210

နိဗ္ဗာန်ရှာချင်ရင် ဘယ်နေရာမှာ ထိုင်ပြီး၊ ရှာရမှာတုံး

အသံဖိုင်ခေါင်းစဉ်= အဓိပတိသုံးပါးထား၍ တရား အားထုတ်ရန်နှင့် ဝေဒနာနှင့် တဏှာကြားတွင် နိဗ္ဗာန်ရှာရန် တရားတော်

စာအုပ်ခေါင်းစဉ်= နိဗ္ဗာန်ရှာချင်ရင် ဘယ်နေရာမှာ ထိုင်ပြီး၊ ရှာရမှာတုံး

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး အမရပူရမြို့၌

ဟောကြားတော်မူသောတရားတော်

နိဗ္ဗာန်ရှာချင်ရင် ဘယ်နေရာမှာ ထိုင်ပြီး၊ ရှာရမှာတုံး

(၁၃-၈-၁၉၅၈)

အားလုံးမြင်ကြပါလိမ့်မယ်၊ ဒီသုံးခုချထားတာ မမြင် ကြဘူးလား (မြင်ကြပါတယ် ဘုရား)။

တရားဆိုတာဝီရိယအားစိုက်မှရတယ်

တရားဆိုတာ ဆုတောင်းရုံနဲ့ မရဘူးလို့ မှတ်ထားကြ၊ ဝီရိယ အားစိုက်မှ ရတယ်လို့ မှတ်ထားကြ၊ ဝီရိယ အားစိုက်တဲ့ အခါကျတော့ မာန်ကလေးလည်း တက်ပေးရတယ်၊ ဒီမာန်သည် ကားလို့ ဆိုလို့ ရှိရင်ဖြင့် မာနတော့ မာနပဲတဲ့။

နိဗ္ဗာန်ကျေးဇူးပြုတဲ့မာန

မာနပင်ဖြစ်ငြား သော်လည်း နိဗ္ဗာန် ကျေးဇူးပြုတဲ့ မာနလို့ မှတ်ရတယ် (မှန်ပါ့) ကောင်းပြီ ဒါဖြင့် တစ်နေ့က တစ်ခါပြောခဲ့ တယ်၊ အခုတစ်ခါ မှတ်မိအောင်လို့ ထပ်ပြီးပြောပြမယ်။

တရားအားထုတ်တဲ့ပုဂ္ဂိုလ်များမှာ ဖြစ်ပျက်ကိုရှုတဲ့ ပုဂ္ဂိုလ် များမှာ

၁။ မိမိကိုယ်ကို အကြီးအကဲထား၍ အားထုတ် ရမယ် (မှန်ပါ့)၊ ဘာတဲ့တုံး (မိမိကိုယ်ကို အကြီးအမှူး ထား၍ တရား အားထုတ်ရပါမယ်)။

၂။ သူတစ်ပါးကို အကြီးအကဲထား၍ လည်း တရား အားထုတ်ရမယ် (မှန်ပါ)။ ၂-နံပါတ်က ဘာတဲ့ (သူတစ်ပါးကို အကြီး အကဲထား၍ တရား အားထုတ်ရပါမယ်)။

၃။ မြတ်စွာဘုရား တရားတော်ကို အကြီးအကဲ ထား၍ လည်း တရား အားထုတ်ရမယ် (မှန်ပါ့)။ ၃-နံပါတ်ကဘာတဲ့ (မြတ်စွာဘုရား တရား တော်ကို အကြီးအကဲထား၍ တရား အားထုတ်ရပါမယ်)။

အဓိပတိထားရမယ်

အကြီးအကဲ ဆိုတာ အဓိပတိထားရမယ် (မှန်ပါ)။ တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်မှာ ဤအတိုင်း လာတဲ့အတွက် ဒကာ ဒကာမတွေအား ထပ်ပြန်ပြီး သတိပေး လိုက်ပါတယ် (မှန်ပါ)။

ဤသုံးခုနဲ့ ကြိုးစားကြမယ် ဆိုလို့ရှိရင်ဖြင့် ဒကာကြွယ်တို့ ဒကာသိုက်တို့ နေရာကျပါလိမ့်မယ် (မှန်ပါ ဘုရား)။ လိုရာခရီး ပေါက်ရောက် ပါလိမ့်မယ် (မှန်ပါ ဘုရား)။

တရားအားထုတ်တဲ့ပုဂ္ဂိုလ်များ

မိမိကိုယ်ကို အကြီးအကဲထား၍ တရားအားထုတ်ရမယ် ဆိုတဲ့ ၁-နံပါတ်ကို ပြောပါမယ်။

၁-နံပါတ်က ဘာပါလိမ့်မလဲလို့ မေးလို့ရှိရင် မိမိကိုယ်ကို အကြီးအကဲ ထားပြီး တရား အားထုတ်ရမယ်။

မိမိ တရားအားထုတ်တာသည် စားစရာမရှိလို့ တရား အားထုတ်ကြတာလည်း မဟုတ်ဘူး။ ဝတ်စရာမရှိလို့ (တရား အားထုတ်တာလည်း မဟုတ်ပါဘူး)။ နေစရာ အိမ်မရှိလို့ (တရား အားထုတ် တာလည်း မဟုတ်ပါဘူး)။ ဟိုဘ၀ ဒီဘဝ ရောက်ချင်လို့ (တရား အားထုတ်တာလည်း မဟုတ်ပါဘူး)။

အဲဒီလိုစိတ်ထဲမှာ က်မေ့ရမယ်။ ဪ- ဝတ်စရာ၊ စားစရာ၊ နေစရာ ထိုင်စရာ၊ ဟိုဘ၀ ဒီဘဝ လိုချင်လို့ တရာအား ထုတ်တာ မဟုတ်ဘူး၊ ဇာတိ ဇရာ မရဏ ဆိုတဲ့ ဘေးသုံး ဘေးကို မတွေ့ချင် မကြုံချင်လို့ တရား အားထုတ်တာ (မှန်ပါ)။

ကိုယ့်ကိုယ်ကိုမြှောက်ပင့်ပြီးထားရမယ်

အဲဒီတော့ မိမိကိုယ်ကိုမြှောက်ပင့်ပြီး သကာလ ထား ရမယ် (မှန်လှပါ)။ ငါအားထုတ်တာသည် စားစရာမရှိလို့ အားထုတ်တာ မဟုတ်ပါဘူး။ မိမိကိုယ်ကို အဓိပတိတင်ရမယ် (မှန်ပါ)။

ဝတ်စရာမရှိလို့ တရား အားထုတ်တာ မဟုတ်ဘူး။ နေစရာ ထိုင်စရာမရှိလို့ (တရား အားထုတ်တာ မဟုတ်ပါ ဘူး)။ ဟိုဘ၀ ဒီဘဝ ရောက်ချင်လို့ (တရားအားထုတ်တာ မဟုတ်ပါဘူး)။ ဇာတိ ဇရာ မရဏ တို့ကို ကျော်လွန်ချင်လို့ တရား အားထုတ်တာ (မှန်ပါ)။

ဝီရိယပြင်းထန်ပြီးမဂ်ဉာဏ်ပေါ်နိုင်တယ်

ဤကဲ့သို့ စိတ်ထဲမှာထားပြီး သကာလ ဇာတိ ဇရာ မရဏ ကိုသာလျှင် ကျော်လွန်ချင်လို့ အားထုတ်တာ။ တခြားသော အကြောင်း ဘာမှမရှိဘူး။ ဒါကိုသာလျှင် လိုချင်တာ အဓိကပဲဆိုပြီး အားထုတ်လို့ ရှိရင် မိမိကိုယ်ကို အဓိပတိ ထားပြီး သကာလ၊ အကြီးအကဲ ထားပြီး သကာလ၊ အားထုတ်တဲ့ အတွက် ဝီရိယပြင်း ထန်ပြီး သကာလ မဂ်ဉာဏ် ပေါ်နိုင်တယ် (မှန်ပါ)။

ဝီရိယပြင်းထန်ပြီး ဘာတဲ့ (မဂ်ဉာဏ် ပေါ်နိုင်ပါ တယ်)။ ဒါက ဘယ်သူ့ အဓိပတိ ထားတာပါလိမ့် (ကိုယ့်ကိုယ် အဓိပတိ ထားတာပါ)။

၁-နံပါတ်သဘောကျပြီလား (ကျပါပြီ)။

ဇာတိ ဇရာကို ကြောက်လို့တရားအားထုတ်တာ

အဲဒီတော့ တရား အားထုတ်ရင်းများ ဒကာ ဒကာမတွေ သန္တာန်မှာ၊ အားမထုတ်ချင်တဲ့ ဝီရိယများ လျှော့လာလို့ ရှိရင် မင်းသည် စားစရာ မရှိလို့ တရား အားထုတ်တာ မဟုတ်ဘူး။ ဝတ်စရာ မရှိလို့ တရား အားထုတ်တာ မဟုတ်ဘူး။

နေစရာ , ထိုင်စရာ မရှိလို့ တရားအားထုတ်တာ မဟုတ်ဘူး။ ဟိုဘ၀ ဒီဘဝ၊ ရောက်ချင်လို့ တရား အားထုတ်တာ မဟုတ်ဘူး။

မင်းသည်ကား လို့ဆိုရင် ဇာတိ ဇရာ မရဏကို ကြောက်လွန်း ရွံ့လွန်း မုန်းလွန်းလို့ မတွေ့ချင် မကြုံချင်လို့ တရား အားထုတ်တာပဲ ဆိုပြီး သကာလ ဝီရိယ ပြင်းထန်ပြီး အားထုတ်လို့ ရှိရင်ဖြင့်၊ ဒီဘဝ မဂ်ဉာဏ် ဖိုလ်ဉာဏ် ရ၍ ဒုက္ခခပ်သိမ်း ငြိမ်းပါလိမ့်မယ်လို့ ဘုရားက ၁နံပါတ် အဖြေ ပေးလိုက်တယ် (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။

ဘာများ အဖြေပေးလိုက်ပါလိမ့် (မိမိကိုယ်ကို အဓိ ပတိထားရပါမယ်)။ မိမိကိုယ်ကို အဓိပတိ ထားပြီး အားထုတ် လို့ရှိရင်ဖြင့် ဒီဘဝ ကိစ္စပြီးလိမ့်မယ်လို့ အဖြေပေး လိုက်ပါတယ် (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ)။

၂-နံပါတ်အဖြေ သတိထားပါ။ ထပ်ဟောတာ ဒကာမ တွေ။ ၂-နံပါတ်အဖြေက သူတစ်ပါးကို အကြီးအကဲ ထား၍ တရား အားထုတ်ရမယ် (မှန်ပါ)။

သူတစ်ပါးအကြီးအကဲထားပါ

ပထမ ကိုယ့်ကိုယ်ကိုတော့ဖြင့် ငါသည်စားစရာ သောက် စရာ၊ နေစရာ ဝတ်စရာမရှိလို့ တရား အားထုတ်သည်မဟုတ်ဘူး။ ဟိုဘ၀ ဒီဘဝလိုချင်လို့ တရား အားထုတ်သည် မဟုတ်ဘူးဆိုပြီး တရား အားထုတ်တယ်တဲ့။

ထိုကဲ့သို့ အားထုတ်နေတုန်း ဦးလှဖူးတို့၊ ဒကာသိုက်တို့၊ ဒကာကြွယ်တို့ လိုချင် ရချင်တဲ့ စိတ်ကလေး ပေါ်မယ်ဆိုပါတော့ (မှန်ပါ)။ ဗျာပါရ ဆိုတဲ့ ကြောင့်ကြမှုတွေ ဝင်လာတယ်ဆို ပါတော့၊ စားရေး သောက်ရေး၊ နေရေး ထိုင်ရေး၊ တိုင်းရေး ပြည်ရေးတွေနော် (မှန်ပါ)။

ဝိဟိံသ ဝိတက်ဆိုတဲ့ သူတစ်ပါး ညှဉ်းဆဲ ချင်တဲ့ ဝိတက် ပေါ်လာမယ်ဆိုပါတော့။ အားထုတ် ရင်း ကြားထိုး လာမှာပေါ့ဗျာ (မှန်ပါ)။

အားထုတ်ရင်း ကြားထိုးလာခဲ့လို့ရှိရင် ဒကာ ဒကာမ တွေ၊ ေဩာ် မင်းသည်ကားလို့ဆိုရင် အရှက်အကြောက် မရှိလိုက်တာ လို့ ကိုယ့်ကိုယ်ကို မြည်ပါ တွန်ပါတဲ့ (မှန်ပါ)။

ဘယ်လိုမြည်ရ တွန်ရမှာတုံး (မင်းသည်ကားလို့ ဆိုရင် အရှက်အကြောက် မရှိလိုက်တာလို့ မြည်ရ တွန်ရပါမယ်)။

မင်းသည် အရှက်အကြောက် မရှိဘူး။ မင်းမှာကြည့်စမ်း၊ ကာမဝိတက်ဆိုတဲ့ လောဘ ဝင်လာတယ်၊ ဗျာပါဒဝိတက်ဆိုတဲ့ ဒေါသအနုစားဝင်လာတယ်။ ဝိဟိံသ ဝိတက်ဆိုတဲ့ ဒေါသ အကြမ်းစား ဝင်လာတယ်။

မင်းတရား အားထုတ်နေတာ ကြည့်စမ်း၊ မင်းလာတဲ့ ဝိတက်တွေက သူတော်ကောင်း အလုပ် ဟုတ်ပါရဲ့လားလို့ ကိုယ့်ကိုယ်ကိုမေး (မှန်ပါ)။

မင်းရဲ့ ကိုယ်စောင့်နတ်ကသိတယ်

အဲဒီတော့ မင်းက ထိုင်ပုံကတော့ သူတော်ကောင်း အလုပ်။ သူများက ကြည့်လိုက်ပြန်လည်း သူတော်ကောင်း အလုပ်။ မင်းဝမ်းထဲ ရှိတာတွေကတော့ လောဘရယ်၊ ဒေါသ အနုစားရယ်၊ ဒေါသ အကြမ်းစားရယ် ဝင်လာတယ်။

မင်းနှယ်ကွာ အရှက်အကြောက်မ ရှိလိုက်တာ။ မင်းက မသိဘူးထင်နေတယ်။ မင်း ကိုယ်စောင့်နတ်က သိတယ်။ မင်း တရား အားထုတ်တာ မဟုတ်ဘူး ဆိုတာ (မှန်လှပါ ဘုရား)။ သဘောကျပြီလား (ကျပါပြီ။)

ဘယ်သူက သိသတဲ့ (ကိုယ်စောင့်နတ်က သိပါ တယ် ဘုရား)။ ကိုယ်စောင့်နတ်က သိတယ် ဆိုတော့ ကိုယ့် ဟာကိုယ် ကြောက်လာတယ်။ ရှက်လာတယ် (မှန်ပါ)။ မင်းကိုယ်စောင့် နတ်က သိတယ်။ သူတစ်ပါး စိတ်ကို သိတယ်တဲ့ နတ်တွေက သိတယ်လို့ သူ့ကို မြည်တွန်ပေးရမယ် (မှန်ပါ)။

လောကကြီးထဲမှာမင်းမရှက်ဖူးလား

ဒါတင်မက သေးဘူးကွ။ အဘိညာဉ်ရတဲ့ ပုဂ္ဂိုလ်တွေက မင်းတရား အားထုတ်တယ် ဆိုပေမယ့် မင်းသန္တာန်မှာ ဝိတက်တွေ ဗရပွေနဲ့ အကုသိုလ် ချေးတွေ ကပ်နေတယ်ဆိုတာ မင်းကိုမြင်ကြ ပါတယ် (မှန်ပါ)။ ဆိုပြီး သူတစ်ပါး ငဲ့ပြီး သကာလ အလုပ် လုပ်နေတာက သူတော်ကောင်း အလုပ်၊ ဝင်လာတဲ့ တရားတွေက လောဘ၊ ဒေါသ အနုစား အရင့်စားတွေ ဝင်လာတယ်။ ဒါကြောင့် မင်းသည်ကား လို့ဆိုရင် အရှက်အကြောက် မရှိတဲ့ ပုဂ္ဂိုလ်ပဲ။

လောကကြီးထဲလည်း မင်းမရှက်ဘူး၊ သူမြင် ငါမြင်လည်း မင်းမရှက်ဘူး။ သံသရာ ကိုလည်း မင်းမကြောက်။ မင်းဟာ တယ်ဖျင်းပါကလား ဆိုပြီး သကာလ ဒါတွေကို ဖြစ်ပျက်ရှုပစ်ပါ (မှန်လှပါ ဘုရား)။

ဝင်လာသမျှဖြစ်ပျက်ရှု

လောဘ ဝင်လာရင် (ဖြစ်ပျက်ရှု ရပါမယ်)။ ဒေါသ အနုစားဝင်လာရင် (ဖြစ်ပျက်ရှုရပါမယ်)။ ဒေါသခပ်ကြမ်း ကြမ်းဝင်လာရင် (ဖြစ်ပျက်ရှု ရပါမယ်)။ ဖြစ်ပျက် ရှုလိုက်တဲ့ အခါကျတော့ အနိစ္စနဲ့ မဂ္ဂဖြစ်သွားတယ် (မှန်ပါ)။

ဒီလိုဝင်လာတဲ့အချိန်မှာ ဒီလိုဖြတ်ပြီး ရှုလိုက်လို့။ ဝီရိယ တိုးပြီး ဆရာဘုန်းကြီး ပြောတဲ့အတိုင်း ရှုလိုက်လို့ ရှိရင်လည်း သူတစ်ပါးကို ရှက်တာ၊ သံသရာကို ကြောက်တာနဲ့ပဲ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ဒကာကြွယ် ဆိုက်သွားသတဲ့ဗျ (မှန်ပါ)။

ကဲ ပြင်တတ်ကြပြီလား (ပြင်တတ်ပါပြီ ဘုရား)။ ဒါက သူတစ်ပါးကို အဓိပတိထားပြီး ကြိုးစားတာ (မှန်ပါ)။ဘေးက လူတွေ၊ နတ်တွေ၊ ဗြဟ္မာတွေ၊ သူတစ်ပါးစိတ် သိတာတွေ ဒီဟာတွေကို ငဲ့ကွက်ပြီး၊ ကြောက်ရှက်ပြီး သကာလ ဒကာကြွယ် အားထုတ်တာ ပါပဲ (မှန်ပါ)။

ဒါဖြင့် သူတစ်ပါးကို အကြီးအကဲထား၍ တရား အားထုတ်လို့ရှိရင်လည်း ဒီဘဝ မဂ်ဉာဏ် ဖိုလ်ဉာဏ်ရပြီး ဒုက္ခခပ်သိမ်း ငြိမ်းနိုင်တယ်လို့ ဘုရားက ဟောပြန်တယ် (မှန်ပါ)။ ဘယ်နှစ်ချက် ရှိသွားပြီလဲ (နှစ်ချက် ရှိသွားပါပြီ)။

ရန်သူကို ချေမှုန်းပစ်နေတာ

မှတ်ကြပါ မှတ်ကြပါ ဒကာ ဒကာမတို့၊ ဒီဟာ အား ထုတ်တိုင်း ဝင်တဲ့ ရန်သူကို ချေမှုန်း ပစ်နေတာလို့ မှတ်လိုက် စမ်းပါ (မှန်ပါ ဘုရား)။ ဒကာကြွယ် အရေး မကြီးဘူးလား (ကြီးပါတယ် ဘုရား)။

ဒိပြင်အချိန်မှာတော့ တောထနေလို့ လာမှန်း မသိပါဘူး။ အခုတော့ တောရှင်းတုန်း ပေါက်လာတာ ဖြစ်လေ သောကြောင့် သာပြီး အရုပ်ဆိုးတယ်ဆိုတဲ့ အဓိပ္ပါယ် ပြောရပါတယ် (မှန်ပါ)။

၃-နံပါတ်က မြတ်စွာဘုရား တရားတော်ကို အဓိပတိ အကြီးအကဲ ထားပြီး ကြိုးစားပါတဲ့ (မှန်လှပါ) ရှင်းကြ ပြီလား (ရှင်းပါပြီ ဘုရား)။

တရားတော်ကို အဓိပတိထားပါ

၃-နံပါတ်က ဘာတဲ့ (မြတ်စွာဘုရား တရားတော်ကို အဓိပတိ ထားပြီး ကြိုးစားရပါမယ် ဘုရား)။

အဲဒီတော့ကို တရားအားထုတ်ပါ။ တရား အားထုတ် တော့ကို ကိုယ့်ကိုယ်ကို ရှေးဦးစွာ မာန ကလေး ထားလိုက်တော့ မင်း သည် စားစရာ၊ ဝတ်စရာ၊ နေစရာ၊ ထိုင်စရာ ဟိုဘ၀ ဒီဘဝ ရချင် ရောက်ချင်လို့ မင်းတရား အားထုတ်တာ မဟုတ်ဘူး။

မြတ်စွာဘုရား ဟောတော်မူတဲ့ သွာက္ခာတော ဘဂတာ ဓမ္မော ဆိုတော့၊ မြတ်စွာဘုရား ဟောတော် မူတာက ကောင်းစွာ ဟော တော်မူတဲ့တရား။

သန္ဒိဋ္ဌိကော ဆိုတာ ကိုယ်တိုင်မြင်တဲ့ တရား။ အကာလိကော ဆိုတာက အခုမဂ်ရရင် အခု ဖိုလ်ရတယ် လို့ ပြောတာ (မှန်ပါ)။ အခု ဝိပဿနာမဂ် ဝင်လာရင် အခု ပဋိစ္စသမုပ္ပါဒ် ပြတ်တယ်လို့ ပြောတာ (မှန်ပါ)။ သဘောကျ ပြီလား (ကျပါပြီ)၊

ပျင်းရိနေရင်ဘယ်မှာရမှာတုံး

အဲဒီတော့ကို မြတ်စွာဘုရားက ကောင်းစွာ ဟောတော်မူ တဲ့တရား ကိုယ်တိုင် မြင်ရမယ်လို့ ဟောတယ် (မှန်ပါ)။ မင်းက ဒီလိုပျင်းရိပြီး သကာလ နေလို့ရှိရင် ဘယ်မှာရမတုံး။ ကောင်းစွာ ဟော တော်မူတဲ့ တရားကို ပျက်တာပါပဲ(မှန်ပါ)။ ကိုယ့်ကိုယ်ကို ဆုံးမပါ (မှန်ပါ)။

ကောင်းစွာဟောတဲ့ တရားဟာလည်း မင်းသည် တရား အားထုတ်ရင်း တောင်စိတ် မြောက်စိတ်တွေ ဝင်လာလို့ ရှိရင် မင်းအတွက် မှာတော့ ကောင်းစွာ ဟောတော်မူတဲ့ တရားဟာ လည်း အချည်းနှီး ဖြစ်နေတာပဲ (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။

မင်းအပြစ်ဟာတယ်ကြီးပါလား

ကိုယ်တိုင် မြင်ရမယ်လို့ ဟောတာလည်း မင်းမမြင်ဘူး ဆိုတော့၊ မင်းကျမှပဲ ဘုရား ဟောတော်မူတဲ့ တရားသည်ကားလို့ ဆိုရင် အချည်းနှီး ဖြစ်နေတော့၊ ဘုရားသည် နှစ်ခွန်းသော စကား ကို မသုံး။ တစ်ခွန်းတည်းနဲ့ အမှန်သုံးတဲ့ ကိုယ်တော် တရား တောင် မင်းကျတော့ အချည်းနှီး ဖြစ်ရတယ် ဆိုတော့ မင်းအပြစ် ဟာ တယ်ကြီးပါလား။ တရားကို အဓိပတိထားရမယ် (မှန်ပါ)။

တရားက ဒီလိုရှိပါလျက်သားနဲ့ မင်းမှာမရဘူးဆိုတဲ့ ဥစ္စာ မင်းဖျင်းလို့၊ မင်းပျင်းလို့၊ မင်းနေရာ မကျလို့ဖြစ်တာ (မှန်ပါ)။ စွဲချက် တင်ရမနော် (တင်ရပါမယ် ဘုရား)။ ဘယ်သူ့ စွဲချက် တင်ရမှာပါလိမ့် (ကိုယ့်ကိုယ်ကို တင်ရမှာပါ)။

တရားကအမှန်ခေါ်တတ်တဲ့တရား

အဲဒါ ဒကာ ဒကာမတွေက ပြောလိမ့်မယ်။ တပည့် တော်တို့ အားထုတ် နေတာဘုရား ဖြစ်ပျက် ကလေးတွေ တောင် မတွေ့သေးပါဘူး ဆိုလို့ရှိရင်ဖြင့်၊ ဘုရား ဟောတော်မူတဲ့ တရားက ကောင်းစွာ ဟောတော်မူတဲ့တရား။

မြင်ရမယ်လို့ ဟောတာ (မှန်ပါ)။ သန္ဒိဋ္ဌိကော ဆိုတာ ကိုယ်တိုင်မြင်ရ မယ် မဟုတ်လားဗျာ (မှန်လှပါ)။ အ ကာလိကော- အခါ မလင့် အကျိုးပေးရမယ်။ ချက်ချင်း မဂ်ပေါ်ပြီး ချက်ချ နိဗ္ဗာန် ရရမယ် (မှန်ပါ)။

ဧဟိပဿိကော တရားက ခဏခဏ ခေါ် ရတယ်။ သူ့ရှုပါ သူ့ရှုပါလို့ မခေါ်ဘူးလား (ခေါ် ပါတယ် ဘုရား)။

အဲဒီတော့ တရားက အမှန်ခေါ်တတ်တဲ့ တရား။ မင်းမှာ မမြင်ဘူး ဆိုလို့ရှိရင် မင်းဖြင့် ခေါ်ဖေါ် မရဘူး ဆိုတော့ မင်းအပြစ် ပဲ (မှန်လှပါ)။ တရား အားထုတ်တဲ့ ပုဂ္ဂိုလ်၏ အပြစ်ပဲလို့ ဆုံးဖြတ်ချက် ချလိုက်စမ်းပါ (မှန်လှပါ ဘုရား)။ ရှင်းပြီလား (ရှင်းပါပြီ)။

တစ်နည်းအားဖြင့်လည်း မင်းသည်ကားလို့ ဆိုရင် သူတစ်ပါးမှာ သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာတည် ကြသတဲ့၊ သွာက္ခာတော ဘဂဝတာ ဓမ္မော နဲ့ပဲ၊ သန္ဒိဋ္ဌိကော အကာလိကောနဲ့ပဲ သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာတွေ မဖြစ်ကြဘူးလား (ဖြစ်ကြပါတယ်)။

မင်းဖျင်းလို့၊ မင်းပျင်းလို့၊ သောတာပန်မဖြစ်တာ

သူများ ဖြစ်ကြပါလျက်သားနဲ့ မင်းကျမှကွာ ဘုရားဟော တော်မူတဲ့ တရားဟာ မဖြစ်ရဘူး ဆိုတာ မင်းပျင်းလို့၊ မင်းဖျင်းလို့ မဖြစ်တာ (မှန်လှပါ)။ ဒကာကြွယ် ဘယ်သူ့ကို စွဲချက် တင်ရမှာ တုံး (ကိုယ့်ကိုယ်ကို စွဲချက် တင်ရမှာပါ ဘုရား)။ တင်တတ်ကြ ပြီလား (တင်တတ်ပါပြီ ဘုရား)။

ကိုယ့်ကိုယ်ကို စွဲချက် တင်လိုက်စမ်းပါ။ သူတစ်ပါး ရပြီ။ တစ်မဂ် တစ်ဖိုလ်တွေ ရကြ၊ နှစ်မဂ် နှစ်ဖိုလ်တွေ ရကြ။ မဂ်လေးပါး ဖိုလ်လေးပါး ရကြနဲ့ မင်းမှာတော့ မရဘူးလို့ ဆိုနေလို့ဖြင့်၊ ဘုရားက ဟောတော်မူတဲ့ တရားက ကောင်းစွာ – တော်မူတဲ့ တရား၊ ရရမယ်လို့ ပြောထားတဲ့တရား။

မင်းနဲ့ တန်းတူတွေ အကုန် ရပါလျက်သားနဲ့ မင်းမရတာကတော့ဖြင့်၊ မင်းကိုက ဘုရား တရားကို သပိတ်မှောက် ထားပြီး သကာလ၊ မင်းက ထော်လော် ကန့်လန့် လုပ်နေတဲ့ အတွက် မရတာ၊ မင်းအပြစ်ပဲလို့ စွဲချက် တင်လိုက် (မှန်လှပါ ဘုရား)။

မင်းဝီရိယညံ့လို့မရတာ

စွဲချက် တင်လိုက်တော့မှ ကောင်းစွာ ဟောတော်မူတဲ့ တရား၊ ကိုယ်တိုင် မြင်ရမည့်တရား၊ အခါမလင့် အကျိုး ပေးရမည့် တရား၊ လာပါရှုပါလို့ ခေါ်တဲ့ တရား၊ ဤတရားတွေသည် မှန်ပါ လျက်သားနဲ့ မင်းမရတာ သည်ကားလို့ဆိုရင်၊

မင်းဝီရိယညံ့လို့ ဆိုပြီး သကာလ တရားတော်ကို အဓိပတိထားပြီး၊ တရားက ရရမယ် ဆိုလျက်သားနဲ့ မင်းမရတာ မင်းဝီရိယ ညံ့လို့ပဲ ဆိုပြီး ဝီရိယ တိုးချဲ့ပြီး သကာလ ဦးလှဖူးတို့၊ ဒကာသိုက်တို့၊ ဒကာကြွယ်တို့က ကြိုးစားလိုက်ပါ (မှန်လှပါ)။

ဒီလိုဆိုရင် ဇာတိ ဇရာ မရဏ ဆိုတဲ့ အိုဘေး နဘေး သေဘေးတွေဟာ အကုန် လွန်မြောက် ပြီး သကာလ တစ်မဂ် တစ်ဖိုလ် ဆိုက်ရမယ်လို့ အင်္ဂုတ္တိုရ် ပါဠိတော် မှာ ဟောတယ် (မှန်ပါ)။

ဒါဖြင့် ကိုယ့်ကိုယ်ကို အဓိပတိ ထားသဖြင့် လည်းကောင်း မဂ်ဖိုလ်ရမယ် (မှန်ပါ)။ သူတစ်ပါးကို ရှက်ကြောက် သဖြင့် လည်းကောင်း (မဂ်ဖိုလ် ရပါမယ်)။ မြတ်စွာဘုရား တရားတော်သည် ဧကန် ကောင်းကျိုးကို ပေးနိုင်တဲ့ တရား ဖြစ်သောကြောင့် ဤတရားကို ယုံကြည်သဖြင့် အားထုတ်လို့ ရှိရင် (မဂ်ဖိုလ်ရ နိုင်ပါတယ်)။ မဂ်ဖိုလ် ရနိုင်တယ် ဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ)။

ဒါကြောင့် အကြီးအမှူး ထားရမှာက အဓိပတိ ဘယ်နှမျိုး တုံး (သုံးမျိုးပါ ဘုရား)။

အဲဒီသုံးမျိုးနဲ့ ကြိုးစားလို့ရှိရင် ဘုန်းကြီးတို့ ဒကာ ဒကာမ တွေ ဒီဘဝ မဂ်ဆိုက် ဖိုလ်ဆိုက် ဒုက္ခခပ်သိမ်း ငြိမ်းပါလိမ့်မယ် (မှန်လှပါ ဘုရား)။ ရှင်းပြီလား (ရှင်းပါပြီ)။

ပဋိစ္စသမုပ္ပါဒ်စကြစို့

ကိုင်း-ဒါဖြင့် ထုံးစံအတိုင်း ပဋိစ္စသမုပ္ပါဒ် စကြစို့ (မှန်ပါ့)။ ပဋိစ္စသမုပ္ပါဒ် စတော့ ဒကာကြွယ် အားထုတ်မှု အစခိုင်း တာနော် (မှန်ပါ)။

ကိုင်း-ဒကာ ဒကာမတို့၊ ဒီဖက် နှစ်လုံးချလိုက် အဆုံး က ချလိုက်နော် (မှန်ပါ)။ အဆုံးက ချလိုက်တော့ တရားနာ တာ လေးရက်လောက် ရှိလာတော့ ဒီဘက်က ဘာပါလိမ့် (ဇရာ မရဏပါ ဘုရား)။ အိုတာနဲ့ သေတာပေါ့ဗျာ (မှန်ပါ)။ သူဟာ ဘာသစ္စာပါလိမ့် (ဒုက္ခသစ္စာပါ)။

အိုတာနဲ့သေတာသည်ဒုက္ခသစ္စာ

အိုတာနဲ့ သေတာသည် ဒုက္ခသစ္စာဆိုတော့ ခန္ဓာကိုယ် ထဲမှာ ဒီအိုမှု သေမှုလုပ်နေတဲ့ တေဇောရှိကြ – မရှိကြ (ရှိပါတယ် ဘုရား)။ ဒါဖြင့် လက်ရှိ ခန္ဓာကိုယ်ကြီး ဘာသစ္စာတုံး (ဒုက္ခသစ္စာ ပါ)။

ခန္ဓာကိုယ်ကြီး စမ်းကြည့်ပါဦး – ပူသေးတယ်မဟုတ် လား (မှန်ပါ)။ ပူရင် လောင်နေသေးလို့ပဲ (မှန်ပါ)။ ထင်းကုန် လို့ရှိရင် သူရှိပါ့ဦးမလား (မရှိပါဘူး)။ မရှိရင်ဖြင့် ထင်းကုန် လို့ရှိရင်ဖြင့် လောင်စာ ကုန်လို့ သူမရှိတော့ဘူး (မှန်ပါ)။ အဲဒီကျလာတော့ သေပြီလို့ မသမုတ်ကြ ဘူးလား (သမုတ် ပါတယ်)။အဲ – လူသေ ကျတော့ ဒကာကြွယ် အေးသွားတယ် (မှန်ပါ)။ တေဇောက ကုန်လို့ပေါ့ဗျာ (မှန်ပါ)။

ခန္ဓာကိုယ်သည် ဇရာ မရဏ

ကောင်းပြီ ဒကာ ဒကာမတို့ တရား နာနေတဲ့ ခန္ဓာကိုယ် ဟာ ဇရာ မရဏမှ ဟုတ်ပါရဲ့လား (ဟုတ်ပါတယ်)။ ဒါဖြင့် ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ)။ သူများလား မိမိခန္ဓာလား (မိမိခန္ဓာပါ ဘုရား)။

ကောင်းပြီ-ဒါဖြင့် ဒုက္ခက ဆင်းရဲတာ၊ သစ္စာက (အမှန်ပါ ဘုရား)။

ဒါဖြင့် အခု တရားနာနေတဲ့ ရုပ်နာမ်တွေသည် သေသေ ချာချာ စဉ်းစားတော့ အိုမှု သေမှုတွေ ရှိနေတဲ့ ခန္ဓာကြီးဖြစ်လေ သောကြောင့် ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ)။

ဉာဏ်ကမဂ္ဂသစ္စာ

ဒါဖြင့် ခန္ဓာက ဒုက္ခသစ္စာ (မှန်ပါ)။ အခုပြောတဲ့ ခန္ဓာထဲ ကြည့်ပြောတဲ့ ဉာဏ်က (မဂ္ဂသစ္စာပါ)။ ဒကာကြွယ် သစ္စာ ဘယ်နှစ်ပါးရသတုံး (နှစ်ပါးရပါတယ်)။

တရားနာနေတဲ့ခန္ဓာကြီးက ဘာတဲ့ (ဒုက္ခသစ္စာ ပါ)။ ကိုယ့်ဟာကိုယ် ပြန်ကြည့်တဲ့ဉာဏ်က (မဂ္ဂသစ္စာပါ ဘုရား) သဘောကျပြီလား (ကျပါပြီ)။

ကောင်းပြီ ဒကာ ဒကာမတွေ တရားနာစရှိသေးတယ်။ သစ္စာ ဘယ်နှစ်ပါး နားလည်ပြီလဲ (နှစ်ပါးပါ)။

ဒီသစ္စာနှစ်ပါးကို ဦးလှဖူးတို့ ဒကာသိုက်တို့၊ ဒကာကြွယ် တို့ ေဩာ် ဘဝသံသရာက ဒီသစ္စာ နှစ်ပါးသာ ရခဲ့မယ်ဆိုလို့ရှိ ရင်ဖြင့် အိုမှုကိုလည်း အိုရာ အိုကြောင်း အလုပ်တွေလုပ်ပါဦး မလား (မလုပ်ပါဘူး)။

သေရာသေကြောင်း အလုပ်တွေ (မလုပ်ပါဘူး)။ အခုတော့ အိုမှု သေမှုနဲ့ ကိုယ်ပိုင် နေရ သည ်ဖြစ် လေ သောကြောင့် လုပ်ခဲ့လို့နေရတာ (မှန်ပါ)။ ဒါဖြင့် ဒီလို ကို သစ္စာ မသိခဲ့ဘူး (မသိခဲ့ပါ ဘုရား)၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ယခုလက်ရှိ ခန္ဓာကြီးထဲ အိုမှုဆိုတဲ့ တေဇော၊ သေမှု ဆိုတဲ့ တေဇောရှိပါရဲ့လား (ရှိပါတယ် ဘုရား)။ နို့ အိုကော အိုရဲ့ လား (အိုပါတယ်)။ သေကော သေချာရဲ့လား (သေချာ ပါတယ်)။ ဒါကြောင့် လက်ရှိတရားနာနေတဲ့ ခန္ဓာကြီး ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ)။

ခန္ဓာကဒုက္ခသစ္စာ

ခန္ဓာက ဒုက္ခသစ္စာ။ ဆရာဘုန်းကြီးက ရှေ့က လမ်းပြလို့ ဒကာ ဒကာမတွေက ဉာဏ်နဲ့ ခန္ဓာကိုယ်ထဲ ကြည့်လိုက်တော့ ဒီဉာဏ်ကလေးက ဘာပါလိမ့် (မဂ္ဂသစ္စာပါ)။

ဒကာကြွယ် ရှေးကမရဖူးဘူး (မရဖူးပါဘူး)။ ဒကာ သိုက် (မရပါဘူး)။ နောက်က ဒကာ ဒကာမတွေ (မရခဲ့ပါ ဘူး)။ ရှေးက ရခဲ့မယ် ဆိုလို့ရှိရင်ဖြင့် အိုကြောင်း အလုပ်ကို လုပ် ဖြစ်ပါ ဦးတော့မလား (မလုပ်ဖြစ်ပါဘူး)။

သေကြောင်း အလုပ်ကော (မလုပ်ဖြစ်ပါဘူး)။ အအို အသေတော့ ဘယ်သူမှ ရှာမယ် မဟုတ်ဘူး (မရှာပါဘူး)။

ဪ ဒါဖြင့် ရှေးက မသိခဲ့လို့ပေါ့ဗျာ (မှန်ပါ)။ အခုတော့ ဘယ့်နှယ်နေ သလဲ (သိပါပြီ ဘုရား)။ သိတာက ဘာသစ္စာတုံး (မဂ္ဂ သစ္စာပါ)။ အိုရာ နာရာကြီးက (ဒုက္ခသစ္စာပါ)။ ရှင်းပြီလား (ရှင်းပါပြီ)။ ဒါဖြင့် သစ္စာ ဘယ်နှစ်ပါးသိသတုံး (နှစ်ပါးသိပါတယ်)။

သေပျော်ပါပြီ။ အင်မတန် အဖိုးတန်သွားပြီ (မှန်ပါ)။ ဒကာ ဒကာမတို့ အင်မတန် အဖိုးတန် သွားပြီ သစ္စာနှစ်ပါး ကိုယ်ပိုင်ရပြီ (မှန်ပါ)။

အိုသေဟာ ဘယ်ကလာသတုံး

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတွေ စဉ်းစားပါဦး။ အိုသေဟာ ဘယ်က လာသတုံးတဲ့ ဒကာ ဒကာမတွေ (ဇာတိက လာပါတယ် ဘုရား)

ဒါဖြင့် ဇာတိက လာတယ် ဆိုတော့ ဇရာ မရဏ ဖြစ်တယ် – (မှန်ပါ)။ ဒါဖြင့် ဇာတိက သမုဒယသစ္စာ (မှန်ပါ)။ ဇရာ မရဏ က (ဒုက္ခသစ္စာပါ)။

ဇာတိကသမုဒယသစ္စာ

အရင်တုန်းကတော့ ဒုက္ခသစ္စာ တစ်ပါးတည်း သိခဲ့တယ်။ အခုတော့ ဇာတိက ဘာတဲ့ (သမုဒယသစ္စာ)။ ဒကာသိုက် တို့၊ ဒကာကြွယ်တို့၊ ဦးလှဖူးတို့ သမုဒယသစ္စာ လည်း သိသွားပြီ

(မှန်ပါ)။ ခုနင်က နှစ်ပါးနဲ့ ပေါင်းတော့ တစ်ပါး တိုးမလာဘူးလား (တိုးလာပါတယ်)။

ဇာတိရှိလို့ဇရာ မရဏဖြစ်ရတယ်

ဒါဖြင့် သစ္စာ ဘယ်နှစ်ပါးသိရသလဲ (သုံးပါး သိရပါ တယ်)။ ဒကာကြွယ် မှန်လိုက်တာဗျာ (မှန်ပါ ဘုရား)။ နောက်က ဒကာ ဒကာမတွေ (ဇာတိက လာပါတယ် ဘုရား)။

ဒါဖြင့် ဇာတိက လာတယ် ဆိုတော့ ဇရာ မရဏ ဖြစ်တယ် (မှန်ပါ)။ ဒါဖြင့် ဇာတိက သမုဒယသစ္စာ (မှန်ပါ)။ ဇရာမရဏ (ဒုက္ခသစ္စာပါ)။

ဒါဖြင့် ဒကာ ဒကာမတို့၊ ဇာတိရှိလို့ ဇရာ မရဏဖြစ်ရ တယ် (မှန်ပါ)။ ဇာတိကြောင့် (ဇရာ မဏဖြစ်ရပါ တယ်)။

ဒါဖြင့် “ကြောင့်” ပါတာက သမုဒယသစ္စာ။ “ဖြစ်” ရတာ က (ဒုက္ခသစ္စာပါ)။ ဇာတိကြောင့် ဆိုသောကြောင့် ဇာတိ က (သမုဒယသစ္စာပါ)။ ဖြစ်ရတဲ့ ဇရာ မရဏက (ဒုက္ခသစ္စာပါ)။

သိလုံးကလေးကမဂ္ဂသစ္စာ

ဒကာ ဒကာမတို့၊ ဇရာ မရဏကိုလည်း ဒုက္ခသစ္စာလို့ သိတယ်၊ ဇာတိကိုလည်း (သမုဒယ သစ္စာလို့ သိရပါတယ်)။ သိလုံး ကလေးက (မဂ္ဂသစ္စာပါ)။

ဟာ-ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ တရားနာစရှိ ပါသေးတယ်၊ သစ္စာဘယ်နှပါး ကိုယ်ပိုင်ရပြီလဲ (သုံးပါး ရပါပြီ)။ သုံးပါး ကိုယ်ပိုင် ရတယ်နော်၊ ရှင်းကြပြီလား (ရှင်းပါပြီ)။

ကောင်းပြီ ဒါပဋိစ္စသမုပ္ပါဒ်နည်း၊ ပဋိသမ္ဘိဒါမဂ်လာတဲ့ နည်းအတိုင်း ဟောနေတယ်လို့ ဒကာကြွယ် တို့က မှတ်ရမယ် (မှန်ပါ)။

ဖြစ်ကြောင်းဟူသ၍သမုဒယသစ္စာ

ရှေးတုန်းက မှတ်ထား တာကတော့ လောဘကိုသာ သမုဒယ သစ္စာလို့ မှတ်ကြတယ် (မှန်ပါ)။ ဒီပါဠိတော် နည်းနဲ့ ဆိုတော့ ဖြစ်ကြောင်း ဟူသရွေ့ သမုဒယသစ္စာ ချည်းမှတ် (မှန်ပါ)။ ဇာတိကြောင့် ဘာဖြစ်သလဲ (ဇရာ မရဏဖြစ်ပါတယ်) ဇရာ မရဏက (ဒုက္ခသစ္စာပါ)။

ဒကာ ဒကာမတွေ၊ ယခုတရားနာတာ တယ်မကြာသေးဘူး။ သစ္စာဘယ်နှပါး သိရတုံး (သုံးပါး သိရပါတယ်)။

သစ္စာသုံးပါး သိရတော့ ဒကာကြွယ် တို့ရော ဇာတိများ လိုချင်သေးသလား (မလိုချင်ပါဘူး)။ ဇရာ မရဏကော (မလိုချင်ပါဘူး)။

နိရောဓသစ္စာ

သူတို့ မရှိရင် ကောင်းမှာပဲ။ သူတို့နှစ်ခုများ ချုပ်သွားလို့ ရှိရင်ဖြင့် ဒုက္ခချုပ်မှာပဲ။ သူတို့ နှစ်ခု ချုပ်လို့ ရှိရင်ဖြင့် သံသရာ စခန်း လက်စသတ်မှာပဲလို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)။ အဲဒီလို မှန်းနိုင်တာကြီးက နိရောဓသစ္စာ (မှန်ပါ)။ သဘော ကျပြီလား (ကျပါပြီ)။

သူတို့နှစ်ခု ချုပ်သွားတဲ့ သဘောကလေးကို သိတာသည် ကားလို့ဆိုရင် မဂ်နဲ့တော့ သိတာပဲ။ သူတို့ နှစ်ခုချုပ် သွားရင် နေရာ ကျမှာပဲလို့ ဒကာ ဒကာမတွေ စိတ်ကူး မပေါ်ဘူးလား (ပေါ် ပါတယ်)။ သူတို့နှစ်ခု ချုပ်သွားတာကို ဘာဆိုကြမလဲ (နိရော ဓသစ္စာပါ)။

ကောင်းမှာပဲလို့ သိတဲ့ ဉာဏ်က (မဂ္ဂသစ္စာပါ) ဟောသစ္စာလေးပါးသိပြီ (မှန်ပါ)။ ပေါ်ပြီလား (ပေါ်ပါပြီ)။

ဇာတိနဲ့ ဇရာ မရဏချုပ်လို့ရှိရင် တို့ဒုက္ခသိမ်းမှာပဲလို့ ဒကာ ဒကာမတွေ ဉာဏ်ထဲ မဝင်စားဘူးလား (ဝင်စားပါ တယ် ဘုရား)။ ချုပ်ရင် ချုပ်ရာသည် ချမ်းသာတဲ့ နေရာပဲလို့ မမှတ် နိုင်ဘူးလား (မှတ်နိုင်ပါတယ်)။ ချမ်းသာတဲ့နေရာက ဘာသစ္စာ (နိရောဓသစ္စာပါ)။ ချမ်းသာတဲ့ နေရာရောက်မှ အေးမှာပဲလို့ သိလုံး ကလေးက (မဂ္ဂသစ္စာပါ)။ ဟော ဒကာသိုက်ရေ သစ္စာ ဘယ်နှပါး ရသလဲ (လေးပါး ရပါတယ်)။ ရှင်းပြီလား (ရှင်းပါပြီ)။

ဘယ်သူ့ကြောင့်ဘုရားဖြစ်တာတုံး

အဲဒီလို သိလို့ရှိရင်ဖြင့်တဲ့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး တစ်နေ့က ပြောခဲ့တယ်၊ ဘုရား ဘာ့ကြောင့် ဘုရား ဖြစ်ပါလိမ့် မလဲလို့ မေးတော့ ဒကာ ဒကာမတွေက အဖြေ ထွက်တတ်ပြီလား (ထွက်တတ်ပါပြီ)။ ဘယ့်သူကြောင့် ဘုရားဖြစ်သတုံး (ဝေဒနာနဲ့ တဏှာကြားမှာ ဘုရားဖြစ်ပါတယ်)။ အဲဒါက ဘုရားဖြစ်တဲ့ နေရာကိုပြောတာ။

ဒါဖြင့် ဘုရား အဖြစ်ကို ကြိုးစားခြင်း၏ အကြောင်း ဘယ်သူပါလိမ့် (ဇရာ မရဏပါ ဘုရား)။ ဒကာကြွယ် ရှင်းပြီလား (ရှင်းပါပြီ)။

အားလုံး ဒကာ ဒကာမတွေ မရှင်းသေးဘူးလား (ရှင်းပါပြီ)။ ဘယ်လိုများ ရှင်းပါလိမ့် (ဇရာ မရဏကြောင့် ဘုရား ဖြစ်တာပါ)။

ဇရာမရဏကြောင့် ဘုရားဖြစ်တယ်

ဇရာ မရဏ အကြောင်းရင်းခံပြီး ဘုရား ဖြစ်လာတယ်။ ပါရမီဆယ်ပါး အပြားသုံးဆယ်ကြောင့် ဘုရား ဖြစ်တာသည် နောက်မှာပါ။

သူ့ကိုယ်သူတွေးလိုက်တဲ့ အခါမှာ ‘‘ကိစ္ဆာ ဝတာယံ လောကော အာပန္နာ ဇာယတိစ ဇိယတိစ၊’’

လောက ကြီးထဲမှာ ကြည့်ရတာ ပင်ပန်းလိုက်တာ။ အိုလိုက် သေလိုက်။ အိုလိုက် သေလိုက်နဲ့ ဒါတွေ ဘယ်တော့မှ ကျွတ်နိုင်ပါ့မတုံး ဆိုတော့၊ ေဩာ်- မဂ်ဉာဏ် ဖိုလ်ဉာဏ်ရမှ ကျွတ်မှာပဲ။ မဂ်ဉာဏ် ဖိုလ်ဉာဏ် ရအောင် လုပ်ချင်တဲ့ ဘုရားဖြစ်ချင်တဲ့ စိတ်က နောက်မှ ပေါ်လာတာ (မှန်လှပါ)။ သဘော ကျပြီလား (ကျပါပြီ)။

ဘုရားဖြစ်ချင်တဲ့ စိတ်က အရင်ပေါ်သလား နောက်မှ ပေါ်သလား (နောက်မှပေါ်ပါတယ်)။ ဘာမြင်လို့ ပေါ်ပါလိမ့် (ဇရာ မရဏ မြင်လို့ ပေါ်တာပါ)။ အဲဒါက သံယုတ်ပါဠိတော်မှာ သူကိုယ်တိုင် ဟောတာ (မှန်ပါ)။ ဒကာကြွယ်ရေ ပေါ်ပြီလား (ပေါ်ပါပြီ)။

အဲဒီတော့ ဒကာ ဒကာမတွေလည်း အခုဘုန်းကြီးက ဟောလိုက်တယ်။ ဇရာ မရဏ ဘာသစ္စာတဲ့ (ဒုက္ခသစ္စာပါ)။ ဇာတိက (သမုဒယသစ္စာပါ)။ ဒီသစ္စာနှစ်ပါး မချုပ်သရွေ့ ကာလပတ်လုံး ခင်ဗျားတို့ ဘယ်အခါကာလမှ ဆင်းရဲနဲ့ ခွဲခွာရ လိမ့်မယ်လို့ မထင်နဲ့ (မှန်ပါ)။

ဇာတိဘာကြောင့်ဖြစ်သတုံး

ဒီဇာတိဟာလည်း ဘာ့ကြောင့် ဖြစ်သတုံး (ကမ္မဘဝ ကြောင့်ပါ)။ ကမ္မဘဝ ဆိုတာ ကာယကံ ဝစီကံ မနောကံ (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။

ကမ္မဘဝဆိုတာ ဘာတဲ့ (ကာယကံ ဝစီကံ မနောကံပါ ဘုရား)။ ဪ ခင်ဗျားတို့ ကံတွေကြောင့် ဒုက္ခရောက်နေ တာကိုး (မှန်ပါ)။

ဒါဖြင့် ကမ္မဘဝကြောင့် ဆိုတော့ ဘဝပစ္စယာ (ဇာတိပါ)။ ဒီလို ဆိုတော့ ဘဝက သမုဒယ သစ္စာ။ ဇာတိက (ဒုက္ခသစ္စာပါ)။ ပေါ်ပြီလား (ပေါ်ပါပြီ)။

နောက်ကြောင်း ပြန်တွေးတော့မှ ရှေ့ပိုင်းကဟာတွေ အကုန် ဒုက္ခ ဖြစ်လာတယ် ဒကာကြွယ်ရေ (မှန်ပါ)။ အင်မတန် အဖိုးတန် လာပြီနော် (မှန်ပါ)။

သတိထားပါ။ သတိထားပါ။ ကမ္မဘဝက ဘာသစ္စာ (သမုဒယသစ္စာပါ)။ ဇာတိက (ဒုက္ခသစ္စာပါ)။ အဲဒါကြောင့် ဘုရားက ‘‘ဇာတိပိဒုက္ခာ’’ ဆိုတာ သူ့ကို ထောက်ဟောတာ (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ)။

ဇာတိပိဒုက္ခာဆိုတာ ဘယ်သူ့ ထောက် ဟောတာပါလိမ့် (သမုဒယ ထောက်ဟောတာပါ)။ ကမ္မဘဝ ဆိုတဲ့ တရားကို ထောက်ပြီး ဟောတာ (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ)။ ကမ္မဘဝကြောင့် ဇာတိဖြစ်တာ (မှန်ပါ)။ ကမ္မဘဝက ဘာသစ္စာ (သမုဒယသစ္စာပါ)။ ဇာတိက(ဒုက္ခသစ္စာပါ)။

ဒါဖြင့် ‘‘ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ’’ ဒုက္ခအစုကြီး ဆိုတာ ပေါ်လာတယ် (မှန်ပါ)။ မပေါ်သေးဘူးလား (ပေါ်ပါတယ်)။

ဒါဖြင့် ကာယကံ ဝစီကံ မနောကံတွေ ဒကာ ဒကာမတွေ ဘုံဘဝ တောင့်တ လုပ်တဲ့ ကာယကံ ဝစီကံ မနောကံ အပါယ် ရောက်ကြောင်းဖြစ်တဲ့ ကာယကံ ဝစီကံ မနောကံဆိုတဲ့ ကံသုံးပါးကြောင့် ကမ္မဘဝ ပစ္စယာ (ဇာတိပါ ဘုရား)။ သဘောကျပြီ လား (ကျပါပြီ)။

ကမ္မဘဝဘယ်ကလာပါလိမ့်

ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ လက်သည် ရှာကြဦးစို့ ဒါတော်တော်ပြီနော် (မှန်ပါ)။ ကမ္မဘဝ ဘယ်ကလာပါလိမ့်မလဲလို့ မေးခွန်း ထုတ်ဖို့ မလိုဘူးလား (လိုပါ တယ်)။ ကမ္မဘဝ ဘယ်က လာသတဲ့တုံး (ဥပါဒါန်က လာပါတယ်)။

ဒါဖြင့် ဒကာကြွယ်တို့ ရွတ်ပါ ဥပါဒါနပစ္စယာ (ဘဝေါပါ ဘုရား)။ ဘဝေါဆိုတဲ့ ကမ္မဘဝေါ မဖြစ်ဘူးလား (ဖြစ်ပါတယ်)။ ကဲ ဖော်ဆိုလိုက် ဥပါဒါနပစ္စယာ (ကမ္မဘဝေါပါ ဘုရား)။ သဘော ကျပြီလား (ကျပါပြီ)။ ဥပါဒါန်ကြောင့် ကံဖြစ်တာကိုး။ ရှင်းပြီလား (ရှင်းပါပြီ)။

ခင်ဗျားတို့ ရွတ်နေတာတွေက သဘောကို မသိပါဘူး (မှန်ပါ)။ အခုတော့ သိပြီလား (သိပါပြီ)။ နောက်ဘဝ စွဲလမ်းလို့ ကံတွေ အားထုတ်တယ် (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။

ကံတွေ အားထုတ်လို့ နောက်ဘဝဇာတိ မရဘူးလား (ရပါတယ်)။ ရလို့ အိုသေနဲ့ မကြုံရဘူးလား (ကြုံရပါတယ်)။ ရှင်းပြီလား (ရှင်းပါပြီ)။

နောက်ဘဝဆုတောင်းတာအိုသေလိုချင်လို့

နောက်ဘဝ ဆုတောင်းတဲ့ ပုဂ္ဂိုလ်များ ဒုက္ခသစ္စာ နှစ်ခု လိုချင်လို့ (မှန်ပါ)။ ဇရာ မရဏကလဲ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ)။ ဇာတိကလည်း ဒီကမ္မဘဝနဲ့ ထောက်လိုက်တော့ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

ဒီကံကလည်း ဒကာ ဒကာမတွေ ဥပါဒါန်နဲ့ ထောက်လိုက်တော့ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ)။ နောက်ပြန်တွေးရင် ရှေ့ပိုင်းက ဒုက္ခသစ္စာချည်း ပဲ (မှန်ပါ)။ ဒကာသိုက် ပေါ်ပြီလား (ပေါ်ပါပြီ)။ ဒကာကြွယ်တို့ ပေါ်ပြီလား (ပေါ်ပါပြီ)။ အိမ်ကျတော့ ဒီဥစ္စာကို ချကြည့်နော် (မှန်ပါ)။

အိမ်ကျတော့ အကြင်လင်မယား ဖြစ်ဖြစ် ညီအစ်ကို မောင်နှမ ဖြစ်ဖြစ် မိတ်ဆွေ သင်္ဂဟ ဖြစ်ဖြစ် ဒီလိုကို ချကြည့်နေမှ ေဩာ် တို့ခန္ဓာဟာ ဒုက္ခအစုကြီး ပါလားဆိုတာ ပေါ်လာ တယ် (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ)။

ဥပါဒါန်ဘယ်ကလာသတုံး

ကိုင်း ဒါဖြင့် ဥပါဒါန်သည် ဒကာ ဒကာမတို့ ဘယ်ကလာ တုံး (တဏှာက လာပါတယ်)။

ဒါဖြင့် တဏှာကြောင့် ဘာဖြစ်သတုံး (ဥပါဒါန် ဖြစ်ပါတယ်)။ တဏှာက ဘာသစ္စာတုံး (သမုဒယသစ္စာပါ) ဥပါဒါန်က (ဒုက္ခသစ္စာပါ)။

ဟာ ဒကာသိုက်တို့၊ ဒါဖြင့် နေရာကျလိုက်တာ။ ဒါဖြင့် ၁-၂-၃-၄ ရှိပြီ ဒုက္ခတွေ တွေ့တာ (မှန်ပါ)။ ဒုက္ခချည်း မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဧဝမေတဿ ကေဝလဿ ဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။ ဒကာကြွယ် သေသေချာချာ စဉ်းစားနော် (မှန်ပါ)။

တဏှာဘယ်ကလာပါလိမ့်

ဒါဖြင့် ဒကာ ဒကာမတို့ ဒီတဏှာ ဘယ်က လာပါလိမ့် မတုံးလို့ မေးခွန်းထုတ်ပါဦး (ဝေဒနာက လာပါတယ်)။ ဒါဖြင့် ဝေဒနာက သမုဒယသစ္စာ။ တဏှာက (ဒုက္ခသစ္စာပါ ဘုရား) တဏှာသည်ပင် ဖြစ်ပျက် ဖြစ်လေ သောကြောင့် ဒုက္ခသစ္စာပဲ (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။

ဒါပဋိသမ္ဘိဒါမဂ်ပါဠိတော် သံယုတ်ပါဠိတော်တွေမှာ ဒီအတိုင်း မှတ်တာ (မှန်ပါ)။ ဖြစ်စဉ် ကိုက်ပါရဲ့ လား (ကိုက်ပါတယ် ဘုရား)။ ဝေဒနာကြောင့် ဘာဖြစ်သလဲ (တဏှာဖြစ်ပါတယ်)။

ဒါဖြင့် “ကြောင့်” ပါတာက (သမုဒယ သစ္စာ) “ဖြစ်” တာက (ဒုက္ခသစ္စာပါ)။ ရှင်းပြီလား (ရှင်းပါပြီ)။

ဒါခင်ဗျားတို့ သန္တာန်ဖြစ်လို့ ရှိရင်တော့ ဒုက္ခသစ္စာ ဖြစ်တာပဲ (မှန်ပါ)။

ဝေဒနာဘယ်ကလာပါလိမ့်မတုံး

ဒါဖြင့် ဒကာ ဒကာမတွေ ရှေ့သွားပါဦး ဒီဥစ္စာ ဒီဝေဒနာ ဘယ်ကလာပါလိမ့်မတုံး (ဖဿက လာပါတယ် ဘုရား)။ ဖဿ ခြောက်မျိုးက လာတယ်။ သဘောကျပြီလား (ကျပါပြီ)။ ဖဿပစ္စယာ (ဝေဒနာပါ ဘုရား)။ ဒါဖြင့် သမုဒယ ပါတာက ဘာသစ္စာတုံး (သမုဒယသစ္စာပါ)။ ဝေဒနာက (ဒုက္ခ သစ္စာပါ)။ ရှင်းပြီလား (ရှင်းပါပြီ)။

ဒါဖြင့် ဒကာသိုက် ၁-၂-၃-၄-၅-၆ ဒါတွေ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ)။ သမုဒယတစ်ခု ရှိသေးတယ် (မှန်ပါ)။

ဖဿဘယ်ကလာပါလိမ့်မလဲ

ကောင်းပြီ ဒီဖဿ ဘယ်ကလာပါလိမ့်မလဲ (သဠာယတနက လာပါတယ်)။ သဠာယတန ခြောက်မျိုးက လာတယ် (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ)၊ သဠာယတန ပစ္စယာ (ဖဿပါ)။

ဒါဖြင့် ဒကာ ဒကာမတို့ သဠာယတနက ဘာသစ္စာ (သမုဒယသစ္စာပါ)။ ဖဿက (ဒုက္ခသစ္စာပါ)။

ဒါဖြင့် ခင်ဗျားတို့ သန္တာန်ဟိုဟာနဲ့တွေ့ ဒီဟာနဲ့တွေ့ဆိုတဲ့ ဖဿကလေး ဘာသစ္စာ လုပ်ကြသလဲ (မှန်ပါ)။ ဒီအခု နောက်က လာခဲ့တာတွေ ဒုက္ခသစ္စာလို့ ရှုရမှာချည်းပဲ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ)။

သဠာယတန

ကောင်းပြီ၊ ဒီသဠာယတနဟာ ဒကာသိုက်ရေ ဘယ်က လာပါလိမ့်မတုံး (နာမ်ရုပ်က လာပါတယ်)။ ရှင်းပြီလား ဒကာ ဒကာမတို့ (မှန်ပါ)။

ဪ နာမ်ရုပ်ရှိလို့ မျက်စိ, နား, နှာခေါင်း, လျှာ, ကိုယ်, စိတ် ဆိုတဲ့ သဠာယတန လာတာ (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ)။

နာမ်ရုပ်

ဒါဖြင့် ဒကာ ဒကာမတို့၊ ဒီနာမ်ရုပ်က ဘယ်က လာပါ လိမ့်မတုံး (ဝိညာဏ်က လာပါတယ်)။ ဪ ပဋိသန္ဓေ နေမိလို့ ပဋိသန္ဓေ ဝိညာဏ် (မှန်ပါ)။ ပဋိသန္ဓေ ဝိညာဏ် ကြောင့် ဘာပေါ်လာသတုံး (နာမ်ရုပ် ပေါ်လာပါတယ်)။

ဒါဖြင့် ဝိညာဏပစ္စယာ (နာမရူပံ)။ ဝိညာဏ်က ဘာသစ္စာ (သမုဒယသစ္စာပါ)။ နာမ်ရုပ်က (ဒုက္ခသစ္စာ ပါ)။ ပေါ်ပြီလား (ပေါ်ပါပြီ)။

ဝိညာဏ်ဘယ်ကလာပါလိမ့်

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတွေ ဆက်လက်ပြီး တွေးပါဦး။ ဒီဝိညာဏ် ဘယ်က လာပါလိမ့် မလဲလို့ မေးခွန်းထုတ်ဦး (သင်္ခါရက လာပါတယ်)။ သင်္ခါရဆိုတဲ့ ကာယသင်္ခါရ ဝစီသင်္ခါရ စိတ္တသင်္ခါရ ဒီက လာတာကိုး (မှန်ပါ)။

ဒါဖြင့် သင်္ခါရပစ္စယာ ဝိညာဏံ ဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ)။ သင်္ခါရက (သမုဒယသစ္စာပါ)။ ဝိညာဏ်က (ဒုက္ခသစ္စာပါ)။

ဒါဖြင့် ဝိညာဏ် ဒုက္ခသစ္စာဖြစ်တာ မှတ်ခဲ့စမ်းနော် (မှန်ပါ)။

သင်္ခါရဘယ်ကလာပါလိမ့်

ဒီသင်္ခါရ ဘယ်က လာပါလိမ့်မတုံး (အဝိဇ္ဇာက လာပါ တယ်)။ ဒါဖြင့် အဝိဇ္ဇာက ဘာသစ္စာတုံး (သမုဒယ သစ္စာပါ)။ သင်္ခါရ သုံးခုက (ဒုက္ခသစ္စာပါ)။

ကောင်းပြီ၊ ဘဝဝေဖန်ကြစို့ဆိုတော့၊ ဒီဇာတိ ဇရာ မရဏ ဘယ်ဘဝပါလိမ့် (အနာဂတ်ဘဝပါ)။ ရှင်းပြီနော် (မှန်ပါ)။ အဝိဇ္ဇာ, သင်္ခါရက ဘယ်ဘဝပါလိမ့် (အတိတ် ဘဝပါ)။ ဒါဖြင့် ယခု ခင်ဗျားတို့ ခန္ဓာထဲမှာ ပဋိစ္စသမုပ္ပါဒ် ဘယ်နှမျိုး ရှိသတုံး (ရှစ်မျိုးရှိပါတယ်)။

အခုဘဝဒါတွေလှည့်ဖြစ်နေတာ

နေရာကျလိုက်တာ။ ဟောသားကျလာလို့ အဖိုးတန် လာတာနော် (မှန်ပါ)။ ဝိညာဏ် နာမ် ရုပ် သဠာယတန ဖဿ ဝေဒနာ တဏှာ ဥပါဒါန ကံ။ ဒါဟာ ဒကာကြွယ်တို့ ယခုဘဝပါ (မှန်ပါ)။ ယခုဘဝ ဒါတွေ လှည့်ဖြစ်နေတာပဲ (မှန်ပါ)။ ရိပ်မိပြီလား (ရိပ်မိပါပြီ)။

ဒါဖြင့် ယခုတရားနာနေတဲ့ ဒကာ ဒကာမတွေမှာ ပဋိစ္စ သမုပ္ပါဒ် ဘယ်နှမျိုးရှိသတဲ့ (ရှစ်မျိုးပါ ဘုရား)။

ရှစ်မျိုးမရှိနဲ့ ဒကာသိုက်ရေ တရားနာနေတုန်းနော် အိမ်ပြန် ရောက်တော့ ရှစ်မျိုးပေါ့ဗျာ (မှန်ပါ)။ တရားနာနေ တုန်း တရားအားထုတ် နေတုန်း ဘယ်နှမျိုးတဲ့တုံး (ခြောက်မျိုးပါ ဘုရား)။ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ကံ (ကမ္မဘဝ) ရှိတယ် (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတို့သည် တရားနာနေတဲ့ အခိုက်အတန့်တော့ ဒီနေရာမှာ တရားနာတဲ့ သဒ္ဓါ ပညာတွေ ဝင်နေတယ် (မှန်ပါ)။ အားထုတ်ပြန်တော့ မဂ္ဂင်ဝင်နေတယ်။ (မှန်ပါ)။ သဘော ကျပြီလား (ကျပါပြီ)။

တရားနားနေတဲ့အခိုက်မှာငါးမျိုးရှိ

ဒါဖြင့် တရားနာနေတဲ့ အခိုက်အတန့်မှာ ပဋိစ္စ သမုပ္ပါဒ်က ဘယ်နှမျိုး ဖြစ်သလဲ (ခြောက်မျိုး ဖြစ်ပါတယ်)။ ဒီဒုက္ခသစ္စာပဲ ဖြစ်တယ် (မှန်ပါ)။ ဒုက္ခသစ္စာပဲ ဖြစ်တယ်၊ ဒီဒုက္ခသစ္စာကော (ဖြစ်ပါတယ် ဘုရား)။ ခုနင်က ဒုက္ခသစ္စာချည်းလို့ ပြောခဲ့တယ် မဟုတ်လား (မှန်ပါ)။

ကောင်းပြီ ဒုက္ခသစ္စာ ပဋိစ္စ သမုပ္ပါဒ် ဘယ်နှမျိုးဖြစ်သလဲ (ငါးမျိုးပါ ဘုရား)။ ရေစမ်းပါဦး (ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာပါ ဘုရား)။ အဲဒါပဲ။ ဒါတရားနာ နေလို့ (မှန်ပါ)။

တရားနာချိန်မှာသုံးမျိုးပယ်တယ်

တရားနာနေတယ် ဆိုတော့ ဝမ်းထဲမှာက သဒ္ဓါ ယုံကြည် လို့ (မှန်ပါ)။ သဒ္ဓါ ပညာ ဝီရိယတွေ မပါဘူးလား (ပါပါ တယ်)။ မဂ္ဂင်တွေ ဝင်နေတယ်။ သဘောကျပြီလား (ကျပါ ပြီ)။

အဲဒါကြောင့် တဏှာ ဥပါဒါန် ကံဆိုတာ ပါသေးရဲ့ လား (မပါပါဘူး)။ တရားနာ နေတုန်း ပဋိစ္စသမုပ္ပါဒ် ဘယ်နှမျိုးဖြစ်သတုံး (ငါးမျိုးဖြစ်ပါတယ်)။ ငါးမျိုး ဖြစ်ပြီး သကာလ ဒကာ ဒကာမတို့ သုံးမျိုးကို ပယ်လိုက်တယ်။ တဏှာ ဥပါဒါန် ကံ မပယ် ဘူးလား (ပယ်ပါတယ်)။ နောက် လာလတ္တံ့ ဖြစ်တဲ့ ဇာတိ ဇရာ မရဏကော (ပယ်ပါတယ် ဘုရား)။

တရားနာနေ တရားအားထုတ် နေလိုက်တော့ ဒကာ ဒကာမတွေသည် ပယ်လိုက်တဲ့ တရားတွေကော ပေါ်ပြီလား (ပေါ်ပါပြီ)။ ဘယ်သူ ဘယ်သူတွေ ပါလိမ့် (တဏှာ ဥပါဒါန် ကံ ဇာတိ ဇရာ မရဏပါ ဘုရား)။

ဒကာကြွယ်ရေ မပေါ်သေးဘူးလား (ပေါ်ပါပြီ၊) သူ များပြောလားဗျာ (မဟုတ်ပါဘူး)။ ကိုယ်တွေ့ပဲ ဆိုတာ ဒကာ ဒကာမတွေ ရှင်းပြီလား (ရှင်းပါပြီ)။

ထုံးစံအချိန်မှာ ရှစ်မျိုးရှိတယ်

ဒါတရားနာနေတဲ့ မဂ္ဂင်ကလေး ညှပ်နေလို့။ ထုံးစံ အတိုင်း သားနဲ့သမီးနဲ့ အရောင်းနဲ့ အဝယ်နဲ့ ဆိုလို့ ရှိရင်ဖြင့် ပဋိစ္စသမုပ္ပါဒ် ဘယ်နှမျိုး ဖြစ်နေသတုံး (ရှစ်မျိုးပါ)။

ရေစမ်း ပါဦး (ဝိညာဏ် ကံပါ ဘုရား)၊ အံမာလေး ဒကာကြွယ်တို ကြောက်စရာ ကောင်း လိုက်တာ (ကောင်းပါတယ် ဘုရား)၊

ဒကာ ဒကာမတို့၊ ခင်ဗျားတို့ ဒီတရားမျိုးကို မနာရဘူး ဆိုရင် ဒီကျအောင် တို့သွားနေတယ်လို့ မသိဘူး (မသိပါဘူး)၊ သိကို သိသေးရဲ့လား (မသိပါဘူး)။

တရားအားမထုတ်လို့ရှိရင်

အခုတော့ဖြင့် ဒကာ ဒကာမတွေ တရားမနာ တရားအား မထုတ်လို့ရှိရင်ဖြင့် တစ်နေ့မှာ ဒီဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ တဏှာ ဥပါဒါန် ကံပေါင်း ဒကာကြွယ် ဘယ်လောက် ဖြစ်မယ် ထင်သတုံး (မရေမတွက် နိုင်ပါဘူး ဘုရား)။

မရေ မတွက် နိုင်အောင် ဖြစ်နေတော့ ဇာတိ ဇရာ မရဏ ပေါင်း နောက်ကို ဘယ်လောက် ရမလဲလို့ မေးခွန်း ထုတ်ရင် ဘယ့် နှယ်ဖြေကြမလဲ (မရေတွက် နိုင်အောင် ရမှာပါ ဘုရား)။

ဝိပဿနာအလုပ်လုပ်ဖြစ်အောင်လုပ်ပါ

ဟာ ဒါဖြင့် ဒကာကြွယ် လုပ်ရင် လုပ်ဗျာ။ ဒကာသိုက် လုပ်ဖြစ်အောင် လုပ်နော် (မှန်ပါ)။ ဝိပဿနာ အလုပ် လုပ်ဖြစ်အောင် လုပ်ပါ။

မလုပ်လို့ ဒကာ ဒကာမတွေ ထုံးစံအတိုင်း တပည့်တော်တို့ဖြင့် လှူဒါန်း ပေးကမ်းပြီး သကာလ၊ သီလကလေး ဆောက်တည် နေပါတော့မယ် ဆိုရင်ဖြင့် ကုသိုလ်တော့ ရပါ တယ်။

ပဋိစ္စသမုပ္ပါဒ် မပြတ်ဘူးလို့ ဟောရမယ် (မှန်ပါ)။ ပြတ်ကဲ့လား (မပြတ်ပါဘူး)။ သူများ ပြောလား ဉာဏ်မြင်လား (ဉာဏ်မြင်ပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ခွဲကြပါစို့။ ဝိပဿနာ အားထုတ် တဲ့ပုဂ္ဂိုလ်များမှာ ဘယ်လို အကျိုး ရှိပါလိမ့်မလဲလို့ ဒကာသိုက်တို့၊ ဒကာ ဦးလှဖူးတို့က မေးခွန်းထုတ်လို့ရှိရင်ဖြင့်၊

ဟောဒီက အတိတ် ဘဝ အဝိဇ္ဇာနဲ့ သင်္ခါရက (မှန်ပါ)။ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာက (ပစ္စုပ္ပန်ဘဝပါ)။ တဏှာ ဥပါဒါန် ကံတွေကော (ပစ္စုပ္ပန်ဘဝပါပဲ)။ သို့သော် အကြောင်း ဖြစ်နေတယ်။ အနာဂတ် အကြောင်း (မှန်ပါ)။

ဘဝကတော့ (ပစ္စုပ္ပန်-ဘဝပါ ဘုရား)။ အကြောင်း ကတော့ (အနာဂတ်အကြောင်းပါ)။ အနာဂတ်ကို အကျိုး ပေးမယ့် အကြောင်းဖြစ်တယ် (မှန်ပါ)။ ဇာတိ ဇရာ မရဏ လာခြင်း၏ အကြောင်း မဖြစ်ဘူးလား (ဖြစ်ပါတယ်)။

ဒါ့ကြောင့် ဘဝကတော့ ယခုပစ္စုပ္ပန်ဘဝပါပဲ။ သို့သော် အကြောင်းဆိုတဲ့ တရား ဖြစ်နေ သောကြောင့် အနာဂတ်ကို အကျိုးပေးမယ် (မှန်ပါ)။ မပေး ပေဘူးလား (ပေးပါတယ်)။

အနာဂတ်အကြောင်းကသုံးခု

ဒါဖြင့် အနာဂတ်အကြောင်းက ဘယ်နှခုတုံး မေးရင် ကော (သုံးခုပါ)။ ရေစမ်းပါ (တဏှာ ဥပါဒါန် ကံပါ)။ ရှင်းပြီလား (ရှင်းပါပြီ)။

ဒကာ ဒကာမတို့၊ ဒီကနေပြီး ပျိုးထောင်လို့ ဒကာကြွယ် ဒီဘက်က လာတာပေါ့။ ဒီအနာဂတ် ဘဝ လာတယ် (မှန်ပါ)။ ဒီက မပျိုးထောင်ရင် (မလာပါဘူး)။

ကြပ်ကြပ်စဉ်းစားပါ။ ကြပ်ကြပ်စဉ်းစားပါ။ ဒီကနေပြီး သကာလ မပျိုးထောင်ဘူးဆိုလို့ရှိရင်ဖြင့်၊ ဒကာ ဒကာမတွေ ဝိပဿနာမဂ် ဝင်မယူတော့ဘူး၊ လောကုတ္တရာမဂ် ဝင်ခွင့်မရဘူး ဆိုရင်ဖြင့်၊ ခင်ဗျားတို့ ပစ္စုပ္ပန်ဘဝက နေပြီး သကာလ ဒကာ ကမတွေ အနာဂတ်အကြောင်းတွေ မလုပ်ဘူးလား (လုပ်ပါတယ် ဘုရား)။

သေသည်၏ အခြားမဲ့၌ ဘာအကျိုးတွေ ရမလဲ (အနာဂတ် အကျိုးတွေ ရပါမယ်)။ အနာဂတ် အကျိုး ဆိုတာက ဇာတိ ဇရာ မရဏ မရပေဘူးလား (ရပါတယ်)။

ဒါဖြင့် ဒကာ ဒကာမတို့၊ တရားလည်း အားမထုတ်၊ တရား လည်း မနာတဲ့ ပုဂ္ဂိုလ်တွေဖြင့်၊ ဘာတွေများ လုပ်နေသတုံး ဆိုတော့ ပေါ်ပြီလား (ပေါ်ပါပြီ)။ ဘာတွေ လုပ်နေပါလိမ့် (အနာဂတ် အကြောင်းတွေ လုပ်နေပါတယ် ဘုရား)။

ဘာဖြစ်လို့ ဒီအနာဂတ် အကြောင်းတွေ လုပ်နေရတာ တုံးလို့ မေးခွန်း ထုတ်လို့ရှိရင် တပည့်တော်တို့ နောက်ဘဝ ဒုက္ခသစ္စာနဲ့ အိုးစားကွဲမှာ စိုးလို့ဘုရား (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ)။

ဘယ်လိုလျှောက်ကြမယ် (ဒုက္ခသစ္စာနဲ့ အိုးစားကွဲ မှာစိုးလို့ပါ ဘုရား)။ သြော် ငယ်ပေါင်း ဖြစ်နေလို့လား။ မမေးသင့် ဘူးလား (မေးသင့်ပါတယ်)။

အဲဒီတော့ ခင်ဗျားတို့ သည် ဒီလို တရားထူးကို ဒကာကြွယ် မသိရင် ကျုပ်တို့ ဘာအပြစ် ရှိသတုံးဗျလို့ ပြောချင် ပြောမှာ (မှန်ပါ)။ အခုတော့ဖြင့် ပြောဖို့ လိုသေးသလား (မလိုပါဘူး)။

ဝိပဿနာမှ ဒီကြား မဝင်လိုက်တော့ဘူး ဆိုရင်ဖြင့် အနာဂတ် အကြောင်း သုံးခုပြတ်သေးရဲ့ လား (မပြတ်ပါဘူး)။ ပေါ်ကြ (ပေါ်ပါပြီ)။

ဒါနသီလလောက်နဲ့တင်းတိမ်မနေနဲ့

အဲဒါကြောင့် ဒကာ ဒကာမတို့၊ သီလ ကလေး လောက်၊ ဒါနကလေး လောက်နဲ့ တင်းတိမ် မနေလိုက်ပါနဲ့ ဆိုတာကို အရေး တကြီး ဟောရတယ် (မှန်ပါ)။ ပဋိစ္စသမုပ္ပါဒ် မပြတ်လို့ (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ)။

ကောင်းပြီ၊ သီလထဲမှာ ဒီဝိဇ္ဇာ ဆိုတဲ့ ပညာသည် ကားလို့ ဆိုရင် ကမ္မဿကတာ ပညာ လောက်တင် ပါနေတယ် (မှန်ပါ)။ အဝိဇ္ဇာကို ချုပ်အောင် လုပ်နိုင်တဲ့ ပညာက (မပါပါ ဘူး)။ အဲဒါကြောင့် ပဋိစ္စသမုပ္ပါဒ် မပြတ်ပါဘူး (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတို့၊ အနာဂတ်အကြောင်းက ဘယ်နှခုပါလိမ့် (သုံးခုပါ ဘုရား)။

အနာဂတ် အကြောင်းသုံးခုသည်ကားလို့ဆိုရင်ဖြင့် မလုပ် တော့ပါဘူးလို့ ပါးစပ်က ပြောလို့ မရဘူး (မှန်ပါ)။ အနာဂတ် အကြောင်း သုံးခု ရှေ့နားက ဒကာသိုက်ရေ မဂ်ဝင်မှ (မှန်ပါ)။ သဘော ကျပြီလား (ကျပါပြီ)။

မဂ်ဝင်မှ အနာဂတ် အကြောင်း သုံးခုကို မလုပ်ဘူး ဆိုတာ သေသေချာချာ မှန်တယ် (မှန်ပါ ဘုရား)။ မဂ်မဝင်ရင်တော့ (မမှန်ပါဘူး)။ ပေါ်ပြီလား (ပေါ်ပါပြီ)။

ပုတီးစိပ်ရုံပါးစပ်ဆိုရုံနဲ့မပြတ်ဘူး

သာမညအရေးလား တကယ့်အရေးလား (တကယ့် အရေးပါ ဘုရား)။ ပုတီးကလေး စိပ်ရုံ၊ ပါးစပ်က ဆိုရုံနဲ့ ခင်ဗျားတို့ က ပါးစပ်ကတော့ အနိစ္စ ဒုက္ခ အနတ္တ အရဟံ အရဟံနဲ့။ ဒီဥစ္စာလောက်နဲ့ ပဋိစ္စသမုပ္ပါဒ် ပြတ်ကို မပြတ်ဘူး (မှန်ပါ)။ ပြတ်ပါ့မလား (မပြတ်ပါဘူး)။

မပြတ်ပါဘူး ဒကာ ဒကာမတို့။ အဲဒါခင်ဗျားတို့ သာမည နဲ့လမ်းဆုံး ရလို့ဖြစ်ရတဲ့ ဖြစ်ထွေ လို့မှတ် (မှန်ပါ)။ရှင်းကြပြီလား (ရှင်းပါပြီ)။

လုပ်သလောက်ခရီးမပေါက်

အဲ ဒကာကြွယ်ရေ တကယ် နည်းမှန်လမ်းမှန် ပြသနိုင်လို့ တရားစစ် တရားမှန်တွေ့တော့၊ ဪ လုပ်သာ လုပ်နေရ တယ် လုပ်သလောက် ခရီးမပေါက်တာတွေလည်း တစ်ပုံကြီး ပါလား (မှန်ပါ)။ မဆိုထိုက်ဘူလား (ဆိုထိုက်ပါတယ် ဘုရား)။ အင်မတန် ကြောက်စရာ မကောင်းဘူးလား (ကောင်းပါတယ်)။

အစဉ်လိုက်သိတာသမုဒယသစ္စာသိ

ကိုင်း-ဒါဖြင့် ဒကာ ဒကာမတို့၊ ပဋိစ္စသမုပ္ပါဒ်ကြီးကို ဒီလို သိရတော့ ဒီလို သိတာက ပြောင်းပြန် သိတာ။ ဒီလို သိတာက အစဉ်လိုက် သိတာ (မှန်ပါ)။ ပြောင်းပြန် သိတော့ ဒုက္ခ သစ္စာ သိတယ်။ အစဉ်လိုက် သိတော့ သမုဒယသစ္စာ သိတယ် (မှန်ပါ)။ ဒါကို မှတ်ထားပါ (မှန်ပါ)။

ဒါကြောင့် အဝိဇ္ဇာပစ္စယာ ဆိုတော့ ပစ္စယာ ပါလာတယ်။ ပစ္စယာ ဆိုတာ အကြောင်း (မှန်ပါ)။ အဝိဇ္ဇာပစ္စယာ (သင်္ခါရာပါ)။ အစဉ်လိုက် သိတာကိုးဗျ (မှန်ပါ)။ အဲဒီတော့ အကြောင်း သမုဒယ မသိဘူးလား (သိပါတယ် ဘုရား)။

ပြောင်းပြန်သိတာဒုက္ခသစ္စာသိ

တစ်ခါပြောင်းပြန် သိတဲ့ အခါကျလို့ ရှိရင်ဖြင့် ဇရာ မရဏက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ)။ ဇာတိက (သမုဒယသစ္စာပါ)။ တစ်ခါ ဇာတိက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ)။ ကံက (သမုဒယသစ္စာပါ)။ ဒီလို သိတော့ ဘာသစ္စာတွေ သိရသတုံး (ဒုက္ခသစ္စာတွေ သိရပါတယ်)။

ဝေဒနာနဲ့တဏှာကြားမှာ ဘုရားပွင့်တယ်

ဝေဒနာနဲ့ တဏှာကြားမှာ ဘုရားပွင့်တယ်လို့ ဆရာ ဘုန်းကြီးက ဟောတယ်။ ဝေဒနာနဲ့ တဏှာကြားမှာ သောတာပန် တည်ရမယ် (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။ ဝေဒနာနဲ့ တဏှာကြားမှာပဲ သကဒါဂါမ် အနာဂါမ် ရဟန္တာ ဖြစ်ရမယ် (မှန်ပါ)။

ဒီကြားထဲမှာ မဂ်သွင်းလို့ ရှိရင်ဖြင့် သောတာပန် သကဒါ ဂါမ် အနာဂါမ် မဖြစ်နိုင်ဘူးလား (ဖြစ်နိုင်ပါတယ်)။ ဖြစ်နိုင် တာသိတော့ မဂ္ဂသစ္စာ သိတယ် (မှန်ပါ)။

ဪ ဒီနေရာမှာ မဂ်ပေါ်လို့ ရှိရင်ဖြင့် သံသရာ ပြတ်တယ်လို့ သိတာသည် မဂ္ဂသစ္စာ သိတယ် (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။

ဝိပဿနာရှုမှလို့သိတာမဂ္ဂသစ္စာသိ

ဝေဒနာနဲ့ တဏှာကြား မဂ်ပေါ်မှ တော်မယ်လို့ ဆိုတာ သိတာက ဘာသစ္စာ သိတာတုံး (မဂ္ဂသစ္စာပါ)။

ဝေဒနာနဲ့ တဏှာကြား မဂ်ကိန်းမှ မဂ်အားထုတ်မှ ဒီနေရာကနေ ဝိပဿနာရှုမှလို့ သိတော့ ဘယ်သစ္စာ သိသတုံး (မဂ္ဂသစ္စာ သိပါတယ်)။

အကုန်ချုပ်တာသိတာနိရောဓသစ္စာသိ

မဂ္ဂသစ္စာ ဒီနေရာ ထားလိုက် ရလို့ရှိရင်ဖြင့် ဒီဘက်ကဟာ တွေ အကုန်ချုပ်တယ်လို့ မသိဘူးလား (သိပါတယ်)။ အဲဒါ က နိရောဓသစ္စာ သိတာ (မှန်ပါ)။

တော်တော် အဖိုးတန်တယ် (မှန်ပါ)။ တော်တော့ကို အဖိုးတန်ပြီ ဒကာ ဒကာမတို့ (မှန်ပါ)။ သစ္စာဘယ်နှပါး သိရသတုံး (လေးပါးသိရပါတယ်)။

သစ္စာလေးပါးသိတယ်

ပြန်ပြောလိုက်မယ်၊ ပြန်ပြောလိုက်မယ် ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပါဒ် ပြောင်းပြန်သိတော့ ဘာသစ္စာ သိသတုံး (ဒုက္ခ သစ္စာသိပါတယ်။) အစဉ်အတိုင်း သိတော့ (သမုဒယ သစ္စာ သိပါတယ်)။

သို့သော် ဆရာဘုန်းကြီး ကလည်း ပြောတယ်၊ ဝေဒနာနဲ့ တဏှာကြားမှာ သောတာပန် တည်အောင် လုပ်လို့ဆိုတော့ ဒီကြားမှာ မဂ်သွင်းလိုက်လို့ ပြောတာပေါ့လေ (မှန်ပါ)။

အဲဒီလို မဂ်သွင်းမှ ရမယ်လို့ သိတော့ ဘာသစ္စာ သိသတုံး (မဂ္ဂ သစ္စာ သိပါတယ်)။ မဂ်သွင်း လိုက်သည်နဲ့ တစ်ပြိုင်နက်တည်း ဘယ်သူတွေ ပြတ်သွားသတုံး (တဏှာ ဥပါဒါန် ကံပြတ်ပါ တယ်)။

ဒီဘက်က ခုနင်က ပဋိလောမသိတဲ့ တဏှာ ဥပါဒါန် ဘဝ ဇာတိ ဇရာ မရဏတွေ မပြတ်ဘူးလား (ပြတ်ပါတယ်)။

အဲဒါတွေ ပြတ်တော့ အဲဒါတွေ ချုပ်တာ မသိရဘူးလား (သိရ ပါတယ်)။ အဲဒါဟာ ဘာသစ္စာ သိသလဲ (နိရောဓသစ္စာသိ ပါတယ်)။ နိရောဓသစ္စာ သိတယ် ဆိုတော့ ဒကာကြွယ် သေပျော် တာပေါ့ (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ)။

ဘယ်နေရာမှာ မဂ်ထားမှာတုံး

ကြပ်ကြပ်စဉ်းစားပါ။ ဒီနေ့ တိုးလာတဲ့ စကားတွေ သိပြီ လား (သိပါပြီ)။ ပြောင်းပြန် သိရင် (ဒုက္ခ သိပါတယ်)။ အစဉ်လိုက် သိရင် (သမုဒယသစ္စာ သိပါတယ်)။

ဘယ်နေရာ မှာ မဂ်ထား ရမယ်လို့ သိရင် (မဂ္ဂသစ္စာ သိပါတယ်)။ ခင်ဗျားတို့ ဘယ်နေရာမှာ မဂ်ထားရမယ်လို့ မသိဘူး၊ နဂိုက (မှန်ပါ)။ ယခုတော့ ဘယ်နေရာမှာ မဂ်ထားမှာတုံး (ဝေဒနာနဲ့ တဏှာ ကြားမှာပါ)။

အဲဒီမဂ်ထားနိုင်လို့ရှိရင် ဘာတွေချုပ်သွား (တဏှာ ဥပါဒါန် ကံ ဇာတိ ဇရာ မရဏပါ ဘုရား)။ အဲဒီ သိတာက ဘာသိတာတုံး (နိရောဓသိတာပါ)။ ရှင်းပြီလား (ရှင်းပါပြီ)။

ဝေဒနာခဲ့တဏှာကြားမှာ မဂ်ဖြစ်အောင်လုပ်

ဒါဖြင့် ဝေဒနာနဲ့ တဏှာ ကြားမှာ မဂ်ဖြစ်အောင် လုပ်နိုင် တဲ့ ပုဂ္ဂိုလ်သည် မဂ္ဂသစ္စာ ဝမ်းထဲ ရောက်တယ် (မှန်ပါ)။ ဒကာကြွယ် မရောက်လား (ရောက်ပါတယ် ဘုရား)။

ဝေဒနာနဲ့ တဏှာကြားမှာ ဒီနေရာက ရှုရမှာပဲလို့ သိတာသည် မဂ်နဲ့ ရှုရမှာပဲ ဆိုတာ မသေချာ ဘူးလား (သေချာပါတယ်)။

ဒီကြားထဲမဂ်ဝင်မှနေရာကျမယ်

ဒီကြားထဲ မဂ်ဝင်မှ နေရာကျမယ် ဆိုတာသည် တကယ် လည်း ဝင်အောင်၊ အားထုတ်လိုက်တဲ့ ပုဂ္ဂိုလ်မှာ ဖြစ်ပျက် မြင်အောင် အားထုတ်တဲ့ ပုဂ္ဂိုလ်မှာ မဂ်မဝင်ဘူးလား (ဝင်ပါ တယ်)။ အဲဒီမဂ် ဘာသစ္စာတုံး (မဂ္ဂသစ္စာပါ)။ ဒီမဂ်ဝင်လာတော့ ချုပ်သွားတဲ့ တရားတွေ မသိဘူးလား (သိပါတယ်)။ ဘယ်က စချုပ်ပါလိမ့် (တဏှာက စချုပ်ပါတယ်)။ အဲဒီ ချုပ်သွားတာက ဘာသစ္စာတုံး (သမုဒယ သစ္စာပါ)။ ပေါ်ပြီလား (ပေါ်ပါပြီ)။

အခုအားထုတ် အခုနိဗ္ဗာန်ရနိုင်တယ်

တဒင်္ဂနိရောဓတဲ့ ကိလေသာ ခေတ္တခဏ ချုပ်ငြိမ်း နေတဲ့ နိဗ္ဗာန် ကို ယခု အားထုတ်ရင် ယခုရနိုင်တယ် (မှန်ပါ)။ မဂ္ဂင်ငါးပါးနဲ့ ပြည့်စုံ တဲ့ ယခု ခဏနိရောဓ နိဗ္ဗာန်ရပါတယ် (မှန်ပါ)။ ရှစ်ပါး ပြည့်စုံအောင် အားထုတ်ရင် သေသေချာချာ သောတာပတ္တိမဂ် ဖြစ်တဲ့ နိဗ္ဗာန်ရတာပေါ့ (မှန်ပါ)။ မရပေဘူးလား (ရပါတယ်)။

ဒါဖြင့် နိဗ္ဗာန်ကို ရှာချင်လို့ရှိရင် ဒကာ ဒကာမတို့ ခန္ဓာ ကိုယ်ထဲမှာ ရှာပါ ဆိုတော့ ကြည့် ခန္ဓာကိုယ်ထဲမှာ ရှာရမယ် (မှန်ပါ)။

နိဗ္ဗာန်ကို ခန္ဓာကိုယ်ထဲမှာရှာပါ

နိဗ္ဗာန်ရှာချင် ဘယ်မှာရှာရမလဲ (ခန္ဓာကိုယ်မှာ ရှာရ ပါမယ်)။ ခန္ဓာကိုယ် ဆိုတာ ပဋိစ္စသမုပ္ပါဒ် ဘယ်နှမျိုး ရှိသတုံး (ရှစ်မျိုးပါ)။ ပစ္စုပ္ပန် ခန္ဓာမှာ ရှစ်မျိုးပဲ ရှိတယ်။

အနာဂတ် ခန္ဓာကိုယ် မရှိဘဲနဲ့ သွားရှာနေရင် အပိုပဲ။ အတိတ် ခန္ဓာကိုယ် ရှိရဲ့ လား (မရှိပါဘူး)။ ကိုယ့်ရှိတာက ဘယ်နှပါး ရှိသတုံး (ရှစ်ပါး ရှိပါတယ်)။

အဲဒီရှစ်ပါးထဲမှာ နိဗ္ဗာန်ရှာပါ (မှန်ပါ)။ သံယုတ် ပါဠိတော်မှာ တစ်လံမျှ လောက်သော ခန္ဓာကိုယ်ထဲ ရှာရမယ်တဲ့ (မှန်ပါ)။

နိဗ္ဗာန်ကို ဘယ်မှာရှာရမှာတုံး

နိဗ္ဗာန်ကို မင်းတို့ တခြားအရပ်၊ တခြား တိုင်းပြည်တွေမှာ ရှိလိမ့်မယ်လို့ မရှာပါနဲ့ (မှန်ပါ)။ ဘယ်မှာ ရှာရမတုံး (တစ်လံမျှလောက်သော ခန္ဓာကိုယ်မှာ ရှာရပါမယ်)။

ဒါဖြင့် သံယုတ်ပါဠိတော်မှာ ရောဟိတဿ နတ်သားကို ဟောတာက တစ်လံမျှလောက်သော ခန္ဓာကိုယ်ထဲ ရှာလို့ဟော တာ (မှန်ပါ)။

ဒါကို ဘုန်းကြီးက ဒကာ ဒကာမတွေကို မျက်မြင်ဖြစ် အောင် ပြရသည် ဖြစ်လေတော့ ဒီရှစ်မျိုး ထဲမှာ ရှာပါ (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ)။

ခန္ဓာကိုယ်ထဲမှာ ရှာပါ

နိဗ္ဗာန် ရှာချင်ရင် ဘယ်ထဲရှာရမလဲ (ခန္ဓာထဲ ရှာရပါမယ်) ခင်ဗျားတို့ ခန္ဓာထဲ ရှာပါ။

ဒါ ခင်ဗျားတို့ခန္ဓာ။ ခင်ဗျားတို့မှာ အခုဝိညာဏ် စိတ်ကော မရှိဘူးလား (ရှိပါတယ်)။ နာမ်ရုပ် (ရှိပါတယ်)။ သဠာယ တန (ရှိပါတယ်)၊ စက္ခု သောတ ဃာန ဇီဝှါ ကာယ မန ဆိုတဲ့ သဠာယတန မရှိဘူးလား (ရှိပါတယ်)။ ဖဿ (ရှိပါ ဘယ်)၊ ဝေဒနာ (ရှိပါတယ်)၊ တဏှာ ဥပါဒါန် ကံ ဆိုတော့ ဒါ ခန္ဓာကိုယ် ဖြစ်ကရော (မှန်ပါ)၊ ပစ္စုပ္ပန်ခန္ဓာ မဖြစ်သေးဘူးလား (ဖြစ်ပါတယ်)။

ဝေဒနာနဲ့တဏှာကြားမှာ မဂ်သွင်းပါ

အဲဒီ ပစ္စုပ္ပန်ခန္ဓာ ထဲမှာ နိဗ္ဗာန်ရှာပါ (မှန်ပါ)။ ဝေဒနာ နဲ့ တဏှာကြားမှာ မဂ်သွင်း ပစ်လိုက် (မှန်ပါ)၊ ဝေဒနာနဲ့ တဏှာကြားမှာ မဂ်သွင်း ပစ်လိုက်တော့ကို ရှေ့ပိုင်းက ဟာတွေ ဖြစ်ပျက်ရှု ပစ်လိုက်။ ဖြစ်ပျက် ရှုလိုက်တော့ သူတို့က ဖြစ်ပျက်ဆို တော့ ဒီက မဂ် မဖြစ်ဘူးလား (ဖြစ်ပါတယ်)၊

ဒီက မဂ်ဖြစ်တော့ကို ဒီဘက်က ဘာတွေ ချုပ်သတုံး၊ တဏှာ ဥပါဒါန် ကံတွေ – မချုပ်ဘူးလား (ချုပ်ပါတယ်)၊ တဏှာ ဥပါဒါန် ကံချုပ်ကတည်းက ဟိုဘက်မှာ ဇာတိ ဇရာ မရဏ လာဦးမလား (မလာပါဘူး)၊ မလာလို့ ရှိရင် ဒါတွေ ဘာတွေတုံး (နိရောဓတွေပါ)၊ ဒါဖြင့် နိဗ္ဗာန် ဒီထဲမှာ ရှိတယ် (မှန်ပါ)။

ပစ္စုပ္ပန်ခန္ဓာထဲမှာ နိဗ္ဗာန်ကို တွေ့နိုင်တယ်

ဒကာကြွယ်-ဘယ်ထဲမှာ ရှိသတုံး (ပစ္စုပ္ပန် ခန္ဓာထဲ မှာရှိပါတယ်)၊ ဒါဖြင့် နိဗ္ဗာန်ဟာ အဝေး သွားရှာနေရင် လွဲတာ ပေါ့ (မှန်ပါ)၊

ပုတီး လည်ပင်းစွပ်ပြီး မေ့နေတဲ့ ပုဂ္ဂိုလ်ဟာ ဘယ် တော့ တွေ့မှာတုံး (မှန်ပါမတွေ့ပါဘူး။) ဘာဖြစ်လို့ မတွေ့ သတုံး (ခန္ဓာမရှာလို့ပါ)၊ ခန္ဓာမှာ ရှာရင်တွေ့မှာပဲ (မှန်ပါ)၊

လည်ပင်းမှာပင် နိဗ္ဗာန် ရှိတဲ့ဥစ္စာ လည်ပင်းကိုပဲ မရှာမိဘူး၊ ဘေးချည်း ရှာရင်တော့ ဒကာကြွယ် ဒီလူဟာ ဒေါင်းတောက်ပြီး မျက်စိလည်နေမှာပဲ (မှန်ပါ)၊ တွေ့စရာ မြင်သေးရဲ့လား (မမြင်ပါဘူး)။

ဒါဖြင့် နိဗ္ဗာန်ရှာရင် ဘယ်နေရာမှာ တွေ့နိုင်သလဲ (ခန္ဓာ ကိုယ်ထဲမှာပင် တွေ့နိုင်ပါတယ်။)

ဖြစ်ပျက်ရှုတော့ တဏှာချုပ်တာနိဗ္ဗာန်

ရှာကြည့်။ ဝိညာဏ်ကို ဖြစ်ပျက် ရှုရင်ရှု၊ နာမ်ရုပ်ကို (ဖြစ်ပျက်ရှုရပါမယ်)၊ ဖဿကို (ဖြစ်ပျက် ရှုရပါမယ်)၊ ဝေဒနာ ကို (ဖြစ်ပျက် ရှုရပါမယ်)၊ ဖြစ်ပျက် ရှုလိုက်တော့ သူက ဘာ ဖြစ်သွားသတုံး (မဂ်ဖြစ် သွားပါတယ်)၊

မဂ်ဖြစ်သွားတော့ ဒီ ဘက်က ဟာတွေက မချုပ်ဘူးလား (ချုပ်သွားပါတယ်)၊ တဏှာ ချုပ်တာလည်း နိဗ္ဗာန်၊ ဥပါဒါန် ချုပ်တာလည်း (နိဗ္ဗာန်)၊ ကံတွေ ချုပ်တာကော (နိဗ္ဗာန်ပါ)။ ဒါဖြင့် နိဗ္ဗာန်ဟာ ဒီနားတွင်ပဲ (မှန်ပါ)၊ ဒီတစ်လံမျှ လောက်သော ခန္ဓာကိုယ်ထဲတွင် ရှာနိုင်တယ် (မှန်ပါ)။

ဘယ်များရှိပါလိမ့် (တစ်လံမျှလောက်သော ခန္ဓာ ကိုယ်ထဲမှာ ရှိပါတယ်)။

နိဗ္ဗာန်ကိုရှာတတ်ကြပြီလား

ဒါဖြင့် ဒကာ ဒကာမတွေက နိဗ္ဗာန် လိုချင်တာနဲ့ ဟိုရှာ ဒီရှာနဲ့ ရှာလေမတွေ့လေပဲ (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)၊ နိဗ္ဗာန်ကို ခင်ဗျားတို့ ရှာတတ်ပြီလား (ရှာတတ်ပါပြီ)၊ ဘယ်ထဲရှာရမလဲ (တစ်လံမျှ လောက်သော ခန္ဓာကိုယ်ထဲ ရှာ ရပါမယ်)။

တစ်လံမျှလောက်သော ခန္ဓာကိုယ်ထဲမှာ ပဋိစ္စသမုပ္ပါဒ် ဘယ်နှမျိုးရှိသတုံး (ရှစ်မျိုးရှိပါတယ်)၊ အဲဒီ အထဲရှာ (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ)။

ရောဟိတဿနတ်သား

ဒါ ဘုန်းကြီးက ကြံဖန်ဟောတာလား ဒကာကြွယ်ရေ ရောဟိတဿ နတ်သားက လျှောက်လို့ ဘုရားကဖြေတာ – လား (နတ်သား လျှောက်လို့ ဘုရားက ဖြေတာပါ)။

ရောဟိတဿ နတ်သားသည်ကားလို့ ဆိုရင်ဖြင့် သံသရာ အဆုံးကို ရှာလိုက်တဲ့ဥစ္စာ စကြဝဠာ ကမ္ဘာတွေ ကျော်ကျော်- ကျော်ကျော်ပြီး ရှာတာ သူသာ သက်တမ်းစေ့လို့ သေခဲ့ တယ်။ သံသရာ အဆုံး မတွေ့ခဲ့ဘူး (မှန်ပါ)။ သဘော ကျပြီလား(ကျပါပြီ)။

အခုတော့ ခန္ဓာကြီးဟာ သံသရာကိုးဗျ (မှန်ပါ)၊ ဒီ သံသရာ အဆုံး ရောက်အောင် သွားချင်လို့ ရှိရင်ဖြင့် ဒီနေရာ မဂ် ပေါ်အောင် လုပ်လိုက်။ ဒီဘက်က ဆုံးသွားတာပဲ (မှန်ပါ)၊ မဆုံးဘူးလား (ဆုံးပါတယ်)။

ဒီနေရာ မဂ်ပေါ်တော့ တဏှာကော (ချုပ်ပါတယ်)၊ ဥပါဒါန်ကော (ချုပ်ပါတယ်)၊ ကံကော (ချုပ်ပါတယ်)၊ ဒါဖြင့် ဒါတွေ ချုပ်တော့ ရှေ့ဆက်နိုင်သေးရဲ့လား (မဆက်နိုင် ပါဘူး)။

ဒါဖြင့် ဒီ ဒကာ ဒကာမတွေသည် တဏှာနိရောဓော နိဗ္ဗာန် (မှန်ပါ)၊ ဥပါဒါန်နိရောဓော (နိဗ္ဗာန်ပါ)၊

ကဲ- နိဗ္ဗာန်တွေက ရှိနေတော့ ဒီနေရာရှာရမှာ တို့ကိုက အရှာလွဲနေတာ (မှန်ပါ)၊ ပေါ်ပြီလား (ပေါ်ပါပြီ)။

ပဋိစ္စသမုပ္ပါဒ်အလို

ဘယ်ရှာရမှာတုံးဗျ (တစ်လံမျှလောက်သော ခန္ဓာ ကိုယ်ထဲ ရှာရမှာပါ)။ ပဋိစ္စသမုပ္ပါဒ် အလိုဖြင့် ဘယ်နှမျိုးထဲ ရှာရ မလဲ (ရှစ်မျိုးထဲ ရှာရပါမယ်)၊

ရှစ်မျိုးထဲ ရှာလိုက်တော့ ငါးမျိုး ကို ဝိပဿနာ ရှုပြီး သကာလ ငါးမျိုးက ဝိပဿနာ ရှုစရာ (မှန်ပါ)၊ မဂ်က ရှုတာ (မှန်ပါ)၊ ရှု လိုက်တော့ တဏှာရော၊ ဥပါဒါန်ရော၊ ကံရော မချုပ်ဘူးလား (ချုပ်ပါတယ်)၊

တဏှာ သမုဒယသစ္စာလည်းချုပ်တယ်၊ ဥပါဒါန် သမုဒယသစ္စာကော (ချုပ်ပါတယ်)၊ ကံတွေဆိုရင် ကော (ချုပ်ပါတယ်)၊ အဲဒုက္ခသစ္စာ၊ သမုဒယ သစ္စာတွေ မချုပ်ဘူးလား (ချုပ်ပါတယ်)။

ဒါဖြင့် ဒကာ ဒကာမတို့သည် ဘယ်မှာရှာကြပါ့မယ် နိဗ္ဗာန် (တစ်လံမျှလောက်သော ခန္ဓာကိုယ်ထဲ ရှာရပါမယ်)၊ ပဋိစ္စသမုပ္ပါဒ် အလိုတော့ ဘယ်နှမျိုးထဲလဲ (ရှစ်မျိုးထဲပါ ဘုရား)။

ရှစ်မျိုးထဲရှာတဲ့။ ရှစ်မျိုးထဲမှာပဲ ဆရာဘုန်းကြီး ပေးတဲ့ မဂ်နဲ့ သွင်းလိုက် (မှန်ပါ)၊ မဂ်နဲ့ သွင်းလိုက်တော့ ဒီဘက်က ဒုက္ခသစ္စာ (မှန်ပါ)၊ ရှုတဲ့ဉာဏ်က (မဂ္ဂသစ္စာပါ)၊ ဒီဘက် က ၁-၂ ချုပ်တာက (နိရောပေါ)၊ အဲ- သမုဒယ ချုပ်တာ (မှန်ပါ)၊ ဒီဘက်က ကံတွေ ဇာတိ ဇရာ မရဏတွေ ချုပ်သွားတာက (နိရောဓပါ ဘုရား)။

ဟော ဒီဟာရပြီ (မှန်ပါ)၊ သေသေချာချာ ပိုင်တယ်၊ မပိုင်သေးဘူးလား (ပိုင်ပါတယ်)၊ ဉာဏ်များ ပေါ်ပေါက်ကြ ပြီလား (ပေါ်ပေါက်ပါပြီ)။

ဝေဒနာနဲ့ တဏှာကြား မဂ်နဲ့ရှာရမယ်

ရှာတဲ့နေရာက တစ်လံမျှ လောက်သော ခန္ဓာကိုယ်ထဲမှာ ရှာရမယ်။ ရှာတဲ့နေရာက ဘယ်နေရာ ကနေ ရှာရမလဲ (ဝေဒနာနဲ့ တဏှာကြားမှာပါ)၊ ဝေဒနာနဲ့ တဏှာကြားမှာ မဂ်နဲ့ ရှာလိုက် (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ)၊

မဂ်နဲ့ ရှာတော့ ဒီဘက်ကို မရှာနဲ့၊ ဒီဘက်ကိုသာ ဖြစ်ပျက် ရှုလိုက် (မှန်ပါ)၊ ဒီဘက် ဖြစ်ပျက် ရှုလိုက်တော့ ဒီဘက်က ဖြစ်ပျက် ဒုက္ခ သစ္စာ၊ ရှုတာက (မဂ္ဂသစ္စာပါ)၊ ဒီဘက်က နှစ်ခု သေတာက (သမုဒယ သေတာပါ)၊ ဒီအကျိုးတွေ ပြတ်သွားတာက (ဒုက္ခချုပ်တာပါ)၊ ဒါဖြင့် ဒီအထဲတွင် ရှာပေါ့ (မှန်ပါ)။

ဒါဖြင့် ခင်ဗျားတို့ မော်တော်ကားနဲ့တောင် ပြေးလိုက်၊ လေယာဉ်ပျံနဲ့ တောင်ပြေးလိုက်၊ ပြေးချင်တိုင်း ပြေး၊ ရှာချင်တိုင်းရှာ၊ နိဗ္ဗာန်သာ ရှာလို့ ရှိရင်တော့ဖြင့် သေသေချာချာ မတွေ့ဘူး (မှန် ပါ)၊ ဒကာကြွယ် ဘယ်မှာ ရှာမှတွေ့မလဲ(တစ်လံမျှလောက်သော ခန္ဓာကိုယ်ထဲ ရှာရပါမယ်)။

တစ်လံမျှလောက်သော ခန္ဓာကိုယ်ထဲရှာ၊ ပဋိစ္စသမုပ္ပါဒ် နဲ့ စိစစ်လိုက်တဲ့အခါ ဘယ်အထဲ ရှာရမလဲ (ရှစ်ပါးထဲ ရှာရပါ မယ်)၊ ကိုယ် ရှာရမယ့် နေရာ မှတ်ထားပါ (မှန်ပါ)၊ ခင်ဗျားတို့ သန္တာန်ယခု ပစ္စုပ္ပန်မှာ ဒီရှစ်မျိုးထက်များ ပိုပြီးရှိသေးသလ (မရှိပါဘူး)။

ဘယ်နေရာကနေပြီး ထိုင်ရှာရမှာတုံး

ဒါဖြင့် ဒီရှစ်မျိုးထဲမှာ ရှာရမယ် (မှန်ပါ)၊ ဒီရှစ်မျိုး ထဲမှာ ဘယ်နေရာက နေပြီး ထိုင်ရှာရမတုံး (ဝေဒနာနဲ့ တဏှာကြားမှာ ထိုင်ရှာရပါမယ်)၊

ဒီကြားမှာ ထိုင်ရှာမှရမယ်၊ ဒိပြင် နေရာက ထိုင်မရှာနဲ့ဦး (မှန်ပါ)၊ ရှာတဲ့နေရာက လွဲနေမှာ စိုးရသေးတယ် (မှန်ပါ)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ)။

ဝေဒနာနဲ့ တဏှာကြားမှာထိုင်ရာမှရမယ်

ဝေဒနာနဲ့ တဏှာကြားက ရှာတော့ကို နိဗ္ဗာန်ကို အထူး ရှာမနေနဲ့၊ သူ့ရှေ့နားက ငါးခုကို တစ်ခုခု ဖြစ်ပျက်တာ ရှုလိုက်၊ နိဗ္ဗာန် အလိုလိုပေါ်တယ် (မှန်ပါ)။

နိဗ္ဗာန်သည် ဖြစ်ပျက်ရှုရင် အလိုလိုပေါ်လာတယ်

ဒါဖြင့် နိဗ္ဗာန်သည် ဆုတောင်းရုံနဲ့ ရတာလား-ရှုမှ အလို လို ပေါ်လာတာလား (ရှုမှပေါ်တာပါ)။

ဒီဘက်က အနိစ္စ- ရှုစရာက အနိစ္စ (မှန်ပါ) ရှုတာက မဂ္ဂ။ သေတာက သမုဒယ။ ပိုင်တာက နိရောဓ (မှန်ပါ) ဘာလုပ် ရသတုံး (ဒိပြင် ဘာမှ မလုပ်ရပါဘူး) ရှုလိုက်ရင် ပြီးသွား ပဲ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ)။

နိဗ္ဗာန်ရှာချင်ရင် ဘယ်မှာရှာကြမယ်

ဒါဖြင့် နိဗ္ဗာန်ရှာချင်ရင် ဘယ်မှာ ရှာကြမယ် (တစ်လံ မျှသော ခန္ဓာကိုယ်မှာပါ)။ ဘယ်နေရာက ရှာကြမလဲ (ဝေဒနာနဲ့ တဏှာကြား ရှာရပါမယ်)။

ဝေဒနာနဲ့ တဏှာကြား ထိုင်ပြီး သကာလ နောက်ကို ရှာမှာလား ရှေ့ကို ကြည့်မလား (ရှေ့ကို ကြည့်ရမှာပါ) ရှေ့ကိုကြည့် (မှန်ပါ့)။

ရှေ့ပိုင်းက ဖြစ်ပျက် နောက်ပိုင်းက မဂ်

ဒါဖြင့် ရှေ့ပိုင်းက ဖြစ်ပျက်။ နောက်ပိုင်းကမဂ် (မှန်ပါ့) သူ့နောက်နားက သေတာက သမုဒယ။ ဒီဘက် အကျိုးတွေ မပေါ်တာက (နိရောဓပါ ဘုရား)။ နိရောဓ ဆိုတော့ အင်မတန် ရှင်းနေပြီ (မှန်ပါ) သဘောကျပြီလား (ကျပါပြီ)။ တော်တော်မပိုင်သေးဘူးလား (ပိုင်ပါပြီ)

ဒါ တရားစစ် တရားမှန်ပဲ ဆိုတာကော ပေါ်ပြီလား (ပေါ်ပါပြီ) ပါဠိတော်နဲ့ကော ကိုက်ပြီလား (ကိုက်ပါပြီ)။

ဒကာကြွယ်တို့ ရှေးက ရှာလာတာဟာ နိဗ္ဗာန် အရှုလွဲ လိမ့်မယ် (မှန်ပါ) ဦးလှဖူး (အရှာလွဲ နေပါတယ်)။

နိဗ္ဗာန်အရှာမလွဲပါစေနဲ့

နိဗ္ဗာန် အရှာလွဲနေတာ ဒကာ ဒကာမတွေ ပေါ်ပြီလား (ပေါ်ပါပြီ) ဘယ်မှာ ရှာကြမှာတုံးဗျ (တစ်လံမျှ လောက်သော ခန္ဓာကိုယ်ထဲမှာ ရှာရမှာပါ)။

နောက်ကိုယ့်အိမ်ကျတော့ လူမသိ-သူမသိ ကိုယ့်အလံ ကလေးနဲ့ တိုင်းကြဦး။ ငါ့ကိုယ်ဟာ ဘယ်နှလံများ ရှိပါလိမ့် ဆိုပြီး တိုင်းကြည့် (တစ်လံလောက်ပဲ ရှိပါမယ်)။

အဲဒီထဲ ရှာရ မှာပဲလို့ မှတ်ထား (မှန်ပါ) တစ်လံမျှ လောက်သော ခန္ဓာကိုယ် ထဲမှာလည်း ဘယ်နေရာကနေ ထိုင်ရှာရမလဲ (ဝေဒနာနဲ့ တဏှာကြားကပါ)။

နိဗ္ဗာန်ကအလိုလိုပေါ်မည့်ပစ္စည်း

ရှာတဲ့ အခါကျလို့ ရှိရင်ဖြင့် နိဗ္ဗာန်က ရှာယူရမယ့် ပစ္စည်း လား – အလိုလို ပေါ်မယ့် ပစ္စည်းလား (အလိုလို ပေါ်မယ့် ပစ္စည်းပါ ဘုရား) အဲ -သူ့ရှေ့ပိုင်းက တရားတွေကိုသာ ဖြစ်ပျက် ရှုလိုက်ရင် အလိုလို ပေါ်လာမှာပဲ (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ) နေရာကျပြီလား (ကျပါပြီ)။

ကဲ – ယနေ့ ဒီတွင် တော်ကြစို့။

သာဓု သာဓု သာဓု။