224

သာသနာနဲ့ဆရာကောင်းတွေ့တုန်းကြိုးစားကြ၊ ဒီခေတ်လွတ်သွားရင် သွားပြီ

အသံဖိုင်ခေါင်းစဉ်= သာသနာနှင့်ဆရာကောင်းတွေ့ခိုက်လုံ့လစိုက်ကြရန်

စာအုပ်ခေါင်းစဉ်= သာသနာနဲ့ဆရာကောင်းတွေ့တုန်းကြိုးစားကြ၊ ဒီခေတ်လွတ်သွားရင် သွားပြီ

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မိုးကုတ်မြို့၌

ဟောကြားသော တရားတော်

သာသနာနဲ့ဆရာကောင်းတွေ့တုန်းကြိုးစားကြ

ဒီခေတ်လွတ်သွားရင် သွားပြီ

ဟောကြားသည့်နေ့

(၈-၆-၆၂)

အားလုံး ဒကာ ဒကာမတွေမှာ အခုခန္ဓာကြီး ရထား တော့ မင်းဘေး, စိုးဘေး, သူခိုးဘေး ဆိုတာတွေကလည်း အမြဲကြောက်နေရတယ်၊ အိုဘေး, နာဘေး, သေဘေးကလည်း ရှိနေတယ်၊ ၉၆-ပါး ရောဂါဘေး တွေကလည်း ရှိနေတယ်လို့ ဆိုတဲ့ဥစ္စာ မောင်နိုင်တို့ မှတ်ရမယ် (မှန်ပါ့)။

ဘေးရန်က ဝိုင်းနေတယ်

အိုဘေး, နာဘေး၊ သေဘေး ကလည်း ရှိတယ်၊ ၉၆ပါး ကေကော ရှိပါတယ် ဘုရား)၊ မင်းဘေး, စိုးဘေး, သူခိုး ဘေးတွေ ကကော (ရှိပါတယ် ဘုရား)။

ရှိနေပြီး သကာလ နေတော့ ဒီခန္ဓာကြီးဟာ အလယ်က နေပြီး ဘေးတကာ ရန်တကာ ဝိုင်းနေတယ် ဆိုလို့ရှိရင်ဖြင့် မလွဲ ပါဘူး (မှန်ပါ့)။

ခန္ဓာရမှုကြောင့် အဝိုင်းခံရတာ

အဲဒီ ဘေးတကာ ရန်တကာ ဝိုင်းနေတယ် ဆိုလို့ရှိရင် ဖြင့် မလွဲတော့ ဪ ခန္ဓာရမှုကြောင့် အဝိုင်းခံရတာပဲ ဆိုတာ ပေါ်လာတယ် (မှန်ပါ့)။

ဦးဘကလေး ဘယ်လိုပေါ်လာသတုံး (ခန္ဓာရမှုကြောင့် ဘေးတကာ, ရန်တကာ ဝိုင်းပါတယ် ဘုရား)။

ဘယ်ခန္ဓာရရ၊ ဝိုင်းမှာပဲ (မှန်ပါ့)၊ ကိုစောမောင် ဘယ်ခန္ဓာရရ (ဝိုင်းရမှာပါပဲ ဘုရား) ဝိုင်းမှာပဲ၊ ၉၆-ပါးက ဝိုင်းလိုက် ဇာတိ, ဇရာ, မရဏ တွေက သုံးယောက်ပေါင်းပြီး သကာလ နှိပ်စက်လိုက်၊ မင်းတွေ, စိုးတွေ, သူခိုးတွေကလည်း နှိပ်စက်လိုက် ပေါ့ဗျ၊ ရာသီဥတု တွေကကော (နှိပ်စက်ပါတယ် ဘုရား)။

အနှိပ်စက်ခံက ခန္ဓာငါးပါး

နှိပ်စက်တော့ ခံရတဲ့လူက ခန္ဓာငါးပါးနော် နှိပ်စက် တဲ့ လူက မရေတွက်နိုင်ဘူး (မှန်ပါ့)။

နှိပ်စက်တဲ့လူက (မရေတွက်နိုင်ပါ ဘုရား)။

မရေတွက်နိုင်ဘူးလို့ ဆိုတော့ ဒကာ ဒကာမတွေက စဉ်းစားရမယ်၊ ဪ ခန္ဓာရတဲ့ အပြစ်ဟာ ဘေးတကာ, ရန်တကာ ဝိုင်းတဲ့ အပြစ်ပါကလားဆိုတာ မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။

ဒီအထဲကလည်း ဘေးတကာ ရန်တကာ ဝိုင်းတဲ့ အထဲ ကလည်း သူ့ဝမ်းထဲမှာ ရှိတဲ့ တဏှာက အမျိုးမျိုး ရှာကျွေးပါဦး ဆိုလို့ ဘေးတွေ ရန်တွေထဲ အတိုးခိုင်းတာကလည်း ပါလိုက် သေးတယ် (မှန်ပါ့)။

တဏှာ၊ မာန၊ ဒိဋ္ဌိက အတိုးခိုင်းတယ်

ဘေးတွေ ရန်တွေကလည်း ဝိုင်းလာတယ်၊ ဝိုင်းတဲ့ အထဲကိုပဲ ဝမ်းထဲမှာရှိတဲ့ တဏှာတို့ မာနတို့ ဒိဋ္ဌိတို့ကလည်း သွားသာသွားကွာ၊ လုပ်သာလုပ်ကွာ၊ သေချင်သေ ကျေချင် ဆိုပြီး တွန်းတဲ့ ဝမ်းထဲမှာရှိတဲ့ တဏှာ, မာန ဒိဋ္ဌိဆိုတဲ့ အကုသိုလ် တွေကလည်း ဝိုင်းတဲ့အထဲမှာပဲ အတိုးခိုင်းတယ် (မှန်ပါ့)။

ဒါဖြင့် အဝိုင်းခံရတဲ့အထဲ အတိုးခိုင်းပြန်တော့ သေမှ သေပါ့မလားဆိုတာ သံသယရှိဖို့ မလိုပါဘူး (မလိုပါ ဘုရား) လိုသေးသလား (မလိုပါ ဘုရား)။

ဘေးတွေ ရန်တွေကလည်း ဝိုင်းနေတဲ့အထဲမှာပဲ စီးပွားရှာတဲ့၊ သားဖို့ သမီးဖို့ ဆွေဖို့ မျိုးဖို့ ရှာတဲ့ ဆိုပြီး သကာလ သူက ဘေးတွေ, ရန်တွေထဲချည်း အတိုးခိုင်းတာပဲ၊ ဘေးတွေ, ရန်တွေ ကလည်း ခန္ဓာရလို့ ဝိုင်းနေတယ်၊ ရိပ်မိကြ ပလား (ရိပ်မိပါပြီ ဘုရား)။

ဒီအထဲ အတိုးခိုင်းတာက တဏှာ, မာန, ဒိဋ္ဌိကကော (အတိုးခိုင်းပါတယ် ဘုရား)။

ကိုစောမောင် ဘယ်ဟာ ကောင်းသတုံး (ဘယ် ဟာမှ မကောင်းပါ ဘုရား)။

ခန္ဓာရဲ့အပြစ်ဟာ တယ်ကြီးပါလား

အဲဒါကြောင့် အားလုံး ဒကာ ဒကာမတွေ ဪ ခန္ဓာအပြစ်ဟာ တယ်ကြီးပါကလား ရတုန်း ကလည်း ခန္ဓာ ငါးပါးကြီး ရတယ်။ ရ, ရချင်း ဇာတိ, ဇရာ, မရဏ နှိပ်စက်မည့် သူသုံးယောက်ကို ထမ်းပြီး သကာလ မွေးဖွားလာတယ်ဆိုရင် လည်း မလွဲပါဘူး (မလွဲပါ ဘုရား)။

ပြင်ဘက်ရောက်တော့ ဘေးတကာ, ရန်တကာတွေ ဝိုင်းပြီး သကာလ နေတာလည်း သူရှိလို့ ဝိုင်းနေကြတာ (မှန်ပါ့)။

မယုံရင် ကြည့်ပါလား ခင်ဗျားတို့၊ ခြင်ပေါတဲ့အရပ် ခြင်ကတောင် ဝိုင်းတယ်၊ မဝိုင်းဘူးလား (ဝိုင်းပါတယ် ဘုရား)။

ခြင်ကဝိုင်း, ယင်ကဝိုင်း, အမျိုးမျိုး ဥတုတွေက ဝိုင်းနဲ့ ဪ ခန္ဓာအပြစ်ဟာ တယ်ကြီး ပါကလား ဆိုတဲ့ဥစ္စာ မှတ်မိကြပေါ့ (မှန်ပါ့)။

ခန္ဓာကြီးက ဒုက္ခသစ္စာ

ဒါဖြင့် ဒီခန္ဓာကြီးသည်ကားလို့ ဆိုရင် ဘေးတကာ, ရန်တကာတို့၏ အနှိပ်စက်ခံပြီး သကာလ နေရတာ သူ့ကို ဘယ်လိုပဲ ပြောပြော မောင်နိုင် ဒုက္ခသစ္စာပဲ (မှန်ပါ့)။

ဘေးဝိုင်းခံရခြင်းကြောင့်လည်း (ဒုက္ခသစ္စာပါပဲ ဘုရား)။

ဒီထဲကနေပြီး တဏှာ, မာန, ဒိဋ္ဌိတို့က ဘေးထဲ ရန်ထဲကို အတိုးခိုင်းပြီး သကာလ နေသော ကြောင့်လည်း သမုဒယသစ္စာ ကလည်း မင်း ဒုက္ခဝိုင်းနေတာ ငါသိတယ်၊ အဲဒီဒုက္ခထဲ သမုဒယ သစ္စာက အတိုးခိုင်းဦးမယ်ဆိုတဲ့ ဥစ္စာလည်း သမုဒယသစ္စာ ကလည်း အတွန်းသမား သက်သက်ပဲ (မှန်ပါ့)။

သမုဒယသစ္စာက အတွန်းသမား

ဒါဖြင့် ဒုက္ခသစ္စာက အခံသမားသက်သက်၊ သမုဒယ သစ္စာက ဒကာ ဒကာမတို့ ဒီထဲကိုပဲ အတိုးခိုင်းတဲ့အထဲမှာ သူ အကြီးအကျယ်ခေါင်းဆောင်ပဲ ဆိုလို့ရှိရင်လွဲပါ့မလား (မလွဲပါ ဘုရား)၊ လောဘကလေ (မှန်ပါ့)။

တဏှာ၊ မာန၊ ဒိဋ္ဌိကလည်း ဘယ်အထဲတိုးခိုင်းပါလိမ့် (ဒုက္ခထဲအတိုးခိုင်းပါတယ် ဘုရား)။

ခုနင်က ဘေးတကာ ရန်တကာတွေဝိုင်းတဲ့အထဲ အတိုးခိုင်းတယ် (မှန်ပါ့)၊ ခန္ဓာကြီးကလည်း ရလာကတည်းက အန္တရာယ်မကင်းဘေးမရှင်းလို့ ဘေးတွေ ရန်တွေ အကုန် ဝိုင်းတယ် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဒီခန္ဓာကြီးဟာ ဒါကြောင့် ဘယ်သူအမြဲရှိတယ်။ ဘယ်သူ အမြဲတော်တယ်လို့ ကြားဖူး ကြရဲ့လား (မကြားဖူးပါ ဘုရား)။

မကြားဖူးပါဘူး။ တော်တော်ကြာ အိုဘေး၊ နာဘေး၊ သေဘေးက ဝိုင်းတာတစ်မျိုး၊ အဖျားအနာ ဆိုတဲ့ ၉၆-ပါးဘေး တွေက ဝိုင်းတာတစ်မျိုး ဖြစ်သောကြောင့် တော်တော်ကြာခန္ဓာ ပြောင်းပဟေ့ ခန္ဓာပျက်ပဟေ့ ဆိုတာ လူတိုင်းပဲ ကြား ရမယ် (ကြားရပါတယ် ဘုရား)။

ပြောင်းတယ် – ပျက်တယ်ဆိုတာ မကြားရဘူးလား (ကြားရပါတယ် ဘုရား)။

ဘယ်နှယ့်ကြောင့်ပြောင်းတယ်-ပျက်တယ်ဆိုတာ ကြားရပါလိမ့်မတုံးလို့ မေးတော့ ဪ သူကလည်း နှိပ်စက် ခံရမည့်တရားကြီး ရ-ထားခြင်းကြောင့် နှိပ်စက်လိုက်လို့ ပြောင်းပြီး ပျက်သွား တာပဲ ဆိုလို့ရှိရင် လွဲပါ့မလား (မလွဲပါ ဘုရား)။

ပျက်အောင်ဘယ်သူက တိုက်တွန်းပါလိမ့်

ပျက်အောင် ဘယ်သူက မြန်မြန်ပျက်အောင် ဘယ်သူက တိုက်တွန်း နှိုးဆော်ပါလိမ့်မလဲလို့ မေးတဲ့အခါကျတော့ သမုဒယ သစ္စာက အတွန်းသမားသက်သက် (မှန်ပါ့)။

သမုဒယသစ္စာက (အတွန်းသမား သက်သက်ပါ ဘုရား)။

အဲ သူကလည်း ဘေးတကာ ရန်တကာတွေ ဝိုင်းတဲ့အထဲ မင်း တိုးသာ တိုးပါကွာ၊ မဖြစ်နိုင်ပါဘူး ပြောလျက်ပဲ (မှန်ပါ့)။

မဖြစ်နိုင်ဘူးပြောလျက်နဲ့ ကိုပေါ်တို့ လူစု ခိုင်းလို့ပဲ အမျိုးမျိုး သေကြ-ကျေကြတာတွေ့လည်း တွေ့ဖူးပါပြီ (မှန်ပါ့)။

ဒါဖြင့် ဒီသစ္စာနှစ်ပါးသည် ကျုပ်တို့၏ ရန်သူ သစ္စာ နှစ်ပါး (မှန်ပါ့)။

ဒီသစ္စာနှစ်ပါးဘယ်လိုဆိုကြမယ်

ဒီသစ္စာနှစ်ပါး ဘယ်လိုဆိုကြမယ် (ရန်သူသစ္စာနှစ်ပါး ပါ ဘုရား)။

ခန္ဓာကြီး က ဒုက္ခသစ္စာကလည်း ဘေးတကာ ရန် တကာ ဝိုင်းပြီး အနှိပ်စက်ခံရသောကြောင့် ဒုက္ခသစ္စာ၊ အဲ အနှိပ်စက်ခံနေရတဲ့ အထဲကမှ ဝိုင်းပြီး ခံရအောင် နှိပ်စက်တဲ့ အထဲလည်း တိုးဦးကွလို့ ပြောတာက သမုဒယသစ္စာ (မှန်ပါ့) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် သမုဒယသစ္စာက အတိုးခိုင်း၊ ဒုက္ခသစ္စာက ဘေးက ဒုက္ခတွေက ဝိုင်းပြီး ဒီခန္ဓာနှိပ်စက် (မှန်ပါ့)။

ဒါဖြင့် ဒကာ ဒကာမတို့ အတွင်းအပြင် ခံနေရတယ် (မှန်ပါ့)။

အတွင်းအပြင်နှိပ်စက်ခံနေရတယ်

ပြင်ဘက်က နှိပ်စက်တာလည်း ကိုစောမောင် (ခံရပါတယ် ဘုရား) အတွင်းက တွန်းပေးလို့ နှိပ်စက်နေတာကော (ခံရပါတယ် ဘုရား)။

အနှိပ်စက်ခံရတာကလည်း ရှိပြီး သကာလ နေတော့ ဒီသစ္စာနှစ်ပါးကို ခင်ဗျားတို့ ပယ်နိုင် ရှားနိုင်မှ ကျန်သစ္စာ နှစ်ပါး ရမယ်(မှန်ပါ့)။

သေသေချာချာမှတ်ပါ ဒကာ ဒကာမတို့ ဒါ သဘောတွေကို ပြောနေပါတယ်။

ဒီသစ္စာနှစ်ပါး ပယ်နိုင်, ရှားနိုင်မှ နိရောဓ နဲ့ မဂ္ဂသစ္စာ ရမယ် (မှန်ပါ့)။

ဒုက္ခနဲ့ သမုဒယကို ပယ်နိုင်, ရှားနိုင်မှ နိရောဓနဲ့ မဂ္ဂ ရမယ် ဦးဘအုန်း၊ သဘောကျရဲ့လား (ကျပါတယ် ဘုရား)၊ မောင်အောင် သိန်းတို့ သဘောကျရဲ့လား (ကျပါတယ် ဘုရား)။

ဘယ်နှစ်ပါး ပယ်ရမှာပါလိမ့်(နှစ်ပါးပယ်ရမှာပါ ဘုရား)။

သမုဒယနဲ့ ဒုက္ခကို ကိုစောမောင် ပယ်ရမယ်၊ နိရောဓနဲ့ မဂ္ဂကို သိမ်းပိုက်ရမယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။

သမုဒယနဲ့ ဒုက္ခကို (ပယ်ရမှာပါ ဘုရား) နိရောဓနဲ့ မဂ္ဂ ကို (သိမ်းပိုက်ရပါမယ် ဘုရား)။

နိရောဓနဲ့ မဂ္ဂကို သိမ်းပိုက်ရမယ်

ကဲ နိရောဓနဲ့ မဂ္ဂကို သိမ်ပိုက်ရမယ်၊ သေသေ ချာချာ မှတ်ထားကြပါတဲ့၊ ဪ အခု တို့ခန္ဓာ ထဲမှာ မွေးကတည်းက ရှိတာက ခန္ဓာက ဒုက္ခသစ္စာရှိတယ်၊ စားချင် သောက်ချင် အိမ်ထောင်ပြုချင်တဲ့ သမုဒယသစ္စာ၊ ကျုပ်တို့မှာ ပါလာတာက ပယ်ရမည့် သစ္စာနှစ်ပါးပဲ ပါလာတယ် (မှန်ပါ့)၊ တကယ့်ကို ကိုယ့်မှာ ကျေးဇူးများမည့် သစ္စာနှစ်ပါးက မပါလာ ဘူး (မှန်ပါ့ မပါ-ပါ ဘုရား)။

တယ် နစ်နာပါကလား (နစ်နာပါတယ် ဘုရား) သေသေချာချာ ဉာဏ်နဲ့ စဉ်းစားတော့မှ ဪ အမွေးလွဲ အနေလွဲဆိုတာဖြင့် ပေါ်လာတယ် (မှန်ပါ့)။

ခင်ဗျားတို့ အခု သေသေချာချာစဉ်းစားကြည့်၊ တရား သာ အားမထုတ်နဲ့ ဘယ်သစ္စာနှစ်ခုနဲ့ နေရသတုံး (ဒုက္ခနဲ့ သမုဒယပါ ဘုရား)။

လောင်စာနဲ့မီးနဲ့နေရတယ်

သမုဒယ သစ္စာရယ်၊ ဒုက္ခသစ္စာရယ် ဒီနှစ်ခုနဲ့ နေရတယ် (မှန်ပါ့)။

သမုဒယသစ္စာလည်း ဘုရားရှင် ကိုယ်တော်မြတ်ကြီး ဟောတော့ မီးဟေ့-တဲ့၊ မဟောဘူးလား (ဟောပါတယ် ဘုရား) ဒုက္ခသစ္စာလောင်စာကွ-တဲ့၊ ဒီလိုလည်း ဟောသေးတယ် (မှန်ပါ့)။

အဲဒီတော့ မီးနဲ့ လောင်စာနဲ့သာ အမြဲနေရတာပဲ မဟုတ်ဘူးလား (မှန်ပါ့)၊ မီးငြိမ်းဖို့နဲ့ မီးငြိမ်းတဲ့ တရားနှစ်ခုနဲ့ မနေရဘူး။

မီးငြိမ်းတာက နိရောဓသစ္စာ၊ ငြိမ်းပေးတာက မဂ္ဂသစ္စာ (မှန်ပါ့)။

မီးငြိမ်းပေးတာက မဂ္ဂသစ္စာ

ငြိမ်းတာက နိရောဓသစ္စာ၊ ငြိမ်းပေးတာက မဂ္ဂသစ္စာ၊ အဲဒီ သစ္စာနှစ်ပါးက မပါဘူး၊ ပါလာရဲ့လား (မပါ-ပါ ဘုရား)။

ဒီသစ္စာနှစ်ပါးက မပါလာ၊ ကိုယ်မကြိုက်တဲ့ အရုပ်ဆိုး နှစ်ခုကတော့ ရှိနေတယ် (မှန်ပါ့) ဘယ်လောက် ကြောက်စရာ ကောင်းတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဆရာပြောပေးလို့ သစ္စာနှစ်ခုပေါ်တာ

ဒါဖြင့် ခုလို သာသနာတွင်း ပြောပေး, ဆိုပေးမည့် ဆရာသမား ကလည်းရှိ ဒီလိုရှိတဲ့အခါမှသာ ဟိုသစ္စာနှစ်ပါးက ပေါ်လာတာ (မှန်ပါ့) နို့မဟုတ်ရင် ဘယ်တော့မှ မပေါ်တော့ ဘူး (မှန်ပါ့)။

ဒါဖြင့် ဒီလို ဆရာသမားကလည်း မရှိ၊ သာသနာတွင်း ကလည်း မကြုံတော့ဘူး ဆိုတော့ မောင်နိုင်- ဘယ်သစ္စာ နှစ်ပါးနဲ့ အဖော်လုပ်နေရသလဲ (သမုဒယနဲ့ ဒုက္ခသစ္စာ အဖော်လုပ်နေ ရပါတယ် ဘုရား)။

အသေတွန်းမည့်တရား၊ အသေခံမည့် တရား ဒီနှစ်ခုနဲ့ ပေါင်းနေရတယ် (မှန်ပါ့)။

အသေတွန်းမည့်တရား၊ အသေခံရမည့်တရား

အသေတွန်းမည့် တရားက သမုဒယသစ္စာ၊ အသေ ခံရမည့် တရား ခန္ဓာငါးပါး ဒုက္ခသစ္စာ တရား၊ ဒီနှစ်ခုနဲ့သာ ဒကာ ဒကာမတွေမှာ နေ့တိုင်း အချိန်ကုန်ခဲ့တယ်၊ ဘဝတိုင်း အချိန် ကုန်ခဲ့တယ် ဆိုတဲ့ဥစ္စာ မောင်နိုင်-ရှင်းမသွားဘူးလား (ရှင်းသွားပါတယ် ဘုရား)။

ဘယ်သစ္စာနှစ်ပါးနဲ့ သာ ကျုပ်တို့က နေခဲ့ရသလဲ (သမုဒယ သစ္စာနဲ့ ဒုက္ခသစ္စာပါ ဘုရား)၊ သမုဒယနဲ့ ဒုက္ခနဲ့ပဲ နေခဲ့ရတယ်ဆိုတာ သေချာကြပလား (သေချာပါပြီ ဘုရား)။

နိရောဓနဲ့ မဂ္ဂဆိုတာ မျှော်မှန်းလို့ တောင်မှ မသိဘူး (မှန်ပါ့) ဦးဘလေး ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

သာသနာတွင်း ဆရာကပြောလို့

ဒီခေတ် ဒီအခါကြီးမှာ ဒကာ-ဒကာမတွေ ကျကျနန အခု သာသနာတွင်း ဆရာသမားကလည်း ပြော၊ ဒီအခါမှာ ခုနင်က သိမ်းပိုက်ရမည့် သစ္စာနှစ်ခုကို ကိုယ်ပိုင်ရလို့ရှိရင်ဖြင့် ခင်ဗျားတို့ ဒုက္ခဇာတ်ဖြင့် ဆက်စရာမရှိဘူး သိမ်းပြီ၊ နို့မဟုတ်လို့ ရှိရင် ကိုယ်-မသိမ်းနိုင်ဘူး (မှန်ပါ့)။

ကိုင်း ဒီသစ္စာ လွတ်သွားရင် ကိုစောမောင် ဘယ့်နှယ်တုံး သွားပြီ (သွားပါပြီ ဘုရား)။

တစ်ခါတည်း ပြောပေးမည့် ဆိုပေးမည့် ကလျာဏမိတ္တ ဆိုတဲ့ သူတော်ကောင်းနဲ့လည်း လွဲသွားပြန်ပြီ (မှန်ပါ့)၊ မသွား ဘူးလား (သွားပါပြီ ဘုရား)။

ဒါဖြင့် ဦးဘကလေး အချိန်ရှိခိုက် လုံ့လစိုက်ဆိုတာ ဒါဆိုတာပါပဲ (မှန်ပါ့)။

အချိန်ရှိခိုက် လုံ့လစိုက်ဆိုတာဒါပဲ

အချိန်ရှိခိုက် လုံ့လစိုက်ဆိုတာ (ဒါပါပဲ ဘုရား)၊ ဒါဆိုတာ ပဲ ပယ်ရမည့် သစ္စာနှစ်ခုကို ပယ်ရမယ် (မှန်ပါ့)၊ သိမ်းပိုက်ရ မည့် သစ္စာနှစ်ခုကို (သိမ်းပိုက်ရပါမယ် ဘုရား)။

အဲဒီတော့ ကိုယ့်မှာအဖော်လုပ်နေရတာက ဒီကနေ့ ဆရာဘုန်းကြီးက ရှင်းရှင်းပဲ ပြောလိုက်တဲ့ အတွက် ကိုယ့်မှာ အဖော်လုပ်နေရတာက နှိပ်စက်ခံရတဲ့ ဒုက္ခသစ္စာဆိုတဲ့ ခန္ဓာငါးပါး ကြီးအမြဲမပြတ် နှိပ်စက်ပြီး သကာလ နှိပ်စက်တဲ့အထဲမှာပဲ မရောက် ရောက်အောင် ပို့နေတဲ့ သမုဒယသစ္စာ (မှန်ပါ့)၊ ကိုပေါ် – ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဦးဘအုန်းရိပ်မိပြီ (ရိပ်မိပါပြီ ဘုရား)၊ ဒီသစ္စာနှစ်ပါးနဲ့ နေရတာပဲ (မှန်ပါ့)၊ နောက်က ဒကာ- ဒကာမတွေ ကိုယ့်အထဲ ဘယ်သစ္စာနှစ်ပါးသာ အမြဲရှိပါလိမ့် (သမုဒယနဲ့ ဒုက္ခ သစ္စာသာ ရှိပါတယ် ဘုရား)။

ကိုင်း ကောင်းကြသေးရဲ့လား (မကောင်းပါ ဘုရား)၊ သေသေချာချာဉာဏ်နဲ့ စဉ်းစားတော့မှ ဪ ငါတို့ဟာ သမုဒယသစ္စာ ဆိုတာရယ် ဒုက္ခသစ္စာ ဆိုတာရယ် ဒီနှစ်ခုပဲ၊ သမုဒယ သစ္စာကလည်း ပယ်ရမည့်သစ္စာ၊ ဒုက္ခသစ္စာ ကလည်း အနှိပ်စက်ခံရတဲ့ သစ္စာမို့ သူ့လည်းပယ်ရမည့်သစ္စာပဲ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ခွေးတွေမှာဘာသစ္စာရှိသတုံး

အဲဒီနှစ်ခုနဲ့သာလျှင် ကျုပ်တို့ ဘဝများစွာနေခဲ့ရတယ်။ ဟိုသစ္စာနှစ်ပါးက မျှော်မှန်းလို့တောင်မှ ရှိမှန်းလည်းမသိ၊ နည်းပေးမည့်သူလည်းမရှိ၊ ဘယ်တော့မှ မတွေ့ခဲ့ဘူးဆိုတော့ (ကိုစောမောင် ဘုန်းကြီးတို့ ကျောင်းမှာရှိတဲ့ ခွေးတွေမှာ ဘာ သစ္စာသာ ရှိသတုံး စဉ်းစားစမ်း (သမုဒယနဲ့ ဒုက္ခသစ္စာပဲ ရှိပါတယ် ဘုရား)။

သမုဒယနဲ့ ဒုက္ခပဲရှိတယ်၊ ဘုန်းကြီးက ဒီကပြောနေငြား သော်လည်း သူတို့ကြားရဲ့လား (မကြားပါ ဘုရား)၊ ထောင်တတ် တဲ့ နားပါရဲ့လား (မပါ-ပါ ဘုရား)။

ဒုက္ခနဲ့သမုဒယနဲ့နေရတယ်

ကဲ သူတို့ သစ္စာနှစ်ပါးနဲ့ ဆိုတော့ ဒကာ ဒကာမတို့ နှိပ်စက်ခံရတဲ့ ဒုက္ခသစ္စာရယ်၊ နှိပ်စက်ခံတဲ့ အထဲကို မသေသေအောင် တွန်းတဲ့ သမုဒယသစ္စာရယ် ကိုစောမောင် ဒီနှစ်ခုနဲ့ နေရတယ် (မှန်ပါ့)။

သူက နောက်တစ်ခါသေပြန်တော့လည်း ဘယ်သစ္စာ ပြန်ရမတုံး တစ်ခါစဉ်းစားစမ်း (သမုဒယနဲ့ ဒုက္ခပဲ ပြန်ရပါတယ် ဘုရား)၊

ကိုင်း ဒကာ ဒကာမတို့ မျှော်လင့်ချက်ကို ရှိပါသေးရဲ့ လား (မရှိပါ ဘုရား)။

ဒီခေတ်လွတ်သွားရင်သွားပြီ၊ ဂရုဏာရှိလို့ပြောတာ

ကဲ ဒါဖြင့် အခု ဒီခေတ်လွတ်သွားတဲ့ပုဂ္ဂိုလ်ဖြင့် ဘုန်းကြီးက ခင်ဗျားတို့ အလွန်ကရုဏာရှိလို့ ပြောတာ (မှန်ပါ့)။ ဒီခေတ်လွတ်သွားရင် သွားပြီ (သွားပါပြီ ဘုရား)။

နောက်က ဒကာ ဒကာမတွေ သေသေချာချာ နားလည် ရဲ့လား (နားလည်ပါတယ် ဘုရား)၊ ဒီခေတ် လွတ်သွားပြီးရင်တော့ဖြင့် (သွားပါပြီ ဘုရား)။

ခင်ဗျားတို့ လုပ်နေတဲ့ ခုနင်က ပြောခဲ့တဲ့ကုသိုလ်တွေ ကလည်း ဒီမဂ္ဂသစ္စာကို မလုပ်သရွေ့ ကာလပ တ်လုံး နိရောဓသစ္စာကို မရောက်ဘူး (မှန်ပါ့)။

မရောက်တော့ ခင်ဗျားတို့ ထိုက်တန်သလောက် ဗုဒ္ဓဘာ သာမို့ အားကိုးနေတဲ့ ကုသိုလ် ကလည်း သမုဒယက အုပ်ချုပ် တယ် (မှန်ပါ့)၊ မောင်နိုင် သမုဒယက အုပ်ချုပ်တယ် (မှန်ပါ့)။

ဒါ့ကြောင့် “အဝိဒွါ ဘိက္ခဝေ အဝိဇ္ဇာဂတော ပုညာဘိ သင်္ခါရမ္ပိ အဘိသင်္ခရောတိ” အဝိဇ္ဇာဂတော= အဝိဇ္ဇာ ဦးစီးနေသော ပုဂ္ဂိုလ်သည်၊ ပုညာဘိသင်္ခါရမ္ပိ =ဘုံဘဝရောက်တတ်တဲ့ ကုသိုလ်ကိုလည်း အဘိသင်္ခရောတိ = ပြုလုပ်တတ်၏။

ခန္ဓာရတဲ့ကုသိုလ်ပဲလုပ်တတ်တယ်

အဝိဇ္ဇာဦးစီးနေတဲ့ ပုဂ္ဂိုလ်ဟာ အဝိဇ္ဇာဦးစီးနေတော့ ခန္ဓာ ရတဲ့ ကုသိုလ်ပဲ လုပ်တတ်တယ် (မှန်ပါ့)၊ ခန္ဓာ ချုပ်ငြိမ်းတဲ့ ကုသိုလ်ကော (မလုပ်တတ်ပါ ဘုရား)။

မလုပ်တတ်တော့ကိုတဲ့ ဒီ-ခန္ဓာကြီးသည်ကားလို့ ဆိုလို့ရှိ ရင်ဖြင့် အဝိဇ္ဇာဦးစီးတဲ့ ပုဂ္ဂိုလ်မှာ ဘယ်ကုသိုလ်တွေ လုပ်နေနေ ဒကာ ဒကာမတွေက မှတ်လိုက်တာပေါ့ ခန္ဓာရတဲ့ ကုသိုလ်ပဲ ဖြစ်မယ် (မှန်ပါ့)။

အဝိဇ္ဇာ ဦးစီးတဲ့ပုဂ္ဂိုလ်မှာ (ခန္ဓာရတဲ့ကုသိုလ်ပဲ လုပ်တတ် ပါတယ် ဘုရား)၊ ခန္ဓာရတဲ့ ကုသိုလ်ပဲ လုပ်တတ်တယ်၊ ခန္ဓာဇာတ် သိမ်းငြိမ်းတဲ့ကုသိုလ်လုပ်တတ်ပါ့မလား (မလုပ်တတ်ပါ ဘုရား)။

အဲဒါကြောင့် ယနေ့တော့ဖြင့် ဒကာ ဒကာမတွေ အဝိဇ္ဇာ ၏ လက္ခဏာကိုလည်း သိအောင် ပြောပါ့မယ်၊ အဝိဇ္ဇာလည်း ဪ မင်းတို့ ဒီလိုမြင်လို့ရှိရင် အဝိဇ္ဇာချုပ်ပြီဟေ့-ဆိုတာက လည်း သက်သေခံ လုံလောက်အောင် ပြပါ့မယ်၊ အင်မတန် အ ရေးကြီးတယ် ဆိုတာလည်း ဦးဘကလေး မှတ်ရမယ် (မှန်ပါ့)။

ကိုယ်အဖြစ်ကိုယ်သိအောင်လို့ပြောတာ

ကိုင်း ဒါဖြင့် ခုနင်ကစပြီး အခု ၁၅-မိနစ်၊ မိနစ် ၂ဝ-ဆိုသလို ပြောလာတာက ကိုယ့်အဖြစ် ကိုယ်သိအောင်လို့ ပြောတာ (မှန်ပါ့)။

ကိုပေါ် (မှန်ပါ့ ဘုရား)၊ နောက်က ဒကာ ဒကာမတွေ ကိုယ့်အဖြစ် ကိုယ်သိရဲ့လား (သိပါပြီ ဘုရား)၊ ဘယ်သစ္စာနှစ် ပါးနဲ့နေရသလဲ (သမုဒယနဲ့ ဒုက္ခသစ္စာနှစ်ပါးနဲ့ နေရပါတယ် ဘုရား)။

ဒုက္ခသစ္စာက နှိပ်စက်တတ်တဲ့သစ္စာ (မှန်ပါ့ ဘုရား)၊ သမုဒယသစ္စာက နှိက်စက်ဖို့ရာကို အထည် လုပ်ပေးတဲ့ သစ္စာ (မှန်ပါ့ ဘုရား)၊ မောင်နိုင် ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒုက္ခသစ္စာက (နှိက်စက်တတ်ပါတယ် ဘုရား)၊ နှိပ်စက် တတ်တဲ့ ဒုက္ခသစ္စာ၊ သမုဒယသစ္စာက နှိပ်စက်တတ်တဲ့ တရား မပေါ် ပေါ်အောင်လုပ်တဲ့သစ္စာ (မှန်ပါ့)၊ ရှင်းပလား (ရှင်း ပါပြီ ဘုရား)။

ဘယ်လောက်ကြာကြာနေခဲ့ရသတုံး

ဒါဖြင့် ဒီသစ္စာနှစ်ပါးနဲ့ပဲ တပည့်တော်တို့ ဘယ်လောက် ကြာကြာ နေခဲ့ရသတုံးလို့ မေးတဲ့ အခါကျတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ငါ အစရှာမတွေ့ဘူးတဲ့ (မှန်ပါ့)။

အစရှာမတွေ့ဘူးတဲ့၊ ဒကာ ဒကာမတွေတို့ သဘောပါ ပလား (ပါ-ပါပြီ ဘုရား)။

ဒီသစ္စာနှစ်ပါးနဲ့ပဲ နေခဲ့တာပဲတဲ့၊ အဲဒါကြီးကို ငါသည် ကားလို့ဆိုရင် ဒီသစ္စာနှစ်ပါးနဲ့ နေခဲ့တာကို ပုဂ္ဂိုလ်အဖြစ်နဲ့ ရေတွက်မယ်ဆိုလို့ရှိရင်ဖြင့် ငါရှာလို့ကို အစရှာမတွေ့ဘူးတဲ့၊ ပုဂ္ဂိုလ်အဖြစ်နဲ့ နောက်ဆုတ် ပြန်ကြည့်ပေါ့လေ (မှန်ပါ့)၊ ပုဂ္ဂိုလ်အစ ရှာမတွေ့ဘူးတဲ့။

ဓမ္မ သဘောနဲ့ ရှာလိုက်ရင်

ဓမ္မ သဘောနဲ့ ရှာလိုက်လို့ရှိရင်ဖြင့် အဝိဇ္ဇာနဲ့ တဏှာပဲ ရှိတယ်လို့၊ ဒီလိုတော့ ငါဖြစ်ကြောင်း ဓမ္မတော့ ဖမ်းနိုင်ရဲ့ တဲ့၊ အထည်တွေကို နောက်ဆုတ် တွေးလို့တော့ မကုန်ဘူးတဲ့(မှန်ပါ့)၊ သဘော ကျပလား (ကျပါပြီ ဘုရား)။

အထည်တွေ နောက်ဆုတ် တွေးလို့ရှိရင် (မကုန်ပါ ဘုရား)။

ဖြစ်ကြောင်းဓမ္မ လက်သည်ရှာလိုက်တော့ ဘာတွေ့ သလဲ (အဝိဇ္ဇာ တဏှာတွေ့ပါတယ် ဘုရား)။

အဲ ဒါတွေ့လာတယ်တဲ့၊ ဒါကြောင့် သူတို့နှစ်ခု ဦးစီးနေတဲ့အတွက် မင်းတို့ ဒုက္ခသစ္စာနဲ့ သမုဒယသစ္စာနဲ့ ချည်းပဲ နေခဲ့ကြရတယ်ဆိုတော့ လောင်စာနဲ့ မီးချည်းနေခဲ့ကြရတယ် (မှန်ပါ့)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ဘာနဲ့ နေခဲ့ကြသလဲ (လောင်စာနဲ့ မီးချည်း နေခဲ့ကြရပါ တယ် ဘုရား)၊ လောင်စာနဲ့ မီးချည်း နေခဲ့ရတယ် ဆိုတာဖြင့် သေချာပါပြီ (သေချာပါပြီ ဘုရား)။

ကဲ ဒါဖြင့် လောင်စာသိမ်း၍ မီးငြိမ်းတဲ့ သစ္စာနှစ်ပါး လောင်စာသိမ်းတယ်ဆိုတဲ့ ဥစ္စာက မဂ္ဂသစ္စာ၊ သူမှ သိမ်းပေးနိုင် တယ် (မှန်ပါ့)၊ မီးငြိမ်းတယ် ဆိုတာက ငြိမ်းသွားရင် နိရောဓ သစ္စာ၊ လောင်စာသိမ်း၍ မီးငြိမ်းတဲ့သစ္စာနှစ်ပါးနဲ့တော့ မျှော်မှန်း လို့တောင် ဘယ်နေရာရှိမှန်း မသိဘူး (မှန်ပါ့)။

ဘယ်လောက်ထိအောင် ကျုပ်တို့အရုပ်ဆိုး, အကျည်း တန်ခဲ့တယ်ဆိုတာဖြင့် ပြောနေဖို့ လိုသေးသလား (မလိုပါ ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတွေ ခင်ဗျားတို့အဖြစ် ကလေးဟာ ဒီ-ကိုယ့်ဟာ ကလေးနဲ့ကိုယ် တင်းတိမ် မနေဘဲနဲ့ အင်း ဒီသစ္စာနှစ်ပါးနဲ့သာ အရုပ်ဆိုး သစ္စာနှစ်ပါးနဲ့သာ နေခဲ့ရလို့ရှိရင်ဖြင့် ငါသည် ကိုယ်ကျိုးနည်းပြီ။

ခေါင်းဆောင်ကောင်းနဲ့တွေ့တုန်း

သိမ်းပိုက်ရမည့်သစ္စာနှစ်ပါး၊ ချမ်းသာပေးမည့် သစ္စာ နှစ်ပါးတော့ ငါတို့ကလည်း မျှော်မှန်းလို့မှ မကြည့်တတ်တော့ အခုကြည့်တတ်တဲ့ ဘဝ ခေါင်းဆောင်ကောင်းနဲ့တွေ့ တုန်းကို ငါတို့သည် ဒီဇာတ်သိမ်းမှပဲ လောင်စာမီးဟာ သိမ်းမှာပဲ ဆိုတာကို ဒီနေ့ တရားပွဲမှာ မွေးရလိမ့်မယ် (မှန်ပါ့)။

ဦးဘလေး သဘောပါပလား (ပါပါတယ် ဘုရား)။

လောင်စာနဲ့ မီးကို သိမ်းရလိမ့်မယ် (မှန်ပါ့)၊ လောင်စာ သိမ်း၍ မီးငြိမ်းတာ ရှာရလိမ့်မယ် (မှန်ပါ့)။

မောင်နိုင် လောင်စာနဲ့ မီးကို (လောင်စာသိမ်း၍ မီးငြိမ်း တာရှာရပါမယ် ဘုရား)။

အေး လောင်စာနဲ့မီး သိမ်းရမယ်နော် (မှန်ပါ့)၊ ပြီးတော့မှ လောင်စာသိမ်း၍ မီးငြိမ်းတာရှာရမယ် (မှန်ပါ့)။

လောင်စာနဲ့မီးကိုတော့ (သိမ်းရပါမယ် ဘုရား)၊ လောင် စာသိမ်း၍ မီးငြိမ်းတာတော့ (ရှာရပါမယ် ဘုရား)။

ရှာရမယ်ဆိုတဲ့ဥစ္စာ ဪ ဒါဖြင့် အင်မတန် အရေးကြီးပါပေါ့လားဆိုတာ ပေါ်သွားပြီ (ပေါ်ပါပြီ ဘုရား)။

ဒါ-သစ္စာက အင်မတန် အရေးကြီးပါတယ်ဆိုတာ ဒကာ ဒကာမတို့ ဒီပြင် ဒါနတရား, သီလတရား တို့ကို ကိုစောမောင် ဟိုဟာတွေက လမ်းမဆုံးတော့ဘဲကိုး (မှန်ပါ့)၊ သူကတော့ လမ်း ဆုံးတဲ့ တရားဖြစ်နေတော့ မောင်နိုင် အလွန် အရေးကြီးတယ် (ကြီးပါတယ် ဘုရား) မကြီးဘူးလား (ကြီးပါတယ် ဘုရား)။

နောက်က ဒကာ ဒကာမတွေ (အရေးကြီးပါတယ် ဘုရား)၊ ကြီးတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ခန္ဓာကိုယ်ထဲမှာဉာဏ်နဲ့သာကြည့်

ခင်ဗျားတို့ ခန္ဓာကိုယ်ထဲမှာ ဉာဏ်နဲ့သာကြည့်၊ ကိလေသာ သမုဒယသစ္စာက မီး၊ ခန္ဓာကြီးက ထင်း ဒါပဲရတယ်(မှန်ပါ့)၊ မောင်နိုင် သဘောပါပလား (ပါပပြီ ဘုရား)။

ခုနင်က မီးငြိမ်းပေးတဲ့ မဂ္ဂသစ္စာကလည်း မလာဘူး (မလာပါ ဘုရား)၊ ဒုက္ခသိမ်းတဲ့ ဒုက္ခငြိမ်း သွားတဲ့ နိရောဓသစ္စာ ကကော (မလာပါ ဘုရား)။

မလာတော့သစ္စာနှစ်ပါး ကွယ်ပြီး သကာလ ဒကာ ဒကာမတို့ ဘာမှ အကျိုးမများတဲ့ နှိပ်စက်တဲ့ သစ္စာနှစ်ပါး ကတော့ ကိုယ်ပိုင်ရတယ် (မှန်ပါ့)။ လွတ်ရေး, ကျွတ်ရေး ဖြစ်တဲ့ သစ္စာနှစ်ပါးကတော့ မရဘဲဖြစ်နေတယ် (မှန်ပါ့)၊ ဘယ်လောက်များ ကြောက်စရာကောင်းသလဲ (ကောင်းပါတယ် ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ-ဒကာမတို့၊ ကိုယ့်အဖြစ်ကိုယ်သိပလား (သိပါပြီ ဘုရား)။

ထင်းနဲ့မီးသာရှိနေသေးတယ်

အင်း ငါတို့သည်ကားလို့ ဆိုရင်ဖြင့် အရပဲတော်နေ သလားလို့မေးတဲ့ အခါကျတော့ ထင်းနဲ့ မီးသာ ရှိနေသေးတယ်၊ မီး ငြိမ်းပေးမည့်တရား မရသေးဘူး (မှန်ပါ့)၊ မီးငြိမ်းသွားတဲ့သဘော မရောက်သေးဘူး (မှန်ပါ့)၊ ကိုစောမောင် အတော်ခက်နေတယ် (ခက်ပါတယ် ဘုရား)။

အားလုံး ဒကာ ဒကာမတွေ ဉာဏ်နားကြီးကြီးနဲ့ ထောင် တော့မှ ဪ – ဟို နှစ်ခု မရသေး သရွေ့ ကာလပတ်လုံးဖြင့် အခက်ကြီး ခက်ပါကလား (မှန်ပါ့)။

နိရောဓနဲ့ မဂ္ဂ မရသေးသရွေ့ ကာလပတ်လုံးဖြင့် (အခက်ကြီးပါ ဘုရား)။

မီးငြိမ်းပေးမည့်တရားကမပါ

ဘာကြောင့် ခက်တယ်လို့ ဆရာဘုန်းကြီးက မောင်အောင်ချီတို့ကို ပြောရသတုံးလို့ မေးတဲ့ အခါကျတော့မှ ဪ မင်းတို့သန္တာန်ကလည်း ထင်းနဲ့မီးပဲ ရှိနေတယ် (မှန်ပါ့)၊

မီးငြိမ်းပေးမည့်တရားကမပါ၊ ငြိမ်းနေတဲ့ သဘော ကြီးကလည်း မရှိသေး ဆိုတော့ မောင်နိုင် အတော် ခက်နေတယ် (ခက်ပါတယ် ဘုရား)။

ဒကာ ဒကာမတွေ အင်မတန် တွေးမှ ပေါ်တယ်နော် (မှန်ပါ့ ဘုရား)၊ နို့မဟုတ်ရင် ကိုယ့်ဟာ ကလေးနဲ့ ကိုယ်တင်းတိမ်ပြီး သကာလ တော်သေးရဲ့ ဆိုတာ ဒါကလေး ဇာတ်သိမ်းကြစမ်းပါ (မှန်ပါ့)၊ တော်သေးရဲ့ မဟုတ်သေးလို့ပါ (မှန်ပါ့)၊ ရှင်းကြပါလား (ရှင်းပါပြီ ဘုရား)။

“တော်သေးရဲ့”ဆိုတာ အရူးပြောတဲ့စကား

တော်သေးရဲ့လို့ စိတ်ထဲမှာ မမွေးပါနဲ့ဦး ဆိုတဲ့ဥစ္စာ လိုသေးလို့ ပြောပါတယ် (မှန်ပါ့)။

တော်သေးရဲ့ဆိုတဲ့စကားကို (မမွေးပါနဲ့ဦး)၊ မမွေးပါနဲ့ဦး ဆိုတာ ဘယ်နှယ့်ကြောင့် တောင်းပန် ပါလိမ့် (လိုသေးလို့ ပါ ဘုရား)၊ လိုသေးတယ်၊ ဘယ့်နှယ်ကိုယ့်မှာ ထင်းနဲ့မီး လောင်တုန်း ရှိသေးတဲ့ ဥစ္စာ တော်သေးရဲ့ ဆိုတော့ ကိုစောမောင်၊ ဒီတော်သေးရဲ့ ဆိုတဲ့စကားဟာ လူကောင်းပြော တဲ့စကားလား – အရူးပြောတဲ့ စကားလား (အရူးပြောတဲ့စကားပါ ဘုရား)။

ထင်းလည်းသိမ်းပြီ၊ မီးလည်းငြိမ်းပြီဆိုမှ တော်သေးရဲ့ (မှန်ပါ့)၊ ဒီကျမှသုံးရမှာ (မှန်ပါ့)။

ဦးဝ ဒီကျမှသုံးမှပေါ့၊ အခုသုံးချိန်လားတဲ့၊ လောင် ဆဲပဲရှိသေးသလား (လောင်ဆဲပါ ဘုရား)။

မီးရှို့ကြည့်ပါ၊ လောင်ဆဲ ရှိနေတုန်း ရှိလို့ရှိရင် ဒကာ ဒကာမတွေ ကိုယ်ကတော့ငြိမ်းလျက်ပဲ လောကီရေ တွေနဲ့ပေါ့ဗျာ ဘယ့်နှယ်နေသတုံးဟေ့ မေးရင် မရသေးဘူးဗျာ ပြောမှာပဲ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)၊

မရသေးဘူး ဆိုတဲ့ အဓိပ္ပါယ်သည်ကားလို့ ဆိုရင်ဖြင့် ကျုပ်တို့မနိုင်သေးဘူး ဆိုတဲ့ အဓိပ္ပါယ်ပဲ (မှန်ပါ့)၊ နောက်ကျတော့ လောင်စာလည်း မရှိဘူး၊ ထင်းလည်း မရှိဘူးဆိုမှ အင်း နောက်ဘယ်သူ့မှ မကူးစက်ဘူး ဒါ့၊ အေးပြီ အေးပြီ ဆိုတာပြောရမှာ၊ (မှန်ပါ့)၊ အခုတော့ လောင်ဆဲ ရှိသေးတဲ့ဥစ္စာ တော်သေးရဲ့ လို့တော့ မသုံးလိုက်ပါနဲ့ (မှန်ပါ့)။

လောင်စာသိမ်းပြီးမီးငြိမ်းတဲ့တရားရှာကြ

နောက်က ဒကာ ဒကာမတွေ ရှင်းရဲ့ လား (ရှင်းပါတယ် ဘုရား)၊ ကဲ ဒါဖြင့် ပြောကြပါစို့တဲ့၊ လောင်စာသိမ်းပြီး သကာလ မီးငြိမ်းတဲ့တရားကိုပဲ ရှာကြပါစို့၊

ရှာကြပါစို့ဆိုတော့ လက်သည် တွေ့ပါပြီနော် (မှန်ပါ့)၊ ကဲ ခင်ဗျားတို့ အလိုရှိ တာက ဒကာ ဒကာမတို့ ဘယ်သစ္စာကို အလိုရှိကြပါလိမ့်၊ (နိရောဓသစ္စာနဲ့ မဂ္ဂသစ္စာကို အလိုရှိပါတယ် ဘုရား)၊ ဒါပဲအလိုရှိ ရမယ် (မှန်ပါ့)၊

အခု ရထားတာကြီးကဖြင့် တပည့်တော်တို့ ကိုယ်ကျိုးနည်းပြီ (မှန်ပါ့)၊ ပေါ်ပြီနော် (ပေါ်ပါပြီ ဘုရား)၊ ရထား တာကြီးကဖြင့် (ကိုယ်ကျိုးနည်းပါပြီ ဘုရား)။

ကိုယ်ကျိုးနည်းပြီ ဆိုတာ ဘာမှ ဘယ်သူက ပြောပြော မယုံနဲ့၊ ကိုယ်ကိုယ်တိုင်တွေ့နေရတာ (မှန်ပါ့)၊ သူများပြောလား ကိုယ့်ဝမ်းထဲမှာ ကိလေသာမီးနဲ့ ခန္ဓာကြီး လောင်လျက်ပဲလား သာမေးကြည့် (လောင်လျက်ပါ ဘုရား)။

ခန္ဓာကြီးလောင်လျက်ပဲ (မှန်ပါ့)၊ အပြေးသွားရတဲ့နေ့ လည်း ကိုစောမောင် မနည်းလှဘူး (မနည်းပါ ဘုရား)၊ ကိလေ သာ မီးလောင်လို့ ခန္ဓာကြီး အပြေးသွားရတာ (မှန်ပါ)၊ သဘော ကျပလား (ကျပါပြီ)။

ခန္ဓာကြီးကမီးလောင်ဆဲရှိသေးတယ်

အဲဒီတော့ ခန္ဓာကြီးသည်ကားလို့ ဆိုလို့ရှိရင် မီးနဲ့ထင်းတွဲ လျက် ဖြစ်နေတော့ လောင်ဆဲပဲ ရှိသေးတော့ တော်သေးရဲ့ဆိုတဲ့ စကား မသုံးပါနဲ့ဆိုတာ ဒကာ ဒကာမတို့ သစ္စာနဲ့ပတ်သက်ရင် တော့ဖြင့် အမှန်တရားကို ပြောရတဲ့အတွက် ဦးဘအုန်း သုံးရ လိမ့်မယ် (မှန်ပါ့)၊ မသုံးရပေဘူးလား (သုံးရပါမယ် ဘုရား) ရှင်းကြပလား (ရှင်းပါပြီ)။

အဲဒါကြောင့် ဒကာ ဒကာမတို့ တော်သေးရဲ့ဆိုတာ သည် မီးလေးပုံတစ်ပုံ ငြိမ်းသွားတယ် ဆိုရင်လည်း တော်သေးရဲ့ (မှန်ပါ့)၊ နှစ်ပိုင်း တစ်ပိုင်း ငြိမ်းသွားတယ် ဆိုလို့ရှိရင်ကော (တော်ပါ သေးတယ် ဘုရား)၊ အကုန်ငြိမ်းသွားလို့ ရှိရင်တော့ဖြင့် အေးအေး နေပါတော့ (မှန်ပါ့)၊ မငြိမ်းသေး သရွေ့ ကာလပတ်လုံး ပေါ့ပေါ့ တန်တန်နေလို့ (မတော်ပါ ဘုရား)။

ကူးစက်ဦးမှာပဲ (မှန်ပါ့)၊ ဒီခန္ဓာပြီး ဟိုခန္ဓာ ရပြီး ဒီလို လောင်ဦးမှာပဲ (မှန်ပါ့)၊ အဲဒီ လောင်ပြီးတဲ့ ခန္ဓာပြီး ဟိုဘက်ခန္ဓာ ရပြန်တော့ (လောင်ဦးမှာပါ ဘုရား)။

အဲဒီတော့ ခန္ဓာအိမ် ရှိသလောက် လျှောက်လောင် မှာကို ဒကာ ဒကာမတွေက သိပြီးသား ဖြစ်ပြီး သကာလ နေတော့ မီးငြိမ်း တဲ့တရားရှာဖို့ မီးသိမ်းမှ အေးမှာပါကလား ဆိုတာ ယနေ့ဆုံးဖြတ် ချက်ချ (မှန်ပါ့)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။

ကိုင်း-ဒါဖြင့် ဒကာ ဒကာမတို့ ဒီထင်း ဘယ်သူလုပ်ပါ လိမ့်၊ ဒီမီး ဘယ်သူလုပ်ပါလိမ့် ဆိုတဲ့ ဥစ္စာသည်ကားလို့ ဆိုရင်ဖြင့် လက်သည်ရှာကြစို့ (မှန်ပါ့)။

ဒီထင်းနဲ့မီးဘယ်သူလုပ်ပါလိမ့်

ဒီမီးဘယ်သူလုပ်ပါလိမ့်၊ ထင်းဘယ်သူလုပ်ပါလိမ့်၊ ဒီ ထင်းဆိုတာ ခန္ဓာကငါးပါး၊ ဒီမီးဘယ်သူ လုပ်ပါလိမ့်မတုံးဆိုတာ သမုဒယသစ္စာ (မှန်ပါ့)။

အဲဒါ ထင်းနဲ့မီး ဘယ်သူလုပ်ပါလိမ့်မတုံးလို့မေးတဲ့အခါ ကျတော့ ထင်းနဲ့မီးလုပ်တာပေါ့ မသိတဲ့ လူက လုပ်တာ (မှန်ပါ့)၊ သိတဲ့လူကဖြင့် ထင်းသိမ်း မီးငြိမ်းတာလုပ်မှာပဲ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ မသိတဲ့ တရားက လုပ်တာ၊ (မှန်ပါ့)။

မသိတဲ့တရားကလုပ်တာ

ဒကာ-ဒကာမတို့ ထင်းနဲ့မီး ဘယ်သူလုပ်ပါလိမ့် (မသိတဲ့ တရားက လုပ်တာပါ ဘုရား)၊ ဒါဖြင့် အဝိဇ္ဇာပဲ ဖမ်းမိတယ်(မှန်ပါ့)၊ ဦးဘကလေး-လက်သည်မိပြီ (မိပါပြီ ဘုရား)၊ မိပြီမိပြီ၊ ထင်းနဲ့မီး ဘယ်သူ လုပ်ပါလိမ့် (အဝိဇ္ဇာ လုပ်ပါတယ် ဘုရား)။

အဝိဇ္ဇာပဲ ဆိုတာဖြင့် ဒီနေ့ တရားမှာ လေးလေးစားစား မှတ်ပါ၊ သူပဲ သူပဲ-ဆိုတာကတော့ဖြင့် ခင်ဗျားတို့ ဧကန်လက်ညှိုး ထိုးနိုင်ပါပြီ (မှန်ပါ့)၊ ဒကာ ဒကာမတို့ ထင်းနဲ့မီး ဘယ်သူ လုပ်လိုက်ပါလိမ့် (အဝိဇ္ဇာ လုပ်ပါတယ် ဘုရား)၊ အဝိဇ္ဇာပဲ ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ)။

အဝိဇ္ဇာ၊ ဘယ်လက္ခဏာရှိသတုံး

လုပ်မှာပဲတဲ့ အဝိဇ္ဇာဆိုတာ အဝိဇ္ဇာဘယ်လက္ခဏာ ရှိသတုံးမေးတော့မှ အညာဏ လက္ခဏာ၊ မသိခြင်း လက္ခဏာ ရှိတယ် (မှန်ပါ့)။

ဒုက္ခသစ္စာလည်း သူမသိဘူး၊ သမုဒယသစ္စာကော (မသိပါ ဘုရား)၊ နိရောဓသစ္စာ (မသိပါ ဘုရား)၊ မဂ္ဂသစ္စာ (မသိပါ ဘုရား)။

မသိတော့ ဒကာ-ဒကာမတို့ မသိတဲ့ ပုဂ္ဂိုလ်သည်ကားလို့ ဆိုရင်ဖြင့် မဟုတ်တာလုပ်မှာပဲ (မှန်ပါ့)၊ မသိတဲ့ တရားသည် (မဟုတ်တာလုပ်မှာပါ ဘုရား)၊ မဟုတ်တာ လုပ်မှာပဲဆိုတော့ လောင်စာနဲ့ ထင်းပဲ သူလုပ်မယ် ဆိုတာ ရိပ်မိကြပလား (ရိပ်မိ ပါပြီ ဘုရား)။

လောင်စာနဲ့ ထင်းပဲ သူလုပ်တယ်ဆိုတာ ဘယ်သူ ပါလိမ့် (အဝိဇ္ဇာပါ ဘုရား)။ မသိခြင်း လက္ခဏာရှိတယ် ဒါကြောင့် အဝိဇ္ဇာ ဘယ်လက္ခဏာရှိသတုံးလို့ မေးလို့ ရှိရင် မောင်နိုင်ရေ မသိခြင်း လက္ခဏာ (မှန်ပါ့)။

ဒါကြောင့်ဘုရားက “ဒုက္ခေ အညာဏံ’’ လို့ မဟောဘူးလား၊ (ဟောပါတယ် ဘုရား)၊ ဒုက္ခသစ္စာ သူမသိဘူးကွ “ဒုက္ခသမုဒယေ အဉာဏံ’’ တဲ့၊ မီးလည်း သူမသိဘူးကွ၊ ထင်းလည်း သူမသိ ဘူးကွ။

‘‘ဒုက္ခနိရောဓေ အညာဏံ” တဲ့၊ ဒုက္ခချုပ်တဲ့ နိဗ္ဗာန်ကော (မသိပါ ဘုရား)။

“ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ အညာဏံ” တဲ့ မဂ္ဂသစ္စာကော (မသိပါ ဘုရား)။

ဪ မသိတဲ့အတွက် ဒါဖြင့်ဒကာ ဒကာမတို့ လက်သည်ဖမ်းလိုက်တဲ့ အခါကျတော့ အဝိဇ္ဇာ မိတယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဘုန်းကြီးက ယနေ့ ဒကာ ဒကာမတွေကို ကျေးဇူး ဆပ်ရမှာက အဝိဇ္ဇာမသိလို့ လုပ်တာကို အဝိဇ္ဇကများ ဝိဇ္ဇာ ဖြစ်သွားမယ်၊ ဉာဏ်ထဲမှာ အခုသိသွားမယ် ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ သူက ဒုက္ခသစ္စာလည်း မသိ၊ သမုဒယသစ္စာလည်း မသိ၊ မသိတာ သိအောင် လုပ်လိုက်လို့ ရှိရင်ဖြင့် အရင်တုန်းက မသိလို့ ထင်းနဲ့မီး ဖြစ်နေတယ် (မှန်ပါ့)၊ သိတဲ့ပုဂ္ဂိုလ်ကျတော့ ထင်းနဲ့မီး လုပ်ဦးမလား (မလုပ်ပါ ဘုရား)။

ဒါဖြင့် အဝိဇ္ဇာက ထင်းနဲ့မီး လုပ်သမားဖြစ်နေတော့ မသိတဲ့အဝိဇ္ဇာက လုပ်တာ ဖြစ်နေ သောကြောင့် ဘုန်းကြီးက ဟာ ဒီဥစ္စာဖြင့် အဲဒီ အဝိဇ္ဇာကို ငါ-ပြောင်းပြန်၊ ပြန်ပြီး သကာလ မင်းတို့ သိတဲ့ ဝိဇ္ဇာ လုပ်ပေးမယ် ဆိုလို့ရှိရင် ဒါ မင်းတို့အရင်း – ဖြုတ်ပစ်လိုက်တာ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အရင်းဖြုတ်ပစ်လိုက်တဲ့ အတွက် ဒကာ ဒကာမတို့ ဘာပူ စရာရှိသေးသတုံး (မရှိပါ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

အဝိဇ္ဇာကို ဝိဇ္ဇာဖြစ်အောင်လုပ်ကြစို့

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ အဝိဇ္ဇာကို ဝိဇ္ဇာဖြစ် အောင် လုပ်ကြပါစို့ မောင်နိုင် ပေါ်ပြီကွာ (ပေါ်ပါပြီ ဘုရား)။

တရားပေါ်လာပြီ ဒကာ ဒကာမတို့ အဝိဇ္ဇာသည်ကားလို့ ဆိုရင် မသိခြင်းလက္ခဏာ ရှိတယ်နော် (မှန်ပါ့)။

သမ္မာဟနရသာ = တွေဝေခြင်း ကိစ္စ ရှိတယ်၊ သူဝင် လာလို့ရှိရင် ခန္ဓာကိုယ်ထဲမှာ ဘာမှ ဖြစ်ပျက်တွေ မမြင်နေတော့ ဘူး တွေဝေခြင်းကိစ္စ ရှိတယ်။

မသိခြင်းလက္ခဏာ၊ တွေဝေခြင်းကိစ္စ ရှိတယ်တဲ့ မောင်နိုင် အဝိဇ္ဇာ စွမ်းရည်သတ္တိ (မှန်ပါ့)။

ကိုစောမောင် မသိခြင်း (လက္ခဏာရှိပါတယ်)၊ တွေဝေ ခြင်း (ကိစ္စရှိပါတယ် ဘုရား)။

အဝိဇ္ဇာမှာတွေဝေခြင်းကိစ္စရှိတယ်

ကြည့်စမ်း၊ မသိတဲ့ လက္ခဏာလည်း သူပဲတဲ့ (မှန်ပါ့)။ တွေဝေခြင်းကိစ္စ ရှိတာလည်း (သူပါပဲ ဘုရား)။

သူပဲ တဲ့ ဒကာ ဒကာမတို့နော် (မှန်ပါ့)။

ဆာဒနပစ္စုပဋ္ဌာနာ တဲ့၊ သတ္တဝါတွေ ခုနင်က ဒုက္ခ ရော သမုဒယရော, နိရောဓရော၊ မဂ္ဂရော မသိအောင် အကုန် ဖုံးခြင်း ပစ္စုပဋ္ဌာန် ရှိတယ် (မှန်ပါ့)။

ယောဂီပုဂ္ဂိုလ် အားထုတ်ကြည့်လိုက်တဲ့ အခါကျတော့ ခန္ဓာကိုယ်ထဲ ဖြစ်ပျက်ချည်း မမြင်လို့ရှိရင် ဪ သူနေတာ ကိုးလို့သာမှတ်လိုက် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

သူ-ဘယ်က လာသတုံး၊ အဝိဇ္ဇာ ဘယ်ကလာသတုံး မေးတော့ “အာသဝသမုဒယာ အဝိဇ္ဇာသမုဒယော” အာသဝက လာပြန်တာကွ (မှန်ပါ့)။

အဝိဇ္ဇာ ဘယ်ကလာသတုံး (အာသဝကလာ ပါတယ် ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဪ ဒီလိုအဝိဇ္ဇာမှာ သူ့လက္ခဏာက မသိခြင်း၊ သစ္စာလေးပါးမသိခြင်း လက္ခဏာဟာ အဝိဇ္ဇာ၏ လက္ခဏာပဲ။ သဘောကျပလား (ကျပါပြီ)၊ တွေဝေခြင်း ကိစ္စဟာကော သူ့ကိစ္စပဲ၊ သဘောကျပလား (ကျပါပြီ)။

ဖုံးလွှမ်းပြီး သကာလ နေတယ်လို့ ကျုပ်တို့ဉာဏ်ထဲမှာ ထင်လာတယ် (မှန်ပါ့)၊ မထင်ပေ ဘူးလား (ထင်လာပါတယ် ဘုရား)။

သူဘယ်သူကြောင့် ဖြစ်သတုံးလို့ မေးတော့မှ အာသဝ ကြောင့် အဝိဇ္ဇာဖြစ်တယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။

ဪ ဒါဖြင့် ဒကာ ဒကာမတို့ အဝိဇ္ဇာ – ဝိဇ္ဇာဖြစ်အောင် ဆရာဘုန်းကြီး လုပ်ပေးလို့ရှိရင်ဖြင့်တဲ့ ခင်ဗျားတို့ မှာဖြင့် သစ္စာလေးပါး သိတော့မယ် (မှန်ပါ့)။ မသိပေဘူးလား (သိမှာပါ ဘုရား)။

သစ္စာသိမှပယ်သင့်တာပယ်နိုင်မယ်

သိသည်နှင့်တစ်ပြိုင်နက်တည်း သိတဲ့ပုဂ္ဂိုလ်ကျတော့ ပယ်သင့်တာ သူပယ်သွားနိုင်မယ် (မှန်ပါ့) သိမ်းပိုက်သင့်တာ (သိမ်းပိုက်ပါမယ် ဘုရား)။

ဪ ဒါဖြင့် မသိသေးတော့ ပယ်သင့်တာတွေ မပယ်ဘဲနဲ့ နော်၊ သိမ်းပိုက်သင့်တာကို မသိမ်းပိုက်ဘဲ ဖြစ်နေတာ မသိတဲ့ပုဂ္ဂိုလ် (မှန်ပါ့)။ သဘောကျပလား (ကျပါပြီ)။

သိတဲ့ပုဂ္ဂိုလ်ကတော့ ပယ်သင့်တာကို (ပယ်ပါတယ် ဘုရား) သိမ်းပိုက်သင့်တာကို (သိမ်းပိုက်ပါတယ် ဘုရား)။

ဒါဖြင့် အဝိဇ္ဇာက ဝိဇ္ဇာဖြစ်မှ တော်တော့တယ်ဆိုတာ ယနေ့တရားမှာ ရှင်းရှင်းမှတ်ပါ (မှန်ပါ့)။

အဝိဇ္ဇာက (ဝိဇ္ဇာဖြစ်မှ တော်ပါမယ် ဘုရား)။

ဒကာ ဒကာမတို့ ရိုးရိုးမနာနဲ့ တစ်ခါတည်း စဉ်းစဉ်းစား စားနာ၊ ဪ ဘုန်းကြီး အစ ကတည်းက ပြောလာတဲ့ဥစ္စာ တော်တော်အရေးကြီးလို့ ပြောနေတာပါကလားဆိုတဲ့ဥစ္စာ ပေါ်လောက် ပါတယ် (မှန်ပါ့)၊ မပေါ်ပေဘူးလား (ပေါ့ ပါတယ် ဘုရား)။

အင်မတန်အရေးကြီးပါတယ် ဒကာ ဒကာမတို့၊ တစ်သံသရာလုံးမှာက မသိမ်းပိုက်ရမယ့် သစ္စာကြီး သိမ်းပိုက်လာ ခဲ့တယ် (မှန်ပါ့)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

လောင်စာသိမ်း၍ မီးငြိမ်းမသိခဲ့ဘူး

လောင်စာနဲ့ မီးချည်း သိမ်းပိုက်လာခဲ့တယ် (မှန်ပါ့)၊ လောင်စာသိမ်း၍ မီးငြိမ်းတာ သိကို မသိခဲ့ဘူး၊ အဝိဇ္ဇာသတ္တိ လေ (မှန်ပါ့)၊ အဉာဏလက္ခဏာကိုး၊ သိမှမသိဘဲကိုး (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ)။

ကဲ ဒါဖြင့် တရားရှည်နေမှာစိုးတယ် ဒကာ ဒကာမတို့၊ ခင်ဗျားတို့ အဝိဇ္ဇာကို ဝိဇ္ဇာဖြစ်အောင် လုပ်ဖို့ဟာ ဘုန်းကြီးတာဝန် ဝတ္တရား ရှိတယ် (မှန်ပါ့)၊ ဘုရားလည်း ဒါပဲ ဒီဝတ္တရားပဲသူရှိတယ် (မှန်ပါ့)။

ဘုရားမရှိသည့်နောက် ဓမ္မက္ခန္ဓာရှစ်သောင်းလေးထောင် ကလည်း ဒကာ ဒကာမတွေ ဒါလုပ်ဖို့ ထားခဲ့တာ (မှန်ပါ့)။

အဲဒီ ဓမ္မက္ခန္ဓာတွေက သူ့ဟာသူ စာအုပ်, ပုရပိုက်, ကျောက်စာတွေပေါ်မှာနေတဲ့အတွက် လာပြောဖော် ဆိုဖော် မရဘူး (မရပါ ဘုရား)။

တို့အတွက်သာသနာမကွယ်သေးဘူး

မရနိုင်ဘူး – တဲ့၊ အဲဒီကနေပြီး သကာလ ဘုန်းကြီးတို့ က အသံထွက်ပြီး သကာလ အဲဒီဟာတွေ ကြည့်ရှုပြီး သကာလ အသံထွက် သဘောနဲ့ ပြောရပြန်တယ်လို့ ဆိုတော့ ဪ တို့အတွက် သာသနာ မကွယ်သေးဘူးဟေ့ (မှန်ပါ့)၊ သဘော ကျပလား (ကျပါပြီ)၊ တို့အတွက် (သာသနာ မကွယ်သေးပါ ဘုရား)။

သာသနာမကွယ်သေးဘူးဆိုတော့ ဪ သစ္စာ သိထိုက်တဲ့ အဆုံးအမ တို့ရသေးတယ် (မှန်ပါ့)။

သစ္စာအဆုံးအမ တို့ရသေးတယ်

သာသနာမကွယ်သေးဘူးဆိုတာ သစ္စာသိထိုက်တဲ့ အဆုံး အမ ရလို့ရှိရင် သာသနာ မကွယ်ဘူး (မှန်ပါ့)၊ ရိပ်မိကြ ပလား (ရိပ်မိပါပြီ ဘုရား)။

သစ္စာသိထိုက်တဲ့ အဆုံးအမ ရရင် (သာသနာမကွယ် သေးပါ ဘုရား)၊ ဒီအဆုံးအမ အတိုင်း ခင်ဗျားတို့က လိုက်လို့ရှိရင် သာသနာ မကွယ်သေးဘူး (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘုန်းကြီးတို့လို ပုဂ္ဂိုလ်တွေရှိသေးရင်

အဲဒါ ဘုန်းကြီး ရှင်းရှင်းပဲပြောတာ၊ ကိုစောမောင် ဦးဘအုန်းကြီးတို့ လူကြီးတွေ မှတ်ကြတာ ပေါ့နော် (မှန်ပါ့)။

ဒီ – ဘုန်းကြီးတို့လို ပုဂ္ဂိုလ်တွေ အားလုံးပေါ့လေ၊ သစ္စာဟောတတ်တဲ့ ပုဂ္ဂိုလ်တွေဟာ သာသနာ ၅ဝဝဝ ဟိုဘက် မှာ ရှိသေးလည်း မကွယ်သေးဘူး (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

နို့မို့ သာသနာ ၅ဝဝဝ-ကျော်ရင် ကွယ်တော့မယ် ဆိုတာ မဟုတ်ဘူးတဲ့ (မှန်ပါ့)၊ မောင်နိုင် မဟုတ်သေးဘူး (မှန်ပါ့ ဘုရား)။

ရဟန္တာမဆိတ်ဘူး

ဒီလိုဟော့တတ်တဲ့ ပုဂ္ဂိုလ်တွေ ဒီလို ဆက်ဆက်သွားမယ် ဆိုလို့ရှိရင်ဖြင့် ရဟန္တာဆိတ်ကို မဆိတ်ဘူး (မှန်ပါ့)။

ရဟန္တာမဆိတ်ဘူး ဆိုကတည်းက မောင်နိုင်က ရိပ်မိမှာ ပေါ့၊ သစ္စာသိမှ ဖြစ်တာကိုး (မှန်ပါ့)၊ သစ္စာမသိဘဲနဲ့ သောတာပန် လည်းမဖြစ်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာကော (မဖြစ် ပါ ဘုရား)။

အဲဒီတော့ ခဏ ခဏ ဒကာ ဒကာမတွေကို သတိပေး ပါတယ်၊ အဝိဇ္ဇာက ဝိဇ္ဇာဖြစ်အောင်လို့ ဘုန်းကြီး ရှင်းရှင်းပဲ ဒီနေ့ ပြောပါတယ်၊ သို့သော်လည်း ခင်ဗျားတို့မှာ ဝမ်းသာစရာ အချက် ကလေး ရှိတာ ပြောပါတယ် (မှန်ပါ့)။

ဝမ်းသာစရာအချက်

ဝမ်းသာစရာအချက်ကလေးက တို့မှာဒီလိုဆုံးမတဲ့ ပုဂ္ဂိုလ်၊ ပယ်တဲ့သစ္စာနှစ်ပါး ပယ်ရမယ်၊ သိမ်းပိုက်သင့်တဲ့ သစ္စာ နှစ်ပါး တို့သိမ်းပိုက်ရမယ် ဆိုတဲ့ဥစ္စာ သေသေချာချာ နည်းနာ နိဿယနဲ့တကွ လုပ်နည်း ကိုင်နည်းနဲ့တကွ ပေးမည့်ပုဂ္ဂိုလ်တွေ့ နေတော့ တွေ့တဲ့ အတိုင်းလည်း ခင်ဗျားတို့က နားထောင်တော့ သာသနာ ရှိသေးတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် အခုသာသနာ ငါးထောင် နှစ်ထောင့်ငါးရာ ကျော်လာတော့ တစ်ပါးသော ပုဂ္ဂိုလ်တွေ ကျတော့ သာသနာ ရှိသေးရဲ့ လား (မရှိပါ ဘုရား)။

မရှိတော့ဘူး၊ သစ္စာနဲ့ ပတ်သက်လို့ ဗုဒ္ဓဘာသာထဲမှာ လည်း မရှိတာက များတယ် (များပါတယ် ဘုရား)၊ တစ်ခါ ဒီပြင် ဘာသာဆိုတော့ ကွယ်ပြီ (ကွယ်ပါပြီ ဘုရား)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ကွက်ကွက်ကလေးထဲမှာ လသာနေတာ

အဲဒီတော့ကိုတဲ့ ခင်ဗျားတို့ ကွက်ကွက် ကလေးထဲမှာ လသာနေတာဖြစ်တော့ ဒီအရိပ်ကလေး ခိုရတာဟာ တော်တော် ထူးလို့(မှန်ပါ့)၊ ကွက်ကွက်ကလေးထဲမှာ လ,သာနေတာ (မှန်ပါ့)။

မောင်နိုင် လူဦးရေနဲ့တွက်လည်း သန်းပေါင်းငါးရာ တွေနဲ့ သန်းပေါင်း ငါးထောင်တွေနဲ့ တွက်ကြည့် လိုက်တော့ ဘယ့်နှယ်နေသလဲ (နည်းနည်းကလေးပါ ဘုရား)၊ ကွက်ကွက်ထဲ လ,သာ နေတယ် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘုန်းကြီးပြောတဲ့အတိုင်းလိုက်နာကြ

ဒီပြင်ဟာဖြင့် မှောင်အတိ ကျနေတယ်ဆိုရင် လွဲပါ့မလား (မလွဲပါ ဘုရား)၊ အဲဒါကြောင့် ဒီကွက်ကွက် လ,သာထဲက မထွက် နဲ့ ဒါကလေးကို ဆရာဘုန်းကြီးပြောတဲ့အတိုင်း လိုက်နာကြ၊ ကျင့်ကြံကြ၊ အလုပ်ကို လုပ်ကြဆိုတဲ့ဥစ္စာ မောင်နိုင် – မတိုက် တွန်းထိုက်ဘူးလား (တိုက်တွန်း ထိုက်ပါတယ် ဘုရား)။

နို့မဟုတ်လို့ရှိရင် ဟိုသစ္စာနှစ်ပါးနဲ့ချည်း အဖော်လုပ်တော့ မယ် (မှန်ပါ့)၊ တစ်ဘဝမှာလည်း လောင်စာနဲ့ မီးနဲ့ လောင်သေ လိုက် (မှန်ပါ့)၊ ဟိုဘက်ဘဝ ကျပြန်တော့ (လောင်စာနဲ့ မီးနဲ့ပဲ လောင်သေ ပါတယ် ဘုရား)၊ ဟိုဘက်ဘဝ ကျပြန်တော့ကော (လောင်စာနဲ့မီးနဲ့ပဲ လောင်သေ ရပါတယ် ဘုရား)။

ဝိဇ္ဇာဖြစ်အောင်ပြောတော့မယ်

လောင်သေလိုက်ချည်း သွားနေရတဲ့ ဇာတ်ထုပ်ချည်း ခင်းနေရတော့ ဒကာ ဒကာမတို့ မသေမည့် ဘဝကို ပါကို-မပါဘူး (မှန်ပါ့)၊ ပါသေးရဲ့ လား (မပါ-ပါ ဘုရား)။

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ လေးလေး စားစားမှတ်ပါတဲ့၊ ကဲ-ဝိဇ္ဇာဖြစ်အောင် ပြောတော့မယ်နော်။

ဒါနဲ့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဝိဇ္ဇာဖြစ်အောင် ဘယ်မှာဟောခဲ့သတုံးလို့ မေးတဲ့ အခါကျတော့ သံယုတ်ပါဠိ တော်မှာလည်း အမျိုးမျိုး ဟောထားတယ်၊ ဝိဇ္ဇာဖြစ်ဖို့ (မှန်ပါ့)။

ဝိဇ္ဇာဆိုတာသစ္စာသိတာ

ဝိဇ္ဇာဆိုတာ ဘာတုံးလို့မေးတဲ့အခါကျတော့ သစ္စာသိ တာ ဝိဇ္ဇာ၊ သဘောကျပလား (ကျပါပြီ၊ အဲဒီတော့ သစ္စာသိတာ ဝိဇ္ဇာဆိုတော့ ဒကာ ဒကာမတို့ ဝိဇ္ဇာဖြစ်အောင် သစ္စာသိနည်းကို ပြောရတော့မယ် ဆိုတော့

“စက္ခုဝိညာဏံ အနိစ္စတော၊ ဇာနတော၊ ပဿတော သက္ကာယဒိဋ္ဌိ ပဟီယတိ အဝိဇ္ဇာပဟီယတိ ဝိဇ္ဇာ ဥပ္ပဇ္ဇတိ” ဒိဋ္ဌိရော, အဝိဇ္ဇာရော ပယ်တယ် (မှန်ပါ့)။

မင်းတို့ အခု ဒကာ ဒကာမတွေ မျက်လုံးကလေး ဖွင့်လိုက်တော့ မြင်တဲ့စိတ်ကလေး မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

မြင်စိတ်ကလေးဖြစ်ပြီးပျက်တယ်

အဲဒီမြင်တဲ့စိတ်ကလေးကို ဒကာ ဒကာမတွေက “အနိစ္စတော ဇာနတော ပဿတော” လို့ သိရမယ်၊ အနိစ္စတော = ဖြစ်ပြီး ပျက်တယ်၊ ဇာနတော သိသိ ပေးရမယ်နော် (မှန်ပါ့)။

မောင်နိုင် – ဒါကလေးဟာ ဖြစ်ပြီးပျက်တယ်လို့ မြင်စိတ်ကလေးဟာ မျက်လုံးဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် တည်း မီးကလေးဖြစ်ဖြစ် တစ်ခုခုကို မမြင်ဘူးလား (မြင်ပါတယ် ဘုရား)၊ မြင်ပြီး ဘာဖြစ်သွားသတုံး (ပျက်သွားပါတယ် ဘုရား)။

အဲဒီကဲ့သို့ စက္ခုဝိညာဏံ အနိစ္စတော = ဖြစ်ပြီးပျက်တယ် လို့၊ ဇာနတော =သိသော၊ ပဿတော =ရှုနိုင်တဲ့ ပုဂ္ဂိုလ်အား (ဝါ) မြင်သော ပုဂ္ဂိုလ်အား၊ သက္ကာယဒိဋ္ဌိ =သကာယဒိဋ္ဌိကို၊ ပဟီယတိ = ပယ်၏။ သက္ကာယဒိဋ္ဌိလည်း ပယ်လိုက်တယ်တဲ့ (မှန်ပါ့ ဘုရား)။

အဝိဇ္ဇာပယ်တော့ ဝိဇ္ဇာဖြစ်တယ်

ဒါတွင်ပဲလားလို့ မေးတော့ ဘုရားက မဟုတ်ပါဘူး ကွာတဲ့၊ အဝိဇ္ဇာ ပဟီယတိ အဝိဇ္ဇာလည်း ပယ်တယ် (မှန်ပါ့)၊ အဝိဇ္ဇာပယ်တော့ ဘာဖြစ်သွားသတုံးဆိုတော့ ဝိဇ္ဇာ ဥပ္ပဇ္ဇတိ၊ ဝိဇ္ဇာ ဖြစ်ပြီကွတဲ့ (မှန်ပါ့)။

မောင်နိုင်၊ ကဲ အဝိဇ္ဇာပယ်ဖို့ အလွယ်ကလေးပါ ကလား (မှန်ပါ့)၊ မိမိမြင်တဲ့ မျက်လုံး စိတ်ကလေးကို ဟိုကြည့် လိုက်၊ ကြည့်လိုက်တဲ့အခါ မြင်တဲ့စိတ်ကလေး မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

လူသေတော့ သူများက ဘယ်လိုမျက်လုံးဖွဲ့ပေးပေး၊ မြင်ကိုမမြင်ဘူး၊ နာမ်တွေ ချုပ်သွားလို့ (မှန်ပါ့)၊ မြင်တတ်တဲ့ တရား ကလေးချုပ်သွားလို့ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

ကဲ အခု ဒကာ ဒကာမတွေလည်း မျက်လုံးသာဖွင့် ပါ ဒကာ ဒကာမတို့ မမြင်ဘူးလား (မြင်ပါတယ် ဘုရား)၊ အဲဒါ ရုပ်ကမြင်တာလား နာမ်ကမြင်တာလား အကဲခတ်ကြည့် (နာမ် ကမြင်တာပါ ဘုရား)၊ မြင်စိတ်ကလေး ဆိုတဲ့ နာမ်ကမြင်တာ၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

အဲဒါကလေးသည်ကားလို့ဆိုရင်ဖြင့် ဒကာ ဒကာမတို့ ခုမှပေါ်ပြီး ခုမှမြင်တာ (မှန်ပါ့)။

“စက္ခုဝိညာဏံ အနိစ္စတော ဇာနတော” သူသည်ကား လို့ဆိုရင် မောင်နိုင် မြင်ပြီးလည်း ဖြစ်ပြီး ပျက်သွား တာပဲ (မှန်ပါ့)။

အဲဒီလို ပျက်သွားမှန်းသိလိုက်တော့ “သက္ကာယဒိဋ္ဌိ ပဟီယတိ” ဪ ဒီဟာကလေးဟာ ဖြစ်ပြီး ပျက်သွားတယ် ဆိုရင် ငါမဟုတ်လို့ဘဲဆိုပြီး သက္ကာယဒိဋ္ဌိ အရင်ပယ်လိုက်တယ် ကွ (မှန်ပါ့)၊ မပယ်ဘူးလား (ပယ်ပါတယ် ဘုရား)။

ငါမဟုတ်လို့ ပျက်သွားတာပဲဆိုတော့ သက္ကာယဒိဋ္ဌိ မကုန်သေးဘူးလား (ကုန်ပါပြီ ဘုရား)။

အရင်တုန်းကဖြစ်မှန်းပျက်မှန်းမသိခဲ့ဘူး

ကောင်းပြီတဲ့၊ အရင်တုန်းက ဒီဟာဖြစ်မှန်းလည်းမသိ ဘူး၊ ပျက်မှန်းလည်းမသိဘူး၊ သဘော ကျပလား (ကျပါပြီ ဘုရား)။

တောက်လျောက် ကျုပ်တော့ မျက်လုံးမြင်တာ ကြာပါပြီ ဗျာ၊ ပြောချင်ပြောမယ် (မှန်ပါ့)။

ဒီလို ခဏခဏ အကြောင်းတိုက်ဆိုင်မှ ပေါ်ပြီမြင်တယ်၊ ခဏကလေးဆို ပျက်သွားတယ်လို့ ဒီလို ဘယ်တော့မှ မသုံးဘူး (မှန်ပါ့)။

ကျုပ်ဖြင့် တစ်နေ့လုံးဟာဖြင့် အကုန်လျှောက်ကြည့်တာ ပဲ၊ မြင်နေတာချည်းပဲဆိုတော့ ဒီမျက်လုံး တစ်လုံးတည်း ဖြစ်နေ တယ် (မှန်ပါ့)၊ မြင်စိတ်တစ်ခုဖြစ်နေတယ် (မှန်ပါ့)။

ခဏခဏပျက်နေတာ (မသိပါ ဘုရား)၊ မသိတော့ကိုတဲ့၊ သက္ကာယဒိဋ္ဌိကို မပယ်နိုင်ဘူး၊ ခိုင်မြဲနေတယ်(မှန်ပါ့)၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။

အဲဒါကြောင့် “အနိစ္စတော ဇာနတော ပဿတော သက္ကာယဒိဋ္ဌိ ပဟီယတိ၊ အဝိဇ္ဇာ နိရုဇ္ဈတိ ဝိဇ္ဇာ ဥပ္ပဇ္ဇတိ” အဝိဇ္ဇာ လည်း ချုပ်သကွ၊ ဝိဇ္ဇာဆိုတဲ့ဉာဏ်လည်း ဝမ်းထဲမှာပေါ်လာ တယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဝိဇ္ဇာဆိုတဲ့ဉာဏ်လည်း (ဝမ်းထဲမှာပေါ်လာပါတယ် ဘုရား)၊ ဝမ်းထဲပေါ်လာတယ် ဆိုတော့ ဒကာ ဒကာမတွေ အဲဒီ မြင်စိတ်ကလေးကို ဉာဏ်ကလေးတည့်ပြီး သကာလ မျက်လုံးဖွင့် လိုက်၊ ဖွင့်လိုက်တဲ့ အခါ မီးမြင်လို့ရှိရင် ဪ မြင်ပြီးပျက်တာ ပဲ၊ ဟုတ်လား (မှန်ပါ့)၊ အင်း ဝင်းထရံ ကလေးတွေ မြင်ပြန်ကော (မြင်ပြီပျက်တာပဲ ဘုရား)။

မြင်စိတ်အမျိုးမျိုးပြောင်းနေတယ်

ဝင်းထရံကလေးတွေ မြင်တာမှသာပြီး ပျက်မှန်းသိသာ သေးတယ်၊ ဒီရှေ့က စကြည့်တယ် ဆိုရင် ရှေ့က အကြောင်း အရင် မြင်လို့ရှိရင်ဖြင့် ဒါ မြင်စိတ်တစ်မျိုး (မှန်ပါ့)၊ နောက် ၂-နံပါတ် မြင်လို့ရှိရင် (မြင်စိတ် တစ်မျိုးပါ)၊ ၃-နံပါတ်မြင်လို့ရှိရင် (မြင်စိတ် တစ်မျိုးပါ ဘုရား)။

နို့မဟုတ်ရင် တစ်ခါတည်း ဒကာ ဒကာမတို့ မြင်စိတ် အမျိုးမျိုး ပြောင်းနေရတယ်ဆိုတာ မသေချာလား (သေချာ ပါတယ် ဘုရား)။

အဲဒီမှာ မြင်စိတ် အမျိုးမျိုးပြောင်းတာသည်ကားလို့ဆိုရင် ဒကာ ဒကာမတို့ ပျက်ပြောင်းချည်း မှတ် (မှန်ပါ့)။

ဘယ်လိုမှတ်ကြမယ် (ပျက်ပြောင်းချည်းပါ ဘုရား)၊ ပျက် ပြီးမှ အသစ်ပေါ်တယ် (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ)။

ဝမ်းထဲမှာဉာဏ်နဲ့ရှုပေးပါ

အဲဒါကြောင့် မြင်တိုင်း မြင်တိုင်း ဒကာ ဒကာမတွေက မြင်စိတ်ကလေးဟာ ဖြစ်ပြီး ပျက်တာ ပဲလို့ ဝမ်းထဲမှာ ဉာဏ်နဲ့ ရှုပေးပါ (မှန်ပါ့)။

အဲဒီဉာဏ်သည် သက္ကာယဒိဋ္ဌိလည်း ပယ်ပါတယ် (မှန်ပါ့)၊ ဘာကြောင့် ပယ်သတုံးမေးတော့မှ ဦးဘအုန်းတို့ ဖြစ် ပျက်မြင်လို့ (မှန်ပါ့)။

ဖြစ်ပျက်မြင်တော့ ခိုင်တယ်၊ မြဲတယ်ဆိုတဲ့ဒိဋ္ဌိရှိသေးရဲ့ လား (မရှိပါ ဘုရား)၊ ငါ သူလို့ကော (မရှိပါ ဘုရား)။

အနိစ္စ ဖြစ်ပြီး ပျက်တာပဲ သူသိနေတဲ့အတွက် ပုဂ္ဂိုလ်ရယ် လို့လည်း မယူဘူး၊ သတ္တဝါလည်း မယူဘူး၊ ငါလည်း မယူဘူး၊ သူလည်း မဟုတ်ဘူး (မှန်ပါ့)၊ အနိစ္စသာ တွေ့တော့တယ် (မှန်ပါ့)၊ ဒီကတည်းက သက္ကာယဒိဋ္ဌိ ဘယ့်နှယ်နေသလဲ (ပြုတ်ပါတယ် ဘုရား)။

မရှိဘူး၊ သက္ကာယဒိဋ္ဌိပယ်ပြီ ဒကာ ဒကာမတို့ (မှန်ပါ့ ဘုရား)။

ဖြစ်ပျက်မြင်ရင်ဒိဋ္ဌိပယ်တယ် သစ္စွာမြင်တယ်

ဖြစ်ပျက်မြင်ရင် (သက္ကာယဒိဋ္ဌိပယ်ပါတယ် ဘုရား)။ ရှေးက မမြင်ဘူးဆိုတာကို ဖြစ်ပျက်ဟာ ဒကာ ဒကာမတို့ ဒုက္ခသစ္စာလို့လည်း မှတ်ထားတော့ ဖြစ်ပျက် မြင်ပါတယ်လို့ဆို ကတည်းက ဒိဋ္ဌိလည်း ပယ်တယ်၊ သစ္စာလည်း မြင်တယ် (မှန်ပါ့)။

ဒိဋ္ဌိလည်း (ပယ်ပါတယ် ဘုရား)၊ သစ္စာလည်း (မြင် ပါတယ် ဘုရား)။

ဒါဖြင့် ဒိဋ္ဌိပယ်တာက ဒကာ ဒကာမတို့ သက္ကာယဒိဋ္ဌိ မရှိလို့ သမ္မာဒိဋ္ဌိဖြစ်သွားတယ် (မှန်ပါ့)၊ သမ္မာဒိဋ္ဌိက ဘာတုံး မေးတော့မှ ဝိဇ္ဇာရှင်းပလား (ရှင်းပါပြီ)။

သမ္မာဒိဋ္ဌိက ဘာတုံး (ဝိဇ္ဇာပါ ဘုရား)။

ဒါဖြင့် ဒီဝိဇ္ဇာတစ်လုံးတည်းကနေပြီး သကာလ ဝိဇ္ဇာလာ ကတည်းက အရင်တုန်းက မမြင်တာတွေ ဖြစ်ပြီး ပျက်တာလို့ ဘယ်အခါကာလမှ မသိမှုတွေကို သိသွားတော့ အဝိဇ္ဇာချုပ်လို့ သိတာ (မှန်ပါ့)၊ မချုပ်ရင်တော့ (မသိပါ ဘုရား)၊ မသိဘူးဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတွေ မြင်စိတ်ကလေးပေါ် လာတိုင်း ပေါ်လာတိုင်း အင်း ဒါကလေးဟာ ဖြစ်ပြီး ပျက်တာပဲရှု (မှန်ပါ့)။

ကြားစိတ်ကလေး ပေါ်လာရင်ကော (ဖြစ်ပြီးပျက်တာပါ ဘုရား)၊ နံစိတ်ကလေး ပေါ်လာ ရင်ကော (ဖြစ်ပြီးပျက်သွားတာ ပါ ဘုရား)။

စိတ္တာနုပဿနာလို့ခေါ်တယ်

စိတ္တာနုပဿနာလို့လည်း ခေါ်တယ်(မှန်ပါ့)၊ သတိပဋ္ဌာန် လေးပါးထဲသွင်းလိုက်တော့ စိတ္တာနုပဿနာ (မှန်ပါ့)။

အင်း လျှာပေါ်မှာ စားစိတ်ကလေးပေါ်လာရင် (ဖြစ် ပြီးပျက်သွားတာပါ ဘုရား)။

ကိုယ်ပေါ်မှာ ယားတယ်, ယံတယ်, နာတဲ့ စိတ်ကလေး ပေါ်လာရင် (ဖြစ်ပြီးပျက်သွားတာပါ ဘုရား)။

ဒါကို ဖြစ်ပျက်ရှုပေး (မှန်ပါ့)၊ ရှုလိုက်သည်နဲ့တစ်ပြိုင်နက် တည်း အနိစ္စတွေ့တာ (မှန်ပါ့)။

မမြဲတာ သွားတွေ့တယ်၊ တွေ့တဲ့အခါကျလို့ရှိရင်ဖြင့် သက္ကာယဒိဋ္ဌိရှိသေးရဲ့ လား (မရှိပါ ဘုရား)၊ ငါယားတာကော ဟုတ်သေးရဲ့ လား (မဟုတ်ပါ ဘုရား)။

ဓမ္မကလေးဖြစ်၍ ဓမ္မကလေးပျက်

အင်း ဓမ္မကလေးဖြစ်၍ ဓမ္မကလေးပျက်သွားတာ သေချာတယ် (မှန်ပါ့)၊ ကိုယ်စိတ်ကလေး ဖြစ်ပြီးတော့ ကိုယ် စိတ်ကလေးပျက်တာပေါ့ဗျာ (မှန်ပါ့)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ကိုယ်စိတ်ကလေး ဖြစ်ပြီးတော့ (ကိုယ်စိတ်ကလေး ပျက်ပါတယ် ဘုရား)၊ ကိုယ်စိတ်ကလေး ပျက်တယ် ဆိုတာ မသေ ချာဘူးလား (သေချာပါတယ် ဘုရား)။

အဲဒီတော့ ဪ ဒီခန္ဓာကြီးဟာ ခန္ဓာအားဖြင့်တော့ ဝိညာဏက္ခန္ဓာလို့ ခေါ်ပါတယ်၊ စိတ်ဟာ ဝိညာဏက္ခန္ဓာ (မှန်ပါ့)၊ ကိုယ့်ခန္ဓာလို့ ဆိုကြမလားတဲ့ ဒကာ ဒကာမတို့၊ မမြဲတဲ့သဘော လို့ဆိုကြလား (မမြဲတဲ့သဘောပါ)၊ ဟောဒီ ကိုယ်ပြုတ်သွားပြီပေါ့ ဗျာ (မှန်ပါ့)၊ မမြဲတဲ့သဘော သိသွားတော့ ကိုယ်မပြုတ် သေးဘူး လား (ပြုတ်ပါတယ် ဘုရား)။

အဲဒါ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက စဉ်းစားတော့မှ ကိုယ်ပြုတ်သွားတာက သက္ကာယဒိဋ္ဌိ ပြုတ်တာ (မှန်ပါ့)၊ မမြဲတာကို မြင်တာက ဝိဇ္ဇာမှမြင်တယ် (မှန်ပါ့)။

ဒါဖြင့် သက္ကာယဒိဋ္ဌိပြုတ်တာလည်း ဝိဇ္ဇာဉာဏ်ပဲ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ အဝိဇ္ဇာကို ချုပ်စေတာလည်း ဝိဇ္ဇာ လာလို့ ချုပ်တာဆိုတော့ အဝိဇ္ဇာနဲ့ ဒိဋ္ဌိ သွားချုပ်တယ် (မှန်ပါ့)၊ မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)၊ ဦးဘကလေး ကျေနပ်ကဲ့ လား (ကျေနပ်ပါတယ် ဘုရား)၊

ဪ ဒါဖြင့် ဒကာ ဒကာမ တို့ အဝိဇ္ဇာနဲ့ သက္ကာယဒိဋ္ဌိချုပ်တယ် (မှန်ပါ့)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

သာသနာတွင်းမို့၊ ဆရာကောင်းကြုံလို့

ကိုယ်ပေါ်မှာ ယားစိတ်, ယံစိတ်, နာစိတ်ကလေး ပေါ်လည်း ဖြစ်ပျက်ရှုပေး (မှန်ပါ့)၊ ရှုလိုက်လို့ဖြစ်ပြီး ပျက်တာပဲ လို့ အနိစ္စကို ကျကျနန ဪ အဟုတ်ကို မရှိတာကိုးလို့ သိသွားလို့ ရှိရင်ဖြင့် သက္ကာယဒိဋ္ဌိကော (ပြုတ်ပါတယ် ဘုရား)၊ ဝိဇ္ဇာကော (ဖြစ်ပါတယ် ဘုရား)၊ ဝိဇ္ဇာလည်း ဖြစ်တယ် ကိုစောမောင် မလွယ်ဘူးလား (လွယ်ပါတယ် ဘုရား)၊

ဒါ သာသနာတွင်းမို့ ဆရာကောင်း, သမားကောင်းကြုံလို့ ကိုစောမောင် ဒါပြောနိုင်တာ (မှန်ပါ့)။

နို့မဟုတ်ရင် (မပြောနိုင်ပါ ဘုရား)၊ မပြောနိုင်ဘူး၊ ခင်ဗျားတို့ ကလည်း ထောင်နိုင်တဲ့နား ပါပါ့မလား (မပါပါ ဘုရား)။

ဒီမီးပြီးရင်ဟိုမီးဆက်

ကဲ အဲဒီကျတော့ ပြောမည့်လူလည်းမရှိ ထောင်နိုင် တဲ့နားကလည်း မရှိဆိုတော့ ခုနင်က လောင်စာနဲ့မီး သစ္စာနှစ်ခု နဲ့သာ နေကြ၊ ရောက်ရာမှာ ဒီမီးလောင်ပြီး သေကြပေတော့ (မှန်ပါ့ ဘုရား)၊ ဒီမီးပြီးလည်း ဟိုမီးဆက်ပြီး ဟိုလောင်စာနဲ့ ဟိုမီးနဲ့ တွဲပြီး နေကြပေတော့ (မှန်ပါ့)၊ ပြီးတော့ သေကြပေတော့ ဆိုတာကော (မလွဲပါ ဘုရား)။

ရဟန္တာတွေလည်း မြင်လိုက်ရတွေ့လိုက်ရပြီ

ဒီလိုချည်း သွားနေမှာကို ဘုန်းကြီးများ အခု ဘုရား သခင်ကိုယ်တော်မြတ်ကြီး ဟောစဉ်တွေ အလုံးစုံ အကုန်သိမြင် ပြီး သကာလ လောင်စာသိမ်း၍ မီးငြိမ်းတဲ့ ရဟန္တာတွေလည်း မြင်လိုက်ရ တွေ့လိုက် ရရှိပြီး သကာလ နေတော့ ဒကာ ဒကာမတို့ ပယ်သစ္စာ နှစ်ပါးကို ပယ်ပါဆိုတဲ့ဥစ္စာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒုက္ခနဲ့ သမုဒယပယ်ရလိမ့်မယ် မပယ်ရင် တော်ပါ မလား (မတော်ပါ ဘုရား)၊ ကဲ ဒါဖြင့် ဒုက္ခနဲ့ သမုဒယ ပယ်မပယ်ဆိုတာက ကျန်နေပြန်တယ် ကိုစောမောင် (မှန်ပါ့)၊

အခုတော့ ဝိဇ္ဇာတော့ ဖြစ်သွားပြီ (မှန်ပါ့)၊ သက္ကာယဒိဋ္ဌိကော (ပြုတ်ပါတယ် ဘုရား)၊

သက္ကာယဒိဋ္ဌိလည်း ပြုတ်ပြီး ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဝမ်းထဲမှာ လောဘစိတ်ကလေး ပေါ်လာရင် ဘာလုပ်ကြမယ် (ဖြစ်ပျက်ရှုရပါမယ် ဘုရား)၊ ဒေါသစိတ်ကလေး ပေါ်လည်း (ဖြစ်ပျက်ရှု ရပါမယ် ဘုရား)၊ မောဟစိတ်ကလေး ပေါ်လည်း (ဖြစ်ပျက်ရှုရပါမယ် ဘုရား)၊ လှူချင်တန်းချင်တဲ့စိတ် ကလေး ပေါ်လာလည်း (ဖြစ်ပျက် ရှုရပါမယ် ဘုရား)။

အကောင်းစစ်လိုချင်လို့ ရှုပစ်တာ

ဖြစ်ပျက်ရှု၊ သူများမေတ္တာပို့ချင်တဲ့ စိတ်ကလေးပေါ်လာ လည်း (ဖြစ်ပျက်ရှုရပါမယ် ဘုရား)၊ ဘယ့်နှယ် အကောင်းတွေ ရှုပစ်နေပါကလားလို့ အို ဒါ အကောင်းကလေး ရှုတာကွ၊ အကောင်းစစ် ကလေးလိုချင်လို့ အကောင်းကလေး ရှုပစ်တာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။

ကုသိုလ်စိတ်လည်းဖြစ်ပျက်ရှု

အကောင်းကလေးဆိုတာက ခုနင်က ကုသိုလ်ပြုချင်တဲ့ စိတ်ကလေးပေါ်လာလည်း ဖြစ်ပျက်ရှု ပါလို့ ဆိုတော့ ဆိုရလိမ့် မယ်တဲ့၊ ဒီကုသိုလ်စိတ်ကိုလည်း ဖြစ်ပျက်ရှုမှပဲရမယ် (မှန်ပါ့)၊ နို့မဟုတ် ကုသိုလ်စိတ်ကို ဖြစ်ပျက်မရှူမိလို့ရှိရင်ဖြင့် ဝင် လာမယ် (မှန်ပါ့)၊ ငါ ကုသိုလ်လုပ်ဦးမယ် မလာပေ ဘူးလား (လာပါတယ် ဘုရား)။

ငါ ဝင်လာတော့ သက္ကာယဒိဋ္ဌိက ဝင်မလာဘူးလား (လာပါတယ် ဘုရား)။

အဲ ကုသိုလ်တော့ရရဲ့၊ နိဗ္ဗာန်မရဘဲဖြစ်သွားမယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ ပြီးတော့ အဝိဇ္ဇာကကော ဦးစီးမလာဘူးလား (လာပါတယ် ဘုရား)။

အဝိဇ္ဇာလည်း ဦးစီးလာတယ်တဲ့၊ ဒီမသိတဲ့သဘော ကုသိုလ်စိတ်ကလေးက လှူချင်တာ, ပေးချင်တာကို မသိတဲ့ အခါကျတော့ ငါကပေးချင်တဲ့ သဘောမျိုးတွေလည်း ရောက်လာတယ် (ရောက်လာ ပါတယ် ဘုရား)၊ ပျက်တတ်တဲ့ သဘောကော သိသေးရဲ့လား (မသိပါ ဘုရား)။

အဝိဇ္ဇာနဲ့သက္ကာယဒိဋ္ဌိ

မသိတော့ အဝိဇ္ဇာက ပါလာတယ် (မှန်ပါ့)၊ မပါလာဘူး လား (ပါ-ပါတယ် ဘုရား)။

ဒါဖြင့် အဝိဇ္ဇာနဲ့ သက္ကာယဒိဋ္ဌိဆိုတာ အဖော်ပေါ့ဗျာ (မှန်ပါ့)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)၊ အဝိဇ္ဇာနဲ့ သက္ကာယ ဒိဋ္ဌိဆိုတာ (အဖော်ပါ ဘုရား)၊ တစ်ခု မမိရင်နှစ်ခုစလုံးမမိတော့ဘူး (မှန်ပါ့)၊ ကဲ-ဒါဖြင့် ဝမ်းထဲမှာ ပေါ်တာတွေလည်း ဖြစ်ပျက်ရှုပေါ့ ချုံးလိုက်တော့ ဘယ်စိတ်ပေါ်ပေါ်ရှု (မှန်ပါ့)။

ဘာတုံး (ဘယ်စိတ် ပေါ်ပေါ်ဖြစ်, ပျက်ရှုရပါမယ် ဘုရား)။ ယုတ်စွအဆုံး အသက်ရှူ တဲ့ စိတ်ကလေးလည်းရှုမှ ရှိုက်တဲ့စိတ်လေးလဲ (ရှုရပါမယ် ဘုရား)။

ဒိဋ္ဌိပယ်ပြီး၊ ဝိဇ္ဇာဖြစ်ချင်လို့ရှုတယ်

ဘာဖြစ်လို့ ရှုခိုင်းသတုံးလို့ မေးတဲ့အခါကျတော့ ဒိဋ္ဌိပယ် ပြီး ဝိဇ္ဇာဖြစ်ချင်လို့သာပြော (မှန်ပါ့)၊ ဒိဋ္ဌိပယ်ပြီးတော့ (ဝိဇ္ဇာ ဖြစ်ချင်လို့ပါ ဘုရား)၊ ဝိဇ္ဇာဖြစ်ချင်လို့ ရှုတယ်ဆိုရင် ဒါ အကိုက်ပဲ (မှန်ပါ့)။၊

ကိုင်း ဒါဖြင့် တပည့်တော်တို့အရှင်ဘုရားပြောတဲ့ အတိုင်း စိတ္တာနုပဿနာပဲ ရှုပါပြီဆိုတော့ ငရဲမျိုးစေ့ ဒိဋ္ဌိကလည်း ပြုတ်သွားတာသေချာတယ် (မှန်ပါ့)၊ သံသရာအစ အဝိဇ္ဇာပြုတ် သွားတာကော – (သေချာပါတယ် ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဖြစ်ပျက်မြင်ရင်ငရဲမျိုးစေ့ပြုတ်တယ်

ငရဲမျိုးစေ့ သက္ကာယဒိဋ္ဌိပြုတ်တာကော (သေချာ ပါတယ် ဘုရား)။

ဖြစ်ပျက် မြင်လိုက်ကတည်းက ငရဲမျိုးစေ့ သက္ကာယဒိဋ္ဌိ ဘယ့်နှယ်နေသလဲ (ပြုတ်ပါတယ် ဘုရား)၊ အင်း ဖြစ်,ပျက် ရှေးကမမြင်ဘူး၊ ခုမှမြင်တာသည် ထိုးထွင်းပြီးမြင်တဲ့ အတွက် ဝိဇ္ဇာပဲလား – အဝိဇ္ဇာပဲလား (ဝိဇ္ဇာပါ ဘုရား)။

ဒါဖြင့် ဝိဇ္ဇာဖြစ်သွားကတည်းက ပဋိစ္စသမုပ္ပါဒ် အစက အဝိဇ္ဇာ က စ,တာ ကျုပ်တို့ သန္တာန် ရှိသေးရဲ့လား (မရှိပါ)၊ ဒါဖြင့် သံသရာအစက ဖြတ်ပေးလိုက်တယ် (မှန်ပါ့)။

သံသရာအစက ဖြတ်ပစ်လိုက်တယ်၊ အလယ်ကလည်း ဖြတ်ပစ်လိုက်တယ်၊ အလယ်က ဆိုတာက တခြားမဟုတ်ဘူး သက္ကာယဒိဋ္ဌိက အလယ်က ဖြစ်နေတယ်၊ တဏှာကိုး (မှန်ပါ့)၊ သဘော ကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ပဋိစ္စသမုပ္ပါဒ်ကြီးမှာ တဏှာပစ္စယာ ဥပါဒါနံ ကော လာသေးလား (မလာပါ ဘုရား)၊ ခင်ဗျားတို့ ဒါလောက်တွင် ရထားတာကိုး ဒိဋ္ဌိ – ဒိဋ္ဌုပါဒါန်ကလည်း ရှိသေး တယ် (မှန်ပါ့)၊ သဘော ကျပလား (ကျပါပြီ ဘုရား)။

ဒိဋ္ဌိ (ဒိဋ္ဌုပါဒါန်ပါ ဘုရား)၊ အဲဒါတဏှာပဲ၊ ဒိဋ္ဌိအုပ်ချုပ် တဲ့ တဏှာ (မှန်ပါ့)၊ ပြီးတော့မှ ဒိဋ္ဌိပြီးမှ ဒိဋ္ဌုပါဒါန်ပြီးမှ ဒိဋ္ဌိအုပ်ချုပ် တဲ့ ကံက လာတာရှိသေးတယ် (မှန်ပါ့)။

ပဋိစ္စသမုပ္ပာဒ်ဖြတ်တယ်

အခုလည်း ဒီအတွင်းကသွားတာပဲဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ)၊ အဲ-ပဋိစ္စသမုပ္ပါဒ် မောင်နိုင် ဖြစ်ပျက်မြင်တဲ့ ပုဂ္ဂိုလ်မှာ ဝိဇ္ဇာလဲဖြစ်၊ သက္ကာယဒိဋ္ဌိလည်း ချုပ်သောကြောင့် ပဋိစ္စသမုပ္ပါဒ် အစက လည်း ဘာတုံး (ပြတ်ပါတယ် ဘုရား)၊ အလယ်ကကော (ပြက်ပါတယ် ဘုရား)။

ဪ အစကပြတ်၊ အလယ်ကပြတ်ဆိုကတည်းက အစကပြတ်တဲ့အတွက်လည်းတဲ့ ဒကာ ဒကာမတို့သိတဲ့ အတိုင်း တဲ့ နောက်ခန္ဓာလာဦးမလား (မလာပါ ဘုရား)၊ အလယ်က ပြတ်တဲ့ အတွက်လည်း အနာဂတ်ခန္ဓာတွေ (မလာပါ ဘုရား)။

ဘယ်နှယ့်ကြောင့် မလာပါလိမ့်မတုံးလို့မေးတော့ သမုဒယသစ္စာက အလယ်ကနေတယ် (မှန်ပါ့)၊ ချုပ်သွားပြီ၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ပြီးတော့ ဒုက္ခသစ္စာလုပ်မည့် အဝိဇ္ဇာကလည်း လုပ်နိုင် သေးရဲ့ လား (မလုပ်နိုင်ပါ ဘုရား)။

ဒါဖြင့် ခန္ဓာလုပ်မည့် အဝိဇ္ဇာကလည်း မလုပ်နိုင်တော့ဘူး (မှန်ပါ့)၊ လောင်အောင်ထွန်းမည့် မီးကလည်း ကျုပ်တို့က သက္ကာယ ဒိဋ္ဌိပြုတ်ကတည်းက ချုပ်သွားပါပြီ (ချုပ်သွားပါပြီ ဘုရား)။

လောင်စာလုပ်မည့်တရားမရှိတော့

ဒါဖြင့် ဒကာ ဒကာမတို့ သိတဲ့အတိုင်းလောင်စာ လုပ်မည့်တရားလည်း မရှိတော့ဘူး၊ လောင်စာမီး ဖြစ်မည့် တရားလည်း (မရှိပါ ဘုရား)။

ဒါဖြင့် ဒီအလုပ်လုပ်နေရင်ဖြင့် လောင်စာသိမ်းမီးငြိမ်း တယ် (မှန်ပါ့)၊ ဘယ့်နှယ်ဆိုကြမလဲ (လောင်စာ သိမ်း၍ မီးငြိမ်းပါတယ် ဘုရား)၊ လောင်စာသိမ်း မီးငြိမ်းတယ် ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

ဪ ဒါဖြင့် အရှင်ဘုရားအခုဟောတဲ့ စိတ္တာနု ပဿနာကို တပည့်တော်တို့ကြိုးစားတော့မယ်၊ ဒီ အလုပ် သည်ကားလို့ ဆိုရင်ဖြင့် တစ်သံသရာလုံးလောင်စာနဲ့ မီးကို ဘယ်အခါကာလမှ မငြိမ်း တတ်တာကို တပည့်တော်တို့အခု ဖြစ်ပျက်ရှုလိုက်တဲ့အတွက် သက္ကာယဒိဋ္ဌိဆိုတဲ့ လောင်စာမီး လည်းသေပြီ (မှန်ပါ့)၊ လောင်စာလုပ်စေတတ်တဲ့ အဝိဇ္ဇာ ကော (သေပါပြီ ဘုရား)။

သေတော့နောက်ခန္ဓာ ပေါ်ဦးမလား (မပေါ်ပါ ဘုရား)၊ နောက်မီးလာဦးမှာလား (မလာပါ ဘုရား)။

မီးငြိမ်းတဲ့တရားသည်ဝိပဿနာ

ဟာ ဒါဖြင့် လောင်စာသိမ်း၍ မီးငြိမ်းတဲ့တရားသည် ဝိပဿနာပဲရှိတယ် (မှန်ပါ့)။

လောင်စာသိမ်း၍ မီးငြိမ်းတဲ့တရားသည် (ဝိပဿနာပဲ ရှိပါတယ် ဘုရား)၊ ဝိပဿနာပဲ ရှိတယ် ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဝိပဿနာလုပ်မယ်ကြံတော့ မြင်တဲ့စိတ်ကိုလည်း ပေါ်ရင်ရှုပါ၊ ကြားစိတ်လည်း ရှုပါ၊ ဒါ အလုပ်စဉ် ပေးနေတယ် (မှန်ပါ့)၊ နံစိတ်လည်း (ပေါ်-ရှုပါ)။

ဝိပဿနာရှုပါ

နှာခေါင်းထဲပေါ်တဲ့ စိတ်လည်း ရှုပါ၊ လျှာပေါ် အလယ် ပေါ်တဲ့စိတ်ကော (ရူပါ ဘုရား)၊ ကိုယ်ပေါ်မှာ တစ်ကိုယ်လုံးမှာ ယားချင်တဲ့ နေရာယား၊ နာချင်တဲ့နေရာနာ ဘာလုပ်ကြရမလဲ (ဖြစ်ပျက် ရှုရပါမယ် ဘုရား)။

ဒါက ကိုယ်ပေါ်ကပြီးသွားတယ် (မှန်ပါ့)။

ပြီးတော့ဝမ်းထဲကျတော့လည်း လောဘ၊ ဒေါသ၊ မောဟ, အလောဘ, အဒေါသ, အမောဟ, ဒါပဲ ရှိတယ် (မှန်ပါ့) ဒီပြင်ဘာမှမရှိဘူး (မှန်ပါ့)။

လောဘလာလည်းဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

လောဘဖြစ်ပျက်ရှု

အဲ လောဘဟာဖြစ်ပျက်ရှုလိုက်တော့ သူဖြစ်ပြီး ပျက်သွားတဲ့ အနိစ္စကိုကျုပ်တို့က ဖြစ်ပြီး ပျက်သွား တာပဲလို့ ဉာဏ်နဲ့ရှုလိုက်တဲ့ အခါကျတော့ ဒကာ ဒကာမတို့ သက္ကာယ ဒိဋ္ဌိကော ပြုတ်မသွား ဘူးလား (ပြုတ်သွားပါတယ် ဘုရား)။

လောဘစိတ်ဟာ ငါထင်သေးသလား၊ ဖြစ်ပျက်လို့ သိသွားသလား (ဖြစ်ပျက်လို့သိသွားပါတယ် ဘုရား)၊ ဖြစ်ပျက်လို့ သိသွားတော့ ဝိဇ္ဇာကြောင့်သိတာ (မှန်ပါ့)။

ဒါဖြင့်ဖြစ်ပြီး ပျက်တာမြင်သဖြင့် သက္ကာယဒိဋ္ဌိလည်း ပြုတ်ပါတယ်၊ အဝိဇ္ဇာလည်း (ပြုတ်ပါတယ် ဘုရား)၊ ပြုတ်ပါတယ် ဆိုတာ သေချာပလား (သေချာပါတယ် ဘုရား)။

သက္ကာယဒိဋ္ဌိပြုတ်တော့ အလယ်ကပြတ်တယ် (မှန်ပါ့)၊ အဝိဇ္ဇာက ဝိဇ္ဇာဖြစ်တော့ ပဋိစ္စသမုပ္ပါဒ် ခန္ဓာလုပ်တဲ့တရား အစက ပြတ်တယ် (မှန်ပါ့)။

သစ္စာနှစ်ပါးပယ်ပြီးသားဖြစ်တယ်

ဒါဖြင့်ခန္ဓာလုပ်တဲ့ အဝိဇ္ဇာကော (ပြုတ်ပါတယ် ဘုရား)၊ ပြုတ်ပါပြီ။

မီးဖြစ်မည့်တဏှာကော (ပြုတ်ပါတယ် ဘုရား)၊ ဒိဋ္ဌိ လာသေးရဲ့လား (မလာပါ ဘုရား)။

မလာကတည်းကိုက ကျုပ်တို့သည် ဒီသစ္စာနှစ်ပါးကို လုပ်နေတဲ့ဥစ္စာ ပယ်ပြီးသားဖြစ်နေတယ် (မှန်ပါ့)။

ဒါဖြင့် ဒါများများ လုပ်တဲ့အခါကျလို့ရှိရင်ဖြင့် တကယ် တမ်းပြီးသွားပြီဆိုတော့ ကိုယ့်ရှေ့တွင် ကိလေသာလည်း ဖြစ်ပျက်တွေ ဆုံးဆုံး သွားတယ်၊ ဆုံးချင်လို့ဆုံးတာ မဟုတ်ဘူး ဒကာ ဒကာမတို့ မီးငြိမ်းလို့ ဆုံးတာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။

ဒီဘဝဒီခဏမှာအလုပ်လုပ်ပါ

အဲဒီတော့ ကိုယ့်ရှေ့တွင် ဒီဘဝ-ဒီခဏမှာ ဒကာ ဒကာမတွေ ခန္ဓာပျောက်တဲ့ အလုပ်ကိုလုပ်ပါ (မှန်ပါ့)။

ခန္ဓာပျောက်တယ်ဆိုတာ ခန္ဓာတင်ပျောက်တာမဟုတ် ဘူးတဲ့ မီးပါငြိမ်းလို့ ပျောက်တာ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိ ပါပြီ ဘုရား)။

ခန္ဓာပျောက်တာမီးငြိမ်းသွားတာ

ခန္ဓာပျောက်တယ် ဆိုတော့ မီးငြိမ်းသွားတယ် ဆိုတော့ ကိုစောမောင်ရေ မီးကော, ထင်းကော တွေ့သေးရဲ့လား (မတွေ့ ပါ ဘုရား)။

မီးငြိမ်းသွားပဟေ့ ဆိုလို့ရှိရင် ရဲရဲတောင် မကျန်တော့ဘူး၊ ရဲရဲကျန်သေးရင် မီးခဲကျန်သေးလို့ (မှန်ပါ့)။

အဲဒီတော့ မီးကောလောင်စာကော သိမ်းတဲ့အလုပ်ဟာ ဖြင့် ဒီစိတ္တာနုပဿနာကို ဒကာ ဒကာမတွေ ဒိဋ္ဌိဖြုတ်မှာလဲ၊ သူအကောင်းဆုံးပဲ (မှန်ပါ့)၊ ရှေးဦးစွာ အားထုတ်ရမယ်၊ နောက်သူကနေပြီး သကာလ ဝေဒနာနုပဿနာ တက်ချင်တော့ တဏှာသတ်တဲ့ အခါကျတော့ တက်တာပေါ့။ အခုတော့ ဒိဋ္ဌိ သတ်တုန်းရှိနေတယ် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ လုပ်တတ်ပလား (လုပ်တတ် ပါပြီ ဘုရား)၊ အပြင်ဧည့်သည် မျက်စိ, နား, နှာခေါင်း, လျှာ, ကိုယ် ဒီမှာပေါ်တဲ့စိတ်တွေအကုန်ရှု (မှန်ပါ့)။

အတွင်းဧည့်သည်ဆိုတာ လောဘ, ဒေါသ, မောဟ, အလောဘ၊ အဒေါသ၊ အမောဟ ဒါရှုပေး (မှန်ပါ့)၊ ဒီပြင်ဘာရှိသေးတုံး (ဘာမှမရှိပါ ဘုရား)၊ ဘာမှရှုစရာမရှိရင် ရှူစိတ်၊ ရှိုက်စိတ်ကို ဆက်ရှုနေ (မှန်ပါ့)၊ ဉာဏ်နဲ့တည့်ပြီး ရှုထား လိုက်လို့ ရှိရင် ဖြစ်မှု ပျက်မှုတွေ့ တွေ့လိမ့်မယ် (မှန်ပါ့)။

ဖြစ်ပျက်ဟာသက္ကာယဒိဋ္ဌိကွာတယ်

ဖြစ်ပျက်တွေ့လို့ရှိရင် ဖြစ်ပျက်ဟာ သက္ကာယဒိဋ္ဌိကွာ ပါတယ်၊ ငါမဟုတ်လို့ ဖြစ်ပျက်တာပဲ ဆိုတော့ သက္ကာယဒိဋ္ဌိမကွာ ဘူးလား (ကွာပါတယ် ဘုရား)။

အင်း ဖြစ်ပျက်ကို တကယ်မြင်လိုက်တဲ့အခါကျလို့ ရှိရင်လည်း ဒကာ ဒကာမတို့ ရှေးက မမြင်ဖူးတာ မြင်သောကြောင့် ဝိဇ္ဇာမျက်လုံးနဲ့မြင်တာ (မှန်ပါ့ ဘုရား)၊ ဝိဇ္ဇာ မျက်လုံးမလာရင် (မမြင်ပါ ဘုရား)၊ မမြင်နိုင်ဘူးဆိုတာ သေချာ ပလား (သေချာပါပြီ ဘုရား)၊

အဲဒါ ဒကာ-ဒကာမတို့ အဝိဇ္ဇာနဲ့ တဏှာ ချုပ်တာ (မှန်ပါ့)၊ အဝိဇ္ဇာက ခန္ဓာလုပ်တယ်၊ တဏှာက ခန္ဓာ လောင်တယ်၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ခန္ဓာလည်းမရှိဘူး

အဝိဇ္ဇာက (ခန္ဓာလုပ်ပါတယ် ဘုရား)၊ ဒါကြောင့်မို့ “အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ”လို့ ခန္ဓာကြီးပေါ် ပေါ်လာတယ် (မှန်ပါ့)၊ မပေါ်လာဘူးလား (ပေါ်လာပါ တယ် ဘုရား)၊ အဲ အဝိဇ္ဇာက ခန္ဓာလုပ်တော့ ဝိဇ္ဇာက လုပ်သေးရဲ့လား (မလုပ်တော့ပါ ဘုရား)၊ ဒါဖြင့် ခန္ဓာလည်းမရှိ ဘူး (မှန်ပါ့)။

ဒီ ဖြစ်ပျက်- ဖြစ်ပျက်တာ ငါမဟုတ်ကြောင်း သိသဖြင့် ငါဆိုတဲ့ လောဘဒိဋ္ဌိကကော (ပြုတ်ပါတယ် ဘုရား) ပြုတ်သွားတော့ သူကလည်း လောင်မီးကိုးဗျ နဂိုက (မှန်ပါ့)၊ လောင်မီးကော ရှိသေးရဲ့ လား (မရှိပါ ဘုရား)။

ဒါဖြင့်လောင်စာလည်းမရှိ၊ လောင်မီးလည်းမရှိတဲ့ ဒီအလုပ်သာခင်ဗျားတို့ လုပ်လို့ရှိရင် လောင်စာသိမ်း၍ မီငြိမ်းတာ ဧကန် ရတယ်(မှန်ပါ့)၊ လောင်စာသိမ်း၍မီးငြိမ်းတာ ဧကန်ရတယ် ဆိုတာ သဘောပါပလား (ပါပါပြီ ဘုရား)။

ငြိမ်းသွားတာက နိရောဓသစ္စာ

ကဲ ဒါဖြင့် လောင်စာသိမ်းတာက ဘယ်သူတုံး ဘုရာ့ဆိုတော့ ဝိဇ္ဇာမဂ္ဂင် (မှန်ပါ့)၊ သဘော ကျပလား (ကျပါပြီ)၊ မီးငြိမ်းပေးတာက ဝိဇ္ဇာမဂ္ဂင်၊ သဘောကျပလား (မှန်ပါ့)၊

ဝိဇ္ဇာမဂ္ဂင်က သိမ်းပေးလိုက်တဲ့အခါကျတော့ မီးငြိမ်း တဲ့အခါကျတော့ ငြိမ်းမသွားဘူးလား (သွားပါတယ် ဘုရား)၊ ငြိမ်းတာက နိရောဓသစ္စာ၊ ငြိမ်းပေးတာက မဂ္ဂသစ္စာ၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ငြိမ်းပေးတာကမဂ္ဂသစ္စာ

ငြိမ်းပေးတာက (မဂ္ဂသစ္စာပါ ဘုရား)၊ ငြိမ်းသွားတာက (နိရောဓသစ္စာပါ ဘုရား)၊ အဲ အခုလုပ်နေတာက ဖြစ်ပျက်၊ လုပ်နေတာက ငြိမ်းနေတာ (မှန်ပါ့)၊ နောက် အကုန်ငြိမ်းသွားတဲ့ – အခါကျတော့ ဘာသစ္စာလဲ (နိရောဓသစ္စာပါ ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။