234

ဒီဘဝနိဗ္ဗာန်ရမည့် ပုဂ္ဂိုလ်

(စိတ္တာနုပဿနာရှုနည်း)

အသံဖိုင်ခေါင်းစဉ်= စိတ္တာနုပဿနာသတိပဋ္ဌာန်တရားတော်

စာအုပ်ခေါင်းစဉ်= ဒီဘဝနိဗ္ဗာန်ရမည့် ပုဂ္ဂိုလ် (စိတ္တာနုပဿနာရှုနည်း)

မှတ်ချက်။ ။ စိတ်ကိုမရှုတတ်သေးသည့်ယောဂီများ အထူး လေ့လာသင့်သော တရား ဖြစ်ပါသည်။ ယခုတရား၌ စိတ်အမျိုးအစား စုံလင်အောင် အသေးစိတ် ဟောကြား ထားပါသည်။

အသံမကြည်ပါ။

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး အမရပူရမြို့၌

ဟောကြားတော်မူသော တရားတော်

ဒီဘဝနိဗ္ဗာန်ရမည့် ပုဂ္ဂိုလ်

(စိတ္တာနုပဿနာရှုနည်း)

(၂၆-၃-၅၄)

ဝေဒနာကြိုက်တဲ့ ပုဂ္ဂိုလ်က ဝေဒနာနုပဿနာ သတိပဋ္ဌာန်ကို အားထုတ်ကြ (မှန်ပါ့ ဘုရား)။

ကိုယ်နှစ်သက်တဲ့သတိပဋ္ဌာန်ကိုလုပ်ပါ

ဒီနေ့ဟောမှာက စိတ္တာနုပဿနာ သတိပဋ္ဌာန်၊ စိတ်ကို ဝိပဿနာ ရှုနည်းကို မူတည်ပြောမယ် (မှန်ပါ ဘုရား)။ ကြိုက် နှစ်သက်တဲ့ သတိပဋ္ဌာန်ကို လုပ်ပါ။ ကိုယ့်စရိုက်နဲ့ တော်တာချည့်ပဲ။

ဝိပဿနာသည် စရိုက် မရွေးရဘူး (မှန်လှပါ ဘုရား)။ ရှုခိုင်းတာရှု ကိစ္စပြီးတာပဲ၊ သို့သော် ကိုယ်ရှုလို့ ကောင်းတာက ဝေဒနာရှုလို့ ကောင်းတဲ့ ပုဂ္ဂိုလ်က မရွေ့နဲ့ ဝေဒနာနဲ့ပဲ နိဗ္ဗာန်သွားပါ (မှန်လှပါ ဘုရား)။

စိတ်အရှုကောင်းတဲ့ ပုဂ္ဂိုလ်ကလည်း စိတ်နဲ့ပဲ နိဗ္ဗာန်သွား ကြပါ (မှန်လှပါ ဘုရား)။ ဘုရားကတော့ဖြင့် သတိပဋ္ဌာန် လေးပါးရယ်လို့ ဟောခဲ့တာပဲ။

ရဟန်းတစ်ပါးကလျှောက်တယ်

အဲဒီတော့ သာဝတ္ထိပြည် ဇေတဝန် ကျောင်းတော်၌ ဘုရားသခင် ကိုယ်တော်မြတ်ကြီးကို ရဟန်းတစ်ပါးက လျှောက် တယ်။

၁။ ဓမ္မကထိက၊ ဓမ္မကထိကဆိုတာဘာတုံးဘုရား။

၂။ တရားအတိုင်း ဓမ္မာနုဓမ္မပဋိပန္န ပုဂ္ဂိုလ်ဆိုတာ ဘယ်လို ပုဂ္ဂိုလ်လဲဘုရား။

၃။ ယခုဘဝ နိဗ္ဗာန်ရမယ်ဆိုတဲ့ ပုဂ္ဂိုလ်ဟာလည်း ဘယ်လိုပုဂ္ဂိုလ် လဲဘုရား၊ သုံးချက် မေးလိုက်တယ် (မှန်လှပါ ဘုရား)။

ဘယ်လိုပုဂ္ဂိုလ် အမျိုးအစားသည် ဓမ္မကထိက ခေါ်ပါ သတုံး၊ တစ်နံပါတ်။

နှစ်နံပါတ်က တရားအတိုင်း ဓမ္မာနုဓမ္မာပဋိပန္န – ပုဂ္ဂိုလ် ဆိုတာ (ဝါ) တရားအတိုင်း ကျင့်တဲ့ ပုဂ္ဂိုလ် ဆိုတာ ဘယ်လို ပုဂ္ဂိုလ်ပါလဲဘုရား။

ယခုဘဝ နိဗ္ဗာန်ရမယ်ဆိုတဲ့ ပုဂ္ဂိုလ်ဟာလည်း ဘယ်လို ပုဂ္ဂိုလ်လဲဘုရားဆိုတော့ သုံးချက် မေးတယ် (မှန်လှပါ ဘုရား)။ သုံးချက်မေးတယ် ဒကာ ဒကာမတို့။

ယခုကတည်းကဝမ်းသာထားပါ

သုံးချက် မေးတော့ ဒီအထဲမှာ ဘုန်ကြီးတို့ ဒကာ ဒကာမ တွေ မိမိတို့ အားထုတ် ထားတာ တွေသည် တို့သည် ဒီအထဲ အပါ အဝင် ဖြစ်တယ် ဆိုတာ ယခုကတည်းက ဝမ်းသာထားပါ (မှန်လှပါ ဘုရား)။

ဒီအထဲပါပြီးသား ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ် (မှန်လှပါ ဘုရား)။ ဒါကြောင့် အားရှိအောင်လို့ ပိုသထက် ပိုအောင်လို့ ဝိပဿနာကို လည်း အမျိုးမျိုး ရှုတတ်အောင်လို့ ဒီစကားကို ပြန်ပြီးပြောရတယ် (မှန်လှပါ ဘုရား)။

တစ်နံပါတ်က ဓမ္မကထိက ဆိုတာ ဘယ်လိုဟောတဲ့ ပုဂ္ဂိုလ်ကို ဓမ္မကထိက ခေါ်သလဲ (မှန်ပါ)။ ရဟန်းက လျှောက်တယ် (မှန်လှပါ ဘုရား)။

နှစ်နံပါတ်က တရားအတိုင်းကျင့်တဲ့ပုဂ္ဂိုလ်ဆိုတာ ဘယ်လိုပုဂ္ဂိုလ်လဲ၊ ဓမ္မာနုဓမ္မပဋိပန္နပုဂ္ဂိုလ်။

သုံးနံပါတ်က ယခုဘဝနိဗ္ဗာန်ရမယ့်ပုဂ္ဂိုလ်ဆိုတာ ဘယ် လိုပုဂ္ဂိုလ်လဲ ဆိုပြီး သကာလ သုံးချက် မထင်ရှားသော ရဟန်း က ဘုရားကို မေးသည်တဲ့။

ဘုရားကဖြေတယ်

အဲဒီကဲ့သို့ မေးတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဖြေရသည်

“ဓမ္မကထိကော ဓမ္မကထိကောတိ ဘန္တေ ဝုစ္စတိ ကိတ္တာ ဝတာနုခေါ ဘန္တေ ဓမ္မကထိကော ဟောတီတိ”

ဓမ္မကထိကော – တရားပြောတဲ့ ပုဂ္ဂိုလ်၊ တရားဟောတဲ့ ပုဂ္ဂိုလ်ဟူ၍ ဝုစ္စတိ ဟောတော်မူပါ၏။

ဓမ္မကထိကော – ဓမ္မကထိကသည်၊ ကိတ္တာဝတာနုခေါ- ဘယ်ကဲ့သို့ သဘောရှိသည်၊ ဟောတိ- ဖြစ်ပါသနည်း။ ဒါက ရဟန်းက လျှောက်တယ်။

ဘုရားက ဖြေလိုက်တယ်၊ “ဝိညာဏဿ စေ ဘိက္ခု နိဗ္ဗိဒါယ ဝိရာဂါယ၊ နိရောဓာယ၊ ဓမ္မံ ဒေသေတိ, ဓမ္မကထိကော ဘိက္ခူတိ အလံဝစနာယ။”

ဓမ္မကထိက၏အဓိပ္ပါယ်

ဝိညာဏဿ – စိတ်ကို၊ နိဗ္ဗိဒါယ – ငြီးငွေ့ခြင်းငှာ၊ ဝိရာဂါယ – တဏှာ ကင်းခြင်းငှာ၊ နိရောဓာယ – တဏှာချုပ်ခြင်း အကျိုးငှာ၊ ဓမ္မံ – တရားကို၊ ဒေသေတိ – ဟော၏။ သော – ထိုပုဂ္ဂိုလ်ကို ဓမ္မကထိကောတိ – ဓမ္မကထိကဟူ၍။ ဝုစ္စတိ – ငါဘုရားဆို၏။

ဓမ္မကထိက၏ အဓိပ္ပါယ်က စိတ်ကိုတဲ့ ငြီးငွေ့အောင် ဟောရမယ်၊ ၎င်းစိတ်ကို ဘယ်တော့မှ မလိုချင်အောင် ၎င်းစိတ် ချုပ်အောင်၊ ချုပ်တဲ့ နိဗ္ဗာန် ရောက်အောင် ပေါ့ဗျာ (မှန်လှပါ ဘုရား)။ ဟောနိုင်လို့ ရှိရင်ဖြင့် အဲဒါဟောတဲ့ ပုဂ္ဂိုလ်ကို ဓမ္မကထိ ကလို့ဆိုတယ်၊ ဘုရားက ဖြေလိုက်တယ်နော် (မှန်လှပါ၊ ဘုရား)။

ဒါက ဓမ္မကထိက အကြောင်း ကောင်းကောင်း သိရော (မှန်လှပါ ဘုရား)။ စိတ်တရားကို ဟောတယ် ငြီးငွေ့အောင် ဟောရမယ် (မှန်လှပါ ဘုရား)။ ဒကာ ဒကာမတွေလည်း ငြီး ငွေ့တဲ့စိတ် ပေါ်ရမယ်။ ဒီစိတ် ရှိနေတာ အလကားပါပဲ။ ဖြစ်လိုက် ပျက်လိုက်၊ ဖြစ်လိုက်ပျက်လိုက်နဲ့ အလကား ပါပဲ။

ဓမ္မကထိကရွေးချယ်ခန်း

ဒီစိတ် မရှိမှဘဲ ဖြစ်ပျက် ဇာတ်သိမ်းမှာပဲ၊ ဒီစိတ် ချုပ်ငြိမ်းမှ အေးမှာပဲလို့ ဆရာတွေကဟော၊ ဒကာ ဒကာမတွေက ငြီးငွေ့တဲ့ ဉာဏ်တွေရ။ အဲဒီကဲ့သို့ ဟောနိုင်လို့ ရှိရင်ဖြင့်တဲ့ ဓမ္မကထိက ပုဂ္ဂိုလ်လို့ ငါဘုရားက ဆိုရတယ်ကွ (မှန်လှပါ ဘုရား)။ ဓမ္မကထိက ပုဂ္ဂိုလ်လို့ ဆိုရတယ်တဲ့။ နားလည် ကြပြီလား (နားလည်ပါပြီ ဘုရား)။

ကိုင်း အဲဒါကတော့ ဓမ္မကထိက ရွေးချယ်ခန်းသာ မှတ်စရာ ရှိပါသေးတယ် (မှန်လှပါ ဘုရား)။

တရားအတိုင်းကျင့်တဲ့ပုဂ္ဂိုလ်

ဒုတိယ ဒကာ ဒကာမတွေ သိဖို့ အရေးက ဓမ္မာနုဓမ္မပဋိပ္ပန္နော – တရားအတိုင်း ကျင့်တဲ့ပုဂ္ဂိုလ်၊ တရားအတိုင်း ကျင့်တဲ့ ပုဂ္ဂိုလ် ဆိုတာ ဘယ်လို ပုဂ္ဂိုလ်လဲလို့ မေးတဲ့ အခါကျတော့

“ဝိညာဏဿ စေ ဘိက္ခု နိဗ္ဗိဒါယ ဝိရာဂါယ နိရောဓာယ၊ ပဋိပန္နော ဟောတိ၊ ဓမ္မာနုဓမ္မ ပဋိပန္နော ဘိက္ခူတိ အလံဝစနာယ၊”

ဝိညာဏဿ – စိတ်ကို၊ နိဗ္ဗိဒါယ – ငြီးငွေ့ခြင်းငှာ၊ ဝိရာဂါယ – ၎င်းအပေါ်၌ လိုချင်မှု ကင်းခြင်းငှာ၊ နိရောဓာယ – ၎င်းချုပ်ခြင်း အကျိုးငှာ၊ ပဋိပန္နော – ကျင့်သည်၊ ဟောတိ – ဖြစ်၏။သော – ထိုပုဂ္ဂိုလ်ကို၊ ဓမ္မာနု ဓမ္မပဋိပန္နော – တရားအတိုင်း ကျင့် တဲ့ ပုဂ္ဂိုလ် ဟူ၍၊ ဝုစ္စတိ – ဆိုအပ်၏။

တရားအတိုင်းကျင့်တဲ့ ပုဂ္ဂိုလ်က ဒကာ ဒကာမတွေ အလှည့် ရောက်လာတယ် (မှန်လှပါ ဘုရား)။ ဒကာ ဒကာမတွေ အလှည့် ရောက်လာတယ်။

ဘယ်လို အလှည့် ရောက်လာသတုံး ဆိုတော့ စိတ်တစ်ခု ကို ရှုလို့ ရှိရင် ငြီးငွေ့ရမယ် (မှန်လှပါ ဘုရား)။ လိုချင်မှု ကင်း ရမယ် (မှန်လှပါ ဘုရား)။ ၎င်းစိတ်ချုပ်မှ နိဗ္ဗာန်ပဲဆိုတာ လည်း သိရမယ် (မှန်လှပါ ဘုရား)။

ဓမ္မာနုဓမ္မပဋိပန္နပုဂ္ဂိုလ်

ဤကဲ့သို့ ကျင့်တဲ့ပုဂ္ဂိုလ်မှ တရားကျင့်တဲ့ ပုဂ္ဂိုလ် (ဝါ) ဓမ္မာနုဓမ္မပဋိပန္န ပုဂ္ဂိုလ်လို့ ဘုရားက ဆိုတယ် (မှန်လှပါ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ စိတ္တာနုပဿနာကို ယနေ့ ဟောကြစို့ (မှန်လှပါ ဘုရား)။ စိတ်ကို ဘုရားက ငြီးငွေ့ ခြင်းငှာ၊ တပ်မက် နှစ်သက်ခြင်း ကင်းခြင်းငှာ၊ ၎င်းစိတ် ချုပ်အောင် ကျင့်တဲ့ ပုဂ္ဂိုလ် မှသာလျှင် ဓမ္မာနုဓမ္မပဋိပန္န ပုဂ္ဂိုလ် တရားအတိုင်း ကျင့်တဲ့ ပုဂ္ဂိုလ်လို့ ငါဘုရားက ဆိုတယ် ဆိုတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ စိတ္တာနုပဿနာ သတိပဋ္ဌာန် ကိုပဲ ဒီနေ့ အသေအချာ ဟောရ လိမ့်မယ် (မှန်လှပါ ဘုရား)။

စိတ္တာနုပဿနာသတိပဋ္ဌာန်

သတိပဋ္ဌာန် ပါဠိတော်မှာ ဘယ်လို လာသလဲလို့ ဆိုတော့ “သရာဂံ ဝါ စိတ္တံ သရာဂစိတ္တန္တိ ပဇာနာတိ” “ ဝီတရာဂံ ဝါ စိတ္တံ ဝိတရာဂံ စိတ္တန္တိ ပဇာနာတိ” ဒီလို လာထားတယ် (မှန်ပါ ဘုရား)။

လောဘစိတ် ဖြစ်တာကိုလည်း သိရမယ်ဟေ့၊ လောဘ စိတ်ဖြစ်တာကိုလည်း သိရမယ်ဟေ့ ဒီလို ဟောထားတော့ ဒကာ ဒကာမတို့ ဝိပဿနာ ရှုတာသည် နေရာ မရွေးပါနဲ့လို့ ဘုန်းကြီးက မှာတယ် (မှန်လှပါ ဘုရား)။

နေရာမရွေးပါနဲ့

နေရာ မရွေးပါနဲ့၊ ပစ္စည်းကလေး တစ်ခု လိုချင်တယ် ဒကာ ဒကာမတွေရ၊ လောဘစိတ် ဖြစ်တယ် (မှန်လှပါ ဘုရား)။ ပစ္စည်းတစ်ခု လိုချင်တော့ ဒကာ ဒကာမတွေ ဘာဖြစ်သတုံး (လောဘစိတ် ဖြစ်ပါတယ် ဘုရား)။

အဲဒီ လောဘစိတ်ကလေး ဖြစ်တာကိုလည်း ခင်ဗျားတို့က အင်း လောဘစိတ်ကလေး၊ ဒီစိတ်ကလေး ဖြစ်နေ ပါပေါ့လား လို့ ခင်ဗျားတို့ ဉာဏ်လေးနဲ့ နောက်က သိအောင် လုပ်ပေးပါ (မှန်လှပါ ဘုရား)၊ သိအောင် လုပ်ပေးရမယ်တဲ့။

သရာဂံဝါစိတ္တံ – လောဘနဲ့တကွ ဖြစ်သောစိတ်ကို၊ သရာဂံ စိတ္တန္တိ – လောဘစိတ် ဖြစ်၏ဟု၊ ပဇာနာတိ – သိအောင်လုပ်ပါ။

လောဘစိတ်ဖြစ်လာရင်

အဲဒီတော့ လောဘစိတ် ဖြစ်လာရင် ဒကာ ဒကာမတွေ က နောက်က ဉာဏ်ဘယ်လို လိုက်ရမယ် (သိအောင် လုပ်ရ မှာပါ ဘုရား)။ သိအောင် လုပ်ရမယ်တဲ့၊ ဦးလှဘူးရေ လောဘစိတ် ဖြစ်လာရင် ဘယ်လို လုပ်ရမယ် (သိအောင်လုပ် ရမှာပါ ဘုရား)။

သိအောင် လုပ်ရမယ်တဲ့၊ သိအောင် လုပ်ရမယ် ဆိုတော့ ရှင်းပါတယ် ဒကာ ဒကာမတို့ မိမိ သန္တာန် စားချင်တဲ့ လောဘ စိတ်၊ လိုချင်တဲ့ လောဘစိတ် ကလေး ပေါ်လာတယ်။

အသိလိုက်ပေးပါ

ဒီစိတ်လေး သည်ကားလို့ ဆိုရင် ပေါ်လာပြီဟေ့၊ ပေါ် လာပြီဟလို့ နောက်က ဉာဏ်ကလေးနဲ့ အသိ လိုက်ပေးပါ (မှန်လှပါ ဘုရား)။

ထိုကဲ့သို့ အသိလိုက်ပေးတဲ့ အချိန်မှာ ၎င်းစိတ်ကလေး မရှိဘူး (မရှိပါ ဘုရား)။ မရှိတော့ ၎င်းစိတ်ကလေးသည် ဒကာ ဒကာမတွေ ဖြစ်တာ မသိလိုက် ရဘူးလား (သိရပါတယ် ဘုရား)။

သိလိုက်ရတယ်။ မိမိသန္တာန် ဒီစိတ်ကလေး ဖြစ်သွားသကိုးလို့ မသိလိုက်ရဘူးလား (သိလိုက် ရပါတယ် ဘုရား)။

အပျက်ကလေးသာသိတယ်

အဲ့ဒီ သိတဲ့ အချိန်ကျတော့ ဒကာ ဒကာမတို့ လောဘ စိတ်က ရှိသေးသလား (မရှိပါဘူး ဘုရား)။ မရှိတော့ အပျက် ကလေးသာ သိတယ် (မှန်လှပါ ဘုရား)။ အပျက် ကလေးသာ သိသွားတယ်။

ဒကာ ဒကာမတွေ ကြည့်တဲ့ အချိန်ကျတော့ ၎င်း လောဘ စိတ်ကလေး ရှိသေးသလား (မရှိတော့ပါဘူး ဘုရား)။ မရှိတော့ မရှိတာလည်းသိ၊ ဘယ်သူ မရှိတာတုံးလို့ တွေး လိုက်တဲ့ အခါကျတော့မှ ခုနက ပေါ်နေတဲ့ လောဘစိတ်ကလေး မရှိတော့ဘူးလို့ မသိဘူးလား (သိပါတယ် ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ လောဘစိတ် ကလေးဖြစ် တာကိုလည်း ဒကာ ဒကာမတွေ သိလိုက်ပါ (မှန်လှပါဘု ရား)။ ပျက်သွားလို့ မရှိတာလည်း (သိသွားပါတယ် ဘုရား)။

ဖြစ်ပျက်သိအောင်လုပ်ပါ

အဲဒီကဲ့သို့ ဒကာ ဒကာမတွေ လောဘစိတ် ပေါ်တိုင်း ပေါ်တိုင်း ဖြစ်ပျက် သိအောင်လုပ် (မှန်လှပါ ဘုရား)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

လောဘစိတ် ပေါ်တိုင်း ပေါ်တိုင်း ဘာလုပ်ရမတုံး (ဖြစ်ပျက် သိအောင် လုပ်ရမှာပါ ဘုရား)။ ဖြစ်ပျက် သိအောင်လုပ်ရမယ် (မှန်လှပါ ဘုရား)။ စာက သာမည ဆိုတယ်၊ ဒီက အဓိပ္ပါယ် ရှင်းပြတယ် (မှန်လှပါ ဘုရား)။

စာကသာမည ဆိုတယ်၊ စာက သာမညပဲ ဆိုတယ် “သရာဂံ ဝါ စိတ္တံ သရာဂ စိတ္တန္တိ ပဇာနာတိ” လောဘစိတ် ဖြစ်တယ် ဆိုရင် သိအောင် လုပ်လို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သတိပဋ္ဌာန် ပါဠိတော်မှာ ဟောတော်မူတယ် (မှန်လှပါ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ကလည်း ဒီစိတ်ကလေးပေါ်လာ တယ်၊ ဒီစိတ်ကလေး ပျက်သွားတယ်လို့ ခင်ဗျားတို့ ဉာဏ်ကလေး နဲ့ နောက်က လိုက်တဲ့ အချိန်မှာ ဒီစိတ်ကလေးဟာ ပေါ်ပြီးတာ လည်း မဟုတ်တော့ဘူး (မှန်လှပါ ဘုရား)၊ ပေါ်သွားပြီ (မှန်လှပါ ဘုရား)။

ရှိလည်း မရှိသောကြောင့် ပျက်သွားပြီ (မှန်လှပါ ဘုရား)။ အဲဒီကဲ့သို့ ပေါ်ပြီး ပျက်နှင့်ပြီးမှ ခင်ဗျားတို့၏ ဉာဏ် က ပေါ်လာတယ် (မှန်လှပါ ဘုရား)။ ဉာဏ်က ပေါ်လာ တယ်။

အဖြစ်အပျက်သိတဲ့ဉာဏ်

ဉာဏ်ကပေါ်လာတော့ ဒီဉာဏ်ကလေးသည် ဒကာ ဒကာမတို့၏ အဖြစ်ရော၊ အပျက်ရော သိတဲ့ ဉာဏ်ကလေး ပါလား (မှန်လှပါ ဘုရား)။ မဆိုနိုင်ဘူးလား (ဆိုနိုင် ပါတယ် ဘုရား)။

အဖြစ်ရော၊ အပျက်ရော သိတဲ့ဉာဏ် ကလေးက နောက် က လိုက်လာတယ် (မှန်လှပါ ဘုရား)။ အဲဒီကဲ့ သို့ လိုက်လာတဲ့ အခါကျတော့ အင်း ဒါ ရာဂစိတ်ကလေး၏ ဖြစ်မှု၊ ပျက်မှုကို သိတဲ့ ပုဂ္ဂိုလ်ပဲ၊ လောဘစိတ် ဖြစ်မှု၊ ပျက်မှုကို သိတဲ့ ပုဂ္ဂိုလ်ပဲလို့ မဆိုနိုင် ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ကဲ တစ်ခါစဉ်းစားဦး၊ တစ်ခါစဉ်းစားပါဦး ဒကာ ဒကာမတွေရ အဖိုးတန် သထက် တန်အောင်လို့ (မှန်လှပါ ဘုရား)။

စိတ်ဟူသ၍၊ ရုပ်ဟူသ၍ ဖြစ်ပျက်

၎င်းလောဘစိတ် ကလေးသည် စိတ်ဟူသ၍၊ ရုပ်ဟူသ၍ ဟာ ဖြစ်တာနဲ့ ပျက်တာပဲ ရှိတာပဲ (မှန်ပါ ဘုရား)။ တခြား ဘာရှိသေးသတဲ့ (မရှိပါဘူး ဘုရား)။ အဖြစ် အပျက်ပဲ ရှိတယ် ဒကာ ဒကာမတို့ (မှန်ပါ ဘုရား)။

အဲဒီတော့ အဖြစ်အပျက် ရှိတာကို ကျုပ်တို့က နောက် ဉာဏ်က နေပြီး လိုက်တော့ ဖြစ်ပြီး ပျက်သွားတဲ့ တရားပဲလို့ ကျုပ် တို့က မသိလိုက်ဘူးလား (သိလိုက်ပါတယ် ဘုရား)။

ဒါဖြင့် တရားသဘော အတိုင်းကို ခင်ဗျားတို့က သိတာ ပေါ့ (မှန်လှပါ ဘုရား)။ တရား သဘော ကလည်း ဖြစ်ပြီး ပျက်တဲ့ သဘော (မှန်လှပါ ဘုရား)။ ခင်ဗျားတို့ အသိသဘော ကလေးကကော (ဖြစ်ပြီးပျက်တဲ့ သဘောပါ ဘုရား)။

ဖြစ်ပြီးပျက်တယ်လို့ အသိသဘော ပေါ်တယ် (မှန်ပါ ဘုရား)။ တရားသဘောက ဖြစ်ပြီး ပျက်တဲ့ သဘော (မှန်ပါ ဘုရား)။ ခင်ဗျားတို့ အသိ သဘော ကကော (ဖြစ်ပြီး ပျက်တဲ့ သဘောပါ ဘုရား)။ ဖြစ်ပြီး ပျက်တယ်လို့ သိတဲ့ သဘော၊ ဒီကျအောင်လိုက် (မှန်လှပါ ဘုရား)။

ဒီအတိုင်းမလိုက်နဲ့ (မှန်ပါ ဘုရား)။ ဟိုဟာနဲ့ထပ်နေ မှာပေါ့ (မှန်လှပါ ဘုရား)။ ဟုတ်ပြီလား။ တရား သဘောက ဘာဖြစ်သလဲ (ဖြစ်ပြီးပျက်တဲ့သဘောပါ ဘုရား)။ ဖြစ်ပြီးပျက်တဲ့ သဘောပဲရှိတယ်။ တခြားဘာရှိသေးသတုံး (မရှိပါဘူး ဘုရား)။

အဲဒီတော့ ဒီတရားသဘောကို ခင်ဗျားတို့က ဉာဏ်နဲ့ ကြည့်လိုက်တဲ့ အခါကျတော့ကို လောဘစိတ် ကလေးကို ဉာဏ်နဲ့ ကြည့်တဲ့ အချိန်ကျတော့ ရှိသေးရဲ့ လား (မရှိပါဘူး ဘုရား)။

မရှိတာ သိတဲ့ သဘောလေးက ဘယ်လို သိသတုံး (ဖြစ်ပြီးပျက်သွားပြီလို့ သိတဲ့သဘောပါ ဘုရား)။ ဖြစ်ပြီးပျက်သွား ပေါ့ကိုးလို့ ဖြစ်ပျက် သဘောလေး မသိလိုက်ဘူးလား (သိပါတယ် ဘုရား)။

တရားကိုအမှန်အကန်ကျင့်တဲ့ပုဂ္ဂိုလ်

အဲဒီလို သိအောင် လုပ်တဲ့ ပုဂ္ဂိုလ်မှ တရားသဘော အတိုင်းသိတဲ့ ပုဂ္ဂိုလ် (ဝါ) တရားကို အမှန်အကန် ကျင့်တဲ့ ပုဂ္ဂိုလ် ဆိုပြီး သကာလ ဓမ္မာနုဓမ္မပဋိပန္န ပုဂ္ဂိုလ်လို့ ဘုရားက ဟောလိုက် တယ် (မှန်လှပါ ဘုရား)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဓမ္မာနုဓမ္မပဋိပန္န ပုဂ္ဂိုလ်ဆိုတာ ဒကာ ဒကာမတို့ တရားက ဖြစ်ပြီးပျက်နေရဲ့ သားနဲ့ သူက အဖြစ်ကလေးသာ မြင်တယ် (မှန်လှပါ ဘုရား)။ အပျက်ကို မမြင်ဘူး ဆိုလို့ရှိရင် အဲ့ဒါ တရားအတိုင်း သိတဲ့ ပုဂ္ဂိုလ် မဟုတ်သေးပါဘူး (မှန်လှ ပါ ဘုရား)။

တရားအတိုင်း သိတဲ့ပုဂ္ဂိုလ် မဟုတ်သေး ပါဘူး (မှန်လှပါ ဘုရား)။ ဓမ္မာနုဓမ္မပဋိပန္န ပုဂ္ဂိုလ်ထဲသို့ မဝင်သေးပါ ဘူး (မှန်လှပါ ဘုရား)။ ဒုတိယ အဆက်နော် (မှန်လှပါ ဘုရား)။

ဒုတိယအဆက်၊ ဓမ္မကထိက ရွေးပြီး၊ ဓမ္မာနုဓမ္မပဋိပန္န ပုဂ္ဂိုလ်ကို ရွေးနေတယ် (မှန်လှပါ ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ ၎င်းလောဘစိတ်လေးသည် ဖြစ်ပြီးပျက်တယ်လို့ ဒကာ ဒကာမတွေ ပင်ကို သဘောက လောဘစိတ် ကလေးဟာ ဖြစ်ပျက်ပဲရှိတယ် (မှန်ပါ ဘုရား)။

ခင်ဗျားတို့က သိတာကော (ဖြစ်ပြီးပျက်တဲ့ သဘော၊ ပါ ဘုရား)။ ဖြစ်ပြီးပျက်တဲ့ သဘော ကလေးကို မသိဘူးလား (သိပါတယ် ဘုရား)။

အေး ဖြစ်ပြီးပျက်တယ်ဆိုတဲ့ သိတဲ့သဘော ကလေး မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။ အဲဒါသိတဲ့ သဘောကလေးက ခင်ဗျားတို့ ဉာဏ်သဘော ကလေး (မှန်လှပါ ဘုရား)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဖြစ်ပျက်သိတဲ့ဉာဏ်

ဒါဖြင့် ဖြစ်ပျက်ကို သိတဲ့ ဉာဏ် သဘောလေးက နောက် က လိုက်လာတယ် (မှန်ပါ ဘုရား)။ ဖြစ်ပျက်က ရှေ့ကသွား နှင့်တယ် (မှန်ပါ ဘုရား)။

ဖြစ်ပျက်သိတဲ့ သဘောက (နောက်က လိုက်ပါ တယ် ဘုရား)။ နောက်က လိုက်တယ်၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ နောက်က လိုက်တယ်၊ အဲဒီကဲ့သို့ နောက်က လိုက်တော့ ဒကာ ဒကာမတွေ ဘာသိသလဲ မေးတော့ ခုနက လောဘစိတ်ကလေး ဖြစ်ပျက်တာ သိလိုက်ပါတယ် ဘုရားလို့ ခင်ဗျားတို့ မလျှောက် နိုင်ဘူးလား (လျှောက်နိုင်ပါတယ် ဘုရား)။

ကိုယ်တိုင်ကျင့်လို့တွေ့တာ

အဲဒီကဲ့သို့ လျှောက်နိုင်တာသည် ဒကာ ဒကာမတို့ လောဘစိတ် ကလေး၏ ဖြစ်မှု၊ ပျက်မှုကို ခင်ဗျားတို့ ကိုယ်တိုင် ကျင့်လို့ ကိုယ်ပိုင်တွေ့ (မှန်ပါ)။

ဒကာကြွယ် မနက်ကတည်းက လောဘဖြစ်နေတဲ့ ဥစ္စာ ဉာဏ်ကမအုပ်မိတဲ့ ပုဂ္ဂိုလ်တွေ တစ်ပုံကြီးပေါ့ဗျာ (မှန်လှပါ ဘုရား)။ အဲ့ဒါတွေ ကျတော့ တရားအတိုင်း သိတဲ့ ပုဂ္ဂိုလ်တွေ ဆိုလို့ ရသေးရဲ့လား (မရပါဘူး ဘုရား)။

အဲဒါတော့ ဒီပုဂ္ဂိုလ်က တရား လက်လွတ် နေတဲ့ ပုဂ္ဂိုလ် (မှန်လှပါ ဘုရား)။ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။ တရား လက်လွတ် နေတဲ့ ပုဂ္ဂိုလ်၊ တရားအတိုင်း မကျင့်တဲ့ ပုဂ္ဂိုလ် ဒီအတိုင်း သက်ဝင်သွားပြီ ဆိုတာ ဉာဏ်ရောက် ကြပြီလား (ရောက်ပါပြီ ဘုရား)။

အေး ဒါကြောင့် ဒကာ ဒကာမတွေက တရား အတိုင်း ကျင့်မှသာလျှင်လည်း တရားက ခင်ဗျားတို့ နိဗ္ဗာန်ဆောင် ပို့မှာပေါ့ (မှန်ပါ့ ဘုရား) တရားအတိုင်း မကျင့်လို့ရှိရင် (မပို့ပါ ဘူး ဘုရား)။ နိဗ္ဗာန် ပို့နိုင်တဲ့ စွမ်းရည် သတ္တိ မရှိပါဘူး (မရှိပါ ဘုရား)။

ဒါကြောင့် ဒကာ ဒကာမတို့ လောဘစိတ်ကလေးဖြစ် လာတယ်၊ ဒကာ ဒကာမတွေက နောက်က အသိကလေး လိုက်ပေး၊ အသိကလေး လိုက်ပေး၊ လောဘ စိတ်ကလေး ခင်ဗျားတို့ အသိကလေး လိုက်ပေးတဲ့ အချိန် လောဘစိတ် ကလေး ဘယ်နှယ့် နေသတုံး (ပျက်သွားပါတယ် ဘုရား)။

ဟဒယဝတ္ထုပေါ်မှာဖြစ်တယ်၊ ပျက်တယ်

ဖြစ်ပြီးပျက်သွားပြီ (မှန်လှပါ ဘုရား)။ ဪ ခန္ဓာကိုယ်ထဲမှာ ဟဒယဝတ္ထု ပေါ်မှာပဲဖြစ်တယ်၊ ဟဒယဝတ္ထု ပေါ်မှာပဲ ပျက်သွား ပြီးသွား ပါပေါ့လားလို့ နောက်ဉာဏ်က သိပေး လိုက်တာပေါ့ (မှန်လှပါ ဘုရား)။

မကြံဘဲနဲ့ သိပါ့မလား (မသိပါ ဘုရား)။ အေး မကြံဘဲနဲ့ မသိဘူး၊ ဟုတ်လား၊ ကြံလို့သိတယ် (မှန်လှပါ ဘုရား)။

ကြံတာဝိတက်၊ သိတာ ပညာ၊ အဲ့ဒါကြောင့် သမ္မာ သင်္ကပ္ပဆိုတဲ့ ဝိတက်နဲ့ သမ္မာဒိဋ္ဌိဆိုတဲ့ ပညာ သေသေချာချာ ဒုတိယသိလာတဲ့ အခါ သူတို့နှစ်ခု ခေါင်းဆောင်ပြီ၊ ခေါင်းဆောင် တရားနှစ်ခု ခန္ဓာကိုယ်ထဲ ရောက်လာပြီ ဆိုတာ အသေအချာ မှတ် (မှန်လှပါ ဘုရား)။

ပညာမဂ္ဂင်ခေါင်းဆောင်လာတယ်

မဂ္ဂင်ခေါင်းဆောင် (မှန်ပါ ဘုရား)။ မဂ္ဂင်နှစ်ခုပေါင်း ဆောင်ရောက် လာပြီ (မှန်လှပါ ဘုရား)။ ခေါင်းဆောင် ရောက်လာလို့ ရှိရင်ဖြင့် ပညာမဂ္ဂင် ခေါင်းဆောင် လာတဲ့အတွက် သီလမဂ္ဂင်၊ သမာဓိမဂ္ဂင် နောက်လိုက် အကုန်ပါတယ် (မှန်လှပါ ဘုရား)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

အကုန်ပါလာပြီ၊ အကုန်ပါလာပြီ။ ဒါကြောင့် ဒကာ ဒကာမတို့ ဘုရားသခင် ကိုယ်တော် မြတ်ကြီးကလည်း “သရာဂံဝါ စိတ္တံ သရာဂစိတ္တန္တိ ပဇာနာတိ” မင်းတို့ သန္တာန် လောဘစိတ်ဖြစ် တယ် ဆိုရင် လောဘစိတ်ကို သိအောင် လုပ်ပေါ့၊ သိကြပြီလား (သိပါပြီ ဘုရား)။

ဖြစ်ပြီးပျက်တယ်လို့ မသိဘူးလား (သိပါတယ် ဘုရား)။ အဲဒီကဲ့သို့ ဒကာဒကာမတွေက သိပြီး နေလို့ ရှိရင်ဖြင့် အင်း တစ်နံပါတ် ပိုင်ပြီ (မှန်လှပါ ဘုရား)။

တရားအတိုင်းကျင့်ပြီ

တရားအတိုင်းကျင့်ပြီ (မှန်လှပါ ဘုရား)။ တရားက ဖြစ်ပျက်၊ ခင်ဗျားတို့ သိတာကလည်း ဖြစ်ပျက်သိ ဆိုတော့ တရားဖြစ်စဉ်နဲ့ နောက်ကသိစဉ်နဲ့ တစ်ထပ်တည်း မသွားဘူးလား (သွားပါတယ် ဘုရား)။

တရားကဘယ်လိုတုံး (ဖြစ်ပြီးပျက်ပါတယ် ဘုရား) တရားကလည်း ဖြစ်ပျက်၊ အသိကကော (ဖြစ်ပျက်ပါ ဘုရား)၊ ဖြစ်ပျက်ကိုပဲသိ (မှန်လှပါ ဘုရား)၊ ဒီလိုသွား၊ အသိက ဘယ်လို သိသတုံး (ဖြစ်ပျက် ကိုပဲ သိပါတယ် ဘုရား)။

ဖြစ်ပျက်ကိုပဲ သိပါတယ်၊ အဲဒီတော့ တရားအတိုင်းသိ တာပေါ့ (မှန်လှပါ ဘုရား)။ အဲဒါမှ ဓမ္မာနုဓမ္မ ပဋိပန္န တရား အားလျော်စွာ သိတာတဲ့ (မှန်လှပါ ဘုရား)။

သူ့အသိက သာမည အသိ မဟုတ်ဘူး၊ မတရား အသိ မဟုတ်ဘူးတဲ့ (မှန်လှပါ ဘုရား)။ တရားအသိ (မှန်လှပါ ဘုရား)။ တရားက ဖြစ်ပျက်လို့ ပြောတော့ သူကလည်း ဖြစ်ပျက် လို့သိတယ် (မှန်လှပါ ဘုရား)။

အဲ့ဒါကြောင့် ဓမ္မာနုဓမ္မပဋိပန္န အသိ ဆိုတော့ ဒီအသိကျ တော့မှ ခင်ဗျားတို့ မဂ်သိ ဖြစ်လာတယ် (မှန်လှပါ ဘုရား)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

အလွန်အဖိုးတန်တဲ့အသိ

မဂ်သိ၊ မဂ်သိ ဒကာ ဒကာမတို့၊ အလွန် အဖိုးတန်တဲ့ အသိ၊ သာမညအသိလို့ မအောက်မေ့ လိုက်ပါနဲ့ ထူးထူးခြားခြား သိတဲ့ အသိပါ (မှန်လှပါ ဘုရား)။ ထူးထူးခြားခြား သိတဲ့ အသိ ပါ။ ခင်ဗျားတို့ ပစ္စက္ခ မျက်မှောက်မှာ သိတဲ့အသိပါ (မှန်လှပါ ဘုရား)။

သူများ အပြောသိ မဟုတ်ပါဘူး၊ ကိုယ့်အကြံနဲ့ ကိုယ့် ဉာဏ်နဲ့ သိတာပါ (မှန်လှပါ ဘုရား)။ ကိုယ့်အကြံ ဆိုတာ သမ္မာသင်္ကပ္ပ (မှန်လှပါ ဘုရား)။ ကိုယ့်ဉာဏ် ဆိုတာ သမ္မာဒိဋ္ဌိ (မှန်လှပါ ဘုရား)။

အဲ ကိုယ့်အကြံ ကိုယ်ဉာဏ်နဲ့ သိသောကြောင့် သူ များအပြော သိလား၊ ကိုယ်တိုင် သိလား (ကိုယ်တိုင် သိပါ ဘုရား)။ ကိုယ်တိုင်သိ လာဖြစ်တယ် (မှန်ပါ ဘုရား)။

အဲဒီလို ကိုယ်တိုင်သိ ဖြစ်လာတော့မှ ဪ ဖြစ် တဲ့ တရားကလည်း ဖြစ်ပြီးပျက်တာ၊ သိတဲ့ ဉာဏ်ကလည်း ဖြစ်ပျက်ကိုပဲ သိတော့ ဪ တရားအတိုင်း ကျင့်ကြံလို့သိ တာကိုးလို့ ဓမ္မာနု-ဓမ္မ ပဋိ ပန္န- ပုဂ္ဂိုလ်ထဲ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဝင်သွားတာပေါ့ဗျ (မှန်လှပါ ဘုရား)။

ဟုတ်ပြီလား (မှန်ပါ ဘုရား)။ ဓမ္မာနုဓမ္မ ပဋိပန္န ပုဂ္ဂိုလ်ထဲ ဝင်သွားပြီ (မှန်လှပါ ဘုရား)။ အဲဒီတော့ “ဣမာယ ဓမ္မာနုဓမ္မပဋိပတ္တိယာ” ဆိုတာ သိပ်ကိုက်တယ် (မှန်လှပါ ဘုရား)။

တရားနဲ့လျော်သောသိသောအကျင့်

ဣမာယ ဓမ္မာနု ဓမ္မပဋိပတ္တိယာ၊ ဤတရားနဲ့လျော် သော၊ သိသော အကျင့်ဖြင့်၊ ဟုတ်လား၊ တရားနဲ့ လျော်တဲ့ သိတဲ့ အကျင့် (မှန်ပါ ဘုရား)။

မတရားတဲ့ အကျင့်လား (မဟုတ်ပါဘူး ဘုရား)။ တရားတဲ့ အကျင့် (မှန်လှပါ ဘုရား)။ အဲ့ဒါ အသေအချာ မှတ် ပါ (မှန်လှပါ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒါက သရာဂစိတ် ဆိုတဲ့ လောဘစိတ် ကလေးသိတာ (မှန်ပါ ဘုရား)။ ဘုရားက ဒါတင်မဟောဘူး “ဝိတရာဂ စိတ္တံ၊ ဝိတရာဂ စိတ္တန္တိ ပဇာနာတိ” လောဘစိတ် မဖြစ်တာ ကိုလည်း မဖြစ်တာလို့ သိရမယ် (မှန်ပါ ဘုရား)။

လောဘစိတ်ချုပ်ပျောက်သွားပြီ

အဲဒီတော့ ဒကာ ဒကာမတွေ လောဘစိတ် မဖြစ်တာကို လည်း မဖြစ်တာလို့ သိရမယ် ဆိုသဖြင့် လောဘ စိတ်ကလေး မလာတော့ဘူး ကိုယ့်သန္တာန်မှာ (မလာပါ ဘုရား)။ လောဘ စိတ်မလာ တော့ဘူး ဆိုတော့ ဒကာ ဒကာမတွေ ထဲမှာ ဘာရှိနေ သတုံး၊ လောဘစိတ်ဖြင့် ချုပ်ပျက် သွားပြီ၊ ဟုတ်လား၊ လောဘ စိတ်ဖြင့် ချုပ်ပျက် သွားပြီ ဆိုတော့ ဒကာ ဒကာမတွေက သွားချင် တဲ့ စိတ်ကလေး၊ ထိုင်ချင်တဲ့ စိတ်ကလေး၊ လှဲချင်တဲ့ စိတ်ကလေး တော့ မပေါ်ပေဘူးလား (ပေါ်ပါတယ် ဘုရား)။

အဲဒီကျလာတဲ့အခါကျတော့ ရိုးရိုးသွား၊ ရိုးရိုးထိုင် ဟုတ် လား၊ အဲဒီကဲ့သို့ စိတ်တစ်မျိုး ပေါ်လာ တော့တယ်၊ အင်း ဒီဟာ ကတော့ ဖြစ်ပြီး ပျက်တာပဲ၊ သွားတဲ့ စိတ်ကလေး ဟာလည်း၊ သွား ချင်တဲ့ စိတ်ကလေး ဟာလည်း ဖြစ်ပြီး ပျက်တာပဲ (မှန်ပါ ဘုရား)။

ဖြစ်ပြီးပျက်တာပဲလို့ သိတော့၊ ဒီလို အသိကျပြန်တော့ ခုန က လောဘစိတ် သိတာလား၊ လောဘ မပါတဲ့စိတ် သိတာလား (လောဘ မပါတဲ့ စိတ်သိတာပါ ဘုရား)။

လောဘကင်းတဲ့စိတ်

အဲဒါကျတော့ လောဘကင်းတဲ့ စိတ်ကို သိပြန်ပြီ (မှန်လှပါ ဘုရား)။ ဟုတ်ပြီလား၊ လောဘကင်းတဲ့ စိတ်သိပြန်ပြီ၊ ဒီလိုမှ မရှာချင်လို့ ရှိရင်လည်း ကိုယ့်သန္တာန်မှာ ရှူတဲ့စိတ်၊ ရှိုက်တဲ့စိတ်ကို ရှုတာပေါ့။

ရှူတဲ့စိတ်၊ ရှိုက်တဲ့စိတ် ကလေးကလည်း ဖြစ်ပြီး ပျက်မနေ ဘူးလား (ပျက်နေပါတယ် ဘုရား)။ အဲဒါလေးဟာ လောဘ ပါသေးသလား (မပါပါဘူး ဘုရား)။

မပါတော့၊ အဲဒီစိတ်ကလေးဟာ၊ အဲဒီစိတ်ကလေးပြန် ကြည့်လိုက်တဲ့အခါကျတော့ ဒါလေး ကလည်း လောဘ စိတ်ကလေး မပါတာ ဖြစ်ပျက် နေတာကိုးလို့ မသိပေဘူးလား (သိပါတယ် ဘုရား)။

အဲဒီလို ခင်ဗျားတို့ ရှုပေးနိုင်ပြန်လို့ ရှိရင်လည်း လောဘ ကင်းတဲ့ စိတ်ကလေး ဖြစ်ပြီလို့ မသိဘူးလား (သိပါတယ် ဘုရား)။ အေး ရှူစိတ်ကလေး ရှိုက်နေတာကိုးဗျ (မှန်ပါ ဘုရား)။

ရှူတဲ့စိတ်ရှိုက်တဲ့စိတ်

ရှူစိတ်ကလေး ရှိုက်နေတော့၊ ရှူတဲ့စိတ်ကလေး ရှိုက်တဲ့ စိတ်ကလေး သူတို့သည်ကား လို့ဆိုရင်ဖြင့် ဒကာ ဒကာမတွေ ဖြစ်ပြီး ပျက်နေတာပဲ (မှန်ပါ ဘုရား)။ အဲ့ဒါကော မသိရ ပေဘူးလား (သိရပါတယ် ဘုရား)။

သိရတဲ့အခါကျတော့ အကြံကောင်း ဉာဏ်ကောင်းနဲ့ သွားကြည့် လိုက်တာပေါ့ (မှန်လှပါ ဘုရား)။ ကြည့်လိုက်တဲ့ အခါကျတော့ အဲ့ဒီကြည့်တဲ့ စိတ်ကလေးဟာ လောဘစိတ်လား၊ လောဘ ကင်းတဲ့ စိတ်လား (လောဘ ကင်းတဲ့စိတ်ပါ ဘုရား)။

အေး မတတ်သာလို့၊ ရှိုက်နေရတာကို (မှန်လှပါ ဘုရား)။ မတတ်သာလို့ ရှူရှိုက် နေရတော့ လောဘ ကင်းတဲ့ စိတ်ကလေးသည် လောဘ ကင်းတဲ့ စိတ်ကလေး ဖြစ်ပြီး ချုပ်ပြီလို့ကော မသိဘူးလား (သိပါတယ် ဘုရား)။

အေး အဲဒီကဲ့သို့ ခင်ဗျားတို့ သိပြန်တော့လည်း ဒကာ ဒကာမတို့ ဒီအသိက လောဘစိတ် ကင်းတဲ့ အသိ၊ လောဘကင်းတဲ့ စိတ်ကလည်း ဘယ်သဘော ရှိပြန်သတုံး ဆိုတော့၊ ဖြစ်ပျက်ပဲ ရှိတာပဲ၊ ဟုတ်ပြီလား (မှန်လှပါ ဘုရား)။

ဖြစ်ပျက်ပဲရှိတယ်လို့သိတယ်

ရှူတဲ့ ရှိုက်တဲ့ စိတ်ကလေးကလည်း ဘယ်သဘောသတ္တိ ရှိ သတုံး (ဖြစ်ပျက်ပဲ ရှိပါတယ် ဘုရား)။ ဖြစ်ပျက်ပဲ ရှိတော့၊ ဖြစ် ပျက် သိပြန်တော့လည်း၊ သိတဲ့ဉာဏ် ကလည်း ဖြစ်ပျက်မိပြန် တော့လည်း ရှူတဲ့ရှိုက်တဲ့ စိတ်ကလေးသည် ဖြစ်ပျက်ပဲ ရှိတယ်လို့ နောက်ဉာဏ်က မသိရပေဘူးလား (သိရပါတယ် ဘုရား)။

ထိုကဲ့သို့ သိတဲ့ အခါကျတော့၊ အင်း ရာဂကင်းတဲ့စိတ် လည်း ကျုပ်တို့ သိပြန်ပြီ (မှန်လှပါ ဘုရား)။ ဖြစ်ပျက် သိပြန်ပြီ (မှန်လှပါ ဘုရား)။

အဲဒီကဲ့သို့ ဖြစ်ပျက် သိပြန်တော့လည်း ဒကာ ဒကာမ တွေသည် ခုနက လောဘစိတ် ဖြစ်ပျက် သိတာလား၊ လောဘမပါ တဲ့စိတ် ဖြစ်ပျက် သိတာလား (လောဘ မပါတဲ့စိတ် ဖြစ်ပျက် သိတာပါ ဘုရား)။

အဲ့ဒါကတော့ ရာဂကင်းတဲ့ စိတ်ကိုလည်း ဖြစ်ပျက်ရယ် လို့ သိအောင် လုပ်လို့ ဆိုလို့ ခင်ဗျားတို့က သိအောင် လုပ်ကြ ပြန်တယ် (မှန်လှပါ ဘုရား)။

ဖြစ်ပျက်လို့ သိအောင် လုပ်တော့ ခင်ဗျားတို့သည် တရား အတိုင်း ကျင့်တဲ့ ပုဂ္ဂိုလ်ထဲ မပါဘူးလား (ပါပါတယ် ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။ ဒါက လောဘကင်းတဲ့စိတ်နော် (မှန်လှပါ ဘုရား)။

ဉာဏ်သွင်းလိုက်ရင်ကျေးဇူးများတယ်

ဒါတင်မကသေးပါဘူး ခင်ဗျားတို့ ဉာဏ်သွင်း လိုက်ပါဦး (မှန်လှပါ ဘုရား)။ ကျေးဇူး များစရာ တွေ အများကြီး ရှိပါသေး တယ် (မှန်လှပါ ဘုရား)။

ဘုရားရှိခိုးနေတယ် ဒကာ ဒကာမတို့၊ ကိုယ့်ဟာကိုယ် ဘုရား ရှိခိုးနေတယ်၊ ဘုရားရှိခိုး နေတဲ့ စိတ်ကလေး ဟာလည်း လောဘ ပါသေးသလား (မပါပါဘူး ဘုရား)။

မပါတော့ “သြကာသ” ဆိုတဲ့ စိတ်ကလေးဟာ လည်း “သြကာသ” ဆိုပြီး ချုပ်သွား တာပဲလို့ နောက်က အသိလိုက် ပါ (မှန်လှပါ ဘုရား)။ “သြကာသ” ဆိုတဲ့ စိတ်ကလေး ဟာ “သြကာသ” ဆိုပြီးတော့ ဒကာ ဒကာမတို့ နောက်ထပ် ဒုတိယ “သြကာသ” ဆိုနိုင်သေးရဲ့ လား (မဆိုနိုင်ပါဘူး ဘုရား)။

မဆိုနိုင်တော့ ပထမ “သြကာသ”လို့ ဆိုပြီး ရှိခိုးတဲ့ စိတ်က လေးကကော ရှိသေးရဲ့ လား (မရှိတော့ပါ ဘုရား)။ အဲ့ဒါ နေက်က ဉာဏ်နဲ့ သိပေးပါ့လား (မှန်လှပါ ဘုရား)။

နောက်ကဉာဏ်နဲ့သိပေးပါ

နောက်ကဉာဏ်နဲ့ သိပေးလိုက်တဲ့ အခါကျတော့ ပထမ “သြကာသ”ဆိုတဲ့ စိတ်ကလေး ဖြစ်ပျက် သွားတာကို နောက် ဉာဏ်က သိလိုက်တော့ ဖြစ်ပျက်သိတဲ့ အသိကိုပဲ ပြန်မရောက် ဘူးလား (ရောက်ပါတယ် ဘုရား)။

အေး ဖြစ်ပျက်သိတဲ့ အသိကိုပဲ ပြန်ရောက်တယ်၊ အဲဒီစိတ်ကတော့ စဉ်းစားစမ်း ရာဂ ပါသေး သလား (မပါပါဘူး ဘုရား)။ ဘုရားရှိခိုးတဲ့ စိတ်ကို ဖြစ်ပျက် သဘောထားပြီး ရှုလိုက် တာပဲ (မှန်ပါ ဘုရား)။ ဟုတ်ဘူးလား (မှန်ပါ ဘုရား)။

အဲဒီတော့ လောဘပါသေးသလား (မပါပါဘူး ဘုရား)။ ဪ ဒီလောဘ မပါတဲ့ စိတ်ကလေး လည်း၊ ကုသိုလ်စိတ် ကလေးလည်း ဖြစ်ပြီး ချုပ်တာကိုး လို့ ဒကာ ဒကာမတွေက သိပေး လိုက်စမ်းပါ (မှန်လှပါ ဘုရား)။ ဟုတ်ပြီလား (မှန်လှပါ ဘုရား)။

ဘုရားရှိခိုးတဲ့စိတ်

ထို့အတူ ဘုရားရှိခိုးတဲ့စိတ်၊ ဆွမ်းလောင်းတဲ့စိတ်ကလေး ကော လောဘပါသေးသလား (မပါပါဘူး ဘုရား)။ ဒါဖြင့် လောဘကင်းတဲ့စိတ်၊ ဘာစိတ်လို့ဆိုကြမတုံး (လောဘကင်း တဲ့စိတ်ပါ ဘုရား)။

အဲဒါလေး ဒီအတိုင်းပစ်ထားရမှာလား (မဟုတ်ပါ ဘူး ဘုရား)။ နောက်ဉာဏ်နဲ့ ကြည့်ပေး ရမယ်၊ နောက်ဉာဏ်နဲ့ ကြည့်ပေးတဲ့ အခါကျတော့ကို ဒကာ ဒကာမတို့ ဒါက လောဘ ကင်းတဲ့စိတ် ကြည့်တာ (မှန်လှပါ ဘုရား)။ ရှင်းပြီးလား ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

လောဘ ကင်းတဲ့စိတ်၊ ဒါကြောင့် ခင်ဗျားတို့က ဆွမ်း လောင်းပြီး ပြီးတာပဲ ဒီလို အောက်မေ့ပြီး နေတော့ လောင်းရုံလေး လောင်းတာ ခင်ဗျားတို့ဟာက ဖြစ်ပျက်က နောက်က မလိုက် (မလိုက်ပါ ဘုရား)။

အဲဒီတော့ ဒီက ရှေ့လိုက်ကြစမ်းပါဦး (မှန်လှပါ ဘုရား)။ ဟဒယ ဝတ္ထုပေါ် လောင်းချင်တဲ့ စိတ်ကလေး ကလည်း လောင်းပြီးတော့ ဘာဖြစ်သတုံး (လောင်းပြီးတော့ ပျက်ပါ တယ် ဘုရား)။

ဖြစ်ပြီးပျက်တဲ့တရား

သူသည်ကားလို့ဆိုရင်ဖြင့် ဖြစ်ပြီးပျက်တဲ့တရားလေးပါ လားလို့ ဉာဏ်နဲ့ နောက်ကလိုက်ပေး (မှန်လှပါ ဘုရား)။ နောက်တစ်ခါ လောင်းပြန်ရင်ကော လောင်းတဲ့ စိတ်ကလေး မပျက်ဘူးလား (ပျက်ပါတယ် ဘုရား)။ အဲ့ဒါ ဘာလုပ်ရမတုံး (ဖြစ်ပျက်ရှုရမှာပါ ဘုရား)။

ဖြစ်ပြီးပျက်သွားပါပေါ့လားလို့ နောက်က ဉာဏ်နဲ့လိုက်၊ ဟုတ်ပြီလား (မှန်လှပါ ဘုရား)။ အဲ့ဒါသည် လောဘပါသေး သလား၊ မပါဘူးလား (မပါပါဘူး ဘုရား)။ အဲ့ဒါ လောဘ ကင်းတဲ့စိတ် ဖြစ်ပျက်ကို မြင် ပြန်တယ် (မှန်လှပါ ဘုရား)။ ရှင်း ပြီလား (ရှင်းပါပြီ ဘုရား)။

ကုသိုလ်စိတ်တွေဖြစ်ပျက်ရှု

ဒါဖြင့် လောဘစိတ် ဖြစ်လည်း ဖြစ်ပျက် မြင်အောင်လုပ် (မှန်လှပါ ဘုရား)။ လောဘစိတ် မှတစ်ပါးသော ကုသိုလ်စိတ် တွေဖြစ်ပြန်ရင်ကော (ဖြစ်ပျက်မြင်အောင် လုပ်ရမှာပါ ဘုရား)။

ခင်ဗျားတို့က ကုသိုလ်လုပ်တယ် ဆိုရင်ဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေက အင်း ကုသိုလ် ကလေး ဖြစ်လို့ ဝမ်းသာနေတာက များတယ် (များပါတယ် ဘုရား)။ ကုသိုလ်ကလေး ပျက်သွား တယ်လို့ ဉာဏ်က မလိုက်ဘူး (မလိုက်ပါဘူး ဘုရား)။

ဉာဏ်က မလိုက်တော့ ခင်ဗျားတို့ ဝိပဿနာဉာဏ် ဆိုလို့ ရသေးရဲ့လား (မရပါဘူး ဘုရား)။ ကုသိုလ် စိတ်ကလေးဖြစ် လို့၊ ကုသိုလ်ကလေး လုပ်ရလို့ ကျုပ်ဖြင့် ဝမ်းသာ လိုက်တာ၊ ဝမ်းသာ လိုက်တာ၊ ခင်ဗျားတို့ ကုသိုလ် စိတ်ကလေး ရှိသေးရဲ့ လား (မရှိပါဘူး ဘုရား)။

အလကား ရမ်းပြီး ဝမ်းသာ နေတာ (မှန်လှပါ ဘုရား)။ ဟို ကုသိုလ် လုပ်တဲ့ စိတ်ကလေးက ကုသိုလ် လုပ်တဲ့ အချိန်ကလေး ကိုကဖြစ်ပြီး ပျက်သွားပြီ (မှန်လှပါ ဘုရား)။

အဲဒါလေး လျှောက်ပြီး ဝမ်းသာနေတာနဲ့ အဲဒါဝမ်းသာနေ တာ မကောင်းဘူးလို့ ဘုန်းကြီးက မဆိုဘူး (မှန်လှပါ ဘုရား)။ မကောင်းဘူးလို့ ဆိုပြီး ရမ်းမလိုက်ပါနဲ့ (မှန်ပါ ဘုရား)။

ဝမ်းသာအားထက်ကျေးဇူးများတာရှိတယ်

မကောင်းဘူးလို့ ဆိုသည်ဖြစ်စေ၊ မဆိုသည် ဖြစ်စေ၊ ဒါဝမ်း သာတယ် (မှန်ပါ ဘုရား)။ သို့သော် ဝမ်းသာတာထက် ကျေးဇူးများတာက ရှိနေတယ် (မှန်ပါ ဘုရား)။ ဝမ်းသာတာထက် ကျေးဇူးများ တာ ရှိတယ် (မှန်လှပါ ဘုရား)။

ဘယ်လို ကျေးဇူးများသတုံး ဆိုတော့ ကုသိုလ်စိတ်က လေးဟာ ဖြစ်ပြီး ချုပ်တာပဲလို့ နောက်က မဂ်ဉာဏ် လိုက်ပေးတာ က သာကောင်းတယ် (မှန်လှပါ ဘုရား)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

နောက်က ဝမ်းသာ နေတာကတော့ ကုသိုလ် ထပ်ပွား တာပဲ ရှိတာပဲ (မှန်လှပါ ဘုရား)။ ကုသိုလ် ထပ်ပွားတာပဲ ရှိတယ်။ ခုနက ကံတွေပြတ်နိုင်တဲ့ သဘော မဂ်ဉာဏ် လာရဲ့လား (မလာပါဘူး ဘုရား)။

နောက်ကဉာဏ်လိုက်ပါ

ကုသိုလ်တွေ ဆက်ပြီး သကာလ၊ အကျိုးပေးတွေ ဆက် သွားမှာပဲ (မှန်လှပါ ဘုရား)။ အဲဒါကြောင့် ဒကာ ဒကာမတို့ ယခုပြောလာတဲ့ စကားဟာ ခင်ဗျားတို့ ဝမ်းသာနေတာထက် ဖြစ် ပျက်ကို ရှုပြီတော့ နောက်က ဉာဏ်လိုက်တာက ကောင်း၏။ (မှန်လှပါ ဘုရား)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဝမ်းသာတာက ကုသိုလ်ပွား နေတာပဲ ဆိုတော့ ခင်ဗျားတို့ ပြောရိုးထုံးစံ အတိုင်း အရင် ကုသိုလ်စိတ်ဖြစ်ပြီး နောက်ဝမ်းသာတဲ့ စိတ်ပေါ်ပြန်တာပဲ (မှန်လှပါ ဘုရား)။ ဝမ်းသာ နေရုံနဲ့လည်း ခင်ဗျားတို့ မဂ်ဉာဏ် မရသေးဘူး (မှန်ပါ ဘုရား)။

ရပါ့မလား (မရပါဘူး ဘုရား)။ ဝမ်းသာတဲ့ စိတ်ကိုးဗျ (မှန်လှပါ ဘုရား)။ ခင်ဗျားတို့ ရှေးထုံး အတိုင်း ဆိုလို့ ရှိရင်ဖြင့် အမြဲ ဝမ်းမြောက် နေမှာပဲ စာဂါနုဿတိ ဖြစ်နေမှာပဲ (မှန်ပါ ဘုရား)။

စာဂါနုဿတိဆိုတာ ဝမ်းသာတာ၊ ကုသိုလ်တော့ ကုသိုလ်ပဲ (မှန်ပါ ဘုရား)။ သို့သော် သမထကြီး (မှန်လှ ပါ ဘုရား)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ကောင်းတော့ကောင်းပါတယ်၊ အကောင်းကြီး မဟုတ်ဘူး

သမထပါတဲ့ ဥစ္စာ (မှန်ပါ ဘုရား)။ အဲ့ဒါခင်ဗျားတို့ ကလည်း ဉာဏ်ကတုံးပြီး သကာလ နေတော့ ကိုယ့်ကုသိုလ် ကလေး ကိုယ်ပြန်အောက်မေ့ နေရလို့ ရှိရင်ပဲ ခင်ဗျားတို့ကလည်း အင်မတန်မှ အင်း ထူးပြီဟေ့၊ ဒါလေးတော့ မမေ့ဘူး၊ ဒါလေးပဲ အားကိုး ရမှာပဲ ဆိုပြီး သကာလ ခင်ဗျားတို့ ကလည်း ဒါလေးပဲ ထပ်ပြန်တလဲလဲ အောက်မေ့နေတယ် (မှန်လှပါ ဘုရား)။

သို့သော် ကောင်းပါတယ်၊ ကောင်းတော့ ကောင်းပါ တယ်၊ အကောင်းကြီး မဟုတ်ဘူး (မှန်လှပါ ဘုရား)။ အကောင်းကြီး ပေးနေတဲ့ ဘုန်းကြီး ဖြစ်နေတော့ အဲဒါ လျှော့ဈေးထားပါ။ (မှန်လှပါ ဘုရား)။

ကုသိုလ်စိတ် ကလေးဟာ ဖြစ်ပြီး ပျက်တယ်လို့ နောက်က ဉာဏ်လိုက်လိုက် (မှန်လှပါ ဘုရား)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။ အောက်မေ့ နေတာက သမထ (မှန်လှပါ ဘုရား)။ ဖြစ်ပျက်ကို ရှုနေတာက ဝိပဿနာ မဂ်ဉာဏ် (မှန်လှပါ ဘုရား)။ မကွာဘူးလား (ကွာပါတယ် ဘုရား)။

အေး ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီး က ဟောတာကလည်း “ဝိတရာဂစိတ္တံ၊ ဝိတရာဂ စိတ္တန္တိ ပဇာနာတိ” ဖြစ်ပျက်သိ အောင် လုပ်လို့ ဟောထားတယ် (မှန်လှပါ ဘုရား)။ မဟော ဘူးလား (ဟောပါတယ် ဘုရား)။

အဲဒီတော့ သမထနေရာ ကျတော့ “စာဂါနုဿတိ” လို့ ဟောတယ် (မှန်ပါ ဘုရား)။ ဝိပဿနာ နေရာကျတော့ သိအောင်လုပ်ဟေ့ ဖြစ်ပျက်ကို၊ (မှန်လှပါ ဘုရား)။ ဒီလိုဟောပြန် တယ် (မှန်လှပါ ဘုရား)။

အလတ်စားပုဂ္ဂိုလ်အတွက်

အဲဒီတော့ အကောင်းဆုံး နေရာကျတော့ဖြင့် ဖြစ်ပျက်သိ အောင်လုပ် (မှန်လှပါ ဘုရား)။ အလတ်စား ပုဂ္ဂိုလ် အတွက် ဆိုလို့ရှိရင်ဖြင့် ထပ်ပြန်တလဲလဲ အောက်မေ့ဟေ့၊ စာဂါနုဿတိ လုပ်ဟ (မှန်လှပါ ဘုရား)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ စာဂါနုဿတိနဲ့ ဝိပဿနာကော ကွဲပြီ လား (ကွဲပါပြီ ဘုရား)။ ထပ်ပြန် တလဲလဲ အောက်မေ့ တာက ဘာတုံး (စာဂါနုဿတိပါ ဘုရား)။ သမထ။

ဒီဖြစ်ပျက်ကလေး ဖြစ်ပြီး ပျက်တယ်လို့ ရှုတာကတော့ (ဝိပဿနာပါ ဘုရား)။ အေး ကြိုက်တာ ယူ ခင်ဗျားတို့ ဟုတ်ပြီလား (မှန်ပါ ဘုရား)။

ဘယ်ဟာကြိုက်သတုံး

ဘယ်ဟာ ကြိုက်သတုံး (ဝိပဿနာပါ ဘုရား)။ အကောင်းဆုံးက ဝိပဿနာ ပေါ့ဗျာ (မှန်လှပါ ဘုရား)။ သူက မဂ်ဉာဏ် ဖိုလ်ဉာဏ် ပေါ်လာတာကိုး (မှန်လှပါ ဘုရား)။

အဲ့ဒါကြောင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ သတိပဋ္ဌာန် အတိုင်း အားထုတ်မယ် ဆိုလို့ရှိရင်ဖြင့် “စာဂါနုဿတိ” နဲ့တင် မနေနဲ့ (မှန်လှပါ ဘုရား)။ ဟုတ်ပြီလား။

“ဝိတရာဂ စိတ္တံ၊ ဝိတရာဂ စိတ္တန္တိ ပဇာနာတိ” ဆိုသဖြင့် ဒါလောဘ ကင်းတဲ့ စိတ် မဟုတ်ဘူးလား (မှန်ပါ ဘုရား)။ ကုသိုလ် စိတ်ဟာလေး၊ အဲဒါ ဘာလုပ်ရမှာတုံး (ဖြစ်ပျက်ရှု ရမှာပါ ဘုရား)။

မဂ်ဉာဏ်ဝင်လာတာ

ဖြစ်ပြီးပျက်တဲ့ တရားပါလားလို့ အသိကလေး လိုက်ပေး (မှန်လှပါ ဘုရား)။ ဖြစ်ပြီးပျက်တဲ့ တရား ပါလားလို့ အသိကလေး လိုက်ပေးလို့ ရှိရင်ဖြင့် ဒုက္ခသစ္စာ မြင်လိုက်တာပဲ (မှန်ပါ ဘုရား)။ မဂ်ဉာဏ် ဝင်လာတာပေါ့ (မှန်ပါ ဘုရား)။

ဒီလိုက သာကောင်းတယ် (မှန်လှပါ ဘုရား)။ ရှေးက ခင်ဗျားတို့ ကုသိုလ် ကလေး ကိုယ် ဝမ်းသာတာ မပျောက်စေနဲ့တော့ ဆိုတာ ကိုင်း သို့သော် အလွန်ကြီး မကောင်းသေးဘူး (မှန်ပါ ဘုရား)။

လမ်းဆုံး မကောင်းဘူး (မှန်ပါ ဘုရား)။ လမ်းဆုံး မကောင်းဘူး ဆိုတာ ဘယ်နှယ့်ကြောင့် ဟောရသတုံးလို့ မေးဖို့ မလိုဘူးလား (လိုပါတယ် ဘုရား)။ သမထ ဖြစ်နေလို့ (မှန်လှပါ ဘုရား)။

ကိလေသာအမြစ်ပြတ်တယ်

ကိလေသာ ငြိမ်ရုံပဲရတယ်၊ အမြစ် မပြတ်ဘူး (မှန်လှ ပါ ဘုရား)။ ဟုတ်ပြီလား (မှန်လှပါ ဘုရား)။ ဝိပဿနာ ရှုလိုက် တဲ့အခါကျတော့ ကိလေသာ အမြစ်ပြတ်တယ် (မှန်လှပါ ဘုရား)။

အဲ့ဒီလို ကွာခြင်းကြီးမက ကွာနေလို့ ဒကာ ဒကာမတွေ ပြင်လိုက်ပါဦး ဆိုတာ သတိပေးရတယ် (မှန်လှပါ ဘုရား)။ ကဲ လုပ်တတ်ကြပြီလား (လုပ်တတ်ပါပြီ ဘုရား)။

“ဓမ္မာနုဓမ္မပဋိပန္န” ပုဂ္ဂိုလ် ဆိုတာ ဘယ်လို ပုဂ္ဂိုလ်ဆိုတာ ပါလိမ့် (တရား အဖြစ် အပျက်တိုင်း သိတဲ့ ပုဂ္ဂိုလ်ပါ ဘုရား)။ တရားက အဖြစ်အပျက်ကို အဖြစ် အပျက် တိုင်း သိတဲ့ ပုဂ္ဂိုလ် မှသာလျှင် ဘာဆိုကြ (ဓမ္မာနုဓမ္မပဋိပန္နပုဂ္ဂိုလ်ပါ ဘုရား)။

အေး ဓမ္မာနုဓမ္မပဋိပန္န ပုဂ္ဂိုလ် ဖြစ်အောင် လုပ်ပါ (မှန်လှပါ ဘုရား)။ ဒါ သိပ်အရေးကြီး ပါတယ် (မှန်လှ ပါ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် လောဘစိတ် ဖြစ်လည်း ခင်ဗျားတို့ ကြောက်မနေနဲ့ (မှန်လှပါ ဘုရား)။ ငါ့ဖြင့် လောဘချည်း တစ်နေ့လုံးဖြစ် နေတာပဲ ငါ့ဖြင့် သေခြင်းဆိုး သေဖို့ သေချာနေပြီလို့ အင်မတန် ကိုယ့်ကိုယ်ကို ကြောက်ပစ် လိုက်လိမ့်မယ် (မှန်လှပါ ဘုရား)။

မကြောက်ပါနဲ့၊ မကြောက်ပါနဲ့၊ လောဘစိတ် ဖြစ်တိုင်း ဖြစ်တိုင်း သိအောင် လုပ်ပေး (မှန်လှပါ ဘုရား)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဖြစ်တိုင်း ဖြစ်တိုင်း သိအောင် လုပ်ပေးဆိုတော့၊ လောဘ ဖြစ်ပျက်သိတာလား (ဖြစ်ပျက် သိတာပါ ဘုရား)။ ဖြစ်ပျက် ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

အိုး ဒီလိုသာ သိအောင် လုပ်နေမယ် ဆိုရင် ဒုက္ခ သစ္စာ သိအောင် လုပ်နေတဲ့အတွက် ဖြစ်ချင်တိုင်း ဖြစ်စမ်းဗျာ ကိစ္စမရှိဘူး (မှန်လှပါ ဘုရား)။ လောဘသိတာလား၊ ဒုက္ခသစ္စာ သိတာလား (ဒုက္ခသစ္စာ သိတာပါ ဘုရား)။

ဒုက္ခသစ္စာ သိနေတဲ့ ပုဂ္ဂိုလ်တွေမို့ ကိစ္စမရှိဘူးတဲ့ အဘယ့်ကြောင့် ဆိုသော် သူသိတဲ့ အချိန်မှာ လောဘရှိသေး ရဲ့လား (မရှိပါဘူး ဘုရား)။ ဘာရှိသတုံး (အဖြစ်အပျက် ပဲရှိပါတယ် ဘုရား)။

ဖြစ်ပျက်က ဘယ်သဘော ရှိသတုံး (ဒုက္ခသစ္စာ သဘောပါ ဘုရား)။ ဒုက္ခသစ္စာသဘော (မှန်ပါ ဘုရား)။ နား လည်ပြီလား (နားလည်ပါပြီ ဘုရား)။

အဲ့ဒီတော့ ဒုက္ခသစ္စာသဘော၊ အဲဒီဒုက္ခသစ္စာ သိတဲ့ အသိမျိုး ဖြစ်နေတော့ ကိစ္စမရှိဘူး (မှန်ပါ ဘုရား)။ ဒါကြောင့် မသိမှာသာ စိုးရိမ်တယ် ဦးလှဘူးရေ (မှန်လှပါ ဘုရား)။

သိအောင်လုပ်နေစမ်းပါ

သိရင်တော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သိ အောင်လုပ်စမ်းပါကွာ ဆိုပြီး သတိပဋ္ဌာန် ပါဠိတော်က “သရာဂ စိတ္တံ၊ သရာဂ စိတ္တန္တိ ပဇာနာတိ” သိအောင် လုပ်စမ်းပါကွာ၊ မသိရင် ခက်တယ် (မှန်လှပါ ဘုရား)။

သိတော့ ဒုက္ခသစ္စာသိတာ (မှန်လှပါ ဘုရား)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

အဲ့ဒါကြောင့် ဒကာ ဒကာမတို့ ယောင်ချာချာ လုပ်ပြီး သကာလ မနေကြပါနဲ့၊ လောဘစိတ် ဖြစ်တယ် ဆိုရင် ဘာလုပ်ရ မတုံး (ဖြစ်ပျက် ရှုရမှာပါ ဘုရား)။ ဖြစ်ပျက် သိအောင်လုပ်၊ ကုသိုလ်စိတ် ကလေး ဖြစ်လာရင်ကော (ဖြစ်ပျက် သိအောင် လုပ်ရမှာပါ ဘုရား)။

အဲဒါ တယ်သတိထား နိုင်ခဲတယ် (မှန်လှပါ ဘုရား)။ အင်မတန် ထားနိုင်ခဲတယ်၊ အဲဒါ ခင်ဗျားတို့ ဆရာ့ဆီမှာ အဖြေ မြိုင်သလောက် ဟို သတိထားဖို့ရာ မလွယ်ဘူး (မလွယ် ပါ ဘုရား)။

ဆရာ့ဆီမှာ အဖြေ လွယ်သလောက်၊ ခင်ဗျားတို့ အိမ်ပြန် ကျတဲ့ အခါကျတော့ မလွယ်ဘူး (မလွယ်ပါဘူး ဘုရား)။ ဘာ ဖြစ်လို့ မလွယ်သတုံး မေးစရာ မလိုဘူးလား (လိုပါတယ် ဘုရား)။

အေး နေရတဲ့ နေရာက အင်မတန်မှ အပါယ်သွား မယ့်နေရာက ဖြစ်နေတဲ့အတွက် သတိမရဘူး (မှန်လှပါ ဘုရား)။ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

မနေကောင်းတဲ့နေရာနေမိလို့

အဲဒီတော့ ခင်ဗျားတို့ အိမ်ရောက်လာလို့ ရှိရင် သတိမရ ဘူး ဆိုရင် ဒီနေရာ မနေကောင်းတဲ့ နေရာ နေမိလို့သာ ဆုံးဖြတ် ချက်ချ (မှန်လှပါ ဘုရား)။ ဟုတ်ပြီလား (မှန်ပါ ဘုရား)။

မနေကောင်းတဲ့နေရာ နေမိတဲ့အတွက် တရားတွေကွယ် တာပဲ (မှန်လှပါ ဘုရား)။ ဖြစ်ပျက်ရှုတဲ့ ဉာဏ်လေးဟာ အိမ် ကျလာတဲ့အခါ မကွယ်လား (ကွယ်ပါတယ် ဘုရား)။

အဲဒါ ဘယ်လို နေရာ နေမိလို့တုံး (မနေကောင်းတဲ့ နေရာ နေမိလို့ပါ ဘုရား)။ အေး မနေ ကောင်းတဲ့ နေရာ နေမိ လို့ (မှန်လှပါ ဘုရား)။ နေကောင်းတဲ့နေရာ နေမိအောင်လုပ်မ ဟ (မှန်လှပါ ဘုရား)။ ဆိုပြီး အချိန်များများ ယူလုပ်လိုက်ရင် လည်း ပြီးသွားတာပဲ (မှန်လှပါ ဘုရား)။

ကိုင်း ရာဂစိတ် ဖြစ်တာကိုလည်း သိအောင်လုပ်၊ ရာဂကင်းတဲ့စိတ် ကုသိုလ်စိတ် ဖြစ်တာ ကိုကော (သိအောင် လုပ်ရမှာပါ ဘုရား)။ ကောင်းပြီ၊ ဒါသဘောကျပြီလား (သဘောကျပါပြီ ဘုရား)။

ရှေ့တစ်ဆင့်တက်ကြစို့

ဒါသဘောကျရင် ရှေ့တစ်ဆင့်တက်ကြစို့ ဒကာ ဒကာမ တို့ ဒါတရားအတိုင်း သိတဲ့ပုဂ္ဂိုလ် (မှန်လှပါ ဘုရား)။

ဒေါသစိတ်ဖြစ်လာပြီ ဒကာ ဒကာမတို့ စိတ်ထဲမှာ စိတ် ဆိုးတဲ့ ဒေါသစိတ်ကလေး ဖြစ်လာပြီ (မှန်လှပါ ဘုရား)။ အဲ့ဒါ ဘာလုပ်ရမှာတုံး (ဖြစ်ပျက်ရှုရမှာပါ ဘုရား)။

ဒေါသစိတ်

အေး ဖြစ်ပြီးပျက်တဲ့ တရားလေး ပါလားလို့ မြန်မြန် လုပ်လိုက် (မှန်လှပါ ဘုရား)။ သိအောင် လုပ်တဲ့ အခါကျတော့ ဒေါသစိတ်က ဒုက္ခသစ္စာ ဖြစ်သွားပြီး (မှန်လှပါ ဘုရား)။ သိတဲ့ ဉာဏ်ကလေးက မဂ္ဂသစ္စာ ဖြစ်သွားပြီ (မှန်လှ ပါ ဘုရား)။

ဒါကြောင့် သိအောင်လုပ်တဲ့ ပုဂ္ဂိုလ်အတွက်မှာ သိပ်ပြီး ကျေးဇူး များတာပဲ (မှန်လှပါ ဘုရား)။ ဒေါသဖြစ်တယ် ဟုတ် လား (မှန်လှပါ)။ ဒါတင် မကသေးဘူး ဒေါသစိတ်ကလည်း ခင်ဗျားတို့ သန္တာန်မှာ ဣဿာ၊ မစ္ဆေရ ငြူစူတဲ့ စိတ်တွေကော မလာဘူးလား (လာပါတယ် ဘုရား)။

အဲဒါလည်း ငြူစူတဲ့ စိတ်ကလေးဟာလည်း ဖြစ်ပြီး ပျက် တာပဲလို့ လိုက်ပြီးသိ (မှန်လှပါ ဘုရား)။ ရှင်းပြီလား(ရှင်း ပါပြီ ဘုရား)။

ငြူစူတဲ့စိတ်

ငြူစူတဲ့စိတ် ဖြစ်ပြီးရင် ဘာဖြစ်မတုံး (ပျက်စီးမှာပါ ဘုရား)။ ဖြစ်ပျက် ဖြစ်ပြီး ပျက်တဲ့ တရားပဲလို့ နောက်က ဉာဏ်နဲ့သိ (မှန်လှပါ ဘုရား)။

ခင်ဗျားတို့ ဒကာမတွေမှာ ငြူစူတဲ့စိတ်တွေက ဘုရား သခင်ကိုယ်တော်မြတ်ကြီးက ဟောတယ် ဒကာမတွေမှာ သာများတယ်လို့ (မှန်လှပါ ဘုရား)။ ဖြစ်ပြီး ပျက်တယ်လို့ အမြန်လိုက် ရှုလိုက်စမ်းပါ (မှန်လှပါ ဘုရား)။ အဲ့ဒါ ဒေါသရှု တာပါပဲ (မှန်လှပါ ဘုရား)။

ဣဿာ စိတ်ကလေး ဖြစ်လာတယ် ဆိုရင် ဘာလုပ်မလဲ (ဖြစ်ပျက် ရှုရမှာပါ ဘုရား)။ အဲဒီ ကဲ့သို့ ဖြစ်ပျက် ရှုလိုက်တဲ့ အခါကျလို့ ရှိရင်ဖြင့် ဒီဣဿာ ကလေးက ခင်ဗျားတို့ အပါယ်မချ တော့ဘူး (မှန်လှပါ ဘုရား)။ ဖြစ်ပျက် ဒုက္ခသစ္စာကို မြင်ပြီ ကောဗျ (မှန်လှပါ ဘုရား)။

သိတဲ့ဉာဏ်ကမဂ္ဂသစ္စာ

ဒါကြောင့် ဖြစ်ပျက်က ဒုက္ခသစ္စာ၊ သိတဲ့ဉာဏ်က မဂ္ဂသစ္စာ ဆိုတော့ ဣဿာ အဖြစ်နဲ့ ရှိသေး ရဲ့လား (မရှိပါဘူး ဘုရား)။ မသိတဲ့ ပုဂ္ဂိုလ် အနေနဲ့ကတော့ ဣဿာ အဖြစ်နဲ့ပဲ နေတော့တာပဲ (မှန်လှပါ ဘုရား)။

သိတဲ့ပုဂ္ဂိုလ်ကတော့ အင်း ဖြစ်ပြီးပျက်သွား သောကြောင့် ဒုက္ခသစ္စာ သိလိုက်တာပဲလို့ ဉာဏ်က မလာဘူးလား (လာပါတယ် ဘုရား)။ အဲဒီလို ကွာသွားတယ် (မှန်လှပါ ဘုရား)။

ကဲ တစ်ခါသွားပါဦးမယ် ဒကာ ဒကာမတို့ အဲ့ဒါ ဒေါသစိတ်လို့ မှတ်စမ်းပါ (မှန်ပါ ဘုရား)။

မစ္ဆေရ ဟိုလူလာတယ်ဆိုရင် ဒီက ပစ္စည်းတွေ ပျောက် ကုန်ပြီ မစ္ဆေရ ကိုးဗျ (မှန်လှပါ ဘုရား)။ သူလာမေးလည်း မကြည်ဖြူတဲ့ဘက်က ဆိုင်တာပဲ (မှန်လှပါ ဘုရား)။ အဲ့ဒါ ဘာတွေတုံး (မစ္ဆေရပါ ဘုရား)။

မစ္ဆေရစိတ်

အဲဒီ မစ္ဆေရစိတ် ပေါ်လာရင်လည်း ဒကာ ဒကာမတို့ ဖြစ်ပြီး ပျက်တယ်လို့ နောက်က လိုက်ပေး စမ်းပါဦး (မှန်လှပါ ဘုရား)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

အဲဒီကဲ့သို့ နောက်ကဉာဏ်နဲ့ မလိုက်လို့ရှိရင်ဖြင့် မစ္ဆေရ သည် ခင်ဗျားတို့ နောက်ဘဝ မွဲရမယ်၊ တေရမယ်၊ အစာအဟာရ ရှားပါးရမယ် (မှန်လှပါ ဘုရား)။

အဝတ်အထည် မပြည့်မစုံပဲနေရမယ်၊ မစ္ဆေရ တန်ခိုးပေါ့ ဗျာ (မှန်လှပါ ဘုရား)။

အဲ့ဒါကြောင့် မစ္ဆေရ ပေါ်လာရင် ဘာလုပ်ရမတုံး (ဖြစ်ပျက်ရှု ရမှာပါ ဘုရား)။ မစ္ဆေရစိတ် ကလေးဖြစ်ပြီး ပျက်တာပဲလို့ ခင်ဗျားတို့က အသိလိုက်ပေး (မှန်လှပါ ဘုရား)။

အဲ့ဒီကဲ့သို့ လိုက်ပေးလို့ရှိရင် ဒါ ဒေါသစိတ်နဲ့ပတ်သက် တာတွေ သိလုံး လုပ်သွားတဲ့ အတွက် ဘုရားက “သဒေါသ ဝါစိတ္တံ သဒေါသစိတ္တန္တိ ပဇာနာတိ” ဒေါသ စိတ်ကလေး ဖြစ်ပြီး ပျက်တယ်လို့ မင်းတို့သည် အသိကလေး လိုက်လိုက် လိုက်လိုက် ပေးပါကွာ ဆိုတာ သဘောကျသွားပြီးလား (သဘော ကျပါ ပြီ ဘုရား)။

အဲ့ဒီကဲ့သို့ ရှုတတ်ကြပြီလား (ရှုတတ်ပါပြီ ဘုရား)။ အေး ဒါကြောင့် ဒေါသတို့ ဣဿာတို့ မစ္ဆေရတို့ ဟုတ်လား၊ ဒေါသစိတ် ကလေး ဖြစ်ပြန်တယ် ဆိုတာလည်း ဒေါသစိတ်ကလေး တစ်ခုတည်း မှတ်မနေနဲ့ ဣဿာရော မစ္ဆေရရော ဟုတ်လား၊ ကုက္ကစ္စ တွေကော ပါလာတယ် (မှန်လှပါ ဘုရား)။

ကုက္ကုစ္စဝင်လာရင်

ကုက္ကုစ္စတွေကော ပါလာတယ် (မှန်လှပါ ဘုရား)။ ကုက္ကုစ္စ ဆိုတာ ဘာတုံးလို့ ဆိုလို့ ရှိရင်ဖြင့် ကျုပ်မှားခဲ့ပြီ၊ ဆရာကောင်း၊ သမားကောင်းနဲ့ မတွေ့ခဲ့ဘဲ မတွေ့ခဲ့ဘဲနဲ့ နေခဲ့ရတာ ကျုပ် မှားခဲ့ပြီ ဆိုတာလည်း အဲဒါ နှလုံးမသာမယာခြင်း ဖြစ်တာ လည်း ကုက္ကုစ္စ ဖြစ်တာပဲ (မှန်ပါ ဘုရား)။

အဲဒီ ကုက္ကုစ္စ ဖြစ်လာရင်လည်း ဘာလုပ်ရမလဲ (ဖြစ်ပျက် ရှုရမှာပါ ဘုရား)။ ဖြစ်ပျက်ပြီး သကာလ သွားပြီ ဒုက္ခသစ္စာပဲလို့ သိအောင် လုပ်လိုက်စမ်းပါ (မှန်လှပါ ဘုရား)။ ဟုတ်ပြီလား။

ကျုပ်တို့ နောက်တုန်းက နေခဲ့ရတာ၊ ထိုင်ခဲ့ရတာ အမှားကြီး မှားကုန်ပြီ ဆိုရင် ဒါဘာတုံး၊ ကုက္ကုစ္စ ပြန်ပြော၊ ခင်ဗျားတို့ နောက်တုန်းက နေ ထိုင်ခဲ့ရတာ အမှားကြီး မှားကုန်ပြီလို့ လာတာ ဘာတုံး (ကုက္ကစ္စပါ ဘုရား)။

ဖြစ်ပျက်လို့မြန်မြန်ရှုပစ်ပါ

အဲ့ဒါ အမှားကြီး မှားကုန်ပြီဆိုတဲ့ စိတ်ဟာ ဘာစိတ်တုံး (ကုက္ကုစ္စစိတ်ပါ ဘုရား)။ အဲဒါကိုလည်း တာရှည်ဖြစ်မနေပါ နဲ့၊ ဖြစ်ပြီးပျက်တယ်လို့ မြန်မြန်ရှုပစ်လိုက်စမ်းပါ (မှန်လှပါ ဘုရား)။

အဲဒီကဲ့သို့ ရှုပစ်လိုက်လို့ရှိရင် ဒုက္ခသစ္စာ အဖြစ်နဲ့ သူက မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။ ဒုက္ခသစ္စာ အဖြစ်နဲ့ ပေါ်လာတော့ ဉာဏ်က မဂ္ဂသစ္စာ ဖြစ်လိမ့်မယ် (မှန် လှပါ ဘုရား)။ ဟုတ်ပြီလား အဲဒီလို ဆိုလို့ရှိရင်ဖြင့် ဓမ္မာနု ဓမ္မ ပဋိပန္န၊ ကုက္ကုစ္စ ဖြစ်လည်း ကုက္ကုစ္စ ရှုတာပဲ (မှန်ပါ ဘုရား)။

ဣဿာ ဖြစ်ရင်ကော (ဣဿာ ဖြစ်ပျက်ရှုပါ ဘုရား) ဣဿာ ဖြစ်ပျက် ရှုထည့်လိုက်ပါ (မှန်လှပါ ဘုရား)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

မစ္ဆေရ ဖြစ်ရင်ကော (မစ္ဆေရကို ဖြစ်ပျက်ရှုရမှာပါ ဘုရား)။ အဲ မစ္ဆေရ ဖြစ်ပျက်ကို ရှုရမှာ (မှန်လှပါ ဘုရား)။

အဲ့ဒီကဲ့သို့ ရှုတာသည် ဒေါသစိတ်ကို ရှုတာချည့်ပဲလို့ မှတ်လိုက်စမ်း (မှန်လှပါ ဘုရား)။ ဒေါသစိတ်ကို ခင်ဗျားတို့က တစ်လုံးထဲပဲ မှတ်နေတယ်၊ ဒေါသလည်း ဒေါသပဲ၊ ဣဿာကော ဒေါသပဲ၊ မစ္ဆေရကော (ဒေါသပါ ဘုရား)။ ကုက္ကုစ္စကော (ဒေါသပါ ဘုရား)။

ဒါတွေဟာ ခင်ဗျားတို့က စာပေကျမ်းဂန်လည်း မသင် ဖူးတာက တစ်မျိုး ဟုတ်ပြီလား၊ အဲ့ဒါတွေဟာ ဒေါသစိတ်နဲ့ တွဲရက်ချည့်ပဲ၊ ဒေါသထဲ သွင်းပြီး ရှုရတာချည့်ပဲ (မှန်လှပါ ဘုရား)။ နားလည် ကြပြီလား (နားလည်ပါပြီ ဘုရား)။

တစ်ခါတလေ ကျတော့ ဒကာ ဒကာမတွေက ဒေါသ ဖြစ်တုန်းကတော့ ဖြစ်လိုက်တာပဲ၊ သနားပါသေးတယ်၊ သနား တယ် ဆိုတော့ ကုသိုလ်စိတ်ပေါ့ဗျာ (မှန်လှပါ ဘုရား)။

သနားတဲ့စိတ်

သနားတယ် ဆိုတဲ့ စိတ်ကလေး မလားဘူးလား (လာပါတယ် ဘုရား)။ အဲ့ဒီ ကုသိုလ်စိတ် ကလေး ဘာလုပ်ရမတုံး (ဖြစ်ပျက်ရှုရမှာပါ ဘုရား)။

ဖြစ်ပြီး ပျက်တာပဲလို့ဆိုတော့ အဲ့ဒါက ဒေါသကင်းတဲ့ စိတ် (မှန်လှပါ ဘုရား)။ ကိုယ့် သားသမီး ရိုက်တော့ ရိုက်လိုက်တာပဲ ဒေါသနဲ့ (မှန်လှပါ ဘုရား)။ အဲ့ဒါ ဖြစ်ပျက်ရှုပါ (မှန်လှပါ ဘုရား)။

ရိုက်ပြီး သကာလ ကိုယ်က သနား မနေဘူးလား (နေပါတယ် ဘုရား)။ အဲ့ဒါက ဒေါသကင်း တဲ့စိတ် (မှန်လှပါ ဘုရား)။ အဲ့ဒါ ကလေး ရိုက်မယ့် ကြံရင် ဒီနှစ်ခု ရှုနိုင်ရင် ရိုက်သာ ရိုက် (မှန်လှပါ ဘုရား)။ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဒီနှစ်ခု ရိုက်တုန်းကလည်း ရိုက်နိုင်တာပဲ၊ နောက်အုပ် မိအောင်ရှု (မှန်လှပါ ဘုရား)။ ရိုက်ပြီး သနားတဲ့ စိတ်ကို (ပြန်ပြီး ဖြစ်ပျက်ရှုရမှာပါ ဘုရား)။ ပြန်ပြီးရှုပစ်။

ဒေါသ ကင်းတဲ့စိတ်ပေါ်လာရင်လည်း ဒေါသကင်းတဲ့ စိတ်၊ သနားစိတ် ဖြစ်တယ်လို့၊ ဖြစ်ပြီး ပျက်တယ်လို့ ခင်ဗျားတို့ ရှုပေးပါ (မှန်လှပါ ဘုရား)။

ဒုက္ခသစ္စာလို့ထင်တဲ့ဉာဏ်

ရှုပေးခဲ့လို့ ရှိရင်ဖြင့် ခင်ဗျားတို့မှာ ဘာအပြစ်မှ မရှိဘူး (မှန်လှပါ ဘုရား)။ ဒုက္ခသစ္စာလို့ ထင်တဲ့ ဉာဏ်တွေ ချည့်ပဲ လာနေတယ် ဆိုတာ ဆုံးဖြတ်ချက်ချပါ (မှန်လှပါ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒေါသကင်းတဲ့စိတ် ကော ရှုတတ်ကြပြီလား (ရှုတတ်ပါပြီ ဘုရား)။ ဒေါသစိတ် ကော (ရူတတ်ပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒေါသစိတ်၊ ဒေါသကင်းတဲ့စိတ်၊ ဒါတွေ သိပြီဆိုကြပါစို့ (မှန်ပါ ဘုရား)။ အဲ့ဒီကဲ့သို့ ဖြစ်ပျက်သိတဲ့ ပုဂ္ဂိုလ်ဟာ ဓမ္မာနုဓမ္မပဋိပန္န ပုဂ္ဂိုလ်ထဲ ပါသွားပြီး (မှန်လှပါ ဘုရား)။ အဲ့ဒီမှာ နိဂုံးချုပ် ချုပ်ပေးပါ (မှန်လှပါ ဘုရား)။

ဒေါသစိတ်ဖြစ်ပျက်ကို ဖြစ်ပျက်မှန်း သိတဲ့ပုဂ္ဂိုလ် ဘာ ပုဂ္ဂိုလ်တဲ့တုံး (ဓမ္မာနုဓမ္မ ပဋိပန္န ပုဂ္ဂိုလ်ပါ ဘုရား)။ အေး ဣဿာ ဖြစ်တာကို ဣဿာ ဖြစ်ပျက် သိတဲ့ပုဂ္ဂိုလ် (ဓမ္မာနု ဓမ္မ ပဋိ ပန္နပုဂ္ဂိုလ်ပါ ဘုရား)။

အေး ဓမ္မာနုဓမ္မ ပဋိပန္န ပုဂ္ဂိုလ်၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

တစ်ခါလာလိုက်ဦး ခင်ဗျားတို့ မောဟဖြစ်တယ်ဆိုတာ ကလည်း လာသေးတယ် (မှန်လှပါ ဘုရား)။ မောဟသည်ကားလို့ဆိုရင် ခင်ဗျားတို့ ဘယ်ဟာ သိပြီတုံး ဆိုလို့ ရှိရင်ဖြင့် မော ဟသည် ဒီအတိုင်း ရှုနေလို့မရဘူး။

မောဟကသိနိုင်ခဲတယ်

မောဟသည် ဒီအတိုင်း ရှုနေလို့မရဘူး၊ ဘာကြောင့်တုံး ဆိုရင် မောဟဖြစ်တယ် ဆိုတာ အင်မတန် သိနိုင်ခဲတယ်၊ ဥပေက္ခာ ဖြစ်နေလို့ (မှန်လှပါ ဘုရား)။ ဥပေက္ခာ ဖြစ်နေတဲ့ အတွက် မောဟ အင်မတန် သိနိုင်ခဲ့တယ် (မှန်လှပါ ဘုရား)။

ဒါ သဘောနဲ့ သေသေချာချာ စူးစိုက်မှတ်ပါ (မှန်လှ ပါ ဘုရား)။ သဘောနဲ့ စူးစူးစိုက်စိုက် မှတ်ပါ၊ ဒါမှ သာလျှင် ရှင်းမယ် (မှန်လှပါ ဘုရား)။

ကဲ ဒါဖြင့် သံသယ ဖြစ်တယ်၊ ဒါမောဟပဲမှတ်ပေ တော့ (မှန်လှပါ ဘုရား)။ သံသယ ဖြစ်ပြီ ဒကာ ဒကာမတို့၊ ဟိုကလာတာ ငါ့သားတွေလား၊ ငါ့သမီးတွေလား ဆိုတာ ဘာတုံး (သံသယပါ ဘုရား)။

အဲဒီ သံသယစိတ် ကလေးဟာလည်း မောဟပဲ (မှန် လှပါ ဘုရား)။ အဲ့ဒါလေး ဘာလုပ်ရမတုံး (ဖြစ်ပျက် ရှုရမှာပါ ဘုရား)။ သံသယ စိတ်ကလေး ကလည်း ဖြစ်ပြီး ပျက်တာပဲလို့ ရှု ပေး (မှန်လှပါ ဘုရား)။ အဲ့ဒါ မောဟကို ရှုတာပဲ (မှန်လှ ပါ ဘုရား)။

မောဟကို သတ်နေတာ (မှန်လှပါ ဘုရား)။ မောဟ ကို ဝိပဿနာ ရှုနေတာ (မှန်လှပါ ဘုရား)။ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

သံသယစိတ်ဟာမောဟ

သံသယ စိတ်ကလေး ပေါ်လာတယ်၊ ဘာလုပ်ရမတုံး (ဖြစ်ပျက်ရှုရမှာပါ ဘုရား)။ ဖြစ်ပျက် ရှုပါ၊ အဲ့ဒါ မောဟ ရှုတာပဲ (မှန်ပါ ဘုရား)။ ဟုတ်ပြီလား။

ဒကာ ဒကာမတို့ သံသယ စိတ်ကလေး ပေါ်လာလို့ရှိရင် ဘာကိုရှုရာ ရောက်သလဲ (မောဟစိတ် ဖြစ်ပျက်ရှုရာ ရောက်ပါ တယ် ဘုရား)။ မှတ်ထား နို့မဟုတ်ရင် မောဟစိတ် ဖြစ်ပျက်မရှု တတ်ပဲ နေမှာ စိုးလို့ (မှန်လှပါ ဘုရား)။ အသေအချာပြော နေတယ်၊ မောဟ မရှုတတ်ပဲ နေမှာ ဦးလှဘူး သိပ်စိုးရိမ် ရတယ် (မှန်လှပါ ဘုရား)။

သံသယစိတ် ကလေးက ဘာတုံး (မောဟပါ ဘုရား)။ အဲ့ဒါလေးဟာ ဘယ်လို ရှုရမတုံး (ဖြစ်ပြီး ပျက်တယ် လို့ ရှုရမှာပါ ဘုရား)။

အဲ့ဒီကဲ့သို့ ရှုတဲ့ အခါကျတော့ “သမောဟ စိတ္တံ သမောဟ စိတ္တန္တိ ပဇာနာတိ” ဒီပါဠိတော် အထဲ သွားဝင် တယ် (မှန်လှပါ ဘုရား)။ ဒီပါဠိတော်ထဲ သွားဝင်တယ်။

သတိပဋ္ဌာန်ရပြီးသား ပုဂ္ဂိုလ်အတွက်မှာဖြင့် အလွန် ကျေးဇူးများနေပြီ (မှန်လှပါ ဘုရား)။ အလွန်ကျေးဇူးများ နေပြီ၊ မရသေးတဲ့ ပုဂ္ဂိုလ်ကလည်း သေသေချာချာ မှတ်ပါ။

ဒါလေးဘာလုပ်ရမှာတုံး

ကိုင်း သံသယ ဖြစ်တယ်ဆိုလို့ ရှိရင်ဖြင့် သံသယ ဆိုတာ လောဘလား၊ ဒေါသလား၊ မောဟလား (မောဟပါ ဘုရား)။ အဲ့ဒါလေး ဘာလုပ်ရမတုံး (ဖြစ်ပျက်ရှုရမှာပါ ဘုရား)။

ဖြစ်ပျက်ရှုရမယ်၊ ခင်ဗျားတို့က သံသယရှိတယ် ဆိုရင် မောဟလို့ မထင်ဘူး (မထင်ပါ ဘုရား)။ အဲ့ဒါ သံသယရှိ တယ် ဆိုတာ မောဟ ဦးစီးတာ (မှန်လှပါ ဘုရား)။

အဲ့ဒါကြောင့် သံသယ စိတ်ကလေး ပေါ်လာတိုင်း၊ ပေါ်လာတိုင်း ဘာလုပ်ရမတုံး (ဖြစ်ပျက်ရှု ရမှာပါ ဘုရား)။

အေး မောဟသည် ဒုက္ခသစ္စာ ဖြစ်သွားတယ် (မှန်ပါ ဘုရား)။ ရှုတဲ့ဉာဏ်သည် (မဂ္ဂသစ္စာ ဖြစ်ပါတယ် ဘုရား) အေး သေတာသည် (သမုဒယသစ္စာ သေပါတယ် ဘုရား)။ သမုဒယသစ္စာ သေတယ် ဆိုရင် နိရောဓ သစ္စာ မျက်မှောက် ပြုတာပဲ (မှန်လှပါ ဘုရား)။

ရာဂ ကုန်ရောပေါ့ဗျ၊ ကိုင်း ဒကာ ဒကာမတို့ မောဟက ဒီတစ်လုံးတည်း မကသေးဘူး၊ သံသယ တစ်လုံးတည်း မောဟလို့ မဆိုနဲ့ (မှန်လှပါ ဘုရား)။

ထားရာမနေတဲ့စိတ်ဟာ မောဟစိတ်

ခင်ဗျားတို့ စိတ်က ဟို ထွက်ပြေး ဒီ ထွက်ပြေး ခင်ဗျားတို့ စိတ်ကလေးက ထားရာ မနေဘူး (မနေပါဘူး ဘုရား)၊ အဲ့ဒါ မောဟစိတ်လို့ မှတ်လိုက်စမ်းဗျာ (မှန်လှ ပါ ဘုရား)၊ ဟုတ်ပြီလား။

ထားရာမနေတဲ့စိတ် ဘာစိတ်တုံး (မောဟစိတ်ပါ ဘုရား)၊ အဲ့ဒါလေး ဘယ့်နှယ့် လုပ်မတုံး (ဖြစ်ပျက် ရှုရမှာပါ ဘုရား)၊ အေး ထားရာ မနေဘူး၊ ကိုယ်က ထားချင်တာက ဝေဒနာပေါ် ထားချင်တယ်။ သူက တောင်ထွက်ပြေး၊ မြောက် ထွက်ပြေး ပြေးတယ် (ပြေးပါတယ် ဘုရား)၊ ဒီစိတ်ကို ဘာ စိတ်လို့ ခေါ်ကြမယ် (မောဟစိတ်ပါ ဘုရား)၊ မောဟစိတ်၊ ရှင်းပြီးလား (ရှင်းပါပြီ ဘုရား)။

ပျံ့လွင့်တဲ့စိတ်၊ မောဟစိတ် စာလိုတော့ ဥဒ္ဓစ္စစိတ်လို့ လည်း ဆိုနိုင်တယ် (မှန်ပါ)။ သို့သော် မောဟထဲ သွင်းလိုက် (မှန်လှပါ ဘုရား) ဟုတ်ပြီလား။

အဲဒီတော့ ပြေးတဲ့စိတ်ကလေး၊ ပြေးတဲ့ စိတ်ကလေးတွေ ဖြစ်ပြီး ပျက်တယ်လို့ ရှုကြည့်စမ်းပါ (မှန်လှပါ ဘုရား)။

ပြေးတယ်ဆိုတော့ သူကသာ အပြင်ဘက်ကို အာရုံပြုတာ ပါ၊ ခင်ဗျားတို့ ဝမ်းထဲမှာ ရှိတာပါ (မှန်လှပါ ဘုရား)။ တခြား မပြေးနိုင်ပါဘူး သူက၊ သူကိုယ်တိုင် မပြေးနိုင်ပါဘူး (မှန်လှပါ ဘုရား)။

သူက ဟိုဟို ဒီဒီ အာရုံပြုတာပဲ ရှိပါတယ်၊ သူကိုယ်တိုင် ထွက်ပြေးနိုင်တဲ့ စွမ်းရည် သတ္တိ မရှိပါဘူး (မှန်လှပါ ဘုရား)။ ဟဒယဝတ္ထု အပေါ်မှာပေါ်၊ ဟဒယဝတ္ထု အပေါ်မှချုပ် (မှန်လှပါ ဘုရား)။ သဘောကျပြီလား (သဘောကျပါပြီ ဘုရား)။

အေး ဒါကြောင့် ပြေးတဲ့ စိတ်ကလေး ကိုလည်း ဘာ လုပ်ကြမတုံး (ဖြစ်ပျက် ရှုရမှာပါ ဘုရား)။ လောဘလား၊ ဒေါသလား၊ မောဟလား (မောဟပါ ဘုရား)။

မောဟဖြစ်တိုင်းဖြစ်ပျက်ရှုပါ

အေး ဒါကြောင့် မောဟဆိုတဲ့ တရားလေး ဖြစ်သော ကြောင့် အင်း မောဟကိုလည်း မောဟ ဖြစ်တိုင်းလည်း ဖြစ်ပျက် သိအောင် လုပ်ပေးပါလို့ ဘုရားက ဟောပြန်တယ် (မှန်လှပါ ဘုရား)။

“သမောဟစိတ္တံ၊ သမောဟစိတ္တန္တိ ပဇာနာတိ” ကိုဗျ မောဟနဲ့ တကွဖြစ်တဲ့ စိတ် မင်းတို့ မသိမှာ စိုးရတယ်၊ ဒါကြောင့် သံသယ ဖြစ်လည်း မောဟ၊ တွေဝေရင်ကော (မောဟပါ ဘုရား)၊ မောဟ ဘယ့်နှစ်မျိုး တွေ့ပြီတုံး (နှစ်မျိုးပါ ဘုရား)။ နှစ်မျိုး တွေ့ပြီ။

အဲ့ဒီ နှစ်မျိုးစလုံး သံသယလည်း ခင်ဗျားတို့ ခဏ ခဏ လာတယ် (မှန်လှပါ ဘုရား)။ ပြေးတဲ့ စိတ်ကကော (လာ ပါတယ်ခင်ဗျား)။ အဲ့ဒါတွေ ဘာလုပ် ရမတုံး (ဖြစ်ပျက် ရှုရမှာ ပါ ဘုရား)။ ဖြစ်ပျက်သာ ရှုပေးပါ ဒကာ ဒကာမတို့ ဖြစ်ပျက် အသေအချာ ရှုပေးပါ။ နားလည်ကြပြီလား (နားလည် ပါပြီ ဘုရား)။

မောဟကင်းတဲ့မိတ်

ကောင်းပြီ ဒါဖြင့် ဒါက မောဟ ဖြစ်တဲ့စိတ်၊ မောဟကင်း တဲ့စိတ်လည်း ရှိပစေ၊ မောဟကင်းတဲ့ စိတ်ကလည်း ဒကာ ဒကာမတွေ ဆွမ်းလောင်းတဲ့ ကုသိုလ်၊ ဘုရားရှိခိုးတဲ့ ကုသိုလ်တွေ ဒါ မောဟ ပါသေး သလား (မပါပါဘူး ဘုရား)။

မပါတဲ့ အခါကျတော့ ဒီစိတ်တွေ ကိုလည်း ဒကာ ဒကာမတွေက ဘာလုပ်ကြမတုံး (ဖြစ်ပျက် ရှုရမှာပါ ဘုရား)။ အေး ဒါကြောင့် ပုတီးစိပ ်နေတာတွေ၊ ဘုရား အာရုံပြုနေတာတွေ၊ ဝိပဿနာ ရှုနေတဲ့ စိတ်တွေလည်း ပျက်နေတာပဲ (မှန်လှပါ ဘုရား)။

အဲ့ဒါကြောင့် မောဟကင်းတဲ့ စိတ်တွေ ဖြစ်ပြီး ပျက်နေ တာပဲလို့ ရှုနိုင် သေးတာပဲ (မှန်လှပါ ဘုရား)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

မေတ္တာပို့နေတဲ့စိတ်

မေတ္တာပို့နေတဲ့ စိတ်တွေကော မောဟ ပါသေးသလား (မပါပါဘူး ဘုရား)။ အဲဒါ ကျလာလို့ ရှိရင်ဖြင့် ဘာလုပ်ရ မတုံး (ဖြစ်ပျက်ရှုရမှာပါ ဘုရား)။ အဲ့ဒါက ဝိတမောဟ စိတ်တွေပေါ့ဗျာ (မှန်လှပါ ဘုရား)။

ဆွမ်းလောင်းတဲ့ စိတ်တွေ၊ ဝိပဿနာ ရှုတဲ့စိတ်တွေ၊ မေတ္တာပို့တဲ့ စိတ်တွေ အဲ့ဒီစိတ်တွေ ဘာစိတ်လို့ ခေါ်ကြ မောဟ ကင်းတဲ့စိတ်၊ ရှင်းပြီလား ရမ်းဖြေလို့ မရဘူး။

ကုသိုလ်စိတ်

မောဟ ကင်းတဲ့စိတ်၊ ကုသိုလ်စိတ် ကိုလည်း ကုသိုလ်ပဲ နာမည်ပေးရင်လည်း ရတယ်၊ မောဟ ကင်းတဲ့ စိတ်လို့ ပေးရင် ကော (ရပါတယ် ဘုရား)။ ဒါကြောင့် ဒီနေရာ မောဟနဲ့ ဟောနေတဲ့ အတွက် ကြောင့် မောဟ ကင်းတဲ့စိတ် (မှန်လှပါ ဘုရား)။

မောဟကင်းတဲ့စိတ်ကိုလည်း မောဟကင်းတဲ့ စိတ်ရယ်လို့ သိပေး (မှန်ပါ ဘုရား)။ ဖြစ်ပျက် သိပေးပါ။ အဲ့ဒီကဲ့သို့ ဒကာ ဒကာမတွေ ရှုတတ်ကြပြီလား (ရူတတ်ပါပြီ ဘုရား)။

ဒါဖြင့် နေရာတိုင်းမှာ လစ်လပ်ဖို့ လိုသေးသလား (မလိုပါဘူး ဘုရား)။ ရှူတဲ့ ရှိုက်တဲ့ စိတ် ကလေးတွေ မသိမိရင် မောဟ၊ သိပြီး ရှုလို့ရှိရင် မောဟ ကင်းတဲ့စိတ်၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။ အေး ဒီအတိုင်း သွားကြစမ်းပါ။ ဒီအတိုင်း သွားကြစမ်းပါ။

ကိုင်း ဒကာ ဒကာမတွေ တစ်ခါတလေများ ပျင်းရိပြီး နေတဲ့ စိတ်တွေများ လာလိုက်သေး (လာပါတယ် ဘုရား)။ ပျင်းလိုက်တာ ဆိုရင်၊ အဲဒီ ပျင်းတဲ့စိတ် သည်ကားလို့ ဆိုရင်ဖြင့် ဒကာ ဒကာမတို့ ပျင်းရိပြီး သကာလ လျော့ရဲတဲ့ စိတ်တွေ မလာ ဘူးလား (လာပါတယ် ဘုရား)။

ပျင်းရိတဲ့စိတ်

အဲ့ဒါတွေ သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ တစ်ခါတည်း ဝိပဿနာ ရှုပစ်ပါ (မှန်လှပါ ဘုရား)။ ထိနမိဒ္ဓ စိတ် တွေပါ (မှန်ပါ ဘုရား)။ ပျင်းရိတယ် ဆိုတဲ့ စိတ်ကို ဘာစိတ် ခေါ်မတုံး (ထိနမိဒ္ဓစိတ် တွေပါ ဘုရား)။

အဲ့ဒါ ခင်ဗျားတို့ ငိုက်လာမယ်၊ ပျင်းလာမယ် ဆိုရင်ဖြင့် ပျင်းတဲ့ စိတ်ကလေးကို မြန်မြန်ရှု (မှန်လှပါ ဘုရား)။ ပျင်းလာ မယ် ဆိုလို့ရှိရင်ဖြင့် ပျင်းတဲ့စိတ် ကလေးကို ဖြစ်ပြီး ပျက်တာပဲလို့ မြန်မြန်ရှု (မှန်လှပါ ဘုရား)။

ငိုက်တဲ့စိတ်

ငိုက်လာရင်ကော၊ အဲဒါ ထိနမိဒ္ဓစိတ်တွေ၊ ထိနမိဒ္ဓစိတ် လို့ ရှုပေးပါ (မှန်လှပါ ဘုရား)။ ပျင်းတဲ့စိတ်ဟာ ပျင်းတဲ့နေရာ မှာချုပ်တယ် (မှန်လှပါ ဘုရား)။ ငိုက်တဲ့စိတ်ဟာ (ငိုက်တဲ့ နေရာမှာ ချုပ်ပါတယ် ဘုရား)။ အဲဒီကဲ့သို့ ဉာဏ်က နောက်က လိုက်လိုက် ပေးစမ်းပါ (မှန်လှပါ ဘုရား)။

ပျံ့လွင့်တဲ့စိတ်တွေ လာမယ်ဆိုရင် စိတ်တွေဟာ ဟိုပျံ့ ဒီပျံ့ပြီး သကာလ တွေဝေနေတဲ့ အခါကော မလာဘူးလား (လာပါတယ် ဘုရား)။ အဲဒါကျတော့ ဥဒ္ဓစ္စစိတ်လို့ မှတ်ပါ (မှန်လှပါ ဘုရား)။

ဥဒ္ဓစ္စစိတ် ပေါ်လာရင် ဥဒ္ဓစ္စစိတ်သည် ဖြစ်ပြီး ပျက်တာပဲလို့ ခင်ဗျားတို့ ဉာဏ်က နောက်က လိုက်ပေးပါ (မှန်လှပါ ဘုရား)။ နားလည်ပြီးလား (နားလည်ပါပြီ ဘုရား)။

အဲ့ဒီကဲ့သို့ ဒကာ ဒကာမတွေ ရှုရှုပေးပါ။ အဲ့ဒီတော့ ဒကာ ဒကာမတွေ နောက်ကျ လာတဲ့ အခါ ကျတော့ ဘယ်နှယ် ဖြစ်လာမတုံး ဆိုတော့ စိတ်ကလေးဟာ ဖြစ်ပျက် ပေါ်မှာချည့် တည်မနေ ဘူးလား (တည်နေပါတယ် ဘုရား)။

တည်ကြည်တဲ့စိတ်

အဲဒီတော့ ဒီကျတော့ တည်ကြည်တဲ့စိတ် ဖြစ်ပြီပေါ့၊ တည်ကြည်တဲ့ စိတ်ကိုလည်း “သမာဟိတ စိတ္တံ၊ သမာဟိတ စိတ္တန္တိ ပဇာနာတိ” ကိုယ့်စိတ် ကလေးက ထားရာနေပြီ၊ တည်ကြည်တဲ့ စိတ်ကလေး ဖြစ်ပေါ် နေတယ်၊ တည်ကြည်တဲ့ စိတ်ကလေး ပျက် တယ် (မှန်လှပါ ဘုရား)။

တည်ကြည်တဲ့ စိတ်ကလေး ထားရာ နေတော့ တည်ကြည် တဲ့သဘော ပေါ့ဗျား (မှတ်လှပါ ဘုရား)။ အဲ့ဒါကလေးဟာ လည်း ခိုင်ရဲ့လား၊ မြဲရဲ့လား (မမြဲပါဘူး ဘုရား)။

မမြဲတော့ တည်ကြည်တဲ့ စိတ်ကလေးဟာ တည်ကြည် တဲ့စိတ် ဖြစ်ပြီး ပျက်တယ်လို့ နောက်ဉာဏ်နဲ့ လိုက်ရှုလိုက်ပါ (မှန်လှပါ ဘုရား)၊ မရှုရင် မရဘူးတဲ့ ရှုပေး ဟုတ်ပြီလား (မှန်ပါ ဘုရား)။

အရင် တည်ကြည်တဲ့ ရှုတဲ့ဉာဏ်ကလေးကို နောက် ဉာဏ်က ပြန်ရှုမရဘူးလား (ရပါတယ် ဘုရား)။ အဲ့ဒီလိုလည်း ရှုနိုင်သေးတယ်တဲ့၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

မတည်ကြည်တဲ့စိတ် ပေါ်လာပြန်လို့ ရှိရင်လည်း မတည် ကြည်ဘူး ဆိုတာသာ ရှုပေး (မှန်လှပါ ဘုရား)။ စိတ်ကလေး က ရှုမယ် ကြံရင်း မမြင်ရင်း၊ အဲ့ဒါ မတည်ကြည်တဲ့ စိတ်ကလေး (မှန်လှပါ ဘုရား)။

တရားထိုင်လို့မရတဲ့စိတ်

အဲ့ဒီ မတည်ကြည်တဲ့ စိတ်ကလေးလည်း ဖြစ်ပြီး ပျက်တာ ပဲလို့ ရှုပေးပါ (မှန်လှပါ ဘုရား)။ ဒီနေ့တော့ ကမ္မဋ္ဌာန်းကို ထိုင်လို့မရဘူး၊ ထိုင်လို့မရတဲ့ စိတ်ရှု (မှန်လှပါ ဘုရား)။

ထိုင်လို့မရတာဒီစိတ် ပြေးနေလိမ့်မယ် (မှန်လှပါ ဘုရား)။ ပြေးတဲ့စိတ် ဘာလုပ်ရမတုံး (ပြေးတဲ့စိတ် ဖြစ်ပျက် ရှုရမှာပါ ဘုရား)။ အဲ့ဒီကဲ့သို့ ရှုတော့ အဲ့ဒါ ကမ္မဋ္ဌာန်း ဖြစ်သွား ပြီ (မှန်လှပါ ဘုရား)။

ခင်ဗျားတို့က ဒီနေ့တော့ ထိုင်လို့ကို မရဘူး၊ ဘာမှမမြင် ဘူး ဘာဖြစ်နေ သတုံး မေးလို့ရှိရင် စိတ်မတည်လို့ ဘုရား၊ မတည် တဲ့စိတ်ရှု (မှန်လှပါ ဘုရား)။ နားလည်ပြီလား (နားလည် ပါပြီ ဘုရား)။

အဲ့ဒီ မတည်တဲ့စိတ်ကို ဘာလုပ်ရမတုံး (ဖြစ်ပျက် ရှုရ မှာပါ ဘုရား)။ အဲဒီတော့ ဒါကမ္မဋ္ဌာန်း ဖြစ်နေပြီ၊ ဒါခင်ဗျားတို့က ဆင်ခြေက လဲချင်သေးတယ် ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဒီနေ့တော့ ထိုင်လို့ကို မရဘူး စိတ်တွေက တောင်ပြေး မြောက်ပြေး နဲ့၊ ပြေးတဲ့စိတ် ဘာလုပ်ရမှာတုံး (ပြေးတဲ့စိတ် ဖြစ်ပျက်ရှု ရမှာ ပါ ဘုရား)။

ဒါ ကမ္မဋ္ဌာန်း မဖြစ်သေးဘူးလား (ဖြစ်ပါတယ် ဘုရား) ဘုရားကလည်း ပြေးတဲ့စိတ်ကို ပြေးတဲ့စိတ် လို့ရှုကွာ (မှန်လှပါ ဘုရား)။ ဆိုတော့ ကမ္မဋ္ဌာန်း မဖြစ်သေးဘူးလား။ (ဖြစ်ပါတယ် ဘုရား)။

အဲ့ဒါ နေရာတိုင်း ခင်ဗျားတို့ ကမ္မဋ္ဌာန်း ရှုလို့ မဖြစ်ဘူး၊ ဒီနေ့ ဘယ်နှယ်ဖြစ်တယ် မသိဘူးလို့ မလာခဲ့နဲ့ ဆင်ခြေနဲ့ မလာခဲ့နဲ့ (မှန်လှပါ ဘုရား)။

ရှုလို့မဖြစ်တဲ့ စိတ်ကလေးဟာ ရှုလို့မဖြစ်တဲ့ စိတ်ကလေး ပေါ်လို့ပေါ့ (မှန်လှပါ ဘုရား)။ အဲ့ဒီ စိတ်ကလေး ဖြစ်ပျက်လိုက် ပါလား (မှန်လှပါ ဘုရား)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

အဲဒီစိတ် ဖြစ်ပျက်ကို ရှုလိုက်မယ် ဆိုရင် ခင်ဗျားတို့ အဖိုး မတန်ပေ ဘူးလား (တန်ပါတယ် ဘုရား)။ အေး အဲဒီကဲ့ သို့ တရား အဖြစ် အပျက်တိုင်း ရှုပေး (မှန်လှပါ ဘုရား)။ အဲ့ဒါ “ဓမ္မနုဓမ္မ ပဋိပန္န” ပုဂ္ဂိုလ် (မှန်လှပါ ဘုရား)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဘယ်အချိန်ကျအောင်ရှုရမှာတုံး

အဲ့ဒါ ဘယ်အချိန် ကျအောင် ရှုရမှာတုံး၊ ငြီးငွေ့ သည်တိုင် အောင်ရှု (မှန်လှပါ ဘုရား)။ မလိုချင်သည့် တိုင်အောင် (ရှုရမှာ ဘုရား)။ ငြီးငွေ့သည့် တိုင်အောင် (ရှုရမှာပါ ဘုရား)။

အဲ့ဒီလိုရှုပါ (မှန်လှပါ ဘုရား)။ အဲဒီလို့ရှုနိုင်တဲ့ပုဂ္ဂိုလ် – ကျတော့်ကို ဒကာ ဒကာမတို့။

၁။ တစ်နံပါတ်က ဖြစ်ပျက်မြင်အောင်ရှု (မှန်လှပါ ဘုရား)။

၂။ နှစ်နံပါတ်က ငြီးငွေ့ သည်တိုင်အောင်ရှု (မှန်လှပါ ဘုရား)။

၃။ သုံးနံပါတ်က မလိုချင်သည်တိုင်အောင်ရှု (ရှုရမှာပါ ဘုရား)။

၄။ လေးနံပါတ်ကျတော့ ငြိမ်းအေးသည့်တိုင်အောင်ရှု (ရှုရမှာပါ ဘုရား)။

တစ်နံပါတ်က ဘာတုံး ဖြစ်ပျက် မြင်အောင်ရှု (မှန်လှပါ ဘုရား)။ နှစ်နံပါတ်က (ငြီးငွေ့အောင် ရှုရမှာပါ ဘုရား)။ သုံးနံပါတ်က (မလိုချင်အောင် ရှုရမှာပါ ဘုရား)။

လေးနံပါတ်က (ငြိမ်းအေးသည့် တိုင်အောင် ရှုရမှာပါ ဘုရား)။ ငြိမ်းအေးသည့် တိုင်အောင်ရှု (မှန်လှပါ ဘုရား)။

ဒီဘဝနိဗ္ဗာန်ရမယ့်ပုဂ္ဂိုလ်

အဲ့ဒီကဲ့သို့ ရှုလို့ ရှိရင်ဖြင့် အဲ့ဒီ ငြိမ်းအေးရောက်တဲ့ ပုဂ္ဂိုလ် ဟာ ဒီဘဝ နိဗ္ဗာန်ရမယ့် ပုဂ္ဂိုလ်လို့ ဆုံးဖြတ်ချက် ချကွတဲ့ (မှန်လှပါ ဘုရား)။ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

နိဗ္ဗာန်ရမယ့် ပုဂ္ဂိုလ် ကိုယ့်ဟာ ကိုယ် ရွေးတတ်ပြီလား (ရွေးတတ်ပါပြီ ဘုရား)။

ဖြစ်ပျက်မြင်တဲ့ ပုဂ္ဂိုလ်က ဓမ္မာနုဓမ္မပဋိပန္န ပုဂ္ဂိုလ် (မှန်လှပါ ဘုရား)။ ငြိမ်းအေးသည့် တိုင်အောင် ရအောင် ရှုနိုင်တဲ့ ပုဂ္ဂိုလ်က ယခုဘဝ နိဗ္ဗာန်ရမယ့် ပုဂ္ဂိုလ် (မှန်လှပါ ဘုရား)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ကိုယ့်ဟာကိုယ်လုပ်မှကိုယ်ရမယ်

ငြိမ်းအေးသည့် တိုင်အောင် ရှုနိုင်တဲ့ ပုဂ္ဂိုလ် ဘာဆိုကြ (ယခုဘဝ နိဗ္ဗာန်ရောက်မယ့် ပုဂ္ဂိုလ်ပါ ဘုရား)။ အဲ့ဒါ ကိုယ့်ဟာ ကိုယ်လုပ်မှ ကိုယ်ရမယ်၊ သူများ ပေးလို့ မရဘူး (မရပါ ဘုရား) သူများ ပြောလို့ မရဘူး (မရပါ ဘုရား)။ ကိုယ့်ဟာကိုယ် လုပ်မှ ကိုယ်ရမယ် ဆိုတာ သဘောကျပြီလား (ကျပါပြီ ဘုရား)။

အဲ့ဒါ စိတ္တာနုပဿနာရှုနည်း (မှန်လှပါ ဘုရား)။

ကဲ့ ယနေ့ ဒီတွင်တော်ကြစို့။

သာဓု သာဓု သာဓု။