214

ကိုယ့်အရေးကိုထည့်စဉ်းစားပါ

အသံဖိုင်ခေါင်းစဉ်= ခန္ဓာ့ပဋိစ္စသမုပ္ပါဒ် တရားတော်

စာအုပ်ခေါင်းစဉ်=ကိုယ့်အရေးကိုထည့်စဉ်းစားပါ

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့၌ဟောကြားသောတရားတော်

ကိုယ့်အရေးကိုထည့်စဉ်းစားပါ

ဟောကြားသည့်နေ့

( ၁၆ – ၇ – ၁၉၆၂ )

အရေးကြီးတဲ့အချက်ကို ပြောလိမ့်မယ်ဆိုတာ သေ သေချာချာမှတ်ကြပါ (မှန်ပါ)။

သေမည့်ပုဂ္ဂိုလ်ချည်းပဲ

အရေးကြီးတဲ့အချက်က ဘာပါလိမ့်မတုံးဆိုလို့ ရှိရင် အားလုံး ဒကာ ဒကာမတွေ မသေမယ့် ပုဂ္ဂိုလ် အထဲမှာ မပါ ပါဘူး (မှန်ပါ)၊ မပါတော့ သေမယ့်ပုဂ္ဂိုလ်ချည်းပဲ ဆိုတဲ့ ဥစ္စာကို ဆုံးဖြတ်ချက်ချပါ (မှန်ပါ)။

အဲဒီတော့ အနေမှာကောင်းသော်လဲ အသေမှာ မကောင်း လို့ ရှိရင် သံသရာထဲမှာဖြင့် အပါယ်လေးပါး တည်းဟူဟာ ချောက်ထဲ ကျကြလိမ့်မယ် (မှန်ပါ)၊ အဲဒီ အပါယ်လေးပါး ချောက်ထဲ ကျမှာကို ဘုန်းကြီးများက အင်မတန်မှ စိုးရိမ်တဲ့အတွက် ဒီ ဒကာ ဒကာမတွေကို သေခါနီး၌ ဒုက္ခ မဖြစ်ရအောင် ယခုက တင်ကြိုပြီး ကာကွယ် ကြပါဆိုတာ တိုက်တွန်းတယ် (မှန်ပါ)

ဘယ့်နှယ်ကြောင့် တိုက်တွန်းရပါလိမ့်မလဲလို့ ဒကာ ဒကာမတွေက အမေးထုတ်လို့ ရှိရင်ဖြင့် ဒီဘဝမှာဖြင့် ဒီခန္ဓာတွေစွန့် ရမယ့် ဝေဒနာတွေရောက်လာပြီဆိုမှဖြင့် ဪ ဒီဘဝ ဒီခန္ဓာ စွန့်ရတော့မှာပဲ ဒီဝေဒနာတွေ ရောက်လာပြီ ဆို လို့ရှိရင် ဒီဘဝခန္ဓာမစွန့်ခင် ဟိုဘဝခန္ဓာရဖို့ နိမိတ်တွေမြင် လာတယ် (မှန်ပါ)။

ဟိုဘဝခန္ဓာရသို့ နိမိတ်တွေ မြင်လာတယ်။ ယခုလို သားရေး သမီးရေး စီးပွားရေးနဲ့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ က အချိန်ကုန် နေကြမယ်။ ကိုယ့်အရေး ဘယ်အရေးမှန်းမသိ၊

အိမ်ထောင်တွေကျ သားတွေသမီးတွေက မွေးဖွား၊ ဒီလိုအရေးတွေသာ ကြီးနေကြမယ် ဆိုရင် ကိုယ့်အရေး မပါဘူးလို့လဲ မှတ်လိုက်ပါဦး (မှန်ပါ)

ကိုယ့်အရေးမပါလို့ ရှိရင် ဘယ်လိုများဖြစ်တတ်ပါ လိမ့်မလဲလို့ ဆိုတော့ သေမှပြောနေရင် အပိုပဲ၊ မသေခင် သိ ထားမှ ပြင်ဖို့ ဆင်ဖို့ အရေးဟာ ဒကာ ဒကာမတွေလုပ်နိုင်ပါ တယ်ဆိုတာ မှတ်ရမယ် (မှန်ပါ)။

သေခါနီး ဘယ်လိုဖြစ်တတ်သတုံး

အဲဒီတော့ သေခါနီးမှ ဘယ်လိုဖြစ်တတ်သတုံးလို့ မေးလို့ ရှိရင်ဖြင့် ကိုယ်က မျက်လုံးလဲ မမှိတ်ရသေး၊ ဒီဘဝ စုတိ စိတ်လဲ မကျသေးတဲ့ အချိန်မှာ ကိုယ်က သားရေးသမီးရေး စီးပွားရေးနဲ့ အချိန်ကုန်ပြီး သကာလ ကိုယ့်အရေးမပါတဲ့ ပုဂ္ဂိုလ် ဆိုတော့ လုပ်နေတဲ့ အလုပ်က တဏှာ၊ မာန၊ ဒိဋ္ဌိ အလုပ်တွေ လုပ်နေတော့ သေခါနီးကျလာတော့ ဒကာ ဒကာမတို့ ခွေးနက်ကြီးတွေ စသည်ကိုမြင်ရ မယ် (မှန်ပါ)၊

တချို့ကတော့လဲ ငရဲအိုးတို့ ငရဲမီးတို့ ငရဲမီးလျှံတို့မြင် ရပါတယ် (မှန်ပါ)၊ ဒါက ငရဲသွားမယ့် ပုဂ္ဂိုလ် (မှန်ပါ)၊ တချို့ကျတော့ တောင်တွေ၊ ချောက်တွေ၊ တော ကြီးတွေ မြင်ရတယ်။ အဲဒီကျတော့ ပြိတ္တာဘုံသွားမယ့် ပုဂ္ဂိုလ် (မှန်ပါ)။

မသေခင်က ကိုယ်သွားရမယ့်လမ်းမြင်တယ်

ဒါက အားလုံးဒကာ ဒကာမတွေ မှတ်ကြစမ်းပါ။ မသေခင်က ကိုယ်သွားရမယ့် လမ်းကို ကိုယ်မြင်နေတယ် (မှန်ပါ)။

အဲဒီလို အချိန်ကျတော့ ကိုယ့်စိတ်ထဲဘယ့်နှယ်ဖြစ် လာသတုံးဆိုတော့ သေရမယ့်ပုဂ္ဂိုလ်က အနေမှားကြောင့် သေမှားဖြစ် ရပါပေါ့လား ဆိုပြီး ဝမ်းနည်းပြီး သကာလ မျက်စိနှစ်လုံးက ဒကာ ဒကာမတို့ မျက်ရည်တွေထွက်ပြီး ခေါင်း အုံးပေါ် စီးကျလာတယ် (မှန်ပါ)။

ဒကာ ဒကာမတွေက ရောဂါကြောင့်လို့ ထင်ကြ ပါလိမ့်မယ် (မှန်ပါ)၊ ရောဂါကြောင့် မဟုတ်ပါဘူး၊ သူမြင်ရတာ သူများလဲ ပြောလို့ကမဖြစ်၊ ငါသွားရမယ့်လမ်းက လမ်းဆိုး လမ်းကြမ်းကြီးပဲ ဆိုတာ သိတယ် (မှန်ပါ)။

လမ်းဆုံးလမ်းကြမ်းကြီး ဆိုတာ သိပြီး သကာလ လာတော့ ဪ သားရေးသမီးရေး စီးပွားရေးနဲ့ ကိုယ့်အရေး မပါဘဲနဲ့ အချိန်ဖြုန်းခဲ့ရတဲ့ အဖြစ်ကဖြင့် ငါ့မှာဖြင့် နေခြင်းဆိုး နေခဲ့လို့ သေခြင်းဆိုး လမ်းဖြင့် မြင်ရပါပေါ့ကလား ဆိုပြီး သကာလ ဝမ်းနည်းတယ် (မှန်ပါ)၊ ဘယ်လောက် ကြောက်စရာ ကောင်းသတုံး (ကောင်းပါတယ်)။

ဒီနားမှာ သားလင်ခင်ပွန်းတွေက အနီးမှာ ဆေးတွေ ဝါးတွေနဲ့ အမျိုး အဖုံဖုံ ရှိငြားသော်လဲ ဆေးမရတဲ့ အချိန် ရောက်ပါပြီ (မှန်ပါ)။

ဘယ်အချိန်ရောက်လာပါလိမ့် (ဆေးတားမရတဲ့ အချိန်ရောက်လာပါတယ် ဘုရား)။

ကိုယ်ကျိုးနည်းပေါ့

ဆေးတားမရတဲ့ အချိန် ရောက် လာတော့ မှ ဝမ်းနည်းလိုက်တဲ့ဖြစ်ခြင်းကဖြင့် ကယ်မယ့်သူလဲ မရှိ၊ ယူ မယ့်သူလဲမရှိ၊ မြင်ရတဲ့နိမိတ်တွေကလဲ အပါယ်လေးပါး သွားရမယ့်နိမိတ်တွေ ဖြစ်နေတော့၊ ဪ သားလင် ခင်ပွန်းတွေကလဲ ဘာမှမတတ်နိုင်၊ ပြောချိန်က လဲမရ၊ ဒကာ ဒကာမတို့ ကိုယ်ကျိုးကြီးဖြင့် လှလှကြီးနည်းပေါ့ဆိုပြီး မျက်ရည်ကျတယ် (မှန်ပါ)၊ ဘယ်လောက် ကြောက်စရာ ကောင်းသတုံး၊ (ကောင်းပါတယ် ဘုရား)။

ကိုယ့်အရေးကမပါတော့ ခက်တယ်

ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ပြောရပါ တယ်၊ ဒကာ ဒကာမတို့ ခင်ဗျားတို့၏ သားရေး သမီးရေး စီးပွား ရေးဟာ မလုပ် ဖြစ်လို့လုပ်နေတယ်လို့ ခင်ဗျားတို့ကတော့ ပြောတာပဲ၊ ကိုယ့်အရေးက မပါတော့ ခက်တယ် (မှန်ပါ)။

ကိုယ့် အရေးမပါတော့ (ခက်ပါတယ် ဘုရား)၊ ဒကာ ဒကာမတို့ သူများအရေးကြီးတာနဲ့ ကိုယ့်အရေး ချို့ယွင်းချက်ဟာဖြင့် အင်မတန် ကြောက်စရာကောင်းပါ တယ် (မှန်ပါ)

သူများအရေးကြီးနေတာနဲ့ (ကိုယ်အရေး ချို့ယွင်းချက် ကြောက်စရာ ကောင်းပါတယ် ဘုရား)။

ကိုယ့်အရေး ထည့်စဉ်းစားပါသည်

ကိုယ့်အရေး ချို့ယွင်းချက် ရှိတာသည် ဒကာ ဒကာမ တွေ အလွန်တရာ ကြောက်စရာ ကောင်းတဲ့ အတွက် ဘုန်းကြီးတို့ သည် အမြင်ကျယ်ကျယ်နဲ့ ဒကာ ဒကာမတို့ ကိုယ့် အရေး ကလေးများ ထည့်စဉ်းစားပါဦးလား ဆိုတာ ပြောရပါ တယ် (မှန်ပါ ဘုရား)၊ မပြောထိုက်ဘူးလား (ပြော ထိုက်ပါတယ်။

ဖော်ပြမယ့်သူ မရှိလို့ရှိရင် လူဆိုတာဒီလိုပဲ သားရေး ၊ သမီးရေးစီးပွားရေး လုပ်ပါတယ် ဆိုပြီး သကာလ ဒါနဲ့ သာလျှင် စိတ်ထဲမှာ ပေးတန်တာပေးလို့ လှူတန်တာလို့ ဆို ကျေနပ်လို့။ ဒါလောက်နဲ့ ကျေနပ်စရာ တစ်ကွက်မှ မရှိ သေးပါဘူး (မှန်ပါ) ဒါတွေက အပါယ်လေးပါး တံခါး ပိတ်နိုင်တာမှ မဟုတ်ပဲ (မှန်ပါ)၊ အပါယ်လေးပါး တံခါး ပိတ်မှာက ဘုန်းကြီးတော် ဟောလတ္တံ့ ပြောလတ္တံ့ဖြစ်တဲ့ တရားသာလျှင် အပါယ်လေးပါး တံခါးပိတ်ပြီး အားထုတ်တဲ့တရားကမှ ပိတ်နိုင်တာ ဖြစ်နေတော့ အားကိုးလွဲထားတာ ဆရာကလဲ မရှိတော့ ပြင်ပေးမည့်လူကလဲမရှိ၊ ကိုယ့်အရေး ဘယ်ဟာက ကြီးတယ် ဆိုတာလဲ ပိုင်ပိုင်နိုင်နိုင်က မသိတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ့၌ မျက်ရည် ကြီးငယ် ကျပြီး – သကာလ သေသွားရမည့် အဖြစ်ဟာဖြင့် ဘုန်းကြီးများက အလွန်ပဲ စိုးရိမ်ပါတယ် (မှန်ပါ)။

ဓမ္မသာအားကိုးစရာရှိတယ်

သေသေချာချာနားထောင်၊ ဒီဥစ္စာမြတ်စွာဘုရား သည် အကြိမ်ပေါင်း(၁၇၉၂)ကြိမ် မင်းတို့ ဝိပဿနာဖြင့် လုပ်ဖြစ်အောင်လုပ်ပါ။ မလုပ်လို့ ရှိရင် သေခါနီး မျက်ရည်ကြီးငယ်ကျပြီး အကြော အခြင်တွေ ဆွဲပြီး သကာလ ကယ်ပါယူပါ တစာစာနဲ့ လောကမှာ ကယ်နိုင်တာ တစ်ဦးမှမရှိဘူး၊ ဓမ္မသာလျှင် အားကိုးစရာ ရှိတယ်ကွ ဆိုပြီးဟောတော်မူတာက တစ်ကြောင်း၊ ခင်ဗျားတို့ ကိုယ်တိုင် တွေ့ရကြုံရမှာက တစ်ကြောင်း ဖြစ်နေတော့ ဘုန်းကြီးများက ‘‘ဪ ဒီဒကာ ဒကာမတွေ ငါမှ မကယ်လို့ ရှိရင်လဲ ကိုယ်ကျိုးလှလှကြီးနည်းတော့မှာပဲ၊ သူ တို့ ရပ်ရေးရွာ စကားသာတတ်သဟ၊ ကိုယ် အရေးကိုယ် နားမလည်ဘူး’’ ဟုဆိုပြီး တရားဓမ္မ ပြောနေပါတယ်။ (မှန်ပါ) မပြောထိုက်ဘူးလား (ပြောထိုက် ပါတယ်)။

မျက်ရည်တွေကျလာတယ်။

ဒီလိုသနားတဲ့ပုဂ္ဂိုလ်နဲ့မှ မတွေ့တော့ဘူးဆိုလို့ ရှိရင် – ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာဖြင့် မျက်ရည် ကြီးငယ်ကျပြီး မဲ့ရွဲ့ပြီး သကာလ သားကလဲ မကယ်နိုင်၊ သမီးကလဲ မကယ်နိုင်၊ ဆေးကလဲ မကယ်နိုင်၊ ရှာထားတဲ့ ပစ္စည်းကလဲ မကယ်နိုင်တဲ့ – အခြေအနေ ရောက်ပြီး မျက်ရည်တွေက ပူပြီး ကျလာ တယ် (မှန်ပါ)၊

အကြောအခြင်တွေကလဲ တောင်ရမ်း မြောက်ဆွဲနဲ့ ၊ ၊ ငါအနေဆိုးနေခဲ့လို့ အဆိုး ဖြင့်သေခဲ့ပေါ့ဟ ဆိုပြီး သကာလ ဒကာ ဒကာမတို့ ဖတ်ခနဲဆို – ပါးစပ်ကလေး ဖွင့်ပြီး လေထွက် သွားတယ် (မှန်ပါ)၊ ထွက် သည် နဲ့ တစ်ပြိုင်နက်တည်း အပါယ် ရောက် ငရဲအိုးထဲ ရောက်သွားတာပဲ (မှန်ပါ)၊ တိရစ္ဆာန်ဖြစ် မယ့် ပုဂ္ဂိုလ်ဖြင့်လဲ ဆိုင်ရာ တိရစ္ဆာန်ဘဝ ရောက်သွားတော့ တာပဲ (မှန်ပါ)။

အမျှဝေလို့ကော ရောက်ပါ့မလား

ကိုင်း ဒကာ ဒကာမတို့ အမျှဝေလို့ ကော ရောက်ပါ့ မလား (မရောက်ပါဘူး)။

ဪ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီအ တိုင်းနဲ့ ဒီအချိုးနဲ့ ဒီလိုသာ နေကြတော့မယ် ဆိုလို့ ရှိရင်ဖြင့် ကိုယ်ကျိုးဖြင့် လှလှကြီးနည်းကြတော့မယ် ဆိုတာ သေသေချာချာမှတ်ပါ (မှန်ပါ)။

ဝိပဿနာအလုပ်သာအားထားရာ

ဒါဖြင့် ဘယ်ဟာသာလျှင် ကယ်မယ့်သူ ယူမယ့်သူရှိပါ လိမ့်မလဲဆိုတော့ ကိုယ့်သန္တာန်ဖြစ်တဲ့ ပဋိစ္စသမုပ္ပါဒ်ကို ကိုယ့်ဉာဏ်နဲ့ ဖြတ်တဲ့ ဝိပဿနာ အလုပ်သာလျှင် ခိုကိုးရာ အားထားရာ ရှိတော့တယ် ဆိုတာ ယနေ့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ)။

ကိုယ့်ပဋိစ္စသမုပ္ပါဒ်ကို ကိုယ်ဖြတ်တဲ့ ဝိပဿနာနဲ့၊ လောကုတ္တရာမဂ် သာလျှင် ခိုကိုးရာ ရှိပါတော့တယ် (မှန်ပါ)၊ သိပ် ဆိုးဝါးပါလား (ဆိုးဝါးပါတယ် ဘုရား)။

ဒကာ ဒကာမတွေကလဲ ဒီအလုပ်သာလျှင် အားကိုး ရာရှိတော့တယ်ဆိုတာ မယူဘဲနဲ့ တို့မနက်ကလေး ဆွမ်းလောင်းနေတာ ကလေးဟာလဲ ကိုယ့်အကျိုးပဲလေ။ သင်္ကန်းကလေး ဝါဆိုဦး ဆရာသမားဆီ လာလာကပ်ကြတာ လဲ ကိုယ့်အရေးပဲကွ။ ဒါလောက်များနဲ့ တော့ အပါယ်သွား မယ့် ပဋိစ္စသမုပ္ပါဒ်က ကမ္မဘဲ ပစ္စယာ ဇာတိ ဆိုတာကို တားလို့ မလွယ်လှပါ (မှန်ပါ)၊ အဲဒီတော့ ပဓာန လုပ်ငန်းကို လိုသေးတယ် ဆို တဲ့ ခြွင်းချက် သိကြမလား (သိပါပြီ)။

လောကုတ္တရာမဂ်ကူးကြပါ

ဒါဖြင့် ဘာနဲ့ တားလို့ ကိုယ့်အရေးကိုယ် ကယ်ကြ မယ်ဆိုတာဖြင့် ဝိပဿနာလမ်းကနေပြီး လောကုတ္တရာမဂ် ကူးကြပါ ဆိုတော့ တရားမဟောမီ ရှေ့အဖို့ကာလ၌ ဘုန်းကြီး တို့ ဒကာ ဒကာမတွေ သွန်သင်ဆုံးမပါတယ် ဆိုတာဖြင့် ကောင်းကောင်း သဘောကျဖို့ကောင်းပါပြီး (ကျပါတယ် ဘုရား)

တစ်ခါတလေဥပုသ်စောင့်တယ်

တစ်ခါတလေ ဥပုသ်ကလေးစောင့်ကြ၊ ပဋိစ္စသမုပ္ပါဒ် တန်းလိုက်ကာက ကမ္မဘဝပစ္စယာဇာတိ ဆိုတဲ့ဥစ္စာက တစ်နေ့ ကာယကံ ဝစီကံပေါင်း ဘယ်လောက်ပါလိမ့် (မရေ မတွက်နိုင်ပါဘူး ဘုရား)၊ မရေတွက်နိုင်တော့ ခင်ဗျားတို့က သားကြီးမှ ရှင်ပြုဖို့ ပစ္စည်းအင်မတန်ပိုမှ ၊ ကျောင်းဆောက် ဖို့လို့ ဆိုတာတွေက ပဋိစ္စသမုပ္ပါဒ် အရေအတွက်နဲ့ဘယ်လို နှိမ်ကြမတုံးမေးရင်ဘယ့်နှယ်ပါ့မလဲ။ နှိမ်လို့ ရပါ မလား (မရပါဘူး)၊ ဘာဖြစ်လို့တုံးဆိုတော့ ဟိုဘက်က ရေစီးသန်ပြီး သကာလ ဒီဘက်က တားဆီးတာက ဖြစ် လောက်ပါရဲ့လား (မဖြစ်လောက်ပါဘူ။)

လိုသေးတယ်

မဖြစ်လောက်သေးတော့ ငါဖြင့်တော်လောက်ပြီကွာ၊ ဘာမှ လိုလေသေးတယ် မရှိပါဘူး၊ လှူဖူး တန်းဖူးကာ တွေများလေပေါ့၊ သေပျော်ပေါ့ ဆိုတဲ့ စကားတွေဖြင့် ပဋိစ္စသမုပ္ပါဒ်နဲ့ ဝေဖန်တဲ့ အခါကျတော့မှ ဒကာ ဒကာမတွေ လိုသေးတယ် ဆိုတာ ပေါ်လာတယ် (ပေါ်ပါတယ် ဘုရား)။

အဲဒီတော့ ဒီမှာစဉ်းစားကြည့်ပါ၊ ဒကာ ဒကာမတို့ ခင်ဗျားတို့ နေကြထိုင်ကြတာက သားရေး သမီးရေး စီးပွားရေး သာသိတယ်နော် (မှန်ပါ)၊ ကိုယ့်ခန္ဓာ ဖြစ်ပြီးပျက်နေတဲ့ ဒုက္ခသစ္စာလို့ သိပါရဲ့လား မသိပါဘူး)၊ မသိတော့ မိုးလင်းလာရင် အဝိဇ္ဇာ လုပ်နေတယ် (မှန်ပါ)။

မိုးလင်းလာရင်ဘာလုပ်ကြသလဲ (အဝိဇ္ဇာလုပ်ပါတယ်)။

ကိလေသဝဋ်ကြိုးစားနေတယ်

ပြီးတော့ ဟိုသွားဒီသွား ဆိုတာ ကာယကံ ဟို ပြောဒီ ပြောဆိုတာက ဝစီကံ (မှန်ပါ)၊ ဟော မိုးလင်း လာလို့ ရှိရင် အဝိဇ္ဇာပစ္စယာ သင်္ခါရာ ဖြစ်ပါပြီ (မှန်ပါ)၊ ဒီမြားဦးကလေး ကြည့်လိုက်တော့မှ ကိလေသဝဋ်နဲ့ ကမ္မဝဋ် ကြိုးစားနေတယ်ကွတဲ့ (မှန်ပါ) ပေါ် ကြပလား (ပေါ်ပါပြီ)။

ဪ ကိုယ့်ဝဋ်ကျွတ်ဖို့ အလုပ်မလုပ်ဘဲနဲ့ ဝဋ်တွေ ပဲလျှောက်ပြီးလုပ်နေတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အတွက်ဟာဖြင့် ဘယ်နည်းနဲ့မှ တင်းတိမ် နိုင်လောက်အောင် တော်ပဟ၊ တို့ ဒကာ ဒကာမတွေ တော် ပဟ ဆိုတဲ့စကား သုံးကိုမသုံးနိုင်ဘူး (မှန်လှပါ)။

မနက်မိုးလင်းလာတော့ ခန္ဓာကိုယ်ကြီးက ဖြစ်ပျက် နေတဲ့ ဒုက္ခသစ္စာလို့သိပါရဲ့လား (မသိပါဘူး)၊ မသိတာက အဝိဇ္ဇာ၊ မသိတော့ မသိသလိုပဲ သားပြောလိုက် သမီးပြောလိုက် ဘယ်သူ ဘယ်သွားလိုက်တဲ့ ဘယ်သူ ဘယ် ရောင်းချတဲ့၊ ဘယ် သူဘယ် ကို ဝယ်တဲ့ ဆို တဲ့ ဝစီကံတွေ ကကော မနက်မိုးလင်း မသုံးရဘူလား (သုံးရပါတယ်)၊ ကာယကံနဲ့ ပဲ ဒကာ ဒကာမတို့ ကိုယ့်ကိုယ် တိုင်သွားရတဲ့ အလုပ်တွေကော မရှိဘူးလား (ရှိပါတယ်)၊ ဒါဖြင့် အဝိဇ္ဇာပစ္စယာ (သင်္ခါရာပါ ဘုရား)။

ကောင်းတဲ့အလုပ်ပါကြရဲ့လား

အဝိဇ္ဇာပစ္စယာ သင်္ခါရာတွေသာ မနက်မိုးလင်းရင် မိုးမွှန်နေတော့တယ် (မှန်ပါ) ကောင်းတဲ့ အလုပ်ပါပါရဲ့ လား (မပါပါဘူး) သစ္စာမသိတာ အဝိဇ္ဇာ၊ မသိလို့ ကာယကံ ဝစီကံနဲ့ ပြောတာက (သင်္ခါရပါ)။

သင်္ခါရဆိုတော့ ဒကာ ဒကာမတွေမှာ မသိတာက အဝိဇ္ဇာ၊ ကာယကံ ဝစီကံဆိုတဲ့ သင်္ခါရ၊ ကာယကံ စီကံကလဲ အရောင်းအဝယ်သွားတဲ့၊ ငါနေကောင်းရင် ငါသွားမတဲ့ မင်းသွားရင်သွား မသွားလို့ ရှိရင် ငါပဲ သွားမဟ၊ ပြောပြောဆိုဆိုနဲ့ ပြောတာက ဝစီကံ၊ သွားတာက ကာယကံ (မှန်ပါ)၊ ဒါသည်သိသွားလား မသိသွားလား (မသိသွားပါ ဘုရား)၊

ဒါဖြင့် အဝိဇ္ဇာ၊ ကာယကံ ဝစီကံပြုလုပ်တာက (သင်္ခါရ ပါ ဘုရား)။

မိုးလင်းမှာပဲဘုန်းကြီးစိုးရိမ်တယ်

သင်္ခါရဆိုတော့ ဒကာ ဒကာမတွေ ဪ မိုးလင်းမှာပဲ ဘုန်းကြီး ရိမ်တယ် (မှန်ပါ)၊ မိုးလင်း ရင်ဖြင့် ဒီနှစ်ခု အုပ်ချုပ်ရဲ (မှန်ပါ)၊ အဝိဇ္ဇာသင်္ခါရ အုပ်ချုပ် ချေရဲ့ဆိုတာ ငြင်းဖို့များလိုသေးသလား (မလိုပါဘူး)။

သိပ်ဆိုးဝါးပါလား ဆရာကောင်း သမားကောင်း မတွေ့ပြီဆိုမှဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မိုးလင်းလာရင် အဝိဇ္ဇာသင်္ခါရ လုပ်ပါပြီ (မှန်ပါ)။

အဝိဇ္ဇာသင်္ခါရအလုပ်နဲ့ အချိန်ကုန်ပြီး သကာလ နေကြတော့ကို ဒီဘဝမှာ ဒီနေရာမှာ သေလိုက်တာပေါ့ဗျာ၊ အဝိဇ္ဇာသင်္ခါရနဲ့ အချိန်ကုန်ပြီး ဒီနေရာ သေလိုက်တဲ့အခါ ကျတော့ဆက်ပါပြီ။ ဘာသစ္စာတွေများ သူလုပ်ပါလိမ့်မတုံး အကဲခတ်လိုက် (သမုဒယသစ္စာတွေ လုပ်ပါတယ်)။

သီလလောက်နဲ့ မပြတ်နိုင်ဘူး

သမုဒယသစ္စာတွေပဲ သူလုပ်တယ်၊ ကျုပ်တော့ ကောင်းကောင်း ဝယ်တာပါ ကောင်းကောင်း ပြောတာပါပဲ၊ သီလတော့ အပျက်မခံဘူး ဆိုတဲ့ ဆင်ခြေတော့ ခင်ဗျားတို့ လဲကြမှာပဲ (မှန်ပါ)၊ ဆင်ခြေလဲငြား သော်လဲ သီလလောက်က ခင်ဗျားတို့ ပဋိစ္စသမုပ္ပါဒ်ကို မဖြတ်နိုင်တော့ အဝိဇ္ဇာ ပစ္စယာသင်္ခါရာ သမုဒယသစ္စာ ဖြစ်နေတယ် (မှန်ပါ)၊ သမုဒယသစ္စာသွားဖြစ်နေတော့ ဒီဘဝ အဝိဇ္ဇာ ပစ္စယာ သင်္ခါရာနဲ့ သွားဖြစ်တော့ နောက်ဘဝ ကျလာတဲ့အခါ ကျတော့၊ ဒီနေရာစုတေပြီး မြားကလေးဟာ ဟိုဘက်ဒီဘက် ဆက်ပါပြီ၊ ဆက်တာကသူက သမုဒယသစ္စာ လုပ်ခဲ့ပါတယ် ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဆိုတာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ)။

ဪ ဒကာ ဒကာမတို့ ခင်ဗျားတို့ နောက်ဘဝက မိုးလင်းခဲ့တဲ့ အဖြစ်ဟာဖြင့် ဒီဘဝဒုက္ခ ရောက်ပါပြီ (မှန်ပါ)၊ မြင်ကြပလား (မြင်ပါပြီ)၊ တယ်ကြောက်စရာ ကောင်းပါလား (မှန်ပါ ဘုရား)။

ကျုပ်ဟာတဲ့ကောင်းသောရောင်းခြင်း၊ ကောင်းသော ဝယ် ခြင်းနဲ့ပဲ သားသမီးများလဲ ဒီလိုပဲ မင်းတို့ကောင်းကောင်း ဝယ်ကြကွာ ကောင်းကောင်းရောင်းကြကွလို့ ကျုပ်ကောင်းကောင်း သင်တာ ပါပဲ။ ကျုပ်ကိုယ်တိုင်လဲ ဒီအတိုင်းလုပ် တာပါပဲ ဆိုငြားသော်လဲ ဝစီကံ သမုဒယသစ္စာသွား ဖြစ်နေတယ် (မှန်ပါ)၊ မဖြစ်ဘူးလား (ဖြစ်ပါတယ်)၊

သစ္စာသိပြီးသူပြောတာလား၊ သစ္စာသိမှု ပါပါရဲ့ လား (မပါပါဘူး)၊ မပါလို့ရှိရင် အဝိဇ္ဇာပစ္စယာ (သင်္ခါရာ ပါ ဘုရား)၊ ဘာသစ္စာပါလိမ့် (သမုဒယသစ္စာပါ)။

မိုးလင်းရင်ဘယ်သစ္စာအရင်လာမယ်

ဪ ဒကာ ဒကာမတို့ မိုးလင်းရင် ဘယ်သစ္စာက အရင်လာပါလိမ့် (သမုဒယသစ္စာ အရင်လာပါတယ်) ဒုက္ခမှ ရောက်ပါ့မလား (ရောက်ပါတယ်)၊ သိပ်ကြောက် စရာကောင်းပါလား (မှန်ပါ)။

ဒကာ ဒကာမတို့ ဘုန်းကြီးတို့ ပြောဖို့ အရေးဟာ ကဖြင့် ဒီအရေး အင်မတန်ကြီးတော့တယ် ဆိုတာ မပေါ်လာ – သေးဘူးလား (ပေါ်လာပါပြီ)။

ဒါဖြင့် မောင်ဘသော်တို့ လူစုတွေ ဒီဘက်က ဒကာ ဒကာမတွေ ဪ တို့မိုးလင်းရင်ဖြင့် မသိတဲ့ အဝိဇ္ဇာနဲ့ ပြုပြင်တဲ့ ကာယကံ ဝစီကံ လုပ်ရပြောရ ဆိုရတဲ့ သင်္ခါရအလုပ် ဟာဖြင့် ဒါတို့ အလုပ်ပဲ ဆိုတဲ့ဥစ္စာဖြင့် ရောင်းဝယ်ဖောက်ကား ပြီး သကာလ နေတဲ့ပုဂ္ဂိုလ်မှာဖြင့် ဒီသစ္စာမှတစ်ပါး ဘာသစ္စာမှ မရှိဘူး (မှန်ပါ)၊ ဘာသစ္စာပါလိမ့် (သမုဒယသစ္စာပါ)။

မိုးလင်းရင်သမုဒယသစ္စာ

သနားစရာကောင်းလိုက် တာ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မိုးလင်းရင် သယာနော် (မှန်ပါ)၊ ကဲ စုတေမနေ သေလွန်တော့ ဘာသစ္စာ ရသတုံး (ဒုက္ခသစ္စာရပါတယ်)၊ ပစ္စုပ္ပန်ဘဝမှာ ဒုက္ခသစ္စာ ရပါပြီတဲ့ ဒကာ ဒကာမတို့ ဘယ်လောက်ကြောက် စရာကောင်း သတုံး (ကောင်းပါတယ် ဘု ရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ)။

နောက်ဘဝက မိုးလင်းတဲ့အခါ အဝိဇ္ဇာ သင်္ခါရနဲ့ မိုးလင်းခဲ့ကြတယ်၊ ဒီအတိုင်း အသက်ရှည် သွားတော့ သက်ဆိုးရှည်ပေါ့။ သမုဒယသစ္စာနဲ့ ရှည်တာကွ (မှန်ပါ)၊ သက်ဆိုးရှည်မှဟုတ်ကြရဲ့လား (ဟုတ်ပါတယ်)။

အဲဒီတော့ ခင်ဗျားတို့ချင် းပြောနေတော့ ခင်ဗျားက တော်တယ်၊ အကြံအစည်ကလဲ ကောင်းတယ်၊ ပြောရေး ဆိုရေးကလဲ လိမ္မာရေးခြား ရှိပါတယ်၊ ဒါကြောင့်ခင်ဗျား အကြောင်းတော့ဖြင့် ကျုပ်တို့ ဖြင့် ပြောလို့ပဲ မဆုံးပါဘူးတဲ့၊ မိုးလင်းလာတယ် ဆိုရင် ခင်ဗျားပြောပုံဆိုပုံ ခင်ဗျားကြံစည်ပုံ ခင်ဗျား သွားလာပုံတွေ ကြည့်ရတာဖြင့် သီလလဲ လုံခြုံ နေတဲ့အတွက် ကျပ်ဖြင့် ချီးမွမ်းပါတယ်လို့ မသိတဲ့ ပုဂ္ဂိုလ်က မြှောက်ထားတယ် (မှန်ပါ) သူကဘာသစ္စာလုပ် နေသတုံး (သမုဒယသစ္စာ လုပ်နေပါတယ်)။

နှုတ်ခမ်းမဲ့ချမ်း မီးမှုတ်နေတယ်

ကဲ ခင်ဗျားတို့ချင်း နှုတ်ခမ်းပဲ့ချင်း မီးမှုတ်နေတဲ့ အလုပ်ကဖြင့် ကြောက်စရာ ကောင်းလိုက်တာ (ကောင်းပါ တယ်) ပေါ်ကြပြီလား (ပေါ်ပါပြီ)။

နှုတ်ခမ်းပဲ့ချင်း မီးမှုတ်တယ် ဆိုတော့ ဒကာ ဒကာမတွေက အခံခက်နေတယ်၊ အခံခက် နေတဲ့ အခါကျ လို့ ရှိရင် မဟုတ်ပါဘူးတဲ့၊ ဘုန်းကြီးက တန်ဆာဆင် ပြောတာ မဟုတ်ပါဘူး၊ ဘုရားဒေသနာ တော်က လာတာ တွေ ပြောနေရတော့ သစ္စာမသိဘဲနဲ့ ကာယကံ ဝစီကံတွေ လုပ်နေလို့ ရှိရင် သမုဒယသစ္စာ မှတစ်ပါး ဘာမှမဟော နိုင်ဘူး (မှန်ပါ) ပေါ်ကြပြီလား (ပေါ်ပါပြီ)။

ဘာသစ္စာတွေများ မိုးလင်းတဲ့အခါကျလို့ရှိရင် ခင်ဗျားတို့ ကြိုးစားကြပါလိမ့်မတုံးဆိုတာ မပေါ်သေးဘူး လား (ပေါ်ပါပြီ)၊ ဘာသစ္စာတုံး (သမုဒယသစ္စာပါ)။

သမုဒယသစ္စာ ဆိုတာသည် ဒကာ ဒကာမတို့ ဒုက္ခသစ္စာမှတစ်ပါး အခြားမပေးပါဘူး (မှန်ပါ)၊ ပေါ်ကြ ပြီလား (ပေါ်ပါပြီ)။

သမုဒယသစ္စာဆိုတာ ဘာပါလိမ့် (ဒုက္ခ သစ္စာကို အကျိုးပေးတာပါ)။

ဒုက္ခသစ္စာပဲအကျိုးပေးတယ်

ဒုက္ခသစ္စာပဲ အကျိုးပေးရမယ်ဆိုတာ ကော ဒီနေရာမှာ သေတဲ့အခါကျတော့ ဟောဒီ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဆိုကာ တိရစ္ဆာန်မှာလဲ ရှိတာပဲ (မှန်ပါ)၊ ငရဲ ပြိတ္တာ စသည်မှာ ကော (ရှိပါတယ်)။

ကဲ ဒီနေရာမှာသေတော့မယ် ဆိုတော့ ဒီတိရစ္ဆာန် ဘုံကြီး ဒုက္ခကြီး သွားဖြစ်တာကိုး (မှန်ပါ) ဒါဖြင့် မျက်ရည်မှ ကျပါ့မလား (ကြိုပါတယ်)

ဪ ငါသွားရမှာ သားရေးသမီးရေးစီးပွားရေးနဲ့ သူတို့ လိမ္မာ ယဉ်ကျေးရေးနဲ့ ငါအိုခြင်းဆိုး လာခဲ့ သစ္စာ သိတဲ့ဉာဏ် မရဘဲနဲ့ သေပွဲဝင်ရတော့ ဒီနေရာမှာ မျက်ရည် ၊ ကျတဲ့ နေရာပဲ (မှန်ပါ)။

ဒီနေရာဘာပါလိမ့် (မျက်ရည်ကျတဲ့နေရာပါ)၊ မျက်ရည်ကျတဲ့ နေရာ ဆိုကာ ဒကာ ဒကာမတွေ ကြပြီ (သိကြပါပြီ)။

ဆရာကောင်းရှာကြ

ဪ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကိုယ့်အဆိုး ကိုယ်မြင်အောင် မနည်းဖော်ပြနေရတယ် (မှန်ပါ)၊ ကိုယ့် အဆိုးကိုယ် မြင်အောင်မနည်းဖော်ပြနေရတယ်ဆိုတော့ ဒါကြောင့် ဆရာသမား ကောင်း ရှာကြ မရှာလို့ ရှိရင်ဖြင့် ကိုယ့်ဟာနဲ့ ကိုယ်ဟုတ်နေလိမ့်မယ် ဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

အခုတော့ဖြင့် ဆရာကောင်း သမားကောင်းလဲ တွေ့ ကိုယ့်အရေးလဲ မဟုတ်မှန်း သိတော့ ကိုယ့်ခန္ဓာ ဒုက္ခသစ္စာ ကိုယ်မသိသ၍ဖြင့် ဘယ်တော့မှ အဝိဇ္ဇာ မချုပ်နိုင်ဘူး၊ ဘယ် အခါကာလမှ သင်္ခါရ မချုပ်ဘူး၊ ချုပ်နိုင်ပါ့မလား (မချုပ်နိုင်ပါဘူး)။

မချုပ်နိုင်ဘူး ဆိုကတည်းက ဒီနေရာမှာ ဘာကျသတဲ့ (မျက်ရည်ကျပါတယ်)၊ မျက်ရည်ကျပြီး ဟောဒီမှာ အပါယ် ခန္ဓာကြီး သွားပြီးရတယ် (မှန်ပါ)၊ သေတဲ့ဒီဘက်မှာ ဒုက္ခသစ္စာခန္ဓာကြီးသွား ရတယ် (မှန်ပါ)။

ကဲ ဒီထဲမှာ အဲဒီလိုနေရာမျိုး ဖြစ်ချင်တဲ့ပုဂ္ဂိုလ် တော့ မပါဘူးလို့ တရားတစ်ပွဲလုံး ဖြေမှာပါပဲ (မှန်ပါ)၊ ဖြစ်ချင်တဲ့ ပုဂ္ဂိုလ်ပါကြရဲ့လား (မပါပါဘူး) မပါပေမယ့် လဲ လုပ်နေတာက မနက်မိုးလင်းရင် သစ္စာသိရဲ့လား (မသိပါဘူး)၊ ခန္ဓာဖြစ်ပျက်တွေ သိရဲ့လား (မသိပါဘူး)။ ဖြစ်ပျက် ဒုက္ခသစ္စာကိုး (မှန်ပါ)၊ ဒါသိရဲ့လား (မသိပါဘူး)။

မသိတော့ ကိုယ်တိုင်သွားလို့ ကိုယ်တိုင်ပြောလို့ ဆိုတာ ဘာတွေပါလိမ့် (သင်္ခါရတွေပါ ဘုရား)၊ ကာယကံ ဝစီကံဆိုတဲ့ သင်္ခါရ (မှန်ပါ)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ)။

ကဲ သေခါနီးကျတော့ ဒီအလုပ်နှစ်ခုနဲ့ပဲ အချိန် ကုန်ခဲ့တဲ့အခါကျတော့ ဒီနေရာက ဘာကျသတဲ့တုံး (မျက်ရည်ကျပါတယ်) စပ်တော့မယ်၊ အပါယ်ခန္ဓာနဲ့ လူနဲ့ စပ်တော့မယ် (မှန်ပါ) ဒီဘက်က လူ သမုဒယသစ္စာ၊ ဒီဘက်က အပါယ်ခန္ဓာ ဒုက္ခသစ္စာ (မှန်ပါ)။

ပြင်ချိန်ရှိတုန်းပြင်ကြ

ကိုင်း ဒကာ ဒကာမတို့ ဒီလိုပဲ နေကြတော့မလား၊ ပြင်ချိန် ဝင်ချိန်ရှိတုန်းပြင်မလား ဆိုတဲ့ မေးခွန်းတော့ ထွက်ပြီ (ပြင်ရမှာပါ ဘုရား)။

ပြင်ရမှာကလဲ ဒကာ ဒကာမတို့ နေပြီးသားကပြင်လို့ မရဘူး၊ ယခုအချိန်က စပြီးပြင်မှ သင့်ရုံပဲ ရမယ် (မှန်ပါ)။

ကိုင်း ဒကာ ဒကာမတို့ ဒါခပ်သုတ်သုတ်ဟော နေတာလား ဆိုတော့ မနက်ဖြန်ခင်ဗျားတို့ ခန္ဓာက အစိုးရ ပါရဲ့ လား (မရပါဘူး)၊ မရဏမင်းလက်တွင်း ခေါင်းစင်းပြီး ဝင်ရလိမ့်မယ် ဆိုတဲ့ဥစ္စာလဲ ဖြစ်နိုင်တာပဲ ၊ မဟုတ်လား (ဖြစ်နိုင်ပါတယ်)၊ အဲဒီတော့ ယနေ့ပြင် (မှန်ပါ)။

ဒကာ ဒကာမတွေ ဘယ်လိုပါလိမ့် (ယနေ့ပြင် ရမှာပါ) ယနေ့ ပြင်ရလိမ့်မယ်ဆိုတာ ပေါ်ကြပြီလား (ပေါ်ပါပြီ။)

ဒါတွေဟာဒုက္ခသစ္စာတွေ

ဪ ဒါဖြင့် ဒကာ ဒကာမတွေ မနက်မိုးလင်းလို့ ရှိရင်ဖြင့် ကိုယ့်ခန္ဓာကိုယ် ကြည့်ပြီး သကာလ ယားပြန်ပြီ နာပြန်ပြီ။ ဒါတွေဟာ ဒုက္ခသစ္စာပါကလား၊ ကျင်ကြီး စွန့်ချင်ပြန်လဲ ဒုက္ခသစ္စာပဲ (မှန်ပါ)၊ ကျင်ငယ် စွန့်ချင်တာကော (ဒက္ခသစ္စာပါ)။

အဲဒီဒုက္ခကလေး အရင်မြင်ပြီးတော့ ကိုယ်တိုင် ဖြစ် – ဒုက္ခကလေး ကိုယ်တိုင်သိပြီးတော့မှ ခင်ဗျားတို့ မနေသာတဲ့ အလုပ်ကို လုပ်လို့ ရှိရင်ဖြင့် ဒါကလေးဟာ သစ္စာသိတဲ့ဉာဏ် ကလေးဟာ ဒကာ ဒကာမတို့ အကူအညီ ပေးတယ် (မှန်ပါ)၊ ခုနင်ကပြောခဲ့တဲ့ နိမိတ်တွေ ခွေးနက်ကြီးတို့၊ ချောက်ကြီးတို့ ဆိုတာ မမြင်ရဘဲ ဪ သူသစ္စာသိသွားပြီ တဲ့ အဓိပ္ပါယ် မရဘူးလား (ရပါတယ်)။

ထမင်းဆာလာတာဒုက္ခသစ္စာ

အေး ဒါကြောင့် မနက်မိုးလင်းလို့ ရှိရင်ဖြင့် ခင်ဗျားတို့ မှာ ဘုန်းကြီးသင်လွှတ်ပါ့မယ်၊ အိပ်ရာက ညောင်းလို့ စောင်းပြန်လို့ ရှိရင်လဲ ညောင်းတဲ့ ဒုက္ခသစ္စာ၊ လှည့်ရမှုပင်ပန်းတဲ့ ဒုက္ခသစ္စာ (မှန်ပါ)၊ လှည့်ထားတဲ့ နေရာမှာလဲ နောက် ခပ်ညောင်းပြန်ရင် ဒုက္ခသစ္စာ (မှန်လှပါ)၊ ညောင်းလို့ ပြင်ရတာကော (ဒုက္ခ သစ္စာပါ)၊ ယားလို့ ဖျောက်ရတာ (ဒုက္ခသစ္စာပါ)၊ ဖျပ်ဆိုအိပ်ရာ ကနိုးခါ ရှိသေးတယ် ကုဋီကျင်ငယ်အိမ် သွားရတာလဲ (ဒုက္ခသစ္စာ)၊ ဆာလောင် မွတ်သိပ် လာတာကော (ဒုက္ခသစ္စာ)

ခန္ဓာကြီးဟာဒုက္ခသစ္စာ

အဲဒါတွေ အရင်တွေးပြီး၊ ဪ ဒီခန္ဓာကြီးဟာ ဒုက္ခသစ္စာ အစစ်ကြီးပါလား၊ ဖြစ်ပျက် အသာထားပါဦး ဒါလောက် စပြီး တွေးပါဦး (မှန်ပါ ဘုရား)၊ ဒါလောက် စပြီးတွေးလိုက်တဲ့ အခါကျတော့မှ ဪ အိပ်ရာက ထသည်နှင့်တစ်ပြိုင်နက်တည်း ဒုက္ခသစ္စာ မှတစ်ပါး ဘာမှ ခန္ဓာကိုယ်ကြီးဟာ မပြပါကလား၊ ဒုက္ခပဲပြတယ် (မှန်ပါ)။

မိုးလင်းလာရင် လာပြပါလိမ့် (ဒုက္ခပဲပြပါတယ် ဘုရား) ဒုက္ခပဲပြတယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ်)။

အဝိဇ္ဇာကဝိဇ္ဇာဖြစ်မယ်

အဲဒါတွေ ရှေ့ပိုင်းကထားပြီး မေးကြစမ်းပါ (မှန်ပါ)၊ ဒါကလေးရှေ့ပိုင်းကထားပြီး မေးတဲ့ အခါကျ လို့ ရှိရင်ဖြင့် သူသည် အဝိဇ္ဇာက ဝိဇ္ဇာဖြစ်ပါလိမ့်မယ် (မှန်ပါ)။

သွားတဲ့လာတဲ့အခါမှာ သွားမှန်းလာမှန်းသိ အင်း ဒုက္ခရောက်လို့ သွားရပြန်ပြီ ဒုက္ခရောက်လို့ သွားရပြန်ပြီလို့ သိတော့ အဝိဇ္ဇာချုပ်လို့ သင်္ခါရ ချုပ်ပါတယ် (မှန်ပါ)၊ မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)။

ဒါအကြမ်းသိနော်

ဒါကလေးတွေးဖို့ရာ ဆရာသမားက သင်လိုက်ပြ လိုက်တဲ့ အခါကျတော့ ဒါအကြမ်းနော် (မှန်ပါ)၊ အကြမ်း ကလေးတောင် တွေးမိတဲ့လူဟာ ရှာမှရှားလိမ့်မယ် ဆိုတဲ့ ဥစ္စာဖြင့် ပြောဖို့မလိုပါဘူး (မလိုပါဘူး ဘုရား)။

အကြမ်းကလေး တွေးဖို့ရာတောင် (ရှာမှရှားပါ တယ် ဘုရား)၊ ရှာမှရှားတယ်၊ ဒီနေ့ အိပ်ရာထ နောက်ကျ သွားသကွ အလုပ်တွေ ဖင့်ကုန်ပါပေါ့လား ဆိုပြီး သကာလ အလုပ်ဘက်သာ လှည့်သွားတယ် (မှန်ပါ)၊ အလုပ်ဘက် လှည့်သွားလေလေ မသိတဲ့ သဘောကြောင့် အလုပ်ဘက် လှည့်သွားတဲ့ သင်္ခါရတွေ မလာပေဘူးလား (လာပါတယ်)။

ထိုကဲ့သို့လာပြီ ဆိုမှဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမ တွေသည် မျက်ရည်ကျမယ့် အလုပ်ကို လုပ်ပြီ (မှန်ပါ ဘုရား)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)၊ ကြောက်စရာကြီးပါ (မှန်ပါ)။

မတရားသဖြင့်နိုးလာမှာကြောက်တယ်

ခင်ဗျားတို့ အိပ်ရာကနိုးမှာ ဘုန်းကြီး သိပ်ကြောက်တယ် (မှန်ပါ)၊ မတရားသဖြင့် နိုးလာ မှာ သိပ်ကြောက် ပါတယ်။ ဘာကြောက်ပါလိမ့် (မတရားသဖြင့်နိုးလာမှာ သိပ်ကြောက်ပါ တယ်)။

မတရားသဖြင့်နိုးမှာ အင်မတန် ကြောက်တယ် ဆိုတော့ တရားသဖြင့် နိုးတဲ့ပုဂ္ဂိုလ်ကလဲ ရှာမှရှား (မှန်ပါ)၊

ဒီဆရာ ပြောလို့သာ ဒီလိုနိုးပါမယ် ဆိုတာ သူတို့ တာဝန်ခံရတာ (မှန်ပါ)၊ နဂိုက ဒီလိုကို နိုးတတ်ပါရဲ့လားမေးတော့ မနိုးတတ်ပါဘူး ဘုရား၊ အိပ်ရတာ အိုက်လိုက်တာ ပူလိုက် တာ ကိစ္စကလဲ ထူလိုက်တာ ဆိုပြီး သကာလ ဒကာ ဒကာမတွေ သစ္စာ မသိပဲနဲ့ ဒေါမနဿ နဲ့ နိုးလာတယ် (မှန်ပါ)။

ဘာနဲ့နိုးလာပါလိမ့်

ဘာနဲ့လာပါလိမ့် (ဒေါမနဿနဲ့ နိုးလာပါတယ်)၊ – ဒေါမနဿနဲ့ နိုးလာတယ် ဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ)။

ဪ အိပ်ရာက နိုးလာတဲ့အခါ ငရဲမျက်စောင်း ထိုး နိုးလာတယ် (မှန်ပါ)။

ဘယ်လိုများ နိုးလာပါလိမ့် (ငရဲမျက်စောင်းထိုး နိုး လာပါတယ်)၊ ကြောက်စရာ ကောင်းပါပြီ (မှန်ပါ)၊ သေသေချာချာ စဉ်းစားပါ၊ သေသေချာချာ စဉ်းစားပါ ဒကာ ဒကာမတို့ ခြောက်နေတဲ့တရား မဟုတ်ပါဘူး၊ ကိုယ်နိုးပုံ ဟန်မကျလို့ ပြောရပါတယ် (မှန်ပါ)။

ခြောက်ဟောတာလား ကိုယ်နိုးပုံ နေရာမကျတာလား (ကိုယ်နိုးပုံ နေရာမကျတာပါ ဘုရား)၊ ကိုယ်နိုးပုံ နေရာ မကျတာ ဆို တာဖြင့် သေသေချာချာ ပေါ်ပါပြီ (မှန်ပါ ဘုရား)။

အိပ်မှာလည်းစိုးရိမ်တယ်

ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အိပ်မှာလည်း စိုးရိမ်တယ်၊ နိုးမှာလည်း စိုးရိမ်တယ်။ (မှန်ပါ)၊ နိုးပုံကဖြင့် သစ္စာမသိတဲကနိုးလုံးနဲ့ နိုးလာတော့ ကောင်းသေးရဲ့လား (မကောင်းပါဘူး)။

အေး, ဒါကြောင့် အိပ်ခါနီးကျတော့လဲ ဘယ်တံခါးမှ ပိတ်မိရဲ့ လာ ဘယ်ပစ္စည်းကလေးမှ ထုပ် မိရဲ့ လား၊ ထုပ်တဲ့ပစ္စည်းကလေးမှ အိမ်ပေါ်ရောက်အောင် သိမ်းမိရဲ့ လား၊ မသိတဲ့ အဝိဇ္ဇာနဲ့- သင်္ခါရ အလုပ်တွေပဲ တွေးနေတယ် (မှန်ပါ)။

အိပ်ခါနီးကျလဲ ဘာတွေတွေးသလဲ (အဝိဇ္ဇာ သင်္ခါရအလုပ်တွေ တွေးပါတယ်)၊ တိုတို ပြောကြပါစို့။ အဝိဇ္ဇာပစ္စယာ သင်္ခါရာနဲ့ အိပ်ပါတယ်ဘုရား (မှန်ပါ)။

အိပ်တော့ဘာနဲ့အိပ်သလဲ

အိပ်တော့ ဘာနဲ့ အိပ်သလဲ (အဝိဇ္ဇာပစ္စယာ သင်္ခါရာနဲ့ အိပ်ပါတယ်)၊ ကိုယ့်ခန္ဓာဒုက္ခသစ္စာ သိသေးရဲ့လား (မသိပါဘူး)၊ မသိတော့ တွေးချင်တာတွေး ဟုတ်လား (မှန်ပါ)၊ သားမယားများ ကျတော့လဲ မင်း ဒါကလေးသိမ်းရဲ့ လား ဆည်းမိရဲ့ လား၊ ဒါကလေး သတိထား မိရဲ့ လား၊ ထများ မေးလိုက်သေးတယ် (မေးပါတယ် ဘုရား)၊ အဝိဇ္ဇာပစ္စယာ သင်္ခါရာ ဆိုတာ မလာဘူးလ (လာပါတယ် ဘုရား)။

ငရဲမျက်စောင်းထိုးအိပ်တယ်

ကိုင်း ဒကာ ဒကာမတို့ မအိပ်ခင်ကလဲ ငရဲမျက် စောင်းထိုးအိပ်မကွ (မှန်ပါ)၊ နိုးတော့ကော (ငရဲမျက်စောင်းထိုးနိုးပါ တယ် ဘုရား)၊ လွတ်ရေးကျွတ်ရေးများ မြင်သေးရဲ့ လား (မမြင် ပါဘူး ဘုရား)။

ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက လောကတ္ထစရိယာ- လောကသားတို့ ကယ်မလို့ ကြိုးစား လာတာ အမှန်ပါပဲ။ သို့ သော်လည်း မြတ်စွာဘုရား ကယ်မယ်ကြံရင် လောကသားတို့က သစ္စာသိတဲ့ဉာဏ် မယူဘဲ နဲ့ အဝိဇ္ဇာသင်္ခါရ နောက် လိုက်လိုက်ပြေး ကြတယ် (မှန်ပါ)။

အဝိဇ္ဇာသင်္ခါရနောက်လိုက်ပြေးတယ်

ဘယ်နောက်လိုက်ပြေးကြသလဲ (အဝိဇ္ဇာသင်္ခါရ – နောက် လိုက်လိုက်ပြေး ကြပါတယ်)။

အဝိဇ္ဇာသင်္ခါရနောက် လိုက်လိုက်ပြေးကြတဲ့အတွက် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ကယ်မည်ယူမည် စိတ်ကူးရင် သူတို့ ကကယ်မယ့်ယူမယ့် ပုဂ္ဂိုလ်ကို ရန်သူ ထင်ထင်ပြီး သကာလ ကိုယ်တော့် အလုပ်ကို ကိုယ်တော် တို့ သာလုပ်နိုင်တာ တပည့်တော် တို့မှာတော့ သားရေး သမီးရေး စီးပွားရေးနဲ့ မလုပ်နိုင်ဘူးဆိုပြီး ကယ်မယ့်သူ ယူမယ့်သူလာတို ထွက်ထွက် ပြေးတယ် (မှန်ပါ)။

အဲဒီတော့ ခင်ဗျားတို့ သည် ရေနည်းတဲ့ငါးကလေး တွေကို သနားတတ်တဲ့ ပုဂ္ဂိုလ်က ပန်းကန် ကလေး ခွက် ကလေးနဲ့ ဖမ်းပြီး သကာလ ရေများရာလွှတ်မည် ကြံတာတောင် ငါးက ထွက်ထွက် ပြေးတယ် (မှန်ပါ)။

သစ္စာနှလုံးသွင်းပြီးအိပ်ပါ

အဲဒီတော့ငါးဆိုတာ တိရစ္ဆာန်ပါပဲ (မှန်ပါ)၊ ဒီမှာလဲ ခင်ဗျားတို့ ဘုန်းကြီးများက သစ္စာနှလုံးသွင်း ပြီးမှ အိပ်ပါကွ၊ သစ္စာနှလုံးသွင်းပြီးမှ နိုးပါကွာလို့ ပြောငြား သော်လဲ ခင်ဗျားတို့ သားရေးသမီးရေး စီပွားရေးက အရင် ဦးစီးပြီး သူက အရင်ပွဲဦးထွက် ထွက်လာတယ် (မှန်ပါ)၊ ကောင်းသေးရဲ့ (မကောင်းပါဘူး)။

အဲဒီတော့ ကယ်မယ့်ယူမယ့်သူများက ကယ်ချင် ငြားသော်လဲ ငါးတိရစ္ဆာန် သူများကလွှတ်မည် လို့ဆို ငြားသော်လဲ အဖမ်းခံပါရဲ့လား (မခံပါဘူး)၊ ဪ ဘာမိုက်များ မိုက်နေပါလိမ့် (တိရစ္ဆာန် မိုက်မိုက် နေပါတယ်)၊ ဪ ဒါဖြင့်ခ င်ဗျားတို့ ဟာ လူရယ်လို့ ဆိုင်းဘုတ်သာ ဆွဲရတယ် မိုက်ပုံတော့ဖြင့် တိရစ္ဆာန်နဲ့ တန်းနေတယ် (မှန်ပါ)၊ သဘောပါကြပြီလား (ပါပါပြီ)။

ဒကာ ဒကာမတို့ သစ္စာမသိသေးလို့ ရှိရင် အတော်ခဲယဉ်းတယ် (မှန်ပါ)၊ မသိတာဟာ ဘာသစ္စာ တုံး (သမုဒယ သစ္စာပါ)၊ မသိသလိုပြုတာက (သင်္ခါရပါ)၊ ဘာသစ္စာတုံး (သမုဒယသစ္စာပါ)၊ ဒါဖြင့် ခင်ဗျားတို့ နေ့တိုင်း နေ့တိုင်း မသိသလို ပြုနေကြတယ် ဆိုတော့ ဘာသစ္စာတုံး (သမုဒယသစ္စာပါ)။

ဒကာ ဒကာမတို့က ကိုယ့်ခန္ဓာ ကိုယ့်ဒုက္ခ သစ္စာလို့ မသိတော့ ဘယ်သူသွားပါ ဘယ်သူ လာပါတဲ့၊ ဒီလိုဆိုရင် စီးပွားရေး ချို့တဲ့ကုန်လိမ့်မယ်၊ ဒီလိုဆို ရင် လူ့အောက် ကျသွားလိမ့်မယ်လို့ ပြောလေ့ ဆိုလေ့ ရှိတယ် (မှန်ပါ)၊

လူ့ အောက် ထက် အပါယ်လေးပါး ကျသွားမှာတော့ ထည့်မပြောဘူး (မှန်ပါ)၊ ဒီဘဝ ရှိတဲ့ ဒီလူအောက်မှာသာ ကျမှာ စိုးရိမ်တယ် (မှန်ပါ)၊ လူ့ထက် အောက်တန်း ကျမှာတော့ မစိုးရိမ်ဘူး။ (မှန်ပါ)။

မိုက်တွင်းနက်နေတယ်

ခင်ဗျားတို့ ဟာ ခက်လိုက်တဲ့ဖြစ်ခြင်းမှာ ဆုံးမလို့ မကုန်၊ သွန်သင်လို့ မကုန်နိုင် လောက်အောင်ဘဲ မိုက်တွင်းနက် နေတယ် ဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ)။

ဉာဏ်နဲ့ နားထောင်ကြည့်တော့မှ ကိုယ့်အဖြစ်ဆိုးနဲ့ ကိုယ် မသိဆိုးဝါးမှုကြီး ကြီးကျယ် ခမ်းနားတာ သေသေချာချာ ပေါ်လာတယ် (မှန်ပါ)၊ မပေါ်လာဘူးလား (ပေါ်လာပါတယ်)။

ဒါဖြင့် မိုးလင်းလာရင် ဝိဇ္ဇာနဲ့ နိုးပြီး သကာလ သစ္စာသိပြီး နိုးကြစမ်းပါ (မှန်ပါ)။

နာတာကျင်တာ ကိုက်တာခဲတာ ဘာကိစ္စတုံး (ဒုက္ခ သစ္စာပါ)၊ ကျင်ကြီးကျင်ငယ် စွန့်ချင်တာလဲ (ဒုက္ခသစ္စာပါပဲ)၊ မျက်နှာသစ် ပေးရတာကော (ဒုက္ခ သစ္စာပါ)၊ အဝတ်လဲ ပေးရတာကော (ဒုက္ခသစ္စာပါ)။

ဒုက္ခသည်ကြီးကို လှတယ်ပတယ်ထင်နေတယ်

ဒါဖြင့် ခန္ဓာကိုယ်ကြီးကဖြင့် ဘာကိုသာ ပြောလေ့ ရှိပါလိမ့် (ဒုက္ခသစ္စာပဲ ပြောလေ့ရှိပါတယ်)၊ ဒုက္ခသစ္စာပဲ ပြောလေ့ရှိတော့ ခင်ဗျားတို့ က လှတယ်ထင် ပတယ်ထင် ထင်ပြီး သကာလ ဒုက္ခသည် ကြီးကို ခင်ဗျားတို့ က တန်ဖိုးများတဲ့ အထည်အလိပ်တွေနဲ့ ဖုံးရတာနဲ့ ဪ တော်သေးရဲ့ သူများနဲ့ စာရင် ကိုယ်က ပြောင်ပြောင် ရောင်ရောင်ကလေး ဝတ်ရသေးရဲ့ဆိုတဲ့ အဓိပ္ပါယ်မျိုး ယူပစ်ကြတယ်၊ ဒုက္ခ သစ္စာမို့ ကာကွယ်ရတယ်လို့ မလာပါဘူး (မလာ ဘူး ဘုရား)၊ တယ်လဲ ဆိုးဝါးပါလား (ခိုးဝါးပါတယ်)။

ဆိုးဝါးပုံတွေပြင်းထန်လှချည်လား

ဪ ဒကာ ဒကာမတွေ ခင်များတို့ ဆိုးဝါးမှုကို ပြောနေမယ် ဆိုလို့ရှိရင်ဖြင့် ကုန်နိုင် ဖွယ်တောင် မရှိပါဘူး (မရှိပါဘူး ဘုရား)၊ တကယ်လို့ ဆိုးဝါးပုံတွေ ပြင်းထန်လှ ချည်လား မေးရင်ဖြင့် ပြင်းတန်တယ်လို့ ဖြေရုံမှတစ်ပါး ဘာမှ မရှိဘူး ဆိုတာ သေချာကြပြီလား (သေချာပါပြီ)။

ကိုင်း ဒီနေရာက ဘာဖြစ်တဲ့နေရာဘဲ့ (မျက်ရည် ကျတဲ့နေရာပါ)၊ သေခါနီး ဘယ့်နှယ်ကြောင့် မျက်ရည် ကျရပါ လိမ့်မတုံးမေးတော့မှ အဝိဇ္ဇာသင်္ခါရနဲ့ တစ်သက်လုံး၊ ကုန်ခဲ့ပါတယ်ဘုရား၊ သဘောကျပြီလား (ကျပါပြီ)။

ဘာနဲ့ တစ်သက်လုံး အချိန်ဖြုန်းခဲ့ပါလိမ့် (အဝိဇ္ဇာသင်္ခါရနဲ့ အချိန်ဖြုန်းခဲ့ပါတယ်)၊ အဝိဇ္ဇာက သစ္စာ မသိတာ၊ သင်္ခါရက လောကီရေးရာတွေ ပြောလိုက် ဆိုလိုက်တာ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

အဝိဇ္ဇာသင်္ခါရနဲ့ အချိန်ကုန်ခဲ့တယ်

တစ်သက်လုံး ဘာနဲ့ အချိန်ကုန်ခဲ့ပါလိမ့် (အဝိဇ္ဇာသင်္ခါရနဲ့ အချိန်ကုန်ခဲ့ပါတယ်) အဝိဇ္ဇာပစ္စယာ သင်္ခါရာနဲ့ အချိန်ကုန်ခဲ့တော့ သစ္စာသိတဲ့ဉာဏ် ပါသေး ရဲ့လား (မပါပါဘူး)၊ မပါတော့ ဒီနားမှာ ဘာဖြစ်ရသတုံး (မျက်ရည်ကျရပါတယ်)။

မျက်ရည် ကျရတယ်၊ ဒီအထည်နဲ့ စပ်ရတော့မယ် ဆိုတာ ပြောတယ်၊ ဒီမှာကြည့်၊ အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ၊ ဟောဒီသမုဒယသစ္စာနဲ့ ဟောဒီဝိညာဏ်နာမ်ရုပ် ခွေး တိရစ္ဆာန် အပါယ်လေးပါး တည်းဟူသော တရားဖြစ်ရတော့ မှာပဲဆိုပြီး ဒီဒုက္ခတွေ မြင်ရတဲ့ အတွက် ဒီနေရာမှာ မျက်ရည် ကျတယ် (မှန်ပါ)၊ ပေါ်ပြီလား (ပေါ်ပါပြီ)။

အပါယ်ဒုက္ခကြီးကို မသေခင် မြင်ရတော့ ဒီနေရာ ဘာဖြစ်ရသတုံး (မျက်ရည်ကျရပါတယ်)၊ ပြိတ္တာဒုက္ခကြီး လှမ်းပြီး ဒီနေရာမှာ မသေခင်မြင်ရတော့ (မျက်ရည် ကျပါတယ်)၊ ဒီအစပ်ကလေးမှာ မျက်ရည်ကျတယ်၊ အကြောတွေ ဘာတွေတွန့် လိပ်ပြီး သကာလ ကယ်ကြပါဦး၊ ယူကြ ပါဦး ကျုပ်ဖြင့် ဒီလို ဒီလိုမြင် နေရပါတယ်လို့ ပြောချိန်လဲ မရဘူး၊ ကိုယ့်ဟာကိုယ် အံ့ပုံးဆွေး ဆွေးပြီး သကာလ သေးဘေးဖြင့် လှလှကြီး နည်းပေါ့ ဆိုပြီး သကာလ ဝိညာဏ် ချုပ်သွားတယ် (မှန်ပါ)၊ ဘယ်လောက် နစ်နာသတုံး (နာပါတယ် ဘုရား)။

ဒါကြောင့် ခင်ဗျားတို့ အဝိဇ္ဇာပစ္စယာ သင်္ခါရာနဲ့ အချိန်ကုန်ခဲ့တဲ့ ဖြစ်ထွေလောက် ဆိုးဝါးတာဖြင့် ဒကာ ဒကာမတို့ ရှာမတွေ့ပါဘူး (မတွေ့ပါဘူး ဘုရား)။

ဆရာကောင်းတွေ့ရလို့ မှားချက်တွေသိရပြီ

သို့သော် ဆရာကောင်း သမားကောင်းနဲ့ တွေ့ရလို့ ဪ တို့ လုပ်နေတာ မှားချက်ပြင်းထန်၊ လိုက်တာ နေ့တိုင်း သစ္စာမသိဘူးလားဟ (မှန်ပါ)၊ နေ့တိုင်း ကာယကံ ဝစီကံ သင်္ခါရလုပ်နေတယ်၊ အချိန်ကုန် က အဝိဇ္ဇာပစ္စယာ သင်္ခါရာနဲ့ အချိန်ကုန်တယ်၊ တစ်ဘဝလုံးပဲ ဆိုကြပါစို့ (မှန်ပါ)။

အဲဒီနား ကျတော့ ဒီဘဝ ကူးရတော့မယ်၊ ဒီဟာအဆက် ကိုပြတာ (မှန်ပါ)၊ ဒီနေရာမှာ မသေဘဲနဲ့ ဒီဘဝရ ပါ့မလား (မရပါဘူး)၊ ဒီနေရာ မျက်ရည်ကျတဲ့နေရာ၊ အကြောဆွဲတဲ့နေရာ (မှန်ပါ)၊ မမြင်ကောင်းတာ မြင်ရတဲ့ နေရာ (မှန်ပါ)။

မသွားချင်ဘဲနဲ့ သွားရတော့မယ်

အဲဒီတော့ ဒကာ ဒကာမတို့ ဒီနေရာမှာ မမြင်ကောင်း တာ မြင်ရ၊ မသွားချင်ဘဲနဲ့ သွားရတော့မယ် ဆိုတော့မျက်ရည် ကြီးငယ် ကျပြီး ညှိုးနွမ်းပြီး သကာလ တစ်ခါတည်း ဒကာ ဒကာမတို့၏ ခန္ဓာကိုယ်ဟာ မသေခင်က အသုဘရုပ်ကြီး ပေါ်လာတယ်၊ မသာသမား တွေက ပြင်ကြ ဆင်ကြ သော်လဲ သူရုပ်ကတော့ ညိုးတဲ့ ရုပ်ပဲ ပေါ်လာ တော့တယ်၊ ဒီပြင် ဘာလာသေးတုံး (မလာပါဘူး ဘုရား)။

ကိုင်း ဒါဖြင့် သူဘာနဲ့ အချိန်ကုန်ခဲ့တယ် ဆိုတာ ပေါ်ရောပေါ့ဗျာ (ပေါ်ပါပြီ)၊ ဘာနဲ့ အချိန်ကုန်ခဲ့ သလဲ (အဝိဇ္ဇာ သင်္ခါရနဲ့ အချိန်ကုန်ခဲ့ပါတယ် ဘုရား)၊

ဒကာ ဒကာမတွေ ကိုယ်ကျိုးနည်းပါပြီ (မှန်ပါ)။

မသေခင်မို့ကူညီနိုင်တာ

ဒါမသေခင်မို့ ပြောနေတယ်နော် (မှန်ပါ)။ သေတော့ ဘုန်းကြီးများက အကူအညီပေးနိုင်မယ် ထင်ကြသလား (မထင်ပါဘူး)။

ခင်ဗျားတို့ အသေက ဖျပ်ဆိုအသေစိတ်ကလေး ပေါ်ပြီး ဖျပ်ဆို ဒီဘက် ကူးသွားတယ် (မှန်ပါ)၊ ငရဲတိရစ္ဆာန် ဘက် ကူးသွားတော့ ကူညီချိန်တောင် ရသေးရဲ့ လား (မရပါဘူး)၊ တယ်လဲ ကြောက်စရာ ကောင်းပါလား (ကောင်းပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ဒီဒကာ ဒကာမတွေ ဝိဇ္ဇာနဲ့ တပည့်တော်တို့ နိုးပါတော့မယ်ဘုရား၊ ဝိဇ္ဇာနဲ့ အိပ်ပါတော့မယ် (မှန်ပါ)၊ ခန္ဓာကိုယ်ကို ဉာဏ်နဲ့ ကြည့်ပြီး သကာလ ဝိဇ္ဇာဉာဏ်နဲ့ ပဲ ဪ နာတာ ကျင်တာ ကိုက်ခဲကာ ဒုက္ခသစ္စာ၊ ခဏ ခဏ ပြောင်းလွှဲရတာ ဒုက္ခသစ္စာ၊ ဖြစ်ပြီးပျက်နေတဲ့ ဥစ္စာသည် ဒုက္ခသစ္စာ၊ ဆိုပြီး သကာလ အိပ်တဲ့အခါမှာ ဒုက္ခသစ္စာကို ဆင်ခြင်အိပ်ပါ (မှန်ပါ)။

ဒုက္ခသစ္စာမို့ဒုက္ခပဲပြောတယ်

နိုးရင်နိုးချင်းလဲ ဒကာ ဒကာမတွေက ဪ ညောင်းလိုက်တာ ကိုက်လိုက်တာ ခဲလိုက်တာ ခေါင်းထဲက ပူလိုက်တာ ဥတုရာသီက မကောင်းတော့ အိုက်လိုက်တာ၊ ဪ ခန္ဓာကိုယ်ကြီးဟာ ဒုက္ခသစ္စာ ဒုက္ခတွေပဲပြော နေတာ ပဲ (မှန်ပါ)၊ အခြားသောတရား ဘာတွေများ ခန္ဓာက ပြောသေး သတုံး (မပြောပါဘူး)၊ ဒုက္ခသစ္စာမို့ ဒုက္ခပဲ ပြောတယ်ဆိုတာ မပေါ်လာဘူးလား (ပေါ်လာပါ တယ်)။

အဲဒါတွေကိုကြည့်လိုက်တဲ့အခါကျတော့မှ သော် ဒုက္ခသစ္စာကြီး ကျင်ငယ်စွန့်ရ ကျင်ကြီးစွန့်ရ ကော်ဖီတိုက်ရ လက်ဖက်ရည်ကြမ်း တိုက်ရ၊ ဒီဒုက္ခရောက်နေလို့ ဆေးကု မနေရ ဘူးလား (မှန်ပါ)၊ မိုးလင်းလာရင် သူ့ကိုကုရပြီး (မှန်ပါ)။

မိုးလင်းလာရင် သူ့ကိုဘာလုပ်ရသတုံး (ဆေးကု ရပါတယ်)၊ သုခကုရတာလား၊ ဒကာ ဒကာမတို့ ဒုက္ခမို့ ကုရတာလား (ဒုက္ခမို့ ကုရတာပါ)၊ ဒုက္ခမို့ ကုရတာ , ဆိုတာ သေချာပြီလား (သေချာပါပြီ)။

ဪ ဒါဖြင့် ဒကာ ဒကာမတို့ ဒီခန္ဓာကြီးပင်ကို သဘောက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ)၊ ရှင်း ပြီလား (ရှင်းပါပြီ)။

ကိုင်း ဒါဖြင့် အဝိဇ္ဇာသင်္ခါရနဲ့ အချိန်ကုန်နေရင် ဒီမှာ မျက်ရည်ကျ (မှန်ပါ)၊ ဒီခန္ဓာတွေက အပါယ်လေးပါး ခန္ဓာ (မှန်ပါ) ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ) ဟော မင်းတို့ရသည့် ပစ္စုပ္ပန်ဘဝမှာ ဒါလာပါလိမ့်မကွာ တဲ့နော် (မှန်ပါ)။

ဒကာ ဒကာမတို့ ရိပ်မိပြီလား (ရိပ်မိပါပြီ)၊ ဒီ ခန္ဓာငါးပါးက တိရစ္ဆာန်ခန္ဓာလဲ ဖြစ်နိုင်တယ်၊ အခြား အပါယ် ခန္ဓာရော (ဖြစ်နိုင်ပါတယ်)၊ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

အဝိဇ္ဇာသင်္ခါရနဲ့ အချိန်ကုန်ခဲ့လို့

ဪ ဘယ့်နှယ်ကြောင့် ဒီဒုက္ခသစ္စာကြီးနဲ့ လှလှ တွေ့ရ ပါလိမ့်မလဲဆိုတဲ့ မေးခွန်း ထုတ်တော့မှ အဝိဇ္ဇာသင်္ခါရနဲ့ အချိန်ကုန်ခဲ့တဲ့ အတွက် အပါယ်လေးပါး ဒုက္ခသစ္စာကြီး ဒီမြှားကပြတယ် (မှန်ပါ)၊ မပြဘူးလား (ပြပါတယ် ဘုရား)။

ဒီမြှားက အလကား ရေးထားတာလား မင်းတို့ ငိုပြီး သကာလ မျက်ရည်ကျပြီး အပါယ်လေးပါး ခန္ဓာငါးပါး ဒုက္ခသစ္စာတရားဟာ ကိုယ်ပိုင်ဖြစ်မကွ လို့ ဒီမြားက မပြဘူးလား (ပြပါတယ်)၊ ပေါ်ပြီလား (ပေါ်ပါပြီ)။

ကဲ ဒါဖြင့် ဒါယခုပစ္စုပ္ပန်ဘဝ တရားနာနေကြတာ ဒီအထဲမှာ၊ ဒါလူခန္ဓာပဲ ထားလိုက်ပါဦး (မှန်ပါ)၊ လူခန္ဓာပေမယ့် နောက်က အဝိဇ္ဇာသင်္ခါရ အတိတ်ကကိုးဗျ။ အဝိဇ္ဇာသင်္ခါရကြောင့် ယခု ခန္ဓာငါးပါး မပေါ်လား (ပေါ်ပါတယ်)၊ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ)၊

ဒါဖြင့် အတိတ်ဘဝက မိုက်လုံးသန်ခဲ့လို့ ယခု တော့ဖြင့် ဒုက္ခကြီးရောက်နေပါပြီ (ရောက်ပါပြီ ဘုရား)၊ မရောက်သေးဘူးလား (ရောက်ပါပြီ)။

သေမည့်ဘက်ပြေးနေတာ

ကိုင်း ဒါဖြင့် ဒီဒုက္ခသစ္စာထဲမှာ ဒကာ ဒကာမတို့ နေရတာဖြင့် ငြင်းဖို့ မလိုတော့ဘူး (မလိုတော့ပါဘူး)၊ ဒီခန္ဓာကြီးဟာ အိုဘေးနာဘေး သေဘေးတွေနဲ့ များ ရောထွေးနေသလား (ရော ထွေးနေပါတယ် ဘုရား)၊ တစ်နေ့တခြားအို တစ်နေ့တခြား နာပြီး၊ တစ်နေ့တခြား သေမယ့်ဘက် ပြေးတာ သူ့အရေးပဲ မဟုတ်လား (မှန်ပါ)၊ ခန္ဓာ၏လမ်းစဉ်ပဲ မဟုတ်လား (မှန်ပါ)၊ ဘာသစ္စာပါလိမ့် (ဒုက္ခသစ္စာပါ ဘုရား)။

ဪ ဒကာ ဒကာမတွေ ၁-ထဲမှာနေသလား၊ ၂- ၂ ထဲမှာ နေသလား (၂-နံပါတ်ထဲမှာ နေပါတယ်)၊ ပစ္စုပ္ပန်ဘဝကိုးဗျ (မှန်ပါ)။

ဒုက္ခသစ္စာတရားမှာနေကြတာ

ဒါဖြင့်အခုတရားနာနေကြတာ ယောက်ျားတွေလား၊ မိန်းမတွေလား၊ ဒုက္ခသစ္စာတွေလား (ဒုက္ခသစ္စာတွေပါ)။

အဲဒီအထဲမှာ ဘာပဲပေါ် ပေါ့ ယခုအချိန်မှာအိုက်လို့ ပန်ကာတွေ လှည့်ထားတယ်၊ ဘာကြောင့် ဒီပန်ကာတွေ ဒကာ ဒကာမတွေ အလိုရှိပါလိမ့် ဆိုတော့ ဒုက္ခရောက်လို့ ဘုရား (မှန်ပါ)၊ ပန်ကာအပေါ်က ဒုက္ခရောက်လို့ လှည့်ငြား သော်လဲ အောက်ပိုင်းက ပူတယ်ဆိုပြီး အောက်ပိုင်းက ဒုက္ခ သစ္စာ ရတယ် (မှန်ပါ)။

အပေါ်ပိုင်းက အကူအညီရလို့ သက်သာသလိုလိုနဲ့ အောက်ပိုင်းက ဒုက္ခသစ္စာဖြစ်နေတယ် (မှန်ပါ)။

တစ်ခါအောက်ပိုင်းက ပူလို့ ညောင်းလို့ လှည့်ပြန် တော့လဲ ဒကာ ဒကာမတို့ မလှည့်ခင်က ဒုက္ခရောက်နေ တယ် (မှန်ပါ)၊ လှည့်ပေး လိုက်ရပြန်တယ် (မှန်ပါ)။

လှည့်ပေးလိုက်ရတဲ့ အခါကျလို့ရှိရင်ဖြင့် ရောက် ခါစမှာ ဒကာ ဒကာမတွေက သက်သာ သလိုလိုနဲ့ ရောက်ခါစ မှာလဲ ဒုက္ခစ တာပါပဲ (မှန်ပါ)။

ရောက်ခါစမှာလဲ (ဒုက္ခစပါတယ် ဘုရား)၊ ရပ် လာပြန်တော့ ဒုက္ခကြီး ဖြစ်ဘူးလား (ဖြစ်ပါတယ်)။

ဒုက္ခရောက်လို့ပြောင်းနေရတာ

အေး ဒါကြောင့် ခန္ဓာကိုယ်ပြောင်းတိုင်း လွှဲဟိုင်းဟာ ဒုက္ခရောက်လို့ ပြောင်းခံရတယ်။ ဒုက္ခသစ္စာမို့ ဒုက္ခကို ပြောနေတာပဲဆိုတာတော့ မငြင်းပါနဲ့ , (မငြင်းပါဘူး ဘုရား)၊ သဘောပါကြပြီလား (ပါပါပြီ)။

အဲဒီတော့ ဒုက္ခသစ္စာကို တခြားမှာ ရှာရမှာ ခန္ဓာ တစ်ကိုယ်လုံး၏ ပြောင်းလွှဲမှုကို မလုပ်ဘဲ မနေနိုင်တာနဲ့ ဒုက္ခ ရောက်လို့ ပြောင်းရတာချည်းပဲ (မှန်ပါ) ဒါကြောင့် ဒုက္ခ ကြီးနဲ့ ဒုက္ခလေး လဲနေရ တဲ့ ခန္ဓာမို့ ဒုက္ခသစ္စာ (အမှန်ပါ)

နာတယ်ဆိုတော့ ဒုက္ခကြီး မဟုတ်လား (မှန်ပါ) ပြောင်းလိုက်သည်နဲ့ တစ်ပြိုင်နက် ဟိုဘက်မှာ ဒုက္ခကလေး စတယ် (မှန်ပါ)။

ဒုက္ခကြီးနဲ့ဒုက္ခလေးပြောင်း

ဒါဖြင့် ဒကာ ဒကာမတို့ တစ်နေ့မှာဘာနဲ့ ဘာလဲ လှယ်ပြီး အချိန်ကုန်ပါလိမ့် (ဒုက္ခကြီးနဲ့ ဒုက္ခလေးလဲ လှယ်ပြီး အချိန်ကုန် ပါတယ်)၊ ပထမ နာတုန်းကတော့ ဒုက္ခကြီး ပေါ့လေ (မှန်ပါ)။ ပြောင်းလိုက်တဲ့ အခါကျတော့ ဘာလာ သတုံး (ဒုက္ခလေးလာပါ တယ်)၊ ဒုက္ခလေး စတယ် အဲဒီ ဒုက္ခ ကလေး ကြီးပြန်တော့် ဘာလုပ်ရသတုံး (ပြောင်းရပြန်ပါတယ်)၊ ပြောင်းတော့ ဒုက္ခလေး မစဘူးလား (စပါတယ်)။

ဒါဖြင့်တစ်ကိုယ်လုံးမှာဖြင့် ဒုက္ခကြီးနဲ့ ဒုက္ခလေး ဆက်နေတာပဲ (မှန်ပါ)၊ ဒုက္ခကြီး ဆုံးသွားရင် (ဒုက္ခလေးစပါတယ်)၊ အဲ ဒုက္ခလေးပြီးရင် ဒုက္ခကြီးလာလို့ ရှိရင်ဖြင့် ပြောင်းကြ လွှဲကြတော့ကို တစ်ခါ ဒုက္ခလေး ပြန်စပြန်တယ် (မှန်ပါ)၊ မစဘူးလား (စပါတယ်)၊ ပေါ်ကြပြီလား (ပေါ်ပါပြီ)။

ဒါဖြင့် ဘုန်းတို့ ဒကာ ဒကာမတွေ ဘယ်တော့ ချမ်းသာကြသတုံး (ဘယ်တော့မှ မချမ်းသာပါဘူး)၊ အဲဒီ မချမ်းသာတာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ)၊ ဒုက္ခသစ္စာ ဆိုတာ ပေါ်ကြပြီလား (ပေါ်ပါပြီ)။

ဒါဖြင့် ဘုန်းကြီးဒကာ ဒကာမတွေ့၌ ဒုက္ခသစ္စာဆိုတဲ့ ဥစ္စာ တခြားလား အောက်မေ့နေတယ် ဒုက္ခကြီးနဲ့ ဒုက္ခလေး လှည့်ဟာပဲ ရှိတာကို ဆိုကကိုး (မှန်ပါ)၊ ပေါ်ကြပလား (ပေါ်ပါပြီ)။

ဘာနဲ့ဘာလှည့်နေတာပါလိမ့်

ဘာနဲ့ဘာလှည့်နေပါလိမ့် (ဒုက္ခကြီးနဲ့ ဒုက္ခလေး လှည့်ပါတယ်)။

လှည့်စမှာ ဒုက္ခလေး (မှန်ပါ)၊ ရင့်ကျက်လာ ပြန်တေး (ဒုက္ခပါ)၊ ဒုက္ခကြီးနဲ့ မခံနိုင်လို့ ပြောင်းပြန် တော့ (ဒုက္ခလေးပါ ဘုရား)၊ ဒုက္ခလေး ရင့်ကျက်လာပြန် တော့ (ဒုက္ခကြီးပါ ဘုရား)၊ မခံနိုင်လို့ ပြောင်း လိုက်ပြန်တော့ (ဒုက္ခလေးပါ ဘုရား)။

ဪ ဒကာ ဒကာမတို့ ခင်ဗျားတို့မှာဖြင့် ဒီနှစ်ခုပဲ လှည့် နေတယ် (မှန်ပါ)၊ ဒီနှစ်ခု လှည့် နေ တော့ – ဒုက္ခလေးက ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ)၊ ဒုက္ခကြီးကလဲ (ဒုက္ခသစ္စာပါ)။

အဲဒီ ပြောင်းတိုင်း ပြောင်းတိုင်းသာ ဪ ဒုက္ခသစ္စာ – ဪ ဒုက္ခသစ္စာအစ ဪ ဒုက္ခကြီးလို့၊ ဒုက္ခကလေး အစနဲ့ ဒုက္ခကြီး ချည်းပဲ ဉာဏ်ထဲမှာ တွေ့ နေလို့ ရှိရင်ဖြင့် ရုပ် ဘက်ကလဲ ဒီအတိုင်းပဲ (မှန်ပါ)၊ စိတ်တွေ ဝေဒနာတွေ ဘက်ကလဲ ဖြစ်စ ဒုက္ခလေး၊ ဖြစ်ဆုံး ဒုက္ခကြီး (မှန်ပါ)၊ သဘောကျပြီလား (မှန်ပါ)။

ဖြစ်စမှာ (ဒုက္ခလေးပါ)၊ ဖြစ်ဆုံးကျတော့ (ဒုက္ခကြီးပါ)။

ဒကာ ဒကာမတို့ နာမ်ဘက်ကလဲ ဒုက္ခလေးအစနဲ့ ဒုက္ခ ကြီးအဆုံး (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ)၊ ရုပ်ဘက်ကလဲဒုက္ခကြီးအဆုံးနဲ့ ဒုက္ခ လေး အစပဲ ဒါပဲရှိတယ် (မှန်ပါ)။

ဘာပေါ်ပေါ် ဒုက္ခသစ္စာ

ဒါဖြင့် ဒီခန္ဓာကြီးဟာ ရုပ်ပေါ်ပေါ် နာမ်ပေါ်ပေါ် ဘာ သစ္စာတုံး (ဒုက္ခသစ္စာပါ)၊ ပေါ်ကြပလား (ပေါ်ပါပြီ)၊ ရှင်းကြပလား (ရှင်းပါပြီ)။

အဲဒါသူများ ပြောလား ကိုယ်ကိုယ်တိုင် ပြောင်းလွှဲ နေရတာလား (ကိုယ်ကိုယ်တိုင် ပြောင်းလွှဲ နေရတာပါ)၊ ဒါတောင် မရိပ်မိဘူး (မှန်ပါ)။

အဲဒါချည်း နှလုံးသွင်းနေတော့ အဝိဇ္ဇာက ဝိဇ္ဇာဖြစ် ပါတယ် (မှန်ပါ)။

သာယာစွဲလမ်းတာမပါတော့ဘူး

ဒါကြောင့် ခန္ဓာကြီးဟာ ပေါ်တိုင်း ပေါ်တိုင်း ဒုက္ခ ကြီးနဲ့ ဒုက္ခကလေး လဲနေတယ်၊ စိတ်မှာလဲ ဒုက္ခကလေး စပြီး ဒုက္ခကြီး လမ်းဆုံးသွားတယ်လို့ သိလို့ ရှိရင် ဒီနေရာမဂ် ကလေး ပေါ်လာတယ် (မှန်ပါ)၊ မဂ်က ဒီအဆက် ဖြတ်ချ လိုက်တယ် (မှန်ပါ)၊ ဖြတ်ချလိုက်တဲ့ အခါကျတော့ ဒီဘက် ကူးသေးသလား (မကူးပါဘူး)၊ ဒုက္ခကြီး သာယာတာ ပါသေးသလား (မပါပါဘူး)၊ ဒုက္ခကြီး စွဲလမ်းတာ ကော (မပါပါဘူး) ဒုက္ခကြီးနောက် လိုချင်တဲ့ကံတွေကော အားထုတ်သေးသလား (မထုတ်ပါဘူး)။

ဒုက္ခပြောင်းတယ်လို့ သိတာမဂ္ဂသစ္စာ

အဲဒီတော့ တဏှာဥပါဒါန်ကံ ချုပ်ပါတယ်တဲ့။ ဒုက္ခကြီးနဲ့ ဒုက္ခလေးပြောင်းတာ သိနေလို့ရှိရင် (မှန်ပါ)၊ ဒုက္ခကြီးနဲ့ ဒုက္ခလေးက ဘာသစ္စာ (ဒုက္ခသစ္စာပါ)၊ ဒုက္ခကြီးနဲ့ ဒုက္ခလေးပြောင်းနေတယ်လို့ သိတာက (မဂ္ဂသစ္စာပါ)၊

မဂ္ဂသစ္စာဆိုတော့ ဒီမဂ်ဟာ ကိလေသာဖြတ် တယ် (မှန်ပါ)၊ တဏှာဖြတ်တယ်- ဥပါဒါန် ဖြတ်တယ် (မှန်ပါ)၊ ဒိဋ္ဌုပါဒါန်ကော (ဖြတ်ပါတယ်)၊ ကံကောဗျာ (ဖြတ်ပါတယ်)။

အဲဒီလိုဖြစ်တာတွေ ဒကာ ဒကာမတွေက သိတဲ့ခါ ကျတော့မှ ဪ တို့ ကိုးစားရာဟာ မဂ်ပါလား (မှန်ပါ)၊ ဒီဘက် အသစ် သမုဒယသစ္စာ သေးသလား (မလာဘူး) သူမှမလာဘဲနဲ့ နောက် ဒုက္ခသစ္စာ အနာဂတ် ဘဝ ဘယ့်နှယ်တုံး (မလာပါဘူး)၊ မလာတော့ဘူး ဆိုတာ သေချာပြီလား (သေချာပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒုက္ခသည် ဒုက္ခသစ္စာ (မှန်ပါ)၊ သိတာသည် (မဂ္ဂသစ္စာပါ)၊ သေတာက (သမုဒယသစ္စာပါ)၊ နောက်ခန္ဓာ မလာတာက (နိရောဓသစ္စာပါ ဘုရား)။

သစ္စာသိတော့နိဗ္ဗာန်ရောက်တယ်

နိရောဓသစ္စာ ဆိုတာ အားလုံးဒကာ ဒကာမတွေ ဪ နိဗ္ဗာန် ဆိုတော့ မဝေးပါလားဟ (မှန်ပါ)။ သစ္စာသိလိုက်ရင် ရောက်တာပဲ (မှန်ပါ)။

မယုံရင် ဒီခန္ဓာကြီးထဲမှာ ဒုက္ခကလေးအစ ဒုက္ခကြီးအဆုံး (မှန်ပါ)၊ ပေါ်ကြပြီလား (ပေါ်ပြီ)၊ နာမ်ကျတော့ ပေါ်လာတဲ့ အစဟာ ဒုက္ခကလေး၊ ဒုက္ခကြီး အဆုံး (မှန်ပါ)၊ ရုပ်ကျတော့ ဒုက္ခကြီး အဆုံးနဲ့ ဒုက္ခလေး အစ ဒီလိုမလာဘူးလား (လာပါတယ်)၊ ဘာသစ္စာ တုံး (ဒုက္ခသစ္စာပါ)၊ အဲဒါက ဒုက္ခသစ္စာ၊ သိတာက (မဂ္ဂသစ္စာ)။

သံသရာဖြတ်တာမဂ်ပဲ

ဪ ငါဖြင့်သံသရာဖြတ်တာ မဂ်ပဲ (မှန်ပါ၊) ဒကာ ဒကာမ ရိပ်မိပါပြီ (ရိပ်မိ ပါပြီ)။

ဒီကြားကလေး ပြတ်ထွက် သွားတယ်၊ ဒီနေရာမဂ် ပေါ်လိုက်တာ (မှန်)၊ ဒီအစပ်ကလေး ပျောက် တယ် (မှန်ပါ)။

အစပ်ကလေး ဘာဖြစ်သတုံး (ပျောက်ပါတယ် ဘုရား)၊ ပျောက်သွားဟယ်၊ မစပ်နဲ့တော့ဟေ့- ဖြတ်ပေါ့ ဆိုတာက မဂ်က လာတာ (မှန်ပါ)၊ မစပ်နဲ့ ဖြတ်မယ် ဆိုတာက ဘယ်သူပါလိမ့် (မဂ်ပါ ဘုရား)။

ဒီမဂ် ဒကာ ဒကာမတို့ လက်ရှိခန္ဓာကို ဒုက္ခလို့ မြင်ရင် ဒီနေရာ မဂ်ပေါ်တယ် (မှန်ပါ)။

ဒါဖြင့် မဂ်ဖိုလ် ရရပါလို၏ ဆိုလို့ ရတာလား၊ အစပ်ဖြတ်နိုင်လို့ ရတာလား (အစပ်ဖြတ်နိုင်လို့ ရတာပါ)၊

ဒါဖြင့်ဒုက္ခသစ္စာသိ လို့ ရတာ (မှန်ပါ)၊ သိလို့ လဲပြတ် သွားတယ် (မှန်ပါ)၊ သ ဘောပါကြပြီလား (ပါပါပြီ)။

သေပျော်တဲ့တရား

ဟာ သူများပြောလား-ကိုယ့်ဒုက္ခ ကိုယ်သိတာ နဲ့ ပြတ်သွား တာလား (ကိုယ့်ဒုက္ခ ကိုယ်သိတာနဲ့ ပြတ်သွား တာပါ ဘုရား)၊ သိပ်အဖိုးတန် ပါလား (တန်ပါ တယ် ဘုရား)၊ ဒကာ ဒကာမတို့ သေပျော်တဲ့ တရားဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ)။

ဘာဖြစ်လို့ သေပျော်တဲ့တရားလို့ ဘုန်းကြီးက အသားပေးပြီး ပြောရပါလိမ့်မလဲလို့ မေးခွန်း ထုတ်တဲ့အခါ ကျတော့ ဒါကိုဖြတ်ဖို့ ရာ အရေး ခင်ဗျားတို့ ဉာဏ်ထဲမှာတော့ ပါကို မပါဘူး (မှန်ပါ)။

သိသိနေမှမဂ္ဂသစ္စာ

ဒီထဲက ဒုက္ခသစ္စာ၊ သိတာက မဂ္ဂသစ္စာဆိုတာ သိသိ နေမှ မဂ္ဂသစ္စာ ဖြစ်တာ (မှန်ပါ)၊ မသိလို့ ရှိရင် (မဖြစ်ပါဘူး)၊ ၊ မသိလို့ရှိရင် ပြတ်ကော ပြတ်ပါ့မလား (မပြတ်ပါဘူး)။

ဒါဖြင့် ခင်ဗျားတို့သိတဲ့အချိန်နဲ့ မသိတဲ့အချိန် ဘယ် ဟာကများသတုံး (မသိတဲ့အချိန်က များပါတယ်)။

ဒါဖြင့်ဒုက္ခသစ္စာ၊ မသိတာက ဒီနေရာမှာ အဝိဇ္ဇာနဲ့ တဏှာ တွဲလိုက် (မှန်ပါ)၊ မတွဲ ရပေဘူးလား (တွဲရပါတယ်)၊ အဲ တဏှာပစ္စယာ (ဥပါဒါနံ)၊ ဥပါဒါန ပစ္စယာ (ကမ္မဘဝေါ)၊ ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား)၊ ဟော ခင်ဗျားတို့ ဆက်သွားပြီ (မှန်ပါ)၊ မဆက်ဘူးလား (ဆက်ပါတယ် ဘုရား)။

မသိရင်သမုဒယ၊ဒုက္ခ

ခင်ဗျားတို့ မသိတော့ အဝိဇ္ဇာနဲ့ တဏှာက ဘာသစ္စာတုံး (သမုဒယသစ္စာပါ)၊ သေခါနီး၌ ဟောဒီမှာ မျက်ရည် ကျရပြန်ပြီး မျက်ရည်ကျပြီး ဒီဘက်ကူးတော့ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ)၊ ဒါဖြင့် ခင်ဗျားတို့ သမုဒယ + ဒုက္ခ၊ သမုဒယ + ဒုက္ခ အဝိုင်းကြီး လည်တယ် (မှန်ပါ) ပဋိစ္စသမုပ္ပါဒ် လည်တာ ပေါ်ပလား (ပေါ်ပါပြီ။)

အဝိုင်းကြီးလည်နေတယ်

အဲဒါကြောင့် ဒကာ ဒကာမတွေ ခင်ဗျားတို့ ဖြစ်ထွေ ကြည့်ရတာဖြင့် သမုဒယနဲ့ ဒုက္ခသာ လည်နေတယ်၊ ဒီအထဲမှာ မဂ္ဂပါကို ပါဘူး (ပါ)၊

မဂ်ဆိုတာ ကိလေသာ အကန့် အကွက်တွေ ဖြတ်တယ်လို့ စာတော့ ဖတ်ကြပါရဲ့၊ ကိုယ် ဒုက္ခ ကိုယ်မသိတော့ မဂ်က ပေါ်ရဲ့ သား, (မပေါ်ပါဘူး)၊ ကိုယ့်ဒုက္ခ ကိုယ်မသိ ကတည်းက ဖြေပါ (ဖြတ်မပေးပါဘူး)၊ မဖြတ်ရင်ဆက်- စပ်တယ် (မှန်ပါ)။

စိန်တွေရွှေတွေနဲ့အချိန်ကုန်ခဲ့တယ်

မဖြတ်လို့ရှိရင် (ဆက်ပါတယ်၊ စပ်ပါတယ် ဘုရား)၊ အဲဒါကြောင့် ခင်ဗျားတို့ ရွှေနဲ့၊ ခင်ဗျားတို့ စိန်နဲ့၊ ခင်ဗျား တို့ တိုက်နဲ့၊ ခင်ဗျားတို့ ကားနဲ့၊ ခင်ဗျားတို့ ကျောက်နဲ့ အချိန်ကုန်နေတဲ့ အဖြစ်ကဖြင့် ကိုယ်ကျိုးနည်းပေါ့ (မှန်လှပါ)သစ္စာသိပြီး အချိန်ကုန်မှ သံသရာပြတ်မယ် (မှန်ပါ)၊ သစ္စာမသိဘဲနဲ့ အချိန်ကုန်ခဲ့သော် (မပြတ်ပါဘူး)။

အဲဒါကြောင့်မအိပ်ခင်လဲ ဒီခန္ဓာ ဘာသစ္စာတုံး ကြည့် (ဒုက္ခသစ္စာပါ)၊ နိုးပြန်တော့ ပေါ်လာတာ ဟူသမျှ တို့ ဟာ (ဒုက္ခ သစ္စာပါ)။

မအိပ်ခင်ဒုက္ခသစ္စာတွေးပါ

အဲဒါကြောင့် မအိပ်ခင်လဲ ဒုက္ခသစ္စာတွေး (မှန်ပါ)၊ အိပ်လို့ နိုးပြန်တော့ကော (ဒုက္ခသစ္စာပါ)၊ နိုးတဲ့အချိန်မှာ တွေးနေလို့ ရှိရင် တွေးလုံးက မဂ္ဂသစ္စာ၊ သူက ဒုက္ခသစ္စာ (မှန်ပါ)၊ ဒီဘက် သံသရာ မပြတ်ဘူးလား (ပြတ်ပါတယ်)၊ ဘာသစ္စာပြတ်သတုံး (သမုဒယသစ္စာ ပြတ်ပါတယ်)၊

သူပြတ်သွားတယ် ဆိုတော့ ဒီအဆက် ရှိသေးရဲ့လား (မရှိပါဘူး)၊ ဒီအဆက်မရှိတော့ ဒီအဆက် နဲ့ ဆက်မိသေးရဲ့လား (မဆက်မိပါဘူး)။

ဒါဖြင့် သမုဒယန့်ဒုက္ခချုပ်တယ် ဆိုတော့ သမုဒယ ချုပ်လဲ နိဗ္ဗာန်ပဲ (မှန်ပါ)၊ ဒုက္ခချုပ်ကော (နိဗ္ဗာန်ပါ)။

ကိုယ့်ခန္ဓာဒုက္ခသစ္စာပွားများ

ဒါဖြင့် နိဗ္ဗာန်ရောက်ဖို့ အလုပ်ဟာ ဒကာ ဒကာမတို့ ကိုယ့် ခန္ဓာဒုက္ခသစ္စာ ပွားများမှုအလုပ် (မှန်ပါ)၊ ဆုတောင်းနေတဲ့ အလုပ်သည် လိုရင်းအလုပ် မဟုတ်သေး (မှန်ပါ)၊ ဆုတောင်းနေရုံနဲ့ ရကောရရဲ့ လား (မရပါဘူး)၊ ကိုယ့်ဒုက္ခကိုယ်သိမှ မဂ်ပေါ်တယ် (မှန်ပါ)

ဒုက္ခချုပ်တာနိဗ္ဗာန်

ဒီခန္ဓာကြီးဟာ ကိုယ့်ဒုက္ခပေါ့ဗျာ (မှန်ပါ)၊ ကိုယ့် ဒုက္ခ ကိုယ်သိတာက (မဂ္ဂပါ ဘုရား)၊ မဂ္ဂဖြစ်ပြီး သကာလ ကိုယ့်ဒုက္ခကိုယ်သိတယ် ဆိုတော့ ဒီမှာပြတ်ထွက် သွားတယ် (မှန်ပါ)၊ သူများ ပြောတာလား ဒီနေရာကို ပြတ်တာလား (ဒီနေရာကို ပြတ်တာပါ)၊

ဒီနေရာပြတ်တော့ ခင်ဗျားတို့ဟာ သမုဒယသစ္စာချုပ်၊ ဒုက္ခသစ္စာကော (ချုပ်ပါတယ်)၊ ဒါဖြင့် သမုဒယချုပ်ရာလဲ နိဗ္ဗာန်ပဲ (မှန်ပါ)၊ ဒုက္ခချုပ်ရာကော (နိဗ္ဗာန်ပါ)။

တွေးလုံးထုတ်နေစမ်းပါ

ဪ ဒါဖြင့် ခန္ဓာကိုယ်ကြီး ပြောင်းတိုင်း ပြောင်းတိုင်း ပြောင်း တိုင်းလွှဲတိုင်းပဲ ဒုက္ခအစနဲ့ ဒုက္ခအဆုံး (မှန်ပါ)၊ နာမ်ကလေး ပေါ်လာရင်ကော (ဒုက္ခ အစနဲ့ ဒုက္ခ အဆုံးပါ)၊ ဒုက္ခအစနဲ့ ဒုက္ခ အဆုံး မှတစ်ပါး ဘာရှိသတုံး (ဘာမှမရှိပါဘူး၊ အဲဒါတွေ တွေးလုံးထုတ်နေစမ်းပါ (မှန်ပါ)။

သစ္စာလေးပါး

တွေးလုံးထုတ်တဲ့အခါကျလို့ ရှိရင်ဖြင့် ခန္ဓာက – ဒုက္ခသစ္စာ၊ တွေးလုံးက (မဂ္ဂသစ္စာပါ)၊ သေတာက (သမုဒယပါ)၊ နောက်မလာတာက (နိရောပေါ်)၊ ဒုက္ခချုပ်တာ နိရောဓသစ္စာ (မှန်ပါ)၊ ရိပ်မိကြပြီလား (ရိပ်မိပါပြီ)။

ကိုင်း ယနေ့ ဒီတွင်တော်ပါဦး။

သာဓု သာဓု သာဓု။