237

အားကိုးရာအစစ်ရှိကြပါစေ (ဖြစ်ပျက်အာရုံပြုတဲ့ဉာဏ်)

အသံဖိုင်ခေါင်းစဉ်= ဣန္ဒြေလုံခြုံစေနည်း (ဣန္ဒြိယဘာဝနာသုတ်) တရားတော်

စာအုပ်ခေါင်းစဉ်= အားကိုးရာအစစ်ရှိကြပါစေ

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး အမရပူရမြို့၌

ဟောကြားတော်မူသော တရားတော်

အားကိုးရာအစစ်ရှိကြပါစေ။

(ဖြစ်ပျက်အာရုံပြုတဲ့ဉာဏ်)

ဟောကြားသည့်နေ့

(၃၀- ၁၂- ၆၀)

ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဒကာ ဒကာမ တို့ အမှတ်မဲ့နေမှာ အလွန်စိုးရိမ်တယ် ဆိုတာ မှတ်ထားရ မယ်နော် (မှန်ပါ့)၊ အမှတ်တမဲ့နေမှာ အင်မတန် စိုးရိမ် တယ် (မှန်ပါ့)။

အမှတ်တမဲ့ နေမှာ စိုးရိမ်တယ်

ဒါကြောင့် “သနာထာ ဘိက္ခဝေ ဝိဟရထ မာ အနာထာ။” ဘိက္ခဝေ- ငါ၏ချစ် သား တပည့်များတို့၊ သနာထ- ကိုးစားရာ အားထားရာ ရှိကြ ကုန်သည်။ ဝိဟရထ- နေကြကုန်လော့၊ အနာထ- ကိုးကွယ် ရာ အားထားရာ မရှိကြကုန်သည်။ မာ- မဖြစ်ကြစေကုန်လင့်။

ကိုးကွယ်ရာ ရှိပြီးသကာလ အားကိုးရာလေးတစ်ခု တော့ ရှိကြပါစေ။ (မှန်ပါ့)။ အားကိုးရာလေး တစ်ခုတော့ဖြင့် (ရှိရပါမယ် ဘုရား)။

အားကိုးရာ မရှိဘဲ နေခြင်းဟာ ဒုက္ခံ- ဆင်းရဲ၏။ အားကိုးရာ မရှိလို့ရှိရင် ဆင်းရဲတယ် (မှန်ပါ့)။ အဲဒါ အင်္ဂုတ္တိုရ် ပါဠိတော်ကြီးမှာ ကိုးကွယ်ရာတော့ဖြင့် မင်းတို့ ကိုးကွယ် ဆိုတာ အားထားရာ ပါပဲ (မှန်ပါ့)။

ကိုးကွယ်ရာဖြင့် ရှိကြပါစေ

ကိုးကွယ် အားထားရာဖြင့် ရှိကြပါစေကွာ။ ကိုး ကွယ်ရာ အားထားရာ မရှိလို့ရှိရင် မင်းတို့ ဒုက္ခရောက်တော့ မယ် (မှန်ပါ့)။

ဒါဖြင့် ဒကာ ဒကာမတွေ ဆရာသမားက ဆုံးမမယ်။ ကိုင်း ကိုးကွယ်ရာတွေကတော့ ဘုရားလဲ ကိုးကွယ်ရာ ပဲ၊ တရားလဲ ကိုးကွယ်ရာပဲ၊ သံဃာလဲ ကိုးကွယ်ရာပဲ။ မာတာ ပိတုဂုဏာ အနန္တော ဆိုတဲ့ အတိုင်းတာလဲ ရှိကြတာပဲ။

ဘုရားက ဘယ်ဟာကို ပိုပြီး ကြိုက်သတဲ့

ဒီထဲက ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဘယ် ဟာကို ပိုပြီး သကာလ ကြိုက်ပါသလဲ ဆိုတာ သတိထားရ မယ် (မှန်ပါ့)။

“ပညာဝါ ဟောတိ ဥဒယတ္ထဂါမိနိယာ”ပညာနဲ့ ဖြစ် ပျက်ကို ရှုနေတဲ့ အလုပ်ဟာ အဲဒါ မင်းတို့ “သမ္မာ ဒုက္ခက္ခယ ဂါမိနိယာ” ပဲတဲ့။ အလုံးစုံ ဒုက္ခကို ကုန်စေနိုင်တယ် (မှန်ပါ့)။

ပညာနဲ့ ဖြစ်ပျက်၊ ဥဒယဗ္ဗယ ဆိုတဲ့ ဖြစ်မှု ပျက်မှုကို မင်းတို့ ဥဒယတ္ထဂါမိနိယာ ဆိုတဲ့အတိုင်း ဖြစ်မှု ပျက်မှုကို မင်းတို့ နှလုံးသွင်းပြီး သကာလ၊ ဘယ်အချိန်မဆို နှလုံးသွင်း ပြီး သကာလ နေကြမယ် ဆိုလို့ရှိရင် ဒုက္ခက္ခယဂါမိနိယာ= ဒုက္ခကို ကုန်စေသည်။ ဟောတိ- ဖြစ်၏ (မှန်ပါ့)။

ဖြစ်ပျက်ကို နှလုံးသွင်းရမယ်

မင်းတို့ ဖြစ်ပျက်ကို နှလုံးသွင်းမှုကို အားကိုးအား ထား ပြုပါလို့ မှာခဲ့တယ် (မှန်ပါ့)။ ဘာကို နှလုံးသွင်းရ မယ် (ဖြစ်ပျက်ကို နှလုံးသွင်းရပါမယ် ဘုရား)။

ဖြစ်ပျက်ကို အားကိုး အားထား နှလုံးသွင်းပြီး သကာလ ထားပါတဲ့။ “အယမ္ပိ ဓမ္မော နာထကာရဏော အယမ္ပိ- ဤဖြစ်ပျက်ကို အားကိုးခြင်းသည်၊ နာထကာရဏော- ကိုးကွယ်ခြင်းကို ပြုတတ်သည်။ ဟောတိ- ဖြစ်၏ တဲ့ ဆိုတဲ့ အတိုင်း ကိုးကွယ်ရာ ကိုးကွယ်ရာ ဆိုတဲ့ဥစ္စာ။

ကိုယ့် အားထားရာ။ သြော်- ဘယ်လို အားထားရာပါလဲလို့ ဒကာကြွယ်တို့၊ ဒကာသစ်တို့က မေးလို့ရှိရင် သူက ဒုက္ခ ကုန်စေ သောကြောင့် ကျုပ်တို့ အားကိုးကြရလိမ့် မယ် (မှန်ပါ့)။

သူက ဘာပါလိမ့် (ဒုက္ခကို အကုန်သေစေနိုင် ပါတယ်)။ ဒုက္ခ ကုန်စေ နိုင်သောကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အားကိုးရမယ် (မှန်ပါ့)။

သူက ဘာပါလိမ့် (ဒုက္ခကို အကုန်သေစေနိုင် ပါတယ်) ဒုက္ခ ကုန်စေနိုင် သောကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အားကိုးရမယ် (မှန်ပါ့)။

ဪ ဒါဖြင့် ဒုက္ခရောက်နေတဲ့ ပုဂ္ဂိုလ်ဟာ ဒုက္ခကုန်တဲ့ နေရာတော့ဖြင့် ဒကာ ဒကာမတို့ အားကိုးရမှာ အစစ်ပဲ (မှန်ပါ့)။

ဒုက္ခရောက်နေတဲ့ ပုဂ္ဂိုလ်ဟာ (ဒုက္ခ ကုန်ရာကို အားကိုး ရပါမယ်)။ ဒုက္ခ ကုန်ရာပဲ အားကိုး ရမယ် (မှန်ပါ့) ဒါကြောင့် “ပညာ ဟောတိ ဥဒယဂါမိနိပညာယ သမန္နာဂတော။” အရိယာယ-ဖြူစင် သော၊ နိဗ္ဗဓိယာယ- ထိုးထွင်း၍ သိသော၊ သမ္မာ- ကောင်းစွာ၊ ဒုက္ခက္ခယ ဂါမိနိယာ- ဒုက္ခ ကုန်စေ တတ်သည်။ ကုန်စေတတ်သော ပညာသည်၊ ဟောတိ-ဖြစ်၏။ “အယမ္ပိ ဓမ္မော နာထကရဏော။”

ဘယ်လိုကိစ္စတွေ့တွေ့ ဖြစ်ပျက်ပဲ အားကိုး

အဲဒီကဲ့သို့ ဒသကနိပါတ် အင်္ဂုတ္တိုရ်မှာ ကိုးကွယ်ရာ ဆယ်ပါး ရှိတဲ့ အနက်က နောက်ဆုံးပိတ် ဒါဟောပြီး သကာလ ထားသောကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘယ်လို ကိစ္စ တွေ့တွေ့ ဖြစ်ပျက်ပဲ အားကိုးပါ(မှန်ပါ့)။

ဒုက္ခ ကုန်စေနိုင် သောကြောင့် ဖြစ်ပျက်ပဲ အားကိုးရ မယ် (မှန်ပါ့)။ ဖြစ်ပျက်သိတဲ့ ဉာဏ်ပဲ (အားကိုးရမှာ ပါ ဘုရား)။ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

သြော်- ဒါဖြင့် ဒီနေ့ ဆရာဘုန်းကြီးက ဘာတွေများ ပေးပါလိမ့်မတုံး မေးတော့ ခန္ဓာကိုယ်ထဲ၌ ဝေဒနာ ကြိုက်တဲ့ ပုဂ္ဂိုလ်က ဝေဒနာ ဖြစ်ပျက်ကို အားကိုး၊ စိတ်ကြိုက်တဲ့ ပုဂ္ဂိုလ် က (စိတ်ဖြစ်ပျက် အားကိုး ရမှာပါ ဘုရား)။

ရုပ်ကြိုက်တဲ့ ပုဂ္ဂိုလ်က (ရုပ်ဖြစ်ပျက် အားကိုး ရမှာပါ ဘုရား)။ အေး သစ္စာကြိုက်တဲ့ ပုဂ္ဂိုလ်က အလုံးစုံ ဖြစ်ပျက်အားကိုး (မှန်ပါ့)၊ သဘောကျပလား (ကျ ပါပြီ ဘုရား)။

အဲဒီကဲ့သို့ ဒကာ ဒကာမတွေ၊ အားကိုး မမှားရ အောင်လို့ အင်း အင်မတန်မှ မှာရှာတယ် ဆိုတဲ့ ဥစ္စာ ဒကာ ကြွယ် သေသေချာချာ မှတ်ရမယ်နော် (မှန်ပါ့)။

ဘယ့်နှယ်ကြောင့် အားကိုးခိုင်းပါလိမ့်

ဖြစ်ပျက်ကို ဘယ့်နှယ်ကြောင့် အားကိုးခိုင်းပါလိမ့် မတုံး ဆိုတော့ သမ္မာ ဒုက္ခက္ခယ ဂါမိနီ- ဒုက္ခ ကုန်စေ သောကြောင့်၊ သူ့ အားကိုး (မှန်ပါ)။

ဒုက္ခကုန်စေ သောကြောင့် (သူ့အားကိုးရမှာပါ ဘုရား)။ ဖြစ်ပျက် ရှုပါများလာတော့ ဖြစ်ပျက် ဆုံးသွားတော့ ဒုက္ခမကုန်လား (ကုန်ပါတယ် ဘုရား)။

အဲ ဖြစ်ပျက်ဆုံး သွားတော့ ဒုက္ခကုန်တယ်။ ဒုက္ခ ကုန်တဲ့ ဉာဏ်လေး ကျုပ်တို့ ကျန်နေရစ် ပါတယ် (မှန်ပါ့)။ ဒုက္ခကုန်တဲ့ ဉာဏ်လေး ကျန်ရစ်တော့ ဒီဉာဏ်လေးဟာက နိဗ္ဗာန် အာရုံပြုတဲ့ ဉာဏ်လေး (မှန်ပါ့)။ တစ်ခါ ဒုက္ခကိုပဲ အာရုံပြုတဲ့ဉာဏ်လေးနဲ့ သေလဲ ဒုတိယဘဝမှာ သောတာပန် သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ ဖြစ်တာပဲ (မှန်ပါ့)။

ဟာ ဒုက္ခကုန်သွားတယ် ဘုရား၊ ဒုက္ခရှုရင်းနဲ့ တပည့်တော်တို့ ဖြစ်ပျက်ဒုက္ခ ပြီးဆုံးသွား တော့တယ်။ အဲဒီ ဒုက္ခကြီး ဆုံးသွားပါတယ် ဆိုလို့ရှိရင် ဖြစ်ပျက် အဆုံးမြင်တဲ့ ဉာဏ်လေးဟာ ခင်ဗျားတို့ “ဧကာယနာ အယံ ဘိက္ခဝေ မဂ္ဂေါ ” ဆိုတဲ့ အတိုင်း လောကုတ္တရာ မဂ်ကလေး ဖြစ်ပြီး တစ်ကြောင်း တည်းနဲ့ သူက နိဗ္ဗာန်ပို့ တော့မယ် (မှန်ပါ့)။

ဖြစ်ပျက် အာရုံပြုတဲ့ ဉာဏ်အားကိုးပါ

ဒါကြောင့် အားလုံး တရားနာကြ နိုင်တဲ့ ဒကာ ဒကာမ တွေ၊ ဖြစ်ပျက်ကို အာရုံပြုတဲ့ ဉာဏ်ကလေး အားကိုးကြ (မှန်ပါ့)။ ဘာ အားကိုးရမတုံး (ဖြစ်ပျက်ကို အာရုံပြုတဲ့ ဉာဏ်ကလေး အားကိုးရမှာပါ ဘုရား)။

ဘယ်တော့မှ အားမလျော့ပါနဲ့

ဖြစ်ပျက်ကို မြင်တဲ့ဉာဏ်၊ ဖြစ်ပျက်အဆုံးကို မြင်နိုင် တဲ့ဉာဏ်၊ ကြိုက်ရာဉာဏ် ဒီဉာဏ်နှစ်ခု ကိုဖြင့် ဒကာကြွယ် တို့ ဦးလှဘူးတို့ ဒကာသစ်တို့ ဘယ်တော့မှ မလျော့ပါနဲ့ (မှန်ပါ့)။

ယုတ်စွအဆုံး ကားပျက် တော့မယ်လို့ ကြုံရင် ချောက် ထဲ ကျတော့မယ် ဆိုတာတောင်မှ သူ့ကိုပဲ အားကိုး (မှန် ပါ)။

လေယာဉ်ပျံစီးသွားလို့ လေယာဉ်ပျံက၊ နိမ့်ချည် မြင့်ချည် လုပ်နေလို့ ရှိရင် သူ့ပဲ အားကိုးရမှာပဲ (မှန်ပါ့)။ အဲဒီကဲ့ သို့ ထားလို့ရှိရင် ဒုက္ခကို ကုန်စေ နိုင်ပါတယ် (မှန်ပါ့)။

သေခါနီးတောင်မှ ရှုပါ

သေခါနီးတောင်မှ ရှုလို့ရှိရင်ဖြင့် သေခါနီးရှုတာ တောင် ဒကာ ဒကာမတွေ၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ဖြစ်နိုင်တယ်။

အကယ်၍ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် ဖြစ်ပြီးသား ပုဂ္ဂိုလ်က ထပ်ရှုမယ် ဆိုရင် ရဟန္တာဖြစ်နိုင်တယ် လို့ဆိုတဲ့ ဖဂ္ဂုဏသုတ်တို့မှာလဲ သေသေချာချာ ဟာ တယ် (မှန်ပါ့)။

မဟောဘူးလား ။(ဟောပါတယ် ဘုရား)။ အဲဒါ တွေလဲ နာဖူး ကြားဖူးပြီးသားဖြစ်တဲ့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဖြစ်နေသောကြောင့် ဘာကိုးကွယ်ရမယ် ဆိုတာ သိနေပြီ (မှန်ပါ့)။

ဘာ ကိုးကွယ်ရမယ် (ဖြစ်ပျက်ရှုမှုကို ကိုးကွယ် ရမှာပါ ဘုရား)။ ဖြစ်ပျက်ရှုတဲ့ဉာဏ် အားကိုးရမယ် (မှန်ပါ့)။ ဘာအားကိုးကြရမယ် (ဖြစ်ပျက်ရှုတဲ့ ဉာဏ် အားကိုးရမှာပါ ဘုရား)။ ခန္ဓာကိုယ်ကလဲ ဘာပဲရှိတုံး – (ဖြစ်ပျက်ပဲ ရှိပါတယ် ဘုရား)။

ဖြစ်ပျက်ရှုတဲ့ဉာဏ်

ဖြစ်ပျက်ရှုတဲ့ ဉာဏ်ကလေးပဲ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက အားကိုး လိုက်တဲ့ အခါကျတော့ ဒီဉာဏ် ကလေးက ဘာလုပ်မယ်။အိုး ဒုက္ခ ကုန်စေတတ်တယ် (မှန်ပါ့)။

ဒီဉာဏ်ကလေးက ဘာလုပ်ပါလိမ့် (ဒုက္ခကို ကုန်စေတတ်ပါတယ် ဘုရား)။ ဒုက္ခကုန်စေ တတ်တဲ့ ဉာဏ် လေး ဆိုတော့ အလုံးစုံသော ဒုက္ခတွေ ကင်းပျောက်ပါစေခြင်း အကျိုးငှာ ရှိခိုးပါ၏လို့ ခုနကပဲ ရှိခိုးကြတယ် (မှန်ပါ့)။

အဲ ဒုက္ခကြောက်လွန်းလို့ ရှိခိုးကြတယ်တဲ့။ အဲဒီ တော့ ဒကာ ဒကာမတို့ ဒုက္ခဆိုတာ ကြောက် ကောင်းတဲ့ တရား၊ ပယ်ကောင်းတဲ့ တရား၊ ပိုင်းခြားကောင်းတဲ့ တရား (မှန်ပါ့)။

ဒုက္ခကို “ဒုက္ခံ ပရိညာယ အဘိသမယေန အဘိသမယေတိ” ဆိုတဲ့ အတိုင်း ဒုက္ခပိုင်းပိုင်း ခြားခြား သိဖို့ အရေးဟာလဲ ဒီ ဉာဏ်ကို အားကိုးရမယ် ဆိုတာ သဘောကျပလား (ကျ ပါပြီ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဒကာကြွယ်တို့၊ ဦးလှဘူးတို့ ဘာ အားကိုးမယ် (ဖြစ်ပျက် အာရုံပြုတဲ့ ဉာဏ်ကို အားကိုးရှာ ရမှာပါ ဘုရား)။ ဖြစ်ပျက် အာရုံပြုတဲ့ ဉာဏ်ပေါ့ဗျာ။ ဘယ့်နှယ်ကြောင့် ဒီဉာဏ် ဆရာဘုန်းကြီး က အားကိုး ခိုင်းပါလိမ့်မလဲ။ ဘုရားက ဘာ အားကိုးခိုင်းပါလိမ့်မလဲ။ ဒကာ ဒကာမတွေ မေးဖို့ မလိုဘူးလား ။(လိုပါတယ် ဘုရား)။

နိဗ္ဗာန်ရောက်အောင် ပို့နိုင်တဲ့ဉာဏ်

သမ္မာ ဒုက္ခက္ခယဂါမိနိယာ၊ သမ္မာ – ကောင်းစွာ ဒုက္ခ က္ခယဂါမိနိယာ – ဒုက္ခကုန်ရာသို့ ရောက်စေ သောကြောင့် ဒုက္ခကုန်ရာ ဆိုတာ ဘယ်သူပါလိမ့် (နိဗ္ဗာန်ပါ ဘုရား)။

အဲဒီ ရောက်စေတတ်သောကြောင့် သူရောက်စေ တဲ့ ဉာဏ်ဖြစ်လေ သောကြောင့် သူ့ကို အားကိုးကြ၊ အယမ္ပိ ဓမ္မော နာထ ကရဏော၊ အယမ္ပိ- ဤဒုက္ခ ကုန်ရာကို ရောက်အောင် ပို့နိုင်တဲ့ ဉာဏ်သည် သာလျှင်၊ နာထ ကရဏော- မင်း တို့ ကိုးကွယ်ခြင်း ပြုရမယ့် တရားပါပဲကွာ လို့ အင်္ဂုတ္တိုရ်မှာ သေသေချာချာ ဟောတယ်။ မည်သူမဆို ဒါ အကြီးဆုံး အားကိုး ရမယ် (မှန်ပါ့)။ သဘောကျ ပလား (ကျပါ ပြီ ဘုရား)။

အင်း ဒါလောက်မှ မသိတဲ့ ပုဂ္ဂိုလ် ကျတော့လဲ ကိုယ်ပြုထားတဲ့ ဒါန၊ ကိုယ်ဆောက် တည်ထားတဲ့ သီလပေါ့ ဗျာ (မှန်ပါ့)။

မဟုတ်ဘူး။ အကောင်းဆုံး အားကိုးရာ ပြစမ်းပါဆို ရင်ဖြင့် ဒါပဲ (မှန်ပါ့)။ သဘောကျပလား (ကျပါပြီ ဘုရား)။

အကောင်းဆုံး အားကိုးရာ ပြစမ်းပါ

အကောင်းဆုံး အားကိုးရာ ပြစမ်းပါ ဆိုရင် (ဖြစ်ပျက် အာရုံပြုတဲ့ ဉာဏ်ပါ ဘုရား)။ ဖြစ်ပျက် အာရုံပြုတဲ့ ဉာဏ် (မှန်ပါ့)။ ဖြစ်ပျက် အဆုံး အာရုံပြုတဲ့ဉာဏ် (မှန်ပါ့)

ဒီဉာဏ်သာလျှင် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကိုးကွယ်ရာ၊ အားထားရာ အစစ်ပဲလို့။ အယမ္ပိ ဓမ္မော နာထ ကာရဏော လို့ ဘုရားက ကိုယ်တော်တိုင် နှုတ်က ဖွင့်ဟပြီး မိန့် လေ သောကြောင့် ဘာမှ သံသယ မရှိဘဲနဲ့ဒါ အားကိုးရမှာပဲ ဆိုပြီး ဒီနေ့ကစပြီး ဒါ အားကိုးရုံပဲ (မှန်ပါ့)။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အကယ်၍ လှေစီးသွားတဲ့ ပုဂ္ဂိုလ်လဲ လှေကိုပဲ အား ကိုး ရပါတယ်။ ဒီလှေကမှ ဟိုဘက် ရောက်အောင် ပို့မှာကိုး။ ဒီမှာလဲ ထိုနည်းတူပဲ။ ဒီဉာဏ်လုပ်မှ ဒီဉာဏ်က ဟိုဘက် ရောက်အောင် ပို့မှာ (မှန်ပါ့)။

ဒီဉာဏ်မှ မလုပ်တဲ့ ပုဂ္ဂိုလ်၊ ဒီဉာဏ် ဘယ့်နှယ် လုပ်ပြီး ဒီဉာဏ်မှ မရှိရင် သူက ဒီမှာ ဘက်ကမ်း တည်း ဟူသော အဇ္ဈတ္တိကာယတနမှ ဟိုဘက်ကမ်းတည်း ဟူသော နိဗ္ဗာန် ဘက်သို့ သူ ပို့နိုင်ပါ့မလား (မပို့နိုင်ပါ ဘုရား)။

ကိုယ်အားထုတ်နေတဲ့ဉာဏ် အားကိုးပါ

ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ်အားထုတ်နေတဲ့ ဉာဏ်၊ ကိုယ်အားကိုး (မှန်ပါ့)။ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။ ဘာ အားကိုးကြမယ် (ကိုယ် လုပ်နေတဲ့ ဉာဏ်အားကိုး ရမှာပါ ဘုရား)။

ကိုယ်လုပ်နေတဲ့ဉာဏ်က ဘာပါလိမ့်မလဲလို့ အကဲ ခတ်ပါအုံး (ဒုက္ခမြင်တဲ့ဉာဏ်၊ ဖြစ်ပျက်မြင်တဲ့ ဉာဏ်ပါ ဘုရား)။ အေး ဖြစ်ပျက်မြင်တဲ့ဉာဏ် (မှန်ပါ့)။

ဒီထက်တတ်နိုင်ရင် ဒုက္ခအဆုံးကို (မြင်နိုင်တဲ့ ဉာဏ်ပါ ဘုရား) “ဒုက္ခဿ အန္တံ ကရိဿတိ” ဆိုတဲ့အတိုင်း ဒုက္ခဿ- ဒုက္ခ၏၊ အန္တံ- အဆုံးကို၊ ကရိဿတိ- မျက်မှောက် ပြုအောင် လုပ်နိုင်ရင်လဲ ပိုမိုကောင်းတယ်လို့ မှတ်ထားပေါ့ (မှန်ပါ့)။

ဟာ သို့မဟုတ် တပည့်တော်တို့ ဖြစ်ပျက်ရှု ရုံနဲ့ ပဲ သေသွားတာ တောင်မှ ဒုတိယဘဝ သောတာပန် တည်နိုင် တယ် ဟာ -ဖြစ်ပျက် အဆုံးရောက်ပါတယ် ဆိုလို့ရှိရင်လဲ ဒီဘဝပဲ အမှန်ဆုံးရင် မရောက် မရှိပါဘူး (မှန်ပါ့)။

ကိုးကွယ်ရာ ဒကာကြွယ်တို့၊ ဦးလှဘူးတို့ ရှိပလား (ရှိပါတယ် ဘုရား)။ ဘာအားကိုးကြမတုံး (ဖြစ်ပျက် မြင်တဲ့ဉာဏ် အားကိုး ရမှာပါ ဘုရား)။

ဒီနှစ်ဉာဏ် ကြိုက်ရာအားကိုး

ဖြစ်ပျက် မြင်တဲ့ဉာဏ် (မှန်ပါ့)၊ ဖြစ်ပျက် အဆုံး (မြင်တဲ့ဉာဏ်ပါ ဘုရား)။ ဒီနှစ်ဉာဏ်ဖြင့် ကြိုက်ရာ အားကိုးတော့ (မှန်ပါ့)။

ဖြစ်ပျက်မြင်တဲ့ ဉာဏ်ကလဲ ဝိပဿနာမဂ်ပဲ။ ဖြစ် ပျက်အဆုံးမြင်တဲ့ ဉာဏ်ကလဲ လောကုတ္တရာ မဂ်ပဲ ဒကာ ဒကာမတို့၊ အသက်အရွယ် တွေလဲ ကြီးကုန်ကြပြီ၊ ဆရာ ဘုန်းကြီးလဲ ကြီးပြီ။ ဒကာ ဒကာမ တွေလဲ ကြီးပြီ (မှန်ပါ့)။

အားကိုးရာအစစ်ဆိုတာ ဒါပဲ

အားကိုးရာ အစစ်ဖြင့် ဒါပဲ ဆိုတာ သေချာကြပလား (မှန်ပါ့)။ အေး ဘုရားသခင် ကိုယ်တော် မြတ်ကြီး တောင်မှ ဒကာ ဒကာမတို့ ဘယ်အချိန်မဆို ဖလသမာပတ်၊ အားတိုင်း အားတိုင်း ဖလသမာပတ် ဝင်စားနေတယ် ဆိုတာ သူ ဖြစ်ပျက်ရှုပြီးမှ ဝင်စားတော်မူတာ (မှန်ပါ့)။

ဖြစ်ပျက်ပဲ အားကိုးရတာပဲ (မှန်ပါ့)။ ဖြစ်ပျက် ဆုံးသွားတော့မှ နိဗ္ဗာန်မြင်တဲ့ ဉာဏ် ဖလသမာပတ် ဉာဏ် လာတော့တာကိုး (မှန်ပါ့)။

သူလဲ ဒါ အားကိုးတာပဲ (မှန်ပါ့)။ ဒါကြောင့် သနာထ ဘိက္ခဝေ ဝိဟ ရထ မာ အနာထာ၊ ဘိက္ခဝေ ၊ ရဟန်းတို့၊ သနာထာ- မိမိတို့ ကိုးစားရာ အားထားရာ တစ် ခုခု ရှိကြကုန်သည်၊ ဝိဟရထ- နေရစ်ကြကုန်လော့။ မင်းတို့ အားကိုးရာ တစ်ခုတော့ လက်ကိုင် ရှိပါစေနော် (မှန်ပါ့) အားကိုးရာ တစ်ခုတော့ (လက်ကိုင် ရှိရပါမယ် ဘုရား)။

ဖြစ်ပျက်ကိုမြင်ပြီး သကာလ နေတဲ့ ဉာဏ် ဆိုတော့ ဖြစ်ပျက် မြင်တဲ့ သူကလည်း ဥဒယဗ္ဗယ မြင်ဖူးတဲ့ ပုဂ္ဂိုလ်က လည်း ဘယ်တော့မှ မပျောက်တော့ဘူး (မှန်ပါ့)။

နှလုံးသွင်းလိုက်၊ ဉာဏ်တည့်လိုက် (မှန်ပါ့)၊ ဖြစ် ပျက် အဆုံးမြင်ပြီးသား ပုဂ္ဂိုလ်ကလည်း ဖြစ်ပျက် တွေ့ပြီး မကြာခင် ဆုံးသွားတယ်။ (မှန်ပါ့)။ အဲဒီကဲ့သို့ အား ကိုးရာအစစ် ရှိကြပလား (ရှိကြပါပြီ ဘုရား)။

အားကိုးရာအစစ်ပေးတဲ့နေ့

ဒါဖြင့် ဒကာ ဒကာမတို့၊ ယနေ့တရား အစမှာ ငါတို့ ဘယ်လိုများ ချီးမြှောက်ပါလိမ့်မလဲလို့ ဒကာကြွယ်တို့ မေးရင် ဖြင့် အားကိုးရာ အစစ် ပေးတဲ့နေ့ပဲ (မှန်ပါ့)။

ဘယ်လိုပါလိမ့် (အားကိုးရာအစစ် ပေးတဲ့နေ့ ပါ ဘုရား)။ အားကိုးရာအစစ်ပေးတဲ့နေ့လို့ပဲ မှတ်ကြစမ်း ပါ။

ဒါကြောင့် ဒကာဒကာမတို့ အရေးရှိရင် ခဗျားတို့ ပဲတဲ့။ လောကီမှာ အားကိုးရာ တစ်ခုခု ထားသလို အဲဒီ လောကီ အားကိုးရာကတော့ ရန်သူငါးတန်နဲ့ ဆက်ဆံတယ် (မှန်ပါ့)။

တကယ်တမ်းကျတော့ ပျက်သွားတယ် (ပျက် သွားပါတယ် ဘုရား)။ အခု ဉာဏ်ကို အားကိုး တော့ ဒကာ ဒကာမတို့ ပျက်စရာ ရှိသေးရဲ့လား (မရှိတော့ပါဘူး) ဒီဉာဏ်သာ ထက်သွားပါစေ။ ထက်သတဲ့ ထက်သွားပါစေတော့ (မှန်ပါ့)။ ကဲ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဝိပဿနာရှုနည်း ပြောကြစို့

ကဲ ဒါဖြင့် ဒီဉာဏ်ကို ဘယ်လိုအားထုတ်မှ ဖြစ် မလဲ ဘုရားဆိုတော့၊ ဉာဏ်စခန်းကိုပဲ ဒီနေ့ ပြောကြပါစို့။ ဒီ ဉာဏ် ဘယ်လို အားထုတ်မှ တပည့်တော်တို့ အားကိုးရာ အစစ် ဖြစ်မလဲဆိုတဲ့ ဥစ္စာကို ဝတ္ထုသက်သေ သာဓကနဲ့တကွ ထုတ်ပြီး သကာလ ဝိပဿနာရှုနည်း ပြောပါစို့ (မှန်ပါ့)။

ဥပရိပဏ္ဏာသ ပါဠိတော် ဣန္ဒိယဘာဝနာ သုတ်ဆို တာ ဒကာ၊ ဒကာမတို့ ဒါကိုပဲ နာကြရ တော့မယ်။ ဝိပဿနာ ရှုတဲ့ဉာဏ်ကို အားကိုးရတော့မယ် ဆိုတာ ဒီဉာဏ် ဘယ်လို ဖြစ်လာလို့ ရှိရင် တပည့်တော်တို့ ဒီဉာဏ်ဟာ အားကိုးလောက် ပါမလဲလို့ ဉာဏ်ကို စစ်ဆေးကြပါစို့ (မှန်ပါ့)။

ဘယ်လို အားထုတ်လိုက်လို့ရှိရင် ဒီဉာဏ်ကို အားကိုး ရမယ်လို့ ဆိုတာတော့ ဟုတ်ပါပြီ။ ဘယ်လို မြင်တဲ့ အခါမှာ တပည့်တော်တို့ ဒီဉာဏ်ကို အားကိုးထိုက်တဲ့ အဖြစ်သို့ ရောက် ပါလိမ့်မယ်လို့ မေးဖို့ မလိုဘူးလား (လိုပါတယ် ဘုရား)။ အေး ဒါကြောင့် ဉာဏ်စစ်ဆေးဖို့ပဲ ဒကာကြွယ် မှာရတော့မယ် (မှန်ပါ့)။

ဘုန်းကြီးမေတ္တာကတော့

ကိုင်း ဒါဖြင့် သေသေချာချာ ရိုရိုသေသေ ကိုင်းကိုင်း ညွှတ်ညွှတ် မှတ်မှတ်သားသားနဲ့ ဘုန်းကြီး ပြောတဲ့အတိုင်း နာနိုင်ပါစေ။ ဘုန်းကြီး မေတ္တာကတော့ ရောက်ပြီ (မှန် ပါ။)

တရားနာပြီး သိကြပါစေဆိုတဲ့ မေတ္တာကကော (ရောက်ပါပြီ ဘုရား)။ ရောက်ပြီးသကာလ ကျင့်နိုင်ကြပါစေ ဆိုတဲ့ မေတ္တာကကော (ရောက်ပါတယ် ဘုရား)။

အားကိုးရာဉာဏ် အစစ် မရရအောင်ယူ

အဲဒီအတိုင်း ခင်ဗျားတို့ ဒီမေတ္တာကို ခံယူပြီး သကာ လ ကိုင်း အားကိုးရာ ဉာဏ်အစစ်တော့ မရရအောင် ယူပါတော့မယ် ဆိုတဲ့ စိတ်ထားနဲ့ တရားနာ၊ တရားမှတ်၊ တရားကျင့်ကြံ (မှန်ပါ့)။ ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးတဲ့။ မြတ်စွာဘုရားသခင် ကိုယ်တော် မြတ်ကြီးသည်ကား ဆိုလို့ရှိရင် သုဝေဠုဝနေ ဆိုတဲ့ ကောင်းသော ဝါးပင် ရှိတဲ့ ဌာနမှာ သူ သီတင်း သုံးပြီး ရွာ တစ်ရွာမှာ သီတင်းသုံးပြီး သကာလ နေပါတယ် (မှန်ပါ့)။

ဝိပဿနာ ယောင်ယောင်

အဲဒီရွာမှာ သီတင်းသုံးပြီး သကာလ နေတော့ တက္ကသိုလ် ဆရာကြီး ပါယာသိဝိယ တက္ကသိုလ် ဆရာကြီးဆို တာ ရှိတယ် (မှန်ပါ့)။ သူက ဝိပဿနာ ယောင်ယောင် နဲ့ ဟောနေတယ် (မှန်ပါ့)။

အေး မင်းတို့သည်ကားဆိုလို့ရှိရင်ဖြင့် ၊ စက္ခု၊ သောတ၊ ဃာန၊ ဇီဝှာ၊ ကာယ၊ မန ဆိုတဲ့ ဣန္ဒြေ ခြောက်ပေါက် လောဘ၊ ဒေါသ၊ မောဟ မလာအောင် လုံခြုံချင်လို့ရှိရင် မျက်လုံး ပိတ်သာထားကွ၊ နားလဲ မကြားအောင် ပိတ်သာ သာထားကွ (မှန်ပါ့)။ သူက ဒါတွေ ဝါဒဖြန့်လိုက်တယ်။

အဲဒီတင် ဘုရားသခင်ကိုယ်တော်မြတ်ကြီးကလဲ ရောက်ပြီး သကာလ၊ သုဝေဠုဝနရွာကို ရောက်ပြီး သကာလ၊ ကောင်းသော ဝါးပင်တွေ ရှိတဲ့ရွာကို ရောက်သွားပြီးတော့ တရားပွဲ ဆင်လိုက် ပါတယ် (မှန်ပါ့)။

တရားပွဲ ဆင်လိုက်တဲ့ အခါကျတော့ ဒကာ ဒကာမ တွေက လာကြတော့ ဒီအထဲ ပါယာသိဝိယ ဆရာကြီးရဲ့ အန္တ ဝါသိက တပည့်ဆိုတဲ့ ဥတ္တရလုလင် ပါလာ တယ် (မှန်ပါ့)။

ဒါ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဒို့တရားပွဲထဲ ဥတ္တရလုလင်က ပါယာသီဝိဆရာကြီးရဲ့ တပည့်ဖြစ်တယ်ကွ။

မျက်စိပိတ်နားပိတ်ထားရင်

မင်းဆရာကြီးက ဣန္ဒြေ လုံခြုံအောင် ဣန္ဒြိယ ဘာဝနာ ဘယ်လိုများ ပွားများရမတုံးလို့ ပြောစမ်း ပါကွာလို့ ဆိုတော့ တပည့်တော်တို့ ဆရာကြီးကတော့ ပါယာသိဝိယ ဆရာကြီးကတော့ မျက်လုံးရှိ မျက်စိပတ်ထား၊ နားရှိ နားပိတ် ထားလို့ ဆိုပါတယ်။ ဒါ လုံတာပဲကွ။

အကြမ်းတော့ ဟုတ်နေတာပဲ (မှန်ပါ့)။ အကြမ်းသဘော ကတော့ (ဟုတ်ပါတယ်ဘုရား။) ဒကာ ဒကာမတို့ မျက်လုံး ပိတ်ထားသော မျက်လုံးက မြင်ရသေးရဲ့လား (မမြင် ရပါဘူး ဘုရား)။ မမြင်ရတော့ လောဘ လာသေးရဲ့လား (မလာပါဘူး ဘုရား)။

သို့သော် သူပြောတာ မျက်လုံး၊ နှာခေါင်း၊ လျှာသာ ဖြစ်နေတာ။ ဝမ်းထဲက လုံကြရဲ့လား (မလုံပါဘူး ဘုရား)။

ဒီအပေါက်တွေသာ လုံပြီး ဟိုအပေါက်တွေက ပွင့်နေ တော့ ဣန္ဒြေလုံခြုံတယ်လို့၊ အင်း လောဘ၊ ဒေါသ မောဟ မလာအောင် ပိတ်ပင်နိုင်တယ် လို့ဆိုတဲ့ အဖြစ်သို့ ရောက်ပါရဲ့လား (မရောက်ပါဘူး ဘုရား)။

ဥတ္တရလုလင်

အဲဒီကဲ့သို့ မရောက်တော့ ဘုရားသခင် ကိုယ်တော် မြတ်ကြီးက ဟေ့ ဥတ္တရလုလင်၊ မင်းဆရာကြီးက မျက်စိရှိ ပိတ်ထား၊ လောဘ၊ ဒေါသ၊ မောဟ မလာအောင် နားရှိ ပိတ်ထား၊ လောဘ၊ ဒေါသ၊ မောဟ မလာအောင် ဆိုလို့ရှိရင် ဖြင့်ကွာ ငါ အထူး မပြောလိုတော့ပါဘူး။

မျက်စိကန်းတွေ နိဗ္ဗာန်ရောက်ကြမှာပေါ့

အမိဝမ်းထဲက မျက်စိကန်းလာ၊ နားပင်းလာတဲ့ ပုဂ္ဂိုလ်များ၊ ဣန္ဒြေ လုံသောကြောင့် နိဗ္ဗာန် မဂ်ဖိုလ် ရကြမှာ ပေါ့ (မှန်ပါ့)။ ဣန္ဒြေ လုံခြုံသောကြောင့် နိဗ္ဗာန်မဂ်ဖိုလ် ရောက်ကြမှာပေါ့ကွာလို့ ဟောလိုက်တယ် (မှန်ပါ့ )။

ဟောကော မဟောထိုက်ဘူးလား (ဟောထိုက် ပါတယ် ဘုရား)။ ဘာမှလဲ မြင်တာလဲ မဟုတ်ဘူး။ ဘာမှလဲ ကြားတာလဲ မဟုတ်ဘူး။ အဲဒီ ပုဂ္ဂိုလ်က ဇစ္စန္ဓ ပုဂ္ဂိုလ်ဖြစ်ပြီး သကာလ နေသောကြောင့် ဇစ္စုမ္မတ္တက ဖြစ်ပြီး သကာလ နေတယ်။

အဲဒီပုဂ္ဂိုလ်ဟာ နိဗ္ဗာန်ရမှ ရမယ်ဆိုတော့ ဦးလှဘူးတို့ ပဲ စဉ်းစားကြည့်၊ ရနိုင်ပါ့မလား (မရနိုင်ပါဘူး ဘုရား)။ ပင်ကိုကန်းကိုဗျ (မှန်ပါ့)။ ဒါနဲ့ ဘုရားသခင် ကိုယ်တော် မြတ်ကြီးက ညီတော် အာနန္ဒာကို ခေါ်လိုက်တယ်။

တရားအတုတွေ လွှမ်းမိုးနေပြီ

ညီတော် အာနန္ဒာ လာအုံးဟေ့။ တရားတု တရား ယောင်တွေကဖြင့် လွှမ်းမိုးနေပြီ (မှန်ပါ့)။ တရားလဲ မဟုတ်ဘူး (မှန်ပါ)။

ဒို့ အရိယာတို့၏ ဝိနည်းအဆုံးအမမှာ ဝိနည်းမှာ တော့ ဒီလို လုံခြုံရမယ်လို့ မဟုတ်ဘူး (မှန်ပါ့)။

ဒီလိုပြောလိုက်တော့အခါ ညီတော် အာနန္ဒာက အရှင် ဘုရား ဒါပြောရမည့် ကာလ၊ ဟောရမည့် ကာလ၊ ဆုံးမရမည့် ကာလ ဖြစ်နေပါပြီ ဘုရား။ ဒါကြောင့် အရှင်ဘုရားသည် ဟောတော်မူပါ (မှန်ပါ့)။ တောင်းပန်တယ် (မှန်ပါ့)

ဒီတောင်းပန်စေချင်လို့ ပြောတာ ဒကာ ဒကာမတို့ (မှန်ပါ့)။ ဒီတရား ထူးထူးလည်လည်လေး မှတ်စမ်းပါ အုံး (မှန်ပါ့)။

ထူးထူးလည်လည် မှတ်စမ်းပါ ဒကာ ဒကာမတို့။ ကိုယ်တော့ လုပ်တော့ လုပ်နေတာပဲ။ လုပ်နေတာ ခရီးရောက် တယ် မရောက်တယ် ယနေ့ဟာနဲ့ ဆုံးဖြတ်ချက်ချ (မှန်ပါ့)။

ငါ သေရဲပြီဆိုတာ လာပါလိမ့်မယ်

ယနေ့ဟာနဲ့ ဆုံးဖြတ်ချက် ချကြည့်တော့ ဒကာ ဒကာမတွေ ရှင်းရှင်းလင်းလင်းကြီး ပေါ်လာပြီ။ သြော် ငါ သေရဲပြီ ဆိုတာ လာပါလိမ့်မယ် (မှန်ပါ့)။

ငါ သေရဲပြီဆိုတာ ပေါ်လာလို့ ရှိရင် ဒီအလုပ် စွဲစွဲ မြဲမြဲ ကိုးကွယ်ရာ၊ အားထားရာအဖြစ်နဲ့ပဲ ဆုံးဖြတ်ချက် ချ ကြပေတော့လို့ ပြောလိုက်တယ် (မှန်ပါ့)။

ကိုင်း ဒါဖြင့် ရဟန်းတွေ စုကွာ ဆိုပြီး ရဟန်း တွေစုပြီး ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟောလိုက် တယ်။

ဒေါသဖြစ်တယ်

ဒီ ဒကာ ဒကာမတို့ မုန်းစရာက တစ်ယောက်၊ ခင်မင် စရာက တစ်ယောက်၊ မမုန်းမခင်က တစ်ယောက်၊ ဒီကနေ ပြီး သကာလ ဒကာ ဒကာမတွေက မျက်လုံးနဲ့ပဲ မုန်းစရာ ကြည့်လိုက်တော့ မျက်လုံးနဲ့ မုန်းစရာ မြင်လိုက်တော့ ဒို့ အိမ်ရှေ့က ဖြတ်သွားတာ သူ့သဘောမကျပါဘူး (မှန်ပါ့)။

ဒီလူက ခိုးတတ် ဝှက်တတ်တယ် (မှန်ပါ့)။ မုန်း စရာ မြင်လိုက်တော့ ဒေါသ ဖြစ်တယ် (မှန်ပါ့)။ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

လောဘဖြစ်တယ်

ဒီပုဂ္ဂိုလ်ကျတော့ ဒို့အိမ်နား လာတယ်, ခင်ရှာတယ်, မင်ရှာတယ်, ကိုယ်ကလည်း မေတ္တာထား ပါတယ်, လောဘ လာတယ် (မှန်ပါ့)။

မေတ္တာ ထားတယ်သာ ဆိုပါတယ် ခင်ရှာ, မင်ရှာက ပါနေတယ် (မှန်ပါ့)။ အလယ် ပုဂ္ဂိုလ် ကျတော့ လောဘ လာတယ် (မှန်ပါ့)။

မောဟဖြစ်တယ်

ဒီပုဂ္ဂိုလ်ကတော့ ကိုယ့်အိမ်ရှေ့ ဖြတ်ရုံတင် ဖြတ်သွား တာ ဘယ်သူ ဘယ်ဝါ မသိလိုက်ပါဘူး။ ရုပ်လဲ, နာမ်လဲ မသိ၊ ဖြစ်ပျက်လဲ မသိဘူး ဆိုတော့ သူ့ကျတော့ မောဟဖြစ်တယ် (မန်ပါ)။

ဒေါသ လောဘ မောဟ ဖြစ်တယ် (မှန်ပါ့)။ ဒကာ ဒကာမတို့ ပုဂ္ဂိုလ်သုံးယောက်မှာ ခင်ဗျားတို့ ဝမ်းထဲမှာ ဘယ်နှစ်မျိုး ဖြစ်နိုင်ပါသတဲ့ (သုံးမျိုး ဖြစ်နိုင်ပါတယ် ဘုရား)၊ လောဘ, ဒေါသ, မောဟ (မှန်ပါ့)။ ဒေါသ, လောဘ, မောဟ (မှန်ပါ့)။ မဖြစ်ပေဘူးလား (ဖြစ် ပါတယ် ဘုရား)။

ကိုင်း – တစ်ပွဲလုံးပဲ ပြောကြစမ်းပါအုံး။ ခင်ဗျားတို့ ဖြစ်စဉ်ကို (ဒေါသ,လောဘ,မောဟပါ ဘုရား)။ ဟောဒီ – ဘက်က လူက ဒကာ ဒကာမတို့ ခင်ဗျားတို့နဲ့ လူရာမဝင် သူပေါ့ ဗျာ (မှန်ပါ့)။

သူ့မြင်လိုက်တော့ ဘာဖြစ်တုံး (ဒေါသ ဖြစ်ပါ တယ် ဘုရား)။ ဒီပုဂ္ဂိုလ်ကတော့ ခင်ဗျားတို့ အိမ်မှာ ပလူးပလဲ နဲ့ အတော်ပဲ အကျိုးရွက်ဆောင်ပြီး နေတဲ့ ပုဂ္ဂိုလ် မြင်လိုက် ရပြန်တော့ ဘာဖြစ်တုံး (လောဘ ဖြစ်ပါတယ် ဘုရား)။

အင်း သူ့ကိုခင်တယ် ကျုပ်တို့က (မှန်ပါ)။ ခင်တဲ့ လောဘ မလာဘူးလား (လာပါတယ် ဘုရား)။

ကောင်းပြီ ဒီပုဂ္ဂိုလ် အိမ်ရှေ့မှာ နဂိုကလည်း မသွား ဖူးဘူး။ အခုလဲ မသွားဖူးဘူး မြင်ကာမျှပဲ ရှိလိုက်တယ်။ ဘယ်သူရယ် ဘယ်ဝါရယ်လို့ မသိလိုက်ဘူး ဆိုလို့ရှိရင်ဖြင့် မသိလိုက်တဲ့ အဝိဇ္ဇာ (မှန်ပါ့)။

မျက်လုံးဖွင့်ထားလို့ ဖြစ်ရတာ

ဒေါသ, လော, မောဟ ပုဂ္ဂိုလ်က ဘယ်နှစ်ယောက် ပါလိမ့် (သုံးယောက်ပါ ဘုရား)။ ဒါ မျက်လုံး ဖွင့်ထားလို့ ဖြစ်ရတာပဲ (မှန်ပါ့)။

မျက်လုံး ဖွင့်ထားတဲ့ အတွက် ပထမပုဂ္ဂိုလ် အတွက် ဒေါသ, ဒုတိယပုဂ္ဂိုလ် အတွက် (လောဘပါ ဘုရား)။ အင်း တတိယ ပုဂ္ဂိုလ်အတွက် (မောဟပါ ဘုရား)။

ဒါ မျက်လုံးဖွင့်ထားလို့ ရှိရင် ထုံးစံအတိုင်း ပုထုဇဉ် မှာ လာမှာပဲ (မှန်ပါ့)။ မလာနဲ့ဆိုလို့ (မရပါဘူး ဘုရား)။ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါ ကြပ်ကြပ် သတိထား၊ ဒါ ကြပ်ကြပ် သတိထားပါ (မှန်ပါ့)၊ ဝိပဿနာ အစစ်ဖြစ်ရမှာ။ အဲဒီတော့ကွာ။ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ကောင်းတဲ့အာရုံမြင် တော့လဲ လောဘ ဖြစ်တယ်ကွာ။ မကောင်းတဲ့ အာရုံ မြင် တော့လဲ ဒေါသ ဖြစ်တယ်။ မကောင်း တကောင်း အာရုံမြင် ပြန်တော့ မောဟ ဖြစ်တယ်ကွာတဲ့။

ဣန္ဒြေတွေ လုံခြုံအောင် ဘယ့်နှယ်လုပ်မတုံး

ကိုင်း ဒါဖြင့် သေသေချာချာ ရိုရိုသေသေ ကိုင်းကိုင်း ညွှတ်ညွှတ် မှတ်မှတ်သားသားနဲ့ ဘုန်းကြီး ပြောတဲ့အတိုင်း နာနိုင်ပါစေ။ ဘုန်းကြီးမေတ္တာကတော့ ရောက်ပြီ (မှန်ပေါ့။)

ဒီကနေပြီး သကာလ သူတို့ကို မကြည့်နဲ့တော့။ ကိုယ့်ဝမ်းထဲပေါ်တဲ့ သုံးခုကိုကြည့် (မှန်ပါ့)။ သဘောကျပလား (ကျပါပြီ ဘုရား)။

ဘာကြည့်ရမတုံး (ကိုယ့်ဝမ်းထဲ ပေါ်တဲ့ သုံးခု ကို ကြည့်ရပါမယ် ဘုရား) ကိုယ်ဝမ်းထဲ ပေါ်တာကို ကြည့်ရ မှာ။ ကိုယ်ကတော့ ပေါ်တော့ ပေါ်မှာပဲ။ မထူးဘူး ခင်ဗျားတို့ က ပေါ်ပြီးသား ဖြစ်နေတယ် (မှန်ပါ့)

ကိုယ်နဲ့ရန်သူ မြင်ရင် ဒေါသဖြစ်မှာပဲ။ ကိုယ်ချစ်တဲ့ ပုဂ္ဂိုလ် တွေ့ရင် လောဘဖြစ်မှာပဲ။ ကိုယ်နဲ့ မသိတဲ့ ပုဂ္ဂိုလ်ဖြစ်ရင် (မောဟဖြစ်ပါတယ် ဘုရား)။

မောဟဖြစ်မှာ ဘာမှ မသိပဲကိုဗျ (မှန်ပါ့)၊ ဘာ မှ မသိတော့ မောဟ ဖြစ်တယ်တဲ့။ အဲဒီဖြစ်တဲ့ တရားဟာ ဒကာ ဒကာမတို့ ကြည့်မိလို့ ဖြစ်တာ မကြည့်မိဘဲနဲ့ ဖြစ်တာလား (ကြည့်မိလို့ ဖြစ်တာပါ ဘုရား)။

အကြောင်းကြောင့်ပေါ်လာတာ

ဪ ဒါနဲ့ ကြည့်ခြင်းက အကြောင်း (မှန်ပါ့)၊ ဖြစ်ပေါ် လာတာက (အကျိုးပေါ့)။ ဒီလောဘ, ဒေါသ, မောဟ ဒီကနေပြီး မျက်လုံးနဲ့ ဒကာ ဒကာမတွေက ကြည့်မိလို့ (မှန်ပါ့)။

ဖြစ်ရတယ်ဆိုတာ သေချာကြပလား (သေချာပါတယ် ဘုရား)။ ကောင်းပြီး၊ ဒါဖြင့် မုန်းတဲ့ပုဂ္ဂိုလ် ဒီမျက်လုံး နဲ့ ကြည့်လိုက်တော့ ဒေါသ ဟုတ်လား (မှန်ပါ့)။

ခင်စရာ ပုဂ္ဂိုလ်ကြည့်လိုက်တော့ (လောဘဖြစ် ပါတယ် ဘုရား)။ လောဘ ဖြစ်တယ်နော်။ တစ်ခါမှ မသိတဲ့ ပုဂ္ဂိုလ် ဒီမျက်လုံးနဲ့ ကြည့်လိုက်တော့ (မောဟဖြစ်ပါ တယ် ဘုရား)။

မောဟဖြစ်တော့ ဒီတရားတွေ ဒကာသစ်ရေ၊ အလို လို ပေါ်လာတာလား။ အကြောင်းကြောင့် ပေါ်လာတာလား (အကြောင်းကြောင့် ပေါ်လာတာပါ ဘုရား)။

ဒါဖြင့် အကြောင်းကြောင့် ပေါ်လာလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ “တိဏ္ဏံ သင်္ခတိ ဖဿော ဖဿပစ္စယာ ဝေဒနာ” ဆိုတဲ့ အတိုင်း ဒီ ဒေါမနဿဝေဒနာ အင်း ဒေါမနဿ ဝေဒနာပေါ်တယ်။ သောမနဿ ဝေဒနာပေါ်တယ်။ ဥပေက္ခာ ဝေဒနာ ပေါ်တယ် မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ကြမ်းတမ်းတဲ့တရား ဩဠာရိက

ဥပေက္ခာဆိုတာ မောဟပါပဲ (မှန်ပါ့)။ အဲဒီ တော့ ဒီတရားဟာ ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပန္န တရားလို့ မှတ်စမ်းပါ (မှန်ပါ့)၊ ကြမ်းတမ်းတဲ့ တရားလို့ကော (မှတ်ထားရမှာပါ ဘုရား)။ ကိုယ့်သန္တာန် ပေါ်တာ ကိုယ်သိတာကိုး (မှန်ပါ့)။

ကိုယ့်သန္တာန်ပေါ်တာ ကိုယ်သိတော့ ကြမ်းတမ်းတဲ့ တရား ဆိုရင်ကော (ဟုတ်ပါတယ် ဘုရား)။ သင်္ခတ တရား ပြုပြင်လို့ ပေါ်လာတဲ့ တရား ဆိုရင်ကော (မှန်ပါ တယ် ဘုရား)။

အဲ သြော် ဒါဖြင့် ဒီတရားသည် သင်္ခတတရား၊ ကြမ်းတမ်းတဲ့ တရား (ဝါ) ပဋိစ္စသမုပ္ပန္န တရား (မှန်ပါ့)။ ဒကာသစ် မှတ်မိပလား (မှတ်မိပါပြီ ဘုရား)။

ပြုပြင်လို့ ပေါ်လာတဲ့သင်္ခတ တရား

သင်္ခတတရား ဆိုတာလဲ ပြုပြင်လို့ ပေါ်လာတာ (မှန်ပါ့)။ ဟုတ်လား (မှန်ပါ့)။ သြဠာရိက တရား ကြမ်းတမ်းတဲ့ တရား ဆိုတာလဲ ကိုယ့်သန္တာန် ပေါ်နေတာ ကိုယ်သိနေလို့ သြဠာရိက တရား (မှန်ပါ့)။

လောဘပေါ်လည်း ကိုယ် သိတာကိုးဗျာ (မှန်ပါ့) ဒေါသပေါ်လဲ သိတာပါပဲ။ မောဟပေါ်လဲ (သိတာပဲ ဘုရား)၊ ဒါဖြင့် ကြမ်းတမ်းတဲ့တရားမို့သိတာ (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အေး သင်္ခတတရား၊ သြဠာရိက တရား၊ ပဋိစ္စသမုပ္ပန္န တရား၊ ဒီဘက်က ပဋိစ္စသမုပ္ပါဒ်၊ ဒီဘက်က ပဋိစ္စ သမုပ္ပန္န အကျိုးတရား (မှန်ပါ့)။ ပဋိစ္စသမုပ္ပန္န တရားကော ဟုတ်ပါရဲ့ လား (ဟုတ်ပါတယ် ဘုရား)။

သင်္ခတတရားကို မဂ္ဂင် (၅) ပါးနဲ့ရှု

အဲဒီလို သိထားတော့၊ ဪ ဒီတရားတွေ ဟာ ဆိုလို့ရှိရင်ဖြင့် သင်္ခတ တရားလို့ပဲ နောက်က နေပြီး ဒကာ သစ်တို့က မဂ္ဂင် ၅ပါးနဲ့ ရှု (မှန်ပါ့)။

ပေါ်လာတဲ့တရားလေးပါး၊ ဥပမာ ဒီတရားလေးပါး ပေါ်လာတယ်။ လောဘလေး ပေါ်လာတယ်။ သင်္ခတတရား ပါလားလို့ သိလိုက် (မှန်ပါ့)။

သိလိုက်တဲ့ အခါကျလို့ရှိရင် သင်္ခတတရားလေး ရှိ သေးရဲ့လား (မရှိတော့ပါ ဘုရား)။ သင်္ခတ တရားလေး က ဖြစ်ပြီး ပျက်သွားတယ် (မှန်ပါ့)။ အင်း ဒီတရားလေးပဲ သင်္ခတ တရားလို့ပဲ နှလုံးသွင်း လိုက်စမ်း (မှန်ပါ့)။ ရှိသေးရဲ့လား (မရှိတော့ပါ ဘုရား)။

ဒီတရားလေးပဲ သင်္ခတ တရားလေး၊ နောက်ရှုတဲ့ ဉာဏ်ပေါ်လာလို့ ရှိရင် သူတို့က သင်္ခတ တရားပဲ။ ပေါ်လာတဲ့ တရားလေးဟာ သင်္ခတ တရားလေးပဲလို့ ရှုပေးလိုက်ပါ (မှန်ပါ့)

ရှုပေးလိုက်တဲ့ အခါကျရင်ဖြင့် သူလဲ ရှိသေးရဲ့ လား (မရှိတော့ပါ ဘုရား)။ မရှိတော့ဘူး။ ဒါလဲ မရှိတဲ့ တရား (မှန်ပါ့)။

မရှိတဲ့တရားချင်း တူနေတယ်

ဒေါသလဲ မရှိတဲ့တရား။ လောဘကော (မရှိတဲ့ တရားပါ ဘုရား)။ မောဟကော (မရှိတဲ့ တရားပါ ဘုရား)။

မရှိတဲ့ တရားချင်း တူမနေဘူးလား (တူနေပါ တယ် ဘုရား)။ ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ ရှုလိုက်တော့ မရှိတဲ့ တရားချင်း တူနေတယ် (မှန်ပါ)။

မရှိတဲ့တရားချင်း တူနေတာကို ဒီ ဝိပဿနာမဂ်က မမြင်ဘူးလား (မြင်ပါတယ် ဘုရား)။

အင်း ဝိပဿနာမဂ်က မရှိတဲ့တရားချင်း တူနေ တာကိုး။ ဝမ်းထဲက လောဘကြည့်လိုက်ပြန် မရှိတာတွေ့။

အင်း ဒေါသကြည့်လိုက်ပြန်သော (မရှိ တာ တွေ့ပါတယ် ဘုရား)။ အေး မောဟကြည့်လိုက် တော့ကော (မရှိတာ တွေ့ပါတယ် ဘုရား)။

သင်္ခတတရားတွေ ပျောက်သွားတယ်

မရှိတာ တွေ့တော့ သင်္ခတရားတွေ ပျောက်, ပျောက် သွားတယ် (မှန်ပါ့)။

“သဗ္ဗေ သင်္ခါရာ အနိစ္စာ” ဆိုတဲ့ အတိုင်း ပျောက် ပျောက် မသွားဘူးလား (ပျောက်သွားပါတယ် ဘုရား)။ မရှိတာ ချည်း တွေ့မနေဘူးလား (တွေ့နေပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့၊ မရှိတာချည်းတွေ့တော့ ကို စဉ်းစားကြည့်ပါတဲ့။ ပဏ္ဏာသ ပါဠိတော်က ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မရှိတာချည်း တွေ့နေတဲ့ ဉာဏ်ပဲ (မှန်ပါ့)။

ဒီဉာဏ်သည်တာကို တွေ့ပါလိမ့် (မရှိတာ ချည်း တွေ့ပါတယ် ဘုရား)။ မရှိတာချည်းတွေ့တဲ့ ဉာဏ်ဆို တာ သေချာပလား (သေချာပါတယ် ဘုရား)။ ဒါဖြင့် ဒီ ဉာဏ်သည် ဒကာ ဒကာမတို့ ဝိပဿနာ ရှုတာပဲတဲ့။ မရှိ တာလဲ သူသိတယ် (မှန်ပါ့)။ ဝိပဿနာ ကိုတော့ သူ မသိဘူးလား (သိပါတယ် ဘုရား)။ ဒါ ဝိပဿနာဉာဏ်ပဲ နော် (မှန်ပါ့)။

ဒီဉာဏ်သည် ဝိပဿနာဉာဏ်

ဒီဉာဏ်သည် ဝိပဿနာဉာဏ်ပဲတဲ့၊ ဝိပဿနာ ဉာဏ်သည် ဖြစ်ပြီး မရှိတာ သူသိတယ်။ ဖြစ်ပြီး မရှိဟာ (သူသိပါတယ် ဘုရား)။

ဖြစ်ပြီး မရှိတာ(သိပါတယ် ဘုရား)။ သိတော့ ကို တစ်တန်းတည်း မရှိတာ (သိပါတယ် ဘုရား)။ လောဘ ရယ်လို့ သိတာလား။ ဒေါသ ရယ်လို့ သိတာလား။ မောဟ ရယ်လို့ သိတာလား (မဟုတ်ပါဘူး ဘုရား)။

ဒါဖြင့် ဘယ်လိုသိပါလိမ့်။ ဖြစ်ပျက်ပဲလို့ သိပါတယ်။ ဘယ်လို သိပါလိမ့် (ဖြစ်ပျက်ပဲလို့ သိပါတယ် ဘုရား။)

ဖြစ်ပျက်ပဲလို့ သိတယ်ဆိုတာ ကျေနပ်ပလား (ကျေနပ်ပါတယ် ဘုရား)။ အဲဒီလို ဖြစ်ပျက်ပဲလို့ သိနေတော့ ဟောဒီ ဝိပဿနာဉာဏ်ဟာ ခင်ဗျားတို့ သာမည အောက်မေ့ မနေနဲ့ (မှန်ပါ့)။

ဝိပဿနုပေက္ခာဉာဏ်

ဝိပဿနုပေက္ခာဉာဏ် (မှန်ပါ့)၊ ဘာဉာဏ်တဲ့ (ဝိပဿနုပေက္ခာ ဉာဏ်ပါ ဘုရား)။ ဝိပဿနုပေက္ခာ ဉာဏ် တဲ့။ အကုန် ဥပေက္ခာထား ရှုတဲ့ဉာဏ် (မှန်ပါ့)၊ ဖြစ်ပျက် မြင်တဲ့ ဉာဏ်ဟာ ဘာဉာဏ်တဲ့ (ဝိပဿနုပေက္ခာဉာဏ် ပါ ဘုရား)။

ဝိပဿနာတော့ ဝိပဿနာပဲတဲ့။ ဥပေက္ခာတစ်တန်း တည်း ထားရှုတယ် (မှန်ပါ့)။ ဒါဖြင့် တစ်တန်းတည်းထား ရှုနိုင်တော့၊ ဒုက္ခဝေဒနာ ပစ္စယာ ဒေါသော နောက်က လိုက်သေးရဲ့ လား (မလိုက်ပါ ဘုရား)။

တဏှာပစ္စယာ ဥပါဒါန်ကော (မလိုက်ပါဘူး ဘုရား)။ အဝိဇ္ဇာ ပစ္စယာ သင်္ခါရာကော (မလိုက်ပါဘူး ဘုရား)။

ဒေါသနောက်က သောကပရိဒေဝလဲ မလိုက် ဘူး။ လောဘနောက်က တဏှာ ဥပါဒါန် ကံ တွေကော (မလိုက်တော့ပါဘူး ဘုရား)။

ဒီဘက်က မောဟရှုလိုက်၊ မောဟကို တစ်တန်း တည်း ထားရှုလိုက်တော့ အဝိဇ္ဇာ ပစ္စယာ သင်္ခါရာတွေကော (မလိုက်ပါဘူး ဘုရား)။

ပဋိစ္စသမုပ္ပါဒ် ပြတ်သွားတယ်

သြော် မလိုက်တော့ဘူး ဆိုတော့ တစ်တန်းတည်းထား ရှုနိုင် တဲ့ မဂ္ဂင်၏ သတ္တိသည် ပဋိစ္စသမုပ္ပါဒ် ပြတ်သွားတယ် (မှန်ပါ)။ တစ်တန်းတည်း ထားတဲ့ စွမ်းရည်သတ္တိသည် ပဋိစ္စသမုပ္ပါဒ် ပြတ်သွားပါတယ်။

ဒါဖြင့် ဒကာ ဒကာမတို့၊ ဦးလှဘူးတို့က ဘယ်ဉာဏ် အားကိုးရမယ် ဆိုတာ ဖြစ်ပျက်ကို တစ်တန်းတည်း ထားနိုင် တဲ့ ဉာဏ်အားကိုးပါ (မှန်ပါ့)။ ရှင်းကြပလား (ရှင်း ပါတယ် ဘုရား)။

ဘာကို အားကိုးရမယ် (ဖြစ်ပျက်ကို တစ်တန်း တည်း ထားနိုင်တဲ့ဉာဏ်ကို အားကိုးရပါမယ် ဘုရား)။ ကောင်းပြီး၊ ဒါဖြင့် လောဘရယ်လို့လဲ တွေ့သေးရဲ့လား (မတွေ့ ပါ ဘုရား)၊

ဒေါသရယ်လို့ (မတွေ့တော့ပါ ဘုရား)၊ မောဟ ရယ်လို့ (မတွေ့တော့ပါဘူး ဘုရား)။ အင်း ဘာပဲ တွေ့ပါလိမ့် (ဖြစ်ပျက်ပဲ တွေ့ပါတယ် ဘုရား)။

ဖြစ်ပျက်ပဲ တွေ့တယ်။ ရှုကြည့်ပါတဲ့။ ဒီနေ့ ပြန်ပြီး ရှုကြည့် ပါ။ လောဘလေးလာလဲ ဘုန်းကြီးက ရှူခိုင်းလို့ ငါရှုတော့ မရှိတာပဲ တွေ့တယ် (မှန်ပါ့)။

ဒကာကြွယ် ရှုကြည့်တော့ ဘယ့်နှယ်နေတုံး (မရှိတာပဲ တွေ့ပါတယ် ဘုရား)။ ဒေါသလေး ရှူခိုင်းတာလဲ ဆရာဘုန်းကြီးက ရှုခိုင်းလို့ ရှုတာပဲတဲ့၊ “သဒေါသံ ဝါ စိတ္တံ သဒေါသစိတ္တန္တိ ပဇာနာတိ”လို့ ရှုခိုင်းတယ်။

သုခဝေဒနာ၊ ဒုက္ခဝေဒနာတွေလဲ ရှုခိုင်းတယ်။ ကိုယ်တွေ့တာက ဘာတွေ့တုံး ။ (မရှိတာပဲ တွေ့ပါ တယ် ဘုရား)။

ဖြစ်ပြီးပျက်တဲ့ မရှိတာပဲ တွေ့တယ်

ဖြစ်ပြီးပျက်တဲ့ မရှိတာပဲ တွေ့တယ် (မှန်ပါ့)။ ဘာတွေ့ကြပါလိမ့် (ဖြစ်ပျက်မရှိတာ တွေ့ပါတယ် ဘုရား)။ ဖြစ်ပြီး ပျက်တဲ့ မရှိတာပဲ တွေ့ပါတယ်ဆိုတာ သေချာပလား ။ (သေချာပါတယ် ဘုရား)။

ဒါဖြင့် ဒီဉာဏ်သည် ဘယ်လိုထူးထူးခြားခြား မြင် သေးသတုံးလို့ မေးလို့ရှိရင် တစ်တန်းတည်း မြင်တယ် ဘုရား (မှန်ပါ့)။

ဘယ်လိုမြင်ပါလိမ့် (တစ်တန်းတည်း မြင်ပါတယ် ဘု ရား)၊ တစ်တန်းတည်းမြင် တယ်ဆိုတာ သေချာ ပလား။ (သေချာပါတယ် ဘုရား)။ အင်း-ဒီဉာဏ် ဘာဉာဏ် ခေါ်ကြမယ်။ (ဝိပဿနုပေက္ခာ ဉာဏ် ခေါ်ပါတယ် ဘုရား)။

ဘာဉာဏ်ခေါ်ကြမယ်

ဝိပဿနုပေက္ခာဉာဏ် ဥပေက္ခာဉာဏ် တစ်တန်း တည်း ထားတဲ့ ဉာဏ် (မှန်ပါ့)။ ဘာဉာဏ် ခေါ်ကြမယ် (ဝိပဿနုပေက္ခာ ဉာဏ် ခေါ်ပါတယ် ဘုရား)။

ဝိပဿနာဉာဏ် ဟုတ်တယ်တဲ့။ ဥပေက္ခာလဲ ထားနိုင် တဲ့ ဉာဏ် (မှန်ပါ့)။ အဲဒါ ဘုရားသခင် ကိုယ်တော်မြတ် ကြီးက ငါဘုရား သာသနာတော်မှာ ကွာတဲ့၊ ဣန္ဒြေလုံ ဆိုတာ လာတဲ့ ဥစ္စာကို သင်္ခတ တရား၊ သြဠာရိက တရား ပဋိစ္စသမုပ္ပန္န တရားလို့ မင်းတို့ ရှုလိုက်လို့ ရှိရင် (ဝါ) ဖြစ်ပျက် ရှုလိုက်လို့ ဒီဘက်မှာ ဣန္ဒြေလုံတယ်၊ မလုံတယ် လောဘရယ်လို့ ဒကာ ဒကာမတို့ နောက်က အဆက်ပါလာ သေးရဲ့ လား (မပါတော့ပါ ဘုရား)။

ဒေါသနောက်က (မလာတော့ပါဘူး ဘုရား) မောဟနောက်က (မလာတော့ပါဘူး ဘုရား)၊ အဆက် မလာတော့ဘူးဆိုနာ သေချာပလား (သေချာပါတယ် ဘုရား)။

ဒါမှ ဣန္ဒြိယဘာဝနာ

အဲဒါမှ ဣန္ဒြိယဘာဝနာ အစစ်ကွ၊ ဖွင့်ရှု (မှန် ပါ့)။ မျက်လုံးပိတ် ရှုရမှာလား၊ ဖွင့်ရှုရမှာလား (ဖွင့်ရှုရ မှာပါ ဘုရား)။ ဖွင့်ရှုပါတဲ့ ဒကာ၊ ဒကာမတို့ ဘာမှ ကိစ္စမရှိ ပါဘူးတဲ့ (မှန်ပါ့)။

ဒီမျက်လုံးပေါက်က လာမှာပဲကွတဲ့။ ရန်သူနဲ့ တွေ့ရင် ဒေါသ လာမှာပဲ (မှန်ပါ့)၊ မိတ်ဆွေနဲ့ တွေ့ရင် (လောဘ လာမှာပါ ဘုရား)၊ တစိမ်းနဲ့တွေ့ရင် (မောဟ လာမှာပါ ဘုရား)။ မောဟစိတ် လာမှာပဲ။ တစိမ်း ဆိုတော့ ဘာမှ မသိလိုက်ပဲကိုး (မှန်ပါ့)။ အဲ လာတော့လာမှာ ပဲတဲ့။

လာတာသည် ဒီဥစ္စာအကြောင်းကြောင့် ဖြစ်တဲ့ အကျိုးတရားလေး အကြောင်းကြောင့်ဖြစ်တဲ့ အကျိုးတရားလေး၊ ပဋိစ္စသမုပ္ပါဒ် အကျိုးတရားလေးလို့ သိပေးလိုက်လို့ ရှိရင်ဖြင့် ဖြစ်ပျက် သိတာပါပဲ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ လာတဲ့ လောဘ ဘာလုပ် ကြမတုံး (ဖြစ်ပျက် ရှုကြရမှာပါ ဘုရား)။ ခင်ဗျားတို့က ရှုရမှာလား။ သူက ပြောသွားတာလား (သူက ပြော သွားတာပါ ဘုရား)။

ရှုရမှာလား၊ သူကပြောသွားတာလား

ဒေါသလာပြန်တော့လဲ ခင်ဗျားတို့က ဘယ့်နှယ်တုံး ။(ဖြစ်ပျက် ရှုရမှာပါ ဘုရား)။ ခင်ဗျားတို့က ရှုရမှာလား။ သူက ပြောသွားမှာလား (သူက ပြောသွားမှာပါ ဘုရား)။

မောဟလေး လာတော့ ဘုန်းကြီးက- ရှုခိုင်းတယ်။ ရှုလိုက်တော့ ခင်ဗျားတို့ ဘာတွေ့မှတုံး (ဖြစ်ပျက်တွေ့ ရမှာပါ ဘုရား)။ ဖြစ်ပြီး ပျက်သွားတော့ မရှိတာ မတွေ့ဘူးလား (တွေ့ပါတယ် ဘုရား)။

ဒါဖြင့် ခုနကပြောတော့ ဒကာ ဒကာမတို့ ဒီဟာက လည်း လောဘရယ်လို့ ရှုခိုင်းတာလဲ ဖြစ်ပြီးပျက်တဲ့ အနိစ္စ “ဟုတွာ အဘာဝဋ္ဌေန အနိစ္စံ” ပဲ သွားတွေ့တယ် (မှန်ပါ့)။

ဒေါသရှုလိုက်ပြန်တော့လဲ “ဟုတွာ အဘာဝဋ္ဌေန အနိစ္စံ” ဖြစ်ပြီး မရှိတာဘဲ တွေ့တယ် (မှန်ပါ့)။

ဖြစ်ပြီး မရှိတာပဲ မတွေ့လိုက်ဘူးလား (တွေ့ လိုက်ပါတယ် ဘုရား)။ ဒီဉာဏ်သည် တွေ့ပုံထူးသလား၊ တစ် တန်းတည်း တွေ့သလား (တစ်တန်းတည်း တွေ့ပါ။ တယ် ဘုရား)။

ဝိပဿနာဥပေက္ခာဉာဏ်

တစ်တန်းတည်းတွေ့တဲ့ဉာဏ် ဘာဉာဏ်ခေါ်ကြ မယ် (ဝိပဿနုပေက္ခာ ဉာဏ်ပါ ဘုရား)၊ ဝိပဿနုပေက္ခာ ဉာဏ် (မှန်ပါ့)။ ဝိပဿနာ ဥပေက္ခာဉာဏ် (မှန်ပါ့)။

နားမလည်တဲ့ ပုဂ္ဂိုလ်များကလည်း သန္ဓိ မစပ်ပါနဲ့ တော့နော် (မှန်ပါ့)။ ဝိပဿနာ ဥပေက္ခာ ဉာဏ်၊ ရှင်းကြ ပလား (ရှင်းပါပြီ ဘုရား)။ ဘာဉာဏ်ခေါ်ပါလိမ့်ဗျာ၊ (ဝိပဿနာ ဥပေက္ခာဉာဏ်ပါ ဘုရား)။

ဝိပဿနာလဲ ဟုတ်တာပဲ။ ရှုလဲ ရှုသေးတာကိုး (မှန်ပါ့)၊ တစ်တန်းတည်း ထားနိုင်တဲ့ အတွက် ဥပေက္ခာ ကော (ဟုတ်ပါတယ် ဘုရား)။

ဒီဟာတွေ တစ်တန်းတည်း ထားနိုင်တဲ့ အတွက် “မာဝိ ဂစ္ဆန္တု ကမ္မဿကာ၊” ကမ္မသကာ ဆိုတော့ အလုံးစုံ ကမ္မဿကာ ချည်းပဲ ဆိုတော့ သားရော၊ သမီးရော အကုန်ပါမသွားဘူးလား (ပါပါတယ် ဘုရား)။

သားရော၊ သမီးရော၊ ဉာတိရော၊ ရန်သူရော (မှန်ပါ့) ဒီမှာလည်း ဥပေက္ခာ ထားနိုင်တယ် ဆိုကတည်းက ကိုယ်က ဝိပဿနာ ရှုပြီး ထားတဲ့ ဥပေက္ခာ (မှန်ပါ့)။

ဘာ ဥပေက္ခာတဲ့ (ဝိပဿနာ ရှုပြီးထားတဲ့ ဥပေက္ခာပါ ဘုရား)။ ဝိပဿနာ ဥပေက္ခာဉာဏ်တဲ့ ဒကာ ဒကာမတို့ (မှန်ပါ့)။

ဘာဉာဏ် ခေါ်ကြမယ် (ဝိပဿနုပေက္ခာ ဉာဏ်ပါ ဘုရား)၊ ဝိပဿနာ ရှုတော့ သူ့ဘက် ကိုကော မရှုရပေဘူးလား (ရှုရပါတယ် ဘုရား)။

ရှုတဲ့အခါ တစ်တန်းတည်း မြင်ရတယ်

ရှုတဲ့အခါကျတော့ သီးသန့်တစ်မျိုး တစ်မျိုးစီ မြင်ရ တာလား၊ တစ်တန်းတည်း မြင်ရသလား (တစ်တန်း တည်း မြင်ရပါတယ် ဘုရား)။

ဒါဖြင့် ရှုပြီး တစ်တန်းတည်း မြင်သောကြောင့် ဝိပဿနာ ဥပေက္ခာဉာဏ် ဖြစ်တယ် (မှန်ပါ့)။ သဘောကျပလား (ကျပါပြီ ဘုရား)။

ဘာ ဉာဏ်ဖြစ်ပါလိမ့် ။ (ဝိပဿနာဥပေက္ခာ ဉာဏ် ဖြစ်ပါတယ် ဘုရား)။ ဝိပဿနာ ဥပေက္ခာ ဉာဏ် ဖြစ်တယ် ဆိုတော့ ခင်ဗျားတို့ သန္တာန်မှာ လောဘကလေး လာတဲ့ တရားလေး ဒေါသလေး လာတယ် ဆိုတော့ ကြည့်လိုက်တော့ မရှိ (မရှိတော့ပါဘူး ဘုရား)။ ဒေါသ ဉာဏ်နဲ့ကြည့်လိုက်တော့ (မရှိတော့ပါဘူး ဘုရား)။

မောဟလေး လာလို့ ကြည့်လိုက်ပြန်တော့ကော (မရှိပါဘူး ဘုရား)။ မရှိတာချည်း မတွေ့ရ ပေဘူးလား (တွေ့ရပါတယ် ဘုရား)။

မရှိတာတွေ့တဲ့ဉာဏ် ဉာဏ်ခေါ်မလဲ

ဒကာ ဒကာမတို့သန္တာန် ဘယ်တရား ရှုလိုက် ရှုလိုက် မရှိတာချည်းပဲလို့ တွေ့ရပါတယ် (မှန်ပါတယ်)။ ဒါဖြင့် မရှိတာ တွေ့တဲ့ဉာဏ် ဘာဉာဏ်ခေါ်ကြမယ် (ဝိပဿနာ ဥပေက္ခာဉာဏ်ပါ ဘုရား)။

ဝိပဿနာ ဥပေက္ခာဉာဏ် (မှန်ပါ့)။ သဘောကျ ပလား (ကျပါပြီ ဘုရား)။ ကောင်းပြီ ဘာဉာဏ်တဲ့ (ဝိပဿနာ ဥပေက္ခာဉာဏ်ပါ ဘုရား)။

ကိုင်း ဒကာ၊ ဒကာမတို့ ဣန္ဒြေ လုံပါတယ်တဲ့၊ ဟို ဘက် သွားသေးရဲ့လား (မသွားတော့ပါ ဘုရား)။ သူတို့ ကလည်း ဒေါသ သောက ပရိဒေဝကို လှည့်သေးရဲ့ လား (မလှည့်ပါဘူး ဘုရား)။

လောဘကလည်း တဏှာ၊ ဥပါဒါန်၊ ကံ၊ ဇာတိ၊ဇရာ၊ မရဏ ဆက်သေးရဲ့လား (မဆက်တော့ပါဘူး ဘုရား)။ မောဟကလည်း အဝိဇ္ဇာ ဖြစ်နေတော့ အဝိဇ္ဇာ ပစ္စယာ သင်္ခါ ရာ၊ သင်္ခါရ ပစ္စယာ ဝိညာဏံ သူ ဆက်နိုင်သေးရဲ့လား (မဆက်နိုင်တော့ပါ ဘုရား)။ ဒကာ ဒကာမတို့ ဘယ့်နှယ် ကြောင့် မဆက်နိုင် ပါလိမ့်မတုံး ဆိုတော့ လောဘကလည်း လောဘ မဟုတ်တော့ဘူး ဘုရား ဖြစ်ပျက် (မှန်ပါ့)။

ဒေါသကလည်း (ဖြစ်ပျက်ပါ ဘုရား)၊ မောဟက လည်း (ဖြစ်ပျက်ပါ ဘုရား)။ ဒါချည်း နောက်က ဉာဏ်က မြင်မနေဘူးလား (မြင်နေပါတယ် ဘုရား)။ တစ်တန်း တည်း မြင်သောကြောင့် သူ့ ဘာဉာဏ်ခေါ်ကြမယ် (ဝိပဿနာ ဥပေက္ခာဉာဏ်ပါ ဘုရား)။

ဒီတစ်လုံးပိုင်ရင် ဣန္ဒြေလုံသွားတယ်

အေး ဒီတစ်လုံးပိုင်သွားတာပဲ။ ဒီနေ့ တစ်နေ့လုံးမှာ ဒီတစ်နာရီ ပြောမယ့်အထဲက ဒီတစ်လုံးကို ပိုင်နေလို့ ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဣန္ဒြေ လုံသွားတာပဲ (မှန်ပါ့)။ သဘောကျပလား (ကျပါပြီ ဘုရား)။

မျက်လုံးပိတ်ထားရတာ ဟုတ်ကဲ့လား (မဟုတ် ပါ ဘုရား)။ ပေါ်တာ ရှုပစ်လိုက်တာ(မှန်ပါ့)။ ဖွင့်ပြီး သကာလ (ပေါ်တာ ရှုပစ် လိုက်ရပါတယ် ဘုရား)။

ပေါ်တာ ရှုလိုက်ခြင်းကြောင့်လဲ ဒကာ ဒကာမတို့ ဣန္ဒြေ ထဲမှာ လောဘ, ဒေါသ, မောဟ, သောက, ပရိဒေဝ ပဋိစ္စသမုပ္ပါဒ် တရားတွေဟာ သူ့အစဉ် အတိုင်း ဖြစ်နိုင်တဲ့ စွမ်းရည်သတ္တိ ရှိသေး ရဲ့လား (မရှိတော့ပါဘူး ဘုရား)။

အကုန် စွမ်းရည်သတ္တိတွေ တုံးသွားတယ် (တုံး သွားပါတယ် ဘုရား)။ အဲဒါ ဘယ့်နှယ်ကြောင့် တုံးသွားပါ လိမ့်မတုံး မေးလို့ရှိရင် ဘယ့်နှယ် ဖြေကြပါလိမ့်မတုံး (ဝိပဿနာ တစ်တန်းတည်း ထားနိုင် လို့ပါ ဘုရား)။ တစ် တန်းတည်း ထားနိုင်လို့ (မှန်ပါ့)။ ဘယ်လိုပါလိမ့် (တစ်တန်းတည်း ထားနိုင်လို့ပါ ဘုရား)။

ဖြစ်ပျက်နဲ့ မဂ်နဲ့ချည်း သွားကိုက်တယ်

တစ်တန်းတည်း ထားနိုင်တဲ့ အတွက်တဲ့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ၌ ဘာစိတ်မှ မလာဘဲနဲ့ ဖြစ်ပျက် မဂ်ချည်း သွားကိုက် နေတယ် (မှန်ပါ့)။

ဘယ်လိုပါလိမ့် (ဖြစ်ပျက်နဲ့ မဂ်နဲ့ချည်း သွား ကိုက်နေပါတယ် ဘုရား)။ ဖြစ်ပျက်နဲ့ မဂ်နဲ့ချည်း သွားကိုက် နေတော့တယ် ဆိုတာ မသေချာဘူးလား (သေချာပါ တယ် ဘုရား)။

ဒါဖြင့် ဟောဒီ မဂ်သည်ကား ဆိုလို့ရှိရင် သင်္ခါရုပေက္ခာဉာဏ် ပေါ့ဗျာ (မှန်ပါ့)။ ဝိပဿနုပေက္ခာ မဂ်ပေါ့လေ ဗျာ။ ဝိပဿနုပေက္ခာ လို့ပဲ ဆိုချင်ဆို၊ ငါးပါးပြည့်နေလို့ လောကီမဂ်လို့ ဆိုချင်ဆို (မှန်ပါ့)။ အတည့်ပါပဲ (မှန်ပါ့) သဘောပါကြပလား (ပါ, ပါပြီ ဘုရား)။

ဒါဖြင့် ဒကာကြွယ်ရေ လောဘလာလဲ ဒီအတိုင်းပဲ နော် (မှန်ပါ့)။ ဒေါသလာလဲ (ဒီအတိုင်းပါပဲ ဘုရား)၊ မောဟလာလဲ (ဒီအတိုင်းပါပဲ ဘုရား)။

ဒီအတိုင်းပဲ သူတို့ရှိသေးလား မရှိသေးလား ကြည့်ဖို့ ရာ ကျုပ်တို့ အရေး၊ လောဘလာ သူ ရှိသေးလား ကြည့်ဖို့ အရေးဟာ (တပည့်တော်တို့ အရေးပါ ဘုရား)။

ဒေါသလာ သူ ရှိသေးလား ကြည့်ဖို့အရေးဟာ ၊ (တပည့်တော်တို့ အရေးပါ ဘုရား) မောဟလာ သူ ရှိသေးလား ကြည့်ဖို့အရေးဟာ (တပည့်တော်တို့အရေးပါ ဘုရား)။

အကြောင်းချုပ်လို့ အကျိုးချုပ်ပြီ

အဲ မရှိတော့ဘူး၊ မရှိတော့ဘူး။ သင်္ခတတရားမို့ ပျက်စီးပြီ။ သင်္ခတတရားမို့ ပျက်စီးပြီ။ သင်္ခတတရားမို့ ပျက်စီးပြီ။ ကြမ်းတမ်းတဲ့ တရားမို့လဲ ပျက်စီးသွားပြီ (မှန်ပါ့)။

ပဋိစ္စသမုပ္ပန္နတရားမို့လဲ အကြောင်းချုပ်လို့ အကျိုး ချုပ်ပြီ (မှန်ပါ့)။ မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)

အဲဒီကဲ့သို့ ခင်ဗျားတို့ လောဘလာလဲရှု၊ ဒေါသလာ လဲရှု၊ မောဟလာလဲ ရှုတော့ ရှုတဲ့ဉာဏ် သည် ဝိပဿနုပေက္ခာ ဉာဏ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ရှုတဲ့ဉာဏ်သည် (ဝိပဿနု ပေက္ခာ ဉာဏ်ပါ ဘုရား)။ ဝိပဿနုပေက္ခာဉာဏ် (မှန်ပါ့)။ ရှုတဲ့ဉာဏ်သည် (ဝိပဿနုပေက္ခာ ဉာဏ်ပါ ဘုရား)။

နောက်က ဒကာ ဒကာမတွေ ရှင်းကြရဲ့လား (ရှင်းပါတယ် ဘုရား)၊ ဒါဖြင့် ခင်ဗျားတို့ သန္တာန်မှာ မုန်းတဲ့သူ လာရင် ဘာဖြစ်မယ်၊ မုန်းတဲ့သူ မြင်လို့ရှိရင် (ဒေါသဖြစ် ပါတယ် ဘုရား)။

အဲဒါ ဘာလုပ်ရမတုံး (ဖြစ်ပျက် ရှုရမှာပါ ဘုရား)။ ဖြစ်ပျက်ရှုပေး၊ ခင်တဲ့ လူလာရင် ဘာဖြစ်မယ် (လောဘ လာမှာပါ ဘုရား)။ ဘာလုပ်ရမတုံး (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

မရှုဘဲတော့ မနေနဲ့ (မှန်ပါ့)။ မရှုဘဲနဲ့တော့ မနေ နဲ့တဲ့။ တစိမ်း လာရင် ဘာဖြစ်မယ် (မောဟ လာပါတယ် ဘုရား)။ ဒါ ဘာလုပ်ရမတုံး (ဖြစ်ပျက် ရှု ရပါမယ် ဘုရား)

ရှုတဲ့အခါကျတော့ ရှုတဲ့ဉာဏ် ဘာဉာဏ် ခေါ်ကြ မယ် (ဝိပဿနာ ဥပေက္ခာ ဉာဏ်ပါဘုရား။ ကဲ ဒကာသစ် ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သင်္ခါရုပေက္ခာဉာဏ်ရောက်တယ်

ဝိပဿနာ ဥပေက္ခာ ဉာဏ်ကိုတဲ့ ဋီကာဆရာက ဖွင့်လိုက်တာက ကောင်းပါ့ (မှန်ပါ့)။ ဟေ့ ဒီဉာဏ်သာ ဒီအတိုင်းသာ ရှုနေလို့ရှိရင် သင်္ခါရုပေက္ခာဉာဏ် ရောက်တာ ပဲ (မှန်ပါ့)။

ဒါ သင်္ခါရတရားတွေ (မှန်ပါ့) သင်္ခါရတရားကိုး (မှန်ပါ့) သင်္ခါရုပေက္ခာဉာဏ် ရောက်တယ် ဆိုတော့ ဒီဉာဏ်ပြီး မဂ်ဉာဏ် ရှိတော့တယ်။ အင်မတန် နီးပါပြီ ဒကာ ဒကာမတို့ (နီးပါပြီ ဘုရား)။

အဲ ဒါကြောင့် ဒီအလုပ်ကို ဣန္ဒိယဘာဝနာ သုတ်သည် ဥပရိပဏ္ဏာသ ပါဠိတော် နောက်ဆုံးပိတ် ပါဠိတော်ပါပဲ ဒကာကြွယ်ရ (မှန်ပါ့)။

တယ်ကောင်းပါလား (ကောင်းပါတယ် ဘုရား) တစ်ခါတည်း ဒီအတိုင်းသာ ရှုနေကြရင်တော့ ဘယ့်နှယ် ဖြစ်လာတုံး ဆိုတော့ သင်္ခါရုပေက္ခာ ဉာဏ်ဖြစ်လာတယ် (မှန်ပါ့)။

ဒီရှုနည်းဟာဣန္ဒြေ လုံတယ်

သင်္ခါရုပေက္ခဉာဏ်ပြီး မဂ်ဉာဏ် ထိုးတက်သွားတာ ပဲ (မှန်ပါ့)၊ ဆိုတော့ သောတာပန် တည်နိုင်ဘူးလား (တည်နိုင်ပါတယ် ဘုရား)။

ဒါဖြင့် ဒီရှုနည်းဟာဣန္ဒြေလဲ လုံတယ်။ အင်း ရှုရ တာလဲ လွယ်ကူတယ် ဆိုတော့ ခင်ဗျားတို့ ကျင့်သားရဖို့ အရေးကြီးတယ် (မှန်ပါ့)။

ကျင့်သားရတဲ့ ပုဂ္ဂိုလ် ကျတော့ ဘယ်လိုများ ဖြစ် တတ်သတုံး ဆိုတော့ ဘုရားသခင် ကိုယ်တော် မြတ်ကြီးက ဟောပြန်တယ်နော် (မှန်ပါ့)။

ကျင့်သွားရတဲ့ ပုဂ္ဂိုလ်များ ကတော့ကွာတဲ့။ ဒီဥစ္စာ မျက်လုံး ဖွင့်တာ မှိတ်တာ လောက် လွယ်သွားတယ် (မှန် ပါ့)။ မျက်လုံး ဖွင့်တာက ဒကာ ဒကာမတို့ သိပ်ခက်လား (မခက်ပါဘူး ဘုရား)။

အားကိုးရာအစစ် ရှိပါစေ

မျက်လုံး ပိတ်လိုက်ရတာကော (မခက်ပါဘူး ဘုရား)။ အို – ဒီလောက် ဖြစ်သွားလို့ရှိရင် မင်းတို့ အားကိုးရာဖြစ်ပြီ။ သနာထာ- ဖြစ်ပြီ (မှန်ပါ့)။ ဒကာကြွယ် ဒီလောက်ဖြစ်ရင် (အားကိုးရာ ဖြစ်ပါပြီ ဘုရား)။

အားကိုးရာ အစစ်ဖြစ်ပြီ ဆိုတာ သေချာကြပလား (သေချာပါပြီ ဘုရား)။ ကိုင်း ဒါဖြင့် အားကိုးရာ အစစ် ဖြစ်ဖို့ နဂိုကတည်းက ဘုန်းကြီး တရားချီးတုန်းက ဒကာ သစ်ရေ၊ အားကိုးရာ အစစ် ရှိပါစေ။

ဖြစ်ပျက်မြင်တဲ့ ဉာဏ်အားကိုးပါ

အားကိုးရာ အစစ်ရှိပါစေ ဆိုတာ ဖြစ်ပျက်ကို မြင်တဲ့ ဉာဏ်အားကိုးပါလို့ နဂိုကတည်းက တရားချီး မထားခဲ့ ဘူးလား (ချီးထားခဲ့ပါတယ် ဘုရား)။

အင်း-အခုလဲ ဒကာ ဒကာမတို့ ဒီဉာဏ်ကို အားကိုး ရမယ် (မှန်ပါ့)။ သဘောပါကြပြီလား (ပါ,ပါပြီ ဘုရား) ဒီဉာဏ် ဘာဉာဏ်တဲ့ဗျာ (ဝိပဿနာ ဥပေက္ခာ ဉာဏ်ပါ ဘုရား)။

ရှုပါများလို့ ရင့်သွားပြီ ဆိုတော့ ဘာပြောကြမတုံး (သင်္ခါရုပေက္ခာ ဉာဏ်ပါ ဘုရား)။ သင်္ခါရုပေက္ခာ ဉာဏ်၊ အဲဒီ သင်္ခါရုပေက္ခာ ဉာဏ်နဲ့ ဒကာ ဒကာမတွေ ဆုံးသွားတော့ ဘာဉာဏ် လာမတုံး (မဂ်ဉာဏ် လာပါတယ် ဘုရား)။

အေး-ဒါဖြင့် အနုလောမဉာဏ်၊ ဂေါတြဘူဉာဏ် ဆိုတာတွေက ဝီထိစဉ် ပြောတာတွေပါ။

ဒါတွေက အပိုတွေပါ။ မဂ်ဉာဏ် သွားဆိုက်တယ် (မှန်ပါ့)။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။ ဝီထိနိယာမပါ၊ ဟိုဟာတွေက အထူး ပြောနေစရာ မလိုပါဘူး (မှန်ပါ့)။

ဒါဖြင့် ဒီဉာဏ်ကနေ စလိုက်လို့ရှိရင် ဝိပဿနာ ဥပေက္ခာ ဉာဏ်ကနေ ရင့်သန်လာလျှင် ဘာဖြစ်မယ် (မဂ် ဉာဏ်ဖြစ်ပါမယ် ဘုရား)။

ဉာဏ်သုံးဆင့်နဲ့ တတ်တယ်

သင်္ခါရုပေက္ခာ ဉာဏ်လေး ရင့်လာရင် (မင် ဉာဏ်ဖြစ်လာမှာပါ ဘုရား)၊ ဟာ – သုံးဆင့်နဲ့ တက်တယ် (မှန်ပါ့)။ ဘယ်လိုပါလိမ့် (သုံးဆင့်နဲ့ တက်ပါတယ် ဘုရား)။

သုံးဆင့်နဲ့ တက်တယ် ဆိုတာ ကျေနပ်ပလား (ကျေနပ်ပါတယ် ဘုရား)။ ဪ ဒါဖြင့် ဒို့သည်ကားဆို လို့ရှိရင် ပေါ်တိုင်း အားကိုးရာ အစစ်တော့ဖြင့် လုပ်တော့ မယ်ဆိုပြီး ဆုံးဖြတ်ချက်ချဖို့ အရေးဟာဖြင့် ကြုံလာပြီ (ကြုံလာပါပြီ ဘုရား)။

အင်း အားကိုးရာ အစစ်ပေးမယ် ပေးမယ်ဆိုတဲ့ အတိုင်း လောဘလာလဲ ဖြစ်ပျက်ရှု၊ ဒေါသလာရင် (ဖြစ်ပျက် ရှုရမှာပါ ဘုရား)။

မောဟ လာရင်ကော (ဖြစ်ပျက် ရှုရမှာပါ ဘုရား)။ အဲ ဖြစ်ပျက်ရှု လိုက်တဲ့ အခါကျတော့ ဖြစ်ပြီး ပျက်တဲ့ တရားမို့ ရှိသေးရဲ့ လား (မရှိပါဘူး ဘုရား)။

ဒါဖြင့် မရှိတာက အနိစ္စ၊ သိတာက (မဂ္ဂပါ ဘုရား)၊ ဪ လောကီမဂ် သွားဖြစ်တယ် (မှန်ပါ့)။ လောကီ မဂ်သွားဖြစ်တော့ လောကီမဂ်ကို နာမည် သီးသန့်ပေးစမ်း ပါဆိုတော့ ဝိပဿနုပေက္ခာ (မှန်ပါ့)။

လောကီမဂ်ကို နာမည် သီးသန့် ပေးစမ်းပါဦး ဆိုတော့ (ဝိပဿနုပေက္ခာပါ ဘုရား)။ ဝိပဿနုပေက္ခာ (မှန် ပါ့ ဘုရား)။ ဝိပဿနာ ဥပေက္ခာ ပေါ့ဗျာ (မှန်ပါ့)၊ ရှင်းကြ ပလား (ရှင်းပါပြီ ဘုရား)။

အင်း ဒီကနေပြီး သူပဲ ရင့်သွားတဲ့ အခါကျတော့ ဘာတဲ့ (သင်္ခါရုပေက္ခာ ဉာဏ်ပါ ဘုရား)။ အဲဒီ သင်္ခါရုပေက္ခာ ဉာဏ် ရင့်သွားပြန်တော့ (မဂ်ဉာဏ်ပါ ဘုရား)။

ဝိပဿနုပေက္ခာဉာဏ်က ကျေးဇူးပြု

ဒါ ခင်ဗျားတို့ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ရ ရပါလို၏ ဆိုလို့ ရတာလား။ ဝိပဿနုပေက္ခာဉာဏ်က ဆက်ပြီး ကျေးဇူး ပြုလိုက်တာလား (ဝိပဿနုပေက္ခဉာဏ်က ဆက်ပြီး ကျေးဇူးပြုပါ ဘုရား)။ ဆက်ပြီး ကျေးဇူးပြုတာ ဆိုတာ သေချာကြပလား (သေချာပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့၊ ပါဠိတော်နဲ့လဲ ကိုက်သွား တယ် (မှန်ပါ့)။ “သဒေါသံ ဝါ စိတ္တံ သဒေါသစိတ္တန္တိ ပဇာနာတိ” မကိုက်ဘူးလား (ကိုက်ပါတယ် ဘုရား)။

အင်း “သရာဂံ ဝါ စိတ္တံ သရာဂံ စိတ္တန္တိ ပဇာနာတိ” ကော (ကိုက်ပါတယ် ဘုရား)။ “သမောဟံ ဝါ စိတ္တံ သမောဟံ စိတ္တန္တိ ပဇာနာတိ” နဲ့ကော (ကိုက်ပါတယ် ဘုရား)။ ကိုက်တာ ပဲ (မှန်ပါ့)၊

ပဇာနာတိ ဆိုတာတွေ ခုနက ဝိပဿ နုပေက္ခာ ဉာဏ်လို့ ဆိုလိုက်တာပဲ။ (မှန်ပါ့)။ ပေါ်ကြပလား (ပေါ် ပါပြီ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ အားကိုး ရာ အစစ်ဖြင့် သြော် “သနထာ ဘိက္ခဝေ ဝိဟရထ မာ အနာထာ။”

ကိုးကွယ်ရာ တစ်ခုခုတော့ ရှိရမယ်

ဘိက္ခဝေ- ရဟန်းတို့၊ သနာထာ- မင်းတို့ အားထားရာ တစ်ခုလေး လက် ကိုင်ထားကြ ကုန်သည် ဖြစ်၍၊ ဝိဟရထ -နေကြကုန်လော့၊ အနာထာ-ကိုးကွယ်ရာ မရှိဘဲနဲ့၊ မာ ဝိဟရထ- မနေကြကုန်လင့်။

မဟုတ်ဘူးလားဗျာ (ဟုတ်ပါတယ် ဘုရား)။ ကိုး ကွယ်ရာ တစ်ခုခုတော့ အားထားရာ တစ်ခုခုတော့ (ရှိရ မှာပါ ဘုရား)၊ အားထားရာ မရှိရင် ဒုက္ခ အလွန် ဆင်းရဲမယ် (မှန်ပါ့)။

ဥပမာမေးမယ်။ ဒကာ ဒကာမတွေက တခြား တောရွာက မန္တလေးမြို့ပေါ် မိတ်ဆွေ တစ်ယောက်မှ မရှိဘူး ဆိုရင် အတော် အားကိုးရာ ခက်တယ် (မှန်ပါ့)။ အားကိုး ရာမဲ့ ဖြစ်မနေဘူးလား (ဖြစ်နေပါတယ် ဘုရား)။

မိတ်ဆွေ တစ်ယောက် ရှိနေတယ် ဆိုရင်ဖြင့် မေးပြီး လိုက်သွားလို့ ရှိရင် စိတ်လဲ ပျော်ပြီ။ သူ ရဲရဲတင်းတင်း ရှိ တယ် (မှန်ပါ့)။ မရှိကြဘူးလား (ရှိပါတယ် ဘုရား)။

သေခါနီးမှာ အားကိုးရာရှိတယ်

အေး- ဒါကြောင့် လမ်းသွားတဲ့ အခါမှာ သေခါနီး အခါမှာ သေခါနီး အခါ ကာလမှာတဲ့။ အဲဒီမှာ အားကိုးရာ လူတိုင်း ရှာမယ် (မှန်ပါ့)။ သေခါနီး အခါကာလမှာ (အားကိုးရာရှာပါတယ် ဘုရား)။

မမာတဲ့ အခါပဲ ခင်ဗျားတို့ ကဲ ဒီတောင်ကတော့ မတတ်တော့ပါဘူး ထင်တော့ ဒကာသစ်တို့ပဲ တွေ့ပြီ ကြုံပြီ ဆိုကြ ပါစို့ (မှန်ပါ့)။ အင်း ဘာ အားကိုးရပါ့မလဲ ဆိုတာ မလာပေဘူးလား (လာပါတယ် ဘုရား)။

ဝိပဿနုပေက္ခာအားကိုးပါ

အဲဒီ ဝိပဿနုပေက္ခာ အားကိုး (မှန်ပါ့)၊ နော် (မှန်ပါ့)၊ ဘာအားကိုးကြမယ် (ဝိပဿနုပေက္ခာ ဉာဏ် အားကိုးရမှာပါ ဘုရား)။

အဲ-ဝိပဿနုပေက္ခာ ဉာဏ် အားကိုး လိုက်တဲ့အခါကျ တော့ သူ့ပဲ အားကိုးရင်း မတ္တရှုဆဲနဲ့ သင်္ခါရုပေက္ခာ တက်သွားတယ်။

သေခါနီးမှာ မဂ်ရပြီး သေနိုင်တယ်

သူ့အားကိုးရင်း ရှုဆဲ မတ္တနဲ့ မဂ်ဉာဏ် (တက် သွားပါတယ် ဘုရား)။ တက်သွားတော့ ခင်ဗျားတို့ သေခါနီး မှ တစ်မဂ်, နှစ်မဂ်, သုံးမဂ် ရပြီး သကာလ သေနိုင်ပါတယ် ကွ (မှန်ပါ့)။

ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သေရင် ရပါတယ်ကွလို့ ဖဂ္ဂုဏကို ဘုရားက ဟောထားတယ်။ အင်္ဂုတ္ထိုရ် ဆက္က နိပါတ် ပါဠိတော်မှာ မလာလား (လာပါတယ် ဘုရား)။

အားကိုးရာအစစ်ပေးတဲ့နေ့

ဆက္ကနိပါတ်တော် အင်္ဂုတ္တိုရ် ပါဠိတော်မှာ- လာပါ တယ်။ အဲဒါကြောင့် ဒီတရားပွဲမှာ ယနေ့ ပြောတာဖြင့် ဒကာ ကြွယ်ရေ အားကိုးရာ အစစ် ပေးတဲ့ နေ့ပဲ (မှန်ပါ)။

ဦးလှဘူး ဘယ်လို မှတ်ပါလိမ့်မယ် (အားကိုးရာ အစစ်ပေးတဲ့နေ့ပါ ဘုရား)။ အားကိုးရာ အစစ် ဆိုတာ ခင်ဗျာ တို့က ဟိုဟာ ဆွဲရတော့ မလိုလို။ ဒီဟာ ဆွဲရတော့ မလိုလို၊ ဒီလို မရမ်းနဲ့ (မှန်ပါ့)။ ဒီလို မရမ်းနဲ့နော်။ ဒီလို မရမ်းနဲ့။

ဖြစ်ပျက်သိတဲ့ဉာဏ်အားကိုးပါ

ကိုယ့်သန္တာန် ပေါ်လာတဲ့ စိတ်ကလေးကို ဖြစ်ပျက် သိနေတဲ့ ဉာဏ်လေးအားကိုး (မှန်ပါ့)။ ကိုယ့်ခန္ဓာမှာ ပေါ်လာတဲ့စိတ် (ဖြစ်ပျက် သိမှုကို အားကိုးရမှာပါ ဘုရား)။

အဲ ဖြစ်ပျက်သိတဲ့ ဉာဏ်ကလေးကို ဒကာသစ် တို့ အားကိုး လိုက်လို့ ရှိရင်ဖြင့် ဒီဉာဏ်သည် ဘာဉာဏ်ဖြစ် မတုံး (ဝိပဿနုပေက္ခာ ဉာဏ် ဖြစ်ပါတယ် ဘုရား)။

ရင့်လာရင် (သင်္ခါရုပေက္ခာ ဉာဏ် ဖြစ်လာပါ တယ် ဘုရား) တစ်ဖန် ရင့်လာရင် (မဂ်ဉာဏ်ပါ ဘုရား)၊ ရင့်ကျက်သွားရင် (မဂ်ဉာဏ်ပါ ဘုရား)၊ ဒကာကြွယ် သေချာပလား (သေချာပါပြီ ဘုရား)။

ဖြစ်ပျက်သိတဲ့ဉာဏ်နဲ့ သေသွားရင်

ကိုင်း ဒါဖြင့် ဘုန်းကြီးက ရှင်းပြပါမယ်၊ ဟော – ဒီဉာဏ် သင်္ခါရုပေက္ခာ ဉာဏ်၊ မတက်နိုင်ဘူး ဘုရား၊ ဖြစ်ပျက် သိတဲ့ ဉာဏ်နဲ့ သေသွားတယ် (မှန်ပါ့)။

နတ်ပြည် ရောက်သွားတယ် (မှန်ပါ့)။ ဉာဏ်နဲ့ သေသွားတာကိုး (မှန်ပါ့)။ ဒီဉာဏ်ကပဲ နတ်ပြည် ပို့ချ လိုက်တယ် (မှန်ပါ့)။

နတ်ရင်ခွင်ထဲမှာ ထိုင်လျက်ကလေး သွားဖြစ်တယ် (မှန်ပါ့) ထိုင်လျက်ကလေး သွားဖြစ်တဲ့ အခါကျတော့ နတ်ကောင်က ဥပပတ္တိ ပဋိသန္ဓေ ဖြစ်နေတဲ့ အတွက် သွေး – ပြည်, သလိပ်တွေ မရှိတော့ ဉာဏ်က ထက်တယ် (မှန်ပါ့)။

သေရင် နတ်ဖြစ်ပြီး သောတာပန်တည်တယ်

အဲဒီဉာဏ်နဲ့ သူ့ခန္ဓာ ပြန်ကြည့်တဲ့ အခါကျတော့ ဒီ ဉာဏ်တွေ တစ်ခါတည်း သောတာပန် တည်တယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါတယ် ဘုရား)။

ဒါဖြင့် တစ်ဉာဏ်နဲ့ သေရင် နှစ်ဉာဏ်နဲ့သေရင် ဒုတိယဘဝ (မှန်ပါ့)။ သုံးဉာဏ်နဲ့ သေရင် ဒီဘဝထဲမှာပဲ အပါယ်လေးပါး တံခါးပိတ်ပြီး သကာလ သောတာပန် တည် ပါတယ် (မှန်ပါ့)။

ဆိုတော့ သြော်- ဒါဖြင့် ဒို့သည်ကား ဆိုလို့ရှိရင် ကိုး စားရာ အားထားရာ အစစ် ရှာနေတာ ကြာပါပေါ့လား (မှန်ပါ့)။ ဒကာသစ် ကြာပြီ (ကြာပါပြီ ဘုရား)။

အသက်လေး ကြီးလာပြီ ဆိုရင် ဒီဘက် စဉ်းစား လာ တယ် (မှန်ပါ့)။ ကိုင်း သားရေး သမီးရေး၊ ကြီးပွားရေး နဲ့ ချည်း ပြီးသေးလို့ မတော်သေးဘူး (မှန်ပါ့)။

ကိုယ်ရေး ကိုယ်တာက ကျန်သေးတယ် (မှန်ပါ့) မလာကြပေဘူးလား (လာကြပါတယ် ဘုရား)။ ကိုယ် ရေး ကိုယ်တာက ကျန်နေသေးတယ် ဆိုပြီး လာကြတဲ့အခါကျ တော့ ဘယ်ဟာများ အားကိုး ကြရပါမတုံး ဆိုတော့ ဒီတွေးလုံးက လာတယ်။ ဒီအတွေးလောက်မှ မရှိပြီဆိုမှဖြင့် ကိုးချင်ရာ ကိုး ပစ်လိုက်တယ် (မှန်ပါ့)။

အားကိုးလွဲရင် နာတတ်တယ်

ကိုးချင်ရာ မကိုးပေဘူးလား (ကိုးပါတယ် ဘုရား)၊ ကိုးချင်ရာ ကိုးတဲ့ အခါကျတော့ အားကိုး လွဲတဲ့ အတွက်လဲတဲ့ ဒကာ ဒကာမတို့ နာတတ်တယ် (မှန်ပါ့)။

မနာတတ်ဘူးလား (နာတတ်ပါတယ် ဘုရား)။ အဲ အခု ဘာသာခြားတွေ ကျတော့ သေခါနီး ကျတော့ ထာဝရ အားကိုးတာပဲ (မှန်ပါ့)။ မဟုတ်လား။ မိုဟာမက်ကလဲ မိုဟာမက် အားကိုး မှာပဲ (မှန်ပါ့)။ ဟိန္ဒူကလည်း ဗြဟ္မာပဲ အားကိုးမှာပဲ (မှန်ပါ့)။

ဗြဟ္မာကိုယ်က ခင်ဗျားတို့ စဉ်းစားကြည့်စမ်း။ အနိစ္စ ခန္ဓာကိုယ်၊ ခရစ်ယာန်ကလည်း ထိုနည်း အတူပဲ သူ့ထာဝရ ကိုယ်က အနိစ္စ သူ့ကိုယ်ပဲ။ သူများသတ်လို့ သေရတဲ့ အနိစ္စပါ လား (မှန်ပါ့)။ ဒီလို မနေဘူးလား (နေပါတယ် ဘုရား)။

အဲဒီကဲ့သို့ အနိစ္စတွေကို မခိုင်တဲ့ ပုဂ္ဂိုလ်တွေကို မခိုင်မှန်း သိတော့ သူ့ကို ခင်ဗျားတို့က ခိုင်တယ် ထင်လို့ အားကိုး လိုက်လို့ရှိရင် ပြုတ်ကျမှာပဲ (မှန်ပါ့)။

ဘယ်ဟာကို အားကိုးရမလဲ

ပရမ်းပတာ ပြုတ်မကျပေဘူးလား။ အဲဒါ အားကိုး လွဲလို့ ဒုက္ခ ရောက်တာ (မှန်ပါ့)။ အဲ ယနေ့တော့ ဖြင့် ဒကာ ဒကာမတွေ၊ ဘယ်ဟာ အားကိုးရမယ် ဆိုတာ အကွက်ချ အခုပြပေးတဲ့ အတွက် ဖြစ်ပျက် မြင်တဲ့ဉာဏ် အားကိုးပါ (မှန်ပါ့)။

ဖြစ်ပျက်မြင်တဲ့ဉာဏ် (အားကိုးရမှာပါ ဘုရား) ဖြစ်ပျက် အဆုံးမြင်တဲ့ဉာဏ် (အားကိုးရမှာပါ ဘုရား)၊ အားကိုးပါ ဆိုတော့ အားလုံး ဒကာ ဒကာမတွေ ဒို့သည်ကား ဆိုလို့ ရှိရင်ဖြင့် အကောင်းဆုံး အားကိုး ခိုင်းတာပဲ ဆိုတော့ သေခါနီးမှ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်က ဖြစ်နိုင် တယ် (မှန်ပါ့)။ ဒါကြောင့် ပြောနေတယ် (မှန်ပါ့)။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘုရားကိုကော အားမကိုးကောင်းဘူးလား

နို့ ဘုရားကကော အားမကိုးကောင်းဘူးလားဆို တော့ အားကိုး ကောင်းတယ်။ သို့သော် ကောင်းသထက် ကောင်းတဲ့ အစစ် ရွေးပေး နေတာ (မှန်ပါ့)။ သဘောကျ ပလား (ကျပါတယ် ဘုရား)။

အင်း-တရား ဂုဏ်တော် အားကိုးရင်ကော မကောင်း ဘူးလား။ အို- ကောင်းတယ်၊ ဒါလဲ (မှန်ပါ့)။ သံဃာတွေ လက်အုပ်ချီ ချီ နေရရင်ကော မကောင်းဘူးလား၊ ကောင်းတာပဲ။

ကောင်းသထက် ကောင်းတာပြောစမ်းပါ

အေး-ကောင်းသထက်ကောင်းတာ တစ်ခါတည်း ပြောစမ်းပါ ဆိုတော့ ဘုရားက ရှစ်ခုမြောက် ဒါ လာဟော တယ် (မှန်ပါ့)။ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့တဲ့။ အားကိုးရာ အစစ်ရကြပလား (ရပါပြီ ဘုရား)။ ဘာအားကိုး ကြမယ် (ဖြစ်ပျက်မြင်တဲ့ဉာဏ် အားကိုးပါမယ် ဘုရား)။ ဖြစ် ပျက်မြင်တဲ့ (ဉာဏ်အားကိုးရမှာပါ ဘုရား)။

ဉာဏ်ကို အားကိုးရမယ်နော် (မှန်ပါ့)။ ဖြစ်ပျက် မြင်တဲ့ဉာဏ်ကို (အားကိုးရမှာပါ ဘုရား)။ ဉာဏ်ဟာ ဘာတုံးမေး တဲ့အခါ၊ တရားပါ (မှန်ပါ့)။

ဝိပဿနာတရားကိုအားကိုးပါ

ဒီတရား အားကိုး ပြောတာ (မှန်ပါ့)။ ဝိပဿနာ တရားကို (အားကိုးရမှာပါ ဘုရား)။ တရား အားကိုးတာ ပါပဲ (မှန်ပါ့)။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့တဲ့၊ အားမကိုးရင် ဘာဖြစ် မလဲလို့မေးဖို့ မလိုဘူးလား (လိုပါတယ် ဘုရား)။

အို အားမကိုးလို့ ရှိရင်တော့ မြင်တယ် ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဒီက ရန်သူ မြင်တယ် ဆိုတော့ ဒေါသ ဖြစ် တယ်။ ဒေါသြ ဖစ်လို့ရှိရင် ဒေါသနောက်က သောက, ပရိ ဒေဝ, ဒုက္ခ ဒေါမနဿ မလာပေဘူးလား (လာပါတယ် ဘုရား)

လာလို့ရှိရင် အဝိဇ္ဇာ မပါသေးဘူးလား – ပါသလား (ပါ, ပါတယ် ဘုရား)။ အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ ဆိုပြီး သံသရာ ဆက်သွားတယ် (မှန်ပါ့)။

ဒေါသနဲ့သေတော့ ငရဲသွားရတယ်

မဆက်ဘူးလား (ဆက်ပါတယ် ဘုရား)။ ဒါ ဘာ ကြောင့်တုံးလို့ မေးလို့ရှိရင် ခုနက အားကိုးရာ အစစ်ဖြစ်တဲ့ ဝိပဿနုပေက္ခာ ဉာဏ် မရလို့(မှန်ပါ့)။

မရလိုက်တဲ့အတွက် သံသရာ ဆက်သွားတယ် (မှန်ပါ့)။ ဒါဖြင့် ဇာတိ၊ ဇရာ၊ မရဏဆိုတာ ဒေါသနဲ့ သေတော့ ငရဲသွားလိမ့်မယ် (မှန်ပါ့)။

လောဘနဲ့တော့ ပြိတ္တာသွား

လောဘနဲ့သေတော့ ပြိတ္တာ သဘောကျပလား (ကျပါတယ် ဘုရား)။ မောဟနဲ့ သေတဲ့ အခါကျတော့ တိရစ္ဆာန် ဘုံ သွားပါလိမ့်မယ် (မှန်ပါ့)။ ဘယ်ကောင်းတော့မတုံး (မကောင်းပါဘူး ဘုရား)။

ဒေါသနဲ့သေ ငရဲပေါ့ဗျာ။ လောဘနဲ့သေ ပြိတ္တာ၊ မောဟနဲ့ သေရင် တိရစ္ဆာန်ပေါ့ (မှန်ပါ့)။ သဘောကျ ပလား (ကျပါပြီ ဘုရား)။

စင်စစ်တော့ အပါယ်ချည်းရောက်တယ်

ဒါက များသောအားဖြင့် ဟောတာပါ။ စင်စစ်တော့ အပါယ်ချည်း ရောက်တာပါပဲ (မှန်ပါ)။ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒီလောဘ၊ ဒေါသ၊ မောဟကိုပဲ လောဘ ဒေါသ၊ မောဟ ဖြစ်ရသေးရဲ့ လား (မဖြစ်ရပါဘူး ဘုရား)။ မဖြစ်ရတော့ဘူး။ ကျုပ်တို့ က -အနိစ္စ ဖြစ်သွားတယ်။ (မှန်ပါ့)။ လောဘ, ဒေါသ, မောဟ ဖြစ်သလား၊ အနိစ္စဖြစ် သလား (အနိစ္စဖြစ်ပါတယ် ဘုရား)

အနိစ္စကတော့ မဂ္ဂကျေးဇူးပြုတယ်

အနိစ္စဖြစ်သွားတာ သေချာတော့၊ အနိစ္စကတော့ မဂ္ဂ သာ ကျေးဇူး ပြုတယ် (မန်ပါ့)။ အနိစ္စကတော့ (မဂ္ဂကျေးဇူး ပြုပါတယ် ဘုရား)။

အင်း အနိစ္စက မဂ္ဂ ကျေးဇူးပြုတော့ “ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ” ဖြစ်တာ(မှန်ပါ့)။ မဂ္ဂေါ- မဂ္ဂသည်၊ ဧကာယနော- ခင်ဗျားတို့ ရထားတဲ့ မဂ်သည် တစ်ကြောင်း တည်းနဲ့ နိဗ္ဗာန်ပို့၏ (မှန်ပါ့)။

အားငယ်စရာ ဘာရှိသေးတုံး

ဝိပဿနာမဂ် ဖြစ်လို့ရှိရင် နတ်ပြည်ပို့၏ (မှန်ပါ့) လောကုတ္တရာ မဂ် ဖြစ်လို့ ရှိရင် နိဗ္ဗာန်ပို့၏ (မှန်ပါ့)။ ဆို တော့ အားငယ်စရာ ဘာရှိသေးတုံး (မရှိတော့ပါ ဘုရား)။ ဒကာသစ်ရေ- ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့၊ သေတကာ့ သေတဲ့ အထဲမှာ ဖြင့် ကိုယ့်ခန္ဓာကို ရှုပြီး ဆင်ခြင်ပြီး သေတာဖြင့် အားကိုးရာ အစစ်ရတဲ့ အသေပဲ (မှန်ပါ့)။ သဘောကျပလား (ကျပါပြီ ဘုရား)။

ကောင်းပြီ။ ဒါဖြင့် လောဘကို မရှု မိကြပါဘူး။ ဝိပဿနုပေက္ခာ နဲ့ မရှုမိဘူး ဆိုတော့ လောဘက တဏှာ မဟုတ် လား (မှန်ပါ့)။

တဏှာ ပစ္စယာ (ဥပါဒါန်ပါ ဘုရား)၊ ဥပါဒါန ပစ္စ ယာ (ကမ္မဘဝပါ ဘုရား)၊ ကမ္မဘဝ ပစ္စယာ (ဇာတိ ပါ ဘုရား)၊ ဇာတိပစ္စယာ (ဇရာမရဏပါ ဘုရား)။

ကိုင်း သံသရာ ဆက် မဆက် (ဆက်ပါတယ် ဘုရား)။ အဲဒါ ဝိပဿနုပေက္ခာ ဉာဏ် မလိုက်နိုင်တဲ့ အတွက် ကိုယ်ကျိုးနဲ သွားတာ(မှန်ပါ့)။

ဝိပဿနုပေက္ခဉာဏ် မလိုက်နိုင်တဲ့အတွက် ဘာ ဖြစ်သွားပါလိမ့် (ကိုယ်ကျိုးနည်း ရပါတယ် ဘုရား)။ သိပ် မနစ်နာဘူးလား (နစ်နာပါတယ် ဘုရား)။ ကဲ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် လောဘလာလို့ လောဘကို ဖြစ်ပျက်ရှု လိုက်တော့ ဥပါဒါန်, ကံ, ဇာတိ, ဇရာ, မရဏ မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)။

သံသရာစခန်းသတ်တယ်

အဲဒါတွေ ချုပ်သွားတာမြင်လို့ ကျုပ်တို့ သံသရာ စခန်း မသတ်ဘူးလား (သတ်ပါတယ် ဘုရား)၊ ရိပ်မိပြီလား (ရိပ်မိပါတယ် ဘုရား)။

ကဲ ဝိပဿနုပေက္ခာ ဉာဏ် မလိုက်ဘူး ဆိုတော့ တစိမ်းမြင်လိုက်တဲ့အခါ မသိပါဘူး ဆိုတော့ မောဟကော မလိုက်ဘူးလား (လိုက်ပါတယ် ဘုရား)။

မောဟဆိုတော့ အဝိဇ္ဇာ မဟုတ်ဘူးလား (ဟုတ် ပါတယ် ဘုရား)၊ အဝိဇ္ဇာ ပစ္စယာ (သင်္ခါရာပါ ဘုရား)။ သင်္ခါရပစ္စယာ (ဝိညာဏံပါ ဘုရား)၊ ဝိညာဏပစ္စယာ (နာမရူပံပါ ဘုရား)။

အဲ-သွားလိုက်ပါတော့ အဆုံး ဇာတိ၊ ဇရာ၊ မရဏ (မှန်ပါ့)၊ မသွားရပေဘူးလား (သွားရပါတယ် ဘုရား)၊ ဒါက ဘယ်သူ ဖျက်လို့ ရမှာတုံး (ဘယ်သူ ဖျက် လို့မှ မရပါဘူး ဘုရား) ။

ဘယ်သူမှ တားမြစ်လို့မရပါဘူး (မှန်ပါ)၊ သူကသာ တန်းမိလို့ရှိရင် ကိုင်း ဘုရားတားလို့ မရဘူး၊ မင်း ပဋိစ္စသမုပ္ပါဒ်နဲ့ မင်း သွားပေတော့၊ ကြည့်နေကြတော့ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ပဋိစ္စသမုပ္ပါဒ်ဖြတ်တဲ့ဉာဏ်အားကိုး

ဒါဖြင့် ပဋိစ္စသမုပ္ပါဒ်ဖြတ်တဲ့ ဉာဏ် သာလျှင် အားကိုးရာ (မှန်ပါ့)၊ ဒကာ ဒကာမတို့၊ ဘာမှမသိတဲ့ ပုဂ္ဂိုလ်ကို မြင်တော့ ဘာဖြစ်သတဲ့ (မောဟဖြစ်တယ်)။

အဲဒီ မောဟကိုပင်လျှင် ဒကာ ဒကာမတွေက ဘယ် လိုရှုရမယ် (ဖြစ်ပျက်ရှုရမှာပါ ဘုရား)။ အဲ ရှိသေးရဲ့လား။ ရှိသေးလား-မရှိသေးလား ကြည့်လိုက်တာပေါ့ (မှန်ပါ့)။

ကြည့်လိုက်တဲ့ အခါကျတော့ ဘာတွေ့ (မရှိတာ တွေ့ပါတယ် ဘုရား)။ မရှိတာပဲ တွေ့တယ်၊ မရှိတာက အနိစ္စ၊ သိတာက မဂ္ဂ ဆိုတော့ ဒီမဂ်က ဘယ်ဉာဏ်ထဲ ရောက်သွား ပါလိမ့် (ဝိပဿနုပေက္ခာ ဉာဏ်ထဲ ရောက်သွားပါတယ် ဘုရား)၊ ဝိပဿနုပေက္ခာ ဉာဏ်ထဲ ရောက် (မှန်ပါ့)၊

ဪ ဒါဖြင့် အဝိဇ္ဇာက စပြတ်တာ (မှန်ပါ့)၊ ပေါ်ကြ ပလား (ပေါ်ပါပြီ ဘုရား)။

ပဋိစ္စသမုပ္ပါဒ်အစကပြတ်တယ်

ဘယ်က စပြတ်ပါလိမ့် (အဝိဇ္ဇာက စပြတ်ပါတယ် ဘုရား)၊ ဟာ ဒါဖြင့် ပဋိစ္စသမုပ္ပါဒ်အစက ဖြတ်ပေးတာ (မှန်ပါ့)။

အစက ဖြတ်ပေးတော့ ကျုပ်တို့ ခန္ဓာကြီးဟာ ပဋိစ္စ သမုပ္ပါဒ်ကြောင့် လည်နေရတာ (မှန်ပါ့)၊ ပဋိစ္စသမုပ္ပါဒ် ကို ကိုယ်ခန္ဓာကြီး လုပ်နေရတာ သဘောကျပလား (ကျပါပြီ ဘုရား)။

အလယ်ကပြတ်တယ်

ခုတော့ လည်စရာ ပတ်စရာ ရှိသေးရဲ့လား (မရှိ တော့ပါ ဘုရား)၊ ဪ- ၁နံပါတ် ရှု ရင် ပဋိစ္စသမုပ္ပါဒ် အဆုံး ကပြတ်တယ် (မှန်ပါ့)၊ ၂နံပါတ်ရှု ရင် (ပဋိစ္စသမုပ္ပါဒ် အလယ်က ပြတ်ပါတယ် ဘုရား)။

အဆုံးကပြတ်တယ်

၃နံပါတ် ရှုရင် (အစက ပြတ်ပါတယ် ဘုရား)၊ အစက ပြတ်တယ်၊ ဒါ သေသေချာချာ မှတ်ကြ စမ်း ပါ၊ ဒကာ ဒကာမတို့၊ ၁နံပါတ် ဒေါသကို ဖြစ်ပျက် ရှုနိုင်ရင် (အဆုံးက ဖြတ်ပါတယ် ဘုရား)။

၂နံပါတ် လောဘကို ဖြစ်ပျက် ရှုနိုင်ရင် (အလယ်က ပြက်ပါတယ် ဘုရား)

၃နံပါတ် အဝိဇ္ဇာကို ရှုနိုင် ရင် (အစက ပြတ်ပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ပေါ်လာတာ အကုန်ရှုနေရင် ကိုယ့် ပဋိစ္စသမုပ္ပါဒ် ဆက်ပေးမယ့် တရားတွေ စပေးမယ့် တရားတွေ ဒကာသစ် ကုန်ပြီ (မှန်ပါ့)။

ဒါဖြင့် “ယတော ခယံ ပစ္စယာနံ အဝေဒီ” ဆိုတဲ့ အတိုင်း ယတော-အကြင်အခါမှ၊ ပစ္စယာနံ-အကြောင်းတို့၏၊ ခယံ- ကုန်ရာကို၊ အဝေဒီ- သိပြီ၊ အကြောင်းတရားတွေ ကုန်ရာကို ငါသိပြီ ဆိုတော့

နောက်ခန္ဓာမဖြစ်တော့

ခင်ဗျားတို့လဲ ဒါအကြောင်း ကုန်တာ သိတာပဲ (မှန်ပါ့)၊ ဘာသိပါလိမ့် (အကြောင်း ကုန်တာပါ ဘုရား)၊ အကြောင်း ကုန်တာ သိတဲ့ အခါကျတော့ သြော်- နောက်ဘာ ခန္ဓာများ ဖြစ်ဦးမှာပါလိမ့် ဆိုတာ လာသေးရဲ့ လား (မလာပါဘူး ဘုရား)။

ဟို -အကျိုးခန္ဓာ လာနိုင်စရာ အကြောင်းကို မြင် သေးရဲ့လား (မမြင်ပါ ဘုရား)၊ အဲဒါကြောင့် ဒကာ ဒကာမတွေ၌ ဒီသုံးခုပေါ်တာ ရှုနေစမ်းပါ(မှန်ပါ့)။

ဘယ်လိုပါလိမ့် (ဒီသုံးခုပေါ်တာ ရှု နေရမှာပါ ဘုရား)၊ ပေါ်တာရှုတော့ တစ်တန်းတည်းကော မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။

အလွန်အဖိုးတန်တဲ့ ဉာဏ် (၃)ဆင့်

ကဲ ဣန္ဒြေကော လုံခြုံပါသလား (လုံခြုံပါတယ် ဘုရား) ဣန္ဒြေ လုံခြုံတယ် ဆိုတော့ ဒီ ၁နံပါတ် ဉာဏ် ဘာ ဉာဏ်ခေါ်ကြမယ် (၁- ဝိပဿနုပေက္ခာ ဉာဏ် ခေါ်ပါတယ် ဘုရား)။

ရင့်လာရင် ဘာဉာဏ်ခေါ်ကြမယ် (၂- သင်္ခါရုပေက္ခာ ဉာဏ်ခေါ်ပါတယ် ဘုရား)၊ ဒီထက် ပိုရင့်သွားရင် (၃- မဂ် ဉာဏ်ပါ ဘုရား)။

ဒါဖြင့် ဒီဉာဏ်သုံးဆင့်ဟာ ဒကာ ဒကာမတို့၊ အလွန်အဖိုးတန်တဲ့ ဉာဏ်သုံးဆင့် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် အားကိုးရာ ဘာအားကိုးကြမယ်။(ဖြစ် ပျက်မြင်တဲ့ ဉာဏ် အားကိုးရမှာပါ ဘုရား)၊ အေး ခုနက ၁ နံပါတ် အားကိုး၊ ၂နံပါတ် ဉာဏ် (အားကိုးရမှာပါ ဘုရား)၊ ၃နံပါတ်ဉာဏ် (အားကိုးရမှာပါ ဘုရား)။

အားကိုးဆိုတာက ကိုယ်လုပ်ထားမှ ကိုယ်အားကိုးလို့ရ တယ် (မှန်ပါ့)၊ စိန်လေးကိုယ် ဝယ်ထားမှ ကိုယ်အရေးရှိ စိန်ထုတ်သုံး ရတယ် (မှန်ပါ)၊ ကားလေးကိုယ် ဝယ်ထားမှ အရေးရှိ ကားလေးကို ဖလှယ်ပြီး ကိုယ်သုံးရတယ် (မှန်ပါ့)။

ကိုယ်လုပ်ထားတာ မဟုတ်လို့ရှိရင် သူများ ပစ္စည်းခိုးမှု နဲ့ တရားစွဲ မခက်ဘူးလား (ခက်ပါတယ် ဘုရား)။

မိမိလုပ်ထားတဲ့ဉာဏ်သည်သာ ကိုးကွယ်ရာ

ဒါကြောင့် “အတ္တာဟိ အတ္တနော နာထော။ ကော ဟိ နာထော ပရော သိယာ” အတ္တာဟိ အတ္တာဧဝ- မိမိလုပ်ထားတဲ့ ဒီဉာဏ်လေ သည်သာလျှင်၊ နာထော- ကိုးကွယ်ရာတည်း (မှန်ပါ့)။

ပရော- တပါးသောသူသည်၊ နာထော- ကိုးကွယ်ရာ သည်၊ ကော သိယာ-အဘယ်မှာသာလျှင် ဖြစ်နိုင်ပါ့မလဲ (မှန်ပါ့)၊ ကိုယ်လုပ်တဲ့ဉာဏ်ပဲ အားကိုးရမယ် (မှန်ပါ့)

ဘယ်သား၊ ဘယ်သမီး၊ ဘယ်မြေး၊ ဘယ်မြစ်၊ ဘယ် ပစ္စည်းကဖြင့် ဒကာကြွယ်တို့ ကယ်လိမ့်မယ်၊ ယူလိမ့်မယ် ဆို တာ မယူလိုက်ပါနဲ့ (မှန်ပါ့)၊ တွန်းသာ ချလိမ့်မယ် ဆိုတာ သေချာတယ် (မှန်ပါ့)။

ဘာအားကိုးကြမယ်

ဒါဖြင့် ဘာအားကိုးကြမယ် (ကိုယ်လုပ်ထားတဲ့ ဉာဏ်အားကိုး ရမှာပါ ဘုရား)၊ ဖြစ်ပျက်ရှုတဲ့ ဉာဏ်ပါ။ အဲဒီ ဉာဏ် အားကိုးတော့ ပဋိစ္စသမုပ္ပါဒ် ဘယ်ကနေ ပြတ်သတုံး၊ အစကလဲ ပြတ်၊ အလယ်ကကော (ပြတ်ပါတယ် ဘုရား) အဆုံးလဲ ပြတ်တယ် (မှန်ပါ့)။

ခင်ဗျားတို့ ပဋိစ္စသမုပ္ပါဒ် ပြတ်တာ သိနေတော့ ဘယ်သူ့ ပဋိစ္စသမုပ္ပါဒ် ပြတ်တာတုံး (ကိုယ့် ပဋိစ္စသမုပ္ပါဒ် ပြတ်တာပါ ဘုရား)။

ကိုယ့် ပဋိစ္စသမုပ္ပါဒ် ရှိရင်သာ ကိုယ်လှည့်မှာကိုး (မှန်ပါ့)၊ ကိုယ့်ပဋိစ္စသမုပ္ပါဒ် ပြတ်ပါတယ် ဆိုတာ ကိုယ် လှည့်တဲ့ ဇာတ်သိမ်းတာပဲ (မှန်ပါ့)။ ဒါဖြင့် ဝဋ်ပြတ်သွား ပြီ (မှန်ပါ့)။

ဝဋ်ကျွတ်တာသည်နိဗ္ဗာန်

ဘယ်လိုဆိုကြမယ် (ဝဋ်ပြတ်သွားပြီ ဘုရား)၊ ဝဋ် ပြတ်သွားတယ် ဆိုတာတည်း ကိုက ဒကာ ဒကာမတို့၊ ဝဋ် ကျွတ်ကဲ့ပုဂ္ဂိုလ် (မှန်ပါ့)။

ဝဋ်ကျွတ်တာသည်ကား ဆိုလို့ရှိရင်ဖြင့် ဝိဝဋ္ဋ အစစ် ဖြစ်တယ် (မှန်ပါ့)၊ ဝိဝဋ္ဋ ဆိုတာ နိဗ္ဗာန်ပါပဲ (မှန်ပါ့) သေချာကြပလား (သေချာပါပြီ ဘုရား)၊ ရှင်းပြီနော်။ (ရှင်းပါပြီဘုရား)။

ကဲ ဒီနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။