211

ဘယ်အခါမှ သတိမလစ်စေနဲ့ နိဗ္ဗာန်ရောက်ပါတယ်

(သမ္မာသတိ)

အသံဖိုင်ခေါင်းစဉ်= သတိနှင့်ဆား ဥပမာပြတရားတော်

စာအုပ်ခေါင်းစဉ်= ဘယ်အခါမှ သတိမလစ်စေနဲ့ နိဗ္ဗာန်ရောက်ပါတယ်

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး အမရပူရမြို့၌

ဟောကြားတော်မူသောတရားတော်

“ဘယ်အခါမှ သတိမလစ်စေနဲ့”

နိဗ္ဗာန်ရောက်ပါတယ်

(၂၉-၉- ၅၄ )၁၃၁၆-တပို့တွဲလဆန်း(၄)ရက်

သမ္မာသတိဆိုတာ

မှန်ကန်စွာ အောက်မေ့တာကို သမ္မာသတိလို့မှတ်ပါ (မှန်ပါ) သမ္မာက မှန်ကန်စွာ။ သတိက အောက်မေ့တာ။ အောက်မေ့တယ်ဆိုတာ သတိရတာပဲ မြန်မာလိုပြောကြစို့ ဆိုလို့ရှိရင်။ အဲဒီတော့ သမ္မာသတိဆိုတာ မှန်ကန်စွာ သတိရတာ မှန်ကန်စွာ အောက်မေ့တာလို့ မှတ်ထားပါ (မှန်ပါ)။

အဲဒီ သမ္မာသတိသည် လောကီဥပမာ ပြောကြပါစို့ ဆိုလို့ရှိရင် ဝီရိယဟာ လွန်တာရှိတယ်။ သတိဟာ ဘယ်တော့ မှ မလွန်ဘူးလို့ မှတ်ထားပါ။ လိုတာသာရှိတယ် (မှန်ပါ)။

သမာဓိလွန်ရင်ငိုက်လိမ့်မယ်

ဝီရိယဟာ လွန်လာလို့ရှိရင် ဝီရိယလွန်ရင် ဥဒ္ဓစ္စဖြစ် တယ်(မှန်ပါ)။ ပညာလွန်ရင် ကောက်ကျစ်တဲ့ ဘက်သွား တယ်။ သမာဓိဟာ လွန်တာ ရှိတယ်။ လွန်ရင် ထိနမိဒ္ဓဘက် ကူးသွားတယ် (မှန်ပါ) အဲဒီတော့ကို လွန်တာလို့ မှတ်ထားကြ ပါ (မှန်ပါ)။

ဝီရိယလွန်ရင်စိတ်ပျံ့လွင်မယ်

ဝီရိယဟာ လွန်တယ်။ လွန်ရင် ဥဒ္ဓစ္စဖြစ်သွားတာပဲ၊ ဝီရိယ သိပ်စိုက်လိုက်ပြန်လို့ရှိရင်လည်း ဒကာ ဒကာမတို့ ဥဒ္ဓစ္စဘက် ပြေးတာပဲ၊ စိတ်ပျံ့လွင့်ပြီး ထွက်သွားတာပဲ (မှန်ပါ) သမာဓိက သိပ်အားကောင်း နေတယ် ဆိုလို့ရှိရင် ဒကာ ဒကာမ တွေ မပေါ့နဲ့တော့ ငိုက်လိမ့်မယ်။ ထိနမိဒ္ဓ လာလိမ့်မယ်။ ကောသဇ္ဇဘက် ပြေးဝင်တယ်။

ပညာလွန်ရင်ကောက်ကျစ်လိမ့်မယ်

ပညာဟာ သိပ်ပြီး လွန်နေပြန်လို့ ရှိရင်လည်း ကောက် ကျစ်တဲ့ဘက် လှည့်သွားတတ်တယ်။ နားလည်ကြပလား (နားလည်ပါပြီ)။

ဝီရိယလွန်ရင် ဘယ်သွားမယ် (ဥဒ္ဓစ္စဘက် သွားပါ တယ်)။ ပညာလွန်ရင် (ကောက်ကျစ်တဲ့ ဘက်သွားပါတယ်) – သမာဓိ လွန်ရင် ထိနမိဒ္ဓဘက်သွားပြီ (မှန်ပါ)။

သတိကတော့အလွန်မရှိဘူး

ယနေ့ဟောမည့် သတိဟာ သေသေချာချာမှတ်ပါ။ ဘယ်အခါကာလမှ အလွန် မရှိဘူးတဲ့။ အလိုသာ ရှိတယ် (မှန်ပါ)။

ဒါဖြင့် သတိဟာ အမြဲတမ်း ခင်ဗျားတို့မှာ ဂရုစိုက်ပြီး သကာလ နေရလိမ့်မယ် ဆိုတာ အောက်မေ့ပါ (မှန်ပါ) သူက ဘယ်လောက် သတိထားထား ပိုတယ်လို့ မရှိဘူး (မှန်ပါ)။

သတိဟာလိုတာသာရှိတယ်

ဒါကြောင့် အဋ္ဌကထာ ဆရာများက သတိဟာ ဘာနဲ့ တူသတုံးလို့ ဆိုရင် သတိဟာ လိုတာသာ ရှိတာပဲ။ ပိုတယ်လို့ ဘယ်တော့မှ မရှိသောကြောင့် သတိ မရှိပြီဆိုမှဖြင့် ဟင်းချက်တဲ့ ပုဂ္ဂိုလ်တွေမှာ ဘယ်လောက်ပင် ဝက်သား၊ ကြက်သား ကောင်းကောင်း မွန်မွန် ချက်ငြားသော်လည်း၊ ဆားမပါရင် အကုန် အရသာ ချို့ယွင်းပြီး ပျက်သကဲ့သို့၊ သတိ မပါလို့ရှိရင်ဖြင့် အားလုံးသော ဒကာ ဒကာမတို့မှာ ဘယ်နည်းနဲ့မှ မဂ်ကို မဆိုက် နိုင်ဘူး (မှန်ပါ)။ မှတ်မိကြပြီလား (မှတ်မိပါပြီဘုရား)။

သတိဟာဆားနဲ့တူတယ်

ဟင်းချက်တဲ့ ပုဂ္ဂိုလ်မှာ ဘယ်ဟင်း ချက်ချက် ဆား အရေးကြီးတယ်ဆိုတာ ခင်ဗျားတို့ သိပြီးသား အတိုင်း ဖြစ်ပါ လိမ့်မယ် (မှန်ပါ) ဒီမှာလည်း ဝိပဿနာ အလုပ်လုပ်တဲ့ ပုဂ္ဂိုလ်မှာ သတိ မပါလို့ရှိရင် ဘယ်အလုပ်မှ ခရီး မရောက်ဘူး (မှန်ပါ) အဲဒါကြောင့် သတိ အရေးကြီးတယ်၊ သတိဟာ ဆားနဲ့ တူတယ်ဆိုတာ မှတ်ထားကြပါ (မှန်ပါ)။

ဝိပဿနာလုပ်ရင်သတိအရေးကြီးတယ်

ဆားသည် ဟင်းချက်ရင် နေရာတိုင်းမှာ အရေးကြီး တယ် မဟုတ်လား (ကြီးပါတယ်) သတိဟာလည်း နေရာတိုင်း မှာ အလုပ် လုပ်တိုင်းမှာ ဝိပဿနာ အလုပ်လုပ်တိုင်း လုပ်တိုင်း အရေးကြီး တယ်လို့ မှတ်ကြစမ်းပါ (မှန်ပါ)။

သတိဟာ ဘယ်တော့မှ ပိုတယ် မရှိပါဘူးနော်။ လိုတယ် သာရှိတယ်လို့ မှတ်ရမယ် (မှန်ပါ)။

သတိသည် မမေ့မှုကိုဆိုသည်

အဲဒီတော့ ဒီသတိသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် မြန်မာလိုပြန်တော့ မမေ့မှုကို ဆိုသည် (မှန်ပါ) အဲဒီ သတိများ လိုသွားမယ် ဆိုရင်ဖြင့် တစ်ခါတည်း မေ့မှု ရောက်တာပဲ (မှန်ပါ)။

မမေ့မှု ချုပ်သွားရင် ဘယ်သူ ရောက်လာသတုံး (မေ့မှု ရောက်လာပါတယ်) မေ့မှု အဝိဇ္ဇာ ရောက်လာတယ်လို့ မှတ် လိုက်ကြစမ်းပါ (မှန်ပါ)။

သတိဟာ ဘယ်လောက် အရေးကြီးတယ် ဆိုတာ သတိ ကလေးမို့ လွတ်ကင်းလိုက်လို့ ရှိရင်ဖြင့် မေ့တယ်ဆိုတဲ့ အဝိဇ္ဇာ တစ်ခါတည်း ရောက်လာတယ် (မှန်ပါ)။ အဝိဇ္ဇာ လာကတည်း ကိုက ခင်ဗျားတို့ လုပ်တဲ့ အလုပ်သည် ဘယ်အလုပ်မှ အမှန် မရောက်တော့ပါဘူး ဆိုတာ သေသေချာချာ ဆုံးဖြတ်ချက် ချပါ (မှန်ပါ)။ ဘယ်အလုပ်မှ မမှန်တော့ဘူး။

ဝီရိယထက်ပိုပြီးအရေးကြီးတယ်

အဲဒီတော့ မေ့မှု – မမေ့မှု။ မမေ့မှုသည် ဒကာ ဒကာမ တွေ သတိ (မှန်ပါ)။ မေ့မှုသည် အဝိဇ္ဇာ (မှန်ပါ)။ ကိုင်း မောင်ထွန်းလှိုင်တို့၊ မင်းတို့ ဝီရိယထက် ပိုအရေးကြီး လာတာ ပေါ်လာတာပေါ့ကွာ (မှန်ပါ)။ ဝီရိယထက် ပိုအရေးကြီး လာတယ် မောင်စိန်ထွန်း (မှန်ပါ)။

သတိမရှိပြီ ဆိုမှဖြင့် မယုံလို့ရှိရင် ခင်ဗျားတို့ ကြက်သွန် ကလေးကို ဓားထက်ထက်နဲ့ လှီးကြည့်ပါ။ လှီးကြည့်သည်နဲ့ တစ်ပြိုင်နက်တည်း သတိမပါရင် တစ်ခုခုတော့ ထိခိုက်ရတော့ မှာပဲ (မှန်ပါ)၊ ဘာလိုသွားတာတုံး (သတိလို သွားပါတယ်)။

သတိမရှိရင်အလွဲချည်းလုပ်တယ်

ဒါဖြင့် သတိလိုသည်နဲ့ တစ်ပြိုင်နက်တည်း လုပ်သည့် အလုပ်ဟာ အလွဲချည့် မှတ်လိုက်ပါ (မှန်ပါ)၊ ဒကာသိုက် လုပ်သည့် အလုပ်ဟာ အလွဲချည့်နော် (အလွဲချည့်ပါ)။

ဘာဖြစ်လို့ အလွဲချည့် ဖြစ်ရသတုံး ဆိုတော့ သတိမရှိ တော့ဘူး ဆိုလို့ ရှိရင်ဖြင့် သတိဆိုတာ မမေ့မှု။ မေ့လျော့မှု ဝင်လာလို့ပဲ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ)။

ဘယ်သူဝင်လာသတုံး (မေ့လျော့မှု ဝင်လာပါ တယ် ဘုရား)၊ မေ့လျော့မှု ဝင်လာတယ်လို့ ဒကာ ဒကာမတွေက မှတ်ပါ (မှန်ပါ)။

နေရာတိုင်းမှာသတိလိုတယ်

အဲဒါကြောင့် သတိသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် နေရာတိုင်းမှာ လိုတယ် ဆိုတာ သဘော ကျပြီလား (ကျပါပြီ)။

ဘယ်သူဝင်လာသတုံး (မေ့လျော့မှု ဝင်လာပါ တယ် ဘုရား) မေ့လျော့မှုဝင်လာတယ်လို့ ဒကာ ဒကာမတွေက မှတ်ပါ (မှန်ပါ)။

အဲဒါကြောင့် သတိသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် နေရာ တိုင်းမှာ လိုတယ် ဆိုတာ သဘော ကျပြီလား (ကျပါပြီ) သူလစ်သွားသည်နဲ့ တစ်ပြိုင်နက်တည်း၊ သတိကလေး မပါသည် နဲ့ တစ်ပြိုင် နက်တည်း၊ သတိကလေး ငုတ်သည်နဲ့ တစ်ပြိုင်နက် တည်း အဝိဇ္ဇာ ဝင်လာတာပဲ (မှန်ပါ)

အဝိဇ္ဇာဝင်လာလို့ရှိရင် ဖြင့် ဓားလှီးတာက အစ အမှားလှီးမယ်။ ဘာဖြစ်ဖြစ် လုပ်သရွေ့ အလုပ်ဟာ အမှားချည် းလုပ်တော့မယ် (မှန်ပါ)၊ အမှား ချည့် လုပ်တော့မယ် ဆိုတာ သေသေချာချာ မှတ်ပါ။ ရှင်းကြပြီလား (ရှင်းပါပြီ)။

ဒါဖြင့် မမေ့တာက ဘယ်သူပါလိမ့် (သတိပါ ဘုရား)၊ မေ့တာက (အဝိဇ္ဇာပါ ဘုရား)၊ ဪ ဒါဖြင့် သတိ ချို့ယွင်းချက် ရှိလို့ ရှိရင်ဖြင့် မဂ္ဂင်ရှစ်ပါး အကုန်ပျက် (မှန်ပါ)။

မောင်စိန်သန်း အကုန်ပျက်ပြီ (မှန်ပါ)၊ မောင်ထွန်းလှိုင် ဘယ်လောက် အရေးကြီးသတုံး (ကြီးပါတယ် ဘုရား)။

သတိလွတ်ရင် ဖိနပ်မှားတတ်တယ်

သတိအရေးကြီးလာပြီ ဒကာ ဒကာမတို့ (မှန်ပါ)။ ဒေါ်ရွှေ သတိ အရေးကြီးလာပြီ (မှန်ပါ ဘုရား) သတိ ကလေး လွတ်ပြီး သကာလ ခင်ဗျားတို့ ဖိနပ်လျှိုကြည့်ပါ။ သူများ ဖိနပ်ကို လျှိုမိလေရဲ့၊ ကိုယ့်ဖိနပ်ဆီကို ရောက်မှာ မဟုတ်ဘူး (မှန်ပါ)၊

သတိလွတ်ပကော သတိလွတ်လို့ ရှိရင်ဖြင့် ဖိနပ်မှား တာတွေ ခင်ဗျားတို့ မကြုံကြဘူးလား (ကြုံပါတယ်)၊ အဲဒါ ဘယ်သူ လွတ်သွားတာတုံး (သတိ လွတ်သွားတာပါ)။

အဲဒါ သတိ လွတ်သွား ကတည်းက အဝိဇ္ဇာနဲ့ ဖိနပ်ကို လျှိုပြီ (မှန်ပါ)၊ ဒါကြောင့် သူများ ဖိနပ် စီးမိလျက် ကြုံတယ် (မှန်ပါ)၊ ဒါတော်တာ မတော်တာတောင် မသိသေးဘူး သတိ လွတ်နေလို့ရှိရင် စီးသာသွားတာပဲ (မှန်ပါ)၊

ကိုယ်စီး နေကျ ဖိနပ်တောင် ခြေခွင်ကျ၊ တူမတူ မရွေးနိုင်ဘူး၊ သတိသာ လွတ်သွား။ မောင်ထွန်းလှိုင် သူများ ဖိနပ်ပေမယ့် စီးချင် စီးသွား တာပဲ (မှန်ပါ) ဒါဘာ လွတ်သွားတာတုံး (သတိလွတ်သွား တာပါ ဘုရား) ဒါဖြင့် ဘယ်သူနဲ့ စီးသွားတာတုံးလို့ မေးရင် ဘယ့်နှယ်ပြောမတုံး (အဝိဇ္ဇာနဲ့ စီးသွားပါတယ်)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ သတိ လွတ်လိုက်တဲ့ အတွက် အဝိဇ္ဇာနဲ့ စီးသွားတဲ့ အတွက် အမှားလား အမှန်လား (အမှားပါ ဘုရား)။

သတိလွတ်ရင်အမှားချည်းလုပ်တယ်

ဒါဖြင့် မောင်စိန်သန်းတို့ ရိပ်မိရောပေါ့ (ရိပ်မိပါပြီ ဘုရား)၊ ဘယ်လို ရိပ်မိသလဲလို့ မေးရင် ဪ သတိလွတ် ရင် အမှားချည်း လုပ်တော့မှာပဲ (မှန်ပါ)။

ဒါကြောင့် သတိက ဘာနဲ့ တူသတုံးဆိုလို့ရှိရင် သတိကို မြန်မာလို ပြန်လိုက်တဲ့အခါကျလို့ရှိရင် မမေ့မှု၊ ဟုတ်ပလား (မှန်ပါ) မမေ့မှု၏ အန္တရာယ် ဘယ်သူတုံးလို့ မေးလို့ ရှိရင် မေ့မှု အဝိဇ္ဇာ (မှန်ပါ)၊ မမေ့မှုက သတိနော် (မှန်ပါ)၊ သူ၏ အန္တရာယ် ဘယ်သူတုံး (အဝိဇ္ဇာပါ ဘုရား)၊ အဝိဇ္ဇာ ဆိုတဲ့ မေ့မှု၊ နားလည်ကြပြီလား (နားလည်ပါပြီ)။

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ပြောရ တယ်၊ အင်း ခင်ဗျားတို့ ဘုရား အဆူဆူနဲ့ လွဲခဲ့။ ဝိပဿနာ အလုပ်တွေ လုပ်ရင်း လုပ်ရင်းနဲ့ ဝိပဿနာ အလုပ်တွေ မမြင် မထင်ဘဲ ဖြစ်လာလိုက်။

လုပ်တုန်းကတော့ သတိထား လုပ်တာ ပဲ။ နောက်သတိက ထွက်ပြေးပြီ။ အဝိဇ္ဇာက ကျန်နေ ရစ်တဲ့ အခါကျတော့ ဘာမှကို မမြင်တော့ဘူး (မှန်ပါ)

သတိ ကလေး လွတ်သွားသည်နဲ့ တစ်ပြိုင်နက်တည်း မမေ့မှု ကလေး ပျောက်သွားသည်နဲ့ တစ်ပြိုင်နက်တည်း မေ့မှုကြီးက ဦးစီးလာ တော့တာပဲ (မှန်ပါ ဘုရား) မေ့မှုကြီးက ဦးစီးလာကတည်း က ဒေါ်ရွှေတို့ အမှန် ရောက်မလား အမှား ရောက်မလား (အမှား ရောက်မှာပါ ဘုရား)။

ဘုရားအဆူဆူနဲ့လွဲခဲ့သော ဘာ့ကြောင့်တုံး

ဒါကြောင့် ဘုရားအဆူဆူနဲ့ လွဲတာ ဘာကြောင့်တုံး (သတိ လွတ်မှုကြောင့်ပါ) သတိလွတ်မှု ရှိတဲ့ အခါကျတော့ အဝိဇ္ဇာက ရောက်ရောက် ရောက်ရောက်ပြီး သကာလ လာတော့တယ်။

ဒါ့ကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သတိပဋ္ဌာန်ဆိုတာ – သတိဟာ အတော် အရေးကြီးလို့ သတိ ပဋ္ဌာန်လို့ ဆိုတာ (မှန်ပါ)၊ သတိအရေးကြီးလို့ သတိပဋ္ဌာန်လို့ အခုည ဟောနေတာ သတိပဋ္ဌာန် (မှန်ပါ)၊ သတိ အရေးကြီး လိုက်တာနော် (မှန်ပါ)။

သတိကလေး လက်လွတ်လို့ရှိရင် ဒကာ ဒကာမတို့ ခုနင်က ပြောတဲ့ ဖိနပ်တောင် မှားစီးတယ် (မှန်ပါ)၊ မှားစီးတယ် ဆိုကတည်းက သတိနဲ့ စီးတာလား အဝိဇ္ဇာနဲ့ စီးတာလား (အဝိဇ္ဇာနဲ့စီးတာပါ)၊ ဒါဖြင့် သတိလွတ်သည်နဲ့ တစ်ပြိုင်နက် တည်း အဝိဇ္ဇာ ဝင်တယ်ဆိုတဲ့ဥစ္စာ ဒကာ ဒကာမတို့ ဉာဏ်ထဲ မှာမှတ်ထားပါ (မှန်ပါ)။

အဲဒီကဲ့သို့ အဝိဇ္ဇာ ဝင်လာသည်နဲ့ တစ်ပြိုင်နက်တည်း လောကီ လုပ်လည်း အမှား၊ လောကုတ္တရာ လုပ်လည်း အမှားပဲ (မှန်ပါ)။

သတိလုံးလုံးလွတ်နေလို့

ဒါဖြင့် အမှားဟူသ၍ နဲ့ကြုံ၊ အမှန် ဟူသ၍နဲ့ လွဲဆိုတာ သတိ မရှိလို့ (မှန်ပါ)၊ ရှင်းကြပြီလား (ရှင်းပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတွေမှာ ဘုန်းကြီး ပြောပါတယ်။ ဘယ့်နှယ်ကြောင့် အိုနာသေကြီးနဲ့ အမြဲ နေရပါလိမ့်မလဲ၊ ဆင်းရဲ ပွဲကြီး အမြဲနွှဲ နေရတာ ဘာကြောင့်ပါလိမ့်မလဲ မေးလိုက် တဲ့အခါကျတော့၊ ဘဝများစွာ သံသရာက သတိပဋ္ဌာန် ဆိုတဲ့ သတိလုံးလုံး လွတ်နေလို့ ဒီ အိုနာသေကြီးနဲ့တွဲ ဆင်းရဲ ဟူသရွေ့ နဲ့တွဲ ဒီလိုနေကြရတယ် (မှန်ပါ)။ ရိပ်မိကြပလား (ရိပ်မိ ပါပြီ)။

ဪ ဒါဖြင့် တို့ အိုနာသေနဲ့ နေပြီး သကာလ၊ ဆင်း ရဲပွဲကြီး နွှဲနေရတာသည် ဘာကလေး လိုနေတယ် ဆိုတာ ပေါ်လာရမယ် (ပေါ်လာပါတယ်)၊ ဘာလိုနေသလဲ (သတိ လိုနေပါတယ်)၊

အားလုံး ဒကာ ဒကာမတွေ သတိကလေး လိုနေတယ်လို့ မှတ်စမ်းပါ။ (မှန်ပါ) ရိပ်မိကြပြီလား (ရိပ်မိ ပါပြီ ဘုရား)။

အခုဘာဘေးသင့်နေသတုံး

ဒါဖြင့် ဒကာ ဒကာမတို့ အခု ဘာဘေး သင့်နေသတုံး၊ ခန္ဓာကိုယ်ကြီးဟာ မအိုချင်ဘဲအို မနာချင်ဘဲနဲ့ နာရ၊ မသေချင် ဘဲနဲ့ သေရာဌာန ပြေးကြရ။

ဘယ့်နှယ်ကြောင့် ဒီဆိုးဝါးတဲ့ အဖြစ်ကြီး ကြုံရဆုံရကြပါလိမ့်မတုံး မေးတဲ့ အခါကျတော့ သတိလွတ်မှုကြောင့် ဒီအဖြစ် တွေ့နေတာ၊ (မှန်ပါ)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ)။

ဘာလွတ်မှုတုံး၊ (သတိလွတ်မှုပါ ဘုရား) အေး သတိလွတ်မှုကြောင့် ဒီအဖြစ်တွေ တွေ့နေရတယ် ဆိုတာ ကျေ နပ်ကြပြီလား။ (ကျေနပ်ပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ သတိ တစ်လုံးကိုဖြင့် ကောင်းကောင်းကြီး ကိုယ်ပိုင် ထားပြီး မသုံးကြလို့ရှိရင်ဖြင့်၊ တို့သည် နောင်ဘုရား အဆူဆူနဲ့လည်း လွဲရချေသေးရဲ့ (မှန်ပါ)၊

အိုပွဲ၊ နာပွဲ၊ သေပွဲ တွေကို အမြဲတမ်း နွှဲနေရ ချည်သေးရဲ့ (မှန်ပါ)၊ ပူပွဲ၊ သေပွဲတွေ ဟူသ၍ လည်း တို့နဲ့ အမြဲတွဲ ရချည်သေးရဲ့ ဆိုတာ သေသေချာချာ မှတ်ပါ (မှန်ပါ)။ ဘယ်လောက် ကြောက်စရာ ကောင်းသတုံး။ (ကောင်းပါတယ် ဘုရား)။

အရာရာတိုင်းမှာသတိလိုအပ်တယ်

ဒါဖြင့် သတိဟာ ဘယ်လောက် အရေးကြီးတယ် ဆိုတာ ပေါ်လာကြပြီလား (ပေါ်လာပါပြီ) ဒါကြောင့် …

‘‘သတိ စ ခွာဟံ ဘိက္ခဝေ သဗ္ဗတ္တိကံ ဝဒါမိ။’’

ဘိက္ခဝေ- ရဟန်းတို့၊ ခေါ- စင်စစ်၊ သတိ- သတိကို၊ သဗ္ဗတ္တိကံ- အရာရာတိုင်း၌ အလိုရှိအပ်၏ ဟူ၍ အဟံ- ငါဘုရားသည်၊ ဝဒါမိ- ဟောတော်မူ၏။

သတိဟာ အရာ ရာတိုင်းမှာ ရှိရမယ်။ ကျန်တဲ့ တရားတွေထက် အရေးကြီးတယ် (မှန်ပါ) မဂ္ဂရှစ်ပါးရှိတဲ့ အနက် သူက ပိုမို ဂရုစိုက်နေရမယ်။ (မှန်ပါ)။

အံမာလေး မင်းတို့က သတိကို သာမည အောက် မေ့ချင် အောက်မေ့ နေကြလိမ့်မယ်။ ဝီရိယ ဟောစဉ် မှာတုန်း ကတော့ ဝီရိယ အင်မတန် အရေးကြီး နေတာ အောက် မေ့နေမယ်။ (မှန်ပါ) အခု သတိက ပိုအရေးကြီးနေတယ် (မှန်ပါ)။

သားမဟုတ်တာ သားလုပ်တယ်

သတိကပိုအရေးကြီးလာနေတယ် ဒကာ ဒကာမတို့၊ သတိမရှိသည်နဲ့ တစ်ပြိုင်နက်တည်း ဒကာ ဒကာမတို့ ဘုန်းကြီး က သတိ ကလေးထားပြီးတော့ ဝိပဿနာရှုကြ၊ သတိကလေး ထားပြီး ဝိပဿနာရှုကြ ဆိုတော့ ဒကာ ဒကာမတွေက သတိကလေးက မထားမိဘူး။ (မှန်ပါ)

မထားမိသည်နဲ့ တစ်ပြိုင် နက်တည်း ဘုန်းကြီးတို့ ဒကာ ဒကာမတွေဟာ တစ်ခါတည်း မသိမှု ဆိုတဲ့ အဝိဇ္ဇာကြီးက သားမဟုတ်တာကို သား လုပ်လိုက် ပြီ (မှန်ပါ)၊ သမီး မဟုတ်တာ သမီး လုပ်လိုက်ပြီ။

ပစ္စည်းမဟုတ် တာကို (ပစ္စည်းလုပ်ပါတယ်)၊ ဟော တစ်ခါတည်း အဝိဇ္ဇာ ဝင်ရင် သေတဲ့ အခါကျတော့ အပါယ် ရောက်သွားနိုင်ပြီ။ ေဩာ် သတိလွတ်ပြီး သေသွားလို့ အပါယ် ရောက်တာ (မှန်ပါ) ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။

ဘာ့ကြောင့် လူတွေ အပါယ်သွားရသတုံး

ဘာ့ကြောင့် လူတွေ အပါယ် သွားရသတုံးဆိုတာ ရိပ်မိ ပလား (ရိပ်မိပါပြီ)။ ဘယ်လို သေလို့ပါလိမ့် (သတိလွတ် ကင်းလို့ ပါ ဘုရား)။

ဒါဖြင့် အပါယ်မှာ ရောက်သူအပေါင်း အရေအတွက် ဘယ်လောက်ရှိသတုံး ဆိုရင်ဖြင့် မရေတွက် နိုင်ပါဘူး ဘုရား (မှန်ပါ)

ဘယ်လို လူတွေ သေတာပါလိမ့်မလဲလို့ သေသေချာချာ မေးလိုက်လို့ရှိရင်ဖြင့် ခင်ဗျားတို့ ပေါ်ရမယ် (ပေါ်ပါတယ် ဘုရား) ဘယ်လို ပေါ်ကြရမတုံး (သတိလွတ်တဲ့ သူတွေရောက်တာ ပါ) သတိလွတ်ပြီး သေကြတယ်။

သတိလွတ်တဲ့အချိန်ဖမ်းတယ်

တစ်ခါကြည့်ပါအုံး ခိုကလေးတွေ ငှက်ကလေး တွေ သူတို့ကို ကြောင်တွေက ဖမ်းတယ် မြွေတွေက ဖမ်းတယ်၊ ဘယ်အချိန် ဖမ်းသတုံး ဆိုလို့ ရှိရင်ဖြင့် မင်းတို့ ရိပ်မိကြပြီ သတိလွတ်တဲ့ အချိန် ဖမ်းလိုက်တယ် (မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ)။

ငရဲကဘယ်အချိန်ခေါ်မယ်ထင်သတုံး

ခိုကလေးတွေ ငှက်ကလေးတွေ တိရစ္ဆာန်တွေ နိုင်ရာ စား ပုဂ္ဂိုလ်က ဖမ်းယူ စားသောက် လိုက်တယ်။ ဒကာ ဒကာမတို့ ဘယ်အချိန် ဖမ်းပါလိမ့် (သတိလွတ်တဲ့ အချိန်ဖမ်းပါ တယ်)၊

ခင်ဗျားတို့ကိုလည်း သေမင်းက ဘယ်အချိန် ဖမ်းပါလိမ့် (သတိ လွတ်တဲ့ အချိန် ဖမ်းပါတယ် ဘုရား) ငရဲကလည်း ဘယ်အချိန် ခေါ်မယ် ထင်သတုံး (သတိလွတ်တဲ့ အချိန်ပါ)။

သတိကိုလက်ကိုင်ထားကြပါ

အံမာလေး ဒါဖြင့် ဒကာ ဒကာမတို့ သတိကို လက်ကိုင်ထားကြပါ (မှန်ပါ) သတိကို လက်ကိုင် ထားပါ။

တောတိရစ္ဆာန် ကလေးတွေတောင်မှ သတိ လက်လွတ်တဲ့ အချိန် မှာ၊ တစ်ခါတည်း လေးနဲ့ ပစ်တဲ့လူက သူတို့ ငေးနေတဲ့အချိန်မှာ လေးနဲ့ ပစ်တာပဲ။ မဟုတ်ဘူးလား (မှန်ပါ)။

ကြောင်က ဖမ်းရင်လည်း သူသတိလွတ်တာကို ကြည့် နေတာပဲ။ သူသတိ လွတ်တဲ့အချိန် ဖမ်းမယ် (မှန်ပါ) ကျား ဖမ်းတယ် ဆိုတာကော (သတိလွတ်တဲ့ အချိန်ဖမ်းတာပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ သေခြင်းဆိုး သေခဲ့ရတဲ့ ဘဝဟူသ၍ မောင်စိန်ထွန်း ရိပ်မိရောပေါ့ (ရိပ်မိပါပြီ ဘုရား)၊ ဘာတုံးကွ (သတိလွတ်လို့ပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ သေခြင်းဆိုး သေခဲ့ရတာဖြင့် သတိလွတ်လို ချည့်ပဲ ဆိုတာ မပေါ် လာသေးဘူးလား (ပေါ်လာ ပါပြီ) ဒါဖြင့် ဘာအရေးကြီးသတုံး။ (သတိ အရေးကြီးပါတယ်)

သတိ အရေးကြီးတယ် ဆို တာဖြင့် ဒကာသိုက် ထူးထူးခြားခြား မှတ်ပါ (မှန်ပါ)။

မဂ္ဂင်ရှစ်ပါးမှာလည်းအရေးကြီးတယ်

ဒါဘုန်းကြီးက သွယ်ဝိုက်ပြီး ပြောတာ မဟုတ်ပါဘူး။ ဘုရား ကိုယ်တော်မြတ်ကြီးက

“သတိစ ခွာဟံ ဘိက္ခဝေ သဗ္ဗတ္တိကံ ဝဒါမိ” သတိဟာ နေရာတိုင်းမှာ အရေးကြီးတယ် (မှန်ပါ)၊

မဂ္ဂင်ရှစ်ပါးမှာ သူကမှ လွတ်ကင်းနေရင် ကျန်ခုနစ်ပါး မလာ နိုင်တော့ဘူး (မှန်ပါ) လာနိုင် သေးရဲ့လား (မလာနိုင်ပါ ဘူး) မလာနိုင်ဘူး။ သူကင်း သွားတော့ အဝိဇ္ဇာက ဝင်ပေါ့ကွာ (မှန်ပါ) အဝိဇ္ဇာ ဝင်ကတည်းက ဒိပြင် မဂ္ဂင်တွေက ကိန်းနိုင်သေး ရဲ့လား (မကိန်းနိုင်ပါဘူး)။

သတိတယ်ပြီးအရေးကြီးပါလား

အဲဒါကြောင့် ဒကာ ဒကာမတို့ ဒီနေ့ ပြောတဲ့စကားမှာ သတိ တယ်အရေးကြီးပါလား ဆိုတဲ့ဥစ္စာ ပေါလာပြီ (မှန်ပါ)။

ကဲ-ဒါဖြင့် မဂ္ဂင်ရှစ်ပါးမှာ ဘယ်သူ အရေးကြီးသလဲ (သတိ အရေးကြီးပါတယ်)၊ သတိက တည်ပြီးမှ သာလျှင် ဒီအပေါ် မှာ ဝီရိယက လိုလာတာကိုး (မှန်ပါ)၊ နို့မဟုတ်ရင် ဝီရိယကလည်း သူ့ဆိုင်ရာ လုပ်ငန်း လုပ်နိုင်ပါဦးမလား (မလုပ်နိုင်ပါဘူး)

သတိက ဒီနေရာမှာ ဓားနဲ့ခုတ်မယ်လို့ သတိထားပြီး မှ ဝီရိယနဲ့ အားစိုက်ခုတ်မှ ဒီနေရာ ပြတ်တာကိုး (မှန်ပါ) သတိက ဘယ်နေရာရယ်လို့ သတ်မှတ် မထားလို့ရှိရင် ဓားက ခုတ်ချင်တဲ့ နေရာ ခုတ်မယ် ဆိုရင် ပြတ်တဲ့ နေရာ ရောက်နိုင်ပါ့မလား (မရောက်နိုင်ပါဘူး) အရမ်းပြတ်ပေါ့ဗျာ ဒီလိုပဲ ဖြစ်မှာပဲ (မှန်ပါ ဘုရား)။

အေး- ဒါကြောင့် ဒကာ ဒကာမတို့ ဘာများ အရေးကြီး နေတယ် ဆိုတာ ပေါ်လာကြပြီလား (ပေါ်လာပါပြီ ဘုရား) ဘာအရေးကြီးသလဲ (သတိ အရေးကြီးပါတယ် ဘုရား)။

တောတိရစ္ဆာန်တွေ သေကြတာလည်း သတိကင်းလို့ (မှန်ပါ) ရေထဲက ငါးတွေ ဖမ်းယူထားပြီ ဆိုမှဖြင့်လည်း ပိုက်ကွန် ထဲ မပါကြဘူးလား (ပါပါတယ်) ဒါလည်း ဘာလို သွားတာတုံး (သတိ လိုသွားတာပါ)

တချို့ရထားကြိတ်ပြီး မော်တော်ကား တိုက်ပြီး သေကြတယ်ဆိုတာတွေကော (သတိ လိုသွားတာပါ) သတိလိုသွားတာ သတိလိုသွားတာ။

သတိလွတ်လို့အသေဆိုးသေကြရ

ဒါဖြင့် ဒကာ ဒကာမတို့ တိုတို ပြောကြပါစို့။ အသေဆိုး သေတဲ့ ပုဂ္ဂိုလ်တွေဟာ သတိလွတ်လို့ (မှန်ပါ) ရှင်းပြီ လား (ရှင်းပါပြီ ဘုရား)။

သတိ အရေးကြီးတယ် ဒကာ ဒကာမတို့၊ တောထဲမှာ သွားလာလုပ်ကိုင်ကြတဲ့ ပုဂ္ဂိုလ်တွေ နေ့လယ် ကြောင်တောင်တောင်ကြီးမှ မောင်ထွန်းလှိုင်ရေ မြွေကိုက် သတဲ့ကွာ၊

အဲဒါ ဘာလိုသွားတုံး (သတိလိုသွားတာပါ ဘုရား)၊ ဪ ဒါဖြင့် မြွေကိုက်လို့ ဆုံးရှုံးခြင်းသို့ ရောက်သွားသတဲ့ ဆိုတာ သတိလို သွားတာပဲ (မှန်ပါ)။

စားတဲ့နေရာမှာလည်းအရေးကြီးတယ်

တစ်ခါစဉ်းစားကြည့်ပါအုံး ဒီရာသ ီဒီဌာနမှာ ဒီအစာ စားရင် ဒီလို မူးတတ်သတဲ့။ ဒီလို ဝေတတ်သတဲ့။ ဒီလိုအော့တတ် အန်တတ်သတဲ့ ဆိုတဲ့ဥစ္စာ မူးတတ်တဲ့ အစာ အာဟာရ၊ နေက လည်း ပူပါဘိသနဲ့ ရှောင်ရမယ်လို့ သတိထားလို့ ရှိရင် မူးဝေ တဲ့ ရောဂါဝေဒနာ ရောက်ပါ့မလား (မရောက် ပါဘူး)။

သတိမထားတော့ စားကြ မျိုမိကြရော။ မူးဝေတဲ့ ဝေဒနာတွေ ရောက်မလာဘူးလား (ရောက်လာ ပါတယ်) ဒါလည်း ဘာကြောင့် ပါလိမ့် (သတိလိုလို့ပါ ဘုရား) သတိလစ်ဟင်းလို့ ဟုတ်လား (မှန်ပါ)။

ဘာဖြစ်လို့ခလုတ်တိုက်ရသတုံး

ဒါဖြင့် သတိသည်ကားလို့ ဆိုရင် စားတဲ့ေ နရာလည်း သတိအရေးကြီးတာပဲ (မှန်ပါ)၊ ယုတ်စွ အဆုံး ဖိနပ်စီးတဲ့ နေရာတောင် (သတိအရေးကြီးပါတယ်)၊

လမ်းသွားတဲ့ နေရာကော (သတိအရေးကြီးပါတယ် ဘုရား)၊ မယုံလို့ရှိရင် ခင်ဗျားတို့ သတိ မပါဘဲသွားကြည့်။ ဘယ်လောက်ကြီးတဲ့ ခလုတ်တောင်မှ တိုက်တယ် (မှန်ပါ) ဘယ်လောက်ကြီးတဲ့ ခလုတ်ဖြစ်ဖြစ် တိုက် တယ် (မှန်ပါ့) ဘာဖြစ်လို့ တိုက်ရသတုံး (သတိ လွတ်သွားလို့ပါ ဘုရား)။

ဒါဖြင့် ခလုတ် တိုက်လိုက်တာ၊ ကျုပ်ခြေမကို ကွဲသွား တာပဲ ဆိုတော့ ဒကာ ဒကာမတွေ ဘာကြောင့် ခလုတ်တိုက် တာပါလိမ့်မတုံးလို့ မေးတဲ့အခါ ကျလို့ရှိရင်ဖြင့် ေဩာ် သတိလိုလို့ (မှန်ပါ့)၊ သဘော ကျပါပြီလား (ကျပါပြီ)။

ဘယ်အခါမှသတိမလစ်စေနဲ့

ကဲ ဒါဖြင့် သတိ သည်ကားလို့ ဆိုရင်ဖြင့် ပစ္စုပ္ပန်မှာ လည်း ဆိုးကျိုး ပေးတယ် (မှန်ပါ) သံသရာ မှာလည်း အပါယ် အကျိုး ရတယ် ဆိုတော့ သတိဟာ ဘယ်လောက် ထိအောင် အရေးကြီး နေတယ် ဆိုတာ ဘယ်အခါမှ မလစ်စေနဲ့လို့ ဘုရားက ဟောတယ် (မှန်ပါ)။

အဲဒီတော့ ဒကာ ဒကာမတို့ သတိလစ်မှုသည်ကားလို့ ဆိုရင် ခင်ဗျားတို့ ပစ္စုပ္ပန်မှာလည်း အကျိုးယုတ်သည်။ သံသရာမှာ အပါယ်ကျမှုဟာဖြင့် ေဩာ် သတိ လက်ကိုင်မရှိတဲ့ အတွက်ပဲလို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)။

ကိုင်း ဒါဖြင့် ဒီနေ့ည ဘာအရေးကြီးတယ် ဆိုတာ ပေါ်လာကြပလား (သတိ အရေးကြီးပါတယ် ဘုရား)။

ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟောတော်မူတာ

‘‘အပ္ပမာဒေါ အမတံ ပဒံ၊’’ အပ္ပမာဒေါ- မမေ့မလျော့ဘဲ သတိထားတဲ့ ပုဂ္ဂိုလ်သည်၊ အမတံ ပဒံ- မသေရာ ဖြစ်သော နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်၏။

သတိသာ မမေ့လို့ရှိရင် နိဗ္ဗာန်ရောက်ကြောင်း အစစ်တဲ့ (မှန်ပါ) ကဲ ယုံကြပါပြီလား (ယုံပါပြီ ဘုရား)။

သတိမလွတ်ရင်နိဗ္ဗာန်ရောက်ကြောင်းအစစ်

ဒကာ ဒကာမတို့၊ သတိမလွတ်ရင် နိဗ္ဗာန်ရောက် ကြောင်း အစစ် (မှန်ပါ)၊ ဒါဖြင့် သတိလွတ်ရင် သေရာသို့ ရောက်ရမယ် (မှန်ပါ)၊ ပြောင်းပြန် ပြန်ပြီးတော့ မှတ်လိုက်ကြ (မှန်ပါ)။

သတိမလွတ်တဲ့ ပုဂ္ဂိုလ်သည် မသေရာ နိဗ္ဗာန်ကို ရောက် တယ်။ သတိလွတ်တဲ့ ပုဂ္ဂိုလ်သည် (သေရာကို ရောက်ပါတယ် ဘုရား)။

ဒါဖြင့် သတိ လွတ်တိုင်း လွတ်တိုင်း ဒကာ ဒကာမတွေ က အင်း သေရာ ရောက်ဖို့ပဲ။ သေရာ ရောက်ဖို့လွယ်တာ။

သေရာချည်း သွားရတော့မှာပဲ။ သူလွယ်နေသရွေ့ ကာလပတ် လုံး မသေရာ မရောက်နိုင်ဘူး ဆိုတော့ ဘုရားက ဓမ္မပဒ ပါဠိတော်မှာ ဟောသွားပါတယ် (မှန်ပါ ဘုရား) ဒကာသိုက် တယ်အရေးကြီး ပါလား (ကြီးပါတယ်) မောင်ထွန်းလှိုင် ဒီနေ့က သတိအရေးကြီးပုံ ပေါ်လာကြပြီလား (ပေါ်လာ ပါပြီ)။

အဖန်ဖန်သေခြင်း၏အကြောင်း

ဒါဖြင့် အားလုံး ဒကာ၊ ဒကာမတွေ

‘‘အပ္ပမာဒေါ အမတံ ပဒံ၊

ပမာဒေါ မစ္စုနော ပဒံ၊’’

ပမာဒေါ- မေ့လျော့သော ပုဂ္ဂိုလ် သည်၊ မစ္စုနော – သေခြင်း၏၊ ပဒံ- အကြောင်းတည်း တဲ့ (မှန်ပါ့) ဒကာ ဒကာမတို့ မမေ့မလျော့ရင် နိဗ္ဗာန်ရောက်ကြောင်း၊ မေ့လျော့ရင် (သေခြင်း၏ အကြောင်းပါ ဘုရား)

အဖန်ဖန် သေခြင်း၏ အကြောင်းလို့ သေသေချာချာ မှတ်လိုက်ကြစမ်းပါ (မှန်ပါ)။

ဒါဖြင့် အဖန်ဖန် သေချင်ရင် ခင်ဗျားတို့ ဝေဒနာပေါ် တိုင်းပေါ်တိုင်း သတိမထားနဲ့ (မှန်ပါ)

အဖန်ဖန် မသေချင် တော့ပါဘူး။ မသေရာ ရောက်ချင်ပါတော့တယ် ဆိုရင်ဖြင့် ဝေဒနာပေါ်တိုင်း ပေါ်တိုင်း ဘာလုပ်ရမလဲ။ (သတိထားရပါ တယ်)၊ ကိုင်း ဒီပါဠိတော်နဲ့ မောင်စိန်ထွန်း ကိုက်ပါလား (ကိုက်ပါပြီ ဘုရား)။

ကိုက်ပြီ ဒကာ ဒကာမတို့၊ သာမည အရေးကြီးရုံ ဆိုရင် ဘုရား ဒီပါဠိတော် ဟောပါ့မလား။ အလွန် အရေးကြီးလို့ ဟောတော် မူတာနော် (မှန်ပါ့) ရိပ်မိပါလား (ရိပ်မိပါပြီ)။

ဝေဒနာပေါ်တိုင်းပျက်တိုင်းသိ

‘‘အပ္ပမတ္တာ န မိယန္တိ’’.. ဟော လှည့်တောင် လာလိုက် သေးတယ်။

အပ္ပမတ္တာ- သတိမမေ့ဘဲနဲ့ ဝေဒနာပေါ် ရင် ဝေဒနာပေါ်တိုင်း ပေါ်တိုင်း သတိထားတဲ့ ပုဂ္ဂိုလ် တို့သည်။ န မိယန္တိ- မသေကြတော့ဘူးတဲ့ (မှန်ပါ)၊

သတိမမေ့တဲ့ ပုဂ္ဂိုလ်တို့ ဖြင့် ဝေဒနာ ပေါ်တိုင်းပေါ်တိုင်း သိလို့ရှိရင် ပျက်တိုင်း ပျက်တိုင်း သိတော့မှာပဲ ဆိုတာကလည်း နောက်က လိုက်နေသောကြောင့် ဒီပုဂ္ဂိုလ် မသေတော့ဘူးတဲ့ (မှန်ပါ)၊ ရိပ်မိကြပါလား (ရိပ်မိပါပြီ)။

‘‘ယေ ပမတ္တ ယထာ မတာ’’ တဲ့။ ယေ-အကြင် ပုဂ္ဂိုလ်သည်၊ ပမတ္တာ- မေ့လျော့ကြကုန်၏။ တေ- ထိုပုဂ္ဂိုလ်တို့သည်၊ မတာ ယထာ- သေကုန်သကဲ့သို့ ပဲတဲ့ (မှန်ပါ့)

ခင်ဗျားတို့ သတိလွတ်နေတဲ့ အချိန်ကျတော့ ထွက်သက် ဝင်သက်တော့ ရှူရှိုက်နေတာပဲ။ သို့သော် သေသူလို ဖြစ်နေလို့ လူသေလို့ ဘုရားက ခေါ်လိုက်သတဲ့ (မှန်ပါ)။

အသက်ရှင်လျက်နဲ့လူသေ

ဒကာသိုက် အင်မတန် အရေးကြီးအောင် ဘုရား မသုံး ဘူးလား (သုံးပါတယ်) အသက်ပင် ရှင်နေငြား သော်လည်း သတိ လွတ်ကင်းနေရင် ဒီပုဂ္ဂိုလ်ကို အရှင်လို့ မခေါ်နဲ့။ အသေပဲ (မှန်ပါ့) အသေပဲ၊ သူဟာ သူသေတဲ့ ရိပ်မိကြပြီလား (ရိပ်မိပါပြီ)။

ရှင်လျက်နဲ့ လူသေဆိုတာ ဘာလွတ်နေတာတုံး၊ (သတိ လွတ်နေတာပါ ဘုရား) ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သတိလွတ် နေလို့ရှိရင် ထွက်သက်ဝင်သက် ရှုပြီးသွားလာ နေငြား သော်လည်း၊ ဒီပုဂ္ဂိုလ်ကို လူရှင်လို့ မခေါ်နဲ့၊ ဘာလို့ ခေါ်ရသတုံး (လူသေလို့ ခေါ်ရပါမယ်)။

သတိလွတ်နေတဲ့အချိန်မှာလူသေ

လူသေလို့ခေါ်ရမှာပဲ၊ လူသေသည်ကားလို့ ဆိုရင်ဖြင့် ဘယ်သူက အပ်နဲ့ထိုးတယ် ဘာလုပ်တယ် သူမသိဘူး (မှန်ပါ့) ဘယ်သူက ခြေကြိုးလက်ကြိုးတွေ တုပ်ကော သူသိသေးရဲ့ လား (မသိပါဘူး ဘုရား)။ ဘယ်သူက ထမ်းသွားတော့ကော (မသိပါဘူး) ဟိုကျတော့ မြေထဲ မြှုပ်တော့ကော (မသိပါဘူး) လူသေဟာ ဘာမှ မသိဘူး (မှန်ပါ)။

ထို့အတူပဲတဲ့ ဒကာ ဒကာမတွေလည်း ကောင်းတာနဲ့ ဆိုးတာကို ဝေဖန်နိုင်အောင်ပဲ မသိတော့ ပါဘူးတဲ့၊ သတိလွတ် သွားရင် (မှန်ပါ ဘုရား) လူသေနဲ့ ထူးသေးရဲ့ လား၊ (မထူးပါဘူး) အကောင်း အဆိုး ဝေဖန် နိုင်သေးရဲ့လား (မဝေဖန် နိုင်ပါဘူး)။

သာမညအရေးကြီးရင်ဒီစကားမသုံးဘူး

ဒါဖြင့် ထွက်သက် ဝင်သက်တွေ ရှုနေငြား သော်လည်း သတိလွတ်နေတဲ့ ပုဂ္ဂိုလ်ဟာ လူသေနဲ့ အတူတူပဲလို့ ဘုရားက ဟောတော်မူတယ် (မှန်ပါ့) မောင်ထွန်းလှိုင် သာမည အရေးကြီး ရင် ဒီစကား မသုံးဘူး (မသုံးပါဘူး)၊ အင်မတန် အရေးကြီးလို့ သုံးလိုက်တယ် ဆိုတာ ဒကာ ဒကာမတွေ သဘော ကျပလား (ကျပါပြီ)။

သတိလွတ်တဲ့ အချိန်မှာ ကိုယ့်ကိုယ်ကို လူရှင်လို့ခေါ် ကြမလား လူသေလို့ ခေါ်မလား (လူသေလို့ ခေါ်ပါ တယ်) ဒါဖြင့် သေချိန်ရှင်ချိန် ကိုဖြင့် ဒကာ ဒကာမတွေ နေ့တိုင်း ဝေဖန်ကြ (မှန်ပါ)။

ဝေဒနာပေါ်တာကို မသိတာကများနေပြီ

အခု ဒကာ ဒကာမတွေက ဝေဒနာကိုဖြစ်ပျက် ကြိုးစား နေကြတယ်။ ဝေဒနာကို ဖြစ်ပျက် ကြိုးစား နေတော့ ဝေဒနာ ပေါ်တိုင်း ပေါ်တိုင်း မသိတာက များနေပြီ။ သတိ မထားမိဘူး ဆိုလို့ရှိရင် ဪ ငါ့နှယ် လူသေ ဖြစ်နေတာကများ နေပါ ပေါ့လား (မှန်ပါ ဘုရား) လူရှင် အဖြစ်က (နည်းနေပါတယ် ဘုရား)

ဒါဘုန်းကြီးက ကြံဖန်ပြောတာလား၊ ဘုရား တိုက်ရိုက် ဟောတာလား (ဘုရားတိုက်ရိုက် ဟောတာပါ) လူသေနဲ့ လူရှင် ကွဲကြပလား (ကွဲပါပြီ ဘုရား)။

လူသေလူရှင်ကွဲဖို့ရာအရေးကြီးတယ်

ဒါဖြင့် ခင်ဗျားတို့ လူသေနဲ့ လူရှင်ကွဲသွားတယ်ဆို ကတည်းက ကိုယ့်ကိုယ်ကို ကွဲဖို့ရာကလည်း ပိုအရေးကြီးတော့ တယ် (မှန်ပါ့)၊

ဘာကြောင့် ဆရာဘုန်းကြီးက ဒါလောက်တောင် အရေးတကြီး ပြောရသတုံးလို့ မေးလို့ ရှိရင်ဖြင့်၊ ထွက်သက် ဝင်သက်ပင် ရှိငြား သော်လည်း သတိကင်းနေတဲ့ ပုဂ္ဂိုလ် ဟာ လာတဲ့ ရန်သူက သူ့ကို အကုန်မိမှာပဲ (မှန်ပါ)၊ လာတဲ့ ရန်သူ ဟူသ၍ သူလွတ်အောင် ရှောင်နိုင်သေးရဲ့လား (မရှောင် နိုင်ပါဘူး)၊

ဒါဖြင့် ချောင်းဆိုးတာလည်းခံ၊ သွေးနာလာရင် လည်းခံ၊ လေနာလာရင်ကော (ခံရပါတယ်) အကုန်ခံ အကုန်ခံပဲ။ သူ့မှာ သတိလက်လွတ် နေတဲ့အတွက် ဘာနဲ့မှ တားစရာ အပြုအပြင် ရှိသေးရဲ့လား (မရှိပါဘူး) တားစရာ အကာ အကွယ် သူ့မှာ ထားသေးရဲ့လား (မထားပါဘူး) ဒါဘာ ဖြစ်လို့ပါလိမ့် (သတိလွတ်လို့ပါ ဘုရား)။

အပါယ်ရောက်လေသမျှသတိလွတ်လို့

ကဲ ဒကာ ဒကာမတို့ အပါယ် ရောက်လေသမျှ ပုဂ္ဂိုလ် ဟူသရွေ့ သည် ဘာတုံး (သတိ လွတ်လို့ပါ ဘုရား)

နတ်ပြည် ပျော်နေတဲ့ ပုဂ္ဂိုလ်တွေဟာလည်း သတိ လွတ်နေတာ (မှန်ပါ) ဒါကြောင့် အချို့ နတ်တွေများ တစ်ပြုံကြီး တစ်ပြုံကြီး အပါယ် ကျတယ် (မှန်ပါ့) ကိုင်း ဘယ်သူဖြုတ်ချ လိုက်တာတုံး (သတိ ဖြုတ်ချလိုက်တာပါ ဘုရား)။

သုဗြဟ္မနတ်သားရဲ့ နတ်သမီးငါးရာ

ကဲ သတိတည်းဟူသော တရားမရှိတဲ့ အခါကျ တော့၊ နတ်ပြည် ရောက်တယ်လို့ ခင်ဗျားတို့က စိတ်ချနေငြား သော်လည်း၊ တစ်နေ့က ပြောခဲ့တဲ့ သုဗြဟ္မနတ်သားရဲ့ နတ်သမီး ငါးရာ တစ်ပြုံကြီး ဒယ်အိုးထဲ ရောက်သွားတာ ဘုန်းကြီးဟော ပြီးသား ဖြစ်ပါတယ် (မှန်ပါ)၊ ဟုတ်ပလား (မှန်ပါ)

အဲဒါသည် ကားလို့ ဆိုရင် ဘာလွတ်တာတုံး (သတိလွတ်တာပါ ဘုရား)။

မယုံရင် သစ်ပင်ပေါ် တက်ကြည့်ပါ။ သတိလွတ်ရင် လွတ်တဲ့ အချိန် အောက်ကို ဝုန်းကနဲ ကျချည့်ရဲ့ (မှန်ပါ) မကျပေဘူးလား (ကျပါတယ်)။

ဒါဖြင့် အားလုံး ဒကာ ဒကာမတွေ သတိသည်ကားလို့ ဆိုရင်ဖြင့်၊ သတိလွတ်တဲ့ ပုဂ္ဂိုလ်ဟာ အပါယ်ပဲ သွားစရာတွေ ကများတယ် (မှန်ပါ)၊

သေရင်လည်း သေခြင်းဆိုး သေရမှာပဲ (မှန်ပါ) သွားရင်လည်း အပါယ်သွားရမှာပဲ။ ရိပ်မိကြ ပလား (ရိပ်မိပါပြီ) ဒါဖြင့် ဒကာ ဒကာမတို့ ဘာအရေးကြီးပါလိမ့် (သတိ အရေးကြီးပါတယ် ဘုရား)။

ဘုရားကိုယ်တော်တိုင်ဟောတာ

သတိအရေးကြီးလိုက်တဲ့ ဖြစ်ခြင်း မပြောပါနဲ့တော့၊

‘‘သတိ စ ခွာဟံ ဘိက္ခဝေ သဗ္ဗတ္တိကံ ဝဒါမိ’’ အားလုံး အကျိုးကြီး တာဖြင့် သတိပဲဟေ့ တဲ့ (မှန်ပါ)၊ ဒါကြောင့် ဘုရားက သတိဟာ အရေးကြီးဆုံး အကျိုး သက်ရောက်ဆုံးလို့ ဟောတာ ပဲ (မှန်ပါ)။

အကျိုးအကြီးဆုံး သက်ရောက်တာ ဘယ်သူပါလိမ့် (သတိပါ ဘုရား)၊ ဘယ်သူ ဟောတော့ပါလိမ့် (ဘုရား ကိုယ်တော်တိုင် ဟောတာပါ ဘုရား)။

သတိပဋ္ဌာန် လက်လွတ်ရင် အပါယ်သွားဖို့

ေဩာ် ဒါဖြင့် ဘုရားက သတိ အရေးကြီးပါတယ်။ လက်သုံး ထားကြပါ ဆိုတာ ဒကာ ဒကာမတွေက သတိပဋ္ဌာန် ချည်း လက်လွှတ်နေကြတယ် (မှန်ပါ)၊

ဒကာသိုက် သတိပဋ္ဌာန် လက်လွှတ်ကတည်းက ဒကာ ဒကာမတွေ သေသေချာချာသာ မှတ်လိုက်ပါတော့ အပါယ်သွားဖို့ပဲ (မှန်ပါ)၊ သေခြင်းဆိုး သေဖို့ နဲ့ အပါယ်ရောက်ဖို့ ဒီနှစ်လမ်းပဲ ရှိတယ် (မှန်ပါ)။

ဒါကြောင့် ဒကာ ဒကာမတွေ ဝေဒနာပေါ်တိုင်း ပေါ်တိုင်း သတိထားပါ ဆိုတဲ့စကား မသုံးသင့် ဘူးလား (သုံးသင့်ပါတယ် ဘုရား)

ဘာကြောင့်တုံးလို့ မေးတဲ့အခါကျတော့ ခင်ဗျားတို့ လူရှင်ကလေး ဖြစ်ပါမှသာလျှင် ဘေးဥပါဒ် အန္တရာယ် လာရင် ရှောင်နိုင်သကိုး (မှန်ပါ့)

လူသေဆိုတော့ ဘေးဥပါဒ် အန္တရာယ်လာရင် ရှောင်နိုင်သေးရဲ့လား (မရှောင်နိုင်ပါဘူး)။

သတိလွတ်တဲ့လူ၊ လူသေ

သတိလွတ်တဲ့ ပုဂ္ဂိုလ်ဟာ လူသေလို့ ဘုရားက ဟော တယ် (မှန်ပါ့) ဒါဖြင့် အပါယ်ဘေး လာလည်း သူကြုံဖို့ပဲ။ တိရစ္ဆာန်ဘေး သင့်ရင်ကော (ကြုံဖို့ပါ ဘုရား)၊ ရေ မီး မင်း ခိုးသူ ဘေး သင့်ရင်ကော (ကြုံဖို့ပါ ဘုရား)

၉၆-ပါးသော ဘေးတွေ သင့်ရင်ကော (ကြုံဖို့ပါ ဘုရား)၊ အဲ သူ့ဖို့ချည့်မှတ် (မှန်ပါ) သတိလွတ်တဲ့ ပုဂ္ဂိုလ်၏ အဖို့ချည်းမှတ် (မှန်ပါ) ဒါ ဘယ်လောက် အရေးကြီးသတုံးကွ (ကြီးပါတယ်)။

ဒါဖြင့် ဒကာ ဒကာမတို့ မြို့ထဲမှာ အခုသေတဲ့ ပုဂ္ဂိုလ် တွေရှိကြတယ်။ ဟာဘာဖြစ်လို့ သေကြပါလိမ့်မလဲ ဆိုတော့ အို နောက်ဘဝက သတိပဋ္ဌာန် အလုပ် မလုပ်ဖူးလို့၊ အခု အသေ တွေ့ရတာပေါ့(မှန်ပါ့)၊

နောက်ဘဝက သတိပဋ္ဌာန် အလုပ်ကို လုပ်ခဲ့သည် ဆိုလို့ရှိရင် ဒီလူသေတွေ တို့မသာ ပို့စရာ မရှိဘူးကွ။ နိဗ္ဗာန်တောင် ရောက်သွား ကုန်ပြီ (မှန်ပါ)။

သတိပဋ္ဌာန်အလုပ်သာလုပ်ပါတဲ့

ဒါဖြင့် မသာပို့ရတာ ဘယ်လို ပုဂ္ဂိုလ်ပို့ရတာ များသတုံး (သတိလွတ်တဲ့ ပုဂ္ဂိုလ်များပါတယ်) သတိလွတ်တဲ့ ပုဂ္ဂိုလ်တွေချည်းပဲ (မှန်ပါ)၊ သတိလွတ်တဲ့ပုဂ္ဂိုလ်မို့ အသေနဲ့လာတိုး တာပေါ့ (မှန်ပါ)

သတိသာ မလွတ်လို့ သတိပဋ္ဌာန် အလုပ်ကို လုပ်ခဲ့လို့ရှိရင် ခုနစ်ရက်၊ ခုနစ်လ၊ ခုနစ်နှစ်နဲ့ နိဗ္ဗာန်ရောက်နိုင် , ပါတယ်လို့ ဘုရားက တာဝန်ခံတော်မူထားတာပဲ (မှန်ပါ)။

သတိပဋ္ဌာန်သာလုပ်ပါတဲ့ ခုနစ်ရက်၊ ခုနစ်လ၊ ခုနစ်နှစ်နဲ့ပဲ ကိစ္စ ပြီးနိုင်ပါတယ် ဆိုတော့၊ အခုကိစ္စ မပြီးသေးလို့ မသာတွေချည်း ပို့နေရတဲ့ ပုဂ္ဂိုလ်တွေသည် ဘာလွတ်သွားလို့တုံး (သတိလွတ်သွားလို့ပါ ဘုရား)။

ဟာ ဒါဖြင့် သတိသည်ကားလို့ ဆိုရင်ဖြင့် သေခြင်း ၏အကြောင်း ဆိုတာ မောင်စိန်ထွန်း မှန်လိုက်တာကွာ (မှန်ပါတယ် ဘုရား)၊ ဒကာ ဒကာမတွေ မမှန်ဘူးလား (မှန်ပါ တယ် ဘုရား) သတိလွတ်လို့ သေကြတာဆိုတာ ရိပ်မိကြပလား (ရိပ်မိပါပြီ)။

အိုနာသေဟာ ကိုယ်ပိုင်ရနေတာ

အခု ကိုင်း ဘယ်အိမ်မှာ ဘယ်သူ သေပြန်ပြီ တဲ့၊ ဘယ်အိမ်မှာ ဘယ်သူ အိုပြန်ပြီတဲ့၊ ဘယ်သူဟာ ဘယ်လို ဝေဒနာရပြန်ပြီ ဆိုတော့၊ သတ္တဝါ အတည်ဖြစ်နေတာ ဟူသရွေ့၊ နိဗ္ဗာန် မရောက်သေးဘဲနဲ့ သတ္တဝါ အတည်ဖြစ်နေတဲ့ သူ ဟူသရွေ့၊ ဘာလွတ်နေလို့ ဒီဥစ္စာ အိုနာသေတွေဟာ ကိုင်ပိုင် ရနေတာတုံး (သတိ လွတ်နေလို့ပါ ဘုရား)။

ကိုင်း ဒါဖြင့် တစ်ယောက်နဲ့တစ်ယောက် ဖော်ပေး ကြစမ်းပါ။ တစ်ယောက်နဲ့တစ်ယောက် သတိပေးကြစမ်းပါ (မှန်ပါ)၊ မောင်ထွန်းလှိုင်ရေ တစ်ယောက်နဲ့တစ်ယောက် သတိ ပေးကြစမ်းကွာ၊

မင်းသတိမလွတ်နဲ့နော်၊ အိုနာသေဟာ မင်းဟာ ဖြစ်နေလိမ့်မယ် (မှန်ပါ့) မင်း သတိ မလွတ်နဲ့နော် ဘေးအတန်တန် ရန်အထပ်ထပ် တွေဟာ မင်းဟာချည်း ဖြစ်နေလိမ့်မယ် (မှန်ပါ)။

သတိထားရင်မသေရာရောက်တယ်

‘‘အပ္ပမာဒေါ အမတံ ပဒံ’’ ကိုး။ မမေ့ မလျော့ဘဲနဲ့ သတိ ထားတဲ့ ပုဂ္ဂိုလ်သည် မသေရာ အရပ်သို့ ရောက်ကြောင်းဆိုတော့ မသေရာအရပ် ရောက်ပါတယ် ဆိုကြတည်းက အိုနာ လည်း မရှိတော့ဘူးပေါ့ (မှန်ပါ)။

ဒါဖြင့် ဒီထဲမှာ အဘွားကြီးတွေ ပါကြတယ်၊ လူကြီးတွေ ပါကြတယ်၊ လူလတ်တွေ ပါကြတယ်။ ဒါတွေဟာ အကုန်လုံး အိုကြဦးမယ် မဟုတ်လား (မှန်ပါ)၊

ဟာ ဒီ ဒကာဒကာမတွေ ဘယ့်နှယ်ကြောင့် အိုခြင်း ဆိုးကြီးနဲ့ပဲ ရောက်အောင် ကြုံအောင် နေကြပါလိမ့်မလဲလို့ မေးလို့ရှိရင် နောက်က သူသတိလစ် လာခဲ့ တယ်။ (မှန်ပါ) သတိလစ်ခဲ့တယ် (မှန်ပါ့) ဒကာသိုက် ဘာဖြစ် လို့တုံး မမေးနဲ့၊ သတိလစ်ခဲ့လို့ (မှန်ပါ့) ရိပ်မိကြပါလား (ရိပ်မိ ပါပြီ)။

ဒါဖြင့် ဘယ်သူမမာလို့ သွားမေးရဦးမတဲ့ လို့ဆိုပြီး ခင်ဗျားတို့က သွားမေးကြတယ်၊ ဘာဖြစ်လို့ သူ နာခြင်းဆိုးကြီး နဲ့ ကြုံနေသလဲ (သတိလစ်လို့ပါ)။

သတိလွတ်ခဲ့ပြန်ပြီ၊ ဘဝများ စွာ သံသရာက သတိ လွတ်ခဲ့ပြန်ပြီ (မှန်ပါ့) တော်တော်ကြာ သေသတဲ့၊ မသာ ပို့လိုက်ကြပါဦးတဲ့၊ ဒီအသေဟာ ဘယ်သူသေ တာတုံး ဆိုရင်ကော ရိပ်မိပါလား၊ သတိလွတ်တဲ့ ပုဂ္ဂိုလ်၏ အသေ (မှန်ပါ) ရိပ်မိပါလား (ရိပ်မိပါပြီ)။

သတိလွတ်တာသည်သေခြင်း၏အကြောင်း

ဒါဖြင့် မောင်စိန်ထွန်းရေ သတိ လွတ်တာသည်ကားလို့ ဆိုရင်ဖြင့် သေခြင်း၏ အကြောင်းလို့ ဘုရား ဟောတော်မူလိုက် တာသည် ဒကာသိုက်တို့ တကယ် အရေးကြီးလို့ ဟောတာပေါ့ ဗျာ (မှန်ပါ)။

ဒီဂါထာကို မမေ့ကြစေနဲ့နော်။ အားလုံး ဆိုသလိုပဲ ရထားကြပါတယ်။ သို့သော်လည်း ဒါလောက် အဖိုးတန်မှန်း မသိကြဘူး (မှန်ပါ)

အခုတော့ တန်လိုက်တဲ့ ဂါထာမှ မောင်ထွန်းအောင်ရေ သတိ လွတ်လိုက်လို့ရှိရင် သေခြင်း၏ အကြောင်းသာ မှတ်လိုက်ပါတော့ကွာ (မှန်ပါ) သတိ မလွတ်ရင် မသေခြင်း၏ အကြောင်းသာ မှတ်လိုက် ပါတော့တဲ့ (မှန်ပါ)။

ဒကာ ဒကာမတို့ သတိမလွတ်ရင်ဘာတုံး (မသေခြင်း၏ အကြောင်းပါ)၊ သတိလွတ်လိုက်ရင် (သေခြင်း၏ အကြောင်းပါ ဘုရား)

ကဲဗျာ ဘယ်လောက်များမိသတုံး၊ ဘုရား ဟောတော် မူတာ (မှန်ပါ မိပါတယ်) မောင်မြင့်တို့ ဘုရားသခင် ကိုယ်တော် မြတ်ကြီးဟာ ဘယ်လောက် အဖိုးတန်တာ သုံးထား သလဲ (မှန်ပါ့)

သတိ လွတ်လိုက်လို့ ရှိရင်ဘာတဲ့တုံး (သေခြင်း၏ အကြောင်းပါ ဘုရား) သတိ မလွတ်တော့ဘူး ဆိုရင် (နိဗ္ဗာန်၏ အကြောင်းပါ)။

ဝေဒနာပေါ်တိုင်းဖြစ်ပျက်ကြည့်နေတဲ့ပုဂ္ဂိုလ်

ကဲ ဒါဖြင့် မင်းတို့ဟာ မင်းတို့ ဝေဖန်ကြ။ အခု တရားနာတဲ့ ပုဂ္ဂိုလ်တွေက ဝေဖန်ကြ။ သတိ လွတ်အောင်နေတဲ့ အချိန်ကျလို့ရှိရင်ဖြင့်၊ အင်း သေခြင်း၏ အကြောင်းလုပ် ပြန်ပြီ၊ သေခြင်း၏ အကြောင်း လုပ်ပြန်ပြီလို့ ကိုယ့်ကိုယ်ကိုယ်သာ မြည်ကြတွန်ကြပေတော့ (မှန်ပါ)။

သတိမလွတ်တဲ့ ပုဂ္ဂိုလ်တော့ ဝေဒနာတွေ ပေါ် တိုင်း ပေါ်တိုင်း ဖြစ်ပျက် ကြည့်နေတဲ့ ပုဂ္ဂိုလ် ကျတော့၊ အင်း မသေခြင်း၏ အကြောင်းကို သူတို့ ကြိုးစားနေ တယ် ဆိုပြီး ဝမ်းမြောက်ကြ (မှန်ပါ)။

ဒီနှစ်ကြိမ်ကိုခွဲလိုက်ရင်သိပ်ကောင်းမယ်

ဒါဖြင့် ကိုယ့်ကိုယ်ကိုယ် ဝမ်းမြောက်နိုင်တဲ့ အချိန်၊ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ရမည့် အချိန်၊ ဒီနှစ်ကြိမ်ကို ခွဲလိုက် ရင် ဒကာ ဒကာသိုက် သိပ်ကောင်းမယ် (မှန်ပါ)

သတိလွတ် တဲ့အချိန်ကျတော့ ကိုယ့်ကိုယ်ကိုယ် အပြစ် တင်ရမယ့် အချိန် (မှန်ပါ) မင်းဟာ သေဦးမှာပါပဲ၊ မင်းနေပုံနဲ့ သေဦးမှာပါပဲ။ နာဦးမှာပဲ၊ ကမ္ဘာပျက်မီးလောင်ဦးမှာပဲ၊ အပါယ်တွေဟူသ၍ ဟာ မင်းရောက်စရာ ဌာနချည်းဖြစ်ဦးမှာပဲ၊ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ်)၊

ကိုင်း မောင်ချစ်စိန်တို့ သတိ ဘယ်လောက် အရေးကြီး သတုံးကွ (ကြီးပါတယ် ဘုရား)။

ပါဠိတော်ရှိနေလို့ပြောရဲတာ

ဒါဟာ ဘုန်းကြီးက စကားသိုင်းဝန်းပြီး ပြောကို ပြောတတ်လို့ သတိ ဒါလောက် အရေးကြီး နေတာလို့ မင်းတို့ ကလည်း မထင်လိုက်နဲ့ဦး။ ပါဠိတော်ရှိနေလို့ ပြောရဲတာ (မှန်ပါ ဘုရား)

‘‘အပ္ပမာဒေါ အမတံ ပဒံ၊’’ မမေ့ မလျော့ဘဲ သတိထားတဲ့ ပုဂ္ဂိုလ်သည် မသေရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အစစ် ဆိုတော့ သတိကလေးသာ ထားနေပါတဲ့ ဒကာဒကာမတို့၊ မသေရာ၊ နိဗ္ဗာန်သို့ ရောက်ကြောင်း အစစ်ပဲတဲ့ (မှန်ပါ)

သတိကလေး လွတ်သွားလို့ ရှိရင်ဖြင့် အဖန်ဖန် သေခြင်း၏ အကြောင်းတဲ့ (မှန်ပါ)။

ဒါဖြင့် ဘာအရေးကြီးသတုံး (သတိအရေးကြီးပါတယ် ဘုရား)။

မမေ့မလျော့တဲ့ပုဂ္ဂိုလ်နိဗ္ဗာန်ရောက်မယ်

‘‘အပ္ပမတ္တာ နမိယန္တိ။’’ အပ္ပမတ္တာ – မမေ့မလျော့တဲ့ ပုဂ္ဂိုလ်တို့သည်၊ န မိယန္တိ – မသေနိုင် ကြကုန်။

မမေ့မလျော့တဲ့ ပုဂ္ဂိုလ်ဟာ ဘယ်တော့မှ မသေနိုင်တဲ့ နိဗ္ဗာန် ရောက်မယ်။ (မှန်ပါ)

နောက်ဘယ်တော့မှ မသေတော့ဘူး။ သေစရာ မရှိတော့ဘူး။ သတိထား နေတဲ့ ပုဂ္ဂိုလ်ဟာ ဘယ်တော့မှ မသေဘူးတဲ့ (မှန်ပါ့)။

သတိထားတော့ ဝေဒနာရဲ့ ဖြစ်ပျက်တွေ့တယ်

ဝေဒနာ ပေါ်တိုင်း ပေါ်တိုင်း သတိထား နေတော့ ဝေဒနာ ဖြစ်တာ ပျက်တာ ကလေးတွေဟာ မတွေ့ပေဘူးလား (တွေ့ပါ တယ် ဘုရား) ပျက်တိုင်း ပျက်တိုင်း တွေ့တယ် ဆိုတာ ဉာဏ်နဲ့ တွေ့တာ (မှန်ပါ့)

အဲဒီဉာဏ်နဲ့ တွေ့တယ် ဆိုကတည်းက၊ ခုနင်က သေခြင်း၏ အကြောင်းဖြစ်တဲ့ တဏှာတွေ ဥပါဒါန်တွေ လာသေးရဲ့လား (မလာပါဘူး) ကဲ မပေါ်သေးဘူးလား (ပေါ်ပါပြီ)။

သေချင်သေးလို့လုပ်တဲ့ပုဂ္ဂိုလ်

ပေါ်လာပြီ ဒကာဒကာမတို့ အင်မတန် အရေးကြီးလို့ ပြောပါတယ် (မှန်ပါ) အဲဒီတော့ ခင်ဗျားတို့ သားရေး သမီးရေး စီးပွားရေး ဆွေရေး မျိုးရေး လုပ်နေတဲ့ ပုဂ္ဂိုလ်ဟာ ဝေဒနာနုပဿနာ မရှုဘူး၊ သတိပဋ္ဌာန်လက်လွတ်တဲ့အတွက် သေ ခြင်း၏ အကြောင်းကို လိုက်နေကြတာပဲ (မှန်ပါ)။

သားရေး သမီးရေး စီးပွားရေးလိုက်တဲ့ ပုဂ္ဂိုလ်သည် သားရေး သမီးရေး စီးပွားရေး လိုက်တာလား၊ သေခြင်း၏ အကြောင်းကို လိုက်နေတာလား (သေခြင်း၏ အကြောင်းကို လိုက်နေတာပါ ဘုရား)

အဲ သေချင်သေးလို့ လုပ်နေတာ။ တိုတို ပြောလိုက်တော့ (မှန်ပါ) သေချင်သေးလို့ လုပ်နေ တာသည် ခင်ဗျားတို့ ဘယ်အလုပ်တွေတုံး ဆိုတော့ ခင်ဗျားတို့ သားရေး သမီးရေး စီးပွားရေး လုပ်နေတဲ့ ပုဂ္ဂိုလ် (မှန်ပါ)။

မသေအောင်လုပ်တဲ့ပုဂ္ဂိုလ်

ဝိပဿနာ အလုပ်ကို သတိထားလုပ်နေတဲ့ ပုဂ္ဂိုလ်က – တော့ မသေအောင် လုပ်နေတဲ့ ပုဂ္ဂိုလ် (မှန်ပါ)။

ဒါဖြင့် ခင်ဗျားတို့ ပြောင်းပြန်ကြီး ဖြစ်နေပြီ (မှန်ပါ)။ သားရေး သမီးရေး စီးပွားရေး လုပ်နေ တော့သည် ဒကာဒကာမ တို့ အဖန်ဖန် သေချင်သေးလို့ (မှန်ပါ့)

သတိပဋ္ဌာန် အလုပ် လက်လွတ်နေခြင်းသည် အဖန်ဖန် သေချင်သေးလို့ (မှန်ပါ)

သတိပဋ္ဌာန် လက်လွတ် မနေတဲ့ ပုဂ္ဂိုလ်သည် အဖန်ဖန် မသေရ တော့ဘူး၊ မသေရာ နိဗ္ဗာန် ရောက်ကြောင်းလို့ ဘုရားက ဟောလိုက်သေးတယ် (မှန်ပါ့)

ကိုင်း ဘယ်လောက် အဖိုး တန်သလဲ (တန်သွားပါတယ် ဘုရား)။

ဝီရိယထက် သတိက ပိုအရေးကြီးတယ်

ဒါကြောင့် ဒကာ ဒကာမတို့ မနေ့က ဝီရိယ ကိုတော့ ဘုန်းကြီးက အသားယူပြီး သကာလ အမျိုးမျိုး အဖုံဖုံ ဘုန်းကြီး က ဘုရားဟော ပါဠိတွေနဲ့ ပြောလိုက်ပါတယ်၊ (မှန်ပါ) သို့သော် သူ့ထက် ပိုမိုပြီး သတိ အရေးကြီးတယ် (မှန်ပါ)။

ဒါကြောင့် ပါဠိတော်ကို ကြည့်ပါ။ ဟုတ်လား စာအုပ် ကို ကြည့်ကြပါ။ သတိပဋ္ဌာန် စာအုပ်လို့ ရေးထားတယ်။

မောင်ထွန်းလှိုင် ဘယ်လိုဖတ်မိသတုံးကွာ၊ (သတိပဋ္ဌာန်စာအုပ် ပါ ဘုရား) သတိ အရေးကြီး လို့ပေါ့ကွာ (မှန်ပါ)

ဝီရိယပဋ္ဌာနံ စာအုပ်ရယ်လို့ လာရဲ့ လား (မလာပါဘူး) မလာဘူး မလာဘူး ကိုထွန်းအောင်။ သတိ အရေးကြီးလို့ပေါ့ (မှန်ပါ့)။

ဘုရားသခင်ကိုယ်တော်မြတ်ကလည်း ‘‘စတ္တာရော သတိပဋ္ဌာနာ’’ တဲ့ မောင်ထွန်းရင်ရေ လာပြန်ပြီ (မှန်ပါ) ဘာလာ သတုံး – (စတ္တာရော သတိပဋ္ဌာနာ)၊

စတ္တာရော သတိပဋ္ဌာနတဲ့။ သတိပဋ္ဌာန်က အရေးကြီးတယ်နော်၊ သတိပဋ္ဌာန် တရား လေးပါး အရေးကြီးတယ်နော် မပြောဘူးလား (ပြောပါတယ်)။

ဒကာ ဒကာမတွေကသာ သတိ ဆိုတာ သာမည အောက်မေ့နေကြတယ်၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ကတော့လည်း သတိကို အရေးတကြီး ပြောနေတယ် (မှန်ပါ)၊ ကဲ ဉာဏ်ရောက် ကြပါလား (ရောက်ပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ခုနင်ကပြောခဲ့တဲ့ သဘောတွေ သာ မှတ်ကြပါတော့နော် (မှန်ပါ) မှတ်ကြပါတော့။

မသေသင့် ဘဲနဲ့သေ၊ ခလုတ်မတိုက်သင့်ဘဲနဲ့တိုက်၊ အပါယ် မရောက်သင့် ဘဲနဲ့ ရောက်ရတာဟာ ဒကာ ဒကာမတို့ ဘယ်သူတုံး (သတိ လက်လွတ်လို့ပါ ဘုရား)၊ သတိလွတ်တဲ့ ပုဂ္ဂိုလ် ချည်းပဲ (မှန်ပါ)။

အဲဒါကြောင့် သတိ လွတ်လိုက်ပြီဆိုတဲ့ တစ်နေ့ကျလာ လို့ရှိရင်ဖြင့် ဒကာသိုက်ရေ ယခုဘဝ ဘဝ သေခြင်းဆိုး (မှန်ပါ) အပါယ်ကျ လို့ရှိရင် နေခြင်းဆိုး (မှန်ပါ)။

ဝေဒနာပေါ်တိုင်း မမေ့စေနဲ့

ဒါဖြင့် ဒကာ ဒကာမတို့ကို ဝေဒနာ ပေါ်တိုင်း ပေါ်တိုင်း မမေ့စေနဲ့ ဆရာဘုန်းကြီးက မှာတာဗျား ခင်ဗျား တို့ကို မသေတဲ့ဆီပို့နေတာ (မှန်ပါ)၊ ခင်ဗျားတို့က ဆရာဘုန်း ကြီးကတော့ ဟောရှာပါရဲ့ – လုပ်မနေနဲ့ သေချင်တဲ့ အသံကြီး ထွက်မလာခဲ့နဲ့ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ)။

ခင်ဗျားတို့က အင်း ဆရာဘုန်းကြီးကတော့ ဟော ရှာပါတယ်။ ကိုယ့်ကိုယ်က ကိုယ့်ကိုယ်က ဆိုပြီး သကာလ တစ်ခါ တည်း မလုပ်ဖြစ်ဘူး ဘက်ကို လှည့်သွားတယ် (မှန်ပါ့)၊ ကိုယ့် ကိုယ်က မလုပ်ဖြစ်ဘူး ဆိုတော့ ကိုယ့်ဟာကိုယ် ဆုံးဖြတ်ချက်ချ။

ဪ နင်မိုက်ပုံကဖြင့် နင်အဖန်ဖန် သေချင်လို့ ဆိုတဲ့ အဓိပ္ပါယ်က မရောက်သေးဘူးလား (ရောက်ပါတယ်)။

ဆားမပါရင် ဘယ်ဟင်းမှ မကောင်းဘူး

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဘာအရေးကြီးနေ တယ်ဆိုတာ ပေါ်လာကြပါလား (ပေါ်ပါပြီ) ဘာအရေးကြီးသတုံး (သတိအရေးကြီးပါတယ်)

ဒကာသိုက်ရေ သတိဟာ အလုံးစုံတို့ထက် ပိုမို အရေးကြီးတယ် (မှန်ပါ့) ချက်ချင်တဲ့ ဟင်း ချက်ပါ၊ ဆားမပါရင် ဘယ်ဟင်းမှ မကောင်းဘူး။ ဘယ်လောက် အဘိုးတန်တဲ့ ဟင်းချက်ချက် မကောင်းဘူး။ (မှန်ပါ့)

ဒီဟာလည်း ဘယ်အလုပ်ကို လုပ်နေနေ ဒကာဒကာမတို့ သတိ မပါလို့ရှိရင် ဘယ်အလုပ်မှ မပြီးဘူးသာ အောက်မေ့ကြ (မှန်ပါ့) ပြီးနိုင်သေး ရဲ့လား (မပြီးနိုင်ပါဘူး)

ဆားမပါတဲ့ဟင်း ဘယ်ဟင်းမှ မကောင်း သလို၊ သတိမပါတဲ့ အလုပ်သည် ဘယ်အလုပ်မှ မကောင်း (မှန်ပါ့) မအောင်မြင်တော့ဘူးလို့ မဆိုထိုက်ဘူးလား (ဆိုထိုက် ပါတယ်)။

သတိလွတ်ကင်းလို့ ဖြစ်ကြရတာ

အေး ဒါကြောင့် သတိဟာ အရေးကြီးလိုက်တာ၊ ကျောင်းဝင်ရင် ဟိုကျောင်းလည်း ခွေးတွေနဲ့၊ ဒီကျောင်းလည်း ခွေးတွေနဲ့။ ဒီခွေးတွေ ဘယ်က လာတာပါလိမ့်။ သတိလွတ် ကင်းလို့ ခွေးဖြစ်လာ တာပဲ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)

ဟိုပုရွက်ဆိတ်တွင်းထဲက ပုရွက်ဆိတ်တွေဟာ ဘယ့်နှယ်ကြောင့် ပုရွက်ဆိတ် ဖြစ်လာတာ ပါလိမ့် (သတိ လွတ်ကင်းလို့ပါ ဘုရား) ဒီထဲ ငါးတွေ များလိုက်တာ ဆိုတာက ဘာပါလိမ့် (သတိ လွတ်ကင်းလို့ ဖြစ်လာတာပါ)။

ဒါဖြင့် သတိလွတ်တဲ့ ပုဂ္ဂိုလ် အရေအတွက်ဟာ ခင်ဗျား တို့ လူဦးရေနဲ့ စာလိုက်လို့ရှိရင် ဘယ်သူက များသတုံး၊ (သတိ လွတ်တဲ့ ပုဂ္ဂိုလ်တွေ များပါတယ်)၊ လူ့ပြည် တစ်တိုင်းပြည်လုံး ဟာ သူတို့ တစ်တွင်းစာလောက် ခြတွင်းကြီး တစ်တွင်း စာလောက် ရှိတော့မပေါ့ (မှန်ပါ)။

အဲဒီတော့ ဪ သတိ လွတ်လို့ဖြစ်နေတဲ့ ပုဂ္ဂိုလ် တွေကို ရေတွက် ကြည့်လိုက်လို့ ရှိရင်ဖြင့် မရေတွက် နိုင်အောင် များတယ် ဆိုတာကော မပေါ်လာဘူးလား (ပေါ်လာပါတယ်)။

သတိလွတ်ချိန်များရင် ခြတွင်းထဲရောက်လိမ့်မယ်

ကဲ တစ်ခါ ခင်ဗျားတို့လည်း သတိ လွတ်တဲ့အချိန် နဲ့ ဝေဒနာလေး ပေါ်တိုင်း ပေါ်တိုင်း သတိ လွတ်တဲ့အချိန်နဲ့ သတိရှိတဲ့အချိန်နဲ့ ဘယ်သူကများသတုံး (သတိလွတ်တဲ့ အချိန်က များပါတယ် ဘုရား) သွားပါလိမ့်ဦးမယ်၊ အဲဒီ ခြတွင်း ကြီးထဲ ရောက်ပါလိမ့်ဦးမယ် (မှန်ပါ)

ရောက်မယ် ရောက်မယ် ခင်ဗျားတို့ ဒီလိုနေပုံနဲ့သာဖြင့် ရောက်ဖို့က များနေတယ် (မဖြစ် ချင်ပါ ဘုရား)၊ အဲ မဖြစ်ချင်ရင် သတိ မလစ်နဲ့လေ၊ (မှန်ပါ) သတိ လစ်လို့ရှိရင်တော့ မရဘူး (မှန်ပါ)။

သတိတော့ မလစ်ဘူး ဆိုတဲ့ဥစ္စာဖြင့် ဒကာဒကာမတို့ ဘုန်းကြီးကလည်း မလစ်စရာ နေရာတွေကို အမျိုးမျိုး အဖုံဖုံ ပေးထားတယ်။ မပေးဘူးလားဗျာ (ပေးပါတယ် ဘုရား)။

စားချင်လာတာ ဒုက္ခဝေဒနာပေါ်တာ

စားချင်တယ်လို့ ပြောလိုက်တယ်၊ စားချင်တာသည် ကားလို့ဆိုလို့ရှိရင် ဆာလောင် မွတ်သိပ်လာတာ မဟုတ်လား (မှန်ပါ) စားချင်တယ် ဆိုရင်ဖြင့် ဒကာဒကာမတို့ သတိမလစ်နဲ့ အဲဒါ ဒုက္ခဝေဒနာ ပေါ်တာ (မှန်ပါ) ဟော ဆရာဘုန်းကြီးက သင်ထားပြီ။

ရေသောက်ချင်တာ ဒုက္ခဝေဒနာ

ဒကာသိုက်ရေ စားချင်တာဘာတုံး (ဒုက္ခဝေဒနာပါ ဘုရား) ဆာလောင် မွတ်သိပ်တာ ဘာတုံး (ဒုက္ခဝေဒနာပါ) ရေသောက်ချင်တာ ဘာတုံး (ဒုက္ခဝေဒနာ ပေါ်တာပါ)

အဲဒါတွေ ခင်ဗျားတို့က သတိ လစ်လစ်ပြီး ရေသာ သွားသောက်တယ်၊ ဒုက္ခဝေဒနာကလေး ဖြစ်လို့ ပျက်တယ်လို့ သိကို မသိဘူး။ လစ်လိုက်တဲ့ သတိ ကလည်း မပြောနဲ့တော့၊ (မှန်ပါ့) ကြာတော့ ရေတောင် နင်ဦး မလိုလို ဖြစ်သေးတယ်၊ ခင်ဗျားတို့ ဟာလစ် လိုက်တဲ့ သတိကလည်း (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ)။

ဆာလောင်တာဟူသ၍ ဒုက္ခဝေဒနာ

ရေသောက်ချင်တာ ဘယ်သူတုံး (ဒုက္ခဝေဒနာပါ ဘုရား) အဲဒါ သတိထားမိကြရဲ့လား (မထားမိပါဘူး) မိုးကြိုး ပစ်ပါလိမ့်မယ်၊ ခင်ဗျားတို့ သေခြင်းဆိုး သေပါလိမ့်။ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဝေဒနာပေါ်ရင် ပျက်တယ်လို့ ရှုပြီးမှသောက်

မောင်စိန်ထွန်းရေ ဆာလောင် မွတ်သိပ်တာ ဟူသ၍ ဘာ ဝေဒနာတုံး (ဒုက္ခဝေဒနာပါ) အဲ ဒုက္ခဝေဒနာ ကလေး ပေါ်လာပြီ၊ ပျက်တယ် ဆိုတာ ခင်ဗျားတို့ ရှုပါဦးလား၊ ပြီးတော့မှ ခင်ဗျားတို့ ရေသောက်ချင် သောက်တာပေါ့ (မှန်ပါ)။

အခုတော့ ရေတစ်နေ့ ဘယ်နှခါ သောက်သတုံး။ နွေခါ မို့ဘုရား တစ်နေ့ ၄-၅-၈ ခါတော့ သောက်ရတာပါပဲ။

လက်ဖက် ရည်ကကော။ လက်ဖက်ရည်ကလည်း တယ်မပြတ်ပါဘူး။ သတိရမိရဲ့ လားလို့ မေးတော့ ဒုက္ခဝေဒနာ ပေါ်တယ်လို့ သတိ ရမိရဲ့ လားဆိုတော့ ပန်းကန်သာ ကုန်သွားတယ်၊ ခင်ဗျားတို့က သတိ မရဘူး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။

သေမင်းက ဒယ်အိုးထဲပို့တယ်

အဲဒီအချိန်မှာ သေမင်းက ကိုင်း ခုနက ကြွက် သတိလစ် နေတဲ့နေရာ ကြောင်စောင့် ခုတ်သလို၊ ခင်ဗျားတို့ သတိ လွတ်တုံးမှာ သူက ခုတ်ချ လိုက်တာပဲ (မှန်ပါ့) အဲဒီ ခုတ်ချ လိုက်တာ ကျတော့ ခင်ဗျားတို့မှာ ကန့်လန့်ကန့်လန့် ပါပြီး သကာလ ဒယ်အိုးထဲ ရောက်ရတော့တာပေါ့ (မှန်ပါ့) ရိပ်မိ ပလား (ရိပ်မိပါပြီ)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာဒကာမတွေ သတိမလစ်ဖို့ အရေးဟာဖြင့် အထူးပဲ အရေးကြီး တော့တယ် ဆိုတာ မပေါ် လာသေးဘူးလား (ပေါ်လာပါပြီ ဘုရား)။

အေး ဒါဖြင့် ကြပ်ကြပ် သတိထားကြစမ်းပါ။ သတိ -မလစ်စေနဲ့။ ထမင်း စားတိုင်း စားတိုင်း ဘာဝေဒနာ ပေါ် သတုံး (ဒုက္ခဝေဒနာပေါ်ပါတယ်) ရေသောက်ချင်တိုင်း သောက်ချင်တိုင်း (ဒုက္ခဝေဒနာ ပေါ်ပါတယ်) လက်ဘက် စားချင်တိုင်း စားချင်တိုင်း (ဒုက္ခဝေဒနာ ပေါ်ပါတယ်) ဒုက္ခဝေဒနာ ပေါ်တယ် ဆိုတာ ရိပ်မိ ပလား (ရိပ်မိပါပြီ)။

သတိလစ်ပြီး မီးခြစ်ကိုပြောင်းပြန်ခြစ်တယ်

အေး ဒါဖြင့် အဲဒါတွေသည်ကားလို့ ဆိုရင်ဖြင့် ကိုယ့်လက်ဖက်နဲ့ ကိုယ်ဆေးလိပ်နဲ့ကို ဒေါ်ရွှေ တော်တော်နေရာ ကျမယ် (မှန်ပါ ဘုရား)၊ ဒုက္ခဝေဒနာတွေ တွေ့သွားမှာကိုး။

ဒုက္ခ ဝေဒနာတွေ့လို့ရှိရင်ဖြင့် မောင်စိန်ထွန်းရေ ဒုက္ခဝေဒနာ ပျက် သွားမယ်။ အပျက် တွေ့မှာပဲ (မှန်ပါ့) အခုတော့ မင်းတို့ သံဘူး တစ်ဘူးလောက်သာ ဆေးလိပ် ၅၀ ဘူး ကုန်ရင်သာ ကုန်သွား မယ်။ သတိက တစ်ခါမှ မပါဘူး (မှန်ပါ)၊ ကုန်တာတောင် မသိသေးဘူး၊ မေးယူ ရသေးတယ်၊ သတိများ မထားလိုက်တာ (မှန်ပါ)၊

ပထမယူတုန်းက ဘယ်နှလိပ် ကျန်တယ်လို့ မသိဘူး၊ ကုန်ပြီလား မေးရသေးတယ်။ (မှန်ပါ) ဒီကတည်းက သတိက ပါသေးရဲ့လား (မပါပါဘူး) သတိ မပါတော့ တစ်ခါတလေ ကျ တော့ မီးခြစ်တောင် ပြောင်းပြန် ဖြစ်လိုက်သေးတယ် (မှန်ပါ) သတိက လွတ်လိုက်တဲ့ဖြစ်ခြင်း (မှန်ပါ့)။

ရဟန်းတစ်ပါးကို ဘုရားက ဆုံးမတယ်

သတိ လွတ်လိုက်တဲ့ ဖြစ်ခြင်းသည်ကားလို့ ဆိုရင် ဒကာ ဒကာမတို့ အမှန်ကို ရောက်သေး ရဲ့လား (မရောက်ပါဘူး)

အဲဒါကြောင့် သတိသည်ကားလို့ဆိုရင် အထူးတလည် အရေး ကြီးတယ်ဆိုပြီး ဘုရားသခင် ကိုယ်တော်မြတ်ကြီးက “သတိ မလစ်နဲ့ဟ သတိမလစ်နဲ့ဟ” ဆိုပြီးတော့ ရဟန်း တစ်ပါးကို ဆုံးမတယ် (မှန်ပါ)။

ဝေဒနာနုပဿနာပေးလိုက်တယ်

ဘယ်လို ဆုံးမလိုက်သတုံးလို့ မေးလိုက်တဲ့အခါကျတော့၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဝေဒနာ နုပဿနာကို ရဟန်းတစ်ပါး ပေးလိုက်တယ် (မှန်ပါ) ဝေဒနာ နုပဿနာ ပေး လိုက်တယ်။

မင်း ဝေဒနာတွေ ပေါ်တိုင်း ပေါ်တိုင်း ဆာလောင် မွတ်သိပ်လည်း သိနော် စားချင်လည်းသိ၊ သောက်ချင် လည်း သိ။ အကုန်သိပေး။ ထ-တာလည်းသိ ကြွတာလည်းသိ၊ ကွေး တာလည်းသိ၊ ဆန့်တာ လည်းသိလို့ ဘုရားက ပေးလိုက်တယ်။ ဒါ ဝေဒနာချည်းပဲ မဟုတ်လား (မှန်ပါ့)။

အဲ ကွေးချင်တယ်ဆိုကတည်းက ဒကာ ဒကာမတို့ ဆန့်တာဟာ ညောင်းလို့ မဟုတ်လား။ (မှန်ပါ့) ဆန့်တာက ဒုက္ခ ဝေဒနာ။ ကွေးချင် တာကလည်း ဝေဒနာ မပေါ်ဘူးလား (ပေါ်ပါ တယ်)

အကုန် မပေါ်တာကို ရှိသေးရဲ့ လား (မရှိပါဘူး)၊ မရှိဘူး အကုန် ပေါ်နေတာပဲ (မှန်ပါ) အဲဒါတွေကို မင်းကြပ်ကြပ်သတိ ထားလို့ ဘုရားက သတိပဋ္ဌာန်အလုပ်ကို တရားပေးလိုက်တယ်။

တောထဲမှာ သွားပြီးအားထုတ်တယ်

ကျောင်းတော်က နေပြီး ဘုရားက ပေးလိုက်တဲ့ အခါ ကိုယ်တော်ကလေးက တောထဲသွားပြီး အားထုတ်တယ်။ နေရာတိုင်းပဲ သတိ ထားတယ် (မှန်ပါ) သတိ ထားပေမယ့်လည်း တရားက နုပြီး သကာလ နေတော့ မောင်သစ် တရားဟာ မပေါ်လာဘဲ ဖြစ်နေတယ် ဒကာ ဒကာမတို့ (မှန်ပါ)။

မပေါ်လာတာနဲ့ ဘုရားပေးလိုက်တဲ့ တရားတော်ဖြင့် နှစ်လ သုံးလရှိပြီ ကြိုးစားတယ်၊ ဘယ်လို မှလည်း မဂ္ဂင်အစစ် မပေါ်လာ။

မပေါ်လာတော့ ဘုရားဆီ သွားပြီး ကိုယ့်စရိုက်နဲ့ မတော်လို့လား၊ သို့မဟုတ် ဘာများ ချို့ယွင်းချက် ရှိလို့ပါလိမ့်မလဲ ဆိုပြီးတော့၊ သူ့စိတ်ထဲ သံသယရှိတာနဲ့ တောကျောင်းက နေပြီးတော့ ဘုရားကျောင်းတော် ရောက်အောင် ပြန်တာကိုးကွ။

ပြန်တဲ့အခါကျတော့ အခုလို နွေရာသီနဲ့တူပါ တယ်။ တောမီးတွေက တစ်ခါတည်း ကျောက်စရစ် တစ်ခုနဲ့ တစ်ခု၊ ဝါးတစ်ခုနဲ့ တစ်ခု စသည် ပွတ်ပြီး လောင်တာပေါ့ဗျာ (မှန်ပါ)။

တောမီးကအားလုံးကို လောင်တယ်

မီးတွေထ လောင်ပြီး မီးတွေက သူ့အနား နီးနီးလာတာ နဲ့ တောင်ပေါ်တက် ပြေးတယ် (မှန်ပါ)၊ တောင်ပေါ်က နေပြီး ကြည့်နေတော့ သူ့စိတ်ထဲမှာက၊ ဪ ဒီမီးဟာ ကြည့်စမ်း မြက်ငယ် ကလေး တွေလည်း လောင်တာပဲ၊ မြက်ရှည် ကြီးတွေ လည်း လောင်တာပဲ။ သစ်ပင်တွေလည်း လောင်တာပဲ၊ အငယ် ရော၊ အလတ်ရော၊ အကြီးရော ဒီမီးဘာမှ မရှောင်ပါကလား၊ အကုန် လောင်တာ ပါကလား (မှန်ပါ)၊

သူ့စိတ်ထဲက ဒီလို အောက်မေ့နေတယ် (မှန်ပါ)။

သူ့ခန္ဓာကိုယ်ပြန်ကြည့်တယ်

ဒါနဲ့ သူ့ခန္ဓာကိုယ် ပြန်ကြည့်တယ်၊ ပြန်ကြည့်တော့ ဪ ခန္ဓာကိုယ်ထဲမှာ ဝေဒနာနု ကလေးတွေလည်း ပျက်တာပဲ၊ ဝေဒနာ အလတ်စားတွေကော (ပျက်ပါတယ်)၊ ဝေဒနာ အကြီး တွေကော (ပျက်ပါတယ်)။

မီးကို နမူနာထားတာကိုးဗျ (မှန်ပါ့) မီးဟာ ကြည့်စမ်း ဒကာ ဒကာမတို့၊ မြက်ငယ် ကလေးတွေကော မလောင်ဘဲနဲ့ ရှပ်သွားသလား (လောင်ပါတယ်)၊ မြက်လတ်တွေကော (လောင် ပါတယ်)၊ မြက်ကြီးတွေကော (လောင်ပါတယ်)၊

သစ်ပင်ငယ် တွေကော (လောင်ပါတယ်)၊ သစ်ပင် လတ်တွေကော (လောင်ပါ တယ်)၊ သစ်ပင် ကြီးကြီးတွေကော (လောင်ပါ တယ်)

တောမီးသာ ဆိုရင် ဘယ်သူ့ရှောင်သေးသတုံး (ဘယ်သူ့မှ မရှောင်ပါဘူး)။ အကုန် ရှိသမျှ တောက်လျှောက် သိမ်းပြီး လောင်တာပဲ (မှန်ပါ့) တစ်ခါတည်း လေတိုက် သလို လောင်ချတာပဲ ဒကာသိုက် မြင်ဖူး ပါလိမ့်မယ်ဗျာ (မြင်ဖူးပါတယ် ဘုရား)၊ ဘာများ ချန်ထား ခဲ့သေးသလဲ (ဘာမှမချန်ခဲ့ပါဘူး ဘုရား)။

ဇရာ မရဏ မီးလောင်လို့ပျက်တယ်

မီးဟာ ဘာမှ မချန်ခဲ့သလို ဒီမှာလည်း ဉာဏ်ထဲမှာ ကြည့်လိုက်လို့ ရှိရင်ဖြင့်၊ ဒုက္ခငယ် ကလေးလည်း ဇရာ မရဏ မီးလောင်လိုက်တာ ပျက်သွားတာပဲ (မှန်ပါ့)

ဒုက္ခ အလတ်စား တွေကော (ပျက်သွားပါတယ်)။ ဇရာ မရဏ မီးလောင်လိုက် တာ ပျက်သွားတာပဲ။ သဘောကျပလား (ကျပါပြီ) ဒုက္ခကြီးတွေကော (ပျက်သွားတာပဲ) ဇရာ မရဏမီးလောင်ရင် ပျက် သွားတာပဲ (မှန်ပါ)၊

အလိုလို ပျက်တာဟုတ်ရဲ့လား (မဟုတ်ပါ ဘူး)၊ ဇရာ မရဏမီးလောင်လို့ ပျက်တာချည်းပဲ (မှန်ပါ)။

သူ့စိတ်ထဲအကုန်ထင်လာတယ်

အဲဒီမှာ ဉာဏ်ကကြည့်ပြီး သူက ဟိုမီးတွေကြည့် လေလေ မြက်ငယ် ကလေးတွေ လောင်တာ ကြည့်။ မြက်ကြီး တွေ လောင်တာ ကြည့်။ မြက်လတ်တွေ လောင်တာကြည့်။ အကုန် လောင်တာ ပါလား အကုန်လောင်တာပါလား အကုန်လောင် တာပါလား။

ဒီလိုပဲ ကိုယ့်သန္တာန်ကြည့်လိုက်တဲ့ ဝေဒနာကလေး တွေဟာလည်း ပေါ်စ ဝေဒနာ ကလေးတွေလည်း ပျက်သွား တာပဲ။ တော်တော် ကျင်စ ဝေဒနာကလေးလည်းပျက်၊ တော် တော်ကျင် လာတာကြီးလည်း ပျက်သွားတာပဲ။

အင်မတန် ကျင်လာတာကြီးတွေကော (ပျက်တာပါပဲ)။ ပျက်တာချည်းပဲ ဆိုပြီး သကာလ တောမီး အကုန် လောင်သလို သူ့စိတ်ထဲမှာ အကုန် ထင်လာတာကိုး (မှန်ပါ)။

မမေ့နဲ့ သတိနဲ့ ရှုနေလို့ဘုရားကမှာတယ်

အဲဒီတွင် ဘုရားသခင် ကိုယ်တော်မြတ်က ငါ၏ တပည့်သားကဖြင့်၊ တောမီး နမူနာ ထားပြီး သကာလ ယခု ရှုလိုက် တာသည်ကားလို့ ဆိုရင်ဖြင့် သတိ မလွတ်တဲ့အတွက် အတော် ကလေး ခရီး ပေါက်လာပါပေါ့လား (မှန်ပါ)၊ ကျောင်းတော် ကနေ ကြည့်နေတယ် (မှန်ပါ)၊

အဝေးကြီး , အဝေးကြီး။ ကျောင်းတော်နဲ့ ဒီကိုယ်တော်ကလေး တောခုလပ်မှာ တောင် ပေါ်တက်ပြီး တောင်ပေါ်က နေပြီး မီးတွေကြည့်ပြီး ခန္ဓာတွေ ကြည့်နေတာနဲ့ဟာ အဝေးကြီး (မှန်ပါ)၊

အဲဒီတွင်မှ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက “အပ္ပမတ္တာ သဒါ ဟောထ၊ သစိတ္တ မနုရက္ခထ” မမေ့နဲ့ပေါ့နော် မမေ့နဲ့။ သတိကလေး ကြည့်နေ သတိနဲ့ ကြည့်နေ ဟုတ်လား (မှန်ပါ)။

“သံယောဇနမဏုံ ထူလံ၊ ဂဟံ အဂ္ဂိံဝ ဂစ္ဆတိ” ဟင်း သံယောဇဉ်တွေကို မင်းရဲ့ သတိ ပညာ ကလေးတွေက အကုန် လောင်နေပြီကွ။

မင်းရှုနေတဲ့ ဥစ္စာသည် သံယောဇဉ် လောဘ အငယ် ကလေးတွေလည်း အကုန် လောင်နေပြီ။ ဒေါသငယ် ကလေးတွေလည်း အကုန် လောင်နေတယ်။

မဂ်မီးကလောင်ပစ်လိုက်ပြီ

မင်းက ဝေဒနာ ကလေးတွေလည်း အသေး ကလေးတွေရှု၊ အလတ်ကလေးတွေရှု၊ အကြီးတွေ လည်းရှု၊ မီးလောင်သလို လောင်တာ ကလေးတွေ မင်းရှုနေတာနဲ့၊ မင်း သန္တာန်မှာ ကိလေသာ အငယ် ကလေးတွေလည်း မဂ်မီးလောင်ဟ။

ကိလေသာ အလတ်ကလေး တွေလည်း မင်းရှုနေတဲ့ မဂ်မီးက လောင်ပစ်လိုက်ပြီတဲ့။ ရိပ်မိပါလား (ရိပ်မိပါပြီ ဘုရား)။ ကိလေသာ အကြီးစားတွေလည်း မင်းရှုနေတဲ့မဂ်မီးက လောင် ပစ်လိုက်ပြီဟေ့ တဲ့။ ဘုရားက ကျောင်းပေါ် ကနေ ဟော နေတာကိုး (မှန်ပါ)။

ကိလေသာတွေ ဉာဏ်မီးကြောင့်လောင်ကုန်ပြီ

ကိုင်း မောင်စိန်ထွန်း ဘယ့်လောက် အဖိုးတန်သလဲ (တန်ပါတယ် ဘုရား)၊ မင်းကြည့်နေတဲ့ မီးက မြက်ငယ်ကလေး တွေလည်း လောင်တယ်၊ မြက်ကြီးတွေလည်း လောင်တယ် သစ်ပင်ကြီး တွေလည်း လောင်တယ်လို့ မင်းရှုနေသဖြင့်

မင်း ကလည်း ဒါတွေ နမူနာထားပြီး ဝေဒနာ အငယ်ကလေးတွေ လည်း ပျက်တာပဲ၊ ဝေဒနာ အလတ်လည်းပျက်တာပဲ၊ ဝေဒနာ အကြီးလည်း ပျက်တာပဲ။ မင်းက ဒါတွေကိုဉာဏ်ကလေးနဲ့ ရှုနေတော့၊ မင်းရှုနေရင်း မတ္တနဲ့ ကိလေသာ အငယ်ကလေး တွေလည်း လောင်ပြီကွလို့ ဘုရားက သိမ်းဆည်း ပေးတယ် (မှန်ပါ)

မင်းရှုနေတဲ့အတွက် ကိလေသာ အငယ်စား ကလေး တွေလည်း မဂ်မီးက လောင်လို့ ပြောင်ပြီကွ။ ကိလေသာ အလတ် စားတွေလည်း မဂ်မီးက လောင်လို့ပြောင်ပြီကွ။

ကိလေသာ အကြီးစားတွေလည်း မင်းရှုနေတဲ့ ဉာဏ်မီးကြောင့် လောင်ကုန်ပြီကွ၊ ကြိုးစားလိုက် ကြိုးစားလိုက် ငါ၏ ချစ်သား ကြိုးစားလိုက်ဆိုပြီး ကျောင်းတော်က နေပြီး အားပေးတယ်။ (မှန်ပါ)။

သတိထားပြီး ဉာဏ်အားနဲ့ရှုလိုက်တယ်

ဒီကလည်း အကုန်ကြားပြီး နေတယ် (မှန်ပါ) ဒီက အကုန်ကြားပြီး နေတော့ ဘုရားကလည်း အားပေး၊ သူကလည်း ရှုအားက သတိထားပြီး ဉာဏ်အားနဲ့ ရှုလိုက်တဲ့ အခါကျတော့၊

မောင်ထွန်းလှိုင် အဲဒီနေရာတင်ပဲ တောမီးပုန်းရင်း တောမီး ကာကွယ်ရင်း၊ တောမီးကြောင့် တောင်ပေါ် တက်ပြီး တောမီး နမူနာ ထားပြီးသကာလ ဝေဒနာ ဖြစ်ပျက်တွေကို ရှု ရှုပြီး သကာလ၊ ဝေဒနာ ဖြစ်ပျက်တွေကို ရှု ရှုပြီး သကာလ၊ ကိလေသာ အငယ်စား၊ အလတ်စား၊ အကြီးစားတွေရော မဂ်ဉာဏ်က အကုန် လောင်ပစ်တာကိုး (မှန်ပါ)

အဲဒီနေရာတွင်ပဲ ဒီကိုယ်တော် ရဟန္တာ ဖြစ်တယ် (မှန်ပါ) မောင်စိန်ထွန်း ဘယ်လောက် အဖိုးတန်တယ် ဆိုတာ သဘောကျပြီလား (ကျပါပြီ)။

ဒီနေရာမှာပဲရဟန္တာဖြစ်သွားတယ်

ဒါကြောင့် ‘‘အပ္ပမတ္တာသဒါ ဟောထ၊ သစိတ္တမနုရက္ခထ၊’’ အလုံးစုံ မိမိစိတ်ကိုဖြင့် သတိနှင့် အမြဲစောင့်ရှောက် ကြစမ်းပါ။

မေ့လျော့တဲ့ သဘောကလေးနဲ့ဖြင့် နည်းနည်းမှ မနေလိုက် ကြပါနဲ့တဲ့ ဟုတ်လား (မှန်ပါ)၊

‘‘သံယောဇန မဏုံထူလံ၊ ဂဟံအဂ္ဂိံဝ ဂစ္ဆတိ’’တဲ့ အငယ် အကြီးဖြစ်တဲ့ သံယောဇဉ် တို့သည် ကားလို့ ဆိုရင်ဖြင့်၊ မြက်မီးလောင်လို့ ပြောင် သလိုရှုတဲ့ ဉာဏ်မီးကလည်း သံယောဇဉ် အကြီးရော အငယ်ရော အလတ်ရော ပြောင်ပါလိမ့်မယ်။ ကြိုးစားလိုက်စမ်းပါ ကြိုးစားလိုက် စမ်းပါလို့ ဘုရားကလည်း အားပေး၊ သူကလည်း သတိထား ရှုတော့ ဒီနေရာမှာပဲ ရဟန္တာဖြစ်သွားတယ်။

သတိရှေ့ထားပညာကနောက်ကလိုက်

ဘယ်လောက် သတိ အရေးကြီးသတုံးတဲ့ (ကြီးပါ တယ်) အဲ သတိက ရှေ့သွားလိုက်တော့ ပညာကလည်း နောက်က လိုက်လာတာကိုး (မှန်ပါ)။

အဲဒီလို သတိကရှေ့ထား ပညာက နောက်ကလိုက်လာ တော့ ဒကာ ဒကာမတို့ ဒီကိုယ်တော် ကလေးမှာ တောထဲမှာ သုံးလလောက် အားထုတ်တာ တရားမရဘူး (မှန်ပါ)၊

လမ်းကျ မှ တောင်မီးလောင်လို့ တောမီး နမူနာ ထားပြီးတော့ ရှုလိုက် တာနဲ့၊ ခန္ဓာထဲက ကိလေသာ ဆိုတဲ့ တရားတွေဟာ အကုန် လောင်ကျွမ်းပြီး သကာလ ရဟန္တာ ဖြစ်သွားတယ်။

လောင်ပြီဟေ့ကြပ်ကြပ်ရှုပေး

ဘုရားက ကျောင်းတော်ကနေပြီး လောင်ပဟေ့ မင်းကြပ်ကြပ်ရှုပေး။ မင်းရှုတဲ့ ဉာဏ်ကလေးက ကိလေသာ အငယ်စားလည်း လောင်ပြီကွ ကိလေသာအကြီးစားတွေ လည်း ပြောင်ပြီပေါ့။ မလျှော့လိုက်နဲ့ သတိကလေး ကြပ်ကြပ် ထားရှုကွ လို့ဆိုပြီး ဘုရားက ကျောင်းတော်က နေပြီး ဒီကိုယ်တော်ကလေး ကြားနိုင်အောင် ဟောတော်မူတာကိုး (မှန်ပါ)။

အဲဒီကိုကြားလောက်အောင် ဟောတော့ ငါလုပ်နေတဲ့ အလုပ်ဟာ သိပ်မှန်တာပဲ၊ သတိထားတဲ့ အလုပ်ဟာ သိပ်မှန်တာပဲ။ သတိထားတာသည် မသေရာ သွားတာ။ သတိလွတ်လို့ ရှိရင် သေရာ သွားလိမ့်မယ်။ သတိ လွတ်လို့ရှိရင် သေရာသွား လိမ့်မယ်။

သတိနဲ့ပညာနဲ့တွဲပြီးလွှတ်လိုက်တယ်

သတိကိုပဲ သူက တစ်ခါတည်း မသေရာသွားတဲ့ သဘော ကိုပဲ ကြိုးစား လိုက်ပါတော့မယ် ဆိုပြီးတော့ သတိနဲ့ ပညာနဲ့တွဲပြီး လွှတ်လိုက်တော့ အငယ်စား ကိလေသာတွေကိုလည်း သတိ ပညာက လောင်ပစ်လိုက်။

အလတ်စား ကိလေသာတွေကို လည်း သတိပညာက လောင်ပစ်လိုက်တော့၊ အကြီးစား လောင် တယ်ဆိုကတည်းက အရဟတ္တမဂ် မရသေး ဘူးလား (ရပါတယ်) အဲဒီမှာ ဒကာ ဒကာမတို့ ရဟန္တာဖြစ် သွားတယ်ဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေကလည်း ဘယ်ဝေဒနာ ပေါ်ပေါ် ဘာလုပ်ရမလဲ (သတိထားရပါ တယ်) သတိထားလို့ ရှိရင် အပျက် မတွေ့ပေဘူးလား (တွေ့ပါတယ်)။

ဝိပဿနာဉာဏ်မဂ်ဉာဏ်ဆိုတာ

ကဲ သတိထားရင် အပျက် တွေ့တယ်ဆိုကတည်း က သတိထားလို့ အပျက်တွေ့တဲ့ ဉာဏ် ဆိုတာ သည်ကားလို့ဆို ရင် ဝိပဿနာဉာဏ် မဂ်ဉာဏ် ဆိုတာ အင်မတန် ထက်တဲ့ လောင်နိုင်တဲ့ မီးပါပဲ (မှန်ပါ)။

ဝိပဿနာဉာဏ် မဂ်ဉာဏ်တည်းဟူသော မီးထူး မီးဆန်း ကြီး ရထားတဲ့ အခါကျတော့ ကိလေသာ အမှိုက်သရိုက်တွေဟာ မောင်ထွန်းလှိုင် လောင်တာပဲ (လောင်ပါတယ်) ရိပ်မိပလား (ရိပ်မိပါပြီ)။

သတိသာထားရင် နိဗ္ဗာန်သို့ရောက်မယ်

ဒါဖြင့် သတိပညာ တည်းဟူသော မီးသည် ကိလေသာ အမှိုက်သရိုက်တွေကို လောင်စေ နိုင်သောကြောင့်၊ ကိလေသာ ရှိမှ သေရတာကို ဒကာ ဒကာမတွေ – ကိလေသာ အမှိုက် သရိုက်တွေ လောင်လိုက်သည် ဖြစ်လေ သောကြောင့် တို့ဖြင့် သတိသာ ထားလို့ ရှိရင်ဖြင့် ဘယ်တော့မဆို မသေရာ မှန် မြတ် နိဗ္ဗာန်သို့ သေသေချာချာ ရောက်မယ်ဆိုတာ တို့ဆုံးဖြတ်ချက် ချမယ်လို့ စိတ်ထဲမှာ ထားကြပါ (မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ)။

ကိုင်း ယနေ့ ဒီတွင်တော်ကြဦး။

သာဓု သာဓု သာဓု။