229

ဘယ်လိုပုဂ္ဂိုလ်မှ နိဗ္ဗာန်ရောက်နိုင်သလဲ

မှတ်ချက်။ ။အသံမ​ကြည်ပါ။

မိုးကုတ်ဝိပဿနာအဖွဲ့ချုပ်ကြီး၏ အမှာစာ

ဆရာတော်ဘုရားကြီး၏ တပည့်ရင်းချာသူတော်စင်များ အား ကျေးဇူးတင်၍ မဆုံး ဖြစ်မိပါသည်။ ရှေးလူကြီးများသည် အမြော်အမြင်ကြီးစွာဖြင့် မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားတော်များကို သူတို့ကိုယ်တိုင်တိတ်ခွေများဖြင့် ကူးယူသိမ်း ဆည်းထားခဲ့၍ သာ ယခုအခါ ပြည်သူအများ နာကြားနိုင်ခြင်း ဖြစ်ပါသည်။ ကျင့်ကြံအားထုတ်နိုင်ခြင်းဖြစ်ပါသည်။

အဖွဲ့ချုပ် ဥက္ကဋ္ဌကြီး ဦးမြင့် ပြောပြသည်မှာ ဆရာတော် ဘုရားကြီး၏ တရားတော်များကို မိုးကုတ်မြို့၌ သူကိုယ်တိုင် တိတ်ခွေကြီးများဖြင့် ကူးယူပြီး၍ နားနေစဉ် မိုးကုတ်ဆရာတော် ဘုရားကြီးသည် တရားဟောပလ္လင်မှ ဆင်းလာပြီး တရားတော် ကို ပြန်ဖွင့်ခိုင်းပါသည်။

ကြည်ကြည်လင်လင် ရှိကြောင်း သိရသောအခါ ဆရာတော်က ဒီတရားခွေများကို သေသေချာချာ သိမ်းထား၊ မင်းအမေ မဖုံက ဟိုလူကို ဒီလူကိုငှားနဲ့၊ တချို့တရားတော် တွေ ပျောက်ကုန်တယ်လို့ ကြားတယ်၊ သေသေချာချာသိမ်း ထားပါ၊ နောက်ကျရင် ဒီတရားတွေဟာ ရွှေထက် အဖိုးတန်လိမ့် မယ်လို့ မှာကြားကြောင်း ဥက္ကဋ္ဌကြီးက ပြောပြဖူးပါသည်။

(၁-၇-၆၂) ဟောကြားသောတရားပွဲသည် မိုးကုတ်မြို့တွင် နောက်ဆုံး ဟောကြားသော တရားပွဲ ဖြစ်ပါတယ်။

ပုဂံခေတ်နောက်ပိုင်းတွင် မြတ်စွာဘုရား၏ တရားတော် များကို လူပုဂ္ဂိုလ်များ သိရှိမှုမှာ အလွန်နည်းပါး လှပါသည်။ သံဃာတော်အရှင်မြတ်များသာ ကိုယ်တိုင်ကျင့်၍ ကိုယ်တိုင် ရဟန်းကိစ္စပြီး သွားကြပါသည်။

ယခုအချိန်အခါတွင်မူ ဘုရားဟောတရားတော်များကို လူပုဂ္ဂိုလ်များ သိခွင့်ရကြပါသည်။ နာခွင့် ရကြပါသည်။ ကိုယ်တိုင် အားထုတ်ခွင့် ရကြပြီဖြစ်၍ အခွင့်အခါ အကောင်းဆုံး အချိန်ဖြစ် ပါသည်။

မိုးကုတ်ဆရာတော်ဘုရားကြီးသည် ပုဂံခေတ်နောက် ပိုင်း နှစ်ပေါင်း ၁ဝဝဝ အတွင်း ပေါ်ထွန်းခဲ့သော ပုဂ္ဂိုလ်ထူးများထဲ မှ ဆရာတော်တစ်ပါး ဖြစ်သည့် အလျှောက် ဒုတိယကမ္ဘာစစ် အတွင်းက စ၍ စစ်ပြီးခေတ်များတွင် သစ္စာလေးပါး တရားတော် များကို ဒကာ ဒကာမများအား ဟောကြား ဆုံးမတော်မူခဲ့ပါသည်။

(၈-၃-၅၄) နေ့တွင် ဟောကြားသော ဤတရားတော် သည် အမြော်အမြင် ကြီးမားလှသော အမရပူရမြို့ရှိ တပည့်ရင်း များက တိတ်ခွေကြီးများဖြင့် ကူးယူထားရာတွင် မပျောက်ပျက်ဘဲ ကျန်ရှိသော တရားတော်များ အနက် ရှေးအကျဆုံး အမရပူရမြို့၌ ဟောကြားသော တရားတော် တစ်ပုဒ်ဖြစ်ပါသည်။

ဤတရားတော်တွင် မိုးကုတ်ဆရာတော် ဘုရားကြီးက “ဘယ်လိုပုဂ္ဂိုလ်မျိုးမှ နိဗ္ဗာန် ရောက်နိုင်သလဲ” ဟု မေးခွန်းထုတ်ပြီး ဘုရားဟော တရားတော်အတိုင်း ကိုးကား၍ ပြန်လည်ဖြေဆို ထားရာတွင် နိဗ္ဗာန်ကို သိသောပုဂ္ဂိုလ်၊ ကျင့်သောပုဂ္ဂိုလ်မှ နိဗ္ဗာန် ရောက်နိုင်ကြောင်း ဟောကြားတော် မူထားပါသည်။

မိုးကုတ်ဆရာတော်ဘုရားကြီး၏ ရှေးအကျဆုံးတရား တော်ဖြစ်သည့်အလျောက် ယောဂီများ အတွက် အကျိုးကျေးဇူး များမည်ဖြစ်ပါသည်။

သူတော်ကောင်းရတနာ (၇) ပါး ကိန်းကြပါစေ။

၂၂-၁၁-၂၀၀၂

အလုပ်အမှုဆောင်အဖွဲ့။

——-

ဘယ်လိုပုဂ္ဂိုလ်မှ နိဗ္ဗာန်ရောက်နိုင်သလဲ

အသံဖိုင်ခေါင်းစဉ်= နိဗ္ဗာန်ကို ဆုတောင်းနေ၍မရ၊ ကိုယ်တိုင်လုပ်ယူမှရနိုင်ပုံ

စာအုပ်ခေါင်းစဉ်= ဘယ်လိုပုဂ္ဂိုလ်မှ နိဗ္ဗာန်ရောက်နိုင်သလဲ

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး အမရပူရမြို့၌

ဟောကြားတော်မူသောတရားတော်

ဘယ်လိုပုဂ္ဂိုလ်မှ နိဗ္ဗာန်ရောက်နိုင်သလဲ

(၈-၃-၅၄)

ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော် မူခိုက် ရဟန်းတွေ အား ဟောကြားတော်မူတယ်။

ဘယ်လိုပုဂ္ဂိုလ်မှ နိဗ္ဗာန်ရောက်နိုင်သလဲ

ဟေ့ – နိဗ္ဗာန်ဆိုတဲ့ အေးချမ်းရာ အရပ်ကို၊ ဘယ်လို ပုဂ္ဂိုလ်မှ ရောက်နိုင်သလဲလို့ ဆိုလိုရှိရင်ဖြင့် သိသောပုဂ္ဂိုလ်၊ ကျင့်သောပုဂ္ဂိုလ်တွေမှ ရောက်နိုင်တယ်လို့ ဘုရားရှင် ကိုယ်တော်မြတ်ကြီးက ဟောတော်မူတယ်။

သိသော၊ ကျင့်သော ပုဂ္ဂိုလ်မှ ရနိုင်တယ်

သိသောပုဂ္ဂိုလ် ကျင့်သောပုဂ္ဂိုလ်မှ ရနိုင်တယ်၊ သိရုံပဲ သိပြီး သကာလ ကျင့်မှုအလုပ်ကို မလုပ်ပြန်လို့ ရှိရင်လည်း၊ ဒကာစိန် မရသေးဘူးတဲ့ ဘုရားက (မှန်လှပါ ဘုရား) မရနိုင်သေးဘူးတဲ့။

အခုလည်း ပြောနေတယ် ရှစ်လ၊ ကိုးလ၊ ဆယ်လ၊ သိတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိကြတယ်။

အခုတော့ဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေက၊ ဆရာသမားကလည်း တိုက်တွန်း၊ ကိုယ် ကိုယ်တိုင်ကလည်း ကျင့်မှ ရမယ်ဆိုတာ သိလို့ကျင့်ကုန်ကြပါပြီ။

အဲဒီတော့ ဘုရားဟောပါဠိတော်နဲ့ သိပ်ကိုက်ပြီး ဘုရား သခင်ကိုယ်တော်မြတ်ကြီးက၊ အခုနပြောခဲ့တဲ့ အတိုင်း၊ သိသော ပုဂ္ဂိုလ်နဲ့ ကျင့်သောပုဂ္ဂိုလ်မင်းတို့ မှတ်ထားကြဟေ့တဲ့ ပါဠိတော် ပြမယ်။

ဘုရားဟောပါဠိတော်

‘‘ဇာနတော အဟံ, ဘိက္ခဝေ, ပဿတော အာသဝါနံ ခယံ ဝဒါမိ, နော အဇာနတော အပဿတော၊’’ (ခန္ဓဝဂ္ဂသံယုတ်၊ ဝါသိဇဋသုတ်)။

ဘိက္ခဝေ -ရဟန်းတို့ အဟံ-ငါဘုရားသည် ဇာနတော- ဝေဒနာသဘောကို သိသော ပုဂ္ဂိုလ်အား၊ ပဿတော- ဝေဒနာသဘောကို ရှုသော ပုဂ္ဂိုလ်အား၊ အာသဝါနံ- အာသဝေါတရားတို့ ၏ ခယံ- ကုန်ရာကို (ဝါ) နိဗ္ဗာန်ကို ၊အဟံ- ငါဘုရားသည် ဝဒါမိ- ဟောတော်မူ၏။

အာသဝေါတရားကုန်တယ်

သိသော ပုဂ္ဂိုလ်၊ ကျင့်သောပုဂ္ဂိုလ်မှ အာသဝေါတရား ကုန်တယ်လို့ ငါဘုရားက ဆုံးဖြတ်ချက် ချတယ်။

အဲဒီတော့ ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေ၊ သိတဲ့ပုဂ္ဂိုလ် ဟာ ရပ်မနေပါနဲ့၊ ကျင့်လည်း ကျင့်ကြပါ၊ သိပြီး သကာလ ကျင့်ကြပါ။

အကယ်၍ ကျင့်ပြီးနေတဲ့ ဒကာ ဒကာမ ဆိုလို့ရှိရင်ဖြင့် အိုမှုကင်း၊ နာမှုကင်း၊ သေမှုကင်းတဲ့၊ နိဗ္ဗာန်ဆိုတဲ့ အရပ်ကို၊ ကျင့်တဲ့ ပုဂ္ဂိုလ်တော့ မရောက်မရှိဘူး၊ မရောက်မရှိပါဘူး ဒါကြောင့် —

‘‘ဇာနတော အဟံ, ဘိက္ခဝေ, ပဿတော အာသဝါနံ ခယံ ဝဒါမိ’’ အာသဝေါတရားကုန်၏ ဟူ၍ ငါဘုရားက ဟောတယ်တဲ့၊ သိတဲ့ပုဂ္ဂိုလ် ကျင့်တဲ့ပုဂ္ဂိုလ်မှ အာသဝေါတရား ကုန်တယ်လို့ ငါဘုရားက ဟောတယ် (တင့်ပါ့)၊

နော အဇာနတော အပဿတော-တဲ့။

မသိတဲ့၊ မကျင့်တဲ့ပုဂ္ဂိုလ်

မသိတဲ့ပုဂ္ဂိုလ်၊ မကျင့်တဲ့ ပုဂ္ဂိုလ်များ အာသဝေါတရား ကုန်တယ်လို့ ငါမဟောနိုင်ဘူးတဲ့၊ ပါဠိတော်၊ ပါဠိတော် –

အဲဒါကြောင့် ဒကာ ဒကာမတို့ သိရုံနဲ့ချည့်ပဲ နေကြရမှာ လားဆိုရင် ဘယ့်နှယ်ဖြေကြမလဲ (မရပါ ဘုရား) ကျင့်ဖို့ရာ အလုပ်ကို အားထုတ်ရလိမ့်အုံးမယ်လို့ ဆိုတာ မှတ်ပါ။

ကျင့်ဖို့ရာ အလုပ်ကိုလည်း အားထုတ်မှသာ နေရာကျ မယ်။ အဲဒီတော့ ဘုရားက ဆက်ဟော လိုက်တယ်။

ကိဉ္စ ဘိက္ခဝေ ဇာနတော ကိံ ပဿတော အာသဝါနံ ခယံ ဟောတိ။

ဘယ်ပုဂ္ဂိုလ်မှ အာသဝေါတရားကုန်မလဲ

အဘယ်ကဲ့သို့ သိတဲ့ပုဂ္ဂိုလ်၊ အဘယ်ကဲ့သို့ ကျင့်တဲ့ ပုဂ္ဂိုလ်ကိုမှ အာသဝေါတရား ကုန်ပါ့မလဲလို့ ၊ ဘုရား ကိုယ်တော်ကြီး ကိုယ်တိုင် သူ့ဟာသူမေးပြီး၊ သူ့ဟာသူ ဖြေတယ်။

‘‘ဣတိဝေဒနာ ဣတိဝေဒနာယ သမုဒယော ဣတိ ဝေဒနာယ အတ္ထင်္ဂမော’’

ဤသုံးချက်သိရမယ်

ဤသုံးချက်သိရမယ်ပေါ့တဲ့၊

ဣတိ -ဤတရားကား၊ ဝေဒနာ- ဝေဒနာသည်၊ ဣတိ- ဤသို့ သဘောရှိ၏ ဝေဒနာဟာ ဤသို့ သဘော ရှိတယ်လို့ သိရ ဦးမယ်။

အဲဒီတော့ ဒကာ ဒကာမတွေ ဘုန်းကြီးဟောထားလို့ ဝေဒနာဟာ ခံစားတတ်တဲ့ သဘောသတ္တိ ရှိတယ်လို့ သိထားပါ (မှန်ပါ့ ဘုရား)။ ဝေဒနာသည် သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာ လို့လည်း သုံးမျိုး ရှိတယ်လို့သိထားပါ။

သုံးမျိုးစလုံးဟာလည်း ခံစားတတ်တဲ့သဘောသတ္တိရှိ တယ်လို့သိထားပါ (မှန်ပါ့)၊ အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမ တွေ တစ်နံပါတ် အချက်က ဝေဒနာသုံးမျိုး ရှိတာလည်း သိတယ် ဆိုတာ၊ ခင်ဗျားတို့ ဉာဏ်ထဲ ရောက်ပြီးသား (မှန်ပါ့ ဘုရား)။

ဝေဒနာ၏ လက္ခဏာပြောစမ်းပါ

ဒီဝေဒနာ၏ လက္ခဏာ ပြောစမ်းပါဆိုလို့ရှိရင်လည်း သုခ ဝေဒနာဟာ ကောင်းတာ ခံစားတယ်၊ ဒုက္ခဝေဒနာက ဆင်းရဲတာ ခံစားတယ်၊ ဥပေက္ခာဝေဒနာက အလည်အလတ် အာရုံခံစား တယ်။

ဒါကြောင့် ဝေဒနာဟာ ဘယ်လက္ခဏာရှိသတုံးမေးလို့ရှိ ရင်ဖြင့် ခံစားခြင်းလက္ခဏာရှိတယ်လို့ သိကြပါလို့ဘုရားက ဟောတယ်။

ဒကာ ဒကာမတို့ ဝေဒနာဘယ်နှမျိုးရှိတယ် ၊ (သုံးမျိုးရှိ ပါတယ် ဘုရား)၊ ဘာဝေဒနာ တွေပါလိမ့် (သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာပါ ဘုရား) အဲဒီလို ဝေဒနာသုံးမျိုး ရှိတယ် ဆိုတာသိကြပြီ။

ဝေဒနာသည်ကား လို့ဆိုရင် ဘယ်လက္ခဏာရှိတုံးဆိုရင် ဖြင့် ခံစားခြင်းလက္ခဏာ ရှိတယ်လို့ မှတ်ထားလိုက်ကြအုံး၊ ခံစားတာပဲသူကတော့၊

ဒါဖြင့် ဣတိဝေဒနာ ဆိုတဲ့ ဘုရားဟောတော်မူတဲ့အချက် တော့ ဒကာ ဒကာမတွေ ပိုင်ပါပြီ။

ဣတိ ဝေဒနာယ သမုဒယော၊ ဣတိ-ဤတရားကား ဝေဒနာယ သမုဒယော – ဝေဒနာ၏ ဖြစ်ကြောင်းတည်း၊ ဤတရားဟာ ဝေဒနာ၏ဖြစ်ကြောင်းပဲလို့ သိရမယ်။

ဝေဒနာ၏ဖြစ်ကြောင်း

အဲဒီတော့ ဒကာ ဒကာမတွေ နာပြီးသား ဖြစ်နေတော့ ဝေဒနာဖြစ်ကြောင်း ဆိုတာ၊ တခြားကို အောက်မေ့စရာ မလိုတော့ ဘူး၊ ဖဿပစ္စယာ ဝေဒနာလို့ ဟောသောကြောင့်၊ အဲဝေဒနာဟာ အလိုလို မဖြစ်ပါဘူး၊ ဖဿကြောင့်ဖြစ်တာပါပဲလို့ မသိဘူးလား (သိပါတယ် ဘုရား)။

အဲဒါဝေဒနာဖြစ်ကြောင်းကိုလည်း ဒကာ ဒကာမတွေက သိတော့ သုခဝေဒနာလည်း ဖဿကြောင့် (မှန်ပါ့) ဒုက္ခဝေဒနာ လည်း ဖဿကြောင့် ဥပေက္ခာဝေဒနာလည်း ဖဿကြောင့်လို့ဆို လို့ရှိရင်ဖြင့် ဒကာ ဒကာမတွေသည် ဣတိဝေဒနာယ သမုဒယော ဆိုတဲ့နှစ်နံပါတ်အချက်လည်း ပိုင်သွားပြန်တယ်။

သုံးနံပါတ်က ဘယ်လို ဟောလိုက်ပြန်သလဲလို့မေးတဲ့ အခါကျတော့ ဣတိဝေဒနာယ အတ္ထင်္ဂမော။ ဣတိ-ဤတရား ကား ဝေဒနာယ-ဝေဒနာ၏ အတ္ထင်္ဂမော-ချုပ်ရာ နိဗ္ဗာန်ပဲ။

ဝေဒနာချုပ်လို့ရှိရင် နိဗ္ဗာန်

ဝေဒနာချုပ်လို့ရှိရင်လည်း နိဗ္ဗာန်ပဲ ဒကာ ဒကာမတို့၊ (မှန်ပါ့) ဟုတ်သားပဲ ခင်ဗျားတို့ ခန္ဓာကိုယ် တစ်ကိုယ်လုံးက ဝေဒနာက္ခန္ဓာကြီး (မှန်ပါ့)။

အဲဒီဝေဒနာ၊ သညာအစစ ချုပ်သွားမယ် ဆိုလို့ရှိရင်ဖြင့် ခန္ဓာရှိသေးရဲ့ လား၊ (မရှိပါဘူး ဘုရား) အဲဒီတော့ ဝေဒနာတို့၏ ချုပ်ရာဟာ နိဗ္ဗာန်ပဲလို့ ဘုရားကဟောလိုက်ပြန်တယ်၊

ဒါကြောင့် ဒီဒကာ ဒကာမတွေကို ဝေဒနာနုပဿနာကို ရှုခိုင်းနေတာလည် ဝေဒနာဟာ ချုပ် ချုပ်၊ ချုပ် ချုပ်ပြီး၊ ဖြစ်ပြီး ချုပ်တယ်၊ ဖြစ်ပြီးချုပ်တယ် ဆိုတာ သိ၍ ရွံမုန်းလာလို့ရှိရင် နောက် ဒီဝေဒနာတွေကို ဘယ်ခါကာလမှ မလိုချင်တဲ့ သဘောကလေး ရောက်လာလို့ရှိရင် ဝေဒနာအစ ပျောက်ချုပ်ရင် ဒီဒကာ ဒကာမတွေ နိဗ္ဗာန်ဧကန်ရောက်တယ် ဆိုတဲ့ဥစ္စာ ဘုရားကလည်း ဟော၊ ဘုန်းကြီးများ ကလည်း ဘုရား၏အဖြေကိုက် သိတယ်။

ဒါကြောင့် ဝေဒနာနုပဿနာချည့်ပဲ၊ ကျင့်ပုံရော၊ ကြံပုံ ရော၊ အားထုတ်ပုံရော အကုန်ဟော နေတယ် (မှန်လှပါ ဘုရား)။

ဒါကြောင့် ဝေဒနာအကုန် ချုပ်ရာသည်၊ ဘာပါလိမ့်မလဲ (နိဗ္ဗာန်ပါ ဘုရား) အေး နိဗ္ဗာန်။

ဧဝံမေ ဘိက္ခဝေ ဇာနတောတဲ့ ဤကဲ့သို့ ဝေဒနာဖြစ် ကြောင်းကိုလည်းသိ ဝေဒနာချုပ်ရာ၊ နိဗ္ဗာန်ကိုလည်း သိခဲ့လို့ရှိရင် ဖြင့်တဲ့ အသဝါနံ ခယံ ဝဒါမိ အာသဝေါတရား ကုန်တယ်လို့ငါ ဘုရား၊ သေသေချာချာ၊ တာဝန်ခံနဲ့ ဟောပါတယ် (မှန်လှပါ ဘုရား)။

နိဗ္ဗာန်မုချရောက်တယ်

ဝေဒနာဖြစ်တာ ကိုလည်းသိ၊ ဝေဒနာချုပ်ရာ ကိုလည်းသိ ဤကဲ့သို့သိပြီ ဆိုမှဖြင့်၊ ဒကာ ဒကာမတို့ ဘုရားသခင်ကိုယ်တော် မြတ်ကြီးက ဖြစ်ပျက်၊ ဖြစ်ကြောင်းကိုလည်းသိ၊ ချုပ်ရာကိုလည်း သိမယ် ဆိုလို့ရှိရင်ဖြင့်၊ မင်းတို့ အာသဝေါတရား ကုန်ရာ နိဗ္ဗာန်သို့ မုချရောက်တယ်လို့ သူကိုယ်တိုင် တာဝန်ခံတယ် (တင်ပါ့)။

အဲဒီတော့ သူကိုယ်တိုင်တာဝန်ခံတဲ့ ဥစ္စာဖြစ်နေတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေကို ဘုန်းကြီးက၊ ရှေ့ကဝေဒနာ နုပဿနာတွေကို ဝေဒနာသုံးပါး လှည့်ရှုကြစမ်းပါ၊ ပေါ်ရာကိုရှု ကြစမ်းပါ၊ ဘယ်နေရာမှ မပေါ်ဘူးလို့ဆိုလို့ရှိရင်ဖြင့် ဝမ်းထဲရှလေ ရှိုက်လေ အားထုတ်တဲ့ ဝေဒနာရှိပါလိမ့်မယ်။

အဲဒီဝေဒနာကို ဉာဏ်ဦးတည့်ပြီး ရှုကြစမ်းပါဆိုတော့၊ ဝေဒနာမရှိတဲ့ အချိန်ရယ်လို့ကို ရှိသေးရဲ့လား (မရှိပါဘူး ဘုရား)။

ဝေဒနာအမြဲတမ်းရှိနေတယ်

ဝေဒနာအမြဲတမ်း ရှိနေတဲ့ သဘောမရောက်ဘူးလား၊ (ရောက်ပါတယ် ဘုရား)။ အေး- ဒါကြောင့် ဝေဒနာရှုကြပါ။ ရှုကြပါဆိုတဲ့ဥစ္စာကို ခဏခဏ နေ့တိုင်းလိုလိုပဲ သတိပေးရတယ်၊ (တင်ပါ့ ဘုရား)။

အားလုံး ဒကာ ဒကာမတို့ ဝေဒနာသည် ကားလို့ဆိုလို့ ရှိရင်ဖြင့် ဖဿကြောင့်ဖြစ်တယ်၊ ဝေဒနာတို့၏ ချုပ်ရာဆိုတာ သည် နိဗ္ဗာန်ပဲ၊ ဝေဒနာအစက ချုပ်သွားရင် ဘာဆိုကြမလဲ (နိဗ္ဗာန်ပါ ဘုရား)။

နိဗ္ဗာန်ရောက်တော့ တာပဲတဲ့၊ နိဗ္ဗာန် ရောက်တော့တာပဲ။ ဒါကြောင့် ပါဠိတော်က ဣတိဝေဒနာ ဣတိဝေဒနာယ သမုဒယော ဣတိဝေဒနာယ အတ္ထင်္ဂမော ဧဝံဘိက္ခဝေ ဇာနတော ပဿတော အာသဝါနံ ခယံ ဝဒါမိ။

ဘုရားကိုယ်တော်တိုင်ဟောတယ်

ဒီလိုများ မင်းတို့ဝေဒနာဖြစ်ကြောင်းကိုလည်းသိ၊ ဝေဒနာ ချုပ်ရာ နိဗ္ဗာန်ကိုလည်း သိကြမယ် ဆိုလို့ရှိရင်ဖြင့်တဲ့၊ မင်းတို့သည် ကားလို့ဆိုလို့ရှိရင်ဖြင့် ဘယ်နည်းနဲ့မဆို အာသဝေါကုန်ရာ နိဗ္ဗာန် ကိုရောက်လိမ့်မယ်၊ ရောက်မယ်ဆိုတာ ကိုယ်တော်မြတ်ကြီးက ငါကိုယ်တိုင် ဟောပါတယ်ကွတဲ့။

အဲဒီတော့ ဒကာ ဒကာမတို့ သိပ်ကြိုးစားစရာ၊ သိပ်အား ထုတ်စရာ မကောင်းလားဗျာ (ကောင်းပါတယ် ဘုရား)။

ကြိုးစားကြစမ်းပါ၊ မလျှော့ပါနဲ့၊ ဒီဘဝ ဒီခဏနဲ့ ကိစ္စပြီး အောင်လုပ်ပါ (မှန်ပါ့) အချိန်ဆွဲ မနေကြပါနဲ့၊ အချိန်ဆွဲတာ သည် ဒကာ ဒကာမတို့ ဒုက္ခတာရှည်ချင်လို့သာ ဆုံးဖြတ်ချက် ချပေတော့ (မှန်ပါ ဘုရား)။

အချိန်ဆွဲရင်လူမိုက်

အချိန်ဆွဲရင် လူမိုက်နော် (မှန်ပါ့ ဘုရား) အချိန်ဆွဲရင် လူမိုက်ပါပဲတဲ့၊ ဒါကြောင့် အချိန်ဆွဲ နေတဲ့ ပုဂ္ဂိုလ်များသည် ကားလို့ဆိုလို့ရှိရင်ဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက၊ အမုန်းကြီးမုန်း၊ အရွံကြီးရွံတဲ့ ပုဂ္ဂိုလ်ထဲမှာ အပါအဝင်ဗျ (မှန်ပါ့ ဘုရား)။

ဒါကြောင့် အချိန်မဆွဲပါနဲ့၊ အချိန်ဆွဲနေတော့ လူမိုက်လို့ ဆိုရတာ၊ ဘုရားဆိုတာသည် ဆိုထိုက်တယ်၊ ခင်ဗျားတို့ ကိုယ့်ခန္ဓာကိုယ်က အဇ္ဇေဝ သုဝေဝ ယနေ့လား နက်ဖြန်လား မသိဘူး (မှန်လှပါ ဘုရား)။

အဲဒီပုဂ္ဂိုလ်က အချိန်ဆွဲနေရင် မိုက်လို့လား လိမ်မာလို့ လား (မိုက်လို့ပါ ဘုရား)။

မိုက်ပြီးမနေကြပါနဲ့

အေး အဲဒီလို မိုက်ပြီး သကာလ ၊ မနေကြပါနဲ့ဆိုတာ ဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်၊ မှာတော်မူတယ် (မှန်ပါ့)။

ဒါကြောင့် အဲတော့ကို ခုနက မူလဘူတက ဟောခဲ့ တယ်၊ သိသောပုဂ္ဂိုလ်၊ ကျင့်သော ပုဂ္ဂိုလ်မှ သာလျင် အာသဝေါ တရား ကုန်ရာ နိဗ္ဗာန်သို့ ရောက်မယ်တဲ့၊ ဘုရားသခင်ကိုယ်တော် မြတ်ကြီးက ဝေဒနာနဲ့ ပတ်သက်ပြီးဟောခဲ့တယ်။

အဲဒိတော့ မကျင့်သောပုဂ္ဂိုလ်၊ မပွားများသော ပုဂ္ဂိုလ် တော့ဖြင့် ဘယ်နည်းနဲ့မှ မရောက်ဘူး ဆိုတာ သူကိုယ်တိုင် တာဝန်ခံခဲ့တယ် (မှန်ပါ့ ဘုရား)။

ပြောပြန်ပြီတဲ့ ပါဠိတော်ကြီး တစ်ခါတည်း နောက်သား နောင်လာတို့ အလကား သိရုံနဲ့ရပ်ပြီး သကာလ ကျင့်မှုကိုအား မထုတ်ဘဲ နေရစ်မှာ စိုးသောကြောင့် –

‘‘ဘာဝနာ နုယောဂံ အနနုယုတ္တဿ ဘိက္ခဝေ ဘိက္ခုနော ဝိဟရတော ကိဉ္စာပိ ဧဝံ ဣစ္ဆာ ဥပ္ပဇေယျ’’

ဘာဝနာတရားမှာ အားမထုတ်ဘဲနဲ့ သူ့စိတ်ထဲ ကပေါ့ဗျာ အားတော့မထုတ်ဘဲနဲ့ ငါအာသဝေါ တရား ကုန်ရာကိုရောက်လို့ရှိရင် ငါနေရာကျမှာပဲ (တင်ပါ့)။

အားတော့ သူမထုတ်ဘူးပေါ့ဗျာ၊ အာသဝေါတရား ကုန်ရာ ရောက်လို့ရှိရင်ဖြင့်၊ ငါအင်မတန်ေ နရာကျမှာပဲလို့၊ ဒီလို ညည်းတတ်ကျတယ်ဗျ (တင်ပါ့)။

အဟောဝတ မေ အနုပါဒါယ အာသဝေဟိ စိတ္တံ ဝိမုစ္ဆေယျ တဲ့။

အားမထုတ်ဘဲနဲ့ နိဗ္ဗာန်လိုချင်တယ်

အာသဝေါတရားများ လွတ်သွားမယ်ဆိုရင် သိပ် ကောင်းမှာပဲလို့၊ အားမထုတ်ဘဲနဲ့ အာသဝေါ တရား ကုန်ရင် နိဗ္ဗာန်ရောက်မယ်ဆိုသိပ်ကောင်း မှာပဲလို့၊ သူညည်းလေ့ ရှိတယ် (မှန်ပါ)။

အဲဒီညည်းတဲ့ ပုဂ္ဂိုလ်ဟာ ဒကာ ဒကာမတို့သေချာမှတ် ပါတဲ့၊ ဒီပါဠိတော်အရ၊ ဘယ်တော့မှ မရဘူး (မှန်ပါ့) ဘယ်တော့မှ မရဘူးလို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ပြောပြန်တယ် (တင်ပါ့)။

ဒါကြောင့်

‘‘ဘာဝနာနုယောဂံ အနနုယုတ္တဿ ဘိက္ခဝေ ဘိက္ခုနာ ဝိဟရတော ကိဉ္စာပိ ဧဝံ ဣစ္ဆာ ဥပ္ပဇေယျ အဟောဝတမေ အနုပါဒါယ အာသဝေဟိ စိတ္တံ ဝိမုစ္ဆေယျ အထခွဿ နေဝ အနုပါဒါယ အာသဝေဟိ စိတ္တံ ဝိမုစ္စတိ။

သိရုံနဲ့မပြီးကျင့်မှပြီးမယ်

ဘယ်လိုပဲ ဒီပုဂ္ဂိုလ်အားမထုတ်ဘဲနေမယ်ဆို ဘယ်လိုမှ အာသဝေါတရား မကုန်နိုင် ပါဘူးကွာတဲ့၊ ဒကာ ဒကာမတို့ သိရုံနဲ့ ပြီးရမှာလား (မဟုတ်ပါ ဘုရား)၊ ကျင့်မှပြီးရမှာ။

အဲဒါကြောင့် သိရုံနဲ့မပြီး ကျင့်မှသာလျင် ပြီးမယ်လို့ ဆိုတဲ့ဥစ္စာသည် ဒကာ သာမတို့ကို ရည်ရွယ်ပြီး ပြောတဲ့ ဘုရား ဟောတော်မူတဲ့ တရားကို သေသေချာချာကျင့်မှ ရမယ်ဟေ့ ဆိုတာ သေသေချာချာ မှတ်ပါ (မှတ်ပါ့မယ် ဘုရား)။

အဲဒါကို စိတ်မချရလို့ ဥပမာလေးပြပြီး ခိုင်းတယ်၊ ဘုရားက စိတ်မချလို့ ဥပမာပြတယ် (မှန်ပါ့) ဘယ်လိုများ ပြသလဲလို့ဆိုတဲ့ အခါကျတော့ (မှန်လှပါ ဘုရား)။

ကြက်မကြီးဥပမာ

ရဟန်းတို့တဲ့ ကြက်မတစ်ကောင် ရှိတယ်ကွတဲ့ (မှန်ပါ့) အဲဒီ ကြက်မတစ်ကောင်သည်၊ ဥကလေးတွေ၊ တစ်နေတစ်လုံး၊ တစ်လုံးနဲ့ (၁၂) လုံး (၁၃) လုံးရတော့ သူသည်၊ ဝပ်ချိန်ကော မရောက်သေးဘူးလား (ရောက်ပါတယ် ဘုရား)။

တစ်ချိန်ချိန်မှာ ဝပ်ရမှာပေါ့ဗျာ (တင်ပါ့) အဲဒီကြက် မကြီးဟာ ဥသာဥတယ်တဲ့၊ ဝပ်လည်း မဝပ်ဘူး၊ အတောင်ဖြန့်လို့ လည်း မဝပ်ဘူးပေါ့ဗျာ။

အပူရင်ကိုလည်း မပေးဘူး၊ ကြက်ဥအပေါ်မှာလေ။ ကြက်နံ့လည်း မပေးဘူး၊ ဆိုလို့ရှိရင်ဖြင့်တဲ့၊ အောက်မှာရှိတဲ့ (၁၂) လုံး (၁၃) လုံးရှိတဲ့ ကြက်ဥကလေးတွေ ပုပ်ခြင်းသာလျင်၊ သိုးခြင်း သာလျင် ဟုတ်ပလား၊ စွန့်ပစ်စရာသာလျင် ဧကန်မဖြစ်ပေဘူး လား (ဖြစ်မှာပါ ဘုရား)။

ကြက်မကြီးအလုပ်သုံးလုပ်မလုပ်ရင်

အဲဒီအကောင်က ဥတော့ဥသကိုဗျ၊ အတောင်ဖြန့်လုပ် တဲ့ တစ်နံပါတ်အလုပ်လည်း သူမလုပ်ဘူး (တင်ပါ့) အပူငွေ့ ပေးတဲ့ နှစ်နံပါတ်အလုပ်လည်း သူမလုပ်ဘူး (မလုပ်ပါ ဘုရား)။

ကြက်တို့၏ အနံ့ကိုပေးတဲ့ သုံးနံပါတ်အလုပ်လည်း သူမလုပ်ဘူး (မလုပ်ပါ ဘုရား)။ မလုပ်တော့ ဒီကြက်ဥတွေ ဟာ ပုပ်သိုးပြီး သကာလ ၊ မကောင်းသော အခြင်းအရာစတဲ့ ပျက်စီးခြင်းသို့ မရောက်ရပါလား (ရောက်ရပါတယ် ဘုရား)။

ထိုဝေဒနာတရားကဟော့တဲ့၊ တို့ဝေဒနာသုံးမျိုးသိတော့ သိနေကြတယ်ကွတဲ့၊ သို့သော် သိပင်သိငြား သော်လည်း သူတို့ ဝိပဿနာဉာဏ်နဲ့ ဒါလေးဟာ အနိစ္စပါလား၊ ဒါလေးဟာ ဒုက္ခ ပါလား၊ ဒါလေး ဝေဒနာလေးဟာ အနိစ္စပါလား၊ ဒုက္ခပါလား၊ အနတ္တပါလား ဆိုတာလေးကိုတော့ သူတို့က နှလုံးမသွင်းဘူးဆို လို့ရှိရင် ဝေဒနာပေါ်၊ ဝေဒနာက္ခန္ဓာကြီးတော့သိတယ်။

သိတော့ ဝေဒနာက္ခန္ဓာကြီးကို အနိစ္စ၊ ဒုက္ခ၊ အနတ္တဆို တဲ့ သုံးခုနဲ့ နှလုံးမသွင်းခဲ့ပြန်လို့ ရှိရင်လည်းတဲ့၊ ခုနက ကြက်မကြီး၊ ကြက်ဥပြီး၊ ဥရုံသာဥ၍ လုပ်စရာရှိတဲ့ သုံးခု သူမလုပ်တော့ ကြက်ဥပုပ်တယ် (မှန်လှပါ ဘုရား)၊ မပုပ်ဘူးလား (ပုပ်ပါ တယ် ဘုရား)။

ကြက်ဥပုပ်မယ်

အတောင်ဖြန့်တဲ့အလုပ် တစ်နံပါတ်။

အပူပေးတဲ့အလုပ် နှစ်နံပါတ်။

ကြက်တို့၏အနံ့ပေးမှု သုံးနံပါတ် (သုံးနံပါတ်ပါ ဘုရား)၊

အဲဒီအလုပ် သုံးလုပ်မလုပ်တော့ ကြက်ဥတွေ ဒကာစိန် ရေ-တစ်ခါတည်းပုပ်သိုးပြီး သကာလ ကြက်ကောင် မဖြစ်ရတော့ ဘူး (မှန်လှပါ ဘုရား)။

ဘာလို့လုပ်တာတုံးဆိုတော့ ဥသာဥနေတယ်၊ လုပ်စရာ ကိစ္စ သုံးခုမလုပ်ဘူး (မှန်လှပါ ဘုရား)။

ထို့အတူပဲ ဒကာ ဒကာမတွေလည်း ဘုန်းကြီးက သတိ ပေးရတယ်၊ ဝေဒနာတော့ သိပါပြီ၊ ဆရာဘုန်းကြီး ပြောလို့ ဝေဒနာက္ခန္ဓာကြီးတော့သိပြီ (မှန်ပါ)။

သိရုံတင်နဲ့မပြီးဘူး

ဝေဒနာကို အနိစ္စနဲ့ မပွားများ၊ ဒုက္ခနဲ့မပွားများ၊ အနတ္တနဲ့ မပွားများဘူးဆိုတော့၊ ပွားများမှု တစ်လုံး လိုနေပြန်လို့ ရှိရင် ခင်ဗျားတို့ အဝိဇ္ဇာတည်းဟူသော မှောင်ပိတ်ထဲက ခင်ဗျားတို့ ဝိဇ္ဇာဆိုတဲ့ မဂ်ဉာဏ် ပေါ်နိုင်ပါ့မလား (မပေါ်နိုင်ပါဘူး ဘုရား)။

အဲဒါဖြင့် သိရုံတင်နဲ့မပြီးဘူးဟေ့၊ ကျင့်သုံးပြီး လုပ်ဦးမှ ရမယ်ဟေ့ (မှန်ပါ)၊ ဆုံးဖြတ်ချက် ချကြစမ်းပါ၊ ပွားများမှုသုံးခုကို လုပ်ရလိမ့်အုံးမယ်လို့ ဆုံးဖြတ်ချက်ချပါ (တင်ပါ့)။

ကြက်မကြီးအလုပ်

အဲဒီကဲ့သို့ ၎င်းကြက်မကြီးသည်ကားဆိုလို့ရှိရင်ဖြင့် ဥလည်း ဥပြီ၊ အပေါ်မှာပင် ကြက်ဥ (၁၂) လုံးလောက် ရလာတော့၊ အတောင်ကလေး ဖြန့်ဝပ်ပြီ (တင်ပါ့)၊ အပူငွေ့လေးလည်း ပေးပြီ၊ ကြက်ဥတွေလည်း အပူငွေ့ ပေးရတယ် (မှန်ပါ့)။

ကြက်တို့၏အနံ့ကိုလည်း ပေးပြီဆိုမှဖြင့် အောက်မှာရှိတဲ့ ကြက်ဥလေးတွေဟာ ဒကာ ဒကာမတို့ သတိထားကြတဲ့ ဘာဖြစ်လာမလဲလို့ ဆိုလို့ရှိရင်ဖြင့်တဲ့၊ ဥခွံကြီးကလည်း ပါးမလာပေဘူး လား (ပါးလာပါတယ် ဘုရား)။ အပူငွေ့ကြောင့်ပေါ့ဗျာ။

အတွင်းမှာရှိတဲ့ ဥတွင်းမှာရှိတဲ့ အစေးတွေဟာလည်း ခြောက်မလာပေဘူးလား (ခြောက် ပါတယ် ဘုရား)၊ ပြင် ဘက် က အလင်းကိုလည်း အတွင်းက ကြက်ကောင်ကလေးတွေက ဥခွံပါးတဲ့ အတွက် မမြင်ရပေဘူးလား (မြင်ရပါတယ် ဘုရား)။

အဲဒီအခါကျလာတော့ ဒီဘက်ကကြက်ကလေးတွေ သည် ဥခွံကလည်းပါး၊ အစေးကလည်း ခြောက်၊ ပြင်ဘက်က အလင်းမြင်ရတော့ကို နဂိုက ဒီဥခွံအတွင်းထဲ တို့နေရတာသည် – လည်ပင်း ကလေး ကွေး၍၊ မဆန့်နိုင် မဖောက်နိုင်ဘဲ နေရတာ ယခုတော့ သူတို့နှုတ်သီးဖျား ကလေးလည်း ရင့်ပတာ့ (မှန်ပါ့)။

ကြက်ကလေးတွေထွက်လာတယ်

ခြေသည်း လက်သည်းကလေးလည်း မာလာပြီဟ၊ ပြင်ဖက်မှာလည်း အလင်းရှိပြီဟ။ တို့ကွေးကောက် နေရတာ လည်း ရက်ပေါင်း အတော်ကြာပြီ ဆိုပြီး၊ နှုတ်သီးကလေးနဲ့အခုန ဥခွံပါး ကလေးကို ကြက်ငယ် ကလေးကပေါ့ဗျာ၊ ထိုးလိုက်၊ ခြေထောက်ကလေးနဲ့ ကန်လိုက်တော့ ဥခွံတွင်းက ကြက် ကလေး ဘွားခနဲ မထွက်ဘူးလား (ထွက်ပါတယ် ဘုရား)။

သမာဓိမဂ္ဂင်နဲ့ပွားများရင်

ထို့အတူပဲတဲ့ ဒကာ ဒကာမတွေ ပွားများပြီဆိုမှဖြင့် သမာဓိမဂ္ဂင်နဲ့ ပွားများပြီဆိုမှဖြင့် ဒကာ ဒကာမတို့ စဉ်းစားကြပါတော့တဲ့၊ အဝိဇ္ဇာတည်းဟူသော အမှောင်ကြီးကလည်း တစ်ခါ တည်း ဖြူဖွေး မသွားဘူးလား (သွားပါတယ် ဘုရား)။

အဝိဇ္ဇာတည်းဟူသော အမှောင်ဓာတ်ကြီးကလည်း ပွား များတဲ့ ပုဂ္ဂိုလ်ကျတော့ ဥခွံပါးသလို မပါးပေဘူးလား (ပါးပါ တယ်)။

ဥခွံထဲက အစေးခြောက်သလို တဏှာကလည်း ပွားများ နေတဲ့ပုဂ္ဂိုလ်ကျတော့ တဏှာ အစေးကလည်း သမုဒယသစ္စာက လည်း ချုပ်၊ ချုပ်သာနေရတော့၊ တဏှာအစေးကလည်း မခမ်း ခြောက်ဘူးလား (ခမ်းခြောက်ပါတယ် ဘုရား)။

အဲဒီတော့ ကြက်ကလေးသည်ကားလို့ဆိုလို့ရှိရင် ဥခွံက လည်းပါး၊ အစေးကလည်း ခြောက်တော့၊ ဥခွံအတွင်းကနေ ကြည့်လိုက်ရင်တော့ အလင်းမမြင်ရပေဘူးလား (မြင်ရပါ တယ် ဘုရား)။

နိဗ္ဗာန်ကို အသေအချာမြင်မယ်

အဲဒီလိုပဲ ဒကာ ဒကာမတို့ အဝိဇ္ဇာက လည်းပါး၊ တဏှာ အစေးကလည်း ခြောက်ပြီဆိုမှဖြင့် နိဗ္ဗာန်တည်း ဟူသော အလင်း ကြီးကို ကြက်ကလေးတွေ မျက်လုံးနဲ့တူတဲ့ ခင်ဗျားတို့ သမ္မာဒိဋ္ဌိ မဂ္ဂင်က နိဗ္ဗာန်တည်းဟူသော အလင်းကြီးကို အသေအချာ မြင် မယ် (မှန်လှပါ)။

မြင်တဲ့အခါကျတော့ ကြက်ကလေးသည် နှုတ်သီးဖျား ကလေးနဲ့ သူ့ဥခွံဖောက်၊ ခြေထောက် ကလေးနဲ့ ကန်လိုက်တော့ ပြင်ဘက်ရောက်လာတယ် (ရောက်လာပါတယ် ဘုရား)။

ဒီမှာလည်း ခင်ဗျားတို့သည်ကားလို့ဆိုလို့ရှိရင် အလင်း မြင်လာတဲ့ တစ်နေ့ အစေးကလည်း ခမ်းခြောက်အပေါ်မှာ အမှောင်ဓာတ်ကြီး ကလည်း အဝိဇ္ဇာ အမှောင်ကြီးကလည်း ပွားများတဲ့ ပုဂ္ဂိုလ်ကျတော့၊ အဝိဇ္ဇာ အမှောင်ကြီးကလည်း မရှိ၊ (မှန်ပါ့)၊ တဏှာအစေးကလည်း ခမ်းခြောက်၊ အလင်းနဲ့ တူတဲ့ နိဗ္ဗာန်ကြီးကိုလည်း ငြိမ်းအေးဓာတ်ကြီးကလည်း အတွင်းကနေ ကြည့်တယ်၊ ကြက်ကလေး ကြည့်လို့ ပြင်ဘက်က အလင်းမြင်ရ သလို ကျုပ်တို့ ဉာဏ်အလင်းနဲ့ ကြည့်လိုက်တယ်၊ နိဗ္ဗာန်မှ အေးမှာ ပဲဆိုတော့ အလင်းကြီးကလည်း ပေါ်မလာဘူးလား (ပေါ်လာပါတယ် ဘုရား)။

အဲဒီလိုပေါ်လာတော့ ကြက်ကလေး ကန်ကျောက်ပြီး ထွက်သလို ကျုပ်တို့လည်း မဂ္ဂသစ္စာ၊ မဂ္ဂဿ ဆိုတဲ့ မဂ္ဂသစ္စာ ထွက်မြောက်ကြောင်းဖြစ်ပြီး တစ်ခါတည်း ပေါ်ပေါက်လာတယ် (မှန်လှပါ)။

အဲ ဖြောင့်ဖြောင့်တန်း မဂ်ဉာဏ်ကြီး အစစ်ပေါ် ပေါက်လာတော့ တစ်ခါတည်း အဝိဇ္ဇာဥခွံတွင်း တဏှာအစေး တည်းဟူသော ရေအိုင်တွင်းမှ ကျုပ်တို့ လွတ်မြောက်မသွားဘူးလား (သွားပါတယ် ဘုရား)။

အလုပ်လုပ်တဲ့ပုဂ္ဂိုလ်မှရမယ်

အဲဒါကြောင့် ဒကာ ဒကာမတို့ ဒီနေ့ဟောတဲ့ တရားဟာ ဥပမာ ဥပမေယျနှင့်တကွ ဘုရား သာဝတ္ထိပြည်မှာ အလုပ်လုပ်တဲ့ ပုဂ္ဂိုလ်မှ ရမယ်ဟေ့၊ ကြက်တောင်၊ ကြက်မကြီးတောင်မှ ဥရုံ ကလေး ဥထားလို့ မဖြစ်ဘူးကွ၊ ဟုတ်ပလား (မှန်ပါ့ ဘုရား)။

အတောင်ဖြန့် ဝပ်ရသေးတယ်ကွ၊ အပူဓာတ်ပေးရသေး တယ်ကွ၊ ကြက်တို့၏ အနံ့ပေး ရသေးတယ်ကွ၊ မင်းတို့လည်း ဒီလိုပဲ၊ ပွားများမှုအလုပ်ကို ထပ်ပြန်တလဲလဲ၊ အနိစ္စနဲ့ပွား၊ ဒုက္ခနဲ့ ပွား၊ အနတ္တနဲ့ပွား၊ ကြပ်ကြပ်ပွားများပြီဆိုမှဖြင့် ခုနက ကြက်မ ကြီး အလုပ်သုံးလုပ် လုပ်သလိုပေါ့ဗျာ (မှန်ပါ့ ဘုရား)။

ကျုပ်တို့လည်း ဒီလိုလုပ်ကြမယ်ဆိုလို့ရှိရင်ဖြင့် ဖြစ်ပြီး ပျက်တာပဲ၊ ဘယ်ဝေဒနာပေါ်လာလာ၊ ဖြစ်ပြီး ပျက်တာပဲ (တင်ပါ့ ဘုရား)။

ဘယ်ဝေဒနာပေါ်ပေါ် ဖြစ်ပျက်ရှု

ဘယ်ဝေဒနာပေါ် လာလာ ဖြစ်ပြီးပျက်တာပဲလို့၊ ခင်ဗျား တို့ ထပ်ပြန်တလဲလဲ ပွားနေမယ် ဆိုလို့ရှိရင် အနိစ္စနဲ့ပွား ဒုက္ခနဲ့ ပွား အနတ္တနဲ့ပွား (တင်ပါ့)၊ ပွားလိုက်ပြီဆိုမှဖြင့် ကြက်မကြီး အင်္ဂါ သုံးချက်နဲ့ ညီအောင် ကြက်ဥကလေးတွေ လုပ်ပေးသလို မကျဘူးလား (ကျပါတယ် ဘုရား)။

အဲဒီတော့ဗျာ ကျုပ်တို့ အဝိဇ္ဇာမှောင်ကြီးကလည်း လွင့် တယ်၊ တဏှာတည်းဟူသော အစေး တွေကလည်း သမုဒယ သစ္စာအစေးတွေကလည်း အကုန်ခန်းခြောက်တယ် (မှန်လှ ပါ ဘုရား)။

နိဗ္ဗာန်တည်းဟူသော အလင်းကြီးကလည်း ကျုပ်တို့မှာ မဂ်ဉာဏ်တည်း ဟူသောမျက်လုံးနှင့်၊ မမြင်ရပေဘူးလား (မြင်ရပါတယ်)။

(၃၁)ဘုံထဲမှာနေချင်သေးရဲ့လား

မြင်ရတဲ့အခါကျတော့ (၃၁) ဘုံထဲမှာ နေချင်သေးရဲ့ လား၊ (မနေချင်တော့ပါဘူး ဘုရား)၊ (၃၁) ဘုံ အဝိဇ္ဇာဥခွံ တွင်းထဲမှာ နေချင်သေးရဲ့လား၊ (မနေချင်တော့ပါဘူး ဘုရား)။

အဲဒီတင် ကန်ကျောက်ထွက်ကြလို့ ဘု ရားတွေ၊ သာဝကတွေ အထဲ ရောက်ကုန်ကြပြီ (တင်ပါ့)၊ ကျုပ်တို့ အဝိဇ္ဇာ ဥခွံဖြင့် တဏှာ အစေးကြီးနဲ့နေရသေးတဲ့အတွက် အလင်းကို မမြင် ရသေးလို့၊ ဟုတ်လား (မှန်ပါ့ ဘုရား)။

ဘယ်နည်းနဲ့မှ ကျုပ်တို့သည်ကားလို့ဆိုရင် ကိုယ့်ဥခွံကြီး ဖုံးနေ တာကို ဖုံးလျက်နဲ့ပဲ နေရသေးတယ်။

မှောင်ကျလျက်ပဲ နေရသေးတယ်၊ အစေးကလည်း မခန်း ခြောက်၊ ဥခွံကလည်း မပါးသေးဘူး (မှန်လှပါ)၊ ဒါကြောင့် ကျုပ် တို့နှုတ်သီးလေးတွေကလည်း၊ နှုတ်သီးချွန်ချွန်ကလေးတွေနဲ့တူ တဲ့ အလုပ်တရား တွေကလည်း၊ ဉာဏ်က မထက်သေး၊ ဟုတ် ပလား (မှန်ပါ့ ဘုရား)။

နှုတ်သီးလေး တွေထက်၊ ခြေထောက်ကလေးတွေထက် တော့ ကြက်ကလေးလို ဥခွံကလေး ဖျတ်ခနဲ ခွဲနိုင်တယ်၊ ငယ်ပင် ငယ်ငြားသော်လည်း (မှန်လှပါ ဘုရား)။

အဝိဇ္ဇာဥခွံကြီးကွဲတယ်

ထို့အတူပဲတဲ့ ကျုပ်တို့သည်ကားလို့ ဆိုရင်ဖြင့် မဂ်ဉာဏ် ထက်လာပြီ ဆိုတဲ့တစ်နေ့ကျတော့၊ ကိုင်း အဝိဇ္ဇာဥခွံကြီးကို ဗြန်းခနဲ မကွဲပေဘူးလား (ကွဲပါတယ် ဘုရား)။

ဒါကြောင့် အဝိဇ္ဇာဥခွံကြီးကို ဗြန်းခနဲကွဲစေချင်လို့ရှိရင် ဖြင့် ထပ်ပြန် တလဲလဲပွားများ၊ ကြက်မကြီး အလုပ်သုံးလုပ် လုပ် သလို ကျုပ်တို့လည်း ထပ်ပြန်တလဲလဲ ပွားများမှ သာလျှင် လိုရာ ကိစ္စ ပြီးမယ်ဆိုတာ၊ ဒကာ ဒကာမတွေ သေသေချာချာ မှတ်ဖို့ ကောင်းတယ် (မှန်လှပါ ဘုရား)။

လုပ်မှရမယ်ဆိုတာသေချာအောင်

ဒါ ဥပမာ ဥပမေယျတွေနဲ့တကွ ဟောတော်မူတဲ့ တရားဖြစ်လေသောကြောင့် ဒကာ ဒကာမတို့ ဒီတရားက ဘယ် အတွက် ဒီအထဲသွင်းရတယ်ဆိုတာ လုပ်မှရမယ်ဆိုတာ သေချာ အောင်လို့ (မှန်လှပါ ဘုရား)။

ကြက်မကြီးဝတ္တရားသုံးခု

ကြက်မကြီးတောင် ဥရုံကလေး ဥတတ်ရုံနဲ့ ကြက်ကောင် တော့မဖြစ်ဘူး (မဖြစ်ပါဘူး ဘုရား)၊ ကြက်မကြီး သူ့ဝတ္တရား သုံးခုကို သူလုပ်ပါမှ (တင်ပါ့)၊ တော်တော်နေလာ ဝပ်လိုက်ရင်း၊ တော်တော်နေ ဝပ်လိုက်ရင်း၊ တော်တော်နေ အစာရှာလိုက်၊ လာ ဝပ်လိုက်နဲ့၊ အပူဓာတ်ပေးလိုက်နဲ့၊ အနံ့လေး ပေးလိုက်နဲ့၊ အတောင်လေးဖြန့်ဝပ်လိုက်နဲ့ (မှန်ပါ့ ဘုရား)။

ဒီလိုလုပ်ပါမှသာလျှင် လုပ်ပေးနေရင် ကြက်ကောင်ဖြစ် ခြင်းသို့ရောက်ပါတယ် (မှန်ပါ)။

ထို့အတူ ဘုန်းကြီးတို့ဒကာ ဒကာမတွေကို ခဏ ခဏ ဒီဝေဒနာနုပဿနာပေါ် ဉာဏ်တည်း ဟူသော တရားက ဝပ်ပေး ရမယ် (မှန်လှပါ)၊ ဉာဏ်တည်းဟူသော တရားက ဒီအပေါ် မှာချည့် တည့်တည့်ပေး။

သုခဝေဒနာပေါ်၌ ဉာဏ်နဲ့

သုခဝေဒနာပေါ်ရင်၊ သုခဝေဒနာပေါ်၌ ဉာဏ်နဲ့ရှုလိုက် ပါ၊ ဒုက္ခဝေဒနာပေါ်လည်း ဒုက္ခဝေဒနာ ပေါ်၌ ဉာဏ်နဲ့ရှုလိုက်၊ ဒီအပေါ် လာဝပ်တာပေါ့ဗျ၊ ဥပေက္ခာဝေဒနာပေါ်လာရင်ကော (ဉာဏ်နဲ့ရှုရပါမယ် ဘုရား)၊ ဥပေက္ခာဝေဒနာနဲ့ ရှုလိုက်၊ ဥပေက္ခာဝေဒနာပေါ်၌ ရှုလိုက် ဟုတ်လား (မှန်ပါ့)။

အဲဒီကဲ့သို့ ထပ်ပြန်တလဲလဲ ရှုဖန်များလာပြီဆိုမှဖြင့် ကြက်ကောင်ကြက်ဥကလေးတွေသည် ခုနကပြောသလို ဥခွံကြီး ကလည်း ပေါက်၊ အစေးကလည်း ခန်းခြောက်၊ ပြင်ဘက်က လည်း အလင်းတွေက ဝင်လာပြီ၊ ပါးလာတော့ မဝင်နိုင်ဘူးလား (ဝင်နိုင်ပါတယ် ဘုရား)။

ဝင်နိုင်တော့ အတွင်းကြက်ကလေးတွေသည် တို့သည် ကားလို့ဆိုရင် ကြာလှပြီ၊ နှစ်သီတင်း၊ သုံးသီတင်း တိုင်တိုင် ဒီအထဲ မှာ နေရတာ (မှန်လှပါ)။

ဒီလိုနဲ့ ဥခွံထဲမှာ ခြေနဲ့ကန်ထုတ်လိုက်တော့ ဥခွံက တစ်ခါတည်း၊ ဉာဏ်ပေါ်ပြီး လိုရာခရီးကို အတောင်လေးခါထက် ပြီး ခြေဆန့်ပြီး ထွက်ရတယ် (ထွက်ရပါတယ် ဘုရား)၊ အဲဒီကျမှ ကြက်ကလေး ချမ်းသာ မသွားဘူးလား (ချမ်းသာသွားပါ တယ် ဘုရား)။

ဒုက္ခသစ္စာတွေကို ရှုပါများမှ

ကျုပ်တို့တွေလည်း အဝိဇ္ဇာ ဥခွံတွင်းထဲက ဖြစ်ပျက်ပြီး၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ ဖြစ်ပျက် ဒုက္ခသစ္စာ တွေကို ရှုပါများမှသာ လျှင် အဝိဇ္ဇာဥခွံတွင်းထဲမှာ သံသရာကြီးထဲမှာ အမြဲတမ်း အဝိုင်း ပြေး ပြေးနေရတော့ အညောင်ကြီးညောင်းပြီး သကာလ နေတာ ဟာလည်း၊ ညောင်းမှန်းမသိတာက ဖြစ်ပျက်ကို ပြင်ဘက်က အလင်းမမြင်သေးတော့ကို ဘယ်နည်းနဲ့မှ ထွက်ချင်တဲ့သဘော ကကော လာသေးရဲ့လား (မလာပါ ဘုရား)။

ထွက်ရမှန်းကော သိသေးရဲ့ လား (မသိပါဘူး ဘုရား)။ အဲဒါကြောင့် ဒကာ ဒကာမတို့ အဝိဇ္ဇာ ဥခွံကြီးလည်း ပါးပါမှ၊ တဏှာအစေး ခန်းခြောက်ပါမှသာလျှင် ဉာဏ်တည်းဟူသော မျက်လုံးသည် နိဗ္ဗာန်တည်း ဟူသောအလင်းကို ဧကန်မြင် တယ် (မှန်လှပါ ဘုရား)။

ပွားများမှုသည် အထူးအရေးကြီးတယ်

ဒါကြောင့် ထပ်ပြန်တလဲလဲ ပွားမှုသည် ဒကာ ဒကာမတို့ အထူးတလည် အရေးကြီး တော့တယ် ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

အထူးတလည်အရေးကြီးလို့ ဒီနေ့လိုရင်း တရားကိုပဲ၊ ဒကာ ဒကာမတွေ ရှုပုံရှုနည်း မပါသေးဘူး၊ လုပ်မှရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ချဖို့ရာ အခု ဒီသုတ္တန်ကိုဟောနေတယ် (မှန် လှပါ ဘုရား)။

သိသောပုဂ္ဂိုလ်ပွားများမှပြီးမယ်

ဒါလည်း သံယုတ်ပါဠိတော်ပဲ၊ အဲဒါကြောင့် ဒကာ ဒကာမတို့ သိသောပုဂ္ဂိုလ်သည် သိရုံနဲ့ ပြီးမလား၊ ပွားများမှ ပြီး မလား (ပွားများမှပြီးမှာပါ ဘုရား)။

အဲဒီ ကြက်မကြီးဥရုံနဲ့ ကြက်ကောင်ဖြစ်မလားတဲ့၊ ဝပ် ခြင်း၊ အပူဓာတ်ပေးခြင်း အနံ့ပေးခြင်း ဆိုတဲ့ အလုပ်လုပ်မှ ကြက်ကောင်ကလေးတွေ ဖြစ်မယ်(တင်ပါ့)၊ ဟုတ်ဘူးလား (ဟုတ် ပါတယ် ဘုရား)။

ဒီမှာလည်း ဒကာ ဒကာမတို့ တရားနာနေရုံနဲ့ ကိစ္စ မပြီး သေးဘူး (မပြီးပါဘူး ဘုရား)၊ ပွားများတဲ့ အလုပ်တွေ ထပ်ပြန် တလဲလဲလုပ်မှသာလျှင် (လိုရာကိစ္စပြီးမှာပါ ဘုရား)၊ လိုရာကိစ္စ ပြီးမယ်ဆိုတာ သဘောကျမလား (ကျပါပြီ ဘုရား)။

အေး- ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ‘‘ဘာဝနာနုယောဂံ အနနုယုတ္တဿ ဘိက္ခုနော ဝိဟရတော ကိဉ္စာပိ ဧဝံ ဣစ္ဆာ ဥပ္ပဇေယျ’’

ဘာဝနာတရားကို အားမထုတ်ဘဲနဲ့၊ နိဗ္ဗာန်ရရင် ကောင်း လေစွ၊ သူ့စိတ်ထဲမှာ ဟုတ်လား၊ “အဟောဝတ မေ အနုပါဒါယ အာသဝေဟိ စိတ္တံ ဝိမုစ္ဆေယျ။

အိပ်ရာကထပြီး နိဗ္ဗာန်လိုချင်

ငါသည်ကားဆိုရင် အာသဝေါတရား လွတ်ရာရောက်လို့ ရှိရင် ဘယ်လောက်များ ကောင်းမလဲ ပွားတော့ မပွားများဘဲနဲ့။ အိပ်ရာက ထထပြီး၊ နိဗ္ဗာန် လိုချင်လို့တော့ (မရပါ ဘုရား)၊ မရဘူး။ မရဘူး၊ ဒကာ ဒကာမတို့။

ရှေးက တောထွက် ရဟန်းကြီးလို ဖြစ်နေမှာလည်း စိုးရ တယ်။ တောထွက်ရဟန်းကြီးက အိပ်ယာကထ တံပူစား၊ ကြမ်းကြားကို ဒီတံပူလေး အောက်ချလိုက်၊ တံပူတွေ တောင်နှယ်ပုံနေ တယ်၊ တံပူစားတိုင်း စားတိုင်းလည်း ညည်းလုံးက ထုတ်သေး တယ်၊ ဆရာတော် ဦးဗုဒ် လို စာတတ် ချင်တယ်၊ အိပ်ယာက တံပူးစားပြီး အောက်ချလိုက် ညည်းလိုက်၊ ဘယ်တော့မှ မတတ် ဘူး၊ သင်မှ မသင်ဘဲ အိပ်နေတာကိုး၊ အိပ်နေလိုက် တံပူစားလိုက် ညည်းလုံးကလေးနဲ့သာ နေလိုက်။

ဒီမှာလည်း ဒကာ ဒကာမတွေဟာ ဘယ်နှယ်ကြောင့် မထင်၊ မမြင်ပါလိမ့်မတုံးဆိုတော့ ပွားတာက နည်းနည်းလေး၊ ဈေးဆစ်ချင်တာက စောတယ်၊ ဖြစ်ပါ့မလား (မဖြစ်ပါဘူး ဘုရား)။ မဖြစ်ဘူး၊ မဖြစ်ဘူး ဒကာ ဒကာမတို့ ခင်ဗျားတို့က လိုချင်တဲ့ပစ္စည်းက များလွန်းတယ်၊ လုပ်တာ ကလေးက (နည်းပါတယ် ဘုရား)။

တစ်မတ်ဖိုးလုပ်ပြီး တစ်ရာဖိုးလိုချင်

တစ်မတ်ဖိုးလောက် လုပ်ထားတာ တစ်ရာဖိုးလိုချင် တယ်ဆိုတော့ ရပါ့မလား (မရပါဘူး ဘုရား)။

ဒီဒကာ ဒကာမတွေ ကြည့်ရတာသည်ကားလို့ ဆိုရင် လုပ်တော့ လုပ်သားဘုရား၊ မမြင်ဘူး ဘုရား၊ အမယ် သူလုပ်တာ ဘယ်လောက်ပါလိမ့် (တစ်မတ်ဘိုးပါ ဘုရား)၊ ဟုတ်လား။

ခင်ဗျားတို့မို့လို့ မရှက်တာ

လိုချင်တယ် ဟုတ်လား၊ အခုန ဥထဲမှာ အမြဲနေရာက လွတ်မြောက်ချင်တဲ့ နိဗ္ဗာန်တည်း ဟူသော ဉာဏ်က အင်မတန် အဖိုးမဖြတ်နိုင်အောင် တန်နေတဲ့ဟာကြီးကို တစ်မတ်ဘိုးလောက်နဲ့ ရချင်ပြီးတော့ အဖိုးမဖြတ်နိုင်တာကြီးကို သွားဆစ်လို့ ရှိရင်ဖြင့် ခင်ဗျားတို့ပဲ မရှက်ပေဘူးလား (ရှက်ပါတယ် ဘုရား)၊ ဟုတ် ဘူးလား၊ ခင်ဗျားတို့မို့ မရှက်ပေဗျာ (ရှက်ပါတယ် ဘုရား)။

လုပ်တာဖြင့် ဘာမှမကြာသေးဘူး၊ ဘာမှ မကြာသေး ဘူး၊ ဘယ်နှယ်ကြောင့် ဝင်းဝင်းကြီး လင်းလင်းကြီး ဆိုတဲ့ နိဗ္ဗာန် ဓာတ်ကြီးလည်း မမြင်ဘာလိမ့်မလဲ၊ တို့လုပ်တာ ဘယ့်နှယ်များ ဖြစ်နေပါလိမ့်၊ တရားများ ပျောက်နေရော့လား ညည်းချင်လည်း ညည်းလိမ့်မယ်ဗျ၊ မညည်း တတ်ပေဘူးလား (ညည်းတတ် ပါတယ် ဘုရား)၊ ညည်းတတ်တယ်၊ ညည်းတတ်တယ်။

အဲဒီတော့ ဒကာ ဒကာမတွေက စဉ်းစားတာပေါ့၊ အင်းကြက်မကြီး အလုပ်ဟာ လိုသေးလို့ပဲ။ ကြက်ဥ မပေါက်သေးတာ (တင်ပါ)။

ကြက်မကြီးအလုပ်က ဘာတုံး၊ ဖြန့်ပြီး သကာလ အတောင်နဲ့ဖြန့်ပြီး သကာလ ၊ ကြက်ဥပေါ် အုပ်ရလိမ့်မယ် (တင်ပါ့)၊ အပူဓာတ်ကော ပေးရလိမ့်မယ်၊ အနံ့ကလေးတွေကော (ပေးရမှာပါ ဘုရား)။

ပေးလိုက်လို့ရှိရင်ဖြင့်တဲ့ အဝိဇ္ဇာ အခုန ဥခွံကြီးကလည်း ပါး အစေးကလည်း ခန်းခြောက်၊ အပြင်ဘက်က အလင်းတွေက လည်း ပေါ်ပေါက်လာတော့၊ အတွင်းရှိနေတဲ့ ကြက်ကလေးက နေချင်သေးရဲ့လား (မနေချင်ပါ ဘုရား)။

နိဗ္ဗာန်အလင်းကြီးပေါ်လာတယ်

ဒီမှာလည်း နည်းယူတော့ လုပ်ပါများလာတော့ အဝိဇ္ဇာ ကလည်းပါး၊ တဏှာအစေးကလည်း ခန်းခြောက်လာတယ်၊ နိဗ္ဗာန်တည်းဟူသော အလင်းကြီးကလည်း ပေါ်လာတယ်။

အဲဒီတော့ ကျုပ်တို့သည်ကားလို့ဆိုရင် အဝိဇ္ဇာဥခွံထဲက မနေတော့ပါဘူးဟယ်ဆိုတဲ့၊ မဂ္ဂဿ နိယျာနဋ္ဌော။ ထွက်မြောက်ကြောင်း ဖြစ်လာမယ်၊ မဂ္ဂသစ္စာဆိုတဲ့ မဂ္ဂင်က (မှန်ပါ့)။ ထွက်ပါတော့ မလေ ဆိုပြီး နိဗ္ဗာန်ထွက်တော့တာပဲ ဟုတ်ပလား။

အဲဒီတော့ ဒကာ ဒကာမတို့ တို့ဘာဖြစ်နေပါလိမ့် မညည်းနဲ့၊ အဝိဇ္ဇာ ဥခွံကြီးကလည်း ထူသေးတယ်၊ တဏှာ အစေးလည်း များလွန်းသေးတယ်၊ ခြောက်ကို မခြောက်သေးဘူး၊ ပုပ်များ နေလား မပြောတတ်ပါဘူး၊ ခြောက်ပလား (မခြောက်သေးပါ ဘုရား)။

အဲဒီတော့ အဝိဇ္ဇာဥခွံကြီးကလည်း ထူတုန်း၊ တဏှာ အစေးကလည်း မခြောက်နိုင်ဘဲနဲ့၊ ကြဲကြဲကြီး နေတုန်း၊ အဲဒါတွေ ကြက်ဥနဲ့တူတဲ့ ၊ ကိုင်း (၃၁)ဘုံကြီးဟာ တစ်ခါတည်း၊ ထုထူနေတော့ နိဗ္ဗာန်တည်းဟူသော အလင်းဓာတ်ကြီးဟာ ဒီအထဲ ဝင်နိုင်ပါ့မလား (မဝင်နိုင်ပါ ဘုရား)။

ထွက်မြောက်ချင်တဲ့သဘောမလာဘူး

အဲ- မဝင်နိုင်သေးတော့ အလင်းမမြင်၊ အလင်းမမြင်တဲ့ အခါကျတော့ ကန်ချင် ကျောက်ချင်တယ် ဆိုတဲ့သဘော၊ ထွက် မြောက်ချင်တယ်ဆိုတဲ့ သဘောလာပါအုံးမလား (မလာပါ ဘုရား)။

အေး ဒါကြောင့် ဆုတောင်း ထွက်မြောက်ချင် လောက်သာဖြစ်နေသေးတယ်၊ တကယ် ပြေးလောက်အောင် ထွက် မြောက်ချင်တာက မလာသေးပါ (မလာသေးပါ ဘုရား)။

မလာသေးတော့ ဒကာ ဒကာမတွေ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊ ဝိဇ္ဇာဥခွံကြီးကလည်း ဘာဖြစ်နေလဲ (ထူ နေပါတယ် ဘုရား)၊ တဏှာ အစေးကြီးကကော (မခြောက် သေးပါ ဘုရား)၊ များနေတယ်၊ ပြင်ဘက်က အလင်းကြီးလည်း မြင်ကို မမြင်ရဘူး (မှန်ပါ့)။

မှောင်နေတယ်၊ ပိတ်နေတယ်၊ အဲဒီတော့ ဖောက်ချင် တဲ့စိတ်ကလေးဆိုတဲ့ မဂ်ဉာဏ် ကလေးက လာဖို့ရာ၊ အလင်းမှ မမြင်ရဘဲနဲ့ လာပါ့မလား (မလာပါ ဘုရား)။

အားတော့မလျှော့နဲ့

မလျှော့နဲ့ ဒကာ ဒကာမတွေ၊ အားတော့မလျှော့နဲ့ ဘုန်းကြီးပြောတဲ့ အတိုင်း ကြက်သုံးဉာဏ်နဲ့ အလုပ်လုပ်ရင် ကြက်ငယ်ကလေးတွေ ပေါက်ရသလို။ ခင်ဗျားတို့ သေသေချာချာ သာ ကြိုးစားလို့ ရှိရင်ဖြင့် ကြိုးစားတဲ့အချိန်မှာပဲ၊ ဝိဇ္ဇာ မဖြစ်ပေ ဘူးလား (ဖြစ်ပါတယ် ဘုရား)။

တဏှာအစေးတွေကလည်း ခြောက်လို့ မဂ္ဂသစ္စာဖြစ် လာတော့ ဒကာ ဒကာမတွေ နေရာကျ ပလား (ကျပါပြီ ဘုရား)။

မဂ်ဉာဏ်ဆိုတာ ဒကာ ဒကာမတို့လုပ်မှရမယ်ဆိုတာ သေသေချာချာ ကွင်းကွင်းကွက်ကွက် ပေါ်တယ်။

ဘုန်းကြီးက အရင်တုန်းက ဒကာ ဒကာမတွေ လုပ်ကြပါ လုပ်ကြပါ၊ ဆုတောင်း မနေနဲ့ဆိုတာ ဒကာ ဒကာမတွေက ပြော ကြတယ်၊ ရှေးလူကြီးတွေလည်း ဆုတောင်းတာပဲ၊ အခုတော့ ဆုတောင်း မရဘူးတဲ့ ဘုန်းကြီး လက်ထက်ကျမှ ခက်ရချည့်ရဲ့။

အခုတော့ ဘုရား ကိုယ်တော်တိုင်က ပြောပြီ၊ ဒကာ ဒကာမတို့သိရုံနဲ့ မရောက်သေးဘူး၊ ခုတော့ ပွားများမှ ရောက်မယ် ဆိုတဲ့ အဓိပ္ပါယ်ပါဠိတော်နဲ့တကွ မဟောသေးဘူးလား (ဟောပါတယ် ဘုရား)။

ဆရာ့ကျေးဇူးကြောင့် ဒီဉာဏ်ရတာ

အဲဒီကဲ့သို့ဟောတာကို ခင်ဗျားတို့ သေသေချာချာ ယုံ ကြည်ကြသဖြင့် ခင်ဗျားတို့သည်ကားလို့ ဆိုလို့ရှိရင်၊ ကြိုးစားပြီး အရကို လုပ်လိုက်စမ်းပါ။ ဒီလုပ်တတ်တဲ့ ဉာဏ်ကလေးကလည်း ဆရာသမား ကျေးဇူး၊ အာစရိယဂုဏာ အနန္တာ ကလေးကြောင့် ရတာနော် (မှန်လှပါ ဘုရား)၊ အမယ်လေး မလွယ်ဘူး မလွယ်ဘူး။

ခင်ဗျားတို့သန္တာန်မှာ ဝေဒနာရှုပါတယ် ဆိုတာတောင် ခင်ဗျားတို့က မလုပ်ဘူး၊ မလုပ်ပါဘူးဗျ၊ အခုတော့ သွားလျက် လာ လျက် နေတာပါပဲလို့ ပြောချင်ပြောနေတာ (ပြောကြ ပါတယ် ဘုရား)။

သွားလျက် လာလျက်ပါဘုရား၊ အရှင်ဘုရားက နိမိတ် မရှိတာ မသုံးစမ်းပါနဲ့၊ အမလေး ဘုန်းကြီးကို ရန်တွေ့လိုက်သေး တယ် (ရှေးကတော့ ဟုတ်တယ် ဘုရား)၊ ရှေးကတော့ ဟုတ်တယ်တဲ့၊ အခုတောင် တစ်ခါတလေကျ ငါကျန်းမာတုန်း သွားလိုက်အုံးမယ်က လာသေးတယ် (မှန်ပါ့)၊ အခုတောင် အခုတောင် ရှေးကမဟုတ်သေးဘူး (မှန်လှပါ ဘုရား)။

ဝေဒနာပေါ်အာရှိသေးရဲ့လား

အိမ်ကမမကြီးက မဟုတ်ပါဘူး ဒီနေ့တော့ မသွားပါနဲ့ နည်းနည်း နေကောင်းပါတယ်၊ ငါသွားလိုက်မယ်၊ အမလေး ကျန်းမာတုန်း သွားတဲ့နောက်ကို မကျန်းမာ ဘာမှပစ္စည်းဥစ္စာ ရတနာ ရှာလို့ဖြစ်မှာ မဟုတ်ဘူးဆိုတော့ ဝေဒနာပေါ်တာကို ရှိသေးရဲ့ လား (မရှိပါ ဘုရား)။

စက်ဘီးစီးပြီးပြေးတော့တာပဲ၊ ဟုတ်ဘူးလား၊ ခိုင်းတာ လေ၊ အဲဒီတော့ ဝေဒနာ ရှုနိုင်သေးရဲ့လား (မရှုနိုင်ပါ ဘုရား)။ အဲဒီတော့ ဝေဒနာရှိမှန်း သိသေးရဲ့လား (မသိပါဘူး ဘုရား)။

မသိတာက ကြည့်စမ်း၊ နေကောင်း ထိုင်သာရှိတုန်းက မသွားလိုက်ရင် ကွာတဲ့၊ နေမကောင်း ထိုင်မကောင်း ရှိတော့ ဘယ်နှယ်လုပ်မလဲ၊ ဒါတွေ အလုပ်တန်းလမ်း ဖြစ်ကုန်မှာပေါ့။ ဆိုတော့ ကျန်းမာလို့ သွားတဲ့အပြော မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ဆရာသမားနဲ့သာမတွေ့ရင်

ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီဆရာသမား နဲ့သာ မတွေ့မယ်ဆိုလို့ရှိရင်ဖြင့် ဝေဒနာတစ်ခုတည်းလည်း မသိ မထနိုင်တာ၊ ခေါင်းကိုက်တာ ဒုက္ခဝေဒနာ တစ်လုံးပဲသိတယ်။

ဒါတောင် ဒုက္ခဝေဒနာလို့ သိတာမဟုတ်ဘူး၊ ကြည့်စမ်း ပါလား နီနီလေးလို့ပြောတာ၊ အနာနီနေလို့ ပြောတာ၊ အနာပေါက်လို့နီလို့ လူမှာအနာ (မှန်ပါ့)။

ဒကာ ဒကာမတို့ တကယ့် အနာမြင်တာလား၊ ရုပ်မြင် တာလား (ရုပ်မြင်တာပါ ဘုရား)၊ အဲဒါ အနာလို့တောင် လက်ညှိုးထိုး ပြောနေတယ်၊ ကိုယ်က တကယ်ပဲ ဒီအနာကို မမြင် ပါဘူးလို့ ဆိုရင် အကန်းလားတောင် မေးချင်မေးနေဦးမယ် (မှန်ပါ ဘုရား)။

သူကတောင် ပြန်တရားစွဲဦး မလိုလို ကျနေတယ်၊ စင်စစ် တော့ ဒီအနာဟာ ခင်ဗျားတို့ မြင်နေရတာဖြင့် နာတာကလေး ကမှ ဝေဒနာမို့လား၊ အဲဒါ သူက နီနေတာလေး မမြင်ဘူးလား၊ နှင့် မျက်စိအကန်းလား၊ ဒီအနာပေါက်နေတာလေး ပြောနေ တယ်၊ ဒီလောက်တောင် ဖူးဖူးရောင်နေတာကို မမြင်ဘူးတဲ့။

အနာမဟုတ်ဘူး

အမလေး သူကတောင် ရန်တွေ့သေးတယ်၊ အနာ လည်းမဟုတ်ဘူး၊ သူပြောတာက၊ သူပြောတာက နီနီအစင်း ကြီးနဲ့ ဖူးဖူးရောင်နေတာကြီး၊ ပထဝီဓာတ်၊ ဝါယောဓာတ်တွေ လောင်နေတာကြီး ပြောတာ။

အဲဒါ အနာမမြင်ဘူးလားဆိုပြီး ကြည့်တဲ့ပုဂ္ဂိုလ် အကန်း လုပ်လိုက်သေးတယ်၊ ကန်းတာက ဘယ်သူက ကန်းတာတုံး (သူကကန်းတာပါ ဘုရား)၊ အနာပေါက်တဲ့ ပုဂ္ဂိုလ်က ကန်းတာ (မှန်ပါ့)။

သို့သော်လည်း အခုတော့ အကန်းအကန်းချင်း ဆိုတော့ နေရာတော့ကျပါပြီ၊ သူကလည်း အဲဒီ နီနီကြီးဟာ အနာပဲ၊ အေး ဟုတ်ပြီ၊ ဖြစ်မှဖြစ်ရပလေ ဒီအနာကြီး အတော်ကြီးပါလား၊ အကန်း အကန်းချင်း ဆိုတော့လည်း အမှန်မြင်ရာကျရဲ့လား (မကျပါ ဘုရား)၊

သူကလည်း အကန်းအမြင်၊ ဒီကလည်း အကန်း အမြင်၊ သူကလည်း လှည်းလမ်း တစ်ကြောင်းတွေ့၊ ကိုယ် ကလည်း လှည်းလမ်း တစ်ကြောင်းတွေ့၊ ဒါလှည်းလမ်းပဲ နှစ်ကြောင်းဟာ ကိုယ်မြင်တဲ့ အမှတ်သာ မပျောက်စေနဲ့၊ ဒါ လမ်းကောင်းပဲဆိုပြီး ဘယ်လောက်ကြာကြာ သွားမှာပဲ (မှန်ပါ့)။

ဒီလို ဖြစ်နေတာဗျ။ ဘယ်လောက်ဆိုးဝါးနေသလဲ ဒကာ ဒကာမတို့။

ဝေဒနာပေါ်မှာ ဉာဏ်နဲ့ဝပ်

အဲဒါကြောင့် ဒကာ ဒကာမတို့ အခု ဆရာသမားနဲ့တွေ့ လို့ ဝေဒနာပေါ်မှာ ဉာဏ်နဲ့ ဝပ်မှရမယ်၊ ရှေ့ဆက် လိုက်လို့ရှိရင် ဘယ်နည်းနဲ့မှ ဒီဉာဏ်သည်ကားလို့ဆိုလို့ရှိရင် ဒုက္ခသစ္စာပဲ၊ ဒီဝေဒနာသည် ဒုက္ခသစ္စာ မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား)။

သူ့ကို ဒုက္ခသစ္စာ မမြင်လို့ရှိရင် အဝိဇ္ဇာဥခွံကြီးထူလို့ ဖြစ်မှာပဲ၊ တဏှာအစေးဟာ ခန်းခြောက်စရာ အကြောင်း (မမြင်ပါ ဘုရား)၊ အဝိဇ္ဇာဥခွံထူသလောက် နိဗ္ဗာန်တည်းဟူသော အလင်းဓာတ်က ပေါ်နိုင်သေးရဲ့ လား (မပေါ်နိုင်ပါဘူး ဘုရား)။

အဲဒီတော့ ထွက်မြောက်ချင်တဲ့၊ ကြက်ကလေး ထွက် မြောက်ချင်တဲ့စိတ် ဘယ်နည်းနဲ့မှ အလင်းမမြင်တော့ မပေါ်သလို၊ ဒကာ၊ ဒကာမတွေလည်း နိဗ္ဗာန်တည်း ဟူသော အလင်းကို အဝိဇ္ဇာ ချေးထူနေလို့ အမြင်ကျဉ်းနဲ့ သာမြင်တာ၊ ဘယ်မှာ သာလျင်ထွက်မြောက်ချင်တဲ့စိတ်သည် ပေါ်နိုင် ပါ့မလဲ (မပေါ်နိုင်ပါ ဘုရား)။

ဉာဏ်နဲ့ရနေပါ

ဒါကြောင့် ဝေဒနာတွေနဲ့ ဖောက်ပြန်တလဲလဲ ဝေဒနာ တည်းဟူသော တရားပေါ်၌ ဉာဏ်တည်းဟူသော တရားသည် အမြဲတမ်းပို့ပေးပါ (မှန်လှပါ ဘုရား)၊ ရှုပေးပါဆိုတာပါပဲ (တင်ပါ့)၊ ရှုပေးပါတယ်တဲ့၊ ရှုပေးပါ၊ ရှုပေးပါ။

မရှုရင်မဖြစ်ပါဘူး၊ ရှုမှသာလျှင်ဖြစ်နိုင်တယ်။ အဲဒီတော့ ရှုနေပါလို့ ဘုန်းကြီးကပြောပါတယ်၊ ဒကာ ဒကာမတို့။

ခင်ဗျားတို့က အခုဆို ယခု ရှုရမှာလားဆိုတော့၊ သူကိုယ် တိုင်က ရှုပါလို့ခိုင်းတယ်၊ သူ့ကိုယ်၌က ရှုပါလို့ခိုင်းတယ် ဒကာ စိန် (တင်ပါ့)။

သူက ရှုပါလို့ခိုင်းတယ်၊ ဧဟိပဿိကော၊ ဧဟိ-လာခဲ့။ ပဿ-ရှုစမ်းပါလို့ ဝေဒနာက မခေါ်ဘူးလား (ခေါ်ပါတယ် ဘုရား)။

ခင်ဗျားတို့က မကြားချင်ယောင် ဆောင်နေတာက ခက် တယ်၊ ခင်ဗျားတို့က မကြားချင် ယောင်ဆောင် နေတာက ခက် တယ်၊ တရားဂုဏ်တော်ခြောက်ပါးထဲမှာ ဧဟိပဿိကောလို့ မလာဘူးလား (လာပါတယ် ဘုရား)။

လာပြီးရှုစမ်းပါ

ဧဟိက မြန်မာလိုပြန်တော့ လာခဲ့၊ ပဿ- ရှုပါ၊ ဝေဒနာ က လာပြီးရှုစမ်းပါ (တင်ပါ ဘုရား)၊ ကျုပ်ဟာ ဖြစ်ပျက်ပါပဲလို့ ပြောချင်လွန်းလို့၊ ခင်ဗျားတို့ကို ခင်စရာ၊ မင်စရာ၊ ကျင်နာစရာ၊ သူ့အပေါ်မှာ တစ်ကွက်မှမရှိပါဘူး လာကြည့်စမ်းပါလို့တော့ ပြောသားဗျ (ပြောပါတယ် ဘုရား)။

ပြောပေမယ့် တစ်ခါတလေကျတော့ ခင်ဗျားတို့က သွား တော့ သွားသားဗျ။ သွားပေမယ့် လည်း သူက ဖြစ်ပြီးပျက်တာကို မမြင်ဘူး၊ ခင်ဗျားတို့ကလည်း ဒီလိုချမ်းသာလို့ရှိရင်ဖြင့် နိဗ္ဗာန် တောင် မလိုချင်ဘူးတဲ့။

ပြမယူ၊ မပြတာယူတယ်

ခင်ဗျားတို့က ချမ်းသာလည်း ထင်လိုက်သေးတယ်၊ ဖြစ် ပျက်မြင်ခဲ့ရဲ့ လား (မမြင်ခဲ့ပါဘူး ဘုရား)၊ အဲဒီလို ခင်ဗျားတို့ ကလည်း တကယ်ပြတာ မယူဘဲနဲ့၊ မပြတာမြင်ပြီးယူကြတော့၊ ဒကာ ဒကာမတွေ ဘယ်မှာသာလျှင် ထွက်ရာလမ်း ပေါက်နိုင် ပါ့မလဲ (မပေါက်နိုင်ပါ ဘုရား)။

ကိုင်း- ဒီနေ့ကစပြီး သကာလ ဘုန်းကြီးတို့ ဒကာ ဒကာမ တွေ ဧဟိပဿိကောနဲ့ အလုပ် လုပ်စမ်းပါ (တင်ပါ့ ဘုရား)၊ ဧဟိ-လာခဲ့၊ ပဿ-ရှုပါလို့ ဝေဒနာက ခေါ်တယ် (မှန်ပါ့)။

သုခဝေဒနာလေးရောက်လာတယ်၊ ဖြစ်ပြီးပျက်ပါတယ် ဆိုတာ သူ မပြောဘူးလား (ပြောပါတယ်)၊ အဲဒါ သူကခေါ်ပြောတာပဲ ခင်ဗျားတို့ နာမ်ကလေးက သူခေါ်တဲ့ဆီ လိုက်ရုံပဲ (တင်ပါ့) ဟုတ်ပလား။

ဉာဏ်ကလိုက်ပါ

ဒုက္ခဝေဒနာလေးကလည်း ဖြစ်ပြီးပျက်ပါပြီလို့ သူက မပြောဘူးလား (ပြောပါတယ်)၊ သူပြောတော့ ဒီဉာဏ် ကလေးက လိုက်လိုက်ကြပါ (မှန်ပါ့)။

နာမ်ကလေးက လိုက်လိုက်သွားတော့ ဥပေက္ခာဝေဒနာ ကလေးကလည်း ဖြစ်ပြီး ပျက်တာပါပဲလို့ မပြောဘူးလား (ပြောပါတယ် ဘုရား)။

အဲဒီတော့ ဉာဏ်ကလေးက လိုက်တာပါ၊ ဧဟိပဿိ ကော ဆိုတဲ့အတိုင်း လာပါ ရှုပါလို့ ခေါ်နေတာ ခင်ဗျားတို့က ဆူပူမနေနဲ့ (မနေပါဘူး ဘုရား)၊ ဖွဲ့နွဲ့ပြီး မနေလိုက်ပါနဲ့၊ ဆင်ခြေလဲ မနေလိုက်ပါနဲ့၊ ဟုတ်ပလား။

ဒကာစိန်တို့က ဆင်ခြေ သိပ်များတယ်၊ ဒီနေ့ မအားလို့ တဲ့ ဒကာစိန်ကလေး၊ ဒီနေ့ မအားလို့တဲ့ဗျ (တပည့်တော် မလဲပါဘူး ဘုရား)၊ မဟုတ်ဘူး လုပ်ချင် သလိုလုပ် ဝိပဿနာ ပေးမယ်။

မအားတဲ့နေရာက ဝိပဿနာပေးရမယ်၊ ဒကာ ဒကာမ တို့ မအားတာသည်ကားလို့ ဆိုလို့ရှိရင်၊ ဆိတ်ဆိတ်နေတယ်၊ အလုပ် လုပ်နေတယ်။

မအားတော့ ဘယ်ဝေဒနာရှုရမလဲ

အဲဒီတော့ ဆိတ်ဆိတ်နေတယ်ဆိုတာ ဒုက္ခဝေဒနာရှု၊ မအားတာ ဒုက္ခဝေဒနာ (မှန်ပါ့)၊ မအားတာ ဘယ်ဝေဒနာ ရှုရမလဲ (ဒုက္ခဝေဒနာ ရှုရမှာပါ ဘုရား)၊ အမလေး မအားလို့ ဆိုပြီဗျာ၊ ဝိပဿနာ မရှုဘဲ မနေလိုက်ပါနဲ့၊ မအားတာ ဝေဒနာ ပေါ်တာ (မှန်လှပါ ဘုရား)။

မအားတာ ဘာဝေဒနာပေါ်တုံး (ဒုက္ခဝေဒနာပါ ဘုရား)၊ ရှုပါလား ဒကာ ဒကာမတို့တွေ မအားတော့ (မှန်ပါ့)၊ ရှုပေး ရှုပေး။ မအားတာ ဘာဝေဒနာပေါ်တုံး (ဒုက္ခဝေဒနာ ပေါ်တာပါ ဘုရား)။

မအားတာ ဘယ်သူပါလိမ့်ဆိုလို့ရှိရင်ဖြင့် ဒုက္ခဝေဒနာ မို့ အင်း-မအားတာပဲ၊ ဖြစ်ပြီးပျက်တာ ရှုမငဲ့ဆိုပြီး ရှုလိုက်လို့ ရှိရင်ဖြင့် မအားတာနဲ့ပဲ ခင်ဗျားတို့ ဝိပဿနာမဂ်ဉာဏ် ရတာပဲ (မှန်လှပါ ဘုရား)။

ဒကာစိန်ရေ (မှန်ပါ့)၊ မအားတာ မရှုတတ်လို့ပေါ့။ ရှုတတ်တော့ အင်မတန် ကျေးဇူးများတယ်၊ ကိုင်း- ဒကာစိန်ရ၊ ဒကာစိန်ကိုပဲ ဟောရမှာပေါ့ဗျာ (တင်ပါ့)။

ခေါင်းကိုက်နေလို့ မရှုနိုင်ဘူး

အဲဒီတော့ ဒကာစိန်ရေ ဒီနေ့တော့ဖြင့် ခေါင်းကိုက် နေ လို့ မရှုနိုင်ဘူး၊ အမလေး ဒကာ ဒကာမတို့၊ ခေါင်းကိုက်တာ ဘာဝေဒနာတုံး (ဒုက္ခဝေဒနာပါ ဘုရား)။

သူက လာရှုပါ ခေါင်းကိုက်နေပါတယ်လို့ မပြောဘူး လား (ပြောပါတယ် ဘုရား)၊ ဒုက္ခဝေဒနာမို့ သူ့ဖြစ်ပျက်နေပါ တယ်လို့ မပြောဘူးလား (ပြောပါတယ် ဘုရား)၊ အဲတော့ ခေါင်းကိုက်နေလို့ တရား မရှုနိုင်ဘူး ဆိုတော့၊ တရားပြလို့ မရှုနိုင် ဘူးလို့ ဆိုချင်ဆိုပါဗျာ၊ ဟုတ်ပလား၊ ခေါင်းကိုက်နေလို့ တရား မရှုနိုင်ဘူးလို့တော့ မသုံးပါနဲ့ (မသုံးပါဘူး ဘုရား)။

မသုံးဘဲနဲ့ အိပ်နေရင်တော့ မကောင်းဘူးဗျ၊ မဟုတ်ဘူး လား၊ အလကားသက်သက် အိပ်နေရင်ကော မကောင်းဘူးဗျ (မှန်ပါ့) မသုံးနဲ့ မသုံးနဲ့ အိပ်နေလိုက်ဦးမယ် ခေါင်းကိုက်ကလေး သက်သာအောင် (တင်ပါ့)။

လူတွေက တကယ်ပဲ ဖြစ်တတ်တယ်၊ အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ၊ ခေါင်းကိုက် နေတာနဲ့ ဒီ သူတော်ကောင်း အလုပ်တောင်မှ မရတဲ့ခရီး ဆိုရင်ဖြင့် ဒါ အရူးတစ်မျိုးပဲ (မှန်လှပါ ဘုရား)။

အရူးတစ်မျိုးပဲလို့ ဆုံးဖြတ်ချက်မချနိုင်ဘူးလား (ချနိုင်ပါတယ် ဘုရား)။

ခေါင်းကိုက်တာ ဘာဝေဒနာတုံး

ခေါင်းကိုက်တာ ဘာဝေဒနာတုံး (ဒုက္ခဝေဒနာပါ ဘုရား)၊ အဲ- ဒီဒုက္ခဝေဒနာ ကလေးဟာလည်း ဖြစ်ပြီးပျက်တယ် လို့ ဉာဏ်ကရှုနေမယ်ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတွေ ဝိပဿ နာမဂ်ဉာဏ် မရဘူးလား (ရပါတယ် ဘုရား)။

ဒါဖြင့် ခေါင်းကိုက်နေလို့ အလုပ်မလုပ်ပါဘူး ဆရာ ဘုန်းကြီး ဆုံးမထားတာလေးတွေ၊ ဒီနေ့ဖြင့် မလုပ်ဖြစ်ဘူး ဆိုလို့ ရှိရင်ဖြင့် ဪ- တရားရှိလို့မလုပ်ဖြစ်တာထင်ပါရဲ့၊ တရားက ခေါ်နေလွန်းလို့ ရှုပါ၊ ရှုပါလို့ ခေါ်နေလို့ သူ မသွားတာထင်ပါရဲ့၊ ဒီလို ဆုံးဖြတ်ချက် ချရမယ် (တင်ပါ)။

ဒကာစိန်တို့လို လူမျိုးတွေပေါ်ရောပေါ့ဗျာ၊ မပေါ်သေး ဘူးလား (ပေါ်ပါတယ် ဘုရား)၊ ကဲ- ဒကာစိန်ရေ ခေါင်းကိုက် စမ်းပါစေ ဒကာစိန်ရေ (ကိုက်စမ်းပါစေ ဘုရား တပည့်တော် ဝေဒနာမှန်းကို ရှုပါ့မယ် ဘုရား)၊ အေး- ကိုက်စမ်း ပါစေ နေရာ ကျသွားပြီ။

ခေါင်းကိုက်ရင် နိဗ္ဗာန်ရောက်မယ်

ကိုက်စမ်းပါစေ၊ ကိုက်ရင် နိဗ္ဗာန်ရောက်မယ်၊ မသေချာ သေးဘူးလား (သေချာပါတယ် ဘုရား)၊ ကိုက်ရင် ဒကာစိန် ရ၊ ကိုက်တဲ့နေရာကို ဖြစ်ပျက်ရှုမယ်လေ၊ ဖြစ်ပျက်ရှုတဲ့အလုပ်မှာ ဖြစ်ပျက်က ဒုက္ခသစ္စာဖြစ်၊ ရှုတဲ့ဉာဏ်က မဂ္ဂသစ္စာ(မှန်ပါ့)၊ ဖြစ်တော့ အမယ် ဝေဒနာက ဝေဒနာတို့၏ ချုပ်ရာတောင် ရောက်သွားလိမ့်မယ်။

ဒီဝေဒနာကြီးရဲ့ ဒုက္ခသစ္စာမြင်၊ ဒုက္ခသစ္စာမြင်တော့၊ ဒကာ ဒကာမတွေ ဉာဏ်က မဂ္ဂသစ္စာဖြစ်၊ အဲဒီတော့ ခေါင်းကိုက် ပျောက်သုဉ်းငြိမ်းရာ နိဗ္ဗာန်ကို ဒီဉာဏ်က မပို့ပေဘူးလား၊ ဒါဖြင့် ဒကာ ဒကာမတို့ ခေါင်းကိုက်ပျောက်ဆေး ကြပ်ကြပ်ရှုပေး၊

ဆရာဝန် မခေါ်နဲ့ (မှန်လှပါ ဘုရား)၊ ဟုတ်ပလား။

ခေါင်းကိုက်ပျောက်ဆေး ဘယ်နှယ်လုပ်ရမှာတုံး (မဂ်နဲ့ရှုပေးရမှာ ဘုရား)၊ မဂ်နဲ့ ရှုပေး (မှန်ပါ့)။

လေနာတယ်

ကိုင်း ဒကာ ဒကာမတို့ လေနာတယ်၊ လေက နာ တာလား၊ ဒုက္ခဝေဒနာက နာတာလား (ဒုက္ခဝေဒနာက နာတာပါ ဘုရား)၊ အဲ ဒုက္ခဝေဒနာက နာတာ၊ ဒုက္ခဝေဒနာက နာတာကို ဒကာ ဒကာမ တွေက လေနာလွန်းလို့ နှိပ်ပေးစမ်းပါ။

အမယ် ဘယ်နှိပ်ရမှာတုံး၊ ဒုက္ခဝေဒနာ ပေါ်နှိပ်ရမှာလား၊ လေကို နှိပ်ရမှာလား၊ ပြောပဲ မပြောတတ်ပါဘူး၊ သူကပြောနေ တာကိုဗျ၊ လေက ပြောနေတယ် ဒကာ ဒကာမတို့၊ လေကပြော နေတယ် သဘောကျပလား (ကျပါပြီ ဘုရား)။

ဒုက္ခဝေဒနာကနာတာ

ဘယ်လေမှ နှိပ်နေနဲ့ အပိုပဲ၊ လေနာတာက ဘယ်သူက နာတာတုံး၊ (ဒုက္ခဝေဒနာက နာတာပါ ဘုရား) ဒုက္ခဝေဒနာက နာတာ၊ အဲဒီဒုက္ခ ဝေဒနာကို နှိပ်လို့ကော ပျောက်မှာလား (မပျောက်ပါ ဘုရား)။

ကိုင်း ဒုက္ခဝေဒနာကို ပျောက်ချင်လို့ရှိရင် သူ့ကို ဖြစ်ပျက် ရှုပေး၊ (မှန်ပါ့) ဟုတ်ပလား၊ သူ့ကိုဖြစ်ပျက် ရှုပေးတော့ သူက ဒုက္ခသစ္စာ၊ တစ်ခါတည်း ဖြစ်ပြီးပျက်သွားတော့ ဒုက္ခဝေဒနာလေး ရှိသေးရဲ့လား (မရှိပါ ဘုရား) အဲဒီတင် အနာပျောက်ပြီ။

ဒီဖြစ်ပျက်လို့ ပြောရင်လည်း၊ ဒုက္ခဝေဒနာ သတ္တဝါကို နှိပ်စက်နိုင်သေးရဲ့ လား၊ (မနှိပ်စက်နိုင်ပါ ဘုရား) ဒါကြောင့် ပျောက်သွားပြီဗျ။ အဲဒီကဲ့သို့ ဉာဏ်လေးနဲ့ ရှုနေတဲ့အခါကျတော့၊ ဒုက္ခဝေဒနာ လေးဟာ ပြတ်ပြတ် ထွက်မသွားဘူးလား (သွားပါ တယ် ဘုရား)။

မဂ္ဂသစ္စာမြင်တယ်

အေး – ဒုက္ခဝေဒနာလေးဟာ ပြတ်ပြတ်ထွက်သွားတော့၊ ခေါင်းကိုက်ပျောက်ပြီ၊ လေနာ ပျောက်ပြီ၊ မဆိုနိုင်ဘူးလား၊ (ဆိုနိုင်ပါတယ် ဘုရား) အဲဒါ ယခုရှိသေးတာ ပျောက်သေးတယ်၊ (မှန်လှပါ) သူ့ဒုက္ခသစ္စာ မြင်လိုက်တဲ့အတွက် ဒုက္ခဝေဒနာလေး ဒုက္ခသစ္စာမြင်လိုက်တဲ့ အတွက် မဂ္ဂသစ္စာကလည်း၊ ဒကာ ဒကာမတို့ အဝိဇ္ဇာဥခွံကြီးမှ ဖောက်ထွင်းပြီး သကာလ နိဗ္ဗာန်တည်း ဟူသော အလင်းဓါတ်ထဲ ပြေးမိသေးတယ်။

ပြေးလိုက်တော့ ဒီဒုက္ခသစ္စာကြီးနဲ့ လွတ်ကျွတ်မသွား ဘူးလား (သွားပါတယ် ဘုရား)၊ အဲဒီကဲ့သို့ လွတ်ကျွတ်သွား တာသည် ဒကာ ဒကာမတို့ ကျင့်တဲ့ပုဂ္ဂိုလ်မှ လွတ်ကျွတ်တယ်၊ မကျင့်တဲ့ ပုဂ္ဂိုလ် (မလွတ်ကျွတ်ပါ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ မဂ္ဂဿ နိယျာနဋ္ဌော။

မဂ္ဂဿ – ရှုသောမဂ်ဉာဏ်၏ နိယျာနဋ္ဌော -ဒုက္ခဝဋ်မှ ကျွတ်လွတ် ထွက်မြောက်ကြောင်း ဖြစ်သော အနက်သဘောသည် လည်းကောင်း (မှန်ပါ)။ သဘောကျပလား (ကျပါပြီ)

ကျွတ်လွတ ်ထွက်မြောက် ကြောင်းဖြစ်သော ဆိုတဲ့ ဥစ္စာသည်၊ သူ့လွတ်မြောက်မှုကို ဒကာ ဒကာမတို့ရှုတဲ့ ဉာဏ်ကလေးက ကျေးဇူး ပြုလိုက်တော့မယ် ဆိုတာ သေသေချာချာမှတ်ပါ။

ကြပ်ကြပ်ပွားများပါ

ဒါဖြင့် ကြပ်ကြပ်ပွားများပြီး သကာလ ၊ ကြပ်ကြပ်ရှုပေးပြီး ဘုန်းကြီးတို့ ဒကာ ဒကာမမှာ အဝိဇ္ဇာထုကြီးက ပါးလေလေ၊ တဏှာအစေးက ခန်းခြောက်လေလေ၊ နိဗ္ဗာန်အလင်းဓာတ်ကြီး က လင်းလေလေ၊ မဂ်ဉာဏ်လေးကလည်း၊ တစ်ခါတည်း မြင်လေ လေ၊ (မှန်လှပါ ဘုရား)။

အဝိဇ္ဇာထုမရှိတော့ သူကလာပြီး၊ သူ့ချည့်ပဲပေါ် ရတာ ပေါ့ဗျ (တင်ပါ့ ဘုရား) အဲဒီကဲ့သို့ မြင်လာလေလေ၊ ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

ပန်းတိမ်သည်ကလေး

အေး ဒါကြောင့် မြတ်စွာဘုရားသခင် ကိုယ်တော်မြတ် ကြီးသည် ဟိုပန်းတိမ်သည်လေး ဟောတဲ့ဝတ္ထုကြည့်ပါ၊ ပန်းတိမ် သည်ကလေးသည် ကားလို့ဆိုလို့ရှိရင်၊ ရှင်သာရိပုတ္တရာက တရား ပေးတယ်၊ အသုဘတွေချည်း ပေးနေတယ် (မှန်လှပါ)။

ဝါတွင်းသုံးလရှိပြီ တရားမရဘူး၊ ရှင်သာရိပုတ္တရာက ပါးတယ်ပါးတယ်နဲ့ ဒီကိုယ်တော်နဲ့ ကျတော့ အချော်ကြီး ချော်သွားတာပေါ့ဗျာ (မှန်ပါ့)။

ဟိုကိုယ်တော်ကပန်းတိမ်သည် ဘဝကလာတယ်ဆို တော့ အလှကြိုက်တယ်၊ သူက အသုဘ ကမ္မဋ္ဌာန်းပေးထားတော့ ဟိုကိုယ်တော်က စက်ဆုတ်ပြီး၊ ဒေါသချည်းဖြစ်နေတာကိုး (မှန်ပါ့)။

တရားတွေ အားထုတ်လို့မရဘူး၊ ဟုတ်ပလား၊ အဲဒီကဲ့ သို့ ပန်းတိမ်သည်ဘဝချည်း ငါးရာတောင် ပန်းတိမ်သည်ချည်း လုပ်ခဲ့တာပဲ၊ ကိုယ်တော်မြတ်ကြီးကလည်း စရိုက်ကို ချိန်ကြည့် မနေဘူး (တင်ပါ ဘုရား)။

အသုဘကမ္မဋ္ဌာန်းပေးတယ်

ကွာ အသုဘကမ္မဋ္ဌာန်းသာ စီးမြန်းစမ်းပါကွာတဲ့၊ ဝါတွင်းသုံးလပြည့်တယ်၊ ပထမလ ဘယ့်နှယ်နေသတုံး။ ဘယ့်နှယ်မနေဘူးဘုရား (မှန်ပါ)။

ဒုတိယလ သွားမေးတယ် ဘယ့်နှယ်နေသတုံး ဘယ့်နှယ်မနေဘူးဘုရား၊ တတိယလ သီတင်းကျွတ် သွား မေးတယ် မင်းဘယ့်နှယ်နေသတုံး ဘယ့်နှယ် မနေဘူးဘုရား၊ အင်း မင်းခက်ပါ့ကွာ၊ ဆိုပြီး ကိုယ်တော်ကြီးတောင် စိတ်ပျက် လာတယ် (မှန်ပါ့ ဘုရား)။

မင်းငါချွတ်လို့ရမယ့်ကောင် မဟုတ်ပါဘူး၊ ဘုရားထံပို့မှပဲ၊ (မှန်ပါ့)၊ ဘုရားထံမပို့ဘူးလားဗျာ (ပို့ပါတယ် ဘုရား)၊ ပို့တဲ့ အခါကျတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးကသိတယ်။

အင်း ရှင်သာရိပုတ္တရာတော့ ချော်နေပြီ (တင်ပါ့)၊ ဘယ့်နှယ်ပန်းထိမ်သည် ဘဝကချည်း လာတာ အင်မ တန် အလှအပကြိုက်နေတာ (မှန်လှပါ ဘုရား)၊ အလှအပ ကြိုက်နေတာ အသုဘ ကမ္မဋ္ဌာန်း မတင့်တယ်တာကြီးပေးတော့ သုစရိုက်နဲ့ တော်သေးရဲ့လား (မတော်ပါ ဘုရား)။

တရားအားထုတ်လိုက်၊ အော်ဂလီ ဆန်လိုက် ဖြစ် နေတယ်၊ ရပါဦးမလား (မရပါဘူး ဘုရား)၊ အဲဒီလိုဖြစ်နေ တယ်၊ ဒကာ၊ ဒကာမတွေရ (မှန်ပါ့)။

အေးဒါကြောင့် ဒကာ၊ ဒကာမတို့ တရားအားထုတ် လို့ရှိရင်လည်း အော်ဂလီဆန်တဲ့ တရားကလည်း ရှိသေးတယ် (ရှိမှာပါ ဘုရား)၊ ရှိတယ်၊ ရှိနေတယ်၊ သေချာမှတ် ခင်ဗျား တို့ (မှတ်မိပါပြီ ဘုရား)။

အဲဒါက သမထစခန်း၊ ဝိပဿနာ စခန်းကတော့ ဒကာ ဒကာတို့၊ ကိုယ်က မရွေးရဘူး၊ ဖြစ်ပျက်သာ မြင်အောင်ကြည့်ဆိုတော့ ဟုတ်လား၊ ဘယ်ပုဂ္ဂိုလ် မဆိုမြင်အောင် ကြည့်မှပဲဖြစ်မယ် (တင်ပါ့) ဘယ်ပုဂ္ဂိုလ်မဆို ဖြစ်ပျက် မြင်အောင်ကြည့် ရမှာပဲ။

ဘုရားထံခေါ်သွားတယ်

ဖြစ်ပျက်မြင်အောင်ကြည့်လို့ရှိရင် ဝိပဿနာအလုပ်ဟာ အထမြောက်တာပါပဲ (မှန်ပါ့)၊ အဲဒီမှာ အသုဘကမ္မဋ္ဌာန်းဆို တာ သမထကိုးဗျ။ ဒါထက် ရှင်သာရိပုတ္တရာက မင်းအားမရပါဘူး ကွာ ဘုရားဆီ လိုက်ခဲ့၊ ငါချွတ်လို့မရပါဘူး၊ ဘုရားချွတ်မှရမည့် ပုဂ္ဂိုလ်နဲ့တူပါတယ်။

ချော်လာလို့ခေါ်လာပြီ

ဟိုမှာ ဘုရားကတော့သိနေပြီ၊ ရှင်သာရိပုတ္တရာချော်လာ လို့ သူ့တပည့် ခေါ်လာပြီ ဆိုတာ သိနှင့်ပြီ၊ ဒါနဲ့ကိုယ်တော်ကြီးက အပြစ်လည်း မတင်ချင်ပါဘူး၊ ရှင်သာရိပုတ္တရာကို အပြစ်တင်ပြန် လည်း သူ့ကျေးဇူးရှင်ဟောင်း အပြစ်တင်လို့ တော်ပါ့မလား (မတော်ပါဘူး ဘုရား)။

ဒကာစိန်ရေ ဒကာစိန်တို့များ ကျုပ်ကမလုပ်လို့များ တော့အပြစ်တင်လိမ့်မယ် မအောက်မေ့နဲ့။

အဲဒီကဲ့သို့ အပြစ်မတင်ဘဲနဲ့ သာရိပုတ္တရာ မင်းဘယ့်နှယ် တုံး၊ ဒီကိုယ်တော်ကလေး ဒီလို၊ ဒီလိုဖြစ်နေတာ၊ ဝါတွင်းသုံးလ ပါတ်လုံး အသုဘ ကမ္မဋ္ဌာန်းပေးတာ၊ ဘာမှ ကျေးဇူးမများဘူးတဲ့ သူ့ကို ဘယ်အချိန်သွားမေးမေး၊ ဘာမှ ခရီးမရောက်သေးပါဘူး ပြောတယ်။

ရှင်သာရိပုတ္တရာကိုညနေလာခိုင်းတယ်

အဲဒါကြောင့် တပည့်တော်ဖြင့် မရဘူး၊ အရှင်ဘုရား ဆီပဲ အပ်ပါတယ်ဘုရားဆိုတော့ အေးအေး မင်းညနေလာခဲ့ တော့ပေါ့ကွာဆိုတော့၊ ကိုယ်တော်ကြီးက အပြစ်မတင်တော့ဘူး၊ သူ စရိုက်မှား နေပြီဆိုတာသိတယ် (မှန်လှပါ ဘုရား)။

ဒါနဲ့ဒီကိုယ်တော်လေးကို၊ ဟေ့ ကိုယ်ရင်လေး၊ မင်းသည် ကားလို့ဆိုရင် ဟိုအနားသဲပုံတစ်ပုံ ရှိတယ်ကွာ၊ အဲဒီသဲပုံပေါ်မှာ ထိုင်နေကွလို့ ဆိုလိုက်တယ်။

ပဒုမ္မာကြာဖူးကြီး

ဘုရားသခင်ကိုယ်တော်မြတ်ကြီးက တန်ခိုးအားဖြင့် ကြာဖူးကြီး ပဒုမ္မာကြာဖူးကြီး သွားစိုက် လိုက်တယ်၊ တန်ခိုးနဲ့သွား စိုက်လိုက်တယ်။

စိုက်ထားလိုက်တော့ ပထမပဒုမ္မာကြာဖူးကြီးက အစ တော့ လတ်လတ်ဆတ်ဆတ် ဟုတ်လား၊ စွန့်စွန့်ကားကား၊ လှလည်းလှတယ်၊ တော်ကြာညနေပိုင်းကျတော့ တဖတ်ဖတ်နဲ့ ကြွေ (မှန်လှပါ)။

အင်း လှတာသည် ဒီအဖြေရှိတာပဲ ရှင်းနေတယ်၊ ဖြစ်မှုသည်ပျက်မှု ဆုံးတာပဲကိုး (တင်ပါ့)၊ လှတာ သည်ကား လို့ဆိုရင် လှပြီးတော့လည်း ပျက်တာပဲဆိုတာ မြင်အောင်လို့၊ သူက အလှကြိုက်ကိုးဗျ။

အလှကြိုက်ဆိုတာသည် အလှကို အရင်ပြင်မှ နောက် ပျက်တာလေးမြင်တော့မှ၊ အင်း မကြိုက်တော့ဘူး ဆိုတာ လာမှာ (မှန်ပါ့)။

အလှကြိုက်နေတဲ့ပုဂ္ဂိုလ်ကို အစောကြီးက အရုပ်ဆိုး၊ ထိုးပြလို့ ရှိရင်ဖြင့် ဖြစ်ပါဦးမလား (မဖြစ်ပါဘူး ဘုရား)၊ အဲဒီ နည်းပေးထားလို့ အော်ကြီးမျှော်နေတာဗျ၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ အေး အချော်ကြီး ချော်နေတယ်။

လှဆိုတာမလှလမ်းဆုံးတယ်

အဲဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဒီ ပဒုမ္မာကြာပွင့်ကြီးက အောက်ကြွေကျတာ တွေမြင်တော့၊ သူ့စိတ် ထဲမှာ ပျော် လှဆိုတာသည်ကားလို့ဆိုလို့ရှိရင် မလှလမ်းဆုံး တာပါလား (တင်ပါ့)။

ဖြစ်ပျက်ဆိုတာ ပျက်လမ်းဆုံးတာပါလား ဆိုတာ၊ တရား ကသွားတွေ့တယ်၊ ရိပ်မိကြပလား (ရိပ်မိပါပြီ) လှတာ ဒကာ၊ ဒကာမတို့ ဘယ်လမ်းဆုံးသလဲ (မလှမှာလမ်းဆုံးပါတယ် ဘုရား)၊ လှတာသည် မလှတာ လမ်းဆုံးတယ်၊ ဟုတ်ပလား ဖြစ်တာသည် ပျက်တာမှာ လမ်းဆုံးတယ်။

အဲဒီတော့ လှ၊ မလှနဲ့ ဖြစ်ပျက်နဲ့တော့ ကိုက်မနေဘူးလား (ကိုက်နေပါတယ် ဘုရား)။

ကျောင်းတော်ပေါ်ကတရားဟောလိုက်တယ်

အဲဒီတော့မှ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက၊ ကျောင်းပေါ်ကနေပြီး သကာလ ၊

‘‘ဥစ္ဆိန္ဒ သိနေဟ မတ္တနော ကုမုဒံ သာရဒိကံဝ၊

သန္တိမဂ္ဂမေဝ ဗြူဟယ၊ နိဗ္ဗာနံ သုဂတေန ဒေသိတံ။’’ (ဓမ္မပဒပါ၊54)

ဟောလိုက်တယ်၊ သာရဒိကံ – ရေကန်၌ ဖြစ်သော၊ ကုမုဒံ – ပဒုမ္မာကြာကို၊ ပါဏိနာ – လက်ဖြင့်၊ ဥစ္ဆိန္ဒဝိယ – ဖြတ်သ ကဲ့သို့ ပဒုမ္မာကြာပန်းလက်နဲ့ ဖြတ်လိုက်သလိုပေါ့ကွာ၊ အတ္တနော – မိမိ၏၊ သိနေဟံ – ခန္ဓာကိုယ်၌၊ ခန္ဓာကိုယ်ဝေဒနာ၌ဖြစ် ခြင်းကို၊ ဆိန္ဒ – ဖြတ်လိုက်ပါတော့။

နှစ်သက်တဲ့ ဝေဒနာကိုဖြတ်လိုက်ပါ

ခင်ဗျားတို့ ဝေဒနာလေးတယ်နှစ်သက်တယ်နော်၊ အဲဒါ လေးဖြတ်ပစ်လိုက်၊ (မှန်လှပါ ဘုရား)၊ ကောင်းကောင်းလေးနေ တော့လည်း ဒုက္ခသစ္စာမြင်အောင်ရှုလိုက်တော့ ဖြတ်ပြီးသား မကျဘူးလား (ကျပါတယ် ဘုရား)။

အေး ဒါကြောင့် ကျုပ်ပစ္စည်းအကောင်းလေး၊ ကျုပ်ပစ္စည်းအကောင်းလေး ဆိုပြီး သကာလ အကောင်းလေး ကြိုက်က ရှိသေးတယ်၊ ကျုပ်ကမကောင်းတာများဆိုရင် ဝတ်လည်း မဝတ်ချင်ဘူး၊ စားလည်းမစားချင်ဘူး၊ လှူလည်းမလှူ ချင်ဘူး၊ ဘုန်ကြီးတောင်မလွတ်ဘူး၊ ထည့်ပြောလိုက်သေးတယ်၊ (မှန်ပါ့)၊ ဆိုးဝါးလိုက်တဲ့ဖြစ်ခြင်း၊ ဟုတ်ပလား (တင်ပါ့)။

အဲ သုခဝေဒနာသည်ကားလို့ဆိုရင် ဒကာ ဒကာမ တို့သည် ကြိုက်လိုက်တဲ့ဖြစ်ခြင်းဟာ မပြောပါနဲ့တော့၊ ဘာဖြစ်လို့ ကြိုက်ပါလိမ့်၊ ဒုက္ခရောက်တာမသိလို့ (မသိလို့ပါ ဘုရား)။

ကြွေကျမှာသူမမြင်ဘူး

အဲ ပဒုမ္မာကြာပန်းကြီး၊ တင့်တင့်တယ်တယ် လန်း လန်းဆန်းဆန်းကြီး၊ သူမြင်တာကိုး၊ ကြွေကျမှာ သူမြင်ရဲ့လား (မမြင်ပါ ဘုရား)။

အဲဒါကြောင့် သုခဝေဒနာသည်ဒုက္ခလမ်းဆုံးတာ မသိပြီ ဆိုမှဖြင့်၊ သုခပြုတ်ကျလိမ့်မယ် ဆိုတာကော မပြောထိုက်ဖူးလား (ပြောထိုက်ပါတယ် ဘုရား)၊ ပြောလိုက်တယ်၊ ပြောထိုက်တယ်။

တဏှာကိုစွန့်လိုက်ပါ

အဲဒါနဲ့ ဒီရဟန်းလေးသည်ကားလို့ ဆိုလို့ဆိုလို့ရင်ဖြင့် ဘုရားက ကျောင်းတော်က၊ အာလောကနဲ့ ပွင့်တဲ့ပဒုမ္မာကြာပန်း ကို လက်နဲ့ ဆွဲလိုက်သကဲ့သို့၊ မင်းသန္တာန်မှာ မင်းကိုယ် ဝေဒနက္ခန္ဓာကြီး ခင်နေတဲ့ တဏှာကိုလည်း၊ စွန့်လိုက်ပါလား ကွတဲ့။

သန္တိမဂ္ဂမေဝ ဗြူဟယတဲ့- စွန့်တဲ့အခါ ဒီအတိုင်းစွန့်လို့ မရဘူးတဲ့၊ မဂ္ဂသစ္စာနဲ့သွားအုံး၊ ဟုတ်လား၊ အဲဒီတော့ ဝေဒနာဖြစ် ပျက်ကို ဒကာ ဒကာမတို့ မြင်တယ်၊ မြင်တယ်ဆိုတာ မဂ္ဂသစ္စာနဲ့ မှမြင်တာ မဟုတ်လား (တင်ပါ့)။

ရှုတိုင်း၊ ရှုတိုင်း၊ ရှုတဲ့ဉာဏ်ဟူသ၍ သည် ဘာသစ္စာတုံး (မဂ္ဂသစ္စာပါ ဘုရား)၊ အဲဒါကြောင့် သန္တိမဂ္ဂမေဝ ဖြူးဟယ ဟုတ်လား၊ မဂ်ကိုသာလျှင် ဗြူဟယ – ဖောက်ပြန်တလဲလဲ သွားလိုက်စမ်း၊ မင်းခန္ဓာကိုယ်ပေါ်မှာ (မှန်ပါ့)။

မဂ္ဂသစ္စာနဲ့လိုက်စမ်းပါ

မင်းခန္ဓာကိုယ်ပေါ် ဝေဒနာကလေးတွေဖြစ်ပျက်နေ တယ်၊ ဖြစ်ပျက်နေတယ်လို့ ပေါ်တိုင်း၊ ပေါ်တိုင်း ဉာဏ်ကလေး နဲ့ သွားသွား၊ သွားသွားပြီး သကာလ မဂ္ဂသစ္စာနဲ့ပွားလိုက်စမ်း ဟေ့ ဆိုပြီး၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ကျောင်ပေါ်က နေဟောနေတယ်။

တောင်ပေါ်ကနေဟောတော့ သူကနဂိုကပဲ ခန္ဓာကိုယ် က ပဒုမ္မာကြာပန်းကြီး ခပ်စောစောမှာ တော်တော်တင့်တယ် တယ်၊ နေ့လည်နေကြီးထွက်လာတော့ အဆင်းကြီးတွေ ပိုမို တင့်တယ်တယ်၊ ညနေပိုင်းကျတော့ အရုပ်ဆိုး အကျည်းတန်ပြီး အကုန်ကြွေကျတယ်။

အင်း ကောင်းခြင်း၊ မကောင်းခြင်း လမ်းဆုံးတယ်၊ လှခြင်းဟာ၊ မလှခြင်းလမ်းဆုံးတယ်၊ ဖြစ်ခြင်းဟာ၊ ပျက်ခြင်းလမ်း ဆုံးတယ်၊ ငါ့ခန္ဓာလည်း ဒီလိုပဲလို့ ဉာဏ်ဦးလှည့်လိုက်တော့ ပေါ်လိုက် ပျက်လိုက်၊ သုခဝေဒနာ ပေါ်လိုက်၊ ပျက်လိုက် (မှန်ပါ့ ဘုရား)။

ညနေကျတော့ရဟန္တာဖြစ်တယ်

ဒုက္ခဝေဒနာ ပေါ်လိုက် (ပျက်လိုက်ပါ ဘုရား)၊ ဥပေက္ခာဝေဒနာ ပေါ်လိုက် (ပျက်လိုက်ပါ ဘုရား)၊ အဲဒီကဲ့သို့ ခန္ဓာကိုယ်မှာ ပျက်လိုက်၊ ပျက်လိုက်ချည်း မြင်နေတော့ ဟေ့ မင်းခန္ဓာချစ်ခြင်းကို မဂ်တည်း ဟူသော ဓားနဲ့တဏှာတည်းဟူ သော ချစ်ခြင်းလေး စွန့်လိုက်ပါတော့လားလို့ သူ့ကို ကျောင်းပေါ် ကနေဟောလိုက်တော့၊ ညနေကျတော့ ရဟန္တာဖြစ်တယ်။

တစ်ခါတည်း စွန့်ပစ်လိုက်တာကိုး တဏှာသေ ရဟန္တာ ဖြစ်ပြီ၊ အဲဒါကြောင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ပွားနေတဲ့၊ မဂ္ဂင် ဟာ တဏှာသေနေတာ၊ ခင်ဗျားတို့ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် ဖြစ်ဖို့ကို ဒီလောက်မဝေးပါဘူး၊ ဘာပြုလို့တုံး တဏှာသေတဲ့ အလုပ်လုပ်နေတာကိုး (မှန်လှပါ ဘုရား)။

တဏှာကိုလေးပိုင်းပိုင်းတယ်

တဏှာတဲ့အတိုင်း သောတာပန် ပယ်နိုင်တဲ့တဏှာ၊ သကဒါဂါမ် ပယ်နိုင်တဲ့ တဏှာ၊ အနာဂါမ်ပယ်နိုင်တဲ့ တဏှာ၊ ရဟန္တာပယ်နိုင်တဲ့ တဏှာ၊ ဟုတ်လား အဲဒီကဲ့သို့ တဏှာကို လေးပိုင်း၊ ပိုင်းတော့ တစ်ပိုင်း သေလည်း သောတာပန်တည် တာပဲ။

ဝိသာခါ

နှစ်ပိုင်းသေတော့ သကဒါဂါမ် ဟုတ်လား၊ လုံးဝတော့ ဘယ်ကုန်လိမ့်မတုံးဗျ၊ ဝိသာခါတို့ သည်ကားလို့ဆိုရင် အစော ကြီးက အိမ်ထောင် မကျခင်က သောတာပန်တည်နေငြားသော် လည်း၊ သားတွေ သမီးတွေ၊ ဆွေတွေမျိုးတွေနဲ့ပေါ့ဗျ၊ ဟုတ်လား (မှန်ပါ)။

သောတာပန်မို့ အကုန်ကိလေသာ ငြိမ်းတယ်လို့ ဆိုလို့ရ ရဲ့လား (မရပါဘူး ဘုရား)၊ အပါယ်ကျတဲ့ ကိလေသာတော့ မရှိတာ အမှန်ပဲ၊ ဒီပြင်ငါးပါးအာရုံ၊ ကာမဂုံ ကိလေသာတော့ ရှိတာပေါ့။ သဘောကျကြပလား (ကျပါပြီ ဘုရား)။

အပါယ်တော့မကျတော့

အဲဒီတော့ ချိုမပေါက်ဘူးဆိုတာလည်း ရိပ်မိကြပလား (ရိပ်မိပါပြီ)၊ လုပ်သာ လုပ်ပါခင်ဗျားတို့ အပါယ်ကျစေတတ် တဲ့ ကိလေသာ သေတယ်ဆိုရင်ပဲ ခင်ဗျားတို့ အဖိုးတန်ပါတယ်။ (တန်ပါတယ် ဘုရား)။

သို့သော် ဘယ်အခါကာလမှ သိပ်ခဲယဉ်းတယ်လို့ အောက်မေ့မနေပါနဲ့၊ ဝေဒနာနုပဿနာ ကိုသာ ရှုပေး၊ ဘာနဲ့ ရှု ကြမတုံး၊ (မဂ္ဂသစ္စာနဲ့ပါ ဘုရား)၊ မဂ္ဂသစ္စာနဲ့ရှု၊ သူ့အတွက်က အရှုခံရတာ (မှန်ပါ့)။

ဘာနဲ့ရှုကြမတုံး (မဂ္ဂသစ္စာနဲ့ ရှုရမှာပါ ဘုရား)။

ငြိမ်းအေးတဲ့မဂ်ကို ပွားများစမ်းပါ

အေး သန္တိမဂ္ဂမေဝ ဗြူဟယ ကိုး ဘုရားကဟော တာ၊ သန္တိမဂ္ဂမေဝ ဗြူဟယ ငြိမ်သက်သော မဂ်ကိုသာလျှင် မင်းသည် ပွားများလိုက်စမ်းပါကွာ၊ ငြိမ်းအေးတဲ့ မဂ်ဉာဏ်နဲ့သာ ပွားများ လိုက်စမ်းပါကွတဲ့ (မှန်ပါ့)။

ဆိုတော့ ငြိမ်းအေးတဲ့မဂ်ဉာဏ် ဆိုတဲ့ဥစ္စာ၊ ဒကာ ဒကာမ တို့ ပွားများတတ်တဲ့တရားကို ဆိုသည်၊ သဘောကျပလား (ကျပါပြီ ဘုရား)။ အဲဒီပွားများတတ်တဲ့ တရားနဲ့သာ ပွားများလိုက် ပါလို့ ဆိုလိုက်တော့၊ ကိုယ်တော်ကလေးက ကြာဖူးက နမူနာယူ ပြီး ခန္ဓာပေါ်ကို ပွားများလိုက်တယ်။

ဪ ဖြစ်ပျက်သာရှိတာကိုး

အင်း ဝေဒနာကလေးကလည်း ဖြစ်ပြီးပျက်တာပဲ၊ ကြားဖူးကလေးလိုပဲ၊ ကြာပန်းကလေးလိုပဲ၊ လှပြီးပျက်တာပဲ၊ ဪ- ဖြစ်ပျက်သာရှိတာကိုး၊ ဟုတ်လား။

အဲဒီမှာ တစ်ခါတည်း ခန္ဓာကိုယ်ကြည့်လိုက်လည်း ဖြစ် ပျက်ဖြစ်ပျက်၊ ဝေဒနာကလည်း ဖြစ်ပျက်တွေ့၊ ရုပ်တွေကြည့် လိုက်လည်း ဖြစ်ပျက်တွေ့၊ အဲဒီတော့ ဝေဒနာက မဂ္ဂသစ္စာဖြစ် မနေဘူးလား (ဖြစ်နေပါတယ် ဘုရား)။

ဖြစ်ပျက်က ဒုက္ခသစ္စာ ဒကာ ဒကာမတို့ ဉာဏ်ကဘာ တုံး (မဂ္ဂသစ္စာပါ ဘုရား)၊ မဂ္ဂသစ္စာ လာတော့ တဏှာတည်း ဟူသော အစေးဟာ မခန်းခြောက်သေးဘူးလား (ခန်းခြောက် ပါတယ် ဘုရား)။

အေး- တဏှာတည်းဟူသော အစေးဟာ ခန်းခြောက် တဲ့အခါကျလို့ရှိရင် အဝိဇ္ဇာကလည်း ဝိဇ္ဇာ ဖြစ်သွားတော့ ဥခွံက တစ်ခါတည်းမပါးဘူးလား (ပါးပါတယ် ဘုရား)။

သစ္စာလေးချက် တစ်ပြိုင်နက်မြင်တယ်

ဒါဖြင့် တစ်ခါတည်းနဲ့ပဲ မဂ်က ပွားများတဲ့ မဂ္ဂသစ္စာက နိဗ္ဗာန်တည်းဟူသော အလင်းကို မြင်တော့တာပဲ၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ခင်ဗျားတို့ ပွားများနေတဲ့ အလုပ်သည်၊ သစ္စာလေးချက် တစ်ပြိုင် နက်မြင်တဲ့အလုပ် (မှန်လှပါ ဘုရား)။

ခင်ဗျားတို့ ဖြစ်ပျက်ဝေဒနာက ဘာသစ္စာလဲ (ဒုက္ခ သစ္စာပါ ဘုရား)၊ ရှုနေတဲ့တရားက (မဂ္ဂသစ္စာပါ ဘုရား)၊ ရှုနေတဲ့ မဂ္ဂနဲ့ သေတာက (သမုဒယသစ္စာပါ ဘုရား)၊ ရှုနေရင်းမတ္တနဲ့ အလင်း ပေါ်တာက (နိရောဓသစ္စာပါ ဘုရား)။

အဲဒီမှာ ခင်ဗျားတို့ ရှုနေတဲ့ပုဂ္ဂိုလ်မှာ သစ္စာလေးချက် တစ် ပြိုင်နက်ထင်တယ်၊ အဲဒါကြောင့် မူလ ဘူတကပြောခဲ့တယ်။ အဝိဇ္ဇာဥခွံကြီးကတဲ့ မဂ္ဂသစ္စာ ဝိဇ္ဇာလာကတည်းက ဥခွံကြီးရှိ သေးရဲ့ လား (မရှိတော့ပါ ဘုရား)၊ မရှိပါဘူး။

မဂ္ဂသစ္စာလည်း လာတော့ မဂ္ဂသစ္စာက သမုဒယသစ္စာ ကို ဖြတ်လိုက်တဲ့အတွက် တဏှာ အစေးကကော မခန်းခြောက် သေးဘူးလား (ခန်းခြောက်ပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ဉာဏ် ကြက်ကလေးတွေနဲ့တူတဲ့ဉာဏ် သည် တစ်ခါတည်း ဥခွံထဲက ဖောက်ခွဲ ထွက်ပြီး ပြင်ဘက်အလင်း သို့ မရောက်ပေဘူးလား (ရောက်ပါတယ် ဘုရား)။

စိတ်ချလက်ချအားထုတ်ပါ

ဒီမှာလည်း ခင်ဗျားတို့ အားသာထုတ် အဝိဇ္ဇာဥခွံနဲ့ တဏှာအစေး၊ ဥခွံကြီးကလည်းပါး၊ တဏှာအစေး ကလည်း ခြောက်၊ နိဗ္ဗာန်တည်း ဟူသော အလင်းကလည်း ပေါ်ပေါက် လာတဲ့ အတွက် ခင်ဗျားတို့ သေသေချာချာရမယ်၊ ရောက်မယ် ဆိုတာ၊ သေသေချာချာ၊ စိတ်ချလက်ချ အားကိုး မလျှော့နဲ့ (တင်ပါ့)။

အားကိုးမလျှော့နဲ့ ပွားသာ ပွားပေးပါ၊ ဘာမှမမြင်သေး ဘူးဘုရား၊ ဘာမှမမြင်ချင်နေပါ ဝေဒနာသာ မြင်အောင်လုပ်၊ ဟုတ်လား။

ဝေဒနာသာ မြင်အောင်လုပ်၊ အခုတဖျပ်ဖျပ်နဲ့ ပျက်နေ တာ မမြင်ဘူးဘုရား၊ အိုမမြင်ချင်နေ သူပေါ်တဲ့နေရာ ပျက်တဲ့ နေရာလေးသာ ပေါ်တဲ့အခါ ကျလို့ရှိရင် ဖြစ်ပျက်ပဲလို့ လိုက်သာ ရှုနေပါ၊ ဟုတ်ပလား၊ နည်းများမဆို ဟဒယ ဝတ္ထုပေါ် လိုက်သာရှုနေ၊ အဲဒီကဲ့သို့ ဒကာ ဒကာမတွေ ရှုပါများ လာတော့ ဒီတရားမှာ နဂိုကကို ရှုမယ်လို့ စောင့်နေတော့ သိသိသာသာ လာသေးရဲ့လား (မလာပါ ဘုရား)။

ဝေဒနာကို ရှာနေစရာမလို

ဝေဒနာကို ခင်ဗျားတို့က ရှာနေစရာ မလိုပါဘူး၊ ဝေဒနာက္ခန္ဓာကြီးပဲ ဟုတ်လား၊ ခင်ဗျားတို့ ဝေဒနာ မတွေ့စရာ အကြောင်း မြင်သေးလား (မမြင်ပါဘူး ဘုရား) အဲဒီတော့ မမြင်တော့ ဝေဒနာ ဖြစ်ပျက်၊ ရုပ်ဖြစ်ပျက်၊ ဉာဏ်ကလေးနဲ့ ရှုပေး ဒကာ ဒကာမတို့ ရှုရှုပေးတော့ ဝေဒနာဒုက္ခသစ္စာကြီး ဝေဒနာ ဖြစ်ပျက်ပြီးသွား သောကြောင့် ဒကာ ဒကာမတွေ ဝေဒနာ အဖြစ်နဲ့ ရှိသေးသလား (မရှိတော့ပါ ဘုရား) ဖြစ်ပျက်တဲ့ ဒုက္ခသစ္စာ အဖြစ်နဲ့သာ ရှိတယ်။

ဒါဖြင့် ဖြစ်ပျက်ဖြစ်တဲ့ ဒုက္ခသစ္စာက ဒုက္ခသစ္စာ ရှုတဲ့ ဉာဏ်က မဂ္ဂသစ္စာ၊ သေတာက သမုဒယ ချုပ်တာ၊ အဲဒါ အဝိဇ္ဇာ ဥခွံကြီး အကုန်ကွာသွားလို့ ဖြစ်ပျက်မှာ အလင်းကြီးက ပေါ်ပေါက်လာတော့၊ တိမ်တိုက်ကြီး ပျောက်တော့၊ နေအလင်း ရောင်ချက်ချင်း မရောက်ဘူးလား (ရောက်လာပါတယ်)။

အေးမြတဲ့ဓါတ်ကြီးပေါ်လာတယ်

အဲဒီအလင်းရောင်ကြီးသည်ကားလို့ ဆိုရင် ဒကာ ဒကာမတို့ နိဗ္ဗာန်တည်း ဟူသော တရားကြီး အေးမြတဲ့ ဓါတ်ကြီး ပေါ်လာပါတယ်။ အဲဒါ သစ္စာလေးချက် တစ်ပြိုင်နက်ထင်တယ် ဆိုတာကော သဘော ကျပလား (ကျပါပြီ)။

ဒါကြောင့် ဒကာ ဒကာမတို့ ဒီနေ့ တရားမှာ နိဂုံးချုပ်လိုက် လို့ရှိရင် ဘယ်လိုချုပ်ရမလဲလို့ ဆိုလို့ ရှိရင်ဖြင့်

ကျင့်တဲ့ပုဂ္ဂိုလ်မှရမယ်

‘‘ဇာနတော အဟံ ဘိက္ခဝေ ပဿတော အာသဝါနံ ခယံ ဝဒါမိ နော အဇာနတော အပဿတော’’ လို့ ဘုရားဟောတော်မူ ခဲ့တယ်၊ သိတဲ့ပုဂ္ဂိုလ်၊ ကျင့်တဲ့ပုဂ္ဂိုလ်မှ သာလျှင် ရှုတဲ့ ပုဂ္ဂိုလ်မှ သာလျှင် ရမယ်။ အာသဝေါတရား ကုန်တဲ့နိဗ္ဗာန်ရမယ် (မှန်ပါ့ ဘုရား)။

တရားမကျင့်ဘဲနဲ့အားမထုတ်တဲ့ ပုဂ္ဂိုလ်မှာဖြင့် (မရပါဘူး ဘုရား) အခုန ကြက်မကြီး အကြောင်း၊ ကြက်တွေ ထုံးစံအတိုင်း အကုန်လုပ်ပါမှ ကြက်ဥပေါက်မယ် (မှန်လှပါ ဘုရား)။

ခင်ဗျားတို့လည်း ကျင့်မှုအလုပ်ကို ပြင်းပြင်းထန်ထန် လုပ်ပါမှ ဘာတုံး (နိဗ္ဗာန်ရောက်ပါမယ် ဘုရား) နိဗ္ဗာန် ရောက်မယ်။

လုံ့လဝီရိယမလျှော့ပါနဲ့

အဝိဇ္ဇာက ဝိဇ္ဇာဖြစ်လာမယ်ဆိုတာကော သဘောကျ ပလား(ကျပါပြီ ဘုရား) ဒါကြောင့် ဒကာ ဒကာမတွေ လုံ့လဝီရိ ယ မလျှော့ဘဲနဲ့ ကြိုးစားပါ။ ဒုက္ခဝေဒနာ ပေါ်ရင် ဒုက္ခဝေဒနာ ရှုပါ။ သုခဝေဒနာ ပေါ်ရင် သုခဝေဒနာရှု၊ ဥပေက္ခာ ဝေဒနာ ပေါ်ရင် (ဥပေက္ခာဝေဒနာရှုရပါမယ် ဘုရား)။

ပေါ်ရာဝေဒနာသာ

ခင်ဗျားတို့ ပေါ် ရာဝေဒနာသာရှု၊ သူတို့က တစ်ပြိုင် တည်းမပေါ်ဘူး၊ တစ်ခု၊ တစ်ခုပဲ အမြဲတမ်း မရှိဘူးလား (ရှိပါ တယ် ဘုရား) ရှိတာကို ဉာဏ်ဦးတည့်လို့ ရှိရင်ဖြင့် ခင်ဗျားတို့ ခန္ဓာကိုယ်ကြီးက ဘယ်နေရာမှာ အကောင်းဆိုတာ ရှိသေးရဲ့လား (မရှိပါဘူး ဘုရား)။

ဖြစ်ပျက်သာရှိတယ်၊ အပျက်တွေသာ ရှိတယ်၊ ဒါတွေ သာ ရှိနေတယ် ဆိုသဖြင့် ခင်ဗျားတို့ ဒီခန္ဓာကြီးကို ဆုတောင်းချင် တဲ့ တဏှာတွေလာသေးရဲ့လား (မလာပါ ဘုရား)။

သိတဲ့ဉာဏ်ကမဂ္ဂသစ္စာ

ဘာလာတော့မှာတဲ့ ဝေဒနာက္ခန္ဓာကြီး ကောင်းကောင်း သိသွားပြီ (မှန်ပါ့) ဒုက္ခသည်ကြီး ကောင်းကောင်းသိသွားပြီ။ ဒုက္ခသည်မှန်း ကောင်းကောင်းသိတယ်၊ ဒါဖြင့် ဝေဒနာဟာ ဝေဒနာက္ခန္ဓာကြီး သည်ကား ဒုက္ခသည်၊ ဒုက္ခသစ္စာ (တင်ပါ့) သိတဲ့ဉာဏ်က မဂ္ဂသစ္စာ။

ဝေဒနာသည်မှန်းသိတဲ့ အတွက် ဘယ်ဘဝမှ ဆု မတောင်းချင်တာက အခုဘဝ အခုခန္ဓာမှာ လက်ရှိခန္ဓာကြီးလည်း ရွံမုန်းငြီးငွေ့ စွန့်ချင်တာက သမုဒယ သေတာ၊ အဲဒီတော့ နောက်ဘဝ ခန္ဓာကြီး ပေါ်ပါအုံးမလား (မပေါ်ပါ ဘုရား)။

အဲဒီ ဆုမှ မတောင်းဘဲ၊ တောင်းမှ မတောင်းတော့ဘဲပဲ။ ခန္ဓာမလာ ဖြစ်အောင် ဝေဒနာတို့၏ ချုပ်ရာ နိဗ္ဗာန်လို့ ပြောတာ သဘောကျပလား (ကျပါပြီ ဘုရား)။

ကဲ ယနေ့တွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။