တရေးနိုးရင်လည်း ဒါပဲတွေးပါ
မှတ်ချက်။ ။အသံမကြည်ပါ။
ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး မိုးကုတ်မြို့၌
ဟောကြားတော်မူအပ်သောတရားတော်
တရေးနိုးရင်လည်း ဒါပဲတွေးပါ
(သစ္စာဝိပဿနာ)
(၁-၇-၁၉၆၀)
ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ကြံစည်တဲ့နည်းကို ဟောသည်။ မင်းတို့ကွာတဲ့ ကြံစည်ပုံ နှစ်မျိုးရှိတယ်။ သောက ပရိဒေဝ ဒုက္ခဒေါမနဿ ဖြစ်ဖို့ကို ကြံစည်တာတစ်မျိုး၊ သောက ပရိဒေဝ ဒုက္ခဒေါမနဿ ငြိမ်းအေးဖို့ကို ကြံစည်တာ တစ်မျိုးလို့၊ ပုထုဇဉ်များမှာ နှစ်မျိုးရှိတယ်လို့ မှတ်ရမယ်နော် (မှန်ပါ ဘုရား)။
ကြံစည်ပုံနှစ်မျိုး
ပုထုဇဉ်များမှာ ဒကာ ဒကာမတို့ ကြံစည်ပုံနှစ်မျိုးရှိတယ်။
(၁) သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿဖြစ်ဖို့ ကြံစည်တာက တစ်မျိုး
(၂) သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ငြိမ်းဖို့
ကြံစည်တာက တစ်မျိုး။ ကြံစည်တာ ဘယ်နှမျိုးပါလိမ့် (နှစ်မျိုးပါ ဘုရား)။ နှစ်မျိုးရှိတယ်လို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မှတ်ထားပါ (မှန်ပါ)။
သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဖြစ်ဖို့ ကြံစည်တာက တစ်မျိုး၊ သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿ ငြိမ်းဖို့ရာ ကြံစည် တာက တစ်မျိုး၊ ကြံစည်ပုံနှစ်မျိုးရှိတယ်လို့ မှတ်ထားကြပါ။
ကောင်းပြီ ဒီကြံစည်ပုံသည်ကားလို့ ဆိုလို့ရှိရင်၊ ဒကာ ဒကာမတွေ ဘယ်အချိန်၊ ဘယ်ကာလမှာ ဘယ်လိုလာတတ် တယ်ဆိုတာ၊ တစ်နေ့ကလည်း အညွန့်အညှောက် ပြောခဲ့တယ်။
ဘယ်အချိန်မှာလာတတ်သတုံး
ဘယ်အချိန် ဘယ်ကာလမှာတုံးဆိုလို့ ရှိရင်ဖြင့် ဒကာ ဒကာမတွေ တစ်ယောက်တည်းထိုင်ပြီး သကာလ နေတဲ့ အခါ မှာလည်း ကြံမိကြံရာ ကြံတတ်ကြတယ်နော် (မှန်ပါ)။
အိပ်ယာဝင်တဲ့အခါမှာလည်း နဖူးပေါ်လက်တင်ပြီး သကာလ ကြံမိကြံရာ ကြံတတ်ကြတယ်။ တရေးနိုးတဲ့ အခါ မှာလည်း နဖူးပေါ်လက်တင်ပြီး သကာလ ကြံမိကြံရာ ကြံတတ် ကြတယ်နော် (မှန်ပါ့)။
မနက် မိုးလင်းပြန်လို့ရှိရင်လည်း လင်းသည်နဲ့ တစ်ပြိုင် နက်တည်း အိပ်ယာက ဗြုန်းခနဲ မထခင် ကြံမိကြံရာ ကြံတတ် ကြတယ်။
အဲဒီ ကြံစည်မှုတွေက ဒကာ ဒကာမတို့ သောက ပရိ ဒေဝ ဒုက္ခဒေါမနဿဖြစ်ဖို့ကို ဆည်းပူးတာနဲ့ တယ်တူတယ် (မှန်ပါ)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတွေ၊ ဘုရားက ကြံစည် ပုံ ဘယ်လို ကြံစည်ရမယ်ဆိုတာကိုလည်း ဟောတယ်၊ မကြံစည် ရဘူးဆိုတာ ကိုလည်း ဟောထားတော့၊ ဒီနှစ်မျိုးကို ရှင်းလင်းပြီး သကာလ ဒကာ ဒကာမတွေကို ပြဖို့ အရေးကြီးလာတယ် (မှန်ပါ့)။
အသက်ကြီးလေ ကြံစည်မှုများလေ
ကိုင်း ဒါဖြင့် ပြောကြပါစို့၊ ဒကာ ဒကာမတွေသည် အသက်ကြီးလာလေလေ၊ ငယ်တုန်းမှာ ဒီလောက် ကြံစည်မှု မရှိဘူး။ အသက်အရွယ်လေး ကြီးလာပြီ ဆိုရင် နဖူးပေါ်လက်တင် ပြီး စဉ်းစားတယ်။
ဘာစဉ်းစားပါလိမ့်မလဲ၊ ရှေ့ဘယ်လို နေရမတုံး၊ နောက် နောင် ဘယ်လိုဖြစ်ဖို့ရာ အရေးများ ရှိသေးပါလိမ့်မလဲ ဆိုပြီး သကာလ တွေးကြတယ်။ သားရေး၊ သမီးရေး၊ စီးပွားရေး မတွေးကြဘူးလား (တွေးပါတယ် ဘုရား)။
ကိုစောမောင် တွေးလေ့ရှိတယ်နော်၊ သားရေး၊ သမီး ရေး၊ စီးပွားရေး တွေးလေ့ရှိတယ်နော်၊ ဒကာ ဒကာမတွေ မှတ်ထားကြပါ (မှန်ပါ)။
ထိုကဲ့သို့ တွေးလေ့ရှိတဲ့အခါကျတော့၊ ကိုယ့်ဟာကိုယ် စိတ်ကူးနဲ့ကိုပဲ တော်ကြာကျလို့ရှိရင်၊ အတွေးခံရတဲ့ ပုဂ္ဂိုလ်တွေက ကိုယ့်အကြိုက်၊ ကိုယ့်အလိုက် ဖြစ်နိုင်ပါ့မလား (မဖြစ်နိုင်ပါဘူး ဘုရား)။
မဖြစ်နိုင်တော့ကိုးတဲ့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ တွေးရင်း တွေးရင်းနဲ့ပဲ သောက ပရိဒေဝတွေ ကိုစောမောင် ဖြစ်ရတယ် (မှန်ပါ)။
သားရေး၊ သမီးရေး၊ စီးပွားရေး၊ နေရေး၊ ထိုင်ရေးတွေ တွေးလိုက်ပြီဆိုမှဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ့၌ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿတွေ မလိုက်ဘူးလား (လိုက် ပါတယ် ဘုရား)။
မတွေးကောင်းတာတွေးလို့ ဒုက္ခရောက်ရတယ်
ဒါ-ဘာကြောင့်ပါလိမ့်မလဲလို့ မေးတော့၊ မတွေးကောင်း တာ တွေးလို့ ကိုယ်ဒုက္ခရောက်ရတာ (မှန်ပါ့) ဘယ်လို မှတ်ကြမယ် (မတွေးကောင်းတာ တွေးလို့ ကိုယ်ဒုက္ခရောက်တာပါ ဘုရား)။
မတွေးကောင်းတာတွေးလို့ မိမိဒုက္ခ မိမိရှာတာနဲ့ မတူ ဘူးလား (တူပါတယ် ဘုရား) ကိုစောမောင် မတူဘူးလား (တူပါတယ် ဘုရား)။
မိမိဒုက္ခ မိမိရှာတာနဲ့ တယ်တူတယ် ဒကာ ဒကာမတွေ (မှန်ပါ့)။
ကောင်းပြီ။ ဒီလို တွေးလိုက်တဲ့အခါကျလို့ ရှိရင် သားအတွက်တွေးလိုက်၊ သမီးအတွက် တွေးလိုက်၊ ည အိပ်တာ ကလေးတွေ ကြည့်ပြီး သကာလလည်း တွေးလိုက်တာပဲ၊ ရှေ့ရေး နောက်ရေး ဆိုတဲ့ စားဖို့သောက်ဖို့ အိုစာမင်းစာ အတွက်လည်း တွေးလိုက်တာပဲ။
တွေးလေလေ ကြောင့်ကြမှုတွေ လာလေလေ
တွေးလေလေ ဒကာ ဒကာမတွေ သန္တာန်၌ စိုးရိမ်မှု၊ ကြောင့်ကြမှုတွေ လာလေလေ၊ မလာဘူးလား (လာပါတယ် ဘုရား)။
ဒါ ဘယ့်နှယ်ကြောင့်တုံး မေးတဲ့အခါကျတော့၊ တွေး တော စုံစမ်းတာသည် မတွေးတော ကောင်းတာကို တွေးတော စုံစမ်းတဲ့အတွက် ဤကဲ့သို့ သောကပရိဒေ၀ ဒုက္ခ ဒေါမနဿ လိုက်လာတာ (မှန်ပါ့) သဘောကျပြီလား (ကျပါတယ် ဘုရား)။
ဒါတွေးကောင်း၊ မတွေးကောင်း (မတွေးကောင်းပါ တယ် ဘုရား)။ အဲဒီတော့ကို တွေးတဲ့ ပုဂ္ဂိုလ်ဟာ တွေးလိုက် တော့ကို အလိုမကျမှုဟာ ကိုယ်ထဲက ကိုပေါ်လာတာ (မှန်ပါ့)။
ကိုစောမောင် သူများက ပေါ်တာလား၊ ကိုယ့်အထဲ တွေးရင်း ပေါ်လာတာလား (ကိုယ့်အထဲ တွေးရင်း ပေါ်လာ တာပါ ဘုရား)။
ကိုယ့်အထဲ တွေးရင်း ပေါ်ပြီးလာတော့ ဒကာ ဒကာမ တွေ ကိုယ့်အတွေးက ကိုယ့်နှိပ်စက်တယ် (မှန်ပါ့)။ ကိုယ်, ဘယ်သူက နှိပ်စက်သတုံး (ကိုယ့်အတွေးက ကိုယ့်နှိပ်စက် ပါတယ် ဘုရား)။
ကိုယ့်အတွေးက ကိုယ့်နှိပ်စက်တယ်
ကိုစံလှရေ ဘယ်သူက နှိပ်စက်သတုံး (ကိုယ့် အတွေးက ကိုယ့်နှိပ်စက်ပါတယ် ဘုရား) အင်း ဘယ်သူကလာပြီး သကာလ နှောင့်ယှက်လို့တုံး မေးလို့ရှိရင် ကိုယ့်တွေး လုံးက ဒကာ ဒကာမတွေတဲ့ သား၊ သမီးရေး၊ စီးပွားရေး၊ ပစ္စည်းလေးတွေတွေးလိုက်တယ်။
ထိုကဲ့သို့ တွေးပြီးသကာလ တွေးတော့ အကုန် အချိုးကျ ချည့် ဖြစ်နိုင်ပါ့မလား (မဖြစ်နိုင်ပါဘူး ဘုရား)။
မဖြစ်နိုင်တာလေးတွေကို ခေါင်ပြီး တွေးလိုက်တဲ့ အခါကျတော့၊ ဘယ့်သူ့အတွက် ဘယ်ဝါ့ အတွက် ကတော့ နေရာမကျပါဘူး ဆိုတာလေးက ကြားထိုးမလာပေဘူးလား (လာပါတယ် ဘုရား)။
ကြားထိုးလာတော့ တွေးတဲ့ ပုဂ္ဂိုလ်မှာ ဒုက္ခ ဒေါမနဿ တွေ လိုက်မလိုက် (လိုက်ပါတယ် ဘုရား) ဒုက္ခ ဒေါမနဿ တွေ လိုက်ပြီး သကာလ နေတော့ မိမိခန္ဓာအတွက် တွေးပြန် လည်း ဒီအတိုင်းပဲ ဒုက္ခ၊ ဒေါမနဿတွေ လိုက်တာပဲ (မှန်ပါ့)။
သူတစ်ပါး ခန္ဓာတွေအတွက် တွေးလိုက်ပြန်တော့ကော (ဒုက္ခဒေါမနဿတွေ လိုက်ပါတယ် ဘုရား) လူတိုင်းပဲ ဒုက္ခ ဒေါမနဿတွေ လိုက်တယ် ဆိုတာ ငြင်းဖို့ လိုသေးသလား (မလိုပါဘူး ဘုရား)။
မတွေးကောင်းတာတွေးလို့
အဲဒါ ဘယ့်နှယ်ကြောင့်တုံး မေးလို့ရှိရင်၊ မတွေးကောင်း တာ တွေးတဲ့အတွက် ဒုက္ခ ဒေါမနဿတွေ လိုက်တယ်လို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မှတ်ပါ (မှန်ပါ့)။
အဲဒီတော့ မိမိခန္ဓာအတွက် တွေးပြန်လည်း မိမိခန္ဓာက အနတ္တကြီးပဲ ကိုစောမောင်ရ၊ ဘယ်နည်းနဲ့မိမိ အလိုလိုက်ပါ့မတုံး (မလိုက်ပါဘူး ဘုရား)။
သားသမီး ခန္ဓာတွေ ပစ္စည်းတွေ တွေးလိုက်ပြန်တော့ ကော (မလိုက်ပါဘူး ဘုရား)။ သူတို့ကလည်း အနတ္တတွေ မဟုတ်လား (မှန်ပါ့)။ ကိုယ်တွေးတဲ့အတိုင်း ဖြစ်နိုင်ပါ့မလား (မဖြစ်နိုင်ပါဘူး ဘုရား)။
အဲဒီတော့ မဖြစ်နိုင်တာ တွေးပြီးသကာလ နေတော့၊ တွေးရင်း တွေးရင်းနဲ့ပဲ ဗွေဖောက်ပြီး သကာလ လာပြီး သကာလ နေတော့တာပဲ ကိုစောမောင် (မှန်ပါ့)။
အပြီးသတ်တော့ ဘာရသတုံးဆိုတော့ ဒုက္ခ ဒေါမနဿ ရယ်၊ အိပ်မပျော်တာပဲ ရတာပဲ (မှန်ပါ့) တခြား ဘာရသေးသတုံး (မရပါဘူး ဘုရား)။
ဒီကျောက်ကလေး၊ ဒီမြကလေးတွေးလိုက်ပြန်လို့ ရှိရင် လည်း ကိုစောမောင်ရေ ဒါပဲ ပြန်ရတာပဲ (မှန်ပါ) ဒုက္ခ ဒေါမနဿပဲ ပြန်မရဘူးလား (ရပါတယ် ဘုရား)။
ကိုယ်က အသက်အရွယ် ကြီးလာတာနဲ့ သားတွေ သမီးတွေ၊ ကိုယ် အသက်အရွယ် ကြီးလာတာ တွေးလိုက်တာ က တစ်မျိုး၊ သားတွေ သမီးတွေက ဖြုန်းတတ် သုံးတတ်တာတွေက ပေါ်လာတာက တစ်မျိုး။
ဒါတွေ တွေးလိုက်ပြီဆိုမှဖြင့်လည်း နောက်က ဘာတွေ လိုက်လာတုံး (ဒုက္ခဒေါမနဿတွေ လိုက်လာပါတယ် ဘုရား)။
တနည်း ငယ်တုန်းက မသိ မလိမ္မာတာတွေနဲ့၊ အခု ကြီးတဲ့အခါကျတော့ အသုံးအဖြုန်း များခဲ့တာတွေ တွေးမိ ပြန်ရင်ကော (ဒုက္ခ ဒေါမနဿတွေ လိုက်လာပါတယ် ဘုရား)။
ဪ ဒကာ ဒကာမတို့ ဒါ မတွေးကောင်းတာ တွေးတဲ့အတွက်တဲ့၊ ဒုက္ခဒေါမနဿတွေ လိုက်လာတယ် (မှန်ပါ့) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
ဘာတွေးလို့ပါလိမ့်
ဘာတွေးလို့ပါလိမ့် (မတွေးကောင်းတာတွေးလို့ပါ ဘုရား)။ မတွေးကောင်းတာ တွေးတဲ့ အတွက် ဒကာ ဒကာမ တွေမှာ ဒုက္ခ ဒေါမနဿတွေ လိုက်မနေဘူးလား (လိုက်ပါ တယ် ဘုရား)။
အင်း အဝိဇ္ဇာကလည်း အိပ်ရာဝင်ရင် သူအရင်လာ ကတည်းက ဖြစ်ချင်တယ် (မှန်ပါ)။ အိပ်ရာဝင်ရင် (သူအရင်လာပါ ဘုရား)။
တစ်ရေးနိုးရင်ကော (သူဝင်လာပါတယ် ဘုရား)။ ကိုစောမောင် သူကချည့်အရင်လာတာ (မှန်ပါ)။ အိပ်ရာက မနက်စောစောနိုးပြန်ရင်ကော (သူဝင်လာပါတယ် ဘုရား)။
တစ်ယောက်တည်း ထိုင်ပြီး သကာလ နေတဲ့ အခါ မှာကော (သူဝင်လာပါတယ် ဘုရား)။ အံမလေး၊ သူကလည်း လာချိန် မနည်းလှပါလား (မနည်းပါ ဘုရား)။
အားလုံး ဒကာ ဒကာမတွေ ဒီဟာတွေးလေလေ၊ ကိုယ့် မှာလှံချက်မိလေလေလို့မှတ်လိုက် (မှန်ပါ)။ သောကလှံချက်၊ ပရိဒေဝလှံချက်တွေ မမိပေဘူးလား (မိပါတယ် ဘုရား)။
အင်း ဒကာ ဒကာမတွေ မတွေးကောင်းတာ တွေးတဲ့အတွက်တဲ့၊ တွေး ကသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် တဲ့စိုးရိမ်စရာ ကြောင့်ကြစရာ ဒါတွေ လျှောက်ပြီး သကာလ တွေး၊ တွေးရင်း မတ္တနဲ့ပဲ ကိုယ့်မှာ ဒုက္ခတွေ ပေါ်လာတယ်၊ ဒေါမနဿတွေကော (ပေါ်လာပါတယ် ဘုရား)။
ပေါ်လာပြီး အိပ်မပျော် စားမဝင်တာတွေကော မလာ ဘူးလား (လာပါတယ် ဘုရား) တော်ကြာ မူးတယ်၊ မော် တယ်၊ နောက်တယ်ဆိုတာကော (လာပါတယ် ဘုရား)။
အနတ္တကို အတ္တဖြစ်အောင်တွေးလို့
ဒါဘာဖြစ်လို့တုံး မေးလို့ရှိရင် မတွေးကောင်းတာ တွေးလို့၊ အနတ္တကို အတ္တဖြစ်အောင် တွေးလို့လို့ မှတ်လိုက်စမ်းပါ (မှန်ပါ)။
ဒုက္ခသစ္စာကို သုခသစ္စာဖြစ်အောင် တွေးလို့လို့ မှတ် လိုက်စမ်းပါ (မှန်ပါ) ဘယ်လိုမှတ်ကြမယ် (အနတ္တ ကို အတ္တဖြစ်အောင် တွေးပါတယ် ဘုရား) အနတ္တကို အတ္တဖြစ်ချင် ရင်လည်း တွေးတယ်၊ ဒုက္ခသစ္စာကို သုခသစ္စာ ဖြစ်ချင်လို့လည်း တွေးတယ်။
မဖြစ်နိုင်တာ တွေးတဲ့အတွက်လည်း ဒုက္ခ ဒေါမနဿ လိုက်ရတာ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဖြစ်နိုင်တာတွေးတာလား၊ မဖြစ်နိုင်တာ တွေးတာလား (မဖြစ်နိုင်တာ တွေးတာပါ ဘုရား) မဖြစ်နိုင်တာ တွေးတော့ ဘာတွေ အမြတ်တွေ ထွက်လာပါလိမ့် (ဒုက္ခ ဒေါမနဿတွေ ထွက်လာပါတယ် ဘုရား)။
ဒုက္ခ ဒေါမနဿတွေ ထွက်ပြီး သကာလ လာတော့ တယ်ဆိုတော့၊ ဪ ဒကာ ဒကာမတို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက အတွေးတောင်မှ သင်လို့၊ ဒီဥစ္စာကို ကိုစောမောင် ဒီတရား ဆင်းလာရတာ၊ ဒါ သံယုတ်ပါဠိတော်က လာတာ (မှန်ပါ)။
ဒကာကြီးလှိုင်တို့ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား) လူငယ်မှာ အတွေးသန်သလား၊ လူကြီးမှာ အတွေးသန်သလား (လူကြီးမှာ အတွေးသန်ပါတယ် ဘုရား)။
ဟာ! ကိုစောမောင် လူကြီးမှာ ဒုက္ခ ဒေါမနဿ များမှာပဲ (များမှာပါ ဘုရား) မများပေဘူးလား (များပါတယ် ဘုရား)။
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဒီလိုတွေးလေလေ ခင်ဗျားတို့ ပဋိစ္စသမုပ္ပါဒ်ကြီးဟာက၊ ဒုက္ခ ဒေါမနဿဘက် သွားလေလေဆိုတာကော သဘောကျပြီလား (ကျပါပြီ ဘုရား)။
အဲ့ဒါ အနတ္တကို အတ္တဖြစ်အောင် တွေးလို့ ဖြစ်ရတာ (မှန်ပါ့) သဘောကျပြီလား (ကျပါတယ် ဘုရား)။
ဒုက္ခကိုသုခဖြစ်ချင်လို့
ဒုက္ခကို သုခဖြစ်ချင်လို့ (တွေးတာပါ ဘုရား) ဖြစ်ကော ဖြစ်နိုင်တဲ့ ဓမ္မမျိုးလား (မဖြစ်နိုင်ပါဘူး ဘုရား) မဖြစ်နိုင်တဲ့ ဓမ္မမျိုးကို ဘုန်းကြီးတို့ ဒကာ ဒကာမတွေက အတွေး ခေါင်ပြီး သကာလ နေတဲ့အတွက် ဒုက္ခဒေါမနဿတွေ မလိုက် ဘူးလား (လိုက်ပါတယ် ဘုရား)။
အဲ့ဒါ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မတွေး ကောင်းတဲ့ တရားကွတဲ့၊ သဘောကျပြီလား (ကျပါတယ် ဘုရား)။
မတွေးကောင်းတဲ့ တရားတွေးတော့ကို ဒုက္ခ ဒေါမနဿ လိုက်ပြီး အပါယ်မသွားရဘူးလား (သွားရပါတယ် ဘုရား)။
ဒါပဋိစ္စသမုပ္ပါဒ် ဒကာ ဒကာမတို့၊ ပဋိစ္စသမုပ္ပါဒ်မှာ ဘယ်က စလိုက်ပါလိမ့်မတုံး မေးတဲ့ အခါကျလို့ ရှိရင်ဖြင့်တဲ့၊ ဒါ ကိုယ့်ခန္ဓာငါးပါး (ဆရာတော်ကြီး ပစ္စည်းတစ်ခုကို ပြသည်) ကိုယ့်ခန္ဓာ ငါးပါးကို ဒီကနေပြီး သကာလ တွေးလုံးဆိုတဲ့ သဘောလေးနဲ့ ကိုယ့်ခန္ဓာငါးပါး တွေးလိုက်တယ်။
ငါအိုရင်ခက်ချေရဲ့
ငါ အိုရင် ခက်ပါသေးရဲ့ မလာပေဘူးလား (လာပါ တယ် ဘုရား) ငါ အိုရင် ခက်ပါသေးရဲ့ ဆိုလို့ ရှိရင်ဖြင့် ဒိဋ္ဌိတွေးလုံးလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။
ကိုစောမောင် ဘယ်သူပါလိမ့် (ဒိဋ္ဌိတွေးလုံးပါ ဘုရား) ဒါဖြင့် တွေးလုံးဟူသ၍ သည် ဒကာ ဒကာမတွေ ဒိဋ္ဌိက လာတာမှတ်လိုက် (မှန်ပါ) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
တွေးလုံးဟူသ၍ (ဒိဋ္ဌိက လာတာပါ ဘုရား) ငါ အို,ရင် ခက်ပါသေးရဲ့ဆိုတဲ့ ဒီအတွေးလုံးဟာ ဒိဋ္ဌိနဲ့ တွေးတာ (မှန်ပါ့)။
ဒိဋ္ဌိနဲ့ တွေးတာဖြစ်လေသောကြောင့်တဲ့၊ ဒကာ ဒကာမ တွေ စဉ်စားကြည့်၊ ငါအိုရင် ခက်ပါသေးရဲ့ ဆိုတာ ကိုယ့်ခန္ဓာ ကိုယ်တွေးတာ (မှန်ပါ့) မတွေးဘူးလား (တွေးပါတယ် ဘုရား)။
ကိုယ့်ခန္ဓာ၊ ခန္ဓာငါးပါး ပျောက်ပြီး သကာလ ငါဖြစ်ပြီး သကာလ မနေလား (နေပါတယ် ဘုရား)။
ဒိဋ္ဌိနဲ့တွေးတာ
ဒါကြောင့် ငါအိုရင် ခက်ပါသေးရဲ့ဆိုတဲ့ သဘောတွေ မလာဘူးလား (လာပါတယ် ဘုရား) ကဲ ဘာနဲ့တွေး ကြတုံး (ဒိဋ္ဌိနဲ့ တွေးတာပါ ဘုရား) ဒိဋ္ဌိနဲ့ တွေးတာလို့ မှတ်လိုက်စမ်းပါ (မှန်ပါ) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
တစ်ခါ ကိုယ့် အတွက် တွေးလို့၊ ဒီဘက်ကနေပြီး ဒိဋ္ဌိ နောက်က နေပြီး သကာလ လိုက်လာတာက ဒေါမနဿတို့ သောကတို့၊ ပရိဒေဝတို့ မလိုက်ပေဘူးလား (လိုက်ပါတယ် ဘုရား)။
ဪ ကိုစောမောင် ဒိဋ္ဌိမူတည်လိုက်တာကိုး (မှန်ပါ) ဒိဋ္ဌိ မူတည်လိုက်တော့ ဒုက္ခ ဒေါမနဿတွေ မလိုက်ပေဘူးလား (လိုက်ပါတယ် ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ဒိဋ္ဌိကစတဲ့ ပဋိစ္စသမုပ္ပါဒ်
ဪ ဒိဋ္ဌိကစတဲ့ ပဋိစ္စသမုပ္ပါဒ်ပါလားဆိုတာကော ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား) ကောင်းပြီ တစ်ခါ ဒါလေး တွေက သားလေးတွေ၊ သမီးလေးတွေ လုပ်ကြ။ ဒီသား သမီး တွေ ကြည့်လိုက်ပြန်လို့ ရှိရင်လည်း သူတို့အတွက်လည်း ခက်ပါ သေးရဲ့ ဒိဋ္ဌိပဲ (မှန်ပါ)။
သူတို့ ဆိုထားတာကိုး (မှန်ပါ့) ရုပ်နာမ် ဖြစ်ပျက် ပေါ်သေးရဲ့လား (မပေါ်ပါဘူး ဘုရား) မပေါ်တော့ သူတို့ အတွက်လည်း ခက်ပါသေးရဲ့၊ ရှေ့လူလား မြောက်ဖို့နဲ့ အများ ကြီး လိုသေးတာပဲ၊ ဒါတွေဆိုတော့လည်း မလွယ်တာ အကြီး ဆုံးဆိုတာ ခင်ဗျားတို့ သမ္မာဒိဋ္ဌိလား၊ မိစ္ဆာဒိဋ္ဌိလား စဉ်းစား (မိစ္ဆာဒိဋ္ဌိပါ ဘုရား) ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် မိစ္ဆာဒိဋ္ဌိနဲ့ တွေးတာဖြစ်နေ သောကြောင့်တဲ့၊ ဒိဋ္ဌိ နောက်ကနေပြီး သကာလ ဒေါသသောက ပရိဒေဝတွေ အကုန် လိုက်တယ် (မှန်ပါ့) မလိုက်ပေဘူးလား (လိုက်ပါ တယ် ဘုရား)။
ကောင်းပြီ၊ ဤကဲ့သို့ လိုက်နေတော့ ဒကာ ဒကာမတို့ ဒါတွေဟာ ပင်ကိုက သားသမီး ဆိုတာလည်း ခန္ဓာငါးပါး အနတ္တ တရား၊ မိမိဆိုတာကော (ခန္ဓာငါးပါး အနတ္တတရားပါ ဘုရား)။
ဒိဋ္ဌိအရင်ဖြုတ်ပါ
အဲဒါ တရားတွေကို တစ်ခါတည်း၊ ငါ့အတွက် ခက်သေး ရဲ့၊ ငါ့သား ငါ့သမီးတွေအတွက် ခက်သေးရဲ့၊ ငါ့ဆွေမျိုး တွေအတွက် ခက်သေးတယ်၊ ငါ့ကုန်ကလေးတွေ အတွက်လည်း မစွံနိုင် လို့လည်း ခက်သေးတယ်၊ ကိုစောမောင် ဘယ်သူက လာတာလို့ ဆိုမတုံး (ဒိဋ္ဌိက လာတာပါ ဘုရား) သေချာ ပြီလား (သေချာပါပြီ ဘုရား)။
အဲ့ဒါကြောင့် ခင်ဗျားတို့ ဒိဋ္ဌိအရင် မဖြုတ်သ၍ ကာလ ပတ်လုံး ဒီတွေးလုံး နှိပ်စက်တာနဲ့ ကိုမြင့်တို့ အပါယ်ကျတယ်၊ မကျဘူးလား၊ ကျသလား (ကျပါတယ် ဘုရား)။ ကိုစံလှ ကျေနပ်ပြီလား (ကျေနပ်ပါတယ် ဘုရား)။
ဒါဖြင့် ဒါ သမ္မာဒိဋ္ဌိလား၊ မိစ္ဆာဒိဋ္ဌိလား (မိစ္ဆာ ဒိဋ္ဌိပါ ဘုရား)။ မိစ္ဆာဒိဋ္ဌိဆိုတော့ အနတ္တကို အတ္တဖြစ်အောင် တွေးနေတယ်ဆိုတဲ့ အဓိပ္ပါယ်လည်း ရှင်းပြီလား (ရှင်းပါ ပြီ ဘုရား)။
ဘယ်လို တွေးပါလိမ့် (အနတ္တကို အတ္တဖြစ်အောင် တွေးပါတယ် ဘုရား)။ ဘုရားကြံစည်လို့ ရရဲ့လား (မရပါ ဘူး ဘုရား)။ အနတ္တဟာ အတ္တဖြစ်အောင် ဘုရားက ဘယ်လို ပဲ ကြံစည် ကြံစည်၊ ဒကာ ဒကာမတွေ မပိုင်တာကို မပိုင်တာသာ ဖြစ်ရမယ် (မှန်ပါ)။
မဆိုင်တာ၊ မဆိုင်တာသာဖြစ်ရမယ်ဆိုတာလည်း သဘောပါပြီလား (ပါပါပြီ ဘုရား)။
နဖူးပေါ်လက်တင်ရင်လည်း သူဝင်လာတာပဲ၊ သဘော ကျပြီလား၊ တရေးနိုးရင်လည်း (သူဝင်လာတာပါ ဘုရား)။ သူဝင်လာတာပဲ။
မနက်စောစောနိုးရင်ကော (သူဝင်လာတာပါ ဘုရား)။ သူဝင်လာတာပါပဲ၊ အလုပ်ထဲ ထိုင်တော့ကော (သူဝင်လာပါတယ် ဘုရား)။ သူဝင်လာတာပဲဆိုတော့ ဒိဋ္ဌိ ကတော့ဖြင့် ဒိဋ္ဌိတွေးလုံးဟူသရွေ့၊ ကိုစံလှတို့ ကိုစောမောင်တို့ က မှတ်လိုက်၊ အနတ္တကို အတ္တဖြစ်အောင် တွေးနေတာချည့်ပဲ (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒိဋ္ဌိတွေးလုံးဟူသ၍ကဖြင့် (အနတ္တကို အတ္တဖြစ် အောင်တွေးနေတာပါ ဘုရား)။ ဘယ်တော့မှလည်း အနတ္တက အတ္တဖြစ်မယ်လို့ဆိုတာလည်း အယူမရှိပါနဲ့ (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
လူကြီးတွေကဒိဋ္ဌိအယူကြီးတယ်
ကဲ ဦးဘလေးတို့ ကျေနပ်ပြီလား (ကျေနပ်ပါ ပြီ ဘုရား)။ ဒကာ ဒကာမတို့ ထပ်မေးတယ် လို့လည်း မအောက် မေ့ပါနဲ့၊ လူငယ်နဲ့ လူကြီး ဘယ်သူက ဒိဋ္ဌိအယူကြီးပါလိမ့် (လူကြီးက အယူကြီးပါတယ် ဘုရား)။ ရှင်းပြီလား။
မရှင်းသေးဘူးလား ဦးမြ (ရှင်းပါပြီ ဘုရား)။ ကလေး တွေကတော့ဖြင့် အိပ်ရာပေါ် ခေါင်းအုံးပေါ် ခေါင်းချ တယ်ဆိုရင် အိပ်ပျော်သွားတာ၊ လူကြီးတွေက မပျော်နိုင်ဘူးဆိုတာ ဘယ်သူ ဝင်နေတယ်ဆိုတာ ကိုစောမောင် ယနေ့ လက်သည် ဖမ်းပေးတာပဲ (မှန်ပါ)။
ဘာဝင်နေတုံး (ဒိဋ္ဌိဝင်နေတာပါ ဘုရား)။ ဒိဋ္ဌိဝင် နေတယ်ဆိုတာ သေချာကြပြီလား (သေချာပါတယ် ဘုရား)။
တွေးလုံးဟူသ၍ ဒိဋ္ဌိချည်းပဲ
အဲဒါကြောင့် ဒကာ ဒကာမတို့ တွေးလုံးဟူသ၍ ဒိဋ္ဌိ ချည်းဆုံးဖြတ်ချက်ချလိုက် (မှန်ပါ)။ တွေးလုံးဟူသ၍ (ဒိဋ္ဌိချည်းပါ ဘုရား)။ ဒိဋ္ဌိချည်းပဲဆိုတာ ကောင်းကောင်းကျေနပ် ပြီလား (ကျေနပ်ပါတယ် ဘုရား)။
ကောင်းပြီး ဒါဖြင့် ဒကာ ဒကာမတို့၊ ဒါ မတွေး ကောင်းတာ တွေးတဲ့အတွက် ဒိဋ္ဌိ တဏှာက နေပြီး တဏှာ၊ ဥပါဒါန်၊ ကံ၊ ဇာတိ၊ ဇရာ၊ မရဏကျအောင် မသွားပေ ဘူးလား (သွားပါတယ် ဘုရား)။
ဒိဋ္ဌိကနေပြီး သကာလ ဒိဋ္ဌိဟာ တဏှာပဲနော် (မှန်ပါ)။ တဏှာနဲ့ တွဲလျက်၊ တဏှာပြီး ဥပါဒါန် လာမှာပဲ (မှန်ပါ)။
မှတ်ချက်။ ။ဒိဋ္ဌိဂတသမ္ပယုတ်စိတ်သည် လောဘမူစိတ်ဖြစ်၍ ဒိဋ္ဌိနှင့် တဏှာသည် အတူယှဉ်၍ ဖြစ်သည်ကို ရည်ရွယ်၍ဆိုပါသည်။
ဥပါဒါန်လာပြီး သကာလ ကိုစောမောင်ရေ ပိတ်မချမ်း သာတဲ့ ကာယကံ၊ ဝစီကံ မလာပေဘူးလား (လာပါတယ် ဘုရား)။
ဒါဖြင့် ကမ္မဘဝ ပစ္စယာ ဇာတိဆိုတာကော (လာမှာပါ ဘုရား)။ လာရမှာကို မလာပါနဲ့ဆိုလို့ (မရ ပါဘူး ဘုရား)။
ဪ တွေးလုံး တွေးလုံး ဟူသ၍ သည်ကားလို့ ဆိုလို့ရှိရင်ဖြင့်တဲ့၊ ဘယ်သူက အတွေးသာ ပါလိမ့်မတုံး ဆိုတာ လက်သည် ဖမ်းကြပါ (ဒိဋ္ဌိကပါ ဘုရား)။ ဒိဋ္ဌိက တွေးတယ်၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒိဋ္ဌိက တွေးတယ်၊ ဝိတက်ကကြံတယ်၊ သဘောကျပြီ လား (ကျပါတယ် ဘုရား)။ ဒိဋ္ဌိ ဦးစီးတဲ့ ဝိတက်လို့လည်း မှတ်လိုက်ပါ (မှန်ပါ)။ ကိုစောမောင် ကျေနပ်ပြီလား (ကျေနပ်ပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့၊ ဒီ တွေးလုံး သည် ကားလို့ဆိုလို့ရှိရင်ဖြင့်တဲ့၊ ဒိဋ္ဌိ၊ တဏှာ၊ ဥပါဒါန်၊ ကံ၊ ကံပြီးတော့ကို ဥပါဒါန်၊ ဥပါဒါန်ပြီးတော့ကိုကံ၊ ကံပြီးတော့ကို တွေးလုံးနဲ့ပဲ ဒကာ ဒကာမတို့ အပါယ်ရောက်ကြောင်း ဖြစ်သွား တာပဲ (မှန်ပါ)။
အိပ်ယာထဲကအပါယ်သွားရတာ
အပါယ်လေးပါးရောက်သွားပါတယ်ဆိုရင် လွဲပါ့မလား (မလွဲပါဘူး ဘုရား)။ ကောင်းပြီ၊ အပါယ်သို့ ရောက်သွား ရတယ်ဆိုတာ၊ ဘာမှ တွေးစရာမလိုတော့ဘူးဆိုတော့၊ ဪ ဒါ အိပ်ရာထဲမှာ ဒကာ ဒကာမတို့ အိပ်ရာထဲကနေ အပါယ် သွားရတာ (မှန်ပါ)။
ဘယ်လိုမှတ်ကြမယ် (အိပ်ရာထဲကနေ အပါယ် သွားရတာပါ ဘုရား)။ တရေးနိုး (အပါယ် သွားရပါတယ် ဘုရား)။ မနက်စောစော နိုးနေပြန်တော့ (အပါယ်သွား ရပါတယ် ဘုရား)။
တစ်ယောက်တည်းထိုင်နေတော့ကော (အပါယ် သွားရပါတယ် ဘုရား)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
တွေးလုံးက ဒီ (၄)ချက်မှာ လာတာကိုးဗျ (မှန်ပါ)၊ တွေးလုံးက ဒီလေးချက်မှာ လာတယ်ဆိုတာ ဒကာ ဒကာမတွေ ကျေနပ်ပြီလား (ကျေနပ်ပါတယ် ဘုရား)။
ကောင်းပြီ၊ ဒါဖြင့် အနတ္တ အတ္တဖြစ်အောင် တွေးတယ် ဆိုကတည်းကိုက ကိုစောမောင် ဒိဋ္ဌိက တွေးတာ (မှန်ပါ)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ဘုရားကဒီအတွေးတွေအကုန်ဖြတ်ပါတဲ့
အနတ္တကို အတ္တဖြစ်အောင်တွေးတယ်ဆိုကတည်းကိုက ဘာက တွေးတာတုံး (ဒိဋ္ဌိက တွေးတာပါ ဘုရား)၊ ဒိဋ္ဌိက တွေးတာဆိုတာသေချာကြပြီလား (သေချာပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီး က မင်းတို့ဟာ တွေးချင်လို့ရှိရင် ဒီအတွေးတွေ အကုန်ဖြုတ်ပါ။ သဘောကျပြီလား (ကျပါတယ် ဘုရား)။
နိဗ္ဗာန်ရောက်ကြောင်းတွေးပါ
ဒီအတွေးအကုန်ဖြုတ်ပါဆိုပြီး၊ ဘုရားသခင်ကိုယ် တော်မြတ်ကြီးက စုံစမ်း တွေးတောလုံး သည်ကားဆိုလို့ရှိရင်ဖြင့် တဲ့၊ အပါယ်သွားကြောင်း မတွေးဘဲနဲ့၊ နိဗ္ဗာန်ရောက်ကြောင်း တွေးပါဆိုတာ သံယုတ်ပါဠိတော်မှာ မှာထားတယ် (မှန်ပါ)။
ကဲ ဒါဖြင့် ဒါ အပါယ်ရောက်ကြောင်းကို သိပြီနော် (မှန်ပါ)။ မတွေးပါနဲ့လို့ ဘုန်းကြီးက ပြောတယ်၊ တွေးချင်လို့ ရှိရင်လည်း ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဒီလိုတွေးစမ်း ပါကွာ။
ကိုစောမောင် ဒီဘက်က ဇရာ၊ မရဏထားလိုက်တာ ပေါ့။ ဒီနှစ်လုံးက ဘာပါလိမ့် (ဇရာ၊ မရဏပါ ဘုရား)။
တွေးတဲ့ မောင်နိုင်က၊ ဪ မိမိတို့ခန္ဓာထဲ ဇရာ လည်းရှိတာပဲ၊ မရဏကော (ရှိပါတယ် ဘုရား)၊ သေရဦးမယ် ဆိုတာ သိပြီးသားကို (မှန်ပါ)။
ဒီထဲ ရုပ်ဓာတ်၊ နာမ်ဓာတ်တွေကလည်း သေမည့်ဓာတ် တွေဆိုတာ ကိုစောမောင် ငြင်းဖို့ လိုသေးသလား (မလိုပါဘူး ဘုရား)၊ ဒီတရားတွေကလည်း အိုတဲ့ဓာတ်တွေဆိုရင်လည်း (မလွဲ ပါဘူး ဘုရား)။
ဇရာ မရဏဘယ်ကလာပါလိမ့်
ဒါဖြင့် ဇရာ မရဏဟာ ခန္ဓာကိုယ်ထဲမရှိဘူးလား (ရှိပါတယ် ဘုရား)၊ အင်း တွေးပါ ဒကာ ဒကာမတို့နော်၊ ဒီ ဇရာ မရဏ ဘယ်ကများလာပါလိမ့်မတုံး တွေးစမ်းပါ (မှန်ပါ)။
ဒကာ ဒကာမတွေ ဘယ်လိုတွေးရမယ် (ဇရာ မရဏ ဘယ်ကလာတုံး တွေးရမှာပါ ဘုရား)၊ ဇရာ မရဏ ဘယ်က လာပါလိမ့်မတုံးလို့ စတွေးပါ။ ကိုစောမောင် ဘယ်လို တွေးရမတုံး (ဇရာ မရဏ ဘယ်ကလာတုံး တွေးရမှာပါ ဘုရား)။
ဒီလို တွေးလိုက်တဲ့အခါကျတော့ ဘုရားက တွေး ကောင်းတယ်ကွာ၊ ဒီဇရာ မရဏ ဘယ်က လာပါလိမ့်မတုံး၊ ဇရာ မရဏဆိုကတည်းက၊ ဪ ဒီဒုက္ခသစ္စာ နှစ်ခု ဘယ်ကလာ ပါလိမ့်မတုံးဆိုတာ သူတွေးတယ် (မှန်ပါ)၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
ဒုက္ခသစ္စာနှစ်ခုဘယ်ကလာပါလိမ့်
ဒီ ဒုက္ခသစ္စာနှစ်ခု (ဘယ်ကလာပါလိမ့် တွေးရမှာ ပါ ဘုရား)၊ အဲဒီတော့ ဒီဒုက္ခသစ္စာနှစ်ခု ဘယ်ကလာပါလိမ့်မတုံး လို့၊ ဘယ်သူမေးမေး ဒကာ ဒကာမတွေ နိဖူးပေါ်လက်တင် အိပ် ရာဝင်တဲ့ အခါမှာဖြစ်စေ၊ တစ်ယောက်တည်းထိုင်ပြီး ဆေးလိပ် သောက်တဲ့အခါမှာဖြစ်စေ၊ မနက်စောစော နိုးနေတဲ့အခါမှာဖြစ် စေ ဒါပဲစတွေးစမ်းပါ (မှန်ပါ)။
ခန္ဓာကိုယ်ထဲမှာ ဒီနေ့ကြီးလာပြီ၊ မနေ့ကထက် ဒီနေ့ ကြီးပြီ၊ သေခါလည်း နီးလာပြီ၊ ဒီလိုကြီးတာနဲ့ သေခါနီးလာတဲ့ ရုပ်နာမ်ကြီးဟာ ဘယ်ကများလာပါလိမ့်မတုံးလို့ ဒီလိုစတွေး လိုက်စမ်းပါ၊ တွေးတတ်ကြပြီလား (တွေးတတ်ပါပြီ ဘုရား)။
ဒီ ဇရာ မရဏ ဘယ်ကလာသတုံးဆိုတာ စတွေးပါ။ တွေးတော့ ဒီတွေးလုံးက ဘာတုံးလို့ မေးတဲ့ အခါကျတော့ သမ္မာ ဒိဋ္ဌိက၊ ဒကာ ဒကာမတွေ ဒီတွေးလုံးက ဘာတုံး (သမ္မာဒိဋ္ဌိ ကပါ ဘုရား)။
သမ္မာဒိဋ္ဌိလို့ ဒကာ ဒကာမတွေ တွေးတတ်ကြပြီလား (တွေးတတ်ပါပြီ ဘုရား)၊ အင်း ဇရာ မရဏ ဆိုတာ ခန္ဓာ ကိုယ်ကြီးကိုဆိုတာပဲ၊ ဒီ ဇရာ မရဏ ခန္ဓာကိုယ်ကြီးဟာ ဘယ်က လာပါလိမ့် မတုံးလို့ တွေးကြစမ်းပါ။ မတွေးသင့်ဘူးလား (ကွေးသင့်ပါတယ် ဘုရား)။
အဲ့တော့ ရှိတာတော့ မတွေးဘူး ၊ခုနက အနတ္တကို အတ္တ ဖြစ်အောင် တွေးချင်တယ်ဆိုလို့ရှိရင် ကိုစောမောင် ဒါ အတွေး လွဲ (မှန်ပါ)။
တွေးချင်ရင် ဒါကိုတွေးပါ
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဘုရားသခင်ကိုယ်တော် မြတ်ကြီးက တွေးနည်းသင်ပါပြီတဲ့၊ စုံစမ်းနည်း၊ တွေးနည်းကို သင်ပါတယ်။ ခင်ဗျားတို့ ခန္ဓာကိုယ်ကြီးဟာ ဇရာ မရဏမှ ဟုတ် ပါရဲ့ လား (ဟုတ်ပါတယ် ဘုရား)။
နဖူးပေါ်လက်တင်လို့ရှိရင်ဖြင့် မနှစ်ကထက် ဒီနှစ် ကြီး လာပြီ၊ ဇရာဆိုတာ ရောက်လာပြီ၊ မရဏ ဆိုတဲ့သဘောကလည်း မဝေးတော့ဘူး၊ ဒီ ဇရာ မရဏ ခန္ဓာကြီး ဘယ်ကရပါလိမ့်မတုံးလို့ ဒီလို စတွေးပါ (မှန်ပါ)၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
ဘယ်လိုတွေးကြမယ် (ဇရာ မရဏ ဘယ်ကရပါ လိမ့်မတုံးလို့ တွေးရမှာပါ ဘုရား)၊ အဲတော့ ဇရာ မရဏလို့ သူ့ ပါးစပ်က ထွက်လာကတည်းက ဇရာ မရဏဟာ ဒုက္ခသစ္စာ၊ တွေးလုံးက သမ္မာဒိဋ္ဌိ မဂ္ဂသစ္စာ လာဖြစ်တယ် (မှန်ပါ)။
ဒကာ ဒကာမတွေ တွေးလုံးကဘာလာဖြစ်တုံး (သမ္မာဒိဋ္ဌိ မဂ္ဂသစ္စာလာဖြစ်ပါတယ် ဘုရား)၊ မဂ္ဂသစ္စာ လာဖြစ်တော့ ကိုစံလှ စဉ်းစား၊ ဪ မဂ္ဂသစ္စာဆိုတာ အလိုလိုလာ တာလား အတွေးမှန်လို့ လာတာလား (အတွေးမှန်လို့ လာတာပါ ဘုရား)။
အတွေးမှန်လို့လာတာဆိုတာ ကိုစောမောင် ရိပ်မိ ပြီလား (ရိပ်မိပါပြီ ဘုရား)၊ ဒါ နိဗ္ဗာန် ကျအောင်ပေါက်အောင် ဟောလိမ့်မယ်ဆိုတာ အသေအချာမှတ် (မှန်ပါ)။
ဒကာ ဒကာမတို့ ဒီခန္ဓာကိုယ်ကြီးဟာ ဇရာ မရဏ ခန္ဓာကိုယ်ကြီးဆိုတာ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။ ဘယ်ကများ လာပါလိမ့်မတုံး၊ ဘယ်ကလာပါလိမ့်မတုံးလို့ တွေးပါ၊ ဘယ်က လာပါလိမ့်မတုံးလို့ ဘာလုပ်ရမတုံး (တွေးရ မှာပါ ဘုရား)။
တွေးတော့ ဇရာ မရဏဆိုတာ သူရှိပြီးသားတွေးတာ၊ ကိုစောမောင် ဇရာတို့ မရဏတို့ဆိုတာ သူမသိဘူးလား (သိ ပါတယ် ဘုရား)။
နိဗ္ဗာန်ရောက်တဲ့အတွေး
သိတာ သူတွေးတာ (မှန်ပါ)၊ ဒါဖြင့် သူ့တွေးလုံး သည် ဒကာ ဒကာမတို့ ဇရာ မရဏက ဒုက္ခသစ္စာ၊ တွေးတဲ့ သဘောလေးက (မဂ္ဂသစ္စာပါ ဘုရား)။
ဒီကျတော့ ဒကာ ဒကာမတို့ နိဗ္ဗာန်ရောက်တဲ့အတွေးဗျ (မှန်ပါ)၊ ဒီကျတော့ မဂ် ဝမ်းထဲမှာ ကိုစံလှ ပေါ်မလာဘူးလား (ပေါ်လာပါတယ် ဘုရား)၊ ပေါ်လာတယ်ဆိုတာ သဘောကျပြီလား (ကျပါတယ် ဘုရား)။
ဪ ဇရာ မရဏက ဒုက္ခသစ္စာ၊ တွေးလုံးက ဘယ့် နှယ်ဆိုကြမယ် (မဂ္ဂသစ္စာပါ ဘုရား)။ တွေးလုံးက မဂ္ဂသစ္စာ ဖြစ်နေတော့ ဒီလိုကျတော့ ငါဘုရားက ခွင့်ပြုတယ်။
ဒကာ ဒကာမတို့ ဘုရားခွင့်ပြုတာ သဘောကျပြီလား (ကျပါတယ် ဘုရား)၊ တွေးတတ် ကြပြီလား (တွေးတတ် ပါပြီ ဘုရား)၊ မရှိတာတွေးရမှာလား၊ ရှိတာ တွေးရမှာလား (ရှိတာတွေးရမှာပါ ဘုရား)။
ရှိတာက ဒကာ ဒကာမတွေ ခန္ဓာကိုယ်ထဲမှာ တစ်နေ့ တခြားအိုလာတာက ဒုက္ခသစ္စာ၊ တစ်နေ့တခြား သေခါနီးလာတာက (ဒုက္ခသစ္စာပါ ဘုရား)။
ဒီ ဒုက္ခနှစ်ခု ဘယ်ကများလာပါလိမ့်မတုံးလို့ တွေးလိုက် ကြစမ်းပါ (မှန်ပါ)၊ သဘောကျပြီလား (ကျပါတယ် ဘုရား)။
ဒီ ဒုက္ခနှစ်ခုကို (ဘယ်ကလာသတုံးလို့ တွေးရမှာ ပါ ဘုရား)၊ ဘယ်ကလာပါလိမ့်မတုံး ဆိုတဲ့ဥစ္စာ တွေးလိုက်လို့ရှိ ရင်ဖြင့် ကိုစောမောင် အတွေးခံရတာက ဒုက္ခသစ္စာ၊ တွေးတဲ့ ဉာဏ်က (မဂ္ဂသစ္စာပါ ဘုရား)။
နိဗ္ဗာန်ရောက်တဲ့မဂ်ဉာဏ်
ဒကာ ဒကာမတို့ နိဗ္ဗာန်ရောက်ချင်တော့လည်း၊ အတွေး မှန်တာနဲ့ ရောက်တဲ့ မဂ်ဉာဏ် ဝင်လာတယ် (မှန်ပါ)၊ အတွေး မှန်တော့ (ရောက်တဲ့ မဂ်ဉာဏ် ဝင်လာပါတယ် ဘုရား)။
နိဗ္ဗာန်ရောက်အောင် ပို့တတ်တဲ့ မဂ်ဉာဏ် ကိုစောမောင် ဝင် လာတယ် (မှန်ပါ)၊ ခုနတုန်းကလို သောက ပရိဒေဝ ဒုက္ခ ဒေါမနဿတွေ လာသေးသလား (မလာပါဘူး ဘုရား)။
ကောင်းပြီ ဒါဖြင့် ဘုရားက ဒီလိုတွေးပါကွ သေသေ ချာချာဟောပါတယ် (မှန်ပါ)၊ သဘောပါပြီလား (မှန်ပါ)။
ကိုင်း ဒါဖြင့် တွေးလိုက်တဲ့အခါကျတော့ ဇရာ မရဏ ဘယ်ကများ လာပါလိမ့်မတုံးလို့ တွေးလိုက်တော့၊ သစ္စာကို တစ်ခါတည်း ဇရာ မရဏက ဒုက္ခသစ္စာ၊ တွေးလုံးက မဂ္ဂသစ္စာ။
ဇရာ မရဏက ဘာပါလိမ့် (ဒုက္ခသစ္စာပါ ဘုရား)၊ တွေးလုံးက (မဂ္ဂသစ္စာပါ ဘုရား)၊ ဪ မဂ္ဂသစ္စာ ဝမ်းထဲရောက်တယ် (မှန်ပါ)။
မဂ်ဉာဏ်ဝမ်းထဲရောက်လာတယ်
ကိုစံလှ ဘာတဲ့ (မဂ္ဂသစ္စာ ဝမ်းထဲရောက်ပါတယ် ဘုရား)။ မဂ်ဉာဏ် ဝမ်းထဲ ရောက်လာတယ် ဆိုတာ သဘောကျ ပြီလား (ကျပါတယ် ဘုရား)။
ကောင်းပြီ ဒါဖြင့် ကိုစောမောင် သစ္စာဘယ်နှပါးပိုင် သွားသတုံး (နှစ်ပါးပိုင်သွားပါတယ် ဘုရား)၊ ဘယ်လောက် အဖိုးတန်သတုံး (တန်ပါတယ် ဘုရား)၊ အင်မတန် အဖိုးတန် သွားတယ်ဆိုတာ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
ဒီဖြစ်ပျက်ကို တပည့်တော် မရှုသေးဘူး၊ ဒိပြင် တွေးလုံး တွေလာလို့ရှိရင် ဒိပြင်တွေးလုံး အကုန်ချုပ် (မှန်ပါ)၊ ဒီတွေး လုံးပြန်ကောက် (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒိပြင် ရှေ့ရေးတွေ၊ နောက်ရေးတွေ၊ ကျောက်ရေးတွေ၊ တွင်းရေးတွေ အမျိုးမျိုးတွေးတဲ့အလုပ် အလုပ်လုပ်ချိန် မဟုတ်ဘဲ နဲ့ ကိုစောမောင် လာတာတွေကရှိသေးတယ် (မှန်ပါ)။
မရှိဘူးလား (ရှိပါတယ် ဘုရား)၊ အဲဒီအတွေးတွေ လာလို့ရှိရင် ခုနကအတွေးတွေ အကုန်ချုပ် (မှန်ပါ)၊ ဒီတွေး လုံး စတွေးပါ (မှန်ပါ)၊ သဘောပါကြပြီလား (ပါ ပါပြီ ဘုရား)။
အဲ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ကိုစော မောင်ရေ ခြွင်းချက်မရှိ ဟောခဲ့တယ်ဆိုတာ သေချာပြီလား (သေချာပါပြီ ဘုရား)။
ဒါက သစ္စာသိတဲ့တရား၊ သစ္စာသိတဲ့မဂ္ဂင် ပေါ်လာတာ ဆိုတာကော ဒကာ ဒကာမတွေ ကျေကျေနပ်နပ် သဘောကျကြ (ကျပါတယ် ဘုရား)၊ ရှင်းပြီနော် (ရှင်းပါတယ် ဘုရား)။
ဇာတိဒုက္ခဘယ်ကလာပါလိမ့်
တစ်ခါ ဆက်တွေးတာပေါ့ မောင်နိုင်ရ၊ ဒီဇာတိဒုက္ခ ဘယ်ကများ လာပါလိမ့်မတုံးဆိုတော့ သူ့ဇာတိ ဒုက္ခ သူသိတယ် (မှန်ပါ)။
ဇာတိဆိုတာ ဒုက္ခသစ္စာကိုး ကိုစောမောင် (မှန်ပါ)။ ဇာတိ ဒုက္ခကို ဘယ်ကများ လာပါလိမ့်မတုံးလို့ ဆက်တွေးပါ။ တွေးလိုက်တော့ ဇာတိဒုက္ခက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ တွေးလုံးက (မဂ္ဂသစ္စာပါ ဘုရား)၊ မဂ်, ပြန်ပေါ်ပြန် တယ်၊ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။
ဇာတိ ဒုက္ခက ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)။ တွေးလုံးက (မဂ္ဂသစ္စာပါဘုရာ)၊ ဪ မောင်နိုင် မဂ်, ပြန်ပေါ်ပြန်တယ် (မှန်ပါ)၊ ကိုပေါ် (ပေါ်ပါတယ် ဘုရား)။
မဂ်ပေါ်တယ် ဆိုကတည်းကိုက ဝမ်းထဲ ပဋိစ္စသမုပ္ပါဒ် ဘယ်နှယ်နေတုံး (ပြတ်ပါတယ် ဘုရား)၊ ပြတ်နေပြန်ပြီ ကိုစံလှ ရေ၊ ဘာပြုလို့ပြတ်သတုံးဆိုတော့ အို ဒုက္ခသစ္စာ၊ ဒီကကြည့်တာက မဂ္ဂသစ္စာ ဖြစ်နေလို့ ဝမ်းထဲ ပဋိစ္စသမုပ္ပါဒ်မှာ ကိုစောမောင် ရှိကိုမရှိဘူး (မှန်ပါ)။
တဏှာ၊ ဥပါဒါန်၊ ကံတွေ လာသေးသလား (မလာ ပါဘူး ဘုရား)၊ ဒိဋ္ဌိတွေကော လာသေးသလား (မလာပါဘူး ဘုရား)။
ဒီတွေးလုံးကဘာကျေးဇူးများသတုံး
အဲဒီတော့ ဒီတွေးလုံးက ဘာကျေးဇူးများသတုံး မေးတဲ့ အခါကျတော့မှ သမ္မာဒိဋ္ဌိချည်း ဝမ်းထဲမှာ ပေါ်နေတယ် (မှန်ပါ)၊ သမ္မာဒိဋ္ဌိပေါ်တော့ ခုနက သက္ကာယဒိဋ္ဌိ၊ မိစ္ဆာဒိဋ္ဌိတို့က ဘယ့်နှယ် နေတုံး (မရှိတော့ပါဘူး ဘုရား)။
ဒါဖြင့် ဒိဋ္ဌိသေတဲ့ အလုပ်ဟာ သောတာပန်တို့၏အလုပ် ပဲ (မှန်ပါ)၊ သောတာပန် ဖြစ်အောင် လုပ်နေတဲ့အလုပ်ပဲ (မှန်ပါ)၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
ကိုစောမောင် ဘာလုပ်နေတာပါလိမ့် (သောတာပန် ဖြစ်အောင်လုပ်နေတာပါ ဘုရား)၊ ကျေနပ်ကြပြီ (ကျေနပ် ပါပြီ ဘုရား)။
အင်း ဒါဖြင့် ဒကာ ဒကာမတို့ ဇာတိက ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)၊ တွေးလုံးက (မဂ္ဂသစ္စာပါ ဘုရား)။ မဂ္ဂသစ္စာဆိုတာ သိသွားတယ်၊ သိသွားတော့မှ အတွေးလေးက အဲ ဒီဇာတိသည် ဘယ်ကလာပါလိမ့်မလဲလို့ဆိုတော့ အတွေးကလေးပေါ်လာတယ်။
ကံလုပ်မိလို့ဇာတိလာတာ
ဪ ကမ္မဘဝ ပစ္စယာ ဇာတိ၊ ကံလုပ်မိလို့ လာ တာ၊ မလာဘူးလား (လာပါတယ် ဘုရား)၊ ဒီတွေးလုံး မလာ ပေဘူးလား (လာပါတယ် ဘုရား)။
ဒါဖြင့် ကံက သမုဒယသစ္စာ (မှန်ပါ)၊ ဇာတိက (ဒုက္ခသစ္စာဝါ ဘုရား)၊ ကံ, သမုဒယသစ္စာ လို့လည်း သိလာတာ ကလည်း ဘာသစ္စာတုံး (မဂ္ဂသစ္စာပါ ဘုရား)။
မဂ်ချည်း ပြန်ပေါ်တယ် (မှန်ပါ)၊ ကိုစောမောင် ဘာ တွေချည်းပေါ် သတုံး (မဂ်ချည်း ပြန်ပေါ်ပါတယ် ဘုရား)၊ မဂ် ချည်းမပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ခင်ဗျားတို့မဂ်ဖိုလ်ရရပါလို၏ဆိုတဲ့ ဥစ္စာ မဂ်ပေါ်ချင်တာ နဲ့ဆိုတာ (မှန်ပါ)၊ အခု ဒကာ ဒကာမတွေ အတွေးမှန်တော့ ဘာပေါ်နေတုံး (မဂ်ပေါ်နေပါတယ် ဘုရား)။
ကဲ ပြန်ပြောပါဦးမယ်၊ ဒီဇာတိဒုက္ခ ဘယ်ကများလာ ပါလိမ့်မလဲဆိုတော့ ဇာတိ ဒုက္ခက ဘာသစ္စာတုံး (ဒုက္ခသစ္စာ ပါ ဘုရား)၊ ဘယ်ကလာပါလိမ့်မလဲဆိုတဲ့တွေးလုံးက (မဂ္ဂ သစ္စာပါ ဘုရား)။
သူ ဇာတိဒုက္ခတော့ သိမနေဘူးလား (သိနေပါ တယ် ဘုရား)၊ သိနေတော့ သိတွေး တွေးတဲ့ အတွက်တဲ့ ဒီအတွေး သည်ကားလို့ ဆိုလို့ရှိရင်ဖြင့်တဲ့ ဒုက္ခသစ္စာကိုတွေးတာ (မှန်ပါ)။
ဒုက္ခသစ္စာက ဒုက္ခသစ္စာ၊ တွေးလုံးက (မဂ္ဂသစ္စာပါ ဘုရား)၊ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
ကောင်းပြီတဲ့ ဒါဖြင့် တွေးလို့ပေါ်လာတဲ့ဉာဏ်ကို ကံလုပ်မိလို့ ဇာတိလာတာ (မှန်ပါ)၊ ကံလုပ်မိလို့ ဇာတိလာတာဆိုတော့ ကံကို သူသွားမတွေ့ဘူးလား (တွေ့ပါတယ် ဘုရား)၊ ကံ, သမုဒယကို မတွေ့ဘူးလား (တွေ့ပါတယ် ဘုရား)။
နဖူးပေါ်လက်တင်ရင် ဒါတွေးပါ
ဒါဖြင့် သမုဒယသစ္စာ သိတဲ့မဂ္ဂသစ္စာလည်း ဝမ်းထဲ ရောက်လာတယ် (မှန်ပါ)၊ ကျေနပ်ကြပြီလား (ကျေနပ် ပါတယ် ဘုရား)။
ဒီလိုချည့် သွားရမယ်နော် (မှန်ပါ)၊ ကိုစောမောင် သွားတတ်ပြီလား (သွားတတ်ပါပြီ ဘုရား)။
ဒီတွေးလုံးက နဖူးပေါ်လက်တင်ရင် ဒါတွေးပါ၊ ရှင်းကြ ပြီလား (ရှင်းပါပြီ ဘုရား)။
တရေးနိုးရင်လည်း ဒါပဲတွေးပါ
နဖူးပေါ်လက်တင်ရင် ဒါတွေးပါ၊ တရေးနိုးရင်လည်း (ဒါပဲတွေးရမှာပါ ဘုရား)၊ ဒါ တွေးရမယ် ကိုယ်လုပ်နေတဲ့ဖြစ် ပျက်ကို မလုပ်ဘဲနဲ့ တွေးလုံးလာမယ်ဆိုရင် ဟိုတွေးလုံးကို လောကီတွေးလုံးကို အကုန်ဖျောက် (မှန်ပါ)၊ ဒီတွေးလုံးကို ဒကာ ဒကာမတွေ တွေးပါဆိုတာ သတိပေးလိုက်ပါတယ် (မှန်ပါ)။
တွေးလုံးသည်အလုပ်
တွေးလုံးသည် အလုပ်မှဟုတ်ပါရဲ့လားလို့မေးတဲ့အခါ ကျတော့ ကိလေသာ မလာတာသာ ကြည့်ပါ။ အလုပ်လုပ်လို့ မလာတာ (မှန်ပါ)။
တဏှာ၊ ဥပါဒါန်၊ ကံ လာသေးရဲ့လား (မလာပါဘူး ဘုရား)၊ ဒိဋ္ဌိကော လာသေးရဲ့လား (မလာပါဘူး ဘုရား)။
ဒိဋ္ဌိမလာကတည်းက ဒိဋ္ဌိသတ်တဲ့တရား ဝမ်းထဲရောက် နေပြီ (မှန်ပါ)၊ တဏှာ၊ ဥပါဒါန်၊ ကံ မလာကတည်းက တဏှာ၊ ဥပါဒါန်၊ ကံ သတ်တဲ့တရား ဝမ်းထဲမှာ ရှိနေတယ် (မှန်ပါ)။
ဘယ်သူပါလိမ့်ဗျာ မဂ်သမ္မာဒိဋ္ဌိရှိတယ် (မှန်ပါ)၊ ဒကာ ဒကာမတွေ ဘယ်သူရှိသတုံး (မဂ်သမ္မာဒိဋ္ဌိ ရှိပါတယ် ဘုရား)၊ မဂ်သမ္မာဒိဋ္ဌိ ရှိတယ်ဆိုတာ မပေါ်လာသေး ဘူးလား (ပေါ်လာပါတယ် ဘုရား)။
ကံချုပ်ရင် ဇာတိချုပ်မှာ
ဪ ဒါဖြင့် နောက်တစ်ခါတွေးတဲ့အထဲမှာလည်း ဪ ကံချုပ်လို့ရှိရင်တော့ ဇာတိချုပ်မှာပဲ (မှန်ပါ)၊ ကံ ချုပ်လို့ရှိရင်တော့ဖြင့်ဆိုတော့ ကံက နိရောဓမဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။
ဇာတိကော (နိရောဓဖြစ်ပါတယ် ဘုရား)၊ ဒါဖြင့် ကံ ချုပ်လို့ရှိရင်ဖြင့် ဇာတိချုပ်မှာပဲလို့ သိတာက ဘယ်သစ္စာသိသတုံး နိရောဓသစ္စာသိတာ သဘောကျပြီလား (ကျပါပြီ ဘုရား)။
နိရောဓသစ္စာသိတာ
ကံချုပ်ရင် ဇာတိချုပ်မှာပဲလို့ သိတာက (နိရောဓ သစ္စာသိတာပါ ဘုရား)၊ နိရောဓသစ္စာ ဆိုတော့ နိဗ္ဗာန် သွားသိ တယ် (မှန်ပါ)။
ဒါဖြင့် နိဗ္ဗာန်လည်း နိရောဓသစ္စာ၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ အင်း သိလုံးကလေးက (မဂ္ဂ သစ္စာပါ ဘုရား) ဆိုတော့ ခု တွေးလိုက်တာသစ္စာလေးပါးဟာ အကုန်လုံး ခင်ဗျားတို့ ဝမ်းထဲမှာ ရောက်ပါတယ် ဆိုတော့၊ သိလုံး မဂ္ဂသစ္စာ ဝမ်းထဲမှာ ဧကန်ရောက်ပါတယ်ဆိုတာလည်း ပေါ်ကြ ပြီလား (ပေါ်ပါပြီ ဘုရား)။
တွေးလုံးသည်ပင်မဂ်ရတဲ့အလုပ်
နောက် ဒီလိုတွေးရမယ်နော် ဒကာ ဒကာမတွေ (မှန်ပါ)၊ တွေးတတ်ကြပြီလား (တွေးတတ်ပါပြီ ဘုရား)၊ ဒါ အလုပ်မလုပ်ဘဲနဲ့ တွေးလုံးသည်ပင်လျှင် ဒီဥစ္စာ မဂ်ရတဲ့အလုပ် လို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ)။
တွေးလုံးသည်ပင်လျှင် (မဂ်ရတဲ့အလုပ်ပါ ဘုရား)၊ အဲဒီတော့ မောင်နိုင် သစ္စာသိရင် မဂ်ဖြစ်တာကိုး (မှန်ပါ)။ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
ဒီထဲမှာ ဝိပဿနာ အထက်တန်းကျတော့ ပေါ်လာ တယ် (ပေါ်လာပါတယ် ဘုရား)။
ဒီလို တွေးနေလို့ရှိရင်ဖြင့်တဲ့ မဂ္ဂသစ္စာ ဝမ်းထဲရောက် သောကြောင့် မိမိခန္ဓာထဲမှာ ပဋိစ္စသမုပ္ပါဒ်ဟာ သေသေချာချာ ပြတ်တယ်ဆိုတာ ခင်ဗျားတို့ တာဝန်ယူနိုင်ပါတယ်၊ မယူနိုင်ဘူးလား (ယူနိုင်ပါတယ် ဘုရား)။
ဒါကသစ္စာဝိပသနာလို့ခေါ်တယ်
ဒါက ဘယ့်နှယ်တုံးဘုရား အနိစ္စ၊ ဒုက္ခ၊ အနတ္တ မပါပါလား။ အေး ဒါက သစ္စာဝိပဿနာလို့ ခေါ်သည် (မှန်ပါ ဘုရား)။
ဘယ်လိုမှတ်ကြ (သစ္စာဝိပဿနာပါ ဘုရား)၊ သစ္စာ မ သိတဲ့ဝိပဿနာလို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မှတ်လိုက်စမ်း ပါ (မှန်ပါ)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒီ ဥပါဒါန် ဘယ်က လာပါလိမ့်မလဲလို့ မတွေးထိုက်ဘူးလား (တွေးလိုက်ပါတယ် ဘုရား)။
ဒီကံ ဘယ်ကလာပါလိမ့်မလဲလို့ တွေးလိုက်စမ်းပါ။ တွေး လိုက်တဲ့အခါကျတော့ ဒီကံသည်ကား လို့ဆိုရင်ဖြင့် ခင်ဗျားတို့ သိပြီးသား၊ ကံဟာ ပဋိစ္စသမုပ္ပါဒ်တစ်ခုလုံးဟာ ဒုက္ခသစ္စာ ဆိုတော့ ဒုက္ခက္ခန္ဓဿလို့လည်း မှတ်ထားရမယ် (မှန်ပါ)။
ကံ ဒုက္ခသစ္စာ ဘယ်ကလာပါလိမ့်မလဲလို့ မတွေးရဘူး လား (တွေးရမှာပါ ဘုရား)။
ဒါဖြင့် ကံ ဒုက္ခသစ္စာက ဘာသစ္စာတုံး (ဒုက္ခသစ္စာ ပါ ဘုရား)၊ ဘယ်က လာပါလိမ့်မတုံးလို့ တွေးလုံးက (မဂ္ဂသစ္စာ ပါ ဘုရား)။
တောက်လျှောက်တွေးနေပါ
အဲ ကံသည် ဒုက္ခသစ္စာလို့သိတယ်၊ မသိဘူးလား (သိပါတယ် ဘုရား)၊ အဲ သိတော့ကို သိလုံးက ဘာသစ္စာ (မဂ္ဂသစ္စာပါ ဘုရား)။
ကိုစောမောင် တွေးပါ။ တောက်လျှောက်သာတွေးနေ သမုဒယကို ဝင်ခွင့်ရသေးရဲ့လား (မရပါ ဘုရား)။ ဒိဋ္ဌိကော (မရပါဘူး ဘုရား)။
ဒါ ဘာလုပ်နေတာတုံးလို့ ဒကာ ဒကာမတွေက မေးလို့ရှိ ရင် ဒိဋ္ဌိ၊ တဏှာသတ်နေတာ (မှန်ပါ)။ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။
ပွားများတဲ့အလုပ်လုပ်နေတာ
ဘာသတ်နေတာတုံး (ဒိဋ္ဌိ တဏှာသတ်နေတာပါ ဘုရား)။ ဒိဋ္ဌိ တဏှာ သတ်နေတာဆိုတော့ ဒီနေ့ တရားမှာ ဒကာ ဒကာမတို့ ဒါ သစ္စာသိအောင် ပွားများနေတဲ့ အဓိပ္ပါယ်မှ တစ်ပါး “ဘာဝေတဗ္ဗကိစ္စ” အလုပ်လုပ် နေတာဆိုတာကော ပေါ်လာကြပြီလား (ပေါ်လာပါပြီ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ကဲ ဒါဖြင့် ဒီကံ ဘယ်က လာပါလိမ့်မတုံးလို့ တွေးတဲ့အခါ တွေးလုံးထဲကပဲ ပေါ်လာပြန်တယ် ဥပါဒါန်က လာတယ် (မှန်ပါ) မလာပေဘူးလား (လာပါတယ် ဘုရား)။
ဒါဖြင့် ကိုစောမောင် ဥပါဒါန်က အကြောင်းကျပြန်တယ် (ကျပါတယ် ဘုရား) ဒါဖြင့် သမုဒယသစ္စာ သိတာဟာ သူ့ အကြောင်းက သမုဒယသစ္စာ၊ သိလုံးက (မဂ္ဂသစ္စာပါ ဘုရား)။
မဂ္ဂသစ္စာလို့ ဆိုတော့ ဒကာ ဒကာမတွေ ခုတော့ မချုပ် ဘူး ချုပ်တယ်ကို သိသောကြောင့် ချုပ်တာက ဘာသစ္စာတုံး (နိရောဓသစ္စာပါ ဘုရား) သိတာက (မဂ္ဂသစ္စာပါ ဘုရား)။
ဒီလိုချည်းတွေးသွားစမ်းပါ
ဒီလိုချည်း တွေးသွားစမ်းပါ (မှန်ပါ့) ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။
ဒါအလုပ် လုပ်နေတာပဲလို့ မှတ်လိုက်စမ်းပါ (မှန်ပါ) ဘာဝေတဗ္ဗကိစ္စနဲ့ လုပ်နေတာပဲလို့ မှတ်လိုက်စမ်းပါ (မှန်ပါ ဘုရား)။
ကဲ ဒါဖြင့် ရှေ့သွားကြပါဦးစို့ ဪ ဒါ ကိုစောမောင် ဘာတရားပါလိမ့် (သစ္စာတရားပါ ဘုရား) သစ္စာအလုပ်တရား (မှန်ပါ့) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
ဘာတရားပါလိမ့် (သစ္စာအလုပ်တရားပါ ဘုရား) သစ္စာအလုပ်တရားလို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)။
ကဲ တစ်ခါ သွားပါဦး၊ ဥပါဒါန် ဆိုတာလည်း ဘာသစ္စာ ပါလိမ့် (ဒုက္ခသစ္စာပါ ဘုရား) ဒီက ဒုက္ခက္ခန္ဓဿ ဆိုတာ မှတ်ထားနော် (မှန်ပါ့)။
ကိုစောမောင် ပဋိစ္စသမုပ္ပါဒ်တစ်ခုလုံးဟာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။
အဲဒါ သိထားမှ ဒီသစ္စာကို ပွားများလို့ရတာ ကိုစော မောင်ရ၊ နို့မဟုတ်ရင် ရပါ့မလား (မရပါဘူး ဘုရား)။
ဥပါဒါန်ဘယ်ကလာပါလိမ့်
ကဲ ဒါဖြင့် ရှင်းလိုက်ပါဦး ဒကာ ဒကာမတွေ၊ ဒီဥပါဒါန် ဘယ်ကလာပါလိမ့်မလဲ (တဏှာက လာတာပါ ဘုရား)။ ဥပါဒါန်က ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)။
ဪ ဥပါဒါန်ဆိုတဲ့ ဒုက္ခသစ္စာ၊ ဒုက္ခပေးလေ သမျှ ဥပါဒါန်ချည်းပဲဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။ အဲဒီဥပါဒါန် ဒုက္ခသစ္စာ ဘယ်ကလာပါလိမ့်မတုံး ဆိုတော့ ဥပါဒါန်က ဘာသစ္စာ ဖြစ်သတုံး (ဒုက္ခသစ္စာ ဖြစ်ပါတယ် ဘုရား)။ တွေးလုံးက (မဂ္ဂသစ္စာဖြစ်ပါတယ် ဘုရား)။
တွေးလို့ ပေါ်လာတဲ့ ဪ ဥပါဒါန်က တဏှာက လာတာပဲဆိုတော့၊ တဏှာက သမုဒယသစ္စာ (မှန်ပါ)။ လာတာပဲလို့ သိတာက (မဂ္ဂသစ္စာပါ ဘုရား)။
ကိုစောမောင် မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။ ဒီဘက်က ဒကာတွေ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။ ကောင်းပြီ ဒါဖြင့် တဏှာချုပ်ရင် ဥပါဒါန် နေဦး မှာလား (မနေပါဘူး ဘုရား)။
တဏှာဥပါဒါန်ချုပ်ရင်နိဗ္ဗာန်ပဲ
ဒါဖြင့် သူတို့နှစ်ခုချုပ်တာဟာ သိတော့၊ သူတို့နှစ်ခု ချုပ်လို့ရှိရင် နိဗ္ဗာန်ပဲဆိုတာ မသေချာဘူးလား (သေချာပါ တယ် ဘုရား)။
ဒါက သူတို့နှစ်ခုချုပ်တာ၊ ချုပ်တာက ဘာသစ္စာ (နိရောဓသစ္စာပါ ဘုရား)။ သိလုံးကလေးက (မဂ္ဂသစ္စာပါ ဘုရား)။ အဲ မဂ္ဂသစ္စာ ပွားပြီးသား ဖြစ်နေတယ် ဆိုတော့၊ သံယုတ်ပါဠိတော်က လာပြန်တယ် ကိုစောမောင် (မှန်ပါ)။ ပေါ်ပြီလား ကိုစံလှ (ပေါ်ပါပြီ ဘုရား)။
ဒါ ခက်သလား ဒကာ ဒကာမတို့ (မခက်ပါဘူး ဘုရား)။ မခက်နဲ့၊ ပဋိစ္စသမုပ္ပါဒ် နာပြီးသား ဒကာ ဒကာမ တွေမှာ ရှင်းနေတာပဲ (မှန်ပါ)။
ဘယ်လောက် ကြာကြာ ဘာသစ္စာတွေ လာမယ်ထင် သတုံး (ဒုက္ခသစ္စာတွေ လာမှာပါ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ တဏှာဆိုတဲ့ ဒုက္ခ သစ္စာဟာ၊ တဏှာလည်း ဒုက္ခသစ္စာ သွားဖြစ်တယ်နော် (မှန်ပါ)။ ဘယ်ကများလာပါလိမ့်မတုံးဆိုတော့ တဏှာဒုက္ခသစ္စာ က ဒုက္ခသစ္စာ၊ ဘယ်က လာပါလိမ့်မတုံးလို့ သိလုံးကလေးက (မဂ္ဂသစ္စာပါ ဘုရား)။
ဪ ဝေဒနာက လာတာပဲလို့ သိလိုက်တော့ ဘယ်သစ္စာ သိပါတုံး (သမုဒယသစ္စာ သိပါတယ် ဘုရား)။ သမုဒယသစ္စာသိပြန်တယ်၊ သဘောပါကြပြီလား (ပါပါပြီ ဘုရား)။
သမုဒယသစ္စာ သိပြန်တော့ ဒကာ ဒကာမတို့ သစ္စာ ဘယ်နှပါးသိ အင်း သမုဒယ သစ္စာလည်း ဒို့သိတယ်၊ ဒုက္ခသစ္စာကော (သိပါတယ် ဘုရား)၊ သိပြီ၊ သစ္စာနှစ်ပါး ခု သိနေပြီ။
နောက်တစ်ခါသွားတော့၊ ဝေဒနာများချုပ်သွားတော့ အင်း တဏှာကျန်နေဦးမှာလား (မကျန်ပါဘူး ဘုရား)။ ဟာ အလယ်မှာ သူတို့နှစ်ခု ချုပ်တာ သိလာပြန်၊ ချုပ်မှုက ဘာသစ္စာ (နိရောဓသစ္စာပါ ဘုရား)။
သိတာက (မဂ္ဂသစ္စာပါ ဘုရား)။ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။
ဒီဥစ္စာက နောက်ဆုတ်သွားလို့၊ သစ္စာကိုနောက်ဆုတ် စုံစမ်းဆင်ခြင်တာနဲ့ မဂ်ဉာဏ်ရတာ ဆိုတာ၊ ဒကာ ဒကာမတွေ ကျေနပ်ပြီလား (ကျေနပ်ပါတယ် ဘုရား)။
အိပ်ယာဝင်ချိန်သစ္စာကစတွေး
ဒါ တရေးနိုးနိုး၊ အိပ်ရာဝင်ချိန် ဒိပြင် အတွေးလာလို့ ရှိရင် သူကစ၊ သစ္စာက စတွေး (မှန်ပါ)။ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။
နို့ မဟုတ်ရင်ဖြင့် ခုနှစ်စဉ်တန်းအောင်တွေး၊ အိပ် မပျော်အောင်တွေး၊ ဒကာ ဒကာမတွေ ရောဂါ ရအောင်တွေး ဆိုတာကော မလာဘူးလား (လာပါတယ် ဘုရား)။
တစ်ခါတည်း သည်းခြေရူးဖြစ်လာအောင်လည်း တွေး လေ့ဆွေးလေ့ ရှိတယ်နော် (မှန်ပါ)။ အင်မတန် ကြောက်စရာ မကောင်းဘူးလား (ကောင်းပါတယ် ဘုရား)။
ကိုင်း ဒါဖြင့် တွေးတတ်ကြပြီလား (တွေးတတ် ပါတယ် ဘုရား)။ တွေးတွေး ဝေဒနာ ကျအောင်ပဲ တွေးရတော့ မယ် (မှန်ပါ)။ သို့သော် ဒီနေ့ ဖြန့်ပြီး သကာလ ကိုင်း တွေးလိုက်တဲ့ အခါကျတော့မှ၊ တဏှာဘယ်က လာပါလိမ့်မတုံး ဝေဒနာကလာတယ်၊ သဘောကျပြီ လား (ကျပါတယ် ဘုရား)။
တဏှာဘယ်ကလာသတုံး
တဏှာဆိုတဲ့ ဒုက္ခသစ္စာဘယ်ကလာသတုံး (ဝေဒနာက လာပါတယ် ဘုရား)။ ဝေဒနာက လာတာ၊ မောင်နိုင် ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် သစ္စာဘယ်နှပါး သိသွားသတုံး (နှစ်ပါးသိပါ တယ် ဘုရား)။ နှစ်ပါးသိတာ သေချာတယ်၊ တဏှာ ဒုက္ခသစ္စာ လို့လည်း သိတယ်၊ ဝေဒနာ သမုဒယသစ္စာလို့ကော (သိပါ တယ် ဘုရား)။
သိတော့ ခန္ဓာကိုယ်ထဲမှာ ဒကာ ဒကာမတွေ သစ္စာ သုံးပါးသိတဲ့ဉာဏ် ရောက်လာပြီး (မှန်ပါ)။
ကဲ ဒါဖြင့် ဝေဒနာချုပ်ရင် တဏှာချည့်ကျန်ရစ် ဦးမှာလား (မကျန်ပါဘူး ဘုရား)။ မကျန်ရင် ဖြစ်ပျက် ရှုလိုက်၊ ဝေဒနာနဲ့ တဏှာချုပ်တာက နိရောဓသစ္စာ (မှန်ပါ ဘုရား)။ သိလုံးကလေးက (မဂ္ဂသစ္စာပါ ဘုရား)။
ဝေဒနာဇာတ်သိမ်းအောင်လုပ်
ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။ ကိုင်း နေရာကျပြီဟေ့၊ ဒီတစ်ခါတော့ဖြင့် ကိုစောမောင်ရေ၊ ဝေဒနာ ဇာတ်သိမ်းအောင် လုပ်မှတော်မယ်ဆိုတဲ့ဉာဏ်ဟာ မလာပေ ဘူးလား (လာပါတယ် ဘုရား)။
ဘာကြောင့်တုံးလို့ မေးတဲ့အခါကျတော့၊ ဒီတဏှာ ဥပါဒါန်၊ ကံတွေက မောင်နိုင်တို့ စဉ်းစားပါ ဒီဝေဒနာရှိလို့လာတာ (မှန်ပါ)။
ဝေဒနာမရှိရင် (မလာပါဘူး ဘုရား)။ ဒါဖြင့် ကိုယ်ရေ တဏှာ၊ ဥပါဒါန်၊ ကံကြောက်ရမှာလား၊ ဝေဒနာ ကြောက်ရမှာလား (ဝေဒနာကြောက်ရမှာပါ ဘုရား)။
ဒါဖြင့် ဝေဒနာဆိုတာ ခင်ဗျားတို့ ခန္ဓာငါးပါးပါပဲ (မှန်ပါ)။ ခန္ဓာငါးပါးနဲ့ တွဲနေတာပါပဲ (မှန်ပါ)။ သဘောကျ ပြီလား (ကျပါပြီ ဘုရား)။
ဝေဒနာဆိုတာဘာပါလိမ့်
ဝေဒနာဆိုတာ ဘာပါလိမ့် (ခန္ဓာငါးပါးနဲ့ တွဲနေ တာပါ ဘုရား)။ ခန္ဓာငါးပါးနဲ့ တွဲပြီး သကာလ နေလိုက်တဲ့ အခါကျလို့ရှိရင်ဖြင့်တဲ့၊ ဒါဖြင့် ရှေ့ပိုင်းခန္ဓာငါးပါး ပေါ်တယ်လို့ မှတ်လိုက်တာပေါ့ (မှန်ပါ)။
ဘယ်လိုမှတ်ကြမယ် (ခန္ဓာငါးပါးပေါ်ပါတယ် ဘုရား)။ မပေါ်သေးဘူးလား ဒကာ ဒကာမတွေ (ပေါ်ပါ တယ် ဘုရား)။
ဝေဒနာက သူ့ချည်း ဖြစ်တယ်လို့ ထုံးစံရှိရဲ့လား (မရှိ ပါဘူး ဘုရား)။ မယုံရင် တွေးကြည့်လိုက်၊ ဝေဒနာ ဘယ်အပေါ်မှာ ပေါ်သတုံးဆိုတော့ ကိုယ်ပေါ်မှာ ပေါ်တယ်လို့ ပြောချင်လည်းပြောလိမ့်မယ်၊ မပြောပေဘူးလား (ပြောပါတယ် ဘုရား)။
ကိုယ်က ရူပက္ခန္ဓာ (မှန်ပါ)။ ဝေဒနာက ဝေဒနာက္ခန္ဓာ၊ သူနဲ့တွဲနေတဲ့ သညာ၊ သင်္ခါရက္ခန္ဓာ တွေက ပါမနေဘူးလား (ပါနေပါတယ် ဘုရား)။
အဲတော့ ခန္ဓာက တွဲမနေဘူးလား (တွဲနေပါတယ် ဘုရား)။ တွဲနေတော့ နေရာကျပြီဘုရား၊ ဒါဖြင့် တပည့်တော်တို့ အင်း ဒီတဏှာ၊ ဥပါဒါန်၊ ကံတွေချုပ်စေချင်၊ ဇာတိ၊ ဇရာ၊ မရဏတွေ ချုပ်စေချင်လို့ ရှိရင်ဖြင့်၊ ဝေဒနာ မပေါ်အောင်လုပ် လိုက်ရလို့ရှိရင်ဖြင့် မပြီးပေဘူးလား (ပြီးပါတယ် ဘုရား)။ သဘောပါကြပြီလား (ပါပါပြီ ဘုရား)။
ဒါဖြင့် ဒီနေ့ ဝိပဿနာ ဒီကနေပြီး စရှုလို့ပြောလိုက် ပါတယ် (မှန်ပါ)။ တွေးတာက ဒီကတွေးတာပဲ ကိုစောမောင် တွေးတတ်ပြီလား (တွေးတတ်ပါပြီ ဘုရား)။
ဝေဒနာကိုဖြတ်ရမယ်
တွေးခြင်းကြောင့် သစ္စာလေးပါး မရဘူးလား (ရ ပါတယ် ဘုရား)။ အင်း တစ်ခါတည်း ဒါတွေးတွေးပြီး သစ္စာတွေမြင်တဲ့ အခါကျတော့မှ၊ ဪ ဘယ်သူ့ဖြတ်မှ သာလျှင် ဒီဘက်က ဒုက္ခတွေ အကုန်ပြတ်မယ် ဆိုတာ မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။
ပေါ်လာတော့ ဘယ်သူ့ဖြတ်ကြမတုံး (ဝေဒနာ ဖြတ်ရမှာပါ ဘုရား)။ ဝေဒနာဖြတ်ရမယ်ဆိုတာ မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတွေ သန္တာန်မှာ သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာလို့ ဝေဒနာသုံးမျိုး လှည့်မပေါ်ပေဘူးလား (ပေါ်ပါတယ် ဘုရား)။
ဝေဒနာပေါ်တိုင်းဖြစ်ပျက်ရှု
ပေါ်တိုင်း ပေါ်တိုင်း ဘာလုပ်ကြမယ် (ဖြစ်ပျက် ရှုရမှာပါ ဘုရား)။ ဒီကျမှ ရှုလို့ရတယ်၊ ကိုစောမောင် ဒီကျမှ၊ နောက်စိတ်ကလေး ဒီကျမှ ရှုဖို့ရာ ပေါ်လာတယ် (မှန်ပါ)။ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ကိုင်း ရှုလိုက်တဲ့အခါကျတော့ ဒကာ ဒကာမတို့ ရှုတဲ့အပိုင်းကလည်း ဖြစ်ပျက်မြင်ဖို့၊ ဝေဒနာ ဖြစ်ပျက်မြင်ဖို့၊ ဝေဒနာဖြစ်ပျက်မုန်းဖို့၊ ဝေဒနာဖြစ်ပျက်တွေ ဆုံးတယ်ဆိုကြစို့ (မှန်ပါ)။ သဘော ကျပြီလား (ကျပါတယ် ဘုရား)။
ဖြစ်ပျက်ဆုံးရင်မဂ္ဂင်ရှစ်ပါး
ဝေဒနာဖြစ်ပျက်တွေ ဆုံးသွားတဲ့အခါကျတော့ မဂ္ဂင်က ရှစ်ပါးမဖြစ်ဘူးလား (ရှစ်ပါးဖြစ်ပါတယ် ဘုရား)။
ကောင်းပြီ ဒီဘက်က ဝေဒနာဆုံးတဲ့ ကျန်ခန္ဓာ တွေက ငါတို့နေခဲ့ဦးမယ်လို့ ရှိသေးရဲ့လား (မရှိပါဘူး ဘုရား) ဘာ့ကြောင့်တုံး မေးလို့ရှိရင်ဖြင့် ဝေဒနာနဲ့ ကျန်တာ တွေက နာမက္ခန္ဓာလေးပါး၊ သူ့မှီနေရတာက ရူပက္ခန္ဓာ။
အဲဒီတော့ ဝေဒနာလဲတော့ ရူပက္ခန္ဓာလည်း လိုက်ပြီး လဲရတယ် (လဲရပါတယ် ဘုရား)။ ကျူစီး နှစ်စီးတင်ထား တယ်ဆိုတာ သဘောကျပြီလား (ကျပါတယ် ဘုရား)။
အင်း နာမက္ခန္ဓာလဲတော့ကို (ရူပက္ခန္ဓာလည်း လဲရပါတယ် ဘုရား)။ အဲ နာမက္ခန္ဓာပျက်တော့ ရူပက္ခန္ဓာ လည်း ငါချည်းကျန်ရစ်သေးသလား (မကျန်ရစ်ပါဘူး ဘုရား)။
ဝေဒနာကုန်သွားတော့နိဗ္ဗာန်ပေါ်လာတယ်
အဲဒီတော့ “ဝေဒနာနံ ခယော ဘိက္ခု” လို့ဆိုလိုက်ပါ တယ် ဝေဒနာသံယုတ်က၊ ဝေဒနာ ကုန်သွားတယ် ဆိုတော့ ဒကာ ဒကာမတို့ ဝေဒနာကုန်သွားတယ်ဆိုတော့ ဒီအပိုင်းက နိဗ္ဗာန် ပေါ်လာတယ် (မှန်ပါ)။
ရှေ့ပိုင်းက ဘာပေါ်လာသတုံး (နိဗ္ဗာန်ပေါ်လာ ပါတယ် ဘုရား)။ နိဗ္ဗာန်ပေါ်လာတဲ့အတွက် ဒကာ ဒကာမတို့ တဲ့၊ နိဗ္ဗာန်ပေါ်လာတာကလည်း မဂ်ဉာဏ်က နိဗ္ဗာန်ဝင်လာ တာနော် (မှန်ပါ)။
ချုပ်သွားတာ မမြင်လိုက်ပေဘူးလား (မြင်ပါတယ် ဘုရား)။ မြင်လိုက်တော့ကိုး ဒကာ ဒကာမတို့ သန္တာန်၌ တဏှာ၊ ဥပါဒါန်၊ ကံတွေလာသေးရဲ့ လား (မလာပါဘူး ဘုရား)။
လာခွင့်မရလို့ချုပ်တာ
တဏှာ၊ ဥပါဒါန်၊ ကံတွေက ကိုစောမောင်လာခွင့်ကို ရသေးရဲ့လား (မရပါဘူး ဘုရား)။ နောက်က ဒကာ ဒကာမတွေ (မရပါဘူး ဘုရား)။
လာခွင့်မရလို့ ဘယ့်နှယ်နေသတုံး တကယ် သူတို့ က ဒါက ရှုလို့ချုပ်တာ၊ သဘောကျပြီလား (မှန်ပါ)။ ဒီက မလာပဲနဲ့ချုပ်တာ (မှန်ပါ)။
ဒီက လာပြီးတော့ (ချုပ်တာပါ ဘုရား)။ ဒီဘက်က (မလာဘဲနဲ့ချုပ်တာပါ ဘုရား)။ ထူးထူးမှတ်ပါ။
ဖြစ်ပြီးမှချုပ်တာ
ရှေ့ပိုင်းကတော့ကို ရှုစရာရှိပြီး သကာလ ချုပ်သွား တယ် (မှန်ပါ)။ သဘောကျပြီလား (ကျပါတယ် ဘုရား)။
ဒီကဖြစ်ပြီးမှ ချုပ်တာ (မှန်ပါ)။ ဒီက မဖြစ်ဘဲနဲ့ ချုပ်တာ (မှန်ပါ)။ ရှေ့ပိုင်းကဟာတော့ (ဖြစ်ပြီးမှချုပ် တာပါ ဘုရား)။ နောက်ပိုင်းကဟာတော့ (မဖြစ်ဘဲနဲ့ ချုပ်တာ ပါ ဘုရား)။
ချုပ်ပုံခြင်း ဘယ့်နှယ်နေတုံး (ခြားနားပါတယ် ဘုရား)။ ခြားနားတယ်ဆိုတာ သဘောကျပြီလား (ကျပါ တယ် ဘုရား)။
မဖြစ်ဘဲနဲ့ချုပ်ရတာ သူက “ဥပ္ပါဒနိရောဓာ”၊ ဥပ္ပါဒဆိုတာ ဖြစ်တယ်ဖြစ်ပြီးမှ ချုပ်တယ်၊ ဒီက “အနုပ္ပါဒ နိရောဓာ” အနုပ္ပါဒဆိုတာ မဖြစ်ဘဲနဲ့ ချုပ်ရတာ၊ သဘောကျပြီလား (ကျပါတယ် ဘုရား)။
ဒီလို ရှေ့ပိုင်းကတော့ဘာတဲ့ (ဥပ္ပါဒနိရောဓာပါ ဘုရား)။ ဥပ္ပါဒ နိရောဓာဆိုတာ ပါဠိ၊ မြန်မာလို ပြန်လိုက်တော့ (ဖြစ်ပြီးမှ ချုပ်တာပါ ဘုရား)။
အဲ ဖြစ်ပြီးမှ နောက်က ဉာဏ်ဝင်လိုက်တော့ ချုပ်တာ၊ ဒီဘက်က မဖြစ်ဘဲနဲ့ကို (ချုပ်တာပါ ဘုရား)။
မဖြစ်ဘဲနဲ့ ချုပ်သွားတယ်ဆိုတာ ကျေနပ်ပြီလား (ကျေနပ် ပါတယ် ဘုရား)။
အနုပ္ပါဒနိရောဓာ
မဖြစ်ဘဲနဲ့ချုပ်သွားတယ်ဆိုတာ “အနုပ္ပါဒနိရောဓာ” ဘာဖြစ်လို့ မဖြစ်ဘဲနဲ့ ချုပ်တယ်ဆိုတော့၊ မောင်နိုင်တို့က စကား ကန့်လန့်ကြီးလို့ ထင်ချင်ထင်လိမ့်မယ် (မှန်ပါ)။
လာနေကျလာရမှာ ကိုစောမောင် (မှန်ပါ)။ ဒီမဂ်က တားလိုက်တဲ့အတွက် လာခွင့်မရဘဲနဲ့ ချုပ်သွားရှာတယ် (မှန်ပါ)။
ဥပ္ပါဒနိရောဓာ
ဘယ်လိုဆိုကြမယ် (လာခွင့်မရဘဲနဲ့ ချုပ်သွားပါ တယ် ဘုရား)။ ဒါဖြင့် “အနုပ္ပါဒနိရောဓာ” က ဒီဘက်က၊ “ဥပ္ပါဒနိရောဓာ” က (ရှေ့ကပါ ဘုရား)။
ရှေ့ကဆိုတော့ ဒကာ ဒကာမတို့ ခန္ဓာလည်းချုပ်၊ ကိလေသာလည်းချုပ် (မှန်ပါ)၊ သဘောပါကြပြီလား (ပါပါတယ် ဘုရား)။
ဘယ်လိုမှတ်ကြမယ် (ခန္ဓာလည်းချုပ် ကိလေသာ လည်းချုပ်ပါတယ် ဘုရား)။ ခန္ဓာလည်းချုပ်၊ ကိလေသာလည်း ချုပ်ဆိုတာ သေချာပြီလား (သေချာပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဝေဒနာကုန်အောင်လိုက်၊ ဟိုဘက်က တဏှာကုန်တယ် (မှန်ပါ)။
ဒီဝေဒနာတွေ့တဲ့အခါကျတော့ ခန္ဓာတွေ့တယ် (မှန်ပါ)။ ခန္ဓာငါးပါးတစ်ပြိုင်တည်း မတွေ့ဘူးလား (တွေ့ ပါတယ် ဘုရား)။
တွေ့တဲ့အခါကျလို့ရှိရင် ဝေဒနာကို ရှုကြည့်လိုက် (မှန်ပါ)။ ဝေဒနာ မကုန်ပေဘူးလား (ကုန်ပါတယ် ဘုရား)။
ကောင်းပြီ၊ ဝေဒနာကုန်တော့ နောက်က တဏှာကကော (ကုန်ပါတယ် ဘုရား)။
ကုန်တော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဥပမာ ပြလိုက်တယ်၊ ကွာတဲ့ ဒီလိုလုပ်တဲ့ ပုဂ္ဂိုလ်များမှာ ငါ-ဥပမာ တစ်ခု ပြချင်တယ်တဲ့။
မီးတွေနဲ့အိုးဖုတ်တယ်
ဒကာ ဒကာမတို့ အိုးတွေ ဖုတ်တယ်ကွာတဲ့၊ အိုးဖိုထဲ မှာ အိုးတွေဖုတ်တယ်၊ အိုးတွေ အများကြီး ထည့်ပြီး အပြင်ဘက် ကနေ မီးနဲ့ ထင်းထိုးပြီး ဖုတ်ရတာပဲနော်။
အဲဒီအိုးတွေ အပြင်ထုတ်ပြီး သကာလ ညှပ်ကလေးနဲ့ အိုးတွေကို ကျက်တဲ့အခါမှာ မဆယ်ရ ပေဘူးလား (ဆယ် ရပါတယ် ဘုရား)။
ဆယ်ရတဲ့အခါကျတော့ အိုးဖိုထဲက ထုတ်တုန်းက တော့ အပူတွေပဲ (မှန်ပါ)။ သဘော ကျပြီလား (ကျပါ တယ် ဘုရား)။
အိုးဖိုထဲကအပြင်ထုတ်တယ်
ညှပ်နဲ့ဆယ်ထုတ်လိုက်တဲ့အခါကျတော့ အပြင်ဘက် မှာ အေးမသွားဘူးလား (အေးသွားပါတယ် ဘုရား) သဘောကျပြီလား (ကျပါတယ် ဘုရား)။
ဒါဖြင့် ဒီအအေးသည် ဒကာ ဒကာမတို့ အိုးဖိုထဲနေ တုန်းကတော့ အပူပဲ (မှန်ပါ)။ အပြင်ဘက် တစ်လုံးစီ စီချလိုက်တဲ့အခါကျတော့ (အေးသွားပါတယ် ဘုရား)။
အေးသွားတယ်
အေးသွားတယ်တဲ့၊ အပြင်ဘက် လေလေး ဘာလေးနဲ့ ကိုစောမောင် မတွေ့ရဘူးလား (တွေ့ရပါတယ် ဘုရား) တွေ့ရတဲ့အခါ အေးအေးလေး ဖြစ်မသွားဘူးလား (ဖြစ်သွား ပါတယ် ဘုရား)။
ကိလေသာအပူအမြဲရှိတယ်
ဒီမှာလည်းတဲ့ မင်းတို့သည် ကားလို့ဆိုရင်တဲ့ ဟောဒီ မဂ်သာ မဝင်ဘူးဆိုရင်တဲ့၊ မင်းတို့ ခန္ဓာတည်းဟူသော အိုးဟာ ကိလေသာ အပူနဲ့ အမြဲရှိတယ် (မှန်ပါ)။ သဘောကျပြီလား (ကျပါတယ် ဘုရား)။
ခန္ဓာထဲမှာ ကိလေသာအပူအမြဲရှိတယ်ကွ (မှန်ပါ)။ အိုးဖိုထဲမှာ မီးထိုးထားသလိုပဲ၊ သဘောကျပြီလား (ကျပါတယ် ဘုရား)။
မဂ်ဝင်တော့အပူမရှိတော့ဘူး
အဲဒီတော့ကိုတဲ့ မဂ်ဝင်သွားတဲ့ အခါကျတော့တဲ့ ကိလေသာ အပူဓာတ်ရှိသေးရဲ့ လား (မရှိတော့ပါဘူး ဘုရား)။ ခန္ဓာတော့ရှိတယ်၊ အိုးတော့ရှိတယ်၊ အအေးရှိတယ်။ သဘောကျပြီလား (ကျပါပြီ ဘုရား)။
အိုးတော့ ရှိတယ်နော်၊ အပူရှိသေးရဲ့ လား (မရှိ တော့ပါဘူး ဘုရား)။
အအေးခန္ဓာရှိမယ်
ဒီမှာလည်းတဲ့ မင်းတို့ဝေဒနာကုန်အောင် ရှုလို့ရှိရင်ဖြင့် တဲ့ မင်းတို့ခန္ဓာတော့ ရှိဦးမှာပါပဲကွာတဲ့၊ သို့သော် အအေး ခန္ဓာ ရှိမယ်တဲ့၊ ကိလေသာ ချုပ်ငြိမ်းတဲ့ခ န္ဓာရှိမယ်တဲ့ (မှန်ပါ)။
ဒါဖြင့် “သဥပါဒိသေသ နိဗ္ဗာန်” ပေါ်တယ်လို့ ပြောတယ် (မှန်ပါ)။ သဘောကျပြီလား (မှန်ပါ)။
သဥပါဒိသေသနိဗ္ဗာန်
ဘာနိဗ္ဗာန်တဲ့ (သဥပါဒိသေသနိဗ္ဗာန်ပါ ဘုရား) သဥပါဒိသေသနိဗ္ဗာန် ဆိုတာ ခန္ဓာတော့ ရှိတယ်၊ ကိလေသာ မရှိတဲ့ နိဗ္ဗာန်ဆိုတာ ခန္ဓာတော့ရှိတယ်၊ ကိလေသာ မရှိတဲ့ နိဗ္ဗာန်ဖြစ်တယ်ကွတဲ့ (မှန်ပါ)။
ကိုစောမောင် ဘယ်လိုမှတ်မယ် (ခန္ဓာတော့ရှိပါ တယ်ဘုရား ကိလေသာမရှိတဲ့ နိဗ္ဗာန်ပါ ဘုရား)။ ဒါဖြင့် အိုးတော့ ရှိတယ်၊ အပူမရှိတဲ့ အိုးနဲ့တူတယ်ကွတဲ့ (မှန်ပါ)။ သဘောကျပြီလား (ကျပါတယ် ဘုရား)။
ခန္ဓာရှိပြီးကိလေသာချုပ်တဲ့နိဗ္ဗာန်
ဒါ နိဗ္ဗာန်ပြတာ-ဘုရား၊ နိဗ္ဗာန်ပေါ်တာကို သဘော ကျပြီလား (ကျပါတယ် ဘုရား)။ ခန္ဓာရှိပြီး ကိလေသာချုပ်တဲ့ နိဗ္ဗာန်ပဲဆိုတာ သဘောကျပြီလား (ကျပါတယ် ဘုရား)။
အိုးသည် ဒကာ ဒကာမတို့ အိုးဖိုထဲက ထုတ်လိုက်တုန်း ကတော့ အပူပေါ့ဗျာ (မှန်ပါ)။ အပြင်ဘက် တစ်လုံးစီ စီလိုက်တဲ့အခါကျတော့ ဘာဖြစ်သတုံး (အေးသွားပါတယ် ဘုရား)။
ပူတဲ့အိုးနဲ့အေးသွားတဲ့အိုး
အိုးဖိုးထဲတုန်းကတော့ ပူတယ်၊ ပြင်ဘက်ထုတ်လိုက်တဲ့ အခါကျတော့ (အေးပါတယ် ဘုရား)။ နို့ဘာခြားနားသတုံး (ကိလေသာခြားနားပါတယ် ဘုရား)။
ဪ အပူနဲ့ အအေး သဘောကျပြီလား – (ကျပါတယ် ဘုရား)။
အအေးနဲ့ အိုး ဒီလိုတော့ မထူးခြားဘူးလား (ထူး ခြားပါတယ် ဘုရား)။ –
ဒီမှာလည်း ထိုနည်းတူစွာ ဒကာ ဒကာမတို့ ကိလေသာ ချုပ်အောင် ခင်ဗျားတို့ ဝေဒနာ ကုန်အောင် ရှုလိုက်တော့ ကိလေသာခ ျုပ်သွားတော့ ရှုတဲ့ခန္ဓာတော့ ရှိတာပဲ (မှန်ပါ)။
ခန္ဓာထဲမှာမဂ်ဉာဏ်ပေါ်တယ်
ခန္ဓာငါးပါး၊ ခန္ဓာကြီး ကြည့်ပြီး သကာလ ဒီထဲမှာ ဉာဏ်နဲ့ ကြည့်တာကိုး (မှန်ပါ)။ ဒီ ခန္ဓာငါးပါး ထဲမှာပဲ ဒီမဂ်ဉာဏ်က ပေါ် ရတာပဲ (မှန်ပါ)။
ခန္ဓာတော့ မရှိဘူးလား (ရှိပါတယ် ဘုရား)။ သို့သော် ကိလေသာအပူက (မရှိပါဘူး ဘုရား)။
အဲ နဂိုတုန်းက နေကြတာတော့ အိုးဖိုထဲက အိုးနဲ့ မင်းတို့ ခန္ဓာနဲ့တူတယ် (မှန်ပါ)။ ဝိပဿနာ မလုပ်လို့ရှိရင် (မှန်ပါ)။ အမြဲတမ်း အိုး မရှိတာလည်း သူဝင်ပြီးနေ တာပဲ (မှန်ပါ)။ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။
ကိလေသာအပူငြိမ်းသွားတယ်
ခုတော့ဖြင့် ဝေဒနာကုန်အောင် ရှုလိုက်တော့၊ ကိလေ သာကလည်း ကိုစောမောင် နောက်က ငြိမ်းမသွားဘူးလား (ငြိမ်းသွားပါတယ် ဘုရား)။
ငြိမ်းသွားတော့ ခန္ဓာတော့ မကျန်ရစ်ဘူးလား (ကျန်ရစ်ပါတယ် ဘုရား)။ သိုသော်တဲ့ အပြင်ဘက် ထုတ်တဲ့ အိုးလိုပဲတဲ့ အိုးသာရှိ၍ အပူမရှိဖြစ်တယ်ကွာတဲ့ (မှန်ပါ)။
ခန္ဓာရှိလျက်နဲ့နိဗ္ဗာန်
ဒါ နိဗ္ဗာန်တစ်မျိုးကွ (မှန်ပါ)။ ခန္ဓာရှိလျက်နဲ့ နိဗ္ဗာန်၊ သဘောကျပြီလား (ကျပါတယ် ဘုရား)။ အဲဒီလို အေးသွားအောင် ခင်ဗျားတို့ ကြိုးစားရမယ်ဆိုတာ ယနေ့ နည်းပေးပါတယ်၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။
သာဓု သာဓု သာဓု။