218

၁။ ဘယ်နှယ်ကြောင့် သတ္တဝါလို့ခေါ်ပါလိမ့်

၂။ ဆင်ခြေလဲရင်၊ သေချင်သေးလို့ပဲ

နာရီဝက် တရားနှစ်ပုဒ်ပါဝင်ပါသည်။

မိုးကုတ်ဝိပဿနာအဖွဲ့ချုပ်ကြီး၏ အမှာစာ

ဤတရားတော်များသည် မိုးကုတ်ဆရာတော်ဘုရားကြီး မိုးကုတ်မြို့တွင် တပည့်ရင်းများ ဖြစ်ကြသော မိုးကုတ်ဝိပဿနာ အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌကြီး ဦးအောင်ချီနှင့် ကျောင်းအမကြီး ဒေါ်လှညွန်တို့အား သီးခြား ဟောကြားထားသော နာရီဝက် တရားတော်များဖြစ်ပါသည်။

ဆရာတော်ဘုရား၏ တပည့်ရင်းများဖြစ်ကြသည့် အလျှောက် ရင်းရင်းနှီးနှီး မညှာမတာ ပြောဆို ဆုံးမထားသည်ကို တွေ့ရပါသည်။ တရားတော်တွင် “ဒီဘဝလည်း ဒီအတိုင်းသေ နောက်ဘဝလည်း ဒီအတိုင်းသေရမှာပဲဆိုတော့ “လှညွန့်” သေခြင်းကောင်းရပါ့မလား၊ ဒါဖြင့် ဘယ်နဲ့လုပ်မလဲကွ “မောင်အောင်ချီရ?” ဟု အမည်တပ်ပြီး ဆုံးမပါသည်။

ထို့ပြင် “နေ့တိုင်း နေ့တိုင်း ဆရာဘုန်းကြီးက ဟေ့မောင်အောင်ချီ မင်းဝိပဿနာရှု၊ လှညွန့် ဝိပဿနာရှု ဆိုတာ ဒါတွေဟာ ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာ မဟုတ်ဘူး ဆိုတာ သိအောင်လို့” ဟု ဆုံးမပါသေးသည်။

ဤစာအုပ်သည် မိုးကုတ်ဆရာတော်ဘုရားကြီး (၃-၆-၆၀) နေ့တွင် ဟောကြားခဲ့သော “ဘယ်နှယ်ကြောင့် သတ္တဝါလို့ခေါ်ပါလိမ့်” နှင့် (၄-၆-၆၀) နေ့တွင် ဟောကြားခဲ့သော “ဆင်ခြေလဲရင်၊ သေချင်သေးလို့ပဲ” မိနစ် (၃၀) တရား နှစ်ပုဒ်ကိုပေါင်း၍ ထုတ်ထားပါသည်။

သူတော်ကောင်းရတနာ (၇)ပါးပြည့်ကြပါစေ။

၉-၉-၂၀၀၂။

အမှုဆောင်အဖွဲ့

——-

ဘယ့်နှယ်ကြောင့်သတ္တဝါလို့ခေါ်ပါလိမ့်

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

မိုးကုတ်မြို့၌ ဟောကြားတော်မူသော တရားတော်

ဘယ့်နှယ်ကြောင့်သတ္တဝါလို့ခေါ်ပါလိမ့်

ဟောကြားသည့်နေ့

(၃-၆-၆၀)

လူသတ္တဝါ၊ နတ်သတ္တဝါ၊ ဗြဟ္မာသတ္တဝါနဲ့ သတ္တဝါတွေ အမျိုးမျိုးရှိတယ် (တင်ပါ့ ဘုရား)၊ အဲဒီ သတ္တဝါ၊ သတ္တဝါဆို တဲ့နာမည်ဟာ ဘယ်က ထွက်လာသတုံးလို့ မေးဖို့ လိုတယ်တဲ့၊ သတ္တဝါဆိုတဲ့ ဥစ္စာက နီးရာ ငြိကပ် နေတတ်ခြင်းကြောင့် ငြိကပ် တတ်တာ သတ္တဝါလို့ ခေါ်တယ်။

ငြိကပ်တတ်တာသတ္တဝါလို့မှတ်

နီးရာငြိကပ်နေတာ ဥပမာ အမေနဲ့နီးရင် အမေငြိ ကပ်နေတာ၊ သားနဲ့နီးရင် သားငြိကပ်နေတာ၊ သမီးနဲ့နီးရင် သမီးငြိကပ်နေတာပဲ၊ ခင်ပွန်းနဲ့နီးရင် ခင်ပွန်း ငြိကပ်နေတာပဲ။ ငြိကပ်တတ်တာ သတ္တဝါလို့ မှတ်ထားပါ၊ (တင်ပါ့ ဘုရား)။

ဒါဖြင့် သတ္တဝါဆိုတဲ့ နာမည်အရင်းက ငြိကပ်တတ်တာ နော်၊ (တင်ပါ့)၊ သူက ဒီနားနီး ဒီနား ငြိကပ်တာပဲ၊ ဟိုနားနီး ဟိုနားငြိ ကပ်တာပဲ၊ ကြည့်စမ်းပါလား မင်းတို့ ကဲရန်ကုန် သွားနေတော့ ရန်ကုန် ငြိကပ်နေတာပဲ၊ မိုကုတ် သွားနေပြန်တော့ မိုးကုတ် ငြိကပ် နေတာ၊ ဒါကသတ္တဝါ ဆိုတာ ဘာတုံး ငြိကပ်တတ်တာ (မှန်ပါ ဘုရား)၊ သတ္တဝါ။

ငြိကပ်တတ်တာ ဘာခေါ်ကြမယ် (သတ္တဝါပါ ဘုရား)။ သတ္တဝါ၊ အဲဒါကြောင့် သတ္တဝါဟူသော အမည်ပျောက်မှပဲ ငြိကပ်မှုကင်းမှာ၊ သတ္တဝါသာ ဖြစ်နေလို့ရှိရင် ဟိုငြိနေ ဒီငြိနေနဲ့ ငြိရင်းမတ္တ နဲ့ပဲ အိုနာသေထဲ၊ ဒီငြိတဲ့နေရာမှာပဲ အိုနာသေနဲ့ ဇာတ်သိမ်း လိုက်ကြတယ်၊ (တင်ပါ့ ဘုရား)။

ဥပမာမယ်- ခင်ပွန်းမကို ငြိကပ်နေလိုက်တယ်၊ ခင်ပွန်းမ ခြေရင်းခေါင်းဆင်း သေလိုက်တာပဲ၊ (တင်ပါ)၊ ခင်ပွန်းကို ငြိကပ် နေလည်း ခင်ပွန်းမက သူနဲ့ပဲ သေအတူရှင်အတူ ဆိုပြီး၊ သူနဲ့ငြိကပ် ပြီး သေလိုက်တာပဲ၊ ဒါဆိုရင် ငြိကပ်ပြီး သကာလ နေတတ်၊ သေတတ်တာကို ဘာခေါ်ကြမတုန်း၊ (သတ္တဝါလို့ ခေါ်ပါတယ် ဘုရား)၊ အဲဒါမှတ်ထားကွ၊ လူသတ္တဝါ၊ နတ်သတ္တဝါ၊ ဗြဟ္မာ သတ္တဝါဆိုတဲ့ ဥစ္စာ-ငြိကပ်ပြီး ဒီနေရာနေ၊ ဒီနေရာ သေပဲသူ့ဟာ က၊ အဲဒါဘာခေါ်ကြမတုံး (သတ္တဝါပါ ဘုရား)။

ဘယ်နှယ်ကြောင့်သတ္တဝါခေါ်ပါလိမ့်

အဲ သတ္တဝါအကြောင်း ယနေ့ကောင်းကောင်း သိပြီကော ကွ၊ (တင်ပါ့ ဘုရား)၊ ဪ ဒို့အလိုသာ ဆိုရင် သတ္တဝါ ဆိုတဲ့ဥစ္စာ လူသတ္တဝါ၊ နတ်သတ္တဝါ၊ ဗြဟ္မာသတ္တဝါလို့ အားလုံးပြောဆို နေကြတာ ဘယ့်နှယ့်ကြောင့် သတ္တဝါ ခေါ်ပါလိမ့်မတုံးလို့ အဓိပ္ပါယ်ကို မသိဘူး၊ စင်စစ်တော့ ငြိကပ်တတ်တာ သတ္တဝါ၊ (တင်ပါ့ ဘုရား)။

နီးရာ ငြိကပ်တာပဲ၊ (တင်ပါ)၊ ကောင်းတာဆိုးတာ ရွေးသေးရဲ့လား (မရွေးပါဘူး ဘုရား)၊ မရွေးဘူးတဲ့ နီးရာမှာပဲ ငြိကပ်ပြီး သကာလ အိုပွဲ၊ နာပွဲ၊ သေပွဲနဲ့ပဲ နီးရာခေါင်းစိုက်သေ လိုက်၊ ငြိကပ်သတ္တဝါ (တင်ပါ)၊ ငြိတတ်သောကြောင့် သတ္တဝါ၊ ရိပ်မိပလား၊ (ရိပ်မိပါပြီ ဘုရား)။

ငြိတတ်တာဘာခေါ်မယ်၊ (သတ္တဝါပါ ဘုရား)၊ အမလေး ကြောက်စရာကြီးပါလားကွ (တင်ပါ)၊ ပထမကတော့ သတ္တဝါ ဆိုတဲ့ ဥစ္စာ ဘာလိုလို ထင်ပြီး သကာလ နေရတယ်၊ နောက်တော့ သူ့နာမည်ကြီးက နာမည်ဆိုးကြီးပါလား ဆိုတာ ပေါ်လာရောပေါ့ (ပေါ်ပါတယ် ဘုရား)။

မိမိခန္ဓာငါးပါးငြိကပ်တယ်

ဘယ်လိုငြိကပ်နေသတုံးလို့မေးလို့ရှိရင် အလွယ်ဆုံးငြိ ကပ်တာကတော့ မိမိခန္ဓာငါးပါး မိမိငြိကပ်တယ်၊ အားကြီးငြိကပ် တာကတော့ဒါပဲ၊ ဒီပြင့်ဟာတွေက အပိုငြိကပ်တာ၊ ကိုယ့်ခန္ဓာ ငါးပါးတော့ဖြင့် ဘယ်နေရာမှ စိတ်မချဘူး (တင်ပါ)။

ဒီဝင်ပြီးတွယ်ပြီး သကာလ သူ့ခလုတ်မထိဆူးမငြိအောင် မဝ ဝအောင်ကျွေးချင်မွေးချင်ပြီး သကာလ သူနဲ့မခွဲချင်တာ၊ ဪ သေရမယ်ဆိုတဲ့ အခါကျတော့မှ သူနဲ့သူနဲ့မခွဲချင်တာ သေချာတာကိုးကွ (တင်ပါ)၊ မသေချာဘူးလား (သေချာပါ တယ် ဘုရား)။

ဒါကြောင့် ဒီလိုငြိကပ်တတ်တာ ဘာခေါ်ကြမယ် (သတ္တဝါပါ ဘုရား)။

ကားတွေတိုက်တွေ့ငြိကပ်တယ်

ဪ သတ္တဝါဆိုတာ နာမည်အရင်းက အဆိုးကြီး ပါလားဟေ့၊ တော်တော်ဆိုးတဲ့နာမည်၊ အဲဒါသူများပြောလား ကိုယ်ကိုယ်တိုင် အတွေ့အကြုံလားမေးကြည့်တော့ ကိုယ်ကိုယ်တိုင် အတွေ့အကြုံတွေ၊ တိုက်ကလေးရှိ တိုက်ကလေးငြိတာပဲ။ (တင်ပါ)၊ ကားလေးရှိရင်ကော (ကားလေး ငြိတာပါ ဘုရား)။

ဒီလိုနဲ့ပဲ ငြိကပ်ပြီး သကာလ ကားကလေးများပျက် နေမယ်ဆို – ကားကလည်း ကားပျက် ဖြစ်မယ် ဆိုရင်ဖြင့် သူများပြင်နေတာတောင်မှ ကိုယ်က အနားနားက ကုပ်ပြီး သကာလ- ငြိကပ် နေသေးတာပဲကွ (တင်ပါ့ ဘုရား)။

မကြည့်မရှုလို့ရှိရင် ဘယ်နေရာကျမတုံး ဆိုပြီးတော့ စင်စစ်တော့ ဒီကားပေါ်မှာ သူသံယောဇဉ် ငြိတွယ်ကပ်နေတာ (တင်ပါ)၊ ငြိကပ်တတ်တာ ဘယ့်နှယ့်ခေါ်ကြမတုံး (သတ္တဝါ ပါ ဘုရား)၊ သတ္တဝါ။

ဒါဖြင့် သူငြိကပ်တတ်တာသတ္တဝါ ဆိုတော့ ဘာနဲ့ တူသတုံးလို့မေးဖို့လိုတယ် (တင်ပါ)။

မုဆိုးနဲ့မျောက်ဥပမာ

မုဆိုးတစ်ယောက်သည်တဲ့ မျောက်တွေသွားတဲ့သစ်ကိုင်း ပေါ်မှာ မျောက်သားစားချင်လို့ မျောက်ကိုထောင်တဲ့ အစေးတွေနဲ့ အပင်မှာလိမ်းကပ်ထားတယ်။

လိမ်းကပ်ထားတဲ့အခါ မျောက်ကတော့ သူသွားနေကျ လမ်းကတော့သွားတာပဲ ဟိုအပင် ဒီအပင်ကူးဖို့ စားဖို့သောက်ဖို့ ရှာတာ၊ မုဆိုးထောင်ထားတဲ့ အစေးပေါ်မှာသူ့လက်ကလေးချ မိတယ်၊ လက်ကလေးငြိနေတာပဲ။

အဲဒီဘက် လက်ငြိတာနဲ့ ဟိုဘက်လက်နဲ့ကန်ရုန်းပြန် တော့ ဟိုဘက်လက်က ငြိတာပဲ၊ ခြေထောက်တစ်ဖက်နဲ့ကန်ရုန်း လည်း ခြေထောက်တစ်ဖက်ငြိတယ်၊ နောက်တစ်ဖက်နဲ့ကန်ရုန်း နောက်တစ်ဖက်ငြိတာပဲ၊ နောက်ခေါင်းနဲ့ တိုက်ရုန်းပြန်တော့လည်း ခေါင်းပါငြိလို့ တွယ်စရာ၊ ကိုင်စရာ မရှိလို့ လိမ့်ကျတယ်၊ (တင်ပါ့ ဘုရား)။

ငြိနေလို့ဖြစ်ရတာ

လိမ့်ကျတော့ မုဆိုးထောင်ထားတဲ့ အတွက် မုဆိုး၏ စားချင်သလိုစား၊ သတ်ချင်သလိုသတ်၊ ဖြတ်ချင်သလိုဖြတ်ဖို့ ဖြစ်မလာရဘူးလား (ဖြစ်လာရပါတယ် ဘုရား)၊ ဒါငြိနေ လို့သူဖြစ်သွားတာ (တင်ပါ့ ဘုရား)၊ မငြိကပ်လို့ရှိရင် (မဖြစ်ပါ ပါဘူး ဘုရား)။

ဒီမှာလည်းအစေးတွေ

ဒီမှာလည်းမင်းတို့မရဏမင်းက ထောင်ထားတဲ့ဒီဟာ အစေးတွေပဲ၊ ဒါ သားသမီး ခန္ဓာငါးပါး ဆိုတာ အစေးတွေပဲ။ ခင်ပွန်းမ ခန္ဓာငါးပါးဆိုတာကော (အစေးတွေပါ ဘုရား)၊ အစေးတွေပဲ။

အဲတော့ မုဆိုးနဲ့ တူတဲ့သေမင်းကထောင်ထားတာ သူသတ်ရအောင်လို့ သူဖြတ်ရအောင်လို့ ထောင်ထားတာ၊ အဲဒါမင်းတို့က အာရုံငါးပါးဖြစ်နေတော့ ဝေဒနာလေးကြလိုက် ပြန်ရင်လည်း ငြိနေတာပဲ ကိုချမ်းသာတာလေး နှမြောတာပဲ။

ကိုယ့်သညာလေးလဲနှမြောတာပဲ၊ စေတနာလေးလည်း ကိုယ်ကောင်းကောင်း မွန်မွန် နေချင်တဲ့ စေတနာလေး ကိုလည်း နှမြောတာပဲ၊ ဒီရုပ်ကလေးကိုလည်း ကျန်းမာမှု၊ ချမ်းသာမှုကို မကျန်းမာမှာ၊ မချမ်းသာမှာကို အင်မတန် စိုးရိမ်ပြီး သူလည်း နှမြောတာပဲ (တင်ပါ့ ဘုရား)။

မျောက်ထောင်ထားသလိုဖြစ်နေပြီ

ဒါဖြင့် အုန်းကြည် မင်းခန္ဓာငါးပါး ငြိကပ်မနေဘူးလား (ငြိကပ်နေပါတယ် ဘုရား) ငြိကပ် နေတော့ မင်းသည်ကားလို့ ဆိုလို့ရှိရင် ခုနင်ကမျောက်ထောင်ထားသလိုဖြစ်နေပြီ (တင်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

မျောက်ထောင်ထားတော့ ငါးခုစလုံးငြိကပ်နေတော့ ဘာနဲ့ပြန်ရုန်းမလဲကွ လက်နှစ်ဖက်နဲ့လည်း ငြိနေပြီ၊ ခြေနှစ်ဖက် လည်း (ငြိနေပါပြီ ဘုရား) ခေါင်းနဲ့တိုက်ရုန်းပြန်တော့ ခေါင်းငြိနေပြီ ဆိုတော့ လိမ့်ကျရုံ အပြင် အပိုမရှိဘူး (တင်ပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သေမင်းထောင်ထားတဲ့အစေးငါးမျိုး

လှညွန့်ကြီးကော ဘာတွေများ ငြိနေတုန်း၊ လိမ့်ကျပြီး သကာလ ထောင်ထားတဲ့ မုဆိုး၏ ထင်သလို စားရာသောက်ရာ၌ ဖြစ်ရလိမ့်မယ် ဆိုတော့ ဒါသေမင်းထောင်ထားတဲ့ အစေးငါးမျိုးလို့ မောင်အောင်ချီက မှတ်ထားရမယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါကြောင့် သတ္တဝါဆိုတာ ငြိကပ်တတ်တာသတ္တဝါ၊ ငြိကပ်ပြီဆိုမှဖြင့် အောက်လိမ့်ကျ၊ အောက်လိမ့်ကျပြီ ဆိုမှဖြင့် တစ်ခါတည်းမုဆိုးနဲ့တူတဲ့ သေမင်းတို့၏ စီမံသလိုမခံရဘူးလား (ခံရပါတယ် ဘုရား)။

အဲတော့ မင်းတို့ကလည်း ခက်လိုက်တဲ့ဖြစ်ခြင်း၊ ငြိကပ် ရာမရှိလို့ရှိရင် မပျော်ဘူးလား၊ (တင်ပါ့ ဘုရား) ဘယ်နှယ့်ပါလိမ့် (ငြိကပ်ရာမရှိရင် မပျော်ပါဘူး ဘုရား)၊ သံယောဇဉ်မရှိ မပျော်ဘူး ပေါ့ကွာ ဟုတ်ဘူးလား (တင်ပါ ဘုရား)။

ကျော့ကွင်းထဲကျရင်ပျော်နေပြီ

ငြိကပ်ရာရှိလို့ သေမင်းထောင်ထားတဲ့ ကျော့ကွင်းထဲ ရောက်ရင် ပျော်ပြီဟေ့ အေးမောင်ကြီး ကောကွ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊ ငြိကပ်ရာမရှိလို့ရှိရင် ပြန်မှထင်ပါရဲ့ ဘယ်လို ညာလို အစရှိသည်နဲ့ မလာဘူးလား (လာပါတယ် ဘုရား)။

အဲဒါငြိကပ်တယ်ဆိုတာက ငြိကပ်တတ်တာသတ္တဝါ၊ ငြိကပ်ပါများလို့ ရှိရင်လည်း တော်ကြာ ဒီအစေးတွေက ကပ်ပြီး သကာလ ဘယ်ဟာမှ မိအောင်၊ တရားဓမ္မတွေ မိအောင် မဆွဲနိုင်ကြတော့ဘူး၊ (တင်ပါ့ ဘုရား) ၊ဆွဲနိုင်သေးရဲ့ လား (မဆွဲနိုင်ပါ ဘုရား)။

အပါယ်ကျတတ်တယ်

ကိုယ်ကအားကိုးရာ မဆွဲနိုင်တော့ဘူး အစေးစီမံသလို ငြိကပ်တဲ့တရားက စီမံသလို ဝုန်းခနဲ၊ ဒိုင်းခနဲ လိမ့်ကျတတ်တယ် အပါယ်လေးပါးကိုနော် (တင်ပါ ဘုရား)။

အဲဒါကြောင့် ခုနင်က မုဆိုးထောင်ထားတဲ့ အစေး ကြောင့်ပျောက်သည် မုဆိုးစီမံသလိုပဲ ချက်ချင်ချက်၊ ဖြုတ်ချင် ပြုတ်၊ သုတ်ချင်သုတ်၊ စားချင်သလိုစား၊ မုဆိုးအကြိုက်ဖြစ်မသွား ဘူးလား (ဖြစ်ပါတယ် ဘုရား)။

အိုနာသေမုဆိုးသုံးယောက်

ဒီမှာလည်း မင်းတို့ငြိကပ်သာနေလို့ ရှိရင် ဇာတိဇရာမရဏတို့၏ စားဖတ်ဝါးဖတ်ဆိုတော့ မုဆိုး သုံးယောက်၏ စာဖတ် ဝါးဖတ်သူတို့ စီမံသလိုခံရမယ်၊ အိုနာသေထဲချည်း၊ တွန်းတွန်းချ မယ်၊ ငြိကပ်တတ်တဲ့ ပုဂ္ဂိုလ် အိုနာသေထဲ တွန်းတွန်းချတာ ရှင်း ပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် အငြိအကပ် ပြုတ်သွားလို့ရှိရင် ငြိကပ်ကိုကျဉ်ဖယ် နိုင်တဲ့ စွမ်းရည်သတ္တိ ရှိလို့ရှိရင်ဖြင့် ခုနကတုပ်ပြီးသားချည်ပြီး သားတွေ လိမ့်ကျစရာလိုသေးလား (မလိုပါ ဘုရား)။

ခင်တွယ်မှုကင်းအောင်ဝိပဿနာလုပ်ကြ

ဒါဖြင့် ဒို့နေ့တိုင်း ဝိပဿနာအလုပ်ကြီး လုပ်ခိုင်းနေတဲ့ ဥစ္စာ-သူ့အဖို့ခင်တွယ်တာ ငြိကပ်မှု ကင်းအောင် လုပ်နေတာ(တင်ပါ ဘုရား) ပြုတ်ကျမှာစိုးလို့ကွ (တင်ပါ ဘုရား) အစေးများ များနဲ့ ငြိပြီး သကာလ ပြုတ်ကျပြီ ဆိုမှဖြင့် ကဲကိုယ့်သဘောအတိုင်း ကျတာလား၊ ကျချင်သလို ကျသွားတာလား (ကျချင်သလိုကျ သွားတာပါ ဘုရား)၊ အေး တဏှာအစေးကြောင့် ကျချင်သ လိုကျသွားရတယ် ဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါကြောင့် မင်းတို့သည် ဒီ“ငြိကပ်”အဆိုးဆုံးပဲ၊ မဆိုးဘူး လား (ဆိုးပါတယ် ဘုရား)၊ ကောင်းပြီ ဒီငြိကပ်သည်ကားလို့ ဆိုရင်ဖြင့် ဒါက မုဆိုးသုံးယောက်၊ ဇာတိ၊ ဇရာ၊ မရဏ မုဆိုးသုံးယောက် ဒါက မောင်အောင်ချီ၊ ဒီခန္ဓာငါးပါး ငြိကပ်နေတာ ဒါလည်းမစွန့်နိုင်၊ ဒါလည်းမစွန့်နိုင်ဆိုတော့ ဒီဥစ္စာ ခုနင်က လက်ငြိ၊ ခြေငြိ၊ ခေါင်းငြိ။

ရာဓရဟန်းကိုဟောတာ

ခေါင်းငြိပြီး သကာလ ဒီလမ်းအတိုင်းလျှောက်သွား၊ ပြုတ်ကျပြီးသူတို့၏ စားဖတ်ဝါးဖတ် မဖြစ်ရပေးဘူးလား (ဖြစ်ရပါ တယ် ဘုရား) ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဒါ ရာဓရဟန်း ဟောနေတာလို့ မှတ်ရမယ်၊ (တင်ပါ ဘုရား)။

ရာဓက သတ္တဝါ၊ သတ္တဝါ ဆိုတာ ဘာတုံးဘုရား၊ အားလုံးလည်း သတ္တဝါလို့ ပြောဆို နေကြတယ်၊ အို သတ္တဝါဆိုတာ ငြိကပ်တတ်တာ သတ္တဝါကွ (တင်ပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား) ဘာတဲ့တုံး (ငြိကပ်တတ်တာ သတ္တဝါပါ ဘုရား)။

သတ္တဝါဆိုတာဘာတုံး

ငြိကပ်တတ်တာ သတ္တဝါလို့မှတ်ထားတော့ ဘာငြိကပ် တုံးဆိုတော့ မိမိခန္ဓာငါးပါးနဲ့ငြိကပ်တာ (တင်ပါ ဘုရား)၊ သားမယား ခန္ဓာငါးပါးနဲ့ကော (ငြိကပ်ပါတယ် ဘုရား)။

ဒါဖြင့် မင်းတို့သည် ခုနကလွတ်ရေး ကျွတ်ရေးရုန်းနိုင် သေးရဲ့လား (မရုန်းနိုင်ပါ ဘုရား)၊ အဲဒါ ဘယ့်နဲ့ကြောင့်တုံး၊ ငြိကပ် နေလို့ (တင်ပါ) လွတ်ရေးကျွတ်ရေးဘက်ကို လွတ်လွတ်ကျွတ် ကျွတ် နေနိုင် ထိုင်နိုင်သေးရဲ့ လား (မနေနိုင်ပါဘူး ဘုရား)။

မနေနိုင် မထိုင်နိုင်ဘူး၊ ဘယ့်နဲ့ကြောင့် မနေနိုင် မထိုင် နိုင်ပါလိမ့်မတုံးဆိုတော့ ငြိကပ်နေတာ ကိုယ့် သဘောပါမှ မပါတော့ပဲ၊ ပါသေးရဲ့ လား (မပါပါဘူး ဘုရား)၊ ကိုယ့်သဘောအ တိုင်း မင်းတို့ ထမင်းတစ်ပွဲ စားကြည့်တာတောင်မှ စားမဖြစ်ဘူးကွ (တင်ပါ ဘုရား)။

သူတို့ကို ကောင်းစာကျွေးပြီး ကိုယ်က အရိုးစားတယ်

သူတို့ ငြိကပ်နေတာ သူတို့ကောင်းတာ ကျွေးပြီး ကိုယ်က အရိုးလေး အရင်းလေးလောက် စားချင်တော့တာ (တင်ပါ)၊ သူတို့ ငြိကပ်နေတာကို (တင်ပါ)၊ သားတွေ သမီးတွေကို။

အေး ကိုယ်သဘောအတိုင်း စားလို့သောက်လို့ဖြစ် သေးရဲ့ လား၊ (မဖြစ်တော့ပါဘူး ဘုရား)၊ နေပြန်ထိုင်ပြန်လို့ရှိရင် လည်း သူတို့ကောင်းတဲ့၊ မွန်တဲ့၊ သူတို့က ကလေးတွေဖြစ်တယ်၊ ကိုယ်ပဲ သင့်သလို နေလိုက်မယ်၊ အဝတ်လည်း သူတို့ပဲ ကောင်းကောင်း မွန်မွန်ပဲ၊ ကိုယ်တော့ လုံခြုံရင် တော်ရော့ပေါ့ အင်း ငြိကပ် နေလိုက်တာတွေကဖြင့် နဲတာတွေ မဟုတ်ပါဘူး၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ကိုယ်အငတ်ခံပြီးသားသမီးအဝကျွေးတယ်

ဒါဘာဖြစ်လို့ ဒီလောက်တောင် ခြွေတာရေးလုပ်ရသလဲ လှညွန့်ရလို့မေးရင် ဘယ်နဲ့ ပြောပါ့မတုံး၊ မဟုတ်ပါဘူး ငြိကပ်နေတာပါ၊ ခြွေတာရေး ဆိုတာ ဒါမဟုတ်ပါဘူး၊ ကိုယ့်ကိုယ် အငတ်ထားပြီး သားသမီးများကို အဝကျွေးတာ၊ ကိုယ်ပေးရင် အကောင်းပေးတဲ့ဥစ္စာက ဘာဖြစ်လို့ ထင်ကြတုံး (ငြိကပ်နေလို့ပါ ဘုရား)။

ငြိကပ်နေလို့ ပြုတ်ကျပါလိမ့်မယ်၊ ငြိကပ်နေရင်တော့ဖြင့် – ခုနကမျောက်လို ဖြစ်မှာပဲကွ၊ မသေချာဘူးလား (သေချာပါတယ် ဘုရား)

အဲဒါကြောင့် သမုဒယဆိုတဲ့ ဥစ္စာသည် မျောက်ထောင် ထားတဲ့အစေးနဲ့ တူတယ်တဲ့- မျောက်ကို မုဆိုးက ထောင်ထားတဲ့ အစေးနဲ့တူတယ်တဲ့ အကုန်ငြိနေတာပဲ သူတစ်ခါတည်း (တင်ပါ ဘုရား)။

ငြိနေရင်ရုန်းကန်ပါတော့လား

ငြိနေလို့ရှိရင်ဖြင့် ရုန်းပါတော့လား၊ ကန်ပါတော့လား၊ မရုန်းနိုင် မကန်နိုင်တော့ဘူးတဲ့၊ ငြိနေတာပဲ၊ ငြိရင်းမတ္တနဲ့ပဲ ဒီနေရာ မှာပြုတ်ကျ၊ မပြုတ်ကျလို့ရှိရင် ဒီနေရာတင်ပဲ ဘာမှလည်း အစာ ရှာစားနိုင်တဲ့ စွမ်းရည်သတ္တိက၊ ခြေလက်အင်္ဂါတွေက တုပ်ပြီး သားဖြစ်နေပြီကောကွ (တင်ပါ)၊ ဒီနားပဲ သေရုံပဲရှိတယ် မဟုတ် လား (တင်ပါ)။

အဲ အားလုံးသော ပုဂ္ဂိုလ်တို့ဟာ ငြိတဲ့ခေါင်းရင်းမှာ သေကြတာ (တင်ပါ ဘုရား) ဒါခေါင်းဆိုက် သေလိုက်တာ (တင်ပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊ ဘယ်လောက်ကြောက် စရာကောင်းတယ် ဆိုတာ မင်းတို့အဖြစ် ကောင်းကောင်းရှင်း ပလား (ရှင်းပါပြီ ဘုရား)။

ပိုက်ကွန်ထဲနေတဲ့ငါးမိုက်

ငြိကပ်ရာမရှိတော့လည်း နင်တို့က ဘာတုံး၊ ပျင်းတယ် ဖြစ်မှဖြစ်ရလေ လွတ်လွတ်လပ်လပ် နေတော့ ပျင်းတယ်၊ ခုနင်က မရုန်းနိုင်၊-မကန်နိုင်နေတော့ ဘာတဲ့တုံးပျော်တယ်၊ ဟာ ပိုက်မှထဲနေတဲ့ ငါးမိုက် (တင်ပါ ဘုရား)၊ ပိုက်ကွန်ထဲ မိနေတာ တစ်နေ့နေ့ ဒီပိုက်ကွန်ကို ဆယ်ယူလိုက်တဲ့အခါ ဒီငါးဟာ တံငါသည်၏ ရောင်းလိုရင် ရောင်စားလိုရင်စားဆိုတဲ့ အဓိပ္ပါယ် ဟာ ဒီငါးအပေါ်မှာ မရောက်ဘူးလား ရောက်လား (ရောက်ပါ တယ် ဘုရား)။

ငြိကပ်နေမှ ပျော်နေတယ်

ဒီငြိကပ်နေတဲ့ အထဲမှာမှ ပျော်နေတဲ့ဥစ္စာ သေမင်းတွေ လိုက်ရှာနေစရာလိုသေးလား၊ ဒီနား ဝိုင်းရိုက်ရုံပဲလား (ဒီနားဝိုင်း ရိုက်ရုံပါပဲ ဘုရား) ဒါကြောင့် ငြိကပ်နေရတယ်လို့ ဆိုချင်သလား အဖမ်း လွယ်အောင်လို့ အဆီး လွယ်အောင်လို့ ဟုတ်ပလား (ဟုတ်ပါတယ် ဘုရား)၊ ရိပ်မိပလား (တင်ပါ)။

ငြိကပ်တတ်တာသတ္တဝါ

ဒါဖြင့် နင်တို့ကို ဘာခေါ်ကြမတုံး သတ္တဝါခေါ်ရုံပဲ သဘောကျပလား (ကျပါပြီ ဘုရား)၊ သတ္တဝါ ဆိုတာ ဘာခေါ်ကြ မတုံးကွ၊ ငြိကပ်တတ်တာ၊ ငြိကပ်တတ်တာဘယ်နဲ့ ခေါ်ကြမယ် (သတ္တဝါပါ ဘုရား)၊

ငြိကပ်တာကသမုဒယသစ္စာ

အဲ ဘယ်ငြိကပ်တုံး ဆိုတော့ မိမိခန္ဓာငါးပါးလည်း ငြိကပ် နေတာပဲ၊ (တင်ပါ) တစ်ပါးသော ခန္ဓာတွေကော ငြိကပ်ရင် ငြိကပ်တာပဲ၊ ငြိကပ်နေလို့ ရှိရင်ဖြင့် ငြိကပ်တာက သမုဒယသစ္စာ (တင်ပါ ဘုရား)။

မရုန်းကန်နိုင်တာက ဒုက္ခသစ္စာ

ဒီမရုန်းနိုင် မကန်နိုင်ဖြစ်နေတာက ဒုက္ခသစ္စာ (တင်ပါ) ဒီမျောက်က ရုန်းနိုင်သေးရဲ့လား (မရုန်းနိုင်ပါ ဘုရား)၊ ငြိကပ်နေတဲ့ အစေးက သမုဒယသစ္စာ၊ မရုန်းနိုင် မကန်နိုင်ဖြစ်နေတာက ခန္ဓာငါးပါး ဒုက္ခသစ္စာ၊ ခန္ဓာငါးပါး သံသရာခရီးသည်ပေါ့ကွာ (တင်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အင်း ဇာတ်ထုပ်ကဖြင့် ခင်းလေမကောင်း လေထဲကကျနေပေါ့ အင် (မှန်ပါ ဘုရား) အေးမောင် ဒီ ဇာတ်ထုပ်က ဘယ်နဲ့ဇာတ်ထုပ် ပါလိမ့်ကွ၊ မရုန်းနိုင်လေ ငြိလေလေ ကျနေပေါ့ ရှင်းပလားကွ (တင်ပါ ဘုရား)။

အိုခြင်းဆိုးကြီးနဲ့ ဒီနားကပ်ပြီး ငြိနေလိုက်တာ ပြေးနိုင်ရဲ့ လား (မပြေးနိုင်ပါဘူး ဘုရား)၊ မပြေးနိုင်ဘူး၊ ငယ်တုန်းက မပြေးနိုင်ပဲနဲ့ အိုမှတော့ ဝေးပါသေးရဲ့ (တင်ပါ)။

ဒီနားမှာပဲသေကြရ

ဒါကြောင့် ဒီနားမှာပဲ သားမယားခြေရင်း၊ ပစ္စည်းခြေရင်း မှာ ခေါင်းစင်းပြီး သေကြတာပါ (တင်ပါ)၊ သူဟာသူတော့ ထွက်မ သွားဘူး ရွာထဲကလူက ထမ်းထုတ်ယူရတယ် (တင်ပါ) ဘယ် လောက် ငြိကပ်နေတယ် ဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

သေတော့ ရွာထဲကလူက ထမ်းထုတ်ယူရတယ် ခေါင်း စိုက်ပြီး သူသေသွားတာ (တင်ပါ)၊ ပစ္စည်းခြေရင်းမှာ (တင်ပါ) မသေဘူးလား (သေပါတယ် ဘုရား)၊ ရိပ်မိပလား နင်တို့ဟာ (ရိပ်မိ ပါပြီ ဘုရား)။

ဒါဖြင့် မင်းတို့ခင်းတဲ့ ဇာတ်ဟာ ငြိကပ်ဇာတ် မသိမ်းသ၍ ကာလပတ်လုံး ဒီနားသေခြင်းဆိုး သေလိမ့်ဦးမယ် ဆိုတာကတော့ ရှင်းနေတာပဲ(ရှင်းပါတယ်)၊ မရှင်းဘူးလား (ရှင်းပါတယ် ဘုရား)။

ပြင်ဆင်ချိန်ကျန်ပါသေးတယ်

ဘယ်နဲ့လုပ်မလဲ လှညွန့်တို့ ပြင်ဖို့ဆင်ဖို့ အချိန်ကျန်ပါ သေးတယ်(တင်ပါ) ပြင်ရမှာပဲ ဖြေးဖြေးမှပဲ အခုတော့ ငြိစရာတွေ နဲ့ ဟုတ်လား၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

နင့်အမေကြည့်လေ အဖေနဲ့က သူငြိကပ်တာကွာသွား တယ်၊ ဒေါသနဲ့ကွာတာ ဒါဉာဏ်နဲ့ ကွာတာ မဟုတ်ဘူး (တင်ပါ ဘုရား) အခုသားသမီးတွေနဲ့ကျတော့ ဘယ်နဲ့ဖြစ်နေတုံး၊ ဒီခေါင်းစိုက် နေတယ် (တင်ပါ)။

သူက အငြိအကပ်မရှိရင်နေလို့ဖြစ်ရဲ့လား (မဖြစ်ပါဘူး)၊ မဖြစ်ဘူး၊ ဒါဖြင့် ဒါမုဆိုးထောင် ထားတဲ့ အစေးနဲ့ မတူဘူးလား (တူပါတယ် ဘုရား)၊ မင်းတို့က မိနေတဲ့ မျောက်သတ္တဝါနဲ့ မတူဘူးလား (တူပါတယ် ဘုရား)။

ဘယ်လို ရုန်းရုန်း အကုန်ငြိနေတဲ့ အခါကျတော့ နောက် ဆုံးပိတ် ကိုင်တွယ်စရာရှိသေးရဲ့ လား (မရှိပါ ဘုရား)၊ မရှိငြိုးခနဲ့ လိမ့်ကျကွာ၊ အပါယ်လေးပါးကျကွာ (တင်ပါ)၊ မရဏမင်းထင် သလို စီမံကွာ၊ မဖြစ်နိုင်ဘူးလား (ဖြစ်နိုင်ပါတယ် ဘုရား)၊ အဲဒါ သတ္တဝါဖြစ်မိလို့ (တင်ပါ ဘုရား)။

သတ္တဝါဖြစ်မိလို့ငြိကပ်တယ်

ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ဘာဖြစ်မိလို့တုံး၊ (သတ္တဝါ ဖြစ်မိလို့ပါ ဘုရား)၊ သတ္တဝါဖြစ်မိလို့ ငြိကပ်နေတော့ တယ်ဆိုတာ အေးမောင်ရှင်းပလားကွ (ရှင်းပါပြီ ဘုရား)၊ အေး ရှင်းတာက စာတင် ရှင်းတာ လူမရှင်းသေးပါဘူးကွ စာတင်ရှင်းလို့ လူမရှင်းလို့ ရှိရင်လည်း အငြိအငြိပဲ ကျန်မှာပဲ။

ဒါ နားထဲပဲရှင်းတာပေါ့ကွာ အလုပ်သွားက ကပ်လျက်ပဲ။ (တင်ပါ)၊ ဘယ်နဲ့တုံး လှညွန့်ရ နင်တို့တွေ ခက်လှချည့်လား၊ ဒီထဲတော့ကျတော့ ကျမှာပဲ၊ (တင်ပါ)၊ မကျပါနဲ့ဆိုလို့တော့ မရပါဘူး ဘုရား) မင်းဒီခန္ဓာငါးပါး ဘယ်ဟာစွန့်နိုင်တာပါတုံး၊ ဝိပဿနာသာမရှုနဲ့ ဒါခင်နေတာပဲ (တင်ပါ)။

ကျန်းမာချမ်းသာဖို့အရေးကြီးတယ်ဆိုတာ

ကိုယ်ကျန်းမာဖို့ အရေးကြီးတယ် ကိုယ်ချမ်းသာဖို့အရေး ကြီးတယ်။ အင်း ဒီကချည်းလာတာပဲ ဒီပြင်ဘယ်က လာသေး တုန်း (မလာပါဘူး) ဒါဖြင့် ခန္ဓာငါးပါး တစ်ပါးပါးကို စွန့်တယ်လို့ ပါသေးလား၊ ငြိကပ်နေတာ ချည်းပဲလား (ငြိကပ်နေတာချည်း ပါ ဘုရား)။

ဒီထဲ မင်းတို့က ခန္ဓာအပိုတွေကော ငြိကပ်သေးသလား (ငြိကပ်ပါတယ် ဘုရား)၊ ဟာ ဒါဖြင့် မျောက်က ငါးခုတည်း ငြိကပ် တာ မင်းတို့ဟာကမနဲဘူး၊ ပင့်ကူအိမ်ကြီး အလယ်ထဲနေမိသလို ကျမနေ ဘူးလားကွ။

အဲဒါသတ္တဝါသဘောတွေ၊ ရာဓရဟန်းကမေးလို့ဘုရား သခင်ကိုယ်တော်မြတ်ကြီးက သတ္တဝါ ဆိုတာ ဒီအဖြစ်အပျက်တွေကြောင့် သတ္တဝါ ခေါ်တာ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကဲကွာ နာမည်နဲ့အဖြစ်နဲ့ကော မကိုက်ဘူးလား (ကိုက်ပါ တယ် ဘုရား)၊ ဘယ်ဟာဖြစ်ဖြစ် ငြိနေတာပဲ သူ့ဟာက မငြိတာကို ပါရဲ့လား (မပါပါဘူး ဘုရား)။

ငြိစရာဝတ္ထုနဲ့ငြိတတ်တဲ့ခန္ဓာ

အိမ်ပေါ်မှာထားလိုက်တဲ့ ပစ္စည်းတွေက အပ်တိုရော၊ ဘာရောအဝတ်စုတ်ရော။ ဟ ဒါတွေဟာ နင့်အိမ်များလှချည်း လား အို ဘယ်ဟာမှ မစွန့်နိုင်ဘူးလိုတော့ရတယ် အကုန် ငြိနေတာပဲ (တင်ပါ ဘုရား)၊ မငြိတာပါသေးလား (မပါပါဘူး ဘုရား)။

ဒါဖြင့် သူ့ငြိစရာဝတ္ထုပစ္စည်းနဲ့ ငြိတတ်တဲ့ ခန္ဓာနဲ့ဟာ ငြိစရာဝတ္ထု ပစ္စည်းက များတယ် ငြိတတ်တဲ့ ခန္ဓာက တစ်ယောက် တည်း (တင်ပါ)၊ တစ်ယောက်တည်းမှာ အစေးတွေကလှည့်ကပ် နေတဲ့ အဓိပ္ပါယ်မျိုး မကျဘူးလား (ကျပါတယ် ဘုရား)၊ ခုနင်က မျောက်ထက်ဆိုးနေသေးတယ် (တင်ပါ)၊ မဆိုးဘူးလား (ဆိုးပါ တယ် ဘုရား)။ ရှင်းပလားကွ (ရှင်းပါပြီ ဘုရား)။

နိဗ္ဗာန်ကျတော့သတ္တဝါမရှိ

ဒါဖြင့် ငြိကပ်တတ်တာ ဘာခေါ်ကြမယ် (သတ္တဝါပါ ဘုရား) သတ္တဝါ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။ ဒါကြောင့် နိဗ္ဗာန်ကျတော့ကို ဘယ်သတ္တဝါ၊ ဘယ်သတ္တဝါလို့ ရှိသေးရဲ့လား (မရှိပါ ဘုရား)၊

ဒါကြောင့်မို့ ငြိကပ်တတ်တဲ့၊ သမုဒယသစ္စာ ချုပ်သွားတာ (တင်ပါ ဘုရား)။

သမုဒယသစ္စာမရှိရင်

သမုဒယသစ္စာလုံးဝမရှိတဲ့ အခါကျတော့ သူ့မှာလွတ် လပ်ရေးချမ်းသာကြီးနဲ့ ကြုံမသွား ဘူးလား (ကြုံပါတယ် ဘုရား)၊ ဘယ်သူထောင်ထားလို့ ကျော့ကွင်းမှာ ညွှတ်ကွင်းမှာ ဘယ်တုန်း ကမှမိတယ်၊ ဘယ်သူ ထောင်ထားတဲ့ အစေးကို ကပ်မိတယ် ဒါကြောင့် သူတို့လက်တွင်းမှာ ခေါင်းစင်း သေလိုက်ရတယ်၊ ဒီလိုရှိသေးရဲ့ လား (မရှိတော့ပါဘူး ဘုရား)။

အဲဒါ ငြိကပ်တတ်တဲ့ အစေးခန်းခြောက်သွားတာ သ ဘောကျပလား (ကျပါပြီ ဘုရား)၊ ငြိကပ်တတ်တဲ့ အစေးမခန်း ခြောက်လို့ရှိရင် ဘယ်တော့မှ မင်းတို့ ပြုံးတာတလှည့်မဲ့တာ များများ (တင်ပါ) ရိပ်မိပလား၊ ပြုံးတာက ဘယ်လောက်တုံး နဲနဲပါ။ မဲ့ရတာက (များများပါ ဘုရား)။

သတ္တဝါဇာတ်ထုတ်ခင်းမိတော့

ဒါပေမယ့်လည်း မဲ့မဲ့နဲ့ ကပ်နေတာပဲ (တင်ပါ ဘုရား) ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား)၊ ပြုံးပြုံးနဲ့ ကပ်နေတာက လူကြည့် ကောင်းသေးတယ်ဘုရား၊ မဲ့မဲ့နဲ့ ကပ်နေတာက အိုလူတစ် ယောက်က ခရီးသွား နေတော့ ဒီကနေ မျှော်တော်ဇေါနဲ့ တစ်ခါ တည်းမဲ့နေတဲ့ အဓိပ္ပါယ်တွေ၊ မမာလို့ စိတ်မချ၊ လက်မချ ဖြစ်နေ တာတွေ (တင်ပါ)။

ဒီတစ်ဦးတစ်ယောက်အကြောင်း မညီညွတ်၊ ဟိုတစ်ဦး တစ်ယောက်လှည့်ကြည့် ပြန်လို့ရှိလည်း ဟန်မရပန်မရနဲ့ မှိုင်တွေ ချပြီ ငြိကပ်နေလိုက်တာ တွေတစ်ပုံကြီးရှိသေးတယ်။ မရှိဘူးလား (ရှိပါတယ် ဘုရား)၊ သဘောကျကြပလားကွ၊ သတ္တဝါ ဇာတ်ထုပ် ခင်းမိတာကွ (တင်ပါ)၊ ဘာတုံး (သတ္တဝါဇာတ်ထုပ်ခင်းမိတာပါ ဘုရား)။

ငြိကပ်တတ်တာ သတ္တဝါကို၊ သတ္တဝါအဖြစ်ကို ဆုတောင်း မိလို့ရှိရင် ဒီအငြိအကပ်တွေက ရှိတာပဲ (တင်ပါ ဘုရား) ဒီအငြိအကပ်တွေရှိလို့ရှိရင်ဖြင့် သေခြင်းကောင်း သေရလိမ့်မယ် လို့ မအောက်မေ့ပါနဲ့။ (တင်ပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သတ္တဝါအဖြစ်ရုပ်သိမ်းရမယ်

ကဲ-ဒါဖြင့် သတ္တဝါအဖြစ် ရုပ်သိမ်းမှရမယ် (မှန်ပါ ဘုရား) ဘယ်နဲ့ဆိုကြမတုံး (သတ္တဝါအဖြစ် ရုပ်သိမ်းရမှာပါ ဘုရား)၊ မရုပ် သိမ်းရင် မင်းတို့ငြိကပ်ပြီးသေဦးမှာပဲ၊ ဒီဘဝလည်း ဒီအတိုင်းသေ၊ နောက်ဘဝကော (ဒီအတိုင်းသေရမှာပါ ဘုရား) ဒီအတိုင်းသေရ , မှာပဲဆိုတော့ လှညွန့် သေခြင်းကောင်း ကိုပါရဲ့ လား (မပါ ပါ ဘုရား)။

ခြေ၊ လက်၊ နား၊ နှာခေါင်း ထုပ်ပြီးသား၊ အစေးကပ်ပြီး သား ပြုတ်ကျပြီး သကာလ ဗရမ်းဗတာနဲ့ သူများ စာဖတ် ဝါးဖတ် ဖြစ်သွားရတယ်ဆိုတဲ့ ဥစ္စာ မသေချာဘူးလား (သေချာပါတယ် ဘုရား) ဒါဖြင့် ဘယ်နဲ့လုပ်မလဲကွ မောင်အောင်ချီရ ဒီနေ့ဥစ္စာ အစေးဖြုတ်ရမှာ (တင်ပါ ဘုရား)။

ကိလေသာအစေးဖြုတ်ရမယ်

ကိလေသာအစေးကို ဖြုတ်ရမှာ (တင်ပါ)၊ ဘာဖြုတ်ကြ မတုံး (ကိလေသာအစေးဖြုတ်ရမှာပါ ဘုရား)၊ သူကငြိနေတာ (တင်ပါ) ကိလေသာအစေးက ဟိုသွားတွဲ၊ ဒီသွားတွဲ တစ်ခါတည်း ဒါလည်း မကင်းဘူး ဘုရာ့၊ ဒီကလည်း ဘာတော်တယ်။ ဟာ ဒါကလည်း ဘယ်တုန်းက ချစ်ခင်ခဲ့တာ၊ ဒါက ဘယ်တုန်းက မွေးဖွားတာ အို ရှုပ်နေတာပဲ၊ ဘာတွေ ရှောက်ပြောနေတာတုံး အကုန်ငြိနေတယ် ပြောတာ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ဘာတွေပြောနေတုံး (အကုန်ငြိနေတာပြောတာပါ ဘုရား)။

အကုန်ငြိနေတော့ လှုပ်စရာရှားစရာများရှိသေးလား (မရှိပါဘူး ဘုရား)၊ လှုပ်စရာရှားစရာ မရှိလို့ရှိရင် ကိုယ့်သဘော ဘယ်နဲ့နေတုံး မပါတော့ဘူး၊ ဟုတ်ဘူးလား (တင်ပါ ဘုရား) ထောင်ထားတဲ့ ပုဂ္ဂိုလ်၏ စီမံသလို ခံရုံပဲ (တင်ပါ)။

သေမင်းကထောင်ထားတဲ့အစေး

မရဏမင်း ထောင်ထားတာကိုကွ (တင်ပါ ဘုရား)။ သေမင်းက ထောင်ထားတဲ့အစေးတွေလို့ ငါခုနင်က ပြောခဲ့တယ်၊ ဒီအစေးတွေ သေမင်းက ဒီယုန်မြင်လို့ ဒီခြုံထွင်ထားတာလို့၊ ဒီအစေးတွေ ထောင်ထားတာက ဒီလိုသတ်ချင်လို့ (တင်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

မင်းတို့က သက်သက် ဒီအစေးသွားပြီး သကာလ နင်းမိ သလား၊ ကိုင်မိသလား၊ တွယ်မိ သလားလို့ မေးလို့ရှိရင် လွတ်လွတ်လပ်လပ်နေရင်တော့ ဘာနဲ့မှမငြိဘူး (တင်ပါ ဘုရား)။ သို့သော် လွတ်လွတ်လပ်လပ်မနေတော့ အကုန်ငြိနေတာ ကိုယ်က မွေးလိုက်ငြိလိုက်၊ လုပ်ကိုင် ကျွေးတဲ့သူ ငြိလိုက်၊ စီးပွား ဖက်တွေငြိလိုက် (တင်ပါ)၊ အင်း မျက်ရည်ကျဖို့တော့ ပြင်ပါ ။ (တင်ပါ ဘုရား)။

ဒိပြင်ဘာရှိသေးတုံး (မရှိပါ ဘုရား)၊ မျက်ရည်ကျပြီး သကာလ အကောင်းသေလား အဆိုး သေလားလို့ မေးဖို့မလိုပါ ဘူး၊ အငြိမဖြုတ်လို့ရှိရင် အဆိုးသေ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘဝတိုင်းဗရမ်းဗတာသေခဲ့ကြရ

ငြိကပ်တတ်တာ ဘယ်နဲ့ခေါ်ကြမယ် (သတ္တဝါပါ ဘုရား)၊ ငြိကပ်တတ်တာ သတ္တဝါရှင်းပလား (ရှင်းပါပြီ ဘုရား)၊

ဒါဖြင့်ကွာ တဲ့ ငြိကပ်တတ်တာ သတ္တဝါဆိုလို့ရှိရင်ဖြင့် ဘယ်ဘဝမဆို တပည့်တော်တို့ သေခြင်းကောင်းများ သေခဲ့ရရဲ့ လားလို့ မေးကြည့် (တင်ပါ)၊ ကဲ (မသေခဲ့ရပါ ဘုရား)၊ မသေခဲ့ဘူး ဗရမ်း ဗတာချည်းပဲ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒီအငြိမပြုတ်သ၍၊ အစေးမပြုတ်သ၍ ဗရမ်းဗတာ သေမှုကိုတော့ ရပ်စဲမှာမဟုတ်ပါဘူး (မရပ်စဲပါဘူး ဘုရား)၊ ရပ်စဲနိုင်ပါ့မလား၊ အဲဒါဉာဏ်နဲ့ကြည့်တော့မှ ဟုတ်ပါလား၊ ဘုရား ဟောတော် မူတာ ဟုတ်ပါလား၊ ဆရာ သမားသတိပေးတာ ဟုတ်ပါလား၊ ဒီအတိုင်းဆိုရင် အခက်ကြီး ပါလား၊ မျောက်ထောင်ထားတဲ့ အစေးက မျောက်နဲ့ကို သွားတွေ့ နေပါပေါ့လား၊ မျောက်သေ သေရပုံ ရနေပါပေါ့လား ဘယ့်နဲ့တုံး ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘာသေသေရပုံရနေတုံး

ဦးတင်မောင်ရဲ့ ဘာသေ သေရပုံ ရနေတုံး (မျောက်သေ သေရပုံရနေပါတယ် ဘုရား)၊ မျောက်ကလည်း သူ့အသေကမင်း၊ သူများက သူ့အသားစားချင်လို့ ဒီအစေးနဲ့ ထောင်ထားတာ (တင်ပါ) မိတာက တစ်မျိုး၊ သတ်ချင်ရတာတစ်မျိုး (တင်ပါ)။

မိတာက အစေးနဲ့ထောင်ထားလို့မိတယ်၊ ဗရမ်းဗတာ လိမ့်ကျလို့ ဟိုကထင်သလို စီမံနိုင်တယ် ဆိုတော့ ဘယ်မှ မပြေး နိုင်တော့ပဲကိုကွ (တင်ပါ)၊ ပြေးနိုင်သေးရဲ့ လား (မပြေးနိုင်ပါ ဘုရား)။

အဲဒါ မင်းတို့က အသေကြောက်လို့ သား လင် ခင်ပွန်း သားသမီးများအပေါ် ဖွယ်ဖွယ်ရာရာ ရှိအောင် တင့်တောင့် တင့် တယ် ရှိအောင်လို့ တည်ထောင်နေကြငြားသော်လည်း ငြိကပ်ပြီး သကာလ နေတော့ အနေကောင်းလည်း ဆိုလို့မရဘူး၊ နေလည်း ငြိနေတာပဲ၊ အသေကောင်းကော (ဆိုလို့မပါဘူး ဘုရား)၊

နောက်ဘယ်ဟာ ကောင်းသေးတုံး ပြောပါဦး ဒါဖြင့် (ဘယ်ဟာမှ မကောင်းပါ ဘုရား) ဟေ့-အေးမောင် ဘယ်ဟာ ကောင်းသေးတုံးကွ (အကောင်းမရှိပါ ဘုရား)။

ငြိကပ်မှုပေါင်းဘယ်လောက်ရှိတုံး

အနေကောင်းလည်း ငြိကပ်နေတာပဲ၊ ငြိကပ်နေတာက ကြည့်ပါလားကွ ကိုယ့်ခန္ဓာကိုယ်ကြီးကို ငြိကပ်တာကတစ်မျိုး၊ သားသမီးခန္ဓာကိုယ် ငြိကပ်တာက တစ်မျိုး၊ ပစ္စည်းတွေငြိကပ် နေတာက (တစ်မျိုးပါ ဘုရား)၊ တစ်မျိုးဆိုတော ငြိကပ်မှုပေါင်း ဘယ်လောက်ရှိတုံး (မရေတွက်နိုင်ပါဘူး ဘုရား) မရေတွက်နိုင်ဘူး။

အဲဒီ ငြိကပ်မှုတွေကြောင့် မင်း အခုကြည့်စမ်း မတရား သဖြင့် ငွေစားခြင်း၊ မတရားသဖြင့် သတ်ကြဖြတ်ကြ၊ မတရား သဖြင့် လုကြ ယက်ကြဆိုတော့ ဒါငြိကပ်မှုကလာတာ (တင်ပါ)။

ဒါတွေ ငြိနေတဲ့အတွက် ဒါတွေစားဖို့၊ ဒါတွေသောက် ဖို့ (မှန်ပါ)၊ ဒါတွေပြုစုပျိုးထောင်ဖို့၊ ဒါတွေ လူချင်းတူတူဖြစ်ဖို့ ဆိုတော့ ငြိကပ်မှုကြောင့် သူမှာ အကုသိုလ်အလုပ် လုပ်ဖြစ်တာ (တင်ပါ ဘုရား) နို့မဟုတ်ရင် လုပ်ဖြစ်ပါ့မလား (မလုပ်ဖြစ်ပါဘူး ဘုရား)။

တစ်ခါ အမော အပမ်းခံတာတွေကော (ငြိကပ်နေလို့ပါ ဘုရား) အင်း မြစ်ကူးချောင်းခြားသွားပြီး သကာလ အသေ မကြောက် သွားရေးလာရေးရှိတာတွေကော – (ငြိကပ်မှုရှိနေလို့ ပါ ဘုရား)၊ ဟ-ငြိကပ်မှုဟာ ဒါဖြင့် အသေထဲ အမောထဲချည်း တွန်းချနေတာပဲဆိုရင်ကော ဒါဘယ်က လက်သည်တုံး (ငြိကပ်မှု ပါ ဘုရား)။

ငြိကပ်တာ ဘာခေါ်ကြမယ် (သတ္တဝါပါ ဘုရား)၊ အဲ သတ္တဝါဖြစ်နေတဲ့အတွက် ဒါငြိကပ် နေတာပဲ(တင်ပါ ဘုရား)၊ ရှင်း ပလား (ရှင်းပါပြီ ဘုရား)။

ငါ့ကိုယ်၊ ငါ့ဟာမဟုတ်ဘူး ၊

ဒါဖြင့် နေ့တိုင်း ဆရာသမားက ဟေ့မောင်အောင်ချီမင်း ဝိပဿနာရှု၊ လှညွန့်ရှုဆိုတော့ ဒါတွေဟာ ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာ မဟုတ်ဘူးဆိုတာ သိအောင်လို့၊ သူ့ဟာသူဖြစ်၊ သူ့ဟာသူ ပျက်နေတာပဲ၊ ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာမဟုတ်ဘူးလို့သိလို့ရှိရင် ငြိသေးရဲ့ လား (မငြိပါဘူး ဘုရား)။

မင်းတို့လုပ်နေတာအလုပ်မှန်

မငြိတော့ ဒီယောဂီဟာ မလွတ်လပ်ဘူးလား (လွတ်လပ် ပါတယ် ဘုရား)၊ ဒါဖြင့် မင်းတို့ လုပ်နေတဲ့အလုပ်ဟာ အလုပ်မှန်ပေါ့ (တင်ပါ ဘုရား)၊ သဘော ကျရဲ့လား ဘာတဲ့တုံး (အလုပ်မှန် ပါ ဘုရား)၊ အလုပ်မှန်ပဲ။

ဘာလုပ်နေတာတုံး ငြိကပ်မှု ဖြတ်နေတာ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ငြိကပ်မှုဖြတ်နေတာ ကြံဖန်ဖြတ်ရတာလားဆိုတော့ သူ့မမြင်သေးတဲ့ပုဂ္ဂိုလ်၊ ဖြစ်ပျက်မမြင်သေးတဲ့ပုဂ္ဂိုလ်ဟာ ငြိကပ်တာ (တင်ပါ)။

ဖြစ်ပျက်မြင်လာတော့၊ ငြိတွယ်စရာမရှိ

ဖြစ်ပျက်မြင်လာတော့ ငြိစရာ၊ ကပ်စရာ တွယ်စရာကော (မရှိပါ ဘုရား)၊ ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာကော (မဟုတ်ပါဘူး ဘုရား)၊

ဒါကြောင့် မင်း ဒီဖြစ်ပျက်ရှုကွ၊ ဖြစ်ပျက်မုန်းအောင်လုပ် ကွဆိုတာ ငြိကပ်မှုသတ်နေတာ (တင်ပါ)။

ဖြစ်ပျက်ဆုံးတော့ငြိတွယ်မှုသေတယ်

ဖြစ်ပျက်ဆုံးအောင် လုပ်ပါကွ ဆိုတော့ ဘာမှ ခင်တွယ်မှု မရှိလို့ငြိကပ်မှု သေမသွားပေဘူးလား (သေသွားပါတယ် ဘုရား) ငြိကပ်မှု သေသွားတဲ့ အခါကျတော့ အင်း ဘယ်သူ့ လက်တွင်းမှ ခေါင်းဆင်းပြီး သေစရာ ရှိသေးရဲ့လား (မရှိပါဘူး ဘုရား)။

ဘယ်သူထောင်ထားတဲ့ အစေးကော လက်နဲ့ခြေနဲ့ နှိုက်မိ တယ်လို့ မရှိပါ ဘုရား)၊ မရှိတာ အန္တရာယ်ကင်း၊ ဘေးရှင်းဆိုတဲ့ အဓိပ္ပါယ်က ဘာပြောဖို့လို့သေးလဲ (မလိုပါဘူး ဘုရား)၊ ဒါဖြင့် သတ္တဝါဆိုတဲ့ နာမည်ဟာ မကောင်းဘူး (တင်ပါ)၊ ဘယ်လိုဆုံး ဖြတ်ချက်ချမယ် (သတ္တဝါဆိုတဲ့ နာမည်မကောင်းပါ ဘုရား)။ မကောင်းဘူးလို့ ဆုံးဖြတ်ချက်ချ။

ဘာဖြစ်လို့တုံး ငြိကပ်တတ်တာ ဘာခေါ်ကြမယ် (သတ္တဝါပါ ဘုရား)၊ ငြိကပ်နေတဲ့ ပုဂ္ဂိုလ် အပေါင်းမှာဖြင့် အနေဆိုး နှင့် အသေဆိုးချည်းပဲ (တင်ပါ ဘုရား)၊ ဘယ်နဲဆိုမတုံး (အသေ ဆိုးနဲ့ အနေဆိုးချည်းပါ ဘုရား)။

ငြိကပ်ပြီးတော့ နေတဲ့ပုဂ္ဂိုလ်ကျတော့ သားငြိတယ်ဆိုရင် သားမမာလို့ပြေးရတာနဲ့၊ သမီးမမာလို့ ပြေးရတာနဲ့ (တင်ပါ) ကြာတော့ ခြေများတိုချည်ရဲ့ လို့ညည်းသေး (တင်ပါ)။

ငြိစရာတွေကပေါလွန်းတယ်

ဘယ်နဲ့ကြောင့် ဟိုငြိ သည်ငြိဖြစ်နေတာကိုဟ၊ ငြိစရာ တွေကလည်း ပေါပေါလွန်းလှတယ်၊ အဲတော့ ဘာဖြစ်လို့ သွားပါ လိမ့်မဆိုတော့ လူ လူချင်းတော့ ပြောလို့ကောင်းတာပေါ့ (တင်ပါ့ ဘုရား)။

အို ဘယ်သူက ဘာဖြစ်နေလို့၊ မကင်းတရားက ရှိနေတယ် (တင်ပါ)၊ ဒါ ဟုတ်ပေလိမ့်မယ်လို့ လိုက်နေတာပဲ။ သေခြင်းဆိုး သေလိမ့်မယ်လို့ ငါလို့ပြောရဲ့ လား (မပြောပါဘူး ဘုရား)။

သူလည်း သတ္တဝါထဲကဖြစ်နေတော့ကျုပ်တို့လည်း ဒီလိုပဲ လို့တာဝန်ခံတာပဲ(တင်ပါ)၊ မခံဘူးလား၊ ကိုင်း (ခံပါတယ် ဘုရား)။

ကျုပ်တို့ လည်း ဒီလိုသွားနေတာပါပဲ၊ မင်းတို့က တော်တော်သေးတယ်၊ ဒို့က ဒီထက်ဆိုးတယ် အမယ် သူကတောင် ဂုဏ်ယူလိုက်သေးတယ်၊ မယူဘူးလား (ယူပါတယ် ဘုရား)။

မျက်မမြင် ဆင်ပြသလို

အဲဒီတော့ မသိတဲ့လူထဲမှာ မျက်လုံး မမြင်တဲ့ လူ၊ ဆင် ပြရယလို ဖြစ်နေတာကွ (တင်ပါ)၊ မျက်လုံး မမြင်တဲ့ လူ၊ ဆင် ပြတော့ ရှင်ဘုရင်တစ်ယောက် မျက်လုံးမမြင်တဲ့လူတွေ အကုန် ခေါ်ခဲ့ဟေ့ တိုင်းပြည်ထဲမှာ ဆင်ပြတယ်။

သူတို့က စမ်းကြည့်မှ သိမှာကို (တင်ပါ)၊ နှာမောင်းစမ်း ကြည့်တဲ့လူကတစ်ယောက်၊ ခြေထောက် စမ်းကြည့်တဲ့ လူက တစ်ယောက်၊ နားရွက် စမ်းကြည့်တဲ့လူက တစ်ယောက်၊ အမြီး စမ်းကြည့်တဲ့လူက တစ်ယောက်၊ နောက်ခေါ်ပြီးတော့ မေးတယ် ရှင်ဘုရင်က ဆင်ဆိုတာ ဘယ်နဲ့ နေတုံး၊

အိုး ဆင်ဆိုတာ တံမြက်စည်းနဲ့တူတယ် ပြောတာပဲ၊ အမြီးစမ်းကြည့်တာကို သူ့ဟာ က၊ အမြီးစမ်းကြည့်တော့ တံမြက်စည်းနဲ့ တူသလိုဖြစ်နေတော့ သူစမ်းမိရာပဲ သူဟာ ဟုတ်တယ် ထင်နေတာ (တင်ပါ)။

အကန်းတွေပြောအာအမှန်ဟုတ်ကဲ့လား

စဉ်စစ်တော့ သူတို့အကန်းတွေပြောတာ တစ်ယောက် မှ ဟုတ်ကဲ့လား (မဟုတ်ပါဘူး ဘုရား)၊ တစ်ယောက်ကလည်း ချည်တိုင်ကြီးနဲ့ တူတယ်၊ တစ်ယောက်ကလည်း ဗူးနွယ်ကြီးနဲ့ တူတယ် တစ်ယောက်ကလည်း စကောကြီးနဲ့ ထူတယ်နားရွက် စမ်းမိတဲ့လူက (တင်ပါ)၊ တစ်ခုမှ မှန်ရဲ့လား (မမှန်ပါဘူး ဘုရား)။

အင်း နင်တို့ချင်း ပြောနေကြတာ တစ်ယောက်မှ မမှန်ဘူး (တင်ပါ)၊ မျက်စေ့ကန်းတွေ စမ်းမိရာ ပြောတာပဲကွ၊ ရိပ်မိပလားကွ (ရိပ်မိပါပြီ ဘုရား)။

အကန်းတွေထဲမှာနေလို့တရားမရ

အဲတော့ လူထဲမှာနေလို့ တရားရလိမ့်မယ်ဆိုတဲ့ သဘောကတော့ မရှိဘူးတဲ့၊ ဘာဖြစ်လို့ မရှိတုံး၊ အကန်းတွေမို့လို့ (တင်ပါ)၊ ရိပ်မိပလား (တင်ပါ)။

အမြီးစမ်းမိတဲ့လူက ဆင် တံမြက်စည်းနဲ့တူပါတယ်ဆို တော့ မခက်ဘူးလား၊ အေးမောင်တို့ ဘာများ စမ်းမိနေတုံး မပြော တတ်ပါဘူးကွာ။

ခုနက စုံလုံးကန်းချည်းစုပြီး ကိုယ်ထင်ရာ ကိုယ်ပြော၊ ကိုယ်စမ်းမိရာ ကိုယ်အဟုတ်ထင်၊ ဒီအဓိပ္ပါယ် မနေဘူးလား (နေပါတယ် ဘုရား)၊ ဒီပြင်ဘာမှ သူထူးထူးခြားခြား တစ်ကောင် လုံးမြင်တဲ့ လူပါရဲ့ လား (မပါပါဘူး ဘုရား)။ ဘာဖြစ်လို့တုံး၊ စုံလုံး ကန်းတွေကိုကွ၊ အဲဒီလိုဖြစ်ပြီး သကာလ နေတာ အေးမောင်ရ (တင်ပါ ဘုရား)။

စုံလုံးကန်းတွေက ရှေ့မှီနောက်မှီပြောကြတယ်

မင်းတို့ ရွာထဲ မြို့ထဲပြောဆိုနေကြတဲ့စကားတွေ တစ်ယောက်က တစ်ယောက် သင်ပြ နေကြတဲ့ လူကြီးသူမက ပြောဆိုနေကြတဲ့ စကားတွေဟာ သူမြင်တာ သူပြောတာပဲကွ (တင်ပါ)။

ငါပြောတာနားမထောင်ဘူး ငါကရှေ့မှီ နောက်မှီလို့သာ ဆိုတယ် စုံလုံးကန်းသူက ရှေ့မှီနောက်မှီလို့တော့ သူပြောချင် ပြောမှာပဲ၊ ပြောပင် ပြောငြားသော်လည်း စုံလုံးကန် စမ်းမိရာ ပြောတာပဲ(တင်ပါ)၊ မပြောပေဘူးလား (ပြောပါတယ် ဘုရား)။

အခုတော့ စုံလုံးကန်းမဟုတ်တော့ဘူး

အဲတော့ကို အခုတော့ သိပြီတဲ့ စုံလုံးကန် မဟုတ်ဘူး ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကဲ ဒီနေ့ ဒီတွင်တော်ကြဦးစို့။

သာဓု၊ သာဓု၊ သာဓု။

——–

ဆင်ခြေလဲရင်၊ သေချင်သေးလို့ပဲ

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မိုးကုတ်မြို့၌

ဟောကြားတော်မူသော တရားတော်

ဆင်ခြေလဲရင်၊ သေချင်သေးလို့ပဲ

ဟောကြားသည့်နေ့

(၄-၆-၆၀)

သေမင်းက ဆုတောင်းရတာလား၊ ဝေးဝေးရှောင်ရတာ လား (ဝေးဝေးရှောင်ရတာပါ ဘုရား)၊ ဝေးဝေးရှောင်ရတာကို ပင်လျင် ဆုတောင်းယူနေတော့ အဲဒါမသိတဲ့ အဝိဇ္ဇာကြောင့် သူက ဒုက္ခသစ္စာကိုကွ။

ဒုက္ခသစ္စာ ဆိုတာ ကိန်းရာ ပုဂ္ဂိုလ်ကိုသတ်တာကို ဒုက္ခ သစ္စာဆိုတာပဲ၊ ပီဠနဋ္ဌော – ညှာတာမဖတ် အမြဲနှိပ်စက်သတ် ဖြတ်တာကို ဆိုတာပဲ။

ခန္ဓာငါးပါးကဒုက္ခသစ္စာ

အဲတော့ ခန္ဓာငါးပါးက ဒုက္ခသစ္စာတရား၊ ဒုက္ခသစ္စာ တရားဆိုတာသည် သတ္တဝါကို သေအောင် လုပ်တဲ့ ဒုက္ခလည်း ဒီခန္ဓာငါးပါးကပေးတာပဲ သဘောကျပလား (ကျပါပြီ ဘုရား)။

အပါယ်ရောက်အောင် ဒုက္ခတွေပေးတာကို ဒီခန္ဓာငါးပါး ကြောင့် ဖြစ်ရတဲ့ ဒုက္ခတွေလို့ ဆိုရင်ကော လွဲသလား (မလွဲပါဘူး ဘုရား) သူ့ကျွေးဖို့၊ သူ့မွေးဖို့ရှာရတာနဲ့ပဲ အကုသိုလ်တွေရောက် လာ၊ ရောက်လာတဲ့ အကုသိုလ်တွေက အပါယ်ချလိုက်တော့ သူ့ကြောင့်ရောက်ရတာလို့ လက်သည် အရင်းရှာလိုက်တော့ မတွေ့ဘူးလား (တွေ့ပါတယ် ဘုရား)။

ခန္ဓာငါးပါးကဘာတရားနဲ့တူသတုံး

ဒါဖြင့် ခန္ဓာငါးပါး ဘာတရားနဲ့တူတုံး နှိပ်စက်တတ်တဲ့ သူသတ်ယောက်ျားနဲ့ တူတယ်လို့ မှတ်ထားပါ၊ သူသတ်ယောက်ျား အစစ်ပါပဲ (တင်ပါ ဘုရား)။

ဒါကြောင့် “ရူပေခေါ ရာဓ သတိ မာရောဝါ အဿ”

ရာဓ-ရာဓရဟန်း၊ ရူပေ ရုပ်တရားသည်၊ သတိ- ရှိခဲ့သော် မာရောသတ် တတ်သည်၊ အဿ- ဘဝေယျ- ဖြစ်ရာ၏၊ ရုပ်တရား ရှိရင် တော့ မင်းသတ်လိမ့်ဦးမည် သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဝေဒနာရှိရင်ကော သတ်ဦးမှာပဲ သညာရှိရင်ကော (သတ်ဦးမှာပါ ဘုရား)၊ သင်္ခါရဆိုတဲ့ ခန္ဓာ ရှိရင်ကော (သတ်မှာပါ ဘုရား)၊ ဝိညာဏ်ဆိုတဲ့ စိတ်ရှိနေရင်ကော (သတ်မှာပါ ဘုရား)၊

ဪ မင်းတို့ ဘယ်သူနဲ့ အတူတူနေပါလိမ့်မတုံးလို့မေးလို့ ရှိရင် ဘယ်နဲ့ဖြေကြမတုံး (သေမင်းနဲ့ အတူနေကြပါတယ် ဘုရား)။

နင့်ကိုသေမင်းလွတ်အောင်လို့ပြောတာ

အန္တရာယ်ကင်းပါ့မလား မေးလို့ရှိရင် အတူတူနေရင် တော့ မကင်းပါဘူး (တင်ပါ) ခွဲနိုင်ရင်တော့ (ကင်းပါတယ် ဘုရား) ဒါဖြင့် လှညွန့် သေသေချာချာလုပ်ပါ၊ နင့်ကို သေမင်း လွတ်အောင်လို့လို့ ပြောတာ မမှန်ဘူးလားကဲ (မှန်ပါတယ် ဘုရား)။

အဲဒါ မင်းတို့ ဒီနေ့ ထူးထူးထွေထွေ သိရတဲ့အတွက် ဘုရားက ရာဓရဟန်း ဟောတဲ့အတွက် ဪ ဒီဟာတွေ အဖြစ်အပျက် ဒီဟာတွေ မရှိအောင် ဒီဟာတွေမလိုချင်အောင် ရှုခိုင်းနေတာ၊ သေမင်း လွတ်အောင်လုပ်နေတာ ပေါ်ပလားကွ (ပေါ်ပါပြီ ဘုရား)။

ခင်ဗျားတို့ အချင်းချင်း သေသတဲ့ဟေ့၊ ဘယ်သူ၊ ဘယ်ဝါကြားကြရဦးမှာကွ၊ မကြားရပေ ဘူးလား (ကြားရပါတယ် ဘုရား)၊ ဘာဖြစ်လို့တုံး၊ ဘယ်သူ့လက်ချက်နဲ့တုံးလို့ မေးလို့ရှိရင် အို ဘယ်သူ့လက်ချက်နဲ့မှ မဟုတ်ဘူး၊ သူ့ခန္ဓာထဲက သေမင်းတွေက သတ်တာနဲ့ သူသေတာပဲ။

ဆေးတွေ ဝါးတွေနဲ့ မတားဘူးလား၊ မရဘူး၊ သူ ယူလာတဲ့ လက်နက်နဲ့ သူအသက် ထွက်ရတယ် မဆိုနိုင်ဘူးလား(ဆိုနိုင်ပါတယ် ဘုရား)။

အသေလွတ်ကိုအရှာခိုင်းနေတာ

အဲဒီတော့မှ မင်းတို့အလုပ်ခိုင်းတဲ့ ဝိပဿနာက ဘာတုံး အောက်မေ့နေတယ်၊ ကိုယ့်အတွက် ချမ်းသာအစစ်၊ အသေလွတ် ကို အရှာခိုင်းနေတာကို ဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)၊ ပေါ်ပါတယ်၊ ဒါဘုရားက အသေအချာ ဟောတာပဲ (တင်ပါ)။

ခုနင်က သေပုံပြောလိုက်တော့ကော မဟုတ်ဘူးလား ဟုတ်ပါတယ်။

ကိုယ်ကပြန်သတ်ပါ

ကောင်းပြီ၊ ဒါဖြင့် သူတို့က မသတ်ခင် ကိုယ်ကသတ်မှ ပဲ ကို ယ်အသေလွတ်မှာပဲ (တင်ပါ ဘုရား)၊ ဒါကြောင့် “မာရေတာ ဝါ အဿ” ရူပေ- ရုပ်တရားသည်၊ မာရေတာ – မိမိက သတ်အပ်သည်၊ ဟောတိ-ဖြစ်၏။ ကိုယ်ကပြန်သတ်ပါ။

သူ့ကိုမလိုချင်တဲ့ဉာဏ်လာတယ်

ပြန်သတ်ဆိုတာ တခြားမဟုတ်ဘူးဉာဏ်နဲ့သတ်လိုက်တဲ့ အခါကျတော့၊ သူ့ကို မလိုချင်တဲ့ ဉာဏ်လာတဲ့ အခါကျတော့ သူက အရှုံးပေးသွားတယ် (တင်ပါ)၊ အရှုံးပေးသွားတော့ သူချုပ်ပျောက် သွားတယ်။

ချုပ်ပျောက်သွားတဲ့အခါကျတော့ ဒီဘဝ သူ့ကို ကိုယ်က အနိုင်ယူထားတဲ့အတွက် ကိုယ်ကသာ သူ့သတ်နိုင်တော့တယ်၊ သူက ကိုယ့်သတ်ဖို့ ဝတ္တရား မရှိတော့သည့်အတွက် ဒီပုဂ္ဂိုလ်ဟာ နိစ္စနိဗ္ဗာန်။

အမြဲချမ်းသာနေတယ်

သုခ နိဗ္ဗာန်ဆိုတာ အမြဲချမ်းသာ မနေဘူးလား (တင်ပါ) ဒါဖြင့် ဘယ်နဲ့လုပ်ကြမတုံး ခါတိုင်းတော့ သူကချည်း သတ်တယ် ဒီတစ်ခါ ဘယ်နဲ့လုပ်ကြမတုံး၊ ကိုယ်ကပြန်သတ်ဆိုတော့ သူ့မလို ချင်လို့ရှိရင်မရဘူး၊ မရချင်လို့ရှိရင် သူထွက်သွားမှာပဲ၊ (တင်ပါ)။

နဂိုရချင်လို့ယူထားတော့ ဆုတောင်းနဲ့ယူထားတာပဲ အဲဒါတွေ ဇာတ်သိမ်းလိုက်တယ်ကွာ၊ ကဲ-မင်းဆုတောင်းနဲ့ ထားတာ၊ မှားလို့တောင်းတာအခုတော့ဖြင့် မင်းအကြောင်း သိအောင်လုပ်ပြီး မင်းကိုမလိုချင်တဲ့ ဉာဏ်ရအောင် ဆရာသမား အကူအညီနဲ့၊ ဘုရားအကူအညီနဲ့ လုပ်လိုက်မယ် ဆိုတော့သူတို့ ချုပ်ပျောက်သွားမယ့်တဲ့ ခန္ဓာငါးပါး (တင်ပါ)။

ကြိုးစားလုပ်ပါလို့ဆရာမှာတယ်

ခန္ဓာငါးပါးချုပ်တာက သူသတ်ယောက်ျားတွေချုပ်သွား တာ(တင်ပါ)၊ ခန္ဓာငါးပါးချုပ်တာလား၊ သူသတ်ယောက်ျား မရှိ တာလားလို့ မေးပြန်လို့ရှိရင် (သူသတ်ယောက်ျားမရှိတာပါ ဘုရား)။

ဒါဖြင့် အားကိုးတဲ့ ယောဂီပုဂ္ဂိုလ်ကို သူသတ်ဖို့ရာ ဝတ္တရားရှိသေးရဲ့လား၊ ရှိရင်သတ်မှာ (တင်ပါ)၊ မရှိရင် (မသတ်ပါ ဘူး ဘုရား)၊ မရှိရင်မသတ်ပေဘူးဆိုသဖြင့် ဪ -မောင်အောင်ချီ မင်းကြိုးစားလုပ်၊ လှညွန့်ကြီးကော ကြိုးစားလုပ်ပါလို့ ဆရာသမား က မှာတယ် (တင်ပါ)။

ဆင်ခြေလဲရင်သေချင်သေးလို့ပဲ

ကိုယ်ကသာ မလုပ်ချင်နေလို့ ကိုယ့်သတ်မည့်သူကို အန္တရာယ်ကင်းအောင်လို့ လုပ်ခိုင်းတာ ဟုတ်ဘူးလား၊ ဒါများ ပျင်းနေတဲ့လူ ဘယ်ကိစ္စ ညာကိစ္စတွေနဲ့ ဆင်ခြေလဲနေတဲ့ပုဂ္ဂိုလ် များ၊ သေချင်သေးလို့ပဲ (တင်ပါ) ဆိုထိုက် မဆိုထိုက် (ဆိုထိုက်ပါ တယ် ဘုရား)။

ဉာဏ်နဲ့ကြည့်မှနော် ဉာဏ်နဲ့မကြည့်လို့ရှိရင်ဖြင့် ဘုန်းကြီး က တိုက်တွန်းတာ ကိုယ်ကလည်း မအားဆိုတော့ အင်း မင်းမအားနေရင် သေလိမ့်ဦးမယ်၊ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)၊ အဲဒါသိတဲ့ လူကပြောမှ ဒီဥစ္စာမှန်လာတာကိုကွ မသိတဲ့လူကတော့ ကိုယ့်အထင်နဲ့ကိုယ်အရပ်စကားနဲ့ ညှိနေတာ ပဲ(တင်ပါ)။

ပညာရှိနဲ့တော့မညှိဘူး

ပညာရှိနဲ့ မညှိဘူး (တင်ပါ) အရပ်က လူအ၊ လူပိန်းတွေနဲ့ ပဲ ညှိနေတယ်။ အဲဒီလူပိန်းတွေနဲ့ လုပ်လိုက်၊ ကိုင်လိုက်၊ သွား လိုက်၊ လာလိုက်၊ စားလိုက် သေလိုက် ဒီလမ်းဆုံးနေတာပဲ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဘယ်နဲ့လုပ်ကြမတုံး (ကိုယ်ကသတ်ရမှာပါ ဘုရား) ကိုယ်ကသတ်ရမယ်ဆိုတော့ သူ့မလိုချင်တဲ့ဉာဏ်ရအောင် လုပ် ပစ်လိုက် (တင်ပါ)။

သူ့မလိုချင်တဲ့ဉာဏ်ရအောင်လုပ်

မလိုချင်တဲ့ဉာဏ်ရအောင်လုပ်ပစ်လိုက်တဲ့ အခါကျတော့ ငါပြောတဲ့အတိုင်း ခန္ဓာငါးပါးဟာ ချုပ်မသွားပေဘူးလား (ချုပ်သွားပါတယ် ဘုရား)။

ချုပ်သွားလို့ရှိရင်ဖြင့် ခန္ဓာငါးပါးချုပ်တာလား၊ သူသတ် ယောက်ျားနဲ့ ကွဲသွားတာလား (သူသတ် ယောက်ျားနဲ့ ကွဲသွား တာပါ ဘုရား)။

ဒါဖြင့် အားထုတ်နေတဲ့ယောဂီမှာ ဪ အန္တရာယ် ကင်းလို့ ဘေးရှင်းပေါ့၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား) အဲဒါ ဉာဏ်နဲ့စဉ်းစားမှ ဆရာသမားတိုက်တွန်းတာ ဘာပါလိမ့် မလဲဆိုတဲ့ဥစ္စာ ဒီနေ့ ထူးထူးခြားခြား ပေါ်မလာဘူးလား (ပေါ်လာ ပါတယ် ဘုရား)။

လိမ္မာစေချင်လို့၊ ဒီလောက်တိုက်တွန်းနေတာ

ဒို့ခင်လို့၊ ဒို့အတွက် စိုးရိမ်လို့၊ ဒို့အတွက် လိမ္မာစေချင်လို့ ဒို့အတွက် အန္တရာယ် ကင်းစေချင်လို့၊ ဒို့အသေ လွတ်ပါစေလို့ ဒီလောက် တိုက်တွန်းနေတာကို (တင်ပါ) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

နို့မို့လို့ရှိရင် တတ်နိုင်လို့ ဘုရင်ခံ၊ နန်းရင်းဝန်ဆိုတာ ဂုဏ် ပါဝါ-Power အကြီးဆုံးပဲ၊ အတော် ကြာတော့ သူသတ်ယောက်ျား လက်ထဲ အသက်ထွက်တာပဲ၊ ရှာတွေ့ ရဲ့ လား (မတွေ့ပါဘူး ဘုရား)။

ဂုဏ်တွေပစ္စည်းတွေကဘာတတ်နိုင်သေးတုံး

တော်ကြာသေပြီတဲ့၊ သေပြီတဲ့ ကြားနေရတာပဲ ဒါဖြင့် သူ့ဂုဏ်တွေက ဘာတတ်နိုင်သေးတုံး၊ သူ့ပစ္စည်းကကော (မတတ်နိုင်ပါ ဘုရား)၊ သူယူလာတဲ့သေမင်းနဲ့ပဲ သူသေတာ (တင်ပါ ဘုရား)။

အဲတော့ သူ့ကို လောကမှာတော့ ပညာရှိလို့တင်ထား ကြတယ်၊ ဒါပေမယ့် ပညာမရှိလို့ အသေခံရတာ (တင်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဘယ်နဲ့လုပ်ကြမတုံး (ကိုယ်ကသတ်မှပါ ဘုရား) ဉာဏ်နဲ့ သတ်ရမယ်၊ သူက ဉာဏ်မရှိတုန်းက လာထားတာ ဉာဏ်မရှိလို့ တဏှာနဲ့ ဆုတောင်းထားတော့ သူဉာဏ်မရှိတုန်းက လာထားတာ (တင်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သတ်မည့်လူနဲ့အတူတူနေ

ဉာဏ်မရှိတုန်းက လာထားတဲ့ ဥစ္စာတော့ ကိုယ်လည်း မသိ၊ မသိလို့တောင်းထားတာ၊ သတ်မည့်လူနဲ့ အတူနေရပါလို့ ၏ (တင်ပါ) သတ်မည့်လူနဲ့ အတူနေရပါလို၏ဆိုတဲ့ ဆုတောင်းဟာ အတော်ဆိုးတယ်ဟ (တင်ပါ ဘုရား)။

သေသေချာချာ စဉ်းစားကြည့်မှ (တင်ပါ)၊ နတ်ဖြစ်ရပါ၏ ဆိုတာ နတ်ခန္ဓာငါးပါးသတ်မည့်လူနဲ့ အတူတူ နေရပါလို၏။ အခု ကုသိုလ်ပြုတဲ့လူနဲ့ အတူနေရပါလို၏၊ ဒီလောက်ဆိုးဝါးနေတဲ့ ဥစ္စာ တကယ့် စုံလုံးကန်း လုပ်နေတဲ့အလုပ်လို့ဆိုသာ ဆိုလိုက်ပါ (တင်ပါ) မှားများမှားသေးရဲ့ လား (မမှားပါဘူး ဘုရား)။

မမှားပါဘူးတဲ့ ဒါတွေ အရှင်းသားပဲ၊ ဒါကသာမညနဲ့ ဘုရားပါဠိတော်တွေ ဒီလိုမှ မတွေးလို့ရှိရင် နောက်ဘဝ ကောင်း စားရေးတောင် ထင်လိုက်သေးတယ် (တင်ပါ)။

ဘဝဆုတောင်းတာသေချင်သေးလို့

ထင်စရာများရှိရဲ့လား (မရှိပါဘူး ဘုရား)၊ သေချင်သေးလို့ သာမှတ်ရုံပဲ (တင်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ဘာဖြစ်ချင် တယ်လို့ ဆုတောင်းနေတာတုံး၊ ဘဝများဆုတောင်းတာလေ (သေချင်လို့ပါ ဘုရား)။

အမလေး အခုမသေရသေးလို့လားမေးရင် မေးဖို့ မကောင်းဘူးလား (ကောင်းပါတယ် ဘုရား)၊ ဒါဖြင့် ခန္ဓာငါးပါး သူသတ်ယောက်ျားလို့ ဘုရားက ရာဓကို သေသေချာချာ ဟောတယ်၊ အဲတော့ ဘယ့်နဲ့လုပ်ရမှာတုံးလို့ မေးတော့ “ရူပေ ခေါ ရာဓ သတိ မာရောဝါ အဿ” ရာဓ =ရာဓ၊ ရူပေ= ရုပ်တရားကြီးသည်၊ သတိ = ရှိသော်၊ မာရော = သတ်တတ်သည်။ အဿ=ဘဝေယျ ဖြစ်ရာ၏။

သူရှိနေရင် မင်းသတ်မှာပါပဲ အဲတော့ မာရေတာဝါ လုပ်ပါ၊ မာရေတာ ဝါ – မိမိက သတ်အပ်သည်၊ ဟောတိ- ဖြစ်၏။ ကိုယ်ကပြန်သတ်ပါ (တင်ပါ)။

သူသာရှိနေရင် သေတတ်တယ်လို့သာမှ တ်ထား၊ ခန္ဓာ ငါးပါးရှိနေရင် ဘယ်လိုမှတ်ကြမယ် (သေတတ်ပါတယ် ဘုရား)

သေတတ်တယ်လို့မှတ်ရမယ်၊ ခန္ဓာငါးပါးရှိတဲ့ ပုဂ္ဂိုလ်ဟူသ၍ မသေတဲ့ ပုဂ္ဂိုလ်ရှာတွေ့ရဲ့လား (မတွေ့ပါဘူး ဘုရား)။

အသေကျတော့အတူတူပါပဲ

အသက်ရှည်တာနဲ့ တိုတာသာ ခွဲလို့ရတာ အသေကျ တော့ အတူတူပဲ၊ အသေကျတော့ အတူတူပဲဆိုတာ ရှင်းပလား (တင်ပါ ဘုရား) ဒါဖြင့်ကွာ မယောင်ကြပါနဲ့တော့၊ မမှားကြပါနဲ့ တော့ဆိုတဲ့ ဥစ္စာ၊ တကယ့်အကျိုးစီးပွားအလိုရှိတဲ့ ပုဂ္ဂိုလ်မှန်က ပြောပေးရမယ် (တင်ပါ ဘုရား)။

မပြောရင် ဒီအတိုင်းသွားနေမှာပဲ ရောက်ရာပွဲနွှဲနေ မှာပဲ၊ ရောက်ရာသေပွဲနွှဲနေမှာပဲ၊ ဒီပြင်သာရှိသေးတုံး (မရှိပါဘူး ဘုရား)။

ကောင်းပြီ ဒါဖြင့် သူ့ကို ဆုတောင်းအမှားကြောင့် အသတ်ခံရမည့်ဥစ္စာကို ကိုယ်ကမှန်သော ဉာဏ်နဲ့ ကိုယ်ကသူ့ကို သတ်လိုက်လို့ရှိရင်ဖြင့် အန္တရာယ်ကင်းဘေးရှင်းပါတယ်၊ ဒီလို သတ်တဲ့ဉာဏ်မှ မရတော့ပါဘူးဆိုရင်ဖြင့် (၃၁) ဘုံမှာအလောင်း ချင်းထပ်အောင် မြှုပ်မယ့်သာပြင်ပေတော့ (တင်ပါ)၊ ဒီပြင်သာရှိသေးတုံး (မရှိပါဘူး ဘုရား)။

သူ့မလိုချင်တဲ့ဉာဏ်ရအောင်လုပ်

ဒါဖြင့် အခုဉာဏ်ရပလား (ရပါပြီ ဘုရား)၊ သူ့မလိုချင်တဲ့ ဉာဏ်ရအောင် လုပ်ရလိမ့်မယ် (တင်ပါ)၊ အခုမင်းလုပ်နေတာက အခုတစ်နံပါတ်ရောက်ပြီ၊ နှစ်နံပါတ်ဆိုရင် မကြာတော့ဘူး (တင်ပါ)၊ နှစ်နံပါတ်ရောက်ပြီး၊ သုံးနံပါတ် ဆိုတာဟာ မိနစ်၊ စက္ကန့် နဲ့ ရောက်တာမျိုး၊ အဲဒီလိုချုပ်တာ သိတယ် ဆိုလို့ ရှိရင်တော့ ခန္ဓာငါးပါး မရှိတော့ဘူး၊ မရှိတဲ့နေရာမြင်ရပြီဆိုရင် ဪ သူသတ် ယောက်ျား ကင်းတဲ့ နေရာရောက်ပေတယ် ဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

အဲဒါကြောင့် ဒါဖြင့် ဖြစ်ပျက်ကိုမြင်လို့ရှိရင် သူသတ် ယောက်ျားကိုမြင်ပြီလို့ မင်းတို့ မှတ်ထားကြပါ၊ သတ်မည့် ပုဂ္ဂိုလ် သူတို့ပဲ၊ နှိပ်စက်မည့် ပုဂ္ဂိုလ်သူတို့ပဲလို့ မသိရဘူးလား (သိရပါ တယ် ဘုရား)။

ဒါကြောင့် ဒုက္ခသစ္စာလို့ ငါက သတိပေးထားတာ (တင်ပါ) သတ္တဝါကို ညှာတာမဖက် အမြဲနှိပ်စက် နေတာက ဆုတောင်းတဲ့ ပုဂ္ဂိုလ်ကို နှိပ်စက်တာ၊ သူ့ကို ကျွေးမွေးနေတဲ့ ပုဂ္ဂိုလ် ကို နှိပ်စက်တယ်၊ သူရေချိုးပေးနေတဲ့ ပုဂ္ဂိုလ်ကို (နှိပ်စက်ပါတယ် ပါ ဘုရား)။

ကျားကိုအစာခွံ့ကျွေးနေတာ

အမလေး – ဒါတောင်မှ အားမရနိုင်ဘူး၊ ပူဇော်လို့၊ ပသလို့၊ (တင်ပါ)၊ ပူဇော်ပသလို့ အားမရနိုင်ဘူး ဆိုတာ၊ ကျားဆို တဲ့ အကောင်မျိုးဟာ ဘယ်လိုပဲ ကျွေးကျွေး မယဉ်ဘူးမဟုတ် လားကွ (တင်ပါ ဘုရား)၊ အဲတော့ မင်းတို့ကလည်း ခန္ဓာကိုယ် ကျားကြီးကို တစ်ခါတည်းအမွှန်းတင်ပြီး သကာလ – အမျိုးမျိုး ကားဝယ်ပေးလိုက်၊ တိုက်တည်ပေးလိုက်၊ အမျိုးမျိုး အဝတ် အထည်တွေ ကောင်းနိုးရာရာတွေ တန်ဆာဆင်ပေးလိုက်၊ ကျားကို အစားခွံ့ကျွေးနေတာနဲ့ အတူတူပဲ၊ တစ်နေ့နေ့တော့ ကိုက် သတ်မှာပါပဲ (မှန်ပါ ဘုရား) ဆိုနိုင်ကြပလား (ဆိုနိုင်ပါတယ် ဘုရား) သဘောပါပလား (ပါပါပြီ ဘုရား)။

တော်ကြာကျားကိုက်လို့သေရမယ်

ဒါဖြင့် မင်းတို့က လူမိုက်မို့ ကျားယဉ်ကျေးမလားလို့ အစာကျွေးတာ တော်ကြာ ကျားကိုက်လို့ သေတဲ့ အဓိပ္ပါယ် ရောက်ရမည် (မှန်ပါ) မရောက်ပေဘူးလား (ရောက်ပါတယ် ဘုရား)။

အဲဒါကြောင့် ခန္ဓာငါးပါး ရုပ်နာမ်တရားကို ဘာခေါ်ကြ မယ် (သူသတ်ယောက်ျားပါ ဘုရား)၊ သေမင်း၊ လောက အသုံးအနှုံးနဲ့တော့သေမင်း၊ သတ်မယ်လို့ရွယ်နေတဲ့ပုဂ္ဂိုလ်တွေ၊ တစ်နေ့နေ့တော့ သတ်မှာပဲ၊ ငါးယောက် စလုံးမင်းကိုသတ်မှာ မဟုတ်ဘူး၊ တစ်ယောက်သတ်တာနဲ့ပဲသေရမှာပဲဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် အခုဆရာဘုန်းကြီးက မင်းတို့ကို တိုက်တွန်းနှိုး ဆော်ပြီး သကာလ ဟေ့ မောင်အောင်ချီ လုပ်ကွ၊ ဘုန်းကြီးက တိုက်တွန်းတာ အောက်မေ့မနေနဲ့၊ ကိုယ့်အန္တရာယ်ကင်းအောင် ကိုယ်လုပ် နေရတယ် အောက်မေ့ (တင်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘုန်းကြီးတိုက်တွန်းတာစောင့်မနေနဲ့တော့

ဘုန်းကြီးက တိုက်တွန်းလို့လုပ်နေတာလား၊ ကိုယ် အန္တရာယ်ကင်းအောင် ကိုယ်လုပ် နေတာလား (ကိုယ်အန္တရာယ် ကင်းအောင် ကိုယ်လုပ်နေတာပါ ဘုရား)။

အဲဒါ ဘုန်းကြီး တိုက်တွန်းတာ စောင့်မနေနဲ့တော့ ဒီက ရှေ့ကို ဆရာသမားမို့ ရင်းနှီး လုပ်နေရတာပဲ၊ ကျုပ်ကတော့ ခတ် ပျင်းပျင်းပဲလို့ လုပ်မနေနဲ့၊ ကျုပ်ခပ်ပျင်းပျင်း လုပ်နေရင် ကျုပ်သေ ချင်သေးလို့ပဲ မှတ်ရမှာပဲ ဒီပြင် ဘာမှ မရှိဘူး၊ ရှင်းပလား(ရှင်းပါ ပြီ ဘုရား)။

ကဲ ဒါဖြင့် ဂင်္ဂါဝါဠု သဲစုမကဘုရားတွေပွင့်သွားကြတယ် ဘယ်များရှာတွေ့သေးတုံး၊ ဘယ်နေရာ အလောင်းများတွေ့သေး တုံး၊ ပရိနိဗ္ဗာန်စံပြီးသွားတဲ့ ပုဂ္ဂိုလ်တွေဟာ ဆိုတော့၊ သေစရာ အထည်မရှိလို့ မသေကြတဲ့ဆီနေကြတာပဲ (တင်ပါ) သဘောကျ ပလား (ကျပါပြီ ဘုရား)။

သေစရာအထည်မရှိလို့

သူတို့ကတော့ဖြင့် ဘာအစားမှားမှာ၊ ဘာမိုးရွာမှာ၊ ဘာနေပူမှာ၊ ဘယ်လိုစစ်ကြီးဖြစ်လာမှာ ပူစရာကို မရှိတော့ဘူး (တင်ပါ ဘုရား)၊ ဘာဖြစ်လို့တုံး၊ သေစရာလည်း အထည်မရှိဘူး သေတတ်တဲ့ တရားတွေကလည်း သူတို့နဲ့အိုးစားကွဲသွားပြီ၊ မကွဲ သေးဘူးလား (ကွဲသွားပါပြီ ဘုရား)။

အဲဒါကြောင့် နိဗ္ဗာန်တောင်းနေကြတာကွ (တင်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ဒါဖြင့် သူ့ကို ဒီလိုရှုပေးပါ တဲ့ သေမင်းသေတတ်တဲ့တရား၊ သေအောင်သတ်နေတဲ့တရား၊ သေအောင် သတ်နေတဲ့ တရားဆိုရင် မင်းမုန်းလာမယ်၊ မမုန်းပေ ဘူးလား (မုန်းပါတယ် ဘုရား)။

ရုပ်နာမ်ဓမ္မတွေဟာ ဘာလုပ်နေတဲ့တရားတွေတုံး (သေ အောင်သတ်တဲ့တရားတွေပါ ဘုရား)၊ သေအောင်သတ်မည့် တရားတွေ ကိုယ့်သေအောင်သတ်မည့်တရားတွေဆိုတော့ ဒီ သေအောင် သတ်မည့် တရားတွေကို မင်းတို့ကျကျနနမြင်ရတဲ့ အခါကျတော့၊ သူတို့ဖြစ်ပျက်နေတာ မြင်ရတဲ့ အခါကျတော့ မင်း တို့ မုန်းလာမှာပဲ (တင်ပါ ဘုရား)။

ဒါသေအောင်သတ်မည့်တရား၊ မရှိရင် ကောင်းလေရဲ့ လာမလား၊ မလာဘူးလား (လာပါတယ် ဘုရား) မရှိရင် ကောင်းလေရဲ့လို့ လာသည်နှင့်တစ်ပြိုင်တည်း ဒို့မှ မပူဇော် မပသတော့ဘဲ ဒို့အကြောင်း သိသွားပြီ ဆိုပြီး သူတို့ က မသတ်တော့ဘူး၊ ချုပ်သွားတယ် (တင်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဉာဏ်သုံးဆင့်နဲ့တက်

အဲဒါကြောင့် ဉာဏ်သုံးဆင့်နဲ့တက်ပြီး သကာလ ပထမ သူသတ်ယောက်ျား မြင်အောင်လုပ် ဆိုတာ၊ ဖြစ်ပျက်မြင်တာ သူသတ်ယောက်ျား မြင်တာပဲ၊ ဖြစ်ပျက် မုန်းတာ ဘယ်သူ့မုန်းတာ တုံး (သူသတ်ယောက်ျား မုန်းတာပါ ဘုရား)၊ သူသတ်ယောက်ျား မုန်းတာပဲ၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဖြစ်ပျက်ဆုံးသွားပြီ ဒီယောဂီပုဂ္ဂိုလ်က ဉာဏ်နဲ့ ကြည့် လိုက်တဲ့အခါ ဘယ်သူဆုံး သွားတယ် ထင်ကြတုံး (သူသတ်ယောက်ျား ဆုံးသွားတာပါ ဘုရား)။

နောက်သေစရာမရှိတော့ဘူး

ဒါဖြင့် ဒီယောဂီပုဂ္ဂိုလ်ဟာ မောင်အောင်ချီဖြင့် မောင်အောင်ချီ၊ လှညွန့်ဖြင့် လှညွန့် သူသတ် ယောက်ျားနဲ့ သူနဲ့ အခုစပြီး ကွဲတော့တာပဲ၊ နောက်သေစရာမရှိတော့ဘူး (တင်ပါ ဘုရား) ရှိသေးရဲ့လား (မရှိတော့ပါဘူး ဘုရား)။

လောဘဖြစ်စရာကော (မရှိတော့ပါဘူး ဘုရား) ဘေးတွေ့စရာကော (မရှိတော့ပါဘူး ဘုရား)၊ ပရိတ်တားစရာကော (မရှိတော့ပါဘူး ဘုရား) ဘာဖြစ်လို့တုံး (သူသတ်ယောက်ျား လမ်း ဆုံးသွားလို့ပါ ဘုရား) သူသတ်ယောက်ျား လမ်းဆုံးသွားလို့ (တင်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါမဂ်ဉာဏ်ရတာ

ဒါဖြင့် လူသတ်ယောက်ျားလမ်းဆုံးသွားအောင်ဆိုတော့ ဒီဉာဏ်သုံးဆင့်နဲ့တက်မှပဲဆုံးမှာပဲ (တင်ပါ)။

ပထမမြင်တာက သူသတ်ယောက်ျားမြင်တာ၊ ဒုတိယ မြင်တာက (သူသတ်ယောက်ျား မုန်းတာပါ ဘုရား)၊ တတိယ မြင်တာက သူသတ်ယောက်ျားနဲ့ ငါနဲ့ကွဲပြီ၊ ဆုံးသွားပြီ သူနဲ့ဖြင့် လမ်းဆုံးကွဲပဲ ဆိုပြီး သကာလ သိသွားတာ ဒါမဂ်ဉာဏ်ရတာ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

စားဖို့သောက်ဖို့အသာထား

ဟိုထဲချည်း ပြန်ဝင်တာပဲ မင်းတို့လုပ်နေတဲ့ အထဲချည်း အကုန်ပြန်ဝင်တာပဲ အဲတော့ကို ဒီဉာဏ်သုံးဆင့် နဲ့ မောင်အောင်ချီတက်နေတဲ့ ဥစ္စာဟာ အန္တရာယ် ရှိနေတဲ့ပုဂ္ဂိုလ် ဟာ ဒီပြင် စားဖို့သောက်ဖို့ အသာထား ဟုတ်ဘူးလား (တင်ပါ)။

ကျောက်ပေါက်နေတဲ့လူက တိုက်အရင်တည်မလား၊ ကျောက်ပေါက်နာ အရင်ကုမလား လို့မေးရင် ဘယ်နဲ့ဖြေကြမတုံး (ကျောက်ပေါက်နာ အရင်ကုရမှာပါ ဘုရား)။ ကျောက်ပေါက်နာ အရင်ကု ပစ်လိုက်ဦး၊ သူသတ်ယောက်ျား အရင်ကုပစ်လိုက်ဦး၊ ပြီးတော့မှ မင်းတို့တိုက်တည်တည်၊ ကားဝယ်ဝယ် ဟုတ်လား (တင်ပါ) လေယာဉ်ပျံ ဝယ်ဝယ်ပေါ့။

အရေးကြီးတာတစ်နံပါတ်ထားလုပ်

ကိစ္စမရှိတော့ဘူး ဒါဖြင့်အရေးကြီးတာ(၁) နံပါတ်ထား လုပ်၊ အရေးမကြီးတာက အရေးမကြီး သလို ခန္ဓာရှိနေတော့ သူလည်း မတတ်သာလို့ ကျွေးနေရဦးမှာပဲ သူ့ (၂) နံပါတ်ထား လုပ် (တင်ပါ)။

အဲဒါမင်းတို့မို့လို့ သိတာနော် ဆရာကောင်း သမား ကောင်းနဲ့ မင်းတို့သေသေချာချာ သူ့ပါဠိတော်တွေ ထုတ်ပြလို့ သာ သိတာ၊ ဒီပြင့်လူတွေကတော့ ဘယ်သူကျွေးမတုံး မေးမှာ၊ မမေးပေဘူးလား (မေးပါတယ် ဘုရား)။

တရားချည့်အားထုတ်နေရင် ဘာစားကြမှာတုံး

တရားချည်းအားထုတ်နေလို့ရှိရင် ဘာစားမတုံးဆိုတော့ စားတာကိစ္စမရှိဘူး မင်းက ဘယ်သူ့ ကျွေးတာတုံးလို့ မေးချင်သေး တယ်၊ ဒါကို ဘယ်နဲ့ဖြေကြမတုံး၊ သူသတ်သမား အားကောင်းကောင်း ဖြစ်အောင် ကျွေးတော့ မြန်မြန်သေလွယ်ရုံရှိတာပဲ၊ ဒီပြင် ဘာရှိသေးတုံး (မရှိပါဘူး ဘုရား)။

အဲဒါ တချို့က သူသတ်ယောက်ျား ကောင်းကောင်း မကျွေးနိုင်လို့ လက်မှိုင်တွေများချပြီး နေလိုက်တဲ့ ပုဂ္ဂိုလ်တွေကရှိ သေးတယ် (တင်ပါ) မရှိဘူးလား (ရှိပါတယ် ဘုရား) စားဖို့ သောက်ဖို့ ကြပ်တည်းလို့ သူ့လှလှပပဝဝ မကျွေးနိုင်လို့ ကျုပ်ဖြင့် စိတ်များပျက်နေတယ်၊ ဪ ဖျင်းလိုက်တာ လည်း ခက်ပြီကော၊ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)၊ ဖျင်းသမှ တန်းကုန်နေတာပဲ ဆိုလို့ရှိရင် မလွဲပါဘူး (တင်ပါ)။

မိတ်ဆွေချည်းပဲထင်နေတယ်

ဘာဖြစ်လို့တုန်းဆိုတော့ သူသတ်ယောက်ျားရယ်လို့မှ သူကသိမှ မသိတော့ပဲ အဲတော့ မိတ်ဆွေချည်းပဲ ထင်နေတယ် မိတ်ဆွေချည်းထင်နေတော့ ကြည့်နိုင်တယ်၊ ရှုနိုင်တယ်ဆိုတဲ့ အဓိပ္ပါယ် မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)၊ ကိုင်း မောင်အောင်ချီ ဘယ်လောက်လွဲတုံး (လွဲပါတယ် ဘုရား)။

ကဲ ဒါဖြင့် မင်းတို့မျက်လုံးနဲ့ဖြင့် ငါပြောသလိုတည့် ဖို့ရာဝေးပါသေးတယ်ကွ (တင်ပါ ဘုရား)၊ ဝေးမနေဘူးလား (တင်ပါ)။

ဘာဝမ်းသာတာတုံး သေခါနီးလို့လား

မင်းတို့က လူချင်းတူတူ သူချင်းမျှမျှ ဖြစ်လာလို့ ဝမ်းသာရ သေးရဲ့၊ ဘာဝမ်းသာတာတုံးကွ သေခါနီးလို့လား၊ ဒီပြင် မေးစရာ, မရှိဘူး သေခါနီးလို့လားပဲ မေးစရာရှိတယ် (တင်ပါ ဘုရား) သဘောကျပလား၊ (ကျပါပြီ ဘုရား)။

တချို့ဝဝဖြိုးဖြိုးကြီးတွေ့နဲ့ သေသွားတာတွေ မောင် အောင်ချီတွေ့ရမှာပဲ ပိန်ပိန်နဲ့ သေသွားတာ တွေကော (တွေ့ပါ တယ် ဘုရား) အလတ်စားနဲ့သေသွားတာတွေကော (တွေ့ရပါ တယ် ဘုရား) တွေ့ ရတာပဲ။

သေဘာတွေဘယ်သူ့လက်ချက်တုံး

လူချမ်းသာလည်းသေ၊ လူလတ်စားလည်းသေ လူဆင်းရဲလည်းသေ၊ သေတဲ့ပုဂ္ဂိုလ်ဟူသ၍ ဘယ်သူ့ လက်ချက်မှ မပါဘူး၊ ဒီခန္ဓာငါးပါးတစ်ပါးပါးလက်ချက်ပဲ (တင်ပါ)။

ဘာဝေဒနာတုံးဆိုရင် ဝေဒနာက သတ်တာ (တင်ပါ) ဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)၊ ဓာတ်လျှောသတဲ့ဆိုရင် ဪ ပထဝီကသတ်ပြီ၊ ရူပက္ခန္ဓာကသတ်တာ (တင်ပါ)။

တစ်ခါတလေ ကျတော့ ခေါင်းကိုက်တဲ့ဝေဒနာနဲ့ပဲ နောက်ကျောတက်တဲ့ ဝေဒနာနဲ့ပဲသွားပြီ ဝေဒနာက သတ်လိုက်ပြီ (တင်ပါ) အင်း မကျွေးလို့မမွေးလို့လားဆိုရင် ဘယ်နဲ့ဆိုကြ မတုံး (မဟုတ်ပါဘူး ဘုရား)။

ကျွေးမွေးရင်းနဲ့ကို သတ်တာ ဘယ်တော့မှ မယဉ်ဘူးတဲ့ ကျားလိုပဲတဲ့ (တင်ပါ)၊ ရင်ရဲ့လား (မရင်ပါဘူး ဘုရား)၊ တစ်နေ့နေ့ သက်မယ်ဆိုတဲ့ စိတ်နဲ့နေတာပဲ (တင်ပါ)။

တော်ရောပေါ့သင့်ရုံကျွေးသင့်ရုံဝတ်

ဘယ်လိုကျွေးကျွေး၊ ဘယ်လိုဆင်ဆင်၊ သဘောပါကြ ပလား (ပါပါပြီ ဘုရား) ဒါဖြင့် သူသတ်ယောက်ျားလက်သတ်မွေး ပြီး သကာလ ပူဇော်ပသနေတဲ့ ပုဂ္ဂိုလ်များဖြင့် လွဲလိုက်တာ

ပြောစရာမရှိဘူး ဆိုရမယ် (တင်ပါ) တော်ရော့ပေါ့ကွ သင့်ရုံ၊ သင့်ရုံဝတ်၊ (တင်ပါ ဘုရား)။

သူက သတ်မည့်လူပဲဥစ္စာကို (တင်ပါ)၊ မဆင်မဖြစ်လို့ သာ ဆင်ရတယ် အပြီးသတ်တော့ ကျေးဇူးတော့ပြန်သိမှာ မဟုတ်ဘူးဆိုတော့ မင်းတို့က မှတ်ထားလိုက် (တင်ပါ)၊ မမှတ် ထိုက်ဘူးလား (မှတ်လိုက်ပါတယ် ဘုရား)။

ကျေးဇူးပြန်သိတတ်ကဲ့လား (မသိပါဘူး ဘုရား)၊ ကျွေးရှင် မွေးရှင်သတ်တာ (တင်ပါ)၊ ကျွေးရှင်၊ မွေးရှင် အနာရအောင် လုပ် လိုက်တာ (တင်ပါ ဘုရား)။

ခွေးကမှအမြီးနှံ့ဖေါ်ရသေးတယ်

ကျွေးရှင် မွေးရှင်ကို သေပွဲဝင်အောင် လုပ်လိုက်တယ် ဆိုတော့ ဒီလောက် ကျေးဇူးတုံ့ မသိတတ်တာ လောကကြီးထဲ ရှိသေးရဲ့လား (မရှိပါဘူး ဘုရား) ခွေးကမှ ထမင်းကျွေး အမြီးနှံ့ ဖေါ်ရသေးတယ် (တင်ပါ) ထမင်းကျွေးတဲ့အခါကျတော့ သူက ကျွေးနေကျလူဆိုရင် အမြီးလေးနှံ့၊ လျှာလေးနဲ့လာလျက်နဲ့ အင်း ခွေးလောက်မှ အဖိုးမတန်ဘူးဆိုတဲ့ အဓိပ္ပါယ်ရောက်နေတယ် (တင်ပါ)။

ခန္ဓာကိုယ်က သူကဘယ်တုန်းကများ၊ မင်းတို့အလို၊ မင်း တို့အကြိုက် မင်းတို့ အလိုက် နေမယ်လို့ ပြောဖူးလို့လဲ ကျွေးမွေးရ တာဖြင့် မင်းတို့အဖို့ ခြေထောက်တိုလို့ သွားရလာရတာ (တင်ပါ)

ကဲ ကျေးဇူးမသိတဲ့အထဲ ဘယ်သူအကြီးကျယ်ဆုံးတုံးဆို မင်းတို့မှတ်မိပလား (မှတ်မိပါပြီ ဘုရား) ခန္ဓာငါးပါး (တင်ပါ) ဘယ် လိုကျွေးကျွေး၊ ဘယ်လိုမွေးမွေး၊ ဘယ်လိုဆင်ဆင် သတ်တာပဲ (တင်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် သူသတ်ယောက်ျားဆိုတာ ဘယ်သူ့ခေါ်ကြ ပါ့မတုံး (ခန္ဓာငါးပါ ဘုရား) ဒီတိုင်းနေတဲ့ ပုဂ္ဂိုလ်သူကချည်း သတ် မှာ (တင်ပါ)။

ကိုယ်က ပြန်သတ်နိုင်တဲ့ပုဂ္ဂိုလ်ဟာ နောက်အသေလွတ် သွားမယ် (တင်ပါ)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)၊ ကိုယ်ကပြန်သတ်နိုင်တယ်ဆိုတာလည်း ဒီဉာဏ်မှ တစ်ပါး မရှိဘူး လက်နက် (တင်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

သေမင်းလွတ်တဲ့ဆီပို့တဲ့ဉာဏ်

ဖြစ်ပျက်မြင်တဲ့ဉာဏ်။ ဖြစ်ပျက်မုန်းတဲ့ဉာဏ်၊ ဖြစ်ပျက်ဆုံး အောင် လုပ်နိုင်တဲ့ဉာဏ် ဒီဉာဏ်ပဲ သေမင်းလွတ်တဲ့ဆီကို ပို့နိုင် တော့တယ် ကျန်တဲ့နည်းတော့ မင်းတို့ဆရာသမားလည်း ဘာမှ မတတ်နိုင်ဘူး ဒါသာလုပ်ခိုင်းရမှာပဲ (တင်ပါ ဘုရား)၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒီအကျိုးဟာ မောင်အောင်ချီ သိပ်ကြီးတဲ့အကျိုးပဲ လို့ မဆိုထိုက်ဘူးလား (ဆိုထိုက် ပါတယ် ဘုရား) လောကကြီး ဘယ်ဆေးမှ ကုလို့မရတာ သူသတ်ယောက်ျားပဲ (တင်ပါ)၊ ရရဲ့လား (မရပါဘူး ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘယ်ဆရာဝန်ဖြစ်ဖြစ် ဆရာဝန်ကိုသတ်ချလိုက်တာ (တင်ပါ) ဘယ်ဆရာဝန်ဖြင့် နာမည်ကြီး လိုက်တာ အကုအသ သိပ်ကောင်း၊ တော်ကြာ ဆရာဝန်မသာတဲ့ ဖိတ်စာ ရောက်လာပြီ၊ မရောက်ဘူးလား၊ ရောက်သလား (ရောက်ပါတယ် ဘုရား)။

ဆရာဝန်ဘယ်သူသတ်လိုက်သတုံး

ဒါဘယ်သူက သတ်လိုက်တာတုံး။ (ခန္ဓာငါးပါးက ပါ ဘုရား)၊ ခန္ဓာငါးပါး တစ်ပါးပါးက သတ်ချလိုက်တာ (တင်ပါ)။ ငါးပါးစလုံးကလည်း ဝိုင်းသတ်တယ် တစ်ပါးပါးရင်လည်း သတ်တာပဲ (တင်ပါ)။

အဲဒါတွေ ဉာဏ်က သိပြီးထားတော့မှ ဪ သူနဲ့ မခွဲသ၍ တော့ဖြင့် အသေတော့ မလွတ်ပါဘူး၊ အနာတော့ မလွတ်ပါဘူး၊ အအိုကော (မလွတ်ပါဘူး ဘုရား)၊ အမွဲအကွဲကော (မလွတ်ပါဘူး ဘုရား)။

ဒါဖြင့် သူမရှိတဲ့အခါကျတော့ကော အအိုလွတ်၊ အနာ လွတ်၊ အိုစရာအထည်မရှိဘူး။ (တင်ပါ)၊ နာစရာအထည် မရှိဘူး၊ သေစရာအထည်ကော (မရှိပါဘူး ဘုရား) မရှိလို့ အဲဒါကြောင့် ဒီအလုပ်ဟာ အိုစရာ၊ နာစရာ၊ သေစရာမရှိအောင် လုပ်တဲ့အလုပ် (တင်ပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

မဖြစ်ဖြစ်အောင်လုပ်ရမည့်အလုပ်

မွဲစရာ၊ ကွဲစရာမရှိအောင်လုပ်တဲ့အလုပ် (တင်ပါ ဘုရား)။ ဉာဏ်ရောက်ပလား (ရောက်ပါပြီ ဘုရား) ဒါဖြင့် ဒီအလုပ်သည် မင်းတို့မဖြစ်မြောက် ဖြစ်မြောက်အောင်လုပ်ရမည့်အလုပ် (တင်ပါ) ဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

ကိုယ့်ကိုယ်ကို သနားရင်လေ (တင်ပါ ဘုရား)၊ အသေ ကြောက်ပါတယ်၊ အနာ ကြောက်ပါတယ်၊ အကိုကြောက် ပါတယ်၊ မွဲရမှာကြောက်ပါတယ်၊ ကွဲရမှာကြောက်ပါတယ်၊ ဆို လို့ရှိရင်ဖြင့် သားသမီးတွေလည်း ဒါပဲ အလုပ်ခိုင်း (တင်ပါ)။

မိမိကော (ဒါပဲလုပ်ရမှာပါ ဘုရား)၊ မိမိလည်းဒါပဲလုပ် ရမယ် သားသမီးတွေလည်း ဒါပဲ လုပ်ရမယ် ဆိုတာ ဒါ အရှင်းသား ပဲ(တင်ပါ)၊ မရှင်းဘူးလား (ရှင်းပါတယ် ဘုရား)။

အဲဒီတော့ကို (၁)နံပါတ် သူသတ်ယောက်ျား မြင်အောင် လုပ်ဖို့ပဲ (တင်ပါ) ဖြစ်ပျက်မြင်တာ ဘာမြင်တာတုံး (သူသတ် ယောက်ျားမြင်တာပါ ဘုရား)၊ ဖြစ်ပျက်မုန်းလာပြီဆိုရင် သူသတ် ယောက်ျား သိလာလို့ မုန်းတာ (တင်ပါ)၊ ဖြစ်ပျက်မလိုချင်တော့ ဘူး ဆိုတော့ သူသတ်ယောက်ျား အစစ် သိမလာဘူးလား (သိပါ တယ် ဘုရား)။

မဂ်ဉာဏ်လာရင်အေးပြီးချမ်းသာသွားတယ်

ဒါမလိုချင်တော့ သူချုပ်မှာ မဟုတ်လား (တင်ပါ) မလို ချင်လို့မဂ်ဉာဏ်လာရင် သူချုပ်သွားလို့ ရှိရင်ဖြင့် ဒီပုဂ္ဂိုလ်က ယော ဂီပုဂ္ဂိုလ်က ဝမ်းသာတယ် ချမ်းသာသွားတယ်၊ အေးချမ်းသွား တယ်၊ ဘာဖြစ်လို့တုံး၊ သူသတ်ယောက်ျားနဲ့ ဘဝများစွာက ဘယ် တော့မှ အန္တရာယ်မကင်းခဲ့ရတာ ဒီတစ်ခါနောက်ဆုံးပိတ် အန္တရာယ်ကင်းရတဲ့အတွက် ရင်ထဲအေးပြီး ချမ်းသာသွားတယ် ဆိုတာ ဒါပဲကွ (တင်ပါ ဘုရား)။

သူတို့သာ မသေသေးဘူးဆိုရင်ဖြင့် သူတို့ကြောင့်ဖြစ် ရတဲ့ တစ်နေ့ကပြောတဲ့ သူတို့ ခင်တွယ်တဲ့ တဏှာတို့၊ ဥပါဒါန်၊ ကံတို့လာဦးမှာပဲ (လာမှာပါ ဘုရား) သူတို့ခင်တွယ်လို့ လုပ်ရတဲ့ အလုပ်တွေကို (တင်ပါ)။

ဒါတွေ လာလို့ရှိရင် နောက်ခန္ဓာလာမလား (လာမှာပါ ဘုရား) လာရင် ဒီငါးယောက် ဒီကျအောင် မလာဘူးလား (လာပါ တယ် ဘုရား) ဒီလူသတ်ပြီး သူတို့ ဒီရွှေဦးမှာပဲ (တင်ပါ) မရွှေ့ပေး ဘူးလား (ရွှေ့ပါတယ် ဘုရား)။

ရွှေ့လို့ရှိရင် ဘာဖြစ်ဦးမယ် ထင်ကြတုံး တစ်ခါသတ်ဦးမှာ ပဲ ဒါဖြင့် ဒီသတ်ကြောင်း တရားကိုလည်း မဂ်က သတ်တာပဲ။ ဒီသတ်တဲ့တရားကိုလည်း သူကဖယ်ပစ်လိုက်တာပဲ၊ သတ် ကြောင်းတရားလည်း ပေါ်သေးရဲ့ လား (မပေါ်ပါဘူး ဘုရား)။

မပေါ်လို့ရှိရင် ဒို့သည်ဘယ်နေရာသွားသွား၊ ပစ်တိုင်း ထောင်ဖြစ်ပြီ (တင်ပါ) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။ ပစ်တိုင်းထောင်ဆိုတာ ဘယ်ပစ်လိုက် ပစ်လိုက် ထောင်နေတာပဲ ဆိုတဲ့ ရှေးအရုပ် ကလေးတွေလို့ (တင်ပါ)။

ဖြစ်ပျက်ဆုံးအောင်လုပ်ရမယ်

ဒါဖြင့် မင်းတို့သည် အန္တရာယ်ကင်းလို့ ဘေးရှင်း အောင်လုပ်ချင်လို့ရှိရင်ဖြင့် ဒီအလုပ် ဆက်လုပ်ရမယ် (တင်ပါ)၊ မလုပ်လို့ရှိရင်ဖြင့် ဘာပရိတ်နဲ့ဘာတားတား ရပါ့မလား (မရပါဘူး ဘုရား) ဒါဖြင့် ဘယ်နဲ့လုပ်ကြမတုံး အလုပ်ဖြစ်ပျက်မြင်အောင် လုပ် (မှန်ပါ ဘုရား)။

ဖြစ်ပျက်မုန်းအောင်လုပ်၊ ဖြစ်ပျက်တွေကို ဆုံးအောင် လုပ်ရမှာပါ ဘုရား)၊ ဆုံးဆိုတာ ခန္ဓာငါးပါးပဲ မဟုတ်လား (တင်ပါ ဘုရား)၊ သူဆုံးသွားလို့ရှိရင် သတ်မည့်လူ ဘယ်နဲ့နေတုံး။ (မလာ ပါဘူး ဘုရား) မလာတော့ဘူး မလာလို့ရှိရင် ဒီအားထုတ်တဲ့ ပုဂ္ဂိုလ်ဟာ အန္တရာယ်ကင်း ဘေးရှင်း ဆိုတာ ဖြစ်ထိုက်မဖြစ်ထိုက် (ဖြစ်ထိုက်ပါတယ် ဘုရား) ဒါဖြင့် သူ့လမ်းကအဆုံးလိုက်မှ ဖြစ်မှာ (တင်ပါ)။

သူ့ညှာရင်၊ ကိုယ့်သတ်မှာ

အဆုံးမလိုက်လို့ရှိရင် ဪ, ဒိုညှာထား သေးတယ် ဆိုပြီး သူက သတ်မှာပဲ (တင်ပါ) သူ့ညှာထားရင် ကိုယ့်သတ်မှာ (တင်ပါ) ဟုတ်ဘူးလား၊ မြွေများကိုင်တဲ့ ပုဂ္ဂိုလ်ဟာ ဇာက်လေး နားက ကိုင်ရတယ်၊ အမြီးကသာ သွားကိုင်လို့ရှိရင် သူ့ချစ်လို့ သွားမကိုင်နဲ့၊ မုန်းလို့လည်း သွားမကိုင်နဲ့ သူကိုက်တာနဲ့ သေမှာပဲ (တင်ပါ) ဟုတ်ဘူးလား (မှန်ပါ ဘုရား)။

အဲတော့ မင်းတို့ရထားတာက မြွေရထား သလိုကျနေ တာ (တင်ပါ)၊ ကိုယ်ကသူ့ကို နိုင်အောင် လုပ်နိုင်ရင်လုပ်၊ မလုပ်နိုင် ရင်တော့ဖြင့် သူကတော့ တွယ်တော့မှာပဲ၊ မဆိုနိုင်ဘူးလား (ဆို နိုင်ပါတယ် ဘုရား)။

အဲဒါကြောင့် ဒါဖြင့် ဘုရားတဲ့ ရာဓက သူ့ကိုယ်ဘယ်လို ရှုရမှတုံး အို အနိစ္စတော၊ ဒုက္ခတော၊ ရောဂတော၊ ဂဏ္ဍတော သလ္လတော အဃတောဆိုတဲ့ အတိုင်းပေါ့ကွာ ဖြစ်ပျက်မြင်အောင် ရှုတာပေါ့ (တင်ပါ)။

သူ့မုန်းတော့ မဂ်ရလိမ့်မယ်

ရှုပြီးဘယ်နဲ့ လုပ်ရမတုံး၊ အို သူ့ရှုလာတဲ့ အခါကျ တော့ သူ့မုန်းလိမ့်မယ်ကွတဲ့ (တင်ပါ) မမုန်းပေဘူးလား (မုန်းပါ တယ် ဘုရား) မုန်းတော့ ဘာဖြစ်မတုံး၊ အို မုန်းတော့ မုန်းတာက မဂ်ရလိမ့်မယ်ကွတဲ့ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကဲ ဒီနေ့ ဒီတွင်တော်ကြဦးစို့။

သာဓု၊ သာဓု၊ သာဓု။