235

၁။ မဂ္ဂင်အလုပ်က ထုံးစံနဲ့ဖဲ့တိုက်ရတယ်(၁၈-၉-၆၁)

၂။ ခန္ဓာငါးပါးနောက်က ဉာဏ်တရားလိုက်ပါ(၂၄-၈-၁၉၆၁)

တရားနှစ်ပုဒ်ပါဝင်ပါသည်။

၁။ မဂ္ဂင်အလုပ်က ထုံးစံနဲ့ဖဲ့တိုက်ရတယ်

အသံဖိုင်ခေါင်းစဉ်= မဂ္ဂဗြဟ္မစရိယအကျင့်သည့် သာသနာတွင်းတရားတော်

စာအုပ်ခေါင်းစဉ်= မဂ္ဂင်အလုပ်က ထုံးစံနဲ့ဖဲ့တိုက်ရတယ်

(၃၈)မိနစ်တရား

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး အမရပူရမြို့၌

ဟောကြားဆုံးမတော်မူသောတရားတော်

မဂ္ဂင်အလုပ်က ထုံးစံနဲ့ဖဲ့တိုက်ရတယ်

(၁၈-၉-၆၁)

လူမိုက်နဲ့လူလိမ္မာကို ထူးထူးခြားခြား သိစေချင်တယ်၊ ထူးထူးခြားခြား သိစေချင်တော့ကို လူမိုက်နဲ့လူလိမ္မာ ထူးထူး ခြားခြား သိစရာအရေးကို သံဃာတွေ စည်းဝေးပြီး သကာလ ရဟန်းတို့ လူမိုက်နဲ့လူလိမ္မာ ဘာထူးသတုံးကွာတဲ့ မေးတယ်၊ မေးပင်မေးငြား သော်လည်း ကဿပဘုရား လက်ထက်ကတည်း ကိုက သာသနာက ဘုရားလည်း ပရိနိဗ္ဗာန်စံ သာသနာလည်း ကွယ်ဖြစ်နေတော့ တစ်ခါတည်း တရားတွေက အကုန်ပျောက် နေတယ် (မှန်ပါ့ ဘုရား)။

လူမိုက်နဲ့ လူလိမ္မာ ဘာထူးသတုံး

ပျောက်ကုန်တော့ ရဟန်းကလည်း အဆက်က သာသမညပဲရှိကြတယ်၊ ဘုရားပရိနိဗ္ဗာန်စံလို့ သာသနာ လုံးဝ ဆုတ်ယုတ်သွားတော့ အကုန်အကျင့်တွေ ဖောက်ပြန်ပြီးတော့ ဒါ့ကြောင့် တချို့ ရဟန်းတွေ တောင်ကလပ်ပေါ် တက်ပြီးတော့ ကဲ သာသနာတော်ဖြင့် ဘုရားကလည်း ပရိနိဗ္ဗာန်စံပြီး သာသနာတော်မှာလည်း ရဟန်းတော်တွေ ဖောက်ပြန်ပြီ ဆိုပြီး တော့ တောင်ကလပ်ပေါ်တက်ပြီး အားထုတ်ကြတယ်၊ ရဟန်း တွေ အကျင့်ဖောက်ပြန်တာနဲ့ ရဟန်းတော်အချို့ အသေခံပြီး အားထုတ် ကြတယ် ကဿပမြတ်စွာဘုရားက သာသနာမထား ရစ်ခဲ့ဘူး၊ အဲဒီကတည်းက သာသနာက ကွယ်ပြီး လာတော့ ဂေါတမဘုရား၊ လက်ထက်မှာ ဘုရားလည်းပွင့်လာရော လူမိုက်နဲ့လူလိမ္မာ ဘာထူးသတုံး လို့ ဘုရားက သံဃာတွေ စည်းဝေးပြီး မေးလိုက်တဲ့အခါမှာ တစ်ပါးမှ မဖြေနိုင်ဘူး (မှန်ပါ) ဘာဖြစ်လို့ မဖြေနိုင်တာတုံး မေးတော့ တရား အစဉ်အဆက် ဆောင်လာတာ မရှိလို့ (မှန်ပါ့)။

အသက်တမ်းကလည်း ရှည်တဲ့ဘုရား နှစ်သောင်းတန်း မှာ ပွင့်တဲ့ဘုရားဖြစ်ပြီး သကာလ နေတော့ သာသနာမထား တော့ဘူး (မှန်ပါ့)။

ဒါနဲ့ ရဟန်းတွေ စည်းဝေးပြီး ဘုရားက လူမိုက်နဲ့လူလိမ္မာ ဘာထူးသတုံးကွလို့ မေးလိုက်တဲ့ အခါမှာ တစ်ပါးမှ မဖြေ နိုင်ဘူး (မှန်ပါ့)။

သာသနာက တည်းတည်းကျန်တော့တယ်

ကဲ မဖြေနိုင်ပုံ ရိပ်မိကြပြီ၊ ပါရမီမရှိလို့ (မှန်ပါ့) ပါရမီမရှိလို့ ဆိုတာ သိတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ လည်း သာသနာက တည်းတည်းကျန်တော့တယ် (မှန်ပါ့ ဘုရား) တည်းတည်းကျန်လို့ ဖောက်ပြန်ပျက်စီး နေတာတွေလည်း ဦးမာဒင်တို့ သိတဲ့အတိုင်းပါပဲ (မှန်လှပါ ဘုရား) အကောင်းနဲ့ အဆိုး ဆိုလို့ရှိရင် အကောင်းက အနည်းပဲရှိတယ် အဆိုးက များနေတယ် (မှန်ပါ့)။

အခုဟာ အကောင်းဆုံးအချိန်

အဲဒီတော့ ဒီ-သာသနာကလေးမှာ နောက်ပိုင်းလည်း ကျနေတော့ အခုဟာ အကောင်းဆုံး အချိန်ဆိုတာကို ကိုယ့်ဟာ ကိုယ် ဆုံးဖြတ်ချက်ချပြီး ဒီ-အရောင် ကွယ်ရင် ပျောက်တော့မယ် မွေးလာတဲ့ ပုဂ္ဂိုလ်တွေဟာ အပါယ်သွားဖို့ မွေးတာက များတယ်လို့ မှတ်ရမယ် (မှန်လှပါ) အခု ဒီအရောင်ကလေး ကွယ်သွားရင်ပေါ့လေ (မှန်ပါ့)။

အဲဒီတော့ ကိုယ်လည်း မှီလိုက်ရုံရှိတာပဲ ဆိုပြီး အားလုံး ဒကာ ဒကာမတွေက မှီတာကလေး လက်မလွတ်စေနဲ့ (မှန်လှပါ ဘုရား)။

မှီတာကလေးကို လက်မလွတ်စေနဲ့

မှီတာကလေးကို လက်မလွတ်စေနဲ့ဆိုတာ ဘုန်းကြီး များက တစ်ခါ ကဿပဘုရား သာသနာ မထားတာ ထောက်ခဲ့ လို့ အခု ဘုရားလက်ထက်မှာ လာမေးတော့ တစ်ပါးမှ မဖြေ နိုင်တာ ထောက်ကြည့်တော့ သာသနာဟာ ပြတ်ထွက်သွား တယ် (မှန်ပါ့)။

အဲဒီတော့ ဒီဘုရားကတော့ သက်တမ်းတိုတဲ့ ခေတ်မှာ – ပွင့်တော်မူတဲ့ မြတ်စွာဘုရားမို့ သာသနာ ထားခဲ့တယ် (မှန်ပါ့) ထားတာဟာ ထားချင်လို့ထားတာ မဟုတ်ပါဘူးတဲ့ အားလုံးပေါင်း ငါနဲ့ကျွတ်ထိုက်တဲ့ ပုဂ္ဂိုလ်တွေက ငါချွတ်လို့ ကုန်ပြီ ဆိုတော့ ဘုရားနဲ့ ကျွတ်ထိုက်တဲ့ပုဂ္ဂိုလ်က ပဉ္စဝဂ္ဂီအစ သုဘဒ်ရဟန်း အဆုံး (မှန်ပါ့ ဘုရား) ကျန်တာတွေကို သာဝကတွေက သူ့ဆရာနဲ့ သူ့တပည့် သူတို့ ချွတ်ရစ်လိမ့်မယ် ဆိုပြီးတော့ သာသနာထားခဲ့တယ် (မှန်ပါ့)။

တရားမှန်တရားထူးကိုကြိုးစားယူကြ

သူ့ဆရာနဲ့ သူ့တပည့် ကျွတ် ရစ်လိမ့်မယ် ဆိုပြီး သာသနာထားခဲ့တော့ကို တို့တော့ တို့ဆရာနဲ့ တို့တပည့်နဲ့ပဲ ကျွတ်တန်းဝင်ဖို့ ထားခဲ့တဲ့ အတိုင်း တို့အတွက်လည်း အခုတွေ့ တာ ဒါပဲ ဆုံးဖြတ်ချက် ချပြီးတော့ကို တရားမှန်, တရားထူးကို ကြိုးစားယူကြ (မှန်ပါ့)။ သဘောကျပလား (ကျပါပြီ ဘုရား)။

အားလုံး ဒကာ ဒကာမတွေ ဒီအတိုင်းမှတ်ထား ရတယ် (မှန်ပါ ဘုရား)။ ဒီအတိုင်းမှတ်ထား ရမယ်၊ အို တော် တော်ကြာ သူ့ဟာဖြင့် ဘာမှန်းမသိ ညာမှန်းမသိနဲ့ ဒါတွေတော့ ဦးမာဒင်တို့ လှည့်ကြည့် မနေနဲ့တော့၊ ကြည့်လို့လည်း မဖြစ်တော့ ဘူး (မှန်ပါ့)၊

မွေးလာတာ ဘာဖြစ်လို့ မွေးလာသတုံး စားဖို့သောက်ဖို့ မွေးလာတယ်၊ စားဖို့ ရှာဖို့ မွေးလာ တယ်၊ အခု တစ်နိုင်ငံလုံး ပြောဆိုနေတဲ့ စကားဟာ ဘယ်သူကဘာ, ဘယ်သူ ကဘာနဲ့ စားဖို့ ပြောတာပဲ (မှန်ပါ့) ဒီပြင်ဘာမှ မပါဘူး (မှန်ပါ့)။ ဒါလဲ အရေးတကြီး ပြောတော့တာပဲ၊ သံသရာပြတ်ရေး ဆိုတာ ဦးမာဒင်တို့ ရှာမှ ရှားပါတယ် (ရှားပါတယ် ဘုရား)။

ဒုက္ခဇာတ်သိမ်းရေးဆရာကကွယ်လိမ့်မယ်

စားဖို့ပဲ ပြောနေတာပဲ၊ ဘယ်သူ ကြီးပွားတယ်၊ မင်း ဘယ်လိုလုပ်ပါလား၊ ဘယ်လိုခိုးပါလား၊ ဘယ်လို ဝှက်ပါလား ဒါပဲ နောက်ဆရာတွေရှိမယ် (မှန်ပါ့) ဒုက္ခဇာတ်သိမ်းရေးဆရာ ဆိုတာကတော့ ကွယ်လာလိမ့်မယ် (မှန်ပါ့) ကွယ်လိမ့်မယ်၊ ကွယ်လိမ့်မယ် မကြာတော့ဘူး (မှန်ပါ့)။

ကဲ ဒါဖြင့် အခု မေးလို့မရတော့ ရဟန်းတွေက တပည့်တော်များ ကဿပဘုရား လက်ထက် ကတည်းက သာသနာက ကွယ်လာခဲ့လို့ အခု လူမိုက်နဲ့ လူလိမ္မာ ထူးတာ တပည့်တော်များကို အရှင်ဘုရားက မေးတဲ့အခါမှာ ဖြေဖို့ရာ အကြောင်း တပည့်တော်တို့ ဉာဏ်ထဲမှာ ပေါ်ကိုမလာဘူးတဲ့၊ ဒါကြောင့် ရှင်အာနန္ဒာကလည်း ပါလာတော့ အရှင်ဘုရားတဲ့၊ ဒီဥစ္စာ အရှင်ဘုရားဟောမှ ပြောမှ သိရမည့် ပုဂ္ဂိုလ်တွေ ဖြစ်ပါ တယ်၊ ဒါကြောင့် အရှင်ဘုရားက သာလျှင် ဆိုပါ, ဆုံးမပါဆိုပြီး သကာလ တောင်းပန်တယ် (မှန်ပါ ဘုရား)။

လူမိုက်နဲ့လူလိမ္မာဘာထူးသတုံး

အေး ရိုရိုသေသေနာကြကွ၊ ကိုင်းကိုင်းညွတ်ညွတ် နာကြကွာ ငါသေသေချာချာ ရှင်းပြမယ် ဆိုပြီး သကာလ လူမိုက်နဲ့ လူလိမ္မာထူးပုံကို အကြောင်းကျိုးဆက်ပြီး သကာလ ပြပါတယ် (မှန်ပါ့ ဘုရား)။

လူမိုက်မှာလည်း အဝိဇ္ဇာကြောင့် သင်္ခါရအလုပ် လုပ်တယ်ကွာ တဲ့၊ သင်္ခါရအလုပ် လုပ်လို့ သူလည်း ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာဆိုတဲ့ ခန္ဓာ ငါးပါးရတာပဲကွတဲ့၊ ဒါ ခန္ဓာ ရပုံတော့ တူတယ်တဲ့ (မှန်ပါ) အတူတူပဲတဲ့ လူလိမ္မာမှာလည်း အဝိဇ္ဇာသင်္ခါရကြောင့် ခန္ဓာငါးပါး ဆိုတာ ရတာပဲတဲ့ ထူးတော့ မထူးပါဘူးကွတဲ့ အတိတ် အကြောင်းမှာ မထူးကြပါဘူးတဲ့ (မှန်ပါ့ ဘုရား)။

ဒါတွင်မကသေးပါဘူးကွတဲ့၊ ပစ္စုပ္ပန်မှာလည်းတဲ့ လူလိမ္မာလည်း ဝေဒနာခံစားတာပဲတဲ့၊ သုခဝေဒနာ, ဒုက္ခဝေဒနာ, ဥပေက္ခာဝေဒနာ, ဝေဒနာသုံးမျိုးတော့ ခံစားတာပဲတဲ့၊ လူမိုက်မှာ လည်း သုခဝေဒနာ, ဒုက္ခဝေဒနာ, ဥပေက္ခာဝေဒနာဆိုတဲ့ဝေဒနာ သုံးပါး ခံစားတာပဲတဲ့ (မှန်ပါ့ ဘုရား)။

ကျုပ်တို့ ဒီကောင်းတာလည်း ကျုပ်တို့ကြိုက်ကြတယ်၊ မကောင်းတာလည်း တွေ့ကြုံရတာပဲ၊ အလတ်စား ဖြစ်တာတွေ လည်း တွေ့ကြုံရတာပဲဆိုတာ သေချာပလား (သေချာပါ ပြီ ဘုရား)။

သို့သော်ကွာတဲ့ ဒီဘက်က လူမိုက်ကတော့ ဝေဒနာ နောက်ကနေပြီး သကာလ မြတ်သော အကျင့်ကို မကျင့်တဲ့ အတွက် သူ့မှာတော့ တဏှာ, ဥပါဒါန်ကံ လိုက်ပြီး သကာလ ဇာတိ, ဇရာ, မရဏတွေနဲ့ သူ့မှာ အခါများစွာတွေ့ရတယ် (မှန်ပါ) ဒါလူမိုက်မှာ၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

လူမိုက်တန်းက တစ်မျိုး ဝေဒနာသုံးမျိုး နောက်က တဏှာ, ဥပါဒါန်, ကံလိုက်ပြီး သကာလ ဇာတိ, ဇရာ, မရဏ လိုက်တယ် (မှန်ပါ)၊ ဇာတိ, ဇရာ, မရဏ မလိုက်ပါနဲ့ဆိုလို့ မရဘူး (မှန်ပါ ဘုရား)။

လူလိမ္မာကပဋိစ္စသမုပ္ပါယ်ပြတ်တယ်

ဟိုလူလိမ္မာတော့ ဝေဒနာသုံးမျိုးလည်း သူခံစားတာပဲ တဲ့၊ ခံစားငြားသော်လည်း တဏှာ, ဥပါဒါန်, ကံ တို့မလိုက် ဘူး (မှန်ပါ့)၊ မလိုက်လို့ ဇာတိ ဇရာ မရဏ (မရပါ ဘုရား)၊ မရဘူးဆိုတော့ ဪ ပဋိစ္စသမုပ္ပါဒ် တိုတိုပြောကြစို့ ဆိုတော့ လူလိမ္မာက နောက်ပဋိစ္စသမုပ္ပါဒ်ပြတ်တယ် (မှန်ပါ့) လူမိုက်က နောက်ပဋိစ္စသမုပ္ပါဒ်ဆက်တယ် (မှန်ပါ့ ဘုရား)။

တဏှာ, ဥပါဒါန်, ကံလာတော့ ဇာတိ ဇရာ မရဏ, ဆက်တယ် (မှန်ပါ) ဒီကလည်း သူဆက်ဦးမှာပဲ (မှန်ပါ့ ဘုရား)၊ ဇာတိ, ဇရာ, မရဏထဲ အဝိဇ္ဇာ သင်္ခါရထဲ သူပြန်လှည့်မှာ (မှန်ပါ့) ဒီဘက် ပြန်ရောက်မယ် (မှန်ပါ့) မရောက်ပေဘူးလား (ရောက်ပါတယ် ဘုရား)။

ဒါဘာတုံးမေးရင် ဦးမာဒင်က ဘယ့်နှယ်ဖြေမတုံး (မဂ္ဂဗြဟ္မစရိယအကျင့် မကျင့်လို့ပါ ဘုရား)။

ဒါဖြင့် ကျုပ်တို့ လူလိမ္မာဖြစ်ချင်လို့ရှိရင်လည်း မဂ္ဂဗြဟ္မ စရိယ အကျင့်ဟာ သူလိုရင်းအချက်ပဲ (မှန်ပါ့) လူမိုက်ဖြစ် ချင်လို့ ရှိရင်လည်း မကျင့်ဘဲ နေရုံပဲ (မှန်ပါ့) မကျင့်ဘဲ နေတော့ အိုဘေး, နာဘေး, သေဘေးတွေဟာ ကိုယ့်ပစ္စည်းတွေ ဖြစ်မှာပဲ (မှန်ပါ) မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား)။

အဲဒါတွေ ထောက်ပြီး သကာလ ကြည့်တော့မှ ဪ မဂ္ဂဗြဟ္မစရိယ အကျင့်ဆိုတာက သာသနာ ရှိတုန်း အလုပ် (မှန်ပါ့ ဘုရား)။

သာသနာရှိတုန်းအလုပ်

မဂ္ဂဗြဟ္မစရိယအကျင့်ဆိုတာ (သာသနာရှိတုန်း အလုပ်ပါ) သာသနာလည်း ကွယ်ရော ဒီမဂ္ဂဗြဟ္မစရိယ အကျင့် ဆိုတာ သာသနာဆိုတာ အဆုံးအမ၊ အဆုံးအမဆိုရင် မဂ္ဂဗြဟ္မ စရိယ ကျင့်ရမယ်ကွ၊ အဲဒီ အဆုံးအမကလေးလည်း ကွယ်ပါ ရောတဲ့ မဂ္ဂဗြဟ္မစရိယအကျင့်ကို နည်းပေးမည့် လူလည်း မရှိဘူး၊ ကျင့်မည့်လူလည်း မရှိဘူး (မှန်ပါ့) ကဲ ဘယ်လောက် နစ်နာသတုံး (မှန်ပါ့) မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား)။

ဒါဖြင့် လူမိုက်မှာ မဂ္ဂဗြဟ္မစရိယအကျင့် ကွယ်နေလို့ရှိရင် အခုပြောတဲ့ ဝိပဿနာ မဂ်ဉာဏ်တွေ ကွယ်နေလို့ရှိရင် လူမိုက်မှာ အခုလည်း သာသနာမရှိဘူး ဆုံးဖြတ်ချက်ချ (မှန်ပါ့ ဘုရား)။

အခုလဲ (အခုလဲ သာသနာမရှိပါ ဘုရား) သူ့ အတွက်ဖြင့် အခုလည်း သာသနာ မရှိဘူးလို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့) နောက်က ဒကာမကြီးတွေ ဒီအတိုင်းမှတ်ထားပါ (မှန်ပါ့) စားတာ သောက်တာ၊ သားရေးသမီးရေး၊ ဝယ်ခြင်း ရောင်းဝယ်ကျွေး၊ ကလေးတွေပညာရဖို့ ကိုယ်ကနေပြီး အိမ်က နေပြီး အပင်ပန်းခံပြီး ထောက်ပံ့ဖို့တွေ ကြိုးစား၊ ဒါဘာမှမဟုတ် ဘူးလို့ မှတ်ရမယ် (မှန်ပါ့) မဂ္ဂဗြဟ္မစရိယအကျင့်နဲ့ ဘာဆိုင် သတုံး၊ ဆိုင်သေးသလား (မဆိုင်ပါ ဘုရား)။

သားရေး သမီးရေး, စီးပွားရေးကို ကြိုးစားနေတဲ့ ပုဂ္ဂိုလ်များ ကိုယ့်အရေးပါရဲ့လားလို့မေးရင် ဘယ့်နှယ်ဖြေကြမလဲ (မပါ-ပါ ဘုရား)။

ဒါဖြင့် ကိုယ့်အရေးသည် မဂ္ဂဗြဟ္မစရိယအကျင့်ပဲ (မှန်ပါ့)၊ ရှင်းပြီနော် (ရှင်းပါပြီ) ကိုယ့်အရေးဟာ ဘာပါလိမ့် (မဂ္ဂဗြဟ္မစရိယအကျင့်ပါ ဘုရား)။

ဗလာသမားချည်းမှတ်ပါ

ဒါဖြင့် ဒါကို ဦးမာဒင်တို့ မကျင့်ရသေး နောက်က ဒကာ ဒကာမတွေ မကျင့်ရသေးဆိုရင် တို့အရေး ဗလာရှိပါသေးလား (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ကိုယ့် ကိုယ်ကယ်တင်တဲ့ အရေးကဖြင့် ဗလာပဲရှိသေးတယ် (မှန်ပါ့ ဘုရား)။

ကဲ ဦးမာဒင်က ချိန်ကြည့်တာပေါ့၊ နောက်က ဒကာ ဒကာမတွေက ချိန်ကြည့်တာပေါ့၊ လောကကြီး ထဲမှာ ဘယ်သူကြီးပွားတယ်, ဘယ်သူအလတ်စားဖြစ်နေတယ်၊ ဘယ်သူ မင်းဖြစ် နေတယ်၊ ဘယ်သူအမတ်ကြီး ဖြစ်နေတယ်၊ ဗလာသမားချည့်မှတ်ပါ (မှန်ပါ့) ဆိုထိုက်ပလား (ဆိုထိုက် ပါတယ် ဘုရား)။

သာသနာအဆုံးအမကွယ်နေလို့

ဗလာသမားတွေတဲ့ ဗလာသမားဆိုတာ ဘာကြောင့် ဆိုရပါလိမ့်မတုံးဆိုတော့ သာသနာ အဆုံးအမကွယ်နေလို့ မဂ္ဂဗြဟ္မစရိယအကျင့်ကို မကျင့်ဖြစ်၊ မကျင့်ဖြစ်သည်နဲ့ တစ်ပြိုင်နက်တည်း သူ့မှာ သာသနာကွယ်နေတာပဲ (မှန်ပါ့) ဆိုထိုက်ပလား (ဆိုထိုက်ပါတယ် ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် အဲဒါကို အသာထားလိုက်၊ သူများ မချိန်နဲ့၊ ကိုယ့်ကိုယ်, ကိုယ်ချိန်လိုက်ပါလို့ သတိပေးလိုက်တယ် (မှန်ပါ့ ဘုရား)။

ငါ့မှာသာသနာမရှိတဲ့အချိန်

ငါသည် ဒီဝေဒနာသုံးပါးကို မဂ္ဂဗြဟ္မစရိယအကျင့်နဲ့ မကျင့်သေးဘူး၊ အဲဒီအချိန် ငါ့မှာ သာသနာမရှိတဲ့အချိန်လို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့) ကိုယ့်အတွက် (မှန်ပါ ကိုယ့်အတွက်ပါ ဘုရား) သဘောပါပလား (ပါ-ပါပြီ ဘုရား)။

ကိုယ့်အတွက်ပါပြီ တဲ့၊ ဪ ငါသည် ဒီအချိန်မှာ ကိုယ့်ခန္ဓာ၏ အဖြစ်အပျက် ဒုက္ခသစ္စာ မမြင်သေး၊ ထိုအခါ၌ ငါသည် သာသနာပြင်ဘက်နေတဲ့ လူတစ်ဦး တစ်ယောက်ပဲ (မှန်ပါ့) လူမိုက်တန်း လှည့်သွားတယ် (မှန်ပါ့) အချိန်နဲ့ ပိုင်းတာ (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဘယ်လိုမှတ်ကြမယ်၊ အချိန်နဲ့ ပိုင်းမှတ်ရမယ် (မှန်ပါ့) မဂ္ဂဗြဟ္မစရိယအကျင့်ကို မကျင့်သေးရင် (သာသနာ မရှိပါ ဘုရား) သာသနာမရှိဘူး။ သူ့မှာ ရှိပါတယ်၊ သာသနာပ အလုပ်ရှိတယ် (မှန်ပါ့) သာသနာတွင်း အလုပ်ကတော့ မဂ္ဂဗြဟ္မစရိယအကျင့် (မှန်ပါ့)၊ ဒါ လေးလေးစားစား မှတ်ရမယ် (မှန်ပါ့ ဘုရား)။

ဝေလာမပုဏ္ဏား

ခင်ဗျားတို့ လှူဒါန်းပေးကမ်းနေတဲ့ဥစ္စာ သာသနာ တွင်းလို့ ဒါ ဘုန်းကြီးတို့ အခု ဒေသနာတော်နဲ့ ကြည့်လိုက်တဲ့အခါ မဆိုလိုဘူး (မြန်) သာသနာပမှာ ထမင်းရေ ချောင်းစီး လှူတာတွေ ရှိနေတာပဲ (မှန်) ရှိတယ်တဲ့ ဝေလာမပုဏ္ဏားတို့ ကြည့်ပါလား ဟင် (မှန်ပါ့ ဘုရား)။

သာသနာတွင်းအလုပ်က ဘာလဲ

နို့ ဒါတွေဟာ သာသနာတွင်း အလုပ်လားလို့ တကယ်တမ်းမေး စိစစ်ပြီး ထုတ်လိုက်တဲ့ အခါကျတော့ မဟုတ် ဘူး တဲ့၊ မဂ္ဂဗြဟ္မစရိယ အကျင့်မှ သာသနာတွင်းအလုပ် (မှန်ပါ့)။ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဘာအကျင့်မှတုံး (မဂ္ဂဗြဟ္မစရိယအလုပ်မှ သာသနာ တွင်း အလုပ်ပါ ဘုရား)၊ ဒါဖြင့် တို့မှီလိုက်ရုံရှိသေးတာပဲ (မှန်ပါ) ဆိုထိုက်ကြပလား (ဆိုထိုက်ပါတယ် ဘုရား)၊ မှီလိုက်ရုံရှိတယ် (မှန်ပါ့)။

နို့မဟုတ်လို့ရှိရင်ဖြင့် သာမည သိတဲ့ဆရာနဲ့ သာမည ဟောတဲ့ဆရာနဲ့ဆိုရင် မဂ္ဂဗြဟ္မစရိယ အကျင့်မပါတာများတယ် ဦးမာဒင်ရ (မှန်ပါ့)။

ကွာ မင်းတို့ လူရယ်လို့ ဖြစ်လာရင် လူတန်းစေ့ လည်း နေရပြီ၊ တိုက်နဲ့ တာနဲ့ ရွှေနဲ့ စိန်နဲ့ ကားနဲ့ ထိုက်တန် သလောက်လည်း စားဦးစားဖျားတွေ လှူကြတယ်၊ ဒါ တော် တာပဲကွ၊ ဒီလိုမှ မရှိတဲ့ ပုဂ္ဂိုလ်တွေက များတယ် အစရှိသည်နဲ့ သာသနာပတရားသာ ဟောနေတာပဲ (မှန်ပါ့) သာသနာ တွင်း တရားမပါလာဘူး (မှန်ပါ့)။

လူမိုက်က မဂ္ဂဗြဟ္မစရိယမသင့်ဘူး

ဒါဖြင့် ကျုပ်တို့ အင်မတန် စိစစ်ပြီး သကာလ မှ ဘုရား သခင်ကိုယ်တော်မြတ်ကြီး လူမိုက်နဲ့ လူလိမ္မာ ထူးပုံ ဟောတော့မှ လူမိုက်က မဂ္ဂဗြဟ္မစရိယအကျင့်ကို မကျင့်ဘူးကွ ဆိုတာ တစ်လုံးကို ဘုရားက သေသေချာချာ ဟောတာပဲ (မှန်ပါ့)။

အာနန္ဒာ လူမိုက်နဲ့ လူလိမ္မာ ဘာထူးသတုံးကွ၊ လူမိုက်က မဂ္ဂဗြဟ္မစရိယအကျင့်ကို မကျင့်လို့ တဏှာဥပါဒါန်ကံ လာတယ်ကွ (မှန်ပါ့) တဏှာ, ဥပါဒါန်, ကံဆိုတာကတော့ နောက် ဘဝ လိုချင်လို့ လုပ်တဲ့တဏှာ, နောင်ဘဝစွဲလမ်းတဲ့ ဥပါဒါန် နောင်ဘဝ ရောက်ကြောင်းကံတွေ လုပ်နေရင်တော့ ဒါပဲရတာပဲ (မှန်ပါ့)။

ဇာတိ ဖရာ မရဏဘဲ ပြန်ရတယ်(မှန်ပါ့ ဘုရား)။ မဟုတ် ဘူးလား (ဟုတ်ပါတယ် ဘုရား)။ အဲဒီတော့ မဂ္ဂဗြဟ္မစရိယ အကျင့်မှ သာသနာတွင်း အကျင့်ဆိုတာ ပေါ်သွားပြီ (မှန်ပါ့) မပေါ်သေးဘူးလား (ပေါ်ပါပြီ) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ကျွတ်ထိုက်တဲ့ပုဂ္ဂိုလ်မို့မှီတာ

ကောင်းပြီး ဒါဖြင့် သော် မဂ္ဂဗြဟ္မစရိယ အကျင့်ကို မှီတဲ့ပုဂ္ဂိုလ်ဟာဖြင့် ကျွတ်ထိုက်တဲ့ပုဂ္ဂိုလ်မို့ မှီတာပဲ (မှန်ပါ့)၊ မကျွတ်ထိုက်တဲ့ ပုဂ္ဂိုလ်ဖြင့် ဒီတန်းကသွားတယ် (မှန်ပါ့)၊ ကျွတ်ထိုက်တဲ့ ပုဂ္ဂိုလ်က ဒီဘက်တန်းက လာတယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ကိုယ့်အတွက် ပါရမီရှိလေသလား-မရှိလေဘူး လား ကိုယ့်အတွက် ဘယ်လို စဉ်းစား ရမှာတုံး မစဉ်းစားရ ဘူးလားလို့ ဒီသုတ်က ထောက်ခံချက်ပေးနေတယ် (မှန်ပါ့)၊ ဗာလပဏ္ဍိတသုတ်တဲ့ ဒီဥစ္စာ (မှန်ပါ့)။

လူမိုက်ကတော့အဝိုင်းပြေး

လူမိုက်နဲ့လူလိမ္မာ ဒီလို ထူးခြားသကွလို့ ဟောထားတာ လာပုံ အတူတူပါပဲကွ၊ ဒီဘက် ဆက်သွားတဲ့အခါကျတော့ ဟိုကတော့ ဆက်မသွားဘူး (မှန်ပါ့)၊ လူမိုက်ကတော့ ဆက်သွားတယ် (မှန်ပါ့)၊ လူမိုက်ကတော့ အဝိုင်းပြေးပေါ့ ဗျာ (မှန်ပါ့ ဘုရား)။

ဘယ့်နှယ်ဆိုကြမလဲ (အဝိုင်းပြေးပါ ဘုရား)၊ အဝိုင်း ပြေးလို့ မှတ်စမ်းပါ၊ ဟိုနောက်က ဒကာ ဒကာမတွေနော် (မှန်ပါ့)၊ အဝိုင်းပြေးလောက် ကြောက်စရာ ကောင်းတာတော့ဖြင့် မောင်ချစ်စိန် ရှိကို မရှိဘူး (မှန်ပါ့) ရှိသေးရဲ့လား (မရှိပါ ဘုရား)၊ စုတိနဲ့ ပဋိသန္ဓေပေါ် လှည့်ပြေးနေတာ (မှန်ပါ့)။

ဘယ်လှည့်ပြေးနေတာတုံး (စုတိပဋိသန္ဓေပေါ် ပြေးနေပါတယ် ဘုရား)၊ စုတိပဋိသန္ဓေပေါ် လှည့်ပြေးနေတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

“စုတိပဝတ္တိ ပဋိသန္ဓေ ပဝတ္တိစုတိ” ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ သူ-ပဋိသန္ဓေ နေလိုက် တာကြည့် တော်တော်ကြာ ကျတော့ ပဝတ္တိနောက်ကနေ သားရေး သမီးရေးနဲ့ လုပ်လိုက် တယ် (မှန်ပါ့) တော်တော်ကြာကျတော သူ-စုတိ ပြန်ရောက် တယ် (မှန်ပါ့) တော်တော်ကြာ ပဋိသန္ဓေ ပြန်ရောက်တယ် (မှန်ပါ့) တော်တော်ကြာ ပဝတ္တိပြန်ရောက်တယ် (မှန်ပါ့)

တော်တော်ကြာ စုတိ၊ ဒါပဲ လှည့်နေတယ် (မှန်ပါ့) ပဋိသန္ဓေ ပဝတ္တိစုတိ ဒါပဲလှည့်တယ် (မှန်ပါ့)။

စုတိကနေ ဘယ်သွားမလဲ

စုတိကနေ ဘယ်သွားမလဲ (ပဋိသန္ဓေသွားပါမယ် ဘုရား) ပဋိသန္ဓေက ဘယ်သွားမလဲ (ပဝတ္တိ သွားပါမယ် ဘုရား) ပဝတ္တိက ဘယ်သွားမလဲ (စုတိသွားပါမယ် ဘုရား)။

ဒါဖြင့် ဒီသုံးခုလုံးကလဲ ပဋိသန္ဓေကလဲ ဒုက္ခသစ္စာ ပဝတ္တိ လုပ်ကိုင် စားသောက်နေတာတွေလဲ (ဒုက္ခသစ္စာပါ ဘုရား)၊ သေသွားတာကလဲ (ဒုက္ခသစ္စာပါ ဘုရား)၊ နောက်ခန္ဓာ နေပြန်တာ (ဒုက္ခသစ္စာပါ ဘုရား)၊ ပဋိသန္ဓေ နေတာ ဒုက္ခသစ္စာ၊ ပဋိသန္ဓေနေပြီးသည်၏ အခြားမဲ့၌ သားရေး၊ သမီးရေး၊ စီးပွားရေး ကြိုးစားပြန်တော့ကော (ဒုက္ခသစ္စာ ပါ ဘုရား) သူ့မှာ ဒါပဲ လှည့်နေတယ်၊ ပဋိစ္စသမုပ္ပါဒ် အကျဉ်း လှည့်လိုက်တော့ ဒါပဲရတယ် (မှန်ပါ့)။

မီးပုံသုံးပုံပေါ်မှာ လှည့်ပြေးနေတယ်

ပဋိသန္ဓေ ပဝတ္တိ စုတိ ဒါပဲရှိတယ် (မှန်ပါ့) သော် လူမိုက်မှာ အဝိုင်းပြေးပါလားဆိုတာ ပေါ်ကြပါပြီ (ပေါ်ပါပြီ ဘုရား) မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

သူက ဘယ်ပေါ်မှာ လှည့်နေသတုံးဆိုတော့ မီးပုံသုံးပုံ ပေါ်မှာ လှည့်ပြေးနေတယ်(မှန်ပါ့) ဘယ်မှာ ခြေချချ မီးပုံ(မှန်ပါ) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အဲဒါ ခင်ဗျားတို့ ပဋိသန္ဓေနေရတာလဲ မီးပုံပေါ် နေရ တာပဲ၊ ဒုက္ခဆင်းရဲပဲ (မှန်ပါ့) ပဝတ္တိ ကျတော့ကော (မီးပုံ ပေါ်ပါ ဘုရား) သေတော့ကော (မီးပုံပေါ်ပါ ဘုရား) ဒါဖြင့် ဇာတိမီး၊ ပဝတ္တိမီး၊ မရဏမီး၊ မီးသုံးပါးပေါ်မှာ လှည့်ပြေးနေတယ် (မှန်ပါ့)။

ဦးမာဒင်က ဘေးကနေ ရပ်ကြည့်နေတယ်၊ မီးသုံးပါး ပေါ်မှာ လှည့်ပြေးနေတဲ့ ပုဂ္ဂိုလ်ကို တယ်ကြီးတဲ့ ဝဋ်ပါကလားဟေ့၊ ဆိုနိုင်-မဆိုနိုင် (ဆိုနိုင်ပါတယ် ဘုရား)။

ဘယ့်နှယ်ဆိုကြမလဲ (ကြီးတဲ့ဝဋ်ပါ ဘုရား) ဒိထက် ကြီးတဲ့ ဝဋ်ရှိသေးလား (မရှိပါ ဘုရား) မရှိတော့ဘူး၊ ဒိထက် ကြီးတဲ့ဝဋ် မရှိပါဘူး တဲ့။

ဒါဖြင့် ဒီဥစ္စာ ဝဋ်လို့ ခေါ်ပါတယ်၊ မီးသုံးပါးလုံးနေတာပဲ၊ သူ့အတွက် ဘေးကနေပြီး ရပ်ကြည့်ပါတဲ့ နောက်က ဒကာ ဒကာမတွေကရော ဦးမာဒင်တို့လို ပုဂ္ဂိုလ်တွေကရော ကြည့်လိုက်တဲ့ အခါမှာ ဒီအဖြစ်တော့ မဖြစ်ချင်ဘူးဟေ့ လူတိုင်း ညည်းမှာပဲ (မှန်ပါ့) မညည်း ပေဘူးလား (ညည်းပါ တယ် ဘုရား) မီးပုံပေါ်တွင် လျှောက်ပြေးတာ၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဘယ်ပေါ်မှာ လျှောက်ပြေးနေသတုံး (မီးပုံပေါ်မှာ လျှောက်ပြေးပါတယ် ဘုရား) ဘယ်တော့ သူ-ဒီမီးပုံပေါ်က လွတ်မှာတုံး မေးတော့လည်း သူ့အတွက်တော့ မျှော်လင့်ချက် မရှိဘူး (မှန်ပါ့) ဘယ်တော့မှ လွတ်လိမ့်မယ်လို့ မျှော်လင့် ချက် မရှိဘူး (မှန်ပါ့) ရှိကြရဲ့လား (မရှိပါ ဘုရား)။

အဲ ဘုရားက ဉာဏ်တော်နဲ့ ကြည့်လိုက်တဲ့ အခါကျတော့ ဒီလို လှည့်ပြေးနေတာ မြင်တယ် (မှန်ပါ့)။

အဲဒီတော့ ကရုဏာတော်ရှင်ဖြစ်နေတော့ ဘယ်လို ပြောပြီး ဘယ်လိုများ ကယ်တင်ရပါ့မလဲ ဆိုတဲ့ဉာဏ်ဟာ မပေါ် ပေဘူးလား (ပေါ်ပါတယ် ဘုရား) ဒါကိုမြင်လို့ မဂ္ဂဗြဟ္မ စရိယ အကျင့်ကို ဟောတော်မူတာ (မှန်ပါ့) နို့မဟုတ်ရင် မီးပုံသုံးပုံပေါ် လှည့်ပြေးတော့မယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘုန်းကံထူးတဲ့ပုဂ္ဂိုလ်မို့ကြားရင်

ဒါက ခင်ဗျားတို့ ကျုပ်တို့ ဘုန်းထူး, ကံထူး, ပုဂ္ဂိုလ် ထူးတွေမို့ ကြားရတာကိုးဗျ (မှန်ပါ) ဟို-မီးပုံပေါ် ပြေးနေတဲ့ ပုဂ္ဂိုလ်က သူ့မှာ အရူးစိတ်ပေါက်နေတော့ ဒီလိုပြေးရတာကို ကြက်သရေ မင်္ဂလာကြီး မှတ်နေတယ် (မှန်ပါ့) မဟုတ် ဘူးလား (မှန်ပါ့ ဘုရား)။

သူ့မှာ ဘာမှတ်နေသလဲ (ကျက်သရေမင်္ဂလာကြီး မှတ်နေပါတယ် ဘုရား) ကျက်သရေ မင်္ဂလာ မှတ်နေတာပဲ။ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါက ဉာဏ်မျက်လုံးကလေး တပ်ကြည့်တဲ့ပုဂ္ဂိုလ် ကျတော့မှ မီးပုံပေါ် ပြေးနေတဲ့ ပုဂ္ဂိုလ် အတွက် ဘယ်လိုများ လွတ်ရေးကျွတ်ရေး ရှိပါ့မတုံးလို့ တွေးလိုက်တဲ့အခါကျတော့ သူ့အတွက်ကဖြင့် သာသနာ ကွယ်နေတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

နောက်ဆုံးပိတ်ဘဝထားပြီးအလုပ်လုပ်ပါ

ကောင်းပြီ – ဒါဖြင့် ကျုပ်တို့ သာသနာနဲ့တွေ့လို့ သာသနာ့အလုပ် မလုပ်ခဲ့သည်ရှိသော် မီးပုံသုံးပုံပေါ် လှည့်ပြေး ရုံမှတစ်ပါး၊ တခြားအလုပ်မရှိ (မရှိပါ ဘုရား)။

သာသနာနဲ့ တွေ့လျက်သားနဲ့ မဂ္ဂဗြဟ္မစရိယ အလုပ်ကို မလုပ်တဲ့ ပုဂ္ဂိုလ်မှာဖြင့် မီးသုံးပုံပေါ်မှာ ဘုရားအဆူဆူပွင့်လည်း မီးပုံပေါ်က သူမဆင်းရပါဘူး (မှန်ပါ့) ဆင်းရပါ့မလား (မဆင်းရပါ ဘုရား)

မဆင်းရဘူး တဲ့၊ အဲဒီတော့ကို ခင်ဗျားတို့ဟာ နောက်ဆုံးပိတ်ဘဝထားပြီးလုပ်မှ (မှန်ပါ့) ဘာတဲ့တုံး (နောက်ဆုံးပိတ် ဘဝထားပြီး အလုပ်မှ လုပ်မှပါ ဘုရား)။

ကိုယ့်ဟာကိုယ်ရုန်းမှ ကိုယ်လွတ်မှာ

နောက်ဆုံးပိတ်ဘဝထားလုပ်ပါ။ ရွာထဲ, မြို့ထဲက မီးပုံ ပေါ်သွားနေတဲ့လူတွေက ဘာပြောပြော မသိပြောသာ ကိုယ်က စိတ်ထဲမှာ ထားပြီး သကာလ ကိုယ်သာ မီးပုံပေါ်က လွတ်ဖို့ကို ကိုယ်ဟာ ကိုယ်သာ ရုန်း (မှန်ပါ့) သူများ ဘာပြောပြော ကိုယ့်ဟာကိုယ် ရုန်းမှ ကိုယ်လွတ်မှာဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

အဲဒီတော့ လောကုတ္တရာ အလုပ်ဆိုတာ ထုံးစံနဲ့ ဖဲ့တိုက်ရတယ်၊ အားလုံး ဒကာ ဒကာမတွေ ဆုံးမတယ် (မှန်ပါ့)၊ လောကုတ္တရာ အလုပ်ဆိုတာ (ထုံးစံနဲ့ ဖဲ့တိုက်ရ ပါတယ် ဘုရား)။

မဂ္ဂင်အလုပ်က ထုံးစံနဲ့ ဖဲ့တိုက်ရတယ်

ထုံးစံနဲ့ ဖဲ့တိုက်ရတယ်၊ ဒီတစ်လုံးဟာ အင်မတန် အရေးကြီးတဲ့ စကားမှတ်ပါ (မှန်ပါ့)၊ အရေးကြီးပါတယ် တဲ့ ဘာနဲ့ ဖဲ့တိုက်ရမလဲ (ထုံးစံနဲ့ ဖဲ့တိုက်ရပါမယ် ဘုရား)။

အို ဟုတ်တယ်၊ ဟိုဟာတွေက တဏှာ ခိုင်းသလို ထုံးစံအတိုင်း သွားနေတာ (မှန်ပါ) ကျုပ်တို့က အို မင်း ခိုင်းတာ မလုပ်နိုင်ဘူးဆိုတဲ့ အလုပ်က ကျုပ်တို့လုပ်ရမှာ (မှန်ပါ)၊ အဲဒီတော့ တဏှာ ကျွန်တွေနဲ့ ကျုပ်တို့နဲ့ ကန့်လန့်ဖြစ် ရမယ်။ သဘောပါပလား (ပါပါပြီ ဘုရား)။

တဏှာ ကျွန်တွေနဲ့ (ကန့်လန့်ဖြစ်ရပါမယ် ဘုရား)။ ကန့်လန့်လုပ်ရမယ် (မှန်ပါ့)။

အဲ့ဒီတော့ အားလုံးကလည်း တဏှာကျွန်ချည့်ပဲ (မှန်ပါ့)၊ ကျုပ်တို့က တဏှာကျွန်တော့ မခံနိုင်ဘူးကွ၊ မင်းကျွန်က မီးပုံပေါ် အပြေးခိုင်တာ၊ မီးသုံးပုံပေါ်မှာ လှည့်အပြေးခိုင်းတာ ဒါကြောင့် မင်းကျွန်တော့ မလုပ်နိုင်ဘူးကွ၊ မင်းကျွန်လုပ်တဲ့ လူတွေနဲ့လည်း တို့နဲ့ မတည့်ဘူးကွဆိုတဲ့ စိတ်ကို မွေးရမယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား) ဒါဖြင့် အားလုံးနဲ့ ပဲ့တိုက်ရမယ် (မှန်ပါ့)။

ထုံးစံနဲ့ဖဲ့တိုက်လို့ဘုရားဖြစ်တာ

ဘုရားသခင် ကိုယ်တော်မြတ်ကြီးဟာ ဒီ-ဖဲ့တိုက်လို့ ဘုရားဖြစ်တာ (မှန်ပါ့)၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဘုရားဖြစ်လာတာ မင်းတို့ ဘယ့်နှယ် ထင်ကြသတုံး (ဖဲ့တိုက်လို့ပါ ဘုရား)။

ဖအေကလည်း စကြဝတေးမင်းဖြစ်စေချင်တယ်၊ ယသော်ဓရာတို့ကလည်း တောမထွက် စေချင်ဘူး (မှန်ပါ့) ဘာလုပ်ရသတုံး (ဖဲ့တိုက် လာရပါတယ် ဘုရား)၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။

ကောင်းပြီ လမ်းကျတော့ မာရ်နတ်က စကြာရတနာ ကြီးပေးမယ်၊ ခုနစ်ရက်လည်ရင် ရောက်ပါလိမ့်မယ် ဆိုတော့ကော (ဖဲ့တိုက်ရပါတယ် ဘုရား) ဖဲ့တိုက်လို့ သူ ဒုက္ခလွတ်တာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဖဲ့တိုက်ရင်ဗြဟ္မစရိယအကျင့်

ဒါဖြင့် ခင်ဗျားတို့လည်း ဝမ်းထဲက တဏှာကဖြင့် သားနဲ့ ချည်ထားလိုက်, သမီးနဲ့ ချည်ထား လိုက်, ပစ္စည်းနဲ့ချည်ထားလိုက် တဏှာက (မှန်ပါ့)၊ အဲဒါ ဖဲ့တိုက်ရမယ် (မှန်ပါ့)၊ ဖဲ့တိုက် ရင် ဗြဟ္မစရိယ အကျင့်ဖြစ်ပြီ (မှန်ပါ့)။

ဖဲ့တိုက်ရင် (ဗြဟ္မစရိယအကျင့်ဖြစ်ပါတယ် ဘုရား)၊ ဖဲ့မတိုက်နိုင်သေးရင် ငဲ့လုံးပါလို့ရှိရင် ဒီအတိုင်းသွားမယ် (မှန် ပါ့)၊ လူမိုက်တန်းသွားတာပဲ (မှန်ပါ့) ဖဲတိုက်နိုင်တဲ့ ပုဂ္ဂိုလ်ဖြင့် ဒါ လူစွမ်းကောင်းပဲလို့ဆိုရမယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်း ပါပြီ ဘုရား)၊ ဝန်လေးသလားခင်ဗျားတို့ ဖဲ့တိုက်ရမှာ။

ဖဲ့ဆိုတာက တဏှာသမား ကတော့ဖြင့် သုံးဆယ့် တစ်ဘုံက တဏှာကျွန်ကိုးဗျ (မှန်ပါ့)၊ တဏှာ ကျွန်တွေ နဲ့တော့ သူတို့ပြောတာလည်း မယုံနဲ့၊ သူတို့ပြောတာကိုလည်း အားမကျနဲ့၊ မဟုတ်ဘူးလား (မှန်ပါ့)၊ အဲဒါတွေ ယုံပြီး အားကျနေလို့ရှိရင်ဖြင့် ခုနင်က ဒုက္ခသက်ရှည်သွားမှာ (မှန်ပါ့)၊ မရှည်ပေဘူးလား (ရှည်ပါတယ် ဘုရား)။

အဲဒါ အားလုံးနဲ့ ဖဲ့တိုက်ရမယ်ဆိုတဲ့ဥစ္စာ မဂ္ဂဗြဟ္မစရိယ အကျင့်ဟာ အားလုံးနဲ့ဖဲ့တိုက်တဲ့ အလုပ် (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သူက ထမင်းရှာတာလည်း မဟုတ်ဘူး၊ ငွေရှာ တာလဲ မဟုတ်ဘူး၊ ဒုက္ခသိမ်းတာ (မှန်ပါ့)၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။

သူ့ကဒုက္ခသိမ်းတဲ့အလုပ်လုပ်တာ

ထမင်းရှာတာ မဟုတ်ဘူး၊ ငွေရှာတာ မဟုတ်ဘူး၊ သားသမီးရှာတာ မဟုတ်ဘူး၊ သူက ဒုက္ခသိမ်းတဲ့ အလုပ်-လုပ် တာ (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ထမင်းရှာရင်လည်း ထမင်းထုပ်နဲ့ တွေ့မယ်၊ ထမင်း ရှာရင် ထမင်းစားရမယ်၊ ထမင်းစားတဲ့ အတွက် ကုဋိဆောက် ရမယ် (မှန်ပါ့)၊ မဆောက်ရဘူးလား (ဆောက်ရမှာပါ ဘုရား)၊ ဒါ ထမင်း ရှာတဲ့ အလုပ် (မှန်ပါ့)၊ သဘောပါပလား (ပါ,ပါပြီ ဘုရား)။

ခင်ဗျားတို့ပဲ ထမင်းရှာလို့ ထမင်းရှာရတဲ့ ဒုက္ခတွေဟာ ဟိုလူက မျက်စောင်းထိုး၊ ဒီလူက မျက်စောင်းထိုး၊ သူက ထမင်းများများ ရသွားတယ် (မှန်ပါ့)၊ ထမင်းရှာတဲ့ ဒုက္ခသေးတာ မဟုတ်ဘူးကွ (မသေးပါ ဘုရား)၊ မျက်စောင်းထိုးထဲမှာ ရှာရတာ၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အိမ်ရှာကော (မသေးပါ ဘုရား)၊ ဒီအတိုင်း မျက်စောင်းထိုးထဲကပဲ (မှန်ပါ့ ဘုရား)၊ သဘောပါပလား (ပါ,ပါပြီ ဘုရား)။

ဒါဖြင့် ဘာရှာရာတဏှာခိုင်းလို့ ရတာဟူသ၍ မျက်စောင်းထိုးလည်း မလွတ်ဘူး၊ အပါယ်ကျ လည်း မလွတ်ဘူး (မှန်လှပါ ဘုရား)။

ဘယ့်နှယ်ဆိုမလဲ (မျက်စောင်းထိုးလည်း မလွတ်ဘူး အပါယ်ကျလည်း မလွတ်ပါ ဘုရား)၊ ဘယ်ဟာကောင်းသတုံး (မကောင်းပါ ဘုရား)၊ ဘယ်ဟာမှ မကောင်းဘူးဆိုတာ ပေါ်လာတော့ မဂ္ဂဗြဟ္မစရိယ အကျင့် ကတော့ ဖြင့် သူတော်ကောင်း ဟူသ၍ကလည်း မျက်စောင်းမထိုးဘူး သာဓု ခေါ်တယ်၊ သူယုတ်မာ ဟူသ၍ကလည်း အနားမကပ်ဘူး (မှန်ပါ)၊ အနားကပ်သေးရဲ့ လား (မကပ်ပါ ဘုရား)၊ အနား မကပ်လို့လည်း သူတို့က မျက်စောင်းမထိုးတော့ဘူး၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ကျုပ်တို့ ကိုးစားရာ အားထားရာ အစစ်ဖြင့် မဂ္ဂ ဗြဟ္မစရိယအကျင့်ပဲဆိုတာ ပေါ်လာတယ် (ပေါ်လာပါ တယ် ဘုရား)။

မဂ္ဂဗြစဟ္မစရိယအကျင့်ဟာ အင်မတန် ကောင်းပါတယ်။ ဟောဒါက တဏှာ၊ ဥပါဒါန်၊ ကံက ကာမသုခလ္လိကာနုယောဂ အကျင့် ကာမဂုဏ်ခံစားတဲ့အကျင့် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဓမ္မစကြာမှာလာတယ်

ဒါ ဘာခေါ်ကြမယ် (ကာမဂုဏ်ခံစားတဲ့အကျင့်ပါ ဘုရား) ဒါဖြင့် ကာမသုခလ္လိကာနုယောဂ အကျင့်၊ ဓမ္မစကြာမှ လာတယ် (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဘုံဘဝတွေ ဆုတောင်းတဲ့လူဟာကာမသုခလ္လိကာနု ယောဂအကျင့် (မှန်ပါ့ ဘုရား)၊ ကာမသုခလ္လိကာနုယောဂ ဆိုတာ ကာမဂုဏ်နဲ့ပတ်သက်ပြီးတော့ ကျင့်တဲ့အကျင့် (မှန်ပါ့)။

အတ္တကိလမထာနုယောဂ ကတော့ ဒကာ ဒကာမတို့ မှတ်ထားပါတဲ့၊ ဘုရားဟောတဲ့ အကျင့်မှတစ်ပါး တစ်ပါးသော အကျင့်ကို အပင်ပန်းခံ ကျင့်တာ ဟူသ၍ အတ္တကိလမထာနုယောဂ (မှန်ပါ)။

ကိုယ့်ကိုယ်ညှင်းဆဲတဲ့အကျင့်

ခုနင်က ပြင်းပြင်းရှူး တုံးခုံ, ဇယ်ခတ်, မီးလှုံဆိုတာတွေ အသေခံပြီး ခြိုးခြံကျင့်တာတွေ (မှန်ပါ့)၊ အဲဒါတွေကတော့ ကိုယ့်ကိုယ်ညှင်းဆဲတဲ့ အကျင့်ဖြစ်သောကြောင့် အတ္တကိလမထာ နုယောဂ၊ အဲဒါလည်း မဂ္ဂဗြဟ္မစရိယအကျင့် မဟုတ်ဘူးကွတဲ့ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ငါးပါးအာရုံ ကာမဂုဏ်တွေ ဆုတောင်းပြီးတော့ကို ဘဝ ကောင်းစားရေးလုပ်တာလည်း ကာမသုခလ္လိကာနုယောဂ အကျင့် (မှန်ပါ့)၊ ဒါလဲ နိဗ္ဗာန်မရောက်နိုင်ဘူး (မရောက်ပါ ဘုရား)၊ ကိုယ့်ကိုယ် ညှင်းဆဲကျင့်တဲ့ အကျင့်ဟာလည်း (နိဗ္ဗာန်မရောက်နိုင်ပါ ဘုရား)။

နတ်တစ်ဦးရဲ့ အမေးကို ဖြေတော်မူတယ်

အဲဒီတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟောလိုက်တယ်၊ နတ်တစ်ဦးက မေးလျှောက်လို့၊ အရှင်ဘုရား ဘယ်လိုနဲ့ နိဗ္ဗာန် ရောက်လာသတုံးတဲ့ နတ်တစ်ဦးက မေးတယ် (မှန်ပါ့ ဘုရား)။

ငါဟာ ကူးပြန်တော့လည်း မျောသွားတယ်၊ မကူး ပြန်တော့လည်း မြုပ်တယ် ရေထဲမှာ (မှန်ပါ့)၊ ရေထဲမှာ ငါ နေတာတဲ့၊ သံသရာ ရေထဲမှာပေါ့လေ (မှန်ပါ့)၊ ကူးပြန်တော့လည်း ငါ့မှာမျောတယ် (မှန်ပါ့)၊ မကူးဘဲနေပြန်တော့ လည်း ရပ်နေပြန်တော့လည်း မြုပ်တယ်ကွတဲ့ (မှန်ပါ့)၊

ဒါကြောင့် မြုပ်ခြင်း, မျောခြင်းနှစ်ခုကို ကျဉ်ပယ်ပြီး သကာလ ငါနိဗ္ဗာန်ရောက်လာတယ်တဲ့ (မှန်ပါ)၊ ဒါက သံယုတ် ပါဠိတော်မှာနော် (မှန်ပါ ဘုရား)။

မြုပ်ခြင်းများခြင်းကိုရှောင်တယ်

မြုပ်ခြင်း မျောခြင်းကို ငါရှောင်တာနဲ့ ရောက်လာတယ် ဆိုတော့ ငါအလယ်လမ်းလိုက်ခဲ့တယ် ပြောတာ (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဘုံဘဝတွေ ဆုတောင်းနေပြန်တော့လည်း မျောသွား တယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ မိစ္ဆာဒိဋ္ဌိ အကျင့်တွေကို ကျင့်နေပြန်တော့လည်း မြုပ်တယ် (မှန်ပါ့)။ သဘောကျပလား (ကျပါပြီ)၊ အဲဒါကြောင့် မဇ္ဈိမပဋိပဒါ အလယ်လမ်းကို ငါကြိုးစားတဲ့အတွက် ငါသည်ဘုရားဖြစ်လာ တယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

မဂ္ဂဗြဟ္မာစရိယအကျင့်

ဒါဖြင့် မဂ္ဂဗြဟ္မစရိယအကျင့်ဟာ ဘယ်လမ်းတုံး မေးရင် ဖြေတတ်ကြပလား (အလယ်လမ်းပါ ဘုရား) အလယ်လမ်း။

ဘုံဘဝကူးတဲ့ လမ်းလည်းမဟုတ်ဘူး (မှန်ပါ့)၊ ဘုံဘဝကူးတဲ့ လမ်းဟာ မျောလမ်း, (မှန်ပါ့)၊ ကိုယ့်ကိုယ် ညှင်းဆဲတဲ့ဥစ္စာကတော့ အတ္တကိလမထာနုယောဂကတော့ မြုပ်လမ်း ဟုတ်လား (မှန်ပါ့) အဲဒီတော့ မျောလမ်း-မြုပ်လမ်း ရှောင်ပြီး သကာလ ငါသည် မကူးဘဲလည်း မနေဘူး၊ ဒီအတိုင်း လည်း ရပ်မနေဘူး၊ အလယ်လမ်းအလုပ်လုပ်တာနဲ့ ငါဟာ နိဗ္ဗာန် ရောက်ခဲ့တယ်တဲ့ (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အဲ ဒါကြောင့် ခင်ဗျားတို့ မဂ္ဂဗြဟ္မစရိယအကျင့်ဟာ ဖြင့် အလယ်လမ်း အလုပ်ပါပဲ (မှန်ပါ့) ရှင်းပြီနော် (ရှင်း ပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် မဂ္ဂဗြဟ္မစရိယအလုပ် ပြကြစို့တဲ့၊ လူလိမ္မာမှာလည်း သုခ, ဒုက္ခ, ဥပေက္ခာ ဝေဒနာ သုံးပါးလာတယ် (မှန်ပါ) သူတို့ သုံးခုဟာတဲ့ ဒါသုခထားပါ၊ ဒါဒုက္ခ, ဒါဥပေက္ခာ (မှန်ပါ့)၊ သံသရာကျင်လည်ရတဲ့ ပုဂ္ဂိုလ်မှာ ဒီသုံးခု တော့ရှိတာပဲတဲ့၊ ဒီသုံးမျိုးတော့ရှိတာပဲ (မှန်ပါ့)၊ ဒီခန္ဓာထဲမှ သုခမရှိရင် ဒုက္ခ ရှိမယ်၊ သုခနဲ့ ဒုက္ခမရှိရင် ဥပေက္ခာရှိမယ် (မှန်ပါ)၊ မရှိဘဲနေပါ့မလား (ရှိပါတယ် ဘုရား)။

ဥပေက္ခာကအရှုခက်တယ်

ကောင်းပြီ၊ သုခမရှိရင် ဒုက္ခရှိမယ်၊ သုခနဲ့ဒုက္ခကြား မှာ ဘာရှိမလဲ (ဥပေက္ခာရှိပါတယ်)၊ ကောင်းပြီ ဒါဖြင့် ဒီလို မှတ်လိုက် ဒါသုခ (မှန်ပါ့)၊ ဒါဒုက္ခ (မှန်ပါ့)၊ ခင်ဗျားတို့ မသိလိုက်ဘူးတဲ့၊ ဥပေက္ခာ ကြားခဲ့တာကို (မှန်ပါ့)၊ ကြားခဲ့တာ မသိလိုက်ဘူး (မသိလိုက်ပါ ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဥပေက္ခာက ကြားသက်သက်ကြီး (မှန်ပါ့)၊ အင်မ တန်မှ ဥပေက္ခာက အရှုခက်ပါတယ်တဲ့၊ အဲဒီတော့ အရှုသာ ခက် တယ် သုခဝေဒနာ ပစ္စယာကို မရှုမိလို့ရှိရင် တဏှာ, ဥပါဒါန်, ကံ သွားတော့ မှာပေါ့ (မှန်ပါ့)၊ ဥပေက္ခာ ဝေဒနာ မရှုမိလို့ရှိရင် အဝိဇ္ဇာပစ္စယာ သင်္ခါရာလမ်းသွားတယ်ကွတဲ့ (မှန်ပါ့)၊ ဒုက္ခ ဝေဒနာမရှုမိလို့ရှိရင် ဒေါသ, သောက, အဝိဇ္ဇာသင်္ခါရဘက်လှည့် တာပဲတဲ့ (မှန်ပါ့)၊ သဘော ကျပလား (ကျပါပြီ ဘုရား)။

အလယ်ကစတယ်

သုခမရှုမိလို့ရှိရင် (တဏှာ ဥပါဒါန် ကံလှည့်ပါ တယ်)၊ အဲ-ပဋိစ္စသမုပ္ပါဒ် အလယ်ကနေပြီး ဖောက်စ, တယ် (မှန်ပါ့)၊ ဥပေက္ခာဝေဒနာမရှုမိလို့ရှိရင် ပဋိစ္စသမုပ္ပါဒ်အစက ပြန်ပေါ်တယ် (မှန်ပါ့)၊ ဥပေက္ခာ ဝေဒနာ ဖြစ်တာ ပျက်တာကို မသိလိုက်လို့ရှိရင်လည်း မသိတာက အဝိဇ္ဇာ၊ အဝိဇ္ဇာပစ္စယာ သင်္ခါရာနဲ့ ပဋိစ္စသမုပ္ပါဒ်အစကနေပြီး စ, တယ် (မှန်ပါ့)။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဆုံးကပြန်ပတ်တယ်

ဒုက္ခဝေဒနာမရှုမိလို့ရှိရင် ဒေါသ, သောက, ပရိဒေဝ, အဝိဇ္ဇာသင်္ခါရဆိုပြီး သကာလ အဆုံးက နေပြီး အဝိဇ္ဇာဆီပြန် ပတ်တယ် (မှန်ပါ့)၊ မပတ်ဘူးလား (ပတ်ပါတယ် ဘုရား)။ ဒါကလေး ရှင်းအောင် လုပ်လိုက်ပါတဲ့၊ မရှုတဲ့အပြစ်၊ မဂ္ဂဗြဟ္မ စရိယ အကျင့် မကျင့်လိုက်လို့ရှိရင် ဤသုံးခုသော ပဋိစ္စသမုပ္ပါဒ် ဟာ ငါတို့သန္တာန်မှာ တစ်နေ့မှ မရပ်ပါလားဆိုတာ မှတ်ပါ (မှန်ပါ့ ဘုရား)။

ကဲ သုခ မရှုမိလို့ရှိရင် ဦးမာဒင်ရေ ဘာလာမတုံး (တဏှာ, ဥပါဒါန်လာပါမယ်) ဒါဖြင့် ပဋိစ္စသမုပ္ပါဒ် အလယ်ကဖောက်တယ် (မှန်ပါ့)၊ အလယ်ကဖောက်တယ်၊ ကြည့်လေ အဝိဇ္ဇာက မစ, ဘူးလား (မှန်ပါ့)၊ ဟို ဇာတိ, ဇရာ, မရဏ ကလဲ ပြန်ပတ်တာမဟုတ်ဘူး (မှန်ပါ)၊ ဒါဖြင့် အလယ်က စ, တယ်၊ အလယ် ပဋိစ္စသမုပ္ပါဒ်။

သုခဝေဒနာ မရှုမိလို့ရှိရင် အလယ်က ပဋိစ္စသမုပ္ပါဒ်က ဖြစ်တယ်၊ အလယ်ကစတဲ့ ပဋိစ္စသမုပ္ပါဒ် ဖြစ်တယ်လို့ မှတ် လိုက်ပါ (မှန်ပါ့ ဘုရား)။

အစကစတယ်

ဥပေက္ခာဝေဒနာ ကြားဝင်နေတာ မရှုမိလို့ရှိရင် အစက ဝင်တဲ့ ပဋိစ္စသမုပ္ပါဒ်ပေါ်ပါတယ်၊ အဝိဇ္ဇာ သင်္ခါရကနေ သွားရော (မှန်ပါ့ ဘုရား)။

ဒုက္ခဝေဒနာမရှုမိလို့ရှိရင် အဆုံးကပြန်ပတ်တဲ့ ပဋိစ္စ သမုပ္ပါဒ်လာမယ် (မှန်ပါ သောက, ပရိဒေဝ အဝိဇ္ဇာ)၊

သောက, ပရိဒေဝက မသိလို့ ဖြစ်တာကိုး၊ မသိတော့ – အဝိဇ္ဇာသင်္ခါရ လှည့်မလာဘူးလား (မှန်ပါ့ လှည့်လာပါ တယ်)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကဲ ပြန်ပြီးတစ်ခေါက်ပြောပါဦးတဲ့၊ သုခဝေဒနာမရှုမိ လို့ရှိရင် ပဋိစ္စသမုပ္ပါဒ် ဘယ်ကနေ စ, မလဲ (တဏှာ, ဥပါဒါန်, အလယ်ကနေ စ, ပါမယ် ဘုရား)။

ဥပေက္ခာကလေး ကြားခိုတာ ခင်ဗျားတို့က မသိလိုက်ပြန် – တော့ ဘယ်ကစမလဲ (အစကနေ စ, ပါတယ်)၊ အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒုက္ခကလေးပေါ်တာ ခင်ဗျားတို့က မရှုမိဘူး၊ ညည်းသာ နေကြမယ်ဆိုလို့ရှိရင် ဘယ်ကစ, မလဲ (အဆုံးကနေ စ, ပါ တယ် သောက-ပရိဒေဝ)၊ အဲ့ အဆုံးကနေပြီး အစပြန်ပတ် မယ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ပဋိစ္စသမုပ္ပါဒ်သုံးမျိုးဖြတ်ချင်လို့ရှိရင် ဘယ် ပဋိစ္စ သမုပ္ပါဒ်မဆို “ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ” (မှန်ပါ) သဘောပါပလား (ပါပါပြီ ဘုရား)။

ဘယ်ပဋိစ္စသမုပ္ပါဒ်မဆို (ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ ပါ ဘုရား)။ နောက်ဆုံးပိတ် အဲဒီချည့်သွားတာပဲ၊ အလယ်က ဖောက် စရာလည်း ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ (မှန်ပါ)၊ အစက စ, တာလဲ (ဒုက္ခက္ခန္ဓဿ သမုဒယောဟောတိ)၊ အဆုံးက ပြန်ပတ်တာကော (ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိပါ ဘုရား)။

ဒီသုံးခုအစကို ဖျောက်ရမယ်

ဒါဖြင့် ဒီသုံးခု အစဖျောက်မှ ကိုက်မယ် (မှန်ပါ့) ရှင်း ပလား (ရှင်းပါပြီ၊ ဒီသုံးခု ဘာလုပ်ရမလဲ (အစဖျောက်မှ ကိုက်မှာပါ)၊ ခင်ဗျားတို့က အစမဖျောက်တာက ကျနေတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘာလုပ်ရမလဲ (အစဖျောက်ရပါမယ် ဘုရား)၊ ဟုတ်ပြီး ဟုတ်ပြီ တော်သေးတယ် အစ ဖျောက်ရမယ် ဆိုတာ သိသေးတယ် (မှန်ပါ့ ဘုရား)။

အစဖျောက်ရမယ် ဆိုတာကို သိသေးတယ်ကွ (မှန်ပါ့) မင်းတို့ ဒီအတိုင်းသာ ဟောမည့် ပြောမည့်သူ မရှိဘူးဆို ရင် အစဖျောက်ရမှန်းတောင် မသိဘဲရှိနေကြမယ် (မှန်ပါ့)။

အစဖျောက်မှပဲ၊ အမြတ်တော်ကြေးကျတော့ အစ ဖျောက်တာ ကောင်းထင်ပါရဲ့ ဟင်၊ အမြတ်တော်ကြေးကျ တော့ ဒါပဲ စိတ်ကူးနေကြတယ်၊ မကူးဘူးလား (ကူးပါတယ် ဘုရား)။

ကွာ အလုပ်တွေရော ဘာတွေရော အကုန်စာရင်း တွေ ဘာတွေ လုပ်မနေပါနဲ့တော့ ဘာမှ အလုပ်မရှိဘူး၊ ဒီဥစ္စာ ဟိုဆွဲ ဒီဆွဲ ဆွဲသွားတာ အစဖျောက်တာ ကောင်းတယ်၊ ဘာကြောင့်တုံး ဆက်နေမှာ စိုးလို့ သေတောင် သုံးနှစ်လာမှာကိုးဟင် (မှန်ပါ့)။

သေတောင် သုံးနှစ် နို့တစ်နဲ့ လာနောပဲ၊ ရပ်ကဲ့လား (မရပ်ပါ ဘုရား) ဒါဖြင့် ဘာလုပ်ကြသလဲ (အစဖျောက်မှ တော်ပါတယ် ဘုရား)။

ဒီမှာလဲ ခင်ဗျားတို့ ဒါကို အစဖျောက်ရမယ် (မှန်ပါ့) အံမာလေး မနည်းပြောရပါလား၊ မဟုတ်တဲ့ နေရာကျတော့ အစဖျောက်သဘောကျနေကြတယ် (မှန်ပါ) တကယ့် ဒုက္ခ ရောက်မည့် နေရာ ကျတော့ အစမဖျောက်တတ်ဘူး (မှန်ပါ့ ဘုရား)။

အစပျောက်ကြပါစို့

ကဲ ဒါဖြင့် (အစဖျောက်ကြပါစို့ တဲ့၊ အစ ဖျောက်ကြပါစို့ ဆိုတော့ လွယ်ပါတယ်၊ ဪ ဒီမှာ အဝိဇ္ဇာ က စ, တယ်၊ သူ့ မရှုလို့ရှိရင် တဏှာ စ, တယ်၊ မဟုတ်ဘူးလား (မှန်ပါ့)။ ဒီတဏှာ အစ ဖျောက်ရမယ် (မှန်ပါ့) သဘောပါပလား (ပါ-ပါပြီ ဘုရား)။

သူ့ မရှုလို့ရှိရင် အဝိဇ္ဇာလာမယ် (မှန်ပါ့)၊ သူ့ အစကို (ဖျောက်ရပါမယ် ဘုရား)။ သူ့ မရှုလို့ရှိရင်ဖြင့် ဒုက္ခ ဒေါမနဿလာမယ်၊ ဘာလုပ်ရမလဲ (အစဖျောက်ရပါမယ် ဘုရား)။

ဝေဒနာသုံးပါးလှည့်ပါ

သူ့ အစဖျောက်ချင်လို့ရှိရင် ခင်ဗျားတို့ ဝေဒနာသုံးပါး လှည့်ရှုလိုက်တော့ တဏှာ အစ ပျောက်မယ် (မှန်ပါ့)၊ မပျောက်ပေဘူးလား (ပျောက်ပါတယ် ဘုရား)၊ ဒီက ဒေါသ အစတွေ (ပျောက်ပါတယ် ဘုရား)။

ဒါဖြင့် အစပျောက်တော့ သူတို့ ဒီမှာဆက်နိုင်သေး ရဲ့ လား (မဆက်နိုင်ပါ ဘုရား)။ ဘာကြောင့်တုံး ဆိုတော့ အစဖျောက်လိုက်လို့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ တဏှာအစ မပေါ်စေနဲ့ (မှန်ပါ့) အဝိဇ္ဇာအစ (မပေါ်စေနဲ့ပါ ဘုရား)။ ဒေါသအစ (မပေါ် စေနဲ့ပါ ဘုရား)။

ဒါဖြင့် မပေါ်စေနဲ့ဆိုတော့ မလာဘဲနဲ့ မပေါ်တာကောင်း တယ် (မှန်ပါ့ ဘုရား)။ သဘော ကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် သူ့ အစဖျောက်ချင်လို့ရှိရင်ဖြင့် သူလာမှ အစကိုတော့ မရဘူး၊ သူလာရင် ဆက်လိမ့်မယ် (မှန်ပါ့)၊ ဒါဖြင့် မစအောင် လုပ်မှပဲ (မှန်ပါ့)၊ မစ, အောင် လုပ်မှာပဲဆိုတော့ သူ့ ကိုဖြစ်စေတဲ့အကြောင်း ဝေဒနာကိုရှုပေး (မှန်ပါ) သဘောပါပလား (မှန်ပါ့ ဘုရား)။ တဏှာ အစပျောက်တယ် (မှန်ပါ ဘုရား)။

ဒီက ဥပေက္ခာဝေဒနာရှုလိုက်လို့ရှိရင် အဝိဇ္ဇာ အစ ပျောက်တယ် (ပျောက်ပါတယ် ဘုရား)။ ဒုက္ခကို ရှုလိုက်ရင် လဲ (ဒေါသအစ, ပျောက်ပါတယ် ဘုရား)။

သံသရာမှာ ရန်သူသုံးယောက်

ဒါဖြင့် သံသရာမှာ ရန်သူသုံးယောက် ခင်ဗျားတို့ ဝေဒနာ သုံးယောက်က လုပ်တဲ့ရန်သူ (မှန်ပါ)၊ သဘောပါကြပလား (ပါ-ပါပြီ ဘုရား)။

ဝေဒနာသုံးမျိုးကြောင့် ရန်သူသုံးမျိုးပေါ်တယ်၊ ဒါဖြင့် ဝေဒနာရှုလိုက်လို့ ရှိရင် အစ, ပျောက်- မပျောက် (ပျောက်ပါ တယ် ဘုရား)။

ဝေဒနာနုပဿနာအတော်ကောင်းတယ်

ဒါကြောင့် ဘုရားက ဝေဒနာနုပဿနာဟာ အတော် ကောင်းတယ်ဟေ့တဲ့ (မှန်ပါ့ ဘုရား)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဝေဒနာနုပဿနာ (အတော်ကောင်းပါတယ် ဘုရား)။ ဘာဖြစ်လို့တုံး (အစဖျောက်လို့)။ ဘယ်အစတုံး မေးတော့မှ ပဋိစ္စ သမုပ္ပါဒ် အစဟူသ၍ (မှန်ပါ့ ဘုရား)။ လောဘက စ, မှာလဲ၊ သူပျောက်တယ်၊ မောဟက စ, မှာလဲ (ဖျောက်ပါတယ် ဘုရား)။

ကဲ တဏှာက စ, မှာလဲ ဖျောက်တယ်၊ ဒေါသက စ, မှာလဲ ဖျောက်တယ်၊ အဝိဇ္ဇာက စ, မှာကော (ဖျောက်ပါတယ် ဘုရား)။

အစဖျောက်လိုက်လို့ မရှိတော့ဘူး

ဒါဖြင့် ကျုပ်တို့ ရန်သူ သုံးယောက်ကို ကျုပ်တို့ တဲ့ ပုဂ္ဂိုလ်သည် ကျုပ်တို့၏ ဒုက္ခက္ခန္ဓဿတွေ မရှိတော့ဘူး ဒီဆက်လာမည့် ဒုက္ခက္ခန္ဓဿတွေ ဘယ့်နှယ်တုံး (မရှိပါ ဘုရား)၊ ဘယ့်နှယ်ကြောင့်တုံး ဆိုလို့ရှိရင် သူတို့ အစ, ဖျောက်လိုက်လို့ (မှန်ပါ)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် သူတို့ အစ, ဖျောက်ချင်တော့ အစဆိုတာပေါ့ ဘယ်လိုပဲ စာရင်းစစ်စစ် မပေါ်မှ (မှန်ပါ)၊ လုံးဝမပေါ်မှ ဆိုတော့ ဝေဒနာရှုလိုက်ရင် သူတို့အစပျောက်တယ် (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒုက္ခအစုကြီး၏ အစပျောက်လိုက်တယ်

ဒါဖြင့် ဝေဒနာသုံးပါးကို ခင်ဗျားတို့ပေါ်ရာကို လိုက်ပါ (မှန်ပါ) ဒါ ဘာလုပ်တာတုံးလို့ မေးလို့ရှိရင် အစ, ဖျောက် တာ (မှန်ပါ)။ ဘယ်သူ၏ အစဖျောက်တာလို့ မေးတော့မှ ဒုက္ခက္ခန္ဓဿက အစဖျောက်တာ (မှန်ပါ)။ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒုက္ခဆုံးတာနိဗ္ဗာန်

ဘာတဲ့တုံ (ဒုက္ခက္ခန္ဓဿ၏ အစဖျောက်တာပါ ဘုရား)။ ဒါဖြင့် ဒုက္ခအစုကြီး၏ အစ ဖျောက်တယ် ဆိုတော့ ကျုပ် တို့သည် အစကိုဖျောက်နိုင်တဲ့ ပုဂ္ဂိုလ်မို့ ဒုက္ခတွေ့စရာ မြင်သေးရဲ့ လား (မမြင်ပါ ဘုရား)။ ဒါဖြင့် ဒုက္ခဆုံးတာ နိဗ္ဗာန် (မှန်ပါ့ ဘုရား)။

အစဖျောက်လို့ရတာ၊ အစမပျောက်ရင် (မရပါ ဘုရား)။ မှတ်မိပလား (မှတ်မိပါပြီ)၊ ကဲ ဒါဖြင့် ဒါလုပ် (မှန်ပါ့)။ နေရာကျပြီ (ကျပါပြီ ဘုရား)။

ကဲ ဤတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။

—————-

ခန္ဓာငါးပါးနောက်က ဉာဏ်တရားလိုက်ပါ

မှတ်ချက်။ ။ ရက်စွဲမှားနေသည်။ ဤစာအုပ်ပါရက်စွဲဖြင့် အသံ​ဖိုင်မကိုက်ပါ။

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး အမရပူရမြို့၌

ဟောကြားတော်မူသော တရားတော်

ခန္ဓာငါးပါးနောက်က ဉာဏ်တရားလိုက်ပါ

(၂၄-၈-၁၉၆၁)

အခုပြမည့် ဥစ္စာဟာ ကိုယ့်ဖြစ်စဉ်လမ်းစဉ်လို့ မှတ်ထား ပါ (မှန်ပါ)။

အခုပြမည့် ဥစ္စာ ဘာတုံး (ကိုယ့်လမ်းစဉ်ပါ)၊ ဖြစ်စဉ် လမ်းစဉ်၊ ဒီကကျော်ပြီးတော့ကို ဘယ်သူမှ မဖြစ်နိုင်ဘူး၊ ဒီလမ်းနဲ့ ဒီစခန်းချည်း ဖြစ်ကြတယ်လို့ မှတ်ထားရမယ် (မှန်ပါ)။

ဒီသုံးချက်သိရမယ်

အဲဒီတော့

(၁) ကိုယ် ဘယ်ကလာသတုံး

(၂) ကိုယ်အခု ဘယ်လိုနေသတုံး

(၃) ကိုယ်သေရင် ဘယ်သွားရမယ် ဒီသုံး ချက် သိရမယ် (မှန်ပါ)။

ကိုယ်ဘယ်ကလာတယ် တစ်ချက်၊ ကိုယ် အခု ဘယ်လို နေတယ် တစ်ချက်၊ ကိုယ်သေရင် ဘယ်သွားရမယ် တစ်ချက်၊ ဘယ်နှစ်ချက်ပါလိမ့် (သုံးချက်ပါ ဘုရား)။

ကိုယ် ဘယ်ကလာတယ်က တစ်ချက် (မှန်ပါ)၊ ကိုယ်အခု ဘယ်လိုနေရမယ်က တစ်ချက်၊ ကိုယ်စုတေမနေ သေလွန်ရင် ဘယ်သွားရမယ်ဆိုတာက (တစ်ချက်)၊ အဲ့ဒီ သုံးချက် (မှန်ပါ)။

တရားအားထုတ်တဲ့ပုဂ္ဂိုလ်

တစ်ခါ တရားတွေ ဘာတွေ အားထုတ်တဲ့ ပုဂ္ဂိုလ်ကျ တော့လည်း သုံးချက်မှတ်ရမယ် (မှန်ပါ)၊ ကိုယ် ဘယ်ကလာ တယ်ဆိုတာ သိဖို့တစ်ချက်၊ ကိုယ်အခု ဘယ်လိုနေရတယ်ဆို တာက သိဖို့ တစ်ချက်၊ ကိုယ်သေရင် လမ်းဆုံးပြီဆိုတာက သိဖို့ တစ်ချက်၊ ဘယ်နှစ်ချက်ပါလိမ့် (သုံးချက်ပါ ဘုရား)။ သုံးချက် လို့ သေသေချာချာမှတ်ထားပါ။

သံသရာခရီးမဆုံးတဲ့ပုဂ္ဂိုလ်

ဒါကိုလည်း ပြောရတယ်၊ နို့မဟုတ်လို့ရှိရင် ခင်ဗျားတို့ ဘယ်ကလာတယ်၊ ဘယ်လိုနေ၍ ဘယ်သွား ရမှန်းလည်း မသိဘူး တော်တော်ကျပ်တာပဲ (မှန်ပါ)။

၁ – နံပါတ် ခင်ဗျားတို့ မှတ်စရာက ဘယ်ကလာတယ် သိဖို့တစ်ချက် (မှန်ပါ)၊ အခု ဘယ်လို နေတယ်ဆိုတာ သိဖို့ တစ်ချက်၊ ဘယ်သွားရမယ်ဆိုတဲ့ဥစ္စာ (သိဖို့တစ်ချက်ပါ)။ ဒါက ခရီးမဆုံးတဲ့ ပုဂ္ဂိုလ်သိဖို့ သုံးချက် (မှန်ပါ)။

သံသရာခရီးဆုံးတဲ့ပုဂ္ဂိုလ်

ကြိုးစားပြီး ခရီးဆုံးအောင်လုပ်တဲ့ ပုဂ္ဂိုလ်ကျတော့ ဘယ်ကလာတယ်ဆိုတာ သိဖို့တစ်ချက် (မှန်ပါ)၊ အခု ဘယ်လိုနေမှတော်မယ်ဆိုတာ သိဖို့တစ်ချက် (မှန်ပါ)၊ နောက် ကိုယ့်အလုပ် ခရီးပေါက် သွားလို့ ဪ ခရီးဆုံးပြီလို့ သိဖို့တစ်ချက် (မှန်ပါ)။

ဒါဖြင့် သံသရာခရီးသည်မှာ သုံးချက် (မှန်ပါ)၊ သံသရာခရီးဆုံးတဲ့ပုဂ္ဂိုလ်မှာ သုံးချက် (မှန်ပါ)၊ တော်တော် အရေးကြီးလာပြီဆိုတာ ပေါ်လာပြီ- (ပေါ်လာပါပြီ ဘုရား)။

တီကောင်းသွား၊ သွားနေတာ

ဒါအားလုံးပဲမှတ်ကြပါ၊ နို့မဟုတ်လို့ရှိရင်ဖြင့် ခင်ဗျားတို့ ဘယ်က လာမှန်းမသိဘူး၊ ဘယ်လို နေမှန်းလဲ မသိဘူး (မှန်ပါ) ဘယ်သွားရမှန်း (မသိပါဘူး)၊ ဆိုတော့ မသိသုံးလုံးနဲ့ဆိုတော့ ကျုပ်တို့မြေပေါ်မှာသွားနေတဲ့ တီကောင်သွားသွားနေတာ (မှန်ပါ)။

သူဘယ်ကဖြစ်လာတယ်လို့လဲ မသိဘူး၊ အခု ဘယ်သွား နေတယ်လို့လည်း မျက်လုံးမပါလို့ မသိဘူး (မှန်ပါ)၊ ဟိုဘက် သွားလို့ရှိရင်ဖြင့် ငါသည် ချောက်ကျလိမ့်မယ်လို့ကော သိရဲ့လား (မသိပါဘူး)၊ မသိလို့လည်း သွားလိုက်တာပဲ၊ သွားလို့လည်း ချောက်ထဲ ကျသွားတာပဲ (မှန်ပါ)။

မသိတာချည်း ဖြစ်နေတယ်

အဲဒီတော့ ခင်ဗျားတို့ ကျုပ်တို့မှာ ဒီလို တရားထူး တရား မြတ်ကို မသိရ၊ မကျင့်ရတော့ဘူး ဆိုရင် ဘယ်ကလာမှန်းလဲ မသိတော့ဘူး (မှန်ပါ)၊ ဘယ်သွားရမှန်းလဲ (မသိပါဘူး) ဘယ်လို နေရမယ် လို့ကော (မသိပါဘူး)။

ဒါဖြင့် ခက်နေပြီ၊ မသိတာချည်းဖြစ်နေတယ် (မှန်ပါ)၊ မသိတာချည်း ဖြစ်နေပါတယ်ဆိုတော့ အတော် ခဲယဉ်းပါ တယ် (ခဲယဉ်းပါတယ် ဘုရား)။

ဆရာကောင်းနဲ့တွေ့လို့သိရပြီ

ကိုင်း – တစ်ခါ ဆရာကောင်း သမားကောင်းနဲ့ တွေ့ပြန်တယ်ဆိုတော့ ဘယ်က လာတယ် ဆိုတာလဲ သိရမယ်၊ အခုဘယ်လိုနေတယ်ဆိုတာလဲ (သိရပါမယ်)၊ သေလို့ရှိရင် ခရီးဆက်စရာ မရှိဘူး ဆိုတာလဲ (သိရပါမယ်)၊ ဒါ ခင်ဗျားတို့ အခုအချိန်မှာ ဒါအရေးကြီးတယ် (မှန်ပါ)၊ အခု အချိန်မှာ ဒါအရေးကြီး တယ် ဆိုတာ မှတ်ကြစမ်းပါ (မှန်ပါ)။

အဲဒီတော့ကို ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟော လိုက်တယ်၊ ခင်ဗျားတို့ ကျုပ်တို့ တွေးကြည့်လည်း ဟုတ်ပါတယ် ဆိုတာ ဝန်ခံရမှာပဲ (မှန်ပါ)၊ ဘယ်လို ဝန်ခံရမလဲဆိုတော့ ကျုပ်တို့ နောက်ကဝက သစ္စာလေးပါး မသိခဲ့တဲ့ အဝိဇ္ဇာရှိတယ် (မှန်ပါ)။

သစ္စာလေးပါး မသိခဲ့တဲ့ (အဝိဇ္ဇာရှိပါတယ် ဘုရား)။ ဒါရှိတယ်။

ဦးလှက ဒီဘက်တိုး ခင်ဗျားတို့ အသက်ကြီးတဲ့ လူတွေ၊ ဒကာကြီးလှိုင် ကတော့ ကြားတယ်နော် (ကြားပါ တယ် ဘုရား)၊ ဒီအထဲ ဘယ်သူအကြီးဆုံးလဲ (တပည့်တော် အကြီးဆုံးပါ ဘုရား)၊ အဲ ဟုတ်တယ်၊ ရှစ်ဆယ့်ဘယ်နှစ် နှစ်တုံး (ရှစ်ဆယ့်ခုနစ်နှစ်ပါ ဘုရား)။

အရင်ကသစ္စာလေးပါးမသိခဲ့ဘူး

အဲ ဒါဖြင့် နောက်ဘဝက သစ္စာလေးပါးဆိုတာ ခင်ဗျားတို့က ဘယ်သူနဲ့မှ မတွေ့လို့ ဘာမှ မသိခဲ့ဘူး (မသိ ခဲ့ပါဘူး)၊ ဒုက္ခသစ္စာလဲ မသိ၊ သမုဒယသစ္စာလဲ မသိ၊ နိရောဓသစ္စာ ဆိုတဲ့ လမ်းဆုံးလဲ မသိ၊ မဂ္ဂသစ္စာ ဆိုတဲ့ လမ်းဖြောင့်လဲ (မသိပါဘူး)။

အဲဒီ မသိတော့ ခင်ဗျားတို့ နောက်ဘဝက မသိမှု မူတည် လာတယ် (မှန်ပါ)၊ ခင်ဗျားတို့ ထင်ရာ လုပ်လာတယ်၊ (မှန်ပါ)၊ ထင်ရာ နှစ်ခုလုပ်လာတယ် (မှန်ပါ)။

ထိုက်တန်တဲ့ကုသိုလ်တော့လုပ်ခဲ့တယ်

နောက်ဘဝက မသိတဲ့ သတ္တိ ထင်ရာနှစ်ခုလုပ်လာ တယ် (မှန်ပါ)၊ သို့သော် ခင်ဗျားတို့အတွက် ပြောရမယ် ဆိုတော့ နောက်ဘဝက ခင်ဗျားတို့ ထိုက်တန်တဲ့ ကုသိုလ်လဲ လုပ်ထားပါတယ် (မှန်ပါ)၊ ထိုက်တန်တဲ့ ကုသိုလ်လုပ်ပြီး သကာလ မတောင်းကောင်းတဲ့ ဆုကို တောင်းတယ် (မှန်ပါ)။

မတောင်းကောင်းတဲ့ ဆုကို (တောင်းပါတယ် ဘုရား)၊ ဒါဖြင့် ခင်ဗျားတို့ မသိတာနဲ့ ထင်ရာ လုပ်ပြီး ထင်ရာ တောင်းတယ် (မှန်ပါ)၊ ဒါ နောက်ဘဝက နော် (မှန်ပါ)။

ထင်ရာလုပ်ပြီး၊ ထင်ရာတောင်းခဲ့တယ်

ထင်ရာလုပ်ပြီး ထင်ရာတောင်းတော့ ခင်ဗျားတို့မှာ အဖြစ်ဆိုးဆိုတဲ့ ဒီဘဝခန္ဓာငါးပါးရတယ် (မှန်ပါ)၊ ဒါက ဒီဘဝ (မှန်ပါ)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် အဝိဇ္ဇာပစ္စယာ သင်္ခါရာ (မှန်ပါ)၊ သင်္ခါရ ပစ္စယာ (ဝိညာဏံ-ပါ)။

ကဲ ဝိညာဏ်ဆိုတော့ ဘုန်းကြီး သုံးရက်ရှိသွားပြီ ပြောနေတာ၊ ဝိညာဏ်လည်းပါတယ်၊ နာမ်ရုပ်လည်း ပါတယ်၊ သဠာယတနလည်း ပါတယ်၊ ဖဿလည်း ပါတယ်၊ ဝေဒနာ လည်းပါတယ်၊ ပေါင်းလိုက်ရင် ခန္ဓာငါးပါး (မှန်ပါ)၊ ရှင်းပြီ (ရှင်းပါပြီ)။

ပေါင်းလိုက်တော့ (ခန္ဓာငါးပါးပါ)၊ ဒါဘယ်ဘဝ ပါလိမ့် (ယခုဘဝပါ)၊ ယခုဘဝ ပစ္စုပ္ပန်ဘဝ ဘာသစ္စာကြီး ပေါ်လာသတုံး (ဒုက္ခသစ္စာကြီး ပေါ်လာပါတယ်)၊ ဒုက္ခ သစ္စာကြီး ပေါ်လာတယ်။

မသိတဲ့ပုဂ္ဂိုလ်ပြုလုပ်တာ

ဒီဒုက္ခသစ္စာဟာ အလိုလို ပေါ်လာတာလား၊ မသိသော ပုဂ္ဂိုလ်တို့၏ ပြုလုပ်မှုကြောင့် ပေါ်တာလား (မသိသော ပုဂ္ဂိုလ်တို့၏ ပြုလုပ်မှုကြောင့် ပေါ်တာပါ)၊ အံမာလေး ဖြစ်မှ ဖြစ်ရလေ မသိသော ပုဂ္ဂိုလ်တို့၏ ပြုလုပ်မှုကြောင့် ပေါ်တာ တဲ့ (မှန်ပါ)။

မသိသောပုဂ္ဂိုလ် ပြုလိုက်တာနဲ့ ဒုက္ခပေါ်တာပဲနော် (မှန်ပါ)၊ သူက ပြောနေတယ်၊ ဒကာကြီးလှိုင် သူကပြောနေတာ (မှန်ပါ)၊ ဘုန်းကြီးက ပြောနေတာ မဟုတ်ဘူး၊ ဘုန်းကြီးက ဒီကအပုံကလေး ချတာရှိတာပဲ (မှန်ပါ)၊ အပုံ ကလေး ချတာရှိတာပဲ၊ ခင်ဗျားတို့ ဖြစ်စဉ်ကတော့ ဒါကိုက်နေတာပဲ (မှန်ပါ)။

နောက်ဘဝက သစ္စာလေးပါး မသိဘူး (မှန်ပါ)။ မသိတော့ ခင်ဗျားတို့ ကုသိုလ်ပြုတယ်၊ ဘုံဘဝတွေ ဆုတောင်း တယ်၊ ဆုတောင်းတော့ ဒီကြားထဲမှာ သေရတယ်၊ သေပြီး ဒီလူ ခန္ဓာငါးပါး ပြန်ရတယ်၊ လူခန္ဓာငါးပါး ပြန်ရတော့ ဘယ်က စသတုံးဆိုတော့ ဇာတိဒုက္ခကစတယ်လေ၊ ဘာမှ ငြင်းနေစရာ မလိုပါဘူး (မလိုပါဘူး)၊ လိုသေးသလား (မလိုပါဘူး)။

ဘာက စသတုံး (ဇာတိ ဒုက္ခက စပါတယ်)။ ဒါက ပေါင်းခေါ်တာက ဇာတိဒုက္ခ၊ ရတာက ခန္ဓာငါးပါး (မှန်ပါ)၊ ခန္ဓာငါးပါးအစ ဇာတိဒုက္ခက (မှန်ပါ)၊ ရှင်းပလား (ရှင်း ပါပြီ)။

အတိတ်ဘဝက ဘာမှမသိခဲ့ဘူး

ဒါဖြင့် ခင်ဗျားတို့ အတိတ်ဘဝက ဘာမှမသိတဲ့ ပုဂ္ဂိုလ် (မှန်ပါ)၊ ဘာမှ မသိတာနဲ့ ခင်ဗျားတို့ ရမ်းပြီး လမ်းသွားတယ် (မှန်ပါ)၊ မဟုတ်ဘူးလား (မှန်ပါ)၊ ရမ်းပြီးလမ်းသွားတဲ့ အတွက် တစ်ခါတည်း လဲကွဲတဲ့ဒုက္ခကြီးရတယ် (ရပါတယ်)၊ ခန္ဓာငါးပါး ဒုက္ခသစ္စာကြီးရတယ် (ရပါတယ်)၊ ပေါ်ပလား (ပေါ်ပါပြီ)။

အားလုံး တရားနာတဲ့ပုဂ္ဂိုလ်တွေ ပေါ်ကြပလားးး (ပေါ်ပါပြီ)၊ ခင်ဗျားတို့ အဖြစ်ဆိုးလေ (မှန်ပါ)။

ခုနင်က အစချီခဲ့ပါတယ်၊ ဒကာ ဒကာမတွေ မှတ်စရာက ကိုယ် ဘယ်ကလာမှန်းလဲမသိဘူး၊ ဘယ်ရောက်နေမှန်းလဲမသိ ဘူး (မှန်ပါ)၊ အခု နှစ်ချက်သိပြီ (မှန်ပါ)၊ ဒီနှစ်ခုက လာခဲ့ တာ အခု ဒီနေရာ ရောက်နေပြီ (ရောက်နေပါပြီ ဘုရား)။

ခန္ဓာငါးပါးဒုက္ခသစ္စာတရားကြီး

ဒီနှစ်ချက်လာခဲ့တာ (မှန်ပါ)၊ အခုဘယ်ရောက်နေသတုံး (ဒီနေရာ ရောက်နေပါတယ် ဘုရား)၊ ရောက်နေပြီ ရောက်နေပြီ၊ ဒါကိုယ်ရောက်နေတဲ့နေရာကို ကိုယ်သိတယ် (သိပါတယ် ဘုရား)၊ ကိုယ်ရောက် နေတဲ့နေရာ ကိုယ်သိကြပြီ၊ ခန္ဓာ ငါးပါး ဒုက္ခသစ္စာတရားကြီးနဲ့ မခွဲမခွါဘဲ နေရပြီ (မှန်ပါ)။

ခန္ဓာငါးပါး ဒုက္ခသစ္စာတရားကြီးနဲ့ (မခွဲမခွါ နေရပါ တယ် ဘုရား)၊ မခွဲဘဲမခွါဘဲနေရတယ် (မှန်ပါ)။

ကောင်းပြီ၊ ဒါဖြင့် ဒီခန္ဓာငါးပါး ဒုက္ခသစ္စာတရားကို ခင်ဗျားတို့က ဘုန်းကြီး ပြောသလို ဪ ခန္ဓာငါးပါး ဒုက္ခ သစ္စာတရားကြီးပါကလားလို့ ခင်ဗျားတို့ နောက်ယောင်ခံလိုက် ပြောတာ (မှန်ပါ)၊ ခင်ဗျားတို့ဟာ ခင်ဗျားတို့ နေလို့ရှိရင်ဖြင့် ဒီခန္ဓာကြီးကို ကျွေးဖို့ မွေးဖို့ သူ့ကို ခလုတ်မထိ ဆူးမငြိဖို့ အတော် အရေးကြီးတယ် (ကြီးပါတယ် ဘုရား)၊ မကြီးဘူးလား (ကြီးပါတယ်)။

လူမသေငွေမရှားတဲ့

ခင်ဗျားတို့ ပြောနေတဲ့ဥစ္စာက လူမသေ ငွေမရှားပေါ့ (မှန်ပါ)၊ လူမသေ ငွေမရှားပေါ့တဲ့၊ လူကို ဘယ်လောက်ခင် တယ်ဆိုတဲ့ဥစ္စာ မဟုတ်ဘူးလား (မှန်ပါ)။

ဒါဖြင့် လူခန္ဓာကြီးရတာ ခင်ဗျားတို့ သူ့ခင်တဲ့ တဏှာက လာပြန်တာပဲ (မှန်ပါ)၊ သဘော ကျပလား (ကျပါပြီ)၊ သူ့စွဲလမ်းတဲ့ ဥပါဒါန်ကကော (လာပါတယ်)၊ သူ့ကိုပဲ လုပ်ကျွေးမည့် ကာယကံ, ဝစီကံ, မနောကံတွေနဲ့ဆိုတော့ ကမ္မဘဝတွေကကော (လာပါတယ်)။

ဒါဖြင့် ခန္ဓာငါးပါးကြောင့် တဏှာ ဥပါဒါန်ကံဖြစ်တယ် (မှန်ပါ့)၊ ဒီက ၁-၂-၃-၄၊ ဒါဟာ ယခု ပစ္စုပ္ပန်ဘဝ၊ တို့ဒါနဲ့ နေတယ် မှတ် (မှန်ပါ)၊ ဒါက အတိတ်ဘဝက (မှန်ပါ)၊ အတိတ်ဘဝက ၁ နဲ့ ၂ (မှန်ပါ)၊ ပစ္စုပ္ပန်မှာ ၁-၂-၃-၄ (မှန်ပါ)၊ သဘောပါကြပလား (ပါပါပြီ)။

မြို့ရွာထဲမှာဘာလုပ်နေကြလဲ

အခု ခင်ဗျားတို့ မြို့ထဲရွာထဲမှာ ဘာတွေလုပ်နေကြသလဲ၊ အိုး အရှင်ဘုရားနှယ် ပြောစရာ မလိုပါဘူး၊ စားဖို့ သောက်ဖို့ ပေါ့ဘုရား (မှန်ပါ)၊

ဘယ်သူ စားဖို့သောက်ဖို့လဲ ခန္ဓာတွေ ဘုရား၊ တပည့်တော်ခန္ဓာရော၊ တပည့်တော်က မွေးဖွားထားတဲ့ ဆွေမျိုးဉာတကာခန္ဓာ ဒီဟာတွေအတွက် တပည့်တော် ကြိုးစား နေရတယ်၊

ဘာကြိုးစားတုံး၊ ငွေရဖို့ရာ ရှာရတာပေါ့ဘုရား ဆိုတော့ တဏှာ (မှန်ပါ)၊ မရ-ရအောင် စွဲလမ်းတာက ဥပါဒါန် (ဥပါဒါန်ပါ)၊ မဟုတ်ဘူးလား (မှန်ပါ)၊ ရပြီး စွဲလမ်းတာက ဥပါဒါန်၊ မရရအောင် ကြိုးစားနေတာက ကာယကံ၊ ဝစီကံ (မှန်ပါ)၊ ဟော တဏှာ ဥပါဒါန် ကမ္မဘဝ၊ ရှင်းပလား (ရှင်းပါပြီ)။

ပစ္စုပ္ပန်မှာ ဘာနဲ့နေကြသတုံး

ဪ ခင်ဗျားတို့ ပစ္စုပ္ပန် ဘယ်နှစ်ခုနဲ့ နေကြသတုံး၊ ခန္ဓာငါးပါး တဏှာ ဥပါဒါန် ကံတရား (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

ပစ္စုပ္ပန် ဘာနဲ့နေသတုံး (ခန္ဓာငါးပါး တဏှာ ဥပါဒါန် ကံနဲ့ နေပါတယ်)၊ ပေါ်ပလား (ပေါ်ပါပြီ)။

ဒီဘဝ ရောက်လာပြန်တော့ ခင်ဗျားတို့ ဘာများလုပ် နေသတုံး၊ ကျုပ်တို့က ပညာရှိ သူတော်ကောင်း တွေက ကောက် မေးလိုက်တဲ့အခါကျတော့ ဒီဒုက္ခသစ္စာကြီးကို ပူဇော်ပသဖို့ (ပူဇော်ပသဖို့ မှန်ပါတယ် ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဒုက္ခသစ္စာကြီးကိုပူဇော်ဖို့

မနာကြနဲ့ ဒုက္ခသစ္စာကြီးကို ပူဇော်ပသဖို့တဏှာ ဥပါဒါန် ကံတွေ လုပ်နေတယ် (လုပ်ပါတယ် ဘုရား)၊ မလုပ်ဘူးလား (လုပ်ပါတယ် ဘုရား)။

ဒါဖြင့် ပစ္စုပ္ပန်ဘဝမှာ ခင်ဗျားတို့သည် ဘာများဖြစ်နေ ကြသတုံးလို့ မေးလို့ရှိရင် ခန္ဓာငါးပါး တဏှာ ဥပါဒါန်ကံတရား ဒါနဲ့ နေကြတာပဲ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။ မနက်ဖြန် မျက်လုံး ပေါက်က ဖွင့်လိုက်ပြန်လည်း တဏှာ ဥပါဒါန် ကံတရား၊ ဒီထဲ မျက်လုံးက ပါပြီးသား (မှန်ပါ)၊

နားကလည်း ဒီအထဲ ခန္ဓာငါးပါးထဲမှာပါနေတယ် (မှန်ပါ)၊ နားပေါက်ကလည်း တဏှာ ဥပါဒါန် ကံ (မှန်ပါ)၊ နှာခေါင်း ကကော – (တဏှာ ဥပါဒါန် ကံပါ ဘုရား)၊ လျှာပေါက်ကကော – (တဏှာ ဥပါဒါန် ကံပါ ဘုရား)၊ ကိုယ်ပေါက်ကကော – (တဏှာ ဥပါဒါန် ကံပါ ဘုရား)၊ မနောပေါက်ကကော – (တဏှာ ဥပါဒါန် ကံပါ ဘုရား)။

တစ်နေ့ကံပေါင်းဘယ်လောက်တုံး

ဪ တစ်နေ့ကို ဦးလှတို့၊ ဦးမာဒင်တို့ ကံပေါင်း ဘယ်လောက်တုံး (မရေမတွက်နိုင်ပါဘူး)၊ ဘယ်သူ့အတွက် လုပ်တဲ့ ကံတွေတုံးဗျ (ခန္ဓာငါးပါးအတွက်ပါ)၊ ခန္ဓာငါးပါး နောက်ထပ်ရဖို့ မဟုတ်ဘူးလား (မှန်ပါ)၊ ယခုခန္ဓာအတွက် ကြိုးစားရတာနဲ့ နောက်ခန္ဓာအတွက် ဖြစ်ရမယ် (မှန်ပါ)။

ယခု ကုသိုလ်လုပ်တာနဲ့ ယခုဒီခန္ဓာကျွေးဖို့ တဏှာ ဥပါဒါန်ကံလုပ်တာနဲ့ နောက်ခန္ဓာ အသစ်လည်း ရရမလားမရရဘူးလား (ရရပါမယ် ဘုရား)၊ ပေါ်ပလား (ပေါ်ပါပြီ)။

ဒါဖြင့် ပစ္စုပ္ပန်ဘဝမှာ ခင်ဗျားတို့ ဘာများ လုပ်နေကြ သတုံးလို့ မေးတဲ့အခါကျတော့ ခန္ဓာငါးပါး တဏှာ ဥပါဒါန် ကံတရား ဒါပဲလုပ်နေတယ် (မှန်ပါ)၊ ပေါ်ပလား (ပေါ်ပါပြီ)

ဒီခန္ဓာငါးပါးကြီးကို ကျွေးဖို့ တဏှာ ဥပါဒါန် ကံတွေနဲ့ ကြိုးစားနေကြတယ် (မှန်ပါ)၊ ဒီ ကြိုးစားရင်း မတ္တနဲ့ ကျွမ်းထိုး မှောက်ခုံနဲ့ သေကြစို့ဗျာ (မှန်ပါ)၊ သေရမှာပေါ့ (မှန်ပါ သေရမှာပါ)၊

ကဲ သေတဲ့အခါကျတော့ ကမ္မဘဝ ပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ (ဇရာ မရဏပါ)၊ ဇရာ မရဏ၊ ဒါက အနာဂတ်ဘဝ၊ ရှင်းပလား (ရှင်းပါပြီ)၊ ဒါက ပစ္စုပ္ပန်ဘဝ၊ ပစ္စုပ္ပန် ၁-၂-၃-၄(မှန်ပါ)၊ အနာဂတ် ကတော့ ဇာတိ ဇရာ မရဏ ၃ (မှန်ပါ)၊ အတိတ်ဘဝက အဝိဇ္ဇာသင်္ခါရ (မှန်ပါ)၊ ရှင်း ပလား (ရှင်းပါပြီ)၊ ဒါ ပဋိစ္စသမုပ္ပါဒ် အကုန် သွားကိုက်တာပဲ (မှန်ပါ)၊ ပေါ်ပလားဦးလှ (ပေါ်ပါပြီ)။

အတိတ်ကဘာနဲ့နေခဲ့သတုံး

အတိတ်က ဘာနဲ့နေခဲ့သတုံး ဦးလှကြီး (အဝိဇ္ဇာ သင်္ခါရပါ)၊ အဝိဇ္ဇာသင်္ခါရနဲ့ နေခဲ့တယ်၊ အဝိဇ္ဇာ ဆိုတာ သစ္စာ လေးပါးမသိတာ၊ သင်္ခါရဆိုတာ ပြုချင်သလိုပြုတာ (မှန်ပါ)။

သင်္ခါရဆိုတာ (ပြုချင်သလိုပြုတာပါ)၊ ပြုချင်သလို ပြုလုပ်တာ၊ ရမ်းပြီးလုပ်တာ၊ ဟုတ်လား (မှန်ပါ)၊ အဝိဇ္ဇာက အကန်း (မှန်ပါ)။

အဝိဇ္ဇာက ဘာတုံး (အကန်းပါ ဘုရား)၊ အကန်းဆို တော့ အကန်းသွားချင်သလို သွားနေတာ (မှန်ပါ)၊ ဘယ်ခြေရော ညာခြေရော တစ်ခုမှ မကောင်းဘူး (မကောင်းပါဘူး ဘုရား)၊ ကောင်းသေး ရဲ့လား (မကောင်းပါဘူး)။

ဒါဖြင့် နောက်ဘဝက ခင်ဗျားတို့ အကန်းသွား သွားတဲ့ အတွက် ဒီဘဝမှာ ချော်လဲတဲ့ ခန္ဓာကြီးရတာပဲ (မှန်ပါ)၊ ရတဲ့ ခန္ဓာကြီးကို ခင်ဗျားတို့ တဏှာ, ဥပါဒါန် ကံနဲ့ ဆေးကုနေရတာ နဲ့သာ သေရတော့တာပဲ (မှန်ပါ)။

ရတဲ့ခန္ဓာကြီးဆေးကုနေရတယ်

ရတဲ့ခန္ဓာကြီး ဘာလုပ်နေရသလဲ (ဆေးကုနေရတာ နဲ့ အချိန်ကုန်ပါတယ်)၊ ဆေးကုနေရတယ်၊ တဏှာ, ဥပါဒါန် ကံတွေက ဆေးကုနေရတယ် (မှန်ပါ)၊ ဒါနဲ့ပဲ ခေါင်းတွင်း ဝင်လိုက်ရတယ်၊ သဘောကျပလား (ကျပါပြီ)။

ရတဲ့ခန္ဓာကြီးကို ကျွေးဟယ်, မွေးဟယ်, ဆင်ဟယ်, ပြင်ဟယ်, ဆရာဝန်နဲ့ ကုဟယ်။ ရတဲ့ ခန္ဓာကြီးကို ဘုရားတစ်ဆူ ဂူတစ်လုံးလုပ်ပြီး နေရတာနဲ့ သူတော်ကောင်း အလုပ်ဆိုတာ နည်းနည်းမှ မပါဘူး (မပါပါဘူး ဘုရား)၊ ပါသေးရဲ့လား (မပါပါ ဘုရား)။

မပါတော့ ဗလာသေတယ် (မှန်ပါ)၊ ဗလာသေ တော့ ခင်ဗျားတို့ပြုထားတဲ့ ကံက ဘာဖြစ်မတုံး၊ ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား)၊ နောက်ဘဝ ဇာတိခန္ဓာငါးပါးကြီး ရပြန်တယ် (ရပါတယ်)။

နောက်ဘဝငါဘာဖြစ်မတုံး

ဪ နောက်ဘဝ ငါ ဘာဖြစ်ရမှာပါလိမ့်မတုံး၊ အိုဇာတိ ဒုက္ခ ရမယ်ကွ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

နောက်ဘဝ ဘာရမတုံး (ဇာတိ ဒုက္ခရပါမယ်)၊ ဒါ အခုပြောခဲ့တဲ့ ဖြစ်စဉ်သည် အတိတ်ဘဝက ကိုယ်နေခဲ့တဲ့ ဖြစ်စဉ် ၁-၂။ (မှန်ပါ)၊ ပစ္စုပ္ပန်ဘဝ ကိုယ်ဖြစ်စဉ်က ၄။ အနာဂတ်ဘဝ ကိုယ့်ဖြစ်စဉ် ၃-(မှန်ပါ)၊ သဘောကျပလား-(ပါ,ပါပြီ)။

အဲဒီတော့ ဘုရားက ဪ-မင်းတို့သည်ကားလို့ဆိုရင် မျက်စိကန်း တစ္ဆေမကြောက် လျှောက်လာ လိုက်တာ အမွဲနဲ့ ဆင်းရဲဆိုတဲ့ ခန္ဓာငါးပါးကြီး ရပြန်တယ် (မှန်ပါ)။

ဘာရကြသလဲ (အမွဲနဲ့ ဆင်းရဲဆိုတဲ့ ခန္ဓာငါးပါးကြီး ရပါမယ်)၊ အမွဲပဲ ဒီခန္ဓာငါးပါးကြီးဟာ , (မှန်ပါ)၊ ဘာမှ မလုပ် တတ်ဘူး၊ သူ့မှာ အဝတ်တစ်ထည်၊ ကိုယ်တစ်ခု မပါလာဘူး (မပါဘာပါဘူး)၊ အမဲကြီး (မှန်ပါ)။

မွေးလာကတည်းက အဝတ်တစ်ထည်၊ ကိုယ်တစ်ခုပါ သေးရဲ့လား (မပါပါဘူး)၊ အမွဲကြီးဗျ၊ ဆင်းရဲလိုက်တာလည်း ပြောစရာမရှိပါဘူး၊ နေပူလာလည်းသူက ခံဘက်က (မှန်ပါ)၊ မိုးရွာလည်း (ခြံဘက်ကပါပဲ)၊ ခြင်ကိုက်လည်း (ခံဘက်ကပါ)၊ ခံဘက်ကပဲ။ သဘောကျပလား (ကျပါပြီ)၊ ရောဂါ ဝေဒနာတွေ လာကော (ခံဘက်ကပါပဲ)။

အမွဲနဲ့ဆင်းရဲချည်းရလာတယ်

ခင်ဗျားတို့ ရလာတာ အမွဲနဲ့ ဆင်းရဲချည်းရလာတယ် (မှန်ပါ)၊ ခင်ဗျားတို့ချင်း လူချမ်းသာ ရွေးနေ တာတော့ ကျုပ် မတတ်နိုင်ဘူးပေါ့ဗျာ (မှန်ပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။ ခင်ဗျားတို့ချင်း ဘယ်သူက တော်တယ်၊ ဘယ်ဝါက တော်တယ် ဆိုတာက နှုတ်ခမ်းပဲ့ချင်း မီးမှုတ်တာကိုးဗျ (မှန်ပါ)၊ နှုတ်ခမ်း ပဲ့ချင်း မီးမှုတ်တာတော့ ကျုပ် မတတ်နိုင်ဘူး (မှန်ပါ)။

ဒကာကြီးလှိုင် ကြားရဲ့လား (ကြားပါတယ် ဘုရား)၊ နှုတ်ခမ်းပဲ့ချင်း မီးမှုတ်နေတာတော့ (ကိုယ့်ဟာကိုယ် ပျော်နေ ကြတာပါ)၊ ဒါပါပဲ၊ ကိုယ့်ဟာကိုယ် ပျော်နေကြတာ။

ကလေးကို အိုးဖုတ်ဝယ်ပေးထားသလို

ဘာဖြစ်လို့တုံးဆိုတော့ ကလေး အိုးပုတ် ဝယ်ပေးတာနဲ့ ခင်ဗျားတို့က ကျေနပ်သလို ဖြစ်နေတယ် (မှန်ပါ)၊ ကလေး အိုးပုတ်ဝယ်ပေးတဲ့ အခါကျတော့ ကလေးဟာ အငိုတိတ် သွားတယ် (မှန်ပါ)၊

ခင်ဗျားတို့လည်း တဏှာက ရွှေကလေး ငွေကလေး ရအောင်ရှာပေးတာနဲ့ ခင်ဗျားတို့က လူဖြစ်ကျိုးနပ်ပြီ တဲ့ (မှန်ပါ)။

ခင်ဗျားတို့က လူဖြစ်ကျိုးနပ်ပြီတဲ့၊ ခင်ဗျားတို့ ဝမ်းထဲရှိတဲ့ တဏှာက ဒီမှာမပါဘူးလား (ပါနေပါတယ်)။ အဲဒီတဏှာက စက်ကလေးတည်လိုက်၊ ဆန်ကလေး၊ ဆီကလေးက အမြတ် အစွန်းထွက် လိုက်ပေါ့လေ (မှန်ပါ)၊ အဲဒါကလေး ခင်ဗျားတို့ ချော့ပေးထားတော့ သေပျော်ပြီကွ (မှန်ပါ)။

ခင်ဗျားတို့လူကြီးစိတ်မရှိသေးဘူး

တဏှာက အိုးပုတ် ဝယ်ပေးတာနဲ့ ခင်ဗျားတို့က သေပျော် ပြီ ဖြစ်နေတယ် (မှန်ပါ)၊ အတော့်ကို ခင်ဗျားတို့ လူကြီးစိတ် မရှိသေးဘူးဆိုတာ ပေါ်နေတယ် (ပေါ်နေပါတယ် ဘုရား)။ မပေါ်ဘူးလား (ပေါ်ပါတယ်)၊ တဏှာက အိုးပုတ်ဝယ် ပေးထားတာ (မှန်ပါ)။

တဏှာက ဘာဝယ်ပေးထားတာတုံး (အိုးပုတ်ဝယ် ပေးထားတာပါ)၊ ခင်ဗျားတို့က ဘယ့်နှယ် နေသတုံး (ပျော် နေပါတယ်)။

ပျော်နေတယ်၊ တဏှာနဲ့ ပတ်သက်လို့ ရတဲ့အိမ်ကလေး ဆောက်ပေးလိုက်၊ တိုက်ကလေး တည်ပေးလိုက်၊ မဟုတ်ဘူး လား (မှန်လှပါ)။

အဲဒါနဲ့ ပိုတာ လျှံတာကလေးကို ကျောင်းကလေး ဆောက်၊ ဘုရားကလေးတည်၊ အို – ဘာလို သေးသတုံးကွ၊ လူဖြစ်ကျိုး နပ်ပြီတဲ့ (မှန်ပါ)၊ လူဖြစ်ကျိုးနပ်ပြီ၊ ဆင်းရဲနဲ့ အမွဲ ဆိုတာ ဘယ်တော့မှ မမြင်ဘူး (မမြင်ပါဘူး)၊ ဒါကို လူဖြစ်ကျိုး နပ်တယ် ပြောနေတာပဲ (မှန်ပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ။ အံမာလေး ကြောက်စရာ လူတွေပါလား (မှန်ပါ)။

ဘုန်းကြီးကမကဲ့ရဲ့ပါဘူး

အို – ကြောက်စရာကို ဘုန်းကြီးက မကဲ့ရဲ့ပါဘူး၊ နဂိုက မျက်စိကန်းက လာခဲ့တာ (မှန်ပါ)၊ ဟိုဘက်က ဘာတုံး အဝိဇ္ဇာက လာခဲ့တာမဟုတ်လား (အဝိဇ္ဇာက လာခဲ့တာပါ)၊ မျက်စိကန်း တစ္ဆေ မကြောက် လျှောက်လာတာကိုး (မှန်ပါ)၊ အဲဒီတော့ ကဲ့ရဲ့တဲ့ လူကပဲ အရုပ်ဆိုးမလိုလို၊ ခင်ဗျားတို့ ကန်းတာ က ပိုနေတယ် (မှန်ပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ အတော် မဆိုးဘူးလား (ဆိုးပါတယ် ဘုရား)။

ဒါ မနာကြနဲ့၊ ခင်ဗျားတို့လမ်းစဉ်က ဒီအတိုင်း (မှန်ပါ)။

ဒါ – အခုကန်းပုံကို ဖော်တုန်းရှိသေးတယ်၊ ပြီးမှ အမြင် မျက်လုံးတပ်ပေးရမယ် (မှန်ပါ)၊ ဒကာကြီးလှိုင် ရိပ်မိပလား (ရိပ်မိပါပြီ)၊ နည်းနည်းနောနော ကန်းတာလားဗျ (အများကြီးကန်းပါတယ်)။

အများကြီး ကန်းတယ်၊ ဒီတဏှာက လုပ်ကိုင်ပြီး သကာလ သူနဲ့ပဲ ခင်ဗျားတို့ ရွှေကလေးရ၊ ငွေကလေးရ၊ တိုက် ကလေး၊ ကားကလေးပေါ့ဗျာ၊ ထိုက်တန်သလောက် ရတော့ ဦးလှကြီးက ဘယ့်နှယ်များ နေသတုံး၊ ဘုန်းကြီးနဲ့ မတွေ့ခင်တုန်း ကဆိုရင် (ပျော်နေပါတယ်)၊ အိုးပုတ် ဝယ်ပေးတယ် (မှန်ပါ)။

ဘယ့်နှယ်နေသတုံး (ကျေနပ်ပါတယ် ဘုရား)၊ အိုးပုတ်ဝယ်ပေးထားတာ၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ အိုးပုတ် ဝယ်ပေးလို့ ကလေးအငိုတိတ်သွားတာ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

အဲဒါ အငိုတိတ်တာ တခြား မဟုတ်ပါဘူး၊ ခင်ဗျားတို့က ဒါလောက်ဆိုရင် သေပျော် နေပျော် ရှိပြီ ဆိုတော့ ဒါ အငိုတိတ် တာ (မှန်ပါ)၊ ဒီဒုက္ခသစ္စာကြီး ဇာတ်သိမ်းမှု မသိမ်းမှုတော့ တွေကို မတွေးဘူး (မတွေးပါဘူး)၊ တော်ပြီသာ ပြောနေတာ ကိုး (မှန်ပါ)။

တဏှာချော့တာနဲ့မော့နေကြတယ်

ဘာတော်ရမှာတုံးဗျ၊ လောကကြီး အနာပေါက်လို့မှ အနာ ငန်းမန်းကြွတုန်းရှိသေးတယ်၊ တော်လောက်ပလား (မတော်လောက်ပါဘူး)၊ မတော်လောက်တာ ခင်ဗျားတို့က တဏှာချော့တာနဲ့ မော့နေကြတယ် (မှန်ပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

တော်-တော်သေးတယ်၊ အခု ဆံပင်ဖြူလို့ ရိပ်မိလာ တယ် (ရယ်သံများ)၊ တော်- တော် သေးတယ်၊ ရှေ့ကို ဒီ အတိုင်းသာ မကြားရဘူးဆိုရင် သွားပြီ (မှန်ပါ)၊ သေသေ ချာချာသွားပြီ (သွားပါတယ် ဘုရား)။

ခွေးနာဥပမာ

ဒကာကြီးလှိုင် မသွားသေးဘူလား (သွားပါတယ် ဘုရား)၊ ဒီအနာရထားတဲ့အနာ ပျောက်ပလား လို့ မေးတယ် (မပျောက်သေးပါဘူး ဘုရား)၊ ဒီအနာကြီးနဲ့ ခွေးမှာ ဂုတ် အနာကြီးနဲ့ တစ်ခါတည်း ခင်ဗျားတို့က သူ့ဟာသူ မှောင်ထဲမှာ ခြင်မကိုက်တာနဲ့ သက်သာပြီ ထင်နေတယ် (မှန်ပါ)၊ မှောင် ထဲ တိုးသွားလို့ ခြင်က မကိုက်တော့ဘူး၊ ယင်က မအုံတော့ဘူး ဒါနဲ့ သက်သာပြီ ထင်နေတယ် (မှန်ပါ)၊ ရှင်းပလား (ရှင်း ပါပြီ)၊ အဲဒါ ခင်ဗျားတို့ ဖြစ်စဉ်ပါ (မှန်ပါ)။

ဒါဖြင့် ပစ္စုပ္ပန်ဖြစ်စဉ်ကော သိပလား (သိပါပြီ)၊ အနာ မပျောက်ဘဲနဲ့ တော်ပြီလို့ ထင်နေတာ (ထင်ပါတယ် ဘုရား)၊ သဘောပါပလား (ပါပါပြီ)။

သေတော့ဘာတွေရသလဲ

ဒါဖြင့် ခင်ဗျားတို့ ဒါလောက်တောင် အထင်ကြီးတဲ့ လူတွေ အသက်ကြီးတော့ သေလိုက် (မှန်ပါ)၊ သေလိုက်တော့ ဘာတွေရသလဲ ? (ဇာတိဒုက္ခရပါတယ်)၊ ဇာတိ, ဇရာ, မရဏ ပြန်ပြီးရတယ် (မှန်ပါ)။

ဇာတိ, ဇရာ, မရဏ ပြန်ပြီးတော့ ဘာမှ မသိတဲ့ ပုဂ္ဂိုလ် ကျတော့ သောကပရိဒေဝ လိုက်ရမယ် (မှန်ပါ)၊ သောက ပရိဒေဝ, ဒုက္ခ, ဒေါမနဿ မလိုက်ပေဘူးလား (လိုက်ပါ တယ် ဘုရား)၊ သိလို့လား-မသိလို့လား (မသိလို့ပါ ဘုရား)၊

မသိရင် အဝိဇ္ဇာပါတယ် (မှန်ပါ)၊ အာသဝမပါဘူးလား (ပါပါတယ် ဘုရား)၊ ဆို အာသဝသမုဒယာ အဝိဇ္ဇာသမုဒယော ဒီပြန်ပတ်ရမယ် (မှန်ပါ)။

ပတ်ပလား (ပတ်ပါပြီ)၊ အာသဝသမုဒယာ (အာသဝသမုဒယာ အဝိဇ္ဇာသမုဒယောပါ)၊ ဟာ-နဂိုကမှ မမြင် ရတဲ့အထဲ မမြင်တဲ့ဆီရောက်မယ် (မှန်ပါ)၊ လမ်းသွားဦးတော့မယ် သူ (သွားဦးမှာပါ)၊ အရမ်းသွားဦးမယ်၊ အရမ်း သွားရင် အနာရဦးမယ် (မှန်ပါ)၊ အနာရလို့ရှိရင် တဏှာချော့ လို့ မော့လိမ့်ဦးမယ် (မော့ဦးမှာပါ)၊ သေခြင်းဆိုး သေလိမ့်ဦး မယ် (သေရမှာပါ)၊ ကြောက်စရာကြီး ပါလား ခင်ဗျားတို့ ဖြစ်စဉ်တွေ (မှန်ပါ)။

သံဝေဂရအောင်ဟောတာမဟုတ်ဘူး

ဒါ သံဝေဂရအောင် ဟောတာလား၊ ဦးမာဒင် ဖြစ်စဉ် ကိုက်လာတာလား (ဖြစ်စဉ်ကိုက် လာတာပါ)၊ သံဝေဂရအောင်လို့ ဘုန်းကြီးက တစ်လုံးမှ မပြောဘူး (မှန်ပါ ဘုရား)။ ခင်ဗျားတို့ ဖြစ်စဉ်ကို ခင်ဗျားတို့ နားမလည်လို့ ဒီလိုဖြစ်နေတယ် ပြောတာပဲရှိတယ် (မှန်ပါ)၊ ဘုန်းကြီးက အပိုအမို ထည့်ပြီး သကာလ ပြောတာမဟုတ်ပါဘူး (မှန်ပါ)။

ဒါက ဘုရား မဟောလည်း ခင်ဗျားတို့ ဒီအတိုင်း လှည့် ပြေးနေတာပဲ (မှန်ပါ)၊ ဘုရား ဟောလည်း မလိုက်နာသေးရင် (ဒီအဝိုင်းလှည့်ပြေးနေတာပါပဲ)၊ မလိုက်နာသေးရင် အဝိုင်းပြေး ပဲ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ) ပေါ်ပလား (ပေါ်ပါ ပြီ)။

အတော်ဆိုးလာတာ ခင်ဗျားတို့ဖြစ်စဉ်၊ ဟင် (အများကြီးဆိုးပါတယ်)၊ အများကြီး ဆိုးတယ် ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ)။

အာသဝတွေပါသွားပြီ

ဒီ ဇာတိ, ဇရာ, မရဏဆိုရင် သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿတွေနဲ့ဆိုတော့ အာသဝ ပါသွားပြီဗျ (ပါသွားပါပြီ)။

စိုးရိမ်တယ်၊ ပူဆွေးတယ်၊ ငိုကြွေးတယ်ဆိုတာ ကာမာသဝ၊ ကိုယ့်ဘဝ စွန့်ရမှာစိုးလို့ ကာမာသဝ ကိုယ့်ကိုယ်ခင်တွယ်တဲ့ ကာမာ သဝ (မှန်ပါ)၊ ကိုယ့်ဘဝခင်တွယ်တဲ့ ဘဝါသဝ (မှန်ပါ)။

ခန္ဓာကြီးနဲ့ ကွဲရတော့မယ်ဆိုတဲ့ ဒိဋ္ဌာသဝ- (မှန်ပါ)၊ အဲဒီ ဒိဋ္ဌာသဝတွေ ဒီအထဲမှာ သေခါနီး ရောက်နေတယ် (မှန်ပါ)။

ဒါ့ကြောင့် ဘုရားက အာသဝသမုဒယာ- မင်းလာတယ်၊ အဝိဇ္ဇာသမုဒယော ပြန်ကွ (မှန်ပါ- အဝိဇ္ဇာဘက်ပြန်ရမှာပဲ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဒါဖြင့် အဝိဇ္ဇာပစ္စယာ (သင်္ခါရာပါ)၊ ဒီလှည့် သွားပြီ (မှန်ပါ)၊ မလှည့်သေးဘူးလား (လှည့်ပါတယ် ဘုရား)၊ ပေါ်ပလား (ပေါ်ပါတယ် ဘုရား)။

အဝိုင်းပြေးလို့ကောင်းတုန်းပဲ

ဪ လူဖြစ်ရကျိုး နပ်ကြပလား ဘယ့်နှယ်တုံး လူဖြစ်ကျိုးနပ်ပလား (နပ်ပါပြီ ဘုရား)၊ ဘယ်နပ် ရဦးမလဲဗျ ဘာမှ မနပ်သေးဘူး၊ ပြေးလို့ကောင်းတုန်း ရှိသေးတယ် (ရယ်သံများ)၊ ဝိုင်းလို့ ကောင်းတုန်း၊ ပြေးလို့ကောင်းတုန်းပဲ ရှိသေးတယ် (မှန်ပါ)။

ဟေ့-မောင်ချစ်စိန်တို့ ကျေနပ်ပလား (ကျေနပ်ပါပြီ)

ဒါကြောင့် ဘုရားက နဂိုက ဒီလိုဝိုင်းနေတာကိုး၊ ဒီက ခန္ဓာငါးပါး၊ တဏှာ၊ ဥပါဒါန်၊ ကံ၊ ဒီက ဇာတိ, ဇရာ, မရဏ, သောက, ပရိဝေဒ, ဒုက္ခ, ဒေါမနဿ, အာသဝ။ အာသဝ သမုဒယာ အဝိဇ္ဇာ၊ အဝိဇ္ဇာပစ္စယာ သင်္ခါရာနဲ့ ဒီလို လှည့်နေတာ ကိုး၊ ဘုရားပွင့်လာတော်မူတော့ သတ္တဝါ တစ်ယောက်၏ ဘဝကို ရှာလိုက်တယ်၊ ခင်ဗျားတို့က လုံးပြီးသား ဖြစ်နေတယ် (မှန်ပါ)။

ခင်ဗျားတို့က ဘယ့်နှယ်တုံး (လုံးပြီးသားပါ ဘုရား)၊ ငါအစရှာမတွေ့ဘူးတဲ့၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဘုရားက ဘာတဲ့တုံး (အစရှာမတွေ့ဘူး)၊ ခင်ဗျားတို့ အစရှာမတွေ့ဘူးတဲ့ (မှန်ပါ)။

အစရှာမတွေ့လို့ရှိရင်ဖြင့် ဒီနွယ်ပင်ကို အမြစ်ပါ တူးပစ် ဖို့ ဦးမာဒင် ခဲယဉ်းတယ် (မှန်ပါ)၊ ဘယ့်နှယ်တုံး (ခဲယဉ်းပါ တယ် ဘုရား)။

အနွယ်ပင်တစ်ပင် အစရှာမတွေ့ဘူးဆိုလို့ရှိရင် ဒီမျိုး ပြုတ်ဖို့ အမြစ်တူးဖို့ ဘယ့်နှယ်တုံး (ခဲယဉ်းပါတယ် ဘုရား)။ ဖြစ်နိုင်စရာ မြင်သေးရဲ့လား (မမြင်ပါဘူး)၊ သဘောပါပလား (ပါပါပြီ)။

နောက်တုန်းကဘာများဖြစ်ခဲ့သတုံး

ကဲ-အခု တပည့်တော်တို့ နောက်တုန်းက ဘာများဖြစ် ခဲ့သတုံးဘုရား – အရှင်ဘုရားများ ကတော့ ဗဟုသုတရှိလို့ ပြောပဲ ပြောစမ်းပါဦး ဆိုတော့ ဒါပြောတာပဲ (မှန်ပါ)၊ ဒါပြောတာပဲ၊

အတိတ်ဘဝက မင်း အဝိဇ္ဇာသင်္ခါရနဲ့ နေခဲ့တယ်၊ ပစ္စုပ္ပန်ဘဝမှာ ခန္ဓာငါးပါး တဏှာ၊ ဥပါဒါန်၊ ကံနဲ့ နေခဲ့တယ် (မှန်ပါ)၊ အနာဂတ်ဘဝမှာ ဇာတိ, ဇရာ, မရဏ, သောက, ပရိဒေဝနဲ့ နေခဲ့တယ်၊ ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် ဒီလိုလုပ်ကြစို့၊ ဟောဒီသုံးခုက သမုဒယသစ္စာ (မှန်ပါ)၊ ဟောဒီခန္ဓာက (ဒုက္ခသစ္စာပါ)။

ဒီသုံးခုက (သမုဒယပါ)၊ ဒီဘက်ဟာတွေက (ဒုက္ခပါ)၊ ဒုက္ခသစ္စာ၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

ကိုင်း-ဒါဖြင့် ဒါက ဘာသစ္စာ (သမုဒယသစ္စာပါ)၊ ဒီခန္ဓာက (ဒုက္ခသစ္စာပါ)၊ ခန္ဓာက တစ်ခါ ပေါက်ဖွားလာတာ က (သမုဒယပါ)၊ တစ်ခါပေါက်ဖွားလို့ အကျိုးပေးပြန်တာက (ဒုက္ခပါ)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဒီအကျိုးထဲကနေ ဒီအကြောင်း ထွက်လာတာက (သမုဒယပါ)။

မဂ်ဉာဏ်ကိုသပိတ်မှောက်ထားတဲ့လူတွေ

ဒါဖြင့် ခင်ဗျားတို့ မဂ္ဂသစ္စာလည်း မပါဘူး (မှန်ပါ)။ နိရောဓသစ္စာလည်း (မပါပါဘူး)၊ အံမာ- မဂ်ဉာဏ်နဲ့ နိဗ္ဗာန်ကို ခင်ဗျားတို့ သပိတ် မှောက်ထားတဲ့ လူတွေ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

မဂ်ဉာဏ်နဲ့ နိဗ္ဗာန်ကို (သပိတ်မှောက်ထားပါတယ် ဘုရား)၊ ဘယ်လောက်ကြာပြီတုံး (မရေတွက် နိုင်ပါ ဘုရား)။

ဘယ်လောက်ကြာပြီတုံး မေးတော့ ဘယ့်နှယ်ဖြေ ကြမတုံး (ကြာလှပါပြီ)၊ မဟုတ်ဘူး၊ ရှိမှန်းကို မသိဘူး၊ သပိတ် မှောက်တာ အသာထားပါဦး (မှန်ပါ)၊ သပိတ်မှောက်တယ် ဆိုတာ ကလေးတွေက သိသားပဲ၊ ရှိတယ် ဒီစာမသင်ရလို့ ဒီစာ သင်ချင်လို့ သပိတ်မှောက်တယ် ဆိုပြီး ရှိတာ သိသေးတယ် (မှန်ပါ)၊

ခင်ဗျားတို့က သိလို့ မှောက်တာလားတဲ့၊ ရှိမှန်းကို မသိလို့ ဒီလမ်းအတိုင်း လှည့်သွား နေတာလား-ဘယ့်နှယ်ဆိုကြမလဲ (မသိလို့ပါ ဘုရား)၊ ဒီလမ်းအတိုင်း ပြေးနေတယ်၊ ပေါ်ကြ ပလား (ပေါ်ပါပြီ)။

ဟာ တရားက ဟော မဟောရသေးဘူး၊ နာရီဝက် ကစေ့တော့မယ် (ရယ်သံများ)၊ အတော် ဆိုးနေတယ်။

ကဲ-ဒါဖြင့် နောက်ဘဝက ခင်ဗျားတို့ ဘာဖြစ်ခဲ့သတုံး – ဟိုသမုဒယနဲ့ ဒုက္ခ (မှန်ပါ)၊ (သမုဒယနဲ့ ဒုက္ခပါ ဘုရား)။

ဒီဘဝကော ဘာတွေလုပ်ခဲ့သတုံး

ဒီဘဝကော ခင်ဗျား ဘာလုပ်ခဲ့သတုံး၊ နောက်ဘဝက လည်း သမုဒယနဲ့ဒုက္ခနေခဲ့တယ်၊ ဒီဘဝ မှာလည်း သမုဒယနဲ့ ဒုက္ခနေခဲ့တယ် (မှန်ပါ)၊ နောက် ဘာဖြစ်ဦးမှာတုံး (သမုဒယနဲ့ ဒုက္ခဖြစ်မှာပါပဲ)၊ နောက် ဆက်လက်ပြီး သွားရင် ဘာဖြစ်ဦးမှာတုံး (သမုဒယနဲ့ဒုက္ခ ဖြစ်ဦးမှာပါပဲ)။

ခက်ကောင်း ခက်ရချေရဲ့၊ အကောင်းဆိုရင် ပါသေးရဲ့ လား (မပါပါဘူး)၊ ရှင်းပလား (ရှင်းပါပြီ)။

အဲ့ဒီတော့ ဘုရားက ကြည့်တော်မူတယ်၊ သံသရာ ခရီးသည်တွေ, ငါကယ်တင်ရမည့် ပုဂ္ဂိုလ်တွေ ကြည့်လိုက်တော့ သမုဒယက ဒုက္ခပေးမည့် တရား၊ ဒုက္ခက ဒုက္ခရတဲ့တရား (မှန်ပါ)၊ ကြည့်လိုက်တော့ ဘာမြင်လိုက်သတုံးဆိုလို့ရှိရင် မီးလောင်လိုက် လဲသေလိုက် မီးလောင်လိုက် လဲသေလိုက် ဒါချည့်ဖြစ်နေတာပဲ (မှန်ပါ)။

မီးလောင်လိုက် (လဲသေလိုက်ပါ)၊ မီးလောင်လိုက် (လဲသေလိုက်)၊ ဒါချည့်မြင်တော့ ဘုရားက မသနားပေ ဘူးလား သနားမလား (သနားပါတယ်)။

သို့သော် ခင်ဗျားတို့ကတော့ မီးလောင်ရင်လည်း ပြုံးလိုက်၊ လဲသေလိုက်ရင် ငိုချင်းချလိုက်၊ ဒါပဲ ခင်ဗျားတို့ ဟင် (ဒါပါပဲ ဘုရား)။

မီးလောင်ရင်ပြုံးကြတယ်

မီးလောင်ရင် ခင်ဗျားတို့က ပြုံးတယ် (မှန်ပါ)၊ ကိလေသာ မီးလောင်တာ ခင်ဗျားတို့က ပြုံးတယ် (ပြီးပါတယ် ဘုရား)၊ ငွေကလေးရတယ် ဆိုရင် ကိလေသာ မီးဟပ်တယ် (မှန်ပါ)၊ ငွေကလေးရတဲ့အခါ ဦးလှကြီးတို့က ဘယ့်နှယ်နေသလဲ ပြုံးတယ် (ပြုံးပါတယ်)၊ မီးလောင်လို့ပြုံးတာ (မှန်ပါ)၊ မီးလောင်လို့ ပြုံးတော်ဖြင့် သာမညအရူး မဟုတ်ဘူးနော် (မှန်ပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

မီးလောင်ပြီးရင်တော့ (သာမညအရူး မဟုတ် ပါဘူး)၊ သာမညအရူး ဆိုရင်တော့ မပြုံးဘူးဗျ (မှန်ပါ)။ တကယ့်ကို သွက်သွက်ခါ နေလို့၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

ငွေရလို့ပြုံးတာကို ဘယ့်နှယ်ဆိုကြမယ်

ငွေ ရလို့ပြုံးတာ ဘယ့်နှယ်ဆိုကြမယ်၊ ကိလေသာ မီးလောင်တာဗျ (မှန်ပါ)၊ ကိလေသာ မီးလောင်တော့ ခင်ဗျားတို့က ဘယ့်နှယ်တုံး ကျေနပ်တယ် (မှန်ပါ)။

ကိလေသာ မီးလောင်တာကို ဒီမီးဟာ အပါယ်လည်း ရောက်အောင် လုပ်နိုင်တယ်၊ ယခုလည်း ရောက်တဲ့ နေ့က စ၍ ပူပန်စေတယ် (မှန်ပါ)၊ မပူပန်စေဘူးလား (ပူပန်စေ ပါတယ်)။

ဒီနေ့ ငွေ သိန်းကိုးသောင်း အိမ်မှာ ရောက်တယ်။ ရောက်တဲ့နေ့ကစ၍ ပူပန်တာပဲ (မှန်ပါ)၊ မလောင်ဘူးလား (လောင်ပါတယ် ဘုရား)၊ လောင်ပေမယ့် ခင်ဗျားတို့က ဘယ့်နှယ်နေသတုံး (လောင်မှန်း မသိပါဘူး)၊ သိတယ် သိတော့၊ ပြုံးတယ်၊ လောင်မှန်းသိလို့ ပြုံးတာ (မှန်ပါ)။

ဒါဖြင့် မီးလောင်လို့ ပြီးရင် ဘယ့်နှယ်ဆိုကြမလဲ (သွက်သွက်ခါရူးပါ)၊ သွက်သွက်ခါရူးပဲ၊ ဒီပြင်လဲ ဆုံးဖြတ်ချက် ချရန် ဘာမှမပါဘူး (မှန်ပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

သံသရာထဲမှာ ဘယ်လိုနေကြသတုံး

အဲဒီတော့ ခင်ဗျားတို့ သံသရာထဲမှာ ဘယ်လိုနေကြ သတုံးဆိုတော့ မီးလောင်လို့ ပြုံးတာရယ်, ငိုခြင်းချတာရယ် (မှန်ပါ)၊ နောက်တော့ ဒီပစ္စည်းတွေကမွဲ၊ ခန္ဓာက သေခါနီး ကျတော့ ငိုခြင်းချတယ် (မှန်ပါ)။

ရတုန်း ပြုံးတယ် ဟုတ်လား (မှန်ပါ)၊ သေခါနီး ကျတော့ မျက်ရည်ကျတယ် (မှန်ပါ)။

အရူးပြုံးရယ်၊ ငိုခြင်းချတဲ့ပွဲရယ်

ဒါဖြင့် အရူးပြုံးရယ်၊ ငိုခြင်းချတဲ့ပွဲရယ် ဒီနှစ်ပွဲချည်းခံ နေရတယ် (မှန်ပါ)။

အရူးပြုံးကကော ကောင်းသလား (မကောင်း ပါဘူး)၊ ငိုခြင်းချတဲ့ပွဲကကော (မကောင်းပါဘူး)၊ ဒါဖြင့် ဒီနှစ်ပွဲချည်းပဲ ခင်ဗျားတို့ လှည့်ခံနေရတာ ဘယ်လောက်ကြာ ပလဲ (မရေတွက်နိုင်ပါဘူး)၊ မရေတွက်နိုင်ဘူး။

ဒီတစ်ခါ ခင်ဗျားတို့ ဖြတ်ရင်ဖြစ်၊ မဖြတ်ရင်သွားပြီ (မှန်ပါ)၊ ဘယ်နည်းနဲ့မှ မတတ်နိုင်တော့ဘူး (မတတ်နိုင် ပါဘူး)၊ ဒါ ဦးမာဒင် သံဝေဂတရားလားတဲ့၊ ဖြစ်စဉ်ကိုက်လား (ဖြစ်စဉ်ကိုက်ပါ)၊ ရှင်းပြီနော် (ရှင်းပါပြီ)။

ရူးမှန်းသိရင်ဆေးရှာတယ်

အံမာလေး မလွယ်ပါလားဗျ ခင်ဗျားတို့ (မလွယ်ပါ ဘူး)၊ ဒီရူးတာ ရူးမှန်းသိရင် ဆေးရှာတယ် (မှန်ပါ့)၊ ရူးတာ ရူးတာမှန်းမသိတဲ့ ပုဂ္ဂိုလ်က (ဆေးမရှာပါဘူး)၊ ဆေးမြင်ရင် ပြေးတယ် (မှန်ပါ)။

ရူးတာ ရူးတာမှန်းသိတဲ့ ပုဂ္ဂိုလ်က (ဆေးရှာပါတယ်)။ ရူးတာမှ ရူးမှန်းမသိတဲ့ ပုဂ္ဂိုလ်က (ဆေးမြင်ရင် ပြေးပါတယ်)။

ဆေးမြင်ရင် ပြေးတယ်၊ ခင်ဗျားတို့ ဘယ်အထဲက ထင်သတုံး (ဆေးမြင်ရင်ပြေးတဲ့ ဘဝထဲကပါ)၊ ဟာသွက်သွက်ခါနေပြီ (မှန်ပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဆေးမြင်ရင်ပြေးတယ်

ဆေးမြင်ရင် ပြေးတယ်ဆိုတော့ ခင်ဗျားတို့က ဗြုန်းခနဲ မယုံဘူး (မှန်ပါ)၊ ဟိုမှာ တရားထူး တရားမြတ် ခင်ဗျားတို့ သံသရာဖြတ်လမ်း ဟောနေပါတယ် ဆိုလို့ရှိရင်၊ ကယ်တင်နေပါ တယ် ဆိုလို့ရှိရင် ခြေက မသွက်ဘူးဗျ (မှန်ပါ)၊ ဘယ်ကိစ္စ ကလေး၊ ဘယ်ဟာ ကလေးကြောင့် မပြီးသေးပါဘူး (မှန်ပါ) ဟိုဆေးမြင်ရင် ဘယ့်နှယ်နေသတုံး (ပြေးပါတယ်)၊ ရိပ်မိ ပလား (ရိပ်မိပါပြီ)။

အဲတော့ သွက်သွက်ခါတဲ့ ဇာတ်ကို ခင်ဗျားတို့က အမြဲခင်နေတယ် (မှန်ပါ)။ မဆိုးရွားဘူးလား (ဆိုးရွား ပါတယ်)။

ဒါ အသက်အရွယ်ကြီးလို့ ခင်ဗျားတို့ အခုသွက်သွက်ခါ ရပ်မလို့ စိတ်ကူးရှိသေးတာ (မှန်ပါ)၊ ပေါ်ကြပလား (ပေါ်ပါပြီ)။

ကောင်းပြီ၊ ဒါဖြင့် ခင်ဗျားတို့ ဒီလိုလုပ်ကြဆိုတော့၊ ဝိုင်းပြီး ပြီနော်၊ သံသရာခရီးတွေ သိပြီးပြီ (မှန်ပါ)၊ ဖြတ်ပြမယ်၊ (မှန်ပါ)။

ဘယ်သူတွေ၊ ဘယ်လို့ဖြတ်သတုံး

ဖြတ်တော့ ခင်ဗျားတို့က -ဘယ်သူ ဘယ်လို ဖြတ်ပါလိမ့်မတုံး နမူနာယူရလိမ့်မယ် (မှန်ပါ)၊ ဘယ်သူဟာ ဘယ်လိုဖြတ်ပါလိမ့်၊ နိဗ္ဗာန်ဆိုတဲ့ အရူးဇာတ်သိမ်းတဲ့ဆီ ရောက်ပါလိမ့်မလဲ ဆိုတာ ခင်ဗျားတို့က အကဲခတ်တော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် ဗောဓိပင်နဲ့ ရွှေပလ္လင်မှာ ဘုရားဖြစ်တော်မူတယ်၊ ဦးလှလည်း ကြားဖူးတယ် (မှန်ပါ)၊ ဦးမာဒင် တို့လည်း ကြားဖူးတာပဲ (မှန်ပါ)။

ရော-ခက်နေပြီ၊ ခင်ဗျားကတော့ ဗောဓိပင်နဲ့ ရွှေပလ္လင် ဘုရားဖြစ်လို့ ဗောဓိပင်နဲ့ ရွှေပလ္လင်မှာ ဖူးချင်တယ် (မှန်ပါ)၊ ဘာဖြစ်လို့တုံး၊ ဘုရားဖြစ်တဲ့နေရာမို့ (မှန်ပါ)၊ တယ်ထူးတဲ့ နေရာပေပဲ (မှန်ပါ)၊ ခင်ဗျားတို့က အဲဒီနေရာကိုတော့ လွမ်းပြီ (မှန်ပါ)။

ကိလေသာကုန်လို့ဘုရားဖြစ်တာ

မဟုတ်ပါဘူးတဲ့၊ ဗောဓိပင်နဲ့ ရွှေပလ္လင်မှာ ဘုရားက ဘုရားဖြစ်တာမဟုတ်ပါဘူး၊ ဗောဓိပင်နဲ့ ရွှေပလ္လင်က သူပြုထား တဲ့ ကာမာဝစရ ကုသိုလ်က အကျိုးပေးတာ (မှန်ပါ)၊ ဘုရားဖြစ်တာတော့ ကိလေသာကုန်လို့ ဘုရားဖြစ်တာ။

ဘုရားဖြစ်တာက (ကိလေသာကုန်လို့ပါ ဘုရား)။ ရိပ်မိပလား (ရိပ်မိပါပြီ)။

ခင်ဗျားတို့က ဘုရားဖြစ်တာကို မသိသေးဘူး၊ ဗောဓိပင် နဲ့ ရွှေပလ္လင်မှာ ဖြစ်တယ်ပဲ အောက်မေ့တယ် (မှန်ပါ)၊ ရိပ်မိ ပလား (ရိပ်မိပါပြီ)။

ဝေဒနာနဲ့တဏှာကြားမှာဘုရားဖြစ်တာ

ဘုရား ဘယ်နေရာမှာဖြစ်သတုံးလို့ မေးတဲ့အခါကျတော့ မှ ဒကာ ဒကာမတွေ မှတ်ထားပါတဲ့၊ ဟောဒီ ဝေဒနာနဲ့ ခန္ဓာ ငါးပါးထဲမှာ ဝေဒနာ မပါဘူးလား (ပါ,ပါတယ် ဘုရား)။ ဒီဘက်က တဏှာ၊ ဥပါဒါန်၊ ကံကော မရှိဘူးလား (ရှိပါတယ်)၊ ဒီကြားမှာ ကိုယ်တော်မြတ်ကြီးဟာ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ဒီကြားရပြီး ဘုရားဖြစ်တာ (မှန်ပါ)၊ ဝေဒနာနဲ့ တဏှာကြားမှာ ဘုရားဖြစ်တာ (မှန်ပါ) ဗောဓိပင်နဲ့ ရွှေပလ္လင် မှာဖြစ်တာမဟုတ်ဘူး (မှန်ပါ)။

မှတ်ချက်။ ။ပဋိစ္စသမုပ္ပါဒ်အစဉ်၌ ဘုရားဖြစ်သည့်နေရာကို မြင်ရန် ပြသတော်မူခြင်းဖြစ်သည်။

ဆန်းဆန်းဟောတယ်လို့ အောက်မေ့မနေနဲ့၊ ဒါခန္ဓာထဲ မှာ ဘုရားဖြစ်တာပြောတာ (မှန်ပါ)၊ ရိပ်မိပလား (ရိပ် မိပါပြီ)။

ဆန်းဆန်းဟောတာလား၊ ခန္ဓာထဲမှာ အစစ်ဘုရားဖြစ် တာကို ဟောတာလား (ခန္ဓာထဲမှာ အစစ်ဘုရားဖြစ်တာကို ဟောတာပါ)။

ပညတ်ဘုရားကိုသိနေတာ

ခင်ဗျားတို့ သိတာက ပညတ်ဘုရားသိနေတာ (မှန်ပါ)၊ ပညတ်ဗေဓိပင် ရွှေပလ္လင်ပေါ်မှာ ကိုယ်တော်မြတ်ကြီး ဘုရားဖြစ်တယ်၊ သစ္စာလေးပါး သိတယ်၊ ဒီလိုယူထားတယ် (မှန်ပါ)၊

မဟုတ်ပါဘူးတဲ့၊ ဘုန်းကြီးက ပြောတယ်၊ မဟုတ်ပါဘူး တဲ့၊ ဗောဓိပင်နဲ့ ရွှေပလ္လင်ဆိုတာ သူပြုထားတဲ့၊ လှူထားတဲ့ ကုသိုလ်တွေက အကျိုးပေးတဲ့ နေရာ (မှန်ပါ)၊ ကိလေသာ ကုန်တာကတော့ ဒီနေရာမှာ- ဟောဒီ ခန္ဓာကြီး ပွားများလိုက်လို့ ဒီနေရာမှာ သဗ္ဗညုတဉာဏ် ဆိုတဲ့ မြတ်စွာဘုရားဟာ ဒီဝမ်းထဲမှာ ဝေဒနာနဲ့ တဏှာကြားမှာ ပေါ်တာ (မှန်ပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဘယ်မှာပေါ်ပါလိမ့် (ဝေဒနာနဲ့ တဏှာကြားမှာ ပေါ်ပါတယ်)၊ ဒါဖြင့် ဝေဒနာနဲ့ တဏှာကြားမှာ ဘုရားဖြစ်တာ ဗျ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

ဘယ်မှာဘုရားဖြစ်သတုံး

ဘယ်မှာဘုရားဖြစ်သတုံး (ဝေဒနာနဲ့ တဏှာကြား မှာ ဘုရားဖြစ်ပါတယ်)၊ နို့ ခင်ဗျားတို့က ဘယ်မှာ ဘုရားဖြစ်တယ် ပြောသလဲ (ဗောဓိပင်နဲ့ ရွှေပလ္လင်မှာ ဘုရားဖြစ်တယ် ပြောပါတယ်)၊ သွားပြီ၊ သွားပြီ၊ ဗောဓိပင်နဲ့ ရွှေပလ္လင်မှာ ဘုရားဖြစ်တယ်ဆိုကတည်းက သွားပြီ (မှန်ပါ)၊ ဗောဓိပင်နဲ့ ရွှေပလ္လင်မှာ ဘုရားဖြစ်တယ် ဆိုလို့ရှိရင်ဖြင့် ဦးလှတို့က စဉ်းစား ကြည့်တာပေါ့၊ ဉာဏ်ကမှ ကိလေသာ ဖြတ်တာ (မှန်ပါ ဘုရား ဉာဏ်ကမှ ကိလေသာဖြတ်ပါတယ်)။

ဉာဏ်ကမှ ဘာဖြစ်သတုံး (ကိလေသာဖြတ်ပါတယ် ဘုရား)၊ အဲဒီတွင် ဝိပဿနာ ရှုလိုက်လို့ ဘုရား ဖြစ်တာ (မှန်ပါ)။

သူ့ခန္ဓာကြီးကို ဒီဝေဒနာနောက်ကနေပြီး, ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်နောက်ကနေပြီး ခန္ဓာကြီးကို အနိစ္စ ဒုက္ခ၊ အနတ္တနဲ့ ရှုလိုက်တော့ မဂ်လေးတန်ရပြီး သဗ္ဗညုတဉာဏ်၊ ဒီဉာဏ်က ဘုရား ဖြစ်တာဗျ (မှန်ပါ)၊ ရိပ်မိပလား (ရိပ်မိ ပါပြီ)။

ဒါဖြင့် ခန္ဓာငါးပါး ရှုပွားတဲ့ ဉာဏ်ကြောင့် ဘုရားဟူသော နာမပညတ်ရတယ် (မှန်ပါ)၊ နို့မဟုတ် ရပါ့မလား (မရပါဘူး)၊ သဘောပါပလား (ပါပါပြီ)။

အဲဒီတော့ ဒီလိုယူလိုက်၊ ဦးလှလည်း သံသရာစခန်း သတ်ချင်လို့ဘုရား။ အနာဂတ် သံသရာ ပေါ့လေ၊ ၁-၂-၃-၄ နော် (မှန်ပါ)၊ ဦးမာဒင်ကလည်း ဒီဘက်သံသရာကြီး လျှောက်ချင်သေးရဲ့ လား (မလျှောက်ချင်ပါဘူး)၊ နောက်က ဒကာ ဒကာမတွေကော (မလျှောက်ချင်ပါဘူး)။

မလျှောက်ချင်ရင် ခင်ဗျားတို့ ဒီနေရာ လက်ရှိခန္ဓာနောက် ကနေပြီး ဒီဉာဏ်ထိုင်ရမယ် (မှန်ပါ)၊ လက်ရှိခန္ဓာ နောက်က ဒီဉာဏ်သာထိုင်၊ ဒီဘက်က အကုန်ပြတ်ပဲ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

ခန္ဓာငါးပါးနောက်ကဉာဏ်တရားလိုက်ပါ

ဒါဖြင့် ဘာအရေးကြီးသတုံးဆိုတော့ ခန္ဓာငါးပါး၊ သူ့နောက်က ဉာဏ်တရားလိုက်ဖို့ အရေးကြီးတယ် (မှန်ပါ)။

ခန္ဓာငါးပါးနောက်က (ဉာဏ်တရားလိုက်ဖို့ အရေး ကြီးပါတယ်)။

ဉာဏ်တရားလိုက်လို့ရှိရင် ဒကာ ဒကာမတို့၊ ဒီဟာတွေ ဟာ တန်းသာပြထားတယ် ဉာဏ်လိုက်တဲ့ ပုဂ္ဂိုလ်မှာ ပေါ်ခွင့် မရဘူး (မရပါဘူး)။

ဉာဏ်လိုက်တဲ့ ပုဂ္ဂိုလ်မှာ (ပေါ်ခွင့်မရပါဘူး)၊ ပေါ်ခွင့်မရဘူး၊ တဏှာ၊ ဥပါဒါန်၊ ကံဘယ့်နှယ်တုံး (ပြတ် သွားပါတယ်)၊ မပေါ်ရင်နောက်ဘဝ ဇာတိ, ဇရာ, မရဏဆိုတာကော (မရပါဘူး)၊ သူမှ မလာဘဲနဲ့ ဒီဘက်လှည့်ချင်လို့ ရပါ မလား (မလှည့်နိုင်ပါဘူး)၊ – မလှည့်နိုင်ဘူး ဆိုတာကော သေချာပလား (သေချာပါပြီ)။

တို့လုပ်ရမည့်နေရာသိပြီ

ဪ ဒါဖြင့် ဒီနေ့ တို့လုပ်ရမည်နေရာ သိပြီ (မှန်ပါ) ဘာတုံး (လုပ်ရမည့်နေရာသိပြီ)၊ ခန္ဓာ နောက်က ဉာဏ်လိုက်ရင် ရမယ် (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

ဘယ်နောက်ကတုံး (ခန္ဓာနောက်က ဉာဏ်လိုက် ရပါမယ်)၊ ခန္ဓာ နောက်က ဉာဏ်လိုက်ပေး (မှန်ပါ)။

မဂ္ဂင်ငါးပါးဟာဉာဏ်ပဲ

ဒီမှာ ပြထားတယ်၊ ဒါက ခန္ဓာ၊ ဒါက မဂ္ဂင်ဉာဏ် (မှန်ပါ)၊ မဂ္ဂင်ငါးပါးဟာ ဉာဏ်ပဲ (မှန်ပါ)။

ဒါ ဘယ်သူရှုရှု ဒီငါးပါးပေါ် ရမယ်(မှန်ပါ) ခန္ဓာ့ နောက်က ဉာဏ်လိုက်လို့ရှိရင်ဖြင့် အနာဂတ် ဇာတ်သိမ်း၍ အဝိုင်းပြတ်မယ် (ပြတ်ပါတယ်)။

အနာဂတ်ဇာတ်သိမ်း၍ (အဝိုင်းပြတ်ပါမယ်)၊ ပေါ်ပ လား (ပေါ်ပါပြီ)။

အဝိုင်းပြတ်ရင်နိဗ္ဗာန်ရပြီ

အဝိုင်းပြတ်လို့ရှိရင် ခင်ဗျားတို့ ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ။ ဒုက္ခက္ခန္ဓဿ- နောက်လာမည့် ဒုက္ခအစုကြီး၏ နိရောဓော- ချုပ်ခြင်းသည်။ ဟောတိ -ဖြစ်၏ နိဗ္ဗာန်ရပြီ (မှန်ပါ)။

ဒါဖြင့် ဒီနေ့ ဘုရားဖြစ်တဲ့ နေရာသိပလား (သိပါပြီ)၊ ရှင်သာရိပုတ္တရကြီး ဘယ်နေရာမှာ ရဟန္တာ ဖြစ်ပါလိမ့် (ဒီနေရာမှာ ဖြစ်ပါတယ်)၊ ဒီနေရာမှာပဲ။ ခန္ဓာနောက်က ဉာဏ်လိုက်တယ် (မှန်ပါ)၊ ဝေဒနာနဲ့ တဏှာကြားမှာ (မှန်ပါ)၊

ဒီခန္ဓာထဲ ဝေဒနာ၊ ဒီကတဏှာ၊ ဝေဒနာနဲ့ တဏှာကြားမှာ ရှင်သာရိ ပုတ္တရာကြီး ရဟန္တာ ဖြစ်တယ် (မှန်ပါ)၊ ဝေဒနာနဲ့ တဏှာကြားမှာ ဉာဏ်သွင်း လိုက်တယ်၊ တဏှာ မလာတော့ဘူး (မှန်ပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဝေဒနာနဲ့ တဏှာကြားနိဗ္ဗာန်ဝင်ကြတယ်

ဒါဖြင့် ကုဋေရှစ်ဆယ်နဲ့ ဗိုလ်ခြေတစ်သိန်း ကျွတ်တမ်းဝင် သွားကြတယ် (မှန်ပါ)၊ နှစ်ဆယ့်လေး သင်္ချေ။ ကုဋေရှစ်ဆယ်၊ ဗိုလ် ခြေတစ်သိန်း နိဗ္ဗာန် ဝင်သွားကြတယ်၊ ဘယ်နေရာက ဝင်သွား ကြသလဲ (ဒီနေရာမှာပါ ဘုရား)။ ခန္ဓာနောက်က ဉာဏ်ရောက် တယ် (မှန်ပါ)၊ တစ်နည်း- ဝေဒနာနဲ့ တဏှာ ကြားမှာ (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)။

ဝေဒနာနဲ့ တဏှာကြားမှာ မဂ်ဝင်လိုက်တယ်၊ ရှေးဦးစွာ ဝိပဿနာမဂ် ဝင်လိုက်တယ်၊ နောက် လောကုတ္တရာ မဂ်ဝင်လိုက် တယ် (မှန်ပါ)၊ သဘောပါကြပလား (ပါပါပြီ)။

နာရီက စေ့သွားပြီ၊ ကျော်တောင် သွားပြီ ဆရာမြ၊ နောက်မှ အလုပ် ဆက်ဟောရမယ်၊ ခင်ဗျားတို့ကို မတတ်နိုင် တော့ဘူး ကျုပ်လည်း (မှန်ပါ ဘုရား)။

ကဲ ဒါပဲမှတ်ကြဦး။

သာဓု သာဓု သာဓု။