220

ဘယ်လိုပုဂ္ဂိုလ်မှဓမ္မကထိကခေါ်ထိုက်သလဲ? ဘယ်လိုပုဂ္ဂိုလ်မှယခုဘဝနိဗ္ဗာန်ရမှာလဲ?

မိုးကုတ်ဝိပဿနာအဖွဲ့ချုပ်ကြီး၏အမှာစာ

မိုးကုတ်ဆရာတော်ဘုရားကြီး ဟောကြားခဲ့သော တရားတော်များတွင် ဤတရားတော်သည် အထူးခြားဆုံးဖြစ် ပါသည်။

ပထမထူးခြားချက်မှာ ဆရာတော်ဘုရား၏တရား တော်အခွေများတွင် (၁၀ – ၃ – ၅၄) နေ့တွင် ဟောကြားခဲ့ သဖြင့် ရှေးအကျဆုံး တရားတော်တစ်ပုဒ် ဖြစ်ပါသည်။

ဒုတိယထူးခြားချက်မှာ မြတ်စွာဘုရားကိုယ်တော်တိုင် ဟောကြားထားသော တရားဟော ဓမ္မကထိက ဖြစ်ထိုက်တဲ့ အရည်အချင်းကို ဟောကြားတော်မူထားပါသည်။

တရားနာ ယောဂီများ၏စိတ်တွင် ဝေဒနာအပေါ်၌ ၁။ ငြီးငွေ့အောင် ၂။ စွန့်လွှတ်ချင်အောင် ၃။ ဝေဒနာအကုန် ချုပ်ရင် ကြိုက်တယ်လို့ ယောဂီများသန္တာန်၌ ပေါ်အောင် ဟော နိုင်၊ ဆုံးမနိုင်မှ ဓမ္မကထိက အဖြစ်ဆိုခြင်းငှာ ထိုက်၏။

တတိယထူးခြားချက်မှာ တရားအတိုင်းကျင့်နေတဲ့ ဓမ္မာနုဓမ္မပဋိပန္န ပုဂ္ဂိုလ်၏ အရည်အချင်းကို မြတ်စွာဘုရား ကိုယ်တော်တိုင်ဖြေကြားထားပုံကို ဟောကြားတော်မူထား ပါသည်။

တရားအတိုင်း ကိုယ်တိုင်ကျင့်မှ ရမည်ဖြစ်သဖြင့် မြတ်စွာဘုရားက ကျင့်စဉ်ကို ဟောကြား ထားတော်မူရာတွင် ရှေးဦးစွာ ဖြစ်ပျက်မြင်အောင် ရှုရမယ်၊ ရှုပါများလာတော့ ငြီးငွေ့လာမယ်၊ အဲဒီကျတော့ လောကုတ္တရာတရားနဲ့ လျော်အောင် ကျင့်တဲ့ပုဂ္ဂိုလ် ဖြစ်သွားပါပြီ။

စတုတ္ထ ထူးခြားချက် ကတော့ မြတ်စွာဘုရား ကိုယ်တော်တိုင် ရဟန်းတစ်ပါးက မေးလို့ ဖြေကြား ထားသော ယခုဘဝ နိဗ္ဗာန်ရမည့် ပုဂ္ဂိုလ်၏ အရည်အချင်းများကို ဟော ကြားတော် မူထားပါသည်။

ဘုရားက ဖြေကြားရာမှာ ဝေဒနာကို ငြီးငွေ့ပြီး ဝေဒနာ အပေါ်၌ တပ်မက်ခြင်းကို စွန့်လွှတ် သဖြင့် ဝေဒနာချုပ် ရာကို လုံးဝကြိုက်နေ သောကြောင့် ဘယ်ဝေဒနာမှ မစွဲလမ်း ဘဲနဲ့ နေတဲ့ ပုဂ္ဂိုလ်ဟာ ယခုဘဝ နိဗ္ဗာန်ရမည့်ပုဂ္ဂိုလ်ဟူ၍ ငါဘုရား က ဆိုပါတယ်ကွာတဲ့။

ပဉ္စမထူးခြားချက်ကတော့ ဘုရားသခင် ကိုယ်တော် မြတ်ကြီးက အစီအစဉ်ကိုင်ပြီး ဟောကြား ညွှန်ပြသဖြင့် မိုးကုတ် ဆရာတော်ဘုရားကြီး ဟောကြားဆုံးမတော်မူသည့် အတိုင်း ကျင့်ကြံ အားထုတ် နေသော ပုဂ္ဂိုလ်များအတွက် အလုပ်မှန်ကန်ကြောင်း ဝမ်းမြောက်ဖို့ရာ ဖြစ်လာပါသည်။

သို့ဖြစ်၍ တရားတော်နာပြီး တရားတော်အတိုင်း ကျင့်ကြံကြိုးကုတ် အားထုတ်နေကြသော သူတော်ကောင်း အပေါင်း၏ အလုပ်စဉ်သည် နိဗ္ဗာန်ရောက်ကြောင်းအတွက် ခရီးပေါက်၊ ခရီးရောက် နေကြောင်း သက်သေပြထားပြီးဖြစ်ပါ သည်။ ကျေးဇူးကြီးမားလှပါသည်။

သူတော်ကောင်း ရတနာ (၇) ပါးပြည့်စုံကြပါစေ။

၂၉- ၉- ၂၀၀၂

အလုပ်အမှုဆောင်အဖွဲ့။

—–

ဘယ်လိုပုဂ္ဂိုလ်မှဓမ္မကထိကခေါ်ထိုက်သလဲ?

ဘယ်လိုပုဂ္ဂိုလ်မှယခုဘဝနိဗ္ဗာန်ရမှာလဲ?

အသံဖိုင်ခေါင်းစဉ်= ဓမ္မာဓမ္မပဋိပတ္တိကင်း၍ မဂ်ဉာဏ်ဖိုလ်ဉာဏ်မရနိုင်ကြောင်း

စာအုပ်ခေါင်းစဉ်= ဘယ်လိုပုဂ္ဂိုလ်မှဓမ္မကထိကခေါ်ထိုက်သလဲ? ဘယ်လိုပုဂ္ဂိုလ်မှ ယခုဘဝနိဗ္ဗာန်ရမှာလဲ?

အသံမကြည်ပါ။

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး အမရပူရမြို့၌

ဟောကြားတော်မူသော တရားတော်

ဘယ်လိုပုဂ္ဂိုလ်မှဓမ္မကထိကခေါ်ထိုက်သလဲ?

ဘယ်လိုပုဂ္ဂိုလ်မှယခုဘဝနိဗ္ဗာန်ရမှာလဲ?

ဟောကြားသည့်နေ့

(၁၀-၃-၅၄)

ဒကာ၊ ဒကာမတွေ တရားများများ မလိုက်ဘဲနဲ့။ ဧကောဓမ္မော ဆိုတဲ့အတိုင်း တရားကို တစ်ခုတည်း အားထုတ်ပါ။ မိမိတို့ဉာဏ်ထဲမှာ အမြင်ဆုံး အထင်ဆုံးဖြစ်တဲ့ ဝေဒနာသုံးမျိုးကိုပဲ ခင်ဗျားတို့ ကြည့်လို့ရှိရင် လိုရာခရီးကို မုချအားဖြင့်ရောက်မယ် ဆိုတာ ယနေ့ ဘုရားရှင် ကိုယ်တော်မြတ်ကြီးက တိုက်ရိုက် ဟောပြီ (မှန်လှပါ ဘုရား)။

ယနေ့တိုက်ရိုက်ဟောပြီ ဘုရားရှင်ကိုယ်တော်မြတ်ကြီး က၊ မြတ်စွာဘုရား သခင်ကိုယ်တော် မြတ်ကြီး၊ သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူတယ်၊ ထိုသို့ နေတော်မူတဲ့ အချိန်၌ ရဟန်းတစ်ပါးက လျှောက်တယ်၊ ပုစ္ဆာသုံးချက်ကို လျှောက်တယ်။

အမေး ပုစ္ဆာ သုံးချက်

အရှင်ဘုရားတဲ့- ဓမ္မကထိကဆိုတာ ဘယ်လိုဟာ ဓမ္မကထိကပါလဲ၊ ဘယ်လိုဟာ ဓမ္မကထိကလဲလို့ (၁) နံပါတ် မေးလိုက်တယ်။

(၂) နံပါတ်ကတော့ ဓမ္မာနုဓမ္မပဋိပန္နပုဂ္ဂိုလ် ဆိုတာဘယ်လိုပုဂ္ဂိုလ်ကို ဓမ္မာနု ဓမ္မပဋိပတ္တိ – ဓမ္မာနု ဓမ္မပဋိပန္နပုဂ္ဂိုလ်လို့ ဆိုပါသလဲ။

(၃) နံပါတ်က ဒိဋ္ဌဓမ္မနိဗ္ဗာန – ယခုဘဝနိဗ္ဗာန်ရမည့် ပုဂ္ဂိုလ်ဆိုတာ ဘယ်လိုပုဂ္ဂိုလ်ကို ဆိုပါသလဲ။

ပုစ္ဆာဘယ်နှစ်ချက်လဲ – (သုံးချက်ပါ ဘုရား)၊ သုံးချက်၊ သုံးချက်။ ဒကာ ဒကာမတို့ ခင်ဗျားတို့ လုပ်နေတဲ့အလုပ်သည် မည်မျှလောက် ခရီးရောက်နေတယ် ဆိုတာ၊ ဘုရားကိုယ်တော် မြတ်ကြီး အခုရဟန်းမေးတဲ့ အဖြေကိုဖြေရတဲ့ အခါကျတော့၊ အားထုတ်နေကြတဲ့ အလုပ်ဟာ၊ သာမည ခရီးပေါက်လို့ သာမည ရောက်နေတာ မဟုတ်ပါလားဆိုတာ ဒီပုစ္ဆာတွေကို ဘုရားသခင် ကိုယ်တော်မြတ်ကြီးက အဖြေပေးတဲ့ အခါကျတော့မှ မိမိတို့မှာ ဝမ်းမြောက်ဖို့ ရာတွေအများကြီး ပေါ်လာတာ ထင်ရှားပါ လိမ့်မယ်။

(၁) အဘယ်ပုဂ္ဂိုလ်ကို ဓမ္မကထိကဆိုရမလဲ

အဲဒီတော့ ဒီမှာ ပါဠိတော်က –

ဓမ္မကထိကောတိ – ဓမ္မကထိကဟူ၍၊ ဝုစ္ဆတိ -ဟောတော်မူအပ်ပါသနည်း၊ ဓမ္မကထိကကောတိ ဓမ္မကထိက ဟူသည် အဘယ်မျှလောက်၊ အဘယ်ပုဂ္ဂိုလ်ကို ဓမ္မကထိကဆို ရပါသလဲ၊ ဒါကြောင့် ဓမ္မကထိကော၊ ဓမ္မကတိကောတိ ဘန္တေ ဆိုပြီး အရှင်ဘုရား ဓမ္မကထိက ဆိုတာ ဘယ်လိုဟာ ဓမ္မကထိက၊ ဓမ္မကထိက အဖြစ်နဲ့ တပည့်တော်တို့က မှတ်ယူပြီးနာရမှာလဲ၊ မမေးသင့်ဘူးလား (မေးသင့်ပါတယ်) မေးသင့်တယ်တဲ့။

ဘုရားကအဖြေပေးတဲ့ ဓမ္မကထိက

မေးသင့်တော့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ဖြေရှာတယ် (တင့်ပါ) ဒီလိုမှတ်ပါကွာတဲ့ – ဓမ္မကထိကဆို တာ

‘‘ဝေဒနာယစေ ဘိက္ခု နိဗ္ဗဒါယ ဝိရာဂါယ နိရောဓါယ ဓမ္မံ ဒေသေတိ’’ ဝေဒနာသည် ဒကာ ဒကာမတွေ နိဗ္ဗိဒါယ -ငြီးငွေ့အောင် ဟောနိုင်လို့ရှိရင် ဝေဒနာအကြောင်းကို ကောင်းကောင်း ပြောပြီး ဝေဒနာကို ငြီးငွေ့ ရွံ့မုန်းလာလောက်အောင် ဟောနိုင် လို့ရှိရင် “ဝေဒနာယစေ ဘိက္ခု နိဗ္ဗိဒါယ” ဝိရာဂါယတဲ့ ဝေဒနာ အကြောင်းကို နည်းနည်းမှ ဒီရုပ်ခန္ဓာကြီးနဲ့ကို ဆက်သွယ်လို စိတ်ကို မရှိချင်အောင် ဟောနိုင်တဲ့ပုဂ္ဂိုလ် (မှန်ပါ့)။

ဝေဒနာကြီး လုံးလုံးချုပ်ပျောက်သွားရင်ဖြင့် သေသေ ချာချာကောင်းမှာပဲလို့ ဉာဏ်ထဲ ရောက်အောင် ဟောနိုင်တဲ့ ပုဂ္ဂိုလ်ကို ဓမ္မကထိကလို့ ဆိုရမယ်ကွတဲ့ (မှန်ပါ့)။

ဓမ္မကထိက၊ ဓမ္မကထိကဆိုတာပေါ်လာပြီလား (ပေါ်လာပါပြီ ဘုရား) ဒါကြောင့် ဘုရားက “ဝေဒနာယစေ ဘိက္ခု နိဗ္ဗိဒါယ ဝိရာဂါယ နိရောဓာယ ဓမ္မံ ဒေသေတိ၊ ဓမ္မကထိကော ဘိက္ခူတိ အလံ ဝစာနာယ”

ဘိက္ခု – ရဟန်း၊ ဓမ္မကထိကောတိ – အဲဒီနားကို နိုးအောင် ဝေဒနာကြီးနဲ့ တစ်ခါတည်း ကင်းချင်တဲ့ဉာဏ် ပေါ်အောင် ဝေဒနာတို့ကို တကယ်တန်း ချုပ်ချင်တဲ့သဘောမျိုး ဝေဒနာနဲ့ကို ဘယ်တော့မှ မနေချင်တဲ့သဘောမျိုး (တင့်ပါ) အဲဒီ ကဲ့သို့ ရောက်အောင် ဟောနိုင်လို့ရှိရင်ဖြင့်တဲ့ ဓမ္မကထိကဆိုတဲ့ ဥစ္စာဆိုခြင်းငှာ ထိုက်ပါတယ်ကွာတဲ့ (မှန်ပါ့) ဒီလိုဟောနိုင်လို့ ရှိရင်တော့ (မှန်ပါ့)။

‘‘ဓမ္မံဒေသေတိ ဓမ္မကထိကော ဘိက္ခူတိ အလံ ဝစာနာယ။

တရားနာရင်သတိထားနာ

ဘုရားကကိုယ်တော်တိုင် ဟောပြန်တယ်၊ အားလုံး ဒကာ ဒကာမတို့ တရားနာတဲ့အခါမှာ ရှေ့သတိထား ရလိမ့်မယ် (မှန်လှပါ ဘုရား) တရားနာတဲ့အခါမှာ ရှေ့ကိုဘယ်လိုပုဂ္ဂိုလ် အချိုးအစား ရှိတာကို ဒို့တရားနာရမယ် ဆိုတဲ့ ဥစ္စာသည် ဘုရားက အခု အစီအစဉ်ပေးနေပြီ (မှန်လှပါ ဘုရား)။

ဥပမာ ဝေဒနာဟောနေတဲ့ဆရာ ဆိုလို့ရှိရင်လည်း ဝေဒနာကို ငြီးငွေ့လာအောင် ဟောနိုင်တဲ့ ဓမ္မကထိက (တင်ပါ့) ဝေဒနာပေါ်၌ ဒကာ ဒကာမတွေ မှတ်ရိုးမှတ်တမ်းနဲ့ကို တစ်ခါ တည်း နည်းနည်းမှ ဒီဝေဒနာက္ခန္ဓာကြီးကို မရချင်တော့ပါဘူးဆို တဲ့ ဉာဏ်ပေါ်အောင် ဟောနိုင်တဲ့ဓမ္မကထိက (မှန်ပါ့ ဘုရား)။

ဉာဏ်ပေါ်အောင် ဟောနိုင်ရမယ်

ဝေဒနာချုပ်သွားလို့ရှိရင်ဖြင့် တပည့်တော်တို့ အလွန်ဆုံး ကြိုက်မှာပဲဆိုတဲ့ဉာဏ်ပေါ်အောင် ဟောနိုင်တဲ့ ဓမ္မကထိကမှသာ လျှင် ဓမ္မကထိကလို့ ငါဘုရားကဆိုခြင်းငှာ ထိုက်တယ်လို့ ဆုံး ဖြတ်ချက်ချသကွာတဲ့ (မှန်ပါ) ၁။ နံပါတ် ၁။ နံပါတ် (မှန်ပါ)။

ဒါဖြင့် တရားနာလာကြတဲ့ ဒကာ ဒကာမတွေ ရုပ်ဟော နေတဲ့ ဆရာတွေ့လို့ရှိရင် ရုပ်ပေါ်မှာ ငြီးငွေ့မှု၊ ကန့်ကွက်မှု၊ ရုပ် ချုပ်တာကို သဘောကျမှု၊ ဤကဲ့သို့ ခင်ဗျားတို့ စိတ်ထဲမှာ ပေါ်တဲ့ ပုဂ္ဂိုလ်မျိုးကို တရားနာရလိမ့်မယ်။

တရားနာမှုသည်ကားလို့ဆိုလို့ရှိရင် ဒကာစိန်ရေ ငြီးရ အောင်လို့ နာရလိမ့်မယ်၊ တဏှာပွားပြီး သကာလ ဟုတ်လား၊ တဏှာတွေပွားပြီး သကာလ ဘုံဘဝတွေ တောင့်တကြောင့်ကြပြီး နေတဲ့ ဥစ္စာက တဏှာပွားတာ (မှန်ပါ့)။

ငြီးငွေ့တာပါရဲ့ လား၊ စွန့်လွှတ်ချင်တာပါရဲ့လား (မပါပါ ဘူး ဘုရား) အေးခန္ဓာငါးပါး ချုပ်ခြင်းကို သဘောကျတာပါရဲ့လား (မပါပါဘူး ဘုရား)၊ အဲဒါမျိုးကို ငါဘုရားက ဒီလိုဟောနေတဲ့ ပုဂ္ဂိုလ်ကို ဓမ္မကထိကလို့ ငါကမဆိုဘူးကွတဲ့ (မှန်ပါ့) မဆိုသေး ဘူးတဲ့၊ မဆိုသေးဘူးတဲ့ (မှန်ပါ)။

အဲဒီတော့ ဒကာ ဒကာမတို့ တရားဟောနာတဲ့အခါမှာ လည်း ရွေးရမယ့်ပုဂ္ဂိုလ်ပါလာတယ် (ပါလာပါတယ် ဘုရား)။

ခန္ဓာကိုရွံမုန်းအောင်ဟောတတ်ရမယ်

ဒီလိုပြောကြစို့ဆိုတော့ ခန္ဓာကိုယ်ကြီးကို ရှေးဦးစွာ ရွံမုန်းအောင် ဟောတတ်တဲ့ဆရာ၊ ခန္ဓာကိုယ်ကြီးကို စွန့်ချင် တဲ့စိတ်ပေါ်ပေါက်လာအောင် ဟောတတ်တဲ့တရား ဟောဆရာ (မှန်ပါ)။

ခန္ဓာကိုယ်ကြီး ချုပ်သွားလို့ရှိရင်ဖြင့် သေသေချာချာ ကောင်းမှာပဲဆိုပြီး သကာလ စိတ်ထဲမှာ ရောက်လာအောင် ဟောနိုင်တဲ့ ဓမ္မကထိကမျိုးမှသာလျှင် ငါဘုရားသခင်ကိုယ်တော် မြတ်ကြီးက ဓမ္မကထိကလို့ ငါဆိုလိုက်တယ်ကွာ (မှန်ပါ့)။

ဒါဖြင့် ဒကာ ဒကာမတို့ ယခုဘုန်းကြီးသည်ကားလို့ ဆိုရင် ဝေဒနာ အကြောင်းချည်းသာ ဟောနေ လိုက်တာ တစ်လခွဲ၊ နှစ်လလောက် ရှိနေပြီ၊ ဘုရားဟောတော် မူတာတွေနဲ့လည်း ကိုက်တယ်၊ (မှန်ပါ့ ဘုရား)

“ဝေဒနာယစေ ဘိက္ခု နိဗ္ဗိဒါယ ဝိရာဂါယ နိရောဓါယ ဓမ္မံ ဒေ သေတိ ဓမ္မကထိကော ဘိက္ခုတိ အလံ ဝစနာယ”

ဝေဒနာယ – ဝေဒနာကို၊ နိဗ္ဗိဒါယ – ငြီးငွေ့ခြင်းငှာ၊ နိဗ္ဗိန္ဒဉာဏ် လာအောင်ပေါ့ဗျာ၊ ဝိရာဂါယ -ဝေဒနာပေါ်၌ နှစ်သက်ခြင်း ကင်းခြင်းငှာ၊ နိရောဓာယ -ဝေဒနာချုပ် ပျောက်ခြင်း ငှာ နိဗ္ဗာန် ရောက်အောင်ပေါ့ဗျာ၊ ဓမ္မံ – တရားကို၊ ဒေသေတိ – ဟော၏ ဣတိ – ထို့ကြောင့် ဓမ္မကထိကောတိ၊ ဣတိ – ထို့ကြောင့် ဓမ္မကထိကော ဓမ္မကထိက မည်၏။ ဣတိ – ဤသို့၊ ဝစာနာယ ဓမ္မကထိကဟု ဆိုခြင်းငှာ၊ အလံ- ထိုက်၏။

တစ်ခါတည်း ဒီလိုပုဂ္ဂိုလ်မှသာလျှင် ဓမ္မကထိက ဆိုတာ ပြောဆိုဖို့ ထိုက်သဟေ့လို့ ဘုရားက ဟောလာပြန်တယ် (မှန်ပါ)၊ အလံ ဝစနာယကို ဝစနာယဆိုခြင်းငှာ အလံ- ထိုက်ပါတယ်တဲ့၊ အခုန ပြောခဲ့တဲ့အင်္ဂါတွေနဲ့ ညီအောင် ဟောနိုင်လို့ ရှိရင်ဖြင့် ဓမ္မကထိက၏ အဓိပ္ပါယ်ဟာ သေသေချာချာ သက်ရောက်ပါတယ်၊ ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ တရားနာလို့ရှိရင်ဖြင့် တရားဟောဆရာတွေ၊ တရားဟော ဆရာတော် သမားတော်တွေ ဟောကြလိမ့်မယ်နော်။

ဘယ်လိုရှိမှ ဓမ္မကထိကဆိုထိုက်သလဲ

ခင်ဗျားတို့က ငြီးငွေ့သည်တိုင်အောင် စွန့်လွှတ်ချင်သည့် တိုင်အောင် ခန္ဓာကိုယ်ကြီးပေါ့ဗျာ၊ ဒီခန္ဓာကိုယ်ကြီး ချုပ်ငြိမ်းသွား လို့ရှိရင်ဖြင့် အင်မတန်မှ ဆန္ဒပြင်းပြပြီး သကာလ လာသည့် တိုင်အောင် ဟောနိုင်တဲ့ ပုဂ္ဂိုလ်ဆိုလို့ ရှိရင်ဖြင့် ဓမ္မကထိကဆိုခြင်း ငှာ ထိုက်လေသောကြောင့် ခင်ဗျားတို့ ကြပ်ကြပ် နာပါ (မှန်ပါ့ ဘုရား)။

ကြပ်ကြပ်နာရမယ်တဲ့၊ အဲဒီလိုပဲ တရားနာနည်းကျ၊ ကနေ့တော့ ဒကာ ဒကာမတို့ ဆိုလို့ရှိရင်ဖြင့် ခင်ဗျားတို့မှတ်ထား စရာက ဝေဒနာပေါ်၌ ငြီးငွေ့ခြင်းငှာ ဝေဒနာကို စွန့်လွှတ်ခြင်းငှာ ဝေဒနာလုံးဝ ချုပ်ခြင်းငှာ၊ ဟောတဲ့ပုဂ္ဂိုလ်ကို ဓမ္မကထိကလို့ဆိုခြင်း ငှာ ထိုက်တယ်လို့ ခင်ဗျားတို့က လည်း မှတ်ဦး (မှတ်ပါမယ် ဘုရား)။

ဝေဒနာသုံးပါးဒုက္ခသစ္စာ

ဒါဖြင့် ဒကာစိန်ရေ-ဘုန်းကြီးတို့ ဝေဒနာကို ဒကာ ဒကာမတွေကို ဟောနေတဲ့ အခါကျတော့ သုခဝေဒနာကလည်း ဒုက္ခသစ္စာမို့ ခင်ဗျားတို့ သုခဝေဒနာနဲ့လည်း နေချင်သေးရဲ့လား (မနေချင်ပါဘူး ဘုရား) ဒုက္ခဝေဒနာကလည်း ဖြစ်ပျက်ဆုံး ဒုက္ခသစ္စာ ဖြစ်လေ သောကြောင့် ဒုက္ခဝေဒနာနဲ့ကော နေချင်သေး ရဲ့လား (မနေချင်ပါဘူး ဘုရား)။ ဥပေက္ခာ ဝေဒနာကလည်း ဖြစ်ပျက် ဒုက္ခသစ္စာ ဖြစ်လေ သောကြောင့်လည်း နေချင်သေး ရဲ့လား (မငနချင်ပါဘူး ဘုရား)။

အေး- အဲဒီလို ခင်ဗျားတို့စိတ်ထဲမှာလည်း ငြီးငွေ့လာရ မယ် (မှန်ပါ)၊ ဟုတ်လား။

ဝိရာဂါယတဲ့ ဒကာ ဒကာမတို့ ဒီဝေဒနာကြီး ဖြစ်ပျက် ဒုက္ခ သစ္စာကြီး မှန်နေတော့ ခင်ဗျားတို့ နာရင်လည်း စွန့်ချင်မှာပဲ၊ ကိုယ့်ဟာကိုယ် ဉာဏ်နဲ့ အားထုတ်ကြည့်တဲ့အခါမှာလည်း ဝေဒနာပဲ၊ ဝေဒနာပဲ၊ ဒုက္ခသစ္စာ ခေါ်တဲ့ တရားကြီးပါပဲ။ အမြဲတမ်း ရှိနေသောကြောင့် ခင်ဗျားတို့ မစွန့်ချင် ပေဘူးလား (စွန့်ချင်ပါ တယ် ဘုရား)။

အဲဒီစောင့်နေတဲ့ ဉာဏ်လာတာဟာလည်း ဓမ္မကထိက ကောင်းလို့ အဲဒါလာတာ၊ ဝေဒနာက္ခန္ဓာကြီး၊ ဝေဒနာတွေ အကုန် ဇာတ်သိမ်း သွားမယ်၊ ချုပ်ပျောက်သွားမယ်ဆို၊ အားလုံး ဒကာ ဒကာမတွေ မကြိုက်ဘူးလား (ကြိုက်ပါတယ် ဘုရား)။

အေး-အဲဒီလို ခင်ဗျားတို့ စိတ်ထဲမှာ ပေါ်လို့ရှိရင်ဖြင့်တဲ့ ခင်ဗျားသန္တာန်မှာ ခင်ဗျားတို့ ဆိုဆုံးမနေတဲ့ ဆရာဖြစ်စေ၊ ဟုတ်လား- ဓမ္မကထိက ဆိုခြင်းငှာ ထိုက်သည် (မှန်လှပါ ဘုရား)။

ဒီသုံးမျိုးဟောနိုင်မှ ဓမ္မကထိက

ခင်ဗျားတို့ စိတ်ထဲမှာ ဉာဏ်ထဲမှာ သုံးမျိုးပေါ်ပြီဗျ။

၁။ ငြီးငွေ့တယ်၊

၂။ စွန့်လွှတ်ချင်တယ်၊

၃။ ဝေဒနာ အကုန်ချုပ်ရင် ကြိုက်တယ်၊ (မှန်ပါ့ ဘုရား)။

ဝေဒနာတွေနဲ့အညီ ခင်ဗျားတို့သန္တာန်ပေါ်တဲ့ ဆရာ တော် သမားတော်ဆိုရင်ဖြင့် ကြိုးစားပြီး နာကြပါ (မှန်ပါ့ ဘုရား)၊ ကြိုးစားပြီးနာကြပါ။

ကဲ-ဒါဖြင့် ဒကာစိန်ရေ ဓမ္မကထိကအကြောင်း ကောင်း ကောင်းသိပြီလား (သိရပါပြီ ဘုရား)၊ (၁) ငြီးငွေ့အောင် ဟောနိုင်တဲ့နော်။ (၂) စွန့်လွှတ်ချင်အောင် ဟောနိုင်တဲ့ (မှန်ပါ ဘုရား)၊ (၃) ဝေဒနာတို့၏ ချုပ်ရာဖြစ်တဲ့ နိဗ္ဗာန်ကြီးကိုလည်း အရောက် လိုချင်တဲ့ဆန္ဒနဲ့ စိတ်နှစ်သက်အောင် ဟောနိုင်တဲ့ ပုဂ္ဂိုလ်မှ ဓမ္မကထိကတဲ့ (မှန်လှပါဘုရား၊ တပည့်တော် အသက် (၇၀) ရှိပါပြီ၊ ဒီဘုန်းကြီး တစ်ပါးပဲ ဤကဲ့သို့ အဖြစ်အပျက်နဲ့တကွ ဟောတာ တွေ့ရပါတယ် ဘုရား)။

ကိုင်း-ဒါဖြင့် ဒကာ ဒကာမတို့ ၁-နံပါတ်အကြောင်းက တော့ဖြင့် တရားဟော ဘုန်းကြီး ရွေးတာပဲ ရှိသေးတယ်၊ ၂-နံပါတ် အကြောင်းကဖြင့် ဒကာ ဒကာမတွေ အလှည့် ရောက်လာတယ်၊ အရေးကြီးတယ် မှတ်စမ်းပါ၊ ၂-နံပါတ် အကြောင်းကလည်း အရေးကြီးလို့ပြောရပါတယ် (မှန်လှပါ ဘုရား)။

(၂) ဓမ္မာနုဓမ္မပဋိပန္နပုဂ္ဂိုလ်ဆိုတာ

ဒီနှစ်နံပါတ်အကြောင်းက ဘာတုံးလို့မေးတဲ့အခါကျ တော့ကိုတဲ့ ဓမ္မာနုဓမ္မပဋိပန္နပုဂ္ဂိုလ်ဆိုတာ ဘယ်လိုပုဂ္ဂိုလ်လဲ ဘုရားလို့ အခုန ရဟန်းက ဒုတိယ ၂-နံပါတ်နဲ့မေးပြန်တယ် (တင်ပါ့)။

ဓမ္မာနုဓမ္မပဋိပန္နပုဂ္ဂိုလ်၊ တရားအတိုင်းကျင့်တဲ့ပုဂ္ဂိုလ် ဆိုတာ ဘယ်လိုပုဂ္ဂိုလ်လဲ ဘုရားလို့ မေးတဲ့ အခါကျတော့ ဘုရားက ဖြေရှာပါတယ်။

“ဝေဒနာယ စေဘိက္ခု၊ နိဗ္ဗိဒါယ၊ ဝိရာဂါယ နိရောဓါယ၊ ပဋိပ္ပန္နောဟောတိ ဓမ္မာနုဓမ္မပဋိပ္ပန္နော ဘိက္ခုတိ အလံဝစာနာယ”

ဒါ ခင်ဗျားတို့ အလှည့်ရောက်လာတယ်၊ ဝေဒနာကို ငြီးငွေ့ခြင်းငှာ၊ ငြီးငွေ့အောင်ပေါ့ဗျာ ကျင့်ရမယ် (မှန်ပါ့)။ ဝေဒနာကို စွန့်လွှတ်ချင်အောင် ခင်ဗျားတို့ကျင့်ရမယ်။

တရားအတိုင်းကျင့်မှရမယ်

ဝေဒနာချုပ်သွားလို့ရှိရင်ဖြင့် အင်း အနာအကုန် ပျောက်သောကြောင့် ချမ်းသာတဲ့နိဗ္ဗာန် ဆိုတာ ဟုတ်တယ်၊ ဝေဒနာချုပ်ရာသာကြိုက်တော့တယ်လို့ ခင်ဗျားတို့ ဒီအတိုင်းပေါ် တဲ့ ဉာဏ်နဲ့ကျင့်မယ် ဆိုလို့ရှိရင်ဖြင့် အဲဒါ ဓမ္မနုဓမ္မပဋိပန္နပုဂ္ဂိုလ်ဖြစ် ပါသည် (မှန်လှပါ ဘုရား)၊ ဟုတ်ပလား (ဟုတ်ပါပြီ ဘုရား)။

အဲဒီတော့ ဓမ္မာနုဓမ္မပဋိပန္နပုဂ္ဂိုလ်ဆိုတာကတော့ ဒကာ ဒကာမတွေ အားထုတ်မှလာတယ်၊ ဒီအတိုင်း ပုဂ္ဂိုလ်တွေ မဖြစ်နိုင် ဘူး၊ ပုတီးစိပ်လို့ မရဘူး (တင်ပါ့ ဘုရား) ယောက်ျားလေး လိုချင် လို့ ယောက်ျားလေး ဆုတောင်းပြီး ဥပုသ်တွေ စောင့်လို့ ရတာမျိုး မဟုတ်ဘူး၊ မိန်းကလေး ဆုတောင်းလို့ မိန်းကလေးအဖြစ် ရအောင်လို့ မိမိတို့ ဝမ်းထဲ ရောက်အောင် ဆုတောင်းပြီး မွေးလို့ ဒီအရမျိုး မဟုတ်ဘူး (မှန်လှပါ ဘုရား)။

ဝေဒနာဆိုတာနာမ်ဓမ္မလို့သိ

သေသေချာချာကို ဒကာ ဒကာမတို့ ဝေဒနာ ခင်ဗျားတို့ ဖြစ်တာလေးရှေးဦးစွာ ဝေဒနာဆိုတာ နာမ်ဓမ္မပါလားလို့ ရှေးဦးစွာ သိရှိရင် နာမရူပ ပရိစ္ဆေဒဉာဏ်၊ နာမပရိစ္ဆေဒဉာဏ်ကို အသိရှိ၊ ဒီကစ ရလိမ့်မယ် ဒကာ ဒကာမတို့ (မှန်ပါ့)။

ဝေဒနာဘယ်နှစ်မျိုးရှိသတုံး၊ (သုံးမျိုးရှိပါတယ် ဘုရား) အဲဒီတော့ ဝေဒနာသုံးပါးရှိနေတာ ဒကာ ဒကာမတွေက အင်း၊ သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပက္ခာဝေဒနာ၊ ဝေဒနာသုံးမျိုးသာ ရှိတယ် ဆိုတာ သိတော့ ယောက်ျားတွေ၊ မိန်းမတွေရှိသေးရဲ့လား (မရှိပါဘူး)။

အဲဒီတော့ ဝေဒနာ ဘယ်နှစ်မျိုးရှိ (သုံးမျိုးရှိပါတယ် ဘုရား) အခေါ်အဝေါ်ကော အထင်သာရှိ (မှန်ပါ) တကယ်ရှိ တာက ဝေဒနာသုံးမျိုးသာရှိတယ်၊ အဲဒါကြောင့် အဲ ဒီကစပြီး သကာလ ကျင့်ရမယ်၊ (တင်ပါ့) နာမပရိစ္ဆေဒဉာဏ် ဆိုတဲ့အတိုင်း ဝေဒနာဟာ နာမ်ပဲဗျ။

အဲဒီတော့ ဝေဒနာဟာ နာမ်ဖြစ်ပြီး သကာလ နေသော ကြောင့် ဝေဒနာဟာ နာမ်မှန်း သိကြပလား (သိပါပြီ ဘုရား)။

ဒိဋ္ဌိတွေမလာတော့ဘူး

ကောင်းပြီး ဒါဖြင့် စောစော သိနိုင်တဲ့ အသိစိတ်ရှိသေး တယ်၊ ဝေဒနာသည်ကားဆိုလို့ရှိရင် ဝေဒနာမှန်းသိ၊ ဝေဒနာမှန်း သိတဲ့အတွက် ငါဟာ ကောင်းစားနေတယ်ဆိုတဲ့ ဒိဋ္ဌိတွေ မလာတော့ပါဘူး၊ ငါဖျားနေတယ် ဆိုတဲ့ဒိဋ္ဌိတွေကော မလာတော့ပါ ဘူး (မလာတော့ပါ ဘုရား) ဒုက္ခဝေဒနာ ဆိုတာသာ ရှိတော့တယ်။

ဒါတော့ ငါလစ်လျူရှုနေလိုက်တယ် ဆိုတဲ့ ဥပေက္ခာ ဝေဒနာကို ငါစွဲ၊ စွဲတာကော ရှိသေးရဲ့လား မရှိတော့ပါဘူး၊ ဝေဒနာ ဝေဒနာမှန်း သိပြီ၊ ဝေဒနာဟာ နာမ်လို့သိပြီ (သိပါပြီ ဘုရား)။

ဒီကစကျင့်ရမှာ

အဲဒီလို သိတဲ့ ဒကာ ဒကာမတွေကျတော့ အင်း ဒိဋ္ဌိဝိသုဒ္ဓိ ဒိဋ္ဌိက – ဒိဋ္ဌိ၊ ဝိသုဒ္ဓိက စင်ကြယ် သောကြောင့်၊ ဒိဋ္ဌိ ပြုတ်ပြီတဲ့ ဒကာ ဒကာမတွေတဲ့ (တင်ပါ့ ဘုရား) အဲဒီက စကျင့်ရ မှာ (မှန်ပါ) သို့သော် ဒကာ ဒကာမတွေက ရှိပြီးသားပါ (မှန်ပါ့)။

ဒီစာနဲ့ တိုက်ဆိုင်လာလို့သာ ဒီက စပြောနေရတာပါ။ တကယ်ကျင့်လာတဲ့ ဒကာ ဒကာမတွေ ကျတော့၊ ဝေဒနာဟာ အလိုလိုပေါ် သလား၊ ထိခိုက်မှုကြောင့် ပေါ်သလား (ထိခိုက် မှုကြောင့် ပေါ်ပါတယ် ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ သန္တာန်မှာဖြစ်တဲ့ သုခဝေဒနာဟာ လည်း ဖဿကြောင့် ပေါ်လာတာ၊ ဒုက္ခဝေဒနာ ကြည့်လိုက်လဲ။ ဖဿကြောင့်ပေါ်၏၊ ဥပေက္ခာကြည့်လိုက်လဲ ဖဿကြောင့် ပေါ်၏။

ဝေဒနာဟာ ဖဿကြောင့်ပေါ်တာ

ဝေဒနာဟာ မိုးပေါ်ကျ အလိုလို ပေါ်ပေါက်လား၊ (မဟုတ် ပါဘူး ဘုရား) ဖဿကြောင့်ဖြစ်တာ မဟုတ်ဘူးလား၊ အဲဒီတော့ ဖဿ ပစ္စယာဝေဒနာ ဝေဒနာဆိုတဲ့ ပဋိစ္စသမုပ္ပာဒ် ပါဠိတော် ကြီးကိုလည်း၊ ဖဿကအကြောင်း ဝေဒနာက အကျိုးပါလားလို့၊ အကြောင်းအကျိုးဆိုတာမသိသေးဘူးလား (သိပါတယ် ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတွေမှာ ဝေဒနာတွေရှုပြီး သ ကာလ နေတာ သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် အကြောင်းအကျိုး တွေရ၍နေတာပဲ ဆိုတော့ အကျိုးဝေဒနာက္ခန္ဓာကြီး ရှုနေတာပဲ ဆိုရင်ကော လွဲပါ့မလား (မလွဲပါ ဘုရား)။

ဖဿကအကျိုးပေးလိုက်တော့ အကျိုးဝေဒနာက္ခန္ဓာကြီး က တော်ကြာသုခပေါ်၊ တော်ကြာ ဒုက္ခပေါ်၊ တော်ကြာဥပေက္ခာ ပေါ်၊ အကျိုးဝေဒနာက္ခန္ဓာကြီးကပေါ်မနေဘူးလား၊ (ပေါ်နေပါ တယ် ဘုရား)။

စင်ကြယ်တဲ့ဝိသုဒ္ဓိဖြစ်တယ်

အင်း အကြောင်းကြောင့်ဖြစ်တဲ့ အကျိုးတွေပဲ ရှိတယ်ဆိုတော့ ကင်္ခါဝိတရဏဝိသုဒ္ဓိဆိုတော့ ဝိစိကိစ္ဆာ စင်ကြယ်တဲ့ ဝိသုဒ္ဓိ သွားဖြစ်တယ်၊ (မှန်ပါ့) ဒါက သူ့မူ (တင်ပါ့) ရှင်းလိုက် ကြပါတော့၊ ဒကာ ဒကာမတို့။

ဖြစ်ပျက်ကစပြီးရှင်းရမယ်

ရှင်းလိုက်ကြပါတော့ ဆိုလို့ရှိရင်ဖြင့်တဲ့ ဘယ်ကနေ ရှင်းရမှာတုံး ဆိုလို့ရှိရင်- သုခဝေဒနာလေး ပေါ်လာတယ် ဒကာ ဒကာမတို့ ဥဒယဗ္ဗယဆိုတဲ့ ဖြစ်မှုက နှိပ်စက်လိုက်၊ ပျက်မှုကနှိပ် စက်လိုက်၊ ဟုတ်လား (မှန်ပါ့)။

အဲဒီဖြစ်မှုပျက်မှုက နှိပ်စက်လိုက်တဲ့အခါကျတော့၊ ဝေဒနာက လေးဟာ ဝေဒနာအဖြစ်နဲ့ တည်နိုင် တန့်နိုင ်သေးရဲ့ လား (မတည်နိုင် မတန့်နိုင်တော့ပါ ဘုရား) မတည်နိုင် မတန့်နိုင် ဘူးဆိုတာ ကြီးဟာ၊ ဖြစ်ပျက်နှိပ်စက် သွားလို့ မထူနိုင် မထနိုင် ဘူးလို့၊ ဉာဏ်ကလေးက နောက်ကနေ ရှုပေးရမယ် (မှန်ပါ့)။

ဝေဒနာလေးဖြစ်ပျက်သွားတာ ဥဒယဗ္ဗယဒါန်ချက်နဲ့ ဟုတ်ပလား၊ အသက်ထွက်သွားတယ် ဆိုတာ ဘုန်းကြီး ခဏခဏ မပြောဘူးလား (ပြောပါတယ် ဘုရား)၊ အဲဒီကစပြီး ရှင်းရမယ်။

အဲဒီကဲ့သို့ ဖြစ်ပျက်တွေ မြင်ပါများလာပြီ ဆိုမှဖြင့် ဒကာ ဒကာမတို့ မရွံပါနဲ့၊ မမုန်းပါနဲ့ ဆိုလို့ရှိရင် ဖြစ်ပျက်ချည်း မြင်နေရတဲ့ ဥစ္စာကြီး ဒကာစိန်ရေ အိမ်ဆောက်လိုက်၊ မီးလောင်လိုက် ဆိုတော့ ဒကာစိန် ကိုယ်တိုင်လည်း ဒီအိမ်ဆောက်ရင် ဒီမီးလောင် မယ် ဆိုတာသိတော့ ဒါလည်း မဆောက်ချင်ပါဘူး၊ ဒကာစိန်ရာ ကြည့်ကော ကြည့်ချင်သေးရဲ့ လား (မကြည့်ချင်ပါဘူး ဘုရား)။

ငြီးငွေ့လာအောင်ကျင့်ရမယ်

မင်းတို့ ဆောက် မီးလောင်မှာပါ၊ ငါလည်း ဂရုမစိုက်ချင် ပါဘူးကွာဆိုတော့ ငြီးငွေ့မလာ ဘူးလား၊ (ငြီးငွေ့လာမှာပါ ဘုရား) အဲဒီကဲ့သို့ ဒကာ ဒကာမတို့ ဖြစ်ပျက်ကိုမြင်ပြီ ဆိုမှဖြင့် ငြီးငွေ့လာအောင် ခင်ဗျားတို့ကျင့်ရမယ် (မှန်ပါ ဘုရား)။

ဒါမှ ဓမ္မာနုဓမ္မပဋိပန္န ပုဂ္ဂိုလ်ဖြစ်တယ် (တင်ပါ့ ဘုရား) ဒါဖြင့် ငြီးငွေ့ အောင်ကျင့်ကြပါ ဆိုတဲ့ စကားသည်၊ ဘုရား ဟောတော်မူတာသည်၊ သံယုတ်ပါဠိတော်မှာ ဓမ္မကထိက ဝဂ် သံယုတ် ပါဠိတော်မှာ ဤအတိုင်းလာတယ်။

အဲဒါဖြင့် ဒကာ ဒကာမတို့ ဝေဒနာသုံးခုက၊ တစ်ခုတည်း နေတယ် (မှန်ပါ့) ကိုင်း ရှေ့ပိုင်းက ဘာကိုရှုရမှာလဲ မေးတော့ ဖြစ်ပျက်မြင်ရုံနဲ့ မပြီးဘူး၊ ဝေဒနာကို ငြီးငွေ့သည့်တိုင်အောင် ရှုဖို့ အရေးက လိုသေးတယ်၊ (တင်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် ၁-နံပါတ် ဖြစ်ပျက်မြင်အောင်ရှု (မှန်လှပါ ဘုရား) ဖြစ်ပျက်မြင်အောင် ရှုပါများလာတော့၊ ဒကာစိန်တို့လို ပုဂ္ဂိုလ်၊ ဒကာ ဦးလှဘူးတို့လို ပုဂ္ဂိုလ်တွေကျတော့၊ မငြီးငွေ့ ပါနဲ့ဆိုလို့၊ တားလို့ပြုလို့ ရသေးရဲ့လား (မရပါ ဘုရား)။

ကျင့်ကြံတဲ့တရားကလိုတယ်နော်

အေး ငြီးငွေ့လာမှာပဲ (မှန်ပါ့) ငြီးငွေ့ သည့်တိုင်အောင် ကျင့်နိုင်တဲ့ ပုဂ္ဂိုလ်မှ ဓမ္မာနုဓမ္မပဋိပန္န ပုဂ္ဂိုလ် ဖြစ်တယ်၊ ဆိုတော့ ကျင့်စဉ်လည်း ပြောခဲ့တယ်နော်၊ ကျင့်စဉ်တရားကလိုပြန်တယ်၊ (မှန်လှပါ ဘုရား)။

အေးဘုန်းကြီးများ ဒကာ ဒကာမတို့ ဖြစ်ပျက်မြင်ရုံနဲ့ မရပ်လိုက်ပါနဲ့၊ ဘယ်ကျအောင် ခင်ဗျားတို့ ရှုရမှာလဲ၊ (ငြီးငွေ့လာသည့်တိုင်ပါ ဘုရား) အေး။

ဝေဒနာချုပ်သည့်တိုင်အောင် ဒကာစိန်ရေ ငြီးငွေ့ ရွံ့မုန်း လာသည့်တိုင်အောင်ပေါ့ဗျာ (တင်ပါ) အဲဒီကျအောင်ရှုပေး လိုက်စမ်းပါ (မှန်ပါ့)။

တရားနဲ့လျှော်အောင်ကျင့်တဲ့ပုဂ္ဂိုလ်

အဲဒါမှ တရားအားလျှော်စွာကျင့်တဲ့ ပုဂ္ဂိုလ်၊ လောကုတ္တရာတရားနဲ့ လျှော်အောင်ကျင့်တဲ့ ပုဂ္ဂိုလ်ထဲ ပါဝင်သွားပြီ (မှန်လှပါ) ဓမ္မာနုဓမ္မ ပဋိပန္န ပုဂ္ဂိုလ်ဖြစ်သွားပြီ။

ဒီလိုပုဂ္ဂိုလ်တွေပဲလားလို့ မေးတဲ့အခါကျတော့ အဲဒါ တွေပဲကွတဲ့ နိဗ္ဗိဒါယ – ငြီးငွေ့ခြင်းမှာသာ ဖြစ်သေးရဲ့၊ ဝေဒနာယ၊ ဝေဒနာ ကုန်လို့ – ငြီးငွေ့ခြင်းငှာ၊ ဝိရာဂါယ ကျအောင် ဆက်လက် ပြီးကျင့်။

၎င်း ဝေဒနာသည်၊ ဖြစ်ပျက်ပြီးရင်၊ ငြီးငွေ့ပြီးရုံနဲ့ ၊ မရပ်ပါနဲ့အုံး၊ တစ်ခါတည်း ဒီဝေဒနာကြီးကို စွန့်ချင်တဲ့မဂ်ဉာဏ် ပေါ်လာအောင် ရှုပေးတဲ့၊ ဒကာ ဒကာမတို့ ဘယ်အချေအနေ ရှုရမှာတုံး၊ (မဂ်ဉာဏ် ပေါ်လာအောင် ရှုရမှာပါ ဘုရား)။

စွန့်ချင်တဲ့မဂ်ဉာဏ်ပေါ်လာအောင် မင်းတို့ သည် ရှုပေးလို့ရှိရင်တဲ့ ဓမ္မာနုဓမ္မပဋိပန္န ပုဂ္ဂိုလ် ဖြစ်ပါပြီကွတဲ့ (မှန်ပါ့) အင်မတန် အဖိုးတန်သွားပြီနော်။

ဆုတောင်းနဲ့မရအလုပ်လုပ်မှပေါ်တာ

အဲဒီတော့ ခင်ဗျားတို့ ဓမ္မာနုဓမ္မ ပဋိပတ္တိ၊ ပဋိပန္န ပုဂ္ဂိုလ် ဆိုတာသည်၊ ဒကာစိန်ရေ အလုပ်နဲ့ ပေါ်တာနော်၊ ဆုတောင်းနဲ့ ပေါ်တာမဟုတ်ဘူး၊ ဒကာစိန်သဘောကျပလား (ကျပါပြီ ဘုရား)။

ဣမာယဓမ္မာနု ဓမ္မပဋိပတ္တိယာနဲ့၊ မဆိုင်သေးဘူး၊ (မဆိုင်သေးပါ ဘုရား) မဆိုင်သေးဘူး၊ မဆိုင်သေးဘူး၊ ဒါအလုပ်နဲ့ ပေါ် ရမယ်၊ (မှန်ပါ့)။

ကိုင်း ယခု ဒုတိယရလိုက်တာက ဘာပြောသလဲလို့ မေးလို့ရှိရင်ဖြင့် ကြပ်ကြပ်ရှုပေးပါ၊ ဒီဝေဒနာကြီးကို စွန့်ချင်တဲ့ ဉာဏ်ပေါ်သည့် တိုင်အောင် ရှုပေးလိုက်ပါလို့ ဘုန်းကြီးက မပြော ဘူးလား (ပြောပါတယ် ဘုရား)။

ဘုရားဟောလို့ပြောရဲတာ

အဲဒါ ဘုရားဟောလို့ ပြောရဲတာ (မှန်ပါ) ဝိရာဂါယ-ကို ဝိရာဂါယ- ဝေဒနာပေါ်၌ စွန့်ချင်တဲ့ ဉာဏ်ပေါ် သည့် တိုင်အောင် ပေါ့ဗျာ၊ အဲဒီကဲ့သို့ စွန့်ချင်တဲ့ ဉာဏ်ပေါ် သည့်တိုင်အောင် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ရှုပေးတော့၊ လောကုတ္တရာ တရား လျှော်သော လောကုတ္တရာတရားကို လျှော်အောင် စွန့်နေတဲ့ ဓမ္မာနုဓမ္မပဋိပန္န ပုဂ္ဂိုလ် သေသေချာချာဖြစ်ပြီဟေ့လို့ ဘုရားက တာဝန်ခံတယ်၊ မှန်ပါ့ဘုရား။

“ဓမ္မာနု ဓမ္မပဋိပန္နော ဘိက္ခူတိ အလံ ဝစာနာယ” – ဘိက္ခု – ရဟန်း ဓမ္မာနုဓမ္မပဋိပန္နော ဣတိတရားအတိုင်း၊ လောကုတ္တရာ တရားအား လျှော်သော၊ လျှော်သောအကျင့်ကို ကျင့်သော ပုဂ္ဂိုလ်ဟူ၍ ဝစနာယ – ဆိုခြင်းငှာ အလံ-ထိုက်သွား ပြီဟေ့ သူနိဗ္ဗာန်လျှော်အောင် ကျင့်ပြီဟတဲ့ (မှန်ပါ့ ဘုရား)။

နိဗ္ဗာန်နဲ့လျှော်တဲ့ အကျင့်ကျင်ပြီတဲ့ (မှန်ပါ့) ဒါတင်ပဲလား ဆိုတော့ ဆက်ပါဦးကွာတဲ့ ဒါကတော့ ကျင့်ဖို့ မဟုတ်ပါဘူး၊ ဒကာ ဒကာမတို့၊ ဘယ်လိုဖြစ်ပေါ်လာသတုံး ဆိုတော့ ဝိရာဂါယ ဆိုတော့ မဂ်ရနေပြီ၊ (မှန်ပါ့ ဘုရား)။

မဂ်ရနေတဲ့ ပုဂ္ဂိုလ်သည်ကားလို့ ဆိုလို့ ရှိရင်ဖြင့် တဲ့ဘုရား က နိရောဓာရ ဒီမဂ်ကလေး သောတာပတ္တိမဂ်ရရုံနဲ့ ရပ်မနေနဲ့ဦး။

ဒါ-မဂ်ကလေးရရုံနဲ့ ဖိုလ်ကလေး ဆိုက်ရုံနဲ့ ရပ်မနေနဲ့ အုံး၊ တစ်ခါတည်း ဝေဒနာနဲ့ အဆက် ပြတ်သည့် တိုင်အောင်၊ ဝေဒနာကြောင်းကို ချုပ်မှနေရာကျမှာ တိုင်အောင် ကျင့်လိုက် စမ်းကွာ။

အနာဂါမ်နဲ့တင်းတိမ်မနေ့နဲ့

ဒီလိုနဲ့ ဝေဒနာက္ခန္ဓာကြီး ကိုပင်လျင် အကုန်နိဗ္ဗာန် ရောက်အောင် ကျင့်လိုက်ကွာ၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်နဲ့ တင်းတိမ် မနေနဲ့အုံးကွာ၊ ဟုတ်လား၊ ဝေဒနာကို ချုပ်ပျောက် သွားသည့် တိုင်အောင် နေရာကျအောင် ပေါ့၊ မင်းတို့သည်ကားလို့ဆိုရင် ကြိုးစားလိုက်ပါဦး ဆိုတာက တော့ ဒကာ ဒကာမတွေ ဒီဥစ္စာက၊ ဘုရားသခင်ကိုယ်တော်မြတ် က နိဗ္ဗာန်ရောက်ပြီလို့ ပြောတာပါ။

ပြောတာပါ ဒီဥစ္စာကတော့ အထူးကျင့်စရာမလိုတော့ ပါဘူး မလို့တော့ပါဘူးတဲ့ သို့သော် သောတာပန် သကဒါဂါမ်၊ အနာဂါမ် ကတော့ ရမယ်။

အဲဒီတော့ ဝေဒနာတွေနဲ့၊ သောတာပန် သကဒါဂါမ်၊ အနာဂါမ်ဆိုတော့၊ ဝေဒနာတွေက ရှိနေဦးမှာပေါ့၊ ဝေဒနာ တွေရှိရင် ဝေဒနာတွေက ဒကာ ဒကာမတွေ နှိပ်စက်နေဦးမှာ ပဲ၊ ဟုတ်ဖူးလား။

ရဟန္တာကြီးတွေလည်းမညှာဘူး

အေးဒါကြောင့် သောတာပန်တို့လည်း ဓမ္မဖြစ်ပျက်တွေ က ညှာမှာ မဟုတ်ဘူး၊ သကဒါဂါမ် တို့ကော (ညှာမှာမဟုတ် ပါ ဘုရား) ဘယ်ညှာမလဲဗျာ၊ ရှင်မောဂ္ဂလန်ကြီး ခိုးသားတွေ ရိုက်လိုက်တာ ညှာသေးသလား (မညာပါ ဘုရား) ရဟန္တာ ပုဂ္ဂိုလ်ကြီးပဲဗျာ။

ရှင်သာရိပုတ္တရာကြီးတော့၊ သွေးဝေဒနာကြီးနဲ့ဗျာ၊ အဲဒီ တုန်းကအစ ညှာသေးသလား (မညှာပါ ဘုရား) အဲဒီတော့ ဒီခန္ဓာ ကြီး မရှိမှာပဲ ဝေဒနာ လုံးဝ ချုပ်မှာပဲ၊ ဝေဒနာက္ခန္ဓာကြီးလုံးဝ ချုပ် သည်တိုင်အောင်ပဲ ကျင့်လိုက်ကြတာပေါ့ဗျာ။ (မှန်လှပါ ဘုရား)။

အဲဒီကဲ့သို့ကျင့်တဲ့ပုဂ္ဂိုလ်ကျတော့မှ ဘုရားကပါဠိနဲ့ ဟောလိုက်တဲ့အခါကျတော့

‘‘ဝေဒနာယ စေ ဘိက္ခု နိဗ္ဗိဒါယ ဝိရာဂါယ နိရောဓါယ ပဋိပန္နော ဟောတိ ဓမ္မာနုဓမ္မပဋိပန္နော ဘိက္ခူတိ အလံဝစာနာယ – ဒီလိုဟောလိုက်တယ်။

ဝေဒနာယ ဝေဒနာကို နိဗ္ဗိဒါယ-ငြီးငွေ့အောင်ရှုနော်၊ ဝေဒနာပေါ်တဲ့ဆီ ဘယ်တော့မှ တဏှာ မလာအောင် ကျင့်လိုက်၊ အဲဒီဆီ လူချမ်းသာ နတ်ချမ်းသာကလာဦးမှာကိုး။

လူချမ်းသာနတ်ချမ်းသာ သွားဆုတောင်းတော့ လူ့ဒုက္ခ၊ နတ်ဒုက္ခဆိုတဲ့ ဝေဒနာက္ခန္ဓာကြီးက မရဘူးလား၊ အေး ဝေဒနာ က္ခန္ဓာ ဒုက္ခသစ္စာကြီးကို ရမှာစိုးတယ် ဘုရားက၊ မှန်ပါ့။

ဝေဒနာလုံးလုံးချုပ်မှနေရာကျမှာ

ဒါကြောင့် ဝေဒနာယ – ဝေဒနာကို ဝိရာဂါယ-နည်းနည်း မှ မလိုချင်တပ်ခြင်းကင်းခြင်းငှာ၊ ဒီလိုလည်းကျင့်ပေးကြပါတဲ့၊ မဂ်ပေါ်နေအောင် ကျင့်ပေါ့ဗျာ၊ (မှန်ပါ့) နိရောဓါယတဲ့ ဝေဒနာ လုံးလုံးချုပ်မှ သာလျှင် နေရာကျမှာပဲ ကျအောင်တော့ကျင့်လိုက် စမ်းပါ။

အဲဒီလိုကျင့်လို့ မဂ်စစ်ပေါ်မှ ဓမ္မာနုဓမ္မပဋိပန္န- ပုဂ္ဂိုလ် ဖြစ်နိုင်တယ်၊ ဒီလိုပုဂ္ဂိုလ်ကိုလည်း ဓမ္မာနုဓမ္မပဋိပန္န ပုဂ္ဂိုလ်လို့ငါက ဆိုနိုင်ပါတယ်ကွတဲ့၊ ရှင်းပလား – (ရှင်းပါပြီ)။

အေး – ဓမ္မနုဓမ္မပဋိပန္န ပုဂ္ဂိုလ်ဖြစ်စေလိုတော့ ဒကာ ဒကာမတို့ လုပ်ရမယ့် အလုပ်စဉ်၊ (မှန်လှပါ ဘုရား)၊ ဓမ္မာနု ဓမ္မပဋိပန္န ပုဂ္ဂိုလ်ဖြစ်အောင် ခင်ဗျားတို့ ဘယ်လိုလုပ်မလဲလို့ ဆိုလို့ရှိရင် ဝေဒနာကို ငြီးငွေ့ သည့်တိုင်အောင်ရှုပါ၊ (မှန်ပါ)

ဝေဒနာကို စွန့်ချင်သည့်တိုင်အောင်ရှု၊ ဝေဒနာကို ဆုံးအောင် မြင်သည့်တိုင် အောင်ရှု၊ ဝေဒနာ အကုန်ချုပ်ရင် ကောင်းလေစွ ဆိုတာ ပေါ်သည့်တိုင် အောင်ရှုပေး။

သေက္ခပုဂ္ဂိုလ်

အဲဒီကဲ့သို့ရှုတဲ့ပုဂ္ဂိုလ်ကျတော့ ဓမ္မာနုဓမ္မပဋိပန္နပုဂ္ဂိုလ်လို့ ဘုရားကဆိုလိုက်ပြီ၊ (မှန်ပါ့) ဆိုတာပေါ့ဗျာ သေက္ခပုဂ္ဂိုလ် တစ်ခါတည်း သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်ကျအောင်ပဲ၊ ရောက်သွားပြီလို့ ပြောတာ၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အဲဒါကြောင့် အဋ္ဌကထာဆရာက ၂-နံပါတ် ဆိုတာတဲ့ သေက္ခပုဂ္ဂိုလ်အတွက်တဲ့ သေက္ခဆိုတာ သောတာပန် သကဒါဂါမြဲ အနာဂါမ်ကိုဆိုတာ (မှန်ပါ့ ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတို့ အဲဒီကျအောင် ကျင့်ရင် ဖြင့် ခင်ဗျားတို့ သောတာပန် သကဒါဂါမ် အနာဂါမ် ကျအောင် သေသေချာချာ ဖြစ်မယ် (မှန်ပါ့)။

ငြီးငွေ့ပြီးလာအောင်ရှု၊ စွန့်တဲ့စိတ် လာအောင် ရှုပေး၊ ရှုရှု ပေး၊ ဟုတ်လား အဲဒီကဲ့သို့ ဒီနှစ်ချက် အောင်လို့ရှိရင် သေက္ခ ပုဂ္ဂိုလ်အတွက်။

အဲတော့ ကျုပ်တို့သည် ဓမ္မာနုဓမ္မပဋိပန္န ပုဂ္ဂိုလ်ဆိုတဲ့ အထဲသို့ ခင်ဗျားတို့ ကျုပ်တို့သည် ရောက်ပါပြီ၊ အဲဒါ သေက္ခ ပုဂ္ဂိုလ် (မှန်ပါ့ ဘုရား)၊ ဓမ္မာနုဓမ္မ ပဋိပန္နပုဂ္ဂိုလ် (မှန်ပါ)။

ဓမ္မာနုဓမ္မပဋိပန္နပုဂ္ဂိုလ်ဆိုတာ

ဘုရားဟော ဓမ္မာနုဓမ္မပဋိပန္နပုဂ္ဂိုလ်ဆိုတာ မသိဘဲနေ မှာစိုးလို့ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် ဖြစ်သွားပြီပြော တာကွတဲ့ အဋ္ဌကထာဆရာကနော်။

အဲဒါကြောင့် ဒကာ ဒကာမတို့ ဘုန်းကြီး အရှုခိုင်းနေတဲ့ နေ့တိုင်း ဝေဒနာကို ငြီးငွေ့ပြီး လာအောင် ရှုစမ်းပါ။ စွန့်လွှတ်ချင် လာအောင်နော်၊ စွန့်လွှတ်ချင်လာအောင် ရှုလိုက်၊ ရှုလိုက်ကြလို့ ရှိရင်ဖြင့် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်ပဲ အဋ္ဌကထာ ဆရာကလည်း ရပြီပေါ့တဲ့၊ ဓမ္မာနုဓမ္မပဋိပန္န ပုဂ္ဂိုလ်ကို ဖြစ်နေပဟ (မှန်ပါ့)။

ဒကာစိန်ရေ သိပ်ပြီးအားရှိစရာကောင်းသနော်၊ ရှုကြစမ်း ပါ၊ ရှုကြစမ်းပါဆိုတာ ဘုန်းကြီး တိုက်တွန်းတာက နည်းနည်း၊ ခင်ဗျားတို့ ရှုလိုက်လို့ အမြတ်ထွက်မှာက များများပါ (မှန်ပါ့ ဘုရား)၊ ဟုတ်လား။

ဒါ ရှုရမှာက နည်းနည်းပါ၊ အမြတ်ထွက်မှာက သိပ်များ တယ်ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

ကိုင်း- ဒါဖြင့် ဒကာ ဒကာမတို့ ဒီတရားဟာ သိပ်အဖိုး တန်လို့ ယနေ့ပြောနေရတယ်။ တတိယ မေးခွန်းက ရဟန်းက မေးပြန်တယ်။

(၃) ယခုဘဝနိဗ္ဗာန်ရမည့်ပုဂ္ဂိုလ်

အရှင်ဘုရား ယခုဘဝ နိဗ္ဗာန်ရမယ့်ပုဂ္ဂိုလ်ဆိုတာ တပည့် တော်သိချင်တယ် (မှန်ပါ့)၊ အမယ် မေးချက်ကတော့ ကောင်း လိုက်တာ၊ မေးချက်ကတော့ သိပ်ကောင်းတယ် ဒကာ ဒကာမ တို့ (မှန်ပါ့ ဘုရား)။

ယခုဘဝ နိဗ္ဗာန်ရမယ့်ပုဂ္ဂိုလ်ဆိုတာ တပည့်တော်သိချင် တယ်။ ဟိုး အလွယ်ကလေး ရဟန်းကတဲ့၊ ယခုဘဝနိဗ္ဗာန် ရမယ့်ပုဂ္ဂိုလ်ဟာ သူ့အလုပ်စဉ် ကြည့်လိုက်ရင် သိသာပါတယ် ကွတဲ့။

လာပြန်ပြီဟေ့ ဒကာစိန်က

ဝေဒနာယ စေ ဘိက္ခု နိဗ္ဗိဒါ ဝိရာဂါ နိရောဓါ အနုပ္ပာဒါ ဝိမုတ္တော ဟောတိ ဒိဋ္ဌဓမ္မနိဗ္ဗာန ပွတ္တာ ဘိက္ခုတိ အလံ ဝစာနာယ

ဒိဋ္ဌဓမ္မ နိဗ္ဗာနာယ အလံ ဝစာနာယ – ချက်ချင်း ဒီဘဝနိဗ္ဗာန်ရမည့်ပုဂ္ဂိုလ်လို့ ဆိုတယ်ဆိုတဲ့ အဓိပ္ပါယ်ရတယ် (မှန်ပါ့)၊

ဒါ ဘာကြောင့်တုံးဆိုတော့၊ ဝေဒနာယ ဝေဒနာကို၊ နိဗ္ဗိဒါယ – ငြီးငွေ့ခြင်းကြောင့်၊ ဝိရာဂါ – တပ်ခြင်းကင်းခြင်းကြောင့် (ဝါ) နည်းနည်းမှ ဝေဒနာကြီးအပေါ် မလိုချင်ခြင်းကြောင့်၊ ဝေဒနာ ပစ္စယာ တဏှာ သေသွားတာ လိုချင်သေးရဲ့လား (မလို ချင်ပါဘူး ဘုရား)၊ နိရောဓါ – ဝေဒနာ၏ ချုပ်ခြင်းကြောင့်၊ အနုပ္ပါဒါ အနုပါဒါယ – ဘယ်ဟာမှမဆက်၊ ဘယ်ဟာမှ မစွဲလမ်းမူ၍၊ ဝိမုတ္တော – လွတ်သော ပုဂ္ဂိုလ်ကို ဒိဋ္ဌဓမ္မနိဗ္ဗာနပ္ပတ္တောတိ – ယခုဘဝ နိဗ္ဗာန်ရမယ့်ပုဂ္ဂိုလ်ဟူ၍ ဘိက္ခု – ရဟန်း၊ ဝစာနာယ ဆိုခြင်းငှာ အလံ – သေသေချာချာထိုက်သွားတယ်ကွာ။

တစ်ခါတည်း ခင်ဗျားတို့ ဝေဒနာရှုနေတဲ့ပုဂ္ဂိုလ်သည်တဲ့ ဝေဒနာနိရောဓောတိ ဝေဒနာကလည်း လိုချင်မှုမရှိပါဘူး။ ဝေဒနာက လိုချင်မှုမရှိတော့ဘူး၊ ဝေဒနာကို ဘယ်ဝေဒနာကြိုက်သေး သတုံး၊ ခန္ဓာငါးပါးနဲ့ မစွဲလမ်းတော့ဘူးတဲ့။

ဒိဋ္ဌဓမ္မနိဗ္ဗာနပုဂ္ဂိုလ်

တစ်ခါတည်း ဝေဒနာကို ခင်တွယ်တဲ့သမားတွေ အကုန် လိုက်မသွားသေးဘူးလား (လိုက်သွားပါတယ် ဘုရား)၊ အဲဒီလို လိုက်သွားတယ်ဆိုရင်ဖြင့် ဒိဋ္ဌဓမ္မနိဗ္ဗာနပုဂ္ဂိုလ်၊ ဒိဋ္ဌဓမ္မက – ယခု ဘဝ၊ နိဗ္ဗာနက ငြိမ်းအေးတယ်၊ ယခုဘဝတွင် နိဗ္ဗာန်ရောက်တဲ့ ပုဂ္ဂိုလ်လို့ ဆိုမယ်ဆိုကွာတဲ့။

ကိုင်း ဒကာ ဒကာမတို့ အင်မတန်အားရှိစရာကောင်းပါ လား (ကောင်းပါတယ် ဘုရား)၊ အင်မတန် အားရှိစရာ ကောင်းပါ တယ်။

အင်မတန်အားရှိစရာ ကောင်းပါတယ်၊ အဲဒါကြောင့် ဒကာ ဒကာမတွေက ထင်မှာပေါ့၊ ဪ-ဒို့သည်ကားလို့ဆိုလို့ ရှိရင် ဆရာဘုန်းကြီးကလည်း ဝေဒနာတွေချည်း ရှုခိုင်းတယ်၊ ငြီးငွေ့ပြီလားလို့ ဆိုရင် ငြီးငွေ့လာရင် အားကျလိုက်ပါ၊ ငါ – ဒီဘဝကို နိဗ္ဗာန်ရမှာဟ (မှန်ပါ့)။

ဒီဘဝနိဗ္ဗာန်ရမယ်

ဝေဒနာကြီးကိုပဲ ရကိုမရချင်တော့ပါဘူးဆိုလို့ရှိရင် အင်း- ဒါကတော့ ဖြစ်မှာ ဘုရား ဟောတော်မူတဲ့ အတိုင်း ဝေဒနာ လုံးဝမရချင်လို့ရှိရင်လည်း ဒီဘဝ နိဗ္ဗာန်ရနိုင်တယ်။

တဏှာ၊ မာန၊ ဒိဋ္ဌိတို့နဲ့ ဘယ်တော့မှ သူတို့အပေါ် စွဲလမ်း ခြင်းမရှိတော့ဘူး ဆိုတော့လည်း ခင်ဗျားတို့ သန္တာန်ပေါ်လာလို့ရှိ ရင် ယခုဘဝ နိဗ္ဗာန်ရပြီလို့ ငါဘုရားက သူတို့အတွက်ဆိုလိုက်ပါ တယ်ကွာတဲ့၊ ဆိုတော့ ဒကာ ဒကာမတို့ ယနေ့တရားက အလုပ် လုပ်တဲ့ပုဂ္ဂိုလ်အတွက်မှာဖြင့် စိတ်နှလုံးလုံး အတော်ကောင်းပါ တယ်။

တို့သည်ဘယ်အချိုးအစားထဲကပါလိမ့်

အလုပ်မလုပ်တဲ့ ပုဂ္ဂိုလ်တွေ အတွက်မှာတော့သူ့မှာ ဒါလောက် ကျေးဇူးမများဘူး၊ အလုပ် လုပ်နေတဲ့ ပုဂ္ဂိုလ်တွေ အတွက်မှာဖြင့်၊ အင်း တို့သည်ကားလို့ဆိုရင် ဘယ်အချိုး အစားထဲကပါလိမ့်၊ ဘယ်ရောက်မှာပါလိမ့်မတုံးလို့ မေးတော့၊ ကွာတဲ့ ဒိဌဓမ္မနိဗ္ဗာနပုဂ္ဂိုလ် ဆိုတာ တခြားအောက်မေ့ မနေပါနဲ့ ယခုဘဝ နိဗ္ဗာန်ရမယ့်ပုဂ္ဂိုလ်လို့ ဆိုရမယ်။

ဝေဒနာရှု၍ နေခြင်းကြောင့်တဲ့ ဝေဒနာအပေါ်၌ ခင် တွယ်မှု တဏှာ သေခြင်းကြောင့် ဝေဒနာချုပ်ရာ နိဗ္ဗာန်ကြီး ကိုလည်း အလင်းဓာတ်ကြီး မြင်နေခြင်းကြောင့် ဝေဒနာသုံး မျိုးအပေါ်၌ ဘယ်ဟာမှ မခင်တွယ်ခြင်းကြောင့် ယခုအခြေအနေမျိုး ရောက်အောင် ဒကာ ဒကာမတွေ ကြိုးစားလို့ ရှိရင်ဖြင့် အင်း နိဗ္ဗာန်ယခုဘဝရမယ်လို့ ဟောထားပြန်တော့ ဒကာစိန်ရေ ခါးတောင်းကြိုက် မဖြုတ်နဲ့နော် (မှန်ပါ့ ဘုရား)။

ခါးတောင်းလည်းကြိုက်အလုပ်လည်းလုပ်ပါ

အေး အားရှိတယ်ဆိုမှ ခါးတောင်းကြိုက်ပြီး ဘာမှမလုပ် ဘဲနေလို့လဲ မဖြစ်ဘူး၊ မဟုတ်ဘူးလား၊ အင်း ခါးတောင်းကြိုက် ပြီး ဒီအတိုင်းနေလို့လည်း မဖြစ်သေးပါဘူး၊ အင်း နိုးနိုးကြား ကြားခဲ့ ကြိုးကြိုးစားစား လုပ်လိုက်လို့ရှိရင် ဒိဋ္ဌဓမ္မ၊ ဒိဋ္ဌိဓမ္မ ဆိုတာ အခုဘဝ ပေါ့ဗျာ၊ ဒိဋ္ဌဓမ္မာတိ ပစ္စက္ခာ အတ္တဘာဝေါ လို့ ဖွင့်ထားတယ်။

ပစ္စက္ခာ ဆိုတာ ယခုပစ္စက္ခ၊ ဒိဋ္ဌဓမ္မောတိ ပစ္စက္ခာလို့ ဟုတ်လား၊ ယခုဘဝ ပစ္စုပ္ပန္နောလို့ ဆိုလိုက်တော့ ယခုဘဝ၊ ယခုပစ္စုပ္ပန် ခဏ၌ကိုပင်လျှင် ဒကာ ဒကာမတို့ နိဗ္ဗာန်ရနိုင်တယ်တဲ့။

ဝေဒနာပေါ်၌ ငြီးငွေ့အောင်ရှု၊ မလိုချင်အောင်ရှု၊ ရှုခဲ့လို့ ရှုတုန်းတန်ပြီဆိုမှဖြင့် ယခုဘဝ နိဗ္ဗာန် ရနိုင်တဲ့ပုဂ္ဂိုလ်လို့ ငါဘုရားက ဆိုလိုက်ပါတယ်၊ ဆိုတော့ ဘယ်လောက်အားရှိ စရာကောင်းလဲဟေ့ ဒကာစိန်က အားရှိစရာသိပ်ကောင်းတယ်။

ခင်ဗျားတို့အတွက်မှာဖြင့် အင်မတန်ထူးတဲ့ကံကြောင့် ဒီလိုအားကိုးလောက်တဲ့စကားတွေ အားကိုး လောက်တဲ့တရားတွေ ဦးလှဘူးတို့ ဒကာစိန်တို့ကြားရတယ်။

ပါရမီထူး၊ ဘုန်းထူး၊ ကံထူး၊ ဉာဏ်ထူးတွေ

ဘုရားကိုယ်တော်တိုင် ဟောတာ၊ သူများပြောလည်း မဟုတ်ဘူး၊ ဟုတ်ဘူးလား၊ ဘုရား ကိုယ်တော်တိုင် ဟောတာကို လည်း ကြားရပြန် ကိုယ်လုပ်နေတဲ့အလုပ်နဲ့လည်းကိုက်ပြန်ဆိုတော့ ဒကာစိန်ရေ အရင့်အရင်က ကျုပ်တို့သည်ကားလို့ဆိုရင် ပါရမီထူး၊ ဘုန်းထူး၊ ကံထူး၊ ဉာဏ်ထူးဆိုတာ ခင်ဗျားတို့ အတွက်အင်မတန် ဝမ်းသာဖို့ကောင်းပါတယ်။

အင်မတန်ဝမ်းသာဖို့ကောင်းတယ် ဒကာ ဒကာမတို့ ကြည့်စမ်း ဒီသုံးချက်မှာ ဒုတိယ အချက်ထဲလည်း ကျုပ်တို့အတွင်း ဝင်နေကြပြီ၊ တတိယအချက်ထဲ လုပ်နေတဲ့ပုဂ္ဂိုလ်တွေ ငြီးငွေ့ နေပြီဗျ (မှန်ပါ ဘုရား)။

ကိုင်း တချို့ကလည်း စွန့်လွှတ်ဖို့ရာ တဲတဲပဲ ကျန် တော့တယ်ဗျ။ အဲတော့ ဒိဋ္ဌဓမ္မနိဗ္ဗာန ပုဂ္ဂိုလ် အမျိုးအစား၌ သေ သေချာချာ ဆိုက်ရောက်ပါပေါ့လား၊ ဟုတ်ပလား၊ သေသေချာချာ ဆိုက်ရောက်ပြီး သကာလ နေကြပြီ၊ ဒါကြောင့် ဒကာ ဒကာမတို့ ပန်းတိုင်နား ရောက်နေမှ မဆွတ်ဘဲနဲ့တော့ မပြန်ပါနဲ့ (ဟုတ်ပါတယ် ဘုရား)။

ပန်းဆွတ်ဖြစ်အောင်ဆွတ်ပါ

ပန်းတိုင်ဆွဲလိုက်တဲ့အခါကျတော့ အောင်ပွဲယူတာ မဟုတ်လား ၊ငါက ပန်းရတယ်၊ သူက ပန်းရတယ်၊ ရေတွေ မြောကြတယ်၊ ဟုတ်လား။ အဲဒီပန်းတိုင်နား ရောက်နေမှဖြင့် ဟယ် မဆွတ်သေးပါဘူးလို့ မပြန်လိုက်ပါနဲ့၊ မပြန်လိုက်ပါနဲ့၊ နိဗ္ဗိန္ဒဉာဏ် ဆိုတာငြီးငွေ့တဲ့ဉာဏ်၊ (မှန်ပါ)။

ဝိရာဂ ဆိုတာက၊ တကယ်ကို ဝေဒနာကြီးကို ရှင်းပစ် ချင်တဲ့ဉာဏ်၊ အဲဒီဉာဏ် ရောက်လာအောင် ဒကာ ဒကာမတွေ ကြိုးစားလိုက်ပါ၊ အဲဒါ ပန်းတိုင်ဖြစ်ပါတယ်။

အဲဒီတော့ ဒိဋ္ဌဓမ္မနိဗ္ဗာန ပုဂ္ဂိုလ်ဖြစ်သည့်တိုင်အောင်ဖြင့် ဒကာစိန်ရေ လုပ်လိုက်၊ (လုပ်မှာပါ ဘုရား)၊ ဟုတ်လား၊ ဒိဋ္ဌဓမ္မ နိဗ္ဗာနပုဂ္ဂိုလ်၊ ဒိဋ္ဌဓမ္မ ဆိုတာ ယခုဘဝ၊ နိဗ္ဗာန ဆိုတာ ငြိမ်းအေး တာ၊ ဟာ ယခုဘဝ ငြိမ်းအေးပြီး ရမယ့်ပုဂ္ဂိုလ်၊ (မှန်လှပါ ဘုရား)။

စွန့်လွှတ်ချင်တဲ့ဉာဏ်ရအောင်လုပ်စမ်းပါ

နိဗ္ဗိန္ဒဉာဏ်က နေပြီး စွန့်လွှတ်ချင်တဲ့ဉာဏ် ရအောင် သွားလိုက်ကြစမ်းပါလို့၊ သေသေချာချာ သတိပေးနေတယ်။

ကိုင်း ဒါဖြင့် ယနေ့ဟောတဲ့ အချက်သုံးချက်သည် ဒကာစိန်ရေ အင်မတန် အသုံးကျတယ်၊ ပထမတရားနာ နည်းလည်း ခင်ဗျားတို့ရကြပြီ၊ ကိုယ်တိုင်ကျင့်တဲ့အခါ ဘယ်ရောက်အောင် ကျင့်ရမယ် ဆိုတာကော (ရပါပြီ ဘုရား) ရပြီ၊ နိဗ္ဗိန္ဒဉာဏ်ကနေပြီ လွတ်မြောက်ချင်တဲ့ ဉာဏ်ရအောင် ကျင့်ကွ (မှန်ပါ့)။

အဲဒီလို ကျင့်ပြီးပါပြီ ဘုရားဆိုတော့၊ အို ဒါတွေ တွေ့တော့ ယခုဘဝ နိဗ္ဗာန်ရမယ့်ပုဂ္ဂိုလ်လို့ ကိုယ့်ကိုယ်ကိုယ် ဆုံးဖြတ်ချက် ချလိုက်တာပေါ့ကွတဲ့၊ ကိုင်း ဘယ်လောက် အဖိုးတန်သွားသလဲ သေချာပြီ။

သူများပြောလား၊ ကိုယ်တော်ကြီး ကိုယ်တိုင်ပြောတာ လား (ဘုရားကိုယ်တော်တိုင် ပြောတာပါဘု ရား) အေး ဒါကြောင့်။

ဇေတဝန်ကျောင်းမှာဟောပါတယ်

ဒီပါဠိတော် ကို သေသေချာချာ သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ ရဟန်းတစ်ပါးက မေးလို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက အဖြေထုတ်တာပါ ဆိုတာကိုလည်း သဘောကျပလား (ကျပါပြီ ဘုရား)။

ဟောတော့ ကျုပ်တို့ဖြင့် အားကိုးလုံးကြီးနဲ့ တွေ့ပြီး ဒကာစိန် (တင်ပါ့ ဘုရား)။ အားလျှော့စရာ တစ်ကွက်မှ မရှိပါဘူး၊ အားလျှော့စရာ မရှိပါဘူး အားလုံးပဲ အပြည့်အစုံရပြီး သကာလ နေပါပြီ။

ကိုင်း- ဒါဖြင့် ကျုပ်တို့နေ့တိုင်း လုပ်နေတဲ့ အလုပ်သည် ဒကာ ဒကာမတို့ ချက်ချင်းပဲ၊ ဒီဘဝနိဗ္ဗာန် ရနိုင်တဲ့ ဥစ္စာကို ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ထောက်ခံချက်ပေးပြီ၊ မပေး ဘူးလား (ပေးပါတယ် ဘုရား)။

ဘုရားက တစ်ခွန်းနဲ့ အမှန်ဟောတယ်

အေး ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ထောက်ခံ ချက်ပေးတယ် ဆိုသဖြင့် အဒွေဇ္ဈဝစနာ ဗုဒ္ဓါ တဲ့ ဒကာစိန်၊ ဗုဒ္ဓါ ဘုရားသခင် ကိုယ်တော်မြတ်ကြီးတို့သည် အဒွေဇ္ဈဝစနာ နှစ်ခွန်း မပြောကုန်၊ ကြည့်စမ်း ဒီအတိုင်းလာတဲ့ ဉာဏ်ကနေပြီး နိဗ္ဗိန္ဒဉာဏ် ကနေပြီး စွန့်လွှတ်ချင်တဲ့ဉာဏ်သာ စွန့်မိလို့ ရှိရင်ဖြင့် ယခုဘဝ နိဗ္ဗာန်ကြီးကို ဒိဋ္ဌဓမ္မ – ရောက်မည့် ပုဂ္ဂိုလ်ဖြစ်ပါသည်လို့ တစ်ခွန်း တည်း သုံးသွားတယ်။

တစ်ခွန်းတည်း သုံးသွားတဲ့အတွက် ဒကာ ဒကာမတို့ ဆယ့်တစ်မီးငြိမ်း၍ အအေးဓါတ်ကြီး ဆိုတဲ့ နိဗ္ဗာန်ဓါတ်ကြီးဟာ ဝင်မလာဘူးလား (ဝင်လာပါတယ်)၊ အဲဒါကြောင့် ဒကာ ဒကာမတို့ အားထုတ်တဲ့ အခါကျတော့ ဆယ့်တစ်မီးများငြိမ်းတဲ့ အခါ တယ်သိသာသကိုးဗျ (မှန်ပါ့)။

မီးဆယ့်တစ်မီးငြိမ်းတယ်

ဆယ့်တစ်မီးများငြိမ်းသွားလို့၊ သောတာပတ္တိ မဂ်ရလို့ သောတာပတ္တိမဂ်နဲ့ ဆိုင်တဲ့ ဆယ့်တစ်မီးများ ငြိမ်းလိုက်တယ်လို့ ဆိုရင်ပဲ၊ အင်မတန်အဘိုးတန်တဲ့ အအေးဓာတ်ကြီးဟာ ဝမ်းထဲကို ရောက်ပြီး လာတော့တာပေါ့ဗျာ၊ ဒါကြောင့် ဟဒယ သုသီတလ မဂ္ဂဒဿနေန သန္တာပဋ္ဌောကိုဗျာ ဟဒယ သုသီတလ မဂ္ဂဒဿနေန နှလုံးထဲငြိမ်းအေးခြင်း လက္ခဏာရှိသော မဂ္ဂသစ္စာ ပေါ်အောင် ထင်ရှားအောင်လို့ ပြပြန်တယ်။

အားထုတ်တဲ့ပုဂ္ဂိုလ်များ အတွက် ငြိမ်းအေးဓါတ်လာလို့ ရှိရင် ငါဘာဖြစ်သတုံးဆိုတာ သေသေချာချာ ဆုံးဖြတ်ချက်ချ နိုင်အောင်လို့ (မှန်ပါ့) ဒါကြောင့် အရေးတကြီးထားပြီးပြော နေတာ။

ဟဒယသုသီတလမဂ္ဂဒဿနေန နှစ်လုံးတွင် ငြိမ်းအေး ခြင်းသဘောရှိသော မဂ္ဂသစ္စာဝမ်းထဲ ရောက်သဖြင့်၊ မဂ်ကလေး ကတော့ ဝမ်းထဲ ရောက်ပြီ ဆိုပါတော့ဗျာ (မှန်ပါ့)။

သန္တာပဋ္ဌော၊ ထောင့်ငါးရာကိလေသာမီး၊ တစ်ဆယ့်တစ် ပါးသော မီးတွေငြိမ်းခြင်းသည် ဟောတိ ယောဂီပုဂ္ဂိုလ်၏ ဉာဏ်ထဲ၌ထင်လာ၏။

ဘာအေးတာနဲ့မှမတူဘူး

ခုနက ဝိရာဂါယ- ဖြစ်ပြီဆိုမှဖြင့် ရာဂကလေးများ ကင်းပြီ ဆိုမှဖြင့် နှလုံးထဲကို မဂ်ကလေး ကလည်း ရောက်လာတော့ ငြိမ်း အေးသွားတဲ့ သဘောဟာ ဘာအေးတာနဲ့မှ မတူဘူးတဲ့ (မှန်ပါ့ ဘုရား) တစ်ခါတည်း အေးပေမှာပဲ၊ ပဋိသမ္ဘိဒါမဂ်ဋီကာ ဆရာ အကျယ်ဖွင့်တဲ့အတိုင်း အေးပေမှာပဲ (မှန်ပါ)။

ခင်ဗျားတို့နေ့တိုင်း နေ့တိုင်းဟာက လောဘမီး၊ ဒေါသမီး မောဟမီးတွေက ပူလောင်နေတာ၊ ဣဿမီး၊ မစ္ဆရိယမီး၊ မာနမီးတွေဟင် ဒါတွေဟာ လောင်ပြီး သကာလ နေတော့ အငြိမ်းပြုစုလို့ရလား (မရပါ ဘုရား)။

တွေးလေဆွေးလေ၊ တွေးလေဆွေးလေ၊ အဲဒီတော့ မနေ့ ညကလည်း မသက်သာ၊ ညကျတော့ ညရေး စိုးရိမ်ရ၊ နေ့ကျ တော့ နေရေး အတွက်စားဖို့ သောက်ဖို့ရှာရလို့ပြည့်စုံမှု စိုးရိမ်ရ ကြောင့်ကြရ၊ အမလေး အမြဲပူလောင်နေတာပါလား။

အဲဒီ ပူလောင်စာကြီးဟာ၊ ခုနက ဝေဒနာပေါ်၌ သိနိုင်တဲ့ ဉာဏ်ကလေးဟာ ဖျတ်ခနဲ့ ဝမ်းထဲ ပေါ်ပါရောတဲ့ဗျာ၊ ဒီအပူလေး တွေဟာ အကုန်ငြိမ်း သကာလ ဒကာ ဒကာမတို့ အေးပြီး သကာ လ သွားတော့တာပဲ။

မဂ်စစ်လာပြီ ဆိုမဖြင့်လေ၊ ကိလေသာမီးတွေ အကုန် ငြိမ်းပြီး အအေးဓါတ်ကြီးချည့်ပဲ၊ အားလုံး ဆိုမှဖြင့် ခန္ဓာကိုယ်ထဲ အကုန်သိမ်းပြီး ဝင်လာတော့တာပဲ (မှန်လှပါ ဘုရား) ဒကာစိန်ရေ လောဘတို့ မောဟတို့ဆိုတာ ဒီက ဒီကလာတာ (မှန်ပါ)။

အအေးဓါတ်ဝမ်းထဲရောက်လာတယ်

ကိလေသာမီးတွေငြိမ်း၊ အအေးဓါတ် အကုန်သိမ်းကြုံ ပြီး သကာလ ဟာ ဝမ်းထဲ ရောက်လာတယ်၊ အဲဒီရောက်လာတာ တွေက ဘာတွေတုံးလို့ မေးတဲ့အခါကျတော့ မဂ်စစ်တွေ၊ (မှန်ပါ)။

ကိလေသာမီးတွေ အကုန်ငြိမ်းလို့ အေးချမ်းတဲ့ တရားဝမ်း ထဲရောက်လာတော့၊ အအေးကြီး မအေးပေဘူးလား- (အေးပါ တယ် ဘုရား)၊ ခါတိုင်းကတော့ အမြဲတမ်း ဖုတ်ပူမီးတိုက်၊ ငါးရံ့ ပြာလူး ဆိုသလိုနေရတာ၊ မဟုတ်ဘူးလား (ဟုတ်ပါတယ်)

အေး ဖုတ်ပူတွေထဲ ပြေးရတဲ့ အခါကျတော့ ခြေထောက် ကလေးတကြွကြွနဲ့ မီးမြိုက်တဲ့ အခါကျလို့ ရှိရင်ဖြင့် တွန့်လိမ်ပြီးသ ကာလနေတုံး၊ (ဟုတ်လား)၊ ငါးရံ့ပြာလူး ဆိုတဲ့ဥစ္စာသည် အရှင်ကြီး လူးနေတော့ လှိမ့်ခံပြီး နေရတော့တာပေါ့။

အဲဒီကဲ့သို့ ခင်ဗျားတို့မှာ လောဘမီး၊ ဒေါသမီး၊ မောဟမီး တွေက ဒီနေရာကုလားထိုင်ပေါ် ထိုင်နေလို့လည်းမပြီးသေးဘူး၊ ထိုင်နေလို့မပြီးသေးဘူးဆိုလဲ ထရပြန်ရော၊ ထနေလို့လဲ မပြီးသေးဘူး ဆိုပြန်တော့လည်း ထိုင်ရပြန်ရော၊ (မှန်ပါ့)။

ကိလေသာမီးလောင်နေတယ်

အေး – ထိုင်ရ၊ ထရနေလို့လည်း မပြီးသေးဘူး၊ အိပ်ရင် လည်း အိပ်လိုက်အုံးမှ မအိပ်ပြန် ရောဂါ လာလိမ့်အုံးမယ် (မှန်ပါ့) ဒီလိုပဲ ရောဂါကြောင့်နေရတာက တစ်မျိုး၊ ထိုင်နေရင်း မတ္တနဲ့ ကိလေသာ ဝင်လာလို့ သွားလိုက်ဦးမှ ထင်ပါရဲ့ ဆိုတဲ့ အပူမီး လောင်နေတော့ ဒီနေရာက မထိုင်နိုင် (မှန်လှပါ ဘုရား)။

သွားနေရာကတစ်ဖန် နောက်စိတ်မချလို့ ပြန်လှည့်လာ ရပြန် (မှန်လှပါ ဘုရား) ကိုင်းဒကာ ဒကာမတို့ ထိုင်ရင်လည်း အပူလောင် ထရင်ကော (အပူလောင်ပါတယ် ဘုရား)။

ကိုင်း အိပ်ဦးမှထင်ပါရဲ့ ဆိုတော့ ဒကာ ဒကာမတို့ မအိပ် ရင်ရောဂါရချေရဲ့ဆိုပြီး သကာလ အပူလောင်လို့ သွားအိပ် ရပြန်တယ်၊ (မှန်ပါ့)။

အမလေး ဒကာ ဒကာမတို့ထိုင်နေပြန်ကော၊ ထိုင်နေလို့ ရသလား (မရပါဘူး ဘုရား) ထနေပြန်ကော (မရပါ ဘုရား) အိပ်နေလို့ကော (မရပါ ဘုရား) အိပ်နေပြန်တော့၊ မနက်မိုး လင်းလာတော့ အိပ်နေလို့ မဖြစ်သေးဘူး၊ နေဖို့၊ စားဖို့၊ သောက်ဖို့ သားရေးသမီးရေး ရှိသေးတယ် ဆိုပြီး၊ အပူမီးက ထတောက်လိုက် တာနဲ့ ထရပြန်ရော (တင်ပါ့) ဟုတ်ပလား။

အဲဒီတော့ ခင်ဗျားတို့က အိပ်နေလည်း လောင်တယ်၊ ထိုင်နေကော (လောင်ပါတယ်) သွားနေကော (လောင်ပါ တယ်)၊ အဲဒီတော့ ဒါကြောင့်လည်း သွားရင်းလည်း လောင်တယ်၊ အိပ်ရင်းလည်း လောင်တယ်၊ ထိုင်ရင်းလည်း လောင်တယ် ဆိုတော့ ဒကာစိန်က ခပ်ကပ်ကပ် ခွေနေပါလားဗျာ (မှန်ပါ့ဘုရား ဒီလိုမနေတော့ပါဘူး)။

ခွေနေလည်း လောင်ဦးမှာဘဲ ခွေနေလို့ မဖြစ်သေးဘူး၊ – ဟုတ်ပလား၊ ညစာမနက်စာက လိုသေးတယ်၊ ဘယ်သူမှ ချက်ကျွေးမှာ မဟုတ်ဘူး (မှန်ပါ့ ဘုရား) ဒကာစိန်အတွက် ကလေ၊ စားဖို့သောက်ဖို့ လုပ်ရဦးမယ် ဆိုပြီး၊ ခွေရင်းနဲ့ အပူလောင်တာနဲ့ ထရပြန်ပြီ (မှန်ပါ့)။

မဂ်ဉာဏ်လာမှအကုန်ငြိမ်းတယ်

ဒါဖြင့် ဘယ်လိုနေမတုံးဗျာ ဘယ်လိုမှနေလို့မရတော့ဘူး။ လောင်နေမှာပဲ၊ အဲဒါတွေဟာ ကိလေသာမီးတွေ လောင်နေတာ၊ မဂ်ဉာဏ်လာတော့ ဒီမီးတွေကအကုန်ငြိမ်း၊ (မှန်လှပါ ဘုရား)။

ထိုင်နေလည်းထိုင်အေး၊ ထနေကော (ထအေးပါ ဘုရား)၊ အေး အိပ်နေကြတော့ကော (အိပ်အေးပါ ဘုရား)၊ ကွေးနေပြန် တော့ကော (ကွေးအေးပါ ဘုရား)၊ အဲ အဲဒီလို နေတော့ သူ့သွားပြီး သကာလ ဘယ်အပူမီးကမှ မလောင်နိုင်တော့ဘူး၊ မဂ်ရေစင်တည်း ဟူသော တရားက ဝမ်းထဲမှာ ရောက်သွားတော့လေ (မှန်ပါ့) တစ်ခါတည်း အေးနေရုံ ရှိတော့တာပဲ။

ဒါကြောင့် ပဋိသမ္ဘိဒါမဂ်ဋီကာ ဆရာတော်က ဟဒယ သုတိတလမဂ္ဂဒဿနသန္တာပန္နော။

ဟဒယသုသိတလ မဂ္ဂဒဿနေန နှလုံးတွင်းငြိမ်းအေး ခြင်းလက္ခဏာ ရှိအောင် မဂ္ဂသစ္စာ ဝမ်းထဲ ရောက်မှ သာလျှင် သန္တာပဋ္ဌော -ကိလေသာ အပူမီးကြီး နဂိုက လောင်နေတာ သိရပေတော့ တယ်တဲ့။

နဂိုကအပူလောင်နေတာ

ယောဂီတွေအားထုတ်တဲ့ ပုဂ္ဂိုလ်မှာ လက်ဦးကအပူ လောင်နေတာ ခုမှပဲ ကင်းပေတော့ တယ်တဲ့၊ နဂိုကအပူ လောင်နေတာ အခုမဂ်ရောက်လာတော့မှ အေးသွားတော့မှ နဂိုကဘာ ဖြစ်နေတယ် ဆိုတာ အခုမှလုံးလုံးကြီးပေါ်လာတယ် (မှန်ပါ့ ဘုရား)။

အခုတော့ ဒကာ ဒကာမတွေက ဟုတ်လား၊ ငရုတ်သီး ပိုးဖြစ်နေတာ၊ မသိဘူး၊ ဂွကျ လိုက်တာက (မှန်ပါ) ငရုတ်သီးက ပင်ကိုက အပူကိုဗျ၊ အပူကိုစားတာ ဖြစ်နေတယ်။

အပူတွေက ဆိုက်နေပြီ၊ ညည်းစရာ လိုသေးလား (မလိုပါ ဘုရား)၊ အပူထဲမှာမွေး၊ အပူထဲမှာ နေ၊ အပူထဲမှာသေ၊ ဒီလိုဖြစ် နေတော့ ပူတယ်ဆိုတာညည်းသေးရဲ့ လား။ (မညည်းတော့ပါ ဘုရား)။

ဘာပြုလို့လဲဆိုတော့ အအေးဘယ်တော့မှ မမြင်ဘူး သေးလို့ (မှန်လှပါ ဘုရား)၊ ဟုတ်ပလား။

ဝေဒနာစွန့်ချင်တဲ့ဉာဏ်ရအောင်ရှုပေး

အဲဒီတော့ ဒကာ ဒကာမတို့ ဒီကရှေ့၊ နိဗ္ဗိန္ဒဉာဏ်နဲ့ တရားကိုရှု၊ ရှုပြီးပြီ အခြားမဲ့၌ ဒါတွေဒါတွေ ဝေဒနာကြီးကို စွန့်လွှတ်ချင်တဲ့ဉာဏ် ရအောင် ရောက်သည့် တိုင်အောင်၊ ရှုပေး လိုက်စမ်းပါ ဒကာစိန် (မှန်လှပါ ဘုရား)။

အဲဒီကဲ့သို့ ရှုပေးလိုက်ပြီဆိုမှဖြင့် ဝိရာဂေါတိမဂ္ဂါ ဆိုတဲ့အတိုင်း ရာဂကင်းသွားတဲ့ ဥစ္စာသည်ကား ဆိုလို့ရှိရင် မဂ်ပေါ်လာတယ်။

မဂ်ပေါ်လာရင်ဆယ့်တစ်မီးငြိမ်းတယ်

မဂ်ပေါ်လာရင် ခင်ဗျားတို့ ဆယ့် တစ်ပါးသော ကိလေသာမီးတွေက ငြိမ်းအေးပြီး သကာလ သွားတော့တယ်၊ ဆိုတာကိုယ်ဟာကိုယ် သိပါတယ်၊ ဟုတ်ပလား (ဟုတ်ပါပြီ)။

သူများမေးရမှာလား၊ ကိုယ်တိုင် သိရမှာလား (ကိုယ်တိုင်သိရမှာပါ ဘုရား) အေး ကိုယ်တိုင် သိနေတယ် ဆိုတဲ့ အဓိပ္ပါယ်မို့ ဧကန်ရောက်၊ တကယ်ရောက်ဖြစ်နေ သောကြောင့် အင်း ဒီအလုပ် သည်ကား ဆိုလို့ရှိရင်ဖြင့် အေးချင်လို့ လုပ်တာ ဖြစ်တော့ ခင်ဗျားတို့က အအေးကို ယူလိုက်ကြပါလို့ ဆရာ ဘုန်းကြီးက တိုက်တွန်းတယ် (မှန်လှပါ ဘုရား)။

ခင်ဗျားတို့ က အေးချင်လွန်းလို့ တဲ့ အချိန်ရှိတုန်း လျှောက်လုပ်နေရတယ်၊ ကြီးတဲ့အခါ အေးအေးလေး နေနိုင် အောင်လို့၊ အဲဒီအအေးက အလကား၊ (မှန်ပါ့) ကြီးပူ၊ ပူဦးမှာပဲ၊ ငယ်ပူ၊ ပူပြီး သကာလ အလတ်ပူ၊ ပူဦးမှာပဲ၊ အလတ်ပူ ပူပြီး သကာလ ကြီးတော့အပူကကော (ပူဦးမှာပါ ဘုရား)။

အသက်ကြီးရင်အေးအေးနေဖို့တဲ့

အဲဒီတော့ ဒါအလကား ပြောနေတာ ဒကာ ဒကာမတွေ ကြီးတော့ အေအေးလေးနေထိုင်နိုင်ဖို့ ယခုအရွယ် ရှိတုန်းရောင်း ရတယ် ဝယ်ရတယ်၊ စုဆောင်းပြီး သကာလ နေရတယ်၊ ချွေတာ နေရတယ်၊ ကြီးတဲ့ အခါကျလို့ရှိရင် အေးအေးလေး နေရအောင်လို့ ပြောတယ်။ မထူးလာပါဘူး စိတ်ချပါ။

မအေးပါဘူး စိတ်ချပါ၊ ကြီးတော့ ကြီးပူ လာဦးမှာပဲ။ ဟုတ်ဘူးလား၊ ကြီးတဲ့ အခါကျ တော့လည်း ကြီးပူ လာဦးမှာပဲ။ မထူးပါဘူး၊ ငယ်တုန်းကလည်း ငယ်ပူနဲ့ နေခဲ့ရတယ်။ အလယ် အလတ် မှာလည်း အလတ်ပူနဲ့ နေခဲ့ရပြီ (မှန်လှပါ ဘုရား)။

အိုလာတော့အိုပူနဲ့ပါပဲ

ကြီးတဲ့အခါကျမှပဲ ဇာတ်သိမ်းဦးမယ်ဆိုတော့ ဖြစ်နိုင်ပါ့ မလား (မဖြစ်နိုင်ပါဘူး)၊ ငယ်တုန်းက အပူလေး မွေးလာတဲ့ ဥစ္စာပဲ အရွယ်လတ်တုန်း ကျတော့လည်း အပူနဲ့ပေါ့။ (မှန်ပါ့)၊ အိုလာတော့ကော (အပူနဲ့ပါ ဘုရား)။

အေး သေခါနီးတောင် ခင်ဗျားတို့ အပူလောင် သေဦး မှာ၊ (မှန်ပါ့)၊ အေး ဒါ့ကြောင့် မြန်မြန် လုပ်ပါလို့ ပြောရတယ်၊ အပူလောင်သေတာက သားစိတ်မချ၊ သမီးစိတ်မချ၊ မျက်ရည် လေး ကလယ်ကလယ်နဲ့ အခွဲကြီး ခွဲရတော့မယ် ဆိုပြီး သကာလ အပူမီးလောင်ပြီး သေလို့ မျက်ရည်တွေကို စီးကျတဲ့ မျက်ရည် တွေကို သွားကြည့်စမ်း ဒကာစိန်၊ နွေးလို့ (မှန်လှပါ) အတွင်းဘယ် လောက်ပူတယ် ဆိုတာ (မှန်ပါ့)။

မျက်ရည်ကနွေးနေတယ်

တော်တော်ဆူတဲ့နေရာနဲ့ မျက်ရည်နဲ့ဟာ အတော် ဝေးတယ်၊ ဆူတဲ့နေရာက ဝမ်းဗိုက်ထဲမှာ ဆူတာ၊ မျက်ရည်က ပျော်ပြီး သကာလ လမ်းလျှောက် အေးလာတာတောင်မှ စမ်းကြည့်စမ်း၊ လက်ပေါ်ကျတော့လည်း မျက်ရည်က နွေးနေတာ၊ (မှန်လှပါ ဘုရား)၊ မဟုတ်ဘူးလား။

အမလေး ဒကာ ဒကာမတွေ အဲဒီကဲ့သို့ သားစိတ်မချ။ သမီးစိတ်မချနဲ့၊ တစ်ခါတည်း၊ အတွင်း ဘယ်လောက် အပူလောင် သလဲ၊ မျက်ရည်တောင် နွေးပူလာတယ် ဆိုတာ သဘောကျ ပလား (ကျပါပြီ)။

မျက်ရည်တွေအေးနေတယ်

အခုဘုန်းကြီးပြောနေတဲ့ ဒကာ ဒကာမတွေ ခင်ဗျားတို့ ဝိပဿနာဉာဏ်က အားထုတ်လိုက်လို့ တစ်ခါတစ်လေများ ငိုချင်လာလို့ မျက်ရည်တွေ ကျတာတောင် စမ်းသပ်ကြည့်ပါတဲ့ ဒကာစိန်ရ မျက်ရည်တွေ အေးနေတာ (မှန်လှပါ ဘုရား)။ ဉာဏ် မဂ်ကိုဗျ။

မျက်ရည်ချင်းတောင်မတူဘူး

ဉာဏ်နဲ့ရှုလို့ရတဲ့မျက်ရည်၊ ဉာဏ်နဲ့ရှုလို့ရတဲ့ မျက်ရည်တဲ့ ဉာဏ်အားထုတ်လို့ရတဲ့ မျက်ရည်၊ (မှန်ပါ့) အဲဒါကျတော့အေး တယ်၊ ခုနက ဒေါသနဲ့ထွက်တဲ့ မျက်ရည်ကတော့ (ပူပါတယ် ဘုရား)၊ မျက်ရည်ချင်းတောင် မတူဘူးဗျ၊ (မှန်လှပါ ဘုရား)။

အဲဒါမဂ်ဉာဏ် မရသေးဘူး၊ မဂ်ဉာဏ် ရမယ်လို့ ရှေ့တော် ပြေးလေး၊ ဥဒယဗ္ဗယဉာဏ်နဲ့ ဖြစ်ပျက် ရှုနေတုန်းကိုပဲ၊ ငိုချင် လာတာတွေ ဝမ်းသာလို့ မျက်ရည် ထွက်လာတာတွေ (မှန်ပါ့ ဘုရား)။

ငိုလို့မျက်ရည် ထွက်လာတာတွေ၊ မျက်ရည်ချင်းစမ်း ကြည့်ပါ ဒကာစိန်ရ၊ ခင်ဗျား ဘယ်နှယ့်ထင်သလဲ (အေးမှာပါ ပဲ ဘုရား)။

ပီတိကြောင့် မျက်ရည်ထွက်လာ

အေးမှာပါပဲ ဆိုရင်တော့ မျက်ရည်ပြင် မထွက်ဖူးသေးဘူး ထင်တယ် ခင်ဗျား၊ (မှန်ပါ မထွတ်ဖူးသေးပါ ဘုရား) မထွက် ဖူးသေးဘူးတစ်ခါမှ မျက်ရည်မထွက်ဖူးသေးဘူး။ အဲဒီတော့ လူတိုင်းတော့ ဘယ်ထွက် မလဲပေါ့ဗျာ။

တချို့ကျတော့လည်း ဉာဏ်အားနဲ့ပဲ ပြီးရတယ်၊ အဲဒါတချို့ကျတော့ မျက်ရည် ထွက်လာတယ် ပီတိ၊ ဝမ်းမြောက် တာတွေကြောင့်လည်း မျက်ရည် ထွက်လာတယ်။

မိလိန္ဒမင်းကြီးကမေးတယ်

အဲဒီမျက်ရည်တွေ သည်ကားလို့ဆိုရင် ဘယ်မှာဟော သတုံးဆိုတော့ ရှင်နာဂသိန်နဲ့ မိလိန္ဒမင်းကြီး ဆိုတာ ရှိတယ်၊ မိလိန္ဒမင်းကြီးက အရှင်ဘုရားတဲ့ ရယ်တဲ့ပုဂ္ဂိုလ်လည်း မျက်ရည် ထွက်တာပဲ၊ ငိုတဲ့ပုဂ္ဂိုလ်လည်း မျက်ရည် ထွက်တာပဲ၊ ဘာများ ထူးသတုံးဘုရား။

ရှင်နာဂသိန်ကဖြေတယ်

မျက်ရည်သည်ကားလို့ ဆိုရင် ဘေးရှိတဲ့မျက်ရည်၊ ဘေး မရှိတဲ့မျက်ရည် ပြောစမ်းပါဦးဘုရား၊ ဆိုတော့ ဝိပဿနာ ဉာဏ် အားထုတ်လို့ပေါ်လာတဲ့ မျက်ရည်တွေ ကျတော့ ဆေးမျက်ရည် အေးတယ်၊ (မှန်ပါ့ ဘုရား)။

သားရေးသမီးရေး စီးပွားရေးကြောင့် ပျက်စီးထွက်ရတဲ့ မျက်ရည်သည်ကားလို့ဆိုရင် ဘေး၊ ဘေးမျက်ရည်တဲ့၊ ရိပ်မိကြပလား (ရိပ်မိပါပြီ)။

အဲဒီတော့ ဒကာ ဒကာမတွေက ရှေးကထွက်ခဲ့တဲ့၊ သမုဒ္ဒရာရေလေးစင်း ရေလောက် များတယ်။ ဆိုတာ ဘေးကြောင့်ထွက်တဲ့ မျက်ရည်၊ (ဟုတ်ပါတယ် ဘုရား)။

ဆေးမျက်ရည်အေး

ဆေးအဖြစ်နဲ့ ထွက်တဲ့မျက်ရည်အေး ပြောကြစမ်းပါဦး၊ တရား အားထုတ်လို့ မဟုတ်လား၊ ဝမ်းသာတာနဲ့လည်း ထွက်လာမှာပါပဲ။ ဟုတ်ပလား (ဟုတ်ပါတယ် ဘုရား)။

ဒါ လူတိုင်းတော့ ထွက်လာမှာမဟုတ်ဘူးပေါ့ဗျာ၊ တချို့ကျတော့ အရောင်အဆင်း အလင်းနဲ့ပဲ ပြီးသွားမယ်။

အဲဒါကြောင့် ဒကာ ဒကာမတို့ ဒီဝမ်းသာမျိုးလေးတွေ့ အောင်ထိုင်၊ ပီတိခန်းကျတော့ လာတယ်နော်- (မှန်ပါ့) ပီတိခန်း ကျတော့ လာတယ်၊

ဩဘာသ၊ ပီတိ၊ ပဿတိ ဆိုတော့၊ ဥဒယဗ္ဗယဉာဏ် ရင့်သန်လာတဲ့ အခါကျတော့ ဒကာစိန်ရေ- ပီတိတွေဟာ ဝမ်းသာလာ လိုက်တာ မျက်စိထဲက မျက်ရည်တွေ တစ်ပေါက်ပေါက် ကျတယ် (မှန်လှပါ ဘုရား)။

ဝမ်းသာလွန်းလို့ ကျတဲ့မျက်ရည်

ဘယ်တုန်းကမှ မတွေ့ဘူးတဲ့ အာရုံ တွေ့ရတာကိုဗျ၊ အဲဒီကဲ့သို့ တွေ့တဲ့ အခါကျတော့ ဝမ်းမသာဘဲ နေနိုင်ပါ့မလား (မနေနိုင်ပါ ဘုရား) ဝမ်းသာတယ် ဆိုရင်ပဲ မျက်ရည်တွေက စီးလာအောင် မကျပေဘူးလား (ကျပါတယ် ဘုရား)။

ဉာဏ်ကြောင့်ဖြစ်တဲ့မျက်ရည်

အေး ဒါတွေသည်ကား ဆိုရင်ဖြင့် ဉာဏ်ကြောင့်ဖြစ်တဲ့ မျက်ရည်တွေ ဖြစ်လေ သောကြောင့် ဒကာ ဒကာမတို့ ထွက်ကောင်းတဲ့ မျက်ရည်ဗျ၊ အဲဒီမျက်ရည် စမ်းသပ်ကြည့်ရင် အေးရမတဲ့၊ (မှန်ပါ)။

ခင်ဗျားတို့ ဒေါသကြောင့် ဖြစ်တဲ့မျက်ရည်တွေက တော့ (ပူပါတယ် ဘုရား) အင်း- ဒါကြောင့် ဘုန်းကြီးသည်ကားလို့ ဆိုလို့ရှိရင် ဒကာ ဒကာမတို့ကို သတိပေးရတယ်၊ (မှန်လှပါ)။

မျက်ရည်အေးလေးကျလို့ ရှိရင်ပေါ့ဗျာ၊ ခင်ဗျားတို့ စိတ်ချရတဲ့ လမ်းနီးနေပြီ၊ မျက်ရည် ပူကြီးတွေနဲ့ ဆိုရင်ဖြင့် မျက်လုံးကို တစ်ခါတည်းနီပြီး သကာလ ပွတ်ထား လိုက်တာလဲ လွန်လို့၊ ဘာဖြစ်လို့လဲ မမေးရပါဘူး၊ စိတ်ဆိုးလာ တယ်ပြော မှာပါပဲ၊ (ပြောပါတယ် ဘုရား)။

အဲဒါ မစီစစ်ရဘူးလား (စစ်ရပါတယ် ဘုရား) အေးဒါ ကြောင့် ဉာဏ်နဲ့ရတဲ့ မျက်ရည်က ဆေးမျက်ရည်လား၊ (ဆေး မျက်ရည်ပါ ဘုရား)။

ဘေးမျက်ရည်နဲ့ ဆေးမျက်ရည်

သားရေး၊ သမီးရေး၊ စီးပွားရေးနဲ့ ရတဲ့မျက်ရည်က (ဘေးမျက်ရည်ပါ ဘုရား)။ ဘေးသင့်တဲ့ မျက်ရည်နဲ့ ဆေးမျက်ရည် ကို၊ ဆေးမျက်ရည်ချည်း ကျအောင်ဖြင့် ဒကာ ဒကာမတွေ ကြိုးစား လိုက်ကြပါဦး၊ ဝမ်းသာလုံး ဆို့အောင်ပေါ့ဗျာ (မှန်ပါ ဘုရား)။

အဲဒီလိုပဲ ဒကာ ဒကာမတွေ ဆုတွေ လာဘ်တွေ အင်မတန် အဘိုးတန်ပြီဆိုတဲ့ အချေအနေ ရောက်မှ စိတ်ချ လက်ချ နေလိုက်ကြစမ်းပါ၊ (မှန်ပါ) စိတ်ချလက်ချနဲ့ နေလိုက်ကြစမ်းပါ။

စိတ်ချစရာနည်းနည်းလိုသေးတယ်

ယခုအချိန်မှာလည်း ဒကာ ဒကာမတွေ စိတ်ချစရာ တွေနည်းနည်း လိုနေသေးတယ်၊ စိတ်ရှုတဲ့ ဒကာ ဒကာမတွေ ဖြစ်ပျက် မြင်ကြပါတယ်၊ ဥဒယဗ္ဗယ ရပါတယ်၊ တချို့လည်း ငြီးငွေ့လာတယ်။

သို့သော် အချက်ကလေးတွေက တစ်ချက်လောက်နှစ် ချက်လောက် ကျန်ကျန်နေသေးတယ်၊ ဒကာစိန်ရ- (မှန်ပါ ဘုရား)။ အဲဒီကဲ့သို့ မကျန်ရအောင် ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည်၊ သေသေချာချာ ကြိုးစားလိုက်မယ် ဆိုရင်တော့ဖြင့် ဒိဋ္ဌဓမ္မ နိဗ္ဗာန ပုဂ္ဂိုလ်ထဲ ဝင်အောင် လုပ်လိုက်ပါ (မှန်လှပါ ဘုရား)။

ဒိဋ္ဌဆိုတာက ယခုဘဝ၊ ဓမ္မဆိုတာက ကိုယ်ကိုယ်တိုင် အားထုတ်မည့်တရား၊ နိဗ္ဗာန ပုဂ္ဂိုလ် ဆိုတာက မဂ်ရလို့ရှိရင် တကယ်တမ်း ကိလေသာမီး၊ ဟုတ်လား၊ အပူမီးတွေ၊ အပူငြိမ်း ပြီး သကာလ နိဗ္ဗာန ဓါတ်ကြီးရတယ်လို့ ပြောတာ။

ကိုင်း ဒကာ ဒကာမတို့ သေသေချာချာကြိုးစားရင်၊ သေသေချာချာရမယ် ဆိုတာသည် ပေါ်လာကြပလား (ပေါ်လာပါပြီ ဘုရား)။

ဓမ္မကထိကဆိုတာ

ကိုင်း ဒကာ ဒကာမတို့ ရနိုင်တယ်ဆိုတာကို ဘုန်းကြီး ပြောတော့မယ်၊ ပထမရှေးဦးစွာ ဓမ္မကထိကကို မေးတယ်၊ သံဝေဂ ရအောင်၊ ဝေဒနာအပေါ်၌ ၎င်း၊ ခန္ဓာငါးပါးအပေါ်၌ ၎င်း၊ သံဝေဂ ရအောင်၊ ငြီးငွေ့အောင် များများဖြစ်အောင် ဟောနိုင်တဲ့ ပုဂ္ဂိုလ်ဆိုရင် ဓမ္မကထိကပဲ။

ဓမ္မာနုဓမ္မပဋိပန္ဒ ပုဂ္ဂိုလ်ဆိုတာ ဘာပါလိမ့်မလဲ မေးတဲ့ အခါကျတော့ ဝေဒနာရှုနေတဲ့ ပုဂ္ဂိုလ် ဘုရား၊ ဝေဒနာကို ငြီးငွေ့ တတ်လာအောင်၊ ဝေဒနာကိုစွန့်လွတ်ချင်တဲ့ သဘောပေါ်အောင်၊ ကျင့်ကြံကြိုးကုတ် အားထုတ်တဲ့ ပုဂ္ဂိုလ် ကျလာလို့ရှိရင် ဖြင့်၊ အဲဒါ ဓမ္မာနု ဓမ္မပဋိပန္နပုဂ္ဂိုလ်။

ယခုဘဝနိဗ္ဗာန်ရမည့် ပုဂ္ဂိုလ်ဆိုတာ

(၃) နံပါတ်ကတော့၊ ဒကာ ဒကာမတို့ ဒိဋ္ဌဓမ္မ နိဗ္ဗာန ပုဂ္ဂိုလ်ဆိုတာ ဘယ်ဟာပါတုံးဆိုတော့

‘‘ဝေဒနာယ စေ ဘိက္ခု နိဗ္ဗိဒါ ဝိရာဂါ နိရောဓါ အနုပ္ပာဒါ ဝိမုတ္တော ဟောတိ-ဒိဋ္ဌဓမ္မ နိဗ္ဗာနပတ္တော ဘိက္ခူတိ အလံ ဝစနာယ။’’

ဘုရားကဟောထားပြန်သောကြောင့် ဝေဒနာကို ငြီးငွေ့ခြင်းကြောင့်၊ ဝေဒနာအပေါ်၌ တပ်မက်ခြင်းကို စွန့်ခြင်းကြောင့်၊ ဝေဒနာကို လုံးဝ အတူမနေခြင်းကြောင့်၊ ဝေဒနာချုပ် ရာကို လုံးဝကြိုက်နေ သောကြောင့် ဘယ်ဝေဒနာမှ မစွဲလမ်းဘဲနဲ့ နေတဲ့ ပုဂ္ဂိုလ်ဟာတဲ့၊ ဒိဋ္ဌဓမ္မ နိဗ္ဗာန၊ ယခုဘဝ နိဗ္ဗာန်ရမည့် ပုဂ္ဂိုလ်ဟူ၍ ငါဘုရားက ဆိုပါတယ်ကွာတဲ့။

ကိုင်း ဘုရားသခင် ကိုယ်တော်မြတ်ကြီးက အစီအစဉ် ကိုင်ပြီး သကာလ ၊ ဒကာ ဒကာမတွေအား ဟောပြီ၊ အဲဒီတော့ ခင်ဗျားတို့သည် ကားလို့ဆိုရင်၊ လုပ်နေတဲ့အလုပ်လည်း၊ အင်မတန်မှ နေရတယ်။

နိဗ္ဗာန်မြင်အောင်တက်လိုက်စမ်းပါ

အဲဒါကြောင့် နိဗ္ဗာန်မြင်အောင်တက်လိုက်စမ်းပါ၊ မရပ်လိုက်ပါနဲ့ဦး၊ မရပ်လိုက်ပါနဲ့ဦး၊ ဒီဝေဒနာကြီးကို စွန့်လွတ် ချင်တဲ့ အချေအနေရောက်အောင် ရှုပေးလိုက်စမ်းပါဦး။

အဲဒီကျမှ ရပ်ပါ၊ ဒီပြင်နေရာမရပ်လိုက်ပါနဲ့၊ (မှန်လှပါ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ယခုဘဝနိဗ္ဗာန်ရအောင်ကျင့်ပါ

အလုပ်စခန်းပါပြီလား၊ (ပါပါပြီ ဘုရား) အေး အလုပ်စခန်းသည်ကား လို့ဆိုရင် ဒိဋ္ဌဓမ္မနိဗ္ဗာန- ယခုဘဝနိဗ္ဗာန် ရောက်အောင် ကျင့်ပါ၊ ဝေဒနာ ငြီးငွေ့ခြင်း ထိအောင်လည်း ကျင့်ရမယ်နော်၊ ဝေဒနာချုပ်ငြိမ်းဖို့ စွန့်ခြင်းကကော (ကျင့်ရ ပါတယ်)။

ဘုရားကတာဝန်ခံတယ်

အဲဒီကဲ့သို့ ဝေဒနာလည်း ငြီးငွေ့မယ်၊ ဝေဒနာ ထင်ခြင်း ကိုလဲ စွန့်လွှတ်တဲ့ ဉာဏ်လည်း လာမယ် ဆိုရင်ဖြင့် ယခုဘဝ နိဗ္ဗာန်ရပြီလို့ ကိုယ်ဟာကိုယ် ဆုံးဖြတ်ချက်ချ၊ ဘုရား တာဝန်ခံ တယ်၊ ရှင်းပလား (ရှင်းပါပြီ)

ကိုင်း ဒီတွင်တော်ကြဦးစို့။

သာဓု သာဓု သာဓု။