225

သောက်ဆေးကိုလိမ်းဆေးမလုပ်ပါနဲ့ (ဝိဇ္ဇာနဲ့စရဏ)

အသံဖိုင်ခေါင်းစဉ်= ဝိဇ္ဇာနဲ့စရဏ

စာအုပ်ခေါင်းစဉ်= သောက်ဆေးကိုလိမ်းဆေးမလုပ်ပါနဲ့ (ဝိဇ္ဇာနဲ့စရဏ)

အသံမ​ကြည်ပါ။

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မိုးကုတ်မြို့၌

ဟောကြားတော်မူသော တရားတော်

သောက်ဆေးကိုလိမ်းဆေးမလုပ်ပါနဲ့

ဝိဇ္ဇာနဲ့စရဏ

ဟောကြားသည့်နေ့

(၃-၆-၆၂)

အခုပြောမည့် တရားဟာ ဒကာ ဒကာမတို့ ဂရုစိုက်ပြီး မှတ်ရမှာ၊ ဘယ်နှယ့်ကြောင့် ဂရုစိုက် မှတ်ရမလဲ ဆိုလို့ရှိရင် ဝိဇ္ဇာနဲ့ စရဏကို ဟောမယ် (မှန်ပါ့)၊ ဝိဇ္ဇာနဲ့ စရဏကိုဟောလိမ့်မယ်လို့ ဦးအောင်ဇံဝေက မှတ်ထားရမယ်နော် (မှန်ပါ့ မှတ်ထားပါမယ် ဘုရား)။

ရွတ်ပြီးရှိခိုးနေကြတယ်

နောက်က ဒကာ ဒကာမတွေ ဘာဟောမှာတုံး (ဝိဇ္ဇာနဲ့ စရဏ ဟောမှာပါ ဘုရား)၊ ဝိဇ္ဇာနဲ့ စရဏကို ဟောမယ်၊ ရတော့ ရနေကြတာပဲတဲ့၊ ရပင် ရငြားသော်လည်း လိုရင်းက မပါဘဲဖြစ် ပြီးနေတော့ ဝိဇ္ဇာစရဏသမ္ပန္နော, သုဂတော, လောကဝိဒူ၊ သန်းညွန့်တို့ ရွတ်နေတာပဲနော် (မှန်ပါ့)၊ အုန်းကြည်တို့လည်း ရွတ်နေတာပဲ၊ မရွတ်ဘူးလား (ရွတ်ပါတယ် ဘုရား)။

“ဝိဇ္ဇာစရဏသမ္ပန္နာ, သုဂတော, လောကဝိဒူ” ဘုရား ရှေ့သွားတဲ့ သွားတဲ့ပြီး သကာလ ဒကာ ဒကာမတွေ ရွတ်ကြ တယ်၊ အရှင်ဘုရား အရှင်ဘုရားကတော့ ဝိဇ္ဇာနဲ့လည်း ပြည့်စုံ ပါပေတယ်၊ စရဏနဲ့ လည်း ပြည့်စုံပါပေတယ် ဒါကြောင့် တပည့်တော် ရှိခိုးပါတယ် ဆိုတော့ ဝိဇ္ဇာစရဏကို ခင်ဗျားတို့က ရှိခိုး နေတယ် (မှန်ပါ့)။

ကျင့်ရမည့်အလုပ်လို့မှတ်ပါ

ဘာလုပ်နေကြတာတုံး (ဝိဇ္ဇာစရဏရှိခိုးနေပါတယ် ဘုရား)။

ဪ ဒကာ ဒကာမတွေကလည်း ဝိဇ္ဇာစရဏနဲ့ ပြည့်စုံ တာကို ဝိဇ္ဇာနဲ့ ပြည့်စုံတဲ့ ကိုယ်တော်ကြီး၊ စရဏနဲ့ ပြည့်စုံတဲ့ ကိုယ်တော်ကြီး ဆိုပြီး ရှိခိုးနေကြတယ်၊ မခိုးရဘူးလို့ ဆရာ ဘုန်းကြီးက မဟောပါဘူး၊ ကျင့်ရမည့်အလုပ်ဆိုတာ မှတ်ထား လိုက်စမ်းပါ (မှန်ပါ့)။

ရှိခိုးရမည့်အလုပ်လည်း ရှိခိုးသလောက် ကုသိုလ်ရတယ်၊ သို့သော် လိုရင်းအကျဉ်းချုပ် အမှန်ကို ပြောရမယ် ဆိုလို့ရှိရင်ဖြင့် ကျင့်ရမည့်အလုပ် (မှန်ပါ့)၊ ရှိခိုးရမည့်အလုပ် ပဓာနမဟုတ်၊ ကျင့်ရ ရမည့် အလုပ်က (ပဓာနပါ ဘုရား)၊ ပဓာန ဖြစ်နေလို့ဆိုတာ သေသေချာချာ မှတ်ပါ (မှန်ပါ့)။

ဦးအောင်ဇံဝေတို့ အသုံးချနေတာ ဘာပါလိမ့်မလဲ လို့ မေးလို့ရှိရင်ဖြင့် ဘုရားရှေ့သွားပြီး ဝိဇ္ဇာစရဏနဲ့ ပြည့်စုံတဲ့ ကိုယ်တော်ကြီး ရိုသေပါ၏။ ရှိခိုးပါ၏။ ကိုင်းရှိုင်းပါ၏၊ ဒါပဲလုပ် တာပဲ (မှန်ပါ့)။

ကိုယ့်သန္တာန်ဖြစ်အောင်လုပ်ပါ

ဒါပဲလုပ်နေတာပဲ၊ ကိုယ့်သန္တာန် ဝိဇ္ဇာဖြစ်အောင်၊ ကိုယ့် သန္တာန် စရဏဖြစ်အောင် မလုပ်ဘူး (မှန်ပါ့)၊ ရှင်းကြရဲ့လား (ရှင်းပါတယ် ဘုရား)။

ဒါက ဟိုဘက်က သံဃာတော်တွေလည်း နားကြီးကြီးနဲ့ နာပါ၊ ဪ-တို့ဟာက “ဝိဇ္ဇာစရဏ သမ္ပန္နော, သုဂတော, လောကဝိဒူ” ဆိုပြီး သကာလ တို့-ဘုရားရှိခိုးကြတယ်၊ ဝိဇ္ဇာ စရဏနဲ့ ပြည့်စုံတဲ့ ကိုယ်တော်ကြီးဘုရား ရှိခိုးပါ၏၊ အရှင်ဘုရားကို ရိုသေ ပါ၏၊ ကိုင်းရှိုင်းပါ၏၊ ကြည်ညိုပါ၏၊ လေးစား ပါ၏။ မောင်မြတို့ လည်း ဒါလုပ်မှပဲ (မှန်ပါ့)။

ဝိဇ္ဇာက မျက်လုံးနဲ့တူတယ်၊ စရဏက ခြေထောက်နဲ့ တူတယ်၊ နိဗ္ဗာန်သွားတဲ့ အလုပ်ဆိုတော့ ဦးအောင်ဇံဝေ ပေါ်လာ ပြီး၊ (မှန်ပါ့)။

ဝိဇ္ဇာကမျက်လုံး၊ စရဏေကခြေထောက်

ဝိဇ္ဇာက မျက်လုံးနဲ့တူတယ်၊ စရဏက ခြေထောက်နဲ့ တူတယ်ဆိုတော့ နိဗ္ဗာန် သွားဖို့ အလုပ်ကြီး ပါကလားဗျ (မှန်ပါ့)။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

နိဗ္ဗာန်ကိုသွားတာ ကိုယ်တိုင်စရဏဆိုတဲ့ ခြေထောက် – တပ်ရမယ် ကိုယ်တိုင် ဝိဇ္ဇာမျက်လုံးနဲ့ နိဗ္ဗာန် သွားရမှာကိုးဗျ။ (မှန်ပါ့)။

ဒါဖြင့် ဒီနှစ်ခုဟာ ကိုယ့်သန္တာန်မှာ ပေါ်ပေါ်ပြီးသွားမှာ ပေါ့ (မှန်ပါ့)၊ သူများသန္တာန် ရှိခိုးနေကြတော့ ဗုဒ္ဓါနုဿတိ လောက်ကလေး ဖြစ်တယ်၊ ကိုယ်တိုင် နိဗ္ဗာန်မရောက်ဘူး (မှန်ပါ့ ဘုရား)။

ဘာပြုလို့တုံး ကိုယ်မှာ ခြေထောက်လည်းမပါ၊ မျက်လုံး လည်းမပါ ဖြစ်နေတော့ နိဗ္ဗာန်ရှိမှန်း မသိဘူး (မှန်ပါ့)။

အင်း ဒီနေ့တရား သေသေချာချာ မှတ်ရလိမ့်မယ် နော် (မှန်ပါ့) လှညွန့်တို့ အုန်းကြည်တို့ သေသေချာချာ မှတ်ရမယ် (မှန်ပါ့)။

မလွယ်ဘူး မှတ်ထားစမ်းပါ၊ စောစောစီးစီး စရဏဟာ ခြေထောက်နဲ့တူတယ် ဝိဇ္ဇာက မျက်လုံးနဲ့ တူတယ်၊ မျက်လုံးမြင်ပြီး ခြေထောက်နဲ့သွားတဲ့ ပုဂ္ဂိုလ်မှ မအို, မသေ အမြဲနေတဲ့ နိဗ္ဗာန် ရောက်မယ်ဆိုတော့ သူများအလုပ်လား, ကိုယ့်အလုပ်လား (ကိုယ့်အလုပ်ပါ ဘုရား)။

ကိုယ်လုပ်ရမည့်အလုပ်ကို သူများကို သူများဆိုတာ ဘုရားကိုဆိုတာပါပဲ၊ သူများကို ကျုပ်တို့က အရှင်ဘုရား ဒီဂုဏ်တွေနဲ့ ဝိဇ္ဇာဂုဏ် စရဏဂုဏ်နဲ့ ပြည့်စုံတဲ့အတွက် တပည့်တော် ရိုသေပါ၏။ ကိုင်းရှိုင်းပါ၏။ ရှိခိုးပါ၏၊ လေးစားပါ၏၊ ဒါသာ လုပ်နေတော့ သူများခြေထောက်နဲ့ သွားတတ်တာကို ချီးမွမ်းတယ် (မှန်ပါ့)၊ သူများ မျက်လုံးမြင်တာကိုသာ ချီးမွမ်းနေတဲ့ အဓိပ္ပါယ် ရောက်တယ် (မှန်ပါ့)၊ မရောက်ဘူးလား (ရောက်ပါ တယ် ဘုရား)။

စင်စစ်တော့ စရဏက ခြောက်ထောက်နဲ့ တူတယ်၊ ဝိဇ္ဇာ က မျက်လုံးနဲ့ တူတယ်ဆိုတော့ ဒီနှစ်ခုဟာ ခြေထောက်လည်း ပါမှ မျက်လုံးလည်းမြင်ပါမှ လိုရာခရီးရောက်မယ်ဆိုတာ ဟောထားတာ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

အသဒိသဒါနအလှူကြီး

ပေါ်လာတော့ အသဒိသဒါန အလှူကြီးက ဆင်လှူ မြင်းလှူ နံ့သာတွေ ဆိုတာ မပြောပါနဲ့ လှေနဲ့ကို ထည့်လှူတယ် (မှန်ပါ့)၊ ရဟန္တာတစ်ပါး ဆင်တစ်စီး အပျိုတော်တွေ ခြံရံလို့ ယပ်တောင်တွေ ခပ်လို့၊ ဒီအထဲကမှ ကျွေးစရာ မွေးစရာရှိရင် ဘုရင်ချည်းပဲ၊ တိုင်းပြည်နဲ့ ပြိုင်တာ သူက အနိုင်ယူတာပဲ (မှန်ပါ့)။

ရဟန္တာတွေကို လှူရတာ လယ်မြေကောင်း

ပြီးတော့ လှူတာကလဲ ရဟန္တာချည်းပဲဆိုတော့ ဦးသန်း မောင် လယ်ကောင်းတွေပေါ့ဗျာ (မှန်ပါ့) ရဟန္တာဆို တာ “အနုတ္တရံ ပုညက္ခေတ္တံ့ လောကဿ” လို့ဆိုတဲ့အတိုင်း လယ်ကောင်းတွေပဲ (မှန်ပါ့) စိုက်လိုက်တာလဲ မျိုးစေ့ကောင်း ၊ တွေပဲ (မှန်ပါ့)။

အင်မတန် အကျိုးပေးဖို့ ကောင်းပါတယ်လို့ မောင်သစ်တို့ ဆုံးဖြတ်ချက်ချရမယ် (မှန်ပါ့ ဘုရား)။

အသဒိသဒါနဆိုတာ

ဘုရားတစ်ဆူတစ်ဆူပေါ်မှ ဒီလိုအလှူမျိုး တစ်လျူ တစ် လှူပဲလှူနိုင်တယ် (မှန်ပါ့) ဒီပြင်အတု မရှိဘူး၊ ဒါကြောင့် ကိုယ်ကိုယ်တိုင် ခြေထောက်နဲ့ သွားတာ, ကိုယ် ကိုယ်တိုင် မျက်လုံးဖွင့်ပြီးသွားတာ ဟုတ်ပါရဲ့လား (မဟုတ် ပါ ဘုရား)။

ကိုယ်ကိုယ်တိုင်ရှာတာ ဟုတ်ရဲ့လား (မဟုတ်ပါ ဘုရား)၊ သူများချမ်းသာတာ အင်း သူတို့တော့ ရှေးက ကာမာဝစရကလည်းရှိ၊ အကြောင်းအကျိုးလည်း ညီညွတ်တော့ လည်း ဝမ်းသာပါတယ်၊ သူတို့အတွက် မုဒိတာတောင် ဖြစ်လိုက် သေးတယ် ဆိုတော့ မုဒိတာ ဖြစ်ရုံပဲ၊ သမထသာ သွားဖြစ်တယ်၊ နိဗ္ဗာန်ရောက်ကဲ့လား (မရောက်ပါ ဘုရား)၊ မရောက်ဘူး၊ ဒါဟာ အားကြီး စဉ်းစားရမယ် ဆိုတဲ့ အဓိပ္ပါယ်ပဲ။

ကဲ အားလုံး ဒကာ-ဒကာမတွေ အခု သေသေ ချာချာတရားကို စပြောတော့မှ ဪ ကိုယ့်အလုပ်က သူများဂုဏ်ကို ကိုယ်ကချီးမွမ်းပြီးနေတယ်၊ ကိုယ်လုပ်ရမည့် အလုပ်ကို သူများ ဂုဏ် ချီးမွမ်းနေတဲ့ အဓိပ္ပါယ်ရောက်-မရောက် (ရောက်ပါတယ် ဘုရား)၊ ပေါ်ပလား (ပေါ်ပါပြီ)။

နောက်က ဒကာ – ဒကာမတွေကော ပေါ်ကြရဲ့လား (ပေါ်ပါတယ် ဘုရား)၊ ခြေထောက် ကလည်း ကိုယ့်ခြေနဲ့ကိုယ် တပ်ရမှာနော် (မှန်ပါ့)၊ ကိုယ့်မျက်လုံး ကိုယ်ဖွင့်ပြီး သကာလ ကိုယ် အလိုရှိတဲ့ မအို-မသေ အမြဲနေတဲ့ နိဗ္ဗာန် သွားရမှာ ကိုယ့်ခြေ ထောက် ကိုယ်တပ်မယ် (မှန်ပါ့)၊ ကိုယ့်မျက်လုံး ကိုယ်လင်း အောင် လုပ်ရမယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။

အခုတော့ သူများမျက်လုံးမြင်တာ သာဓုခေါ်လို့ ကြည်ညိုလေးစားလို့ သူများ ခြေထောက် သွက်တာကိုပဲ အင်း ကိုယ်က ဝမ်းမြောက်လို့ ဆိုတော့ ကိုယ်ကရောက် သလား တဲ့၊ သူများအတွက် ဝမ်းမြောက်ရတာပဲ ရှိသလား (ကိုယ် မရောက်ပါ ဘုရား)၊ ကိုယ်မရောက်ဘူး ရှင်းပလား (ရှင်းပါပြီ)။

အံ့မာ တော်တော်ခက်တယ်ဆိုတဲ့ အဓိပ္ပါယ်ဟာ မပေါ်သေးဘူးလား (ပေါ်ပါပြီ)။

သောက်ဆေးကို လိမ်းဆေးလုပ်နေတယ်

ဦးအောင်ဇံဝေ၊ ဒါ ဆရာသမားနဲ့မတွေ့ရင် ခင်ဗျား တို့ လုပ်နေတာတွေဟာ သောက်ဆေးကို လိမ်းဆေး လုပ်နေတဲ့ အဓိပ္ပါယ်မျိုးလည်း ရောက်ပါတယ် (မှန်ပါ့)၊ မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

သောက်ဆေး လိမ်းဆေး လုပ်နေလို့ ရှိရင်ဖြင့် ဒေါက် တာပဲ စဉ်းစားတော့ တော်တော် လျှော်တဲ့လူပဲ (မှန်ပါ့)၊ မပြော ရဘူးလား ပြောရမလား (ပြောရပါမယ် ဘုရား)၊ ပြောထိုက် တယ်၊ အခုလည်း ခင်ဗျားတို့ ဘာလုပ်နေသတုံးလို့ မေးလို့ရှိရင် ဒီအတိုင်း ပြန်ရောက်တယ်၊ သောက်ဆေးကို ဘာလုပ်နေသလဲ (လိမ်းဆေးလုပ်နေပါတယ် ဘုရား)။

ကုသိုလ်တော့ရတယ် နိဗ္ဗာန်တော့မရောက်

လိမ်းဆေး လုပ်နေတော့ တချို့ လိမ်းဆေးနဲ့ပဲ သေသွား တယ်၊ ရှိခိုးပြီးတော့ (မှန်ပါ့)၊ ကုသိုလ်မရဘူးလားဆိုတော့ ရပါ တယ်၊ နိဗ္ဗာန်မရောက်ဘူးလားဆိုတော့ မရောက်ဘူးဆိုကြစို့ရဲ့ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကုသိုလ်မရဘူးလား ဆိုတော့ (ရပါတယ်)၊ နိဗ္ဗာန်ရောက် ကဲ့လားလို့ မေးတော့ မရောက်ပါ ဘုရား)၊ ဒါ ကွာသွားတာ ပဲ၊ ရှင်းကြပလား (ရှင်းပါပြီ)။

မောင်မြ-အင်မတန် အဖိုးတန်လိမ့်မယ် ဆိုတာ သေချာ သွားပြီ၊ အင်မတန် အဖိုးတန်လိမ့်မယ် ဆိုတာ သေချာသွားပြီ ပြင်ပေးနေတာကိုး (မှန်ပါ့)၊

ဦးအောင်ဇံဝေ ဒါ-နည်းနည်းနောနော သတ္တိမဟုတ်ဘူးနော် (မှန်ပါ့)။

ဒီ ပြင်ရတာက လွယ်သလားလို့ မေးတဲ့အခါကျ တော့ ရိုးရာက နှိပ်စက်နေပြန်လို့ရှိရင် မလွယ်ဘူး (မှန်ပါ့)၊ ရိုးရာ က ဒါ ဘုရားရှိခိုးပဲ လုပ်နေတယ်၊ မလုပ်ကြဘူးလား (လုပ်ပါ တယ် ဘုရား)။

အခု သေသေချာချာ ဝေဖန်ပြီး ဆရာသမားက ပြော လိုက်တော့ နိဗ္ဗာန်သွားချင်လို့ရှိရင် စရဏ ခြေထောက်နဲ့ ဝိဇ္ဇာ မျက်လုံးရှိရမယ်ဟေ့ – ကိုယ့်မှာ ကိုယ့်မှာ (မှန်ပါ့)၊ သူများမှာ မဟုတ်ပါဘူး၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ ကိုယ့်မှာရှိအောင် လုပ်ကြတာလား၊ ကိုယ် မြင်အောင် လုပ်ကြပလား၊ ကိုယ့်ခြေထောက် သွက်အောင် လုပ် ကြသလား၊သူတစ်ပါးခြေထောက်သွက်တာနဲ့ သူတစ်ပါးမျက်လုံး

ကောင်းတာပဲ ချီးမွမ်းနေသလား မေးလို့ရှိရင် ကိုယ့်အလုပ် ကိုယ် ပြန် စဉ်းစားလိုက်တော့ ပေါ်သွားတယ် (ပေါ်ပါတယ် ဘုရား)၊ မပေါ်သေးဘူးလား (ပေါ်ပါတယ် ဘုရား)၊ ဘာလုပ်နေကြသတုံး (သူများ ခြေသွက်တာ ချီးမွမ်းနေကြပါတယ် ဘုရား)။

အင်း သူတစ်ပါး ခြေသွက်တာ ချီးမွမ်းနေတယ်နော် (မှန်ပါ့) သူတစ်ပါး မျက်လုံးမြင်တာ (ချီးမွမ်းနေပါတယ် ဘုရား) ချီးမွမ်းနေတယ်။

ငါတော့ ကျိုးချင်ကျိုးပေစေ၊ ကန်းချင်ကန်းပေစေ-ဆိုတဲ့ အဓိပ္ပါယ်ပါသွားပါတယ် (မှန်ပါ့)၊ မပါဘူးလား၊ ပါသလား (ပါ- ပါတယ် ဘုရား)။

ငါတော့ ကျိုးချင်ကျိုးပေစေ၊ ကန်းချင်ကန်းပေစေ၊ ကိုယ်တော့အကျိုးနဲ့ အကန်းပဲ ပြန်ဖြစ်နေတယ် (မှန်ပါ)၊မဖြစ် ဘူးလား (ဖြစ်ပါတယ် ဘုရား)။

ရိုးရာနဲ့သေလိမ့်မယ်

ဒါ ဒီလို ထူးထူးခြားခြားပြောပေးမည့်လူမရှိရင် ဦးအောင်ဇံဝေ ရိုးရာနဲ့ သေလိမ့်မနော် (မှန်ပါ့)။ မောင်ရွှေဝ ဘယ့်နှယ် ထင်သတုံး (ရိုရာနဲ့သေပါမယ် ဘုရား)၊ ရိုးရာနဲ့သေမယ်။

မနေ့ကထက် ခက်လိမ့်မယ်နော် (မှန်ပါ့)၊ ကိုင်း-ဒါဖြင့် သဘောကလေး မှတ်လိုက်ပါဦး ဒကာ-ဒကာမတွေ၊ ခင်ဗျားတို့ အတွက်သနားလို့ သက်သက်ပြောပေးနေတာ ဒီဥစ္စာနော် (မှန်ပါ)။

သနားလို့ပြောပေးနေတာ

သနားလို့ သက်သက် ပြောပေးနေတာတဲ့၊ မပြောဘဲ နေလိုက်ရင် ဒါ-လိမ်းဆေးဘဝနဲ့ အသုံးချပြီး သကာလ ရောဂါ မပျောက်ဘဲနဲ့ အင်း သေပွဲဝင်ကြမှာပဲ ဆိုတာကို ဆရာက ဆုံးဖြတ်ချက် ချတာကို ခင်ဗျားတို့က သော် ဟုတ်ပါလားဆို တာ လက်ခံရမှာပဲ (မှန်ပါ့)၊ ပြောပေးမည့်လူ မရှိရင်လေ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကဲ ဒါဖြင့် ခင်ဗျားတို့လုပ်နေတဲ့ အလုပ်ကို လွဲတယ် လို့ ဆိုသလားတဲ့ လိုသေးတယ်လို့ ဆိုတာလား (လိုသေးတယ် လို့ ဆိုတာပါ ဘုရား)။

လိုသေးတယ်ဆိုတာ လွဲတယ်လို့မဆိုဘူး (မှန်ပါ့)၊ သမထတော့ ဖြစ်နေတယ်၊ ဝိပဿနာ မဖြစ်ဘဲ ဖြစ်နေတယ်၊ ဒါကို ပြောတာ (မှန်ပါ့)။

ဘုရားရှိခိုးတာက ဗုဒ္ဓါနုဿတိ သမထဘက်သွားတယ်။ သမထတော့ဖြစ်ပါရဲ့၊ ဝိပဿနာ မဖြစ်ဘဲ ဖြစ်နေတယ်၊ ရှင်းပလား (ရှင်းပါပြီ)၊ ဘာဖြစ်နေသလဲ (ဝိပဿနာမဖြစ်ဘဲ ဖြစ်နေပါတယ်)။ ဘာဖြစ်နေသလဲ (သမထတော့ဖြစ်ပါရဲ့ ဘုရား)။

နားကြီးကြီးနဲ့ထောင်မှရမယ်

ဪ ဒါဖြင့် သမထကနိဗ္ဗာန်သူမှမရောက်ဘဲ (မရောက်နိုင်ပါ ဘုရား)၊ မရောက်နိုင်ဘူး၊ သမထက ဗြဟ္မာပြည် လမ်းဆုံးကိုးကွ၊ ဟုတ်ပလား (မှန်ပါ့)၊ အဖွားကြီးတွေ နားကြီးကြီး နဲ့ ထောင်မှ ရသနော် (မှန်ပါ့ ဘုရား)။

ဘာနဲ့ထောင်ရမယ် (နားကြီးကြီးနဲ့ ထောင်ကြရပါမယ် ဘုရား)။

နားကြီးကြီးနဲ့ထောင်ရမယ် ဆိုတာက နားရွက်ကြီးကြီး တာကို ဆိုတာမဟုတ်ဘူး၊ ဉာဏ်နားနဲ့ ထောင်ပါပြောတာ (မှန်ပါ့ ဘုရား)။

ဉာဏ်နားနဲ့ထောင်ပါ ပြောတာ၊ ဒါဒီလောက် အေးအေး ဆေးဆေးပြောပြီးနေတဲ့ အဓိပ္ပါယ် ကိုလည်း ခင်ဗျားတို့ ရှင်းရမယ်၊ ဘယ်နှယ့်ကြောင့်တုံး ဆိုတော့ ဪ တို့ဟာ ဒီအတိုင်းများ သာ သေသွားကြမယ် ဆိုရင်ဖြင့် လိုရာခရီးမရောက်ဘဲနဲ့ သေမှာ ပဲ၊ မြောက်ကျွန်းသွားတဲ့ လူဟာ မြောက်ကျွန်း မရောက်ဘဲနဲ့ သေရမလို ဖြစ်နေတယ် (မှန်ပါ့)၊ မဟုတ်ဘူးလား (မှန်ပါ့)။

ဘာပြုလို့တုံး၊ ကိုယ့်ခြေကလည်းမမြင်၊ ကိုယ့်မျက်လုံးက လည်း မပွင့်၊ အလင်းမရသေး၊ မဆိုနိုင်ကြဘူးလား (ဆိုနိုင်ပါ တယ် ဘုရား)။

ဆရာကောင်းရှာပါလို့ (၃၂) ကြိမ်မှာတယ်

အဲဒါကြောင့် ခင်ဗျားတို့ ဆရာကောင်း, သမားကောင်း ရှာပါလို့ ဘုရားက သုံးဆယ့်နှစ်ကြိမ် မှာတယ်၊ “ယထာဘူတံ ဉာဏာယ သတ္တာ ပရိယေသိတဗ္ဗော” ယထာဘူတံ = ဟုတ်တိုင်း မှန်စွာ၊ ဉာဏာယ= သိဖို့ရာ အလို့ငှာ၊ သတ္ထာ= ဆုံးမ, တတ်တဲ့ ဆရာကို၊ ပရိယေသိတဗ္ဗော = ရှာမိအောင် ရှာပါ။ ဘုရားက သုံးဆယ့်နှစ်ကြိမ် မှာတယ် (မှန်ပါ့)။

ဘယ်နှစ်ကြိမ်တုံး (သုံးဆယ့်နှစ်ကြိမ်ပါ ဘုရား)။

ဟုတ်တိုင်းမှာစွာ ဟောတတ်, ပြောတတ်တဲ့ပုဂ္ဂိုလ်ရှာ စမ်းပါကွာလို့ ဘယ်နှစ်ကြိမ်လဲ (သုံးဆယ့်နှစ်ကြိမ်ပါ ဘုရား)။

အလားတူ (၁၇၉၂) ကြိမ်သွယ်ဝိုက်ပြီးမှာတယ်

ဒါက တိုက်ရိုက်မှာတာ အလားတူသွယ်ဝိုက်ပြီး မှာလိုက် တာကတော့ဖြင့် ၁၇၉၂-ကြိမ်တောင် မှာတယ် (မှန်ပါ့)။

ဘုရားက အသက်ရှစ်ဆယ်နေသွားတယ်၊ ၁၇၉၂-ကြိမ် မှာတယ်ဆိုတော့ ဟုတ်တိုင်းမှန်စွာ ဟောတတ်, ပြောတတ်တဲ့ ဆရာကိုဖြင့် ရှာဖြစ်အောင် ရှာရစ်ပါကွာလို့ဆိုတာ ဦးအောင် ဇံဝေ ဟောသင့်, မဟောသင့် (ဟောသင့်ပါတယ် ဘုရား)။

ကိုယ်ကိုယ်တိုင် တွေ့နေပြီ (မှန်ပါ့)၊ ကိုယ်ကိုယ်တိုင် တွေ့ နေတော့ မင်း ဘုရားရှိမခိုး ဘူးလားသာ မေးမည့်သူ ရှိတယ်နော် (မှန်ပါ့)၊ မင်းခြေထောက်တပ်ပြီး မျက်လုံး မြင်ပလားလို့ မေးမည့်သူ က (ရှားပါတယ် ဘုရား)။

ကဲ-မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

မင်းခြေထောက် ကောင်းမလား၊ သွားနိုင်ပလား၊ မျက်လုံး ကော မြင်ပလားဟေ့လို့ မေးမည့် သူကတော့ ရှာမှ ရှား (ရှားပါတယ် ဘုရား)၊ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

စရဏက ဘာနဲ့တူသတုံး (ခြေထောက်နဲ့ တူပါ တယ် ဘုရား)၊ ဝိဇ္ဇာက (မျက်လုံးနဲ့တူပါတယ် ဘုရား)။

မျက်လုံးနဲ့တူတယ်ဆိုတော့ အခုခင်ဗျားတို့ဖြစ်နေတဲ့ အဖြစ်တွေက ကိုယ့်မှာလည်း ခြေထောက် မပါဘူး၊ မျက်လုံးက လည်း အကန်းဖြစ်နေတယ်၊ ဒါနဲ့တောင် ခင်ဗျားတို့ကလည်း နိဗ္ဗာန် သွားချင်တယ် ဆိုတော့ ခက်တယ် (မှန်ပါ့)။

ဘုန်းကြီးညည်းတာများ မင်းတို့က အားငယ်သေး သလား၊ အားများငယ်ကြသေးသလား ဆိုတော့ မောင်မြ ပြောရ မယ်ကွယ့်၊ ဒီအဓိပ္ပါယ် ဟင် (မှန်ပါ့)၊ ဘာဘူ မပြောရပေဘူးလား (ပြောရပါတယ် ဘုရား)။

ကိုယ့်လည်း ခြေထောက်မတပ်ဘူး၊ ခြေထောက်ရှိမှန်း လည်း မသိဘူး၊ သွားတတ်တဲ့ သဘောလည်းမပါဘူး၊ မျက်လုံး ကလည်း မမြင်ဘူး၊ သူတစ်ပါး ခြေထောက်တပ်ပြီး မျက်လုံး မြင်ပြီး သွားတဲ့ ပုဂ္ဂိုလ်တော့ တော်ပါပေ့ဆိုပြီး ချီးမွမ်းနေတယ်ဆိုတော့ ဒီသူဟာ အရုပ်ဆိုးသေးသလား၊ မဆိုးတော့ဘူးလား ဆိုတာ အကဲခတ်တာပေါ့ (အရုပ်ဆိုးပါတယ် ဘုရား)၊ အုံးကြည် ပေါ်ပြီဟ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ကိုယ်ကိုယ်တိုင် လုပ်ရမည့် အလုပ်လား သူတစ်ပါးဂုဏ်ယူတာကို ဂုဏ်ပေးနေဖို့ အလုပ်လားလို့ စစ်စစ်ကြီး မေးလိုက်တဲ့အခါကျတော့ ကိုယ်ကိုယ်တိုင်လုပ်ရမည့် အလုပ် (မှန်ပါ့)။

အဖွားငြိမ်း ပေါ်ပြီလား (ပေါ်ပါပြီ)၊ မလှဝင်းတို့ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။ အေး ဒါကြပ်ကြပ် သတိထားပါ (မှန်ပါ့)။

ယနေ့ကစပြီးပြင်ကြစို့

ကိုင်း ယနေ့ကစပြီး ပြင်ကြဦးစို့ဆိုတော့ ဦးအောင်ဇံဝေ (မှန်ပါ့)၊ ကိုယ်ကိုယ်တိုင် ခြေထောက် သန်ထွားအောင်လည်း လုပ်ကြဦးစို့နော် (မှန်ပါ့)၊ ကိုယ်ကိုယ်တိုင် မျက်လုံးပွင့်အောင် ကော (လုပ်ရမှာပါ ဘုရား)။

လုပ်ရမှာပဲ၊ မလုပ်ရင် ရောက်ကိုမရောက်ဘူး (မှန်ပါ့)။

ခြေမသန် မျက်လုံးစုံကန်းနေတဲ့ပုဂ္ဂိုလ်ဟာ လိုရာခရီး တော့ မောင်ဇီဝ ရောက်လိမ့်မယ်ဆိုလို့ ရပါ့မလား (မရပါ ဘုရား)၊ ဘယ်နည်းနဲ့မှ မရဘူးဆိုတာ သေချာကြပလား (သေချာပါပြီ ဘုရား)။

အဲဒီတော့ အခု ဒါ တရားစနေတာပဲ (မှန်ပါ့)၊ သော် – ဒီလိုဆရာနဲ့သာ မတွေ့ရင်တော့ ကိုယ်ကျိုး လှလှကြီးနည်းပေါ့။ ဦးအောင်ဇံဝေ မဆိုသင့်ဘူးလား (ဆိုသင့်ပါတယ် ဘုရား)။

ဒီလို ဆရာသမားကောင်းနဲ့သာ မတွေ့ရင် ကိုယ်ကျိုး လှလှကြီးနည်းပေါ့၊ ဘာကြောင့်တုံး ခုနင်က ပြောသလို လိမ်းဆေးနဲ့ အချိန်ကုန်သွားပြီး သောက်ရမည့်ဆေး လိမ်းဆေးနဲ့ပဲ အသုံးချ သွားတာနဲ့ပဲ ဘာရောဂါမှန်း မသိလိုက်ဘဲနဲ့ သေပွဲဝင် သွားတယ် အသက်ကြီးလို့နော် (မှန်ပါ့)၊ ဒီတော့ မနစ်နာ ဘူးလား (နစ်နာပါတယ် ဘုရား)။

ဘုရားကိုရှိခိုးခြင်းသည် သမထ

နစ်နာတယ်တာ ခွဲပြီး မှတ်လိုက်ပါ၊ ဝိဇ္ဇာစရဏ ပြည့်စုံတဲ့ ဘုရားကို ရှိခိုးခြင်းသည် သမထ (မှန်ပါ့)၊ ဝိဇ္ဇာစရဏကိုယ် တိုင် ပြည့်စုံအောင်လုပ်ခဲ့သော် ဝိပဿနာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒီစကားကလေး တစ်လုံးကိုပဲ အခု ၁၅-မိနစ်၊ ၁၆-မိနစ် လောက် ရှိသွားပြီတဲ့၊ ပြောနေတဲ့ဥစ္စာ ဘယ်နှယ့်ကြောင့် ဒီလောက်တောင် ဆရာဘုန်းကြီးက အရေးတကြီးပြောနေပါ လိမ့်မတုံးလို့ မေးတဲ့ အခါကျတော့မှ ဪ တို့အလွဲကလည်း နည်းနည်းလွဲတာ မဟုတ်ပါလား၊ ပေါ်ပါပြီ ဟင် (မှန်ပါ့)။

တို့အလွဲကနည်းတာမဟုတ်ဘူး

တို့အလွဲက နည်းနည်းလွဲတယ်ဆိုလို့ရှိရင် ဆရာဘုန်းကြီး က ၁၀-မိနစ်လောက်နဲ့ သိမ်းပစ်ပြီး ပြင်ပေးလိုက်မှာပေါ့။ တို့ လွဲချက်ကြီးကလည်း တာရှည်လိုက်တာလွန်လို့ မဆိုနိုင်ဘူးလား (ဆိုနိုင် သလား (ဆိုနိုင်ပါတယ် ဘုရား)၊ ကဲ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် လွဲချက် တာရှည်တော့ကို လွဲချက်ကို မှားမှန်းသိ မှ ပြင်ဖို့ရာ အဖြေက ထွက်လာမယ် (မှန်ပါ့)၊ နို့မဟုတ်ရင် (မထွက်ပါ ဘုရား)။

ကိုယ့်ဟာကိုယ်ဟုတ်နေကြတာ

ကိုယ့်ဟာကိုယ် ဟုတ်နေတဲ့သူက ပြင်ပေးလို့ရရဲ့လား၊ (မရပါ ဘုရား)။

အခု ကိုယ့်ဟာကိုယ် ဟုတ်နေကြတာပဲ ဘယ်လောက် ကြာကြပလဲ (ကြာပါပြီ ဘုရား)၊ ကြာပြီ၊ ကိုယ့်ဟာကိုယ် ဟုတ်နေ လိုက်ကြတဲ အံမာလေး မနည်းပါဘူး။

ဒီထဲက ကြာတဲ့အထဲမှာ ပြင်ပေးမည့် ဆရာနဲ့လည်း မတွေ့ တော့ကို သူတစ်ပါး ကြည်ညို လေးစားပြီး သကာလ ကိုယ့်မှာ သာမည ကုသိုလ်ကလေး လောက်ရပြီး သမထကုသိုလ် လေး လောက် ရပြီး ဝိပဿနာဆိုတဲ့ ဝိဇ္ဇာဉာဏ်ကြီး မရလိုက်တော့ ကိုတဲ့၊ အိုဘေး၊ နာဘေး, သေဘေး ထဲကိုပဲ ပြန်ကျတယ် ၊ မကျဘူးလား၊ (ကျပါတယ် ဘုရား)၊ သမထနဲ့ သေသွားတော့လေ (ကျပါတယ် ဘုရား)။

လိုချင်တာကတစ်မျိုး ရတာကတစ်မျိုး

ဗြဟ္မာဖြစ်တယ်ဆိုသော်လည်း အိုဘေး, နာဘေး, သေဘေးမှ လွတ်ကဲ့လား (မလွတ်ပါ ဘုရား)၊ မလွတ်တော့ကိုတဲ့၊ ဪ သူတို့လိုချင်ရင်းက တစ်မျိုး၊ ရတာက တစ်ဖုံဖြစ် နေတယ် (မှန်ပါ့ ဘုရား)။

လိုချင်ရင်းက မအို, မသေ, အမြဲနေတာ ရချင်တယ်နော်၊ (မှန်ပါ့)၊ ဒါဖြင့် တကယ့်ရွှေ လိုချင်တာကို ရွှေရောင်ကပ်၊ အခု ပေါ်နေတဲ့ ရွှေပြားတွေ ကပ်ထားတဲ့ ပစ္စည်း ရမယ်ဆိုလို့ရှိရင် ဒါဟာ နာမှာပဲ (မှန်ပါ့ ဘုရား)။

ကုလားရွှေ (ကလရွှေ) တပ်ထားတာကို လှညွန့်တို့ ရမယ်ဆိုလို့ရှိရင် လိုချင်တာရွှေစစ်၊ မှတ်တင်ခံတဲ့ ရွှေစစ်ကို လိုချင်တယ်၊ အပြားကပ်ထားတာကြီး ရ-ထားတော့ မှတ်တင်ခံ ပါမလား (မခံပါ ဘုရား)။

အခု ဘာတွေ ရ-ထားကြတာတုံး ခင်ဗျားတို့(အပြားကပ် ထားတာကြီး ရ-ထားပါတယ် ဘုရား)၊ မပြောချင်ပါဘူးဘုရား၊ တပည့်တော်တို့ဖြင့် ဆိုတဲ့ အဓိပ္ပါယ်ဖြင့် ရှင်းလောက်ပါပြီ၊ (မှန်ပါ့)၊ ဦးအောင်ဇံဝေ (မှန်ပါ့ ဘုရား)။

လိမ်းဆေးလုပ်နေတဲ့သူများတယ်

တော်သေးတယ် လာတွေ့တာ (မှန်ပါ့)၊ နို့မို့ ဒီလိုနဲ့ သွားမှာပဲမသွားရပေဘူးလား (သွားရပါတယ် ဘုရား)၊ ကိုင်း ဒါဖြင့် လိမ်းဆေး လိမ်းပြီး သကာလ သောက်ဆေး အဖြစ်နဲ့ အသုံး မချတဲ့ ပုဂ္ဂိုလ်ပေါင်း ဘယ်လောက်များ သတုံးလို့ ဆိုလို့ရှိရင် နောက်က ဒကာ ဒကာမတွေ ဘယ့်နှယ် ဖြေပါ့မလဲ၊ (မရေတွက် နိုင်ပါ ဘုရား)။

မရေတွက်နိုင်ဘူး (မှန်ပါ့)၊ အတော် နစ်နာတာပဲ (မှန်ပါ့)၊ အတော် နစ်နာတယ်၊ မောင်မြ ဘယ့်နှယ်ဆိုမလဲ (နစ်နာပါတယ် ဘုရား)။

ဘာဘူ မနစ်နာဘူးလား (နစ်နာပါတယ် ဘုရား)၊ အားကြီးနစ်နာတယ်ဆိုတာ အဓိပ္ပါယ် ရှင်းသွားပြီနော် (မှန်ပါ့)၊ ကိုင်းဒါဖြင့် ဝတ္ထု စ, တော့မယ် တဲ့၊ ဝတ္ထုစတော့မယ်။

အင်္ဂုတ္တိုရ်ပါဠိတော်မှာ ရှင်သာရိပုတ္တရာ၊ ပါဠိတော်ဆို တာ ကိုယ်တော် တိုင် တာဝန်ခံပြီးတော့ ဟောတဲ့ ဥစ္စာ၊ သာရိပုတ္တရာနဲ့ ဥပဝါဏမေးတာ မှန်သဟေ့- ငါဟာလည်း ဒီအတိုင်းဟောမှာပဲဆိုပြီး တံဆိပ်ရိုက်လိုက်တယ် (မှန်ပါ့)၊ သူ့အာဏာတံဆိပ်ရိုက်လိုက်တဲ့စာ၊ သူလုပ်တာပဲနော် (မှန်ပါ့)။

ရှင်သာရိပုတ္တရာ၏ပညာဉာဏ်

ရှင်သာရိပုတ္တရာက မနေ့က ဟောပြီးသား ပညာ အင်မတန်ထက်တဲ့ ပုဂ္ဂိုလ်နော် (မှန်ပါ့)၊ ပညာ အင်မတန်ထက် တဲ့ပုဂ္ဂိုလ်။

ဘယ်လောက်ထိအောင် ထက်သတုံး မေးလို့ရှိရင် ခင်ဗျား တို့ သန္တာန်မှာဖြစ်တဲ့ စိတ်ကလေး ဟာ ဟော-အခု ဒီတစ်ကြိမ် မှာ စိတ်ပေါင်း ဘယ်လောက်ဆိုပြီး ရေတွက်လို့ရတယ် (မှန်လှ ပါ ဘုရား)။

ခင်ဗျားတို့ ကိုယ့်သန္တာန်သာ ကိုယ့်စိတ်ဖြစ်တယ်၊ ကိုယ့် သန္တာန်မှာ စိတ်ပေါင်း ဘယ်လောက် ဆိုတာ ရေတွက်လို့ ရရဲ့ လား၊ (မရပါ ဘုရား)၊ သူက ရေတွက်လို့ ရတယ်၊ ဘယ်လောက် ဉာဏ်ထက်တယ် ဆိုတာ (ထက်ပါတယ် ဘုရား)၊ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ရှင်ဥပါဏကအမေးပုဂ္ဂိုလ်

အဲဒီ ကိုယ်တော်ကြီးက အင်မတန် ဉာဏ်ထက်တဲ့ ကိုယ်တော်ကြီးက အမေးခံတယ်၊ ရှင်ဥပဝါဏဆိုတဲ့ ပုဂ္ဂိုလ်က သူကလည်း ရဟန္တာပဲ၊ သူက အမေးသမား (မှန်ပါ့ ဘုရား)။

မနေ့ကနဲ့မတူဘူး၊ မနေ့ကတော့ ရှင်ကောဋ္ဌိက-က မေး တာ၊ ယနေ့ ရှင်ဥပဝါဏက မေးတာနော် (မှန်ပါ့)၊ အရှင်ဘုရား ဝိဇ္ဇာနဲ့ ဝိဇ္ဇာဉာဏ်နဲ့ ဒုက္ခအဆုံး နိဗ္ဗာန်ကို ရောက်နိုင်ပါ့မလား။

ဝိဇ္ဇာဉာဏ်နဲ့ ဒုက္ခအဆုံးဖြစ်တဲ့ နိဗ္ဗာန်ရောက်ပါ့မလားတဲ့၊ ရှင်ဥပဝါဏက မေးလိုက်တယ် (မှန်ပါ့ ဘုရား)။

“နောဟိဒံ အာဝုသော့” မရောက်နိုင်ပါဘူးကွာတဲ့၊ မျက်လုံးသာ တပ်ထားတယ်၊ သူက ခြေထောက်က မပါတော့ သွားလို့မဖြစ်ဘူး (မှန်ပါ့)၊ ဖြစ်ပါ့မလား (မဖြစ်ပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဝိဇ္ဇာဆိုတာ မျက်လုံးနော် (မှန်ပါ)၊ မျက်လုံးသာပါတယ်၊ ခြေတို့၊ လက်တို့က မပါပြန်ဘူး ဆိုလို့ရှိရင်လည်း ရောက်ပါ့မလား (မရောက်ပါ ဘုရား)။

၁။ ဝိဇ္ဇာနဲ့ နိဗ္ဗာန်ရောက်ပါ့မလား

ဒါကြောင့် ဝိဇ္ဇာနဲ့ ဒုက္ခအဆုံးဖြစ်တဲ့ နိဗ္ဗာန်ရောက်ပါ့ မလား “ဝိဇ္ဇာယ အန္တကရော ဟောတိ” ပါဠိတော်က ဝိဇ္ဇာနဲ့ ဒုက္ခအဆုံး ဖြစ်တဲ့ နိဗ္ဗာန်ရောက်ပါ့မလားတဲ့၊ မေးလိုက်တယ်။

“နောဟိဒံ အာဝုသော” တဲ့၊ အာဝုသော- ငါ့ရှင်၊ ဣဒံ- ဤစကားသည်၊ နောဟိ – မဟုတ်ဘူးကွ တဲ့၊ (မှန်ပါ့)၊ မဟုတ်ဘူးကွ သူ့ချည်းလည်း မရောက်နိုင်ဘူး၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် မျက်လုံးသာပါ၍ ခြေမပါလို့ မပေါ်သေးဘူး လား (ပေါ်ပါပြီ)၊ ဘယ်လို ပေါ်သွားကြသလဲ (မျက်လုံးသာ ပါ၍ ခြေမပါလို့ပါ ဘုရား)။

ဒါဖြင့် သူ့မှာ ထိုင်လျက်က ပျောက်ချင်တယ်၊ ဟိုရောက် ၊ ချင်တယ်ပြောရုံပဲရှိမှာပဲ၊ သွားလို့တော့ မဖြစ်ဘူး ခြေထောက်က မပါဘူး (မဖြစ်ပါ ဘုရား)၊ မဖြစ်နိုင်ဘူးဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

၂။ စရဏနဲ့ နိဗ္ဗာန်ရောက်နိုင်ပါ့မလား

ဒါဖြင့် မျက်လုံးသာပါလို့ သူလိုရာခရီးကို အရောက် မသွားနိုင်ဘူး (မှန်ပါ့)၊ ဘာဘူ သေချာ ပလား မျက်လုံးတော့ ပါတယ်၊ ခြေထောက်မပါဘူး၊ ရောက်ပါ့မလား (မရောက်ပါ ဘုရား)၊ မရောက်နိုင်ဘူး၊ သူမေးတာကို မဟုတ်ဘူးကွလို့ ဟိုက ဖြေလိုက်တယ်နော် (မှန်ပါ့)၊

တစ်ခါမေးပြန်တယ်၊ ရှင်ဥပဝါဏက “စရဏေန အန္တကရော ဟောတိ” စရဏေန= စရဏ ဆိုတဲ့ သမထနဲ့ သီလသမာဓိနဲ့၊ အန္တကရော =ဒုက္ခ၏အဆုံးကို ပြုနိုင်ပါ မလား (ဝါ) ရောက်နိုင်ပါ့မလား။

စရဏသက်သက်နဲ့ သီလသမာဓိတို့ကို ပြောလိုက်မယ် – နော် (မှန်ပါ့)၊ သီလသမာဓိက စရဏပဲ၊ အဲဒီသီလ, သမာဓိ နှစ်ခုနဲ့လည်း ဒုက္ခဆုံးတဲ့ နိဗ္ဗာန် ရောက်နိုင်ပါ့မလားလို့ မေးလိုက် တယ်၊ သူကလည်း ခြေသာပါတယ်၊ မျက်လုံးမပါပြန်ဘူး (မှန်ပါ့)၊ ပါသေးရဲ့ လား (မပါ-ပါ ဘုရား)။

မရောက်နိုင်ဘူးတဲ့

မပါတော့ ဘယ့်နှယ်ဖြေပါ့မလဲ (မရောက်နိုင်ပါ ဘုရား) အဲ ဒါကြောင့် “နောဟိဒံ အာဝုသော” တဲ့၊ အာဝုသော ငါရှင်၊ ဣဒံ – ဤစကားသည်၊ နော -မဟုတ်ဘူးကွ၊ မရောက်နိုင် ဘူးကွ၊ ရှင်းပလား (မှန်ပါ့)၊ ဘယ်နှစ်ခုပြီးသွားပလဲ (နှစ်ခု ပါ ဘုရား)၊ အဖြေနှစ်ခု ပြီးသွားပြီ။

အဖြေလည်း ပြီးသွားပြီတဲ့၊ ဒါတွေကို မောင်မြတို့ သေ သေချာချာ ဒီလို ရှင်းရှင်းလင်းလင်း ပြောပေးမည့် ဆရာသမားနဲ့ မကြုံဘူးလို့ ဆိုရင်ဖြင့် မင်းတို့လုပ်နေတာ အကောင်းချည်းပဲ ထင်နေမှာပဲ (မှန်ပါ့)။

ဦးအောင်ဇံဝေ၊ ဘယ့်နှယ် ထင်မလဲ (အကောင်း ချည်းထင်ပါတယ်)၊ ကိုယ်လုပ်နေတာ (အကောင်းချည်းထင်ပါ တယ် ဘုရား)၊ အကောင်းချည်း ထင်တာပဲ၊ ကိုယ်လိုရာ ရောက် မှာပဲ ဆုံးဖြတ်ချက် ချနေတာပဲ (မှန်ပါ့)။

အခု မျက်လုံးနဲ့ ခြေထောက်နဲ့ ဝေဖန်လိုက်တဲ့ အခါကျ တော့မှ မျက်လုံးချည်းလည်း (မရောက်နိုင်ပါ ဘုရား)၊ ခြေထောက် ချည်းသက်သက်လည်း (မရောက်နိုင်ပါ ဘုရား)။

မျက်လုံး မပါတော့လည်း ရမ်းဦးမှာကိုးဗျ၊ အရှေ့သွားပေ မယ့်လည်း အနောက်ရောက်ချင် ရောက်ဦးမှာကိုး၊ မျက်လုံးမှပါ သည့် ခြေထောက်ချည်း သမားကလေး (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒီဟာက အမေဘယ်နှစ်ခု, အဖြေဘယ်နှစ်ခု ပြီးသွား ပလဲ (နှစ်ခုပြီးပါပြီ)၊ ရှင်းပြီနော် (မှန်ပါ့)။

၃။ ဝိဇ္ဇာစရဏနဲ့ရော နိဗ္ဗာန်ရောက်ပါ့မလား

တစ်ခါ ဆက်မေးပြန်တယ်၊ ဝိဇ္ဇာရော စရဏရော ပြည့်စုံ လို့ရှိရင်လည်း ဒုက္ခအဆုံးဖြစ်တဲ့ နိဗ္ဗာန်ရောက်ပါ့မလားတဲ့။

ဒါလည်း “နောဟိဒံ အာဝုသော” ပဲ၊ အာဝုသော= ငါ့ရှင်၊ ဣဒံ = ဤစကားသည်၊ နောဟိ = မသင့်ဘူးကွာတဲ့၊ ဒီလိုလည်း မရောက်နိုင်ပါဘူးတဲ့၊ ဖြေလိုက်တယ်နော် (မှန်ပါ့)။

ဒီလိုဖြေလိုက်တယ်တဲ့၊ နှစ်ခုစုံလည်း မရောက်ဘူး၊ ခင်ဗျားတို့ သံသယရှိသွားတာပေါ့။ မရှိဘူးလား (ရှိပါတယ်) သံသယ ဝင်လာတာပေါ့၊ သံသယ ဝင်လာပြီ (မှန်ပါ့)။

သံသယဝင်လာပြီတဲ့၊ အရင်တော့ တစ်ခုစီ မေးလိုက် တော့ ရှင်းနေတယ်၊ မျက်လုံးနဲ့ ခြေထောက်တွင် ခွဲပြီး ဝေဖန်ဟောနေတုန်းကတော့ ဒကာ-ဒကာမတွေက ဉာဏ်ထဲမှာ ရှင်း – သွားတယ် (မှန်ပါ့)။

မရောက်ဘူးဘဲဖြေတော်မူတယ်

အခု တတိယမေးခွန်း ဝိဇ္ဇာရော၊ စရဏရော ပြည့်စုံတဲ့ ပုဂ္ဂိုလ်ဟာ ဒုက္ခအဆုံးဖြစ်တဲ့ နိဗ္ဗာန် မရောက်နိုင်ဘူးလားလို့ မေးတော့ မရောက်ဘူးတဲ့ ဖြေတယ်နော် (မှန်ပါ့)။

မရောက်ဘူးတဲ့ ဖြေပြန်တယ်ဆိုတော့ လှညွန့်တို့ တော် တော်ခက်သွားတယ် (မှန်ပါ့)၊ မခက်သေးဘူးလား (ခက်ပါ တယ် ဘုရား)၊ သံသယ ရှိမလာဘူးလား (ရှိလာပါတယ် ဘုရား)။

ရော ခက်လိုက်တာ၊ နှစ်ခုစလုံး ပြည့်စုံအောင် ခုနင် တုန်းကတော့ ခြေထောက်ကလည်း သွက်မယ်၊ မျက်လုံး ကလည်း မြင့်မယ်ဆိုရင် လိုရာခရီး ရောက်မယ်လို့ ပြောထား တာနဲ့ အခု ရှင်သာရိပုတ္တရာကြီးကလည်း ဒါနဲ့လည်း မဖြစ် နိုင်တော့ဘူးလို့ဖြေတော့ တို့ဖြင့် မကြံတတ်, မစည်တတ် ဖြစ်ပေါ့ လို့ဆိုတဲ့ အဓိပ္ပါယ် ရောက်သွားတယ် (မှန်ပါ့)၊ မရောက်ဘူး လား (ရောက်ပါတယ် ဘုရား)။

မကြံတတ် မစည်တတ် ဖြစ်သွားပြီဆိုတာ ရောက်သွားပြီ ,(မှန်ပါ့)၊ မရောက်သေးဘူးလား (ရောက်ပါတယ် ဘုရား)၊ ရောက်နေပြီဆိုတာ သေချာပလား (သေချာပါပြီ)။

အဲဒီတော့ကိုတဲ့ ဒီလိုယူပါတဲ့၊ ဝိဇ္ဇာစရဏ ပြည့်စုံပေမယ့် လည်း ဝိဇ္ဇာ ပြည့်စုံတာကလည်း ဒီခန္ဓာထဲမှာပဲ ဝိဇ္ဇာပြည့်စုံတာ ပဲ။ စရဏပြည့်စုံတာကလည်း ဒီခန္ဓာထဲမှာပဲ မနေဘူးလား (နေပါတယ် ဘုရား)။

နိဗ္ဗာန်ကိုမြင်သာမြင်တယ်မရောက်သေးဘူး

သီလနဲ့ သမာဓိက စရဏ၊ ဝိဇ္ဇာက သမ္မာဒိဋ္ဌိ မဂ္ဂင်ပေါ့ ကွာ၊ မင်းတို့ မဂ္ဂင်တွေပေါ့ (မှန်ပါ့)၊ နှစ်ခုပြည့်စုံနေတဲ့ ပုဂ္ဂိုလ် ဒုက္ခ အဆုံးမရောက်သေးဘူးလား ဆိုတော့ သူကလည်း ခန္ဓာရှိနေ သေးလို့ ရှိရင် မြင်သာမြင် မရောက်သေးဘူး (မှန်ပါ့)။

သွားလည်း သွားတယ်၊ မြင်လည်းမြင်တယ် ခန္ဓာကြီးက ရှိနေသေးတော့ နိဗ္ဗာန်က လက်မခံဘူး (မှန်ပါ့)၊ ခံပါ့မလား (မခံပါ ဘုရား)။

ခန္ဓာက ဒုက္ခသစ္စာကိုး၊ ဒုက္ခသစ္စာကို နိဗ္ဗာန်က လက်ခံရဲ့ လား (လက်မခံပါ)၊ ဒုက္ခသစ္စာချုပ်မှ ရောက်မယ်ပေါ့ (မှန်ပါ့)။

အဲဒီတော့ ခန္ဓာရှိနေတုန်းလည်း ဝိဇ္ဇာနဲ့စရဏပြည့်စုံရင် တော့ဖြင့် မြင်ရတယ်၊ နီးကပ်တယ်၊ ကိုယ်ကိုယ်တိုင် နိဗ္ဗာန် မရောက်သေးဘူး (မှန်ပါ့)၊ ပေါ်ပလား (ပေါ်ပါပြီ)။

အဖြေထွက်သွားပြီနော် (မှန်ပါ့)၊ ဘယ်နှယ့်တုန်း။ ဝိဇ္ဇာစရဏ ပြည့်စုံရတာလဲ “နောဟိဒံ အာဝုသော-ပဲ” အာဝုသော =ငါ့ရှင်၊ ဣဒံ = ဤစကားသည်၊ နောဟိ =မသင့်သေးပါဘူးကွာတဲ့။

ခန္ဓာရှိနေတုန်းနိဗ္ဗာန်မရောက်သေးဘူး

ခန္ဓာရှိနေသေးတယ်ကွတဲ့၊ ဝိဇ္ဇာနဲ့ စရဏပြည့်စုံတဲ့ ပုဂ္ဂိုလ် မှာလည်း ခန္ဓာရှိနေသေးတော့ ခန္ဓာချုပ်ငြိမ်း နိဗ္ဗာန်ကိုး (မှန်ပါ့)။

ဒါနဲ့လည်းမရောက်သေးဘူးပေါ့လေ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် အရှင်ဥပဝါဏကု ဘောက်ဆန့်ဆန်ပဲ မေးတယ် လို့ အောက်မေ့လိုက်ပါတော့ (မှန်ပါ့)၊ ဒါမေးရုံ ရှိတော့တာပကိုး၊ ဘောက်ဆန်ဆန်ရှိတော့တာကိုး (မှန်ပါ့ ဘုရား)။

၄။ ဝိဇ္ဇာစရဏမပါဘဲနဲ့ရောက်မလား

ဒါဖြင့် ဝိဇ္ဇာစရဏမပါဘဲနဲ့ ရောက်တော့မှာလားလို့ ဘောက်ဆန်ဆန် မေးလိုက်တယ် (မှန်ပါ့)၊ ဟာ ဝိဇ္ဇာစရဏမပါ၊ ဝိဇ္ဇာစရဏ ချန်ထားလို့ ရှိရင်လဲကွာတဲ့ ဒီလို မမေးပါနဲ့တဲ့ ဒါလည်း မရောက်နိုင် ဘူးတဲ့ (မှန်ပါ့ ဘုရား)။

ပြည့်စုံတုန်းကမှ မရောက်ဘဲကိုးဗျ၊ မပြည့်စုံတော့ (မရောက်နိုင်ပါ ဘုရား)၊ မရောက်နိုင်ဘူး ဆိုတော့ သူ။ လေးချက်စလုံး မရောက်နိုင်ဘူး ဖြေတာ ရှင်သာရိပုတ္တရာက (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

တပည့်တော်မေးစရာကုန်ပြီ

ပေါ်ပြီတဲ့ အင်မတန်နေရာကျသွားပြီ၊ အဖြေတည့် သွားပြီ (မှန်ပါ့)၊ ဒါနဲ့ပြန်မေးတယ်၊ အရှင်ဘုရား ဒုက္ခ အဆုံး မရောက်တာချည်းဘဲလို့ ပြောနေတော့ ပထမမေးတုန်း ကလည်း

ဝိဇ္ဇာနဲ့ဒုက္ခအဆုံး နိဗ္ဗာန်ရောက်ပါ့မလား ဆိုတော့ လည်း “နောဟိဒံ အာဝုသော” မရောက်ဘူးတဲ့၊

စရဏနဲ့ရောက်ပါ့ မလားဆိုတော့လည်း “နောဟိဒံ အာဝုသော” မရောက်နိုင်ဘူး ကွ တဲ့၊

နို့ ဝိဇ္ဇာစရဏနှစ်ပါး ပြည့်စုံတဲ့ပုဂ္ဂိုလ် ရောက်ပါ့မလား ဆိုတော့လည်း၊ “နောဟိဒံ အာဝုသော” မရောက်ဘူးကွ တဲ့၊

ဝိဇ္ဇာစရဏ မရှိတဲ့နောက်ကော ရောက်ပါ့မလား မေးတော့လည်း မရောက်ဘူးကွ လို့ဆိုတော့ တပည့်တော်မေးစရာကုန်ပြီတဲ့၊ ရိပ်မိကြပလား (ရိပ်မိပါပြီ)၊ မေးစရာဘာတဲ့တုန်း (ကုန်ပါပြီ ဘုရား)။

ဆရာမကူရင်ရကိုမရဘူး

ကိုင်း-ဟိုဘက်က သံဃာတော်တွေကလည်း သေသေ ချာချာ မှတ်ရမယ်၊ ဒီဥစ္စာက အင်မတန်မှ အရေးလည်း ကြီး ပါတယ်၊ ကိုယ်အလိုရှိတဲ့ ခရီးကိုလည်း ဘာလုပ်လုပ် ခင်ဗျားတို့က နိဗ္ဗာန်ရောက်ဖို့ လုပ်ကြတယ်၊ နိဗ္ဗာန်ရောက်ဖို့ ဆိုငြား သော်လည်း ကိုယ့်အထင်မှာ ကိုယ်ရောက်ပြီး နေငြား သော်လည်း အမှန် တကယ် အစစ်နဲ့ရောက်ဖို့ ကျတော့ ဆရာသမား မကူရင် ရကိုမရ ဘူး၊ ရပါ့မလား (မရနိုင်ပါ ဘုရား)။

ဆရာသမား မကူရင်လေ (မရနိုင်ပါ ဘုရား)၊ မရနိုင်ဘူး ဆိုတာ သေချာပလား (သေချာပါပြီ)။

အေး ဒါကြောင့် ဪ တော်တော်မကဘူး၊ အကြီးအကျယ် အရေးကြီးပါကလား ဆိုတာ ခင်ဗျားတို့ ပေါ်လာ တယ် (မှန်ပါ့)၊ မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။

ဝိဇ္ဇာချည်းသက်သက်ဘယ်ကရမှာတုံး

အဲ ဒါဖြင့် အရှင်ဘုရားတပည့်တော်မေးစရာ မရှိဘူးတဲ့။

ကိုင်း မေးစရာမရှိ ငါအဖြေပေးပါမယ်တဲ့၊ မင်းပထမ မေးတာက ဝိဇ္ဇာဆိုတဲ့ သမ္မာဒိဋ္ဌိမဂ္ဂင်နဲ့ နိဗ္ဗာန် ရောက်ပါ့မလားလို့ မင်းမေးတဲ့ အခါကျတော့ ဝိဇ္ဇာချည်း သက်သက် ဘယ်ကလာ ရောက်မှာတုံးကွ တို့ခြေထောက်မှ မပါဘဲတဲ့ (မှန်ပါ့ ဘုရား)။

မရောက်နိုင်ဘူး၊ ဒါကြောင့် ငါမရောက်ဘူးလို့ ပြောလိုက် တယ်၊ ရှင်းပလား (ရှင်းပါပြီ)၊ ခြေထောက် မပါဘူး၊ မျက်လုံးချည်း ဖွင့်နေရုံနဲ့ဆိုရင် ထိုင်နေရာက နေပြီး မြင်ရုံမြင်ရမှာပေါ့၊ ရောက် နိုင်ပါ့မလား (မရောက်နိုင်ပါ ဘုရား)။

အဲဒါကြောင့် ငါက“နောဟိဒံ အာဝုသော” ငါ့ရှင် မဟုတ် ၊ ပါဘူးလို့ဖြေလိုက်ခြင်းဟာ မမှားပါဘူးတဲ့၊ မှားသေးသလား (မမှားပါ ဘုရား)။

စရဏချည်းသက်သက်နဲ့မရောက်ဘူး

ဒါနဲ့မင်းဟာက ဒုတိယမေးခွန်းကလည်း စရဏချည်း သက်သက်နဲ့ ဒုက္ခအဆုံးကို ရောက်ပါ့မလားလို့ မေးပြန်တော့ လည်း ငါကမရောက်ဘူးပဲ ဖြေရမှာပဲ၊ ခြေသာပါ၍ မျက်လုံးက မသန်ဘူးတဲ့ (မှန်ပါ့ ဘုရား)။ ၊ ရောက်နိုင်သေးရဲ့လား (မရောက်နိုင်ပါ ဘုရား)၊ ဒါဖြင့် နောက်ထပ် အဖြေ ရှင်းလိုက်တော့လည်း ကိုက်မနေဘူးလား (ကိုက်နေပါတယ် ဘုရား)။

ဥပါဒါန်ရှိလျက်နဲ့ကွာ နိဗ္ဗာန်မရောက်နိုင်ပါဘူးတဲ့(မှန်ပါ့)၊ ဝိဇ္ဇာချည်းသက်သက်လည်း ဥပါဒါန်က ရှိနေသေးတယ်၊ ကာမူ ပါဒါန်, ဒိဋ္ဌုပါဒါန်, သီလဗ္ဗတုပါဒါန်, အတ္တဝါဒုပါဒါန် ဆိုတဲ့ ဥပါဒါန် တွေက ရှိနေသေးတယ်နော် (မှန်ပါ့ ဘုရား)။

ဥပါဒါန်ရှိနေလို့မရောက်နိုင်ဘူး

ဥပါဒါန် ရှိနေသောကြောင့် ဝိဇ္ဇာချည်း သက်သက်လည်း နိဗ္ဗာန် မရောက်နိုင်ဘူး (မှန်ပါ့)၊ ပေါ်ပလား (ပေါ်ပါပြီ)၊ ဥပါဒါန်ရှိ နေသောကြောင့် စရဏချည်း သက်သက်ကော (မရောက်နိုင်ပါ ဘုရား)။

ဥပါဒါန် ရှိနေသောကြောင့် ဝိဇ္ဇာစရဏြ ပည့်စုံလည်း မရောက်သေးဘူးတဲ့၊ ဒီခန္ဓာကြီးနဲ့တော့ မရောက်နိုင်ဘူး ပြောတာ၊ ခုနင်က အဖြေပေးခဲ့ပြီနော် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ကွာတဲ့ ငါအဖြေ မှန်မှန်ပေးရလို့ရှိရင်ဖြင့် စရဏ ၊ ပျက်လို့ရှိရင် ဝိဇ္ဇာမှန်မှန် မသိဘူးကွတဲ့ (မှန်ပါ့ ဘုရား)။

စရဏပျက်လို့ရှိရင် ဝိဇ္ဇာမှန်မှန် မသိဘူးတဲ့

“စရဏဝိပလ္လဿ ယထာဘူတံ န ဇာနာတိ” စရဏဝိပလ္လဿ =သီလ သမာဓိ ပျက်နေတဲ့ ပုဂ္ဂိုလ်အား၊ ယထာဘူတံ =ဟုတ်တိုင်းမှန်စွာ။ နဇာ နာတိ = မသိနိုင် (မှန်ပါ့)။

စရဏမပျက်ဝိဇ္ဇာထက်မှရောက်မယ်

သမာဓိနဲ့ သီလပျက်နေရင် ဟုတ်တိုင်းမှန်စွာ မသိဘူးတဲ့ (မှန်ပါ့)၊ ဒါဖြင့် စရဏမပျက်တဲ့ ပုဂ္ဂိုလ်ဖြင့် စရဏလည်း မပျက်ဘူး၊ ဝိဇ္ဇာလည်း ထက်မယ် ဆိုလို့ရှိရင်တော့ဖြင့် ဒါရောက်ပါတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

စရဏလည်းမပျက် ဝိဇ္ဇာလည်း ထက်မယ်ဆိုရင် (ရောက် ပါတယ် ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊

ဒါဖြင့် ဒီအဓိပ္ပါယ်ဟာ ဘာကိုရှင်သာရိပုတ္တရာကြီးအလိုရှိလို့ ပြောပါလိမ့်မတုံးဆို စရဏမပါဘဲနဲ့ သီလကလည်း မလုံခြုံ သမထ ကလေးကလည်း ထိုက်တန်သလောက်မှ သမာဓိ အားမပြုဘဲနဲ့ ဝိဇ္ဇာဉာဏ်ဟာ ဘယ်နည်းနဲ့မှ ဟုတ်တိုင်းမှန်စွာ မမြင်နိုင်ဘူးတဲ့ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သီလသမာဓိပျက်ရင် ဝိဇ္ဇာမဖြစ်

သီလကလည်း မလုံခြုံ၊ သမထကလည်း မတည်ကြည်ဘဲ နဲ့ ဝိဇ္ဇာချည်းလုပ်နေလည်း ရပါ့မလား (မရပါ ဘုရား)။

ဒါဖြင့်သမထပျက်ရင် ဝိဇ္ဇာမဖြစ်နိုင် (မှန်ပါ့)၊ ရှင်းကြ ပလား (ရှင်းပါပြီ ဘုရား)၊ သမထပျက်ရင် (ဝိဇ္ဇာမဖြစ်နိုင်ပါ ဘုရား)။

သီလသမာဓိပျက်ရင်ဗျာ၊ ကဲ ဘာဆိုကြမလဲ၊ (ဝိဇ္ဇာမဖြစ် နိုင်ပါ ဘုရား)၊ သီလသမာဓိ ပျက်ရင်တော့ ဝိဇ္ဇာ မဖြစ်နိုင်တော့ ဘူးတဲ့ (မှန်ပါ့)၊ အဲ သီလ သမာဓိကို ဒကာ ဒကာမတွေက မှတ်လိုက်တာပေါ့။ ခြေထောက်နော် (မှန်ပါ့)။

ဝိပဿနာ မဂ်ပညာကို မျက်လုံး ထားလိုက်တာပေါ့နော်၊ (မှန်ပါ့)၊ ခြေထောက် ကျိုးနေ ရင်လည်း မရောက်ဘူး၊ မျက်လုံး ချည်း သက်သက်လည်း (မရောက်ပါ ဘုရား)၊ မရောက်ဘူး။

ညီညွတ်ရင်ခန္ဓာစွန့်ပြီးနိဗ္ဗာန်ရောက်မယ်

ခြေထောက်ရော- မျက်လုံးရော ညီညီညွတ်ညွတ် ရှိခဲ့လို့ ရှိရင်ဖြင့်တဲ့၊ ဒီခန္ဓာစွန့်ပြီး နိဗ္ဗာန် ရောက်မယ်၊ သဘောကျပလား (မှန်ပါ့)။

ဒီခန္ဓာစွန့်ပြီးမှ ဒါလည်း နိဗ္ဗာန်ဖြစ်မယ်၊ နို့မဟုတ်လို့ ရှိရင် ခန္ဓာကြီးနဲ့ ဒုက္ခသစ္စာကြီးနဲ့တော့ နိဗ္ဗာန်က လက်မခံဘူး (မှန်ပါ့)၊ ခံနိုင်ပါ့မလား (မခံနိုင်ပါ ဘုရား)။

ဒါဖြင့် ဒီလိုမှတ်ကြပေတော့၊ စရဏနဲ့ ဝိဇ္ဇာ စုံတဲ့ ပုဂ္ဂိုလ်ဟာ မြင်တော့ မြင်ရပြီနော်၊ (မှန်ပါ့)၊ မြင်ပင်မြင်ငြား သော်လည်း ဥပဒေ မညီသေးလို့ သူ့ကို နိဗ္ဗာန်က လက်မခံသေးဘူး၊ ဥပဒေ မညီ သေးလို့နော် (မှန်ပါ့)။

ဘာဥပဒေ မညီသတုံးဆိုတော့ သူဟာ ဥပါဒါနက္ခန္ဓာ ကြီးရှိနေသေးတယ်၊ သဘောပါပလား (ပါပါပြီ ဘုရား)။

ဘယ်လိုမှတ်ကြမယ် (ဥပါဒါနက္ခန္ဓာကြီးရှိနေပါသေး တယ် ဘုရား)၊ ဥပါဒါနက္ခန္ဓာ ဆိုတာ ယခု ခန္ဓာကြီးပေါ့ကွာ၊ ကိလေ သာ မရှိငြား သော်လည်း ဒီဟာကြီးက ဥပါဒါနက္ခန္ဓာပဲ သူရှိတယ်။ ဥပါဒါန်၏ အာရုံ ဖြစ်နေသေးတာပဲ (မှန်ပါ့)၊ မဖြစ်ဘူးလား (ဖြစ်ပါ တယ် ဘုရား)။

အင်မတန်လှတဲ့မာဂဏ္ဍီ

ဥပါဒါန်၏ အာရုံဖြစ်တယ်- မဖြစ်တယ် ဘုန်းကြီးရှင်းပြ မယ်နော် (မှန်ပါ့)၊ မာဂဏ္ဍီ ပုဏ္ဏားကြီး၏ သမီးကလေး သူကလေးဟာ အင်မတန်ချော, အင်မတန်လှပါတယ် (မှန်ပါ့)။

မာဂဏ္ဍီဆိုတဲ့ ဒကာမကလေးက အင်မတန်ချော၊ အင်မ တန်လှ နေတော့ ပုဏ္ဏားက သူ့သမီး ကြည့်ပြီး အင်မတန် ဘဝင် မြင့်နေတယ်၊ ငါ့သမီးကို တော်တော့လူနဲ့ မပေးစားနိုင်ဘူး ဆိုပြီး ပုဏ္ဏားက ဘဝင် မြင့်နေတယ် (မှန်ပါ့)။

သူက ဗေဒင်တတ်တယ်၊ ဗေဒင်တတ်တော့ စက် လက္ခဏာတွေ ကြည့်ဦးမယ်၊ စက်လက္ခဏာ နဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ် ဆိုရင် သူ့သမီးနဲ့ ပေးစားမယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါ ပြီ ဘုရား)။

ပုဏ္ဏားလင်မယားကျွတ်တမ်းဝင်မှာမြင်တယ်

ဒါနဲ့ ဘုရားကလည်း ဒီပုဏ္ဏား လင်မယားတော့ ကျွတ် တမ်းဝင်စရာမြင်တယ်၊ သူ့သမီး မာဂဏ္ဍီကတော့ဖြင့် အပါယ် ကျ စရာ မြင်တယ်၊ သို့သော် နှစ်ယောက်ကတော့ ကယ်တင်ရ မှာပဲ၊ တစ်ယောက်တော့ သူ့အကြောင်းနဲ့သူ မတတ်နိုင်ဘူး ဆိုပြီး ဘုရားက ပုဏ္ဏားအိမ်ဘက် ဆွမ်းခံသွားပြီး ခြေရာ ချလိုက်တယ်၊ ပုဏ္ဏားအိမ်သွားပြီး ခြေရာချတယ်၊ ခြေရာက ဘုရားက ထင်စေချင်မှ ထင်တာကိုး (မှန်ပါ့)၊ မထင်စေချင်ရင် မထင်ဘူး။

ဒါနဲ့ ပုဏ္ဏားကလည်း သားသမက်လောင်း ရှာနေတယ် တဲ့၊ ခြေရာလျှောက်ရှာပြီး နေတော့ ဒီခြေရာကို သွားပြီး တွေ့တယ်၊ (မှန်ပါ့)။

ခြေတော်ရာချခဲ့တယ်

ဒါနဲ့ သူ့ပုဏ္ဏမကို သွားပြောတယ်၊ ဟေ့ တို့ဗေဒင် ကျမ်းနဲ့ညီတဲ့ သားမက်လောင်းတော့ တွေ့ပြီကွ ဘယ့်နှယ် နေလို့တုံး မေးတော့ အို စက်လက္ခဏာတွေ စုံနေတာပဲ၊ တို့ သမီးကလည်း ဒီလိုပုဂ္ဂိုလ်မျိုးနဲ့မှ တန်တယ်၊ ဒါမှ ပေးစားနိုင်တယ်၊ ပုဏ္ဏားက ဖြစ်နေတာပေါ့လေ့ (မှန်ပါ့)။

ပုဏ္ဏမကတော့ ပါးတယ်၊ မဟုတ်သေးဘူး၊ အခု သင်ပြောတဲ့ခြေရာ အတိုင်းဆိုရင် ဒီခြေရာက ကိလေသာကုန် ခန်းတဲ့ခြေရာပဲ၊ ပုဏ္ဏမက ပါးတယ်၊ ကိလေသာ မရှိဘူး သူ့မှာ ဘယ်မှာ ပေးစားလို့ ရလိမ့်မလဲ (မှန်ပါ့)။

ပုဏ္ဏားကခြေရာခံပြီးလိုက်တယ်

ဟာ နင်မသိပါဘူး၊ ပုဏ္ဏားက အော်တာပါပဲ၊ နင် မသိဘူး၊ ဒါနဲ့ ဘုရားသခင် ကိုယ်တော် မြတ်ကြီးထံ ခြေတော်ရာ ချပြီး တစ်နေရာမှာ သွားပြီး နေလိုက်တယ်၊ ပုဏ္ဏားက ခြေရာခံပြီး လိုက် လာတယ်၊ ပုဏ္ဏမကိုလည်း သူ-အော်ပစ်ခဲ့တယ် နင်မသိ ပါဘူးလို့ ပုဏ္ဏမက မှန်နေတာ မှန်တာက (မှန်ပါ့)၊ ဒီဥစ္စာ အာသဝေါကုန်ပြီးသား ပုဂ္ဂိုလ်၏ခြေရာတဲ့၊ ဒီခြေရာသေးတာ မဟုတ်ဘူးတဲ့ (မှန်ပါ့)။

သူ့သမီးကို ထိန်းသိမ်းပါတဲ့

ဟာ နင်မသိဘူးဆိုပြီး အတင်းလိုက်တယ်၊ လိုက်တော့ ဘုရားနဲ့ သွားတွေ့တယ်၊ တွေ့တော့ ဘုရားသခင် ကိုယ်တော်မြတ်အား သူ့သမီးဟာ ဘယ်လို ပုဂ္ဂိုလ်တွေနဲ့မှ မပေး စားနိုင်ဘူးတဲ့၊ ဗေဒင်ကျမ်းမှာ ကြည့်လိုက်တဲ့ အခါ ဒီလိုပုဂ္ဂိုလ်နဲ့ မှ ပေးစားနိုင်တယ်၊ ဒါ့ကြောင့် သူ့သမီးကို ထိန်းသိမ်း ပါတဲ့ ပုဏ္ဏားက (မှန်ပါ့)၊ နားလည်းပလား (မှန်ပါ့)။

ဒါနဲ့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ပြောလိုက် တယ်၊ ငါဟာ မင်းရဲ့ လူဆိုတဲ့ ဒကာမကို မဆိုပါနဲ့၊ မာရ်နတ်မင်း ကြီး၏ သမီးတွေဖြစ်တဲ့ တဏှာတို့ ရာဂါတို့ ဆိုတဲ့ ပုဂ္ဂိုလ်တွေငါ့ကို လာပြီး ဖြားယောင်း ကြတာတောင် ခြေဖျား မတို့ပါဘူးတဲ့ ဘုရား က ပြောလိုက်တယ် (မှန်ပါ့)။

အပုပ် အရွဲတွေနဲ့ခန္ဓာကိုယ်

မင့် သမီး မာဂဏ္ဍီလို သုံးဆယ့်နှစ်ကောဋ္ဌာသ အပုပ်, အစွဲတွေနဲ့ ခန္ဓာကိုယ်ကြီးစုနေတဲ့ဥစ္စာ ဘယ်မှာ ငါသည် သိမ်း ပိုက်နိုင်မလဲတဲ့ ဘုရားက ပြောလိုက်တယ် (မှန်ပါ့)။

ဟိုမှာ သုံးဆယ့်နှစ်ကောဋ္ဌာသ မပြည့်စုံတဲ့ နတ်သမီးတွေ တောင်မှ ငါ- မပြစ်မှားခဲ့ဘူးတဲ့၊ ဒီမှာ သုံးဆယ့်နှစ်ကောဋ္ဌာသ ဆိုတဲ့ အညစ်အကြေးတွေ အသုဘကြီးတွေ ဘယ်မှာ ငါယူပါ့ မလဲ-တဲ့၊ ဘုရားက ပြောလိုက်တယ်။

မာဂဏ္ဍီ ရန်ညှိုးစဖွဲ့တယ်

မာဂဏ္ဍီက အဲဒီကတည်းက စပြီး ရန်ညှိုးဖွဲ့တာ (မှန်ပါ့)၊ ငါ့ကို ဒီလို ဆိုရမလားပေါ့လေ ပုဏ္ဏားသမီး၊ အဲဒီက စပြီး ရန်ညှိုး ဖွဲတာပဲ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အဲဒီတော့ နတ်သမီး နတ်သားများမှာတော့ မှတ် ထားကြပါ သုံးဆယ့်နှစ်ကောဋ္ဌာသ မစုံဘူးနော် (မှန်ပါ့)၊ ပုပ်တာ တွေ ရိတာတွေ သွေးတို့ ပြည်တို့ ဒါတွေ မရှိဘူး သူတို့မှာ သန့်သန့် ရှင်းရှင်း ပေါ့လေ (မှန်ပါ့)၊ ဒါ ဘုရားကပဲ ဖွင့်ချလိုက်တာနော် (မှန်ပါ့)။

နတ်သမီးတွေတောင်ခြေဖျားနဲ့မတို့ခဲ့

သုံးဆယ့်နှစ်ကောဋ္ဌာသ မပြည့်စုံတဲ့ နတ်သမီးတွေ တောင်မှ ငါ့-ခြေဖျားနဲ့ မတို့ဘဲနဲ့ သင့်မှာ သုံးဆယ့်နှစ် ကောဋ္ဌာသ ကြီး အပြည့်အစုံနဲ့ အသုဘထည်ကြီး ငါ့ကို လာလွှဲလို့ ဘယ်မှာ သာလျှင် ငါ-သိမ်းပိုက် နိုင်ပါ့မလဲလို့ ပြောလိုက်တော့ ပုဏ္ဏား လန့် သွားတာပေါ့လေ၊ အဲဒီမှာ သမီးကလည်း ကြားတော့ သမီးက ရန်ညှိုးဖွဲ့တယ်၊ ငါ- ဒါလောက်ချော, ဒါလောက်လှပြီး သကာလ – နေတဲ့ဥစ္စာ ငါ့ကို၊ ဒီလို ပြောရမလား ပေါ့လေ (မှန်ပါ့)၊ အံမာလေး ကြောက်စရာကြီးပါလား၊ ကြောက်စရာကြီးပဲ (မှန်ပါ့)။

နတ်နဲ့လူဘာထူးသတုံး

အဖွားကြီးတွေ ကြားရဲ့ လား (မှန်ပါ့)၊ ဒါဖြင့် နတ်နဲ့ လူ ဘာထူးသတုံး၊ မေးရင်ကော ဖြေတတ် ကြပလား (ဖြေတတ်ပါပြီ ဘုရား)၊ လူက သုံးဆယ့်နှစ်ကောဋ္ဌာသ စုံတယ်နော် (မှန်ပါ့)၊ နတ်က (မစုံပါ ဘုရား)၊ မစုံဘူးဆိုတာ ဘုရားကိုယ်တော် တိုင်ကလည်း ဖွင့်ပြီးပြောခဲ့တယ် (မှန်ပါ့)။

အဲဒီတော့ ဒီခန္ဓာကြီးမှာ သုံးဆယ့်နှစ်ကောဋ္ဌာသ အပုပ် အရွဲ ဒုက္ခသစ္စာကြီး ရှိနေတော့ အသုဘကြီးကို နိဗ္ဗာန်က လက်ခံ ပါ့မလား (မခံပါ ဘုရား)၊ မခံဘူး-တဲ့၊ ဒါ့ကြောင့် နိဗ္ဗာန်ဆိုတာက သုဘနိဗ္ဗာန်ကိုး (မှန်ပါ့)။

လူ့ခန္ဓာကိုယ်က အသုဘ ခန္ဓာကိုယ်ကိုး ရှင်းပလား (ရှင်း ပါပြီ ဘုရား)၊

အသုဘခန္ဓာဟုတ်တယ် မဟုတ်တယ် မင်းတို့ လေး သင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီ ဖြည့်ဆည်းပူး ပြီးသား ကိုယ်တော် မြတ်ကြီးပင် ဝမ်းလျှောပြီး, ပရိနိဗ္ဗာန် ပြုရတယ်၊ ကျင်ကြီးတွေ ပြင်ဘက် ရောက်လာတာ ကြည့်တော့ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့-ဝိဇ္ဇာ စရဏ စုံငြား သော်လည်း တတိယ အဖြေမှာ အသုဘခန္ဓာ လက်မခံဘူး-တဲ့ (မှန်ပါ့)၊ သွားတယ်၊ ရောက်ခါနီးတယ်, ရောက်တယ် မြင်ရတယ်၊ သို့သော် ဒီခန္ဓာချုပ် ငြိမ်းမှ ရောက်တယ် (မှန်ပါ့ ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါကြောင့် စုံပင်စုံငြားသော်လည်း မရောက်နိုင်ဘူးကွ၊ ပြောလိုက်တာကော သဘောပါပလား (ပါပါပြီ ဘုရား)၊

ဒါကတော့ ခန္ဓာဆုံးမှ ရောက်မယ်ဆိုတဲ့ အဓိပ္ပါယ်ပေါ့နော် (မှန်ပါ့)။

အသုဘခန္ဓာလက်မခံပါ

အသုဘခန္ဓာကြီးတွေ လက်ခံပါ့မလား (မခံပါ ဘုရား)၊ ဘာကြောင့်တုံးဆိုတော့ ဟိုက သုဘနိဗ္ဗာန်၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

သုဘဆိုတာ တင့်တယ်တာ၊ နိဗ္ဗာန်က ငြိမ်းအေးတာ၊ တင့်တင့်တယ်တယ်နဲ့ ငြိမ်းအေးတဲ့ နေရာကို သုဘခန္ဓာကြီးနဲ့ သွားပြီး ကျုပ်နေပါမယ်ဆိုလို့တော့ မဖြစ်ဘူးတဲ့ လက်မခံဘူး (မှန်ပါ့)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဝိဇ္ဇာစရဏပြည့်စုံလည်း မရောက်နိုင်သေးဘူး ခန္ဓာရှိနေရင် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

မြင်တော့ မြင်ရတယ်နော် အနီးကပ် ရောက်တယ်၊ နိဗ္ဗာန် အဖြစ်သို့တော့ ရောက်ပလား (မရောက်သေးပါ ဘုရား)၊ မရောက်သေးဘူး၊ ဘာဖြစ်လို့တုံး ဆိုတော့ အသုဘ ခန္ဓာခံနေ တယ် (မှန်ပါ့)၊ သုဘနိဗ္ဗာန်က အသုဘနဲ့ မတွဲနိုင်ဘူး (မှန်ပါ့)၊ တွဲနိုင်သေးရဲ့လား (မနိုင်ပါ ဘုရား)၊ မတွဲနိုင်ဘူး ဆိုတာကော သေချာပလား (သေချာပါပြီ ဘုရား)။

ဒါဖြင့် တတိယပုစ္ဆာကော ပြေပလား (ပြေပါပြီ ဘုရား)၊ ဝိဇ္ဇာနဲ့ စရဏပြည့်စုံတိုင်း နိဗ္ဗာန် မရောက်သေးဘူးကွ တဲ့၊ (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဝိဇ္ဇာစရဏ မပါဘဲနဲ့ ရောက်သလားလို့ ထပ်မေးတယ်၊ ဘောက်ဆန်ဆန် မေးတာပဲနော် (မှန်ပါ့)။ ဝိဇ္ဇာစရဏ မပါဘဲနဲ့တော့ ဒုက္ခအဆုံး ရောက်ပါ့မလား ဆိုတော့ ဒီလိုဆိုရင်ကွာ ပုထုဇဉ်လည်း နိဗ္ဗာန် ရောက်ကုန်မှာပေါ့၊ ဖြေလိုက် ပြီ (မှန်ပါ့)။

ပုထုဇဉ်တွေ ဘာတုံး (နိဗ္ဗာန်ရောက်ကုန်မှာပေါ့)၊ နိဗ္ဗာန် ကို မုချ ရောက်ကုန်မှာပေါ့တဲ့၊ ဝိဇ္ဇာစရဏ မစုံဘဲသာ နိဗ္ဗာန်ရောက် မယ်ဆိုရင် ပုထုဇဉ်ဟူသရွေ့ အကုန်ရောက်မှာပဲ (မှန်ပါ့ ဘုရား)၊ မရောက်ချင်တဲ့ ပုဂ္ဂိုလ်တော့ မရှိပါဘူးကွတဲ့၊ ရောက်ချင် တဲ့ ပုဂ္ဂိုလ်တွေ ပါပဲတဲ့၊ သို့သော် ဝိဇ္ဇာစရဏ မပြည့်စုံတဲ့ အတွက် ဘယ့်နှယ်တုံး (မရောက်ပါ ဘုရား)။

အဲဒီတော့ ငါရှင်းရှင်းနဲ့လင်းလင်းပြောရလို့ရှိရင် မင်းတို့ မှတ်ထားပါတဲ့၊ ရှင်သာရိပုတ္တရာက ရှင်ဥပဝါဏကို အဖြေထုတ် လိုက်တယ်နော် (မှန်ပါ့)။

သီလသမာဓိဟာပျက်ရင်အမှန်ကိုမသိ

ဘယ်လို အဖြေထုတ်လိုက်သတုံး ဆိုတော့ “စရဏဝိပလ္လာသဿ ဝိဇ္ဇာ ယထာဘူတံ န ဇာနာတိ” စရဏ ဝိပလ္လာသဿ =စရဏဖောက်ပြန်နေသောပုဂ္ဂိုလ်အား၊ (ဝါ) စရဏမပါဘဲ၊ (ဝါ) စရဏပျက်နေသော ပုဂ္ဂိုလ်အားတဲ့၊ စရဏပျက်နေတယ်တဲ့၊ သီလသမာဓိ ပျက်နေတယ်တဲ့၊ (မှန်ပါ့)၊ ယထာဘူတံ နဇာနာတိ – တဲ့၊ ဟုတ်တိုင်း မှန်စွာကို မသိပါဘူး-ကွာတဲ့၊ မရပါဘူးတဲ့၊ စရဏ ပျက်နေလို့ ရှိရင် ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သီလဖြူစင်ပါစေ

ဒါဖြင့်ခင်ဗျားတို့ သီလလည်းဖြူစင်ပါနော် (မှန်ပါ့)၊ သမာဓိအလုပ်ကလည်း တွဲပြီးတော့ ဘုန်းကြီးက ပေးထားတဲ့ အတွက် တွဲလျက်ပဲပါသွားတယ် (မှန်ပါ့)။

ဒါကြောင့်မင်းတို့နေတဲ့ အခါကျတော့ မဂ္ဂင်ငါးပါးမပါ ဘူးလား (ပါ-ပါတယ် ဘုရား)၊ ပါတော့ သမာဓိမဂ္ဂင်က သုံးပါး ပညာမဂ္ဂင် နှစ်ပါးကပါပြီးသား မနေဘူးလား (နေပါ တယ် ဘုရား)။

အဲဒါကြောင့် ဘုန်းကြီးပေးထားတဲ့ အလုပ်ကတော့ဖြင့် ဒကာ ဒကာမတွေ ဪ – သမာဓိနဲ့ ပညာကို တွဲပေးထား တာကိုးနော် (မှန်ပါ့)၊ ကိုယ်က သီလလုံဖို့ရာ ကလေးတစ်ခုပဲ လိုတော့တာပဲ ဆိုတော့ ရှင်းမသွားဘူးလား (ရှင်းသွား ပါတယ် ဘုရား)။

ဖြစ်ပျက်မြင်ရင်သမထပါပြီ

ကိုယ်မှာဘာလိုနေသ (သီလလိုနေပါတယ် ဘုရား)၊ ဝိပဿနာ လုပ်နေလို့ ရှိရင် ဖြစ်၊ပျက်မြင် နေလို့ရှိရင်ဖြင့် ဒကာ ဒကာမတွေက မှတ်လိုက်၊ သမထနဲ့ ဝိပဿနာ ပါပြီ၊ သမာဓိ မတည်ကြည်ဘဲနဲ့ ဖြစ်ပျက် မြင်ပါ့မလား (မမြင်ပါ ဘုရား)၊ မမြင်နိုင်တော့ ဪ – သမထနဲ့ ဝိပဿနာတော့ ဆရာဘုန်းကြီးက တွဲပေးထားတယ်၊ တို့က သီလကလေး လုံခြုံ အောင်တော့ဖြင့် ကိုယ်ရေး ကိုယ်တာကို ကိုယ့်ဟာကိုယ် စောင့် ရှောက်မှပဲ ဆိုပြီး သီလလုံခြုံအောင်တော့ ကိုယ့်ဟာကိုယ်စောင့် ရှောက်ပေါ့ဗျာ (မှန်ပါ့)

အလုပ်ကတော့မှန်နေပြီ

ငါးပါးဖြင့် ငါးပါးစောင့်ရှောက်ပေါ့။ ရှစ်ပါးဖြင့် ရှစ်ပါး စောင့်ရှောက်ကြပေါ့၊ ဆယ်ပါးဖြင့် ဆယ်ပါး စောင့်ရှောက်ကြပေါ့ ကိုယ်ကြိုက်ရာ စောင့်ရှောက်၊ နို့မဟုတ်ရင်ဖြင့် စရဏ ပျက်သွား မှာ စိုးရတယ်၊ သီလနဲ့ သမထက စရဏနော် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဒကာ-ဒကာမတွေ တို့လုပ်နေတဲ့ အလုပ်ဟာ မှန်တော့မှန်ပြီဟေ့၊ တစ်ခုကလေးသာ သတိထား ရလိမ့်မယ်၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)၊ တစ်ခုကလေးက ဘာတုံး (သီလ)၊ သီလကလေး တော့ဖြင့် ဖြူစင်အောင် ပေါ့လေ နော် (မှန်ပါ)။

ဘုန်းကြီးများကတော့ ဒေသနာကြားရတယ်

အလုပ် မလုပ်ခင် တစ်နာရီလောက်ကစပြီး သီလဖြူစင် အောင်လုပ်ပြီး သကာလ ထားလိုက်တဲ့ အခါ ဘုန်းကြီးများလို ခင်ဗျားတို့က မခက်ပါဘူး၊ ဘုန်းကြီးများကတော့ တစ်ခုသော အာပတ်သင့်တယ် ဆိုရင် ဒေသနာ မကြားရင် ရကို မရဘူး (မှန် ပါ့)၊ ဒေသနာမကြားရင် ဒီသီလဟာ တစ်ခါတည်း တောက်လျှောက် ပျက်နေတော့တာပဲ (မှန်ပါ့)၊

လူကတော့ ဒီလို မဟုတ်ပါဘူး၊ ဒါ မလုပ်တော့ပါဘူး ဆိုရင် ပြီးသွားတာပဲ (မှန်ပါ့)၊ ဘုန်းကြီးများ ကတော့ ဒီလိုနဲ့မပြီးသေးဘူး၊ ရဟန်းတစ် ပါး ရှာရသေးတယ် (မှန်ပါ့)၊ ရှာပြီးတော့ အရှင်ဘုရား၊ တပည့်တော် နောက် ဒီလိုမလုပ်ပါဘူးလို့ တောင်းပန် ပြောရမည့်သူကို ရှာရသေးတယ် (မှန်ပါ့ ဘုရား)၊ မရှာရဘူးလား (ရှာရပါ တယ် ဘုရား)။

ခင်ဗျားတို့က ဒီလိုရှာစရာရှိသေးရဲ့ လား ဟာ-အခုလုပ် နေတဲ့ နာရီအတွင်း ဘယ်နည်းနဲ့မှ ကျုပ်မလွန်ကျူးတော့ဘူး ဆိုရင် ခင်ဗျားတို့က ပြီးသွားတာပဲ (မှန်ပါ့)၊ ဘုန်းကြီးများကတော့ ရကို မရဘူး (မှန်ပါ့)။

လူထွက်ရမှာဖြင့် လူထွက်

ဒေသနာကြားမှ ရမှာဖြင့် ဒေသနာကြား၊ ဝတ်စောင့်ရ မှာဖြင့် ဝတ်စောင့်၊ လူထွက်ရမှာဖြင့် လူထွက် (မှန်ပါ့)၊ လူထွက်မှရတဲ့ သိက္ခာပုဒ်ကလည်း ရှိသေးတယ်၊ လူထွက်ပြီးတော့ ပျောက်သွား တာပဲ (မှန်ပါ့)၊ ဒီလိုသိက္ခာပုဒ်ကလည်း ရှိသေးတယ် ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ယနေ့တရားမှာ အသားထုတ်ပြီး သကာလ ယူစရာက စရဏပျက်ရင် ဝိဇ္ဇာက မှန်ကန်စွာ မသိဘူး၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

စရဏပျက်ရင် (ဝိဇ္ဇာက မှန်ကန်စွာ မသိပါ ဘုရား)၊ ဝိဇ္ဇာက မှန်ကန်စွာ မသိဘူးတဲ့၊ ဖြစ်, ပျက်ကို မှန်ကန်စွာ မတွေ့ နိုင်ဘူး (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘုန်းကြီးတွေမှာသိပ်အရေးကြီးနေတယ်

ဒုက္ခသစ္စာကို မှန်မှန်ကန်ကန် မတွေ့နိုင်ဘူး။ ဘာဖြစ်လို့ ကျုပ်- မတွေ့သေးပါလိမ့်မတုံး မေးလို့ ရှိရင်ဖြင့် စရဏပျက်နေပြီ ဟေ့၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)၊ နောက်က ကိုယ်တော်တွေ

ကော ရှင်းကြရဲ့လား၊ ဒီနေ့ ဘုန်းကြီးတွေ အတော် ပါတယ်၊ ဒီအထဲမှာ ဘုန်းကြီးတွေမှာ သိပ်အရေးကြီး နေတယ်နော် (မှန်ပါ့)။

အဲဒီတော့ စရဏပျက်နေရင် ဝိဇ္ဇာဟာ ဟုတ်တိုင်းမှန်စွာ မသိဘူးတဲ့၊ သီလ, သမာဓိ ပျက်နေလို့ ရှိရင် ဝိဇ္ဇာ ဆိုတဲ့ မဂ်ဉာဏ် သည် အမှန်ကို မမြင်နိုင်တော့ဘူး၊ မြင်နိုင်သေးရဲ့လား (မမြင် နိုင်ပါ ဘုရား)။

ဒါဖြင့် ခြေကျိုးနေလို့ မြင်လို့တောင်မှ မပြင်နိုင်ပြန်ဘူးဆို တဲ့ အဓိပ္ပါယ် ရောက်တယ်၊ မှန်မှန်ကန်ကန် မမြင်ပြန်ဘူး၊ ခြေကျိုး နေတဲ့အတွက် (မှန်ပါ)။

ရယ်စရာမောစရာရှောင်ပါ

ဒါဖြင့် အရေးမကြီးဘူးလား (ကြီးပါတယ် ဘုရား)၊ နောက်က ဒကာ ဒကာမတွေ (ကြီးပါတယ် ဘုရား)၊ ဪ နက်ဖြန်က စ,ပြီး ဆရာဘုန်းကြီးက ဒီတရား ဟောလိုက်တဲ့ အတွက် နက်ဖြန် ဘယ်အချိန်က ဘယ်အချိန်ဖြင့် ငါသည် ဘယ်စကားမျိုး ကိုမှ ထုံးစံ အတိုင်းသာ ပြောတော့မယ်၊ ရယ်စရာ, မောစရာတွေ ဘာတွေ အစရှိသည်တို့ကို ဒီအချိန် ရှောင်ပြီး သကာလ ကိုင်း ကြိုးစားပါတော့မယ် ဆိုရင် ကြဉ်ရှောင်ပြီးတဲ့ စိတ်ကလေးနဲ့ သွားပြီး ကြိုးစားလိုက် ကမ္မဋ္ဌာန်း ကျောင်းကို မင်းတို့ အိမ်ပေါ်မှာလည်း ဒီအတိုင်းပေါ့ကွာ (မှန်ပါ့)။

သီလစောင့်ထိန်းပြီးတရားထိုင်ပါ

ကဲ-ဒီနာရီနဲ့ ဒီနာရီဖြင့် သီလကို ငါးပါးသီလဖြင့် ငါးပါး သီလကို ဆောက်တည်ပြီး ဒီအချိန်မှာဖြင့် ဘယ်ဟာမှ မလွန်ကျူးတော့ဘူး ဆိုပြီး ထိုင်လိုက်ပါနော် (မှန်ပါ့)၊ ဒီလိုဆိုတော့ မြန်မြန် ကြီး ခရီး မပေါက်ပေဘူးလား (ပေါက်သွားပါတယ် ဘုရား)။ ဘာ့ကြောင့်တုံး စရဏ မပျက်လို့ ဝိဇ္ဇာ ထက်တယ်၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

စရဏမပျက်ရင် (ဝိဇ္ဇာထက်ပါတယ် ဘုရား)၊ စရဏပျက် ရင် (ဝိဇ္ဇာမထက်ပါ ဘုရား)၊ ဝိဇ္ဇာ နုံတယ် (မှန်ပါ့)။

စရဏပျက်ရင် (ဝိဇ္ဇာနုံပါတယ် ဘုရား)၊ စရဏထက်ရင် (ဝိဇ္ဇာထက်ပါတယ် ဘုရား)၊ အဲ စရဏ မပျက်ရင် ဝိဇ္ဇာထက် တယ်၊ ဒါကလေး သေသေချာချာမှတ်ပါ၊ ဒီတရားမှာ ဒါ လိုရင်းပဲ (မှန်ပါ့)။

စရဏမပျက်ရင်ဝိဇ္ဇာထက်တယ်

စရဏပျက်ရင် (ဝိဇ္ဇာနုံပါတယ် ဘုရား)၊ ဝိဇ္ဇာဟာတစ်ခါ တည်း ချို့သွားတာပဲ၊ နုံသွားတာပဲနော် (မှန်ပါ့)၊ စရဏမပျက်လို့ ရှိရင်ဖြင့် ဝိဇ္ဇာထက်ပါတယ်၊ စရဏပျက်လို့ရှိရင် ဝိဇ္ဇာနုံ ပါတယ် (မှန်ပါ့၊ နုံပါတယ် ဘုရား)၊ နုံလို့ရှိရင် ဟုတ်တိုင်းမှန်စွာ မမြင်ဘူး၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဒီတရား အရေးမကြီးဘူးလား (ကြီးပါတယ် ဘုရား)၊ ဒါဖြင့် နက်ဖြန်ကစ,ပြီး ပြင်စရာ, ဆင်စရာတွေကို ဆရာ ဘုန်းကြီး ပေးလိုက်တာတွေကို သိကြပလား (သိပါပြီ ဘုရား)။

ဒါဖြင့် ဘယ့်နှယ်လုပ်ကြမယ် နက်ဖြန်ကျတော့ ပြင်ရမှာ ပေါ့၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ အဖွားငြိမ်းတို့ အဖွား မြတို့ ဘာလုပ်ကြမယ်၊ (ပြင်ရပါမယ် ဘုရား)၊ ပြင်ရမယ်။

ဝိပဿနာရှုပါ ချက်ချင်းပေါက်ထွက်သွားမယ်

ကိုင်း တို့ ကမ္မဋ္ဌာန်းကျောင်း သွားတော့မယ် ဟော သွားတဲ့အချိန်က စပြီးတော့ ရယ်စရာ, မောစရာ ဘာမှ မပြောတော့ပါဘူး၊ ဒီပြင် ဝိတက်တွေလည်း အဝင် မခံတော့ပါဘူး၊

ကာယကံ ဝစီကံတွေ လုံအောင် လုပ်ပါတော့မယ် ဆိုပြီး သကာလ မနောကံနဲ့ ဝိပဿနာ ရှုလိုက်ပါ ၊ ချက်ချင်း ပေါက်ထွက် သွားမယ် (မှန်ပါ့)၊ သဘောပါပလား (ပါ-ပါပြီ ဘုရား)၊ ရှင်းပြီးနော် (ရှင်းပါပြီ ဘုရား)။

ကဲ ယနေ့ ဒီတွင်တော်ကြဦးစို့။

သာဓု သာဓု သာဓု။