238

အပါယ်ဘေးကို၊ တရားကမှကယ်နိုင်မယ် (ဝိပဿနာရှုနည်း)

အသံဖိုင်ခေါင်းစဉ်= ဇနပဒကလျာဏီသုတ် စိတ်အပြင်မထွက်မိအောင် သတိထားကြရန် တရားတော်

စာအုပ်ခေါင်းစဉ်= အပါယ်ဘေးကို၊ တရားကမှကယ်နိုင်မယ် (ဝိပဿနာရှုနည်း)

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး အမရပူရမြို့၌

ဟောကြားတော်မူသောတရားတော်

အပါယ်ဘေးကို၊ တရားကမှကယ်နိုင်မယ်

(ဝိပဿနာရှုနည်း)

(၁၀-၁၀-၆၁)

ဝိပဿနာတရား ဆိုတဲ့ ဥစ္စာ ဒကာ ဒကာမတွေ သာသနာတွင်းမှ ပေါ်တယ်လို့ မှတ်ရမယ် (မှန်ပါ့)။

ဝိပဿနာ တရားသည် ဘယ်အချိန်မှ ပေါ်ပါလိမ့် (သာသနာတွင်းမှ ပေါ်ပါတယ် ဘုရား)။

သာသနာတွင်းနဲ့ ကြုံနေပြီ

သာသနာတွင်းမှ ပေါ်တာကို ဘုန်းကြီးတို့ ဒကာ ဒကာမတွေက သိနေတော့ ဒကာ ဒကာမတွေ ကလည်း ဘဝများစွာ သံသရာက သာသနာတွင်းကို မတွေ့ခဲ့လို့ ကျွတ် တမ်းမဝင် ခဲ့ကြဘူး ပေါ့ဗျာ (မှန်ပါ့)၊ အခုအခါမှာကော သာသနာတွင်းမှာ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ လူလား မြောက်ပြီး သကာလ လာတဲ့ အတွက် သာသနာတွင်းနဲ့ ကြုံတာ လည်း ဧကန်ဖြစ်နေပါပြီ (မှန်ပါ့ ဘုရား)၊ သာသနာတွင်းနဲ့ ကြုံ တာ ဧကန်ဖြစ်ပြီး သကာလ နေတော့ ငါတို့သည် ရှေးက သာသနာတွင်း မကြုံလို့ ဝိပဿနာ တရား အားမထုတ် ခဲ့ရဘူး (မှန်ပါ့)။

ပါရမီတွေအကုန်စုံပြီ

အခုတော့ ငါတို့ဆုတောင်းသည် အကုန်ပြည့်တဲ့ ဘဝ။ သာသနာတွင်း တို့ကြုံလာတယ်၊ ဝိပဿနာ တရားတွေ ဆရာဘုန်းကြီးက နည်းပေးနေတယ် ဆိုတော့ ငါတို့ ပါရမီ ဘာလို သေးသတုံး ဆိုတဲ့ ဝိစိကိစ္ဆာ သံသယကို အကုန်ဖျောက်ပါ (မှန်ပါ့ ဘုရား)။

အကုန် ဖျောက်ပစ်ပါ ဒကာ ဒကာမတို့ ငါတို့ ဒီဘဝ ဒုက္ခခပ်သိမ်း ငြိမ်းတဲ့ နိဗ္ဗာန်ကို ရောက်ရ မည့် ဘဝ၊ ပါရမီတွေ အကုန်စုံပြီး သကာလ နေတဲ့ဘဝကို အားလုံးက ဆုံးဖြတ်ချက်ချ ပါ (မှန်ပါ့ ဘုရား)။

လက်ဦးစွာဖူးတွေ့ရပါလို၏ဆိုတာ

မေတ္တေယျ ကိုယ်တော်မြတ်ကြီး လက်ဦးစွာ ဖူးတွေ့ရပါ လို၏ ဆိုတာတွေ အကုန်ဖြုတ်ပါ (မှန်ပါ)။

ဘာ့ကြောင့် အဖြုတ် ခိုင်းသတုံးလို့ မေးတော့ မေတ္တေယျနဲ့ မတွေ့ စေချင်လို့လား မေးစရာ အကြောင်း ရှိတယ်၊ မဟုတ်ပါဘူး ကိုယ်လုပ်တဲ့ အလုပ်က ရည်ရွယ်ချက်က ဒီဘက် ဆုတောင်း ထားလို့ ဒီဘက်မှာ အလုပ် လုပ်ခဲ့လို့ ဒီဘက်က တွေ့ပြီးသား ဟိုဘက် ကျော်ဖို့ မလိုတော့ဘူး (မှန်ပါ့)၊ ကျော်ရင် ဒုက္ခဆက်ပြီး တွေ့မယ်လို့ မှတ်ကြပါ (မှန်ပါ့ ဘုရား)။

ဒုက္ခ ဘယ်လောက်တွေ့မတုံးလို့ ဒကာကြွယ်တို့၊ ဦးမာဒင်တို့ ဦးသန်းမောင်တို့ မေးလို့ ရှိရင်ဖြင့် အရိုး တောင်နှယ် ပုံရမယ် (မှန်ပါ့)။

အရိုးတောင်နှယ်ပုံ ဆိုတာ ဘယ်လောက်ထိအောင် သွားမှာတုံး ဆိုတော့ လူတစ်ယောက် အရိုးဟာ လေးရက်တက်၊ လေးရက်ဆင်း တောင်လောက် ရှိရမယ် (မှန်ပါ့)။

ဒါ လောက်တောင် အသေများပါတယ် ဆိုတာကြီးကို စောင့်ဖို့၊ မျှော်ဖို့ရော လိုသေးသလား (မလိုပါ)၊ ဒါက တစ်ချက်နော် (မှန်ပါ့ ဘုရား)။

ကြုံရာကိုကျော်ပြီး၊ မကြုံရာလှမ်းနေတယ်

ဒါဖြင့် အားလုံး ဒကာ ဒကာမတွေ စိတ်ထားရမှာဖြင့် ဪ သာသနာတွင်းမှ ဝိပဿနာ တရား ပေါ်တယ်။ တို့ကလည်း ကြုံနေတယ်၊ ကြုံရာကို ကျော်ပြီး မကြုံရာ လှမ်းနေ ဖို့ ဦးသန်းမောင်တို့ လိုသေး သလား (မလိုပါ ဘုရား)။

ကြုံရာကျော်ပြီး မကြုံရာလှမ်းနေလို့ရှိရင် ဒကာကြွယ် ဆိုးရွားရာ ရောက်သွားမယ် (မှန်ပါ့ ဘုရား)။

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အတွေ့ကြီး တွေ့ပြီးတော့ ဆရာကောင်း၊ သမားကောင်းနဲ့ ဘာမှ မလိုတော့ဘူး၊ ပါရမီ အကုန်ပြည့်ပြီ ဆိုပြီး သကာလ ဆက်သာ ကြိုးစား (မှန်ပါ့)။

ကြိုးစားလိုက်လို့ရှိရင်ဖြင့် မပေါက် မရှိပါဘူး (မှန်ပါ့) မပေါက် မရှိပါဘူး ဒကာ ဒကာမတို့နော် (မှန်ပါ့)။

အဲဒီတော့ အားလုံး ဒကာ ဒကာမတွေကို မင်းတို့ ပါရမီ တစ်စတစ်စ ဖြည့်ရတာ ဆိုတာတွေကို ယုံမနေနဲ့ (မှန်ပါ့) ဝိပဿနာ ကြုံရတယ် ဆိုတာလည်း ပေါ်ပြီ (ပေါ်ပါပြီ ဘုရား)။

ခင်ဗျားတို့က လူလား မြောက်လာတာလည်း ဘယ်အချိန် မှာ လူလားမြောက်သတုံး အကဲခတ်စမ်း (သာသနာတွင်း မှာပါ) ဒါဖြင့် ဒါပြည့်နေပြီ (မှန်ပါ့ ဘုရား)။

သာသနာတွင်းမှာလည်း သစ္စာတရား ပဋိစ္စသမုပ္ပါဒ်နဲ့ ဆက်သွယ်တဲ့တရား၊ ဤတရား တွေမှလည်း ကျွတ်တမ်းဝင် နိုင်တာ တကယ်သိ၊ ဧကန် သိနေကြတယ်၊ ဒါလဲ ဆရာဘုန်းကြီး က နေ့တိုင်း ပေးနေတယ် (မှန်ပါ့)။

မေတ္တေယျဘုရားကို မလှမ်းခဲ့တော့

နေ့တိုင်း ပေးနေတော့ကို သာသနာတွင်း ကလည်း ကြုံပြန်၊ သာသနာတွင်း မှာလည်း ကိုယ်က လူလား မြောက်ပြန်၊ သာသနာတွင်း တရားနဲ့ပဲ ကိုယ်တိုင် တွေ့နေရပြန် ဆိုတော့ မေတ္တေယျ မြတ်စွာ ဘုရားကို မလှမ်းနဲ့တော့လို့ အားလုံးကို သတိလည်း ပေးလိုက်တယ် (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

အဲဒါ လူများပြောသံများကို မယောင်ကြပါနဲ့၊ ဆရာဘုန်းကြီး အခု ဆုံးဖြတ်ချက် ချတာကို ဒကာကြွယ်တို့၊ ဦးမာဒင်တို့ ယုံရလိမ့်မယ် (ယုံရပါမယ် ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဘုရားကလည်း ငါ့သာသနာ ကြုံလို့ ရှိရင်ကွာတဲ့ မင်းတို့ အခု ပေးထားတဲ့ စိတ်တွေ ရှုကြ၊ ဝေဒနာတွေ ရှုကြ ဆိုတာ ရှုလိုက်လို့ ရှိရင် မင်းတို့ ပါရမီ ပြည့်ပြီးသား ပုဂ္ဂိုလ်တွေ ဖြစ်တဲ့ အတွက် အလွန် ဖျင်းရင် ခုနစ်နှစ် (မှန်ပါ့)၊ အလတ်စား ကျင့်လို့ရှိရင် ခုနစ်လ (မှန်ပါ့)။ တော်တော် ဉာဏ်ထက်လို့ ရှိရင် ခုနစ်ရက် (မှန်ပါ့ ဘုရား)။

ဒီလိုလဲ ငါဘုရား သာသနာတော်မှာ ငါတာဝန်ခံ ပါတယ် လို့ ဂေါတမ ဘုရားကလည်း တာဝန်ခံ သွားလျက်နဲ့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေလည်း ဒီအလုပ် လုပ်လျက်နဲ့ ဖြစ်နေတော့ ဦးမာဒင်တို့၊ ဦးဗထွေးတို့ ဘယ်သူ့ မျှော်စရာ လိုသေးသတုံး (မလိုပါ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ ဘုန်းကြီးက ဒကာ ဒကာမတွေကို အထူး တလည်ကလေး သတိ ပေးချင်တာက ဒီကာလ ကလေး မလွန်စေနဲ့ (မှန်ပါ့ ဘုရား)။

သားရေး၊ သမီးရေး၊ စီးပွားရေးနဲ့ ဒီကာလကလေးကို အလွဲသုံးစား လုပ်မပစ်လိုက်ပါနဲ့ (မှန်ပါ့ ဘုရား)။

သေဘေးကိုတားနိုင်တဲ့ကာလ

ဒီအချိန် ကာလ ကလေးသည် ဒကာ ဒကာမတို့ အိုဘေး၊ နာဘေး၊ သေဘေးကို တားနိုင်တဲ့ ကာလ (မှန်ပါ့)။ အပါယ်ဘေးကို မရောက်ရမည့် ကာလ (မှန်ပါ့) ဆိုတော့ ဒီကာလ ကလေး ကိုတော့ဖြင့် ဘုန်းကြီးက ဒကာ ဒကာမတွေ မလုပ်ဘဲနေ လို့ရှိရင် လွန်သွားမှာ စိုးတယ် (မှန်ပါ့) ဒါကလေးက သိပ်နှမြောစရာ ကောင်းတယ် (ကောင်းပါတယ် ဘုရား)။ နှမြောစရာ မကောင်းဘူးလား (ကောင်းပါတယ်)၊

ဘဝများစွာ သံသရာက အိုဘေး၊ နာဘေး၊ သေဘေးတွေနဲ့ အဖော်လုပ်ပြီး လာခဲ့ကြလို့ ဒကာ ဒကာမတွေ ယခုမျက်ရည် စုထားရင် သမုဒ္ဒရာ လေးစင်း ရေထက် များတယ် (မှန်ပါ့)။

အသားတွေ စုပုံထားရင် မြင်းမိုရ်တောင်လောက် များတယ် (မှန်ပါ့)၊ ဆိုတော့ အိုခဲ့ရ၊ သေခဲ့ ရတာတွေ သူများ စားဖတ်၊ ဝါးဖတ် ဖြစ်ခဲ့ရတာတွေ အပါယ်မှာ အိမ်အဖြစ်နဲ့ နေခဲ့ရ တာတွေဟာ ကြာလဲ ကြာတော့ ဒီလမ်းနဲ့ ဒီစခန်းကိုဖြင့် မတွေ့ချင် လို့ ဖြစ်ခဲ့ရတာ ယခု သာသနာတွင်းကြုံ၊ ကိုယ် လူလားမြောက် တာနဲ့ကြုံ၊ လိုချင်တဲ့ စိတ္တုပ္ပဒ် ကလေးတွေ ကလည်း ပုံပြီး သကာလ နေတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အလုပ်ပေး မှန်ပြီး သကာလ အလုပ်လုပ်ဖို့သာ ဉာဏ်တည့်ဖို့ပဲ အရေးကြီးတယ် (မှန်ပါ့)။

ကိုယ့်အလုပ်နဲ့၊ ကိုယ့်ဉာဏ်နဲ့တည့်ရမယ်

အလုပ်ပေးတဲ့ ဆရာကလည်း မှန်မှန် ပေးရမယ် (မှန်ပါ့)၊ အလုပ် လုပ်မည့် ဒကာ ဒကာမက လည်း ကိုယ့်အလုပ်နဲ့ ကိုယ့်ဉာဏ်နဲ့ တည့်ရမယ် (မှန်ပါ့)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ကဲ ဒါဖြင့် အဲဒီအလုပ်နဲ့ ဉာဏ်နဲ့ တည့်ဖို့ကို ဘုရားက သတိပေးလိုက်တယ် (မှန်ပါ့)၊ အလုပ်နဲ့ ဉာဏ်နဲ့ တည့်ဖို့ အရေး ဘုရားက သတိပေးလိုက်ပါတယ်၊ ဒကာ ဒကာမတို့ ဒါကလေးကို မဟာဝဂ္ဂ သံယုတ်မှာ လာတဲ့အတွက် နည်းနည်း မှတ်လိုက်ပါ (မှန်ပါ့)၊ အလုပ်နဲ့ ဉာဏ်တည့်ဖို့နော် (မှန်ပါ့)။

ကဲ ဒကာ ဒကာမတွေ အခု နေ့လည်ကပဲ ပြောထား တယ်၊ ဪ ဒကာ ဒကာမတို့ စိတ်ဆယ့်သုံးခု ကို ပေါ်ရာ လိုက်ပါ ဆိုတာ အားလုံး သင်ထားတယ် (မှန်ပါ့)။

ဝေဒနာဖြင့်လည်း ဝေဒနာကြိုက်တဲ့ ဒကာ ဒကာမ တွေက သုခဝေဒနာ ပေါ်လည်း ဖြစ်ပျက်ရှု၊ ဒုက္ခဝေဒနာပေါ် လည်း ဖြစ်ပျက်ရှု၊ ဥပေက္ခာဝေဒနာ ပေါ်လည်း ဖြစ်ပျက်ရှုပါ။ ဒီဝေဒနာဆီ မှတစ်ပါး ဉာဏ် ဘယ်မှ မသွားပါနဲ့ ဆိုတာ ဝေဒနာ သမားကိုလည်း ဒီအတိုင်း မှာတယ် (မှန်ပါ့)။

ပင့်ကူကြီးဥပမာ

စိတ်သမားတွေလည်း ပင့်ကူကြီး ဥပမာပြပြီး လှုပ်ရာ လိုက်ပြီး သကာလ လှုပ်ရာကို ဖြစ်ပျက် ရှုပြီးလို့ ရှိရင် ပြန်ပြီး ထွက်သက် ဝင်သက် အားထုတ်တဲ့ စိတ်ကလေး ပြန်ထိုင် ဆိုတာ နေ့လည်ကပဲ ဆုံးမခဲ့တယ် (မှန်ပါ့) ဒါနည်းကောင်း ပေးခဲ့တာပါပဲ (မှန်ပါ့ ဘုရား)။

အဲဒီနည်းတွေကို ဒကာ ဒကာမတွေက ရနေတော့ ဟိုက တရားဓမ္မ ကလေး တစ်ခု ပေါ်လာ တယ်၊ အဲဒိ ဓမ္မဆီကို ဉာဏ်က လိုက်ဖြစ်အောင် လိုက်ပါ (မှန်ပါ့)။

တရားဓမ္မ ကလေး တစ်ခု ပေါ်လာရင် ဘာလုပ်မယ် (ဉာဏ်က လိုက်ဖြစ်အောင် လိုက်ရ ပါတယ် ဘုရား)၊ ဉာဏ်က လိုက်ဖြစ်အောင် လိုက်နော် (မှန်ပါ့)၊ ဉာဏ်က လိုက်ဖြစ် အောင်လိုက်ပါ လို့ဆိုတာကို သတိပေးတယ် (မှန်ပါ့)။

ဆုတောင်းတွေကပြည့်ပြီးသား

ဘုရားက ဉာဏ်နဲ့ မခွဲနဲ့ကွာ၊ မင်းခုနစ်ရက်နဲ့ ပြီးမယ်တဲ့ (မှန်ပါ့) ဖြစ်ပျက်နဲ့ ဉာဏ်နဲ့ မခွဲလို့ရှိရင် ခုနစ်ရက်နဲ့ ပြီးမယ် (မှန်ပါ့)၊ မင်းတို့က ဆုတောင်းတွေက ပြည့်ပြီးသား ဖြစ်လို့ရှိရင် ညနေအား ထုတ် မနက် နိဗ္ဗာန် မြင်ရပါလိမ့်မယ်တဲ့ (မှန်ပါ့ ဘုရား)၊ ဆိုတာက အင်မတန် တာဝန်ခံရဲတဲ့ ကိုယ်တော်ကြီး ဖြစ်ပြီး သကာလ နေတော့ တို့ ဘယ့်နှယ်ကြောင့် မရပါလိမ့်မတုံးလို့ မေးတဲ့ အခါ ဖြစ်ပျက်နဲ့ ဉာဏ်နဲ့ မတည့်လို့ ဖြစ်ပါတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။

ဘာနဲ့ ဘာနဲ့ မတည့်သတုံး (ဖြစ်ပျက်နဲ့ ဉာဏ်နဲ့ မတည့်လို့ပါ ဘုရား)၊ ဖြစ်ပျက် ဆိုတာ ဒကာ ဒကာမတို့ မှတ်ပါ အနိစ္စ (မှန်ပါ့)၊ အနိစ္စနဲ့ မဂ္ဂနဲ့ မတည့်လို့ ဖြစ်ရပါသည် (မှန်ပါ့ ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ)။

အဲဒီတော့ ငါတည့်တဲ့နည်း ဥပမာ တစ်ခု ပြမယ်ကွာ၊ မင်းတို့ မတည့်မှာလည်း တယ်စိုးရိမ် တယ်တဲ့ (မှန်ပါ့)၊ တည့်တဲ့ နည်းကလေးလည်း ဥပမာပြမယ် ဆိုပြီး “တေလပတ္တ” ဆိုပြီး တေလ-က ဆီ၊ ပတ္တ- က ခွက်ပေါ့ဗျာ (မှန်ပါ့)၊ တေလက ဆီ၊ ပတ္တ ကခွက် ဆိုပြီး သကာလ ဘု ရားသခင် ကိုယ်တော်မြတ်ကြီးက ဦးမာဒင် ဥပမာပြတယ် (မှန်ပါ့)။

ဥပမာပြတယ် ဆိုတော့ ဒကာကြွယ်တို့ သေသေချာချာ မှတ်ပါ (မှန်ပါ့)၊ ဘုရားပေးတဲ့ ဥပမာ ဖြစ်လေ သောကြောင့် လည်း သြော် အင်မတန် ကရုဏာတော် ရင့်မကြီးက ပေးတာ တို့ကို ရာဟုလာ သားကဲ့သို့ သနားပြီး သကာလ ဒီဘဝက စုတေမနေ သေလွန်ရလို့ ရှိရင်ဖြင့် နတ်ရွာသုဂတိ ရောက်ပြန် လည်း အသုဘ ဖြစ်ရဦးမယ် (မှန်ပါ့ ဘုရား)၊ အပါယ်လေးပါး ရောက်ပြန်လည်း မနေ့က တရားလိုပဲ မချိမဆံ့ ခံရဦးမယ် (မှန်ပါ့)။

မနက်အားထုတ်၊ ညနေရမှာပဲ

အဲဒီတော့ကွာ တဲ့ ဖြစ်ပျက်နဲ့ မဂ်နဲ့ ဖြစ်ပျက်နဲ့ ရှုတဲ့ ဉာဏ်နဲ့ တည့်ဖို့ အရေးကို ငါ သေသေချာချာ နည်းပေးပါ မယ် ဆိုပြီး သကာလ ဘုရားနည်း ပေးတာပဲ (မှန်ပါ့)။

ဒါဖြင့် ယခု ပြောတဲ့ ဥပမာကိုဖြင့် ဘုန်းကြီးတို့ ဒကာ ၊ ဒကာမတွေ သေသေချာချာ ဒီဥပမာ အတိုင်း တို့လုပ် လိုက်ရလို့ ရှိရင်ဖြင့် ခုနစ်ရက်ပဲ ဟာ ဒါ မနက်အားထုတ်၊ ညနေရမှာပဲ၊ ညနေ အားထုတ်၊ မနက်ရမှာပဲ ဆိုတာကိုဖြင့် သေသေချာချာ မှတ်ပြီး သကာလ ဒကာ ဒကာမတို့ လုပ်ကြစမ်းပါ ဆိုတာ သတိပေး လိုက်တယ် (မှန်ပါ့)။

တရားအားထုတ်နည်း

ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် သုမ ္ဘ တိုင်းမှာ သီတင်းသုံးပြီး သကာလ နေတယ် (မှန်ပါ့)။

သုမ ္ဘ တိုင်းမှာ သီတင်းသုံးပြီး နေတဲ့ အခါ ရဟန်းတို့ တရား အားထုတ်နည်း ငါသင်မယ်ကွာ၊ မင်းတို့သည်ကား လို့ ဆိုရင်ဖြင့် တရားပဲ ကယ်စရာ ရှိတယ် (မှန်ပါ့)။

အပါယ်ဘေးကို တရားကမှကယ်နိုင်တယ်

တရားပဲ မင်းတို့ အိုဘေး နာဘေး ကယ်နိုင်တယ်၊ တရားကပဲ အပါယ်ဘေး ကယ်နိုင်တယ်၊ တရားကပဲ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဘေးတွေ ကယ်တင် နိုင်တယ် (မှန်ပါ့ ဘုရား)။

အဲဒါကြောင့် တရားနည်းကို မင်းတို့ ငါပေးမယ်၊ သေသေ ချာချာ မင်းတို့ ဒီနည်း မှတ်ပြီး ဒီအတိုင်း အားထုတ်ကြ ဆိုတော့ ဦးမာဒင်တို့ ဘုရားကိုက အားထုတ်စဉ် ပေးခဲ့တယ် (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ အားရှိရှိနဲ့ သြော် တို့အတွက်ဖြင့် သေချာပြီ ဆိုပြီး သကာလ ဘာမှ နောက်ပြန် ကြည့်မနေနဲ့၊ ကိုယ့် အရေး ကိုယ်ပြီးအောင်သာ လုပ်ပစ်လိုက် (မှန်ပါ့)။

ရာဇဝတ်သားတစ်ယောက်

လူတစ်ယောက်ကွာတဲ့၊ ရာဇဝတ် ပြစ်မှု သင့်တယ် တဲ့ (မှန်ပါ့) ပြစ်မှုသင့်တဲ့ အခါကျတော့ ရှင်ဘုရင်ကဟာ ဒီအတိုင်း သတ်ရင် အရုပ်ဆိုးတယ် ဆိုပြီး သကာလ သူ့အပြစ်နဲ့ သူ့ကို သတ်ရလို့ ရှိရင်ဖြင့် ကောင်းတယ် ဆိုပြီး သကာလ ရာဇဝတ်ပြစ်မှု သင့်တာ ပထမအပြစ်နဲ့ ရှေ့တွင်ပဲ သတ်မယ် လို့ ရည်ရွယ်ချက် ရှိငြားသော် မကောင်းပါဘူး (မှန်ပါ့)။

နောက်ထပ် အပြစ်သင့်လာမှပဲ သတ်မယ်လို့ ဆိုပြီး သကာလ ဒကာ ဒကာမတို့ ဆီတစ်ပိဿာ လောက် ထည့်နိုင်တဲ့ ဆီခွက် တစ်ခုထဲမှာ ဆီအပြည့် ထည့်လိုက်ပါတယ် (မှန်လှ ပါ) နှုတ်ခမ်း ရေးနဲ့ကို ညီနေအောင် အပြည့်ထည့် လိုက်ပါတယ် (မှန်ပါ့)။

ဆီအပြည့်ထည့်ထားတဲ့ခွက်

တစ်ပိဿာလောက်ရှိတဲ့ ခွက်ထဲမှာ နှုတ်ခမ်းရေး ညီနေ အောင် အပြည့် ထည့်လိုက်တယ် ဆိုတော့ ဦးမာဒင်တို့၊ ဦးသန်းမောင်တို့၊ ဒကာကြွယ်တို့ အလှုပ်အရှား မခံဘူးပေါ့ (မခံပါ ဘုရား) နည်းနည်း လှုပ်ရင် ဆီအပြင်ဘက် ကျမယ် (ကျပါမယ်) မကျပေဘူးလား (ကျပါမယ် ဘုရား)။

နည်းနည်း လှုပ်လို့ ရှိရင်ဖြင့် ခင်ဗျားတို့ စိတ်ထဲက ပွေ့ပိုက်ပြီး သကာလ ဆီခွက်ကို အမြဲ ဂရုစိုက် နေရမယ် (မှန်ပါ့) အမြဲ ဂရုမစိုက်လို့ နည်းနည်း ခလုတ်ရှိလည်း ခလုတ် ရှောင် ရလိမ့်မယ် (မှန်ပါ့)။

နိမ့်တာ-မြင့်တာ ရှိလို့ ရှိရင်လည်း ဆီကို ထိန်းရလိမ့်မယ် (မှန်ပါ့ ဘုရား) နှုတ်ခမ်းရေးနဲ့ ညီနေတာ တစ်စက် ကျရင် လည်း မကောင်းဘူး (မှန်ပါ့)။

အဲဒီလို ရှင်ဘုရင်က တစ်ခါတည်း ဆီကို နှုတ်ခမ်းရေးနဲ့ အညီ ထည့်ပြီး သကာလ ပေးလိုက် တယ်၊ နောက်ကလည်း သူသတ် ယောက်ျား ထည့်လိုက်တယ် (မှန်ပါ့)။

ဇနပဒကလျာဏီ

မင်းသွားရမည့် ခရီးကိုလည်း ငါခရီးစဉ် ထုတ်လိုက်မယ် ဆိုပြီး အင်မတန် အက၊ အဆို၊ အတီး၊ အမှုတ်နဲ့ “ဇနပဒကလျာဏီ” ဆိုတဲ့ ကောင်းခြင်း ငါးဖြာနဲ့ ပြည့်စုံတဲ့ ဒကာမက ရှေ့မှာ ဒီလူအုပ် ကြီးထဲမှာ မကြည့် မနေနိုင် လောက်အောင် ကတဲ့ ပွဲလမ်းကိုလည်း တွေ့လိမ့်မယ် (မှန်ပါ့)၊ အဲဒီ ပွဲထဲကိုလည်း ဆက်သွားရမယ် တဲ့ (မှန်ပါ့)။

အင်မတန် ကောင်းတဲ့ ပွဲထဲကို ဖြတ်ပြီး ဒီဆီခွက် ကိုင်ပြီး သွားရမယ် (မှန်ပါ့ ဘုရား)။

လူသတ်ယောက်ျားငါးယောက်

အကယ်၍ တစ်ပေါက်ကျလို့ ရှိရင်လည်း နောက်က လူသတ်ယောက်ျား ငါးယောက်က ကျတဲ့ နေရာမှာ သတ်စေဆို တဲ့ အမိန့် ထုတ်လိုက်တယ် (မှန်ပါ့)။

ဒကာ ဒကာမတို့ ဒီဆီခွက်သမားသည် ဆီဖိတ်မှုကို သူအရေးတကြီး အလေးပြု လိမ့်မယ် ဆိုတာ ဒကာကြွယ် ငြင်းဖို့ လိုသေးသလား (မလိုပါ ဘုရား)။

ဒကာ ဒကာမတွေ ငြင်းဖို့လိုသေးသလား (မလိုပါ ဘုရား)၊ သူ့ဆီမဖိတ်လို့ ဒီပွဲနဲ့ ဒီလူအုပ် ကျော်သွားလို့ ရှိရင် ဦးမာဒင် သူလွတ်သွားရော (မှန်ပါ့)။

လူအုပ်ကြီးကို ရှောင်တိမ်းရမယ်

ဒီအထဲမှာ သွားရမည့် နေရာကတော့ဖြင့် လူအုပ်ကြီးတွေနဲ့ လှုပ်လှုပ်ရှားရှားနဲ့ ဆိုတော့ ရှောင်ရမှာနဲ့ တိမ်းရမှာနဲ့ ဆိုတော့ အတော် ထိန်းရမယ်ပေါ့ (မှန်ပါ့)။

ဟိုရှေ့ကျော်ပြီး သကာလ ပွဲထဲ သွားရဦးမယ် ဆိုတော့ လည်း ပွဲက မကြည့် မဖြစ်တဲ့ ပွဲမျိုး အသား၏ ကောင်းခြင်း၊ အရေ၏ ကောင်းခြင်း၊ အရိုး၏ ကောင်းခြင်း၊ အကြော၏ ကောင်းခြင်း၊ အရွယ်၏ ကောင်းခြင်းဆိုတဲ့ ကောင်းခြင်း ငါးဖြာလက္ခဏာနဲ့ ပြည့်စုံတဲ့ ဇနပဒကလျာဏီ ကလည်း ကနေတယ် (မှန်ပါ့)။

အဲဒီကတဲ့ ပွဲကလည်း လူဦးရေက မရေမတွက်နိုင် လောက်အောင် များပြားလှတယ်၊ ဇနပဒ ကလျာဏီကလည်း မကြည့်ဘဲ မနေနိုင် လောက်အောင်ကို ချောမောလှပ် ပြေပြစ် ပါတယ် (မှန်ပါ့ ဘုရား)။

အဲဒီကို မင်းသွားရမယ် ဆိုပြီး နောက်က လူသတ် ယောက်ျားနဲ့ ဆီခွက်ထဲမှာ ဆီကို နှုတ်ခမ်းရေးနဲ့ ညီနေအောင် ထည့်ပြီး သကာလ လွှတ်လိုက်တယ် (မှန်ပါ့)။

အားလုံး ဒကာ ဒကာမတွေ သွားရမည့် နေရာကလည်း ကြမ်းတယ်နော် (ကြမ်းပါတယ် ဘုရား)၊ လူအုပ်ထဲ သွားရမယ် ဆိုတော့ ကြမ်းတယ် (မှန်ပါ့)။

ကပွဲထဲကိုသွားရမယ်

ဟို ဇနပဒကလျာဏီ ကပွဲထဲ သွားရတော့မယ် ဆိုတော့လည်း ကြည့်စရာ အာရုံတွေက မကြည့် မဖြစ် လောက်အောင် ကြီးကျယ် ခမ်းနားတာတွေ ကလည်း ရှိနေတော့ ဒီဆီခွက် ဖိတ်လို့ ရှိရင်လည်း အသက်ကြသေရမှာဆိုတော့ ဦးမာဒင်တို့၊ ဦးဗထွေးတို့၊ ဦးဘသန်းတို့၊ ဦးသန်းမောင်တို့၊ ဒကာကြွယ်တို့က စဉ်းစား ကြည့်စမ်းပါလား (မှန်ပါ့)။

အသက်သေရမှာ သူအလွန် အရေးကြီးမလား၊ ခုနင်က လူအုပ်ထဲလည်း သူသည်ကားလို့ ဆိုလို့ ရှိရင်ဖြင့် သွားချင်တဲ့ စိတ်ပေါ်မလား၊ ပွဲကြည့်ချင်တဲ့ စိတ်ပေါ်မလား၊ အသက်သေမှာ ကြောက်မလား ဆိုတာ အကဲခတ်ကြစမ်း (အသက်သေမှာ ကြောက်မှာပါ ဘုရား)။

ဒကာ ဒကာမတို့ ဘာကြောက်သလဲ (အသက် သေမှာကြောက်မှာပါ) ဒါမကြည့်ရလဲ သေသွားမှာ မဟုတ်ဘူး (မှန်ပါ့) ဆီက တစ်ပေါက် ဖိတ်လိုက်ရင် နောက်က သန်လျက် ကိုင်တဲ့ ယောက်ျားနဲ့ ဟာက ဦးမာဒင် သေပွဲ ဝင်ရမယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ)။

ဆီတစ်ပေါက်ဖိတ်ရင်သတ်စေ

ကောင်းပြီတဲ့၊ ဒီလိုနဲ့ ရှင်ဘုရင်က ရာဇဝတ်သားကို ဒကာ ဒကာမတို့ လူအုပ်ရှေ့လည်း မင်းဖြတ် သွားရမယ်၊ အဲဒီက ကျော်တော့ ဇနပဒကလျာဏီ ကပွဲကိုလည်း မင်းသည်ကားလို့ ဆိုလို့ ရှိရင်ဖြင့် အဲဒီ ဆက်သွားရမယ် (မှန်ပါ့)၊ ဆီတစ်ပေါက် ဖိတ်လို့ ရှိရင်လည်း မင့်ကို နောက်က လူသတ် ယောက်ျားကဖြင့် အသက်ချမ်းသာ မပေးဘူး၊ ကျတ ဲ့နေရာမှာ သတ်စေ ဆိုတဲ့ အမိန့်တော့ ငါပေး လိုက်တယ် (မှန်ပါ့)။

အဲဒီတော့ မင်းပဲ စောင့်ရှောက်ပြီး သကာလ သွားနိုင်လဲ သွားပေါ့၊ မသွားနိုင်လည်း သေဖို့ပဲ (မှန်ပါ့) ဘယ်နှစ်မျိုးပါ လိမ့် (နှစ်မျိုးပါ ဘုရား)၊ စောင့်ရှောက် နိုင်ရင် အသက်ချမ်း သာမယ် (မှန်ပါ့)၊ မစောင့်ရှောက်နိုင်ရင် (အသက်သေ ရပါ့မယ်)၊ အသက် သေရမယ် ဆိုတာ ဒကာ ဒကာမတို့ သဘော ကျပလား (ကျပါပြီ)။

ဒါ ဥပမာပြတာ (မှန်ပါ့)၊ ဒကာ ဒကာမတို့ ဒီပုဂ္ဂိုလ်ဟာ သူ့ဆီခွက်ကိုပဲ အရေးစိုက် မလားတဲ့၊ အရေးစိုက် ချင်တဲ့စိတ် ပေါ်မလား၊ ပွဲကြည့်ချင်တဲ့ စိတ် ပေါ်မလား ဆိုတာ အကဲခတ်စမ်း (သူ့ဆီခွက် ကိုပဲ အရေးစိုက်ပါမယ် ဘုရား)။

ဆီခွက်ပဲ အလေးပြုမယ် (မှန်ပါ့)၊ မဖိတ်အောင် သူဂရုစိုက်မယ် (မှန်ပါ့)။

လူအုပ်နဲ့ပွဲကို ကျော်မှ အသေလွတ်မှာ

ဒီပွဲက ကျော်သွားလို့ ရှိရင်လည်း သူ့ကို လူသတ် ငါးယောက်က ဒကာ ဒကာမတို့ မသတ် နိုင်တော့ပါဘူး (မှန်ပါ့)၊ လူအုပ်ကျော်ကာ ပွဲကျော်သွားလို့ ရှိရင်လည်း ဦးသန်းမောင် အသေလွတ် ပါတယ် (လွတ်ပါတယ် ဘုရား)။

ဒါဖြင့် ဒီကြားကလေးမှာ သူဟာ သာမည ဂရုစိုက် မလား အထူးတလည် ဂရုစိုက်မလား ဆိုတာ ဒကာ ဒကာမတို့ တရားတစ်ပွဲလုံးက အကဲခတ် ကြည့်တာပေါ့ (အထူးဂရုစိုက် မှာပါ ဘုရား)။

ဆီတစ်ပေါက် ဖိတ်ရင် သေပွဲ ဝင်ရမယ် (မှန်ပါ့)၊ တစ်ပေါက် ဖိတ်လို့ရှိရင် (သေပွဲဝင်မှာပါ ဘုရား)၊ ဒါဖြင့် ဒါကလေး ကျော်လွန်ဖို့ရာ သူသည် ဒကာကြွယ် အားကုန် ဂရုစိုက်တော့မှာပဲ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ကျော်နိုင်ဖို့အားကုန်ဂရုစိုက်တယ်

အားကုန် ဂရုစိုက်တော့မယ် ဆိုတော့ ဒကာ ဒကာမတွေ ရိပ်မိလောက်ပါပြီ (ရိပ်မိပါပြီ ဘုရား)၊ အဲ ဒီမှာလည်း ဒကာ ဒကာမတွေ နေ့လည်က ပြောထားတယ်၊ ဒကာ ဒကာမတွေ သင်ထားတယ်၊ စိတ်က ဒကာ ဒကာမတွေ ဆယ့်သုံးမျိုး ရှိတယ် (မှန်ပါ့)။

အဲဒါ ဆီခွတ်ကိုဖြင့် ဒကာ ဒကာမတွေက တစ်ခါတည်း မျက်လုံးက မြင်စိုက်ပေါ်လည်း ဖြစ်ပျက် ရှုမတဲ့ (မှန်ပါ့)၊ နားက ကြားစိတ်ပေါ်ရော (ဖြစ်ပျက်ရှုရမှာပါ)၊ နှာခေါင်းက နံစိတ် ပေါ်ရော (ဖြစ်ပျက် ရှုရမှာပါ)၊ ဖြစ်ပျက် ရှုမှုမှ တစ်ပါး ဘယ်မှ မသွားရဘူးနော် (မှန်ပါ့)။

ဘေးမထွက်စေနဲ့ (မှန်ပါ့)၊ ဘေးထွက်လို့ ရှိရင်ဖြင့် ဖြစ်ပျက် မရှိတဲ့ဘက် ထွက်သွားလို့ ရှိရင်ဖြင့် ဒကာ ဒကာမတို့ ငါးပါးအာရုံ ကာမဂုဏ်ထဲ ထွက်သွားလို့ ရှိရင်ဖြင့် တဏှာ ဥပါဒါန် ကံတွေက ခင်ဗျားတို့ကို သတ်တော့မယ် (မှန်ပါ့)။

ဖြစ်ပျက် မရှုဘဲနဲ့ စိတ်တခြား ထွက်သည်နဲ့ တစ်ပြိုင်နက် တည်း တဏှာစိတ် လာတော့မယ် (လာမှာပါ ဘုရား)။ ဥပါဒါန် ကရော (လာမှာပါ)၊ ကံကရော (လာမှာပါ ဘုရား)။

ဝေဒနာသုံးပါးကို ဆီခွက်လို့မှတ်

ဒီကံက ဘာလုပ်မှာဆိုတော့ လက်ရှိ ခန္ဓာကြီးကို ဒီကံက ကုန်အောင် လုပ်ပြီး လက်မဲ့ အပါယ် ခန္ဓာ ကြီးကို ပေါ်ပေါက်အောင် လုပ်ပေးလိမ့်မယ် (မှန်လှပါ ဘုရား) သဘော ကျပလား (ကျပါပြီ ဘုရား)၊

ဪ ပြင်ဘက် ထွက်လိုက်ရင် တယ် ဆိုးပါကလား (ဆိုးပါတယ် ဘုရား)၊ ဒါဖြင့် ဒကာ ဒကာမတို့ ဝေဒနာရှုတဲ့ ပုဂ္ဂိုလ်ဟာ ဝေဒနာ သုံးပါးကို ဆီခွက်လို့ မှတ်ထား (မှန်ပါ့)၊ စိတ်ရှုတဲ့ ပုဂ္ဂိုလ်က လည်း ဒကာ ဒကာမတို့ ဆရာဘုန်းကြီး ပြထားတဲ့ ဆယ့် သုံးခုဟာ ဆီခွက်လို့မှတ် (မှန်ပါ့ ဘုရား)။

ဒီဆီခွက်ကို ဉာဏ်နဲ့မခွဲနဲ့

ဒီဆီခွက်နဲ့ ဉာဏ်နဲ့ ဦးမာဒင် မခွဲနဲ့နော် (မှန်ပါ့) ဘေးဖဲ့ရင်ဆီဖိတ်ပြီ(မှန်လှပါ)၊ ဒီဖြစ်ပျက်တွေနဲ့ မဂ်နဲ့ တည့်နေရင် (ဆီမဖိတ်ပါ ဘုရား)၊ ဆီမဖိတ်ပါဘူး ဒကာ ဒကာမတို့ (မှန်ပါ့)၊ ဆီမဖိတ်ပါဘူးတဲ့ ဖြစ်ပျက်နဲ့ မဂ်နဲ့ တည့်နေလို့ရှိရင်ဖြင့် ဒါဟာ ဘေးကိလေသာယိုပေါက် ဦးမာဒင် လာသေးရဲ့လား (မလာပါ ဘုရား)။

ကိလေသာယိုပေါက် ကိလေသာ ကျပေါက် ဆိုတာ ဖြစ်သေးရဲ့လား (မဖြစ်ပါ ဘုရား)။

ဒီဝတ္ထုအတိုင်းအလုပ်လုပ်ပါ

ဒါ ဘုရားက ဇနပဒကလျာဏီ ဝတ္ထုကို ဒကာ ဒကာမတွေ ဒီဝတ္ထုအတိုင်း အလုပ် လုပ်ပါဆိုတဲ့ ဥစ္စာကို ဦးမာဒင် တို့ ဦးဗထွေးတို့ သေသေချာချာ သင်တာပဲ (မှန်ပါ့ ဘုရား)၊ ဒီသဘော ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ခင်ဗျားတို့ကို ဘုန်းကြီးက ဝေဒနာ သုံးပါး လှည့်ပြော တယ် (မှန်ပါ့)၊ သုံးပါး လာတိုင်း လာတိုင်း ဖြစ်ပျက်သာ ရှုနေ (မှန်ပါ့)၊ ဘေးမထွက်ပါနဲ့ (မှန်ပါ့)၊ ဉာဏ်က ဘေးမထွက်ပါနဲ့ (မှန်ပါ့)။

ဘေးထွက် လိုက်သည်နှင့် တစ်ပြိုင်နက်တည်း သားတွေ ဖို့ ထွက်လိုက်လို့ရှိရင် သားဘက်က နေပြီး တဏှာ ဥပါဒါန်ကံ ဆီ သေပွဲ ဝင်ရတယ် (မှန်ပါ့)။

ဆီခွက်ဖိတ်လို့သေပွဲဝင်ရတယ်

အရောင်းအဝယ်ဘက် စိတ်က ထွက်သွားမယ် ဆိုလို့ရှိရင် သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ အဝိဇ္ဇာ သင်္ခါရ ဆိုတဲ့ သေပွဲပဲ ဝင်ရတယ် (မှန်ပါ့)။

ဘာဖြစ်လို့တုန်း ဆီခွက် ဖိတ်လို့ (မှန်လှပါ) ခင်ဗျားတို့ ဝိပဿနာဉာဏ် အပြင် ထွက်သွားလို့ (မှန်ပါ့)၊ ဝိပဿနာ အလုပ်မှ တစ်ပါး တဏှာ အလုပ်ကို အပြင် ထွက်သွားလို့လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား) သြော် တယ်ကြောက် စရာကောင်းပါကလား (ကောင်းပါတယ် ဘုရား)။

ဘုရားပေးတဲ့ဥပမာ

ဘုရားပေးတဲ့ ဥပမာသည် ဦးမာဒင် အင်မတန် အဖိုးတန် ပါတယ် (တန်ပါတယ် ဘုရား)။

ဒါ ဘယ့်နှယ်ကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဒီဆီခွက် ဥပမာနဲ့ လူသတ် ယောက်ျားနဲ့ ဒီပွဲတွေ လွှတ်ပါ လိမ့် မတုံးလို့ မေးတဲ့ အခါကျတော့ ကျုပ်တို့က နဂိုကိုက ရာဇဝတ် သားတွေ ဖြစ်နေတော့ သံသရာ့ ထောင်ထဲမှာ ကျနေတယ် (ကျနေပါတယ် ဘုရား)။

ရာဇဝတ်သားကို ဆီဖိတ်မှသတ်မယ်

ကျုပ်တို့က နဂိုက စိတ်မငြိမ်ခဲ့ မတည်ခဲ့တဲ့ ပုဂ္ဂိုလ်မို့ ရာဇဝတ် ထောင်ထဲ ကျခဲ့တယ်၊ ဒီလူ့ပြည်ကြီးဟာ ရာဇဝတ် ထောင်ကြီးပဲ (မှန်ပါ့)၊ ဒီထောင်ထဲက သတ်မိန့်ကို ပေးဖို့ရာ သည်ကားလို့ ဆိုလို့ ရှိရင် အဆင်သင့် ဖြစ်ငြား သော်လည်း ဆီဖိတ်မှ သတ်မယ်ဆိုတဲ့ ပရိယာယ်မျိုးနဲ့ ရှင်ဘုရင်က လွှတ်ထားတာပါ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒီမှာလည်း သတိပဋ္ဌာန် ပြင်ဘက်ထွက်မှ ခင်ဗျားတို့ အိုပွဲ၊ နာပွဲ၊ သေပွဲ ဖြစ်ရတော့မယ် (မှန်ပါ့)၊ သတိပဋ္ဌာန် ပြင်ဘက် မထွက်လို့ရှိရင်ဖြင့် အောင်ပွဲချည်း မှတ်ပါ (မှန်ပါ့ ဘုရား)။

ဦးမာဒင် ဘယ်လောက် အရေးကြီးသလဲ (ကြီးပါ တယ် ဘုရား)၊ သတိပဋ္ဌာန် ပြင်ဘက် ထွက်လို့ ရှိရင်ဖြင့် (သေပွဲပါ ဘုရား) သေပွဲ တွေ့ရတယ် (တွေ့ရပါတယ် ဘုရား)။

ဖြစ်ပျက်နဲ့ မဂ်နဲ့ မကိုက်လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဖြစ်ပျက် ရှိတယ်၊ မဂ်ကလဲလိုက်၊ ဉာဏ်ကလဲ လိုက်လိုက်တယ်။

သြော် ဒါဖြစ်ပျက်ပါလား၊ ဟိုဘက်က ဖြစ်ပျက် ဆိုရင် ဟိုဘက် ကလည်း အင်း ဒါလဲ ဖြစ်ပျက် ပါကလား၊ ဒီလိုလိုက် သွားရင်တော့ဖြင့် ဒကာ ဒကာမတို့ ခဏနဲ့ပဲ ဆီမဖိတ် သောကြောင့် ဒီနှစ်မျိုး လွန်သွားမှာပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒီနှစ်မျိုးလွန်သွားရင် အသက်ရှင်ပြီ

ဒါဖြင့် ဒီနှစ်မျိုးလွန်သွားလို့ ရှိရင်ဖြင့် သူ့အမိန့် တာဝန် ကုန်ပြီ (ကုန်ပါပြီ ဘုရား)၊ ဒီနှစ်မျိုး လွန်သွားလို့ ရှိရင်ဖြင့် ရာဇဝတ်သား၏ သတ်မှုဖြတ်မှု အလုပ်မှ မင့်ခွင့်လွှတ် လိုက်ပြီ ဆို တော့ အမြဲ တမ်း အသက်ရှင်လို့ ပြောလိုက်တာပဲ (မှန်ပါ့)။

ဒီနှစ်မျိုးကို မကျော်လွန်သေးလို့ မင်းက မျက်စိက တောင်ကြည့်၊ မြောက်ကြည့် လူအုပ် ထဲလည်း လူအများတွေနဲ့ ပျော်ချင် ပါးချင်တဲ့ စိတ် ပါလာလို့ မင့်ဆီခွက်ကို လွှတ်လိုက်လို့ ရှိရင် ဆီခွက်မှ တစ်ပါး တခြားဘက် စိတ်ထွက် လိုက်လို့ ရှိရင်ဖြင့် ဆီဖိတ်လို့ မင့်အသတ် ခံရမယ် (မှန်ပါ့)၊ ဆိုတော့ ဒီနှစ်မျိုး ကလည်း ဦးမာဒင် တော်တော် အရေးကြီးတယ် (ကြီးပါ တယ်)၊ မကြီးဘူးလား (ကြီးပါတယ် ဘုရား)။

အဲဒီကြီးတဲ့ ပွဲထဲကိုပဲ လွှတ်လိုက်ပါတဲ့ (မှန်ပါ့ ဘုရား)၊ လွှတ်တော့ ဆီတစ်ပေါက်မှ မဖိတ် ပါဘူး၊ ပထမ လူအုပ် ထဲမှာလည်း မဖိတ်ပါဘူး (မှန်ပါ့ ဘုရား)၊ ဇနပဒကလျာဏီပွဲ မှာလည်း ပွဲကို လှည့်ပြီး မကြည့်မိတဲ့ အတွက် တိမ်းခြင်း၊ စောင်းခြင်း မရှိလို့ ဆီမဖိတ်ပါဘူး (မှန်ပါ့ ဘုရား)။

သတ်ရန်ကိစ္စလွတ်သွားပြီ

ဟိုဘက်လွန်သွားသည်နဲ့ တစ်ပြိုင်နက်တည်း ဒကာ ဒကာမတို့ သူ့ကိစ္စ ပြီးသွားပြီ (မှန်ပါ့)၊ သတ်ရန် ကိစ္စလွတ် သွားပြီ (လွတ်သွားပါပြီ ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ထို့အတူပဲတဲ့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေလည်း အခု ဘုန်းကြီးကလည်း သင်ထားတယ်၊ နောက်နေ့တိုင်း သင်နေတဲ့ ဝေဒနာတွေ သင်ထားတယ် (မှန်ပါ့ ဘုရား)။

အဲဒီ ဝေဒနာဖြစ်ပျက်နဲ့ မဂ်နဲ့သာ ကိုက်အောင် လုပ်နေ လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ တဏှာ ဥပါဒါန်ကံ လာနိုင်သေးရဲ့လား (မလာနိုင်ပါ ဘုရား)။

အင်း စိတ်ဖြစ်ပျက်နဲ့ မဂ်နဲ့ကိုက်လို့ စိတ်က ဖြစ်ပျက် ရှုတာက မဂ်နဲ့ တစ်ခါတည်း ကိုက်နေလို့ ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဒိဋ္ဌိ ဒိဋ္ဌုပါဒါန် ဒိဋ္ဌိအုပ်ချုပ်တဲ့ကံ လာသေးသလား (မလာပါ ဘုရား)။

ဒကာသစ်ရေ ဒါဆီမဖိတ်တာပဲ (မှန်ပါ့) ပဋိစ္စ သမုပ္ပါဒ် မတန်းတာသည် ဆီမဖိတ်တာပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘာအရေးကြီးနေသတုံး

ဒါဖြင့် ဒကာ ဒကာမတို့မှာ ဘာအရေးကြီးနေ သတုံး ဆိုလို့ ရှိရင်ဖြင့် ဖြစ်ပျက်နဲ့ မဂ်နဲ့သာ ကိုက်နေလို့ ရှိရင်ဖြင့် တဏှာ ဥပါဒါန်တို့ တဏှာတည်း ဟူသော သေဖက်၊ ဥပါဒါန် တည်းဟူသော သေဖက်၊ ကံတည်း ဟူသော သေဖက်တွေဟာ ခင်ဗျားတို့ သန္တာန်မှာ မပေါ်လာတဲ့ အတွက် ခင်ဗျားတို့ ဒီဘဝတွင် မသေစေပါဘူး (မှန်ပါ့ ဘုရား)။

နောက်ဘဝများစွာကိုလည်း သေခွင့် ပေးပါ ဦးမလား (မပေးပါ ဘုရား)၊ ဘယ့်နှယ်ကြောင့်တုံး ဆိုတော့ ဆီမဖိတ်လို့ (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ ဘယ်လိုဆိုကြမလဲ (ဆီမဖိတ်လို့ ပါ ဘုရား)။

ဖြစ်ပျက်နဲ့မဂ်နဲ့သာကိုက်နေပါ

ဖြစ်ပျက်နဲ့ မဂ်နဲ့ကိုက်နေရင်ဖြင့် တဏှာ၊ ဥပါဒါန်တည်း ဟူသော ဟိုဘက် စောင်းသေးရဲ့လား (မစောင်းပါ)၊ မစောင်းတော့ကို ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သြော် တို့သည် ကားလို့ ဆိုလို့ရှိရင် အလုပ် လုပ်နေတဲ့ အချိန်မှာ ဖြစ်ပျက်နဲ့ မဂ်နဲ့ ကိုက်နေလို့ရှိရင် ဆီမဖိတ်သလိုပဲ တို့မှာ တဏှာ၊ ဥပါဒါန်၊ ကံ မလာဘူး (မှန်ပါ့)။

ဒေါသ၊ သောက ပရိဒေဝ၊ အဝိဇ္ဇာ၊ သင်္ခါရရော (မလာပါ ဘုရား)၊ မလာပါဘူး ဆိုတာရော သဘောကျပလား (ကျပါပြီ ဘုရား)။

အင်း ဖြစ်ပျက်နဲ့ မဂ်နဲ့ကိုက်နေတော့ ဒကာ ဒကာမ တို့ အဝိဇ္ဇာ သင်္ခါရ ကရော (မလာပါ)၊ မလာတော့ ဒါတွေ လာရင် ဆီဖိတ်တာပဲ (မှန်ပါ့ ဘုရား)။

ဦးမာဒင် ဘာတဲ့တုံး (ဒါတွေလာရင် ဆီဖိတ်ပါ တယ်)၊ တဏှာ၊ ဥပါဒါန်၊ ကံ လာရင်ပဲ (ဆီဖိတ်ပါတယ်)၊ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ လာရင် (ဆီဖိတ်ပါတယ်) အဝိဇ္ဇာ၊ သင်္ခါရ လာရင် (ဆီဖိတ်ပါတယ် ဘုရား)။

ဆီဖိတ်ရင်တော့ ဒါတွေလုပ်မယ်

ဪ ဆီဖိတ်ရင်တော့ဖြင့် ခင်ဗျားတို့ တဏှာ၊ ဥပါဒါန်၊ ကံတို့ စီမံရာ ခံရတော့မယ် (မှန်ပါ့)၊ များများ သေလိုက် (မှန်ပါ့ ဘုရား)။

ဟေ့ များများ သေလိုက် ဆိုတော့ တဏှာ၊ ဥပါဒါန်၊ ကံတို့က များများ သေလိုက်၊ များများ ငိုလိုက်၊ များများ အလောင်းကောင် ဖြစ်လိုက် ဒါလုပ်မှာကိုး (မှန်ပါ့)။

သောက၊ ပရိဒေဝ ကလည်း ဒကာကြွယ် များများ သေဖို့ပဲ သူလုပ်မှာပဲ (မှန်ပါ့)၊ အဝိဇ္ဇာ သင်္ခါရကရော (များများ သေဖို့လုပ်မှာပါ ဘုရား)။

ဒါကြောင့် ဒီပဋိစ္စသမုပ္ပာဒ်တွေဟာ ဒကာ ဒကာမတို့ ကို သတ်မည့် ပဋိစ္စသမုပ္ပာဒ်တွေ (မှန်ပါ့)၊ ဖြစ်ပျက်နဲ့ မဂ် မကိုက်လို့ ပေါ်လာကြတာ (မှန်ပါ့)။ ၊ ဆီခွက် မှတစ်ပါး တခြားကို ရောက်သွားလို့ ဦးမာဒင်တို့ ဦးသန်းမောင်တို့ ပေါ်လာတာ (မှန်ပါ့)၊ ဒကာသစ် ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား)။

ဝိပဿနာလုပ်နေချိန် အပြင်မထွက်နဲ့

ဒါဖြင့် ကျုပ်တို့ ပြင်ဘက် သွားတဲ့အခါ ဆိုတာ မဟုတ်ပါ ဘူး (မှန်ပါ့)၊ ဝိပဿနာ လုပ်နေတဲ့ အချိန်မှာ အပြင် မထွက်ဖို့ ပြောတာ (မှန်ပါ့)။

ဝိပဿနာ လုပ်နေတဲ့ အချိန်မှာ (အပြင်မထွက်ဖို့ ပြောတာပါ ဘုရား)။

ကဲ ဝိပဿနာ ဒီဥစ္စာနဲ့ တစ်ခါတည်း တပည့်တော် တို့ ဘုရာ့ ရှေ့က ဖြစ်ပျက်၊ နောက်က မဂ်ဖြင့် ကိုက်ပါပြီ ဘုရားဆိုတော့ ဦးမာဒင်တို့ စဉ်းစား၊ ဒကာကြွယ်တို့ စဉ်းစားနော် (မှန်ပါ့ ဘုရား)။

အစက လာတဲ့ ပဋိစ္စသမုပ္ပါဒ် လာသေးသလား (မလာပါ ဘုရား)၊ အလယ်က စတဲ့ ပဋိစ္စသမုပ္ပါဒ် (မလာပါ) အဆုံးက ပြန်ပတ်တဲ့ ပဋိစ္စသမုပ္ပါဒ် (မလာပါ)၊ တစ်ခါတည်း ဆီမဖိတ်တော့ဘူး (မှန်ပါ့ ဘုရား)။

သေပွဲတွေအကုန်ရပ်တယ်

ဆီမဖိတ်တော့ကို ဒကာ ဒကာမတို့ သံသရာ့ခရီး ဆက်သေးရဲ့လား (မဆက်ပါ ဘုရား)၊ သံသရာ့ခရီး မဆက်တော့ သေပွဲတွေ အကုန်ရပ် (မှန်ပါ့ ဘုရား)။

သံသရာခရီးမဆက်တော့ (သေပွဲတွေ အကုန်ရပ် ပါတယ်) သေပွဲတွေ အကုန်ချုပ်ငြိမ်း ရုပ်သိမ်းပြီး သကာလ သွားတာ ဘယ့်နှယ်ကြောင့် ပါလိမ့်မတုံး ဆိုတော့ ဆီခွက်ဆီမှာသာ အာရုံ စိုက်ထားလို့ (မှန်ပါ့)၊ ဒီမှာလဲ ဖြစ်ပျက်ဆီမှာသာ ကျုပ်တို့ မဂ်က သတ်ထားလို့ (မှန်ပါ့ ဘုရား)။

ဒီဥပမာကို သေသေချာချာ မှတ်ပါ၊ ဘုရားကပေးတဲ့ ဥပမာဖြစ်နေသောကြောင့် ဒကာကြွယ် ဒီအတိုင်း လုပ်ရင် မအောင်မြင်စရာ မရှိပါဘူး (မှန်ပါ့ ဘုရား)။

ကဲ တစ်နာရီ ထိုင်မယ်ကွာ၊ နာရီဝက် ထိုင်မယ်ဟေ့ (မှန်ပါ့)၊ ဥပမာ အဖျင်းဆုံး ငါသည် ၁၅ မိနစ် ထိုင်မဟေ့ (မှန်ပါ့)၊ ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတွေ ဖြစ်ပျက်နဲ့ မဂ်နဲ့ ကိုက်အောင်သာ လုပ်နေ (မှန်ပါ့)။

ရှူတာသီ၊ ရှိုက်တာသိနေပါ

ကဲ ဒီလိုမှ လုပ်လို့မရသေးဘူး ဆိုလို့ရှိရင်လည်း “ရှူတာကလေး သိနေ၊ ရှိုက်တာကလေး သိနေ၊ ပေါ်မှ တစ်ခါ တည်း ဖြစ်ပျက်တွေလိုက်” (မှန်ပါ့)။

“ရှူတာသိနေ၊ ရှိုက်တာ သိနေရင်လည်း ဦးမာဒင် ဘေးသွားသေးသလား” (မသွားပါ ဘုရား) ပဋိစ္စသမုပ္ပါဒ် တည်းဟူသော ဆီတွေ ထွက်သေးသလား (မထွက်ပါ ဘုရား)။

ဪ ဒါဖြင့် နေရာကျပြီ၊ ဒါဖြင့် ထိုင်ကြမှ ရှူလိုက်၊ ရှိုက်လိုက် ရိုးရိုးပေါ့ဗျာ (မှန်ပါ့) ရှူတာ ရှူစိတ်ကလေး ထွက်လာ လည်းသိ၊ ရှိုက်တဲ့ စိတ်ကလေး ဝင်လာတာလည်းသိ (မှန်ပါ့)။

စိတ်ပေါ်လာရင်ဖြစ်ပျက်ရှု

ဒီလိုသိနေရင်း မတ္တနဲ့မှ ဟိုစိတ်၊ ဒီစိတ်တွေ ဘုန်းကြီး ပြောသွားတဲ့ စိတ်ဆယ့်သုံး စိတ်က တစ်ခုခု ပေါ်လာရင် သူ့ဖြစ် ပျက်ပြန်ရှု (မှန်ပါ့ ဘုရား)။

ဖြစ်လိုက်၊ ပျက်လိုက်နဲ့ သူမရှိပြန်ဘူးဆိုရင် ရှူတဲ့ ရှိုက်တဲ့ စိတ်ကလေး ပြန်လှည့်လိုက် (မှန်ပါ့)၊ ရှူတဲ့စိတ် ကလေးကိုလည်း ဖြစ်ပျက်ရှုရင် ရှူလိုက် (မှန်ပါ့)၊ ရှိုက်တဲ့ စိတ်ကလေးကိုလည်း (ဖြစ်ပျက် ရှုရပါမယ် ဘုရား)။

ဝေဒနာပေါ်ရင်ဖြစ်ပျက်ရှု

ဒီချည်းပြန်ထိုင်ပြီး သကာလ ဝေဒနာ ပေါ်လည်း သုခလာလည်း ဖြစ်ပျက် ရှုလိုက် (မှန်ပါ့)၊ ဒုက္ခလာရင် (ဖြစ်ပျက်ရှုရပါမယ်)၊ ဥပေက္ခာ လာလည်း (ဖြစ်ပျက် ရှုရပါမယ် ဘုရား)။

ဟာ ဘာမှမရှိဘူး ဆိုရင် ရှူးစိတ်၊ ရှိုက်စိတ် ပြန်ပြီး ဖြစ်ပျက် ရှုနေ(မှန်ပါ့) ဆိုတော့ ဒကာကြွယ်ရေ စိတ်ပြင် ဘက် ထွက်သေးရဲ့လား (မထွက်ပါ ဘုရား)။

ဆီခွက်မှာချည်း ဒကာ ဒကာမတွေ မျက်လုံးက ဂရုစိုက် နေသလို ဆီဖိတ်ရင် အသတ် ခံရမှာ စိုးသလို ဆီခွက်မှာ အကြီးအကျယ် ကြောင့်ကြသမှု ပြုပြီး သကာလ ဦးမာဒင် ဂရုစိုက်နေ (မှန်ပါ့)၊ ဆီဖိတ်ရင် အသတ်ခံရမှာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

သွားရမည့် ခရီးကတော့ဖြင့် အင်း ဆီဖိတ်စရာတွေ တော့ များသပေါ့ဗျာ (မှန်ပါ့)၊ သို့သော် ကိုယ့်အတွက် သနား သဖြင့် ဒီပုဂ္ဂိုလ် ရာဇဝတ်သားသည် ဆီဖိတ်မှုတော့ သူအထူး ဂရုစိုက်မယ် (မှန်ပါ့)။

မဖိတ်ရဘူးကွနော် ဆိုတဲ့ စိတ်ကို တစ်ခါတည်း မမွေးပေ ဘူးလား (မွေးထား ပါတယ်)၊ ဒကာကြွယ် သဘောကျ ပလား (ကျပါပြီ ဘုရား)။

ဆီခွက်နဲ့ရှုစရာနဲ့တူတယ်

အဲဒီလိုပဲ ဒကာ ဒကာမတွေက ဝေဒနာရှုတဲ့ ပုဂ္ဂိုလ်က ဝေဒနာ ဆီခွက်ဆီမှ တစ်ပါးဘယ်မှ မသွားနဲ့ (မှန်ပါ့) စိတ်ရှု တဲ့ ပုဂ္ဂိုလ်ကလည်း စိတ်ဆီခွက်ဆီမှ တစ်ပါး ဘယ်မှ မထွက် စေနဲ့ (မှန်ပါ့)၊ ထွက်ရင် ဆီဖိတ်တာနဲ့ အတူတူပဲ (မှန်ပါ့)။

ဆီဖိတ်ရင် နောက်က သူသတ်ယောက်ျားနဲ့တူတဲ့ ခုနင်က ပဋိစ္စသမုပ္ပါဒ် သုံးခုက ဦးမာဒင် လာမလား၊ မလာဘူးလား (လာမှာပါ ဘုရား)၊ တစ်ခုခု လာရလိမ့်မယ်နော် (လာမှာပါ ဘုရား)။

သတ်မည့်သူက ပဋိစ္စသမုပ္ပါဒ်တရား

တစ်ခုခု လာလို့ရှိရင်လည်း ကျုပ်တို့ အိုလို့၊ နာလို့၊ သေလို့ ဆုံးပါဦးမလား (မဆုံးပါ)၊ အဲဒီတော့ သူသတ်သမားတွေ ဆိုတာ လာမည့် ပဋိစ္စသမုပ္ပါဒ်ကို ဆိုလိုက်ပါတယ် (မှန်ပါ့)။

ဒီနေ့တရားက အင်မတန် အဖိုး ထိုက်တန်ပြီး သကာလ နေတော့ အတော်ကို ဉာဏ်နားနဲ့ ထောင်မှသာလျှင် သြော် ဟုတ်ပါကလား ဆိုတာ ဒကာကြွယ် ပေါ်လာတယ် (မှန်ပါ့)၊ ဦးလှဘူး ရိပ်မိရဲ့လား (ရိပ်မိပါပြီ ဘုရား)။

နောက်က ဒကာ ဒကာမတွေရော ရိပ်မိကြရဲ့လား (ရိပ်မိပါတယ် ဘုရား)၊ ဆီခွက်နဲ့ ခင်ဗျားတို့ ရှုစရာနဲ့ တူပါတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ရှုတဲ့ဉာဏ်နဲ့ရာဇဝတ်သားနဲ့တူတယ်

ဆီခွက်နဲ့ ရှုစရာတွေနဲ့ တူပါတယ် (မှန်ပါ့)၊ ရှုတဲ့ဉာဏ်နဲ့ ရာဇဝတ်သားနဲ့ တူပါတယ် (မှန်ပါ့)၊ နောက်က လိုက်နေတဲ့ ဓားတွေနဲ့ သန်လျက်တွေနဲ့ ဆီခွက်ဖိတ်ရင် သတ်မယ် ဆိုတဲ့ ပုဂ္ဂိုလ်တွေနဲ့ ပဋိစ္စသမုပ္ပါဒ် တရားတွေနဲ့ တူပါတယ် (မှန်ပါ့)။

ဦးမာဒင် ရိပ်မိပလား (ရိပ်မိပါပြီ)၊ ဘယ်လောက် နက်နဲတယ် ဆိုတာ ပေါ်လာပလား (ပေါ်လာပါပြီ ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတို့ ဒီဆီခွက်ကို အသတ်ခံရမည့် လူသည် အလွန် အရေးတကြီး စောင့်ရှောက်ပြီး သကာလ ဒီပွဲမှ လွန်မြောက်အောင် သွားရသလိုပဲ (မှန်ပါ့ ဘုရား)။

ကျုပ်တို့သည် ဝေဒနာ ဆီခွက် (မှန်ပါ့)၊ စိတ်ရှုတဲ့ ပုဂ္ဂိုလ်က စိတ်ဆီခွက်မှတစ်ပါး ဉာဏ်က ကျုပ်တို့ ဘယ်မှ မသွား ဘဲနဲ့ အင်း ဖြစ်ပျက်နဲ့ မဂ်နဲ့ ကိုက်ရမယ် (မှန်ပါ့) လုပ် ပြီး သကာလ နေမယ် ဆိုတော့ နောက်က ဆီစက် ကျရင် သတ်မယ်ဆိုတဲ့ ဥစ္စာ ပဋိစ္စသမုပ္ပါဒ်တွေက ပေါ်နိုင်သေးရဲ့လား (မပေါ်နိုင်ပါ ဘုရား)။

မပေါ်နိုင်တော့ တဏှာ ဥပါဒါန် ကံကလဲချုပ် (မှန်ပါ့) အဝိဇ္ဇာ သင်္ခါရ ကလဲချုပ် (ချုပ်ပါတယ် ဘုရား)၊ ဒုက္ခ ဒေါမနဿ တွေကရော (ချုပ်ပါတယ် ဘုရား)။

ဒါတွေက သတ်မည့်တရား (မှန်ပါ့)၊ ဘဝများစွာ သတ်မယ် (မှန်ပါ့) သဘောကျရဲ့လား (ကျပါတယ်)။ သတ်ခွင့်ရသေးရဲ့ လား (မရပါ ဘုရား)။

အင်း ဘယ့်နှယ်ကြောင့် မရပါလိမ့်၊ ကျုပ်တို့က ဖြစ်ပျက် နဲ့ မဂ်နဲ့ကိုက်နေလို့ (မှန်ပါ့)။

ဒကာ ဒကာမတွေ ဘယ်လိုပါလိမ့် (ဖြစ်ပျက်နဲ့ မဂ်နဲ့ကိုက်နေလို့ပါ)၊ ရှေ့က အနိစ္စ၊ နောက်က မဂ္ဂ (မှန်ပါ့)။ မြန်မာလိုပြန်လိုက်တော့ ဖြစ်ပျက်နဲ့ မဂ်နဲ့ ကိုက်တယ် (မှန်ပါ့)။

စင်စစ်တော့ဖြင့် အနိစ္စနဲ့ မဂ္ဂနဲ့ သွားပြီးတော့ကို ကိုက်ညီ နေလို့ဆိုတာကိုဖြင့် ဦးဗထွေးတို့၊ ဦးသန်းမောင်တို့ ငြင်းစရာ မလိုတော့ဘူး (မလိုပါ ဘုရား)။

တာရှည်လုပ်ရမှာလား

အဲဒါ တာရှည်လုပ်ရမှာလား ဘုရားလို့ဆိုတော့ ခင်ဗျားတို့ဗျာ တာရှည် မဟုတ်ပါဘူး ဒီပွဲ ကလေးကို လွန်ရုံတင်ပါ (မှန်ပါ ဘုရား)။

ဇနပဒကလျာဏီ ကနေတဲ့ပွဲ မကြည့်မိရုံပါ (မှန်ပါ့) ဆိုတော့ ဦးမာဒင် သိပ်တာရှည်ကြီး လာတဲ့ လွန်ရုံပဲလား (ဒီပွဲလွန်ရုံပါ ဘုရား)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။

ဒီပွဲ လွန်တယ်ဆိုတဲ့ ဥစ္စာက ဒကာ ဒကာမတို့ ဖြစ်ပျက်၊ မြင်ဖို့ရယ်၊ ဖြစ်ပျက် မုန်းဖို့ရယ် (မှန်ပါ့ ဘုရား)၊ ဒီပွဲ လွန်သွား လို့ရှိရင် ဟိုဘက်က မဂ်ဆိုက်လာပြီဗျ။ ပဋိစ္စသမုပ္ပါဒ် ဖြတ်တဲ့ မဂ်လာပြီ (မှန်ပါ့ ဘုရား)။

ဖြစ်ပျက်မြင်ဖို့နဲ့ဖြစ်ပျက်မုန်းဖို့

ဖြစ်ပျက်မြင်ဖို့နဲ့ ဖြစ်ပျက်မုန်းဖို့ နှစ်ခုကလေးသာ ခင်ဗျားတို့ အရေးကြီးပါတယ် (မှန်ပါ့ ဘုရား)။

အဲဒါကလေး နှစ်ခုတက်ပြီးလို့ရှိရင် ဟိုဘက်မဂ်ပေါ်တော့ ခင်ဗျားတို့က သာလို့ သူသတ် ယောက်ျားတွေ လက်လျှော့ပြီး ပြန်ရပါတယ် (မှန်ပါ့)၊ ကျုပ်တို့က မဂ်ဉာဏ်နဲ့ အလုံးစုံကို အောင်မြင် သွားပါပြီ (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာကြွယ် ဒီပွဲကလေး လွန်အောင် ကြိုးစားဖို့ရာ ကျုပ်တို့က ဝန်လေးစရာ မလိုပါဘူး (မလိုပါ)၊ လိုသေးသူ လား (မလိုပါ ဘုရား)။

ဒါဖြင့် ယနေ့က စပြီး ဒီဥပမာအတိုင်း ဘုရားပေးတဲ့ ( ဥပမာအတိုင်း စိတ်ရှုတဲ့ပုဂ္ဂိုလ်က စိတ်ဆီခွက်ဆီမှ တစ်ပါးကိုယ့်ဉာဏ် ဘယ်မှ မသွားစေဘူးကွ၊ ငါတစ်နာရီ အတွင်း (မှန်ပါ့) နာရီဝက် အတွင်း ဆယ့်ငါးမိနစ် အတွင်း (မှန်ပါ့ ဘုရား)။

အကယ်၍ ပြင်ဘက် ထွက်သွားတယ် ဆိုလိုက်ပါတော့ ပြင်ဘက် ထွက်သွားတယ်လို့ ဆိုလို့ရှိရင် ဘုန်းကြီးက သတိပေး လိုက်တယ် (မှန်ပါ့ ဘုရား)။

သားဘက်၊ သမီးဘက်ရောက်သွားတယ်

သားဘက်ရောက် သွားတယ်ဘုရာ့၊ သမီးဘက် ရောက် သွားတယ်ဘုရာ့၊ အလုပ်အကိုင် ဘက်ရောက် သွားတယ်၊ ဟော ဒါကိစ္စမရှိပါဘူး၊ ဒကာ ဒကာမတွေ ကိစ္စမရှိဘူး၊ သူ့ကိုပင်လျှင် ဖြစ်ပျက် ပြန်ရှုလိုက် (မှန်ပါ) သူ ဆီခွက် ပြန်တည့် ဖြစ်တာ ပဲ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။

သူ့ကို ဝင်လာ ကတည်းက ဖိတ်မည့် တရားကိုပင်လျှင် မဖိတ်စေအောင် တစ်ခါတည်း ပြန်ထိန်း လိုက်တယ် (မှန်ပါ့) ဒီဘက်က နည်းနည်းတော့ တစ်ခါတည်း စောင်းသွားတယ် (မှန်ပါ့ ဘုရား)၊ ဖိတ်တော့မည့် ဆဲဆဲမှာ ပြန်တည့် ပြန်တော့လည်း ဒကာကြွယ် မရဘူးလား (ရပါတယ် ဘုရား)။

ပေါ်ရာကိုရှုနေလိုက်ပါ

ထို့အတူပဲ တဲ့၊ ကြားထဲမှာ သားစိတ်၊ သမီးစိတ်၊ ဆွေစိတ်၊ မျိုးစိတ် ကလေးတွေတော့ သူလာချင် လာပစ်လိုက်မယ် (မှန်ပါ့) အရောင်းအဝယ် စိတ်ကလေးတွေရော (လာ ချင်လာမှာပါ ဘုရား)၊ လာချင်လာမယ် ပြန်တည့်လိုက်ပါ (မှန်ပါ့ ဘုရား)။

ဆီခွက်ပြန်တည့်သလို ဘုန်းကြီးတို့ ဒကာ ဒကာမတွေက လာတဲ့စိတ်ကို ဖြစ်ပျက် ပြန်ရှုလိုက် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။

လာတဲ့စိတ်ကို (ဖြစ်ပျက် ပြန်ရှု ရပါမယ် ဘုရား)။ လာတဲ့စိတ် ဖြစ်ပျက်ပြန်ရှု ပြီးတော့မှ ဆီခွက် ပြန်တည့်တယ် (မှန်ပါ့)၊ ဖိတ်တဲ့ ဆီတွေ ပြန်စုသလို ဝေဒနာကြိုက်တဲ့ ပုဂ္ဂိုလ်က ဝေဒနာသုံးပါး လှည့်ရှု (မှန်ပါ့)၊ စိတ်ကြိုက်တဲ့သူက စိတ်ဆယ့်သုံးပါးကို (ရူရပါမယ် ဘုရား)၊ အဲ ပေါ်ရာကို ရှုနေလိုက် (မှန်ပါ့)။

ဒီလိုဆိုတော့ ဆီခွက် စောင်းပြန်တာ တောင်မှ ဆရာဘုန်း ကြီးကလည်း မဖိတ်အောင် ပြန်ပြီး သကာလ ကယ်ယူတဲ့ ဉာဏ်ကို ပေးပြန်တော့ ဦးမာဒင် အသတ်ခံရဖို့ အရေးဟာ ရှိသေးရဲ့ လား (မရှိပါ ဘုရား)။

ဒီထက် နည်းကောင်းတော့ဖြင့် ဦးဗထွေးတို့၊ ဦးသန်းမောင်တို့၊ ဒကာကြွယ်တို့ ရှိကိုမရှိဘူး (မှန်ပါ့)၊ ရှိသေးရဲ့ လား (မရှိပါ ဘုရား)။

ဆီခွက်ပြန်တည့်လိုက်ပါ

ဖိတ်သွားမည့်ဆီဟာ နည်းနည်း စောင်းရိပ်ကလေး ရှိတယ်ဆိုလို့ ရှိရင် ကိုယ်က စိတ်ကလေးက ဖြစ်ပျက်ဆီမှ တစ်ပါး တခြားကို အင်း သားကလေးများ ဘယ်လိုနေပါလိမ့်၊ သမီး ကလေးများ ဘယ်လိုနေပါလိမ့်၊ အရောင်းအဝယ် ဘယ်လိုများ ဖြစ်နေသလဲ၊ ရန်ကုန် ဘယ်လို နေပါလိမ့်၊ မန္တလေးက ဘာဖြစ် နေပါလိမ့်၊ ဒီစိတ်ကလေး ဖြစ်လာတာတောင်မှ သြော် ဒါ ကြားစိတ်ပါလား၊ ကြားစိတ် ဖြစ်ပျက်ရှု (မှန်ပါ့)၊ ဆီခွက် ပြန်တည့်လိုက် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။

ဘာလုပ်လိုက်ပါလိမ့် (ဆီခွက်ပြန်တည့် လိုက်ပါ တယ် ဘုရား)၊ ဪ ဆီခွက်ဟာ ပြန်တည့် လိုက်တော့လည်း မဖိတ်ဘဲ နေတယ် (မှန်ပါ့)၊ ဖိတ်မှာလည်း စိုးတယ် (မှန် ပါ့ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ)၊ ဘာစိုးရိမ်ရသလဲ (ဖိတ်မှာပဲ စိုးရိမ်ရပါတယ် ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတွေ ဘုန်းကြီး သင်ထားတာဖြင့် ဦးမာဒင်တို့၊ ဦးဗထွေးတို့ ဘာလိုသေးသတုံး (မလိုပါ ဘုရား) မလိုဘူး၊ ဘာ့ကြောင့် မလိုသတုံး ဆိုတော့ တပည့်တော်တို့ စိတ်က ဘုရာ့ ဝိပဿနာရှုတယ် ဆိုငြားသော်လည်း အခုမှ ကျင့်ရ၊ ကြံရတော့ မလွယ်ဘူးဘုရာ့၊ ခင်ဗျားတို့ပြောရင် ဒါပဲ ပြောမယ် (မှန်ပါ့)။

ဒါပဲပြောမှာပဲ (မှန်ပါ့)၊ အို လွယ်တယ်။ ထွက်ပြေးတဲ့စိတ် ဥပမာ ဒီနေရာ ဖြစ်ပျက်ကို ရှုနေရာမှ သားဘက်စိတ် ရောက်သွားတယ် (မှန်ပါ့)၊ ဒါဖြင့် အဲဒီသား ဘက် အာရုံပြုတဲ့ စိတ်ကလေး ဖြစ်ပျက် ရှုလိုက် (မှန်ပါ့)။

သမီးဘက် စိတ်ရောက်သွားတယ် ဆိုတော့ (အဲဒီ စိတ် ဖြစ်ပျက် ရှုရပါမယ် ဘုရား)၊ သမီးကို အာရုံပြုတဲ့ စိတ်ကလေးကို ဘာလုပ်ရမတုံး (ဖြစ်ပျက် ရှုရပါမယ် ဘုရား)။

ပျင်းတဲ့စိတ်ဖြစ်ပျက်ရှု

ဒီစိတ်ကလေးက ပျင်းလာတယ် တပည့်တော် ရှုရတာ ပျင်းလာပြီဘုရာ့ ဆိုရင် ပျင်းတဲ့ စိတ်ကလေး ဖြစ်ပျက်ရှု (မှန်ပါ့ ဘုရား)။

တပည့်တော်တို့က ရှူနေရာက ကြာတော့ ငိုက်ချင်တယ် ဘုရာ့၊ အို ငိုက်တဲ့ စိတ်ဖြစ်ပျက် ရှုလိုက် (မှန်ပါ့)၊ သဘော ကျပလား (ကျပါပြီ ဘုရား)။

ငိုက်တဲ့စိတ်ဖြစ်ပျက်ရှု

ငိုက်ရင် ဘာလုပ်ကြမယ် (ဖြစ်ပျက် ရှုရပါမယ်)၊ ငိုက်တဲ့ စိတ်ကလေး ဖြစ်ပျက်ရှုပြီး ငိုက်တဲ့ အထည်ကြီးကို မရှုနဲ့ (မှန်ပါ့)၊ အတွင်းမှာ ငိုက်မျဉ်းတဲ့ စိတ်ကလေးကိုရှု (မှန်ပါ့)၊ အဲဒီစိတ်ကလေး ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရ ပါမယ် ဘုရား) ဖြစ်ပျက်ရှုပေး (မှန်ပါ့)။

ဒီအထဲမှာ ကြားပေါက်က ဟိုပေးချင်၊ ဒီကမ်းချင်တဲ့စိတ် ကလေးကလည်း ဦးမာဒင်တို့က လာသေးတယ် (လာပါ တယ် ဘုရား)၊ အဲဒါ ကလေးလည်း သူဆီဖိတ်တာပဲ (မှန်ပါ့)၊ ဖြစ်ပျက်နဲ့ လွဲသွားရင် ဆီဖိတ်တာပဲ (မှန်ပါ့)။

ပေးကမ်းချင်တဲ့စိတ်ဖြစ်ပျက်

အဲ ပေးချင်ကမ်းချင်တဲ့ စိတ်ကလေးလာလည်း ဘာ လုပ်ကြမယ် (ဖြစ်ပျက် ရှုရပါမယ်)၊ ဒီလိုဆိုတော့ ဆီခွက် ပြန် ပြန်တည့်တယ် (မှန်ပါ့)၊ ဆီခွက်ကို ပြန်ပြန် တည့်တယ် (မှန်ပါ့)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ဪ ဒါဖြင့် တို့သည်ကားလို့ ဆိုရင်ဖြင့် ဖိတ်မှာကို လည်း ပြန်တည့်တဲ့ နည်းပေးပြီး (မှန်ပါ့) တို့ဖြင့် မသေရာ မှန် ပြည်နိဗ္ဗာန် ရောက်တော့မယ် (မှန်ပါ့)။

နောက်က ပဋိစ္စသမုပ္ပါဒ်တွေက အသေဆက်မည့် ပဋိစ္စသမုပ္ပါဒ်တွေက တန်းပြီး လာမှာလဲ ကျုပ်တို့က လာခွင့် မပေးတော့ဘူး (မပေးတော့ပါ ဘုရား) ဒကာသစ် ပေးသေး သလား (မပေးပါ ဘုရား)။

မပေးတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ့၌ သြော် အသေဖြင့် လွှတ်ပေပေါ့ (မှန်ပါ့)။

ဒီနှစ်ဉာဏ်လွန်ရင်မပူပါနဲ့

ဒါကြောင့် ဖြစ်ပျက်မြင်တဲ့ဉာဏ်၊ ဖြစ်ပျက် မုန်းတဲ့ဉာဏ် နှစ်ဉာဏ်လွန်လို့ရှိရင် ဒကာကြွယ်တို့ ဦးသန်းမောင်တို့ မပူပါနဲ့ (မှန်ပါ့) ချက်ချင်း မဂ်ဆိုက်တယ် (မှန်ပါ့)။

ချက်ချင်း မဂ်ဆိုက်တယ် ဆိုလို့ရှိရင် ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပါဒ် သတ်ယောက်ျားကို မင်းတို့ပြန်တော့ ဆိုတာနဲ့ အတူတူပဲ (မှန်လှပါ)၊ ငါဒီပွဲတွေ ကျော်ခဲ့ပြီး (မှန်ပါ့ ဘုရား)။

မင်းတို့ ရှင်ဘုရင်က အမိန့်ပေးလိုက်တာက ဒီပွဲအတွင်း မှာ ဖိတ်မှသာလျှင် ဖိတ်တဲ့နေရာ သတ်စေကိုး (မှန်ပါ့)။ အခုတော့ ဒီပွဲကျော်သွားတယ် ဆိုကတည်းက ဖိတ်သေးရဲ့ လား (မဖိတ်ပါ ဘုရား)။

မဖိတ်တော့ကို ခုနင်က ဒကာ ဒကာမတို့ ဖြစ်ပျက်ရှုနေ တုန်းဖြင့် အပြင်ထွက်မှာ စိုးရတယ် (မှန်ပါ့)၊ ဖြစ်ပျက် မုန်းနေ တုန်းကို (အပြင်ထွက်မှာစိုးပါတယ် ဘုရား) (ဝါ) ဆီဖိတ်မှာ စိုးရတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

အဲဒီနှစ်မျိုး ကျော်သွားလို့ရှိရင် ဦးမာဒင် ဟိုဘက်ကပွဲကျ တော့ ပူစရာ လိုသေးသလား (မလိုပါ ဘုရား)၊ ဟိုဘက်က ကိုယ်က သတ်နိုင်တဲ့ပွဲတောင် ရောက်ပါတယ် (မှန်ပါ့)။

သူသတ်ယောက်ျားတွေ မင်းတို့ ပြန်ကြတော့ ဆိုတဲ့ ပွဲတောင် ကိုယ်က ခင်းနိုင်ပါပြီ (မှန်ပါ့)၊ ဒကာကြွယ် သိပ်အဖိုး တန်ပါလား (တန်ပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

စိတ်ပြင်ဘက်မထွက်အောင် ဝိပဿနာရှုနည်း

ဒါဖြင့် ဒကာ ဒကာမတို့ ဒီနေ့ ဘာသင်ပါလိမ့်မလဲလို့ ဒကာကြွယ်တို့၊ ဦးမာဒင်တို့ မေးရင် ဘယ့်နှယ့်ဖြေကြပါ့မလဲ (ဆီခွက်ယူတဲ့လူ ဥပမာသင်ပါတယ် ဘုရား)၊ ဆီခွက်သင်တာ မဟုတ်ဘူး (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဝိပဿနာရှုနည်း စိတ်ပြင်ဘက် မထွက်အောင် (မှန်ပါ့ ဘုရား)၊ ဝိပဿနာဖြစ်ပျက် ဆီခွက်ကို ခင်ဗျားတို့ မဂ်နဲ့ ကိုက်အောင်လုပ် (မှန်ပါ့ ဘုရား)၊ စိတ်အပြင်ဘက် မထွက် စေနဲ့၊ အပြင်ထွက်ရင် ဆီခွက် စောင်းတာပဲ (မှန်ပါ့)။

စောင်းရင်လဲမပူနဲ့၊ စိတ်အပြင် ထွက်သွားတော့ အပြင် ထွက်တဲ့စိတ် စောင်းတဲ့စိတ်ကို ဦးမာဒင် ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှု ရပါမယ် ဘုရား) ဒီလိုဆိုတော့ ပြန်တည့်ပြီးသား ဖြစ် တယ် (ဖြစ်ပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကိုင်း ဒကာကြွယ် သဘောပါပလား (ပါပါပြီ ဘုရား)၊ ဘယ်လိုပါတုံး (ဖြစ်ပျက်နဲ့ မဂ်နဲ့ တည့်ရပါမယ်) စိတ်က အပြင်ဘက် မထွက်ဖို့ (မှန်ပါ့)။

အပြင်ထွက်တဲ့စိတ်ဖြစ်ပျက်ရှုပါ

အကယ်၍ ထွက်ယောင်ကလေး စောင်းသွားရင် ဘယ့်နှယ် လုပ်မလဲ (ဖြစ်ပျက် ရှုရပါမယ်) တစ်ခါတည်း ထွက်သွားတဲ့စိတ် ဖြစ်ပျက်ရှု (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။

ဒီလိုဆိုတော့ကို ဒကာကြွယ်၊ ဒကာသစ်တို့၊ စောင်းပေ မယ့် သတိရလို့ ကိုယ်သတိရလို့ ပြန်တည့် လိုက်တာနဲ့ပဲ (မှန်ပါ့) ဆီခွက် စောင်းမည့် ဆဲဆဲ ပြန်တည့် လိုက်ပြန်တော့လည်း ဖိတ်ရသေးရဲ့လား (မဖိတ်ရပါ)၊ ဒကာကြွယ် သိပ်အဖိုးတန် ပါကလား (တန်ပါတယ် ဘုရား)။ –

ဘယ်နှစ်မျိုးကျော်ပြီးသွားရမှာတုံး

ဘယ်နှစ်မျိုး ကျော်ပြီးတော့ သွားရမှာတုံးလို့ မေးတော့ (၁) လူအုပ်ကြီးရယ်၊ (၂) ဇနပဒ ကလျာဏီ ပွဲရယ် (မှန်ပါ့)၊ ဒီနှစ်မျိုး ကျော်လို့ရှိရင် ဟိုဘက်မှာ ကျုပ်တို့ သေပွဲ လွတ်ပြီ (မှန်ပါ့) ဟိုဘက်ကျတော့ ကျုပ်တို့ အောင်ပြီ (မှန်ပါ့)။

ဒီမှာလဲ ယထာဘူတဉာဏ်ဆိုတဲ့ ဖြစ်ပျက်မြင်တဲ့ ဉာဏ်နဲ့ ပွဲမှာ မဖိတ်စေနဲ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) နိဗ္ဗိန္ဒဉာဏ်ပွဲမှာ အပြင်မထွက်စေနဲ့ (မှန်ပါ) ဟိုဘက်ကျတော့ မဂ်ပွဲကျတော့ ဒုက္ခချုပ်တဲ့ နိဗ္ဗာန်ကြီးကို မြင်ရတဲ့ပွဲကျတော့ ဦးမာဒင်တို့၊ ဦးဗထွေးတို့ ဘာပူစရာ ရှိသေးသတုံး (မရှိပါ ဘုရား)။

အောင်ပြီ သောတာပန်တည်ပြီ (မှန်ပါ့) ဘာပူစရာ ရှိသေးသတုံး ဒကာ ဒကာမတို့ (မရှိပါ ဘုရား)။

အဲ ဒါဖြင့် ဒကာကြွယ် အရလုပ်လိုက်ပါ (မှန်ပါ့) နောက်က ဒကာ ဒကာမတွေ(အရလုပ်ရပါမယ် ဘုရား)။

ဘာဖြစ်လို့ အရလုပ်ရသတုံးမေးတော့ မျှော် တစ်သံသရာလုံးဟာ ဆီဖိတ်လို့ အသတ်ခံ ခဲ့ရတယ် (မှန်ပါ့)။

တစ်သံသရာလုံးဆီဖိတ်ခဲ့လို့

တစ်သံသရာလုံးကဖြင့် (ဆီဖိတ်လို့ အသတ်ခံခဲ့ရ ပါတယ် ဘုရား) ဆီဖိတ်လို့ အသတ်ခံ ခဲ့ရတယ် ဆိုတာ ပဋိစ္စ သမုပ္ပါဒ်တွေက ဒီကြားထဲမှာ အများကြီးသွားနေလို့ ဇာတိ၊ ဇရာ၊ မရဏ၊ ဇာတိ၊ ဇရာ၊ မရဏဆိုတာ သတ်ပွဲတွေ နည်းသလား (မနည်းပါ ဘုရား) အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ ကံ၊ ဇာတိ၊ ဇရာ၊ မရဏ ဟုတ်လား (မှန်ပါ့)။

သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ဇာတိ၊ ဇရာ၊ မရဏ၊ လာပြန်ပြီ၊ သတ်ပွဲတွေက နည်းသလား (မနည်းပါ ဘုရား) အဝိဇ္ဇာ၊ သင်္ခါရ၊ ဇာတိ၊ ဇရာ၊ မရဏရော (မနည်း ပါ ဘုရား)၊ ဒါဘာပွဲ တွေတုံး (သတ်ပွဲတွေပါ ဘုရား)။

ပဋိစ္စသမုပ္ပါဒ် ဖြစ်လို့ ရှိရင်ဖြင့် ဦးမာဒင်ကြီး မှတ်လိုက် စမ်းပါ၊ သတ်ပွဲချည်းပဲ (မှန်ပါ့ ဘုရား)၊ သေချည်းပဲ (မှန်ပါ့)။ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဪ ဒါဖြင့် ဒီနှစ်မျိုးကလေး ကျော်အောင်တော့ ဖြင့် ဒကာ ဒကာမတို့ ဆီမဖိတ်ပါစေနဲ့ (မှန်ပါ့) ဒီနှစ်မျိုး ကလေးကျော်အောင်ဖြင့် လုပ်ဖြစ်အောင်လုပ်ပါ (မှန်ပါ့)။

ဒီနှစ်မျိုးကျော်ရင် ကိုယ်ကအောင်ပြီ

ဘာဖြစ်လို့တုံးဆိုတော့ ဒီနှစ်မျိုး ကျော်ရင် ကိုယ်က အောင်ပြီ(မှန်ပါ့) ဒီနှစ်မျိုး အတွင်း ဖိတ်ရင်ဖြင့် ကိုယ်အသေ ခံရလိမ့်မယ် (မှန်ပါ့)။

ဒကာကြွယ် သဘောပါပလား (ပါပါပြီ ဘုရား) ကိုယ်က အသေခံရမှာ အင်မတန် ကြောက်စရာ ကောင်းတယ် (ကောင်းပါတယ် ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာသစ်ရေ နှစ်မျိုးကလဲ (၁) ယထာဘူတဉာဏ် တစ်မျိုး (၂) နိဗ္ဗိန္ဒဉာဏ် (တစ်မျိုးပါ ဘုရား)။

အဲဒီနှစ်မျိုး ကျော်ပြီးလို့ ရှိရင် မဂ်ပွဲကျလာတော့ ကျုပ်တို့က ကိုယ်ပိုင် ရတယ် (မှန်ပါ့)၊ သတ်တဲ့လူတွေ ပြန်သွားရတယ် (မှန်ပါ့) မပြန်ရသေးဘူးလား (ပြန်ရပါ တယ် ဘုရား)။

ဘာဖြစ်လို့တုံး ရှင်ဘုရင်က အမိန့်ပေးတာကိုး၊ ဒီနှစ်မျိုး ထဲသွား၊ ဒီအထဲ ဖိတ်လို့ရှိရင် သတ်ပါကိုး (မှန်ပါ့)၊ ဒီနှစ်မျိုး ပြင်ဘက်ရောက်သွားတဲ့ အခါကျတော့ သတ်နိုင်သေးရဲ့ လား (မသတ်နိုင်ပါ ဘုရား)၊ အာဏာစက် ကုန်သွားပြီ (မှန်ပါ့)။

မဂ်ဉာဏ်ရတော့အာဏာစက်ကုန်ပြီ

ဒါ့ကြောင့် မဂ်ဉာဏ် ရတော့ ဒကာ ဒကာမတို့ အာဏာ စက်ကုန်ပါပြီ (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့်ဗျာ ဒီအတွင်းကလေးမှာ ဆီခွက် ငြိမ်ငြိမ် ကိုင်ပြီး သကာလ မဖိတ်စေဘူး၊ မဖိတ်စေဘူး ဆိုပြီး သကာလ ဒကာ ဒကာမတို့ အင်း ဒါလဲ အနိစ္စပဲ၊ အနိစ္စ ဖြစ်လိုက် သိလိုက်၊ အနိစ္စဖြစ်လိုက် သိလိုက် အနိစ္စ ဖြစ်လိုက် သိလိုက်ဆိုတော့ ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပါဒ် တည်းဟူသော ဆီဖိတ်သေးရဲ့ လား (မဖိတ်ပါ ဘုရား)၊ တယ်လဲ အဖိုးတန်ပါကလား (အဖိုး တန်ပါတယ် ဘုရား)။

ဘုရားသခင်ကိုယ်တော်မြတ်ကြီး လေးသင်္ချေနဲ့ ကမ္ဘာ တစ်သိန်း ပါရမီ ဆည်းပူးလို့ရတဲ့ ဉာဏ်တော်ကြီးနဲ့ ပြလို့ရတဲ့ တေလပတ္တ ဝတ္ထု ဆိုတာ ဦးမာဒင် ဒါမှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

သေပွဲချည်းဝင်မှာသိပ်စိုးရိမ်တယ်

မင်းတို့ မရှုတတ်မှာ တကယ်လို့ ဆီဖိတ်လို့ရှိရင် မင်းတို့ အသတ်ခံရမည့်ပုံတွေ ပဋိစ္စသမုပ္ပါဒ်တွေ လာမှာ စိုးရိမ်လို့ အင်မတန့်-အင်မတန် ဉာဏ်တော်ကြီးနဲ့ သားတော် သမီးတော် တွေဖြစ်တဲ့ ဒကာ ဒကာမတွေကို သေပွဲချည်း ဝင်မှာ သိပ်စိုးရိမ် တယ် (စိုးရိမ်ပါတယ် ဘုရား)၊ မစိုးရိမ်ဘူးလား (စိုးရိမ် ပါတယ် ဘုရား)။

စိုးရိမ်လို့ ဒီအတိုင်း မင်းတို့ ဒီဆီခွက်ကိုသာ ဒီနှစ်မျိုး ကျော်အောင်သာ စောင့်ရှောက် သွားတော့ဟေ့၊ မင်းတို့ သေပွဲ တွေဟူသရွေ့ အကုန်လွတ်ပြီ (မှန်ပါ့)၊ ဆိုတော့ ဒါလောက် ကလေး ကျုပ်တို့က စည်းစောင့်ရမှာကို ဦးမာဒင်တို့က အတော် ခက်တယ်လို့များ လုပ်ချင်သေးသလား (မလုပ်ချင်ပါ ဘုရား)၊ လူကြီးစကား သုံးကြစမ်းပါ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါ ပြီ ဘုရား)။

ဘာစကားသုံးရမှာတုံး (လူကြီးစကား သုံးရမှာပါ)၊ ဟာ ဒါလောက်ဆိုရင် တာဝန်လေးစရာ ဘာရှိသတုံး ဘုရာ့၊ ဒီဥစ္စာ ဒီနှစ်မျိုး ကျော်ဖို့ရာပဲ၊ ဒီနှစ်မျိုးကလဲ ဖြစ်ပျက် မြင်တာ က ယထာဘူတ ဉာဏ်ပဲ (မှန်ပါ့) ဒီနှစ်မျိုး အတွင်းမှာ ပဋိစ္စ သမုပ္ပါဒ် မလာစေနဲ့ (မှန်ပါ့)။

နောက်တစ်ခါ ဖြစ်ပျက်တွေ မုန်းလာတဲ့ဉာဏ်ရင့် လာတော့ နေ့လည်က ပြောသလို ဒုတိယ အောင်မြင်တာပဲ (မှန်ပါ့)။

ဒုက္ခအဆုံးမြင်တဲ့ဉာဏ်ကမဂ်ဉာဏ်

ဟိုက တတိယက ဖြစ်ပျက်လဲ မုန်းတော့ မုန်းပြီးသည်၏ အခြားမဲ့၌ ဒကာသစ် ဒုက္ခ ဆုံးသွား တယ် (မှန်ပါ့) ဒုက္ခတွေ ဆုံးသွားတော့ ဒုက္ခ အဆုံးမြင်တဲ့ ဉာဏ်က မဂ်ဉာဏ် (မှန်ပါ့)၊ ဒကာ ဦးလှဘူး ဟုတ်ပလား (မှန်လှပါ ဘုရား)။

အဲဒီမဂ်ဉာဏ်ရတဲ့ အခါကျတော့ ကျုပ်တို့ အပါယ်သွား တဲ့ ပဋိစ္စသမုပ္ပါဒ်လဲ ကျုပ်တို့ မဂ်ဉာဏ်က ဖြတ်လိုက်ပြီ (မှန်ပါ့) အနူ၊ အရွဲ၊ အဝဲ ဖြစ်ရမည့် ဘဝတွေရော (မဂ်ဉာဏ်က ဖြတ်လိုက် ပါတယ် ဘုရား)၊ မဂ်ဉာဏ်က ဖြတ်လိုက်ပါပြီ (မှန်ပါ့ ဘုရား) သဘော ကျပလား (ကျပါပြီ ဘုရား)။

မဂ်ဉာဏ်နဲ့ ဖြတ်လိုက်တဲ့ အတွက် ကျုပ်တို့မှာ အနူအဖြစ်၊ အရွဲအဖြစ်၊ အဝဲဖြစ် အပါယ်လေးပါး အဖြစ်နဲ့ သေပွဲတွေ ဆီမဖိတ်တဲ့ ပုဂ္ဂိုလ်မို့ အကုန် လွတ်ပါပြီ (လွတ်ပါပြီ ဘုရား) မလွတ်သေးဘူးလား (လွတ်ပါပြီ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ငြိမ်ငြိမ်နေစမ်းပါ၊ လက်မဆော့စမ်းပါနဲ့

ဒါဖြင့် ဒကာ ဒကာမတို့ ဘယ်နှစ်မျိုး ကျော်ရမှာတုံး (နှစ်မျိုးကျော်ရမှာပါ ဘုရား)၊ ဒါကလေးဖြင့် ငြိမ်ငြိမ်ကိုင်ထားပေါ့ ဗျာ (မှန်ပါ့)၊ ဘယ့်နှယ်ဆိုကြသလဲ (ငြိမ်ငြိမ် ကိုင်ရပါမယ် ဘုရား)၊ ငြိမ်ငြိမ် နေစမ်းပါ ဒကာကြွယ်ရ (မှန်ပါ့)။

လက်မဆော့စမ်းပါနဲ့ (မှန်ပါ့)၊ မပြောထိုက်ဘူးလား (ပြောထိုက်ပါတယ် ဘုရား)။

နောက်က ဒကာ ဒကာမတွေရော ဒီဆီခွက် ဘယ့်နှယ် လုပ်ကြမလဲ (ငြိမ်ငြိမ်ကိုင်ရပါမယ် ဘုရား)၊ ငြိမ်ငြိမ်ကိုင် မျက်လုံးကလဲ ဆီခွက်ဆီ တည့်ထားနော် (မှန်ပါ့)၊ မတည့်လို့ မျက်လုံး စောင်းရင် ဘာဖြစ်မတုံး (ဖိတ်မှာပါ ဘုရား)၊ အဲ ဖိတ်သွား လိမ့်မယ်၊ ဖိတ်သွားရင် နောက်က သတ်မှာပဲ ဆိုတာက မသေချာဘူးလား (သေချာပါတယ် ဘုရား)။

စောင်းသွားတုန်းတော့ မသတ်နိုင်ဘူး

အဲဒီတော့ စောင်းသွားတုန်းလည်း သူမသတ်နိုင်ဘူး (မှန်ပါ့) ဖိတ်သွားမှ သူသတ်မှာ (မှန်ပါ့)။

ဒါဖြင့် ကျုပ်တို့စိတ်က သားဘက်စောင်းသွား၊ သမီး ဘက်စောင်းသွား၊ ဝိပဿနာဘက် မနေဘဲနဲ့ ဒကာသစ်ရေ စီးပွားရေးဘက် စောင်းသွား (မှန်ပါ့ ဘုရား) စောင်းရင် ဘာလုပ်ရမတုံး (ဖြစ်ပျက် ရှုရပါမယ်) ဖြစ်ပျက် ရှုလိုက်တော့ ပြန်တည့်တာ (မှန်ပါ့ ဘုရား)။

ဖြစ်ပျက်ရှုလိုက်တော့ (ပြန်တည့်ပါတယ်) ပြန်တည့် တော့ ဆီမှမဖိတ်လို့ ရှိရင် ပဋိစ္စသမုပ္ပါဒ် ဦးမာဒင် တန်းသေးရဲ့ လား (မတန်းပါ ဘုရား)၊ မတန်းလို့ ရှိရင် အိုပွဲ နာပွဲ၊ သေပွဲတွေ သူဆင်နိုင် သေးရဲ့လား (မဆင်နိုင်ပါ ဘုရား)၊ တဏှာ ရှိရင် ဥပါဒါန် ကံ ဇာတိ ဇရာ မရဏ သူသေပွဲသွားရဦးမယ် (မှန်ပါ့) မသိလိုက်လို့ရှိရင်သာ ဖိတ်သွားတဲ့ သဘောနဲ့ အဝိဇ္ဇာ ကနေပြီး သင်္ခါရ၊ သင်္ခါရက နေပြီး ဝိညာဏ်၊ ဝိညာဏ်က နေပြီး ဇာတိ ဇရာ မရဏ သေပွဲ (မှန်ပါ့ ဘုရား)။

တစ်ခါ ဒုတိယ၊ တတိယ ဖိတ်သွားပြန်လို့ရှိရင်လဲ ဒေါသ ဖြစ်လို့ သောက ပရိဒေသ အဝိဇ္ဇာ သင်္ခါရဆိုတဲ့ သေပွဲတွေ မလာပေဘူးလား (လာပါတယ် ဘုရား) အင်း ဒါဖိတ်မှလာတာ (မှန်ပါ့ ဘုရား)။

စောင်းနေတာတည့်ပေးပါ

ဒကာကြွယ် ဘာတဲ့တုံး (ဖိတ်မှ လာတာပါ) စောင်းရုံ ကလေး စောင်းပြီး နေတာ တည့်လိုက်တော့ (မလာပါ ဘုရား)။

ဪ ဒါဖြင့် ကျုပ်တို့ ဆီခွက် မဖိတ်တဲ့ အထဲ အပါအဝင် ဖြစ်ပါတယ် (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီနှစ်မျိုး ကလေးကို နွှဲဖို့ရာဟာ ကိုယ့်အသက် သနားလို့ အဖန်ဖန် သေရမှာ သနားရင် ဒီနှစ်မျိုးကို အောင်ပွဲလုပ်လိုက် (မှန်ပါ့)။

ဒီနှစ်မျိုးကို (အောင်ပွဲ လုပ်ရပါမယ် ဘုရား)၊ ကိုယ် က အောင်မြင်သည့် တိုင်အောင် ဒကာကြွယ် လုပ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

ဦးလှဘူး နေရာကျပလား (ကျပါပြီ)၊ ဒကာသစ် နေရာကျပလား (ကျပါပြီ) ဘယ်နှစ်မျိုးတုံးဗျ (နှစ်မျိုးပါ ဘုရား) ဒီနှစ်မျိုးအတွင်း မဖိတ်ရင် ပြီးတာပဲ (မှန်ပါ့)။

နှစ်မျိုးအတွင်း (မဖိတ်ရင်ပြီးပါတယ် ဘုရား)၊ အဲဒါက မဟာဝဂ္ဂသံယုတ် ပါဠိတော်မှာ လာတယ် လို့ မှတ်လိုက် (မှန်ပါ့ ဘုရား)။

အင်္ဂုတ္တိုရ် ပါဠိတော်က လာတာ နည်းနည်း ပြောလိုက်ပါ ဦးမယ် (မှန်ပါ့) တစ်ထပ်တည်း၊ တစ်ထပ်တည်း (မှန်ပါ့) ပါဠိတော် ဆိုလို့ရှိရင် ဒကာ ဒကာမတွေ ဘုရား ကိုယ်တော်တိုင် ဟောတာလို့ မှတ်လိုက် စမ်းပါ (မှန်ပါ့)။

ဆီခွက်မဖိတ်အောင်နေနိုင်တဲ့နည်း

ပါဠိတော်ဆိုရင် (ဘုရားကိုယ်တော်တိုင် ဟောတာ ပါ)၊ အခု တေလပတ္တဝတ္ထု၊ ဆီခွက် မဖိတ် အောင် နေနိုင်တဲ့ နည်းဟာ မဟာဝဂ္ဂသံယုတ် ပါဠိတော် ဆိုသောကြောင့် ကိုယ်တော်တိုင် ဟောတာ (မှန်ပါ့) နောက်တစ်ခါ အင်္ဂုတ္တိုရ် ပါဠိတော်မှာ ဒါနဲ့ အလားတူ ကိုယ်တော်တိုင် ဟောလိုက်သေးတယ် (မှန်ပါ့)။

မင်းတို့ကွာတဲ့ ဖြစ်ပျက်ရှု နေတုန်းကို ကိလေသာ ကြား မခိုစေပါနဲ့ တဲ့ (မှန်ပါ့) ဒါက အင်္ဂုတ္တိရ်မှာ လာတာ (မှန်ပါ့ ဘုရား)။

ဖြစ်ပျက် ရှုနေတုန်းကို (ကိလေသာ ကြားမခိုပါစေနဲ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ကိလေသာကြားမခိုစေနဲ့ ၊

ဖြစ်ပျက် မုန်းနေတုန်းလည်း ကိလေသာ ကြားမခိုစေနဲ့၊ ကိလေသာ ကြားမခိုလို့ရှိရင်ကွာတဲ့ ဒီတစ်နာရီ၊ နာရီဝက် အတွင်းပဲ ရပါတယ် တဲ့ (မှန်ပါ့) ဒါက အင်္ဂုတ္တိုရ်က လာတာ (မှန်လှပါ ဘုရား)။

လိုရင်းတော့ ဦးမာဒင် တွေးလိုက်စမ်းပါ အတူတူပါပဲ (မှန်ပါ့)၊ ကိလေသာ ကြားမခိုရင် ရတယ် ပြောတာပဲ (မှန်ပါ့)၊ ဒကာကြွယ် ရိပ်မိပြီ(ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် အင်္ဂုတ္တိုရ် ပါဠိတော်မှာလဲ ကိုယ်တော်တိုင် ဟောတာပဲ ဆိုတာ သေချာပါတယ် (သေချာ ပါတယ် ဘုရား)။ အခု မဟာဝဂ္ဂ သံယုတ်ပါဠိတော်မှာလည်း ကိုယ်တော်တိုင် ဟောတာပဲ (မှန်ပါ့)။

ဟိုကတော့ ကိလေသာ ကြားမခိုစေနဲ့၊ ဒီကတော့ ဆီခွက် မဖိတ်စေနဲ့ (မှန်ပါ့)၊ အတူတူပဲဗျ (မှန်ပါ) ရိပ်မိကြ ပလား (ရိပ်မိပါပြီ)။

ကြားမခိုရင် ချက်ချင်းရမယ်

ဟို အင်္ဂုတ္တိုရ် ပါဠိတော်ကတော့ ဘာတဲ့ (ကိလေသာ ကြားမခိုပါစေနဲ့)၊ ဝိပဿနာ ရှုနေတုန်း၊ ဖြစ်ပျက်နဲ့ မဂ်နဲ့ ကိုက်နေတုန်း ကိလေသာ ကြားမခိုစေနဲ့ကွတဲ့ (မှန်ပါ့) ကြားမခိုရင် မင်းချက်ချင်း အားထုတ်၊ ချက်ချင်း ရမယ်တဲ့ (မှန်ပါ့)၊ မဟောဘူးလား (ဟောပါတယ် ဘုရား) ဒီကတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက အတုမရှိအောင် ဉာဏ်ကျယ်တဲ့ ပုဂ္ဂိုလ်မို့ ဥပမာပြလိုက်တယ်၊ ရာဇဝတ်သားကို ဆီအပြည့်ထည့်ပြီး လွှတ်လိုက်တယ်၊ ဖိတ်တဲ့နေရာ သတ်စေတဲ့ (မှန်ပါ့)။

ဒီလို ဟောလိုက်တာလည်း ဆီဖိတ်တာဟာ ကြားခဲ့တာပဲ (မှန်ပါ့)၊ ဆီဖိတ်တာ သည်ကားလို့ ဆိုရင် စိတ်တခြား ရောက်လို့ ဖိတ်တာ (မှန်ပါ့)။

ဒါဖြင့် ကိလေသာ ကြားခိုတာပဲ ဆိုတာလဲ ပေါ်သွား ပြီ (ပေါ်ပါပြီ)၊ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ကဲ ယနေ့ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။