221

အဖေခေါ်တိုင်းပြုံးမနေပါနဲ့ ကိုယ့်အရေးကစိတ်ချရပြီလား

အသံဖိုင်ခေါင်းစဉ်= ဣဿာနှင့် မစ္ဆရိယ ရှင်းပုံ

စာအုပ်ခေါင်းစဉ်= အဖေခေါ်တိုင်းပြုံးမနေပါနဲ့ ကိုယ့်အရေးကစိတ်ချရပြီလား

မှတ်ချက်။ ။အသံမ​ကြည်ပါ။

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး အမရပူရမြို့၌

ဟောကြားဆုံးမတော်မူသော တရားတော်

အဖေခေါ်တိုင်းပြုံးမနေပါနဲ့ ကိုယ့်အရေးကစိတ်ချရပြီလား

ဟောကြားသည့်နေ့

(၁၄-၁၁-၆၀)

သတိပေးခန်းတွေကို ရှေ့နားမှာနည်းနည်းပြောပါတယ် (မှန်ပါ့), သတိပေးခန်းက ဘာလဲလို့ မေးတော့ ဒကာ ဒကာမတွေ အခု ဘယ်အထဲမှာ မျောနေကြသလဲဆိုတဲ့ဥစ္စာ သိတော့ သားဖို့၊ သမီးဖို့၊ ဆွေဖို့၊ မျိုးဖို့၊ ကိုယ့်ဖို့ဆိုတဲ့ စီးပွားရေး တဏှာရေထဲမှာ မျောနေကြတယ် (မှန်ပါ့)။ စီးပွားရေး တဏှာရေ ထဲမှာ မျောနေကြတယ်လို့ မှတ်ကြပါ (မှန်ပါ)။

လူချင်းတူတူ သူချင်းမျှမျှ

သားခင်မှု၊ သမီးခင်မှု၊ မြေးမြစ်တွေလည်း လူချင်းတူတူ၊ သူချင်းမျှမျှဖြစ်မှု၊ သားကလေးတွေ လူလားမြောက်လို့ သမီး ကလေးတွေ သူများနဲ့တန်းတူ စားနိုင်ဝတ်နိုင်ဖို့ ဒါတွေတည်း ဟူသော အာရုံတွေထဲမှာ တဏှာက ဒီအာရုံတွေကို ခင်တွယ်ပြီး သကာလ ဒီအလုပ်တွေနဲ့ပဲ တောင်ပြေး၊ မြောက်သွားနဲ့ မျော ပါနေကြတယ်ဆိုရင် ဒကာသစ်၊ ဒကာကြွယ်တို့ မလွဲဘူး – (မလွဲပါ ဘုရား)။

ဪ ဒီဒကာ၊ ဒကာမတွေ ဘာများဖြစ်နေကြ ပါလိမ့်မတုံး ဆိုတော့ တဏှာရေထဲ မျောနေကြတယ် – (မှန်ပါ့ ဘုရား) ဘယ်လိုဆိုကြမလဲ (တဏှာရေထဲမျောနေကြ ပါတယ် ဘုရား)

တဏှာ ဆိုတာ ဒကာ၊ ဒကာမတို့ ကာမောဃ လို့ခေါ်ပါတယ် (မှန်ပါ့) ကာမောဃလို့ မှတ်ထား လိုက်စမ်း ပါ၊ ကာမသြဃ ဆိုလိုရင်းပဲ၊ ကာမဂုဏ်ရေထဲမှာ မျောနေကြ တယ်လို့ ဆိုတော့ ဒီကနေ မန္တလေး သွားပြန်လဲ ကိစ္စနှင့်ဘုရား၊ မန္တလေးက တောင်မြို့ ပြန်လာတော့ကော (ကိစ္စနဲ့ပါ ဘုရား)။

ကာမဂုဏ်ရေထဲမျောနေကြတယ်

ဘာကိစ္စတုန်းမေးတော့ တဏှာခိုင်းတဲ့ကိစ္စ (မှန်ပါ့) နောက်မသွားတော့ဘူးလား၊ နောက်မပြန်တော့ ဘူးလား မေးပြန်တော့ ဒီနေရာပဲသွားလိုက်၊ ဒီနေရာပဲပြန်လိုက်၊ ဖြစ်နေတော့ ကာမောဃထဲမှာ မျောကာ ဆန်ကာ နေကြတယ် (မှန်ပါ့)။

ကြာတော့ ဒီနေရာမှာ လှည့်ပတ်ပြီး သကာလ နေတော့ သစ်ရွက်ကလေးကိုပဲ ကြာတော့ လှည့်ပတ်ပြီး သကာလ ဝဲက ကျဉ်းကျဉ်းပြီး သကာလ အပါယ်လေးပါးထဲမှာ ဒကာ ဒကာမ တွေမြုပ်ရှာ တော့မယ် (မှန်ပါ့) ကာမောဃ ဝဲထဲမှာပဲ လှည့် လည်ပြီး သကာလ အပါယ်လေးပါးတည်း ဟူသော မြုပ်ရာဌာန ကို ဒကာကြွယ်၊ ဒကာဦးလှဘူးတို့ မြုပ်မှာ စိုးရိမ်ရတယ်နော် (မှန်ပါ့)။

ဒကာ ဒကာမတို့ကတော့ သာမညမှတ်နေတယ်၊ ကိစ္စရှိ လို့သွားတာဘုရား၊ ကိစ္စမရှိရင်အိမ်က မထွက်ပါဘူး (မှန်ပါ့) ပြန်လာပြန်တော့ သားရေး၊ သမီးရေး စိတ်မချရတဲ့ကိစ္စ ကိုယ့် ကိုယ်ကို စိတ်မချရတဲ့ ကိစ္စနဲ့ ပြန်ပြီးလာကြပြန်တော့လည်း ဒါလည်း တဏှာမျှောလိုက်လို့မျောတာပဲ (မှန်ပါ့) ဒါဖြင့် ဒကာ ဒကာမတွေ ဘာဖြစ်နေကြတုံးမေးတော့ ကာမောဃထဲ မျောနေကြတယ် (မှန်ပါ့ ဘုရား)။

မျောတဲ့အလုပ်မရပ်ရင်မြုပ်မယ်

ဒကာကြွယ် ကြောက်စရာကြီး (ကြောက်စရာကြီးပါ ဘုရား) ခင်ဗျားတို့ကလည်း ဘုန်းကြီး ဆုပေးလိုက်တာက ‘‘ဣဒံ မေ ပုညံ အာသဝက္ခယံ ဝဟံ ဟောတု၊’’ အာသဝေါတရားကုန် ရပါလို၏ ဆုတောင်းကြတယ်၊ ပြီးတော့ ကာမာသဝထဲ ခင်ဗျားတို့ ကမျောတယ် ဘုန်းကြီးကလည်း ကာမာသဝထဲ မျောတာ လွတ်ပါစေဆိုပြီး ဘုန်းကြီးကရှေ့ကချပေးတယ်၊ နှုတ်ကတော့ လိုက်ကြပါရဲ့၊ မျောတဲ့အလုပ်ကို မရပ်စဲလို့ရှိရင် မြုပ်ပါလေဦး မယ်ဆိုတာ သတိပေးလိုက်တယ် (မှန်ပါ့)။

မျောတဲ့အလုပ်လုပ်နေရင် (မြုပ်ပါလိမ့်ဦးမယ်) မြုပ်ပါလိမ့် ဦးမယ်ဆိုတာ အထူး သတိပေး ပါတယ် ဒကာကြွယ် (မှန်ပါ့) စင်စစ်ကတော့ ကိစ္စရှိလို့လား၊ တဏှာမျှောလို့မျောရတာလား , (တဏှာမျောလို့ မျောရတာပါ ဘုရား)။

ဒကာသစ် သွားမည်ကြံလို့ရှိရင်ဖြင့် အကျိုးရှိမည့်ကိစ္စ လား၊ တဏှာမျှောလို့ မျောရမှာလား ဆိုတာလေးတော့ ဆင်ခြင် ပါဦးဆိုတာသတိပေးပါတယ် (မှန်ပါ့) မပေးထိုက်ဘူးလား (ပေးထိုက် ပါတယ် ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ အာသဝေါကုန်ရာ ရောက်ရပါလို၏ဆိုပြီး ကိုယ့်ကိုယ်တိုင် ကဖြင့် မျောတာမြုပ်တာ ကိုလုပ်နေလို့ရှိရင် အာသဝေါကုန်နိုင်ပါဦးမလား (မကုန် နိုင်ပါ ဘုရား)။

ပါးစပ်ကတော့အပြော

ဒကာကြွယ် ဒါဖြင့်ပါးစပ်ကတော့အပြော၊ အလုပ် သွားက အမျော (မှန်ပါ့) အမျော ဖြစ်နေတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ အင်မတန် မနစ်နာဘူးလား (နစ်နာပါတယ် ဘုရား)။

အေး ဒါကြောင့်ကြပ်ကြပ်သတိထားပြီး သကာလ ဒကာ ဒကာမတို့ ငါဒီလို ဆရာသမား ကိုးကွယ် ဆည်းကပ်နေတာ အမေ့သမား အမြုပ်သမားအဖြစ်မှ လွတ်အောင်လို့ဆိုတဲ့ စိတ်ထားနဲ့ နေကြတာပဲ (မှန်ပါ့)။

သို့သော် ကိုယ့်နေပုံကတော့ဖြင့် အမျောသမား၊ အမြုပ်သမားအဖြစ်နဲ့ ပျော်နေတဲ့ အဓိပ္ပါယ် မရောက်ဘူးလား (ရောက်ပါတယ် ဘုရား) အဲဒါလောက်ဆိုးဝါးပြီး သကာလ နေတော့ ဒီအချိန် အနည်းငယ် အာသဝရပ်တဲ့ အချိန်ပဲဆိုတာ မှတ်လိုက်ကြစမ်းပါ (မှန်ပါ့ ဘုရား)။

အခုတရားနာနေတဲ့အချိန် ဘာအချိန်ပါလိမ့် (အာသဝရပ်တဲ့အချိန်ပါ ဘုရား) အမျိုသမား၊ အမြုပ်သမား အဖြစ်မှ အနည်းငယ် ရပ်ဆိုင်းတဲ့ အချိန်ဆိုရင် လွဲပါ့မလား (မလွဲ ပါ ဘုရား)။

အဲ ရပ်တာကလေးကိုပင် ဒကာ ဒကာမတွေက ဪ စီးပွားရေးထဲက မနည်း ကြိုးစား ရတယ်လို့ ဆိုပြန်တော့ အမောဖြေတဲ့ အချိန်ကို မနည်းကြိုးစားရတယ်လို့ ဆိုတော့ ကောင်းသေး ရဲ့လား (မကောင်းပါ ဘုရား)။

အမောဖြေတဲ့အချိန်ကို ခင်ဗျားတို့က ဘယ်လိုများထင် နေသတုံး (မနည်းကြိုးစား လာရတယ် ထင်ပါတယ် ဘုရား) မနည်း ကြိုးစားရတယ်၊ ဖြစ်မှဖြစ်ရလေဗျာ (မှန်ပါ့ ဘုရား)။

သိပ်မရူးကြပါနဲ့

ဒကာ ဒကာမတွေမြည်တာ တွန်တာလား၊ ဖြစ်စဉ်ကိုက် လားဆိုတာကို သတိထားပါ (ဖြစ်စဉ်ကိုက်ပါ ဘုရား) သိပ် မရူးကြပါနဲ့ဆိုတာ သတိပေးပါတယ်၊ အရူးက သန်လွန်းပါ တယ် (မှန်ပါ့) ဒကာကြွယ် မသန်ဘူးလားဗျာ (သန်လွန်းပါတယ် ဘုရား)။

အခုသတိပေးပြီးတော့ တော်တော်ကလေးမြည်တာ တောင် အမျောကိစ္စ မလွတ်သေးဘူး (မလွတ်ပါ ဘုရား) ဦးလှဘူး မလွတ်ချင်ဘူးနော် (မှန်ပါ့ ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတွေ ရန်ကုန်သွားတာ အမျောသွားတာ (မှန်ပါ့) ရန်ကုန်က ပြန်လာတော့ (မျောတာပါ ဘုရား) ဒီအတိုင်း အမျိုသမား၊ အလည်သမားဆို လို့ရှိရင်တော့ သေရင် သံသရာ အပါယ်ငရဲ တောက်လျောက် သွားလေရဲ့ (မှန်ပါ့ ဘုရား)။

ဆွမ်းသွတ်တဲ့ပုဂ္ဂိုလ်ဟော့ကုသိုလ်ရမယ်

ဆွမ်းသွတ်တဲ့ပုဂ္ဂိုလ်တော့ ကုသိုလ်ရမယ်၊ ဟိုပုဂ္ဂိုလ်တော့ အမျှရစရာမမြင်ပါဘူး (မှန်ပါ့ ဘုရား) ဆွမ်းသွတ်နေတောင် ဆွမ်းသွတ်တဲ့ ပုဂ္ဂိုလ်ကုသိုလ်ရမယ်၊ ဟိုပုဂ္ဂိုလ်တော့ အမျှရစရာ မမြင်ပါဘူး (မှန်ပါ့) မြင်ကြသေးရဲ့ လား (မမြင်ပါ ဘုရား)။

ဒါလောက် ခင်ဗျားတို့အမျိုသမား၊ အမြုပ်သမား အဖြစ်နဲ့ နစ်နာနေလို့ ဒကာ ဒကာမတွေ ဆရာ ဘုန်းကြီးများက ဒီလိုအရင်းကျကျနဲ့ မပြောတော့ပါဘူးဆိုရင် ထုံးစံအတိုင်း လုပ်ပါရစေဦး ဖြစ်နေမှာပဲ (မှန်ပါ့) မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား)။

အကျည်းတန်အရုပ်ဆိုးလွန်းလို့

အဲဒါကြောင့်ဆိုးဝါးလွန်းလို့ အကျည်းတန်လွန်းလို့ အရုပ် ဆိုးလွန်းလို့ အာသဝဩဃထဲ မမျောကြပါနဲ့ ဆိုတာ သတိပေး လိုက်ပါတယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့်တပည့်တော်တို့ လုပ်မစားရတော့ဘူးလား ဘုရား လို့ ဒကာ ဒကာမတွေ အာသဝေါ တရား ဘက်ကနေပြီး ကာမာ သဝက ရှေ့နေလိုက်ပြီး ပါးစပ်အထွက် ခိုင်းလိမ့်မယ် (မှန်ပါ့) ဟေ့ အာသဝ မင်းမျောခိုင်းလို့ မင်းအမြုပ်ခိုင်းလို့ သံသရာ ထဲမှာ အိုဘေး၊ နာဘေး၊ သေဘေးတွေဟာ ကိုယ်ပိုင်ပစ္စည်း ဖြစ်ခဲ့ရတယ်ကွ၊ ဒီတစ်ခါ မင့်ကိုတော်လှန်မယ်ကွ ဆိုပြီး ကိုယ့်ဖြစ်ပျက်နဲ့ ကိုယ့်မဂ်နဲ့ နေလိုက်စမ်းပါ (မှန်ပါ့) ဒါလူချမ်းသာ ဖြစ်ပါလိမ့်မယ် (မှန်ပါ့ ဘုရား)။

လူချမ်းသာ မဖြစ်ချင်ကြဘူးလား (ဖြစ်ချင်ပါတယ် ဘုရား) ဖြစ်ချင်လို့ရှိရင် တဏှာ နိုင်အောင်လုပ်၊ ဒိဋ္ဌိ နိုင်အောင် လုပ်ပါ (မှန်ပါ့ ဘုရား)။

လူ့ဘဝဟာအင်မတန်ရခဲလို့

ဒါဘယ့်နှယ်ကြောင့် ဒီအကြောင်းကို ဆရာဘုန်းကြီး အရေးတကြီး ပြောရပါလိမ့်မလဲလို့ ဦးလှဘူးတို့၊ ဒကာကြွယ်တို့ ကမေးလို့ ရှိရင်ဖြင့် ခင်ဗျားတို့ လူ့ဘဝဟာ အင်မတန်ရခဲပါတယ် (မှန်ပါ့)

သမုဒ္ဒရာ ပင်လယ်ကြီးရှိတယ်၊ အဲဒီမှာ ထမ်းပိုးတုံး တစ်ခုကို အပေါက်ကလေးထွင်းပါ၊ ထွင်းပြီးပင်လယ်ထဲမျှော လိုက်ပါ၊ ပင်လယ်ထဲမှာ ပင်လယ်လှိုင်းနဲ့ ပင်လယ်လေနဲ့ တောင် လေလာမြောက်၊ မြောက်တောင် စသည်နဲ့ သွားမိသွား ရာ မသွားပေဘူးလား (သွားပါတယ် ဘုရား)။

အနှစ်တရာ၊ အနှစ်တစ်ထောင်ရှိမှ ပေါ်လာတဲ့လိပ်ကန်း ကြီးကလည်း လိပ်ကန်း ဆိုတာ သွားချင်ရာ သွားနေလိမ့်မယ် (မှန်ပါ့) အဲဒီသွားတဲ့လိပ်ကန်းကြီးရဲ့၊ ခေါင်းနဲ့ ခုနင်က ထမ်းပိုးတုံး အပေါက်ထဲမှာ လည်ပင်းလျှိုမိပြီး ခေတ္တနားခွင့်ကြုံ စရာမြင်ကြရဲ့လား (မမြင်ပါ ဘုရား)။

လိပ်ကန်းကြီး နဲ့ထမ်းပိုး

ဒီ ထမ်းပိုးပေါက်ကြီးကလည်း ထမ်းပိုးပေါက် ကလေး တစ်ပေါက်တည်း ပါလာတာကလည်း ဒကာကြွယ် တောင်လေလာမြောက် မြောက်လေလာတောင်နဲ့ သွားချင်သလို သွားတော့ ဘယ်ရောက်လို့ ဘယ်ပေါက်မှန်း သူ့မှာလည်း မှန်းခြေပေါက်ရှိရဲ့လား (မရှိပါ ဘုရား)။

လိပ်ကန်းကြီးလည်း နှစ်ဘက်စုံလုံးကန်းဖြစ်နေတော့ သွားချင်ရာသွား၊ လာချင်ရာလာနဲ့ အရှေ့မှန်းမသိ၊ အနောက် မှန်းမသိ၊ တစ်ခါတလေခေါင်းကလေးဖော်လိုက်တဲ့အခါ ခုနင်က မျောချင်ရာ မျောနေတဲ့ ထမ်းပိုးတုံး အပေါက်ထဲ လျှိုမိဖို့ရာ အကြောင်းဟာ မြင်သေးရဲ့လား (မမြင်ပါ ဘုရား)။

သာသနာတွင်းကြုံဖို့ရာဒါထက်ခဲယဉ်းတယ်

အဲဒါ ခင်ဗျားတို့ လူ့ဘဝရပြီး သာသနာတွင်းကြုံဖို့ရာ ဒါ ထက်ခဲယဉ်းသေးတယ် (မှန်ပါ့) အထက် လိပ်ကန်းခေါင်းနဲ့ ထမ်းပိုး တုံးအပေါက်လျှိုမိဖို့ရာက ငါဘုရားမြင်သေးတယ်တဲ့၊ မင်းတို့လူ့ဘဝ ရဖို့ ဒါထက် ခဲယဉ်းသေးတယ် (မှန်ပါ့ ဘုရား)။

ဒီတော့ ကိုယ်ရတဲ့ဘဝဟာ ဒကာ ဒကာမတွေ ပါရမီပြည့် ပြီးသား စုံပြီးသား ဖြစ်လေ သောကြောင့် နိဗ္ဗာန် ဆိုတဲ့ ချမ်းသာရာ ကို ဘယ်အခါမှ မမြုပ် မမျောတဲ့ဆီ သွားဖို့ ဆုတောင်း ပြည့်လာတဲ့ ဘဝကြီးမှာ တစ်ခါမျောတဲ့မြုပ်တဲ့အလုပ် သားရေး၊ သမီးရေး၊ စီးပွားရေးကို ရောက်တဲ့ နေရာဌာနက အာရုံကလေးလှည့်လိုက်တာနဲ့ အမျိုသမား၊ အမြုပ်သမား ဖြစ်နေတော့ ဒကာကြွယ် နစ်နာလွန်းတယ် (မှန်ပါ့ ဘုရား)။

ဦးလှဘူး ဘယ်နှယ့်နေသတုံး (နစ်နာလွန်းပါတယ် ဘုရား) သေသေချာချာသတိထားပြီး နားထောင်ပါ ဒကာ ဒကာမတို့၊ ကိုယ့် မှန်းခြေနဲ့ကိုယ် မရစဖူးအထူးတာနဲ့ အလွဲသုံး စားလုပ်တာနဲ့ ဒကာသစ် ကိုက်ကဲ့လား (မကိုက်ပါ ဘုရား) မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား)။

ဪ ဒကာ ဒကာမတွေ ဒါလောက်ထိအောင် ဘုရား ဟောထားတာတောင် မသိကြတော့ အိမ်ရာ တည်ထောင်ရမှာပဲ။ သားသမီးမွေးဖွားရမှာပဲ၊ မွေးဖွားရင်ကျွေးရမှာပဲ၊ ဒါဟာကျုပ်တို့ လူ့အလုပ် ဆိုတော့ နဂိုကအပါယ်ကတက်လာကြတုန်းက လူချမ်း သာဖြစ်အောင်လို့ ဒီမှာတော့ လူဆင်းရဲဖြစ်တဲ့ အလုပ်ကြီး ပျော် နေတယ်၊ ဒကာကြွယ် တော်ရဲ့လားလို့ မေးဖို့မလိုဘူးလား (လိုပါ တယ် ဘုရား)။

လူချမ်းသာလား

အခုလူချမ်းသာလား၊ လူဆင်းရဲလားဆိုတော့ မလုပ်ဘဲနဲ့ စားရတဲ့ ပဒေသာပင် ပေါက်တဲ့လူ ဘယ်မှာ ရှာတွေ့လိမ့်မလဲ (မတွေ့ပါ ဘုရား) လုပ်ကိုင်မှ စားရတာချည့်ဆိုတော့ လူချမ်းသာ ၊ ပါကြရဲ့လား (မပါပါ ဘုရား)။

ခင်ဗျားတို့နဂိုရ်က လူ့ပြည်ရောက်လို့ ရှိရင်ဖြင့် လူ့ပြည် ရောက်ကြောင်း လူချမ်းသာ ဖြစ်ရပါလို၏ ဆုတောင်းတော့ လူချမ်း သာ မဟုတ်တာတောင် လူချမ်းသာ မဟုတ်မှန်း မသိ သေးဘူး (မှန်ပါ့) အပါယ်ငရဲက တက်ကတည်းက လူ့ဘဝ ရခဲတယ် ဆိုတာ လိပ်ကန်းနဲ့ ထမ်းပိုး တိုးမိစရာ ရှိသေးတယ်၊ လူဘဝရဖို့ ခဲယဉ်းသေးတယ် (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတွေ ရခဲလှတဲ့ဘုံဘဝကြီးရောက်တဲ့ ဥစ္စာ နိဗ္ဗာန်ချမ်းသာကို အရယူတော့မယ် ဆိုတဲ့ စိတ်ထား မမွေးဘဲနဲ့ ပြင် ဘက်ပတ်ဝန်းကျင် အာရုံတွေလှည့်စားလိုက်တာနဲ့ ဒကာကြွယ်တို့ ဒေါင်ချာ စိုင်းနေတာပဲ(မှန်ပါ့) တယ်လည်း ဆိုးဝါးနေပါကလား (ဆိုးဝါးပါတယ် ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဟန်လုပ်ပြီးမနေလိုက်ပါနဲ့

ဟန်ကလေး ပန်ကလေး လုပ်ပြီးတော့ မနေလိုက်ပါနဲ့ ဒကာ ဒကာမတွေ သေခါနီးကျတော့ ငရဲအိုးတွေ ငရဲနိမိတ်တွေ တစ်ယောက်တည်း မြင်လာမှ မျက်ရည်ကြီးငယ်ကျမှာ စိုးလွန်းလို့ အခု ကြားသလောက် မဲ့ရာမှာတွေ မြင်လို့ ဆရာသမားက အစောကြီး သတိပေးနေတယ် ဆိုတာ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား) ဒကာသစ် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေဘယ်လို လမ်းဆုံးသတ်မတုံး လို့ မေးဖို့မလိုလာဘူးလား (လိုလာ ပါတယ်) လိုလာ တော့ မရစဖူး အထူးတဲ့ ဘဝကြီးက နိဗ္ဗာန်ကူးနိုင်တယ်လို့ မှတ်ကြ စမ်းပါ (မှန်ပါ့ ဘုရား)။

ဆရာသမားနဲ့ဆုံပြန်တယ်

လူ့ဘဝကို အခု ခင်ဗျားတို့ရလာတာ ဆရာဘုန်းကြီး ဟောလို့ သစ္စာပဋိစ္စ သမုပ္ပါဒ်ကိုလည်း ခင်ဗျားတို့ကြားနာရတာ များပါပြီ (များပါပြီ ဘုရား) သစ္စာဟောတဲ့ ဆရာသမားများနဲ့ လည်း လာပြီးတော့ ကြုံပြန်ဆုံပြန်တယ် (မှန်ပါ့ ဘုရား)။

သာသနာတော်ကြီးကလည်း ရှိသေးတယ်၊ သစ္စာတရား၊ ပဋိစ္စသမုပ္ပါဒ်တရားက မကွယ်သေးဘူး (မှန်ပါ့) မကွယ်သေးတော့ ကျွတ်တမ်း ဝင်နိုင်မည့် ဘဝကြီးကို သားသမီး၊ ပစ္စည်းဥစ္စာ ဘေးအန္တရာယ် ပတ်ဝန်းကျင် နှိပ်စက်တာနဲ့ ခင်ဗျားတို့ အရကြီးရ တာက အမြုပ်ကြီးမြုပ်သွားလို့ရှိရင် ဒီထက် ကိုယ်ကျိုးနည်းရှိသေး ရဲ့ လား (မရှိပါ ဘုရား)။

အဲဒီတော့ အင်မတန်စိုးရိမ်လို့ ယနေ့ ရှေ့ပိုင်းမှာ ဒါထည့် ပေးတယ် (မှန်ပါ့) မထည့်သင့် ဘူးလား (ထည့်သင့်ပါ တယ် ဘုရား)။

ကိုယ့်အရေးစိတ်ချရပြီလား

အဲဒါကြောင့် ဒကာ ဒကာမတွေ သားကလေး မကြီး သေးလို့၊ သမီးကလေးနေရာမချသေးလို့ ဆိုတာမျိုးတွေ ဝင် မရှုပ်စေနဲ့ (မှန်ပါ့) ကိုယ့်အရေးက အိုဘေး၊ နာဘေး၊ သေဘေးက စိတ်ချရမလား (စိတ်မချရသေးပါ ဘုရား)။

မချရသေးလို့ရှိရင် ဒီသားကလေး မကြီးသေးလို့ သမီးကလေး နေရာမချရသေးလို့ စသည်နဲ့ ခင်ဗျားတို့ ဘာအပိုတွေထည့် ပြောနေစရာလိုသတုံး (မှန်ပါ့ ဘုရား)

အဲဒါ ကြပ်ကြပ်စဉ်းစား ပြီး ကိုယ့်ရည်ရွယ်ချက်နဲ့ကိုယ်ကိုက်အောင် ထွက်ရပ်လမ်း အလုပ်ကို လုပ်ပါတော့မယ် ဆိုတဲ့ စိတ်ကို သန်သန်ထွားထွားကြီး မွေးလိုက်စမ်းပါ (မှန်ပါ့ ဘုရား) သဘော ကျပလား (ကျပါပြီ ဘုရား) ရခဲတဲ့ ဘဝဆိုတာကော သေချာပလား (သေချာပါပြီ ဘုရား)။

ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သိန်းတစ်ရာ လောက် အဖိုးတန်တဲ့ ပတ္တမြားတုံး ထက်မက အဖိုးတန်တဲ့ တန်ဖိုး မဖြတ်နိုင်တဲ့ လူ့ဘဝခန္ဓာကိုယ် ဘဝကြီး ရထားတယ် (မှန်ပါ့) သစ္စာ ထောင်တတ်တဲ့ နားကိုလည်း ရထားတယ် (မှန်ပါ့ ဘုရား)။

ဒီနားသည် ဒုက္ခခပ်သိမ်းကို သိမ်းနိုင်တဲ့နားပါ၊ ဒီနားက ဉာဏ်ကို ကျေးဇူးပြုတော့မယ် (မှန်ပါ့) အဲဒီတော့ ဒါတွေကို မထောင်ဘဲနဲ့ နားကို အလွဲသုံးစား လုပ်ပစ်ရင် ဒကာကြွယ် သွားရောပေါ့ဗျာ (မှန်ပါ့) မသွားသေးဘူးလား (သွားပါတယ် ဘုရား)။

အဲဒါ အဖိုးတန်တာကို အလွဲသုံးစားလုပ်တော့ ဪ ခင်ဗျားတို့ဆိုးဝါးလွန်းတယ် ဆိုတာ မပြောထိုက်ဘူး လား (ပြောထိုက်ပါတယ် ဘုရား)။

ဒကာ ဒကာမတွေ ဘုန်းကြီးပြောတာ ကြပ်ကြပ်ဂရုစိုက် ပါ၊ ခင်ဗျားတို့ အလွဲသုံးစား များလွန်းလို့ (မှန်ပါ့) တချို့မှာ ၂၄ နာရီရှိတဲ့ အနက်က ၂၄နာရီ စလုံးဟာ တစ်ခါတည်းသားရေး၊ သမီးရေး၊ စီးပွားရေး ပင်လယ်ထဲမှာ မျောပြီး သကာလ မြုပ်တဲ့ အလုပ်ကိုသာ လုပ်နေကြတော့ ဒကာကြွယ် မှန်းခြေပေါက် ဟုတ်သေးရဲ့ လား (မဟုတ်ပါ ဘုရား)။

သားကအဖေခေါ်တိုင်းပြုံးမနေပါနဲ့

ငရဲကတက်လာတုန်းက ဒီနေရာ မပြန်တော့ပါဘူးဆိုပြီး တက်လာကြတယ် (မှန်ပါ့) တက်လို့လဲ ရောက်လာပါရော၊ ပြန်မည့် ဇာတ်ထုတ်ကို ပြန်ခင်းတယ် (မှန်ပါ့) အတော်အရုပ် မဆိုးဘူးလား (ဆိုးပါတယ် ဘုရား)

အဲဒါကြောင့် သားက အဖေခေါ်တိုင်း ခင်ဗျားတို့က ပြုံးမနေပါနဲ့၊ သမီးက အဖေခေါ် တိုင်း (မပြုံးပါနဲ့) ပြုံးရသလောက် မဲ့ရမှာကို မြင်လို့ပြောနေ တယ် (မှန်ပါ့ ဘုရား)။

ဒကာကြွယ်လည်း ခင်ဗျားသမီးတစ်ယောက်နဲ့ ဗျာများ – မနေစမ်းပါနဲ့ (မှန်ပါ့) သတိမပေး သင့်ဘူးလား (ပေးသင့် ပါတယ်)သဘောကျပလား (ကျပါပြီ) ဗျာပါ မပွေစမ်းပါနဲ့ ကိုယ့်အရေး မပြီးသေးလို့ပါ (မှန်ပါ့ ဘုရား)။

ကိုယ့်အရေးပြီးတော့ ခင်ဗျားတို့ ပခုံးပေါ်က မချဘဲ နေပါ ကိစ္စမရှိပါဘူး (မှန်ပါ့) ကိုယ့်အရေး မပြီးခင်တော့ဖြင့် ဒကာ ဒကာမတို့ ခင်ပွန်းလည်း အသာထား၊ ချိတ်ထားဦး၊ သားကလေး သမီး ကလေးလည်း အသာချိတ်ထားစမ်းပါ၊ ငတ်တော့ မသေဘူး (မှန်ပါ့ ဘုရား)။

ကိုယ့်ဒုက္ခလွတ်ရေးကိုရှေ့ထားပါ

ငါ့အရေးမပြီးသေးလို့ ဒီဥစ္စာကိုဖြင့် ငါသည် ဂရုမစိုက် သေးဘူးကွ၊ ဒါကြောင့် ဆရာဘုန်းကြီးက သီတင်းနေ့က ဟောခဲ့ တယ်၊ ဒကာ ဒကာမတို့ ခင်ဗျားတို့ဟာ ကိုယ့်ဒုက္ခလွတ်ရေးကို ရှေ့ထားပါ။ ကိုယ့်သား၊ သမီးရေးကို နောက်ထားပါ (မှန်ပါ့) ဒီအစီအစဉ်ကလေး ပြောင်းပေးစမ်းပါ (မှန်ပါ့ ဘုရား)။

ကိုယ့်ဒုက္ခလွတ်ရေးကို (ရှေ့ထားရပါမယ်) သားရေး၊ သမီးရေး၊ စီးပွားရေးကို (နောက်ထား ရပါမယ်) ရှေ့နောက်ခွဲရုံနဲ့မွဲ ပါ့မလားဗျ (မမွဲပါ ဘုရား) မမွဲနိုင်ပါဘူး (မှန်ပါ့) ရှေ့နောက်ခွဲရုံနဲ့ မမွဲနိုင်ပါဘူး ဆိုတာကို သတိပေးလိုက်ပါတယ် (မှန်ပါ့ ဘုရား)။

အသေလွတ်တဲ့အရေးရှေ့ထားပါ

ဒီဘုန်းကြီး ဒို့ကို ဘယ်လိုပြင်ချင်လို့များ ခိုင်းလိုက်ပါလိမ့် မလဲလို့ မေးလို့ရှိရင် အားလုံး ဒကာ ဒကာမတွေ အသေလွတ် တဲ့ အရေးကို ရှေ့ထားပါ (မှန်ပါ့) အသေလွတ်တဲ့ အရေးကို ဒုက္ခချုပ်တဲ့ နိဗ္ဗာန်မြင်တဲ့ အရေးကိုရှေ့ထားပါ (မှန်ပါ့) သားရေး၊ သမီးရေး၊ စီးပွားရေးကို နောက်မှလုပ်ပါ၊ နောက်ထား ပါ (မှန်ပါ့ ဘုရား)။

ဪ ဘုန်ကြီးကဖြင့် ယနေ့ ရှေ့နောက် အခွဲခိုင်းပြီ (လှန်ပါ့) ဒကာကြွယ် ဘာတိုက်တွန်း ပါလိမ့် (မှန်ပါ့ ဘုရား)။

ကံကောင်းဉာဏ်ကောင်းတုန်းလုပ်ရတယ်

ဘယ်နှယ့်ကြောင့် ဆရာဘုန်းကြီး ရှေ့နောက်အခွဲခိုင်းပါ လိမ့်မလဲလို့ ဘုန်းကြီးတို့ဒကာ ဒကာမတွေက မေးလိုက်တော့ သူတော်ကောင်း အလုပ်ဆိုတာ ကံကောင်း၊ ဉာဏ်ကောင်းတုန်း ကို လုပ်ရတယ် (မှန်ပါ့) အသက်ကြီးမှ ကံမွဲ၊ ဉာဏ်မွဲနဲ့ လုပ်လို့ (မရပါ ဘုရား)။

အခုတော့ ဒကာကြွယ်တို့ လူစုက ပြောင်းပြန် ဖြစ်နေတယ် (မှန်ပါ့) သူတော်ကောင်း အလုပ်ကို နောက်ထားတယ်၊ မဟုတ် ဘူးလား (မှန်ပါ့) သား၊ သမီးရေး၊ စီးပွားရေးကို (ရှေ့ထား ပါတယ် ဘုရား)။

ကံမွဲဉာဏ်မွဲနဲ့ခရီးမပေါက်

ဒါဖြင့် ကံကောင်း၊ ဉာဏ်ကောင်းတွေကို တဏှာခိုင်း တာနဲ့ ဖြုန်းပစ်ခဲ့တယ်(မှန်ပါ့) ကံမွဲ၊ ဉာဏ်မွဲနဲ့ နိဗ္ဗာန်ယူမယ် ဆိုတော့ (မရနိုင်ပါ ဘုရား) မရနိုင်တဲ့အချိန်မှ လိုချင်တော့ ခရီးမရောက်ဘူး (မှန်ပါ့) ခရီးရောက်သင့် သလောက် မရောက်နိုင်ဘူးဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ဟာက ပါးကိုမပါးသေးဘူး၊ ဒကာ သစ်တို့၊ ဒကာကြွယ်တို့ ဦးလှဘူးတို့က ပါးကိုမပါးသေးဘူး (မပါးပါ ဘုရား) ရှေ့နောက်မှ မခွဲတတ်ဘဲကိုး (မှန်ပါ့) ကံကောင်း ဉာဏ်ကောင်းနဲ့ နိဗ္ဗာန်ယူမည့်ဥစ္စာကို ကံကောင်း ဉာဏ်ကောင်းတွေကို တဏှာခိုင်းတုန်းက အရွယ်ကောင်းတုန်းက ဖြုန်းပစ်ခဲ့တယ် (မှန်ပါ့ ဘုရား)။

ကံမွဲ ဉာဏ်မွဲကျမှ ဆရာသမားဆီကိုလာရှာတော့ ဘယ့် နှယ်ကြောင့်ဖြစ်ပျက်တွေ သူများ မုန်းတယ် ဆိုပါလျက်သားနဲ့ ဒို့မှာမုန်းဉာဏ်မလာပါဘူး(မှန်ပါ့) ဖြစ်ပျက်ဟာ ဒုက္ခသစ္စာ ဒုက္ခသစ္စာ ဆုံးရင် နိရောဓသစ္စာ အရှိသားနဲ့ ဒို့မမြင်ပါဘူးလို့ ညည်းနေတဲ့ ပုဂ္ဂိုလ်ဟာ ရှေ့နောက်လွဲခဲ့လို့ (မှန်ပါ့)။

အလွဲကိုပြင်ပေးနေတာ

ဒီစကားကို ဒကာကြွယ်တို့၊ ဒကာသစ်တို့က သေးသေး သိမ်သိမ် မှတ်မနေနဲ့၊ ကိုယ့်အလွဲကို ပြင်ပေးနေတာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ဘာပြင်ပေးနေတာတုံး (ကိုယ့်အလွဲကို ပြင်ပေး နေတာပါ ဘုရား) ခင်ဗျားတို့က ရှေ့နောက် ခွဲဖို့ရာ့ ဘယ့်နှယ်ဖြစ်နေသတုံး (လွဲနေပါတယ်) လွဲနေတယ် ဆိုတာ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

အဲဒါကြောင့် ကံကောင်း ဉာဏ်ကောင်းတွေကို တဏှာ ခိုင်းတာနဲ့အသုံးချပစ်ခဲ့ပြီး၊ ကံမွဲ၊ ဉာဏ်မွဲနဲ့ ကျမှ ဆရာဘုန်းကြီး ဆီရောက်လာတော့ ခင်ဗျားတို့ ကော်မထုတ်တာ တမယ် ရှိတော့ တယ် (မှန်ပါ့)၊ ဘာဖြစ်လို့တုံး ကံမွဲဉာဏ်မွဲမှ လာတာကိုးဗျ။ (မှန်ပါ)၊ တော်တော်နဲ့ပေးလို့ ရပါ့မလား (မရပါ ဘုရား)၊ အဲဒီ မှာ ဒကာကြွယ်တို့ ဒကာသစ်တို့ သိပ်ပြီးနစ်နာတာ (နစ်နာ ပါတယ် ဘုရား)။

ပေနိုင်သမျှ ပေလုပ်ရမှာပဲ

အဲဒီတော့ ဒို့ကလည်း လာမိတာ ရှေ့နောက်ကလည်း အခွဲက လွဲသွားတော့ ကံမွဲဉာဏ်မွဲမှ အလုပ်လုပ်ရတော့ အနိစ္စအချက် မမြင်မခြင်းတော့ ကံမွဲဉာဏ်မွဲနဲ့ ပေနိုင်သ၍ ပေ လုပ်ရမှာပဲ ဆိုပြီး လုပ်ဖြစ်အောင် လုပ်ပါ (မှန်ပါ့)၊ နည်းနည်း မြင်လာမယ် ဆိုလို့ရှိရင် ဖြစ်ပျက်မြင်လို့ ရှိရင်ဖြင့် မုန်းဖို့ရာ နီးပြီဆို ပြီး ကြိုးစားလုပ် (မှန်ပါ့ ဘုရား)။

ကံကောင်း ဉာဏ်ကောင်းက အလွဲသုံးစား ဖြစ်ခဲ့တော့ ဒကာကြွယ် ကံမွဲ ဉာဏ်မွဲနဲ့ လုပ်ရတော့ ခင်ဗျားတို့ ခက်ပေမယ့် လုပ်ရလိမ့်မယ် (မှန်ပါ့)၊ မလုပ်ရဘူးလား (လုပ်ရပါ တယ် ဘုရား)။

ကိုင်း ဒါဖြင့် ဒုက္ခချုပ်တာသည် နိဗ္ဗာန်ပဲလို့ ဘုရားက “ဒုက္ခဿ အန္တံ ကရိဿတိ” ဒုက္ခဿ = ဖြစ်ပျက်ဒုက္ခ၏၊ အန္တံ – အဆုံးကို၊ ကရိဿတိ -ပြုနိုင်လတံ့ (ဝါ) အားထုတ်ရင်း မတ္တနဲ့ မုန်းပြီးရင် မြင်လိမ့်မယ်လို့ ဟောပါလျက်သားနဲ့ ကိုယ်တိုင် မမြင် တာသည် ဘာကြောင့်ပါလိမ့်မလဲလို့ မေးလို့ရှိရင် ကံမွဲဉာဏ်မွဲနဲ့ ကြိုးစားလို့ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ရှေ့နောက်လွဲနေလို့ပါ

အဲဒီတော့ အခု ကြိုးစားလို့ နည်းနည်းကြာတဲ့ ပုဂ္ဂိုလ်များ ၊ ဟာ သူများအပြစ်လား ကိုယ့်အပြစ်လား (ကိုယ့်အပြစ်ပါ ဘုရား)၊ ကံကောင်း ဉာဏ်ကောင်းတွေ ဘယ်ထဲသုံးပစ်ခဲ့သတုံး (တဏှာခိုင်းတဲ့ အထဲ သုံးပစ်ခဲ့ပါတယ် ဘုရား)၊ ကံမွဲ ဉာဏ်မွဲကျမှ ဆရာဘုန်းကြီးဆီ ရောက်လာတော့ ဪ တော်တော်နဲ့ မြင်ပါ့မလား (မမြင်ပါ ဘုရား)၊ တော်တော်နဲ့ မုန်းနိုင်ပါမလား (မမုန်းနိုင်ပါ ဘုရား)၊ တော်တော်နဲ့ ဆုံးနိုင်ပါ့မလား (မဆုံးနိုင် ပါ ဘုရား)၊ အဲဒါတွေ ဘာကြောင့်တုံး ဆိုတော့ ရှေ့နောက် လွဲနေလို့ (မှန်ပါ့ ဘုရား)။

အရင်မူဟောင်းတွေဖျက်ကြစမ်းပါ

ဘယ်လိုမှတ်ကြမယ် (ရှေ့နောက်လွဲနေလို့ပါ ဘုရား)၊ ရှေ့နောက်လွဲတာကို အမြန်လည်း လိုချင်သေး ဆိုတော့ ဒကာကြွယ် ရပါမလား (မရပါ ဘုရား)၊ ဘယ်က စလွဲတာတုံး ခင်ဗျားတို့ အရင်ကတည်းက စလွဲတာ မဟုတ်လား (မှန်ပါ့)၊ အဲဒါကြောင့် ဒကာ ဒကာမတို့ အရင်မူဟောင်းတွေ ဖျက်ကြ စမ်းပါ (မှန်ပါ ဘုရား)။

အရင်မူတွေ ဖျက်ကြစမ်းပါဆိုတာ တခြားမဟုတ်ဘူး၊ အရွယ်ကောင်းတုန်း ဥစ္စာပေါ့ကွာ အသက်ကြီးတော့မှ ပညာရှာ တာပေါ့ ဆိုတော့ ဒကာကြွယ် လွဲမနေဘူးလား (လွဲပါတယ် ဘုရား)၊ ငယ်ငယ်တုန်းက ဥစ္စာ၊ ကြီးတော့ပညာ၊ ပညာဆိုတာ ဝိပဿနာ ပညာတွေ ပေါ့ဗျာ (မှန်ပါ့)၊ သူတို့ ပြောသလို ဟုတ် ကဲ့လား (မဟုတ်ပါ ဘုရား)။

တော်တော်လုပ်ယူမှရမယ်

ကံကောင်း ဉာဏ်ကောင်း ဟုတ်သေးရဲ့ လား (မဟုတ်ပါ ဘုရား)၊ ကံမွဲ ဉာဏ်မွဲနဲ့ရှာတော့ ဒုက္ခချုပ်တဲ့ နိဗ္ဗာန် ကြီး တော်တော်နဲ့တွေ့နိုင်ပါ့မလား (မတွေ့နိုင်ပါ ဘုရား)၊ အဲဒါကြောင့် ညည်းညည်း ညူညူနဲ့ လုပ်မနေနဲ့ ကိုယ့်ကိုယ်က မူတည်လွဲလို့ တော်တော် လုပ်ယူမှ ရမယ်ဆိုတာ ဆုံးဖြတ်ချက် ချလိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

ဘယ်လိုဆုံးဖြတ်ချက်ချမယ် (တော်တော်လုပ်ယူ ရမှာပါ ဘုရား)၊ ဘာကြောင့် တော်တော် လုပ်နေရပါလိမ့် (ကံမွဲဉာဏ်မွဲနဲ့ကျမှ လုပ်လို့ပါ ဘုရား)၊ ကံကောင်း ဉာဏ်ကောင်း တွေကိုတော့ ဘယ်မှာ အလွဲသုံးစား လုပ်ခဲ့ပါလိမ့် (တဏှာခိုင်း ရာမှာ အလွဲသုံးစားလုပ်ခဲ့ပါတယ် ဘုရား)။

ဖြစ်မှဖြစ်ရလေဗျာ၊ နို့မဟုတ်လို့ရှိရင် ငယ်ငယ်ရွယ်ရွယ်က သာ ဆရာသမားများနဲ့တွေ့ပြီး အားထုတ်ရင် ဒါလောက်ကြာမှာ မဟုတ်ဘူး (မှန်ပါ့)၊ ကြာစရာ မြင်ရဲ့လား (မမြင်ပါ ဘုရား)၊ အခုတော့ ဒကာကြွယ်တို့က ရှေ့နောက် ဘယ့်နှယ်ဖြစ် နေသလဲ (လွဲနေပါတယ် ဘုရား)။

ကံကောင်း ဉာဏ်ကောင်းတွေ ဘယ်မှာသုံးခဲ့သလဲ (တဏှာခိုင်းတဲ့ဆီ သုံးခဲ့ပါတယ်)၊ သားကျွေးမှု၊ သမီးကျွေးမှုဘက်ကို ကံကောင်း ဉာဏ်ကောင်းတွေ ဖြုန်းလာခဲ့တယ် (မှန်ပါ့) – ကံမွဲ ဉာဏ်မွဲမှ ကယ်ပါဦး၊ ယူပါဦး ဆိုသလို ကမ္မဋ္ဌာန်းဌာန ရောက် လာတယ်၊

တော်တော်ကြာ မထင်နိုင် မမြင်နိုင်လို့ ပြန်ပြေးချင် တာက တကဲကဲ (မှန်ပါ့)၊ ဖြစ်မှဖြစ်ရ လေဗျာ (မှန်ပါ့)၊ ဒကာကြွယ် သဘောကျပလား (ကျပါပြီ ဘုရား)။

အသေလွတ်တဲ့အလုပ်ရှေ့ထားလုပ်

ဒီကရှေ့တော့ အရွယ်ငယ်ငယ် ကလေးတွေလည်း ဒီ အထဲမှာ အများကြီး ပါပါတယ် (မှန်ပါ့)၊ အရင် လူကြီးတွေကို အတုမခိုးနဲ့ မဖြစ်ကြစေနဲ့ဟေ့လို့ မှာလိုက်ရတယ် (မှန်ပါ့)။ ကံကောင်း ဉာဏ်ကောင်းတွေ ရှိတုန်းကို အသေလွတ်တဲ့ အလုပ် ကိုရှေ့ထားပြီးလုပ်လိုက်ပါ (မှန်ပါ့)။

ကိစ္စပြီးတဲ့အခါကျတော့မှ သားရေး၊ သမီးရေး၊ စီးပွားရေး လုပ်ကြတာပေါ့ (မှန်ပါ့)၊ ဒကာကြွယ် ဒီလို မပြောသင့်ဘူးလား (ပြောသင့်ပါဇယ် ဘုရား)၊ ပြောသင့်တယ်၊ ဒို့တော့ လွဲ ပဟေ့ ၊ နောက်က လူတွေကို ဒီအတိုင်း သတိပေးလိုက်စမ်း ပါ (မှန်ပါ့)၊ မပေးသင့်ဘူးလား (ပေးသင့်ပါတယ် ဘုရား)။

အခုတော့ လူကြီးတွေကိုက ဖြစ်နေကြလိုက်တာ အရွယ် ရှိတုန်း ဥစ္စာပေါ့နော်၊ ကြိုးစား လိုက်ကြ၊ ပြီးတော့ မင်းတို့သံသရာ ရေးက ရှိသေးတယ်၊ အဲဒီအချိန်ကျတော့ ပညာကလည်း လုပ်ရ ဦးမှာ ဆိုတော့ လူကြီးကိုက အစဉ်လွဲနေတယ် (မှန်ပါ့)၊ မလွဲ ဘူးလား (လွဲပါတယ် ဘုရား)၊ သဘောပါကြပလား (ပါ ပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ အလုပ်စဉ် ပြပါတော့ မယ်၊ အလုပ်စဉ်ပြပါတော့မယ် ဆိုတော့ မနေ့ကဟာပဲ နည်းနည်း ထပ်ပြောပြီးတော့မှ သိကြားကိုဆက်ကြရအောင်နော် (မှန်ပါ့)။

ထွက်တာသိ ဝင်တာသိနေပါ

ဒကာ ဒကာမတို့ အလုပ်စဉ်နှစ်ရက်ပြောပါတယ်။ အလုပ်လည်း လုပ်ကြပါ ဘုရားရှေ့မှာထိုင်၊ အိပ်ရာပေါ်မှာထိုင်၊ ထိုင်ချင်တဲ့နေရာမှာ ထိုင်ပါ။ ထိုင်ပြီး သကာလ အသက်ကို မှန်မှန် ရှူပါ။ လေကလေး အပြင်ဘက် ထုတ်တာလည်း သိနေပါ၊ နှာခေါင်းဖျားမှာ စိတ်ထားပြီး (မှန်ပါ့)၊ လေကလေး ဝင်လာ တာကော (သိနေရပါမယ် ဘုရား)၊ ထွက်တာကော (သိနေရ ပါမယ် ဘုရား)၊ ဝင်တာကော (သိနေရပါမယ် ဘုရား)။

သမထမူတည်ပါ

အဲဒီကဲ့သို့ သိသိနေတော့ ဒါဟာ သမထမူတည်လိုက် တာ (မှန်ပါ့)၊ ဒကာကြွယ် ဘာကို မူတည်လိုက်တာပါလိမ့် (သမထကို မူတည်လိုက်တာပါ ဘုရား)၊ အာနာပါန ဆိုတဲ့ သမထ ကို မူတည်လိုက်တယ် (မှန်ပါ့ ဘုရား)။

ဝိပဿနာဘက်သို့ကူးကြစို့

ကဲ သမထမူတည်ရင်းနဲ့ သမထက နိဗ္ဗာန်ရောက် တာ မဟုတ်လေ သောကြောင့် ဝိပဿနာ ဘက်သို့ ကူးကြပါစို့ (မှန်ပါ့) သမထကို မူတည်ရုံ တည်ပြီး သကာလ ခန္ဓာကိုယ်မှာ ရှူးရင်း ရှိုက်ရင်းနဲ့ပဲ သမာဓိတည်ပြီး သကာလ လာတဲ့ အခါကျလို့ရှိရင် ထွက်လေလည်းသိ၊ ဝင်လေလည်းသိ၊ ဥပမာ ဟိုနေရာက ယားလာတယ်၊ ဒီနေရာက ယံလာတယ် ဆိုလို့ရှိရင် ထွက်လေ ဝင်လေ သိနေတဲ့ စိတ်ကလေး ဖြုတ်လိုက်၊ ယားတဲ့ ယံတဲ့နေရာကို ဉာဏ်က လိုက်ပါ (မှန်ပါ့)။

ဖောက်ပြန်တာနဲ့ပျက်စီးတာ

ဪ ဒီနေရာမှာ အရင်တုန်းက မရှိဘူး၊ အခု ဖောက်ပြန်လာတာပါကလား၊ ဖောက်ပြန် လာတာ ပျောက်သွား တာက ပျက်စီးတာ (မှန်ပါ့)၊ ဪ ဒါဖြင့် ဖြစ်ပေါ်လာ တာနဲ့ ပျက်စီးတာပဲ ရှိတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အထက်ပါနည်း ဖြုတ်ပြီး သကာလ ခုနင်က နာတဲ့ နေရာကလေး လိုက်လိုက်တော့ ဘာတွေ့သတုံး ဆိုတော့ ဖောက် ပြန်တာရယ်၊ ပျက်စီးတာရယ်တွေ့တယ် (မှန်ပါ့)၊ ဖောက်ပြန်တာ ပျက်စီးတာက ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)။

ဖောက်ပြန်ပျက်စီးတာက ဒုက္ခသစ္စာ

ဪ ဘုရားက ဒုက္ခသစ္စာလို့ ဟောတာ ဟုတ် သားပဲ၊ ဒီနေရာမှာပဲ ဖောက်ပြန်ပြီးပေါ်တယ်၊ ဒီနေရာမှာပဲ ဖောက်ပြန်ပြီး ပျောက်ပျက်သွားတယ် ဆိုတော့ ဖောက်ပြန် ပျက်စီးတာသည် ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)၊ ဖောက်ပြန် ပျက်စီးတာကလေး သိတာ (မဂ္ဂသစ္စာပါ)၊ အဲဒီလိုကလေး ဒကာ ဒကာမတွေ အာနာပါန ဖြုတ်ပြီး ဖောက်ပြန်ပျက်စီးတဲ့ နေရာကလေး ဉာဏ်လှည့်လှည့် သွားစမ်းပါ (မှန်ပါ့)။

သိတာကမဂ္ဂသစ္စာ

ဥပမာ ခါးကနေ ယားပြန်တယ်၊ ဒါဟာ ဘာတုံး ဖောက် ပြန်တာပဲ မဟုတ်လား (မှန်ပါ့)၊ ကြည့်လိုက်တော့ ဘယ့်နှယ် ဖြစ်သွားသတုံး (ပျက်သွားပါတယ်)၊ ဖောက်ပြန် ပျက်စီးတာက ဘာသစ္စာ (ဒုက္ခသစ္စာပါ) ဒုက္ခသစ္စာလို့ သိလုံးကလေးက ဘာပါလိမ့် (မဂ္ဂသစ္စာပါ)၊ အဲဒီလိုကလေး ရှောက်ရှောက်ပြီး သကာလ သိသိ သွားတော့ ဒီကြားထဲမှာ စားချင်တဲ့ စိတ်ကလေး ပေါ်လာတယ်၊ အခုမှ ပေါ်လာတာ၊ ဖောက်ပြန် လာပြန်ပြီ (မှန်ပါ့)၊ ကြည့်လိုက်တော့ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

တစ်ကိုယ်လုံး ဒုက္ခသစ္စာချည့်တွေ့တယ်

ပျက်စီးသွားပြန်ပြီ ဒါကလေးက ဘာသစ္စာ (ဒုက္ခ သစ္စာပါ ဘုရား)၊ ဖောက်ပြန်ပျက်စီးတယ်လို့ သိတဲ့ ဉာဏ်ကလေး က (မဂ္ဂသစ္စာပါ ဘုရား)၊ အဲဒီချည့်လိုက်နေတော့ တစ်ကိုယ်လုံး မှာ ဒုက္ခသစ္စာ တွေချည့် တွေ့လိမ့်မယ် (မှန်ပါ့)၊ ဘာတွေ တွေ့ပါလိမ့်မတုံး (ဒုက္ခသစ္စာတွေချည့် တွေ့ပါတယ် ဘုရား)။

အဲဒီတော့မှ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောတဲ့ “သံခိတ္တေန ပစ္စုပါဒါနက္ခန္ဓာပိ ဒုက္ခာ’’ ခန္ဓာငါးပါးစလုံး ဒုက္ခသစ္စာ ပဲဆိုတာ ရှေးက ရှာမတွေ့ဘူး၊ အခုတော့ဖြင့် ဖောက်ပြန်ပျက်စီး တဲ့ နေရာကလေး ဉာဏ်နဲ့ လိုက်လိုက်၊ လိုက်လိုက် ကြည့်လိုက်တော့ ဒုက္ခသစ္စာချည့် ဖြစ်နေပါကလားလို့ ဒကာကြွယ် ပေါ်လာ တယ် (ပေါ်လာပါတယ် ဘုရား)၊

ပေါ်လာတော့ သမာဓိက ကြည်လိုက်လာတယ်၊ ဉာဏ် ပညာတွေကလည်း တက်တက် လာကြတော့ တစ်ကိုယ်လုံးမှာ ဟိုနေရာက ဖောက်ပြန်ပျက်စီး ဒီနေရာက ဖောက်ပြန်ပျက်စီး၊ ဒီစိတ် ကလေး ပေါ်လာတယ်၊ ဖောက်ပြန်ပျက်စီး၊ ဒီဝေဒနာ ကလေး ပေါ်လာတာကော (ဖောက်ပြန် ပျက်စီးပါတယ် ဘုရား)။

ခန္ဓာကိုယ်၏သဘောသိသွားပြီ

အကုန် ဖောက်ပြန် ပျက်စီးတာချည့် တစ်ကိုယ်လုံးမှာအပ် သွားချစရာ မရှိအောင်ပေါ်လာတယ် (မှန်ပါ့) မပေါ်လာ သေးဘူးလား (ပေါ်လာပါတယ် ဘုရား) ထိုကဲ့သို့ပေါ်လာတဲ့ အခါကျတော့ “ကာယေ သဘာဝံ ဝိဒိတွာန” ဆိုတဲ့ အတိုင်း ခန္ဓာ ကိုယ်၏သဘောကို သိသွားပြီ (မှန်ပါ့)။

ခန္ဓာကိုယ်၏သဘောကို သိသွားတယ်ဆိုတာက ဒုက္ခသစ္စာကြီးလို့ နဂိုက ဘုရားဟောထားတာ မသိလို့၊ ယခုတော့ ကိုယ့်ကိုယ်ဟာ ဒုက္ခသစ္စာချည့်ပါ့လားလို့ သိသွားတယ် (မှန်ပါ့) မသိဘူးလား (သိပါတယ် ဘုရား) ဒါဖြင့် ဖောက်ပြန် ပျက်နေတဲ့ နေရာတိုင်း ဉာဏ်လှည့်လိုက်ပါ (မှန်ပါ့ ဘုရား)။

ဟဒယဝတ္ထုပေါ်ဉာဏ်စိုက်ပါ

အလုပ်စဉ်ပေးပါတယ် ဒကာ ဒကာမတို့၊ အဲဒီကဲ့သို့ ခန္ဓာကိုယ်ကြီး လှည့်ပြီး ဉာဏ်က လိုက်နေပါ၊ အာနာပါန မလိုက် ပါနဲ့တော့၊ အာနာပါန မူတည်ခဲ့ပြီ (မှန်ပါ) အဲ ဖောက်ပြန် ပျက်စီး တာတွေက သမာဓိပညာက ကျဲသွားပြန်တော့မှ အင်း၊ ထွက်အောင် အားထုတ်တဲ့ စိတ်ကလေး ပြန်လိုက်ပါ၊ ဝမ်းထဲ က ဟဒယဝတ္ထုပေါ် ဉာဏ်စိုက်ပေါ့ဗျာ (မှန်ပါ့ ဘုရား)။

ဝင်အောင် အားထုတ်တဲ့ စိတ် ကလေးကော (ပြန်လိုက်ရပါ့မယ်) ပြန်လိုက်တော့ သူတို့လဲ ဖောက်ပြန် ပျက်စီး တာ ဒကာ ဒကာမတွေ မတွေ့ရဘူးလား (တွေ့ရပါတယ် ဘုရား) အဲဒီတော့ ဘေးမှာ မပေါ်ရင် အတွင်းလိုက် (မှန်ပါ့) ဘေးမှာ ပေါ်ရင် (ဘေးမှာ လိုက်ရပါ့မယ်) အဲဒီတော့ ဘေးလည်းရ အတွင်း လည်းရတော့ ခန္ဓာကိုယ် တစ်ကိုယ်လုံး ဘာသစ္စာတွေချည့်လို့ ဆုံးဖြတ်ချက် ချမတုံး (ဒုက္ခသစ္စာတွေ ချည့်ပါ ဘုရား) ဒုက္ခ သစ္စာတွေချည့် ကျကျနနမြင်တော့ ဓမ္မနုပဿနာ သတိပဋ္ဌာန် ဖြစ်တယ် (မှန်ပါ့ ဘုရား)။

ပင့်ကူကြီးဥပမာ-စောင့်ပြီးဖမ်းပါ

ဒကာကြွယ် ဘာဖြစ်သွားပါလိမ့် (ဓမ္မာနုပဿနာ သတိပဋ္ဌာန်ဖြစ်ပါတယ်) ဒုက္ခဓမ္မချည့်လို့ မဖြစ်လာဘူးလား (ဖြစ်လာပါတယ်) အဲဒုက္ခဓမ္မချည့်လို့ သိသွားတဲ့အခါကျတော့ ဆက်ဆက်ကြည့်၊ ဆက်ကြည့်လို့ ဘုန်းကြီးက ပြောပါတယ် (မှန်ပါ့) ဆက်ပြီး ဒီအတိုင်းသာကြည့်ပါ၊ ပေါ်ရာကို လိုက်ပါ၊ ပေါ်ရာကို လိုက်ပါ၊ ပေါ်တာ မရှိရင် ဟဒယဝတ္ထုပေါ်က ထွက်စိတ်ဝင် စိတ်ကို လိုက်ပါ၊ ပင့်ကူကြီး ဥပမာလို စောင့်ပြီး တစ်ခါတည်း ဖမ်းပါ။ မိမှာပါတဲ့ (မှန်ပါ့) ဖြစ်ပျက်တွေ မမိဘူးလား (မိပါတယ် ဘုရား)။

ဉာဏ်တစ်ဆင့်တက်လာတယ်

အဲဒီကဲ့သို့ မိဖန်များလာတဲ့ အခါကျတော့ ဪ ဒီဒုက္ခကြီးနဲ့ချည့် နေရတာဖြင့် ရွံစရာ ပါကလား ဆိုတဲ့ ဉာဏ်ဟာ မြင်ပါများရင် မတက်ပေဘူးလား (တက်ပါတယ်) အဲဒီကျတော့ ဉာဏ်တစ်ဆင့် တက်ပလို့ သေသေချာချာ မှတ်ပါတော့ ဒါဟာ ဉာဏ်ဒုတိယအဆင့် တက်တာ (မှန်ပါ့ ဘုရား)။

မုန်းပေမယ့် ဒကာ ဒကာမတွေ ပေါ်ရာကို လိုက်နေပါ။ ပေါ်ရာကို လိုက်နေတော့ ခန္ဓာ ကိုယ်ကြီးဟာ ဘာသစ္စာတွေချည့် ပြမယ် ထင်သတုံး (ဒုက္ခသစ္စာတွေချည့်ပြမှာပါ ဘုရား) ဒုက္ခသစ္စာ တွေချည့်ပြလိမ့်မယ် ဆိုတာ သေသေချာချာ မှတ်ပါ (မှန်ပါ့ ဘုရား)။

မလိုချင်တဲ့ဉာဏ်တတ်လာတယ်

အဲဒီဒုက္ခသစ္စာတွေ ချည့်ပြတော့ ကြာကြာရှုလို့ ဉာဏ်ရင့် သည်ထက် ရင့်လာတော့ ဒီဒုက္ခသစ္စာ ကိုဖြင့် မလိုချင်၊ မရချင်တော့ ပါဘူး ဆိုတဲ့ဉာဏ်လည် မတက်လာပေဘူးလား (တက်လာ ပါတယ်) အဲဒီတတ်လာတဲ့ အချိန်ကျတော့ ဒီမှာ ကြည့်ကြပါ ဒါက ဒကာ ဒကာမတွေ၏ ရှုတဲ့ မဂ္ဂင်ငါးပါး-(မှန်ပါ) ဒီဘက်က ဒုက္ခသစ္စာ ခန္ဓာငါးပါးကြီးကို မလိုချင်တော့ပါဘူး ဆိုတာ မလာပေဘူးလား (လာပါတယ် ဘုရား)။

လာတဲ့အခါကျတော့ ခန္ဓာငါးပါး ဒုက္ခသစ္စာတရားကြီး ဟာ ဒကာကြွယ် ပျောက်သွားတယ် (မှန်ပါ့) ပျောက် သွားတော့ ဒုက္ခပျောက်တာသည် ဒကာကြွယ် နိရောဓ ရောက်တာပဲ (မှန်ပါ) ဒုက္ခအဆုံးမှာ နိရောဓ နိဗ္ဗာန ်ရှိပါတယ် (မှန်ပါ) ဒါဖြင့် ဒုက္ခနိရောဓောနိဗ္ဗာနံ (မှန်ပါ့ ဘုရား)။

ဒုက္ခဆုံးတော့ နိဗ္ဗာန်ပေါ်တယ်

ဘယ်လိုမှတ်ကြမယ် (ဒုက္ခနိရောဓော နိဗ္ဗာနံပါ) ဒုက္ခဆုံးတော့ ဘာတွေ့ပါလိမ့် (နိဗ္ဗာန်တွေ့ ပါတယ် ဘုရား)

နိဗ္ဗာန်တွေ့တော့ ဪ ဒါဖြင့် ဒုက္ခဆုံးတော့ နိဗ္ဗာန်ကိုတွေ တဲ့ဉာဏ်က မဂ်ဉာဏ်စစ် (မှန်ပါ) ဒီလိုမနေဘူးလား (နေပါ တယ်)

ဒီလိုရှုရင်းမတ္ထနဲ့ ငါ့ကိုယ်ငါ့ဟာ ငါ့ဥစ္စာလို့ ထင်နေတဲ့ဒိဋ္ဌိနဲ့ တွေးတော ယုံမှားတဲ့၊ ဝိစိကိစ္ဆာက နောက်ပိုင်းက အလိုလို မလာဘဲနဲ့ မသေဘူးလား (သေပါတယ်) သေတာက သမုဒယချုပ်တာ (မှန်ပါ့ ဘုရား)။

အဲဒီ ဒိဋ္ဌိဝိစိကိစ္ဆာချုပ်တော့ ငရဲမီးငြိမ်း၍ အပါယ် လေးပါးတံခါး ပိတ်တယ်၊ ကိုယ့်အတွက် ငရဲအိုး သိမ်းတယ် (မှန်ပါ့) အဲဒီလိုသိမ်းပြီးတဲ့ အခါကျတော့ ဒါကို ရှေ့ထားလိုက်တော့ ဪ ဒုက္ခသိမ်းပြီးပြီ ကိစ္စ မရှိဘူး ဆိုတော့မှ ဒါကို ကမ္မဋ္ဌာန်းကို ချချင် ချထားပြီး သားရေး၊ သမီးရေး၊ စိတ်ဖြောင့်အောင် လုပ်ပေတော့ ကိစ္စမရှိဘူး၊ အပါယ်လွတ်ပြီးလို့ လုပ်တာ ကိုး (မှန်ပါ့) ရှေ့ထားလိုက်တဲ့ အတွက် အချိုးမကျသွားဘူးလား (ကျပါတယ် ဘုရား)။

နိဗ္ဗာန်ကူးရုံရှိတော့တယ်

သေချင်သေလိုက်စမ်းပါ အလွန်ခုနှစ်ဘဝ သေတော့ မပေါ့ (မှန်ပါ့) ခုနှစ်ဘဝ အတွင်းမှာ သုဂတိသာ ကျင်လည်ပြီး နိဗ္ဗာန်ကူးရုံ ရှိတော့တယ် (မှန်ပါ့ ဘုရား)။

သားရေး၊ သမီးရေး၊ စီးပွားရေးကို မလိုက်ချင်တဲ့စိတ်လာ ပြန်လို့ ဆက်အားထုတ်တော့ ဒီဘဝတွင်ပဲ ကိစ္စပြီးသွား နိုင်တယ် (မှန်ပါ့) မပြီးသေးဘူးလား (ပြီးပါတယ် ဘုရား)။

အပါယ်လွတ်တဲ့အရေးရှေ့ထားပါ

အဲဒီတော့ အပါယ်လွတ်တဲ့အရေးကို ရှေ့ထားလိုက် တာက အမြတ်ထွက်တယ် (မှန်ပါ့) အခုတော့ ဒကာ ဒကာမတွေ ရှေ့နောက်ကလေးခွဲ ဖို့ဖြင့် ဆရာရှေ့မှာပဲ တာဝန်ယူပြီး သကာလ ခွဲပါတော့မယ်ဘုရား ဆိုတာ ဒကာ ဒကာမတွေ ဆုံးဖြတ်ကြပါ (မှန်ပါ့ ဘုရား)။

ဘယ်လိုဆုံးဖြတ်ကြမလဲ (ရှေ့နောက်ခွဲပါတော့ မယ်) လုပ်မစားနဲ့လို့ ပြောတာ မဟုတ်ဘူးနော် (မှန်ပါ့) ရှေ့နောက်ခွဲပါလို့သာ ပြောတာ (မှန်ပါ) ခွဲတဲ့အတွက်က နစ်နာစရာများ ရှိကြရဲ့လား (မရှိပါ ဘုရား)။

ဒကာကြွယ် ဒါကလေးဟာ အခု ဒကာ ဒကာမတွေ ဝိုင်းပြီး လျှောက်ကြတာ အိမ်ကျတော့ ထူးခြားတော့မယ်။ မသွားမဖြစ်တဲ့ကိစ္စ ဆိုတော့ဟာ ရှေ့ရှောက် ခွဲမရတဲ့ဆိုတော့ လုပ်ငန်းခွင် ကလေးမှာ ထိုင်ပြီး ထွက်သွားတယ် (မှန်ပါ့) သဘောကျပလား (ကျပ်ပြီ ဘုရား)။

ပြန်တော့မယ်ဆိုလို့ရှိရင်လည်း မင်းကို တဏှာခိုင်းပြန်မှာ မဟုတ်လား၊ ရှေ့နောက်ခွဲရဦးမတဲ့ ဆရာဘုန်းကြီးက မပြန်ခင် ကလေး ကိုယ်တိုင် ထိုင်လိုက်ဦးမယ် (မှန်ပါ့) ဖြစ်ပျက်လုပ်ငန်း လုပ်ပြီးတော့မှ ပြန်ခဲ့တာ ပေါ့ဗျာ (မှန်ပါ့) အဲဒီတော့ ဒီကစပြီး ရှေ့နောက်ခွဲ (မှန်ပါ့ ဘုရား)။

ဉာဏ်ကလေးနဲ့နှလုံးသွင်းလိုက်ပါဦး

အိမ်ပြန်ရောက်လာတဲ့ အခါကျတော့ ထမင်းဟင်း ပြင်ထားငြား သော်လည်း မစားသေး ပါဘူးလေ၊ ဒါဟာ တဏှာ အားပေးမှာပဲ၊ ဉာဏ်ကလေးနဲ့ နှလုံးသွင်းလိုက်ပါဦးမယ် စားချင်တဲ့ စိတ်ကလေးဟာ ဖြစ်ပြီး ပျက်တာ ဆိုတာကို နှလုံးသွင်းပြီးတော့မှ စားပါမယ် ဆိုလို့ရှိရင်လည်း ရှေ့နောက် ခွဲလိုက်တာပဲ (မှန်ပါ့ ဘုရား) ၊

ရှေ့နောက်ခွဲတတ်ကြပလား (ခွဲတတ်ပါပြီ ဘုရား) တစ်ခါ အိပ်မယ်လို့ကြံပြန်တော့လဲ အိပ်တာသည် ခန္ဓာကြီးပွားရေးပဲ။ ခန္ဓာကြီးပွားလေ၊ ဒုက္ခရောက်လေပဲ စသည်ဖြင့် ရှေ့နောက်ခွဲပြီးမှ မအိပ်ခင်ပဲ ကိုယ်ကြိုက်တဲ့ ဝိပဿနာ ရှုလိုက်ဦးမယ်၊ ဖြစ်ပျက် ဒုက္ခသစ္စာ ရှုလိုက်ဦးမယ်ဆိုရင်လဲ ရှေ့နောက်ခွဲပြီးသား ဖြစ်တယ် (မှန်ပါ့ ဘုရား)။

ကြာတော့ နေရာတိုင်းမှာ ရှေ့နောက် ခွဲတတ်သွားတော့ ဉာဏ်ရင့်ကျက်လာပြီ ဆိုရင် ဒီဒုက္ခကြီးဟာ ချုပ်မသွားဘူးလား (ချုပ်သွားပါတယ်) ထိုကဲ့သို့ ဒုက္ခချုပ်သွားတဲ့အချိန်ကျတော့ ရှေ့နောက်တောင် မခွဲပါနဲ့တော့ ဒုက္ခချုပ်ပြီးလို့ရှိရင် ခင်ဗျားတို့ နေချင်သလို နေနိုင်ပါတယ်၊ ရှာချင်သလို ရှာပါတော့ (မှန်ပါ့) ဘယ့်နှယ်ကြောင့် ဒီဥစ္စာကို ဟောရပါလိမ့် မတုံးဆိုတော့ ရှေ့ရှောက် မခွဲရင် ကိုယ်ကျိုးနည်းမှာစိုးလို့ (မှန်ပါ့ ဘုရား)

ဘုန်းကြီးစကားနားထောင်သင့်တယ်

ဒါကလေးတော့ ဘုန်းကြီးစကား၊ ဘုရားတရားတော် အတိုင်း ဟောတာကို ဒကာကြွယ် နားထောင် ဖို့ သင့်မသင့် (သင့်ပါတယ် ဘုရား) လူထဲမို့ နားထောင်တာလား၊ ကိုယ့်အရေးမို့ နားထောင် တာလား (ကိုယ့်အရေးမို့ နားထောင်တာပါ ဘုရား) အဲ ကိုယ်အရေးမို့ နားထောင်တယ် ဆိုတာကလေး ဆုံးဖြတ်ချက် ချလိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

ဘယ်လိုဆုံးဖြတ်ချက်ချကြမယ် (ကိုယ့်အရေးမို့ နားထောင်တာပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ကိုယ့်အရေးမို့လုပ်ဖြစ်အောင်လုပ်ပါ

အဲဒါကြောင့် ကိုယ့်အရေးမို့ လုပ်ဖြစ်အောင် လုပ်ပါ ဆိုတာကို ယနေ့ ခင်ဗျားတို့ကလဲ သတိထားကြပါ၊ ဘုန်းကြီး များကလည်း ဝမ်းသာတယ် (မှန်ပါ့) ခင်ဗျားတို့ ကိုယ့် အတွက်လည်း ခင်ဗျားတို့ ဝမ်းသာမှာပဲ၊ ကိုယ့်အရေး ကိုယ်သိတာ အခုမှဟေ့ (မှန်ပါ့ ဘုရား)။

ဘယ်လို ဆုံးဖြတ်ချက်ချမလဲ (ကိုယ့်အရေးမို့ ကိုယ်သိတာအခုမှပါ ဘုရား) နဂိုရ်က ရှေ့နောက်မှ မခွဲတတ်ပဲ (မှန်ပါ့) ကံမွဲ ဉာဏ်မွဲကျမှ တရားအားထုတ်တယ်၊ ကံကောင်း ဉာဏ်ကောင်း တဏှာ ခိုင်းတာနဲ့ ကျန်ခဲ့တယ်၊ ဘယ်မှာ ကြီးပွားရေးဖြစ်နိုင်ပါ့မလဲ (မဖြစ်နိုင်ပါ ဘုရား) သဘော ပေါက်ကြပလား (ပါပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ ရှေ့နောက်ခွဲတဲ့ အရေးဟာ အင်မတန်ကြီးတဲ့ အရေးဆိုတာကော (ပေါ်ပါပြီ ဘုရား) ရှေ့နောက် မခွဲရင် အသေက ဦးသွားလို့ရှိရင် ရှေ့နောက် ဖြစ်ပါဦး မလား (မဖြစ်ပါ ဘုရား) သူမလာခင် ဘာလုပ်ရမှာပါလိမ့် (ရှေ့နောက်ခွဲရမှာပါ ဘုရား)။ အဲ အသေမလာခင် ရှေ့နောက် ခွဲရမယ် (မှန်ပါ့ ဘုရား)။

သုသာန်မရောက်ခင်လုပ်ရတာ

ခင်ဗျားတို့ ခန္ဓာကိုယ်ကြီးက ထိုင်နေရင်းကော သုသာန် သွားတဲ့ အလုပ်က ရပ်ကဲ့လား (မရပ်ပါ ဘုရား) သုသာန်သွားတဲ့ အလုပ်ဟာ တန့်နေသလား (မတန့်ပါ ဘုရား) ဘာမှမတန့်ဘူး (မှန်ပါ့) အဲဒီတော့ နိဗ္ဗာန်သွားတဲ့ အလုပ်ကို သုသာန် မရောက်ခင်ကလေး လုပ်ရမှာ (မှန်ပါ့)

သုသာန်ရောက်ပြီးမှ ဆိုလို့ရှိရင် လုပ်နိုင်သေးရဲ့လား (မလုပ်နိုင်ပါ ဘုရား) မလုပ်နိုင်တော့ ဒီအလုပ်ကလည်း မပါသွားတော့ သုသာန်မှာ လူကောင် မြှုပ်ခဲ့ရမှာ နောက်ထပ်ဖြစ်ပေါ်မည့် ရုပ်နာမ်က အပါယ်လေးပါး ရောက်လိမ့်မယ် (မှန်ပါ့) မနစ်နာဘူးလား (နစ်နာပါ တယ် ဘုရား)။

ဒါကြောင့် အင်မတန် စိုးရိမ်ကြောင့်ကြလို့ ပြောတဲ့စကား ဆိုတာကော ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ကျုပ်တို့သည် ဘုရားအဆူဆူနဲ့ လွဲခဲ့တာဟာ ဘာ့ကြောင့်ပါလိမ့်မတုံးဆိုတော့ ရှေ့နောက်ကို နားမလည်လို့ လွဲခဲ့ကြရတယ် ဖြစ်ခဲ့ကြရတယ်ဆိုသဖြင့် ပြောစရာလိုသေး သလား (မလိုပါ ဘုရား)။

ဝိပဿနာရှေ့ထားမှ ကျေးဇူးများတယ်

ဒါဖြင့် ဒကာကြွယ် ဒီနေ့ကစပြီး စားတာနဲ့ ဝိပဿနာ အလုပ်နဲ့ ဘယ်သူရှေ့ထားမလဲ (ဝိပဿနာ ရှေ့ထားရပါမယ်) အိပ်တာနဲ့ ဝိပဿနာ အလုပ်နဲ့ (ဝိပဿနာအလုပ်ကို ရှေ့ထားရပါမယ်) ဝိပဿနာ အလုပ်ချည့် ရှေ့ထားလို့ရှိရင်ဖြင့် ဒကာ ဒကာမတွေ အလွန်ကျေးဇူး များပါတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)

ကောင်းပြီ၊ ဒါဖြင့် ယနေ့ကစပြီး ကိုယ်အရေး ကိုယ် သိတဲ့အဓိပ္ပါယ်ဖြင့် ပေါ်လာပါပြီ (ပေါ်လာပါပြီ ဘုရား) မပေါ်လာသေးဘူးလား (ပေါ်လာပါပြီ ဘုရား)။

ကိုင်း-ဒါဖြင့် သိကြားမင်း အကြောင်းကို ဆက်ကြဦးစို့ နော် (မှန်ပါ့) ဒကာ ဒကာမတို့ သုံးရက် ရှိပါပြီ၊ သိကြား မင်းကြီး အကြောင်းကို ပြောနေတာ၊ ရှေ့ပိုင်းမှာ တိုတိုပဲပြော လိမ့်မယ် (မှန်ပါ့ ဘုရား)။

သိကြားမင်းကဘုရားကိုမေးတယ်

သိကြားမင်းကြီးဟာ ဘုရားမပွင့်ခင်က သိကြားမင်း ဖြစ်နေတာ၊ ဘုရားပွင့်လာတော့ သူ့သံသယ ကလေး လျှောက်ချင် လို့ လာတာပေါ့ဗျာ (မှန်ပါ့) လာပြီးတော့ လူတွေဟာ ကိုယ့်ကိုယ်လည်း မေတ္တာ ပို့ပါတယ်၊ ချမ်းသာရေးတွေကို လိုက်စားကြပါလျက်သားနဲ့ အန္တရာယ် မရှင်း ဘေးမကင်း ဖြစ်နေ တာ ဘာ့ကြောင့်တုံးတဲ့ မမေးဘူးလား (မေးပါတယ် ဘုရား)။

ကဲ-ဒကာ ဒကာမတွေ ဖြေကြစမ်းပါ ဘာ့ကြောင့်တုံး (ဣဿာမစ္ဆရိယကြောင့်ပါ ဘုရား) ပေါ်ပြီနော် (မှန်ပါ ဘုရား)။

လူတွေမှာ ဘေးမကင်းတာဘာကြောင့်တုံး

လူတွေမှာ အန္တရာယ်မကင်း ဘေးမရှင်းဖြစ်နေတာ ဘာ့ကြောင်းတုံး (ဣဿာမစ္ဆရိယကြောင့်ပါ ဘုရား) မေတ္တာ မပို့ကြဘူးလား (ပို့ပါတယ်) ကျန်းမာရေး မလိုက်စားကြလို့လား (လိုက်စားကြပါတယ်) ဆေးတွေ ဝါးတွေ မသောက်ကြ လို့လား (သောက်ကြပါတယ် ဘုရား) ဘယ့်အတွက်ကြောင့် အန္တရာယ် မကင်း ဘေးမရှင်း ဖြစ်ရသတုံး (ဣဿာမစ္ဆရိယကြောင့်ပါ) ဣဿာ မစ္ဆရိယ ရှိနေတဲ့ ပုဂ္ဂိုလ်ဟာ ဘယ်တော့မှ မချမ်းသာဘူး၊ ဘယ်တော့မှမကျန်းမာဘူး (မှန်ပါ့ ဘုရား)။

ဒါတွေကို အကျယ်တော့ ဟောခဲ့ပြီးပြီနော် (မှန်ပါ့) ဒကာကြွယ် နဂိုတုန်းက ကျုပ်တို့က ငါ့မှာ စနေဂြိုလ်များ စီးလို့ လား ရာဟုဂြိုလ်များက ဗျ ဂ္ဃဇာ ကျင့်နေလို့လား စသည်နဲ့ တွေးလို့ (မှန်ပါ့) ဘာမှ မဟုတ်ပါဘူး ကိုယ့် ဣဿာမစ္ဆရိယကြောင့် ကိုယ့်မှာ အန္တရာယ်မကင်း ဘေးမရှင်း ဖြစ်ရတာ (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား)။

အမှိုက်ရှိလို့ခွေးချေးရှိတာ

ဒါဖြင့် အမှိုက်ရှိလို့ ခွေးချေးရှိတာ (မှန်ပါ့) ဣဿာ မစ္ဆရိယတည်း ဟူသော အမှိုက်ရှိနေတာနဲ့၊ ဘေးက ရန်တွေ မာန်တွေဆိုတဲ့ ခွေးချေးတွေ ရှိလာတယ်ဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ) ဒကာကြွယ်က အမှိုက်ရှိလို့ ဘာဖြစ်တာပါလိမ့် (ခွေးချေရှိလာတာပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကိုယ်ကသာ မဂ္ဂင်ရှိတယ် ဆိုရင်ဖြင့် မယုံရင် စဉ်းစား ကြည့်ပါ၊ မဂ္ဂင်ငါးပါးက တော်တော် ရှုပါများလာရင် ရှစ်ပါး ဖြစ်မယ် (မှန်ပါ့) ရှုတုန်းကတော့ မဂ္ဂင် ဘယ်နှစ်ပါးတုန်း (ငါးပါး ပါ ဘုရား) ရှုလည်း အဆုံးရောက်တော့ (ရှစ်ပါးပါ ဘုရား) ဟောရတနာရှိမှတော့ နောက်ရတနာ သုံးခုပြန်ပြီး စုလာတယ် (မှန်ပါ့ ဘုရား)။

ဒကာကြွယ်ရတနာ ရှိရာတော့ (နောက်ရတနာသုံးပါး ပြန်စုပါတယ်) အမှိုက်ရှိရာမှာတော့ (ခွေးချေးစုပါတယ် ဘုရား) အဲ-ခင်ဗျားတို့ မကျန်းမာမချမ်းသာတာတွေက ဘာကြောင့်ပါလိမ့် (အမှိုက်ရှိရာခွေး ချေးစုတာပါ ဘုရား) ဣဿာ မစ္ဆရိယတရား ဆိုတဲ့အမှိုက်က ဝမ်းထဲမှာရှိနေတော့ စိတ်မချမ်း သာ၊ လက်မချမ်းသာတဲ့ အန္တရာယ်တွေ ခွေးချေးက ဝမ်းထဲမှာ လာစုတာပဲ (မှန်ပါ့) မစုပေဘူးလား (စုပါတယ် ဘုရား)။

အဲဒါကြောင့် သိကြားမင်းလျှောက်ထားတာမှာ၊ သိကြားမင်းက လူတွေဟာ ဘုရား ကိုယ့်ကိုယ်ကိုလည်း မေတ္တာပို့ပါတယ် ကျန်းမာချမ်းသာခြင်းလည်း အလိုရှိကြပါတယ်၊ ထိုကဲ့သို့ဖြစ်ငြား သော်လည်း အန္တရာယ်မကင်း၊ ဘေးမရှင်းဘဲအားလုံးပဲ ကြုံကြ ဆုံကြရပါတယ်၊ ဘာကြောင့်ပါတုန်း ဘုရားလို့ ဘုရားကို မလျှောက်ထားဘူးလား (လျှောက်ထားပါတယ် ဘုရား)။

ဣသာမစ္ဆရိယကြောင့်

ဘုရားကဘယ့်နှယ်သတုံး (ဣဿာ မစ္ဆရိယ ကြောင့်ဟု ဖြေပါတယ်) ဣဿာမစ္ဆရိယ နှစ်ပါးရှိနေရင် ဘယ် အခါမှ အန္တရာယ်ကင်းလို့ ဘေးရှင်းမှာ မဟုတ်ပါဘူးတဲ့၊ မဖြေ လိုက်ဘူးလား (ဖြေလိုက်ပါတယ် ဘုရား)

ကိုင်း-ဒါဖြင့် ဣဿာလာလဲ ဘာလုပ်ကြမယ် (ဖြစ်ပျက်ရှုရပါမယ်) မစ္ဆရိယလာရင် (ဖြစ်ပျက် ရှုရပါမယ် ဘုရား)။

သူတို့လာမှ ရှုရမယ်လို့တောင်လွန်မှ လုပ်မနေနဲ့နော် (မှန်ပါ့) ရှုနည်းဘယ်နှစ်မျိုး ပြောပါလိမ့် (နှစ်မျိုးပါ ဘုရား) မလာခင် က ကိုယ့်ဝိပဿနာ ကိုယ်ရှုနေရင် သူတို့လာခွင့်ရသေး ရဲ့လား (မရပါ ဘုရား) အဲဒီရှုနည်းက တစ်မျိုး၊ အဲ့ဒါ အာသဝ ပယ်တာပဲ လာမှရှုနည်းက တစ်မျိုး၊ ဣဿာလာရင် ဣဿာကို ဖြစ်ပျက်ရှု၊ မစ္ဆရိယလာရင်ကော (မစ္ဆရိယကို ဖြစ်ပျက် ရှုရပါမယ်) အဲဒါက လာမှ ကာကွယ်နည်းတစ်မျိုး (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဝိပဿနာအမြဲရှုနေပါ

ကိုင်း ဒါဖြင့် ဣဿလာလဲ ဘာလုပ်ကြမယ် (ဖြစ်ပျက်ရှုရပါမယ်) မစ္ဆရိယလာရင် (ဖြစ်ပျက် ရှုရပါမယ်) သူတို့လာမှ ရှုရမယ်လို့တောင် လုပ်မနေပါနဲ့နော် (မှန်ပါ့)

ရှုနည်းဘယ်နှစ်မျိုး ပြောပါလိမ့် (နှစ်မျိုးပါ ဘုရား) မလာခင် က ကိုယ့်ဝိပဿနာ ကိုယ်ရှု နေရင် သူတို့လာခွင့်ရသေးရဲ့ လား (မရပါ ဘုရား)။

ဣဿာမစ္ဆရိယဖြစ်ပျက်ရှုပါ

အဲဒီရှုနည်းက တစ်မျိုး၊ လာမှ ရှုနည်းကတစ်မျိုး၊ ဣဿာ လာရင် ဣဿာကိုဖြစ်ပျက်ရှု၊ မစ္ဆရိယ လာရင်ကော (မစ္ဆရိယကို ဖြစ်ပျက်ရှုပါမယ် ဘုရား) ဒါက လာမှ ကာကွယ်နည်း တစ်မျိုး (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ မလာခင်က ကာကွယ်နည်း ရှိမှသာလျှင် လာမှကာကွယ်တဲ့နည်းက မြန်မြန်ကြီး ကာကွယ်တတ်တယ် (မှန်ပါ့) နို့မဟုတ်ရင်တော့ ကာကွယ်တတ်ပါ့မလား (မကာ ကွယ်တတ်ပါ ဘုရား)။

အေး ဒါကြောင့် ဆရာကတော့ဖြင့် အန္တရာယ် မကင်းလို့ရှိရင် ဒါတွေကို ခွေးချေးတွေကိုသာ ကြုံးပစ်၊ အမှိုက်တွေသာ ကြုံးပစ်လို့ရှိရင် ဒီခွေးချေးဟာ လာပြီး ကျင်ကြီးစွန့်ပါဦး မလား (မစွန့်ပါ ဘုရား)။

ရတနာရှိရာရတနာစုတယ်

ဒါကြောင့် ဣဿာမစ္ဆရိယ ဖြစ်ပျက်ရှုတဲ့နေရာ မဂ်သာ ရောက်ပစေ၊ မဂ္ဂင်ငါးပါးရတနာ ရောက်လို့ရှိရင် မကြာခင် မဂ္ဂင်ရှစ်ပါး ပြည့်တော့ သီလမဂ္ဂင်သုံးပါး ဝင်လာလိမ့်မယ်၊ (မှန်ပါ့) မဝင်လာ ပေဘူးလား (ဝင်လာပါတယ်) အဲဒီမှာ ဒကာ ဒကာမတွေ အပါယ်လေးပါး တံခါးပိတ်မှာ တကယ်စင်စစ် ဧကန်ဖြစ်လို့ ဒကာကြွယ်ရေ ရတနာရှိရာ ရတနာစုတယ်(မှန်ပါ့ ဘုရား)။

ကိုယ့်ဝေဒနာကိုယ်ရှုနေပါ

ဒါဖြင့် ဣဿာမစ္ဆရိယ လာတိုင်း-လာတိုင်း ဘာလုပ် ရမလဲ (ဖြစ်ပျက်ရှုရပါမယ် ဘုရား) မလာအောင်လည်း ခင်ဗျားတို့ ကိုယ့်ဝေဒနာကလေး ကိုယ်ရှုနေလည်း မရဘူးလား (ရပါတယ် ဘုရား) ကိုယ့်စိတ်တွေ ကိုယ်ရှုနေရင်ကော (ရပါတယ်) ရတာပါပဲ ကြိုးစားပြီးတော့သာ လုပ်ကြပါ ဆိုတာ သတိပေးလိုက် တယ် (မှန်ပါ့ ဘုရား)။

ကိုင်း ဒါဖြင့် ရှေ့ဆက်ပြီး မေးပြန်တယ်၊ အရှင်ဘုရား တဲ့ ဣဿာ မစ္ဆရိယရှိလို့ အန္တရာယ် မရှင်း ဘေးမကင်းကြဘူး ဆိုတာတပည့်တော်သိရပါပြီ၊ ဣဿာ မစ္ဆရိယဟာ ဘယ်သူ့ကြောင့် လာပါလိမ့်မလဲလို့ မေးပြန်တယ် (မှန်ပါ့) မေးတော့ ဘုရားက ဘယ့်နှယ်ဖြေပါလိမ့် (ချစ်ခြင်း၊ မုန်းခြင်းကြောင့် ပါ ဘုရား)။

ချစ်ခြင်းမုန်းခြင်းကြောင့်လာတာ

ဟော တရားနာသား ရလာတော့ ဒကာကြွယ်ဖြေ တတ်ပြီ (မှန်ပါ့) ချစ်ခြင်း၊ မုန်းခြင်း ကြောင့် ဘာလာသတုံး -(ဣဿာမစ္ဆရိယ လာပါတယ်)

အဲ-ခင်ဗျားတို့သန္တာန်မှာ ချစ်ခြင်း၊ မုန်းခြင်းသာ ရှိနေမယ်ဆိုရင်ဖြင့် ဣဿာမစ္ဆရိယ လာလိမ့်မယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒကာကြွယ်တို့ ဒကာသစ်တို့ မျက်မြင်တာ မြဲမြဲမှတ် ထားပါနော်၊ ကျုပ်က မျက်လုံးမွဲပေမဲ့ လူမြင်ရင် ချစ်ချင်တတ် တယ်စသည်နဲ့ အံမာလေး လောကွတ်မလုပ်ရမှာများ လော ကွတ် လုပ်နေကြတယ် (မှန်ပါ့)။

ဖြစ်မှဖြစ်ရပလေ ခင်ဗျားတို့ မြို့သုံးက သိပ်ဆိုးနေတာ (မှန်ပါ) ဘုရားကလဲ ချစ်ခြင်း မုန်းခြင်း ရှိရင် ဣဿာ မစ္ဆရိယ လာမယ်တဲ့၊ ခင်ဗျားတို့ကလဲ ကျုပ်က လူမြင်ရင် ခင်တတ်တယ် ဆိုတော့ မြို့ သုံးကြီး ဖြစ်နေတယ် (မှန်ပါ) အတော်ဆိုး နေတာ (ဆိုးပါတယ် ဘုရား) မဆိုးဘူးလား (ဆိုးပါတယ် ဘုရား)။

အဲဒါ ဒကာကြွယ် နှုတ်တက်နေသေးသလား (မှန်ပါ့ ဘုရား) မတက်ကြနဲ့တော့ ဒီကရှေ့ကို ဣဿာမစ္ဆရိယကို အရင်း တည်တာ ဣဿာမစ္ဆရိယ အရင်းက ချစ်ခြင်း-မုန်းခြင်း (မှန်ပါ့) ချစ်ခြင်း- မုန်းခြင်း ရှိလို့ ဣဿာမစ္ဆရိယ တည်းဟူသော အပါယ်လေးပါး ဒယ်အိုးညွန့်တွေ ထွက်လာလိမ့်မယ်၊ မထွက် ပေဘူးလား (ထွက်ပါတယ် ဘုရား)

အဲဒါကြောင့် ချစ်ခြင်းမုန်ခြင်းသည် ဣဿာမစ္ဆရိယဖြစ်ကြောင်း (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

လောဘ၊ ဒေါသဖြစ်ပျက်ရှုပါ

ဒါဖြင့်-ဣဿာမစ္ဆရိယ ဘယ်ကလာသတုံး (ချစ်ခြင်း မုန်းခြင်းက လာပါတယ်) ချစ်ခြင်းသည် လောဘ၊ မုန်းခြင်းသည် ဒေါသ (မှန်ပါ့)

ဒါဖြင့် လောဘလာလည်း ဘာလုပ်ကြရမယ် (ဖြစ်ပျက်ရှုရပါမယ်) ဒေါသလာလည်း (ဖြစ်ပျက်ရှု ရပါမယ်) အဲ-ချစ်ခြင်း-မုန်းခြင်း စွန့်လိုက်တော့ ဣဿာမစ္ဆရိယ မလွတ်ဘူးလား (လွတ်ပါတယ် ဘုရား)။

ဣဿာမစ္ဆရိယလွတ်သွားတယ်

ဣဿာမစ္ဆရိယလွတ်သွားတော့ ခုနင်က အန္တရာယ် ကင်းလို့ ဘေးရှင်းတာတွေကော မလာသေးဘူးလား (လာပါတယ် ဘုရား) ဒါဖြင့် လောဘ၊ ဒေါသဟာ ရေသောက် မြစ်ပဲ (မှန်ပါ့) ပေါ်လာကြပလား (ပေါ်လာပါပြီ ဘုရား)

ကိုင်း ဒါက နှစ်ရက်တိုင်တိုင်ဟောပြီးလို့ ခပ်ကျဉ်းကျဉ်း ဝိပဿနာရှုပုံကို ပြောလိုက်ပါတယ် သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဟာ ဘုရားမပွင့်ခင်တုံးက ကောင်းကင်ပျံမြေလျှိုး နေတဲ့ ဈာန်အဘိညာဉ်ရတဲ့ ဆရာကြီးတွေကို မေးကြည့်တယ် တစ်လုံးမှ မဖြေနိုင်ဘူး၊ သာသနာတွင်း ဘုရားပွင့်လာလို့ ဖြေနိုင်တာ (မှန်ပါ) သာသနာတွင်းမို့ ဝိပဿနာဉာဏ် တွေထွက်လာတာ (မှန်ပါ) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

အလုပ်မလုပ်မိလို့ သာသနာကွယ်တယ်

ဒါဖြင့် ဒကာ ဒကာမတွေ ခင်ဗျားတို့ သာသနာပသား တွေလည်း မဟုတ်ပါဘူး၊ သာသနာတွင်းသား တွေဖြစ်နေတော့ ဒီသာသနာတွင်းကလည်း ဘုန်းကြီးက ရှင်းရှင်းလင်းလင်း ကလေးပြောပရစေတော့၊ ယနေ့နားထောင် သာသနာတွင်း သားဖြစ်နေတာနော်၊ နက်ဖြန် နားမထောင်ရင် သာသနာပသား ဖြစ်နေလိမ့်မယ်၊ နားမထောင်ရင် သာသနာပသားတွေနဲ့ မထူလှတော့ပါဘူး (မှန်ပါ ဘုရား)။

ခင်ဗျားတို့ နေထွက်နေပေမဲ့ ကိုယ်က နေအရသာကို ခံစားရတဲ့ ပုဂ္ဂိုလ်က ရှားတယ်နော် (မှန်ပါ့) လ,ကြီးထွက် နေပေမဲ့ လ, အရသာကို ခံစားရတဲ့ ပုဂ္ဂိုလ်က ရှားတယ် (မှန်ပါ့) သာသနာနဲ့ ကြုံပေမဲ့ ကိုယ့်ဝမ်းထဲမှာ သာသနာတော်ရဲ့ အဆုံးအမ ညွှန်ကြားချက်ကို ခံယူမှသာ သာသနာတွင်းသား (မှန်ပါ့) အဆုံးအမ မခံယူလို့ရှိရင်း (သာသနာပ သားဖြစ်နေပါတယ် ဘုရား) သာသနာပသား ဖြစ်နေရင် မနာဘူး လားဗျ (နာပါတယ် ဘုရား)။

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည် သာသနာတွင်းသားလား၊ သာသနာပ သားလား ဆိုတာ ကိုယ် တိုင်စစ်ဆေးပြီးတော့ အလုပ် လုပ်နေရင် သာသနာတွင်းသား (မှန်ပါ့) လောကီ အလုပ်တွေ ကျက်စားနေရင် (သာသနာပသားပါ ဘုရား)။

ဒီပြင်ဟာတွေနဲ့သာ အချိန်ကုန်နေရင်တော့ ဪ ငါသည် သာသနာတွင်းလူ ဖြစ်ငြား သော်လည်း သာသနာပသား ဖြစ်နေပါပေါ့လားလို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့) ဒါက မသေခင် သာသနာပသား ဖြစ်နေပုံ (မှန်ပါ့)။

အသေစောလို့ သာသနာကွယ်တယ်

တချို့ကျတော့ အသေစောသွားတာနဲ့ သာသနာ၏ အနှစ်အရသာဖြစ်တဲ့ ပဋိစ္စသမုပ္ပာဒ် တရား သစ္စာတရား သတိပဋ္ဌာန် တရားစတဲ့ ဝိပဿနာတရားတွေကို နာကြားကြ သေးရဲ့လား (မနာကြားရပါ ဘုရား) သာသနာတွင်းမှာတော့ လူဖြစ်ပါရဲ့၊ သူ့ကိုယ်တွင်း သာသနာ ရောက်ကဲ့လား (မရောက်ပါ ဘုရား) အဲ သေလို့ရှိရင် သာသနာ ကွယ် တာပဲ (မှန်ပါ့) မလုပ်လို့ရှိရင် (သာသနာ ကွယ်ပါတယ် ဘုရား)။

ဒါဖြင့် သာသနာကွယ်တယ် ဆိုတာ ဘယ်နှစ်မျိုးခွဲရမှာပါ လိမ့် (နှစ်မျိုးခွဲရမှာပါ ဘုရား) မိမိအသေ စောသွားလို့ကော (သာသနာကွယ်ပါတယ်) မိမိက မလုပ်မိလို့ ရှိရင်လည်း (သာသနာ ကွယ်ပါတယ် ဘုရား)။

ဪ ခင်ဗျားတို့ သာသနာ ကွယ် မကွယ်ဆိုတာ ယနေ့ ကောင်းကောင်းသိရတဲ့အတွက် ဘုန်းကြီးက သိပ်ဝမ်း သာပါတယ် (မှန်ပါ) နို့မဟုတ်လို့ရှိရင် ဒို့မညံ့ဘူးကွ၊ ဘုရားသာသနာ ငါးထောင်အတွင်း လူဖြစ်လာတာ ဆိုပြီး ပါးစပ်က ကျေနပ်ရုံ ကျေနပ်နေပြီး လုပ်နေတာတော့ သာသနာ နဲ့စပ်တာ မပါဘူးဆိုရင် ဒါဘယ့်နှယ်ဆိုမတုံး သာသနာတွင်း ဖြစ်ပါဦးမလား (မဖြစ်နိုင်ပါ ဘုရား)။

ဒကာကြွယ်တို့ကတော့ နဂိုက ကြွားလုံးတွေနဲ့ပေါ့ဗျာ၊ ဒကာသစ်တို့ကလည်း ကျွေးခဲ့ ကြမှာပဲ၊ ကျုပ်တို့သာသနာတွင်း လူဖြစ်ရလို့ တော်သေးတယ်ဗျတဲ့၊ အဖြေကတော့ ဟုတ်ပါရဲ့၊ ဝမ်းထဲမှာတော့ သာသနာက တစ်ပဲသားမှမရှိဘူးဖြစ်နေတယ် (မှန်ပါ့) ရှိသေးရဲ့လား (မရှိပါ ဘုရား)။

အင်မတန် နစ်နာမှာစိုးလို့ ဆရာရင်းတွေမို့ မူတည်ပြော တာလို့ ဘေးက နားထောင်တဲ့ ပုဂ္ဂိုလ်တွေ ကလည်း ဒို့လဲအတူတူ ပြောနေတာပဲလို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ချစ်ခြင်းမုန်းခြင်း ဘယ်ကလာပါသလဲ

ကိုင်း ဒါနဲ့ ရှေ့ကိုဆက်မေးတယ်၊ သိကြားမင်းက အရှင်ဘုရား ချစ်ခြင်းမုန်းချင်း ကတော့ ဘယ်ကလာပါသလဲ ဘုရား (မှန်ပါ့) ချစ်ခြင်းမုန်းခြင်းကတော့ ဘယ်ကလဲ ပါသတုံးတဲ့၊ ဒါကလေး ရှင်းပေးပါဦး (မှန်ပါ့)၊ ဘုရားက ချစ်ခြင်း၊ မုန်းခြင်းဆိုတာ ဆန္ဒက လာတာတဲ့ (မှန်ပါ့) ချစ်ခြင်း မုန်းခြင်း ဘယ်က လာသတုံး (ဆန္ဒကလာပါတယ် ဘုရား) ဒါက ဒီနေတိုးပြီးပြောတဲ့တရားတစ်လုံး (မှန်ပါ့ ဘုရား)။

ဒါကြောင့် ပေါင်းလိုတာ ဒီခင်ပွန်းမနဲ့ ပေါင်းရလို့ရှိရင် တော်မှာပဲ (မှန်ပါ့) မပေါင်းသေးဘူး အချီအချနဲ့ မှန်းချထား တုန်းရှိသေးတယ် (မှန်ပါ) ဒီလူကို အိမ်မှာအတွင်းလူ လုပ်ထား လိုက်ရလို့ ရှိရင်ဖြင့် တော်မှာ ဆိုတော့ ရှေးဦးစွာ ဆန္ဒ ပေါ်ပြီးမှ ခင်တဲ့ လောဘက နောက်က လိုက်တာလား (မှန်ပါ့ ဘုရား)။

ဆန္ဒကလာတာ

ဒါဖြင့် ဆန္ဒနဲ့လောဘဟာ ဘယ်သူ့ရှေ့ဘယ်သူနောက် လိုက်ပါလိမ့် (ဆန္ဒကရှေ့သွား လောဘကနောက်လိုက် ပါ ဘုရား) ချစ်ခြင်းမုန်းခြင်း ဘယ်ကလာသတုံး (ဆန္ဒက လာပါတယ်) ဒီဆန္ဒသည် မုန်းလိုတဲ့ ဆန္ဒလည်း ရှိတယ်၊ ခင်လို တဲ့ဆန္ဒကော (ရှိပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ သူနဲ့ပေါင်းသင်းတော့မှာ ဆိုတာ ပေါင်းသလား မပေါင်းသေး ဘူးလား (မပေါင်းသေး ပါ ဘုရား) အဲ မပေါင်းသေးခင် အရင်ဖြစ်နှင့်တာ ဆန္ဒ ပေါင်းတော့ လောဘ (မှန်ပါ့) ဒကာ ဒကာမတို့ ဒီဆန္ဒလာ တိုင်း ဒီဆန္ဒကို ဖြစ်ပျက်ရှု၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဘယ်သူ့ကိုဖြင့် အတွင်းလူထားလို့ဖြင့် မတော်ဘူး၊ ပေါင်း လို့မတော်ဘူး၊ အတွင်းသား ထားလို့ မတော်ဘူး ဆိုတာ မုန်းမှတော် မယ်ပြောတာ (မှန်ပါ) ဘယ်သူ့ စာရေးစာချီထားလို့ မတော်ဘူး သူက တော်တော်ကြာ ကျလို့ရှိရင် မိတ်ဆွေတွေ ဖျက်သွားလိမ့်မယ် ဆိုတော့ ဒါဟာ သူ့ကို မုန်းလိုတဲ့ ဆန္ဒစပြီ မလာဘူးလား (လာပါတယ်)

ဖြစ်ပျက်မရှုလို့ ရှိရင် ဆန္ဒပစ္စယာ တဏှာ ဆန္ဒပစ္စယာ ဒေါသော စသည်ဖြင့် ချစ်ခြင်း မုန်းခြင်း မလာသေးဘူးလား (လာပါတယ် ဘုရား)။

ဆန္ဒလာတိုင်းဖြစ်ပျက်

အဲဒါ စိုးရိမ်တဲ့အတွက် ဒကာ ဒကာမတို့ ချစ်ခြင်း မုန်းခြင်း မလာအောင် ဘာကို ဝိပဿနာရှုမယ် (ဆန္ဒကို ဖြစ်ပျက် ရှုရပါ့မယ်) သူနဲ့ပေါင်းမှ တော်မယ်၊ သူနဲ့ခွဲမှ တော်မယ် ဆိုတာ ဒါတွေဘာပါလိမ့် (ဆန္ဒပါ ဘုရား) အဲဒီ ဆန္ဒလာတိုင်း လာတိုင်း ဖြစ်ပျက် ရှုလိုက်လို့ရှိရင် ဒီဆန္ဒတစ်လုံး ရှုလိုက်တာနဲ့ ဒကာသစ်တို့ ဦးလှဘူးတို့ လောဘ ဒေါသ သေတယ် (မှန်ပါ့) မသေးဘူးလား (သေပါတယ် ဘုရား) ဒါတွေ အကုသိုလ် မူလရေသောက်မြစ်တွေ မသေဘူးလား (သေပါတယ် ဘုရား)။

ပဋိစ္စသမုပ္ပါဒ်ပြတ်တယ်

ဒါဖြင့် တဏှာဒေါသ မချုပ်ဘူးလား (မှန်ပါ့) တဏှာ ချုပ်တာက ပဋိစ္စသမုပ္ပါဒ် အလယ်က ပြတ်တာ၊ ဒေါသချုပ်တာက ပဋိစ္စသမုပ္ပါဒ် အဆုံးကချုပ်တာ (မှန်ပါ့) ပဋိစ္စသမုပ္ပါဒ်ဆက်မှု ရှိသေး ရဲ့လား (မရှိပါ ဘုရား) ပဋိစ္စသမုပ္ပါဒ်ဆုံးသွားရင် နိဗ္ဗာန်လို့ မခေါ်နိုင်ဘူးလား (ခေါ်နိုင်ပါတယ် ဘုရား) သဘောပါပလား (ပါပါပြီ ဘုရား)။

ဒါဖြင့် ပဋိစ္စသမုပ္ပါဒ်ဆုံးချင်လို့ရှိရင် ဒကာ ဒကာမတို့ဖြစ် ပေါ်လာတဲ့ ဆန္ဒကိုအရင်ရှုပါ (မှန်ပါ့) သဘောပါကြပလား (ပါပါပြီ ဘုရား)။

သူနဲ့ပေါင်းမှ တော်မယ်ဘာတုံး (ဆန္ဒပါ ဘုရား) ပေါ် ပေါ်ချင်းဘာလုပ်မတုံး (ဖြစ်ပျက် ရှုရပါမယ်) ပေါင်းရင် လောဘဖြစ်တော့မယ်၊ လောဘဖြစ်ရင်တဏှာ၊ တဏှာ ဖြစ်ရင် ဥပါဒါန်၊ ဥပါဒါန်ဖြစ်ရင်ကံ၊ ကမ္မဘဝပစ္စယာ ဇာတိ၊ ဇရာမရဏ မလာပေဘူးလား (လာပါတယ် ဘုရား)။

အဲဒီကျအောင်သွားမှာ စိုးတဲ့အတွက် သူနဲ့ပေါင်းရင် တော်လိမ့်မယ်ဆိုတဲ့ ဆန္ဒ လာကတည်းက ဘာလုပ်ရမတုံး (ဖြစ်ပျက်ရှုရပါ့မယ်) သူတော့ ထုတ်မှတော်မယ်ဆိုတဲ့ ဆန္ဒ လာရင်ကော (ဖြစ်ပျက်ရှုရပါမယ်) ဒါက အမုန်းသွားတော့မလို့ လာတာ (မှန်ပါ့ ဘုရား)။

အဲဒါကြောင့် သိကြားမင်းက အရှင်ဘုရား ချစ်ခြင်း မုန်းခြင်း ဘယ်ကလာသတုံးလို့ လျှောက်တော့ ဘုရားက ဘယ်လို ဖြေသတဲ့ (ဆန္ဒက လာတယ်လို့ ဖြေပါတယ်) ကျေနပ်မလား (ကျေနပ်ပါပြီ ဘုရား)။

ဆန္ဒလာတိုင်းဘာလုပ်ရမယ်

ဒါဖြင့် ဆန္ဒ လာတိုင်းဘာလုပ်ရမယ် (ဖြစ်ပျက်ရှုရပါ့မယ်) ဒကာကြွယ်ရှုတတ် ပလား (ရှူတတ်ပါပြီ ဘုရား) ဒါဖြင့် ဒီဥစ္စာကလည်း တစ်သက်မှ တစ်ခါလောက်ကြားနာရတဲ့ တရား (မှန်ပါ) လောဘ၊ ဒေါသကို ခင်ဗျားတို့က သေမှ အေးတယ်ကွာ၊ လောဘ ဒေါသကို ဘယ်က လာသတုံး မေးတော့ သိသေးရဲ့လား (မသိပါ ဘုရား)။

အခုယနေ့သိပြီ (မှန်ပါ) ဘယ်ကလာပါလိမ့် (ဆန္ဒက လာပါတယ် ဘုရား) ဆန္ဒကလာတယ် ဆိုတာသိတော့ သူနဲ့ပေါင်းရင် ကောင်းမယ်လို့ဖြစ်တဲ့ ဆန္ဒကိုလည်း ဘာလုပ်ရ မလဲ (ဖြစ်ပျက် ရှုရပါ့မယ်) သူနဲ့မပေါင်းရင် ကောင်းမယ် ဆိုတဲ့ဆန္ဒဟာ (ဖြစ်ပျက် ရှုရပါ့မယ် ဘုရား)။

လောဘ၊ မောဟ၊ ဒေါသသေတယ်

ဆန္ဒကိုဖြစ်ပျက်ရှုလိုက်သဖြင့် လောဘဒေါသ ဘယ့်နှယ် နေသတုံး (သေပါတယ် ဘုရား) လောဘဒေါသ သေရင် လောဘ နဲ့ ဒေါသ သဟဇာတဖြစ်နေတဲ့ မောဟကော (သေပါတယ် ဘုရား)

ဒါဖြင့် အစကလဲချုပ်၊ အလယ်ကကော (ချုပ်ပါတယ်) အဆုံးကကော (ချုပ်ပါတယ် ဘုရား) ပဋိစ္စသမုပ္ပာဒ် အစအလယ် အဆုံး သုံးခ ုချုပ်တာ ဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ ဘုရား)

ဪ နိဗ္ဗာန်လိုချင်ရင် ဆန္ဒကို ဝိပဿနာရှုပါ-(မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

နိဗ္ဗာန်လိုချင်ရင်ဆန္ဒဝိပဿနာရှု

ဒကာကြွယ် ဘာလုပ်ရမလဲ (နိဗ္ဗာန်လိုချင်ရင် ဆန္ဒကို ဝိဿနာ ရှုရပါ့မယ်) ပေါင်းလိုတဲ့ ဆန္ဒ လာရင်ကော (ဖြစ်ပျက် ရှုရပါ့မယ်၊ သူ့ကို ရှုလိုက်တော့ ဒကာသစ်ရေ ချစ်ခြင်းမုန်းခြင်း ဘယ့်နှယ် နေသတုံး၊ ချစ်ခြင်းမုန်းခြင်း မသေသေးဘူးလား (သေပါတယ် ဘုရား)။

အာသဝေါချုပ်တယ်

ချစ်ခြင်းမုန်းခြင်း ဆိုတာသိလို့လား၊ မသိလို့လား (မသိလို့ပါ) မသိလို့ဆိုတော့ ချစ်ခြင်း မုန်းခြင်း ထဲမှာ အဝိဇ္ဇာ တည်းဟူသော အာသဝလည်း မချုပ်ဘူးလား (ချုပ်ပါတယ်) တဏှာတည်း ဟူသော ကာမာသဝ ဘဝါသဝတွေကော (ချုပ်ပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)

ချစ်တယ်မုန်းတယ် ဆိုတာ ပုဂ္ဂိုလ်သတ္တဝါ ဖြစ်လာလို့ ကိုးဗျ၊ အဲဒီတော့ အကုန်ဖြစ်ပျက် ရှုလိုက်တဲ့ အခါကျတော့ နာမ်ဓမ္မဖြစ်ပျက်သာ ရှိတယ် ဆိုတာ သူတစ်ပါး ဆိုတာကော ရှိသေးရဲ့လား (မရှိပါ ဘုရား) ဒိဋ္ဌာသဝကလဲ မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)။

ဒါကြောင့် ဖြစ်ပျက်ရှုတာသည် ဒကာ ဒကာမတို့ အာသဝေါကုန်တဲ့ အလုပ်လို့မှတ် (မှန်ပါ့) ဒကာကြွယ် ရှင်းပလား (ရှင်းပါပြီ ဘုရား)

ကိုင်း ဒါဖြင့် ရှေ့ကိုဆက်တက်ကြဦးစို့၊ ဒကာ ဒကာမတို့ ရှေ့တစ်ဆင့် တက်မယ်ကြံတော့ နောက်က ပြန်သိမ်းရတယ် (မှန်ပါ့ ဘုရား)။

သတ္တဝါတွေ အန္တရာယ်မကင်း ဘေးမကင်းဖြစ်တာက ဘာ့ကြောင့်ပါလိမ့် (ဣဿာမစ္ဆရိယ ကြောင့်ပါ) ဣဿာ မစ္ဆရိယ ဘယ်ကလာပါလိမ့် (ဆန္ဒကလာပါတယ် ဘုရား)။

ဒကာကြွယ်ဖျောက်မပစ်ကြနဲ့နော် (မှန်ပါ) လေး သင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကာလပတ်လုံး ဖြည့်ဆည်းပူးလို့ရတဲ့ ဉာဏ်တော်ကြီးနဲ့ ဟောတော်မူတာဘု ရားက (မှန်ပါ) ဘုန်းကြီးတို့က သူဟောပြီးသားကို ထပ်ပြီး ဟောနေရတာ၊ သူချက်ပြီးသာ းထမင်း စားနေတာပါ ဆိုတော့ (မှန်ပါ ဘုရား)။

ဆန္ဒကြောင့် ချစ်ခြင်းမုန်းခြင်း လာတယ်ဆိုတာ သိကြား မင်းသိသွားပြီ (မှန်ပါ) ဘုရားသာသနာ မပွင့်ခင်တုန်းက ဈာန်ပျံ အဘိညာဉ်ရတဲ့ ရသေ့တွေ မေးကြည့်တယ်၊ မဖြေနိုင်ကြ ဘူး၊ ဖြေနိုင်တဲ့သူ တစ်ဦးမှ မရှိခဲ့ဘူး (မှန်ပါ့ ဘုရား)။

သိကြားသေပြီးသိကြားအသစ်ပြန်ဖြစ်

ဒါနဲ့ သာသနာကြုံလာတော့ ဒီအဖြေမှန်ကို သိကြား ရသွားတယ် (မှန်ပါ့) သိပ်ပြီး ဝမ်းသာ သွားတယ်၊ ဒီကတည်း ကိုက သောတာပန် တည်ဖို့ နီးကပ်သွားပြီ (မှန်ပါ) သိကြားမင်း ဟာ ဒီတရားပွဲထဲမှာပဲ သေပြီး ဒီတရားပွဲထဲမှာ သိကြား အသစ်ပြန် ဖြစ်လိမ့်မယ် (မှန်ပါ) ဒါလောက် အဖိုးတန်တဲ့ တရားဆိုတာ ကော ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဆန္ဒဘယ်ကလာသလဲ

အဲဒီတော့ သူများ သိကြားပြန်ဖြစ်တာထက် ကိုယ်လဲအ သေလွတ် ဒီအထဲတွင် ဖြစ်သွားအောင်လဲ အရေးကြီး ကြပါ၊ (မှန်ပါ့) ကိုင်း ဒါဖြင့် မေးပြီ ဒကာ ဒကာမတို့၊ သိကြားက အရှင်ဘုရား ဒီဆန္ဒက ဘယ်က လာပါလိမ့်မတုံး မေးတော့ ဝိတက်က လာတာပဲတဲ့ (မှန်ပါ့) ကြံလုံး စည်လုံးက လာတယ် (မှန်ပါ့ ဘုရား)။

ကြံလုံးစည်လုံးကလာတယ်

ဒကာ ဒကာမတွေ ဘယ်ကလာပါလိမ့်မတုံး (ကြံလုံး စည်လုံးက လာပါတယ် ဘုရား) ဒကာ ဒကာမတွေ ဒါ့ကြောင့် ညအိပ် မပျော်တာ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒကာ ဒကာမတွေ ညအိပ်မပျော်တာ ဘာကြောင့်တုံး (ကြံလုံးစည်လုံးနေလိုပါ ဘုရား) ကြံလုံး စည်လုံးဆိုတာ စာလို သုံးတော့ ဝိတက်ဗျ (မှန်ပါ့) ခလေးတွေကတော့ဖြင့် အိပ်ကြပြီး လူကြီးတွေကတော့ ဝိတက် ဖြစ်နေလို့ အိပ်မရဘူး (မှန်ပါ့) သူများ အသံကြားလေလေ ကိုယ်က အိပ်မပျော် လေလေ (မှန်ပါ့ ဘုရား)။

အိပ်မပျော်တာ စားမကောင်း သောက်မကောင်းလို့ အိပ် မပျော်တာလား၊ ကြံလုံးစည်လုံး ရှုပ်နေလို့လား (ကြံလုံး စည်လုံး ရှုပ်နေလို့ပါ ဘုရား)။

ဝိတက်ကြောင့်ဆန္ဒလာတယ်

ဪ ဒါဖြင့် ဒကာ ဒကာမတို့ ကြံလုံးစည်လုံးကို ၊ စာ လိုသုံးတော့ ဘာတဲ့ (ဝိတက်ပါ ဘုရား) အဲ-ဝိတက်ကြောင့် ဆန္ဒ လာတာ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဝိတက်က ကာမဝိတက် ဗျာပါဒဝိတက်၊ ဝိဟိံသ ဝိတက်လို့ ဝိတက် ဘယ်နှစ်မျိုး ရှိပါလိမ့် (သုံးမျိုးပါ ဘုရား)

ဝိတက် သုံးမျိုးကြောင့် ဆန္ဒသုံးမျိုးလာသည် (မှန်ပါ့) ဆန္ဒသုံးမျိုးကြောင့် ချစ်ခြင်းမုန်းခြင်း နှစ်မျိုး လာသည် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား) ချစ်ခြင်းမုန်းခြင်း လာသောကြောင့် ဣဿာမစ္ဆရိယ လာသည်၊ ဣဿာမစ္ဆရိယ လာသောကြောင့် ဘေးတကာရန် တကာ ဝိုင်းနေ ကြသည် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ဘေးရန်ဝိုင်းတာဘယ်သူ့ကြောင့်တုံး

ဘေးတွေ ရန်တွေ ဝိုင်းတာ ဘယ်သူ့ကြောင့် (ဣဿာမစ္ဆရိယကြောင့်ပါ) ဣဿာမစ္ဆရိယ ဘယ်က လာသတုံး (ချစ်ခြင်း မုန်းခြင်းက လာပါတယ်) ချစ်ခြင်းမုန်းခြင်း ဘယ်က လာသတုံး (ဆန္ဒက လာပါတယ်) ဆန္ဒဘယ်က လာသတုံး (ဝိတက်ကလာပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဝိတက်ကို ဝိပဿနာ ရှုရ လိမ့်မယ် (မှန်ပါ့) ဝိတက်ကို ဝိပဿနာ ရှုတော့ ဝိတက်က သတိပဋ္ဌာန် ပါဠိတော်မှာ ကာမဝိတက္ကာ လောကော ရူပဝိတက္ကော လောကောနဲ့၊ ဝိတက်က နည်းတာတွေ မဟုတ်ဘူး (မှန်ပါ့) ဒါကြောင့် ဝိတက်ရှုနည်း နိဿရည်းကို နက်ဖြန်မှ ဟောတော့မယ် (မှန်ပါ့ ဘုရား)။

ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။