ခွေးနက်ကြီးတွေ မလာအောင် မသေခင်ကဝိပဿနာလုပ်ထားပါ
မှတ်ချက်။ ။ အသံမကြည်ပါ။
မိုးကုတ်ဝိပဿနာအဖွဲ့ချုပ်ကြီး၏ အမှာစာ
မိုးကုတ်ဆရာတော်ဘုရားကြီး ဟောတော်မူသော သစ္စာလေးပါး တရားတော်များအနက် ၁၉၅၄ ခုနှစ်မှ ၁၉၆၂ ခုနှစ်အတွင်း တရားတော်များကို၊ တိတ်ခွေကြီးများဖြင့် ကူးယူ သိမ်းဆည်း နိုင်ခဲ့ပါသည်။
(၂၅-၃-၅၄) ရက်နေ့ ဟောကြားတော်မူခဲ့သော ဤတရားတော်သည် အလွန်ရှေးကျသော တရားတော် တစ်ပုဒ် ဖြစ်ပါသည်။
ဤတရားတော်တွင် လူတိုင်းသေခါနီး၌ ကြုံတွေ့၊ တတ်သော လားရာဂတိများကို အသေအချာ ဟောတော်မူထား ပါသည်။
ဤတရားတော်တွင် သေခါနီးသွားရမည့်လမ်းကို သိနေသဖြင့် မသေခင်က ဝိပဿနာ ရှုထားကြဖို့ ဘုရားက မှာကြောင်း ဟောတော်မူထားပါသည်။
ဤတရားတော်တွင် ပြုံးသေသေနိုင်အောင် နိဗ္ဗာန်ကို ရောက်စေတဲ့ အကျင့်နှင့် ပတ်သတ်၍၊ အသေအချာ ဟောတော် မူထားပါသည်။
ဤတရားတော်တွင် တရားအားထုတ်နည်း၊ ရှုပုံ ရှုနည်းကို ဂဃနဏသင်ထားပြီး၊ မိုးကုတ် ဆရာတော် ဘုရားကြီး က၊ ဒကာ ဒကာမတို့ကို “ဒီလမ်းက လျှောက်စမ်းပါလို့” ဟောတော် မူထားပါသည်။
သူတော်ကောင်းရတနာ (၇) ပါးကိန်းနိုင်ကြပါစေ။
၂၂-၁၂-၂၀၀၂
အလုပ်အမှုဆောင်အဖွဲ့။
——–
ခွေးနက်ကြီးတွေ မလာအောင် မသေခင်ကဝိပဿနာလုပ်ထားပါ
အသံဖိုင်ခေါင်းစဉ်= ဝိပဿနာလုပ်သင့်ကြောင်းတိုက်တွန်းခြင်း
စာအုပ်ခေါင်းစဉ်= ခွေးနက်ကြီးတွေ မလာအောင်၊ မသေခင်ကဝိပဿနာလုပ်ထားပါ
ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး –
အမရပူရမြို့၌ ဟောကြားတော်မူသော တရားတော်
ခွေးနက်ကြီးတွေ မလာအောင်
မသေခင်ကဝိပဿနာလုပ်ထားပါ
(၂၅-၃-၅၄)
ဒကာ ဒကာမတို့ တစ်ပါးသော ပုဂ္ဂိုလ်တွေကလည်း လမ်းမဆုံးတာတွေ သူ့ဉာဏ်ထဲ မြင်ပြန်တော့ သူတို့ သွားရမယ့် လမ်းခရီးကလည်း အောက်သံသရာကြီးကို ကျင်လည်ကြရမယ် (မှန်လှပါ ဘုရား)
သေခါနီးမှရိပ်မိတယ်
အောက်သံသရာကြီး ကျင်လည်ရမှာလည်း သေခါနီးမှ ရိပ်မိတယ် (မှန်လှပါ ဘုရား)။ ရိပ်မိတဲ့ အချိန်ကလည်း သေခါနီးမှ ရိပ်မိတယ် (မှန်လှပါ ဘုရား)။
ရိပ်မိတဲ့ အချိန်ကလည်း သူ့မကယ်နိုင်၊ ငါ့မကယ်နိုင်ဆို တဲ့ အဆိုး အနေဆိုးနဲ့ ကြုံနေ (မှန်လှပါ ဘုရား)။
အဲ့ဒါကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဇေတဝန်ကျောင်းတော်ကနေပြီး မှာရှာတယ်၊ အေး မပေါ့ကြ ပါနဲ့၊ သမထ၊ ဝိပဿနာအလုပ်များကိုဖြင့်ကွာ လုံးဝလက် မလွှတ်ကြပါနဲ့၊ မင်းတို့ အတွက် စိတ်မအေးစရာတွေက အလွန် များတယ်။
မင်းတို့ကိုယ်တိုင်ကြုံရလိမ့်မယ်
မင်းတို့ကတော့ မင်းတို့မျက်လုံးကလေးနဲ့ သာမညကြည့် ပြီးကိစ္စမရှိတန်ဘူးလို့ ထင်ရတယ်။ သို့သော် မင်းတို့ ကိုယ်တိုင် ကြီးကျယ်သော ကိစ္စနဲ့ ကြုံရလိမ့်မယ် (မှန်လှပါ ဘုရား)။
ဒါ့ကြောင့် ငါဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် သင်တို့အား အလွန့်အလွန် ရာဟုလာ သားနှင့် မခြားဘဲနဲ့ ထားနိုင်တဲ့ စိတ်ရှိသောကြောင့် သင်တို့ကို သနားတဲ့အတွက် ဒီဝိပဿနာ အလုပ်ကြီးကိုဖြင့် ရှုကြပါ၊ ရှုကြပါ။
နိဗ္ဗာန်နဲ့ လျောက်ပတ်တဲ့ အကျင့်တွေကိုလည်း နိဗ္ဗာန် ရောက်ကြောင်းအကျင့်၊ နိဗ္ဗာန်နဲ့ လျော်တဲ့ အကျင့်တွေကိုလည်း ငါပြောပါ့မယ် (မှန်လှပါ ဘုရား)။
ဘုရားက ကရုဏာပြင်းပြပါတယ်
မင်းတို့၏ ဖြစ်စဉ်ကြီးကဖြင့် နေပုံထိုင်ပုံ အားလုံးကို ခြုံပြီး ပြောလိုက်တဲ့ အခါကျလို့ရှိရင် အတော်ကိုပဲ ကိုယ်တော်မြတ်ကြီး ဉာဏ်ထဲမှာ ကရုဏာပြင်းပြပါတယ် (မှန်လှပါ ဘုရား)။
ဒါကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက
“ဈာယထဘိက္ခဝေ မာပမာဒတ္ထ၊ မာ ပစ္ဆာ ဝိပ္ပဋိသာရိနော အဟုဝတ္ထ၊ အယံ ဝေါ အမှာကံ အနုသာသနီ” လို့ နဝဘူသနဝဂ်မှာ ဟောပြန်တယ် (မှန်လှပါ ဘုရား)။
နိဗ္ဗာန်လမ်းက မင်းကိုယ်တိုင်သိပြီး သကာလ၊ မင်းသည် ကားလို့ဆိုရင် အမှားကြီးမှားခဲ့ပေါ့၊ အမှားဂတိသွားရာဆိုတဲ့ လမ်းခရီး၊ အပါယ်လေးဘုံတည်းဟူသော လမ်းက မင်းမရှောင် သာဘူး။
လူမိုက်နောက်မှ အကြံရ မဖြစ်စေနဲ့
မင့်သား မကယ်ဘူး၊ မင့်သမီး မကယ်ဘူး၊ မင့်ပစ္စည်း မကယ်ဘူး (မှန်ပါ ဘုရား)။ မင်းတို့ ဆရာတွေ မကယ်နိုင်ဘူး။ မင်းလုပ်မှ မင်းရမှာ (မှန်ပါ ဘုရား)။
အဲ့ဒီကဲ့သို့ ကိုယ်တော်မြတ်ကြီးက မှာရှာတယ် (မှန်လှပါ ဘုရား)။ အဲ့ဒီ အချိန်ကျမှ ငါမှားခဲ့ပြီ ဆိုပြီး လုပ်နေလို့ရှိ ရင်လည်း မင်းတို့ “လူမိုက်နောက်မှ အကြံရ” ဆိုသလို မင်းတို့ ဖြစ်မယ်တဲ့ (မှန်ပါ ဘုရား)။
ဆရာကောင်းကြုံတုန်းမဂ်ဉာဏ်ရအောင်လုပ်လိုက်
ယခုလို ကျန်းမာ၊ ယခုလို ဆရာကောင်း သမားကောင်း ကြုံ၊ ယခုလို အခွင့်ကောင်း အခါကောင်း ကြုံတုန်း မြန်မြန် ကလေး မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် အအေးဓာတ်ကလေး ရအောင် လုပ်လိုက်။
ဒီလို လုပ်ထားမှသာလျှင် မင်းတို့ စိတ်အချကြီး ချပြီး သကာလ၊ ခုနက သေခါနီးမှ မကောင်းတဲ့ နိမိတ်တွေ မထင်လာမှာ။
ကယ်မည့်သူမရှိဘူး
နို့မဟုတ်ရင် မင်းတို့ ကိုယ်တိုင် မကောင်းတဲ့ နိမိတ်တွေ ထင်ပြီဆိုမှဖြင့် မင်းတို့ကို ဘယ်သူမှ ကယ်မည့်သူ၊ ယူမည့်သူ မရှိဘူး။
သားလင်၊ ခင်ပွန်း၊ သားသမီးတွေကလည်း အနားရှိပြီး သကာလ သူတို့လည်း မမြင်ရဘူး၊ မင်းတစ်ယောက်တည်း မြင်ပြီး မင်းတစ်ယောက်တည်း ရင်ထု၊ မြေလူး၊ မျက်ရည်ကြီးငယ်ကျပြီး သကာလ မျက်နှာညှိုးငယ်စွာနဲ့ မရဏမင်းနောက်လိုက်ပြီး အပါယ်လေးရွာ ရောက်ရလိမ့်မယ် (မှန်ပါ ဘုရား)။
ဒါကြောင့် မင်းတို့သည် ကားလို့ဆိုရင် ယခုလို အချိန် ကောင်းတုန်းက ဝိပဿနာအလုပ်ကို ဈာယထ မြန်မြန်ကြီး ရှုလိုက်ပါလော့၊ မာပမာဒတ္ထ – သားရေး၊ သမီးရေး၊ စီးပွားရေးကြောင့် မေ့လျော့ပြီး မနေလိုက်ပါနဲ့။
ပြီးတော့ ဒကာ ဒကာမတွေ ဘုန်းကြီးမှာတာထက် ပြင်းထန်တယ် (ပြင်းထန်ပါတယ် ဘုရား)။ ဘုန်းကြီးမှာတာ ထက် ပြင်းထန်တယ် ဒကာ ဒကာမတို့ ဘုရားမှာတော်မူတာက (မှန်လှပါ ဘုရား)။
ခင်ဗျားတို့လုပ်နေတာအချိုးမကျလို့
အဲ့ဒီတော့ သာမည အရေးကြုံလို့၊ သာမညကိစ္စမို့ မှာတာ မဟုတ်ဘူး (မှန်လှပါ ဘုရား)။ သာမညကိစ္စမို့ မှာတာ မဟုတ်ဘူး ဒကာ ဒကာမတို့၊ ခင်ဗျားတို့ လုပ်နေတာ အချိုးမကျလို့ကို သာဝတ္ထိ ကျောင်းတော်က နေပြီး တရားအဆုံး မှာ မှာတော်မူပါတယ် (မှန်ပါ ဘုရား)။
အဲဒီတော့ ဒကာ ဒကာမတို့ ဒီတရားနာလာကြတဲ့ ဒကာ ဒကာမတွေ ကိုယ့်ကိုယ်ကို သနားလို့ တရားနာကြတာ မှန်ပါတယ်၊ ကိုယ်သွားရမယ့် လမ်းခရီးကလေး ဖြောင့်ချင်လို့ လာကြတာပါပဲတဲ့။
သို့သော်လည်း ဒကာ ဒကာမတွေက ကိုယ့်အိမ်၊ ကိုယ့်ရာ ရောက်သွားတဲ့အခါကျလို့ရှိရင် ဘာမှ အသုံးမကျတဲ့ ဟုတ်လား ကိစ္စတွေနဲ့ အချိန်ကုန်ပြီးသကာလ၊ တစ်နေ့သော် လည်း စားဖို့ သောက်ဖို့ (မှန်လှပါ ဘုရား)။
တစ်နေ့သော်လည်း ဝတ်ဖို့ စားဖို့
တစ်နေ့သော်လည်း ဝတ်ဖို့စားဖို့ (မှန်လှပါ ဘုရား) ဟောဒီ- သေရာပါမှာ မဟုတ်ဘူး (မှန်လှပါ ဘုရား)။ ဒါတွေ ခင်ဗျားတို့ အချိန်အလွဲသုံးစား မလုပ်ပါနဲ့ (မှန်လှပါ ဘုရား)။
ဒါတွေသည် ကားလို့ဆိုရင် ခင်ဗျားတို့အား ဘဝသံသရာ က လုပ်ခဲ့တဲ့အလုပ်တွေပါ (မှန်လှပါ ဘုရား)၊ ဒါတွေဟာ မလုပ်ရင် မပြီးတဲ့ အလုပ်မဟုတ်ပါဘူး (မှန်လှပါ ဘုရား)။ မလုပ်ဘဲနေရင်လည်း ရတဲ့ အလုပ်တွေ (မှန်လှပါ ဘုရား)။ ဟုတ်ပြီလား။
အရေးကြီးတဲ့ အလုပ်သာ ခင်ဗျားတို့ ကိုယ်တိုင်လုပ်ပါ ဆိုတာ ဘုရားက မှာတော်မူတယ် (မှန်ပါ ဘုရား)။
ဘာတုံးဆိုလို့ရှိရင် ဈာယတဘိက္ခဝေ မာပမာဒတ္ထ၊ ဘိက္ခဝေ၊ ငါ၏ချစ်သားတပည့်များတို့၊ ဈာယထ-ယခုလို အခါကောင်း ကိလေသာ အမှိုက်သရိုက်တွေကို ဝိပဿနာမီးနဲ့ ရှို့မြိုက်လိုက်ကြကွ၊ ယခုကနေပြီး မြန်မြန် ရှို့ပစ်လိုက်တဲ့၊ ကိလေ သာမီးတွေ အကုန်ခြောက်ခန်းသွားလိမ့်မယ်တဲ့ (မှန်လှပါ ဘုရား)။
ကိလေသာမခြောက်ခန်းရင်
သူမခြောက်ခန်းလို့ရှိရင် မင်းတို့ သေခါနီးကျလို့ရှိရင်ဖြင့် သူတို့ဆွဲသလို၊ သူတို့က နိမိတ်တွေ ပြလိမ့်မယ်တဲ့ (မှန်လှပါ ဘုရား)။
တို့ ကိလေသာတွေကို ဝိပဿနာတည်းဟူသော ဉာဏ်နဲ့ မရှို့ပဲနဲ့ မင်းသည်ကားလို့ဆိုရင် တော်အောင်နေ၊ တော်အောင် သွား၊ တော်အောင်စား၊ သားကိစ္စ၊ သမီးကိစ္စ၊ ပစ္စည်းကိစ္စနဲ့ မင်းအချိန်ကုန်၊ အဲဒီတော့ မင်းလာရင် ဟောဒီမှာ သွားပေတော့ ဆိုပြီး သကာလ သေခါနီးမှာ၊ အသက်မထွက်ခင် (ဝါ) ထွက်သက် ဝင်သက် မချုပ်ခင် ဦးလှဘူးရေ စိတ်ထဲ မြင်လာတယ် (မှန်လှပါ ဘုရား)။
သေခါနီးမှာ ခွေးနက်ကြီးတွေ
ဘယ်လို မြင်လာသတုံးဆိုလို့ရှိရင် တစ်ခါတည်းခွေးနက် ကြီးတွေက ကိုယ့်ဆွဲမလို့ လာတာ မြင်လာတယ် (မှန်လှပါ ဘုရား)။
ဪ ဒါဖြင့် ဒကာ ဒကာမတို့ ဘယ်သူမှ မမြင်ဘူး နော် (မှန်လှပါ ဘုရား)။ ဘယ်သူမှ မမြင်ဘူး၊ ခုနက အလကားနေပြီး ဝိပဿနာ မရှုတဲ့ပုဂ္ဂိုလ်၊ သားရေး၊ သမီးရေး၊ စီးပွားရေးတွေနဲ့ အချိန်ကုန်ပြီး သကာလ လူပေါ်လူဇော် လုပ်လာတဲ့ပုဂ္ဂိုလ်တွေပေါ့ဗျာ (မှန်လှပါ ဘုရား)။
အဲဒီပုဂ္ဂိုလ်တွေကတော့ မြင်ရပြီပေါ့ဗျာ (မြင်ရပါ တယ် ဘုရား)။ ငါဖြင့် ခွေးနက်ကြီးတွေ လာပြီ၊ ခွေးနက်ကြီးတွေလာပြီ၊ ခွေးနက်ကြီးတွေလာကတည်းကိုက ငါသည် ငရဲသွားရတော့မှာပဲဆိုတော့၊ ငရဲကလာတဲ့ ခွေးနက်ကြီးကိုးဗျ (မှန်လှပါ ဘုရား)။
ကိုယ်တစ်ယောက်တည်းမြင်ရတယ်
သားလည်းမကယ်နိုင်၊ သမီးလည်းမကယ်နိုင်၊ ကိုယ်တစ် ယောက်တည်း မြင်ရတယ် (မှန်လှပါ ဘုရား)။ ခွေးနက်ကြီးက လည်း ကိုက်စားတော့မလို့၊ ဆွဲတော့မလို့ (မှန်လှပါ ဘုရား)။
ကိုင်း ဒကာ ဒကာမတို့ ခင်ဗျားတို့ ရှာထားတဲ့ပစ္စည်း၊ ခင်ဗျားတို့ အားကိုးထားတဲ့ ခင်ပွန်း၊ သား၊ သမီး၊ ဘယ်သူမြင်သေး သတုံး (ဘယ်သူမှ မမြင်ပါဘူး ဘုရား)။ ကိုယ်တစ်ယောက် တည်းဗျာ (မှန်ပါ ဘုရား)။
ပြောလို့ကော ယုံနိုင်စရာရှိရဲ့လား (မရှိပါဘူး ဘုရား)။ ပြောချိန်ကော ရရဲ့လား (မရပါဘူး ဘုရား)။ ပြောချိန်လည်း မရ၊ ပြောလို့လည်း ယုံနိုင်စရာမရှိ (မှန်လှပါ ဘုရား)။ ကိုယ့်အလုပ်က ကိုယ့်ပြနေပြီ (မှန်လှပါ ဘုရား)။
သားရေး၊ သမီးရေး၊ စီးပွားရေးနဲ့ အချိန်ကုန်ပြီး သကာလ ဒီအထဲမှာ ဒီအလုပ်တွေလုပ်ပြီး သကာလ နေတာနဲ့ပဲ၊ လူချင်းတူတူ သူချင်းမျှမျှ၊ တိုက်နဲ့၊ တာနဲ့၊ မော်တော်ကားနဲ့၊ စိန်နဲ့ ရွှေနဲ့ နေချင်တာနဲ့ အချိန်ကုန်သွားတယ်လို့ ဆိုကြပါတော့ (မှန်လှပါ ဘုရား)။
ဝိပဿနာဉာဏ်ကမှ နိုင်တယ်
အဲဒီတော့ သေခါနီး ခွေးနက်ကြီး နိမိတ်က ထင်လာ (မှန်လှပါ ဘုရား)။ ခွေးနက်ကြီး နိမိတ်က ထင်လာလို့ ခင်ဗျားတို့ ပြုထားတဲ့ ဒါန၊ ခင်ဗျားတို့ ဆောက်တည်ထားတဲ့ သီလကလည်း ဝမ်းထဲ ကိလေသာ သေအောင်မလုပ်နိုင် (မှန်လှပါ ဘုရား)။ ခက်လိုက်တာက။
ဝမ်းထဲ ကိလေသာကလည်း ဝိပဿနာဉာဏ်ကမှ သူ့သေအောင်၊ သတ်အောင်၊ ဖြတ်အောင်၊ ပြတ်အောင်လုပ် နိုင်တယ် (မှန်လှပါ ဘုရား)။
အဲဒီတော့ ဒါတွေကလည်း ဖြုန်းခနဲ့ မသေတော့၊ ကိလေသာ၏ အရှိန်အစော် အာနုဘော် တွေကြောင့် ခွေးနက်ကြီးတွေက လာပြီ (မှန်လှပါ ဘုရား)။
အဲဒီအချိန်ကျတော့ ဘယ်သူမြင်ရသလဲဆိုတော့ သေမယ့်သူ တစ်ယောက်တည်း မြင်ရတယ် (မှန်လှပါ ဘုရား)။ ဒကာ ဒကာမတို့ ဘယ်သူမြင်ရသတုံး (သေမယ့်သူ တစ်ယောက်တည်း မြင်ရပါတယ် ဘုရား)။
ကိုယ်ကျိုးနည်းပြီ
သေမယ့်သူ တစ်ယောက်တည်း မြင်ရတယ်ဆိုတော့ အဲ ငါကြာခဲ့ပါပြီ၊ ငါ့ သားလင်၊ ခင်ပွန်း ကိစ္စနဲ့ အချိန်ကုန် ခဲ့တာတွေ၊ သမီး၊ ငါ့မြေး ကိစ္စတွေနဲ့ အချိန်ကုန်ခဲ့တာတွေဖြင့် အမှားကြီးမှားလို့ ခု ငါသွားဖို့ရာ တစ်ယောက်တည်း ခိုကိုးရာမဲ့ ဖြစ်ပါပေါ့လား (မှန်လှပါ ဘုရား)။ ကိုယ်ကျိုးကြီး နည်းပါပေါ့
လား၊ ဒီထက်နည်းတာမရှိတော့ပါဘူးဆိုပြီး မျက်ရည်ကျတယ် (မှန်လှပါ ဘုရား)။
မျက်ရည်ကျပြီး သေတာပဲ (မှန်လှပါ ဘုရား)။ ဘယ်သူမှ မကယ်နိုင်ဘူး (ဘယ်သူမှ မကယ်နိုင်ပါ ဘုရား)။ မကယ်နိုင်ဘူး ဒကာ ဒကာမတို့၊ အဲဒါကလည်း ခင်ဗျားတို့က မသေဘဲနေမှာ မဟုတ်ဘူး (မှန်ပါတယ် ဘုရား)။
သေမယ့်သူတွေချည့်ပဲ၊ အကုန်လုံး၊ ခန္ဓာငါးပါးရှိခြင်း ကြောင့် (သေကြရမှာပါ ဘုရား)။ သေကြတဲ့ အခါကျတော့၊ ခုလို့ ဆရာဘုန်းကြီးဆုံးမတဲ့ ဝိပဿနာအလုပ်ကို ဟုတ်လား၊ တစ်ခါတည်း ကိလေသာတွေ သေပြီး သကာလ ငြိမ်းချမ်းရေး ဆိုတဲ့ နိဗ္ဗာန်ကြီးကို မြင်ထင်ပြီး သကာလ ရအောင်ကို မြန်မြန် လုပ်ထားလိုက် (မှန်လှပါ ဘုရား)။
ခင်ဗျားတို့ စိတ်မချစရာ အကွက်က ခွေးနက်ကြီးတွေ လာစရာ ရှိသေးတယ် (မှန်လှပါ ဘုရား)။ ကိလေသာ မသေရင် လာမယ်လေ (လာမှာပါ ဘုရား)။
ငါအမှားကြီးမှားလို့ ဒုက္ခရောက်ပြီ
အဲဒီ ခွေးနက်ကြီး လာလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ မှတ်ကြပေတော့ ငါအမှားကြီးမှားလို့ဖြင့် အကြီးအကျယ် ဒုက္ခရောက်ဖို့ သေချာပါပေါ့လားဆိုပြီး သေမယ့်ပုဂ္ဂိုလ်က အကြီးအကျယ် ဝမ်းနည်း တာပဲ (မှန်ပါ ဘုရား)။ ဇောချွေးတွေ ကို ပြန်လာတာပဲ (မှန်လှပါ ဘုရား)။
ဇောချွေးတွေ ပြန်လာတယ် ဒကာ ဒကာမတို့၊ ဒီလောက်ထိအောင် ကြောက်ပစ်လိုက်တယ် ဆိုတာလည်း မပြောနဲ့တော့ (မှန်လှပါ ဘုရား)။
ပြင်လို့မရတော့ဘူး
သတိကလည်း အဲဒီအချိန်ရတယ် (မှန်လှပါ ဘုရား)။ ငါမှားခဲ့ပြီလို့ သတိရတယ်၊ ပြင်လို့ မရတော့ဘူး (မှန်လှပါ ဘုရား)။ မှားခဲ့ပြီလို့သာ သတိရတာ ဦးလှဘူးရ (မှန်လှပါ ဘုရား)။ ပြင်ဖို့ဆင်ဖို့ အချိန်ကျန်သေးသလား (မကျန်ပါဘူး ဘုရား)။
ဒါပြီးရင် ထွက်သက်ထွက်ပြီး ချုပ်တော့တာ (မှန်လှပါ ဘုရား)။ အဲ့ဒါကြောင့် ဒကာ ဒကာမတို့ ဘုန်းကြီးမှာ တယ်၊ ဘုရားမှာတယ်ဆိုတာသည် ပညာရှိတွေက မှာတာ ဖြစ်ပြီး သကာလ နေသောကြောင့် ခင်ဗျားတို့က ပြုံးမနေနဲ့ (မှန်လှပါ ဘုရား)။
ပြုံးမနေနဲ့ ကိုယ့်အရေးကိုယ်သိ
ပြုံးမနေနဲ့၊ သားကိစ္စ၊ သမီးကိစ္စတွေနဲ့ အချိန်ကို အလွဲသုံးစား မလုပ်နဲ့ (မှန်လှပါ ဘုရား)။ ကိုယ့်အရေးကိုယ် သိတယ် (မှန်လှပါ ဘုရား)။
အဲဒီအချိန်ကျမှ ကိုယ့်အရေးကိုယ်သိနေလို့ ဆရာလည်း မကယ်နိုင်ဘူး (မှန်လှပါ ဘုရား)။ ခင်ဗျားတို့ သားလင် ခင်ပွန်းတွေကော (မကယ်နိုင်ပါဘူး ဘုရား)။
ခင်ဗျားတို့ မအိုဘူး၊ အနာဘူး၊ မသေဘူး ထင်ပြီး ရှာထားတဲ့ အိုစာမင်းစာတွေကတော့ (မကယ်နိုင်ပါဘူး ဘုရား)။ အဲဒီ မကယ်နိုင်တော့ဘူး ဒကာ ဒကာမေတွေ (မှန်လှပါ ဘုရား)။
အဲဒီကျတော့ သေမယ့်ပုဂ္ဂိုလ်က တစ်ဘဝ ဖြင့် အရှုံးကြီး ရှုံးပြီး၊ အဆုံးကြီးဆုံးပြီး သကာလ သွားရတော့ မယ့် ခရီးကလည်း လမ်းကနည်းနည်းမှ မသာ အပါယ်သွား ရမှာကိုး (မှန်လှပါ ဘုရား)။
အဒီ အချိန်ကျမှ ဒကာ ဒကာမတွေ မျက်ရည်တွေက ကျ၊ ဇောချွေးတွေပြန်၊ အကျောတွေ ကလိမ် (မှန်လှပါ ဘုရား)။ ဟုတ်လား၊ အဲဒီလို ဖြစ်လာတော့ ဘေးကပုဂ္ဂိုလ်တွေက အင်း ဘာဖြစ်ပါလိမ့်မတုံး၊ ဘာများအကြောင်းပါလိမ့်မတုံး၊ မိမိတို့ ကုသိုလ်လေးတွေ ရှိသားပဲ၊ မိမိတို့ပြုထားတဲ့ ကျောင်းဆောက် ဘုရားတည်ထားတာတွေ ကိုယ်က ကြားချိန်ကို မရှိဘူး (မှန်လှပါ ဘုရား)။
ကြားပြန်လည်း သူက လန့်လိုက်သေးတယ် (မှန်လှ ပါ ဘုရား)။ ငါ့သေမှာကြောင့် ပြောတာပဲ ဆိုပြီး ဝမ်းနည်းလိုက် သေးတယ် (မှန်လှပါ ဘုရား)။
ဒေါသဇောနဲ့သေရင်
ကဲ ကောင်းတာပါသေးရဲ့ လား (မပါပါ ဘုရား)။ အဲဒီတော့ ဝမ်းထဲ ဒေါသဇောနဲ့သေ၊ ဒေါသဇောနဲ့ သေတဲ့အခါ ခုနက တိရစ္ဆာန်ဘုံနဲ့ ငရဲရောက် (မှန်လှပါ ဘုရား)။
လောဘဇောနဲ့သေရင်
လောဘဇောနဲ့ ခင်ရက်တန်းလန်းနဲ့ မစွန့်နိုင်ဘဲနဲ့ ဝမ်းနည်းပြီး သေသွားပြန်တော့၊ သားလေးနဲ့ ခွဲရတော့မယ်၊ သမီး လေးနဲ့ ခွဲရတော့မယ်၊ အင်မတန် အဖိုးထိုက်တန်တဲ့ ကိုယ်မွေး ကတည်းက မစားရက်တဲ့ ပစ္စည်းကလေးနဲ့ ခွဲရတော့မယ်ဆိုတော့ တစ်ခါလောဘဇောနဲ့ သေပြန်တော့ ပြိတ္တာဘုံ သွား (မှန်လှပါ ဘုရား)။
ဒေါသဇောနဲ့သေတော့ တိရစ္ဆာန်ဘုံနဲ့ ငရဲသွား (မှန်လှပါ ဘုရား)။ ကိုင်း ဒကာ ဒကာမတို့ အဲဒါ သေခါနီးမှာ မသေခင်ကပဲ တစ်ခါတည်း ပြိတ္တာဘုံ သွားမယ်ဆိုရင် ချောက်ကြီးတွေ၊ တောကြီးတွေ၊ တောင်ကြီးတွေများ ထင်လာလိုက်တဲ့ ဖြစ်ခြင်း။
ကိုယ်သွားရမည့်လမ်းသိနေတယ်
ဘယ်သူ့မှလည်း ပြစရာ မရှိဘူး (မှန်လှပါ ဘုရား)။ ပြလို့လည်း ကယ်မယ့်သူ၊ ယူမယ့်သူ မပေါ်လာ (မှန်လှပါ ဘုရား)။ ကိုယ်သွားရမယ့်လမ်း၊ ကိုယ့်အကြောင်း ကိုယ်ကောင်းကောင်း သိနေတာပဲ ရှိတယ် (မှန်လှပါ ဘုရား)။
အဲဒီကျတော့ ခုနက ဇောချွေးတွေ ပြန်လို့ပေါ့ဗျာ (မှန်လှပါ ဘုရား)။ မျက်ရည်တွေကလည်း တတွေတွေ စီးလို့၊ မျက်ရည်တွေ တတွေတွေစီးပြီးနေတုန်းမှာ အင်း ဆိုပြီး သကာလ အသက်ထွက်တယ် (မှန်လှပါ ဘုရား)။
ဝိညာဉ်ချုပ်တယ်၊ ချုပ်သည်နှင့်တစ်ပြိုင်နက်တည်း အဲဒီ ပြိတ္တာဘုံသွားလိုက်တာပဲ (မှန်လှပါ ဘုရား)။ ပြိတ္တာဖြစ်တဲ့ အချိန်ကစပြီး ငတ်လိုက်တဲ့ဖြစ်ခြင်း၊ ဘယ်တော့များ၊ ငါ့အမျှ ဝေပါ့မတုံး (မှန်လှပါ ဘုရား)။
အမျှကလေးများဝေကောင်းပါရဲ့
ဘယ်သောအခါမှ ငါ့သား၊ ငါ့သမီးတွေက ငါ့ကို သတိကလေးရပြီး သပိတ်သွတ်ပါ့မတုံး (မှန်လှပါ ဘုရား)။ အမျှကလေးများ ဝေကောင်းပါရဲ့၊ ဟိုက တောင်းတနေရတယ် (မှန်ပါ ဘုရား)။
တောင့်တပြီးနေငြားသော်လည်း ဒီက ဘာမှ မလုပ် နိုင်ဘူး၊ ဒီက အပေကြီးပေနေကြတာကိုး၊ အပေကြီးပေနေတော့ စေတနာကောင်းနဲ့ လှူတဲ့ အလှူကောဟုတ်ရဲ့ လား (မဟုတ်ပါဘူး ဘုရား)။
မတတ်သာလို့လှူတဲ့အလှူ
မတတ်သာလို့ လှူတဲ့အလှူ (မှန်လှပါ ဘုရား)။ သူတို့ စေတနာက စေတနာကောင်းကမဟုတ် (မှန်လှပါ ဘုရား)။ စေတနာကောင်းက မဟုတ်တော့ အမျှပင်ဝေငြားသော် လည်း ဒီက ဒေါသနဲ့ ဝေတယ် (မှန်လှပါ ဘုရား)။
သနားလို့ ဝေတာလား (မဟုတ်ပါဘူး ဘုရား)။ ဒေါသနဲ့ဝေတာ၊ ဖြစ်မှဖြစ်ရလေတယ်၊ တို့အိမ်က လူများ ပြိတ္တာ ကြီးဖြစ်နေလို့ရှိရင်ဖြင့် သနားပါတယ်လို့ မလာဘူး (မလာပါ ဘူး ဘုရား)။ ထုံးစံပဲမို့လို့ သပိတ်သွတ် လိုက်တယ် (မှန်လှပါ ဘုရား)။
မျက်ရည်နဲ့အမျှဝေတယ်
ဒီကလည်း အမျှယူပါလို့ပေးတဲ့ ပုဂ္ဂိုလ်က စေတနာ ကောင်းနဲ့လား၊ မျက်ရည်နဲ့ပေးတာလား (မျက်ရည်နဲ့ပေး တာပါ ဘုရား)။ ဘယ်ရောက်လိမ့်မတုံးဗျ၊ ရောက်စရာကော မြင်ရဲ့လား (မမြင်ပါဘူး ဘုရား)။
အဲ့ဒါတွေ ဘုန်းကြီးများက သေသေချာချာ ဒီလိုကိစ္စ တွေကလည်း ခဏ ခဏဆုံ (မှန်လှပါ ဘုရား)။ ဒီလိုသေတာ တွေ ခဏခဏမြင်ရ (မှန်လှပါ ဘုရား)။ ဘုရားမှာတော်မူ တယ်ဆိုတဲ့ဥစ္စာသည် ဒါကြောင့် မှာပေတာပဲတဲ့။
တို့ဒကာ ဒကာမတွေ ဘုရားမှာတဲ့အတိုင်း တို့သည် ကား လို့ဆိုရင် တဆင့်ပြောဦးမှ၊ မပြောရင် သူတို့ပေါ့ပုံနဲ့ဖြင့် သူတို့ နိမိတ်နဲ့သူတို့ အဲဒီအခါကျတော့မှ မျက်ရည်တွေကျ၊ ဇောချွေးတွေ ပြန်ပြီး သကာလ၊ အမှားကြီး မှားခဲ့ပြီ ဆိုတော့၊ ဆယ်မရ၊ ကယ်မရတဲ့အချိန်မှ အမှားကြီး မှားပြီ ဆိုလို့ ရှိရင်လည်း ဘာအသုံး ကျသတုံး (မကျပါဘူး ဘုရား)။
ဆရာနှင့် ကြုံတုန်းအလုပ်လုပ်ကြပါ
အဲ့ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက “ဈာယထ ဘိက္ခဝေ မာပမာဒတ္ထ” ဘိက္ခဝေ – ငါ၏ ချစ်သား တပည့် များကို ဣဓမေ – ယခုအသက်ရှင်စဉ်အခါ၊ ကျန်းမာခြင်း၊ ချမ်းသာခြင်း၊ ဆရာသမားတွေ့စဉ်အခါက၊ ဈာယထ- ဝိပဿနာ တည်းဟူသော အလုပ်တရားဖြင့် ဟုတ်လား၊ ဝေဒနာ၊ သညာ၊ ရုပ်ခန္ဓာတို့ကို ရှုလိုက်ကြကုန်လော မပမာဒတ္ထ- ငယ်စဉ်မှာ မမေ့လိုက်နဲ့။
ဒီအလုပ်သာ ခင်ဗျားတို့ ကိုးစားရာ၊ အားထားရာ အစစ် (မှန်လှပါ ဘုရား)။ ဒီအလုပ် မေ့လိုက်ရင် ဘာဖြစ်မှာတုံး ဘုရားဆိုတော့ အို သေခါနီး နိမိတ်ထင်လာလိမ့်မယ်ကွတဲ့ (မှန်လှပါ ဘုရား)။
သေခါနီးကျလာတဲ့အခါ မင်းတို့သည် တောနိမိတ်၊ တောင်နိမိတ်၊ ငရဲမီးလျှံနိမိတ်တွေ မင်းတို့ မြင်လာတော့မှ ငါမှားခဲ့ ပြီဆိုလို့ အလကားပေါ့ကွ။
မသေခင်က ဝိပဿနာလုပ်ကြပါ
ဒါကြောင့် ငါမှာတဲ့စကားသည် မသေခင်က အလုပ်၊ သေခါနီးမှ မှားခဲ့ပြီ မလုပ်ပါနဲ့ (မှန်လှပါ ဘုရား)။ ဒါပဲ စကားနှစ်ခွန်းနဲ့၊ မသေခင်က ဝိပဿနာ အလုပ်ကိုလုပ်၊ သေခါနီး မှ မှားခဲ့ပြီလို့ မလုပ်ပါနဲ့ (မှန်လှပါ ဘုရား)။ ဟုတ်ပြီလား (မှန်လှပါ ဘုရား)။
သေခါနီးမှလည်း မှားပြီလို့ သိလည်းသိ၊ သေလည်းသေ (မှန်လှပါ ဘုရား)။ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ဒါကြောင့် ယနေ့မှာတဲ့ အလုပ်သည် ဘုရားမှာတော် မူတာက မသေခင်က ဘာလုပ်ရမှာတုံး (ဝိပဿနာလုပ်ရမှာ ပါ ဘုရား)။ သေခါနီးမှ မှားခဲ့ပြီဆိုတဲ့ အလုပ်ကိုတော့ (မလုပ် ရပါဘူး ဘုရား)။
အဲဒီ လုပ်နေရင်လည်း အလကားပဲတဲ့၊ ငါဘုရားလည်း မကယ်နိုင်၊ မင်းတို့ကိုးစားအားထားတဲ့ ဆရာသမားတွေလည်း မကယ်နိုင်၊ မင်းတို့ဆောက်ထားတဲ့ ကျောင်းတွေ၊ ကန်တွေ၊ ဘုရားတွေ ကကော (မကယ်နိုင်ပါဘူး ဘုရား)။
မကယ်နိုင်ဘူးကွတဲ့၊ ကိလေသာက မသေတော့၊ ကိလေသာ စီမံသလို လိုက်ရမယ်လို့ မနေ့က တရားဟောခဲ့တယ် (မှန်လှပါ ဘုရား)။
မင်းတို့ ကိလေသာသည်ကားလို့ ဆိုလို့ရှိရင် လောဘဆို တဲ့ ကိလေသာက ဝမ်းထဲ ရောက်လာတော့ သူအတွင်း လူ သခင် ဖြစ်တယ်လို့ ပြောတယ် (မှန်လှပါ ဘုရား)။
အကုသိုလ်ဆရာကစီမံတယ်
ဝမ်းထဲရောက်တော့ သူက စီမံလိုက်တော့ ဆရာဖြစ်ပြန် တယ် (မှန်လှပါ ဘုရား)။ ဝမ်းထဲ လာတုန်းက တပည့်နော် (မှန်လှပါ ဘုရား)။
ဝမ်းထဲရောက်ပြီဆိုမှဖြင့် ဒီပုဂ္ဂိုလ်အပါယ်သွားလို့ စီမံတာ က ဘယ်သူက စီမံတာတုံး (ဆရာက စီမံတာပါ ဘုရား)။ ဆရာဖြစ်သွားတဲ့ အကုသိုလ်က မစီမံဘူးလား (စီမံပါတယ် ဘုရား)။
အဲဒါကြောင့် ဒကာ ဒကာမတို့ တပည့်ဆရာလွတ် အောင် လုပ်ဆိုတဲ့ တရားနဲ့၊ ဒီတရားနဲ့ဟာ နံပါတ်အတူတူပဲတဲ့ တစ်နံပါတ်နဲ့ နှစ်နံပါတ်ပဲကွာတယ် (မှန်လှပါ ဘုရား)။
သံယုတ်ပါဠိတော်မှာ ဒီအတိုင်းဟောတယ် (မှန်လှ ပါ ဘုရား)။ အဲ့ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေကို ယနေ့ ပြောဆိုနေတဲ့ စကားသည် တော်တော်ကို အရေးကြီးလို့ မှာနေတာပါလား ဆိုတာသည် ဒကာ ဒကာမတို့ ထိပ်သံမှိုစွဲသလို မှတ်ဖို့ကောင်းတယ် (မှန်လှပါ ဘုရား)။
အချိန်အအားမပေးပါနဲ့
ဒါဖြင့် အလုပ်နှစ်လုပ်ပေါ့ဗျာ (မှန်လှပါ ဘုရား)။ မသေခင်က ဝိပဿနာအလုပ်ကိုလုပ် (မှန်လှပါ ဘုရား)။ အချိန် အအားမပေးပါနဲ့ (မှန်လှပါ ဘုရား)။ ဟုတ်ပြီလား။
အချိန်အအား မယူကြပါနဲ့ ယူခဲ့တဲ့ အချိန်တွေ များလွန်းလို့ (မှန်လှပါ ဘုရား)။ ဟုတ်ပြီလား၊ ယူခဲ့တဲ့ အချိန်တွေ များလွန်းလို့ မယူပါနဲ့တော့ (မှန်လှပါ ဘုရား)။
သေခါနီးအချိန်ကျမှ ငါမှားခဲ့ပြီဆိုတဲ့ အလုပ်ကိုလည်း မပေါ်အောင်လုပ်လိုက်ပါ (မှန်လှပါ ဘုရား)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဘုရားက ငါမှာတဲ့စကားနှစ်ခွန်းသည် မသေခင်ကလုပ်၊ သေခါနီးမှ မှားခဲ့ပြီဆိုတဲ့ အလုပ်ကို မလုပ်ဖြစ်စေနဲ့ (မှန်လှ ပါ ဘုရား)။
အယံ – ဤ – ငါဆိုတဲ့ စကားနှစ်ခွန်းသည် ဝေါ သင်ချစ်သားတို့အား၊ အမှာကံ – ငါဘုရား၏၊ အနုသာသနီ အဆုံး အမတည်း၊ ဒါ ငါဘုရား၏ အဆုံးအမ (မှန်လှပါ ဘုရား)။
မသေခင်ကဝိပဿနာအလုပ်လုပ်
မသေခင်က ဝိပဿနာအလုပ်လုပ် (မှန်လှပါ ဘုရား)။ သေခါနီးမှ၊ နိမိတ်တွေ ထင်လာတော့မှ အပါယ်သွားဖို့ သေချာနေတော့မှ ငါမှားပြီ၊ ငါမှားခဲ့ပြီလို့ မလုပ်လိုက်ပါနဲ့တဲ့ (မှန်လှပါ ဘုရား)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
အဲ့ဒါသည် ဒကာ ဒကာမတို့ အလွန်အရေးကြီးလို့ မှာတော်မူတယ်ဆိုတဲ့ မှာတမ်းစကားနော် (မှန်လှပါ ဘုရား)။ မှာတမ်းစကားပဲ၊ အလွန့်အလွန် အရေးကြီးတယ်ဆိုတာမှတ်ပါ (မှန်လှပါ ဘုရား)။
ခင်ဗျားတို့ ဘယ်လောက်ရှာရှာ စားဖို့နဲ့ ဝတ်ဖို့ ဒါပဲ။ ဝတ်တာကလည်း အထည်တစ်ရာရှိလို့ ခင်ဗျားတို့ ထပ်မဝတ်နိုင် ဘူး (မဝတ်နိုင်ပါ ဘုရား)။
စားတာကလည်း တစ်နေ့ သုံးထပ်စားဖို့ အတော်ခဲယဉ်း ပါလိမ့်မယ်၊ ဟုတ်ဖူးလား (မှန်ပါ ဘုရား)။ အဲဒီတော့ ခင်ဗျားတို့က စားဖို့ကိုလည်း သူများထက်ပိုပြီး အလုပ်လုပ်နေ ရတယ် (မှန်လှပါ ဘုရား)။
ဝတ်ဖို့ကိုလည်း အချိန်တွေအများကြီး ယူပြီး သူများ ထက် ပိုပြီး အလုပ်လုပ်ရတယ်ဆိုတော့ ဦးနွဲ့ ဝတ်တဲ့အခါကျတော့ သူများထက် အထည်အထပ်များများ ဝတ်နိုင်လို့ရှိရင် လည်း၊ ဟုတ်လား။ ဒီဥစ္စာ သူများက တစ်ထည်ဝတ်တာ၊ ခင်ဗျားက နှစ်ထည်ထပ်၊ သုံးထည် ထပ်ဝတ်လို့ရတယ် ဆိုရင် ဒီလိုတော့ အားပေးကောင်းတယ် (မှန်လှပါ ဘုရား)။
အထည် အထပ်ထပ် ဝတ်နိုင်ရဲ့လား
အခုလို အထည်ထပ်ဝတ်နိုင်ရဲ့လား (မဝတ်နိုင် ပါဘူး ဘုရား)။ သူများက နှစ်ထပ်စားတယ်၊ ခင်ဗျားက ကြိုးစားတဲ့ အတွက် သုံးထပ်စားလေဗျာဆိုလို့ စားနိုင်ရဲ့လား အလုပ် သာလုပ် ဒီလိုတော့ အားပေးရတယ် (မှန်လှပါ ဘုရား)။
ခုတော့ သူများနှစ်ထပ်စားတာတောင် မြိန်ရေယှက်ရေ မရှိ၊ အဝတ်ကလေးနှစ်ထပ်၊ ထပ်ဝတ် တာတောင် အိုက်လှပြီ၊ ပူရပြီ (မှန်လှပါ ဘုရား)။ ဟုတ်လား။
အဲဒီတော့ အလုပ်ပိုလုပ်ထားတာတွေက ဘယ်အကျိုး ငှာတုံးလို့မေးလို့ရှိရင်ဖြင့် သုံးထပ်ဝတ်ဖို့လည်း မဟုတ်ဘူး (မှန်လှပါ ဘုရား)။ သုံးထပ်စားဖို့ကော (မဟုတ်ပါဘူး ( ဘုရား)။
ဒါဖြင့် မဟုတ်တာအတွက်နဲ့ အရေးကြီးတာ ဘာတုံးဗျ။ မေးစရာပေါ်လာတယ် (မှန်လှပါ ဘုရား)။ မေးစရာ မပေါ် လာဘူးလား (ပေါ်လာပါတယ် ဘုရား)။
အဲဒါ မဟုတ်တာအတွက်နဲ့ အရေးကြီးနေတာသည် ကိုယ်အရူးထလို့ ဖြစ်ပါလိမ့်မယ် (မှန်လှပါ ဘုရား)။ ဒီပြင် ဘာများ အဖြေထုတ်စရာရှိသေးသတုံး (မရှိပါဘူး ဘုရား)။
အေး ဒါကြောင့် ဒကာ ဒကာမတို့ “ဈာယထ ဘိက္ခဝေ မာပမာဒတ္ထ၊ မာပစ္ဆာ ဝိပ္ပဋိသာရိနော အဟုဝတ္ထ၊ အယံ ဝေါ အမှာကံ အနုသာသနိ” ဆိုတဲ့ ဥစ္စာဖြင့် ဘုရား အဆုံး အမဟာ ယနေ့ဟာပါပဲ (မှန်လှပါ ဘုရား)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
စိတ်ချစရာတစ်ကွက်မှမရှိ
အဲဒီတော့ကို ဘုရားက ဆက်ပြီး သကာလ ဟောရှာ တယ် (မှန်လှပါ ဘုရား)။ ကိုင်းကွာ မင်းတို့ ဒီအတိုင်းသာ မင်းတို့သေသွားလို့၊ ဒီအနေနဲ့၊ ဒီအသေနဲ့သာဖြင့် စိတ်ချစရာ တစ်ကွက်မှ မရှိဘူးကွတဲ့ (မှန်လှပါ ဘုရား)။
အဲဒီတော့ ငါဟောမယ်တဲ့၊ နိဗ္ဗာန်နဲ့ လျှောက်ပတ်တဲ့ တရား ငါဟောတော့မယ်၊ မင်းတို့ အဲဒါလေးဖြင့် လုပ်ဖြစ်အောင် လုပ်စမ်းပါကွတဲ့ (မှန်လှပါ ဘုရား)။ မှာပြန်ပြီ ဒကာ ဒကာမတို့၊ အလုပ်နည်းလေးပြန်ပြီ (မှန်လှပါ ဘုရား)။
အလုပ်နည်းပေးပြန်ပြီ ဦးလှဘူးရ (မှန်လှပါ ဘုရား)။ အင်မတန် မှတ်စရာကောင်းတယ်၊ ကိုယ်တော်မြတ်ကြီး ကရုဏာတော်တွေသည် အလွန်မှ ပေါ်လွင်ထင်ရှားလာပြီဆိုတာ ဒကာ ဒကာမတို့ သိပ်ကြည်ညိုစရာ ကောင်းပါတယ် (မှန်လှပါ ဘုရား)။
သိပ်ကြည်ညိုစရာ ကောင်းလာပြီ၊ ကြည့်စမ်း ဒကာ ဒကာမတို့ သားငယ်၊ သမီးငယ်၊ မြေးငယ် ဆိုတဲ့ သံသရာ ခရီးသည်တွေကို မှာလိုက်တဲ့ဖြစ်ခြင်း မသေခင်က ဝိပဿနာ အလုပ်ကိုလုပ်၊ သေခါနီးမှ နိမိတ်တွေ ထင်လာလိမ့်မယ် (မှန်လှပါ ဘုရား)။ အဲ့ဒါကြောင့် မင်းတို့ မပေါ့ပါနဲ့ (မှန်လှ ပါ ဘုရား)။ ငါအသေအချာ မှာပါတယ်။
အကျိုးစီးပွားကို အင်မတန် အလိုရှိလို့ ပြောပါတယ် ဆိုတာ မပါဘူးလား (ပါပါတယ် ဘုရား)။
ပေတေတေ၊ ကပ်တတ်တတ်မလုပ်နဲ့
ဒီထဲက ခင်ဗျားတို့က ပေတေတေ ကပ်တတ်တတ် မလုပ်နဲ့ (မှန်လှပါ ဘုရား)။ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ပေချင်သေးရဲ့လား (မပေးချင်ပါဘူး ဘုရား)။ မပေ ချင်နဲ့၊ ပေချင်တာပဲလား၊ ဒီလိုလည်း မဖြစ်စေနဲ့ဆိုတာ သဘော ကျပြီလား (သဘောကျပါပြီ ဘုရား)။
အေး ဒီလိုလည်းမဖြစ်စေနဲ့၊ ဒီလိုလည်း မဖြစ်စေနဲ့။ ဦးလှဘူးရေ ဘုရားမှာတော်မူတာ ကတော့ဖြင့် သာမည မျက်လုံး ကျယ်တဲ့ပုဂ္ဂိုလ်က မှားတာလား၊ လမ်းဆုံးမြင်တဲ့ ပုဂ္ဂိုလ်က မှာတာ လား (လမ်းဆုံးမြင်တဲ့ ပုဂ္ဂိုလ်က မှာတော်မူတာပါ ဘုရား)။
သေခါနီးမှ နှလုံးမသာယာခြင်း
အဲ့ဒါ ခင်ဗျားတို့က တကယ့် အသိအမြင် ကျယ်တဲ့ ပုဂ္ဂိုလ်က ပြောသည်ဖြစ်လေသောကြောင့် တစ်လုံးမှ မလွဲတဲ့ စကားပြောနေကျ ကိုယ်တော်ကြီး ပြောတာဖြင့် ငါတို့သည် ကားလို့ဆိုရင်ဖြင့် သူက မသေခင်က ဝိပဿနာ အချိန်ရှိသ၍ လုပ်၊ သေခါနီးမှ နှလုံးမသာယာခြင်း အလုပ်ကို မဖြစ်ရအောင် နေပါလို့ ဆိုတဲ့စကား၊ ပထမတစ်နံပါတ် စကားကို အရယူပြီး၊ နှစ်နံပါတ်စကားကို ကျုပ်တို့ တစ်ခါတည်း ကိုယ်တော်မြတ်ကြီး က မပေါ်စေချင်တာ၊ မပေါ်အောင်လုပ်လိုက်မယ်ဟေ့ဆိုရင် ဘယ်လောက်ကောင်းမတုံး (ကောင်းပါတယ် ဘုရား)။
အင်မတန် ကောင်းပါတယ် ဒကာ ဒကာမတို့၊ ကိုင်း မင်းတို့လုပ်ကြစမ်းပါကွာတဲ့ ငါခုဟာက မှာတမ်းရှိပါသေး တယ်ကွတဲ့၊ အလုပ်လုပ်နည်းကို ငါသင်ပါဦးမယ်တဲ့ (မှန်လှပါ ဘုရား)။
နိဗ္ဗာန်ရောက်မှ အေးမပေါ့တဲ့ (မှန်လှပါ ဘုရား)။ ဟုတ်လား၊
ဒါကြောင့် နိဗ္ဗာန သပ္ပါယံ ဝေါ ဘိက္ခဝေ ပဋိပဒံ ဒေသေဿာမိ။
ဘိက္ခဝေ – ရဟန်းတို့၊ ဝေါ – သင်တို့အား၊ နိဗ္ဗာန သပ္ပါယံ- နိဗ္ဗာန်နဲ့ လျှောက်ပတ်သော (ဝါ) နိဗ္ဗာန်ရောက်သော၊ ပဋိပဒံ – အကျင့်ကို၊ အဟံ – ငါဘုရားသည်၊ ဒေသေဿာမိ – မင်းတို့မှာပြီးလို့ ခု အလုပ်သင်တော့မယ်ကွတဲ့ (မှန်လှပါ ဘုရား)။
ဒီအလုပ်သာလုပ်စမ်းပါ
မှာပြီးပြီ ခုနက၊ မှာပြီးပြီ၊ မင်းတို့ အလုပ်သင်တော့ မယ်တဲ့၊ ဒီအလုပ်သာ လက်ကိုင်ထားပြီး လုပ်စမ်းပါ။
ဒီအလုပ်ကို လက်ကိုင်ထားပြီး လုပ်စမ်းပါလို့ ဆိုတဲ့ စကားသည် အင်မတန်ကိုပဲ ကိုယ်တော် မြတ်ကြီးသည် ကရုဏာ၊ မေတ္တာရှေ့ထားလို့ ဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။
ဒီအလုပ်လုပ်စမ်းပါ၊ ဒီအလုပ်လုပ်စမ်းပါ၊ ဘာအလုပ် တုံးဆိုတော့ “နိဗ္ဗာန သပ္ပါယံ ဝေါဘိ က္ခဝေ ပဋိပဒံ ဒေသေဿာမိ”။
ဘိက္ခဝေ – ငါ၏ချစ်သားတပည့်များတို့၊ နိဗ္ဗာန သပ္ပါယံ နိဗ္ဗာန်ရောက်ကြောင်းဖြစ်သော (ဝါ) နိဗ္ဗာန်သို့ လျှောက်ပတ်သော၊ ပဋိပဒံ – အကျင့်ကို ဝေါ – သင်တို့အား၊ အဟံ – ငါဘုရား က၊ ဒေသေဿာမိ – လမ်းပြပါအံ့၊ ဟောသည်။ အသေအချာ မင်းတို့ ဂရုစိုက်စမ်းပါ (မှန်လှပါ ဘုရား)။
ဒီလိုလုပ်စမ်းပါကွတဲ့ (မှန်လှပါ ဘုရား)။ ဒီလိုလုပ် စမ်းပါ။ ဒါမှ မင်းတို့သည် ကားလို့ဆိုရင် အဖိုးတန်ပြီး သကာလ သေတဲ့အခါကျတော့ကို ဇောချွေးပြန်ပြီး သကာလ၊ ဝမ်းနည်းပြီး မသေရတော့ ဘူးကွတဲ့ (မှန်လှပါ ဘုရား)။ အသေလွတ်တဲ့ နေရာဌာနရောက်မယ် (မှန်လှပါ ဘုရား)။
ဒါကြောင့် “နိဗ္ဗာနံ သပ္ပါယံ” နိဗ္ဗာန်နဲ့ လျောက်ပတ် သော၊ ပဋိပဒံ အကျင့်ကို (ဝါ) နိဗ္ဗာန်ကို ရောက်စေတဲ့ အကျင့်ကို၊ အဟံ – ငါဘုရားသည်၊ ဝေါ-သင်တို့အား၊ ဒေသေဿာမိ မှာပြီးသည်၏ အခြားမဲ့၌ မင်းတို့ အလုပ်သင်တော့အံ့။
ဒီလမ်းခရီးလျှောက်စမ်းပါ
မှာပြီးပြီတဲ့၊ အလုပ်သင်တော့မယ် (မှန်လှပါ ဘုရား) ဒီလမ်းခရီးလျှောက်စမ်းပါ၊ ဒီလမ်းခရီး လျှောက်စမ်းပါ လို့ ဒကာ ဒကာမတို့ ဟောသည် (မှန်လှပါ ဘုရား)။
အဲဒီတော့ အခုလာလတ္တံ့ဖြစ်တဲ့ လမ်းသည် ဒကာ ဒကာမတို့ အလွန့်အလွန် လုပ်စေချင် လွန်းလို့ ဒီလမ်းကဖြင့် နိဗ္ဗာန်နဲ့ လျှောက်ပတ်တဲ့ လမ်းဖြစ်တယ်၊ မင်းတို့ အအို၊ အသေ၊ အနာ လွတ်တဲ့လမ်း၊ အပါယ်လေးပါး လုံးဝမမြင်ရတဲ့လမ်း၊ သေခါ နီး နိမိတ်တောင်မှ မထင်တဲ့လမ်း၊ မကောင်းတဲ့ နိမိတ်တွေ ဟူသ၍ မထင်တဲ့လမ်း၊ ပြုံးပြုံးရွှင်ရွှင်နဲ့ သေရမယ့်လမ်း (မှန်လှပါ ဘုရား)။
တကယ့်လမ်းကောင်းပြောတော့မယ်
တကယ့်လမ်းကောင်း ပြောတော့မယ် (မှန်လှပါ ဘုရား)။ တကယ့်လမ်းကောင်း ပြောတော့ မယ်။ အဲ့ဒါကြောင့် ယနေ့ ဟောမယ့်တရားသည် ဒကာ ဒကာမတို့ မှာတမ်းတော်၏ အခြားမဲ့၌ လမ်းကောင်း ပြတော်မူသော ကိုယ်တော်မြတ်ကြီး၏ တရားကို ခင်ဗျားတို့ ဒီလမ်းနာရတော့မယ် (မှန်လှပါ ဘုရား)။
ဒီလို ဒီလမ်းလိုက်မှပဲဟေ့၊ ဒီလမ်းလိုက်မှပဲ လမ်းလွဲလို့ မဖြစ်ဘူး (မှန်လှပါ ဘုရား)။ လမ်းတွေ ကလည်း တယ်များ တယ်နော် (မှန်လှပါ ဘုရား)။
မိစ္ဆာဒိဋ္ဌိလမ်း
သမ္မာဒိဋ္ဌိလမ်း
နှစ်လမ်းရှိတယ်ကွ၊ မိစ္ဆာဒိဋ္ဌိလမ်း၊ သမ္မာဒိဋ္ဌိလမ်းတဲ့ ဒကာ ဒကာမတို့ လမ်းဘယ်နှလမ်းရှိသတုံး (နှစ်လမ်း ရှိပါတယ် ဘုရား)။
သားရေး၊ သမီးရေး၊ စီးပွားရေးလိုက်တဲ့လမ်းက မိစ္ဆာ ဒိဋ္ဌိ အပါယ်လမ်း၊ အောက်လမ်း၊ အောက်လမ်း (မှန်လှပါ ဘုရား)။
ဝိပဿနာအလုပ်က သမ္မာဒိဋ္ဌိလမ်း
ဝိပဿနာအလုပ်၊ ရှုကြည့်တဲ့ အလုပ်ကို အမြဲတစေ လုပ်နေတဲ့ ဒကာ ဒကာမတွေက မသေရာ၊ မနာရာ၊ မအိုရာ သွားမယ့် သမ္မာဒိဋ္ဌိမဂ္ဂင်လမ်း (မှန်လှပါ ဘုရား)။ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
သားရေး သမီးရေးက မိစ္ဆာဒိဋ္ဌိလမ်း
သားရေး၊ သမီးရေး၊ စီးပွားရေး လုပ်နေတဲ့ ဒကာ ဒကာမတွေ ဘာတုံး (မိစ္ဆာဒိဋ္ဌိလမ်းပါ ဘုရား)။ မိစ္ဆာဒိဋ္ဌိမဂ္ဂင်လမ်း၊ အပါယ်လမ်း၊ ဟုတ်လား (မှန်ပါ ဘုရား)။
ဝိပဿနာအလုပ်ကို လုပ်နေတဲ့ ဒကာ ဒကာမတွေက (သမ္မာဒိဋ္ဌိမဂ္ဂင်လမ်းပါ ဘုရား)။
အဲဒီ လမ်းနှစ်လမ်းရှိတယ်ကွတဲ့၊ လမ်းနှစ်လမ်းရှိတော့၊ အဲဒီမိစ္ဆာဒိဋ္ဌိ မဂ္ဂင်လမ်းလိုက်လို့ရှိရင်ဖြင့် မရောက်ခင်က၊ မသေခင် က သိတယ်ကွတဲ့ (မှန်လှပါ ဘုရား)။ နိမိတ်တွေ ထင်လာ – တယ် (မှန်လှပါ ဘုရား)။
သမ္မာဒိဋ္ဌိလမ်း လိုက်မိပြန်လို့ရှိရင်လည်း မသေခင်က သိတယ်ကွတဲ့ (မှန်လှပါ ဘုရား)။ ပြုံးသေနဲ့ မဲ့သေ ကွာတယ် ကွ (မှန်လှပါ ဘုရား)။
ပြုံးသေ မဲ့သေကွာတယ်တဲ့
ဒကာ ဒကာမတို့ ပြုံးသေနဲ့ မဲ့သေ ကွာပါတယ်ကွတဲ့၊ ဟုတ်ပြီလား (မှန်လှပါ ဘုရား)။
ဒါကြောင့် အရိယာတွေများ ပျက်စီးသွားတဲ့အခါ အလောင်းသွားကြည့်လိုက်၊ ပြုံးလို့ ရွှင်လို့ ဟုတ်လား။
ပုထုဇဉ်တို့ အလောင်းသွားကြည့်လို့ရှိရင် ရွဲ့လို့၊ စောင်းလို့၊ ကြိုးကို မနည်းစီးထားရတာ (မှန်လှပါ ဘုရား)။ မတော်ကိုးရို့ကားရား ဒီထက်ဖြစ်ချည်ရဲ့လို့ (မှန်လှပါ ဘုရား)။ အဲဒီလောက်တောင် မဆိုးဝါးဘူးလား (ဆိုးဝါး ပါတယ် ဘုရား)။
အေး ဒါ နဂိုက လမ်းလွဲလိုက်လို့ လမ်းလွဲပုံသဏ္ဌာန် ပေါ် (မှန်လှပါ ဘုရား)။ လမ်းကောင်း ပိုက်လို့ လမ်းကောင်း ပုံသဏ္ဌာန်ပေါ်ဆိုတာ မရှိဘူးလား (ရှိပါတယ် ဘုရား)။
ဘုရားကမှာတော်မူတယ်
အေး ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီး မှာတော်မူသည် အခြားမဲ့၌ “နိဗ္ဗာနသပ္ပါယံ ဝေါ ဘိက္ခဝေ ပဋိပဒံ ဒေသေဿာမိ၊ တံသုဏာထ၊ သာဓုကံ မနသိ ကရောထ”။
ဘိက္ခဝေ – ရဟန်းတို့၊ ဝေါ – သင်တို့အား၊ နိဗ္ဗာန သပ္ပာယံ – နိဗ္ဗာန်နဲ့ လျှောက်ပတ်သော (ဝါ) နိဗ္ဗာန်ရောက်ကြောင်းဖြစ်သော၊ ပဋိပဒံ-အကျင့်ကို၊ ဝေါ-သင်တို့အား၊ ဘာမှ မသိတဲ့ သင်တို့အား၊ အဟံ – ငါဘုရားသည်၊ ဒေသေဿာမိ- ဟောတော့အံ့၊ တံ – ထိုဟောလတ္တံ့ဖြစ်သော တရားကို၊ သုဏာထ – ကောင်းကောင်း နာကြကွတဲ့၊ မနသိကရောထ – မှတ်မိအောင် လည်း နှလုံးသွင်းကြကွတဲ့၊ ဟုတ်ပြီလား။
မှတ်မိအောင် နှလုံးသွင်းပြီးကျင့်ကြ
မှတ်မိအောင် နှလုံးသွင်းပြီး သကာလ နေရာတိုင်းမှာ လည်း ကျင့်ကြကွ၊ မဟောဘူးလား (ဟောပါတယ် ဘုရား)။
အေး ဒါကြောင့် ဒကာ ဒကာမတို့ အင်မတန် ကိုယ်တော်မြတ်ကြီးသည် ကားလို့ဆိုရင် တကယ့် ကရုဏာ၊ တကယ့်မေတ္တာ၊ တကယ့်စေတနာနဲ့ တကယ်အမြင်ကျယ်ပြီး သကာလ၊ တကယ်ခင်ဗျားတို့ သန္တာန်၌ အပါယ်တရားတွေ လုံးဝ မသီရအောင်၊ စင်ကြယ်သွားအောင် သူဟောတော့မယ် (မှန်လှပါ ဘုရား)။
အဲဒီတော့ ကြိုးစားပြီး ရှုတာပေါ့ဗျာ (မှန်လှပါ ဘုရား)။ နောက်လာလတ္တံ့ဖြစ်တဲ့ တရားသည် ဒကာ ဒကာမတို့ ကြိုးစားရမယ့်တရား၊ ပွားများရမယ့်တရား၊ နိဗ္ဗာန်သို့ရောက်တဲ့၊ လျောက်ပတ်တဲ့ တရား (မှန်လှပါ ဘုရား)။
ဒီတရားထက်ကောင်းတာ ရှာမတွေ့ဘူး
နိဗ္ဗာန်သို့ လျောက်ပတ်တဲ့ တရားတဲ့ ဒကာ ဒကာမတို့၊ ဒီတရားထက်ကောင်းတာ ရှာမတွေ့ တော့ဘူး (မတွေ့ပါဘူး ဘုရား)။
ကောင်းပြီဘုရား၊ ဒီတရားက သိပ်နက်ပြီး၊ ခက်နေ မှာလား၊ တပည့်တော်တို့ကို ဉာဏ်မမှီ လောက်အောင် နက်ပြီး ခက်နေလို့ရှိရင်လည်း မရှုတတ်၊ မကြည့်တတ်ပြန်လို့ ရှိရင်လည်း တပည့်တော်တို့ အတွက်ဟာ ရတက်အေးစရာမရှိဘူးဆိုတာ ခင်ဗျားတို့ ဆင်ခြေလဲဦးမယ် (မှန်လှပါ ဘုရား)။ ဟုတ်ဖူးလား။
ခင်ဗျားတို့ ဆင်ခြေလဲစရာအတွက် ပေါ်လာတယ် (မှန်လှပါ ဘုရား)။ ခုတော့ ဒီလို မဟုတ်ပါဘူးကွတဲ့၊ ငါဟော – မယ့်တရားက မင်းတို့ နေ့တိုင်းတွေ့၊ ခဏခဏကြုံ၊ အဲဒီကြုံတဲ့ တရားထဲက နေပြီး၊ အဲဒီကြုံတဲ့တရား အရှုခိုင်း၊ အဲဒါတွေကြည့်ပြီး မင်းတို့ ဒီမဂ္ဂင်ပေါ်၊ မဂ္ဂင် လမ်းမတော်ပေါ် ရောက်၊ ဟုတ်ပြီလား။
မဂ္ဂင်လမ်းမတော်ပေါ်ရောက်တဲ့အခါကျတော့ သေခါနီး နိဗ္ဗာန် လမ်းမတော် နိမိတ်ကထင် (မှန်လှပါ ဘုရား)။ အအေး ဓာတ်၊ အလင်းဓာတ်ကြီးက ပေါ်လာလို့ ခုဖြင့် အရောက်ကြီး ရောက်ပြီး၊ အပျော်ကြီးပျော်ရတော့မှာပဲ၊ အချမ်းသာကြီး ချမ်းသာတော့မှာပဲဆိုတာ ကြုံလာလိမ့်မယ်ကွတဲ့ (မှန်လှပါ ဘုရား)။
ဒီမင်းတို့တွေ့နေ့ကျ လမ်းကိုသာ မင်းတို့ရှုရမှာပါပဲတဲ့။ ကိုင်း-ဒါဖြင့် ဒကာ ဒကာမတို့ ဘုရား ဟောတော်မူတဲ့ တရား ကလည်း ခက်ခက်ကြီး ဝိပဿနာရှုမယ်လို့ မလာပါဘူး (မလာပါ ဘုရား)။
ခင်ဗျားတို့ တွေ့နေကျလမ်းကိုပဲ၊ ကိုင်း-ဒါဖြင့် ဘုရား ဟောတော်မူတဲ့ လမ်းကိုပဲ ဘုန်းကြီးက ဟောရတော့မယ် (မှန်လှပါ ဘုရား)။
ရှုပုံရှုနည်းကလွယ်ပါတယ်
ခင်ဗျားတို့ ရှုပုံရှုနည်းကိုပဲ ပြရတော့မယ် (မှန်လှပါ ဘုရား)။ ရှုပုံရှုနည်းသည် ကားလို့ဆိုရင် လွယ်ပါတယ်တဲ့။
ကိုင်း ဒကာ ဒကာမတို့ ခင်ဗျားတို့ အဆင်းတစ်ခု၊ သားကလေး၊ သမီးကလေး၊ ဖြူဖြူဝါဝါ အဆင်း ကလေး မရှိဘူးလား (ရှိပါတယ် ဘုရား)။
အဆင်း
အေး သူတို့ ပြီးလိမ်းထားတဲ့ အဆင်းကလေး၊ အဲဒီ အဆင်းကလေးလည်း ခင်ဗျားတို့ မျက်လုံးထဲ မမြင်ဘူးလား (မြင်ပါတယ် ဘုရား)။
ဪ ဒါဖြင့် ဒကာ ဒကာမတို့ အဆင်းကလေးရှိ လို့ အဆင်းကလေးလည်း တစ်မျိုးပဲ၊ မြင်တဲ့ သဘောကလေးဟာကော (တစ်မျိုးပါ ဘုရား)၊ ဪ အဆင်းရုပ်ကလေး၊ မြင်ရုပ်ကလေးရှိတယ်လို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
မြင်စိတ်ကလေးကော (ရှိပါတယ် ဘုရား)။ သုံးမျိုး – ရှိသွားပြီ (မှန်လှပါ ဘုရား)။ အဆင်းရုပ် လည်းရှိတယ်၊ ခင်ဗျားတို့ သား၊ သမီးကလေးမှာ အဆင်းရုပ်ကလေးကလည်း ရှိတယ်။
မြင်ရုပ်
အဲဒီအဆင်းရုပ်ကလေးကလည်းရှိ ကိုယ့်သန္တာန်မြင်ရုပ် ကလေးကကော (ရှိပါတယ် ဘုရား)။ မျက်လုံးကန်းနေတဲ့ ပုဂ္ဂိုလ်တော့ မမြင်ပါဘူး (မှန်လှပါ ဘုရား)။
ပဋိသန္ဓေကတည်းက ကန်းလာတဲ့ပုဂ္ဂိုလ် ဘယ်မြင်မတုံး (မမြင်ပါ ဘုရား)။
အဲဒီတော့ မြင်ရုပ်ကလေးရှိတဲ့ ပုဂ္ဂိုလ်က မမြင်ရဘူးလား (မြင်ရပါတယ် ဘုရား)။ အဲဒီတော့ မြင်စိတ်ကလေးကလည်း မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။
မြင်စိတ်
ဪ ဒါဖြင့် ခုနက ဒကာ ဒကာမတို့ အဆင်းရယ်၊ အကြည်ရယ် ဟုတ်လား၊ မြင်စိတ်ရယ် ဘယ်နှစ်မျိုးရှိသတုံး (သုံးမျိုးရှိပါတယ် ဘုရား)။
ကောင်းပြီ၊ (၁) အဆင်းရယ်၊ (၂) အမြင်ရယ်၊ (၃) မြင်စိတ်ရယ် ဘယ်နှစ်မျိုးရှိသတုံး (သုံးမျိုးရှိပါတယ် ဘုရား)။
ဘယ်သူ ဘယ်သူတဲ့ (အဆင်းရယ်၊ မြင်ရုပ်ရယ်၊ မြင်စိတ်ရယ်ပါ ဘုရား)။ အဲ အဆင်းရယ်၊ မြင်ရုပ်ရယ်၊ မြင်စိတ်ရယ် ဒကာ ဒကာမတွေ သန္တာန် ဒီသုံးမျိုးက အတော် ရှာယူရမှာလားလို့ မေးဖို့ လိုသေးသလား (မလိုပါ ဘူး ဘုရား)။
မလိုတော့ဘူး၊ ပြင်ဘက်မှာ အဆင်းရှိတယ်၊ ကိုယ့်ကိုယ် ကို ကြည့်လည်း ကိုယ့်အဆင်းလေး ဖြူတယ်၊ ညိုတဲ့ အဆင်းလေးရှိတာပဲ (ရှိပါတယ် ဘုရား)။
အဲဒီတော့ ကိုယ့်ကိုယ်ကို ကြည့်တယ်ထားပါဦးတော့ အဆင်းကလေးလည်း ရှိတယ် (မှန်လှပါ ဘုရား)။ မြင်ရုပ် ကလေးကော (ရှိပါတယ် ဘုရား)။ မြင်စိတ်ကလေးကော (ရှိပါတယ် ဘုရား)။
မြင်စိတ်ကလေးလည်းရှိ၊ ဘယ်နှစ်မျိုးရှိသတုံး (သုံးမျိုးရှိပါတယ် ဘုရား)။ သုံးမျိုးရှိသွားပြီ ဒကာ ဒကာမတို့ အဲဒီ သုံးမျိုးထဲမှာ တစ်ခါ နည်းနည်းကလေးတိုးလိုက်ဦး၊ ဟုတ်ပြီလား။
ဖဿ
ဒါသည်ကားလို့ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဒီသုံးခု ပေါင်းလို့ရှိရင် မျက်လုံးထဲမှာ တွေ့တဲ့ ဖဿကလေး မပါသေး ဘူးလား (ပါ ပါတယ် ဘုရား)။
အဲဒီ ဖဿကလေးပါတော့ ဖဿကလေးတစ်ခု ထည့်လိုက်တော့ လေးခုဖြစ်သွားတယ် (မှန်လှပါ ဘုရား)။
အဆင်းရယ်၊ မြင်ရုပ်ရယ်၊ မြင်စိတ်ရယ်၊ ဖဿရယ်၊ ဘယ်နှစ်ခု ရှိသွားသတုံး (လေးခုရှိသွားပါပြီ ဘုရား)။
ဝေဒနာ
လေးခုရှိသွားပြီ ဒကာ ဒကာမတို့၊ လေးခုရှိတဲ့အခါ ကျတော့ ဒကာ ဒကာမတွေက မြင်ရတာ ကောင်းလိုက်တာဆိုတဲ့ ဝမ်းထဲသုခ၊ မြင်ရတာမကောင်းပါဘူးဆိုရင် ဒုက္ခ၊ မျက်လုံးထဲပဲ မြင်လိုက် ရတာပဲ ဆိုရင် ဥပေက္ခာ (မှန်လှပါ ဘုရား) ဝေဒနာ ရယ် ငါးမျိုးမရှိဘူးလား (ရှိပါတယ် ဘုရား)။
ဝေဒနာသုံးမျိုး တစ်မျိုးတည်း ထားလိုက် (မှန်လှပါ ဘုရား)။ ဒကာ ဒကာမတို့ အဆင်းရယ်၊ မြင်ရုပ်ရယ်၊ မြင်စိတ်ရယ်၊ ဖဿရယ်၊ ဝေဒနာရယ်၊ ဘယ်နှစ်ခုရှိပြီလဲ (ငါးခုရှိပါ ဘုရား)။
အဲဒီ ငါးခုရှိတယ်လို့ မင်းတို့ ရှေးဦးစွာ မှတ်ထားဦးကွ၊ ဒီငါးခုကလည်း ဒကာ ဒကာမတို့ ဘုရားက သယ်လာတာလည်း မဟုတ်ဘူး၊ ဘုရားသယ်လာတဲ့ ပစ္စည်းထုတ်ပေးတာလား (မဟုတ်ပါဘူး ဘုရား)။
ခင်ဗျားတို့ နေ့တိုင်း သုံးနေကျ၊ ဖြုန်းနေကျ ပစ္စည်းပြော တာ (မှန်လှပါ ဘုရား)။ ခင်ဗျားတို့ ကိုယ်ပိုင်ပစ္စည်းပြောတာ (မှန်လှပါ ဘုရား)။ ခင်ဗျားတို့ သန္တာန်လက်ညှိုးထိုးဟောတာ (မှန်လှပါ ဘုရား)။ ဟုတ်ပြီလား။
အဆင်းဆိုတာလည်း ကိုယ့်အဆင်းက ဖြူတယ်၊ ညိုတယ် ကိုယ်အသားအရေ ကိုယ်သိသားပဲ (မှန်လှပါ ဘုရား)။ အဆင်းရုပ်ကလေးကော မရှိဘူးလား (ရှိပါတယ် ဘုရား)။
အဆင်းနဲ့မြင်ရုပ်နဲ့တည့်ရင်
မျက်လုံးထဲက မြင်ရုပ်ကလေးကော (ရှိပါတယ် ဘုရား)။ အေး အဆင်းနဲ့ တွေ့တဲ့အခါကျတော့ အဆင်းနဲ့ မြင်ရုပ်နဲ့တည့်တယ်ဆိုရင်ပဲ မြင်စိတ်ပေါ်တယ် (ပေါ်ပါတယ် ဘုရား)။
မြင်စိတ်ပေါ်တယ်ဆိုရင် “တိဏ္ဏံသင်္ဂတိ ဖဿော” ဆိုတဲ့ ဖဿက လာပြီ ဒကာ ဒကာမတို့၊ တွေ့ထိတဲ့ ဖဿကလေးက မလာဘူးလား (လာပါတယ် ဘုရား)။
ဖဿပစ္စယာ ဝေဒနာလို့ ခင်ဗျားတို့ သိပြီးသားဖြစ်နေ သောကြောင့် ဝေဒနာသုံးမျိုးတစ်ခုခု မလာဘူးလား (လာပါ တယ် ဘုရား)။ အဲဒီတော့ ဝေဒနာသုံးမျိုးရှိလာတော့ ဝေဒနာ တစ်ခုတည်း ထားလိုက် (မှန်လှပါ ဘုရား)။ ခင်ဗျားတို့ သိပြီးသား။
အဲဒီတော့ မျက်လုံးနဲ့ အဆင်းကို တစ်ခုခုကြည်လိုက်လို့ ရှိရင်တော့ ဪ ငါးခုပေါ်ပြီဟေ့ (မှန်လှပါ ဘုရား)။ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
ငါးခုပေါ်တယ်
ဘယ်နှစ်ခုပေါ်သတုံး (ငါးခုပေါ်ပါတယ် ဘုရား)။ ငါးခုပေါ်တယ်လို့ မှတ်လိုက်စမ်းပါ ဒကာ ဒကာမတို့ (မှန်လှပါ ဘုရား)။
အဆင်းရုပ်ကလေးလည်း ရှိတယ်၊ မျက်လုံးအကြည့် ရုပ်ကလေးကော (ရှိပါတယ် ဘုရား)။ မြင်စိတ်ကလေးကော မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။ အာရုံနဲ့ တွေ့ထိနဲ့ ဖဿကော (ပေါ်ပါတယ် ဘုရား)။ အေး ခံသာတဲ့ ဝေဒနာလေးကကော (ပေါ်ပါတယ် ဘုရား)။
ဘယ်နှစ်မျိုးပါလိမ့် (ငါးမျိုးပါ ဘုရား)။ ဒီ ငါးမျိုးရှိ တယ်ကွတဲ့၊ ငါးခုရှိသွားပြီ၊ ဒကာ ဒကာမတွေ သိပြီလား (သိပါပြီ ဘုရား)။
ငါးခုရှိတာကို သိသွားတော့၊ ဘုရားသခင်ကိုယ်တော် မြတ်ကြီးက ငါးမျိုးစလုံးမှ၊ မင်းတို့ ကြိုက်ရာ ကလေးကွာ ရှုပေးစမ်း ပါ (မှန်ပါ ဘုရား)။
အဆင်းကို ရှုချင်လို့ရှိရင် ရှုနိုင်တယ်၊ မျက်လုံးရုပ်ကို ရှုချင်ရင် (ရှုနိုင်ပါတယ် ဘုရား)။
ဒါဖြင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက “စက္ခုံ အနိစ္စန္တိ ပဿတိ” မင်းတို့မြင်ရုပ်ကလေးကို တစ်ခါတည်း ဖြစ်ပြီး ပျက်တယ် လို့ ရှုလိုက်စမ်းပါလားကွတဲ့ (မှန်လှပါ ဘုရား)။
မြင်ရုပ်ဖြစ်ပြီးပျက်တယ်
မျက်လုံးကလေးနဲ့ အဆင်းကြည့်နေတဲ့အခါကျတော့ အဆင်းမကြည့်ချင်နေပါကွာတဲ့၊ မြင်ရုပ် ကလေးသည် ကားလို့ ဆိုရင် “စက္ခုံ အနိစ္စန္တိ ပဿတိ” ဟုတ်ပြီလား အဲဒီ စက္ခု ပသာဒရုပ်ကလေးကို ဒါလေးဟာ ဖြစ်ပြီးပျက်တာပဲလို့ ဒကာ ဒကာမတွေ ရှုပေးလိုက်လို့ရှိရင် ခင်ဗျားတို့သည် ကားလို့ဆိုရင် “ဈာယထ ဘိက္ခဝေ မာပမာ ဒတ္ထ” ထဲ ဝင်သွားတယ် (မှန် ပါ ဘုရား)။
ဘိက္ခဝေ – ရဟန်းတို့၊ ဈာယထ – ဝိပဿနာရှု ကြကုန်လော့၊ မာပမာဒတ္ထ၊ မမေ့မလျော့ဘဲနဲ့ နေလိုက်ပါတော့၊ မမေ့ဘဲနဲ့ ရှုလိုက်စမ်းပါဆိုတော့ မျက်လုံးကလေးနဲ့ အဆင်းကြည့် လိုက်တယ် ဆိုရင်ဖြင့် ဒကာ ဒကာမတို့ ကိုယ့်မျက်လုံးထဲက ရုပ်ကလေးသည် ကားလို့ဆိုရင် ဪ မြင်ပြီး ပျက်တာပဲလို့ ရှုလိုက်ရင်ကော မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။
မြင်ပြီးပျက်တာပဲလို့ ရှုလိုက်တဲ့အခါကျတော့ မျက်လုံး လေးသည် ကားလို့ဆိုရင်ဖြင့် အနိစ္စတရား (မှန်ပါ ဘုရား)။
ရှုတဲ့ဉာဏ်က မဂ္ဂသစ္စာ
ရှုတဲ့ဉာဏ်ကလေးသည် ကားလို့ဆိုရင် အနိစ္စမြင်တဲ့ ဉာဏ်ကလေး မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
ဒါကြောင့် မျက်လုံးလေးသည် ကားလို့ဆိုရင်ဖြင့် ဖြစ်ပြီး ပျက်တဲ့ဒုက္ခသစ္စာလေးပါလားလို့ ရှုလိုက်ပါလား၊ ဟုတ်ပြီလား၊ အဲဒီရှုတဲ့ဉာဏ်ကလေးက မဂ္ဂသစ္စာပါလားလို့ မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား)။
ဖြစ်ပြီးပျက်တာဒုက္ခသစ္စာ
အဲဒီကဲ့သို့ ဖြစ်သွားတဲ့အခါကျတော့ ဪ မိမိသန္တာန် မျက်လုံးလေးသည် ကားလို့ဆိုရင် ဖြစ်ပြီး ပျက်တဲ့ အနိစ္စ ဒုက္ခသစ္စာပါလား၊ မမြဲတဲ့ ဒုက္ခသစ္စာပါလားဆိုတဲ့ ဉာဏ်ကလေး မင်းတို့ ရလာ မှာပေါ့ကွတဲ့ (မှန်ပါ ဘုရား)။
အဲဒီ ဉာဏ်ကလေးရလာတော့ ဒီဉာဏ်ကလေးဟာ အလိုလိုတော့ မရဘူးကွ၊ ခုနက မြင်ရုပ် ကလေးရှုမှပဲ ရတယ် (မှန်လှပါ ဘုရား)။
ဒကာ ဒကာမတို့ ဒီအတိုင်းနေလို့တော့ ရရဲ့လား (မရပါဘူး ဘုရား)။ မြင်ရုပ်ကလေးရှုလိုက်တဲ့ အခါကျတော့ (ရပါတယ် ဘုရား)။ မြင်ရုပ်ကလေး ရှုလိုက်တဲ့ အခါကျတော့ ရတယ်။
အဲဒီလို ရတဲ့အခါကျတော့ကွာတဲ့ မင်းတို့ သော် မျက်လုံးရုပ်ကလေး မင်းသန္တာန် မျက်ခွံ လွှာအောက် သန်းဦး ခေါင်းပမာဏခန့်ရှိတဲ့ ရုပ်ကလေးဟာလည်း၊ အကြည်ရုပ် ကလေးဟာလည်း၊ အင်းမြင်ပြီးပျက်တာပဲဆိုတော့ အနိစ္စ တရားလေးပါလား၊ ပျက်စီးသွားလို့ ဒုက္ခရောက်တဲ့ ဒုက္ခသစ္စာ တရားလေးပါလားလို့၊ မင်းတို့ရှုပေးလိုက်စမ်းပါကွာတဲ့ (မှန်လှပါ ဘုရား)။
နိဗ္ဗာန်နဲ့လျောက်ပတ်တဲ့တရား
အဲဒါ နိဗ္ဗာန်နဲ့ လျောက်ပတ်တဲ့တရားကွတဲ့ (မှန်လှပါ ဘုရား)။ ဒကာ ဒကာမတို့ ဘာနဲ့ လျောက်ပတ်တဲ့ တရားလဲ (နိဗ္ဗာန်နဲ့ လျောက်ပတ်တဲ့ တရားပါ ဘုရား)။
နိဗ္ဗာန်နဲ့ လျောက်ပတ်တဲ့တရား၊ ဟုတ်တာပေါ့ကွာတဲ့၊ နိဗ္ဗာန်နဲ့ လျောက်ပတ်လိုက်တာမှကွတဲ့၊ ကြည့်ပေး လိုက်တဲ့အခါ ကျတော့ ဉာဏ်ကလေးမပေါ် ဘူးလား (ပေါ်လာပါတယ် ဘုရား)။
အဲ့ဒီဉာဏ်ကလေးဟာ မဂ်ဉာဏ် ကလေးဖြစ်သော ကြောင့် ကိလေသာကော မသေဘူး လားဗျာ (သေပါတယ် ဘုရား)။ ကိလေသာ သေသောကြောင့် ဘုရားသခင် ကိုယ်တော် မြတ်ကြီးက “နိဗ္ဗာန သပ္ပါယံ ဝေါ ဘိက္ခဝေ” ဒေသေဿာမိ၊ ဘိက္ခဝေ – ငါချစ်သားတပည့်များတို့၊ နိဗ္ဗယနသပ္ပါယံ – နိဗ္ဗာန်နဲ့ လျောက်ပတ်သော၊ ပဋိပဒံ အကျင့်ကို ဒေသေဿာမိ” ငါပြောမယ်ဆိုတော့၊ ဒါ နိဗ္ဗာန်နဲ့ သေသေ ချာချာ လျော်တဲ့ အကျင့်ကွတဲ့ ဒီဥစ္စာ (မှန်လှပါ ဘုရား)။
မလျော်ဘူးလားဆိုတော့ မဂ်ဉာဏ်ပေါ်လာတာပဲ (မှန်လှပါ ဘုရား)။ မဂ်ဉာဏ်ပေါ်လာတော့ ဒီမဂ်ဉာဏ်သည် နိဗ္ဗာန်မှ တစ်ပါး အခြားသွားစရာ လမ်းရှိသေးရဲ့လား (မရှိ ပါဘူး ဘုရား)။
နိဗ္ဗာန်နဲ့လျော်တဲ့တရားကောင်း
အဲ့ဒါကြောင့် နိဗ္ဗာန်ရောက်ကြောင်း၊ နိဗ္ဗာနဲ့လျော်တဲ့ တရားကောင်းဆိုတာ ပေါ်လာပြီလား (ပေါ်လာပါပြီ ဘုရား)။
ဒါဖြင့် ရှုကြည့်တဲ့ ပုဂ္ဂိုလ်ကျလာတော့ ဒကာ ဒကာမတို့ ကိလေသာကာ မသေဘူးလား (သေပါတယ် ဘုရား)။
နိဗ္ဗာန်နဲ့ လျောက်ပတ်တဲ့ အကြောင်းဆိုတာ မဂ္ဂင်ကော ခန္ဓာကိုယ်ထဲရောက်မလာဘူးလား (ရောက်လာပါတယ် ဘုရား)။
အေး အရင်တုန်းကတော့ ခင်ဗျားတို့ ဆရာတဲ့ ကိလေသာ ရောက်လာလို့ အပါယ်သွားခဲ့ ကြရတာ (မှန်ပါ ဘုရား)။
အခု – မဂ္ဂင်ဆိုတဲ့ တရားရောက်လာတော့ နိဗ္ဗာန်သွား ကြရတယ် (မှန်ပါ ဘုရား)။
အဲ့ဒါကြောင့် “နိဗ္ဗာန သပ္ပါယံ” ဆိုတဲ့ တရားဟာ ဒီတရားသည် မဂ္ဂင်ပေါ်အောင် လုပ်တဲ့တရား ရှုနေတုန်း ဉာဏ်ဝင်လာတာ ဆိုတာဟတဲ့ (မှန်လှပါ ဘုရား)။ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
မင်းတို့မြင်တဲ့အဆင်းကလေး
အဲ့ဒါလေး မရှုမိလို့ရှိရင်လည်း ရှိပါစေတော့ကွာတဲ့၊ ရှုနိုင်ရင်လည်း အင်မတန်ကောင်း (မှန်လှပါ ဘုရား)။ သို့သော် မင်းတို့ ဒါက အတွင်းကို မကြည့်နိုင်လို့ရှိရင်လည်း မင်းတို့ မြင်တဲ့ အဆင်းလေး ဟာလည်း တော်တော်ကြာ ဖြူလိုက်၊ တော်တော်ကြာ ညိုလိုက်၊ တော်တော်ကြာ မည်းလိုက်နဲ့ ဒီအဆင်းရုပ် ကလေးဟာလည်း ဖြစ်ပြီး ပျက်တာပဲလို့ အဲဒီဘက် ပြောင်းရှုလည်း ရပါသေးတယ်ကွတဲ့ (မှန်လှပါ ဘုရား)။
မရဘူးလား ဒကာ ဒကာမတို့ (ရပါတယ် ဘုရား)။ ကိုင်း “ရူပံ အနိစ္စန္တိ ပဿတိ” ဘိက္ခဝေ – ငါ၏ ချစ်သားတပည့်များ တို့ ရူပံ – မင်းတို့မြင်တဲ့ အဆင်းရုပ်ကို အနိစ္စန္တိ- ဖြစ်ပြီး ပျက်တယ် လို၊ ပဿတိ- ရှုလိုက်စမ်းပါကွတဲ့။
ဖြစ်ပြီးပျက်တော့ဒုက္ခရောက်တယ်
ဒကာ ဒကာမတို့ အဆင်းရုပ်ကလေးကြည့်လိုက်တယ်၊ အဆင်းရုပ်ကလေးဟာ ဖြစ်ပြီး မပျက် ဘူးလား (ပျက်ပါတယ် ဘုရား)။ ပျက်ရင်သူဒုက္ခရောက်တာပဲ (မှန်လှပါ ဘုရား)။
အဲ့ဒါလေးကို ခင်ဗျားတို့က ဒုက္ခရောက်တာပဲလို့ သိလို့ မဂ္ဂင်လေး မလာဘူးလား (လာပါတယ် ဘုရား)။
အဲ့ဒီကဲ့သို့ လာပြန်တော့လည်း ဒီအဆင်းရုပ်ကလေးကို ရှုလိုက်မယ်ဆိုပြီး ရှုလိုက် ပြန်တော့လည်း “နိဗ္ဗာနသပ္ပါယ” နိဗ္ဗာန်နဲ့ လျှောက်ပတ် တဲ့ မဂ္ဂင်ပေါ်ပြန်တာပဲကွတဲ့ (မှန်ပါ ဘုရား)။ မပေါ် ဘူးလား (ပေါ်ပါတယ် ဘုရား)။
ဒါနိဗ္ဗာန် လျှောက်ပတ်ပုံဘယ်နှစ်မျိုးရပြီလဲ (နှစ်မျိုးရပါပြီ ဘုရား)။ မျက် လုံးအကြည်ရုပ် ရှုရင်လည်း ရတာပဲ၊ အဆင်းရုပ် ရှုရင်ကော (ရပါတယ် ဘုရား)။
တပည့်တော်တို့ အဲ့ဒါက ဝေးလှတယ်ဘုရား ဆိုတော့ ဒကာ ဒကာမတို့ “စက္ခု ဝိညာဏံ အနိစ္စန္တိ ပဿတိ” ဒီလိုလည်း ရှုနိုင်ပါတယ်ကွတဲ့။
မြင်စိတ်ကလေးဖြစ်ပြီးပျက်တယ်
မြင်စိတ်ကလေးဟာ မြင်ပြီးပျက်တယ်လို့ ရှုလိုက်စမ်းပါ့ လား ဒကာ ဒကာမတို့၊ မြင်စိတ် ကလေး မရဘူးလား (ရပါ တယ် ဘုရား)။
မြင်စိတ်ကလေး ပေါ်လာတယ်၊ အဲဒီမြင်တဲ့ ဥပေက္ခာ လေးဟာလည်း မြင်ပြီးပျက်တာပဲလို့ ဒကာ ဒကာမတွေရှုပေး လိုက်စမ်းပါ၊ ဟုတ်ပြီလား၊ အဲဒီကဲသို့ မြင်ပြီး ပျက်တာပဲလို့ ရှုပေး လိုက်လို့ ရှိရင်ဖြင့် သူက ဒုက္ခသစ္စာဖြစ်သွားတယ် (မှန်လှပါ ဘုရား)။
ရှုတဲ့ဉာဏ်က မဂ္ဂသစ္စာဖြစ်သွားတော့ ကိလေသာက မသေဘူးလား (သေပါတယ် ဘုရား)။ ဒီမဂ္ဂင်က နိဗ္ဗာန်မှ တစ်ပါး တခြားဘယ်ကို လျှောက်ပတ်တဲ့အကြောင်းနဲ့ ပို့စရာရှိ သေးသတုံး (မရှိပါဘူး ဘုရား)။
ဒါကြောင့် “နိဗ္ဗာန သပ္ပါယံ” တဲ့ နိဗ္ဗာန်နဲ့ လျှောက်ပတ်တဲ့ အကြောင်း မဂ္ဂင်တစ်ခါတည်း မင်းတို့ သန္တာန်ရောက်လာတယ်တဲ့ (မှန်ပါ ဘုရား)။
အဲဒီတော့ မျက်ရည်ကြီးငယ်ကျ၊ ဇောချွေးတွေပြန်ပြီး သကာလ မသေတဲ့အလုပ်ဆိုတာ ဒီမဂ္ဂင် ပေါ်တဲ့အလုပ်ကွတဲ့ (မှန်လှပါ ဘုရား)။ ဒကာ ဒကာမတွေ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ဘယ်နှစ်မျိုးရှိပြီလဲ (သုံးမျိုးရှိပါပြီ ဘုရား)။ ကောင်း ပြီတဲ့ မင်းတို့သည်ကားလို့ဆိုရင် မျက်လုံး အကြည်ရုပ်ကလေး ရှုချင်ရှုကွတဲ့၊ အဆင်းရုပ်ရှုချင် ရှုကွတဲ့၊ မြင်စိတ်ဥပေက္ခာရှုချင်ရင် ရှုကွတဲ့။
ဒါကလေးမှ မရှုဖြစ်ဘူး၊ မင်းတို့ဟာ မေ့လွန်းတယ်၊ တေလွန်းတယ် ဆိုလို့ရှိရင်လည်းတဲ့ ဒီမျက်လုံး အကြည်ထဲမှာ တစ်ခါတည်း အဆင်းနဲ့ဆက်သွယ်ပြီးတော့ “ဖဿ” ကလေး ရှုပါလားကွတဲ့ (မှန်လှပါ ဘုရား)။
ဖဿရှုရင်၊ ရသေးတယ်
ဒကာ ဒကာမတို့ “ဖဿ”ကလေးရှုရင်ကော မရဘူးလား (ရပါတယ် ဘုရား)။ အဲဒီတော့ “ဖဿော အနိစ္စန္တိ ပဿတိ” ဒီလိုလည်း ရှုလိုက်ရင် ရသေးတယ်ကွတဲ့။
ဖဿော – ဖဿကို၊ အနိစ္စန္တိ – အနိစ္စပဲလို၊ ပဿတိ မင်းတို့ ရှုလိုက်သေးတာပေါ့။ ရှုလိုက်တော့ “ဖဿ” သည် ဖြစ်ပြီးပျက်သွားတာပဲ ဆိုတော့ ရှုတဲ့ဉာဏ်က တစ်ခါတည်း သမ္မာ ဒိဋ္ဌိ မဂ္ဂင် လမ်းမ တော်ကြီး ပေါ်မလာဘူးလား (ပေါ်လာပါ တယ် ဘုရား)။
ပေါ်လာတော့ တဏှာ၊ ဒိဋ္ဌိတွေက မသေလား (သေပါတယ် ဘုရား)။
အဲဒါကြောင့် “နိဗ္ဗာန သပ္ပါယံ”ဆိုတဲ့ မဂ္ဂင်က ပေါ်လာ တယ် (မှန်ပါ ဘုရား)။ နိဗ္ဗာန်နဲ့ လျှောက်ပတ်တဲ့ မဂ္ဂင် အကြောင်းကြီးဟာ ကောင်းကောင်းပေါ်မလာဘူးလား (ပေါ်လာပါတယ် ဘုရား)။
အဲဒီလို မင်းတို့ ဒီစိတ်နဲ့ဆိုလို့ရှိရင်တော့ ဘယ်မှာသာ လျှင် ဇောချွေးပြန်လို့ မျက်ရည် ကြီးငယ် ကျ သေစရာမရှိပါဘူးကွ တဲ့ (မှန်လှပါ ဘုရား)။
ဒီလိုလုပ်ရင် ဘုရားကစိတ်ချတယ်တဲ့
ဒီလိုလုပ်ရင်တော့ ငါဘုရားစိတ်ချတယ်တဲ့ မင်းတို့ကို (မှန်ပါ ဘုရား)။ နို့မဟုတ်လို့ရှိရင် မင်းတို့အတွက် စိတ်ချစရာ တစ်စက်၊ တစ်ကွက်မှမရှိဘူး၊ မှာတော်မူတယ် (မှန်လှပါ ဘုရား)။ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ရိပ်မိကြပါ၊ ရိပ်မိကြပါ၊ အဲဒီတော့ ဒကာ ဒကာမတို့ အခု ဘယ်နှစ်မျိုးရှိပြီတဲ့ (လေးမျိုးရှိပါပြီ ဘုရား)။
အဲဒီတော့ လေးမျိုးထဲကပဲ ဒါမရှုမိလို့ရှိရင် မင်းတို့ဟာ ကွာတဲ့။ မင်းတို့ဉာဏ်ထဲမှာ အင်မတန် ထင်ရှားပါတယ် မြင်လို့ ကောင်းတယ် သုခဝေဒနာ ဝမ်းထဲပေါ်ပြီ ဒကာ ဒကာမတို့ (မှန်လှပါ ဘုရား)။
မြင်လို့ကောင်းတာလေး၊ မြင်လို့ရှိရင် သိပ်ပြီး သဘော ကျတယ် မြင်လိုက်ရတာ။ ဘာဝေဒနာ ပေါ်သတုံး (သုခ ဝေဒနာပါ ဘုရား)။
ဟဒယဝတ္ထုအပေါ်မှာ သုခဝေဒနာ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။ ကျုပ်မြင်ရတာ စိတ်ကို ပျက်သွားတာပဲ ဘာ ဝေဒနာပေါ်သတုံး (ဒုက္ခဝေဒနာပေါ်ပါတယ် ဘုရား)။ ကျုပ် သားလေး၊ ကျုပ်သမီးလေး နေမကောင်းတော့ မြင်ရတာ ဘယ့်နှယ်နေရသလဲ (စိတ်ပျက်ပါတယ် ဘုရား)။
ဝေဒနာတစ်ခုခုတော့ပေါ်ရမယ်
စိတ်ပျက်တယ်၊ စိတ်ပျက်တော့ ဘာဝေဒနာပေါ်သတုံး (ဒုက္ခဝေဒနာပေါ်ပါတယ် ဘုရား)။ ဒုက္ခဝေဒနာပေါ်တယ်။ မြင်လို့စိတ်ပျက်တယ်၊ မြင်လေစိတ်ဆင်းရဲလေ (မှန်ပါ ဘုရား)။ အဲဒီကျတော့ ဘာဝေဒနာပေါ်သတုံး (ဒုက္ခဝေဒနာ ပေါ်ပါတယ် ဘုရား)။
နည်းနည်းလေး လန်းလန်းဆန်းဆန်းကလေးဖြစ်လာ တော့ မြင်ရတာဘယ်နှယ့်ဖြစ်သတုံး (သုခဝေဒနာ ပေါ် ပါတယ် ဘုရား)။ အေး သုခဝေဒနာပေါ်လာတယ်ကွတဲ့။
တစ်ခါတလေကျလို့ရှိရင်ဖြင့် သုခဝေဒနာ၊ ဒုက္ခဝေဒနာ လွတ်ပြီးမြင်ကာမျှမတ္တ ဥပေက္ခာ ဝေဒနာ လေးကော မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။
အဲဒါဝမ်းထဲမင်းတို့ ဝေဒနာသုံးမျိုးတစ်ခုခုတော့ ပေါ် ရမယ်ကွတဲ့ (မှန်လှပါ ဘုရား)။ မပေါ် ပေဘူးလား (ပေါ် ပါတယ် ဘုရား)။ အဲဒီဝေဒနာသုံးမျိုး တစ်ခုခုကို မင်းတို့ရှုနိုင် တယ်တဲ့။
“စက္ခုသမ္ဖဿော” စက္ခုသမ္ဖဿကြောင့် ‘‘သုခံ ဝါ၊ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ အနိစ္စန္တိ ပဿတိ။’’
ဝေဒနာလေးရှုပေးလိုက်စမ်းပါ
သုခံဝါ – ဝမ်းသာတဲ့ သုခဝေဒနာလေးကို၊ အနိစ္စံ -အနိစ္စ လို့၊ ပဿတိ – မင်းတို့ ရှုလိုက် စမ်းပါ့လား၊ ဝေဒနာလေး ရှုပေး လိုက်စမ်းပါ့လားကွတဲ့။
အဲဒီကဲ့သို့ ရှုပေးလိုက်တဲ့အခါ ဒီဝေဒနာလေးဟာ ဖြစ် ပြီးပျက်သွားတာလေး မင်းတို့မြင်မှာ ပေါ့ကွာ၊ ကိုယ့်ဟာကိုယ် ဝမ်းသာပါတယ်တဲ့၊ ဝမ်းသာလုံး မရှိဘူးဆိုတာ ကိုယ်ဟာကိုယ် ပြန်တွေးရင် မသိဘူးလား (သိပါတယ် ဘုရား)။
အဲဒီ ဝမ်းသာလည်း မရှိတော့ဘူး၊ ဒုက္ခရောက်တာပဲရှိ တော့တယ်၊ ဒီလိုမဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
အဲဒီတော့ ဒီဥစ္စာ ဒုက္ခသစ္စာမဖြစ်ဘူးလား (ဖြစ်ပါ တယ် ဘုရား)။ အေး ဒီဝေဒနာလေးလည်း မင်းတို့ ဒုက္ခဖြစ် လာတယ်၊ ကိလေသာကော လာသေးသလား (မလာပါဘူး ဘုရား)။
ဝေဒနာနိရောဓာ တဏှာနိရောဓော၊ တဏှာချုပ်သွားပြီး (မှန်ပါ ဘုရား)။
အဲဒီကဲ့သို့ တဏှာချုပ်သွားတော့ ဒကာ ဒကာမတို့ ခုနက မျက်ရည်ကြီးငယ်ကျရတယ်ဆိုတာ ဒီတဏှာတွေ မချုပ်လို့ (မှန်လှပါ ဘုရား)။ ဟုတ်ဖူးလား၊ ဇောချွေးတွေကျရတယ် ဆိုတာ ဒီတဏှာတွေ မချုပ်လို့ (မှန်လှပါ ဘုရား)။
မဲ့သေအလုပ်ဖြင့်လွတ်ပြီပေါ့
ခု-ဒီတဏှာတွေရှိသေးသလား (မရှိပါဘူး ဘုရား)။ မရှိတော့ ကျုပ်တို့သည်ကားလို့ဆိုရင်ဖြင့် မဲ့သေအလုပ်ဖြင့် လွတ်ပြီဟေ့ (မှန်ပါ ဘုရား)။
ဒီအလုပ်လုပ်မှပဲ (မှန်လှပါ ဘုရား)၊ နို့မဟုတ်လို့ရှိရင် ဇောချွေးပြန်ပြီး မဲ့သေရတာ ဘယ်လောက် ရှက်စရာကောင်း သလဲ (ကောင်းပါတယ် ဘုရား)။ အင်မတန်ရှက်စရာကောင်း တယ်။
သေခါနီးမှာလူမမာမေးများများလာတယ်
လူမမာမေးတွေကလည်း သေခါနီးကျတော့ များများ လာတယ်၊ ဒီကြားထဲ ဇောချွေးတွေက ပြန်ပြီး မဲ့သေ လိုက်ရတယ် ဆိုတော့ သွားရှာပြီ (မှန်လှပါ ဘုရား)။ အမိုက်ကြီး မိုက်လို့ သွားရှာပြီ ဆိုတာ ပညာရှိမှန်ရင် မသိပေဘူးလား (သိပါတယ် ဘုရား)။
အဲဒါ သူတို့ ကိုယ့်ဟာကိုယ် အရှက်ခွဲသွားတဲ့ဥစ္စာ ကိုယ့်အမူအရာကိုယ်ပြင်နိုင်သေးရဲ့လား (မပြင်နိုင်ပါဘူး ဘုရား)။
အဲဒီ အခြေအနေရောက်မှာ ဘုရားကသိပ်စိုးရိမ်တယ် (မှန်လှပါ ဘုရား)။ မစိုးရိမ်သင့်ဘူးလား (စိုးရိမ်သင့်ပါ တယ် ဘုရား)။
အဲဒါ ခင်ဗျားတို့က ခုကနေပြီး ဟန်လေးဘာလေး လုပ်နေလို့မဖြစ်ဘူး (မဖြစ်ပါဘူး ဘုရား)။
ဝေဒနာနုပဿနာ ဆရာဘုန်းကြီးက ဟောထားတာ ဝေဒနာနုပဿနာ ရှုနေပါ့လား (မှန်လှပါ ဘုရား)။ ဝေဒနာရှုနေပါ ဒကာ ဒကာမတို့။
“တိဏ္ဏ သင်္ဂတိ ဖဿော ဖဿပစ္စယာ ဝေဒနာ” လာပြီ ဒကာ ဒကာမတို့။ ဝမ်းသာလုံးကလေး ကိုယ့်သား ကိုယ့်သမီး ကလေ းကြည့်ရတာ ဝမ်းသာတယ် ဘာဝေဒနာတုံး (သုခဝေဒနာပါ ဘုရား)။
ဝေဒနာသုံးပါး၊ မိအောင်ရှုပေး
သားကလေးတွေ၊ သမီးကလေးတွေ ကြည့်ရတာ စိတ် မချမ်းသာဘူး (ဒုက္ခဝေဒနာပါ ဘုရား)။ အေး ဒုက္ခဝေဒနာ။
တစ်ခါတလေကျတော့ ဥပေက္ခာဝေဒနာလေးကော မလာဘူးလား (လာပါတယ် ဘုရား)။
အဲဒီလာတော့ ဝေဒနာသုံးပါး တစ်ခုခုတော့ဖြင့် ကိုင်းဦးသာဒင်ရေ မိအောင်ရှုပေး (မှန်လှပါ ဘုရား)။ ရှုတတ်ကြပြီလား (ရူတတ်ပါပြီ ဘုရား)။
အဲဒီကဲ့သို့ မိအောင်ရှုပေးလိုက်တဲ့အခါကျတော့ ဝမ်းထဲ စိတ်ဆင်းရဲတဲ့ ဒုက္ခဝေဒနာရှု၊ ဝမ်းသာတဲ့ သုခဝေဒနာရှု၊ ဝမ်းသာ ဝမ်းနည်းကင်းတဲ့ ဥပေက္ခာဝေဒနာရှု။
ကိုယ်ပေါ် သုခ ဒုက္ခဝေဒနာရှု (မှန်ပါ)။ မျက်လုံးတို့ နားတို့၊ နှာခေါင်းတို့၊ လျှာတို့ ဥပေက္ခာ ဝေဒနာရှု ဆိုတာ ဆရာ ဘုန်းကြီးက ဒါ ဒွါရမှန်နဲ့ အသေမှန် သင်ထားတာ (မှန်လှပါ ဘုရား)။
ဟုတ်ပြီလား။ ဒီနေရာမှတပါး အခြားနေရာဝေဒနာ ကင်းတယ်လို့မှတ်ပါ (မှန်ပါ ဘုရား)။
ဝေဒနာကင်းတဲ့နေရာ ဒကာ ဒကာမတွေက သိပြီးသား ဖြစ်နေတော့ အင်း- ရှုတတ်ပြီ၊ ရှုတတ်ပြီ။ ဒီနေရာမှာသူတို့ဖြစ်၊ ဒီနေရာမှာသူတို့ သေတဲ့နေရာပဲ (မှန်လှပါ ဘုရား)။ မဆိုနိုင် ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
အဲဒီကဲ့သို့ဆိုနိုင်တော့ ဒကာ ဒကာမတွေသည် ဝေဒနာ သုံးမျိုးတစ်ခုခုပေါ်လာရင် မင်းတို့ ရှုပေးကွာတဲ့။ မရှုလို့ရှိရင် မင်းတို့မဖြစ်ဘူး (မှန်လှပါ ဘုရား)။
ငိုမဲ့ပြီးသွားရတဲ့လမ်း မရောက်တော့ဘူး
ရှုလိုက်တဲ့အခါကျလို့ရှိရင် မဂ္ဂင်လမ်းမတော်ပေါ် ရောက် သွားတယ်ကွ (မှန်လှပါ ဘုရား)။
မိစ္ဆာဒိဋ္ဌိ လမ်းမတော်ကြီးဆိုတဲ့ ခုနက ငိုသွား၊ မဲ့သွား၊ ငိုမဲ့ပြီးသွားရတဲ့လမ်း မရောက်တော့ ဘူးကွတဲ့ (မှန်လှပါ ဘုရား)။ ဟုတ်ပြီလား။
ပြုံးရွှင်ပြီးသွားရမယ့်လမ်း တက်မိပြီ၊ ရောက်ပြီ (မှန် လှပါ ဘုရား)။ ကိုယ်ပိုင်လမ်းရပြီ၊ မဟောဘူးလား (ဟောပါ တယ် ဘုရား)။
အဲ့ဒါကြောင့် ဒကာ ဒကာမတို့ နေ့တိုင်းပြောနေတဲ့ တရားသည်ကားဆိုလို့ရှိရင် လမ်းလွှဲပေး နေတာပဲ (မှန်လှပါ ဘုရား)။
မဲ့သေမှပြုံးသေလမ်းကိုပြောင်းပါ
မဲ့သေမှ ပြုံးသေ (မှန်ပါ ဘုရား)။ မဲ့သေမှ ပြုံးသေ လမ်းကိုလွှဲ၊ ပြုံးသေဆိုတဲ့လမ်းကို ခင်ဗျားတို့ ခုလိုက်ပါ (မှန် လှပါ ဘုရား)။
သေခါနီးမှ လိုက်လို့မရဘူးလို့လည်း ဘုရားက မှာပြန် တယ် (မှန်လှပါ ဘုရား)။
“ဈာယထ ဘိက္ခဝေ မာပမာဒတ္ထ” ကိုး ဘိက္ခဝေ-ရဟန်း တို့၊ ဈာယထ – ယ္ခုလိုရှင်စဉ်က၊ မာပမာဒတ္ထ – မေ့လျော့၍ မနေလိုက်နဲ့ ကြပ်ကြပ်ရှုပေး (မှန်လှပါ) ဈာယထက ရှုပေး ပါတဲ့။
ဝေဒနာပိုင်ရင် အကုန်ပိုင်ပါတယ်
ဝေဒနာကို ကြပ်ကြပ်ရှုပေးပါတဲ့ ဒကာ ဒကာမတို့ (မှန်လှပါ ဘုရား)။ ဝေဒနာတစ်လုံးပိုင်ရင် အကုန်ပိုင်ပါတယ် (မှန်လှပါ ဘုရား)။
အဲဒီတော့ ဘုရားက ရှုနည်းငါးမျိုးကို ယနေ့ ဟောပြ တယ် (မှန်လှပါ ဘုရား)။
မျက်လုံးအကြည်ရုပ် ရှုချင်ရင် ရှုကွတဲ့၊ အဆင်းရှုချင်ရင် ရှုကွတဲ့၊ မြင်စိတ်ကလေး ရှုချင်ရင်ရှု၊ ဖဿကလေး ရှုချင်ရင်ရှု၊ ဝေဒနာသုံးမျိုးထဲက ကြိုက်ရာရှုတဲ့။
ငါက အကုန်ရှုရမယ်လို့ မဆိုပါဘူး၊ မင်းတို့ ဉာဏ်ထဲပိုင် တာ၊ ဆိုင်တာ ရှုလိုက်လို့ရှိရင်ဖြင့် မင်းတို့ လိုချင်တဲ့ကိစ္စ၊ လိုရာ ပြီးမှာပေါ့ကွာတဲ့ (မှန်လှပါ ဘုရား)။
ဝေဒနာနုပဿနာ ဖိပြီးအားထုတ်
ကဲ ဒကာ ဒကာမတို့ ဒါကြောင့် လိုရာပြီးတဲ့ကိစ္စ သည် ခင်ဗျားတို့ ဝေဒနာနုပဿနာ တစ်ခုတည်း ဖိပြီးအားထုတ် (မှန်လှပါ ဘုရား)။
ဒါ စကားမို့သာ ပြောနေရတာတဲ့၊ တရားဆိုတာကတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ငါးမျိုးဟောတော့ ငါးမျိုးပြော ရတယ် (မှန်လှပါ ဘုရား)။
သို့သော် သတိပဋ္ဌာန်ပါဠိတော်ကြီးမှာ ဒီဘုရားဒေသနာ နဲ့ ကိုယ်တော်မြတ်ဟောတော့ ဝေဒနာနုပဿနာလည်း သူ လည်း နိဗ္ဗာန်ပေါက်ဟောထားတာပဲ (မှန်လှပါ ဘုရား)။ ရှင်း ပြီးလား (ရှင်းပါပြီ ဘုရား)။
အဲ့ဒါ ဒကာ ဒကာမတို့ ယ္ခုအခါစဉ်းစားကြည့်စမ်းပါ့လား ခင်ဗျားတရားပွဲ သိမ်းတဲ့အခါကျတော့ ခန္ဓာကိုယ်ကြီး ကလည်း ဒုက္ခဝေဒနာတွေက ဗလဗွေကြီး (မှန်လှပါ ဘုရား)။
အိုက်လိုက်တာကလည်း ဗလဗွေကြီး၊ ဒါဘာခန္ဓာကြီးလဲ ဆိုရင် ဘယ်နှယ့်ဆိုမတုံး (ဒုက္ခခန္ဓာ ကြီးပါ ဘုရား)။ ဒုက္ခ ဝေဒနာက္ခန္ဓာ (မှန်လှပါ ဘုရား)။
ဒကာ ဒကာမတို့ ဘာခန္ဓာတုံး (ဒုက္ခဝေဒနာက္ခန္ဓာပါ ဘုရား)။ အံမလေး လူ့ပြည်မှာ ကောင်း သတဲ့ဗျား၊ လူ့ပြည်မှာ ဒီဝေဒနာက္ခန္ဓာပေါ်နေပြီ (မှန်လှပါ ဘုရား)။
လူ့ပြည်မှာ ဘာဝေဒနာက္ခန္ဓာ ပေါ်နေပြီတုံး (ဒုက္ခ ဝေဒနာက္ခန္ဓာပေါ်နေပါပြီ ဘုရား)။ ဒုက္ခက-ဆင်းရဲတာ၊ ဝေဒနာ က – ခံစားတာ၊ ဆင်းရဲတာ ခံစားနေရတာ၊ ဒါလူ့ပြည်တဲ့ (မှန်လှပါ ဘုရား)။
ဒုက္ခကဘာတုံး (ဆင်းရဲတာပါ ဘုရား)။ ဝေဒနာက (ခံစားတာပါ ဘုရား)။ ဒါဖြင့် သူ့ဘာဖြစ်နေ ကြသတုံး (ဆင်းရဲတာ ခံစားနေရပါတယ် ဘုရား)။ ဆင်းရဲတာ ခံစားနေရ တယ် ဒကာ ဒကာမတို့။ ဆင်းရဲတာ ခံစားနေရတယ်ဆိုတာ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
အဲဒီတော့ ဘယ်နေရာက ဆင်းရဲတာ မခံစားတဲ့နေရာ များပါသေးသလား (မပါပါဘူး ဘုရား)။ တစ်ကိုယ်လုံးကို ဒုက္ခတွေအပြည့်အနက်နဲ့ (မှန်ပါ ဘုရား)။
အဲဒီဝေဒနာတွေကို ဒကာ ဒကာမတွေက ထလိုက်သည် နဲ့ တစ်ပြိုင်နက်တည်း ဒီဝေဒနာ တွေဟာ ပျောက်သွားတယ်၊ ပျောက်သွားတဲ့အခါ တစ်ကိုယ်လုံးပျောက်တာပဲ (မှန်လှပါ ဘုရား)။
ဝေဒနာဖြစ်ပြီးပျက်တယ်
မခံသာအောင် နေရတယ်၊ ဒါအနိစ္စလားလို့မေးလိုက် တယ်၊ ဝေဒနာတွေ့တုန်းပဲ၊ နဂိုတုန်းက တစ်ကိုယ်လုံး ဝေဒနာက္ခန္ဓာတွေ ထလိုက်သည်နဲ့ တစ်ပြိုင်နက်တည်း ဒီဝေဒနာ ဒုက္ခ ဝေဒနာက္ခန္ဓာမရှိ (မရှိပါ ဘုရား)။
ဖြစ်ပြီး ပျက်တယ်ဆိုတာ သဘောကျပြီလား (ကျပါ တယ် ဘုရား)။
ဒါဖြင့် ဝေဒနာ အနိစ္စာ ဝေဒနာ အနိစ္စာတိ ပဿတိ၊ ဝေဒနာ -ဝေဒနာသည်၊ အနိစ္စာတိ – တစ်ကိုယ်လုံး ဖြစ်ပြီးပျက်၍ ပဿတိ -ရှုပေးကွ၊ ဟုတ်ပြီလား။
ရှုတဲ့ဉာဏ်က မဂ္ဂသစ္စာ
အဲဒီကဲ့သို့ ဝေဒနာရှုပေးလိုက်တဲ့အခါကျတော့ ဒကာ ဒကာမတို့ ဒီဝေဒနာလေးက ဒုက္ခသစ္စာ ဖြစ်၍ ရှုတဲ့ဉာဏ်ကလေး က မဂ္ဂသစ္စာဖြစ်၏။ ဒီလောက်တောင်မခိုင်တာ ထိုင်နေတုန်းက ဒုက္ခဝေဒနာ ဖြစ်၍ ထတဲ့အခါကျတော့ နောက်တစ်ခုမပါလား။
သမုဒယသစ္စာသေနေပြီ
ဒီလောက် မပိုင်တဲ့၊ ဒီလောက် အစိုးမရတဲ့ ဒုက္ခရောက်မှု ကြီးကို နောက်ထပ်တွေ့ချင်သေးရဲ့ လား (မတွေ့ချင်ပါဘူး ဘုရား)။
မတွေ့ချင်တာက သမုဒယသစ္စာ သေနေပြီ မသေ သေးဘူးလား (သေပါတယ် ဘုရား)။
သေခါနီး ငရဲမီးတွေပြဦးမှာလား
သူသေတော့ ခင်ဗျားတို့ သေခါနီးလာပြီး စီမံဦးမှာလား (မစီမံပါ ဘုရား)။ ငရဲထိမ်းတွေ၊ ငရဲမီးတွေများ ပြဦးမှာလား (မပြပါ ဘုရား)။
သူရှိရင် လာပြလိမ့်မယ်၊ ဆရာလုပ်ပြီး စီမံလိမ့်မယ် (မှန်လှပါ ဘုရား)။ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
အဲဒါကြောင့် ခင်ဗျားတို့ သမုဒယသေဖို့ရာ အရေးမကြီး ဘူးလား (ကြီးပါတယ် ဘုရား)။ အဲဒီတော့ သေခါနီးမှာ ကျုပ် တို့ ရှုပြီးနေတဲ့ ပုဂ္ဂိုလ်တွေကျတော့ ကျုပ်တို့ အရှုဉာဏ်နဲ့ ကျုပ် တို့သေမှာပဲ (မှန်လှပါ ဘုရား)။ ဒီပြင် ဘာရှိသေးသတဲ့ (ဘာမှမရှိပါ ဘုရား)။
ရှုတဲ့ဉာဏ်နဲ့သေတော့ ခပ်ပြုံးပြုံးပေါ့ဗျာ
သေခါနီးတော့ ဒုက္ခဝေဒနာပေါ်လိမ့်မယ်။ ပေါ်ပြန်လို့ရှိ ရင် ဖြစ်ပျက်ရှုပြီးသေတော့၊ ရှုတဲ့ဉာဏ်နဲ့ သေတော့ ခပ်ပြုံးပြီးပေါ့ ဗျာ (မှန်လှပါ ဘုရား)။
ခပ်ပြုံးပြုံးသေတော့ သမသီသီ – ရဟန္တာ ဆိုတာ သေခါ နီးလည်း ဖြစ်နိုင်တယ် (မှန်လှပါ ဘုရား)။ ယခုကလည်း ဖြစ်နိုင်တာပဲ (မှန်လှပါ ဘုရား)။
သေခါနီးမှလည်း ဖြစ်နိုင်ပါတယ်ဆိုတော့ အကောင်း ချည်းပဲ အဲဒီတော့ ဘုရားစိုးရိမ်တော် မူတဲ့အတိုင်း ကျုပ်တို့ က အင်း- တို့လိုက်နာတဲ့ ပုဂ္ဂိုလ်ထဲ အပါအဝင်မဖြစ်သေးဘူးလား (ဖြစ်ပါတယ် ဘုရား)။
အသေဆိုးရှိသေးရဲ့လား
အသေဆိုးရှိသေးရဲလား (မရှိပါဘူး ဘုရား)။ အသေဆိုး၊ အနေဆိုး မရှိတော့ဘူး ဒကာ ဒကာမတို့ (မှန်လှ ပါ ဘုရား)။ အနေကောင်း၊ အသေကောင်း ဘက်ကို ကိစ္စမလှည့် နိုင်ဘူးလား (လှည့်နိုင်ပါတယ် ဘုရား)။
အဲဒီကျတော့ “နိဗ္ဗာန သပ္ပါယံ ဝေါ ဘိက္ခဝေ” မင်းတို့ နိဗ္ဗာန်နဲ့ လျှောက်ပတ်သွားတဲ့ အလုပ်ကို လုပ်လို့ မင်းတို့ အနေကောင်း၊ အသေကောင်းဖြစ်တာ (မှန်လှပါ ဘုရား)။ ရိပ်မိပြီ လား (ရိပ်မိပါပြီ ဘုရား)။
ကဲ ဒီတွင် တော်ကြဦးစို့။
သာဓု သာဓု သာဓု။