ဉာဏ်နဲ့ မြင်တဲ့အနိစ္စ ပါးစပ်ကမြည်တဲ့အနိစ္စမဟုတ်ဘူးနော်
အသံဖိုင်ခေါင်းစဉ်= ခန္ဓာပြောတာဉာဏ်ကရှုကြရန်တရားတော်
စာအုပ်ခေါင်းစဉ်= ဉာဏ်နဲ့ မြင်တဲ့အနိစ္စ ပါးစပ်ကမြည်တဲ့အနိစ္စမဟုတ်ဘူးနော်
ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့၌ဟောကြားသောတရားတော်
ဉာဏ်နဲ့ မြင်တဲ့အနိစ္စ ပါးစပ်ကမြည်တဲ့အနိစ္စမဟုတ်ဘူးနော်
( ၂၈ – ၉ – ၁၉၆၁ )
ကိုင်း ဒကာကြွယ် အလုပ်စခန်း ပြောမယ် (မှန်ပါ့)၊ ဒကာ ဒကာမတို့ အလုပ်စခန်း ဆိုတာ သာသနာတွင်း မှပေါ်လို့ အလွန်အရေးကြီးတယ် ဆိုတာ မှတ်ရမယ်နော် (မှန်ပါ့)။
အနိစ္စညည်းပြီး ပုတီးပတ်ရေတွက်နေတယ်
ရှေးက အလုပ်လုပ်ကြတာက ပါးစပ်က အနိစ္စညည်း ပြီး ပုတီးပတ်တွေကို ရေတွက်ပြီး သကာလ နေကြတယ် (မှန်ပါ့)၊ သညာ အလုပ်တွေသာ ဖြစ်ပြီး ပညာအလုပ် ဖြစ်တာက နည်းပါးတယ် (မှန်ပါ့ ဘုရား)။
အခုအခါဖြင့် ဒကာကြွယ်တို့၊ ဒကာသစ်တို့ ပုတီး မကိုင်ချင်နေပါလို့ ဘုန်းကြီးများက သတိ ပေးလိုက်တယ်နော် (မှန်ပါ့)၊ ခန္ဓာဖြစ်ပျက်ကို ဉာဏ်က လိုက်နေလို့ ရှိရင်လဲ ပြီးတာပဲ (မှန်ပါ့ ဘုရား)။
ခန္ဓာဖြစ်ပျက်ကိုဉာဏ်ကလိုက်နေပါ
ခန္ဓာဖြစ်ပျက်ကို (ဉာဏ်က လိုက်နေရင် ပြီးပါ တယ် ဘုရား)၊ အဲဒီ အလုပ်ကိုတဲ့ ဒကာ ဒကာမတွေ လုပ်နေလို့ ရှိရင်ဖြင့် အနိစ္စာနုပဿနာ ဖြစ်တယ်လို့ မှတ်ပါ (မှန်ပါ့)၊
အဲဒီ အနိစ္စာနုပဿနာ သည် ဒကာ ဒကာမတို့ တခြား မဟုတ် ပါဘူး၊ အနိစ္စာနုပဿနာ ရှုတဲ့ ပုဂ္ဂိုလ်သည်ကား ဆိုလို့ရှိရင်ဖြင့် အလွန် ကျေးဇူးများတယ် (မှန်ပါ့)၊
ဘယ်လိုကျေးဇူးများ သတုံးဆိုတော့ ကိုယ့်ပဋိစ္စသမုပ္ပါဒ်ကို ကိုယ်ဖြတ်လိုက်တဲ့ အ တွက် ကိုယ့်ဒုက္ခသိမ်းတဲ့ နိဗ္ဗာန် ရောက်ပါတယ် (မှန်ပါ ဘုရား)။
ကိုယ့်ပဋိစ္စသမုပ္ပါဒ် ကိုယ်ဖြတ်တဲ့အတွက် ကိုယ့်ဒုက္ခ သိမ်းတဲ့ နိဗ္ဗာန် ရောက်တယ် (မှန်ပါ ဘုရား)။
လိုချင်၊ ရချင်တဲ့ တဏှာပါးသွားတယ်
အဲ့ဒါ အနိစ္စသညာကို ပွားများပါများပြီး အနိစ္စ၊ ဖြစ်ပျက်တွေကို ဒကာ ဒကာမတွေက ဉာဏ်နဲ့ ကြည့်ကြည့်၊ ကြည့်ကြည့်နေလို့ ရှိရင်ဖြင့်တဲ့ ဘာလိုချင်တယ်၊ ဘာရချင် တယ် ဆိုတဲ့ တဏှာဟာ ပါးပါး ပါးပါးသွားတာပဲ (မှန်ပါ့ ဘုရား)။
ဘာလိုချင်တယ် ဘာရချင်တယ်ဆိုတဲ့ တဏှာသည် ပါးပါး ပါးပါးပြီး သကာလ ကြာတော့ ပျောက်တယ် (မှန် ပါ့ ဘုရား)။
ဒါဖြင့် အနိစ္စသညာ ပွားခြင်းသည် ဒကာ ဒကာမ တို့ တဏှာပါးတယ် (မှန်ပါ့ ဘုရား)။
အနိစ္စသညာပွားရင် (တဏှာပါးပါတယ် ဘုရား)၊ တဏှာပါးတယ်လို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက မှတ် ပါနော် (မှန်ပါ)။
တကယ်လို့ အာရုံတွေမြင်ရပြန်လို့ စားစရာကောင်း ကောင်းတွေ၊ ကြည့်စရာ ကောင်းကောင်း တွေ မြင်ပြန်လဲ အနိစ္စသညာ ပွားနေတဲ့ ပုဂ္ဂိုလ်ဟာ၊ အနိစ္စ အလုပ်ကို လုပ်နေတဲ့ ပုဂ္ဂိုလ်ဟာ စက်ဆုပ်ဖွယ် အဖြစ်နဲ့လဲ မြင်လာတတ်တယ် (မှန်ပါ့)၊ ရှင်းပြီ (မှန်ပါ့)။
ဒါဖြင့် အနိစ္စသညာကို ပွားတဲ့ ပုဂ္ဂိုလ်များသည် တဏှာပါး၍ စက်ဆုပ်ဖွယ် အမြင်များ တတ်ပါသည် (မှန်ပါ့)။
တဏှာပါးတယ်ဆိုတာ
တဏှာပါးတယ် ဆိုတာကတော့ တခြား မဟုတ်ပါဘူး၊ ဘာဖြစ်ဖြစ် လူ့ပြည်၊ နတ်ပြည်လဲ မလိုချင်ဘူး၊ စီးပွားဥစ္စာ ရတနာလဲ မရချင်တော့ဘူး ဆိုပြီး သကာလ ဒီလိုဖြစ် ပေါ်လာတာသည် ဒကာကြွယ်တို့ ဒကာသစ်တို့ တဏှာပါး တာလို့မှတ်ပါ (မှန်ပါ့)။
ရလဲ မထူးပါဘူးကွာ၊ မရလဲ မထူးပါဘူး ဆိုတဲ့ ဒီအသံ ထွက်လာလို့ ရှိရင် ကိုယ့်သန္တာန်မှာ တဏှာ ပါးတယ်လို့ သာ မှတ်ပါ (မှန်ပါ့)။
ဒီတဏှာ ပါးတာလဲ တခြားကြောင့် ပါးတယ် လို့ ဒကာ ဒကာမတွေ မယူလိုက်နဲ့၊ ဖြစ်ပြီး ပျက်တဲ့ အနိစ္စကလေးတွေ မြင်ပါများလို့ ပါးတယ် မှတ်ပါ (မှန်ပါ့)။
ဖြစ်ပြီးပျက်တဲ့ အနိစ္စကလေးတွေ (မြင်ပါများလို့ ပါးပါတယ် ဘုရား)။
စက်ဆုပ်စရာတွေလို့ ဉာဏ်က ပွားလာတယ်
ပါးလာတဲ့အခါကျတော့ ဘာပဲကြည့်လိုက်၊ ကြည့် လိုက် ေဩာ် စက်ဆုပ်စရာတွေ ပါကလား ၊စက်ဆုပ် စရာတွေပါကလား၊ ရွံ့မုန်းစရာပါတွေ ပါကလား ဆိုတာလဲ ဒကာသစ် တိုးချဲ့ပြီး ဉာဏ်က ပွားလာတယ် (မှန်ပါ့)၊
ဒါဖြင့် ဒကာ ဒကာမတို့ အနိစ္စများများ ပွားတဲ့ ပုဂ္ဂိုလ် တဏှာပါး၍ မြင်တိုင်း အာရုံတွေ စက်ဆုပ်စရာလို့ အထင်များ လာတယ်လို့ မှတ်လိုက်ပါ (မှန်ပါ့ ဘုရား)၊ ရှင်းပြီးနော် (ရှင်းပါပြီ ဘုရား)။
ဒါက အင်္ဂုတ္တိုရ် ပါဠိတော်ကြီးမှာ ဒကာ ဒကာမတို့ ဒီလိုလာတယ်နော် (မှန်ပါ့)၊ တဏှာလဲ ပါးတယ်ကွ၊ စက် ဆုပ်ဖွယ်ဆိုတာတွေလဲ ဉာဏ်ထဲမှာ မြင်မှုတွေ များလာတယ် ကွ (မှန်လှပါ ဘုရား)။
ဖြစ်ပျက်ကိုဖြင့်ပွားမိအောင်ပါ
ဒါကြောင့် ငါဘုရားသခင် ကိုယ်တော်မြတ်ကြီးက အနိစ္စသညာ ကြပ်ကြပ်ပွားလို့ ရှိရင် တဏှာပါး၍ စက်ဆုပ် ဖွယ်တွေ အမြင်များ သောကြောင့် နိဗ္ဗာန် ရောက်တယ်လို့ သူ ကိုယ်တိုင်လဲ ပွားခဲ့လို့ သူကိုယ်တိုင် ရောက်လို့ ဒကာသစ် သက်သေခံ လုံလောက်အောင် ပြောတာ (မှန်ပါ့ ဘုရား)။
ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဖြစ်ပျက်ကို ဖြင့် ပွားမိအောင် ပွားပါ ဆိုတာ သတိပေး ရတယ် (မှန်လှပါ)။
ဖြစ်ပျက်ပွားရလိမ့်မယ် (မှန်ပါ့)၊ ပွားလို့ ရှိရင် ဒကာကြွယ်ရေ တဏှာလဲ ပါးမယ် (မှန်ပါ့)၊ မြင်တဲ့ အာရုံတွေလဲ သာယာဖွယ် မရှိဘဲနဲ့ စက်ဆုပ်ဖွယ်တွေပါ ကလားလို့ မြင်လာမယ် (မှန်ပါ့)။
နောက်လာမည့်ဒုက္ခတွေချုပ်သွားတယ်
ဒီလိုမြင်လာလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ နောက် ပဋိစ္စသမုပ္ပါဒ် ဆက်နိုင်သေးရဲ့လား (မဆက် နိုင်ပါ ဘုရား)။
မဆက်နိုင်လို့ရှိရင်လဲ “ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ” (မှန်ပါ့ ဘုရား)၊ ဒုက္ခက္ခန္ဓဿ- နောက်လာမည့် ဒုက္ခ အစုကြီး၏၊ နိရောဓော- ချုပ်ခြင်းသည်၊ ဟောတိ- ဖြစ်၏။ (မှန်လှပါ)၊
ဪ နောက်လာမည့် ဒုက္ခအစု ကြီး ချုပ်သွားတယ် (မှန်ပါ့ ဘုရား)။
ဘယ့်နှယ်ကြောင့် နောက်လာမည့် ဒုက္ခအစုကြီးချုပ် ရသတုံးဆိုတော့ တဏှာပါး၍ စက်ဆုပ်ဖွယ် အမြင်များလို့ နောက်လာမှာတွေကို တစ်ခါတည်း ဖြတ်လိုက်တယ်၊
ဒကာ ဒကာမတွေ ခုနင်က အနိစ္စ အမြင်များတဲ့ မဂ်ဉာဏ် (မှန်ပါ့ ဘုရား)၊ စက်ဆုပ်ဖွယ်တွေ အမြင်များတဲ့မဂ်ဉာဏ် (မှန်ပါ ဘုရား)၊ ဝိပဿနာမဂ်ပေါ့ဗျာ (မှန်ပါ့)။
အဲဒီ မဂ်ကြောင့် တဲ့၊ ဒကာ ဒကာမတို့ နောက် လာမည့် လူချမ်းသာ ဆိုတာလဲ မဟုတ်ပါဘူး၊ ဒါတွေ စက်ဆုပ်စရာ တွေပါ (မှန်ပါ့)။
လူနတ်ချမ်းသာဆိုတာစက်ဆုပ်စရာတွေ
နတ်ချမ်းသာ ဆိုတာလည်း စက်ဆုပ်စရာတွေပါ ဆိုပြိး သကာလ တဏှာ ဥပါဒါန် ကံ လာသေးရဲ့လား (မလာပါ ဘုရား)၊ အင်း ပဋိစ္စသမုပ္ပါဒ် အကြောင်း ပြတ်ပြီ (မှန်ပါ့ ဘုရား)။
အကြောင်းပြတ်တော့ ဘုန်းကြီးတို့ ဒကာ ဒကာမ တွေက ဪ လူ့ခန္ဓာ၊ နတ်ခန္ဓာ ဆိုတဲ့ အကျိုးတရား တွေလဲ ဒကာကြွယ် လာပါဦးမလား (မလာပါ ဘုရား)။
ဪ ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဖြစ်ပျက် ကြပ်ကြပ်ပါ ဆိုတာ သတ္တကနိပါတ် အင်္ဂုတ္တိုရ်မှာ ဒကာကြွယ်ရေ ဒီအတိုင်း ဘုရားဟောတယ် (မှန်ပါ့)။
ဉာဏ်နဲ့ မြင်တဲ့အနိစ္စ ပါးစပ်ကမြည်တဲ့အနိစ္စ မဟုတ်ဘူးနော်
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ အနိစ္စ၊ ဖြစ်ပျက်တွေ ကို ပါးစပ်က မြည်တဲ့ အနိစ္စ မဟုတ်ဘူးနော် (မှန်လှပါ)၊ မြင်တဲ့အနိစ္စ (မှန်ပါ့)၊ ဉာဏ်နဲ့ မြင်တဲ့အနိစ္စ (မှန်လှပါ)၊ မျက်လုံးမြင်တာလဲ မလိုချင်ဘူး (မှန်လှပါ ဘုရား)။
ခန္ဓာထဲမှာ ဉာဏ်နဲ့ ကြည့်လိုက်တဲ့ အခါကျတော့ ဝေဒနာကလေးတွေ တဖျတ်ဖျတ်၊ ဖျတ်ဖျတ်နဲ့ ရေပွက်ပမာ ပျက်နေကျတယ် (မှန်လှပါ ဘုရား)။
စိတ်ကရေမြုပ်ပမာ
စိတ်ကလေးကလဲ ရေမြှုပ်ပမာ တစ်ခါတည်း ပျက် ပျက်၊ ပျက်ပျက် နေတာကလေးတွေ မြင်ပြီ ဆိုမှဖြင့် အင်း ဒီခန္ဓာပေါ်၌လည်း တဏှာပါး သွားပြီ (ပါးသွားပါပြီ ဘုရား)။
နောက် မြင်တိုင်း တွေ့တိုင်း၊ အာရုံတွေ ကြည့်လိုက်ပြန် တော့လဲ စက်ဆုပ်စရာတွေ ပါကလား လို့ ဖြစ်လာတယ် (မှန်ပါ့ ဘုရား)။
ဒီလိုမြင်လာတဲ့ မဂ်ဉာဏ်သည် ဒကာ ဒကာမတို့ တဏှာ၊ ဥပါဒါန်၊ ကံကို မသတ်လား (သတ်ပါတယ် ဘုရား)။
တဏှာ၊ ဥပါဒါန်၊ ကံ သတ်တယ် ဆိုကတည်းက နောက်လာမည့် နတ်ဇာတ်၊ ဗြဟ္မာဇာတိ တွေ ဒကာကြွယ် ပေါ်နိုင်သေးရဲ့လား (မပေါ်နိုင်ပါ ဘုရား)။
အကြောင်းပြတ်လို့ အကျိုးပြတ်တာ
ဪ အကြောင်း ဖြတ်လိုက်တာနဲ့ ဒကာ ဒကာမတို့ အကျိုး ပြတ်သွားတယ်လို့ မှတ်လိုက် စမ်းပါ (မှန်ပါ့ ဘုရား)။ အကြောင်း ဖြတ်တာနဲ့ (အကျိုးပြတ် သွားပါတယ် ဘုရား)။
ဒါကြောင့် ဒကာ ဒကာမတွေ သက်သေခံလုံလောက် အောင် ဆိုပြီး ခန္ဓပဋိစ္စသမုပ္ပါဒ်ကို ဘယ်အခါ ကာလမှ မမေ့ ကြနဲ့ (မှန်ပါ့ ဘုရား)။
ကိုယ့်ဒုက္ခ ကိုယ်ဖြတ်တာ၊ ကိုယ့်ဒုက္ခအတန်းကြီး သိထားတော့မှ ေဩာ် ကိုယ်လုပ်နေတဲ့ ဖြစ်ပျက်မြင်တဲ့ မဂ်ကလေးသည် (ဝါ) ဉာဏ်ကလေးသည် ေဩာ် ကိုယ့် ဒုက္ခ ကိုယ်ဖြတ် နေတာ ဖြစ်လေ သောကြောင့် တို့မပျင်းမရိဘဲ ဒီဥစ္စာ လုပ်ရမှာပဲ၊
ဘာကြောင့်တုံး ဆိုတော့ ကိုယ့်ဒုက္ခ ကိုယ်သိမ်းတာကိုး (မှန်ပါ့)။
အိုတဲ့အခါထိုင်စားဖို့ ပြောတာ
ဒကာ ဒကာမတွေ စဉ်းစားကြည့်ပါလား၊ ပျိုပျိုရွယ် ရွယ်မှာ စီးပွားရှာကြတယ်၊
ဟာ ဘာဖြစ်လို့ ရှာကြသတုံး ဒကာ ဒကာမတို့ ပင်ပန်းလိုက်တာ ပြာပြာသလဲနဲ့ ခင်ဗျားတို့ ဥစ္စာ နေ့မအား ညမအား အစား တွေ့တောင်မှ မစားဘဲနဲ့ ဘယ်နှယ်ကြောင့် ဒါလောက် ရှာနေ ကြပါလိမ့်မတုံး ဆိုတော့ ရှေ့လာမယ့် ဒုက္ခကြီးဟာဘုရား မလုပ်နိုင် မကိုင်နိုင်တော့ မခက်ဘူးလား၊
အဲဒီတော့ ရှေ့ဒုက္ခ မလာအောင်လို့ ထားတာဘုရား ဆိုတော့၊ အိုတဲ့အခါ ထိုင်စားဖို့ ပြောတာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ရှေ့ပိုင်းမှာ အလုပ်လုပ်လို့ ရှိရင် နောက်ပိုင်းမှာ ဒကာ ဒကာမတို့ သက်သာခွင့် ရတယ် ဆိုသလို ပါပဲ (မှန်ပါ့ ဘုရား)။
အနိစ္စသညာဟာ တယ်ကျေးဇူးများတယ်
ခန္ဓာကိုယ်ထဲမှာ ဝေဒနာကလေးတွေ ကြည့်လိုက် ပြန်ရင်လဲ ဝေဒနာသုံးမျိုး ကြည့်ချင်တာ ကြည့်၊ ဖြစ်ပျက်တွေ တွေ့ရမယ် (တွေ့ရပါမယ် ဘုရား)။
တွေ့လိုက်လို့ ရှိရင် ဦးလှဘူးတို့ လူစုတွေက ေဩာ် တဏှာ ပါးပြီ (မှန်လှပါ ဘုရား)၊ တဏှာ ပါးပြီး စက်ဆုပ် ဖွယ်တွေလဲ အမြင်များ (မှန်လှပါ ဘုရား)။
ဒါ့ကြောင့် နောက်ခန္ဓာ လာစရာ အကြောင်း ရှိသေးရဲ့ လား (မရှိတော့ပါ ဘုရား)၊ ဒကာသစ် ရိပ်မိပြီဗျ (မှန်ပါ့)။
အင်း အနိစ္စသညာဟာ တယ်ကျေးဇူးများတယ် (များပါတယ် ဘုရား)။
ကိုယ်ကလုပ်တဲ့အနိစ္စမဖြစ်စေနဲ့
အနိစ္စ အနိစ္စလို့ တစ်ခါတည်း ခန္ဓာထဲမှာ မြင်တိုင်းမြင် တိုင်း ဒါလဲ အနိစ္စပဲ၊ ဒါလဲ အနိစ္စပဲ၊ ဒါလဲ အနိစ္စပဲလို့ သူကပြော လို့ အနိစ္စ၊ ဒကာ ဒကာမတို့ ကိုယ်က လုပ်တဲ့ အနိစ္စ မဖြစ်စေနဲ့ (မှန်ပါ့)၊ ဒါဟာ ကြပ်ကြပ် သတိထားပါ (မှန်ပါ့)။
ဓမ္မကပြောတဲ့ အနိစ္စနော် (မှန်ပါ့) ကိုယ်က လုပ်တဲ့ အနိစ္စ မဖြစ်စေနဲ့ (မှန်ပါ့)။
ဘယ်လိုပါလိမ့် (ဓမ္မက ပြောတဲ့အနိစ္စပါ၊ ကိုယ် ကလုပ်တဲ့အနိစ္စ မဖြစ်ပါစေနဲ့ ဘုရား)။
ကိုယ်ကလုပ်တဲ့ အနိစ္စ မဖြစ်ပါစေနဲ့ (မှန်ပါ့)၊ ရှေး ကတော့ လုပ်နေကြတာ ကိုယ်က အနိစ္စ လုပ်နေတယ် (မှန်ပါ့)၊ ဓမ္မက အနိစ္စကို သူမမြင်ဘူး (မှန်ပါ့)။
ဓမ္မကပြတဲ့အနိစ္စ
အခုဘုန်းကြီးတို့ သင်တဲ့နည်း၊ ပြတဲ့နည်းက ဓမ္မကပြ တဲ့ အနိစ္စကို ကိုယ်က ဟုတ်ပါပေတယ် လိုက်ရမယ် (မှန်ပါ့)။
ဓမ္မက ပြတဲ့ အနိစ္စကို (ကိုယ်က ဟုတ်ပါပေတယ် လိုက်ရပါမယ် ဘုရား)။
အဲဒီလို ကျတော့မှတဲ့ ဒကာ ဒကာမတို့ ခန္ဓာက ပြတဲ့ အနိစ္စ၊ ဓမ္မက ပြတဲ့ အနိစ္စ၊ ဒါကို ကိုယ်က ဟုတ်ပါတယ် ဟုတ် ပါတယ် ဆိုပြီး မဂ်ဉာဏ်နဲ့ ရှုနေဖို့ပါပဲ (မှန်ပါ့ ဘုရား)။
ထိုကဲ့သို့ မဂ်ဉာဏ်နဲ့ ဘုန်းကြီးရဲ့ ဒကာ ဒကာမတွေ ကရှုနေတော့ ဘာဖြစ်သတုံးလို့ မေးတဲ့ အခါ တဏှာပါး၍ စက်ဆုပ်ဖွယ် အမြင်များပါတယ် (မှန်ပါ့ ဘုရား)။
တဏှာပါး၍ (စက်ဖွယ် အမြင်များပါတယ်)၊ တဏှာ ပါး၍ကတည်းက နောက်က တဏှာက ဒကာ ဒကာမတို့ ခဏခဏ ချုပ်နေရတော့ ကြာတော့ ပါးသွားတယ် (ပါးပါတယ် ဘုရား)။
ဖြစ်ပျက်နောက်ကမဂ်လိုက်
ဖြစ်ပျက်နောက်က မဂ်လိုက် လိုက်၊ မဂ်ကလိုက် လိုက်တဲ့အခါကျတော့ နောက်က လာနေကျ တဏှာက ဒကာ ဒကာမတို့ မဂ်ချည့် လိုက်နေတော့ တော်တော် ကြာလေ ဝေးလေ ကြာလေ ဝေးလေ (မှန်ပါ့)။
လာခွင့်ရသေးရဲ့ လား (မရပါ ဘုရား)၊ အဲဒီကဲ့သို့ လာခွင့်မရတော့ ဒီတဏှာဟာ ပါးထွက် သွားတယ် (မှန်ပါ့)။
ပါးထွက်သွားတော့ ဉာဏ်မျက်လုံးအပေါ်မှာ ခါတိုင်း တော့သူက နည်းနည်းကလေး ဖုံးအုပ်နေတာ အခုတော့ဖြင့် သူ့ဖုံးအုပ်မှုဟာ ဝေးသွားတဲ့ အတွက် ဘာကြည့်လိုက်၊ ကြည့် လိုက် ခန္ဓာမှာ အသုဘသဘော မတင့်တယ်တဲ့ သဘောတွေ ချည့်တွေ့နေတယ် (တွေ့ပါတယ်)၊ စက်ဆုပ်ဖွယ်တွေ ချည့်တွေ့နေတယ် (တွေ့ပါတယ် ဘုရား)။
အဲ အနိစ္စသညာဆိုတဲ့ ခန္ဓာကပြောတာကို ဉာဏ်က အမှတ်ပြုပြီး သိနေတဲ့ အတွက်တဲ့ ဆရာဝန်ကြီးတို့ မှတ်စရာက တဏှာပါး၍ စက်ဆုပ်ဖွယ် အမြင်များ ပါကလား (မှန်ပါ့)၊ ရှင်းပြီ (ရှင်းပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် တို့ ဖြစ်ပျက်သည်ကားလို့ ဆိုရင် တယ် ကျေးဇူးများပါလား ဆိုတာ ဒကာသစ် ပေါ်သွားပြီ (ပေါ်သွားပါပြီ ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ဉာဏ်ကခေါင်းညိတ်လိုက်နေ
ဒါကြောင့် အားလုံး ဒကာ ဒကာမတွေ ခန္ဓာကပြော တဲ့ ဖြစ်မှုပျက်မှုကိုဖြင့် ဉာဏ်က ခေါင်းညိတ် လိုက်နေတဲ့ အ လုပ်ဟာ နိဗ္ဗာန် ရောက်ပါလိမ့်မယ်လို့ ဟောလိုက်တယ် (မှန်ပါ)။
ခန္ဓာကပြော တဲ့ ဖြစ်မှုပျက်မှုကိုဖြင့် ဉာဏ်က ခေါင်းညိတ် လိုက်နေလို့ရှိရင်ဖြင့် အမှတ်ပြု လိုက်လို့ ရှိရင်ဖြင့် နိဗ္ဗာန်ရောက်အောင် ဆောင်ပါလိမ့်မယ် (မှန်ပါ့)၊ သဘောပါပလား (ပါပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒီဥစ္စာ ပွားဖြစ်အောင် ပွားပါ ဆိုတာ အလုပ်သမားတွေ ပြောရတယ် (မှန်ပါ့)၊ စိတ်ကြည့်ပြန်လဲ စိတ်ကလေးကလဲ သူဘာပြောသွားမယ် ထင်သတုံး ဆိုရင် ဒကာသစ်ရေ ဖြစ်ပြီး ပျက်ပါတယ်လို့ ပြောသွားတယ် (မှန်ပါ့)၊ ဝေဒနာ ကြည့်လိုက်ပြန်လဲ (ဖြစ်ပြီး ပျက်သွားပါတယ် ဘုရား)။
ရုပ်ကလေးတွေ ဒကာဦးလှဘူးက ကြည့်လိုက်ပြန် တော့ကော (ဖြစ်ပြီး ပျက်သွားပါတယ် ဘုရား)။
စက်ဆုပ်ဖွယ်အမြင်များမယ်
အဲဒါ ဉာဏ်က ခေါင်းညိတ်လိုက်ပါ အမှတ်ပြုလိုက် ပါ (မှန်ပါ့)၊ ပြုလိုက်တာနဲ့ တစ်ပြိုင်နက် တဏှာ ပါး၍ စက်ဆုပ်ဖွယ် အမြင်များ ပါလိမ့်မယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
တဏှာပါး၍ (စက်ဆုပ်ဖွယ် အမြင်များပါတယ်)၊ တယ် အဖိုးတန်ပါကလား ဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။
ဒကာ ဒကာမတို့ ဒါဒိဋ္ဌဓမ္မ အကျိုးပေးတာနော် (မှန်ပါ့)၊ ဒိဋ္ဌဓမ္မ အကျိုးပေးတာ ဆိုတော့ ဒကာသစ်ရေ တရား ဂုဏ်တော်ထဲမှာ ကြည့်လိုက်ပါလား အကာလိကော (မှန်ပါ့)၊ အကာလိကော အခါမလင့် အကျိုးပေး၏ (မှန်ပါ့)၊ မဆိုလားဗျာ (ဆိုပါတယ် ဘုရား)။
ဒကာ ဒကာမတို့ ဘာတဲ့တုံး (အကာလိကောပါ)၊ ကြည့်စမ်း ဒကာ ဒကာမတို့ ကျုပ်တို့ အပါယ် ချရမည့် တဏှာ (မှန်ပါ့ ဘုရား)။
သူပါးတာသည် ကျပ်တို့ အပါယ် ပို့နိုင်သေးရဲ့လား (မပို့နိုင်ပါ ဘုရား)။
အပါယ်ဇာတိမလာနိုင်တော့
ဒါ အကာလိကော အခါမလင့်ဘဲ အကျိုးပေးလိုက် ပါတယ်လို့ မှတ်ပါ (မှန်ပါ့)၊ အခါ လင့်သေးရဲ့လား (မလင့်ပါ ဘုရား)၊ အခု ရှုလိုက်လဲ အခုပါးတာပဲ (မှန်ပါ)၊ အခုပါးလို့ ရှိရင် ဒီတဏှာဟာ တဏှာ၊ ဥပါဒါန်၊ ကံ၊ အပါယ် ဇာတိ ဆိုတာ ဒကာသစ် လာနိုင်သေးရဲ့လား (မှန်ပါ့)။
အင်း ဒါဖြင့်ဓမ္မဂုဏ်တော် ခြောက်ပါးထဲမှာလဲ အကာလိကော အခါမလင့် အကျိုးပေး၏ ဆိုတာနဲ့လဲ တစ်ခါ တည်း သွားပြီး ညီညွတ်တဲ့ အတွက် ဘုရားရှိခိုးတော့လဲ အကာလိကော ဆိုတာ ဪ ပွားမှအကျိုးပေးတာကိုး (မှန်ပါ့)၊ ပွားမှနော် (မှန်ပါ့)၊ ပွားမှ အကျိုးပေးတယ် (မှန်ပါ့)။
ရွတ်နေရင်သမထ
ရွတ်နေရင် (သမထပါ ဘုရား)၊ နေရင် ဝိပဿနာ (မှန်ပါ့)၊ ရွတ်နေရင် (သမထပါ ဘုရား)၊ ပွားနေရင် (ဝိပဿနာပါ ဘုရား)။
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သမထနဲ့ ဝိပဿနာ ဆိုတာ သမထက သာသနာပ တရား (မှန်ပါ့)၊ ဝိပဿနာက သာသနာတွင်းတရား (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ရွတ်ဖတ်နေရတာနဲ့၊ ဉာဏ်နဲ့ ကြည့်ပြီးပွားနေ ရတာနဲ့ ဒကာသစ် ချိန်တော့ (မှန်ပါ့)၊ ဘယ်သူက ကျေးဇူး များသတုံး (ပွားနေရတာက ကျေးဇူးများပါတယ် ဘုရား)။
ပွားနေတော့ မဂ်ဆိုက်တယ် (မှန်ပါ့)၊ ရွတ်နေ တော့ သမာဓိ တည်တယ် (မှန်ပါ့)၊ ဒါကွာသွားတယ် (မှန်ပါ့) ရွတ်နေတော့ သမာဓိ တည်တော့ သမထဖြစ်သွား တယ် (မှန်ပါ့)၊ ပွားနေတော့ ဒကာ ဒကာမတို့ မဂ်ဆိုက် တော့ ဘာဝနာ ဖြစ်ပါတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲဒါကြောင့် မသိသေးတဲ့ ဒကာ ဒကာမတွေကျ တော့ ဒါကလေးကိုပဲ အကာလိကော၊ အကာလိကော၊ အကာလိကောလို့ ရွတ်ပြီး နေတာက များတယ် (မှန်ပါ့)။
ဘုန်းကြီးကမသိတာကိုသိအောင်ဟောတာ
ဘုန်းကြီးကတော့ ကောင်းသည်ထက် ကောင်းတာ ကို သာသနာတွင်း ဖြစ်နေလို့ မသိတာ ကိုလဲ သိအောင် ဖော်ပြ ရတဲ့ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်လဲ ဖြစ်နေလို့ ဒကာသစ် ပွား နေတာ ကောင်းတယ် (မှန်ပါ့)၊ သူ့ဟာသူ အကျိုးပေး သွားလိမ့်မယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
သူ့ဟာသူ အကျိုးပေးသွားလိမ့်မယ်၊ ခင်ဗျားတို့က ပွားရုံပဲ (မှန်ပါ့)၊ သူ့ဟာသူ အကျိုးပေး သွားမယ် ဆိုတာကော ကျေနပ်ပလား (ကျေနပ်ပါပြီ)၊ ကောင်းပြီ နေရာကျပြီနော် (မှန်ပါ့ ဘုရား)။
ကိုင်း ဒါဖြင့် တစ်ခါဖြစ်ပြီး ပျက်တာဟာလဲ ဒုက္ခ သစ္စာပဲ (မှန်ပါ့)။
ဖြစ်ပြီးပျက်တာလဲ (ဒုက္ခသစ္စာပါ)၊ ဒါ ဖြင့် ဖြစ်ပျက်မြင်ပြန်တော့လဲ ပွားနေကြတာကိုး (မှန် ပါ့ ဘုရား)။
အင်း ဖြစ်ပျက်မြင်ပြန်တော့ (ဒုက္ခပွားနေ တာပါ)၊ ဒုက္ခပွားနေကြတယ် (မှန်ပါ့)။
ဖြစ်ပျက် မြင်တော့ ဒေါသပါးတယ်
ဒုက္ခပွားနေကြပြန်တော့လဲ တဲ့ ဒကာ ဒကာမ ၊ တို့ ဒေါသပါးသွားတယ် (မှန်ပါ့ ဘုရား)။
ဒေါသတွေ ဘယ့်နှယ်ဖြစ်သွားသတဲ့ (ပါးသွား ပါတယ် ဘုရား)။
ဒေါသတွေပါးပြီး သကာလတဲ့ ဘာတွေဖြစ်လာသ တုံး ဆိုတော့ ကြောက်တတ်တဲ့ ဉာဏ်က ပေါ်လာတယ် (မှန်ပါ့)၊ ဪ ဒီခန္ဓာကြီးမျိုးရလဲ ကြောက်စရာကြီး ပါကလား (မှန်ပါ့ ဘုရား)။
ဘယဉာဏ်တွေ ပေါ်လာတယ်
ဒီခန္ဓာကြီးမျိုးရတာ ကြောက်စရာကြီးပါကလားလို့ ဆိုပြီး သကာလ ဒေါသပါးပြီး သကာလ ဘယဉာဏ်တွေ ပေါ်လာတယ် (မှန်ပါ့ ဘုရား)။
ဒေါသပါးပြီးတော့ (ဘယဉာဏ်တွေပေါ် လာပါတယ်)၊ ဘယဉာဏ်ဆိုတဲ့ ကြောက်တဲ့ ဉာဏ်တွေ ဒကာ ဒကာမတို့ တစ်ခါတည်း ပေါ်လာတယ် (မှန်ပါ့ ဘုရား)။
သုံးဆယ့်တစ်ဘုံကို ကြည့်လိုက်ပြန်လဲ ဪ , ဟိုဘုံကလဲ ဒုက္ခသစ္စာကြီးနဲ့ ပါကလား၊ ဒီဘုံ ကြည့်လိုက်ပြန်တော့လဲ ဒုက္ခသစ္စာကြီးနဲ့၊ ခန္ဓာကြည့်လိုက်ပြန်လဲ ဒုက္ခသစ္စာ ကြီးနဲ့၊ ကြောက်စရာကြီး ပါကလား ဆိုတဲ့ဥစ္စာ ဖြစ်ပျက် ဒုက္ခ ကိုက ဒုက္ခလို့ ရှုနေလိုက်ပြန်လို့ ရှိရင်လဲ ဒေါသပါး၍ ကြောက်တဲ့ ဉာဏ် ပေါ်လာပါတယ် (မှန်ပါ့ ဘုရား)။
ဒေါသပါး၍ (ကြောက်တဲ့ဉာဏ် ပေါ်လာပါတယ် ဘုရား)၊ ကြောက်တဲ့ဉာဏ် ပေါ်လာတယ် ဆိုတော့ ဘယဉာဏ် ပေါ်လာတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
တဏှာရောဒေါသရော ပါးတယ်
ဒါဖြင့် ဘုန်းကြီးတို့ဒကာ ဒကာမတွေ ဖြစ်ပျက်တစ် လုံးတည်းရှုတာသည် တဏှာလဲပါး၍ ဒေါသလဲပါးတယ် ဆိုတာ သေချာတယ် (သေချာပါတယ်)၊ တဏှာကော (ပါးပါတယ်)၊ ဒေါသကော (ပါးပါတယ်)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဖြစ် ပျက်တစ်ခုဟာ အနိစ္စလဲ ဒကာသစ် ဟုတ်တာပဲ (မှန်ပါ့)၊ ဒုက္ခသစ္စာလဲ (ဟုတ်ပါတယ် ဘုရား)။
အဲဒီတော့ ဒီနှစ်ဉာဏ်စလုံးဟာ ဒကာ ဒကာမတို့ ကိုယ်က အနိစ္စရှေ့ရှုပြီး ေဩာ် မမြဲပါကလားလို့ ဆိုလိုက် ပြန်လဲတဲ့ စက်ဆုပ်ဖွယ်တွေ အမြင်များတယ် (မှန်ပါ့ ဘုရား)။
ဟာ ဒါဒုက္ခသစ္စာတွေပဲ ဖြစ်ပျက်တွေဟာလဲ ဒုက္ခ သစ္စာတွေပဲ၊ ဖြစ်လိုက်ပျက်လိုက်၊ ဖြစ်လိုက်ပျက်လိုက်နဲ့ ဒါ ကိုယ့်ခန္ဓာ ဒုက္ခတွေ (မှန်ပါ့)၊ မိမိဒုက္ခတွေ ဆိုတာ ဒကာ ကြွယ် ရှင်းပြီ (ရှင်းပါပြီ)၊ တစ်ခါတည်း ဒေါသပါးသွား တယ် (ပါးပါတယ် ဘုရား)။
ဒေါသပါး၍ အကြောက်ဉာဏ်များတယ်
ဒေါသပါးသွားတဲ့အပြင်မှာ သံသရာကြီးကို တစ်ခါ တည်း ဘယ်ဘုံကြည့်လိုက် ကြည့်လိုက် ဒီလိုချည့်နေမှာပဲ ဆိုတော့ ကြောက်လန့်တတ်တဲ့ ဉာဏ်တွေ တစ်ခါတည်း ဒကာ သစ်ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။
ဪ ဒါဖြင့် ဖြစ်ပျက်ဒုက္ခပွားရခြင်းသည်ကား လို့ဆိုရင် ဒေါသပါး၍ အကြောက် ဉာဏ်များတယ် ဆိုတာ ကိုလဲ ယနေ့ မှတ်ထားရမယ် (မှန်ပါ့ ဘုရား)။
သိပ်အဖိုးတန်တယ် (တန်ပါတယ်)၊ ဒေါသက ဖြစ်ပျက် ဒုက္ခသစ္စာပါကလား၊ ဒုက္ခသစ္စာ ပါကလားလို့ ဒကာ ကြွယ်တို့ ပွားနေတဲ့ဥစ္စာ ဒေါသလဲ ပါးသွားတယ် (ပါးပါ တယ်) သုံးဆယ့် တစ်ဘုံထဲက ဒကာကြွယ် ဘယ်ဘုံရချင်သေး သတုံး (မရချင်ပါ ဘုရား)၊ ကြောက်လို့ ကြောက်လို့ (မှန်ပါ့)၊ ဒုက္ခပြန်ရောက်ဦးမှာပဲ ဆိုတာ သိနေလို့ (သိသွားလို့ပါ ဘုရား)။
အဲဒါကြောင့် ကြောက်ဉာဏ်တွေ ပေါ်ပေါက်များပြား လာတယ်ဆိုတာလဲ ဖြစ်ပျက် ဒုက္ခသစ္စာ ရှုလိုက်ပြန်လို့ရှိရင်လဲ ဒါတွေလာတာပဲ (မှန်ပါ့ ဘုရား)။
ဒေါသပါးပြီး သကာလ ဒကာ ဒကာမတို့ ကြောက် ဉာဏ်တွေ ပေါ်ပေါက်လာပါတယ် (မှန်ပါ့)၊ သိပ်အဖိုး တန်တယ်နော် (အဖိုးတန်ပါတယ် ဘုရား)။
ပညာနားနဲ့ထောင်မှနော်
ဒကာ ဒကာမတို့ ဒီဥစ္စာ ပညာနားနဲ့ ထောင်မှနော် (မှန်ပါ့)၊ ပညာနားနဲ့ ထောင်လိုက်တဲ့ အခါကျလို့ ရှိရင်ဖြင့် ဒါသာသနာတွင်းတရား၊ အကောင်းဆုံး နိဗ္ဗာန် သွားတဲ့တရားလို့ ဒကာကြွယ် မှတ်ပါ (မှန်ပါ့ ဘုရား)။
ဟာ ဒီဥစ္စာ ဒို့ နားမလည်သေးဘူး၊ နားထောင်ရ တာလဲ ခပ်ပျင်းပျင်းပဲလို့ ဒီလိုမလုပ်ပါနဲ့ (မှန်ပါ)၊ ဒီလိုမလုပ် ပါနဲ့တဲ့ ကောင်းလွန်းတဲ့ အစာကို တောသား မကြိုက်သလို မဖြစ် ပါစေနဲ့ (မှန်ပါ့)၊ ကောင်းလွန်းတဲ့ အစာတွေ တောသူတောင်သား မကြိုက်တာတွေလဲ ရှိသေးတယ် (မှန်ပါ့ ဘုရား)။
မြို့သားမျက်လုံးနဲ့ ကြည့်
ဥပမာ ဒန်ပေါက်ထမင်း ချက်ထားတယ်၊ ချက်ထားတဲ့ အခါကျလို့ရှိရင် လေးညှင်းတွေ၊ ကရဝေးတွေ စုံလို့ပေါ့ဗျာ (မှန်ပါ့)၊ အမျိုးမျိုးအဖုံဖုံ ဆေးတွေဝါးတွေ ထည့်ချက်တော့ ကျုပ်တို့ မစားတတ်ပါဘူး ဖြစ်လာတဲ့ တောသူ တောင်သားတွေ ရှိသေးတယ် (ရှိပါတယ် ဘုရား)။
ဟ ဘာဖြစ်လို့ မစားတတ် မသောက်တတ်ပါ လိမ့်မတုံးလို့ မေးတဲ့အခါကျတော့ မြို့သား မျက်လုံးနဲ့ ကြည့်တော့ ဒကာကြွယ် ကောင်းလွန်းလို့ (မှန်ပါ့)၊ ဒီအဓိပ္ပါယ် မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။
ဘယ်လိုပါလိမ့် (ကောင်းလွန်းလို့)၊ အဲ ခင် ဗျားတို့ လဲ တောနားနဲ့ မထောင်ဘဲနဲ့ သာသနာတွင်း နားနဲ့ မြို့သားအဖြစ်နဲ့ တစ်ခါတည်း ဒကာ ဒကာမတို့ ေဩာ် နိဗ္ဗာန် ရောက်တရားက ဖြစ်ပျက်မြင်ရင် ဖြစ်ပျက်ကို ဒုက္ခကို သိပါမှ ဒေါသပါးပြီး သကာလ သံသရာကြောက်ခြင်း များပါကလားလို့ ဆိုတာကို သေသေချာချာ ဉာဏ်နားနဲ့ ထောင်တော့ ေဩာ် တယ်အဖိုးတန် ပါကလား ဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ်)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ကောင်းပြီး ဒီဥစ္စာဖြင့် လွတ်မထွက်ကြပါနဲ့တဲ့၊ ဒီဥစ္စာတွေ သံသရာကြောက်မှ ခန္ဓာကြောက်ပါမှ ဒကာသစ်ရေ ခန္ဓာ မရမှာနော် (မှန်ပါ့)၊ ခန္ဓာမကြောက်ရင် ခန္ဓာ (ရပါတယ်)၊ ရရင် ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။
အဲဒီသစ္စာတွေ မြင်တဲ့ပုဂ္ဂိုလ်ကျတော့မှ ဒကာကြွယ် ခန္ဓာဒုက္ခလဲ မြင်ထားပြန် သစ္စာကလဲ ရှေ့ပိုင်းက သိထား ပြန်ဆိုတော့ ဒကာသစ် မကြောက်ပါနဲ့ ဆိုလို့ ကော (မရပါ ဘုရား)။
မရဘူး၊ နောက်ခန္ဓာရမှာ တပည့်တော်ဖြင့် အမိဝမ်း ခေါင်းထဲအောင်းရမှာနဲ့ ဒီဒုက္ခသစ္စာကြီး ပြန်ပြီး သယ်ရဦးမယ် ပိုးရဦးမယ် ထမ်းရ ဦးတော့မယ်၊ မခွဲမခွာ နေရဦးတော့မယ်ဆို ရင်ဖြင့် တပည့်တော်ဖြင့် အကြောက်ဆုံး တရားပဲ ဆိုတာ ဒုက္ခသစ္စာ ပွားနေတဲ့ ပုဂ္ဂိုလ်မှာ ဒီဉာဏ်လာတာပဲ (မှန်ပါ့)၊ မလာနဲ့ဆိုလို့ (မရပါဘူး)၊ ဒကာကြွယ် သိပ်အဖိုးတန် ပါကလား (တန်ပါတယ် ဘုရား)။
အနတ္တဆိုတာတခြားမှတ်မနေပါနဲ့
ကဲ တစ်ခါသွားပါဦးတဲ့၊ ဒကာ ဒကာမတို့ အနတ္တ သွားကြဦးစို့ (မှန်ပါ့)၊ အနတ္တ ဆိုတာလဲ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ တခြား မှတ်မနေပါနဲ့ ဖြစ်ပြီး ပျက်တာကို ဘယ်သူ တားလို့ ဆီးလို့ မှမရလို့ ဖြစ်ပျက်တာ အနတ္တပဲ (မှန်ပါ့)၊ ဘယ်သူတားလို့ ဆီးလို့ ရသလား (မရပါ ဘုရား)။
ဒီနေရာကယားတယ်၊ မပျောက်ပါစေနဲ့ဆိုလဲပျောက် သွားတာပဲ (မှန်ပါ့)၊ ဒီနေရာ ချမ်းသာလုံး ကလေး ပေါ်ပါ တယ်၊ တာရှည် တည်ပါစေလို့ကော (မရပါ)၊ ပျောက်ပျက် သွားတာပဲ (မှန်ပါ့)၊ ဖြစ်ပြီး ပျောက်တာပဲ (မှန်ပါ့ ဘုရား)။
ဒါဖြင့် သူ့ကိုလဲ တားလို့ဆီးလို့ မရတဲ့ အနတ္တလို့ နာမည်ပြောင်းပေး (မှန်ပါ့)၊ စင်စစ်တော့ဖြင့် အနိစ္စလဲ ဖြစ်ပျက် (မှန်ပါ့)၊ ဒုက္ခလဲ (ဖြစ်ပျက်ပါ)၊ အနတ္တလဲ (ဖြစ် ပျက်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
အနတ္တမြင်တော့ တဏှာ မာန ဒိဋ္ဌိ ပါးတယ်
အဲဒီတော့ဉာဏ်ထဲမှာ အနတ္တမြင်လာတဲ့ အခါကျ တော့ တဏှာရော မာနရော ဒိဋ္ဌိရော အကုန်ပါးတယ် (မှန်ပါ့ ဘုရား)။
အနတ္တ မြင်လာတော့ (တဏှာရော မာနရော ဒိဋ္ဌိ ရော အကုန်ပါးပါတယ်)၊ အကုန်ပါးသတဲ့ ဒကာကြွယ်ရေ အင်္ဂုတ္တိုရ် ပါဠိတော်မှာ ဘုရားဟောတယ် (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတို့ အနတ္တမြင်တော့ ဘာတွေပါးသတဲ့ တံ (တဏှာရော မာနရော ကြံ့ရော အကုန်ပါး ပါတယ် ဘုရား)။
အနတ္တမြင်တော့လဲ တဏှာ မာန ဒိဋ္ဌိတွေ ပါးသွား ပါတယ် (မှန်ပါ့)၊ ဪ အနတ္တ ဆိုတဲ့ ဥစ္စာလဲ တခြားလား အောက်မေ့တယ်၊ တို့ ရှုနေတာ အနတ္တပါကလား လို့ မှတ်လိုက်တာပေါ့ (မှန်ပါ့)။
ဝေဒနာကလေး ရှုလိုက်တော့လဲ ဒကာသစ်ရာ ဖြစ်ပြီး တော့ ပျောက်သွားတာတွေ့တာပဲ (မှန်ပါ့)၊ ဒါကို ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာဆိုလို့ (မရပါ ဘုရား)၊ ဒါဖြင့် အနတ္တပဲ (မှန်ပါ့ ဘုရား)။
ဖြစ်ပျက်မြင်ရင် သုံးခုစလုံးမြင်တယ်
ဒါဖြင့်ဖြစ်ပျက်မြင်တဲ့ ပုဂ္ဂိုလ်များ သုံးခုစလုံးမြင်တယ် လို့ မှတ်လိုက် (မှန်ပါ့)။
ဖြစ်ပျက်မြင်တဲ့ ပုဂ္ဂိုလ်များ (သုံးခုစလုံးမြင်ပါ တယ် ဘုရား)၊ အနိစ္စလဲဒါပဲ (မှန်ပါ)၊ ဒုက္ခလဲ (ဒါပါပဲ ဘုရား)၊ ဖြစ်ပျက်ပဲနော် (မှန်ပါ့)၊ အနတ္တလဲ (ဖြစ်ပျက် ပါပဲ ဘုရား)။
ဖြစ်ပျက်ပဲ ဆိုတော့ ဒကာကြွယ် ဒါကြောင့်မြတ်စွာ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ပုဂ္ဂိုလ်လိုက်လို့ ငါသုံးမျိုး ဟောထားတာပါကွာ တဲ့၊ စင်စစ် တစ်မျိုးတည်းပါပဲတဲ့ (မှန်ပါ့ ဘုရား)။
ပုဂ္ဂိုလ်တွေ ကျွတ်ထိုက်တာ လိုက်လို့သာ ငါကတချို့ ပုဂ္ဂိုလ်ကို အနိစ္စနဲ့ ချွတ်ရတယ် (မှန်ပါ့)၊
တချို့ ပုဂ္ဂိုလ်ကျတော့ သူတို့က ဒုက္ခအလေ့အကျင့် များတော့ ဒုက္ခနဲ့ ချွတ် လိုက်ရတယ် (မှန်လှပါ)၊
တချို့ပုဂ္ဂိုလ်ကျတော့ သူက အနတ္တ ဘဝအထုံကလေး ပါလာတော့ အနတ္တနဲ့ ချွတ်ရတာပါ တဲ့၊
‘‘စင်စစ်တော့ အနိစ္စာဝတသင်္ခါရာ’’ ပဲ (မှန်လှပါ)၊ ဖြစ်ပြီး ပျက်တာပါပဲ (မှန်လှပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒုက္ခသစ္စာချည်းပါပဲ
ဒါဖြင့် အားလုံ းတရားနာလာကြတဲ့ ဒကာ ဒကာမ တွေက ေဩာ် တချို့က အနိစ္စမှ နိဗ္ဗာန်ရောက်တယ်၊ ဒုက္ခ မှ နိဗ္ဗာန်ရောက်တယ်၊ အနတ္တမှ နိဗ္ဗာန်ရောက်တယ် ပြောချင် တာ ပြောနေတာ အပိုပဲလို့ မှတ်လိုက် (မှန်ပါ့ ဘုရား)၊
စင် စစ်တော့ဖြင့် အနိစ္စလဲ ဒကာ ဒကာမတို့ ဒုက္ခသစ္စာ (မှန် ပါ့)၊ ဒုက္ခလဲ (ဒုက္ခသစ္စာပါပဲ ဘုရား)၊ အနတ္တလဲ (ဒုက္ခ သစ္စာပါပဲ ဘုရား)၊ မှတစ်ပါး တခြားရှုစရာရှိသေးရဲ့ (မရှိ ပါ ဘုရား)။
ဘာဖြစ်လို့တုံး ဆိုတော့ ခင်ဗျားတို့ ရှုရတာ ဒီခန္ဓာ ငါးပါး၊ အဲဒီတော့ ဒီဥစ္စာက “သဗ္ဗေ ဓမ္မာ အနတ္တာ” ဆိုတော့ အနတ္တထဲ အကုန်ဝင်တာပဲ (မှန်ပါ့)၊ “သံခိတ္တေန ပဉ္စပါဒါနက္ခန္ဓာ ဒုက္ခာ” လို့ ဆိုပြန်တော့လဲ ဒုက္ခသစ္စာထဲ အကုန်ဝင် တယ် (မှန်ပါ့ ဘုရား)၊ “သဗ္ဗေ သင်္ခါရာ အနိစ္စာ” ဆိုတော့လဲ သင်္ခါရ တရားတွေမို့ အကုန် အနိစ္စဖြစ်တာပဲ (မှန်ပါ့)၊ ထူးသေးရဲ့လား (မထူးပါ ဘုရား)။
အဲဒီလို မထူးတာ သိတော့မှ အနိစ္စရှုလဲ ဒုက္ခ အနတ္တပါတာပဲ (မှန်ပါ့)၊ ဒုက္ခလို့ ပါးစပ်ကကြည့် ပြီးရှုနေပြန်လို့ ရှိရင်လဲ အနိစ္စနဲ့ အနတ္တပါတာပဲ (ပါပါ တယ် ဘုရား)၊ အနတ္တ ရှုနေပြန်တော့လဲ အနိစ္စနဲ့ ဒုက္ခပါသွားတာပဲ (ပါပါတယ် ဘုရား)။
ဖြစ်ပျက်ရှုရင်အကုန်ပါသွားတယ်
အင်း ဖြစ်ပျက်တစ်ဆည်းနေလဲအကုန်ပါသွားတာပဲ (ပါသွားပါတယ် ဘုရား)သဘောကျပလား (ကျပါပြီ ဘုရား)။
ဖြစ်ပျက် တစ်ခုတည်း ရှုနေလဲ (အကုန်ပါသွား ပါတယ် ဘုရား)၊ ဪ ဒကာကြွယ် ဒီလို ပေါင်းယူလိုက်တော့လဲ အတူတူ ပါပဲလား (မှန်ပါ)။
ဒါဖြင့် ဒကာ ဒကာမတို့ အနတ္တရှုတဲ့ အခါကျတော့ တဏှာ၊ မာန၊ ဒိဋ္ဌိ သေတယ် (မှန်ပါ့)၊ အနတ္တ ရှုတဲ့အခါ ကျတော့ (တဏှာ၊ မာန၊ ဒိဋ္ဌိ သေပါတယ် ဘုရား)။
ဪ ဒါဖြင့် တဏှာသေလဲ ပပဉ္စသေတာပဲ (မှန်ပါ့)၊ မာနသေကော (ပပဉ္စသေပါတယ် ဘုရား)၊ ဒိဋ္ဌိ သေရင်ကော (ပပဉ္စသေသွားပါတယ် ဘုရား)၊ ဒါဖြင့် သူ လဲ သံသရာ စခန်းသတ်တာပဲ (မှန်ပါ့)။
ဘယ့်နှယ်ဆိုကြမလဲ (သံသရာ စခန်းသတ်ပါ တယ် ဘုရား)၊ သံသရာ စခန်းသတ်တာပဲလို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက မှတ်ထားလိုက်တာပေါ့ (မှန်ပါ့)၊ ဦးလှဘူး ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် အနိစ္စ ဘာပါလိမ့်မတုံး၊ တို့မြင်တဲ့ ဖြစ်ပျက် (မှန်ပါ့ ဘုရား)၊ ဒုက္ခဘာပါလိမ့်မတုံး (ဖြစ်ပျက်ပါ ဘုရား)၊ အနတ္တဆိုဘာပါလိမ့်မတုံး (ဖြစ်ပျက်ပါ ဘုရား)။
ဖြစ်ပျက်တစ်လုံးရှုရပါတယ်
ဒကာ ဒကာမတွေရှုနေတဲ့ ဖြစ်မှု ပျက်မှု ဆိုတာပဲ (မှန်ပါ့)၊ တရားကို လွှဲဆိုနေတယ်လို့ ဒကာကြွယ် ဒီလိုမယူနဲ့နော် (မှန်ပါ့)။
“သဗ္ဗေ သင်္ခါရာ ဒုက္ခာ’’ ထဲမပါဘူးလား (ပါပါ တယ် ဘုရား)၊ “သဗ္ဗေသင်္ခါရာအနိစ္စာ” ထဲမှာကော (ပါပါ တယ် ဘုရား)၊ “သံခိတ္တေန ပဉ္စပါဒါနက္ခန္ဓာ ဒုက္ခာ” ထဲမှာကော (ပါပါတယ် ဘုရား)၊ ဒါဖြင့် ဒကာသစ်ရေ အတူတူပဲ (မှန်ပါ့ အတူတူပါပဲ ဘုရား)။
ဒါကြောင့် “အနိစ္စာဝတ သင်္ခါရာ၊ ဥပ္ပါဒဝယဓမ္မိနော” ဆိုပြီး သကာလ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ချုံးဟောတဲ့ အတွက် ဒကာ ဒကာမတို့ ဘာမှရှုပ်မနေနဲ့ ဖြစ်ပျက် တစ် လုံးရှု (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ဘာရှုရမယ် (ဖြစ်ပျက် တစ်လုံး ရှုရပါမယ် ဘုရား)။
ခန္ဓာထဲမှာ ရှိတာက ဒီဟာ ဖြစ်ပျက် ဆိုတဲ့ဥစ္စာက ဖြစ် ပြီး ပျက်လို့လဲ အနိစ္စ (မှန်လှပါ ဘုရား)၊ ဖြစ်မှု ပျက်မှုကြောင့် ကျုပ်တို့ ခင်ဗျားတို့ ဖြစ်မှုပျက်မှုဖြင့် နှိပ်စက်တတ် သောကြောင့် ဒုက္ခ (မှန်ပါ့)၊ မဖြစ်ပါနဲ့ မပျက်ပါနဲ့လို့ တားမရ လို့လဲ အနတ္တ (မှန်ပါ့)၊ ဒီတရားပဲ ရတယ် (မှန်ပါ့ ဘုရား)။
ဖြစ်ပျက်သည်ပင်လျှင် အနိစ္စ၊ ဒုက္ခ၊ အနတ္တ
ဖြစ်ပျက် သည်ပင်လျှင် အနိစ္စ (မှန်ပါ့)၊ ဖြစ်ပျက် သည်ပင်လျှင် (ဒုက္ခပါ ဘုရား)၊ ဖြစ်ပျက်သည် ပင်လျှင် (အနတ္တပါ ဘုရား)၊ ကဲ ဒကာသစ် ကျေနပ်လောက်ပြီ (ကျေနပ် လောက်ပါပြီ ဘုရား)။
ဒါဖြင့် အစက တစ်ခေါက်ပြန်ပြီး သူ့ကို သိမ်းရမယ် (မှန်ပါ ဘုရား)၊ ဒကာ ဒကာမတို့ ဖြစ်ပြီး ပျက်တဲ့ အနိစ္စရှု ပြန်လို့ရှိရင် တဏှာပါး၍ အသုဘ အထင်များပါတယ် (မှန်ပါ့)။
တဏှာပါး၍ (အသုဘအထင်များပါတယ်)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။ ဖြစ်ပြီး ပျက်တာကို ကျုပ်တို့က ဒုက္ခလို့ ရှုနေသဖြင့်လဲ ဒေါသပါး၍ ကြောက်ခြင်း လန့်ခြင်း များတယ် (မှန်လှပါ ဘုရား)။
သံသရာမှာ ကြောက်ခြင်း လန့်ခြင်းများတယ် (များပါတယ် ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ကဲ တစ်ခါသွားပါဦး ဒကာကြွယ်ရေ ကျုပ် တို့ သည်ကားလို့ဆိုရင် ဖြစ်ပျက်တာကို အနတ္တလို့ ကျုပ်တို့ က အလေ့အကျက် များနေတယ် ဆိုကြပါစို့ (မှန်ပါ့)။
အဲဒီအနတ္တကို ေဩာ် မပိုင်တဲ့ အစိုးမရတဲ့ အနတ္တ၊ အနှစ်သာရ မရှိတဲ့ အနတ္တ၊ တားလို့ ဆီးလို့ မရတဲ့ အနတ္တ လို့၊ ကျုပ်တို့က ရှုဖန်များလာတော့ တဏှာရော၊ မာနရော၊ ဒိဋ္ဌိရော ချုပ်သွားတယ် (မှန်ပါ့)၊ မချုပ်ရင် ပါးရ မယ် ဆိုတဲ့အဓိပ္ပါယ် မှတ်ပါ (မှန်ပါ့ ဘုရား)၊
ကြာရှည်ရှု ရင် ချုပ်ရမယ်ဆိုတာလဲ မှတ်ထားလိုက်ပါ (မှန်ပါ့ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
တစ်ခုရှုလိုက်ရင်သုံးခုစလုံးပါ
ဒါဖြင့် ဒကာ ဒကာမတို့ ဤသုံးချက်ဟာ ဒကာကြွယ်ရေ တစ်ခုရှုလိုက်တာနဲ့ သုံးခုပါသွားတယ် (မှန်ပါ့)။ တစ်ခုရှုလိုက်တာ နဲ့ (သုံးခုပါသွားပါတယ် ဘုရား)၊ မိကြပြီ (မိပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဖြစ်ပျက်တစ်လုံး ရှုလိုက်ရင် အနိစ္စ လဲပါ၏ (မှန်ပါ့)၊ ဒုက္ခလဲ (ပါပါတယ် ဘုရား)၊ အနတ္တ လဲ (ပါပါတယ် ဘုရား)။
အဲဒီတော့ အနိစ္စလဲ မမြည်နဲ့တော့၊ ဒုက္ခလဲ မမြည်နဲ့ တော့၊ အနတ္တလဲ ပါးစပ်က မမြည်နဲ့တော့၊ ဪ ဖြစ်ပြီး ပျက်တဲ့ တရားတွေပါကလား ဆိုပြီး သကာလ ဒကာ ဒကာမတွေ ဒီအတိုင်းသာ ရှုနေဖို့ လိုပါတယ် (မှန်ပါ့ ဘုရား)၊ အနိစ္စ ဒုက္ခ အနတ္တ ပါသွားပြီ (ပါသွားပါပြီ ဘုရား)၊ ခင်ဗျား တို့က အားထုတ် ရသေးသလား (မထုတ်ရပါ ဘုရား)။
ဒါဖြင့် အနိစ္စ ဒုက္ခ အနတ္တ ဆိုတာ ကိုယ့်ပါးစပ်ကဖြစ် တာလား ဓမ္မက ဖြစ်တာလား (ဓမ္မက ဖြစ်တာပါ ဘုရား)။
ဓမ္မကပြောတာကိုယုံကြည်ကြ
အဲ ဓမ္မက ဖြစ်တယ် ဆိုတာကို ခင်ဗျားတို့ အမှန် အကန် ဓမ္မက ပြောတာကို ယုံကြည်ကြလို့ ရှိရင်ဖြင့်တဲ့ ဓမ္မက ပြောတာကို သိမှသာလျှင်လဲ ဉာဏ်သည် ဓမ္မ အလိုက်ပေးရတဲ့ ဉာဏ် (မှန်ပါ့ ဘုရား)။
ဓမ္မက ဖြစ်ပျက်ပြတော့ကို အနိစ္စဉာဏ် သွားဖြစ်တယ် (မှန်ပါ့)၊ ဓမ္မက ဖြစ်တဲ့ ပျက်တဲ့ ဒုက္ခ ပြလိုက်သဖြင့် ရှုတဲ့ ဉာဏ်ဟာ ဒုက္ခဉာဏ် ဖြစ်သွားတယ် (မှန်ပါ့)၊ အစိုးမရတဲ့ ဓမ္မကို ဓမ္မက ပြောသဖြင့် ရှုတဲ့ဉာဏ်ဟာ အနတ္တဉာဏ် သွား ဖြစ်တယ် (မှန်ပါ့ ဘုရား)။
ဒါဖြင့် အနိစ္စဉာဏ်ဆိုတော့ ဒီမှာ ဒကာ ဒကာမတွေ သေသေချာချာကြည့်၊ ပုံစံချပြမယ်၊ ဒီဘက် အနိစ္စ (မှန်ပါ့)၊ ဒီဘက်က ဒကာ ဒကာမတွေက ရှုတဲ့ဉာဏ် (မှန်ပါ့)။
ကဲ နာမည်ပေးတော့ကို ဒီဉာဏ်ကို ဥပမာမယ် ဒကာ ဒကာမတွေက ကျုပ်ဖြင့် အနိစ္စဉာဏ် ရပြီဗျလို့ ပြောချင် လဲပြောကြမယ် (မှန်ပါ့)၊ မပြောပေဘူးလား (ပြောပါ တယ် ဘုရား)။
အနိစ္စကိုသိတဲ့ဉာဏ်
ကဲ ဂဏန်းထောက်ကြည့်တော့ သူက အနိစ္စ (မှန်ပါ့)၊ သူက အနိစ္စကိုသိတဲ့ဉာဏ် (မှန်ပါ့)။
ဒါဖြင့် သူက ဉာဏ်သက်သက် (မှန်ပါ့)၊ ဒီဘက်က အနိစ္စ သက်သက် (မှန်ပါ့)၊ ဒီဘက်က ဘာတုံး (ဉာဏ်သက်သက်ပါ ဘုရား)။
အဲဒီတော့ သူ့နာမည်ပေးတော့ အနိစ္စသိတဲ့ဉာဏ် (မှန်ပါ့)၊ သဘော ကျပလား (ကျပါပြီ)။
ဘယ်သူ့ သိတဲ့ဉာဏ်တုံး (အနိစ္စသိတဲ့ဉာဏ်ပါ)၊ ဒါဖြင့် ဒီဉာဏ်မှာ ပင်ကိုသဘောက ဉာဏ် သဘောသာ ရှိ တယ် (မှန်ပါ့)၊ သူက အနိစ္စပြလို့ သူဟာ အနိစ္စဆိုတဲ့ ဆိုင်း ဘုတ် တစ်လုံး သူ့မှာ တိုးတယ် (မှန်ပါ့)၊ ဒါကြောင့် သူ့ကို အနိစ္စဉာဏ် (မှန်ပါ့)။
ဒါဖြင့် ဒီအနိစ္စကြောင့် အနိစ္စဉာဏ် ဖြစ်ရတယ် (မှန်ပါ့)၊ ဒီတရားက ဖြစ်ပျက် အနတ္တ၊ ဘယ်သူမှ အစိုးမရတဲ့ ဖြစ်ပျက် အနတ္တဖြစ်နေလို့ ဒီဉာဏ်ကို ဘာဉာဏ် ခေါ်ကြ မယ် (အနတ္တဉာဏ်ပါ ဘုရား)။
အရှုခံတရား၏အမည်
ဒါ့ဖြင့်ဒီဒကာ ဒကာမတို့ အနိစ္စဉာဏ်၊ ဒုက္ခဉာဏ်၊ အနတ္တဉာဏ် ဆိုတာ ဉာဏ်၏ အမည်လား တဲ့၊ ဒီဘက် က အရှုခံတရားရဲ့ အမည်လား (အရှုခံတရား၏ အမည် ပါ ဘုရား)၊ ရှင်းပြီ ရှင်းပြီး (ရှင်းပါပြီ ဘုရား)။
ရှင်းသွားပြီ ဒကာ ဒကာမတို့ (မှန်ပါ့)၊ အရှုခံ တရား၏ နာမည်ကို ကျုပ်တို့ဉာဏ်က လိုက်နေ ရတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘယ်သူ၏ အလို လိုက်နေရသလဲ (အရှုခံ တရား၏ အလို လိုက်နေရပါတယ်)၊ အရှုခံတရား၏ အမည်ကို ကျုပ်တို့ ဉာဏ်က ယူရမယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အရှုခံတရား၏အမည်ကို (ဉာဏ်က ယူရပါ တယ်)၊ မယုံရင် ထောက်ကြည့် ဒါကခန္ဓာ (မှန်ပါ)၊ ခန္ဓာက ဖြစ်ပြီးပျက်တော့ အနိစ္စ မဟုတ်လား (မှန်ပါ့)၊ ဒါကိုကြည့် လိုက်၊ ကြည့်လိုက်တော့ မမြင်လားဗျာ (မြင်ပါတယ် ဘုရား)။
ဟ မင်းဘာမြင်သတုံးလို့ မေးလို့ ရှိရင် သူ့မေး ကြည့် (အနိစ္စမြင်ပါတယ်)၊ အနိစ္စမြင်တယ်လို့ သူပြော လိမ့်မယ် (မှန်ပါ ဘုရား)။
ဓမ္မကပြောမှအမှန်ရောက်တယ်
အနိစ္စမြင်တယ်လို့ သူပြောတော့ သူ့အမည်လားတဲ့ ဒီက အနိစ္စ အမည်လားတဲ့ (အနိစ္စ အမည်ပါ)၊ ဒါဖြင့် ဓမ္မက ပြောမှ အမှန်ရောက်တယ် (မှန်ပါ့)၊ ကိုယ်က မြည်နေရင် (အမှန်မရောက်ပါ ဘုရား)။
ဒါခွဲချင်လို့ ယနေ့ ဒကာ ဒကာမတွေကို ပိုမိုပြီး ခွဲပေး နေတယ် (မှန်ပါ့)၊ ဓမ္မက ပြတာကို ဉာဏ်က သိမှသာလျှင် အနိစ္စဉာဏ် (မှန်ပါ့)၊ ဓမ္မက ဒုက္ခလို့ပြောလို့ ဉာဏ်က သိ ရင် (ဒုက္ခဉာဏ်ပါ ဘုရား)၊ ဓမ္မက အနတ္တပြောလို့ ဉာဏ် ကသိရင် (အနတ္တဉာဏ်ပါ ဘုရား)။
ဒါဖြင့် ဓမ္မ၏ ဆိုင်းဘုတ်ကို ဉာဏ်ပေါ်မှာ တင်စား ပြီး သကာလ အနိစ္စဉာဏ်၊ ဒုက္ခဉာဏ်၊ အနတ္တဉာဏ် ဖြစ်ရပါ တယ် (မှန်ပါ့)၊ ဉာဏ်၏ ပင်ကို အမည်ရင်း မဟုတ်ပါ (မဟုတ်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဉာဏ်ဆိုတာသိတာပဲရှိတယ်
ဉာဏ်၏ ပင်ကို အမည် ဟုတ်ကြရဲ့လား (မဟုတ်ပါ)၊ ဉာဏ်ကတော့ နဂိုကဉာဏ်ဆိုတာ ဘာတုံးဆို လို့ ရှိရင် “ဇာနာတီတိ ဉာဏံ” ဆိုတဲ့ အတိုင်း သိတာပဲ သူရှိ တယ် (မှန်ပါ့)။
မင်း ဘာသိသလဲ ဆိုတော့ အို သူက အနိစ္စ ပြလို့ ကျုပ်အနိစ္စ သိတဲ့ဉာဏ် ဖြစ်ပါတယ် (မှန်ပါ့)၊ ဓမ္မက ဒုက္ခပြလို့ (ဒုက္ခ သိပါတယ် ဘုရား)၊ ဒုက္ခသိတဲ့ ဉာဏ်ဖြစ် ပါတယ် (မှန်ပါ့)၊ ဓမ္မက အနတ္တပြလို့ (အနတ္တဉာဏ် ဖြစ်ပါတယ် ဘုရား)။
ဒါဖြင့် ဉာဏ်၏ ပင်ကို အမည်ရင်း ဟုတ်ကြရဲ့လား တဲ့၊ ဒကာ ဒကာမတို့ ဖောက်ပြန်ပျက်စီးတဲ့ ဓမ္မတို့၏ အမည်ရင်းလားတဲ့ (ဖောက်ပြန် ပျက်စီးတဲ့ ဓမ္မတို့၏ အမည်ရင်းပါ ဘုရား)။
ရှေးကကိုယ့်ပါးစပ်ကမြည်တဲ့အနိစ္စ
ကဲ ဒါဖြင့် ရှေးက အနိစ္စနဲ့ အများကြီး ခြားနား တယ် (ခြားနားပါတယ်)၊ ရှေးက အနိစ္စက ကိုယ့်ပါးစပ်က မြည်တဲ့အနိစ္စ (မှန်ပါ ဘုရား)။
ကိုယ့်ပါးစပ်က လုပ်ယူတဲ့ (ဒုက္ခပါ)၊ ကိုယ့်ပါးစပ် ကလုပ်ယူတဲ့ အနတ္တ (မှန်ပါ့)၊ သဘော ပါပလား (ပါ ပါပြီ)၊ ဓမ္မက ပြောလို့ ဟုတ်ပါရဲ့လား (မဟုတ်ပါ ဘုရား)။
ဓမ္မကပြောလို့ မဟုတ်ဘူးဆိုလို့ ရှိရင်ဖြင့် သူဟာ ဉာဏ်ကော ဟုတ်သေးလား (မဟုတ်ပါ ဘုရား)၊ သညာ ပဲဖြစ်တယ် (မှန်ပါ့)။
သညာပဲဖြစ်သွားတယ်
ဘယ်လိုဖြစ်သလဲ (သညာပဲဖြစ်ပါတယ်)၊ သ ညာပဲ ဖြစ်သွားတယ် ဆိုတာဖြင့် ဒကာ ဒကာမတွေ ရှင်းလောက်ပါပြီ (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒကာကြွယ်ရေ ဓမ္မက မပြရင် ဉာဏ်က တစ်ချက်မှ ခေါင်းမညိတ်နဲ့ (မှန်ပါ့)၊ တစ်နေ့လုံး ထိုင်ကြည့် နေငြား သော်လဲ ဓမ္မက အနိစ္စ တစ်ချက်မှ မပြောလို့ရှိရင် ကိုယ် က အနိစ္စဉာဏ် တစ်လုံးမှ မရဘူး (မရပါ ဘုရား)။
ဓမ္မနဲ့ ဉာဏ်နဲ့ တည့်လို့ ရှိရင် ဒီဉာဏ်တွေသည် အနိစ္စက ပြလိုက်တဲ့ ဉာဏ်တွေသည် ဒကာ ဒကာမတို့ အနိစ္စ ဉာဏ်တွေ အများကြီး ရတယ် (ရပါတယ် ဘုရား)။
ဥပမာ ဘုန်းကြီး ရှင်းပြမယ် ဒကာကြွယ်တို့ ဒကာ သစ်တို့ မှတ်ထားပေါ့ ဟိုနားမှာ သံတိုင် ကိုးလုံး စိုက်ထားတယ် (မှန်ပါ့)၊ ကိုးဆိုတာ ကျုပ်တို့ ပါးစပ်က ဖြစ်တာလား၊ သံတိုင်ကြောင့် ကိုးဖြစ်တာလား (သံတိုင်ကြောင့် ကိုးဖြစ်တာပါ)၊
တစ်ဆိုတာလဲ သံတိုင်ကြောင့် (မှန်ပါ့)၊ နှစ်ဆိုတာလဲ (သံ တိုင်ကြောင့်ပါ)၊ ကိုးဆိုတာလဲ (သံတိုင်ကြောင့်ပါ ဘုရား)။
ကျုပ်တို့ က ကိုးလုပ်ချင်လို့ ဖြစ်တာလား (မ ဟုတ်ပါ)၊ သံတိုင်က တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး ကိုးမို့ ဒကာ ဒကာမတို့ ကျုပ်မှာ ကိုးဆိုတဲ့ အသိဉာဏ် ပေါ်လာတယ် (မှန်ပါ့)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
အနိစ္စပြမှ အနိစ္စဉာဏ်
ထို့အတူပါပဲတဲ့ ခန္ဓာက အနိစ္စပြမှ အနိစ္စဉာဏ် ရပါ တယ် (မှန်ပါ့)၊ ခန္ဓာက ဒုက္ခပြမှ (ဒုက္ခဉာဏ် ရပါတယ်)၊ ခန္ဓာက အနတ္တပြမှ (အနတ္တဉာဏ် ရပါတယ် ဘုရား)။
ဒါဖြင့် ဟိုက သံတိုင်သဘောကို ဒီကနေ ရေတွက်ရ
ဓမ္မကပေးတဲ့ဉာဏ်
ဒါဖြင့် ခန္ဓာကပြတာကို ဒီကဉာဏ် အမည်ပေးရတယ် (မှန်ပါ့)၊ ခန္ဓာက အနိစ္စပြရင် ကျုပ်တို့မှာ ဘာဉာဏ်ရသ တုံး (အနိစ္စဉာဏ် ရပါတယ်)၊ ခန္ဓာက ဒုက္ခပြရင် (ဒုက္ခ ဉာဏ်ရပါတယ် ဘုရား)၊ ခန္ဓာက အနတ္တ ပြလိုက်တဲ့အခါ (အနတ္တဉာဏ် ရပါတယ် ဘုရား)။
ဒါဖြင့် ကိုယ်လုပ်လို့ရတဲ့ ဉာဏ်လား၊ ဓမ္မကပေး တဲ့ဉာဏ်လား (ဓမ္မကပေးတဲ့ဉာဏ်ပါ ဘုရား)။
ဒါကြောင့် ဒကာကြွယ်ရေ ဓမ္မကပေးတဲ့ဉာဏ် သည်သာလျှင် ပဋိစ္စသမုပ္ပါဒ်ကို ဖြတ်တဲ့ဉာဏ် (မှန်ပါ့)၊ ကိုယ့်ဟာကိုယ် လုပ်ယူတဲ့ ဥစ္စာတွေကတော့ ဉာဏ်ကို မဟုတ် ဘူး၊ ပဋိစ္စသမုပ္ပါဒ် မပြတ် နိုင်ဘူး (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါ အင်မတန် ရှင်းအောင်လို့လဲ ဒကာကြွယ်ရေ ဥပမာ ဥပမေယျနဲ့ ဟောထားတာပဲ (မှန်ပါ့)၊ ကျေနပ်ကြပလား (ကျေနပ်ပါပြီ ဘုရား)။
ကဲ ဒါဖြင့် ဦးလှဘူးရေ မမြင်သေးရင် ကိုယ်က အနိစ္စလို့ ကိုမရှုနဲ့နော် (မှန်ပါ့ ဘုရား)။
ဓမ္မမမြင်သေးရင် (အနိစ္စလို့မရှုပါနဲ့)၊ ဓမ္မပြတာ ကိုသာလျှင် ကိုယ့်ဉာဏ်က မြင်ဖို့၊ ဉာဏ်ဟာ ပင်ကိုက ကျုပ်ဟာ သိတတ်ပါတယ် (မှန်ပါ့)၊ အမှန်အကန် သိတတ် တာ ဉာဏ်လို့ မဆိုဘူလား (ဆိုပါတယ် ဘုရား)။
ဒီဉာဏ်မျိုးမှဝိပဿနာဉာဏ်
ဒီဉာဏ်ကို အနိစ္စဉာဏ်လို့ ဆိုင်းဘုတ် ဆွဲရခြင်းသည် အနိစ္စကပြလို့ အနိစ္စဉာဏ်ဖြစ်ရတယ် (မှန်ပါ့)၊ ဒုက္ခက ပြလို့ (ဒုက္ခဉာဏ်ဖြစ်ရတယ်)၊ အနတ္တကပြလို့ (အနတ္တဉာဏ် ဖြစ်ရပါတယ် ဘုရား)၊ အဲဒီဉာဏ်မျိုးမှ ဝိပဿနာဉာဏ် (မှန်ပါ့ ဘုရား)။
ဒီဉာဏ်မျိုးမှ (ဝိပဿနာဉာဏ်ပါ)၊ အင်း ဟိုက ပြတာကို ဒီက ကြည့်လို့ ရှုလို့ ဖြစ်တဲ့ဉာဏ် (မှန်ပါ့)၊ ဓမ္မကပြ တာကို ကြည့်လို့ ရှုလို့ဖြစ်တဲ့ ဉာဏ်ကို ဝိပဿနာ ဉာဏ်လို့ ခေါ် သည် (မှန်ပါ့)၊ သဘော ကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် စာက ဒီလိုဆိုတယ်ဆိုတာ မပြောကြပါနဲ့ (မှန်ပါ့)၊ ဓမ္မက ဒီလိုဆိုတယ်လို့ ပြောကြစမ်းပါ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
စာကမှတ်တမ်းသာရှိတာ
တချို့က ကျုပ်မြင်တာ စာနဲ့ မတည့်သေးပါဘူးလို့ ဒီလိုမယူပါနဲ့ (မှန်ပါ့)၊ စာက ဘာမှမဆိုင်ဘူး (မှန်ပါ)၊ စာက မှတ်တမ်းသာ ရှိတယ် (မှန်ပါ့)၊ ဓမ္မကပြတာကို ဉာဏ်အမည် ပြောင်းရတာကို ထောက်ကြည့် ပါတော့ (မှန်ပါ့ ဘုရား)။
ဓမ္မကပြတာကို (ဉာဏ်အမည် ပြောင်းရတာကို ထောက်ကြည့်ပါ ဘုရား)။
ဒါဖြင့် ဒီဉာဏ်သည် ပင်ကိုက သူသိတတ်တဲ့သ ဘော ရှိတယ်၊ သူ့မှာ အနိစ္စ ဆိုင်းဘုတ် ဆွဲစရာ မရှိဘူး (မရှိ ပါ ဘုရား)၊ ဘယ်နှယ်ကြောင့် သူ့ကို အနိစ္စဉာဏ်လို့ ဆိုင်း ဘုတ်တပ် ဆွဲရသတုံးလို့ မေးတဲ့ အခါကျတော့မှ ဓမ္မက အနိစ္စ ပြလို့ ဘုရား၊ ဒီဉာဏ်ဟာ အမည်ပြောင်း သွားပါတယ် (မှန်ပါ့ ဘုရား)။
အနိစ္စဉာဏ်လို့ အမည်ပြောင်းသွားတယ် (ပြောင်းသွားပါတယ်)၊ ဒုက္ခဉာဏ်လို့ (အမည်ပြောင်း သွားပါတယ်)၊ အနတ္တဉာဏ်လို့ (အမည်ပြောင်း သွားပါ တယ်)၊ အင်း ဒကာသစ် ဘယ်သူ့ကြောင့် ပြောင်းရတာ တုံး (ဓမ္မကြောင့်ပြောင်းရတာပါ ဘုရား)။
ဓမ္မကပေးတဲ့ဉာဏ်
ဒါဖြင့် ဓမ္မက ပြောင်းလို့ ရတဲ့ဉာဏ်ဖြင့် ကိုယ်ရတဲ့ ဉာဏ်ဆိုတဲ့ဥစ္စာ ဓမ္မပေးတဲ့ဉာဏ် (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အင်း ဘယ်သူက ပေးတဲ့ဉာဏ်ပါလိမ့် (ဓမ္မ ကပေးတဲ့ဉာဏ်ပါ ဘုရား)။
ဒါဖြင့် ဓမ္မကပေးတဲ့ ဉာဏ်သာလျှင် ဒကာ ဒကာမ တို့ ခန္ဓာထဲမှာ ပေါ်သောကြောင့် ခန္ဓာ ပဋိစ္စသမုပ္ပါဒ် ဖြတ်ပါ တယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဓမ္မကပေးတဲ့ဉာဏ် ခန္ဓာထဲ မရောက်ဘူးလား (ရောက်ပါတယ်)၊ ဒါဖြင့် ဒီဉာဏ်သည် တခြားသော တရား တွေကို တဏှာ၊ ဥပါဒါန်၊ ကံတွေကို ဒကာသစ် မဖြတ်ဘူး လား ဖြတ်သလား (ဖြတ်ပါတယ်)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဓမ္မကပေးတဲ့ ဉာဏ်မှဖြတ်တယ် (မှန်ပါ့)၊ ဓမ္မကမပေးတဲ့ ဉာဏ်ဆိုလို့ ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဖြတ် ကိုမဖြတ်နိုင်ဘူး (မဖြတ်နိုင်ပါ)၊ သဘောပါပလား (ပါပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဉာဏ်အမည်ဟာ ပင်ကို က တစ်လုံးတည်း (မှန်ပါ့)၊ ဉာဏ်ပဲသူ (မှန်ပါ့)၊ သို့သော် သူက ပေါ်နှင့်တာလားတဲ့ ဓမ္မက အရင်ပေါ်နှင့်တာလား (ဓမ္မက အရင်ပေါ်နှင့်တာပါ)၊ ဒါဖြင့် ဓမ္မက လုပ်တဲ့ဉာဏ် (မှန်ပါ့)၊ ဒီလိုလဲ မှတ်ပါဦး (မှန်ပါ့ ဘုရား)။
ဘယ်လိုမှတ်ကြမယ် (ဓမ္မကလုပ်တဲ့ဉာဏ်ပါ)၊ ဓမ္မက လုပ်တဲ့ဉာဏ် (မှန်ပါ့ ဘုရား)။
ဆုတောင်းလို့ ရတဲ့ဉာဏ်လား
ကိုယ်ဆုတောင်းလို့ ရတဲ့ဉာဏ်လား ဓမ္မက ပေးတဲ့ ဉာဏ်လား (ဓမ္မကပေးတဲ့ဉာဏ်ပါ)၊ ဒါဖြင့် ဒကာသစ်၊ ဒကာ ကြွယ်တို့ သွားကုန်ပြီ ခင်ဗျားတို့ ဟာတွေ (မှန်ပါ့ ဘုရား)။
ပါရမီ တစ်စတစ်စ ပြည့်အောင်ပေါ့ ဆိုတော့ မလုပ်လဲ မလုပ်ဘဲနဲ့ သူ့ဟာသူ ပြည့်လာမှာ ဆိုတော့ ဓမ္မကလဲ ရှုလဲမရှုတော့ ဓမ္မက မပေးဘူး၊ မပေးတော့ ဉာဏ်ညွန့်တုံးပြီး သကာလ ဒကာ ဒကာမတို့ ပျောက်ပျက်သွားတာပဲ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဓမ္မကပေးတဲ့ဉာဏ်ကိုဓမ္မကိုရူပါမှ ဒကာ ဒကာမ တို့ သိတဲ့အတိုင်း ဉာဏ်စစ် ဉာဏ်မှန် ရမယ် (မှန်ပါ့ ဘုရား)။
ဒါဖြင့် ပါရမီဉာဏ်တွေဟာ ဒကာ ဒကာမတို့ ကိုယ်ဆုတောင်း ယူလို့ရတာလား ဓမ္မက ပေးတဲ့ တရားလား (ဓမ္မက ပေးတဲ့တရားပါ ဘုရား)။
ပါရမီတစ်စတစ်စ ပြည့်အောင်တော့ ကျုပ်တို့ တော့ ဒီလိုလုပ်ရမှာပဲ ဆိုတော့ သူ့ဟာသူ ပြည့်လာတာလား၊ ဓမ္မက ပေးမှပေးမှပြည့်မှာလား (ဓမ္မကပေးမှပြည့်မှာပါ ဘုရား)။
ဒကာသစ် ဖျောက်တော့ ရှေးမူတွေ ဖျောက် တော့ (ဖျောက်ရမှာ)၊ ဒကာကြွယ် ဖျောက်ရမယ် (ဖျောက်ရပါမယ် ဘုရား)။
ဓမ္မကြောင့်ဖြစ်တဲ့ဉာဏ်
ဒီဉာဏ်က အလိုလိုလာတဲ့ ဉာဏ်လား၊ ဓမ္မလာရင် ရှု မယ်ဆိုတဲ့ ဝီရိယကလေး စိုက်ထားလို့ ဒကာ ဒကာမတို့ သတိ ကလေးထားလို့ ဓမ္မလာတဲ့ အခါ ဝီရိယနဲ့ သတိက အားပေး လိုက်လို့ ပေါ်လာတဲ့ ဉာဏ်ကိုးဗျ (မှန်ပါ့)၊ သူ့အလိုလို ပေါ်တဲ့ဉာဏ်လား၊ ဓမ္မကြောင့်ဖြစ်တဲ့ ဉာဏ်လား (ဓမ္မကြောင့် ဖြစ်တဲ့ဉာဏ်ပါ ဘုရား)။
ဒါဖြင့် ပညာပါရမီ ဆိုတာ ဒကာသစ်ပဲ စဉ်းစားပါတော့ အလိုလို ဖြစ်တာလား၊ ဓမ္မရှုမှ ဓမ္မက ပေးတာလား (ဓမ္မ ရှုမှဓမ္မကပေးတာပါ ဘုရား)။
ေဩာ် ဒီလိုထိအောင် မသိတဲ့ ပုဂ္ဂိုလ်တွေ အ တွက် ဆရာဘုန်းကြီး အားကြီးခက်တယ် (မှန်ပါ့)၊ အား ကြီးခက်သွားပြီ မင်းပါရမီ ဆိုတာ တစ်စတစ်စ ပြည့်တာပေါ့။ မင်းဟာမင်း နေကတည်းက ဖြစ်တယ် (မှန်ပါ့)၊ သူ့ဟာသူ နေလို့တော့ ဘယ်နှယ်လုပ် ပြည့်မတုံး (မပြည့်ပါ)၊ ဓမ္မ လာတိုင်း ဉာဏ်ရနေလို့ ရှိရင်ဖြင့် ပြည့်မှာပဲ (မှန်ပါ့)၊ ရှင်း ပလား (ရှင်းပါပြီ ဘုရား)။
လောဘစင်၍ စက်ဆုပ်ဖွယ်မြင်တယ်
ကိုင်း ဒါဖြင့် အနိစ္စရှုလို့ ရှိရင် ဒကာ ဒကာမတို့ နိဗ္ဗာန်လဲ ရောက်ပါတယ် (မှန်ပါ့)၊ ဒီပြင် ဘာဖြစ်သေးသ တုံး ဆိုလို့ရှိရင် လောဘစင်၍ စက်ဆုပ်ဖွယ် မြင်ပါတယ် (မှန်ပါ့)။
အနိစ္စရှုလို့ ရှိရင် (လောဘစင်၍ စက်ဆုပ်ဖွယ် မြင်ပါတယ် ဘုရား)။
ဒုက္ခရှုရင် ဒေါသစင်၍ ကြောက်ခြင်း၊ လန့်ခြင်းများ ပါတယ် (မှန်ပါ့)။
အနတ္တရယ်လို့ ဉာဏ်ထဲမှာရှုရင် အနတ္တကို များများကြီး မြင်တဲ့ ပုဂ္ဂိုလ်သည် တဏှာ၊ မာန၊ ဒိဋ္ဌိ စင်ပါတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အနိစ္စ၊ ဒုက္ခ၊ အနတ္တပေါင်းလိုက်ရင်ဖြစ်ပျက်
ဒီအနိစ္စ၊ ဒုက္ခ၊ အနတ္တ ပေါင်းလိုက်တဲ့ အခါကျတော့ ဒကာ ဒကာမတို့ ဖြစ်ပျက်ထဲ သွားဝင်တယ် (မှန်ပါ့ ဘုရား)၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ပေါင်းလိုက်ရင် (ဖြစ်ပျက်ထဲသွား ဝင်ပါတယ် ဘုရား)။
ဒါဖြင့် ဒကာသစ်တို့၊ ဒကာကြွယ်တို့က စဉ်းစားတာ ပေါ့၊ ဪ တို့ ဖြစ်ပျက်တစ်လုံးကို ပိုင်ပိုင် ရှုနေဖို့ အရေး ကြီးတယ် (မှန်ပါ့ ဘုရား)၊ တရားပြားနေဖို့ အရေးမကြီး ပါဘူး (မှန်ပါ့ ဘုရား)။
တို့ဖြစ်ပျက်ကို တို့ဉာဏ်နဲ့ တည့်နေဖို့သာ၊ ဖြစ်ပျက် လာတိုင်း ဉာဏ်ပေါ်ဖို့ အရေးကြီးတယ် (မှန်ပါ့)၊ သဘော ပါကြပလား (ပါပါပြီ ဘုရား)။
အသက်တိုတာဘာကြောင့်တုံး
ကိုင်း ဒါဖြင့် မနေ့က သိကြားမင်းကြီးကို ပြော တော့ သိကြားမင်းကြီးက အရှင်ဘုရားတဲ့ လူတွေ ရောဂါ အန္တရာယ်များ အသက်တိုတာ ဘာကြောင့်တုံး ဆိုတော့ ဒကာ သစ်ရေ ဣဿာ မစ္ဆရိယကြောင့် တဲ့ (မှန်ပါ့)။
လူတွေ အသက်တိုတယ် ရောဂါများတယ်ဘုရား၊ ဘာကြောင့်ပါလိမ့်မတုံး ဆိုတော့ (ဣဿာ မစ္ဆရိယကြောင့် ပါ ဘုရား)၊ ဒါဟာ ဘုရားကဖြေပြီ (မှန်ပါ့)။
ဒီ ဣဿာ မစ္ဆရိယဟာ ဘုရား ဘယ်က လာသတုံးဆို တော့ ဘုရားက ဘယ့်နှယ်ဖြေသတုံး (ချစ်ခြင်း၊ မုန်းခြင်း က လာပါတယ် ဘုရား)၊ ချစ်ခြင်း၊ မုန်းခြင်းက လာတယ် (မှန်ပါ့)။
အရှင်ဘုရား ဒါတော့ ရိပ်မိပါပြီ ချစ်ခြင်း၊ မုန်းခြင်း အရှင်ဘုရားပြောလို့ ရှင်းပါပြီ၊ ဝိစိကိစ္ဆာတွေ သေပါပြီလို့ သူပြောတယ် (မှန်ပါ့) အဲဒီ ချစ်ခြင်းမုန်းခြင်းက ဘယ်ကလာ ပါလိမ့်မလဲဘုရား လို့ ဆက်မေးတယ် (မှန်ပါ့)၊
ဘယ်က လာကြသတုံး (ဆန္ဒက လာပါတယ် ဘုရား)။
ဘုရားဉာဏ်တော်တွေဝမ်းထဲရောက်လာတာ
အဲဒါ ဘုရားအဖြေတွေ ခင်ဗျားတို့ ပါးစပ်ထဲရောက် နေတာ အင်မတန် အဘိုးတန်နေပြီ (မှန်ပါ့)။
ဘုရားအဖြေတွေ ခင်ဗျားတို့ ပါးစပ်ထဲရောက်နေ သောကြောင့် ဒကာ ဒကာမတွေ ဒီဥစ္စာ ဓမ္မစေတီ ထိုက်တယ် မှတ်ပါ (မှန်ပါ့)။
ဘုရားဉာဏ်တော်တွေ ကိုယ့်ဝမ်းထဲမှာ ရောက်လာ ကတည်းက ဒီဉာဏ်က ဌာပနာ (မှန်ပါ့)၊ ဒိပြင် အသားတွေ အရိုးတွေက အုတ်တွေ (မှန်ပါ့ ဘုရား)၊
ဒီဉာဏ်က ဌာပနာဖြစ်သောကြောင့် ခင်ဗျားတို့ ဓမ္မစေတီ ထိုက်တယ် ဆိုတာ မှတ်ပါ (မှန်ပါ့)၊ ခန္ဓာကိုယ်ကိုက စေတီထိုက်တယ် (မှန်ပါ့ ဘုရား)၊ ရိပ်မိပြီနော် (ရိပ်မိ ပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဆန္ဒ ဘယ်က လာသတုံး လို့ ဒကာသစ်တို့ အားလုံး တရားတစ်ပွဲလုံး သိကြားက ဘုရားကို မမေးဘူးလားဗျာ (မေးပါတယ် ဘုရား)၊ မေးတော့ ဘုရား ကဘယ့်နှယ်ဖြေသတုံး (ဝိတက်က လာပါတယ် ဘုရား)။
ခန္ဓာကိုယ်ကစေတီထိုက်တယ်
ကိုင်း ခင်ဗျားတို့ ဒါ နှစ်ရက်၊ သုံးရက်တိုင် တိုင် ဒီတရားကြီးကို နာနေရတဲ့အတွက် တဲ့ ဒကာကြွယ် ရေ ခန္ဓာကိုယ် စေတီထိုက်တာကော သိပလား (သိပါပြီ ဘုရား)။
ဒါကြောင့် မမေ့တဲ့ပုဂ္ဂိုလ်မှာ စေတီထိုက်တယ် (မှန်ပါ့)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ဒီဝိတက်ကလဲ ဒကာ ဒကာမတို့ ဘယ်ကလာသတုံး ဘုရားလို့ သိကြားက မေးပြန်တော့လဲ ဘုရားက ပပဉ္စကလာ တယ်လို့မဖြေဘူးလား (ဖြေပါတယ် ဘုရား)၊ သဘောကျ ပလား (ကျပါပြီ)။
ဒကာ ဒကာမတို့ ဒါ မမေ့အောင်လို့ ဒီကနေ့ သိကြားသိမ်းမည့်နေ့ ဖြစ်လို့ နော် (မှန်ပါ့)။
ကဲ ဒကာသစ် သွားပါဦး၊ ဒီပပဉ္စကလဲ ဘယ်ကများ လာပါလိမ့်မလဲ (ဝေဒနာသုံးပါးက လာပါတယ် ဘုရား)။ ရှင်းပြီ (ရှင်းပါပြီ ဘုရား)။
ဝေဒနာသုံးမျိုးဖြစ်ပျက်ရှု
ဒါဖြင့် ဝေဒနာသုံးမျိုး ကျုပ်တို့က ဖြစ်ပျက် ရှုလိုက်လို့ ဝေဒနာတွေ အကုန်အနိစ္စ ဖြစ်လို့ ရှိရင်ဖြင့် ဒီဉာဏ်သည် အနိစ္စ မြင်တဲ့ဉာဏ်၊ ဒုက္ခမြင်တဲ့ဉာဏ်၊ အနတ္တ မြင်တဲ့ဉာဏ်သည် တဏှာ၊ မာန၊ ဒိဋ္ဌိ မသေဘူးလား (သေပါတယ် ဘုရား)၊ ဒကာသစ်ရှင်းပြီ (ရှင်းပါပြီ ဘုရား)။
ဝေဒနာသုံးမျိုး ဖြစ်ပျက်ရှုလိုက်တဲ့အခါကျတော့ တဏှာ၊ မာန၊ ဒိဋ္ဌိ ဘယ့်နှယ်နေသတုံး (သေပါတယ် ဘုရား)။
အသက်မတိုတော့ဘူး
တဏှာ၊ မာန၊ ဒိဋ္ဌိသေရင် ဝိတက်ကော ကျန် ဦးမလား (မကျန်ပါ ဘုရား)၊ ဝိတက်မှမကျန်ဘဲနဲ့ ဆန္ဒကကော (မကျန်ပါ ဘုရား)၊ ဆန္ဒ မရှိဘဲနဲ့ ချစ်ခြင်း၊ မုန်းခြင်းကော (မရှိပါ ဘုရား)၊ ချစ်ခြင်းမုန်းခြင်း မရှိဘဲနဲ့ ဣဿာမစ္ဆရိယ (မရှိပါ ဘုရား)၊ ဣဿာမစ္ဆရိယမှ မရှိဘဲနဲ့ ရောဂါများ အသက်တိုကော ရှိနိုင်ပါဦးမလား (မရှိနိုင်ပါ ဘုရား)၊ ဒီလို ပဋိလောမလဲ ပြန်လှည့်ရတယ် (မှန်ပါ့)၊ သဘောကျပ လား (ကျပါပြီ ဘုရား)။
ကျေးဇူးအလွန့်အလွန်များတယ်
အင်မတန် ဒကာကြွယ်ရေ ဒကာ ဒကာမတွေမှာ တော့ ကျေးဇူး များလိုက်တာဖြင့် ပြောစရာ မရှိဘူး (မှန်ပါ့)၊ ကျေးဇူး များလိုက်တာဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ ခန္ဓာ ကိုယ် စေတီထိုက် နိဗ္ဗာန်လဲ ရမည့် ပုဂ္ဂိုလ်တွေ ဖြစ်နေတော့ တယ်ပြီး ဒီဥစ္စာ ကျေးဇူး အလွန့်အလွန် များတယ် ဆိုတာ ဦးလှဘူး ပေါ်နေပြီ (ပေါ်နေပါပြီ ဘုရား)၊ မပေါ်လာဘူးလား (ပေါ်လာပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် မနေ့က ဥပေက္ခာဝေဒနာကလေး ကျန်နေတယ် (မှန်ပါ့)။
ဒကာ ဒကာမတို့ မျက်လုံးက မြင်တယ်ဆိုရင် မြင်ကာ မျှမတ္တ မြင်ရုံကလေး၊ မျက်လုံးဖြင့် မန်ကျည်းရွက်မြင် လိုက်တယ်၊ လိုချင်တာ မလာခင်ကလေးဟာ ဒကာ ဒကာမ တို့ ဥပေက္ခာကလေး (မှန်ပါ့)။
ဥပေက္ခာလေးမျိုး
မြင်မြင်ချင်း ဘာတုံး (ဥပေက္ခာပါ ဘုရား)၊ အသံ ကလေးကြား၊ ကြားကြားချင်း အကောင်း အဆိုး မရွေးခင် ဘာဆိုကြမတုံး (ဥပေက္ခာပါ ဘုရား)။
အနံ့ကလေးဟာ ပုပ်တယ်၊ ညီတယ်လို့ မရွေးခင် နံနံချင်း ဘာတုံး (ဥပေက္ခာပါ ဘုရား)။
စားတာကလေးဟာ ဘာဟင်းညာဟင်း မရွေးခင် စားစား ချင်း ပေါ်တဲ့စိတ်ကလေး ဘာဆိုမလဲ (ဥပေက္ခာပါ ဘုရား)။
ဪ ဒါဖြင့် အဲဒီဥပေက္ခာကလေး ကိုလဲ ဥပေက္ခာလေးမျိုးလို့ မှတ်ထားလိုက်စမ်းပါ (မှန်ပါ့)။
တစ်ခါ ခင်ဗျားတို့ တရားနာလာကြတယ်၊ တစ်ရပ် တကျေး သွားကြတယ်၊ ကိုယ်ရှာထားတဲ့ ပစ္စည်းကလေး၊ အိမ် တွေ တိုက်တွေ တာတွေ ကိုယ်တတ်အားသရွေ့ချမ်းသာတာ တွေ ထားပစ် ခဲ့ကြရတယ် (မှန်ပါ့ ဘုရား)။
ဒီစိတ်ကိုဘာစိတ်ခေါ်မလဲ
ထားပစ်ခဲ့ကြတဲ့ အခါကျတော့ ဒီဟာတွေ အာရုံပြု လိုက်သည်နှင့် တစ်ပြိုင်နက်တည်း အို ဘယ်သူယူယူပေါ့။ ကမ္မဿကာပေါ့ (မှန်ပါ့ ဘုရား)၊ ဒီစိတ်ကလေးကော မ ပေါ်ဘူးလား (ပေါ်လာပါတယ် ဘုရား)၊ အဲဒါ ဥပေက္ခာ ကလေး (မှန်ပါ့ ဘုရား)။
ဒီစိတ်ကလေးဟာ ဘာစိတ်ခေါ်မယ် (ဥပေက္ခာ ပါ ဘုရား)၊ ကမ္မဿကာပဲ တဲ့၊ ဘယ်သူ သေတယ်ကြား တယ် အရပ်မှာ အင်း ကမ္မဿကပဲ မသွားနိုင်ပါဘူး (မှန်ပါ့)၊ ဘယ်သူဟာဖြင့် သားရတနာ သမီးရတနာ မွေး ဖွားသတဲ့၊ အင်း သွားမမေးနိုင်ပါဘူး ကမ္မသကာပဲ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒီစိတ်ကလေး ဘာဆိုကြမယ် (ဥပေက္ခာပါ ဘုရား)၊ ဥပေက္ခာဝေဒနာလို့ မှတ်လိုက် (မှန်ပါ့)။
အဲဒီတော့ ဥပေက္ခဝေဒနာသည် ဒကာ ဒကာမတို့ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ဝမ်းထဲ (မှန်ပါ့)၊ ငါးခု မရှိဘူးလား (ရှိပါတယ် ဘုရား)။
ဘယ်ဝေဒနာပေါ်ပေါ် ဖြစ်ပျက်
အဲဒီ ငါးခုကို ဒကာ ဒကာမတွေက လာတိုင်းလာ တိုင်း ဘယ်ဝေဒနာ ပေါ်ပေါ် ခင်ဗျားတို့က ဖြစ်ပျက်ရှုပါ (မှန်ပါ့)။
ဝေဒနာငါးခုက လှည့်လာမနော် (မှန်ပါ့)၊ လာ လို့ရှိရင် ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။
ဝေဒနာငါးခုကလဲ တစ်ပြိုင်နက် လာမှာလား ဒကာ သစ်ရေ ပေါ်ချင်သလို ပေါ်လာမှာလား (ပေါ်ချင်သလို ပေါ်မှာ ပါ)၊ အဲ ပေါ်ချင်သလို ပေါ်တဲ့ တရားကလေး ဘာလုပ်ရ မလဲ (ဖြစ်ပျက် ရှုရပါမယ် ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒီတော့ အတွေးကလေးလဲ မှတ်လိုက်ပါဦး၊ သုခ ဝေဒနာ ပေါ်ရင် ဒုက္ခနဲ့ ဥပေက္ခာ မရှိဘူး ဝမ်းထဲမှာ (မှန်ပါ့)၊ ဥပေက္ခာ တစ်ခုပေါ်နေရင် သုခနဲ့ ဒုက္ခ (မရှိပါ ဘုရား)။
ပေါ်တာတစ်ခုတည်းရှုရမယ်
သောမနဿ ဆိုတဲ့ သုခတစ်ခု ပေါ်နေရင် ကျန်တဲ့ ဒုက္ခနဲ့ ဥပေက္ခာ (မရှိပါ)။ ဒါဖြင့် တစ်ခုတည်း ရှုရမယ် (မှန်ပါ့)၊ ပေါ်တဲ့ တစ်ခုတည်း ရှုရမယ် (မှန်ပါ့)၊ သဘောပါ ပလား (ပါပါပြီ ဘုရား)။
ကဲ ယနေ့ တော့ဖြင့် ဥပေက္ခာပြရမှာ ဖြစ်နေ တော့ ဒကာသစ်ရေ ဥပေက္ခာ ပေါ်တိုင်း ပေါ်တိုင်း ကျုပ်တို့က မဂ္ဂင်နဲ့ ရှုရလိမ့်မယ် (မှန်ပါ့)၊ မရှုရဘူးလား (ရူရပါမယ် ဘုရား)။
ရှုလိုက်တဲ့ အခါကျလို့ရှိရင်ဖြင့်တဲ့ ဥပေက္ခာဝေဒနာ ဆိုတာသိပြီ (မှန်ပါ့)၊ မရှုမိလို့ ရှိရင်ဖြင့် ဥပေက္ခာဝေဒနာ ပေါ်တယ် (မှန်ပါ့)။
ဘာပေါ်မှန်းမသိရင် အဝိဇ္ဇာလာတယ်
ကျုပ်တို့ ဒကာ ဒကာမတွေက ဘာပေါ်မှန်းလဲ မသိ ဘူး (မှန်ပါ့)၊ မသိတော့ အဝိဇ္ဇာလာတယ်၊ မရှုမိတဲ့ ပုဂ္ဂိုလ်မှာ (မှန်ပါ့ ဘုရား)။
အဝိဇ္ဇာပစ္စယာ (သင်္ခါရာပါ)၊ သင်္ခါရပစ္စယာ (ဝိညာဏံပါ)၊ ဪ သံသရာ ဆက်သွားတယ် (မှန် ပါ့)၊ ဒီဘဝ သံသရာက နှစ်ခု၊ နောက်သံသရာက (တစ်ခု ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါ ဥပေက္ခာ ဖြစ်တာပျက်တာ မသိလိုက်တဲ့ ပုဂ္ဂိုလ် မှာ အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ ၊ ဟိုဘက် ဒုက္ခက္ခန္ဓဿ ကျအောင် ဒကာသစ်သွားပြီ (သွား ပါပြီ)၊ ဒါဘာမရှုမိတာတုံး (ဥပေက္ခာ မရှုမိတာပါ ဘုရား)။
ဥပေက္ခာ မရှုမိတဲ့အတွက် ဒကာကြွယ် သံသရာဖြင့် ပစ္စုပ္ပန်ဘဝနဲ့ အနာဂါတ်ဘဝ ဆက်မိ သွားပြီ (မှန်ပါ့)၊ မနာ ဘူးလား (နာပါတယ် ဘုရား)။
နိဗ္ဗာန်ရမှာ ဒုက္ခဆက်နေတယ် (မှန်ပါ့)၊ သိပ်ဆိုး ရွားသွားပါလား (ဆိုးရွားသွားပါတယ်)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
အဝိဇ္ဇာမလာအောင်လုပ်ရမယ်
ကဲ ဒါဖြင့် ဒကာသစ်ရေ ဘာလုပ်ရမှာတုံးဆို တော့ အဝိဇ္ဇာ မလာအောင် လုပ်ရလိမ့်မယ် (မှန်ပါ့)။
ဘယ့်နှယ်ဆိုကြမလဲ (အဝိဇ္ဇာမလာအောင် လုပ်ရပါမယ် ဘုရား)။
ဒါဖြင့် မျက်လုံးက မြင်ကာမျှမတ္တကလေး ပေါ်လာ လို့ရှိရင် အဲဒီ မြင်တာကလေး ဘာလုပ်ကြမယ် (ဖြစ်ပျက်ရှု ရပါမယ်)၊ ဖြစ်ပျက်ရှု ရလိမ့်မယ် (မှန်ပါ့)။
ဖြစ်ပျက်ရှုလိုက်တော့ ဖြစ်ပျက် မဂ် ဆိုတော့ အဝိဇ္ဇာ သင်္ခါရလာသေးလား (မလာပါ)၊ အကြောင်း ချုပ်ပြီ (မှန်ပါ့)၊ အကြောင်း ချုပ်ရင် ဒီဘက် အနာဂါတ် ခန္ဓာ ဘယ်နှယ်တုံး (ချုပ်ပါတယ် ဘုရား)။
ဥပေက္ခာပေါ်တိုင်းဖြစ်ပျက်ရှု
အင်း ဒါဖြင့် ဒကာ ဒကာမတို့ ဥပေက္ခာ ပေါ် တိုင်း ပေါ်တိုင်းလဲ ဒကာသစ် ဘာလုပ်ရမယ် (ဖြစ်ပျက် ရှုရပါ မယ် ဘုရား)။
ဖြစ်ပျက်ရှုတော့ ဘယ်သူ ချုပ်ပါလိမ့်ဗျာ (အဝိဇ္ဇာ သင်္ခါရ ချုပ်ပါတယ်)၊ အဝိဇ္ဇာသင်္ခါရ ချုပ်တယ် (မှန်ပါ့)၊ မချုပ်နဲ့ ဆိုလို့ ရသေးရဲ့လား (မရပါ ဘုရား)။
ဪ ဒါဖြင့် ဒကာ ဒကာမတို့ အဝိဇ္ဇာ ချုပ်စေ ချင်လို့ ရှိရင်ဖြင့် ဥပေက္ခာရှုရမယ် (မှန်ပါ့)။
အဝိဇ္ဇာ ချုပ်စေချင်ရင် (ဥပေက္ခာရှုရပါမယ်)၊ ဒါဖြင့် ဒကာကြွယ်ရေ ပဋိစ္စသမုပ္ပါဒ် အစက ပြတ်တယ် ၊ (မှန်ပါ့)၊ ဘယ့်နှယ်ကြောင့် အစက ပြတ်သတုံးမေးတော့ “အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ’’ ကိုးဗျ (မှန်ပါ့)၊ ပဋိစ္စသမုပ္ပါဒ်အစ ဟာ အဝိဇ္ဇာက မစလား (စပါတယ် ဘုရား)။
ပဋိစ္စသမုပ္ပါဒ်အစကပြတ်တယ်
ကဲ ဥပေက္ခာရှုတဲ့ ပုဂ္ဂိုလ်များမှာ ပဋိစ္စသမုပ္ပါဒ် အစကပြတ်တယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါ ပြီ ဘုရား)။
ပဋိစ္စသမုပ္ပါဒ် (အစကပြတ်ပါတယ်)၊ ဒါဖြင့် ဥပေက္ခာ လာတိုင်း လာတိုင်း ခုနင်က ပြောတဲ့ ငါးမျိုးရှိတဲ့ အနက်က ဒကာသစ်ရေ လာတိုင်း လာတိုင်း ဘာလုပ်ရမလဲ (ဖြစ် ပျက်ရှုရပါမယ်)၊ ဘာချုပ်သတုံး (အဝိဇ္ဇာ သင်္ခါရ ချုပ်ပါ တယ် ဘုရား)။
ဪ ဒါဖြင့် သံသရာ ဆက်သေးရဲ့လား (မဆက်ပါ)၊ ပဋိစ္စသမုပ္ပါဒ် အစကပြတ်တယ် (မှန်ပါ့)၊ မ ပြတ်ဘူးလား (ပြတ်ပါတယ် ဘုရား)။
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဒီလိုပြတ်တော့ ဒီ ပုဂ္ဂိုလ်ဟာ သံသရာမှာ ဆက်စရာ ရှိသေးရဲ့ လား (မရှိပါ ဘုရား)။
နေရာကျပြီ (မှန်ပါ့)၊ နေရာကျပြီ ဒကာ ဒကာမ တို့ ၊ ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဆဆက္ကသုတ်မှာ ဟောလိုက်ပါတယ် (မှန်ပါ့)။
ဟေ့ တဲ့ ဥပေက္ခာဝေဒနာ မရှုဘဲနဲ့ အဝိဇ္ဇာချုပ် လိမ့်မယ်လို့ ငါမဟောဘူးတဲ့ (မှန်ပါ့)၊ ဟောကော ဟော နိုင်ရဲ့လား (မဟောနိုင်ပါ)၊ အဝိဇ္ဇာ မချုပ်ဘဲနဲ့ ဝိဇ္ဇာမဂ် ဉာဏ် ရလိမ့်မယ်လို့လဲ ငါမဟောဘူးတဲ့ (မှန်ပါ)၊ ဟောလို့ကော ဖြစ်သေးရဲ့လား (မဖြစ်ပါ ဘုရား)။
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဒါ ဝိဇ္ဇာ မဂ်ဉာဏ် မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။
ဝေဒနာကိုဖြစ်ပျက်ရှုဖြစ်အောင်ရှုပါ
ကောင်းပြီ ဒါဖြင့် ဝေဒနာသုံးပါးကို ရှေးဦးစွာ ဖြစ်ပျက်မြင်အောင်ရှုပါ (မှန်ပါ့)၊ နောက် ရှုပါ များလာတော့ ဒကာသစ် ဘာဖြစ်မတုံး (မုန်းလာမှာပါ ဘုရား)။
တစ်ခါ မုန်းရာကနေပြီး ဆက်လက်ပြီး ရှုပြန်တော့လဲ ဘာဖြစ်သွားမလဲ (ဆုံးသွားပါတယ် ဘုရား)။
ဆုံးသွားတော့ ‘‘ဝေဒနာနံ ခယဝယ ဘိက္ခု၊ နိစ္စတော ပရိနိဗ္ဗုတော’’ (မှန်ပါ့)၊ သူပရိနိဗ္ဗာန် စံပြီတဲ့ (မှန်ပါ့)၊ ဘယ်သူတုံး ဆိုတော့ လောဘ၊ ဒေါသ၊ မောဟချုပ်တဲ့ အ တွက် ခန္ဓာပင် ရှိငြားသော်လဲ နိဗ္ဗာန် ရောက်ပြီတဲ့ (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဖြစ်ပျက်သည် ဒုက္ခသစ္စာ (မှန်ပါ့)၊ မြင်တာသည် (မဂ္ဂသစ္စာပါ)၊ သေတာက (သမုဒယ သစ္စာပါ)၊ သဘောကျပလား (ကျပါပြီ)၊ သေပြီး နောက် ခန္ဓာမလာတာတွေက ဘာသစ္စာတုံး (နိရောဓသစ္စာပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
သိကြားမင်းသောတာပန်တည်ပြီးစုတိစိတ်ကျ
အဲဒီလိုလဲ ဘုရားက ဟောပါရော ဒကာကြွယ်ရေ တရားပွဲကြီးထဲမှာ နတ်တွေရော ဘာတွေရော အကုန်အများ ကြီးမှာ သိကြားက နာလဲနာပြီးလို့ သောတာပန် တည်ပါတယ် (မှန်ပါ့)၊ ဖျတ်ဆို စုတိစိတ် ကျတယ် (မှန်ပါ့)၊ စုတိ စိတ်ကျပြီး သကာလ သွားတော့ ခန္ဓာပျောက်သွားတယ် (မှန်ပါ့ ဘုရား)။
အရှင်ခန္ဓာအစားထိုးလိုက်တယ်
ခန္ဓာကြီးမရှိတော့ဘူး (မှန်ပါ့)၊ နောက် ဒီနေရာ မှာ နတ်ခန္ဓာပဲပြန်ပြီး အစားထိုးလိုက်တယ် (မှန်ပါ့ ဘုရား)။
ဒါဖြင့် အသေခန္ဓာနောက်က အရှင်ခန္ဓာ အစားထိုးလိုက်တယ် (မှန်ပါ့)၊ အရှင်ခန္ဓာက အစားထိုးတော့ သောတာပန်ခန္ဓာ ဖြစ်သွားတယ် (မှန်ပါ့ ဘုရား)။
ဒါဖြင့် သိကြားမင်းကြီး သောတာပန်တည်တာ ဒီ အမေး ဒီအဖြေတွေကြောင့် တည်ရတယ် ဆိုတာ သဘောကျ ပလား (ကျပါပြီ ဘုရား)။
သောတာပန်တည်ပါတယ်
ဒါဖြင့် ဒကာ ဒကာမတွေ ဒီဝေဒနာသုံးပါးသာ လှည့် ရှုလို့ ရှိရင်ဖြင့် သောတာပန်လဲ တည်ပါတယ် (မှန်ပါ့)၊
နောက် ခန္ဓာသေပြန်လို့ ရှိရင်လဲ သေချင်သေ၊ အထက်မဂ် မရသေးရင် သောတာပန်ပဲ ပြန်ဖြစ်မယ် (မှန်ပါ)၊ ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား)။
ကဲ ယနေ့ ဒီတွင်တော်ကြဦးစို့။
သာဓု သာဓု သာဓု။