215

ဒို့လုပ်နေတဲ့အလုပ်ဟာ နိဗ္ဗာန်ရောက်ကြောင်းအစစ်ပဲ

အသံဖိုင်ခေါင်းစဉ်= ပဉ္စာနန္တရိယကံထက် မိစ္ဆာဒိဋ္ဌိကပို၍ကြောက်စရာကောင်းပုံ အမှတ်(၁)

စာအုပ်ခေါင်းစဉ်= ဒို့လုပ်နေတဲ့အလုပ်ဟာ နိဗ္ဗာန်ရောက်ကြောင်းအစစ်ပဲ

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မိုးကုတ်မြို့၌

ဟောကြားတော်မူသော တရားတော်

ဒို့လုပ်နေတဲ့အလုပ်ဟာ နိဗ္ဗာန်ရောက်ကြောင်းအစစ်ပဲ

ဟောကြားသည့်နေ့

(၂၇-၅-၆၂)

ဒီ ဒကာ ဒကာမတွေမှာ ဘယ်ဟာ အပြစ်ကြီး သတုံး၊ တို့ဗုဒ္ဓဘာသာမှာ အပြစ်အကြီးဆုံး အလုပ် ဘယ်ဟာပါလိမ့်မလဲလို့ မေးလို့ ရှိရင် ပြောကြမှာပဲ၊ အမိသတ်တဲ့ကံ၊ အဖသတ်တဲ့ကံ၊ ရဟန္တာသတ်တဲ့ကံ၊ ဘုရားကို သွေးစိမ်းတည်အောင် လုပ်တဲ့ကံ၊ သံဃာသင်းခွဲတဲ့ကံ ပဉ္စာနန္တရိယကံပေါ့။

ဒါကိုတော့ လူတိုင်းသိပြီး သကာလ နေကြတယ်၊ ဪ ဒီကံဟာဖြင့် ပြုမိပြီဆိုမှဖြင့် ဘယ်နည်းနဲ့မှ မလွတ်တော့ဘူး ငရဲကျမှာပဲ၊ ဒါလောက်တော့ ဦးအောင်ဇံဝေတို့လည်း သိထား တယ်နော် (မှန်ပါ့) မဟုတ်ဘူးကွ၊ ဘုရားက သူ့ထက်ကြီးတာ ရှိသေးတယ်။

အပြစ်အကြီးဆုံးအလုပ်ဟာဘာလဲ

ဒကာ ဒကာမတို့ ဘာတဲ့တုံး (သူ့ထက်ကြီးတာရှိပါသေး တယ် ဘုရား) သူ့ထက်ကြီးတာ ရှိသေးတယ်ဆိုတာ သေသေ ချာချာမှတ်ရမယ်နော် (မှန်ပါ့)။

သူ့ထက်ကြီးတာ ရှိသေးတယ်ဆိုတဲ့ဥစ္စာက ဘာတုံးလို့ မေးတဲ့အခါကျတော့ ခန္ဓာငါးပါးရှိတယ် (မှန်ပါ့) ခန္ဓာ ငါးပါးကို ငါထင်နေတဲ့အလုပ်၊ ဘယ်တော့မှလဲ ဆရာကောင်း သမားကောင်းနဲ့ မတွေ့လို့ရှိရင် မပြုတ်တော့ဘဲ ငါထင်နေတဲ့ မိစ္ဆာဒိဋ္ဌိ၊ အဲဒီ မိစ္ဆာဒိဋ္ဌိလောက်ကြီးတာ ငါဘုရား သဗ္ဗညုတ ဉာဏ်တော်ကြီးနဲ့ ကြည့်လိုက်တဲ့အခါမှာ မမြင်ဘူးကွ တဲ့ (မှန်ပါ့) ဆိုတော့ ပဉ္စာနန္တရိယကံ ထက် ကြီးတာကို သေသေချာချာ ဟောတယ်နော် (မှန်ပါ့)။

မိစ္ဆာဒိဋ္ဌိကအပြစ်အကြီးဆုံး

ပါဠိတော်ကို မှတ်လို့ရှိရင် အင်္ဂုတ္တိုရ်ပါဠိတော်မှာ ကိုယ်တော်တိုင်ဟောတယ်။ မြတ်စွာ ဘုရားဟာ သဗ္ဗညုတ ဉာဏ်တော်ကြီးနဲ့ ဝေဖန်လိုက်ပါတယ်။ ကံတွေထဲမှာ ဘယ်ကံ ဟာ အပြစ် အကြီးဆုံး ပါလိမ့်မတုံး ဆိုတော့ ပဉ္စာနန္တရိယကံကို လည်း တွေ့တယ်၊ မိစ္ဆာဒိဋ္ဌိလဲတွေ့တယ်၊

အဲဒီတော့ မိစ္ဆာဒိဋ္ဌိ က အပြစ်အကြီးဆုံးဖြစ်ပြီး သကာလ နေတာကို၊ သဗ္ဗညုတ ဉာဏ်ချိန်ခွင်နဲ့ ချိန်လိုက်တဲ့အခါကျတော့ သူ့ကိုပဲ လာတွေ့ တယ်ဆိုတော့၊ ဒကာ ဒကာမတို့ ခင်ဗျားတို့ ခန္ဓာကိုယ်ကြီးကို ရုပ်တရားငါထင်၊ စားသောက်ကောင်းတဲ့ ဝေဒနာငါထင်၊ မြင်တဲ့စိတ် ကလေးကို ဝိညာဏက္ခန္ဓာကလေးကို ငါမြင်တယ်လို့ ထင်၊ ငါလှူတယ်လို့ထင် စေတနာအလုပ်ကို ငါလှူတယ်လို့ ထင်နေတယ်၊ အဲဒီသက္ကာယဒိဋ္ဌိ သူဟာ မိစ္ဆာဒိဋ္ဌိ အပါအဝင်ပဲ။

အဲဒါဟာ အပြစ်အကြီးဆုံးပဲဟေ့တဲ့ဆိုတော့ ပဉ္စာနန္တရိယကံနဲ့ မိစ္ဆာဒိဋ္ဌိ ဘယ်ဟာက ပိုကြီးသတုံး (မိစ္ဆာဒိဋ္ဌိက ကြီးပါတယ် ဘုရား) ပဉ္စာနန္တရိယကံထက် မိစ္ဆာဒိဋ္ဌိက ပိုကြီးတယ် (မှန်ပါ) မှတ်မိကြပလား (မှတ်မိပါပြီ ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတို့

‘‘နာဟံ ဘိက္ခဝေ အညံံ ဧကဓမ္မမ္မိ သမနုပဿာမိ။ ယံ ဧဝံမဟာသာဝဇ္ဇံ၊ ယထယိဒံ ဘိက္ခဝေ မိစ္ဆာဒိဋ္ဌိ၊ မိစ္ဆာ ဒိဋ္ဌိ ပရမာနိ ဘိက္ခဝေ မဟာသာဝဇ္ဇာနိ။

ပဉ္စာန္တရိယကံထက်ပိုကြီးတယ်

ဘုရားက ဟောလိုက်တယ်၊ ဒါကိုနားမလည်ပါဘူး ဒကာ ဒကာမတွေ ဘုန်းကြီး ရှင်းပြောပါ့မယ်၊ ငါဟာတဲ့ သဗ္ဗညုတဉာဏ်တော်နဲ့ကွာ တဲ့၊ အလုံးစုံ ဝေဖန်ပြီး သကာလ ကြည့်ပါတယ်၊ ကံတွေထဲမှာ ဒိပြင် အကုသိုလ်ကံတွေ နွားသတ်, ဖားသတ် ဆိုတဲ့ ကံတွေဟာ မကြီးပါဘူး၊ ပဉ္စာနန္တရိယကံ ဆိုတဲ့ အမိသတ်တဲ့ကံ, အဘသတ်တဲ့ကံ, ရဟန္တာ သတ်တဲ့ကံ, ဘုရား သွေးစိမ်း တည်အောင်လုပ်တဲ့ကံ, သံဃာ သင်းခွဲတဲ့ကံ ဒီငါးပါးကို အကြီးဆုံးထားကြတယ်၊ မဟုတ်ဘူးကွ တဲ့၊ မိစ္ဆာဒိဋ္ဌိကကြီးတာကွ တဲ့။

ဦးမြ ဘယ်သူက ကြီးသတဲ့တုံး (မိစ္ဆာဒိဋ္ဌိကြီးပါ တယ် ဘုရား) မိစ္ဆာဒိဋ္ဌိက ကြီးတာလို့ သေသေချာချာ မှတ်ပါ ၊ (မှန်ပါ့ ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ ပဉ္စာနန္တရိယကံနဲ့ မိစ္ဆာဒိဋ္ဌိ ဘယ်သူက ကြီးသတဲ့တုံး (မိစ္ဆာဒိဋ္ဌိက ကြီးပါတယ် ဘုရား) မိစ္ဆာဒိဋ္ဌိက ကြီးတယ်လို့ မှတ်ထားလိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

ဘာဖြစ်လို့ မိစ္ဆာဒိဋ္ဌိကကြီးရပါလိမ့်မလဲလို့ ဒကာ ဒကာမတွေက မေးတဲ့ အခါကျတော့၊ ပဉ္စာနန္တရိယကံက နက်ဖြန် ကမ္ဘာပျက်မယ်၊ ယနေ့ ကံငါးပါး တစ်ပါးပါး ကျူးလွန် ထားတယ်ဆိုရင် တစ်ရက်သာ အဝီစိကျပြီး လွတ်ထွက်ပြေးတယ်၊ ကမ္ဘာပျက်သွားလို့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိ ပါပြီ ဘုရား)။

ဒါဖြင့် ဘယ်သူကမြဲသတုံး (မိစ္ဆာဒိဋ္ဌိက မြဲပါတယ် ဘုရား)၊ ပဉ္စာနန္တရိယကံ မြဲပါတယ်၊ သို့သော် နက်ဖြန် ကမ္ဘာ ပျက်မယ်ဆိုတော့ လွတ်သွားတယ် (မှန်ပါ့)၊ တစ်ရက်ခံ ပြီး လွတ်တယ် (မှန်ပါ့ ဘုရား)။

ဒါကြောင့် ဘုရားက “နာဟံဘိက္ခဝေ အညံ ဧကဓမ္မမ္မိ သမနုပဿာမိ” ဘိက္ခဝေ = ရဟန်းတို့၊ အဟံ= ငါဘုရား သည်၊ အညံ = တစ်ပါးသော၊ ဧကဓမ္မံ =တစ်ခုသော တရားမျှ ကိုလည်း၊ န သမနုပဿာမိ =ငါမမြင်ဘူးတဲ့၊ ဣဒံ =ဤအပြစ်ကြီးတယ် ဟူသည်၊ ယထာ = အဘယ်သည်တို့နည်း ဟူမူကား မိစ္ဆာဒိဋ္ဌိ = မိစ္ဆာဒိဋ္ဌိပဲ (မှန်ပါ့ ဘုရား)။

“ဘိက္ခဝေ၊ ရဟန်းတို့၊ မဟာသဝဇ္ဇာနိ၊ ကြီးသောအပြစ် ရှိသော အကုသိုလ်တို့သည်၊ မိစ္ဆာဒိဋ္ဌိပရမာနိ၊ မိစ္ဆာဒိဋ္ဌိလျှင် လွန်ကဲသော အတိုင်းအရှည်ရှိကုန်၏။’’

ဘုရားသေသေချာချာဟောတယ် (မှန်ပါ့ ဘုရား)၊ ကိုယ်တော်တိုင်ဟောတဲ့ ပါဠိတော်လို့ သေသေချာချာ မှတ်ကြ (မှန်ပါ့)၊ ရှင်းကြ ပလား (ရှင်းပါပြီ ဘုရား)။

ဘယ်ဟာကကြောက်စရာကောင်းသတုံး

ဒါဖြင့် ပဉ္စာနန္တရိယကံနဲ့ မိစ္ဆာဒိဋ္ဌိဘယ်ဟာက ကြောက် စရာကောင်းသတုံး (မိစ္ဆာဒိဋ္ဌိက ပိုကြောက်စရာ ကောင်းပါတယ် ဘုရား)။

မိစ္ဆာဒိဋ္ဌိ ပိုကြောက်စရာ ကောင်းတယ်လို့ဆိုတော့ ဒီအထဲမှာ တရားထူး တရားမြတ်တွေ မနာရသေးတဲ့ ပုဂ္ဂိုလ်တွေ ရှိကြလို့ရှိရင် ဪ ငါတို့ မိစ္ဆာဒိဋ္ဌိ ပါကလားလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

ဘယ်မှာ ဒီခန္ဓာကိုယ်ကြီးကို ရုပ်တရားကြီးကိုလည်း ငါ့လက်, ငါ့ခြေ ဒါ တကယ် ထင်နေလို့ ရှိရင် အပြောတင် ထင်တာမဟုတ်ဘူး၊ စိတ်ထဲက စွဲစွဲမြဲမြဲ ထင်နေလို့ရှိရင် ဒါ မိစ္ဆာဒိဋ္ဌိပဲ (မှန်ပါ)၊ ဦးအောင်ဇံဝေ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား) ဦးမြကော (ကျေနပ်ပါပြီ ဘုရား)။

မျက်လုံးကိုပဲ ငါထင်နေကြမယ်၊ မြင်စိတ်ကလေးကိုပဲ ငါထင်နေကြမယ် ဒါဘာဆိုကြမလဲ (မိစ္ဆာဒိဋ္ဌိပါ ဘုရား) မိစ္ဆာဒိဋ္ဌိဆိုတော့ မျှော် တို့သည်ကားလို့ဆိုလို့ရှိရင်ဖြင့် မိစ္ဆာ ဒိဋ္ဌိတွေပါလား၊ နာမည်က ဗုဒ္ဓဘာသာ ဖြစ်ပေမယ့်အယူက မိစ္ဆာဒိဋ္ဌိ မစင်သေးပါကလားလို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့ ဘုရား)။

နာမည်က (ဗုဒ္ဓဘာသာပါ ဘုရား) ယူထားတဲ့ အယူက (မိစ္ဆာဒိဋ္ဌိမစင်သေးပါ ဘုရား) မိစ္ဆာဒိဋ္ဌိ မစင်သေးတော့ အခုလို ဆရာကောင်း သမားကောင်းမှ ဒါကို ခွဲကာ, ရှင်းကာ, လင်းကာ မပေးတော့ဘူး ဆိုလို့ရှိရင် ခင်ဗျားတို့သည် မိစ္ဆာဒိဋ္ဌိနဲ့ပဲ သေပွဲဝင်ရမယ် (မှန်ပါ့)။

မိစ္ဆာဒိဋ္ဌိနဲ့သေရင် လွတ်ရက်မပါဘူး

မိစ္ဆာဒိဋ္ဌိနဲ့ သေပွဲဝင်လို့ရှိရင်ဖြင့် သူများ ကမ္ဘာပျက် လည်း တခြားသောကမ္ဘာသွားပြီးခံနေရုံပဲ၊ ဒီကမ္ဘာမှ မြေရော, လေရော, ရေရော အောက်မှာ မရှိတော့ဘူးထား၊ ငရဲအိုး, ငရဲထိန်းတွေလည်း မရှိတော့ဘူးထား ဟိုဘက် ကမ္ဘာသွားပြီး ခံရုံပဲ ဆိုတော့ ဒိပြင်ကံထက် ဒီမိစ္ဆာဒိဋ္ဌိကံ အရေးကြီးတယ် ဆိုတာ ယနေ့ည ရှင်းရှင်းလင်းလင်း ပြောပါမယ် (မှန်ပါ့)။

ပဉ္စာနန္တရိယကံ ဟာ အင်မတန်ကြီးတယ်လို့ အောက်မေ့ကြတယ်၊ မြေမျိုတယ်လို့တောင် ပြောနေကြတယ်။ မြေမျိုတာဘာမှ အရေးမကြီးဘူး၊ မိစ္ဆာဒိဋ္ဌိက အဝီစိလည်း ကျသေးတယ်၊ ကြားထဲ လွတ်ရက် မပါလို့ သူကသာဆိုးတယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ပဉ္စာနန္တရိယက ကြားထဲမှာ လွတ်ရက်ရှိတယ် (မှန်ပါ့) မိစ္ဆာဒိဋ္ဌိက (*လွတ်ရက်မရှိပါ ဘုရား)။

မှတ်ချက်။ ။* ကမ္ဘာပျက်မည်ဆိုလျှင် လွတ်ရက်, လျှော့ရက်မျိုးကိုဆိုလိုသည်။

အဲဒီတော့ ခင်ဗျားတို့ ရောင်းကာ, ဝယ်ကာနဲ့ ဟို-ဦးမြ ကြီးတို့က ဘာလုပ်-ညာလုပ်နဲ့နေပြီး ဒါတော့ အရေးတကြီး ငရဲမျိုးစေ့ကိုတော့ အရေးတကြီးဖြုတ်တာ မဟုတ်ဘူးလို့ ဆရာ ဘုန်းကြီးက ပြောနေတယ်၊ မပြောထိုက်ဘူးလား (ပြော ထိုက်ပါတယ် ဘုရား) ပြောထိုက်တယ် ဆိုတာ ဦးအောင်ဇံဝေ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

အပါယ်သွားမလို့လုပ်နေတာဟေ့

ဒါဖြင့် ဒကာ ဒကာမတွေက စီးပွားရေးဆိုတာ ခွေး တောင်ရှာစားနေတာပဲ၊ ခွေးလည်း ခွေးစီးပွားရေး ရှိတာပဲ၊ မနက်ရှာတဲ့ ကိစ္စဟာ မရှိဘူးလား (ရှိပါတယ် ဘုရား) ရှိတာပါ ပဲ တဲ့၊ ဒါက မအားလို့ဘုရား၊ အဝီစိကျမှာကြီးတော့ အခု အရှင်ဘုရား ပြောလို့သိပါပြီ၊ ကျချင် ကျပစေတော့ ရှာစားရတဲ့ အလုပ်ကလည်း မလွယ်ဘူးဘုရာ့ ဆိုလို့ရှိရင်လည်း ဒီခန္ဓာကြီး ကျွေးပြီး သကာလ မှ အပါယ်သွားမလို့ လုပ်နေတာဟေ့ (မှန်ပါ့)။

ဘယ့်နှယ်ဆိုကြမလဲ (ဒီခန္ဓာကိုယ်ကြီး ကျွေးပြီး တော့ အပါယ်သွားမလို့လုပ်နေကြတာပါ ဘုရား) အပါယ်သွား မလို့လုပ်နေတာ။

နွားကိုကျွေးတယ်ဆိုတာ ခိုင်းဖို့ကျွေးတာ၊ ကိုယ့် စီးပွားရေးလည်းပါတယ်၊ ခင်ဗျားတို့ဟာက ကျွေးပြီးတော့ ကိုယ့် စီးပွားရေး မပါဘူး (မှန်ပါ့)။

နွားကိုကျွေးတာကိုယ့်စီးပွားရေးပါတယ်

နွားကျွေးကြတယ် ဆိုတာက ကိုယ့်စီးပွားရေး ပါ-မပါ (ပါ- ပါတယ် ဘုရား) သူကိုနှစ်ကျပ်ရရင် တစ်ကျပ်ဖိုး ကျွေးမယ် ကွာ၊ တစ်ကျပ်ဖိုး တို့စားမယ်ကွာ၊ ဒီလိုစားလို့ရတယ်။ မင်းတို့ စီးပွားရေးက မိစ္ဆာဒိဋ္ဌိသာ မဖြုတ်တော့ဘူး ဆိုလို့ရှိရင် ဒီခန္ဓာကြီး တည်းဟူသော နွားကို ကျွေးလည်းကျွေး၊ ကျွေးပြီးတော့မှ ဒီခန္ဓာ တည်းဟူသော နွားနဲ့ အပါယ်သွားဆိုတော့ အမြတ်ပါသေးရဲ့ လား (မပါ-ပါ ဘုရား)၊ ဦးမြ အရေးကြီးပုံပေါ်ပလား (ပေါ်ပါ ပြီ ဘုရား) ဘာဘူတို့ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။ သေသေချာချာ မှတ်ကြပါ။

ကိုင်း ဒကာ ဒကာမတို့ ဘုရားက “နာဟံ ဘိက္ခဝေ အညံ ဧကဓမ္မမ္မိ သမနုပဿာမိ’’၊ တစ်ပါးသော တရားကို ငါမမြင်ဘူးကွတဲ့၊ အပြစ်အကြီးဆုံးတွေ ငါရှောက်ရှာ လိုက်တာ ပဉ္စာနန္တရိယကံဟာ အပြစ်ကြီးတယ်လို့ ထင်ငြား သော်လည်း မိစ္ဆာဒိဋ္ဌိလောက် မကြီးဘူး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဦးမြ ဘယ်သူအကြီးဆုံးလဲ (မိစ္ဆာဒိဋ္ဌိက အကြီး ဆုံးပါ ဘုရား) မိစ္ဆာဒိဋ္ဌိ ဆိုတာ ငါ့သား, ငါ့မယား, ငါ့ပစ္စည်း, ငါ့ဥစ္စာလို့ တကယ်ထင်တယ်ဆိုတာပါ (မှန်ပါ့) ပြောနေတာ ထင်တာ မဟုတ်ပါဘူး၊ ပြောနေတာထင်တာ မဟုတ်ပါဘူး တကယ်ထင်တာကို ဆိုနေတာပေါ့နော် (မှန်ပါ့) ရှင်းကြ ပလား (ရှင်းပါပြီ ဘုရား)။

အရွယ်ကြီးသလောက် အဖိုးတန်ကြရဲ့လား

ဒါဖြင့် ဒီ ဒကာ ဒကာမတွေမှာ အရေးမကြီးရ မှာကြီး၊ ကြီးရမှာ မကြီးဖြစ်နေတော့ အရွယ်ကြီး သလောက် အဖိုးတန်ကြပလား မေးရင် ဦးအောင်ဇံဝေ အဖြေထွက်စမ်း (အဖိုးမတန်သေးပါ ဘုရား) ဦးမြကြီးကော ထွက်နိုင်ရဲ့လား (ထွက်နိုင်ပါတယ် ဘုရား) အရွယ်ကြီးသလောက် အဖိုးမတန် သေးဘူး ဆိုတဲ့ အဓိပ္ပာယ် သေသေချာချာ သေချာပါတယ် (မှန်ပါ့) မောင်သိန်းတို့ သေချာပလား (သေချာပါတယ် ဘုရား)။

ဒါဖြင့် အခု ဆရာသမားက ပြောတာလား ဘုရားက အကြီးဆုံး အပြစ်လို့ ပြောတာလား (ဘုရားက အပြစ် အကြီးဆုံးလို့ ပြောတာပါ ဘုရား)။

သဗ္ဗညုတဉာဏ်နဲ့ အကုန် ရှောက်ရှာတယ်၊ ရှာတော့ ငါ့သား, ငါ့သမီး, ငါ့မြေး, ငါ့မြစ်, ငါ့ကိုယ်လို့ အဲဒီ အထင်ကြီးဟာ အပြောတင် မဟုတ်ဘဲနဲ့ တကယ်ထင်ပြီး သကာလ နေတဲ့ သက္ကာယဒိဋ္ဌိ၊ သက္ကာယဒိဋ္ဌိကြောင့် ဖြစ်လာရတဲ့ မိစ္ဆာဒိဋ္ဌိ၊ သက္ကာယဒိဋ္ဌိဟာ မိစ္ဆာဒိဋ္ဌိရဲ့ ရေသောက်မြစ်လို့ ဦးမြကြီးက လည်းမှတ်လိုက်ပါဦး (မှန်ပါ့) ဦးနေဖူး သေသေချာချာ မှတ် (မှန်ပါ့)။ –

“ဒွါသဋ္ဌိ ဒိဋ္ဌိယော ဥပ္ပဇ္ဇမာနာ သက္ကာယဒိဋ္ဌိ ပမုခေနေ၀ ဥပ္ပဇ္ဇန္တိ။’’

သက္ကာယဒိဋ္ဌိက အရင်းပြုပြီး ကြီးလာတာကွ တဲ့၊ သက္ကာယဒိဋ္ဌိက ကြီးထွားလာလို့ မိစ္ဆာဒိဋ္ဌိဖြစ်တာ ဆိုတော့ သူပဲအရင်းမကျဘူးလား (ကျပါတယ် ဘုရား) ပေါ်ကြ ပလား (ပေါ်ပါပြီ ဘုရား)။

ရန်ကုန်ပို့ဖို့အသံသွင်းနေတာ

ဪ ဒါဖြင့် ဘုန်းကြီးကလည်း အခု အသံသွင်း နေတယ် ရန်ကုန်ပို့ဖို့ကို၊ ဒါ အခုခင်ဗျားတို့က လာနာနေ ကြတယ်၊ နာတော့လည်း အခု ထိုက်တန်သလောက် ပြောဆို -နေရတယ်၊ တရားဟောတာ မဟုတ်ဘူး၊ အသံသွင်းနေတာ၊ ဒါ ချောင်းမြောင်းပြီး လာနာနေလို့ လူများနေတာ (မှန်ပါ့)။

ကဲ ဒါဖြင့် သနားကရုဏာရှိတဲ့ ပုဂ္ဂိုလ်ဖြစ်နေတော့ အသံသွင်းရင်းပဲ အဓိပ္ပါယ်တွေ အမျိုးမျိုး ပြောရတော့ ဪ ငါတို့လုပ်နေတဲ့ ဥစ္စာဟာ ဝက်အသားတိုးအောင်လို့ လုပ်နေတာနဲ့ တူလိုက်တာ (မှန်ပါ့)။

ဝက်အသားတိုးအောင်လုပ်နေတာ

ဦးမြဘာတဲ့တုံး (ဝက်အသားတိုးအောင် လုပ်နေတာနဲ့ တူပါတယ် ဘုရား) ဝက်အသား တိုးအောင် လုပ်တယ်၊ ဝက် အသားတိုးအောင်လို့ ဝက်ဟာ အစာစားနေတယ်၊ အသား တိုးလာတဲ့ အခါမှာ သူအရင်သေရရှာတယ် (မှန်ပါ) ဝတုန်း သတ်မှ အချိန်စီးတာကိုဗျ (မှန်ပါ့)။

ဒါဖြင့် ခင်ဗျားတို့ ရှာကျွေးနေတာ မိစ္ဆာဒိဋ္ဌိမဖြုတ်လို့ ရှိရင်ဖြင့် ငရဲလှံချက်မိဖို့ ဝတ်အသား တိုးအောင် လုပ်နေတာနဲ့ တူနေတယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

လုပ်မစားချင်အောင်ပြောတာမဟုတ်ဘူး

လုပ်မစားချင်အောင် ပြောတာ မဟုတ်ပါဘူး၊ အနိမ့် အမြင့်ချိန်တာပါ (မှန်ပါ့) မောင်မြင့် အနိမ့်အမြင့် ချိန်တာပါ၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဦးမြ လုပ်မစားချင်အောင် ပြောတာလား အနိမ့်အမြင့် ချိန်တာလား (အနိမ့်အမြင့်ချိန်တာပါ ဘုရား) အနိမ့်အမြင့် ချိန်တာ၊ လုပ်မစားနဲ့လို့ ဒီဆရာဘုန်းကြီးက မဟောပါဘူး၊ သို့သော်လည်း ရှေ့နောက် ခွဲပေးဆိုတဲ့ ဟို-အမရပူရတုန်းက ဟောသလိုပေါ့ဗျာ (မှန်ပါ့)။

ရှေ့နောက်ကလေးခွဲပေးပါ

ရှေ့နောက်ကလေး ခွဲပေး၊ သူ့ကို အရင်ဖြုတ်လိုက်ကွာ၊ ဖြုတ်ပြီးတော့မှ မင်းတို့သားရေး၊ သမီးရေး၊ စီးပွားရေး လုပ်တာ ပေါ့ကွာဆိုတော့ ခုနင်က လှံချက်မိမှာကို သိမ်းပြီးတော့မှ ကိုယ်က လွတ်လပ်ရေး ရတဲ့အခါကျတော့မှ ကျွေးချင်သလို ကျွေး မွေးချင်သလိုမွေး ဆိုတော့ အပြစ် မရှိတော့ဘူး (မှန်ပါ့) ရှိသေးရဲ့လား (မရှိပါ ဘုရား)။

ဝိသာခါ

ဝိသာခါတို့များ မွေးလိုက်တဲ့သား၊ မြေးတွေ ဘာ နည်းမလဲ၊ သို့သော် မိစ္ဆာဒိဋ္ဌိက ဖြုတ်ပြီးသား ဖြစ်နေတော့ ဦးမြ အပါယ်ကျသေးရဲ့ လား (မကျပါ ဘုရား)။

သိကြားမင်းကြီး

သိကြားမင်းကြီးကြည့်ပါလား သောင်းပေါင်းများစွာ နတ်သမီးတွေနဲ့နေကြ, ထိုင်ကြ, ကြ, ရွှင်ကြတာပါပဲ။ အပါယ်ကျသေး သလား (မကျပါ ဘုရား)။

အဲဒါဘာ့ကြောင့်တုံး ဆိုတော့ မိစ္ဆာဒိဋ္ဌိပြုတ်သွားလို့ ရှေ့နောက် မှန်သွားလို့ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ရှေ့နောက်မှန်သွားလို့

ဘာမှန်သွားတာတုံး (ရှေ့နောက်မှန်သွားတာပါ ဘုရား) ရှေ့နောက်မှန်သွားတယ် ဆိုတော့ ခင်ဗျားတို့ အခုဟောတာ ဘုန်းကြီးကဟောတာလား – ဘုရားက ရှေ့နောက်ခွဲဟောတာလား (ဘုရားက ရှေ့နောက်ခွဲဟောတာပါ ဘုရား)။

အဲဒီတော့ကို ခင်ဗျားတို့ ပေတေတေ လုပ်နေလို့ ရှိရင် ဖြင့် ဪ ကိုယ့်အကျိုး ယုတ်ဖို့ ပေတေတာ မှတစ်ပါး ဘာမှ အဖြေထွက်စရာမရှိဘူး (မှန်ပါ့)။

မောင်အောင်ချီတို့ ပေတေတေ လုပ်နေရင်လေ (မှန်ပါ့) နောက်မှလုပ်မပေါ့၊ နောက်မှလုပ်မဟ၊ အရေးတော့ ကြီးတယ်၊ အရေးကြီးတာ နောက်မှလုပ်မယ် ဆိုတော့ ဂွကျလိုက် တာကွာ အရေးကြီးတာ နောက်မှလုပ်မယ် ဆိုတော့ ဦးမြ ကံကောင်းရဲ့လား (မကောင်းပါ ဘုရား)။

ခင်ဗျားဘယ်ဘက်က ရောက်နေသတုံး၊ အရေးကြီးတာ နောက်မှလုပ်မည့်ဘက်က ရောက်နေတာပေါ့လေ ဦးမြကြီးက လည်း (မှန်ပါ့) ခင်ဗျားတော့ သေသေချာချာ ပြင်လိုက်လို့ ဟိုအမရပူရ ကတည်းက သေသေချာချာ ဟောပြီးပြီနော် (မှန်ပါ့ ဘုရား)။

စိုးရိမ်စရာမရှိတော့ဘူး

ဦးအောင်ဇံဝေ ကိစ္စမရှိတော့ဘူး ခင်ဗျားအတွက်က စိုးရိမ်စရာမရှိဘူး၊ ဖြစ်ပျက်တွေ သေသေချာချာ တွေ့ပြီးပြီ၊ ဒီအထဲမှာ ငါမပါဘူးဆိုတာ ဆုံးဖြတ်ချက်ချပြီးပြီ မဟုတ်လား (မှန်ပါ့ ဘုရား)။

ဒါတွေဟာ အနိစ္စပဲ, ရုပ်နာမ်တွေပဲ ငါ, ငါ့ဥစ္စာလို့ မရှိဘူး ဆိုတာ (မှန်ပါ့) အဲဒီလိုဆိုလို့ရှိရင် ဒါခင်ဗျား ရှေ့နောက်တည့်သွားပြီ (မှန်ပါ့)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဒီမိစ္ဆာဒိဋ္ဌိ အရေးကြီးပုံ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) မိစ္ဆာဒိဋ္ဌိအစ သက္ကာယ ဒိဋ္ဌိက (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

မိစ္ဆာဒိဋ္ဌိအစ (သက္ကာယဒိဋ္ဌိကပါ ဘုရား) သက္ကာယ ဒိဋ္ဌိကလို့ မှတ်လိုက်စမ်းပါနော် (မှန်ပါ့) သက္ကာယဒိဋ္ဌိက ကြီးထွားလာတာလို့ ဒကာ ဒကာမတွေမှတ်ပါ (မှန်ပါ့)။

ကားဝယ်စီးတာ ဝမ်းသာပါတယ်သို့သော်

ဒါကြောင့် ဘုန်းကြီးက ခင်ဗျားတို့ကိုပြောရတယ်။ ဒီမိုးကုတ် ဒကာ ဒကာမတွေအားလုံး အရင်းအချာတွေ ဖြစ်နေတော့၊ မင်းတိုက်ကြီးတွေ၊ တိုက်တာကြီးတွေနဲ့ မော်တော်ကား သိန်းကိုးသောင်းတန် ဝယ်စီးတာကို ငါကြည်ညိုပါတယ်ကွ ဝမ်း သာပါတယ်၊ တို့လည်း စီးရတာပါပဲ မင်းတို့မှာ ရတယ် ဆိုရင်၊ သို့သော် ရှေ့နောက်က လွဲနေတော့ ငါသဘောမကျသေးဘူးဟေ့ ၊ ပြောထိုက်- မပြောထိုက် (ပြောထိုက်ပါတယ် ဘုရား)၊ မင်းတို့ဟာက နက်ဖြန် အဝီစိကျရမှာ ယနေ့ ပြုံးနေတာ နဲ့ တူလွန်းလို့ (မှန်ပါ့ ဘုရား)။

မသိပြုံးဖြစ်နေလို့ပြင်ပေးတာ

ဦးမြ ဘယ့်နှယ်တုံး နက်ဖြန် အဝီစိကျရမှာ (ယနေ့ ပြုံးနေတာနဲ့ တူပါတယ် ဘုရား) ပြုံးနေတော့မသိပြုံး, အရူးပြုံး ဖြစ်နေလို့ပြင်ပေးပါတယ် ဆိုတာကော ယနေ့တရားမှာ သဘော ကျပလား (ကျပါပြီ ဘုရား) ရှင်းကြပြီနော် (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ပဉ္စာနန္တရိယကံနဲ့ ဘယ်သူက အပြစ်ကြီးသတုံး (မိစ္ဆာဒိဋ္ဌိကံကကြီးပါတယ် ဘုရား) အဲ ငါ့ကိုယ် ငါ့ဟာ ထင်နေတာက အကြီးဆုံးပဲ (မှန်ပါ့)။

ငါ့ကိုယ် – ငါ့ဟာ ထင်နေတာက အကြီးဆုံးပဲ ဆိုတော့ ဒါကြောင့် ဘုရားက ဟောလိုက်တယ်၊ ဒိမိစ္ဆာဒိဋ္ဌိရှိလျက်နဲ့လှူ ဒါန်းပေးကမ်းနေတဲ့ ပုဂ္ဂိုလ်များကွာ ကုသိုလ် မရဘူးတော့ ငါ မဟောပါဘူးတဲ့၊ နိဗ္ဗာန် မရဘူးတော့ ဟောရလိမ့်မယ်တဲ့။ ဒါကလေး မှတ်လိုက်စမ်းပါ (မှန်ပါ့)။

ကုသိုလ်မရဘူးလို့တော့ မဟောဘူး၊ နိဗ္ဗာန် မရဘူးလို့ တော့ ဟောလိမ့်မယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကုသိုလ်မရဘူးလို့တော့(မဟောပါ ဘုရား) နိဗ္ဗာန်မရ ဘူးလို့တော့ (ဟောပါတယ်ဘု ရား) ဪ တော်တော်အရေးကြီးပါကလား၊ နိဗ္ဗာန် ကန့်ကွက်တာပါ ကလား (မှန်ပါ ဘုရား)။

ဒုက္ခသိမ်းတဲ့နိဗ္ဗာန်ကို (ကန့်ကွက်ပါတယ် ဘုရား) ကန့်ကွက်တာပဲဆိုတာ ပေါ်လာကြပလား (ပေါ်လာပြီ ဘုရား) ဦးမြ ဒီစကား အရေးမကြီးဘူးလား (ကြီးပါတယ် ဘုရား) ဒီစကား သိပ်အရေးကြီးတယ် ဆိုတာ ပေါ်ကြ ပလား (ပေါ်ပါပြီ ဘုရား)။

ကုသိုလ်တော့ရပါတယ်၊ နိဗ္ဗာန်မရောက်ဘူး

မိစ္ဆာဒိဋ္ဌိရှိလျက်နဲ့ ၊ မိစ္ဆာဒိဋ္ဌိ ရှိလျက် ဆိုတော့ သစ္စာ မမြင်ဘူး၊ ဖြစ်ပျက်တွေ မမြင်ဘူး၊ ဖြစ်ပျက်မြင်ရင် သစ္စာမြင်တာ ပဲ ဖြစ်ပျက်ဟာ ဒုက္ခသစ္စာကို (မှန်ပါ့)။

အဲဒီရှိလျက်နဲ့ လှူဒါန်းပေးကမ်းပြီး သကာလ နေကြလို့ ရှိရင် ကုသိုလ်ရပါတယ်, နတ်ရွာသုဂတိ ရောက်ပါတယ်, နိဗ္ဗာန် မရောက်ဘူး။

ဘာ့ကြောင့်တုံးလို့ ဦးမြသူများမေးရင် ပြောတတ် ပလား သက္ကာယဒိဋ္ဌိ ခံနေတယ် (မှန်ပါ့) ဒါ့ကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟောထားပါတယ်တဲ့ ဓမ္မဟဒယ ဝိဘင်းဆိုတာမှာ၊ ဝိဘင်းပါဠိတော် ဆိုတာ ကြားဘူးကြတယ် မဟုတ်လား (ကြားဘူးပါတယ် ဘုရား) အဲဒီမှာ သေသေချာချာ ဟောထားတယ်။

‘‘ပုညတေဇေန = မင်းတို့ပြုတဲ့ကုသိုလ်ရှိန်စော် အာနု ဘော်သည်၊ ဥက္ခိတ္တာ = ပစ်လွှတ်၍ တင်လိုက်သည်ရှိသော်၊ ကာမရူပဂတိံဂတာ =ကာမဘုံ, ရူပဘုံသို့ ရောက်သွားတယ်တဲ့ မင်းတို့ ကုသိုလ်တွေ (မှန်ပါ့)။

ဒါတွင် မကသေးဘူးကွတဲ့၊

‘‘ဘဝဂ္ဂတမ္ပိ =ဟို နေဝသညာနာသညာယတန ဘုံတောင် ရောက်ပါတယ်တဲ့၊ ပုန – တဖန်၊ ဒုဂ္ဂတိံ =အပါယ်ဌာန ဒုဂ္ဂတိဘဝသို့၊ အာယန္တိ = ပြန်ကျမယ် ကွတဲ့ ဒါ ဓမ္မဟဒယ ဝိဘင်းပါဠိတော်လို့ သေသေချာချာ မှတ်စမ်းပါ (မှန်ပါ့)။

ဘယ်သူကဆွဲချလိုက်တာတုံး

ကဲ ဒါဘယ်သူက ချလိုက်တယ်ဆို တာ မောင်အောင်ချီတို့ ပေါ်ရောပေါ့ (မှန်ပါ့) ဘယ်သူက ဆွဲချလိုက်တာတုံး (မိစ္ဆာဒိဋ္ဌိကပါ ဘုရား) သက္ကာယဒိဋ္ဌိ မိစ္ဆာဒိဋ္ဌိ ပေါ့ကွာ အတူတူပေါ့ (မှန်ပါ့)။

သူတို့က ဆွဲချလိုက်တာ ဒကာ ဒကာမတို့၊ ခင်ဗျားတို့ ပြုတဲ့ကုသိုလ်တွေ နိဗ္ဗာန် မရောက်ကြောင်းကို ပါဠိတော်က သက်သေ ခံပစ်လိုက်တယ် (မှန်ပါ့) ဦးမြ ပါဠိတော်က သက်သေ ခံပစ်လိုက်တယ် (မှန်ပါ့) ဦးအောင်ဇံဝေ ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား)။

ဒါကြောင့် ဘုန်းကြီးက ရှင်းရှင်းလင်းလင်း ပြောတော့ ခင်ဗျားတို့ပြုတဲ့ ကုသိုလ်တွေ ဒိဋ္ဌိမပြုတ်ဘဲနဲ့ လုပ်တဲ့ ကုသိုလ်တွေဟာ ကုသိုလ်ရတယ်၊ နတ်ရွာသုဂတိ ရောက်တယ်၊ ဗြဟ္မာပြည် ကျ အောင် ရောက်နိုင်တယ်၊ ဗြဟ္မာပြည်ရောက်ကြောင်း လုပ်ရင် သို့သော် ဒုဂ္ဂတိ ပြန်ရောက်ဦးမယ်၊ အပါယ်လေးပါး ပြန်ရောက် ဦးမယ်ပေါ့ မောင်မြင့်တို့ (မှန်ပါ့)။

မိစ္ဆာဒိဋ္ဌိမပြုတ်တဲ့အတွက်

ဘာဖြစ်လို့တုံးမေးတဲ့အခါကျတော့ မင်းတို့ အဖြေထွက် နိုင်ကြရဲ့လား (ထွက်နိုင်ပါတယ် ဘုရား) ဘာထွက်ကြမယ် (သက္ကာယဒိဋ္ဌိမပြုတ်လို့ပါ ဘုရား) မိစ္ဆာဒိဋ္ဌိ မပြုတ်တဲ့ အတွက် ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ ဒီ ဒကာ ဒကာမတွေမှာ ဪ ရှေ့ နောက် မခွဲရင် မဖြစ်တဲ့အလုပ်ကို ဆရာသမားက ယနေ့ည အသံသွင်းတရား ပြောနေပါလား ဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား) မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။

ဘာအရင်ဖြုတ်ရမလဲ

ဘာအရင်ဖြုတ်ရမလဲ (မိစ္ဆာဒိဋ္ဌိ အရင်ဖြုတ်ရပါ မယ် ဘုရား) အဲ ငါ့ကိုယ်ငါ့ဟာ မဟုတ်ဘူးလို့ ဉာဏ်က သိထားရမယ် (မှန်ပါ့)။

သိပေမယ့်လည်း ဒီအပေါင်းကြီးကို သိရမယ်လို့ ဆရာ ဘုန်းကြီးက မဆိုလို၊ ဒီခန္ဓာထဲမှာ စိတ်၊ စေတသိက်တွေ ပေါ်လာလို့ ဝေဒနာက္ခန္ဓာ ဪ ဒါလည်း အနိစ္စပါ ကလားလို့ ဉာဏ်နဲ့မြင်လိုက်ရမယ် (မှန်ပါ့)။

စိတ်ကလေးပေါ်လာလည်း ဒါလည်း အနိစ္စပါလား၊ ဝိညာဏက္ခန္ဓာလည်း အနိစ္စပါလား၊ ရုပ်ကလေး ပေါ်လာပြန်ကော (အနိစ္စပါ ဘုရား) စေတနာကလေး ပေါ်လာပြန်ကော (အနိစ္စပါ ဘုရား)။

အနိစ္စတွေစုနေတာပါကလား

ဒီလိုသိပြီး သကာလ ဪ အနိစ္စတွေသာ ရှိတာ ပဲ ဖြစ်ပျက်တွေသာ ရှိတာပဲ ဘယ်မှာ သာလျှင် ငါ့ကိုယ် ငါ့ဟာ လို့ ရှိမတုံး၊ အနိစ္စတွေ စုနေတာပါကလား၊ အဲဒါသိပြီးမှ ခင်ဗျား တို့ ဉာတပရိညာနဲ့ ပြုတ်ပြီးတော့မှ ဦးမြတို့ တန်ဆောင်း ဆောက်ချင် ဆောက်ပေါ့ဗျာ၊ ဘုရားတည်တည်၊ ဦးအောင်ဇံဝေ တို့ ဟင် (မှန်ပါ့) ရွှေတိဂုံကို ရွှေပြားကပ်ကပ်ပေါ့ဗျာ၊ အရေး မကြီးတော့ဘူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

မင်းတို့ ဝိပဿနာအရင်လုပ်စမ်းပါ

ဒါဖြင့် အပြောနဲ့ပြီးမှာလား အမြင်ပါဦးမလား (အမြင် ပါဦးမှပါ ဘုရား) အဲဒါကြောင့် မင်းတို့ ဝိပဿနာ အရင် လုပ်စမ်းပါ ဆိုတဲ့ဥစ္စာ မင်းတို့က ထမင်းလောက် အရေးမကြီးဘဲနဲ့ ဖြစ်နေတော့ ဆရာဘုန်းကြီးက အပြောကြပ်တယ်လို့ ဦးအောင်ဇံဝေတို့ ဦးမြတို့ ဆိုချင်ဆိုတော့မှာပဲ (မှန်ပါ့)။ ကဲ ဒါဖြင့် ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် တပည့်တော်မှာ မိစ္ဆာဒိဋ္ဌိ အရင်ဖြုတ် ဖို့အရေးဟာ ၁-နံပါတ်အရေး၊ လှူမှု, တန်းမှု, ပေးမှု, ကမ်းမှု အရေးဟာ ၂-နံပါတ်အရေးလို့ ၁-နဲ့ ၂။ ၂ ပြောင်းလိုက် (မှန်ပါ့ ဘုရား)။

သက္ကာယဒိဋ္ဌိဖြုတ်ဖို့အရေးက (၁ နံပါတ်အရေးပါ ဘုရား)။ လှူမှု၊ တန်းမှု, ပေးမှု, ကမ်းမှု အရေးက (၂) နံပါတ်အရေး ပါ ဘုရား)။

အဲဒီတော့ အခု ဒကာ ဒကာမတွေ လုပ်နေတာ ကတော့ ဦးအောင်ဇံဝေ ရှေ့နောက်တည့်ရဲ့ လား (မတည့်ပါ ဘုရား) ဘယ်သူက ရှေ့ကျသလဲ (၂-ကရှေ့ကျပါ တယ် ဘုရား) ၂-ကရှေ့ကျပြီး ၁-က နောက်ကျနေတယ် (မှန်ပါ့ ဘုရား)။

၁-နောက်ကျနေတော့ ခုနင်က ပါဠိတော်ထဲ ဝင်သွား တယ် (မှန်ပါ့) နတ်ရွာသုဂတိ ဗြဟ္မာပြည် ရောက်ငြား သော်လည်း ဓမ္မဟဒယဝိဘင်း ပါဠိတော်က အပါယ်ကျတယ်ကွတဲ့။ နတ်ပြည်တော့ ရောက်မှာပဲ၊ အဲဒီကပြီးရင် အပါယ် ကျဦးမှာပဲ ဆိုတော့ ဒီမိစ္ဆာဒိဋ္ဌိက ဆွဲချလိုက်တာ (မှန်ပါ့) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဦးမြ ဘာလွဲနေတာတုံး (ရှေ့နောက် လွဲနေတာပါ ဘုရား) ရှေ့နောက် လွဲနေတာ ဆိုတာ ဒကာ ဒကာမတွေ ကောင်းကောင်း ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

ဘုရားကအရေးတကြီးပြောတာ

အဲဒါဒီက ရှေ့မှာဖြင့် ခင်ဗျားတို့ ဆရာသမားက အရေးတကြီး ပြောတာလား ဘုရားက အရေးတကြီး ပြောတာလား (ဘုရားက အရေးကြီးပြောတာပါ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့က ဂျပန်မိုက်, မိုက်နေလို့ မဖြစ် ဘူး၊ ဟိုက ‘အတွမ်းမိတ်’ atomic (အနုမြူဗုံး) ချမယ်၊ လက်နက်ချ လိုက်လို့ ပြောတာ သူတို့က အယုံအကြည် မရှိဘဲကိုးဗျ (မှန်ပါ့) မရှိတော့ သိန်းပေါင်းများစွာ မသေဘူးလား (သေပါ တယ် ဘုရား)။

ဒီမှာလဲ ဘုရားက ဟောတာက မင်းတို့ သက္ကာယဒိဋ္ဌိ မပြုတ်လို့ရှိရင်ဖြင့် ငရဲဟာ ကိုယ်ပိုင် ပစ္စည်းလို့ ပြောထားတာ ဟုတ်တန် မထင်ပါဘူးတော့ လုပ်မနေနဲ့၊ ဂျပန်တွေလို အကုန် သေကုန်လိမ့်ဦးမယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါ ဘုရားဟော ပါဠိကို သေသေချာချာ ပြောနေပါ တယ် ဆိုတဲ့ဥစ္စာ ဒကာ ဒကာမတို့ အလုံးစုံ သိတော်မူတဲ့ မြတ်စွာဘုရားက ပြောတာကို ဟုတ်မထင်ပါဘူးလို့ မလာပါနဲ့၊ မဟုတ် ဘူးလား (မှန်ပါ့ ဘုရား)။

“အတွမ်းမိတ်” (အနုမြူဗုံး) ချလို့ရှိရင် ဆယ်မိုင်ပတ်လည် အတွင်း အကုန်သေလိမ့်မယ် ဆိုတာ ဟိုမှာ လုပ်တဲ့သူက သိပြီး သား ဖြစ်နေတာ ဟုတ်တန် မထင်ပါဘူး ဆိုတော့ သေပွဲဝင်ချင် လို့သာ မှတ်ပေတော့ (မှန်ပါ့) ဒီပြင် ဘာပြောစရာရှိ သေးသတုံး (မရှိပါ ဘုရား) အတော် မဆိုးဘူးလား (ဆိုးပါတယ် ဘုရား)။

ဦးမြ သက္ကာယဒိဋ္ဌိနဲ့ ‘အတွမ်းမိတ်” atomic (အနုမြူဗုံး) ဘယ်ဟာက သာကြောက်စရာ ကောင်းသတုံး (သက္ကာယ ဒိဋ္ဌိက ကြောက်စရာကောင်းပါတယ် ဘုရား) သက္ကာယဒိဋ္ဌိက ပိုပြီး ကြောက်စရာ ကောင်းတယ် ဆိုတာ သူကမှ မိစ္ဆာဒိဋ္ဌိအစုံပွားလာ တာ (မှန်ပါ့ ဘုရား)။

သက္ကာယဒိဋ္ဌိကအကြီးအမှူး

ကြည့်လေ

“ ဒွါသဋ္ဌိဒိဋ္ဌိယော ဥပ္ပဇ္ဇမာနာ သက္ကာယ ဒိဋ္ဌိ ပမုခေနေ၀ ဥပ္ပဇ္ဇန္တိ”

ဒွါသဋ္ဌိ ဒိဋ္ဌိယော =ခြောက်ဆယ့် နှစ်ပါးကုန်သော ဒိဋ္ဌိတို့သည်၊ ဥပ္ပဇ္ဇမာနာ= ဖြစ်ပေါ်လာကုန်သည် ရှိသော် သက္ကာယဒိဋ္ဌိပမုခေနေဝ= သက္ကာယဒိဋ္ဌိက အကြီးအမှူး ပြု၍ သာလျှင် (ဝါ) သက္ကာယဒိဋ္ဌိရှိမှ သာလျှင်၊ ဥပ္ပဇ္ဇန္တိ =ဖြစ်ကုန် ၏၊ ကဲ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ခြောက်ဆယ့်နှစ်ပါးသော ဒိဋ္ဌိဟာ ဘယ်သူရှိမှ ဖြစ်မှာ တုံး (သက္ကယဒိဋ္ဌိရှိမှ ဖြစ်မှာပါ ဘုရား) သက္ကာယဒိဋ္ဌိရှိမှ ဖြစ် တယ် ဆိုတော့ သူက ကြီးပွားလာတာ ဆိုတာကော မသေချာသေးဘူးလား (သေချာပါပြီ ဘုရား)။

အဲဒါကြောင့် အိုကြီး အိုမှ ဦးအောင်ဇံဝေတို့က, ဦးမြကြီး တို့က သက္ကာယဒိဋ္ဌိ ဖြုတ်တဲ့ အလုပ်ကို မလုပ်ဘဲနဲ့ သက္ကာယဒိဋ္ဌိ ခိုင်းတဲ့ အလုပ် လုပ်လို့ရှိရင် ငါးပါး မှောက်ပါလိမ့်မယ် (မှန်ပါ့) မပြောထိုက်ဘူးလား (ပြောထိုက်ပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကောင်းပြီး ဒါဖြင့် အားလုံး ဒကာ ဒကာမတွေ အရေး ကြီးတာ ကြီးသလို မှတ်ရမယ် (မှန်ပါ့) အရေးကြီးတာကို (ကြီးသလိုမှတ်ရပါမယ် ဘုရား) ဟုတ်တန် မထင်ပါဘူး ဆိုချင် သေးသလား (မဆိုချင်ပါ ဘုရား) ဆိုချင်ရင် ဂျပန်သေ သေလိမ့်ဦးမယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ပဉ္စာနုန္တရိယကံထက်အရေးကြီးတယ်

ကိုင်း ဒါဖြင့် ဒီသက္ကာယဒိဋ္ဌိဟာ ဘုရား တယ်ဆို ပါလား အရှင်ဘုရားက ဘုရား ဟောတာကြီးကို ချဲ့ထွင်ပြီး သကာလ ပြောလိုက်တော့ တော်တော် အရေးကြီးပါလားဘုရား။ ပဉ္စာနန္တရိယကံထက် အရေးကြီးပါသေးကလား၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။ –

ဒီ သက္ကာယဒိဋ္ဌိက ဘယ်ကလာတာတုံးဘုရာ့ဆို တော့ ဒါ မေးခွန်း ထွက်လာတယ် (ထွက်လာပါတယ် ဘုရား) ဒီသက္ကာယဒိဋ္ဌိဟာ ဘယ်က လာတာတုံးဘုရာ့၊ တပည့်တော်တို့ကို ရှင်းပေးပါဦးလို့ ဦးမြ တောင်းပန်ရတော့မယ် (မှန်ပါ့) သက္ကာယဒိဋ္ဌိဟာ ဘယ်ကလာတာတုံး ဆိုတာ မောင်အောင်ချီ တို့က ဘုန်းကြီးကို တောင်းပန်ရမယ် (မှန်ပါ့ ဘုရား)။

ဘုန်းကြီးတောင်းပန်တော့ကို ဘုန်းကြီးက ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောထား တာတွေကို အကုန်လိုလို မွှေနှောက်ပြီး ရှာထားတော့ ဘုရားလက်ထက်က ဝတ္ထုထုတ်တော့ မယ် ဒကာ ဒကာမတို့ သက္ကာယဒိဋ္ဌိ ဘယ်က လာတယ် ဆိုတာ ပေါ်လိမ့်မယ်နော် (မှန်ပါ့)။

အနာထပိဏ်သူဌေးကြီး

အနာထပိဏ်သူဌေးကြီးဟာ ဒကာ ဒကာမတို့ ဘုရား ကျောင်းတော်ကို နေ့လည် ဆယ့်နှစ်နာရီ လောက် သွားတယ်။

သွားတော့ သူကျောင်းတော် မရောက်ခင် သတိထားလိုက် တယ်၊ ဪ-ငါ့ကိုအင်မတန် စိတ်နှလုံးကို ရွှင်ပြုံးအောင် ဟော နိုင်တဲ့ ရှင်သာရိပုတ္တရာ ရှင်မောဂ္ဂလ္လာန်တို့ လည်း ဒီအချိန်မှာ ဆွမ်းဘုဉ်း ပေးပြီး နေ့သန့်စင်နေမယ် ဣရိယာပုတ်ကလေးမျှ တအောင် ကျိန်းစက်တဲ့ အချိန်ပဲ။ ဘုရားကလည်း ဒီအချိန် ကျိန်းစက် တဲ့အချိန်ပဲ၊ ဒီအချိန်တော့ ကျောင်းထဲသွားလို့ မဖြစ်သေးပါဘူး ဆိုပြီး ကျောင်းတော်အနီးမှာ တိတ္ထိကျောင်း တစ်ကျောင်း ရှိတယ်နော် (မှန်ပါ့)။

တိတ္တိတွေဆီရောက်သွားတယ်

အဲဒီ တိတ္ထိတွေဆီကိုသူက ခြေဦးလှည့်လိုက်တယ်၊ ခြေဦးလှည့်လိုက်တော့ တိတ္ထိတွေက မြင်တယ်၊ ဟေ့ ဂေါတမ၏ သာဝက တစ်ယောက် လာတယ်ကွ၊ ငြိမ်ငြိမ်နေကြ ကွ၊ အသံတွေ အကျယ်ကြနဲ့ကွ၊ ဆိတ်ဆိတ်နေကြကွ၊ ဂေါတမ ၏ တပည့်တွေက ဆိတ်ဆိတ် နေမှကြိုက်တာ ဆိုပြီး တိတ္ထိ ခေါင်းဆောင်ကြီးက ပြောလိုက်တဲ့အခါ အကုန်ဆိတ်ဆိတ်နေ ပြီး အဲဒီ တိတ္ထိတောထဲမှာပဲ ဦးအောင်ဇံဝေ ဝင်ထိုင်လိုက်တယ် (မှန်ပါ့ ဘုရား)။

ထိုင်လိုက်တော့ တိတ္ထိတွေက အလ္လာပ သလ္လာပ ပြောပြီး သကာလ ဒကာကြီး ကျုပ်တို့ မေးစမ်းပရစေတဲ့၊ မေးတာပေါ့ ဆိုတော့ ဘုရားအယူကို ပြောစမ်းပါ၊ ဒါမေးတာပဲ။

ဘုရားအယူပြောစမ်းပါ

ဦးမြ ဘယ်နှယ့် မေးလိုက်သလဲ (ဘုရားအယူပြော စမ်းပါတဲ့ ဘုရား) ဘုရားအယူ ပြောစမ်းပါလို့ မေးလိုက်ပါတယ်။

အရှင်ဘုရားတို့- ဘုရားအယူဟာ အများကြီးပဲ။ တပည့် တော် ဘယ်ကုန်အောင် သိနိုင်ပါ့မလဲ ဖြေလိုက်တယ်နော် (မှန်ပါ့) ဘုရားအယူဟာ အင်မတန် များပါတယ်ဘုရားလို့၊ သူယူထားတာ အကျင့်, သိက္ခာ, သီလသမာဓိ, ပညာအယူတွေ ဟာ နည်းတာတွေ မဟုတ်တော့ တပည့်တော် ဘုရားအယူကို အကုန် မသိပါဘူးတဲ့၊ ဖြေလိုက်တယ်နော် (မှန်ပါ့ ဘုရား)။

ရဟန်းတွေအယူကိုပြောပါဦး

ဒီတွင်တိတ္ထိတွေက မကျေနပ်ဘူး၊ ဒါဖြင့်ဘုရား၏ တပည့်သားရဟန်းတွေအယူကို ပြောဦး ဒကာကြီးတဲ့၊ ဟာ ကိုယ်တော်တို့ မေးတာ, စမ်းတာလဲ ရဟန်းတွေမှာလည်း သူတို့ မှာ နှစ်ရာ့နှစ်ဆယ် ခုနှစ်သွယ်သော သိက္ခာပုဒ်တွေနဲ့သီလ, သမာဓိ, ပညာတွေနဲ့ ပညာစခန်း ဆိုလည်း အင်မတန် ကျယ်ဝန်းတော့ သူတို့အယူလည်း တပည့်တော် အကုန်ဘယ် သိမတုံး၊ ဒါကြောင့် သူတို့အယူလည်း အကုန် မသိဘူးလို့ ဖြေလိုက်တယ် (မှန်ပါ့)။

ဦးမြ ဘယ်နှစ်ခု ရှိသွားပလဲ (နှစ်ခုရှိသွားပါပြီ) ဘုရား အယူအကုန် မသိဘူးပေါ့လေ (မှန်ပါ့) ရဟန်းတွေ အယူ လည်း (မသိပါ ဘုရား) အကုန်မသိဘူး ဆိုပြီး သကာလ ဖြေလိုက်တယ်။

တိတ္ထိတွေကမကျေနပ်ကြဘူး

ဒါနဲ့ တိတ္ထိတွေက မောင်မြင့် မကျေနပ်ဘူးကွ၊ ခင်ဗျား အယူပြောပါဦးတဲ့၊ လာပြန်တာပဲ။

ဦးမြဘယ်သူ့ အယူမေးသတုံး (ခင်ဗျားအယူမေးပါ တယ် ဘုရား) ခင်ဗျားအယူ ပြောဦးဆိုတော့ သူက သောတာပန် နော်၊ သောတာပန် တည်ပြီးပြီ၊ ဘုရားနဲ့ တွေ့တွေ့ခြင်းတည်တဲ့ ပုဂ္ဂိုလ် (မှန်ပါ့) သောတာပန် အလုပ်လုပ်ပြီးသား ဒိဋ္ဌိပြုတ်ပြီး သား သူကဟောမှာ ဒိဋ္ဌိကိုအခု (မှန်ပါ့)။

ဒိဋ္ဌိဘယ်က လာတယ် ဆိုတာ သူပြောမယ်၊ ပြီးတော့မှ ဘုရားက ထောက်ခံချက်ပေးမှာ ဒီဝတ္ထုဟာ ဒသကနိပါတ် အင်္ဂတ္တိုရ်ပါဠိတော်လို့ သေသေချာချာမှတ်၊ ကိံဒိဋ္ဌိက သုတ်တဲ့ နာမည်ကတော့ (မှန်ပါ့)။

ဒကာကြီးအယူကိုပြောပါဦး

ကဲ ဒါနဲ့ ဒကာကြီး ခင်ဗျားအယူ ပြောဦး၊ အို တပည့်တော် အယူပြောဖို့ ဝန်မလေးပါဘူး၊ သူက ဒိဋ္ဌိပြုတ်ပြီး သားပဲ (မှန်ပါ့)။

တပည့်တော်အယူ ပြောဖို့ ဘာမှ ဝန်လေးစရာ မရှိပါဘူး တဲ့ တပည့်တော်က တစ်ခွန်းတည်းနဲ့ ပြီးပါတယ်၊ သို့သော် တိတ္ထိ များယူတဲ့ အယူကို ပြောစမ်းပါတဲ့၊ သူများဆီ စကားတောင်း လိုက်တယ် (မှန်ပါ့)။

သူ့အယူကို ပြောပါမယ်တဲ့၊ အရှင်ဘုရားတို့ တိတ္ထိတွေ ယူထားတဲ့ အယူကို ပြောပါဦး ဆိုတော့ ဒါဖြင့် ကျုပ်တို့ပြောမယ် တဲ့ ပေါ်ထွက်လာတယ်နော် (မှန်ပါ့)။

တိတ္ထိတွေယူထားတဲ့အယူ

ကျုပ်တို့က ရုပ်နာမ်ကြီးဟာ မြဲတယ်လို့ ယူတယ်တဲ့၊ သူက မှတ်ထားတယ်၊ ရုပ်နာမ်ကြီး မြဲတယ်လို့ ယူတယ်၊ အရှင်ဘုရား အယူက ဒါကိုး၊

နောက်တစ်ခါ တိတ္ထိတစ်ယောက်က ဝင်လာပြန်တယ်၊ ရုပ်နာမ်ဓမ္မတွေဟာ ပြတ်သွား ပြန်တယ်လို့ ယူတယ်၊ အခုဘဝ ဆုံးပြီး နောက်ဘာမှမဖြစ်ဘူးလို့ ယူတယ်၊ ဥစ္ဆေဒဒိဋ္ဌိကို သူ ပြောပြန်တယ် (မှန်ပါ့)။

တချို့ကလည်း ရုပ်နာမ်လောကဟာ အန္တဝါ အဆုံးရှိ တယ်၊ တချို့ကလည်း အဆုံးမရှိဘူး၊ နောက်ဆုံးပိတ် ပြောတော့ သတ္တဝါသေသည်၏ အခြားမဲ့မှာ မဖြစ်ဘူးလို့ ကျုပ်က ယူတယ်၊ အနာထပိဏ် သူဌေးကြီးကလည်း မှတ်လျက်ပဲနော် (မှန်ပါ့)။

သတ္တဝါသေသည်၏ အခြားမဲ့မှာ မဖြစ်တော့ဘူးလို့ ယူတယ်၊ တချို့က ဖြစ်တယ်လို့ ယူတယ်၊ သဿတဒိဋ္ဌိနဲ့ ဥစ္ဆေဒဒိဋ္ဌိချည့် ပြောနေကြတာပဲ (မှန်ပါ့)။

ဒါတွေကိုတော့ မရှင်းပါရစေနဲ့တော့နော် လိုရင်းကို ပြောချင်လို့ (မှန်ပါ့)။

တိတ္တိဆယ်ယောက်ရဲ့ အယူတွေ

သတ္တဝါသေသည်၏ အခြားမဲ့၌ ဖြစ်ချီတစ်လှည့် မဖြစ် ချီတစ်လှည့်ကလည်း ဖြစ်တယ်၊ ကျုပ်တို့အယူ ဒါပဲ ကိုယ့်အယူ ကိုယ့်ပြောလိုက်ကြတာ တစ်ခါတည်း ဆယ်ယောက် ဝင်ပြော လိုက်တယ် ဦးမြ တိတ္ထိအယူချည့် ပြောတာပဲနော် (မှန်ပါ့)။

ကဲ ဒါနဲ့ တိတ္ထိတွေက ဆယ်ယောက်လောက် ပြော ပြီးတော့ ကျုပ်တို့အယူ ပြောပြီးပြီ၊ ခင်ဗျားအယူ ပြောပါဦး ခင်ဗျားပြောမယ်လို့ ပြောထားတယ်တဲ့၊ အနာထပိဏ်သူဌေး ကြီးကို သူတို့က ပြောကြတာပေါ့ကွာ (မှန်ပါ့)။

ခင်ဗျားအယူ ပြောစမ်းပါဆိုတော့ နေဦးတဲ့၊ တပည့် တော်အယူ နောက်ထားပါဦး၊ အရှင်ဘုရားတို့အယူ တပည့် တော် ရှင်းပေးဦးမယ်တဲ့။

ဒကာ ဒကာမတို့ ဒီစကားဟာ ဒီတစ်ပွဲလုံးဟာ အဖိုး တန်တဲ့စကားဆိုတာ သေသေချာချာ မှတ်ပါ (မှန်ပါ့)။

တိတ္ထိတို့ အခုယူထားတာ ဒသဝတ္ထုကအန္တဒိဋ္ဌိခေါ် တယ်၊ ဆယ်ပါးပေါ့ဗျာ (မှန်ပါ့) ဆယ်ပါးကို အခု ဆယ်ယောက်စေ့အောင် ပြောသွားတာကိုး (မှန်ပါ့)။

ပေါင်းလိုက်ရင်သုံးခုပဲရှိတယ်

အဲဒီ သူတို့ပြောတဲ့အယူကို မှတ်လိုက်လို့ရှိရင် သဿတ ဥစ္ဆေဒနဲ့ အမရာဝိက္ခေပချည့်ပဲလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့) ပြောတော့ ဆယ်ယောက်ပြောတာကို ပေါင်းလိုက်ရင် ဒီသုံးခုပဲရှိတယ် (မှန်ပါ့)။

ရုပ်နာမ်ကို ခိုင်တယ်ယူတာရယ်၊ ရုပ်နာမ်ကို နောက် ဘာမှမဖြစ်ဘူး ယူတာရယ်၊ ရုပ်နာမ် ဘာမှမဖြစ်ဘူး ယူတော့ ရုပ်နာမ်တွေ ကွယ်မသွားဘူးလား (ကွယ်သွားပါတယ် ဘုရား)။

ရုပ်နာမ် ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်ဆိုတော့ အမရာဝိက္ခေပ သွားဖြစ်နေတယ် (မှန်ပါ့)။

အချို့ရုပ်နာမ်ဖြစ်တယ်၊ အချို့ရုပ်နာမ်မဖြစ်ဘူး၊ ဒီလို နေလို့ရှိရင်လည်း ဦးမြ တည့်သေးရဲ့လား (မတည့်ပါ ဘုရား)။

အဲဒီကဲ့သို့ ဖြေကြတော့ ဒကာကြီး နောက်ဆုံးပိတ် ခင်ဗျားအယူကို ပြောမယ်လို့ ပြောတယ်၊ အဲဒါ ပြောစမ်းပါဦး အို တပည့်တော်အယူ မပြောချင်လို့ မဟုတ်ဘူး၊ ကိုယ်တော်တို့ အယူကို တပည့်တော် ရှင်းပေးဦးမယ်။

ကိုယ်တော်တို့အယူကိုရှင်းပေးဦးမယ်

ကိုယ်တော်တို့ဟာတဲ့ ဒီခန္ဓာကိုယ်ကြီးထဲမှာ ဝေဒနာ ကြည့်ကြည့်, ရုပ်ကြည့်ကြည့် ခန္ဓာငါးပါးကို သေသေချာချာ ကြည့်လို့ရှိရင် သူဟာ သင်္ခတတရား၊ သင်္ခတ ဆိုတာ ပြုပြင်လို့ ပေါ်လာတဲ့တရား (မှန်ပါ့)။

ရုပ်နာမ်ဟာ ပြုပြင်လို့ပေါ်လာတဲ့တရား (မှန်ပါ့) မပြု ပြင်ဘဲနဲ့ ပေါ်လာတဲ့တရား ဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား)။

မင်းတို့ကြည့်ပါလား၊ ကံများမကောင်းဘူး ဆိုတော့ ကံ က ပြုပြင်ပေးတယ်လို့ ပြောတာ (မှန်ပါ့) ဘယ့်နှယ်တုံး နင်တို့ ရုပ်တွေ ညှိုးလှချည်လား ဆိုတော့ အို စိတ်မကောင်းဘူး ဆိုတော့ စိတ်က ပြုပြင်ထားတာ (မှန်ပါ့) အကြောင်းမရှိ ဘူးလား (ရှိပါတယ် ဘုရား)။

ဘယ့်နှယ်တုံး ပိန်လှချည်လားလို့ ဆရာဘုန်းကြီးက မေးရင် အို စားမကောင်းဘူး ဆိုတော့ အာဟာရက ပြုပြင် ပေးထားတဲ့ရုပ် (မှန်ပါ့) အကြောင်း ရှိတာချည့်ပဲ မနေဘူးလား (နေပါတယ် ဘုရား)။

ဘယ့်နှယ်တုံး နွေအခါကြီးမှာ ခင်ဗျားတို့ ကြည့်ရတာ ရုပ်တွေက ခြောက်လို့ပါလား၊ အို ဥတုက အင်မတန်ကြမ်း တယ်ဆိုတော့ ဥတုကြောင့် ဖြစ်တဲ့ရုပ်က သေချာနေတယ် (မှန်ပါ့) မသေချာဘူးလား (သေချာပါတယ် ဘုရား)။

သင်္ခါရတရားကို မသိဘူး

အဲဒီတော့ကို အရှင်ဘုရားတို့ တိတ္ထိတွေဟာတဲ့ ဒီခန္ဓာ ကိုယ်ကြီးကို မြဲတယ်လို့ ယူတယ်။ တချို့ကလည်း ပြတ်တယ်လို့ ယူတယ်၊ တချို့ မပြတ်တပြတ်နေတယ်လို့ ယူတော့ အရှင် ဘုရား တို့ဟာ သင်္ခတတရား ကိုလည်း အရှင်ဘုရားတို့ မသိဘူး၊ သဘောကျပလား (ကျပါပြီ ဘုရား)။

သင်္ခတတရားကို မသိဘူးတဲ့၊ မသိတော့ သင်္ခတတရား ဖြစ်လည်း ပြုပြင်လို့ပေါ်လာတဲ့တရား ပြုပြင်မှုသိမ်းရင် ပျက်တယ် ဆိုတာလည်း အရှင်ဘုရားတို့ မသိဘူးတဲ့ (မှန်ပါ့)။

မှန်ကော မမှန်ဘူးလား (မှန်ပါတယ် ဘုရား) ပြုပြင်လို့ပေါ်လာတဲ့ တရားဟာ ပြုပြင်မှုမရှိတော့ (ပျက်သွားပါတယ် ဘုရား)။

ဒါဖြင့် ပြုပြင်တုန်းက ပေါ်လာတာကအဖြစ်ပေါ့ (မှန်ပါ့) ပြုပြင်မှုသိမ်းတော့ (ပျက်သွားပါတယ် ဘုရား) ဒါဖြင့် မင်းတို့သန္တာန်မှာ ဖြစ်ပျက်ပဲ ရှိတယ် (မှန်ပါ့)။

တစ်ကိုယ်လုံးမှာဖြစ်ပျက်ပဲရှိတယ်

တစ်ကိုယ်လုံးမှာ ဘာရှိသလဲ (ဖြစ်ပျက်ပဲရှိပါတယ် ဘုရား) ဖြစ်မှုနဲ့ ပျက်မှုပဲရှိတယ် (မှန်ပါ့) ဝေဒနာ ကြည့် လိုက်ပြန်ကော (ဖြစ်မှုနဲ့ ပျက်မှုပဲ ရပါတယ် ဘုရား) စိတ် ကြည့်လိုက်ပြန်ကော (ဖြစ်မှုနဲ့ ပျက်မှုပါပဲ ဘုရား)။

အဲဒါတွေရှိလျက်သားနဲ့ အရှင်ဘုရားတို့က ဒီဟာတွေ တော့ နားမလည်ဘူး၊ အနိစ္စတရား, သင်္ခတတရား, ပဋိစ္စ သမုပ္ပန္န တရား အကြောင်းကြောင့် ဖြစ်တာတွေ ဒါတွေကိုအရှင် ဘုရားတို့က ဒိဋ္ဌိသုံးမျိုး ယူထားတယ်တဲ့၊ သဿတ, ဥစ္ဆေဒ, အမရာ ဝိက္ခေပဆိုတဲ့ ဒိဋ္ဌိသုံးမျိုး ယူထားတာ အရှင်ဘုရားတို့ နှလုံးသွင်းမှားလို့ ဒိဋ္ဌိဖြစ်နေတာတဲ့၊ ပေါ်လာပြီ ဒကာ ဒကာမတို့ (ပေါ်လာပါပြီ ဘုရား)။

ဒိဋ္ဌိဖြစ်ရခြင်းအကြောင်း

ဒိဋ္ဌိ ဘယ့်နှယ်ကြောင့်ဖြစ်သတုံး (နှလုံးသွင်းမှားလို့ ပါ ဘုရား)

၁။ နံပါတ် အရှင်ဘုရားတို့နှလုံးသွင်းမှားလို့ ဒိဋ္ဌိဖြစ်ပါ တယ်တဲ့။

၂။ နံပါတ်ကတော့ သူများဟောတဲ့တရားကို တရားနာ မှားလို့ဖြစ်ပါတယ်တဲ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒိဋ္ဌိဖြစ်ခြင်း၏အကြောင်း နှစ်ကြောင်း၊ ကိုယ် ကိုယ်တိုင်နှလုံးသွင်းမှားလို့ ဒိဋ္ဌိဖြစ်ခြင်း တစ်ကြောင်း (မှန်ပါ့) ဒါ နုတ်(note) လုပ်ရမယ်၊ နုတ်(note) ဒကာ ဒကာမတွေ (မှန်ပါ့)။

ကိုယ်, ကိုယ်တိုင်နှလုံးသွင်းမှားလို့ ဒိဋ္ဌိဖြစ်ခြင်း တစ်ကြောင်း ရှင်းပြီနော် (ရှင်းပါပြီ ဘုရား) တရားနာမှားလို့ (ဒိဋ္ဌိ ဖြစ်ခြင်းတကြောင်း) ဘယ်နှစ်ကြောင်းရှိသလဲ (နှစ်ကြောင်းပါ ဘုရား)။

ဒါကို ဒီနေ့ည ဘုန်းကြီး တော်တော်ရှင်းရမယ်တဲ့- ရှင်းပေးရမယ်၊ ဦးမြ-တော်တော် ရှင်းရမယ်နော် (မှန်ပါ့) ဦးနေ ဖူးကြီး သေသေချာချာ မှတ်ပါ၊ ဘာဘူ သေသေချာချာမှတ် (မှန်ပါတယ် ဘုရား)။

ဒိဋ္ဌိဖြစ်ခြင်း၏ အကြောင်း ဘယ် နှစ်ကြောင်းပါ လိမ့် (နှစ်ကြောင်းပါ ဘုရား) ၁-နံပါတ် ဘာတဲ့ (နှလုံးသွင်း မှားလို့ပါ ဘုရား)။

၁။ နှလုံးသွင်းမှားလို့

ဪ ခန္ဓာကိုယ် ကြည့်လိုက်တဲ့အခါ ဖြစ်ပြီးပျက် နေတာ အနိစ္စ၊ နိစ္စလို့ ထင်တာနဲ့ နှလုံးသွင်းက မှားသွား ပြီ (မှန်ပါ့) မမှားဘူးလား (မှားပါတယ် ဘုရား)။

အနိစ္စကို နိစ္စ လို့ နှလုံးသွင်းမှားလိုက်တာ တစ်ခါတည်း ခိုင်တယ်ဆိုတဲ့ သဿတဘက်ကို ဦးအောင်ဇံဝေ မပြေးဘူးလား (ပြေးပါတယ် ဘုရား) ဒါ ဘယ့်နှယ်ကြောင့်တုံး (နှလုံးသွင်းမှားလို့ပါ ဘုရား)။

နှလုံးသွင်းမှားလို့၊ ဪ ဒါ ပွိုင့် (Point) ကလေးတစ်ခုပဲ၊ ဒါကလေးဟာ အရေးကြီးပါလား ဆိုတာ နှလုံးသွင်းမှန်အောင် ဆရာဘုန်းကြီးက ပြောပေးဖို့ရာနဲ့ နှလုံး သွင်း ကိုယ့်ဟာကိုယ် မှန်ဖို့ကို မောင်မြင့်တို့က ဪ ငါ နှလုံးသွင်းမှန်လာပြီ ဆိုတာ ဖြစ်ပျက်တွေ့မှ နှလုံးသွင်းမှန် လာတာ (မှန်ပါ့)၊ ဖြစ်ပျက် မတွေ့သေးတဲ့ ပုဂ္ဂိုလ်များမှာဖြင့် (နှလုံးသွင်း မမှန်သေးပါ ဘုရား)။

ဖြစ်ပျက်မတွေ့ရင် နှလုံးသွင်းမမှန်သေးဘူး

အလှူကြီးတွေလှူ၊ မဏ္ဍပ်ကြီးတွေထိုး၊ ဘာလုပ်နေနေ နှလုံးသွင်းက မမှန်သေးဘူး (မှန်ပါ့) ဖြစ်ပျက် မတွေ့သေးရင် နှလုံးသွင်းမှန်ပလား (မမှန်သေးပါ ဘုရား) ဦးမြ ကျေနပ် ပလား (ကျေနပ်ပါပြီ ဘုရား)။

ဒါဖြင့် ၁-နံပါတ်မှာ နှလုံးသွင်းမှားလို့ အရှင်ဘုရားတို့ ပြောတဲ့ ဒီအယူဆယ်မျိုးဟာ ဒိဋ္ဌိဖြစ်တာ (မှန်ပါ့) ဒါ သောတာပန်က စွဲချက်တင်လိုက်တယ်နော် (မှန်ပါ့)။

ဘယ်သူက စွဲချက်တင်တာတုံး (သောတာပန် က စွဲချက်တင်တာပါ ဘုရား) အနာထပိဏ် သူဌေးကြီး ဆိုတော့ သောတာပန်က တည်ပြီးသား၊ သူက စွဲချက်တင်လိုက်တာ (မှန်ပါ့ ဘုရား)။

နှလုံးသွင်းမှားက (၄)မျိုးရှိတယ်

ဒကာ ဒကာမတို့ ဒိဋ္ဌိဟာ ဘယ်သူ့ကြောင့် ဖြစ်ပါလိမ့် (နှလုံးသွင်းမှားလို့ပါ ဘုရား)

၁။ အနိစ္စတရားကို နိစ္စထင်နေတာ ကိုးဗျ (မှန်ပါ့) မမှားသေးဘူးလား (မှားပါတယ် ဘုရား)

၂။ ဒုက္ခတရားကို သုခထင်နေရင် (မှားပါတယ် ဘုရား)

၃။ အနတ္တကို အတ္တထင်နေရင် (မှားပါတယ် ဘုရား)

၄။ အသုဘကို သုဘ ထင်နေရင် (မှားပါတယ် ဘုရား)

အဲ နှလုံးသွင်းမှားက လေးမျိုးရှိတယ် (မှန်ပါ့)။

ဦးမြ ဘယ်နှစ်မျိုးပါလိမ့် (လေးမျိုးပါ ဘုရား) ဦးအောင်ဇံဝေ (လေးမျိုးရှိပါတယ် ဘုရား) လေးမျိုး ရှိပါတယ်နော် (မှန်ပါ့)။

ကိုင်း ဒါဖြင့် နှလုံးသွင်းမှားလို့လည်း အရှင်ဘုရား တို့ ဒိဋ္ဌိဖြစ်တာတဲ့ (မှန်ပါ့)

၂-နံပါတ်ပြောပြီ ဒကာ၊ ဒကာမတို့ ဒါ အရေးတကြီး မှတ်လိုက်စမ်းပါ၊ တရားနာ မှားလို့လည်း ဒိဋ္ဌိဖြစ်တယ် (မှန်ပါ့)။

၂။ တရားနာမှားလို့

၂-နံပါတ်ကဘာတဲ့ (တရားနာမှားလို့ ဒိဋ္ဌိဖြစ်ပါ တယ် ဘုရား) တရားနာမှားလို့လည်း ဒိဋ္ဌိဖြစ်တယ် ဆိုတာ နောက်က ဒကာ ဒကာမတွေ သေသေချာချာ မှတ်ပါ (မှန်ပါ့)။

ကိုင်း ဒါဖြင့် ဦးမြတို့ ခင်ဗျားတို့ ဦးအောင်ဇံဝေတို့ ရှင်းတော့မယ်နော် (မှန်ပါ့) တရားနာမှားလို့ ဒိဋ္ဌိဖြစ်တယ် ဆိုတော့ အို မင်းလုပ်လို့ရှိရင် မင်းပဲ နတ်ဖြစ်မှာပေါ့ကွ ဘယ်သူဖြစ်စရာ ရှိသေးသတုံးတဲ့ (မှန်ပါ့)။

ဦးမြ ဒီတရား မှန်သလား မှားသလား (မှားပါတယ် ဘုရား)။

မင်းလုပ်ရင် မင်းပဲ နတ်ဖြစ်မှာပေါ့ကွ တဲ့၊ ဒကာ ဒကာမတို့ သူက ကမ္မဿ ကတဉာဏ်လောက် ဟောထားတာ ကိုး (မှန်ပါ့) ကမ္မဿကတဉာဏ်ကလေး ဟောထားတာ ဦးမြရဲ့ (မှန်ပါ့) သစ္စဉာဏ် ပါရဲ့ လား (မပါ-ပါ ဘုရား)။

မပါတော့ ဒီဥစ္စာ မင်းလုပ်ရင် မင်းဖြစ်တာပေါ့။ မင်း သွားရမှာပေါ့၊ အဲဒီနေရာမှာ မင်းနေရမှာပေါ့၊ ဟောတဲ့ လူက ဟောပြီ (မှန်ပါ့) မဟောသေးဘူးလား (ဟောပါပြီ ဘုရား) ဘာဒိဋ္ဌိ သူဟောနေတာတုံးမေးရင် (သဿတဒိဋ္ဌိ ဟောပါတယ် ဘုရား)။

ဒီလိုဟောတော့ ဒကာ ဒကာမတွေကလည်း စာအုပ်က ရေးလို့ဖြစ်စေ၊ လူကြီးသူမက ပေးလို့ဖြစ်စေ ယုံကော မယုံကြည် ဘူးလား (ယုံပါတယ် ဘုရား)။

ငါလုပ်မှငါရတာပဲ

ဪ ငါလုပ်မှ ငါရတာပဲ၊ ဘယ့်နှယ်တုံး (မှားပါတယ် ဘုရား) ဦးမြ ငါ-လုပ်မှ ငါရတာပဲဆိုတဲ့ အသွား မလာဘူးလား၊ လာသလား (လာပါတယ် ဘုရား)။

ဒါဖြင့် ဦးအောင်ဇံဝေ ဒါ ဘယ့်နှယ်ကြောင့် ဒီအယူ ကြီး ယူလိုက်ပါလိမ့်မတုံးလို့ မေးတဲ့ အခါကျလို့ရှိရင် ဦးမြက အဖြေထွက်လိုက် (တရားနာမှားလို့ပါ ဘုရား) တရားနာမှားလို့၊ မမှားသေးဘူးလား (မှားပါတယ် ဘုရား) ဘယ်လိုမှား သတုံး ဆိုတော့ ကမ္မဿကတဉာဏ်သာ ဟော၍ လက္ခဏာရေး သုံးပါး ဉာဏ် မဟောဘူး (မှန်ပါ့) ဟောသေးရဲ့ လား (မဟောပါ ဘုရား) သစ္စဉာဏ်ကော (မဟောပါ ဘုရား)။

ဒါဖြင့် သစ္စဉာဏ်နဲ့ လက္ခဏဉာဏ်ကိုမှ လက္ခဏာရေး သုံးပါးဖြစ်ပျက်ကိုမှ မဟောဘဲ နေလို့ရှိရင် ဒီ-သဿတဒိဋ္ဌိ ပြုတ် ဖို့ ဘယ့်နှယ်နေသလဲ (မပြုတ်နိုင်ပါ ဘုရား)။

တရားနာမှားလို့ သဿတဒိဋ္ဌိဖြစ်

ဒါဖြင့် တရားနာမှားလို့လည်း သဿတဒိဋ္ဌိဖြစ်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

တရားနာမှားလို့ (သဿတဒိဋ္ဌိ ဖြစ်ပါတယ် ဘုရား) အင်း ဒီဒကာ ဒကာမတွေ ကံကောင်း သေးတယ်နော်၊ မောင်မြင့် ကံကောင်းသေးတယ်လို့ ဟောတယ် (မှန်ပါ့) ဘာဖြစ် လို့တုံးဆိုလို့ရှိရင် ခင်ဗျားတို့ သားနဲ့ သမီးနဲ့ ဆုံးမနေတဲ့ စကားထဲမှာ နင်လုပ်ချင်လုပ် နင်မလုပ်ချင်နေ၊ ကုသိုလ်ရေးပဲ နင်မလုပ် နင်မရမှာပေါ့၊ အမေမိဘကလည်း ဦးမြပြောဖူးရဲ့လား (ပြောဖူးပါတယ် ဘုရား)။

အင်း ခင်ဗျားတို့ ဘာဒိဋ္ဌိနဲ့ပြောလိုက်တာတုံး (သဿတဒိဋ္ဌိနဲ့ ပြောလိုက်တာပါ ဘုရား) ကိုယ်ကိုယ်တိုင်ကလည်း ဒီအယူရှိ, မရှိ (ရှိပါတယ် ဘုရား)။

ဟာ ဒါဖြင့် တရားနာမှားတာနဲ့ သွားပြီ၊ သဿတ ဒိဋ္ဌိ (မှန်ပါ့) ကုသိုလ်မရဘူးလား (ရပါတယ် ဘုရား) နိဗ္ဗာန် ရမလား (မရပါ ဘုရား)။

ဒါကို ဒီအထဲကို သေသေချာချာသွင်းရမယ် (မှန်ပါ့) မောင်အောင်ချီ အရေးမကြီးဘူးလား (ကြီးပါတယ် ဘုရား)။

ဒါဖြင့် တရားနာမမှားဖို့ အရေးဟာလည်း ဒကာ ဒကာမတို့ ဟောဒီ ဦးအောင်ဇံဝေတို့လို အသက်ကြီးတွေ၊ ကိုပေါ်တို့လို ဦးအောင်မြတ်တို့လို ပုဂ္ဂိုလ်တွေ တော်တော် အရေးကြီးပါလား ဆိုတာ ယနေ့ မပေါ်သေးဘူးလား (ပေါ်သွား ပါပြီ ဘုရား)။

ဆရာကောင်းကိုရှာစမ်းပါ

တော်တော် အရေးကြီးတယ်နော် (မှန်ပါ) ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီး အကြိမ်ပေါင်း (၁၇၉၂ ကြိမ်) ဆရာရှာကွ, မှာတော်မူတာများ ကျေကျေနပ်နပ် သဘောကျ ဖို့ကောင်းတယ် (မှန်ပါ့ ဘုရား)။

ဘယ့်နှယ်တုံး (ဆရာရှာခိုင်းပါတယ် ဘုရား) ဟုတ်တိုင်းမှန်စွာကို မင်းတို့ဒိဋ္ဌိခွာပြီး ပြောတတ်တဲ့ ဆရာကို ရှာစမ်းပါကွ ဆိုပြီး ဘုရားက ၄၅-ဝါတည်း နေသွားတာ ၁၇၉၂- ကြိမ် တိုင်တိုင် မှာတယ် ဆိုတော့ သာမည အရေးကြီးတဲ့စကား လား (အများကြီး အရေးကြီးပါတယ် ဘုရား) အလွန် အရေးကြီး တဲ့စကားဆိုတာ သေချာကြပလား (သေချာပါပြီ ဘုရား)။

အဲဒါကြောင့် ခင်ဗျားတို့အတွက်ဟာ အင်မတန် သနား စရာ ကောင်းတယ် ဆိုတာ ပေါ်လာတယ် (မှန်ပါ့) ဦးမြ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

ကမ္မဿကတဉာဏ်လောက်သာ ဟောတယ်

ဒီ ကမ္မဿကတ ဉာဏ်လောက်သာ ဟောထား မယ်ဆိုရင် သက္ကာယဒိဋ္ဌိက ပြုတ်ကို မပြုတ်ဘူး (မှန်ပါ့) ပြုတ်ပါ့မလား (မပြုတ်ပါ ဘုရား)။

ကွာ မင်းဆောက်ထားတဲ့ကျောင်း မင်းဆောက်ထားတဲ့ တန်ဆောင်းတွေကြောင့် အခု လောက်ရှိ နတ်ပြည်မှာ ဘုံပေါက် ပြီး မင်းသေရင် စိတ်ချရပြီကွာ၊ မင်းသွားရမှာကွ၊ မင်းပဲရမှာပဲ တဲ့၊ မင်းသွားပြီး ခံစားရဦးမှာ ဆိုတော့ သွားရဦးမှာ သူ့ဟာက (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒီက သွားနိုင်တဲ့ ရုပ်နာမ်များ ပါရဲ့လား (မပါ-ပါ) မပါတာကို ပင်လျှင် သဿတဒိဋ္ဌိနဲ့ ဦးမြကြီး တစ်ခါတည်း သွားတယ်၊ အဓိပ္ပာယ်ကော မလာဘူးလား (လာပါတယ် ဘုရား) ဘာဒိဋ္ဌိပါလိမ့် (သဿတဒိဋ္ဌိပါ ဘုရား)။

ဆရာကောင်းအင်မတန်လိုတယ်

ဟာ ဒါဖြင့် ဒကာ ဒကာမတွေ အင်မတန်မှ ဆရာကောင်းလို ပါလားဆိုတဲ့ဥစ္စာ ခင်ဗျားတို့ နဖူးပေါ် လက်တင်ပြီး စေ့စေ့တွေးတော့မှ ဪ တို့ကလည်း သူများပါးစပ် လမ်းဆုံးနေတာနဲ့ ခက်ပါသေးရဲ့ဆိုပြီး ကျူးကျူးချ ငိုဖို့ကောင်းတယ် (မှန်ပါ့) ငိုဖို့မကောင်းဘူးလား (ကောင်း ပါတယ် ဘုရား)။

ခက်ပါသေးရဲ့၊ ကိုယ်ကလည်း ဘာမှမသိ၊ သူများ ပါးစပ်လည်း လမ်းဆုံးနေပြန်တယ် ဆိုတော့ ဦးမြ ဘယ့်နှယ် နေသလဲ (ကျူးကျူချ ငိုဖို့ ကောင်းပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါကြောင့် ကဲ သစ္စသံယုတ်ကို ဦးမြထည့်လိုက် ဦးမယ်နော် (မှန်ပါ့) သစ္စသံယုတ်မှာ မြန်မာလိုပဲ ပြောပါမယ်။ မင်းတို့ သူများပါးစပ် လမ်းဆုံးနေကြတယ်၊ ဆရာ မကောင်းဆီမှာ လမ်းဆုံးနေလို့ ရှိရင် မင်းတို့ ကျောက်တိုင် မဖြစ်ဘဲနဲ့ ဝါဂွမ်း ဖြစ်မယ်ကွာတဲ့ ဟောပြီ သစ္စသံယုတ်မှာ (မှန်ပါ့)။

ဝါဂွမ်းမဖြစ်ပါစေနဲ့

ဘာတဲ့တုံး (ကျောက်တိုင်မဖြစ်ဘဲနဲ့ ဝါဂွမ်းဖြစ်လိမ့် မယ်တဲ့ ဘုရား) ဝါဂွမ်းဆိုတာ ဟိုဘက် ဒါနသန်တဲ့ ဆရာက ဟောလိုက်လို့ရှိရင်လည်း ဒါနဘက် ယိုင်သွားတာပဲ (မှန်ပါ့ ဘုရား)။

သီလသန်တဲ့ ဆရာက ဟောလိုက်ပြန်တော့ (သီလဘက်ယိုင်သွားပါတယ် ဘုရား) ခုနင်က မိစ္ဆာဒိဋ္ဌိ ဟောတော့လည်း မိစ္ဆာဒိဋ္ဌိဘက် ယိုင်သွားတာပဲ (မှန်ပါ့ ဘုရား)။

သူများမှုတ်သလို လွင့်သွားတဲ့ ခန္ဓာကိုယ်ကိုးဗျ (မှန်ပါ့) ဒါဖြင့် ဝါဂွမ်းနဲ့ တူမတူ (တူပါတယ်) ရှင်းပလား (ရှင်းပါ ပြီ ဘုရား)။

ဒါဖြင့် မင်းတို့ သူများပါးစပ်လမ်းဆုံးတယ် ဆိုတာ ခုနင် က တရားနာ မှားတာ ဒါကိုဆိုတာပဲ (မှန်ပါ့) သူများပါးစပ် လမ်းဆုံးတယ် ဆိုတာ ဘာတုံး (တရားနာမှားတာ ဆိုတာပါ ဘုရား)။

ကျောက်တိုင်ဖြစ်အောင်လုပ်ပါ

အဲဒီတော့ သစ္စသံယုတ်မှာ ကျောက်တိုင်ဖြစ်အောင် မင်းတို့ လုပ်ပါတဲ့၊ ဝါဂွမ်းအဖြစ်နဲ့ မင်းတို့ နေလို့ရှိရင်ဖြင့် သံသရာ ခရီးမှာ မင်းတို့သည်ကား လို့ဆိုရင်ဖြင့် လွင့်ချင်သလို လွင့်တော့မယ်လို့ သေသေချာချာ ဟောတာပဲ (မှန်ပါ့) ရှင်း ပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဖြစ်ပျက် မသိသေးတဲ့ ပုဂ္ဂိုလ်အတွက်မှာ ဘယ်လိုစဉ်းစားကြမယ် (ဝါဂွမ်းဖြစ်နေပါတယ် ဘုရား) ဝါဂွမ်းပဲနော် (မှန်ပါ့ ဘုရား)။

ဝါဂွမ်း ဆိုတော့ ဒီက လေတိုက်လိုက်တယ်ကွာ ဟိုဘက်မှာ နွားကျင်းကြီး, လူကျင်းကြီး ထဲလည်း မကျဘူးလား ကျမလား (ကျပါမယ် ဘုရား) တစ်ခါ, ဟိုကနေ အောက် လေက ပင့်လိုက် ပြန်တဲ့အခါ ဟို-မီးပုံထဲကော (ကျပါ တယ် ဘုရား)။

ဦးမြ ဝါဂွမ်းနေရာ မြဲရဲ့လား (မမြဲပါ ဘုရား) အဲဒါ ဘာကြောင့်တုံး လို့မေးတော့ ဖြစ်ပျက် ဒုက္ခသစ္စာကို မသိလို့ (မှန်ပါ့) ဘယ်လောက် နစ်နာသတုံး (နစ်နာပါတယ် ဘုရား)။

ဒုက္ခဆုံးမှနိဗ္ဗာန်

ဖြစ်ပျက်ဟာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ) အဲဒီ ဒုက္ခသစ္စာ သိထားတော့ အင်း ဒုက္ခသစ္စာ သိတဲ့ ဒုက္ခဖြင့် ဒုက္ခဆုံးမှ နိဗ္ဗာန် ဆိုတာ ဟုတ်တာပဲ၊ ဒါရှိနေရင် နိဗ္ဗာန် မဟုတ်သေးဘူး (မှန်ပါ့ ဘုရား)။

ဒီလိုဆိုတော့ သစ္စာသိထားတဲ့ ပုဂ္ဂိုလ်ကျတော့ သူများ က မင်း ခံစားရလိမ့်ဦးမယ်ဆို အို မင်း-မရှိပါဘူး ဒုက္ခသစ္စာ ရှိတာပဲ၊ အဖြေက ထွက်လာပြီ (မှန်ပါ့) မထွက် သေးဘူးလား (ထွက်ပါပြီ ဘုရား)။

သူကောရှိရဲ့ လား (မရှိပါ ဘုရား) အပြောသာ သူရှိတာ ပါ၊ တကယ်ရှိတာတော့ (ဒုက္ခသစ္စာ ရှိတာပါ) ဖြစ်ပျက် ဒုက္ခသစ္စာပဲရှိတယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် မောင်မြင့်တို့ ဒီတရားထူး တရားမြတ်ကို မောင်အောင်ချီတို့ မနာရတော့ဘူး၊ မပြုရတော့ဘူး၊ ဒီအလုပ် မှာ ဉာဏ်မထည့်မိဘူးဆိုရင် ဦးမြ ခုနင်က အကြီးဆုံးဒိဋ္ဌိက ဘယ်လို ထွက်သွားမလဲ ခန္ဓာထဲက (မထွက်နိုင်ပါဘူး ဘုရား)။

မထွက်နိုင်လို့ရှိရင် အကြီးဆုံး အပြစ်သင့်မည့် ဥစ္စာတွေ ဟာ ဒီဟာ နားမလည်တဲ့ ပုဂ္ဂိုလ်တွေပဲ (မှန်ပါ့) ပဉ္စာနန္တရိယကံ ထက် ကြီးတဲ့ အပြစ်ကို သင့်နေတာ (မှန်ပါ့) ဘယ်လောက် ကြောက်စရာ ကောင်းသတုံး (ကြောက်စရာ ကောင်းပါ တယ် ဘုရား)။

ကျောက်ကလေးဈေးကောင်းမိလို့ ပြုံးနေတယ်

အဲဒီတော့ ခင်ဗျားတို့က ကျောက်တွင်းကလေး တူးလို့ ကျောက်ကလေးရလို့ ဈေးကောင်း ကလေး မိလို့ ပြုံးများ နေလိုက်သေးတယ်၊ ဟိုနက်ဖြန် အဝီစိ သွားမှာကိုတော့ သိမှ မသိဘဲ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အဲဒါ ခင်ဗျားတို့ ကျောက်ကို အဖိုး မတန်ဘူးလို့ ဘုန်းကြီးက လောကီမျက်လုံး နားမလည်လို့ မဟုတ်ပါဘူး၊ ခင်ဗျားတို့က အတန်ကြီး ထင်ပြီး သကာလ တစ်ကယ့် တန်တာကို မသုံးဘဲနေလို့ ပြောနေတာပါ (မှန်ပါ့)။

နက်ဖြန်အဝီစိသွားမှာ

တစ်ကယ့် အရေးကြီးတဲ့ အလုပ်ကို မသုံးဘဲ, မလုပ်ဘဲ နေတော့ ယနေ့ ထောပတ်ထမင်း, ဒန်ပေါက်ထမင်းစားပြီး နက်ဖြန် အဝီစိသွားမှာကို ထောပတ်ထမင်း, ဒန်ပေါက်ထမင်း လောက် မခင်ဘဲဖြစ်နေလို့ ဒါလောက် ဟောနေတာပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကဲ ဒါဖြင့် တရားနာမှားလို့လည်း ဒိဋ္ဌိဖြစ်ခြင်းဆို တဲ့ဥစ္စာသည် ကမ္မဿကတ ဉာဏ်လောက်နဲ့ မရသေးဘူး (မှန်ပါ) ရှင်းကြပလား (ရှင်းပါပြီ ဘုရား) ကောင်းတာ လုပ်ရင် ကောင်းကျိုးပေးတယ် ဆို တာ ကလေးလောက် နဲ့ မရသေးဘူး ၊ သဘောကျပလား (ကျပါပြီ ဘုရား)။

မိစ္ဆာဒိဋ္ဌိက ရှိလျက်ပဲ

ကောင်းတာလုပ် ကောင်းကျိုးပေးတယ် ဆိုတာနဲ့ (မရသေးပါ ဘုရား) မရသေးဘူး၊ လိုသေးတယ် ဆိုတဲ့ဥစ္စာကို ဘာကြောင့် လိုသတုံးဆိုတော့ အို ဖြစ်ပျက် ဒုက္ခသစ္စာ ခန္ဓာ ထဲမှာ ဖြစ်မှုနဲ့ ပျက်မှု အနိစ္စ ခန္ဓာကိုယ်၊

“သဗ္ဗေသင်္ခါရာ အနိစ္စာ, သဗ္ဗေသင်္ခါရာဒုက္ခာ, သဗ္ဗေဓမ္မာအနတ္တာ” တွေကို ဉာဏ်ထဲမှာ မရောက် သေးသ၍ ကာလပတ်လုံးဖြင့် ငါကလည်း မပြုတ်တော့ မိစ္ဆာဒိဋ္ဌိကရှိလျက်ပဲ (မှန်ပါ့) မရှိပေဘူးလား (ရှိပါတယ် ဘုရား)။

အင်း ငါတော့ ကြိုးစားလုပ်ရမှာပဲ၊ ဒါမှ ငါ့နောက် ပါမှာကိုး၊ ငါတော့ ရှေ့က သွားတော့မယ် ပေါ့လေ၊ သူက နောက်က လိုက်ဦးမယ် (မှန်ပါ့)။

ဘယ့်နှယ်တုံး ဦးမြ ဒီလိုပဲ ယူတော့မလား (မှန်ပါ့) ငါကဘာတုံး (ရှေ့ကသွားမယ်) လှူဒါန်း, ပေး ကမ်းတာက ငါ့နောက် လိုက်မယ် (မလိုက်ပါ ဘုရား)။

ဟာ အခုတော့ ပါးပြီပေါ့ ခင်ဗျားက၊ ဟင် (မှန်ပါ့) နဂိုက ဒီဥစ္စာ ငါလုပ် ငါ့နောက် လိုက်မှာပေါ့၊ ဒီအယူ, ယူထားတာ (မှန်ပါ့)။

ဆောင်ဟောထားတာ၊ တကယ်မယူပါနဲ့

ငါကလည်း ရှေ့ကပြေးမယ်၊ နောက်ကလည်း ပြုလုပ် ထားတာတွေက ငါ့နောက်လိုက်ဦးမယ် ဆိုတော့ ဘုရားမဟော ဘူးလားလို့မေးတော့ ဦးအောင်ဇံဝေရဲ့ ဟောတယ် (မှန်ပါ့ ဘုရား) ဆောင်ဟော ထားတာ မင်းတို့ နားလည်မှု ပြော ထားတာ တကယ်မယူပါနဲ့ ပြောထားတာ (မှန်ပါ့)ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား) နိယျတ္ထ ဒေသနာတဲ့ ဦးမြ (မှန်ပါ့)။

ဘာဒေသနာတဲ့တုံး (နိယျတ္တဒေသနာပါ ဘုရား) ဒီလိုမှ မဟောရင် နားလည်မှာ မဟုတ်လို့ ဟောချလိုက်တာ (မှန်ပါ့ ဘုရား) စင်စစ်တော့ ဘယ်ဟာမှ မလိုက်ဘူး၊ ဒီ အကြောင်းချုပ်ပြီးတော့ ဟို အကျိုး ပေါ်တာပဲ ရှိတယ်။ ဒီဘက်က ဘယ်သူမှ မလိုက်ဘူး (မှန်ပါ့)။

ဒီဘက်ကရုပ်နာမ်ကမလိုက်ပါ

ဒီဘက်က ရုပ်နာမ်က ဘယ့်နှယ်တုံး (မလိုက်ပါ ဘုရား) နို့မဟုတ် ရုပ်နာမ်ချင်း ဆက်နေရင် သဿတ ဖြစ်ဦးမှာ ပေါ့ (မှန်ပါ့) မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား)။

ဒီက ရုပ်နာမ်က ဒီမှာ လှူဒါန်း, ပေးကမ်းတဲ့ ရုပ်နာမ် က ဒီတွင် ချုပ်ခဲ့တယ်၊ ဟိုမှာ ရုပ်နာမ်က အလားတူ ပေါ်တယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

နိဗ္ဗာန် မရသေးရင် ဦးမြ ဘာတဲ့ဟိုမှာ ဘာပေါ်မှာတုံး (အလားတူရုပ်နာမ်ပေါ် ပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား) ဒီက ရုပ်နာမ် တစ်တိုတစ်စ လိုက်သေးရဲ့ လား (မလိုက်ပါ ဘုရား) သေချာပလား (သေချာပါပြီ ဘုရား)။

အဲဒါကလည်း ခင်ဗျားတို့ အပြောသေချာလို့ မဖြစ်ဘူး၊ ဪ- ဒီနေရာကလေး ယားတဲ့ ဝေဒနာ ကလေးဟာ မောင်အောင်ချီ ဒီနေရာမှာပဲ ချုပ်တာပဲ (မှန်ပါ့) ဘယ်လို လိုက်သေးသတုံး (ဘယ်မှ မလိုက်ပါ ဘုရား) ဟိုနေရာ ယားပြန်တော့ကော (ဟိုနေရာတွင် ချုပ်ပါတယ် ဘုရား)။

ဟိုနေရာယားတဲ့အခါ ဟိုနေရာတွင် ချုပ်တာပဲ (မှန်ပါ့) ဒါ ခန္ဓာတွေ မဟုတ်လား ဝေဒနာက္ခန္ဓာတွေ မဟုတ်လား (မှန်ပါ့) လိုက်နိုင်ရဲ့ လား (မလိုက်နိုင် ပါ ဘုရား)။

သိတဲ့စိတ်ကလေးဟာကော သိပြီးချုပ်သွားတာပဲ မဟုတ်လား (မှန်ပါ့) စိတ်ဟာ ဝိညာဏက္ခန္ဓာ မဟုတ်လား (မှန်ပါ့) ဒီခန္ဓာ ဘယ်လိုက်မတုံး (ဘယ်မှ မလိုက်ပါ ဘုရား) ဘယ်မှ မလိုက်ဘူးဆိုတာ မသေချာဘူးလား (သေချာ ပါတယ် ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

အဲဒါလောက်ဆိုတော့ တရားနာ မှားလို့ ဘာဖြစ်တတ်သလဲ (ဒိဋ္ဌိဖြစ်ပါတယ် ဘုရား)။

အောက်တန်းတရားက ဒိဋ္ဌိမဖြုတ်နိုင်

ဒါဖြင့် ဗုဒ္ဓဘာသာတရားထဲတောင် အောက်တန်း တရား ဆိုလို့ရှိရင် ဦးမြ ဘာဖြစ်နိုင်သတုံး (ဒိဋ္ဌိမပြုတ်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒီပြင် မိစ္ဆာဒိဋ္ဌိတွေ ဟောတဲ့တရား ဆိုတာတော့ ဘုန်းကြီးတို့က ထည့်ကို မထည့်တော့ဘူး (မှန်ပါ့) ဒါ ဒိဋ္ဌိအစစ်တွေပဲ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ဗုဒ္ဓဘာသာတောင်မှ ကမ္မဿကတဉာဏ်ဟာ ဒိဋ္ဌိမခွာ နိုင်ဘူးလို့ ပဏ္ဏာသမှာ သေသေချာချာ လာတယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် အင်မတန် အရေးမကြီးဘူးလား (ကြီးပါ တယ် ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဒိဋ္ဌိဖြစ်ခြင်း၏အကြောင်း ဘယ်နှစ်ကြောင်းပါ လိမ့် (နှစ်ကြောင်းပါ ဘုရား)၊ ဘာပါလိမ့် (နှလုံးသွင်းမှားနှင့် တရားနာမှားမှုပါ ဘုရား)။

ဖြစ်ပျက်တွေ့ကြတော့၊ ကံကြီးတွေကုန်ပြီ

ကိုင်း- အခုတော့ဖြင့် ဆရာသမားကလည်း မမှားဘူး ဟောနေတာ၊ မင်းတို့ကလည်း နှလုံးသွင်း မမှားလို့ ဖြစ်ပျက်တွေ့ ကြပြီ ဆိုတော့ ဪ- ငါတို့ ကံကြီးတော့ဖြင့် ကုန်ပြီဟေ့ (မှန်ပါ့)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

အပါယ်ကျမည့် ကံကြီးတွေကတော့ (ကုန်ပါတယ် ဘုရား)၊ ဒါဖြင့် ဦးမြ အတော် အားကိုး ထိုက်တယ် (မှန်ပါ့)၊ ဘယ့်နှယ်တုံး ဦးအောင်ဇံဝေ (အားကိုးထိုက်ပါတယ် ဘုရား)၊ အင်မတန် အားကိုး ထိုက်တယ် ဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ကိုင်း-ဒါဖြင့် ခုနင်က ပြောခဲ့တဲ့ အကြီးဆုံး ဒိဋ္ဌိ ဘယ်က လာတယ်ဆိုတဲ့ အကြောင်း ကလေးတော့ ပေါ်သွားပြီ (မှန် ပါ့)၊ ဘယ်နှစ်ကြောင်း ပါလိမ့် (နှစ်ကြောင်းပါ ဘုရား)။

နှစ်ကြောင်းကို ဦးမြ ဖြေစမ်းပါ၊ ဘာတုံး (နှလုံး သွင်းမှားလို့တစ်ကြောင်း, တရားနာမှားလို့ တစ်ကြောင်းပါ ဘုရား)၊ ဒီနှစ်ကြောင်းကြောင့် မိစ္ဆာဒိဋ္ဌိ ဖြစ်တယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကိုယ့်ခန္ဓာပျက်စီးနေသော

ဒါကြောင့် တရားနာတာက မှားတယ်ထားဦးတော့ ခန္ဓာက သက်သေခံတာကို လုံလောက် အောင်ကြည့်ပါ (မှန်ပါ့)၊ ခန္ဓာက ဟိုနေရာမှာ ရွရွ ရွရွနဲ့ ပျက်စီးလိုက်၊ ဒီနေရာ ယားတာ ပေါ်လာတာ ပျက်စီးလိုက်၊ ရုပ်က ပျက်စီးလိုက်၊ ဝေဒနာက ပျက်စီးလိုက်, စိတ်က ပျက်စီးလိုက်ဆိုတော့ ဒါတွေ ဘယ်သူ ပျက်စီးနေတာတုံးမေးတော့ မောင်အောင်ချီ ရှုလို့ရှိရင် မောင်အောင်ချီ ခန္ဓာ ပျက်စီးနေတာ (မှန်ပါ့)၊ လှညွန့် ရှုလို့ ရှိရင် (လှညွန့် ခန္ဓာပျက်စီးပါတယ် ဘုရား)၊ မောင်မြင့် ရှုရင် (မောင်မြင့် ခန္ဓာ ပျက်စီးပါတယ် ဘုရား)။

ဒါဖြင့် ဒီခန္ဓာ ဘာမက်စရာ ရှိသတုံးကွ၊ မဟုတ်ဘူးလား (မှန်ပါ့)၊ မင်းလုပ် မင်းရမှာပဲ ဆိုတော့ ဒီခန္ဓာ ဟိုကိုသွားသေး သလား (မသွားပါ ဘုရား)။

မသွားတာကိုပင် သွားတဲ့အဓိပ္ပါယ်မျိုးနဲ့ တချို့ဦးမြ အယူမရှိဘူးလား-ရှိသလား (ရှိပါတယ် ဘုရား)။

ဝိညာဉ်မချုပ်နိုင်သေးဘူးတဲ့

ရှိတယ်တဲ့၊ ဟိုတစ်နေ့က ပြောခဲ့တဲ့ မချုပ်နိုင်သေးဘူး။ ဝိညာဉ်ကလေးဟာ သွားစရာ တွယ်စရာ မရှိသေးလို့ဆိုတော့ ဒါ-ဝိညာဏက္ခန္ဓာ သွားတာပြောနေတာ (မှန်ပါ့)။

ဦးမြ ဘာဒိဋ္ဌိဖြစ်သတုံး (သဿတဒိဋ္ဌိပါ ဘုရား)၊ ဦးအောင်ဇံဝေ (သဿတဒိဋ္ဌိပါ ဘုရား)၊ ကဲ- ဘယ်လောက် ကြောက်စရာ ကောင်းသတုံး (ကောင်းပါတယ် ဘုရား)။

နှလုံးသွင်းမှန်ကြပြီ

အဲဒါ ဘယ်ကလာသတုံးလို့မေးတော့ ဖြေတတ်ကြပါ လား၊ ဒီဒိဋ္ဌိ ဘယ်ကလာသတုံး (နှလုံးသွင်းမှားနဲ့ တရားနာ မှားကလာပါတယ် ဘုရား)၊ ဒီနှစ်ချက်ကလာတယ် (မှန်ပါ့)။

ဒါဖြင့် မင်းတို့နှလုံးသွင်း မမှားအောင်လည်း အခု ဆရာ ဘုန်းကြီးက ခန္ဓာကို ဆယ့်နှစ်ချက်ပြပြီး အရှုခိုင်းတယ်၊ မပြဘူး လား (ပြပါတယ် ဘုရား)။

တရားနာမှန်ကြပြီ

နှလုံးသွင်း မမှားရအောင်လို့နော် (မှန်ပါ့) တရားနာ တာလည်း မမှားရအောင်လို့ အဲဒီမင်းတို့ တွေ့တာ ကလေးဟာ ဒုက္ခသစ္စာကွ၊ ဖြစ်ပျက်ကလေးဟာ ဒုက္ခသစ္စာကွ ဆိုတော့ တရားနာကော မှားသေးသလား (မမှားပါ ဘုရား)။

ဒို့လုပ်နေတဲ့အလုပ်ဟာ နိဗ္ဗာန်ရောက်ကြောင်းအစစ်ပဲ

ဒါဖြင့် မင်းတို့ နှလုံးသွင်းလည်းမမှား တရားနာ ကလည်း မမှား၊ နှလုံးသွင်းကလည်း မှန် ဆိုလို့ ရှိရင်ဖြင့် ဦးမြ တို့ လုပ်နေတဲ့ အလုပ်ကြီး တစ်ခုဟာဖြင့် အဖိုးမဖြတ်နိုင်အောင် ကို တန်တဲ့ နိဗ္ဗာန် ရောက်ကြောင်း အစစ်ပဲလို့ ဆုံးဖြတ်ချက်ချပြီး လုပ် (မှန်ပါ့)၊ မဆိုနိုင်ကြဘူးလား (ဆိုနိုင်ပါတယ် ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

တရားက မဆုံးသေးဘူးကွ နာရီက စေ့ပြီ၊

ကဲ ယနေ့ ဒီတွင်တော်ကြစို့။

သာဓု သာဓု သာဓု။