228

အပေါင်းအသင်းမလွဲပါစေနဲ့ ၊ဉာဏ်ချိန်ခွင်ရှိထားကြပါ

အသံဖိုင်ခေါင်းစဉ်= ဒုမိတ္တောကြောင့်မိစ္ဆာဒိဋ္ဌိဖြစ်ပုံ

စာအုပ်ခေါင်းစဉ်= အပေါင်းအသင်းမလွဲပါစေနဲ့ ၊ဉာဏ်ချိန်ခွင်ရှိထားကြပါ

မှတ်ချက်။ ။အသံမ​ကြည်ပါ။

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မိုးကုတ်မြို့၌

ဟောကြားတော်မူသော တရားတော်

အပေါင်းအသင်းမလွဲပါစေနဲ့

ဉာဏ်ချိန်ခွင်ရှိထားကြပါ

ဟောကြားသည့်နေ့

(၂၆-၃-၅၉)

မိစ္ဆာဒိဋ္ဌိဝိမံသာယက မဆုံးသေးဘူး၊ မိစ္ဆာဒိဋ္ဌိဝိမံသာယ ဆိုတာက စုံစမ်းတဲ့ ဉာဏ်လိုလိုနဲ့ မိစ္ဆာဒိဋ္ဌိ ဝင်လာတယ်။

အဲဒီတော့ ဒီမိစ္ဆာဒိဋ္ဌိ ဖြစ်ခြင်း၏ အကြောင်းဟာ ဒုမ္မိတ္တော၊ ဒုမ္မိတ္တော- ဆိုတဲ့ ဥစ္စာက ဒု-က မကောင်းတာ၊ မိတ္တက အဆွေခင်ပွန်း၊ အဆွေခင်ပွန်း မကောင်းတာနဲ့လဲ မိစ္ဆာဒိဋ္ဌိဘက် သွားတတ် သည်လို့ မောင်ထွန်းလှိုင် မှတ်ထား (မှန်ပါ့ ဘုရား)။

အပေါင်းအသင်းလွဲလို့ မိစ္ဆာဒိဋ္ဌိဖြစ်

အဆွေခင်ပွန်း မကောင်းလို့ရှိရင်လဲ မိစ္ဆာဒိဋ္ဌိဘက် သွားတယ်၊ အပေါင်းအသင်းလွဲလို့လဲ မိစ္ဆာဒိဋ္ဌိဘက် သွားသည်လို့ မှတ်ရမယ်။

ဪ ဒါဖြင့်မိတ်ဆွေသင်္ဂဟပေါင်းတယ် ဆိုတော့လဲ မပေါင်း တတ်လို့ရှိရင် မိစ္ဆာဒိဋ္ဌိဘက်ကို သူပြောတာနဲ့၊ သူ့အယူဝါဒ၊ သူ့အလေ့အကျင့် ဒီလိုလိုက်ပြီး သကာလ သွားတတ်သည်။

ဒါဖြင့် မိစ္ဆာဒိဋ္ဌိဖြစ်ခြင်း၏ အကြောင်းထဲမှာ ပါပမိတ္တနဲ့ ပေါင်းလို့လည်း မိစ္ဆာဒိဋ္ဌိ ဖြစ်တာရှိတယ်။

ဒါဖြင့် အပေါင်းအသင်းမှားရင်လည်း အမတို့ မိစ္ဆာဒိဋ္ဌိ ဖြစ်တတ်တယ်လို့ မှတ်ရမှာပဲ (မှန်ပါ့ ဘုရား)။ အပေါင်း အသင်းမှားရင်လည်း ဘာဖြစ်တတ်သတုံး (မိစ္ဆာဒိဋ္ဌိ ဖြစ်ပါတယ် ဘုရား)။

ဟို နာရဒဇာတ် ထောက်ကြည့် လိုက်တော့လည်း ဂုဏ ကဿပနဲ့ ရှင်ဘုရင်နဲ့ ပေါင်းတာနဲ့ပဲ မိစ္ဆာဒိဋ္ဌိ တစ်တိုင်းပြည်လုံး ဖြစ်သွားတယ်။

သေခါနီးဇောကောင်းဖို့သာလိုတယ်တဲ့

ရှင်ဘုရင်နဲ့တကွ တစ်တိုင်းပြည်လုံး ဂုဏကဿပ ဆိုတဲ့ ပုဂ္ဂိုလ်က တွင်းကြီးထဲမှာ အဝတ် မဝတ်ပဲ နေတယ်၊ နေတဲ့အခါ ကျလို့ရှိရင်ဖြင့် သူက တရားဟောတယ်။ ယခုအခါ ဘာလုပ်နေ နေ သေခါနီး ဇော ကောင်းရင် ပြီးတာပဲ။

သေခါနီးမှပြင်ပြီး ယူရင်ရတာပဲ၊ ယခုပျော်ချင်သလိုပျော်၊ ပါးချင်သလိုပါး၊ နေချင်သလိုနေ၊ သေခါနီးဇော ကောင်းလို့ရှိရင်ဖြင့် ဘာမှကိစ္စမရှိဘူး၊ အပြစ်မရှိဘူး၊ ယခုလုပ်ထားတဲ့အပြစ်တွေ လည်း သေခါနီးဇောက အကုန်ဖျက်ပစ်လိုက်တာပဲ။

တစ်တိုင်းပြည်လုံးဒီအယူကိုယူကြတယ်

ဒီလိုတရားဟောတာနဲ့ ရှင်ဘုရင်နဲ့တကွ တိုင်းပြည်တစ် ပြည်လုံးဟာက ငါးပါးအာရုဏ် ကာမဂုဏ်တွေ၊ သူ့သား၊ သူ့မယား အလုံးစုံ သတ်ဖြတ်၊ ပြစ်မှားကြ၊ ရှင်ဘုရင် အပေါင်းအသင်း လွဲတာနဲ့ပဲ တစ်တိုင်းတစ်ပြည်လုံး ဖြစ်သွားတယ်။

အဲဒီမှာ ရှင်အာနန္ဒာအလောင်းက တိုင်းပြည်တော့ ပျက် ပြီး သူတော်ကောင်းတွေ မရှိတော့ဘူး၊ ရှင်ဘုရင်နှင့်တကွ မိစ္ဆာဒိဋ္ဌိ ဖြစ်သွားကုန်ပြီ။

ပါဏာတိပါတာလည်း အပြစ်မရှိ၊ ငါးပါးသီလလွန်ကြူး လည်းအပြစ်မရှိ၊ ရှစ်ပါးသီလ လွန်ကြူးလည်း အပြစ်မရှိဘူး။

သေခါနီးမှပြင်ရင်ရတယ်တဲ့

နေချင်သလိုနေ၊ သွားချင်သလိုသွား၊ စားချင်သလိုစား၊ သေခါနီး ပြင်နိုင်ရင်ပြီးတာပဲ၊ သေခါနီးဇော ကောင်းဖို့ပဲသူ အရေးကြီးတယ် ဆိုတော့ အာစိဏ္ဏကံတွေ အကုန်ပျက်ပြီး သကာလ အာသန္နကံတစ်ခုသာ နားလည်တဲ့၊ ကံတစ်ခုသာ နားလည်တဲ့ ပုဂ္ဂိုလ်ဖြစ်နေတော့ သူနဲ့ပေါင်းတဲ့ ပုဂ္ဂိုလ်တွေက လည်း ဒါသဘောကျတယ်။ ယခုအခါ ပျော်ပျော်နေရပြီးတာပဲ၊ သေခါနီး ပြင်ယူရင်ရတာပဲ။

ရှင်အာနန္ဒာအလောင်း

အဲဒီကဲ့သို့ ယူလိုက်တဲ့အတွက် တိုင်းပြည်နဲ့တကွ မိစ္ဆာ ဒိဋ္ဌိဖြစ်ကုန်လို့ ရှင်အာနန္ဒာက၊ ရှင်အာနန္ဒာက အဲဒီအခါမှာ ရုဇာမင်းသမီးဖြစ်တယ်။

ယောက်ျားဘဝက သူ့ရဲ့ ကာမေသုမိစ္ဆာစာရကံကြောင့် – မိန်းမဖြစ်နေတဲ့ဘဝ၊ ထိုက်တန်တဲ့ ပညာလေး ကလည်းပါတာနဲ့ သာသနာစောင့်နတ်တွေ၊ သူတော်ကောင်း နတ်ကောင်းတွေ အဓိဋ္ဌာန် တာပေါ့ကွာ။

နာရဒဗြဟ္မာကြီး

ဒီတိုင်းပြည်ဖြင့် ကယ်ပါဦး၊ တိုင်းပြည်အလုံး ဒီဂုဏကဿပနဲ့ပေါင်းပြီး သကာလ အလုံးစုံ အကုန် ရှင်ဘုရင်နဲ့တကွ ဝန်ကြီးတွေကော၊ တိုင်းသူပြည်သားတွေကော မိစ္ဆာဒိဋ္ဌိ ဖြစ်ကုန်ပြီ ဆိုပြီး သကာလ သူတိုင်တည်တာနဲ့ ဘုရားလောင်းနာရဒဗြဟ္မာ ကြီး ဆင်းလာပြီး သကာလ တရားဓမ္မတွေ ဟောယူတော့မှ သမ္မာဒိဋ္ဌိ ပြန်ဖြစ်သွားတယ်လို့ ဆိုတဲ့ဥစ္စာ နဂိုကအပေါင်းအသင်းလွဲလို့ ဆိုတာ မောင်ထွန်းလှိုင်မသေချာဘူးလား (သေချာပါ တယ် ဘုရား)။

ဒါဖြင့် မိစ္ဆာဒိဋ္ဌိဖြစ်ခြင်းအကြောင်းမှာ ဒီဝတ္ထုကို ထောက် သဖြင့်လည်း ဦးနွဲအပေါင်း အသင်းလွဲ တာလည်း ဆိုးတဲ့ဘက်ကို သက်ဝင်တာပဲ ဆိုလို့ရှိရင်ဖြင့် အမှန် ဆုံးဖြတ်ချက်ချရမယ် (မှန်ပါ့ ဘုရား)။ သဘောကျပလား (ကျပါပြီ ဘုရား)။

မိဘစကားလမ်းဆုံးတယ်

ကဲ သူ့အမေမိဘက၊ တချို့အမေမိဘက ဘာမှ အပြစ်မရှိဘူး ဆိုတာနဲ့လည်း သားတွေ၊ သမီးတွေဟာ အမေ့ မိဘစကား လမ်းဆုံးပြီး သကာလ အပြစ်မရှိဘူးလို့၊ အကုသိုလ် အလုပ်တွေ အပြစ်မရှိဘူးလို့ ယူတဲ့သူတွေလည်းရှိတာပဲ။

ဒီအမေကမွေးလို့ရှိရင် လည်လှီးသားမှစား၊ ဒါမှသာလျှင် နေရာကျတယ်ဆိုပြီး သကာလ သူတို့ဘဝ ကူးမြှောက်ပေးရတာပဲ ဒါအပြစ်မရှိပါဘူး ဆိုတော့ အမေမိဘ အပေါင်းအသင်း၊ ဆရာ သမား အပေါင်းအသင်း၊ ဒီလို အပေါင်းအသင်းလွဲလို့လည်း အပြစ်ရှိတာကို အပြစ်မရှိဘူးယူတဲ့ အယူဟာလည်း ဒါ အပေါင်း အသင်းက လာတာပဲလို့ မှတ်ရမယ် (မှန်ပါ့ ဘုရား)။

တို့မိဘယူတဲ့အယူဟာမှန်တယ်

ဒါဖြင့် အပေါင်းအသင်းလွဲလို့လည်း ဘာဖြစ်နိုင်သတုံး (မိစ္ဆာဒိဋ္ဌိဖြစ်နိုင်ပါတယ် ဘုရား)။ မိစ္ဆာဒိဋ္ဌိဖြစ်နိုင်တယ်ဆိုတာ ကတော့ ခု အနောက်နိုင်ငံမှာ အမေမိဘတွေနဲ့ ပေါင်းသင်းပြီး အမေမိဘ နယ်ထဲမှာ မွေးဖွားပြီး သကာလ လာရတဲ့အတွက် သူ့အယူကို တို့ အမေမိဘ ယူတဲ့အယူဟာ မှန်တယ်ဆိုပြီး အမေမိဘနဲ့ ပေါင်းသင်း၊ မိတ်ဆွေသင်္ဂဟတွေနဲ့ ပေါင်းသင်းပြီး ဦးနွဲ့ ရေ သူတို့လည်း မိစ္ဆာဒိဋ္ဌိ အဖြစ်မှလည်း ကျော်လွန်ပြီး သမ္မာဒိဋ္ဌိဖက်ကို မသွားနိုင်တာလည်း တစ်ပုံကြီးရှိမှာပဲ (ရှိပါတယ် ဘုရား)။

ဒါတွေ ထောက်ကြည့်လို့ရှိရင်ဖြင့် အသေအချာ စဉ်းစား ကြည့်လို့ရှိရင် အပေါင်းအသင်း ကြောင့် ဖြစ်ရတယ် ကိုယ်ကဘာမှ မသိဘူးနော် (မှန်ပါ့)။

အပေါင်းအသင်းကြောင့်မိစ္ဆာဒိဋ္ဌိဖြစ်

အပေါင်းအသင်းကြောင့်လည်း မောင်အုန်းခိုင် ဘာဖြစ် တတ်သတုံးကွ (မိစ္ဆာဒိဋ္ဌိဖြစ်ပါတယ် ဘုရား)။ မိစ္ဆာဒိဋ္ဌိ ဖြစ်တယ်ဆိုတော့ ခုနက ဝတ္ထုထောက်ကြည့်တော့ အပေါင်း အသင်းပဲဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ကောင်းပြီ ကလေးငယ်ငယ်တည်းကသာ မိမိတို့ အစ်မတို့ ဒီအမေမိဘတွေနဲ့ပေါင်းကြည့်၊ ကိုယ့်သူငယ်ချင်း မိတ်ဆွေတွေနဲ့ ပေါင်းကြည့်၊ ဒီလိုနဲ့ပျက်စီးသွားတာတွေဟာ ဒါအပေါင်းအ သင်းလွဲလို့ ဆိုရင်လည်း လူ့လောကမှာလည်း အထင်အရှားပဲ၊ မထင်ရှားဘူးလား (ထင်ရှားပါတယ် ဘုရား)။

အဲဒါကြောင့် ကလေးတွေ မိုက်တဲ့ပုဂ္ဂိုလ်နဲ့ မပေါင်းစေနဲ့ နို့မဟုတ်ရင် ကိုယ့်သားသမီးတွေပါ တစ်ခါတည်း အမိုက်ထဲ ပါသွားလိမ့်မယ်ဆိုပြီး အမေမိဘတွေ ထိန်းကြ၊ ကျောင်းကြရ တာတွေ မောင်အုန်းခိုင် ရှိတယ်မဟုတ်လား (ရှိပါ တယ် ဘုရား)။

အဲဒါအပေါင်းအသင်းကြောင့် ဘယ်ဘက်သွားမှာ စိုးလို့ တုံး (မိစ္ဆာဒိဋ္ဌိဘက်သွားမှာစိုးလို့ပါ ဘုရား)။

ဒါဖြင့် မိမိတို့ အပေါင်းအသင်းဟာ မိစ္ဆာဒိဋ္ဌိဘက်ကို အနီးဆုံးကျေးဇူးပြုတယ်ဆိုလို့ရှိရင်လည်း အမှန်ပဲလို့ ဖြေကြရ မှာပဲ (မှန်ပါ့ ဘုရား)၊ မပြောထိုက်ဘူးလား (ပြောလိုက်ပါ တယ် ဘုရား)။

ဒါဖြင့် ဘုရားဟောတော်မူတာ အပေါင်းအသင်းလွဲလို့ လည်း မိစ္ဆာဒိဋ္ဌိဘက်ကို သွားသည်လို့ ဆိုတဲ့ဥစ္စာ မှန်ပါပေတယ် လို့ပဲ ယုံကြည်ရမှာပဲ (မှန်ပါ့ ဘုရား)။

အသက်အရွယ်ကြီးတာတွေတောင်မှ အပေါင်းအသင်း မှားပြီး သကာလ မိစ္ဆာဒိဋ္ဌိဘက်ကို သွားပြီး မတော်မလျှော်တာ တွေ အပြစ်မရှိဘူး၊ အပြစ်ရှိတာတွေကို အပြစ်မရှိဘူးထင်ပြီး သကာလ ဦးနဲ့ လုပ်တာတွေကော မရှိဘူးလား (ရှိပါတယ် ဘုရား)။ ယခုအပေါင်းအသင်းလွဲလို့

ဒါတွေဟာဘာနဲ့ဖြစ်သွားတာတုံး၊ သူ့မွေးကတည်းက ပါလာတာတွေလားတဲ့၊ မဟုတ်ဘူးတဲ့ ယခုံပစ္စုပ္ပန်မှာ အပေါင်း အသင်းလွဲလို့ ဖြစ်တာတွေ၊ မိမိတို့ဆိုနိုင်ပြီလား (ဆိုနိုင်ပါ တယ် ဘုရား)။

ဥပမာ-တချို့ဘာသာခြားနဲ့ အိမ်ထောင်ကျသွားလို့ မိန်းမပါ ဘာသာခြားဘက်ပါပြီး အယူတွေများ စူးသွားတာ မရှိဘူးလား (ရှိပါတယ် ဘုရား)။

တချို့ ခင်ပွန်းနဲ့အပေါင်းအသင်းလွဲတာနဲ့ပဲ ကိုယ်ပါ တစ်ခါတည်း မိစ္ဆာဒိဋ္ဌိဘက်သွား၊ ဒါအပေါင်း အသင်းသက်သက် ပဲ ဦးနွဲ့ ရ ဒီပြင့်ဟာဘာမှမပါဘူး (မှန်ပါ့)။

တခြား ဘာသာယူတဲ့ပုဂ္ဂိုလ်နဲ့ အိမ်ထောင်ကျတဲ့ ဒကာမ တွေ တချို့ပါသွားတာတွေ မောင်ကို မရှိဘူးလား (ရှိပါ တယ် ဘုရား)။ ဘာကြောင့်လို့ဆိုမတုံး (အပေါင်းအသင်းလွဲ လို့ မိစ္ဆာဒိဋ္ဌိ ဖြစ်သွား တာပါ ဘုရား)။

အပေါင်းအသင်းလွဲလို့ မိစ္ဆာဒိဋ္ဌိ ဖြစ်သွားတာတွေဆိုလို့ ရှိရင်လည်း ဒါအမှန်ပဲလို့ ဆုံးဖြတ်ချက် ချရမှာပဲ။

ဒါဖြင့် မိစ္ဆာဒိဋ္ဌိဖြစ်ခြင်းအကြောင်းမှာ အပေါင်းအသင်း လည်း တစ်ပါးအပါအဝင်လို့ ဘုရားဟော တော်မူတာဟာ အစ်မ မမှန်ဘူးလား (မှန်ပါ့ ဘုရား)။

အပေါင်းအသင်းအရေးကြီးတယ်

ဒါဖြင့် အပေါင်းအသင်းဟာလည်း အင်မတန် အရေး ကြီးတယ်ဆိုတဲ့ဥစ္စာ၊ ဘယ့်နှယ်ကြောင့် အရေးကြီးပါလိမ့် မတုံးဆိုလို့ရှိရင် ဖြင့် မိစ္ဆာဒိဋ္ဌိဆိုတာက သံသရာမှာ အနစ်နာဆုံး၊ အပါယ်လေးပါး က မထွက်နိုင်ဆုံး တရားတစ်ခု။

အဲဒါသူ့ ပင်ကိုက ပါလာတာ မဟုတ်ပါဘူး၊ အပေါင်း အသင်းကြောင့် ဖြစ်လာတာဆိုတော့ အနစ်နာဆုံး အလုပ်တစ်ခု ကို အပေါင်းအသင်းကြောင့် ဖြစ်သွားရတယ် ဆိုရင် မောင်အုန်းခိုင် မနာဘူးလား (နာပါတယ် ဘုရား)။

သို့သော် များသောအားဖြင့် မောင်ထွန်းလှိုင် သူ့ကြောင့် သွားတာတွေလည်းသိပ်များတာပဲ၊ သူမိစ္ဆာဒိဋ္ဌိ အယူ ရှိသူတွေနဲ့ အိမ်ထောင်ကျ၊ ယောက်ျားက အိမ်ထောင်ကျရင် ယောက်ျားက ပါသွားတာ ရှိတယ်၊ မိန်းမက အိမ်ထောင်ကျလို့ မိန်းမပါသွားတာ ရှိတယ်။

ကံမကောင်းလို့မဆိုနဲ့

ဒါ ကံလို့ ဦးနွဲ့ကမဆိုနဲ့တဲ့၊ ကံမကောင်းလို့ သူတို့ဖြစ်သွား ရှာတယ်လို့ ဗုဒ္ဓဘာသာ တချို့က ထင်ကြတယ်တဲ့၊ မဟုတ်ပါ ဘူးတဲ့ အပေါင်းအသင်းကြောင့် ဖြစ်သွားတာ။

ကံကတော့ ဒါမဆိုင်ပါဘူးတဲ့၊ ကံကမွေးကတည်းက မိစ္ဆာဒိဋ္ဌိထဲမှာ မွေးပြီး သကာလ လာလို့ရှိရင် ကံပေါ့ကွာ၊ သို့မ ဟုတ်ဘူး၊ ကြီးမှပဲ အပေါင်းအသင်းလွဲတာနဲ့ ဖြစ်သွားတာ ကျတော့ မောင်ထွန်းလှိုင် ကံလို့ဆိုမလား (မဆိုနိုင်ပါဘူး ဘုရား)။

အဲဒီတော့ ကံမကောင်းလို့ မိစ္ဆာဒိဋ္ဌိထဲရောက်သွားရှာ တယ်လို့ ဒီလိုမယူနဲ့နော်၊ သူ့အပေါင်း အသင်း၊ သေသေချာချာ အပေါင်းအသင်းနဲ့ ဆက်ဆံနှီးနှောလွဲလို့ သာလျှင် ဖြစ်ရတာလို့ မှတ်ရမှာပဲ။

ဒါဖြင့် မိစ္ဆာဒိဋ္ဌိဆိုတာ မောင်အုန်းခိုင် ဘယ်ကလာတာ တုံး (အပေါင်းအသင်း မှားတာက လာတာပါ ဘုရား)၊ အပေါင်းအသင်း မှားတာက လာတာလို့ ဦးနွဲ့ကြီး မှတ်ရမှာပဲ (မှန်ပါ့ ဘုရား)။

ခု-လောကမှာ ဒါတွေသိပ်များတယ် (များပါတယ် ဘုရား)၊ အဲဒီတော့ သူ့ဘဝလေးဟာ တစ်ခါတည်း အရှုံးကြီးမက ရှုံးမသွားဘူးလား (ရှုံးသွားပါတယ် ဘုရား)။

တံငါနားနီးတံငါ

ဒါ အပေါင်းအသင်း လက်သည်ပဲလို့ ဦးဘအုန်း ဆိုထိုက် ပြီလား (ဆိုထိုက်ပါတယ် ဘုရား)၊ ဥပမာ စဉ်းစားကြည့် ပါတဲ့ တရားသမားနဲ့နေရင် တရားသမား၊ မုဆိုးနဲ့နီးရင်မုဆိုး။ တံငါနဲ့နီးရင် တံငါ၊ ငါဖြစ်သွားရတယ်ဆိုတာ အမတို့ ဒါ ဘယ်သူ့ကြောင့်တုံး (အပေါင်းအသင်း ကြောင့်ဖြစ်ရတာပါ ဘုရား)။

အပေါင်းအသင်းကြောင့် ပါဏာတိပါတာ အဒိန္နာဒါနာ အပြစ်မရှိဘူး ဦးနဲ့ ဒီလို မယူလိုက် ပေဘူးလား (ယူပါတယ် ဘုရား)၊ ထိုကဲ့သို့ ယူလိုက်တဲ့အခါတော့ ၊ ဒါသူ့ပဋိသန္ဓေ ကံက ပါလာ တာလား၊ ယခုမှ ဖောက်ပြန်သွားတာလား၊ မေး ကြည့်စမ်းပါ (ယခုမှဖောက်ပြန်သွားတာပါ ဘုရား)။

ယခုမှ ဖောက်ပြန်သွားတာကို မေးကြည့်လို့ရှိရင်ဖြင့် ယခုမှ ဖောက်ပြန်သွားတယ်ဆိုတဲ့ အဖြေက ထွက်လာတယ်။

အဲဒီအဖြေက ထွက်ပြီး သကာလ လာလို့ရှိရင်ဖြင့် အပေါင်းအသင်း သက်သက်ကြောင့် မိစ္ဆာဒိဋ္ဌိ ဖြစ်ရတာပဲ ဆိုတဲ့ ဥစ္စာ ထင်ရှားလာပါတယ်။

ကောင်းပြီ ဒါဖြင့် အပေါင်အသင်းကြောင့် မိစ္ဆာဒိဋ္ဌိ ဖြစ်တယ်ဆိုတာ သာမညဉာဏ်နဲ့တော့ မောင်ထွန်းလှိုင်ရေ ဒီ ထဲက ကျော်လွှားသွားနိုင်လိမ့်မယ်လို့ မအောက်မေ့နဲ့ (မှန်ပါ)။

ကိုယ့်ဉာဏ်က မပါတော့ကို အပေါင်းအသင်းမှာ ဉာဏ် ဆုံးမသွားဘူးလား (ဆုံးသွားပါတယ် ဘုရား)၊ ဆုံးသွားတဲ့အခါ ကျလို့ရှိရင်ဖြင့် ပြင်လို့ဆင်လို့ ရဖို့ရာ မောင်ကို မလွယ်ပါဘူး (မလွယ်ပါဘူး ဘုရား)။

ဒါဖြင့် အပေါင်းအသင်း၏ စွမ်းရည်သတ္တိလည်း ဦးနွဲ့ မသေးဘူးပေါ့ဗျာ (မသေးပါဘူး ဘုရား)။ အကုန်ကူးစက် လာတာပဲ။

ဥသျှစ်ပင်နဲ့ခွေးထောက်မြစ်

လောကီ ဥပမာ ပြောကြပါစို့ ဆိုလို့ရှိရင်ဖြင့် ဥသျှစ်ပင် ဟာ ပင်ကိုယ်ကအချိုပဲ၊ ပင်ကိုယ်က ဥသျှစ်ပင် အချိုထား အဲဒီ နေရာသာ တမာတို့ ခွေးတောက်တို့ အမြစ်ခြင်းသာ ကပ်ပြီး သကာလ တွဲယှက်ပြီး သကာလ မောင်ထွန်းလှိုင်စိုက် ဒီဥသျှစ်သီးဟာ သီးလာလို့ရှိရင် ခါးလာတာ (မှန်ပါ့)။

ဒါ ဥသျှစ်ပင် ပင်ကိုယ်မျိုးကခါးတာလား၊ ခုမှ ဒီကြီးပေါင်း ကြောင့် ခါးရတာလားဆိုရင် ဦးနွဲ့ ထင်ရှားသားပဲ (ကြီးပေါင်းကြောင့် ခါးရတာပါ ဘုရား)၊ ကြီးပေါင်းကြောင့် မဟုတ် ဘူးလား၊ သဘောကျတယ် မဟုတ်လား (မှန်ပါ့)။

ချိုရာကခါးရသေးတယ်

ဒါဖြင့် အဝိညာဏက-(သက်မဲ့) သစ်ပင်တောင်မှ အပေါင်းအသင်း လွဲလို့ရှိရင် ချိုရာက ခါးရသေးတယ်လို့ မောင်အုန်းခိုင် မမှတ်နိုင်ဘူးလား (မှတ်နိုင်ပါတယ် ဘုရား)။

ဒါဖြင့် သဝိညာဏက အသက်ရှိတဲ့ ပုဂ္ဂိုလ်ကျတော့ အမရေ ဖြစ်ရမှာပဲ (ဖြစ်ရမှာပါ ဘုရား)၊ မဖြစ်ရပေဘူးလား (ဖြစ်ရပါတယ် ဘုရား)။

ကောင်းပြီ ဒါဖြင့် အယူဝါဒဆိုတဲ့ဥစ္စာတွေ အပေါင်း အသင်းကြောင့်ပဲ ပြောင်းလွဲပြီး သကာလ သွားတာတွေကို မောင်ထွန်းလှိုင် အများကြီးရှိတာပေါ့ (အများကြီးရှိပါတယ် ဘုရား)၊ အများကြီး ရှိတယ်တဲ့။

ကံနဲ့ဘာမှမဆိုင်

အဲဒါတွေ ကံလို့ ဆိုကြမလားလို့မေးလို့ရှိရင်ဖြင့် ကံနဲ့ ဘာမှမဆိုင်ဘူး ဆိုင်သေးသလား (မဆိုင်ပါဘူး ဘုရား)၊ အပေါင်းအသင်းအပေါ်မှာ မှီပြီး သကာလ နေတယ်လို့ မောင်ချစ်ဆွေ ဆိုနိုင်ပြီလားကွ (ဆိုနိုင်ပါတယ် ဘုရား)။

အင်္ဂလိပ်ကျောင်းမှာ ထားတဲ့ကလေးတွေဟာ တချို့ လည်း ပြန်ဆွဲထုတ်လို့ရတယ်၊ တချို့လည်း ပြန်ဆွဲထုတ်လို့မရ တာတွေလည်း မရှိဘူးလား (ရှိပါတယ် ဘုရား)၊ အယူကျ တော့လေ။

ကိုယ့်ဆရာ့အယူဝါဒကြောင့်

ဒါ ဘာကြောင့်လဲ ဆိုလို့ရှိရင်ဖြင့် ကျောင်းသားအပေါင်း အသင်း၊ သူ့ဆရာအပေါင်းအသင်း၊ ဆရာ့အယူဝါဒတွေ လိုက်ပြီး ဆရာနဲ့ပေါင်းသင်းရတာကြာတာနဲ့ပဲ ဆရာနဲ့ အနီးကပ်ဆုံးပေါင်း တာနဲ့ပဲ မိမိဘယ်ဘက်သွားသတုံး (မိစ္ဆာဒိဋ္ဌိဘက် သွားပါ တယ် ဘုရား)။

မိစ္ဆာဒိဋ္ဌိဘက်ပါသွားတော့ကို ဒါကံမကောင်းအကြောင်း မသင့်လို့ ဖြစ်ရလေခြင်းလို့၊ ဘေးက ဗုဒ္ဓဘာသာ မြန်မာလူမျိုးက ဆိုချင်ရင်လည်း ဆိုဖြစ်လိုက်လိမ့်မယ်၊ ဆိုသာ ဆိုတယ် ဒီကံနဲ့ ဘာမှ မဆိုင်ပါဘူးတဲ့၊ သူက သမ္မာဒိဋ္ဌိ အမေနဲ့ မွေးဖွားလာသားပဲ (မှန်ပါ့)။

ဟိုကျမှ အကြောင်းကံကျမှ မောင်ကိုရ ဖြစ်သွားတာတွေ ကောမရှိဘူးလား (ရှိပါတယ် ဘုရား)၊ ဒါကျတော့ မင်းဘယ် နှယ့်လဲကွ၊ သမ္မာဒိဋ္ဌိ အမေမိဘထဲမှာ ကံကပစ်ချလိုက်တယ်၊ ကြီးတော့မှ မိစ္ဆာဒိဋ္ဌိ ဖြစ်သွားတယ် ဆိုတာကတော့ ကံနဲ့ဆိုင် သေးသလား (မဆိုင်ပါ ဘုရား)။

ဘာနဲ့ဆိုင်သတုံး (အပေါင်းအသင်းနဲ့ ဆိုင်ပါတယ် ဘုရား)။ အပေါင်းအသင်းနဲ့ ဆိုင်သွား တယ်ကွ မောင်အုန်းခိုင်ရ၊ သဘောကျပလား (သဘောကျပါပြီ ဘုရား)။

ကလျာဏမိတ္တ၊ ပါပမိတ္တ

အဲဒီတော့ကို အပေါင်းအသင်းဟာလည်း ကလျာဏ မိတ္တ၊ ပါပမိတ္တလို့နှစ်မျိုးရှိသည်၊ ကလျာဏမိတ္တနဲ့ ပေါင်းပြန်တော့ လည်း မိစ္ဆာဒိဋ္ဌိက သမ္မာဒိဋ္ဌိဘက် သွားတယ်၊ ဟုတ်ဖူးလား (မှန်ပါ့)။

ဟာ ပါပမိတ္တနဲ့၊ မကောင်းတဲ့ ယုတ်မာတဲ့ ပုဂ္ဂိုလ်နဲ့ ပေါင်းပြန်လို့ရှိရင်လည်း သမ္မာဒိဋ္ဌိကကို ဦးငွေရေ မိစ္ဆာဒိဋ္ဌိဘက် ကူးသွားတယ်၊ မရှိဘူးလား (ရှိပါတယ် ဘုရား)၊ ရှိတယ်တဲ့။

နတ်ကဘုရားဖြစ်နေတယ်

တချို့က မွေးကတည်းက နတ်ကိုးကွယ်တာ မဟုတ် ပါဘူး၊ သို့သော် အပေါင်းအသင်းနဲ့ ပတ်သက်ပြီး သကာလ မင်း စီးပွားရေး ဖြောင့်တယ်၊ ဘယ်လိုညာလို အစရှိသည်နဲ့ဖြစ်သွား တာနဲ့ ရန်ကုန်ဆီ ကျတော့ နတ်ကိုပဲ ဘုရားဖြစ်နေတာတွေကော မရှိဘူးလား (ရှိပါတယ် ဘုရား)။

အဲ့ဒါတွေကျတော့ တစ်ယောက်နဲ့ တစ်ယောက် တွန်းကြတာနဲ့ ဖြစ်သွားတာ (မှန်ပါ)။ မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။

တစ်ယောက် တစ်ယောက် တွန်းကြတာနဲ့ ဖြစ်သွား တော့ကို တစ်ယောက်တစ်ယောက်တွန်းမှု သက်သက်ဆိုလို့ ရှိရင်ဖြင့် တွန်းတာရယ်လို့ မဟုတ်ဘူး၊ ကိုယ့်ကိုယ်ကလည်း ပါချင်ချင် ဖြစ်ပြီး သကာလ သူနဲ့ပေါင်းနေရ တော့ကို တစ်ခါတည်း သူ့ဖက်ကို ယိမ်းယိုင်ပြီး သကာလ သွားတာ တွေကော မရှိဘူးလား (ရှိပါတယ် ဘုရား)။

ဒါတွေဟာ ကံလို့ဆိုမလား ကြီးမှ အပေါင်းအသင်း ကြောင့် ဖြစ်တာတွေလို့ ဆိုကြပါတော့၊ သဘော ကျပြီလား မိမိ (သဘောကျပါတယ် ဘုရား)။

မှားတာဟူသ၍နောက်မှဖြစ်တာ

ဥပမာ- မယ်၊ နတ်တွေကိုးကွယ်၊ အမျိုးမျိုးအဖုံဖုံ ဥပမာ ဘိုးဘိုးအောင်တို့ ကိုးကွယ် အစ ရှိသည်နဲ့ ခု-ကိုးကွယ်မှားတွေ ဟူသ၍ ဟာ ဦးနွဲ့ ရေ နောက်မှ ဖြစ်တာချည့်ပဲ (မှန်ပါ့)။

ငယ်တုန်းက ပါလာတာဟုတ်ကြရဲ့လား (မဟုတ် ပါဘူး ဘုရား)။ မဟုတ်ဘူးကွ၊ ကြီးမှ ပြောင်းသွားတာ၊ ကြီးမှ ပြောင်းသွားတော့ တကယ်ကိုပဲ ယုံကြည်၊ တကယ်ကိုပဲ ကိုးစား တကယ်ကိုပဲ အားထားလို့ရှိရင် မောင်အုန်းခိုင် ဘာဆိုမတုံးကွ (မိစ္ဆာဒိဋ္ဌိပါ ဘုရား)။ မိစ္ဆာဒိဋ္ဌိ။

ပင်ကို အမေဝမ်းခေါင်းထဲက ပါလာတာလား၊ ခုမှ ဖြစ်သွား ရှာတာလားလို့သာ (ခုမှ ဖြစ်သွားတာပါ ဘုရား)။ သူတို့ကျတော့ ကြည့်ပါ့လား ခုမှ ဖြစ်သွားတာ (မှန်ပါ)။

တခြားသော နည်းပါသေးရဲ့လား (မပါပါဘူး ဘုရား)၊ မပါပါဘူးတဲ့၊ အဲဒါ ခုကြီးမှ ဖြစ်သွားတာ ဟူသ၍ သည် အစ်မတို့က မှတ်ရမယ်၊ အပေါင်းအသင်းပဲ (မှန်ပါ့)၊ ဒီပြင့် တခြား အကြောင်းများ ရှိသေးရဲ့ လား (မရှိပါဘူး ဘုရား)။

အပေါင်းအသင်းသည်ဘယ်ဘက်ကိုသွားစေသလဲ

ဒါဖြင့် အပေါင်းအသင်းသည်ဘယ်ဘက်ကိုသွားစေ သလဲ (မိစ္ဆာဒိဋ္ဌိဘက်ကိုသွားစေပါတယ် ဘုရား)၊ မိစ္ဆာဒိဋ္ဌိ ဘက်ကို မောင်ချစ်ဆွေသွားစေတယ် (မှန်ပါ့ ဘုရား)။

ဒီကျော်လွန်သွားဖို့ရာလည်း ဝင်မိလို့ရှိရင်တော်တော်ကြာ ပြန်ပြီး သကာလ ထွက်သွားဖို့ ရာလည်း သာမညနဲ့ မထွက်နိုင်ဘူး ကွ၊ ထွက်နိုင်ပါ့မလား (မထွက်နိုင်ပါဘူး ဘုရား)။

မထွက်နိုင်ဘူး၊ ဒါကြောင့် အပေါင်းအသင်းကိုလည်း ကြည့်ပြီး သကာလ ပေါင်းရမယ်၊ ကိုယ်က ဉာဏ်မပါလို့ရှိရင် သူများဆီမှာ လမ်းဆုံးပြီး သကာလ သူများအတုယူတဲ့ဆီ၊ မိတ်ဆွေသင်္ဂဟ ပြောတာဆီ၊ မိတ်ဆွေသင်္ဂဟနေပုံထိုင်ပုံ၊ မိတ်ဆွေသင်္ဂဟ ကိုးကွယ်တာကို ကိုးကွယ်ပြီး သကာလ သူလည်း ဒါသဘောကျတယ် ဖြစ်ချင်ဖြစ်သွားမှာ၊ မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။

အပေါင်းအသင်းသက်သက်ကလာတာ

ဖြစ်တော့ကို မိစ္ဆာဒိဋ္ဌိက တခြားက လာတာတော့ မဟုတ် ပါဘူးလို့ ဦးနွဲ့ ဆိုယုံပေါ့ဗျာ (မှန်ပါ့)၊ အပေါင်းအသင်း သက်သက်ကလာတာပဲ (မှန်ပါ့)၊ သဘောကျပလား (မှန်ပါ ဘုရား)။

မိစ္ဆာဒိဋ္ဌိ ဘယ်ကလာတာတုံး (အပေါင်းအသင်း သက်သက်ကလာတာပါ ဘုရား)၊ အပေါင်းအသင်း သက်သက်က လာသည်။

ဒီပြင့်ဟာ မကြည့်ပါနဲ့ ဆဲတတ်တဲ့ကလေးနဲ့ယှဉ်ထားပါ။ ဒီကလေးလေးကို၊ ကြာရင် ဒီကလေးလေးပါ ဆဲလာတာပဲ (မှန်ပါ)၊ ဟုတ်ဖူးလား (မှန်ပါ)။

ဒီကလေးလေးဟာ နဂိုက အယဉ်ပဲ အင်း တော် တော်ကြာ ကျလို့ရှိရင်ဖြင့် ရိုင်းစိုင်းတဲ့ အသံတွေ ဗလံတွေ သုံးပြီး သကာလ လာတာ မိမိတို့မရှိဘူးလား (ရှိပါတယ် ဘုရား)။

ဒီကောင်လေးဟာ ဘယ်သူနဲ့ ပေါင်းလို့၊ ဘယ်အသံ ထွက်လာတယ်ဆိုတာ အမေမိဘ လုပ်သူတွေက အကုန်အကဲ ခတ်နိုင်ပါတယ်၊ မောင်အုန်းခိုင် မထွက်ပေဘူးလား (ထွက်ပါ တယ် ဘုရား)။

ထွက်တော့ သူတို့အပေါင်းအသင်းကြောင့် ထွက်တဲ့ဖြစ် ရပ်တွေလို့ ဆိုလို့ရှိရင် လွဲသလား (မလွဲပါဘူး ဘုရား)။

ဒါဖြင့် မောင်ထွန်းလှိုင် အပေါင်းအသင်းဟာ သိပ်အရေး ကြီးတာပေါ့ (အရေးကြီးပါတယ် ဘုရား)၊ သူကလည်း မိစ္ဆာ ဒိဋ္ဌိဖြစ်ခြင်း အကြောင်းပဲတဲ့ မောင်ကိုမှတ်ရမှာပဲ (မှန်ပါ့)။

ဒါဖြင့် အပေါင်းအသင်းဆိုတာ ဘာတုံးလို့ မေးတဲ့အခါ ကျတော့ ထိုသူ၏ စိတ်ထားစိတ်နေကို သဘောကျတာ၊ မဟုတ် ဖူးလား (မှန်ပါ့)၊ တစ်ယောက်သော ပုဂ္ဂိုလ်၏ စိတ်ထား၊ စိတ်နေကို သဘော ကျတာ (မှန်ပါ့)။

အဲဒီ သူ့စိတ်ထား၊ စိတ်နေသဘောကျပြီဆိုမှဖြင့်တဲ့ သူ့စိတ်ထားစိတ်နေကြောင့် သူလုပ်တဲ့ အလုပ်ဟူသ၍ အမှန် ထားပြီး သကာလ ဒီလိုယူလိုက်ပြန်လို့ရှိရင် တစ်ခါတည်း အနောက်နိုင်ငံ ချမ်းသာတဲ့ ပုဂ္ဂိုလ်တွေ ထာဝရဘုရားက မသလို လို၊ အင်း သူ့ ထာဝရဘုရားမလို့ ချမ်းသာတာ၊ သူနဲ့လည်း ငါနဲ့ အတူတူနေကြထိုင်ကြတာပဲ၊ ငါလည်းမအောင်လုပ်ဦးမှပဲ ဆိုလို့ရှိရင်ဖြင့် သူနဲ့ ပတ်သက်ပြီး သကာလ ဖြစ်လာတာလို့ မောင်အုန်းခိုင် ဆိုရမှာပဲ သဘောကျပလား (မှန်ပါ့)။

ဒါဖြင့် အပေါင်းအသင်းသည်ကားလို့ဆိုလို့ရှိရင် မိစ္ဆာ ဒိဋ္ဌိဘက်ကို မုချပြေစေနိုင်တဲ့ တရားထဲမှာ မောင်ကို အပါအဝင် ပေါ့ကွ (မှန်ပါ့)။

မိစ္ဆာဒိဋ္ဌိဖြစ်ခြင်းအကြောင်းရှစ်ပါး

ဒါကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက မိစ္ဆာဒိဋ္ဌိ ဖြစ်ခြင်း အကြောင်းရှစ်ပါးလို့ ဟောလာတာ ကဲ မောင်ထွန်းလှိုင်တို့ ကျေနပ်ဖို့ပဲ (ကျေနပ်ပါတယ် ဘုရား)၊ ဒါမပါရင် ဖြစ်ကို မဖြစ်နိုင်ဘူး။

မိစ္ဆာဒိဋ္ဌိလောက် အပြစ်ကြီးတာလည်း မရှိဘူးလို့ ဘုန်း ကြီးတို့စကတည်းက ဟောခဲ့တယ် (မှန်ပါ့)၊ မိစ္ဆာဒိဋ္ဌိက တကယ့်နိယတ မိစ္ဆာဒိဋ္ဌိမျိုး ဖြစ်သွားလို့ရှိရင်ဖြင့် ကမ္ဘာပျက်ကာနီး တောင်မှ၊ ကမ္ဘာပျက်ကာနီး အပါယ်ကျသွားတယ်။

စကြာဝဠာပြောင်းပြီးငရဲခံရတယ်

ကမ္ဘာပျက်တော့ ဒီနေရာမှာ သူ့ခံစရာမရှိဘူး၊ မြေတွေ ကော အလုံးစုံ အောက်ပါထပြီး လောင်လို့ ဟာလာဟင်းလင်း ကြီးဖြစ်တာ တောင် တစ်ပါးသော စကြာဝဠာမှာ ဒီလိုငရဲသွားပြီး သကာလ ခံရသေးတယ် ဆိုတော့ ပဉ္စာနန္တိယကံထက် မိစ္ဆာဒိဋ္ဌိကံ က အပြစ်ကြီးတယ်လို့ ဘုရားက ဟောထားတယ် (မှန်ပါ့)။

၁။ အမိသတ်တဲ့ကံ၊

၂။ အဖသတ်တဲ့ကံ၊

၃။ သံဃာသင်းခွဲတဲ့ကံ၊

၄။ ဘုရားသွေးစိမ်းတည်အောင်လုပ်တဲ့ကံ၊

၅။ ရဟန္တာသတ်တဲ့ကံ ဆိုတဲ့ ပဉ္စာနန္တိယကံ ငါးပါး ရှိတယ်၊ ပဉ္စာနန္တိယဆိုတာ ငါးပါးနော် (မှန်ပါ)။

ပဉ္စာနန္တိယကံထက်အပြစ်ကြီးတယ်

အဲဒါ ငါးပါးထက် ကြီးသေးသတဲ့၊ အပေါင်းအသင်းမှား လို့ဖြစ်ရတဲ့ မိစ္ဆာဒိဋ္ဌိက (မှန်ပါ ဘုရား) သဘောကျကြပြီလား (ကျပါတယ် ဘုရား)

တချို့ သေခါနီးများ တပြီး ထာဝရဘုရား ကယ်ပါ။ ဘယ်နတ်ကယ်ပါ၊ ဘယ်ဟာ ကယ်ပါနဲ့ တောင်မှ တစ်ခါတည်း အယူစွန့်သေရဲ့ လား၊ ဒီအယူအတိုင်းပဲ သွားတော့လားလို့ မေးကြည့်စမ်းပါ (ဒီအယူအတိုင်း သွားပါတယ် ဘုရား)။

ဒီအယူအတိုင်း သွားတာပဲဆိုတဲ့ဥစ္စာ ဟို ကိစ္စကြုံလို့ အလုံးစုံကုန်ပျက်စီးရတော့မယ်ဆိုမှ ကိုယ်ဆိုင်ရာ၊ ကိုယ်ဆိုင်ရာ အားကိုးတာ မလာဘူးလား (လာပါတယ် ဘုရား)။

ကိုယ်ဆိုင်ရာ အားကိုးကြတယ်

အဲဒါ ကိုယ်ဆိုင်ရာ ဆိုင်ရာ ကိုယ်အားကိုးကြတယ်၊ တချို့က နတ်ကိုအားကိုး၊ တချို့က ဥပမာမယ်၊ မျောက်အားကိုး တဲ့ပုဂ္ဂိုလ်ကမျောက်၊ ရာမလက္ခဏာတို့အားကိုး၊ တချို့ကလည်း ဗိဿနိုးတို့ ဘာတို့ အားကိုး။

အမျိုးမျိုးအဖုံဖုံ ကိုယ်ဆိုင်ရာ၊ ကိုယ်ဆိုင်ရာအားကိုးတာ တွေသည် နဂိုက အပေါင်းအသင်း လွဲပြီး ဒါတွေ အားကိုးထား တာဖြစ်လေတော့ တစ်ခါတည်း သင်္ဘောတို့ ဘာတို့ပျက် တော့မယ်၊ လေကြမ်းတို့ ဘာတို့ တိုက်တော့မယ်၊ အားလုံးပဲ သေကြပျက်စီးတဲ့ ကိစ္စတွေ ကြုံတော့မယ်ဆိုမှ သူတို့မိစ္ဆာဒိဋ္ဌိ အကြောင်းဟာ ကိုယ့်မိစ္ဆာဒိဋ္ဌိ အကြောင်း ကိုယ်ပေါ်လာတယ်၊ မပေါ်ဘူးလား (ပေါ်လာပါတယ် ဘုရား)။

အမှန်နဲ့အမှားဘယ်ဟာကများသတုံး

ဦးနွဲ့ အားကိုးရာ မရှာဘူးလား (ရှာပါတယ် ဘုရား)။ ရှာလိုက်တဲ့အခါကျတော့ မှန်တဲ့ပုဂ္ဂိုလ်နဲ့ မှားတဲ့ပုဂ္ဂိုလ်နဲ့ ဘယ် ဟာကများသတုံး (မှားတဲ့ပုဂ္ဂိုလ်ကများပါတယ် ဘုရား)။

မှားတဲ့ပုဂ္ဂိုလ်တွေကများတော့ ဒါ ပင်ကိုယ်ကလာတာ လား၊ နီးရာပါသွားတဲ့ ပုဂ္ဂိုလ်တွေလား ဆိုပါ (နီးရာပါ သွားတဲ့ပုဂ္ဂိုလ်တွေပါ ဘုရား)။

နီးရာပါသွားတဲ့ပုဂ္ဂိုလ်တွေ ဆိုလို့ရှိရင်ဖြင့် မောင်အုန်းခိုင် ရေ ဒါ အပေါင်းအသင်းကလာတာ (မှန်ပါ့)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် အပေါင်းအသင်းက လာတဲ့အခါကျလို့ရှိရင်ဖြင့် အပေါင်းအသင်းသည် မိစ္ဆာဒိဋ္ဌိကို မုချအားဖြင့် ကျေးဇူးပြုနိုင် တယ်ဆိုတဲ့ဥစ္စာ မိမိသေချာမှတ်ရမယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် အပေါင်းအသင်းရွေးနိုင်တဲ့ ဉာဏ်ကလည်း မောင်ထွန်းလှိုင် ကိုယ်တိုင်ကိုက ခုလို ဝေဖန်ထားမှကွ (မှန်ပါ့ ဘုရား)။

နို့မဟုတ်လို့ရှိရင် ကိုယ်ကလည်း မဝေဖန်တတ်ဘူး ဆိုလို့ရှိရင်ဖြင့် အပေါင်းအသင်းပေါ်မှာ လမ်းဆုံးရင် ဆုံးသွားမှာ (မှန်ပါ)၊ မဆုံးပေဘူးလား (ဆုံးပါတယ် ဘုရား)။

ဉာဏ်ချိန်ခွင်ရှိမှဝေဖန်နိုင်တယ်

သို့သော် ဝေဖန်နိုင်တဲ့ ပုဂ္ဂိုလ်ကလည်း ကိုယ်ကဉာဏ် ချိန်ခွင်ရှိပြီး သကာလ နေမှ ဝေဖန် နိုင်တယ် (မှန်ပါ့)၊ ဉာဏ် ချိန်ခွင်မရှိရင် သူများအပေါင်းအသင်းပေါ်မှာ လမ်းဆုံးသွားတာပဲ (မှန်ပါ)။ မောင်ချစ်ဆွေ သဘောကျပလား (သဘောကျပါပြီ ဘုရား)။

အဲဒီတော့ကို မင်းတို့မှာ သံသယဝိစိကိစ္ဆာ ကင်းလောက် အောင် ကိုယ့်အယူဝါဒကို ကိုယ်စစ်ဆေးထားဖို့ရာ သိပ်အရေး ကြီးပါတယ် (မှန်ပါ့ ဘုရား)။

ကိုယ့်အယူကိုယ်စစ်ဆေးထား

သံသယ ဝိစိကိစ္ဆာကင်းလာအောင် အသန်း မင်း ကိုယ့် အယူကိုယ် စစ်ဆေးထားကွ (မှန်ပါ)၊ ဒါမှမင်းအပေါင်း အသင်းကြောင့် မပျက်မှာ (မှန်ပါ)။

နို့မဟုတ်ရင် အပေါင်းအသင်း လာတယ်ဆိုလို့ ရှိရင်ဖြင့် သူပြောတာ၊ သူနဲ့ပေါင်းရတာ သူ့အယူဝါဒ ဟုတ်တယ်လို့ ဆုံးဖြတ်ချက် ချရင်လည်း ဦးနဲ့ ချပစ်လိုက်မယ် (မှန်ပါ)၊ မချပေ ဘူးလား (ချပါတယ် ဘုရား)။

အဲဒီတော့ ကိုးချမယ့်ပုဂ္ဂိုလ်နဲ့၊ မချမယ့်ပုဂ္ဂိုလ်နဲ့ ကမ္ဘာကြီး မှာ သန်းပေါင်း လေးငါးထောင် ရှိနေတဲ့ဥစ္စာ အကဲခတ်ကြည့်ပါ၊ အပေါင်းအသင်းကြောင့် အပေါင်းအသင်းဘက်ကိုလိုက်မယ့် ပုဂ္ဂိုလ်က မများပေဘူးလား (များပါတယ် ဘုရား)။

ဒီအပေါင်းအသင်းတွေကြောင့်

ကဲ အာရှတိုက်၊ အာဖရိကတိုက်၊ ဥရောပတိုက်၊ အမေရိကတိုက်မှာ ရှိတဲ့အထဲမှာ များသော အားဖြင့် ကိုယ်ပါလာ တဲ့စိတ်ကြောင့် ဖြစ်ကြရတာမဟုတ်ဘူး။

ကိုယ့်အမေမိဘ၊

ကိုယ့်ဆွေမျိုး၊

ကိုယ့်ဆရာသမား၊

ကိုယ့်မိတ်ဆွေသင်္ဂဟ။

ဒီအပေါင်းအသင်းကြောင့် ဖြစ်သွားတဲ့ ဒိဋ္ဌိကများ လိမ့်မယ် (မှန်ပါ့ ဘုရား)၊ မဟုတ်ဘူးလား။

ကိုယ်ပါလာတဲ့ ကံကြောင့်ဖြစ်တဲ့ ဒိဋ္ဌိရှိရဲ့လား (မရှိပါ ဘုရား)၊ မရှိဘူး၊ အပေါင်းအသင်း ကြောင့်ပဲ (မှန်ပါ့ ဘုရား)။

တချို့ကျတော့လည်း စာအုပ်နဲ့ ပေါင်းတာနဲ့ စာအုပ် နောက်လိုက်တယ် (မှန်ပါ ဘုရား)၊ မရှိဘူးလား (ရှိပါ တယ် ဘုရား)၊ စာအုပ်နဲ့ ပေါင်းတာနဲ့ စာအုပ်အယူလိုက်ပြီး သကာ လ သွားတာတွေ လည်း မောင်ထွန်းရင် ရှိသေးသကွ (ရှိသေး ပါတယ် ဘုရား)။

ဒါဖြင့် အပေါင်းအသင်းဟာ သိပ်အရေးကြီးတယ်လို့ ဆိုရမှာပဲ (မှန်ပါ ဘုရား)။

ကြက်တူရွေးနှစ်ကောင်

ဒါနဲ့အရင်တစ်ပတ်က ပြောခဲ့တယ်၊ ကျေးသားလေးနှစ် ကောင်ဟာ ခုလိုထန်းပင်ပေါ်မှာ ကြက်တူရွေးလေး နှစ်ကောင် သူ့အမေက မွေးပြီးထားတယ်၊ ဥထဲကပေါက်ပြီးနောက် လေကြမ်း တိုက်တယ်၊ လေကြမ်းတိုက်တော့ တစ်ကောင်သော ကျေးက မုဆိုးဆီရောက်တယ်။

တစ်ကောင်ကတော့

တစ်ကောင်သောကျေးက ဘိက္ခုနီမတွေဆီ ရောက် တယ်။

တစ်ကောင်သောကျေးက သူတတ်နေတာကဘာတွေ တတ်နေတုန်းဆိုလို့ရှိရင် ဧည့်လာ စောင်ဝတ်၊ ကျွေးချင်မွေးချင် – ဘိက္ခုနီမတွေဆီ ရောက်တော့။

နောက်တစ်ကောင်က

တစ်ကောင်သောကျေးကတော့ဖြင့် မုဆိုးတို့၊ ဓားပြတို့ လက်ထဲရောက်နေတော့ ခိုးဖို့၊ တိုက်ဖို့၊ ဓားယူခဲ့၊ လှံယူခဲ့၊ ဟောဒီမှာ ဘာပစ္စည်းတွေ ပါလာတယ်၊ လုကြပါလား၊ ယက်ကြ ပါလား သူက ဒါပဲ တတ်တယ် (မှန်ပါ ဘုရား)။

ကျေးကလေးက နဂိုကအတူတူပဲ ထန်းပင်အပေါ်မှာ အတူတူ မွေးဖွားလာကြတာပဲ၊ လေတိုက်လို့ လွင့်သွားလို့ ဟိုရောက်၊ ဒီရောက်၊ တစ်ယောက်က မုဆိုး၊ ဓားပြဆီရောက်၊ တစ်ယောက်က ဘိက္ခုနီမကျောင်း ရောက်တယ်ဆိုတော့ အခု ကံက ပါလာတယ်လို့ ဆိုမလားကွ၊ အပေါင်းအသင်းကြောင့် ဒီအသံတွေထွက်လာတာလား (အပေါင်းအသင်းကြောင့် ဒီအသံတွေ ထွက်လာတာပါ ဘုရား)၊ သဘောကျပြီလား (သဘောကျပါတယ် ဘုရား)။

အဲဒီမှာ ကျေးသုံးကောင် ဆိုပြီး တစ်ကောင်ကဖြင့် သူတော်ကောင်းဘက် ရောက်သွားလို့ သူတော်ကောင်း လုံးလုံး ဖြစ်သွားတာပဲ။

အပေါင်းအသင်းနောက်လိုက်တယ်

အဲဒီတော့ကား ဒါတွေကို ဦးခွဲတို့ ထောက်ကြည့်တော့ တိရစ္ဆာန်တောင်မှ အပေါင်းအသင်း နောက် အကုန်လိုက်တာ (မှန်ပါ)။

လူဆိုတော့ ဆိုစရာရှိသေးရဲ့လား (မရှိပါဘူး ဘုရား)၊ မသိတဲ့ ပုဂ္ဂိုလ်တောင်မှ မသိသလို ပါသွားသေးတာပဲတဲ့၊ သိတဲ့ ပုဂ္ဂိုလ်ကျတော့ ကိုယ့်အပေါင်းအသင်း ကျော်လွှားပြီး သကာလ ဘယ်နည်းနဲ့မှ ပြင်မထွက်ချင်ဘူး။

တချို့များ ကျုပ်တော့ ဗုဒ္ဓဘာသာတော့ သဘောတော့ ကျပါရဲ့၊ ဆွေတွေမျိုးတွေ အပေါင်းအသင်းတွေ ငိုနေတာနဲ့ပဲ ဗုဒ္ဓဘာသာ ယူဖြစ်သေးရဲ့လား (မယူဖြစ်ပါ ဘုရား)။

ဒါအပေါင်းအသင်းပဲ (မှန်ပါ)၊ မရှိဘူးလား (ရှိပါ တယ် ဘုရား)၊ အဲဒါတွေ ထောက်ကြည့် လိုက်တော့ အပေါင်း အသင်းဟာ အတော်နှိပ်စက်တယ်၊ မောင်ကိုဆိုလိုက်ပြီလား (ဆိုထိုက်ပါပြီ ဘုရား)။

မောင်ချစ်ဆွေကော (ဆိုထိုက်ပါတယ် ဘုရား)၊ အလွန်နှိပ်စက်တယ်တဲ့၊ ဒါက သိုမထားလို့ရှိရင် နှိပ်စက်တဲ့အထဲ လဲသူမပါပါဘူး (မပါပါ ဘုရား)၊ နှိပ်စက်မှန်းမသိဘူး၊ သူကောင်းတယ်ပဲ ယူလိုက် တာပဲ။

ကြားဖူးနာဖူးရှိမှရွေးနိုင်တာ

သို့သော် အပေါင်းအသင်း ကြောင့်လည်း မိစ္ဆာဒိဋ္ဌိ ဖြစ်နိုင် တယ်ဆိုတာလေးကို ကိုယ်ကနာဖူး၊ ကြားဖူး ရှိနေမှ ဦးနွဲ့ရ ဒါရွေး နိုင်တာပဲ (မှန်ပါ ဘုရား)။

ဒီလိုမှ နာဖူးကြားဖူးမရှိတဲ့ ပုဂ္ဂိုလ်က နီးရာပါမှာပဲ။ ဘယ့်နှယ်ဆိုကြမယ် (နီးရာပါမှာပါ ဘုရား)၊ နီးရာပါမှာပဲလို့ ဆိုတဲ့ဥစ္စာ သေချာနေတယ်၊ မောင်အုန်းခိုင် (သေချာပါတယ် ဘုရား)။

သေချာတော့ ဘယ်နှယ့်လုပ်မတုံးလို့ မေးတော့၊ ဒီလို တရားမျိုး မိမိမနာဖူးတဲ့ပုဂ္ဂိုလ်၊ သူ့အပေါင်းအသင်း ကြောင့် မိစ္ဆာ ဒိဋ္ဌိဖြစ်နိုင်တယ် ဆိုတာ၊ ဘုရားဟောတာကို မကြားဖူး၊ မတွေ့ဖူး၊ အကြုံဖူး၊ ဒီလိုမတွေ့ဖူး၊ မကြုံဖူးတဲ့ ပုဂ္ဂိုလ်ကျတော့ ဘယ်သူရွေး လိမ့်မတုံးလို့ ရှိရင်ဖြင့် သူ့မှာရွေးစရာ မရှိဘူး၊ ကိုးစားရာ ဆရာ ရှာတော့မယ် (မှန်ပါ)။

ဆရာရှာလို့ရှိရင် ဆရာမိစ္ဆာဒိဋ္ဌိနဲ့ ပေါင်းမိလို့ ရှိရင်လည်း မိစ္ဆာဒိဋ္ဌိဘက် ကိုယ်သွားမယ် (မှန်ပါ)။

လူတစ်ဦးတစ်ယောက်မှာ မရှာတဲ့သူ မရှိဘူး၊ ရှာကြဦး မှာပဲ၊ ရှာတဲ့အချိန်မှာ အပေါင်းအသင်း မှားလို့ ရှိရင်ဖြင့် မှားတဲ့ဒိဋ္ဌိ ဘက်ကို ပြေးဝင်သွားမှာပဲဆိုတာ အသေအချာ မှတ်ရမယ်၊ သဘော ကျပြီလား (မှန်ပါ့ ဘုရား)။

အယူဝါဒကိစ္စ

အံမလေး ကြောက်စရာကြီး ပါလားဗျ၊ နေရတာကလည်း အပေါင်းအသင်းတွေက အမျိုးမျိုး ရှုပ်ထွေး နေရတဲ့အခါထဲမှာ ဖြစ်ပြီး သကာလ သွားတော့၊ ခု တချို့နတ်ကိုးကွယ်တာ၊ နဂိုတုန်း က မိစ္ဆာဒိဋ္ဌိ၊ တစ်ခါ အခြားအယူဝါဒတွေ အပေါင်းအသင်းနဲ့ တစ်ခါ စာအုပ်တွေနဲ့ ဝါဒဖြန့်ပြီး သကာလ ပေါင်းသင်ပြီး သကာလ ဟိုကအယူတွေကူးစက်ပြီး သကာလ ဟိုဘက်က ပုဂ္ဂိုလ်တွေနဲ့ ပေါင်းတာနဲ့ ပဲဟာ တစ်တိုင်းပြည်လုံး ဘာဖြစ်သွားသတုံး၊ ဘာသာမရှိဖြစ်သွားတယ်။

မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)၊ ဒါဘာတုံးဗျ (အပေါင်းအသင်းကြောင့်ပါ ဘုရား)၊ ဦးနွဲ့ အပေါင်း အသင်းပဲ၊ သဘောကျပြီလား။

သူတို့က ထာဝရပြုတ်ထွက် သွားတယ်၊ ထာဝရမရှိဘူး၊ နဂိုက နတ်တွေကော (မရှိတော့ပါ ဘုရား)၊ မရှိတော့ဘူး၊ ရှိတဲ့သူလည်း ရှိဦးမှာပေါ့လေ၊ သို့သော် မရှိတာကများသွားတယ်၊ ဒါ အင်မတန် အရေးကြီးတာကွ၊ သဘောပါပြီလား၊ မိမိ ရ (ပါပါပြီ ဘုရား)။

အိမ်ထောင်ကျရေးကိစ္စ

အဲဒီတော့ကို အပေါင်းအသင်း ဆိုတာက အိမ်ထောင် ကျရေး၊ ဒါလည်း အပေါင်းအသင်းပဲ (မှန်ပါ)၊ သဘောကျပြီလား (ကျပါတယ် ဘုရား)။

အရပ်ကော (အပေါင်းအသင်းပါ ဘုရား)၊ အရပ် လည်း အပေါင်းအသင်းပဲ၊ အင်း ဒါဖြင့် ရှင်ဘုရင်၏ အယူဝါဒ လိုက်တာတွေကော (ရှိပါတယ် ဘုရား)၊ အုပ်ချုပ်ရေးနဲ့ ပေါင်းသင်းရလို့လည်း (ရှိပါတယ် ဘုရား)၊ လဲသွား တာပဲ ဒိဋ္ဌိဘက်ကို၊ ဦးနွဲ့ မရှိဘူးလား (ရှိပါတယ် ဘုရား)။

အံမလေး အပေါင်းအသင်းသာ ဆိုတာ နယ်ကသိပ် ကျယ်တယ်၊ မကျယ်ဘူးလား (ကျယ်ပါတယ် ဘုရား)၊ နယ်က သိပ်ကျယ်တော့ကို၊ သူ့နယ်ထဲကနေပြီး တစ်ဦး တစ်ယောက်ထွက်ပြီး သကာလ ထိုးထိုးထွင်းထွင်း လေးဖြစ်ဖို့ မောင်အုန်းခိုင် မလွယ်ဘူးကွ (မလွယ်ပါဘူး ဘုရား)။

ဒါဖြင့် မင်းတို့သည် ငါပြောသလိုပဲ နောင်တဖန်လူဖြစ်ရ မှာတော့ မောင်ထွန်းလှိုင်တို့ မောင်ကိုတို့ သိပ်ကြောက်စရာပဲ ၊ (ကြောက်စရာကောင်းပါတယ် ဘုရား)။

ကိုယ့်အရင်းလေးပြုတ်သွားမှာ မောင်ချစ်ဆွေ (ပြုတ်မှာပါ ဘုရား)၊ ပြုတ်စရာမများဘူးလား (များပါတယ် ဘုရား)၊ ခု ရထားတဲ့အရင်းလေးဟာလေ (မှန်ပါ ဘုရား)။

ဝိပဿနာကမှအဟုတ်နိုင်တာ

ခုတော့ ဘုန်းကြီးတို့ ဝိပဿနာ တရား ဟောနေတယ်ဆို တာကတော့ ဘာဖြစ်လို့ ဒီလောက် ဟောနေရသတုံး ဆိုလို့ရှိရင် ဝိပဿနာမှပဲ မိစ္ဆာဒိဋ္ဌိကို အဟုတ်နိုင်တာပဲ (မှန်ပါ ဘုရား)။

သူကဘာပြုလို့ မိစ္ဆာဒိဋ္ဌိကို အဟုတ်နိုင်သတုံးဆိုတော့ ဘယ်သူကပြောပြော ကိုယ့်ခန္ဓာက ပြောတာကို အမှန်ထားတာ (မှန်ပါ ဘုရား)။

ကိုယ့်ခန္ဓာက ခဏခဏ ဖြစ်ပျက်နေတယ်၊ ဇာတိ၊ ဇရာ၊ ဗျာတိ၊ မရဏတွေကလည်း လာနေတယ်၊ ဒုက္ခသစ္စာချည့်ပဲ ခဏ ခဏ ဒုက္ခရောက်နေတာတွေ မြင်နေရတဲ့ ပုဂ္ဂိုလ်ကျတော့ မိမိတို့ အမတို့ မိစ္ဆာဒိဋ္ဌိဖြစ်စရာမရှိဘူး (မရှိပါ ဘုရား)။

ခန္ဓာကပြောတာကိုယုံပါ

ခန္ဓာကပြောနေတယ် (မှန်ပါ ဘုရား)၊ အင်း သူ များပြောတာတော့ ပါးစပ်ပေါ့ ဟုတ်ဖူးလား (မှန်ပါ)။ ကိုယ့်ခန္ဓာက ပြောတာထက် ဘယ်သူ့ယုံစရာ ရှိသေးတုံး (မရှိပါဘူး ဘုရား)။

ဆေးသမားက၊ ဒီက မင်း လေနာနေတယ် ဆေးသမား က မင်းလေနာ မဟုတ်ပါဘူးကွ၊ မင်းဟာ ဆီးရောဂါပါလို့ ပြောပေမဲ့လည်း ကိုယ်တိုင်ခံရတာကို အတည်ပြုလိုက်လို့ရှိရင်ဖြင့် ဆေးသမား ပေးတဲ့ ဆေးပေမဲ့ မသောက်ဖြစ်တော့ဘူး (မှန်ပါ ဘုရား)။

ခင်ဗျားပေးတာ အနာနဲ့ဆေး တခြားစီ ဦးနွဲ့ ( ဘုရား)၊ မဆိုပေဘူးလား (ဆိုပါတယ် ဘုရား)၊ ခေါ်သာ လာတာ၊ ခင်ဗျား ဆရာမှတ်လို့ ခေါ်ပြီးလာတာ နောက်ဆုံးပိတ် တနေ့ကျရင် ခင်ဗျားပေးတဲ့ ဆေးနဲ့ ကျုပ်ဖြစ်နေတဲ့ ဝေဒနာဟာ တခြားစီပဲ ဆိုပြီး သူ့ရှေ့မို့သာ တော်အောင် ပြောရင် ပြောရမယ် သူ့ဆေးတော့ သောက်မှာမဟုတ်ဘူး (မသောက်ပါဘူး ဘုရား)။

ဘာပြုလို့မသောက်သတုံးဆိုလို့ရှိရင် သူ့အတွေးနဲ့ ကိုယ့်အနာနဲ့ ကိုက်ရဲ့ လား (မကိုက်ပါဘူး ဘုရား)။

အဲဒီတော့ ကိုယ့်အနာကိုယ်သိထားတဲ့ ပုဂ္ဂိုလ်က ဆေး ပေးလည်းမရဘူးကွ ဦးဝင်း ရပါ့မလား (မရပါဘူး ဘုရား)၊ ရှောင်တယ်၊ ရှားတယ်၊ သဘောကျပြီလား (ကျပါတယ် ဘုရား)။

အဲဒီတော့ မင်းတို့နေ့တိုင်း တရားဟောနေတာ ကိုယ့် အနာကိုယ်သိထားဖို့ရာ ဝိပဿနာ လုပ်ကြ (မှန်ပါ ဘုရား)။ ဝိပဿနာ လုပ်ကြဆိုတော့ အင်း ဝေဒနာဖြင့်လည်း ဝေဒနာ လာတယ်၊ စိတ်ဖြင့်လည်း စိတ်လာတယ်၊ ရုပ်ဖြင့်လည်း ရုပ်တွေ က ဘယ်လိုပြောနေတယ်။

ခန္ဓာကပြောတာသည်အမှန်

အဲဒီတော့ ခန္ဓာကပြောတာသည် အမှန်ပြောလာ တာကို ဘုန်းကြီးတို့ကလည်း ဟောထားလို့ နဂိုကအမှန်လည်း သိထားတဲ့ ပုဂ္ဂိုလ်ကျတော့ ဒိဋ္ဌိဘက်ဆွဲစမ်းပါတဲ့ မောင်ထွန်းလှိုင် ရပါ့မလား (မရပါဘူး ဘုရား)။

ဒါဖြင့် ဒိဋ္ဌိဘက်မထိန်းနိုင်တာကဖြင့် ဦးနွဲ့ ဝိပဿနာနဲ့ ဉာဏ်ရောက်ထားဖို့ အရေးကြီးတယ် (မှန်ပါ ဘုရား)၊ ဝိပဿ နာနဲ့ ဉာဏ်မရောက်လို့ရှိရင် ဒိဋ္ဌိဘက် ယိမ်းသွားတာပဲ အသန်း မင်းနားလည်လား။

ကိုယ့်ခန္ဓာအကြောင်းသိထားရမယ်

ဒါဖြင့် ဒိဋ္ဌိဘက် မယိမ်းအောင် ဘာလုပ်ထားရမတုံး ဆို တော့ ကိုယ့်ခန္ဓာက အကြောင်းကို ကိုယ်ကောင်းကောင်း သိထား ရမယ်။

သူဟာ (၃၂)ကောဋ္ဌာသဖြင့် (၃၂) ကောဋ္ဌာသဟုတ် မဟုတ်ကြည့်ပါ၊ ဓာတ် (၄)ပါးဖြင့် ဓာတ် (၄)ပါး ဟုတ် မဟုတ် ကြည့်ပါ။

အနိစ္စတရားတွေဖြင့် အနိစ္စတရားတွေ ဟုတ် မဟုတ် ပေပြီးကြည့်ပါ၊ ဒုက္ခသစ္စာဖြင့် ဒုက္ခသစ္စာလို့ အသေအချာ ကြည့် ထားလို့ တစ်ခုခုကောင်းကောင်းမွန်မွန် သိထားလို့ရှိရင် ဦးနွဲ့ ဘယ်နည်းနဲ့မှ အပေါင်းအသင်း ကြောင့်တော့ မှားစရာ မလိုတော့ ဘူး (မှန်ပါ ဘုရား)၊ လိုသေးသလား (မလိုပါဘူး ဘုရား)။

နို့မဟုတ်လို့ရှိရင်ဖြင့် အသက် ဘယ်လောက်ကြီးကြီး၊ ခန္ဓာဉာဏ် မရောက်သေးတဲ့ပုဂ္ဂိုလ်၊ ခန္ဓာအပြောကို ရှင်းအောင်၊ လင်းအောင် ဉာဏ်နဲ့ မဝေဖန်နိုင်သေးတဲ့ ပုဂ္ဂိုလ် ဆိုလို့ရှိရင်ဖြင့် မောင်အုန်းခိုင်ရေ သွားဦးမှာပဲ (သွားမှာပါ ဘုရား)၊ ရှင်းပြီ လား (ရှင်းပါပြီ ဘုရား)။

ရှင်းပါပြီတဲ့၊ ဒါဖြင့် ဒိဋ္ဌိသည်ကားလို့ဆိုလို့ရှိရင်ဖြင့် အပေါင်းအသင်းအပေါ်မှာ မှီပြီး သကာလ နေတယ် ဆိုတော့ ဗုဒ္ဓဘာသာ တိုင်းက အစ်မ တချို့ဘယ်လမှာ ဘာလုပ်ကောင်း တယ်က ရှိနေတယ်၊ မရှိဘူးလား (ရှိပါတယ် ဘုရား)။

မိစ္ဆာဒိဋ္ဌိဝင်လာတာ

အဲဒါ မိစ္ဆာဒိဋ္ဌိဝင်လာတာ (မှန်ပါ)၊ ဘယ်လမှာ ဘာလုပ်ကောင်းတယ်၊ ဘယ်လမှာ ဘာမလုပ်ကောင်းဘူး၊ အင်း သေတာကျတော့ ဘယ်လဘာ ဒီလိုရွေးသေးသလား (မရွေးပါဘူး ဘုရား)၊ မွေးတာကော (မရွေးပါဘူး ဘုရား)။

မွေးတာက အကြောင်းညီညွတ်တဲ့အချိန် မွေးတာပဲ။ သေတော့ကော ဦးနွဲ့ (အကြောင်း ညီညွတ်တဲ့ အချိန်ပါ ဘုရား)၊ အကြောင်းညီညွတ်တဲ့ အချိန် သေလိုက်တာပဲ၊ မဆိုနိုင် ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ရက်ရွေးပြီးလုပ်တယ်

အဲ ခုနက မင်္ဂလာအခမ်းအနားတို့၊ အိမ်ထောင် ထူထောင်တာတို့ ကျတော့ ရှုပ်ကုန်ပြီ၊ အဲဒီအခါကျတော့ ရွေးလိုက်တဲ့ ဖြစ်ခြင်း၊ ဘာဖြစ်တာတုံးကွ၊ မိစ္ဆာဒိဋ္ဌိဖြစ်တာ။

ဒီလဆိုလို့ရှိရင်ဖြင့် အိမ်ထောင် ကွဲတတ်တယ်၊ ဒီလဆို လို့ရှိရင်ဖြင့် သားသမီးမထွန်းကားဘူး၊ ဒီလဆိုရင် သားသမီး သေတတ်တယ်၊ နဂိုကံကို ပယ်ချလိုက်တယ် (မှန်ပါ ဘုရား)၊ ပယ်မချလိုက်ဘူးလား၊ ချလိုက်သလား (ပယ်ချလိုက်ပါတယ် ဘုရား)။

ခု ကဲ မင်းတို့ပဲစဉ်းစားကြည့်ပါ။ ကိုယ့်သားတွေ၊ ကိုယ့်သမီးတွေ ပေးစားကြလို့ရှိရင် ဪ ဒီလ၊ ဒီလဟာ လကောင်း သူတို့ ဆောင်နှင်းခဲ့ရင် မြဲလိမ့်မယ်၊ စီးပွားဥစ္စာရတနာ တက်လိမ့်မယ်၊ ဪ တော်တော်ကြာ ဘယ့်နှယ်နေကြ သတုံး (ကွဲပါတယ် ဘုရား)၊ ဖြစ်ချင်လို့ဖြစ်တာ မဆိုနိုင်ဘူး လား (ဆိုနိုင်ပါတယ် ဘုရား)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

သူများပြောလား၊ ကိုယ်တွေ့လား

သူများပြောလား၊ ကိုယ်တွေ့လားသာ အကဲခတ်ကြည့် လို့ရှိရင် (ကိုယ်တွေ့ပါ ဘုရား)၊ ရှင်းမနေ ဘူးလား၊ နို့မဟုတ် ရင် သူများပါးစပ်လမ်းမဆုံးရရင် ကိစ္စကြုံလာရင် သူများပါးစပ် လမ်းမဆုံး ရရင် မကျေသေးဘူး၊ မေးဦးမှထင်ပါရဲ့၊ မြန်းဦးမှ ထင်ပါရဲ့။

အဲဒီ မေးတဲ့မြန်းတဲ့ ပုဂ္ဂိုလ်က အပေါင်းအသင်း ဖြစ်မသွား ဘူးလား (ဖြစ်သွားပါတယ် ဘုရား)၊ သူ့အပေါင်းအသင်းမှာ လမ်းဆုံးတော့ကို တကယ်လို့ သူပြောတာ ဟုတ်တယ်၊ မိစ္ဆာဒိဋ္ဌိ ဘက် ကူးသွားတယ် (မှန်ပါတယ် ဘုရား)။

သိပ်မှန်တာပဲ၊ သူ့ကိုးကွယ်မှပဲ ဖြစ်လာတယ်၊ မလာဘူး လား၊ လာသလား (လာပါတယ် ဘုရား)၊ အဲဒါ အပေါင်း အသင်းဖြစ်သွားဖို့ရာ မောင်ကို အကြောင်း မသေချာဖူးလား (သေချာပါတယ် ဘုရား)။

ကဲ ခု အသေအချာ ကြည့်လိုက်တော့၊ ဘယ်ဟာက ဘာဟုတ်သေးသတုံးလို့ မေးလိုက်တဲ့ အခါကျတော့ ဘယ်ဟာမှ ဘာမဟုတ်ဘူး၊ အသေအချာ စဉ်းစားတော့လေ (မှန်ပါ ဘုရား)၊ မိမိတို့ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

သူတို့ပြောတဲ့ အတိုင်း၊ သူတို့ ဆိုတဲ့အတိုင်း၊ သူတို့ ကိုးကွယ်တဲ့အတိုင်း၊ သူတို့ဆည်းကပ်တဲ့ အတိုင်း အတော်ဟုတ်ပါ သလားလို့ မေးတဲ့ အခါကျတော့ကို ဟုတ် တယ်လို့ ယူလိုက်ပြန်ရင် ကံ၊ ကံ၏အကျိုးကို ပယ်ချတာပဲ (မှန်ပါ)၊ မဟုတ်ဘူးလား။

ဦးနွဲ့ ရေ ဒါလေးက တော်တော်ဆိုးဝါးတယ်နော်၊ မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား)၊ ဆိုးဝါးတယ်တဲ့။

ဗေဒင်သမားနဲ့ပေါင်းရင်

အဲဒီတော့ အပေါင်းအသင်းဟာ သိပ်အရေးကြီးပါလား၊ ဗေဒင်နဲ့ ပေါင်းတဲ့ သူဟာ ဗေဒင် ဝါသနာပါသွားတာပဲ၊ ဘိုးဘိုးအောင်သမားနဲ့ ပေါင်းခဲ့ရင်ကော (ဘိုးဘိုးအောင်သမား ဖြစ်သွားပါတယ် ဘုရား)။

ဓာတ်လုံးနဲ့ပေါင်းရင်ကော ဓာတ်လုံးနဲ့ပေါင်းရင်ကော (ဓာတ်လုံးသမားပါ ဘုရား)၊ ဓာတ် လုံးဘက် လှည့်သွားတာပဲ၊ ဦးနွဲ့ ရေ ဒီလိုမရှိဘူးလား (ရှိပါ တယ် ဘုရား)၊ ဟုတ်လည်း မဟုတ်ဘူးကွ (မှန်ပါ)၊ ဟုတ် လည်း မဟုတ်ဘူးကွ ဒီဥစ္စာ အကုန်လှည့်သွားတာပဲ၊ ဒါဘယ်သူ့ကြောင့်တုံး မေးကြရင် ဘယ်နှယ့် ဖြေမတုံး (အပေါင်း အသင်းကြောင့်ပါ ဘုရား)၊ ကဲ မောင်ကို ကျေနပ်ပြီလား (ကျေနပ် ပါတယ် ဘုရား)။

ကောင်းတဲ့သူအင်မတန်ရှားတယ်

ဒါဖြင့် အပေါင်းအသင်းသည်ကားလို့ ဆိုလို့ရှိရင် ဟုတ် တာ၊ မဟုတ်တာ များများပါပဲကွာ၊ အပေါင်းအသင်းကြောင့် ကလျာဏမိတ္တကြောင့် ကောင်းသွားတဲ့ သူနဲ့ ပါပမိတ္တကြောင့် ဆိုး သွားတဲ့ သူနဲ့ ဦးနွဲ့ ဘယ်ဟာက များသတုံး (ဆိုးတဲ့သူက များ ပါတယ် ဘုရား)။

ကောင်းတဲ့သူကတော့ အင်မတန်ရှားပေါ့ဗျာ၊ သဘော ကျပြီလား၊ မောင်အုန်းခိုင် (သဘော ကျပါပြီ ဘုရား)။

ဒီပြင့်ဟာ မကြည့်ပါနဲ့တဲ့ ကိုယ့်သားမယား၊ ကိုယ့်သား သမီးနဲ့ပဲ ကြည့်ပါဦးတဲ့၊ ကိုယ့် သားမယားက ခတ်ကြမ်းကြမ်း ဆိုရင် ယောက်ျားကလည်း ခတ်ကြမ်းကြမ်း ဖြစ်လာတာပဲ။

ဟန်ကိုယ့်ဖို့၊ မာန်သူ့ဖို့

ဘာပြုလို့တုံး၊ တစ်ယောက် တစ်ယောက်က တစ်နေ့ ကြားရဖန်များ၊ တစ်ယောက် တစ်ယောက် ကလည်း ဒီလိုပြောမှကွ ဒီလိုဆိုမှကွ ဟန်ကိုယ့်ဖို့ မာန်သူ့ဖို့ အစရှိသည်နဲ့ ဟာ ကြမ်းလိုက်တဲ့ ဖြစ်ခြင်းဟာ နည်းတာတွေ မဟုတ်ဘူး၊ မလာဘူး လား (လာပါတယ် ဘုရား)။

လာတော့ ဒီဟန်တွေ မာန်တွေက ရှုပ်သွားတာပဲ၊ မရှုပ် ကြဘူးလား (ရှုပ်ပါတယ် ဘုရား)၊ တစ်ယောက် တစ်ယောက် နားမလည်လို့ရှိရင် ဟန်မာန်တွေ သင်ပေးရသေးတယ်၊ မသင်ပေးရဘူးလား (သင်ပေးရပါတယ် ဘုရား)။

သင်ပေးတော့ ဟန်ဆိုတာလည်း ဘာတုံးလို့ဆိုရင်ဖြင့် အသေအချာ စဉ်းစားကြည့်တော့ ဟန်လုပ်တာ ဆိုကတည်းက အမှန်လုပ်တာ ဟုတ်သေးရဲ့ လား (မဟုတ်ပါဘူး ဘုရား)။

အမှန်လုပ်တာမဟုတ်ရင်ဒိဋ္ဌိ

အမှန်လုပ်တာမဟုတ်ရင် ဒိဋ္ဌိပဲ၊ ဟန်လုပ်တာကိုး၊ အမှန်လုပ်တာမှ မဟုတ်ဘဲ၊ မာန်ဆိုတာ ကလည်း တကယ်မာန် ရှိလို့လားလို့ မေးတဲ့အခါကျတော့ ဟာ မဟုတ်ပါဘူး၊ မာန် ဆိုတဲ့ဥစ္စာ သူ့ပစ္စည်း သူခင်တဲ့ဥစ္စာ ဒိဋ္ဌိဘက် သွားပြန်တယ် (မှန်ပါ ဘုရား)။

ဈေးကိုင်ထား၊ မာန်ရှိမှတော်တယ်၊ သဘောကျပြီလား (ကျပါတယ် ဘုရား)။

မာန်ရှိမှတော်တယ် ဆိုတဲ့ဥစ္စာ သဘောကိုထောက်ကြည့် လိုက်လို့ရှိရင် ဒီမာန်ဟာ အဖိုးတန် တယ်လို့ ယူပစ်လိုက်တာ၊ မယူဘူးလား (ယူပါတယ် ဘုရား)။

ဒီမာန်ကို အဖိုးတန်တယ်လို့ ယူပစ်လိုက်တော့ ဒီမာန်က မာနတရား၊ မာနတရားကြောင့် သူသည်ကားလို့ ဆိုရင် ဟုတ် တယ်၊ စီးပွားဥစ္စာ ရတနာတွေသည်ပင်လျှင် မာန်နဲ့ရောင်းတဲ့ဥစ္စာ သည် ကိုယ်လိုချင်တဲ့ ဈေးထက် ပိုရတာ၊ မလာဘူးလား (လာပါတယ် ဘုရား)။

မာန်မာနကပယ်ရမည့်တရား

ဒါ – အကျိုးရှိတယ်ဆိုပြီး သကာလ မာန်ကိုပဲ အမြတ်တနိုးထားလို့ရှိရင်၊ မာန်ဆိုတာက ပယ်ရမှာကိုဗျ၊ မပယ်ရ ဘူးလား၊ မာန တရားကိုကွ၊ ပယ်ရမယ့်ဥစ္စာကို သူတို့က လက်သတ် မွေးထားတယ် (မှန်ပါ)။

ကဲ ဦးနွဲ့ မာန်တရားဟာ ဘာလုပ်ရမှာတုံး (ပယ် ရမှာပါ ဘုရား)။ ပယ်ရမယ်တဲ့၊ ဟန်ဆိုတာ ပရိယာယ်၊ သဘောကျပြီလား (မှန်ပါ)။

ပရိယာယ်၊ မာယာသည်၊ ကိုယ်အပြစ်ဖုံးတာ

ဟန်ဆိုတာက ဘာတုံး (ပရိယာယ်ပါ ဘုရား)။ အဲ ပရိယာယ်ဆိုတာသည် ကားလို့ဆိုရင် ပရိယာယ် မာယာ ဆိုတာ သည် ကိုယ့်အပြစ်ဖုံးတာ၊ ဒါဖြင့် ပယ်ရမှာ မဟုတ်လား (မှန်ပါ)။

မာန်ကော၊ မာနမို့ (ပယ်ရမှာပါ ဘုရား)။ သို့သော်ဟန်, ကိုယ့်ဖို့ မာန်, သူ့ဖို့ဆိုတဲ့အတိုင်းတဲ့ ဒီဥစ္စာနေရာကျတယ် လို့ ယူလိုက်လို့ရှိရင်ဖြင့် ဒီဟာ လက်သတ်မွေးထားမယ် ဆိုတဲ့ အဓိပ္ပါယ် မောင်အုန်းခိုင် မလားဘူးလား (လာပါတယ် ဘုရား)။

ကြည့်ပါလား ဟိုမှာ သူတို့ နေပုံထိုင်ပုံ၊ ဟန်ရော မာန်ရော ဘယ်လောက် ကောင်းသတုံး၊ ဟော ဟိုသွား အတုခိုးပြီကွ၊ မခိုးပေဘူးလား (ခိုးပါတယ် ဘုရား)။

ခိုးတော့ ဒီဥစ္စာ ကိုယ်ကလည်း ဟန်ပန် သူ့ အတုခိုးပြီး ဟန်ပန်လုပ်ပြီး သကာလ အရောင်း အဝယ်လေး ဘာလေး၊ အနေ အထိုင်လေး ဟန်ကျလာပြီဆိုမှဖြင့် ဟန်ဟန်ဟာ အဖိုးတန်တယ် ပြောတာ (မှန်ပါ)။ မလာဘူးလား (လာပါတယ် ဘုရား)။ မိမိ, ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ပယ်ရမည့်တရားသိမ်းထားတယ်

အဲဒီလို ရိပ်မိတဲ့အခါကျလို့ရှိရင်ဖြင့် ဒီဟာတွေဟာ ပယ်ရမယ့်တရားတွေကိုပင်လျှင် အပေါင်းအသင်း ကြောင့် ဦးနွဲ့ရေ သိမ်းဆည်းရမယ့် တရားဖြစ်သွားတယ်၊ မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။

ဒါ ဘာတုံးကွ (အပေါင်းအသင်းပါ ဘုရား)။ အပေါင်းအသင်းကြောင့် ကိုယ်အတုခိုးပြီး ဒါတွေ ရောက်လာတာ၊ သဘောကျပြီလား (မှန်ပါ ဘုရား)။

အပေါင်းအသင်း ဒါမျိုး ဘယ်သူမှ မူတည်မရှိလို့ရှိရင် ဒီဥစ္စာ ဘယ်ကလာမတုံးကွ၊ မူတည် တစ်ယောက်မှ မရှိရင် ဦးနွဲ့ ဒါ ဘယ်ကလာမတုံး (မလာပါဘူး ဘုရား)။ ဒါဖြင့် အတုခိုး စရာရှိလို့ပေါ့ (မှန်ပါ)။

ကိုယ့်အပေါင်းအသင်း၊ အိမ်နီးချင်း၊ အတုခိုးစရာရှိတော့ ကို ဒါအပေါင်းအသင်းကြောင့် မိမိ လာတယ် ဆိုတာက မှန်မနေ ဘူးလား (မှန်ပါတယ် ဘုရား)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဟန်ကိုယ့်ဖို့ မာန်သူဖို့ ဆိုတာတွေ ဘယ်ကလာတုံး ဆို ဘေးက အတုခိုးစရာက လာတာ (မှန်ပါ ဘုရား)။ ဘယ်က လာတာတုံး (အတုခိုးစရာက လာတာပါ ဘုရား)။

အတုခိုးစရာ ဆိုတာ အပေါင်းအသင်း မဟုတ်ဘူးလား (မှန်ပါ)။ မောင်အုန်းခိုင် ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

အဲဒီ အတုခိုးတာနဲ့ သူ့ဘာဖြစ်သွားသတုံး (မိစ္ဆာဒိဋ္ဌိ ဖြစ်သွားပါတယ် ဘုရား)။ ဟန်လည်း အဖိုးတန်တယ်၊ ဟန်ဆို တာက ပရိယာယ်သဘောကျပြီလား (ကျပါတယ် ဘုရား)။

ပရိယာယ်ဆိုတာမာယာပဲ

ပရိယာယ်ဆိုတာ မာယာပဲ၊ မာယာဆိုရင် ကိုယ့်အဖြစ် ဖုံးတာ၊ ဟန်လုပ်တာကိုးကွ၊ ကိုယ့်အပြစ် ကိုယ်ဖုံးတော့ မနေဘူးလား (နေပါတယ် ဘုရား)။ သဘောကျပြီလား (ကျပါ တယ် ဘုရား)။

အဲဒီတော့ မာန်သူ့ဖို့ဆိုတော့ကို ကိုယ်ကချိုပေးလိုက် တယ်။ မာန်နဲ့ပြောလိုက်လို့ရှိ သူ့ဖို့ ဖြစ်သွားလိမ့်မယ်၊ ကိုယ်က ချိုမှပဲဆိုပြီး သကာလ ချိုတာကိုပင်လျှင် အဖိုးတန်တယ်လို့ ထင်ချင် ရင်လည်း ထင်ပစ်လိုက်လိမ့်မယ်။

တဏှာနဲ့ ချိုနေတာ၊ တဏှာဆိုတာ ဒိဋ္ဌိနဲ့တွဲရက်ကြီး၊ သဘောကျပြီလား (ကျပါတယ် ဘုရား)။

အင်း – ဒါတွေဟာ အသန်း မင်းကြားတော့ ကျနေတာ ပေါ့ကွ၊ ထို့အတူ ပြောရမှာလည်း ဒါပြောင်းပြီး သွားစရာလည်း နယ်လည်း မရှိတာနဲ့တော့ မောင်ကို မခက်သေးဘူးလားကွ (မှန်ပါ ဘုရား)။

လောကကြီးကလည်း ရှောင်သွားလို့ရှိရင် လူအတဲ့ လူပေတဲ့၊ လူတေတဲ့၊ ဒီကောင် ငတ်မှာပါပဲလို့ ဝိုင်းပြီး ပြောကြတဲ့ ပုဂ္ဂိုလ်တွေကလည်း များနေတာပဲ၊ ဟုတ်ဖူးလား။

စပါးပင်တွေ ပေါက်လာတဲ့အခါကျတော့ ဒီကောင်ငတ် မှာပါပဲလို့ ဆိုစရာမရှိတော့ လယ်လုပ် သူ့ဟာသူ ပေါက်လာ တာပဲ၊ အဲဒါတွေတော့ ပြောတာ မဟုတ်ဘူး၊ စပါးပေါက်ပြီးမှ စပါး အရောင်း အဝယ်ကျမှ ဒါတွေက ရှုပ်လာတာ။

အခြေက ပါလာတာကော ဟုတ်ရဲ့လား (မဟုတ် ပါဘူး ဘုရား)။ အခြေက ပါလာတာ ပြောလို့ ရှိရင်လည်း ဟုတ် သားပေါ့၊ သူက အခြေက ပါလာတာ မဟုတ်ဘူး၊ ခုနက ထွက်လာတဲ့ စပါးအပေါ်မှာ ပရိယာယ်၊ မာယာတွေက ရှုပ်လာတာ (မှန်ပါ)။ မဟုတ်ဘူးလား (မှန်ပါ)။

စပါးထွက်အောင် လုပ်စမ်းပါလား၊ ဟန်တွေမာန်တွေက ရရဲ့လား (မရပါဘူး ဘုရား)။ နို့ သူ့ဟာက အခြေပါရဲ့လား (မပါပါဘူး ဘုရား)။

အခြေမပါဘူးတဲ့၊ ဒါက ဝိသမလောဘကြောင့် ရတဲ့ ကံပေးတဲ့အပေါ်မှာ အပိုအလိုချင်လို့ ဖြစ်လာတဲ့ ဒိဋ္ဌိ၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဝိသမလောဘတွေကလာတယ်

ကံပေးတဲ့ အပေါ်မှာ ဘာလိုချင်လာတာတုံး (အပိုက လိုချင်တာပါ ဘုရား)။ အပိုကလိုချင်တော့ ဝိသမ လောဘတွေက လာတော့ ဒိဋ္ဌိဖြစ်ရတော့မှာပေါ့။ လောဘဆိုတော့ ဒိဋ္ဌိနဲ့တွဲရက် ကိုး၊ ဒါလေးကြောင့် အပိုလေး စားရတယ် ပြောလာတာပဲ။ နောက်ထွက်လာတာပဲ။

မထွက်လာဘူးလား (ထွက်လာပါတယ် ဘုရား)။ အပိုက တယ်စားချင်တာကိုးကွ မောင်ချစ်ဆွေ (စားချင် ပါတယ် ဘုရား)။ မောင်အုန်းခိုင် သဘောကျပြီလားကွ (သဘောကျပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် မင်းတို့သည် ဆိုင်နီးချင်း၊ အိမ်နီးချင်း၊ ကုန်တူချင်း၊ အပေါင်းအသင်း၊ ရင်းနှီးတဲ့ ပုဂ္ဂိုလ် ဒါတွေက တစ်ခါ တည်းလာပြီး သကာလ အမျိုးမျိုးအဖုံဖုံ အမူအရာ ဟန်ပန်တွေ ကို၊ သူတို့ အမူအရာ ဟန်ပန်တွေကို အတုခိုးရတာနဲ့ အင်း ကျုပ်ပုံကို အတုခိုးတာ မဟုတ်ဘူး၊ ဟောလာပြီ။

နေပုံထိုင်ပုံကိုလည်း အတုခိုးတာ မဟုတ်ဘူး၊ နင်လူဖြစ် မှာ မဟုတ်ပါဘူး၊ ကိုယ့်သား သမီးလေးတွေ ကျတော့ မဆုံးမဘူးလား (ဆုံးမပါတယ် ဘုရား)။

ဟို ကြည့်ပါလား ပြောနေတဲ့ဥစ္စာ၊ သူဖို့သူ ဘယ်လောက်ပါအောင်ပြောနိုင်သတုံး၊ ဒါ-အတုခိုး ခိုင်းတာကွ၊ သူမှန်မှန် ပြောနေတာ အတုသွားမခိုးနဲ့ နင့်ဟာ။

မှန်မှန်ပြောနေရင် အတုခိုးလို့မရဘူး၊ အံမယ်ဈေးကိုင် သေးတယ်၊ ဟုတ်ဖူးလား၊ အရိုးဖက် ကျတော့ ဘယ်သူအတု ခိုးသေးသတုံးကွ (မခိုးပါဘူး ဘုရား)။

ရှေ့မှာလူလုပ်ဖို့ရှိသေးတယ်

ဟိုမှာ ဟန်နဲ့ပန်နဲ့ ကိုယ်ဘက်ပါအောင် ရစ်ဆွဲနေ တာမျိုးကျတော့ ကြည့်၊ နားထောင် နင်တို့ သူတို့ပြောပုံ ဆိုပုံ အတုခိုးရတယ်၊ ရှေ့လူလုပ်ရမှာ အရှည်ကြီး ရှိသေးတယ်၊ ဒိဋ္ဌိ ဖြစ်ရမှာ အရှည်ကြီး ရှိသေးတယ် ပြောတာ၊ သဘောကျပြီလား (မှန်ပါ)။

မင်းတို့ ဘာအတုခိုး ခိုင်းသတုံး ဆိုလို့ရှိရင် ဟုတ်တာ အတုခိုးခိုင်းလေ့ ရှိသလား၊ မဟုတ်တာ အတုခိုးခိုင်းလေ့ ရှိသလား လို့မေးရင် ဘယ့်နှယ်ဖြေမလဲ (မဟုတ်တာအတုခိုးခိုင်းလေ့ ရှိပါတယ် ဘုရား)။

ဒါတွေက များများပဲ၊ အဲဒါ လူကြီးသူမကလဲ ဒါပဲသင် ပေးရတာပဲ၊ ကိုယ့်သားသမီး လူဖြစ်စေ ချင်တယ်၊ သူများလိုပဲ ကားနဲ့၊ စိန်နဲ့၊ ရွှေနဲ့၊ တိုက်နဲ့၊ တာနဲ့ ဖြစ်စေချင်တယ်။

အဲဒီတော့ အပြောအဆို ညံ့နေလို့ရှိရင်၊ ဟန်ပန်တွေ မရှိလို့ရှိရင် ခက်ချေရဲ့၊ မလာဘူးလား (လာပါတယ် ဘုရား)။ လာတော့ လူကြီးတွေကလည်း ဒါပဲတတ်တာမဟုတ်လား ၊ (မှန်ပါ)။

ဒါပဲ ဖောက်သည်ချ၊ ဒါပဲ အမွေပေး၊ မောင်ထွန်းတင် ဒီအတိုင်း မနေပေဘူးလား (နေပါတယ် ဘုရား)။ အဲဒါ ကျော်သွားဖို့ကို လွယ်ပါ့မလား (မလွယ်ပါဘူး ဘုရား)။

အမေကလည်း ဒီဥစ္စာ သူ့ဘာသင်ပေးလိုက်လဲဆို တော့ ဟန်ကိုလည်း သင်လွတ်လိုက်တယ်၊ မာန်ကိုလည်း သင်လွတ်လိုက်တယ်၊ ပရိယာယ်ကိုကော (သင်လွတ် လိုက်ပါတယ် ဘုရား)။ မောင်အုန်းခိုင် (သင်လွတ်လိုက် ပါတယ် ဘုရား)။

သင်လွတ်လိုက်တဲ့အခါကျတော့ ဖြုတ်လို့ရသေးရဲ့ လား (မရပါဘူး ဘုရား)။ မရတော့ ဒီဥစ္စာတွေ ကလည်း ဒိဋ္ဌိတွေ ဖြစ်လာတယ်၊ မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။

ဒီအယူ ဟုတ်လား၊ ဒီအပြောဟုတ်တယ်၊ ဒီဟန်ပန်လုပ် ရတာ ဟုတ်တယ်၊ မလာဘူးလား (လာပါတယ် ဘုရား)။

လာတော့ ဒါ အမှားအလုပ်တွေ ဖြစ်မနေဘူးလား (ဖြစ်နေ ပါတယ် ဘုရား)။ အမှန်လုပ် ရှိသေးရဲ့လား (မရှိပါဘူး ဘုရား)။

မရှိတော့ သူဘယ်ဖက်ပြေးသွားသတုံး (မိစ္ဆာဒိဋ္ဌိ ဘက်ပြေးသွားပါတယ် ဘုရား)။ ဘယ်က လာတာ ပါလိမ့်မတုံး (အိမ်နီးချင်းအပေါင်းအသင်းကလာတာ)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဘယ်ကလာတာတုံး ဦးနွဲ့ ရ (အိမ်နီးချင်းအပေါင်း အသင်းက လာတာပါ ဘုရား)။ ဦးနွဲ့ တို့ကျတော့ ဘယ်လိုပုဂ္ဂိုလ် နဲ့ ပေါင်းလေ့သင်းလေ့ရှိသတုံး၊ ကိုယ့် ဆီသမားဖြင့် ဆီသမားပုံ စံဟန်ပန်ကိုပဲ ပေါင်းရမှာပဲ (မှန်ပါ)။

ကုန်စုံသမားက ကုန်စုံသမား ဟန်ပန်ပဲ မပေါင်းရပေဘူး လား (ပေါင်းရပါတယ် ဘုရား)။ လက်ဖက် သမားကကော လက်ဖက်သမားဆိုင်ရာ ပရိယာယ်ကို အကုန်ကြည့်ရမှာပဲ။ မကြည့်ရ ပေဘူးလား (ကြည့်ရပါတယ် ဘုရား)။

ဒါဖြင့် သူအပေါင်းအသင်းကြောင့် ဖြစ်တယ်ဆိုတာ ကိုယ့်ဆိုင်ရာ အပေါင်းအသင်းဟာ သေချာတယ် မသေချာ ဘူးလား (သေချာပါတယ် ဘုရား)။

အကဲခတ်တဲ့အခါကျတော့ ကိုယ်မဆိုင်တဲ့သူကို သွား ပြီးအတုခိုးကြတာ မဟုတ်ဘူး၊ ဂုဏ်ချင်းတူတဲ့အခါ အပြောအဆို အနေအထိုင်၊ ပြင်ပုံပြုပုံ ဒီကျအောင် မသွားကြဘူးလား (သွားပါတယ် ဘုရား)။

ဒါဖြင့် အပေါင်းအသင်းဆိုတဲ့ ဥစ္စာကလည်း ဇာတ်မတူ တာနဲ့ ပေါင်းသင်းလို့ ဒီလောက် မဖြစ်ခဲ့ဘူး၊ မောင်အုန်းခိုင်ရ (မှန်ပါ ဘုရား)။

ဇာတ်တူချင်း ပေါင်းသင်းလို့ မိစ္ဆာဒိဋ္ဌိဖြစ်တာ၊ ဇာတ်တူ ကလည်း တခြားမဟုတ်ပါဘူးတဲ့ မသိလို့ ဖြစ်တာ၊ သိတဲ့ ဇာတ်တူ ဆိုရင်လည်း ကိစ္စမရှိဘူးပေါ့ (မှန်ပါ ဘုရား)။ ဦးနဲ့ ဘယ့်နှယ် နေသတုံး။

မသိတဲ့ ဇာတ်တူချင်းကျရင်တော့ အတုခိုးမိရင်တော့ မှားပြီ၊ မလာပေဘူးလား (လာပါတယ် ဘုရား)။ သဘော ကျပြီလား။

ဒါဖြင့် ခုနက ကြက်တူရွေးတောင်မှ အမ, အပေါင်း အသင်းလွဲနေတော့ ဘယ့်နှယ်ဖြစ်သတုံး (ဒိဋ္ဌိဘက်ဖြစ်နေ ပါတယ် ဘုရား)။

တမာမင်နဲ့ပေါင်းတော့ ဥသျှစ်သီးခါးတယ်

ဥသျှစ်ပင်တောင် တမာပင်နဲ့ ပေါင်းတော့ ဘယ်နှယ့် နေသတုံး (ခါးပါတယ် ဘုရား)။ ခါးသွား သေးတယ် ဆိုတော့ ဘယ့်နှယ်နေသတုံးကွ မောင်ချစ်ဆွေရ (နီးစပ်ရာပါသွား ပါတယ် ဘုရား)။ နီးစပ်ရာ အကုန်ပါသွားတာပဲ။

အဲဒီတော့ကို အဲဒီမပါအောင် ဆိုတော့ကို ခုလို ဘာ ကြောင့် ဘာဖြစ်တယ်ဆိုတာကို သိထားမှ (မှန်ပါ ဘုရား)။ သိထားတော့ကို ဒီဥစ္စာပေါင်းတော့ ပေါင်းရမှာပဲ။ ပေါင်းပင်ပေါင်းငြားသော်လည်း လူချင်းတော့ ပေါင်းမယ်၊ အယူ မလိုက်နိုင်ဘူး (မှန်ပါ ဘုရား)။ ဒီလိုခွာလာတယ်ကွ။

မခွာဘူးလား (ခွာပါတယ် ဘုရား)။ လူချင်းတော့ ပေါင်းတာပဲ၊ မိတ်မပျက် ဆွေမပျက်တော့ ပေါင်းမှာပဲ၊ သို့သော် အယူကျတော့ (ခွာမှာပါ ဘုရား)။

အယူကျတော့ ခွာမယ်

အယူကျတော့ ခွာမယ် မပေါင်းဘူး၊ ဦးနဲ့ ဒီလိုမလာဘူး လား (လာပါတယ် ဘုရား)။ ဒီတရားမျိုး နာထားရမှာကွ၊ ဒီတရားမျိုး နာထားလို့ရှိရင် နှစ်ခွလာသေးရဲ့လား (မလာ ပါဘူး ဘုရား)။

သူနဲ့ ပေါင်းရတာ စီးပွားရေး နေရာကျတယ်၊ သူ့လုပ်ပုံ ကိုင်ပုံ နေရာကျတယ်ဆိုပြီး နှစ်ခွ မလာတော့ဘူး၊ တစ်ခါတည်း ခြေစုံပစ်ပြီး ဝင်ပြီး ပေါင်းတော့တဲ့ အဓိပ္ပါယ် မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

ဒါဖြင့် မင်းတို့မှာ ချိန်ခွင်ကလေးတစ်ခု မရှိလို့ ရှိရင်ဖြင့် သူများ ထည့်ပေးတာ (၇၅) ကျပ်သားကို တစ်ပိဿာ ဖြစ်ဖြစ်သွား မယ်၊ ကိုယ့်ချိန်ခွင်နဲ့ ကိုယ်ရှိမှ တော်တယ် (မှန်ပါ ဘုရား)။

နေ့တိုင်းချိန်ခွင်ပေးနေတာ

ဒါ ခုနေ့တိုင်း ပေးနေတာ ဘာပေးတယ်ဆိုတာကိုကော ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။ ချိန်ခွင်ပေးနေတာ၊ သူများက ဘယ်လောက်ထည့်ထည့် ကိုယ်ရိပ်မိရမယ်။

တစ်ပိဿာနဲ့ နှစ်ဆယ့်ငါးကျပ်သား သူများက သာသာ ထိုးထိုး ပေးပေမယ့်လည်း ကိုယ်က မတရား သဖြင့် မလိုချင်ဘူး၊ (၇၅) ကျပ်သားကို တစ်ပိဿာ လုပ်ပြီး ရောင်းပြန်တော့လည်း ကိုယ်က ဒါမဟုတ်ဘူးလို့ ငြင်းနိုင်အောင်၊ ဟုတ်ဖူးလား (မှန်ပါ)။

ဒါဖြင့် ချိန်ခွင် အရေးမကြီးဘူးလား (ကြီးပါတယ် ဘုရား)။ ဒါဖြင့် မိစ္ဆာဒိဋ္ဌိ ဘယ်ကလာသတုံး (အပေါင်း အသင်းကလာပါတယ် ဘုရား)။

အပေါင်းအသင်းကြောင့် လာတတ်တယ်လို့ ဘုရား ကလည်း ဟောထားတယ်၊ မပေါင်းလည်း မဖြစ်ဘူး၊ ပေါင်းတော့ ပေါင်းမယ်၊ ဘာတုံးဆိုလို့ရှိရင် ဘာသာစုံနဲ့တကွ တိုင်းပြည်မှာ နေကြရတာကိုး၊ ပေါင်းတော့ ပေါင်းရမှာပဲ။

မိမိမှာ ကုန်ရှိရင် မိမိဆီမှာ ကုန်ယူရမှာပဲ၊ သူများဆီမှာ ကုန်ရှိရင် သူများကုန်ပဲ ယူရောင်း ရမှာပဲ၊ အကြောင်းမညီညွတ်လို့ ရှိရင်လေ (မှန်ပါ)။ ယူရောင်းတဲ့အခါမှာ လူမျိုးစုံနဲ့လည်း ပေါင်းရမှာပဲ။

စီးပွားရေးသာပေါင်းတယ်

ပေါင်းပင်ပေါင်းငြားသော်လည်း ကိုယ်က သူတို့နဲ့ ပေါင်းလို့ မိစ္ဆာဒိဋ္ဌိဖြစ်တတ်တယ်ဆိုတာလေး ဉာဏ်ကသိထားတဲ့ အခါကျတော့ အို စီးပွားရေးပေါင်းမယ်ဟေ့ အယူ မပေါင်းဘူး၊ မလာဘူးလား (လာပါတယ် ဘုရား)။

ဘယ်လို သူတို့က သူတို့မှာတော့ အယူကဆွဲရတဲ့ ပုဂ္ဂိုလ် ဖြင့် ပိုပြီး သူတို့က သဘောကျ တာပေါ့ (သဘောကျပါတယ် ဘုရား)။

အဲဒီလိုဆိုရင် သာသာထိုးထိုး ကုန်ပေးချင်ပေးလိမ့်မယ် (မှန်ပါ ဘုရား)။ ဘာသာရေး မြှောက်ပြီးတော့ကွာ (မှန်ပါ ဘုရား)။

ဘာသာရေးနဲ့ ပတ်သက်ပြီး သကာလ အမျိုးမျိုး အဖုံဖုံ ပေးချင်ပေးလိမ့်မယ်။ အဲဒီမှာ ကိုယ်က ဉာဏ်ချိန်ခွင်မပါလို့ရှိရင် သူ သာသာထိုးထိုးပေးတာနဲ့ပဲ သူဘက်လဲ သွားလိမ့်မယ်၊ မလဲပေ ဘူးလား (လဲပါတယ် ဘုရား)။

ဟိုကတော့ အယူဆွယ်တာ၊ စီးပွားရေးနဲ့ ပတ်သက်ပြီး တော့၊ အယူမဆွယ်ဘူးလား (ဆွယ်ပါတယ် ဘုရား)။

ဒါကြောင့် တချို့တွေကျတော့ ရန်ပုံငွေတွေဟာ နည်းတာတွေ မဟုတ်ဘူး၊ ပစ္စည်းနဲ့ပြပြီး ဘာသာဆွယ်တာ (မှန်ပါ ဘုရား)။ မရှိဘူးလား (ရှိပါတယ် ဘုရား)။

ရှိတာချည့်ပဲ၊ သူ့ဘာသာ၊ ကိုယ့်ဘာသာ ရှိကြတာ ချည့်ပဲ။ အဲဒီရှိကြတာတွေကို ကိုယ်က ဒီဥစ္စာ အပေါင်းအသင်းနဲ့ ပတ်သက်ပြီး ဒီသူနဲ့ ပေါင်းသင်းပြီး စီးပွားရေး နဲ့ အဆင်ပြေတာနဲ့ ကိုယ်မှာ မိစ္ဆာဒိဋ္ဌိဖြစ်ရမယ်ဆိုရင် တစ်ဘဝ တစ်နပ်စာနဲ့ အပါယ်ငရဲက ခေါင်းပြုပြီး ထွက်နိုင်မှာ မဟုတ်ဘူး၊ ထွက်နိုင်ပါ့မလား (မထွက်နိုင်ပါဘူး ဘုရား)။

စဉ်းစားရမယ်၊ ဝေဖန်ရမယ်

အဲဒီတော့ မင်းတို့က စဉ်းစားရမယ်၊ ဒီဥစ္စာ ဪ လူပေါင်းတာ၊ လူပေါင်းတာက တခြား၊ အယူကို မလိုက်တာက မလိုက်တာ တခြား၊ ဒီလိုကို ဝေဖန်မှရတယ် (မှန်ပါ)။

ဒါကလည်း ဒီတရားမျိုးမှ မနာထားရရင် ဝေဖန်နိုင်ပါ့ မလား (မဝေဖန်နိုင်ပါဘူး ဘုရား)၊ ဦးရဲ့ ဝေဖန်နိုင်ပါ့မလား (မဝေဖန်နိုင်ပါဘူး ဘုရား)။ မဝေဖန်နိုင်ဘူးတဲ့။

မဝေဖန်နိုင်တဲ့ ပုဂ္ဂိုလ်တွေဆိုလို့ရှိရင်ဖြင့်တဲ့၊ သူက မွေးတယ်ဆိုလို့ရှိရင် သူ့အယူယူသွားတဲ့ ပုဂ္ဂိုလ်ချည့်ပဲ၊ ဝေဖန်ကို ပါသေးရဲ့ လား (မပါပါဘူး ဘုရား)။

ကိုယ်ကလည်း ထူလပိန်းဆိုတဲ့အခါကျတော့ လေယူရာ ယိမ်းဆိုတာကော မရှိဘူးလား (ရှိပါတယ် ဘုရား)၊ အဲ ဒါတွေ ကျတော့ ခုနက စိစစ်တဲ့ဉာဏ်ပါသေးရဲ့ လား (မပါပါဘူး ဘုရား)။

မပါတော့ သူဟာ၊ သူပေါင်းချင်တာနဲ့ပေါင်း၊ သူဖြစ်ချင် သလိုဖြစ်မယ်ဆိုတော့ သူ့အတွက်က စဉ်းစားစရာကိုမလိုပါဘူး။ လိုသေးရဲ့ လား (မလိုပါဘူး ဘုရား)။

ဟိုလူနဲ့ ပေါင်းရင် ဟိုလူ့ဘက်ပါသွားမှာပဲ၊ ဦးနဲ့ လေယူရာ ယိမ်းသလိုပဲ၊ ဒီလူနဲ့ပေါင်းရင်ကော (ဒီလူ့ဘက်ယိမ်း သွားမှာပါ ဘုရား)။ တခြားနဲ့ပေါင်းရင်ကော (တခြားဘက် ယိမ်းသွားမှာပါ ဘုရား)။

အကြံတုံးဉာဏ်တုံး

သူ့မှာ ပင်ကိုသဘောဘာပါသေးသတုံး (မပါပါ ဘုရား)၊ စိစစ်တာပါသေးသလား (မပါပါဘူး ဘုရား)။

ဒါဖြင့် အကြံတုံး ဉာဏ်တုံးပေါ့ (မှန်ပါ ဘုရား)။ အကြံတုံး၊ ဉာဏ်တုံးလို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

အဲဒါဘာဖြစ်လို့ အကြံတုံး၊ ဉာဏ်တုံးဖြစ်နေသတုံးဆို စိစစ်တဲ့ဉာဏ်ကကို ရှောင်ထားလို့ ရှိသေးရဲ့လား (မရှိပါဘူး ဘုရား)။

ဒီ အပေါင်းအသင်းကြောင့် မိစ္ဆာဒိဋ္ဌိဖြစ်တတ်တယ်လို့ နားထဲမှ မကြားဖူးတဲ့လူကလည်း မောင်ကို များလိမ့်မယ် (များပါတယ် ဘုရား)။ မများပေဘူးလား ဦးနွဲ့ (များပါတယ် ဘုရား)။

စိစစ်တဲ့ချိန်ခွင်မရှိရင်

အဲဒီတော့ သူ့မှာဖြင့် ဒီစိစစ်တဲ့ ချိန်ခွင်က မရှိတဲ့အခါ ကျတော့ ဘယ်သူက ထည့်ပေးပေး (၂၅) ကျပ်သားလည်း (၅၀) ကျပ်သား ထင်မှာပဲ၊ (၅၀) ကျပ်သားလည်း တစ်ပိဿာ ထင်မှာ ပဲ သူ့မှာ ဘာမှမပါဘူး၊ ပါသေးရဲ့လား (မပါပါဘူး ဘုရား)။ ကဲ သဘောကျပြီလားကွ မောင်ချစ်ဆွေ (သဘောကျပါ ပြီ ဘုရား)။

ဘာ့ကြောင့် ဘာဖြစ်တာ ဟောတာတုံး ဒီနေ့ (အပေါင်းအသင်းကြောင့် မိစ္ဆာဒိဋ္ဌိဖြစ်တာပါ ဘုရား)။ အပေါင်း

အသင်းကြောင့် မိစ္ဆာဒိဋ္ဌိဖြစ်တာဆိုတဲ့ ဥစ္စာလည်း လောကကြီးထဲ ဖြင့် အင်မတန်များခဲ့တယ်။

မိစ္ဆာဒိဋ္ဌိပဲ၊ မိစ္ဆာဒိဋ္ဌိဖြစ်ကြောင်းဖြင့် အလွန်များဆုံးသော အကြောင်းပဲလို့ မောင်အုန်းခိုင် ဆိုရမယ်၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။ အပေါင်းအသင်းနဲ့လေ (မှန်ပါ ဘုရား)။

အဲ အပေါင်းအသင်းကြောင့် ဖြစ်တဲ့အယူဟာ တိုင်းပြည်တစ်ပြည်လုံးတောင် တရုတ်ပြည် ဖြစ်သွားတဲ့ဥစ္စာ အပေါင်းအသင်းကြောင့်ပေါ့ (အပေါင်းအသင်းပါ ဘုရား)။ ဘယ်သူနဲ့ပေါင်းလို့တုံး ရုရှနဲ့ သွားပေါင်းတယ်။

ဘာသာမရှိဖြစ်သွားတယ်

ဘယ့်နှယ်ဖြစ်သွားသတုံး သူ့အယူဟာ ဘာသာမရှိ (ဖြစ်သွားပါတယ် ဘုရား)။ နဂိုက နတ်ကိုးကွယ်တဲ့ ပေါ်မှာ ဘာသာ မရှိဖြစ်နေတာကွ (မှန်ပါ)။

မောင်ထွန်းလှိုင် နဂိုက နတ်ကိုးကွယ်တဲ့ အပေါ်မှာ ဘာသာ မရှိဖြစ်လာတာ၊ ကောင်းသေးရဲ့ လား (မကောင်းပါ ဘူး ဘုရား)။

နဂိုက မကောင်းရတဲ့အထဲ မကောင်းကပေါ်လာသေး တော့ ဦးနဲ့ ဘာအသုံးချလို့ ရသေးသတဲ့ (မရပါဘူး ဘုရား)။ ဘာပေါ် ဘာဆင့်တာတုံး (မကောင်းပေါ် မကောင်းဆင့်တာ ပါ ဘုရား)။

ဖဲထီးပေါ် အိုးမဲသုတ်

ဖဲထီးပေါ်အိုးမဲသုတ်တော့ ချွတ်မရသလိုဖြစ်နေတာ၊ ဟုတ်ဖူးလား (မှန်ပါ)။ ဖဲထီး အပေါ် အိုးမဲ သုတ်တော့ နကိုကလည်း အမည်းခံနဲ့ အမည်းခံပေါ် ထပ်သုတ်ထားတော့ ချွတ်လို့ရသေးရဲ့လား (မရပါဘူး ဘုရား)၊ မောင်အုန်းခိုင် ဘယ့်နှယ့်နေသတုံး (မရပါဘူး ဘုရား)။

အဲ့ဒါကြောင့် ဘုရားအဆူဆူ ချွတ်လို့မရဘူး မိစ္ဆာဒိဋ္ဌိက ဘယ်နည်းနဲ့မှ မရဘူး၊ သဘော ကျပြီးလား (သဘောကျပါပြီ ဘုရား)။ ကဲ မောင်ကို အပေါင်းအသင်းအရေးကြီးကြောင်း ယနေ့ မပေါ်သေးဘူးလား (ချိန်ခွင်ရှိပါပြီ ဘုရား)။

ကိုယ်ပိုင်ချိန်ခွင်ရှိဖို့လိုတယ်

ကိုယ်ပိုင်ချိန်ခွင်က နာထားမှရှိတာ၊ ဟုတ်ဖူးလား၊ ကိုယ် ကိုယ်တိုင်ကတော့ ခု-ဘုန်းကြီး ပြောတာတွေကို ရှာလို့ကို မတွေ့ ဘူး၊ တွေ့ပါ့မလား (မတွေ့ပါဘူး ဘုရား)။

ဘယ်တွေ့မတုံးတဲ့၊ မွေးကတည်းက ကိုယ့်အမေမိဘ ကလည်း မိစ္ဆာဒိဋ္ဌိ ခတ်နာနာပဲ သင်လွှတ် နေရတာကိုး၊ နင်၊ ငါ၊ နှင့်မောင် ဟုတ်ပြီလား၊ နင့်မောင်လာရင် ဘယ်လို၊ နင့်တူလာရင် ဘယ်လို မိစ္ဆာဒိဋ္ဌိပဲ (မှန်ပါ ဘုရား)။

ခွဲပြီး သင်တာကော ဟုတ်သေးရဲ့ လား (မဟုတ် ပါဘူး ဘုရား) မခွဲတော့ဘူး၊ ဒိဋ္ဌိလုံးလုံး သင်လွှတ် နေတာ။ အဲဒီတော့ ခုလို ဆရာကောင်း သမားကောင်း မတွေ့တော့ ဘယ်ချိန် ခွင်ရမလဲကွ၊ ဦးနွဲ့ ချိန်ခွင်ရနိုင်သေးရဲ့လား (မရနိုင်ပါဘူး ဘုရား)။

ချိန်ခွင်မရှိတော့ သူပြောသမျှ အမှန်ဖြစ်

ချိန်ခွင်မရနိုင်တော့ သူများပေးတာချည့် အမှန်ဖြစ်နေမှာပဲ (မှန်ပါ ဘုရား)။ မောင်အုန်းခိုင် ဘယ့်နှယ်ဖြစ်သတုံး။ (သူများပေးတာ အမှန်ချည့်ပါ ဘုရား)။

သူ့ချိန်ခွင်မှ မရှိပဲကိုး၊ ခု ဈေးထဲကျတော့၊ အစိုးရရောင်း တာတော့ အသာထားတော့၊ နဂိုတုန်း ကတော့ဖြင့် ဘယ် အသည်က ရောင်းလိုက်ရောင်းလိုက် ကိုယ့်ဆီရောက်ရင် ချိန်မကြည့်ဘူးလား (ချိန်ကြည့်ပါတယ် ဘုရား)။

ချိန်ပြီး ပြန်ပြောတာပဲ၊ မဟုတ်ဘူးလား၊ အဲ သူပြန်ပြောနိုင်တာကလည်း ချိန်ခွင်လေးရှိလို့ကွ၊ ချိန်ခွင် မရှိရင် (မပြောနိုင်ပါဘူး ဘုရား)။

ဉာဏ်ချိန်ခွင်ရှိထားကြပါ

အဲ မင်းတို့လည်း အပေါင်းအသင်းဆိုတာ ကိုယ်က ဉာဏ်ချိန်ခွင်ရှိရင်တော့ သူ့ကို ဒီဥစ္စာ ပြန်ပြောနိုင်တယ်။ ခင်ဗျား ဟာ ဟုတ်တယ်၊ မဟုတ်ဘူး၊ ကျုပ်ယူနိုင်တယ်၊ မယူနိုင်ဘူးဆို တာ ကိုယ့်ချိန်ခွင်လေးနဲ့မို့ (မှန်ပါ ဘုရား)။

ကိုယ့်ချိန်ခွင် လုံးဝမရှိဘူးဆိုလို့ရှိရင်ဖြင့် သူထည့်တာ (၂၅) ကျပ်သားလည်း (၇၅) ကျပ်သား ဖြစ်မှာပဲ၊ မဖြစ်ပေဘူးလား၊ (၇၅) ကျပ်သားက လည်း မောင်အွန်းခိုင်တစ်ပိဿာပဲ၊ ဘာပြုလို့တုံး (ဉာဏ်ချိန်ခွင်မရှိလို့ပါ ဘုရား)။

ဉာဏ်ချိန်ခွင်ရှိဖို့သိပ်အရေးကြီးတယ်

ဒါဖြင့် မင်းတို့ချိန်ခွင်ရှိဖို့ သိပ်အရေးကြီးတာပေါ့ (အရေးကြီးပါတယ် ဘုရား)။ ဦးနွဲ့၊ ဒါဖြင့် ချိန်ခွင်ရှိကတည်းက မိစ္ဆာဒိဋ္ဌိဟာ ယနေ့ဘယ်သူကြောင့် ဖြစ်သတုံး (အပေါင်း အသင်းမှားမှုကြောင့်ပါ ဘုရား)။

ဪ ဒါဖြင့် ကြည့်ပေါင်းလော့ဆိုတော့ ချိန်ခွင် လေးက ပါလာတယ် (မှန်ပါ ဘုရား)။ ကြည့်ပေါင်းရမယ်။ စီးပွားရေးသာ ပေါင်းမယ်၊ အယူမပေါင်းဘူး (မှန်ပါ ဘုရား)။ မဟုတ်ဘူးလား၊ မိတ်ဆွေအဖြစ်နဲ့သာ ပေါင်းမယ် အယူမပေါင်းဘူး (မှန်ပါ ဘုရား)။

မိတ်ဆွေအဖြစ်နဲ့သာပေါင်းမယ်

သူက ဘာသာခြားဖြစ်နေမယ် ဆိုလို့ရှိရင်ဖြင့် အင်း စီးပွားရေးအဖြစ်ကတော့ ပေါင်းရမှာပဲ။ အယူ ယူခြင်းကတော့ ဖြင့် မပေါင်းနိုင်ဘူး၊ မရောနိုင်ဘူး ဒီကျအောင် သွားရမှာပဲ (မှန်ပါ)။

ဒါက သူ့ကြောင့်ဖြစ်တတ်တယ် သိထားမှ မပေါင်းဘူး ပြောတာ (မှန်ပါ ဘုရား)။ သူ့ကြောင့် ဖြစ်တတ် တယ်လို့မှ မသိတော့ (ပေါင်းမှာပါ ဘုရား)။

ပေါင်းမှာပဲ ဘယ်နည်းနဲ့မှ ပြင်လို့ ဆင်လို့ရပါဦးမလား (မရပါဘူး ဘုရား)။ သဘောပါပြီလား (ပါပါပြီ ဘုရား)။

ဒါဖြင့် ဒီနေ့ တရားမှာ မင်းတို့ ရိပ်မိရောပေါ့ကွ (မှန်ပါ ဘုရား)။ အကယ်၍ အပေါင်းအသင်း ကြောင့် မိစ္ဆာဒိဋ္ဌိဖြစ်မယ် ဆိုလို့ရှိရင်ဖြင့် မင်းတို့ဒီလိုလုပ်ကြဆိုတော့။

အပေါင်းအသင်းသည် မိစ္ဆာဒိဋ္ဌိဖြစ်စေနိုင်တယ် ဆိုတော့ ဪ အပေါင်းအသင်းဟာလည်း အားကြီးတဲ့ အကြောင်း ပဲလို့ ဆုံးဖြတ်ချက်ချ (မှန်ပါ ဘုရား)။ သဘောကျပြီလား။

အဲဒါ ပဋ္ဌာန်းဆိုရင် မင်း ဥပနိဿယပစ္စယောပဲ အားကြီးသောအကြောင်းဖြစ်ပြီး မိစ္ဆာဒိဋ္ဌိ ဖြစ်အောင် ကျေးဇူးပြု သည် (မှန်ပါ ဘုရား)။ သဘောကျပြီလား (သဘောကျပါ ပြီ ဘုရား)။

ဥပနိဿယတော့မလိုချင်ဘူး

ဥပနိဿယပစ္စယောအားကြီးသော အကြောင်းဆိုတော့ ပါပမိတ္တက သူဒိဋ္ဌိဖြစ်အောင်ကို အားကြီးသော အကြောင်းလုပ် လိုက်တာ (မှန်ပါ)။ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။

အဲဒီတော့ ဘာလုပ်ရမတုံးဆိုတော့ ဒီ အကြောင်းကြောင့် ဒီအကျိုးဖြစ်တာဆိုတာ သိပြီး သကာလ နေတော့ကို ဒီဥစ္စာကို ဒီဥပနိဿယတော့ မလိုချင်ဘူးပေါ့၊ မဟုတ်ဘူးလား (မှန်ပါ ဘုရား)။

ကံစီမံသလိုပဲယူမယ်

ဒီ ဥပနိဿယ မလိုချင်ဘူး၊ ဒီကမ္မပဲယူတော့မယ်၊ ကံစီ မံသလိုပဲ ကိုယ်က ဗုဒ္ဓဘာသာ လည်းဖြစ်လာတော့၊ ကိုယ့် အယူနဲ့ကိုယ်ပဲ၊ ဒီကမ္မကိုယူမယ်၊ ဒီ ဥပနိဿယကို မယူဘူး ဆိုလို့ရှိရင်ဖြင့် ပြီးသွားတာပဲ (မှန်ပါ ဘုရား)။

ကမ္မကိုယူပါ၊ ဥပနိဿယကို (မယူရပါ ဘုရား)။ အဲဒီလို ပဋ္ဌာန်းကလည်း ဒီအထဲကို သုံးပြီး သကာလ ဒီလို အဓိပ္ပာယ်ယူရမှာ (မှန်ပါ ဘုရား)။

ကမ္မကို သုံးမယ် (မှန်ပါ ဘုရား)၊ ကုသိုလ်ကံကြောင့် ကုသိုလ်အကျိုးပေးတာ၊ အကုသိုလ် ကံကြောင့် အကုသိုလ် အကျိုးပေးတယ်ဆိုတော့ ဒိဋ္ဌိဖြစ်သေးရဲ့လား (မဖြစ်ပါဘူး ဘုရား)။

ဥပနိဿယ သူက အားကြီးသောအကြောင်း ဖြစ်သော ကြောင့် ဒီပုဂ္ဂိုလ်ကြီးပွားတာ (မှန်ပါ ဘုရား)၊ အပေးခံရတဲ့ ပုဂ္ဂိုလ်က ယူမသွားဘူးလား (ယူသွားပါတယ် ဘုရား)၊ အဲဒါ အားကြီးသော အကြောင်းကွ (မှန်ပါ ဘုရား)။

အဲဒီတော့ ဒီကမ္မနားမလည်လို့ ဥပနိဿယယူတယ် (မှန်ပါ ဘုရား)၊ ကမ္မ နားလည်လို့ရှိရင် (ဥပနိဿယ မယူ ပါဘူး ဘုရား)။

ကမ္မနဲ့ဥပနိဿယခွဲသိပါ

အဲဒီတော့ နှစ်ခုမှတ်ထားရမယ် သူကဥပနိဿယဖြစ် နေပြီ ဆိုရင် ဟုတ်သေးပါဘူး၊ ငါက ကမ္မယူမှပါပဲ ဆိုတော့ နှစ်ခုသိ ထားလို့ ဝေဖန်နိုင်တာ (မှန်ပါ ဘုရား)။

ကမ္မနဲ့ ဥပနိဿယခွဲသိထားလို့ ခွဲမသိလို့ရှိရင် (မဝေ ဖန်နိုင်ပါဘူး ဘုရား)၊ မဝေဖန်နိုင်တော့ ဥပနိဿယပဲ ယူသွားမှာ ပဲ (မှန်ပါ ဘုရား)။

ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒီတင်မှတ်ထား။

သာဓု သာဓု သာဓု။