ပျောက်ပျက်သွားတာလေး ဒီဉာဏ်က မြင်လိုက်တယ်၊ အဲဒီတော့ ဒကာ ဒကာမတွေ အပျက်မြင်တိုင်း မြင်တိုင်း ဘာကိုမြင်သတုံးလို့ မေးလို့ရှိရင်ဖြင့် ဝိပရိဏာမ ဒုက္ခ ကို မြင်တယ်၊ ရှင်းပလား (ရှင်းပါပြီ)၊ ဘာကို မြင်ပါလိမ့် (ဝိပရိဏာမ ဒုက္ခကို မြင်တာပါ ဘုရား)။
အေး ဒါကြောင့် ဝိပရိဏာမ သဘောနဲ့ ဒုက္ခသဘောကို လည်း ယနေ့ ရှင်းအောင် ပြောနေတယ်၊ ရဋ္ဌပါလသုတ်မှာ လာပြန်လို့ ပြောနေရတယ် (မှန်ပါ့)။
နှစ်ဘက်မြင်ဖြစ်တော့မယ်
အဲဒီကဲ့သို့ ဝိပရိဏာမကို ခင်ဗျားတို့ ရှာလို့ရှိရင်ဖြင့် အင်း နှစ်ဘက်မြင်ဖြစ်တော့မယ်၊ နှစ်ဘက်မြင် ဖြစ်တော့မယ် ဒကာ ဒကာမတို့ (မှန်လှပါ ဘုရား)၊ နှစ်ဘက်မြင်ဖြစ်တော့မယ် ဦးလှဘူးရေ သဘောကျပလား (ကျပါပြီ ဘုရား)။
အင်း ဒါဖြင့် ဉာဏ်ကလေးနဲ့ ခန္ဓာပြောမှု ဉာဏ်လှည့် လိုက်စမ်းပါ နာတယ်ဆိုတော့ ဘာဝေဒနာတုံး (ဒုက္ခဝေဒနာ ပါ ဘုရား)၊ အေး နေသာတယ်ဆိုတော့ (သုခဝေဒနာ ပါ ဘုရား)။
နေသာတဲ့ဝေဒနာလေးဉာဏ်နဲ့ကြည့်
အဲဒီနေသာတာလေးပဲ ဒကာ ဒကာမတွေကြည့်စမ်း ပါဦး၊ နေသာတဲ့ ဝေဒနာလေး ဉာဏ်နဲ့ ကြည့်စမ်းပါဦး၊ တွေ့သေးရဲ့ လား မတွေ့ပါဘူး။ ဘာဖြစ်သွားသတဲ့ (ဒုက္ခဖြစ်သွား ပါတယ် ဘုရား)။
နေသာတာမှ၊ နေသာတဲ့ သဘောလေးစွန့်ပြီး သကာလ ပျောက်ပျက်တဲ့ သဘောလေး ရောက်သွားတယ်၊ မရောက်ဘူး လား (ရောက်ပါတယ်)။ နေသာတဲ့ သုခသဘောလေး ဘာဖြစ်သွား သလဲ (ပျောက်ပျက် သွားပါတယ် ဘုရား)။ စွန့်သွားတယ်။
ဘာလေးသာ ခင်ဗျားတို့ ဉာဏ်ထဲတွေ့တော့လဲ (ပျောက်ပျက်တာတွေ့ ပါတယ် ဘုရား)၊ အေး အပျက်ဒုက္ခလေး သာ ဒကာ ဒကာမတွေ မတွေ့ဘူးလား (တွေပါတယ်)။
အဲဒီအပျက် ဒုက္ခလေးသာတွေ့တော့ အင်း ဒကာ ဒကာမတွေ တွေ့နေတဲ့၊ ဆရာဘုန်းကြီးက ရှုခိုင်းလို့ ရှုနေတာ လေးဟာ၊ ဘာလေးပါလိမ့်မလဲဆိုတာ ယနေ့ကောင်းကောင်း ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဝိပရိဏာမ ဒုက္ခလေးတွေ့ရတယ်
ဘာလေးပေါ်လာလဲ (အပျက်ဒုက္ခ ပေါ်ပါတယ် ဘုရား)၊ ဒီလိုမဆိုနဲ့ ဒကာစိန်ရ၊ ဒီလိုမဆိုနဲ့၊ ဝိပရိဏာမ ဒုက္ခလေး ကို တွေ့ရတယ် (မှန်လှပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ)။
ဒကာ ဒကာမတို့ ဘာတွေ့ (ဝိပရိဏာမ ဒုက္ခလေး ကို တွေ့ရပါတယ် ဘုရား)၊ အေး ဝိပရိဏာမ ဒုက္ခတွေ့ရတယ် ဆိုတာ ရှင်းပလား (ရှင်းပါပြီ)။
သုခလေးဟာ သုခရယ်လို့ တွေ့သလား ပျက်စီးမှု လေးတွေ့သလား (ပျက်စီးမှုလေး တွေ့ပါတယ် ဘုရား)၊ ဒါဖြင့် သုခသဘော စွန့်သွားတာက ဝိပရိဏာမ၊ ပျက်စီးမှုသဘောလေး တွေ့ရတာက (ဒုက္ခပါ ဘုရား)။
ဒါဖြင့် ဘာတွေ့ကြလဲ (ဝိပရိဏာမ ဒုက္ခတွေ့ပါ တယ် ဘုရား)၊ အေး ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ ရှုနေတာ ဝေဒနာသုံးမျိုး ရှုတိုင်း ရှုတိုင်း ဘာဒုက္ခတွေ့သလဲ (ဝိပရိဏာမ ဒုက္ခတွေ့ပါတယ် ဘုရား)။
ဒီနေ့တရားဂရုစိုက်ပါ
အေး ဒကာစိန်ရ ဝိပရိဏာမ ဒုက္ခတွေ့တယ်။ သဘောကျပလား (ကျပါတယ် ဘုရား)၊ ကိုထွန်းအောင်ရေ ဒီနေ့ တရား ဂရုစိုက်ပါ (မှန်ပါ)၊ ဦးလှဘူး ဂရုစိုက် (စိုက်ပါတယ် ဘုရား)။
ဘာကြောင့်တုံးဆိုတော့ ဝေဒနာတွေ့တာမှ မဟုတ် တော့ဘဲကိုးဗျ။ ကြည့်လိုက်သည်နှင့် တစ်ပြိုင်နက်တည်း၊ ၎င်း ဝေဒနာက အပျက်သဘောသို့ မရောက်ဘူးလား (ရောက်ပါ တယ် ဘုရား)။
အပျက်သဘောသို့ ရောက်တယ်ဆိုတော့၊ ဝေဒနာ သဘောစွန့် အပျက်သဘောသို့ရောက် ဆိုတော့ ပျက်ဒုက္ခအဖြစ်၊ မကျသေးဘူးလား (ကျပါတယ် ဘုရား)။
အဲဒီတော့ သူ့ ဘာခေါ်ကြမယ် (ဝိပရိဏာမ ဒုက္ခပါ ဘုရား)၊ ဒါဖြင့် သုခဝေဒနာလည်း ဘယ်လမ်းဆုံး (ဝိပရိဏာမ ဒုက္ခလမ်းဆုံးပါတယ် ဘုရား)၊ ဒုက္ခဝေဒနာကော ဘယ်လမ်းဆုံး (ဝိပရိဏာမ ဒုက္ခလမ်းဆုံးပါတယ် ဘုရား)၊ ဥပေက္ခာ ဝေဒနာလည်း ဘယ်လမ်းဆုံး (ဝိပရိဏာမ ဒုက္ခလမ်းဆုံးပါတယ် ဘုရား)။
အေး ခင်ဗျားတို့ ရုပ်တွေ ဘာတွေကော ဘယ်လမ်းဆုံး (ဝိပရိဏာမ ဒုက္ခလမ်းဆုံးပါတယ် ဘုရား)၊ အဲဒါကြောင့် ခင်ဗျားတို့ ရုပ်နာမ်တွေဟာ ဝိပရိဏာမ ဒုက္ခသစ္စာဆိုတာ ဒါပါပဲ။
ဒုက္ခသစ္စာမတွေ့မှာ စိုးရိမ်တယ်
ဪ တို့ ဒုက္ခသစ္စာတွေ့ပဟ၊ ဒုက္ခသစ္စာတွေ့ပဟဆို တော့ ဒုက္ခသစ္စာများမတွေ့မှာ ဆရာဘုန်းကြီးက အတော်စိုးရိမ် တယ်၊ ဘာကြောင့်တုံးဆိုတော့ ဒုက္ခသစ္စာဆင်းရဲတာတွေ့နေလို့ ဘုန်းကြီးက မကျေနပ်၊ (မှန်လှပါ ဘုရား)။
ဆင်းရဲတာနဲ့ ဒုက္ခဝေဒနာ ပြန်တွေ့နေတယ်၊ အဲဒါ ဒုက္ခသစ္စာ မဟုတ်သေးဘူး၊ ဝိပရိဏာမ ဒုက္ခကို တွေ့ပါမှ ဒုက္ခ သစ္စာတွေ့သည်။ (မှန်လှပါ ဘုရား)။ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ဘာတွေ့မှတုံး (ဝိပရိဏာမ ဒုက္ခတွေ့မှပါ ဘုရား)။
ဒုက္ခလို့ညည်းဟာ ဒုက္ခမဟုတ်ဘူး
ဒကာ ဒကာမတွေ၊ ခွေးကိုက်လို့ညည်း၊ ခလုပ်တိုက်လို့ ညည်း၊ နေတဲ့ ဒုက္ခ၊ ဪ ဒုက္ခ၊ ဒုက္ခ၊ ဖြစ်မှ ဖြစ်ရလေ ဒုက္ခရယ်၊ ခွေးကိုက်လို့ ညည်းတာ၊ ခလုပ်တိုက်လို့ ညည်းတာ၊ အဲဒါ ဒုက္ခ မဟုတ်ဘူး၊ ဝေဒနာ (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)။
ကိုထွန်းအောင် ဒါတွေက ဘာတွေတုံး (ဝေဒနာပါ ဘုရား)၊ အဲဒါ ဝေဒနာ ဒုက္ခညည်းနေ လွဲတော့မပေါ့ (မှန်ပါ့) ဒါမခံနိုင်လို့ ညည်းတဲ့ ဒေါသ။
ဒါ ခင်ဗျားတို့ ဉာဏ်နဲ့သည်းတာ ဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား)၊ အဲဒါတွေများ သွားသာဓု ခေါ်လို့ရှိရင်၊ ခက်လိမ်မယ်၊ ဝမ်းထဲက ဖြစ်တာ ငါဝမ်းသာလိုက်တာဆိုပြီး သာဓုများ သွားမခေါ်နဲ့ ကိုယ်ပါလုံးပြီး အပါယ်ကျသွားမယ်၊ မကျ ပေဘူးလား (ကျပါတယ် ဘုရား)။
အေး ဒါကြောင့် မြို့ထဲရွာထဲမှာ ခေါ်နေကြတာ၊ ဖြစ်မှ ဖြစ်ရလေ ဒုက္ခ ဒုက္ခဆိုတာများ သွားသာဓုမခေါ်နဲ့ (တင်ပါ့ ဘုရား)၊ သူဝိပရိဏာမ ဒုက္ခမြင်လို့လား၊ မထိုင်ချင်လို့ ဒုက္ခဖြစ် ရတာလား (မထိုင်ချင်လို့ ဒုက္ခဖြစ်ရတာပါ ဘုရား)။
ဒုက္ခလို့ ညည်းတာ၊ သစ္စာမဆိုက်ဘူး
ဘယ်သူသေသတဲ့ ဆွေမျိုးထဲကဆိုရင် သော် ဒုက္ခ ဒုက္ခ၊ အင်း ဒါ သူ့အမျိုးသေလို့ သူဒေါမနဿ ဖြစ်လို့ ဒုက္ခညည်း တာ (မှန်လှပါ ဘုရား)၊ ဒီဒုက္ခ ဘုန်းကြီးတို့က မကြိုက်ဘူး၊ သစ္စာ မဆိုက်ဘူး (တင်ပါ ဘုရား)၊ ဆိုက်ကဲ့လား။ (မဆိုက်ပါဘူး ဘုရား)၊ မခံချင်လို့ ညည်းတဲ့ဒုက္ခတွေပါ ဒကာ ဒကာမတွေရဲ့ (မှန်ပါ ဘုရား)။
အင်း ဒကာစိန်တို့က ဘုန်းကြီးတရားမနာရတာ အင်း သူက ဒုက္ခအကြောင်း သိရှာလို့ ဒုက္ခလို့ ညည်းရှာတာ လားလို့ အောက်မေ့တယ် မဟုတ်ဘူး ဒေါမနဿနဲ့ညည်းတာ (မှန်ပါ ဘုရား)၊ အလကား ညည်းတာ (မှန်ပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊ ဝိပရိဏာမပါရဲ့ လား (မပါပါဘူး ဘုရား)။
သူ့ ခန္ဓာထဲ ဝိပရိဏာမကိုလည်း မမြင်ဘူး၊ ဖြစ်တဲ့ ဒုက္ခကော (မမြင်ပါဘူး ဘုရား)၊ ဒါဖြင့် ဝိပရိဏာမ ဒုက္ခမှ ဒုက္ခသစ္စာပဲ ဥစ္စာ၊ သူ့ဒုက္ခက အလကား ဒုက္ခပေါ့ဗျာ (မှန်လှပါ ဘုရား)၊ ကိုထွန်းအောင် သဘောပါပလား (ပါပါပြီ ဘုရား)၊ အေး ဒါကြောင့် သာဓုခေါ်မည့်အရေး ပေမယ့် တွေးရဦးမည်ဆိုတဲ့ သဘောသည် ခင်ဗျားတို့ သေသေချာချာ စီစစ်သင့်တယ် (မှန်လှပါ ဘုရား)။
ဝေဒနာဘယ်မှာလမ်းဆုံးသလဲ
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ အရိယာများ ရှာမှီးပုံ၊ ရှာမှီး တဲ့အကြောင်း ကိုဖြင့် ယခုပြောလာပြီ (မှန်လှပါ ဘုရား)၊သုခ ဝေဒနာလည်း ဘယ်မှာလမ်းဆုံး (ဝိပရိဏာမ ဒုက္ခမှာ လမ်းဆုံးပါ တယ် ဘုရား)၊ ဒုက္ခဝေဒနာ ဘယ်မှာလမ်းဆုံး (ဝိပရိဏာမ ဒုက္ခမှာ လမ်းဆုံးပါတယ် ဘုရား)၊ ဥပေက္ခာ ဝေဒနာဘယ်မှာ လမ်းဆုံး (ဝိပရိဏာမ ဒုက္ခမှာ လမ်းဆုံး ပါတယ် ဘုရား)။
အေး ခင်ဗျားတို့ သန္တာန်ပေါ်ချင်တဲ့ ဓမ္မတွေပေါ်တဲ့၊ ပေါ်ချင်တာပေါ် ဣဿာပေါ်ပေါ်၊ မစ္ဆရိယပေါ်ပေါ်၊ လောဘ ပေါ်ပေါ်၊ ဒေါသပေါ်ပေါ်၊ ပူတာပေါ်ပေါ်၊ အေးတာပေါ်ပေါ်၊ တောင့်တာ ပေါ်ပေါ် တင်းတာပေါ်ပေါ်၊ ဒကာ ဒကာမတို့ ဘယ် လမ်းဆုံးတုံး (ဝိပရိဏာမ ဒုက္ခမှာလမ်းဆုံးပါတယ် ဘုရား)။
သစ္စာအမြင်မဂ္ဂင်ဖြစ်တယ်
အေး ဒီလိုကျတော့မှ ဒကာ ဒကာမတွေက သဗ္ဗေ သင်္ခါရာ ဒုက္ခာဆိုတဲ့ဥစ္စာ ဒီဘက်ကျမှ ဒုက္ခဘက် သိမ်းဝင်သကိုဗျ (မှန်လှပါ ဘုရား)၊ နို့မို့လို့ရှိရင် ဒုက္ခဘက် သိမ်းဝင်ပါ့မလား (မဝင်ပါဘူး ဘုရား)၊ အေး အဲဒီကဲ့သို့ ဝိပရိဏာမ ဒုက္ခကို မြင်မှသာလျှင် ဒကာ ဒကာမတို့ သစ္စာအမြင် မဂ္ဂင် ဖြစ်တယ်၊ (မှန်လှပါ ဘုရား)၊ ကိုထွန်းအောင်ရေ သဘောကျပလား (ကျပါတယ် ဘုရား)၊ ဦးလှဘူး သဘောကျပလား (ကျပါပြီ ဘုရား)။
ဝိပရိဏာမ ဒုက္ခမြင်မှ သစ္စာမြင်သောကြောင့် မဂ္ဂင်ဆိုတဲ့ ဉာဏ်ပေါ်တယ် (မှန် လှ ပါဘု ရား)၊ ဒကာစိန် သဘောကျပလား (ကျပါပြီ ဘုရား)၊ ဝိပရိဏာမ ဒုက္ခမြင်မှ ဘာတုံး (မဂ္ဂင်ဆိုတဲ့ ဉာဏ်ပေါ်ပါတယ် ဘုရား)၊ အေး သစ္စာဖြစ်တဲ့ မဂ္ဂင်၊ ဟုတ်လား သစ္စာမြင်တဲ့ မဂ္ဂင် (မှန်လှပါ ဘုရား)၊ ဒုက္ခသစ္စာမြင်တဲ့ မဂ္ဂင်ဖြစ်တယ် (တင်ပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ အဲဒီ ဝိပရိဏာမ ဒုက္ခ မမြင်ဘဲနဲ့ ဒုက္ခသည်းနေတာကတော့ ဒေါသနဲ့ ညည်းတာမှတ်ကြပေတော့ (မှန်လှပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ပေါ်တာတစ်မျိုး ပျောက်အောတစ်မျိုး
အဲဒီတော့ ဒကာ ဒကာမတို့ ဒါလေးတော့ဖြင့် ဉာဏ်လေး နဲ့ စူးစူးစိုက်စိုက်ကလေး ခန္ဓာ တည့်ပေးမှ သာလျှင် ရှေ့တင် ဝေဒနာ အဖြစ်နဲ့လည်း ပေါ်လာသေးရဲ့ ယခု ရှာပြန်တော့လည်း ဝေဒနာ အပျက်နဲ့လည်း မတွေ့၊ ပျောက်ပျက် တာလေးသာ တွေ့နေတော့ရော ပေါ်တာတစ်မျိုး၊ ပျောက်တာ တစ်မျိုး ဖြစ်နေပါပေါ့လား (တင်ပါ့ ဘုရား)။ တယ်လဲ ဖေါက်ပြန်လွယ်ပါလားလို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
အဲဒီကျမှ ဖေါက်ပြန်တဲ့ ဝိပရိဏာမ ဒုက္ခကို ခင်ဗျားတို့ ဉာဏ်နဲ့ ဦးတည့်တာ (တင်ပါ ဘုရား)။
အဲဒီ ရှင်ရဋ္ဌပါလက ဒီလိုဟောလာတယ်၊ အရိယာများ ရှာမှီးတာကတော့ ဒီလိုဖော့၊ ဝိပရိဏာမ ဒုက္ခရှာမှီးတာ (တင်ပါ) ဝိပရိဏာမ ဒုက္ခရှာမှီးလိုက်တော့၊ ဒကာ ဒကာမတို့ ရှေ့တစ်ဆင့် တက်လိုက်ပါဦး။
ဝိပရိဏာမ ဒုက္ခတွေ့အောင်ရှာနိုင်တဲ့ ဒကာ ဒကာမ တွေကျတော့၊ ခင်ဗျားတို့၊ ဝိပရိဏာမ ဒုက္ခကိုတဲ့၊ တွေ့လည်း တွေ့ပါရောတဲ့၊ သော် (၃၁) ဘုံထဲမှာဖြင့် ဝိပရိဏာမ ဒုက္ခဘုံကြီးပါလား ဖြစ်နေတယ် (တင်ပါ့)၊ ဦးလှဘူး ဖြစ်လား (ဖြစ်ပါတယ်)။
(၃၁) ဘုံထဲဘာဘုံကြီးပါလိမ့်
(၃၁) ဘုံထဲ ဘာဘုံကြီးပါလိမ့် (ဝိပရိဏာမ ဒုက္ခဘုံ ကြီးပါ ဘုရား)၊ အဲဒီလို ခန္ဓာကိုယ်ကြီးကို မြင်ပြီး သကာလ လာတော့၊ ဪ ဝိပရိဏာမ ဒုက္ခဘုံကြီးဖြစ်နေလို့ ရှိရင်၊ အဝိပရိဏာမ သုခဘုံ ဆိုတာ နိဗ္ဗာန်ပဲ (တင်ပါ)၊ ဉာဏ်ကလှည့်သွားတယ်၊ မလှည့်လားဗျာ (လှည့်ပါတယ်)။
ဒကာ ဒကာမတို့ ဝိပရိဏာမ ဒုက္ခကြီးကို မြင်တော့မှ အဝိပရိဏာမ နိရောဓကို မြင်တယ်၊ ရှင်ပလား (ရှင်းပါပြီ)။
ဝိပရိဏာမဒုက္ခမြင်မှ
ဒါဖြင့် ဒကာ ဒကာမတို့ ယနေ့တရားမှာ၊ ဝိပရိဏာမ ဒုက္ခမြင်မှသာလျှင် အဝိပရိဏာမ နိရောဓကို ရောက်နိုင်တယ်၊ ရှင်းပလား (ရှင်းပါပြီ)။
ဝိပရိဏာမ ဒုက္ခကိုမြင်မှသာလျှင်၊ အဝိပရိဏာမ နိရောဓ ကို ရနိုင်တယ်၊ ရှင်းပလား (ရှင်းပါပြီ)၊ ဒကာစိန် နေရာကျ ပလား (ကျပါပြီ ဘုရား)၊ ဘာတဲ့တုံး ကဲ (ဝိပရိဏာမ ဒုက္ခကိုမြင်မှသာ အဝိပရိဏာမ နိရောဓကို ရနိုင်တယ် ပြောတာပါ ဘုရား)။
အေး ဒကာ ဒကာမတို့ ယနေ့ကောင်းကောင်း ရှင်းပေးတယ်၊ ကိုထွန်းအောင် (တင်ပါ့)၊ ယနေ့ ကောင်းကောင်း ရှင်းပေးပြီ။
အဝိပရိဏာမနိရောဓ
နိဗ္ဗာန်၊ မအိုရာရှာပြီး ဝိပရိဏာမ ဒုက္ခမြင်မှ၊ အဝိ ပရိဏာမ နိရောဓဆိုတဲ့ နိဗ္ဗာန်ကြီးကို၊ ခင်ဗျားတို့ ရောက် နိုင်တယ်။
ဪ ဒါဖြင့် အရိယာတို့၏ ရှာမှီးခြင်းက ဝိပရိဏာမ ဒုက္ခကို မြင်တယ်။အဝိပရိဏာမ နိရောဓ ကိုလည်း သူတို့ ဉာဏ် ရောက်တယ်လို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
အေး ဒါကြောင့် သူတို့က နှစ်ဘက်မြင်ပြီး ရှာမှီးတယ်၊ ကျုပ်တို့ ပုထုဇဉ်က စုံလုံးကန်း ရှာမှီးတယ်၊ မကွာလား (ကွာ ပါတယ် ဘုရား)၊ ကိုင်း ကွာလိုက်တာ ကိုင်း ဒကာ ဒကာမတို့ ထူးထူးခြားခြားကြီး ကွာလာတယ်ဆိုတာဖြင့် ကျေနပ်သင့် ပါတယ်။ ထူးထူးခြားခြား မကွာဘူးလား (ကွာပါတယ် ဘုရား)။
ဒုက္ခမမြင်ဘဲနဲ့ နိဗ္ဗာန်မြင်တယ်ဆိုရင်
အေး ဒါကြောင့် ဝိပရိဏာမ ဒုက္ခ မမြင်ဘဲနဲ့၊ ကျုပ်နိဗ္ဗာန် မြင်တယ်ဆိုရင်ဖြင့်၊ ဒီလူ အရူး (မှန်လှပါ ဘုရား)၊ အရူးပဲ၊ အရူးပဲ။
အဲ ဦးလှဘူး၊ ဝိပရိဏာမ ဒုက္ခ မမြင်ဘဲနဲ့ အဝိပရိဏာမ နိရောဓဆိုတာကြီး မြင်တယ်ဆိုရင်၊ ဘာဆိုကြမယ် (အရူးပါ ဘုရား)၊ အရူးဆိုရမယ်တဲ့ အရိယာတို့၏ ရှာမှီးခြင်းနဲ့ မကိုက်ဘူး (တင်ပါ့)။
အရိယာတို့၏ ရှာမှီးခြင်းက၊ ဝိပရိဏာမ ဒုက္ခမြင်မှသာ လျှင် အဝိပရိဏာမ နိရောဓကိုလည်း၊ မျက်မှောက်ပြုနိုင်တယ် ကိုဗျ (တင်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊ ဒကာ စိန်ရေ ဒီနေ့ ရှင်းပုံကို ကြပ်ကြပ် ဂရုစိုက်ပါ (မှန်လှပါ ဘုရား)။
ဒါတွေကို ရှင်းကြပါ၊ ဒါလေးကို ရှင်းကြပါ၊ နိဗ္ဗာန်မြင် တယ်၊ နိဗ္ဗာန်မြင်တယ်ဆိုတာ ဒကာ ဒကာမတွေက၊ အင်း ဘယ်နှယ်ကြောင့် နိဗ္ဗာန်မြင်နိုင်၊ တွေ့နိုင်ကြပါလိမ့်မလဲ ဆိုတာ ဖြင့် အဖြေ ထွက်လာတယ်။
အဝိပရိဏာမ နိဗ္ဗာန်
ဪ သူတို့ ဝိပရိဏာမ ဒုက္ခမြင်သောကြောင့် အဝိပရိဏာမ နိရောဓ မြင်တာကို ရှင်းပလား (ရှင်းပါပြီ)၊ ဒါဖြင့် နိဗ္ဗာန်သည်ကား ဆိုလို့ရှိရင် ဒကာ ဒကာမတို့ ဝိပရိဏာမ ဒုက္ခမမြင်ဘဲနဲ့၊ အဝိပရိဏာမ နိဗ္ဗာန်ကို မဖေါက်ပြန်ခြင်းရှိတဲ့ နိဗ္ဗာန်ကို မြင်နိုင်ပါ့မလား (မမြင်နိုင်ပါဘူး ဘုရား)။
ဒါဖြင့် နိဗ္ဗာန်မြင်တဲ့ ပုဂ္ဂိုလ်များ၊ ဘာမြင်လို့ ဘာမြင်တာ ဆိုတာဖြင့်၊ ကောင်းကောင်း ရှင်းသွားပြီ၊ မရှင်းသေးဘူးလား (ရှင်းပါပြီ)။
ရှေးဦးစွာအမြင်သတုံး
ရှေးဦးစွာ ဘာမြင်သတုံး ဒကာ ဒကာမတို့ (ဝိပရိ ဏာမ ဒုက္ခကို မြင်မှ အဝိပရိဏာမ နိရောဓကို မျက်မှောက်ပြု နိုင်ပါတယ် ဘုရား)၊ အေး ဒကာစိန်ရ ဒီတစ်လုံးတင်ပဲ ခင်ဗျားတို့ သေပျော်တဲ့တစ်လုံး (တင်ပါ့ ဘုရား)။
နို့မိုလို့ရှိရင်၊ နိဗ္ဗာန်သည်ကားလို့ ဆိုရင် ဆုတောင်းနဲ့ရ တယ်လို့လည်း မှတ်လိုက်လိမ့်မယ် (တင်ပါ့ ဘုရား)။
ဥဒယဗ္ဗယဉာဏ်တန်ခိုးပြတာ
ဒါပေမဲ့ ငြိမ်းတာ၊ အေးတာလေးကိုလည်း၊ အင်း ဒါလေးဟာ နိဗ္ဗာန်ပဲလို့ ဥဒယဗ္ဗယဉာဏ် တန်းခိုးပြတာကိုလည်း၊ နိဗ္ဗာန်ပဲလို့လည်း မှတ်ချင် မှတ်လိုက်လိမ့်မယ် (တင်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။
အခုဟာကတော့ဖြင့် အင်း နိဗ္ဗာန်တွေ့တယ်၊ နိဗ္ဗာန် တွေ့တယ်၊ နိဗ္ဗာန်ကို မျက်မှောက် ပြုနိုင်တယ် ဆိုတာဟာ၊ ဝိပရိဏာမ ဒုက္ခမြင်ပြီးတဲ့ ပုဂ္ဂိုလ်မှ၊ အဝိပရိဏာမ နိရောခါ မျက်မှောက် ပြုတယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒုက္ခပိုင်းခြားသိတဲ့ ပုဂ္ဂိုလ်မှ
ဝိပရိဏာမ ဒုက္ခကို ပိုင်းခြားသိတဲ့ ပုဂ္ဂိုလ်မှသာလျှင်၊ အဝိ ပရိဏာမ ဖောက်ပြန်ခြင်း မရှိတဲ့ နိရောဓကို သေသေချာချာ ရနိုင် ပါတယ် နို့မိုလို့ရှိရင်ဖြင့် ဘယ်လိုပဲ လုပ်နေနေ မရောက်ဘူး၊ ရောက်ပါ့မလား (မရောက်ပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)။
အေး ဒါကြောင့် တော်တော်အဖိုးတန်တယ်ဆိုတဲ့ ဒီနှစ်လုံးတင်ပဲ၊ အရိယာတို့၏ ရှာမှီးခြင်းက၊ ဒီလိုနှစ်ဘက်မြင် ရှာတယ်၊ ဆိုတာကော၊ ဒကာစိန်ရာ ကျေနပ်ဖို့ကောင်းပါတယ် (ကျေနပ်ပါတယ် ဘုရား၊ တကယ် အဖိုးတန်ပါတယ်)။
ဆရာဘုန်းကြီးပေးတဲ့နည်း ဘယ်လိုကြိုးစားရမှာလဲ
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ငါတို့ ဘယ်အခြေအနေ ရောက်လို့ ဘယ်အခြေအနေ ဆိုက်အောင်၊ တို့ဆရာဘုန်းကြီးပေး ထားတဲ့နည်း ဘယ်လိုကြိုးစားရမှာလဲ ဆိုတာ ပေါ်လာကြပြီ (ပေါ်လာပါပြီ ဘုရား)။
အင်း ဝိပရိဏာမ ဒုက္ခရောက်အောင်ဖြင့်၊ တို့ဘဏ်တက် ရလိမ့်မယ်ဟေ့၊ ရှင်းပလား (ရှင်းပါပြီ)။
ရထားခုနစ်စင်းပေါ်တက်ပြီ
တို့ဉာဏ်တက်ရလိမ့်မယ်၊ ဝိပရိဏာမ ဒုက္ခကို တို့မြင်တဲ့ အခါကျတော့၊ ရထားက ဟောထားတဲ့၊ ရထဝိနိတသုတ်မှာ ဖြင့် ခုနှစ်စင်းပေါ်တက်မိပါပြီ၊ ဟုတ်ပလား (ဟုတ်ပါတယ် ဘုရား)၊ ရထား ခုနှစ်စင်းလို့ မပြောခဲ့ဘူးလား (ပြောပါတယ် ဘုရား)။
ခုနှစ်စင်းပေါ်တက်မိလို့ ရှိရင်ဖြင့် နန်းတော် အိမ်တော်နဲ့ တူတဲ့ နိဗ္ဗာန်ကြီးကို၊ အဝိပရိဏာမ နိရောဓ ဘက်ဆင်းရုံရှိ တော့တယ် သဘောကျပလား (ကျပါပြီ)။
နိဗ္ဗာန်ကြီးကိုဆင်းရုံပဲ
အဝိပရိဏာမ နိရောဓဘက်ကို ဒကာ ဒကာမတို့ ဆင်း ပဲ (မှန်ပါ့)၊ ဝိပရိဏာမ ဒုက္ခကို မြင်ပြီလို့ ဒကာဒကာမတွေ့ လို့ရှိရင်၊ အဝိပရိဏာမ နိရောဓဆိုတဲ့ မိမိတို့၏ နန်းတော်၊ အိမ်တော်နဲ့တူတဲ့ နိဗ္ဗာန်ကြီးကို ဆင်းရုံပါပဲ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဝိပရိဏာမ ဒုက္ခကို မမြင်သေးရင် ဘယ်နည်းနဲ့ မှ နန်းတော်၊ အိမ်တော်နဲ့ တူတဲ့ အဝိပရိဏာမ နိဗ္ဗာန်ကြီး မဆင်း နိုင်သေး (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ)။
ရထားစီးတုန်းပဲလို့သာ မှတ်ရမယ်၊ ဆင်းဖို့အချိန်ရောက် ပလား (မရောက်သေးပါ ဘုရား)၊ အဲဒါ ဒကာစိန် သေသေချာချာ မှတ်ပါ၊ ဒါဖြင့် တို့သည်၊ တို့ဆရာ ဘုန်းကြီးက၊ ရထားခုနစ်စင်းနဲ့ နိဗ္ဗာန်ဝင်လမ်းကို ပြောထားတဲ့ အနက်က အခုဟာ သတ္တမရထား ဟောနေပါကလားလို့ ဆိုတာကော ပေါ်လာ – ကြပလား (ပေါ်လာပါပြီ ဘုရား)။
ဒါသေသေချာချာမမေ့စေနဲ့
အေး သတ္တမရထားက ဘာမြင်မှသာလျှင်တုံး ဆိုတာ သဘောကျပလား (ကျပါပြီ)၊ ဘာမြင်ရမလဲ (ဝိပရိဏာမ ဒုက္ခမြင်မှ အဝိပရိဏာမ နိရောဓကို မျက်မှောက်ပြုနိုင်မှာပါ ဘုရား)။
ဒကာစိန် ဒါသေသေချာချာ မမေ့စေနဲ့၊ ဒါ အရေး အကြီးဆုံး ဦးလှဘူးရေ (မှန်လှပါ ဘုရား)။
ကိုင်း ဝိပရိဏာမ ဖြစ်ပုံတွေကိုလည်း၊ အစကတည်းက ဘုန်းကြီးက ရှင်းခဲ့ပါတယ်၊ မရှင်းခဲ့ဘူးလား (ရှင်းခဲ့ပါတယ် ဘုရား)။
ဝေဒနာဆိုပြီးအပျက်တွေ့တယ်
ပထမက ဝေဒနာတဲ့ဗျာ၊ နောက်ဉာဏ်နဲ့ရှာလိုက်တော့ ဘာတွေ့သလဲ (အပျက်တွေ့ပါတယ်)၊ အပျက်တွေ့တယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ ရှာလိုက်တော့ ဘာတွေ့လဲ (အပျက် တွေ့ပါတယ် ဘုရား)၊ ဝေဒနာဆိုပြီး အပျက်တွေ့ တာ ဘာတုံး (ဝိပရိဏာမပါ ဘုရား)၊ ဝိပရိဏာမဖြင့် ဒုက္ခပဲ၊ ဝေဒနာဆိုပြီး ရှာတော့ ဘာတွေ့လဲ
(အပျက်တွေ့ပါတယ်)၊ ဒါဖြင့် သူ့ဘယ်နှယ်ဆိုကြမလဲ။ ဝိပရိဏာမ ဒုက္ခ၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ပထမက ခန္ဓာကိုယ်ပေါ်၊ ပေါ်လာတုန်းက ဘာတဲ့ (ဝေဒနာပါ ဘုရား)၊ ဝေဒနာပဲ ဆိုပြီး ကြည့်လိုက် ပါရော ဘာတွေ့လဲ (အပျက်တွေ့ပါတယ်)၊ အဲဒီတော့ ဘာတွေ့ တယ်ဆိုကြမယ် (ဝိပရိဏာမ ဒုက္ခတွေ့ပါတယ်)။
ကမ်းကုန်လမ်းကုန်လိုက်
အင်း ဝိပရိဏာမ ဒုက္ခတွေ့တယ်ဆိုလို့ရှိရင်၊ အဲဒီ ဝိပရိ ဏာမ ဒုက္ခကို ဒကာ ဒကာမတွေက ကမ်းကုန်၊ လမ်းကုန်ရှုလိုက် (မှန်ပါ့)၊ ဟုတ်ပလား ပေါ်တိုင်း ပေါ်တိုင်း ရှုလိုက်ပြီဆိုမှဖြင့် ဝိပရိဏာမ ဒုက္ခအဆုံးမှာ၊ ဉာဏ်လည်း ဆုံးပါရော အဝိပရိဏာမ နိရောဓ ဆိုတာကြီးက ခင်ဗျားတို့ ကိုယ်တိုင်၊ ကိုယ်ပိုင်ရမယ်၊ (တင်ပါ့)၊ သဘောကျပလား (ကျပါပြီ)။
ဒီနှစ်လုံးပဲရှိတယ် ဒကာ ဒကာမတို့ အင်မတန်အဖိုး မတန်ဘူးလား (တန်ပါတယ် ဘုရား)၊ အေး ဦးလှဘူးရ သိပ်နေရာကျတယ်နော် (ကျပါတယ် ဘုရား)၊ အင်မတန် အဖိုးတန်တယ်ဆိုတာ ဒကာ ဒကာမတို့။
တို့ဘယ်အတန်းရောက်ပြီလဲ
ဒါဖြင့် တို့ရူတာ၊ တို့ဆရာဘုန်းကြီးက ခိုင်းလို့ တို့ရှုနေကြ တယ်၊ ပွားများနေကြတယ်၊ တို့ဘယ်အဆင့် ဘယ်အတန်း ရောက်ပြီဆိုတဲ့ ဥစ္စာဖြင့် ဝိပရိဏာမ ဒုက္ခကြီး မြင်မှသာလျှင်၊ ဒုက္ခသစ္စာ ပိုင်းခြားတာ လမ်းဆုံး၍ အဝိပရိဏာမ နိရောဓကို ခင်ဗျားတို့ ရောက်မယ်။
ဒုက္ခသစ္စာ
ကိုင်း ဒါဖြင့် သစ္စာဖွဲ့ကြည့်လိုက်တော့ ခင်ဗျားတို့ ရှင်းသွားတယ် (တင်ပါ့) ဝိပရိဏာမ ဒုက္ခက ဒုက္ခသစ္စာ၊ ဝိပရိဏာမ ဒုက္ခမှန်းသိတာက (မဂ္ဂသစ္စာပါ ဘုရား)၊ အင်း ဒါဖြင့် အဝိပရိဏာမ နိရောဓကို ထိန်းရတာက နိရောဓသစ္စာ၊ မျက်မှောက် ပြုတာနော်။
နိရောဓသစ္စာ
အဝိပရိဏာမ နိရောဓက ဘာတုံး (နိရောဓသစ္စာ ပါ ဘုရား)၊ နိရောဓသစ္စာ ဆိုသဖြင့်၊ ဝိပရိဏာမ၊ မြင်နေတုန်းကို ဝိပရိဏာမ၊ ရှေ့က မမြင်တာတွေ ကန့်ကွက်နေတာတွေ မရှိလို့ပေါ့ဗျာ (မှန်ပါ့ ဘုရား)။
ဒါဖြင့် မမြင်အောင် ကန့်ကွက်တဲ့တရားတွေ ချုပ်မသွား ဘူးလား (ချုပ်သွားပါတယ် ဘုရား)၊ အဲဒါက အဝိဇ္ဇာနဲ့ တဏှာချုပ်သွားတာ၊ သမုဒယချုပ်သွားတာ၊ သဘောကျပလား (ကျပါပြီ ဘုရား)။
မဂ္ဂသစ္စာ
သစ္စာလေးပါးပြည့်ရဲ့ လား (ပြည့်ပါပြီ ဘုရား) ဝိပရိ ဏာမက၊ ဝိပရိဏာမ ဒုက္ခက ဘာသစ္စာလဲ (ဒုက္ခသစ္စာ ပါ ဘုရား)၊ ဝိပရိဏာမ ဒုက္ခမြင်တာက (မဂ္ဂသစ္စာပါ ဘုရား)၊ အဝိပရိဏာမဘက် ဆက်သွား တာက (နိရောဓသစ္စာပါ ဘုရား)။
အဲဒီတင် တစ်ခါတည်း၊ ဝိပရိဏာမ၊ မမြင်အောင်ပိတ်ပင် တားဆီးထားတာတွေက ဘယ်ရောက် ကုန်သလဲ (ချုပ်သွား ပါတယ် ဘုရား)၊ အဲဒါတွေက ဘာတုံး (သမုဒယတဏှာပါ ဘုရား)၊ သမုဒယ ချုပ်တာ ရှင်းပလား (ရှင်းပါပြီ)၊ သမုဒယ တဏှာမဆိုနဲ့ ရှိနေရင် ချုပ်မှာမဟုတ်ဘူး၊ သဘော ကျပလား (ကျပါပြီ)။
သမုဒယချုပ်တာ
ဝိပရိဏာမ ဒုက္ခကို ရှေးမှ မမြင်အောင် တားဆီးပိတ်ပင် တဲ့တရားတွေက ဘယ်ရောက်ကုန်လဲ (ချုပ်သွားပါတယ် ဘုရား)၊ အေး အဲတာက သမုဒယချုပ်တာကို ခေါ်တယ် သဘောကျပလား (ကျပါပြီ)။
အဲဒီတော့၊ ဒီပဏ္ဏာသအဋ္ဌကထာကလည်း မင်း တို့သည်၊ ဝိပရိဏာမ၊ သမုဒယသစ္စာတွေ ချုပ်ပါစေတော့၊ ဝိပရိဏာမ ဒုက္ခကြီးကို မြင်ပါစေတော့၊ မဂ်ပေါ်ပါစေတော့လို့ မင်းတို့က လုပ်မနေနဲ့၊ သဘောကျပလား (ကျပါပြီ)။
ဘာမှ မင်းတို့က လုပ်စရာမရှိဘူးတဲ့၊ မင်းတို့က လုပ်စရာ မရှိဘူး ပွားမြဲတိုင်း ပွားများနေတာနဲ့ ဉာဏ်ရင့်ပြီး မဂ်ဖြစ်လာတာ၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဆုတောင်းလို့မရဘူး
ခင်ဗျားတို့က ရင့်ချင်ပါတယ်လို့ ဆုတောင်းလို့မရပါ ဘူး (မရပါ ဘုရား)၊ ခင်ဗျားဟာ ခင်ဗျားတို့ ပွားမြဲတိုင်း ပွားများပြီး သကာလ၊ အစဉ်အတိုင်း ပွားများတာနဲ့ ရင့်ကျက် သွားခြင်းကြောင့်၊ မဂ်ဖြစ် လာတာ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ပွားများရင့်မှ မဂ်ဖြစ်နိုင်တယ်
မဂ်ဖြစ်အောင်သည် ပွားများမှု ရင့်မှသာလျှင် မဂ်ဖြစ်နိုင် တယ်ဆိုတာ ကျေနပ်ပလား (ကျေနပ် ပါတယ် ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒါကြောင့် ဒကာ ဒကာမတို့၊ ပွားများမှု၊ ရင့်ကျက်မှု သည်၊ ပွားများမှု ရင့်သန်မှုသည်၊ မဂ်ဉာဏ်၏ ဖြစ်မှုပဲ (တင်ပါ့)။
ပွားများမှုသည်၊ ဝိပဿနာ၊ ဟုတ်လား၊ ရင့်ကျက်တဲ့ အဆုံးမှာ မဂ်ဉာဏ်ဖြစ်၏ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
ရဋ္ဌပါလသတို့သား
အေး ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီး ကတော့ ရဋ္ဌပါလသတို့သား ဟောထားတယ်၊ ရဋ္ဌပါလသတို့ သားဆိုတာ တခြားမဟုတ်ဘူး၊ ကုရုတိုင်းမှာ သူဌေးသားပါပဲ။
ကုရုတိုင်း ဘုရားသခင် ကိုယ်တော်မြတ်ကြီးဟာ လာပြီး တရားဟောလာတယ်၊ တရား ဟောလာတဲ့ အခါကျတော့၊ တရားနာကြည့်လိုက်တယ် အခုကဲ့သို့ ဝေဒနာတွေ ဟောနေတဲ့ အခါ (မှန်ပါ့)။
တရားနာကြည့်လိုက်တဲ့ အခါကျတော့ အဲ ဒီတရား က အိမ်မှာ အားထုတ်လို့တော့ ဖြစ်မှာ မဟုတ်ပါဘူး၊ သားရေး သမီးရေး၊ စီးပွားရေးနဲ့၊ သင်္ကန်းဝတ် အားထုတ်မှရမယ် (တင်ပါ့)။
သင်္ကန်းဝတ်လိုကြောင်း လျှောက်တယ်
ဒီအတိုင်း ဆုံးဖြတ်ချက်ချဒါနဲ့၊ ဘုရားသခင် ကိုယ်တော် မြတ်ကြီး လူစဲတဲ့ အချိန်သူဝင်ပြီး လျှောက်တယ် တရားနာတာနဲ့ (မှန်ပါ့)။
အရှင်ဘုရားတပည့်တော် သာသနာတွင်း အားထုတ်မှ ဒီတရားအားထုတ်မှ ဒီတရားရမယ် ဆိုတာ သဘောကျတယ်။ ဘုရားတပည့်တော်သိပြီ၊ ဒီအတိုင်းအားထုတ်လို့၊ မပွားများ ဘဲနဲ့တော့ ဝိပရိဏာမ ဒုက္ခမမြင်မြင်အောင်ဆိုတဲ့ ဥစ္စာကလည်း၊ အတော် လေးကြိုးစားမှ အဝိပရိဏာမ နိဗ္ဗာန်ရောက်မယ် (တင်ပါ့)။
သားရေး သမီးရေး စီးပွားရေးနဲ့သာ အလုပ်လုပ်နေလို့ ရှိရင် တပည့်တော်ဖြစ်မယ်မထင်ဘူး၊ ဒါကြောင့် သာသနာတွင်း ကို တပည့်တော် ရဟန်း အသွင်အပြင်နဲ့နေချင်တယ် (တင်ပါ့)။
မိဘခွင့်ပြုရင်ဝတ်တာပေါ့
အဲ မင်းမှာ အမေ မိဘရှိသလား ရှိတယ်၊ အဲဒါ တိုင်ပင်ဦးကွာ၊ သူတို့ခွင့်ပေးရင် ဝတ်တာပေါ့ (တင်ပါ့)။
သို့သော် အမေ မိဘဆီပြန်သွားတော့ အမေ အဖေတွေ က သားတစ်ယောက်တည်းရယ်လို့ ဘယ်မှာ သာသနာတွင်း ချီးမြှောက်နိုင်ပါ့မတုံး။
မချီးမြှောက်နိုင်တော့ ရဋ္ဌပါလ၊ သားတစ်ယောက်တည်း ရှိတာ ဒီရွှေ၊ ဒီငွေတွေဟာ သုံးမကုန်၊ စွဲမကုန်၊ တွေတာ မင်းပဲ ဆိုင်၊ မင်းပဲ ပိုင်တဲ့ဥစ္စာ၊ တို့အမွေခံ မရှိဘူး (မှန်ပါ့)၊ မင်းကို ခွင့်မပေးနိုင်ဘူး၊ ခွင့်မပေးနိုင် လို့ရှိရင်၊ ကျုပ်တော့ ဝတ်ရမှာပဲဆိုပြီး၊ ထမင်းမစားဘဲ နေလိုက်တယ်၊ မြေပေါ်မှာ အိပ်နေ လိုက်တယ် (တင်ပါ့)။
သင်္ကန်းဝတ်ခွင့်မပေးရင် အသေခံမယ်
မြေပေါ်မှာ အိမ်ပြီး သကာလ၊ တစ်နေ့စားနိုး၊ တစ်နေ့စား နိုးနဲ့ ခြောက်ရက်မြောက်တယ်၊ ထကိုမထဘူး၊ သင်္ကန်းဝတ်ခွင့် ပေးရင်ပေး၊ မပေးရင် ဒီမြေပေါ် အသေခံမှာကိုးဗျာ (တင်ပါ့)။
ဒါနဲ့ သူ့သူငယ်ချင်းတွေခေါ်ပြီး သကာလ၊ အမေ မိဘ တွေက ပြောကြစမ်းပါဦး၊ ဒီသား တစ်ယောက်တည်း ဘယ့်နှယ် လုပ်ပြီး သင်္ကန်းဝတ်၊ သာသနာတော်တွင်း သွတ်သွင်းပြီး သကာလ၊ ခွဲပြီးနေဖို့ အရေးဟာ ကျုပ်တို့ဖြင့် တွေးကိုမတွေးနိုင်ဘူး (တင်ပါ့)။
ဆိုပြီး သကာလ၊ အလွန်ပင် စိုးရိမ်နေတော့၊ သွားပြောကြ တာ၊ သူ့သူငယ်ချင်း ကာလသား အဖော်တွေက၊ သွားပြော တဲ့အခါကျလို့ရှိရင်ဖြင့်၊ မရတော့ဘူး ကျုပ်က သင်္ကန်းကိုဝတ်ရမှ၊ ခင်ဗျားတို့ ဘာပြောပြောဆိုတော့ ခုနက သူငယ်ချင်း မိတ်ဆွေတွေက သွားပြောကြတယ် (တင်ပါ့)။
မအေ မိဘတို့ ခင်ဗျားတို့ဟာ လွန်ကုန်ပြီ၊ မနက် ခုနစ် ရက်ရှိရင် သေတော့မယ်၊ အခု ခြောက်ရက် ရောက်ပြီ အဲဒီတော့ သင်္ကန်းဝတ် ပေးလိုက်တာကမှ သားလေးရယ်လို့ မြင်ရလိမ့်ဦး မယ်၊ ဒီအတိုင်းဆိုရင် သေဖို့သာရှိတော့တယ် (တင်ပါ့ ဘုရား)။
ဘုရားထံသွားပြီးသင်္ကန်းဝတ်တယ်
အဲဒီတော့ မိဘတွေက မတတ်နိုင်တော့၊ ကဲကွာ ဝတ်ပါစေ၊ မတတ်နိုင်ဘူးဆိုပြီး မျက်ရည် စက်လက်နဲ့ (တင်ပါ့)၊ ခွင့်ပေးလို့ ဘုရားဆီသွားပြီး သင်္ကန်းဝတ် (တင်ပါ့)။
ဝတ်ပြီး သကာလ ဒကာ ဒကာမတို့ ကုရုတိုင်းကနေ ဘုရားသခင်ကြွရာ သာဝတ္ထိပြည် လိုက်သွားတယ် (တင်ပါ့)။
လိုက်ပြီး သကာလ တရားဓမ္မ အခုကဲ့သို့၊ ဝိပရိဏာမ ဒုက္ခက အဝိပရိဏာမ နိရောဓကို ကြိုးစား တော့တာပဲ၊ တစ်ခါ တည်း ဝေဒနာတွေပေါ်လာတဲ့အခါ ဝိပရိဏာမ ဖြစ်အောင် သူကြည့်တယ်။
အဲဒီတော့ အခု ဒကာ ဒကာမတွေမှာတော့ ကြည့်နည်း နဲ့ပါပြောရတာ၊ သူ့ပညာကတော့ ဘယ်ဟုတ်မလဲ၊ ဘုရားက မင်းသည်ကားလို့ ဆိုရင် ဝိပရိဏာမ ဒုက္ခတွေရှိတယ်ပေါ့၊ အဲဒါ အဝိပရိဏာမ ဒုက္ခဖြစ်အောင် မင်းလုပ်ပေတော့ (တင်ပါ့)။
ဒုက္ခသစ္စာမြင်ပြီးရဟန္တာဖြစ်တယ်
ဆိုပြီး သကာလ ဘုရားက ဟောလိုက်တဲ့ အတိုင်း သူကျင့်ကြံတော့ကို၊ ဝိပရိဏာမ ဒုက္ခတွေ မြင်တက်ပြီး သကာလ ဒုက္ခသစ္စာ မြင်သွားဒါကို ဒုက္ခသစ္စာမြင်တော့၊ သမုဒယသစ္စာက
သေသပေါ့ဗျာ၊ မဂ္ဂသစ္စာက မြင်နေတာပေါ့၊ အဲဒီတင် နိရောဓသစ္စာက တစ်ခါတည်း ပေါ်လာတယ်၊ မဂ္ဂသစ္စာ ပေါ်ရင် သူပေါ်တာကို (တင်ပါ့)။
အဲဒီတင် ရဟန္တာဖြစ်တယ် ဆိုကြပါစို့ ရဟန္တာဖြစ်ကရော ရဟန္တာဖြစ်လို့ (၁၃)၊ နှစ်ရတယ်။
(၁၃) နှစ်ရတော့ အမေ အဖေတွေကလည်း မျက်ရည်နဲ့ မျက်ခွက်၊ ဒီလိုချည်းပဲ၊ လွမ်းဆွတ်တဲ့ စိတ်တွေဘယ်လိုမှ မပျောက်ဘူး၊ သားစိတ်နဲ့ သာနေတယ်။
ရဟန်းတွေရွာထဲ ဆွမ်းခံလာရင်၊ သူတို့က ဆဲသေးတယ် သားလေးတစ်ယောက်တည်း၊ မငဲ့မညှာ၊ သူတို့ပဲ ခေါ်သွားတာပဲ အစရှိသဖြင့် ဆဲလည်းဆဲ၊ ဆိုလည်းဆိုလိုက်သေးတယ်။
ရဋ္ဌပါလရဟန္တာ မိဘထံပြန်တယ်
တစ်နေ့သ၌ကျတော့ ရဋ္ဌပါလသည်ကားလို့ ဆိုလို့ရှိရင် ဒကာ ဒကာမတို့ ဘုရားဆီ သွားလျှောက်တယ်၊ အရှင်ဘုရား တပည်တော် မိဘရပ်ထံ ပြန်ပြီး သကာလ သူတို့ကို ချီးမြှောက်ပါ ရစေဦး။
အဲဒီတော့၊ ငါသားတော်က ရဟန္တာဖြစ်နေပြီ၊ ဒီကိစ္စ ဘယ်လိုပဲ လှုပ်ရှားရှားမရဘူး ဆိုပြီး လွှတ်လိုက်တယ်။
လွှတ်လိုက်တော့ ဒီကောရဗျမင်းကြီး ဥယျာဉ်ထဲ ဝင်ပြီး ခဏ သစ်ပင်ရင်းမှာပဲ တစ်ည လောက် တည်းခိုပြီး သကာလ နေပြီး မြို့ထဲ သူအဖေအိမ်နားပဲ ဆွမ်းခံသွားတာပဲ (တင်ပါ)။
သူ့အဖေက ဆဲတုန်း ရှိသေးတယ်
သူ့အဖေက ဆဲတုန်းရှိသေးတယ်၊ သူ့သားမြင်လည်း ဆဲတုန်းပဲ၊ သူ့သားရယ်လို့ မသိဘူး၊ ဒီရဟန်းတွေ ဒီဦးပြည်း ရဟန်းတွေကြောင့် ငါ့သား ဒီလိုဖြစ်ရတာ၊ ကိုယ့်သားကို ဆဲချင် ဆဲနေတာ၊ သူကို ဘေးက ရဟန်းမှတ်နေတာပေါ့ဗျာ (တင်ပါ)။
နောက်တစ်နေ့တစ်ခါ ဆွမ်းခံလာပြန်တော့ သူ့အိမ်မှာ ကျွန်မက မယောမုန့်တွေ ကျန်နေတဲ့ မနေ့က စားသုံးတာ ကျန် နေတာ ချဉ်ပြီး သကာလ နေတော့ ပြင်ဘက်၊ ခြံဝင်းပြင်ဘက်ကို သွန်မလို့ လာတော့၊ ရဋ္ဌပါလက ဆွမ်းခံလာတာနဲ့ ကြုံတယ်။
ကြုံတဲ့အခါကျတော့ စွန့်မည့်ပစ္စည်းကျတော့ ရဟန်းများ က ပံ့သကူဆိုပြီးတော့ အလှူခံ ကောင်းတယ် (တင်ပါ့)။
စွန့်ပစ်မည့်ပစ္စည်း သပိတ်ထဲလောင်းပါ
ဒါနဲ့ ခုနက ကျွန်မက ပံ့သကူ သူစွန့်မလို့ ဒါတွေသွန်မလို့ ခွေးတွေဘာတွေ စားစား ဘာစားစား ကျွေးမယ်လို့ လာတော့ ဒကာမကြီး ဒါတွေ သွန်မှာလား၊ ဒီပစ္စည်း၊ သွန်မှာပါဘုရား၊ စွန့်ပစ်မှာဘုရား၊ အဲ မသွန်နဲ့ ဒီပစ္စည်း ငါ့သပိတ်ထဲ လောင်းလိုက် (တင်ပါ့)၊ ရဋ္ဌပါလ ရဟန္တာကပေါ့ဗျာ အဲဒီမှာတင် ရဋ္ဌပါလ ရဟန္တာ ကိုလောင်းလိုက်တဲ့အခါကျတော့ သူယူပြီး သကာလ ဥယျာဉ်ထဲ သွားတော့ ကျွန်မက မှတ်မိတယ်၊ ခြေလက်အင်္ဂါက အင်း တို့အိမ် ကအရှင် သခင်ပဲ ဒီဥစ္စာ (မှန်ပါ)။
ဆိုပြီး မှတ်မိတော့၊ ခုနက သူဌေးကတော်နဲ့ သူဌေးကြီး သွားပြောတယ်၊ သွားပြောပြီး၊ ကျမတို့ သားလာတယ်၊ ကျမတို့ အရှင်သခင်ပဲ၊ ဆွမ်းခံလာတာဖြင့် (မှန်ပါ့ ဘုရား)။
သူဌေးသားက ထမင်းသိုးတွေစားရသလား
ဟုတ်ကဲ့လား၊ ဟုတ်တယ်၊ ခြေရော၊ လက်ရော၊ အကုန် တူတယ်မှတ်မိတယ်၊ အေး ဒါဖြင့် လိုက်မှပဲ ဆိုတော့၊ ဟိုက ထမင်းသိုး၊ ဟင်းသိုးတွေ၊ ဥယျာဉ်ထဲ စားနေတယ်။
စားပြီး သကာလ နေတော့၊ အဖေကြီးက၊ ကဗျာကယာ မျက်ရည်တွေကျလို့ပေါ့လေ၊ အမလေး သူဌေးသားက ဒီဟာတွေ များစားနေရသလား၊ အစရှိသဖြင့် (တင်ပါ့)။
ခန္ဓာကိုယ်မျှတရုံစားတယ်
မဟုတ်ဘူးတို့မှာတော့၊ ရသာတဏှာနဲ့ စားတာမဟုတ် ဘူး၊ ဒီခန္ဓာကိုယ်ကြီးကို သူတော်ကောင်း အလုပ်လုပ်နိုင်ရုံ မျှတရုံ မှန်းပြီး သကာလ စားတာဆိုတော့၊ ဒကာ ဒကာမတို့၊ ဒုက္ခ ဝေဒနာကိုပင်လျှင် သူတို့ နှလုံးသွင်းတတ်တော့ သုခဖြစ်တယ်။
ကျန်တာ၊ သိုးတာတွေ စားတာကို ပင်လျှင်၊ အသုဘကို တစ်ခါတည်း အင် ဓာတ်လေးပါး လုပ်ပြီး စားနေတယ် (တင်ပါ့)၊ အဲဒီတော့ သူတို့အရသာ မရှိဘူး၊ ဘာမှ မဟုတ်ဘူး ဓာတ်လေးပါး အဖြစ်နဲ့ပဲ သုံးဆောင် လိုက်တာပဲ ဆိုတော့၊ သူတို့တော့ ပြောင်းလို့ရတယ်၊ ရိပ်မိပလား (ရိပ်မိပါပြီ)။
ဓာတ်လေးပါးအဖြစ်နဲ့သုံးဆောင်တယ်
အဲဒါ အရိယာဖြစ်လာလို့ရှိရင် အချဉ်၊ အသိုးပေမယ့် ဓာတ်လေးပါးအဖြစ်နဲ့ စားလိုက်တာပဲ။
ခင်စရာ၊ မင်စရာတွေ့လို့ရှိရင် အသုဘဖြစ်အောင် သူတို့က ရှုနိုင်တယ်၊ ဒီလို သူဟာ သူပြောင်းလို့ ရတယ်၊ သဘောကျပလား (ကျပါပြီ)။
အဲဒီလို ပြောင်းပြီး သကာလ သူသုံးဆောင်ပြီး သကာလ၊ နေတာ သူသားကို သူအဖေကြီးက၊ နက်ဖြန် အိမ်ပြန် မဖြစ်ဘူး။ ဒီဟာတော့ မစားနဲ့ အိမ်လိုက်ပြီးတော့ ကောင်းတာတွေ ဘုန်းပေးပါဦးလား ပေါ့ဗျာ။
ရဋ္ဌပါလကို ဆွမ်းစားပင့်တယ်
အေး တို့က တစ်နေ့မှ တစ်ထပ်စားတာ မလိုက် နိုင်ဘူး၊ ဒါဖြင့် နက်ဖြန် ဆွမ်းဟင်း ဘုန်းပေးကြွပါ ဆိုတော့ ကိုယ်တော်က ဂတိပေးတာလည်း မဟုတ်ဘူး၊ ဒီအတိုင်းနေ လိုက်တယ်၊ ကိုင်း အိမ်မှာ ချက်ပြုတ်ပြီး သကာလ ထားတယ်၊ နက်ဖြန် ကျလာတော့ ရွှေတွေပုံပေါ့ဗျာ၊ ဟိုဘက်က ငွေတွေပုံ၊ ဖျာတွေနဲ့ အုပ်ပေါ့ဗျာ၊ ပြီးတော့ သူအရင်တုန်းက၊ ငယ်ပေါင်း ဖြစ်တဲ့ ခင်ပွန်းမတွေကိုလည်း ပြင်ဆင်ထားပါဗျာ။
တံခါးပိတ်ခိုင်းထားတယ်
တစ်ခါတည်း ကိုယ်တော်ကကြွလာ၊ တံခါးတွေကိုလည်း သူ့အစေခံတွေ ပြောထားတယ်၊ ဒီကိုယ်တော် အိမ်ပေါ်ရောက်လို့ ရှိရင်၊ ငါသားအိမ်ပေါ်ရောက်လို့ရှိရင်၊ မင်းတို့ တံခါးတွေ အသေ ပိတ် (မှန်ပါ့)၊ ခေါ်ယူထားမှာကိုး၊ ဒီလိုစိတ်ကူးတာ (တင်ပါ့ ဘုရား)။
အဲဒီလိုဖြစ်ပြီးနေတော့ တစ်ခါတည်း၊ မနက်ကျတော့ကြွ လာတာပဲ၊ ကြွလာတဲ့အခါ ကျလို့ ရှိရင်ဖြင့်၊ ဒီရွှေပုံတွေ ဘယ့်နှယ် လုပ်မလဲ၊ ဒီငွေပုံတွေ ဘယ်နှယ်လုပ်မလဲ၊ ဟုတ်ဖူးလား။
သူ့ချွေးမတွေ ကျွန်မတွေကိုလည်း အားလုံးခိုင်းပေါ့ဗျာ ခြေထောက်ဆွဲကြတဲ့၊ ဘာဆွဲကြတဲ့ ခိုင်းတာပေါ့ဗျာ၊ အဲဒီလို ဆွဲ ပြီး၊ တံခါးတွေအပိတ်ခိုင်းတယ်။
ဒါနဲ့ ကိုယ်တော်ကြီးက ပြောရှာတယ်၊ ရဟန္တာကိုဗျာ ဘာလို့ ချောက်ချားမလဲ၊ အဲဒါနဲ့ ဒကာကြီး ဆွမ်းကပ်မယ်လို့ပင့် တာဖြင့် ဆွမ်းကပ်မှပဲ၊ ဆိုပြီး သကာလ၊ ဘယ်လိုမှ မရတော့ဘူး (တင်ပါ့)။
ဆွမ်းဘုန်းပေးပြီး ကောင်းကင်ကကြွသွားတယ်
ဒါနဲ့ ဆွမ်းကပ်တာနဲ့ ဆွမ်းဘုန်းပေးပြီး သကာလ၊ တစ်ခါ တည်း ကောင်းကင်ကပဲ ကြွသွားတယ်၊ သူတံခါးပိတ်ထားမှန်း သိပြီကိုဗျ၊ ဒါနဲ့ ကောင်းကင်က ကြွသွားတော့ မတတ်နိုင်ဘူး လက်လျော့ လိုက်ရတယ် လက်လျှော့လိုက်ရတယ်တဲ့။
ဒါနဲ့ ဘေးက လူတွေက အကုန်ကြည့်၊ အရင်က ခင်ပွန်းမ ဟောင်းတွေ၊ အကုန်လဲ ငိုပြီး သကာလ၊ နေရစ်ကျတာပေါ့ဗျ။ အမေ အဖေတွေက အကုန်တက်ပြီး နေရစ်ကျတယ်။
ဥယျာဉ်ထဲ ရှင်ဘုရင်ကြွလာတယ်
ဒါနဲ့ ကောရဗျမင်း ဥယျာဉ်ထဲရောက်သွားပြီး သကာလ ကောရဗျဥယျာဉ်ထဲ ရောက်သွားတော့ ကောရဗျ ဥယျာဉ်အစောင့် ကို ဟိုက ကောရဗျ ရှင်ဘုရင်ကလည်း တစ်ခါတည်း ယနေ့ငါ ဥယျာဉ်ထဲ လာမယ်၊ အမှိုက်လှဲ ကျင်းပြီး အကုန်ထားရမယ်လို့ အမိန့်ထုတ် လိုက်တယ်၊ အမိန့်ထုတ်လိုက်တော့ အမှိုက်လှဲကျင်း ထားတာက ကိစ္စမရှိဘူး။
ရဋ္ဌပါလ ရဟန္တာဒီရောက်နေတယ်လို့ သွားပြောဦးမှ တော်မယ် ဆိုပြီး သွားပြောတယ်၊ ဥယျာဉ်တော့ မရှင်းတော့ဘူး ရဟန္တာ တစ်ပါး ရောက်နေတယ်။
ရွှေပုံ၊ ငွေပုံစွန့်ပြီးရဟန်းဖြစ်တာ
အေး ရဟန္တာတစ်ပါး ရောက်ရောက်၊ မရောက် ရောက်ကွာ၊အခုငါပဲလိုက်ပြီး ကိုးကွယ်မှာပဲ၊ အဲဒီတော့ ရဋ္ဌပါလ ဆိုတာ အင်မတန် နာမည်ကြီးတာပဲ၊ ရွှေပုံ၊ ငွေပုံတွေ စွန့်ပြီး သူ ရဟန်းဖြစ်တာ (မှန်ပါ့)။
လိုက်မှပဲဆိုပြီး သူလည်း တပ်ထောင်တာ ဗိုလ်ထုနဲ့ လူစုပြီး လိုက်လာတာပဲ၊ လိုက်လာပြီး မေးတာပဲ၊ အရှင်ဘုရား ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီပစ္စည်း ဥစ္စာရတနာတွေအပေါ်၊ ရုပ်ရည် ရူပကာ ကလည်း ငယ်လို့၊ ဘယ့်နှယ်ကြောင့် ရဟန်းဖြစ်ပါလိမ့်။
ဇရာလွတ်ရာရှာတာ
အို ငါသည်ကားလို့ ဆိုလို့ရှိရင်၊ ဇရာမရဏကြီး မြင်တာ နဲ့ ဇရာလွတ်ရာရှာတယ်ကွ၊ ဒီအတိုင်း ဟောတာပဲ၊ ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား)။
အနာရှိနေတာနဲ့ အနာလွတ်ရာရှာတာပေါ့၊ အသေရှိ နေတာနဲ့ အသေလွတ်ရာရှာချင်လွန်းလို့၊ အိုမှ ရှာလို့ ရှိရင်ဖြင့်တဲ့ အစားအသောက် အနေအထိုင် ခန္ဓာကိုယ်ထဲ့မှုတွေကြောင့် ပျိုပျိုရွယ်ရွယ်က ရှာတာကွ။
အင်း ကောရဗျ ရှင်ဘုရင်က သိပ်ကျေနပ်သွားတာပေါ့၊ အင်း ဒါဖြင့် အရိယာတို့၏ ရှာမှီးခြင်းက ဒီနည်းပါလားဘုရား ဆိုပြီး သကာလ၊ အကျယ်တဝင့် ဟောတယ်။
နေကြီးထွက်ရင်ဝမ်းသာမနေနဲ့
မင်းတို့ ခန္ဓာကိုယ်ကြီးကို နေကြီးထွက်နေတာပါလား၊ မင်းတို့က နေကြီးထွက်လို့ရှိရင်၊ ဝမ်းသာမနေနဲ့တဲ့၊ မင်းတို့ သက်တမ်းကြီး ဆွဲယူသွားပြီး၊ တစ်ရက်ပြုတ်ပြီတဲ့။
အဲဒါကြောင့် နေကြီးထွက်လာတိုင်း ထွက်လာတိုင်း၊ နေကြီးဟာ မင်းတို့ သက်တမ်းကို၊ သေရာသို့ ဆွဲပို့နေတာ၊ မင်းတို့ က နေထွက်လာ ဝမ်းသာမနေနဲ့၊ သေမင်း။
မင်းသေဖို့နီးပြီလို့ သတိပေးတာ
မင်းသေဖို့နီးပြီလို့ လာပြီး သတိပေးတာ (မှန်ပါ့)၊ နက်ဖြန်နေထွက်တာ ဘာလုပ်မှာတုံး (သေဖို့ရာနီးပြီ လို့ သတိပေးတာပါ ဘုရား)၊ မနေ့ကထက် နီးပြီဟေ့ မနေ့ကထက် နီးပြီးလို့ သတိပေး တာတဲ့။
အဲဒီလို ဟောလိုက်တာကိုးဗျ၊ နောက်ကျတော့ ဝေဒနာ တွေ ဒကာကြီးပေါက်ရောက်လာလို့ ရှိရင်လည်း၊ ဒီဝေဒနာ တွေက မင်းဆွေတွေမျိုးတွေနဲ့ ငယ်ငယ်ရွယ်ရွယ်လေးရယ်လို့ ကိုယ်က ဒီဝေဒနာ တွေကို ဝေပေးနိုင်ရဲ့ လားတဲ့ (မဝေပေးနိုင်ပါ ဘုရား)။
ဝေဒနာချုပ်ရာငြိမ်းရာရှာမှပဲ
ကိုယ့်ဟာကိုယ်ခံပြီး၊ ကိုယ့်ဟာကိုယ်သေရုံပဲ၊ အဲဒီတော့ ကိုယ့်ကိုယ်လည်း ကိုးစားရာ အားထားရာ မရှိဘူး၊ ဝေဒနာချုပ် ရာငြိမ်းရာရှာမှပဲ ဆိုပြီး ရှာတာပေါ့ အနာရှိနေလို့ အနာလွတ်ရာ ရှာတာ၊ ဒါ ရဋ္ဌပါလ ဟောပုံလေ (တင်ပါ့)၊ ဒီပစ္စည်းတွေ သည်ကား ဆိုရင် ငါကိုယ်၊ ငါဟာ၊ ငါဥစ္စာမှ မဟုတ်နိုင်တာ တွေပဲတဲ့။
ကိုယ်သေသွားတယ်ဆိုရင် ကိုယ့်သားသမီးစားရမှာပဲ၊ ကိုယ်နောက် တစ်ခုမှ ပါစရာမရှိဘူးတဲ့၊ ကိုယ်သားသမီးကလည်း ထိုက်မှစားရမှာတဲ့၊ တော်ကြာ ရန်သူငါးပါးကလည်း ဝိုင်းနေတာ။
ဒါတွေက ကိုးစားရာ၊ အားထားရာမဟုတ်ဘူး၊ အမွဲတွေ မြင်တာနဲ့ အမွဲလွတ်ရာ သွားရှာ တာပဲဗျာ၊ ဒါတွေအမွဲတွေ မြင်တာနဲ့၊ အမွဲလွတ်ရာ သွားရှာတာပဲ။
ကျွန်တွင်းကလွတ်တဲ့နိဗ္ဗာန်ရှာ
ဒါတွင်မကသေးဘူးတဲ့ တစ်သက်လုံးနေ၊ တဏှာကျွန်ခံ နေရမှာတဲ့၊ ဟ.. ကျွန်အတွင်းက လွတ်ကင်းရာ ဘယ်နေရာရှိ ပါလိမ်မလဲလို့ လိုက်ရှာတော့မှ၊ အခုကိုယ့်ကိုယ် ကျွန်မှန်းသိလို့ ကျွန်တွင်းက လွတ်တဲ့ နိဗ္ဗာန်ရှာလို့ ကျုပ်ရဟန္တာဖြစ်လာတယ် သဘောကျပလား (ကျပါပြီ)။
အဲဒီတော့ ရဟန္တာတွေ ရှာမှီးခြင်းအကြောင်း ကောင်း ကောင်း သိပလား (သိပါပြီ ဘုရား)၊ အဲဒါကြောင့် သူသည် ဘာနဲ့ ရဟန္တာဖြစ်တယ် ဆိုတာလည်း ခင်ဗျားတို့ ကောင်းကောင်း ရိပ်မိပြီ (ရိပ်မိပါပြီ ဘုရား)။
ဒါတွေသိမြင်ပြီး ဝိပရိဏာမ ဒုက္ခမြင်တာနဲ့ သာသနာ ဘောင်ဝင်ပြီး သကာလ၊ အဝိပရိဏာမှ သုခဆိုတဲ့ နိဗ္ဗာန်ကြီးကို မျက်မှောက် ပြုရတာသည် ဒကာ ဒကာမတို့ အလိုလိုပြုတာလား၊ ဝိပရိဏာမ ဒုက္ခကြီးကို အပြစ်မြင်လို့လား (ဝိပရိ ဏာမ ဒုက္ခကြီးကို အပြစ်မြင်လို့ပါ ဘုရား)။
ဒီအပြစ်မြင်လို့ရဟန္တာဖြစ်သွားတာ
အဲဒီဟာ အပြစ်မြင်လို့ ဒုက္ခသစ္စာလည်း မြင်လိုက်ပါရော မဂ္ဂသစ္စာတစ်ခါတည်း ပေါ်ပြီး၊ အဝိပရိဏာမ နိရောဓကြီးအာရုံ ပြုတော့တာပဲ။
အဲဒါကြောင့် ရဟန္တာဖြစ်သွားတယ်ဆိုတော့ ကောရဗျ မင်းကလည်း သိပ်ကျေနပ်ပြီး သူပါ သာသနာဘောင် ဝင်ချင်တဲ့ စိတ် ပေါ်လာတယ် ရိပ်မိပလား ဒကာ ဒကာမတို့ (ရိပ် မိပါပြီ)။
ဒါကြောင့် ခင်ဗျားတို့ ယနေ့တရားမှာ သတ္ထုချလိုက် လို့ရှိရင်ဖြင့် အအိုရှိလျက်နဲ့ အအို ရှာတာသည် သားရေး သမီးရေး စီးပွားရေး သိပ်ဂရုစိုက်တာ။
အနာရှိလျက် အနာရှာတာကော (သားရေး သမီး ရေး စီးပွားရေး ဂရုစိုက်တာပါ ဘုရား)။
အသေရှိလျက်နဲ့ အသေရှာတာ ဘာပါလိမ့် (သားရေး၊ သမီးရေး၊ စီးပွားရေး ဂရုစိုက်တာပါ ဘုရား)။
မျောက်အနာရသလို
အေး ဒါတွေလိုက်နာနေတဲ့ ပုဂ္ဂိုလ်သည်ကား၊ ဆိုရင်ဖြင့် အအိုရှိလျက်နဲ့ အအိုရှာ၊ အနာရှိ လျက်နဲ့ အနာရှာ၊ အသေရှိ လျက်နဲ့ အသေရှာဆိုတော့ မျောက်အနာရသလိုဖြစ်နေတယ်။
မျောက်အနာရတော့ အနာကလေးက သေးသေးပဲ၊ သူကလက်ဆော့တော့၊ ဟိုကုတ် ဒီကုတ်နဲ့ အနာကြီးက ဘာဖြစ် လာသလဲ (ကြီးလာပါတယ် ဘုရား)။
ဒီမှာလည်း ဒကာ ဒကာမတွေ အနာရှိလျက်နဲ့ အနာ ရှာ၊ ဆိုတော့ သံသရာကြီးဟာ အရှည်ကြီး ကြီးမနေဘူးလား (နေပါတယ် ဘုရား)။
အနာမြင်မှ၊ အနာပျောက်တာ သဘောကျမယ်
အဲဒါကြောင့် ဒကာ ဒကာမတို့ ဝိပရိဏာမ ဒုက္ခမြင်မှ အဝိပရိဏာမဆိုတဲ့ မဖောက်ပြန်တဲ့ နိဗ္ဗာန်ရမယ်ဆိုတော့ အနာ မြင်မှ အနာပျောက်တာကို သဘောကျမယ်။
အနာမမြင်တဲ့ ပုဂ္ဂိုလ်သည် အနာပျောက်တာကို သဘောကျနိုင်ပါ့မလား (မကျနိုင်ပါ ဘုရား)။
နိဗ္ဗာန်သေသေချာချာရမယ်
ဒါဖြင့် ကိုယ့်ကိုယ်မှာ အနာပေါင်း ဘယ်လောက်ရှိတယ် ဆိုတာ ဝေဒနာသုံးခု အနာတွေချည်းပဲ ကြည့်ပါ ဝိပရိဏာမ ဒုက္ခရောက်အောင်ကြည့်လိုက်လို့ရှိရင် အဝိပရိဏာမ နိရောဓ နိဗ္ဗာန် သေသေ ချာချာ ရတယ်၊ သဘောကျပလား (သဘော ကျပါပြီ)။
ကဲ ယနေ့ ဒီတွင်တော်ကြစို့။
သာဓု သာဓု သာဓု။