213

ဖြစ်ပျက်ရမ်းနေလို့ မဖြစ်သေးဘူး

မှတ်ချက်။ ။စာအုပ်ပါရက်စွဲနှင့် အသံဖိုင်ကိုက်ညီမှုမရှိပါ။

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မန္တလေးမြို့၌

ဟောကြားတော်မူသော တရားတော်

ဖြစ်ပျက်ရမ်းနေလို့ မဖြစ်သေးဘူး

(ရှင်ဆန္န)

ဟောကြားသည့်နေ့

(၁၈-၂-၆၀)

ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဘယ်လမ်းက ကြွ သွားပါလိမ့်မလဲလို့ ဒကာ ဒကာမတွေက အမွေးထုတ်လို့ရှိရင် ဖြင့်၊ လမ်းသုံးလမ်း ရှိတဲ့အနက်က သဿတလမ်းကိုလည်း ရှောင် သွားပါတယ်။ ဥစ္ဆေဒဒိဋ္ဌိလမ်းကိုလည်း ရှောင်သွားပါတယ်။ မဂ္ဂင်လမ်းဆိုတဲ့ အလယ်လမ်းကို လိုက်သွားသောကြောင့် ဘုရား အဖြစ်သို့ ရောက်ပြီး သကာလ၊ ဒုက္ခခပ်သိမ်း ကင်းငြိမ်းပြီး တဏှာ အပူ ဇာတ်တွေ သိမ်းတဲ့ နိဗ္ဗာန်ကြီးကိုဖြင့် ရောက်နေပြီဆိုတာ ဒကာ ဒကာမတွေ သိပြီးသားပါပဲ (မှန်ပါ့) ကိုယ်တော်ကြီး ဘယ်လမ်း လိုက်သွားတယ်ဆိုတာ ခင်ဗျားတို့ သိကြပြီ (သိပါပြီ ဘုရား) အလယ်လမ်း လိုက်သွားတယ်လို့ မှတ်ကြစမ်းပါနော် (မှန်ပါ့)။

ဘဝကို ခင်တွယ်တာက သဿတလမ်း၊ ဘဝကို အရမ်းဖြတ်ချင်တာက ဥစ္ဆေဒလမ်း (မှန်ပါ့)။

ဘဝကို ခင်တွယ်တာက ဘာတုံး (သဿတလမ်း ပါ) ဘဝကို ဉာဏ်မပါဘဲနဲ့ ရမ်းပြတ် ချင်တာက (ဥစ္ဆေဒလမ်းပါ ဘုရား)။

မဂ္ဂင်လမ်းဆိုတဲ့ အလယ်လမ်း

အဲဒီနှစ်လမ်းကို ရှောင်ပြီး သကာလ မဇ္ဈိမ ပဋိပဒါဆိုတဲ့ အလယ်လမ်းက နေပြီး၊ မဂ္ဂင်ရှစ်ပါး တွေ ပွားများပြီး သကာလ ‘‘ဧကာယနောယံ ဘိက္ခဝေ မဂ္ဂေါ’’ ဆိုတဲ့အတိုင်း၊ အလယ်လမ်းကြောင်း ကနေ လိုက်သွားတာနဲ့ ဒုက္ခခပ်သိမ်း အပူသိမ်းတဲ့ အပူငြိမ်းတဲ့ နိဗ္ဗာန်ကြီးကို၊ ကိုယ်တော်မြတ်ကြီးနဲ့တကွ သင်္ချေ များစွာသော နောက်ပါတွေလည်း ဦးခင်မောင်တို့ လိုက်သွား ကြပြီ (မှန်ပါ့)။

ဘယ်လမ်းက သွားကြပါလိမ့် (အလယ်လမ်းက သွားပါတယ် ဘုရား) အလယ်လမ်းက သွားကြတော့ ဒကာ ဒကာမတွေ ကျုပ်တို့ကျန်ရစ်တာ ဘယ့်နှယ်ကြောင့်တို့ ကျန်ရစ် ပါလိမ့်မလဲ၊ ဘုရားတွေ ဂင်္ဂါသဲမှုန့်နဲ့အမျှ ပွင့်သွားပါလျက်သားနဲ့ တို့ ကျန်နေရစ်တာ ဘာပါလိမ့်မလဲဆိုတာ တွေးလုံးထုတ်တော့ မှ၊ ဘဝခင်တွယ်တဲ့ သဿတလမ်းမှာ နေရစ်တာကိုးဗျ (မှန်ပါ့)။

ဥစ္ဆေဒလမ်း

တစ်ခါတလေကျတော့ ဆရာကောင်း သမားကောင်း မတွေ့ ကိုယ့်စိတ်နဲ့ကိုယ် ဘဝပြတ်ရင် ပြီးတာပဲဆိုတဲ့ ဥစ္ဆေဒလမ်း ကို လိုက်နေတာနဲ့လည်း ကျန်ရစ်ခဲ့ကြတယ်နော် (မှန်ပါ့)။

ဒါကြောင့် ဘုရားအဆူဆူ ပွင့်လို့ ကျုပ်တို့မပါခဲ့တာ အမှန်အားဖြင့် အများအားဖြင့် ပြောရမယ်ဆိုရင်၊ ဒကာသစ်တို့ ဦးရွှေတို့ သဿတလမ်း ဘဝခင်တွယ်တဲ့လမ်းမှာ နေရစ်တာ များတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

သဿတလမ်း

ဘယ်လမ်းနေရစ်ခဲ့တာများသတုံး (ဘဝခင်တွယ် တဲ့ လမ်းမှာ များပါတယ်) ဘဝခင်တွယ်တာ သဿတလမ်း (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ကျုပ်တို့ ကျန်ရစ်ခဲ့တာသည် ဘုရားသခင် ကိုယ်တော်မြတ်ကြီး တရားမဟောလို့ ကျန်ရစ်တာလား၊ ကျုပ်တို့ ကိုယ်တိုင်က သဿတဒိဋ္ဌိ အယူရှိပြီး သကာလ နေလို့ ကျန်ရစ် ခဲ့ကြတာလား ဆိုတာ၊ ဒကာ ဒကာမတွေက မေးလို့ရှိရင်ဖြင့်၊ ကိုယ့်သား ကိုယ့်သမီး ကိုယ့်မြေ ကိုယ့်မြစ်နဲ့ ဘုံဘဝတွေ စံပြီး သကာလ၊ သုခဝေဒနာ နှိပ်စက်တာနဲ့ ဦးခင်မောင် ကျန်နေရစ် ရတယ် (မှန်ပါ့) သုခယောင် နှိပ်စက်လိုက်တာနဲ့ ဒကာ ဒကာမတွေ ကျန်နေရစ်ရတယ်နော် (မှန်ပါ့)။

ဗုဒ္ဓဘာသာဝင်တွေမှာ ဘယ်ဒိဋ္ဌိများပါလိမ့်

ဒါဖြင့် များသောအားဖြင့် ဗုဒ္ဓဘာသာဝင်တွေမှာ သဿတခံပြီး သကာလ ကျန်ရစ်တာ များတယ်နော် (မှန်ပါ့)။

ဗုဒ္ဓဘာသာဝင်တွေမှာ ဘယ်ဒိဋ္ဌိများပါလိမ့် (သဿတဒိဋ္ဌိ များပါတယ် ဘုရား) အို ဒီက ငါလုပ်ထား တာကလေးတွေ ငါပဲ ရမှာပါပဲဆိုတဲ့ ကမ္မဿကတဉာဏ်က သဿတဒိဋ္ဌိမပြုတ်တော့၊ ကမ္မဿကတဉာဏ်လောက်နဲ့ ဒီဘဝ ငါလုပ်ထားတာတွေဟာ၊ ငါကျောင်းဆောက် ငါဘုရားတည် ထားတာတွေဟာ၊ ငါပဲ သွားပြီး ခံစားရမှာပဲ စံစားရမှာပဲဆိုပြီး သကာလ၊ ကမ္မဿကတဉာဏ်က ဒိဋ္ဌိ မခွဲခွာနိုင်တော့ ဒါကလေး ဟာလည်း ဘုံဘဝနှစ်သက်တဲ့ သဘောကလေး မပါဘူးလား (ပါပါတယ် ဘုရား) ဘာဒိဋ္ဌိကလေးပါလိမ့် (သဿတ ဒိဋ္ဌိပါ ဘုရား)။

သဿတဒိဋ္ဌိရှိနေတယ်

သဿတဒိဋ္ဌိရှိနေတဲ့အတွက် မခွဲနိုင် မခွာရက်ဆိုတဲ့ ခန္ဓာ၊ မခွဲနိုင် မခွာရက် သားသမီး လေးတွေ မခွဲနိုင် မခွာရက်၊ ဒါကလေးတွေက ကိုယ့်ဒုက္ခကလေးတွေနဲ့ ကိုယ် တင်းတိမ်ပြီး သကာလ နေတဲ့ ဥစ္စာ၊ ဒါကလေး ခိုင်တယ်၊ မြဲတယ်မှတ်ပြီး သကာလ နေတဲ့ သဿတလမ်း လိုက်နေတာ နဲ့လည်း ဦးခင်မောင်ရေ ကျန်ရစ်ခဲ့ရတယ်နော် (မှန်ပါ့)။

အဲဒီတော့ ဒကာ ဒကာမတွေ စဉ်းစားကြည့်၊ ဘုရား အဆူဆူ ဂင်္ဂါဝါဠု သဲစုမက ပွင့်တော် မူကြပါလျက်သားနဲ့၊ ငါတို့ ဘယ်ချောင်ထိုး ဘယ်လိုများ ကျန်ရစ်ပါလိမ့်မတုံး မေးတော့၊ ဘယ်ချောင်ထိုး နေနေ ထိုးတာက သိပ်အရေးမကြီးပါဘူး၊ ကျွတ်တမ်းဝင်မည့် ပုဂ္ဂိုလ်ဆိုရင် ဘုရားလိုက်မှာပဲ (မှန်ပါ့) သို့သော် သဿတကြီးခံနေတဲ့အတွက် ဘုရားမလိုက်နိုင်ဘူး (မှန်ပါ့)။

အခုပဲ ကဲ ဒကာ ဒကာမတွေ ဒီနေ့ ဖြစ်ပျက်ရှုကြ။ နက်ဖြန် ဉာဏ်အမြင်ကလေး တက်ပြီး သဘက်ခါ ဒုက္ခသစ္စာ ပိုင်းခြားပြီး သကာလ နိဗ္ဗာန်မြင်ပါလိမ့်မယ်၊ ဆက်အားထုတ်လို့ ရှိရင် ချက်ချင်း ရဟန္တာဖြစ်ပါလိမ့်မယ် ဆိုတာတောင်မှ၊ ဒကာ ဒကာမတို့ မလုပ်ဖြစ်ကြတာတွေ အကဲခတ်ကြည့်လို့ ရှိရင်ဖြင့်၊ ဘုံဘဝပျော်တဲ့ တဏှာလေးဟာ ဦးခင်မောင် ကျန်နေတယ် (ကျန်နေပါတယ် ဘုရား)။

အပြစ်တော့မကြီးဘူး

အဲဒီကဲ့သို့ ကျန်နေသောကြောင့် ဒါသည် ဘဝတဏှာ ဆိုတာ သဿတဒိဋ္ဌိပါပဲ။ ဒိဋ္ဌိနဲ့ တဏှာ တွဲလျက်ဖြစ်ပြီး သကာလ နေပါတယ်။ ဒါကြောင့် မဇ္ဈိမ ပဏ္ဏာသအဋ္ဌကထာ မှာ သဿတဒိဋ္ဌိဟာ ဘဝစွန့်ဖို့ အတော်ခဲယဉ်းတယ်၊ ဘဝထဲမှာ သာ ပုန်းအောင်းနေတဲ့အတွက် သူဟာ နိဗ္ဗာန် အရောက်နှေး တယ်။ သို့သော် အပြစ်တော့ မကြီးဘူးတဲ့၊ ဒကာ ဒကာမတို့ (မှန်ပါ့)။

နိဗ္ဗာန်အရောက်နှေးတယ်

သဿတဒိဋ္ဌိဟာ အပြစ်တော့ (မကြီးပါဘူး ဘုရား) ဒါလောက်မကြီးလှဘူး၊ နိဗ္ဗာန်ကျတော့ (အရောက်နှေးပါတယ် ဘုရား) ဘုရားနဲ့တွေ့၊ ဘုရား၏ တပည့်သားနဲ့ တွေ့လည်း မလိုက်လိုသေးဘဲ ဘုံဘဝထဲမှာပဲ ပုန်းအောင်း နေရစ်တာပဲ (မှန်ပါ) ဘယ်လောက်ကြောက်စရာ ကောင်းသတုံး (ကောင်းပါတယ် ဘုရား)။

ဘုံဘဝဆိုတာ ဒကာ ဒကာမတွေ သိပြီးသားအတိုင်း ပါပဲ ဘယ်ဘုံနေနေ အိုနာသေ ရှိတာပဲ ဆိုတာ ငြင်းဖို့ လိုသေး သလား (မလိုပါဘူး) အဲဒီဘုံဘဝတွေထဲမှာဘဲ ကိုယ့်ဘဝ ကလေးနဲ့ကိုယ် ပုန်းအောင်းနေရစ်၊ ရောက်ရာဘဝ ခင်တွယ်ပြီး အောင်းနေရစ်တဲ့ အတွက်၊ သဿတဝါဒီရှိတဲ့ ပုဂ္ဂိုလ်များဟာ ဘုရားနဲ့သော် လည်းကောင်း ဘုရားတပည့်သားများနဲ့သော် လည်းကောင်း တွေ့ငြားသော်လည်း၊ ကျွတ်တမ်းဝင် ခဲတယ်။ သဿတဒိဋ္ဌိရှိတာ တယ်ကြောက်စရာ ကောင်းပါကလား (ကောင်းပါတယ် ဘုရား) အပြစ်တော့ ဘာတဲ့တုံး (သေးပါ တယ် ဘုရား) ကျွတ်တမ်းကော (ကျွတ်တမ်းဝင်ခဲ့ပါတယ် ဘုရား)။

အပြစ်တော့ကြီးတယ်

ဥစ္ဆေဒဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်ကတော့ အပြစ်တော့ အတော်ကြီး တယ်။ ဒကာ ဒကာမတို့ ဘဝပြတ်ပြီးသားပဲ။ ဘာကိစ္စရှိသတုံး၊ ကုသိုလ်လည်း မပြုဘူး၊ အကုသိုလ်လည်း မကြောက်ဘူး (မှန်ပါ) ဥစ္ဆေဒဒိဋ္ဌိ ရှိသမားက ကုသိုလ်တော့ သူမပြု ဘူး။ အကုသိုလ်တော့ လုပ်တာပဲ။ ဘုံဘဝလည်း သူမခင်ဘူး (မှန်ပါ) မခင်ပေမယ့် သူဟာ ဒကာ ဒကာမတို့ နိဗ္ဗာန်ရှိတယ်လို့ ယူတဲ့ သဘောက မပါတော့၊ သေသွားပြီးတာပဲ ပြတ်သွားရင်ပြီးတာပဲ ဆိုတော့ တယူသန် မောဟ လွှမ်းနေတယ် ဆိုတာကော သဘော ကျကြပလား (ကျပါပြီ ဘုရား)။

ကျွတ်တမ်းဝင်လွယ်တယ်

သေပြီးတာပဲကွာ သေတစ်နေ့ မွေးတစ်နေ့ အစရှိသည်နဲ့ ဥစ္ဆေဒဒိဋ္ဌိအယူကိုယူတတ်ပါတယ်တဲ့ (မှန်ပါ) ထိုကဲ့သို့ယူတဲ့ ပုဂ္ဂိုလ်ဟာ အပြစ်တော့အင်မတန်ကြီးသတဲ့ ဦးခင်မောင် (မှန်ပါ) သို့သော် ဘုရားနဲ့ဖြစ်စေ ဘုရား၏ တပည့်သားတွေနဲ့ ဖြစ်စေတွေ့မယ်ဆိုတော့ ချက်ချင်း ကျွတ်တမ်း ဝင်နိုင်တယ်။

ဘုရားဆုရင်လည်း အလျင်အမြန် တောင်းပစ်လိုက်တတ်တယ်။ သာဝကပါရမီဉာဏ်နဲ့ သော်လည်း မြန်မြန် အားထုတ်ပြီး နိဗ္ဗာန် ယူလိုက်လေ့ရှိတယ် (မှန်ပါ) ဒါကြောင့် ဥစ္ဆေဒဒိဋ္ဌိရှိက အပြစ်တော့ကြီးတယ် သို့သော် ကျွတ်တမ်းဝင်လွယ်သတဲ့ ဒကာ ဒကာမတို့ (မှန်ပါ)။

သဿတဒိဋ္ဌိကတော့ (အပြစ်သေးပြီးကျွတ်တမ်း တော့ဝင်ခဲပါတယ်) ကျုပ်တို့ ဗုဒ္ဓဘာသာ မြန်မာ လူမျိုးမှာ များသောအားဖြင့် သဿတဒိဋ္ဌိရှိနေတတ်တယ်။ တမလွန် အပြစ်တော့ မကြီးလှဘူး ဒကာ ဒကာမတို့ ကျွတ်တမ်းတော့ ဝင်ခဲတယ် နော် (မှန်ပါ)။

နိဗ္ဗာန်တော့တားတာချည်းပဲ

အဲဒီတော့ ဒီသဿတ၊ ဥစ္ဆေဒဒိဋ္ဌိရှိနေသ၍ ကာလပတ် လုံး မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်တော့ တားတာချည်းပဲလို့ မှတ် ရမယ် (မှန်ပါ့) ရှင်းပါလား (ရှင်းပါပြီ)။

ဘဝခင်တွယ်နေတဲ့ သဿတက ဟိုဘ၀ ဒီဘဝရှိတယ်။ ဒီဘဝမှာ ငါလုပ်ရင် ငါရမှာပဲဆိုတဲ့ သဿတဒိဋ္ဌိသမားလည်း ဒကာ ဒကာမတို့ နိဗ္ဗာန်တော့တားတာပဲ။ ရှင်းပလား (ရှင်းပါပြီ)

ဥစ္ဆေဒဒိဋ္ဌိကကော (နိဗ္ဗာန်တားပါတယ်) သို့သော် ဘယ်သူက ကျွတ်လွယ်သတုံးမေးတော့ ဘယ့်နှယ်ဖြေကြမလဲ (ဥစ္ဆေဒသမားက ကျွတ်လွယ်ပါတယ် ဘုရား)။

ဥစ္ဆေဒဒိဋ္ဌိက အပြစ်တော့ကြီးသတဲ့ ဒကာ ဒကာမတို့ ကျွတ်လွယ်တယ်လို့ မှတ်ထား လိုက်စမ်းပါ (မှန်ပါ့) သဿတ ဒိဋ္ဌိကတော့ ဒကာ ဒကာမတို့ တမလွန်အပြစ်တော့ ဒါလောက် မကြီးလှပါဘူး၊ ဘုရားနဲ့ဖြစ်စေ ဘုရားတပည့်သားနဲ့ဖြစ်စေ တွေ့တဲ့အခါ ဘုံဘဝထဲ ပုန်းအောင်းချင်တဲ့ စိတ်ကများလွန်းလို့ ဦးခင်မောင် တယ်ပြီးကျွတ်ခဲသတဲ့ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီဒိဋ္ဌိနှစ်ခု ရှင်းပလား (ရှင်းပါ ပြီ ဘုရား) ဘဝခင်တွယ်တာက ဘာဒိဋ္ဌိတဲ့တုံး (သဿတဒိဋ္ဌိ ပါ) ဘဝမခင်တွယ်တာက (ဥစ္ဆေဒဒိဋ္ဌိပါ)။ ဘယ်သူက တမလွန် အပြစ်ကြီးသတုံး (ဥစ္ဆေဒဒိဋ္ဌိက ကြီးပါတယ်) ကျွတ်လွယ်တော့ ဘယ်သူက ကျွတ်လွယ်သတုံး (ဥစ္ဆေဒဒိဋ္ဌိ က ကျွတ်လွယ်ပါ ဘုရား)။

သဿတဒိဋ္ဌိက ဘုံဝခင်တွယ်တဲ့တဏှာကလေးက ရှိပြီး နေတော့ ကျွတ်ခဲပါတယ်လို့ *အဋ္ဌကထာများမှာ သေသေချာချာ ဖွင့်ပြတော့ ဒကာ ဒကာမတို့ ဒီဟာကိုရိပ်မိတော့ ဪ ဒို့နှစ်ခုစလုံး ရှောင်ရမှာပါကလား (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ)။

မှတ်ချက်။ ။*မဇ္ဈိမပဏ္ဏာသအဋ္ဌကထာ၊ ဒီဃနခသုတ်အဖွင့် ၁၄၃-၁၄၄ ကြည့်။

ပဋိစ္စသမုပ္ပါဒ်နားလည်မှ

နှစ်ခုစလုံး ရှောင်ချင်တော့ ခန္ဓာပဋိစ္စသမုပ္ပါဒ် နားလည်မှ နှစ်ခုစလုံးရှောင်လို့ရတယ် (မှန်ပါ့)။ ဒကာ ဒကာမတို့ဘာနားလည်ရမတုံး (ခန္ဓာပဋိစ္စ သမုပ္ပါဒ်နားလည်မှပါ ဘုရား) ယခု ခန္ဓာ ဖြစ်နေတဲ့ ဖြစ်စဉ်ကြီး နားလည်မှ နှစ်ခုစလုံးလွတ်မယ် (မှန်ပါ့)

ဒီဟာနားမလည်ဘဲနဲ့ မနေ့ကလည်းပြော၊ တမြန်နေ့ကလည်း ပြောခဲ့တယ်၊ ဝိပဿနာ ရှုနေလို့ရှိရင် ဒီဒိဋ္ဌိနှစ်ခုက အမြဲတမ်းကန့်ကွက်နေတာပဲ (မှန်ပါ့)။

ဖြစ်ပျက်ရမ်းရှုနေလို့မဖြစ်သေးဘူး

ဒါ့ကြောင့် ဒီဥစ္စာကို ဆရာဘုန်းကြီး အရေးတကြီး ပြောနေတယ်ဆိုတာ ဒကာ ဒကာမတွေ အပေါ်မှာ စေတနာ မေတ္တာပိုတာလည်း သိပြီး မဟုတ်လား (မှန်ပါ့)။ ဖြစ်ပျက် ရမ်းရှုနေလို့ မဖြစ်သေးဘူး ဆိုတာကော ပေါ်လာကြပလား (ပေါ်လာပါပြီ)

ရှေ့ကရှင်းစရာလင်းစရာဖြစ်တဲ့ သဿတ ဥစ္ဆေဒ တွေကို ဦးခင်မောင် မခွာဘဲနဲ့ ရှုနေလို့ရှိရင်၊ ဒုဗ္ဗလဝိပဿနာ အားနည်းတဲ့ ဝိပဿနာ ဖြစ်နေလို့ ဦးခင်မောင် မရပါဘူး (မှန်ပါ့) ခွာပြီးမှ ရှုလို့ရှိရင်ဖြင့် အားကြီးတဲ့ ဝိပဿနာဖြစ်လို့၊ မဂ်ဉာဏ် ဖိုလ်ဉာဏ် ရနိုင်ပါတယ် ဆိုတာ သေသေချာချာ မှတ်ကြပါ (မှန်ပါ့)။

ကုသိုလ်ဖြစ်ရုံလောက်မနာကြနဲ့

ဒါဘုန်းကြီးများက အခုထပ်ပြန် တလဲလဲပြောတော့ ဒကာ ဒကာမတွေက ဒီအဓိပ္ပါယ်ကို ခပ်သေးသေး သိမ်သိမ် မှတ်ပြီးတော့တို့ ကုသိုလ်ဖြစ်အောင် နာမယ်ဆိုတဲ့ စိတ်နဲ့ မနာကြနဲ့နော် (မှန်ပါ့)

ကုသိုလ်ဖြစ်ရုံလောက်ဆိုတော့ ရေအိုးစင် တည်နေတာတောင် ကုသိုလ်ဖြစ်တာပဲ ဦးခင်မောင် (မှန်ပါ့) တံမြက်စည်းလျှောက်လှဲနေလဲ (ကုသိုလ်ဖြစ် ပါတယ်) ကုသိုလ်တော့ဖြစ်ပါတယ်တဲ့ ဒိဋ္ဌိက မကွာလို့ရှိရင်ဖြင့် မဂ်ဉာဏ် ဖိုလ်ဉာဏ်တွေကို မရနိုင်ဘဲရှိနေမယ် (မှန်ပါ့) ကုသိုလ်က သုဂတိကို အကျိုးပေးပြီး မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ကန့်ကွက်တဲ့ ဒိဋ္ဌိက ပါနေပြန်လို့ရှိရင်လည်း နိဗ္ဗာန် မဂ်ဖိုလ် ကျတော့ မတားပေဘူးလား (တားပါတယ်)။

အဲဒါကြောင့် ဒကာ ဒကာမတွေ ခန္ဓာပဋိစ္စသမုပ္ပါဒ်ဆို တာ ကိုယ်တိုင်သိအပ်တဲ့ ဒိဋ္ဌိခွာတဲ့ အလုပ်လို့ မှတ်ပါ (မှန်ပါ့)။

ခန္ဓာပဋိစ္စသမုပ္ပါဒ်ဆိုတာ

ခန္ဓာပဋိစ္စသမုပ္ပါဒ်ဆိုတာ ဘာပါလိမ် (ကိုယ်တိုင် သိအပ်တဲ့ဒိဋ္ဌိခွာတဲ့ အလုပ်ပါ ဘုရား)။ ကိုယ်တိုင် သိအပ်တဲ့ ကိစ္စ။ ဒါ ဒိဋ္ဌိမခွာဘဲနဲ့ ရကို မရနိုင်တဲ့ ကိစ္စဆိုတာ သေသေချာချာမှတ် ပါ (မှန်ပါ့) ရှင်ဆန္ဒတော်တော်နဲ့ မရနိုင်တာ သေချာပလား (သေချာပါပြီ)။

ကိုင်း ဒါဖြင့် ခန္ဓာပဋိစ္စသမုပ္ပါဒ်တော့ဖြင့် ဒကာ ဒကာမ တွေ အမြဲတမ်း မှတ်ရလိမ့်မယ် (မှန်ပါ့)။ မြင်တယ် မြင်စိတ်ကလေး ပေါ်လာတယ်နော် (မှန်ပါ့) ‘‘စက္ခုံ စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ’’ ဆိုတော့ မြင်စိတ်ကလေး မပေါ်ဘူးလား (ပေါ်ပါတယ်) ‘‘တိဏ္ဏံ သင်္ဂတိ ဖဿော’’ ဆိုလို့ရှိရင် မြင်တာကလေးနဲ့ တွေ့ချင်တာက မလာပေဘူးလား (လာပါတယ်) တွေ့ပြီး သကာလ သူနဲ့ ပျော်ပျော်ပါးပါး နေချင်တဲ့ ဝေဒနာလေးကကော (လာပါတယ်)။

ဒါစာလိုပြောနေရင် ခင်ဗျားတို့က နားမလည်ဘူး၊ ခင်ဗျားတို့ စိတ်ထဲဖြစ်စဉ်တွေ ပေါ်လာအောင် ပြောမှနား လည်တယ် ဆိုသောကြောင့်၊ ခင်ဗျားတို့စိတ်ကို ခင်ဗျားတို့ မြင်အောင် ဖမ်းနိုင်မှသာလျှင် နေရာကျမှာ ဖြစ်သောကြောင့်၊ စာသုံးနဲ့ မပြောဘဲနဲ့ ခင်ဗျားတို့ ဖြစ်စဉ်ကို ပြောပေးနေတယ်လို့ မှတ်ရလိမ့်မယ်နော် (မှန်ပါ့)။

မြင်တာကမြင်စိတ်

မြင်တာက မြင်စိတ်ဗျာ၊ မြင်ရင်ဖြင့် မြင်ရုံနဲ့ ခင်ဗျားတို့ က မကျေနပ်သေးဘူး၊ တွေ့ချင် သေးတယ် ဆိုတာ လာတယ်၊ မလာဘူးလား (လာပါတယ် ဘုရား)။

မြင်ပြီး ဘာလုပ်ချင်ကြသတုံး (တွေ့ချင်တယ်) တွေ့ချင် ပြီး သကာလ ခင်ဗျားတို့က ပျော်ပျော်ပါးပါး ပြုံးပြုံးရွှင်ရွှင် နေချင်သေးတယ် ဆိုတာကော (လာပါတယ် ဘုရား)။

တွေ့ချင်တာကဖဿ

ဒါဖြင့် ဒကာ ဒကာမတို့ မြင်တာက ဝိညာဏ်၊ တွေ့ချင် တာက ဖဿ၊ ပျော်ပျော်ပါးပါး နေချင်တာက ဝေဒနာ (မှန်ပါ) သဘောကျပလား (ကျပါပြီ)။

သွားတော့မယ်လို့ပြောတော့ မသွားပါနဲ့ဦး ဆိုတော့ တဏှာကလာတားတယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ)။

သွားတော့မယ်လို့ ပြောတော့ ခင်ဗျားတို့က ဘယ်နှယ် ပြောသတုံး ထိုင်ပါဦး ခဏကလေး ရှိသေးတယ်၊ မတွေ့ ရတာလည်း ကြာပြီ ဆိုပြီး သကာလ တဏှာက ဝင်တား လိုက်တယ်၊ ဟုတ်လား (မှန်ပါ)။

ဟိုက တကယ်ထတော့မယ် ဆိုတော့ လက်ကလေး ဘာလေးဆွဲတာက ဥပါဒါန် ဖြစ်နေတယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ) တဏှာ ပစ္စယာ ဥပါဒါန် မနေဘူးလား (နေပါတယ်)

ကာယကံ ဝစီကံနဲ့ ကျုပ်မုန့်သွားဝယ်ဦးမယ် ဆိုပြီး စောင့်ဆိုင်းအောင် လုပ်ထားတာကော မရှိဘူးလား (ရှိပါတယ်) ဒါကကမ္မဘဝ လာဖြစ်တယ် (မှန်ပါ) မဖြစ်ဘူးလား (ဖြစ်ပါတယ်)။

အဲဒါတွေ ကိုယ်ထဲမှာ ပေါ်တာကို ကိုယ်သိနေမှ ဪ ဒါဟာ ကိုယ့်ပဋိစ္စသမုပ္ပါဒ်က ကိုယ့်အစဉ်အတိုင်းကို ဒီအတိုင်း ဖြစ်နေတာပါကလားဆိုတာ သဘောကျပလား (ကျပါပြီ)။

ပြုံးပြီးပြောမှာလား

ကဲ လူက ဘယ်လိုမြင်တယ် ဆိုတော့ မြင်စိတ် မပေါ်ဘူးလား (ပေါ်ပါတယ်) မြင်ရုံနဲ့ ကျေနပ်ကဲ့လား (မကျေနပ်ပါဘူး) ဘာလုပ်ချင်ကြသေးသတုံး (တွေ့ချင်ပါတယ်) မျက်နှာချင်းဆိုင် တွေ့ချင်တယ် ဆိုတဲ့ သဘောကလေး မလာ ဘူးလား (လာပါတယ်) တွေ့ပြီး စကားစမြည်ကော (ပြောချင်ပါတယ်) စကားစမြည် ပြောမယ်ဆိုတော့ ပြုံးပြော မှာလား၊ မဲ့ပြောမှာလား (ပြုံးပြောမှာပါ ဘုရား) ပြုံးပြောလည်း သုခဝေဒနာ၊ မဲ့-ပြောလည်း ဒုက္ခဝေဒနာပဲ၊ ပြောချင်တာနဲ့ပြော (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

မဲ့ပြီးပြောမှာလား

ပြုံးပြောတော့လည်း ဝေဒနာပဲ၊ မဲ့ပြီး သကာလ ကျုပ်တို့ ဘယ်နေ့က ဘာဖြစ်သွားတာပဲ မကြားလိုက်ဘူးလို့ မျက်ရည်ခံ ထိုးတော့လဲ ဒေါမနဿဝေဒနာနဲ့ ပြောတာပဲ။ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။

ဝေဒနာပစ္စယာ တဏှာ ဆိုတာက ဒကာ ဒကာမတို့ ဒီလူ က ကျုပ်မှာလည်း ကိစ္စ ရှိသေးတယ်ဗျ ဆိုတော့၊ အို မသွား ရသေးဘူးဆိုတော့ ဘာဖြစ်သွားသတဲ့ (တဏှာဖြစ်ပါ တယ်)

တဏှာဖြစ်သွားတယ် (မှန်ပါ) ဟိုကတကယ်ထတော့မယ် ဆိုတော့ လက်ကလေး ဘာကလေး ဆွဲပြီး မစားဖူးကြဘူးလား (စားဖူးပါတယ်) အဲဒါဆွဲပြီးတော့ကို ထားတဲ့အတွက် ဥပါဒါန်ကော မဖြစ်ဘူးလား (ဖြစ်ပါတယ်) ဟိုသွား ဟေ့ စားစရာသောက်စရာတွေ ဝယ်ချေဦး၊ တစ်ခါတစ်လေ တွေ့ရတဲ့ ဥစ္စာပဲ ဆိုပြီး သကာလ ကာယကံဝစီကံနဲ့ကော မပြောလိုက်ဘူးလား (ပြောပါတယ်) အဲဒါက ကမ္မဘဝလာ ဖြစ်တယ် (မှန်ပါ) မဖြစ်ဘူးလား (ဖြစ်ပါတယ်) ဒါဟာ ခင်ဗျားတို့ သန္တာန်မှာ ခင်ဗျားတို့ ခန္ဓာပဋိစ္စသမုပ္ပါဒ် (မှန်ပါ) သဘောကျပလား (ကျပါပြီ)။

ဒါ ဘာပဋိစ္စသမုပ္ပါဒ်တုံး

ဘာပဋိစ္စသမုပ္ပါဒ်တုံး (ခန္ဓာပဋိစ္စသမုပ္ပါဒ်ပါ ဘုရား) ဟုတ်မှဟုတ်ကဲ့လား၊ ဘုန်းကြီးက ကျောင်းကနေ ရမ်းပြောနေတယ်လို့ ခင်ဗျားတို့က ထင်နေလိမ့်ဦးမယ်။

ကျောင်းကနေ ရမ်းပြောတာလား ဖြစ်စဉ်ကိုက်လား (ဖြစ်စဉ် ကိုက်ပါ) သဘောကျပလား (ကျပါပြီ)။

အဲဒီတော့ ဒကာ ဒကာမတွေ ဒါအခု ၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆၊ တန်းပြီး သကာလ ပြလိုက်တော့ ဒါချုပ်ပြီးတော့မှ ဒါဖြစ်မှာပဲ၊ မဟုတ်ဘူးလား၊ မြင်တဲ့စိတ်ချုပ်သွားပြီးတော့မှ တွေ့ချင် တဲ့ ဖဿကလေး မပေါ်လာဘူးလား (ပေါ်လာပါတယ်) သဟဇာတ အတူတကွ ဖြစ်တာပါပဲ၊ သို့သော် ထားလိုက်ပါတော့ နားလည်အောင် ပြောရိုး ပြုကြရတော့ မြင်ပြီး တွေ့ချင်တဲ့ ဖဿ ကလေးဟာလည်း ဖဿချုပ် သွားပြန်တော့ ဘယ်သူ လာပြန်သတုံး (ဝေဒနာပါ ဘုရား) တစ်ခါ ဝေဒနာချုပ်သွားပြန်တော့ (တဏှာ လာပါတယ်) စကားစမြည် ပြောရင်းပဲ ခင်လာတာက နောက်စိတ်က ကြားထိုးတယ် (မှန်ပါ)။

ဝေဒနာ

စကားစမည်ပြောလို့ ဝမ်းသာတာက ဝေဒနာကိုးဗျ (မှန်ပါ) ပြောရင်းဆိုရင်းနဲ့ပဲ သူ့အပေါ်မှာ မေတ္တာရှေ့ထား လာတယ်ဆိုတာက တဏှာရှေ့ထားလာတာကို ပြောတာပါ (မှန်ပါ) သဘော ကျပလား (ကျပါပြီ)

ခင်တွယ်တဲ့ တဏှာမလာ ဘူးလား (လာပါတယ်) သွားတော့မယ် ဆိုတော့ ဆွဲပြီး သကာလ တားလို့ နေပဲနေပါဦးတော့၊ ဘယ်သို့ဘယ်ညာ စကားမှ အကုန် မပြောရသေးဘူး ဆိုပြီး ဆွဲလုံး ပြုလုံးတွေနဲ့ ပြောလိုက်တာက ဘာဆိုကြမလဲ (ဥပါဒါန်ပါ) စားပြီးမှ ပြန်ရမယ်၊ မစားရင် ပြန်ကို မပြန်ရဘူး၊ ခင်ဗျားတို့ လောကွက်ကလဲ ပေါလိုက်တဲ့ ဖြစ်ခြင်း ရိပ်မိပလား (ရိပ်မိပါပြီ)။

ကာယကံဝစီကံ

အဲဒီတော့ ဒါကဘာပါလိမ့်မတုံး ဒကာ ဒကာမတို့ (ကမ္မဘဝပါ) ကာယကံ ဝစီကံဆိုတဲ့ ကမ္မဘဝပဲ ဟုတ်လား၊ ကာယကံနဲ့ လှည့်ဆွဲချင်ဆွဲတားမယ်၊ ဝစီကံနဲ့ အတင်းတားချင် တားတာတွေကကော မလာနိုင်ဘူးလား (လာနိုင်ပါတယ်) အဲဒီတော့ ခင်ဗျားတို့ သန္တာန်မှာ ဒါတွေ ကျေးဇူးပြုပြီး ဖြစ်လာ ကြတဲ့ ဖြစ်စဉ်တွေ သိပလား (သိပါပြီ) ရှင်းပြီနော် (ရှင်းပါပြီ)။

ဘယ်သူ့ ပဋိစ္စသမုပ္ပါဒ်တုံး

ဒါ ဘယ်သူ့ ပဋိစ္စသမုပ္ပါဒ်တုံးဗျ (တပည့်တော် တို့ရဲ့ ခန္ဓာပဋိစ္စသမုပ္ပါဒ်ပါ ဘုရား) တရားနာ နေတဲ့ ဒကာ ဒကာမတွေ၏ ခန္ဓာပဋိစ္စသမုပ္ပါဒ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ)။

ဘယ်အချိန်ဖြစ်သတုံး အိုဒီဥစ္စာက မျက်စိတစ်မှိတ် မှာပဲ နှစ်ခါသုံးခါ လေးခါငါးခါ စသည် ဖြစ်နေတယ် (မှန်ပါ) ပြတ်သေးရဲ့လား (မပြတ်ပါဘူး)။

ကောင်းပြီ မပြတ်တော့ဘူးဆိုတော့ ပြတ်ရင် ခင်ဗျားတို့ ဗိုင်းခနဲ လဲသေမယ်(မှန်ပါ) ဗိုင်းခနဲလဲ သေတယ် ဆိုတာ စိတ်မရှိရင် ရုပ်ချည့်ပဲ ကျန်ရစ်ရင်သေမှာပေါ့ (မှန်ပါ) မသေပေဘူးလား (သေပါတယ်)။

အဲဒီတော့ ဒကာ ဒကာမတို့ ဒါတွေဟာ ခင်ဗျားတို့ သန္တာန်မှာ ဖြစ်တဲ့စိတ်စဉ်ဆိုတာကော ရိပ်မိပလား (ရိပ်မိပါပြီ)။

ဖဿကိုပေါ်စေတယ်

ဒါဖြင့် ဒကာ ဒကာမတွေ ဝိညာဏ်ဖြစ်လည်း ဖြစ်ပြီး ချုပ်သွားတဲ့အခါ ဘယ်သူ့ကို ပေါ်စေသလဲလို့ မေးတဲ့အခါ ဖဿကို ပေါ်စေတယ်နော် (မှန်ပါ) ဖဿကလည်း ဒကာ ဒကာမတို့ သူကပေါ်စေလို့ ဝိညာဏ်ကပေါ်စေလို့ ဖဿက ပေါ်ပြီ၊ ဖဿပေါ်ပြီး ဖဿကလည်း အနိစ္စတရားမို့ ချုပ်ပျောက်ရမယ် (မှန်ပါ) ချုပ်ပျောက်ပင် ချုပ်ပျောက်ငြား သော်လည်း ဝေဒနာပေါ်ခွင့်ကို သူကျေးဇူး ပြုခဲ့တယ် (မှန်ပါ) မပြုပေဘူးလား (ပြုရပါတယ်) ဒါကြောင့် ဖဿပစ္စယာ (ဝေဒနာပါ)။

နောက်စိတ်ပေါ်အောင် ကျေးဇူးပြုခဲ့တယ်

ဒါဖြင့် ဒကာ ဒကာမတို့ ဖဿဟာ ဖြစ်လည်း ဖြစ်တယ်၊ ချုပ်လည်းချုပ်တယ်၊ သဘော ကျပလား (ကျပါပြီ) ဖြစ်ကော (ဖြစ်ပါတယ်) ချုပ်ကော (ချုပ်ပါတယ် ဘုရား) နောက် စိတ်ပေါ် အောင်ကော ကျေးဇူးပြုခဲ့ မပြုခဲ့ (ပြုခဲ့ပါတယ် ဘုရား) ပြုခဲ့တယ်ဆိုတာ စဉ်းစားမိပလား (မှန်ပါ)။

ဒါဖြင့် နောက်စိတ်ပေါ်အောင် ကျေးဇူးပြုခဲ့တော့ကို ဒကာ ဒကာမတို့ ဥစ္ဆေဒဒိဋ္ဌိဖြစ်သေးရဲ့ လား (မဖြစ်ပါဘူး) မဖြစ်တော့ဘူး သူ့အကြောင်း သူ့အကျိုးဖြစ်တယ်၊ ဥစ္ဆေဒဒိဋ္ဌိ ဖြစ်နိုင်သေးရဲ့လား (မဖြစ်နိုင်ပါဘူး)။

ပျက်သွားတဲ့ သဘောကလေးဖြစ်လိုက်တော့ ခိုင်တယ် မြဲတယ်ဆိုတဲ့ သဿတကော ရှိသေးရဲ့ လား (မရှိပါဘူး)။

ဒီနေ့ပြောတဲ့ သဿတ, ဥစ္ဆေဒက သေသေချာချာ ဖြစ်စဉ်ကိုက်ပြောနေသောကြောင့် ဒကာ ဒကာမတွေက မနေ့က ထက် လေးလေးစားစား မှတ်ရမယ် (မှန်ပါ) ဖြစ်စဉ်ကိုက် ပြောတာ အခုဟာက (မှန်ပါ)။

ပြန်ပြောပါမယ်၊ ဒကာ ဒကာမတို့ ဒါခန္ဓာထဲ ဖြစ်စဉ် နော် (မှန်ပါ) သဿတဥစ္ဆေဒ အကြီးအကျယ် ခွာနေ တယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ)။

ဘာလုပ်နေတာပါလိမ့် (သဿတဥစ္ဆေဒ အကြီး အကျယ် ခွာနေတာပါ ဘုရား)။

ခင်ဗျားတို့ မဂ်ရစေချင်လို့

ခင်ဗျားတို့ မဂ်ရစေချင်လို့၊မဂ်ရခြင်း၏ အကြောင်းကို ခင်ဗျားတို့ ဖြိုင်ဖြိုင်လုပ်ရင် အနီးဆုံးနဲ့ ရပါစေတော့လို့ ဒါကို လုပ်ပေးနေတာ (မှန်ပါ) ရှင်းကြပလား (ရှင်းပါပြီ) ဦးဘအုန်း သဘောကျရဲ့လား (ကျပါတယ် ဘုရား)။

ဒီနေ့ပြောတဲ့ စကားနှစ်ခွန်းကို ကြည့်ပါတဲ့၊ ဒါတစ်ခု ပြောရင် အကုန်ပြောတာပဲ (မှန်ပါ)။

ဝေဒနာပေါ်ခွင့်ကိုပေးခဲ့တယ်

ဖဿသည် ဒကာ ဒကာမတို့ ဖြစ်လည်းဖြစ်တယ် ဆိုတော့ မြင်တော့ တွေ့ချင်တယ် ဆိုတဲ့ဥစ္စာ အမှန်ပဲ မဟုတ်လား (မှန်ပါ ဘုရား) တွေ့ချင်တာ ဘာခေါ်ကြမလဲ့ (ဖဿပါ) အဲ ဖဿက တွေ့ချင်ပြီး သကာလ သူကလည်း တာရှည်တွေ့ နိုင်တဲ့ တရားလား အနိစ္စတရားလား (အနိစ္စတရားပါ)၊

အနိစ္စ တရားမို့ ဒကာ ဒကာမတို့ သူပျက်သွားလိမ့်မယ် (မှန်ပါ) မပျက်ပေဘူးလား (ပျက်ပါတယ်) ပျက်လည်း သွားတယ်၊ ဝေဒနာပေါ်ခွင့်လည်း ပေးခဲ့မယ် (မှန်ပါ) မပေးပေဘူးလား (ပေးပါတယ်) ဖဿပစ္စယာ (ဝေဒနာပါ)

ဟော ဝေဒနာပေါ်ခွင့်လည်း ပေးတယ် ပျက်လည်း ပျက်တယ် သူဟာ (မှန်ပါ)။

ပျက်တာမြင်တော့ သဿတစင်တယ်

ထိုကဲ့သို့ ပေးခဲ့တော့ ပျက်တာကိုမြင်သဖြင့် ခင်ဗျားတို့ သဿတစင်တယ် (မှန်ပါ)။

သေသေချာချာမှတ်ပါ၊ ပျက်တာမြင်သဖြင့် (သဿတ စင်ပါတယ်) နေရာပေးခဲ့တာမြင်သဖြင့် (ဥစ္ဆေဒစင်ပါတယ်) ဥစ္ဆေဒစင်သွားတယ် ပြတ်မှမပြတ်တော့ဘဲ (မှန်ပါ) ပျက်တော့ပျက်တယ် အကြောင်းအကျိုးတော့ ပြတ်ကဲ့လား (မပြတ်ပါဘူး)။

မောင်ထွန်းလှိုင် ဒါကို ဂရုစိုက်ပါ။ အားလုံးတစ်ပွဲလုံး ဒကာ ဒကာမတို့ ဒီအရေးမသေးဘူး၊ အင်မတန် အရေးကြီး ပါတယ် (မှန်ပါ ဘုရား) ဒကာသစ်တို့ ဦးစံရင်တို့ ဒီအရေး မသေးဘူးဆိုတာ သေသေချာချာ မှတ်ပါ (မှန်ပါ ဘုရား)။

ပြန်ပြောပါတယ်၊ ဝိညာဏ်ရဲ့ နောက် ဖဿကလေး ဟာ မဖြစ်ဘူးလားဗျာ (ဖြစ်ပါတယ် ဘုရား) ဖြစ်ပြီး သကာလ သူဟာ ဖြစ်ပြီးပျက်ရမည့် တရားဖြစ်သောကြောင့် ပျက်မှာပဲ (မှန်ပါ) ပျက်ပင်ပျက်ငြား သော်လည်း ဝေဒနာကို ပေါ်ခွင့် ပေးမပေး (ပေးပါတယ် ဘုရား) နဂိုက ဝေဒနာ ရှိနှင့်တာ မဟုတ်ဘူးနော် သူချုပ်မှ ပေါ် ရမှာ (မှန်လှပါ)။

ကဲ ဒါဖြင့် ဖဿကလေး ပျက်တာဖြစ်သဖြင့် ဘယ်ဒိဋ္ဌိစင်သတုံး (သဿတဒိဋ္ဌိစင်ပါတယ်) သဿတဒိဋ္ဌိ စင်သွားပြီ ခိုင်တယ် မြဲတယ်လို့ ဦးခင်မောင်ယူသေးရဲ့လား (မယူပါဘူး)။

ကြောင်းကျိုးဆက်တော့ ဥစ္ဆေဒစင်တယ်

နောက် ဝေဒနာကလေး ပေါ်လာတာ မြင်သဖြင့်လည်း အကြောင်းအကျိုး ဆက်သလား ပြတ်နေသလား (ဆက်နေပါတယ် ဘုရား) အကြောင်းအကျိုး ဆက်တာ မြင် သဖြင့်လည်း ဥစ္ဆေဒဒိဋ္ဌိ စင်သွားတယ် (မှန်ပါ) ဖဿကလေး ပေါ်မှာ ဥစ္ဆေဒဒိဋ္ဌိကော ရှိသေးရဲ့ လား (မရှိပါဘူး)

သူဟာ ပျက်သွားတာ မြင်သဖြင့်လည်း သဿတစင်တယ်၊ သူက ကျေးဇူးပြုတာ မြင်သဖြင့်လည်း ဦးခင်မောင် ဥစ္ဆေဒမစင်ဘူးလား (စင်ပါတယ်)။

ဒါဖြင့် ဒီတရားလေးတစ်ခုမှာ ပျက်သွားတာမြင်လိုက်ရင် (သဿတစင်ပါတယ်) သူချုပ်သွားငြား သော်လည်း သူ့နေရာ ဝေဒနာပေါ်ခွင့်ကို မပေးခဲ့ဘူးလား (ပေးခဲ့ပါတယ်) ပေးခဲ့တာ မြင်သဖြင့် (ဥစ္ဆေဒဒိဋ္ဌိစင်ပါတယ်) အကျိုးအကြောင်း သဘာဝပြတ်မသွားတာတော့ သေချာတယ် (မှန်ပါ)။

ပျက်သွားတာလည်း သေချာတယ်၊ ပြတ်မသွားတာ ကော (သေချာပါတယ်) ရှင်းပလား (ရှင်းပါပြီ)။

သူကကျေးဇူးပြုခဲ့တာမြင်လို့

ဒီဥစ္စာက အင်မတန် နားကြီးကြီးနဲ့ ထောင်မှ ဦးခင်မောင် ရေ ရှင်းမှာနော် (မှန်ပါ) နားသေးသေးနဲ့ မထောင်ကြနဲ့တဲ့ ဥစ္စာကိုလည်း သတိပေးရပြန်တယ် (မှန်ပါ) ဘာဖြစ်လို့လည်းဆို လို့ရှိရင် ကိုယ့်ခန္ဓာပဋိစ္စသမုပ္ပါဒ်ထဲ ဒီတရားလေးတစ်ခုကို ပျက်တာမြင်သဖြင့် သဿတစင်တယ်၊ သူကကျေးဇူးပြုခဲ့တာ မြင်သဖြင့်လည်း ဒါကလေးဟာ ပြတ်သွားတယ်လို့ ယူသေးရဲ့ လား (မယူပါဘူး) ဒီတစ်လုံးတည်းမှာ သဿတ ဥစ္ဆေဒ စင်ရမှာ ဦးဘအုန်းရ (မှန်ပါ)။

ကဲ ဒကာ ဒကာမတွေ ဦးစံရင်တို့ လွယ်သလားဗျာ (မလွယ်ပါဘူး ဘုရား)။

ပြန်ပြောဦးမယ် ဒကာ ဒကာမတို့ သုံးခေါက်စေ့အောင် ပြန်ပြောဦးမယ်၊ ဒါကိုကြပ်ကြပ် သတိထားပါ (မှန်ပါ)။ မြင်တာကို ဒကာ ဒကာမတို့ မြင်တဲ့ စိတ်ကလေး ချုပ်သွားပြီးသည့်နောက် ခင်ဗျားတို့က ဘယ်လိုပေါ်လာသတုံး တွေ့ချင်တယ် (မှန်ပါ) တွေ့ချင်တာ ဘာခေါ်မယ် (ဖဿပါ)။

ကဲ ဖဿကလေး လက်ကိုင်ထားပါပြီ ဒကာ ဒကာမတို့ ဖဿကလေးဟာ ပေါ်မလာဘူးလား (ပေါ်လာပါပြီ) ဒါ ခင်ဗျားတို့ သူများပြောလား၊ အဟုတ်တွေ့ချင်တာလား (အဟုတ်တွေ့ချင်တာပါ) မုန်းတဲ့ ပုဂ္ဂိုလ်ကော (တွေ့ချင် တာပါပဲ) မုန်းတဲ့ပုဂ္ဂိုလ်လည်း ကျုပ်က မျက်နှာချင်းဆိုင် ပြောချင်တာပဲ ဆိုတာ လာသေးတာပဲ (မှန်ပါ) မလာဘူး လာ (လာပါတယ်)။

မုန်းတဲ့ပုဂ္ဂိုလ်လည်း (တွေ့ချင်ပါတယ်) မုန်းတဲ့ ပုဂ္ဂိုလ်မို့ ကျုပ်က မျက်နှာကြည့်ပြောရမှ ကျေနပ်တာ ဆိုတာမျိုးက လာသေးတော့ မုန်းတဲ့ပုဂ္ဂိုလ်ကိုလည်း ခင်ဗျားတို့က တွေ့ ချင်တာပဲ (မှန်ပါ)။

ဖဿပေါ်လာတယ်

ကဲ ဒါဖြင့် တွေ့တဲ့ ဖဿကလေးဟာ ဒကာ ဒကာမတို့ တွေ့ရော တွေ့ပြီးသည်၏ အခြားမဲ့၌ ဖဿ ကလေးဟာ ခဏဖြစ်ပြီး မချုပ်ပေဘူးလား (ချုပ်ပါတယ်) သူ့သက်တမ်းက ဒါလောက်ရှိတော့ ဒါလောက်နဲ့ သူချုပ်သွားတယ် (မှန်ပါ) ချုပ်သွားတာ မြင်လိုက်တော့ ဒကာ ဒကာမတွေ – ဘယ့်နှယ် ဆိုမလဲ (သဿတဒိဋ္ဌိစင်ပါတယ်)။

သေသေချာချာမှတ်စမ်းပါနော်

မောင်ထွန်းလှိုင်တို့ သေသေချာချာမှတ်စမ်းပါနော် (မှန်ပါ) သဿတစင်သွားပြီ၊ ချုပ်တော့ ချုပ်သွားတာပဲ ဝေဒနာ ပေါ်ခွင့်ကို ပေးခဲ့ မပေးခဲ့ (ပေးခဲ့ပါတယ် ဘုရား) သူဟာ ချုပ်သာသွားတယ် သူ့အကြောင်းသတ္တိ ဘယ့်နှယ်တုံး (မကုန်သေးပါဘူး ကျေးဇူးပြုခဲ့ပါတယ်) အဲဒီတော့ အကြောင်း သတ္တိမကုန်တာ သိလိုက်တော့ ဘာဒိဋ္ဌိစင်သွားသတုံး (ဥစ္ဆေဒဒိဋ္ဌိစင်ပါတယ်)။

ဒါဖြင့် ဒီဖဿကလေးတစ်လုံးတည်းမှာ ဒကာ ဒကာမတို့ အပျက်မြင်သဖြင့် သဿတစင်တယ်၊ သူက ကျေးဇူးပြုတတ်တဲ့ သတ္တိရှိတာမြင်သဖြင့် ဘာစင်သွားပြန်သလဲ (ဥစ္ဆေဒဒိဋ္ဌိစင် ပါတယ်)။

ဒါဖြင့် တစ်လုံးတစ်လုံးတည်းမှာ သဿတဥစ္ဆေဒစင်စင် သွားရမယ် (မှန်ပါ) ကဲ ကျေနပ် ကြပလား (ကျေနပ်ပါပြီ ဘုရား) အဖြစ်မြင်ရင် (ဥစ္ဆေဒစင်ပါတယ်) အပျက်မြင်ရင် (သဿတ စင်ပါတယ်)။

ဒီအမှန်သုံးချက်မလွတ်စေနဲ့

ဒါဖြင့် ဒကာ ဒကာမတို့ ဖြစ်လဲ ဖြစ်တယ် မသိ ဘူးလား (သိပါတယ်) ပျက်တော့ (ပျက်ပါတယ်) အဲ ဖြစ်လည်း ဖြစ်တော့ အမှန်ပဲနော် (အမှန်ပါ) ပျက်လည်း ပျက်တာ (အမှန်ပါ) ပျက်ပြီး ကျေးဇူးပြုခဲ့တာလည်း (အမှန်ပါ ဘုရား)

ဖြစ်တာလည်း အမှန်၊ ပျက်တာလည်းအမှန်, ကျေးဇူးပြုခဲ့တာ လည်း အမှန်ပဲ၊ ဒီအမှန်သုံးချက်ကို မလွတ်စေနဲ့ (မှန်ပါ)။

ဒီအမှန်သုံးချက်ကို ဒကာ ဒကာမတွေ မလွတ်စေပါနဲ့ နော် (မှန်ပါ) ဝိပဿနာရှုတော့မယ် ဆိုတော့ ဒီတစ်လုံးတည်းမှာ ရှုရမှာ နှစ်လုံးပူးပြီး ရှုလို့မရပါဘူး (မှန်ပါ) ဒကာ ဒကာမတွေ စိတ်ထဲမှာ တစ်လုံးသာပေါ်မှာကိုး (မှန်ပါ) နှစ်လုံးပေါ်တယ်လို့ ထုံးစံ ရှိရဲ့ လား (မရှိပါဘူး)။

ဝေဒနာပေါ်လာတယ်

ဥပမာ ဝေဒနာကလေးက ဖျတ်ဆို ဖဿက ချုပ်သွား တော့ ဝေဒနာကလေးက မပေါ်ဘူးလား (ပေါ်ပါတယ်) ပေါ်ပြီး သူ ဘာလုပ်ရမည့် တရားတုံး (ချုပ်ရမည့် တရားပါ ဘုရား) ချုပ်ရမည့် တရား ဆိုတော့ ပေါ်တာမြင်သဖြင့်လည်း ဒကာ ဒကာမတို့အဖြစ်ကို သူမမြင်ဘူးလား (မြင်ပါတယ်)

နောက်ပျက်သွားတယ်၊ ဒကာ ဒကာမတို့ ပျက်သွားတာမြင်တော့ ဘယ်ဒိဋ္ဌိစင်သတုံး (သဿတဒိဋ္ဌိ စင်ပါတယ်) ဪ ခိုင်တယ်မြဲတယ်လို့ တို့ယူထားတာ လွဲကုန်ပြီဆိုတော့ ဒိဋ္ဌိရှိသေး ရဲ့လား (မရှိပါဘူး)

သို့သော်လည်း သူသာ ပျက်သွားတယ် ဒကာ ဒကာမတို့။ ပျက်ပြီး သူ့သတ္တိကလေးက ကျေးဇူးပြုသေး သလား၊ မပြုဘူးလား (ပြုပါတယ် ဘုရား) ဟော တဏှာ ကလေး နောက်ထပ် ပေါ်လာတယ် (မှန်ပါ) မပေါ် ဘူးလား (ပေါ်ပါတယ်)။

တဏှာပေါ်လာတယ်

ဘာပေါ်လာသတုံး (တဏှာနောက်ထပ်ပေါ်လာ ပါတယ်) တဏှာ ပေါ်လာတော့ ချုပ်သွားတဲ့ ဓမ္မ၏ အနန္တရ သတ္တိပဲ ဆိုတာ မသိနိုင်ဘူးလား (သိနိုင်ပါတယ်) သိတော့ ဥစ္ဆေဒဒိဋ္ဌိ လာသေးရဲ့ လား (မလာပါဘူး) ဒါဖြင့် ဒီတရား ကလေးက အဖြစ်မြင်ဖြင့် ဥစ္ဆေဒစင်တယ်၊ အပျက်မြင်သဖြင့် သဿတ စင်တယ် ဆိုတာ သေသေချာချာ ကျေနပ်ပလား (ကျေနပ်ပါပြီ)။

ဒါဖြင့် ဒီတရားကလေး တစ်ခုတစ်ခုမှာ ဒကာ ဒကာမတို့ ဖြစ်ပျက်ချည်းပဲ (မှန်ပါ) သဘော ကျပလား (ကျပါပြီ) ခင်ဗျားတို့ ခန္ဓာထဲပေါ်တဲ့ တရားတစ်ခုတစ်ခုမှာ (ဖြစ်ပျက်ချည့်ပါ ဘုရား) အဲဒီတော့ အဖြစ်မြင်ရင် ဘာစင်သတုံး (ဥစ္ဆေဒစင် ပါတယ်) အပျက်မြင်ရင် (သဿတစင်ပါတယ်) ကဲ သဘောပါကြပလား (ပါပါတယ် ဘုရား)။

အဖြစ်မြင်ရင် (ဥစ္ဆေဒစင်ပါတယ်) ဥစ္ဆေဒစင်တယ် ဆိုတော့ ဪ ဒါဟာ နောက်က အကြောင်း မရှိဘဲနဲ့ သူမဖြစ်ဘူး (မှန်ပါ) ဒီလိုဆိုတော့ ဥစ္ဆေဒ စင်မသွားဘူးလား (စင်သွားပါတယ်) နောက်က အကြောင်းမရှိဘဲနဲ့ အခုဓမ္မကလေးက မဖြစ်နိုင်ဘူးဆိုတာ သေချာပလား (သေချာပါပြီ)။

ကဲ ကဲဖြင့် ဒီတရားကလေးမှာ ဖြစ်ပျက်နှစ်ခု၊ မရှိဘူးလား ရှိသလား (ရှိပါတယ် ဘုရား) ကဲ သူချုပ်သွား ပြန်တော့ တဏှာကလေးက ပေါ်လာပြန်တယ်ဆိုတော့ သူ့အဖြစ်မြင်ရင် (ဥစ္ဆေဒ စင်ပါတယ်) အပျက်မြင်ရင် (သဿတ စင်ပါတယ်) သေချာကြပလား (သေချာပါပြီ ဘုရား)။

ဒီလိုချည့် ကိုမြရွှေတို့ ဦးဇံရင်တို့ ဪ ဒါကလေး ဟာ ဖြစ်လည်းဖြစ်တယ် ပျက်လည်း ပျက်တယ်နော် လို့၊ ခင်ဗျားတို့ ဉာဏ်ထဲမှာ ရှုလိုက်တိုင်း ဖြစ်လည်းဖြစ်ပေမှာပဲ။ ဒီဥစ္စာက အကြောင်း မကင်းသေးတော့ ဖြစ်မှာပဲဆိုတော့ ဥစ္ဆေဒ စင်မသွားဘူးလား (စင်သွားပါတယ်)

အကြောင်း သတ္တိကုန်တော့လည်း ပျက်ပေမှာပဲ ဆိုတော့ သဿတကော (စင်ပါတယ် ဘုရား) ဒီလို သိသိသွားရမယ်တဲ့ တစ်လုံးတည်းမှာ (မှန်ပါ) အင်မတန်အရေးကြီးတယ်နော် (မှန်ပါ)။

ဒကာ ဒကာမတို့ ဒါဟာ သာမည အရေးလား အလွန် ကြီးတဲ့အရေးလား (အလွန်ကြီးတဲ့ အရေးပါ ဘုရား) အဲဒါကို ခင်ဗျားတို့က ဘုန်းကြီးကလည်း အရေးကြီးတယ် တို့ကလည်း ခက်လိုက်တာလို့ လုပ်မနေနဲ့ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ)

နားမလည်ရင် လည်အောင်ကို နားထောင်ရမယ်။ ဒါကလေးနှစ်ခု နားမလည်တော့ဘူးဆိုရင် ခင်ဗျားတို့ အာပေါက်အောင် အနိစ္စ ဒုက္ခ အနတ္တ အားထုတ်၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်မရနိုင်ဘူး (မှန်ပါ)။ သဘောကျပလား (ကျပါပြီ)။

ပုတီးကြိုးပြတ်မယ်မရဘူး

အနိစ္စ ဒုက္ခ အနတ္တကို တစ်ခါတည်း ပုတီးတစ်ကုန်းပြီး တစ်ကုန်းစိပ်ပါ။ ပုတီးကြိုးသာ ပြတ်မယ် မရနိုင်ဘူး (မှန်ပါ)။ ရိပ်မိပလား (ရိပ်မိပါပြီ) ဘာဖြစ်လို့ မရတာတုံး။ ဘာမစင် လို့ပါလမ့် (သဿတ ဥစ္ဆေဒ မစင်လို့ပါ) လုပ်သာလုပ်နေ တာကိုး သဿတ ဥစ္ဆေဒ ကပ်လျက်ရှိပြီး သကာလ နေတော့ ဦးဇံရင်ရေ ရနိုင်ပါ့မလား (မရနိုင်ပါဘူး) ပေါ်ကြပလား (ပေါ်ပါပြီ)။

ဝိပဿနာဉာဏ်၊ မဂ်ဉာဏ်

ဒါဖြင့်တစ်လုံးတစ်လုံးမှာ ဖြစ်ပျက်ရှိတာကော ကျေနပ် ပလား (ကျေနပ်ပါပြီ) အဖြစ် ကောင်းကောင်း မြင်ရင် (ဥစ္ဆေဒ စင်ပါတယ်) အပျက် ကောင်းကောင်းမြင်ရင် (သဿတ စင်ပါတယ်)

ဒါဖြင့် ဖြစ်ပျက်ဟာ ခင်ဗျားတို့ အခုလိုသိပြီးမှ ရှုလို့ရှိရင် အားကြီးတဲ့ ဝိပဿနာ ဖြစ်သောကြောင့်၊ ဝိပဿနာ ဉာဏ်က အနန္တရပစ္စည်း၊ မဂ်ဉာဏ်က အနန္တရပစ္စည်း၏ ပစ္စယုပ္ပန် ဖြစ်ရမယ် သေသေချာချာ မှတ်တော့ (မှန်ပါ) အနန္တရပစ္စယော၊ အခြားမရှိမူ၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း ဆိုတာ သဘောကျပလား (ကျပါပြီ)။

အခြားမရှိမူ၍ ကျေးဇူးပြုတတ်သောတရားလည်း ကောင်းဆိုတော့ ဒါတွေကို ဖြစ်ပျက် ဖြစ်ပျက်လို့ ရှုလိုက်တော့ ဖြစ်ပျက်ရှုတဲ့ ဉာဏ်ကလေးက မလာပေဘူးလား (လာပါ တယ်) ဖြစ်ပျက်ရှုတဲ့ ဉာဏ်အဆုံးမှာ ဒကာ ဒကာမတို့ ဒီဘက်က ဖြစ်ပျက်ကို မမြင်တဲ့ နိဗ္ဗာန်ကိုသာမြင်တဲ့ မဂ္ဂင်ရှစ် ပါးလာရမယ်။

ကဲ နည်းလမ်းမှန်သွားရင် မြင်မသွားနိုင် ဘူးလား (မြင်ပါ တယ်) သဿတ ဥစ္ဆေဒခွာပြီးသား ပုဂ္ဂိုလ်မှာ ဝိပဿနာဉာဏ် ပြီးရင် မဂ်ဉာဏ် ရလာမယ်တဲ့၊ ရှင်းပလား (ရှင်းပါပြီး)။

မဂ်ဉာဏ်ဟာလာပါတယ်

သဿတ ဥစ္ဆေဒရှင်းပြီးသား ပုဂ္ဂိုလ်မှာ ရှုလိုက်လို့ရှိရင် ဒီဘက်က ဖြစ်ပျက်တွေ ရှုလိုက်လို့ ရှိရင်ဘယ့်နှယ်ဆိုကြမလဲ (ဝိပဿနာဉာဏ်လာပါတယ်) ဝိပဿနာဉာဏ်ငါးခုလာပြီး မဂ္ဂင်ရှစ်ပါးတည်း ဟူသော မဂ်ဉာဏ်ဟာ (လာပါတယ် ဘုရား) ဝေးသလားဗျာ (မဝေးပါဘူး)။

ဒါကြောင့် သူက အနန္တရပစ္စည်း သူက အနန္တရပစ္စည်း၏ ပစ္စယုပ္ပန်၊ ဒီအကြောင်း ကို ကြိုးစားရင် ဒီအကျိုးပေးမယ်တဲ့ ခင်ဗျားတို့ မကြာတော့ဘူး။ ရိပ်မိပလား (ရိပ်မိပါပြီ) အဲဒီတော့ ကြားဝင်စရာများ ရှိရဲ့လား (မရှိပါဘူး)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီတစ်လုံးကလေးမှာ သဿတ ဥစ္ဆေဒခွာပြီး သကာလ ဪ ဖြစ်သင့်လို့ ဖြစ်တယ်၊ သူ့ အကြောင်းဖြစ်လို့ သူ့အကျိုးဖြစ်တယ်၊ သူ့အကြောင်း ချုပ်လို့ သူချုပ်ရရှာတာပဲလို့ သိလိုက်တော၊ ဪ ဖြစ်သင့်လို့ဖြစ်, ပျက် သင့်လို့ပျက်သွားတာပဲလို့ မြင်လိုက်တော့ ဒါဟာ ဘာဉာဏ်ဖြစ် သွားသတုံး (ဝိပဿနာဉာဏ်ပါ ဘုရား) ဒိဋ္ဌိကွာပြီးသား မြင်တဲ့ဉာဏ်ပဲ။ ဒီအထဲမှာ ဒိဋ္ဌိရောနေသေးသလား (မရော ပါဘူး)။

ဖြစ်ပျက်မြင်ရင်မဂ္ဂင်ငါးပါး

အဲဒီတော့ ဒိဋ္ဌိကွာပြီးသား မြင်တဲ့ဝိပဿနာဉာဏ် သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပ, သမ္မာဝါယာမ, သမ္မာသတိ, သမ္မာသမာဓိ ဆိုတဲ့ မဂ္ဂင်ငါးပါးဟာ ရှုနေတဲ့ မဂ္ဂင်ငါးပါးလို့ မှတ်ကြပါ ဒကာ ဒကာမတို့ (မှန်ပါ) ရှုနေရင် မဂ္ဂင်ငါးပါးလို့ မှတ်ကြပါ (မှန်ပါ) ဖြစ်ပျက်မြင်ရင် (မဂ္ဂင်ငါးပါး ဘုရား)။

အဲဒီတော့ ဖြစ်ပျက်မြင်ရင် မဂ္ဂင်ငါးပါးရမယ်လို့ဆိုတာ ဒကာ ဒကာမတို့ သဿတ ဥစ္ဆေဒ ရှင်းပြီးသား ပုဂ္ဂိုလ်မှာ ဒီဥစ္စာအားနည်းတဲ့ ဝိပဿနာလို့ မဆိုနဲ့ (မှန်ပါ) ဘယ့်နှယ် ဆိုကြမလဲ (အားကြီးတဲ့ ဝိပဿနာပါ) အားကြီးတဲ့ ဝိပဿနာလို့ ဆုံးဖြတ်ချက် ချလိုက်စမ်းပါ (မှန်ပါ)။

အားကြီးတဲ့ဝိပဿနာ

ဘယ်လို ဆုံးဖြတ်ချက်ချမလဲ (အားကြီးတဲ့ ဝိပဿနာပါ ဘုရား) ဘယ့်နှယ့်ကြောင့် အားကြီးတာတုံး။ ဒိဋ္ဌိခွာပြီးတော့ကို မြင်တဲ့အမြင် (မှန်ပါ)။

ရှေ့ကဖြစ်ပျက်ကလေးကို ဘာခွာပြီးတော့ မြင်တာတုံး (ဒိဋ္ဌိခွာပြီးတော့မြင်တဲ့ အမြင်ပါ ဘုရား) ဒိဋ္ဌိရောနေသေး သလား (မရောပါဘူး) ကုသိုလ်ဖြစ်ရုံလောက် လုပ်တာမျိုး ဟုတ်သေးရဲ့ လား (မဟုတ်ပါဘူး) မဟုတ်ဘူးတဲ့၊

ဖြစ်သင့် လို့ဖြစ်တယ်။ ပျက်သင့်လို့ ပျက်တယ်ဆိုတဲ့ဥစ္စာ တစ်ခါတည်း မြင်မလာဘူးလား (မြင်လာပါတယ် ဘုရား) မြင်လာတဲ့ အခါကျတော့ ဝိပဿနာမဂ် သဘောကျပလား (ကျပါပြီ) နောက်ရင့်လာတော့ ဝိပဿနာမဂ်က လောကုတ္တရာမဂ် ကို လာမယ်။ ကဲ ဝေးသလားဗျာ (မဝေးပါဘူး)။

ဝိပဿနာမဂ်

ပဋ္ဌမရှေးဦးစွာတော့ ဒိဋ္ဌိခွာပြီးသား ပုဂ္ဂိုလ်မှာသူက ဘာတုံး (ဖြစ်ပျက်ပါ) သူကဘာတုံး (ဝိပဿနာ မဂ် ပါ ဘုရား)။ ကဲ ဝိပဿနာမဂ်လည်း ရင့်လည်းရင့်ပါရော ဒကာ ဒကာမတို့ ဝိပဿနာမဂ် ပြီးတော့ ဘာလာမယ် (လောကုတ္တရာမဂ် လာပါတယ်) ဝေးသလားဗျာ (မဝေး ပါဘူး ဘုရား)။

အဲဒီတော့ မဝေးတာကိုလည်း သိကြပြီ။ အဋ္ဌကထာ တွေလာတဲ့ အတိုင်း ဝိပဿနာမဂ်က အနန္တရပစ္စည်း၊ လောကုတ္တရာမဂ်က အနန္တရပစ္စည်း၏ ပစ္စယုပ္ပန်ဆိုတာ ဦးခင်မောင်တို့ ကျေနပ်ပလား (ကျေနပ်ပါပြီ) ကြားကလေး များခြားသေးသလား (မခြားပါဘူး)။

လောကုတ္တရာမဂ်ကို ကျေးဇူးပြုနိုင်တယ်

ဒါဖြင့် ဒိဋ္ဌိ ခွာပြီးမှ ရှုတဲ့ ဝိပဿနာဉာဏ်သည် အခြားမရှိဟူ၍ လောကုတ္တရာကို ကျေးဇူး ပြုနိုင်တယ် ဆိုတာ ပေါ်ကြပလား (ပေါ်လာပါပြီ)။

ဘုန်းကြီးဝမ်းသာမဆုံးပါဘူး

ဒါဖြင့် ဒီနေ့ ဒီဒကာ ဒကာမတွေကို ဒါလောက် ခက်ခက်ခဲခဲ အဓိပ္ပါယ်ကို ဒါလောက်ဉာဏ်ထဲမှာ ထင်ထင်ရှား ရှားဖြစ်အောင် ပြောရတဲ့အတွက် ဘုန်းကြီးတို့ အတွက်မှာလည်း ဝမ်းသာမဆုံးပါဘူး (မှန်ပါ) ခင်ဗျားတို့ အတွက်မှာလည်း မဂ်ဉာဏ် ဖိုလ်ဉာဏ် ကပ်သွားပြီ (မှန်ပါ) မကပ်သေးဘူးလား (ကပ်ပါတယ်)။

ကဲ-ဒါဟာ ခင်ဗျားတို့ သန္တာန်မှာဖြစ်တဲ့ တဏှာကလေး ဆိုလိုက်ပါတော့ ဒါကလေးဟာ ဖြစ်ပြီးတော့ ဘာဖြစ်မယ် (ပျက်ပါမယ်) ပျက်သွားတော့ ဖြစ်သင့်လို့ မဟုတ်လားဗျာ (မှန်ပါ့) ဝေဒနာက ဖြစ်နိုင်လို့ ဖြစ်ခွင့်ပေးခဲ့လို့ ဖြစ်ရရှာတာ (မှန်ပါ့) ကဲ ဝေဒနာက ဖြစ်ခိုင်းလို့ ဖြစ်ရတော့ အသက် တမ်းစေ့တော့ သူသက်တမ်းကလည်း ၁-ဆိုဖြစ်၊ ၂-ဆို သေရရှာတယ်။

ဒါဖြင့် ပျက်သင့်လို့လည်း (ပျက်ရပါတယ်) ဒါဖြင့် သူကဖြစ်ပျက်၊ ခင်ဗျားတို့က ရှုလိုက်တော့ (မှန်ပါ ဘုရား) ဝိပဿနာမဂ် သွားဖြစ်တယ် ဆိုတာ သေချာပလား (သေချာ ပါပြီ)။

ဖြစ်ပျက်ကြောင့်ဝိပဿနာမဂ်ဖြစ်

ဖြစ်ပျက် – ဝိပဿနာမဂ်ဖြစ်သွားတော့ ဝိပဿနာမဂ် ကို ဒကာ ဒကာမတို့ ဖြိုင်ဖြိုင် ကလေး ရှုပေးလိုက်တော့ ဘာဖြစ် လာမယ်ထင်သတုံး ရင့်မလာဘူးလား (ရင့်လာပါတယ်) ရင့်လာသည်နဲ့ တစ်ပြိုင်နက်တည်း ဒကာ ဒကာမတို့ ဒီမဂ်က ဘယ်မဂ်ကို ကျေးဇူးပြုမှာတုံး (လောကုတ္တရာမဂ်ကို ကျေးဇူးပြုပါတယ်)

လောကုတ္တရာမဂ်ကို ကျေးဇူးပြုမယ်ဆိုတော့ ဒီဝိပဿနာမဂ်မရဘဲနဲ့ လောကုတ္တရာမဂ် ရပါ့မလား (မရ နိုင်ပါဘူး) မရနိုင်တော့ ဪ ဒီဖြစ်ပျက်ကြောင့် ဒီမဂ်ဖြစ်တယ်၊ ဒီမဂ်ကြောင့် ဒီမဂ်ဖြစ်တယ် (မှန်ပါ) ပေါ်ကြပလား (ပေါ်ပါပြီ)။

ဝိပဿနာမဂ်ကြောင့် လောကုတ္တရာမဂ်ဖြစ်

ဒီဖြစ်ပျက်ကြောင့် ဝိပဿနာမဂ်ဖြစ်တယ်၊ ဝိပဿနာ မဂ်ကြောင့် (လောကုတ္တရာမဂ်ဖြစ်တယ်) လောကုတ္တရာ မဂ်ဆိုတော့ ဒီအစီအစဉ်မျိုးကို ခင်ဗျားတို့ ပိုင်ပိုင်နိုင်နိုင်ကြီး ဪ ဒိဋ္ဌိခွာပြီးရှုလို့ ရှိရင် အနီးကလေးပါလား ဒီဘက်က နိဗ္ဗာန်မြင်တဲ့ မဂ်, ဒီမဂ်က ဖြစ်ပျက်မြင်တဲ့ မဂ်, သဘောကျ ပလား (ကျပါပြီ)။

ဝိပဿနာ မဂ်ဘာမြင်သတုံး (ဖြစ် ပျက်မြင်ပါတယ်) သူက ကျေးဇူးပြုလိုက်တော့ လောကုတ္တရာ မဂ်ပေါ်တော့ လောကုတ္တရာမဂ်က ဘာမြင်သတုံး (နိဗ္ဗာန် မြင်ပါတယ်) နိဗ္ဗာန်မြင်တယ် ဆိုတော့ လောကုတ္တရာမဂ် ဖြစ်နေပြီ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ)။

အင်မတန်ကံထူးတဲ့နေ့

အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ယနေ့ ကံထူးတယ်၊ အင်မတန်ထူးတဲ့နေ့ပဲဆိုတာ ပေါ်လာကြပလား (ပေါ်လာပါပြီ)။

ဒါကြောင့် ဒကာ ဒကာမတွေ ဒီဖြစ်ပျက်ကို မမေ့စေနဲ့။ အဖြစ်မြင်လို့ရှိရင် ဘာစင်သတဲ့တုံး (ဥစ္ဆေဒစင်ပါတယ်) အပျက်မြင်ရင် (သဿတစင်ပါတယ်) ခိုင်တယ်၊ မြဲတယ် မဟုတ်ဘူးဆိုတာ မသေချာဘူးလားဗျား (သေချာပါတယ် ဘုရား) ဒါမိမိခန္ဓာလား သူတစ်ပါး ခန္ဓာလား (မိမိခန္ဓာပါ) မိမိခန္ဓာမှာ ဒါပဲရှိတယ်ဆိုတာ မသေမချင်းမှတ်ထားပါ (မှန်ပါ)။

ခန္ဓာမှာဖြစ်ပျက်ပဲရှိတယ် မိမိခန္ဓာမှာ ဘယ်စိတ်ပေါ်ပေါ် ဖြစ်ပျက်ပဲရှိတယ်။

ယောက်ျားမပါဘူး မိန်းမမပါဘူး (မှန်ပါ) သက္ကာယလည်း ခွာပြီးသား သဿတ ဥစ္ဆေဒလည်း ခွာပြီးသား ရှင်းပြီးသားနော် (မှန်ပါ) ကျေနပ်ကြပလား (ကျေနပ်ပါပြီ)။

အဲဒီတော့ ဒါမပါဘဲနဲ့ ရှုနေတဲ့အတွက် မဂ်ဖိုလ်မရနိုင် ဘဲ ဖြစ်နေတဲ့ဝတ္ထုကို ထုတ်ပြတော့မယ် (မှန်ပါ) ဒီလိုရှုနေတဲ့ ပုဂ္ဂိုလ်ဟာ ဘယ်သူတုံးဆို တော့ ဖွားဘက်တော်ရှင် ဆန္နမထေရ်ပဲ (မှန်ပါ)။

ရှင်ဆန္န

ရှင်ဆန္နဟာ နည်းတဲ့ နှစ်မဟုတ်ဘူးနော် ၄၄ နှစ် ၄၅ နှစ်ကြီး ဝိပဿနာရှုနေတယ် (မှန်ပါ) ဖြစ်ပျက်တော့ သူမြင်တယ် ဉာဏ်ထဲမှာ သဿတ မခွာတတ်ဘူး (မှန်ပါ) ဥစ္ဆေဒရော (မခွာတတ် ပါဘူး) အဲဒါကြောင့် ဘယ်လောက် ကြာသွားသတုံး (၄၅ နှစ်ပါ ဘုရား)။

အဲ ဘုရားပွင့်လာတော့ သုဒ္ဓေါဒနမင်းကြီးက သူ့ ကို အရင်လွှတ်လိုက်တာပဲ သူပါ သင်္ကန်းဝတ် နေတာပဲ ဆိုတာကော မသေချာဘူးလား (သေချာပါတယ်) အဲဒါတွေ ထောက်ကြည့်တော့ တစ်သက်လုံး လုပ်နေတဲ့ ပုဂ္ဂိုလ် ၄၅ နှစ်လောက်ရှုနေတဲ့ ပုဂ္ဂိုလ်ဆိုရင်ကော ငြင်းဖို့လိုသေးသလား (မလိုပါဘူး)။

နှစ်ပေါင်း (၄၀) ကျော်ဝိပဿနာလုပ်နေတယ်

ဝိပဿနာလုပ်နေပါလျက်နဲ့ ဘုရားပရိနိဗ္ဗာန်စံသွား တောင် ဘာဖြစ်လို့မရပါလိမ့်မတုံး (သဿတ ဥစ္ဆေဒမခွာ တတ်လို့ပါ)။ သဿတဥစ္ဆေဒ မခွာတတ်ဘူး၊ ဖြစ်ပျက် ဖြစ်မည့် တရားပေါ်မှာ သဿတဥစ္ဆေဒ မခွာတတ်ဘူး (မှန်ပါ) ရိပ်မိ ကြပလား (ရိပ်မိပါပြီ ဘုရား)။

ဘယ်ပေါ်မှာ မခွာတတ်တာပါလိမ့် (ဖြစ်ပျက်ဖြစ် မည့် တရားပေါ်မှာ မခွာတတ်တာပါ) အေး ခန္ဓာပဋိစ္စ သမုပ္ပါဒ်အပေါ်မှာ မခွာတတ်တာ (မှန်ပါ) ရှင်းကြပလား (ရှင်းပါပြီ)။

ဒိဋ္ဌိမခွာတတ်လို့ နိဗ္ဗာန်မရ

ခန္ဓာပဋိစ္စသမုပ္ပါဒ်အပေါ်မှာ မခွာတတ်တဲ့အတွက် သူ့မှာ ဘာငြိနေသတုံး (သဿတဥစ္ဆေဒ ငြိနေပါတယ်) သဿတဥစ္ဆေဒငြိနေတဲ့အတွက် နှစ်ပေါင်းဘယ်လောက် ကြာသွားသတုံး (၄၅နှစ်ပါ ဘုရား)။

ကဲ ဦးစံရင် ကိုမြရွှေတို့ မနစ်နာဘူးလား (နစ် နာပါတယ်) နောက်က ဒကာ ဒကာမတွေ (နစ်နာပါတယ် ဘုရား)။

အဲဒီတော့ ခင်ဗျားတို့မှာ အခုမနစ်နာရအောင် ဖြစ်ပျက် ဝိပဿနာမဂ် (မှန်ပါ) ဝိပဿနာမဂ် – လောကုတ္တရာမဂ်။ ကဲ ဝေးသေးသလား (မဝေးပါဘူး) မဝေးသေးဘဲနဲ့ ဘယ့်နှယ်ကြောင့် မရောက် ပါလိမ့်မတုံး ဆိုတော့ မလုပ်တာ တော့ မတတ်နိုင်ဘူးပေါ့ဗျာ (မှန်ပါ) ရိပ်မိပလား (ရိပ်မိ ပါပြီ)။

မဝေးဘဲနဲ့ ဘယ့်နှယ်ကြောင့် မရပါလိမ့်မတုံးဆိုတော့ ဘယ်နှယ်တုံး (မလုပ်လို့ပါ ဘုရား) မလုပ်လို့မရတာ (မှန်ပါ)။

အချောင်ကအင်မတန်လိုချင်တယ်

ဒကာ ဒကာမတွေကလည်း အချောင်က အင်မတန်လို ချင်တယ်၊ ဘုရားရှေ့သွားပြီး နိဗ္ဗာန်မဂ်ဖိုလ် ရရပါလို၏ဘုရား လို့ ဆုတောင်းရုံ တောင်းနေကြတာပဲ (မှန်ပါ)။

ဘုရားက မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရော့တဲ့ အင့်တဲ့လို့ ပေးနိုင်တာ မဟုတ်ဘူး၊ နည်းလမ်း ကိုသာ ပေးနိုင်တယ်၊ ကိုယ့် ဟာကိုယ် အားထုတ်လုပ်ကိုင်ယူရတယ်၊ သဘောကျပလား (ကျပါပြီ) နည်းသာ ပေးနိုင်တယ်၊ ကိုယ့်ဟာကိုယ် လုပ်ယူကြ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ)။

ဘုရားက ဘာပေးသတုံး (နည်းသာပေးပါတယ် ဘုရား) နည်းသာပေးနိုင်တယ်၊ ရဖို့တော့ ကိုယ့်စွမ်းရည်နဲ့ လုပ်ယူရမှာ (မှန်ပါ)၊ ဘုရားက နည်းပေးသမား၊ ကိုယ်က ကိုယ့်စွမ်းရည်နဲ့ လုပ်သမား၊ ရှင်းပလား (ရှင်းပါပြီ)။

နိဗ္ဗာန်ရဖို့ကိုယ့်စွမ်းရည်နဲ့လုပ်ရမှာ

အဲဒီတော့ ခင်ဗျားတို့ နည်းလည်းကောင်းရမှာ အမှန် ပါဘဲ၊ ကိုယ့်စွမ်းရည်နဲ့ ယူရမှာလည်း ဧကန်ပါပဲ၊ ရှင်းပလား (ရှင်းပါပြီ)။

ကိုင်း- ဒါဖြင့် ရှင်ဆန္နဝတ္ထုကို ဆက်ကြစို့ ဦးခင်မောင်ရေ (မှန်ပါ) အခုကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား) ဖြစ်ပျက် ဘာမင်္ဂလာမလဲ (ဝိပဿနာမဂ်ပါ) ဝိပဿနာ မဂ်ပြီးရင် (လောကုတ္တရာမဂ်ပါ ဘုရား) သဿတဥစ္ဆေဒခွာ ပြီးရင် ကိစ္စပြီးတာပဲဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

အဲဒါကြောင့် ခင်ဗျားတို့ ရှင်ဆန္နအကြောင်းကို ထုတ်ပြ လိုက်မှပဲ တို့သည်ကားလို့ဆိုရင် ယခုအချိန်မှာ အတော်ကလေ းခရီးရောက်နေပါပေါ့လား (မှန်ပါ) အခု ရှေးဦးစွာ ခွာပေးတယ်ဆိုတာ ဦးခင်မောင် မသေချာလားဗျာ (သေချာပါတယ် ဘုရား) ခန္ဓာပဋိစ္စသမုပ္ပါဒ်မှာ သဿတဥစ္ဆေဒ ခွာပေးတယ်ဆိုတာ ကျေနပ်ကြပလား (ကျေနပ်ပါပြီ)။

ဘုရားပရိနိဗ္ဗာန်စံပြီးသည့်နောက် ရှင်ဆန္နဟာ ဇေတဝန် ကျောင်းမှာပဲနေတယ်၊ သူ့ကိုဗြဟ္မဒဏ် ပေးထားလို့ စကားပြော မည့် သူကမရှိတော့ သူ့ကျောင်းကလေးသူ တံခါးပိတ်ပြီး သကာလ လျှောက်ပြီး တရားတောင်းတယ်၊ အရှင်ဘုရားတို့ တပည့်တော်ကို ဆုံးမကြပါဦး ကံမြစ်ကြပါဦး တရားဓမ္မလည်း ပေးကြပါဦးဘုရား နို့မဟုတ်လို့ရှိရင် တပည့်တော်ဘာမှ ကျေးဇူးများတော့မှာ မဟုတ်ဘူး ကျောင်းစဉ် လျှောက်ပြီး တောင်းပန်လျှောက်ထားရတယ် (မှန်ပါ)

သူ့ကို ဆုံးမပါဦး တဲ့ ကံမြစ်ကြပါဦး တရားနည်းပေးကြပါဦး၊ တောင်းတော့ ရဟန်းတွေက အရှင်ဆန္န ခန္ဓာငါးပါး ရှိတယ်၊ ရုပ်တရားဟာ အနိစ္စ၊ ဝေဒနာအနိစ္စ၊ သညာ အနိစ္စ၊ သင်္ခါရအနိစ္စ၊ ဝိညာဏ်အနိစ္စတို့ကို ပြောရင် သဗ္ဗေသင်္ခါရာ အနိစ္စ၊ သင်္ခါရတရားမှန်သမျှ အကုန်အနိစ္စချည်းပဲ၊ သဗ္ဗေ ဓမ္မာအနတ္တ၊ အကုန်လုံးတရားမှန်သမျှ အနတ္တ၊ နိဗ္ဗာန်တောင် အနတ္တ ဒီအဓိပ္ပါယ်တွေ ဟောလိုက်တယ် (မှန်ပါ)။

ဟောလိုက်ပေမယ့် သူ့စိတ်ထဲမှာ အိုး ဒါလောက် တော့ အားထုတ်နေတာ ကြာလှပြီ ဒီလို အားထုတ်နေတာ ကြာလှပါပြီတဲ့ (မှန်ပါ)။

ဖြစ်ပျက်ချုပ်တဲ့နိဗ္ဗာန်တစ်ခါမျှ မမြင်ဘူး

ဒကာ ဒကာမတို့ ဒိအနိစ္စမျိုး ဒီအနတ္တမျိုး သဗ္ဗေဓမ္မာ အနတ္တမျိုး သူအားထုတ်နေတာ ကြာလှပါပြီတဲ့ (မှန်ပါ)။ ဒကာ ဒကာမတို့ သူဟာ အားလည်း ထုတ်တယ်နော် (မှန်ပါ) ကြာကော မကြာဘူးလား (ကြာပါပြီ ဘုရား) ဘုရား

ဖြစ်စက အားထုတ်တာများ ဘုရားပရိနိဗ္ဗာန် စံပြီးတော့ ဆိုတော့ မောင်ထွန်းလှိုင် မကြာသေးဘူးလား (ကြာပါတယ် ဘုရား)၊ အဲဒီတော့ သူအားထုတ်လာတာ ဒီဥစ္စာတွေ ကြာလှပါပြီတဲ့ (မှန်ပါ) ကြာပင်ကြာငြား သော်လည်း အခု ကိုယ်တော်တွေ ဟောတဲ့တရားမျိုးကို သဗ္ဗေသင်္ခါရာ အနိစ္စတွေ သဗ္ဗေဓမ္မာအနတ္တ တွေကို သူအားထုတ်ပြီးတော့ ကြည့်တယ်တဲ့ (မှန်ပါ) ဟောဒီသင်္ခါရ ဖြစ်ပျက်ဟာ သင်္ခါရနော် (မှန်ပါ) သင်္ခါရချုပ်သွားတဲ့ နိဗ္ဗာန်ကို တစ်ခါမှ မမြင်ဘူးတဲ့ (မှန်ပါ) သဘောကျပလား (ကျပါပြီ)။

ဖြစ်ပျက်ချုပ်တဲ့ နိဗ္ဗာန်ကို (တစ်ခါမှ မမြင်ဖူးဘူး တဲ့) ခန္ဓာချုပ်တဲ့နိဗ္ဗာန်ကို (တစ်ခါမှ မမြင်ဖူးဘူးတဲ့)။

အဲဒီတော့ ဖြစ်ပျက်ချုပ်တဲ့နိဗ္ဗာန်၊ ခန္ဓာချုပ်တဲ့ နိဗ္ဗာန်၊ သင်္ခါရချုပ်တဲ့ နိဗ္ဗာန်၊ တဏှာကုန်တဲ့ နိဗ္ဗာန် ဘယ်တော့မှ မမြင် ပါဘူးဘုရားတဲ့ သူဟာ (မှန်ပါ့) ဒီကိုယ်တော်တွေ ဟောနည်း အတိုင်း သူရှုပါတယ်တဲ့၊ ရှုပင်ရှုငြားလည်း မြင်ကို မမြင်ဘူး။

မမြင်ဘူးတဲ့။ သင်္ခါရတရားတွေကို သူရူပါတယ်တဲ့။ ရှုပင် ရှုငြားသော်လည်း သင်္ခါရချုပ်မှ နိဗ္ဗာန် ခန္ဓာချုပ်မှ နိဗ္ဗာန် အဲဒီဆီရောက်အောင် သူတခါမှ မမြင်ဖူးပါဘူးတဲ့ (မှန်ပါ)။

ထိတ်လန့်တဲ့သဘောဖြစ်တယ်

မမြင်ဘူးတဲ့အပြင် သူ့မှာ ဘယ့်နှယ်ဖြစ်လာသတုံး ဆိုလို့ ရှိရင်၊ ဒီရှုလိုက်တဲ့ အခါကျလို့ရှိရင် ထိတ်လန့်တဲ့သဘောလည်း သူ့မှာ လာလာဖြစ်တယ်။ ထိတ်လန့်တဲ့သဘော လာလာဖြစ် တယ်တဲ့နော် (မှန်ပါ)။ စွဲလမ်းတဲ့ သဘောလည်း လာလာ ဖြစ်တယ်တဲ့ (မှန်ပါ)။ ဘယ်နှစ်ချက်ဖြစ်သတုံး (နှစ် ချက်ဖြစ်ပါတယ်)။

ထိတ်လန့်တဲ့သဘောလည်း (ဖြစ်ပါတယ်) စွဲလမ်း တဲ့သဘောလည်း (ဖြစ်ပါတယ် ဘုရား)။

ငါဘာကိုအားကိုးရမှာတုံး

ထိတ်လန့်တဲ့ သဘောက ဖျတ်ဆို ဪ ဒါကလေး ဟာ အနတ္တပါကလားလို့ သူက ဝိပဿနာမဂ်နဲ့ ရှုလိုက်လို့ရှိ ရင်တစ်ခါတည်း ထိတ်လန့်သွားတာပဲ၊ ငါ့မှာ အားကိုးရာမရှိတော့ ဘူးဆိုပြီးလန့် လန့်သွားတယ် (မှန်ပါ) ဒီအထဲမှာ အကုန် အနတ္တ ဆိုတော့ ငါဘာကို အားကိုးရမတုံး ဆိုတာကလေးက ပေါ်ပေါ် လာတယ် (မှန်ပါ့) အဲဒီမှာ လန့်လန့်သွားတယ် (မှန်ပါ့) ရိပ်မိ ပလား (ရိပ်မိပါပြီ)။

အနတ္တလို့ရှုလိုက်ရင် သူ့စိတ်ထဲမှာ ဘယ်လိုဖြစ်သွား သတုံး (လန့်လန့်သွားပါတယ် ဘုရား)။ သစ်ပင်ပေါ်က ဝုန်းခနဲ ကျသွားသလို သူ့စိတ်ထဲမှာ ဖိုဖိုသွားတာ (မှန်ပါ) သူ့စိတ်ထဲမှာ ဖိုဖိုသွားလို့ အားကိုးရာမဲ့ ဖြစ်ပြီဆိုပြီး သကာလ ဖိုဖိုသွားသတဲ့ (မှန်ပါ) ပျက်သွားတာ မြင်လိုက် သူ့စိတ်ထဲ မှာ မဂ်မရတဲ့အပြင် ဖိုဖိုသွားတာသာ လာတယ်နော် (မှန်ပါ)

ဖိုသွားတယ်ဆိုတာက သစ်ပင်ပေါ်ကကျသလို ကမ်းပါးပြတ်ကြီး က ကျသလို ဖြစ်သွားတယ် (မှန်ပါ) ရှင်းကြပလား (ရှင်းပါ ပြီ ဘုရား)။

ပြီးတော့ စိတ်ထဲမှာ ဒီဟာကအနတ္တဆိုလို့ ရှိရင် ဘယ်ဟာအားကိုးရပါ့မလဲဆိုတဲ့ ဥပါဒါန် ကလည်း တစ်ခါပြန် လာသေးတယ် (မှန်ပါ)

လန့်တာက တစ်မျိုးဥပါဒါန်က တစ်မျိုးနှစ်မျိုးလာတယ်တဲ့ (မှန်ပါ) ဒီကိုယ်တော်တွေ ဟော တဲ့နည်းကို အနိစ္စအနတ္တလို့ ရှုတာ (မှန်ပါ) အံမာလေး သူကလည်း စွဲချက်တင်တာ မသေးလှပါလား (မှန်ပါ)။

ဒကာ ဒကာမတို့ ဘယ်နှစ်ချက်တင်လိုက်သလဲ (နှစ်ချက်တင်ပါတယ် ဘုရား) ဒီကိုယ်တော်တွေ ဟောတဲ့ အတိုင်းတဲ့။ အနိစ္စ အနတ္တတွေ ရှုလိုက်တော့ ဘာမှမရှိတော့ပါ ကလား ဆိုပြီး ဘာမှအားကိုးရာ မရှိပါကလား ဆိုပြီး ဖိုသွားတာပဲတဲ့ (မှန်ပါ) သဘောကျပလား (ကျပါပြီ)။

စွဲလမ်းတဲ့စိတ်ပေါ်လာတယ်

ဒါဖြင့် နောက်ထပ်ဘာများအားကိုး အားထားလုပ်ရ ပါမတုံးတဲ့ စွဲလမ်းတဲ့ စိတ်ကလည်း ပြန်ပေါ်လာတာပဲတဲ့ (မှန်ပါ ဘုရား) ဒါဖြင့် ကြောက်လန့်တာနဲ့ စွဲလမ်းတာတောင် ပိုသေး တယ်တဲ့။ နိဗ္ဗာန်တောင် မမြင်တဲ့အပြင် (မှန်ပါ) ကဲ ဒါ ဘာဖြစ်တယ်ဆိုတာ ခင်ဗျားတို့ သိရောပေါ့ဗျာ (မှန်ပါ) ဘာကြောင့် ဒီကြောက်လန့်တာနဲ့ စွဲလမ်းတာ ပြန်လာတာတုံး (သဿတဥစ္ဆေဒ ခွဲပြီးမရှုလို့ပါ) ရိပ်မိပလား (ရိပ်မိ ပါပြီ)။

ဘယ်လောက်နစ်နာသွားသလဲ (မှန်ပါ ဘုရား)။ သူရှုကြည့်တယ်တဲ့။ (မှန်ပါ)

အလုံးစုံသော သင်္ခါရတွေ အနိစ္စ၊ အလုံးစုံသော တရားတွေ အနတ္တ၊ တစ်ခုတည်းလည်း အနိစ္စ၊ တစ်ခုတည်းလည်း အနတ္တရှုကြည့်တာပဲတဲ့။ ရှုကြည့်ငြားလို့ရှိရင် ဪ ဖျတ်ဆို ဒါတွေကချုပ်သွားရင် ဘာအားကိုးရပါမလဲ ဖိုလှိုက် ဖိုလှိုက် အားကိုးရာ မရှိဘူးဆိုပြီး သကာလ ပြန်ပြီး စွဲလမ်းတဲ့ သဘော ဥပါဒါန်က လာလိုက်။ သဘောကျပလား (ကျပါပြီ)

‘‘ပရိတဿနာစ ဥပါဒါနာစ ဥပ္ပဇ္ဇတိ’’ တဲ့။ ပရိတဿနာစ =တောင့်တခြင်းသည် လည်းကောင်း၊ ဥပါဒါနာ စ =စွဲလမ်းခြင်းသည်လည်းကောင်း၊ ဥပ္ပဇ္ဇတိ =ဖြစ်လာ၏တဲ့ (မှန်ပါ)

သူ့မှာဒါတွေချည်းဖြစ်နေတယ် (မှန်ပါ) ရှုလိုက် ဒါနှစ်ခုဖြစ် လာတာပဲ ရိပ်မိပလား (ရိပ်မိပါပြီ။

ဘယ့်နှယ်ကြောင့်ဒီလိုဖြစ်ရပါလိမ့်

ရှုလိုက်တော့ ဘာနဲ့ဖြစ်လာသတုံး (ထိတ်လန့်တာ နဲ့စွဲလမ်းတာလာပါတယ်) ဘယ့်နှယ်ကြောင့် ဒီလိုလာရပါလိမ့် မတုံးလို့ သူ့ဟာသူတွေးကြည့်တဲ့အခါမှာလည်း ဒကာ ဒကာမ တို့ အကုန်အနတ္တ ဆိုရင် ဘာအားကိုးမတုံးတဲ့ (မှန်ပါ)။

ကျုပ်တို့အိမ်မှာ လူမိုက်ချည့်ပဲ ဆိုရင် ဘာအားကိုးရမှာ တုံးလို့ ဒကာ ဒကာမတွေကော မသုံးဘူးလား (သုံးပါတယ်) သားကလေး ကြည့်လိုက်ပြန်လည်း တေလေ၊ သမီးလေးကြည့် လိုက်ပြန်လည်း အချိုးမကျ။ ဒို့အိမ်များ – ဘာအားကိုးရမှန်း မသိဘူးဆိုတာ မလာပေဘူးလား (လာပါတယ် ဘုရား)။

အဲဒီလို ဖြစ်လာတယ် သူ့စိတ်ထဲမှာ (မှန်ပါ) ခန္ဓာငါးပါး ဘယ်ဟာ မဆို အားကိုးစရာမရှိဘူး အနတ္တချည်းလို့ ကိုယ်တော်တို့ ဟောတဲ့အတိုင်း တပည့်တော်ရှုလိုက်တဲ့အခါကျတော့ ဘာအား ကိုးရမတုံးဆိုတာ တပည့်တော်မှာ လာတာပဲ တဲ့ (မှန်ပါ)

ဒါလေး ပျောက်သွားတဲ့အခါကျတော့ ဖိုခနဲ ဖိုခနဲဖြစ်သွားတယ် တဲ့ ထိတ်လန့်တဲ့ သဘောချည်းပဲ ဖြစ်သွားတယ် (မှန်ပါ)။ ရိပ်မိပလား (ရိပ်မိပါပြီ)။

အန္တရာယ်တောင်ဝင်နေသေးတယ်

ဒါဖြင့် ဒကာ ဒကာမတို့ နိဗ္ဗာန်မမြင်တဲ့အပြင် သူ့မှာ အန္တရာယ်တောင်ဝင်နေသေးတယ် (မှန်ပါ) ဘယ်နှစ်နှစ် ကြာသွားသတုံး (၄၅ နှစ်ပါ ဘုရား)။ ကြောက်စရာကြီးပါ လား (မှန်ပါ ဘုရား)။

သူရှုတဲ့ တရားလေးတွေက ဖျတ်ခနဲ ကိုယ့်စိတ် ဉာဏ်ရှေ့မှာ ပေါ်လိုက် ပျောက်သွားလိုက်၊ ဪ အနတ္တ ဆိုတာပျောက်သွားပြီ ဆိုတော့ သူ့ခန္ဓာတွေက အနတ္တရယ်လို့ လည်း ပျောက်သွားပါရော၊ ဒကာ ဒကာမတို့ တစ်ခါတည်း အမြင့်ကနေပြီး ချောက်ထဲကျသလို ဖြစ်သွားတယ်။ ဖိုခနဲ မသွား ပေဘူးလား (သွားပါတယ်) ဘာများအားကိုးရမှာတုံး ဆိုတာကော နောက်ထပ် လှည့်မလာပေဘူးလား (လှည့်လာ ပါတယ်)။

ကဲ့ ဦးခင်မောင်ရေ ခုနင်က သင်္ခါရချုပ်တဲ့ နိဗ္ဗာန် ဥပါဒါန်ချုပ်တဲ့ နိဗ္ဗာန် မမြင်တဲ့ အပြင်မှာ၊ ဖိုသွားတာရယ် စွဲလမ်း မှုပြန်လာတာရယ် ဒါတွေတောင် လာလိုက်သေးတယ်တဲ့ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ဘယ့်နှယ်ကြောင့် သူမှာ ဒီလိုချည်းဖြစ်နေပါလိမ့်မတုံး (သဿတ ဥစ္ဆေဒမကွာလို့ပါ) ခုနင်က ခန္ဓာပဋိစ္စသမုပ္ပါဒ်ကို နားမလည် ဘဲနဲ့ ရှုနေလို့တဲ့ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ)။

သဿတ ဥစ္ဆေဒမကွာလို့

ခန္ဓာပဋိစ္စသမုပ္ပါဒ်ကို နားမလည်ဘဲနဲ့ ရှုနေတဲ့အတွက် ဒကာ ဒကာမတို့ သဿတ ဥစ္ဆေဒ မကွာသောကြောင့် ဤကဲ့သို့ ဖြစ်ရပါတယ် (မှန်ပါ) ပေါ်ကြပလား (ပေါ်ပါပြီ) အင်မတန်အရေးကြီးတဲ့ စကားဆိုတာ ဦးခင်မောင် ရိပ်မိပလား (ရိပ်မိပါပြီ)။

ဝိပဿနာမှာ အရင်းကျကျ တစ်ခါတည်း လိုရင်း ဆိုက်အောင်ပြောထားတဲ့ဥစ္စာ ဦးဇံရင်တို့ သိပလား (သိပါပြီ ဘုရား) သာမညရှုနေလို့ မဖြစ်သေးဘူးဆိုတာကော ပေါ်ကြ ပလား (ပေါ်ပါပြီ)။

နည်းကောင်း၊ နည်းမှန်တွေရှာပြီးမှ အမျိုးမျိုးရှင်းသင့် ရှင်းထိုက်တာတွေ ရှင်းပြီးမှ ဝိပဿနာဉာဏ် စခန်းဝင်မှသာလျှင် လိုရာကိစ္စပြီးတော့မယ်ဆိုတာ မသေချာဘူးလား (သေချာ ပါတယ်) သဘောကျပလား (ကျပါပြီ)။

ကိုယ့်ဒုက္ခကိုမြန်မြန်သိမ်းတာကောင်းတယ်

အဲဒီတော့ ဒီလာတဲ့ ဒကာ ဒကာမတွေ ဘုန်းကြီး ကြည်ညိုရင် တရားကြည်ညိုလို့ ဒီလိုလောက် သဘောမထားနဲ့။ တစ်ခါတည်း တို့နိဗ္ဗာန်မဂ်ဖိုလ် ရအောင်လို့ နည်းလမ်းကို အရယူ ပြီး သကာလ ကျင့်မလို့လာတာပေါ့ (မှန်ပါ့) နည်းယူပြီး ကျင့်မလို့လာတာဆိုတဲ့ စိတ်ကို အမြဲတမ်းမွေးပါ။ (မှန်ပါ့)

ကိုယ့် ဒုက္ခကိုယ်သိမ်းတာ ပျင်းစရာရှိကြရဲ့လား (မရှိပါဘူး) မြန်မြန်သိမ်းတာနဲ့ နှေးနှေးသိမ်းတာ ဘယ်ဟာက ကောင်း သတုံး (မြန်မြန်သိမ်းတာ ကောင်းပါတယ်) တစ်ခါတစ်ခါ လုပ်ရမှာပဲလို့ လုပ်ချင်သေးသလား (မလုပ်ချင်ပါဘူး ဘုရား) တစ်ခါ တစ်ခါဆိုရင် ဒီအစကလေး ပျောက်သွားရင် ခက်သနော် (မှန်ပါ့) ဘယ်တော့မှ မပေါ်လာတော့ဘူး – (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။

အဲဒီတော့ တစ်ခါတစ်ခါလည်း စိတ်မကူးပါနဲ့ ကိုယ့် ဒုက္ခကိုယ်သိမ်းတာ အမြန်ဆုံး သိမ်းကြပါ ဆိုတာ ဒီကနေ တိုက်တွန်းရပြန်တယ် (မှန်ပါ့) မတိုက်တွန်းသင့်ဘူးလား (တိုက်တွန်း သင့်ပါတယ်)။

ဒီတရားကို ကြိုက်ကြိုက်၊ မကြိုက်ကြိုက်၊ လုပ်သာလုပ်ပါ

အဲဒါခင်ဗျားတို့ကို ဘုန်းကြီးပြောချင်တဲ့ တစ်လုံး ကတော့ ခင်ဗျားတို့ ဒီတရားကို ကြိုက်သည်ဖြစ်စေ၊ မကြိုက် သည်ဖြစ်စေ လုပ်သာလုပ်ပါ။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ခင်ဗျားတို့ ကြိုက်လည်း လုပ်ရမှာပါဘဲ) မကြိုက်လည်း (လုပ်ရမှာပဲ)။ ဘာဖြစ်လို့တုံး အမှန် အလုပ်ကိုဗျ (မှန်ပါ့) အမှန်အလုပ် ဆိုရင် ကြိုက်ကြိုက် မကြိုက်ကြိုက် လုပ်ပါ။ တဏှာကတော့ ဒီအထဲမှာ ဒီအပြင်အလုပ်တွေက ရှိသေးတယ်။ ဒီအလုပ်က လုပ်သာလုပ်နေရတာ ဒီအပြင် အလုပ်တွေက မအားဘူး ဆိုလည်း၊ အို မအား အားအား ဒီအလုပ်ကိုတော့ လုပ်သာလုပ် (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ)။

ဟိုဟာက ဒုက္ခပေးမည့်အလုပ်ကိုး။ ဒီဟာက ဒုက္ခသိမ်းမည့်အလုပ် ဆိုတော့ ခင်ဗျားတို့ ဝမ်းထဲက မကြိုက် လည်းလုပ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။

မကြိုက်လည်းလုပ်ရမှာပဲ

အဲ ခင်ဗျားတို့ ဝမ်းထဲက သံသရာကြီးကြောက်တဲ့ ပုဂ္ဂိုလ်ကျတော့လည်း ကြိုက်လိမ့်မယ် (မှန်ပါ့) ကြိုက်လည်း ဘာလုပ်ရမလဲ (လုပ်ရမှာပါပဲ) သံသရာရှည်ချင်သေးတဲ့ ပုဂ္ဂိုလ်ကတော့ ကြိုက်ချင်မှ ကြိုက်မယ်။ မကြိုက်လည်း ဘာလုပ်ရမလဲ (လုပ်ရမှာပါပဲ)။

အဲဒီတော့ ဒကာ ဒကာမတို့ ဆေးဟာ ဥပမာ ကလေး ငယ်ငယ်ကလေး ဆေးကျွေးတယ် ထားပါတော့။ သူက ဝမ်းချုပ် နေတယ်။ သူကြိုက်ကြိုက် မကြိုက်ကြိုက် ရွံ့သာခွံ။ ဒါမှ သူ့ရောဂါ သက်သာမယ်။ နို့မဟုတ် ဒီကလေး ကလေးသေသွား လိမ့်မယ် (မှန်ပါ့) မသေပေဘူးလား (သေပါတယ် ဘုရား) အဲဒီတော့ ကြိုက်လည်း ခွံ့ရမှာပဲ မကြိုက်လည်း ခွံ့ရမှာပဲ (မှန်ပါ့)။

အတင်းခွံ့နေတာ မှိတ်မျိုမှရမှာ

အဲ ခင်ဗျားတို့ကိုလည်း အတင်းခွံ့ နေတာပဲ မှိတ်သာမျို (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ) မှိတ်မျိုမှ ရမှာ နို့မဟုတ်ရင် မရကိုမရဘူး (မှန်ပါ့)။

ငိုလည်းတိုက်၊ မငိုလည်းတိုက်

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒီဥစ္စာက တိုက်တွန်း နှိုးဆော်ထားတာ။ ကလေးလို မမျိုချင်ဘဲနဲ့ ငိုနေမှာ စိုးလို့နော် (မှန်ပါ့) ငိုနေရင်တော့ ဒီကလေးဓါတ်ချုပ်တဲ့ ဝေဒနာနဲ့ သေတော့မယ် (မှန်ပါ့) စမြင်းတွေဖြစ်ပြီး မသေပေဘူးလား (သေပါတယ်) အဲဒီတော့ အမေ၊ မိဘ လုပ်တဲ့ ပုဂ္ဂိုလ်က ဒီဆေးနဲ့ ဒီဥစ္စာနဲ့ တည့်မယ်ဆိုရင် ငိုလည်း တိုက်၊ မငိုလည်းတိုက်ပဲ (မှန်ပါ့)

အဲဒီလိုပဲ ခင်ဗျားတို့ကို လည်း ခင်ဗျားတို့ မကြိုက်လည်းလုပ် ကြိုက်လည်း (လုပ် ရမှာပါပဲ) သံသရာ ကြောက်လို့ရှိရင်လုပ်။ သံသရာတော့ မကြောက်သေးဘူး သား, လင်ခင်ပွန်းနဲ့ ပျော်ဦးမယ် ပျော်လည်း လုပ်သာလုပ်ပေး။ ဒီအလုပ်တော့ မလျှော့နဲ့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ) ဒါမလုပ်ရင်တော့ မဖြစ်ဘူး ခင်ဗျားတို့က ကလေးလေးတွေလို ဖြစ်နေတာကိုး (မှန်ပါ့)။

အဘယရာဇကုမာရ်မင်းသား

ဒါက ဘုန်းကြီးက ပေးတဲ့ ဥပမာလို့ ဒကာ ဒကာမတွေ က မမှတ်ပါနဲ့။ ဒကာ ဒကာမတို့ ခင်ဗျားတို့မှာ ဘယ်လို ဖြစ်နေ သတုံးဆိုလို့ရှိရင်၊ အဘယရာဇကုမာရ် မင်းသားကလေးက လျှောက်တဲ့ အခါကျတော့၊ အရှင်ဘုရားက သူတစ်ပါး မကြိုက်တာကိုပဲ ဟောလေ့ပြောလေ့ ရှိတယ်လို့ ကြားရပါတယ် တဲ့ (မှန်ပါ့)။

အေးကွာ သူတစ်ပါးမကြိုက်တာကိုလည်း ငါပြောလေ့ဆိုလေ့ ရှိတယ်ဆိုတာ ဒီလိုကွ သနားလို့ ပြောတာပါတဲ့ (မှန်ပါ့)။

သနားလို့ပြောတာ

ဦးခင်မောင် ဘာဖြစ်လို့ ပြောတာပါလိမ့် (သနားလို့ ပြောတာပါ ဘုရား)။

ဥပမာကွာ မင်းမှာ လေးဘက်သွားတဲ့ ကလေးကလေး တစ်ယောက်ရှိတယ် (မှန်ပါ့) လေးဘက် သွားတဲ့ အခါကျတော့ ကလေးကလေးဟာ ဒကာ ဒကာမတွေ ဟိုမှာရွရွ ဒီမှာ ရွရွနဲ့ မသွားဘူးလားဗျား (သွားပါတယ် ဘုရား) ဟိုနားက ကျောက်ခဲကလေးတွေလည်း ပါးစပ်ထဲ ထည့်တာပဲ။ မထည့်ဘူးလား (ထည့်ပါတယ်) တုတ်ချောင်း ကလေးတွေကော (ထည့်ပါတယ်)။

ထည့်တဲ့အခါကျတော့ အမေမိဘက မေ့နေတုန်း သူက ထည့်ငြားသော်လည်း ပါးစပ်ထဲ ရောက်တဲ့ အချိန်ကျလို့ရှိရင်၊ ဘယ်လက်မောင်းနဲ့ ပွေ့ပြီ၊ ညာဘက်က လက်ညှိုးနဲ့ လက်မနဲ့ ကွေးပြီး သကာလ သူ့ပါးစပ်ထဲ အတင်းနှိုက်ပြီး၊ သူငိုပေမဲ့လည်း အတင်း ထုတ်ပစ်ရမယ် (မှန်ပါ့) ဘာဖြစ်လို့တုံး သေသွားမှာ စိုးလို့ (မှန်ပါ)။ ထွက်သက်ဝင်သက် ပိတ်ပြီး တော့ သေသွားမှာပေါ့ (မှန်ပါ့)။

ကြိုက်ကြိုက်မကြိုက်ကြိုက်ပြောရမှာပဲ

အဲဒီတော့ ငါဘုရားလည်း မှန်တဲ့တရားကို သူများ ကြိုက်လည်း ပြောရမှာပဲကွတဲ့ မကြိုက်လည်း ပြောရမှာပဲ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အဲဒီတော့ ဘုန်းကြီးကလည်း ခင်ဗျားတို့ မလုပ်ချင်လို့ ပျင်းလို့ ငိုနေတာကို ဘုန်းကြီးက ဂရုစိုက် နေမယ်လို့ အောက်မေ့ မနေနဲ့။ လုပ်သာလုပ်ပါ။ (မှန်ပါ့) မလုပ်လို့ရှိရင်တော့ ဪ ကလေးမိုက် မိုက်နေတယ်လို့သာ အောက်မေ့ပေတော့ (မှန်ပါ)။

ခင်ဗျားတို့ မျိုနေတာကတော့ သားကလေးခင်တဲ့စိတ် ကို တွေးလုံးနဲ့မျိုနေတယ် (မှန်ပါ့) သမီးကလေး နေရာချထား ရေးကို တွေးလုံးနဲ့မျိုနေတယ်။ ခင်ဗျားတို့မျိုတာ တုတ်ချောင်း ချည်းပဲ။ သေပါလိမ့်မယ် (မှန်ပါ့) ရိပ်မိပါလား (ရိပ်မိပါပြီ။)

အဲဒါတွေ မမျိုကြပါနဲ့ဗျ။ ထုတ်ပစ်ရတယ် ဒါတွေကို (မှန်ပါ့) တဏှာဥပါဒါန်ကံ ဇာတိဇရာ မရဏဆိုတော့ ဒကာ ဒကာမတို့ အပါယ်လေးပါး မရောက်သေးဘူးလား (ရောက်ပါတယ်)။

မင်းတို့ဟာတွေမျိုမနေနဲ့ ဒါကိုရှု

အဲ ဒါတွေမျိုတဲ့ အခါကျတော့ ဘုရားက ဒါရှု ဒါရှု မင်းတို့ဟာတွေ မျိုမနေနဲ့။ မပြောရပေ ဘူးလား (ပြောရပါတယ် ဘုရား)

ကဲ ဒါဖြင့် ခင်ဗျားတို့ဟာ ဘာနဲ့တူသတုံးမေးရင် ဘယ့် နှယ်ဖြေကြမလဲ (ကလေးနဲ့ တူနေပါတယ် ဘုရား) ကလေး ပေမယ့် ဒိုင်းဒိုင်းပြေးတတ်တဲ့ ကလေးလား လေးဘက်သွားလား (လေးဘက်သွားပါ ဘုရား) ကလေးတောင်မှ လေးဘက်သွား ရှိသေးတယ်။ ဒိုင်းဒိုင်းပြေးဆိုရင် တော်တော် လိမ်မာပြီ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဖြစ်ပျက်ရှုတဲ့ဉာဏ်ကိုမျိုထားပါ

ဒါဖြင့် ခင်ဗျားတို့ လေးဘက်သွားဆိုရင်ဖြင့် ခင်ဗျား တို့ သေကြောင်းကြံတဲ့ ပစ္စည်းသာ မျိုနေတာ (မှန်ပါ့) သေရမည့် ပစ္စည်းသာ (မျိုပါတယ် ဘုရား) အဲ မျိုချင် လို့ရှိရင် ဖြစ်ပျက်ရှုတဲ့ ဉာဏ်ကိုမျိုထားပါ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘာမျိုရမလဲ (ဖြစ်ပျက်ရှုတဲ့ ဉာဏ်ကို မျိုးရပါတယ် ဘုရား) သားကလေး စိတ်ကူးပြီးတော့ မျိုချမနေနဲ့။ သမီးကလေး စိတ်ကူးပြီးတော့ (မျိုချမနေနဲ့) ပစ္စည်းကလေး ရှာတာ စိတ်ကူးပြီးတော့ (မမူပါနဲ့) အဲဒါတွေ မျိုချနေလို့ရှိရင်ဖြင့် သားကြောင့် ဆိုလို့ရှိရင်ဖြင့် ဒုက္ခဒေါမနဿ ဥပါယာသ ဇာတိ ဇရာမရဏ ဦးခင်မောင် မသွားပေဘူးလား (သွားပါတယ်) သမီးကြောင့် ဆိုတော့ သောကပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ ဇာတိ ဇရာမရဏ မလာပေဘူးလား (လာပါတယ်) ရှင်းပြီးနော် (ရှင်းပါပြီ)။

အဲဒီတော့ ဟိုဟာတွေ မျိုးလိုက်လို့ရှိရင် ဇာတိ ဇရာ မရဏတွေချည်း ဝမ်းထဲရောက်လာတယ် (မှန်ပါ့) မရောက် ဘူးလား (ရောက်ပါတယ်) သံသရာဆက်သွားတာချည့်ပဲ ဒကာ ဒကာမတွေ ဆိုးဝါးတဲ့ တရားတွေ ချည်းပဲ။ ဝမ်းထဲမရောက် လာဘူးလား (ရောက်လာပါတယ်) ကဲ ဒါဖြင့် ကောင်းသေးရဲ့ လားဗျာ (မကောင်းပါဘူး)။

အဲဒီတော့ အဲဒါတွေများ သားစိတ်သမီးစိတ်တွေ စိတ်မျိုးတွေများ မျိုမယ်လို့ အိပ်ရာဝင်ရင် နဖူးပေါ် လက်တင် လာမည့် စိတ်ကူးလို့ရှိရင် တုတ်ချောင်းမျိုဟနော် လေးဘက် သွားဟနော် လုပ်ပေးပါ ကိုယ့်ဟာကိုယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) လေးဘက်သွား တုတ်ချောင်း မျိုလို့ရှိရင်ဖြင့် ထွက်သက်ဝင်သက် ပိတ်၍ သေပါလိမ့်မယ် (မှန်ပါ့) မသေဘူးလား (သေပါတယ်)။

ဒီမဂ်ဉာဏ်ကိုသာမျိုရမယ်

အဲဒီတော့ ကိုယ့်ဟာကိုယ် လိမ်မာပြီး သကာလ အင်း တို့ဆရာ ဘုန်းကြီးကလည်း မှာတယ် ဘုရားဟောတဲ့ အတိုင်း ဖြစ်ပျက်ရှုရမတဲ့ အဲဒီမဂ်ဉာဏ်ကိုသာ ရမတဲ့။ တုတ်ချောင်းတွေ သားစိတ်, သမီးစိတ်, ဆွေစိတ်, မျိုးစိတ် တွေကို မျိုချမနေနဲ့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)

အိမ်ကျတော့ မျိုကြဦးမှာလား ခင်ဗျားတို့ (မမျိုပါဘူး) ကြိုးကြား ကြိုးကြားများ စိတ်ကူးသေး သလား (စိတ်မကူးပါဘူး)။ ကြိုးကြား ကြိုးကြားကလည်း လာသေးတာပဲ ကြောက်စရာ သိပ်ကောင်းတာ (မှန်ပါ့)။

ဒါဖြင့် ဒကာ ဒကာမတို့ အခု အရှင်ဆန္နမှာ ဖြစ်ပျက်ကိုတော့ သူမြင်တယ်။ ဖြစ်ပျက်မြင်ရင် သူလန့်ပြီ (မှန်ပါ့) ပြီးတော့ ဘာအားကိုးရမလဲဆိုတဲ့ စွဲလမ်းလုံးကကော (လာပါတယ်) ကဲ ဖြစ်ပျက် မမြင်လို့လား မြင်လျှက်သားနဲ့ မဂ်မရတာလား (မြင်လျက်သားနဲ့ မဂ်မရတာပါ)

ဘာလိုနေသတုံး (သဿတဥစ္ဆေဒ ပြုတ်ဖို့လိုပါတယ်) ခန္ဓာပဋိစ္စသမုပ္ပါဒ် နားမလည်တော့ ဒကာသစ် သဿတ ဥစ္ဆေဒ မကွာ ဘူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ခန္ဓာပဋိစ္စသမုပ္ပါဒ် နားမလည်တဲ့အတွက် (သဘာ တဥစ္ဆေဒ မကွာပါဘူး) အဲဒါကြောင့် ဒီကိုယ်တော်တွေ ဟောတဲ့ တရားနဲ့တော့ သူနိဗ္ဗာန်ရဖို့ မမြင်ဘူးတဲ့(မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။

ဒီကိုယ်တော်တွေ ဟောတာလား ဘုရားဆီက ဒီကိုယ်တော်တွေ ရထားတာလား (ဘုရားဆီက ရထားတာပါ ဘုရား) ဘုရားဆီက ရထားတာ။ ဒီကိုယ်တော်တွေက ဟောတဲ့ တရားမျိုးကြတော့ သူလည်း ရှုနေတာပဲတဲ့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ) သူကိုယ်တိုင်က အချိုး မကျ ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ)။

ဒိဋ္ဌိခွာပြီးမှ ရှုရမှာ

ကဲ ဒကာ ဒကာမတွေကော အခုဘာကို ခွာပြီးမှ ရှုရ မှာတုံး (ဒိဋ္ဌိခွာပြီးမှ ရှုရမှာပါ) အဲ ဒိဋ္ဌိခွာပြီးမှ ခန္ဓာထဲပေါ် တဲ့ ပဋိစ္စသမုပ္ပါဒ်ကို ရှုပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ။

အခုတော့ ခင်ဗျားတို့ ဒိဋ္ဌိခွာတာ ခင်ဗျားတို့ဟာ ခင်ဗျားတို့ မခွာပါနဲ့တော့။ ပေါ်လာတဲ့ တရားလေးကို ဘုန်းကြီး က ပဋိစ္စသမုပ္ပါဒ်နဲ့ ရှင်းပေးတော့ ခင်ဗျားတို့ ဝမ်းထဲမှာ ကွာနေ ပါလိမ့်မယ်။ ဖြစ်ပျက် မြင်အောင်သာ ရှုပါတော့။ ခင်ဗျားတို့ အထူး ခွာနေစရာတောင် လိုမယ်မဟုတ်ပါဘူး (မှန်ပါ့) သဘောပါပလား (ပါပါပြီ)။

ဖြစ်ပျက်ကိုသာ သဲသဲမဲမဲ ရှုပါ

တရားကလေး အဖြစ်မြင်ကတည်းက ဘာစင်သွား သတုံး (ဥစ္ဆေဒင်ပါတယ်) အပျက် မြင်ကတည်းက (သဿတ စင်ပါတယ်) ဥစ္ဆေဒသဿတ စင်သွားကတည်းက

ဪ ဒါကြောင့်လည်း ဖြစ်တာပဲ၊ ဒါကြောင့်လည်း ပျက်တာပဲ ဆိုတော့ မြဲတယ်ဆိုတဲ့ သဿတရှိစရာ မလိုဘူး။ ပြတ်သွား တယ်ဆိုတဲ့ ဥစ္ဆေဒ ဝမ်းထဲမှာ ရှိစရာလိုသေးသလား (မလိုပါဘူး) မရှိဘဲနဲ့ဆိုတော့ ဖြစ်ပျက်ကို မဲမဲသဲသဲသာရှု (မှန်ပါ့) ရှုလိုက်လို့ရှိရင် ဖြစ်ပျက်မြင်ရင် ဘယ်မဂ်ရမယ် (ဝိပဿနာမဂ် ပါ ဘုရား) သူရင့်ကျက်လာရင် ဘယ်မဂ်ရမယ် (လောကုတ္တရာ မဂ်ရပါတယ်)။

လောကုတ္တရာမဂ်ရမယ်

လောကုတ္တရာမဂ်ရမယ်ဆိုတာ ခန္ဓာပဋိစ္စသမုပ္ပါဒ် မြင်ပြီး ဒိဋ္ဌိခွာရှုတဲ့ ပုဂ္ဂိုလ်မှ ဒါတန်းရမယ် (မှန်ပါ့) ခန္ဓာပဋိစ္စသမုပ္ပါဒ် ကို နားမလည်တဲ့ ပုဂ္ဂိုလ်မှာ သဿတ ဥစ္ဆေဒ အပင်းခံနေတဲ့ အတွက် ဦးခင်မောင် ဘယ်တော့မှ မရနိုင်လို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့) ဘယ်ပုဂ္ဂိုလ်ထောက်ကြည့် မဆုံးသေးတော့မှ ရှင်ဆန္န (မှန်ပါ့) မပေါ်သေးဘူးလား (ပေါ်ပါပြီ)။

ဒိဋ္ဌိခွာပြီးမှ နိဗ္ဗာန်ရမယ်

ရှင်ဆန္နဟာ ဖြစ်ပျက်မြင်လိုက်ရင် သူစိတ်ထဲမှာ လန့်ပြီး တောင်းတပြီး စွဲလမ်းပြီး ဘာဖြစ်နေတာတုံး (သဿတ ဥစ္ဆေဒ မကွာလို့ပါ) ကဲ ဒကာ ဒကာမတို့ ဖြစ်ပျက် မမြင်လို့လား မြင်လျက်သားနဲ့လား (မြင်လျက်သားနဲ့ပါ ဘုရား)

ဒါဖြင့် ဖြစ်ပျက်မြင်ရုံနဲ့ နိဗ္ဗာန်မရနိုင်သေးဘူး။ ဒိဋ္ဌိအရင်ခွာပြီးမှ ရမယ်ဆိုတာ သဘောပေါက် ကြပလား (ပေါက်ပါပြီ) ရှင်းပြီနော် (ရှင်းပါပြီ။)

သို့သော် ရှင်ဆန္နရှုပုံ ရှုနည်းကိုတော့ နာရီစေ့ပြီ နက်ဖြန်မှ ပြောတော့မယ်။

ယနေ့တော်ကြပါစို့။

သာဓု သာဓု သာဓု။