223

“သာသနာတွင်းသားဖြစ်ပြီလား” ပြင်ချိန်ရှိတုန်းပြင်လိုက်ကြပါ

အသံဖိုင်ခေါင်းစဉ်= သာသနာတွင်းတရားနှင့်သာသနာပ တရားတော်

စာအုပ်ခေါင်းစဉ်= “သာသနာတွင်းသားဖြစ်ပြီလား” ပြင်ချိန်ရှိတုန်းပြင်လိုက်ကြပါ

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့၌ ဟောကြားသော တရားတော်

“သာသနာတွင်းသားဖြစ်ပြီလား”

ပြင်ချိန်ရှိတုန်းပြင်လိုက်ကြပါ

ဟောကြားသည့်နေ့

(၉-၈-၆၁)

သာသနာတွင်းသားလား၊ သာသနာပသားလားဆိုတဲ့ ဥစ္စာ ရှေ့ပိုင်းမှာ နည်းနည်း ပြောကြည့်မယ်နော် (မှန်ပါ့)။

အားလုံး တရားနာလာကြတဲ့ ဒကာ ဒကာမတွေသည်တဲ့ ငါသည် ယခု သာသနာတော်ကြီး ကတော့ဖြင့် ရှိသေးတယ်၊ ရှိ ပင်ရှိငြား သော်လည်း ငါသည် သာသနာတွင်းသား ဟုတ်ပါရဲ့ လား၊ သာသနာပသားများ ဖြစ်နေရော့လားလို့ ဆိုတာကိုလည်း ကိုယ့်ဟာကိုယ်တွေးကြပါ (မှန်ပါ့ ဘုရား)။

ပြင်ချိန်ရှိတုန်းပြင်လိုက်ကြပါ

အကယ်၍ သာသနာပသား ဖြစ်နေသေးတယ်၊ သာသနာတွင်းရှိငြားသော်လည်း သာသနာပသား ဖြစ်နေသေး လည်း ပြင်ချိန်ရှိတုန်းပြင်လိုက်ကြပါ (မှန်ပါ့)။

ကောင်းပြီ- ဒါဖြင့် သာသနာတွင်းသားမှာ ရှိတဲ့ ဉာဏ် သာသနာပသားမှာရှိတဲ့ ဉာဏ်-နှစ်ဉာဏ်ကို ရှေ့ပိုင်းမှာ ပြပေးမယ် (မှန်ပါ့)။

အားလုံး ဒကာ ဒကာမတွေ ဒီမှာပြတာကိုလည်း မြင် – တဲ့ပုဂ္ဂိုလ်ကြည့်ကြပေါ့ဗျာ (မှန်ပါ့)၊ ၁-နံပါတ်က ကမ္မဿ ကတဉာဏ်၊ ၂-နံပါတ်က သစ္စာနုလောမိကဉာဏ်လို့ ဉာဏ်နှစ် မျိုးထားပါ (မှန်ပါ့)။

(၁) နံပါတ်က ကမ္မဿကတဉာဏ် (မှန်ပါ့)၊

(၂) နံပါတ်က သစ္စာနုလောမိကဉာဏ်လို့ နှစ်မျိုးရှိပါ – တယ် (မှန်ပါ့)။

(၁) နံပါတ်က ဘာပါလိမ့် (ကမ္မဿကတဉာဏ်ပါ ဘုရား) ၂-နံပါတ်က ဘာပါလိမ့် (သစ္စာနုလောမိကဉာဏ်ပါ ဘုရား)။

သာသနာပသား

အဲဒီတော့ သာသနာပ ဖြစ်နေတဲ့ပုဂ္ဂိုလ်မှာတော့ ကောင်းတာလုပ် ကောင်းကျိုးပေးတယ်၊ ဒါနလုပ်ရင် ကောင်းကျိုး ပေးတယ်၊ သီလလုပ်ရင် ကောင်းကျိုးပေးတယ်၊ သီလ ဆောက်တည်လည်း ကောင်းကျိုး ပေးတယ်လို့ ဉာဏ်မျှရှိ တာသည် ကမ္မဿ ကတဉာဏ် (မှန်ပါ့)။

ဒါ သာသနာပလို့ မှတ်လိုက်၊ (မှန်ပါ့ ဘုရား)၊ ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)။ ဘယ်လို မှတ်ကြမယ်၊ (သာသနာပပါ ဘုရား) သာသနာပ လည်းရှိတာပဲတဲ့၊ ကိုယ့်သန္တာန်လည်း ဒါ သာသနာတွင်း ဉာဏ်မရောက်သေးလို့ မဂ်ဉာဏ် ဖိုလ်ဉာဏ်နဲ့ ဝေးနေသေး တယ်၊ (မှန်ပါ့ ဘုရား)။

ကမ္မဿကတဉာဏ်

ဒါနလုပ်ရင် အကျိုးပေးတယ်၊ သီလဆောက်တည်လို့ ရှိရင် အသက်ရှည်တယ်၊ နတ်ပြည် ရောက်တယ်လို့ ဤမျှလောက် သိတဲ့ဉာဏ်သည် ကမ္မဿကတဉာဏ် (မှန်ပါ့)၊ ဒီဉာဏ်ကို သာသနာပ ဉာဏ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။

ဒီဉာဏ်ကို ဘယ့်နှယ်မှတ်ကြမယ် (သာသနာပ ဉာဏ်ပါ ဘုရား)။

ဒကာကြွယ် သေသေချာချာစဉ်းစားပါနော် (မှန်ပါ့)။ ကိုယ် ဘယ်အခြေအနေဆိုက်နေတယ်၊ ဒို့ဟာ သာသနာတွင်းတော့ မွေးဖွားကြပါရဲ့၊ ဉာဏ်က ဒီဉာဏ်မျှ ဆုံးနေမယ်ဆိုရင်ဖြင့် သာသနာပဉာဏ် ထဲမှာပဲ သက်ဝင်နေတယ် (မှန်လှပါ)၊ သဘောပါပလား (ပါပါပြီ ဘုရား)။

အနိစ္စတွေသိတဲ့ဉာဏ်

ဒါဖြင့် ဒကာ ဒကာမတို့ ဒုတိယဉာဏ်ကလေး ပြောပါ ဦးမယ်၊ (မှန်ပါ့)၊ ဒုတိယဉာဏ်ကတော့ ဒကာ ဒကာမတို့ ခန္ဓာ ကိုယ်ထဲမှာရှိတဲ့ ခန္ဓာငါးပါးရှိတဲ့ အနက်က ဖြစ်ပြီးပျက်တဲ့ အနိစ္စ လေးတွေ သိတဲ့ဉာဏ်၊ ဖြစ်ပြီး ပျက်တဲ့ ဒုက္ခသစ္စာကလေးတွေ သိတဲ့ဉာဏ်၊ ဖြစ်ပြီး ပျက်တဲ့ အနတ္တကလေးတွေ သိတဲ့ဉာဏ်က သစ္စာနုလောမိကဉာဏ်၊ (မှန်ပါ့)၊ ဒါက သာသနာတွင်းမှာ ပေါ်လာတဲ့ဉာဏ် (မှန်ပါ့)။

ဒါဖြင့် သာသနာပဉာဏ်က တိုတိုမှတ်ကြပါစို့ဆိုတော့ ကောင်းတာလုပ် ကောင်းကျိုးပေးတယ်၊ မကောင်းတာလုပ် မကောင်းကျိုးပေးတယ်ဆိုတဲ့ သိတဲ့ဉာဏ်သည် သာသနာပဉာဏ် (မှန်ပါ့)။

သစ္စာနုလောမိကဉာဏ်

ခန္ဓာကိုယ်ထဲ၌ ဝေဒနာကလေးတွေ ပေါ်လိုက် ပျောက်သွားလိုက်၊ ဪ ဝေဒနာက္ခန္ဓာ ကလေးတွေ လည်း ဖြစ်ပျက် ပါလား၊စိတ်ကလေးတွေ ပေါ်လိုက် ဖြစ်ပြီးပျက်သွားလိုက်၊ ဒါကလေးတွေ ကြည့်တတ်တဲ့ ဉာဏ်ကတော့ သစ္စာနုလောမိက ဉာဏ်လို့ ခေါ်ပါတယ်၊ (မှန်ပါ့)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဝိပဿနာ အလုပ်ကို ဆရာ့ဆီမှာ နည်းကျကျ မလုပ်လို့ ရှိရင်ဖြင့် သာသနာ ပဉာဏ်နဲ့ပဲ နေပြီး သာသနာပဉာဏ်နဲ့ပဲ သေကြလိမ့်မယ်။

ဒါဖြင့် ဒကာ ဒကာမတို့ သစ္စာနဲ့လျော်တဲ့ဉာဏ် မရဘူး (မရပါ ဘုရား)၊ မရတော့ ဦးလှဘူးတို့ သာသနာတွင်းသား မဖြစ် လိုက်ရဘူး၊ (မှန်ပါ့)၊ မဖြစ်လိုက်ရတော့ မဂ်ဉာဏ် ဖိုလ်ဉာဏ် မရဘူး၊ (မရပါ)၊ တယ်လည်း နာပါလား (နာပါတယ် ဘုရား)။

ဒါ ယနေ့ အရှေ့ပိုင်းမှာ ဝေဖန်တာကိုလည်း ဒကာ ဒကာမတွေက ကိုယ့်ကိုယ်ကို ငါသည် သာသနာ တွင်းသားအလုပ် လုပ်မိလေရော့လား၊ သာသနာပ အလုပ်နဲ့ပဲ ငါသည် တင်းတိမ် နေသလား ဆိုတာကိုလည်း ဒကာသစ်တို့ ဝေဖန်တော့၊ (မှန်ပါ ဘုရား)။

သာသနာတွင်းသားရှားတယ်

တိုတိုနဲ့ရှင်းရှင်းပြောကြပါစို့လို့ ဒကာ ဒကာမတွေကို ပြောရမယ်ဆိုရင်ဖြင့် သာသနာပဉာဏ်နဲ့ လမ်းဆုံးနေတာက များတယ်၊ (များပါတယ် ဘုရား)၊ သာသနာတွင်း ဉာဏ်ရောက်တဲ့ ပုဂ္ဂိုလ်ရှားတယ်၊ (ရှားပါတယ် ဘုရား)။

သာသနာတွင်းဉာဏ် မရောက်တော့ သစ္စာမသိ၊ သစ္စာ မသိတော့ မဂ်ဉာဏ်မရ၊ (မှန်ပါ့)၊ မဂ်ဉာဏ် မရတော့ နိဗ္ဗာန် မရောက်၊ နိဗ္ဗာန် အာရုံမပြုနိုင်၊ (မှန်ပါ့)၊ ဒီလိုဖြစ်နေတော့ ဒကာကြွယ်ရေ-

အားလုံးသော ဒကာ ဒကာမတွေ အမိအဖ၊ ဆွေမျိုးဉာတကာတွေ ပြောရတယ်၊ သာသနာပ ဉာဏ် ကလေးနဲ့ ဒကာ ဒကာမတွေ လမ်းဆုံး မနေပါနဲ့၊ (မှန်ပါ့)၊ သာသနာတွင်း ဉာဏ်ကလေး ကိုလည်း ကြိုးစားလိုက်ပါ ဆိုတာကို ဒီကနေ တိုက်တွန်းပါတယ်၊ (မှန်ပါ့)၊ မတိုက်တွန်းသင့်ဘူးလား၊ (တိုက်တွန်းသင့်ပါတယ် ဘုရား)။

သာသနာပလုပ်တဲ့အလုပ်တွေ

မွေးတာက သာသနာတွင်း၊ (မှန်ပါ့) အဆုံးအမ ခံတာက သာသနာပဉာဏ် ဆိုတော့ ဒါက သာသနာပ, မှာလည်း ဝေလာမ ပုဏ္ဏားတို့ အလုံးစုံ အကုန်လှူဒါန်း ပေးကမ်း သီတင်းသီလ ဆောက်တည် နေကြတာပဲ၊ (မှန်ပါ့) သာသနာပမှ လုပ်တဲ့အလုပ် တွေ၊ (မှန်ပါ့)၊ သာသနာတွင်းမှ ဒီကမ္မဿကတဉာဏ်လည်း လုပ် ရမယ်၊ (မှန်ပါ့)၊ သစ္စာနဲ့လျော်တဲ့ ဖြစ်ပျက်ရှုတဲ့ ဉာဏ်လည်း၊ (လုပ် ရမှာပါ ဘုရား)။

ဒါမှ သာသနာတွင်းသားဖြစ်ပြီး သကာလ ဒကာ ဒကာမ တို့ သာသနာ့အရိပ်ခိုပြီး သကာလ မဂ်ဉာဏ် ဖိုလ်ဉာဏ်နဲ့ နိဗ္ဗာန် ကူးသွားနိုင်တယ်၊ (မှန်ပါ့)။

ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ တော်လောက် ပြီဆိုတဲ့စကားမသုံးပဲနဲ့ ကျုပ်သည် ဒါနလည်း များခဲ့ပါပြီ၊ သီလ ဆိုတာလည်း ကျုပ် ဥပုသ်နေ့တိုင်း ဆိုသလိုပဲ ငါးပါးသီလလည်း လုံအောင် ထိန်းလို့ ရှစ်ပါးသီလလည်း ဥပုသ်နေ့ စောင့်ပြီး တော်လောက်ပြီ ဆိုပြီးနေတဲ့ ပုဂ္ဂိုလ် များသည် သာသနာပ ကမ္မဿကတဉာဏ်နဲ့ နေတဲ့ ပုဂ္ဂိုလ်လို့ မှတ်လိုက်၊ (မှန်ပါ့)။

သာသနာတွင်းသားကတော့

သာသနာတွင်းသား ကတော့ ဒီလိုမဟုတ်ပါဘူး၊ ကမ္မဿကတဉာဏ် အလုပ်ကိုလည်း လှူမူ တန်းမှု သီတင်းသီလ ဆောက်တည်မှုလည်း လုပ်ပါတယ်၊ (မှန်ပါ့)။

သစ္စာနုလောမိက ဉာဏ်ဆိုတဲ့ ဖြစ်ပျက်ကိုလည်း ရှုမိပါ တယ်၊ (မှန်ပါ့) ဒီဖြစ်ပျက် ရှုမိမှ သာလျှင်လည်း ဒကာ ဒကာမတို့ သာသနာတွင်းသား ဖြစ်ပြီး သမ္မာဒိဋ္ဌိဖြစ်ပါတယ်၊ (မှန်ပါ့)။

ဒကာကြွယ် ရှင်းပလား၊ (ရှင်းပါပြီ) သာသနာပဉာဏ်က ဘယ်တွင် လမ်းဆုံးပါလိမ့်၊ (ကမ္မဿကတဉာဏ်ပါ) ကမ္မဿကတ ဉာဏ်တွင် လမ်းဆုံးတယ်၊ (မှန်ပါ့)။

သာသနာတွင်းသားကတော့ ဘယ်ဉာဏ်ကျအောင် တက်လိုက်ပါလိမ့်၊ (သစ္စာနုလောမိက ဉာဏ်ကျအောင် တက်ပါ တယ်ဘုရား သစ္စာနုလောမိက ဉာဏ် ဆိုတာ ကိုယ့်ခန္ဓာကိုယ်၏ ဖြစ်ပျက်ကို သိတဲ့ဉာဏ်၊ (မှန်ပါ့) ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)။

နိဗ္ဗာန်အဝင်ဝရောက်သွားပြီ

ကိုယ့်ခန္ဓာဖြစ်ပျက်ကို သိတဲ့ဉာဏ်သည် သစ္စာနု လောမိကဉာဏ်၊ သစ္စာနဲ့ လျော်တဲ့ဉာဏ် ဖြစ်လေသောကြောင့် နိဗ္ဗာန်အဝင်ဝ ရောက်သွားပြီ (မှန်လှပါ ဘုရား) သဘောပါပလား၊ (ပါပါပြီ ဘုရား)။

ဦးလှ ဒါသတိထားပါ၊ (မှန်ပါ့) ဒါ သတိထားပါ ဒကာ ဒကာမတို့၊ (မှန်ပါ့)။

ကိုင်း ဒီနှစ်ခု အကျိုးအပြစ်ကို ပြောစမ်းပါဦး၊ ဉာဏ် နှစ်ခုကတော့ တပည့်တော်တို့ ရှင်းသွားပါပြီ လို့ ဒကာ ဒကာမတွေက ဝန်ခံပြီပဲ ထားပါတော့၊ (မှန်လှပါ ဘုရား)။

ကမ္မဿကတဉာဏ်ဒါနပေးလှူ၊ သီလဆောက်တည်ပြီး သကာလ ကောင်းတာလုပ်မှ ကောင်းကျိုး ပေးတာမို့ ကျုပ်တို့ လုပ်ရတာ။ မကောင်းတာလုပ် မကောင်းကျိုးပေးမှာမို့ ကျုပ်တို့ ရှောင်ကြဉ်နေရတယ် ဆိုတဲ့ ကမ္မဿကတဉာဏ်က သက္ကယဒိဋ္ဌိ မပြုတ်ဘူး၊ (မှန်လှပါ)။

ဒကာ ဒကာမတို့ ဘာထူးခြားပါလိမ့်၊ (သက္ကာယဒိဋ္ဌိ မပြုတ်ပါဘူး)။

နတ်ရွာသုဂတိရောက်တယ်

သက္ကာယဒိဋ္ဌိမပြုတ်တော့ ဘုန်းကြီးတို့ ဒကာ ဒကာမ တွေသည် ဒါနအကျိုးဆက်ကြောင့် နတ်ရွာ သုဂတိရောက်၊ သီလ အကျိုးဆက်ကြောင့် နတ်ရွာ သုဂတိ ရောက်တာ ဧကန်ပါပဲ။ (မှန်လှပါ)၊ သက္ကာယဒိဋ္ဌိ ဆိုတဲ့ ဒိဌာနုသယက ပါသွားတော့ကိုတဲ့ အပါယ်လေးပါး ပြန်ကျနိုင်တယ်၊ (မှန်လှပါ) ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)။

အပါယ်လေးပါးကို ပြန်ကျနိုင်ပါတယ်ဘုရား အို ဒါဖြင့် ဒို့သည်ကား-လို့ ဆိုလို့ရှိရင်ဖြင့် အပါယ်လေးပါး ပြန် မကျတဲ့ အလုပ်ကိုလည်း အကူအညီ ယူဦးမှပဲဆိုတဲ့ ဥစ္စာ ကိုလည်း စိတ်ထားပြင်း ပြင်းထန်ထန်နဲ့ မွေးကြပါ၊ (မှန်လှပါ)။

အပါယ်မကျတာက ဘာတုံး-လို့မေးတဲ့အခါကျတော့ သစ္စာနုလောမိကဉာဏ် ရမှသာလျှင် ဒကာ ဒကာမတို့ မဂ်ဉာဏ် သေသေချာချာ ဆိုက်ပါတယ်၊ (မှန်ပါ့)။

မဂ်ဉာဏ်ရမှသာသနာတွင်းသား

အဲဒီကျတော့ “စတူဟာပါယေဟိစ ဝိပ္ပမုတ္တော” စတူဟိ အပါယေဟိ၊ လေးပါးသော အပါယ်တို့မှ။ ဝိပ္ပမုတ္တော၊ လွတ်သည်။ ဟောတိ၊ ဖြစ်၏။

အင်း သစ္စာနုလောမိကဉာဏ် ကနေတက်ပြီး မဂ်ဉာဏ်ရလိုက်တော့မှ သာသနာတွင်းသား – ဖြစ်သောကြောင့် အပါယ်လေးပါးလွတ်ပြီး နတ်ပြည်တက်၊ နတ် ပြည်ကနေ နိဗ္ဗာန်ကူး ဆိုတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကမ္မဿကတ ဉာဏ်လောက်နဲ့ တင်းတိမ် မနေဘဲနဲ့ သစ္စာနုလော မိကဉာဏ် ဖြစ်ပျက်ရှုတဲ့ဉာဏ်ကိုပဲ အင်း- ဒို့လိုသေးတယ်၊ ဖြည့် ဦးမယ်-ဆိုတဲ့စိတ်ကို ယနေ့ သန်သန် ထွားထွား မွေးပါ၊ (မှန်ပါ့)။

ဒီစကားနှစ်လုံးဟာ ဒကာ ဒကာမတို့နားရှိလို့ကြားရ၊ ဆရာကောင်း သမားကောင်း ပြောဆိုလို့ နားထောင်ရ- ဆိုတဲ့ အတိုင်း ဒီစကားနှစ်လုံး သည်ကားလို့ဆိုယင် ဒို့-တင်းတိမ်နေတာ မှားသေးရင် ပြင်လိုက်ကြပါ၊ (မှန်လှပါ ဘုရား)။

ဟာ- တပည့်တော်တို့ ကမ္မဿကတဉာဏ်လည်း လုပ်ပါ တယ်ဘုရား၊ သစ္စာနဲ့ လျော်တဲ့ ဖြစ်ပျက် အနိစ္စ အလုပ်ကိုလည်း ရှုပါတယ်ဘုရားလို့ ဆိုလို့ရှိရင်ဖြင့် ဒီ- ဒကာ ဒကာမတွေသည် သာသနာတွင်းသား ဖြစ်ပါတယ်၊ (မှန်လှပါ။)

ဒါဖြင့် သာသနာပသားကဖြင့် ကမ္မဿကတဉာဏ်၊ အတ္တဒိဋ္ဌိ သက္ကာယဒိဋ္ဌိ မပြုတ်ဘူး၊ (မပြုတ်ပါ ဘုရား)။

နိဗ္ဗာန်တောက်လျှောက်ကူးချင်လို့ရှိရင်

သာသနာတွင်းဖြစ်ချင်လို့ရှိရင် အပါယ်လေးပါးကိုလည်း တစ်ခါတည်းမကျဘဲနဲ့ နိဗ္ဗာန် တောက်လျှောက် ကူးချင်လို့ရှိရင် ကမ္မဿကတဉာဏ်ပဲ လုပ်ပါ၊ ဒါန သီလလည်း လုပ်ပေါ့ဗျာ၊ (မှန်ပါ့) ဝိပဿနာ အလုပ်ကိုလည်း၊ (လုပ်ရပါမယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ကျုပ်တို့ သာသနာတွင်းသားဖြစ် အောင် ဒါနသီလလည်း မကင်းကြ ပါစေနဲ့၊ ဝိပဿနာဉာဏ် ကိုလည်း အထွတ်အထိပ် တပ်ပါလို့ဆိုတာ ဒီကနေပြီး သတိပေး ပါတယ်၊ (မှန်လှပါ ဘုရား)။

ဒီစကားဟာ ဒကာ ဒကာမတို့ ဘယ့်အတွက်ကြောင့် ဒါလောက်တောင် ပြောဆို မှာပြီး သကာလ ဒကာသစ်နေ ရပါလိမ့် မတုံးလို့ မေးတဲ့အခါကျတော့မှ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ကိုယ့်ဟာကိုယ် သိသလောက်ကလေးနဲ့ ကျုပ်တို့ ဒါနသီလ တွေစုံပြီး၊ ဘာလုပ်စရာ လိုသေးသတုံး ဆိုတဲ့ အသွားတွေကလည်း ဒကာကြွယ် များတယ်နော်၊ (မှန်ပါ့-များပါတယ် ဘုရား) မများဘူးလား၊ (များပါတယ် ဘုရား)။

မှားနေလို့ပြင်ပေးရတယ်

ကျုပ်တို့ ဒါနလည်းစုံပြီ၊ သီလလည်း တယ်မပျက် ပါဘူး ဒါကြောင့် ကျုပ်တို့ဖြင့် သေပျော်ပေါ့ လို့ဆိုပြီး အပါယ်စိတ် မချရဘဲနဲ့ သေပျော်ပေါ့ဆိုတော့ -မှားနေလို့ ပြင်ပေးတာပဲလို့ ပဏ္ဏာသ ပါဠိတော်လို့ မှတ်လိုက်ပါ၊ (မှန်လှပါ ဘုရား) မှားနေလို့ ပြင်ပေးရပါတယ်၊ (မှန်ပါ့)။

ကိုင်း ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒါန, သီလလည်းလုပ်ပါ၊ (မှန်ပါ့ ဘုရား)။ ဝိပဿနာလည်း (လုပ်ရ မှာပါ ဘုရား)။

မလုပ်လို့ ဝိပဿနာ ချွင်းချက် ထားခဲ့သော် သာသနာ ပသား ဖြစ်တယ်၊ (မှန်ပါ့) ဝိပဿနာ လုပ်ခဲ့သော် (သာသနာ တွင်းသား ဖြစ်ပါတယ် ဘုရား) သာသနာတွင်းသား ဖြစ်သွား တယ် ဆိုတာ ဒကာလှတို့လည်း သေသေချာချာ မှတ်ရလိမ့်မယ်၊ (မှန်ပါ့) မမှတ်ထိုက်ဘူးလား၊ (မှတ်လိုက်ပါတယ် ဘုရား)။ ဒါကြောင့် ဘုန်းကြီးတို့သည် ဒီဒကာ ဒကာမတွေအား ခေါင်းဆောင်လုပ်ပြီး သကာလ အပါယ်လေးပါး တံခါးပိတ်ပြီး သကာလ နိဗ္ဗာန်ဆိုတဲ့ ဒုက္ခခပ်သိမ်းကင်းငြိမ်းတဲ့ နိဗ္ဗာန်ကြီးကို အရောက် ပို့တော့မယ် ဆိုတော့ ဒကာ ဒကာမတို့ သစ္စာ နုလော မိကဉာဏ် မပေးရင် မတော်ဘူး၊ (မှန်လှပါ) ဒကာကြွယ် တော်ပါ့မလား (မတော်ပါ ဘုရား)။

ပင်ပန်းခံပြီး နာကြ၊ မှတ်ကြ

အေး ဒါကြောင့် ပင်ပန်းခံပြီး နာကြ, မှတ်ကြတဲ့ ဒကာ ဒကာမတွေမှာဖြင့် “ဒို့ဖြင့် ယနေ့သစ္စာ နုလောမိကဉာဏ် ဖြစ်တဲ့ ဝိပဿနာဉာဏ်၊ ၎င်းရင့်ကျက်သွားလို့ရှိရင် မဂ်ဉာဏ်ဖြင့် ငါတို့ရတော့မှာပဲ၊ အပါယ်လေးပါး တံခါးပိတ်၍ မအိုမသေ အမြဲနေတဲ့ နိဗ္ဗာန်, ဒုက္ခခပ်သိမ်း ကင်းငြိမ်းတဲ့နိဗ္ဗာန်, ထောင့် ငါးရာကိလေသာ အပူဓာတ်, အလောင်ဓာတ်တို့၏ ငြိမ်းသတ်ရာ ဖြစ်တဲ့ နိဗ္ဗာန်ကိုဖြင့် သာသနာတွင်း သားမှပဲ ရောက်နိုင်တယ် ဆိုတာကို” တထစ်ချ ဆုံးဖြတ်ချက် ချပြီး သာသနာတွင်းသား အလုပ်ကို လုပ်ပါတော့မယ်လို့ ဆုံးဖြတ်ချက်ချပါ၊ (မှန်လှပါ) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

သာသနာတွင်း အလုပ်ဆိုသော ဘာပါလိမ့်

ကဲ ဒါဖြင့် သာသနာတွင်း အလုပ်ဆိုတာ သမ္မာဒိဋ္ဌိ အလုပ်လို့ မှတ်လိုက်ပါ၊ (မှန်ပါ့)။

သာသနာတွင်း အလုပ်ဆိုတာ ဘာပါလိမ့်၊ (သမ္မာဒိဋ္ဌိ အလုပ်ပါ ဘုရား)။

ကောင်းပြီ ဒါဖြင့် သဠာယတန သံယုတ် ပါဠိတော်မှာ၊ သဠာယတန သံယုတ်ပါဠိတော်ဆိုတော့ ဘုရား ကိုယ်တော်တိုင် ဟောတယ်လို့ ဦးလှဘူး မှတ်လိုက်စမ်းပါ။ (မှန်လှပါ)။

ပါဠိထဲမှာ – ပါဠိဆိုရင် သာမညနော်၊ (မှန်ပါ့) ပါဠိထဲမှာ တော်ဆိုတဲ့ ပါဠိတော်ဆိုပြီး တော်ထပ် လာလို့ ရှိရင် ဘုရား ကိုယ်တော်တိုင် ဟောလို့ ချွင်းချက်မရှိ မှန်တဲ့သဘောကို ယူလိုက် ပါ၊ (မှန်ပါ့) ရှင်းပြီနော်၊ (ရှင်းပါပြီ ဘုရား)။

ကဲ-ဒါဖြင့် သဠာယတန သံယုတ်ပါဠိတော်ကိုပဲ ဒကာ ဒကာမတွေကို အလုပ်ပေးပါတော့မယ်၊ (မှန်ပါ့) အဲဒီပါဠိတော်ကို ဒကာ ဒကာမတွေ အလုပ်လုပ်ရမည့် ပါဠိတော်ဆိုတာ ဒကာသစ် သေသေချာချာ မှတ်ပါ (မှန်ပါ့ ဘုရား)။

အဲဒီတော့ ဒီပါဠိတော်ကြီးကို ဘုန်းကြီးက အလုပ်စဉ် သွင်းပြီး သကာလ ဒကာ ဒကာမတွေ ခန္ဓာဉာဏ်ရောက် ပြတော့ မယ်ဆိုတော့ လုပ်ခြင်းကြောင့် ဘာကျေးဇူးရှိသလဲလို့ မေးတဲ့ အမေးကို ဖြေရအောင် ကိုယ့်အမှား ဆယ့်နှစ်ချက်ကို ရှေ့ပိုင်း က သင်ထား၊ (မှန်ပါ့ ဘုရား)။

ဝိပ္ပလ္လာသအမှားဆယ့်နှစ်ခု

ကိုယ့်အမှား ဆယ့်နှစ်ချက်ကို (ရှေ့ပိုင်းက သင်ထား ရပါမယ် ဘုရား)။

ဒါက ခန္ဓာငါးပါး ခန္ဓာငါးပါးကို ဝိပ္ပလ္လာသ အမှား ဆယ့်နှစ်ခုနဲ့ ဒကာကြွယ်မှတ်ထားရလိမ့်မယ်၊ (မှန်ပါ့ ဘုရား)။

ဒီခန္ဓာငါးပါးဆိုတဲ့ ဥစ္စာ ဘယ်လိုပြောပြော အနိစ္စတရား၊ ပဲ ဖြစ်ပြီး ပျက်တာချည်းပဲ (မှန်ပါ့ ဘုရား)။

ဒါဖြင့် အနိစ္စကို နိစ္စလို့၊ နိစ္စဆိုတာ = ခိုင်တယ်မြဲတယ် လို့ မှတ်ထားတဲ့ အမှတ်မှား၊ (မှန်ပါ့) ခိုင်တယ်, မြဲတယ်လို့ သိထားတဲ့ အသိမှား။ (မှန်ပါ့) ခိုင်တယ်, မြဲတယ်လို့ ယူထားတဲ့ (အယူမှားပါ ဘုရား)။

အနိစ္စကို နိစ္စလို့ သိတဲ့အမှား (၃) ချက်

အနိစ္စကို နိစ္စလို့ အမှတ်မှား, အသိမှား, အယူမှား၊ ဘယ်နှစ်ခုပါလိမ့် (သုံးခုပါ) သုံးခု မှတ်ထားလိုက်၊ (မှန်ပါ့ ဘုရား)။

ဒီခန္ဓာငါးပါးကြီးဟာ ဘယ်အချိန်မဆို ဘုရားက မဟော ရင်လည်း ဖြစ်ပျက် ဒုက္ခသစ္စာပဲ၊ (မှန်ပါ့) ဘုရားဟောတာ ကလည်း လက်ညှိုးညွှန်ပြတာ ရှိတာပဲ၊ နဂိုရ်က ဒုက္ခသစ္စာပဲ။ (မှန်ပါ့ ဘုရား)။

အဲဒီ ဒုက္ခသစ္စာကြီးကိုလည်း ဒကာ ဒကာမတွေ သုခလို့ မှတ်ထားပြန်လို့ ရှိရင်လည်း အမှတ်မှား (မှန်ပါ့) ချမ်းသာတယ်၊ ဒီခန္ဓာကြီးရတာ ချမ်းသာတယ်လို့ မှတ်လို့ရှိရင်ဖြင့် အမှတ်မှား (မှန်ပါ့ ဘုရား)။

ဒုက္ခကို သုခလို့ သိတဲ့အမှား (၃) ချက်

ဒုက္ခကို သုခလို့ မှတ်ပြန်ရင် (အမှတ်မှားပါ)၊ ဒုက္ခကို သုခလို့ ကိုယ့်စိတ်ထဲက သိနေ ပြန်ရင်ကော (အသိမှားပါ)။ ဒုက္ခတရားကြီးကို သုခလို့ ကိုယ် ကိုယ်တိုင်က ယူထားပြန်ရင် တော့ကော (အယူမှားပါ ဘုရား)။

ဪ ဒါဖြင့် ဒုက္ခနောက်ကလည်း အမှားသုံးချက် (မှန်ပါ့ ဘုရား)။

ဒီခန္ဓာကိုယ်ကြီးကတော့ “သဗ္ဗေဓာ အနတ္တာ” လို့ ဆိုတာ အထင်အရှား အမြင်သားပဲ၊ တနေ့တခြား အို၊ တနေ့ တခြား ယိုယွင်း၊ တစ်နေ့တခြား သွားတွေကြဲလို့၊ တစ်နေ့တခြား ဆံပင်တွေ ဖြူပြီး သကာလ မဖြူပါနဲ့၊ မအိုပါနဲ့ အသားအရေ ၂ မတွန့်လိုက်ပါနဲ့ အင်အားဗလ မနည်းပါနဲ့ ဆိုလို့ ဒီခန္ဓာကိုယ်ကြီးက တားလို့ မြစ်လို့မှ မရနိုင်တဲ့ ခန္ဓာကိုယ်ကြီးဖြစ်သော အနတ္တ၊ (မှန်ပါ့ ဘုရား)။

အဲဒီအနတ္တ ခန္ဓာကိုယ်ကြီး လက်ရှိ ကိုပင်လျှင် ဒကာကြွယ် တို့က ဒါ-ငါပဲခိုင်တယ်, မြဲတယ်လို့ အမှတ်မှား – ကလည်း မလာလား၊ (လာပါတယ် ဘုရား)။

အနတ္တကို အတ္တလို့သိတဲ့အမှား (၃) ချက်

အနတ္တကို အတ္တလို့ မှတ်တာက အမှတ်မှား၊ (မှန်ပါ့) အနတ္တကို အတ္တလို့ သိတာဟာ၊ (အသိမှားပါ) အနတ္တတရား အစိုးမရပါဘူးဆိုလို့ရှိရင် အစိုးရတယ်၊ ကိုယ်သွားချင် သွားနိုင်တာပဲ၊ ကိုယ်လာချင် လာနိုင်တာပဲ၊ ကိုယ်စားနိုင်တာပဲ ဆိုတော့ မမာတော့ ရသေးရဲ့ လား၊ (မရပါ ဘုရား)။

အဲဒီတော့ ဒီအယူမှားကြီးကိုလည်း အနတ္တကို အတ္တလို့ မှားတဲ့ အယူမှားကလည်း တစ်ချက်၊ (မှန်ပါ့) ပေါင်းလိုက်တော့ အနတ္တမှာ ဘယ်နှစ်ချက်ရသတုန်း၊ (သုံးချက်ရပါတယ်) ရှင်း သွားပြီ၊ (မှန်ပါ့ ဘုရား)။

ကဲ တစ်ခါသွားပါဦး ဒကာ ဒကာမတို့တဲ့၊ ဒီခန္ဓာ – ကိုယ်ကြီးဟာ တစ်နေ့လုံး ချွေးသုတ်လို့ မပြီးနိုင်၊ (မှန်ပါ့) အစာ ကလေး ထည့်လို့ကော၊ မပြီးနိုင်ပါ၊ ထည့်သည့် အစာတွေ စွန့်လို့ကော၊ (မပြီးနိုင်ပါ ဘုရား)။

အင်း သူက ထည့်တုန်းက သုဘလို့ ထင်ရတယ်။ အတွင်းရောက်တော့ အသုဘနဲ့ ရောသွားတယ်၊ (မှန်ပါ့) ရောသွားတော့ ဒီခန္ဓာကိုယ်ကြီးဟာ အသုဘဖြစ်တဲ့ အစာ တွေက် ဖြစ်စေတဲ့ ရုပ်တွေ သွေးတွေ၊ သံတွေ, ပြည်တွေ သလိပ်တွေကလည်း အသုဘပဲ ဖြစ်ရတယ်၊ (မှန်ပါ့ ဘုရား)။

ချွေးတွေ သွေးတွေက အသုဘဖြစ်ရတော့ ဒီခန္ဓာကြီး ထဲမှာ ဘာတွေများ ရှိပါလိမ့်မတုံးလို့ တွေးမနေနဲ့ အသုဘပဲ ဆိုတာ ရှင်တဲ့ အသုဘပဲလို့မှတ်လိုက်၊ (မှန်ပါ့) ရှင်နေတုံး အသုဘ၊ (မှန်ပါ့ ဘုရား)။

အသုဘကို သုဘလို့ သိတဲ့အမှား (၃) ချက်

ဒါဖြင့် ဒကာ ဒကာမတွေက ဒီလိုတရားထူး တရားမြတ် ကို မသိရ၊ မသင်ရတဲ့ အခါကျလို့ ရှိရင်ဖြင့် အသုဘကို သုဘလို့ မှတ်တဲ့ အမှတ်မှား၊ (မှန်ပါ့) အသုဘကို သုဘလို့ သိတဲ့၊ (အယူ မှားပါ) အသုဘကို သုဘလို့ယူတဲ့ (အယူမှားပါ ဘုရား)၊ အမှား ဘယ်နှစ်ချက် လိုက်သလဲ (သုံးချက် လိုက်ပါတယ် ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတို့ ဒီတရားတွေ ရှိနေသရွေ့ ကာလပတ်လုံး ဒီခန္ဓာငါးပါးအပေါ်၌ အမှားဘယ်နှစ် ချက်ရှိပါလိမ့်၊ (ဆယ့်နှစ်ချက် ရှိပါတယ်) ဆယ့်နှစ်ချက်ရှိတယ်၊ (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ ဒီခန္ဓာငါးပါးအပေါ်၌ အမှားဆယ့်နှစ် ချက်ရှိတယ်ဆိုတာ သေသေချာချာ မှတ်ထားကြပါ(မှန်ပါ့ ဘုရား)။

ဘယ်နှယ်ကြောင့်မှားကြပါလိမ့်

အဲဒီဆယ့်နှစ်ချက် ရှိနေတော့ ဘယ့်နှယ်ကြောင့် ဒီအမှား မှားရပါလိမ့်မလဲလို့ ဒကာကြွယ်တို့၊ ဦးလှဘူးတို့က မေးဖို့ မ လိုလား၊ (လိုပါတယ် ဘုရား)။

ဪ ငါသည်ကားလို့ဆိုရင် မမှီဝဲကောင်းတာ၊ မှီဝဲတဲ့အတွက် “အသေဝနာစဗာလာနံ” ဆိုပြီး မိုက်တတ်တဲ့ တရားကြောင့် မိုက်နေတာ၊ (မှန်ပါ့ ဘုရား)။

“အသေဝနာစဗာလာနံ” ဆိုတဲ့အတိုင်း သဘောကျ ပလား (ကျပါပြီ) ဗာလာနံ = လူမိုက် တို့အား၊ အသေဝနာစ = မဟုတ်တာကို ဟုတ်တယ်လို့ မှီဝဲနေသောကြောင့် သူလူမိုက်၊ (မှန်ပါ့ ဘုရား)။

“အသေဝနာစဗာလာနံ” ဒကာကြွယ်၊ သဘောကျ ပလား (ကျပါပြီ အသုဘကို သုဘလို မှတ်နေရင် “အသေဝနာစ ဗာလာနံပဲ” (မှန်ပါ့) အသုဘကို – သုဘလို့ သိနေရင်ကော (အသေဝနာ စ ဗာလာနံပါပဲ) အသုဘကို – သုဘလို့ ထင်တယ်လို့ ယူနေပြန်ရင်ကော (အသေဝနာစ ဗာလာနံပါ ဘုရား)။

ဒကာကြွယ်တို့က နှုတ်ချိုတဲ့သူတွေ ဖြစ်ပြီး သကာလ နေတော့ မင်းကြည့်ရတာကွာ၊ ကြည့်လို့ တယ်ကြက်သရေ ရှိတယ်။ ကြက်သရေ ရှိတယ်၊ မင်းအရွယ်နဲ့ မလိုက်ဘူး နုပျို လိုက်တာ၊ (မှန်ပါ့) ဒကာကြွယ် ဒီအသုံးတွေကလည်း တယ် များတယ်၊ (များပါတယ် ဘုရား)။

ဒီအသုံးတွေက များတော့ သုံးတာကို ဘုန်းကြီးက ဒကာ ကြွယ်တို့ သုံးတာဟာ သူသုံးရိုး သုံးစဉ်မို့ သုံးတာပဲ၊ စင်စစ် အသုဘကို သူ-သုဘထင်နေတာပဲ၊ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒကာကြွယ်တို့ ဒကာသစ်တို့က ဘယ်ပါဠိတော် ထဲ သွင်းကြမတုံး၊ (အသေဝနာစ ဗာလာနံပါ) ဟာ ဒကာ ကြွယ် မရှက်နဲ့နော်၊ (မှန်ပါ့) ဒီအတိုင်း ဖြစ်တယ်၊ (ဖြစ်ပါတယ် ဘုရား) မဖြစ်ပေဘူးလား၊ (ဖြစ်ပါတယ် ဘုရား)။

ငါမှားနေပါပေါ့လား

ဒီအတိုင်း ဖြစ်နေကြတယ် ဒကာ ဒကာမတို့သော် ငါသည်ကားလို့ ဆိုရင် အသက် အရွယ်ကြီး လို့ မျက်စိတွေလည်း မွဲ ဆံပင်တွေလည်းဖြူ၊ အားအင်ဗလလည်း ချိနဲ့ နေငြား သော်လည်း ငါ့မှာ “အသေဝနာ စ ဗာလာနံ” မမှီဝဲကောင်းတာကို မှီဝဲပြီး သကာလ နှလုံးသွင်းမှားပြီး သကာလ ငါမှားနေပါ ပေါ့လား၊ (မှန်ပါ့) ဆိုတော့ အမှတ်မှားလည်း မိုက်တယ်၊ (မှန်ပါ့) အသိ အမှားကကော့ (မိုက်ပါတယ် ဘုရား)။

အယူမှားကကော (မိုက်ပါတယ် ဘုရား) အဲဒီတော့ – ဘယ်ပါဠိတော်ထဲ ရောက်သလဲ၊ (အသေဝနာစ ဗာလာနံပါ ဘုရား)။

ဪ ဒကာကြွယ်တို့က အသေဝနာစ ဗာလာနံ ဆိုတဲ့ ဥစ္စာသည် သူများ မိုက်တာလား တဲ့၊ (ကိုယ့်သန္တာန် ရှိတဲ့ ကိုယ့်အဝိဇ္ဇာအမိုက်ကြောင့် ဖြစ်ရတာလား (ကိုယ့်သန္တာန် ရှိတဲ့ အဝိဇ္ဇာ အမိုက်ကြောင့် ဖြစ်ရတာပါ ဘုရား) ပေါ်ပြီ (မှန်လှပါ ဘုရား)။

မိုက်ချင်လို့ မိုက်တာလား

ပေါ်ပြီ ဒကာ ဒကာမတို့ မိုက်ချင်လို့ မိုက်တာလား၊ အဝိဇ္ဇာက မိုက်တော့လား၊ (အဝိဇ္ဇာက မိုက်တာပါ ဘုရား)။

ဒီအဝိဇ္ဇာကိုမှ ဆရာဘုန်းကြီးတွေက ဝိဇ္ဇာဖြစ်အောင် လုပ်မပေးတော့ပါဘူး၊ အသိနဲ့ လုပ်မပေးပါဘူး၊ အကျင့်နဲ့(ပွားများမှု) ကို လုပ်မပေးပါဘူး။ အပယ်နဲ့လည်း လုပ်မပေးတော့ဘူး ဆိုရင်ဖြင့် အသေဝနာစ ဗာလာနံ – ထဲက မထွက်တော့ဘူး၊ (မထွက်တော့ ပါ ဘုရား) ထွက်ပါ ဦးမလား၊ (မထွက်ပါ ဘုရား)။

ဒကာကြွယ် – တယ်ကြောက်စရာ ကောင်းပါလား (ကောင်းပါတယ် ဘုရား) အင်မတန် ကြောက်စရာ ကောင်းတယ် ဆိုတာ ဒကာ ဒကာမတွေ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့က ဝိပဿနာဉာဏ်၊ သစ္စာနုလောမိကဉာဏ်ကို ပေးရတော့မယ်၊ (မှန်ပါ့ ဘုရား)။

ပေးလိုက်တဲ့ အခါကျလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဖြစ်ပျက်တွေ မြင်တော့မှာပေါ့ဗျာ၊ (မှန်ပါ့) ဖြစ်ပျက်တွေ မြင်တော့ သူ့အရှိကို သူမြင်တဲ့အတွက် အနိစ္စကိုလည်းမြင်၊ ဒုက္ခကို လည်းမြင်၊ အနတ္တ ကိုလည်းမြင်၊ မပိုင်ကြောင်း သိတယ်၊ (မှန်ပါ့) ဖြစ်ပြီး ပျက်တာ ဘယ်သူတားလို့ ရသလဲ၊ (မရပါ ဘုရား) ဖြစ်ပြီး ပျက်တဲ့ အသေသည်ကားလို့ ဆိုလို့ ရှိ ရင် သုဘလား၊ အသုဘလား၊ (အသုဘပါ ဘုရား)။

ဝိပဿနာရှုလိုက်တော့ အမှန်မှီဝဲတာ

အဲဒါတွေ သိထားတော့ “ပဏ္ဍိတာနဉ္စ သေဝနာ” ဆိုတဲ့ အတိုင်း ပညာရှိဖြစ် သောကြောင့် မှီဝဲသင့်တာ အမှန်မှီဝဲလိုက် တယ်၊ (မှန်ပါ့ ဘုရား) အမှန် ဝိပဿနာ ရှုလိုက်တော့ ပဏ္ဍိတာနဉ္စ သေဝနာ ဖြစ်တယ်၊ (မှန်လှပါ ဘုရား)။

ဪ-ဒို့ ဆရာဘုန်းကြီးသည် ဒို့ကို ဘယ်လိုများ ကယ်တင်ပါလိမ့်မတုံးလို့ မေးတဲ့ အခါ ကျတော့မှ အသေဝနာစ ဗာလာနံအဖြစ်မှ ပဏ္ဍိတာနဉ္စ သေဝနာ-ဆိုတဲ့ အဖြစ်ကို ပေးနေ ပါလား ဆိုတဲ့ဥစ္စာ ရှင်းသွားတယ်၊ (ရှင်းပါတယ် ဘုရား) မရှင်း , ဘူးလား၊ (ရှင်းပါတယ် ဘုရား)။

အသေဝနာစ ဗာလာနံအဖြစ်မှဗျာ၊ (မှန်ပါ့) ပဏ္ဍိတာနဉ္စ သေဝနာ အဖြစ်သို့ ရောက်အောင် ကယ်တင် ပို့နေတာပဲ၊ ဘုရားလည်း ဒါပဲ (မှန်ပါ့) ဆရာဘုန်းကြီး ညွှန်ပြနေတာကော (ဒါပါပဲ ဘုရား)။

ဖြစ်ပျက်မြင်မှ ပဏ္ဍိတ

ဒါပဲဆိုတော့ ကြော် – ဒါဖြင့် ဒကာ ဒကာမတို့ ပဏ္ဍိတ အဖြစ်ထဲ ရောက်အောင်ဖြင့် အနိစ္စမြင်မှ ဖြစ်ပျက်မြင်မှာပဲ၊ (မှန်လှပါ ဘုရား) သဘောပါပလား၊ (ပါပါပြီ ဘုရား)။

ဪ-ဒါဖြင့် ဒကာကြွယ်တို့ ဦးလှဘူးတို့ တော်ပဲ တော်သေးရဲ့ ကွာ၊ (မှန်လှပါ ဘုရား)။

ဒီအတိုင်း ဖြစ်ပျက်တွေ ဝေဒနာဖြစ်ပျက်ကိုလည်း ရှုလို့ မမြင်၊ စိတ်ဖြစ်ပျက်ကိုလည်း ရှုလို့မမြင်၊ ရုပ်ဖြစ်ပျက်ကိုလည်း ရှုလို့မမြင်ဘူးလို့ ဆိုလို့ရှိရင်ဖြင့် လူမိုက်တစ်ယောက် သေပေါက် သေဝသို့ ရောက်သွားရရှာလေပြီ ဆိုရမယ်၊ (ဆိုရမှာပါ ဘုရား)

လူမိုက်တစ်ယောက်ဖြင့် သေပေါက်သေဝရောက်သွား ပဟေ့ မဆိုနိုင်ဘူးလား၊ (ဆိုနိုင်ပါတယ် ဘုရား) ပဏ္ဍိတာနဉ္စ သေဝနာ သူမှီဝဲထိုက်တာ မှီဝဲလိုက်ရရဲ့ လား၊ (မမှီဝဲရပါ ဘုရား)။

မသိဘဲနဲ့ သေသွားတယ်

အဲဒီတော့ မမှီဝဲကောင်းတာ မှီဝဲပြီး သကာလ မသိဘဲနဲ့ သေသွားတော့ မသိမိုက်၊ မိုက်သွားတယ် ဆိုရင်လည်း မလွဲ ဘူးပေါ့ဗျာ၊ (မလွဲပါ ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတို့ ပဏ္ဍိတာနဉ္စ သေဝနာ ဆိုတာသည်ကားလို့ ဆိုရင် ဖြစ်ပျက်ကို မြင်ပြီး သကာလ ဖြစ်ပျက် အဆုံးမြင်ပြီး သေတဲ့ပုဂ္ဂိုလ်မှ ဒကာကြွယ် ပါဠိတော်ထဲ သွင်း လိုက်၊ (မှန်ပါ့ ဘုရား) ဘယ်ပါဠိတော်ထဲ သွင်းကြမတုံး (ပဏ္ဍိတာနဉ္စ သေဝနာပါ ဘုရား)။

ပဏ္ဍိတာနဉ္စ သေဝနာ၊ (မှန်ပါ့)၊ ပဏ္ဍိတာနံ၊ ပညာရှိသော ပုဂ္ဂိုလ်တို့အား။ ယာ သေဝနာစ၊ အကြင်မှီဝဲ ဆည်းကပ်ရခြင်း သည်လည်းကောင်း ဆိုတော့ ပညာရှိဆိုတာ ခင်ဗျားတို့ ဝမ်းထဲ သမ္မာဒိဋ္ဌိ ရောက်လာလို့ ဖြစ်ပျက်မြင်တာ၊ (မှန်ပါ့ ဘုရား) ဒါ ပညာရှိအဖြစ်သို့ ရောက်သွားပါတယ် ဆိုတာ ပေါ်ပလား၊ (ပေါ်ပါပြီ ဘုရား)။

လူမိုက်မသာ

ဒါဖြင့် ကိုယ့်သန္တာန်မှာ အနိစ္စဖြစ်ပျက် မမြင်ဘဲနဲ့ ဒကာ သစ်ရေ သေသွားတဲ့ ပုဂ္ဂိုလ်များ ဘယ်လို မသာပါလိမ့်မတုံးလို့ မေးဖို့မလိုဘူးလား၊ (လိုပါတယ် ဘုရား) လူမိုက်မသာလို့ ဆုံးဖြတ်ချက်ချ၊ (မှန်ပါ ဘုရား)။ ဘယ်လိုမှတ်ကြမယ်၊ (လူမိုက်မသာပါ ဘုရား)။

ဒကာကြွယ်တို့ သိထားတာက ဒီအကောင် မူးရူးပြီး သကာလ အန်ဖတ်ဆို့ သေတယ်ဆိုမှ လူမိုက်မသာ၊ (မှန်လှပါ ဘုရား) သူတစ်ပါး သတ်ဖြတ်ပြီး ကြိုးကျတဲ့မသာမှ (လူမိုက် မသာပါ ဘုရား)။

မဟုတ်ပါဘူးတဲ့၊ အဲဒါက ဒါလောက် မဟုတ်ပါဘူး ဒကာကြွယ်ရ (မှန်ပါ့) ခုနင်က အနိစ္စကို နိစ္စမှတ်ပြီး သေသွားမယ်၊ သိပြီးသေသွားမယ်၊ အနိစ္စကို နိစ္စလို့ သိပြီးတော့ (မှန်ပါ့) အနိစ္စကို နိစ္စလို့ ခိုင်မြဲတယ်လို့ ယူပြီး သေသွားလို့ရှိရင်လည်း အဲဒါ လူမိုက်နေ လူမိုက်သေတာ မှတ်လိုက် (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အသေဝနာစ ဘာတဲ့ (ဗာလာနံပါ ဘုရား) မမှီဝဲကောင်း တာ မှီဝဲပြီး သေသွားတယ် (မှန်ပါ့) သဘောကျပလား၊ (ကျပါ ပြီ) မှီဝဲကောင်းတာ မှီဝဲပြီး သေပါရဲ့ လား၊ (မသေပါ ဘုရား)။

ဒါဖြင့် ဒကာကြွယ်ရေ မသာတွေမှာ ဘယ်မသာ များပါလိမ့်၊ (လူမိုက်မသာ များပါတယ် ဘုရား)။

ကြပ်ကြပ်စဉ်းစားပါ၊ ကိုယ်ဒီအထဲက လွတ်အောင် ရုန်းကြစမ်းပါဆိုတာကိုလည်း တိုက်တွန်း ရတယ်၊ (မှန်လှပါ ဘုရား)။

ဒီအထဲမှ လွတ်အောင်ဖြင့် အားလုံး ဒကာ ဒကာမတွေ ရုန်းကြစမ်းပါ၊ လူမိုက်မသာဆိုတာ လူမိုက်တို့၏ သွားရာလမ်း ဟာ အပါယ်လေးပါးပဲရှိတယ်၊ (မှန်လှပါ ဘုရား) ဒီပြင်ရှိသေးရဲ့ လား၊ (မရှိပါ ဘုရား)။

ပုပ်ရိတဲ့မသာနဲ့ ဓါတ်တော်ဖြစ်တဲ့မသာ

အေး ဒါတွေသိတော့မှ ဒို့ဖြင့် လူမိုက်မသာတော့ ( အဖြစ်မခံနိုင်ဘူးကွ၊ (မှန်ပါ့) ပဏ္ဍိတာနဉ္စ သေဝနာဆိုတဲ့ ပညာရှိ မသာဖြစ်အောင် လုပ်မယ်ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ မသာချင်းဟာလည်း ခြားနားပါတယ်၊ (ခြားနားပါတယ် ဘုရား) ပုပ်ရိတဲ့ မသာနဲ့ ဓါတ်တော်ဖြစ်တဲ့မသာနဲ့ ခြားနားတယ်၊ (မှန်ပါ့ ဘုရား)။

ပုပ်ရိတဲ့ မသာက လူမိုက်မသာ (မှန်လှပါ ဘုရား) ဓာတ်တော်တွေဖြစ်လာတဲ့ မသာက (လူလိမ်မာ မသာပါ ဘုရား) ပဏ္ဍိတာနဉ္စ သေဝနာဆိုတော့ မှီဝဲကောင်းတာ မှီဝဲပြီး သေတဲ့ လူလိမ်မာ မသာဆိုတာ ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)။

အဲ ဒါဖြင့် တစ်သက်လုံး ဖုံးလေသမျှ သေခါမှပေါ် ဆိုတာဟာ ဒါပဲ၊ (မှန်ပါ့ ဘုရား) ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)။

တစ်သက်လုံးတော့ဖြင့် ခင်ဗျားတို့ အဝတ်နဲ့ ဖုံးလိုက်၊ အစားနဲ့ဖုံးလိုက်၊ ဖီးလိမ်းပြီး သကာလ ဖုံးလိုက်နဲ့ ဖုံးငြားသော် လည်းတဲ့ သေတဲ့အခါကျတော့ ဓာတ်တော်မကျဘဲနဲ့ ပုပ်လိုက်၊ ညှိလိုက်၊ ဟောင်လိုက်နဲ့ မြေထဲမြှုပ်လိုက်ရတဲ့ မသာမျိုးသည် ကားလို့ ဆိုရင် “အသေဝနာစ ဗာလာနံ” ပဲ၊ (မှန်ပါ့ ဘုရား) သဘောကျပလား၊ (ကျပါပြီ ဘုရား)။

အဆုံးရောက်တဲ့ ပုဂ္ဂိုလ် ဓါတ်တော်ကျတယ်

ပဏ္ဍိတာနဉ္စ သေဝနာ-ဆိုတာကတော့ ဒကာ ဒကာမတို့ သစ္စာနုလောမိက ဉာဏ်ဆိုတဲ့ ဖြစ်ပျက်တွေကို မြင်လို့ ၎င်း ဖြစ်ပျက်ခန္ဓာကိုယ်ကြီးကိုလည်း မုန်းလို့ ၎င်းဖြစ်ပျက် ခန္ဓာကိုယ် ကြီးအဆုံး ကိုလည်း ရောက်သွားလို့ သေတဲ့ပုဂ္ဂိုလ် ကျတော့ ဓာတ်တော်ကျတယ်၊ (မှန်လှပါ ဘုရား)။

ဓာတ်တော်တွေ အဖြစ် ပေါ်ပေါက်ပြီး သကာလ လာတော့ ဒါ-ပဏ္ဍိတက လုပ်လိုက်တာကို၊ (မှန်ပါ့ ဘုရား) သမ္မာဒိဋ္ဌိက လုပ်လိုက်တာ၊ (မှန်ပါ့ ဘုရား)။

ဒါဖြင့် “ပဏ္ဍိတာနဉ္စ သေဝနာ” ပုဂ္ဂိုလ်များကျတော့ ဓာတ်တော် အဖြစ်သို့ ရောက်တယ်၊ (မှန်လှပါ) ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတို့ တစ်သက်လုံး ဖုံးလေသမျှ သေခါ မှ လူမိုက်မသာ ဖြစ်မယ်ဆိုရင်ဖြင့် ဒီတရား နာဖူးတဲ့ ပုဂ္ဂိုလ်တွေ ဖြင့် အတော်ရှက်စရာ ကောင်းပါတယ်၊ (ကောင်းပါတယ် ဘုရား)။

ဒါကြောင့် ကိုယ့်ကိုယ်ကိုယ်လည်း မသေခင်ကတည်းက ပဏ္ဍိတာနဉ္စ သေဝနာဖြစ်အောင် အနိစ္စ အချက်တွေကို ဖြစ်ပျက် ရှုပြီး သကာလ ဝိပလ္လာသ ပယ်ပြီး သကာလ ဒကာသစ် သေစမ်း ပါ (မှန်လှပါ ဘုရား)။

မသေမည့် ပုဂ္ဂိုလ်ကတော့ မရှိဘူးပေါ့ဗျာ၊ (မှန်လှပါ) သို့သော် လူမိုက်မသာ အဖြစ်နဲ့ သေရတာ တစ်သက်လုံး ဖုံးတာ သေခါမှ ပေါ်ဆိုတော့ ကောင်းသေးရဲ့ လား၊ (မကောင်းပါ ဘုရား)။

တစ်သက်လုံး ဖုံးပြီး သကာလ လာတာ သေတော့လည်း ဓာတ်တော်တွေကျပြီး သကာလ သေတယ် ဆိုတော့ ဒကာကြွယ် ဦးလှဘူးတို့ တကယ်ကောင်းပေါ့၊ (ကောင်းပါတယ် ဘုရား)။

ပူဇော်ထိုက်တာဖြစ်သွားမယ်

အဲဒီကျမှ ပူဇာစ ပူဇနေယျာနံ၊ ဪ -သူ့ဓာတ်တော် တွေ ပူဇာစ ပူဇနေယျာနံ ပူဇော်ထိုက် ဖြစ်သွားတယ်၊ (မှန်လှပါ ဘုရား) ပေါ်ကြပလား၊ (ပေါ်ပါပြီ ဘုရား)။

ဓာတ်တော်တွေက ဘာဖြစ်သွားသတုံး၊ (ပူဇော်ထိုက် သွားပါတယ် ဘုရား)။

အဲဒီကျတော့မှ ဧတံမင်္ဂလ မုတ္တမံ။ ဧတံ၊ ဤသို့ သေခြင်းသည်။ ဥတ္တမံ၊ မြတ်သော။ မင်္ဂလံ၊ ပူဇော် ထိုက်တဲ့ မင်္ဂလာ မည်သည်။ ဟောတိ၊ ဖြစ်၏။ (မှန်လှပါ ဘုရား) ခင်ဗျား တို့က မသုံး တတ်တော့ ဒါကို သာမည မှတ်နေတာကိုး (မှန်လှပါ ဘုရား)။

ဒကာကြွယ်ကြီးတို့ အသက်သာ ကြီးနေတယ်၊ ဒီ ပါဠိတော်လည်း အရသားပဲ၊ သုံးကို မသုံးတတ်ဘူး (မသုံး တတ်ပါ ဘုရား)။

ပရိတ်ကလေး ရွတ်ပေးပါဘုရား

သုံးတော့ သုံးပါရဲ့ ပရိတ်ကလေး၊ မင်္ဂလသုတ်ကလေး ရွတ်ပေးစမ်းပါဘုရား၊ ဘာဖြစ်လို့တုံး၊ အန္တရာယ် ကင်းချင်လို့ (မှန်လှပါ ဘုရား)။

ဖြစ်မှဖြစ်ရပလေ၊ ဘုရားက ဒီလိုဟောတာမှ မဟုတ်ပဲ၊ (မှန်ပါ့ ဘုရား) အသေဝနာစ ဗာလာနံဖြင့် သေတဲ့အခါ ပုပ်တယ် ကွ၊ (မှန်ပါ့) ပဏ္ဍိတာနဉ္စ သေဝနာ-ဆိုတာ သေတဲ့အခါ ဓာတ် တော်တွေ ကျသကွ၊ (မှန်ပါ့) အဲဒါကြောင့် ပူဇာစ ပူဇနေယျာနံ ဆိုတာ ပူဇော်ထိုက်တဲ့ အဖြစ် သူရောက်တယ်ကွ၊ (မှန်လှပါ)။

ဒါ-သေသေချာချာ ဟောထားတာ၊ ဒကာကြွယ်တို့က အိမ်ကြွလာတဲ့ ဘုန်းကြီးကို ပရိတ်ကလေး ရွတ်ခဲ့ပါဦးဘုရား၊ ကလေးက တယ်နေမကောင်းဘူးတဲ့၊ (မှန်ပါ့ ဘုရား)။

ဓါတ်တော်ကျအောင်လုပ်ရမှာ

ဂွကျလိုက်တဲ့ဖြစ်ခြင်း၊ ကိုယ့်ဟာကိုယ် ဓာတ်တော်ကျ အောင်လုပ်ရမည့်ဥစ္စာ သူများ ပရိတ် ရွတ်ခိုင်းနေတော့ သာမည ကုသိုလ်တော့ ရတာပေါ့။ (မှန်ပါ့) အန္တရာယ်ကင်းလို့ ဘေးရှင်း တာတော့ ရပါတယ်၊ ကိလေသာ ဘေးက ရှင်းရဲ့ လား၊ (မရှင်း ပါ ဘုရား)။

အဲဒါတွေ သေသေချာချာ ဉာဏ်နဲ့ စဉ်းစားကြည့်တော့မှ ဘေးတကာ့ ဘေးမှာလည်း အတွင်းဘေးနဲ့ အပြင်ဘေး ဘယ်ဟာ ကြောက်စရာ ကောင်းသတုံး၊ (အတွင်းဘေး ကြောက် စရာ ကောင်းပါတယ် ဘုရား)။

အပြင်ဘေးကတော့ ဒီနေရာ မီးလောင်တယ်၊ ဟိုနေရာ ရွှေ့၊ ဒီနေရာ ရေရှိတယ်၊ ဟိုတောင်ကုန်း ရွှေ့၊ မလွတ်ဘူးလားဗျာ၊ (လွတ်ပါတယ် ဘုရား) ဒီမင်း အုပ်ချုပ်ရေး ရက်စက်တယ် ဆိုရင် ဒီမင်းနိုင်ငံမှတစ်ပါး ထွက်သွားလိုက် မလွတ်ဘူးလား၊ (လွတ်ပါ တယ် ဘုရား)

အတွင်းကိလေသာကတော့ ဒကာ ဒကာမ တို့ ဝမ်းထဲအနုသယသဘောနဲ့ ကိန်းပါသွားလို့ လွတ်ကဲ့လား၊ (မလွတ်ပါ ဘုရား)။

အဲဒီတော့ အပြင်ဘေးနဲ့ အတွင်းဘေးမှာလည်း ဒကာသစ် ဘယ်ဟာ ကြောက်စရာ ကောင်းသတုံး၊ (အတွင်းဘေး ကြောက်စရာကောင်းပါတယ်) သဘောကျပလား၊ (ကျပါပြီ ဘုရား)။

ပရိတ်ရွတ်တာ အပြင်ဘေးကာကွယ်တာ

ဒါဖြင့် ဒကာ ဒကာမတွေ ပရိတ်ရွတ်တာသည် ဒီအပြင် ဘေးကိုသာ ကာကွယ်နိုင်၍ အလုပ်- လုပ်ခဲ့သော် အတွင်းဘေး ကို ကာကွယ်ပါတယ် (မှန်လှပါ ဘုရား) ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)။

ပရိတ်ရွတ်တာသည် အပြင်ဘေးကိုတော့ဖြင့်၊ ကာကွယ် ပါတယ် ဘုရား) ယုံလည်း ယုံကြည်မယ် ဆိုရင် ကာကွယ်တယ်၊ မိလိန္ဒ မင်းကြီးက မေးတဲ့အခါမှာ ယုံလည်း ယုံကြည်ကြမယ်၊ ဒီက ရွတ်တာလည်း မှန်မယ် ဆိုလို့ရှိရင် အန္တရာယ်ကင်းပါတယ် လို့ ပြောတယ်၊ (မှန်ပါ့)၊ သို့သော် အပြင်ဘေးသာ ကင်းတယ်၊ (မှန်ပါ့) အတွင်း ကိလေသာဘေးကတော့၊ (မကင်းပါ ဘုရား)။

ဘယ်ဘေးက ကြောက်စရာကောင်းသတုံး

မကင်းသေးတော့ အပြင်ပေးနဲ့ အတွင်းဘေးမှာလည်း ဘယ်ဟာက အရေးတကြီး ကြောက်စရာ ကောင်းတယ်ဆိုတာ ပေါ်လာပြီ၊ (ပေါ်လာပါပြီ ဘုရား) ကဲ-ဒကာသစ် ဘယ်ဟာ ကြောက်စရာ ကောင်းသတုံး၊ (အတွင်းဘေးက ကြောက်စရာ ကောင်းပါတယ် ဘုရား)။

အပါယ်ရောက်တာ အပြင်ဘေးကြောင့်လား၊ အတွင်း ဘေးကြောင့်လား၊ (အတွင်း ဘေးကြောင့်ပါ ဘုရား) မယုံ စဉ်းစား ကြည့်၊ အတွင်းမှာ တဏှာ ဥပါဒါန်ကံကြောင့် အပါယ်ရောက် တာ၊ (မှန်ပါ့) ဒီ ပဋိစ္စသမုပ္ပါဒ် ပို့လိုက်လို့ ရောက်တာ၊ (မှန်လှပါ ဘုရား) သူများက သွားစေဆိုလို့ ရောက်တာ ဟုတ်ကဲ့လား၊ (မဟုတ်ပါ ဘုရား) သဘောပါပလား၊ (ပါ-ပါပြီ)။

ဒါဖြင့် အတွင်းဘေးနဲ့ အပြင်ဘေး ဘယ်သူ ကြောက် စရာကောင်းသတုံး၊ (အတွင်းဘေး ကြောက်စရာ ကောင်းပါတယ် ဘုရား)။

အတွင်းဘေးက ပဋိစ္စသမုပ္ပါဒ်ဘေး

အတွင်းဘေးက ပဋိစ္စသမုပ္ပါဒ် ဘေးကိုးဗျ၊ (မှန်ပါ့) ဝဋ်လည်တဲ့ ပဋိစ္စသမုပ္ပါဒ် ဘေးသင့်တယ်၊ (မှန်ပါ့ ဘုရား)။

ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ယနေ့က စပြီး ငါသည် ဒါကို သားထင်နေတယ်၊ သမီးထင်နေတယ်၊ သားဟူသော ခင်ခြင်း၊ သမီးဟူသော ခင်ခြင်းနဲ့ ခင်နေတယ်၊ သားဟူသော အားကိုးလုံး၊ သမီးဟူသော အားကိုးလုံးနဲ့ ခင်နေသေးသမျှ ကာလပတ်လုံး အသေဝနာပဗာလာနံ ငါပဲဟလို့ဆုံးဖြတ်ချက်ချ (မှန်လှပါ ဘုရား) ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)။

အသေဝနာစ ဗာလာနံဟာ၊ (ငါပဲလို့ ဆုံးဖြတ်ရပါမယ်) ငါပဲလို့ ဆုံးဖြတ်ချက်ချ ဒကာကြွယ်ရ၊ (မှန်လှပါ ဘုရား) မချရဲ ဘူးလား၊ (ချရဲပါတယ် ဘုရား) မချရဲလည်း ဖြစ်နေတာပဲ၊ (မှန်ပါ့) ရှင်းပလား၊ (ရှင်းပါပြီ) မချလည်း (ဖြစ်နေပါတယ် ဘုရား) ဦးလှရွှေ ကျေနပ်ပလား၊ (ကျေနပ်ပါပြီ ဘုရား)။

အမှတ်မှား

ဒါက ဘယ်အချိန်တုံးဘုရာ့၊ အို သားမြင်လိုက်၊ သမီးမြင်လိုက်တဲ့အခါ သားဟူသော အမှတ်, သားမို့ ခင်ရတယ်။ ဟူသော အသိ, သားမို့ အားကိုးရလိမ့်မယ်ဆိုတဲ့ အယူ၊ ဒီအမှတ်၊ ဒီအသိ၊ ဒီအယူကို ယူတိုင်း-ယူတိုင်း ဘယ့်နှယ် ဆိုကြမယ်၊ (အသေဝနာစ ဗာလာနံပါ ဘုရား) ခုမှ ရွတ်တတ် ပေတော့တယ်၊ (မှန်ပါ့ ဘုရား)။

အယူမှား

သားဟူသောအမှတ်၊ ခင်ရလိမ့်မယ်ဆိုတဲ့စိတ်ထား၊ အားကိုးရလိမ့်မယ်ဆိုတဲ့ အယူမှား။ ဒါ လာတိုင်း လာတိုင်း ကိုယ့်သန္တာန် ဘာဖြစ်နေသလဲ၊ (အသေဝနာစ ဗာလာနံ ဖြစ်နေ ပါတယ် ဘုရား)။

အစွဲမှား၊ ပြုလုပ်မှား၊ အပါယ်သွား

အသေဝနာစ ဗာလာနံဆိုတဲ့အတိုင်း မမှီဝဲအပ်တာ မှီဝဲသောကြောင့် ဝိပ္ပလ္လာသ သုံးချက် လိုက်တယ်၊ (မှန်လှပါ ဘုရား) ဝိပ္ပလ္လာသ သုံးချက်ကြောင့် ခုနင်က ဒိဋ္ဌိမှားကြောင့် အယူမှား – အစွဲမှား ပြုလုပ်မှား အပါယ်သွားဆိုတဲ့ ပဋိစ္စ သမုပ္ပါဒ်ကြီးက လာသလား မလာဘူးလား (လာပါတယ် ဘုရား)။

ဒကာသစ် ရှင်းပလား၊ (ရှင်းပါပြီ ဘုရား) ဪ ဒါဖြင့် ဘုန်းကြီးတို့သည် ကိုယ့်ကိုယ်ကိုယ် မိုက်တာကို ကိုယ် မသိတာ ဒကာကြွယ် လောက အဆိုးဆုံးပါပဲ (အဆိုးဆုံးပါ ဘုရား)။

လောကအဆိုးဆုံးတရား ဘယ်တရားပါလိမ့်၊ (ကိုယ့် ကိုယ်ကိုယ်မိုက်တာ မသိတာပါ ဘုရား) ကိုယ်မိုက်တာ ကိုယ် မသိတာ အဆိုးဆုံးလို့ မှတ်လိုက်စမ်းပါ၊ (မှန်ပါ့ ဘုရား)။

ကိုယ်မိုက်တာကို၊ (ကိုယ်မသိတာ အဆိုးဆုံးပါ ဘုရား)။

ဒါကလေးဟာ ဒကာ ဒကာမတို့ တကယ့်သမီးလို့ မှတ်လိုက်လို့ရှိရင်ဖြင့် အသေဝနာစ ဗာလာနံ၊ (မှန်ပါ့ ဘုရား) – တကယ့် သမီးလို့ မှတ်လိုက်ရင်၊ (မှန်ပါ့ ဘုရား)။

ဟာ – ဒါဟာ ခေါ်ဝေါ်ရုံခေါ်ဝေါ်ရတဲ့ သမီးလို့ မှတ်ထား ပြန်တော့လည်း ကိစ္စမရှိပါဘူး (မှန်ပါ့ ဘုရား) သဘောကျပလား၊ (ကျပါပြီ) အင်း ဒီကိစ္စသည် မကင်းတရားကလေးသာ ရှိပါတယ်။ စင်စစ်တော့ဖြင့် ကျုပ်တို့ အပါယ်ကျလောက်အောင် မခင်ပါဘူးလို့ ဆိုလို့ရှိရင်လည်း တဲ့၊ ပဏ္ဍိတာနဉ္စ သေဝနာ ဖြစ်ပါတယ်၊ (မှန်ပါ့ ဘုရား)။

သို့သော် ဒီခန္ဓာကြီးဟာ သမီးခန္ဓာ, သားခန္ဓာဆိုတာ အနတ္ထတွေပါ၊ ဘယ်သူ့ ဘယ်သူမှ အားကိုးလို့ ရတာမဟုတ် ပါဘူးလို့ သိပြန်တော့လည်း ပဏ္ဍိတာနဉ္စသေဝနာ သွားဖြစ်တယ်၊ (မှန်လှပါ ဘုရား) ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)။

ဟာ – ဒီလိုမဟုတ်မူ၍ သမီးစစ်ပဲ၊ ဒါကြောင့် ခင်ရတယ်၊ သူပဲ အားကိုးစရာ အစစ်ပဲ ဒီလိုယူလို့ရှိရင် ဘယ်ပါဠိတော်ထဲ သွင်းကြမတုံး (အသေဝနာစ ဗာလာနံပါ ဘုရား) ဟာ-ဒါဖြင့် လူမိုက် မသာ ဖြစ်ရတော့မယ်၊ (မှန်လှပါ ဘုရား)။

ဝိပ္ပလ္လာသတွေမဖယ်ရှားရင်

ဘယ့်နှယ်ဆိုကြမလဲ၊ (လူမိုက်မသာ ဖြစ်ရပါမယ်) လူမိုက်မသာ ဖြစ်ရတော့မယ်ဆိုတာ သေချာကြပလား၊ (သေချာ ပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီဝိပ္ပလ္လာသတွေ မဖယ်မရှားဘဲ နဲ့ သေသွားတဲ့ ပုဂ္ဂိုလ်တွေဖြင့် ဒကာသစ်တို့ ဒကာကြွယ်တို့ ဦးလှဘူးတို့ ဦးလှတို့ပဲ ဆုံးဖြတ်ချက်ချပါ၊ ဘာမသာတွေ များပါလိမ့်၊ (လူမိုက် မသာတွေ များပါတယ် ဘုရား) လူမိုက်မသာ က များတယ်၊ ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ သာသနာတွင်းသား ဖြစ်ပြီး လူမိုက်မသာဖြစ်ရတာ အနာဆုံးပေါ့ (မှန်လှပါ ဘုရား)။

အမှားသုံးချက်နဲ့သေရင်

သာသနာတွင်းသားတော့ဖြစ်ရဲ့ (မှန်ပါ့ ဘုရား) ခုနင်က ကလျာဏမိတ္တဆိုတဲ့ သူတော်ကောင်းနဲ့ မပေါင်းရလို့ အမှတ်မှား၊ အသိမှား၊ အယူမှားနဲ့ သေသွားလေရဲ့ဆိုတော့ ဒကာသစ် ဘာမသာလို့ ဆိုမလဲ၊ (လူမိုက်မသာပါ ဘုရား) တယ်လည်း ကြောက်စရာ ကောင်းပါလား၊ (ကြောက်စရာ ကောင်းပါတယ် ဘုရား) ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် လူမိုက်မသာ အဖြစ်မှ ဒကာ ဒကာမတွေ ပြောင်းချိန်လွှဲချိန်ကလေး ရှိသေးလို့ အလုပ်ပေး ပါတော့မယ် ပြောင်းကြ လွှဲကြစို့၊ (မှန်လှပါ ဘုရား)။

ဒါဖြင့် သဠာယတနသံယုတ်ပါဠိတော်ကို ဒကာ ဒကာမတို့ စ,တော့မယ်၊ (မှန်ပါ့ ဘုရား)။

ရဟန်းတစ်ပါးက အရှင်ဘုရား-တဲ့၊ သက္ကာယဒိဋ္ဌိ ပယ်ပုံ ကလေး တပည့်တော်ကို အမိန့်ရှိပါ ဘုရားတဲ့၊ (မှန်လှပါ ဘုရား) သက္ကာယဒိဋ္ဌိပယ်ပုံကလေး အမိန့်ရှိစမ်းပါတဲ့။

ဒကာ ဒကာမတို့ ဘာအမိန့်ရှိခိုင်းတာတုံး၊ (သက္ကာယ ဒိဋ္ဌိပယ်ပုံကလေး အမိန့်ရှိခိုင်းတာပါ ဘုရား)။

သက္ကာယဒိဋ္ဌိပယ်ပုံအမိန့်ရှိပါ

ဒါ-ရဟန်းတစ်ပါးက လျှောက်တယ်၊ (မှန်ပါ့) တပည့် တော်အား သက္ကာယဒိဋ္ဌိပယ်ပုံကလေး အမိန့်ရှိစမ်းပါ ဆိုတော့ ဘုရားက အဲဒီလိုကွာတဲ့ မင်းတို့ သတိပဋ္ဌာန်လေးပါးထဲက စိတ်ကိုရှုရင်လည်း တဲ့၊ စိတ်တွေ ရှုနည်းကို လည်း ဒကာ ဒကာမတွေ အရင်တုန်းက ပြောထားတယ်၊ (မှန်ပါ့)

လောဘစိတ် လာလည်း လောဘစိတ်ရှုရမှာပဲ၊ (မှန်) ဒေါသစိတ်လာလည်း၊ (ဒေါသစိတ် ရှုရမှာပါ) မောဟစိတ်လာ လည်း၊ (မောဟစိတ် ရှုရမှာပါ) ကုသိုလ်စိတ်လာလည်း (ကုသိုလ် စိတ် ရှုရမှာပါ) သဘောကျပလား၊ (ကျပါပြီ ဘုရား)။

ဒါဖြင့် လာတဲ့စိတ် ဟူသရွေ့ကို ပုထုဇဉ် သန္တာန်လာတဲ့ စိတ်ဟူသရွေ့ ဘာလုပ်ကြမယ်၊ (ဖြစ်ပျက် ရှုရပါမယ် ဘုရား)။

အဲဒီကဲ့သို့ ရှုလို့ရှိရင်ဖြင့် “ဝိညာဏံ အနိစ္စတော၊ ဇာနတော ပဿတော သက္ကာယဒိဋ္ဌိ ပဟီယတိ” (မှန်ပါ့ ဘုရား)။

ဖြစ်ပျက်မြင်ရင် သက္ကာယဒိဋ္ဌိပယ်တယ်

ဪ သက္ကာယဒိဋ္ဌိပယ်၊ ပယ်ဆိုတာ အလွယ် ကလေးပါကွ-တဲ့၊ ဘုရားက ဖြေလိုက်တယ်၊ (မှန်လှပါ ဘုရား)

မင်းတို့ စိတ်ရှုတဲ့ ပုဂ္ဂိုလ် စိတ်ဖြစ်ပျက်မြင်လို့ ရှိရင်ဖြင့်တဲ့ သက္ကာယဒိဋ္ဌိ ပယ်တာပဲတဲ့၊ (မှန်လှပါ) ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)။

စိတ်ရှုတဲ့ပုဂ္ဂိုလ် စိတ်ဖြစ်ပျက်မြင်ရင် (သက္ကာယဒိဋ္ဌိ ပယ်ပါတယ် ဘုရား)။

ဝေဒနာရှုတဲ့ ပုဂ္ဂိုလ် ဝေဒနာဖြစ်ပျက်မြင်ခဲ့သော် (သက္ကာယဒိဋ္ဌိ ပယ်ပါတယ် ဘုရား)။

ဪ-ဒါဖြင့် ဦးလှရေ သက္ကာယဒိဋ္ဌိပယ်နည်း နိဿ ရည်းကို ရဟန်းတစ်ပါးကလျှောက်လို့ ဘုရားက “ဝိညာဏံ အနိစ္စတော ဇာနတော ပဿတော သက္ကာယဒိဋ္ဌိ ပဟီယတိ” တဲ့။ ကွာတဲ့၊ ဒါ-လွယ်လွယ်ကလေးပဲ၊ မင်းတို့ ခက်တာမှ မဟုတ်ပဲ၊ သစ္စာနုလောမိကဉာဏ်နဲ့ ပေါ်တဲ့စိတ်တွေကို ဖြစ်ပျက် ရှုနေလို့ ရှိရင် သက္ကာယဒိဋ္ဌိ ပယ်တာပါပဲတဲ့၊ (မှန်လှပါ ဘုရား)။

ပေါ်တဲ့စိတ်တွေကို (ဖြစ်ပျက်ရှုနေရင် သက္ကာယဒိဋ္ဌိ ပယ်ပါတယ် ဘုရား)။

စိတ်ကို ပြောကြစို့

ဒီနေ့ စိတ်ကိုပဲ ပိုင်ပိုင်နိုင်နိုင် ဒကာကြွယ်ပြောကြစို့၊ (မှန်လှပါ ဘုရား)။

ဒကာ ဒကာမတို့ ပေါ်တဲ့စိတ် ဖြစ်ပျက်ရှုနိုင်ရင် ဘာပယ် သတဲ့တုံး၊ (သက္ကာယဒိဋ္ဌိ ပယ်ပါတယ် ဘုရား)။

ဪ-ဒါဖြင့် ဒိဋ္ဌိဝိပ္ပလ္လာသဟာ ခုနင်တုန်းက လေးမျိုး ပါတယ်၊ (မှန်ပါ့) မပါဘူးလား (ပါ-ပါတယ် ဘုရား)။

ဪ ဒိဋ္ဌိလေးမျိုးကို ပယ်ချင်လို့ရှိရင်ဖြင့် ခင်ဗျားတို့ သန္တာန်ပေါ်တဲ့ လောဘစိတ်လာလည်း နောက်ကမဂ်နဲ့ ပဲ ဖြစ်ပျက် ရှုပါ၊ (မှန်ပါ့ ဘုရား)။

လောဘစိတ်လာလည်း (မဂ်နဲ့ ဖြစ်ပျက်ရှုရပါမယ် ဘုရား) ဒေါသစိတ်လာတော့ (ဖြစ်ပျက် ရှုရပါမယ်) မဂ်နဲ့ ဖြစ်ပျက်ရှု (မှန်လှပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား) ဖြစ်ပျက် ရှုရင် မဂ်ဖြစ်တာပဲ၊ (မှန်လှပါ ဘုရား)။

မောဟစိတ်ဆိုတဲ့ ဝိစိကိစ္ဆာများလာရင်ကော (ဖြစ်ပျက် ရှုရပါမယ် ဘုရား)။

ဟာ-စိတ်ကလေးက ပျံ့လွင့်တယ် ဘုရား ဆိုလို့ရှိရင် လည်း ပျံ့လွင့်တဲ့စိတ် ဘာလုပ်ရမလဲ၊ (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

ဪ-သူလည်း ဖြစ်ပြီး ပျက်တာပဲလို့ ဒကာကြွယ် ရှုပေးနေတော့ ဟောဒီက ဒိဋ္ဌိဝိပ္ပလ္လာသ လေးမျိုး ပြုတ်တယ်၊ (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ ဝိပ္ပလ္လာသ ဘယ်နှစ်မျိုး ပြုတ်သလဲ၊ (လေးမျိုးပြုတ်ပါတယ် ဘုရား)။

ကြည့်လေ ဘုရားက ဝိညာဏံ (ဝေယျာလ) ပဟီယတိ၊ ဝိညာဏံ စိတ်ဝိညာဏ်ကို၊ အနိစ္စတော = အနိစ္စအားဖြင့်၊ ဇာနတော သိသော၊ ပဿတော ရှုသော ပုဂ္ဂိုလ်အား၊ သက္ကာယာဒိဋ္ဌိ – ဒိဋ္ဌိလေးပါး ဆိုတဲ့ ဒိဋ္ဌိဝိပ္ပလ္လာသ လေးပါးကို၊ ပဟီယတိ ပယ်အပ်၏ တဲ့၊ (မှန်လှပါ ဘုရား)။

ဝိပ္ပလ္လာသလေးမျိုး၊ မဂ်ကပယ်တယ်

ဒီမဂ်ကပယ်တယ်၊ (မှန်ပါ့) ဒါကို ဖြစ်ပျက်မြင်လို့ရှိရင် မဂ်ဖြစ်တယ်၊ (မှန်ပါ့) ဒီမဂ်က ဒိဋ္ဌိဝိပ္ပလ္လာသ လေးမျိုးကို၊ (ပယ်ပါ တယ် ဘုရား)။

အနိစ္စကို နိစ္စလို့ ယူထားတဲ့ ဒိဋ္ဌိဝိပ္ပလ္လာသ၊ ဒုက္ခကို သုခလို့ယူထားတဲ့ ဒိဋ္ဌိဝိပ္ပလ္လာသ၊ အနတ္တကို အတ္တလို့ ယူထားတဲ့၊ (ဒိဋ္ဌိဝိပ္ပလ္လာသူပါ ဘုရား) အသုဘကို သုဘလို့ ယူထားတဲ့၊ (ဒိဋ္ဌိ ဝိပ္ပလ္လာသပါ ဘုရား) ဝိပ္ပလ္လာသ ဘယ်နှစ်ပါးရှိသလဲ၊ (လေးပါး ပါ ဘုရား)။

အဲဒီလေးပါးကို ပယ်ချင်လို့ရှိရင်ဖြင့် ခင်ဗျားတို့ သန္တာန် ဘယ်စိတ်လာလာ စိတ်လာလည်း ဖြစ်ပျက်ရှု၊ (မှန်ပါ့) ရှိုက်စိတ် ကလေးလာလည်း၊ (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

အဲဒီကဲ့သို့ ဖြစ်ပျက် ရှုလို့ရှိရင် “ဝိညာဏံ အနိစ္စတော ဇာနတော ပဿတော သက္ကာယဒိဋ္ဌိ ပဟီယတိ” (မှန်ပါ့ ဘုရား)။

ကိုယ့်စိတ်ကိုဖြစ်ပျက်ရှု

ဪ -ဒါဖြင့် ဒီ ပါဠိတော်ဟာ ဒကာ ဒကာမတို့ မသိတဲ့ ပုဂ္ဂိုလ်တွေအတွက် ဒိဋ္ဌိဖြုတ် တယ်ခက်တယ် (မှန်ပါ့) သိတဲ့ ပုဂ္ဂိုလ်အတွက်မှာဖြင့် ကိုယ့်စိတ်ကို ဖြတ်ပျက်ရှု၊ (မှန်လှပါ ဘုရား)။

ကိုယ့်စိတ်ကို၊ (ဖြစ်ပျက်ရှုရပါမယ် ဘုရား) ဖြစ်ပျက်ရှုပေး၊ (မှန်ပါ့ ဘုရား)။

ဪ-ဒကာ ဒကာမတို့ ကိုယ့်စိတ်ကို ဖြစ်ပျက်ရှုရတာ သူများဆီ ငှားရဦးမှာလား (မငှားရပါ ဘုရား) ငှားလို့ရှိရင်လည်း ဘုန်းကြီးက အရှုတော့ ခိုင်းတာပဲ၊ တပည့်တော်တို့က ငှားမရလို့ လို့ ဆင်ခြေ လဲရင်လည်း လဲကြပါတော့၊ (မှန်ပါ့)

အခုတော့ ငှားစရာမရှိဘူး၊ ကိုယ့်စိတ်က တော်တော် နေရင်း တစ်စိတ်ပေါ် ရင်း၊ တော်တော် နေရင်း တစ်စိတ် ပေါ် ရင်း၊ ပေါ်တဲ့နောက်က နေ ဖြစ်ပျက် ရှုမိတာသာ ဒကာ ဒကာမတို့ ကိုယ့်အရေး လိုနေတယ် မှတ်လိုက်၊ (မှန်ပါ့ ဘုရား) ကိုယ့်အရေး မလိုဘူးလား၊ (လိုပါတယ် ဘုရား)။

ငြူစူတဲ့စိတ်လာလည်းဖြစ်ပျက်ရှု

အေး- ဒါကြောင့် ပုထုဇဉ်မှာ ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ လောဘစိတ် လာမယ်၊ ဒေါသစိတ် လာမယ်၊ မောဟ စိတ် လာမယ်၊ မလာပေဘူးလား၊ (လာပါတယ် ဘုရား)

ဣဿာ စိတ်တွေကော၊ (လာပါတယ် ဘုရား) အဲ-သူတစ်ပါး ဖြူစူတဲ့ စိတ်လာလည်း သူ့ကို ဘာလုပ်ရမလဲ၊ (ဖြစ်ပျက်ရှုရပါမယ် ဘုရား) ဒါက ဣဿာစိတ်၊ ဒီက ဖြစ်ပျက်ရှု၊ (မှန်ပါ့ ဘုရား)။

မစ္ဆရိယစိတ်လာပြန်ရင်ကော၊ (ဖြစ်ပျက်ရှုရမှာပါ ဘုရား) အကုန်ရှုနော်၊ (မှန်ပါ့) ဟာ- နောက်ဆုံးပိတ် ပြောပါရစေတော့ ဒကာ ဒကာမတို့ သူတစ်ပါး ကုန်းတိုက်ချင်တဲ့ စိတ်ကလေးလာ ရင်၊ (ဖြစ်ပျက်ရှုရပါမယ် ဘုရား) ပျော်ချင်တဲ့ စိတ်ကလေးပေါ် လာပြန်ရင် (ဖြစ်ပျက်ရှုရပါမယ် ဘုရား) ရယ်ချင်တဲ့ စိတ်ကလေး ပေါ်လာရင် (ဖြစ်ပျက် ရှုရပါမယ် ဘုရား) ငိုချင်တဲ့ စိတ်ကလေး ပေါ်ရင် (ဖြစ်ပျက် ရှုပါရမယ် ဘုရား) အကုန်သာရှု၊ (မှန်ပါ့ ဘုရား)။

ရှုတာကမဂ်၊ သေတာကဒိဋ္ဌိ

ဒါဖြင့် ရှုလိုက်တော့ဖြစ်ပျက်၊ ရှုတာကမဂ်၊ (မှန်ပါ့ ဘုရား) သေတာကဒိဋ္ဌိ၊ (မှန်လှပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)၊

ဖြစ်ပျက်က အနိစ္စ, ရှုတာက မဂ္ဂ၊ သေတာကဒိဋ္ဌိ၊ (မှန်ပါ့)၊ သက္ကာယဒိဋ္ဌိ ပြုတ်ပြီ၊ (မှန်လှပါ) မပြုတ်ပေဘူးလား၊ (ပြုတ်ပါ တယ် ဘုရား)။

ဪ ဒါဖြင့် သက္ကာယဒိဋ္ဌိ ပြုတ်တော့ ဘုရားတပည့် တော်တို့ ကိုယ့်စိတ်ကိုယ်ရှုရတာနဲ့ သက္ကာယဒိဋ္ဌိ ပြုတ်ပါတယ် ဆိုတော့ ဒကာကြွယ်တို့က ဗြုန်းခနဲဆိုတော့ မြန်လှချည်လား ဘုရားလို့ ထင်ချင် ထင်လိမ့်မယ်နော်၊ (မှန်ပါ့ ဘုရား)။

မမြန်ပါဘူးတဲ့၊ နဂိုက ဘယ်တော့မှ မရှုဖူးဘူး၊ (မှန်ပါ့) ခက်လိုက်သည့်ဖြစ်ခြင်းက (မှန်လှပါ ဘုရား)။

စိတ်တွေသာ မှိုပေါက်နေတယ် ဒကာ ဒကာမတို့ စိတ် တစ်ခုပေါ်လိုက် ပဋိစ္စသမုပ္ပါဒ် ဆက်လိုက်၊ (မှန်ပါ့)။

စိတ်တစ်ခုပေါ်လိုက် (ပဋိစ္စသမုပ္ပါဒ် ဆက်လိုက်ပါ) ဒီလိုသာ အချိန်ကုန်ပြီး သကာလ လာကြ ပါတယ်၊ နောက်က မဂ်လိုက်တယ်လို့ရှိရဲ့လား၊ (မရှိပါ ဘုရား)။

ယနေ့ကစပြီးပြောင်းကြပါတော့

အခုတော့ဖြင့် ယနေ့ကစပြီး ပြောင်းကြပါတော့၊ (မှန်ပါ့) ဒကာ ဒကာမတို့ သန္တာန် ဘယ်စိတ် ပေါ်လာလာ ဘာလုပ်ရ မလဲ၊ (ဖြစ်ပျက် ရှုရပါမယ် ဘုရား)။

ဖြစ်ပျက်ရှုတော့ကို ဘာကို ပယ်သတုံး၊ (ဒိဋ္ဌိပယ်ပါ တယ်) သက္ကာယဒိဋ္ဌိပယ်တယ်၊ (မှန်ပါ့)။

ဪ -ဒါဖြင့် ဒို့ဟာ ဒီအလုပ်ဟာ ပိုက်ဆံလည်း မကုန်ဘူး၊ (မှန်ပါ့) သတိ ပညာလေးနဲ့ ပေါ်တာကို စောင့်ရှုဖို့ ပဲ၊ (မှန်ပါ့)။

သတိ ပညာကလေးနဲ့ (ပေါ်လာတာ စောင့်ရှုဖို့ပါ) အေးဒါကြောင့် “သမ္ပဇာနကာရီ ဟောတိ” သမ္ပဇာနကာရီ ဟောတိ ဆိုတာ မလာဘူးလား၊ (လာပါတယ် ဘုရား)။

သတိပညာကလေးနဲ့ ရှုရှုပေး

အဲ-သတိပညာကလေးနဲ့ ရှုရှု -ရှုရှုပေးလို့ ရှိရင်ဖြင့် ဒကာ လှရေ ဘာပယ်သတဲ့တုံး၊ (ဒိဋ္ဌိပယ် ပါတယ် ဘုရား) သက္ကာယ ဒိဋ္ဌိပယ်တယ်၊ (မှန်ပါ့)။ သဘောပါလား၊ (ပါ-ပါပြီ ဘုရား)။

ဒါဖြင့် ဒီနား နည်းနည်းကလေး ဒကာ ဒကာမတွေ မှတ်ဖို့ရာက ဒကာ ဒကာမတွေမှာ အပါယ် ကြောက်နေရတယ်၊ ငရဲဘုံ ရောက်မှာ ကြောက်ရ၊ (မှန်ပါ့) တိရစ္ဆာန်ဘုံ ရောက်မှာ (ကြောက်ရပါတယ် ဘုရား) ပြိတ္တာဘုံရောက်မှာ (ကြောက်ရပါ တယ် ဘုရား) ငရဲရောက်မှာ (ကြောက်ရပါတယ် ဘုရား)။

မကြောက်နဲ့-တဲ့၊ ဒီဒိဋ္ဌိ အခုရှိနေရင် သာကြောက် (မှန်လှပါ ဘုရား) ဒီဒိဋ္ဌိ မရှိလို့ရှိရင်ဖြင့် ငရဲမျိုးစေ့ ဝမ်းထဲမှာ မရှိဘူး၊ (မှန်လှပါ)။

ငရဲမျိုးစေ့ (ဝမ်းထဲမှာ မရှိပါ ဘုရား) ဪ -ငရဲမျိုးစေ့ ဝမ်းထဲမှာ မရှိတဲ့ပုဂ္ဂိုလ်ဟာ ငရဲ ကျလိမ့်ဦး မလား၊ ငရဲပင် ပေါက်လိမ့်ဦးမလား၊ ဘာမှ မတွေးပါနဲ့၊ (မှန်လှပါ) ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)။

သက္ကာယဒိဋ္ဌိပြုတ်တဲ့နေ့

ဒါကြောင့် ယနေ့သည် ဘာလုပ်တဲ့နေ့တုံးဆိုတော့ သက္ကာယဖြုတ်တဲ့နေ့၊ (မှန်လှပါ)။

ဘယ်သူ့အပေါ်မှာ ဖြုတ်လိုက်ပါလိမ့်မတုံး ဆိုတော့ ဒီတရားကို ဖြစ်ပြီးပျက်တဲ့ တရားလို့ သိလိုက်သဖြင့် အနိစ္စလည်း သိပြီ၊ (မှန်လှပါ) ဒုက္ခကော၊ (သိပါပြီ ဘုရား) အနတ္တကော (သိပါပြီ ဘုရား) အသုဘကော့၊ (သိပါပြီ ဘုရား) သိတာပဲတဲ့၊ အသုဘ ဆိုတာလည်း ဖြစ်ပြီးပျက်တယ် ဆိုတာ သေတာပဲ၊ (မှန်လှပါ ဘုရား) သေတဲ့ အသုဘ မဖြစ်ဘူးလား၊ (ဖြစ်ပါတယ် ဘုရား)။

ဒီကဲ့သို့သိတော့ ဒကာ ဒကာမတို့ ဒိဋ္ဌိလေးမျိုးဟာ အနိစ္စကို နိစ္စလို့ယူတဲ့ဒိဋ္ဌိ၊ ဒုက္ခကို သုခလို့ယူတဲ့ ဒိဋ္ဌိ၊ အနတ္တကို အတ္တလို့ယူတဲ့ဒိဋ္ဌိ၊ အသုဘကို သုဘလို့ယူတဲ့ ဒိဋ္ဌိလေးမျိုး ဘယ့်နှယ် နေသတုံး၊ (သေပါတယ် ဘုရား) သူ့ဘာမျိုးစေ့တဲ့ တုံး ဘုရားက၊ (ငရဲမျိုးစေ့ပါ ဘုရား)။

ငရဲမျိုးစေ့ကို မဂ်ကပယ်တယ်

ငရဲမျိုးစေ့ကို ဒီမဂ်က ပယ်ချလိုက်တယ်၊ (မှန်ပါ့) ဒါဖြင့် ဝမ်းထဲမှာ ငရဲမျိုးစေ့မရှိဘဲနဲ့ ဘယ့်နှယ်ငရဲပင်ပေါက်မလဲ၊ (မပေါက်နိုင်ပါ ဘုရား) ပေါက်နိုင်စရာ ရှိသေးရဲ့လား၊ (မရှိပါ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ငရဲမျိုးစေ့ဖြုတ် ချင်လို့ရှိရင်ဖြင့်၊ မိမိစိတ်ကို မိမိရှုပါ၊ (မှန်လှပါ)။

ဘယ်ဟာ ရှုကြမလဲ၊ (မိမိစိတ်ကို မိမိရှုရပါမယ် ဘုရား) ဒကာသစ် အရှာခက်သလား၊ (မခက်ပါ ဘုရား) သတိပညာနဲ့ လိုက်နိုင်ဖို့သာ အရေးကြီးတယ်၊ (မှန်ပါ့) အရှာကတော့ မခက် ပါဘူး၊ (မှန်ပါ့) အရှာ ကတော့ တစ်စိတ်ပြီး တစ်စိတ်ပေါ်မှာပဲ။ (ပေါ်မှာပါ ဘုရား) မပေါ်ရင်ခင်ဗျားတို့ သေမှာပေါ့၊ (မှန်ပါ့)။

စိတ်တစ်ခုနဲ့ အသက်ရှင်နေကြတယ် ဆိုတာ ပေါ်ပြီ၊ (ပေါ်ပါပြီ ဘုရား) ဒီစိတ်မှ မပေါ်ရင် ဘယ့်နှယ် ဆိုကြမလဲ၊ (သေ ပါတယ် ဘုရား) ဒါဖြင့် ပေါ်လာတဲ့စိတ်ကို နောက်ကနေပြီး မဂ်နဲ့ အသက်ရှင်အောင် လုပ်ပါ၊ (မှန်လှပါ ဘုရား)။

အရင်စိတ် ချုပ်သွားတာ ရှုလိုက်တော့ ဘာနဲ့ အသက် ရှင်သတုံး၊ (မဂ်နဲ့ အသက်ရှင်ပါတယ် ဘုရား)။

မဂ်နဲ့အသက်ရှင်နေရင်မဂ်ပုဂ္ဂိုလ်

ဒါ့ကြောင့် မဂ်ပုဂ္ဂိုလ်ဆိုတာ မဂ်နဲ့ရှင်နေရင် မဂ်ပုဂ္ဂိုလ်၊ (မှန်ပါ့) မဂ်နဲ့ အသက်ရှင်နေရင်၊ (မဂ်ပုဂ္ဂိုလ်ပါ ဘုရား)။

ခင်ဗျားတို့ မဂ်ပုဂ္ဂိုလ် ဆိုတာ တခြားလားမှတ်နေတာ အပြီးသတ်တော့ ဒီမဂ်ကလေးနဲ့ အသက်ရှင်နေရင် ဘယ့်နှယ် ဆိုကြမလဲ၊ (မဂ်ပုဂ္ဂိုလ်ပါ ဘုရား) ရှင်းကြပလား၊ (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့သည် မဂ်နဲ့ အသက်ရှင်လို့ ရှိရင် ဝင်လာသရွေ့ စိတ်ကို ဘာလုပ်ကြမယ်၊ (ဖြစ်ပျက် ရှုရပါ မယ် ဘုရား)။

ဖြစ်ပျက်ရှုလိုက်တော့ လာသရွေ့ရှုတာက ဖြစ်ပျက် ရှုတာက၊ (မဂ်ပါ ဘုရား) ဒါဖြင့် ဘာနဲ့ အသက်ရှင် နေသလဲ။ (မဂ်နဲ့သာ အသက်ရှင်နေပါတယ် ဘုရား)။

မဂ်နဲ့ အသက်ရှင်နေတဲ့ ပုဂ္ဂိုလ်သည် မဂ်ဆိုတာ ဒိဋ္ဌိ ကိလေသာ ဖြတ်ပါတယ်၊ (မှန်ပါ့)။

ဒိဋ္ဌိကိလေသာကို၊ (ဖြတ်ပါတယ် ဘုရား) သဘောကျ ပလား (ကျပါပြီ ဘုရား)။

ကောင်းပြီ ဒိဋ္ဌိကိလေသာ ဖြုတ်လိုက်တော့ ငရဲမျိုး စေ့ဝမ်းထဲရှိသေးသလား၊ (မရှိပါ ဘုရား)။

ဒါဖြင့် ငရဲမျိုးစေ့ ဝမ်းထဲမရှိတဲ့ပုဂ္ဂိုလ်ဟာ ငါသည် သေလို့ရှိရင်ဖြင့် ငရဲရောက်ဦးမှာလားလို့ မေးစရာလိုသေး သလား၊ (မလိုပါ ဘုရား)။

ဒကာကြွယ် ရှင်းပလား၊ (ရှင်းပါပြီ ဘုရား) ဦးလှ ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)။

မဂ်နဲ့ အသက်ရှင်ဖို့အရေးကြီးတယ်

ဪ ဒါဖြင့် မဂ်နဲ့ အသက်ရှင်ဖို့ အရေးကြီးတယ်။ (မှန်လှပါ) သဘောကျပလား၊ (ကျပါပြီ ဘုရား)။

ဘာနဲ့ အသက်ရှင်ဖို့လဲ၊ (မဂ်နဲ့ အသက်ရှင်ဖို့ အရေးကြီး ပါတယ် ဘုရား) မဂ်နဲ့ အသက်ရှင်ရင် ဒိဋ္ဌိက ဘယ့်နှယ်နေ သတုံး၊ (ပြုတ်ပါတယ် ဘုရား) ဒိဋ္ဌိပြုတ်တော့ ငရဲမျိုးစေ့ဝမ်းထဲ ရှိသေးရဲ့ လား၊ (မရှိပါ ဘုရား) ဒိဋ္ဌိက ငရဲမျိုးစေ့၊ (မှန်ပါ့)။

အပါယ်တံခါးပိတ်တယ်

ကောင်းပြီ-ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ သက္ကာယပြုတ်ရင် အပါယ်လေးပါး တံခါး ပိတ်တယ်၊ (ပိတ်ပါ တယ် ဘုရား) မပိတ်သေးဘူးလား၊ (ပိတ်ပါတယ်) ကောင်းပြီ ဒါဖြင့် ဒါက အပွားနဲ့ ပြုတ်တာနော်၊ (မှန်ပါ့ ဘုရား)။

ကိုင်း-ဒါဖြင့် ဒကာ ဒကာမတို့ ခါတိုင်း ၂-ရက် ၃-ရက် ဟောနေတာက ဒကာသစ် အသိနဲ့ ပြုတ်တယ်၊ (မှန်ပါ့ ဘုရား) အနိစ္စကို နိစ္စလို့ထင်နေတာ မထင်ကောင်းဘူးလို့ သိတာကိုးဗျ။ (မှန်ပါ့)။

ယနေ့ဥစ္စာတော့ ဖြစ်ပျက်ရှုပြီး ဖြုတ်ရသည်ဖြစ်လေ သောကြောင့် အပွားနဲ့ ပြုတ်တာလို့ မှတ်လိုက်၊ (မှန်ပါ့) ဘာနဲ့ ပြုတ်တာတုံး၊ (အပွားနဲ့ပြုတ်တာပါ ဘုရား)။

အပွားနဲ့ပြုတ်တော့ခဏပဲပြုတ်တယ်

ကိုင်း-ဒါဖြင့် ဒကာ ဒကာမတို့ အပယ်နဲ့ ပြုတ်ပုံ ပြဦး မယ်၊ (မှန်ပါ့ ဘုရား) အပွားနဲ့ပြုတ်တော့ ခဏပဲ ပြုတ်တယ်၊ (မှန်ပါ့) အပယ်နဲ့ ဖြုတ်တဲ့ အခါကျတော့ ဒီမဂ်ဟာ ပယ်တတ်တဲ့ မဂ်ဖြစ်လိမ့်ဦးမယ်၊ (မှန်လှပါ ဘုရား) အဲဒီပယ်တတ်တဲ့ မဂ်ဖြစ် လိုက်တဲ့အခါကျတော့ သူတို့ဘယ်တော့မှ မလာတော့ဘူး၊ (မလာပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ယခုဟာက ဘာနဲ့ပြုတ်တာ တုံး၊ (အပွားနဲ့ပြုတ်တာပါ ဘုရား) ပွားလိုက်- ပြုတ်လိုက်၊ (မှန်ပါ့) ဒီအပေါ်က အနိစ္စလို့ မဂ်နဲ့ ပွားလိုက် ပြုတ်သွားလိုက်၊ (မှန်လှပါ ဘုရား) မဂ်နဲ့ ပွားလိုက် ပြုတ်လိုက်၊ ဒီလိုပဲ နေသေးတယ်၊ (မှန်ပါ့) မပွားတဲ့အခါ သူ-ရောက်နေပြန်ပြီ၊ (မှန်ပါ့ ဘုရား) စိတ်ချရရဲ့လား။ (မချရပါ ဘုရား)။

ကဲ-ဒါဖြင့် ဦးလှဘူးတို့ ဒကာကြွယ်တို့ အနာဟာ ရှင်းရှင်းပျောက်တာ ကောင်းတယ်၊ (မှန်ပါ့) ပျောက်တော့ ပျောက်ပါရဲ့၊ အညှော်နံရင် ငန်းမန်း ကြွလာပြန်သေးတယ်ဆို တာ မြုံနာ ဖြစ်နေတယ်၊ (မှန်လှပါ ဘုရား) သဘောကျပလား၊ (ကျပါပြီ ဘုရား)။

ဒါဖြင့် မြုံနာကိုကြိုက်သလား-သက်သာတာကြိုက် သလား လုံးလုံးပျောက်တာ ကြိုက်သလား၊ (လုံးလုံး ပျောက်တာ ကြိုက်ပါတယ် ဘုရား)။

လုံးလုံးပျောက်တဲ့ရှုနည်း

အဲ-လုံးလုံးပျောက်တာ ကြိုက်တော့ကို လုံးလုံးပျောက် တဲ့ ရှုနည်းကို ပြရတော့မယ်၊ (မှန်ပါ့)။

လုံးလုံးပျောက်တာ ကြိုက်တော့ကို (လုံးလုံးပျောက်တဲ့ ရှုနည်းကို ပြရပါတော့မယ် ဘုရား) ဒကာသစ် မပြရပေဘူးလား၊ (ပြရပါတယ် ဘုရား)။

အဲဒါကြောင့် ခင်ဗျားတို့ အိမ်မှာနေတဲ့ အခါကျလို့ရှိရင် ဖြင့် အပွားနဲ့ပြုတ်အောင်လုပ်နေလို့ရှိရင် ဒီအဖွားကြီးကျယ်လာ ရင် မဂ်ဖြစ်မယ်၊ (မှန်ပါ့)။

ပွားပါများရင် ဘာဖြစ်မတုံး၊ (မဂ်ဖြစ်ပါမယ်) မဂ်ဖြစ် မယ်ဆိုတာ သေချာပလား၊ (သေချာပါပြီ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဒကာသစ်တို့က ပွားပြီးလာ တဲ့ စိတ်ဟူသရွေ့ တပည့်တော်ဖြင့် ဖြစ်ပျက်- ဖြစ်ပျက်နဲ့ ရှုမိတာချည့်ပဲ ဘုရာ့၊ မရှုမိတော့ မရှိပါဘူးဘုရားလို့ ဆိုတော့ သစ္စာနုလောမိက ဉာဏ် ရသွားတယ်၊ (မှန်ပါ့) သစ္စာနုလောမိကဉာဏ် ဆိုတာ ဒီဉာဏ်ပဲ၊ (မှန်ပါ့ ဘုရား)။

ကိစ္စဉာဏ်တက်ပြီ

ဒါဖြင့် သစ္စာနုလောမိကဉာဏ် ရလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ သစ္စဉာဏ်, ကိစ္စဉာဏ် တက်ဖို့ပဲ ရှိတော့တယ် (မှန်ပါ့) ဒီပြင်ဘာလိုသေးသလဲ၊ (ဘာမှမလိုပါ ဘုရား)။

ကိုင်း-ဒါဖြင့် ဒီဟာ နောက်တော့ စိတ်ပေါ်လာတိုင်း၊ လာတိုင်း ဘုန်းကြီးတို့ ဒကာ ဒကာမတွေက သြော်- ဒီစိတ် ကလေးဟာလည်း ဘယ်စိတ်လာလာ ကိုယ့်ဉာဏ်အောက်မှာ ရောက်လာတာ ဖြစ်ပျက်ပဲ တွေ့တယ်၊ (မှန်ပါ့ ဘုရား)။

ဘာပဲတွေ့ကြသလဲ၊ (ဖြစ်ပျက်ပဲ တွေ့ကြပါတယ်) ဖြစ်ပျက်ပဲ တွေ့တယ်ဆိုတာ သေချာကြပလား၊ (သေချာပါပြီ ဘုရား)။

ဖြစ်ပျက်ဟာ၊ ဖြစ်ဒုက္ခ၊ ပျက်ဒုက္ခ ဪ- ဒီဖြစ်ပျက်ဟာ ဖြစ်ဒုက္ခ- ပျက်ဒုက္ခပဲလို့ ဆုံးဖြတ် ချက်ချ၊ (မှန်ပါ့ ဘုရား)။

ဖြစ်ဒုက္ခ-ပျက်ဒုက္ခပဲလို့ ဆုံးဖြတ်ချက် ချရပါမယ်၊ သဘောကျပလား၊ (ကျပါပြီ ဘုရား)။

ဒီဖြစ်ပျက်ဟာ တခြားမဟုတ်ဘူး၊ ဖြစ်ဒုက္ခ-ပျက်ဒုက္ခပဲ လို့ ပြင်လိုက်၊ ဉာဏ်ထဲမှာ ပြင်ပေးလိုက်ပါ၊ (မှန်ပါ့ ဘုရား)။

ပြင်ပေးလိုက်တဲ့ အခါကျတော့ ဖြစ်ဒုက္ခ-ပျက်ဒုက္ခဆို တာ သူများ ဒုက္ခလား- မိမိဖြစ်ပျက် ဒုက္ခလား၊ (မိမိဖြစ်ပျက်ဒုက္ခ ပါ ဘုရား)။

ဒီဒုက္ခကြီး၊ မလိုချင်တဲ့ဉာဏ်

ဒါဖြင့် ဒီဒုက္ခကြီး မလိုချင်တော့ပါဘူးဆိုတဲ့ဥစ္စာ ဉာဏ်ရင့်လာလိမ့်မယ်၊ (မှန်ပါ့) ရှုတဲ့ဉာဏ်က မရင့်ပေဘူးလား၊ (ရင့်ပါတယ် ဘုရား)။

ရင့်တဲ့ဉာဏ်ရတဲ့ အခါကျလို့ရှိရင် ဒါဖြစ်ဒုက္ခ-ပျက်ဒုက္ခ ပဲ ဆိုတာ ရှေ့ပိုင်းမှာ ဖြစ်ပျက်တွေ အကုန် ချုပ်တယ်၊ (မှန်ပါ့) စိတ်တွေ မလာတော့ဘူး၊ (မှန်ပါ့) မလာတော့ဘူး ဆိုတာ သဘောကျပလား၊ (ကျပါပြီ ဘုရား)။

ဒါဖြင့် သူ့ရှေ့နားမှာ အရင်တုန်းက ဖြစ်ဒုက္ခ- ပျက် ဒုက္ခလည်း အခုတွေ့သေးရဲ့ လား၊ (မတွေ့ပါ ဘုရား) ဒါဖြင့် ဒုက္ခ ဆုံးသွားပြီ၊ (ဆုံးသွားပါပြီ ဘုရား)။

ဒုက္ခဆုံးတာ နိဗ္ဗာန်၊ မြင်တောက မဂ်ဉာဏ်

ဒါဖြင့် ဒုက္ခဆုံးရာ နိဗ္ဗာန်၊ (မှန်ပါ့) မြင်တာက (မဂ်ဉာဏ်ပါ ဘုရား)။

လုံးလုံးဒိဋ္ဌိမျိုးစေ့ ပြုတ်သွားတာက အပါယ်ငရဲမျိုးစေ့ ဝမ်းထဲမှာ ဘယ်တော့မှ မရှိလို့ ဘယ်တော့မှ မကျတာလို့ မှတ်ပါ။ (မှန်ပါ့) သဘောပါကြပလား၊ (ပါပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဖြစ်ပျက်မြင်အောင်ရှု၊ ၁-နံပါတ် (မှန်ပါ့)။ ဖြစ်ပျက် မုန်းအောင်ရှု၊ (၂-နံပါတ်ပါ) ဖြစ်ပျက် ဒုက္ခသစ္စာလို့ သိပြီး ဆုံးအောင် ရှုလိုက်စမ်းပါ၊ (မှန်ပါ့)။

ဆုံးအောင်ရှုလိုက်တဲ့အခါကျတော့ ဒကာ ဒကာမတို့ ဆုံးလည်း ဆုံးရော၊ ဒီဘက်က ဒုက္ခသစ္စာတွင် ဆုံးတာ မကပါဘူး၊ (မှန်ပါ့ ဘုရား)။ ဒီဘက်က သမုဒယဆိုတဲ့ ဒိဋ္ဌာနုသယတွေလည်း အကုန် ဆုံးတယ်၊ (မှန်ပါ့)။ နှစ်ဘက်ဆုံးကြီး၊ (မှန်ပါ့ ဘုရား)။

နှစ်ဘက်ဆုံးကြီး ဆိုတာက ဒကာ ဒကာမတို့ ဝါးတစ်ခု ကို တစ်တောင်လောက် ဓားထက်ထက်နဲ့ ဖြတ်လိုက်တဲ့အခါ ကျတော့ ဖြတ်တာကတော့ တစ်ချက်တည်း၊ ပြတ်တာက နှစ် ပိုင်း ဖြစ်တယ်၊ (မှန်ပါ့ ဘုရား)။

ဖြတ်တာကတော့ တစ်ချက်တည်းပါ၊ ပြတ်တာက (နှစ်ပိုင်းဖြစ်ပါတယ် ဘုရား)။

ဒိဋ္ဌာနုသယချုပ်တယ်

ထို့တူပဲတဲ့၊ ခင်ဗျားတို့ ဒုက္ခသစ္စာလို့ ပိုင်ပိုင်နိုင်နိုင် သိတဲ့ အခါကျတော့ ဒုက္ခလည်း ချုပ်ပါတယ်၊ (ချုပ်ပါတယ်) ဒီဘက် က ဒိဋ္ဌာနုသယကော၊ (ချုပ်ပါတယ်) မဂ်က အလယ်ကနေ ဖြတ်တယ်၊ (မှန်ပါ့) သဘောကျပလား၊ (ကျပါပြီ ဘုရား)။

မဂ်အလယ်ကနေ မဖြတ်ဘူးလား၊ (ဖြတ်ပါတယ်)၊ မဂ္ဂင်ရှစ်ပါးက အလယ်ကနေပြီး ဖြတ်လိုက်တာ ဒုက္ခလည်း ပြတ်ထွက်သွားတယ် (မှန်ပါ့)။ ဒီဘက်က သမုဒယ ဆိုတဲ့ ဒိဋ္ဌိကော၊ (ပြတ်ပါတယ်) ဒကာသစ် ကျေနပ်ပလား၊ (ကျေနပ် ပါပြီ ဘုရား)။

မဂ္ဂင်ရှစ်ပါးဖြစ်မှပယ်ပြုတ်

ဪ – ဒါဖြင့် ရှစ်ပါးဖြစ်မှသာလျှင် ဒကာ ဒကာမတို့ ပယ်ပြုတ်ပါလား၊ (မှန်ပါ့)၊ ငါးပါးနဲ့ တုန်း ကတော့ ဘာတဲ့၊ ပွားပြုတ်၊ (မှန်ပါ ဘုရား)။

အရင် နေ့တိုင်း ပြပြီး အမှတ်ထား နေတာကတော့ဖြင့် သညာနဲ့ ပြုတ်တာ၊ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ သိပြုတ်ပြီးတော့ ပွားပြုတ် လုပ် ပါ၊ (မှန်ပါ့)။ ပွားပြုတ် ပြီးတော့ ဘာတုံး၊ (ပယ်ပြုတ်လုပ်ရပါ မယ် ဘုရား)။

ပယ်ပြုတ်ရောက်ရင်သောတာပန်တည်ပြီ

ပယ်ပြုတ်ရောက်လို့ ရှိရင်ဖြင့် ခင်ဗျားတို့ သောတာပန် တည်ပြီ၊ (မှန်ပါ့)။ သောတာပန် တည်တဲ့ ပုဂ္ဂိုလ်သည် ဒကာ ဒကာမတို့ ရှေ့ပိုင်းက ခန္ဓာလည်း ပျောက်တယ်၊ (မှန်ပါ့) နောက်ပိုင်းက ဒိဋ္ဌိပျောက်တယ်၊ (မှန်ပါ့ ဘုရား)။

ရှေ့ပိုင်းက (ခန္ဓာပျောက်ပါတယ်)။ နောက်ပိုင်းက (ဒိဋ္ဌိ ပျောက်ပါတယ် ဘုရား)။

ဒါဖြင့် ရှုနေတဲ့ ရှေ့ပိုင်းက ဒကာ ဒကာမတွေ ဖြစ်ပျက် တွေလည်း ရှာမတွေ့ဘူး၊ (မှန်ပါ့)။ ဝမ်းထဲရှိတဲ့ ဒိဋ္ဌိလေးပါးကကော၊ (ရှာမတွေ့ပါ)။ ဒိဋ္ဌိလေးပါးကလည်း ပျောက်ထွက် သွားတယ် ဆိုတာ သေချာပလား၊ (သေချာပါပြီ ဘုရား)။

ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည် ပယ်ပြုတ် ဆိုတာသည် ဟောဒီ မဂ်က နှစ်ခုလုံး ပယ်ချ လိုက်တာ၊ (မှန်ပါ့ ဘုရား)။

ဒုက္ခသစ္စာကိုလည်း ပိုင်းပိုင်းခြားခြား သိပြီး ပယ်လိုက် တယ်၊ (မှန်ပါ့) ဒိဋ္ဌိကိလေသာ ကိုလည်း ပယ်ပစ်လိုက်တယ်၊ (မှန်ပါ့ ဘုရား)။

ဒါကြောင့် ပယ်ပြုတ်နဲ့ကျမှ စိတ်ချကြပါဆိုတာ ယနေ့ ဟောလိုက်ပါတယ်၊ (မှန်ပါ့) ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)။

ကဲ-ရထားလည်းလာပြီ၊ ယနေ့ ဒီတွင်တော်ကြဦးစို့။

သာဓု သာဓု သာဓု။