239

နိဗ္ဗာန်လိုချင်တာ၊ တကယ်ဟုတ်ကဲ့လား (အဂ္ဂိဝစ္ဆ ပုဏ္ဏား)

အသံဖိုင်ခေါင်းစဉ်= ခဏကောင်းကို မလွန်မိပါစေနဲ့

စာအုပ်ခေါင်းစဉ်= နိဗ္ဗာန်လိုချင်တာ၊ တကယ်ဟုတ်ကဲ့လား(အဂ္ဂိဝစ္ဆ ပုဏ္ဏား)

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့၌ ဟောကြားတော်မူသောတရားတော်

နိဗ္ဗာန်လိုချင်တာ၊ တကယ်ဟုတ်ကဲ့လား

(အဂ္ဂိဝစ္ဆ ပုဏ္ဏား)

(၂-၂-၆၀)

ဒကာ ဒကာမတို့ အခုတွေ့ကြုံရတဲ့ခဏဟာ အလွန် ရှားပါတယ်၊ ကြုံခဲတယ်၊ ဆုံခဲတယ်ဆိုတာ သေသေချာချာ မှတ်ရမယ် (မှန်ပါ့ ဘုရား)။

သာသနာနဲ့ မတွေ့နိုင် ကျွတ်တမ်းမဝင်နိုင်တဲ့ ခဏကရှစ် ခဏရှိတယ်၊ ကျွတ်တမ်းဝင်နိုင်တဲ့ ခဏက တစ်ခဏတည်း ဆိုတော့ ကိုးခုရှိတဲ့အနက် တစ်ခုတည်းမှာ လာကြုံဖို့ရာက အလွန် ခဲယဉ်း တယ်လို့ မှတ်ရမယ် (မှန်ပါ့)၊ အသညသတ် အရူပဘုံ သွားဖြစ် နေပြန်တော့ ဒကာ ဒကာမတွေ ရပ်ပြစ်ရှစ်ပါး ခဏဟာလည်း အဲဒီလိုဌာနတွေမှာ သွားဖြစ်နေပြန်တဲ့ ခဏဟာ ဒကာကြွယ် အလကားပဲ (မှန်ပါ့ ဘုရား)။

(၁) အသညသတ်ဘုံ၊ အရူပဘုံခဏ

ယခုလို ဘုရားပွင့်တဲ့ အခါကာလ လူဖြစ်တဲ့အခါ ကာလမျိုးသာ ပညာရှိနဲ့ကြုံတဲ့အခါကာလ ကျုပ်တို့မှာ အဘိုးတန်တဲ့ ခဏလို့ဆိုရမယ် (မှန်ပါ့)၊ ကမ္ဘာပေါင်းငါးရာ သွားနေရတဲ့ အသညသတ်ဘုံနဲ့ အရူပဘုံမှာ သွားနေရမယ် ဆိုလို့ရှိရင်ဖြင့် အသညသတ်ဆိုတာ ရုပ်ချည့်ဖြစ်နေလို့ ဘုရားလည်းမရောက် ရောက်ခြင်းကြောင့် လည်း ကျေးဇူးမရှိ၊ အရူပဘုံဆိုတာ နာမ်ချည့်ရှိနေလို့ ကြား တတ်တဲ့ ရုပ်နဲ့မတွဲလို့ သောတာပတ္တိမဂ်တည်ရမှာကလည်း တရားနာမှ တည်ရမှာဖြစ်နေတော့ အသညသတ်နဲ့ အရူပဘုံမှာ သွားနေရတဲ့ ခဏဟာက အလကားခဏလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။

ရပ်ပြစ်ရှစ်ပါးခဏ

အဲဒါတွေဟာ ခန္ဓာကိုယ်ဘာဖြစ်နေတယ်၊ ဒုက္ခရှည်နေ တာပဲလို့ မှတ်ဖို့ပါပဲ (မှန်ပါ့)၊ ခန္ဓာက တော့ ရတော့ ရတာပဲ။ အသညသတ်ဘုံမှာ ရုပ်ခန္ဓာရတယ်၊ အရူပဘုံမှာ နာမ်ခန္ဓာလေး ပါးရပါတယ်၊ ရပင်ရငြားသော်လည်း အဲဒီရနေတဲ့ ခဏတွေဟာ ဒကာကြွယ်၊ ဒကာသစ်တို့ စဉ်းစားကြည့် ရပ်ပြစ်ရှစ်ပါး ခဏတွေ (မှန်ပါ့)။

ဘယ့်နှယ်နည်းနဲ့မှ နိဗ္ဗာန်သုခအကြောင်းကို ပြောလို့ မကြားနိုင်၊ သုခနိဗ္ဗာန်ဆိုတဲ့ ထွက်ရပ်လမ်း ကိုလည်း ကိုယ်တိုင် လည်း မရှာနိုင်တဲ့ခဏတွေ ဖြစ်နေသောကြောင့် ရပ်ပြစ်ရှစ်ပါးထဲ သွင်းရမယ် (မှန်ပါ့)၊ အသုံးကျသေးရဲ့လား (မကျပါ ဘုရား)။

(၂) ငရဲရောက်တဲ့ခဏ

တစ်ခါ ငရဲရောက်တဲ့ခဏဟာလည်း ဒကာ ဒကာမတို့ ဘာအသုံးကျသေးသတုံး (ဘာမှ အသုံးမကျပါ ဘုရား)၊ ထွက်ရပ်လမ်းရှာနိုင်ပါ့မလား (မရှာနိုင်ပါ ဘုရား)၊ မရှာနိုင် လို့ရှိရင် အဲဒီ (၂) နံပါတ် ခဏဟာလည်း အလကားခဏပါပဲ (မှန်ပါ့)။

(၃) တိရစ္ဆာန်ဘုံခဏ

တိရစ္ဆာန်ဘုံရောက်နေတဲ့ ခဏဟာလည်း ဒီအတိုင်းပဲ ထားလိုက်ပါတော့ ဘာမှအသုံးမကျတဲ့ ခဏပါပဲ (မှန်ပါ့)၊ သုံးခုရှိသွားပြီနော် (မှန်ပါ့)၊

(၄) ပြိတ္တာဘုံခဏ

ပြိတ္တာဘုံရောက်နေတဲ့ ခဏဟာလည်း ဒကာ ဒကာမတို့ အလကားခဏတဲ့ (မှန်ပါ့)၊ အဟိတ် ပုဂ္ဂိုလ်တွေဖြစ်ပြီး သကာလနေတဲ့အတွက် မြတ်စွာဘုရား တရားတော်ကို ဘယ်လို ပင် ဟောငြား သော်လည်း သူတို့ နားမဝင်နိုင်တဲ့ခဏ (မှန်ပါ့ ဘုရား)။

(၅) မိစ္ဆာဒိဋ္ဌိဖြစ်နေတဲ့ခဏ

ကောင်းပြီ ဒကာ ဒကာမတွေမှာ အခုပြောခဲ့တဲ့ခဏ လေး လွတ်နေတယ်၊ အဲ လူ့ပြည် လာဖြစ်တော့လဲ မိစ္ဆာ ဒိဋ္ဌိဖြစ်နေမယ်ဆိုရင်ဖြင့် တရားဟောလည်း တရားနာနဲ့ ရန်ဖြစ် မယ်၊ ဘုရားကို မြင်ရင် ဘုရားခန္ဓာနဲ့ရန်ဖြစ်မယ် (မှန်ပါ့)၊ အဲဒီတော့ မိစ္ဆာဒိဋ္ဌိဖြစ်နေရတဲ့ ခဏလည်း အလကားခဏပဲ (မှန်ပါ့)။

(၆) ဇနပုဒ်မှာ လူဖြစ်နေတဲ့ခဏ

ဘုရား၏ သာဝကများဖြစ်တဲ့ ဘိက္ခု ဘိက္ခုနီတို့ တရား ဟောရန်မရောက်တဲ့ ပစ္စန္တရာဇ် ဇနပုဒ်မှာ ကျုပ်တို့ လူဖြစ်နေရတဲ့ ခဏဟာလည်း အလကားခဏပဲ (မှန်ပါ့)၊ ခြောက်ခဏရှိ မသွားဘူးလား (ရှိသွားပါပြီ ဘုရား)။

(၅) ဆွံ့အနေတဲ့ဘဝခဏ

ပြီးတော့ တစ်ခါစဉ်းစားလိုက်ပြန်တော့ ဘုရားပွင့်နေတဲ့ အခါနဲ့ ကြုံငြားသော်လည်း ကိုယ့်မှာဆံ့ အပြီးပြောတော့ နားမလည်ဘဲနဲ့၊ သဘာဝဓမ္မဆိုတဲ့ ရုပ်နာမ် ပရမတ္တသဘာဝတွေ ပဋိစ္စသမုပ္ပါဒ်ဓမ္မတွေ ပြောငြား သော်လည်း နားမလည်နိုင်တဲ့ အတွက် အံ့အနေတဲ့ဘဝမျိုးရောက်ပြန်လည်း အလကား ခဏပဲ (မှန်ပါ့)၊ ဒီအတိုင်း မနေပေဘူးလား (နေပါတယ် ဘုရား)၊ ဒါဟာ ဘုရားပွင့်တာ ကြုံလျက်နဲ့ ကျေးဇူးမရှိတာနော် (မှန်ပါ့ ဘုရား)။

(၈) ဘုရားမပွင့်တဲ့ခဏ

တခါ ဘုရားမပွင့်တဲ့အခါမှာ ကျုပ်တို့ဖြစ်နေရပြန်လို့ရှိရင် လည်း အလကားခဏပဲ (မှန်ပါ့)၊ အဲဒီတော့ အခုပြောခဲ့တဲ့ ရှစ်ခဏဟာ အလကားခဏပေါ့ဗျာ (မှန်ပါ့ ဘုရား)။

(၉) ကိုးခုမြောက်က ပညာရှိခဏ

အဲဒီတော့ ဒကာ ဒကာမတွေ အခုဒီရှစ်ခဏလွတ်ပြီး သကာလ ဘုရား သာသနာတော်နဲ့ ကြုံရတဲ့ခဏ၊ လူဖြစ်ရတဲ့ ခဏ၊ ပဏ္ဍိတဆိုတဲ့ ပညာရှိနားတွေနဲ့ ထောင်နိုင်တဲ့ခဏမှာ ကြုံနေတော့ ဒီခဏကြုံဖို့ရာ အတော်ကြိုးစားခဲ့ကြတယ် ဆိုတဲ့ ဥစ္စာလည်း ကိုယ့်အကြောင်းကိုယ် နောက်ပြန်တွေးရင် သိပါ တယ် (မှန်ပါ့)၊

လူလည်းဖြစ်လာကြတယ်ဗျာ၊ သာသနာတွင်း လည်း ကြုံတယ်ဗျာ (မှန်ပါ့)၊ ထောင်နိုင်တဲ့နား ဆိုတဲ့ ပဏ္ဍိတ စာရင်းဝင်၊ ပညာရှိခဏနဲ့ကော (ကြုံပါတယ်)၊ ကြုံဆုံပြီး သကာလ နေတော့ ဒကာအုန်းတို့ စဉ်းစားကြည့်၊ ဒီခဏကလွဲရင် ဟိုခဏတွေထဲသွားတော့မယ် (မှန်ပါ့)၊ မသွားပေဘူးလား (သွားပါတယ် ဘုရား)။ ဒီခဏလွဲရင် ကိုယ်ကျိုးနည်းပြီ

အဲဒီတော့ ဒီစကားလေးဟာ ဒကာ ဒကာမတို့ ကိုယ့် အသက်တန်းနဲ့ကိုယ် ကြည့်လိုက်တော့ ဪ ဒီခဏ ကလေးဟာ နက်ဖြန်သေရင် ဒီနေ့ မဂ်ဖိုလ်ဆိုက်မှ (မှန်ပါ့)၊ သဘက်သေမယ်ဆိုရင် နက်ဖြန်လောက်ဆိုက်မှ (မှန်ပါ့)၊ နို့မဟုတ်ရင် ဒီခဏလွဲပြီး နဝမက္ခဏဆိုတဲ့ ကိုးခုမြောက်ခဏလွဲ သွားမယ်ဆိုလို့ရှိရင် ကိုယ်ကျိုးနည်းပေါ့လို့ ဒကာ ဒကာမတွေ သေသေချာချာမှတ်ပါ (မှန်ပါ့ ဘုရား)။

အဲဒါကြောင့် အချိန်ဆိုင်းပြီး သကာလ တရားအား မထုတ်ဘဲ မနေကြပါနဲ့ဆိုတာ တိုက်တွန်း ရတယ် (မှန်ပါ့ ဘုရား)၊ ခုနင်ကပြောခဲ့တဲ့ ရှစ်ခဏဟာ ဘာအသုံးကျသတုံး (ဘာမှ အသုံးမကျပါ ဘုရား)၊ အဲဒါကြောင့် သူတို့ရပ်ပြစ်ရှစ်ပါး၊ မဂ်ဖိုလ်နိဗ္ဗာန် ရနိုင်ခွင့်မရှိတဲ့ အရပ်ရှစ်ပါးပေါ့ဗျာ (မှန်ပါ့ ဘုရား)။

နောက်ဆုံးပါရမီဖြည့်ရမည့်ဘဝ

အခု နိဗ္ဗာန်ရနိုင်တဲ့အထဲမှာ ဒကာ ဒကာမတွေ လူဖြစ် လာကြတယ်၊ ဘုရားသာသနာနဲ့ ကြုံတယ်၊ ပဏ္ဍိတစာရင်းထဲ ဝင်ကြတယ်ဆို၊ ဪ တို့သည် ရှစ်ခဏမှလွတ်ပြီး ကိုးခု မြောက်ခဏ၊ မဂ်ဉာဏ် ဖိုလ်ဉာဏ် ဗြဟ္မစရိယ အကျင့်ကို ကျင့်နိုင်တဲ့ ခဏဟာ ဒီအထဲမှာ တို့အကြုံကြီး ကြုံပြီး သကာလ နေတာဟာဖြင့် နောက်ဆုံးပိတ် ပါရမီဖြည့်ရမည့်ဘဝ ဘာမှတောင့်တ, တွေးတောနေဖို့ မလိုဘူး ဆိုတာသာမှတ်လိုက် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒီခဏဟာ ဧကန်ကြုံတယ်နော် (မှန်ပါ့)၊ ရပ် ပြစ်ရှစ်ပါး မလွတ်ဘူးလား (လွတ်ပါတယ် ဘုရား)၊ ရပ်ပြစ် လွတ်ပြီး ဒီခဏမှာ ဧကန်ကြုံနေတော့၊ ကဲ သေသေချာချာ စဉ်းစားကြည့်တော့

ဘုရားသာသနာ တော်ကြီး ရှိသေးသလား မေးရင်ကော (ရှိပါတယ် ဘုရား)၊

လူ့ဘဝခဏရခိုက် ကြုံကြ တာကော ဟုတ်ပါရဲ့ လား (ဟုတ်ပါတယ် ဘုရား)၊

အခုနာမ် ရုပ်ဓမ္မတွေကို သုညတရှိတဲ့ ရုပ်နာမ်သာရှိတယ်၊ ငါ့သူတပါး ယောက်ျားမိန်းမဆိတ်တယ်၊ ရုပ်နာမ်တွေပဲ လှည့်ပတ်ပြီး ပဋိစ္စ သမုပ္ပါဒ် ဖြစ်နေတယ်ဆိုတာ သိကြသားပဲ (သိပါတယ် ဘုရား)။

ဘုရားဟောအတိုင်း၊ ဘုန်းကြီးကဟောတာ

အဲဒီနာမ် ရုပ်တွေသာလှည့်ဖြစ်နေတာ ခင်ဗျားတို့ အင်မတန် နက်နဲတဲ့ဓမ္မတွေပဲ၊ ပုဂ္ဂိုလ်သတ္တဝါ မရှိပါဘူးလို့ ဘုရား ဟောအတိုင်း ဆရာဘုန်းကြီးက ဟောတာကို ဒီသုညတဓမ္မတွေ ကို ထောင်နိုင်တဲ့ နားရှိတာလည်း ပဏ္ဍိတဘဝရကြလို့ ဒကာ ဒကာမတွေသည် ကိုးခုမြောက် ဘဝထဲမှာ တကယ် ကြုံတာပါပဲ (မှန်ပါ့) အဲ ကိုးခုမြောက်ဘဝမှာ တကယ်ကြုံသည် ဖြစ်လေ သောကြောင့်၊ ဪ ဒီဘဝ ဘာပါလိမ့်မတုံး ဆိုတော့၊ ကိုယ်တောင်းခဲ့တဲ့ဆု၊ လုပ်ခဲ့တဲ့ အလုပ်မျိုးစေ့တွေ ဒီဘဝမှာ အကုန်စုပြီး သကာလ ကိစ္စပြီးနိုင်မည့် နဝမက္ခဏပဲ ဆိုတာ သေသေချာချာ မှတ်ပါ (မှန်ပါ့ ဘုရား)။

နောက်သာသနာတွေးပြီးပေါ့ဆမနေနဲ့

နဝမက္ခဏကို ဧကန်ကြုံ တကယ်ကြုံပြီး သကာလ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ နေပါလျက် သားနဲ့၊ နောက် သာသနာတော်နဲ့ နောက်ဘုရားပွင့်မှာဆိုတာ ဘာမျှတွေးပြီး ပေါ့ ဆမနေတော့နဲ့နော် (မှန်ပါ့) နောက်ဘုရား သာသနာကို တွေးတောမျှော်လင့်နေလို့ရှိရင်ဖြင့် ကိုယ့်ကိုယ်ကိုနောက်သို့ ဆွဲလိုက်တဲ့ အဓိပ္ပါယ် ရောက်တယ် (မှန်ပါ့ ဘုရား)။

ဘယ်လိုမှတ်ကြမယ် (နောက်ဆွဲလိုက်တဲ့ အဓိပ္ပါယ် ရောက်နေပါတယ် ဘုရား) ကိုယ့်ကိုယ်ကို နောက်ဆွဲလိုက်တာ (မှန်ပါ့ ဘုရား)။

မေတ္တေယျ မြတ်စွာဘုရားပွင့်တော်မူတဲ့အခါ ရှေးဦးစွာ ဖူးတွေ့ရပြီး သစ္စာလေးပါး သိတဲ့ ပုဂ္ဂိုလ်ဖြစ်ရပါလို၏ ဆိုလို့ရှိရင် ဒကာ ဒကာမတို့ ဒါဟာ နောက်ပြန်ဆွဲလိုက်တာ (မှန်ပါ့)။

ဒါကြောင့် ဒီအချိန်ကောင်း ကြုံနေတာဟာ နောက်ပြန် ဆွဲချိန်မဟုတ်ဘူး၊ သုညတဓမ္မကို နားလည် နိုင်တဲ့ ဘဝဟာဖြင့် နဝမက္ခဏထဲပါပါတယ် (မှန်ပါ့) သုညတဓမ္မဆိုတာသည် ရုပ်နာမ်တွေ ဖြစ်ပြီး၊ ရုပ်နာမ်တွေပျက်တာသာရှိတယ်၊ ပုဂ္ဂိုလ် သတ္တဝါဆိုတာ အပြောသာရှိတာ တကယ်တမ်းက ရုပ်နာမ် ဖြစ်ပျက်ပဲရှိတယ်ဆိုတာ ဒကာ ဒကာမတွေ အသိကြသားပဲ။

ထောင်နိုင်တဲ့နားလည်းအရှိသား၊ ပွားများကြည့်တော့လည်း ရုပ်နာမ်၊ ဓမ္မမှ တစ်ပါးဘာမှ ပုဂ္ဂိုလ် သတ္တဝါ မတွေ့ဘူး၊ ဒကာကြွယ် ရုပ်နာမ်ဓမ္မ ဖြစ်ပျက်ပဲတွေ့တာပဲ (မှန်ပါ့ ဘုရား)။

ဒီခဏလေးလွဲသွားမှာစိုးရိမ်ကြပါ

ပုဂ္ဂိုလ်သတ္တဝါတွေ ဖြစ်ပျက်နေတာများ တွေ့သေးလား (မတွေ့ပါ ဘုရား) ကြည့်လိုက် ရုပ်ကလေး ပျက်နေတာ တွေ့လိုက် စိတ်ကလေးပျက်နေတာ တွေ့လိုက်ဆိုတော့ ပုဂ္ဂိုလ် သတ္တဝါ ဆိတ်သုဉ်းပြီး သကာလ နေတာ တွေ့သာတွေ့ တော့လို့ သုညတဓမ္မတွေကိုလည်း ဒကာ ဒကာမတွေ နားလည်တဲ့ ပဏ္ဍိတဘဝသို့ ရောက်သောကြောင့် နဝမက္ခဏဆိုတဲ့ ကိုးခု မြောက် ခဏထဲမှာ ကြုံ သောကြောင့် ဒီခဏကလေး လွဲသွားမှာ ကိုဖြင့်၊ အားကြီးစိုးရိမ်ကြပါ၊ ကိုယ့်အတွက် နှမြောကြပါလို့ ယနေ့ အစော ကြီးပြောထားတယ် (မှန်ပါ့ ဘုရား)။

ထိုခဏလေးလွတ်သွားလို့ရှိရင် ခင်ဗျားတို့ဘုရားက ဓမ္မပဒပါဠိတော်မှာနိရယဝဂ်မှာ

“ကထံ ဝိဇညာ သဒ္ဓမ္မံ,

ခဏော ဝေ မာ ဥပစ္စဂါ၊

ခဏာတီတာ ဟိ သောစန္တိ၊

နိရယမှိ သမပ္ပိတာ” (အဋ္ဌကနိပါတ်၊62)

ဝေ၊ စင်စစ်၊ ခဏာ၊ ယခုကြုံ ရတဲ့ခဏကို၊ မာ ဥပစ္စဂါ၊ မလွန်မြောက်ပါစေနဲ့တဲ့၊ ဒါကလေးကို အလွဲသုံးစားအချိန်တွေ မဖြုန်းလိုက်ပါနဲ့တဲ့ (မှန်ပါ့)။ သဘောကျပလား (ကျပါပြီ) ခဏာတီတာ ဟိ သောစန္တိ -တဲ့ ဒီခဏတို့လွန်သွားရင်တော့ မင်းတို့သောကပရိဒေဝနဲ့ နေဖို့သာ ပြင်ပေတော့တဲ့ (မှန်ပါ့ ဘုရား)။

ဒီခဏကိုလွန်သွားရင် ဘာနဲ့နေရမတုံး (သောကပရိ ဒေဝနဲ့နေရပါမယ်)၊ သောကပရိဒေဝနဲ့ နေရတော့မယ် ဆိုတာ ဘယ့်နှယ့်ကြောင့်တုံးဆိုတော့၊ နိယရမှီ သမပ္ပိတာ-တဲ့၊ ငရဲသို့ ရောက်တော့မှာ ပဲတဲ့ (မှန်ပါ့ ဘုရား)။

ဒီခဏလေးကိုမလွန်ပါစေနဲ့

ဒီတော့ ရ ထားပြီးတဲ့ ခဏကလေးကို ဒကာ ဒကာမတို့ မလွန်စေနဲ့နော် (မှန်ပါ့) မလွန်ပါစေနဲ့ ဆိုတာ ဘုန်းကြီး ရိုးသားစွာနဲ့ပဲ ဒကာ ဒကာမတွေကို တိုက်တွန်းပါတယ် (မှန်ပါ့ ဘုရား) နက်ဖြန်လည်း ကျုပ်တို့ ခန္ဓာကိုယ်ကြီးဟာ စုတိကျ နိုင်တာပဲ၊ သန်ဘက်ခါလည်းကျနိုင်တာပဲ၊ ဖိန်းနွှဲခါလည်း ကျနိုင် တယ်။ ဘာ့ကြောင့်ကျနိုင်သတုံးဆိုတော့ အို အဲဒီလမ်းကို သွားနေတာကိုး (မှန်ပါ့)၊ ဒါပဲ အဖြေထွက်လာတယ် (မှန်ပါ့)၊ နက်ဖြန် စုတိကျနိုင်တယ်၊ သန်ဘက် စုတိကျနိုင်တယ်၊ သေနိုင်တယ် ဆိုတာတွေပေါ့ဗျာ (မှန်ပါ့ ဘုရား)။

ဟာ ဘုန်းကြီးက ပြောရက်လိုက်တာ ဘယ့်နှယ့်ကြောင့် တုံးဆိုတော့ ဘုန်းကြီးက ပြောရက်တာ မဟုတ်ဘူး၊ ခန္ဓာက ဒီအတိုင်းသွားနေလို့ (မှန်ပါ့)၊ ကိုယ့်ခဏကလေးက နည်းနည်းပဲ ကျန်တော့တယ်နော် (မှန်ပါ့)၊ ကိုယ်ဆုတောင်းလို့ ပြည့်ထားတဲ့ ခဏကလေး ဒီခဏနဲ့ ကြုံရပါလို၏ ဆိုတာ တော့ မဂ္ဂဗြဟ္မစရိယ မဂ်ဉာဏ် ဖိုလ်ဉာဏ် ကျင့်နိုင်တဲ့ ခဏနဲ့ ကြုံရ ပါလို၏ဆိုတာတော့ ကြုံပြီ (မှန်ပါ့)၊ မကြုံဘူးလား (ကြုံ ပါတယ် ဘုရား)။

ပြည့်စုံတဲ့ ခဏက ဒကာ ဒကာမတွေ တချို့မှာလိုကြလိမ့် ဦးမယ် (မှန်ပါ့)၊ ဒကာ ဒကာမတို့ အဲဒီခဏကလေးဟာ လည်း ခန္ဓာကိုယ်အမြဲတန်းဘယ်သွားသတုံးဆိုတာ စဉ်းစား ကြည့်ကြ (မှန်ပါ)၊ ဘယ်သွားနေသတုံး (သေရာကို သွားနေပါတယ် ဘုရား)၊ ဪ နောက်များတလှမ်းနောက် ဆုတ်လို့များ ရမယ်ထင်ကြရဲ့ လား (မထင်ပါ ဘုရား)၊ တစ်လှမ်းနောက်ဆုတ်လို့မရဘူးဆိုတာ ဒကာ ဒကာမတွေ မှတ်ထားတော့ ခန္ဓာလမ်း စဉ်သေလမ်းသွားတာပဲ (မှန်ပါ ဘုရား)။

ခန္ဓာကသေလမ်းသွားနေတယ်

ခန္ဓာ့လမ်းစဉ်က (အသေလမ်း သွားပါတယ် ဘုရား) အသေလမ်းသွားပြီး သကာလ နေတော့ ကျုပ်တို့ ရ ထားတဲ့ စကားကလေးက မသေရာ ရှာတဲ့ ခဏကလေး ရှာထားတာ အသေလမ်း သွားတာက ဦးသွားမယ် ဆိုရင်ဖြင့် ဆုံးခြင်းကြီး မက ဆုံးရှုံးခြင်းကြီးမက ဆုံးရှုံးတယ်လို့ ကိုယ့်ကိုယ်ကို တွက်ယူပါ တော့ (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား)။

ကျုပ်တို့ ရ ထားတဲ့ခဏကို ကိုးခုမြောက် နဝမက္ခဏ ခုနင်က ရှစ်ခဏတွေကတော့ ရပ်ပြစ် ရှစ်ပါး ကိုးဗျ (မှန်ပါ့)၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်ရနိုင်တဲ့ ခဏထဲမှာ ရောက်နေတယ် (မှန်ပါ့)၊ သဘော ကျပလား (ကျပါပြီ ဘုရား)။

အဲဒီ မဂ်ဉာဏ် ဖိုလ်ဉာဏ်ရနိုင်တဲ့ ခဏထဲမှာ ရောက်ပြီး သကာလ နေငြားသော်လည်း ကိုယ်တိုင် မဂ်ဉာဏ်နဲ့ ဒုက္ခချုပ်တဲ့ နိဗ္ဗာန်ကို အာရုံမပြုနိုင်သေးလို့ရှိရင် ခန္ဓာက သွားလမ်း ရိုးရာ အတိုင်း သွားနေတော့ ခန္ဓာကလမ်းမှတစ်ပါး ဘယ်လမ်းမှ မသွားဘူး (မှန်ပါ့ ဘုရား)၊ ခင်ဗျားတို့က ထမင်းစားတယ် ဆို ပေမဲ့လည်း ထမင်းစားရင်း သူဟာ သေတဲ့လမ်းပဲ သွားနေတာပဲ (မှန်ပါ့)

ခင်ဗျားတို့က ဘုရားရှိခိုးနေတယ်၊ ဘုရားရှိခိုးသွား နေတယ်လို့သာ ပြောလိုက်တယ်၊ သူကတော့ဖြင့် ဘုရားရှိမခိုး ခင်ထက် အသေနီးအောင်သွားနေတာပဲ (မှန်ပါ့) ဆိုနိုင် ပလား (ဆိုနိုင်ပါတယ် ဘုရား)။

အဲဒါတွေ ထင်ရှားပြီး သကာလ နေတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီခဏအတွင်းမှာ ခန္ဓာအသေ မဦးခင်လို့ ဆရာဘုန်းကြီးက သုံးတဲ့ စကားဟာ ဒကာကြွယ် ကောင်းကောင်းရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)

သူက အမှန်သွားနေ လို့ ကျုပ်တို့က မသေရာရှာ မတွေ့သေးခင်၊ သူက အသေလမ်း ကို အမြန်ဆင်းသွားမယ်ဆိုရင် ဦးဘအုန်း ကိုယ်ကျိုးနည်းမယ် (နည်းပါမယ် ဘုရား)။

မဂ်ဖိုလ်ရနိုင်တဲ့ခဏထဲရောက်နေပြီ

ဒကာ ဒကာမတွေ လေးစားစွာနဲ့ ဒီစကားကို နားထောင်ကြည့်ပါ (မှန်ပါ့) မဂ်ဖိုလ်နိဗ္ဗာန် မရနိုင်တာက ရှစ်ခဏရှိတယ် (မှန်ပါ့) ဒကာ ဒကာမတွေကတော့ အခု မဂ်ဖိုလ်ရ နိုင်တဲ့ခဏထဲမှာ ရောက်နေကြတယ် (မှန်ပါ့)၊ မရောက်ကြဘူးလား (ရောက်ပါတယ်)၊ မဂ်ဖိုလ်ရောက် နိုင်တဲ့ ခဏထဲ ရောက်ပြီး သကာလ နေငြားသော်လည်း မဂ်ဉာဏ် ဖိုလ်ဉာဏ် ဝမ်းထဲမှာ မရောက်သေးတော့ ဝမ်းထဲမှာ မမြင်သေး ဘူးပေါ့ဗျာ (မှန်ပါ့ ဘုရား)။

ခန္ဓာကိုယ်ကတော့ သူအသွားအတိုင်းပဲ သွားနေတယ် (မှန်ပါ့)၊ ခန္ဓာကိုယ်ကတော့ သူ့အသွား အတိုင်းပဲ သွားနေတယ် (မှန်ပါ့)၊ ပဋိစ္စသမုပ္ပါဒ် ဇာတိ ရကတည်းက ဇရာသွားတာ ပဲ။ ဇရာက ဘယ်သွားသတုံး၊ ဗျာဓိသွားတယ် (မှန်ပါ့)၊ ဗျာဓိက ဘယ်သွားသတုံး (မရဏသွားပါတယ်)၊ အဲဒါ နောက်ဆုတ် လို့များ ရကြရဲ့လား (မရပါ ဘုရား)၊ မရတော့ သူတို့လည်း သူတို့သွားလမ်း သွားတယ် ဆိုတော့ ကျုပ်တို့ ကလည်း ကျုပ်တို့ သွားလမ်းကို သွားရလိမ့်မယ် (မှန်ပါ့ ဘုရား)။

နိဗ္ဗာန်လှမ်းနိုင်တဲ့ခဏ

ကျုပ်တို့က ကျုပ်တို့သွားလမ်းသွားရမှာက တို့ဒီခဏ ကလေးကို အလွဲသုံးစားလုပ်လို့ မတော်ဘူး၊ သားရေး သမီးရေး၊ စီးပွားရေးနဲ့ အချိန်ဖြုန်းနေလို့ မတော်ဘူး၊ တို့သည် ကားလို့ဆိုရင် နိဗ္ဗာန်လှမ်းနိုင်တဲ့ခဏကို ရပြီးမှပဲ နေရာကျမှာပဲ ဒီခဏနောက် လည်း ကြုံစရာမမြင်ဘူး (မှန်ပါ့ ဘုရား)။

အဲဒီတော့ ခန္ဓာကိုယ်ကလည်း သွားမြဲလမ်းအတိုင်း သွားနေတယ်၊ အို သွားတဲ့လမ်း မရောက်ခင် ဒို့က အရယူ မယ်၊ ခန္ဓာကိုယ်နဲ့ ဉာဏ်နဲ့ကိုပဲ ဒကာ ဒကာမတွေ စစ်တိုက်ကြ ပါဦး (မှန်ပါ့) ခန္ဓာကိုယ်က အတင်းသွားမှာပဲ (မှန်ပါ) သူက အတင်းဘယ်သွားလေ့ရှိသတုံး (သေရာကို သွားလေ့ ရှိပါတယ်)၊

ဉာဏ်က လိုက်ပေးပါ မင်းကလည်း သွားမြဲအတိုင်း သွားတာပဲ၊ မင်းသွားတာကို ဘုရားတောင် တားလို့မရဘူး (မှန်ပါ့)၊ အဲဒီတော့ တို့ရ ထားတဲ့ခဏကလေး ဆုတောင်းပြည့် ဘဝကလေးကိုဖြင့် ကိုယ်အလိုရှိတဲ့ မသေရာကိုမြင်ရတဲ့ အလုပ်ကလေးကို အရယူထားလိုက်မယ်ဆိုပါမှ ခင်ဗျားတို့ နေရာ ကျတော့မယ် (မှန်ပါ့ ဘုရား)။

ဒီဟာကလေးမှ လက်လွတ်သွားလို့ရှိရင်ဖြင့် ခဏာတီ တာ ဟိ သောစန္တိ၊ ခဏာတီကာ ယခုရထားတဲ့ ခဏကလေးကို လွန်ကြကုန်သည်ရှိသော်၊ သောစန္တိ၊ စိုးရိမ်ကြောင့်ကြတာနဲ့ပဲ အချိန်ကုန်ကြတော့မယ် (မှန်ပါ့)၊ အပါယ်ငရဲရောက်မှာကိုးဗျ (မှန်ပါ့)

ငရဲများ ရောက်သွားရင် ဘယ်တော့လွတ်ပါ့မတုံး၊ ဘယ်တော့ကျွတ်ပါ့မတုံး စိုးရိမ် ကြောင့်ကြမှုနဲ့ အချိန်မကုန်ဘူးလား (ကုန်ပါတယ် ဘုရား)။

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ခဏကိုးပါး ရှိတဲ့အနက်က မဂ်ဖိုလ်မရနိုင်တာက ရှစ်ပါး၊ မဂ်ဖိုလ်ရနိုင်တာက တစ်ပါးပဲရှိတယ် (မှန်ပါ့) ဤတစ်ပါးတည်းမှာ အခုကြုံကြပြန်တော့လည်း ခန္ဓာကိုယ်ကြီးက မလျှော့စတမ်း သေရာသွားနေတဲ့ ဥစ္စာ ကိုယ်က မအောင်မြင်ဘဲနဲ့ သူက အောင်မြင် သွားမယ်ဆိုရင် ဦးဘအုန်း ကိုယ်ကျိုးနည်းပြီ (မှန်ပါ့) မနည်းဘူးလား (နည်းပါတယ် ဘုရား)။

ကိုယ့်ကိစ္စကို မြန်မြန်ပြီးအောင်လုပ်လိုက်

အဲဒါတွေကို ဉာဏ်နဲ့ ဒကာ ဒကာမတွေက စဉ်းစား လိုက်တော့မှ နက်ဖြန် ဘာဖြစ်ဦးမှာလိုလို၊ ဘာတွေ ညာတွေ တွေးမနေနဲ့ ကိုယ့်ကိစ္စကို မြန်မြန်ပြီးအောင် လုပ်လိုက်ဦး (မှန်ပါ့)၊ သဘော ကျပလား (ကျပါပြီ)၊ ဒါကလေးကိုသာ မြန်မြန်မြင်အောင်လုပ်ပြီးတော့ ဒကာ ဒကာမတွေ ကိုယ့်ခဏ ကလေးကိုသာ ကိုယ်နှမြောဖို့ အရေးကြီးတယ်၊ သူများကိစ္စကို ကျုပ်တို့ အရေးမစိုက်နိုင်ဘူး သဘောကျပလား (ကျပါပြီ ဘုရား)။

ကိုယ့်ခဏကလေးသာ (အရေးကြီးပါတယ် ဘုရား)။ ကိုယ်နှမြောမှုနဲ့ အသုံးချရမယ် (မှန်ပါ့)၊ နှမြောမှု အသုံး ချမယ်ဆိုတာက နိဗ္ဗာန်ရနိုင်တဲ့ခဏ မရပဲနေဦးမှာ စိုးရိမ်တယ် (မှန်ပါ့)၊ သဘော ကျပလား (ကျပါပြီ ဘုရား)၊ နိဗ္ဗာန် ရနိုင်တဲ့ ဘဝ မရဘဲနဲ့ ခန္ဓာကိုယ်သွားတဲ့လမ်းက အရင်ဦးသွားမယ် ဆိုရင်ဖြင့် ကိုယ်ကျိုးနည်းပြီ (မှန်ပါ့)။

ရပ်စကား၊ ရွာစကားတွေ အသာထား

အဲဒါတွေကို ဒကာ ဒကာမတွေ ဉာဏ်လှည့်စမ်းပါ ခင်ဗျားတို့ရပ်စကား ရွာစကားတွေ အသာထားဦး (မှန်ပါ့) ကိုယ့်ခဏကလေးကို ကိုယ်မအောင်မြင်မှာ စိုးရိမ်ရတယ် (မှန်ပါ့) မဂ်ဉာဏ် ရနိုင်တဲ့ခဏ အခုကြုံနေပြီ (မှန်ပါ့)၊ မကြုံဘူးလား (ကြုံပါတယ် ဘုရား)။

မဂ်ဉာဏ်ရနိုင်တဲ့ ခဏကြုံတော့ကြုံပါရဲ့၊ ကြုံပေမဲ့ ခန္ဓာကိုအားထုတ်ရမှာပဲ၊ ဒီခန္ဓာကြီးကလည်း တစ်ခါတည်း မင်းအားထုတ်ရင်ထုတ် မင်းမထုတ်ရင်လည်း ငါကတော့ သေရာ သွားမှာပဲ၊ ထုတ်နေလည်း သေရာသွားမှာပဲ (မှန်ပါ့)၊ မင်းက ဦးအောင်လုပ်ရင်တော့လုပ်ပဲ (မှန်ပါ့ ဘုရား)။

ဒါလောက်ထိအောင် ခန္ဓာကလည်း အတင်းကန်ရုန်း ပြီး သကာလ သေလိုက်မယ် သေလိုက်မယ် အမြဲပြော နေတာ (မှန်ပါ့)၊ ခေါင်းကိုက်တယ်ဆိုတာ သေလိုက်မယ် ပြောတာပဲ (မှန်ပါ့)၊ တောင်းပန်ရင် တောင်းပန် မတောင်းပန် ရင် သေလိုက်မယ်တဲ့ (မှန်ပါ့)၊ နှာကလေးနဲ့ တောင်းပန်လိုက် ဝမ်းနှုတ်ပြီး သကာလ တောင်းပန်လိုက်၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ အဲဒါမင်းတို့ တောင်းပန်ချင် တောင်းပန်၊ မတောင်းပန်ချင်နေ ငါကတော့ဖြင့် ဒီအနာနဲ့ မသေရရင် ဟိုအနာ နဲ့ သေဖို့ရာ သွားမှာပါပဲ (မှန်ပါ့)၊ ဒီခန္ဓာကြီးကလည်း လျှော့ရဲ့ လား (မလျှော့ပါ ဘုရား)။

မအောင်မြင်ရင်သိပ်ပြီးနှမြောဖို့ကောင်းတယ်

အဲ မလျှော့တန်းသွားနေတဲ့ ခန္ဓာကြီးနဲ့ ဒကာ ဒကာမတွေက နေရတော့ ကိုယ့်ဆုတောင်း ပြည့်ထားတဲ့ ကိုးခုမြောက် မဂ်ဉာဏ်, ဖိုလ်ဉာဏ်ရနိုင်တဲ့ ခဏကိစ္စကို မအောင်မြင် လိုက်ရင်ဖြင့် ဒီထက်ကိုယ်ကျိုးနည်းမှာမတွေ့ဘူး (မတွေ့ပါ ဘုရား)၊ သိပ်ပြီးမနစ်နာဘူးလား (နစ်နာပါတယ် ဘုရား)။

အဲဒီတော့ ဘုရားက အရေးကြီးသလို ဘုန်းကြီးတို့ ဒကာ ဒကာမတွေကလည်း နှမြောဖို့ သိပ်ကောင်းတယ် (မှန်ပါ့ ဘုရား) နှမြောဖို့ သိပ်ကောင်းတယ်လို့ ဒကာသစ်တို့၊ ဒကာအုန်း တို့ လေးနက်စွာ ပြောနေတယ် (မှန်ပါ့) ကြည့်လိုက်စမ်း ဟိုရှစ် ခဏကို လွတ်လာခဲ့တယ် (မှန်ပါ့)။

အကြောင်းအကျိုးထူးတဲ့ပုဂ္ဂိုလ်တွေ

လွတ်ပြီးတော့ မဂ်ဉာဏ် ဖိုလ်ဉာဏ်ရနိုင်တဲ့ ဗြဟ္မစရိယ ခဏကို ရနေတယ် (မှန်ပါ့) ဒီအထဲက ဘုန်းကြီး တခါ ခင်ဗျားတို့ ရ ထားတော့ အင်မတန်လဲ အကြောင်းအကျိုး ထူးတဲ့ ပုဂ္ဂိုလ်တွေပါပဲ၊ သို့သော် ခန္ဓာကြီးက ပါနေတော့ ခန္ဓာကြီးက သူ့လမ်းကို သူသွားနေတယ်၊ ခင်ဗျားတို့က ဦးအောင် နှုတ်နိုင်ရင် နှုတ် မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို အရယူနိုင်ရင်ယူ၊ မယူနိုင်သူက အသေလမ်းချည့် သွားပစ် နေတာ ခင်ဗျားတို့ အမြင်သား (မှန်ပါ့ ဘုရား)။

ဒီအထဲက ခင်ဗျားတို့က ကိုယ့်အရေးကြီးတာကိုတော့ ဂရုမစိုက်ဘဲနဲ့ သူသွားရာကို လိုက်နေ ကြမယ် ဆိုလို့ ရှိရင်တော့ ခင်ဗျားတို့ တောင်းလာတဲ့ဆု၊ လုပ်လာတဲ့ ကုသိုလ်တွေဟာ အလုံးစုံ အရာမထင်ဘဲ ဖြစ်ပြီး သကာလ အလဟဿ ဒကာ ဒကာမတို့ အပါယ်လေးပါးပဲ ပြန်ရောက်သွားရင် ဒီနေရာကလေး ဒီခဏကလေးထဲ ပြန်တိုးနိုင်ဖို့ ဝင်နိုင်ခွင့် ရှိသေးရဲ့ လား (မရှိပါ ဘုရား)၊ အင်မတန် ကြောက်စရာ မကောင်းဘူးလား (ကောင်းပါတယ် ဘုရား)။

ဘာတွေညာတွေရှုပ်မနေစမ်းပါနဲ့

အေး ဒါကြောင့် ခင်ဗျားတို့က သားကလေးမကြီး သေးလို့၊ သမီးကလေး လူလား မမြောက်သေးလို့၊ ဘယ်သူ့ကို နေရာမချရသေးလို့ စသည်နဲ့ ဘာတွေညာတွေ ရှုပ်မနေစမ်းပါနဲ့ ကိုယ့်အရေး ကိုယ်ကြီး လိုက်စမ်းပါ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဘာအရေးကြီးရမှာပါလိမ့် (ကိုယ့်အရေးကိုယ် ကြီးရမှာပါ) ကိုယ့်အရေးကိုယ်ကြီးလို့ ဆရာဘုန်းကြီးက မှာချင်တယ်နော်၊ ဒီခဏနဲ့လွဲသွားမှာစိုးလို့ (မှန်ပါ့) ပြီးတော့ ဒီခဏလေး မဂ်ဉာဏ် ဖိုလ်ဉာဏ် ရဖို့ အလုပ်ဆိုတာကလည်း ကိုယ်က ပိုက်ဆံရှိလို့ အစေခံထားပြီး လုပ်လို့ရတဲ့ အလုပ်မျိုး လည်း မဟုတ်ဘူး (မှန်ပါ့) ကိုယ်တိုင်ကိုယ်ကျ လုပ်ယူမှရတဲ့ အလုပ်မျိုး (မှန်ပါ့)။

အပါယ်သို့ မသွားချင်ပါဘူးဆိုလဲ အပါယ်သွားတဲ့ အကုသိုလ်မရှိအောင် ကိုယ့်ဟာကိုယ် လုပ်ရမှာပဲ (မှန်ပါ့) နိဗ္ဗာန် သွားချင်ပြန်လည်း သွားနိုင်တဲ့အလုပ်ကို ကိုယ်တိုင် လုပ်ရမှာပဲ (မှန်ပါ့ ဘုရား)။

အပါယ်ရောက်စေတတ်တဲ့တရားကိုရှောင်

အပါယ်လေးပါး ရောက်စေတတ်တဲ့ တရားတွေကို ရှောင်ရမှာလည်း သူများက ရှောင်ပေးလို့ ရပါ့မလား (မရပါ ဘုရား) ကိုယ်တိုင်ရှောင်မှ ကိုယ်တိုင်လွတ်မယ် (မှန်ပါ့) ဒုက္ခခပ်သိမ်း ကင်းငြိမ်းတဲ့ နိဗ္ဗာန်ကြီး ရောက်အောင်လုပ်တဲ့ အလုပ်ကော (ကိုယ်တိုင်လုပ်ရမှာပါ ဘုရား)။

ဒါကပိုက်ဆံရှိလို့ သူများကိုစေခိုင်းပြီး လုပ်လို့ရတဲ့ အလုပ် မဟုတ်ဘူး (မှန်ပါ့) ကိုယ်စားလှယ် ငှားလို့ကော (မရပါ ဘုရား) မရဘူး၊ သတင်းစာ ကြော်ငြာပြီး သကာလ ရှာလို့ကော (မရပါ ဘုရား) မရဘူး၊ မရဘူး ဒီအလုပ်တွေက အလကား အလုပ်တွေလို့ ဒကာကြွယ်တို့၊ ဒကာသစ်တို့၊ ဒကာအုန်းတို့ သေသေချာချာမှတ်ပါ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ကိုယ်တိုင်လုပ်မှ ကိုယ်ရမည့်အဖြစ်ကလည်း မသေချာဘူးလား (သေချာပါတယ် ဘုရား)၊ အဲဒီတော့ ကိုယ်လုပ်မှကိုယ်ရမှာကို သားကလေး လူလားမမြောက်သေးလို့၊ သမီးကလေး နေရာမချရသေးလို့ ဆိုတာမျိုးတွေဟာက ဒကာကြွယ် ဘာဒီဥစ္စာ မှားလုံး သက်သက်ပဲ၊ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)၊ မှားလုံးသတ်သက်ပဲ ဆိုတာ ဒကာ ဒကာမတွေ ကောင်းကောင်း သဘောကျပလား (ကျပါပြီ ဘုရား)။

မင်းစိတ်ကိုက တော်တော်မိုက်တယ်

အဲဒါ ခင်ဗျားတို့ ဪ မင်းစိတ်ကိုက တော်တော် မိုက်တယ်၊ ကိုယ့်ကိုယ်ကို ဆုံးမပါ၊ ဒုက္ခခပ်သိမ်း ကင်းငြိမ်းတဲ့ နိဗ္ဗာန်ကြီးဟာ ဘာမကြီးသေးလို့ ညာမကြီးသေးလို့နဲ့တောင် နေလို့ ရနိုင်သလား၊ သားမကြီးသေးလို့ မင်းခန္ဓာကိုယ်က အသေလမ်းသွားတာ လျှော့သလား မေးကြည့် (မလျှော့ ပါ ဘုရား)။

မလျှော့ဘူးဆိုတာတော့ မင်းစိတ်ကူးတာက တစ်မျိုး ခန္ဓာသွားတာကတဖုံလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)၊ ဒီတော့ မင်းဟာ အရူးစိတ်ကူးနေတာလို့ ကိုယ့်ကိုယ်ကိုယ်လည်း မြည်တွန်ရသေးတယ် (မှန်ပါ့) အရူးစိတ်ကူးနေရင် ဘယ်တော့ တည့်လာမှာတုံး (မှန်ပါ့) သဘောပါကြပလား (ပါပါပြီ ဘုရား)။

ဒကာ ဒကာမတွေ တော်တော်ကြာလို့ ရှိရင်ဖြင့် မိန်းမချင်းတွေရင်လည်း ဒီအရူးစိတ်ကူးက လာပြီ (မှန်ပါ့)

ယောက်ျား အချင်းချင်း တွေ့ပြန်လို့ရှိရင်လည်း ထို့အတူပဲ။ သားကလေး လူလားမြောက်လို့ ရှိရင်ဖြင့် ဒီလို ဒီလိုပဲ အစရှိသည် နဲ့ အရူးစိတ်ကူးက တိုးတိုး တိုးတိုး ပြောချင်လာတယ် (မှန်ပါ့) ကိုယ့်အတွက် စိတ်ကူးကမပါဘူး (မှန်ပါ့) သဘော ကျပလား (ကျပါပြီ ဘုရား)။

ဒီခဏလွန်ရင်နစ်နာတော့မယ်

ကိုယ့်အတွက်စိတ်ကူးက ဒီခဏကလေးများ လွန်သွား ရင်ဖြင့် အသေလမ်းချည့် ရောက်ရချေရဲ့၊ အသေလမ်း ရောက်လို့ ရှိရင်လည်း ဘယ်တော့မှ ပြန်ပြီးမတက်နိုင်တော့ပါဘူး၊ အပါယ်လေးပါး ရောက်သွားရင် အဲဒါမှ ကိုယ်ကျိုးနည်းတာပါ။ (မှန်ပါ့)၊

သားဘာဖြစ်လို့ သမီးဘာဖြစ်လို့ဆိုတာ ဆင်ခြေ တွေပေးနေတာ မင့်အရူးမို့ ပြောနေတဲ့ စကားပဲ၊ မင်းဒီခဏ လွန် သွားရင် သေသေချာချာ မင်းနစ်နာတော့မယ် (မှန်ပါ့)။

မင်း, သားတွေ သမီးတွေက မင်းသေတော့ အမေ အဖေအမျှပဲဆိုတာကလေး၊ ဆွမ်းကလေး သာမည ကျွေးပြီး အမျှလို့ အော်ခေါ်ရတာနဲ့ မင်းကလွမ်းမနေနဲ့လို့ ကိုယ့်ကိုယ်ကိုယ် ဆုံးမရသေးတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ခင်ဗျားတို့က ဒါကလေးတွေ သူတို့ဖို့ ထားခဲ့ရဦးမယ် ဆိုတော့ ဆွမ်းသွတ်ဖို့ထားခဲ့တာ (မှန်ပါ့)၊ သဘောပါပလား (ပါပါပြီ ဘုရား)။

အဲဒါခင်ဗျားတို့က သားကလေး သမီးကလေးတွေများ ပြောပြီး သကာလ ယုယပြီး သကာလ နေလိုက်တာ ရှေ့တွင် တစ်မျိုးကွယ်ရာတစ်ဖုံတွေက ရှုပ်လို့ပေါ့ဗျာ (မှန်ပါ့) ရှေ့တွင်တော့ မချစ်ချင် ယောင် ဆောင်ပြီး ကွယ်ရာကနေ ရင်ထုချင ်ထုနေ တော့ ဒီဥစ္စာတွေဟာ အတော် အရုပ်ဆိုးတယ်လို့ ဆိုထိုက် မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)။

သူများအရေးကြောင့်ရင်ထုကြရတယ်

သူများအရေးကြောင့် ရင်ထုရတာလား (သူများ အရေးကြောင့် ရင်ထုရတာပါ ဘုရား) ဟာ ဒီကရှေ့ကိုတော့ ထုခြင်းထုရင် ကိုယ့်အရေးကြောင့်ထုပါ (မှန်ပါ့)၊ နိဗ္ဗာန် မဂ်ဖိုလ် မင်းအာရုံ မပြုနိုင်သေးဘူး မင်းကိုယ်ကျိုးနည်းလိမ့်မယ်ဆို ပြီး မင်းမြန်မြန်လုပ် မင်းအရေးသာ မင်းကြီးတယ် ဆိုပြီး ကိုယ့် အရေးသာ ကိုယ်ထုယူပါ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ကို ခဏရှိတဲ့အနက် ဒီတစ်ခဏတည်းသာ မဂ်ဖိုလ်ရနိုင်တဲ့ ခဏကိုးဗျ (မှန်ပါ့) ခုနင်ကပြောခဲ့တဲ့ အသညသတ်အရူပတွေမှာ ဖြစ်နေရင်လည်း ရပါ့မလား (မရပါ ဘုရား) ငရဲဖြစ်နေရင်တော့ (မရပါ ဘုရား) ပြိတ္တာဖြစ်နေရင်ကော (မရပါ ဘုရား) မိစ္ဆာဒိဋ္ဌိဖြစ် နေရင်ကော (မရပါ ဘုရား)။

ပစ္စန္တရာဇ် အရပ် ဖြစ်နေမယ် (မရပါဘု ရား)၊ တရားတွေ ဘယ်လိုပင်ဟောငြားသော်လည်း သုညတဓမ္မ ဆိုတဲ့ ရုပ်နာမ်ဖြစ်ပျက်တွေဟောရင် နားမလည်တဲ့ဘဝ ရောက်နေရင် ကော (မရပါ ဘုရား)၊ ဘုရားမပွင့်တဲ့ အခါနဲ့ ကြုံနေရင်ကော (မရပါ ဘုရား)။

ကဲ အခုတော့ ဘုရားသာသနာတော်ကြီးနဲ့လည်းကြုံ (မှန်ပါ့)၊ လူ့ဘဝကိုလည်းရ၊ ထောင်နိုင်တဲ့ နားကလေးရှိတဲ့ ပဏ္ဍိတဘဝကလေးကလည်း မကြုံဘူးလား (ကြုံပါတယ် ဘုရား)၊ အဲဒီခဏ ကလေးကို ဒကာကြွယ် လွန်သွားမှာသိပ်စိုးရိမ် တယ် (မှန်ပါ့) ဒါ့ကြောင့်

‘‘ခဏော ဝေ မာ ဥပစ္စဂါ၊

ခဏာတီတာ ဟိ သောစန္တိ၊

နိရယမှိ သမပ္ပိတာ”လို့ ဓမ္မပဒမှာ ဟောပါတယ်၊ အင်္ဂုတ္တိုရ်မှာလည်း ဒီအတိုင်းဟောတယ်လို့ မှတ်ရမယ် (မှန်ပါ့) သဘောပါကြ ပလား (ပါပါပြီ ဘုရား)။

ကိုယ့်ခဏ၊ ကိုယ်အရေးကြီးစမ်းပါ

ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ ကိုယ့်ခဏကို ကိုယ် အရေးကြီးစမ်းပါ၊ သားသမီးတွေနဲ့ ပတ်သက်ပြီး တောင်ပြော မြောက်ပြော ပြောပြီး သကာလ ကိုယ့်မှာဖြင့် အနာတွေက မပျောက် နိုင်ရတဲ့ အထဲ သူများအနာအတွက် မျက်ရေကျမနေစမ်း ပါနဲ့ (မှန်ပါ့) ဆိုထိုက် မဆိုထိုက် (ဆိုထိုက် ပါတယ် ဘုရား)။

ကိုယ့်အနာ မပျောက်သေးတဲ့ ပုဂ္ဂိုလ်က သူများအနာတွေ အတွက် ကျပ်ဖြင့် ခက်သေးတယ်လို့ မျက်ရည် ကျနေမယ်ဆိုရင် ဒီလူရူးလို့ဖြစ်ရမယ် (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား) ကိုင်း ဒါဖြင့် သဘောပါကြပလား (ပါပါ ပြီ ဘုရား)။

ဒါဖြင့် ဒကာကြွယ်ရေ ဘာအရေး ညာအရေးတွေ အသာထား ကိုယ့်ခဏကလေးကို ကိုယ်မလွန် စေနဲ့ (မှန်ပါ့) ကိုယ်ရထားတဲ့ ခဏလေးကို (မလွန်စေနဲ့ပါ ဘုရား) မလွန်စေ နဲ့ဆိုတာ တောင်မှ အသက်တန်းကြည့် တော်တော် လွန်လာပြီ နောက်ပိုင်းကလေးပဲ ကျန်တော့တယ် (မှန်ပါ့ ဘုရား)။

ဒီနောက်ပိုင်း ကလေးထဲကမှ နှုတ်ဦးမယ်၊ သားရေး၊ သမီး ရေး၊ စီးပွားရေးအတွက် နှုတ်ဦးမယ် ဆိုရင် မကျန်တော့ဘူး (မှန်ပါ့)၊ ဗလာသေရလိမ့်မယ်၊ ဗလာသေတဲ့ ပုဂ္ဂိုလ်ကျတော့ အပါယ်လေးပါးက တက်တဲ့ မဂ်ဉာဏ် မပါတော့ဘူး ဆိုရင် အပါယ်လေးပါးသွားတဲ့ တရားတွေက ဦးစီးသွားလိမ့်မယ် မစီးပေဘူးလား (စီးပါတယ် ဘုရား) အဲဒါကြောင့် ဒကာ ဒကာမတို့၊ နည်းနည်းကလေးမှ မနှုတ် ပါနဲ့တော့လို့ ပြောလိုက် တယ် (မှန်ပါ့ ဘုရား)။

နည်းနည်းထဲကမနှုတ်ပါနဲ့တော့

ဘယ်လိုသတိပေးလိုက်တဲ့ (နည်းနည်းထဲက မနှုတ် ပါနဲ့တော့)၊ ဒကာကြွယ် နောက်နေရလှရင် ဆယ်နှစ်ဆိုတာ အင် မတန် ကံကောင်းမှ ဒီအထဲက နှုတ်ဦးမယ်ဆိုရင် ဘာကျန်တော့မတုံး (ဘာမှ မကျန်ပါ ဘုရား)၊

နဂိုက နှုတ်ထားတာက ငါးဆယ်ခြောက်ဆယ် (မှန်ပါ့)၊ ကျန်တဲ့ တစ်ဆယ်ထည်းက နှုတ်ဦးမယ် ဆိုတော့ ဘာကျန်တော့မတုံး (မကျန်ပါ ဘုရား) ဒကာအုန်းတို့လည်း ဒီအတိုင်း မနေဘူးလား (နေပါတယ် ဘုရား)၊ အဲဒီတော့ နှုတ်စရာမရှိတော့ဘူး ခင်ဗျားတို့ ကြံဖန်ပြီး ကိလေသာက ဆွဲနှုတ်နေရင်တော့ မပြောတတ်ဘူး (မှန်ပါ့ ဘုရား)။

ကိလေသာ ဆိုတာကတော့ သားအတွက် လုပ်လိုက်ပါ ဦး၊ သမီးအတွက် လုပ်လိုက်ပါဦး၊ မြေးအတွက် လုပ်လိုက်ပါဦး။ ရွာအတွက် လုပ်လိုက်ပါဦးဆိုတော့ ဒါတွေက ကိလေသာတွေ က နှုတ်သွားတာတွေ (မှန်ပါ့) သဘောကျပလား (ကျပါ ပြီ ဘုရား)။

ကိလေသာတွေ နှုတ်တဲ့အထဲမှာ ဒကာ ဒကာမတွေ ဒီကျန်တဲ့ခဏကလေးက နှုတ်ဦးမယ် ဆိုလို့ရှိရင် ဗလာသေလို့သာ မှတ်ပေတော့ (မှန်ပါ့ ဘုရား)။

ဘာတဲ့တုံး (ဗလာသေပါ ဘုရား) ဗလာသေ ဆိုတာက နိဗ္ဗာန်မဂ်ဖိုလ်ဝင်မည့် ဂေဇက် မထွက်ဘူးလို့ ပြောတာ (မှန်ပါ့ ဘုရား)။

နိဗ္ဗာန်ရနိုင်တဲ့ခဏ

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒီခဏကိုးခုရှိတဲ့ အနက်က တစ်ခဏသာလျှင် နိဗ္ဗာန်မဂ်ဖိုလ် ရနိုင်တဲ့ ခဏရှိတယ် (မှန်ပါ့)၊ ဒီခဏကလေးထဲက နှုတ်ခဲ့တာလည်း ခင်ဗျားတို့ ဒီဘဝမှာ အတော် ကုန်ပြီ (မှန်ပါ့)၊ ရှေ့ကိုဆက်နှုတ်ဦးမယ်ဆို ရင် ကျန်ပါဦးမလား (မကျန်ပါ ဘုရား) ကဲ ဒကာအုန်းတို့ ဒကာသစ်တို့ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒီခဏလွန်သွားရင်လည်း ဘုရားက စိုးရိမ်သောက ဗျာပါဒနဲ့နေရမည့် (အပါယ်လေးပါး) ဘေးပဲရှိတော့တယ်လို့ သေသေချာချာ ဟောတော်မူတယ် (မှန်ပါ့) ကဲ-ဒကာ ဒကာမတို့ အခုပြီးသလောက် မဲ့ရမည် ဆိုတာကော ပြောဖို့လိုသေးသလား (မလိုပါ ဘုရား)။

ကိုင်း ဒါဖြင့် ခဏတွင်းတရားကို မြန်မြန်ရောက်တဲ့ တရားကို ဟောကြစို့ (မှန်ပါ့) ခဏတွင်းမှာ ဟောနိုင်တဲ့ ပုဂ္ဂိုလ်လည်းရှိတယ်နော် (မှန်ပါ့) ခင်ဗျားတို့ကလည်း ဒီခဏ အတွင်းမှာ ကိုးခုမြောက် ခဏထဲမှာ လာပြီးဖြစ်ရလို့ ပဏ္ဍိတဘဝ ရောက်နေလို့ သုညတဖြစ်တဲ့ဓမ္မတွေကို ခင်ဗျားတို့ နာနိုင်တာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ‘အဂ္ဂိဝစ္ဆ ပုဏ္ဏား’ အကြောင်းကိုပင် ယနေ့နိဗ္ဗာန်ကို ရှင်းရှင်းလင်းလင်း မေးတဲ့ အကြောင်းရှင်းပြမယ်နော် (မှန်ပါ့ ဘုရား)။

ဒိဋ္ဌိစင်မှနိဗ္ဗာန်သိတယ်

နိဗ္ဗာန်သိချင်ရင် ဒိဋ္ဌိစင်မှ နိဗ္ဗာန်သိတယ်၊ ဒါကို ရှေးဦး စွာ မှတ်လိုက်စမ်းပါ (မှန်ပါ့)၊ ဒိဋ္ဌိမစင်ဘဲနဲ့ နိဗ္ဗာန်သိတယ်လို့ ပြောနေတာ တကယ်နိဗ္ဗာန်ကို သဘောမကျပါဘူး (မှန်ပါ့)၊

ပြောသံကြား နိဗ္ဗာန်တော့ သူပြောချင်ပြောလိမ့်မယ်နော် (မှန်ပါ့) စင်စစ်နိဗ္ဗာန် သိမှာကတော့ ဒိဋ္ဌိစင်တဲ့ ပုဂ္ဂိုလ်မှ နိဗ္ဗာန် ကို သဘောကျတယ်၊ နို့မဟုတ်ရင် မိဖရိုးရာ နိဗ္ဗာန်သာဖြစ်၍ တကယ် ရောက်ချင် ရချင်တဲ့ နိဗ္ဗာန်မဟုတ်ပါဘူး (မှန်ပါ့)၊ ဒါကို သေသေချာချာမှတ်ရမယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေထဲမှာ ဒိဋ္ဌိမစင်ဘဲနဲ့ နိဗ္ဗာန်ကို လိုချင်တဲ့ပုဂ္ဂိုလ် ဦးဘအုန်း များမများ (များပါတယ် ဘုရား) ဒိဋ္ဌိလည်း မစင်ဘူး နိဗ္ဗာန်လည်း လိုချင်တယ်ဆိုတော့ ပြောသံကြားလို့ လိုချင်တာ၊ ကိုယ်ပိုင်ဉာဏ်ထဲက လိုချင်တာ မဟုတ်ဘူး (မှန်ပါ့) ကိုယ်ပိုင်ဝမ်းထဲက လိုချင်တာ ကတော့ ဒိဋ္ဌိကင်းစင်တဲ့ ဉာဏ်ရတော့မှ သော် နိဗ္ဗာန်ဆိုတာ ဒီလိုပါ ကလားဆိုတာ သဘောကျတယ် (မှန်ပါ့ ဘုရား)။

နိဗ္ဗာန်နားလည်ချင်ရင် ဒိဋ္ဌိစင်အောင်လုပ်

ဒါဖြင့် နိဗ္ဗာန်နားလည်ချင်လို့ရှိရင် ဒိဋ္ဌိစင်အောင်လုပ်ပါ။ နိဗ္ဗာန်ကို သူနားလည်မယ်၊ နားလည်တော့မှ တကယ်လိုချင် တကယ်ရောက်ချင်တဲ့ဉာဏ်ပေါ်လာတယ် (မှန်ပါ့)၊ ဒါ့ကြောင့် ဒိဋ္ဌိမစင်တဲ့ ပုဂ္ဂိုလ်က နိဗ္ဗာန်လိုချင်တယ်ဆို ရိုးရာ ပြောသံကြားနဲ့ လိုချင်တာလို့မှတ် (မှန်ပါ့ ဘုရား)။

ဦးဘအုန်း ဒီဥစ္စာ အရေးကြီးတယ်နော် (မှန်ပါ့) နိဗ္ဗာန် ရောက်ချင်တဲ့ပုဂ္ဂိုလ်ဟာ ဘာစင်ဖို့ အရေးကြီးသတုံး (ဒိဋ္ဌိစင်ဖို့ အရေးကြီးပါတယ် ဘုရား)၊ ဒိဋ္ဌိစင်ဖို့ အရေးကြီးတယ်ဆိုတာ သဘော ကျပလား (ကျပါပြီ ဘုရား)။

နိဗ္ဗာန်လိုချင်တာတကယ်ဟုတ်ကဲ့လား

မယုံရင် ခင်ဗျားတို့ ခဏကလေး တစ်ချက်တည်း ထောက်ကြည့် သိတယ်၊ နိဗ္ဗာန်သည် ကားလို့ဆိုရင်ဖြင့် ဘယ်လို နေပါလိမ့်မလဲ နိဗ္ဗာန် ဆိုတာ ခန္ဓာဇာတ်သိမ်းငြိမ်းတာပဲ (မှန်ပါ့)

ဒီလိုဆိုတော့ ဒိဋ္ဌိတန်းလန်းရှိနေတဲ့ ပုဂ္ဂိုလ် အို ခန္ဓာ မရှိရင် ဘာနဲ့စားလို့၊ ဘာနဲ့ဝတ်မတုံးလို့ လာပြီ (မှန်ပါ့)၊ သူသဘောကျသေးရဲ့ လား (မကျပါ ဘုရား)၊

ဒိဋ္ဌိမစင်ဘဲကိုး (မှန်ပါ့) ခန္ဓာပေါ်မှာ ဒိဋ္ဌိမစင်တဲ့အတွက် ဘာနဲ့စားလို့ ဘာနဲ့ ဝတ်မတုံး ကျုပ်တို့မလိုချင်ဘူး (မှန်ပါ့)၊ တစ်ခါတည်း ဒိဋ္ဌိက ကန်ထုတ်တော့တာပဲ (မှန်ပါ့)၊ ဒါ့ကြောင့် ဒိဋ္ဌိမစင်ဘဲနဲ့ နိဗ္ဗာန် လိုချင်တယ်ပြောတာ ဒကာကြွယ် အလကားနော် (မှန်ပါ့ ဘုရား)။

နှစ်နှစ်ချိုက်ချိုက်လိုချင်တာလား

ဒါဖြင့် အားလုံး ဒကာ ဒကာမတွေ လှူဒါန်းပေးကမ်းပြီး သကာလ ဒိဋ္ဌိပြုတ်နည်း နိဿရည်း ကိုတော့ သူတို့နည်း မရဘူးဆို ကြပါစို့ (မှန်ပါ့)၊ လှူဒါန်းပေးကမ်းတဲ့ ပုဂ္ဂိုလ်က ရိုးရာအတိုင်း နိဗ္ဗာန်လိုချင်လို့ဆိုတာသူဟာ တကယ့်နှစ်နှစ် ချိုက်ချိုက် လိုချင်လို့လား ရိုးရာအတိုင်း လိုချင်တာလား (ရိုးရာအတိုင်း လိုချင်တာပါ ဘုရား)၊

မရဘူး မရဘူး ရိုးရာအတိုင်း လိုချင်လို့ရှိရင်ဖြင့် ဘာ့ကြောင့်တုံးဆိုတော့ သူ့ကို သေသေချာချာ စစ် နိဗ္ဗာန်ဆိုတာ ရုပ်နာမ်ဓမ္မတွေချုပ်ပြီး ငြိမ်းသွားတာကို ဟောလိုက်တော့ ဒိဋ္ဌိမစင်သေးတဲ့ပုဂ္ဂိုလ်ကျ တော့ ဒကာ ဒကာမတို့ ရုပ်နာမ်မှ မရှိလို့ရှိရင် ဘာကိုခံစားလို့ ဘယ်လိုပျော်ပါးလို့ ချမ်းသာဆိုတာ ဘယ်မှာတုံးလို့ သူမေးမှာပဲ (မှန်ပါ့)၊ မမေးဘူးလား မေးမလား (မေးပါတယ် ဘုရား)

ဒါဘာဖြစ်လို့ မေးတာတုံး အကဲခတ်ကြည့် (ဒိဋ္ဌိ မစင်လို့ပါ ဘုရား)၊ ခန္ဓာငါးပါးကို သက္ကာယ စွဲထားတော့ ငါဘာခံစားမတုံးဆိုတဲ့ အဓိပ္ပါယ်မေးလိုက်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ရိုးရာအတိုင်းလိုချင်တာ

ဒါဖြင့် နိဗ္ဗာန်လိုချင်တဲ့ ပုဂ္ဂိုလ်တွေ အခုလို ဒိဋ္ဌိခွါပေးမည့် ဆရာသမားနဲ့လည်း မတွေ့ဘဲနဲ့ နိဗ္ဗာန်ကိုလိုချင်နေတဲ့ ပုဂ္ဂိုလ်တွေ ဟာ တကယ်လိုချင်တာဟုတ်မဟုတ် ဒကာသစ်တို့ ဦးဘအုန်း တို့ အကဲခတ်စမ်း (ရိုးရာပဲဖြစ်မှာပါ ဘုရား) ရိုးရာလိုချင်တာပဲ ဖြစ်ရမယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဘယ်လိုမှတ်ကြမယ် (ရိုးရာပါ ဘုရား) အဲ ရိုးရာနဲ့ ပါးစပ်ကလိုချင်တာနဲ့သာ အချိန်ကုန် နေကြတာပဲ (မှန်ပါ့) ရိုးရာဆိုတော့ ဒကာကြွယ်တို့ ဒကာသစ်တို့က စဉ်းစားတော့ ဪ သူဟာ အဟုတ် လိုချင်တာလား ပြောသံကြားနဲ့ ပြောနေတာလား (ပြောသံကြားနဲ့ ပြောနေ တာပါ ဘုရား) ဒါဖြင့် အဟုတ်လိုချင်မှ အဟုတ်ရမည့်အလုပ်ကို သူလုပ်မယ်မဟုတ်လား (မှန်ပါ့) အဲဒီတော့ အလုပ် ဖြစ်ပါဦး မလား (မလုပ်ဖြစ်ပါ ဘုရား)။

ဒိဋ္ဌိကခန္ဓာကိုစွဲနေတာ

ဘာဖြစ်လို့ မလုပ်ဖြစ်သတုံးဆိုတော့ အဟုတ်ကို ဒိဋ္ဌိ မစင်တော့ နိဗ္ဗာန်ဆိုတာ ခန္ဓာမရှိဘူး၊ ခန္ဓာမရှိတော့ ဘာခံစား မလဲ စသည်တွေးပြီး မလိုချင်ဘူး၊ သူ့မှာဒိဋ္ဌိက ခန္ဓာကို စွဲနေတာကိုးဗျ (မှန်ပါ့)၊ အဲဒီတော့ သူကြိုက်ပါဦးမလား ၊ (မကြိုက်ပါ ဘုရား)။

ဒါဖြင့် ဆရာသမားဆီက နည်းရပြီ၊ ဒိဋ္ဌိမစင်ဘဲနဲ့၊ နိဗ္ဗာန် လိုချင်တယ်ဆိုတဲ့ ပုဂ္ဂိုလ်အပြောဟာ ဒကာကြွယ်ရိုးရာ ပြောလို့ မှတ်လိုက်ပါ (မှန်ပါ့ ဘုရား)။

ဒါ ပုဂ္ဂိုလ်ကို ဒီနေ့တော့ ဒကာသစ် သေသေချာချာ ရွေးချယ်စီစစ်ပြီ (မှန်ပါ့)၊ သေသေချာချာ ရွေးပြီ ဒကာ ဒကာမတို့ ဒါကို ဉာဏ်နဲ့ နားထောင်ကြည့်မှ၊ ဪ ဒီစကားဟာ တော်တော်ကြီးတဲ့ စကားပါလား ဆိုတာပေါ်လာတယ် (မှန်ပါ့)၊ ဒိဋ္ဌိမစင်ဘဲနဲ့၊ နိဗ္ဗာန်လိုချင်လို့ရှိရင် ရိုးရာလိုချင်တာ (မှန်ပါ့)၊ ရိုးရာလိုချင်နဲ့ အမှန်လိုချင် ကွဲပလား (ကွဲပါပြီ ဘုရား)။

ဒကာကြွယ် ဘယ်နှစ်မျိုးပါလိမ့် (နှစ်မျိုးပါ ဘုရား) တစ်မျိုးက ဘာပါလိမ့် (ရိုးရာလိုချင်ပါ ဘုရား) တစ်မျိုးက (အမှန်လိုချင်ပါ ဘုရား)။

ရိုးရာလိုချင်တဲ့ပုဂ္ဂိုလ်

ရိုးရာ လိုချင်တဲ့ပုဂ္ဂိုလ်က ဘာပါလိမ့် ဒိဋ္ဌိမစင်ဘဲနဲ့ ဒိဋ္ဌိဖြုတ် ဉာဏ်မပါဘဲနဲ့ ရမ်းပြီးလိုချင်တာ (မှန်ပါ့)

ဆရာသမားနဲ့တွေ့ပြီး ဒိဋ္ဌိပြုတ်၍ သဘောကျပြီးလိုချင်တဲ့ ပုဂ္ဂိုလ်ကတော့ ဖြင့် အမှန် လိုချင်တာ (မှန်ပါ့ ဘုရား)။

မိစ္ဆာဒိဋ္ဌိပြုတ်ကတည်းက သမ္မာဒိဋ္ဌိဆိုတော့ သမ္မာက မှန်ကန်တာ၊ ဒိဋ္ဌိကမြင်တာ၊ အမှန်မြင်နဲ့ လိုချင်တာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)၊

ဒိဋ္ဌိမပြုတ်ဘဲနဲ့ လိုချင်တာကတော့ အမှားမြင်ပြီး လိုချင်တာ (မှန်ပါ့)၊ ဒီမှာ ခွဲလိုက်တော့ ရှင်းသွားတယ် (မှန်ပါ့ ဘုရား)။

အမှားမြင်ပြီး လိုချင်တဲ့နိဗ္ဗာန်ဟာ ဘယ်တော့မှမရ၊ အမှန်မြင်ပြီးလိုချင်မှ (ရပါတယ် ဘုရား) ဒါဖြင့် ဒိဋ္ဌိမပြုတ်တဲ့ ပုဂ္ဂိုလ်နိဗ္ဗာန်လိုချင်တာက တကယ့်လိုချင်တာ မဟုတ်သေးဘူး (မှန်ပါ့)၊ ဒိဋ္ဌိကို သုတမယဉာဏ်နဲ့ ပြုတ်ပြီးလို့ သဘောကျပြီး မှ အမှန်မြင်လိုချင်တယ် (မှန်ပါ့)၊ အဲဒီလို ခွဲလိုက်တော့မှ ဒကာ ဒကာမတို့ ရှင်းသွားတော့တယ် (မှန်ပါ့ ဘုရား)။

ဒိဋ္ဌိမပြုတ်ဘဲနဲ့ နိဗ္ဗာန်လိုချင်ခဲ့သော ဒကာ ဒကာမတို့ သူဟာ နိဗ္ဗာန်ကိုလိုချင်တဲ့ သဘောလည်း မရောက်ပါဘူး၊ ပြီးတော့ နိဗ္ဗာန်ကို သဘောကျမယ်လည်း မဟုတ်တော့ပါဘူး (မှန်ပါ့) ကျပါဦးမလား (မကျပါ ဘုရား)၊ ဒိဋ္ဌိက မပြုတ်တော့ နိဗ္ဗာန်ကို ဘယ်လိုဟောဟော၊ သဘောမကျဘူး (မှန်ပါ့) ထိုကဲ့သို့ သဘောမကျတဲ့ပုဂ္ဂိုလ်ဟာ ကြိုးကြိုးစားစားကော လုပ်ဖြစ်ပါ့မလား (မလုပ်ဖြစ်ပါ ဘုရား)။

မလုပ်ဖြစ်တော့ သူ့မှာဖြင့် ဒကာ ဒကာမတို့ အယူမမြဲ ဘူးသာ ဆိုပေတော့ (မှန်ပါ့ ဘုရား) မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား) ဟိုပုဂ္ဂိုလ်ကပြော၊ ဟိုပုဂ္ဂိုလ်ယိမ်း၊ ဒီပုဂ္ဂိုလ်ပြော၊ ဒီပုဂ္ဂိုလ်သဘောကျ၊ ဟိုဘာသာကဆွဲလဲယိမ်း လိုက်၊ ဒီလိုပဲယိမ်းယိုင်ပြီး သကာလ ၊ ပြောင်းလွဲ နေလိမ့်မယ် ဆိုတာဖြင့် ငြင်းဖို့မလိုပါဘူး (မှန်ပါ့ ဘုရား)။

ဒိဋ္ဌိစင်ဖို့အရင်ကြိုးစား

ကိုင်း ဒါဖြင့် နိဗ္ဗာန်လိုချင်ရင် နိဗ္ဗာန်ရောက်ထား ဒိဋ္ဌိစင်ဖို့ အရင်ကြိုးစားကြပါ (မှန်ပါ့)၊ ဒိဋ္ဌိစင်ဖို့ အရင်ကြိုးစား မှ သူနိဗ္ဗာန်ကို ကောင်းကောင်းသဘောကျမယ် (မှန်ပါ့)၊ နိဗ္ဗာန်လည်းလိုချင်တယ် ဒိဋ္ဌိလည်းစင်အောင် မလုပ်ဘူးဆိုတော့ သူလိုချင်တာပြောသံကြားပဲ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကဲ ဒကာကြွယ် စကားကြီးတယ်လို့ အောက် မေ့မနေနဲ့ အမှန်ပြောတာနော် (မှန်ပါ့) ဒကာကြွယ်တို့ ငယ်ငယ်တုန်းကလိုချင်တယ် ဒကာသစ်တို့ ငယ်ငယ်တုန်းက လိုချင်တာဟာ ဒိဋ္ဌိတန်းလန်းနဲ့ လိုချင်တယ်ဗျ (မှန်ပါ့)

နိဗ္ဗာန် ဆိုတာ လူကြီးတွေလည်း ပြောကြတယ်၊ ဘုန်းကြီး များလည်း ပြောကြတယ်ကွ၊ အဲဒါကြောင့် တို့တော့ဖြင့် ဘာလှူလှူ ဘာတန်း တန်း နိဗ္ဗာန်တော့ဖြင့် ရအောင် လုပ်မှပဲကွာတဲ့ (မှန်ပါ့) သူ့မှာတော့ ဒိဋ္ဌိကြီးနဲ့ (မှန်ပါ့)၊ ဒိဋ္ဌိကတော့ ဉာဏ်နဲ့ ခွါပြီးပလား (မခွာရသေးပါ ဘုရား)၊

သုတမယ ဉာဏ်နဲ့တောင် မခွါရသေးဘူး (မှန်ပါ့) မခွာရသေးတော့ သူ့မှာ ဒိဋ္ဌိ ရှိနေ တော့သူများက ကောင်းတယ်လို့ဆိုလို့ ပေါ့ကွာ ဒီရောက် သွားတာပဲ (မှန်ပါ့ ဘုရား)။

ကိုင်း ဒါဖြင့် ဒိဋ္ဌိကို အရင်ခွါမှ နိဗ္ဗာန်ကို သဘောကျ မယ်ဆိုတာ သဘောကျတယ်မဟုတ်လား (ကျပါပြီ ဘုရား) ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ နိဗ္ဗာန်အကြောင်း သဘော မကျလို့ရှိရင် ဒိဋ္ဌိ ရှိသေးလို့မှတ် (မှန်ပါ့)၊ ဒါဖြင့် နိဗ္ဗာန်သိချင်ရင် ဒိဋ္ဌိကို အရင်စင်အောင်လုပ်ပါ (မှန်ပါ့ ဘုရား)။

အဂ္ဂိဝစ္ဆကမေးတယ်

ကဲ ဒါဖြင့် ဝတ္ထုကို ထုတ်ကြပါစို့ ဒကာ ဒကာမတို့၊ နိဗ္ဗာန် ရှင်းမည့်ဝတ္ထုနော် (မှန်ပါ့) ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဇေတဝန်ကျောင်းမှာ သီတင်းသုံးနေစဉ် အဂ္ဂိဝစ္ဆက လာပြီး လျှောက်တယ်၊ ရှင်ကြီးဂေါတမ သတ္တလောက ကြီးဟာ မြဲသလားလို့မေးတယ် ဘုရားက အဲဒါ ဒိဋ္ဌိ အယူတဲ့၊ သဘောကျပလား (ကျပါပြီ)၊ ဒကာ ဒကာမတို့ အဲဒါ သဿတဒိဋ္ဌိ အယူမေးတာ (မှန်ပါ့ ဘုရား)။

သတ္တလောကကြီးဟာမြဲသလား

သတ္တလောကကြီးဟာ မြဲသလား မမြဲဘူးလားလို့ မေးတော့ ဘုရားက မြဲတယ်လို့ မဖြေဘူး၊ မမြဲဘူးလို့လဲ မဖြေဘူး ဒါဒိဋ္ဌိအယူပဲတဲ့ (မှန်ပါ့) ဘာဒိဋ္ဌိပါလိမ့် (သဿတ ဒိဋ္ဌိပါ ဘုရား)၊ သဿတဒိဋ္ဌိ ဆိုတာ သက္ကာယဒိဋ္ဌိက ကြီးထွားလာ တာနော် (မှန်ပါ့ ဘုရား)။

ကောင်းပြီ တစ်ခါဆက် မေးပြန်တယ်၊ အရှင်ဘုရား ဒါဖြင့် သတ္တလောကကြီးဟာ မမြဲဘူးလားလို့ မေးလိုက်ပြန်တော့ ဒါလဲ ဒိဋ္ဌိအယူပဲတဲ့ (မှန်ပါ့)၊ သဘောကျပလား (ကျပါ ပြီ) သတ္တလောကနဲ့ ပုဂ္ဂိုလ်သတ္တဝါတိုင်း မေးသကိုးဗျ (မှန်ပါ့) ရှင်းပြီနော် (ရှင်ပါပြီ ဘုရား)။

သတ္တလောကကြီးဟာ၊ အဆုံးရှိသလား

ဒါဖြင့် သတ္တလောကကြီးဟာ အဆုံးရှိသလားလို့ မေးလိုက်တယ် ဒါလဲဒိဋ္ဌိအယူပဲကွတဲ့ (မှန်ပါ့ ဘုရား)။

ဒါဖြင့် သတ္တလောကကြီးဟာ မဆုံးဘူးလားလို့ မေးလိုက် ပြန်တယ်၊ ဒါလဲ ဒိဋ္ဌိအယူပဲတဲ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား) “တံဇီဝံ တံသရီရံ”တဲ့ အသက်နဲ့ကိုယ် အတူတူ ပဲလားလို့ မေးလိုက်တယ်၊ အသက်လိပ်ပြာ ဝိညာဉ်ကောင်ဆိုတာ လည်းမရှိဘူး၊ ကိုယ်ဆိုတာလည်းမရှိဘူး၊ ခန္ဓာထဲမှာ ရှာတွေ့ကြရဲ့လား (မတွေ့ပါ ဘုရား)၊ ရုပ်နာမ်ဖြစ်ပျက်ပဲ ရှိတယ်မဟုတ် လား၊ ခင်ဗျားတို့ သိပြီးသားပဲ ဆရာဘုန်းကြီး နေ့တိုင်းသင်ထား တာ (မှန်ပါ့)။

အသက်နဲ့ ကိုယ်ဟာတခြားစီလား

အသက်နဲ့ကိုယ်ဟာ တခြားစီလားလို့မေးလိုက်တယ်၊ ဒါလဲ ဒိဋ္ဌိအယူပဲတဲ့ (မှန်ပါ့)။ ဒါဖြင့် သတ္တဝါ သေရင် ဖြစ်သေး သလားလို့ မေးလိုက်ပြန်တယ်၊ သတ္တဝါရယ်လို့တော့ ရှိကြရဲ့လား (မရှိပါ ဘုရား)။ သတ္တဝါသေရင် ဖြစ်သေးသလားလို့ မေးတော့ ဒါလဲဒိဋ္ဌိအယူပဲကွလို့ ဘုရားက ဖြေလိုက်တယ် (မှန်ပါ့)။

သတ္တဝါသေရင် မဖြစ်တော့ဘူးလား

သတ္တဝါသေရင် မဖြစ်တော့ဘူးလားလို့ မေးပြန်တော့ ဘုရားက ဒါလဲ ဒိဋ္ဌိအယူပဲတဲ့ (မှန်ပါ့) သတ္တဝါသေရင် တချို့လည်းဖြစ်သေး၍ အချို့လည်းမဖြစ်တော့ဘူးလားလို့ မေး ပြန်တယ်၊ ဒါလဲ ဒိဋ္ဌိအယူပဲတဲ့ (မှန်ပါ့) ဒါလဲ ဒိဋ္ဌိအယူပဲကွလို့ ဒိဋ္ဌိအယူချည့် ဘုရားကဖြေလိုက်တယ် (မှန်ပါ့) ဟုတ်ကော မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။

အဲဒီတော့ အဂ္ဂိဝစ္ဆက ဆက်ပြီးမေးပြန်တယ်၊ ရှင်ကြီး ဂေါတမတဲ့ ရှင်ကြီးဂေါတမရဲ့ ဒိဋ္ဌိအယူကို ပြောစမ်းပါတဲ့ (မှန်ပါ့) ငါဟာ ဒိဋ္ဌိအယူကို ဗောဓိပင်နဲ့ ရွှေပလ္လင်ရင်းမှာ သောတာပတ္တိမဂ်ရ ကတည်းက ပယ်ပြီးပြီတဲ့ သဘောကျပလား (ကျပါပြီ ဘုရား)။

ဘုရားမှာတော့ ဒိဋ္ဌိအယူရှိသေးရဲ့ လား (မရှိပါ ဘုရား)၊ ဗောဓိပင်နဲ့ ရွှေပလ္လင်အောင်စဉ်အခါက သောတာ ပတ္တိမဂ်ရပြီးကတည်းက ဒိဋ္ဌိအယူကိုပယ်ပြီးပြီ (မှန်ပါ့)၊ ဒါဖြင့် ဒိဋ္ဌိစင်မှ နိဗ္ဗာန်ကို သဘောကျ နိုင်တယ်နော် (မှန်ပါ့)၊ ဒိဋ္ဌိ မပယ်ရင် (နိဗ္ဗာန်ကို သဘောမကျနိုင်ပါ ဘုရား)။

ဘုရားအမြင်ကိုပြောစမ်းပါဦး

ဒါနဲ့ ရှင်ကြီးဂေါတမမြင်ပုံ ကလေး ပြောစမ်းပါဦး (မှန်ပါ့) ကျုပ်တို့အမြင်တွေက၊ အခုမေးတဲ့ အမြင်တွေကဖြင့် ဒိဋ္ဌိအယူတွေချည့်ပဲဆိုတော့ ရှင်ကြီးဂေါတမ အမြင်ကိုပြောစမ်း ပါဦးဆိုတော့ ငါ့အမြင် ပြောရမှာဖြင့် ရုပ်တရားရှိတယ်၊ ရုပ်တရား သည်ဖြစ်တယ် ပျက်တယ်ဆိုတဲ့ သဘောရှိတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား) ရုပ်တရားရှိတယ်တဲ့။ ၎င်းတရားမှာဘာတဲ့တုံး (ဖြစ်တာနဲ့ ပျက်တာရှိပါတယ် ဘုရား)။

ဝေဒနာရှိတယ်ကွတဲ့၊ ၎င်းဝေဒနာမှာလည်း ဖြစ်တာနဲ့ ပျက်တာနှစ်ခုပဲရှိတယ် (မှန်ပါ့) “ဣတိ ဝေဒနာ ဣတိဝေဒနာယ သမုဒယော ဟောတိ၊ ဣတိ ဝေဒနာယ အတ္ထင်္ဂမော” လို့ ပါဠိ လိုတော့ ဆိုတယ်နော် (မှန်ပါ့ ဘုရား)

သညာရှိတယ်ကွ၊ အဲဒါလဲ ဖြစ်တာနဲ့ ပျက်တာပဲ ရှိတာပဲ တဲ့ (မှန်ပါ့) ဒကာ ဒကာမတို့ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ဝိညာဏ် ဆိုတဲ့စိတ်ဟာ ရှိတယ်၊ ဖြစ်တာနဲ့ ပျက်တာပဲ ရှိတယ်၊ အဲဒါငါ့အယူပဲတဲ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ခန္ဓာငါးပါးဖြစ်ပျက်တရားသာရှိတယ်

ဒါဖြင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးအယူဟာ ခန္ဓာ ငါးပါးဖြစ်ပျက်တရားသာရှိတယ်လို့ ယူတဲ့ အယူဟာ သမ္မာဒိဋ္ဌိ အယူပဲ (မှန်ပါ့)၊ ဒါကို သေသေချာချာ မှတ်ပါ (မှန်ပါ ဘုရား)။

ဘုရားအယူကတော့ ခန္ဓာငါးပါးပဲရှိတယ်၊ ဖြစ်တာနဲ့ ပျက်တာကော (ရှိပါတယ် ဘုရား) ခန္ဓာငါးပါး လည်းရှိတယ်၊ ခန္ဓာငါးပါးကို ပြန်ကြည့်လိုက်တဲ့အခါ (ဖြစ်တာနဲ့ ပျက်တာပဲ ရှိပါတယ် ဘုရား) ဖြစ်တာနဲ့ ပျက်တာပဲ တွေ့ရတယ် (မှန်ပါ့) ခန္ဓာငါးပါးသည် ဖြစ်တာနဲ့ပျက်တာပဲ အဲဒါ ငါ့အယူပဲကွတဲ့ (မှန်ပါ့ ဘုရား)။

ဒါဖြင့်ဘုရားအယူကိုလည်း ဒကာ ဒကာမတွေ သဘော ပေါက်ပြီ (မှန်ပါ့) “သဿတော လောကော” လောကကြီး မြဲသလားဆိုတာလဲ ဒိဋ္ဌိအယူပဲ (ဒိဋ္ဌိအယူပါ ဘုရား) အတ္တလောကရယ်လို့မှ မရှိပဲကိုးဗျ (မှန်ပါ့) အသက်နဲ့ကိုယ် တခြားစီလား၊ အတူတူလားဆိုတာတွေ ဒါဟာလဲ ဒိဋ္ဌိအယူပဲ (မှန်ပါ့ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဘု ရားအယူဆို တော့ ဒကာ ဒကာမတွေ သိကြပလား (သိကြပါပြီ ဘုရား)၊ ရုပ်မှာလည်း ဘာရှိသတဲ့တုံး (ဖြစ်ပျက်ပဲရှိပါတယ်)၊ ဝေဒနာမှာကော (ဖြစ်ပျက်ပဲရှိပါတယ်) သညာမှာကော (ဖြစ်ပျက်ပဲရှိပါတယ်)၊ သင်္ခါရမှာ (ဖြစ်ပျက်ပဲရှိပါတယ်) ဝိညာဏ်မှာ (ဖြစ်ပျက် ပဲရှိပါတယ် ဘုရား)။

ဘုရားစင်ကိုးကွယ်ထားတယ်

အဲဒီကဲ့သို့ ဒကာ ဒကာမတွေခန္ဓာကိုကြည့်လိုက်ရင်၊ အို ဗုဒ္ဓဘာသာဖြစ်ခဲ့လို့ရှိရင်ဖြင့် ဘုရား အယူဟာ ခန္ဓာကိုယ်ကြည့် လိုက်ရင်ဖြစ်ပျက် မြင်လို့ရှိရင် အဲဒီကျမှ ဗုဒ္ဓဘာသာအစစ်ဖြစ် လာတယ် (မှန်ပါ့) နို့မဟုတ်ရင် ပြောသံကြား ဗုဒ္ဓဘာသာမို့ ကျုပ်တို့လည်း ဒီအယူကို ယူတာပါပဲ၊ ဒီအယူကို ယူတာပါပဲ၊ ဒီအယူကတော့ ဘာတုံး ဘုရားစင် ကိုးကွယ်ထားတယ်၊ ဒါလောက်ပဲဖြစ်နေတယ် (မှန်ပါ့ ဘုရား)။

ပုံတော်ချိတ်ထားတာလောက်နဲ့ ခရီးဆုံးနေ

ဝမ်းထဲက အယူက ဗုဒ္ဓဘာသာပုံတော်ကိုးကွယ်ထား၊ ပုံတော်ချိတ်ထားတာ လောက်နဲ့ပဲ ခရီးဆုံး နေကြရတယ် (မှန်ပါ့)၊ ဒါလောက်နဲ့ ဘုရားအယူတော် အစစ်ကိုသိပြီ ရောက်ပြီလို့ ဆိုလို့တော်ပါ့မလား (မတော်ပါ ဘုရား)။

အဲ ဘုရားအယူက ဒီနေ့သေသေချာချာ ဖွင့်ပြောပြီ၊ ငါ့အယူကတော့ကွာတဲ့ ခန္ဓာငါးပါးဖြစ်ပြီး ပျက်နေတာသာ လောကကြီးထဲမှာရှိတယ်လို့ ငါယူတယ်၊ အဲဒါ ငါ့အယူပဲတဲ့ (မှန်ပါ့)၊ သဘော ကျပလား (ကျပါပြီ ဘုရား)။

ဖြစ်ပျက်သာရှိတယ်လို့ ယူတဲ့အယူဟာ (ဘုရား အယူပါ ဘုရား)၊ အဲ ခန္ဓာငါးပါးမှာ ဖြစ်ပျက်သာ လျှင်ရှိတယ်၊ တိုတိုပြောတော့ ဖြစ်ပျက်သာရှိတယ် (မှန်ပါ့)၊ တိုတိုပြောတော့ ခန္ဓာထဲမှာ ဘာရှိသတုံး (ဖြစ်ပျက်သာ ရှိပါတယ် ဘုရား) ဒါ ဘယ်သူ့ အယူပါလိမ့် (ဘုရားအယူပါ ဘုရား)။

ဖြစ်ပျက်မြင်မှ ဘုရားအယူ

ဒါနဲ့ အဂ္ဂိဝစ္ဆက မကျေနပ်သေးတာနဲ့ သူ့စိတ်ထဲမှာ ဘုရားအယူဟာ ဖြစ်ပျက်သာရှိတယ်၊ ဒါ သူ့အယူပဲ ဆိုတော့ မေးပြန်တယ် (မှန်ပါ့)၊ ဒါဖြင့် ဒကာ ဒကာမတွေ ဘုရားအမြင် ဘုရားအယူအဆ ဆိုတာ သဘောကျပါပြီနော် (မှန်ပါ့ ဘုရား)၊ ဖြစ်ပျက်မြင်မှ ဘုရားအယူ (မှန်ပါ့) ပုဂ္ဂိုလ်သတ္တဝါ တွေ မြင်နေသေးလို့ရှိရင် မဟုတ်သေးဘူးကွ (မှန်ပါ့ ဘုရား)။

ဒါနဲ့အဂ္ဂိဝစ္ဆက ဆက်မေးတာလဲ ဒကာကြွယ် နားထောင် ပါဦး၊ ရှင်ကြီးဂေါတမတဲ့ ဤကဲ့သို့ ခန္ဓာငါးပါးသည် ဖြစ်ပြီး ပျက်တာပဲရှိတယ်လို့ ယူတဲ့အယူဟာ ရှင်ကြီးဂေါတမ အယူလို့ ဆိုတော့ ဒီလိုယူပြီး ဒီလိုကြည့်ပြီး ဒီခန္ဓာကိုယ်ထဲ ဒီလိုမြင်နေတော့ ဘာများကျေးဇူး ရှိသတုံးတဲ့ (မှန်ပါ့)။

ဒီလိုမြင်နေတဲ့အခါကျတော့ တဏှာ, မာန, ဒိဋ္ဌိချုပ်ပြီး သကာလ ဥပါဒါန်ပြုတ်တယ်တဲ့ (မှန်ပါ့)၊ ခန္ဓာကိုယ်ဖြစ်ပျက် မြင်နေရင်ဘာတဲ့ (တဏှာ, မာနချုပ်ပြီး သကာလ ဥပါဒါန် ပြုတ်ပါတယ် ဘုရား)။

ပေါ်တာဟူသ၍ ဖြစ်ပျက်ရှု

ဒါဖြင့် ဒကာ ဒကာမတွေ ဘုရားသခင်ကိုယ်တော်မြတ် ကြီးအယူအတိုင်း ဆရာဘုန်းကြီးက ဝေဒနာလည်း ဖြစ်ပျက်ရှုဟေ့၊ စိတ်ကိုကော (ဖြစ်ပျက်ရှုရမှာပါ)၊ ပေါ်တာဟူသ၍ ဘာရှုခိုင်းသတုံး (ဖြစ်ပျက်ရှုခိုင်းပါတယ် ဘုရား)။

ဒါဘယ်သူ့အယူပါလိမ့် (ဘုရားအယူပါ ဘုရား) ဒီအယူယူတဲ့ပုဂ္ဂိုလ်ဟာ ဘာချုပ်သတဲ့ (တဏှာ, မာန, ဒိဋ္ဌိ ချုပ်ပါတယ်) တဏှာ, မာန, ဒိဋ္ဌိချုပ်ပြီး သကာလ ဥပါဒါန်ရုပ်သိမ်း တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဥပါဒါန်ရုပ်သိမ်းတယ် ဆိုတော့ “ဥပါဒါနပစ္စယာ ကမ္မ ဘဝေါ” ပေါ်သေးရဲ့လား (မပေါ်ပါ ဘုရား) ကံမပေါ်လို့ရှိရင် “ကမ္မဘဝပစ္စယာဇာတိ” လာဦးမလား (မလာပါ ဘုရား)၊

ဪ ဒါဖြင့် ဇာတိဒုက္ခကစပြီးချုပ်လေရဲ့ (မှန်ပါ့)၊ မဆိုနိုင် ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ဒါယူရင်၊ တဏှာ, မာန, ဒိဋ္ဌိ ပြုတ်တယ်

ဘုရားသခင် ကိုယ်တော်မြတ်ကြီး အဂ္ဂိဝစ္ဆက လျှောက် ၊ လို့ အရှင်ဘုရား ရုပ်တရား နာမ်တရားကို ဖြစ်ပျက်လို့ ရှုရတဲ့ အယူဟာ ငါဘုရား၏ အယူလို့ဆိုတော့ ဒီလိုယူတဲ့ပုဂ္ဂိုလ်ဟာ ဘာကျေးဇူးရှိသတုံး ဘုရားက တဏှာ, မာန, ဒိဋ္ဌိချုပ်ပြီး ဥပါဒါန် ပြုတ်သကွလို့ ဖြေတော်မူတာ (မှန်ပါ့ ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတွေ ဆရာဘုန်းကြီး ပြောသလို တိုးချဲ့ပြီး ယူလိုက်တော့ ဥပါဒါန် ပြုတ်ရင် ကံပြုတ်တာပဲ (မှန်ပါ့) ကံပြုတ်တော့ ဇာတိလာချင်လို့ (မရပါ ဘုရား) ဇာတိမှ မရှိဘဲနဲ့ ဇရာ လာချင်လို့ကော (မလာတော့ပါ ဘုရား)။ မလာတော့ပါဘူးဆိုတော့ ဇာတိချုပ်ရာ နိဗ္ဗာန် (မှန်ပါ့)၊ ဇရာချုပ်ရာ (နိဗ္ဗာန်ပါ ဘုရား)၊ မရဏချုပ်ရာ (နိဗ္ဗာန်ပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဖြစ်ပျက်ကိုမြင် ဒိဋ္ဌိပြုတ်တယ်၊ ဒိဋ္ဌိပြုတ်မှ နိဗ္ဗာန်ကို သဘောကျတယ် (မှန်ပါ့)၊ ဒိဋ္ဌိမပြုတ်ရင် (နိဗ္ဗာန်ကို သဘောမကျပါ ဘုရား)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ရိုးရာ လူပြောသူပြောနဲ့လိုချင်တာ

ဪ ဒါဖြင့် ဒကာ ဒကာမတို့ နိဗ္ဗာန်ကို သဘောကျတဲ့ ပုဂ္ဂိုလ်ဟာ ဒိဋ္ဌိပြုတ်မှ (မှန်ပါ)၊ ဒိဋ္ဌိ မပြုတ်သော ပုဂ္ဂိုလ်ဟာ နိဗ္ဗာန်လိုချင်ပါတယ်ဆိုတာ ရိုးရာသူပြော လူပြောနဲ့ လိုချင်တာလို့မှတ် (မှန်ပါ့)၊ ဒိဋ္ဌိပြုတ်ပြီးလိုချင်တဲ့ ပုဂ္ဂိုလ်မှ အမှန်မှတ် (မှန်ပါ့)။

ဒိဋ္ဌိပြုတ်တဲ့ ပုဂ္ဂိုလ်ကျတော့ ဒကာ ဒကာမတို့မှာ ဉာတ ပရိညာနဲ့ သညာပြုတ်ပြုတ်၊ ပွားများတဲ့ တီရဏပရိညာနဲ့ ပြုတ်ပြုတ်၊ ပြုတ်တဲ့ပုဂ္ဂိုလ်ကဖြင့် ဒါတွေက ဖြစ်ပျက်တွေပဲ နိဗ္ဗာန် မှပဲ ခိုင်မြဲမှာပဲ (မှန်ပါ့)၊ သူ့ဟာသူ သဘောကျလာတယ် (မှန်ပါ့ ဘုရား)။

ဒိဋ္ဌိပြုတ်တဲ့ပုဂ္ဂိုလ်က သူ့ဟာသူ နိဗ္ဗာန်ကို သဘောကျ လာတယ် (မှန်ပါ့)၊ ဒိဋ္ဌိမပြုတ်သေးတဲ့ ပုဂ္ဂိုလ်က နိဗ္ဗာန်ကို (သဘောမကျပါ ဘုရား)၊ သဘောမကျပေမဲ့ သူတို့ ဆုတောင်းနေတာက ဘာပါလိမ့် မေးရင် ဘယ့်နှယ်ဖြေကြမလဲ (ရိုးရာပါ ဘုရား)။

ရိုးရာပြင်ဘက်ရောက်အောင်ဆွဲထုတ်နေတာ

ဪ ခင်ဗျားတို့ အခု ဆရာဘုန်းကြီး ဆွဲဟော နေတာဟာ ရိုးရာပြင်ဘက် ရောက်အောင် ဆွဲထုတ်နေတာ (မှန်ပါ့)၊ ရိုးရာနဲ့ သေသွားမှာစိုးလို့ ဒကာကြွယ် ရိုးရာပြင်ဖက် ရောက်အောင်ဆွဲထုတ် နေရသေးတယ် (မှန်ပါ့) ရိုးရာ ကလည်း အင်မတန် ကြောက်စရာကောင်းတယ်၊ အုန်းဆွဲတဲ့ လူဟာ အုန်းဆွဲရိုးရာပဲ (မှန်ပါ့)၊ မဆွဲဘူးလား (ဆွဲပါ တယ် ဘုရား)။

ရိုးရာနှိပ်စက်ထားတာ

လူမမာလို့ရှိရင် တချို့များ ကျွဲသတ်ပြီး ယဇ်ပူဇော်ရတယ် ဆိုတာ ရိုးရာပေမဲ့ အတော် နှိပ်စက်တာ (မှန်ပါ့)၊ မနှိပ်စက် ဘူးလား (နှိပ်စက်ပါတယ် ဘုရား)၊ အောက်ပြည်များ ကျပြန်တော့ ငါးရံ့နဖါးထိုး တင်ရတာတွေတောင် ရှိကြတယ် (မှန်ပါ့) ရိုးရာနှိပ်စက်ထားတာ (မှန်ပါ့)၊ ရိုးရာ အတော် ကြောက်စရာ မကောင်းဘူးလား (ကောင်းပါတယ် ဘုရား)၊ အဲဒီက ဆွဲထုတ်ယူရတာ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါ ပြီ ဘုရား)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ နဂိုက ဗုဒ္ဓဘာသာဝင်တွေဆိုတာ နိဗ္ဗာန်မဂ်ဖိုလ် တော့ တောင်းတာပဲ၊ အဟုတ် လိုချင်တာလားမေးတော့ (ရိုးရာလိုချင်တာပါ ဘုရား) ဘယ့်နှယ်ကြောင့် ရိုးရာ ဖြစ်နေသတုံးဆိုတော့ ဒိဋ္ဌိမပြုတ်ဘဲနဲ့ လိုချင်နေတာ (မှန်ပါ့ ဘုရား)။

ဪ ဒိဋ္ဌိပြုတ်မှသာလျှင်၊ ဪ ဒီဥစ္စာက ဖြစ်ပျက်ကို မြင်တော့မှ ဖြစ်ပျက်သာရှိတယ်၊ အနိစ္စသာ ရှိတယ် ဆိုတော့ ဒိဋ္ဌိပြုတ်မသွားဘူးလား (ပြုတ်သွားပါတယ်)၊ ဒီအနိစ္စ၊ ဒုက္ခတွေနဲ့ဖြင့် မနေချင်ပါဘူး၊ နိစ္စသုခဘက်သွား ပါတော့မယ်ဆိုတော့ ဒိဋ္ဌိပြုတ်တဲ့ပုဂ္ဂိုလ်တွေမို့ သွားချင်တာ (မှန်ပါ့)၊ ဒိဋ္ဌိမပြုတ်တဲ့ ပုဂ္ဂိုလ်ကတော့ (မသွားချင်ပါ ဘုရား) သွားကို မသွားချင်ဘူးဆိုတာ သေသေချာချာ ပေါ်လာ တယ် (မှန်ပါ့)။

ဒါ့ကြောင့် ဒီဝတ္ထုကိုထုတ်လာတာ (မှန်ပါ့)၊ ဒိဋ္ဌိပြုတ် မှ နိဗ္ဗာန်ရောက်မယ်နော် (မှန်ပါ့)၊ သောတာပတ္တိမဂ် ရမယ်ဆိုတာ သောတာပတ္တိမဂ်ဟာ ဒိဋ္ဌိပြုတ်ရတာ (မှန်ပါ့)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဘုရားအယူတော့ သိကြပလား

ကောင်းပြီ ဒါဖြင့် ဘုရားအယူကော ခင်ဗျားတို့ သိပလား (သိပါပြီ ဘုရား) ခန္ဓာငါးပါးရှိတယ်တဲ့၊ ဖြစ်ပျက်လို့ သိနေတဲ့ အယူဟာ ငါ့အယူပဲတဲ့ (မှန်ပါ့ ဘုရား)။

ဒါဖြင့် အဂ္ဂိဝစ္ဆက ဆက်မေးတာ သဘောကျပလား (မှန်ပါ့)၊ ဒီအယူယူလို့ရှိရင် ခန္ဓာငါးပါးဟာ ဖြစ်ပျက်ချည့်ပဲလို့ ဒီအယူယူနေတဲ့ပုဂ္ဂိုလ်ဟာ ဘယ်လိုများ ကျေးဇူးရှိသတုံး ဆိုတော့ ဘုရားက တဏှာ မာန ဒိဋ္ဌိချုပ်ပြီး ဥပါဒါန် ပြုတ်တယ်ကွတဲ့ (မှန်ပါ့ ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတွေ ဉာဏ်ဖြန့်လိုက် ဥပါဒါန် ပြုတ်ကတည်းက ကံလာသေးရဲ့ လား (မလာပါ ဘုရား) ကံမလာရင် ဇာတိက (မလာပါ ဘုရား)။

ကံတွေသုဉ်းရာ နိဗ္ဗာန်

ဒါဖြင့် ကံတို့သုဉ်းရာလည်း နိဗ္ဗာန်ပဲ (မှန်ပါ့) ဥပါဒါန် ပြုတာလည်း (နိဗ္ဗာန်ပါ ဘုရား)၊ ဇရာမရဏ ပြုတ်တာ (နိဗ္ဗာန်ပါ)၊ သောကပရိဒေဝပြုတ်တာ (နိဗ္ဗာန်ပါ ဘုရား)။

ဪ ဒကာ ဒကာမတို့ ဖြစ်ပျက်မြင်ပြီး သကာလ ဖြစ်ပျက်သိတဲ့ ဉာဏ်က တော်ပြီ၊ ဒီခန္ဓာကြီး မရချင်တော့ဘူး၊ ဖြစ်ပြီးပျက်နေတဲ့ ခန္ဓာကြီးဘာလုပ်ရမှာတုံး (မှန်ပါ့)၊

ခဏခဏမွေး၊ ခဏခဏသေနေတဲ့ ခန္ဓာကြီးရထားလို့ ဘာကျေးဇူးရှိသတုံး၊ ဒီအတိုင်း ကိုယ့်ဉာဏ်ထဲမှာ မလာပေဘူး လား (လာပါတယ် ဘုရား) ထိုကဲ့သို့လာတော့၊ ဒီဖြစ်ပျက် မရှိတဲ့နေရာ သွားပါတော့ မယ်ဆိုတဲ့ဘက် မလှည့်ဘူးလား (လှည့်ပါတယ် ဘုရား) အဲဒါ နိဗ္ဗာန်ဘက်လှည့်တာ (မှန်ပါ့ ဘုရား)။

ဒါဟာ အလိုလိုလှည့်တာလားတဲ့၊ ဖြစ်ပျက်မြင်လို့ လှည့်သွားတာလား (ဖြစ်ပျက်မြင်လို့ လှည့်သွား တာပါ ဘုရား)၊ အဲဒါကတော့ ဒကာ ဒကာမတွေ စဉ်းစားလိုက်တဲ့ ဒိဋ္ဌိ စင်လို့လိုချင်တာ (မှန်ပါ့)။

ဒိဋ္ဌိစင်လို့ နိဗ္ဗာန်ဘက်လှည့်ပြီး လိုချင်သွားတာ (မှန်ပါ့)၊ ဒိဋ္ဌိမစင်ရင် (မလှည့်သေးပါ ဘုရား)။

ဒါဖြင့် ဒီခန္ဓာကြီးနဲ့ နိဗ္ဗာန်ရောက်ရပါလို၏ ဆိုတဲ့ ပုဂ္ဂိုလ် များတော့ မရောက်ပါဘူး (မှန်ပါ့) အချို့က ဒီခန္ဓာကြီးနဲ့ နိဗ္ဗာန်ရောက်ရပါလို၏ တောင်းချင်တောင်းနေသေးတာ (မှန်ပါ့)၊ နောက်ဆုံးပိတ် ဘဝရောက်ရပါလို၏ ဆိုပြီး တောင့်တ ကြသေးတယ်၊ နောက်ဆုံးပိတ်ဘဝလဲ တွေ့ရဦးမယ်၊ ရောက်လည်း ရောက်ရဦးမယ် ဆိုတော့ ဘယ်ရောက်ရမှာတုံး (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

နိဗ္ဗာန်ဆိုတာ ဘဝဆုံးတာ

နောက်ဆုံးပိတ် လူ့ဘဝနဲ့ နိဗ္ဗာန် ရောက်ရပါလို၏တဲ့ လူ့ဘဝနဲ့ မရောက်နိုင်ပါဘူး၊ နတ်ဘဝနဲ့ ကော (မရောက်နိုင်ပါ ဘုရား)၊ အဲဒီဘဝတွေ အဖြစ်နဲ့ မရောက်နိုင်ပါဘူး၊ နိဗ္ဗာန်ဆိုတာ ဘဝဆုံး သွားတာ၊ ဒုက္ခဆုံးသွားတာပါ ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ အဂ္ဂိဝစ္ဆမေးတဲ့ အချက်တွေဟာလဲ တော်တော်သဘောပေါက်တဲ့ ပုဂ္ဂိုလ်ပဲ (မှန်ပါ့)၊ ဒါခင်ဗျားတို့၊ ကျုပ်တို့ဖြင့် ဒိဋ္ဌိပြုတ်မှ နိဗ္ဗာန်ကို လိုချင်တယ် ဆိုတာ သေချာသွားပြီ (မှန်ပါ့ ဘုရား)။

ဒါနဲ့ဆက်ပြီးတော့ မေးတယ်၊ ကောင်းပါပြီတဲ့ ရှင်ကြီး ဂေါတမ၊ ရုပ်နာမ်ဖြစ်ပျက်သာရှိတယ်လို့ ယူတဲ့ပုဂ္ဂိုလ်ဟာ တဏှာ မာန ဒိဋ္ဌိပြုတ်ပြီးတော့ ဥပါဒါန်ချုပ်တယ်လို့ ပြောတော့ ဥပါဒါန် ချုပ်တဲ့ ပုဂ္ဂိုလ် ဘယ်များသွားပြီး ဖြစ်သတုံးတဲ့ (မှန်ပါ့ ဘုရား)။

ဥပါဒါန်ချုပ်တဲ့ပုဂ္ဂိုလ်ဘယ်သွားဖြစ်သတုံး

ဥပါဒါန်ချုပ်တဲ့ပုဂ္ဂိုလ် ဘယ်သွားဖြစ်သတုံးဆိုတော့ ကျုပ်တို့ ခင်ဗျားတို့ သိထားတာက ဥပါဒါန်ချုပ်ရင် ဘာတုံး နိဗ္ဗာန်ပဲ (မှန်ပါ့)၊ ဥပါဒါန်ချုပ်တော့ ကံချုပ်တယ်၊ ကံချုပ်တာ လည်း (နိဗ္ဗာန်ပါ)၊ ကျုပ်တို့ကတော့ ဒိဋ္ဌိရှင်းထားလို့ နိဗ္ဗာန် သိထားပြီ (မှန်ပါ့)၊ အဲဒီအချိန်မှာ အဂ္ဂိဝစ္ဆက ဒိဋ္ဌိမပြုတ်သေး တော့ ဥပါဒါန်ချုပ်တဲ့ပုဂ္ဂိုလ်ဘယ်သွားဖြစ်သတုံး မေးတာပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒီလိုမေးတော့ ဒကာ ဒကာမတွေ စဉ်းစားကြည့် အဂ္ဂိဝစ္ဆ မှာ ဒိဋ္ဌိရှိမရှိ (ရှိပါတယ် ဘုရား)။

ဥပါဒါန်ချုပ်တဲ့ ပုဂ္ဂိုလ် ဘယ်သွားပြီး ဖြစ်သတုံးလို့ မေးတော့ ဘုရားက ဘယ်သွားဖြစ်တယ်လို့ ငါမဖြေဘူးကွတဲ့ (မှန်ပါ့ ဘုရား)။

ဒါဖြင့် မဖြစ်ဘဲ နေသလားလို့ ဆက်မေးပြန်တယ် (မှန်ပါ့)၊ မဖြစ်လို့လဲ ငါမဖြေဘူးကွတဲ့ (မှန်ပါ့)၊ သဘောကျ ပလား (ကျပါပြီ)၊ ဒါဖြင့် တချို့ဖြစ်၍ တချို့မဖြစ်ဘူးလားလို့ မေးပြန်တော့ ဒီလိုလဲ ငါမဖြေပါဘူးတဲ့ (မှန်ပါ့)၊ မဖြစ်သည် လည်းမဟုတ်၊ ဖြစ်သည်မဟုတ်လားလို့ မေးလိုက်ပြန်တယ်။ ဒီလိုလည်း ငါမဖြေဘူးတဲ့ (မှန်ပါ့ ဘုရား)။

အတ္တဒိဋ္ဌိဖြစ်နေတာ

ဘုရားသခင် ကိုယ်တော်မြတ်ကြီးက လေးချက်စလုံး ဖြေရဲ့လား (မဖြေပါ ဘုရား)၊ ဥပါဒါန် ချုပ်တဲ့ ပုဂ္ဂိုလ် ဘယ်သွား သတုံးဆိုတော့ ပုဂ္ဂိုလ်သတ္တဝါနဲ့ မေးထားတော့ အတ္တဒိဋ္ဌိဖြစ် နေတာ (မှန်ပါ့)၊ ကျုပ်တို့ခင်ဗျားတို့ သိဖို့ရာ ဥပါဒါန် ချုပ်တော့ ဒုက္ခတွေ အကုန်မသိမ်းဘူးလား (သိမ်းပါတယ်)၊

ဒုက္ခသိမ်း တဲ့နိဗ္ဗာန်ပဲ၊ ခန္ဓာရှိတုန်းမှာ ဒုက္ခသိမ်းတဲ့ နိဗ္ဗာန်ကို မျက်မှောက် ပြုသွားတယ်၊ ခန္ဓာမရှိတော့ ဒုက္ခသိမ်းသွားတယ်၊ ဒုက္ခချုပ်သွားတယ် နောက်ထပ် ဒုက္ခဖြစ်မလာတော့ဘူး၊ မဆိုနိုင် ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)၊ အဲဒိဋ္ဌိပြုတ်တဲ့ပုဂ္ဂိုလ် ကတော့ အဲဒါသဘောကျတယ် (မှန်ပါ့)၊

ဒိဋ္ဌိမပြုတ်တဲ့ ပုဂ္ဂိုလ် ဘယ်သွားသတဲ့ ဘာဖြစ်သေးသတုံး၊ မမေးပေဘူးလား (မေးပါတယ် ဘုရား)။

နိဗ္ဗာန်ဆိုတာ ဘယ်ကိုသွားဖြစ်တာတုံး

အခုဒိဋ္ဌိဝါဒ အယူရှိတဲ့ပုဂ္ဂိုလ်တွေက မေးလဲ ခင်ဗျားတို့ နိဗ္ဗာန်ဆိုတာ ဘယ်ကိုသွားပြီး ဖြစ်နေ တာတုံး မေးမှာပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒီလိုဖြစ်စရာမရှိပါဘူး ဒကာ ဒကာမတို့ ဒုက္ခတွေ ဆက်တိုက်ဖြစ်နေရာမှာ ဒုက္ခတွေ ချုပ်သွားတာပဲ (မှန်ပါ့ ဘုရား)။

ဥပါဒါန်ချုပ်တော့ ဘာချုပ်သတုံး (ကံချုပ်ပါတယ်) အဲ ကံချပ်၊ ကံချုပ်တော့ ဇာတိဒုက္ခ (ချုပ်ပါတယ်)၊ ဇရာ ဒုက္ခ (ချုပ်ပါတယ်) သောကပရိဒေဝဒုက္ခဒေါမနဿ (ချုပ်ပါတယ် ဘုရား) အဲဒါချုပ်သွားတော့ ကျုပ်တို့က ဒိဋ္ဌိရှင်းနေတဲ့ ပုဂ္ဂိုလ်မို့သိတယ် (မှန်ပါ့) အဂ္ဂိဝစ္ဆကတော့ ထိုအချိန်မှာ ဒိဋ္ဌိက ပြုတ်သေးတာ မဟုတ်တော့ ဥပါဒါန်ချုပ်တဲ့ပုဂ္ဂိုလ် ဘယ်သွားပြီး ဖြစ်သတုံးမေးလိုက်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဥပါဒါန်ချုပ်တဲ့ပုဂ္ဂိုလ် ဘယ်သွားဖြစ်သတုံး၊ မဖြစ်ဘဲနေ သလား၊ တချို့ဖြစ် တချို့မဖြစ်ဘူးလား၊ ဖြစ်သည်လည်း မဟုတ်၊ မဖြစ်သည်လည်း မဟုတ်လားလို့ လေးချက် မေးချလိုက်တယ် (မှန်ပါ့ ဘုရား)။

ဒိဋ္ဌိရှိရင် နိဗ္ဗာန်သဘောမကျဘူး

အဲဒီတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဘယ်ဖြစ်တယ်လို့ ငါမဖြေဘူးလို့ ဖြေလိုက်တော့ ရှင်ကြီးဂေါတမ တဲ့ နဂိုတုန်းက ကျုပ်မေးလာတဲ့စကားတွေဟာ ရှင်ကြီး ဂေါတမနဲ့ ကျုပ်နဲ့ အမေးအဖြေလုပ်ရတာ အင်မတန် ပြေပြစ် ချောမောပါတယ် (မှန်ပါ့)

ယခုတော့ ဥပါဒါန်ချုပ်တဲ့ ပုဂ္ဂိုလ် ဘယ်ဖြစ်သွားသတုံးမေးတော့လဲ ဒီလိုလဲ ငါမဖြေပါဘူးတဲ့ ဘယ်မှာဖြစ်တယ်လို့လည်း ငါမဆိုလိုပါဘူး၊ လေးချက်စလုံး မဆိုလိုဘူးဆိုတော့ ဥပါဒါန်ချုပ်တဲ့ ပုဂ္ဂိုလ်အတွက် ဘယ်လိုလုပ် ပြီး ဘယ်လိုသဘောကျရမယ် ဆိုတာ ကျုပ်ဉာဏ်တုံးသွားပြီ သူသဘော မကျတော့ဘူး (မှန်ပါ့) ကြည့်စမ်း ဒကာ ဒကာမ တို့ ဒိဋ္ဌိရှိရင် နိဗ္ဗာန်သဘောမကျတော့ဘူး (မှန်ပါ့ ဘုရား)။

ဒီမှာက အကိုးအကား အင်မတန်လုံလောက်နေတာ (မှန်ပါ့)၊ ဉာဏ်တုံးသွားပြီတဲ့ သူ့မှာ၊ ဥပါဒါန်ချုပ်တဲ့ ပုဂ္ဂိုလ်ဘယ်သွားသတုံးလို့ မေးမရတာနဲ့ သူ့မှာ ဉာဏ်တုံးသွား ပြီးဆိုကတည်းက ဒကာ ဒကာမတို့ ဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်ဟာ နိဗ္ဗာန် ဧကန်သဘောမကျဘူးဆိုတာ ပေါ်လာပါတယ် (မှန်ပါ့ ဘုရား)။

ဒကာကြွယ် အင်မတန်အရေးကြီးနေပါကလား (မှန်ပါ့)၊ အခုဘယ့်နှယ့် ပြောရသတုံးကြည့်ပါ၊ ရှင်ကြီး ဂေါတမနဲ့ ကျုပ်နဲ့ဟာ အစကတည်းက အမေးအဖြေတွေလုပ်ပြီးသ ကာလ လာခဲ့တာတွေ တော်တော်ပဲ သူ့စိတ်ထဲမှာ သဘောကျခဲ့ ပါတယ်တဲ့ (မှန်ပါ့)၊

အခုတော့ဖြင့် ဥပါဒါန်ချုပ်တဲ့ ပုဂ္ဂိုလ်ဘယ်သွားဖြစ်သတုံးမေးတော့ ဘယ်သွားဖြစ်တယ်လို့ ငါမဆိုဘူးလို့ ဆိုကတည်းက ကျုပ်ဖြင့် အလုံးစုံဉာဏ်လည်း မရှိတော့ဘူးတဲ့ သူ့မှာ ဉာဏ်တုံး သွားပါပြီတဲ့ (မှန်ပါ့)၊ ဘယ့်နှယ်ကြောင့် ဒီအဖြေကြီးသူပြောလိုက်ပါလိမ့်မတုံး ဆိုတော့ဒိဋ္ဌိ မပြတ်သေးတဲ့ ပုဂ္ဂိုလ်နိဗ္ဗာန်သဘောမကျလို့ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါကြောင့် ခုနင်ကစပြီး ချီတဲ့ သဘောကို ဒကာကြွယ်တို့ ရိပ်မိရောပေါ့ (မှန်ပါ့)၊ ဒိဋ္ဌိမပြုတ်ပဲ နိဗ္ဗာန်ရရပါလို၏ ပြော နေတဲ့ပုဂ္ဂိုလ်ဟာ တကယ်လိုချင်တာ ဟုတ်ပါရဲ့လား (မဟုတ်ပါ ဘုရား)၊ ဘာပါလိမ့် ဒါဖြင့် (မိဘရိုးရာပြောနေတာပါ ဘုရား)။

ရုပ်နာမ်ဖြစ်ပျက်သာရှိတယ်

ဒိဋ္ဌိပြုတ်တဲ့ပုဂ္ဂိုလ်ကတော့လဲ ရုပ်နာမ်ဟာ ဖြစ်ပျက်သာရှိတယ်လို့ဆိုတာ ဒိဋ္ဌိပြုတ် ပုဂ္ဂိုလ်ကတော့ ဪ ရုပ်နာမ်ဟာ ဖြစ်ပျက်ပဲ ဒုက္ခသစ္စာပဲ၊ ရုပ်နာမ်ကို ဖြစ်ပျက် ရှုတော့ ဥပါဒါန်က မချုပ် သွားဘူးလား (ချုပ်သွားပါမယ်)၊

ဥပါဒါန်ချုပ်တော့ ကံချုပ်၊ ကံချုပ်တော့ နောက်ဖြစ်ပျက်တွေဆိုတဲ့ ဇာတိဆိုတဲ့ ခန္ဓာငါးပါး လာသေးရဲ့ လား (မလာပါ ဘုရား)၊

ဒါဖြင့် နောက်ဒုက္ခသစ္စာတွေ ချုပ်သွားတာ နိဗ္ဗာန်ဆိုတာကို ဒိဋ္ဌိပြုတ်တဲ့ ပုဂ္ဂိုလ်က ဒီလို သဘော ကျတယ် (မှန်ပါ့)၊ ဒုက္ခချုပ်သွားတာ ကလေးဆိုတာ သဘောမကျဘူးလား (ကျပါတယ် ဘုရား)။

ဒိဋ္ဌိမချုပ်သေးတော့ အဂ္ဂိဝစ္ဆေကတော့ ရှင်ကြီးဂေါတမတဲ့ ဥပါဒါန်ချုပ်တဲ့ ပုဂ္ဂိုလ် ဘယ်သွားသတုံး ဆိုတော့ ဒါလဲ ဘယ် သွားဖြစ်တယ်လို့ ငါမဖြေပါဘူး ဆိုကတည်းကိုက ကျုပ်ဖြင့် ဉာဏ်တုံးပြီး သကာလ တွေဝေသွားတော့တာပဲတဲ့ (မှန်ပါ့)၊ နိဗ္ဗာန်ကိုသဘောကျသေးရဲ့လား (မကျပါ ဘုရား)။

ခင်ဗျားတို့ အခုသိနိုင်တာက ဒိဋ္ဌိရှင်းလင်းထားတော့ ဒိဋ္ဌိပြုတ်တဲ့ ပုဂ္ဂိုလ်သည်ကားလို့ဆိုရင် ဥပါဒါန်ကချုပ်တယ်၊ ဒိဋ္ဌိနဲ့ တဏှာနဲ့က တွဲတာကိုးဗျ တဏှာချုပ်ကတည်းက ဥပါဒါန်ချုပ်ကို (မှန်ပါ့)၊ ဥပါဒါန်ချုပ်တော့ ကံမချုပ်ဘူးလား (ချုပ်ပါ တယ်)၊ ချုပ်တော့ ဘယ်သွားသတုံးမေးရင် ခင်ဗျားတို့ ဘယ့်နှယ် ဖြေကြမလဲ ဒုက္ခတွေချုပ်ငြိမ်း၊ ရုပ်သိမ်းတဲ့နိဗ္ဗာန်ပဲလို့ မဆိုနိုင် ဘူးလား (ဆိုနိုင်ပါတယ်)၊ အဲဒီတွင် ဒုက္ခချုပ်ငြိမ်း ရုပ်သိမ်းတဲ့ နိဗ္ဗာန်ကိုရောက်တာပဲလို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)၊ ဒါဒိဋ္ဌိပြုတ်တဲ့ ပုဂ္ဂိုလ်တို့ရဲ့ အမြင်ကိုးဗျ (မှန်ပါ့ ဘုရား)။

ဖြစ်ပျက်ရှုနေတော့ ဒိဋ္ဌိပြုတ်တယ်

ဒိဋ္ဌိပြုတ်တဲ့ ပုဂ္ဂိုလ်ကတော့ ဖြစ်ပျက်ရှုနေတော့ ဒိဋ္ဌိက မပြုတ်ဘူးလား (ပြုတ်ပါတယ်)၊ ဒိဋ္ဌိတဏှာ ပြုတ်သွားတော့ ဥပါဒါန်က နောက်ကလာသေးသလား (မလာပါ ဘုရား)၊ ကံကော (မလာပါ ဘုရား)၊ ဇာတိဇရာ မရဏကော (မလာပါ ဘုရား)၊ အဲဒါဘာခေါ်ကြမလဲ (နိဗ္ဗာန်ပါ ဘုရား)၊

နိဗ္ဗာန်ဆိုတာ ဒိဋ္ဌပါဒါန်ပြုတ်သွားကတည်းကိုက၊ နိဗ္ဗာန်ရောက် တာပဲ (မှန်ပါ့)၊ ဒါကြောင့် ဒိဋ္ဌိပြုတ်တဲ့ ပုဂ္ဂိုလ် နိဗ္ဗာန်သဘော ကျတယ် (မှန်ပါ့ ဘုရား)။

ခုနင်က ဒိဋ္ဌိမပြုတ်သေးတဲ့ အဂ္ဂိဝစ္ဆက ဘယ်သွားဖြစ် သတုံးမေးတော့ ဘယ်သွားဖြစ်တယ်လို့ ငါမဖြေဘူးလို့ ပြောကတည်းကိုက ဒါဖြင့် သူဉာဏ်တုံးပါပြီတဲ့ (မှန်ပါ့)၊ ရှင်ကြီးဂေါတမနဲ့ ပြောရတာ အစကပြေပြစ်သလောက် အခု တော့ဖြင့် ဘာမှမပြေပြစ်တော့ဘူးတဲ့ (မှန်ပါ့ ဘုရား)။

ဘယ့်နှယ့်ကြောင့် ဒီအသုံးအနှုန်းသဘော မကျပါလိမ့် မလဲ အမေးထုတ်ပါ၊ ဒိဋ္ဌိမပြုတ်လို့ပဲ ဒကာသစ်ဖြေရမယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘယ်လိုနိဗ္ဗာန်လိုချင်နေလဲ

ဒါဖြင့် ဒကာ ဒကာမတွေ အင်မတန်ကံကောင်းတာပဲ (မှန်ပါ့)၊ နဂိုက လိုချင်နေတဲ့ နိဗ္ဗာန်ဟာ ဘယ်လိုသဘောပါလိမ့် (ရိုးရာလိုချင်မှုပါ ဘုရား)၊ ဒိဋ္ဌိလည်းမပြုတ်ဘူး၊ ဒိဋ္ဌိပြုတ် တဲ့ နည်းလည်းမရဘူး (မှန်ပါ့)၊ မရတော့ သူလိုချင်တဲ့ နိဗ္ဗာန် ဟာ ခုနင်က အဂ္ဂိဝစ္ဆလိုပဲ၊ နိဗ္ဗာန်လဲတွေ့ပါရော သူ့ဉာဏ်တုံးပြီ၊ ပြောတာပဲ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ အင်မတန် မနစ်နာဘူးလား (နစ်နာပါတယ် ဘုရား)။

ဒါနဲ့ပဲ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက မင်းဉာဏ်တုံး ပြီလို့ ငါ့ကို လျှောက်တယ်၊ ရှင်ကြီး ဂေါတမတဲ့ ပြောရတာ အစက အင်မတန်ပြေပြစ်တယ် အခုတော့ ဉာဏ်တုံးပြီ၊ တွေဝေသွားပြီ၊ ဘယ့်နှယ့်မှ ကျုပ်မေးစရာ မရှိတော့ဘူးလို့ ပြောလိုက်တော့ မင်းဟာ အခုပြောတဲ့ ဥပါဒါန်ချုပ်တဲ့ ပုဂ္ဂိုလ်၏ သွားရာကို ဘယ်သွားသတုံးဆိုတာ မင်းမေးတဲ့ဥစ္စာ သာမည ဆရာသမား နဲ့ သာမည ကိုးကွယ်ဆည်းကပ်ပြီး သာမညအယူဝါဒနဲ့ ဒါကိုသဘောမကျနိုင်ဘူးတဲ့ (မှန်ပါ့)၊

ဘယ်လိုပုဂ္ဂိုလ်မှ သဘောကျ မတုံးမေးတော့ ပဋိစ္စသမုပ္ပါဒ်နားလည်တဲ့ ပုဂ္ဂိုလ်မှ သဘောကျ မယ်တဲ့ (မှန်ပါ့ ဘုရား)။

ဒီဒိဋ္ဌိပြုတ်ပြီး နိဗ္ဗာန်ကို သဘောကျနိုင်မှာ ဘယ်ပုဂ္ဂိုလ်မှ သဘောကျနိုင်မ (ပဋိစ္စသမုပ္ပါဒ် နားလည်တဲ့ ပုဂ္ဂိုလ်မှ သဘောကျနိုင်ပါမယ် ဘုရား)။

ပဋိစ္စသမုပ္ပါဒ်နားလည်မှ

ဖြစ်တာတွေ ပျက်တာတွေ ပဋိစ္စသမုပ္ပါဒ်တွေပဲလို့ သိ ထားတဲ့ ပုဂ္ဂိုလ်မှ နားလည်မှာဆိုတော့၊ အဲဒီတော့ မင်းဟာ ပဋိစ္စ သမုပ္ပါဒ်နားလည်တဲ့ ပုဂ္ဂိုလ်ကို မင်းရှာဦး၊ ဒါမှ နိဗ္ဗာန်ကို သဘော ကျမယ် ဆိုတော့ ဒိဋ္ဌိပြုတ်ဦး၊ ဒါမှ နိဗ္ဗာန်ကို သဘောကျမယ်ပြော တာ (မှန်ပါ့)။

ဒိဋ္ဌိမပြုတ်ရင် (နိဗ္ဗာန်သဘောမကျနိုင်ပါ ဘုရား)၊ သဘောမကျနိုင်ဘူးလို့ ဒကာအုန်း သေသေချာချာ ဟောပြီး ပဋိစ္စသမုပ္ပါဒ် နားလည်အောင် လုပ်ဦးကွာ ပညာရှိ များဆည်းကပ်ပြီး၊ မင်းသည်ကားလို့ ဆိုရင် ကြိုးစားဦး၊ ဒါမှ မင်း သည်ကားလို့ဆိုလို့ရှိရင် ဥပါဒါန်ချုပ်တဲ့ ပုဂ္ဂိုလ်၏ သွားရာလမ်းကို သဘောကျမယ်တဲ့ (မှန်ပါ)။

ဥပါဒါန်ချုပ်တော့ နိဗ္ဗာန်မရောက်ဘူးလား (ရောက် ပါတယ် ဘုရား)၊ အဲ ပဋိစ္စသမုပ္ပါဒ် နားမလည်ရင် နိဗ္ဗာန်သဘော ကျမလား (မကျပါ ဘုရား)။

ဒိဋ္ဌိပြုတ်မှ နိဗ္ဗာန်သဘောကျမယ်

ပဋိစ္စသမုပ္ပါဒ် နားလည်တဲ့ဆရာကို ကိုးကွယ်ဆည်းကပ် ပါဦး၊ အဲဒါမှ ဒိဋ္ဌိပြုတ်မယ်။ ဒိဋ္ဌိပြုတ်မှ နိဗ္ဗာန် သဘောကျမယ် တဲ့ (မှန်ပါ)။

နောက်တော့ ဒိဋ္ဌိပြုတ်ပြီး နိဗ္ဗာန်သဘောကျပုံကို နက်ဖြန် တော့ အကျယ်ဟောလိမ့်မယ်နော် (မှန်ပါ ဘုရား)။

ကဲ ယနေ့ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။