226

“လူမိုက်နဲ့ လူလိမ္မာဘာထူးသတုံး”

အသံမ​ကြည်ပါ။

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး အမရပူရမြို့၌

ဟောကြားတော်မူသော တရားတော်

“လူမိုက်နဲ့ လူလိမ္မာဘာထူးသတုံး”

ဟောကြားသည့်နေ့

(၁၇-၁၁-၆၀)

လူဆိုတာဟာ ဘုရားပဲဖြစ်ဖြစ်၊ ခင်ဗျားတို့ ကျုပ်တို့ပဲ ဖြစ်ဖြစ် ရှေ့ဘဝက အဝိဇ္ဇာ မရှိဘဲနဲ့တော့ သင်္ခါရ ပေါ်မလာဘူး၊ အဝိဇ္ဇာ သင်္ခါရကြောင့် ခန္ဓာငါးပါး ဖြစ်တယ် ဆိုတာဟာ ပုဂ္ဂိုလ် သတ္တဝါတိုင်းလို့ မှတ်ရမယ်၊ ပဉ္စဝေါကာရ ပုဂ္ဂိုလ် မှန်ခဲ့လို့ရှိရင် အဝိဇ္ဇာ သင်္ခါရကြောင့် ခန္ဓာငါးပါး “ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ” ဖြစ်တယ် (တင်ပါ့)။

အဘိမ္မာနည်းနဲ့တော့

သာမန် ဝိညာဏ်, နာမ်ရုပ်, သဠာယတန၊ ဖဿ, ဝေဒနာတို့ “သဏ္ဍနာ” တို့ ဖြစ်တော့ ငါးပါး တစ်ပြိုင်နက် ဖြစ်တယ် (တင်ပါ့ ဘုရား) အဘိဓမ္မာနည်းနဲ့တော့ ငါးပါး တစ်ပြိုင်တည်း ဖြစ်တယ် (မှန်ပါ့) ဟိုကတော့ သုတ္တန်မို့လို့ တန်းပြီး ဟောရတယ်၊ သုတ္တန်ဆိုတော့ တစ်မျဉ်းတည်းပဲ၊ တစ်မျဉ်းပဲ ပန်းကုံးသလို ကုံးပြီးတော့ တန်းပြတယ် (တင်ပါ့)။

အမိဝမ်းထဲနာမ်အရင်ရောက်သလား

စင်စစ် ဖြစ်စဉ်ကတော့ ဦးသံဒိုင် အမိဝမ်းထဲရောက်လာ တာဟာ နာမ်ကအရင် ရောက်သလား၊ ရုပ်က အရင် ရောက်သလား မေးဖို့ မလိုဘူး၊ ခန္ဓာငါးပါး တစ်ပြိုင်နက်တည်း ရောက်တယ်၊ ကာယ ဘာဝ ဝတ္ထုကလာပ်နဲ့ ဝိညာဏ်, နာမ်ရုပ်, ပေါင်းပြီးတော့ ပဋိသန္ဓေစိတ် ရတယ်၊ သူနဲ့ ယှဉ်ဖော် ယှဉ်ဘက် စေတသိက်ရယ် ဆိုတော့ နာမက္ခန္ဓာလေးပါး မတွေ့ဘူးလား၊ ကာယ ဘာဝ ဝတ္ထုကလာပ် သုံးစည်းနဲ့ ထည့်လိုက်တော့ ရုပ် ဖြစ်လာတယ်၊ ဒါဟာ ခန္ဓာငါးပါး ပဋိသန္ဓေနေတယ်။

ကောင်းပြီ ဒါဖြင့် ဒီလိုသွားကြစို့၊ ရှေ့ဘဝက သစ္စာလေးပါး မသိတဲ့အတွက် အဝိဇ္ဇာ၊ ရှေးဘဝက ခင်ဗျားတို့ သစ္စာလေးပါးကို မသိခဲ့ဘူး၊ ရှေ့ဘဝတွေကသိခဲ့ရင် ရှေ့ဘဝ တွေကပဲ ကိစ္စပြီးကြမှာပဲ၊ ရှေ့ဘဝတွေက သိခဲ့တယ်လို့ ဆိုမလား၊ မသိခဲ့ဘူး ဆိုမလား သစ္စာလေးပါးကို (မသိခဲ့လို့ပါ)

မသိခဲ့တာက အဝိဇ္ဇာ၊ ရှေ့ဘဝက အဝိဇ္ဇာကို မသိတော့ မောင်ထွန်းရင်ရော ဦးသံဒိုင်ရော ရမ်းလုပ်တယ်၊ ဖြစ်ချင်တာဖြစ်ကွ ဆိုတော့ ကုသိုလ် လည်း အရမ်းပြုပြီး ခင်ဗျားတို့ လုပ်ခဲ့တယ်၊ အကုသိုလ်ဆိုတဲ့ ဆုတောင်း ပတ္တာနာတွေကိုလည်း တောင်းခဲ့ကြတယ်၊ လူဖြစ် ရလိုပါ၏ လို့ တောင်းခဲ့တယ်၊ ဒါဖြင့် မသိမှု အဝိဇ္ဇာကြောင့် ပြုချင်သလို ပြုခဲ့တဲ့ ကုသိုလ်သင်္ခါရ၊ တောင်းချင်သလို တောင်းတဲ့ အကုသိုလ် သင်္ခါရ၊ ဒါကြောင့် ခင်ဗျားတို့ ဒီခန္ဓာငါးပါးရတယ်၊ သဘောကျရဲ့လား (ကျပါတယ် ဘုရား)။

ခန္ဓာငါးပါး ဘယ်သူ တည်ထောင်သတုံး

ဪ တို့ခန္ဓာငါးပါးဟာ ဘယ်သူ တည်ထောင် လိုက်တာပါလိမ့်မတုံးလို့ ခင်ဗျားတို့က ဘာမှ တွေးတော မနေနဲ့၊ ဘယ်သိကြား, ဘယ်ဗြဟ္မာ, ဘယ်သူမှ ဖန်ဆင်းတာ မဟုတ်ဘူး၊ အဝိဇ္ဇာနဲ့ သင်္ခါရ ပေါင်းစုပြီး လုပ်ထားတာ၊ မောင်ထွန်းရင် ကျေနပ်ပြီလား (တင်ပါ့) အဝိဇ္ဇာ သင်္ခါရကြောင့် ဝိညာဏ်, နာမ်ရုပ်, သဠာယတန၊ ဖဿ ဝေဒနာ ဖြစ်တယ်၊ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ ဝေဒနာ ဆိုတာ တစ်ပေါင်းတည်း ဖြစ်တယ် (တင်ပါ့ဘုရား)။

တဏှာက အမိနဲ့တူတယ်

ဒါကြောင့် မာန “အဝိဇ္ဇာ”က အဖ၊ တဏှာက အမိလို့ ဓမ္မပဒမှာ သေသေချာချာ ပါတယ်၊ “အဝိဇ္ဇာ” က အဖနဲ့ တူတယ်၊ တဏှာက အဆော်အဩ အမိနဲ့တူတယ်၊ ရောက်ရာ ဘဝ အပျော် ခိုင်းတာပဲ၊ အခု လူ့ဘဝတွင် ကိုယ့်သား နဲ့ ကိုယ့်မယားနဲ့ ကိုယ့်စည်းစိမ်နဲ့ ကိုယ့်တိုက် ကိုယ့်တာ၊ ကိုယ့်ကား ကလေးနဲ့ မပျော်ဘူးလား၊ တော်သေးရဲ့ဆိုတာ လာမယ်၊ တော်သေးရဲ့လို့ ပြောကြမယ်၊ သူများနဲ့ စာရင် တော်သေးရဲ့ မသုံးကြဘူးလား၊ တော်သေးရဲ့ဆိုတာ ခင်ဗျား တို့က ဘာထင်သလဲ ရောက်ရာဘဝမှာ ပျော်တာပဲ၊ ရိပ်မိပြီလား၊ ရောက်ရာဘဝမှာ ပျော်တာပဲ။

တော်သေးရဲ့လို့ ထင်တယ်

ခင်ဗျားတို့ ကျုပ်တို့ ငယ်ငယ်က လန်ချားဆွဲနေတဲ့ ရန်ကုန် ပြေးနေတဲ့ ကုလားတွေကလည်း တော်သေးရဲ့လို့ ထင်တာပဲ၊ အိန္ဒိယနဲ့ စာရင် တော်သေးရဲ့၊ ဟိုမှာ တစ်နေ့မှ ခြောက်ပြား၊ ဒီမှာ တစ်ကျပ် လောက် ရတော့ တော်သေးရဲ့လို့ ထင်တာပဲ၊ တော်သာ တော်တယ်၊ နေပူကျဲကျဲ ကတ္တရာစေး ပူပေါ်မှာ ပြေးရတယ်၊ သဘောကျပြီလား။

ဒါကြောင့် တဏှာဟာ အမိနဲ့တူတယ်၊ ရောက်ရာဘဝမှာ ခင်ဗျားတို့ ခန္ဓာငါးပါးချော့ထားတယ်၊ ဒါဖြင့် ခင်ဗျားတို့သည် ဘယ်က လာခဲ့သတုံး မေးလို့ရှိရင် အဝိဇ္ဇာ သင်္ခါရကြောင့် တပည့်တော်တို့ ခန္ဓာငါးပါး ရပါတယ် ဘုရားလို့ ဖြေတယ် မဟုတ်လား (တင်ပါ့) သဘောကျပြီလား (သဘောကျ ပါပြီ ဘုရား)။

ဒါဖြင့် လူမိုက်လည်းပဲ အဝိဇ္ဇာသင်္ခါရကြောင့် ခန္ဓာငါးပါး ရတယ်၊ သွားလိုက်၊ ဘုရားက သံယုတ် ပါဠိတော်မှာ လူလိမ္မာ လည်းပဲ ကွာတဲ့ အဝိဇ္ဇာကြောင့် ခန္ဓာငါးပါးရတယ်၊ ဒီဘက်တန်း နဲ့ ဒီဘက်တန်းမှာ ခန္ဓာငါးပါး ရတာတော့ ထူးကြရဲ့လား (မထူးပါ ဘုရား) မထူးဘူးဆိုတာ သေချာပြီနော် ကဲ ဒီဘက်က ကျုပ်က လူလိမ္မာ၊ လူလိမ္မာလည်း ခန္ဓာငါးပါး၊ ဒီဘက်က လူမိုက်လည်း ခန္ဓာငါးပါး၊ လာပုံမှာ အတူတူပဲ၊ မောင်ထွန်းရင် လာပုံ (တင်ပါ့) လာကြတာ အတူတူလာကြတယ်။

လူမိုက်နဲ့လူလိမ္မာ ဘာထူးသတုံး

အဲဒီတော့ ရဟန်းတို့၊ ဘုရားသခင် ကိုယ်တော်မြတ် ကြီးက နိဒါနဝဂ္ဂသံယုတ် ပါဠိတော်မှာ လူမိုက်လည်း အဝိဇ္ဇာ သင်္ခါရကြောင့် ခန္ဓာငါးပါး ဖြစ်တာပဲကွ၊ လူလိမ္မာလည်း အဝိဇ္ဇာသင်္ခါရကြောင့် ခန္ဓာငါးပါး ဖြစ်တာပဲ၊ ဘာများ ထူးဆန်းသတုံးကွ၊ မင်းတို့ ပြောကြစမ်း၊ ဘုရားက ရဟန်းတွေကို မေးတယ်။

တပည့်တော်များတော့ မဖြေနိုင်ပါဘူးဘုရား၊ မဖြေနိုင် တာလည်း တခြားကြောင့် မဟုတ်ပါဘူး၊ ကဿပဘုရား လက်နက် ကဿပဘုရား ပရိနိဗ္ဗာန် စံသွားတော့ တရားစစ်ကို ရှာမတွေ့ပါဘူး၊ ဘုရားလည်းပျောက်၊ တရားလည်းပျောက် သွားပါတယ်၊

အဲဒီတော့ ယခုမှ အရှင်ဘုရားက လူလိမ္မာလည်း အဝိဇ္ဇာသင်္ခါရကြောင့် ခန္ဓာငါးပါးဖြစ်တယ်၊ လူမိုက်လည်း အဝိဇ္ဇာသင်္ခါရကြောင့် ခန္ဓာငါးပါးဖြစ်တယ်ဆိုတော့ အတူတူ ဖြစ်နေတော့ ဒါဟာ ဘာတုံးလို့ မေးလို့ရှိရင် တပည့်တော်များ တရားပျောက်တာကို ရှာတာမှာ ဘယ်ကစလို့ ဘယ်မှာ ဆုံးရမှန်း မသိပါဘူးဘုရား၊ အရှင်ဘုရားပဲ ဖြေတော်မူပါလို့ လျှောက်ထား ကြတယ်၊ သဘော ကျသလား။

ယခု ခင်ဗျားတို့ မထူးပုံ သေချာပြီ မဟုတ်လား၊ ဒီဘက်က လူလိမ္မာမှာလည်း အဝိဇ္ဇာ သင်္ခါရကြောင့် ဘာဖြစ်သလဲ (ခန္ဓာနာမ်ရုပ်ပါ ဘုရား) လူမိုက်မှာရော (ခန္ဓာနာမ်ရုပ်ပါ) အဝိဇ္ဇာ သင်္ခါရကြောင့်

“အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ၊ သင်္ခါရ ပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမရူပံ၊ နာမရူပ ပစ္စယာ သဠာ ယတန၊ သဠာယတန ပစ္စယာဖဿာ၊ ဖဿပစ္စယာဝေဒနာ” ဝေဒနာကျတော့ ခန္ဓာက ဆုံးတယ် ရှင်းပြီလား၊ ထူးတယ်ကွ၊ ဘုရားက ထူးတယ်ကွ။

ရဟန္တာတွေလည်း မဖြေနိုင်

လူမိုက်က အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ၊ သင်္ခါရ ပစ္စယာ ပဉ္စက္ခန္ဓာ နော်၊ ပဉ္စက္ခန္ဓာပဲ လုပ်လိုက်တော့ အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ပဉ္စက္ခန္ဓာ၊ လူမိုက်မှာလည်း ဒီလမ်း ဒီလမ်းနဲ့ ဒီစခန်းဆုံးတယ်၊ ဒီမှာသွားနေကြတယ်၊ လူလိမ္မာမှာ လည်း ထို့အတူ ပေါ်ကြတာပဲတဲ့ ဘာထူးသတုံးကွ၊ ရဟန်းတွေ ကို အကုန်မှိုင်နေတယ်၊ ဖြေကို မဖြေနိုင်ဘူး (ရဟန္တာ တွေရော ဘုရား) ဘယ်ကလာ ဖြေနိုင်လိမ့်မလဲ။

ရဟန္တာ ဆိုသူများရော ဘုရားဟောလို့ ရဟန္တာဖြစ် ရတယ်၊ အချို့ ပဋိသမ္ဘိဒါပတ္တ၊ အချို့ ရိုးရိုးပဲ ကျင့်တယ်၊ တချို့ စာမတတ် ဘူး၊ မိလိန္ဒမင်းကြီး မေးတော့ ထွက်ပြေးကြရတာ ကြည့်ပါလား၊ ရဟန္တာတွေ စာမတတ်လို့ သဘောကျပလား၊ ခင်ဗျားက ရဟန္တာလို့ လာတော့ ဥပဒေပုံစံ ထုတ်လိုက် ရတယ်၊ ရဟန္တာတွေ ပြေးရတယ်၊ ရှုပ်မနေနဲ့ သဘောကျသလား (သဘောကျ ပါတယ်)။

ရန်ကုန်မှာ သူများပါးစပ်နဲ့လမ်းဆုံးနေတယ်

ရန်ကုန်မှာ ခေတ်စားနေတာက သူများ ပါးစပ်နဲ့ လမ်းဆုံးနေတာ၊ အဲဒါ ရန်ကုန်မှာ ခေတ်စား နေတယ်၊ အဲဒါက တိတ်ရီကော်တာတွေက ထွက်လာတဲ့အသံ၊ ဒီက တိတ်ရီကော်တာတွေ မင်းတို့ သူများပါစပ်နဲ့ လမ်းဆုံး နေလို့ရှိရင် ဝါဂွမ်းဖြစ်လိမ့်မယ်၊ (တပည့်တော်တို့ ပြောပြောပြီး ရယ်လိုက် ရတာ) သန်းမောင်တို့ သိန်းမောင်တို့ အချို့ တပည့်ကြီးတွေ ဟိုဟာလုပ်တာပေါ့ (တင်ပါ့ ဘုရား)။

အလာတူပြီး၊ အသွားထူးတယ်

ကဲကွာ မင်းတို့ သေသေချာချာ နာကြပါ၊ ငါ ရှင်းပြပါမယ်၊ လူမိုက်လာပုံနဲ့ လူလိမ္မာလာပုံဟာ လာပုံသာ တူငြားသော်လည်း သွားပုံ မတူကြဘူး၊ ဟောပုံက အလာတူကြပြီး အသွားထူးတယ်၊ ဟော အလာတူပြီး အသွားထူးတယ်၊ အလာတော့ တူတယ်နော်၊ အပြန်ကျတော့ မတူပါဘူး (တင်ပါ့ ဘုရား)။

“အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရ ပစ္စယာ ပဉ္စက္ခန္ဓာ” ကောင်းပြီ၊ ယခု ဘုရားက တစ်လုံးတည်း အမိန့်ရှိလိုက်တယ်၊ အလာတူငြားသော်လည်း အသွားမတူဘူး၊ လူလိမ္မာနဲ့ လူမိုက်၊ အလာတူငြား သော်လည်း ဘာတဲ့လဲ (အသွားမတူပါဘူး ဘုရား) သဘောကျပြီလား (တင်ပါ့)

လူမိုက်ကတော့ ဒီဇာတိခန္ဓာ ငါးပါးကလာပြီး ဒီဇာတိခန္ဓာ ငါးပါးဘက်ကိုပဲ သွားတယ်၊ မသွားပေဘူးလား၊ သူကတော့ ဇာတိ ခန္ဓာငါးပါးတော့ ပေါ်လာပါတယ်၊ ပစ္စုပ္ပန် ဘဝမှာ ပဉ္စက္ခန္ဓာတော့ ပေါ်လာပါတယ်၊ သို့သော် လည်း အဇာတိဘက် သူသွားတယ် လူလိမ္မာက၊ အဇာတိ ဆိုတာ နိဗ္ဗာန်ပေါ့ဗျာ၊ သဘောကျပြီလား (တင်ပါ့ ဘုရား)။

လူမိုက်နဲ့ လူလိမ္မာထူးတာကတော့

ဒါဖြင့် လူမိုက်နဲ့ လူလိမ္မာ ဘာထူးသတုံးဆိုတော့ ဇာတိသွားတဲ့ ပုဂ္ဂိုလ်နဲ့ ဇာတိမသွားတဲ့ ပုဂ္ဂိုလ် ထူးတယ်၊ ခင်ဗျားတို့ ကောက်နှုတ်ချက်ချပြီး မှတ်လိုက်ပါ

လူမိုက်က ဇာတိက လာပြီး အဝိဇ္ဇာသင်္ခါရက လာပြီး အဝိဇ္ဇာသင်္ခါရကိုပြန်လှည့်တယ်၊ သဘော ကျပြီလား၊ လူလိမ္မာက အဝိဇ္ဇာသင်္ခါရက လာငြား သော်လည်း အဝိဇ္ဇာ သင်္ခါရလည်း သိမ်းတယ်၊ ဇာတိလည်း သိမ်းတယ်၊ မထူးဘူးလား။

ဒါဖြင့် လူမိုက်က တစ်, နှစ်, သုံးက လာပြီး တစ်, နှစ်, သုံးကိုပဲ ပြန်လှည့်တယ်၊ လူမိုက်က တစ်, နှစ်, သုံးက လာပြီး၊ တစ်, နှစ်, သုံး ဇာတ်သိမ်းတယ်၊ ဂဏန်းလို ပြတော့ တစ်, နှစ်, သုံးက လာတယ်၊ တစ် နှစ်, သုံးကို ပြန်သိမ်းလိုက်တယ်၊ ရှင်းပြီနော် (တင်ပါ့ ဘုရား)

တိုတိုမှတ်စရာက ဒုက္ခထဲက လာပြီး သကာလ ဒုက္ခဇာတ် ချုပ်သွားတာက လူလိမ္မာ၊ ဒုက္ခထဲက လာပြီး ဒုက္ခထဲကို ပြန်ရောက်တာက လူမိုက်၊ ဆိုထိုက်, မဆိုထိုက် (ဆိုထိုက်ပါတယ်)။

အကြိမ်ကြိမ်ခံစားရမယ်ဆိုတာ လူမိုက်

ဒါဖြင့်ရင် လောကမှာ လူမိုက်နဲ့ လူလိမ္မာ လူမိုက်က များတယ်ဆိုတာ ခင်ဗျားတို့စိတ်ထဲမှာ ပေါ်မှာ သေချာတယ်၊ ဤဆွမ်း, ဤကွမ်း, ဤကျောင်း လှူဒါန်းမှုကြောင့် လူ့ဘုံ နတ်ဘုံ အကြိမ်ကြိမ် ခံစားမယ်ဆိုလို့ လုပ်ကြတာက လူမိုက်၊ ဇာတိ ကလာပြီး ဇာတိသွားတယ်၊ ဇာတိကလာပြီး ဘယ်သွား သလဲ၊ ဇာတိပဲသွားတယ်၊ ဘယ်ဇာတိကရော သုခသစ္စာ ပါသေးသလဲ (မပါ,ပါ) မပါဘူး၊ အဲဒီတော့ သူ့ကို လူမိုက် ဆိုမလား၊ လူလိမ္မာဆိုမလား (လူမိုက်ပါ)။

လူမိုက်ကနောက် ပဋိသန္ဓေနေတယ်

သို့သော် ခင်ဗျားတို့က အခု ဆရာဘုန်းကြီးနဲ့လည်း ရင်းနှီးတယ်၊ နားကြီးလို့ ထောင်နိုင်တာ၊ နားမကြီးတဲ့ ပုဂ္ဂိုလ် တွေဆိုရင် ဪ တို့မှာ လှူလည်း လှူရသေးရဲ့၊ ပေးလည်း ပေး၊ ကမ်းလည်း ကမ်းရသေး၊ တို့ကိုလည်း လူမိုက်လဲ အဆိုခံရ သေးတယ် ဆိုရင်ဖြင့် သူတွေးရင်း ရင်ကျိုးရမှာပဲ၊ မကျိုးဘူးလား (ကျိုးပါတယ်)

ကျိုးပင် ကျိုးငြား သော်လည်း လူမိုက်နဲ့ လူလိမ္မာ ဘာထူးသလဲဆိုတော့ ဗာလာပဏ္ဍိတသုတ်၊ နိဒါနဝဂ္ဂ ပါဠိတော် မှာ လူမိုက်က နောက်ပဋိသန္ဓေ နေတယ်ကွ “နောက် ပဋိသန္ဓေ နေတယ်” လူလိမ္မာက နောက်ပဋိသန္ဓေ မနေဘူးကွ၊ ဆိုတော့ ပြောရတော့မှာပဲ ဘုန်းကြီးက မပြောရင် မဖြစ်ဘူးကွ၊ ခုနက စကားကို ဖြစ်ပါ့မလား (မဖြစ်ပါ ဘုရား) မဖြစ်တော့ဘူး။

တရားစစ်က ဒီလိုပါလား

အဲဒီတော့ ခင်ဗျားတို့ ဪ တရားစစ်က ဒီလို ပါလားဆိုတာ မှတ်ရတယ်၊ တရားတုက ဇာတိကို အားပေး သလား၊ မပေးဘူးလား (ပေးပါတယ်) နားလည် ရဲ့ လား ယခုပြောတာ (နားလည်ပါတယ်) အဲဒီတော့ ခင်ဗျားတို့ သူများပါးစပ်နဲ့ လမ်းဆုံးလို့ မတော်ဘူးဆိုတာ အချို့က ဇာတိကို အကောင်း ထားလွန်း အားကြီးတယ်၊

အဲဒါ ပါးစပ် လမ်းဆုံးတော့ ခင်ဗျားတို့သည် ဇာတိရှိလျက်နဲ့ ဇာတိရှာတဲ့ ပုဂ္ဂိုလ်တွေလို့ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ်) ဒုက္ခ ရှိလျက်သားနဲ့ တိုတိုပြောကြပါစို့ ဒုက္ခရှာတယ်၊ ဒုက္ခရှိတဲ့ ပုဂ္ဂိုလ်က ဒုက္ခထဲက လွတ်အောင်ရှောင်မှ လူပညာရှိ၊ ဒုက္ခရှိလက်နဲ့ ဒုက္ခရှာတဲ့ ပုဂ္ဂိုလ်ဟာ လူမိုက်ထဲမှာ မသွင်းရင် ဘယ်ထဲကို သွင်းမလဲ ကိုထွန်းရင် (လူမိုက်ထဲ သွင်းရမှာပါ ဘုရား) သွင်းရမှာပဲ။

မိုက်တာမိုက်မှန်းသိရင် လူလိမ္မာ

မိုက်တာ မိုက်မှန်း မသိတဲ့လူဟာ မိုက်သည်ထက် ပိုမိုက်တယ်၊ မိုက်တာကို မိုက်မှန်း သိတဲ့လူဟာ လူလိမ္မာ၊ ဓမ္မပဒမှာ မိုက်တာကို မိုက်မှန်းသိရင် (လူလိမ္မာ) လူလိမ္မာ၊ မိုက်တာမှ မိုက်မှန်း မသိသေးဘူး၊ သူက ထင်တယ်၊ ပိုမိုက်တယ်၊ ရှင်းပြီလား၊

မိုက်တာမိုက်မှန်း မသိရင် ဘာလဲ ပိုမိုက်တဲ့လူ၊ လူမိုက်တောင် ခြားနားတယ်၊ မိုက်သည်ထက် ပိုမိုက်တယ်၊ မိုက်တာကို မိုက်မှန်း မသိဘူး၊ အဲဒီတော့ သူ့ကိုဘယ့်နှယ်ဆို မလဲ (လူမိုက်) လူမိုက်ထက် ပိုမိုက်တဲ့လူ ရှင်းပြီလား (တင်ပါ့) မိုက်တာ မိုက်မှန်းသိလို့ရှိရင် လူလိမ္မာ၊ မိုက်တာကို မိုက်မှန်း သိတဲ့လူဟာ (လူလိမ္မာ)။

“ယော ဗာလော မညတိ ဗာလျံ” ဓမ္မပဒမှာ နော်၊

ယော ဗာလော၊ အကြင်လူမိုက်သည်။ ဗာလျံ၊ မိမိမိုက်သည်။ အဖြစ်ကို။ မညတိ၊ သိ၏၊ တေန၊ ထို့ကြောင့်ပင်လျှင် သော၊ ထိုပုဂ္ဂိုလ်သည်။ ပဏ္ဍိတောဝါပိ၊ ပညာရှိသည်လည်း။ ဟောတိ၊ ဖြစ်၏။ ဘုရားက ဟောတယ်။ ဗာလာစ၊ မိုက်သည် ဖြစ်ပါလျက်။ ပဏ္ဍိတာမာနီ၊ ငါပညာရှိ ထင်နေ၏။ သော၊ ထိုပုဂ္ဂိုလ်သည်။ ဝေ၊ စင်စစ်။ အတိဗာလောတိ၊ မိုက်သည်ထက် မိုက်သော ပုဂ္ဂိုလ်ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏ဟု။ အဟံ၊ ငါဘုရား သည်။ ဝဒါမိ၊ ဟော၏။ ရှင်းပြီလား။

မြို့ကြီးသားတွေ မိုက်သည်ထက်မိုက်တယ်

ခင်ဗျားတို့ ကုန်သည်ကြီး မြို့သားကြီးတွေက မိုက်သည်ထက် ပိုမိုက်တယ်၊ ကိုထွန်းရင်က မခံချင်နေ (ခံရမှာပါ) မခံချင်နေ ကိစ္စမရှိဘူး၊ ဘာဖြစ်လို့လဲ မေးတဲ့အခါကျတော့ ဟိုကတော့ ကုန်ကို ဒီဈေးနဲ့ ရတယ်၊ ဒီအဖိုးထက်ပဲ နည်းယူတယ်၊ ဪ တောကလူတွေ သိတာ မဟုတ်ပါဘူး၊ မြို့ကြီးသား ပေမယ့်လည်း ပါးစပ်သာ ရှိတာပါ။

အကြောင်းခြင်းရာ ကျကျနနသိတာ မဟုတ်ပါဘူး၊ သူ့အပေါ်မှာ ၁, ချက်၊ ၂, ချက် အကောင်း ယူတာက ရှိသေးတာ ကိုးဗျ။ ဒီလိုမှ မယူလို့ရှိရင် ဘယ်ကျုပ်တို့ စားရမလဲ ခင်ဗျားတို့က တင်လိုက် တယ်၊ တို့ကလေး, မင်းဒီလိုသာ ရောင်းဝယ်နေလို့ရှိရင် မင်း လူမဖြစ်ဘူး၊ မိုက်သည်ထက် ပိုမမိုက်လို့ ရှိရင် ဒါ ခင်ဗျားတို့ က အမေမိဘက သင်လေ့ရှိပါတယ်၊ သင်လေ့မရှိဘူးလား (ရှိပါတယ် ဘုရား)

ဟိုကလေးကလည်း မိုက်သည်ထက် ပိုမိုက် တာကိုပဲ တတ်လိမ့်မယ်၊ သို့သော်လည်း ပညာခံတယ်၊ ဒါ မိုက်သည်ထက် ပိုမိုက်တဲ့ ပုဂ္ဂိုလ်ဆိုရင် သဘော ကျတယ်၊

အရောင်းကောင်း, အဝယ်ကောင်း၊ အရောင်းတတ်, အဝယ် တတ်၊ အို-ချစ်စရာ ကောင်းလိုက်တာ၊ သူများ သားသမီး လေးတွေ မွေးလာတာများ အညွန့်ကလေးတွေနဲ့တောင်မှ ပြောနေ ရသေးတယ်၊ ပြိတ္တာအညွန့် ကလေးတွေ သဘောကျရဲ့လား(မှန်ပါ့ ဘုရား)၊ မိုက်သည်ထက် ပိုမိုက်နေတာကိုး ခင်ဗျ- ရှင်းပြီလား၊ ကောင်းပြီ၊ အဲဒါ ဘယ်ကလာသတုံးလို့ မေးလို့ရှိရင် ဘုရား ဆီမှာ တရားနာသွားကြတယ်။

ခါးပိုက်နှိုက်နှစ်ယောက်

ခါးပိုက်နှိုက် နှစ်ယောက်ဟာ သာဝတ္ထိပြည်၊ ဇေတဝန် ကျောင်းမှာ ခါးပိုက်နှိုက် သွားကြတယ်၊ တရားပွဲကြီးက စည်တာ ကိုးဗျ။ ခြိမ့်ခြိမ့်သဲနေတုန်း ခါးပိုက်နှိုက်ဖို့ နှစ်ယောက် တိုင်ပင်ပြီး သွားကြတယ်၊ တစ်ယောက်က တရားနာရင်း ခန္ဓာနာမ်ရုပ် သိပြီး သောတာပန် တည်တယ်၊ ခါးပိုက်နှိုက် တစ်ယောက်ကတော့ တစ်ပဲ နှိုက်လို့ရတယ်၊ သူကတော့ နှိုက်ဖို့ပဲ ချောင်းနေတာကိုး။

တစ်ယောက်က သောတာပန်တည်

အိမ်နီးချင်းတွေဖြစ်တော့ အိမ်ကျတော့ တိုင်ပင်ကြတယ်၊ အို မင်းဘာရခဲ့သလဲ ဆိုတော့ သောတာပန် တည်တဲ့ပုဂ္ဂိုလ် က ငါတော့ စားဖို့တော့ မရခဲ့ဘူးကွာ အဖိုးတန်တာတော့ ရ တယ်၊ မင်းအဖိုးတန် ရတာက ကိစ္စမရှိဘူး၊ ည ထမင်းငတ်နေလိမ့် မယ်၊ ညကို ဝယ်စားစရာ မရှိဘူး၊ လူမိုက် လူလိမ္မာကြီး လုပ်လို့ ငါ့မှာတော့ ရခဲ့တယ်ကွာ၊ တစ်ပဲရခဲ့တယ် ဆိုတော့မှ သောတာ ပန်ဖြစ်နေတဲ့ ပုဂ္ဂိုလ်က သွားလျှောက်တယ်၊ ဘုရားသွားလျှောက် တယ်၊

ခုနဟာမျိုးကို လူကမိုက်တာ မိုက်မှန်းမသိဘူးကွ၊ မင်းက မိုက်တာကို မိုက်မှန်းသိလို့ သောတာပန်တည်တာ ရိပ်မိပြီလား။

မိုက်တာမိုက်မှန်းသိလို့ သောတာပန်တည်တာ

အေး ခင်ဗျားတို့လည်း မိုက်တာ မိုက်မှန်း သိတော့ သောတာပန်တည်မှာ၊ ဒါ မိုက်တာ မိုက်မှန်း သိလို့ ဒီရောက်လာ တာ၊ နို့မဟုတ်ရင် ရောက်ကို မရောက်ဘူး၊ ရောက်ပါ့မလား (သိတာတော့ကြာပါပြီ ဘုရား)၊ ကိုထွန်းရင်ပြီးရော သိပြီလား၊ သိပြီ သိပေမယ့် အသိ မဆုံးသေးဘူး၊ အသိ မဆုံးသေးဘူး၊ သောတာပန် အသိမှ သီလမြဲမှာကိုးဗျ၊ တစ်နေ့ကပြောတဲ့ အတိုင်းနော်။

လူလိမ္မာက ဝိပဿနာရှုတယ်

ကိုင်း အဲဒီဝတ္တု အသာထားပြီးတော့ အဲဒီဝတ္ထုနဲ့ ဒီဝတ္ထုအတူတူပဲ၊ ဒါကသံယုတ်၊ ဟိုကဓမ္မပဒ ခါးပိုက်နှိုက ်နှစ်ယောက် ဟောဒါက လူလိမ္မာ၊ လူမိုက် ခန္ဓာငါးပါး လူလိမ္မာ ခန္ဓာငါးပါး သဘောကျပြီလား၊

သူကတော့ကို ခန္ဓာကိုယ်ကို ဝိပဿနာရှုတယ်၊ မသေခင် ပဝတ္တိကျတော့ သူရှုတော့မှာပေါ့ဗျာ၊ ဝိပဿနာ ရှုမယ်၊ သူကတော့ သူ့ခန္ဓာကိုယ်ကို ကျွေးဖို့ မွေးဖို့ တဏှာ၊ သူ့ခန္ဓာခင်တဲ့ တဏှာ၊ ဝိဘဝ တဏှာ မဟုတ်ဘူးလား၊ ကံ, မဟုတ်ပေဘူးလား၊ ကာယကံ ဝစီကံ, ရောင်းဝယ်ဖောက် ကား စုတေမနေ သေလွန်တဲ့ အခြားမဲ့၌ သူ့ဇာတိုပဲ ပြန်ရတယ် မရဘူးလား (ရပါတယ် ဘုရား)။

ဒီ လူလိမ္မာကတော့ သူ့ခန္ဓာကိုယ်ကြီး ပဝတ္တိအခါမှာ ဝိပဿနာဉာဏ်နဲ့ရှုပြီး သကာလ နေတော့ ဒီတဏှာ ဥပါဒါန်, ကံ, ဇာတိ မချုပ်ပေဘူးလား၊ လူလိမ္မာကတော့ ချုပ်တယ်၊ တက်လာ သေးရဲ့ လား (မလာပါ ဘုရား)၊ လူမိုက်ကျတော့ရော (လာပါ တယ်) ဇာတိ လာတယ် ဆိုကတည်းက ဒီ အဝိဇ္ဇာနဲ့ သင်္ခါရက ဒီဝင်ရတော့မယ်၊ မဝင်ရပေဘူးလား ဝင်ရမယ်၊ ဇာတိ၏ အကျိုးအကြောင်း ဆိုတာ သူတို့ပဲ၊ အို မသေချာဘူးလား (သေချာပါတယ်)။

ဒါဖြင့် အမှောင်ထဲကလာပြီး အမှောင်ထဲ ပြန်သွားရ မယ်၊ ရှင်းပြီလား၊ လူမိုက်က အမှောင် ထဲက လာပြီး အမှောင်ထဲပဲ ပြန်သွားမယ်၊ ဟောဒီ လူလိမ္မာကတော့ အမှောင်ထဲက လာတာ တော့ မှန်ပါတယ်တဲ့၊ အဝိဇ္ဇာသင်္ခါရ တည်းဟူသော အမှောင်မိ တာတော့ မှန်ပါတယ်၊ အမှောင်ထဲက လာပြီး သကာလ ဟောဒီ မဂ်တည်းဟူသော အလင်းရတဲ့အတွက် ဒီဘက်မှာ အမှောင် လာ သေးသလား (မလာပါ ဘုရား)။

ဝိပဿနာရှုတယ်ဆိုတာ

ဘာဖြစ်လို့တုံးလို့ ငါဘုရားက ဟောရလို့ရှိရင် သူက ဗြဟ္မစရိယာ အကျင့်ကျင့်တယ်၊ မဂ္ဂအကျင့် ကျင့်တယ်၊ သူက ဗြဟ္မစရိယာ အကျင့်ပါသလား (မပါ,ပါဘုရား၊) တဏှာ, ဥပါဒါန်, ကံ ခြံရံနေတော ဇာတိ, အဝိဇ္ဇာ, သင်္ခါရ, မလာဘူးလား၊ သူကတော့ အဝိဇ္ဇာ, သင်္ခါရ, ခန္ဓာငါးပါး, ဇာတိ သူကရတဲ့ ခန္ဓာ ငါးပါးကို ဝိပဿနာရှုတယ်၊ ဝိပဿနာရှုတယ်ဆိုရင် မဂ္ဂဗြဟ္မ စရိယာအကျင့် မဖြစ်ဘူးလား (တင်ပါ့)။

မဂ္ဂဗြဟ္မစရိယာဆိုတာ ဘာတုံး

ဝိပဿနာဉာဏ်ဆိုတာ မဂ္ဂဗြဟ္မစရိယ ကျင့်တယ်၊ သဘောကျပလား၊ ဝိပဿနာဉာဏ် ဆိုတာ ဘာလဲ၊ မဂ္ဂဗြဟ္မ စရိယအကျင့် (တင်ပါ့)၊ မဂ္ဂဗြဟ္မစရိယ ဆိုတာ ဘာတုံး၊ အို ပုဗ္ဗဘာဂ မဂ္ဂဗြဟ္မစရိယာ၊ ပုဗ္ဗဘာဂဆိုတာ ရှေးဦးစွာ ကျင့်ရမည့် အကျင့်ဖြစ်တယ်၊ သဘောကျရဲ့လား၊ ပုဗ္ဗက ရှေ့ ဘာဂက အဖို့၊ ရှေ့အဖို့ ကျင့်ရမည့်အကျင့် ဖြစ်တယ်၊ ဘယ်သူမှ လောကုတ္တရာမဂ် အရင်မလာဘူး။

ငါးပါးပြီးရှစ်ပါးလာတယ်

ဒီမဂ်ပြီးမှ ဒီမဂ်လာမယ်၊ ငါးပါးပြီး ရှစ်ပါးလာတယ်၊ သဘောကျပလား၊ ဒါကြောင့် သူ့မဂ္ဂဗြဟ္မစရိ အကျင့်လို့ ငါဘုရား ဟောတယ်၊ ဒါဖြင့် လူလိမ္မာက ခန္ဓာငါးပါးရပြီးတဲ့နောက် မဂ္ဂဗြဟ္မစရိယအကျင့် ကျင့်ကြံသောကြောင့် မှောင်ထဲကလာ ငြားသော်လည်း အလင်း ဒီဘက်ကို ဇာတိ, ဇရာ, မရဏသည် ကျွတ်ရာဖြစ်ပြီးတော့ အလင်းနိဗ္ဗာန်ကို သူရတယ်၊ မရဘူးလား (ရပါတယ် ဘုရား)။

လူလိမ္မာက (ရပါတယ်)၊ လူမိုက်ကတော့ (မရပါ ဘုရား)၊ အမှောင်ထဲကလာတာဗျ၊ ဘယ်ရောက် သလဲ အမှောင်ထဲကို ပြန်ရောက်တယ်ရှင်းပြီလား။

အမှောင်ကလာပြီးအလင်းရောက်တယ်

အမှောင်ထဲကလာပြီးတော့ အမှောင်ထဲကပဲ သွားတယ်၊ လူလိမ္မာက အမှောင်ထဲကလာပြီး အလင်းရောက်တယ်၊ ဒါဖြင့် အလင်း ဘယ်သူပေးသတုံးလို့ မေးတဲ့အခါကျတော့ ပုဗ္ဗဘာဂမဂ် ကို ကျင့်ပါများရင် ပစ္ဆာဘာဂမဂ် ဆိုတဲ့ မဂ္ဂရှစ်ပါးကို ရထိုက် မရထိုက် ခင်ဗျားတို့စဉ်းစားကြ။

ရှုရမယ်မဟုတ်လား၊ ဒီမဂ်ရှိရင် ဒီမဂ်ရမယ်၊ ဒီမဂ်မှ မရှိ ခဲ့ရင် ဒီမဂ်က မရနိုင်ဘူး၊ သဘော ကျရဲ့လား၊ ပုဗ္ဗဘာဂမဂ်ဆိုတာ ငါးခု၊ ပစ္ဆဘာဂမဂ်က ရှစ်ခု (တင့်ပါ ဘုရား)။ ဝိပဿနာမဂ် မပါဘဲနဲ့ လောကုတ္တရာမဂ် ရပါ့မလား (မရပါ)၊ မရဘူး ကိုထွန်းရင်၊ သဘောပေါက်ပြီလား (တင်ပါ့ ဘုရား)။

အမိုက်ထဲကလာပြီး အမိုက်ထဲသွားတယ်

ဒါဖြင့်ရင် သံယုတ်ပါဠိတော်ကလာတဲ့အတိုင်း လူလိမ္မာ နဲ့ လူမိုက် ဘာထူးသလဲဆိုတော့ အမိုက်ထဲကလာပြီး အမိုက်ထဲ သွားလို့ရှိရင် လူမိုက်၊ ရှင်းပြီလား၊ လာတုန်းကလည်း အမိုက်ထဲ ကလာတာ၊ အဝိဇ္ဇာ သင်္ခါရက သူမလာဘူးလား၊ လာသလား၊ အဝိဇ္ဇာ သင်္ခါရကြောင့် ပဉ္စက္ခန္ဓာ ငါးပါး ဖြစ်လာတာပဲတဲ့၊

အမိုက် ထဲကလာပြီး သကာလ သူ့မှာ ဘာလာသတုံးဆိုတော့ ဒီဟာတွေ ပြန်လာတယ်၊ ပဝတ္တိအခါမှာ ဒါတွေ ပြန်မလာဘူးလား။

တဏှာ, ဥပါဒါန်, ကံ ဒါ နောက်ဘဝ၊ အဝိဇ္ဇာ, သင်္ခါရ ဇာတိ မလာပေဘူးလား၊ ဒီ ပဋိစ္စသမုပ္ပါဒ် ကလည်း ဒါဟာ ကျော်ဟောသွားတဲ့တရားက၊ နှစ်ဘဝဆက်တဲ့ဟာနဲ့ ဟောရမယ် ဆိုရင် ဒီနေရာမှာ အဝိဇ္ဇာသင်္ခါရနဲ့ ပြန်ဆက်၊ ကံနဲ့ ဇာတိကို ပဋိစ္စသမုပ္ပါဒ်က ဆက်ပြန်တယ်၊ မဖြစ်နိုင်ဘူးတဲ့၊ ဘုရားက ဟော စဉ်မို့သာ ဟောလိုက်တယ်၊ ဖြစ်စဉ်က အဝိဇ္ဇာသင်္ခါရ ဆက်ပြီးမှ ဇာတိဆက်ရမယ်၊ ဒီကလာတာ ဒီအတိုင်းပဲ ရှင်းပြီလား။

မဂ္ဂဗြဟ္မစရိယကျင့်မှ ထူးမှာ

ဒါဖြင့် ခင်ဗျားတို့ ရထားတဲ့ ပဋိစ္စသမုပ္ပါဒ်နဲ့ တူရဲ့လားလို့ မေးရင် ဘယ့်နှယ်ဖြေမလဲ (မတူပါ)၊ ဟောစဉ် ဟောထား တာတော့ တူတယ်၊ ဖြစ်စဉ်ပြောတဲ့ ပဋိစ္စသမုပ္ပါဒ်နဲ့ မတူဘူး၊ ဖြစ်စဉ်ကတော့ အဝိဇ္ဇာ သင်္ခါရကြောင့် ခန္ဓာဖြစ်ရမယ်၊ ရှင်းပြီနော်။

ကဲ ဒါဖြင့် အမိုက်ထဲကလာပြီး အလင်းရတဲ့ ပုဂ္ဂိုလ်တွေ အမိုက်ထဲကလာပြီး အမိုက်ထဲ ပြန်ရောက်တဲ့ ပုဂ္ဂိုလ်ဟာ ဘာထူးသတုံး ဆိုတော့ ဟောဒီ မဂ္ဂဗြဟ္မစရိယအကျင့်နှစ်ခု ကျင့်မှထူး မှာ၊ နို့မဟုတ်ရင် မထူးကိုမထူးဘူး၊ ကိုထွန်းရင် နေရာကျပြီလား (တင်ပါ့)။

ဒီပုဗ္ဗဘာဂ ဗြဟ္မစရိယအကျင့်၊ ပစ္ဆဘာဂ နောက်အဖို့မှ ကျင့်ရမယ့် မဂ္ဂဗြဟ္မစရိယအကျင့်၊ ဒီနှစ်ကျင့်ကို မကျင့်လို့ ရှိရင်၊ အမိုက်ထဲကလာပြီး အမိုက်ထဲသွားမှာပါပဲ၊ မဟုတ်ဘူးလား၊ အမှောင်ထဲက လာရင် အမှောင်ထဲ သွားမှာပါပဲ၊ အမှောင်ထဲက လာပြီး သွားနေတဲ့ပုဂ္ဂိုလ်ဟာ အလင်း ရချင်လို့ရှိရင် ဒီအလုပ်လုပ် ရင်လုပ်၊ မလုပ်လို့ရှိရင် ကိုယ်ကျိုးနည်းမယ်။

မဂ္ဂင်ငါးပါးကအရင်ပွားမယ်

“မဂ္ဂင်လမ်းငါးပါးနဲ့ အရင်ပွားရမယ်” မဂ္ဂင်ငါးပါးက အရင်ပွားရမယ်၊ ဘယ်သူ့မှ ရှစ်ပါးပွားလို့ မရဘူး၊ ဝိရတီ ကိုးဗျ။ ခင်ဗျား သင်္ဂြိုဟ်လေး အနည်းအပါး လုပ်ဖူးတော့ကို ဝိရတီ ဆိုတာ နိယတလား အနိယတ မြဲသလား မမြဲဘူးလား ဆိုတော့ အနိယတပါ၊ အနိယတဆိုတာ သူက သီလမဂ္ဂ၊ သီလ မဂ္ဂင်မြဲရဲ့ လား (မမြဲပါ) မမြဲဘူး၊ အရိယာဖြစ်မှ မြဲတယ်။

အရိယာဖြစ်မှသီလမဂ္ဂင်မြဲတယ်

ဒါကြောင့် အရိယာဖြစ်မှ သီလမဂ္ဂင်သုံးပါးက ပါတယ်။ ရှင်းပြီလား၊ ဒီအရင်တုန်းကတော့ ခြောက်ပါးပါတယ်၊ ငါးပါး ပါတယ်ဖြစ်မယ်၊

အဲဒီတော့ ဘုရားက ဒီလိုမဟောနဲ့တဲ့၊ ငါးပါးသာ ရှေ့ထား၊ မမြဲတာ ထည့်မနေနဲ့ ပေါ်ပြီလား၊ အဲဒါသဘော သဘောပဲ၊ ဒါဖြင့် လူမိုက်နဲ့ လူလိမ္မာ ထူးကြရဲ့လား၊ ကဲ ဦးသံဒိုင် လူမိုက်နဲ့ လူလိမ္မာ ထူးသလား (ထူးပါတယ်)။ လူမိုက်က မဂ္ဂဗြဟ္မစရိယအကျင့် မပါဘူး၊ မဂ္ဂဗြဟ္မစရိယအကျင့် ပါသလား (မပါပါ ဘုရား)။

ဒါကို ဖြစ်ပျက် ရှုတာပါရဲ့ လား (မပါ,ပါ)၊ ခန္ဓာငါးပါး ဖြစ်ပျက်ရှုတာ ပါရဲ့လား၊ ခန္ဓာငါးပါး ဖြစ်ပျက် မုန်းတာ ပါရဲ့လား (မပါ,ပါ ဘုရား)၊ ခန္ဓာငါးပါးတည်း ဟူသော ဒုက္ခဆုံးတဲ့နိဗ္ဗာန်ကို မြင်တဲ့ဉာဏ် ပါရဲ့လား (မပါ,ပါ) လူမိုက်က (မပါ,ပါ)၊ လူလိမ္မာက (ပါ,ပါတယ်) ဆိုတော့ သူက ငါရှင်းပြမယ်၊ အလင်း ရတယ်၊ မင်းတို့က မသိလို့ “ဝိဇ္ဇာ ဥဒပါဒိ အာလော ကော ဥဒပါဒိ” လို့ ငါတိုက်ရိုက် ဟောထားတယ် (ပေါ်ပါပြီ ဘုရား)။

သူ့အလင်းရသွားတယ်၊ အဝိဇ္ဇာမှ အလင်းရသွားတယ် (မှန်ပါ့)၊ ဉာဏံ ဥဒပါဒိ ရွတ်သာ ရွတ်နေတာ ခင်ဗျားတို့က ဒါ လုပ်မှမလုပ်ဘဲ၊ ရှင်းပြီလား၊ “ဝိဇ္ဇာ ဥဒပါဒိ အာလောကော ဥဒပါဒိ ဉာဏံ ဥဒပါဒိ” မလာဘူးလား (လာပါတယ် ဘုရား)။

စက္ခုံဥဒပါဒိ၊ အဲဒါတွေဟာ ဉာဏ်တစ်ခုတည်းကို ဟော တာ၊ “စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒီ” ဉာဏ် တစ်လုံးတည်း ဉာဏ်အလင်းကို ဟောတာ၊ ဟောဒီခန္ဓာကိုယ်မှာ အဝိဇ္ဇာ ဖုံးနေတာကြီး မရှိပါဘူး၊ ဖြစ်ပျက်သာ ရှိပါတယ်လို့ ဟောဒီဉာဏ်က အလင်းရပြီလို့ မြင် ပြီကွ။

ဒါကြောင့် သူ “ဝိဇ္ဇာဥဒါဒိ၊ အာလောကောဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဉာဏံဥဒါပါဒိ၊ စက္ခုံဥဒပါဒ” ဆိုတာ ငါ ဒါကြောင့် ဓမ္မ စကြာမှ ဟောတာ၊ ဒါကြောင့် သူက အမိုက်ထဲကလာပြီး အလင်းရတယ် (တင်ပါ့)၊ ဓမ္မစကြာပါ သဘောကျသွားပြီလား။

တဏှာနားနဲ့တော့မထောင်နဲ့

ဒီပုဂ္ဂိုလ်ကတော့ အဝိဇ္ဇာကလာပြီး အဝိဇ္ဇာဘက်သွား အမှောင်ထဲ သွားတယ်ဆိုတော့ တိရစ္ဆာန်ဘဝကလာပြီး တိရစ္ဆာန် ထဲသွားတယ်၊ ဒီဘဝက သူဆင်းရဲက လာတော့ သူဌေးကြီးသွား ဖြစ်တော့ ဒါ အမှောင်ထဲကလာပြီး အမှောင်ထဲသွားတာပဲ (အမှောင်ထဲသွားတာပဲ) ထူးသေးသလား (မထူးပါ ဘုရား)

တဏှာ နားနဲ့တော့ မထောင်နဲ့ဦးထွန်းရင်၊ တဏှာနားနဲ့တော့ မထောင်နဲ့ ဦးထွန်းရင်၊ တဏှာနဲ့ မထောင်နဲ့ ခု တရားဟောနေ တာကို ဘာနားနဲ့ ထောင်ရမလဲဆိုရင် ဉာဏ်နားနဲ့ ထောင်ရမယ်၊ ရှင်းပြီလား (တင်ပါ့ ဘုရား)။

တဏှာနားနဲ့ထောင်လို့ရှိရင် ဘယ်နှယ့်နေမလဲ၊ သူဆင်းရဲ ဘဝကနေပြီးတော့ လူချမ်းသာ ဖြစ်တာ မကောင်းဘူးလား၊ တဏှာ နားဘက်က ဒါကြိုက်တယ် (ကြိုက်ပါတယ်)၊ ဉာဏ် နားနဲ့ကတော့ လူဆင်းရဲလည်း ခန္ဓာငါးပါး ဒုက္ခသစ္စာပဲ၊ လူချမ်း သာရတော့ရော ခန္ဓာငါးပါး (ဒုက္ခသစ္စာပါ) သူ့ကျတော့ရော ဇာတိ, ဇရာ, မရဏ လွတ်ရဲ့ လား၊ လူချမ်းသာရော လွတ်ရဲ့လား (မလွတ်ပါ ဘုရား)။

ဉာဏ်နားနဲ့ထောင်ရမယ်

မလွတ်တော့ ဉာဏ်နားမှာတော့ ဒုက္ခသစ္စာကို ဒုက္ခ သစ္စာလို့မှတ်၊ လူချမ်းသာလည်း ဒုက္ခသစ္စာပဲ မဟုတ်ဘူးလား၊ လူဆင်းရဲရော (ဒုက္ခသစ္စာပါ)၊ ဒုက္ခသစ္စာပဲထား၊ ဘယ်သူ့ ခန္ဓာက ဘာထူးသလဲ (ဘာမှမထူးပါ ဘုရား)၊

ကောင်းပြီ၊ ဒါဖြင့် ခင်ဗျားတို့ အခု ဒီလာတာဟာ ဒီဝိဇ္ဇာ ဥဒပါဒိမှ မဖြစ်တော့ ဘူး၊ အာလောကော ဥဒပါဒိလေးမှ ခင်ဗျား နာရုံလေးလောက်ဖြစ် ပြီး သကာလ ကိုယ့်ဉာဏ်ထဲမှာ အဝိဇ္ဇာကို ခင်ဗျားတို့ အဝိဇ္ဇာ အမှောင်ထဲသွားတယ်၊ အမှောင်ထဲကလာပြီး (အမှောင်ထဲ သွားတယ်)၊ ခန္ဓာတွင်းကို ဉာဏ်အလင်းမှ မထိုးနိုင်ဘူးဆိုရင် ခင်ဗျားတို့ လူမိုက်က လူမိုက်ပဲပြန်ဖြစ်သွားမယ် (တင်ပါ့)၊ မဖြစ်ပေဘူးလား (ဖြစ်မှာပါ ဘုရား)။

နာရုံလောက်နဲ့တော့မရဘူး

အဲဒီတော့ ဘုန်းကြီးက နာရုံလောက်ပဲ နာရုံလောက် တော့ မရဘူး၊ ဘယ်နည်းနဲ့မှမရဘူး၊ အာလောကော ဥဒပါဒိ ဆိုတာ ဟောတာ ဒုက္ခသစ္စာ၊ တစ်ခုမှ သုခ မပါဘူး၊ ခန္ဓာငါးပါး စလုံး သဘောကျပလား၊ ဒီလိုမြင်မှ အာလောကော ဥဒပါဒိ ဖြစ်နိုင်တယ်၊

အဝိဇ္ဇာ ရှိနေတဲ့ပုဂ္ဂိုလ်ဟာ ခန္ဓာငါးပါးမှာ ဟော ခေါင်းကတော့ သက်သာပါတယ်၊ ဝမ်းကတော့ မသက်သာဘူး၊ လုပ်ယူမှ ခင်ဗျားတို့ဒုက္ခထဲက သုခရှာနေမှာ၊ ခင်ဗျားတို့မရှာ ပေဘူးလား (ရှာမှာပါ) ရှာရင်မလွယ်ဘူး၊ ရှာရင် မလွယ်ဘူး တစ်ကိုယ်လုံး ပဉ္စက္ခန္ဓာက ဒုက္ခသစ္စာပဲ၊

ပဉ္စက္ခန္ဓာ ဒုက္ခသစ္စာလို့ ဓမ္မစကြာမှာလည်း ဟောတယ်၊ သတိပဌာန်မှာလည်း ဟော တယ်၊ မဟောဘူးလား၊ ဘယ်ခန္ဓာကို သုခသစ္စာလို့ ဟောသေး သလဲ (မပါ,ပါ ဘုရား)၊ မပါကို မပါပါဘူး။

အညာသိကောဏ္ဍညာ

အဲဒီတော့ကို အားလုံး ဒုက္ခသစ္စာပဲ၊ မြင်လိုက်လို့ရှိရင် “အာလောကော ဥဒပါဒီ” ဖြစ်ပြီနော် ခင်ဗျားတို့၊ “အာလောကော ဥဒပါဒိ” ဖြစ်ပြီနော်၊ ဒီခန္ဓာငါးပါးဟာ အကုန်ဖြစ်ပျက်ချည်းပဲ၊ ဒုက္ခသစ္စာ ချည်းပဲလို့ ခင်ဗျားတို့ မြင်လို့ရှိရင် ဦးသံဒိုင် အာလောကော ဥဒပါဒိ ဖြစ်ပြီ (တင်ပါ့)၊ နို့မဟုတ်ရင် ဘယ်တော့မှ မဖြစ်ဘူး၊ အညာသိ ကောဏ္ဍညော ဆိုတာကို ခင်ဗျားတို့ သိတယ် (သိပါတယ်)။

ကောဏ္ဍညော =ကောဏ္ဍညသည်၊ အညာသိ= ပညာနဲ့ သစ္စာလေးပါး သိသွားတယ် ဆိုတာ ဒါပဲ၊ ခန္ဓာငါးပါးကို ဒုက္ခသစ္စာ လို့ ပညာနဲ့ သိသွားပြီ၊ ဒါကြောင့် သူ အညာသိ ကောဏ္ဍညောလို့ ခင်ဗျားတို့စာထဲမှာ မပါဘူးလား (ပါ,ပါတယ်)၊ ကောဏ္ဍညား

ကောဏ္ဍညသည်၊ အညာသိ ပညာဖြင့် ဒုက္ခသစ္စာလို့ သူ့ခန္ဓာ ငါးပါးကို သူသိသွားပြီ၊ ဗြဟ္မာပြည် ရောက်အောင် ကျော်စော သွားတယ်၊ မဟုတ်ဘူးလား၊ ပေါ်ပြီလား (ပေါ်ပါပြီ)၊ ဒါဖြင့် နာရုံ နဲ့ “အာလောကော ဥဒပါဒီ” ဖြစ်မှာလား ကိုထွန်းရင် (ပွားမှ ပါ ဘုရား)။

ဘုန်းကြီးက လင်းအောင်နည်းပေးနိုင်တယ်

ဒါဖြင့် ဘုန်းကြီးက ဘာတတ်နိုင်သလဲလို့မေးတော့ အသိတတ်နိုင်တယ်၊ အပွားတော့ ခင်ဗျားတို့ သန္တာန်မှာရှိတဲ့ ကိလေသာကို ကျုပ်က ဖြတ်မပေးနိုင်ဘူး၊ ခင်ဗျားတို့ သန္တာန်မှာ ရှိတဲ့ အမှောင်ကို ကျုပ်က လင်းအောင် လုပ်မပေးနိုင်ဘူး၊ လင်းနည်း ပေးနိုင်တယ်၊ လင်းအောင် လုပ်မပေးနိုင်ဘူး၊ သဘော ပါရဲ့လား (ပါပါတယ်)၊

သူရာဟုလာ ထမ်းမခေါ်နိုင်ဘူး၊ ခုနက ဒကာမတွေတောင် ဘုန်းကြီး ပြောလိုက်သေးတယ်၊ ကဲ ဒါဖြင့် ရှင်းပြီလား၊ ဒါဖြင့် ခန္ဓာငါးပါးကို ခင်ဗျားတို့ ဖြစ်ပျက်ရှုပါ။ တစ်ပါး,ပါး မရှုရဘူးလား (ရူရပါမယ် ဘုရား)၊ ရှုတော့ ဒီမဂ်နဲ့ အရင်ရှု၊ ဒီမဂ်ရှုပါများလို့ ရှိရင် ဒီမဂ်ပေါ် ရမယ်၊ မပေါ်ဘူးလား (ပေါ်ပါမယ်)။

နိဗ္ဗာန်ရောက်ပုံပြောစမ်းပါ

ဘာနဲ့တူသတုံးဆိုတော့ မိလိန္ဒမင်းကြီးက အရှင်ဘုရား နိဗ္ဗာန်ရောက်ပုံ ပြောစမ်းပါဦးဘုရား၊ အရှင်နာဂသိန် ရဟန္တာကို လျှောက်တယ်၊ နိဗ္ဗာန်ရောက်ပုံ ပြောစမ်းပါဦးဘုရား တပည့် တော် နိဗ္ဗာန်ရောက်နည်း, လုပ်ချင်တယ် ဆိုတော့ ဒကာကြီးတဲ့ ဟောဒီ ပုဗ္ဗဘာဂမဂ်က ဝိပဿနာမဂ်ကို ဒီခန္ဓာငါးပါးကိုရှု၊ ဦးသံဒိုင်တို့ ရှုပေးပါတဲ့၊

ဖြစ်ပျက်,ဖြစ်ပျက်,ဖြစ်ပျက် မြင်နေအောင်နော်၊ ဖြစ်ပျက် ဆိုတာ ဒုက္ခသစ္စာနော်၊ ဖြစ်ပြီး ပျက်တာ ဘာသစ္စာလဲ (ဒုက္ခသစ္စာ) ဒုက္ခသစ္စာကို ဖြစ်ပျက် ဖြစ်ပျက် ရှုရှု ရှုရှု ရှုရှုပေး၊ ရှုရှုပေးသွားတဲ့ အခါကျလို့ရှိရင် ဒီမဂ်နဲ့ ရှုနေတုန်းတော့ ဖြစ်ပျက် မှတစ်ပါး ဘာမှမရှိဘူး၊ အပျက်ချည်းပဲ မြင်ချင် မြင်မပေါ့ဗျာ။

ငြီးငွေ့ချင်လည်း ငြီးငွေ့မယ်၊ ဥပေက္ခာ ထားချင်ထား မယ်၊ ဘာထားထား အပျက်ချည်းပဲ၊ ဒီလိုချည်း မြင်မယ်၊ နောက် တော့ကို တဲ့။ ဒီအပျက်တွေ မမြင်တဲ့ဉာဏ် ပေါ်လာလိမ့် မယ်၊ ဒီအပျက်တွေ ချုပ်သွားလိမ့်မယ်၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

အရှင်နာဂသိန်ကဟောတာ

ဒါ ကိုယ်တိုင်မြင်တဲ့ ပုဂ္ဂိုလ်က ပြောတယ်၊ အရှင်နာဂသိန် က ဟောတယ်၊ အရှင်ဘုရား, နိဗ္ဗာန်မြင်ပုံ ပြောစမ်းပါဆိုတော့ ပထမရှေးဦးစွာ မဂ်မှာပဲ ဒကာကြီး ဖြစ်ပျက်ချည်း မြင်နေလိမ့်မယ် တဲ့ (တင်ပါ့) ဒကာကြီး ဖြစ်ပျက်ချည်း မြင်နေလိမ့်မယ်၊ ရှင်းပြီလား၊ အလုပ်သင် ပေးပြီနော် (မှန်ပါ)၊ ခန္ဓာငါးပါးစလုံး တစ်ပါးပါးရှုရှု၊ ကြိုက်တာရှု၊ တစ်နေ့ကလိုပဲ တစ်ပင်ဆွဲရုံနဲ့ အကုန် လဲတယ်ဆိုတာ သိနေတော့ အဲဒီတော့ တစ်ပါးပါး ရှုနေတဲ့အခိုက် အပျက်တွေ မြင်မနေဘူးလား။

ဝိပဿနာမဂ်က ဘာသာမြင်သတုံးဆိုတော့ သင်္ခါရသာ မြင်တယ်လို့ ဟောရမှာပဲ၊ သင်္ခါရ ဆိုတာ ဖြစ်ပျက် ဆိုတာ ရှင်းပြီ လား၊ ဖြစ်ပျက်တွေချည်း မြင်နေမယ်၊

နောက်တော့ ဖြစ်ပျက်တွေ မြင် ဖြစ်ပျက်တွေမုန်း၊ နောက်တော့ ဖြစ်ပျက်တွေ ဆုံးသွားတယ်၊ ဆုံးသွားတော့ ဒီမဂ်လည်း မရှိတော့ဘူး၊ ဒီမဂ်နေရာမှာ အစားထိုး တယ်၊ လောကုတ္တရာမဂ်ပဲ အစားထိုးတယ်၊ ဖြစ်ပျက် မဆုံးသေးရင် (လောကုတ္တရာမဂ် မလာနိုင်ပါ ဘုရား)၊ မလာနိုင်ဘူး။

အဲဒါ ဘယ်သူကဟောတာတုံးဆိုတော့ ကိုယ်တိုင် ရဟန္တာ ဖြစ်လာတဲ့သူကဟောတာ၊ မသေချာသေးဘူးလား (သေချာပါတယ်) တို့ဉာဏ်တွေ ပြောမနေနဲ့တော့တဲ့၊ သူ့ဟာသူ ပါသွား လိမ့်မယ်၊ ခင်ဗျား လုပ်ရင်း ပါသွားမယ်၊ လုပ်ရင်း ပါသွားလိမ့်မယ်၊

ဒါ ကျုပ်ကပြောနေဖို့မလိုဘူး၊ ကြာသလားဆိုတော့ မကြာပါဘူး၊ လမ်းမှတ်တိုင်ကို မီးရထားတို့ လေယာဉ်များလည်း မြန်မြန်မောင်း လမ်းမှတ်တိုင်သာ မှန်ပါစေ၊ ရထား မြန်မြန်မောင်း ကြည့်ပါလား၊ မိုင်တိုင်လမ်း မှတ်တိုင်တွေ အကုန်မှတ်မိပါ့မလား၊ ရိပ်ခနဲဆိုပြီး နေပါတယ်၊ ရိပ်ခနဲ နေတယ်၊ အဲ ဉာဏ်ထက်လို့ ရှိရင် ရိပ်ခနဲ ဆိုတော့ လိုရင်း ရန်ကုန်ဘူတာ သွားဆိုက်မယ်၊ နိဗ္ဗာန်နဲ့တူတဲ့ ရန်ကုန် ဘူတာ သွားပြီး မဆိုက်ပေဘူးလား။

ဘုန်းကြီးပြောတာ ကြပ်ကြပ်ရှု

အဲဒီတော့ အဲဒါ လိုက်မနေနဲ့ ဘုန်းကြီးပြောတာ ကြပ် ကြပ်ရှု၊ ရှုရင်းမတ္တနဲ့ ဖြစ်ပျက်ဆုံးပြီးတော့ ဝိပဿနာမဂ် ချုပ်ပြီး လောကုတ္တရာမဂ်က ဝင်မယ် (တင်ပါ)၊ ဘာမှ ခင်ဗျားတို့ သံသယမရှိနဲ့၊ ဘယ်သူက ဘာပြောပြော မယုံနဲ့၊ ကိုယ်က မိုင် တိုင် မှတ်တာကို ရှင်းမနေနဲ့၊ အရှင်သာရိပုတ္တရာပင် ရေးရေး မြင်တယ်၊ သူက မျက်လုံးကောင်းတဲ့လူ ဆိုတော့ မိုင်တိုင် မြင်တာပေါ့။ ကျုပ်တို့က မျက်လုံး ကောင်းတဲ့လူလို့ ဆိုမလား၊ သူ့နဲ့စာတော့ (မဆိုနိုင်ပါ)

ဉာဏ်သေးသိမ်တဲ့လူ ကျုပ်တို့သည် မှတ်တိုင်တွေ မမြင်နိုင်ဘူး။ အစ, အလယ်, အဆုံး မြင်နိုင်တာမှ မဟုတ်ဘဲ၊ ရထားတွဲ ထွက်တော့ အစမြင်တယ်၊ ရထားရပ်တော့ ဒီမိုင်တိုင်

ရောက်လာပြီကိုး၊ ရထားစီးချင်းက မတူဘူး၊ မျက်လုံးကောင်းနဲ့ မျက်လုံးမွဲက ရှိသေးတယ်၊ မရှိဘူးလား (ရှိပါတယ်)။

ရှင်သာရိပုတ္တရာ၏ ဉာဏ် (၁၆)ပါး

အဲဒီအတိုင်း ရှင်သာရိပုတ္တရာက မျက်လုံးကောင်းနဲ့ ရထားစီးသွားတဲ့ လူတစ်ယောက်က မိုင်တိုင်တိုင်း မှတ်မိဖို့ ဉာဏ် ၁၆-ပါးကွ၊ သူလုပ်တာ၊ ဘုရားက ဟာကွာ အရှင်သာရိပုတ္တရာက သူ ဉာဏ်ကျယ်လို့ မှတ်တာပါ၊

ငါကတော့ အားလုံးနဲ့ ဆိုင်တာကို ပြောရမယ်ဆိုရင် သုံးဉာဏ်ပဲ ရှိတယ်၊ ဖြစ်ပျက်မြင်တဲ့ ဉာဏ်ရယ်၊ ဖြစ်ပျက်မုန်းတဲ့ ဉာဏ်ရယ်၊ ဖြစ်ပျက် အဆုံးမြင်တဲ့ ဉာဏ်ရယ်၊ တော်ပြီ အနတ္တလက္ခဏာ သုတ်မှာ ဒါဟာ တယ်၊ သံယုတ် တစ်ကျမ်းလုံးမှာလည်း ဒါပဲဟောတယ်၊ ရှင်းပြီလား။

အများအတွက်က ဉာဏ် (၃)ပါး

ဒါဖြင့် ခင်ဗျားတို့ကို ပေးလိုက်တာ ဘယ်နှစ်ဉာဏ်ပေး လိုက်သလဲ၊ “သုံးဉာဏ်” ဖြစ်ပျက်မြင်တဲ့ ဉာဏ်၊ အဲဒါဟာ ယထာဘူတဉာဏ်လို့ မှတ်လိုက်၊

နောက် ဒီဖြစ်ပျက်တွေကို ရှုမြင်ဖန်များ လို့ မုန်းတဲ့ဉာဏ်၊ နိဗ္ဗိန္ဒဉာဏ်လို့ မှတ်လိုက် (တင်ပါ့) ဟုတ်လား။

နောက်ဖြစ်ပျက်တွေကတော့ မုန်းရင်းမတ္တနဲ့ မလိုချင်လို့ ဆုံးသွားတဲ့အခါကျလို့ရှိရင် ဒီမဂ်ဉာဏ် ပေါ်လာတယ်၊ ဒါဖြင့် မလိုချင်တဲ့ဉာဏ်က ဘာဉာဏ်ခေါ် သလဲ (မဂ်ဉာဏ်ပါ) မလိုချင်တဲ့ဉာဏ် ဆိုတာ ဒီခန္ဓာဆုံးသွားလို့ ရှိရင် လိုချင်စရာ ရှိသေးသလား (မရှိပါ) မရှိတော့ ဘာခေါ်ကြသလဲ (မဂ်ဉာဏ်) မဂ်ဉာဏ်၊ ဒီသုံးဉာဏ်ပဲ ဘုရားက ဟောတယ်၊ သဘောပါသလား။

ငြီးငွေ့တာနဲ့ မရပ်နဲ့ဦး

ဒါ အလုပ်စဉ် ဟောလိုက်တယ်နော်၊ ဒါဖြင့် ဒီပြင်ဟာ တွေကတော့ ဉာတပရိညာတော့ ဟောလို့ သိပြီးသားပဲ၊ သိပြီးသားပဲ၊ နာမ်ရုပ် ဆိုတာလည်း သိပြီးသားပဲ၊ ပဋိစ္စသမုပ္ပါဒ် အကြောင်း အကျိုး ဆိုတာလည်း သိပြီးသားပဲ၊

ခင်ဗျားတို့ ကျုပ်တို့ဟာ ဖြစ်ပျက်စ, တွေ့ဖို့ အရေးကြီးတယ်၊ ဖြစ်ပျက်ကစ, တွေ့ပြီ ဘုရား ဆိုရင် အို ဦးသံဒိုင် ကိုထွန်းရင် တွေ့ရုံနဲ့ မပြီး ဘူး၊ ငြီးငွေ့လာအောင်ပဲ ရှု၊ ဆက်မရှူရဘူးလား (ရှုရ ပါတယ်) ဟေ့ ငြီးငွေ့ပြီလား ငြီးငွေ့တာနဲ့ မရပ်နဲ့ဦး ကိုထွန်းရင်ရဲ့ ငြီးငွေ့ တယ် ဆိုတာက ဒီသားမယားနဲ့ မပေါင်းချင်ဘူးသာ သူပြောနေတယ်၊ အိမ်က ဆင်းတာ မဟုတ်သေးဘူး (တင်ပါ့ ဘုရား)။

ဒီသားမယားနဲ့ မပေါင်းချင်ဘူး၊ အိမ်ကဆင်းပြီလား (မဆင်းသေးပါ) မဆင်းသေးရင် မပြတ်သေးဘူး၊ ရှုပ်မနေနဲ့ ပြတ်ပြီလား (မပြတ်သေးပါ) မပြတ်သေးဘူး ပြတ်မှ ဆင်းမှာပါ၊ ပြတ်မှ သမုဒယ ကုန်မှာပဲ၊ အဲဒီတော့ကိုတဲ့၊

ကဲ အိမ်ပေါ်ကဆင်းတော့မယ်၊ မင်းကို ငါမပေါင်းတော့ဘူး၊ ပစ္စည်း လည်း မင်းကြိုက်တာသုံးပြီး ယူရစ်တော့၊ အိမ်ရော, တိုက်ရော ကားရော ယူရစ်တော့ဆိုပြီး ဆင်းသွားမှသာ ဒီမိန်းမ၏ တာဝန် ခင်ဗျား ဟန်ကျမယ်၊ မကျဘူးလား (မှန်ပါ့ ဘုရား)။

မတုန်လှုပ်တဲ့ဉာဏ်မှ မဂ်ဉာဏ်

နောက်တော့ ဒီဒကာမက ဘယ်သူနဲ့ ပေါင်းသင်းလို့ ဘယ်သူနဲ့ ဆက်ဆံတယ် ဆိုရင် ခင်ဗျားက တုန်လှုပ် သေးရဲ့လား (မတုန်လှုပ်ပါ ဘုရား) အဲဒီ မတုန်လှုပ်တဲ့ဉာဏ်မှ မဂ်ဉာဏ်၊ ပေါ်ပြီလား၊ ရှင်းပြီနော်၊

ဒါဖြင့် ဖြစ်ပျက်မြင်တဲ့ဉာဏ်က ယထာဘူတဉာဏ်၊ ဖြစ်ပျက်မုန်းတဲ့ဉာဏ်က နိဗ္ဗိန္ဒဉာဏ်၊ ဖြစ်ပျက် ကို မလိုချင်လို့ ချုပ်ဆုံးသွားတဲ့ ဉာဏ်က မဂ်ဉာဏ်၊ မဂ်ဉာဏ်၊ ဖြစ်ပျက်ချုပ်ဆုံး သွားတဲ့ဉာဏ် မဂ်ဉာဏ်လို့ မှတ်လိုက်၊ ဒါပဲရှိတယ်။ ကဲ ကြိုးစားပါ၊ သဘောကျပလား။

ဒီသုံးဉာဏ်အဆုံးမှာဘယ်လိုဖြစ်မလဲ

ဒီဉာဏ်သုံးဉာဏ်အဆုံးမှာ တပည့်တော် ဘယ်လိုဖြစ် မလဲလို့ မေးဖို့မလိုဘူးလား၊ ဖြစ်ပုံက “ပဏ္ဏာသ” က ပြောတယ်၊ ဥပရိပဏ္ဏာသက ဆုံးတဲ့အခါ ခန္ဓာကိုယ် နေပုံထိုင်ပုံကို သူက ဥပမာ ပြတယ်နော် (မှန်ပါ့)

အဆုံးမြင်တဲ့ပုဂ္ဂိုလ် ဖြစ်ပျက်တွေ ဆုံးသွားတော့ မြင်တော့ မဂ်ဉာဏ်က ပေါ်မလာဘူးလား (ပေါ်လာပါတယ်) မဂ်ဉာဏ်ပြီးတော့ ဦးသံဒိုင် ဖိုလ်ဉာဏ်ရော မလာပေဘူးလား (လာပါတယ်) ဖိုလ်ဉာဏ် နှစ်ကြိမ် သုံးကြိမ် လာမယ်၊ ပစ္စဝေက္ခဏာဉာဏ်က အကြိမ်များစွာ လာမယ်၊ မလာ ပေဘူးလား (မှန်ပါ့ ဘုရား) ဒီဉာဏ်တွေလာတော့ နေရထိုင်ရတာ ဘယ်လိုနေမတုံးဆိုတော့ကွာ အရင်တော့ ကိလေသာရှိတော့ ကိလေသာ ပူတွေက လောင်နေတော့ ခန္ဓာကိုယ်က အေးချမ်း တယ်လို့ ဘယ်တော့မှ မရှိဘူး။

ဒီဉာဏ်တွေလာတော့ ဘယ်လိုနေသတုံး

ဒီဉာဏ်တွေပေါ်လာပြီ ဆိုမှဖြင့် ညဉ့်သိပ်ရေကို အင် မတန်ပူနေတဲ့ အချိန်မှာ လောင်းလိုက် ရသလို ပေါ့လေ၊ အေးထွက် သွားတာတဲ့၊ သဘောကျပလား၊ အဲဒီထိအောင် ခင်ဗျားတို့ ရောက်ရမယ်၊ အဆုံးမြင်ရင်, အဆုံးမြင်ရင် မြင်ပုံနဲ့ တကွပြတာ မရှင်းသေးဘူးလား၊ မဂ်ရတာ မဂ်ရလို့ ဘယ်လိုများ ပေါ်မှာပါလိမ့်မလဲ ဆိုရင် ရေအေးအိုးတစ်ထောင်နဲ့ လောင်းသလို ခန္ဓာကိုယ်ထဲမှာ အေးစိမ့်ပြီး သကာလ သွားဘိသကဲ့သို့ တကယ် ရေအေးသလိုတော့ မဟုတ်ဘူးပေါ့လေ (မှန်ပါ့ ဘုရား)။

ပေါ့ပါးပြီးအေးနေတယ်

ပေါ့ပါးပြီး အေးနေတယ်၊ ဒါမဂ်ဉာဏ်ပေါ်ပြီ အောက်မေ့၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်၊ ပစ္စဝေက္ခဏာ ဉာဏ်ပေါ်ပြီ၊ တားထားလို့ ရ သလား (မရပါ ဘုရား) နောက်ပြီး မဂ်တစ်ကြိမ် လာတယ် ဖိုလ်က လည်း တစ်ကြိမ် နှစ်ကြိမ်၊ ကျင့်နိုင်တဲ့ ပုဂ္ဂိုလ် သုံးကြိမ် ပစ္စဝေက္ခဏာဉာဏ်က အရေအတွက်မရှိဘူး မဟုတ်လား (ဟုတ်ပါတယ်) အဲဒါတွေ လာနေလို့ရှိရင် ဒီကိလေသာတွေ ကြားမှာ ကိလေသာတွေ ပါသေးရဲ့ လား (မပါ,ပါ ဘုရား)။

ဒါဖြင့် ခန္ဓာနဲ့ဉာဏ်နဲ့ချည်း မနေဘူးလား (ခန္ဓာနဲ့ဉာဏ်နဲ့ နေပါတယ်) ခန္ဓာနဲ့ဉာဏ်နဲ့ ချည်း နေတော့ ခင်ဗျားတို့ လေးနေတာ

ကိလေသာကြောင့် လေးနေတာ၊ ပူနေတာကရော (ကိလေသာကြောင့် ပူနေတာပါ) လေးနေတာ ကရော (ကိလေ သာကြောင့်ပါ)၊ လေးနေတာ ကိလေသာကြောင့်ပါ၊ ဒါဖြင့် ပေါ့လည်း ပေါ့နေမယ်၊ အေးလည်း အေးရ မယ်၊ အခုပေါ်လာပြီ၊ ဖြစ်ပျက် အဆုံးမြင်လို့ရှိရင် ခန္ဓာကိုယ်လည်း ပေါ့ရမယ် (မှန်ပါ့) အားလုံး ရင်ထဲမှာလည်း အေးရမယ်၊ သဘောကျပြီလား (တင်ပါ့)။

ဒါဖြင့် ခင်ဗျားဝေဒနာနဲ့ မကိုက်ဘူးလား (ကိုက်ပါ တယ်) လုပ်ရင်လည်း အသက်ရှည်မယ် (ရှည်ပါစေ ဘုရား) ရှည်ပါစေဆိုတာ ခင်ဗျားမေတ္တာပို့လို့ မရဘူး၊ သဘော ကျပလား၊ ရှည်ပါစေဆိုတဲ့ မေတ္တာပို့လို့ မရဘူး၊ ကိုယ့်ဟာကိုယ် လုပ်ယူရ မယ် (တင်ပါ့) လောကွတ် မလုပ်နဲ့မရဘူး၊ သူဒီ ဟာအမျှပေးလို့ ရတဲ့ တရားမဟုတ်ဘူး၊ ရပါ့မလား (မရပါ ဘုရား)။

သူရတဲ့မဂ်ကိုပေးလို့မရဘူး

ယခုတင်ကပြောတဲ့ ခုတင်က ပြောတဲ့ရ ာဟုလာ ထမ်း မခေါ်နိုင်ဘူး၊ သူရတဲ့မဂ်ကို ပေးလို့ မရဘူး၊ ရိပ်မိပလား၊ အဲဒါ ကိုထွန်းရင်က ရှည်ပါစေဘုရားလို့ လုပ်မနေနဲ့၊ သူ့ဟာသူလုပ်ယူ ခင်ဗျား ကရော (တပည့်တော်ဟာ တပည့်တော် လုပ်ယူပါ့မယ်) ခင်ဗျားဟာ ခင်ဗျားလုပ်ယူ၊ ဘယ်သူ့ ဘယ်သူမှ ကူလို့မရဘူး၊ မဂ် ဉာဏ်, ဖိုလ်ဉာဏ်ကို အမျှပေးလို့မရဘူး၊ ဒီပြင် ဒါနကံ, သီလကံ ကို အမျှပေးလို့ ရတယ်။

ခင်ဗျားတို့ ဘာဖြစ်ဖြစ် အမျှယူ ချင်လို့ ဘယ်ဖြစ်မလဲ အမျှပေးလို့ ရတဲ့ ကုသိုလ်၊ အမျှပေးလို့ မရတဲ့ ကုသိုလ်ရယ်လို ရှိသေးတယ်၊

မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ကုသိုလ်တွေ ကျတော့ ခင်ဗျားတို့ ဘယ်သူ့ကိုမှ အမျှပေးလို့မရဘူး၊ အမျှပေးလို့ရရင် ဟိုပုဂ္ဂိုလ် သောတာပန်တည်လို့ ရမယ်၊ မတည်ပေဘူးလား ဒီပြင်ကုသိုလ်က အမျှပေးလို့ရတယ်၊ သူရောရရဲ့ လား၊ (မရပါ ဘုရား)။

ကိုယ့်မဂ်ဉာဏ်သာကိုယ်အားကိုးပါ

ဒီလိုခွဲပြုပေးမှ ဒါကြောင့် ဘုရားက “အတ္တာဟိ အတ္တနော နာထော” သူ ဟောတာပဲ၊ ကိုယ့်မဂ်ဉာဏ်သာ ကိုယ်အား ကိုယ်ကိုးကြကွ၊ ရှင်းပြီလား (သာဓု) ဟေ့ သာဓုခေါ် မနေနဲ့ဦး၊ လုပ်ယူလို့ရမှ ကိုယ့်ကိုယ်ကို ဝမ်းသာလို့ သာဓုကို ခေါ်ပါနော် (နှုတ်ကျိုးနေလို့ပါ ဘုရား) နှုတ်ကျိုး နေလို့။

ကဲ ဒါဖြင့် အကယ်၍ ဒါက ဝိဇ္ဇာ ဥဒပါဒိ၊ အာလော ကော ဥဒပါဒိ ခေါ်ကြစို့၊ မပေါ်သေးဘူးလား၊ အကျင့်ကျင့်တဲ့ ပုဂ္ဂိုလ်က ဝိဇ္ဇာ ဖြစ်တာပေါ့ကွာ၊ အာလောကောရော (ပေါ်ပါ တယ်) ဉာဏံရော ဉာဏံရော ပေါ်ပြီ၊ ငါးချက် အကုန်ပေါ်ပြီ ဆိုတော့၊ ဒါကြောင့် ဘုရားဟောတာ အဲဒါသောတာပန် တည်တယ်လို့ဟောတာ။

နောက်ငါးရက်မှာ အနတ္တလက္ခဏသုတ် ဟောမှ ပဉ္စဝဂ္ဂီဟာ အားလုံး ရဟန္တာ ဖြစ်ကုန်တာ၊ ဒါကြောင့် ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါမိ၊ ဉာဏံ ဥဒပါဒိ၊ ဆိုတာက သောတာပန် အတွက် ဟောတာ၊ ပေါ်ပြီလား၊ ပေါ်ပြီနော်၊

ဒါဖြင့်နေရာ ကျပါပြီတဲ့၊ ခင်ဗျားတို့ အလုပ် လုပ်တတ်ပလားလို့ မေးလိုက်တယ်၊ ဦးသံဒိုင်ရာ လုပ်တတ်သေးရဲ့ လား၊ တိတိကျကျ တစ်ခုခုတော့ လုပ်ရလိမ့်မယ် ဆိုတော့ ကျုပ်ယခု ရှင်းပြမယ်၊ ခန္ဓာငါးပါး ရှိတယ်နော်

ခင်ဗျားက တဏှာစရိုက်လား, ဒိဋ္ဌိ စရိုက်လား၊ ဘုန်းကြီးက သိတယ်၊ အကဲခတ်ကြည့်တယ်။ သူယခုအခါ မှာတော့ဖြင့် ဘယ်သူ့မှ ငါ့ကိုယ်ကို, ငါ့ဟာ၊ ငါ့ဥစ္စာ ရယ်လို့မထားတော့၊ မထားဘူး ဆိုတော့ ဒိဋ္ဌိက ပါးနေပါတယ်။ ယခုအချိန်မှာ ဒိဋ္ဌိဘယ်လိုပါလာသလဲ ဆိုတာကို မေးဖို့မလိုဘူး လား (မှန်ပါ့ ဘုရား)။

ဒိဋ္ဌိစရိုက်ရှိရင်စိတ္တာနုပဿနာပေး

နေ့လား၊ ညဉ့်လား သေမလား မသိဘူး (တင်ပါ့) ဒါကလေးက ဒိဋ္ဌိသတ်တယ်၊ အကြမ်း သတ်တယ်၊ အမြစ်ဘယ် သူဖြစ်သတုံး၊ သို့သော် လူမှာ ဒိဋ္ဌိစရိုက်ရှိတဲ့လူ၊ စိတ္တာနုပဿနာ ပေးရတယ်နော် တဏှာစရိုက်ရှိတဲ့လူ ဝေဒနာနုပဿနာပေး ရတယ်၊ သဘောကျပလား (ကျပါပြီ)

ဒါမှတ်ထားဦး၊ နို့မဟုတ်ရင် ကမ္မဋ္ဌာန်းနဲ့ လူနဲ့ မတည့်ရင်လည်း ကြာနေဦးမယ် (တင်ပါ့) မကြာပေဘူးလား (ကြာပါတယ်) ဒိဋ္ဌိစရိုက်ရှိတဲ့လူဖြင့် စိတ္တာနု ပဿနာရှုရမယ်၊ ဒိဋ္ဌိစရိုက်ရှိရင် ဘာရှုရမလဲ (စိတ္တာနု ပဿနာရှုရမယ်)၊ တဏှာ စရိုက်ရင်ရော (ဝေဒနာနုပဿနာ ရှုရမယ်)၊ ဝေဒနာနုပဿနာ ရှုရမယ်နော်။

ရာဂစရိုက်ရှိရင်ကာယာနုပဿနာ

ပညာစရိုက်ရှိတဲ့ပုဂ္ဂိုလ်ကကျတော့ ဓမ္မာနုပဿနာရှု ရမယ်၊ ရာဂစရိုက်ရှိတဲ့ ပုဂ္ဂိုလ်က ကာယာနုပဿနာ ရှုရမယ်၊ ဒီ အစဉ်ကလေး သိဦးမှ ရောက်လာလို့ ကမ္မဋ္ဌာန်းချည်းပေးလို့ ချော်နေမယ်၊ မချော်ဘူးလား (ချော်ပါတယ် ဘုရား) ရှင်းပြီလား။

တဏှာစရိုက်ရှိရင် ဝေဒနာနုပဿနာ

အဲဒီတော့ ဦးသံဒိုင် ပေးရမယ့် တရားနဲ့ ကိုထွန်းရင်ပေး ရမယ့်တရားဟာ မတူဘူး၊ သူက တဏှာ စရိုက်ရှိတယ်၊

ကဲ ဒါဖြင့် ဒိဋ္ဌိစရိုက်ရှိတဲ့ပုဂ္ဂိုလ်ဟာ စိတ္တာနုပဿနာရှုပါ၊ တဏှာ စရိုက်ရှိတဲ့ ပုဂ္ဂိုလ်က ဝေဒနာနုပဿနာရှုပါ။ ဒီနှစ်ခုပဲ ပေး ထားတယ် (တင်ပါ့)၊ ခင်ဗျားက ဘာယူမလဲ၊ တဏှာ (ဝေဒနာရှုရပါမယ်) ဝေဒနာရှုရမယ်၊ ခင်ဗျားကတော့ကို စိတ္တာ နုပဿနာနဲ့ကိုက်တယ်၊ စိတ္တာနုပဿနာနဲ့မှ သဘောကျပြီနော်။

ကမ္မဋ္ဌာန်းလွဲနေရင်မရဘူး

ကောင်းပြီ၊ ကမ္မဋ္ဌာန်း ပေးတော့မယ် ခင်ဗျားတို့ကို (မှန်ပါ့ ဘုရား)၊ ဪ မတူပါလား ဆိုတာ သေချာပြီလား (သေချာ ပါပြီ)၊ ရမ်းပြီး ဆရာကို မှီဝဲလို့ မရတော့ဘူး၊ မချိန်တတ်တဲ့ ဆရာနဲ့ ဆိုရင် ကိုယ်တစ်သက်လုံး လုပ်လို့ မရလား မရပါဘူး၊ စရိုက်နဲ့ ကမ္မဋ္ဌာန်းလွဲနေမယ်၊ (တင်ပါ့ ဘုရား)

စရိုက်နဲ့ကမ္မဋ္ဌာန်း လွဲနေရင် မရဘူး ဆေးမှားထိုးသလို အဲဒီအတိုင်း ဖြစ်နေမှာပဲ၊ ဆေးမှား ထိုးရင် အဖုအပိန့်တွေ ထွက်လာရုံပဲ ရှိမယ်၊ တစ်နည်းအားဖြင့် အကြောဆေး အသားထဲ ဝင်ရင် သေမယ်၊ မသေပေဘူးလား (တင်ပါ့ ဘုရား) ဒီလိုကွာတယ်၊ ကျုပ်ဝတ္ထုတိုကလေး တစ်ပုဒ်ပြော ပြမယ်။

ပန်းတိမ်သည်သား

အရှင်သာရိပုတ္တရာ ဆွမ်းခံတဲ့အိမ်မှာ တစ်နေ့ အရှင်သာရိပုတ္တရာက မိမိရဲ့ ဆွမ်းခံအိမ်မှာ သားကလေး တစ်ယောက်ရှိ တယ်၊ ပန်းတိမ်သည် အိမ်မှာ သားကလေး တစ်ယောက်ရှိတယ်။ အရှင်သာရိပုတ္တရာက ဆွမ်းခံလာရင်း တရားကလေးတစ်လုံး တို့ပေးလိုက်၊ နှစ်လုံးတို့ ပေးလိုက်နဲ့ တရားကလေး ထည့်ခဲ့တယ်။

သင်္ကန်းဝတ်ပေးတယ်

ဒါနဲ့တပည့်တော်ဘုရား အရှင်ဘုရားတို့ တရားနာ လို့ တပည့်တော် သာသနာ့ဘောင်ကို ဝင်ချင်တယ်၊ လူအဖြစ် မနေချင်တော့ဘူး “သားကလေးက” သားကလေးက စိတ်ပြောင်း သွားတယ်၊ အေး ဝတ်ကွ၊ အရှင်သာရိပုတ္တရာက သင်္ကန်းဝတ်ပေးတယ်၊ အရှင်သာရိပုတ္တရာ ကျောင်းမှာပဲ ဒီသားကလေးက နေတယ်၊ ဝါတွင်းသုံးလ ကမ္မဋ္ဌာန်း ပေးတယ်၊ အာနာ ပါနတွေချည်းပဲ ပေးတယ်။

ဝါတွင်းသုံးလကမ္မဋ္ဌာန်းပေးတယ်

နောက်တစ်လလောက် ရှိတော့ အရှင်သာရိပုတ္တရာက ငါ့ရှင် ဘယ့်နှယ်လဲ၊ ဘယ်လိုများ ထင်နေသလဲ ပြောစမ်း၊ ဘာမှ မထင်ပါဘူးဘုရား၊ ကွာ ရှုဦးကွာ၊ အရှင်သာရိပုတ္တရာက ပြောတယ်၊ နောက် ဝါခေါင်လ ကုန်သွားတယ်၊ ဝါတွင်း နှစ်လကုန် သွားပြီ ဆိုကြစို့၊ ဘယ့်နှယ်နေသလဲကွာ၊ ငါ့ရှင် ဘယ့်နှယ်မှမနေ ဘူး၊ ငါ့ရှင်အားထုတ်ဦးကွာ၊ ဒါပဲ အာနာပါနကို သီတင်းသာ ကျွတ်တယ် ဘာမှ မထင်ဘူး၊ ကာယာနုပဿနာ ပေးကြည့်တယ်။

ဘုရားကျောင်းတော်သွားကြတယ်

ဒါနဲ့အရှင်သာရိပုတ္တရာ စိတ်ပျက်တယ်၊ မင်းဟာငါချွတ် လို့မရဘူး၊ ပညာအရာမှာ ဧတဒဂ် ရတယ် (တင်ပါ့ ဘုရား)။ ချော် နေတာ၊ ချော်နေပုံကို ပြောပါတယ်၊ ဒါနဲ့ မင်းဘုရားချွတ်မှ ရမယ့် အကောင်ပါပဲ၊ ဘုရားဝေနေယျ ဆိုပြီး၊ ဘုရားဆီ ပို့တယ်၊ ပန်းတိမ် သည်သားနဲ့ အရှင်သာရိပုတ္တရာနဲ့ ဘုရားဆီ သာဝတ္ထိပြည် ဇေတဝန်ကျောင်းကို သွားကြတယ်ပေါ့လေ (မှန်ပါ့ ဘုရား)။

ဘုရားကပြုံးတယ်၊ ပြုံးတာက တခြားကြောင့် ပြုံးတာ မဟုတ်ဘူး၊ အရှင်သာရိပုတ္တရာ ခြေချော်မိပြီ ဆိုတာ သိတယ်၊ အရှင်သာရိပုတ္တရာ ချော်နေတယ်၊ ရိပ်မိပလား၊ ကမ္မဋ္ဌာန်းပေးလွဲ နေတယ်၊ ပေးရမှာက သူ့ကို ပေးရမှာက သူက အလှကြိုက်က လေး၊ ကမ္မဋ္ဌာန်းဆိုတာ ဆန့်ကျင်ဘက် ပေးရတယ်၊ အသုဘကို ပေးရမယ်၊ ပျက်စီးတာကို ပေးမှ သူကရမယ်၊ သူက ပျက်စီးတာ ပေးတာမှ မဟုတ်ပဲ၊ ရှူဟယ်၊ ရှိုက်ဟယ် လုပ်နေတာကိုး။

ဒီဆရာကိုမမှီဝဲနဲ့တဲ့

အဲဒါကြောင့် ကမ္မဋ္ဌာန်းကို စရိုက် မရွေးဘဲ ပေးလို့ရှိရင် ဒီဆရာကို မမှီဝဲနဲ့တဲ့၊ မကိုက်ဘူးတဲ့၊ ကိုက်ပါ့မလား (မကိုက်ပါ ဘုရား)၊

အဲဒါနဲ့ ဘုရားကပြုံးတယ်၊ သူတို့တပည့်ကလေး ခေါ်လာတယ်၊ ဘုရားကသိပြီ၊ အရှင်သာရိပုတ္တရာကြီး ခြေချော်နေ ပြီကွ၊

ဟေ့ မင်းတပည့် အပ် လာသလားလို့ ဒီလိုမေးတာကိုး၊ ဟုတ်ပါတယ်ဘုရား၊ တပည့်တော် ဝါတွင်းသုံးလ ပတ်လုံး ကမ္မဋ္ဌာန်းတွေ ပေးလာတာ ဘာမှအဖြေ မပေါ်ဘူးဘုရား၊ ဝါတွင်း သုံးလဆိုရင် ရဟန္တာ ဖြစ်လောက်ပါပြီ၊ တကယ့် သံဝေဂနဲ့ဝင်လာ တယ်၊ ဒီကမ္မဋ္ဌာန်းဆရာ ချော်နေလို့ဖြစ်ရမယ်၊ မနာဘူးလားကွ (နာပါတယ်၊ သုံးလနာပါတယ်)၊ သုံးလတောင်ပဲ ရှိပြီ၊ ဒီကြား သေရင်မခက် ဘူးလားကွ၊

အဲဒီတွင်မှ အရှင်သာရိပုတ္တရာကို ကဲ မင်း တပည့်ကလေးထားခဲ့ကွာ မင်း ပြန်သွားတော့ သိပြီပေါ့ ဘုရားက ပြီးတော့ မင်းညနေ တစ်ခေါက်လာဦး ညနေလွှဲ လိုက်တယ်၊ မနက်သွား ညနေ ကျွတ်မှာကိုး တည့်တည့်ကြီး ဘုရားက ပြောလိုက်တယ်။

လှပေ့ဆိုတဲ့ပဒုမ္မာကြာဖူးကြီး

ဒါနဲ့ဘုရားက သိတယ်၊ စေတောပရိယဉာဏ်နဲ့ ဣန္ဒြေ ရင့်မရင့်ကိုသိတယ်၊ ဒိဗ္ဗစက္ခုနဲ့ နောက်ကြောင်းကို ကြည့်တယ်၊ ပုဗ္ဗေနိဝါသာနုဿတိနဲ့ ရှေ့ကြောင်းကို ကြည့်လိုက် တယ်၊ ပန်းထိမ်သည် ဘဝချည်း ငါးရာဖြစ်တယ်၊ ပန်းထိမ်ချည်း လုပ်စား လာတာ ငါးရာ၊ ပန်းထိမ် ဆိုတာ သူများကို လှအောင် လုပ်ပေးပါ ဆိုတာကို လှသည်ထက် လှအောင်လုပ်ပေးတယ် ဆိုရင် ဒီပန်းထိမ်ဖိုဟာ နာမည်ကြီးတာပဲ၊ မကြီးဘူးလား၊

သူက အလှကြိုက်၊ ဒီအလှကြိုက်ကို မဖျက်လို့ မရဘူး၊ အလှကြိုက်ကို ဖျက်ပြီး သကာလ အာနာပါနနဲ့ တခြားစီ ဖြစ်နေတယ်၊ ဒီတွင်မှ ဘုရားက တန်ခိုးနဲ့ သဲပုံကြီးကို ဖန်ဆင်းလိုက်တယ်၊ ဖန်ဆင်း ပြီးအပေါ်မှာ ပဒုမ္မာကြာ လှပေ့ ဆိုတဲ့ ပဒုမ္မာကြာဖူးကြီးကို ဖန်ဆင်း လိုက်တယ်၊ အဲဒီ ကြာဖူးကို သာသွားကြည့် နေ၊ သွား ရဟန်းလေး အဲဒီကြာဖူးကြည့်နေ။

မင်းခန္ဓာလည်းဒီအတိုင်းပဲ

ဪ ကြာဖူးက မနက်သိပ်လှနေတယ်၊ သူ့အ ကြိုက်ချည်း ဖြစ်နေတယ်၊ နောက် နေလည်း ရင့်လာရော ကြာဖူး ကလေးက အချပ်ကလေးတွေ တလန်လန် လန်လန်လာပြီး ပျက်စီးသွားတယ်၊ အလှ ပျက်တယ်၊ နောက်အလှ ပျက်ရုံ မကပါ ဘူး၊ ခုနင်ကလို အလှပျက်ရုံတင် မဟုတ်ဘူး၊

နောက်ကျတော့ အနိစ္စပါပြတယ်၊ ကြွေကြွေ ကြွေကြွေပြတယ်၊ ဒီတွင်မှ ဘုရားက မင်းခန္ဓာလည်း ဒီအတိုင်းပဲ ပြန်ကြည့်စမ်း ဆိုပြီးတော့ ခန္ဓာ ပြန်ကြည့်ခိုင်းတယ်၊ ညနေကျတော့ ၄,မဂ်ရပြီး ရဟန္တာ ဖြစ်သွား တယ်။

ညနေမှာရဟန္တာဖြစ်သွားတယ်

ကမ္မဋ္ဌာန်း အပေးလွဲသွားတယ်၊ ဒီတွင်မှ အရှင်သာရိပုတ္တ ရာကို မင်းညနေလာခဲ့ ဆိုထားတော့ အရှင်သာရိပုတ္တရာက ညနေလာတယ်၊ လာတော့ ရဟန္တာဖြစ်မှန်း သူသိတယ် (သိရပါတယ် ဘုရား) သိပြီ၊ ကဲ ဆရာလွဲလို့ရှိရင် ဘယ်လောက် နာသလဲ၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)၊

ကောင်းပြီ၊ ဒါဖြင့်ခင်ဗျားက ဝေဒနာနုပဿနာ အားထုတ် (တင်ပါ့) ဦးသံဒိုင် က စိတ္တာနုပဿနာ အားထုတ်၊ သဘောကျပြီလား၊ ခင်ဗျားက ဘာအားထုတ်ရမလဲ (ဝေဒနာနုပဿနာ)၊ ကဲ ခင်ဗျားကရော ဘာအားထုတ်ရမလဲ (စိတ္တာနုပဿနာ)

ကဲ ပေးမယ် ကျုပ် သို့သော် ယခုမပေးသေးဘူး၊ အခုမပေးသေးဘူး၊ အခုဒီဟာ ကိုလုပ်နည်း, ကိုင်နည်း၊ သစ္စာလေးပါး တရားတွေအကုန် မြင် နည်းကို ပြမယ်၊ လုပ်တော့ကို တရားရှာနေဖို့ မလိုတော့ဘူး၊ သူ့ဉာဏ်နဲ့ သူတက်မယ်၊

ကိုင်း ဒါဖြင့် လူမိုက်နဲ့၊ လူလိမ္မာထူးပြီလား (ထူးပါပြီ ဘုရား)။

လူလိမ္မာကအလင်းရတယ်

လူလိမ္မာက အမှောင်ထဲကလာပြီး အလင်းရတယ်ဗျ၊ သဘောကျပြီးလား၊ ဝိဇ္ဇာ ဥဒပါဒိ, အာလောကော ဥဒပါဒိဖြစ် တယ်၊ မဖြစ်ဘူးလား (ဖြစ်ပါတယ်)

လူမိုက်ကအမှောင်ထဲမှ လာပြီး သကာလ တဏှာ, ဥပါဒါန်, ကံ, အဝိဇ္ဇာ, သင်္ခါရအမှောင် တွေကို ပြန်လာတယ်၊ ဇာတိ, ဇရာ, မရဏ မလာဘူးလား လူမိုက် က (လာပါတယ် ဘုရား)

ဒါဖြင့် ဒီအမှောင်က လာပြီးတော့ ဒီအမှောင်ကို ပြန်မရောက်ဘူးလား (ရောက်ပါတယ် ဘုရား) ဒီအမှောင်ထဲမှာရော မမွေးဖွားဘူးလား (မွေးပါတယ်) ဒါဖြင့် ဒီအမှောင်ထဲကိုပဲ သွားဦးမှာပဲ၊ သူက အမှောင်ထဲက လာပြီး အမှောင်ထဲပဲသွားဦးမှာပဲ၊ လူလိမ္မာက အမှောင်ထဲကလာပြီး အလင်းရတယ်၊ သူကတော့ “စက္ခုံ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ ပညာ ဥဒပါဒီ” ဘာတုံးဆိုတော့ ဒီခန္ဓာငါးပါးကို ဝိပဿနာဉာဏ်တည်းဟူသော အလင်းရောင်နဲ့ စရှုလို့ မဂ် တည်းဟူသော အလင်းရောင် ကို ရသွားတယ်၊ သဘောကျ ပြီလား။

မဂ္ဂင်ငါးပါးကိုပွားများရမယ်

အဲဒီတော့ ဦးသံဒိုင်တို့ စာလေး ဘာလေးလဲ ကြည့်ထား တော့ ကျုပ်က ရှင်းအောင် ပြောလိုက်မယ်၊ ဘာဝေတဗ္ဗ ကိစ္စဆို တာက ဟောဒီ သောတာပတ္တိမဂ်ကို ဆိုတာ မဟုတ်ဘူး၊ ရှင်းပြီ လား၊ ဟောဒီပုဗ္ဗဘာဂမဂ်ကို ဆိုတာပါ၊ မဂ္ဂင်ငါးပါးကို ဆိုတာပါ၊ မဂ္ဂင်ငါးပါး ဆိုတာ၊ မှတ်မိပြီလား (မှတ်မိပါပြီ)

ပွားများရမှာက ဘာတုံး၊ မဂ္ဂင်ငါးပါး၊ မဂ္ဂင်ငါးပါးကို ပွားများတဲ့အခါကျတော့ ‘‘မဂ္ဂါဘိညာ သကိံမတာ’’ ဆိုတော့ မဂ်က တစ်ကြိမ်သာ ပေါ်ရမယ်၊ နှစ်ကြိမ်ပေါ်နိုင်ရဲ့လား (မပေါ်နိုင်ပါ) ပုဗ္ဗဘာဂမဂ်ဟာ ပွားများ ပွားများဆိုတာက အကြိမ်များစွာကိုဆိုတာ၊

ဒါဖြင့် သောတာပတ္တိ မဂ်ကအကြိမ်များစွာ ပွားများ ရမှာလား၊ သူ့ရှေ့က မဂ်ကသာ အကြိမ် များစွာ ပွားများရမှာလား (ရှေ့က မဂ်ကသာ ပွားများ ရမှာပါ)၊ ရှေ့က မဂ်က ပွားများရမှာ၊ ဒီလို ပွားများတယ် ဆိုရင် ဒီမဂ်လာမယ်၊ ရှင်းပြီးလား။

ငါးပါးမှောက်မှာစိုးလို့ သတိပေးရတာ

ဒါဖြင့် ဒါကို မယူတတ်လို့ရှိရင် ဒီပွားများ နေတာကို သောတာပတ္တိမဂ် ရပြီထင်ပြီး ငါးပါးမှောက်မှာ စိုးလို့ သတိပေးရ တာပါ၊ မပေးထိုက်ဘူးလား (ပေးလိုက်ပါတယ်)

ဒါဖြင့် ပုဗ္ဗဘာမဂ် ကို သူ့ရှေ့နားကျတော့မဂ်၊ လောကုတ္တရာမဂ်၏ ရှေ့နားကျတော့ ဝိပဿနာမဂ်ကို ဆိုသည်၊ ရှင်းပြီလား၊ ဝိပဿနာမဂ် ကတော့ အကြိမ် ဘယ်လောက် ပွားများရမှာလဲ မေးရင် ဦးသံဒိုင်ဘယ် လောက်ဖြေမတုံး (အရေအတွက် မရှိပါ)၊ ဉာဏ်စဉ်ကို တက် အောင် ပွားရမယ်၊ ယထာဘူတဉာဏ်လည်း သူနဲ့ပွားရမယ်၊ နိဗ္ဗိန္ဒ ဉာဏ်ရော (သူနဲ့ပွားရမယ်) အဲ သူ့သာ ခင်ဗျားတို့ တွင်တွင်ပွါးလို့ ရှိရင်ဖြင့် သူပေါ်လာလိမ့်မယ်။

မိလိန္ဒမင်းကြီးနဲ့ ရှင်နာဂသိန်

ကဲ ဒါဖြင့် မိလိန္ဒမင်းကြီးနဲ့ အရှင်နာဂသိန်က တစ်မျိုးတည်း၊ အရှင်ဘုရား ပုဗ္ဗဘာဂမဂ်နဲ့ ရှေ့မဂ်၊ လောကီ မဂ်နဲ့ လောကုတ္တရာမဂ်နဲ့ ဘာထူးသတုံးမေးတယ်၊ လောကီ ဒါ လည်း လောကီ မဟုတ်လား မဂ်ခေါ်၊ ကဲ သူလည်း ကိလေသာ ဖြတ်တာပဲ၊ သူက တဒင်္ဂဖြတ်တယ်, သူက သမုစ္ဆေဒ ဖြတ်တယ်, မထူးဘူးလား၊ နို့ဖြတ်တာချင်း အတူတူမှာ “ရှေ့ မဂ်က ငါးပါးပါသလား” အေး ရှေ့မဂ်က ငါးပါး၊ ခင်ဗျားတို့ ရှုချင်တိုင်းရှု၊ ရှေ့မဂ်က ငါးပါးပဲ “လောကုတ္တရာမှာရော ရှေ့ မဂ်ငါးပါးပါသလား” အင်း ရှေ့မဂ် ငါးပါးနဲ့ “သူမှာတော့ သုံးပါး ပါတယ်” သူ့မှာ တော့ သီလမဂ္ဂင်သုံးပါးပါတယ်။

ဝါးစိမ်းနှစ်လုံးပွတ်ကြည့်ပါ

အဲဒီတော့ ဒီလိုယူကွာတဲ့၊ ဝါးစိမ်းနှစ်လုံး ကိုထွန်းရင်က ကိုင်ထား၊ ဝါးစိမ်းနှစ်လုံး ဝါးနှစ်လုံးကို တစ်တောင် တစ်တောင် စီဖြတ်ထားနော်၊ ပွတ်ပါ။ ဒီအထဲမှာ တောက်တဲ့ မီးတော့ မပါဘူး (မပါ,ပါ)၊ ဒါဖြင့် ဒီဘက် တစ်လုံးထဲမှာရော (မပါ,ပါ) ဝါးချင်း ပွတ်ပွတ်ကြည့်၊ မီးလင်းလာလိမ့်မယ် (တင်ပါ့ ဘုရား)။

မီးထွက်လာလိမ့်မယ်

ဒီအပူ ဘယ်ကလာသတုံးလို့မေးတော့ ဘယ့်နှယ်ဖြေ မလဲ၊ ပွတ်ပါများလို့၊ သဘောကျပလား၊ ပွတ်ပါများတော့ ဒီဝါးဟာ ယခုတွင်က အေးစက်ကြီးက အပူပဲ ဖြစ်ရမယ်၊ မဖြစ်ဘူးလား (ဖြစ်ပါတယ်) အဲဒါ ဝိပဿနာမဂ်နဲ့ တူတယ်၊ နောက်ကျတော့ မီးထွက်လာလိမ့်မယ်၊ မင်းတို့ အလိုရှိတဲ့မီး၊ ကိုယ်အလိုရှိတဲ့မီး၊ ကျုပ်တို့အလိုရှိတာ မီးအလိုရှိလို့ ပွတ်တာ အပူတောင် အလိုရှိလို့ မဟုတ်ဘူး၊ မီးတောက် အလိုရှိလို့၊ နောက်ဆုံးပိတ် ပွတ်နိုင်သ လောက် ပွတ်တဲ့ အခါကျတော့ မီးထွက်တဲ့ အချိန်ရောက် တော့ မထွက်ပေဘူးလား (ထွက်ပါတယ် ဘုရား)။

လောကုတ္တရာမဂ်ပေါ်တာနဲ့တူတယ်

မီးထွက်တဲ့အချိန်ရောက်တာနဲ့ လောကုတ္တရာမဂ်ပေါ် တာနဲ့တူတယ်၊ ပူနေတာနဲ့ လောကီမဂ် ပေါ်တာနဲ့ တူတယ်၊

လောကီမဂ် မပူဘဲ မီးထွက်တဲ့ လောကုတ္တရာမဂ်ထွက်နိုင်ပါ့ မလား (မထွက်နိုင်ပါဘုရား၊ ပူရဦးမယ် အများကြီး ပူရ ဦးမယ်၊ ပူနိုင်သရွေ့ပူလို့ မီးထွက်တဲ့ ဒီဂရီပြည့်စုံမှ ဒီမီးထွက်မယ် (မှန်ပါ့) နို့မဟုတ်ရင် ထွက်ပါ့မလား (မထွက်ပါ ဘုရား) အဲ ခင်ဗျားတို့လည်း ဒီဘက်ကို မပျင်းရင် ဒီမဂ်ရမယ်၊ ရှင်းပြီလား၊ ဒီဘက်ကို ပျင်းနေရင် ဒီမဂ်က အလိုလို ဘယ်တော့မှ မပေါ်ဘူး၊ သူပူမှ ပေါ်မယ် (တင်ပါ့ ဘုရား) မှတ်မိပလား။

ဖြစ်ပျက်များများရှုရမယ်

ဒါဖြင့် ဘယ်ဟာကို အရင်လုပ်ရမလဲ၊ ပူနေအောင် ပွတ်တဲ့အလုပ်, လုပ်ရတယ်၊ ဒါဖြင့် ဖြစ်ပျက်မှုကို ရှုတာကို များများရှု၊ ဟုတ်လား (တင်ပါ့)၊ အဲဒီတော့ ဖြစ်ပျက် မုန်းလာအောင် ရှုပေးပါ (တင်ပါ့ ဘုရား) နောက်ကျတော့ မီးထွက်လာ တယ်ဆိုတဲ့ အခါကျတော့ ဟောဒီဖြစ်ပျက်တာသည် ခင်ဗျားတို့ ရှေ့တွင် ချုပ်မယ်၊ ချုပ်သွားလို့ရှိရင် ဒီမဂ်ပေါ်ပြီလို့ မှတ်ပေတော့ လောကုတ္တရာမဂ်၊ သဘောပါသလား (တင်ပါ့)

ဒါဖြင့် ပွတ်မှုလုပ်တာ ခင်ဗျားတို့တာဝန် (တင်ပါ့) မီးထွက်ပါဆိုပြီး ပွတ်နေလို့တော့ မထွက်ဘူး၊ ထွက်ချိန် ကျတော့ (ထွက်မှာပါ) ပွတ်တဲ့အလုပ်က ကျုပ်တို့အလုပ်၊ မီးထွက်ဖို့ အလုပ်က ဝါးအလုပ်၊ သဘောပါလား၊ ပွတ်ဖို့ အလုပ်က (တပည့်တော်တို့အလုပ်) မီးထွက်ဖို့က (ဝါးအလုပ်ပါ)။

ဝါးအလုပ်နဲ့ကိုယ့်အလုပ်နှစ်ခုခွဲလိုက်ပါ

ဒါဖြင့် ဝါးအလုပ်နဲ့ ကျုပ်တို့ အလုပ်နှစ်ခုခွဲလိုက်၊ ပွတ်ဖို့အလုပ်ကို ကျုပ်တို့က မနေမနားသာ ပွတ်နေလို့ရှိရင် မီးထွက်ဖို့အလုပ် ဝါးက သူ့ဟာသူ လုပ်လိမ့်မယ်၊ သဘောပါပြီလား (ပါ,ပါပြီ)

ဒါဖြင့် ဝိပဿနာများများလုပ် မဂ်ပေါ်လိမ့် မယ်၊ ဝိပဿနာ မလုပ်ရင် (မဂ်မပေါ်ပါ ဘုရား) မဂ်မပေါ်ဘူး ဆိုတော့ ဪ ဒါ ဘုရားက ဘာဝေတဗ္ဗကိစ္စလို့ ဟောထားတာပဲဗျ၊ ဆုတောင်းနဲ့ ပေါ်လိမ့်မယ်လို့ ဘယ်တော့ ဟောဖူးသလဲ (မဟောပါ ဘုရား) ရှင်းပြီနော်။

ဒီအလုပ်မလုပ်ရင်ဘာဖြစ်မလဲ

ကဲ ဒါဖြင့် ဒီအလုပ်ကို လုပ်ကြတော့မယ်၊ တစ်ယောက်က ဝေဒနာနုပဿနာ၊ တစ်ယောက်က စိတ္တာနုပဿ နာ မလုပ်ရင် ဘာဖြစ်မလဲ၊ ပြန်ပြောပြမယ်နော်၊ မလုပ်လို့ရှိရင်တဲ့ အဝိဇ္ဇာ သင်္ခါရကြောင့် လူမိုက် ခန္ဓာငါးပါး ပေါ်ပြီ၊ ခန္ဓာငါးပါးကို ကျွေးမှု, မွေးမှု ဆင်ယင်မှုကြောင့် ခန္ဓာငါးပါး ဆင်ယင်မှုကြောင့် ကံတွေလည်းလာမယ်၊ ကံလာလို့ရှိ ရင် ဒီဇာတိ, ဇရာ, မရဏတွေ မလာပေဘူးလား (လာပါမယ်)

လာတော့ကို ခင်ဗျားတို့ မနေ့ကလည်း ပြောခဲ့ပါပြီ၊ ခန္ဓာကိုယ်ခင်တာက တဏှာ၊ ခန္ဓာကိုယ် စွဲလမ်းတာက ဥပါဒါန်နော်၊ ဒါဟာ ကိလေသ ဝဋ်လို့ မနေ့က မပြောခဲ့ဘူးလား၊ ဒါကလေးက ကမ္မဝဋ်၊ ဒါက ဘာတဲ့ (ဝိပါကဝဋ်ပါ) ကိလေသဝဋ်၊ အဝိဇ္ဇာနဲ့ တဏှာ ကိလေသဝဋ်နော်၊ ကိလေသဝဋ်သာ လုပ်နေရင် ကမ္မဝဋ်က လာရတော့မယ် (တင်ပါ့) ကမ္မဝဋ် လာလို့ရှိရင် ဝိပါကဝဋ် လာမယ်၊ ဝိပါကဝဋ် ဆိုတာ ခန္ဓာငါးပါး၊ ဝိပါကဝဋ်က ဘာပါ လိမ့် (ခန္ဓာငါးပါးပါ ဘုရား)။

ဘဝနှစ်သက်တဲ့လောဘဇော

ဟို ပဋိစ္စသမုပ္ပါဒ်ကို နားလည်ပြီးသားမို့ ဖြုတ်လိုက်၊ ကိလေသာ ဝဋ်ရှိရင် ဘာလုပ်နိုင်သလဲ၊ ကမ္မဝဋ် လာရမယ် (ကမ္မဝဋ်လာပါတယ်) ကမ္မဝဋ်လာရင် (ဝိပါကဝဋ်လာပါတယ်)

အဲ ဒါဖြင့် တစ်, နှစ်, သုံး၊ သုံးရောက်တယ်၊ ဝိပါကဝဋ်လာလို့ ရှိရင် ဝိပါကပါရင် ကိလေသဝဋ် ပါရမယ်၊ ကိလေသဝဋ် ဝင်လာ တယ်၊ ဘယ် နှယ်ကြောင့် ကိလေသဝဋ် ဝင်လာသတုံး၊ ဘဝနိကန္တိက လောဘဇော ဆိုတာ ဘဝနှစ်သက်တယ် ဆိုတဲ့ လောဘဇောဟာ အရင်ရောက်လာတယ်၊ မရောက် ဘူးလား (ရောက်ပါတယ်) ပဋိသန္ဓေနေတယ် ဆိုလို့ရှိရင် ပဋိသန္ဓေဘဝင် ၁၅-ချက်, ၁၀-ချက် ဘဝနိကန္တိက လောဘဇော ၇-ချက် မလာပေဘူးလား (လာပါတယ်)

အဲ- ဒီတော့ တဏှာ, ဥပါဒါန် အရင် မရောက်ပေဘူးလား၊ ရောက်တော့ကို အရင်တုန်းက ဟာက ဒါက ကိလေသ ဝဋ်ကြောင့် (ဝိပါကဝဋ်) ဝိပါကဝဋ်ထဲမှာ ဘယ်သူပေါက်ပွားသလဲ (ကိလေသဝဋ်) ကိလေသဝဋ် ပေါက် ပွားတယ်၊ ကိလေသဝဋ် ပေါက်ပွားရင် ဒီဟာ ကမ္မဝဋ်ဖြစ်ရမယ်၊ မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား)။

ဝဋ်သုံးပါးလည်တယ်

ဒါက ဘာဖြစ်သလဲ (ဝိပါကဝဋ်) ဝိပါကကဝဋ် ဖြစ်လို့ ရှိရင် ဝိပါကဝဋ်ထဲမှာ ဘယ်သူ ပေါက်ပွား ရမလဲ၊ စဉ်းစားစမ်း ကိလေသဝဋ် (ကိလေသဝဋ်ပါ) ကိလေသာဝဋ် ပေါက်ပွားလို့ရှိရင် ယခုတွင်က ဒီနံပါတ်က ကမ္မဝဋ်သွားဖြစ်မယ် (တင်ပါ့) မဖြစ်ပေဘူးလား (ဖြစ်ပါတယ်) ကမ္မဝဋ်သွားဖြစ်ရင် ဒီနံပါတ်က ဘာဖြစ်မလဲ ဝိပါကဝဋ် ဖြစ်ရမယ်၊ ဝိပါကဝဋ် ဖြစ်လို့ရှိရင် ဘာပေါက်ပွားမလဲ (ကိလေသဝဋ် ပြန်ပေါက်ပွားမယ်)

အင်း သူဟာ လိုရင်းပဲ လည်တတ်ပြီလား၊ ဒါတော့ ကိုယ်တိုင်လည်ခဲ့ ပါပြီ၊ မင်းတို့ ရှုပ်မနေပါနဲ့ ဟုတ်ပြီလား၊ ယခုဟာကတော့ ဉာဏ် နဲ့လည်တာပါ၊ ကိုယ်ကိုယ်တိုင်ကတော့ လူလိုကို လည်ခဲ့တယ် လည်တတ်ပလား ဝဋ်သုံးပါး (လည်တတ်ပါပြီ ဘုရား)။

ကြက်ဥ၊ ကြက်မ အစရှာမတွေ့

ရှေးတုန်းက ဘယ်လိုနေခဲ့သလဲဆိုတော့ ကြက်ဥ, ကြက်မ အစ, ရှာတွေရဲ့ လား (မတွေ့ပါ ဘုရား) ကြည့်လေ အစ, ရှာမတွေ့တာ ကျုပ်ရှင်းပြီးပေါ့ ခင်ဗျားတို့၊ ဒါကအဝိဇ္ဇာ, တဏှာ ကိလေသဝဋ်၊ ဒါက ကမ္မဝဋ် ဟုတ်ပြီလား၊ ဒီခန္ဓာငါးပါး ကို ဝိပါကဝဋ်လို့မပြောဘူးလား၊ ဒါက ပဋိစ္စသမုပ္ပါဒ် အတိုင်းနော် (တင်ပါ့ ဘုရား)။

ဝိပါကဝဋ်ရောက်လာရင် မဂ္ဂဗြဟ္မစရိယ အကျင့် မကျင်တဲ့ ပုဂ္ဂိုလ် ဘာဖြစ်မတုံး လို့ မေးဖို့ မလိုဘူးလား၊ (လိုပါ တယ်) ကိလေသဝဋ်ပဲ ပေါက်ပွားမယ်၊ ဒီပြင်ဘာမှ မပေါက်ပွားဘူး။

ဝဋ်ဆိုတာအလုံး

ဘာဝဋ် ပေါက်ပွားမလဲ၊ (ကိလေသာဝဋ်ပါ ဘုရား) ဒါပဲ ရှိတယ်၊ ကိလေသဝဋ်ပေါက်ပွားရင် ကိလေသဝဋ်သည် ဘာကိုလုပ်မလဲ ကံကို လုပ်မယ်၊ ကမ္မဝဋ် မလာပေဘူးလား (လာပါတယ်) ကမ္မဝဋ်လာရင် ဝိပါကဝဋ် ငြင်းလို့လွတ်ပါ့ မလား၊ (မလွတ်ပါ ဘုရား)

မလွတ်ဘူးဆိုရင် ဝိပါကဝဋ် ခန္ဓာငါး ပါးဒီမှာလာလိမ့်မယ်၊ မလာပေဘူးလား၊ (လာပါတယ်) လာရင် ဧည့်သည် ကိလေသဝဋ်ဖြစ်ရမယ် (တင်ပါ့) ဒါဖြင့် ခင်ဗျားတို့ ဘယ်ကစသတုံးလို့ မေးလို့ရှိရင် ဖြေစရာ ရှိသေးသလား (မရှိတော့ ပါ) မရှိတော့ဘူး၊ သဘောပါပြီလား ဒါကြောင့် ဝဋ်ဆိုတာ အလုံး၊ ဝဋ-သဒ္ဒါ အလုံး ဟောတယ်၊ လုံးနေလိုက်တာဖြင့် အစ, ရှာတွေ့သေးရဲ့ လား (မတွေ့ပါ ဘုရား)။

ဒီတစ်ခါမရရင် အလင်းဘယ်တော့မှ မရနိုင်

မတွေ့တော့ဘူးဆိုတဲ့ နောက်ဆုံး တပည့်တော်တို့ ဘယ်လို နေခဲ့သလဲဆိုရင် အလုံးထဲမှာ နေခဲ့ပါတယ်၊ ဘယ်လို နေခဲ့ရသလဲ (အလုံးထဲမှာ နေခဲ့ရပါတယ်) ဘယ်တော့များ အပြင်ဘက်က အလင်းမြင်ဖူးသလဲ၊ အလုံးထဲနေတဲ့ ပုဂ္ဂိုလ်မှာ အလင်းကိုမြင်ရပါ့မလား၊ အလင်းဘယ်တော့မှ မရကြဘူး၊ ဒီတစ် ခါ ရရင် ရပါတဲ့၊ ခင်ဗျားတို့မရရင် ဥထဲမှာ သေကြတဲ့ ကြက်ကလေးလိုပဲ ကလလ ရေကြည် အဖြစ်နဲ့ တည်လိုက်။

ဥထဲမှာ ပုပ်တယ်၊ အပြင်ဘက်ကို အတောင်ဖြန့်စရာ ပါပါ့မလား၊ သဘောပါပြီလား၊ ဒါဖြင့် နောက်တုန်းက ဝဋ်လည် တယ်ဆိုတာ ကျေနပ်ပြီလား (တင်ပါ့) ကိလေသဝဋ်ကြောင့် ဘာဝဋ် ဖြစ်သလဲ၊ (ကမ္မဝဋ်ပါ) ကမ္မဝဋ်ကြောင့် (ဝိပါကဝဋ်) ဝိပါက ဝဋ်ဖြစ်ရင် ဟိုဘယ်သူ ရောက်လာသလဲ (ကိလေသဝဋ်) ကိလေသဝဋ်ဖြစ်ရင် နောက်သူက ဘာတည်ထောင်ပြန်သလဲ (ကမ္မဝဋ် တည်ထောင်တယ်) ကမ္မဝဋ် တည်ထောင်တော့ ဘာဝဋ်ဖြစ်သလဲ (ဝိပါကဝဋ် ဖြစ်တယ်)။

ဒီအထဲမှာအလင်းဘယ်ရမလဲ

ဝိပါကဝဋ်ထဲ ဘယ်သူပေါက်ပွားသလဲ၊ (ကိလေသဝဋ် ပေါက်ပွားပါတယ်) ပြီးစရာ မြင်သေး သလား၊ ဒါ မဂ္ဂ ဗြဟ္မစရိယအကျင့် ကျင့်ရင် ကျင့်မှ၊ မကျင့်ရင် (ဒီထဲမှာ လည်ဦးမှာ ပါ) ဒီထဲမှာပဲ အလင်း ဘယ်တော့ ရမလဲ မရနိုင်ဘူး၊ အမှောင် ထဲကလာပြီး အမှောင်ထဲသွားနေတဲ့ ဒီဝဋ်လည်တာ ရပ်မလား (မရပ်ပါ ဘုရား)။

ကဲ နာရီစေ့သွားပြီ၊ နားကြဦးစို့။

သာဓု သာဓု သာဓု။